Periodical: Good News, January 2017

Home  >  Periodicals > January 2017

gn012017

January 2017

GOOD NEWS PERIODICAL

.

မာတိကာ

  • နှစ်သစ်မင်္ဂလာနှင့်အမင်္ဂလာ
  • ကယ်တင်ခြင်း
  • ခရစ်ယာန်အသက်တာ
  • ကျမ်းစာဖတ်ကြစို့
  • အသင်းတော်လှုပ်ရှားမှု

    အမှာစာ
    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်ထဲ၌ ရောက်ရှိသွားကြပြီ။ နှစ်ဟောင်း၌ ဖြစ်ပျက်သမျှ ထားခဲ့ရပြီ။ နှစ်ဟောင်း၌ကိုယ် သဘောနှင့် အသက် ရှင်ခဲ့လျှင် ယခုနှစ်သစ်၌ ဘုရား အတွက် အသက် ရှင်ကြစို့။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်မှာ၊ “ခပ်သိမ်းသောအရာ တို့သည်ကိုယ်တော် အထဲက၎င်း၊ ကိုယ်တော် အားဖြင့်၎င်း၊ ကိုယ်တော် အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။” (ရော ၁၁:၃၆) “ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်စေ၊ အထွဋ္ဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း တော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။” (ကော ၁:၁၆) သင်သည်လည်း ခပ်သိမ်းသောအရာ ထဲ၌ ပါဝင်သည်။ သင်ကို ဘုရားသခင်က ဖန်ဆင်းခြင်းသည် သူ့အတွက် ဖြစ်ရမည်။ လွန်ခဲ့သော နှစ်အထိ ဘုရား အတွက် မဖြစ်ခဲ့လျှင် ယခုနှစ်သစ်မှစ၍ ဘုရားသခင် အဘို့ အသက် ရှင်ဘို့ အကြံပေးလိုပါသည်။ ဘုရားသခင် အဘို့ အသက် ရှင်လျှင် သူကတာဝန် ယူမှာ ဖြစ်သည်။ ဘုရားသခင် အဘို့ ဖြစ်လျှင်ကိုယ် အလိုဆန္ဒကို စွန့်၍ သူ၏ အလိုတော်ကို သိဘို့ လိုသည်။ သူ၏ အလိုတော် သိနိင်ရန်ကျမ်းစာ ဖတ်၊ ကျမ်းစာနှင့် ပတ်သက်သောအရာ များ ဖတ်ခြင်းဖြင့် အလိုတော် သိနိင်ပေမည်။ သို့သော် ကျမ်းစာကို နားလည်နိင်ရန် သန့်ရှင်းသော ဝိညာဉ်တော်၏ ရှင်းပြမှု လိုအပ်သည်။ ဇာတိအားဖြင့် မသိနိင်ပါ။ ဤစာစောင်နှင့်အတူ ကယ်တင်ခြင်း သင်ခန်းစာများ၊ ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ၊ သန့်ရှင်းသော ဝိညာဉ် တော်၊ ချီဆောင်ခြင်းနှင့် ဒုတိယအကြိမ် ကြွလာခြင်း၊ ဗျာဒိတ်ကျမ်း အနက်ဖွင့်စာအုပ်များ ဖတ်ပါ။ ထိုစာအုပ်များကို ဆရာမောဇက်ထံ၌ မှာနိင်ပါသည်။ ထို့အပြင် ဆရာမောဇက်ဟောသော တရားများကို YouTube ထဲ၌ နားထောင် နိင်ပါသည်။ ၎င်းအထဲ၌ Rev. Moses Thawng Cung ဟု ရှာလျှင် တွေ့နိင်ပါသည်။ gbc.in ဟုလည်းရှာနိင်ပါသည်။ ဘုရားရှင်ကောင်းကြီး ပေးပါစေသော်။

    .

    ^

    နှစ်သစ်မင်္ဂလာနှင့် အမင်္ဂလာ

    ၂၀၁၆ သည် သမိုင်း ဖြစ်သွားပြီ။ ၂၀၁ရထဲ၌ ရောက်ရှိ နေကြပြီ။ အချို့သော မိသားစုဝင်များ၊ ဆွေမျိုးသား ချင်းများ၊ မိတ်ဆွေ သင်္ဟများ နှစ်သစ်မကူးနိင်ဘဲ၊ နှစ်ဟောင်း၌ အသက် ကုန်ဆုံးခဲ့ကြပြီ။ ​ကျွန်ပ်တို့သည် အဘယ်ကြောင့်နှစ်သစ်ထဲ၌ ရောက်ရှိနိင်ကြသနည်း။ ကိုယ့်ကိုယ်ကို အသက် စောင့်ရှောက်နိင်သောကြောင့် လော၊ မဟုတ်နိင်ပါ။ ဘုရားသခင်၏ အခွင့်ပေးမှုကြောင့် သာလျှင် ဖြစ်သည်။ နှစ်သစ်မင်္လာဟု ကြိုဆိုကြသည် အတိုင်း၊ အချို့သော သူများအတွက် နှစ်သစ်တွင် ကောင်းစား၊ အောင်မြင် ကျော်ကြားသည့် သူများရှိပေလိမ့်မည်။ သို့သော် အချို့သော သူများ အတွက်မူ၊ ဆုံးရှုံးခြင်းကြောင့် သေချင်သော သူများ၊ အမင်္လာများနှင့် ရင်ဆိုင်သော သူများလည်းရှိကြပေလိမ့်မည်။ လူသည် အောင်မြင် မှု၊ ကျေနပ် မှုကို လူ့အမြင်အားဖြင့်၊ လောက အရာအားဖြင့် တိုင်း တာတတ် ကြသည်။ မိိမိကြံစည်ထားသည့်အတိုင်း အောင်မြင်လျှင် ကျေနပ်အားရကြသည်။ လောက ရွှေငွေများစွာ ရလျှင် အသက် ရှင်ရကျိုးနပ်သည်ဟု ယူဆကြသည်။ နိင်ငံရေးလောက မှာအာဏာ ရာထူးရရှိလျှင် ဂုဏ်ယူ ဝါကြွား ကြသည်။ အာဏာ ရာထူးဆုံးရှုံး သူများ ဖြစ်လျှင် စိတ်ဓါတ်ကျ၊ ငိုကြွေး ကြသည်။ သမတမရလိုက်သော ဟီလာရီလည်း တညလုံးငိုကြွေးသည်ဟု သိရသည်။ သို့သော် အောင်မြင် မှုကို လူ့အမြင်အားဖြင့် မဟုတ်၊ ထာဝရ ဘုရား၏ အမြင်အားဖြင့် တိုင်း တာရသည်။ နှစ်သစ်အတွင်း ကယ်တင်ခြင်း သဘောပေါက် နားလည်၍ လက်ခံသော သူများသည် အသက် ရှင်ရကျိုးနပ်သည်။ အကြောင်းမှာ ထာဝရ ကာလ အတွက် အသက် လုံခြုံမှု ရှိသွားပြီ။ သင်သည် ကယ်တင်ခြင်းသို့ ရောက်သွားသောသူ ဖြစ်ဘို့ လိုအပ်သည်။ ဘုရား ပေးထားသော အခမဲ့အသက်ကို မလိုချင်၊ လက်မခံသော သူသည် လောကပိုင်း၌ မည်မျှပင် အောင်မြင်သော်လည်း အကျိုးမရှိ၊ ပျက်စီးခြင်းသို့ သွားဘို့ရန် သာရှိသောကြောင့် ငိုကြွေးနေသင့်သည်။ နှစ်သစ်အတွင်း ၌ လောကပိုင်းအောင်မြင် မှုထက် ဝိညာဉ် ပိုင်းအောင်မြင်မှု ရရှိသောသူ ဖြစ်နိင်ပါစေ။

    နှစ်ဟောင်းကို မည်မျှပင် နှမျှော် တမ်းတနေသော်လည်း ပြန်လာတော့မည် မဟုတ်။ နှစ်သစ် သည်လည်း သေချာသည် မဟုတ်။ အကြောင်းမူကား လူသည် အနာဂတ်ကို မပိုင်။ ကျမ်းစာက၊ “ယနေ့ နက်ဖြန်ဤမည်သော မြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟုဆိုတတ်သော သူတို့၊ နားထောင် ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သော အခိုးအငွေ့ ဖြစ်၏။ ထာဝရ ဘုရားသည် အလိုတော် ရှိ၍ ၊ ငါတို့ သည်လည်း အသက် ရှင်လျှင်၊ ဤသို့ ပြုကြကုန်အံ့၊ ထိုသို့ ပြုကြကုန်အံ့ဟု သင်တို့ ဆိုသင့်ရာ ဖြစ်၏။” (ယာ ၄:၁၃-၁၅)။ မှန်ပါသည် ​ကျွန်ပ်တို့၏ အသက်သည်ကိုယ်ပိုင်သည် မဟုတ်၊ ဘုရားသခင် လက်ထဲ၌ ရှိသည်။ ခရစ်တော်ကလည်း ဤသို့၊ “ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများ လှ၏။ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာ အရပ်မရှိ။ ပြုမည်အကြံမူကား၊ ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာရှိသမျှ တို့ကို သိုထားမည်။ ငါ့ ဝိညာဉ်အား လည်း၊ အချင်း ဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက် ရှိပြီ။ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ ညဉ့်ပင်သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။” (လု ၁၂:၁၆-၂၀)

    ယခုနေ့ရက်ကာလသည် ကောင်းတော့သည် မဟုတ်။ ခရစ်တော် လာမည့်အချိန် အလွန် နီးသောကြောင့် ဒုက္ခ ပြသနာ မျိုးစုံရင်ဆိုင်ရ ကြသည်။ နေရာတကာ၌ သဘာဝ ဘေးရန်များ ဖြစ်သည့်၊ လေမုန်တိုင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ မိုးများ လွန်း၍ ရေလျှံခြင်း၊ မိုးခေါင်းလွန်းသောကြောင့် သောက်သုံးရေပင်မလောက်ခြင်း၊ တောမီးလောင်သောကြောင့် အိုးအိမ်အသက် ပေါင်းများစွာ ပျက်စီးခြင်း၊ ရဲနှင့် အရပ်သားများပစ်သတ်ခြင်း၊ အလုပ်ရုံစက်ရုံများ ပိတ်၍ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ သူခိုးဓါးပြများ ပြားခြင်း၊ ရောဂါမျိုးစုံပေါ်ပေါက်ခြင်း စသည်ဖြင့် လူမှု ဒုက္ခ မျိုးစုံမ မျှော်လင့်ဘဲ ဖြစ်ပေါ်နေရသည်။ ထိုအရာများသည် ဘေးဒဏ်ကြီး ကာလ၏ အစအဦးများ ဖြစ်သည်။ ထို့ကြောင့် ယခုကာလ၌ လောဘကြီး၍ ချမ်းသာဘို့ ကြိုးစား သင့်သောအချိန် မဟုတ်။ အလုပ်ကို တနေ့ ၈ နာရီ လုပ်၍ ရသမျှ ဝင်ငွေနှင့် လောက်အောင် နေကာ၊ မိမိဝိညာဉ် အဘို့အချိန် သုံးသင့်သည်။ ကိုယ်ကာယပင်ပန်းလွန်းလျှင် ဝိညာဉ် ရေးရာ၌ ဘာမျှစိတ်မဝင်စား၊ သင်ယူနိင်မည် မဟုတ်။ စာတန်သည် လူများ ဘုရားရှိခိုး၍ မရနိင်အောင် တနင်္နွေနေ့၌လည်း အလုပ်လုပ်ခိုင်းသည်။ တနင်္နွေနေ့အလုပ်မလုပ်လျှင် အလုပ်မရနိင်ဟု ခြိမ်း​ခြောက် သောအခါ မိမိဝိညာဉ် အတွက် မစဉ်းစားနိင်တော့ဘဲ အလုပ်ကို ဘုရား နေရာမှာထား ကြသည်။ ခရစ်တော်က၊ “ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။” (မ ၆:၃၃) ဟုပြောသော်လည်း လုံးဝ နားမထောင်၊ ဂရုမစိုက်ကြတော့ချေ။ ခရစ်တော်သည် ဘုရား ဖြစ်သောကြောင့် ပြောသည့်အတိုင်း လုပ်သော ဘုရား ဖြစ်သည်။ နိင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်းရှာ သောအခါ ခဏဒုက္ခ ရောက်နိင်သည်။ အစဉ် မပြေမှုများရှိနိင်သည်။ ထိုအရာပင်လျှင် စာမေးပွဲ ဖြစ်သည်။ ဘုရားကို ပဌမ ဦးစားပေးသော သူတို့သည် ဘုရားသခင်က မကြည့်ရှုဘဲ မနေပါ။ ကျမ်းစာ ထဲ၌လည်း များစွာ တွေ့ရသည်။ နောမိနှင့် မိသားစုသည် ဗက်လင်မြို့သားများဖြစ် ကြသည်။ ဗက်လင်ဟူသော နာမည်သည် မုန့်တိုက် သို့မဟုတ် စပါးကျီဟု အဓိပ္ပါယ်ရသည်။ ဣသရေလ ပြည်၌ အစာ ခေါင်းပါး သောအခါ မောဘပြည်သို့ အစာ နောက်လိုက်၍ ပြောင်းသွား ကြသည်။ သူတို့သည် နောမိ၏ စကား အရစားစရာ မရှိသောကြောင့် ပြောင်းသွားကြသည် မဟုတ်လောက်ချေ။ နောမိက၊ “ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။” (ရုသ ၁:၂၁) ဟုဆိုသောကြောင့် သူတို့သည် ကြွယ်ဝ ပြည့်စုံသော်လည်း သာ၍ ကြွယ်ဝလိုသောကြောင့် ထွက်သွားဟန်ရှိသည်။ ထိုသို့ နိင်ငံခြားလူမျိုးခြား၊ ကိုးကွယ်သည့်ဘုရား ကွာခြားသော နေရာသို့လောက နောက်လိုက်၍ ပြောင်းသွား ကြသည်။ ဗက်လင်မြို့၌ ဆက်နေလျှင် ထာဝရ ဘုရားကို ကိုးကွယ်မည်။ ယခုမူတိုင်း တပါးသို့ ပြောင်းသွားသောကြောင့် ထာဝရ ဘုရား ကိုလည်း ကိုးကွယ်၍ မရတော့သောကြောင့် ဘုရားကို စွန့်ပစ်ရာရောက်သည်။ နောမိယောက်ျားအလိမလက်နှင့်သား မဟာလုန်နှင့် ခိလျုန်သေဆုံးကုန် ကြသည်။ သူတို့၏ ဇနီးသည် မုတ်ဆိုးမများ သာလျှင် ကျန်ရစ် ကြသည်။ နောမိသည် ထိုသို့ ဘုရား စွန့်သောကြောင့် ဒုက္ခ ရောက် သောအခါ ကိုယ့်အပြစ်ကို မမြင်၊ ဘုရားကို ဤသို့ အပြစ် တင်သည်၊ “သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန် ခါးသောအရာ ကို ပေးတော်မူပြီ။ ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရ ဘုရားသည် ငါ့ကို ပို့ပြန် တော်မူပြီ။ ထာဝရ ဘုရားလည်း ငါ့ကို နှိမ့်ချ၍ အန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲ စေ တော်မူသည် ဖြစ်၍ ၊ နောမိအမည်ဖြင့် အဘယ်ကြောင့်ငါကို ခေါ်ကြသနည်းဟု ပြန်ပြော၏၊ ” (ရုသ ၁:၂၀-၂၁)။ အမှန်မှာ နောမိသည် ဘုရား စွန့်သောကြောင့် ဒုက္ခ ရောက်ခြင်း ဖြစ်သည်။ သူ့အပြစ်ကို ဝန်ခံ၍ ဘုရား ထံတောင်းပန်သင့်သည်။

    ယနေ့ ယုံကြည်သူများလည်း ဘုရားထက် အလုပ်ကို ပို၍ ဦးစားပေး ကြသည်။ လောလောဆယ်အဆင်ပြေသော်လည်း နောက်ပိုင်း၌ ဒုက္ခ ရောက်ကြပါလိမ့်မည်။ အကြောင်းမှာ လူဘဝသည် ငွေအားဖြင့် ဆောက်၍ မရပါ။ ဘုရား ဆောက်မှသာလျှင် သာယာပျော်ရွှင်နိင်သည်။ ငွေ နောက်လိုက် သူများသည် သူတို့ လိုက်သော ငွေရရှိလာကြ သောအခါ၊ လင်မယား ကြား ပြသနာများလာလိမ့်မည်။ သားသမီး များလည်း ဘုရား ယုံကြည် လာအောင် မသွန်သင်သောကြောင့် ဆိုဆုံးမ၍ မရ၊ မိဘရင်နာစေကြမှာ ဖြစ်သည်။ လူတိုင်း မိမိဘဝကို တည်ဆောက် နေကြသည်။ ကျမ်းစာက၊ “ထာဝရ ဘုရားသည် အိမ်ကို ဆောက်တော် မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရ ဘုရားသည် မြို့ကို စောင့်တော် မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ် တော်မူသော သူအား အမှန် ပေးတော်မူ၏။” (ဆာ ၁၂ရး၁-၃)။ ဘုရား၏ နှုတ်ကပတ်တော်သည် လုံးဝ မမှားနိင်ပါ။ ထာဝရ ဘုရား ကအိမ်ထောင်ကို ဆောက်ဘို့ ဖြစ်သည်။ လူကဆောက်လျှင် အချည်းနှီး ဖြစ်သည်ဟုဆိုသည်။ စောစော ထလျက် ညနက်သည့်တိုင်အောင် မအိပ်ပဲနေလျက် အလုပ်လုပ်သော်လည်း အကျိုးမရှိဟုဆိုသည်။ ထို့ကြောင့် ယခုနှစ်သစ်အတွင်း ၌ မင်္လာရှိသောသူ ဖြစ်လိုလျှင် မိမိဘဝကို၎င်း၊ အိမ်ထောင်ကို၎င်း၊ အသင်းတော်ကို၎င်း၊ ထာဝရ ဘုရားကို ဆောက်ခိုင်းပါ။ ထိုအကြံပေးခြင်းကို နာမခံဘဲကိုယ်တိုင်ငွေအား၊ စဉ်းစားဥာဏ်နှင့် ဆောက်ပါက ၊ အမင်္လာ ဖြစ်မည့် အကြောင်းကို သတိပေးလိုပါသည်။

    .

    ^

    ကယ်တင်ခြင်း

    လူသားများအတွက် အရေးကြီး ဆုံးသောအရာ သည်၊ သေသွားလျှင် ကောင်းကင်နိင်ငံရောက်ရှိရေး ဖြစ်သည်။ ထိုအရာထက် အရေးကြီးသောအရာ တခုမျှမရှိတော့ချေ။ ထို့ကြောင့် သခင်ဘုရားက၊ “လူသည် ဤစကြဝဠာကို အကြင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မ ၁၆:၂၆)ဟု သတိပေးနေသော်လည်း လုံးဝ ဂရုမစိုက်ကြချေ။ အလွန် ဝမ်းနည်းစရာ ကောင်းသည်။ သခင်ဘုရား ကလာဇရုနှင့် သူဌေးကြီး အကြောင်း ကိုလည်း ပြောပြခဲ့သည်။ သူဌေးကြီးသည်၊ “နီမောင်းသော ကမ္ပလာနှင့် ပိတ်ချောကို ဝတ်ဆင်၍ ၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက် နေ၏။ သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍ ၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်းအဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနား တော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌ နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူ ပါဟု ဟစ်ကြော်လေ၏။ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက် ရှင်စဉ်အခါချမ်းသာ ရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်းအောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခ ဝေဒနာကို ခံရ၏။ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန် နက်လှသော ချောက်ကြီး တည်လျက် ရှိ၏။ ထိုကြောင့်ဤအရပ်မှသင်တို့ ရှိရာသို့ ကူးချင်သော သူမကူးနိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ ကူးချင်သော သူလည်း မကူးနိုင်ဟုဆို၏။” (လု ၁၆:၁၉၊ ၂၂-၂၆)။ လူအများစုသည် သူဌေးကြီး ကဲ့သို့ ခဏကာမဂုဏ် စည်းစိမ်ခံစား ဘို့ကို အလိုရှိ ကြသည်။ ထာဝရ ကာလ ဒုက္ခ ဆင်းရဲ ခံရမည့် အရာကို လုံးဝ မစဉ်းစားလိုကြချေ။ အဘယ်သူ မျှငရဲသို့ မရောက်ဘူးသော်လည်း သခင်ဘုရား၏ စကားကို ယုံကြည်လျှင် သူအကြံပေးသည့်အတိုင်း ထာဝရ ကာလ အတွက် ချမ်းသာ မည့် အရာကို ရှာကြမှာ ဖြစ်သည်။ ယခုမူ စာတန်၏ လှည့်ဖျားမှုကို ယုံကြည်ပြီး ဤလောက စည်းစိမ်ကို ခဏခံစား လိုသောငှါအချိန် နာရီ ရှိသမျှလောက အရာကို ရှာခြင်းသည် မိုက်မဲခြင်း ဖြစ်သည်။

    လောက၌ အံ့ဩစရာ လုပ်ဆောင်သော သူများစွာ ရှိကြသည်။ https://www.youtube.com/watch?v=BQ1WSf7kVNw ၌ ကြည့်ပါ။ သို့သော် ထိုလုပ်ဆောင်မှုများအားဖြင့် ကောင်းကင်နိင်ငံသို့ မပို့ဆောင်နိင်ပါ။ ငရဲရောက်သွား သောအခါ ထိုအောင်မြင်မှု များကို လုံးဝ လိုချင်မည် မဟုတ်ချေ။ ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့ အချမ်းသာ ဆုံး​ BillGates သည် ဒေါ်လာသန်းပေါင်းခုနှစ်သောင်းငါးထောင် ယပိုင်ဆိုင်သည်။ ဒုတိယ AmancioOrtega သည်ဒေါ်လာသန်းပေါင်း​ခြောက်သောင်းငါးထောင်ချမ်းသာသည်။ တတိယ WarrenBuffett သည် သန်းပေါင်း​ခြောက်သောင်းရုစ်ရာ ယပိုင်ဆိုင်သည်။ သို့သော် သူတို့သည် ကယ်တင်ခြင်းသို့ မရောက်ပါက သေလျှင် ထာဝရ ငရဲ၌ ခရစ်တော် ပြောသော သူဌေးကြီး ကဲ့သို့ ရေငတ်ကာအလွန် ဒုက္ခ ခံစား မှာ ဖြစ်သောကြောင့် အား ကျစရာ လုံးဝ မရှိချေ။ သူတို့၏ ချမ်းသာ မှုကြောင့် မာနကြီး၍ ဝိညာဉ် ရေးရာ၌ ပြောပြဘို့ လွယ်ကူမည် မဟုတ်ချေ။ ထိုမျှလောက်ချမ်းသာ ကြသော်လည်း အငြိမ် နေကြမည် မဟုတ်၊ ပို၍ ချမ်းသာ ရန်အလွန် အလုပ်များ ကြမှာ ဖြစ်သည်။ သမတ ဖြစ်မည့် Donald Trump လည်း ဒေါ်လာသန်းပေါင်းလေးထောင်လောက်ချမ်းသာ၍ အမေရိကန်သမတလည်း ဖြစ်မည်။ သူသည် တညလျှင် မိနစ်ကိုး ဆယ်မှလေးနာရီ သာအိပ်တတ်သည်ဟုဆိုသည်။ သို့သော် ကယ်တင်ခြင်းသို့ မရောက်လျှင် အကျိုးမရှိချေ။ ​

    ကျွန်တို့အတွက် တနှစ်ဒေါ်လာသုံးသောင်းလေးသောင်းရရှိဘို့ အလွန် ခက်ခဲနေချိန်တွင် သေလွန်ခဲ့ပြီးသော သူများသည် တနှစ်ဒေါ်လာသန်းပေါင်းများစွာ ရရှိ နေကြသည်။

    No နာမည်ကျော် များ CelebrityEarnings 2015 2015 ခုနှစ်တွင် ရရှိသော ဝင်ငွေ
    1. Michael Jackson singer, songwriter, record producer, dancer,actor သီချင်းစပ်၊ အဆို၊ အက၊ မင်းသား ၂၀၀၉ ခုနှစ်တွင် သေဆုံးခဲ့သည်။ $115 million
    2. Elvis Presley, The king of Rock & Roll အဆိုအကမင်းသား ၁၉ရရ သေ $55 million
    3. Charles Schulz, ကာတွန်းရေးဆဲွဆရာ ဖြစ်၍ ၂၀၀၀ ခုနှစ်တွင် သေသည် $40 million
    4. Bob Marley, သီချင်းရေးဆို၊ ဂီတာတီး၊ ၁၉၈၁ ခုနှစ်တွင် သေဆုံးခဲ့သည် $21 million
    5. Elizabeth Taylor, ရုပ်ရှင်မီးသမီး၊ ၂၀၁၁ ခုနှစ်တွင် သေဆုံးသည် $20 million
    6. Marilyn Monroe, ရုပ်ရှင်မီးသမီး၊ ၁၉၆၂ ခုနှစ်တွင် သေဆုံးသည် $17 million
    7. John Lennon, the Beatles, သီချင်းရေးဆို၊ ၁၉၈၀ ခုနှစ်တွင် အသတ်ခံရသည် $12 million
    8. Albert Einstein, နာမည်အကျော်ဆုံးသိပ္ပံပညာရှင် ဖြစ်၍ ၁၉၅၅ ခုနှစ်တွင် သေ $11 million
    9. Paul Walker, ရုပ်ရှင်မင်းသား ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် သေဆုံးခဲ့သည် $10.5 million
    10. Bettie Page, American model, ဖြစ်၍ ၂၀၀၈ ခုနှစ်တွင် သေဆုံးခဲ့သည် $10 million

    Source: http://www.infoplease.com/toptens/deadcelebrities.html

    အထက်ပါ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင်မရှိတော့သော်လည်း ထိုမျှလောက်ဝင်ငွေရှိ ကြသည်။ သို့သော် ကယ်တင်ခြင်းသို့ မရောက်လျှင် ငရဲထဲမှထိုငွေများကို ယူသွား၍ မရ၊ ဘာမျှ အကျိုးမရှိပါ။

    အဘယ်ကြောင့်ချမ်းသာသော သူများ ကယ်တင်ခြင်းသို့ ရောက်ဘို့ ခက်သနည်း။ ချမ်းသာသော သူများလည်း ကောင်းကင် မရောက်နိင်သလော။ ရောက်နိင်ပါသည်။ သို့သော် ကောင်းကင် ရောက်ဘို့ အရေးထက်လောက၌ ချမ်းသာ မည့် အရာကို သာလုပ်ဆောင်ကြ၍ စိတ်ဝင်စားကြသောကြောင့် ဘုရား ပေးသော ကယ်တင်ခြင်းကို လက်မခံကြခြင်း ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က၊ “ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သော သူသည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ခဲလှ၏။ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော် တို့အား မိန့်တော်မူ၏။” (မ ၁၉:၂၃-၂၄)။ ​

    ကျွန်ပ်တို့ မြန်မာနိင်ငံသား များသည် အထက်ပါ လူများ ကဲ့သို့ မချမ်းသာ ကြပါ။ သို့သော်လည်း ကိုယ့်အတိုင်း အတာနှင့် ချမ်းသာ နေကြပြီ။ အိမ်ကား ပိုင် ကြသည်။ အလုပ်အကိုင်ရှိ ကြသည်။ သို့သော် ကျေနပ်မှု ရှိပါသလား။ ပို၍ ပို၍ ချမ်းသာ ချင် လာကြသည် မဟုတ်လော။ ချမ်းသာ ချင်သော သူများသည် စာတန်ကို ကိုးကွယ်ကြကြောင်း ကျမ်းစာအားဖြင့် ဤသို့ တွေ့ရသည်၊ “မာရ်နတ်သည် ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင်သွား၍ ၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍ ၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည်ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။” (လု ၄:၅ -ရ)။ စာတန် ကဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသော သူာ အားပေးရသည်ဟုဆို သောအခါ၊ သခင်ဘုရား ကသူပိုင်ကြောင်းကို မငြင်းပါ။ ဤလောက ပိုင်ဘို့ရန် စာတန်ကို ကိုးကွယ်ဘို့ လိုသည်။ ထို့ကြောင့် သခင်ဘုရား ကဤလောက ပိုင်ဘို့ကို ငြင်းဆိုခဲ့သည်။ သခင်ဘုရားသည် ဤလောက ာ၌ ရှိစဉ်တွင် ဘယ်အရာမျှ မပိုင်ခဲ့ချေ။ ပိုင်ခဲ့သည် ရှိသော် စာတန် ထံအကြွေးရှိသောကြောင့် စာတန် အလိုကို ဆောင်ဘို့ လိုလိမ့်မည်။ ထို့ထက် သူက၊ “ဤလောကကို အစိုးရသော မင်းသည် လာဆဲ ဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကို မျှ မတွေ့ရ။” (ယော ၁၄:၃၀) ဟုဆိုခဲ့သည်။

    ဤလောက ထဲ၌ ရွှေငွေနှင့် ဥစ္စာပစ္စည်းများ သာထင်တတ်ကြသည်၊ မဟုတ်ပါ။ ဝါသနာ၊ အပျော်အပါး၊ အာဏာ၊ ပညာ၊ ကျော်ကြားခြင်း၊ အချစ်၊ ကိလေသာ၊ အားလုံးပါဝင်သည်။ အချို့သော သူများသည် အသက် စွန့်သည် အထိ မိမိတို့ ဝါသနာကို လိုက်စား ကြသည်။ မလိုအပ်ဘဲ တောင်ကမ္ဘာတက်ခြင်း၊ လမ်းကြမ်း၌ ဆိုင်ကယ်၊ ကား စီးခြင်း၊ နှင်းကြားထဲ၌ စကီးစီးခြင်း စသည်ဖြင့် ဝါသနာ နောက်လိုက် ကြသည်။ သို့သော် ထိုအရာများ လုပ်ခြင်းအားဖြင့် ဘုရားသခင်က ကောင်းကင်နိင်ငံဝင်ခွင့်ပေးမည် မဟုတ်။ အချို့သော သူများသည် ပုလင်းကွဲစားခြင်း၊ သံစားခြင်း၊ စသည်ဖြင့် ထူးခြားချင် သောကြောင့် အစာ မဟုတ်သောအရာ များကို စား ကြသည်။ ဘုရားသခင်က လူတိုင်း ငါ့သား ယေရှုကို ဘာ ဖြစ်လို့မယုံကြည်အား မကိုး တာလဲ၊ဟု မေးသောအခါ ကိုယ်တော် ​ကျွန်တော် ကပုလင်းကဲွ၊ သံတွေစားခဲ့တယ်ဟု ပြောသော်လည်း အကျိုးရှိမည် မဟုတ်။ ဘုရားသခင်က၊ လောက၌ သင်အသက် ရှင်စဉ်တွင် ငါ့သားကို ဘယ်လို လက်ခံသလဲ၊ဟု မေးသောအခါ ကိုယ်တော် ​ကျွန်တော် တရက်မှအလုပ် ၁၆ နာရီ လုပ်တယ်၊ အိမ်ပိုင်တယ်၊ တန်ဘိုး ကြီး တဲ့ကား နှစ်စီးပိုင်တယ်၊ ဟုပြော သောအခါ မေးခွန်းနှင့် မစပ်ဟပ်သောကြောင့် ကောင်းကင် ဝင်ခွင့်ပြုမည် မဟုတ်။ ကိုယ်တော် ​ကျွန်မကတော့ခလေး ငါးယောက်မွေးလို့ခလေး ထိန်းနေတာနဲ့ လုံးဝအချိန် မရလို့သင်တန်းမတက်၊ ဘုရားကျောင်းတော့ပုံမှန်တက်တယ်ဟု ​ဖြေလျှင်လည်း အကျိုးရှိမည် မဟုတ်။ ဘုရားသခင်က လူတိုင်း လုံလောက်သော အချိန်၊ သူ၏ ကယ်တင်ခြင်းကို သိရှိ နားလည်၍ လက်ခံနိင်သော အခွင့်ကို ပေးထားသည်။ စက်ရုံအလုပ်ရုံ၌ အလုပ်လုပ် သောအခါ၌လည်း၊ အား၍ လုပ်သည် မဟုတ်၊ လိုအပ်၍ လုပ် ကြသည်။ ခလေး ထိန်းစရာ လိုအပ်သောကြောင့်ဟု ဆင်​ခြေပေး၍ မရ။ ခလေး ထိန်းနေလျှင် သူဌေးကလုပ်အား ခပေးမည် မဟုတ်။ အလုပ်လုပ်ဘို့ ဝါသနာမပါသောကြောင့် မလုပ်လျှင်လည်း ဘာမျှရမည် မဟုတ်။ သို့ဖြစ်လျှင် အဘယ်ကြောင့်နေ့တိုင်း နှစ်ပေါင်းများစွာ အလုပ်လုပ်နိင်ကြသနည်း။ အလုပ်ကို ဝါသနာပါသောကြောင့် လုပ်ကြသလော။ အဘယ်သူသည် နံနက် ၅ နာရီ ထ၍ အလုပ်လုပ်ချင် ကြသနည်း။အား လွန်းသောကြောင့် အလုပ်လုပ်ကြသလော။ နားလည်သောကြောင့် လုပ်ကြသလော။ လိုအပ်သောကြောင့် လုပ်ကြသည် မဟုတ်လော။ အလုပ်လုပ်ခြင်းသည် ပိုက်ဆံရဘို့ အတွက် ဖြစ်သည်။ ပိုက်ဆံရှိမှဘီလ်ပေးနိင်မည်။ စားစရာ ဝတ်စရာ လိုအပ်ချက်များ ဝယ်နိင်မည်။ ထိုအရာများသည် အလုပ်လုပ်မှ မဟုတ်၊ အလုပ်မလုပ်သော သူများလည်း အိမ်ထဲမှာ နေကြသည်။ အလုပ်လက်မဲ့များလည်း စားသောက်ကြ၊ ဝတ် ကြသည်။ ထို့ကြောင့် သခင်ဘုရားက၊ “အဘယ်သို့ စားသောက်ရမည်ဟု အသက် အဘို့ မစိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟုကိုယ်အဘို့ မစိုးရိမ် ကြနှင့်။ အစာထက် အသက် မြတ်သည် မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည် မဟုတ်လော။ ထို့ကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာများကို သာ သာသနာ ပလူတို့သည် ရှာဖွေ တတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။” (မ ၆:၂၅၊ ၃၁-၃၃)ဟု သတိပေးသည်။ ထိုအရာကိုလည်း သိနေသော်လည်း မထူးခြား၊ ​ကျွဲပါးစောင်းတီး ဖြစ်နေကြသည်။

    အမှန်မှာ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် လောက အလုပ်များ စွန့်စရာ မလိုပါ၊ ခိုင်းလည်း မခိုင်းပါ။ သို့သော် ကယ်တင်ခြင်း စိတ်ချမှု မရှိမခြင်း အခြားအရာများကို ထား၍ ရှာသင့်သည်။ သခင်ဘုရားက၊ “တနည်းကား၊ ကောင်းကင် နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကို တွေ့သော သူသည် တဖန် ဖုံးအုပ်၍ ၊ ဝမ်းမြောက်သော စိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။ တနည်းကား၊ ကောင်းကင် နိုင်ငံတော်သည် မြတ်သော ပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။ ထိုကုန်သည်သည် အလွန် အဘိုးထိုက်သော ပုလဲကို တွေ့ သောအခါ၊ သွား၍ မိမိ၌ ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။” (မ ၁၃:၄၄-၄၆)ဟု ဥပမာပေးခဲ့သည်။ ဤဥပမာသည် သခင်ယေရှုက ဝိညာဉ် များကို တန်ဘိုး ထား၍ မိမိအသက် စွန့်၍ ရွေးဝယ်ခြင်းကို ဆိုလိုခြင်း ဖြစ်နိင်သည်။ သို့မဟုတ် ကောင်းကင်နိင်ငံတော်သည်၊ ကယ်တင်ခြင်း အကြောင်းကို ပြောခြင်းလည်း ဖြစ်နိင်သည်။ ကောင်းကင်နိင်ငံသည် ဝှက်ထားသော ဘဏ္ဍာကဲ့သို့၎င်း၊ မြတ်သော ပုလဲကဲ့သို့၎င်းတန်ဘိုး ကြီးသည်။ သို့သော် များစွာသော လူသားများသည် ထိုအရာကို မသိသောကြောင့်၊ စာတန် လှည့်စားသော၊ မမြဲသော ဤလောက စည်းစိမ်ကို သာလျှင် မက်၍ ရှာ နေကြသည်။ အမေရိကန်ပြည် ဝင်နိင်ဘို့ အရေးပင်လျှင် ငွေမရှိသော သူများသည် ရှိသမျှ ရောင်း၍ မလေးရှားသို့ သွားကြသည် မဟုတ်ပါလော။ အမေရိကရောက်သောလည်း မကြီး ပွားဘဲ စိတ်ပျက်လက်ပျက်နှင့် သေကြောင်း ကြံ သူများလည်းရှိကြသည်။ ကောင်းကင်နိင်ငံသည် ထိုကဲ့သို့ မဟုတ်၊ ဒုက္ခ ဆင်းရဲခြင်း၊ ရှုံးဆုံးခြင်း လုံးဝ မရှိသော နေရာ ဖြစ်သည်။ ထိုအရာကို သိသူအတွက် ဤလောက အရာအားလုံးကို စွန့်၍ ရှာသင့်သည်။ ကောင်းကင် ဝင်ခွင့်မရမခြင်း စိတ်မကျေနပ်ဘဲ ရှာသင့်သည်။ သို့သော် သဘော မပေါက်နိင်သော သူများအတွက် ဝမ်းနည်းခြင်း မှလွှဲ၍ ဘာမျှလုပ်ပေးလို့လဲမရ၊ ဆုတောင်း ပေးရုံသာရှိတော့သည်။ ဤစာအားဖြင့် သင်၏ စိတ်နှလုံးကိုတို့ ထိ၍ ၊ ရှိသမျှသောအရာ ကို ထား၍ ကောင်းကင်နိင်ငံတော်ကို ရှာသောသူ ဖြစ်နိင်ပါစေသော်။

    .

    ^

    ခရစ်ယာန် အသက်တာ

    ယနေ့ ခရစ်ယာန် အများစုသည် အဘယ်ကြောင့် ဝိညာဉ် လူမ ဖြစ်ကြသနည်း။ အဘယ်ကြောင့် ဆုတောင်းခြင်း ကျမ်းစာ ဖတ်ခြင်း မပြုကြသနည်း။ အဘယ်ကြောင့်မယုံကြည်သူလောက သားများနှင့် တူညီ နေကြသနည်း။ အဘယ်ကြောင့်ဘုရား ခိုင်းသော အလုပ် တည်းဟူသောကယ်တင်ခြင်း အကြောင်းကို မပြောဘဲ၊ မခိုင်းသောအရာ များကို သာလုပ် နေကြသနည်း။ အဘယ်ကြောင့် ခရစ်တော် ကြွလာမည့် အရာကို မမြော်လင့်၊ မကြိုဆို၊ မဟောကြသနည်း။ အဘယ်ကြောင့်အမှုတော်ဆောင်များလည်း ဝိညာဉ် များကို မချစ်ဘဲ၊ ငွေကျေးကို သာအာရုံစိုက်ကြသနည်း။ အဘယ်ကြောင့် ခရစ်ယာန်များညှင်းဆဲနှိပ်စက်ခံကြသော်လည်း မကူညီ၊ ဂရုမစိုက်ကြသနည်းစသည်ဖြင့် မြောက်များစွာသော မေးခွန်းမေးစရာ ရှိသည်။ ထိုအရာအားလုံး၏ အ​ဖြေများ မှာအောက် ဖေါ်ပြပါအချက်များကြောင့် ဖြစ်သည်။

    ဘုရားကို မယုံကြည်

    ခရစ်ယာန် အများစုသည် နာမည်ခံ ခရစ်ယာန်များဖြစ် ကြသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည် ကြသည် မဟုတ်ချေ။ ထို့ကြောင့် ခရစ်ယာန် အသက်တာဖြင့် အသက် မရှင်နိင်ကြခြင်း ဖြစ်သည်။ ယေရှုကိုယ်တိုင်က ဤသို့ ဆိုခဲ့သည်၊ “လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏။” (မ ၁၅:ရ- ၉)။ ဣသရေလ လူများ ကဲ့သို့ ပင်၊ ယနေ့ ခရစ်ယာန် များလည်း နှုတ်နှင့် ဘုရားကို ချဉ်းကပ်၍ စိတ်နှလုံးမူကား ဘုရားနှင့် ဝေးလှသည်။ ထို့ကြောင့် ဘုရား ပြင်ဆင် ပေးထားသော ကောင်းကင်နိင်ငံလည်း စိတ်မဝင်စားကြ၊ အခမဲ့ပေးထားသော ထာဝရ အသက်လည်း အလိုမရှိကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည် သောကြောင့် အားလည်း မကိုး ကြ၊ အလွန် ဒုက္ခ ရောက်မှသာလျှင် ဘုရား ထံတော်သို့ ချဉ်းကပ် ကြသည်။ ထိုသို့ ချဉ်းကပ်လျှင်လည်း အမှန်တကယ် ယုံကြည် အားကိုးသည် မဟုတ်၊ လူအားဖြင့် ကြံစည်၍ မရတော့သောကြောင့် ဘုရား တခြင်း သာလျှင် ဖြစ်သည်။

    ထိုသို့ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်လျှင် အဘယ်ကြောင့်ဘုရားရှိခိုးကြသေးသနည်း။ အဘယ်ကြောင့် အသင်းတော်များထောင်၍ လုပ်ဆောင်ကြသေးသနည်း။ အဘယ်ကြောင့်အလှူပေး၊ ဆက်ကပ်ကြသေးသနည်း။ ထိုအရာများ လုပ်ခြင်းသည် အကြောင်းရင်းများစွာ ရှိသည်။ မိဘများ ကထိုကဲ့သို့ လုပ်သောကြောင့် အကျင့်ပါ၍ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ အချို့သော သူများအတွက် အမှု ဆောင်ခြင်း၊ အသင်းတော်၌ ဦးဆောင်သူ ဖြစ်ခြင်းသည်၊ အကွက်မြင်သောကြောင့်၎င်း၊ လူများရှေ့၌ ခေါင်းဆောင် လုပ်ချင် သောကြောင့်၎င်း၊ ဖြစ်သည်။ သို့ဖြစ်လျှင် ဆရာလည်း မဖြစ်၊ ခေါင်းဆောင် မဟုတ်သော သူများလည်း အဘယ်ကြောင့်ဘုရား ကျောင်းတက်ကြသနည်း။ သူတို့သည် အကျင့်ပါသောကြောင့်၊ သူတပါးနှင့် မတူညီမှာ စိုးရိမ် သောကြောင့် သာရေးနာရေး၌ ကူညီမည့်သူ မရှိမှာစိုးသောကြောင့် ဖြစ်သည်။

    ထိုသူများသည် ဘုရားကို မယုံကြည် သောကြောင့် ဘုရား ခိုင်းသောအရာသည် အရေးမကြီး၊ မိမိတို့ လုပ်လိုသောအရာ သာလျှင် အရေးကြီးသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ ဘုရား မယုံကြည်ဘဲ ဘုရားကိုးကွယ်ခြင်းသည် ဘုရား နာမရှုတ်ချစရာ သာလျှင် ဖြစ်သည်။ ကောင်းကင် တံခါးပိတ်သော သူများ ဖြစ်သည်။ ကိုယ်တိုင်လည်း မဝင်၊ ဝင်ချင်သော သူများ ကိုလည်း စိတ်ပျက်စေသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။

    ဘုရားကို မချစ်

    ဘုရား၏ အလိုတော် မဆောင်နိင်ခြင်း အခြားအကြောင်းရင်း တခုမှာ၊ ဘုရားကို မချစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က၊ “သင်၏ ဘုရားသခင် ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ ကြီး မြတ်သော ပညတ်လည်း ဖြစ်၏။” (မ ၂၂:၃ရ- ၃၈) ဟုဆိုသည်။ သို့သော် ခရစ်ယာန် များသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ မပြောဘဲ၊ စိတ်နှလုံးတပိုင်းတစနှင့် မျှပင် မချစ်ကြချေ။ ဘုရားသခင်ကို မုန်းသည်ဟု မဆိုကြသော်လည်း ဘုရား မုန်းသောအရာ များကို မမုန်းဘဲ အလွန် ချစ် ကြသည်။ ယောဟန်က၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။” (၁ ယော ၂:၁၅) ဟုဆိုသောကြောင့် လောကိုချစ်သော သူသည် ဘုရားသခင်ကို မချစ်ကြောင်း ထင်ရှားသည်။

    လူပျိုကို မိဘများ ကခိုင်း၍ မရသော်လည်း သူ့ချစ်သူကခိုင်းစရာ မလိုဘဲ ချစ်သူ၏ အလိုဆန္ဒကို အားလုံးလုပ်ပေးနိင်သည်။ အဘယ်ကြောင့်လုပ်ပေးနိင်သနည်း။ အဘယ်ကြောင့်ချစ်သူစိတ်ဆိုးစိတ်ကောက်မှာကို လူပျိုကအရမ်း စိုးရိမ် သနည်းဟူမူကား၊ သူ့ရည်းစားကို အလွန် ချစ်သောကြောင့် ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် တန်ခိုးအလွန် ကြီးသည်။ ချစ်သူနှင့် တွေ့ဘို့ ဆိုလျှင် အလွန် ချမ်းလျှင်လည်း သွားနိင်သည်။ ဝေးလျှင်လည်း သွားနိင်သည်။ ပိုက်ဆံလည်း အကုန်ခံနိင်သည်။ ချစ်သူအတွက် ဆိုလျှင် အပျိုလည်း မိဘမောင်နှမ များကို စွန့်၍ ရည်းစား နောက်လိုက် သွားနိင်သည်။ ချစ်ခြင်းမေတ္တာ၌ ကြောက်စိတ်၊ ရှက်စိတ်၊ ပျင်းရိခြင်း မရှိချေ။ ယနေ့ ခရစ်ယာန် များသည် ဘုရားသခင်ကို မချစ်ကြသောကြောင့် ဘုရား အလိုတော် ဆောင်ဘို့သည် အလွန် ခက်ခဲသည်။ ကိုယ်မချစ်မနှစ်သက်သူအတွက်အချိန် မပေးနိင်၊ ငွေကုန်ကျမခံနိင်၊ သည်းမခံနိင်ချေ။

    သင်သည် ထိုကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်စွမ်းသတ္တိရှိသမျှနှင့် မချစ်လျှင် ဘုရား အမှုတော်ဆောင်ခြင်းသည် အလွန် ခက်သောအရာ ဖြစ်သည်။ ဆောင်လျှင်လည်း ဘုရားကြောင့် မဟုတ်၊ ငွေတပ်မက်သောကြောင့်၎င်း၊ ခေါင်းဆောင် လုပ်ချင် သောကြောင့်၎င်း ဖြစ်မည်။ ဘုရား မချစ်သော သူသည် ဝတ်ပြုစည်းဝေးရှည်လျှင်လည်း မကြိုက်ချေ။ ဘုရား ကဘာမှခိုင်း၍ မရချေ။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။

    ဘုရား မကြောက်

    မချစ်လျှင်လည်း ကြောက်လျှင် အလိုလိုက်ဘို့ အလွန် လွယ်ကူသည်။ မြန်မာနိင်ငံ၌ စစ်သား များကို ကြောက်သောကြောင့် သူတို့ ခိုင်းသမျှကို ပြုလုပ် နိင်သည်။ တခါတုန်းကသင်းအုပ်ဆရာများ အဖွဲ့ဂျစ်ကား လေးဖြင့် မြို့တမြို့သို့ ရောက်လာ ကြသည်။ မြို့အဝင်မှာစစ်သားများကကြို၍ ငါတို့သည် ဂျစ်ကား အသုံးပြုဘို့ လိုသည်ဟုဆိုကာ သူတို့ကို ဆင်းခိုင်း၍ အသုံးပြုသွား ကြသည်။ သင်းအုပ်ဆရာများ ကကြောက်သောကြောင့် ဘာမျှ မပြောရဲဘဲ လက်မှိုင်ချပြီး ဆင်းပေးကြရှာသည်။ မကြောက်လျှင် ဆင်းပေးကြမည် မဟုတ်။ အဘယ်ကြောင့်ကြောက်ကြသနည်း၊ စစ်သားများမှာသေနပ်ရှိသည် သာမက၊ အာဏာလည်းရှိသည်။ စစ်သားများပင်လျှင် ထိုသို့ ကြောက်ရလျှင် အဘယ်ကြောင့် ဘုရားသခင်ကို မကြောက်ကြသနည်း။ ဆာလံဆရာက၊ “ကိုယ်တော် တပါးတည်း သာလျှင် ကြောက်ရွံဘွယ် ဖြစ်လေ၏၊ ၊ အမျက်ထွက် တော်မူ သောအခါ ရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်ပါမည်နည်း။” (ဆာရ ၆:ရ၊ ၄ရး၂၊ ၉၆:၄) ဆိုရေးထားသည်။ ယေရမိကလည်း၊ “အိုထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ မျှမတူပါ။ ကိုယ်တော်သည် ကြီး မြတ် တော်မူ၏။ နာမတော်သည် လည်း၊ တန်ခိုးတော် အားဖြင့် ကြီး မြတ် တော်မူ၏။ အိုလူအမျိုးမျိုး တို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍ ၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။” (ယေရ ၁၀:၆ -ရ) ဟုဆိုသည်။

    ဒံယေလသည်နှင့် သူငယ်ချင်းများသည် ဘုရားကိုယ်တိုင်ပင် မဟုတ်၊ ကောင်းကင်တမန် လာသောအခါ အလွန် ကြောက်ရွံ့ကြကြောင်း ဤသို့ တွေ့ရသည်၊ “ထို ဗျာဒိတ်ရူပါရံုကို ငါဒံယေလတယောက် တည်း မြင်ရ၏။ ငါနှင့်အတူ ပါလာသော လူတို့သည် မမြင်ရကြ။ သူတို့သည် အလွန် ကြောက်ရံွ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့်၊ ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။ ငါမူကား၊ တယောက် တည်း နေရစ်၍ ထိုကြီးစွာသော ရူပါရုံကို မြင်ရလျှင်၊ ခွန်အား လျော့၍ မျက်နှာပျက််လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်း မရှိ ဖြစ်လေ၏။သို့ ရာတွင်၊ ထိုသူ၏ စကား သံကို ငါကြား၏။ ကြား သောအခါ၊ မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။” (ဒံ ၁၀:ရ- ၉) အဘယ်ကြောင့်ထိုမျှလောက်ကြောက်ကြသနည်း။ ကောင်းကင်တမန်၏ ဘုန်းကို မြင်သောကြောင့် ဖြစ်သည်။ ယောဟန်လည်း အသက် ကြီး သောအခါ သူ၏ သခင်ကို မြင်၍ သေမတတ်ကြောက်ကြောင်း ဤသို့ ရေးထားသည်၊ “ထိုသူကို ငါမြင် သောအခါ၊ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေ၏။” (ဗျာ ၁:၁ရ)။ အဘယ်ကြောင့်ယောဟန်သည် သူ၏ သခင်ကို ထိုမျှလောက်ကြောက်သနည်း။ သူ၏ ရင်ခွင်၌ လျောင်းတတ်သည် မဟုတ်လော (ယော ၁၃:၂၃)။ အကြောင်းမှာ သခင်ကို သူ၏ ဘုန်းတန်ခိုးနှင့် တွေ့မြင်သောကြောင့် ဖြစ်သည်။

    ဣသရေလ လူများသည် ဘုရားသခင်၏ အသံတော်ကို ကြား သောအခါ သေမတတ်ကြောက်ကြကြောင်းကို ဤသို့ မှတ်တမ်းတင်ထားသည်၊ “မောရှေကိုလည်း ၊ အ​ကျွန်ုပ်တို့ အားကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိပ်ပါသည်ဟု လျှောက်ဆိုကြ၏။” (ထွက် ၂၀:၁၉)။ ​ကျွန်ပ်တို့သည် ဘုရား၏ ဘုန်းတော်လည်း မမြင်၊ အသံတော်လည်း မကြား၊ ထာဝရ ဘုရားသည် မရှိ သကဲ့သို့ ငြိမ်သက်နေသောကြောင့် မကြောက်ကြခြင်း ဖြစ်သည်။ ထာဝရ ဘုရားသည် လေကဲ့သို့ဖြစ်သည်။ လေသည် ငြိမ်နေလျှင် ကြောက်စရာ မရှိ၊ သို့သော် တနာရီ မိုင် ၁၆၀လောက်နှင့် တိုက် သောအခါ မကြောက်သော သူမရှိတော့ပါ။ မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်း တိုက်ခဲ့တုန်းကမကြောက်သော သူမရှိပါ။ မိုးလေဝသဌါနမှလေပြင်းမုန်တိုင်း တိုက်ခတ်မည့် အကြောင်း ကျေညာ သောအခါ သိတတ်သော သူများသည် ကြောက်သောကြောင့် ကြိုတင် ပြင်ဆင် ထား ကြသည်။ ရှေ့အနာဂတ်၌ ဘုရား၏ အမျက်တော် မြေကြီး ပေါ်သွန်းလောင်း သောအခါ မည်မျှကြောက်ကြမည့် အကြောင်းကို ဤသို့ ကြိုရေးထားသည်၊ “ဆဌမတံဆိပ်ကို ဖွင့် သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍ ၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ၊ ငါတို့ကို ဖုံးအပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁ရ- ၁၈)။ ဘုရား အမျက်ထွက် သောအခါ ရှင်ဘုရင်များ၊ မူးမတ်များ၊ စစ်သူကြီးများ၊ သူဌေးများလည်း မခံနိင်ကြပါ။ ကြောက်လွန်းသောကြောင့် သေကြောင်း ကြံ ကြသည်။ ထို့ကြောင့် ထာဝရ ဘုရားကို ကြောက်ကြစို့။ အဘယ်ကြောင့်မကြောက်ကြသနည်းဟူမူကား မတွေးတော မဆင်ခြင်သောကြောင့် ဖြစ်သည်။ အသောကြောင့် ဖြစ်သည်။ အရူးများသည် ကြောက်သင့်သော သူများကို မကြောက်တတ်ကြချေ။

    ထာဝရ ဘုရားကို ကြောက်လျှင် သူခိုင်းသောအရာ များ လုပ်ဘို့သည် အလွန် လွယ်သည်။ ခိုင်းသမျှ သာမကမခိုင်းမှီကပင်လုပ်ချင် နေမှာ ဖြစ်သည်။ သူ၏ မျက်နှာသာပေးခြင်း ခံရမည့် အရာကို သာလျှင် ရှာဖွေ ကြမှာ ဖြစ်သည်။ ကိုယ်ဝမ်းမြောက်ဘို့၊ စိတ် ကျေနပ် ဘို့ထက် ထာဝရ ဘုရား ဝမ်းမြောက် ကျေနပ်ဘို့ကို သာလျှင် ရှာမှာ ဖြစ်သည်။

    ငရဲရောက်မည့်သူများစာနာဘို့

    “လမ်း၌ သွား တော်မူ စဉ်၊ အမိဝမ်းတွင်း ကပင်မျက်စိကန်းသော သူတယောက်ကို တွေ့မြင် တော်မူ၏။ တပည့်တော် တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှု ကလည်း၊ ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်း တည်း၊ ” (ယော ၉:၁-၃)။ အမိဝမ်းတွင်း ကပင်မျက်စိကမ်းသော သူသည် သူ၌ ဘုရားသခင်၏ အမှုတော်ကို ထင်ရှားစေမည့် အကြောင်း ဖြစ်သည်ဟု သခင်ဘုရား ကဆိုခဲ့သည်။ သူသည် အသက် အရွယ်နှင့် ပြည့်စုံပြီ (၉:၂၁) ဟုဆိုသောကြောင့် အရွယ်ရောက်ပြီးကြောင်း သိရသည်။ သူ့ခမျာ ခရစ်တော် ကသူ့ အပေါ် အလုပ်လုပ်နိင်ဘို့ မွေးစကပင်မျက်စိကန်းခြင်းဖြင့် ဒုက္ခ ရောက်ရသည်။ သို့သော် တနေ့ချင်းတွင် သခင်ဘုရား ကသူ၏ ခန္ဓာမျက်စိနှင့် ဝိညာဉ် မျက်စိကို မြင် စေခဲ့သည်။ သူသည် အသက် ရှင်ရကျိုးနပ်သည်ဟုဆိုနိင်သည်။ ​

    ကျွန်တော်လည်း ငယ်ရွယ်စင်မှစ၍ အဲလဂျီ (Allergy) ခံစားရသည်။ ငယ်ငယ်တုန်းကနံနက်အိပ်ယာမှထလျှင် ချက်ချင်း မျက်စိမဖွင့်နိင်ခဲ့ပါ။ မျက်ချေးများ က​ကျွန်တော့မျက်စိကို ချုပ်ထားသောကြောင့် မျက်နှာသစ်ဘို့ လိုသည်။ မျက်စိယား၊ နီပြီး အလွန် အနေရခက်တတ်သည်။ သို့သော် အသက် ကြီး လာသောအခါ သန့် သန့်ရှင်းရှင်းနေနိင်သောကြောင့် မျက်စိချုပ်ခြင်း မရှိတော့သော်လည်း နှာဆေး၊ နှာရည်ယိုခြင်းသည် ယခုတိုင်အောင် ခံစားရသည်။ အဲလာဂျီအတွက် ဆေးထိုးသော်လည်း မသက်သာပါ။ ဆေးစားလျှင်လည်း ခဏသာကောင်းပြီး နောက်ပိုင်းတွင် ဆေးမတိုးတော့ပါ။ ကျန်းမာဘို့ ဘုရား ထံ၌လည်း ဆုတောင်းသော်လည်း မပျောက်ပါ။ ဘုရားသခင်သည် နားမကြား သကဲ့သို့ ဘာမျှအ​ဖြေမပေးပါ။ တခါတရံစိတ်ပျက်တတ်သည်။ ညအိပ်စက် သောအခါ နှာခေါင်းမှအသက် မရှုနိင်သောကြောင့် ပါးစပ်ကနေအသက် ရှုရ၍ ်နိုးလာသောအခါ အာအရမ်း​ခြောက်တတ်သည်။ အိပ်ရေးလည်း မဝနိင်ပါ။ အဘယ်ကြောင့်ထိုကဲ့သို့ ဘုရားသခင်သည် ​ကျွန်တော့ကို ခံစား စေသနည်း။ ငရဲရောက်မည့် ဝိညာဉ်များအာ​ခြောက်၍ အလွန် ခံစား မည့် အရာကိုကိုယ်ချင်းစာ၍ ဆုတောင်း ပေးဘို့၊ ကယ်တင်ခြင်း အကြောင်း ပြောပြလိုသော ဆန္ဒရှိဘို့ ဖြစ်သည်ဟု သဘောပေါက် နားလည်ရသည်။ ထို့ကြောင့် စိတ်မပျက်တော့ပါ။ ထိုသို့ အာ​ခြောက်ခြင်းသည် ညပိုင်းမှာသာလျှင် ဖြစ်၍ နေ့ခင်းပိုင်းတွင် ပြန်၍ နှာခေါင်းမှအသက် ရှုနိင်သေးသည်။ ငရဲရောက်မည့်သူ များသည် ထာဝရ ကာလ ပတ်လုံးအာ​ခြောက်၍ သက်သာရာရကြမည် မဟုတ်။ ထို့ကြောင့် သူတို့အတွက် ကိုယ်ချင်းစာနာနိင်ဘို့ရန် ဘုရားသခင်က ​ကျွန်ပ်ကို နှာခေါင်းပိတ်စေသည်ဟု ခံယူသည်။

    ရှင်ပေါလုလည်း၊ “ငါခံရသော ဗျာဒိတ်တော် အလွန် ထူးမြတ်၍ ငါသည် ထောင်လွှားသော စိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏ တမန် တည်းဟူသောငါ့ကိုယ်၌ စူးသော ဆူးကို ပေးတော်မူ၏။ ၈ ထိုဆင်းရဲခြင်း နှင့် ကင်းလွတ် မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားခံတော် ခံပြီးလျှင်၊ ၉ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည်အား နည်းခြင်း အဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့ အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌ အား နည်းခြင်း အဖြစ်ကို ဝမ်းမြောက်သော စိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။” (၂ ကော ၁၂:ရ- ၉)ဟု ရေးခဲ့သည်။ ပေါလုအားဖြင့် ဘုရားသခင်သည် ​ခြေမစွမ်းသော သူကို ကျန်းမာ စေခဲ့သည် (တ ၁၄:၁၀)၊ နတ်ဆိုးကို နှင်ထုတ် ခဲ့သည် (တ ၁၆:၁၈)၊ သူ၏ ပုဝါခပန်းအားဖြင့် လူနာများ ကျန်းမာ စေခဲ့သည့်် (တ ၁၉:၁၁-၁၂)၊ အိမ်ပေါ်မှကျသွားသော လုလင်ကို ပြန်အသက် ရှင် စေခဲ့သည် (တ ၁၉:၁၀-၁၂)၊ မြွေဘေးမှလည်း လွတ်ခဲ့သည် (တ ၂၈:၅)၊ ပုဗလိမင်း၏ အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍ ၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။ (တ ၂၈:၈)။ သို့သော် သူ့ကိုယ်ခန္ဓာမှစူးသော ဆူးကိုမူမကျန်းမာ စေခဲ့ချေ။ အကြောင်းမှာ တတိယကောင်းကင် တက်ခွင့်ရသောကြောင့် မဝါကြွားဘို့၊ နှိမ့်ချဘို့ရန် ဟုဆိုသည်။ သူ၏ ဝိညာဉ်သား တိမောသေ၏ ဗိုက်နာခြင်း အတွက် စပျစ်ရည်ကို အနည်းငယ်သောက်ခိုင်းသည် (၁ တိ ၅:၂၃)။ အဘယ်ကြောင့် ဘုရားသခင်က မကျန်းမာစေသနည်း။ စဉ်းစားစရာ ရှိသည်။

    အဆင်ပြေနေသော သူတို့သည် သူတပါးကိုကိုယ်ချင်းမစာနာတတ်ကြချေ။ ကျန်းမာနေသော သူများ ကနာသော သူများကို နားမလည်၊ သည်းမခံနိင်ကြချေ။ ငွေ​ကြေးလုံလောက်နေသော သူများက၊ ဆင်းရဲသော သူများကို မသနားတတ်ချေ။ မိသားစုအဆင်ပြေနေသော သူများ ကမိသားစု ပြသနာ ရှိသော သူများကို မသနားတတ်၊ အပြစ် သာတင်တတ်သည်။ သခင်ဘုရားက၊ “စိတ်မသာညည်းတွားသော သူတို့သည် မင်္လာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။” (မ ၅:၄)။ ​ကျွန်တော် နှာဆေးနှာပိတ်ခြင်းအားဖြင့် ငရဲရောက်မည့်သူ များကို ကိုယ်ချင်းစာတတ်စေသည် သာမက၊ ကောင်းကင်ကို စွဲလမ်းစေသည်။ ကောင်းကင် ရောက် သောအခါ အသက် ရှုစရာ မလို၊ နာခြင်း၊ သေခြင်း၊ ဒုက္ခ ရောက်ခြင်းရှိတော့မည် မဟုတ်။ ​ကျွန်ပ်၏ သက်သေခံခြင်းအားဖြင့် နာတာရှည် ရောဂါနှင့် ခံစား နေသော သူများ သက်သာရာရရှိနိင်ကြပါစေ။

    .

    ^

    ကျမ်းစာ ဖတ်ကြစို့

    ၁ ပေ ၅

    ပေတရုဩဝါဒပဌမ စာစောင် အခန်းကြီး ၁မှ ၄ အထိကို ၂၀၁၃ စာစောင်ထဲ၌ ရေးထားခဲ့ပြီး ဖြစ်ပါသည်။ ယခု အခန်းကြီး ၅ ကို ဖတ်ရှုကြပါစို့။

    သင်းအုပ်များထံမှာစာ

    ၁။ သင်းအုပ်အရာ၌၎င်း၊ ခရစ်တော်၏ ဆင်းရဲ ဒုက္ခ ဝေဒနာကို သိမြင်သော သက်သေအရာ၌၎င်းခန့်ထားသောသူ၊ ထင်ရှားစေ တော်မူ လတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူ ဖြစ်သော ငါပေတရုသည်၊ သင်တို့တွင် ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။

    သခင်ယေရှု ကပေတရုကို သင်းအုပ်အရာ၌ ခန့်ထားခဲ့ကြောင်း ဤသို့ တွေ့ရသည်၊ “ယေရှုက၊ ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ်သလောဟု ရှိမုန်ပေတရုအား မိန့်တော်မူလျှင်၊ ဟုတ်ပါ၏ သခင်။ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏ သိုးသငယ် တို့ကို ​ကျွေးမွေးလော့ဟု မိန့်တော်မူ၏။” (ယော ၂၁:၁၅)။ သခင်ယေရှု ကပေတရုအား သူ၏ သိုးတည်း ဟူသော၊ ယုံကြည်သူ တို့ကို ​ကျွေးမွေး ပြုစုဘို့ရန် သုံးကြိမ်တိတိခိုင်းခဲ့သည်။ ထို့ကြောင့် ပေတရုသည် သိုးထိန်း ဖြစ်သည်။ ထိုအပြင်ပေတရုသည် ခရစ်တော်၏ ဆင်းရဲ ဒုက္ခ ဝေဒနာ များကို သိိမြင်၍ သက်သေ ဖြစ်သည်။ ဂေသရှေမန်ဥယျဉ်၌ ခရစ်တော် ခံခဲ့သော ဒုက္ခ ဝေဒနာ မှစ၍ ဘာသာရေးခေါင်းဆောင် များ၏ နေ့စဉ် တိုက်ခိုက်ခြင်း၊ နောက်ဆုံး၌ ပိလတ်မင်းနှင့် ဟေရုဒ်တို့၏ တရားစီရင်ခြင်း၊ ရက်စက်စွာ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်တော်၌ အသေသတ်ခံရခြင်း အဆုံးပေတရုသည် အားလုံးမြင်ခဲ့သောသူ ဖြစ်သည်။ သူ့ထက် ခရစ်တော်နှင့် နီးသော သူမရှိပါ။ “ထင်ရှားစေ တော်မူ လတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူ ဖြစ်သော ငါပေတရု” ပေတရုသည် ခရစ်တော် ဘုန်းတော်နှင့် ကြွလာမည့် အရာကို ထူးခြားသော တောင်ပေါ်၌ မြင်ခဲ့ပြီး ပြီ၊ “ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန်တို့ကို ခေါ်၍ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။ သူတို့ ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည် ဖြစ်၍ ။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက် လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက် ရှိ၏။ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။” (မ ၁ရး၁-၃) “သင်တို့တွင် ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။” ပေတရုသည် သူကိုယ်တိုင်သင်းအုပ်၊ သိုးထိန်း ဖြစ်သည့်အတိုင်း အခြားသော သင်းအုပ်များကို စာရေးခြင်း ဖြစ်သည်။ သူသည် တမန်တော် ဖြစ်သော်လည်း အမိန့်အာဏာဖြင့် မရေးပါ။ တောင်းပန်ပါ၏ဟု ရေးထားသည်။ သင်းအုပ်တိုင်း သတိထား၊ လိုက်နာသင့်သော အချက် ဖြစ်သည်။

    ၂။ သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော် စုကို ထိန်းခြင်း အမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။

    “သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော် စု” ယုံကြည်သူ အသင်းသူ အသင်းသား များသည် သင်းအုပ်များ အနေဖြင့်ကိုယ်ပိုင်သည် မဟုတ်ဟူသောအရာ ကို သသိပြုရမည်။ ဘုရားသခင်၏ သိုးများ ဖြစ်သည်။ ဘုရား ပိုင်သော သိုးများ ဖြစ်သောကြောင့် ပိုင်ရှင်၏ အလိုအတိုင်း ကြည့်ရှုဘို့ လိုသည်။ “ဘုရားသခင်၏ သိုးတော် စုကို ထိန်းခြင်း အမှု” သိုးထိန်းရာတွင် တာဝန် ကျေ မဟုတ်ဘဲ သတိထားဘို့ လိုကြောင့်ရေးထားသည်။ မည်ကဲ့သို့ ထိန်းမည်ကို အောက်၌ ဆက်ရေးထားသည်။ “အနိုင်ထိန်းရသောကြောင့် မဟုတ်” အနိင်ထိန်းသည်ဟုဆိုခြင်းသည် အနိင်အထက်၊ အမိန့်အာဏာဖြင့် ထိန်းခြင်းကို ဆိုလိုသည်။ အချို့သော သင်းအုပ်များသည်၊ အမိန့်အာဏာနှင့် ထိန်းသောကြောင့် သိုးများ ကအလွန် ကြောက် ကြသည်။ ထို့ကြောင့် အသင်းသားများကဘုရား အလိုတော် ထက်၊ သင်းအုပ် အလိုဆန္ဒကို ဖြည့်ဘို့ ကြိုးစား လာတတ် ကြသည်။ “မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ” ယနေ့ များစွာသော သင်းအုပ်နှင့် ဘုရား အမှု ဆောင်များသည် မစင်ကြယ်သော စီးပွားကို တပ်မက်၍ ရှာ နေကြသည်။ အမှုတော်ဆောင်သည် အကောင်းဆုံးအိမ်၊ ကား၊ ပစ္စည်းများရှိဘို့ အဓိက မဟုတ်ချေ။ အသင်းသားများနှင့် တန်းတူနေနိင်လျှင်တော်လောက်ပြီ။ အမှုတော် မြတ်အတွက် ပေးလှူသော ငွေများကို ကိုယ်ပိုင်ငွေကဲ့သို့ သုံးစွဲသော သူတို့သည် စာတန်၏ ကျော့ကွင်းထဲ၌ ကျော့မိသော သူများ ဖြစ်သောကြောင့်၊ ဘုရားသခင်က အသုံးမပြုနိင်ချေ။ သို့သော် လူသည်လောက အရာကို သာလျှင် တန်ဘိုး ထားသောကြောင့်၊ လုံးဝ နားမလည်နိင်ချေ။ အမှုတော်ဆောင်သောကြောင့် ချမ်းသာ လာလျှင် အောင်မြင် သည်ဟု သဘော ကျတတ် ကြသည်။ ထိုသူများသည် ငွေတန်ခိုးအားကိုး သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ကိုကို အသုံးမပြုနိင်ကြချေ။ “အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့” သိုးထိန်းခြင်းသည် စေတနာစိတ်ရှိမှအောင်မြင် နိင်သည်။ မိဘများက သားသမီး များအပေါ်ချစ်ခြင်း မေတ္တာအားဖြင့် ကြည့်ရှု သကဲ့သို့ ကြည့်ရှုဘို့ လိုသည်။ မေတ္တာစေတနာမပါသော ခလေး ထိန်းများ ကခလေး ထိန်း သောအခါ၊ ခလေး စားမည့် အစာကိုကိုယ်ကစား၍ ၊ ခလေး ကောင်းစားရေးအတွက် လုံးဝ ထည့်တွက်ခြင်း မရှိသောကြောင့် ခလေးများမကောင်းနိင်ချေ။ သင်းအုပ်များလည်း ဝိညာဉ် သားသမီး များအတွက် မဟုတ်၊ အသပြာအတွက် လုပ်လျှင် အကျိုးမရှိသည် သာမက၊ ဆုတ်ယုတ်ဘို့ သာလျှင် ရှိသည်။ သင်သည် ထိုကဲ့သို့သော သိုးထိန်း ဖြစ်ပါသလော။

    ၃။ အသီးအသီးအုပ်သော အသင်းတော် တို့ကို အာဏာထား၍ အစိုးတရပြုသည် မဟုတ်ဘဲ၊ သိုးတော် စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့။

    သိုးထိန်းများသည် အာဏာဖြင့် မဟုတ်၊ ပုံသက်သေအားဖြင့် ဦးဆောင်ရမည်။ အာဏာသုံးသော သင်းအုပ်များသည် မအောင်မြင် နိင်ချေ။ အကြောင်း အမျိုးမျိုးကြောင့် အခိုက်အတန့်အားဖြင့် နောက်လိုက်သော်လည်း၊ အာဏာသုံးသော သင်းအုပ်များ ထံမှ အသင်းသားများထွက်သွားတတ် ကြသည်။ သင်းအုပ်သည် ပုံသက်သေကောင်းပါက အသင်းသားများဝမ်းမြောက် လေးစား၍ စကား နားထောင်မှာ ဖြစ်သည်။

    ၄။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်း တော်မူ သောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။

    “သိုးထိန်းအကြီး ပေါ်ထွန်း တော်မူ သောအခါ၊” သိုးထိန်းကြီး တည်းဟူသောသခင်ယေရှုသည် ကောင်းကင် မှဆင်းသက် တော်မူ လိမ့်မည်။ သူကိုယ်တိုင်က လည်း ပြောသွားသည် (ယော ၁၄:၃)။ “သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” သိုးထိန်းကြီး ခရစ်တော်သည် ကောင်းကင် မှဆင်းသက် တော်မူ သောအခါ သိုးထိန်းများကို ပေးမည့် သရဖူပါလာမည်ဟုဆိုသည်။ ထိုဆုသည် သင်းအုပ်တိုင်းရရှိမည် မဟုတ်၊ သိုးများကို ကောင်းစွာ စောင့်ရှောက်ထိန်းသိမ်းသော သူများရမည့် သရဖူ ဖြစ်သည်။ ထိုသရဖူကို ရရှိဘို့ ကြိုးစား၍ မြော်လင့်ကြပါစို့။ ထိုသရဖူသည် ညှိုးနွမ်းတတ်သော သပြေခက်များ မဟုတ်၊ ထာဝရ ကာလ တိုင်ခံနိင်သော သရဖူ ဖြစ်မည်။

    ၅။ ထိုနည်းတူ ၊ အသက် ပျိုသော သူတို့၊ အသက် ကြီးသော သူတို့၏ စကားကို နားထောင် ကြလော့။ ထိုမျှကမ၊ အချင်းချင်းတယောက် အောက်တယောက် နှိမ့်ချလျက် နေ၍၊ နှိမ့်ချခြင်း တန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြု တော်မူ၏။

    “အသက် ပျိုသော သူတို့၊ အသက် ကြီးသော သူတို့၏ စကားကို နားထောင် ကြလော့။” ကျမ်းစာ အရအသက် ငယ်သော သူများ ကအသက် ကြီးသော သူတို့၏ စကား နားထောင်ဘို့ ဖြစ်သည်။ သို့သော် ယခုခေတ် တွင် အသက် ငယ်သော သူတို့၏ စကားကို အသက် ကြီးသော သူများက နားထောင်ဘို့ ဖြစ်သည်ကို ဝမ်းနည်းဖွယ် ဖြစ်သည်။ ကြီး စဉ်ငယ်လိုက်ရိုသေ၊ နားထောင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ “အချင်းချင်းတယောက် အောက်တယောက် နှိမ့်ချလျက် နေ၍ ၊ နှိမ့်ချခြင်း တန်ဆာကို ဆင်ကြလော့။” အချို့သော သူများ ကနှိမ့်ချခြင်းသည် ပျော့ညံ့ခြင်း၊ အခြင်း၊ အသုံးမကျ ဖြစ်ခြင်းဟု ယူဆကြသည်။ သို့သော် နှိမ့်ချခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။ မတတ်သောကြောင့်၊ မရှိသောကြောင့် နှိမ့်ချခြင်းသည် မမှန်ပါ။ တတ်နိင်လျက်နှင့် ရှိလျက်နှင့် နှိမ့်ချခြင်းသည် သာလျှင် စစ်မှန်သည်။ “ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။” လူ့အမြင် မှာနှိမ့်ချခြင်းသည် ဆုံးရှုံးခြင်းဟု ထင်ရသော်လည်း၊ အဆုံးအဖြတ်ပေးသော သူသည် ဘုရားသခင် ပင် ဖြစ်သည်။ ဘုရားသခင်သည် ထောင်လွှားစော်ကားသော သူကို ဆီးတား တော်မူသည်ဟုဆိုသည်။ ဟာမန်သည် ထောင်လွှားသောကြောင့် နောက်ဆုံး၌ အသေသတ်ခြင်း ခံခဲ့ရသည် (ဧသရး၁၀)။ “စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြု တော်မူ၏” ဘုရားသခင်သည် စိတ်နှိမ့်ချသော သူတို့ကို ကျေးဇူးပြု တော်မူသောကြောင့် စိတ်နှိမ့်ချကြပါစို့။

    ၆။ ထိုကြောင့်၊ ကာလအချိန် တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက် တော်မူ မည်အကြောင်း၊ တန်ခိုးကြီးသော လက်တော် အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။

    ကာလအချိန် တန်လျှင် ဘုရားသခင်သည် ချီးမြှောက် တော်မူ မည်ဟုဆိုသောကြောင့် ထိုအချိန်ကို စောင့်ကြစို့။ လူလူချင်းချီးမြှောက်ခြင်းထက် ဘုရားသခင် ချီးမြှောက်ခြင်းကို လိုချင် ကြစို့။ ခရစ်တော်က၊ “အချင်းချင်းပေးသော ဘုန်းအရေကို သာခံ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။” (ယော ၅:၄၄)ဟု ယုဒလူတို့ကို အပြစ် တင်ခဲ့ဘူးသည်။

    ရ။ သင်တို့ကို သတိနှင့် ကြည့်ရှု တော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်း အမှု ရှိသမျှ တို့ကို ကိုယ်တော်၌ အပ်နှံကြလော့။

    မိဘတို့က သားသမီးများကို သတိနှင့် ကြည့်ရှု သကဲ့သို့၊ ဘုရားသခင်ကလည်း သူ့ သားသမီးများကို ကြည့်ရှုသည်ဟုဆိုသည်။ ထို့ကြောင့် စိုးရိမ်စရာ မရှိ၊ ခလေးများကမိဘကို စိတ်ချလက်ချမှီခို သကဲ့သို့ ဘုရားသခင်ကို မှီခိုကြစို့။

    ၈။ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့။ သင်တို့၏ ရန်သူ တည်းဟူသောမာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေ လျက် ရှိ၏။

    “သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့” လူသည် ခန္ဓာကိုယ်မအိပ်ဘဲ နေ၍ မရ။ ထို့ကြောင့် ခန္ဓာအိပ်ခြင်း ဆိုလိုသည် မဟုတ်ဘဲ စိတ်နှလုံးအမြဲသတိရှိဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ အပြောအဆို၊ အစားအသောက်၊ အနေအထိ ုင်အားလုံး၌ သတိထားဘို့ လိုသည်။ “သင်တို့၏ ရန်သူ တည်းဟူသောမာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေ လျက် ရှိ၏။” ခြင်္သေ့ဟောက် သောအခါသား ကောင်များ အလွန် ကြောက်တတ် ကြသည်။ ထို့နည်းတူ စာတန် သည်လည်း ယုံကြည်သူများကို ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်ကို လှည့်လည်ရှာဖွေ နေသောကြောင့်၊ သခင်ဘုရား အတောင်တော် အရိပ်အောက်၌ အမြဲခိုလှုံဘို့ရန် လိုသည်။ ကိုယ်အားကို မကိုး မိဘို့ သတိထားရမည်။

    ၉။ သို့ဖြစ်၍ ၊ လူပြည် အရပ်ရပ်တို့၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည်၊ ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှ တ်လျက် ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။

    “လူပြည် အရပ်ရပ်တို့၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှ တ်လျက်” ညီအကို များသည် ယုံကြည်သူများကို ဆိုလိုသည်။ အကြောင်းမှာ ဘုရားသခင်၏ သားသမီး များဖြစ်ကြသောကြောင့် ဖြစ်သည်။ ညီအကို ယုံကြည်သူများသည် အခြားသော နေရာ၌ သူတို့ ဒုက္ခ ရောက် နေကြသည်။ တမန်တော်များခေတ်မှစ၍ ယခုတိုင်အောင် ယုံကြည်သူများသည် ဆင်းရဲ ဒုက္ခ ခံစားရကြသည်။ အကြောင်းမှာ ရန်သူနယ်မြေမှာနေသောကြောင့် ဖြစ်သည်။ “ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” မာရ်ကို ဆီးတားဘို့ ပြောသည်။ သို့သော် ယုံကြည်သူများသည် မာရ်နတ်ကို ဆီးတားမည့် အစား၊ သူပေးထားသောလောက အရာများကို အငမ်းမရလိုချင်သောအားဖြင့်၊ မာရ်၏ စေခိုင်းခြင်းကို ခံနေရ ကြသည်။

    ၁၀။ ခရစ်တော် ယေရှု အားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော်သို့ ခေါ် တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကို ပြု တော်မူသော ဘုရားသခင်သည် ၊ ခဏဆင်းရဲ ခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေ တော်မူ လိမ့်မည်။

    “ခရစ်တော် ယေရှု အားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော်သို့ ခေါ် တော်မူသော” ဘုရား ပေးမည်ထာဝရ ဘုန်းအသရေတော်သည် လူ့နှုတ်နှင့် ပြော၍ ရမည် မထင်။ လူသည် စာတန်နှင့် သူ၏ လူများ ပေးသော ဘုန်းကို လိုချင် သောကြောင့် ဘုရား ပေးမည့် ဘုန်းကို လှစ်လှူိရှု၊ ဂရုမစိုက်ကြချေ။ သင်သည် ဘုရား ပေးမည်ဘုန်းကို သာလျှင် လိုချင်ပါ။ ဘုရား ကခဏ မဟုတ်၊ ထာဝရ တည်မည့် ဘုန်းပေးဘို့ ငါတို့ကို ခေါ်ထားသည်။ “ခပ်သိမ်းသော ကျေးဇူးကို ပြု တော်မူသော ဘုရားသခင်သည် ” ဘုရားသခင်၏ ကျေးဇူးတော်သည် အလွန်များလှသည်။ သို့သော် လူသည် ကျေးဇူးတော်ကို မရေတွက်ကြသောကြောင့် ကျေနပ် ရောင့်ရဲခြင်း မရှိနိင်ခြင်း ဖြစ်သည်။ ​ကျွန်တော်လည်း ဤစာစောင်များကို နှစ်စဉ်ရေးနိင်ခြင်းသည် ကြီးမားသော ကျေးဇူးတော် ဖြစ်သည်။ ဤစာစောင်သည် ၈ နှစ်မြောက်ရေးခြင်း ဖြစ်သည်။ နေ့တိုင်း ကွန်ပြူတာရှေ့၌ ထိုင်ရေးသော်လည်း မျက်စိလည်း မပျက်၊ လက်ချောင်းများလည်း မနာ၊ ရေးစရာ စာများလည်း အမြဲပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ အမှုတော် မြတ်ကြီး၌လည်းအချိန် ပြည့်အနေဖြင့် ၃ရနှစ်တိုင်တိုင်ဆောင်နိင်သောကြောင့် ဘုရားရှင်ကို ချီးမွမ်းသည်။ သင်သည် ဘုရားရှင်ထံဘာချီးမွမ်းစရာ ရှိသနည်း။ ကောင်းကြီးရေတွက်ပါ။ သင်အံ့ဩ လိမ့်မည်။ “ခဏဆင်းရဲ ခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲ+မံစေ တော်မူ လိမ့်မည်။” ဤလောက၌ ဆင်းရဲ ခံခြင်းသည် ထာဝရ ကာလ၌ ခံစားရမည့် ကောင်းကြီးနှင့် နှုှုိင်းယှဉ်ပါက ဘာမျှ မပြောစလောက် ဖြစ်သည်။ ထိုမျှသာမကငါတို့ကို စုံလင်တည်ကြည်ခိုင်မြဲစေမည်ဟုဆိုထားသောကြောင့်အား လျော့ခြင်း မရှိကြစို့နှင့်။

    ၁၁။ ထိုဘုရားသခင်သည် ၊ ကမ္ဘာအဆက်ဆက်ဘုန်းအသရေအစွမ်းသတ္တိရှိ တော်မူ စေသတည်း။ အာမင်။

    ဘုရားသခင်သည် လူကဘုန်းအသရေနှင့် အစွမ်းသတ္တိပေးနိင်သည် မဟုတ်။ သို့သော် အားရခြင်း၊ ဖြစ်စေချင်ခြင်းကို ထုတ်ဖေါ်ခြင်း ဖြစ်သည်။ လူအနေဖြင့် ဘုရားသခင်ကို ပေးနိင်သောအရာသည် ချီးမွမ်းခြင်း သာလျှင် ဖြစ်သည်။

    ၁၂။ ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့ မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော် အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့် ရေးပြီးမှ၊ ငါစိတ်ထင်သည် အတိုင်း သင်တို့ အမှု၌ သစ္စာရှိသော ညီအစ်ကို၊ သိလွှာနုလက်ဖြင့် ယခုပေးလိုက်၏။

    ဟေဗြဲစာသည် တိုက်တွန်းသွေးဆောင်သော စာဖြင့်သည်ဟု စာရေးသူကိုယ်တိုင်ရေးထားသည်။ သင်တို့ မှီဝဲဆည်းကပ်သော ဤအရာများ ဆိုသည်မှာ ဘုရား အပေါ်ယုံကြည် အားကိုးခြင်း ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ ကျေးဇူးတော် အမှန် ဖြစ်သည်ဟုဆိုသည်။ ဤစာသိလွှာနုလက်ဖြင့် ပေးလိုက်ခြင်း ဖြစ်သည်။ သူတို့ ခေတ်၌ စာတိုက်မရှိ၊ လူကြံုပါးခြင်း သာလျှင် ရှိသည်။

    ၁၃။ ငါ့သား မာကုမှစ၍ ဗာဗုလုန်မြို့၌ ရှိသော သင်တို့နှင့်အတူ ရွေးချယ် တော်မူသော အသင်းတော်သည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ ၁၄။ အချင်းချင်းတယောက်ကို တယောက်၊ မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့၊ ခရစ်တော်နှင့် ဆိုင်သော သင်တို့ အပေါင်း၌ ငြိမ်သက်ခြင်းရှိစေသတည်း။ အာမင်။

    လူနာမည်တူသည် များစွာ ရှိတတ်ရာသူ ဖေါ်ပြသော မာကုသည် အဘယ်သူ နည်း။ တ ၁၂:၁၂၌ ဖေါ်ပြသော ယောဟန်ခေါ်မာကု ဖြစ်နိင်သည်။ ဗာဗုလုန်မြို့သည် မေဆိုပိုတေးမေးယား ( ယခုခေတ် အီရတ်ပြည်)၌ ရှိသော မြို့ ဖြစ်မည်ဟု မထင်။ တင်စားခြင်း ဖြစ်မည်။ ယေရုရှလင် မြို့ကိုသော ဒုံနှင့် ဂေါမောရမြို့ဟု ဘုရား ကဆိုခဲ့သည် (ဟေရှာယ ၁:၁၀)။ ယေရုရှလင် မြို့ကိုသော ဒုံနှင့် အဲဂုတ္တုဟု ခေါ်သည် (ဗျာ ၁၁:၈)။ ထို့ကြောင့် ပေတရုကဗာဗုလုန်မြို့ဟုဆိုရာတွင် မည်သည့်နေရာကို ဆိုလိုသည်ကို မသိနိင်ချေ။ ရောမမြို့ကိုလည်း ဆိုလိုနိင်သည်။ ထိုမြို့၌ ရှိသော အသင်းတော် ကဤစာ လက်ခံသော သူတို့ကို နှုတ်ဆက်သည်။ ရှေးယုံကြည်သူများသည် မည်မျှပင် ဝေးပါစေ၊ ချစ်ကြ၊ ခင်ကြ၊ နှုတ်ဆက် ကြသည်။ သူတို့ ခေတ်တုံးကယုံကြည်သူများသည် ယခုအမေရိကန်များ ကဲ့သို့ အချင်းချင်းနမ်းခြင်းဖြင့် နှုတ်ဆက် ကြသည်။ ​ကျွန်ပ်တို့ အာရှသား များသည် အကျင့်မရှိသောကြောင့် လိုက်လုပ်၍ မရပါ။

    .

    ^

    အသင်းတော်လှုပ်ရှားမှု

    ခရီးစဉ်

    ဆရာမောဇက်တို့ ဇနီးမောင်နှံသည်၊ ဇန္နဝါရီလ ၃ ရက်နေ့တွင် မြန်မာပြည်သို့ ခရီး ပြုရမှာ ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ၄-၈ ရက်နေ့၊ မြစ်ကြီးနား မြို့တွင် ၉-၁၅ ရက်နေ့၊ ကလေးမြို့တွင် ၁၆-၂၂ ရက်နေ့ထိ၊ ချောင်းသာတွင် အမှုတော်ဆောင်များ သင်တန်းကို ၂၅-၂ရထိသင်ပေးဘို့ ရှိပါသည်။ အမေရိကန်သို့ ဖေဖဝါရီလ ၂ ရက်နေ့၌ ပြန်လည်ရောက်ရှိဘို့ ဖြစ်ပါသည်။ ဆုတောင်း ပေးခြင်းဖြင့် ပါဝင်ကြပါရန် မေတ္တာရပ်ခံပါသည်။

    အမှုတော်ဆောင်သင်တန်း

    ဘုရားသခင်က ၂၀၁ရသို့ ကူးမြောက်သော အခွင့်ပေးလျှင်၊ တလတာအမှုတော်ဆောင်သင်တန်းကို ဩဂုတ်လ၌ ပြုလုပ်ဘို့ ရည်ရွယ်ထားပါသည်။ အမှန်တကယ် ယုံကြည်ခြင်းဖြင့် အမှုတော်ဆောင်လို သူများ ပါဝင်နိင်ကြောင်း သတင်းကောင်း ပါးလိုပါသည်။ ​

    ^