Commentary: Hebrew (Part b)

Home  > Bookstore > Hebrew

hebrew

ဟေဗြဲကျမ်း အနက်ဖွင့်ခြင်း

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

.

မာတိကာ

.

^

ဟေဗြဲ (၈)

၁။ ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေ တော်မူ၏။
အခန်းရ၌ ယေရှုခရစ်သည် ငါတို့၏ ယဇ်ပုရောဟိတ် ဖြစ်ကြောင်း သင်ခဲ့ရပြီ။ သူသည် အာဗြဟံထက် ကြီး မြတ်သည်။ လေဝိအမျိုးထက်လည်း ကြီး မြတ်သည်။ သူသည် မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ် ဖြစ်သည်ဟု သိခဲ့ရပြီ။ သူသည် အာရုန်အမျိုးကဲ့သို့ အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့် ယဇ်ပုရောဟိတ် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ကခန့်ထားသော ယဇ်ပုရောဟိတ် ဖြစ်သည်။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းငါတို့၌ ရှိ၍ ၊ ကောင်းကင်ဘုံခမည်းတော် ဘုရား၏ လက်ျာဘက်မှာထိုင်နေ တော်မူသည်ဟုဆိုသည်။ အဘယ်ကြောင့်ထိုင်နေ တော်မူ သနည်းဟူမူကား၊ သူ၏ အမှု ဆောင်ရွက်စရာပြီး စီးပြီး သောကြောင့် ဖြစ်သည်။

၂။ လူမဆောင်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။
ယေရှု ယဇ်ပုရောဟိတ် သည်၊ လူယဇ်ပုရောဟိတ် များ ကဲ့သို့ မြေကြီး ပေါ်မှာ လူဆောက်သော၊ တဲတော်၌ အမှု ဆောင်သောသူ မဟုတ်။ လူမဆောက်ဘဲ ဘုရား ဆောက် တော်မူသော ကောင်းကင် တဲတော် စစ်၌ အမှု ဆောင်သောသူ ဖြစ်သည်။ သူသည် ဘုရားဝတ်ကို ပြုသောသူ ဖြစ်သည်ဟုဆိုသည်။ သူကိုယ်တိုင်သည် ဘုရား မဟုတ်လော၊ အဘယ်ကြောင့်ဘုရားဝတ်ပြုသေးသနည်း။ အကြောင်းမှာ သူသည် လူသားများအတွက် ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ သူတို့ကိုယ်စားဘုရားဝတ်ပြုပေးခြင်း ဖြစ်သည်။

၃။ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကို ပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည် ဖြစ်၍ ၊ ငါတို့ ယဇ်ပုရောဟိတ်မင်း သည်လည်း ပူဇော်စရာ ယဇ်တစုံ တခုရှိရ၏။
ယဇ်ပုရောဟိတ် များသည် ယဇ်ပူဇော်ပေးသော သူများ ဖြစ်၍ ၊ လူများ ကပူဇော်စရာ ယဇ်ကောင်၊ မုန့်များနှင့် စပျစ်ရည်များကို ပေးရသည်။ ကျမ်းစာက၊ “ထိုအခါ ထာဝရ ဘုရား ထံတော်သို့ အဘယ််သူမျှလက်ချည်းမပေါ်မလာရ။” (တရားဟော ၁၆:၁၆) ဟုဆိုထားသည်။ ငါတို့ ယဇ်ပုရောဟိတ်မင်း ဖြစ်သော သခင်ယေရှု၌လည်း ပူဇော်စရာ ယဇ်ရှိဘို့ လိုသည်။ ငါတို့အတွက် ပူဇော်မှာ ဖြစ်သောကြောင့် မည်ကဲ့သို့သော ယဇ်ပေးကြမည်နည်း။ များသောအားဖြင့် အကျင့်၊ ကောင်းမှု ကုသိုလ်၊ ဆုတောင်းခြင်း၊ ဆယ်ဖုိ့တဖုိ့နှင့် အလှူငွေများ၊ ဘုရားတရား ကြိုးစားခြင်းများပေးရမည်ဟု ထင်မှတ်တတ် ကြသည်။

၄။ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ် များရှိကြသည် ဖြစ်၍ ၊ ထိုသခင်သည် မြေကြီး ပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရ။
သခင်ယေရှုသည် မြေကြီး ပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရဟုဆိုသည်။ ထို့ကြောင့် ကောင်းကင် တက်ဘို့ လိုသည်။ ရှင်ပြန်ထမြောက် သောအခါ ကောင်းကင်တမန် များက၊ မာဂဒလမာရထံ၊ “အချင်းမိန်းမ၊ အယ်ကြောင့်ငိုကြွေးသနည်းဟု မေးလျှင်၊ ​ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။ ထိုသို့ ဆိုပြီးမှနောက်သို့ လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း ယေရှု ဖြစ်တော်မူသည်ကို မသိ။ ယေရှု ကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင်သွားသည် မှန်လျှင် အဘယ်မှာ ထားသည်ကို ​ကျွန်မအား ပြောပါ၊ ​ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့် ဖြစ်သည်ဟု ထင်မှတ်လျက် ဆို၏။ ယေရှုကလည်း မာရိဟု ခေါ် တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။ ယေရှု ကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသောသင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသောသင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည်။” (ယော ၂၀:၁၃-၁ရ)

အဘယ့်ကြောင့်သခင်ဘုရား ကမာရိထံ၊ ငါ့ကို မဖက်နှင့် ဦးဟုဆိုသနည်းဟူမူကား၊ သူသည် ယဇ်ပုရောဟိတ် အနေဖြင့် ခမည်းတော် ထံမတက်ရ သေးသောကြောင့် ဖြစ်သည်။ သူအသက် ချုပ် သောအခါ သူ၏ ဝိညာဉ်ကို ခမည်းတော် ထံသို့ အပ်နှံခဲ့သည်။ (လု ၂၃:၄၆)။ သူဘေးနားရှိလူဆိုးထံ၌လည်း၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် (လု ၂၃:၄၃) ဟုဆိုခဲ့သည် မဟုတ်လော။ ထို့ကြောင့် သူသည် သင်္ချိုင်းတွင်း ၌ အလောင်းမြှုပ်နှံချိန်တွင် သူ၏ ဝိညာဉ်သည် ကောင်းကင်သို့ ရှိခဲ့သည် မဟုတ်လောဟု မေးစရာ ရှိသည်။ မှန်ပါသည်၊ သူ၏ ဝိညာဉ်သည် ကောင်းကင် တက်ခဲ့ပြီ။ သို့သော် ယဇ်ပုရောဟိတ် အနေဖြင့် မတက်သေးချေ။ ရှင်ပြန်ထမြောက် ပြီးမှသာလျှင် ယဇ်ပုရောဟိတ် အနေဖြင့် တက်ရမှာ ဖြစ်သည်။ ယဇ်ပုရောဟိတ် များသည် သန့်ရှင်းရာဌါနထဲသို့ ဝင် သောအခါ၊ အဘယ်သူ ကမျှသူတို့ကို မထိရချေ။ ထို့ကြောင့် ယေရှု ကမာရိထံ၊ ငါ့ကို မဖက်နှင့် ဦးဟုဆိုခြင်း ဖြစ်သည်။

၅။ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့ သောအခါ၊ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသော ပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည် ဖြစ်၍ ၊ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင် အရာတို့၏ ပုံပမာအရိပ်နှင့် သာဆိုင်လျက် ဝတ်ကို ပြု နေကြ၏။
လောက မြေကြီး ပေါ်ရှိတဲတော်၌ ယဇ်ပူဇော်ခြင်း များသည် အရိပ်သာလျှင် ဖြစ်၍ ၊ အစစ်သည် ကောင်းကင်၌ သာလျှင် ရှိသည်။ ယခုအခါ အရိပ်ကုန်၍ အစစ်၌ ပူဇော်ခြင်း များကို ဖေါ်ပြနေခြင်း ဖြစ်သည်။ ယနေ့ ခရစ်ယာန် များသည် မောရှေဆောက်ခဲ့သော မြေကြီး တဲတော်ကို မသိကြတော့ချေ။ ထိုအရာသည် အရိပ် ဖြစ်၍ အစစ်သည် ကောင်းကင်၌ ရှိသည်။ အရိပ်ကို မသိသောကြောင့် အစစ်ကိုလည်း မသိ၊ တန်ဘိုးလည်း မထားကြချေ။ ယဇ်ပုရောဟိတ် များ ပူဇော်သောအရာသည် အရိပ်များ သာလျှင် ဖြစ်သည်။ အစစ်သည် ကောင်းကင် တဲတော်၌ ယဇ်ပုရောဟိိတ်ယေရှု ကယူဇော်ခဲ့သည်။

၆။ ထိုမှတပါး၊ ယေရှုသည် သာ၍ မြတ်သော ဂတိတော် တို့၌ တည်သော၊ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်သည်နှင့် အညီ၊ သာ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ ရ။ ပဌမ ပဋ္ဋိညာဉ်တရားသည် အပြစ် တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိိယပဋ္ဋိညာဉ်တရားတည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။ ၈။ ပဌမ ပဋ္ဋိညာဉ်တရားကို ထာဝရ ဘုရားသည် အပြစ် တင်၍ မိန့်တော်မူသည်ကား၊ ၉။ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆဲွ၍ အဲဂုတ္တု ပြည် မှဆောင်သွား သောအခါ၊ သူတို့၌ ငါပေးသော ပဋ္ဋိညာဉ်တရားနှင့် ခြားနားသော ပဋ္ဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသား တို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋ္ဋိညာဉ်တရား၌ သူတို့သည် မတည်ကြ။ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲ နေ၏။
သာ၍ မြတ်သော ဂတိတော်သည် သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား ဖြစ်သည်။ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရားသည် ပဋ္ဋိညာဉ်တရားသစ်ကို ဆိုလိုသည်။ ပဋ္ဋိညာဉ်တရားသစ်ရှိနိင်ရန်၊ ပဋ္ဋိညာဉ်တရားဟောင်းရှိရမည်။ ပဋ္ဋိညာဉ်တရားဟောင်းသည် ဘုရားနှင့် ဣသရေလ လူများ သိနာတောင်၌ ပြုလုပ် ခဲ့ ကြသည်။ ပဋ္ဋိညာဉ်တရားဟောင်းနှင့် ပတ်သက်၍ ၊ “ ယခုတွင် သင်တို့သည် ငါ့စားကို အမှန် နားထောင်၍ ငါ့ပဋ္ဋိညာဉ်ကို စောင့်ရှောက်လျှင်၊ အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ ၆ သင်တို့ သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ရကြလိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ ၇ မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူ တို့ကို ခေါ်ပြီးလျှင်၊ ထာဝရ ဘုရား မှာထား တော်မူသော စကား အလုံးစုံတို့ကို ပြန်ပြောလေ၏။ ၈ လူအပေါင်းတို့ကလည်း ထာဝရ ဘုရား မိန့်တော်မူ သမျှ တို့ကို အ​ကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ တညီတညွတ်တည်း ပြန်ပြောကြ၏။” (ထွက် ၁၉:၅-၈)ဟု တွေ့ရသည်။ အထက်ပါ ပဋ္ဋိညာဉ်တရားကို ဣသရေလ လူများ ကစောင့်ရှောက်လျှင် သူတို့သည်၊ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုးလည်း ဖြစ်ရကြလိမ့်မည်။ ဘုရား၏ ဘဏ္ဍာတော် ဖြစ်လျှင် ဘုရား၏ ဂရုစိုက်ခြင်း၊ တန်ဘိုး ထားခြင်း၊ စောင့်ရှောက်ခြင်း ခံရမည်။ လူလည်း မိမိဘဏ္ဍာကို ဂရုစိုက်၍ စောင့်ရှောက်သည် မဟုတ်လော။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုးဆိုသည်မှာ မင်းများ ကဲ့သို့ အကောင်းဆုံးခံစား မည့် အရာကို ဆိုလိုသည်။ ထိုအရာများကို ရရှိဘို့ရန် ဣသရေလ လူများသည် ဘုရား စကားကို နားထောင် ရသည်။ သို့သော် ထိုအရာကို ဘုရားသခင်က ယနေ့ ခရစ်တော် ယုံကြည်သူများကို အခမဲ့ပေးထားကြောင်း ဤသို့ တွေ့ရသည်၊ “သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်း တော်မူသော သူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက် တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂:၉)။ ယနေ့ ယုံကြည်သူများသည် ဘုရား စကား နားထောင် သောကြောင့် မဟုတ်၊ ပဋ္ဋိညာဉ်တရားစောင့်ရှောက်သောကြောင့်လည်း မဟုတ်ကျေးဇူးတော် သက်သက်ကြောင့်ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက် တော်မူသော အပေါင်းအသင်း ဖြစ်ကြသည်။

“၁ တဖန် ထာဝရ ဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလ အမျိုးအသက်ကြီးသူ ခုနစ်ကျိတ်နှင့် တကွ၊ ထာဝရ ဘုရား အထံတော်သို့ တက်၍ ၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။ ၂ သင်တယောက် တည်း သာထာဝရ ဘုရား ထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသော သူမချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။ ၃ မောရှေ သည်လည်း လူများတို့ ရှိရာသို့ လာ၍ ၊ ထာဝရ ဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင် တော်မူ ချက်အလုံးစုံကို၎င်းပြန်ကြား၍ ၊ လူများ အပေါင်းကလည်း၊ ထာဝရ ဘုရား မိန့်တော်မူ သမျှ အတိုင်း၊ အ​ကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်း ပြန်ပြောကြ၏။ ၄ မောရှေသည် ထာဝရ ဘုရား၏ စကားတော် အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက် စောစော ထ၍ ၊ တောင်​ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုးတစ်ဆယ်နှစ်မျိုးနှင့် အမျှကျောက်တိုင်တစ်ဆယ်နှစ်တိုင်ကို၎င်းတည်လေ၏။ ၅ ဣသရေလ အမျိုးသား လူပျိုတို့ကို စေခိုင်းသည် အတိုင်း၊ သူတို့သည် နွားများကို ယူ၍ ထာဝရ ဘုရားရှေ့မှာ မီးရှို့သော ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။ ၆ မောရှေသည် လည်း၊ အသွေးတဝက်ကို အင်တုံ၌ ထည့်၍ ၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။ ၇ ပဋ္ဋိညာဉ်စာကိုလည်း ယူ၍ ၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ ကလည်း၊ ထာဝရ ဘုရား မိန့်တော်မူ သမျှ အတိုင်း အ​ကျွန်ုပ်တို့ ပြုပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။ ၈ မောရှေသည် လည်း၊ အသွေးကို ယူ၍ လူများ အပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှု အရာတို့တွင် သင်တို့၌ ထာဝရ ဘုရား ဝန်ခံ တော်မူသော ပဋ္ဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆို၏။” (ထွက် ၂၄:၁-၈)

အထက်ပါ ကဲ့သို့ ဘုရားနှင့် ဣသရေလ လူတို့သည် သိနာတောင်၌ ပဋ္ဋိညာဉ်ပြုခဲ့ ကြသည်။ ထိုပဋ္ဋိညာဉ်ကို နွားအသွေးနှင့် တည်စေသည်။ နွားအသွေးကို လူများ အပေါ်နှင့် ပဋ္ဋိညာဉ်စာ (ကျမ်းစာ) အပေါ်၌ ဖြန်း၍ ဤအသွေးကား ဤအမှု အရာတို့တွင် သင်တို့၌ ထာဝရ ဘုရား ဝန်ခံ တော်မူသော ပဋ္ဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆိုသည်။ ဣသရေလ လူတို့သည် ဘုရား စကား နားထောင် ပါမည်၊ ပဋ္ဋိညာဉ်ကိုလည်း စောင့်ရှောက်ပါမည်ဟု ဂတိပြုခဲ့ကြသော်လည်း၊ စကား မတည်ကြပါ။ ဖေါက်ပြန်၍ ဘုရားကို ပင်မကိုးကွယ်ကြတော့ဘဲ၊ ရုပ်တုများကိုးကွယ် ကြသည်။ ထို့ကြောင့် ဘုရားသခင်က၊ ပဋ္ဋိညာဉ်တရားသစ်ပေးဘို့ ပြောခြင်း ဖြစ်သည်။

ပဋ္ဋိညာဉ်တရားဟောင်းကို ဘုရားနှင့် ဣသရေလ လူမျိုး အကြား ပြုလုပ် သောကြောင့် အသစ် သည်လည်း ဣသရေလ လူမျိုးများနှင့် သာလုပ်ရမှာ ဖြစ်သည်။ ထို့ကြောင့် ပဋ္ဋိညာဉ်တရားသည် တပါးအမျိုးသားများနှင့် မဆိုင်ချေ။

၉။ နောင်ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေးအံ့သော ပဋ္ဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ် ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။ ၁၁။ ထိုသူတို့က၊ ထာဝရ ဘုရားကို သိလော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီး ဆုံးသော သူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ၁၂။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။ ၁၃။ ပဋ္ဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမ ပဋ္ဋိညာဉ်တရားကို ဟောင်းစေ တော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာ မည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။
အထက် ဖေါ်ပြပါပဋ္ဋိညာဉ်တရားသစ် ပြုလုပ် မည့် အရာသည်၊ ယေရမိက ဖေါ်ပြခဲ့ပြီး ဖြစ်သည် (ယေရမိ ၃၁:၃၀-၃၄)။ ခရစ်တော်သည် ထိုပဋ္ဋိညာဉ်သစ် ပြုလုပ် ဘို့ရန် လာခဲ့သော်လည်း၊ ဣသရေလ လူများ ကသူ့ကို လက်မခံဘဲ သူ့ကို သတ်ခဲ့ ကြသည်။ ထိုသို့ သတ်ခြင်းအားဖြင့် ပဋ္ဋိညာဉ်သစ်အတွက် အသွေးသွန်းပြီး ခဲ့ကြောင့်သူကိုယ်တိုင်ဤသို့ ဆိုသည်၊ “ထိုအခါ စားလျက် နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှမုန့်ကို ဖဲ့၍ ၊ ဤမုန့်ကား ငါ၏ကိုယ် ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူ လျက်၊ တပည့်တော် တို့ အားပေးတော်မူ၏။ ၂၇ ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှသူတို့ အားပေးတော်မူ၍ ၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။ ¬ ၂၈ ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများ တို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၆-၂၈)။ ပဋ္ဋိညာဉ်သစ်ကို ဘေးဒဏ်ကြီးကာလ အပြီး ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ဘုန်းတန်ခိုးနှင့် ကြွလာမှ၊ ကျန်ကြွင်းသော ဣသရေလ လူများနှင့် ပြုလုပ် ကြမှာ ဖြစ်သည်။ ပဋ္ဋိညာဉ်သစ်၌၊ အောက်ပါအချက်လေးချက်ပါဝင်မှာ ဖြစ်သည်။

(က) ငါ့ပညတ်တို့ကို သူတို့ စိတ် ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ငါရေးထားမည်။
(ခ) ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။
(ဂ) ထိုသူတို့က၊ ထာဝရ ဘုရားကို သိလော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီး ဆုံးသော သူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။
(ဃ) ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း များကို မအောက်မေ့ဘဲ နေမည်။ ယနေ့ ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားပြီးသော သူများသည်၊ ဘုရားနှင့် ပဋ္ဋိညာဉ် (စာချုပ်) မပြုလုပ်သော်လည်း ပဋ္ဋိညာဉ်တရားသစ်၏ အကျိုးများ ခံစား ကြသည်။ ရှင်ပေါလုက၊ “သင်တို့သည် ငါတို့ စိတ်နှလုံးပေါ်၌ ရေးထားသော စာ၊ လူအပေါင်းတို့ သိ၍ ဘတ်တတ်သော ငါတို့ စာပင် ဖြစ်ကြသတည်း။ အဘယ်သို့ နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသောစာ မဟုတ်။ အသက် ရှင် တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍ ၎င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍ ၎င်း၊ ငါတို့ ပြုစုသော ခရစ်တော်၏ စာထင်ရှားစွာ ဖြစ်ကြ၏။” (၂ ကော ၂:၂-၃)ဟု ရေးထားသည်။ ယုံကြည်သူများ၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်အားဖြင့် စာရေးပြီ။

ထို့ကြောင့် ယုံကြည်သူများသည် နာမည်ခံ ခရစ်ယာန် များထက် ကျမ်းစာ နားလည်မှတ်မိခြင်း ဖြစ်သည်။ ဒုတိယအချက်အနေဖြင့်“ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။” ဟူသောအရာ လည်း ပြည့်စုံသည်။ ခရစ်တော်က ယုံကြည်သူများကို ကိုယ်စားပြုသော မာဂလဒမာရိထံ၌၊ “ငါ၏ ခမည်းတော် တည်းဟူသောသင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသောသင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည်။” (ယော ၂၀:၁ရ)။ တတိယအချက်အနေဖြင့်၊ ဒုတိယ မွေးဘွားပြီးသော သူများသည်၊ ဘုရား သိပါဟု ပြောနေစရာ မလို။ အားလုံးဘုရား သိကြသည်။ နောက်ဆုံးအချက် ဖြစ်သော၊ “ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း များကို အောက်မေ့ဘဲ နေမည်။” ဟူသော အပြစ် လွှတ်ခြင်း ကိုလည်း ခံစားရသည်။ ထိုအရာအားလုံးကို ဣသရေလ လူများသည် ဒုတိယကြွလာမှခံစားရမှာ ဖြစ်သည်။ အခန်း (၈) မေးခွန်းများ၁။ ငါတို့၌ မည်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းရှိသနည်း။ အားလုံး ဖေါ်ပြပါ။

၂။ အဘယ်ကြောင့်ငါတို့ ယဇ်ပုရောဟိတ်သည် ထိုင်နေ တော်မူ သနည်း။

၃။ ယေရှုသည် မည်သည့်တဲတော်၌ ဘုရားဝတ်ကို ပြုသနည်း။

၄။ အဘယ်ကြောင့်သူသည် ဝတ်ပြုသနည်း။

၅။ ငါတို့၏ ယဇ်ပုရောဟိတ်၌ ပူဇော်စရာ ယဇ်ရှိဘို့ လိုသည်။ ဘာပေးကြမည်နည်း။

၆။ ယေရှုသည် သင်္ချိုင်းတွင်း ၌ အလောင်းရှိစဉ်တွင် သူ၏ ဝိညာဉ် ဘယ်မှာ ရှိသနည်း။

ရ။ အဘယ်ကြောင့်ယေရှု ကမာရိထံ၊ ငါ့ကို မဖက်နှင့် ဦးဟုဆိုသနည်း။

၈။ ယေရှုသည် မြေကြီး ပေါ်မှယဇ်ပုရောဟိတ် လုပ်နိင်သလော။

၉။ မြေကြီး ပေါ်မှ ယဇ်ပူဇော်ခြင်း များသည် အဘယ်အရာများ ဖြစ်၍ ကောင်းကင် ပေါ်မှပူဇော်ခြင်း များသည် ဘာ ဖြစ်သနည်း။

၁၀။ ဘုရားနှင့် ဣသရေလ လူများ ဘာပြုခဲ့ကြသနည်း။

၁၁။ ဣသရေလ လူများ ကဘာလုပ်ဘို့ ဂတိပြုခဲ့ကြသနည်း။

၁၂။ ဘုရား ကဘာပြုမည်နည်း။

၁၃။ ပဋ္ဋိညာဉ်တရားကို ဘာနှင့် အတည်ပြုခဲ့သနည်း။

၁၄။ အဘယ်ကြောင့် ဘုရားသခင်က ပဋ္ဋိညာဉ်တရားသစ်ပေးမည်ဟုဆိုသနည်း။

၁၅။ ပဋ္ဋိညာဉ်တရားသည် တပါးအမျိုးသားများနှင့် ဆိုင်ပါသလော။

၁၆။ တဲတော် အကြောင်းကို ခရစ်ယာန်များသိကြပါသလော။ အဘယ်ကြောင့်နည်း။

၁ရ။ ပဋ္ဋိညာဉ်တရားဟောင်းသည် မည်သူနှင့် မည်သူ အကြား ပြုသနည်း။

၁၈။ ပဋ္ဋိညာဉ်တရားသစ်သည် မည်သူနှင့် မည်သူ အကြား ပြုမည်နည်း။

၁၉။ ပဋ္ဋိညာဉ်တရားစောင့်ပါက ဘုရားက ဣသရေလ လူများကို ဘာ ဖြစ်စေမည်နည်း။

၂၀။ အဘယ်ကြောင့်ပဋ္ဋိညာဉ်တရားသစ်ပေးရသနည်း။

၂၁။ ခရစ်ယာန် များသည် ပဋ္ဋိညာဉ်ပြုကြပါသလော။

၂၂။ ခရစ်ယာန် များသည် ပဋ္ဋိညာဉ်တရားသစ်၏ အကျိုးခံဘာကို ခံစား ကြသနည်း။

၂၃။ ဣသရေလ လူများသည် မည်သည့်အချိန်၌ ပဋ္ဋိညာဉ်တရားသစ် ပြုလုပ် ကြမည်နည်း။

.

^

ဟေဗြဲ (၉)

၁။ တနည်းကား၊ ပဌမ ပဋ္ဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့် ၎င်း၊ လောကီ သန့်ရှင်းရာ ဌာနတော်နှင့် ၎င်းစပ်ဆိုင်၏။
ပဌမ ပဋ္ဋိညာဉ်တရားသိနာတောင်အောက်၌ မောရှေအားဖြင့် ဘုရားသခင်နှင့် ဣသရေလ လူများ ပြုလုပ်သောအရာ ဖြစ်သည် (ထွက် ၁၉:၅-၆၊ ၂၄:၁-၈)။ ထိုပဌမ ပဋ္ဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့် ၎င်း၊ လောကီ သန့်ရှင်းရာ ဌာနတော်နှင့် ၎င်းစပ်ဆိုင်၏ဟုဆိုသည်။

၂။ အဘယ်သို့ နည်းဟူမူကား၊ ဟဂျာဟု ခေါ်ဝေါ်သော ပဌမ တဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော် မုန့်နှင့် ပြင်ဆင် လျက် ရှိ၏၊
ဟဂျာဟူသော စကားသည် ဂရိတ်စကား ဖြစ်၍ Ἅγιαအင်္လိပ်အသံထွက် Hagia ဖြစ်သည်။ အဓိပ္ပါယ်မှာ သန့်ရှင်းဟူ၍ ဖြစ်သည်။ အခြားနေရာများ၌ သန့်ရှင်းရာဌါနဟု ခေါ်လေ့ရှိသည် (Holy place)။ တဲတော်၏ အပြင်ခန်း ဖြစ်သည်။ ထိုအခန်း၌ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော် မုန့်တင်သော စားပွဲများရှိသည်။ နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင်လည်းရှိသော်လည်း ဤနေရာ၌ မဖေါ်ပြ ချေ။

၃။ ဒုတိယကုလားကာအတွင်း ၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော် ရှိ၏။
ဒုတိယကုလားကာသည် အသန့်ရှင်းဆုံးနှင့် သန့်ရှင်းရာဌါနကို ကာထားသော ကုလားကာ ဖြစ်သည်။ ဟဂျာဟဂျုန်သည် ဂရိတ်စကား ဖြစ်၍ Ἅγιαἁγίωνအင်္လိပ်အသံထွက် Hagia hagion အသန့်ရှင်းဆုံးဟု အဓိပ္ပါယ်ရသည်။ ကုလားကာအတွင်း ၌ ရှိသော အခန်းကို အခြားနေရာများ၌ အသန့်ရှင်းဆုံးဌါနဟု ရေးထားသည်။

၄။ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့် မွမ်းမံသော ပဋ္ဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသော ရွှေအိုး၊ အပွင့်ပွင့်အာရုန်၏ လှံတံ၊ ပဋ္ဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။
အသန့်ရှင်းဆုံးဌါနကို ထိုတဲတော်ဟု ဤနေရာ၌ ရေးထားသည်။ အသန့်ရှင်းဆုံးအခန်း၌ ပဋ္ဋိညာဉ်သေတ္တာရှိ၏။ အစပဌမ မောရှေက ပြုလုပ်သော အချိန်တွင် ပဋ္ဋိညာဉ်သေတ္တာသာလျှင် ရှိခဲ့သည်။ နောက်ပိုင်း၌ မန္နမုန့်ကို အမှတ်တရအဖြစ် ရွှေအိုး၌ ထားသည် (ထွက် ၁၆:၃၂-၃၃)။ ကောရဒါသန်အဘိရံတို့ ကမောရှေနှင့် အာရုန်ကိုတော် လှန်ပုန်ကန်ပြီး နောက် ဘုရားသခင်က မောရှေနှင့် အာရုန်ကို သူရွေးချယ်ကြောင်း၊ ဘိသိက်ကြောင်းကို ထင်ရှားစေရန်အာရုန်လှံတံကို အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကို သီးစေခြင်းအားဖြင့် သက်သေပြခဲ့သည်။ ထိုလှံတံကို အသန့်ရှင်းဆုံးဌါန၌ ဘုရားသခင်က ထားခိုင်းသည် (တော ၁ရ)။ ဟေဗြဲစာရေးသောအချိန် အထိ ထိုပစ္စည်းသုံးမျိုးသည် အသန့်ရှင်းဆုံးဌါန၌ ရှိပုံရသည်။ သို့မဟုတ် ရှိခဲ့ဘူးသောအရာ ကို ဖေါ်ပြခြင်း ဖြစ်သည်။

၅။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ် ​ဖြေရာပလ္လင်ကို လွှမ်းမိုးလျက် ရှိကြ၏။ ထိုအရာများကို ယခုသေချာစွာ ပြောစရာ အကြောင်း မရှိ၊ ပဋ္ဋိညာဉ်သေတ္တာ အပေါ်၌ ရွှေဖြင့် လုပ်ထားသော ခေရုဗိမ် ကောင်းကင်တမန် နှစ်ပါးသည် မျက်နှာချင်းဆိုင်လျက် အတောင်ခြင်း ထိစပ်လျက် ရှိသည်။ ထိုအရာများကို ယခုသေချာစွာ ပြောစရာ အကြောင်း မရှိဟု ရေးသည်။ ထိုသေတ္တာအဖုံးသည် ကောင်းကင်နိင်ငံရှိ ဘုရားသခင်၏ ပလ္လင်တော်ကို ပုံဆောင်သည်။ သေတ္တာအဖုံးကို မြန်မာကျမ်းစာအုပ်၌ သေတ္တာအဖုံး ဟူ၍ သာ ရေးထားသည်။ အင်္လိပ်ကျမ်းစာ၌ ဂရုဏာပလ္လင် (​ြနမခပျနအေ)ဟု ရေးထားသည်။ ကောင်းကင် ရှိဘုရားသခင်၏ ပလ္လင်တော်သည် ယခုတိုင်ဂရုဏာပလ္လင် ဖြစ်သေးသည်။ သို့သော် ဘေးဒဏ်ကြီး ကာလ၌ တရားစီရင်ရာပလ္လင်၊ အမျက်တော်လောင်းသော ပလ္လင် ဖြစ်လာလိမ့်မည် (ဗျာ ၆:၁၆-၁ရ)။ ယခုကျေးဇူးတော် ကာလ ကုန်ခါနီးလေး ဖြစ်သည်။ ထိုကြောင့်ထိုအချိန် မတိုင်မှီတွင် အမြန်ဆုံး ကယ်တင်ခြင်းသို့ ရောက်ဘို့၊ ကယ်တင်ခြင်းကို အသေအလဲသင်ယူ လက်ခံဘို့ လိုသည်။ ထိုမျှသာမက အခြား သူများ ကိုလည်း အမြန်ဆုံး ပြောပြဘို့ လိုသည်။

၆။ ထိုသို့ ခပ်သိမ်းသောအရာ တို့သည် ပြင်ဆင် လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ် တို့သည် ဝတ်ပြု၍ ပဌမ တဲတော် အတွင်းသို့ အစဉ်ဝင်ရကြ၏။ ယဇ်ပုရောဟိတ် များသည် နေ့တိုင်း ပဌမ တဲတော် တည်းဟူသောသန့်ရှင်းရာဌါန၌၊ နံ့သာပေါင်းမွှေး မီးရှို့ဘို့နှင့် ရွှေမီးခုံ၌ သံလွင်ဆီထပ်ထည့်ဘို့၊ မီးစာရှင်းလင်းဘို့ အတွက် နံနက်တစ်ကြိမ်ညနေတကြိမ်ဝင်ရသည်။

ရ။ ဒုတိယတဲတော် အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်း သာမိမိ အပြစ်ကြောင့်၎င်း၊ လူများ အပြစ်ကြောင့်၎င်း၊ ပူဇော်သော အသွေးကို ဆောင်၍ တနှစ်လျှင် တခါတည်း သာဝင်ရ၏။
ဒုတိယတဲတော် တည်းဟူသောအသန့်ရှင်းဆုံးဌါန၌ မူယဇ်ပုရောဟိတ်မင်းသာလျှင် ဝင်၍ ရသည်။ ရိုးရိုးယဇ်ပုရောဟိတ် များ မဝင်ရ။ ယဇ်ပုရောဟိတ်မင်းပင်လျှင် တနှစ်လျှင် တကြိမ်သာအပြစ် ​ဖြေရာနေ့၌ ဝင်၍ ရသည်။ သူသည် သတင်း ​ကျွတ်လ၌ သာဝင်ရသည်။ ထိုနေ့၌ ယဇ်ပုရောဟိတ်မင်းသည် သူ၏ မိသားစုအတွက် အပြစ် ​ဖြေရာယဇ်နှင့် မီးရှို့ရာ ယဇ်ပူဇော်တတ်သည်။ ပရိသတ်အတွက်လည်း ထိုယဇ်နှစ်မျိုးပူဇော်ရသည် (ဝတ်ပြု ၁၆)။

၈။ ပဌမ တဲတော် မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသော လမ်းမဖွင့် သေးသော အကြောင်းကို၊ ထိုအမှု အရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ် ပေးတော်မူ၏။
ပဌမ တဲတော်သည် မောရှေဆောက်သော တဲတော်ကို ဆိုလိုသည်။ ရှောလမုန်၏ ဗိမာန်တော်လည်း မောရှေဆောက်သော တဲတော်နှင့် သဘောခြင်း တူသည်။ ထိုမြေကြီး ပေါ်၌ ဆောက်သော တဲတော်နှင့် ဗိမာန်တော် ရှိသော ကာလသည် အရိပ် ဖြစ်၍ ကောင်းကင် တဲတော် စစ်၌ ပူဇော်မည့် အရာကို သေချာစွာ မသိနိင်သေးချေ။

၉။ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလ တည်း ဟူသော၊ မျက်မှောက်ကာလ ပတ်လုံးပုံပမာ ဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များ တို့သည်၊ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်လျှင် လည်း၊ ဝတ်ပြုသော သူအား စုံလင်ခြင်း အကျိုးကို မပေးနိုင်သည် ဖြစ်၍၊ ၁၀။ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာ တည်း ဟူသော၊ ကိုယ်ခန္ဓာနှင့် ဆိုင်သော အထုံးအဖွဲ့များနှင့် တကွအသစ်ပြုပြင်ခြင်း ကာလ တိုင်ရုံမျှသာတည်ရကြ၏။
“ထိုတဲတော် ကား” ဟုဆိုသောအရာ သည်လောက၌ မောရှေဆောက်သော တဲတော်ကို ဆိုလိုသည်။ ထိုအရာသည် အရိပ် ဖြစ်၍ ယခုမျက်မှောက်ကာလ တည်းဟူသောကောင်းကင် တဲတော် စစ်၌ ပူဇော်ခြင်းနှင့် ခွဲခြားရှင်းပြလိုခြင်း ဖြစ်သည်။ မြေကြီး ပေါ်ရှိတဲတော်၌ ဝတ်ပြုခြင်းသည် အရိပ်သာ ဖြစ်သောကြောင့် ဝတ်ပြုသော သူအား စုံလင်ခြင်း အကျိုးမပေးနိင်ဟုဆိုသည်။ ထိုအရာသည် အစစ်မလာခင်အထိ အတွက် သာယာယီအားဖြင့် ဝတ်ပြုခြင်း ဖြစ်သည်။

၁၁။ ယခုမှာလူလက်ဖြင့် မလုပ်၊ ဤလောက ဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီး မြတ်စုံလင်သော တဲတော်၌၊ နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊
တဲတော်သည် ကောင်းကင်နှင့် မြေကြီး ပေါ်၌ မောရှေဆောက်ခဲ့သော တဲတော် သာရှိသည်။ မြေကြီး ပေါ်ရှိတဲတော်သည် အဲဂုတ္တု ​ကျွန်မှ ထွက်၍ သိနာတောင်တွင် ဆောက်ခဲ့သည်။ ရှောလမုန်ကဗိမာန်တော် ဆောက် သောအခါ တဲတော်ကို အသုံးမပြုတော့ချေ။ ထိုအရာသည် မြေကြီး ပေါ်၌ လူလက်ဖြင့် ဆောက်ထားသော တဲတော် ဖြစ်သည်။ ယခုမှာလူလက်ဖြင့် မဆောက်၊ ဘုရားသခင် ဆောက်သော တဲတော်ကို ဆိုလိုသည်။ ဤလောက ဓာတ်နှင့် မစပ်ဆိုင်ဆိုသည်မှာ ဤလောက၌ မရှိ၊ ကောင်းကင် တဲတော်ကို ဆိုလိုသည်။ ထိုတဲတော်သည် သာ၍ ကြီး မြတ်စုံလင်သော တဲတော်ဟု ခေါ်သည်။ ထိုတဲတော်၌ ဝတ်ပြုခြင်း၊ ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။ ယခင်၌ မြေကြီး တဲတော်၌ ဝတ်ပြုရသော်လည်း၊ ယခုမှာကောင်းကင် တဲတော်၌ ဝတ်ပြုရသည်။ ထို့ကြောင့် တဲတော် ပြောင်းသွားပြီး ဖြစ်သည်။ ထို့ကြောင့် ယေရုရှလင် မြို့ဗိမာန်တော် အတွင်းရှိကုလားကာကွဲခဲ့ခြင်း ဖြစ်သည်။

“နောက်မင်္လာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ” တဲတော် ပြောင်း သကဲ့သို့ ယဇ်ပုရောဟိတ်လည်း ပြောင်းပြီ။ ယခင်ယဇ်ပုရောဟိတ် များသည် လူဖြစ်၍ ယခုယဇ်ပုရောဟိတ်သည် အပြစ် ကင်းသော ခရစ်တော် ဘုရား ဖြစ်သည်။ ယခုတဲတော်သည် သာ၍ ကောင်း သကဲ့သို့၊ ယဇ်ပုရောဟိတ်လည်း သာ၍ ကောင်းသည်။

၁၂။ ငါတို့အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင် တော်မူ၏။
“ငါတို့ အဘို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ၊ ” ယခင်ရွေးနှုတ်ခြင်း များသည် အပြစ် မလုပ်ခင်အထိ သာခံတတ်သည်။ ယခုရွေးနှုတ်ခြင်း မူကား ထာဝရ ကာလ တိုင်ခံသည်။

“ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်” ယဇ်ပုရောဟိတ်မင်းသည် ဆိတ်နွားအသွေးနှင့် အ သန့်ရှင်းဆုံးဌါနထဲသို့ ဝင်တတ် ကြသည်။ သို့သော် ယဇ်ပုရောဟိ်တ်ယေရှုသည် မိမိအသွေးနှင့် သန့်ရှင်းရာဌါနသို့ ဝင်သည်ဟုဆိုသည်။ ထိုသို့ ဝင်ခြင်းသည် အသေခံ၍ ရှင်ပြန်ထမြောက် ပြီးမှ ဖြစ်သည်။ ထို့ကြောင့် ယေရှု၏ လုပ်ငန်းသည် လက်ဝါးကပ်တိုင်၌ အဆုံး မဟုတ်ဘဲ၊ ရှင်ပြန်ထမြောက်ပြီး ကောင်းကင် တက်ကာအ သန့်ရှင်းဆုံးဌါန၌ မိမိအသွေးပူဇော်မှသာပြီး ဆုံးသွားသည်။

“သန့်ရှင်းရာ ဌာနထဲသို့ တခါတည်း ဝင် တော်မူ၏။” သန့်ရှင်းရာ ဌာနဟု ရေးသော်လည်း၊ အသန့်ရှင်းဆုံးဌါနကို ဆိုလိုခြင်း ဖြစ်သည်။ လူယဇ်ပုရောဟိတ်မင်းသည် တနှစ်တကြိမ်အ သန့်ရှင်းဆုံးဌါနထဲသို့ ဝင်ရသည်။ အကြောင်းမှာ တခါတည်းနှင့် မစုံလင်နိင်သောကြောင့် ဖြစ်သည်။ ယေရှု မူကား တခါတည်း ဝင်ခြင်းသည် စုံလင်သောကြောင့် နောက်တဖန် ဝင်စရာ မလိုခြင်းကို ဖေါ်ပြသည်။

၁၃။ အကြောင်းမူကား၊ အညစ်အ​ကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည် မှန်လျှင်၊
ဘုရားသခင်က မောရှေအားဖြင့် မစင်ကြယ်သော သူတို့သည် မည်ကဲ့သို့ သန့်ရှင်းခြင်း ပြုရမည်ကို ဤသို့ ညွှန်ကြားခဲ့သည်၊ “သတ်၍ သေသောသူ၊ နာ၍ သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ ထိလျှင်၊ ခုနစ်ရက်ပတ်လုံးမစင်ကြယ် ဖြစ်လိမ့်မည်။ ၁၇ မစင်ကြယ်သော သူဘို့ အပြစ် ကင်းစေရာ မီးရှို့သော နွားမ၏ ပြာအချို့ကို ယူ၍ ၊ စီးသော ရေနှင့်အတူ အိုး၌ ထည့်ပြီးမှ၊ ၁၈ စင်ကြယ်သော သူသည်၊ဟု ဿုပ်ပင်ညွန့်ကို ရေ၌ နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ ရှိသော လူများ ပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍ သေသောသူ၊ နာ၍ သေသောသူ၊ သင်္ချိုင်းကို ထိသော သူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။ ၁၉ စင်ကြယ်သော သူသည် မစင်ကြယ်သော သူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သော နေ့၌ ဖြန်းရမည်။ ခုနစ်ရက်မြောက်သော နေ့၌ကိုယ်ကို သန့်ရှင်းစေလျက်၊ မိမိအဝတ်ကို လျှော်၍ ရေချိုးလျှင်၊ ညဦးအချိန်တွင် စင်ကြယ်လိမ့်မည်။” (တော ၁၉:၁၆-၁၉) လူသေအလောင်းကို လိုအပ်သောကြောင့် ထိလျှင် ဖြစ်စေ၊ မတော် တဆထိမိလျှင် ဖြစ်စေမ သန့်ရှင်းဟု ဘုရားသခင်က သတ်မှတ်ထားသည်။ ထိုသူသည် သန့်ရှင်းနိင်ဘို့ရန် နွားမ၏ ပြာနှင့် အထက်၌ ဖေါ်ပြ သကဲ့သို့ သန့်ရှင်းရေးပြန်လုပ်ရသည်။

၁၄။ ထိုမျှမက၊ အပြစ် ကင်းသောကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍ ၊ သင်တို့သည် အသက် ရှင် တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍ တတ်နိုင် တော်မူသည် မဟုတ်လော။
ခရစ်တော်၏ကိုယ်နှင့် အသွေးသည် နွားမကလေး၏ ပြာထက် သာ၍ မြတ်သည်။ ထိုခရစ်တော်၏ကိုယ်တော်ကို ထာဝရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ရှေ့၌ တင်လှူပူဇော်သည်ဟုဆိုသည်။ လောက၌ ပူဇော်သောအရာ များသည် ဇာတိကိုယ်ခန္ဓာအားဖြင့် ဖြစ်သည်။ ခရစ်တော်၏ကိုယ်နှင့် အသွေးမူကား ဝိညာဉ်အားဖြင့် ဖြစ်သောကြောင့် မပျောက်ပျက်နိင်တော့ချေ။ ခရစ်တော်၏ ပူဇော်ခြင်းက ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ သာ၍ တတ်နိင်သည်ဟုဆိုသည်။ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်း ဆိုသည်မှာ စိတ်ကြည်လင်ခြင်း၊ ရှင်းသွားခြင်း ကျေနပ်ခြင်းကို ဆိုလိုသည်။ ဘုရားကိုးကွယ် သောအခါ များသောအားဖြင့် စိတ်ကြည်လင်ခြင်း မရှိတတ်ချေ။ သို့သော် ခရစ်တော်၏ ပူဇော်ခြင်းကို နားလည်သော သူသည် စိတ်ကြည်လင်ခြင်းရရှိသည်။ အကြောင်းမှာ သူ့ကို ဘုရားသခင်က အပြစ် လွှတ်၍ လက်ခံကြောင်းကို သိသောကြောင့် ဖြစ်သည်။

၁၅။ ထိုကြောင့်ပဌမ ပဋ္ဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသော အပြစ် ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။
ပဌမ ပဋ္ဋိညာဉ်တရားသည် သိနာတောင်၌ မောရှေအားဖြင့် ဘုရားနှင့် ဣသရေလ လူများ လုပ်သော စာချုပ် ဖြစ်သည်။ ထိုတရားအရ ဣသရေလ လူများသည် ဘုရား စကား နားထောင် ရမှာ ဖြစ်သော်လည်း၊ နားမထောင်နိင်ခဲ့ကြချေ။ ထို့ကြောင့် ပဋ္ဋိညာဉ်တရားသစ်ပေးမည်ဟု ဘုရား ကဆိုခဲ့သည် (ယေရ ၃၁:၃၁)။ ပဌမ ပဋ္ဋိညာဉ်တရားပြုရာတွင် နွားနှင့် ဆိတ်အသွေးအားဖြင့် တည် စေခဲ့သည်။ ပဋ္ဋိညာဉ်တရားသစ်မူကား ခရစ်တော် အားဖြင့် တည်စေသည်။ ပဌမ ပဋ္ဋိညာဉ်တရားအားဖြင့် အပြစ် မလွှတ်နိင်သောအရာ ကို ခရစ်တော် အသေခံခြင်းအားဖြင့် လွှတ်နိင်သည်။ ခရစ်တော်က၊ “ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများ တို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” ဟုဆိုခဲ့သည် (မ ၂၆:၂၈)။

၁၆။ အမွေခံ စေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှု မှာလည်း စာချုပ်တည်လျှင် စာချုပ်သော သူသည် ဧကန်သေရမည်မှန်ပြီ။ ၁ရ။ အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည် မတည်၊ သေမှသာတည်၏။ ၁၈။ ထိုကြောင့်ပဌမ ပဋ္ဋိညာဉ်တရားကို စီရင် သောအခါ၊ အသွေးနှင့် ကင်း၍ မစီရင်။
မိဘများက သားသမီးများကို အမွေပေး သောအခါ စာချုပ် ပြုလုပ် တတ်သည်။ အမွေသည် မိဘအသက် ရှင်စဉ်တွင် မပေးတတ်ချေ။ မိဘသေမှသာလျှင် ပေးတတ်သည်။ သို့သော် မိဘသေသွား သောအခါ၊ သူတို့ကိုယ်တိုင်ဘာမျှ မပြောနိင်တော့သောကြောင့် စာချုပ်ထဲ၌ မသေမှီက သူတို့၏ ဆန္ဒများကို ရေးတတ်သည်။ ထိုစာချုပ်သည် မိဘသေပြီးမှသာလျှင် ဖေါက်၍ ကြည့်ရသည်။ အမွေမှန်သမျှသည် စာချုပ်အတိုင်း တည်ရသည်။ ပဌမ ပဋ္ဋိညာဉ်တရားကို စီရင် သောအခါ၊ အသွေးအားဖြင့် စီရင်သည်ဟုဆိုသည်။ အသွေးသည် ခန္ဓာကိုယ်၏ အသက်ဖြစ်သည် (ဝတ် ၁ရး၁၁)။ အသွေးထွက်ခြင်းသည် သေပြီး ဟူသောအရာ ကို ဆိုလိုသည်။

၁၉။ တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့် ရောနှောသော နွား၊ ဆိတ်၏ အသွေးကို ယူ၍ ၊ အနီဆိုးသော သိုးမွှေးတပ်သောဟု ဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူ အပေါင်းကို၎င်းဖြန်းလျက်၊ ၂၀။ ဤအသွေးကား၊ သင်၌ ဘုရားသခင် ဝန်ခံ တော်မူသော ပဋ္ဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆို၏။
တရားတော်၌ ပါသမျှသော ပညတ်သည် ဘုရား ကပြော၍ မောရှေကရေးသော စာ၊ ဋ္ဋိညာဉ်စာ ဖြစ်သည် (ထွက် ၂၄:၄၊ ရ)။ ထိုစာကို ကျမ်းစာဟု ခေါ်သည်။ မောရှေကဋ္ဋိညာဉ်စာနှင့် ဣသရေလ လူများကို ရေရောသော နွားနှင့် ဆိတ်အသွေးနှင့် ဖြန်းသည်ဟုဆိုသည်။ ထွက်မြောက်ရာ ၂၄တွင် နွားအသွေးသာ ဖေါ်ပြသော်လည်း အထက်ပါ ကျမ်းစာ၌ ရေနှင့် ဆိတ်အသွေးကိုလည်း ဖေါ်ပြသည်။ ဋ္ဋိညာဉ်တရားသစ်အတွက် မူတိရစ္ဆာန်အသွေးမသုံးတော့ဘဲ၊ သခင်ယေရှု ကမိမိ အသွေးကို သွန်းကြောင်း သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများ တို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ နွားနှင့် ဆိတ်အသွေး၌ ရေရောသည်ဟုဆိုသည်။ ထို့ကြောင့် ဖြစ်မည်၊ ခရစ်တော်၏ နံဘေးကို ရောမစစ်သား ကလှံနှင့် ထိုး သောအခါ သွေးနှင့် ရေထွက်သည်ဟု ယောဟန်ကရေးထားသည် (ယော ၁၉:၃၄)

၂၁။ တဲတော်နှင့် ဝတ်ပြုသော တန်ဆာများ ကိုလည်း ထိုနည်းတူ အသွေးနှင့် ဖြန်းရ၏။
တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကို အဘယ်ကြောင့်အသွေးနှင့် ဖြန်းသနည်း။ အကြောင်းမှာ တဲတော်နှင့် တန်ဆာများသည် ညစ်ညူးသော လူများ အလယ်၌ ရှိသောကြောင့် ညစ်ညူးသည်။ ဘုရားသခင်က၊ “ဣသရေလ အမျိုးသား တို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ် အမျိုးမျိုး တို့ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော် အဘို့ အပြစ် ​ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလ အမျိုးသား တို့၏ မစင်ကြယ်သော အပြစ် ထဲမှာနေရသော ပရိသတ်စည်းဝေးရာတဲတော် အဘို့ ပြုရမည်။” (ဝတ် ၁၆:၁၆)ဟု တဲတော် အတွက် အသွေးဖြင့် သန့်ရှင်းရေးလုပ်ခိုင်းသည်။

၂၂။ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာ တို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ် လွှတ်ခြင်း မရှိ။
ဘုရားသခင်က အပြစ်ကို အသွေးအားဖြင့် သာစင်ကြယ်စေနိင်သည်ဟု ပညတ်ထားခ့​ဲသည်။ “အသွေးမသွန်းလောင်းဘဲ အပြစ် လွှတ်ခြင်း မရှိ။” ဟု အဘယ်ကြောင့်ဆိုသနည်း။ “ခန္ဓာကိုယ်၏ အသက်သည် အသွေး၌ တည်၏” (ဝတ် ၁ရး၁၁) ဟုဆိုသည်။ ထို့ကြောင့် အသွေးသွန်းခြင်းသည် အသက် ပေးခြင်းကို ပုံဆောင်သည်။ အပြစ်၏ အခသည် သေခြင်း ဖြစ်သည်ဟုဆိုသည် (ရော ၆:၂၃)။ လူသည် အပြစ်ကြောင့် သေရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်က လူကို အသက် ပေးသောအခါ သူ၏ အလိုတော် အတိုင်း အသုံးပြုရမည်။ လူသည် ဘုရား အလိုတော် အတိုင်း အသက်ကို မသုံး သောအခါ၊ ဘုရား ကလူ၏ အသက်ကို ပြန်တောင်းသည်။ သို့သော် လူသည် အသက်ကို မပေးနိင်၊ ပေးလျှင် သေမည်။ ထို့ကြောင့် လူအသက် အစားတိရစ္ဆာန်အသက်ကို ပေးခိုင်းသည်။ တိရစ္ဆာန်အသက် ပေးကြောင်းကို အသွေးဖြန်းခြင်းဖြင့် သက်သေပြသည်။ အသွေးကို ဘုရားရှေ့၌ ဖြန်း သောအခါ အသက် ပေးပြီ ဖြစ်ကြောင်း၊ အပြစ် အတွက် အသက်အား ဖြင်လျော်ပြီ ဖြစ်ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ အဘယ်ကြောင့်“ခပ်သိမ်းသောအရာ တို့ကို ကုန်မတတ်” ဟုဆိုသနည်း။ အပြစ် ​ဖြေရာ ယဇ်ပူဇော် သောအခါ ချမ်းသာသော သူများသည် နွားထီး၊ လူလတ်တန်းစားများသည် သိုး သို့မဟုတ် ဆိတ်၊ ဆင်းရဲသား တို့သည် ချိုး သို့မဟုတ် ခိုကောင်ဖြင့် ပူဇော်ရသည်။ သို့သော် အလွန် ဆင်းရဲသော သူများသည် ထိုအရာများကို မတတ်နိင်သောကြောင့် ဂျုံမှုန့်အားဖြင့် အပြစ် ​ဖြေစေကြောင်း ဘုရား ကဤသို့ ဆိုထားသည်၊ “ခိုနှစ်ကောင် ဖြစ်စေ၊ ချိုးကလေးနှစ်ကောင် ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင် ပြစ်မှားသော သူသည် အပြစ် ​ဖြေရာယဇ်အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခ့​ဲ၍ ဆက်ရမည်။ အပြစ် ​ဖြေရာယဇ် ဖြစ်သောကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။ ၁၂ ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း တည်းဟူသောပူဇော်သက္ကာအတွက် အတာကို ယူ၍ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ် ​ဖြေရာယဇ် ဖြစ်သတည်း။ ၁၃ ထိုသို့ ယဇ်ပုရောဟိတ် သည်၊ ထိုသူပြစ်မှားမိသော အပြစ် တစုံ တခုအတွက် အပြစ် ​ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ် လွတ်လိမ့်မည်။” (ဝတ်ပြု ၅:၁၁-၁၃)

၂၃။ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာ တို့၏ ပုံများကို၊ ထိုသို့သော ယဇ်ပူဇော်ခြင်း အားဖြင့် စင်ကြယ်စေရသည် ဖြစ်၍ ၊ ကောင်းကင် အရာတို့ကို သာ၍ မြတ်သော ယဇ်ပူဇော်ခြင်း အားဖြင့် စင်ကြယ်စေရ၏။
မြေကြီး ပေါ်၌ ပူဇော်သောအရာ များသည် အရိပ်သာလျှင် ဖြစ်၍ အစစ်သည် ကောင်းကင်၌ ရှိသည်။ မြေကြီး ပေါ်၌ ပူဇော်သောအရာ များသည်၊ လူဆောက်သော တဲတော်၌ တိရစ္ဆာန်အားဖြင့် ပူဇော်သည်။ ကောင်းကင်၌ ပူဇော်သောအရာသည် ဘုရား ဆောက်သော တဲတော်၌ ယေရှု၏ အသွေးနှင့် ကိုယ်အားဖြင့် ပူဇော်သောကြောင့် သာ၍ မြတ်သော ပူဇော်ခြင်းဟု ခေါ်ခြင်း ဖြစ်သည်။

၂၄။ ထိုသို့နှင့် အညီ၊ မှန်သော သန့်ရှင်းရာ ဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့ လက်ဖြင့် လုပ်သော သန့်ရှင်းရာ ဌာနထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက် ကြောင့် ယခု ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှါ၊ ကောင်ကင်ကိုယ်ထဲသို့ ဝင် တော်မူပြီ။
ငါတို့၏ ယဇ်ပုရောဟိတ် ခရစ်တော်သည် လူလက်နှင့် ဆောက်သောလောက တဲတော် ထဲရှိ သန့်ရှင်းရာဌါနသို့ မဝင်ဘဲ၊ ဘုရား ဆောက်သော ကောင်းကင် သန့်ရှင်းရာဌါန၌ကိုယ်ကို ပြခြင်းငှါ ဝင်သည်။ ထို့ကြောင့် သူ၏ ပူဇော်ခြင်းသည် သာ၍ မြတ်သည်ဟုဆိုလိုခြင်း ဖြစ်သည်။

၂၅။ သို့သော်လည်း ၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာ ဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရ သကဲ့သို့ ခရစ်တော်သည် အဖန်များစွာကိုယ်ကို ပူဇော်ရသည် မဟုတ်။ ၂၆။ ထိုသို့ ပူဇော်ရသည် မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံ တော်မူ ရ၏။ ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သော အားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်း တော်မူ၏။
လူယဇ်ပုရောဟိတ် များသည် နေ့တိုင်း၊ နှစ်တိုင်း ယဇ်ပူဇော်ရသည်။ အကြောင်းမှာ သူတို့၏ ပူဇော်ခြင်းသည် အရိပ်သာလျှင် ဖြစ်၍ ထပ်ခါထပ်ခါပူဇော်ဘို့ လိုသည်။ သို့သော် ခရစ်တော်၏ ပူဇော်ခြင်းသည် အစစ်၊ အကောင်အထည် ဖြစ်၍ တခါတည်း ပူဇော်ခြင်းအားဖြင့်ပြီး စီးသွားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ ပူဇော်ခြင်းကို ယုံကြည်သော သူတို့သည် အပြစ် လုပ်တိုင်း ပူဇော်စရာ မလိုတော့ခြင်း ဖြစ်သည်။ မည်မျှဝမ်းမြောက်စရာ ရှိသနည်း။

၂ရ။ လူသည် တခါတည်း သေ၍ ထိုနောက်မှတရားစီရင် တော်မူခြင်းကို ခံရ သကဲ့သို့၊
လူသည် ခါတည်း သေ၍ ဟုဆိုသည်။ နှစ်ခါမသေရပါ။ ထိုနောက်အမှု မပြီး ဆုံးသေးပါ။ တရားစီရင်ခြင်း ခံရဦးမှာ ဖြစ်သည်။ သို့သော် သားတော်ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်း မခံရတော့ပါ (ယော ၃:၁၈)။ ယုံကြည်သူများသည် အလုပ်အတွက် တာတရားစီရင်ခြင်း ခံရမှာ ဖြစ်သည် (၂ ကော ၅:၁၀၊ ၁ ကော ၃:၁၁-၁၅)။ မ ယုံကြည်သူများမူကား ပလ္လင်ဖြူကြီးရှေ့၌ တရားစီရင်ခြင်း ခံရဦးမှ ဖြစ်သည် (ဗျာ ၂၀:၁၁-၁၅)။

၂၈။ ထိုနည်းတူ ၊ ခရစ်တော်သည် လူများ အပြစ် တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကို ပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသော သူတို့ကို ကယ်တင်ခြင်း အလိုငှါ၊ အပြစ်နှင့် မဆိုင်ဘဲ ပေါ်ထွန်း တော်မူ လတံ့။
ခရစ်တော်သည် အပြစ် ​ ဖြေရှင်း ဘို့ရန် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်တုန်းကလူ့ဇာတိခံခဲ့ပြီး ပြီ။ ယခုအပြစ် အတွက် မဟုတ်ဘဲ၊ သူ့ကို ယုံကြည်သော သူများကို ဤလောက မှအပြီး အပိုင် ကယ်တင်ဘို့ရန် ကြွလာဦးမည်။ ထိုအချိန်ကို မြော်လင့်စောင့်စားဘို့ ဖြစ်သည်။

အခန်း ၉ မေးခွန်းများ

၁။ ပဌမ ပဋ္ဋိညာဉ်တရားသည် ဘာနှင့် ဆိုင်သနည်း။

၂။ ဟဂျာ၏ အဓိပ္ပါယ်သည် အဘယ်အရာနည်း။

၃။ သန့်ရှင်းရာဌါန၌ အဘယ်အရာများရှိသနည်း။

၄။ ဟဂျာဟဂျုန်သည် အဘယ်အရာနည်း။

၅။ ဟဂျာဟဂျုန်၌ ဘာပစ္စည်းများရှိသနည်း။

၆။ ပဋ္ဋိညာဉ်သေတ္တာဖုံးကို မည်သို့ ခေါ်သနည်း။

ရ။ ပဋ္ဋိညာဉ်သေတ္တာဖုံးပေါ်၌ ဘာရှိသနည်း။

၈။ ဂရုဏာပလ္လင်သည် ဘယ်အရာကို ပုံဆောင်သနည်း။

၉။ ဘုရား၏ ပလ္လင်တော်သည် ယခုအခါ ဘာပလ္လင် ဖြစ်သေးသနည်း။ နောင်၌ ဘာ ဖြစ်မည်နည်း။

၁၀။ သန့်ရှင်းရာဌါန၌ ယဇ်ပုရောဟိတ် များသည် တနေ့ဘယ်နှစ်ကြိမ်ဝင်တတ်ကြသနည်း။

၁၁။ သန့်ရှင်းရာဌါန၌ ယဇ်ပုရောဟိတ် များသည် ဘာလုပ်တတ်ကြသနည်း။

၁၂။ အသန့်ရှင်းဆုံးဌါန၌ မည်သူသာလျှင် ဝင်နိင်သနည်း။

၁၃။ ယဇ်ပုရောဟိတ်မင်းသည် အသန့်ရှင်းဆုံးဌါန၌ ဘာလုပ်ဘို့ ဝင်တတ်သနည်း။ ဘယ်အချိန် မှာဝင်ရသနည်း။

၁၄။ ပဌမ တဲတော်သည် ဘာကို ဆိုလိုသနည်း။

၁၅။ လောက တဲတော်၌ ဝတ်ပြုခြင်းသည် ဝတ်ပြုသော သူကို အကျိုးပေးနိင်ပါသလား။

၁၆။ တဲတော် ဘယ်နှစ်ခုရှိသနည်း။ မည်သည့်နေရာ၌ ရှိသနည်း။

၁ရ။ ယခုတဲတော်သည် ဘယ်မှာ ရှိ၍ မည်သူကဆောက်သနည်း။

၁၈။ တဲတော် ပြောင်းပြီး လား။ ယဇ်ပရောဟိတ်ကောပြောင်းပြီး လား။

၁၉။ ယခုယဇ်ပုရောဟိတ်သည် မည်သူနည်း။

၂၀။ ယခုရွေးနှုတ်ခြင်းသည် မည်မျှခံသနည်း။

၂၁။ ယဇ်ပုရောဟိတ် ယေရှုသည် ဘာအသွေးကို သုံးသနည်း။

၂၂။ ယေရှု၏ အလုပ်သည် မည်သည့်နေရာ၌ အဆုံးသပ်သနည်း။

၂၃။ အဘယ်ကြောင့်ယဇ်ပုရောဟိိတ်ယေရှုသည် သန့်ရှင်းရာဌါနထဲသို့ တခါတည်း သာဝင်သနည်း။

၂၄။ မသန့်ရှင်းသော သူများကို ဘာနှင့် သန့်ရှင်းရေးလုပ်ရသနည်း။

၂၅။ နွားမကလေး၏ ပြာနှင့် ခရစ်တော်၏ကိုယ်အသွေးသည် မည်သည့်အရာပို၍ သန့်ရှင်းစေနိိင်သနည်း။

၂၆။ ခရစ်တော်၏ ပူဇော်ခြင်းသည် အဘယ်ကြောင့်စိတ်ကြည်လင်စေနိင်သနည်း။

၂ရ။ ပဌမ ပဋ္ဋိညာဉ်တရားအားဖြင့် အပြစ် မလွှတ်နိင်သောအရာ ကို ဘယ်အရာကလွှတ်နိင်သနည်း။

၂၈။ အမွေစာချုပ်တည်ဘို့ရန် ဘာ ဖြစ်ရမည်နည်း။

၂၉။ အသွေးထွက်ခြင်းသည် ဘာကိုဆိုလိုသနည်း။

၃၀။ တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကို အဘယ်ကြောင့်အသွေးနှင့် ဖြန်းသနည်း။

၃၁။ အသွေးသွန်းခြင်းသည် ဘာကို ပုံဆောင်သနည်း။

၃၂။ အသွေးတောင်းခြင်းသည် ဘာကို တောင်းခြင်း ဖြစ်သနည်း။

၃၃။ လူသည် မိမိအပြစ် အတွက် သေခံနိင်ပါသလော။ အဘယ်ကြောင့်နည်း။

၃၄။ အသွေးကို ဘုရားရှေ့၌ ဖြန်းခြင်းသည် ဘာကို ဆိုလိုသနည်း။

၃၅။ အဘယ်ကြောင့်“ခပ်သိမ်းသောအရာ တို့ကို ကုန်မတတ်” ဟုဆိုသနည်း။

၃၆။ အလွန် ဆင်းရဲသော သူတို့ ဘာအားဖြင့် အပြစ် ​ဖြေရာ ယဇ်ပူဇော်နိင်သနည်း။

၃၇။ အဘယ်ကြောင့်ကောင်းကင်၌ ပူဇော်သောအရာ တို့ကို သာ၍ မြတ်သော ယဇ်ပူဇော်ခြင်းဟု ခေါ်သနည်း။

၃၈။ ယခင်၌ အပြစ် လုပ်တိုင်း ပူဇော်စရာ လိုပါသလား။

၃၉။ ယခုအပြစ် လုပ်တိုင်း ပူဇော်စရာ လိုပါသလား။ အဘယ်ကြောင့်နည်း။

၄၀။ လူသည် သေပြီး နောက်ဘာခံရဦးမည်နည်း။

၄၁။ ယုံကြည်သူများသည် ဘာအတွက် တရားစီရင်ခြင်း ခံရမည်နည်း။

၄၂။ မ ယုံကြည်သူများသည် ဘာအတွက် တရားစီရင်ခြင်း ခံရမည်နည်း။

၄၃။ ခရစ်တော်သည် အပြစ် အတွက် လာဦးမည်လော၊ ဘာအတွက် လာမည်နည်း။

.

^

ဟေဗြဲ (၁၀)

၁။ တနည်းကား၊ ပညတ်တရားသည် နောက် ဖြစ်လတံ့သော မင်္လာ အကျိုးတို့၏ သေချာသော ပုံသဏ္ဍာန်ကို မပြ၊ အရိပ်ကို သာပြသည် ဖြစ်၍ ၊ နှစ်စဉ်မပြတ် ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သော သူတို့ကို စုံလင်ခြင်း အဖြစ်၌ မတည်စေနိုင်ရာ။
ပညတ်တရားဟုဆိုရာတွင် လူတိုင်း၏ စိတ်ထဲ၌ကိုယ်ကျင့်ပိုင်းဆိုင်ရာပညတ်ကို ထင်မှတ်ကြလိမ့်မည်။ သို့သော် အထက်ပါ ကျမ်းပိုဒ်၌ ဖေါ်ပြသော ပညတ်သည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ကို ဆိုလိုခြင်း ဖြစ်သည်။ ဣသရေလ များသည် သူတို့ စိတ်ကူးယဉ်အကြံ အစည်အားဖြင့် ဘုရားကို ယဇ်ပူဇော်ကြသည် မဟုတ်၊ ဘုရား၏ ပညတ်တော် အတိုင်း၊ ဘုရား၏ ညွှန်ကြားချက်အတိုင်းသာပြု ကြသည်။ သို့သော် ထိုပူူဇော်ခြင်း များသည် အရိပ်မျှသာ ဖြစ်သောကြောင့် ပူဇော်သော သူသည် စုံလင်ခြင်းသို့ မရောက်နိင်ဟုဆိုရခြင်း ဖြစ်သည်။

၂။ တည်စေနိုင်လျှင်၊ ဝတ်ပြုသော သူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာ အကြောင်း အလျှင်း မရှိသည် ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်း သာပူဇော်၍ ၊ နောက်တဖန် မပူဇော်ဘဲ နေရကြမည် မဟုတ်လော။ ၃။ ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်း အောက်မေ့ခြင်းရှိ၏။
သံဝေဂတရားဆိုသည်မှာ သတိရခြင်း၊ မှတ်မိခြင်း (ခသညျခငသကျညနျျ)ကို ဆိုလိုသည်။ ပညတ်တရားအတိုင်း ပူဇော်သော ယဇ်သည် ပူဇော်သော သူကို စုံလင်ခြင်းသို့ ရောက်နိင်လျှင်၊ ပူဇော်ပြီးသည့်နောက်၌ သူ၏ အပြစ်များကို မှတ်မိတော့မည် မဟုတ်ချေ။ သို့သော် ယဇ်ပူဇော်ပြီးသော်လည်း အပြစ်များကို မမေ့နိင်ဘဲ မှတ်မိနေသည်။

၄။ အကြောင်းမူကား၊ နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။
အပြစ်များကို မှတ်မိနေခြင်းသည် နွားနှင့် ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိင်သောကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် လူထက် အဆင့်နိမ့်သောကြောင့် လူကိုကိုယ်စားမပြုနိင်ခြင်း ဖြစ်သည်။

၅။ ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြလာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ ၊ အ​ကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူပြီ။
အထက်ပါ ကျမ်းပိုဒ်၌ ခရစ်တော်သည် ကောင်းကင်မှ မြေကြီး ပေါ်သို့ ဆင်းကာလ ူ့ဇာတိခံမည့် အချိန်၌ ခမည်းတော်ကို နှုတ်ဆက်သော စကား ဖြစ်သည်။ ခရစ်တော် ဤလောကသို့ ဆင်းကြွခြင်းသည် ယဇ်ကောင် ဖြစ်ဘို့ရန် ဖြစ်သည်။ ကောင်းကင်၌ သူသည် ဝိညာဉ်အားဖြင့် ရှိ၍ ၊ ကိုယ်ခန္ဓာမရှိခဲ့ချေ။ ထိုသို့ကိုယ်ခန္ဓာမရှိသောကြောင့်၊ အသွေးမသွန်းနိင်၊ အသက် မသေနိင်ချေ။ ထို့ကြောင့် ခမည်းတော် ကသေနိင်သော အသွေးအသားကိုယ်ခန္ဓာကို ပေးခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်များ၏ အသွေးအသား ပူဇော်ခြင်းကို ခမည်းတော် ဘုရား ကလက်မခံနိင်သောကြောင့် ဖြစ်သည်။

၆။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူ သောအခါ၊ ရ။ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ်​ပြု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။
ယဇ်နာမည်အမျိုးမျိုးရှိသည်။ ဤနေရာ၌ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို သာ ဖေါ်ပြသည်။ ဣသရေလ လူများ ပူဇော်သော ယဇ်များကို ဘုရားသခင်ကအားရနှစ်သက်တော် မမူသောကြောင့် သားတော်သည် လူဇာတိခံ၍ ယဇ်ကောင် အဖြစ်ပူဇော်ရမည်ဟုဆိုသည်။ “ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ ” ဟူသောအရာသည် ဆာလံကျမ်းကိုကိုးကားခြင်း ဖြစ်သည်။ “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ အ​ကျွန်ုပ်နားကို ဖွင့် တော်မူပြီ၊ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို တောင်းတော် မမူ သောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီအ​ကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။” (ဆာ ၄၀:၆ -ရ) ဤဆာလံသည် ဒါဝိဒ်ကရေးခြင်း ဖြစ်လျှင် သူကိုယ်တိုင်အတွက် ရေးဟန်မရှိ။ အကြောင်းမှာ ယဇ်နှင့် ပူဇော်သက္ကာကို ဘုရား ကတောင်းတော် မမူလျှင် ဒါဝိဒ်သည် မည်သည့်နေရာသို့ သွားမည်နည်း။ ထို့ကြောင့် ဒါဝိဒ်သည် ခရစ်တော် အတွက် ကြိုရေးထားခြင်း ဖြစ်မည်။ “ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီ” ဟုဆိုရာတွင် မည်သည့်ကျမ်းစာ လိပ်ကို ဆိုလိုသနည်း။ ဒါဝိဒ်ခေတ်၌ ကျမ်းစာသည် ပညတ္တိငါးကျမ်း၊ ယောရှုမှတ်စာ၊ တရားသူကြီး မှတ်စာ၊ နှင့် ယောဘဝတ္ထ္ဂုများ သာလျှင် ရှိမည်။ ထိုကျမ်းများ၌ ခရစ်တော် ကြွလာမည့် အရာကို အနည်းငယ်တွေ့ရသော်လည်း ထင်ထင်ရှားရှား၊ ယဇ်ကောင် အဖြစ်လာဘို့ ရေးထားခြင်း မတွေ့ရချေ။ သို့မဟုတ် ကောင်းကင်၌ ရေးထားခြင်း ဖြစ်မည်လော။ အကြောင်းမှာ ကောင်းကင်၌ စာလိပ်များ တွေ့ရသည် (ဗျာ ၆)။

“အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။” ခရစ်တော်သည် မိမိ အလိုဆန္ဒကို ဦးစားမပေး၊ ခမည်းတော်၏ အလိုဆန္ဒကို ဆောင်ရွက်ခြင်းသည် သူ၏ စားစရာ ဖြစ်သည် (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ​ကျွန်ပ်တို့လည်းကိုယ် အလိုဆန္ဒကို ဦးစားမပေးဘဲ၊ ဘုရား၏ အလိုတော်ကို ဆောင်ဘို့ အမြဲတန်းရွေးချယ်သင့်သည်။ ခရစ်တော်သည် ခမည်းတော်၏ အလိုတော် ဆောင်ဘို့ သွားရာတွင်၊ အလုပ်လုပ်ဘို့ မဟုတ်၊ ယဇ်ကောင် အဖြစ်အသေခံ ဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် အသေခံသည့်တိုင်အောင် ခမည်းတော်၏ အလိုတော်ကို ဆောင်ခဲ့သည်။ ​ကျွန်ပ်တို့လည်း သူ့နည်းတူ ဖြစ်သင့်သည်။ သို့သော် ကိုယ် အလိုဆန္ဒကို သာလျှင် လုပ်ဆောင် နေကြသည် မဟုတ်လော။

၈။ ပညတ်တရားအတိုင်း ပြုရသော ဝတ်ကို ရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ် ​ဖြေရာယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများ တို့ကို ကိုယ်တော်သည် အလိုတော် မရှိ၊ အားရနှစ်သက်တော် မမူဟု အထတ်ကဆိုနှင့် ပြီးမှ၊ ၉။ တဖန်တုံ၊ အို ဘုရားသခင်၊ အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟုဆိုသည် တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမ ဝတ်ကို ပယ်၏။
ပဌမ ဝတ်သည် ပညတ်တရားအရ၊ ဣသရေလ လူများ၏ ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။ ဒုတိယဝတ်သည် ခရစ်တော်၏ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်ပူဇော်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ခရစ်တော်၏ကိုယ်ကို ပူဇော်ခြင်းအားဖြင့် ဣသရေလ လူများ၏ ယဇ်ပူဇော်ခြင်းကို ပယ်သည်။

၁၀။ ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။
ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်ခြင်းအားဖြင့် ငါတို့သည် စင်ကြယ်သည်ဟုဆိုသည်။ အကျင့်ကောင်းကျင့်နိင်သောကြောင့်၊ အပြစ် ကျူးလွန် မည့် အရာကို ချုပ်တည်း နိင်သောကြောင့် စင်ကြယ်ကြသည် မဟုတ်။ ကျမ်းစာ ကစင်ကြယ်သည်ဟုဆိုလျှင် စင်ကြယ်သည်ဟု လက်ခံယုံကြည် ဘို့ရန် သာရှိသည်။

၁၁။ ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်း ဝတ်ပြုလျက်၊ အပြစ်ကို မ​ဖြေနိုင်သော ယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော်လျက် ရပ်နေရ၏။
ယဇ်ပုရောဟိတ် များသည် အပြစ်ကို မ​ဖြေနိင်သော ယဇ်ကို နေ့တိုင်း အထပ်ထပ်အဖန်ဖန်ပူဇော်သည်ဟုဆိုသည်။ အကြောင်းမှာ သူတို့ လုပ်သောအရာသည် အရိပ်မျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ တဲတော်၌ ထိုင်ခုံမရှိသောကြောင့် ယဇ်ပုရောဟိတ် များသည် မတ်တပ်ရပ်နေရသည်။ ဆိုလိုသည် မှာ သူတို့၏ ပူဇော်ခြင်းသည် မပြီး သေးကြောင်း ထင်ရှားစေသည်။

၁၂။ ထိုသခင်မူကား၊ အပြစ်ကို ​ဖြေခြင်းငှါ ယဇ် တခုတည်းကို ပူဇော်ပြီးမှစ၍ ၊ ဘုရားသခင်၏ လကျ်ာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊ ၁၃။ မိမိရန်သူတို့ကို မိမိ​ခြေတင်ရာမချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။
ခရစ်တော်သည် မိမိကိုယ်ခန္ဓာကို ပူဇော်ပြီးသည့်နောက်၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်နေ တော်မူသည်။ ယဇ်ပုရောဟိတ် များသည် တဲတော်၌ မထိုင်တတ်ကြချေ။ အကြောင်းမှာ ယဇ်ပူဇော်ခြင်း မပြီး စီး သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တဲတော်၌ ထိုင်ခုံလည်း ချမထားချေ။ သို့သော် ခရစ်တော်သည် ခမည်းတော် အနား၌ ထိုင်တော်မူခြင်းသည် နောက်ထပ် ယဇ်ပူဇော်စရာ မရှိတော့ကြောင်း၊ ယဇ်ပူဇော်ခြင်း အားလုံး၏ အဆုံးသည် သူ၏ကိုယ်ခန္ဓာပူဇော်ခြင်းဖြင့်ပြီး စီးပြီး ဖြစ်ကြောင်းကို ဖေါ်ပြသည်။ ခရစ်တော်သည် မိမိရန်သူ တည်းဟူသောစာတန်ကို မိမိ​ခြေတင်ရာမချမထားမှီတိုင်အောင် မြော်လင့်သည် ဟူဆိုသည်။ ရန်သူ အပေါ်​ခြေတင်ခြင်းသည် ရန်သူကိုအောင် နိင်ခြင်းကို ဆိုလိုသည်။ ဒါဝိဒ်သည် ကောလျက်ကိုအောင် နိင် သောအခါ၊ “ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှာနှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီး သတ်လေ၏။” (၁ရာ ၁ရး၅၁)။ ရန်သူသည် အသက် ရှင်သေးလျှင်၊ အားရှိသေးလျှင် အနင်းခံမည် မဟုတ်။ သေသွားသောသူ အပေါ်၌ သာ​ခြေနင်းနိင်သည်။ ထို့ကြောင့် ရန်သူ အပေါ်၌ ​ခြေနင်းခြင်းသည် ရန်သူကို နိင်ခြင်း ဖေါ်ပြခြင်း ဖြစ်သည်။ ခရစ်တော်လည်း စာတန် အပေါ်​ခြေနင်းဦးမည်။ ထိုအချိန်သည် မဝေးတော့ပါ။ ဒုတိယကြွလာသောအခါ ပြည့်စုံမှာ ဖြစ်သည်။

၁၄။ အကြောင်းမူကား၊ စင်ကြယ်သော သူတို့သည် ထာဝရ စုံလင်ခြင်း အကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်း အားဖြင့် ပြု တော်မူ၏။
စင်ကြယ်သော သူတို့သည် ယုံကြည်သူများကို ဆိုလိုသည်။ ခရစ်တော်၏ ပူဇော်ခြင်းကြောင့် ယုံကြည်သူများသည် ထာဝရ စုံလင်ခြင်း အကျိုးကို ရစေသည်။

၁၅။ ထိုသို့နှင့် အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အား သက်သေ ပေးတော်မူ သည်မှာ၊ ၁၆။ နောင်ကာလ အခါသူတို့၌ ငါပေးသော ပဋ္ဋိညာဉ််တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ နှလုံးထဲမှာပေးသွင်းမည်။ သူတို့ စိတ် ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက် ကမိန့် တော်မူပြီးမှ၊ ၁ရ။ တဖန်တုံ၊ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ ၁၈။ ထိုအပြစ် တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ် ​ဖြေသော ပူဇော်သက္ကာကို ပြုစရာ အကြောင်း မရှိ။
အထက်ပါ ကျမ်းပိုဒ်သည် ယေရမိ ၃၁:၃၁-၃၄၌ ရေးထားသော နောင်ကာလ၌ ပေးမည့် ပဋ္ဋိညာဉ််တရားသစ် ဖြစ်သည်။ ထိုပဋ္ဋိညာဉ််တရားသစ်သည် ဘုရားသခင်နှင့် ဣသရေလ လူများ အကြား ပြုလုပ် မည့် အရာ ဖြစ်သည်။ ထိုပဋ္ဋိညာဉ််တရားသစ် ပြုလုပ် ဘို့ရန် သခင်ယေရှု ဤလောကသို့ ကြွလာခဲ့သော်လည်း မလုပ် ဖြစ်ခဲ့ပါ။ အကြောင်းမှာ သူ၏ လူမျိုးများ ကလက်မခံခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ပဋ္ဋိညာဉ််တရားသစ်ကို တည်စေဘို့ရန် သူ၏ အသွေးသွန်းခဲ့ပြီ။ သူကိုယ်တိုင်က ၊ “ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများ တို့၏ အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ သူတို့သည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာပဋ္ဋိညာဉ််တရားသစ် ပြုလုပ် မှာ ဖြစ်သည်။ ပဋ္ဋိညာဉ််တရားသစ်၏ ထူးခြားချက်များမှာ၊ (၁) ပညတ်တို့ကို သူတို့ နှလုံးထဲမှာပေးသွင်းမည်။ သူတို့ စိတ် ဝိညာဉ်၏ အပေါ်မှာ ရေးထားမည် (၂) သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ဘုရားသခင်က မအောက်မေ့ဘဲ နေမည်။

၁၉-၂၀။ ထိုကြောင့်ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာ တည်းဟူသောကုလားကာအားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာ ဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသော အခွင့်ရှိသဖြင့်၎င်း၊ ၂၁။ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ ၂၂။ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ဝိစိကိစ္ဆာနှင့် ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။
“ယေရှု၏ကိုယ်ခန္ဓာ တည်းဟူသောကုလားကာ” ယေရှု၏ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်ရာတွင် ဘာကို ဆိုလိုသနည်း။ လူသည် ဝိညာဉ် ဖြစ်သည်။ ဝိညာဉ်သည် ကောင်းကင် တက်ဘို့ရန် သော်၎င်း၊ ငရဲဆင်းဘို့ရန် သော်၎င်း၊ ကိုယ်ခန္ဓာကကာစီးနေသည်။ ကိုယ်ခန္ဓာပျက်စီး သောအခါ၊ သို့မဟုတ် ကိုယ်ခန္ဓာအထဲမှ ဝိညာဉ် ထွက်သွား သောအခါ၊ ကယ်တင်ခြင်းသို့ ရောက်သော သူများသည်၊ သူတို့၏ ဝိညာဉ် ကောင်းကင်သို့ တက်သွား၍ ၊ ကယ်တင်ခြင်းသို့ မရောက်သော သူများသည်၊ ငရဲထဲသို့ ဆင်းသွားသည်။ ထို့ကြောင့် ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်ရခြင်း ဖြစ်သည်။

“ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာ ဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသော အခွင့်ရှိသဖြင့်၎င်း”

ခရစ်ယာန်များအနေဖြင့် ခရစ်တော် ပြင်ဆင်သော အသက် လမ်းသစ် တည်းဟူသောသန့်ရှင်းရာဌါနသို့ ဝင်ခွင့်သည် အဓိပ္ပါယ် နားမလည် သောကြောင့်၊ တန်ဘိုး ထားမည် မဟုတ်။ ပညတ်တော် အတိုင်း မြေကြီး ပေါ်၌ လူဆောက်သော တဲတော် အထဲရှိ သန့်ရှင်းရာဌါနသို့ ပင်လူတိုင်း ဝင်ခွင့်မရှိ။ ယဇ်ပုရောဟိတ်မင်းသာလျှင် အသွေးနှင့် ဝင်ခွင့်ရှိသည်။ ယခု ဘုရားသခင် ဆောက်သော ကောင်းကင် တဲတော် ရှိသန့်ရှင်းရာဌါနသို့ ဝင်ခွင့်ရရှိခြင်းသည် မည်မျှတန်ဘိုးရှိ၍ ဝမ်းမြောက်စရာ ရှိသနည်း။ ဝါရှင်တန်မြို့ရှိသမတအိမ်ဖြူတော် အတွင်း ၌ လူတိုင်း ဝင်ခွင့်မရှိချေ။ ဝင်ခွင့်ရရှိသော သူများသည် ဂုဏ်ယူ၍ တန်ဘိုး ထား ကြသည်။ ထိုထက် မက၊ ဘုရားသခင်ကိုယ်တော်တိုင် ကျိန်းဝပ်သော သန့်ရှင်းရာဌါနထဲသို့ ဝင််၍ ဘုရားသခင်ကို ဖူးမျှော်ကိုးကွယ်ခွင့်ရရှိခြင်းသည် တန်ဘိုး မဖြတ်နိင်သော အခွင့်အရေး ဖြစ်သည်။

“ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ ” ဘုရား၏ အိမ်တော်သည်လောက၌ တဲတော်၊ ဗိမာန်တော်ဟု ခေါ်သည်။ ထိုအထဲ၌ ယဇ်ပုရောဟိတ်မင်းသည် အုပ်စိုးသောသူ ဖြစ်သည်။ ထို့ကြောင့် လူများ ကသူ့ကို အလွန် ရိုသေ၍ အားကိုး ကြသည်။ ယခုကောင်းကင် အိမ်တော်၌ အုပ်စိုးသော သူသည် ယဇ်ပုရောဟိတ်မင်းယေရှု ပင် ဖြစ်သည်။

“ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ၊ ဝိစိကိစ္ဆာနှင့် ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ ” ဟူသောအရာ ကို အင်္လိပ်လိုဤသို့ ရေးထားသည်၊ “​a sincere heart in full assurance of faithအ့” ။ ထို့ကြောင့် “ငါတို့သည် ရိုးသား၍ ယုံကြည်ခြင်းခြင်း အပြည့်ရှိလျှက်၊ ” ဟု ဘာသာပြန်လျှင် ပို၍ နားလည်လွယ်မည်။ “စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟူသောအရာ ကို အင်္လိပ်လိုဤသို့ ရေးထားသည်၊ “having our hearts sprinkled clean from an evil conscience and our bodies washed with pure water” ။ ထို့ကြောင့် “စိတ်နှလုံးကို ညစ်ညူးသော ဩတ္တပ္ပစိတ်မှလွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း သန့်ရှင်းသော ရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟု ဘာသာပြန်လျှင် ပို၍ နားလည်လွယ်မည်။

ထို့ကြောင့် အထက်ပါ အချက်များကို ချုပ်ပါက ၊ ခရစ်တော်၏ကိုယ်ခန္ဓာကုလားကာအားဖြင့် အသက် လမ်းသစ်သို့ အသွေးတော်အားဖြင့် သန့်ရှင်းရာဌါနသို့ အတားအဆီးမရှိဝင်ခွင့်ရရှိသောကြောင့်၎င်း၊ ဘုရား၏ အိမ်တော် အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းယေရှု ရှိသောကြောင့်၎င်း၊ ငါတို့သည် ရိုးသား၍ ယုံကြည်ခြင်း အပြည့်ရှိလျှက်၊ စိတ်နှလုံးကို ညစ်ညူးသော ဩတ္တပ္ပစိတ်မှလွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း သန့်ရှင်းသော ရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

မိဖုရားဧသတာသည် သူ၏ လင်ယောက်ျား ဖြစ်သော ရှင်ဘုရင်အာရွှေရုထံသို့ တိုးဝင်ချဉ်းကပ်နိင်ဘို့ရန် သုံးရက်အစာရှောင်ခဲ့သည်။ အကြောင်းမှာ ရှင်ဘုရင်ကမခေါ်ဘဲ သူ့ထံသို့ ဝင်လျှင် အသေသတ်ခြင်း ခံနိင်သည်။ (ဧသတာ ၄:၁၁)။ ထိုသို့ ဧသတာသည် သုံးရက်အစာရှောင်ပြီးမှအသက် စွန့်၍ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရှင်ဘုရင်ထံသို့ ဝင်ခဲ့သည်။ လောက လူသား အချင်းချင်းပင်လျှင် ထိုမျှလောက်ကြောက်ရလျှင်၊ ထာဝရ ဘုရား ထံသို့ တိုးဝင်ခွင့်သည် မည်မျှကြောက်စရာ ကောင်းမည်နည်း။ ခရစ်တော် ကသာ လမ်းမဖွင့်ပေး၊ သန့်ရှင်းရေးမလုပ်ပေးလျှင်၊ ထာဝရ ဘုရား ထံတော်သို့ တိုးဝင်ဘို့သည် လုံးဝ အခွင့်အလမ်းမရှိချေ။ ထိုအရာကို သိလျှင် ထာဝရ ဘုရား ထံတော်သို့ တိုးဝင်ခွင့်ရခြင်းကို အလွန် ဂုဏ်ယူ၍ တန်ဘိုး ထားမှာ ဖြစ်သည်။ ထိုအခွင့်အရေးကို အလေးထား၍ ၊ ဝမ်းမြောက် ဝမ်းသာဖြင့် တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

၂၃။ မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထား တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။
“မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ ” ယုံကြည်သူများဝန်ခံသော မြော်လင့်ခြင်းသည် အဘယ်အရာ ဖြစ်မည်နည်း။ ခရစ်တော် ခင်းပေးသော လမ်းဖြင့် သန့်ရှင်းရာဌါနတော် ထဲသို့ ဝင်၍ ဘုရားသခင်ကို တိုးဝင်ချဉ်းကပ်ကိုးကွယ်ဘို့ ဖြစ်ပေလိမ့်မည်။

“မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။” ယုံကြည်သူများသည် တိမ်းယိမ်းရွေ့လျော့နိင်သောကြောင့် ထိုသို့ မဖြစ်ဘို့ အားပေး၊ သတိပေးခြင်း ဖြစ်သည်။ အောင်မြင်ခြင်းသည် မရွေ့လျော့ဘဲ တည်ကြည်ခြင်းအားဖြင့် ရရှိနိင်သည်။ များစွာသော သူများသည် အစပြုတာထွက်ကောင်းသော်လည်း၊ ပန်းတုန်းတိုင်အထိ မပြေး၊ ရွေ့လျော့ခြင်းအားဖြင့် ဆုံးရှုံးတတ် ကြသည်။

“အကြောင်းမူကား၊ ဂတိထား တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။” မတိမ်းမယိမ်း၊ မရွေ့လျော့ဘဲ တည်ကြည်သင့်ခြင်းသည်၊ ဂတိထား တော်မူသော ဘုရားသခင်သည် သစ္စာရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူကဲ့သို့ မဟုတ်၊ သစ္စာ တည်သောကြောင့် သူ့ထံသို့ လာလျှင် ငြင်းပယ်မည် မဟုတ်ချေ။

၂၄။ ထိုမှတပါး၊ မေတ္တာစိတ်ရှိစေခြင်း ငှါ၎င်း၊ ကောင်းသော အကျင့်ကို ကျင့်စေခြင်း ငှါ၎င်း၊ တိုက်တွန်းနိုးဆော်ရသော အခွင့်ကို ရှာ၍ ၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။
မေတ္တာစိတ်ရှိဘို့နှင့် ကောင်းသော အကျင့်ကို ကျင့်ဘို့ တိုက်တွန်းနိုးဆော်ခိုင်းသည်။ လူသည် အချင်းချင်းနှုှုိးဆော် ခြင်းအားဖြင့် အား တက်နိင်သည်။ တယောက် ထဲနေလျှင် စိတ်ဓါတ်ကျကဆုံးရှုံးခြင်းသို့ ရောက်နိင်သည်။ စာတန်သည် တယောက် တည်း နေစေချင်သည်။ ဘုရားသခင်က မူတယောက် တည်း မနေစေချင်ပေ။ ကိုယ့်မှု အရာကို သာလျှင် ဂရုစိုက်၍ သူတပါးကို ဂရုမစိုက်ခြင်းသည် ယုံကြည်သူများ၏ အသက်တာမ ဖြစ်သင့်ချေ။

၂၅။ လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။
ယုံကြည်သူ အချို့သည် အစည်းအဝေးပြုခြင်းကို ရှောင်တတ် ကြသည်။ အထူးသဖြင့် ယခုခေတ် တွင် တီဗီနှင့် အင်တာနက်မှတရားဟောချက်များ အိမ်မှ နားထောင် နိင် သောအခါ၊ ဘုရားကျောင်းနှင့် စုပေါင်းဝတ်ပြုကိုးကွယ်သော နေရာကို မလာချင် ကြတော့ချေ။ သူတို့၏ အကြောင်း ပြချက်မှာ၊ အသင်းတော်၌ ပြသနာ များသည်၊ တယောက် တည်း နေလျှင် ပြသနာ အေးသည် ဟူ၍ ဖြစ်သည်။ သို့သော် ထိုသို့ တယောက် တည်း နေခြင်းသည် စာတန်၏ လှည့်ဖျားမှု ဖြစ်သည်။ လူသည် ပြည့်စုံခြင်း မရှိပါ။ ခလေး များလျှင် ပြသနာ များသည်။ သို့သော် မိဘများက သူတို့၏ ခလေး များကို ပစ်မထားပါ။ ပြုစုပျိုးထောင်၍ ကြီး ပြင်းလာသောအခါ မိဘများကို ပြန်လည်ကူညီ​ကျွေးမွေးသော သူများ ဖြစ်လာ ကြသည်။ ထို့ကြောင့် ဝိညာဉ် ရေးရာ၌ ကြီး ထွားရင့်ကျက်လာသောအခါ အသင်းတော်၌ ဝမ်းမြောက် စရာ၊ ခွန်အားရစရာ ဖြစ်လာသည်။

“ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့” ကာလအချိန် ရောက်လုနီးသည်ဟုဆိုခြင်းသည် သခင်ဘုရား ကြွလာ၍ ချီဆောင်မည့် အချိန်ကို ဆိုလိုသည်။ လောက မှာကြာကြာနေရတော့မှာ မဟုတ်သောကြောင့် သာ၍ ကြိုးစားဘို့ ပြောခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာမည့် အရာသည် ပေါလုတို့ လက်ထက် မှာလည်း မြော်လင့်ခဲ့ပြီ။ သို့သော် သူတို့ ခေတ်မှာကြွမလာခဲ့ပါ။ ထိုအရာသည် သူတို့ မှားယွင်းခြင်း မဟုတ်ပါ။ ပရောဖက် များသည် ဘုရား ခိုင်း၍ သာဟောပြောကြသည်၊ သူတို့ ဟောပြောသောအရာ များကို သူတို့ကိုယ်တိုင်အကုန်အစင် မသိကြောင်း ပေတရုကဤသို့ ရေးထားသည်၊ “ထို ကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍ ၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စား တော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့် သောအခါ၊ အဘယ်မည်သော သူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်းဆိုလို တော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။” (၁ ပေ ၁:၁၀-၁၁)။ အဘယ်ကြောင့် ခရစ်တော် ကသူလာမည့် အရာကို အတိအကျ မပြောသနည်းဟူမူကား၊ ခေတ်အဆက်ဆက်ရှိ ယုံကြည်သူ တိုင်း အဆင်သင့်ရှိစေချင် သောကြောင့် ဖြစ်သည်။

၂၆။ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ် ​ဖြေသော ယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ၂ရ။ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသော အကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ ရာအမျက်တော် မီးလောင်ခြင်းကို ခံရသော အကြောင်းရှိ၏။
အထက်ပါ ကျမ်းပိုဒ်ကို ကြည့်၍ ကယ်တင်ခြင်း ဆုံးရှုံးနိင်သည်ဟု ယူဆနိင်သည်။ ထိုသို့မဟုတ်ပါ။ သမ္မာတရား တည်းဟူသောဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အကြံတော် များကို သိသော်လည်း၊ သိရုံသာသိ၍ ယုံကြည်ခြင်း မရှိသော သူကို ဆိုလိုသည်။ ဤစာကို ရေးသော သူက၊ “ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရသော အခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ ရှိရစ်လျက် နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲ နေမည်ကို စိုးရိမ် ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို ထိုသူတို့ ကဲ့သို့ ကြားရကြပြီ။သို့ ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့ အထဲ၌ ယုံကြည်ခြင်း နှင့် မရောနှောသောကြောင့် အကျိုးကို မပေး။” (ဟေ ၄:၁-၂)ဟု ရေးခဲ့ပြီ။

ခရစ်တော်၏ကိုယ်ခန္ဓာနှင့် အသွေးကို ပူဇော်ခြင်းသည် အရိပ် မဟုတ်၊ အစစ်နှင့် နောက်ဆုံးသော ယဇ် ဖြစ်သည်။ ထိုအရာကို သိသော်လည်း မယုံကြည်သော သူသည် နောက်ထပ် ယဇ်ပူဇော်စရာ မရှိတော့သောကြောင့်၊ ကယ်တင်ခြင်းသို့ မရောက်ဘဲ မီးအိုင် ထဲဆင်းဘို့ သာလျှင် ရှိသည်။ ဓမ္မဟောင်းကာလ၌ မယုံကြည် ပြစ်မှားသော သူများသည် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံခြင်းအားဖြင့် အပြစ် ပြေနိင်သည်။ ခရစ်တော် ပူဇော်ပြီး နောက်မှမယုံကြည်၊ ပြစ်မှားသူအတွက် နောက်ထပ်ပူဇော်စရာ ယဇ်မရှိတော့သောကြောင့် ပျက်စီးခြင်းသို့ သာသွားရမည်။

၂၈။ မောရှေ၏ တရားကို ပယ်သော သူမည်သည်ကား၊ သက်သေခံနှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။
အထက်ပါ ကျမ်းပိုဒ်သည်၊ “ သက်သေခံနှစ်ယောက်သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံ ရမည်။” (တရားဟော ၁ရး၆) ကိုကိုးကားခြင်း ဖြစ်သည်။

၂၉။ ထိုမျှမက ဘုရားသခင်၏ သားတော်ကို ​ခြေနှင့် ကျော်နင်းလျက်၊ မိမိကို စင်ကြယ်စေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို အပြစ် တင်လျှက်ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျက် ရှိသော သူသည်၊ အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။
“ဘုရားသခင်၏ သားတော်ကို ​ခြေနှင့် ကျော်နင်းခြင်း” သည် သခင်ယေရှုကို မယုံကြည်၊ ကယ်တင်ရှင်နှင့် ဘုရား အဖြစ်လက်မခံခြင်း ဖြစ်သည်။

“မိမိကို စင်ကြယ်စေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို အပြစ် တင်လျှက်” လူ၏ အပြစ်ကို ပဋ္ဋိညာဉ်တရား၏ အသွေးအားဖြင့် ခွင့်လွှတ်သည် (ယေရမိ ၃၁:၃၄)။ ထိုသို့ အပြစ် ​ဖြေစေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို လက်မခံဘဲ အပြစ် တင်လျှင် မည်သို့ မျှအပြစ် လွှတ်ခြင်းရစရာ အကြောင်း မရှိတော့ချေ။

“ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျက် ရှိသော သူ” ယုံကြည်သူများသည် ဝိညာဉ်အားဖြင့် ဒုတိယမွေး သောအခါ ဝိညာဉ်တော် ကဆုကျေးဇူးများကို အသီးသီးပေးသည် (၁ ကော ၁၂)။ သို့သော် ထို ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျှင်ဟုဆိုခြင်းသည် မယုံကြည်ခြင်း၊ ဂရုမစိုက်ခြင်း ဖြစ်သည်။

“အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။” အထက်ပါ ပုဂ္ဂိုလ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မသိသည် မဟုတ်၊ ဝိညာဉ်တော်၏ အလုပ်ကိုလည်း သိိသောသူ ဖြစ်သည်။ သို့သော် မယုံကြည် မလက်ခံ၊ မာနကြီး သောသူ ဖြစ်သည်။ ထိုသူသည် ကြီးစွာသော ပြစ်ဒဏ်ကို ခံထိုက်သည်။ ခရစ်တော်က၊ “များစွာသော တန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တ မရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင် တော်မူ၏။ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္လာရှိ၏။ အိုဗက်ဇ​ဲဒမြို့၊ သင်သည် အမင်္လာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍ ၊ ပြာနှင့် လူးလျက် နောင်တ ရကြလိမ့်မည်။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတံ့။ အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင် တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့၊ အကြောင်းမူကား၊ သင်၌ ပြသော တန်ခိုးကိုသော ဒုံမြို့၌ ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်သည်သော ဒုံမြို့ထက် သာ၍ ခံရလတ့ံဟု မိန့်တော်မူ၏။” (မ ၁၁:၂၀-၂၄) ထို့ကြောင့် အခြားဘုရားကိုးကွယ်သော သူများထက် ခရစ်ယာန် များသည်၊ တရားဆုံးဖြတ်သော နေ့၌ သာ၍ ခံရမည်ဟု သိရသည်။

၃၀။ ငါသည် အပြစ် တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက်ငါဆပ်ပေးမည်ဟူ၍ ၎င်း၊ ထာဝရ ဘုရားသည် မိမိလူတို့ အဘို့ တရားစီရင်မည်ဟူ၍ ၎င်း၊ မိန့်တော်မူသော သူကို ငါတို့သည် အမှန်သိကြ၏။
အထက်ပါ ကျမ်းပိုဒ်သည်၊ တရားဟော ၃၂:၃၄-၃၅ကို ကိုးကားခြင်း ဖြစ်သည်။ အပြစ် ပေးပိုင်သော သူသည် လူလူချင်း မဟုတ် ဘုရားသခင် ဖြစ်သည်။ လူလူချင်းအပြစ် မပေးပိုင်သောကြောင့် တရားသူကြီး ထံ၌ တရားစွဲတတ်သည်။ ဘုရားသခင်သည် တရားသူကြီး ဖြစ်သောကြောင့် အပြစ် စီရင်ပိုင်သည် (ဟေရှာယ ၃၃:၂၂)။ ထိုဘုရားကို ငါတို့ သိသည်ဟုဆိုသည်။

၃၁။ အသက် ရှင် တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်သတည်း။
ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှု ဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းကို ဆိုလိုသည်။ ယဇ်ပုရောဟိတ် ဧလိကဆိုးသွမ်းသော သူ့သားများထံဤသို့ ဆိုခဲ့ဘူးသည်၊ “ဧလိသည် အသက် အရွယ်လွန် သောအခါ သူ၏သား တို့သည် ဣသရေလ လူအပေါင်းတို့၌ ပြုသမျှကို၎င်း၊ ပရိတ်သတ်စည်းဝေးရာတဲတော် တံခါးနားမှာစည်းဝေးသော မိန်းမနှင့် မှားယွင်းကြောင်းကို၎င်းကြားသိလျှင်၊ ၂၃ သင်တို့သည် အဘယ်ကြောင့်ဤသို့ ပြုကြသနည်း၊ သင်တို့ ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့သည် ပြော၍ ငါကြားရ၏။ ၂၄ မကောင်းဘူးငါ့သားတို့၊ ငါကြားသော သိတင်းသည် ကောင်းသော သိတင်း မဟုတ်၊ ထာဝရ ဘုရား၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ ပြုကြသည် တကား၊ ၂၅ လူချင်းတယောက်ကို တယောက် ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူတို့သည် အဘ၏ စကားကို နားမထောင်ကြ။” (၁ရာ ၂:၂၂-၂၅)။

၃၂-၃၃။ သင်တို့သည် အလင်းသို့ ရောက်ပြီးသည် နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသော သူတို့နှင့် ဆက်ဆံသော အပေါင်းအဘော် ဖြစ်သဖြင့်၎င်း၊ ကြီးစွာသော ဆင်းရဲ ဒုက္ခ ဝေဒနာ များကို ဆိုင်ဗြုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက် ကာလ အချိန်ကို အောက်မေ့ကြလော့။
ရှေး ယုံကြည်သူများသည် သူတို့၏ ယုံကြည်ခြင်းကြောင့် လူများ၏ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံခဲ့ ကြသည်။ ထိုမျှသာမကကြီးစွာသော ဆင်းရဲ ဒုက္ခ ဝေဒနာ များကို ဆိုင်ဗြုင်တိုက်လှန်ခဲ့ ကြသည်။ ထိုအရာကို အောက်မေ့သတိရစေသည်။ အကြောင်းမှာ လူသည် အဆင်ပြေလာသောအခါ၊ ယုံကြည်ခြင်းအား လျော့၍ အပြစ် သွေးဆောင်ရာသို့ ပါသွားတတ်သည်။

၃၄။ ထိုအခါ သင်တို့သည် အကျဉ်းခံရသော သူတို့အတွက် ကြောင့် ကြင်နာသော စိတ်ရှိရသည် သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌ သာ၍ မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကို သိ၍ ၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သော စိတ်နှင့် ဝန်ခံကြ၏။
ဤစာကို လက်ခံသော သူများသည် ယုံကြည်ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ခံခဲ့စဉ်တုန်းကအကျဉ်းခံရသော သူများကို ကြင်နာသော စိတ်ရှိခဲ့သည်။ သို့သော် ဤစာကို လက်ခံရရှိချိန်တွင်၊ ထိုသို့သော စိတ်ထားမျိုးမရှိတော့ကြောင်း ထင်ရှားသည်။ လူသည်ကိုယ်တိုင်ဒုက္ခ ခံရလျှင် သူတပါးကို စာနာတတ်သည်။ ကောင်းစား သောအခါ ထိုိစိတ်ကုန်တတ်သည်။ သူတို့သည် ဥစ္စာပစ္စည်းများ လုယူဖျက်ဆီးခြင်း ခံရသော်လည်း ဝမ်းမြောက် ကြသည်။ အကြောင်းမှာ သူတို့၏ ဘဏ္ဍာသည် ဤလောက၌ မဟုတ်၊ ကောင်းကင်၌ သိုထားသောကြောင့် ဖြစ်သည်။ လောက ဘဏ္ဍာများသည် ကုန်ခန်းခြင်း၊ ပျက်စီးခြင်း၊ ခိုးယူခြင်း ခံနိင်သော်လည်း ကောင်းကင် ဘဏ္ဍာသည် ထာဝရ တည်တန့်သည်။ ထို့ကြောင့် သခင်ယေရှု ကဘဏ္ဍာများကို ကောင်းကင်၌ သိုထားဘို့ ပြောခြင်း ဖြစ်သည် (မ ၆:၁၉-၂၀)။

၃၅။ ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်း စိတ်ကို မစွန့်ကြနှင့်။ ၃၆။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးမှ၊ ဂတိတော် အတိုင်း အကျိုးကို ရမည်အကြောင်းသည်း ခံခြင်း စိတ်ရှိရမည်။
ဤစာရေးသူက ယုံကြည်သူများသည် ယုံကြည်ခြင်းနှင့် ယှဉ်သော ရဲရင့်ခြင်း စိတ်ကို မစွန့်ကြဘို့ အားပေးသည်။ သူတို့သည် ယုံကြည်ခြင်း၌ အား လျော့လာသောကြောင့် ထိုသို့ ရေးခြင်း ဖြစ်မည်။ ဘုရား၏ အလိုတော် ဆောင်ခြင်းသည် အကျိုးရရှိဘို့ ဂတိရှိသည့်အတိုင်း အမှန်ရရှိမှာ ဖြစ်သည်။ လူသည် အစကောင်းတတ်သော်လည်း အနှောင်းပိုင်း၌ ပျက်ချော်သွားတတ်သည်။

၃၇။ အဘယ်ကြောင့်နည်းဟူမူကား၊ ကြလာလတံ့သော သူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီရောက် တော်မူ လိမ့်မည်။
ကြွလာလတံ့သော သူသည် သခင်ယေရှု ပင် ဖြစ်သည်။ ရှေး ယုံကြည်သူများ၏ တခုတည်းသော မြော်လင့်ရာသည် သခင်ယေရှု ကြွလာမည့် အရာ ဖြစ်သည်။ သို့သော် ယနေ့ ယုံကြည်သူများ၏ မျှော်လင့်ချက်သည်၊ ဤလောက ယပိုင်ဆိုင်ရေး ဖြစ်သည်။ သင်သည် မည်သည့်အရာကို မျှော်လင့်သနည်း။ ကြွလာမည့် သခင်ယေရှုကို မျှော်လင့်ပါသလော။

၃၈။ ​ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်း အားဖြင့် အသက် ရှင်လိမ့်မည်။ သို့သော်လည်း ၊ ရွေ့လျော့လျှင်၊ ငါ့စိတ် ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်း မရှိဟု ဘုရားသခင် အမိန့်တော် ရှိ၏။
ဤကျမ်းပိုဒ်သည် ဟဗက္ကုတ် ၂:၄ ထဲမှ ဖြစ်၍ ဓမ္မသစ်ကျမ်းတွင် ပေါလုကရော ၁:၁ရနှင့် ဂလာ ၃:၁ရ၌ကိုးကား ထားသည်။ ဤကျမ်းပိုဒ်သည် ရိုမင်ကက်သလိပ်သွန်သင်ချက်ကိုတော် လှန်သူ၊ မာတင်လူသာကို ပြောင်းလဲစေသော ကျမ်းပိုဒ် ဖြစ်သည်။ ဤကျမ်းပိုဒ်အားဖြင့် မာတင်လူသာသည် ကယ်တင်ခြင်း တရားကို သိခွင့်ရခဲ့သည်။ ​ဖြောင့်မတ်သော သူသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်း လက်ခံသောသူ ဖြစ်သည်။ လူလူချင်း အပေါ်မှာ ​ဖြောင့်မတ်ခြင်း မဟုတ်။ ကျမ်းစာက၊ “ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည် သောသူ အပေါင်းတို့ အဘို့ ဖြစ်၍ ၊ ထိုသူ အပေါင်းတို့ အပေါ်သို့ ရောက်သော ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ယေရှုခရစ် ရွေးနှုတ် တော်မူသော အားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၃:၂၂၊ ၂၄)။

၃၉။ ငါတို့ မူကား ပျက်ဆီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျော့သောသူ မဟုတ်။ စိတ် ဝိညာဉ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ ယုံကြည် သောသူ ဖြစ်ကြ၏။
သင်နှင့် ​ကျွန်ပ်လည်း ဤစာရေးသူနှင့်အတူ ရွေ့လျော့သော သမဟုတ်ဘဲ ကယ်တင်ခြင်းသို့ ရောက်အံံ့သောငှါ ယုံကြည် သောသူ ဖြစ်ကြသည်။

အခန်း (၁၀) မေးခွန်းများ

၁။ အထက်၌ ဖေါ်ပြသော ပညတ်သည် ဘာပညတ် ဖြစ်သနည်း။

၂။ အဘယ်ကြောင့် ဣသရေလ လူများ၏ ပူဇော်ခြင်းသည် မစုံလင်စေနိင်သနည်း။

၃။ သံဝေဂတရားဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

၄။ ဣသရေလ လူများသည် ယဇ်ပူဇော်ပြီးလျှင် အပြစ်ကို မေ့နိင်ကြသလော။

၅။ အဘယ်ကြောင့်မမေ့နိင်ကြသနည်း။

၆။ ခရစ်တော် ဤလောကသို့ ဆင်းကြွခြင်းသည် ဘာ ဖြစ်ဘို့ရန် ဖြစ်သနည်း။

ရ။ အဘယ်ကြောင့် ခရစ်တော်သည် လူ့ဇာတိခံဘို့ လိုသနည်း။

၈။ ဣသရေလ လူများ ပူဇော်သော ယဇ်များကို ဘုရားသခင်ကအားရနှစ်သက် တော်မူ သလော။

၉။ ခရစ်တော်သည် မိမိ အလိုဆန္ဒကို ဦးစားပေးသလော၊ မည်သူ၏ အလိုတော်ကို ဖြည့်ဘို့ ကြိုးစား သနည်း။

၁၀။ သင်သည် မည်သူ၏ အလိုဆန္ဒကို ဦးစားပေးသနည်း။

၁၁။ ခရစ်တော်သည် မည်ကဲ့သို့ ခမည်းတော်၏ အလိုတော်ကို ဆောင်ခဲ့သနည်း။

၁၂။ ပဌမ ဝတ်သည် ဘာကို ဆိုလိုသနည်း။

၁၃။ ဒုတိယဝတ်သည် ဘာကို ဆိုလိုသနည်း။

၁၄။ ငါတို့သည် ဘာကြောင့်စင်ကြယ်ခြင်းသို့ ရောက်ကြသနည်း။

၁၅။ အဘယ်ကြောင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကို မ​ဖြေနိင်သော ယဇ်ကို နေ့တိုင်း အထပ်ထပ်အဖန်ဖန်ပူဇော်သနည်း။

၁၆။ အဘယ်ကြောင့်တဲတော်၌ ထိုင်ခုံမရှိသနည်း။

၁ရ။ အဘယ်ကြောင့် ခရစ်တော်သည် ခမည်းတော် အနား၌ ထိုင်နေ တော်မူ သနည်း။

၁၈။ ရန်သူ အပေါ်​ခြေတင်ခြင်းသည် ဘာကို ဆိုလိုသနည်း။

၁၉။ ခရစ်တော်သည် မည်သူ အပေါ်၌ မည်သည့်အချိန်တွင် ​ခြေနင်းမည်နည်း။

၂၀။ ယုံကြည်သူများသည် ထာဝရ စုံလင်ခြင်း အကျိုးကို မည်ကဲ့သို့ ရကြသနည်း။

၂၁။ ပဋ္ဋိညာဉ််တရားသစ်သည် မည်သူနှင့် မည်သူ အကြား ပြုလုပ် မည့် အရာ ဖြစ်သနည်း။

၂၂။ ခရစ်တော်သည် ပဋ္ဋိညာဉ််တရားသစ်ကို တည်စေဘို့ရန် ဘာလုပ်ခဲ့သနည်း။

၂၃။ မည်သည့်အချိန်၌ ပဋ္ဋိညာဉ််တရားသစ်ကို ပြုလုပ် ကြမည်နည်း။

၂၄။ ပဋ္ဋိညာဉ််တရားသစ်၏ ထူးခြားချက်များကို ဖေါ်ပြပါ။

၂၅။ အဘယ်ကြောင့်ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်သနည်း။

၂၆။ ခရစ်တော် ပြင်ဆင်သော အသက် လမ်းသစ် တည်းဟူသောသန့်ရှင်းရာဌါနသို့ ဝင်ခွင့်ကို အဘယ်ကြောင့်တန်ဘိုး မထားသနည်း၂ရ။ သန့်ရှင်းရာဌါနသို့ ဝင်ခွင့်သည် အဘယ်ကြောင့်တန်ဘိုးရှိသနည်း။

၂၈။ ဘုရားသခင်၏ အိမ်တော်သည် ဘာကိုဆိုလိုသနည်း။ အဘယ်သူ ကထိုအိမ်တော်ကို အုပ်စိုးသနည်း။

၂၉။ ကောင်းကင် ရှိဘုရား၏ အိမ်တော်ကို အဘယ်သူ ကအုပ်စိုးသနည်း။

၃၀။ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ၊ ဝိစိကိစ္ဆာနှင့် ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်ဟူသောအရာ ကို မည်ကဲ့သို့ ဘာသာပြန်နိင်သနည်း။

၃၁။ “စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟူသောအရာ ကို မည်ကဲ့သို့ ဘာသာပြန်လျှင် ပို၍ နားလည်နိင်သနည်း။

၃၂။ မိဖုရားဧသတာသည် အဘယ်ကြောင့်အစာရှောင်သနည်း။

၃၃။ ဘုရားသခင် ထံဝင်ဘို့သည် ကြောက်စရာ ကောင်းပါသလား။

၃၄။ အဘယ်ကြောင့်ငါတို့သည် ဘုရားသခင် ထံတိုးဝင်ချဉ်းကပ်ခွင့်ရကြသနည်း။

၃၅။ ယုံကြည်သူများဝန်ခံသော မြော်လင့်ခြင်းသည် အဘယ်အရာ ဖြစ်မည်နည်း။

၃၆။ အောင်မြင်ခြင်းသည် မည်သို့အားဖြင့် ရရှိနိင်သနည်း။

၃၇။ ဂတိထား တော်မူသော သူသည် အဘယ်သူ နည်း။

၃၈။ ယုံကြည်သူများသည် အချင်းချင်းနိုးဆော်ဘို့ အဘယ်ကြောင့်လိုသနည်း။

၃၉။ တယောက် ထဲနေကောင်းသလော။ အဘယ်ကြောင့်နည်း။

၄၀။ အဘယ်ကြောင့်ဘုရား ကျောင်းနှင့် စုပေါင်းဝတ်ပြုကိုးကွယ်သော နေရာကို မလာချင် ကြသနည်း။

၄၁။ အသင်းတော်သည် ပြည့်စုံပါသလော။

၄၂။ အသင်းတော်၌ လာခြင်းဖြင့် ဘာ အကျိုးရှိသနည်း။

၄၃။ အဘယ်ကြောင့်သာ၍ ကြိုးစားဘို့ လိုသနည်း။

၄၄။ အဘယ်ကြောင့် ခရစ်တော် ကသူလာမည့် အရာကို အတိအကျ မပြောသနည်း။

၄၅။ အငယ် ၂၆သည် ကယ်တင်ခြင်း ဆုံးရှုံးနိင်သည်ဟုဆိုခြင်း ဖြစ်သလော။ မည်သည့်အရာကို ဆိုလိုသနည်း။

၄၆။ “ဘုရားသခင်၏ သားတော်ကို ​ခြေနှင့် ကျော်နင်းခြင်း” သည် ဘာကို ဆိုလိုသနည်း။

၄၇။ “မိမိကို စင်ကြယ်စေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို အပြစ် တင်လျှက်” ဟူသောအရာ ကို ရှင်းပြပါ။

၄၈။ “ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုခြင်း” သည် ဘာကို ဆိုုလိုသနည်း။

၄၉။ အငယ် ၂၉၌ ဖေါ်ပြသော သူသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဝိညာဉ်တော်၏ အလုပ်ကို သိပါသလော။

၅၀။ တရားသူကြီးသည် မည်သူ ဖြစ်သနည်း။

၅၁။ ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှုသည် ဘာကို ဆိုလိုသနည်း။

၅၂။ စာရေးသူက ယုံကြည်သူများကို အငယ် ၃၂-၃၃၌ ဘာကို သတိရစေသနည်း။ အဘယ်ကြောင့်နည်း။

၅၃။ ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ အဘယ်ကြောင့်ဝမ်းမြောက်သော စိတ်နှင့် ဝန်ခံကြသနည်း။

၅၄။ ယုံကြည်သူများ၏ ဘဏ္ဍာသည် ဘယ်မှာ ရှိသနည်း။

၅၅။ ဘုရားသခင်၏ အလိုတော်ကို ဆောင်လျှင် ဘာရမည်နည်း။

၅၆။ ရှေး ယုံကြည်သူများ၏ တခုတည်းသော မြော်လင့်ရာသည် အဘယ်အရာနည်း။

၅၇။ ယနေ့ ယုံကြည်သူများ၏ မျှော်လင့်ချက်သည် အဘယ်အရာနည်း။

၅၈။ သင်၏ မျှော်လင့်သောအရာသည် အဘယ်အရာနည်း။

၅၉။ ​ဖြောင့်မတ်သော သူသည် ဘာအားဖြင့် အသက် ရှင်လိမ့်မည်နည်း။

၆၀။ ငါတို့သည် ပျက်ဆီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျော့သောသူ ဖြစ်ကြပါသလား။

.

^

ဟေဗြဲဩဝါဒစာ (၁၁)

၁။ ယုံကြည်ခြင်းသည် မြော်လင့်သောအရာ တို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင် သေးသောအရာ တို့ကို သိမှ တ်စွဲလမ်းခြင်း အကြောင်း ဖြစ်၏။
ဤကျမ်းပိုဒ်၌ ယုံကြည်ခြင်း၏ အနက်အဓိပ္ပါယ် ကို ဖေါ်ပြထားသည်။ များသောအားဖြင့် တမန်တော်သော မကဲ့သို့ ယုံကြည် နိင်ဘို့ရန် မျက်စိနှင့် မြင်တွေ့ချင် ကြသည်။ မျက်စိနှင့် မြင်ပြီးလျှင် ယုံကြည်စရာ မလိုတော့ချေ။ ယုံကြည်ခြင်းသည် မမြင် သေးသောအရာ ဖြစ်ရမည်။ ထိုအရာကို မျက်မှောက်ပြု၍ ၊ သိမှ တ်စွဲလမ်းခြင်း ဖြစ်သည်ဟုဆိုသည်။

၂။ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်း တော်မူခြင်းကို ခံရကြ၏။
ရှေး ယုံကြည်သူများ တည်းဟူသောနောဧ၊ အာဗြဟံ၊ မောရှေ၊ ဒံယေလတို့သည် သူတို့၏ ယုံကြည်ခြင်းကြောင့် ချီးမွမ်းခြင်း ခံရသည်ဟုဆိုသည်။

၃။ ယခုမြင်ရသောအရာ တို့သည်၊ အရင်ထင်ရှားသောအရာ ထဲကမ ဖြစ်ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့် သာတည်သည်ကို ငါတို့သည် ယုံကြည်ခြင်း အားဖြင့် သိကြ၏။
ယခုမြင်ရသောအရာ များ ဖြစ်သော မြေကြီးနှင့် မြေကြီး ပေါ်၌ ရှိသမျှသောအရာများ၊ နေလကြယ်နက္ခတ္တာရာများသည် မရှိသောအရာ မှဘုရား၏ အမိန့်တော်အားဖြင့် တည်ရှိကြသည်ဟုဆိုသည်။ လူ၏ ပညာဦးနှောက်ဖြင့် မတွက်နိင်ပါ။ လူဖန်တီး ပြုလုပ်သောအရာ များ ပင်လျှင် နားမလည်နိင်၊ အံ့ဩ ရသည် မဟုတ်လော။ ဘုရား၏ အစွမ်းနှင့် လုပ်ဆောင်ချက် များသည် လူ့ပညာနှင့် မသိနိင်ချေ။ ဘုရား၏ အစွမ်းအစကို မ ယုံကြည်သူများကအရာခပ်သိမ်းသည် သူ့အလိုလို ဖြစ်၍ ၊ သဘာဝ ဖြစ်သည်ဟုဆိုသည်။ သူ့အလိုအလျောက်အဘယ်အရာမှမ ဖြစ်နိင်ပါ။ ဥပမာ၊ လူကမပြုလုပ်လျှင် သစ်သားသည် နှစ်ပေါင်းမည်မျှပင် ကြာပါစေ၊ စားပွဲမ ဖြစ်နိင်ပါ။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရားရှိသည်ဟု ယုံကြည် ရသည်။

၄။ အာဗေလသည်၊ ကာဣနပူဇော်သော ယဇ်ထက် သာ၍ မြတ်သော ယဇ်ကို၊ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍ ၊ မိမိ​ဖြောင့်မတ်သည်ဟု သက်သေခံ တော်မူခြင်းကို ရလေ၏။ အဘယ်သို့ နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ ၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
အာဗေလသည် ယုံကြည်ခြင်းအားဖြင့် အကို ကာဣနထက် မြတ်သော ယဇ်ပူဇော်သည်။ ထို့ကြောင့် အသက် တိုတောင်းသော်လည်း အကျိုးရှိသည်။ ယနေ့ တိုင်အောင် သူ့ကို ယုံကြည်သူများကစံနမူနာထား၍ ပြော ကြသည်။ အသက် ရှည်ပြီး မယုံကြည်သည်ထက် အာဗေလကဲ့သို့ အသက် တိုပြီး ယုံကြည်သော သူသည် သာ၍ မင်္လာရှိသည်။ ကာဣနသည် သူ့ညီထက် အသက် ရှည်သော်လည်း အကျိုးမရှိပါ။ ဒုစရိုက်အပြစ်ကို ကျူးလွန်၍ ဘုရား ထံမှ ထွက်ခွါသွားသည်။ သူ့အကြောင်း ကိုလည်း နောက်ထပ် မသိရတော့ပါ။

၅။ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့် လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေ တော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည် ဘဝ မပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
ဧနောက်သည် အသက် သုံးရာ​ခြောက်ဆယ်အသက် ရှင်သည်။ သူသည် ဘုရားသခင်နှင့် နှစ်ပေါင်းသုံးရာသွားလာ၍ ဘုရားသခင်က ရုပ်သိမ်းလိုက်သည် (က ၅:၂၁-၂၄)။ အဘယ်ကြောင့် ဘုရားသခင်က ရုပ်သိမ်းသနည်းဟူမူကား ဘုရား စိတ်တော်နှင့် တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က သူ့ကို မြေကြီး ပေါ်၌ သွားလည်၍ ပေါင်းဖေါ်သည်ထက် ကောင်းကင်သို့ ခေါ်၍ ပေါင်းဖေါ်ချင်သည်။ လူသားများလည်း သူငယ်ချင်းများကို အဝေးမှ ာသွားလည်သည်ထက်ကိုယ့်အနီးသို့ ခေါ်၍ ပေါင်းဖေါ်ချင် ကြသည်။ ဘုရားသခင်သည် ​ကျွန်ပ်တို့နှင့် ပေါင်းဖေါ်ချင် ပါမည်လော။ သို့မဟုတ် သင်သည် ဘုရားသခင်နှင့် ပေါင်းဖေါ်ချင် ပါသလော။

၆။ ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသော သူအား အကျိုး ပေးတော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။
ဘုရား စိတ်တော်နှင့် တွေ့ဘို့ရန် မှာသူ့ကို ယုံကြည် စိတ်ချရမည်။ လူတိုင်းကိုယ့်ကို စိတ်မချသောသူ၊ သံသယရှိသော သူကို မနှစ်သက်ကြပါ။ ယခုမှစ၍ ဘုရားသခင်ကို ယုံကြည် စိတ်ချပါ။ ဘုရား ထံချဉ်းကပ်သော သူသည် ဘုရားရှိကြောင်းနှင့် သူထံချဉ်းကပ်သော သူကို အကျိုးပေးကြောင်း ယုံကြည် ရမည်ဟုဆိုသည်။ ထိုအရာများသည် အလွန် ကောင်း၍ လွယ်ကူသည် မဟုတ်ပါလော။

ရ။ နောဧသည် မမြင် သေးသော အမှုအရာ တို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍ ၊ မိမိအိမ်သူအိမ်သား တို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကို တည်လေ၏။ ထိုသို့ ယုံကြည်ခြင်း အားဖြင့်လောကီသား တို့ကို အပြစ် တင်၍ ယုံကြည်ခြင်း နှင့် ယှဉ်သော ​ဖြောင့်မတ်ခြင်း ကိုလည်း အမွေခံ ရ၏။ နောဧနှင့် မိသားစုသည် မ ယုံကြည်သူများအလယ်၌ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ယုံကြည်၍ သင်္ဘောဆောက်ခြင်းအားဖြင့် ပြင်ဆင် ခဲ့သည်။ ထို့ကြောင့် မ ယုံကြည်သူများနှင့်အတူ မပျက်စီးဘဲ လွတ်မြောက်ခဲ့၍ နောင်လာနောက်သား များကို ပုံသက်သေကောင်းပြသနိင်ခဲ့သည်။ သူတို့သည် မိသားစုတစုတည်း ဖြစ်သော်လည်း စိတ်မပျက်ဘဲ ဘုရား စကား နားထောင် သကဲ့သို့၊ ​ကျွန်ပ်တို့လည်း ပတ်ဝန်းကျင်ထက် ဘုရား စကားကို နားထောင် သင့်သည်။ ဘုရားသခင် ထံမှ ​ဖြောင့်မတ်ခြင်း ကိုလည်း ရရှိသည်။

၈။ အာဗြဟံသည် အမွေခံ ရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ် တော်မူ သောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲ လျက်၊ ယုံကြည်ခြင်း အားဖြင့် နားထောင်၍ ထွက်သွားလေ၏။
ယခုတိုးတက်သော ခေတ်တွင် ပင်လူအများစုသည်ကိုယ်မရောက်ဘူးသော နေရာ၌ မသွားရဲကြချေ။ ရောက်ဘူးသော နေရာသို့ ပင် မပြောင်းလိုကြချေ။ အာဗြဟံတို့ ခေတ်တွင် တိုင်း တပါးသို့ သွားဘို့သည် အလွန် ခက်ခဲသောအရာ ဖြစ်မည်။ သို့သော် သူသည် ဘုရားသခင်၏ ခေါ် တော်မူသော အသံကို နားထောင်၍ ၊ ယုံကြည်ခြင်း အားဖြင့် ဘုရား နောက်လိုက် နိင်ခဲ့သည်။ ​ကျွန်ပ်တို့လည်း ဘုရားသခင် ခိုင်းသောအရာ ကို ယုံကြည်ခြင်းအားဖြင့် လိုက်နာဘို့ လိုအပ်သည်။

၉။ သူတပါးပိုင်သော ပြည်၌ ဧည့်သည် နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်း အားဖြင့် ဧည့်သည် ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံ ရသော အဘော်အဘက် တည်းဟူသောဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌ နေလေ၏။ ၁၀။ အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစု တော်မူသော၊ ခိုင်ခံ့မြဲ+မံသော မြို့ကို မြော်လင့်သတည်း။
အာဗြဟံသည် ဘုရားသခင်က ခေါ် သောအခါ သူတပါးပိုင်သော ပြည် တည်းဟူသောခါနန်ပြည်၌၊ အိမ်ရှင်ကဲ့သို့ နေသည် မဟုတ်၊ ဧည့်သည် ကဲ့သို့ နေသည်။ လူတိုင်း ဧည့်သည် ကဲ့သို့ ထက် အိမ်ရှင်လိုနေချင် ကြသည်။ အကြောင်းမှာ ဧည့်သည်သည် အိမ်ရှင်၏ အလိုဆန္ဒကို သာ လိုက်နာနေရသည်။ သို့သော် အာဗြဟံသည် ဧည့်သည် ကဲ့သို့ တဲ၌ အပြောင်းပြောင်းအလည်လည်နေခဲ့သည်။ အကြောင်းမူကား ဘုရားသခင် တည်ထောင်ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသော ကောင်းကင်နိင်ငံကို မြော်လင့်သည်ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ဤလောက၌ ခဏနေစဉ်တွင် အိမ်ရှင်ကဲ့သို့ မဟုတ်၊ ဧည့်သည် ကဲ့သို့ နေသင့်သည်။

၁၁။ သူ၏ ခင်ပွန်းစာရာ သည်လည်း အရွယ်လွန် သောအခါ၊ ပဋ္ဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်း အားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထား တော်မူသော သူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်းခြင်းရှိ၏။
ဘုရားသခင်သည် အာဗြဟံနှင့် စာရာတို့ကို အမွေခံ မည့်သူသား ယောက်ျားပေးမည်ဟု ဂတိပြုသော်လည်း ချက်ချင်း မပေးခဲ့ပါ။ သူလည်း အသက် ကြီး၍ စာရာလည်းသား ဖွားနိင်သော အသက် အရွယ်လွန်ပြီးမှသာအမွေခံ မည့်သူ သားကို ပေးခဲ့သည်။ အကြောင်းမှာ လူ့သဘာဝအားဖြင့် ရသောသား မဟုတ်ဘဲ၊ ဘုရားသခင် ပေးသောသား ထင်ရှားစေဘို့ရန် အရွယ်လွန်မှ၊ လူ့အားဖြင့် မဖြစ်နိင်တော့မှသာပေးခဲ့သည်။ ထိုအရာကို ယုံကြည်ခြင်း အားဖြင့် ခံရလေသည်ဟုဆိုသည်။ ထိုသို့ ပြုခြင်းအားဖြင့် ယုံကြည်သူ တိုင်းလည်း ဘုရား အပေါ်ယုံကြည် လာဘို့၊ စောင့်စားလာဘို့ သင်တန်းပေးသည်။ ဘုရားသခင်သည် တတ်နိင် တော်မူ ကြောင်းကို ​ကျွန်ပ်တို့ ယုံကြည် ပါသလား။

၁၂။ သို့ဖြစ်၍ ၊ ထိုအမှု အရာ၌ လူသေနှင့် တူသော သူတယောက်သည်၊ အရေအတွက် အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့၎င်း၊ များစွာသော သူတို့၏ အဘ ဖြစ်သတည်း။
ဘုရားသခင်က အာဗြဟံတို့ လင်မယားကို သားသမီး ချက်ချင်း မပေးသော်လည်း၊ အရွယ်လွန် သောအခါ ကောင်းကင် ကြယ်နှင့် အမျှ၊ သမုဒ္ဒ​ရာသဲလုံးနှင့် အမျှသားရလိမ့်မည်ဟု ဂတိပြုခဲ့သည် (က ၁၅:၆)။ လက်တွေ့မှာတကယ် ပင် ပြည့်စုံခဲ့သည်။ ကောင်းကင် ကြယ်နှင့် အမျှ၊ သမုဒ္ဒ​ရာသဲလုံးနှင့် အမျှဟူသောအရာသည် အလွန်များကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။

၁၃။ ယခုဆိုခဲ့ပြီး သောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ဝန်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။
ယခုဆိုခဲ့ပြီးသော သူတို့သည် နောဧနှင့် အာဗြဟံတို့ ဖြစ်သည်။ သူတို့သည် အထက်၌ ကောင်းကင်နိင်ငံကို မြေှှှှာ်လင့်သည်ဟုဆိုသည်။ သူတို့သည် မြော်လင့်သောအရာ ကို လက်စုတ်လက်ကိုင်မဖမ်းနိင်သောကြောင့် စိတ်နှလုံးနှင့် ဘက်ယမ်းလျက် မြေကြီး ပေါ်မှာ ဧည့်သည် ကဲ့သို့ နေပြီးမှယုံကြည်ခြင်း စိတ်နှင့် သေလွန် ကြသည်။ ​ကျွန်ပ်တို့လည်း သူတို့ ကဲ့သို့ ခဏသာထင်ရှားမည့် ဤလောက အရာများကို မစွဲလန်းဘဲ ကောင်းကင်နိင်ငံကို စိတ်နှလုံးနှင့် ဘက်ယမ်းလက် နေကြကုန်အံံ့။ ဤလောက၌ အိမ်ရှင်ကဲ့သို့ မဟုတ်ဘဲ ဧည့်သည် ကဲ့သို့ နေကြကုန်အံ့။ ပြသနာ အားလုံးသည် အိမ်ရှင်ကဲ့သို့ ဤလောက၌ နေချင် ကြသောကြောင့် ဖြစ်သည်။

၁၄။ ထိုသို့ ဝန်ခံသော သူတို့သည် မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။
အထက်ပါ ယုံကြည်သော သူတို့သည် ခါနန်ပြည်ကို ရှာသည် မဟုတ်၊ ခိုင်ခံ့မြဲမြံသော ကောင်းကင်နိင်ငံကို ရှာ ကြသည်။ ​ကျွန်ပ်တို့လည်း မကြာမှီဒုက္ခ ရောက်တော့မည့် ဤလောကကို မရှာဘဲ၊ ကောင်းကင်နိင်ငံကို ရှာကြပါစို့။

၁၅။ ထိုသူတို့သည် အထက် ကထွက်သွားသော ပြည်ကို အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။
အထက် ကထွက်သော ပြည်သည် အချို့လူများ ကအဲဂုတ္တု ပြည်ဟုဆို ကြသည်။ သို့သော် ထိုပြည် မဟုတ်၊ ဥရမြို့နှင့် ခါရန်အရပ်တို့ ဖြစ်သည်။ ထိုဒေသသည် ဥဖရနှင့် တိုက်ဂရစ်မြစ်ဝှမ်းလွင်ပြင်၊ ယခုခေတ် အီရတ်ပြည် ဖြစ်၍ မြေဩဇာကောင်း၍ မြစ်ရေသောက်သုံးသော နေရာ ဖြစ်သည်။ ထိုနေရာကို အောက်မေ့လျှင် သူတို့သည် ပြန်သွားနိင်သည်။ သို့သော် ဘုရား ခေါ်သော နေရာခါနန်ပြည် မှာသေသည် အထိ နေကြသည်။

၁၆။ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသောသာ၍ မြတ်သော ပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော် မမူ၊ သူတို့ နေစရာဘို့ မြို့ကို တည်ထောင် တော်မူပြီ။
အာဗြဟံနှင့်သား များသည် ဥရအရပ်ထက် ကောင်းကင် ပြည်ကို သာ၍ တောင့်တ ကြသည်။ ထို့ကြောင့် ခရစ်တော်က ကောင်းကင်နိင်ငံကို အာဗြဟံရင်ခွင်ဟု တင်စားခဲ့သည် (လု ၁၆:၂၂)။ အာဗြဟံသည် ကောင်းကင်နိင်ငံ၌ ရှိသည် (မ ၈:၁၁)။ ​ကျွန်ပ်တို့လည်း ဤလောကထက် ကောင်းကင် ပြည်ကို သာ၍ တောင့်တလိုချင်သော စိတ်ရှိရမည်။ ဘုရားသခင်သည် အာဗြဟံ၏ ဘုရား၊ ဣဇက်၏ ဘုရား၊ ယာကုပ်၏ ဘုရားဟု သူ့ကိုယ်သူမိတ်ဆက်သည် (ထွက် ၃:၆)။ သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို မရှက်ဟုဆိုသည်။ ဘုရားသည် သင်၏ ဘုရားဟု ခေါ်ဝေါ်ခြင်းကို ရှက် တော်မူ မည်လော။

အခန်း (၁၁:၁-၁၆) မေးခွန်းများ

၁။ ယုံကြည် ဘို့ရန် မျက်စိဖြင့် မြင်စရာ လိုပါသလား။

၂။ ရှေးလူဟောင်းတို့သည် မည်သူတို့ ဖြစ်သနည်း။

၃။ အရာခပ်သိမ်းသည် ဘာအားဖြင့် တည်ကြသနည်း။

၄။ အရာခပ်သိမ်းသည် အလိုလို ဖြစ်နိင်ပါသလား။

၅။ အသက် ရှည်ပြီး မယုံကြည်သည်ထက် မည်သည့်အရာသည် သာ၍ မင်္လာရှိသနည်း။

၆။ အာဗေလသည် သေလွန်သော်လည်း ယခုပင်မည်ကဲ့သို့ တရားဟောသေးသနည်း။

ရ။ ဧနောက်ကို ဘုရားသခင်က အဘယ်ကြောင့်ရုပ်သိမ်းသနည်း။

၈။ သင်သည် ဘုရားသခင်နှင့် ပေါင်းဖေါ်ချင် ပါသလော။

၉။ ဘုရားသခင်၏ စိတ်တော်နှင့် တွေွွ့နိင်ရန်ဘာလုပ်ရမည်နည်း။

၁၀။ ဘုရား ကဘာကို ယုံကြည် စေချင် သနည်း။

၁၁။ နောဧသည် ဘာအားဖြင့် ​ဖြောင့်မတ်ခြင်း အမွေခံ ရသနည်း။

၁၂။ နောဧသည် ဘာအားဖြင့် ဘုရား ယုံကြည်ကြောင်း သက်သေပြသနည်း။

၁၃။ အာဗြဟံသည် ဘုရားသခင် ခေါ် တော်မူ သောအခါ အဘယ်ကြောင့်လိုက်နိင်သနည်း။

၁၄။ သင်သည် ဘုရားသခင်က ခိုင်းလျှင် သွားနိင်ပါသလား။

၁၅။ အာဗြဟံသည် ခါနန်ပြည်၌ အိမ်ရှင်ကဲ့သို့ နေသလော ဧည့်သည် ကဲ့သို့ နေသလော။

၁၆။ ​ကျွန်ပ်တို့လည်း ဤလောက၌ ခဏနေစဉ်တွင် မည်ကဲ့သို့ နေသင့်သနည်း။

၁ရ။ အဘယ်ကြောင့် ဘုရားသခင်သည် အာဗြဟံနှင့် စာရာတို့ကို အရွယ်လွန်မှသား ပေးသနည်း။

၁၈။ ​ကျွန်ပ်တို့လည်း ဘာအားဖြင့် ဘုရားကို စောင့်ဘို့ လိုသနည်း။

၁၉။ ဘုရားသခင်သည် သူ၏ ဂတိအတိုင်း အာဗြဟံကို များစွာသောသား များကို ပေးပါသလား။

၂၀။ ရှေး ယုံကြည်သူများသည်၊ ဂတိတော်ကို အဘယ်ကြောင့်စိတ်နှလုံးနှင့် ဘက်ယမ်းကြသနည်း။

၂၁။ ဤလောက၌ ပြသနာ အားလုံးသည် အဘယ်ကြောင့် ဖြစ်သနည်း။

၂၂။ ရှေး ယုံကြည်သူ တို့သည် ခါနန်ပြည်ကို ရှာကြသလော၊ မည်သည့်နိင်ငံကို ရှာကြသနည်း။

၂၃။ ​ကျွန်ပ်တို့သည် ဘယ်နေရာကို စွဲလန်းသင့်သနည်း။

၂၄။ အထက် ကထွက်သော ပြည်သည် ဘယ်ပြည် ဖြစ်သနည်း။

၂၅။ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို အဘယ်ကြောင့်ရှက်တော် မမူသနည်း။ --------------------------------------------------------------------------

.

^

ဟေဗြဲဩဝါဒစာ(၁၁:၁၆-၄၀)

၁ရ။ အာဗြဟံသည် စုံစမ်း တော်မူခြင်းကို ခံရ သောအခါ၊ ယုံကြည်ခြင်း အားဖြင့် ဣဇာက်ကို ပူဇော်၏။ ၁၈။ ဣဇာက်၌ သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော် မှစ၍ ဂတိတော် များကို ခံရသော သူသည်၊ မိမိ၌ တယောက် တည်းသော ထိုသားကို ပူဇော်၏။ ၁၉။ ထိုသို့ ပူဇော် သောအခါ သေခြင်း မှထမြောက် စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကား အားဖြင့် သေခြင်း ထဲကရ၏။
အာဗြဟံသည် သူ၏ ဇာတိသား ဣရှမေလကို ဘုရား ကနှင်ထုတ် ခိုင်း သောအခါ၊ အလွန် ခက်ခဲခဲ့သည်။ (က ၂၁:၁၁) သို့သော် သား ဣဇက်ပူဇော်ဘို့ရန် တောင်း သောအခါတွင်မူ ခက်ခဲခြင်း မရှိဘဲ လုပ်နိင်သည် (က ၂၂)။ အဘယ်ကြောင့်နည်း။သား ဣရှမေလနှင်ထုတ် မည့် အချိန်တွင် ယုံကြည်ခြင်း မရှိ၊ မရင့်ကျက် သေးသောကြောင့် ဖြစ်သည်။ ဣဇက်ပူဇော်မည့် အချိန်တွင် မူရင့်ကျက်လာသည်၊ ယုံကြည်ခြင်းလည်းရှိသည်။ ယနေ့ ယုံကြည်သူများအဘယ်ကြောင့်ဘုရား အတွက် ဘာမျှမလုပ်နိင်သနည်း။ ယုံကြည်ခြင်း မရှိသောကြောင့် ဖြစ်သည်။

၂၀။ ဣဇာက်သည် လည်း၊ ယုံကြည်ခြင်း အားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းကြီး ပေး၏။
ဣဇာက်သည်သား ငယ်ယာကုပ်ကို ဤသို့ ကောင်းကြီး ပေးခဲ့သည်၊ “ငါ့သား၏ အနံ့သည်၊ ထာဝရ ဘုရား ကောင်းကြီး ပေးတော်မူသော လယ်၏ အမွှေးအကြိုင်နှင့် တူ၏။ ထိုကြောင့်၊ ဘုရားသခင်သည် မိုဃ်းကောင်းကင်၏ နှင်းကို၎င်း၊ မြေကြီး၏ ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့် အားပေးတော်မူ စေသတည်း။ ၂၉ သူတပါးတို့သည် သင်၌ ​ကျွန်ခံ၍ ၊ အပြည် ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ ညီအစ်ကိုတို့ ရှေ့၌ အရှင် ဖြစ်၍ ၊ သင့်အမိ၏သား တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကို ကောင်းကြီး ပေးသောသူ အပေါင်းတို့သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။” (က ၂ရး၂ရ- ၂၉)သား ကြီး ဧသော ကိုလည်း ဤကဲ့သို့ ကောင်းကြီး ပေးခဲ့သည်၊ “အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ ဆီဥနှင့်၎င်း၊ အထက် မိုဃ်းကောင်းကင်၏ နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။ ၄၀ ထားဖြင့် အသက်ကို မွေးရလိမ့်မည်။ ညီ၌ ​ကျွန်ခံရလိမ့်မည်။ နောက်တဖန် အစိုးရ သောအခါ၊ သူတင်သော ထမ်းဘိုးကို သင်၏ လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ ဆိုလေ၏။” (က ၂ရး၃၉-၄၀)။ အဖကောင်းကြီး ပေးသည့်အတိုင်း ယာကုပ်သည် ဘုရားသခင်၏ ကောင်းကြီးကို ခံစား သောသူ ဖြစ်သည်၊ သူ၏ နာမည်ကိုလည်း ဣသရေလဟု ပြောင်း၍ သူ၏ အမျိုးသာလျှင် ဣသရေလ လူမျိုး ဖြစ်သည်။ ဖခင်တိုင်းကိုယ့် သားသမီး များအပေါ်မကျိန်ဆဲဘဲ ကောင်းကြီး ပေးဘို့ လိုအပ်သည်။

၂၁။ ယာကုပ်သည် လည်း၊ သေချိန်နီး သောအခါ၊ ယုံကြည်ခြင်း အားဖြင့် ယောသပ်၏သား နှစ်ယောက်ကို ကောင်းကြီး ပေး၍ ၊ တောင်ဝေးထိပ် အပေါ်မှာကိုးကွယ်လေ၏။
ယာကုပ်သည် ယောသပ်၏သား နှစ်ယောက်တို့ တွင်၊ သား ငယ်ဧဖရိမ်ကိုသား ကြီး မနာရှေအရှေ့မှာ ထား၍ ဤကဲ့သို့ ကောင်းကြီး ပေးခဲ့သည်၊ “အဘသည် ငြင်း၍ ၊ ငါသိ၏ ငါ့သား၊ ငါသိ၏။ သူသည် ကြီးစွာသော လူစု ဖြစ်လိမ့်မည်။ သို့သော်လည်း သူ့ညီသည် သူ့ထက် သာ၍ ကြီး သဖြင့်၊ သူ၏ အမျိုးအနွယ်သည် များစွာသော လူအစုစု ဖြစ်လိမ့်မည်ဟုဆို၏။ ၂၀ တဖန် ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း၊ ဖြစ်စေ တော်မူ ပါစေသော ဟူ၍ ၊ ဣသရေလ အမျိုးသား တို့သည် သင်အားဖြင့် ကောင်းကြီး ပေးကြလိမ့်မည်ဟု ထိုနေ့၌ သူတို့ကို ကောင်းကြီး ပေးလေ၏။” (က ၄၈:၁၉-၂၀)။ သူပေးသည့်အတိုင်း ဧဖရိမ်သည် ဣသရေလ လူမျိုး၌ လူမျိုးကြီး ဖြစ်ခဲ့သည်။ တိုင်း ပြည် နှစ်ခြမ်းခွဲ သောအခါ၌လည်း မြောက်ဖက်တိုင်း ပြည်ကို ဣသရေလ ပြည်ဟု ခေါ်၍ ဧဖရိမ်ဟုလည်း ခေါ်တတ်သည်။

၂၂။ ယောသပ်သည် သေဆဲရှိ သောအခါ၊ ယုံကြည်ခြင်း အားဖြင့် ဣသရေလ အမျိုးတို့၏ ထွက်မြောက်ခြင်း အရာကို ပြ၍ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။
ယောသပ်သည် ဘုရားသခင် ယုံကြည်၍ သူ၏ အကြံအစည်ကို သိသောကြောင့် ဤကဲ့သို့ မှာထားသည်၊ “​ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာ တော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသော ပြည် သို့၊ ဤပြည် မှဆောင်သွား တော်မူ မည်ဟု အစ်ကို တို့အား ဆို၏။ ၂၅ တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာ တော်မူမည်။ အ​ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလ အမျိုးသား တို့ကို ကျိန်ဆိုစေ၏။” (က ၅၀:၂၄-၂၅) သူမှာထားသည့်အတိုင်း ဘုရားသခင်သည် ဣသရေလ လူတို့ကို ဘုရားသခင်က အဲဂုတ္တု ပြည် မှကယ်နှုတ်၍ သူ၏ အရိုးတို့ ကိုလည်း ယူသွား ကြသည်။ “အထက် ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာ တော်မူမည်။ ​ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလ အမျိုးသား တို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏ အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။” (ထွက် ၁၃:၁၉)။

၂၃။ မောရှေကို ဘွားမြင်ပြီးမှအဆင်းလှသော သူငယ် ဖြစ်သည်ကို မိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။
မောရှေ မွေးဘွားချိန်တွင် ဣသရေလ လူများသည် အလွန် တိုးပွားသောကြောင့်၊ “ဖါရောဘုရင်ကလည်း၊ ဣသရေလ အမျိုးသားတို့ တွင်၊ ဘွားမြင်သော သူငယ်ယောက်ျား အပေါင်းတို့ကို မြစ်ထဲသို့ ချပစ်စေ။ မိန်းမကိုမူကား အသက် ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထား တော်မူ၏။” (ထွက် ၁:၂၂)။ သို့သော် မောရှေ၏ မိဘတို့ ကထိုအမိန့်တော်ကို နာမခံဘဲသား မောရှေကို အိမ်၌ သုံးလထားခဲ့ ကြသည်။

၂၄-၂၆။ မောရှသည် အသက် အရွယ်ကြီး သောအခါ၊ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်း ထက်၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို သာ၍ အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း ဒုက္ခသည်၊ သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်း စိတ်ရှိ၍ ဖာရောဘုရင်သမီး၏သား ဟူ၍ ခေါ်ဝေါ်ခြင်း အခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရလတံ့သော အကျိုးကို ထောက်စာမြော်လင့်လျက် နေ၏။ ၂ရ။ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တု ပြည်ကို စွန့်သွား၏၊ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိ သကဲ့သို့ တည်ကြည်ခြင်းရှိ၏။
လူသည် ကောင်းစား သောအခါ အလွယ်တကူဘဝမေ့တတ်သည်။ သို့သော် မောရှေသည် နန်းတော်၌ ကောင်းစား သောအခါ ဘဝကို မမေ့၊ ဘုရားသခင်ကို ယုံကြည် သောကြောင့် မိမိလူမျိုးတို့ကို အကြည့်အရှုကြွခဲ့သည်။ ဣသရေလ လူမျိုးကို ကူညီခြင်းသည် အန္တရာယ် ရှိကြောင်း သိသော်လည်း ကူညီခဲ့သည် (ထွက် ၂:၁၁-၁၆)။ ထိုသို့ ကူညီခဲ့သောကြောင့် နန်းတော်မှ ထွက်ပြေး၍ မိဒျန်တော၌ သိုးထိန်းဘဝဖြင့် နှစ်ပေါင်း၄၀ နေခဲ့ရသည်။ ​ကျွန်ပ်တို့လည်း ခဏကောင်းစား ချိန်တွင် ဇိမ်မခံဘဲ၊ ဘုရား ခိုင်းသော အမှုကို လုပ်ကြပါစို့။

၂၈။သား ဦးများကို ဖျက်ဆီးသော သူသည်၊ ဣသရေလ လူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်း အားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်းစောင့်လေ၏
ဣသရေလ လူများသည် အဲဂုတ္တု ပြည်မှ ထွက်မည့် ညတွင်၊ ထာဝရ ဘုရား မှာထား တော်မူသည့်အတိုင်း၊ ပသခါပွဲကို ယုံကြည်ခြင်းအားဖြင့် ကျင်းပခဲ့ကြသည် (ထွက် ၁၂)။ ပသခါသိုး၏ အသွေးကိုလည်း ဘုရား မှာထားသည့်အတိုင်း တံခါးထုတ်နှင့် တံခါးတိုင်၌ ထိုးခဲ့ ကြသည်။

၂၉။ ဣသရေလ လူတို့သည် ကုန်းကြောင်း သွား သကဲ့သို့၊ ယုံကြည်ခြင်း အားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့ နည်းတူ အဲဂုတ္တု လူတို့သည် သွားမည်အား ထုတ် သောအခါ နစ်မြုပ်ကြ၏။
ဘုရားသခင်သည် ဖါရောစစ်သား များက ဣသရေလ လူများကို လိုက် သောအခါ၊ ဧဒုံပင်လယ်ကို ကွဲစေ၍ ပင်လယ်အထဲမှသူတို့ကို ဖြတ်သန်း စေခဲ့သည်။ ဖါရောစစ်သား များလည်း ဖြတ်သန်း သောအခါ သူတို့ကို ပင်လယ်ပြန်စေ့စေခြင်းအားဖြင့် ရေထဲ၌ နစ်မြှုပ် စေခဲ့သည်။ (ထွက် ၁၄)

၃၀။ ယေရိခေါမြို့ကို ခုနစ်ရက်ပတ် လုံးဝ ိုင်း၍ လှည့်ပြီးမှယုံကြည်ခြင်း အားဖြင့် မြို့ရိုးသည် ဗြုလဲ၏။
ဘုရားသခင်က ဣသရေလ လူများကို ယေရိခေါမြို့တိုက်ရာတွင် ခုနှစ်ရက်ပတ် လုံးဝ ိုင်း၍ လှည့်ပတ်ခိုင်းသည်။ အဘယ်ကြောင့်မြို့ရိုးကို ခုနှစ်ရက်ပတ်ခိုင်းသနည်းဟူမူကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ စကား နားထောင်ခြင်းကို စုံစမ်းခြင်း ဖြစ်မည်။ သူတို့သည် ဘုရား ပြောသည့်အတိုင်း ခုနှစ်ရက်ပတ်လုံးစကား မပြောဘဲ ပတ်ခြင်းအားဖြင့် အောင်မြင်ခြင်းရသည်။ ခုနှစ် ရက်နေ့တွင် ခုနှစ်ကြိမ်ပတ်၍ နောက်ဆုံး၌ ကြွေးကြော် သောအခါ မြို့ရိုးသည် အကုန်အစင်ပြိုလဲသည်။ ​ကျွန်ပ်တို့လည်း ဘုရား စကားကို ယုံကြည်ခြင်းအားဖြင့် နာခံလျှင် အောင်မြင်မှု သေချာပေါက်ရရှိမှာ ဖြစ်သည်။

၃၁။ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သော သူတို့နှင့်အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်း အားဖြင့် ချမ်းသာ ရ၏။
ပြည့်တန်ဆာရာခပ်ကသူလျှုိများကို အဆွေဖွဲ့၍ လက်ခံခြင်းသည် လွယ်ကူသည် မဟုတ်။ သူ၏ အမျိုးကို သစ္စာ ဖေါက်ခြင်း ဖြစ်သည် သာမက၊ သူ၏ မြို့သားများကသိသွားပါက အသတ်ခံမှာသေချာသည်။ ယေရိခေါမြို့သား များသည် ထာဝရ ဘုရား၏ အစွမ်းအစကို ယုံကြည် ကြသည်။ သို့သော် အညံ့မခံကြချေ။ ရာခပ်မူကား ထာဝရ ဘုရားကို ယုံကြည်ခြင်းအားဖြင့် အသက် ရင်း၍ သူလျှုိများကို ကူညီခဲ့သည်။ ထို့ကြောင့် အသက် ချမ်းသာ ရာရရှိခဲ့သည်။ ယုံကြည်ခြင်းသည် လုပ်ဆောင်မှုဖြင့် သက်သေထူရမှာ ဖြစ်သည်။

၃၂။ ထိုမှတပါး၊ အဘယ်သို့ ပြောစရာ ရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့ အကြောင်း များကို ပြော၍ မကုန်နိုင်။
ဂိဒေါင်သည် ဘုရား စကား နားထောင်ခြင်းအားဖြင့် ရန် သူများကို လူ၃၀၀နှင့် နိင်ခဲ့သည် (သူကြီး၆-၈)။ ဗာရက်သည် ထာဝရ ဘုရား၏ အကူအညီအားဖြင့် ရန်သူတို့ကို နိင်ခဲ့သည် (သူကြီး၄-၅)။ ရံှဆုန်သည် ဖိလိလ္လိလူတို့ အား၎င်း (သူကြီး၁၃-၁၆)၊ ယေဖသသည် အာမုန်အမျိုးသား တို့ကို၎င်း (သူကြီး၁၁-၁၂)၊ ယုံကြည်ခြင်းအားဖြင့် အနိင်ရခဲ့သည်။ (သူကြီး၁၁)။ ဒါဝိဒ်သည် ဘုရား အားကိုးခြင်း အားဖြင့် ဝက်ဝံနှင့် ခြင်္သေ့ကို၎င်း၊ ဖိလိတ္တိလူဂေါလျက်ကို၎င်းနိင်ခဲ့သည်။ ထိုမျှသာမက ဣသရေလ လူများ၏ အအောင်မြင် ဆုံး၊ နာမည်အကြီး ဆုံးသော ရှင်ဘုရင် ဖြစ်နိင်ခဲ့သည်။ ရှမွေလ သည်လည်း ဘုရား အပေါ်အား ထားခြင်းအားဖြင့် အောင်မြင်သော ယဇ်ပုရောဟိတ်နှင့် ပရောဖက် ဖြစ်ခဲ့သည်။

၃၃။ ထိုသူတို့သည် ယုံကြည်ခြင်း အားဖြင့် အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ၃၄။ မီးအရှိန်ကို ငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက် ၍ ကျန်းမာခြင်း၊ စစ်တိုက် သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ တပါးအမျိုးသား တို့၏ တပ်များကို ဖျက်ဆီးခြင်း အမှု များကို ပြုကြ၏။
“ အခြားသော တိုင်းနိုင်ငံကို အောင်ခြင်း၊ ” (သူကြီး၄၊ ရ၊ ၁၁၊ ၁၄၊ ၂ရာ ၅၊ ၈၊ ၁၀)

“တရားသဖြင့် စီရင်ခြင်း၊ ” ရှမွေလသည် တရားသဖြင့် စီရင်ခဲ့သည် (၁ရာ ၁၂:၄) ဒါဝိဒ်လည်း တရားသဖြင့် စီရင်ခဲ့သည် (၂ရာ ၈:၁၅)

“ဂတိတော်ကို ဝင်စားခြင်း၊ ” ယောရှုနှင့် ကာလက်တို့သည် ယုံကြည်ခြင်းကြောင့် ဘုရားသခင် ဂတိပြု တော်မူသော ခါနန်ပြည်ကို ဝင်စားခွင့်ရရှိခဲ့ကြသည် (တော ၃၂:၁၁-၁၂)

“ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ ” ဒံယေလသည် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ခြင်္သေ့တွင်း ၌ ချခြင်း ခံရသော်လည်း၊ သူ့ကို မကိုက်သတ်ဘဲ ဘုရားသခင်က ကာကွယ်ခဲ့သည် (ဒံ ၆:၂၂)

“မီးအရှိန်ကို ငြိမ်းစေခြင်း၊ ” ဒံယေလ၏ သူငယ်ချင်းသုံးယောက်ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခဒ်နဇောမင်းတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်ချင် သောကြောင့်၊ မီးဖုိထဲ၌ ချပစ်ခြင်း ခံသော်လည်း မလောင်ဘဲ အသက် ရှင်ခဲ့ ကြသည်။ (ဒံ ၃:၁၉-၂ရ)

“ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ ” ဒါဝိဒ်ကို ဖိလိလ္လိတပ်နှင့် တိုက် သောအခါ မောပန်း၍ ရန်သူလက်မှအဘိရဲှကကယ်နှုတ်ခဲ့သည် (၂ရာ ၂၁:၁၅-၁ရ)၊ ဧလိရှဲကို ရှုရိတပ်များ ကဝိုင်းထားသော်လည်း၊ သူတို့ကို မြို့ရိုးရှိသော ရှမာရိမြို့တွင်းသို့ ခေါ်ဆောင်သွားကာ၊ အစာ​ကျွေးပြီးမှပြန်လွှတ်လိုက်သည် (၄ရာ ၆:၈-၂၃)၊ ရှုရိတပ်ကရှမာရိမြို့ကို ကြာမြင့်စွာ ဝိုင်းထားပြီးမှ ဘုရားသခင်က စစ်ချီသံကြားစေ၍ ၊ ရန်သူတို့သည် ကြောက်အား လန့်အားဖြင့် ထွက်ပြေးခဲ့သည် (၄ရာရ)၊

“အနာမှထမြောက် ၍ ကျန်းမာခြင်း၊ ” ဟေဇကိမင်းသည် ဘုရားသခင်က သေမည်ဟုဆိုသော်လည်း၊ ငိုကြွေးလျက် တောင်းပန် သောအခါ ဘုရားသခင်က သူ့ကို ပြန်လည်ကျန်းမာ စေခဲ့သည် (၄ရာ ၂၀)။

“စစ်တိုက် သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ ” ဘုရား၏ တန်ခိုးအားဖြင့် ဂိဒေါင် ဦးဆောင်၍ မိဒျန်စစ်တတ်ကို အောင်မြင် နိင်ခဲ့သည် (သူကြီးရ)။

“တပါးအမျိုးသား တို့၏ တပ်များကို ဖျက်ဆီးခြင်း” ယုဒရှင်ဘုရင်ယောရုဖတ်နှင့် တပ်များသည်၊ ရန်သူအမ္မုန်အမျိုးသား မောဘအမျိုးသား၊ ဧဒုံ (စိရတောင်သား)တို့ တဘက်၌ ထာဝရ ဘုရားကို ချီးမွမ်းကြ သောအခါ၊ ရန်သူတို့သည် အချင်းချင်းသတ်ဖြတ်၍ တယောက် မကျန်အသေကောင် ဖြစ်ကြသည် (၆ရာ ၂၀:၁-၃၀)။

၃၅။ မိန်းမတို့သည် လည်း၊ သေခြင်း မှထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏။ အချို့သော သူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။
“မိန်းမတို့သည် လည်း၊ သေခြင်း မှထမြောက်သော မိမိတို့ သားကို ရပြန်ကြ၏” ဧလိယကဇိဒုန်ပြည် ဇရတ္တမြို့ရှိသူ၏ အိမ်ရှင်မုဆိုးမ၏ သားကို အသက် ပြန်ရှင် စေခဲ့သည် (၃ရာ ၁ရး၂၃)။ ဧလိရှဲကလည်း သူ၏ အိမ်ရှင်မရှုနင်အမျိုးသမီး၏ သားကို အသက် ပြန်ရှင် စေခဲ့သည် (၄ရာ ၄:၃၆)။

၃၆။ အချို့သော သူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။
ယောသပ်သည် အစ်ကို များ၏ မနာလိုမုန်းတီးမှုကြောင့် နာကျင်စွာ ရိုက်ပုတ်ပြီးမှ​ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ (က ၃ရး၂၃-၂၈)၊ တဖန် ပေါတိဖါမိန်းမကတပ်မက်၍ သူနှင့် မှားယွင်းဘို့ သွေးဆောင်၍ မရသောအခါ၊ မတရားစွပ်စွဲခြင်း ခံ၍ ထောင်ထဲ၌ လှောင်ထားခြင်း ခံခဲ့ရသည် (က ၃၉)။ ယေရမိသည် ယုဒ ယေရုရှလင် မြို့ကို ဗာဗုလုန်များ ကတိုက်၍ အောင် မည့် အကြောင်းကို ပြော သောအခါ၊ သူ့ကို ထောင်ချခဲ့ကြသည် (ယေရမိ ၃၂:၁-၅၊ ၃ရ)

၃၇။ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ စုံစမ်း နှောက်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန် ဆင်းရဲ လျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။
“ကျောက်ခဲနှင့် ပစ်ခြင်း၊ ” ဣသရေလ ဘုရင်အာဟပ်၏ မိန်းမယေဇဗေလက၊ စပျစ်ခြံပိုင်ရှင်နာဗုတ်ကို ခဲနှင့် ပေါက်၍ သတ်ခဲ့သည် (၃ရာ ၂၁)။ ယုဒရှင်ဘုရင်ယောရှမင်းက၊ ယဇ်ပုရောဟိတ် ဇာခရိကို ခဲနှင့် ပေါက်စေ၍ သတ်ခဲ့သည် (၆ရာ ၂၄:၁ရ- ၂၂)။ သခင်ယေရှုက ယေရုရှလင် မြို့နှင့် ပတ်သက်၍ ဤသို့ ဆိုခဲ့သည်၊ “အို ယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စုရုံး သကဲ့သို့ သင်၏သား တို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။” (မ ၂၃:၃ရ) ဓမ္မသစ်ကျမ်း၌ သတေဖန်ကိုလည်း ကျောက်ခဲ့နှင့် ပစ်သတ်ကြသည် (တရး၅ရ- ၆၀)။

“လွှနှင့် အပိုင်းပိုင်းတိုက်ဖျက်ခြင်း၊ ” ကျမ်းစာ၌ လွှနှင့် အပိုင်းပိုင်းဖျက်ခြင်း မတွေ့ရချေ။ ပရောဖက် ဟေရှယကို မနာရှေမင်းကလွှနှင့် ပိုင်းဖျက်သည်ဟု သမိုင်း၌ ရှိသည်။

“စုံစမ်း နှောက်ရှက်ခြင်း၊ ” ယောဘသည် စုံစမ်း နှောက်ရှက်ခြင်း အခံရဆုံး ဖြစ်သည်။ သူ့ သားသမီး၁၀ သေဆုံးသွားကြသည့်အပြင်၊ သူ၏ တိရစ္ဆာန်အားလုံးလည်း ဆုံးရှုံးခဲ့သည် (ယောဘ ၁-၂)။

“ထားလက်နက်နှင့် ကွပ်မျက်ခြင်း” ဧလိယကဘုရားထံ၊ “ကိုယ်တော်၏ ပရောဖက် များကို ထားနှင့် သတ်ကြပါပြီ။” ဟုဆိုခဲ့သည်။

“အလွန် ဆင်းရဲ လျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။” ရှေး ယုံကြည်သူများသည်လောကနှင့် အပေးအယူမလုပ်ချင် သောကြောင့် အလွန် ဆင်းရဲစွာ နှိပ်စက်ညှဉ်းဆဲခြင်းကို ခံခဲ့ ကြသည်။

၃၈။ ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်း အလည်လည် နေရကြ၏။
“ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်” ဘုရားသခင်၌ ယုံကြည် အားကိုးသော သူတို့သည်၊ ဤလောက၌ နေချင်သော စိတ်မရှိကြချေ။ ဤလောကသည် စာတန် ပိုင် ဖြစ်၍ သူတို့နှင့် မထိုက်တန်ချေ။ သို့သော် ယနေ့ ယုံကြည်သူများအတွက် မူကား ဤလောကသည် နေဘို့ရန် အလွန် ထိုက်တန်သော နေရာ ဖြစ်နေသည်။ “သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်းအလည်လည်နေရကြ၏” ရှေး သန့်ရှင်း သူများသည် တောကြိုတောင်ကြားဥမင်မြေတွင်း ၌ ပြောင်းပြောင်းအလည်လည်နေရသည်ဟုဆိုသည်။ “ယေဇဗေလသည် ထာဝရ ဘုရား၏ ပရောဖက် တို့ကို ပယ်ဖြတ် သောအခါ၊ ဩဗဒိသည် ပရောဖက် တရာကို မြေတွင်း ထဲမှာငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့် ရေကို ပေး၍ ​ကျွေးလေ၏။” (၃ရာ ၁၈:၄) ဧလိယသည် ယေဇဗေလရန်ကို ကြောက်သောကြောင့်၊ “အရက်လေးဆယ်ခရီး သွား၍ ဘုရားသခင်နှင့် ဆိုင်သော ဟောရပ်တောင်သို့ ရောက်သဖြင့်၊ ဥမင်ထဲသို့ ဝင်၍ နေ၏။” (၃ရာ ၁၉:၈-၉)။ ယနေ့ တရုတ်ပြည် ရှိမြေအောက် အသင်းသားများလည်း၊ အတည်တကျမရှိဘဲ မြို့ရွာများ၌ ထွက်ပြေးတိမ်းရှောင် နေကြသည်။ နေရပ်လိပ်စာမရှိနိင်ကြချေ။ သို့သော် ရောက်လေရာရာ၌ သတင်းကောင်းကို ကြားပြောကြသောကြောင့် ဝမ်းမြောက်မှု ရှိကြသည်။ သူတို့၏ ဝမ်းမြောက်သောအရာ နှင့် ​ကျွန်ပ်တို့၏ ဝမ်းမြောက်သောအရာသည် အလွန် ကွာခြားပါသည် တကား။ သူတို့သည် ဘုရား အလိုတော် ဆောင်၍ ပျောက်ဆုံး ဝိညာဉ် ဖမ်းခြင်း၌ ဝမ်းမြောက်သည်။ ​ကျွန်ပ်တို့ မူကားလောက ပစ္စည်းဥစ္စာရရှိခြင်း၌ ဝမ်းမြောက် ကြသည် မဟုတ်လော။

၃၉။ ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်း အားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော် အတိုင်း အကျိုးကျေးဇူးကို မခံရကြ။
ယုံကြည်သူများသည်လောက၌ နေစဉ် သူတို့၏ ယုံကြည်ခြင်း အတွက် ချီးမွမ်းခြင်း ခံရသော်လည်း၊ ဂတိတော် အတိုင်း အကျိုးကို မခံရဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ သူတို့ ခံရမည့် ဂတိတော်သည် ဤလောက၌ မဟုတ်၊ ကောင်းကင်နိင်ငံ၌ ဖြစ်သောကြောင့် ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဤလောက၌ မဟုတ်၊ ကောင်းကင်နိင်ငံ၌ အကျိုးခံစား မည့် အရာကို မြော်လင့်ခြင်းဖြင့် အသက် ရှင်လုပ်ဆောင်သင့်သည်။

၄၀။ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့ မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ၍ မြတ်သော ကျေးဇူးကို ကြံစည် တော်မူ၏။
ယုံကြည်သူများ၏ အကျိုးခံစားခြင်း သည်၊ ယုံကြည်သူများအားလုံးစုံလင်မှ ဖြစ်သည်။ ထို့ကြောင့် အရင်ကောင်းကင် ရောက်သော်လည်း၊ သူတို့သည် ​ကျွန်ပ်တို့ကို စောင့် နေကြသေးသည်။ ချီဆောင်ခြင်း အပြီး၌ ပေးမည့် ဆုပေးပွဲကို ဆိုလိုသည်။

အခန်း (၁၁:၁၆-၄၀) မေးခွန်းများ

၁။ အာဗြဟံသည် အဘယ်ကြောင့်သား ဣဇက်ပူဇော်ဘို့ရန် တောင်း သောအခါတွင် ခက်ခဲခြင်း မရှိဘဲ လုပ်နိင်သနည်း။

၂။ ယနေ့ ယုံကြည်သူများအဘယ်ကြောင့်ဘုရား အတွက် ဘာမျှမလုပ်နိင်သနည်း။

၃။ ဣဇက်ကောင်းကြီး ပေးသည့်အတိုင်း သားများ၌ သက်ရောက်ပါသလား။

၄။ ဖခင်များသား သများ အပေါ်ကောင်းကြီး ပေးသင့်သလော၊ ကျိန်ဆဲသင့်သလော။

၅။ မနာရှေနှင့် ဧဖရိမ်တို့သည် မည်သူ၏ သားများဖြစ်၍ မည်သူကအကြီး ဖြစ်သနည်း။

၆။ မနာရှေနှင့် ဧဖရိမ်ကို မည်သူကကောင်းကြီး ပေးသနည်း။ ပေးသည့်အတိုင်း ဖြစ်ပါသလော။

ရ။ ယောသပ်သည် မိမိအရိုးတို့၏ အကြောင်းကို မည်ကဲ့သို့ မှာထားသနည်း။

၈။ အဘယ်ကြောင့်မောရှေကို မိဘများ ကအိမ်မှာသုံးလထားခဲ့သနည်း။

၉။ မောရှေသည် အဘယ်ကြောင့်နန်းတော်ကို စွန်းသနည်း။

၁၀။ လူသည် မည်သည့်အချိန်၌ ဘဝမေ့တတ်သနည်း။

၁၁။ ပသခါပွဲကို ဘာအားဖြင့် ကျင်းပကြသနည်း။

၁၂။ ဘုရားသခင်က ဣသရေလ လူများကို အဘယ်ကြောင့်မြို့ရိုးကို ခုနှစ်ရက်ပတ်ခိုင်းသနည်း။

၁၃။ အဘယ်ကြောင့်ပြည့်တန်ဆာရာခပ်ကသူလျှုိများကို ကူညီသနည်း။ လွယ်ကူပါ့မည်လော။

၁၄။ ဒါဝိဒ်၏ ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်းများဖေါ်ပြပါ။

၁၅။ ရှမွေလ၏ အောင်မြင်ခြင်းများဖေါ်ပြပါ။

၁၆။ မည်သူကခြင်္သေ့နှုတ်ကို ပိတ်စေနိင်ခဲ့သနည်း။

၁ရ။ မီးထဲချခြင်း ခံပြီး မလောင်နိင်သော သူများသည် အဘယ်သူ နည်း။

၁၈။ ဧလိယကမည်သူကို အသက် ပြန်ရှင် စေခဲ့သနည်း။

၁၉။ ဧလိရှဲကမည်သူကို အသက် ပြန်ရှင် စေခဲ့သနည်း။

၂၀။ မည်သူတို့ ထောင်ထဲ၌ လှောင်ထားခြင်း ခံခဲ့ကြသနည်း။

၂၁။ မည်သူတို့ ကမည်သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြသနည်း။

၂၂။ ရှေး ယုံကြည်သူများအတွက် ဤလောကသည် နေဘို့ ထိုက်တန်ပါသလား။

၂၃။ သင့်အတွက် ဤလောကသည် ထိုက်တန်ပါသလော။

၂၄။ မည်သူကပရောဖက် ၁၀၀ကို မြေတွင်း ထဲ၌ ဝှက်ထားခဲ့သနည်း။

၂၅။ ယခုခေတ် တွင် မည်သူတို့ နေရပ်လိပ်စာအတည်တကျမရှိကြသနည်း။ အဘယ်ကြောင့်နည်း။

၂၆။ ယုံကြည်သူများသည်လောက၌ နေစဉ်ဂတိတော် အတိုင်း အကျိုးကို ခံရကြသလော။ အဘယ်ကြောင့်နည်း။

.

^

ဟေဗြဲဩဝါဒစာ (၁၂) သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ

၁။ ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေ အပေါင်းတို့သည်၊ ငါတို့ကို ဝိုင်းရံလျက် ရှိကြသည် ဖြစ်၍ ၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကို၎င်းပယ်ရှား၍ ၊ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အား မလျော့ဘဲ ပြေးကြကုန်အံ့။
“ဤမျှလောက်များစွာသော သက်သေ အပေါင်းတို့သည်၊ ငါတို့ကို ဝိုင်းရံလျက် ရှိကြသည် ဖြစ်၍ ” ဤအရာသည် ဟေဗြဲ ၁၁၌ ဖေါ်ပြထားသော ရှေး ယုံကြည်သူများ၏ အကြောင်း အရာကို ဆိုုလိုခြင်း ဖြစ်သည်။ ရှေး ယုံကြည်သူများ၏ အသက်တာ၌၊ ဘုရားသခင်၏ မစခြင်း၊ ကွယ်ကာခြင်း များကို မြင်တွေ့ရသောကြောင့် ဘုရား အားကိုး ဘို့ရန်၊ ဒွိဟမ ရှိသင့်တော့ချေ။ ရဲရင့်စွာ စိတ်ချစွာ ဘုရားကို အားကိုး သင့်သည်။

“ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကို၎င်းပယ်ရှား၍ ” ခပ်သိမ်းသော ဝန်ဟူသောအရာ များသည်လောကနှင့် ဆိုင်သော ဝန်ထုတ်ဝန်ပိုးများ ဖြစ်သည်။ ထိုဝန်များကို ခရစ်တော်က၊ “ဝန်လေးသောသူ အပေါင်းတို့၊ ငါထံသို့ လာကြလော့၊ ငါသည် နားရသော အခွင့်ပေးမည်။” (မ ၁၁:၂၈)ဟု သူ့ထံသို့ လာ၍ ဝန်ချကာ၊ အနားယူဘို့ ခေါ်ဘိတ်သည်။ ငါတို့၏ ဝန်များကို ခရစ်တော်ထံ၌ ထား၍ အနားယူကြရအောင်။ လူသည် ဝန်လေးသည့်အပြင်၊ ဒုစရိုက် ပြုလုပ်ခြင်း အားဖြင့် နှောက်ရှက်ခြင်း ခံတတ်သည်။ ထို့ကြောင့် ဒုစရိုက်ပြုခြင်းဖြင့် ပြသနာ ပို၍ များအောင် မပြုလုပ်ဘဲ နေကြပါစို့။

“ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အား မလျော့ဘဲ ပြေးကြကုန်အံ့။” လူသည် ဘုရား ပေးထားသော ပန်းတိုင် မဟုတ်ဘဲ၊ ကိုယ့်ပန်းတိုင်ရှိ ကြသည်။ ဘုရား ပေးထားသော ပန်းတိုင်သို့ ပြေးကြစို့။ ပေါလုကသူသည်၊ “ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။” (၂ တိ ၄:ရ) ဟုဆိုုခဲ့သည်။ သူကိုယ်တိုင်မက ယုံကြည်သူ တိုင်းလည်း ဆုရဘို့ ပြေးမည့် အကြောင်း တိုက်တွန်းသည်၊ “မြေတလင်း၌ ဗြုင်၍ ပြေးကြသောသူ အပေါင်းတို့သည် ဗြုင်၍ ပြေးကြသော်လည်း၊ တယောက် တည်း သာလျှင် ဆုကို ရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။” (၁ ကော ၉:၂၄)။

၂။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေ တော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေှ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေ တော်မူ၏။
“ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေ တော်မူသော သခင်ယေရှုကို်စေ့စေ့ထောက်ရှုကြကုန်အံ့။” ယုံကြည်ခြင်းရှိဘို့ရန် အစအဦးစီရင်သူသည် သခင်ယေရှု ဖြစ်သည်ဟုဆိုသည်။ အကြောင်းမှာ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည် (ရော ၁၀:၁ရ)။ ယုံကြည် စရာကို သခင်ယေရှု ကမပြုလုပ် ခဲ့လျှင် အဘယ်အရာကို ယုံကြည် မည်နည်း။ သူ၏ ကယ်တင်ခြင်း လုပ်ဆောင်ချက် များကို ယုံကြည် ကြသည် မဟုတ်လော။ ထိုသခင်ယေရှုကို စေ့စေ့ထောက်ရှုဘို့ တိုက်တွန်းထားသည်။ အကြောင်းမူကား သူကိုယ်တိုင်မည်ကဲ့သို့ အခက်အခဲများကို ကျော်လွှားသည်ကို သိ ခြင်းအားဖြင့် ၊ နည်းသိသည် သာမက၊ ခွန်အားလည်းရရှိမှာ ဖြစ်သည်။

“ထိုသခင်သည် မိမိရှေှ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ” သခင်ယေရှု ရှေ့၌ ထားရှိသော ဝမ်းမြောက်ခြင်းသည် အဘယ်အရာနည်း။ အသေခံ ပြီးမှချီးမြှောက်ခြင်း ခံ၍ ခမည်းတော်၏ နား၌ ထိုင်ခွင့် ဖြစ်သည်။ သူသည် သေမည့် အရာကို မည်မျှကြောက်ကြောင်းကို ဂေသရှေမန်ဥယျဉ်၌ ဤကဲ့သို့ တွေ့နိင်သည်၊ “အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ုပ်မှလွှဲ တော်မူပါ။ သို့သော်လည်း အ​ကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း မဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေးထွက် တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” (လု ၂၂:၄၂-၄၄)။ ထိုမျှလောက်ကြောက်သော်လည်း သူသည် အသေခံ ခဲ့သည်။

“ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေ တော်မူ၏။” သခင်ယေရှုသည် သူ၏ လုပ်ရမည့် အလုပ်များပြီး စီးသောကြောင့် ထိုင်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထိုင်မည့် အရာကို ဆာလံဆရာကဤကဲ့သို့ ရေးခဲ့ပြီ၊ “ထာဝရ ဘုရား ကသင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊ ၊ ” (ဆာ ၁၁၀:၁)။ ထိုအရာကို သခင်ယေရှုကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော် အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ၄၄ ဒါဝိဒ်၏ စကားမှာ၊ ထာဝရ ဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ ၄၅ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သား ဖြစ်သနည်းဟု မေးတော်မူသည် ရှိသော်၊ ၄၆ အဘယ်သူ မျှစကား တခွန်းကို ပြန်လျှောက်ခြင်းငှါ မတတ်နိုင် ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ်သူ မျှမမေးမလျှောက်ဝံ့ကြ။” (မ ၂၂:၄၃-၄၆)

၃။ အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သော အားဖြင့်၊ အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ ကြိုးစား ကြလော့။
“အပြစ်ရှိသော သူတို့ လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်းကို ခံတော်မူသော သခင်” သခင်ယေရှုသည် ယုဒလူနှင့် ရောမအာဏာရှင်များ လက်၌ ဘယ်အပြစ် မျှမကျူးလွန်ဘဲ ကြီးစွာသော ညှင်းဆဲနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူသည် ဖန်ဆင်းရှင်ဘုရား ဖြစ်သော်လည်း၊ သူဖန်ဆင်းထားသော လူသားများကကြီးစွာသော နှိပ်စက်ညှင်းဆဲခြင်း ပြုလုပ် ခဲ့ ကြသည်။

“ထောက်ရှုဆင်ခြင်သော အားဖြင့်၊ အား လျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ ကြိုးစား ကြလော့။” သခင်ယေရှု ပင်လျှင် နှိပ်စက်ခြင်း ခံရလျှင် ​ကျွန်ပ်တို့သည် နှိပ်စက်ခြင်း ခံဘို့ အဆင်သင့် ဖြစ်ရမည်။ သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကို ညဉ်းဆဲကြလိမ့်မည်။” (ယော ၁၅:၂၀)။ “သင်တို့သည်လောက၌ ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။” (ယော ၁၆:၃၃)

၄။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ဗြုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည် တိုင်အောင် မခံရကြသေး။
ယောသပ်သည် ဒုစရိုက်အပြစ်ကို တိုက်လှန်သောကြောင့် ထောင်ကျခဲ့သည်။ ဒံယေလသည် လူကို မကိုးကွယ်လိုသောကြောင့် ခြင်္သေ့လှောင်အိမ်ထဲ၌ ချခြင်း ခံခဲ့ရသည်။ အကယ်၍ သာဘုရား ကမကယ်လျှင် သူ့ကို ခြင်္သေ့များ ကကိုက်ဖျက်၍ သွေးထွက်ကာအသက် ရှုံးမှာ ဖြစ်သည်။ သူ၏ သူငယ်ချင်းများလည်းရုပ်တုမကိုးကွယ်သောကြောင့် မီးဖုိထဲ၌ ပစ်ခြင်း ခံခဲ့ ကြသည်။ ခရစ်တော်သည် အပြစ်ကို တိုက်လှန်သောကြောင့် အသေသတ်ခြင်း ခံခဲ့ရသည်။ သတေဖန်သည် အပြစ်ကို တွန်းလှန်သောကြောင့် ခဲနှင့် ပေါက်ပစ်၍ အသေခံ ခဲ့ရသည်။ ​ကျွန်ပ်တို့သည် အပြစ် ဒုစရိုက်ကို တိုက်လှန်သောကြောင့် နှိပ်စက်ခြင်း၊ ရိုက်သတ်ခြင်း ခံဘူးကြပါသလော။ ကိုယ့်အပြစ်ကြောင့် သာလျှင် ခံကြသည် မဟုတ်လော။

ဘုရား၏ ဆုံးမခြင်း

၅။ ထိုမှတပါး၊ ငါ့သား၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေး တော်မူ သောအခါ စိတ်မပျက်နှင့်။
“ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။” ဤကျမ်းပိုဒ်သည် သုတ္တံ ၃:၁၁-၁၂ကို ကိုးကားခြင်း ဖြစ်သည်။ ရှောလမုန်က၊ “ငါ့သား၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေး တော်မူ သောအခါ စိတ်မပျက်စေနှင့်။ ထာဝရ ဘုရားသည် ချစ် တော်မူသော သူကို ဆုံးမ တော်မူ တတ်၏။ နှစ်သက် တော်မူသော သားကို ဒဏ်ခတ် တော်မူ တတ်၏။” ဟု ရေးထားသည်။ ထို့ကြောင့် ထာဝရ ဘုရား ဆုံးမခြင်း ခံလျှင် မှတ်ရမည်။
သင်ခန်းစာယူ၍ အကျင့်ပြောင်းရမည်။

“သင်၏ အပြစ်ကို စစ်ဆေး တော်မူ သောအခါ စိတ်မပျက်နှင့်။” အဘယ်ကြောင့် ဘုရားသခင်သည် အပြစ်ကို စစ်ဆေး တော်မူ သနည်း။ အကြောင်းမှာ၊ အနာသိမှ ဆေးရှိသည်ဟုဆိုသည့်အတိုင်း အပြစ် သိမှ မည်ကဲ့သို့ ​ဖြောင့်မတ်စေမည်ကို သိနိင်သည်။ လူသည် မိမိအပြစ် မသိတတ်သောကြောင့် ခက်နေသည်။ ယောဟန်က၊ “ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သမ္မာတရား မရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ။” (၁ ယော ၁:၈၊ ၁၀) ဟုဆိုခဲ့သည်။ ဤအပြစ် စစ်ဆေးခြင်းသည် တရားသူကြီး သို့မဟုတ် တရားလိုရှေ့နေကအပြစ် တင်ဘို့ စစ်ဆေးခြင်း မျိုး မဟုတ်ဘဲ၊ ဘခင်ကသား အပေါ်လိမ္မာစေချင်၍ အပြစ် စစ်ဆေးခြင်း ဖြစ်သည်။

၆။ ထာဝရ ဘုရားသည် ချစ် တော်မူသော သူကို ဆုံးမ တော်မူ တတ်၏။ လက်ခံ တော်မူ သမျှသောသား တို့ကို ဒဏ်ခတ် တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ ကြသလော။
“ထာဝရ ဘုရားသည် ချစ် တော်မူသော သူကို ဆုံးမ တော်မူ တတ်၏။” အဘယ်ကြောင့် ဘုရားသခင်သည် သားသမီးများကို ဆုံးမသနည်းဟူမူကား၊ အပြစ် ဒုစရိုက်ကို ရှောင်ဘို့ အလိုရှိသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော အသက်တာဖြင့် အသက် ရှင်နိင်ဘို့ရန် ဖြစ်သည်။ အလိုလိုက်ထားသော သားသမီး များသည် သေချာပေါက်ဆိုးသွမ်းတတ်သည်။ သားသမီးများကို မဆုံးမလျှင် ချစ်ရာမရောက်ချေ။

“လက်ခံ တော်မူ သမျှသောသား တို့ကို ဒဏ်ခတ် တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ ” လူတိုင်း ကြိုက်နှစ်သက်သည် မှာဆုံးမခြင်း ဒဏ်ခတ်ခြင်း မရှိခြင်း ဖြစ်သည်။ အပြစ် အတွက် ဒဏ်ခတ်ခြင်း မရှိလျှင် လူသည် အလွန် ဆိုးသွမ်း၍ ထိန်းမရသိမ်းမရ ဖြစ်မှာသေချာသည်။ ထို့ကြောင့် ဒဏ်ခတ်ခြင်းသည် လိုသည်။ အစိုးရကလည်း အပြစ် လုပ်သော သူများကို ဒဏ်ခတ်တတ်သောကြောင့် ငြိမ်သက်ခြင်းရှိနိင်သည်။ မိဘများလည်း သားသမီး များအပြစ် လုပ် သောအခါ ဒဏ်မခတ်ဘဲ အလိုလိုက်လျှင် သားသမီး များသည် လူဆိုးများ ဖြစ်ကြမည်။ သားသမီး အလိုလိုက်လျှင် ဆိုးသွမ်း ကြသည်။ သို့သော် ချစ်ဇောကြောင့်မဆုံးမကြချေ။ ထိုမျှသာမကအပြစ် လုပ်သည်ဟု မမြင်ကြခြင်းသည် ပြသနာ ဖြစ်သည်။

“သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ ကြသလော။” ယခုခေတ်သည် သားသမီးများကို မဆုံးမသော ခေတ် ဖြစ်သည်။ မိဘများ၊ ဆရာများ ကခလေး များကို အလိုလိုက်သော ခေတ် ဖြစ်သောကြောင့်၊ သားသမီး ဆုံးမသည့်ဩဝါဒလည်း မကြား မပြောကြချေ။ ဘုရားကျောင်း၊ စာသင်ကျောင်းများလည်း ခလေး အလိုလိုက်ကြသောကြောင့် သားသမီး ဆုံးမမည့် ဩဝါဒမကြားကြချေ။

ရ။ သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံလျှင်၊ သား တို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြု တော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက် ရှိသလော။
ဘုရားသခင်က ဆုံးမလျှင်သား အပေါ်ဘခင်ကဆုံးမ သကဲ့သို့ဖြစ်သည်။ ဘုရား သားသမီး ဖြစ်ပြီး နောက်ပိုင်းတွင် အပြစ် တရားစီရင်ခြင်း မှလွတ်ခဲ့ပြီ (ယော ၃:၁၈)။ ခရစ်တော် ကလူအားလုံးကိုယ်စားအပြစ် စီရင်ခြင်း တည်းဟူသောသေခြင်းကို လက်ဝါးကပ်တိုင်တော်၌ ခံခြင်းဖြင့် အပြစ် စီရင်ခြင်း မှကင်းလွတ် ခဲ့ပြီ။ ထိုအရာကို ယုံကြည်သော သူများသည် ဘုရား သားသမီး ဖြစ်၍ အဘကသား များကို ဆုံးမ သကဲ့သို့ ဆုံးမမှာ ဖြစ်သည်။ ကျမ်းစာ ရေးသော ခေတ်၌ ဘခင်တိုင်းက သားသမီးများကို ဆုံးမလေ့ရှိဟန်ရှိသည်။ သို့သော် ယခုခေတ် တွင် ဘခင်များက သားသမီးများကို မဆုံးမ သူများ လာသည်။ ဘခင်တိုင်း သားသမီး များကောင်းစား စေလို ပါက မျှော်လင့်စရာ ရှိစဉ်ငယ်ရွယ်စဉ်မှစ၍ ဆုံးမကြပါစို့။

၈။သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။
ဘုရား၏ သားသမီး ဖြစ်သည်ဟု ခံယူသော်လည်း အပြစ် ပြုလုပ် သောအခါ ဘုရား၏ ဆုံးမခြင်းကို မခံရလျှင်သားရင်း မဟုတ်ဟုဆိုသည်။ မင်းဦးမင်းလွင်ရသော သားသည် လက်မထပ်ဘဲ တရားမဝင်ရသော သားကို ဆိုလိုသည်။ ထိုသို့သောသား များကို မိခင် ကသာလျှင် ​ကျွေးမွေး ကြည့်ရှု၍ ဘခင်များ ကမ​ကျွေးမွေး မကြည့်ရှုသောကြောင့် ဆုံးမခြင်းလည်း မပြုလုပ် နိင်ကြချေ။ သင်သည် အပြစ် လုပ်သော်လည်း ဆုံးမခြင်း မခံရလျှင် ဘုရား၏သား စစ် မဟုတ်သောကြောင့် ဝမ်းနည်းစရာ ကောင်းသည်။ ဘုရား သားဟုတ် မဟုတ်ကို ပြန်လည်း စစ်ဆေးစေလို ပါသည်။

၉။ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ် ဝိညာဉ် တို့၏ အဘအလိုသို့ လိုက်၍ ၊ အသက် ချမ်းသာ ရကြမည် မဟုတ်လော။
ဇာတိဘခင်များ ကဆုံးမ သောအခါ သူတို့ကို ကြောက်၍ ရိုသေ ကြသည်။ ထိုမျှမက ဝိညာဉ် ဘခင် ဖြစ်သော ဘုရား၏ ဆုံးမခြင်းကို သာ၍ ခံစား ကာလ ိမ္မာသင့််သည်။

၁၀။ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့ လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ် တော်မူကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့ အကျိုးကို ထောက်၍ သာဆုံးမ ပေးတော်မူ၏။
ဘုရား၏ ဆုံးမခြင်းသည် သန့်ရှင်းသော အသက်တာနှင့် အသက် ရှင်ဘို့ရန် ဖြစ်သည်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ရှင်း တော်မူသောကြောင့် သူနှင့် ဆက်ဆံဘို့ရန် မှာ သန့်ရှင်းရသည်။ “ငါသည် သန့်ရှင်း တော်မူသောကြောင့် သင်တို့ သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာ လာသတည်း။” (၁ ပေ ၁:၁၆၊ ဝတ် ၂၀:၂၆)။

၁၁။ ဆုံးမခြင်း မည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း ၊ ဆုံးမခြင်းကို ခံရသော သူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။
ဆုံးမခြင်းသည် ခံရစဉ်တွင် ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း ဖြစ်တတ်သည်။ သို့သော်လည်း ဆုံးမခြင်းကြောင့် အသက်တာ ပြုပြင်ပြောင်းလဲ လာပါက ငြိမ်သက်ခြင်းနှင့် ​ဖြောင့်မတ်ခြင်း အကျိုးရတတ်သည်။ ထို့ကြောင့် ဆုံးမခြင်းသည် ခံတတ်ဘို့ လိုသည်။

၁၂။ ထိုကြောင့်၊ တွဲလွှဲနေသော လက်တို့နှင့်အား မရှိသော ဒူးတို့ကို ခိုင်ခံ့စေကြလော့။
တွဲလွှဲသော လက်သည်အား မရှိခြင်းကြောင့် ဖြစ်သည်။ ပျင်းရိသော သူနှင့် နေမကောင်းသော သူတို့သည်အား နည်းတတ်သည်။ ထို့ကြောင့် ဝိညာဉ် အစာကို ဝလင်စွာ စား၍ ၊ အပြစ် မလုပ်လျှင်အားရှိလာကာဘုရား ခိုင်းသောအရာ များကို လုပ်နိင်မှာ ဖြစ်သည်။

၁၃။ ​ခြေမစွမ်းသော သူတို့သည် အဆစ်မပြုတ်သည် သာမကချမ်းသာ ရစေခြင်းငှါ၊ သင်တို့ သွားဘို့ ရာ​ဖြောင့်သော လမ်းတို့ကို ပြင်ဆင် ကြလော့။
​ခြေမစွမ်းလျှင် လမ်းရှောက်၍ မရသကဲ့သို့၊ ဝိညာဉ် ပိုင်း​ခြေမစွမ်းလျှင် ဝိညာဉ် အရာများ လုပ်နိင်မည် မဟုတ်ချေ။ အဆစ်ပြုတ်လျှင် လမ်းသွား၍ မရ၊ လက် ဖြစ်လျှင်လည်း ဘာမျှကိုင်၍ မရချေ။ ဝိညာဉ် ပိုင်းလည်း သန်မာကျန်းမာမှသာ ဝိညာဉ် လမ်းရှောက်နိင်ပေမည်။ သွားသော လမ်းမည်ကဲ့သို့ ပြင်ဆင် မည်နည်း။ ကျမ်းစာက၊ “ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာ၌ ထာဝရ ဘုရားကို မျက်မှောက်ပြုလော့။သို့ ပြုလျှင် သင်၏ လမ်းခရီး တို့ကို ပဲ့ပြင် တော်မူမည်။ ငါသည် ပညာရှိ၏ ဟုကိုယ်ကို မထင်နှင့်။ ထာဝရ ဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍ ၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” (သု ၃:၅-၈) ဟုဆိုထားသည်။

၁၄။ လူအပေါင်းတို့သည် အသင့် အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်း ပါရမီကို၎င်း၊ မှီအောင် လိုက်ကြလော့။ သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူ မျှထာဝရ ဘုရားကို မဖူးမမြင်ရ။
လူသည် ခဏသာအသက် ရှင်ရသည်။ သို့သော် ထာဝရ အသက် ရှင်မှာကဲ့သို့ ခိုက်ရန် ဖြစ်ပွားတတ် ကြသည်။ ဘုရား သားသမီး ဖြစ်လျှင် လူတိုင်းနှင့် အသင့်အတင့်နေရမည်။ “ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သူတပါးနှင့် အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင် လိုက်လော့။” (ဆာ ၃၄:၁၄)။ “ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်းယှဉ်သောအရာ တို့ကို မှီအောင် လိုက်ကြကုန်အံ့။” (ရော ၁၄:၁၉)။

သန့်ရှင်းခြင်းသည် စိတ်မှစ၍ ကိုယ်ခန္ဓာတိုင်အောင် ဖြစ်သည်။ ကိုယ်ခန္ဓာသည် စိတ်၏ စေခိုင်းသည့်အတိုင်း လုပ်တတ်သည်။ ခန္ဓာကိုယ်လည်း စိတ်မပါသော်လည်း တောင့်တမှု ရှိတတ်သည်။ ဥပမာအရက်မသောက်ချင် တော့သော်လည်း ခန္ဓာကတောင်းဆိုနေလျှင် စိတ်ကလိုက်လျောရသည်။ သို့သော် စိတ်၏ ခွင့်ပြုချက်လိုအပ်သည်။ သို့ဖြစ်၍ သန့်ရှင်းရေးသည် စိတ်နှလုံးမှစရသည်။ ယေရှုက၊ “စိတ်နှလုံးဖြူစင်သော သူတို့သည် မင်္လာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။” (မ ၅:၈)။ စိတ်နှလုံးဖြူစင်ရန်ကျမ်းစာ ဖတ်၊ ဆင်ခြင်၊ လုပ်ဆောင်ဘို့ လိုသည်။ ဘုရား၏ ဦးဆောင်မှု လိုအပ်သည်။

“သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူ မျှထာဝရ ဘုရားကို မဖူးမမြင်ရ။” အဘယ်ကြောင့် ယုံကြည်သူများသည် သန့်ရှင်းဘို့ လိုသနည်းဟူမူကား ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်က၊ “ငါသည် သန့်ရှင်း တော်မူသောကြောင့် သင်တို့ သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာ လာသတည်း။” (ဝတ် ၂၀:၂၆၊ ၁ ပေ ၁:၁၆)။ ယုံကြည်သူများသည် ဘုရား သားသမီး များဖြစ်၍ ဘုရား၏ အိမ်တော် သားများ၊ ဘုရားနှင့် မိဿဟာယဖွဲ့မည့်သူများဖြစ် ကြသည်။ ထို့ကြောင့် သန့်ရှင်းဘို့ လိုသည်။ အဘယ်ကြောင့်ရုံးသွား သောအခါ သန့်ရှင်းရေးလုပ်ကြသနည်း။ ဘုရားသခင်သည် အရာရှိများထက် သန့်ရှင်းသည်။ ထို့ကြောင့် အပြောအဆို၊ အနေအထိ ုင်၊ အစားအသောက်၊ အကြံအစည်အားလုံး သန့်ရှင်းဘို့ လိုသည်။

၁၅။ သင်တို့တွင် တစုံတယောက် မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲ မနေစေခြင်း ငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောက်ရှက်သဖြင့်၊ လူအများ တို့သည် အပြစ်နှင့် မညစ်ညူး စေခြင်း ငှါ၎င်း၊ မတရားသော မေထုန်၌ မှီဝဲသော သူမရှိစေခြင်း ငှါ၎င်း၊ တနပ်စာအဘို့နှင့်သား ဦးအရာကို ရောင်းသော ဧသော ကဲ့သို့၊ ဘုရားတရား ကို မရိုသေပြုသော သူမရှိစေခြင်း ငှါ၎င်း၊ သတိနှင့် ကြည့်ရှုကြလော့။
“သင်တို့တွင် တစုံတယောက် မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲ မနေစေခြင်း ငှါ၎င်း၊ ” စာရေးသူက ယုံကြည်သူ တိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ရစေချင်သည်။ ကျေးဇူးတော်သည် လူဆိုးလူကောင်းအားလုံးရသောအရာ ရှိသည် (မ ၅:၄၅)။ သူရေးသောအရာသည် ထိုအရာ ဖြစ်မည် မထင်ပါ။ ယုံကြည်ခြင်းအားဖြင့် ရရှိသော ကျေးဇူးတော်ကို ဆိုလိုခြင်း ဖြစ်မည်။

“ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောက်ရှက်သဖြင့်၊ လူအများ တို့သည် အပြစ်နှင့် မညစ်ညူး စေခြင်း ငှါ၎င်း၊ ” ခါးစွာသော ပင်မြစ်ပေါက်ခြင်း ဆိုသည်မှာ မကောင်းသော အပြစ်ကို ကြံစည်ခြင်း ဖြစ်သည်။ လူစိတ်သည် အလွန် အံ့ဩစရာ ကောင်းသည်။ မကောင်းသော အကြံများလည်း ကြံစည်နိင်သည်။ မောရှေကလည်း ခါးစွာသော အသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟု သတိပေးခဲ့သည် (တရားဟော ၂၉:၁၈)။ လူသည် မိမိစိတ်ကို မနိင်သောကြောင့် အစဉ်မပြတ် ဘုရားကို အားကိုးဘို့ လိုသည်။ ညစ်ညူးသော အကြံအစည်၊ အတွေးများ ဧည့်မခံဘို့ အရေးကြီးသည်။ မကောင်းသော အကြံစိတ်ထဲ၌ ပေါ်လာလျှင် ကျမ်းစာ ဖတ်ခြင်း၊ ယုံကြည်သူများနှင့် မိဿဟာယဖွဲ့ခြင်း၊ ဖုန်းအားဖြင့် နှုတ်ကပတ်တော် ဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများပြုလုပ် သင့်သည်။

“မတရားသော မေထုန်၌ မှီဝဲသော သူမရှိစေခြင်း ငှါ၎င်း၊ ” လက်မထပ်ဘဲ ယောက်ျားမိ်န်းမအတူ နေခြင်းသည်၊ ဘုရား မုန်းသော အပြစ် တခု ဖြစ်သည်။ ထိုသို့ မရှိရန်အိမ်ထောင်ပြုပါ။ သို့မဟုတ် ဝိညာဉ် ပိုင်းဆိုင်ရာ၌ အလုပ်ရှုပ်ပါ။ အပြာကားများမကြည့်ပါလေနှင့်။ အကျင့်ပါတတ်သည်။

“တနပ်စာအဘို့နှင့်သား ဦးအရာကို ရောင်းသော ဧသော ကဲ့သို့ ဘုရားတရား ကို မရိုသေပြုသော သူမရှိစေခြင်း ငှါ၎င်း” ဧသောကို ဘုရားသခင်ကသား ဦးအဖြစ် မွေးဘွားခွင့်ပေးသော်လည်း ထိုအရာကို မထီမဲ့မြင် ပြုခဲ့သည် (က ၂၅:၂၉-၃၄)။ ဘုရားတရား ကို မရိုမသေပြုသော သူများလည်း ဧသော ကဲ့သို့ ဘုရား ပေးသောအရာ များကို တန်ဘိုး မထားဘဲ နေတတ် ကြသည်။ လောက သားများကဲ့သို့ မနေဘို့ အရေးကြီးသည်။

၁ရ။ သင်တို့ သိသည် အတိုင်း ဧသောသည် နောက်မှကောင်းကြီး မင်္လာကို အမွေခံခြင်းငှါ အလိုရှိ သောအခါ၊ ငြင်းပယ်ခြင်းကို ခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီး မင်္လာကို အလွန် ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်း အခွင့်ကို မတွေ့မရ။
ဧသောသည် ဘုရား ပေးသောသား ဦးအရာကို မထီမဲ့မြင် ပြုသောကြောင့်၊ သူ့ဖခင်ထံမှ ကောင်းကြီးကို မရရှိခဲ့ချေ။ ယနေ့ များစွာသော ယုံကြည်သူများလည်း၊ ဘုရား ပေးထားသောအရာ ကို မထီမဲ့မြင် ပြုကြသောကြောင့်၊ ဘုရား ထံတော် မှများစွာသော ကောင်းကြီးများဆုံးရှုံး နေကြသော်လည်း မသိသောကြောင့် အရေးမစိုက်ကြချေ။

ယုံကြည်သူများရောက်သော နေရာ

၁၈။ ထိုမှတပါး၊ သင်တို့သည် လက်နှင့် တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သော မီးသို့၎င်း၊ မဲသော တိမ်တိုက်၊ မှောင်မိုက်၊ မိုဃ်းသက်မုန်တိုင်းသို့၎င်း၊ ၁၉။ တံပိုးမှုတ်ခြင်း အသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည် မဟုတ်။ ထိုအသံတော်ကို ကြားသော သူတို့သည်၊ ထပ်၍ မိန့်တော် မမူမည်အကြောင်း တောင်းပန်ကြ၏။ ၂၀။ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ် တော်မူ သံကို လူတို့သည် နားမခံနိုင်ကြ။ ၂၁။ ထိုသို့ ထင်ရှားသောအရာသည် အလွန် ကြောက်မက်ဘွယ် ဖြစ်၍ ၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည်ဟုဆို၏။
ဣသရေလ လူများသည်၊ သိနာတောင်သို့ ရောက် သောအခါ၊ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့် တကွမိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသော အသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ ၁၇ မောရှေ သည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှါ၊ လူများ တို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်​ခြေရင်းအောက်၌ ရပ် နေကြ၏။ ၁၈ ထာဝရ ဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက် တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုး သည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံးပြင်းစွာ လှုပ်လေ၏။” (ထွက် ၁၉:၁၆-၁၈) “လူ အပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင် သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ် နေကြ၏။ ၁၉ မောရှေကိုလည်း ၊ အ​ကျွန်ုပ်တို့ အားကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ် ပါသည်ဟု လျှောက်ဆိုကြ၏။ ၂၀ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်းကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကကြွလာ တော်မူပြီဟု လူများ တို့အား ပြောဆို၏။” (ထွက် ၂၀:၁၈-၂၀) ယနေ့ ယုံကြည်သူများသည် ထိုကဲ့သို့သော တောင်သို့ ရောက်ကြသည် မဟုတ်ဟုဆိုသည်။ ယုံကြည်သူများရောက်သော နေရာကို အောက်တွင် ဖေါ်ပြထားသည်။

၂၂။ သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက် ရှင် တော်မူသော ဘုရားသခင်၏ မြို့တော် တည်းဟူသောကောင်းကင် ယေရှု ရှလင်မြို့သို့၎င်း၊ အတိုင်း မသိများစွာသော ကောင်းကင်တမန် တို့၏ စည်းဝေးခြင်းသို့၎င်း၊ ၂၃။ ကောင်းကင် စာရင်း၌ ဝင်သောသား ဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသော သူတို့ကို တရားစီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ ရောက်သော သူတော် ကောင်းတို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း၊ ၂၄။ ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း၊ အာ​ေဗြလ၏ အသွေး ပြောဆိုသောအရာ ထက် သာ၍ မြတ်သောအရာ ကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်းရောက်ကြ၏။
“သင်တို့သည် ဇိအုန်တောင်သို့၎င်း” ဇိအုန်တောင်သည် နှစ်နေရာရှိသည်။ မြေကြီး ပေါ်ရှိဇိအုန်တောင်သည် အစ္စရေးနိင်ငံ ယေရုရှလင် မြို့တည်ရှိသော တောင် ဖြစ်သည်။ အခြားဇိအုန်တောင်သည် ကောင်းကင်၌ ရှိသည်။

“အသက် ရှင် တော်မူသော ဘုရားသခင်၏ မြို့တော် တည်းဟူသောကောင်းကင် ယေရှု ရှလင်မြို့သို့၎င်း” ယေရုရှလင် မြို့လည်း နှစ်ခုရှိသည်။ မြေကြီး ယေရုရှလင်နှင့် ကောင်းကင် ယေရုရှလင်တို့ ဖြစ်သည်။

“အတိုင်း မသိများစွာသော ကောင်းကင်တမန် တို့၏ စည်းဝေးခြင်းသို့၎င်း၊ ” ကောင်းကင်သည် အတိုင်း မသိ ကောင်းကင်တမန် များ၏ စည်းဝေးသော နေရာ ဖြစ်သည်။

“ကောင်းကင် စာရင်း၌ ဝင်သောသား ဦးတို့၏ အသင်းတော်သို့၎င်း၊ ” သား ဦးသည် ဦးစားပေးခြင်း၊ အလေးထားခြင်း၊ အဘ၏ အရိုက်အရာကို ဆက်ခံခြင်းကို ဆိုလိုသည်။သား ဦး ဖြစ်ခြင်းသည် ဂုဏ်ယူစရာ ဖြစ်သည်။ ဧသောသည်သား ဦးအရာကို အစာနှင့် ရောင်းလိုက်ကြောင်း သိရပြီ။ အသင်းတော်သည် ခရစ်တော်၏ကိုယ်ခန္ဓာ ဖြစ်သည်။ ထို အသင်းတော်သည်သား ဦးအရာကဲ့သို့ဖြစ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ “ခပ်သိမ်းသော သူတို့ကို တရားစီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ ” ခပ်သိမ်းသော သူဟုဆိုသောကြောင့် ယုံကြည်သူ မ ယုံကြည်သူ အားလုံးဆိုလိုသည်။ ထိုသူများကို ဘုရားသခင်က တရားစီရင်မှာ ဖြစ်သည်။

“စုံလင်ခြင်းသို့ ရောက်သော သူတော် ကောင်းတို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း၊ ” လူ၏ ကြိုးစား လုပ်ဆောင်မှုအားဖြင့် မည်သူမျှစုံလင်ခြင်းသို့ မရောက်နိင်ပါ။ လူတိုင်း၏ စုံလင်ခြင်း ဖြစ်သော ခရစ်တော် ယုံကြည်ခြင်းအားဖြင့် သာစုံလင်နိင်သည်။ သူတော် ကောင်းလည်း လူ့အစွမ်းအားဖြင့် မဖြစ်နိင်ပါ။ ခရစ်တော်၏ ကောင်းမြတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သာ ဖြစ်နိင်သည်

“ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း၊ ” ပဋ္ဋိညာဉ်တရားသစ်သည် ဣသရေလနှင့် ဘုရား အကြား ခရစ်တော် ဒုတိယအကြိမ် ကြွလာမှ ပြုလုပ် မည့် အရာ ဖြစ်သည်။ ထိုတရားသစ်အတွက် ခရစ်တော်သည် အသွေးသွန်းခဲ့ပြီ (မ ၂၆:၂၈)။ ထို့ကြောင့် ဤနေရာ၌ ခရစ်တော်ကို ပဋ္ဋိညာဉ်တရားသစ်၏ အာမခံဟု ခေါ်ခြင်း ဖြစ်သည်။

“အာ​ဗြေလ၏ အသွေး ပြောဆိုသောအရာ ထက် သာ၍ မြတ်သောအရာ ကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း” အာ​ေဗြလ၏ အသွေးသည် ကောင်းကင် ရှိဘုရား ထံ၌ အော်ဟစ်သည်ဟုဆိုသည် (က ၄:၁၀)။ အာ​ေဗြလ၏ အသွေးထက် သာ၍ မြတ်သော အသွေးသည် ခရစ်တော်၏ အသွေး ဖြစ်သည်။ ခရစ်တော်၏ အသွေးသည် ကောင်းကင်၍ ဘုရားသခင် ထံသို့ သူကိုယ်တိုင်က ဖြန်းဆွတ်ခဲ့သည် (ဟေ ၉:၁၂)။

“ရောက်ကြ၏။” ယုံကြည်သူများသည်ကိုယ်ခန္ဓာအားဖြင့် မြေကြီး ပေါ်၌ ရှိသေးသော်လည်း၊ စိတ် ဝိညာဉ်အားဖြင့် ကောင်းကင်သို့ ရောက်ကြောင်းကို အထက်၌ ဖေါ်ပြသောအရာ များအားဖြင့် တင်စား ဖေါ်ပြခြင်း ဖြစ်သည်။ လူသည် အနာဂတ်ကို မပိုင်သောကြောင့် ကြိုတင် အပြတ် မပြောရဲကြချေ။ ဘုရားသခင်သည် အနာဂတ်ကိုလည်း ပိုင်သောကြောင့် မဖြစ် သေးသောအရာ များ ကိုလည်း ဖြစ်ပြီး ဘိ သကဲ့သို့ ပြောတတ်သည်။ ယုံကြည်သူများသည် ခန္ဓာကိုယ်၌ ရှိသေးသောကြောင့် မြေကြီး ပေါ်၌ နေသေးသော်လည်း တနေ့ ကောင်းကင်နိင်ငံရောက်မည့်သူများဖြစ်သည်။ ထိုကြောင့်စာရေးသူက“ရောက်ကြ၏။” ဟုဆိုခြင်း ဖြစ်သည်။

၂၅။ သင်တို့သည် မိန့်တော်မူသော သူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသော သူ၏ စကားကို ငြင်းပယ်သော သူတို့သည် အပြစ် မလွတ်ရသည် မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံကမိန့် တော်မူသော သူ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ ကြီးစွာသော အပြစ်နှင့် အဘယ်သို့ ကင်းလွတ် နိုင်မည်နည်း။
မြေကြီး ပေါ်၌ မောရှေမှစ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသော စကားကို ငြင်းပယ်သော သူများသည် အပြစ် သင့်၍ နာခြင်း၊ သေခြင်း တိုင်အောင် ဖြစ်ကြသည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ လာသော ဗျာဒိတ်သည် သားတော် ခရစ်တော်အားဖြင့်၎င်း၊ နှုတ်ကပတ်တော် ကျမ်းစာအားဖြင့်၎င်း ဖြစ်သည်။ ထိုအရာကို နားမထောင်လျှင် အပြစ်နှင့် မလွတ်နိင်ဟုဆိုသည်။ ထို့ကြောင့် ကျမ်းစာ ဖတ်၍ ဘုရား စကား နားထောင် ကြပါစို့။

အခန်း (၁၂) မေးခွန်းများ

၁။ ရှေး ယုံကြည်သူများ၏ အသက်တာကို ကြည့်ခြင်းဖြင့် သင်၌အား တက်မှု ရှိပါသလော။

၂။ ဘုရားသခင်က ငါတို့ ဝန်ကို ထမ်းပေးချင် ပါသလား။ သင်၏ ဝန်ကို ခရစ်တော်ထံချမလား။

၃။ ဒုစရိုက်အပြစ်သည် ငါတို့ကို ဘာ ဖြစ်စေတတ်သနည်း။

၄။ ဘုရား ပေးထားသော ပန်းတိုင်လား၊ ကိုယ်သတ်မှတ်သော ပန်းတိုင်သို့ ပြေးမလား။

၅။ ရှင်ပေါလုကဲ့ဘာရဘို့ ပြေးခိုင်းသနည်း။

၆။ ယုံကြည်ခြင်းရှိဘို့ရန် အစအဦးစီရင်သူသည် အဘယ်သူ နည်း။

ရ။ မည်သူကို်စေ့စေ့ထောက်ရှုကြမည်နည်း။ အဘယ်ကြောင့်နည်း။

၈။ သခင်ယေရှု ရှေ့၌ ထားရှိသော ဝမ်းမြောက်ခြင်းသည် အဘယ်အရာနည်း။

၉။ သခင်ယေရှုသည် သေရမှာကို ကြောက်ခဲ့ပါသလား။ အဘယ်ကြောင့်အသေခံ နိင်သနည်း။

၁၀။ သခင်ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေ တော်မူ သနည်း။

၁၁။ သခင်ယေရှုသည် ဤလောက၌ ဇိမ်ခံမည့် အစားဘာခံခဲ့သနည်း။

၁၂။ သခင်ယေရှု ပင်လျှင် နှိပ်စက်ခြင်း ခံရလျှင် ​ကျွန်ပ်တို့သည် မည်ကဲ့သို့ ပြင်ဆင် သင့်သနည်း။

၁၃။ သခင်ယေရှုက ယုံကြည်သူများဇိမ်ခံဘို့ ပြောသလော၊ ဆင်းရဲ နှိပ်စက်ခြင်း ခံဘို့ ပြောသလော။

၁၄။ ဒုစရိုက်မလုပ်သောကြောင့် ဒုက္ခ ဆင်းရဲခြင်း၊ သတ်ခြင်း ခံသူများ ဖေါ်ပြပါ။

၁၅။ သင်သည် အပြစ် ဒုစရိုက်ကို တိုက်လှန်သောကြောင့် နှိပ်စက်ခြင်း၊ ရိုက်သတ်ခြင်း ခံဘူးကြပါသလော။

၁၆။ အဘယ်ကြောင့် ဘုရားသခင်သည် အပြစ်ကို စစ်ဆေး တော်မူ သနည်း။

၁ရ။ ဘုရား၏ အပြစ် စစ်ဆေးခြင်းသည် မည်ကဲ့သို့သော စစ်ဆေးခြင်း မျိုး ဖြစ်သနည်း။

၁၈။ အဘယ်ကြောင့် ဘုရားသခင်သည် သားသမီးများကို ဆုံးမသနည်း။

၁၉။ အလိုလိုက်ထားသော သားသမီး များသည် ဘာ ဖြစ်တတ်သနည်း။

၂၀။ သင်သည် သားသမီးများကို ဆုံးမဘူးပါသလား။ ဆုံးမရက်ပါသလား။

၂၁။ ယခုခေတ်သည် သားသမီးများကို ဆုံးမသော ခေတ် ဖြစ်ပါသလား။

၂၂။ ဘုရားသခင်၏ ဆုံးမခြင်းသည် ဘာ သကဲ့သို့ဖြစ်သနည်း။

၂၃။ ကျမ်းစာ ရေးသော ခေတ်၌ ဘခင်တိုင်းက သားသမီးများကို ဆုံးမလေ့ရှိပါသလား။

၂၄။ သင်၏ သားသမီး များကောင်းစား စေလို ပါက ဘာလုပ်ရမည်နည်း။

၂၅။ သင်သည် အပြစ် ပြုလုပ်သော်လည်း ဘုရား၏ ဆုံးမခြင်းကို မခံရလျှင် မည်ကဲ့သို့သောသား ဖြစ်သနည်း။

၂၆။ ဇာတိဘခင်နှင့် ဝိညာဉ် ဘခင်မည်သူ၏ စကားကို ပို၍ နားထောင် သင့်သနည်း။

၂ရ။ ဘုရား၏ ဆုံးမခြင်းသည် ဘာအတွက် နည်း။

၂၈။ ဆုံးမခြင်းသည် ခံရစဉ်တွင် မည်ကဲ့သို့ ခံစား တတ်သနည်း။

၂၉။ ဆုံးမခြင်းကို နာခံလျှင် ဘာ အကျိုးခံစား နိင်သနည်း။

၃၀။ အဘယ်ကြောင်လက်တို့သည် တွဲလွှဲဒူးတို့သည် မခိုင်ကြသနည်း။

၃၁။ သွားသော လမ်းမည်ကဲ့သို့ ပြင်ဆင် မည်နည်း။

၃၂။ ယုံကြည်သူများသည် ရန်ဖြစ်သင့်သလော။ အဘယ်ကြောင့်နည်း။

၃၃။ သန့်ရှင်းရေးသည် မည်သည့်နေရာမှစရမည်နည်း။ မည်ကဲ့သို့ သန့်ရှင်းနိင်မည်နည်း။

၃၄။ အဘယ်ကြောင့် ယုံကြည်သူများသည် သန့်ရှင်းဘို့ လိုသနည်း။

၃၅။ ဘယ်အပိုင်း သန့်ရှင်းဘို့ လိုသနည်း။

၃၆။ ယုံကြည်သူ တိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ရသင့်သလော။

၃၇။ ခါးစွာသော ပင်မြစ်ပေါက်ခြင်း ဆိုသည်မှာ အဘယ်အရာနည်း။

၃၈။ မည်သူကခါးစွာသော အသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟု သတိပေးခဲ့သနည်း။

၃၉။ မတရားသော မေထုန်၌ မှီဝဲခြင်းကို ဘုရားသခင်က ြိုက်နှစ်သက်ပါသလား။

၄၀။ ဘုရားတရား ကို မရိုမသေပြုသော သူများသည် မည်သူကဲ့သို့ဖြစ်သနည်း။

၄၁။ ဧသောသည် ကောင်းကြီး ပြန်လိုချင်သော်လည်းရခဲ့သလား။

၄၂။ ယနေ့ လူများစွာလည်း ဘုရားတရား ကို မထီမဲ့မြင် ပြုသောကြောင့် ဘာဆုံးရှုံးကြသနည်း။

၄၃။ ဣသရေလ လူများရောက်သော တောင်သည် မည်ကဲ့သို့သော တောင် ဖြစ်သနည်း။

၄၄။ ယုံကြည်သူများရောက်သော နေရာသည် မည်သည့်နေရာ ဖြစ်သနည်း။

၄၅။ ဇိအုန်တောင်ဘယ်နှစ်ခုရှိသနည်း။ အားလုံး ဖေါ်ပြပါ။

၄၆။ ယေရုရှလင် မြို့ဘယ်နှစ်ခုရှိသနည်း။ ဖေါ်ပြပါ။

၄၇။ အသင်းတော်သည် ဘာကဲ့သို့ဖြစ်သနည်း။

၄၈။ မည်ကဲ့သို့ စုံလင်ခြင်းသို့ ရောက်သော သူတော် ကောင်း ဖြစ်နိင်သနည်း။

၄၉။ ပဋ္ဋိညာဉ်တရားသစ်၏ အာမခံသည် မည်သူနည်း။

၅၀။ ကောင်းကင်ဘုံကမိန့် တော်မူသော သူ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင် ဘာခံရမည်နည်း။

.

^

ဟေဗြဲ (၁၃)

၁။ ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်။
ချစ်ခြင်း မေတ္တာ၌ တည်ခြင်းသည် ခရစ်တော်၏ အမိန့်တော် ဖြစ်သည် သာမက၊ သူ၏ တပည့်တော် ဖြစ်ကြောင်း အမှတ်အသား ဖြစ်သည်။ သူကိုယ်တိုင်က ၊ “သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ၁၃:၃၄-၃၅)

“ဧည့်သည် ဝတ်ပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်” ဧည့်သည် ဝတ်ပြုခြင်းသည် ရင့်ကျက်ခြင်း၏ လက္ခဏာ တခု ဖြစ်သည်။ မရင့်ကျက် သူများအတွက် မလွယ်ကူချေ။ ဘုရားသခင်က ဣသရေလ လူများထံ၊ “မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍ ၊ ဧည့်သည် အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရား ဖြစ်တော်မူ၏။ ၁၉သို့ဖြစ်၍ ဧည့်သည် တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တု ပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။” ဟု မှာကြားခဲ့သည် (တရား၁၀:၁၈-၁၉)။

၂။ အချို့သော သူတို့သည် ဧည့်သည် ဝတ်ကို ပြုသည် တွင်၊ ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။
အာဗြဟံသည် ကောင်းကင်တမန် များကို ဧည့်ခံဘူူးသည် (က ၁၈)။ ထို့ကြောင့်သော ဒုံမြို့မီးမိုဃ်းရွာမည့် အကြောင်းကို သိခဲ့၍ ၊ လောတမိသားစုအတွက် တောင်းပန်နိင်ခဲ့သည်။ လောတ သည်လည်း ကောင်းကင်တမန် များကို အတင်း ခေါ်၍ ဧည့်ခံသောကြောင့် သေကျေ ပျက်စီးခြင်းမှ လွတ်မြောက်ခဲ့သည် (က ၁၉)

၃။ အကျဉ်းခံရသော သူတို့နှင့် အတူကိုယ်ခံရ သကဲ့သို့ မှတ်၍ ၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည်ကိုယ်ခန္ဓာနှင့် မကင်းမလွတ်သောသူ ဖြစ်၍ ၊ ညှဉ်းဆဲခံရသော သူတို့ကို အောက်မေ့ကြလော့။
သခင် ယေရှုခရစ်က၊ “ငါသည် ထောင်ထဲမှာနေရ သောအခါ သင်တို့သည် ငါ့ထံသို့ လာကြ၏။” (မ ၂၅:၃၆)ဟု သိုးတို့ ထံ၌ ဆိုခဲ့သည်။ အကျဉ်းသားများထံ၌ သက်သေခံခြင်းသည် ထိရောက်မှု ရှိနိင်သည်။ အကြောင်းမှာ သူတို့သည် ဒုက္ခ ရောက် နေကြသောကြောင့် အာရုံစိုက်နိင်သည်။ ကယ်တင်ရှင်ကို တမ်းတ ကြသည်။ ယုံကြည်သူများအနေဖြင့် ထောင်ကျသော သူများကို ကိုယ်ချင်းစာနာခြင်းရှိ၍ သတိရခိုင်းသည်။

၄။ ခပ်သိမ်းသော သူတို့၌ မင်္လာဆောင်ခြင်း အမှုနှင့် သစ္စာ သံဝါသပြုခြင်း အမှုသည် အသရေရှိစေလော့။ မတရားသော မေထုန်ကို ပြုသော သူနှင့် သူ့မယားကို ပြစ်မှားသော သူကို ဘုရားသခင် စစ်ကြောစီရင် တော်မူ လိမ့်မည်။
မင်္လာဆောင်ခြင်းသည် ဘုရားသခင်က စတင်ပေးခြင်း ဖြစ်သည်။ အာဒံနှင့် ဧဝကို လင်မယား ဖြစ်ဘို့ ဖန်ဆင်းခဲ့သည် (က ၂:၂၄)။ လင်မယား အကြား သစ္စာ သံဝါသပြုခြင်း သည်လည်း သန့်ရှင်း၍ ဘုရား၏ အလိုတော် ဖြစ်သည်။ သို့သော် မတရားသော မေထုန်ပြုခြင်းကိုမူ ဘုရားသခင် အလွန် မုန်း၍ တရားစီရင်မှာ ဖြစ်သည်။ ဘုရားသခင်သည် ဒါဝိဒ်ကို ချစ်သော်လည်း မတရားသော မေထုန်ပြု သောအခါ တရားမစီရင်ဘဲ မနေချေ (၂ရာ ၁၂)။

၅။ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍ ၊ ကိုယ်၌ ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟု ဂတိတော် ရှိ၏။
ဘုရားသခင်သည် ငွေတပ်မက်ခြင်းကို မနှစ်သက်ချေ။ ပေါလုက၊ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှလွှဲသွား၍ ၊ ပူပန်ခြင်း ဝေဒနာ များနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်း ခပ်အောင် ထိုးကြပြီ။” (၁ တိ ၆:၁၀)ဟု ရေးခဲ့သည်။ လူသည် အလိုအလျောက်ငွေကို နှစ်သက်အားကိုး ကြသည်။ အဘယ်ကြောင့်ဆိုသော်ငွေရှိလျှင် ဘာမဆိုတတ်နိင်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ငွေသည် သုံးတတ်လျှင် ​ကျွန် ဖြစ်သည်။ ဘယ်အရာမဆိုငွေအားဖြင့် လုပ်နိင်သည်။ သို့သော် မသုံးတတ်လျှင် ငွေ၏ ​ကျွန် ဖြစ်သွားနိင်သည်။ ငွေ၏ ​ကျွန်ဆိုသည်မှာ ငွေရဘို့ အတွက် ဆိုလျှင် ဘာမဆိုလုပ်မည်၊ ကိုယ်ခန္ဓာပင်ပန်းခြင်း ကိုလည်း ဂရုမစိုက်နိင် အလုပ်လုပ်လိုလာသည်သား မယားကိုလည်း မကြည့်ရှုနိင်၊ ငွေရမည်ဆိုလျှင် အိပ်ရေးပျက်၊ အစာငတ်ခံနိင်သည်။ ထိုသို့ဖြစ်လျှင် သင်သည် ငွေ၏ ​ကျွန် ဖြစ်သည်ကို သိပါ။

“ကိုယ်၌ ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။” လူ၏ အလိုဆန္ဒသည် အံ့ဩဘွယ် ဖြစ်သည်။ ကိုယ်၌ ရှိသောအရာ နှင့် မရောင့်ရဲနိင်ကြချေ။ ထိုအရာလည်း ဘေးနားမှာရှိသော လူများ၏ ယပိုင်ဆိုင်မှု ှုကိုအား ကျသောကြောင့် ဖြစ်သည်။ ဤလောက ပစ္စည်းများသည် မရှိလျှင်လည်း ဖြစ်သော်လည်း အခြားလူများ ကရှိလာလျှင် မရမကအား ကျ၍ လိုချင် တတ်ကြသည်။ အောင်မြင်သော သူဝမ်းမြောက်သော သူသည် တင်းတိမ်ရောင့်ရဲသောသူ ဖြစ်သည်။ ရှင်ပေါလုက၊ “ငါတို့သည် ဤလောက ထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင် လည်း၊ အဘယ်အရာကို မျှယူ၍ မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။ ၈သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။” (၁ တိူ ၆:ရ- ၈) ဟုဆိုခဲ့သည်။

“ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟု ဂတိတော် ရှိ၏။” ဤကျမ်းပိုဒ်သည် “သင်ရှေ့မှာ ထာဝရ ဘုရားသည်ကိုယ်တိုင်ကကြွ၍ သင်နှင့် ရှိတော်မူ လိမ့်မည်။ သင့်ကို စွန့်တော် မမူ၊ ပစ်ထားတော် မမူ။ မစိုးရိမ် နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသား အပေါင်းတို့ ရှေ့မှာ ပြောဆို၏။” (တရားဟော ၃၁:၈) “သင့်အသက် တည်သည် ကာလ ပတ်လုံးသင့်ရှေ့မှာ အဘယ်သူ မျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍ မထား။” (ယောရှု ၁:၅) ကိုကိုးကားခြင်း ဖြစ်သည်။ ဤကတိတော်သည် ယုံကြည်သူ တိုင်း အသုံးပြုရမည့် အရာ ဖြစ်သည်။

၆။ ထိုကြောင့်ထာဝရ ဘုရားသည် ငါ့ကို မစ တော်မူသည် ဖြစ်၍ ၊ လူသည် ငါ၌ ပြုနိုင်သမျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သော စိတ်နှင့် ပြောဆို ရသော အခွင့်ရှိကြ၏။
ဆာလံဆရာက၊ “ထာဝရ ဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာ မရှိ၊ ၊ လူသည် ငါ၌ အဘယ်သိုု့ပြုနိုင်သနည်း၊ ” (ဆာ ၁၁၈:၆)ဟု ရေးခဲ့သည်။ ထာဝရ ဘုရားသည် အရာခပ်သိမ်းထက် ကြီး မြတ်၍ တန်ခိုးကြီး သောကြောင့်၊ သူ့ကို အမှီပြုလျှင် ဘာမျှကြောက်စရာ မရှိတော့ချေ။ သို့သော် ထာဝရ ဘုရားရှိကြောင်းကို သတိမထားကြသောကြောင့် အလိုလိုကြောက်လာတတ် ကြသည်။ ယခုမှစ၍ ထာဝရ ဘုရားကို ခိုလှုံကြပါစို့။

ရ။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍ ၊ သင်တို့ကို အုပ်သော သူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ ယုံကြည်ခြင်းကို မှီအောင် လိုက်ကြလော့။
ယုံကြည်သူများ၊ အသင်းသား များသည် သူတို့၏ သင်းအုပ်များ၊ ဝိညာဉ် ရေးရာ ဦးဆောင်လမ်းပြ သူများကို သတိရအောက်မေ့ဘို့ နိုးဆော်ထားသည်။ မည်ကဲ့သို့ အောက်မေ့ရမည်နည်း။ သူတို့၏ ကျင့်ကြံပြုမူ၍ စုတေ့သည့်များကို ဆင်ခြင်ရမည်။ သူတို့၏ ယုံကြည်ခြင်းကို မှီအောင် လိုက်ရမည်။ ဦးဆောင်သူနှင့် အသင်းသားများယုံကြည်ခြင်း၌ မမှီလျှင် ပြသနာများ၍ နောက်ဆုံး၌ မလိုလားအပ်ဘဲ သင်းကွဲခြင်း၊ အစဉ်သဖြင့် ဆန့်ကျင်ခြင်းများရှိနိင်သည်။

၈။ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေ တော်မူ၏။
လူသည် နှစ်ပေါင်းကြာလာသောအခါ၊ အိုလာသောအခါ၊ နေရာပြောင်းလဲလာသောအခါ၊ အ​ခြေအနေပြောင်းလဲလာသောအခါ နဂုိအတိုင်း မဟုတ်တော့ဘဲ လုံးဝ ခြားနားတတ်သည်။ ယခင်ကကဲ့သို့ အာဏာမရှိ၊ မတတ်စွမ်းနိင်၊ စိတ်ပြောင်းလဲသွားနိင်သည်။ သို့သော် လွန်ခဲ့သော အနှစ်နှစ်ထောင်နီးပါက တန်ခိုးပြခဲ့သော ယေရှု၊ ကယ်တင်ရှင်ယေရှုသည် ယနေ့ တိုင်အောင် အားကိုး ၍ ရသည်။ မပြောင်းမလဲတည်ရှိသည်။ ထိုအရာကသူသည် သာမန်ရိုးရိုးလူ မဟုတ်ဘဲ၊ ဘုရား ဖြစ်ကြောင်းကို ထင်ရှားစေသောအရာ ဖြစ်သည်။

၉။ အထူးထူး အပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများ အားဖြင့် စိတ်ခိုင်ခံ့မြဲမြံခြင်း မရှိဘဲ၊ ကျေးဇူးတော် အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှု ထားသော သူတို့သည် အကျိုးကို ရကြပြီ မဟုတ်။
ဤစာရေးသော အချိန်၌ အယူဝါဒမျိုးစုံရှိခဲ့ပြီ။ ယခုနောက်ဆုံးသော ကာလ၌ ပို၍ အလွန် များသည်။ ထို့ကြောင့် အယူဝါဒသစ်၌ မဖေါက်ပြန်ဘို့ အရေးကြီးသည်။ ဘုရား၏ အလိုတော်ကို ရိုးရိုးသိလိုလျှင်၊ ကျမ်းစာကို အားကိုး ၍ တန်ဘိုး ထားလျှင်၊ ကျမ်းစာကို စေ့စေ့လေ့လာလျှင် အယူဝါဒဖေါက်ပြန်စရာ မရှိပါ။ ဝတ်ပြုရာကျမ်း၁၁၌ ဘုရားသခင်က သန့်ရှင်းသော အသားနှင့် မသန့်ရှင်းသော အသားများအကြောင်းကို ဖေါ်ပြထားသည်။ ထိုအသားများစားခြင်း မစားခြင်းသည်ကိုယ်ခန္ဓာအတွက် အကျိုးရှိသော်လည်း၊ စိတ် ဝိညာဉ် အတွက် မကျိုးမရှိချေ။ ကျေးဇူးတော်အားဖြင့် သာလျှင် အကျိုးရှိစေသည်။

၁၀။ တဲတော်၌ ဝတ်ပြုသော သူတို့ စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏။
“တဲတော်၌ ဝတ်ပြုသော သူတို့” သူတို့သည် ဓမ္မဟောင်းခေတ်၌ ပူဇော်သော သူများ ဖြစ်သည်။ “စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏” ဓမ္မဟောင်းခေတ်ပူဇော်သော သူများက၊ ခရစ်တော်၏ ယဇ်ပူဇော်ခြင်းကို မသိ၊ နားမလည် ကြချေ။ “ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကို မစား၊ အသွေးကို မသောက်လျှင် သင်တို့၌ အသက် မရှိ။ ငါ၏ အသားကို စား၍ ငါ၏ အသွေးကိုလည်း သောက်သော သူသည် ထာဝရ အသက်ကို ရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌ ငါထမြောက် စေမည်။ ငါ၏ အသားသည် စားစရာ ကောင်း၏။ ငါ၏ အသွေးလည်း သောက်စရာ ကောင်း၏။ ငါ၏ အသား အသွေးကို သောက်စားသော သူသည် ငါ၌ တည်၏။ ထိုသူ၌လည်း ငါတည်၏။” (ယော ၆:၅၃-၅၆) ဟုဆိုသော်လည်း တဲတော်၌ ဝတ်ပြုသောသူ တည်းဟူသောယုဒလူများက နားမလည်နိင်ချေ။ ဤနေရာ၌ ခရစ်တော် ကသူ့ကို ဝိညာဉ်အားဖြင့် စားရမည့် အကြောင်းကို ပြောခြင်း ဖြစ်သည် (ယော ၆:၆၃)။ ခရစ်တော်ကို ယုံကြည် လက်ခံသော သူများသည် ခရစ်တော်ကို ဝိညာဉ် အားဖြင့် စားသော သူများ ဖြစ်သည်။

၁၁။ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ် ​ဖြေသော ယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။
အထက် ဖေါ်ပြပါ ယဇ်ပူဇော်ခြင်းသည် ဝတ်ပြုရာ ၄၌ ဖေါ်ပြသော အပြစ် ​ဖြေရယဇ်ကို ဆိုလိုခြင်း ဖြစ်သည်။ ထိုကျမ်း၌၊ “နွား၏ ခေါင်း၊ ​ခြေထောက်၊ အအူ၊ ချေးနုနှင့် တကွအရေ၊ အသား၊ ရှိသမျှ တည်း ဟူသော၊ နွားတကောင်လုံးကိုးရာရှင်းလင်းသော အရပ်သို့ ယူသွား၍ ထင်း အပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာအရပ်၌ မီးရှို့ရမည်။” (ဝတ် ၄:၁၀-၁၂)

၁၂။ ထိုသို့နှင့် အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးပြင်၌ အသေခံ တော်မူ၏။
ယေရှုသည် ပုံဆောင်ခြင်း များစွာကို ပြည့်စုံ စေခဲ့သည်။ ယခုအပြစ် ​ဖြေရာ ယဇ်ပူဇော်ခြင်းကို ဟေဗြဲရေးသော သူက ဖေါ်ပြနေခြင်း ဖြစ်သည်။ ယေရှု အသေခံ တော်မူသော ဦးခေါင်းခွံအရပ်သည် ယေရုရှလင် မြို့အပြင်ဖက်၌ ရှိသည်။ “ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သော အရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကား အားဖြင့် ဂေါလဂေါသအမည်ရှိ၏။” (ယော ၁၉:၁ရ)

၁၃။ သို့ဖြစ်၍ ၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကို ခံ၍ ၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။
သခင်ယေရှုသည် မြို့ပြင်၌ ကဲ့ရဲ့ခြင်းကို ခံလျက် အသေခံသည့်နည်းတူ ၊ သူ့ကို ယုံကြည်သူများလည်း မြို့တွင်း တည်းဟူသောအဆင်ပြေသည့်နေရာ၊ ချီးမွမ်းခြင်း ခံရာအသိုင်းအဝိုင်းထဲမှ ထွက်၍ ကဲ့ရဲ့ခြင်း ခံရာ၊ ဘုရား၏ အလိုတော် ရှိရာသို့ ထွက်သွားဘို့ တိုက်တွန်းခြင်း ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို သိသော်လည်း၊ ဘုရား ပေးသော ဘုန်းထက် လူပေးသော ဘုန်းကို ကြိုက်နှစ်သက်သောကြောင့် (ယော ၅:၄၄) အသိုင်းအဝိုင်း၊ အမျိုး၊ အသင်းတော်ကို မစွန့်ရဲကြချေ။ မျက်စိကန်းဘူးသော သူသည် ယေရှုကို ထောက်ခံသောကြောင့် တရားစရပ်မှနှင်ထုတ်ခြင်း ခံခဲ့ရသည် (ယော ၉:၃၄)။ ထိုသို့ နှင်ထုတ် လိုက် သောအခါ မှသာသခင်ယေရှုနှင့် ပြန်တွေ့ရသည်။ သင်လည်း သခင်ယေရှု မရှိသော အသင်းတော်၊ အသိုင်းအဝိုင်းမှ ထွက်ပါ။ သို့မှသာ သခင်ယေရှုနှင့် ပြန်တွေ့ရမှာ ဖြစ်သည်။

၁၄။ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ။ နောက် ဖြစ်လတံ့သော မြို့ကို ရှာကြ၏။
ယုံကြည်သူများထာဝရ နေရမည့် မြို့သည် ပျက်စီးမည့် ဤလောက၌ မရှိချေ။ ထာဝရ တည်တန့်သော ယေရုရှလင် မြို့၌ နေရကြမှာ ဖြစ်သည်။ ထိုမြို့ကို ရှာကြသော်လည်း၊ ဤလောကကို သာပြန်စွဲလန်းသော သူများစွာ ရှိသည်။

၁၅။ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီး တည်းဟူသောချီးမွမ်းခြင်း ယဇ်ကို သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။
နှုတ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းသည် အလွယ်ကူဆုံး၊ အကုန်အကျမရှိသောအရာ ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူ သားသမီး များ၏ ချီးမွမ်းခြင်းကို တန်ဘိုး ထားနှစ်သက်သည်။ ချီမွမ်းခြင်းသည် နှုတ်ခမ်းအသီးဟုဆိုသည်။ ထိုအရာပင်လျှင် မလုပ်ချင် ပါက မည်ကဲ့သို့သော ယုံကြည်သူ ဖြစ်မည်နည်း။ ယခုမှစ၍ ရက်ရောစွာ ချီးမွမ်းကြကုန်အံ့။

၁၆။ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်း အမှု တို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သော ယဇ်ကို ဘုရားသခင်သည် အားရနှစ်သက် တော်မူ၏။
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သူတပါးလိုအပ်သော သူများကို ဥစ္စာဝေမျှနိင်သော အ​ခြေအနေ၌ ထားသောကြောင့် ရက်ရောစွာ ဝေမျှကြပါစို့။ လူသည် အဆင်ပြေ သောအခါ သူတပါး ခက်ခဲခြင်းကို မေ့လျော့ တတ်သည်။ ဝေမျှခြင်းသည် ဘုရား၏ အလိုတော် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ပေးဝေသောသူ ဖြစ်သည်။

၁ရ။ သင်တို့ကို အုပ်သော သူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက် နေကြလော့။ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသော သူကဲ့သို့၊ သင်တို့ စိတ် ဝိညာဉ်၏ အကျိုးအလိုငှါ စောင့် နေကြ၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ ၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက် နေကြလော့။
လူ၌ အလွယ်ဆုံးနှင့် အခက်ဆုံးအရာသည် နားထောင်ခြင်း ဖြစ်သည်။ အာဒံသည် ဘုရား စကား နားမထောင်၊ စာတန် စကားကို နားထောင်ကြောင့် အပြစ်သား ဖြစ်ရသည်။ ခရစ်တော်သည် ဘုရား စကား နားထောင်ခြင်းကြောင့် လူတိုင်း ​ဖြောင့်မတ်သော အခွင့်ကို ရရှိစေနိင်သည် (ရော ၅:၁၉)။ နားမထောင်ခြင်းသည် စိတ်မနှိမ့်ချသောကြောင့် ဖြစ်သည်။ မတတ်နိင်သော အချိန်တွင် စိတ်နှိမ့်ချဘို့ လွယ်သော်လည်း၊ တတ်နိင်သော အချိန်တွင် စိတ်နှိမ့်ချခြင်းသည် အလွန် ခက်သည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင် စကားကို နားထောင်၍ စိတ်နှိမ့်ချဘို့ လိုအပ်သည်။ ဝိညာဉ် ပိုင်း ဦးဆောင် သူများသည် ယုံကြည်သူများ၏ အကျိုးကို စောင့် နေကြသော သူများ ဖြစ်သည်။ ထို့ကြောင့် သူူတို့၏ ဦးဆောင်မှုကို နာခံသင့်သည်။ ခေါင်းဆောင် အတုများသည် အသင်းသား များ၏ အကျိုးကို ဂရုမစိုက်သော်လည်း၊ အစစ်များမူ အသင်းသားများဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက် စေဘို့ရန် အစဉ်သတိပြုကြသည်ကို သိသင့်သည်။

၁၈။ ငါတို့အဘို့ ဆုတောင်း ကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်လျက်၊ အရာရာ တို့၌ ကောင်းမွန်စွာ ကျင့်နေခြင်းငှါ အလိုရှိသောသူ ဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။ ၁၉။ ငါသည် သင်တို့ ရှိရာသို့ အလျှင်အမြန် ပြန်ရသော အခွင့်ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်း မည်အကြောင်း ငါသည် သာ၍ နိုးဆော်တောင်းပန်၏။
“ငါတို့ အဘို့ ဆုတောင်း ကြလော့” ယုံကြည်သူများသည် အချင်းချင်း ဆုတောင်း ပေးဘို့ လိုအပ်သည်။ ဝိညာဉ် ရေးရာ၌ ကြိီးရင့်သော သူများ ကသာ ဆုတောင်း ပေးဘို့ မဟုတ်၊ ငယ်ရွယ်သော သူများကလည်း ဆုတောင်း ပေးဘို့ လိုသည်။ ဆုတောင်းရမည့် အချက်မှာစာရေးသူသည် ယုံကြည်သူများထံ အမြန် ပြန်လာနိင်သော အခွင့်ရှိဘို့ ဆုတောင်း ခိုင်း ဖြစ်သည်။ ယခုမှစ၍ ဆရာများထံ ဆုတောင်း ခံခြင်း သာမက၊ ဆရာများအတွက် ဆုတောင်း ပေးကြပါစို့။

၂၀။ ထာဝရ ပဋ္ဋိညာဉ်တရား၏ အသွေးတော် အားဖြင့်၊ သိုးများကို ထိန်းသော သိုးထိန်းကြီး ဖြစ်သော ငါတို့ သခင်ယေရှုကို သေခြင်း မှနှုတ်ဆောင် တော်မူသော၊ ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည်၊ ၂၁။ မိမိနှစ်သက် တော်မူသော အမှုအရာ ကို ယေရှုခရစ် အားဖြင့်၊ သင်တို့၌ ပြု တော်မူ၍ ၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသော အကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင် တော်မူ ပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီး တော်မူ စေသတည်း။ အာမင်။
“ထာဝရ ပဋ္ဋိညာဉ်တရား၏ အသွေးတော် အားဖြင့်၊ ” ခရစ်တော်က၊ “ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများ တို့၏ အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ ခရစ်တော်အားဖြင့် ပြုသော ပဋ္ဋိညာဉ်သည် ထာဝရ တည်တန့််မှာ ဖြစ်သည်။

“သိုးများကို ထိန်းသော သိုးထိန်းကြီး ဖြစ်သော ငါတို့ သခင်ယေရှု” သခင်ယေရှုက၊ “ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ၊ မိမိအသက်ကို စွန့်တတ်၏။” (ယော ၁၀:၁၁) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် ရိုးရိုးသိုးထိန်း မဟုတ်၊ ကောင်းသော သိုးထိန်း ဖြစ်သည်။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ မိမိအသက်ကို စွန့်တတ်သည်။ ဒါဝိဒ်လည်း ကောင်းသော သိုးထိန်း ဖြစ်သည်။ အကြောင်းမှာ သိုးတို့ကို ကိုက်စားမည့် ခြင်္သေ့နှင့် ဝံကို သတ်ခဲ့သည် (၁ရာ ၁ရး၃၄-၃၆)။ ကောင်းသော သိုးထိန်း (သင်းအုပ်) များသည် သိုး တည်းဟူသောအသင်းသားများအတွက် အနစ်နာခံနိင်သည်။

“သခင်ယေရှုကို သေခြင်း မှနှုတ်ဆောင် တော်မူသော၊ ” သခင်ယေရှုကို သေခြင်း မှနှုတ်ဆောင် တော်မူသော သူသည်၊ ခမည်းတော် ဘုရား ပင် ဖြစ်သည် (ရော ၆:၄)။

“ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည် ၊ ” ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင်သည် ခမည်းတော်နှင့် သခင်ယေရှု ဖြစ်သည်။ သခင်ယေရှုက၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုခဲ့သည်။ ထို့ကြောင့် ငြိမ်သက်လိုလျှင် ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။

“မိမိ နှစ်သက် တော်မူသော အမှုအရာ ကို ယေရှုခရစ် အားဖြင့်၊ သင်တို့၌ ပြု တော်မူ၍ ၊ ” ဘုရားသခင်သည် သူနှစ်သက်သော အရာ ကို ယေရှုခရစ်အားဖြင့် ​ကျွန်ပ်တို့ အပေါ် ပြုလုပ် ချင်သည်။ ထိုအရာကိုကိုယ်ကခွင့်ပေးဘို့ ဖြစ်သည်။

“သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသော အကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင် တော်မူ ပါစေသော” ဘုရား အလိုတော် အတိုင်း လိုက်၍ ကောင်းသော အကျင့်အမျိုးမျိုး ပြုလုပ် ဘို့ရန်၊ လူအားဖြင့် မဖြစ်ပါ၊ ဘုရား ကသာ ပြုလုပ် နိင်သည်။

၂၂။ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်း ဩဝါဒစကား ကိုသည်း ခံမည်အကြောင်း၊ ငါသည် သင်တို့ကို နိုးဆော်တောင်းပန်၏။ ၂၃။ ငါတို့ ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည် အရာကို သိမှ တ်ကြလော့။ သူသည် မကြာမမြင့်မှီရောက်လျှင်၊ ငါသည် သူနှင့်အတူ လာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။
ဤဟေဗြဲစာရေးသော သူသည် မည်သူ ဖြစ်မှန်း မထင်ရှားပါ။ အငယ် ၂၃၌ တိမောသေနာနှင့်အတူ လာမည်ဟု ရေးထားသောကြောင့် ပေါလု ဖြစ်မည်ဟု ယူဆရသည်။ စာရေးသူကဟေဗြဲစာကို ရေးခြင်းသည် ဆုံးမခြင်း ဩဝါဒစကား ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့်၊ “ထိုမေလခိဇေဒက်၏ အကြောင်းကို ငါတို့ ပြောစရာ စကား အများရှိ၏။ သို့သော်လည်း ၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍ ၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကို သာသုံးဆောင်ရသောသူ ဖြစ်ကြ၏။” (ဟေ ၅:၁၁-၁၂)ဟု အပြစ် တင်ခဲ့သည်။

၂၄။ သင်တို့ကို အုပ်သောသူ အပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူ အပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည် သူပြည်သား တို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ၂၅။ သင်တို့ အပေါင်း၌ ကျေးဇူးတော် ရှိစေသတည်း။ အာမင်။
စာရေးသူသည် ဣတလိပြည် မှာရှိကြောင်း ထင်ရှားသည်။ စာရေးသူသည် အခြားသော ယုံကြည်သူများ၏ နှုတ်ဆက်ခြင်း ကိုလည်း ရေးသား ထားသည်။ ယုံကြည်သူများသည် သွေးသား မတော် စပ်လျှင် လည်း၊ ဘုရား၏ သားသမီး များဖြစ်ကြသောကြောင့် တယောက်နှင့် တယောက် ချစ်ကြ၊ ခင်ကြ၊ ဂရုစိုက် ကြသည်။

အခန်း (၁၃) မေးခွန်းများ

၁။ ခရစ်တော်၏ တပည့် ဖြစ်သည်ကို ဘာအားဖြင့် သိနိင်မည်နည်း။

၂။ ဘုရားသခင်သည် ဧည့်သည်ကို ချစ်သလော။ ဣသရေလ လူများလည်း ဘာကို ချစ်ခိုင်းသနည်း။

၃။ မည်သူတို့က ကောင်းကင်တမန် များကို ဧည့်ခံခဲ့သနည်း။

၄။ ယုံကြည်သူများသည် မည်သူတို့ကို သတိရရမည်နည်း။

၅။ လင်မယား ဆက်ဆံခြင်းသည် အပြစ်ရှိသလော။

၆။ လူအချို့တို့သည် အဘယ်ကြောင့်ယုံကြည်ခြင်း တရားလမ်းမှလွှဲသွားကြသနည်း။

ရ။ မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ်သည် အဘယ်အရာနည်း။

၈။ ငွေ၏ ​ကျွန် ဖြစ်လျှင် မည်ကဲ့သို့ နေသနည်း။

၉။ အဘယ်ကြောင့်ရှိသမျှနှင့် ရောင့်ရဲဘို့ လိုသနည်း။

၁၀။ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်း ပစ်၍ မထားဟူသောအရာသည် အဘယ်ကျမ်းပိုဒ်များ ဖြစ်သနည်း။

၁၁။ ထာဝရ ဘုရားကို ခိုလှုံသော သူသည် မည်သည့်အရာကို ကြောက်ရသနည်း။

၁၂။ အဘယ်ကြောင့် ယုံကြည်သူများနှင့် ဦးဆောင် သူများ ဝိညာဉ် ရေးရာ၌ မှီအောင် လိုက်ဘို့ လိုသနည်း။

၁၃။ အဘယ်ကြောင့်ယေရှုသည် မပြောင်းမလဲရှိနိင်သနည်း။

၁၄။ ယေရှုကို အဘယ်ကြောင့့််အားကိုး နိင်သနည်း။

၁၅။ အဘယ်ကြောင့်အယူဝါဒအမျိုးမျိုး ပေါ်ပေါက်ရသနည်း။

၁၆။ တဲတော်၌ ဝတ်ပြုသော သူတို့ စားရသော အခွင့်မရှိသော ယဇ်သည် အဘယ်အရာနည်း။

၁ရ။ တပ်ပြင်၌ မီးရှို့ရသော ယဇ်သည် ဘာယဇ် ဖြစ်သနည်း။

၁၈။ ယေရှုသည် မည်သည့်နေရာ၌ အသေခံ ခဲ့သနည်း။

၁၉။ လူအများစုသည် အဘယ်ကြောင့်ယေရှု မရှိသော နေရာ၌ ပျော် နေကြသနည်း။

၂၀။ ယုံကြည်သူများအတွက် ဤလောက၌ မြို့ရှိပါသလား။

၂၁။ နှုတ်ခမ်းအသီးသည် အဘယ်အရာကို ဆိုလိုသနည်း။

၂၂။ ဘုရားသခင်က ကပ်ဆည်းနည်းသော သူကို နှစ်သက်ပါသလား။

၂၃။ အလွယ်ဆုံးနှင့် အခက်ဆုံးသည် အဘယ်အရာနည်း။

၂၄။ ခေါင်းဆောင် အစစ်နှင့် အတုသည် မည်ကဲ့သို့ ခြားနားသနည်း။

၂၅။ ငယ်သော သူများကလည်း ကြီးသော သူများအတွက် ဆုတောင်း ပေးဘို့ ပါသလား။

၂၆။ ထာဝရ ပဋ္ဋိညာဉ်တရားသည် မည်သည့်အရာကို ဆိုုလိုသနည်း။

၂ရ။ သခင်ယေရှုခရစ်သည် မည်ကဲ့သို့သော သိုးထိန်း ဖြစ်သနည်း။

၂၈။ ငြိမ်သက်ခြင်းသည် မည်သူ၌ ရှိသနည်း။

၂၉။ ဟေဗြဲစာကို ရေးသော သူသည် မည်သူ ဖြစ်နိင်သနည်း။ အဘယ်ကြောင့်နည်း။

၃၀။ ဤစာကို မည်သည့်နေရာမှရေးသနည်း။

Part 1 ပြန်သွားရန်

Scroll to Top