ခေတ်ကာလများ
DISPENSATIONS BY MOSES R CUNG
“ထိုကြောင့်ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည့် အကြောင်းသတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည်၊ ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။ ထိုကြောင့်သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကိုပိုင်းခြား၍၊ သိသောသူဖြစ်ကြလော့။” (ဧဖက် ၅:၁၅-၁ရ)
မေးခွန်းများ
၁။ အဘယ်ကြောင့်ယခုနေ့ရက်ကာလတို့သည်ဆိုးယုတ်သည်ဟုဆိုသနည်း။ ၂။ ယခုနေ့ရက်ကာသည်ဘယ်အချိန်မှစ၍ဘယ်အချိန်အထိဖြစ်မည်နည်း။ ၃။ မည်ကဲ့သို့ကာလအချိန်ကိုရွေးနှုတ်ရမည်နည်း။
မာတိကာ
ထိုအရာများသိဘို့ရန်၊ ကျမ်းစာကဤလောကကို၊ ကာလသုံးကာလဖြင့် ပိုင်းခြားခြင်းကို သိဘို့လိုသည်။ ထိုအရာတို့မှာ၊
၁။ ရေမလွှမ်းမိုးမှီကာလ (Before flood age )
၂။ ယခုနေ့ရက်ကာလ (Present age )
၃။ အနှစ် ၁၀၀၀ ကာလ (Millennial age)တို့ဖြစ်သည်။ ကာလပြောင်းလျှင် လူ့သက်တန်းနှင့် တိရစ္ဆာန်လောကနေပုံပြောင်းသည်။
၁။ ရေမလွှမ်းမိုးမှီကာလ (Before flood age, Antediluvian age)
ထိုကာလသည် ကမ္ဘာဦးမှစ၍၊ နောဧခေတ် ရေလွှမ်းမိုးသည်အထိ ကာလဖြစ်သည်။ ထိုကာလသည် အကြမ်းအားဖြင့် နှစ်ပေါင်း ၂၀၀၀ ခန့်ဖြစ်သည်။ ထိုကာလတွင် လူ့သက်တန်းသည် ၉၀၀ ကျော်ရှိကြသည် (ကမ္ဘာဦး ၅)
၁။ အာဒံ----- ၉၃၀ နှစ် (ကမ္ဘာဦး ၅:၅)
၂။ နောဧ----- ၉၅၀ နှစ် (ကမ္ဘာဦး ၉:၂၉)
၃။ မသုရှေလ-- ၉၆၉ နှစ် (ကမ္ဘာဦး ၅:၂ရ)
ထိုမျှလောက်အသက်ရှည်ခြင်းသည် ကျန်းမာခြင်းကြောင့်ဖြစ်သည်။ ဆေးမစား၊ သောက်ရေသန့်မသုံးသော်လည်း ကျန်းမာကြသည်။ စားဝတ်နေရေးလည်း အဆင်ပြေ၍၊ ယခုကဲ့သို့ လူမှုဒုက္ခများ ရှိမည်မဟုတ်ချေ။ ယခုနေ့ရက်ကာလထက် အလွန်းကောင်းသည်။
၂။ ယခုနေ့ရက်ကာလ (Present age )
နောဧခေတ် ရေလွှမ်းမိုးပြီးမှ၊ ခရစ်တော် ဒုတိယအကြိမ်ကြွလာသည်အထိ၊ နှစ်ပေါင်း ၄၀၀၀ ဖြစ်သည်။ ဤကာလသည် အဆိုးဆုံးဖြစ်၍၊ လူ့သက်တန်းသည် အလွန်တိုတောင်းသည်။ ရေမလွှမ်းမိုးမှီကာလနှင့် မဝေးသောသူများ၏ သက်တန်းသည် ချက်ချင်း တိုတောင်းသွားကြသည်။
၁။ အာဗြဟံ---- ၁ရ၅ နှစ် (ကမ္ဘာ ၂၅:ရ)
၂။ ဣဇက်----- ၁၈၀ နှစ် (ကမ္ဘာ ၃၅:၂၈)
၃။ ယာကုပ်---- ၁၄ရ နှစ် (ကမ္ဘာ ၄ရး၂၈)
၄။ မောရှေ----- ၁၂၀ နှစ် (တရားဟော ၃၄:ရ)
၅။ ယောရှု---- ၁၁၀ နှစ်(ယောရှု ၂၄း၂၉) သာအသက်ရှင်ကြသည်။
အထက်ပါပုဂ္ဂိုလ်များသည် အာဒံတို့၏ အသက် ၆ ပုံ ၁ ပုံသာ အသက်ရှင်ကြသည်။ ထိုသူများသည် ယခုခေတ်နှင့်နှိုင်းပါက၊ အလွန်အသက်ရှည်ကြသေးသည်။ ယခုခေတ် လူ့သက်တန်းနှင့်ပတ်သက်၍၊ မောရှေက ဤသို့ရေးသားထားသည်၊ “အကျွန်ုပ်တို့၏ အသက်အရွယ်သည်၊ အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။” (ဆာ ၉၀:၁၀)။ မြန်မာပြည်သားများ၏ သက်တန်းသည် အနှစ် ၆၀ သာရှိသည်။ နောဧတို့၏ အသက်နှင့်နှိုင်းယှဉ်ပါက ၁၂ ပုံ ၁ ပုံမျှသာလျှင်ရှိသည်။ ထိုသို့၊ သက်တန်းအလွန်တိုတောင်းသည်သာမက၊ လူမှုဒုက္ခမျိုးစုံ ခံစားရကြသေးသည်။ အစားအသောက်ဆင်းရဲခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း၊ ပညာမဲ့ခြင်း၊ စကားအခက်အခဲရှိခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပြသနာမျိုးစုံ ရင်ဆိုင်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းများကြောင့် ယခုနေ့ရက်ကာလသည် ဆိုးယုတ်သည်၊ ဟုဆိုရခြင်းဖြစ်သည်။ ကာလအချိန်ကို မည်ကဲ့သို့ ရွေးနှုတ်ရမည်နည်း။ မြို့တမြို့သို့ ကိစ္စရှိသောကြောင့် ခရီးသွားရာတွင်၊ တလနေဘို့ရန်ကြံစည်သော်လည်း၊ အရေးပေါ်ကိစ္စ ပေါ်လာသောကြောင့်၊ နှစ်ရက်သာနေဘို့ဖြစ်ပါက၊ အရေးကြီးသောကိစ္စများကိုသာ ဆောင်ရွက်မှာဖြစ်သည်။ အရေးမကြီးသောအရာများကို ဖျက်ဖို့လိုသည်။ ထိုနည်းတူ၊ ယခုနေ့ရက်ကာလတွင် လူ့သက်တန်း အလွန်တိုတောင်းသောကြောင့်၊ အရေးကြီးသောကိစ္စများကိုသာ ဆောင်ရွက်ရမည်။ သို့သော်ကာလအချိန်ကို မသိသောကြောင့် အနှစ် ၆၀ သည် အလွန်ကြာညောင်းသည်ဟုထင်၍၊ အချိန်ဖြုန်းနေကြသည်။ သခင်ဘုရား(ယေရှု)၏ အလိုတော်ကိုပိုင်းခြား၍ သိသောသူဖြစ်ကြလော့၊ (ဧဖက် ၅း၁၇) ဟုပေါလုက အကြံပေးခဲ့သည်။
ယခုနေ့ရက်ကာလကို နှစ်ပိုင်းပိုင်းနိုင်သည်။
(၁) ရေလွှမ်းမိုးပြီးမှ ခရစ်တော်လူ့ဇာတိခံယူချိန်အထိ နှစ်ပေါင်း ၂၀၀၀ နှင့်
(၂) ခရစ်တော်လူ့ဇာတိခံယူချိန်မှစ၍ ခရစ်တော်ဒုတိယအကြိမ်ကြွလာသည်အထိ နှစ်ပေါင်း ၂၀၀၀ တို့ဖြစ်သည်။ ယခုနေ့ရက်ကာလသည် အကြမ်းအားဖြင့် နှစ်ပေါင်း ၄၀၀၀ ကြာမှာဖြစ်သည်။ ၂၀၂၀ ခုနှစ်သည် ယခုနေ့ရက်ကာလ၏ အဆုံးပိုင်းတွင်ရှိသည်။ ထိုသို့ သိခြင်းသည် အလွန်အရေးကြီးသည်။ သို့မှသာ ပြင်ဆင်မှုများပြုလုပ်နိုင်သည်။
၃။ အနှစ် ၁၀၀၀ ကာလ (Millennial age)
အနှစ်တစ်ထောင်ကာလသည် ခရစ်တော်ဒုတိယအကြိမ်ရှင်ဘုရင်အဖြစ် ကြွလာချိန်မှစ၍၊ အနှစ် ၁၀၀၀ အုပ်စိုးချိန်ပြီးသည်အထိ ဖြစ်သည်။ အနှစ် ၁၀၀၀ ကာလနှင့်ပတ်သက်၍၊ ဤသို့ရေးထားသည်၊ “ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင် မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း၊ ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ငါသည် လည်း၊ ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်၊၊ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့်အော်ဟစ်သံကို နောက်တဖန်မကြားရ၊ ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ၊၊ အသက်မပြည့်စုံသောလူအိုလည်းမရှိရ၊၊ အသက်တရာရှိလျက်သေသောသူကို၊ သူငယ်ဟူ၍မှတ်ရ၏၊၊ အပြစ်ရှိသောသေသောသူသည်၊ အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူ ဟူ၍မှတ်ရ၏၊၊ ထိုသူတို့သည်၊ ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ သူတို့သည် အိမ်ကိုဆောက်၍၊ အခြားသောသူ နေရမည်မဟုတ်၊၊ သူတို့သည်စပျစ်ဥယျာဉ်ကိုစိုက်၍၊ အခြားသောသူ စားရမည်မဟုတ်၊၊ ငါ၏လူတို့အသက်သည်၊ သစ်ပင်၏ အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို၊ ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည်၊ အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။ ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။ တောခွေးနှင့်သိုးသငယ်တို့သည်၊ အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည်၊ နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာစားရလိမ့်မည်။ ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌၊ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။” (ဟေရှာယ ၆၅:၁ရ-၂၅)
အထက်ပါကျမ်းပိုဒ်များသည်၊ ထာဝရကာလမဟုတ်၊ အနှစ် ၁၀၀၀ ကာလဖြစ်သည်။ အကြောင်းမူကားအိမ်ဆောက်ခြင်း၊ စိုက်ပျိုးခြင်းများရှိသေးသည်။ သေခြင်းနှင့်ကျိန်ခြင်းများလည်းရှိသေးသည်။ လူ၏သက်တန်းလည်းအနှစ် ၁၀၀၀ အထိပြန်ရှည်မည်။ အကြောင်းမူကား၊ အသက်တရာရှိလျက်သေသောသူကို၊ သူငယ်ဟုခေါ်သောကြောင့်၊ အသက်ကြီးသောသူသည်သူငယ်၏ဆယ်ဆတည်းဟူသော၊ အနှစ် ၁၀၀၀ အထိပြန်ရှည်မည်။ အစာရေစာလည်းပေါများ၍၊ ယခုခံစားနေကြသောလူမှုဒုက္ခအပေါင်းရှိတော့မည်မဟုတ်။ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့်နေထိုင်ကြမည့်အချိန်ကာလဖြစ်သည်။ ကျန်းမာကြမည်။ ငြိမ်းချမ်းမည်။ သားရဲမရှိတော့ဘဲ၊ တိရစ္ဆာန်လောက၌လည်း၊ အချင်းချင်းကိုက်စားခြင်းမရှိတော့ချေ။ ခရစ်တော်ကိုယ်တိုင်အုပ်စိုးသောကြောင့်၊ ဤလောကသည်ကောင်းကင်နိုင်ငံကဲ့သို့ဖြစ်၍၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်ဟုခေါ်ခြင်းဖြစ်သည်။ ခရစ်တော်ကသင်ပေးခဲ့သော၊ “နိုင်ငံတော်တည်ထောင်ပါစေသော်” ဟူသောအရာပြည်စုံခြင်းဖြစ်မည်။ သုံးကာလအထဲတွင်အကောင်းဆုံးသောကာလဖြစ်သည်။ ထိုကာလသည်မဝေးတော့ချေ။
မေးခွန်းများ
၁။ ဤလောကသည်၊ ကာလဘယ်နှစ်ခုနှင့်ပိုင်းထားသနည်း။..........................
၂။ ကာလများဖေါ်ပြပါ။ ..............................................................................
၃။ ယခုနေ့ရက်ကာလသည်၊ မည်သည့်အချိန်မှစ၍ မည်သည့်အချိန်၌ ဆုံးမည်နည်း။ ....................................................
၄။ အဘယ်ကြောင့် ယခုနေ့ရက်ကာလသည် ဆိုးသည်ဟုဆိုသနည်း။ ..........................................
၅။ မည်သည့်ကာလသည် အကောင်းဆုံး ဖြစ်သနည်း။...................... အဘယ်ကြောင့်နည်း။......................
၆။ အာဒံအသက်.......... နောဧအသက်.............. မသုရှေလအသက်....... ............. ရှင်ကြသည်။
ရ။ အာဗြဟံ......... ယာကုပ်.......... ယောသပ်.......... မောရှေ.......... ယောရှု.......... အသက်ရှင်ကြသည်။
၈။ ယခုနေ့ရက်ကာလ၏သက်တန်းသည်.......... ရှိသည်ဟု၊ .............. က..............၌ရေးထားသည်။
၉။ အချိန်ကာလကို မည်ကဲ့သို့ရွေးနှုတ်မည်နည်း။..........................
၁၀။ ဟေရှာယ ၆၅ ၌ဖေါ်ပြသော၊ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်သည်၊ မည်သည့်အချိန်ကာလကို ဆိုလိုသနည်း ။..........................အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ .........................
၁၁။ အနှစ်တထောင်ကာလ၌ ဖြစ်မည့်အရာများကိုဖေါ်ပြပါ။..........................
ဤလောကကို သုံးကာလနှင့် ခွဲခြားကြောင်းသိခဲ့ရပြီ။ ထိုသုံးကာလကို ခေတ်ရှစ်ခေတ်ဖြင့် ထပ်မံခွဲခြားနိုင်သည်။ ခေတ်ပြောင်းလဲလျှင် ဘုရားသခင်က လူများအပေါ် အုပ်ချုပ်ဆက်ဆံပုံ ပြောင်းလဲသည်။ ဤလောက၌ရှိသော ခေတ်ရှစ်ခေတ်တို့မှာ၊ -
၁။ အပြစ်ကင်းမဲ့သောခေတ် Innocence Dispensation (ကမ္ဘာ ၁:၁-၃:ရ)
၂။ ဩတ္တပ္ပခေတ် Conscience Dispensation(ကမ္ဘာ ၃:၈-၈:၂၂)
၃။ လူအုပ်စိုးသောခေတ် Human Government Dispensation(ကမ္ဘာ ၈-၁၁)
၄။ ဂတိတော်ခေတ်၊ ဘိုးဘေးများခေတ် Promise or Patriarchal Dispensation (ကမ္ဘာ ၁၂-ထွက် ၁၈)
၅။ ပညတ်တော်ခေတ် Dispensation of Law (ထွက် ၁၉ -တမန် ၁)
၆။ အသင်းတော်ခေတ် Dispensation of Church (တမန် ၂ -ဗျာ ၃)
ရ။ အန္တိခရစ်ခေတ် Antichrist Dispensation (ဗျာ ၆-၁၉)
၈။ အနှစ်တစ်ထောင်၊ မေရှိယခေတ် Millennial Dispensation(ဗျာ ၂၀-၆)
၁။ အပြစ်ကင်းမဲ့သော ခေတ် Innocence Dispensation (ကမ္ဘာ ၁:၁ မှ ၃:ရ ထိ)
ဤခေတ်သည်ဘုရားသခင်က၊ အာဒံနှင့်ဧဝတို့ဖန်ဆင်းချိန်မှစ၍သူတို့အပြစ်၌လဲသွားသည့်အချိန်အထိဖြစ်၍၊ မည်မျှကြာသည်ကိုမသိရပါ။ ဤခေတ်သည်ဘုရားသခင်၏ ဖန်ဆင်းခြင်းရည်ရွယ်ချက်အတိုင်းသွားသောခေတ်ဖြစ်သည်။ လူသည်အပြစ်မရှိသောကြောင့်လူမှုဒုက္ခပြသနာလုံးဝမရှိခဲ့ချေ။ လူသည်သန့်ရှင်းသောကြောင့်ဘုရားနှင့်မိဿဟာယဖွဲ့နိုင်ပြီးကြောက်စိတ်၊ ရှက်စိတ်၊ စိုးရိမ်စိတ်များမရှိချေ။ ကျန်းမာလျက်သေဘို့လည်း မဟုတ်ချေ။ အဝတ်အစားလည်းမရှိ၊ ဘုရားဘုန်းတော်နှင့်ပတ်ရစ်သောကြောင့် အဆင်ပြေသည်။ တိရစ္ဆာန်များလည်းဘေးအန္တရယ်မပေး၊ လူများနှင့်နေထိုင်နိုင်သည်။ အလုပ်လည်းလုပ်စရာမလို၊ စားစရာများအဆင်သင့်ရှိသည်။ အလွန်ကောင်းသောခေတ် ဖြစ်သည်။ ထိုခေတ်နှင့်အနီးစပ်ဆုံးသည်အနှစ်တစ်ထောင်ခေတ်၌ပြန်ရှိဦးမှာဖြစ်သည်။ ဤခေတ်သည်အာဒံဧဝဘုရားစကားနားမထောင်ဘဲ၊ တားမြစ်ထားသောကောင်းမကောင်း သိကျွမ်းရာအသီးကိုစားခြင်းဖြင့်ကုန်ဆုံးသွားခဲ့သည်။
၂။ ဩတ္တပ္ပခေတ် Conscience Dispensation (က ၃:၈ မှ ၈:၂၂ ထိ)
ဤခေတ်သည်လူသားနှစ်ဦးကောင်းမကောင်းသိနိုင်သောအသီးစားသောကြောင့်၊ အပြစ်သို့လဲသွားချိန်မှစ၍၊ နောဧခေတ်ရေလွှမ်းမိုးသောအချိန် ကြားကာလဖြစ်သည်။ ဤခေတ်တွင်လူများသည်မိမိတို့ဩတ္တပ္ပစိတ်ရှိသည့်အတိုင်းအသက်ရှင်ကြသည်။ ဤခေတ်တွင်လူသတ်မှုလည်းစတင်လာသည်။ ဘုရားထံယဇ်ပူဇော်ခြင်းလည်းပြုလုပ်လာကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အနုပညာများလည်းစတင်လာကြသည်။ ဤခေတ်လူများ သည်ကျဆင်းသောကောင်းကင်တမန်များနှင့်လည်းဆက်ဆံကြသောကြောင့်၊ ကိုယ်ကောင်ကြီးသောလူများလည်းရှိကြသည် (ကမ္ဘာ ၆)။ လူ၏ စိတ်နှလုံးကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိသောကြောင့်ဘုရားသခင်ကရေလွှမ်းမိုးစေခြင်းအားဖြင့်အဆုံးစီရင်လိုက်သည်။ နောဧနှင့်မိသားစုရှစ်ယောက်သာလျှင်ဘုရားစကားနားထောင်သောကြောင့်သင်္ဘောဆောက်၍အသက်ရှင်ကြသည်။ ယနေ့ကမ္ဘာ့လူသားအား လုံးသည်ထိုရှစ်ယောက်သောသူများ၏သားစဉ်မြေးဆက်များဖြစ်ကြသည်။
၃။ လူအုပ်စိုးသောခေတ် Dispensation of Human Government (ကမ္ဘာ ၈ မှ ၁၁ ထိ)
ဤခေတ်သည်နောဧနှင့်မိသားစုမှစ၍၊ ဗာဗုလုန်ရဲတိုက်ဆောက်သောကာလကိုဆိုလိုသည်။ နောဧနှင့်မိသားစုသည်ထာဝရဘုရားကိုကိုးကွယ်ခဲ့ကြသော်လည်း၊ သူတို့၏သားမြေးများသည်အလျှင်အမြန်ဘုရားကိုစွန့်ပြီး၊ ရုပ်တုကိုးကွယ်ကြသည်။ ထိုအရာသည်အံ့ဩစရာမရှိ၊ အဲဂုတ္တုပြည်၌ ဘုရားလုပ်သောအံ့ဩဘွယ်နိမိတ်လက္ခဏာများတွေ့မြင်ခဲ့သည်သာမက၊ ပင်လယ်နီကိုလည်းတညတည်းအတွင်းဖြတ်သန်းခွင့်ပေးပြီး၊ ကောင်းကင်မှမန္နမုန့်နှင့်ကျောက်ထဲမှရေစားသောက်သောသူများသည်အလျှင်အမြန်ဘုရားကိုစွန့်၍ရုပ်တုကိုးကွယ်ခဲ့ကြသည်မဟုတ်လော။ ဘုရားအမှုတော်ဆောင်သင်းအုပ်ဆရာများ၏သားသမီးများလည်း၊ ဘုရားကိုမယုံကြည်ဘဲလမ်းလွဲသွားတတ်ကြသည်မဟုတ်လော။ ထို့ကြောင့်၊ နောဧ၏သားစဉ်မြေးဆက်များလည်း ရုပ်တုများကိုးကွယ်၍ ဗာဗုလုန်ရဲတိုက်ကိုဆောက်ကြသောကြောင့်၊ ဘုရားသခင်ကစကားကွဲစေကာ၊ ပေါင်းဖေါ်၍မရအောင်ပြုလုပ်ပြီး၊ အရပ်ရပ်သို့ကွဲပြားစေခြင်းအားဖြင့်၊ လူအုပ်စိုးသောခေတ်လည်း အဆိုးနှင့်ကုန်ဆုံးခဲ့ရသည်။
၄။ ဂတိတော်ခေတ်၊ ဘိုးဘေးများခေတ် Dispensation of Grace or Patriarchal (ကမ္ဘာ ၁၂ မှ ထွက် ၁၈ ထိ)
ဤခေတ်သည် ရုပ်တုကိုးကွယ်သောသူများထဲမှ၊ ဘုရားသခင်က အာဗြံကိုရွေးကောက်ခြင်းအားဖြင့်စတင်ခဲ့သည်။ ဘုရားက အာဗြံကို ဥရအရပ်မှ ခါနန်ပြည်သို့သွားခိုင်းသည်။ ထိုပြည်ကိုပေးဘို့ ဂတိပေးသော်လည်း၊ သူသည်ဧည့်သည်ကဲ့သို့ လှည့်လည်သွားလာ၍ သေဆုံးခဲ့ရသည်။ ဘုရား၏ဂတိတော်သည် အာဗြာဟံသားဣဇက်၊ သူ၏မြေးယာကုပ် လက်ထက်တွင်လည်း မပြည့်စုံခဲ့ချေ။ ယာကုပ်ကို ဣသရေလဟူ၍နာမည်ပြောင်းပြီး သူ၏ မိသားစု ရဝ ယောက်တို့ကို အဲဂုတ္တုပြည်သို့ အစာခေါင်းပါးခြင်းအားဖြင့် ပို့လိုက်သည်။ ထိုပြည်တွင်မင်းမျိုးမင်းနွယ်ဖြင့် ရောက်ခဲ့ကြသော်လည်း၊ နောက်ပိုင်း၌ အဲဂုတ္တုကျွန်ခံခြင်းအားဖြင့် နိဂုံးချုပ်သည်။ ဤခေတ်သည်နှစ်ပေါင်း ၄၃၀ ကြာသည်။
၅။ ပညတ်တော်ခေတ် Dispensation of Law (ထွက် ၁၉ မှ တမန် ၁ ထိ)
ဤခေတ်သည် ဣသရေလလူမျိုးများ အဲဂုတ္တုကျွန်ခံရာမှ ဘုရားသခင်က၊ မောရှေအားဖြင့်ကယ်တင်ကာ၊ သိနာတောင်၌ ပညတ်တော်ပေးလိုက်ချိန်မှစ၍၊ ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ကာ၊ အသင်းတော်တည်ထောင်သည် ကြားကာလဖြစ်သည်။ ဤခေတ်သည်အကြမ်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ခန့်ကြာညောင်းသည်။ ဘုရားသခင်က၊ ဣသရေလလူမျိုးကို ပြုစုပျိုးထောင်၍၊ ကမ္ဘာလုံးအတွက် ယဇ်ပုရောဟိတ်များအဖြစ်အသုံးပြုဘို့၊ သူ၏အကြောင်းကို တပါးအမျိုးသားများထံ ကြားပြောဘို့ရန် ရည်ရွယ်သော်လည်း မအောင်မြင်ခဲ့ပါ။ ဣသရေလလူမျိုးများသည် ဘုရား၏ကျွေးမွေးခြင်း၊ ကာကွယ်ခြင်း ပြုစုခြင်းခံကြသော်လည်း အစဉ်သဖြင့်ဘုရားကို ဆန့်ကျင်ကာ၊ ပတ်ဝန်းကျင်လူမျိုးများ၏ ဘုရားများကိုသာလျှင် ကိုးကွယ်ကြသည်။ ထို့ကြောင့်၊ တပါးအမျိုးသားများ၏ကျွန်အဖြစ် ဘုရားသခင်က မကြာခဏရောင်းစားခဲ့သည်။ သို့သော်မမှတ်ကြပါ။ နောက်ဆုံး၌ ဣသရေလကို အာရှုရိကျွန်၊ ယုဒကို ဗာဗုလုန်ကျွန် အဖြစ်သိမ်းစေခဲ့သည်။ ဣသရေလများသည် ဘုရားထံပြန်မလာတော့ဘဲ၊ တပါးအမျိုးသားများကြား၌ ပျောက်ဆုံးသွားကြသည်။ ယုဒလူများမူ နောင်တရ၍ ဘုရားသခင်က ခါနန်ပြည်သို့ပြန်ခေါ်သော်လည်း ကိုယ့်မင်းကိုယ့်ချင်းနှင့် မနေနိုင်တော့ဘဲ တိုင်းတပါးသားများ၏ အုပ်စိုးခြင်းကိုခံကြသည်။ ပြန်လာသောယုဒများသည် နောင်တရ၍ ဘုရားဘက်၌စိတ်အားကြီးသော်လည်း၊ ဘုရား၏အလိုတော် နားမလည်ဘဲ ကြိုးစားကြသည်။ ကျမ်းစာများကို များစွာကူးလာကြပြီး၊ ထိုကျမ်းစာကူးရေးသူများကို စာရေးများ၊ ဟုခေါ်သည်။ ကျမ်းစာများကို သေသေချာချာလေ့လာပြီး၊ အဓိပ္ပါယ်ဖွင့်ကာ အတတ်နိုင်ဆုံး ကျင့်သုံးသောလူတန်းစားပေါ်လာ၍ ဖာရိရှဲများ၊ ဟုခေါ်သည်။ ထိုသို့ဘုရားတရားဖက်မှာ စိတ်အားကြီးချိန်တွင် သခင်ယေရှု လူ့ဇာတိခံ၍ သူတို့ကိုတည့်မတ်ပေးဘို့ရန်ပြောသော်လည်း၊ လက်မခံကြဘဲ သူ့ကိုလက်ဝါးကပ်တိုင်၌ သတ်လိုက်ကြသည်။ ထိုသို့ဘုရား၏သားတော်ကို သတ်လိုက်ကြသောကြောင့်၊ ဘုရားသခင်က သူတို့ကို အေဒီ ရဝ တွင် ရောမစစ်သားများအသုံးပြုခြင်းအားဖြင့်သတ်ဖြတ်၍ လွတ်မြောက်သူများသည် အတိုင်းတိုင်းအပြည်ပြည်သို့ ထွက်ပြေးခြင်းအားဖြင့် နိဂုံးချုပ်လိုက်သည်။
၆။ အသင်းတော်ခေတ် Dispensation of Church (တမန် ၂ မှ ဗျာ ၃ ထိ)
ဣသရေလများသည် ဘုရားဘက်၌ စိတ်အားကြီးသော်လည်း၊ ဘုရား၏အလိုတော်မသိဘဲ သားတော်ကိုသတ်သောကြောင့်၊ ဘုရားသခင်က လူမျိုးတမျိုးကိုသာမရွေးတော့ဘဲ၊ လူအမျိုးမျိုးထဲမှ သူ့ကိုယုံကြည်သူများကို သန့်ရှင်းသောဝိညာဉ်တော်ပေးခြင်းအားဖြင့် အသင်းတော်တည်ထောင်လိုက်သည်။ ထိုအသင်းတော်ကို ပင်တေကုတ္တေနေ့တွင်စတင်၍ ဘုရား၏ဂုဏ်ကျေးဇူးတော်များကို ဖေါ်ပြဘို့ရန် (၁ ပေ ၂:၉) နှင့် ကယ်တင်ခြင်းအကြောင်း သက်သေခံဘို့ရန် (မဿဲ ၂၈:၁၉-၂၀၊ တမန် ၁:၈) တာဝန်ပေးထားသည်။ အသင်းတော်သည် အစပိုင်း၌ ဣသရေလလူများကသာစတင်ခဲ့သော်လည်း၊ နောက်ပိုင်း၌ တပါးအမျိုးသားများသာ ဖြစ်လာကြသည်။ အသင်းတော်သည်လည်း ဣသရေလလူများကဲ့သို့ ဘုရား၏စကားနားမထောင်ဘဲ၊ ကောင်းကြီးကိုသာလျှင် ခံစားလို၍ ပါးစပ်အားဖြင့်သာကိုးကွယ်၍ စိတ်နှလုံးမပါချေ။ ထို့ကြောင့်၊ အသင်းတော်အများစုသည် ဘေးဒဏ်ကြီးကာလ၌ ကျရောက်ခြင်းအားဖြင့်၊ တရားစီရင်ခြင်းခံမှာဖြစ်သည်။ စစ်မှန်သောအသင်းတော်သာလျှင် သခင်ယေရှုကြွလာသောအခါ၊ ကောင်းကင်သို့ ချီဆောင်သွားမှာဖြစ်သည် (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁၈)။ ယခုအသင်းတော်ခေတ်တွင် ကျွန်ုပ်တို့သည် နောက်ဆုံးလူများဖြစ်၍၊ မကြာမှီ ခရစ်တော်ကြွလာသောအခါ ချီဆောင်ခြင်း၌ပါဘို့သည် အလွန်အရေးကြီးသည်။ အသင်းတော်ခေတ်လည်း အနည်းငယ်ချီဆောင်ခြင်း၌ပါ၍၊ အများစုသည် ဘေးဒဏ်ကြီးကာလထဲ ရောက်သွားခြင်းအားဖြင့် နိဂုံးချုပ်တော့မှာဖြစ်သည်။
ရ။ အန္တိခရစ်ခေတ် Dispensation of Antichrist (ဗျာ ၆ မှ ၁၉ ထိ)
ဤခေတ်သည် စစ်မှန်သောအသင်းတော်ကို ချီဆောင်သွားချိန်မှစ၍ ခရစ်တော်ဒုတိယအကြိမ်ကြွလာသည်အချိန်အထိ ခုနနှစ်ကြာမှာဖြစ်သည်။ ထိုအချိန်ကို ဘေးဒဏ်ကြီးကာလဟုခေါ်၍၊ ဘုရား၏ရန်သူ၊ ခရစ်တော်အတုတည်းဟူသော အန္တီခရစ်က တကမ္ဘာလုံးကိုအုပ်ချုပ်မှာဖြစ်သည်။ ဤခေတ်သည် အလွန်တိုတောင်းသော်လည်းဘုရားက သူ့ကိုမယုံကြည်လိုသော ဤလောကသားများအပေါ် အမျက်ဒေါသလောင်းချိန် ဖြစ်သောကြောင့် အလွန်ခက်ခဲမည်။ ဤခေတ်တွင် ဘုရားပြန်လည်ယုံကြည်သူများ ရှိသော်လည်း၊ လည်ပင်းဖြတ်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်မည့်အချိန်ဖြစ်သည်(ဗျာဒိတ် ၂၀း၄)။ စာတန်သည် ဘုရားကို အစဉ်အမြဲအံတုကာ ဤလောကကိုအုပ်ချုပ်ချင်သည့်အတိုင်း ထိုအချိန်တွင် အစွမ်းကုန် ဤလောကကိုအုပ်ချုပ်၍၊ ခရစ်တော်ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ကြွလာသောအခါ၊ စာတန်နှင့်သူ၏လူများကို တရားစီရင်ခြင်းအားဖြင့် အဆုံးသတ်မှာဖြစ်သည်။ စာတန်ကိုအနက်ဆုံးသောတွင်းထဲသို့ အနှစ်တစ်ထောင်ထောင်ချ၍၊ အန္တိခရစ်နှင့် မိစ္ဆာပရောဖက်တို့ကို အရှင်လတ်လတ်၊ ထာဝရမီးအိုင်ထဲသို့ ချပစ်မှာဖြစ်သည်(ဗျာဒိတ် ၁၉း၂၀)။ ဤခေတ်ကို ဗျာဒိတ်ကျမ်းအခန်းကြီး ၆ မှ ၁၉ တွင် အသေးစိပ် ဖေါ်ပြထားသည်။
၈။ အနှစ်တစ်ထောင်၊ မေရှိယခေတ် Millennial Dispensation (ဗျာ ၂၀)
ဤခေတ်သည် ခရစ်တော်ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ်ကြွလာချိန်မှစ၍၊ ဤလောကကို အနှစ်တစ်ထောင်အုပ်စိုးအပြီးထိ ကြာညောင်းမှာဖြစ်သည်။ ဤခေတ်၌ ခရစ်တော်က ဤလောကကို သံလှံတံနှင့်အုပ်ချုပ်၍၊ စစ်မှန်သောအသင်းတော်လည်း မိဖုရားအနေဖြင့် ခရစ်တော်နှင့်အတူ အုပ်ချုပ်မှာဖြစ်သည်။ ဤခေတ်တွင်လူ့သက်တန်းလည်း အနှစ်တစ်ထောင်အထိ ပြန်ရှည်၍၊ လူတိုင်းကျန်းမာကြမည်။ စကားနားမထောင်သူများသာလျှင် ကျိန်ခြင်းခံ၍ သေကြရမှာဖြစ်သည်(ဟေရှာယ ၆၅း၂၀)။ စစ်တိုက်ခြင်းမရှိတော့ဘဲ စစ်လက်နက်ပစ္စည်းများကို လယ်ထွန်ကရိယာများအဖြစ် အသုံးပြုကြရမှာဖြစ်သည်။ အစာရေစာပေါများ၍ ဝလင်စွာစားကြမည်။ တိရစ္ဆာန်များလည်း သားရဲမရှိတော့ဘဲ၊ အတူနေထိုင်ကြမည်။ စစ်ပြေးဒုက္ခသည်လည်း မရှိတော့ဘဲ အလွန်ကောင်းမွန်သောခေတ်ဖြစ်မည် (ဟေရှာယ ၂၊ ၄၊ ၉၊ ၁၁၊ ၆၅)။ သို့သော်၊ အနှစ်တစ်ထောင်ကုန်ဆုံးသောအခါ၊ စာတန်ကိုထောင်ထဲမှလွှတ်၍ လူများကိုလှည့်ဖြားကာ၊ ခရစ်တော်ကိုတိုက်ခိုက်ကြမည်။ သူတို့ကို ကောင်းကင်မှမီးဖြင့်ရှို့၍ အသေသတ်ခြင်းခံကြမည်။(ဗျာဒိတ် ၂၀း၇-၉) ထို့နောက်၊ ပလ္လင်ဖြူကြီးတရားစီရင်ခြင်းဖြင့် (ဗျာဒိတ် ၂၀း၁၀-၁၅) ဤခေတ် ကုန်ဆုံးကာ ထာဝရကာလဆက်သွားမှာဖြစ်သည်။
ဤခေတ်ကာလများသိခြင်းဖြင့် လူသည်အမျိုးမကောင်းကြောင်း သိနိုင်သည်။ လူထင်မှတ်တတ်သည်မှာအပြစ်လုပ်ခြင်းသည်၊ အစာရေစာမဝသောကြောင့်၊ ပတ်ဝန်းကျင် မကောင်းသောကြောင့်၊ အုပ်ချုပ်ရေးမကောင်းသောကြောင့်၊ ပညာမရှိသောကြောင့်ဟူ၍ အကြောင်းအမျိုးမျိုးပြတတ်ကြသည်။ သို့သော်လည်း၊ မည်မျှပင်အခြေနေကောင်းပါစေ လူသည်မကောင်းနိုင်ပါ။ ထိုသို့ဖြစ်ရခြင်းသည် လူသည်အမျိုးမကောင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ကယ်တင်ခြင်း လိုအပ်သည်။ လူသည် အာဒံ၌ မွေးဘွားကြသောကြောင့်၊ အာဒံကဲ့သို့ အပြစ်သားများဖြစ်ကြသည်။ မည်မျှပင်ဆုံးမသွန်သင်၍၊ ဒုက္ခရောက်သော်လည်း မကောင်းနိုင်ပါ။ သို့သော်၊ လူသည်ခရစ်တော်၌ရှိလျှင်၊ အသစ်သောသတ္တဝါဖြစ်၍ ဟောင်းသောအရာတို့သည် ကုန်ဆုံးကာ၊ ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြသည် (၂ ကော ၅:၁ရ) ဟုပေါလုက ရေးခဲ့သည်။ သင်သည်လည်း ခရစ်တော်၌မရှိလျှင် လူဟောင်းဖြစ်နေသဖြင့် မည်သို့မျှ မကောင်းနိုင်ပါ။ လူ့အမြင်၌ကောင်းလျှင်လည်း၊ ဘုရားအမြင်၌ မကောင်းနိုင်ပါ။ ထို့ကြောင့်၊ လူသစ်ဖြစ်ဘို့ရန် သခင်ယေရှုထံသို့ လာပါ။ ယေရှုက၊ “ငါ့ထံသို့လာသောသူကို ငါသည်အလျှင်းမပယ်။” (ယော ၆:၃ရ) ဟုဆိုသည်။ တဖန်၊ “လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း၊ ဟုဇကဲကိုမိန့်တော်မူ၏။” (လုကာ ၁၉:၁၀)။ ထို့ကြောင့်ယခုပင်လျှင် သခင်ယေရှုထံ စိတ်နှလုံးအကြွင်းမဲ့လာပါ။
မေးခွန်းများ
၁။ ဤလောကကို ခေတ်ဘယ်နှစ်ခေတ်ဖြင့် ပိုင်းခြားနိုင်သနည်း။ ..................
၂။ ထိုခေတ်အားလုံးကို ဖေါ်ပြပါ။ .....................................................................................
၃။ အပြစ်ကင်းမဲ့သောခေတ်၏ ထူးခြားချက်များဖေါ်ပြပါ။ ........................ .....................
၄။ ဩတ္တပ္ပခေတ်သည် ဘယ်အချိန်မှစ၍ ဘယ်အချိန်အထိဖြစ်သနည်း။ .........................................
၅။ အဘယ်ကြောင့် ရေလွှမ်းမိုးသနည်း။ ........................................................
၆။ လူအုပ်စိုးသောခေတ်တွင် ဘာကိုးကွယ်ကြသနည်း။...................................
ရ။ ဂတိတော် သို့မဟုတ် ဘိုးဘေးများခေတ်သည် မည်ကဲ့သို့နိဂုံးချုပ်သနည်း။....................
၈။ ပညတ်တော်ခေတ်သည် မည်သည့်အချိန်မှစ၍ မည်သည့်အချိန်ထိဖြစ်သနည်း။ ................................
၉။ ပညတ်တော်ခေတ်တွင် မည်သည့်လူတန်းစား ပေါ်ပေါက်သနည်း။ .......................
၁၀။ အဘယ်ကြောင့် သခင်ယေရှုခရစ်ကို သတ်လိုက်ကြသနည်း။ ........................................
၁၁။ အသင်းတော်၏တာဝန်သည် အဘယ်အရာဖြစ်သနည်း။ ...............................................
၁၂။ အသင်းတော်ခေတ် မည်ကဲ့သို့ကုန်ဆုံးမည်နည်း။........... ........................
၁၃။ အန္တိခရစ်ခေတ်သည် မည်မျှကြာမည်နည်း။...............................................
၁၄။ အဘယ်ကြောင့် ဘုရားသခင်သည် မြေကြီးသားများအပေါ် အမျက်ဒေါသထွက်သနည်း။ ......................
၁၅။ အနှစ်တစ်ထောင်ခေတ်၏ ထူးခြားချက်များဖေါ်ပြပါ။ ..................................
“ထိုမှတပါး၊ ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်ယခုသာ၍နီးသောကြောင့်၎င်း၊ ညအချိန်ကုန်လု၍၊ နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍၊ ကာလအချိန်ကိုထောက်လျက်၊ မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍၊ အလင်း၏လက်နက်စုံကိုဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကိုကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တက်မက်ခြင်းအလို့ငှါမကြံစည်ကြနှင့်။” (ရော ၁၃:၁၁-၁၄)
အထက်ပါကျမ်းပိုဒ်၌ပေါလုက၊ ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်၊ ယခုသာ၍နီးသောကြောင့်၊ ဟုဆိုထားသည်။ သို့ဖြစ်လျှင် ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ အဘယ်အရာကိုဆိုလိုသနည်း။ ထိုအရာသည်၊ ဤလောကမှ အပြီးအပိုင် ကယ်တင်ခြင်းတည်းဟူသော၊ ချီဆောင်ခြင်းနေ့ရက်ကို ဆိုလိုသည်။ ငါတို့ ယုံကြည်သောနေ့ရက်သည်၊ ကယ်တင်ခြင်းကို လက်ခံသောနေ့ကို ဆိုလိုသည်။ ထို့ကြောင့်တနည်းအားဖြင့်ဆိုလျှင် ချီဆောင်ခြင်းနေ့ရက်သည်၊ လူတိုင်း၏ကယ်တင်ခြင်း သဘောပေါက်သောနေ့ရက်ထက်၊ သာ၍နီးပြီဟုဆိုလိုခြင်းဖြစ်သည်။
ညအချိန်
ညအချိန်ကုန်လု၍၊ နေ့အချိန်ရောက်လုသောကြောင့်၊ ဟုဆိုပြန်သည်။ ဤအရာသည် ရုပ်လောကနေ့နှင့်ညကို ဆိုလိုသည်မဟုတ်၊ ဝိညာဉ်ပိုင်းနေ့နှင့်ညကို ဆိုလိုခြင်းဖြစ်သည်။ ထိုအရာသိဘို့ရန်မှာ နေနှင့်အလင်း၊ အမှောင်များသိဘို့ရန် လိုအပ်သည်။
ဘုရားသခင်သည်အလင်း
ကျမ်းစာက၊ “ဘုရားသခင်သည် အလင်း ဖြစ်တော်မူ၏။” (၁ ယော ၁:၅) ဟုဆိုထားသည်။ ယေရှုက၊ “ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည်၊ မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်၊ ဟုမိန့်တော်မူ၏။” (ယော ၈:၁၂)။ ထို့ကြောင့်ဘုရားသခင်ရှိသောနေ ရာသည် အလင်းသို့မဟုတ်နေ့ဖြစ်သည်။ အာဒံနှင့်ဧဝတို့လင်မယား အပြစ်မလုပ်မှီတွင်၊ ဤလောကသည်အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်ကအုပ်စိုးခဲ့သည်။ သို့သော်လူလင်မယားတို့က စာတန်စကားနားထောင်ချိန်မှစ၍၊ ဤလောကသည် အမှောင်ထုကြီးက လွှမ်းမိုးသွားခဲ့သည်။ ခရစ်တော်လူ့ဇာတိခံယူချိန်တွင် အလင်းဖြစ်ခဲ့သည်။ ထို့ကြောင့်ခရစ်တော်သည် ဂါလိလဲပြည်၌နေစဉ်၊ အလင်းဖြစ်ကြောင်းကိုကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “ဇာဗုလုန်ခရိုင်နှင့်နဿလိခရိုင်တည်းဟူသောအိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဖက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည်၊ ကြီးစွာသောအလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွက်လျက်ရှိ၏။” (မဿဲ ၄:၁၅-၁၆)။
အလင်း၏အလုပ်
အလင်းသည် အရာခပ်သိမ်းကို ထင်ရှားစေကြောင်း၊ ပေါလုကဤသို့ ရေးထားသည်၊ “အပြစ်ထင်ရှားသောအရာရှိသမျှတို့သည် အလင်းဖြင့်ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာရှိသမျှသည်လည်း၊ အလင်းဖြစ်၏။” (ဧဖက် ၅:၁၃)။ ခရစ်တော်ကိုသတ်ရခြင်း အကြောင်းရင်းတခုသည် လူများ၏အပြစ်ကို ထင်ရှားစေသောကြောင့်ဖြစ်သည်။ သူရှိနေလျှင် လူများသည် အပြစ်မလုပ်နိုင်ချေ။ အပြစ်မှန်သမျှသည် အမှောင်၌လုပ်ရသည်။ ခရစ်တော်ကို သတ်လိုက်သောကြောင့်၊ လောကသည် မှောင်မိုက်ဖုံးလွှမ်းသွားခဲ့ပြန်သည်။
ယုံကြည်သူများသည်အလင်း
ခရစ်တော်ကို ယုံကြည်သူများသည် အလင်းဟု ခေါ်သည်။ ခရစ်တော်က၊ “သင်တို့သည်ဤလောက၏အလင်းဖြစ်ကြ၏။” (မဿဲ ၅:၁၄) ဟုဆိုခဲ့သည်။ ရှင်ပေါလုကလည်း၊ “အထက်ကာလ၌ သင်တို့သည်မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍အ လင်း၏သားကဲ့သို့ ကျင့်နေကြလော့။” (ဧဖက် ၅:၈) ဟုဆိုသည်။ အဘယ်ကြောင့်ယုံကြည်သူများသည်အလင်းဖြစ်နိုင်သနည်း။ အကြောင်းမှာ၊ ယုံကြည်သူများ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ရှိသောကြောင့်ဖြစ်သည်။ ယုံကြည်သူများသည်၊ ဘုရားကိုယ်စားမှောင်မိုက်၌ လင်းမည့်သူများဖြစ်ကြသည်။ ထို့ကြောင့်ဤလောကသည် နေ့မဟုတ်ညဖြစ်သေးသည်။
ညကိုလေးပိုင်းပိုင်း
ဤလောကသည် မှောင်မိုက်ညဖြစ်ကြောင်းသိရပြီ။ သို့ဖြစ်လျှင်ညဦးလော၊ သန်းခေါင်လော၊ မိုးလင်းခါနီးပြီလော။ ခရစ်တော်က၊ သူကြွလာမည့်အချိန်နှင့်ပတ်သက်၍၊ ဤသို့ ဥပမာအားဖြင့်သတိပေးခဲ့သည်၊ “လူတဦးသည် အခြားသောပြည်သို့သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကိုငယ်သားတို့လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီးခွဲခန့်စီမံ၍၊ တံခါးမှူးကိုစောင့်နေစေဟုမှာထားပြီးမှသွားသည်ဖြစ်၍၊ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင်အဘယ်အချိန်၌လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သို့မဟုတ်အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့လိမ့်မည်။ စောင့်နေကြလော့ ဟုသင်တို့အားငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟုမိန့်တော်မူ၏။” (မာကု ၁၃:၃၄-၃ရ)။ လူတဦးသည် ခရစ်တော်ကိုယ်တိုင်ဖြစ်သည်။ ငယ်သားတို့သည် ယုံကြည်သူများဖြစ်သည်။ ခရစ်တော်က သူ၏ဥပမာ၌ ညကိုလေးပိုင်းပိုင်းထားသည်။ ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့ဖြစ်သည်။
ညဦးအချိန်
ညဦးအချိန်သည် မိုးချုပ်မှ ၉ နာရီခန့်အထိအချိန်ကို ဆိုလိုသည်။ ထိုအချိန်၌ မည်သူမျှမအိပ်သေးချေ။ လူကြီးများလည်းစကားပြောကြ၍၊ ခလေးများလည်း ဆော့ကစားကြသောကြောင့်၊ ဆူညံနေဆဲဖြစ်သည်။ အသင်းတော်သမိုင်း၌၊ ညဦးအချိန်သည်အသင်းတော် စတင်ချိန်၊ အေဒီ ၃၃ မှအေဒီ ၃၁၃ ခန့်အထိကိုဆိုလိုသည်။ ထိုအချိန်တွင် ယုံကြည်သူများသည်၊ ယုံကြည်ခြင်းအတွက် အသက်ရှင်ကြသည်။ ခရစ်တော်အတွက် အသက်ရှင်ခြင်းသည်၊ အလုပ်အတွက်ထက် အရေးကြီးသည်။ ယုံကြည်သူများသည်၊ ယုံကြည်ခြင်း အတွက်အနစ်နာခံ၍၊ ညှဉ်းဆဲခြင်းနှင့် သတ်ဖြတ်ခြင်းများ ခံခြင်းဖြင့်၊ ဝိညာဉ်ပိုင်း၌ လုံးဝမအိပ်ဘဲ၊ သစ္စာရှိစွာ လုပ်ဆောင်ရပ်တည်ကြသည်။ ထိုအချိန်တွင် အိမ်ရှင်ခရစ်တော်သည် ကြွမလာခဲ့ပါ။
သန်းခေါင်အချိန်
သန်းခေါင်အချိန်၌ လူတိုင်း အိပ်စက်၍၊ မြို့ရွာများ၌ ဆူညံခြင်းမရှိတော့ချေ။ တိတ်စိတ်စွာ အိပ်မောကျနေတတ်ကြသည်။ ထိုအချိန်သည် အသင်းတော်သမိုင်း၌၊ အေဒီ ၃၁၃ မှ ၁၅၁ရ ခုနှစ်အတွင်းကို ကိုယ်စားပြုသည်။ အေဒီ ၃၁၃ တွင်ရောမဧကရာဇ်မင်း ကွန်စတင်တိုင်းနှင့် သူ၏စစ်သားများသည်၊ ခရစ်တော်၏ကယ်တင်ခြင်းနှင့် သမ္မာတရားမသိဘဲ ခရစ်ယာန်ဘာသာသို့ဝင်၍၊ ခရစ်ယာန်များကိုမညှဉ်းဆဲတော့ဘဲ၊ လွတ်လပ်ခွင့်ပေးသည်သာမက၊ ချီးမြှောက်သောအခါ ခရစ်ယာန်များသည် ကယ်တင်ခြင်းနှင့် သမ္မာတရားအကြောင်း မပြောတော့ဘဲ၊ ဝိညာဉ်ပိုင်း၌ အိပ်ပျော်သွားကြသည်။ ထိုကာလတွင် လူများကယ်တင်ခြင်းသို့ရောက်သောသူ အလွန်နည်းပေလိမ့်မည်။ ထိုအချိန်တွင်လည်း၊ အိမ်ရှင်ခရစ်တော်သည် ကြွမလာခဲ့ပါ။
ကြက်ဦးတွန်ချိန်
ကြက်ဦးတွန်ချိန်သည်၊ နံနက် ၂-၄ နာရီ ခန့်တွင်ကြက်ဖကြီးများ တွန်ချိန်ဖြစ်သည်။ ထိုအချိန်တွင် အသက်ကြီးသူများကသာကြက်တွန်သံကို ကြားတတ်ကြသည်။ ငယ်ရွယ်သော သူများသည် အိပ်မောကျနေသောကြောင့်၊ ကြက်ဖကြီးများတွန်ခြင်းကို မကြားတတ်ကြချေ။ ကြက်တွန်ခြင်းသည် အချိန်ကိုဖေါ်ပြခြင်းဖြစ်သည်။ နေ့အချိန်တွင် နေကိုကြည့်ခြင်းအားဖြင့် အချိန်သိနိုင်သည်။ သို့သော်ညအချိန်တွင် နေမရှိသည်သာမက၊ လူများသည် အိပ်နေကြ၍ မှောင်မဲနေသည်။ ထိုအချိန်တွင် အချိန်သိဘို့ရန်ဘုရားသခင်က၊ ကြက်ဖများကို တွန်ခိုင်းခြင်းဖြစ်သည်။ ကြက်ဦးတွန်ချိန်တွင် ကြက်ဖကြီးများသာတွန်တတ်သည်။ ကြက်ဖကလေးများသည် နံနက်မိုးလင်းခါနီးမှသာ တွန်တတ်ကြသည်။ ကြက်ဦးတွန်ချိန်သည် အသင်းတော်သမိုင်း၌ အေဒီ ၁၅၁ရ မှ ၁၉၀၀ ခန့်အထိအချိန်ကိုဆိုလိုသည်။ ထိုအချိန်တွင် ကြက်ဖကြီးများဖြစ်ကြသော Martin Luther, John Calvin, Huldrych Zwingli တို့မှစ၍သမ္မာတရားကို ထုတ်ဖေါ်သော ရှေ့ပြေးတော်လှန်ရေးသမားများ ပေါ်ပေါက်ခဲ့သည်။ သူတို့ကကယ်တင်ခြင်းသည် အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်ဖြစ်ကြောင်းကို စတင်ဖေါ်ထုတ်ဟောပြောကြသည်။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” (ဟဗက္ကု ၂:၄၊ ရော ၁:၁ရ၊ ဂလာ ၃:၁၁၊ ဟေ ၁၀:၃၈) ဟူသောအရာကို အဓိကထား ဟောပြောကြသည်။ ထိုနောက်တွင် သာသနာပြုခြင်းများကိုလည်း ပေါ်ပေါက်လာ၍ တကမ္ဘာလုံး၌ သာသနာပြုများ စေလွှတ်ကာ ကယ်တင်ခြင်းတရားကို ဟောပြောကြသည်။ ထင်ရှားသောသာသနာ ပြုများမှာ၊ John Wesley, George Whitefield, William Carey, Adoniram Judson, George Muller, David Livingstone, Hudson Taylor တို့ဖြစ်သည်။ သို့သော်ထိုအချိန်တွင်လည်း၊ အိမ်ရှင် ခရစ်တော်သည်ကြွမလာခဲ့ချေ။
နံနက်အချိန်
နံနက်အချိန်သည် နံနက်လေးနာရီခန့်မှ မိုးလင်းသည်အချိန်အထိကို ဆိုလိုသည်။ ဆောင်းတွင်း၌ နံနက်စောစောမိုးသောက်ကြယ်ထွက်တတ်သည်။ နံနက်စောစော ထသူများကသာလျှင် ထိုမိုးသောက်ကြယ်ကို မြင်တတ်ကြသည်။ အအိပ်မက်သူများသည် မိုး သောက်ကြယ်ကို မမြင်ဘူးကြချေ။ မိုးသောက်ကြယ်သည် ခဏသာမြင်ရ၍ နေထွက်သောအခါ ပျောက်ကွယ်သွားသည်။ အအိပ်ပုပ်သောသူများသည် နေထွက်မှသာလျှင် ထတတ်ကြသည်။
မိုးသောက်ကြယ်
ဝိညာဉ်ပိုင်း၌ နံနက်အချိန်သည် အေဒီ ၁၉၀၀ ခန့်မှ ခရစ်တော်ဒုတိယအကြိမ် ကြွလာသည့်အချိန်ထိဖြစ်သည်။ ယခုအချိန်သည် နံနက်မိုးသောက်ကြယ် ထွက်ခါနီးအချိန်ဖြစ်သည်။ မိုးသောက်ကြယ် ထွက်ခြင်းနှင့် နေထွက်ခြင်းကို ခွဲခြားသိဘို့လိုသည်။ မိုးသောက်ကြယ်သည် ခရစ်တော်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။” (ဗျာ ၂၂:၁၆) ဟုဆိုသည်။ အဘယ်ကြောင့်ခရစ်တော်သည်၊ မိုးသောက်ကြယ်ဟုဆိုသနည်း။ မိုးသောက်ကြယ်သည်၊ နံနက်ပိုင်း၌ အထင်ရှားဆုံးကြယ် ဖြစ်သည်။ ခရစ်တော်သည် နံနက်ပိုင်း၌ မိုးသောက်ကြယ် ထွက်သကဲ့သို့၊ သန့်ရှင်းသူများကို ချီဆောင်ဘို့ရန် ကြွလာမည်ဖြစ်သည်။ ထိုအခါ စောစောထသောသူတည်းဟူသော၊ ကယ်တင်ခြင်းသို့ ရောက်သော သူများကိုသာ၊ ကောင်းကင်သို့ ချီဆောင်သွားမည် ဖြစ်သည်။ အအိပ်ပုပ်သောသူ တည်းဟူသော ကယ်တင်ခြင်းသို့ မရောက်သောသူများမူကား၊ ကျန်ရစ်မှာဖြစ်သည်။ သင်သည် အအိပ်ပုပ်သောသူ ဖြစ်ပါသလော။
ခရစ်တော်သည်နေမင်းကြီး
ခရစ်တော်သည်နေမင်းကြီးလည်းဖြစ်သည်။ ခရစ်တော်ဒုတိယအကြိမ် ကြွလာသောအခါ၊ တကမ္ဘာလုံးရှိလူတိုင်းကသိမြင်မှာဖြစ်သည်။ သူကိုယ်တိုင်က ဤသို့သတိပေးခဲ့သည်၊ “ခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ရှိသည်၊ ဟုဆိုသော်လည်းမယုံကြနှင့်။ လျှပ်စစ်သည်အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။ အသေကောင်ရှိရာ၌ လင်းတတို့သည် စုဝေးကြလတံ့။ ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍၊ တံပိုးခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။” (မဿဲ ၂၄:၂၆-၃၁) ဟုဆိုခဲ့သည်။
ခရစ်တော်ဒုတိယအကြိမ် ကြွလာခါနီး၌ နေသည်မှောင်သွားမည်။ ထိုအခါ ခရစ်တော်သည်ဘုန်းတန်ခိုးနှင့်လင်း၍ ကြွလာသောကြောင့်၊ နေထွက်သကဲ့သို့ဖြစ်မည်။ နေထွက်သောအခါ နေရာတိုင်း၌လင်းသောကြောင့် မသိဘဲမရှိနိုင်သကဲ့သို့၊ ခရစ်တော်ဒုတိယအကြိမ် ကြွလာသောအခါ ဖြစ်မည်။ ခရစ်တော်သည် နေကဲ့သို့ထွက်မည့်အရာကိုဓမ္မဟောင်း၌လည်းဤသို့တွေ့ရသည်၊ “မီးဖို၌မီးလောင်သကဲ့သို့လောင်သောနေ့ရက်ကာလသည်ရောက် လိမ့်မည်။ မာနကြီးသောသူနှင့်ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည်လောင်လိမ့်မည်၊ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ ငါ၏နာမတော်ကိုကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည်၊ အနာပျောက်စေသောအတောင်တို့နှင့်ပေါ်ထွန်း တော်မူမည်။ သင်တို့သည်ထွက်သွား၍တင်းကုပ်၌နွားသငယ်သကဲ့သို့ခုန်ကြလိမ့်မည်။ ထိုသို့ငါစီရင်သောနေ့ရက်၌သူတို့သည်သင်တို့ ခြေဘဝါးအောက်၌မြေမှုန့်ကဲ့သို့ဖြစ်ကြလိမ့်မည်၊ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” (မာလခိ ၄:၁)။
မီးဖို၌မီးလောင်သကဲ့သို့လောင်သောနေ့ရက်သည်၊ ဘေးဒဏ်ကြီးကာလကို ဆိုလိုသည်။ ယခုမာနကြီးသောသူနှင့်ဒုစရိုက်ပြုသောသူတို့သည်ဘေးဒဏ်ကြီးကာလ၌၊ အမှိုက်ခြောက်ကဲ့သို့ဖြစ်၍အရင်းအဖျားမျှမကျန်လောင်လိမ့်မည်။ ဆိုလိုသည်မှာသူတို့၏သမိုင်းနှင့်နာမည်များပင်မကျန်ဘဲသေဆုံးကြမည်။ ဘုရားကိုကြောက်ရွံ့သောဣသရေလလူများသည်၊ ဘေးဒဏ်ကြီး ကာလ၌ဘုရား၏ကွယ်ကာမှုကြောင့်ကျန်ကြွင်း၍၊ ခရစ်တော်ဒုတိယအ ကြိမ်နေမင်းကြီးကဲ့သို့ကြွလာသောအခါ၊ နွားတင်းကုပ်၌နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ နွားတင်းကုပ်၌နွားသငယ်များသည် ကြိုးနှင့်ချည်နှောင်ခြင်းမပြုသောကြောင့်ခုန်ပေါက်တတ်ကြသည်။ ဆိုလိုသည်မှာလွတ်လပ်ခြင်းနှင့်ဝမ်းမြောက်ခြင်းကိုဖေါ်ပြသည်။
အိပ်ပျော်ကြ
လူများသည်မည်ကဲ့သို့အိပ်ပျော်နေကြသနည်း။ ဤလောကအရာများကို ရှာဖွေခြင်း၊ ဇာတိအလိုဆန္ဒများကိုလိုက်ခြင်းဖြင့်၊ အိပ်ပျော်နေကြသည်။ များစွာသောသူများသည်၊ အလုပ်လုပ်ဘို့သာလျှင်အဓိကထား၍၊ ငွေရှာခြင်းအားဖြင့်အိပ်ပျော်နေကြသည်။ အလုပ်လုပ်သောကြောင့်ပင်ပန်း၍ ဝိညာဉ်ပိုင်းအတွက်အချိန်မပေးနိုင်၊ စိတ်မဝင်စားနိုင်ကြခြင်းသည်အိပ်ပျော်ခြင်းဖြစ်သည်။ ကျောင်းသားများလည်း၊ ကျောင်းစာကိုအဓိကထားခြင်းအားဖြင့်၊ ဝိညာဉ်ပိုင်း၌လုံးဝမနိုးဘဲအိပ်ပျော်နေကြသည်။ အချို့သော သူများသည်နိုင်ငံရေး၊ လူမျိုးရေးကိုလိုက်စားခြင်းများဖြင့်၎င်း၊ အပျော် အပါးလိုက်စားခြင်းအားဖြင့်၎င်း၊ ဝိညာဉ်ရေးရာ၌နှိုး၍မရနိုင်လောက်အောင်၊ တခေါခေါအိပ်ပျော်နေကြသည်။ များစွာသောသူများသည်မူးယစ်ဆေးဝါးသုံးစွဲ၊ အရက်သေစာများသောက်ကျူးခြင်း၊ အားကစားလိုက်စားခြင်း၊ မိန်းမယောက်ျားလိုက်စားခြင်းများအားဖြင့်၊ အိပ်ပျော်နေကြသည်။ ထိုသူများထက်အသိရခက်သောအိပ်ပျော်သူများမှာ၊ ကယ်တင်ခြင်းသို့မရောက်၊ သမ္မာတရားမသိသော်လည်း၊ ဘုရားတရားလိုက်စားခြင်း၊ ဘုရားကိုချီးမွမ်းသီချင်းဆိုခြင်း၊ တရားဟောနေသူ၊ အမှုတော်ဆောင်များဖြစ် သည်။ ထို့အပြင်ကယ်တင်ခြင်းသို့ရောက်သော်လည်း၊ လောကအရာကို တပ်မက်သောအမှုတော်ဆောင်များလည်းအိပ်ပျော်နေကြသည်။ အိပ်ပျော် သောအခါအိပ်မက်မက်တတ်ကြသည်။ အိပ်မက်ထဲ၌ခံစားချက်များရှိပြီး၊ နိုးလာသောအခါဘာမျှမရှိသကဲ့သို့၊ ယခုလိုက်စားရှာဖွေအရသာခံသောအရာများလည်း၊ ခရစ်တော်ကြွလာသောအခါ၊ အိပ်မက်ကဲ့သို့အကုန်ပျောက်ပျက်သွားကြမှာဖြစ်သည်။ ထိုသို့အိပ်ပျော်နေသောသူများက၊ ခရစ်တော်ကြွလာမည့်အရာကိုဂရုမစိုက်၊ သိလည်းမသိ၊ ပြောလျှင်လည်း ပြက်ယယ်ပြုခြင်းများသာပြုလုပ်ကြသည်။ ထိုသူများကိုခရစ်တော်ကချီဆောင်သွားမည်မဟုတ်။ သင်သည်အိပ်ပျော်နေပါသေးသလော။
မေးခွန်းများ
၁။ ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည်၊ ဘာကိုဆိုလိုသနည်း။ ..........................................
၂။ ငါတို့ယုံကြည်သောနေ့ရက်သည်၊ ဘယ်အချိန်ကိုဆိုလိုသနည်း။ .............................................
၃။ "ညအချိန်ကုန်လု၍" ဟူသောအရာသည်ရုပ်လောကလော၊ ဝိညာဉ်လောကကိုဆိုလိုသလော။ ..................................................
၄။ အလင်းသည်မည်သူနည်း။ ..................................................
၅။ အလင်း၏အလုပ်သည် .................................................. ဖြစ်သည်။
၆။ အဘယ်ကြောင့်ယုံကြည်သူများသည်အလင်းဖြစ်နိုင်သနည်း။...................
ရ။ ခရစ်တော်ကညကိုဘယ်နှစ်ပိုင်းပိုင်းထားသနည်း။ .................................
၈။ အသင်းတော်သမိုင်း၌ညဦးအချိန်သည်အဘယ်အချိန်ဖြစ်သနည်း။ .........................
၉။ ယုံကြည်သူများမအိပ်ဘဲနေခြင်းသည်အဘယ်အရာကိုဆိုလိုသနည်း။............................
၁၀။ အသင်းတော်သမိုင်း၌သန်းခေါင်အချိန်သည်အဘယ်ချိန်ဖြစ်သနည်း။.........................
၁၁။ အသင်းတော်အိပ်မောကျနေခြင်းသည်ဘာကိုဆိုလိုသနည်း။ ........................................
၁၂။ ကြက်ဦးတွန်ချိန်တွင်မည်ကဲ့သို့သောကြက်များသာတွန်တတ်သနည်း။..........................
၁၃။ အသင်းတော်သမိုင်း၌ကြက်ဦးတွန်ချိန်သည်အဘယ်အဘယ်ချိန်နည်း။.......................
၁၄။ ဝိညာဉ်ပိုင်းကြက်ဖကြီးများ၏နာမည်များဖေါ်ပြပါ။ ...............................
၁၅။ ဝိညာဉ်ပိုင်းကြက်ဖကြီးများ၏အဓိကကျမ်းပိုဒ်များသည်အဘယ်အရာနည်း။..........
၁၆။ နံနက်အချိန်သည်ဝိညာဉ်ပိုင်း၌မည်သည့်အချိန်မှမည်သည့်အချိန်ထိဖြစ်သနည်း။
၁ရ။ မိုးသောက်ကြယ်သည်မည်သူနည်း။................. အဘယ်ကြောင့်နည်း။ ..................................................
၁၈။ နေမင်းကြီးသည်အဘယ်သူနည်း။.............
၁၉။ မီးဖို၌မီးလောင်သကဲ့သို့လောင်သောနေ့ရက်သည်ဘာကိုဆိုလိုသနည်း။..............
၂၀။ ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ၊ လူတိုင်းသိမြင်မည်လော။.......................... အဘယ်ကြောင့်နည်း။ ..........................................
၂၁။ ဝိညာဉ်ပိုင်း၌မည်သူများအိပ်ပျော်နေကြသနည်း။ ...............................
၂၂။ ဘုရားတရားလိုက်စားသောသူများလည်းအိပ်ပျော်နေကြပါသလား။ အဘယ်ကြောင့်နည်း။ ..................................................
၂၃။ အိပ်ပျော်သူများကိုချီဆောင်ပါမည်လော။ ...........................................
၂၄။ သင်သည်အိပ်ပျော်နေပါသလား။ ..................................................
အချို့သောသူများနှင့်ဆရာများကချီဆောင်ခြင်းရှိတော့မည်မဟုတ်ဟုဆို ကြသည်။ ထိုသူများသည်ချီဆောင်ခြင်း၌ပါဝင်မည်မဟုတ်သောကြောင့်၊ ထိုသို့ဆိုရခြင်းဖြစ်သည်။ ကျမ်းစာ၌ဧနောက်နှင့်ဧလိယတို့သာလျှင်ချီဆောင်ခဲ့ဘူးသည်။ လူအများချီဆောင်ခြင်းသည်မရှိဘူးသေးချေ။ အချို့သောသူများကချီဆောင်ခြင်း၌ပါဝင်ဘို့ရန်ဒုတိယမွေးဘွားရုံဖြင့်မရ၊ အသောက်အစားအနေအထိုင်၊ အကျင့်အကြံသန့်ရှင်းမှသာလျှင်ပါဝင်မည်၊ဟုဟောပြောကြသည်။ ထို့ကြောင့်ချီဆောင်ခြင်းသည်မည်သူများအတွက်ဖြစ်၍၊ မည်သူတို့ပါဝင်မည်ကိုလေ့လာကြပါစို့။
ဘုရား၏အိမ်တော်သားများသိမ်း
ဘေးဒဏ်ကြီးကာလသည်ဘုရားသခင်က၊ ဤလောကသို့အမျက်ဒေါသမီးသွန်းလောင်းချိန်ဖြစ်သည်။ ကျမ်းစာ၌၊ “မီးဖို၌မီးလောင်သကဲ့သို့လောင်သောနေ့ရက်ကာလသည်ရောက်လိမ့်မည်။ မာနကြီးသောသူနှင့်ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည်မှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ၊ ထိုနေ့ရက်သည်လောင်လိမ့်မည်၊ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” ဟုရေးထားသည် (မာလခိ ၄:၁)။ ထိုမီးလောင်သောနေ့သည်၊ ဘေးဒဏ်ကြီးကာလကိုဆိုလိုသည်။ တဖန်၊ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ကျွန်များ၊ လူလွတ်များအပေါင်းတို့သည်မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသောကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကိုခေါ်လျက်၊ ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏မျက်နှာနှင့်သိုးသငယ်၏အမျက်တော်ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည်ခံရပ်နိုင်မည်နည်းဟုပြောဆိုကြ၏။” ဟုရေးထားသည် (ဗျာ ၆:၁၅-၁ရ)။
ထိုသို့ဘုရားသခင်သည်၊ မြေကြီးပေါ်သို့အမျက်ဒေါသလောင်းချိန်တွင်၊ သူ၏အိမ်တော်သားများကို၊ လောကသားများနှင့်အတူအမျက်တော်ခံစားစေချင်မည်မဟုတ်။ အပြစ်ကြီးလှသောသောဒုံနှင့်ကောမောရမြို့များမီးနှင့်မရှို့မှီတွင်၊ ဖြောင့်မတ်သောလောတ၏မိသားစုကို၊ ကောင်းကင်တမန်နှစ်ပါးအားဖြင့်ကယ်နှုတ်ခဲ့သည်။ ထို့နည်းတူဘုရားသခင်သည်၊ ဘေးဒဏ်ကြီးကာလမတိုင်မှီတွင်၊ သူ၏အိမ်တော်သားများကို၊ ဤလောကမှကောင်းကင်သို့၊ ဘေးလွတ်ဘို့ရန်ချီဆောင်သွားမှာဖြစ်သည်။ ပေါလုက၊ “အမျက်တော်ကိုခံစေခြင်းငှါဘုရားသခင်သည်ငါတို့ကိုခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းကိုခံရစေခြင်းငှါခန့်ထားတော်မူ၏။” ဟုရေးထားသည် (၁ သက် ၅:၉)
ထို့ကြောင့်ချီဆောင်ခြင်း၌ပါဝင်မည့်သူများသည်ဘုရားသားများ၊ သူ၏အိမ်တော်သားများသာလျှင်ဖြစ်သည်။ အကျင့်ကောင်းသောကြောင့်၊ အသောက်အစားသန့်ရှင်းသောကြောင့်၊ ဘုရားတရားကြိုးစားသောကြောင့်မဟုတ်။ အိမ်ပြောင်းရွှေ့သောအခါ၊ မြို့ရွာပြောင်းသောအခါ၊ နိုင်ငံခြားသို့ပြောင်းသွားသောအခါ၊ ကိုယ့်မိသားစုကိုသာလျှင်ခေါ်သွားတတ်ကြသည်။ ထိုသို့ပြောင်းရွှေ့သောအခါ၊ ချစ်စရာကောင်းသောခလေးတိုင်းကိုခေါ်သွားလေ့မရှိချေ။ မိသားစုအိမ်ပြောင်း၊ ရွာပြောင်း၊ နေရာပြောင်းသောအခါသန့်ရှင်းသူ၊ အလုပ်လုပ်နိုင်သူ၊ အသုံးဝင်သောသူများသာလျှင်ပြောင်းရသည်မဟုတ်။ ကိုယ့်ဟာကိုယ်မသန့်ရှင်းနိုင်သောခလေးများ၊ အလုပ်မလုပ်နိုင်၊ ကိုယ်လက်အင်္ဂါချို့တဲ့သောမိသားစုဝင်များလည်းပြောင်းရသည်။ မိဘများအိမ်ကောင်းအိမ်သန့်ငှါးသောအခါ၊ နံရံ၌ရေးခြစ်တတ်သောခလေးများကိုထားခဲ့၍မပြောင်း၊ သူတို့မပါလျှင်လုံးဝမပြောင်းကြချေ။ အဘယ်ကြောင့်ခလေးများနှင့်အင်္ဂါချို့တဲ့သောသူများလည်းပြောင်းရသနည်း။ မိသားစုဝင်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ချီဆောင်ခြင်း၌ပါဘို့ရန်မှာ၊ ဘုရား ၏အိမ်တော်သားများဖြစ်ဘို့သာလျှင်လိုအပ်သည်။ အသက်တာသန့်ရှင်းဘို့သည်လိုအပ်သည်။ ဘုရား၏အလိုတော်လည်းဖြစ်သည်။ အသက်တာမသန့်ရှင်းသူများသည်၊ ချီဆောင်ခြင်း၌ပါဝင်မှာဖြစ်သော်လည်း၊ ဘုရား၏ချီး မွမ်းခြင်းမခံဘဲမျက်နှာပူမည့်သူများဖြစ်သည်။
မွေးဖွားခြင်းအားဖြင့်သာလျှင်
အဘယ်သူမျှအကျင့်ကောင်းသောကြောင့်၊ လှသောကြောင့်၊ ချစ်စရာကောင်းသောကြောင့်မိဘ၏သားသမီးမဖြစ်ရပါ။ မိသားစုဝင်ဖြစ်ဖို့ရန်မှာ၊ မိဘအထဲမှမွေးဖွားဘို့လိုသည်။ မည်မျှပင်အရုပ်ဆိုးသော်လည်း၊ ကိုယ်လက်အင်္ဂါချို့တဲ့သော်လည်း၊ နားမထောင်ဆိုးသွမ်းသော်လည်း၊ မိခင်ထဲမှမွေးဖွားလာလျှင်မိသားစုဝင်ဖြစ်ရသည်။ မိဘနှစ်ပါး၏ အသွေးအသားမှမွေးဖွားသောသူတိုင်းသည်၊ မိသားစုဝင်များဖြစ်ကြသည်။
ဒုတိယမွေးဖွားခြင်းအားဖြင့်
ထိုနည်းတူဘုရား၏သားသမီးဖြစ်ဘို့ရန်မှာ၊ ဝိညာဉ်အားဖြင့်ဒုတိယအကြိမ်မွေးဖွားဘို့လိုသည်။ သို့ဖြစ်လျှင်မည်ကဲ့သို့ဘုရားသားသမီးအဖြစ်မွေးဖွားရမည်နည်း။ မွေးဖွားခြင်းသည်ခလေး၏လုပ်ဆောင်ခြင်း၊ ကြိုးစားခြင်းလုံးဝမပါချေ။ မိခင်ကဝမ်း၌ကိုးလလွယ်၍၊ အချိန်တန်သောအခါမွေးဖွားလိုက်သည်။ ဘုရားသားသမီးအဖြစ်မွေးဖွားဘို့ရန်၊ ကျမ်းစာကဤသို့ဆိုထား သည်၊ “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော၊ ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့်ဖွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသားဖြစ်သတည်း။” (ယော ၁:၁၂-၁၃) ဘုရားသားဖြစ်ခြင်းသည်ထိုသူတည်းဟူသော၊ သခင်ယေရှုခရစ်ကိုယုံကြည်လက်ခံခြင်းအားဖြင့်ဖြစ်သည်ဟု၊ အထက်ပါကျမ်းပိုဒ်ကဆိုထားသည်။ ခရစ်ယာန်တိုင်းသခင်ယေရှုခရစ်ကိုယုံကြည်လက်ခံသည်ဟုခံယူကြသည်။ သို့ဖြစ်လျှင်အားလုံးသည်ဘုရားသားများဖြစ်ကြသလော၊ မဖြစ်ပါ။ သို့ဖြစ်လျှင်မည်ကဲ့သို့ဖြစ်မည်နည်း။
ဘုရားကမွေးဖွားစေ
မွေးဖွားခြင်းသည်အကျင့်ပြောင်းလဲခြင်း၊ ကောင်းသောအရာကိုကြိုးစား လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ပါ။ မွေးဖွားနိုင်ဘို့ရန်မှာမိခင်ဝမ်း၌အရင်ရှိရသည်။ ထိုနည်းတူဒုတိယမွေးဖွားနိုင်ဘို့ရန်ခရစ်တော်အထဲ၌ရှိရသည်။ လူတိုင်းမိခင်ဝမ်းမှမွေးသောအခါအာဒံသား၊ အပြစ်သား၊ စာတန်သားအဖြစ်မွေးဖွားကြသည်။ မည်သူမျှဘုရားသားအဖြစ်မမွေးကြပါ။ သူ၏သားမဟုတ်သောလူသားများကို၊ ဘုရားသခင်ကသူ၏အိမ်တော်၊ ကောင်းကင်နိုင်ငံသို့ဝင်ခွင့်မပြုပါ။ ကောင်းကင်၊ ဘုရားအိမ်တော်သို့ဝင်နိုင်ဘို့ရန်၊ ဘုရားသားအရင်ဖြစ်ရမည်။ ဘုရားသခင်ကသူ၏သားအဖြစ်မွေးဖွားနိုင်ရန်၊ အာဒံသားဖြစ်သောလူသားများကိုသခင်ယေရှုအထဲ၌ထည့်လိုက်သည်။ ကျမ်းစာက၊ “ထိုဘုရားသခင်အားဖြင့်သင်တို့သည်ယေရှုခရစ်၌တည်နေကြ၏။” ဟုဆိုသည် (၁ ကော ၁:၃၀)။ ထိုသို့ယေရှုခရစ်၌ထည့်ခြင်းကိုယုံကြည်ခြင်းဖြင့်လက်ခံရမည်။ အဘယ်ကြောင့်ဘုရားသခင်က၊ လူကိုယေရှုခရစ်၌ထည့်သနည်း၊ ရေတွက်သနည်းဟူမူကား၊ အာဒံသား၊ စာတန်သား၊ အပြစ်သားဖြစ်နေလျှင်ဘုရားနှင့်မဆိုင်ပါ၊ ဘုရားစကားကိုလည်းနားမထောင်နိုင်ပါ။ ထိုကြောင့်အာဒံသား၊ စာတန်သား၊ အပြစ်သားမှအဆုံးသတ်ဘို့ရန်၊ ယေရှုခရစ်ထဲ၌ထည့်၍၊ သူနှင့်အတူလက်ဝါးကပ်တိုင်၌အသေရိုက်ထားလိုက်သည် (ရော ၆:၆၊ ဂလာ ၂:၂၀)။ ထိုသို့သေသွားပြီးနောက်သင်္ချိုင်းထဲ၌မြှုပ်နှံလိုက်သည် (ရော ၆:၄)။ ထိုအရာကိုဗတ္တိဇံဟုခေါ်သည်။ ထိုနောက်ယေရှုခရစ်ထမြောက်တော်မူသောအခါ၊ အသစ်သောအသက်တာဖြင့်ထမြောက်လာသည်။ ထိုသို့ထမြောက်လာသောသူသည်လူသစ်ဖြစ်၍ (ရော ၆:၄၊ ၂ ကော ၅:၁ရ) ဘုရားသခင်၏သားဖြစ်သည်။ ထိုအရာသည်လူ၏လုပ်ဆောင်ချက်အားဖြင့်မဟုတ်၊ လူ့အလိုအားဖြင့်လည်းမဟုတ်။ ဘုရားသခင်ကယေရှုခရစ်အားဖြင့်လုပ်ဆောင်သောအရာဖြစ်သည် (၂ ကော ၅:၁၈၊ ယော ၁:၁၃)။ ထိုသို့ဘုရားသခင်ကယေရှုခရစ်အားဖြင့်၊ မွေးဖွားစေခြင်းကိုယုံကြည်ခြင်းအားဖြင့်လက်ခံရမည်။
ခန္ဓာနှင့်ဝိညာဉ်မွေးခြင်းနှိုင်းယှဉ်ချက်
ကိုယ်ခန္ဓာမွေးဖွားသောအခါ၊ မိခင်သာအနာခံစား၍ခလေးသည်ဘာမျှမသိပါ။ ဝိညာဉ်ပိုင်းမွေးဖွားသောအခါ၌လည်းခရစ်တော်သာလျှင်အနာခံ၍၊ လူသည်ဘာမျှမခံစားပါ။ ခန္ဓာမွေးသောအခါမိခင်သာသွေးသွန်သကဲ့သို့ ဝိညာဉ်ပိုင်းမွေးသောအခါ၊ ခရစ်တော်သာလျှင်သွေးသွန်ရသည်။ ခန္ဓာကိုယ်အရင်မွေး၍နောက်မှသိရသကဲ့သို့၊ ဝိညာဉ်မွေးခြင်းသည်လည်းအရင်ဖြစ် ၍နောက်မှသိရသည်။ မိခင်မရှိလျှင်ခန္ဓာမမွေးနိုင်သကဲ့သို့၊ ခရစ်တော်မရှိလျှင်ဝိညာဉ်ပိုင်းမမွေးနိုင်ပါ။ ခန္ဓာပိုင်းမွေးသောသူများသာလျှင်၊ ဤလော ကသို့ဝင်နိုင်သကဲ့သို့၊ ဝိညာဉ်ပိုင်းမွေးသောသူများသာလျှင်၊ ကောင်းကင်နိုင်ငံဝင်စားသောအခွင့်ရှိသည်။ ခန္ဓာပိုင်းမွေးသောအခါ၊ ခလေးလေးအဖြစ်မွေး၍မသန့်ရှင်း၊ အလုပ်လည်းမလုပ်နိုင်၊ ကြီးထွားဘို့လိုသကဲ့သို့၊ ဝိညာဉ်ပိုင်းမွေးသောအခါ၊ ဝိညာဉ်ခလေးလေးဖြစ်၍၊ သန့်ရှင်းခြင်းလည်းမရှိ၊ အလုပ်လည်းမလုပ်နိုင်၊ ကြီးထွားဘို့လိုသည်။ ခန္ဓာကိုယ်မွေးသောအခါ၊ မိဘပိုင်သောအရာအားလုံးကိုခလေးကပိုင်သည်။ မိဘပိုင်သမျှသည်ခလေးကမသိတတ်၊ အသုံးမပြုတတ်သေးသော်လည်းသူ၏အမွေဖြစ်သည်။ ထို့နည်းတူဘုရားသခင်၏မိသားစု၌၊ ခရစ်တော်အားဖြင့်မွေးဖွားလာသော အခါ၊ ဘုရားပိုင်သမျှသောအရာများကိုသားကအမွေအဖြစ်ပိုင်သည်။ ထိုကြောင့်ငယ်ရွယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သန့်ရှင်းသည်ဖြစ်စေ၊ ညစ်ညူးသည်ဖြစ်စေ၊ အဖဘုရားနိုင်ငံသည်၊ ဝိညာဉ်အားဖြင့်မွေးသော သူများ၏အမွေဖြစ်သည် (ရော ၈:၁ရ)။
ကောရိန္သုသင်းသားများ
ကောရိန္သုအသင်းသားများလည်းမသန့်ရှင်းကြချေ။ ဇာတိနှင့်အသက်ရှင်၍ဝိညာဉ်၌ခလေးများဖြစ်ကြသည် (၁ ကော ၃:၁-၃)။ သို့သော်ပေါလုကသူတို့လည်း၊ ချီဆောင်ခြင်း၌ပါမည်အကြောင်း၊ ဤသို့ရေးထားသည်၊ “နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင်မျက်စိတမှိတ်၌၊ ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည်၊ ပြောင်းလဲခြင်းသို့ရောက်ရကြမည်။” (၁ ကော ၁၅:၅၁-၅၂)။ ထို့ကြောင့်ချီဆောင်ခြင်း၌ဘုရား၏အိမ်တော်သား တိုင်း၊ သားသမီးတိုင်း၊ မည်သည့်အရွယ်ဖြစ်စေ၊ မည်သည့်အခြေအနေတွင် ရှိပါစေ၊ ပါဝင်သွားမှာ ဖြစ်သည်။ အကယ်၍မပါပါက၊ အိမ်တော်သားမစစ်သောကြောင့် ဖြစ်သည်။
သန့်ရှင်းရသည်
ချီဆောင်ခြင်း၌ပါဝင်မှာစိတ်ချသောကြောင့်၊ ကိုယ်လုပ်ချင်သောအရာကို လုပ်ဘို့မဟုတ်ချေ။ သားသမီးများသည်မိဘ၏မျက်နှာဖြစ်သည်။ သားသမီး ကောင်းလျှင်မိဘမျက်နှာရသည်၊ မကောင်းလျှင်မိဘမျက်နှာအိုးမဲသုတ်ရာရောက်သည်။ ထို့ကြောင့်ဝိညာဉ်ပိုင်း၌ခလေးဖြစ်နေလျှင်ညစ်ညူး၍၊ အဖဘုရား၏မျက်နှာကိုညစ်ညူးစေကြသည်။ ခလေးများသည်ကြမ်းပျဉ်ပေါ်၌ တွေ့သမျှကိုပါးစပ်ထဲ၌ထည့်တတ်သည်။ ထို့နည်းတူဝိညာဉ်ပိုင်းမွေးဖွားရုံသာမွေး၍၊ မကြီးထွားသောခလေးများသည်၊ ညစ်ညူးသောအရာများကိုမရွံမရှာလုပ်နေကြမှာဖြစ်သည်။ ဝိညာဉ်ပိုင်းညစ်ညူးစေသောအရာများကို၊ ပေါလုကဤသို့ရေးထားသည်၊ “ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ထိုသို့သောအကျင့်ပေတည်း။” (ဂလာ ၅:၁၉-၂၁)။ အထက်ဖေါ်ပြပါတို့ကိုလုပ်ချင်၊ လုပ်နေသေးလျှင်သင်သည်၊ ဝိညာဉ်ခလေးသို့မဟုတ်၊ ဝိညာဉ်ပိုင်း၌မမွေးသေးသော၊ ဇာတိလူဖြစ်ကြောင်းထင်ရှားသည်။
ချီဆောင်ခြင်း၌ခလေးအဆင့်များမည်
ဘုရားသခင်၏သားသမီးအများစုသည်၊ ခလေးအဆင့်ဖြင့်ချီဆောင်ခြင်းခံရမှာဖြစ်သည်။ ထိုအရာသည်ဝမ်းနည်းစရာကောင်းသည်။ အချိန်ကြာလာသောအခါ၊ ဝိညာဉ်၌ကြီးထွားရင့်ကျက်သောသူများဖြစ်သင့်သည်။ ကြီး ထွားရင့်ကျက်သောသူများသည်မိဘ၏အလုပ်ကိုကူညီတတ်သကဲ့သို့၊ ဝိညာဉ်ပိုင်းကြီးထွားရင့်ကျက်သောသူများသည်၊ ဘုရားခိုင်းသောအလုပ် များကိုလုပ်၍၊ သန့်ရှင်းသောအသက်တာဖြင့်အသက်ရှင်ကြမှာဖြစ်သည်။ ချီဆောင်ခြင်း၌ပါသည်သာမက၊ ခလေးဘဝဖြင့်မဟုတ်၊ ကြီးထွားရင့်ကျက်သောအသက်တာဖြင့်ပါဝင်သောသူများဖြစ်ကြပါစို့။
မေးခွန်းများ
၁။ ဘေးဒဏ်ကြီးကာလသည်ဘုရား၏..................လောင်းအချိန်ဖြစ်သည်။
၂။ ဘုရား၏အမျက်တော်ကိုဘုရား၏အိမ်တော်သားများခံစားစေမည်လား။...................
၃။ သောဒုံမြို့မှမည်သူကိုဘုရားကကယ်ခဲ့သနည်း။ .........................................
၄။ ဘုရား၏အိမ်တော်သားမည်ကဲ့သို့ဖြစ်ရမည်နည်း။ .....................................
၅။ မိသားစုဝင်ဖြစ်ဘို့ရန်လှဘို့၊ တော်ဘို့၊ ချစ်စရာကောင်းဘို့လိုပါသလား။...............
၆။ ဘုရားသားသမီးဖြစ်ဘို့ကြိုးစား၍ရပါသလား။ ................................
ရ။ ဘုရားသားသမီးမဖြစ်မှီမည်သူ၏သားသမီးဖြစ်ကြသနည်း။ ...............
၈။ ဘုရားကမည်သူ့အထဲ၌ထည့်သနည်း။.................................................
၉။ ခရစ်တော်၌ထည့်ခြင်းသည်ဘာဖြစ်ဘို့ ဖြစ်သနည်း။ ........................
၁၀။ မည်သည့်အချိန်၌ဘုရားသားဖြစ်ရသနည်း။...................................
၁၁။ ဘုရားသားဖြစ်ခြင်းသည်.................က...............အားဖြင့်လုပ်ဆောင် ချက်ဖြစ်သည်။
၁၂။ ခန္ဓာကိုမွေးဖွားခြင်းနှင့်ဝိညာဉ် မွေးဖွားခြင်းများနှိုင်းယှဉ်၍ရေးထားပါ။ ..............................................
၁၃။ ကောရိန္သုအသင်းသားများသည်မည့်သည့်အရွယ်ဖြစ်ကြသနည်း။ .........................
၁၄။ ကောရိန္သုအသင်းသားများသည်ချီဆောင်ခြင်း၌ပါမည်လော။.................
၁၅။ ချီဆောင်ခြင်း၌ဝိညာဉ်ခလေးများပါပါမည်လော။............... အဘယ် ကြောင့်နည်း။..................
၁၆။ ခလေးများသည်မည်သူ၏မျက်နှာဖြစ်သနည်း။.................................
၁ရ။ ခလေးသည်တွေ့သမျှကို.........၌ထည့်တတ်သည်။
၁၈။ ဝိညာဉ်......................များလည်းအပြစ်မျိုးစုံလုပ်တတ်သည်။
၁၉။ မိဘအလုပ်ကို ..............................သူများကသာလျှင်ကူညီတတ်သည်။
၂၀။ ဘုရားခိုင်းသောအလုပ်ကို........................ သူများကသာလျှင်လုပ်တတ် ကြသည်။
သတို့သမီးလက်ထပ်ဘို့ချီဆောင်
သတို့သမီးလက်ထပ်ဘို့ချီဆောင်
ချီဆောင်ခြင်းသည် သိုးသငယ်၏မင်္ဂလာဆောင်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် သူ၏သတို့ သမီးကို ကောင်းကင်သို့ လက်ထပ်ဘို့ရန် ချီဆောင်ခြင်းဖြစ်သည်။ ဓမ္မဟောင်းကာလ၌ ခမည်းတော် ဘုရားသည် ဣသရေလ၏ ခင်ပွန်းဖြစ်သည်။ (၂၀၂၃ ဇူလိုင်လ သတင်းကောင်းစာစောင်၌ ပြန်ဖတ်ပါ) ဓမ္မသစ်ကာလ၌ သားတော်၏ ခင်ပွန်းလောင်းသည် အသင်းတော်ဖြစ်သည်။ အချို့သောသူ များက ကျမ်းစာကို စုံအောင်မဖတ်သောအခါ ဘုရား၌ ခင်ပွန်းမိန်းမရှိသလား၊ ဘုရားကိုစော်ကားပြော ဆိုသလား၊ (blasphemy) ဟုအထင်လွဲနိုင်သည်။ ခမည်းတော်ဘုရား၌ ခင်ပွန်းရှိကြောင်းကို သူကိုယ် တိုင်ပြောခဲ့သည်။ ထို့နည်းတူ သားတော်ဘုရား၌လည်း စေ့စပ်ထားသောသူ အပျိုကညာရှိကြောင်း ကျမ်းစာ၌ရေးသားထားသည်။ ထို့ကြောင့် သားတော်၌ခင်ပွန်းလောင်းရှိကြောင်း၊ မကြာမှီလက်ထပ် မည့်အကြောင်းများကို ဖေါ်ပြလိုပါသည်။
သတို့သမီးဖြစ်ဘို့စေ့စပ်
ရှင်ပေါလုက ကောရိန္သုအသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ ငါသည်သင်တို့ကို သီလနှင့်ပြည့်စုံသော အပျိုကညာကဲ့သို့၊ ခရစ်တော်အား ဆက်သအံ့သောငှါ၊ သင်တို့ကို လင်တစ်ဦးနှင့် စေ့စပ်ပြီးသောကြောင့်၊ ဝိညာဉ်ပိုင်း သဝန်တိုသောစိတ်(godly jealousy) နှင့် သင်တို့ကိုစောင့် ရှောက်လျက်နေ၏။(၂ ကော ၁၁း၂)။ ပေါလုစာ၌ "သင်တို့ကို" ဟုဆိုသောသူသည် ကောရိန္သုအသင်းသားများဖြစ်သည်။ သူတို့သည် "သီလနှင့်ပြည့်စုံသောအပျိုကညာကဲ့သို့" ဟုပေါလုကတင်စားသည်။ "လင်တစ်ဦး" သည်ခရစ်တော်ဖြစ်သည်။ ပေါလုက ခရစ်တော်နှင့်အသင်းတော်ကို လက်ထပ်ဘို့ရန် စေ့စပ်ပေးကြောင်း ရေးသားထားသည်။ (ထိုအရာကိုမြန်မာကျမ်းစာအုပ်၌ လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဟုရေးထားသည်) ခရစ်တော်နှင့်အသင်းတော်သည် မထိမ်းမြား မဆောင်နှင်းသေးပါ၊ လက်ထပ်ဘို့ရန် စေ့စပ်ထားသည်။
ပေါလုက ကောရိန္သုအသင်းတော်ထံ ရေးသောအရာသည် စစ်မှန်သောအသင်းတော် (ကယ်တင်ခြင်းသို့ရောက်ပြီးသောအသင်းတော်) တိုင်းနှင့်သက်ဆိုင်သည်။ အသင်းတော်ဆိုသည်မှာ အဆောက်အဦးမဟုတ်ပါ။ ဝိညာဉ်အားဖြင့် ဒုတိယအကြိမ်မွေးဖွားပြီးသူများ စုစည်းထားသော အဖွဲ့ ဖြစ်သည်။ သင်သည်ဝိညာဉ်အားဖြင့် ဒုတိယအကြိမ်မွေးဖွားပြီးပါက အသင်းတော်၌ ပါဝင်ပြီး ခရစ်တော်၏မိန်းမဖြစ်ဘို့အတွက် စေ့စပ်ပြီးသောသူဖြစ်ကြောင်း အသိပေးလိုပါသည်။
ပေါလုက "သီလနှင့်ပြည့်စုံသောအပျိုကညာ" ဟုဆိုသည်။ သီလဆိုသည်မှာ အကျင့်ဖြစ်၍ အပျိုကညာသည် ယောက်ျားနှင့်မပေါင်းဖေါ်သေး၊ မညိစွန်းသေးသောသူဖြစ်သည်။ သို့ဖြစ်လျှင် သီလနှင့်ပြည့်စုံသောအပျိုကညာသည် မည်ကဲ့သို့သောအရာနည်း။ ဓမ္မဟောင်းကာလ၌ ရုပ်တုများသည် ဣသရေလများ၏ "လင်" သို့မဟုတ် "ရည်းစား" ဟုဘုရားကပြောတတ်သည်။ အကြောင်းမှာ ရုပ်တုများကို ကိုးကွယ်ကြသောကြောင့်ဖြစ်သည်။ သို့ဖြစ်လျှင် အသင်းတော်အတွက် "လင်ငယ်" သို့မဟုတ် "ရည်းစား" သည် အဘယ်အရာနည်း။ ခရစ်တော်ထက်ချစ်သောအရာများ တည်းဟူသော လောကအရာများ(ငွေ၊ ခင်ပွန်း၊ သားသမီး၊ လူမျိုး၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး) တို့ဖြစ်သည်။ အပျိုကညာသည် စေ့စပ်ထားသော လူပျိုမှလွဲ၍ အခြားလူပျိုများနှင့် ကင်းရှင်းရမည်။ စေ့စပ်ထားသော လူပျိုအပေါ်၌သာ စိတ်စွဲလမ်းပြီး သစ္စာရှိရမည်။ ထို့နည်းတူ အသင်းတော်သည်လည်း စေ့စပ်ထားသော ခရစ်တော်ကိုသာစိတ် စွဲလမ်း၍ သူ့အပေါ်၌ သစ္စာရှိရမည်။ ခရစ်တော်မကြိုက်နှစ်သက်မည့်အရာများ၊ အထင်လွဲစရာများကို ရှောင်လွှဲရမည်။ သင်သည် သီလနှင့်ပြည့်စုံသော အပျိုကညာဖြစ်ပါသလား။ ခရစ်တော်ထက် လောကအရာများကို စိတ်စွဲလမ်းနေပါသလား။
ပေါလုက ကောရိန္သုအသင်းတော်ထံ "သင်တို့ကိုခရစ်တော်နှင့်စေ့စပ်ပေးသည်" ဟုဆိုသည်။ သို့ဖြစ်လျှင် မည်သည့်အချိန်၌ မည်ကဲ့သို့စေ့စပ်ပေးသနည်း။ ခရစ်တော်ကို ကယ်တင်ရှင်၊ အရှင်သခင်အဖြစ် လက်ခံဘို့ပြောပြီး သူတို့လက်ခံသောအခါ စေ့စပ်ပေးခြင်းဖြစ်မည်။ ထို့ကြောင့် ပေါလုသည် သူတို့၏ "အောင်သွယ်" ဖြစ်သည်။ ယုံကြည်သူခရစ်ယာန်များလည်း တရားဟောဆရာများက ခရစ်တော်ကို လက်ခံဘို့ ဟောပြောခြင်းကို လက်ခံယုံကြည်သောအခါ ခရစ်တော်နှင့် စေ့စပ်ပေးခြင်း ခံရပြီဖြစ်သည်။
ပေါလုက အဘယ်ကြောင့် ဝိညာဉ်ပိုင်း သဝန်တိုသောစိတ်(godly jealousy) နှင့် သင်တို့ကိုစောင့် ရှောက်လျက်နေ၏ ဟုဆိုသနည်း။ အောင်သွယ်များသည် သူငယ်ချင်းအတွက် အောင်သွယ်ပေးသောအခါ သူငယ်ချင်းနှင့် စေ့စပ်ထားသောသူသည် အခြားသူနှင့်ဖေါက်ပြန်သွားမည်ကို စိုးရိမ်တကြီးနှင့် စောင့်ရှောက်တတ်သည်။ သူကိုယ်တိုင်အတွက်မဟုတ်သော်လည်း သူငယ်ချင်းအတွက် စိုးရိမ်ပူပန်ပေးတတ်သည်။ ထို့နည်းတူ ပေါလုလည်း ခရစ်တော်နှင့်စေ့စပ်ပြီးသော ကောရိန္သုအသင်းတော်ထံ ဤသို့စာရေးသည်၊ မြွေသည် မိမိပရိယာယ်အားဖြင့်၊ ဧဝကို လှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်၊ ဟုစိုးရိမ်ခြင်းရှိ၏။(၂ ကော ၁၁း၃)
ပေါလုက ကောရိန္သုအသင်းတော်သည် စိတ်ဆွေးမြေ့ယိုယွင်းခြင်းမရှိဘဲ ခရစ်တော်ကို အကြွင်းမဲ့ချစ်စေချင်သည်။ မြွေက ဧဝကို လှည့်စားသကဲ့သို့ အသင်းတော်လည်း လှည့်စားခံနိုင်သောကြောင့် ထိုကဲ့သို့ကြိုတင်သတိပေးခြင်းဖြစ်သည်။ ပျောက်ဆုံးဝိညာဉ်ဖမ်းသောဆရာ များသည်၊ သူတို့ဖမ်းသောဝိညာဉ်များကို လှည့်မကြည့်၊ မစောင့်ရှောက်တော့ဘဲ ပစ်ထားတတ်ကြသည်။ ထိုသူများသည် သားသမီးမွေးဖွားသော်လည်း မကျွေးမွေးမပြုစု၊ မစောင့်ရှောက်သော မိခင်နှင့်တူသည်။ ထိုကဲ့သို့သောမိခင်များကို လူတိုင်းကမုန်းပြီး၊ အပြစ်တင်တတ်ကြသည်။ အစိုးရကလည်း အရေးယူတတ်သည်။ သို့သော်၊ ဝိညာဉ်မိခင်များသည် မိမိတို့၏ သားသမီးများကို လုံးဝလှည့်မကြည့်ကြသောကြောင့်၊ မြွေကိုယ်စားလှယ်များဖြစ်သော မှားယွင်းသောဩဝါဒ သွန်သင်သော ဆရာများက လှည့်စားခြင်းအားဖြင့် ဘဝပျက်စီးနေကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။ သင်သည် မြွေ၏လှည့်စားခြင်း တည်းဟူသော မှားယွင်းသောဩဝါဒကို ခံယူကျင့်သုံးနေသူဖြစ်ပါသလော။
ခရစ်တော်သည်သတို့သမီးလောင်းကိုချစ်
ပေါလုက ခရစ်တော်သည် မိမိ၏ခင်ပွန်းလောင်း အသင်းတော်ကို အလွန်ချစ်ကြောင်း ဤကဲ့သို့ရေးထားသည်၊ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို၊ ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့်၊ စင်ကြယ်သန့်ရှင်းစေမည် အကြောင်း၊ ထိုအသင်းတော်အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ (ဧဖက် ၅း၂၅-၂၇)
ခရစ်တော်က အသင်းတော်ကို ချစ်သောကြောင့် သန့်ရှင်းလျက် အပြစ်ကင်းလျက် အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့်၊ စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ဟုဆိုသည်။ သို့ဖြစ်လျှင် ယနေ့အသင်းတော်များသည် ခရစ်တော်မျှော်လင့်ထားသကဲ့သို့ သန့်ရှင်းလျက် အပြစ်ကင်းလျက် အသရေတင့်တယ်လျက် နေကြသလော။ နှုတ်ကပတ်တော်ရေ၌ ဆေးကြောကြပါသလော။ အသင်းတော်ကို ညစ်ညူးစေသောအရာသည် စာတန်နှင့်သူပိုင်သော ဤလောကဖြစ်သည်။ ယနေ့အသင်းတော်သည် လောကသားများကဲ့သို့ လောကကို စွဲလမ်းနေကြသည်မဟုတ်လော။ သင်သည်လောကကိုစွဲ လမ်းခြင်းဖြင့် ကိုယ်ကိုကိုယ်ညစ်ညူးစေနေသလော။
သိုးသငယ်၏မင်္ဂလာဆောင်ပွဲ
မကြာမှီ ခရစ်တော်က သတို့သမီးတည်းဟူသော အသင်းတော်ကို ချီဆောင်၍ လက်ထပ်မည့် အရာကို ကျမ်းစာက ဤသို့ရေးထားသည်၊ တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက် ရွှင်လန်း ကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီ၊ ဟုစည်းဝေးသောသူ အများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း။ (ဗျာဒိတ် ၁၉း၆-၈)
ကိုယ်ကိုတန်ဆာဆင်ကြပြီလော
သိုးသငယ်တည်းဟူသော ခရစ်တော်၏ မင်္ဂလာဆောင်ပွဲသည် ချီဆောင်ခြင်းအပြီး ကောင်း ကင်နိုင်ငံ၌ ဖြစ်မည်ဟုယူဆရသည်။ ကျမ်းစာက သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီ၊ ဟူ၍ ရေးထားသည်။ ကျမ်းစာက ရေးထားသည့်အတိုင်း အသင်းတော်သည် တန်ဆာဆင်ပြီလော။ သတို့သမီးလောင်းအသင်းတော်သည် များသောအားဖြင့် ဤလောကကိုစွဲလမ်းခြင်းဖြင့် ညစ်ညူးပြီး တန်ဆာမဆင်ဘဲ ဖြစ်နေကြသည်မဟုတ်လော။
ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း၊ ဟုဆိုပြန်သည်။ သတို့သမီး ဝတ်သောအဝတ်သည် စင်ကြယ်ပြောင်လက်သောပိတ်ချော တည်းဟူသော သန့်ရှင်းသူတို့၏ ဖြောင့်မတ် ခြင်းဖြစ်သည်။ ထိုအရာသည် ခရစ်တော်ပင်ဖြစ်သည်။ ပေါလုက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ ရှိနေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။(၁ ကော ၁း၃၀) ဟု ရေးထားသည်။
ခရစ်တော်သည် သတို့သမီး၏ ပိတ်ချောဖြစ်သည်။ ထိုပိတ်ချောသည် ခရစ်တော်ဖြစ်သည်၊ ဟု သိရပြီ။ ထိုပိတ်ချောတည်းဟူသောခရစ်တော်ကို မည်သို့သုံးရမည်နည်း။ ရှင်ပေါလုက၊ ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သော နေ့ရက်၌ နီးသည်ထက်၊ ယခုသာ၍ နီးသောကြောင့်၎င်း၊ ညအချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့် ၎င်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီ၊ ဟုငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကိုပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက် ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တပ်မက်ခြင်းအလို့ငှါ မကြံစည်ကြနှင့်။(ရောမ ၁၃း၁၁-၁၄) ဟုရေးထားသည်။ သခင်ယေရှုခရစ်ကို ဝတ်ဆောင်ရကြမည်။
ကိုယ်တုံးလုံးဖြစ်ကြောင်းသိကြစို့
သခင်ယေရှုခရစ် ပိတ်ချောကို ယူတင်ဝတ်ဆောင်ခိုင်းသည်။ သခင်ယေရှုခရစ်ကို ယူတင်မဝတ်ဆောင်လျှင် မည်ကဲ့သို့ဖြစ်သနည်း။ သခင်ယေရှုခရစ်က လောဒိကိအသင်းတော်ထံ၊ ဤသို့စာရေးခဲ့သည်၊ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလို ဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။ (ဗျာဒိတ် ၃း၁၇)။ လောဒိကိအသင်းတော်သည် သခင်ယေရှုအမြင်၌ အဝတ်အချည်းစည်းဖြစ်နေသည်။ ရှက်စရာကောင်းသည်။ သို့သော်လည်း သူတို့ကိုသူတို့မသိကြချေ။ ယနေ့ယုံကြည်သူများသည် လူလုပ်သောအဝတ်များဝတ်နေကြသော်လည်း ဘုရားအမြင်၌ ကိုယ်တုံးလုံးဖြစ်နေကြပါသည်တကား။
အဝတ်အချည်းစည်းရှိခြင်း၏ လက္ခဏာသည် မည်ကဲ့သို့နည်း။ ပေါလုက မှောင်မိုက်၏ အကျင့်ကိုပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက် ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။ (ရောမ ၁၃း၁၂-၁၃) ဟုဆိုသောကြောင့် ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ပြုလုပ်ခြင်းသည် အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်။ သင်သည် ထိုအရာများကို ပြုလုပ်နေပါသလား။ ပြုလုပ်လျှင် သခင်ဘုရားရှေ့၌ အဝတ်အချည်းစည်း ကိုယ်တုံးလုံးဖြစ်ကြောင်းသိပါ။
သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြစို့
သခင်ယေရှုက လောဒိကိအသင်းတော်ထံ ဤသို့အကြံပေးသည်၊ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့ ဖြူသောအဝတ်ကို၎င်း၊ ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိ မြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့၊ ဟုသင့်အားငါသည်အကြံပေး၏။ (ဗျာ ၃း၁၈) ခြုံစရာဖြူသောအဝတ်ကို ဆိုင်မှာမဝယ်ခိုင်းချေ။ သခင်ယေရှုက သူ့ထံတွင်ဝယ်ခိုင်းသည်။ အကြောင်းမှာ ထိုအဝတ်သည် သူ့ထံ၌သာရှိသည်။ ထိုအဝတ်သည် သူကိုယ်တိုင်ဖြစ်နေသည်။ ဆိုလိုသည်မှာ သခင်ယေရှုကို ဝတ်သောသူသည် ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို မပြုလုပ်တော့ချေ။ သင်သည် သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ပြီးပြီလော။ မဝတ်သေးလျှင် အမြန်ဝတ်ဆောင်ပါ။ မကြာခင်သူ့ကိုတွေ့ရတော့မည် ဖြစ်သောကြောင့် ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီ၊ ဟုငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကိုပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက် ကြကုန်အံ့။ ကိုယ်ကာယ၏ တပ်မက်ခြင်းအလို့ငှါ မကြံစည်ကြစို့နှင့်။
လောက စစ်သား များသည်ရှေ့တန်း၌စစ်တိုက်သည်ဖြစ်စေ၊ မတိုက်သည် ဖြစ်စေတသက်လုံးမနေရပါ။ နောက်တန်းရှိတပ်ရင်းသို့ပြန်သွားတတ်ကြသည်။ ထို့နည်းတူယေရှုစစ်သားများလည်း၊ ရှေ့တန်းတည်းဟူသောဤလောကမှကောင်းကင်ဌါနချုပ်သို့ပြန်သွားဘို့လိုသည်။ ထိုသို့ပြန်သွားမည့် အချိန်သည်ချီဆောင်ခြင်းနေ့ရက်၌ဖြစ်သည်။
ယေရှုခရစ်ထံ၌ကောင်းသောစစ်သူရဲ
ယေရှုခရစ်ကိုယုံကြည်သောသူတိုင်းသည်၊ ယေရှုစစ်သားများဖြစ်ကြောင်း ပေါလုကရေးထားသည်။ ပေါလုကသူ၏ဝိညာဉ်သားတိမောသေထံ၊ “ငါ့သား၊ သင်သည်ယေရှုခရစ်၌ရှိသောကျေးဇူးတော်အားဖြင့်ခိုင်ခံ့ခြင်းရှိလော့။ သက်သေခံအများရှိသည်နှင့်ငါ့ထံ၌ကြားရပြီးသောအရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍သူတပါးတို့ကိုသွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့။ ထိုသို့အလိုငှါသင်သည်၊ ယေရှုခရစ်ထံ၌ကောင်းသော စစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့။ စစ်သူရဲမည်သည်ကား၊ မိမိကို စစ်သူရဲအရာ၌ခန့်ထားသောသူကိုနှစ်သက်စေခြင်းငှါ၊ လောကီမှုရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။” (၂ တိ ၂:၁-၄) ဟုစာရေးခဲ့သည်။
ပေါလုကတိမောသေသည်ယေရှုစစ်သားဖြစ်၍၊ သူ့ကိုစစ်သူရဲအရာ၌ခန့်ထားသောသူသည်ယေရှုဖြစ်သောကြောင့်၊ ယေရှုနှစ်သက်စေခြင်းငှါလောကီမှုရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းမပြုဘို့သတိပေးထားသည်။ ယုံကြည်သူတိုင်းသည်ယေရှု၏စစ်သားများဖြစ်ကြသည်။ သို့သော်မိမိကိုယ်ကိုစစ်သားဖြစ်မှန်းမသိကြဘဲ၊ ရိက္ခာကိုသာထုတ်ချင်ကြသည်။ ယခုမှစ၍ ကိုယ်ကိုကိုယ်စစ်သားဖြစ်ကြောင်းသိ၍၊ စစ်တိုက်ကြပါစို့။
တိုက်ဘို့အမိန့်ပေး
ပေါလုက၊ “ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ဟောပြောခဲ့ပြီးသောအနာဂတ္တိစကားကိုသင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်းကို၎င်း၊ စွဲလမ်း၍ကောင်းသောစစ်ကို တိုက်စေခြင်းငှါ၊ ထားခဲ့ပြီးသောထိုအနာဂတ္တိစကားနှင့်အညီ၊ အထက်ငါဆိုခဲ့ပြီးသောပညတ်ထားခြင်းအခွင့်ကိုသင်၌ငါအပ်ပေး၏။” (၁ တိ ၁:၁၈) ဟူ၍ ၎င်း၊ “ယုံကြည်ခြင်းနှင့်ဆိုင်၍ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။” (၁ တိ ၆:၁၂) ဟူ၍၎င်း၊ စစ်တိုက်ဘို့ရန်မှာကြားခဲ့သည်။ အကြောင်းမှာသူသည်ရန်သူနယ်မြေ၌၊ လူများကယ်တင်ခြင်းသို့ရောက်ဘို့ရန်ကူညီနေသောကြောင့်၊ စာတန်ကတိုက်ခိုက်မှာဖြစ်သည်။ ထို့ကြောင့်ယုံကြည်သူတိုင်း လည်း၊ ရန်သူစာတန်ကိုတိုက်ခိုက်ဘို့လိုအပ်သည်။
ပေါလုကိုယ်တိုင်လည်းတိုက်
ပေါလုသည်တိမောသေကိုသာစစ်တိုက်ခိုင်းသည်မဟုတ်၊ သူကိုယ်တိုင်လည်းတိုက်ခိုက်ကြောင်းဤသို့ရေးထားသည်၊ ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။” (၂ တိ ၄:ရ)။ ကောရိန္သုသင်းတော်ထံ၌ လည်းဤသို့ရေးထားသည်၊ “သေလွန်သောသူတို့သည်ထမြောက်ခြင်းမရှိလျှင်၊ ဧဖက်မြို့၌လောကီဝေါဟာရအားဖြင့်၊ အထက်ကငါသည်သားရဲတို့နှင့်တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။” (၁ ကော ၁၅:၃၂)။ ပေါလုသည်ဧဖက်မြို့၌သားရဲတို့နှင့်တိုက်သည်ဟုဆိုသည်။ သူပြောသောသားရဲသည် တိရစ္ဆာန်သားရဲကိုပြောသည်မဟုတ်၊ သူဟောပြောသောသမ္မာတရား ကယ်တင်ခြင်းအကြောင်းကိုမကြိုက်နှစ်သက်သောကြောင့်၊ သူ့ကို တိုက်ခိုက်သောယုဒလူများကိုဆိုလိုသည်။ ဧဖက်မြို့သည်အာရှိပြည်၌ရှိသည်။ ထိုမြို့၌သူတို့ခံရသောအရာကိုဤသို့ရေးထားခဲ့သည်၊ “ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသောဆင်းရဲခြင်းတည်းဟူသောအသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းကိုသင်တို့မသိဘဲနေစေခြင်းငှါငါတို့အလိုမရှိ။ ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကိုထမြောက်စေတော်မူသောဘုရားသခင်ကို ကိုးစားမည်အကြောင်းသေစေ၊ ဟုစီရင်ခြင်းကိုကိုယ်တိုင်ခံရသကဲ့သို့ဖြစ် ၏။ ထိုဘုရားသခင်သည်ငါတို့ကိုထိုမျှလောက်ကြီးစွာသောသေဘေးမှကယ်လွှတ်တော်မူပြီ။ ယခု၌လည်းကယ်လွှတ်တော်မူသေး၏။” (၂ ကော ၁:၈-၁၀)။ ထို့ကြောင့်ပေါလုသည်တိမောသေကိုစစ်တိုက်ဘို့ပြောသောအ ခါ၊ သူကိုယ်တိုင်လည်းတိုက်ခဲ့ကြောင်းတွေ့ရသည်။
သခင်ယေရှုလည်းတိုက်
သခင်ယေရှုသည်ဤလောကသို့လူဇာတိခံ၍ဆင်းကြွခဲ့စဉ်၊ နေ့တိုင်းရန် သူများနှင့်တိုက်ခိုက်ခဲ့သည်။ ယောဟန်က၊ “သူသည်မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည်သူ့ကိုလက်မခံဘဲနေကြ၏။” (ယော ၁:၁၁)ဟုရေးခဲ့သည်။ တဖန်၊ “ယုဒလူတို့ကလည်း၊ သင်သည်ရှမာရိလူဖြစ် ၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏၊ ဟုငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟုဆိုကြ၏။” (ယော ၈:၄၈)။ ဆက်၍ဖတ်လျှင်၊ “ထိုအခါယုဒလူတို့သည်ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါတဖန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ ယေရှုကလည်း၊ ငါသည်ငါ့ခမည်းတော်၏အခွင့်နှင့်ကောင်းသောအမှုအများတို့ကိုသင်တို့အားပြပြီ။ ထိုအမှု တို့တွင်အဘယ်မည်သောအမှုကြောင့်ငါ့ကိုခဲနှင့်ပစ်ကြမည်နည်း၊ ဟုမေးတော်မူလျှင်၊ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့်ခဲနှင့်ပစ်မည်မဟုတ်။ သင်သည်လူဖြစ်လျက်ပင်ဘုရားသခင်ဖြစ်ယောင်ဆောင်၍၊ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့်ခဲနှင့်ပစ်မည်ဟုဆိုကြ၏။” (ယော ၁၀:၃၁-၃၃) “နတ်ဆိုးစွဲသောလူကန်းလူအတယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည်မျက်စိမြင်၍စကားပြောနိုင်အောင်ကယ်မတော်မူ၏။ လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍၊ ဤသူသည်ဒါဝိဒ်၏ သားတော်ဖြစ်လိမ့်မည်လော၊ ဟုပြောဆိုကြ၏။ ၂၄ ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည်နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု၍ သာနတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟုဆိုကြ၏။” (မဿဲ ၁၂:၂၂-၂၄)
ယေရှုကလည်း ယုဒလူများကို၊ “သင်တို့သည် သင်တို့၏ အဘ တည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။” (ယော ၈:၄၄) ဟုဆိုသည်။ တဖန် ယေရှုက၊ “အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည် အဆိုး ဖြစ်လျက် ကောင်းသော စကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွက်တတ်၏။” (မ ၁၂:၃၄) ဟုဆိုသည်။ အဘယ်ကြောင့်သခင်ဘုရားနှင့် ယုဒလူတို့သည်၊ အမြဲတန်းထိုကဲ့သို့ တိုက်ခိုက် ကြသနည်း။ ရန်သူ ဖြစ်ကြသောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ယေရှုကိုသတ်လိုက်ကြသည်။ ယေရှုသည်ရန်သူနယ်မြေမှာဇိမ်ခံဘို့မလာဘဲစစ်တိုက်ခဲ့သည်။
ယုံကြည်သူများ
ယေရှုကို ယုံကြည်သူများသည် ယေရှု စစ်သားများဖြစ်ကြကြောင်း ပေါလုကဧဖက် အသင်းတော် ထံဤသို့ ရေးထားသည်၊ “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၂)။ သို့ဖြစ်၍ ယုံကြည်သူများသည်၊ ရန်သူနယ်မြေမှာနေ့တိုင်း စစ်တိုက်သင့်သည်။ ထို့ကြောင့်၊ “ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ ၂၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက် ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက် ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (မဿဲ ၁၆:၂၄-၂၅) ဟုဆိုခဲ့ခြင်း ဖြစ်သည်။ စစ်တိုက်ရာတွင် အသက် ရှုံးနိုင်သည်။ ထို့ကြောင့် အသက် မနှမျောဘို့ အရှုံးခံဘို့ ပြောခြင်း ဖြစ်သည်။ “သင်တို့ သွားလေသည် အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ် တို့ကို စေလွှတ် သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။” (လုကာ ၁၀:၃) ဟုလည်း ဆိုသည်။ တဖန်၊ “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ဗတ္တိဇံကိုပေးကြလော့။” (မဿဲ ၂၈:၁၉) ဟူ၍ ၎င်း၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈) တန်ခိုးသည် အဘယ်ကြောင့်လိုသနည်း။ ရန်သူကို တိုက်ဘို့ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများသည်ကောင်းကြီးခံစား၍ ဇိမ်ခံနေဘို့ မဟုတ်၊ ကိုယ်အလိုဆန္ဒကိုလုပ်ဘို့ မဟုတ်၊ သခင်ဘုရားခိုင်းသောစစ်ကိုတိုက်ဘို့ဖြစ်သည်။
ရန်သူသိဘို့လို
စစ်တိုက်သောအခါရန်သူကိုကောင်းစွာသိဘို့ လိုသည်။ ရန်သူကိုကြိုမသိထားလျှင်ဆုံးရှုံးဘို့များသည်။ ယုံကြည်သူယေရှုစစ်သားများ၏ရန်သူကို ပေါလုကဤကဲ့သို့ရေးပြီးသတိပေးသွားသည်၊ “ငါတို့သည်အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၂)။ ရန်သူသည်အသွေးအသားမရှိ၊ နတ်ဆိုးတို့ဖြစ်သောကြောင့်ဇာတိလက်နက်ဖြင့်တိုက်၍မရနိုင်ချေ။ ယုံကြည်သူများအသုံးပြုတတ်သောလက်နက်များမှာ၊ ကျမ်းစာကျောင်းဆင်းဘွဲ့၊ အင်္ဂလိပ်စာတတ်ခြင်း၊ ငွေ၊ လူအင်အား၊ စည်းကမ်းရှိခြင်း၊ ကြိုးစားခြင်း၊ လူ့ဥာဏ်များ၊ လောကီပညာများ၊ အဆောက်အဦးနှင့်ကားများ၊ အီလက်ထောနစ်ပစ္စည်းများ၊ နည်းပညာများဖြစ်သည်။ ထိုအရာများအားဖြင့် စာတန်ဝိညာဉ်ဆိုးများကို လုံးဝမနိုင်နိုင်ချေ။ ထိုအရာများကိုကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲများ၊ ဇဒ္ဒုကဲများ၊ ယဇ်ပုရောဟိတ်များက အသုံးပြု၍မအောင်မြင်ခဲ့ကြချေ။
သုံးရမည့်လက်နက်
ယေရှုစစ်သားများ၏အကြီးမားဆုံး၊ အထိရောက်ဆုံးသောလက်နက်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ စာတန်ကိုတိုက်ခိုက်သောအခါ၊ လူ့အစွမ်းအစများ မကိုးစားဘဲ၊ ထာဝရဘုရားကိုသာ ကိုးစားရမည်။ ကျမ်းစာ၌ ထာဝရဘုရားသည် ငါတို့၏ခွန်အားဗလ၊ အစွမ်းသတ္တိဖြစ်ကြောင်း ဤသို့ ရေးထားသည်။ “ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏အကွယ်အကာဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည်ထိုဘုရားကိုကိုးစား၍ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည်ရွှင်လန်းလျက်ရှိ၏၊၊ သီချင်းဆိုလျက် ဂုဏ်တော်ကိုငါချီးမွမ်းမည်။” (ဆာ ၂၈:ရ) “ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏၊၊ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏၊၊ ” (ဆာ ၄၆:၁) “အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ်တော်မူ၏။” (ဟဗက္ကုတ် ၃:၁၉) “ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။” (ထွက် ၁၅:၂) “မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ သင့်၌အမျက်ထွက်သောသူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ရန်ပြုသောသူတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊ သင်နှင့်ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည်ရှာ၍မတွေ့ရ၊၊ သင့်ကိုစစ်တိုက်သောသူတို့သည် အဘယ်မျှမဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်၊ ငါမစမည်၊ ဟုသင့်အားဆိုလျှက်၊ သင်၏လက်ျာလက်ကိုကိုင်မည်။” (ဟေရှာယ ၄၁:၁၀-၁၃)
ဤကျမ်းပိုဒ်များသည် သိဘို့သက်သက်မဟုတ်၊ တရားဟောရာတွင်သာသုံးဘို့မဟုတ်၊ ရန်သူစာတန်နှင့် သူ၏လူများကိုတိုက်ခိုက်ရာတွင်ခိုလှုံအားကိုးဘို့ရာဖြစ်သည်။ လူသည်တရားဟောရာတွင်ဖြစ်စေ၊ ဘုရားကျောင်းမှာဖြစ်စေ၊ ဘုရားအားကိုးဘို့ပြောကြသော်လည်း၊ တကယ်လက်တွေ့ ရန်သူ၏ တိုက်ခိုက်ခြင်းခံသောအခါ၊ ထာဝရဘုရားကို အားမကိုးတော့ဘဲ လူကိုသာလျှင်အားကိုးတတ်ကြသည်။ “ထာဝရဘုရား၌ခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက် သာ၌ကောင်း၏၊၊ ထာဝရဘုရားကိုခိုလှုံခြင်းသည် မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏၊၊ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကိုပယ်ဖြတ်ရ၏၊၊ ငါ့ကိုဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သောမီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကိုပယ်ဖြတ်ရ၏၊၊” (ဆာ ၁၁၈:၈-၁၂) ပေါလုက၊ “ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။” (ဧဖက် ၆:၁၀) ဟုဆိုထားသည်။
ဘုရားတပ်ဆင်ပေးသောလက်နက်
စစ်တိုက်သောအခါအသုံးပြုမည့်လက်နက်များကို၊ စေခိုင်းသူကတပ်ဆင်ပေးရသည်။ ပေါလုက၊ “အဘယ်သူသည်ကိုယ်စရိတ်ကိုသုံး၍စစ်မှုကို ထမ်းရသနည်း။” (၁ ကော ၉:ရ) ဟုဆိုသည်။ ထို့ကြောင့်လက်နက်ကိုလည်း ဘုရားကိုယ်တိုင်က တပ်ဆင်ပေးကြောင်းဤသို့ရေးထားသည်၊ “မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကိုဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ သစ္စာတည်းဟူသောခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီ တည်းဟူသောရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောပြောအံ့သောငှါ၊ ပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်ကို စွပ်လျက်ခံရပ်ကြလော့။ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော၊ ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ် တည်းဟူသော ဝိညာဉ်တော်၏ဓါးကို၎င်း၊ ယူကြလော့။” (ဧဖက် ၆:၁၁-၁၆) ဘုရားတပ်ဆင်ပေးသောလက်နက်များမှာ
သစ္စာတည်းဟူသောခါးပန်း
သစ္စာသည်သမ္မာတရားကိုဆိုလိုသည်။ သမ္မာတရားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ အကြံတော်ကိုဆိုလိုသည်။ ပေါလုက၊ “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။” (၂ တိ ၂:၁၅) ဟုတိမောသေကိုမှာကြားခဲ့သည်။ သမ္မာတရားတည်းဟူသော ဘုရားသခင်၏ အကြံတော်နားမလည်ဘဲ၊ ကိုယ့်အကြံကိုအသုံးပြု၍ ဘုရားအမှုတော်ဆောင်လျှင်လည်း၊ ဆန့်ကျင်ဘက်ဖြစ်နေမည်။ ပေါလုလည်း၊ ရှောလုဘဝ၌ ဘုရားဘက်၌စိတ်အားကြီး၍ အလွန်ကြိုးစားခဲ့သော်လည်း ခရစ်တော်က၊ “အဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်း” (တမန် ၉:၄) ဟုဆိုခဲ့သည်မဟုတ်လော။ ခရစ်တော်က သူ့ကိုညှဉ်းဆဲခြင်းသည်၊ “ဒုတ်ချွန်ကိုခြေနှင့်ကျောက်လျှင်ခက်လှသည်၊” (တမန် ၂၆:၁၄) ဟုဆိုသည်။ ထို့ကြောင့် စာတန်နိုင်ဘို့ရန် သမ္မာတရားကိုသိရမည်။ ယောဟန်က၊ “သင်သည်သမ္မာတရား၌ ကျင်လည်သည်အတိုင်း၊ သင်၌ရှိသောသမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကိုတို့သည် လာ၍သက်သေခံကြသောအခါ၊ ငါသည်အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ငါ၏သားသမီးတို့သည်၊ သမ္မာတရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက်၊ သာ၍ဝမ်းမြောက်ခြင်းမရှိ။” (၃ ယော ၃-၄) ဟုဆိုခဲ့သည်။
ဖြောင့်မတ်ခြင်းပါရမီတည်းဟူသောရင်အုပ်တန်ဆာ
စစ်သားများသည် ရင်အုပ်တန်ဆာကို ဝတ်ဆင်တတ်ကြသည်။ အကြောင်းမှာ၊ ရင်အုပ်သည်ကိုယ်ခန္ဓာ၌ ပစ်မှတ်အကျယ်ဆုံးနေရာဖြစ်သောကြောင့်၊ ရန်သူကရင်အုပ်ကို ပစ်မှတ်ထားတတ်သည်။ ဝိညာဉ်ရေးရာ၌၊ ဖြောင့်မတ်ခြင်းသည် အလွန်အရေးကြီးသည်။ ဘုရားပေးသောဖြောင့်မတ်ခြင်းသည် ယေရှုခရစ်ကိုယ်တိုင်ဖြစ်သည် (၁ ကော ၁:၃၀)။ ခရစ်တော်သည်ဘုရားရှေ့၌ ငါတို့၏ဖြောင့်မတ်ခြင်းဖြစ်သည်။ သို့သော်လူများက ထိုအရာကိုမမြင်နိုင်ချေ။ လူရှေ့မှာဖြောင့်မတ်နိုင်ဘို့ရန်မှာ ငါတို့၏ကျင့်ကြံပြုမူခြင်းများဖြစ်သည်။ ကျင့်ကြံပြုမူခြင်းမမှန်ပါက၊ စာတန်လူများက ထိုအားနည်းချက်ကိုထောက်၍၊ တိုက်ခိုက်သောအခါ ဆုံးရှုံးမှုဖြစ်လာနိုင်သည်။ ထိုကျင့်ကြံပြုမူခြင်းလည်း ဇာတိအားဖြင့်ကြိုးစားအားထုတ်ခြင်းမဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော် အုပ်စိုးခြင်းအားဖြင့် ရရှိသောဖြောင့်မတ်ခြင်းဖြစ်ရမည်။ ထိုဖြောင့်မတ်ခြင်းရှိသောသူကို ရန်သူကမည်သို့မျှဒုက္ခမပေးနိုင်ချေ။
ဧဝံဂေလိတရားဟောပြောရန်ပြင်ဆင်သောခြေစွပ်
ဧဝံဂေလိဟောပြောခြင်းသည် ယေရှုစစ်သားများ၏ခြေစွပ်လက်နက်ဖြစ်သည်။ ယနေ့ယုံကြည်သူအများစုသည် ဧဝံဂေလိတရားကိုဟောပြောခြင်းမရှိသောကြောင့်၊ ရန်သူ၏အနိုင်ကျင့်ခြင်းကို ခံနေကြသည်။ သို့သော်လည်း ထိုအရာကိုမသိကြသောကြောင့် ဧဝံဂေလိဟောဘို့ပြောသောအခါ၊ အမျိုးမျိုးဆင်ခြေပေးတတ်ကြသည်။ ဧဝံဂေလိဟောခြင်းသည်၊ တရားဟောဆရာများ၏အလုပ်ဖြစ်သည်၊ ငါမဟောတတ်ဘူး၊ မအားဘူး၊ ကျမ်းစာနားမလည်ဘူးဟူ၍ အကြောင်းအမျိုးမျိုးပြကြသည်။ ဧဝံဂေလိသည် သခင်ယေရှုက၊ အပြစ်သားများကို ကယ်တင်ခြင်းအကြောင်းဖြစ်၍ ရိုးရိုးလေးဖြစ်သည်။ ဝိညာဉ်တော်ကအသုံးပြုလျှင် လူများပြောင်းလဲမှာဖြစ်သည်။ ထို့ကြောင့်ဧဝံဂေလိဟောပြောခြင်းသည် စာတန်ကိုတိုက်ခိုက်ခြင်း၊ စာတန်လက်ထဲမှ လူများကိုလုယူခြင်းဖြစ်သောကြောင့် အလွန်အရေးကြီးသည်။
ယုံကြည်ခြင်းတည်းဟူသောလွှား
ယုံကြည်ခြင်းကို လွှားနှင့်နှိုင်းယှဉ်ထားသည်။ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို လွှားတည်းဟူသော ယုံကြည်ခြင်းအားဖြင့် ကာသတ်နိုင်သည်။ မာရ်နတ်ကလူများကို အသုံးပြုပြီး၊ အတင်းပြောခြင်း၊ အပြစ်တင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပျက်ယယ်ပြုခြင်းများပြုလုပ်သောအခါ၊ ယုံကြည်ခြင်းရှိလျှင် လုံးဝစိတ်ဓါတ်မကျဘဲ၊ ခရစ်ယာန်အသက်တာကို ဆက်လက်ရပ်တည်နိုင်မှာဖြစ်သည်။ ဤယုံကြည်ခြင်းသည် ကယ်တင်ခြင်းကို ယုံကြည်ခြင်းမဟုတ်ဘဲ၊ စစ်တိုက်ရာတွင် ဘုရားသခင်အားဖြင့် အောင်မြင်မည်ဟူသော ယုံကြည်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် ကိုယ်ကိုယ်ကို ယုံခြင်းမဟုတ်ဘဲ၊ ဘုရားကိုယုံကြည်အားကိုးခြင်းဖြစ်သည်။ များစွာသော ယုံကြည်သူများ အဘယ်ကြောင့်ဆုံးရှုံးကြသနည်း၊ အဘယ်ကြောင့် အမှုမဆောင်နိုင်သနည်းဟူမူကား၊ ဘုရားကိုမယုံကြည်၊ လောကကိုစွဲလမ်းပြီး၊ ဇာတိနှင့်အသက်ရှင်သောကြောင့်ဖြစ်သည်။ ဘုရားနှင့်အမြဲ မိဿဟာယဖွဲ့၍၊ အလိုတော်ဆောင်ရွက်သောသူတို့သည် ဘုရားကိုလည်း၊ ယုံကြည်အားကိုးရဲသည်။ အောင်မြင်မှုလည်းရရှိကြသည်။
ကယ်တင်ခြင်းသံခမောက်လုံး
ဤကယ်တင်ခြင်းသည် ယုံကြည်ခါစမှာရှိသောအရာမဟုတ်ဘဲ၊ နေ့စဉ်အသက်တာ၌ စာတန်မာရ်နတ်နှင့်တိုက်ခိုက်ရာတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ကယ်တင်ခြင်းသုံးမျိုးရှိသည်။ အပြစ်တရားစီရင်ခြင်းမှ ယေရှုခရစ်အသေခံခြင်းဖြင့်ကယ်တင်ခဲ့ပြီ။ နေ့စဉ်အသက်တာတွင် အပြစ်သွေးဆောင်ခြင်းမှ ကယ်တင်နေဆဲဖြစ်သည်။ ချီဆောင်ခြင်းနေ့၌ အပြစ်လောကမှကယ်တင်ဦးမည်ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် ဝိညာဉ်ကယ်တင်ခဲ့ပြီ။ နေ့စဉ်အသက်တာတွင် စိတ်ပိုင်းနှင့်ခန္ဓာပိုင်းကို မိမိ၏ယုံကြည်ခြင်း အပေါ်မူတည်၍ ကယ်တင်နေဆဲဖြစ်သည်။ ချီဆောင်ခြင်းနေ့၌ ကိုယ်ခန္ဓာနှင့်စိတ်ကို အပြီးအပိုင် ကယ်တင်၍ လုံးဝဖျားနာခြင်း၊ စိတ်ပျက်ဆင်းရဲခြင်း ရှိတော့မည်မဟုတ်။ ယခုလောက၌ အသက်ရှင်စဉ်တွင် ဘုရားသခင်က၊ အပြစ်သွေးဆောင်ခြင်းနှင့် ခန္ဓာစိတ်ပြသနာမှ ကယ်တင်ဘို့ရန် ဘုရားထံချဉ်းကပ်ဘို့လိုသည်။
နှုတ်ကပတ် တည်းဟူသောဝိညာဉ်တော်၏ဓါး
အထက်၌ ဖေါ်ပြသော စစ်လက်နက်များသည် ကိုယ်ကိုကိုယ်ကာကွယ်ဘို့ အသုံးပြုမည့် ခံစစ်လက်နက်များဖြစ်သည်။ နှုတ်ကပတ်တော် တည်းဟူသောဝိညာဉ်တော်ဓါးသည် တိုက်စစ်လက်နက်ဖြစ်သည်။ ဓါးကိုင်ထားလျှင် ရန်သူကအနီးကပ် မတိုက်ခိုက်ရဲချေ။ အကြောင်းမှာရန်သူကို ဓါးနှင့်ခုတ်သတ်နိုင်သည်။ ထို့နည်းတူ နှုတ်ကပတ်တော်သည် စာတန်ကကြောက်သော လက်နက်ဖြစ်သည်။ ကျမ်းစာက၊ “ဘုရား၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) ဟုဆိုထားသည်။ ယေရှုလည်း စာတန်ကို နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူခဲ့သည် (မဿဲ ၄:၁-၁၁)။ နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပိုင်းခြားနားလည်၍၊ အသက်တာ၌ ကျင်လည်သောသူကို စာတန်ကမည်သို့မျှ မထိခိုက်နိုင်သည်သာမက၊ စာတန်ကိုအောင်မြင်နိုင်သည်။
မေးခွန်းများ
၁။ ပေါလုကတိမောသေကို ဘာလုပ်ခိုင်းသနည်း။ ............................................
၂။ ပေါလုကိုယ်တိုင်သည် စစ်တိုက်ပါသလော။ ........................................................................................
၃။ ယေရှုလည်း စစ်မည်ကဲ့သို့ တိုက်ခဲ့သနည်း။ .....................................................................
၄။ ယုံကြည်သူများသည် ယေရှု..............များဖြစ် ကြသည်။
၅။ ငါတို့၏ရန်သူသည် မည်ကဲ့သို့သောအရာ ဖြစ်သနည်း။ ...................................................................
၆။ ယေရှုစစ်သားများ၏ အကြီးမားဆုံးသော လက်နက်သည် ............................................ ဖြစ်သည်။
ရ။ ဟဗက္ကုတ် ၃:၁၉ ကိုရေးပါ။ .......................................................................................
၈။ ခါးပန်းသည် ဘာကိုဆိုလိုသနည်း။......................................................
၉။ ဖြောင့်မတ်ခြင်း ဘယ်နှစ်မျိုးရှိသနည်း။......................။ ဘုရားရှေ့၌ .................................. အားဖြင့်ဖြောင့်မတ်နိုင်သည်။
၁၀။ လူရှေ့၌ မည်ကဲ့သို့ ဖြောင့်မတ်ရမည်နည်း။ ........................................................................................
၁၁။ ခြေစွပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။............................................
၁၂။ လွှားသည် မည်သည့်အရာကို ဆိုလိုသနည်း။............................................
၁၃။ ကယ်တင်ခြင်း သုံးမျိုးဖေါ်ပြပါ။ ........................................................................
၁၄။ ဝိညာဉ်တိုက်ပွဲ၌ စာတန်ကို ထိုးစစ်ဆင်နိုင်သော လက်နက်သည်.................. ဖြစ်သည်။
၁၅။ ချီဆောင်ခြင်းသည် ယေရှုစစ်သားများ.............................ပြန်ချိန်ဖြစ်သည်။
တနိုင်ငံနှင့်တနိုင်ငံ စစ်တိုက်သောအခါ၊ သံတမန်အဖွဲ့များကို ကြိုတင်ရုပ်သိမ်းတတ်ကြသည်။ ဘေးဒဏ်ကြီးကာလသည် ကောင်းကင်နှင့်မြေကြီးစစ်ပွဲ၊ မြေကြီးသားအချင်းချင်းစစ်ပွဲ၊ ကောင်းကင်စစ်ပွဲများ ဆင်နွဲသည့်အချိန်ဖြစ်သည်။ မြေကြီးသည် ဘုရားသခင်က ဖန်ဆင်း၍၊ အာဒံထံ၌ အုပ်စိုးဘို့ရန် အပ်နှံခဲ့သည်။ ကျမ်းစာက၊ “အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင် ငှက်တို့ကို၎င်း၊ အသက် ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။” (က ၁:၂၈)။ သို့သော် အာဒံနှင့်ဧဝတို့က ဤလောကအုပ်စိုးခြင်းအခွင့်ကို၊ စာတန်ထံသို့ ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကို စားဘို့ပြောခြင်းကို နားထောင်ခြင်းအားဖြင့် ရောင်းလိုက်သည်။ ထို့ကြောင့် ဤလောကသည် စာတန်ကပိုင်ဆိုင်အုပ်စိုးကြောင်း၊ ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ “မာရ်နတ်သည် ယေရှုကို မြင့်လှသောတော်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည်ဖြစ်၍ ကိုယ်တော်အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည်ကိုယ်တော်၏ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။” (လု ၄:၅ -ရ)။ ထိုသို့ပြောသောအခါ ယေရှုက စာတန်ထံ၌၊ သူသည် မအုပ်စိုးကြောင်း မပိုင်ကြောင်းကို မချေပခဲ့သောကြောင့် ဤလောကသည် စာတန်ကပိုင်ကြောင်း ဝန်ခံခြင်းဖြစ်သည်။
ထို့အပြင် ယေရှုက၊ “ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။” (ယော ၁၂:၃၁) ဟူ၍ ၎င်း၊ “ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။” (ယော ၁၄:၃၀) ဟုဆိုသည်။ ထို့ကြောင့် ဤလောကသည် စာတန်ကပိုင်ကြောင်း ထင်ရှားသည်။
ပေါလုကလည်း၊ “ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် တည်းဟူသောခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။” (၂ ကော ၄:၄) ဟုရေးထားသည်။ ထိုသို့ဤလောကသည် စာတန်က ပိုင်သောကြောင့် ဘုရားအတွက် ရန်သူနယ်မြေဖြစ်သည်။ ဤလောကသားများသည် စာတန်၏ လူများ ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း၊ ငါတို့သိကြ၏။” (၁ ယော ၅:၁၉)။ လောကီသားများသည် စာတန်ကချယ်လှယ် နေကြောင်း ပေါလုကဤသို့ ရေးထားသည်၊ “သင်တို့သည် အထက်က လောကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း တည်းဟူသော ငြင်းဆန်သော သူတို့၌ ချယ်လှယ်သောဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေ တော်မူပြီ။” (ဧဖက် ၂:၁-၂)။
တဖန်၊ လောကသားများသည် စာတန်၏ကျွန်ခံ နေကြကြောင်း၊ ဤသို့တွေ့ရသည်၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” (ဟေဗြဲ ၂:၁၄-၁၅) ဣသရေလများသည် စာတန်၏သားများဖြစ်ကြောင်း ယေရှုက ဤသို့ ဆိုသည်၊ “သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။” (ယော ၈:၄၄)။
ထို့ကြောင့်၊ လူသားများသည် ဘုရား၏ ရန်သူများဖြစ်ကြသည်။ သို့သော်၊ ဘုရားသခင်က လူသားများကို ချစ်သနားသောကြောင့်၊ ရန်သူစာတန်လက်မှ သားတော်ယေရှုခရစ် အသေခံ စေခြင်းအားဖြင့် သူနှင့်ရန်ငြိမ်းရသောအခွင့်ကို ပေးပြီ။ ပေါလုက၊ “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ ” (ရော ၅:၁၀) ဟူ၍၎င်း၊ “ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေ တော်မူ၏။” (၂ ကော ၅:၁၈-၁၉)။ ထိုသို့ ဘုရားသခင်သည် လူသားများ၏ အပြစ်ကိုလွှတ်၍ သူနှင့်မိဿဟာယဖွဲ့ဘို့၊ အလိုရှိသည်။ ဆက်၍ ပေါလုက၊ “ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။ ထိုကြောင့်၊ ငါတို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။” (၂ ကော ၅:၂၀)။
လူလူချင်းကြားရန်ငြိမ်းစေရန်
ပေါလုကဧဖက်အသင်းတော်ထံ၊ သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။ အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ ထိုခရစ်တော် သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသော ငါတို့အား၎င်း၊ ရန်ငြိမ်းခြင်း တရား တည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ် တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့်အခွင့်ကို ရကြပြီ။ (ဧဖက် ၂:၁၃-၁၈)
ယုံကြည်သူများသည် ခရစ်တော်၏ သံတမန်များဖြစ်ကြသည်။ သံတမန်အလုပ်သည် နိုင်ငံအချင်းချင်းငြိမ်းချမ်းပြေလည်ဘို့ရန် ဆက်သွယ် ပြောဆိုဘို့ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သံတမန်များလည်း၊ ဘုရားနှင့်လူများ ရန်ငြိမ်းခြင်းအကြောင်းကို ပြောပြဘို့ရန် တာဝန် ပေးထားသည်။ သံတမန်များသည် အစိုးရက စားနပ်ရိက္ခာအားလုံးတာဝန် ယူ သကဲ့သို့၊ ယေရှု၏သံတမန်များလည်း စားနပ်ရိက္ခာများကို အပြည့်အဝ ပေးထားသည်။
သို့သော်၊ ယုံကြည်သူများသည် မိမိတို့တာဝန်ကို မသိကြ။ လူများထံ ဘုရားနှင့်ရန်မဖြစ်တော့ဘဲ ရန်ငြိမ်းခြင်းတရားကို ပြောပြဘို့ရန်ဖြစ်သည်။ သံတမန်အလုပ်သည် ရန်ဖြစ်နေသော သူများ ကြားရန်ငြိမ်းခြင်းအကြောင်း ပြောဘို့ ဖြစ်သောကြောင့် မလွယ်ကူပါ၊ ရင်လေးစရာ ဖြစ်သည်။ အဘယ်ကြောင့်လူများသည် ဘုရား အကြောင်း မကြားချင် ကြသနည်းဟူမူကား၊ သူတို့သည် ဘုရား၏ ရန် သူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ မည်သို့ ပင် ခက်ခဲသော်လည်း၊ သံတမန်သည် မိမိကို စေခိုင်းသော ဘုရား ပေးထားသော တာဝန်ကို ဆောင်ရွက်ရမှာ ဖြစ်သည်။ သို့သော် သံတမန် များသည် မိမိတို့ တာဝန်ကို ဆောင်ရွက်သည်ထက် ဤလောကကို အုပ်စိုးသော စာတန်၏ လူများနှင့် မိဿဟာယဖွဲ့ နေကြသည်။ စာတန်ကို တိုက်မည့် အစား၊ သူပေးထားသော ဤလောကကို ချစ်ခြင်း၊ ယပိုင်ဆိုင်ခြင်းဖြင့် သံအမတ်အလုပ်ကို မလုပ်နိုင်ကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။
မည်သူ့ပင် ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ သံအမတ်များကို ရုပ်သိမ်းတော့မည်။ အကြောင်းမူကား ဘေးဒဏ်ကြီး ကာလသည် စစ်ပွဲများစွာ တိုက်ရသောအချိန် ဖြစ်သည်။ ယေဇ ၃၈-၃၉၌ ဖေါ်ပြသော ဂေါဂမာဂေါဂစစ် (ဗျာ ၆:၅-၆)၊ ကောင်းကင် စစ် (ဗျာ ၁၂)၊ အာမေဂဒုန်စစ် (ဗျာ ၁၆၊ ၁၉)၊ များတိုက်ကြမှာ ဖြစ်သည်။ ထိုကဲ့သို့ စစ်ပွဲများ တိုက်ကြမှာ ဖြစ်သောကြောင့်၊ ခရစ်တော်သည် သူ၏ သံတမန်များကို၊ စစ်မတိုက်မှီတွင် ကောင်းကင်သို့ ခေါ်ဆောင်သွားမှာ ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်သွားသော ယုံကြည်သူများသည်၊ ခရစ်တော်၏ သံတမန်များဖြစ်သည်။ ခရစ်တော်သည် သူ၏ သံတမန် အဖွဲ့ကို သာလျှင် ရုပ်သိမ်းမှာ ဖြစ်သောကြောင့် ချီဆောင်ခြင်း၌ ပါဝင်မည့် သူသည်၊ ခရစ်တော်၏ သံအမတ်များ ဖြစ်ဘို့ လိုသည်။
မေးခွန်းများ
၁။ နိုင်ငံနှစ်နိုင်ငံစစ်မတိုက်မှီဘာလုပ်တတ်ကြသနည်း။ ..............................................................
၂။ ဤလောကသည် မည်သူကအုပ်စိုးသနည်း။ .........................................
၃။ လောကသား များသည် မည်သူ၏ ကျွန် ဖြစ်ကြသနည်း။ .......................................
၄။ လူသားများသည် မည်သူ၏ ရန်သူ ဖြစ်ကြသနည်း။..............................................................
၅။ ဘုရားသခင်က သူ၏ ရန်သူ လူသားများကို ခရစ်တော်အားဖြင့် ဘာလုပ်သနည်း။........
၆။ ဘုရားသခင်သည် လူသားများနှင့် ဘာလုပ်ချင် သနည်း။ ...........................................
ရ။ ရန်ငြိမ်းခြင်း အရာကို မည်သူတို့အား ပြောခိုင်းသနည်း။ ...........................................
၈။ ယုံကြည်သူများသည် ခရစ်တော်၏ ဘာ ဖြစ်ကြသနည်း။ ..........................................
၉။ ချီဆောင်ခြင်း၌ မည်သူတို့ ပါဝင်မည်နည်း။...............................................
၁၀။ သင်သည် ခရစ်တော်၏ သံတမန် ဖြစ်ပါသလော။ .................................................
ချီဆောင်ခြင်းသည် အလုပ်သမားများ တနေကုန် အလုပ်လုပ်၍၊ ညမိုးချုပ်လာသောကြောင့် အိမ်ပြန်ခြင်းဖြစ်သည်။ ယုံကြည်သူများသည်၊ ခရစ်တော်၏ ဥယျာဉ်တည်းဟူသော၊ ဤလောက၌ အလုပ်လုပ်သောသူများ ဖြစ်ကြသည်။ ထိုအရာနှင့်ပတ်သက်၍ ခရစ်တော်က ဤသို့ ဥပမာပေး ဟောပြောသွားခဲ့သည်။
ကျွန်ကောင်းနှင့်ကျွန်ဆိုး (မ ၂၄:၄၅-၅၁)
“အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါအအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း၊ ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။ ၄၆ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏၊ ထိုကျွန်သည်မင်္ဂလာရှိ၏။ ၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည်မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။ ၄၈ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးကင့ါအရှင်လာခဲလိမ့်မည်၊ ဟုစိတ်ထဲ၌အောက်မေ့သည်နှင့်၊ ၄၉ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက်သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။ ၅၀ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊ ၅၁ ထိုကျွန်ကို ပြင်းပြစွာကွပ်မျက်ဆုံးမ၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သောသူတို့နှင့်တကွ နေရာချလတံ့။” (မဿဲ ၂၄:၄၅-၅၁)
သခင်ယေရှုက အထက်ပါဥပမာကိုပေးချိန်တွင် အသင်းတော်သည် မစတင်သေးချေ။ ထို့ကြောင့်ထိုဥပမာသည်ဣသရေလများကို ဆိုလိုခြင်းဖြစ်နိုင်သည်။ သို့သော်၊ နောက်ပိုင်းအသင်းတော်၌ ပါဝင်မည်ယုံကြည်သူများကိုလည်းဆိုလိုသည်။ အဓိကသွန်သင်ချင်သောအရာသည် သစ္စာရှိ၍ သတိပညာနှင့် ကိုယ့်ကိုအပ်နှံထားသောအလုပ်ကိုလုပ်ဘို့ဖြစ်သည်။ ထိုသို့သောကျွန်ကို မင်္ဂလာရှိသောကျွန်ဟုခေါ်သည်။ ကျွန်ုပ်တို့လည်း မင်္ဂလာရှိသော ကျွန်ဖြစ်ဘို့လိုသည်။ ကျွန်ဆိုးမူကား အရှင်လာခဲလိမ့်မည်၊ ဟုစိတ်ထဲ၌ အောက်မေ့သဖြင့်၊ ကျွန်ချင်းတို့ကိုရိုက်၍ သေသောက်ကြူးသောသူတို့နှင့် စားသောက်နေသည်ဟုဆိုသည်။ ယနေ့ခရစ်ယာန်အများစုလည်း ထိုကျွန်ဆိုးကဲ့သို့ သတိမထား၊ သခင်ယေရှုလာမည့်အချိန်ကိုမမျှော်၊ ကိုယ့်တာဝန်ကိုမလုပ်ဘဲ၊ လောကသားများနှင့်အတူ သေသောက်ကြူးနေကြသည် မဟုတ်လော။ သင်သည်ထိုသို့သောသူဖြစ်သင့်ပါသလော။ မင်္ဂလာရှိသော ကျွန်ဖြစ်ဘို့ကြိုးစားကြပါစို့။
အခြားပြည်သို့သွားသောလူ (မ ၂၅:၁၄-၃၀)
“ဥပမာကား၊ လူတဦးသည်အခြားသောပြည်သို့သွားမည် ဟုအကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကိုအပ်ပေး၏။ သူတို့သည်အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း၊ တဦး၌ငွေအခွက်ငါးဆယ်၊ တဦး၌အခွက်နှစ်ဆယ်၊ တဦး၌အခွက်တဆယ်ကို အပ်ပေးပြီးမှချက်ခြင်းသွားလေ၏။ အခွက်ငါးဆယ်ကိုခံသောသူသည်သွား၍ကုန်သွယ်ခြင်းကိုပြုသဖြင့်၊ အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။ ထိုနည်းတူ၊ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ အခွက်တဆယ်ကိုခံသောသူမူကား၊ သွား၍မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကိုဝှက်ထားလေ၏။ ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည်လာ၍၊ သူတို့ကိုစာရင်းယူလေ၏။ အခွက်ငါးဆယ်ကိုခံသောသူသည်ချဉ်းကပ်၍၊ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီ၊ ဟုလျှောက်လေ၏။ အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသောငယ်သားကောင်း၊ သင်သည်အမှုငယ်၌သစ္စာစောင့်လေပြီ၊ များစွာသောအမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့၊ ဟုမိန့်တော်မူ၏။ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌အခွက်နှစ်ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီ၊ ဟုလျှောက်လေသော်၊ အရှင်က၊ သာဓုသစ္စာရှိသောငယ်သားကောင်း၊ သင်သည်အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသောအမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့၊ဟုမိန့်တော်မူ၏။
အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊ ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကိုအကျွန်ုပ်သိ၍၊ ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ဥစ္စာ ရှိပါသည်ဟုလျှောက်၏။ အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည်ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကိုသင်သိသည်မှန်လျှင်၊ ငါ့ငွေကိုပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင်၊ ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။ ထိုကြောင့်အခွက်တဆယ်ကို ထိုသူ၏လက်မှနှုတ်ကြ၊ အခွက်တရာရှိသောသူကိုပေးကြ။ အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏၊ ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းငှါပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်။ အသုံးမရသောထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြ၊ ဟုစီရင်တော်မူ၏။” (မဿဲ ၂၅:၁၄-၃၀)
အထက်ပါဥပမာ၌ အခြားသောပြည်သို့ သွားသောလူတဦးသည်၊ သခင်ယေရှုကိုယ်တိုင်ဖြစ်သည်။ အခြားသောပြည်သည် ကောင်းကင်နိုင်ငံဖြစ်သည်။ ကျွန်များသည် သခင်ယေရှုကိုယုံကြည်သူများဖြစ်သည်။ သူတို့သည် မိမိတို့အရည်အချင်းအတိုင်း ငွေခွက်များကိုအပ်နှံခြင်းခံရသည်။ အခွက်ငါးဆယ်နှင့် နှစ်ဆယ်ရသောသူများသည်၊ သခင်၏ဥစ္စာကို တိုးပွားအောင်လုပ်ကြသောကြောင့် သခင်က၊ သာဓု၊ သစ္စာရှိသောငယ်သားကောင်း၊ ဟုချီးမွမ်းခြင်းခံသည်သာမက၊ သူ့သခင်နှင့်အတူ စည်းစိမ်ခံစားရသောအခွင့်ကိုပေးသည်။ အနည်းငယ်သောအမှု၌ သစ္စာစောင့်သောကြောင့်၊ များစွာသောအမှုအခွင့်ကို သူတို့၌အပ်ဦးမည်၊ ဟုသခင်ကဆိုသည်။ ကျွန်ုပ်တို့လည်းဤလောကခဏအသက်ရှင်စဉ်တွင်၊ သခင်ဘုရားက များစွာတိုးပွားစေလိုသည်။ ဤလောကမှကောင်းကင်တက်မည့်အရာသည် ဝိညာဉ်များသာလျှင်ဖြစ်သည်။ အခြားသောအရာများသည်၊ အားလုံးပျောက်ပျက်သွားမည့်အရာများဖြစ်သောကြောင့် လိုချင်တောင့်တစရာမရှိချေ။
ထို့ကြောင့်ဘုရားက အပ်နှံသောကယ်တင်ခြင်း သမ္မာတရားအားဖြင့်၊ အခြားသောသူများ ကယ်တင်ခြင်းသို့ရောက်ရန် ပြောပြသင့်သည်။ ဘဏ္ဍာငွေများလည်း ရတတ်သောအခွင့်ပေးလျှင်၊ ပျောက်ဆုံးသောဝိညာဉ်များကယ်တင်ခြင်းလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံသင့်သည်။ လောကသည် ဇိမ်ခံမည့်နေရာနှင့်အချိန်မဟုတ်သေးချေ။ ဘုရားကအစွမ်းအစပေးသည့်အတိုင်း လုပ်ဆောင်ကြပါစို့။
ငွေအခွက်တစ်ဆယ်ရသောသူသည်၊ သူ၏သခင်ကိုအပြစ်တင်ပြီးမှ၊ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားသည်ဟုဆိုသည်။ ယနေ့သင်သည် ဘုရားပေးထားသောအရာများကို မြေ၌ဝှက်ထားပါသလား။ မြေ၌ဝှက်ထားခြင်း ဆိုသည်မှာ၊ ပျက်စီးမည့်အရာအတွက် ငွေသုံးခြင်း၊ အချိန်နှင့်အစွမ်းကိုသုံးခြင်းဖြစ်သည်။ ထိုငယ်သားကိုသခင်က ဆိုးညစ်ပျင်းရိသောငယ်သား၊ ဟုဆိုသည်။ ယနေ့ယုံကြည်သူအများစုသည်၊ ထိုအုပ်စုထဲ၌ပါဝင်နေကြသည်။ မိတ်ဆွေ၊ ဆိုးညစ်ပျင်းရိသောငယ်သားမဖြစ်ချင်ပါနှင့်။ အကျိုးဘာမျှမရှိပါ။ သခင်ခိုင်းသောအရာကို လုပ်ကြရအောင်။ ထိုဆိုးညစ်ပျင်းရိသောငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဘို့ပြောခြင်းအရာမှာ၊ ကယ်တင်ခြင်းနှင့်ရော၍ စဉ်းစားသောအခါရှုပ်ထွေးသွားတတ်သည်။ ထိုငယ်သားသည် သခင်ကိုပင်လျှင်၊ အပြစ်မြင်၍စွတ်စွဲရဲသောကြောင့် သခင်ကိုယုံကြည်အားကိုးသောသူ မဟုတ်ကြောင်းထင်ရှားသည်။
၁၀ မြို့အုပ် ၅ မြို့အုပ် (လုကာ ၁၉:၁၁-၂ရ)
“ထိုအခါယေရှုရှလင်မြို့အနီးသို့ရောက်တော်မူ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် ချက်ခြင်းပေါ်ထွန်းမည်၊ ဟုလူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ ထပ်၍မိန့်တော်မူသောဥပမာကား၊ အမတ်တယောက်သည်မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်၊ ဟုအကြံရှိလျက်ဝေးသောပြည်သို့သွား၏။ မသွားမှီမိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီ အပ်ပေးလျက်ငါပြန်၍မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကိုပြုကြလော့၊ ဟုမှာထားလေ၏။ ပြည်သားအချို့တို့သည် ထိုအမတ်ကိုမနာလို၍၊ ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလိုပါ၊ ဟုတမန်ကို သူ့နောက်သို့စေလွှတ်ကြ၏။ ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးသီးအဘယ်မျှလောက် အမြတ်ရသည်ကိုသိခြင်းငှါ၊ သူတို့ကိုခေါ်ချေဟုအမိန့်တော်ရှိ၏။
ပထမသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသောငွေတပိဿာအားဖြင့် အခွက်တဆယ်အမြတ်ရပါပြီဟုလျှောက်လျှင်၊ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည်အမှုငယ်၌သစ္စာစောင့်လေပြီ၊ မြို့ဆယ်မြို့ကိုအုပ် စိုးလော့၊ ဟုမိန့်တော်မူ၏။ ဒုတိယသူသည်လာ၍သခင်၊ ကိုယ်တော်ပေးသောငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟုလျှောက်လျှင်၊ သခင်က၊ သင်သည်မြို့ငါးမြို့ကိုအုပ်စိုးလော့ဟုမိန့်တော်မူ၏။ ၂၀ အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ ထုတ်ထားသောကိုယ်တော်၏ ငွေတပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည် နှင့်၊ ၂၁ကိုယ် မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊ ၂၂ သခင်က၊ ဆိုးညစ်သော ငယ်သား၊ သင်၏ စကားကို သာလိုက်၍ သင်၏ အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသော သူဖြင်လျက်ကိုယ် မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်သည်ကို သင်သိသည် မှန်လျှင်၊ ၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့ အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊ ၂၄ အခြွေအရံတို့ အား၊ ငွေတပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူ အားပေးကြဟု မိန့်တော်မူ၏။ ၂၅ အခြွေအရံတို့ ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊ ၂၆ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကို ပင်နှုတ်လိမ့်မည်။ ၂၇ ထိုမှတပါးငါ၏ အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။” (လုကာ ၁၉:၁၁-၂ရ)
အထက်ပါ ဥပမာသည် မဿဲ ၂၅:၁၄-၃၀ ထဲမှဥပမာနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ ဤဥပမာ၌ လူတဦး မဟုတ်ဘဲ၊ အမတ်တယောက်သည် မင်းကြီး အရာကို ခံဘို့ မိမိပြည်သို့ ပြန်သွားသည်ဟုဆိုသည်။ ထိုအမတ်သည် သခင်ယေရှု ပင် ဖြစ်သည်။ မိမိပြည်သည် ကောင်းကင် ဖြစ်သည်။ သူသည် လူ့ဇာတိခံခဲ့စဉ်ကဘုရင်အဖြစ် မွေးဘွားခဲ့သော်လည်း၊ သူ၏ လူများ ကလက်မခံသောကြောင့် မိမိပြည်သို့ ပြန်သွား၍၊ ရှင်ဘုရင်အဖြစ် ပြန်လာမှာ ဖြစ်သည်။ ပြည်သား အချို့တို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့ မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်သော သူတို့သည်၊ ဣသရေလ လူများ ဖြစ်သည်။ သူတို့ ကလက်မခံသော လည်း၊ ခရစ်တော်သည် ရှင်ဘုရင် ဖြစ်မှာ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုကို မဆန့်ကျင် ကြဘို့ အရေးကြီးသည်။
အမတ်ကငယ်သား တကျိတ် (ဆယ်ယောက်)ကို ခေါ်၍ ငွေတပိဿစီအပ်ပေးသည်။ ထိုငယ်သား တို့သည် အမြတ်ရရှိဘို့ရန် ပြုလုပ် ကြဘို့ ဖြစ်သည်။ ပဌမ ငယ်သား ကကိုယ်တော် ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ်အမြတ်ရပါပြီဟု လျှောက်လျှင်၊ သခင်က၊ သာဓု၊ ငယ်သား ကောင်း၊ သင်သည် အမှု ငယ်၌ သစ္စာ စောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟုဆိုသည်။ ထိုငယ်သားသည် ခရစ်တော် ရှင်ဘုရင်အဖြစ် ပြန်လာ၍ အနှစ်တစ်ထောင်အုပ်စိုး သောအခါ၊ မြို့ဆယ်မြို့ကို အုပ်စိုးခွင့် ပေးမှာ ဖြစ်သည်။ ထို့နည်းတူ ဒုတိယလူလည်း အမြတ်ငါးပိသာရရှိသောကြောင့် မြို့ငါးမြို့အုပ်စိုးရသော အခွင့်ပေးမှာ ဖြစ်သည်။ ဤအရာအားဖြင့် ယနေ့ ယုံကြည်သူများ၏ လုပ်ဆောင်မှုသည် အချည်းနှီးမ ဖြစ်ကြောင်း၊ အနှစ်တစ်ထောင်ကာလ၌ မြို့အုပ်များ ဖြစ်မှာ ဖြစ်သောကြောင့်၊ ကြိုးစား၍ သခင်ဘုရား အတွက် အလုပ်လုပ်ဘို့ လိုအပ်သည်။ သင်သည် ထိုငယ်သား နှစ်ယောက်ကဲ့သို့ လုပ်ဆောင်သောသူ ဖြစ်ပါသလော။ အခြားသော ငယ်သားသည် အလုပ်မလုပ်ဘဲ၊ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည် နှင့်၊ ကိုယ် မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည် စွပ်စွဲရဲသည်။ ပျင်းရိသော သူများသည် သူတပါးကို အပြစ် တင်တတ်သည်။ ယနေ့ ယုံကြည်သူ အများစုလည်း သခင်ဘုရား ခိုင်းသောအရာ ကို မလုပ်ချင်ဘဲ၊ လုပ်ခိုင်းသော သူတို့ကို အပြစ် မြင်တတ် ကြသည်။ သင်သည် ထိုငယ်သား ကဲ့သို့ဖြစ်နေပါသလား။
ဘုရားသခင်သည် ကြိုးစားသော သူကို သာ၍ ပေးကာ၊ ပျင်းရိသော သူကို ရှိသမျှ ပင် ယူ၍ ရှိသော သူကို ပေးတတ်ကြောင်း သခင်ယေရှု ကပြောသွားသည်။ ယခုခေတ် တွင် ဘုရားနှင့် ဆန့်ကျင် သောကြောင့် ပျင်းရိသော သူကို သနား၍၊ ကြိုးစားသော သူ၏ ဥစ္စာများကို လုယူကာပျင်းရိသော သူများကို ပေးဝေတတ်သည်။ ဆင်းရဲ သူတိုင်းသည် မပေးသင့်ချေ။ ကိုယ်လက်အင်္ါချို့တဲ့သောကြောင့် ဒုက္ခ ိတများကို ကူညီသင့်သော်လည်း၊ ကိုယ်လက်အင်္ါ ပြည့်စုံရက်သားနှင့် ပျင်းရိသော သူများကို မကူညီသင့်ချေ။ ယနေ့ ကမ္ဘာကို ပျက်စေသော သူများသည် ထိုပျင်းရိသော သူများကို သနားသော သူများ ဖြစ်သည်။ ထိုသူများက၊ လူ့အခွင့်အရေးဟူ၍ ၎င်း၊ လူမှု အဆင့်အတန်းခွဲခြားသည် ဟူ၍ ၎င်း၊ အမျိုးမျိုး နာမည်ပေး၍ အပြစ် မြင် ကြသည်။ ချမ်းသာသော သူများ ကဖိနှိပ်မှု များကိုမူတိုက်ဖျက်ရမှာ ဖြစ်သည်။ အနှစ်တစ်ထောင်ကာလ တွင်၊ ခရစ်တော်နှင့်အတူ မြို့ရွာများကို အုပ်ချုပ်သောသူ ဖြစ်ဘို့၊ ယခု ချီဆောင်ခြင်း မတိုင်မှီသခင်ဘုရား၏ စကား နားထောင်ပြီး သူခိုင်းသော အလုပ်ကို လုပ်ကြပါစို့။