Periodical: Good News, January 2019

Home  >   Periodicals > January 2019

gn012019

JANUARY 2019

GOOD NEWS PERIODICAL

.

မာတိကာ

  • နှစ်သစ်ဆုံးဖြတ်ချက်
  • အဘယ်ကြောင့်လူတိုင်း၌ ပြသနာ ရှိကြသနည်း
  • ၀မ်းမြောက်ခြင်း
  • ခေတ်ကာလ
  • အိမ်ထောင်မိသားစု
  • ဘုရားကျောင်းသစ်ဖွင့်ပွဲ
  • အမှာစာ

    နှစ်သစ်ထဲသို့ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရောက်သွားကြပြီ။ နှစ်ဟောင်း၌ ကောင်းကြီးခံစား ခဲ့သူများရှိကြ သကဲ့သို့ အမင်္ဂလာနှင့် အသက် ရှင်ခဲ့ သူများလည်းရှိကြပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ နှစ်ဟောင်းကို တမ်းတ၍ လည်း မရတော့ချေ။ နှစ်သစ်လာသည်နှင့်အမျှ လူတိုင်း၏ သက်တမ်းလည်း တိုးလာသည်။ ငယ်ရွယ်စဉ်တွင် အသက် ကြီး ချင် တတ်ကြသော်လည်း အသက် ကြီး လာသောအခါ ပြန်ပြီး ငယ်ရွယ်ချင် တတ်ကြသည်။ လူသည် ငယ်ရွယ်သည် ဖြစ်စေကြီးရင့်သည် ဖြစ်စေဤအရာကို မှတ်ထားသင့်သည်၊ "လူမျိုးရှိသမျှသည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှ သည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ၇ ထာ၀ရ ဘုရား၏ လေတိုက် သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့် သည်လည်း ကြွေတတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင် ဖြစ်ကြ၏။ ၈ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာ၀ရ ဘုရား၏ နှုတ်ကပတ်တရားမှုကား၊ ကာလ အစဥ်အမြဲတည်၏ဟုဆိုသတည်း။" (ဟေရှာယ ၄၀:၆-၈)။ လူသည် မြက်ပင်ကဲ့သို့ဖြစ်၍ ခဏသာလျှင် အသက် ရှင်သည်။ လူ၏ ဘုန်း တည်းဟူသောချမ်းသာခြင်း၊ လှပခြင်း၊ နာမည်ကျော် ကြားခြင်း၊ အာဏာရှိခြင်း၊ အားလုံးတို့သည် မြက်ပွင့်ကဲ့သို့ဖြစ်၍ ထိုအရာများသည် အသက် မသေမှီ ကုန်ဆုံးသွားတတ်သည်။ ထို့ကြောင့် ထိုအရာများ၌ မှီခိုခြင်း၊ ဝါကြွားခြင်း၊ စိတ်ချခြင်း မရှိသင့်ချေ။ ထာ၀ရ တည်မြဲသော ဘုရားသခင်နှင့် သူ၏ နှုတ်တော် ထွက်စကား၌ သာမှီခိုအား ထားသင့်သည်။ ထာ၀ရ တည်မည့် အရာများကို လုပ်သင့်သည်။ ထာ၀ရ တည်မည့် အရာများသည် ၀ိညာဥ်ရေးရာသာလျှင် ဖြစ်သည်။ ယခုမှစ၍ ထာ၀ရ ဘုရားနှင့် သူ၏ နှုတ်ကပတ်တော်ကို မှီခိုအား ထားကြပါစို့။

    .

    နှစ်သစ်ဆုံးဖြတ်ချက်

    နှစ်သစ်ကူးလာသောအခါ Happy New Year ဟု တယောက်နှင့် တယေက်နှုတ်ဆက်တတ် ကြသည်။ အမှန်တကယ် ပင် ၀မ်းမြောက်စရာ နှစ်သစ်လော။ အချို့ သူများအတွက် နှစ်ဟောင်း၌ ကိုယ်ချစ်သူနှင့် ခွဲခွါသောကြောင့်၊ ၀မ်းနည်စရာ နှစ်သစ် ဖြစ်နိုင်သည်။ အချို့သော သူများအတွက် မျှော်လင့်ချက်အပြည့်နှင့် မင်္ဂလာရှိသော နှစ်သစ်လည်း ဖြစ်နိုင်သည်။ လူသည် မိမိအသက်ကို လုံး၀မပိုင်ပါ။ ထို့ကြောင့် ဘုရားသခင်ကို အားကိုး ခိုလှုံဘို့ လိုသည်။ ဘုရား၏ လမ်းပြခြင်း၊ အလိုတော်ကို ဆောင်ခြင်း၊ မျက်နှာတော်ကို ရှာခြင်း လိုအပ်သည်။ များစွာသော လူများသည် နှစ်သစ်၌ အကျင့်ဆိုးများကို ထားခဲ့၍ အသက်တာ သန့်ရှင်းအောင် နေမည်၊ စီမံကိန်းများ ချမှတ်၍ အောင်မြင်အောင် ကြိုးစား မည်ဟု သန္ဓိဌန်ချတတ် ကြသည်။ သို့သော် များမကြာမှီ အကျင့်ဆိုးများကို ပြန်လုပ်၍ ပို၍ ဆိုးသွားသော သူများစွာ တွေ့မြင်နေရသည်။ အချို့သော သူများသည် ရည်ရွယ်ထားသည့်အတိုင်း အောင်မြင်၍ အသက်တာ တိုးတက်လာသော သူများလည်းရှိကြသည်။ သို့သော် ဘုရား၏ အလိုတော်ကို မဆောင်လျှင် လူ့အမြင်၌ မည်မျှပင် အောင်မြင် ပါစေ၊ ထာ၀ရ ကာလ၌ အကျိုးမရှိနိုင်ချေ။ လောကပိုင်း၌ ချမ်းသာ ကြွယ်၀လာ၍ ၊ ဘွဲ့ထူး ဂုဏ်ထူးများ ရရှိကာ ၊ ရာထူးအာဏာများ ရရှိသော်လည်း၊ ထာ၀ရကာလ မှကြည့်လျှင် အကျိုးမရှိ ဖြစ်နိုင်သည်။ အကြောင်းမှာ လောကပိုင်းအောင်မြင် သောအခါ၊ ၀ိညာဥ်ပိုင်း၊ ထာ၀ရကာလ ပိုင်းကို စိတ်မ၀င်စားတတ်သောကြောင့် ဖြစ်သည်။ လောကပိုင်းအောင်မြင် သည်နှင့်အမျှ ၊ ၀ိညာဉ်ပိုင်းလည်း မျှော်လင့်ချက်ထား၍ လုပ်ဆောင်ပါက အလွန် အကျိုးရှိနိုင်သည်။ သင်၏ နှစ်သစ်ဆုံးဖြတ်ချက်သည်၊ မရေရာသော ဇာတိပိုင်းဆိုင်ရာအတွက် သာ ဖြစ်သလော၊ ထာ၀ရ ကလနှင့် အမျှတည်တန့်သော ၀ိညာဉ်ပိုင်းဆိုင်ရာ ဖြစ်သလော။ ရှောလမုန်မင်းကြီးသည်လောက၌ သူ့ခေတ်တွင် ထိပ်ဆုံးအထိ ရောက်ခဲ့သည်။ သူလိုချင် သမျှ ရရှိခဲ့သည်။ သို့သော် အဆုံး၌ ဤသို့ ရေးထားသည်၊ "နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ၊ ၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏၊ ၊ " (ဒေ ၁:၁၄)။ တဖန်၊ "ရှေး ဖြစ်ဘူးသော အမှုအရာ တို့ကို မေ့လျော့ တတ်၏။ နောက်၌ ဖြစ်လတံ့သော အမှုအရာ တို့ကိုလည်း ၊ ထိုအမှု အရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျောကြလိမ့်မည်။" (ဒေ ၁:၁၁) ဟုဆိုသည်။ ထိုသို့ဖြစ်ခြင်းသည် မတည်မြဲသော လူ့အသက်တာ၊ အမြင်နှင့် လုပ်သောကြောင့် ဖြစ်သည်။ ထာ၀ရကာလ အတွက်၊ ၀ိညာဉ်အတွက် လုပ်ပါက ထာ၀ရ တည်တန့်မှာ ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်နှစ်သစ်၌ သင်လည်း ထာ၀ရ တည်တန့်မည့် အရာများကို သာဦးစားပေးကြံစည်လုပ်ဆောင်ဘို့ တိုက်တွန်းလိုပါသည်။ ထာ၀ရ တည်မည့် အရာသည် ၀ိညာဉ်ပိုင်းအရာများ သာလျှင် ဖြစ်သည်။ ထို့ကြောင့် သင်သည် ထာ၀ရအသက် မရှိသေးလျှင်ကိုယ်ခန္ဓာအသက် မကုန်ဆုံးမှီထာ၀ရ အသက် ရရှိဘို့ ဆုံးဖြတ်စေချင်သည်။ ထာ၀ရအသက်သည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော် ရရှိသော သူသည် ထာ၀ရအသက် ကို ရရှိသည် (၁ ယော ၅:၁၁-၁၂)။ ထာ၀ရအသက် မရပါက ၊ ထာ၀ရ သေခြင်း တည်းဟူသောငရဲမီးအိုင် ထဲဆင်းဘို့ လိုပါလိမ့်မည်။ မိတ်ဆွေ၊ ငရဲမီးအိုင်သည် တကယ် ရှိသည်။ ထိုနေရာရောက်ပြီးမှပြန်လမ်းမရှိသောကြောင့် ယခုအသက် မကုန်ဆုံးမှီထာ၀ရ အသက် ရရှိဘို့ လိုသည်။ ထာ၀ရအသက် ရရှိပြီး သူများ အနေဖြင့် ဘုရားသခင် အလိုတော် ဆောင်ဘို့ ဆုံးဖြတ်ချက် ချစေချင်သည်။ အကြောင်းမှာ ဘုရား အလိုတော် ဆောင်ခြင်းဖြင့် ဘုရား၏ စိတ်တော်နှင့် တွေ့၍ ကောင်းကြီး မင်္ဂလာ ဖြစ်သည်။ ဘုရား၏ အလိုတော် မှာပျောက်ဆုံးသော ၀ိညာဉ်များ ကယ်တင်ခြင်းသို့ ပို့ဆောင်ခြင်း ဖြစ်သည်။ ထိုအရာလုပ် သူများသည် ထာ၀ရ ကောင်းကြီးခံစား မည့် အကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ "ပညာရှိသော သူတို့သည် လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများ တို့ကို ​ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသော သူတို့သည် လည်း၊ ကြယ်များ ကဲ့သို့၎င်းအစဉ်အမြဲထွန်းလင်းကြလိမ့်မည်။" (ဒံယေလ ၁၂:၃)။ လူများကို ဘုရားနှင့် မိတ်ဆက်ခြင်း၊ ကယ်တင်ခြင်း အကြောင်း ပြောပြခြင်းသည် ထာ၀ရ ကာလ၌ ကြယ်များ ကဲ့သို့ ထွန်းလင်းမှာ ဖြစ်သောကြောင့် သင်၏ လုပ်ဆောင်မှု၊ အချိန် ပေးမှု၊ ဘဏ္ဍာစွမ်းအား အသုံးပြုသမျှ တို့သည် ဘုရား အလိုတော် အတွက် ဖြစ်စေပါ။ ဘုရားရှင်ကသင်၏ ဥာဏ်မျက်စိလင်းစေ တော်မူ ပါစေသော်။

    .

    အဘယ်ကြောင့်လူတိုင်း၌ ပြသနာ ရှိကြသနည်း

    လူတိုင်း လူတိုင်း၌ ပြသနာ အနည်းနှင့် အများရှိကြသည်။ ကျန်းမာရေး ပြသနာ၊ ငွေရေးကျေးရေး ပြသနာ၊ လင်မယား ပြသနာ၊ သားသမီး ပြသနာ၊ အလုပ် ပြသနာ၊ နှလုံးသားရေးရာ ပြသနာ၊ စသည်ဖြင့် ခလေး မှစ၍ သေမည့် ဆဲဆဲအဘိုးကြီး အဘွားကြီးများတိုင်အောင် ပြသနာ ရှိကြသည်။ သင်သည်လည်း ပြသနာ ရှိပါလိမ့်မည်။ ထိုပြသနာ များသည် ရောဂါကဲ့သို့ဖြစ်၍ ခံနိုင်ရည်ရှိလျှင် အရေးမကြီးသော်လည်း၊ ခံနိုင်ရည်မရှိတော့ သောအခါ ဘ၀ တခုလုံးပျက်ဆီး သွားတတ်သည်။ ထိုပြသနာ များကို ကိုယ့်နည်းဖြင့် ရောဂါကု သကဲ့သို့ ​ ဖြေရှင်း တတ်ကြသည်။ ကိုယ်တိုင်မ​ဖြေရှင်း နိုင်လျှင် သူတပါးအကူအညီတောင်းတတ် ကြသည်။ ရောဂါအရင်သိမှ ဆေးကုသ၍ ရသကဲ့သို့ ပြသနာ၏ အရင်းအမြစ်ကို သိမှ ​ ဖြေရှင်း နိုင်ပေမည်။ ထို့ကြောင့် ပြသနာ အားလုံး၏ အစကို သိဘို့ လိုသည်။

    လူသည် ပြသနာနှင့် မွေးဘွားသည်

    ပြသနာ၏ အစသည် မျိုးရိုးကြောင့် ဖြစ်သည်။ ကျမ်းစာက၊ "မီးပွားတို့သည် အထက်သို့ ပျံတတ်သည် နည်းတူ၊ လူသည် ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏၊ ၊ " (ယောဘ ၅:ရ) ဟုဆိုသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်သနည်း။ အကြောင်းမှာ လူသည် အပြစ်သား (ရော ၅:၁၂)၊ စာတန်သား (ယော ၈:၄၄)၊ ဘုရား၏ ရန်သူ (ရော ၅:၁၀)နှင့် မွေးဘွားသောကြောင့် ဖြစ်သည်။ မွေးစကပင်အပြစ် ပါလျက် ရှိပါ၏ (ဆာ ၅၁:၅)။ ထို့ကြောင့် ဒုက္ခ ပြသနာ ရှိခြင်းသည် အဆန်း မဟုတ်၊ ရှိရမည့် အရာ ဖြစ်သည်။ ထိုအရာကို မသိသော သူများ အနေဖြင့် ဒုက္ခ ပြသနာ ကြံု သောအခါ အဘယ်ကြောင့် ဖြစ်သနည်းဟု အံ့ဩ တတ်ကြသည်။ အံ့ဩစရာ မရှိ၊ ဖြစ်သင့်သောအရာ ဖြစ်သည်။

    စာတန် အုပ်စိုးသောလောက
    သည် အပြစ်သားအားဖြင့် မွေးဘွားသည် သာမက၊ စာတန် အုပ်စိုးသောလောက၌ ကျင်လည်သောကြောင့် ဒုက္ခ ပြသနာများကြုံတွေ့နေရခြင်း ဖြစ်သည်။ စာတန်သည် ဘုရားနှင့် လူ၏ ရန်သူ ဖြစ်သည်။ သူ၌ ကောင်းကွက် တခုမျှမရှိ၊ ဘုရားသခင်ကို တိုက်ဘို့နှင့် လူကို ဖျက်စီးဘို့သည် သူ၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။ ခရစ်တော်က၊ "သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါ သာလာတတ်၏။" ဟုဆိုသည် (ယော ၁၀:၁၀)။ စာတန်သည် သူခိုး ဖြစ်၍ လူကို သတ်ခြင်း၊ ဖျက်စီးခြင်းငှါ သာလာသည်။ လူသည် စာတန် လက်ထဲမှာရှိကြသောကြောင့် ပြသနာ မျိုးစုံရင်ဆိုင်ကြခြင်း ဖြစ်သည်။

    ငါ့သဘောနှင့် နေချင်သောကြောင့်

    လူသည် ဘ၀ကို ဘုရား တည်ဆောက်ခွင့်မပေးဘဲကိုယ်တိုင်တည်ဆောက်သောကြောင့် ပြသနာ ရှိရခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က၊ သင့်ကို ငါသွန်သင်မည်၊ ၊ သင်သွားရမည်လမ်းကို ပြတော်မူ မည်၊ ၊ သင့်ကို ကြည့်ရှုပြုစုမည်၊ ၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊ ၊ (ဆာ ၃၂:၈) ဟုဆိုရခြင်း ဖြစ်သည်။ လူသည် ဘုရားသခင်က မတည်ဆောက်လျှင် ကျိန်ခြင်း ခံရကြောင်း ဤသို့ သတိပေးထားသည်၊ "ထာ၀ရ ဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုး စား၍ လူသတ္တ၀ါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာ၀ရ ဘုရား ထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူ ဖြစ်၏။ ၆ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက်ကဲ့သို့ဖြစ်၍ ၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူ မျှမနေသော ဆားမြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။" (ယေရမိ ၁ရ:၅-၆)။ သင်သည် သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ ယုံကြည် ဖြစ်စေမယုံသည် ဖြစ်စေ၊ ထာ၀ရ ဘုရားကို အမှီမပြုလျှင် ကျိန်ခြင်း ခံသောသူ ဖြစ်သည်။ သို့သော် ဘုရားကို အားကိုးလျှင် မင်္ဂလာရှိသောသူ ဖြစ်မည့် အကြောင်း ဤသို့ ဆက်၍ ဆိုထားသည်၊ "ထာ၀ရ ဘုရားကို ကိုး စားသောသူ၊ ထာ၀ရ ဘုရားကို မိမိကိုး စားရာအကြောင်း ဖြစ်စေသော သူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူ ဖြစ်၏။ ၈ ထိုသူသည်ကား၊ ရေရှိသော အရပ်၌ စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာ မရှိဘဲ၊ အစဥ်အမြဲအသီးကို သီးတတ်သော အပင်နှင့် တူ၏။ (ယေရမိ ၁ရ:၅-၆)။ ထို့ကြောင့် မင်္ဂလာရှိခြင်းနှင့် အမင်္ဂလာရှိခြင်း၊ အောင်မြင်ခြင်းနှင့် ကျဆုံးခြင်းသည် သင်၏ ရွေးချယ်မှု အပေါ်၌ မူတည်နေသည်။ အောင်မြင် ချင်၊ မင်္ဂလာရှိချင်လျှင် ထာ၀ရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့အားကိုးပါ။အချိန် တန်လာလျှင် အသီးအပွင့်တွေ့မှာသေချာနေပါသည်။

    .

    ၀မ်းမြောက်ခြင်း

    ယုံကြည်သူများသည် အဘယ်ကြောင့်၀မ်းနည်းခြင်း ကြံုတွေ့ရကြသနည်း။ အကြောင်းမှာ၊ မှားယွင်းသောအရာ ၌ ၀မ်းမြောက်တတ်ကြသောကြောင့် ဖြစ်သည်။ လူသည်လောက အရာ၌ ၀မ်းမြောက်တတ် ကြသည်။ ချစ်သူကြောင့်၊ စာမေးပွဲအောင် သောကြောင့်၊ အလုပ်ရသောကြောင့်၊ ငွေရှိသောကြောင့်၊ ကိုယ့်စိတ်တိုင်း ကျအ​ခြေအနေကောင်းသောကြောင့် စသည် ဖြင့်လောက အရာများ ပေါ်၌ ၀မ်းမြောက်တတ် ကြသည်။ ထိုလောက အရာများသည် ပြောင်းလဲနိုင်၊ ပျောက်ပျက်နိုင်သည်။ ထိုသို့ ပြောင်းလဲပျောက်ပျက် သောအခါ ၀မ်းမြောက်မှု မရှိတော့ဘဲ၊ စိုးရိမ်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ဆိုးခြင်းများကအစားထိုး လာတတ်သည်။ ထိုသို့ဖြစ်ရခြင်းသည်ဟုတ်မှန်သော နေရာ၌ ၀မ်းမြောက်ခြင်း မရှိသောကြောင့် ဖြစ်သည်။

    ယေရှု၌၀မ်းမြောက်
    ယုံကြည်သူများသည် အထက်၌ ဖေါ်ပြခဲ့သော၊ လူနှင့် လောက အပေါ်၌ ၀မ်းမြောက်ခြင်း မဟုတ်ဘဲ သခင်ယေရှုခရစ်၌ ၀မ်းမြောက်မည့် အကြောင်းရှင်ပေါလုကဤသို့ ရေးခဲ့သည်၊ "သခင်ဘုရား၌ အစဉ်မပြတ် ၀မ်းမြောက်ခြင်းရှိကြလော့။ တဖန် ငါဆိုသည်ကား၊ ၀မ်းမြောက်ကြလော့။" (ဖိလိ ၄:၄၊ ၃:၁)။ သခင်ဘုရား၌ အဘယ်ကဲ့သို့ ၀မ်းမြောက်မည်နည်း။ ထိုအရာကို ဥပမာနှင့် ပြောမှသာသိနိုင်ပေမည်။ လူပျိုတယောက်သည် သူအလွန် ချစ်သော ရီးစားရှိနေလျှင် မည်သည့်နေရာတွင် မဆို ၀မ်းမြောက်နေမှာ ဖြစ်သည်။ လူမနေသော တော၌ ဖြစ်စေ၊ လူများစွာ ရှိသော နေရာ၌ ဖြစ်စေ၊ သူ့ရီးစားရှိနေလျှင် ၀မ်းမြောက်နေမှာ ဖြစ်သည်။ သို့သော် ၊ သူ့ချစ်သူမရှိသော နေရာ၌ လုံး၀မပျော်နိုင်၊ မနေနိုင်ချေ။ အကြောင်းမှာ သူ့ချစ်သူသည် သူ၏ ၀မ်းမြောက်စရာ ဖြစ်စေသူ ဖြစ်သည်။ ထို့နည်းတူ ယုံကြည်သူများလည်း ခရစ်တော် ရှိသော နေရာတိုင်း၌ ၀မ်းမြောက်နိုင်သည်။ ယခုမူ ခရစ်ယာန် အများစုသည် အဘယ်ကြောင့် ၀မ်းမမြောက်နိုင်သနည်းဟူမူကား ခရစ်တော်ကို မချစ်၊ တန်ဘိုး မထားသောကြောင့် ဖြစ်သည်။ ခရစ်တော်ထက် သူပေးသော ကောင်းကြီး၌ ၀မ်းမြောက်တတ်သည်။ ဘုရားကျောင်း၌လည်း ခရစ်တော်ထက် လူများနှင့် ပေါင်းဖေါ်ခြင်း၊ ဆက်ဆံခြင်း၌ ၀မ်းမြောက်နေတတ် ကြသည်။ ရှင်ပေါလုသည် ခရစ်တော်၌ ၀မ်းမြောက်သောကြောင့် ဖိလိလ္လိမြို့ထောင်ထဲ၌ သန်းခေါင်အချိန်တွင် ဤကဲ့သို့ ချီးမွမ်းခဲသည်၊ "သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။" (တ ၁၆:၂၅)

    ခရစ်တော်ကိုယ်တိုင်ဤသို့ ဆုတောင်း ခဲ့သည်၊ "ယခုတွင် အ​ကျွန်ုပ်သည်ကိုယ်တော် ထံသို့ သွားရမည် ဖြစ်၍ ၊ ဤသူတို့သည် အ​ကျွန်ုပ်ကို အမှီပြုသဖြင့် ၀မ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အ​ကျွန်ုပ်ပြောပါ၏။" (ယော ၁ရ:၁၃)။ အဘယ်ကြောင့်ယုံကြည်သူများသည် ခရစ်တော်ကို အမှီပြု၍ ၀မ်းမြောက်ရမည်နည်း။ အကြောင်းမှာ ခရစ်တော်သည် ယုံကြည်သူများ၏ အသက်ဖြစ်သည် (ယော ၁၄:၆)။ ခရစ်တော်သည် ငြိမ်သက်ခြင်း၏ အရှင်လည်း ဖြစ်သည် (ဟေရှာယ ၉:၆)။ ထို့ကြောင့် သူကိုယ်တိုင်က ၊ "ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။" (ယော ၁၄:၂ရ) ဟုဆိုခဲ့သည်။ သူသည် ကျေးဇူးတော် အပေါင်း၏ အချုပ်လည်း ဖြစ်သည်။ ယောဟန်က၊ "ထိုသူ၏ ပြည့်စုံခြင်း မှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ ရှိသမျှသည် ခံရကြပြီ။" (ယော ၁:၁၆)ဟု ရေးထားသည်။ သူသည် ဧမာနွေလဘုရား ဖြစ်၍ (မ ၁:၂၃) အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ ထို့ကြောင့် ပြသနာ၊ ပတ်၀န်းကျင်၊ အ​ခြေအနေပေါ်မှာ အသက် မရှင်၊ အားမကိုး၊ ခံစားချက်မထားဘဲ ခရစ်တော်၌ မှီတည်လျှင် အစဥ် ၀မ်းမြောက်နိုင်ပေမည်။ ယေရှုခရစ်သည် မပြောင်းမလဲရှိသောကြောင့်၊ သူ၌ တည်လျှင် ကျွန်ုပ်တို့လည်း အစဉ် ၀မ်းမြောက်လာနိုင်ကြလိမ့်မည်။

    .

    ခေတ်ကာလ

    ခေတ်ကာလ များကို မျက်​ခြေမပျက်ကြည့်ရှုဆင်ခြင်၍ အသင့်ပြင်ထားဘို့ လိုကြောင်း ဖေါ်ပြလိုသည်။ သခင်ယေရှုက၊ "နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသား လက်ထက်၌ ဖြစ်လိမ့်မည်။ ၂၇ နောဧသည် သင်္ဘောထဲသို့ ၀င်၍ ၊ ရေလွှမ်းမိုးခြင်း ဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေကြ၏။ ၂၈ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်း၀ယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ ၂၉လောတသည်သော ဒံုမြို့မှ ထွက်သော နေ့၌ ကောင်းကင် မှကန့်နှင့် ရောသော မီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း၊ ၃၀ လူသား ပေါ်ထွန်းသော နေ့၌ ဖြစ်လိမ့်မည်။" (လု ၁ရ:၂၆-၂၉) ဟုဆိုခဲ့သည်။ ရှင်ပေါလုက၊ "ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊ ၁၂ ညဥ့်အချိန် ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှနိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍ ၊ အလင်း၏ လက်နက်စုံကို ၀တ်ဆင် ဆောင်ရွက်ကြကုန်အံ့။" (ရော ၁၃:၁၁-၁၂)ဟု နိုးဆော်ခဲ့သည်။ တဖန်၊ "ငြိမ်၀ပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟုဆိုစဥ်တွင်၊ ကိုယ်၀န်ဆောင်သော မိန်းမ၌ သားဘွားခြင်း ​ေ၀ဒနာရောက် သကဲ့သို့၊ သူတို့ အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။" (၁ သက် ၅:၃)ဟု ရေးသည်။ သို့ဖြစ်၍ ယခုအခါ သခင်ဘုရား ကြွလာမည့် အချိန်သည် မည်မျှနီးနေပြီနည်း။

    ပရောဖက် ယေဇကျေလဟောခဲ့သော၊ ဂေါဂမာဂေါဂစစ် ဖြစ်ဘို့ရန်သည် အလွန် နီးနေပြီ ဖြစ်သည်။ ထိုစစ်ပွဲ၌ ရုရှား ဦးဆောင်၍ ၊ တူရကီ၊ အီရန်၊ လစ်ဗျားနှင့် ဆူဒန်နိုင်ငံများ ကအစ္စရေးနိုင်ငံကို တိုက်ခိုက် ကြမှာ ဖြစ်သည် (ယေဇ ၃၈-၃၉)။ ထိုစစ်ပွဲသည် ၁၉၄၈ ခုနှစ်မတိုင်မှီတွင် လုံးမ ဖြစ်နိုင်သောအရာ ဖြစ်သည်။ အကြောင်းမှာ ထိုနှစ်မတိုင်မှီတွင် တိုက်စရာ အစ္စရေးနိုင်ငံမရှိခဲ့ချေ။ ၁၉ ရ၉ ခုနှစ်မတိုင်မှီတွင်လည်း အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ မိတ်ဆွေ နိုင်ငံ ဖြစ်သောကြောင့် လုံး၀မ ဖြစ်နိုင်ချေ။ သို့သော် ထိုနှစ်မှစ၍ ယခုတိုင်အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ ရန်သူအကြီး ဆုံး ဖြစ်၍ ၊ အစ္စရေးနိုင်ငံ​ခြေမှုန်းရေးသည် အဓိကရည်ရွယ်ချက် ဖြစ်နေပြီ။ တူရကီနိုင်ငံလည်း၂၀၀၉ ခုနှစ်မတိုင်မှီအထိ အစ္စရေးနှင့် နှစ်စဥ်ပိုးတဲွစစ်လေ့ကျင့်ရေးလုပ်တတ်သော်လည်း ထိုနှစ်မှစ၍ ရန်သူနိုင်ငံ ဖြစ်လာသည်။ ယခုအခါ ဆီးရီးယားပြည်တွင်း စစ်ကြောင့်ရုရှား၊ အီရန်၊ တူရကီနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ၌ လက်တဲွ၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများလုပ် နေကြပြီ။ ဆီးရီးယားအစိုးရသည် အာဏာမရှိတော့ဘဲ ရုရှားနှင့် အီရန်၏ တပည့် ဖြစ်သွားပြီ။ ယခုသမတထမ်းကအမေရိကန်စစ်သားများဆီးရီးယားနိုင်ငံမှရုပ်သိမ်းမည်ဟု ကျေညာလိုက် သောအခါ၊ ရုရှား၊ အီရန်၊ တူရကီနိုင်ငံများအတွက် လွတ်လပ်စွာ စည်းလုံး၍ အစ္စရေးနိုင်ငံတိုက်ဘို့ရန် အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်။ ထိုသုံးနိုင်ငံသည် ယခင်၌ လုံး၀ပေါင်း၍ မရသော နိုင်ငံများ ဖြစ်ခဲ့သော်လည်း ဘုရားသခင်က ကျမ်းစာအားဖြင့် ဟောပြောသည့်အတိုင်း စည်းလုံးညီညွတ်နေပြီ ဖြစ်သည်။ ကျမ်းစာ အရဂေါဂမာဂေါဂစစ်ပွဲ၌ အမေရိကန်နှင့် အခြားနိုင်ငံများ ကအစ္စရေးနိုင်ငံကို ကူညီခြင်းရှိမည် မဟုတ်ကြောင်း ဤသို့ ရေးထားသည်၊ "ရှေဘပြည် သား၊ ဒေဒန်ပြည် သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျို အပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှါ လာသလော၊ သူ့ဥစ္စာကို ​ဝေငှ၍ ရွှေငွေကို၎င်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကို၎င်း၊ သိမ်းသွားလျက် များစွာ လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စု​ေ၀:စေပြီလောဟု မေးမြန်းကြလိမ့်မည်။" (ယေဇ ၃၈:၁၃)။

    ရှေဘပြည်သားနှင့် ဒေဒန်ပြည် သားသည် ဆော်ဒီအရဗျားနိုင်ငံ ဖြစ်သည်ဟု သိရသည်။ တာရှုကုန်သည်သည် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုကို ဆိုလိုသည်ဟုဆို ကြသည်။ ခြင်္သေ့ပျိုသည် အင်္လန်နိုင်ငံ ဖြစ်နိုင်သည်။ မည်သည် နိုင်ငံများ ပင် ဖြစ်စေ၊ ရုရှား ဦးဆောင်သော နိုင်ငံများ ကအစ္စရေးကို တိုက် သောအခါ၊ အနောက်အုပ်စုနှင့် အာရပ်နိုင်ငံများ ကမကူညီဘဲ ကန့်ကွက်ခြင်းကို သာလျှင် ပြုကြမှာ ဖြစ်သည်။ အမေရိကန်ပြည် ထောင်စု၏ နိုင်ငံရေးအ​ခြေအနေလည်း မကောင်းချေ။ ရီပါပလီကင်ပါတီနှင့် ဒီမိုခရေးတိတ်ပါတီတို့သည် ခံယူချက်နှင့် ရည်ရွယ်ချက်လုံး၀ဆန့်ကျင် ဘက် ဖြစ်နေသည်။ ရီပါလလီကင်ပါတီနှင့် သမတထမ်းကနိုင်ငံကောင်းစားရေးနှင့် လူ၀င်မှု တားဆီး ကာပြည်တွင်း တိုးတက်လုံခြုံဘို့ ကြိုး နေကြသည်။ ဒီမိုခရေးတိတ်ပါတီ၀င်များ ကနိုင်ငံခြားမှလူမျိုးခြားများကို တံခါးမရှိဓါးမရှိ ၀င်ရောက်ကာကမ္ဘာ့ နိုင်ငံထူထောင်လို ကြသည်။ ဒီမိုခရေတိတ်ပါတီဘက်တွင်၊ မီဒီယာများ၊ နာမည်ကျော် မင်းသား မင်းသမီးများ၊ ဘီလီယံနာသူဌေးများ၊ ယောက်ျားရှာမိန်းမရှာများ၊ လူမဲနှင့် လူနည်းစုများ၊ ဘုရားတရား မရှိသူများ ပါ၀င် ကြသည်။ အမေရိကန်မြို့ကြီး တိုင်းသည် ဒီမိုခရေးတိတ်များ ကကြီးစိုး နေကြသောကြောင့် တရားမ၀င်နိုင်ငံခြားသား များကို ကာကွယ်ကာခိုလှုံခွင့်ပေး ကြသည်။ သူတို့သည် အစိုးရကြီးမား၍ လူတိုင်း အစိုးရကကူညီစေချင်သည်။ ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုနှင့် လေထုညစ်ညမ်းခြင်း ထိန်းသိမ်းရေးများ ဦးစားပေးခြင်းကြောင့်၊ ကျောက်မီးသွေးနှင့် ရေနံထုတ်လုပ်ခြင်း များကို ဆန့်ကျင်ကန့်ကွက် ပိတ်ဆို့ ကြသည်။ ထာ၀ရ ဘုရားကို ကိုးကွယ်သော ခရစ်ယာန် ဘာသာကိုလည်း ဆန့်ကျင် ကြ၍ ၊ အခြားဘာသာများကို အားပေးကြသည်။ ထို့ကြောင့် နိုင်ငံအ​ခြေအနေသည် တနေ့တခြား ယိုယွင်းဆုတ်ယုတ်နေသည်။ သမတထမ်းကိုလည်း ရွေးကောက်ခံချိန်မှစ၍ ယခုတိုင်နှစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ဆန့်ကျင် ကာ၊ သမတ ရာထူးမှဖြုတ်ချဘို့ သာလျှင် ကြိုးစား နေကြသည်။ ယခုလည်း သမတထမ်းက မက်စကိုနိုင်ငံ နယ်စပ်တလျှောက်လုံး ခြံစည်းရိုးခတ်လို၍ အစိုးရ၌ ငွေတောင်းထားသည်။ သို့သော် အောက်လွှတ်တော်ကို ကြီး စိုးသော ဒီမိုခရေးတိတ်ပါတီ၀င်များက သဘောမတူ၊ မပေးလိုကြချေ။ ထို့ကြောင့် သမတကအစိုးရရုံးအချို့ပိတ်ထားကာ အမှုထမ်းများ အလုပ်လက်မဲ့ ဖြစ်နေကြသည်။ သမတထမ်းကလည်း စစ်တပ်မှ ခြံစည်းရိုးခတ်မည်ဟု ပြောဆို နေသည်။

    ကမ္ဘာ့ နိုင်ငံများက အမေရိကန်မှာ သူတို့၏ ကုန်များကို လွတ်လပ်စွာ ရောင်းချခဲ့ ကြသည်။ သမတထမ်းကနိုင်ငံခြားသွင်းကုန်များ အပေါ်အခွန်ကောက်လိုက် သောအခါ အခြားနိုင်ငံများ မကျေမနပ် ဖြစ်ကြသည်။ အထူးသဖြင့် တရုပ်ပြည် စီးပွားရေးလည်း ထိခိုက်လာသည်။ ယခင်ကနိုင်ငံတိုင်း ကရောင်း၀ယ်ရေးအတွက် အမေရိကန်ဒေါ်လာကို အသုံးပြု ကြသည်။ ယခုအမေရိကန်ဒေါ်လာမသုံးဘဲ မိမိတို့ နိုင်ငံငွေကျေးများကို သုံးစွဲလာကြခြင်းဖြင့် အမေရိကန်စီးပွားရေး ထိခိုက်လာသည်။ လောလောဆယ် အမေရိကန်စီးပွားရေး တက်နေသော်လည်း မကြာမှီကျသွားနိုင်သည်။ ထို့ကြောင့် ဘယ်အရာမဆိုပြော၍ မရ၊ အချိန်မရွေး ပြသနာ ဖြစ်နိုင်သည်။

    ကျမ်းစာ ထဲ၌ ရေးထားသော အစ္စရေးနှင့် နိုင်ငံအများ စာချုပ် ချုပ်ဘို့ရန် လည်းရွေ့ဆိုင်းသွားသည်။ ထိုစာချုပ်ကို သမတထမ်းက ဦးဆောင်ရေးဆွဲထား၍ Deal of the Century ဟု နာမည်ပေးထားသည်။ အစ္စရေးရွေးကောက်ပွဲကို ဧပြီလတွင် ကျင်းပမှာ ဖြစ်သောကြောင့် ရွှေ့ဆိုင်းရခြင်း ဖြစ်သည်။ ထိုစာချုပ် ချုပ် ဖြစ်ပါက ယေရုရှလင် ဗိမာန်တော် ကိုလည်း ပြန်လည်ဆောက်ခွင့်ပေးနိုင်သည်။ ထိုဗိမာန်တော် ဆောက်ပါက ဘေးဒဏ်ကြီးကာလ ထဲရောက်ပြီ။ ထို့ကြောင့် ထိုစာချုပ်မချုပ်မှီ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ယခုနှစ်တံပိုးမှုတ်ပွဲသည် စက်တဘ်ာလ ၃၀ ရက်နေ့ ဖြစ်သည်။ ခရစ်တော်သည် တံပိုးမှုတ်ခြင်အားဖြင့် ကြွလာမှာ ဖြစ်သောကြောင့် (၁ ကော ၁၅:၅၄၊ ၁ သက် ၄:၁၄-၁ရ)၊ တံပိုးမှုတ်ချိန်လောက်၌ ခရစ်တော် ကြွလာဘို့ မျှော်လင့်ရခြင်း ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါမည်ဟု သင်ယုံကြည် စိတ်ချပြီလော။ စိတ်မချသေးလျှင် ယခု အမြန် လေ့လာဘို့ လိုသည်။ ချိန်ဆောင်ခြင်း၌ သင်မပါသွားပါက ဘေးဒဏ်ကြီး ကာလ၌ သင် ကျရောက်သွားမည်။ ဘေးဒဏ်ကြီး ကာလသည် ခရစ်တော်က၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ဟုဆိုသည် (မ ၂၄:၂၁)။ ထို့ကြောင့် ယခုအချိန် ကောင်းရှိသေးစဥ် ကယ်တင်ခြင်းသို့ ရောက်ဘို့ရန်သည် အရေးကြီး ဆုံးသောအရာ ဖြစ်သည်။ ထိုအရာထက် အရေးကြီးသောအရာ မရှိတော့ချေ။

    .

    အိမ်ထောင်မိသားစု

    ယခုအခါ နောက်ဆုံးသော ကာလ ဖြစ်သည့်အတိုင်း အိမ်ထောင်မိသား စုများ အလျှင်အမြန် ပြိုကွဲပျက်စီး နေကြသည်။ ထိုသို့ဖြစ်ရခြင်းသည် စာတန် ကတိုက်သည် သာမက၊ ဘုရားသခင်ကို မတည်ဆောက်ခိုင်းဘဲ မိမိတို့ သဘောဖြင့် ဆောက် နေကြသောကြောင့် ဖြစ်သည်။ ကျမ်းစာက၊ "ထာ၀ရ ဘုရားသည် အိမ်ကို ဆောက်တော် မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။" ဟုဆိုသည် (ဆာ ၁၂ရ:၁)။ အိမ်ထောင်ကို ဘုရားသခင်က စခဲ့၍ သူကိုယ်တိုင်က ဆောက်ဘို့ ဖြစ်သည်။ သို့သော် လူသားများက ဘုရားသခင်ကို ဂရုမစိုက်၊ အားမကိုး၊ မရိုမသေ၊ ကိုယ့်စိတ်ကြိုက်အိမ်ထောင်ကို တည်ဆောက် ကြသည်။ လူပျိုအပျိုဘ၀၌ ချစ်ခြင်းမေတ္တာအားဖြင့် အိမ်ထောင်ကို တည်ဆောက်ဘို့ ရည်ရွယ် ကြသည်။ ချစ်ခြင်းမေတ္တာလည်း တသက်လုံး မကုန်မခန်း တည်တန့်မည်ဟု ထင်မှတ် ကြသည်။ အရူးအမူး ချစ်နေချိန်တွင် သတိပေးခြင်း၊ အကြံပေးခြင်း သည်လည်း လုံး၀နားမထောင်တတ်ကြချေ။ အချစ်သည် အရူးနှင့် အမူးသမားနှင့် တူသည်။ အရူးနှင့် အရက်မူးနေသူသည် မူလစိတ်ပျောက်သဖြင့် အကြံပေး၍ မရသကဲ့သို့ အရူးအမူး ချစ်နေ သူများလည်း လုံး၀အကြံပေး၍ မရချေ။ သို့သော် ချစ်ခြင်းမေတ္တာသည် အိမ်ထောင်ပြုပြီးသည်နှင့် မကြာမှီ ကုန်ခန်းသွားတတ်သည်။ ထိုသို့ ကုန်ခန်းရခြင်း သည်လည်း အလုပ်ပင်ပန်းခြင်း၊ ခလေးများကြောင့် စိတ်ရှုပ်ခြင်း၊ ရပြီး သောအခါတွင် တန်ဘိုး မထားရိုးသွားခြင်း၊ ပြသနာများလာခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ မိဘဆွေမျိုးများ ပါလာခြင်း၊ လူ၏ ပင်ကိုယ်စိတ်ထား မတူညီခြင်း၊ အနေ​ေ၀:ခြင်း၊ စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်သည်။ ချစ်ခြင်းမေတ္တာခန်း​ခြောက်လာသောအခါ၊ စိတ်မရှည်နိုင်၊ သည်းမခံနိုင်၊ စကားများ၊ ရန်ဖြစ်၊ အပြစ် ရှာ၊ အထင်လွဲမှုများဖြစ်ပေါ်လာသည်။ နောက်ဆုံး၌ လင်မယား ကွဲခြင်းဖြင့် အဆုံးသပ်တတ် ကြသည်။ ထိုသို့ လင်မယား ကွဲခြင်းသည် လုံး၀မ ဖြစ်သင့်သည် သာမက၊ ပြသနာ ကုန်သွားသည် မဟုတ်ချေ။ လင်နှင့်မယား အနေဖြင့် မိမိခင်ပွန်းသည် အပေါ်မုန်းတီးခြင်း၊ ခါးသီးခြင်းကြောင့် ကွာရှင်း သောအခါ စိတ်ရှင်းသွားသည်ဟု ခံစားသော်လည်း သားသမီး များအတွက် အလွန် နာကြဉ်းခြင်း၊ ၀မ်းနည်း ကျေကွဲခြင်း၊ မေတ္တာငတ်ခြင်း၊ လုံခြုံမှု မရှိခြင်း၊ များကို ဖြစ်စေသည်။ ထို့ကြောင့် လင်မယား ကွာရှင်းခြင်းသည် အကောင်းဆုံးသော အ​ဖြေ မဟုတ်ပါ။

    လင်မယား ကွဲခြင်းကို ဘုရားသခင်က မနှစ်သက်ကြောင်း ဤသို့ ပြောထားသည်၊ "အသက် ပျိုစဥ်အခါလက်ထပ်သော မယားကို သစ္စာ ဖျက်၍ မပြစ်မှားကြနှင့်။ ၁၆ မယားကို စွန့်ခြင်း အမှု မိမိခင်ပွန်း၌ ပြစ်မှားသော အပြစ်ကို ဖုံးအုပ်ခြင်း အမှုကို ငါမုန်းသည်ဟု၊ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။ ထိုကြောင့်ကိုယ်စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာကို မဖျက်ကြနှင့်။" (မာလခိ ၂:၁၅-၁၆)။ သခင်ယေရှု ကမှားယွင်းခြင်းမှတပါး အဘယ်သို့သော အဖြင့် မျှလင်မယား မကွဲစေနှင့် ဟုဆိုသည် (မ)။ အသင်းတော်ကလည်း လင်မယား ကွဲခြင်းကို မနှစ်သက်၊ အားမပေးချေ။ သားသမီး များသည် မိဘကွဲခြင်းကို အမုန်းဆုံး၊ စိတ်အနာဆုံးခံစား သူများ ဖြစ်သည်။ ဆွေမျိုးသား ချင်းများကလည်း လင်မယား ကွဲခြင်းကို မနှစ်သက်ကြချေ။ သို့ဖြစ်လျှင် လင်မယား ကွဲခြင်းကို မည်သူကနှစ်သက်အားရသနည်း၊ စာတန် သာလျှင် ဖြစ်သည်။ သင်သည် စာတန်ကို အားပေး၊ ၀မ်းမြောက်စေမည်လော။

    လင်မယား ကွဲခြင်းသည် အလုပ်ကို ဦးစားပေးခြင်း၊ ငွေကို တပ်မက်ခြင်းကြောင့် ဖြစ်နိုင်သည်။ အလုပ်၌ အချိန်များလွန်း သောအခါ ခင်ပွန်းသည်နှင့် နေချိန်နည်းသွားသောကြောင့် ချစ်ခြင်းမေတ္တာလည်း လျော့နည်းလာတတ်သည်။ ချစ်ခြင်းမေတ္တာသည် မိဿဟာယအားဖြင့် ဖြစ်စေသည်။ နေ့တိုင်း တွေ့မြင်ပေါင်းသင်းသော သူနှင့် မေတ္တာ သံရောယဥ် တွယ်လာနိုင်သည်။ ထိုမေတ္တာသည် ချက်ချင်း မထင်ရှား မသိသာသော်လည်း၊ ကြာလာသောအခါ အားကြီး လာနိုင်သည်။ လင်မယား ငွေမရှိခင်တွင် ရှိသည့်အရာနှင့် တင်းတိမ်ရောင့်ရဲနိုင်သော်လည်း ငွေများ လာသောအခါ၊ အကြိုက်ခြင်း မတူညီသောကြောင့် စကားများလာနိုင်သည်။ ဆင်းရဲသော သူများထက် ငွေကျေးချမ်းသာသော သူများ၌ လင်မယား ကွာရှင်းမှုများတတ်သည်။ ထို့ကြောင့် ငွေကျေးအားဖြင့် အိမ်ထောင်တည်ဆောက်ခြင်းသည် အကောင်းဆုံး မဟုတ်ချေ။

    သို့ဖြစ်လျှင် အိမ်ထောင်ကို မည်ကဲ့သို့ တည်ဆောက်ရမည်နည်း။ ဘုရားသခင်ကို တည်ဆောက်ခွင့်ပေးရမည်။ ဘုရားသခင်က မည်ကဲ့သို့ တည်ဆောက်မည်နည်း။ လင်နှင့်မယား နှစ်ယောက်စလုံးသည် ဘုရားနှင့် ဆက်နွယ်မှု ရှိသောသူ၊ တနည်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်သော သူများ ဖြစ်ရမည်။ သို့မှသာ ဘုရားဝိညာဉ်ကလင်မယား၏ ဝိညာဉ်ကို စကားပြောနိုင်မည်။ မည်ကဲ့သို့ ပြောမည်နည်း။ ဘုရားသခင်က လူကို ကျမ်းစာအားဖြင့် စကားပြောသည်။ ကျမ်းစာသည် ဘုရားဝိညာဉ်ရရှိသော သူများ ကသာလျှင် ဆိုလိုရင်းကို သဘောပေါက် နားလည်နိုင်သည်။ ပေါလုက၊ "ဘုရားသခင်သည် မိမိဝိညာဉ်တော် အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။" (၁ ကော ၂:၉-၁၀) ဆိုသည်။ ထို့ကြောင့် ဘုရားသခင်က လင်မယား နှစ်ယောက်စလုံးကို စကားပြောဘို့ရန် နှစ်ယောက်စလုံးမှန်မှန်ကျမ်းစာ ဖတ်သောသူ၊ ဘုရား စကားကို ဆင်ခြင်သောသူ၊ တန်ဘိုး ထားသောသူ၊ လိုက်နာသောသူ ဖြစ်ရမည်။ ကိုယ့်အမြင်၊ အကြိုက်၊ အကြံအစည်များကို ပယ်၍ ဘုရား အမြင်၊ အလိုတော်၊ အကြံအတိုင်း နှစ်ယောက်စလုံးကယူရမည်။ ကျမ်းစာက၊ "လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ ခရီး သွားနိုင်သလော။" (အာမုတ် ၃:၃) ဟုဆိုသည်။ လင်မယား နှစ်ယောက်စလုံးအမြင် တူမှ သဘောတူ နိုင်မည်။ သဘောတူလျှင် အရာခပ်သိမ်းအောင်မြင် နိုင်သည်။ ထို့ကြောင့် ယခုမှစ၍ ဘုရားသခင်ကို မိမိ၏ အိမ်ကို ဆောက်ခိုင်းကြစို့။ အလုပ်နှင့် ၀ါသနာကို သာဦးစားပေး သူများ၊ ခင်ပွန်းသည်ကို ဂရုမစိုက်သောကြောင့် ဖေါက်ပြန်မှုများဖြစ်လာကာမ ဖြစ်သင့်သောအရာ များများပြားလာသည်။ နောက်ဆုံး၌ ရိုက်ပွဲ၊ ရန်ဖြစ်၊ ထောင်ကျ၊ ကွာရှင်းခြင်းဖြင့် နိဂုံးချုပ် ကြသည်။ မီးမလောင်မှီတား သကဲ့သို့ ပြသနာ မဖြစ်မှီလင်မယား ပြသနာ မဖြစ်ရလေအောင် ကာကွယ်ပါ။ ငွေနှင့် လောက ပစ္စည်းနောက်မလိုက်ပါနှင့်။ မိသားစုကျန်းမာမှ အိမ်ထောင်သာယာ၍ စိတ်ချမ်းသာ ရသည်။

    အိမ်ထောင်သည် လင်မယား နှစ်ယောက်ထဲ မဟုတ်ပါ။ သားသမီး များလည်း ပါလာသည်။ သားသမီး များလည်း မိမိတို့ အကြံ၊ အမြင်၊ အကြိုက်ရှိကြသေးသည်။ မိဘနှစ်ပါးမည်မျှပင် တဘောတူသော်လည်း သားသမီး များကဆန့်ကျင် လာလျှင် ပြသနာ ရှိနေသည်။ ထို့ကြောင့် သားသမီး များလည်း မိဘများ ကသွန်သင်ဘို့ လိုသည်။ ကျမ်းစာက၊ "ဘွားမြင်သော သားသမီး တို့သည် ထာ၀ရ ဘုရား ဆုချ၍ ပေးသနား တော်မူသော အမွေဥစ္စာ ဖြစ်ကြ၏။ ၄ အသက် ပျိုစဥ်၊ ဘွားမြင်သော သားသမီး တို့သည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်ကြ၏။ ၅ မိမိမြှားတောင့်ကို သူတို့နှင့် ပြည့်စေသော သူသည် မင်္ဂလာရှိ၏။" (ဆာ ၁၂ရ:၃-၅) ဟုဆိုသည်။ သားသမီး များသည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်သည်ဟုဆိုသည်။ မြှားသည် အလိုလိုမပစ်နိုင်ပါ။ သူရဲကပစ်မှသာလျှင် ပစ်မှတ်သို့ ရောက်နိုင်သည်။ မိဘတိုင်းက သားသမီးများကို လောက၌ သာပစ်မှတ်ထားပစ် ကြသည်။ သားသမီးများကို ကျောင်းထား၍ အလုပ်ကောင်း ရရှိကာ အိမ်ထောင်ပြုနိုင်ဘို့ သာလျှင် ရည်ရွယ်ပေး ကြသည်။ သူတို့၏ ဝိညာဉ်ကောင်းကင် နိုင်ငံရောက်ရေးကို ဂရုမစိုက်ကြချေ။ ထို့အပြင် လောလောမိဘကို မနှောင့်ရှက်ဘို့ရန် ဖုန်း၊ အိုင်ပက်များ ဆော့ခိုင်းခြင်းအားဖြင့် သူတို့၏ စိတ်ကို ဖျက်ဆီး နေကြသည်။ သားသမီး များကျမ်းစာ သင်မပေးသည် သာမက၊ ဘုရားကျောင်းမှသင်ပေခြင်း ကိုလည်း အား မပေး၊ လိုက်မပို့၊ ဂရုမစိုက်ကြချေ။ ထို့ကြောင့် ခလေး များသည် မိသားစု၌ ပြသနာ ပေးသူများ ဖြစ်လာ ကြသည်။ ထိုပြသနာကို မ​ဖြေရှင်း တတ် သောအခါ၊ ရိုက်၊ မောင်းထုတ်၊ ရဲတိုင်၊ ထောင်ကျ၊ ခဏခဏရုံးတက်ခြင်းဖြင့် ဘ၀ပျက်ရသည်။ ထိုသို့ မဖြစ်ရလေအောင် ယခုအချိန် ရှိသည့်အတောအတွင်းမှာ၊ မိမိ သားသမီးများကို ဘုရားတရား သင်ပေးပါ။ သင်ပေးနိုင်ရန် ကျမ်းစာနှင့် ဘုရား စာများ ဖတ်ပါ။ ဆုတောင်းပါ။ အသင်းတော်နှင့် လက်တွဲလုပ်ဆောင်ပါ။

    .

    ဘုရားကျောင်းသစ်ဖွင့်ပွဲ

    အင်ဒီယားနာပိုလစ် တောင်ပိုင်းသတင်းကောင်း နှစ်ခြင်း အသင်းတော်သည် ၂၀၁၀ ခုနှစ်မတ်လ ၂၈တွင် ဘုရားသခင် တည်ထောင်ခဲ့သော အသင်းတော် ဖြစ်သည်။ သင်းအုပ်ဆရာမရှိဘဲ မေရိလင်မှဆရာမောဇက်က၊ တလတစ်ကြိမ် သွားရောက်ကြည့်ရှုခဲ့သော အသင်းတော် ဖြစ်သည်။ ၂၀၁၃ ခုနှစ်စောပိုင်းမှစ၍ ဆရာမောဇက်နှင့် မိသား စုသည် အင်ဒီယားနားပိုလစ်သို့ အပြီး အပိုင်ပြောင်းရွှေ့နေထိုင်ခဲ့ ကြသည်။ သူတို့ ရောက်ရှိ သောအခါ အသင်းတော်သည် လူဦးရေ ၄၀ ကျော်ကျော်ရှိခဲ့သည်။ ထိုအချိန်၌ ဒေါ်လာ ၁၂၀၀ တန်အခန်းငှါး ခဲ့ကြရာမှ ၂၀၁၅ ခုနှစ်တွင် တလဒေါ်လာ ၃၀၀၀ တန်အခန်းသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။ ထိုနေရာ၌ ဘုရားသခင်က အသင်းသား ဦးရေတိုးတက် စေခဲ့သောကြောင့် နေ့ခင်းပိုင်း၀တ်ပြုခြင်းကို နှစ်ကြိမ်ခွဲ ပြုလုပ် ခဲ့ကြပါသည်။ အသင်းသားလည်း၂၀၁၈တွင် ၃၆၀ ခန့်အထိ တိုးတက်လာပါသည်။ ၂၀၁ ရဩဂုတ်လလောက်မှစ၍ ဘုရားကျောင်း၀ယ်ဘို့ အဆောက်အဦးများကို တခုပြီး တခုရှာဖွေ ကြပါသည်။ သို့သော် ဘုရားသခင်၏ အချိန်နှင့် အစီအစဥ် မဟုတ်သောကြောင့် ၅ နေရာ၌ မ၀ယ် ဖြစ်ဘဲ ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် ငွေကျေးလည်း ခုနှစ်သောင်းမှ စခဲ့ကြရာ နှစ်နှစ်တွင်း တွင် လေးသိန်းသုံးသောင်းအထိ တိုးတက်လာပါသည်။ ထိုသို့ဖြစ်နောက်ဆုံး၌ ယခု၀ယ်ယူသော အဆောက်အဦးကို ၂၀၁၈ ဒီဇဘ်ာလ ၁၂ ရက်နေ့တွင် စာချုပ် ချုပ်ဆိုကခရစ္စမတ်အကြိုညတွင် စတင်အသုံးပြုနိုင်ခဲ့ကြပါသည်။ ဘုရားသခင်က အသင့် ပြင်ဆင်စရာ နည်းသော အဆောက်အဦးကို ခက်ခဲမှု မရှိဘဲ ပေးလိုက်ပါသည်။ ပြု တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ယခုအခါ တနင်္နွေနေ့ခင်းနှစ်ကြိမ် ပြုလုပ် လေ့ရှိသောအရာ ကို တစ်ကြိမ်သာ ပြုလုပ် ပြီး၊ အသင်းသား များလည်း တယောက်နှင့် တယောက် သိရှိလာကြပါသည်။ ခလေး များလည်း မိမိတို့ အခန်းနှင့် အနှောင့်အရှက် မရှိ၊ အေးဆေးစွာနှင့် သီချင်းဆို၊ ကျမ်းစာ သင်နိုင်ကြပါပြီ။ ဆုတောင်း ပေးသောသူ၊ ငွေကျေးအားဖြင့် ပါ၀င်သောသူ၊ လုပ် အားပေးသော သူအယောက်တိုင်း ဘုရားသခင်ကောင်းကြီး ပေးပါစေ။ ဘုရားကျောင်းဖွင့်ပွဲကို ဇန္နဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ် မှာ ဖြစ်ပါသည်။

    အပတ်စဉ် အစီအစဉ် များ
    စနေည၀တ်ပြုစည်း​ဝေ: --------ညရ-၉ နာရီ
    တနင်္နွေနေ့၀တ်ပြုခြင်း --------နံနက် ၁၁ မှ မွန်းလွဲ ၁ နာရီ
    တနင်္နွေည၀တ်ပြုစည်း​အဝေ:----ည ၆-၈ နာရီ
    လူကြီးနှင့် ခလေး အစီအစဥ်သီးသန့်စီစဥ်ထားပါသည်။
    အယောက်တိုင်း ပါ၀င်ကြဘို့ရန် လှိုက်လှဲစွာ ကြိုဆိုပါသည်။
    လိပ်စာ 631 N. Meridian St., Greenwood, IN 46143

    Scroll to Top