Periodical: Good News January 2023

Home >   Periodicals > January 2023

GN012023

January 2023
GOOD NEWS PERIODICAL

ပြေးကြစို့

လူတိုင်းပန်းတိုင်ရှိပြီး၊ ထိုပန်းတိုင်သို့အရောက်ပြေးကြဘို့ဖြစ်သည်။ ယခုနှစ်သစ်တွင်သင်၏ပန်းတိုင် သည်မည်သည့်အရာဖြစ်သနည်း။ လောကပန်းတိုင်ဖြစ်သော၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပျော်ပါးရေး၊ ဘာသာရေး များကိုလူတိုင်းကလိုက်တတ်ကြသည်။ ထိုပန်းတိုင်များသည်မြို့တွင်းမှာမောင်းသောကားနှင့်တူသည်။ မြို့တွင်း၌မောင်းသောကားသည်၊ စိတ်ရှိတိုင်းမောင်း၍မရ၊ လမ်းဘေးမှာဆိုက်ထားသောအမြန်နှုန်းသတ် မှတ်ထားသောစည်းကမ်းက၊ ကန့်သတ်ထားသည်။ ထို့အပြင်ရပ်ဘို့ဆိုင်းဘုတ်များကြောင့်ရပ်ရသည်။ မီးပွိုင့်ကလည်းတားတတ်သည်။ နောက်ဆုံး၌လမ်းဆုံးသွားတတ်သည်။ လူသတ်မှတ်ထားသောပန်းတိုင်များသည် ထိုမြို့တွင်းမောင်းသောကားများနှင့်တူသည်။ ပညာရေးပန်းတိုင်လိုက်သောသူများသည်၊ ဘွဲ့ရဘို့၊ အလုပ်ကောင်း ကောင်းရဘို့ဖြစ်သည်။ ထိုပန်းတိုင်သို့ရောက်သော်လည်း၊ နောက်ဆုံး၌အသက်ကြီး၍ပင်စင်ယူကာ၊ ဆက်ပြေး၍ မရ၊ အဆုံးသတ်ရသည်။ နိုင်ငံရေးပန်းတိုင်ထားသူများလည်း၊ အာဏာရှိသောအခါအလွန်အားရသော်လည်း၊ နောက်ဆုံး၌၊ အခြားသူများကအာဏာလုခံခြင်းသို့မဟုတ်သက်တန်းကုန်ခြင်းဖြင့်ဆက်သွား၍မရတော့ဘဲ၊ စိတ် လျှော့ဘို့လိုသည်။ ချမ်းသာလမ်း၌ပြေးသောသူများလည်း၊ ငွေကြေးပိုင်ဆိုင်သော်လည်းစစ်မှန်သောဝမ်းမြောက် ခြင်းမရသည်သာမက၊ နောက်ဆုံး၌အသက်အိုပြီးအရသာမခံစားရတော့ချေ။ အပျော်အပါးလိုက်သူများလည်း၊ အရွယ်ကောင်းတုန်းအလွန်ပျော်သော်လည်း၊ အသက်ကြီးလာသောအခါဆက်၍အရသာမခံစားနိုင်တော့ချေ။

ဘုရားပေးထားသောပန်းတိုင်သို့ပြေးသောသူများသည်၊ အဝေးပြေးလမ်းမပေါ်မောင်းသောကားနှင့်တူ သည်။ တနေကုန်မောင်းသော်လည်း၊ ရပ်ဘို့ဆိုင်းဘုတ်မရှိ၊ မီးပွိုင့်လည်းမရှိ၊ အရှိန်လျှော့စရာမလိုဘဲတနေကုန် မောင်း၍ ရသည်။ ထို့ကြောင့်လူတိုင်းဘုရားပေးထားသောပန်းတိုင်သို့ပြေးဘို့ရန်တိုက်တွန်းအားပေးလိုသည်။

ဆုကိုရမည်အကြောင်းပြေးကြလော့
ရှင်ပေါလုက၊  “မြေတလင်း၌ပြိုင်၍ပြေးကြသောသူအပေါင်းတို့သည်၊ ပြိုင်၍ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင်၊ ဆုကိုရသည်ဟုသင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်းပြေးကြလော့။  ပွဲ၌ပြိုင်၍အချင်းချင်းတိုက်သောသူမည်သည်ကား၊ အရာရာ၌တပ်မက်ခြင်းကိုချုပ်တည်းတတ်၏။ ထိုသူတို့သည်ညှိုးနွမ်းပျက်စီးတတ်သောပန်းဦးရစ်ကိုရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကားမညှိုးနွမ်းမပျက်စီးနိုင်သောပန်းဦးရစ်ကို၊ ရခြင်းအလိုငှါပြုကြ၏။ ထိုကြောင့်ငါပြေးသောအခါအမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ၊ အာကာသကောင်းကင်ကိုသာထိုး၍သတ်သည်မဟုတ်။  သူတပါးကိုဆုံးမပြီးမှ၊ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။” (၁ ကော ၉း၂၄-၂ရ)ဟုရေးထားသည်။

ပေါလုကကောရိန္သုအသင်းသားများကိုဆုရမည့်အကြောင်းပြေးခိုင်းသည်။ သူတို့သာမကယုံကြည်သူ တိုင်းဆုရမည့်အကြောင်းပေးသင့်သည်။ ယနေ့ယုံကြည်သူများသည်မပြေးကြဘဲထိုင်နေ၊ အိပ်နေကြသည်။ လူလုပ်သောပြိုင်ပွဲများ၌ညှိုးနွမ်းပျက်စီးတတ်သောပန်းဦးရစ်ရဘို့အလိုငှါပြုကြသည်ဟုဆိုသည်။ သို့သော်ယုံ ကြည်သူများရရှိမည့်ဆုသည်မညှိုးနွမ်းမပျက်စီးနိုင်သောပန်းဦးရစ်ကိုရရှိမည်ဟုဆိုသည်။ ထို့ကြောင့်ယခုနှစ်သစ် ချိန်မှစ၍ထိုဆုကိုရမည့်အကြောင်းပြေးကြစို့။

အထက်နှင့်ဆိုင်သောပန်းတုံးတိုင်

ရှင်ပေါလုက၊ သူသည်အထက်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောပန်းတုံးတိုင်သို့ပြေးကြောင်းဤသို့ရေးထား သည်၊  “ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်၊ အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှါ၊ ပန်းတုံးတိုင်သို့ငါလိုက်ပြေး၏။ ၁၅ ထိုကြောင့်စုံလင်သောသူရှိသမျှတို့သည်၊ ဤသို့သောသဘောကိုစွဲလမ်း ရကြမည်။” (ဖိလိပ္ပိ ၃း၁၄-၁၅) ပေါလုသည်ဆုရမည့်အကြောင်းသူကိုယ်တိုင်ပြေးသည်ဟုဆိုသည်။ သူသာမက စုံလင်သောသူတည်းဟူသော၊ ဝိညာဉ်ရေးရာ၌ကြီးထွားရင့်ကျက်သောသူတိုင်းလည်း၊ ထိုသဘောကိုစွဲလမ်းရမည် ဟုဆိုသည်။ ဆိုလိုသည်မှာရင့်ကျက်သောသူတိုင်းဘုရားပေးသောပန်းတုံးတိုင်သို့ပြေးရမည်။

ပေါလုကိုယ်တိုင်ပြေးသည်

ပေါလုကသူ၏ဝိညာဉ်သားသမီးများကိုသာပန်းတုံးတိုင်သို့‌ပြေးခိုင်းသည်မဟုတ်ဘဲ၊ သူကိုယ်တိုင်အဆုံး အထိပြေးကြောင်းဤသို့ရေးထားသည်၊  “ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံး တိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။(၂ တိ ၄းရ) ပေါလုကသူ၏ဝိညာဉ်သားတိမောသေ ထံသူသေခါနီး၌အထက်ပါကဲ့သို့ရေးထားသည်။ ပေါလုသည်ဝိညာဉ်ပိုင်းရန်သူများကိုတိုက်လှန်ခြင်း၊ ပြေးရ သောလမ်းကိုလည်းအဆုံးတိုင်အောင်ပြေးခြင်းဖြင့်သူ၏ဘဝကိုအဆုံးသတ်သည်။ သင်သည်ပေါလုကဲ့သို့တိုက် လှန်ခြင်းကိုပြုပြီလော။ ဘုရားထားပေးသောပန်းတုံးတိုင်သို့ပြေးနေသောသူဖြစ်သလော။

ပန်းတုံးတိုင်သို့ပြေးကြကုန်အံ့

ဟေဗြဲစာရေးသောသူကလည်းဤသို့ရေးထားသည်၊ “ထိုကြောင့်၊ ဤမျှလောက်များစွာသောသက်သေ အပေါင်းတို့သည်၊ ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည်ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ် သောဒုစရိုက်ကို၎င်းပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေး ကြကုန်အံ့။” (ဟေဗြဲ ၁၂း၁) ဟေဗြဲ ၁၁ ၌ ရှေးယုံကြည်သူများ၏ပြေးခြင်း၊ တိုက်လှန်ခြင်းများကိုဖေါ်ပြထား သည်။ ရှေးယုံကြည်သူများသည်ယုံကြည်ခြင်းကြောင့်ကောင်းကြီးမင်္ဂလာများ၊ အမင်္ဂလာများခံစားခဲ့ကြသည်။ ယနေ့ယုံကြည်သူများလည်း၊ သူတို့နည်းတူပန်းတုံးတိုင်သို့ပြေးဘို့ဆော်အောထားသည်။ ပြေးသောသူသည်လေး သောဝန်များနှင့်ဒုစရိုက်များကိုပယ်ရှားရသည်ဟုဆိုသည်။ ပြေးသောသူများသည်အင်္ကျီဘောင်းဘီအပေါ့နိုင်ဆုံး ဝတ်ထားကြသည်။ ထို့နည်းတူဝိညာဉ်ပိုင်းပြေးလမ်းပေါ်၌ပြေးသောသူသည်၊ လောကပူပန်ခြင်းဝန်များနှင့်အပြစ် ဒုစရိုက်များကိုပယ်ရှား၍ပြေးဘို့လိုသည်။

ခရစ်တော်ကိုယ်တိုင်ပြေးသည်

ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှု သည်ငါ့စားစရာဖြစ်၏။ (ယော ၄း၃၄) ခရစ်တော်သည်မည်ကဲ့သို့ပြေးသနည်း။ ရှမာရိအမျိုးသမီးထံသူ့ကိုယ်သူ ကယ်တင်ရှင်မေရှိယဖြစ်ကြောင်းကိုပြောပြခြင်းဖြင့်ပြေးသည်။ ထိုအခါရှမာရိအမျိုးသမီးသည်အလွန်ဝမ်းမြောက်သောကြောင့်ရေခပ်ဘို့လာသော်လည်း၊ ရေအိုးကိုရေတွင်း၌ထားခဲ့၍၊ ရှမာရိမြို့သို့ပြေးသွားကာသူသည်ကယ်တင်ရှင် မေရှိယကိုတွေ့ကြောင်းပြောပြခဲ့သည်။ ထိုသို့ပြောပြသောကြောင့်ရှမာရိမြို့သားများသည်ယေရှုထံသို့လာကြ၍၊ ယေရှုကိုသူတို့ထံသို့ဘိတ်ခေါ်ကြသည်။ သခင်ယေရှုသည်သူတို့မြို့၌နှစ်ရက်နေခြင်းအားဖြင့်သူတို့သည်သူ့ကိုယုံကြည်ကြသည်။ ထိုသို့ရှမာရိအမျိုးသမီးထံသူ့ကိုယ်သူမေရှိယဖြစ်ကြောင်းပြောပြခြင်းသည်ခမည်းတော်၏အလိုတော်ဖြစ်သည်။ ထိုအရာသည်သူ၏စားစရာဖြစ်သည်ဟုဆိုသည်။ ကျွန်ုပ်တို့၏စားစရာသည်မည်သည့်အရာဖြစ်သနည်း။ လူတိုင်း၏စားစရာသည်ကိုယ့်အလိုဆန္ဒဖြည့်ခြင်းဖြစ်သည်မဟုတ်လော။

သခင်ယေရှုက၊ “သင်တို့အားငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကိုသားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း၊ သားတော်လည်းပြု၏။” ဟုဆိုသည် (ယောဟန် ၅း၁၉) တဖန်၊  “ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ငါသည်ကြားသည်အတိုင်းတရားစီရင်၏။ ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုသို့လိုက်၏။” (ယောဟန် ၅း၃၀) ဟုဆိုသည်။ ခရစ်တော်ပင်လျှင်သူ့အလိုတော်ကိုငြင်းပယ်၍၊ ခမည်းတော်၏အလိုတော်ကိုသာလုပ်လျှင်၊ အဘယ်ကြောင့်ယုံကြည်သူများအနေဖြင့်ဘုရားသခင်၏အလိုတော်ကိုမလုပ်နိုင်မည်နည်း။

ဘုရား၏ဂုဏ်ကျေးဇူးဘော်ပြရန်

ယုံကြည်သူများအတွက်ဘုရားသခင်၏အလိုတော်ကိုရှင်ပေတရုကဤသို့ရေးထားသည်၊ “သင်တို့မူကားမှောင်မိုက်ထဲမှအံ့ဘွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏၊ ဂုဏ်ကျေးဇူးများကိုဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏။ (၁ ပေ ၂း၉) ဘုရား၏ဂုဏ်သည်၊ မည်မျှအစွမ်းရှိကြောင်း၊ မည်မျှပညာရှိကြောင်း၊ မည်မျှအံ့ဩဘွယ်ဖြစ်ကြောင်းများဖြစ်သည်။ ယုံကြည်သူများသည်ဘုရားကျောင်းထဲ၌သာမက၊ မယုံကြည်သူများထံ၌ဘုရား၏ဂုဏ်များကိုဘော်ပြဘို့ဖြစ်သည်။ ထို့အပြင်ကျေးဇူးတော်တည်းဟူသော ကယ်တင်ခြင်း၊ ကျေးဇူးပြုခြင်းများကိုဘော်ပြဘို့ဖြစ်သည်။ ထိုအရာများကိုအကျိုးခံစားရသောယုံကြည်သူများကမဘော်ပြချင်ကြခြင်းသည်အံ့ဩဘွယ်ဖြစ်သည်။ လူကျော်လူမော်များ၏အစွမ်းအစများကိုမူခိုင်းစရာမလိုဘဲ၊ အားရပါးရပြောလိုတတ်ကြသည်။ သို့သော်ဘုရား၏အကြောင်းများကိုမူလုံး၀မပြောလိုကြချေ။ ယခုနှစ်တွင်မူ၊ ဘုရား၏ဂုဏ်ကျေးဇူးတော်များကိုလူတိုင်းထံပြောပြကြပါစို့။

သန့်ရှင်းသောဝိညာဉ်တော်ပေး

ယေရှုက၊ သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည်တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ (တမန်  ၁း၈) ယုံကြည်သူတိုင်းသည်ယေရှု၏သက်သေခံများဖြစ်ရကြမည်။ ထိုအလုပ်ကိုလုပ်နိုင်ဘို့ရန်သန့်ရှင်းသောဝိညာဉ်တော်ပေးထားသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်တန်ခိုးဖြစ်သည်။ သို့သော်ထို တန်ခိုးကိုအသုံးမပြုဘဲနေခြင်းသည်အလွန်နှမျောစရာဖြစ်သည်။