Book: Salvation (a)

Home   >   Bookstore    >   Salvation

salvation-lessons-bur

ကယ်တင်ခြင်း သင်ခန်းစာများ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

PART A

အမှာစာ

ဤ ကယ်တင်ခြင်း သင်ခန်းစာများသည် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်၌ ရေးသား ခဲ့သောအရာဖြစ်သည်။ အစပိုင်း၌ သင်ခန်းစာ ၁၈ ခု ထိသာရှိခဲ့သော်လည်း နောက်ပိုင်း၌ ၂၄ အထိတိုးချဲ့ကာရေးသားထားသည်။ ယခုအခါအသစ်တဖန် ပြင်ဆင်၍ရေးသားထားပါသည်။ ဤသင်ခန်းစာများကို ရေးသားခွင့်ပေးတော်မူသောအဘထာ၀ရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ဤသင်ခန်းစာများကိုသေသေချာချာဖတ်ရှုဖြေဆိုခြင်းအားဖြင့်ဘုရားသခင်၏အလိုတော်တည်း ဟူသောကယ်တင်ခြင်းအကြောင်းကိုသိရှိနားလည်လက်ခံနိုင်သည်။ ထို့ကြောင့်ပေါ့ပေါ့ဆဆမဖတ်ဘဲ လေးလေးစားစားတန်ဘိုးထား၍ဖတ်ရှုကာမေးခွန်းများကိုဖြေစေချင်ပါသည်။ မေးခွန်းများဖြေဆိုခြင်းအားဖြင့်ပို၍နားလည်စေပါသည်။ အဖြေများကိုသီးခြားစာရွက်ဖြင့်ရေး၍အောက်ပါလိပ်စာ၌ ပေးပို့စေလိုပါသည်။ သင်ဖြေဆိုသောအဖြေများကိုစစ်ဆေးပြီးမှသင့်ထံသို့ ပြန်လည်ပေးပို့ပါမည်။ ဤသင်ခန်းစာဖြေဆိုပြီးသောနောက်ပညတ်တော်များနှင့်ယဇ်ပူဇော်ခြင်းများ သင်ခန်းစာများဖြေဆိုနိုင်ပါသည်။ ထိုစာအုပ်ကိုလိုချင်ပါကအောက်ပါလိပ်စာ၌မှာယူနိုင်ပါသည်။ ဤသင်ခန်းစာများအားဖြင့်မိတ်ဆွေ၏၀ိညာဥ်ရေးရာပြောင်းလဲ၍ဘုရားသခင်၏ ကယ်တင်ခြင်းကိုစိတ်ချကာဘုရားသခင်အဘို့အလိုငှါအသက် ရှင်နိုင်သောသူဖြစ်ပါစေသော်။ အာမင်။

ခရစ်တော်၌
Rev. Moses Cung

.

မာတိကာ

.

သင်ခန်းစာ (၁)

ဘုရားသခင်၏အလိုတော်

မိတ်ဆွေ အပါအ၀င်ကမ္ဘာပေါ်ရှိလူသားတိုင်းကယ်တင်ခြင်းသို့ ရောက်ဘို့ရန်ဘုရားသခင်အလိုတော်ရှိသည်။ ၁ တိမောသေ ၂:၄ ၌၊ "လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါဘုရားသခင်အလိုတော်ရှိ၏။"ဟုဆိုထားပါသည်။ မိတ်ဆွေသည်လည်းလူအပေါင်း၌ပါ၀င်သောကြောင့်ဘုရားသခင်သည်မိတ်ဆွေကိုကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ မိတ်ဆွေ၊ ကယ်တင်ခြင်းသို့ရောက်လိုပါသလား။

ယုံကြည်ခြင်းအားဖြင့်
မိတ်ဆွေသည်ကယ်တင်ခြင်းသို့ရောက်ရန်ကျမ်းစာကဤသို့ဆိုထားပါသည်၊ "ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏၊" (ဧဖက် ၂:၈)။ တနည်းအားဖြင့်ကျေးဇူးတော်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။ ကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းသည် ဘုရားသခင်၏တာ၀န်ဖြစ်သည်။ ယုံကြည်ဘို့ရန်မှာလူ၏ တာ၀န်ဖြစ်သည်။ ဘုရားသခင်အနေဖြင့်လူတိုင်းကယ်တင်ခြင်းသို့ရောက်ဘို့ရန်ကျေးဇူးပြုခဲ့ပြီးပြီ။ ထိုကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းကိုယုံကြည်ဘို့ရန်သာလိုတော့သည်။ မိတ်ဆွေ၊ ယုံကြည်လိုပါသလား။

ဘုရားအပိုင်း         လူအပိုင်း
---------                   -------
ကျေးဇူးပြုခြင်း + ယုံကြည်ခြင်း = ကယ်တင်ခြင်း

ကြားနာခြင်းအားဖြင့်
ကယ်တင်ခြင်းသို့ ရောက်ရန်လူ့အပိုင်းမှလိုအပ်ချက်သည် ယုံကြည်ခြင်းဖြစ်ကြောင်းဖေါ်ပြခဲ့ပြီးပြီ။ သို့ဖြစ်လျှင် ယုံကြည်ခြင်းသည်အဘယ်ကဖြစ်သနည်း။ ကျမ်းစာက၊ "ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အားဖြင့်ဖြစ်၏။"ဟုဆိုထားသည် (ရောမ ၁၀:၁ရ)။ ထို့ကြောင့် ကြားနာခြင်းမရှိလျှင် ယုံကြည်ခြင်းမရှိနိုင်ချေ။ ရော ၁၀:၁၄ ၌လည်း၊ "သတင်းမကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်:။"ဟုဆိုထားပါသည်။ ထို့ကြောင့်ယုံကြည်နိုင်ဘို့ရန်ကြားနာဘို့လိုသည်။

သဘောတူထောက်ခံခြင်း
ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်ကြောင်းသိရပြီ။ သို့သော်ကြားရသောအရာကိုသဘောမတူ၊ မထောက်ခံ၊ သံသယရှိလျှင်ယုံကြည်သည်ဟုမဆိုနိုင်သေးချေ။ မိမိကြားရသောစကားကိုသဘောတူ၊ ထောက်ခံခြင်း၊ သံသယလည်းမရှိမှသာလျှင်ယုံကြည်သည်ဟုဆိုနိုင်သည်။ တနည်းအားဖြင့်မိမိကြားသည့်အတိုင်းပြန်လည်ပြောပြခြင်း၊ ၀န်ခံခြင်းရှိမှ ယုံကြည်ခြင်းဟုဆိုနိုင်သည်။ ဥပမာ၊ လူတယောက်ကသူ၏ နာမည်သည်မောင်မောင်ပါဟုမိတ်ဆက်လျှင်ကြားရသောသူကသူ့စကားကို ထောက်ခံနိုင်၊ သဘောတူနိုင်ပါက ယုံကြည်သည်ဟုဆိုနိုင်သည်။ ကြားသောသူကဟုတ်ကဲ့၊ သင်ပြောသည့်အတိုင်း သင်သည်မောင်မောင်ဖြစ်ပါသည်ဟုသဘောတူမှသာလျှင်ယုံကြည်သည်ဟုဆိုနိုင်သည်။

ပို၍ယုံသင့်သောအရာ
လူသည် လိမ်ညာ၍ မုသာစကားကို ပြောတတ်သည်။ သို့သော်လည်း တယောက်နှင့်တယောက် ယုံကြည်တတ်ကြသည်။ အပြောကောင်းလျှင် ပို၍ယုံလွယ်ကြသည်။ သို့သော် မုသာမပြောဘူးသော ဘုရား၏စကားကိုမူ မယုံကြည်တတ်ကြ၊ ဘုရား၏ ကတိတော် များကို သံသယရှိတတ်ကြသည်။ ဘုရား၏ကတိတော်ထက် လူလူချင်းပေးသော ကတိများကို ပို၍ယုံတတ်ကြသည်။ သို့သော်ကျမ်းစာက၊ "လူ၏ သက်သေကို ယုံရလျှင် ဘုရားသခင်၏ သက်သေတော်ကို ပို၍ယုံဘွယ်ရာအကြောင်းရှိ၏။"ဟုဆိုထားပါသည် (၁ ယော ၅:၉)။ လူပြောသော စကားထက် ဘုရားပြောသောစကားကို ပို၍ယုံသင့်သည်ဟုဆိုထားပါသည်။ မိတ်ဆွေသည် ဘုရားစကားနှင့် လူ့စကားအနက် မည်သူ၏စကားကို ပို၍ယုံပါသနည်း။ ဘုရားပြောသောစကားကို ပို၍ယုံသင့်သည်ဟု မိတ်ဆွေဖြေလျှင် ဘုရားပြောသမျှကို ထောက်ခံနိုင်ရမည်။ မိတ်ဆွေ မသိ နားမလည်နိုင်သော်လည်းသံယကင်းစွာသဘောတူရမည်။

အမြင်မတူသောကြောင့်
လူသည်အဘယ်ကြောင့်ဘုရားစကားကိုမယုံနိုင်သနည်း။ အဘယ်ကြောင့်ဘုရားစကားကိုအလွယ်တကူမထောက်ခံနိုင်သနည်းဟူမူကားဘုရားအမြင်နှင့်လူ့အမြင်၊ ဘုရားအကြံနှင့်လူ့အကြံ၊ မတူညီကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က၊ "ထာ၀ရဘုရားသည်လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။" ဟုဆိုထားသည် (၁ ရာ ၁၆:ရ)။ တဖန် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ "ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင်သည်မြေကြီးထက်သာ၍ မြင့်သကဲ့သို့ ငါ၏အကျင့်သည်သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်၎င်း၊ မြင့်၏။" ဟုဆိုထားပါသည် (ဟေရှာယ ၅၅:၈-၉)။ ထို့ကြောင့်လူသည်ဘုရားသခင်၏စကားကိုယုံကြည်နိုင်ရန်မှာဘုရား မြင်သကဲ့သို့မြင်၍ကိုယ့်အမြင်ကိုပယ်ဘို့လိုသည်။ ကိုယ့်အကြံအစည်ကိုပယ်၍ဘုရား၏အကြံအစည်အတိုင်း လက်ခံဘို့လိုသည်။

မတူညီချက်များ
ဘုရားအမြင်နှင့်လူ့အမြင်မတူညီချက်များ၊
(က) ဘုရားအမြင်၌လူ၏၀ိညာဥ်သည်တန်ဘိုးရှိသည်။ လူ့အမြင်၌ခန္ဓာသည်တန်ဘိုးရှိသည် (မဿဲ ၁၆:၂၆)။
(ခ) ဘုရားကနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကိုအရင်ရှာခိုင်းသည်။ လူကလောကအရာကိုသာရှာနေသည် (မဿဲ ၆:၃၁-၃၃)
(ဂ) ဘုရားကအထက်အရာကိုစွဲလန်းခိုင်းသည်။ လူကမြေကြီးအရာကိုသာစွဲလန်းနေကြသည် (ကော ၃:၂)။                          (ဃ) ဘုရားကဘဏ္ဍာများကိုကောင်းကင်၌စုခိုင်းသည်။ လူက မြေကြီးပေါ်မှာစုထားကြသည် (မဿဲ ၆:၁၉)။
(င) ဘုရားကအကောင်းဟုဆိုလျှင်လူကအဆိုးဟုဆိုသည်။ ဘုရားကအချိုဟုဆိုလျှင်လူကအခါးဟုဆိုသည် (ဟေရှာယ ၅:၂၀)။
ဆက်လက်ဖေါ်ပြပါကဘုရားနှင့်လူ့အမြင်၊ အကြံချင်းတူညီချက်မရှိ။ အမြဲဆန့်ကျင်ဘက်ဖြစ်ကြသည်။ ထို့ကြောင့် အမြင်ချင်းမတူညီသောဘုရား၏စကားကိုလူ့အနေဖြင့်ယုံကြည်ဘို့ရန်ခက်နေသည်။

ပယ်ဘို့ လိုသည်
ထိုသို့ဘုရားအမြင်နှင့်လူ့အမြင်၊ ဘုရားအကြံတော်နှင့်လူ၏အကြံ၊ မတူညီသောကြောင့်တဖက်ဖက်၌မှားယွင်းနေပေမည်။ သို့ဖြစ်လျှင်မည်သူမှားနိုင်သနည်း။ ဘုရားသည်မှားနိုင်မည်မဟုတ်။ လူ၏အမြင်သာလျှင်မှားပေမည်။ ထို့ကြောင့်လူသည် မိမိအမြင်နှင့်အကြံကိုပယ်၍ဘုရား၏အမြင်၊ အကြံအတိုင်းလက်ခံဘို့လိုသည်။ ထိုသို့ဘုရား၏အမြင်အတိုင်းမြင်၍ဘုရား၏အကြံအတိုင်းလက်ခံမှသာလျှင်ဘုရားသခင်ကို ယုံကြည်နိုင်သည်။ စိတ်နှလုံးခိုင်မာသောသူနှင့်ငါသည်ပညာရှိသည်ဟုထင်မှတ်သောသူတို့သည်မိမိအမြင်နှင့်အကြံကိုမပယ်နိုင်သောကြောင့်ဘုရားသခင်ကိုမယုံကြည်နိုင်ကြချေ။ ဘုရား၏အမြင်အတိုင်းမြင်၍ ဘုရား၏အကြံအတိုင်း လက်ခံလိုပါသလား။ ဘုရားသခင်ကိုယုံကြည်လိုပါသလား။

                          သင်ခန်းစာ (၁) မေးခွန်းများ
၁။ ဘုရား၏အလိုတော်သည်လူတိုင်း ------------သို့ ရောက်ဘို့ရန်ဖြစ်သည်။
၂။ ကယ်တင်ခြင်းသို့ ရောက်ဘို့ရန်ဘုရားဘက်မှ-------- ပြု၍၊ လူဘက်မှ--------ဘို့လိုသည်။
၃။ ယုံကြည်ခြင်းသည် -------ခြင်းအားဖြင့်ဖြစ်၏။
၄။ ယုံကြည်ခြင်းသည်ကြားသောအရာကို ---------ခြင်းဖြစ်၏။
၅။ လူ၏စကားထက် --------၏စကားပိုယုံသင့်သည်။
၆။ လူကဘုရားစကားကို မယုံနိုင်ခြင်းသည် -----------------ခြင်းမတူညီသောကြောင့် ဖြစ်သည်။
ရ။ ဘုရားသခင်ကလူ၏ -------ကိုတန်ဘိုးထား၍လူက------ကိုတန်ဘိုးထားသည်။
၈။ ဘုရားကနိုင်ငံတော်နှင့် -----------ခြင်းကိုရှာခိုင်းသော်လည်းလူက---------ကိုသာရှာသည်။
၉။ ဘုရားနှင့်လူ့အမြင်၌ --------အမြင်သာမှန်သည်။
၁၀။ ဘုရားစကားကိုယုံနိုင်ရန်-----အမြင်ကိုပယ်၍ ------၏အမြင်ကိုလက်ခံဘို့လိုသည်။

.

သင်ခန်းစာ (၂)

ဘုရားသခင်တရားသူကြီး

သင်ခန်းစာ (၁)၌ ဘုရားသခင်ကိုယုံကြည်နိုင်ရန် ဘုရားသခင်၏ အမြင်အတိုင်းမြင်ဘို့လိုသည်ဟုသိခဲ့ရပြီ။ ဘုရားသခင်၏ အမြင်သာလျှင် မှန်၍လူ၏အမြင်သည်မှားကြောင်းသိခဲ့ရပြီ။ အဘယ်ကြောင့်ဘုရားသခင်၏အမြင် သာလျှင်မှန်၍လူ၏အမြင်မှားသည်ဟုဆိုနိုင်သနည်း။

တရားသူကြီး
အပြစ်သားများကိုတရားစီရင်သောသူသည်တရားသူကြီး ဖြစ်သည်။ တရားဆုံးဖြတ်ရာတွင်တရားသူကြီး၏အမြင် အတိုင်းသာလျှင်ဆုံးဖြတ်ရသည်။ တရားခံသည်ကိုယ့်ကိုယ်ကို မည်မျှပင်အပြစ်ကင်း၍ဩတ္တပ္ပစိတ်ကြည်လင်စေကာမူ တရားသူကြီးကအပြစ်ရှိသည်ဟုမြင်လျှင်အပြစ်ပေးခြင်းခံရမည်သာဖြစ်သည်။ ထို့နည်းတူတလောကလုံးရှိလူသားများကို တရားစီရင်မည့်သူသည်ထာ၀ရဘုရားပင်ဖြစ်သည်။ ကျမ်းစာ၌၊ "ထာ၀ရဘုရားသည်ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။" ဟုဆိုထားသည် (ဟေရှာ ၃၃:၂၂)။ ထို့ကြောင့် ထာ၀ရဘုရား၏အမြင်၊ အဆုံးအဖြတ်သာလျှင်အတည်ဖြစ်၍ အရေးကြီးသည်။ ကျွန်ပ်နှင့်မိတ်ဆွေ၏ အမြင်သည်အရေးမကြီးပါ။

ဖန်ဆင်းသောကြောင့်
တရားသူကြီးကိုအာဏာရအစိုးရကခန့်အပ်ထားသည်။ သို့ဖြစ်လျှင်ထာ၀ရဘုရားကိုမည်သူကတရားသူကြီးအဖြစ်ခန့်အပ်သနည်း။ ထာ၀ရဘုရားကိုတရားသူကြီးအဖြစ်ခန့်အပ်သောသူသည်သူကိုယ်တိုင်ပင်ဖြစ်သည်။ အကြောင်းမှာ လူသားများကိုဖန်ဆင်းသူဖြစ်သည်။ မိဘများသည်ကိုယ်မွေးသောသားသမီးများကို ဆုံးမပိုင်ခွင့်ရှိသကဲ့သို့ထာ၀ရဘုရားလည်းသူဖန်ဆင်းသောလူသားများအပေါ်တရားစီရင်ပိုင်ခွင့်ရှိသည်။

မသိသော်လည်း
မိတ်ဆွေသည်တရားသူကြီးကိုမသိသော်လည်းအပြစ် ကျူးလွန်ပါကသူနှင့်ရင်ဆိုင်ရမှာဖြစ်သည်။ ထို့နည်းတူမိတ်ဆွေအနေဖြင့်တရားသူကြီးဖြစ်သောထာ၀ရဘုရားကိုမသိသော်လည်း၊ ဂရုမစိုက်သော်လည်းတနေ့ကျလျှင်သူ၏ တရားစီရင်ခြင်းကိုခံရမည်သာဖြစ်သည်။ ကျမ်းစာက၊ "တဖန်တုံပလ္လင်ဖြူကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍ သူတို့ နေစရာ အရပ်မရှိ။ သေလွန်သော သူအကြီး အငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ် နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင်တည်း ဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း စာစောင်၌ ရေးထားချက်များနှင့် အညီတရားစီရင်ခြင်းကို ခံရကြ၏။"ဟုရေးထားသည် (ဗျာ ၂၀:၁၁-၁၂)။ အထက်ပါ တရားစီရင်ခြင်းသည် နောက်ဆုံးသော အချိန်၌ ဖြစ်သည်။ ကမ္ဘာလည်း ကုန်၍ လူများ အားလုံးလည်း သေပြီးမှ ဖြစ်မည်။ တရားစီရင်ခြင်း ခံရမည့်သူ များသည် သေလွန်သော သူများ ဖြစ်သည်။ လူထင်မှတ်တတ်သည် မှာလူသည် သေလျှင် ပြသနာ ကင်း၍ အေးချမ်းမည်ဟူ၍ ဖြစ်သည်။ ထိုသို့ ထင်မှတ်ခြင်းသည် စာတန်၏ လှည့်ဖျားမှုနှင့် မသိ နားမလည် မှု၏အား နည်းချက် ဖြစ်သည်။ အမှန်မှာ ပြသနာသည် သေပြီးမှပိုများ ကာ ဘယ် သောအခါမှ ဖြေရှင်း နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သေကြောင်း ကြံစည်ခြင်း အားဖြင့် ပြသနာ မ ဖြေရှင်းဘို့ သတိပေးလိုပါသည်။ မိတ်ဆွေသည် သေလွန်သော်လည်း တရားစီရင်ခြင်း ခံရဦးမှာ ဖြစ်သည်။ တဖန် ကျမ်းစာက၊ "လူသည် တခါတည်း သေ၍ ထို့နောက်မှတရားစီရင်ခြင်း ခံရ သကဲ့သို့၊" ဟုဆိုထား ပါသေးသည် (ဟေဗြဲ ၉:၂ရ)။ လူသည် သေလွန်သော်လည်း တရားစီရင်ခြင်း ခံရဦးမည်။ ထိုကြောင့်သေခြင်း ဖြင့် ပြသနာ မအေးသေးချေ။ တရားစီရင်ခြင်း ခံရဦးမှာ ဖြစ်သောကြောင့် မသေမှီ ကြိုတင် ပြင်ဆင်ဘို့ လိုသည်။

မယုံသော်လည်း
မိတ်ဆွေ အနေဖြင့် ထာ၀ရ ဘုရားကို မိတ်ဆွေ၏ အပြစ် စီရင်မည့် တရားသူကြီး အဖြစ်မယုံကြည်ဘဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော်မိတ်ဆွေ၏ မယုံကြည်ခြင်း ဖြင့် ထာ၀ရ ဘုရားသည် တရားသူကြီး အဖြစ်မှလျှောကျသွားမည် မဟုတ်ပါ။ နောဧလက်ထက်၌ လည်း ထာ၀ရ ဘုရားသည် မြေကြီးကို ရေလွှမ်းမိုးခြင်း အားဖြင့် တရားစီရင်မည့် အရာကို နောဧအားဖြင့် သတိပေးခဲ့သော်လည်း ထိုခေတ်က လူများသည် မယုံကြည် ကြ။ သို့သော် သူတို့၏ မယုံကြည်ခြင်း အားဖြင့် တရားစီရင်ခြင်းကို မဆီးတားနိုင်ကြ။ ထိုမယုံကြည်သူ များသည် ရေလွှမ်းမိုးခြင်း အားဖြင့် သေကြေပျက်စီးကြသည် (ကမ္ဘာဦး ရ:၂၀-၂၃၊ ၁ ပေ ၃:၁၉-၂၀)။ ဗာဗုလုန်နိုင်ငံကို အုပ်စိုးခဲ့သော နေဗုခဒ်‌နေဇာမင်းကြီးလည်း သူ့ကိုယ်သူ ချီးမြှောက်၍ ၀ါကြွား သောအခါ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံခဲ့ရသည်။ လူစင်စစ်မှ တိရစ္ဆာန်စိတ် ၀င်ကာ လူစုထဲမှ နှင်ထုတ်ခြင်း ခံခဲ့ရလေသည်။ ကောင်းကင်မှအသံက၊ "အမြင့်ဆုံးသော ဘုရားသခင်သည်လောကီနိုင်ငံကို အုပ်စိုး၍ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို မင်းကြီး မသိမမှတ်မီ ကာလ ခုနှစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်စားရမည်။" ဟုဆို၏ (ဒံ ၄:၃၂)။ နေဗုခဒ်နေဇာမင်းကြီးသည်ဘုရားသခင် စီရင်သည့်အတိုင်း တိရစ္ဆာန်ကဲ့သို့ ခုနှစ်နှစ် ဖြစ်ပြီး နောက်၊ "အမြင့်ဆုံးသော ဘုရားသခင်ကို ကောင်းကြီး ပေး၍ ထာ၀ရအသက် ရှင် တော်မူသော ဘုရားကို ထောမနာပြု၏။ အာဏာတော်သည် ထာ၀ရ အာဏာ ဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက် တည်၏။ မြေကြီသား အပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ် သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေတို့၌ ၎င်း၊ မြေကြီးသား တို့၌ ၎င်း၊ အလိုတော် ရှိသည့်အတိုင်း စီရင်ပြုပြင် တော်မူ၏။ လက်တော်ကို အဘယ်သူ မျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟုကိုယ်တော်ကို ဆိုနိုင်သော သူမရှိ" ဟု ဘုရားသခင်၏ တန်ခိုးတော်နှင့် အာဏာတော်ကို ၀န်ခံသွားခဲ့ပါသည် (ဒံ ၄:၃၄-၃၅)။ နေဗုခဒ်နေဇာမင်းကြီးသည် ထာ၀ရ ဘုရားသခင်ကို ယုံကြည်သူ မဟုတ်။ သို့သော် ဘုရားသခင်၏ တရားစီရင် ခြင်းသည် သူကဲ့သို့သော ရှင်ဘုရင် အပေါ်၌လည်း သက်ရောက်၍ မငြင်းဆိုနိုင်ခဲ့ချေ။ သို့ဖြစ်လျှင် မိတ်ဆွေနှင့် ကျွန်ပ်သည် အဘယ်သို့ သောသူ ဖြစ်၍ ဘုရား၏ တန်ခိုးတော်နှင့် အာဏာတော်ကို ငြင်းဆန် တော်လှန် နိုင်မည်နည်း။

ဘုရားသခင်အပြစ်မတင်မှသာ
ထာ၀ရ ဘုရားသည် တလောကလုံး၏ တရားသူကြီးဖြစ်ကြောင်းသိရှိရပြီ။ ထို့ကြောင့် ထာ၀ရဘုရား၏ အပြစ်တင်ခြင်းနှင့် ကင်းလွတ်မှသာလျှင် သက်သာရာရမှာဖြစ်သည်။ ကျမ်းစာက၊ "ထာ၀ရဘုရား အပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သော စိတ် သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။" ဟုဆိုထားပါသည် (ဆာလံ ၃၂:၁-၂)။ ထို့ကြောင့် မိတ်ဆွေ အပါအ၀င် လူသား အားလုံးသည် မိမိအမြင်နှင့်အကြံအစည်အားလုံးကိုစွန့်လွှတ်၍ ထာ၀ရဘုရားသခင်၏အမြင်အတိုင်းမြင်ဘို့၊ စီရင်တော်မူချက်များကိုသိရှိ လက်ခံဘို့လိုအပ်ပါသည်။

သင်ခန်းစာ (၂) မေးခွန်းများ

၁။ အပြစ်သားများကို တရားစီရင်သောသူသည် အဘယ်သူနည်း။ --------------
၂။ တလောကလုံးရှိ လူသားများကို တရားစီရင်မည့်သူသည် ----------- ဖြစ်သည်။
၃။ ထာ၀ရဘုရားသည် အဘယ်ကြောင့်တရားသူကြီးဖြစ်နိုင်သနည်း။ -----------------------
၄။ မိတ်ဆွေသည် တရားသူကြီးကို မသိသော်လည်း အပြစ်ကျူးလွန်ပါကတရားစီရင်ခြင်း ခံရပါမည်လော။ ------
၅။ ဗျာဒိတ် ၂၀:၁၁-၁၂ ၌ မည်သူတို့ တရားစီရင်ခြင်း ခံရကြသနည်း။ --------------
၆။ လူသည် သေသောနောက်မည်သည့်အရာခံရဦးမည်နည်း။ --------------
ရ။ နောဧခေတ်လူများသည် ထာ၀ရဘုရား၏ သတိပေးခြင်းကို မယုံကြသော်လည်း တရားစီရင်ခြင်းခံကြသလော။ ----------------
၈။ နေဗုခဒ်နေဇာမင်းကြီးကို မည်သူကတိရစ္ဆာန်ကဲ့သို့ဖြစ်အောင် တရားစီရင်ခဲ့သနည်း။ ---------------
၉။ နေဗုခဒ်နေဇာမင်းကြီးသည် မည်သူ၏အုပ်စိုးခြင်းကိုပြန်၀န်ခံခဲ့သနည်း။ --------------
၁၀။ မိတ်ဆွေ၊ ထာ၀ရဘုရား၏ တန်ခိုးတော်၊ အာဏာတော်နှင့်တရားစီရင်ခြင်းကို၀န်ခံပါသလား။ --------

.

သင်ခန်းစာ (၃)

နံဝိညာဥ်ဖြင့်ကိုးကွယ်ခြင်း

သင်ခန်းစာ (၂) ၌ ထာ၀ရဘုရားသည် တလောကလုံး၏ တရားသူကြီးဖြစ်ကြောင်းသိရှိရပြီ။ ထိုတရားသူကြီးက သူ့ကိုကိုးကွယ်သောသူသည် နံ၀ိညာဥ်ဖြင့်ကိုးကွယ်ရမည်ဟုဆိုသည်။

နံ၀ိညာဥ်ဖြင့်ကိုးကွယ်ရမည်                                                                                                                                                                               သခင်ယေရှုက၊ "ကိုးကွယ်သောသူမှန်သမျှသည် ခမည်းတော်ကို နံ၀ိညာဥ်နှင့်၎င်း၊ သစ္စတရား ( သမ္မာတရား) နှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန် ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံ၀ိညာဥ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံ၀ိညာဥ်နှင့်၎င်း၊ သစ္စာ ( သမ္မာတရား) နှင့်၎င်း၊ကိုးကွယ်ရမည်၊" ဟုမိန့်တော်မူ၏ (ယော ၄:၂၃-၂၄)။

မည်ကဲ့သို့ကိုးကွယ်ရမည်နည်း

ဘုရားသခင်ကို မည်ကဲ့သို့ နံ၀ိညာဥ်ဖြင့်ကိုးကွယ်ရမည်နည်း။ များသောအားဖြင့် ဤသို့ ယူဆတတ်ကြသည်။ နံ၀ိညာဥ်ဖြင့်ကိုးကွယ်ခြင်းဆိုသည်မှာ၊
(က) စိတ်နှလုံးပါပါနှင့်ကိုးကွယ်ရမည်ဟူ၍၎င်း၊
(ခ) စိတ်ရောကိုယ်ပါကိုးကွယ်ရမည်ဟူ၍၎င်း၊
(ဂ) သစ္စာရှိစွာကိုးကွယ်ရမည်ဟူ၍၎င်း ဖြစ်သည်။
ထိုအရာများသည် နံ၀ိညာဥ်မဟုတ်သောကြောင့် မှားယွင်းနေပါသည်။ စိတ်နှလုံးသည်၀ိညာဥ်မဟုတ်ပါ။

ကိုယ်စိတ်၀ိညာဥ်                                                                                                                                                                                               ဘုရားသခင်သည် လူကိုဖန်ဆင်းသောအခါ ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ် သုံး မျိုးပါ၀င်လျက် ဖန်ဆင်းခဲ့သည်။ ထိုအထဲ၌ ဘုရားနှင့် တူညီသောအပိုင်းမှာ၀ိညာဥ်ဖြစ်ပါသည်။ လူသည်ထို၀ိညာဥ်အားဖြင့် ဘုရားသခင်နှင့်မိဿဟာရဖွဲ့နိုင်သည်။ ထို၀ိညာဥ်အားဖြင့်ဘုရားကို ကိုးကွယ်ရမည်။ ထို၀ိညာဥ်အားဖြင့် ဘုရားနှင့်စကားပြောနိုင်သည်၊ ဘုရား၏အလိုတော်ကိုလည်းသိနိုင်သည်။ အကြောင်းမှာ၀ိညာဥ်အချင်းချင်း ဖြစ်သောကြောင့်ဖြစ်သည်။ ရှင်ပေါလုက၊ "ဘုရားသခင်သည် မိမိ၀ိညာဥ်တော်အားဖြင့် ငါတို့အားဖေါ်ပြတော်မူ၏။" ဟုဆိုထားသည် (၁ ကော ၂:၁၀)။ တဖန်၊ "ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ၀ိညာဥ်တော်သည် ငါတို့၏၀ိညာဥ်နှင့်အတူ သက်သေခံတော်မူ၏။" ဟုဆိုထားသည် (ရော ၈:၁၆)။ ထို့ကြောင့် ဘုရား၏၀ိညာဥ်နှင့် လူ၏၀ိညာဥ်ဆက်နေမှသာလျှင် နံ၀ိညာဥ်ဖြင့်ကိုးကွယ်နိုင်သည်။


အထက်ပါပုံ၌ ဘုရား၏၀ိညာဥ်နှင့် လူ၏၀ိညာဥ်သည် ဆက်နေသည်။ ထို့ကြောင့် လူ၏၀ိညာဥ်သည် ဘုရားသခင်ထံမှ ထာ၀ရအသက် ကိုရရှိခံစားသည်။ ဘုရား၏အလိုတော်ကိုလည်း သိသည်။ ထိုအခါ လူ၏၀ိညာဥ်ကစိတ်နှလုံးကို အုပ်ချုပ်ညွှန်ကြားနိုင်သည်။ တဖန် စိတ်သည် ၀ိညာဥ်၏ညွှန်ကြားချက်အရ ဘုရား၏အလိုတော်ကို သိ၍ကိုယ်ခန္ဓာကို ညွှန်ကြားနိုင်သည်။ ထိုသို့ ဖြင့် စိတ်နှင့်ကိုယ်ခန္ဓာသည် ဘုရား၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် ဘုရား၏ဘုန်းတော်ထင်ရှားစေနိုင်သည်။

ဘုရားနှင့်အဆက်ပြတ်ခြင်း                                                                                                                    လူသားအားလုံး၏ဘခင်ဖြစ်သောအာဒံသည် ဘုရားသခင်နှင့်ဆက်စပ်လျက် အခြေအနေကောင်းရာမှ စာတန်လုပ်ဆောင်ချက် ကြောင့်ဘုရားနှင့် အဆက်ပြတ်သွားခဲ့သည်။ အာဒံသည် စာတန်၏စကားနားထောင်၍ ဘုရားသခင်တားမြစ်ထားသော ကောင်းမကောင်းသိကျွမ်းရာအသီးကို စားလိုက်သည် (ကမ္ဘာ ၃:၁ -ရ)။ ထိုအချိန်မှစ၍ အာဒံသည် ဘုရားသခင်နှင့်အဆက်ပြတ်ကာ အပြစ်သားဘ၀သို့ရောက်ရှိသွားသည် (က ၃:၂၃)။


အထက်ပါပုံအတိုင်း အာဒံသည် ဘုရားစကားနားမထောင်သောကြောင့် သူ၏၀ိညာဥ်နှင့် ဘုရားသခင်၏၀ိညာဥ် အကြားဆက်သွယ်မှုပြတ်တောက်သွားသည်။ ဘုရားနှင့်လူအကြား အပြစ်မိုးတိမ်ကာဆီးနေသည်။ မိုးတွင်း၌နေထွက်သော်လည်းမိုးတိမ်ကြောင့် နေကိုမတွေ့နိုင်သကဲ့သို့ အပြစ်ကြောင့်ဘုရားနှင့်လူကွာခြားစေသည် (ဟေရှာယ ၅၉:၂)။ ထို့ကြောင့်ဘုရားသခင်သည်လူ့၀ိညာဥ်ကို ညွှန်ကြားခြင်းမရှိတော့ချေ။ ထာ၀ရအသက်လည်း ဆုံးရှုံးခဲ့ရသည်။ လူ၏၀ိညာဥ်သည် ဘုရားနှင့်အဆက်ပြတ်သောကြောင့် အသေဖြစ်ကာ စိတ်နှလုံးကိုညွှန်ကြားခြင်း မရှိတော့ချေ။ ထိုအခါ စိတ်သည် ဘုရား၏နေရာကိုယူ၍ မိမိစိတ်ကြိုက်ကိုယ်ခန္ဓာကို ညွှန်ကြားအုပ်ချုပ်လာသည်။ ထို့ကြောင့်ကိုယ်ခန္ဓာသည် စိတ်၏အလိုဆန္ဒအတိုင်းသာအသက်ရှင်လှုပ်ရှားလာတော့သည်။

တိရစ္ဆာန် ဖြစ်ခြင်း
ထိုသို့ စိတ်နှလုံးသည်ကိုယ်ခန္ဓာကို အုပ်ချုပ်လျက်နေသောကြောင့် ဘုရားအလိုတော်နှင့်မကိုက်ညီတော့ချေ။ အာဒံ၏၀ိညာဥ်သည်ရှိနေသော်လည်း မရှိသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာနှင့်စိတ်၏အလိုသို့သာလိုက်ရသည်။ ထိုသို့ စိတ်နှင့်ကိုယ်ခန္ဓာအလိုသို့သာလိုက်သောသူသည် တိရစ္ဆာန်ဖြစ်သည်။ အကြောင်းမှာ တိရစ္ဆာန်များလည်း ကိုယ်ခန္ဓာနှင့်စိတ်အလိုသို့သာ လိုက်ကြသည်။ သို့ဖြစ်၍ အာဒံသည် လူစင်စစ်မှတိရစ္ဆာန်ဘ၀သို့ကျဆင်းသွားသည်။ အာဒံမှဆင်းသက်လာသောလူသားတိုင်းလည်း တိရစ္ဆာန်ဖြစ်သည်။ မွေးစကပင်၀ိညာဥ်ပိုင်း၌ သေနေလျက်၊ ခန္ဓာကိုယ်ပိုင်းနှင့် စိတ်သာအသက်ရှင်ကြသည်။ ထို့ကြောင့် ယာကေသား အာဂုရက၊ "အကယ်စင်စစ်ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်သည်။" ဟု ၀န်ခံခဲ့သည် (သုတ္တံ ၃၀:၂)။

အမျက်တော် ခံရခြင်း
ထိုသို့လူသည်ကိုယ်ကာယနှင့်စိတ်အလိုသာလိုက်သောကြောင့် ဘုရားသခင်၏အမျက်တော်ကို ခံရသောသူများဖြစ်ကြသည် (ဧဖက် ၂:၃)။ မိတ်ဆွေနှင့်ကျွန်ုပ်သည် မွေးစကပင်၊-
(၁) တိရစ္ဆာန်သဘောနှင့်မွေးကြသည်။ ထို့ကြောင့်စိတ်နှင့်ကိုယ်ကာယအလိုသို့ သာလိုက်တတ်ကြသည် (သု ၃၀:၂)။
(၂) ဘုရားသခင်နှင့်အဆက်ပြတ်နေသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ကိုမသိကြ (၁ ကော ၂:၁၁-၁၄)။
(၃) ထာ၀ရအသက်ဆုံးရှုံးသည်။ ထို့ကြောင့် ဤလောကမှထွက်သွားသောအခါ ငရဲသို့သွားရမည် (က ၃:၁ ရ၊ ၂၁-၂၄)။
(၄) ဘုရား၏အမျက်တော်ခံရသောသူများဖြစ်ကြသည်။ ထို့ကြောင့်ပျော်ရွှင်ငြိမ်သက်မှုမရှိ (ဧဖက် ၂:၃)။

အထက်ပါပုံ၌ လူသည်အပြစ်ကြောင့် ဘုရားနှင့်အဆက်ပြတ်၍ တိရစ္ဆာန်ကဲ့သို့ဖြစ်သွားသည်။ ၀ိညာဥ်သည် အသေဖြစ်၍ (ဧ ၂:၁၊ ၅)၊ လူသည်ခန္ဓာကိုယ်နှင့်စိတ်အလိုသို့သာလိုက်တော့သည်။ ထို့ကြောင့် ဘုရားအမျက်တော်ခံရသည် (ဧ ၂:၃)။ လူကိုစာတန်ကအုပ်စိုးသည် (ဧ ၂:၁၊ ၁ ယော ၅:၁၉)။ လောကကိုစာတန်ကပိုင်၍ (လု ၄:၅ -ရ) လောကကိုအသုံးပြုပြီးလူကို ဘုရားသခင်နှင့်ဝေးသွားအောင်ဆွဲဆောင်သည်။ လူသည် ထိုလောကနောက် တကောက်ကောက်လိုက်ရင်း နောက်ဆုံး၌ ၀ိညာဥ်သည် ကိုယ်ခန္ဓာမှထွက်သွားသောအခါ မီးငရဲအိုင်ထဲသို့ ဆင်း သွားရမည်။ ကိုယ်ခန္ဓာသည် မြေမှုန့်သို့ ပြန်သွားရမည် (က ၃:၁၉)။ စိတ်သည် ၀ိညာဥ်နောက်လိုက်၍ မီးအိုင်ထဲသို့ ဆင်းသွားရမည်။

အပြစ်ဖယ်ဘို့ လို
လူသည် မိမိအမြင်၌လူဟုကိုယ့်ကိုယ်ကိုထင်ရသော်လည်း ဘုရားအမြင်၌တိရစ္ဆာန်ဖြစ်နေပြီ။ ထိုကြောင့်ဘုရားကို ကိုးကွယ်လျှင်လည်း စိတ်အားဖြင့်၎င်း၊ ကိုယ်ခန္ဓာအားဖြင့်၎င်း၊ ကိုးကွယ်သည်။ ထိုကိုးကွယ်မှုကို ဘုရားသခင်က လက်မခံနိုင်ပါ။ နံ၀ိညာဥ်အားဖြင့် ကိုးကွယ်မှ သာလျှင် လက်ခံနိုင်ပါမည်။ တနည်းအားဖြင့် လူ၏၀ိညာဥ်နှင့် ဘုရားသခင်ပြန်ဆက်ရမည်။ သို့သော် ဘုရားနှင့်လူအကြား၌ အပြစ်ရှိနေသောကြောင့် နံ၀ိညာဥ်ဖြင့်ကိုးကွယ်၍ မရချေ။ ထိုအပြစ်ကို ဖယ်ရှားဘို့လိုသည်။ ထိုအပြစ်အကြောင်းကို သင်ခန်းစာ (၄) ၌ လေ့လာကြစို့။

သင်ခန်းစာ (၃) မေးခွန်းများ
၁။ ဘုရားသခင်ကို ဘာအားဖြင့်ကိုးကွယ်ရမည်နည်း------------
၂။ စိတ်ရောကိုယ်ပါကိုးကွယ်ခြင်းသည် မှန်ပါသလား။ -----------
၃။ လူ၌ အပိုင်းဘယ်နှစ်ခုရှိသနည်း။ -----------------------
၄။ ခန္ဓာ၊ စိတ် ၀ိညာဥ်၌ ဘုရားနှင့်တူသောအပိုင်းသည် -----------
၅။ ဘုရား၏အလိုတော်ကို အဘယ်အပိုင်းကသိနိုင်သနည်း။ -------
၆။ ဘုရားကလူ၏ မည်သည့်အပိုင်းကို ညွှန်ကြားသနည်း။ ---------
ရ။ လူ၏၀ိညာဥ်ကမည်သည့်အပိုင်းကို ညွှန်ကြားသနည်း။ ---------
၈။ စိတ်ကမည်သည့်အပိုင်းကို ညွှန်ကြားသနည်း။ --------------
၉။ ဘုရားနှင့် လူအဆက်ပြတ်စေသောအရာသည် ------ ဖြစ်သည်။
၁၀။ လူသည် ဘုရားနှင့်အဆက်ပြတ်သောအခါ မည်သူကအုပ်စိုးသနည်း------------
၁၁။ လူသည် ဘုရားနှင့်အဆက်ပြတ်သောအခါ မည်သူ၏အလိုလိုက်သနည်း။ -----------------------
၁၂။ စိတ်နှင့်ကိုယ်ကာယအလိုသာလိုက်သောသူသည် မည့်သည့်အရာဖြစ်သနည်း။ -------------
၁၃။ မိတ်ဆွေသည် မည်သည့်အချိန်မှစ၍ တိရစ္ဆာန်ဖြစ်သနည်း။ -----
၁၄။ မွေးစကပင်ဘုရားနှင့်အဆက်ပြတ်သောကြောင့် မည်သူ့အလိုတော်မသိသနည်း။ --------------
၁၅။ မိတ်ဆွေ သေဆုံးသောအခါ ကိုယ်ခန္ဓာသည် မည်သည့်အရာဖြစ်မည်နည်း။ -------------
၁၆။ မိတ်ဆွေ သေဆုံးသောအခါ ၀ိညာဥ်နှင့်စိတ်သည် ဘယ်နေရာသို့ရောက်မည်နည်း။ ------------
၁ရ။ လူသည်ကိုယ်ခန္ဓာနှင့် စိတ်အလိုသာလိုက်သောကြောင့် မည်သူအမျက်ထွက်သနည်း။ -------------
၁၈။ ဘုရားကို နံ၀ိညာဥ်ဖြင့်ကိုးကွယ်နိုင်ရန်ဘုရားနှင့် လူ၏၀ိညာဥ်မည်သို့ဖြစ်ရမည်နည်း။ ------------
၁၉။ ဘုရားနှင့်လူ၏၀ိညာဥ် ပြန်ဆက်နိုင်ရန်ဘာကိုဖယ်ရှားရမည်နည်း။ -----------
၂၀။ ဘုရားကိုနံ၀ိညာဥ်ဖြင့် ကိုးကွယ်လိုပါသလား။ ------------

.

သင်ခန်းစာ (၄)

အပြစ်အကြောင်း

သင်ခန်းစာ (၃)၌ ဘုရားနှင့် လူအဆက်ပြတ်စေသော အရာသည် အပြစ် ဖြစ်ကြောင်း သိရှိရကြပြီ။ ထိုအပြစ်ကို ဖယ်ရှားနိုင်မှသာလျှင် ဘုရားသခင်ကို နံ၀ိညာဥ်နှင့်ကိုး ကွယ်နိုင်မှာ ဖြစ်ကြောင်း သိခဲ့ရပြီ။ ထိုအပြစ်ကို ဖယ်ရှားနိုင်ရန်အပြစ်အကြောင်းကို ပဌမဦးစွာသိဘို့ လိုသည်။ လူနာကို ကုဘို့ ရောဂါကို အရင်ရှာသကဲ့သို့ လူ၏အပြစ်ကို ဘုရားသခင်၏အမြင်အတိုင်းအရင်သိဘို့ လိုပါသည်။

အပြစ် နှစ်မျိုး
ဘုရားအမြင်၌အပြစ်နှစ်မျိုးရှိသည်။ ၎င်းတို့ မှာမွေးရာပါ အပြစ်နှင့် ကျူးလွန်သော အပြစ်တို့ ဖြစ်သည်။

မွေးရာပါအပြစ်
မွေးရာပါအပြစ်သည်ကိုယ်တိုင်ကျူးလွန်သောအပြစ်မဟုတ်။ မွေးဘွားစဥ်ကပါလာသောအပြစ်ဖြစ်သည်။ ဆာလံကျမ်း၌၊ "အကျွန်ပ်သည်မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိ၀မ်းထဲမှာပဋိသန္ဓေယူစဥ်ပင်အပြစ်စွဲပါ၏။" ဟုဆိုထားသည် (ဆာ ၅၁:၅)။

ဖြစ်ပေါ်လာပုံ
မွေးရာပါအပြစ်သည် လူအားလုံး၏ တဦးတည်းသော ဘခင် အာဒံအားဖြင့် ဖြစ်သည်။ အာဒံသည် ဘုရားသခင်က ဖန်ဆင်းစ၌ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ်၊ အကောင်း ပကတိ ရှိခဲ့သည် (က ၁:၃၀)။ အာဒံကို သူ၏ မိန်းမဧ၀နှင့်အတူ ဧဒင်ဥယျာဥ်၌ ထားခဲ့သည် (က ၂:၁၅)။ ထိုဥယျာဥ်၌ ရှိသော သစ်သီး အားလုံး စားခွင့်ရှိသော်လည်း ဥယျာဥ်အလယ်၌ ရှိသော ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို ကား ဘုရားသခင်က စားခွင့်မပြုခဲ့ပါ (က ၂:၁ရ)။ သို့သော် အာဒံနှင့် ဧ၀တို့သည် ဘုရားသခင်၏ စကားကို နားမထောင်ဘဲ စာတန်၏ လှည့်ဖျားမှုကို နားထောင် ကာထိုအသီးကို စားခဲ့ကြသည် (က ၃:၆ -ရ)။ ထိုသို့ လူလင်မယား တို့သည် ဘုရား စကား နားမထောင် သောကြောင့် ဘုရားသခင်က အပြစ် သားဟု သတ်မှတ်လိုက်သည် (ရော ၅:၁၉)။ ပညတ်တော်ကို လွန်ကျူးခြင်းသည် အပြစ် ဖြစ်သည် (၁ ယော ၃:၄)။ အာဒံနှင့် ဧ၀တို့သည် ဘုရားသခင်၏ တခုတည်းသော ပညတ်တော်ကို လွန်ကျူးသောကြောင့် အပြစ်သား ဖြစ်သွား ကြသည်။ အာဒံသည် လူအပေါ်မှာ ပြစ်မှားသည် မဟုတ်။ လူများ သိ တတ်သော အပြစ်များဖြစ်သည့်လူသတ်ခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်းများကျူးလွန်သည် မဟုတ်။ ဘုရား၏ စကား နားမထောင်ခြင်း ဖြစ်သည်။ ထိုအပြစ်သည် အပြစ် အားလုံး၏ မူလအမြစ် ဖြစ်သည်။

အမွေဆိုး
အာဒံနှင့် ဧ၀တို့သည်သား စဥ်မြေးဆက်များ ထံအပြစ် တည်း ဟူသော အမွေးဆိုးကို ပေးအပ်ခဲ့သည်။ အာဒံနှင့် ဧ၀တို့ မှမွေးဖွားလာသော လူသား တိုင်းသည် သူတို့ ကဲ့သို့ အပြစ် သားများဖြစ်လာ ကြသည်။ ထိုသို့ မွေးဘွားစဥ်ကပါလာသော အပြစ်ကို မွေးရာပါအပြစ်ဟု ခေါ်သည်။ လူအချို့တို့ကမွေးရာပါအပြစ် ရှိကြောင်းကို မယုံကြည်၊ လက်မခံကြ။ ကိုယ်တိုင်အပြစ် ကျူးလွန် သောကြောင့် သာအပြစ်သား ဖြစ်သည်ဟု ယူဆ ကြသည်။ သို့သော်အောက်ပါကျမ်းချက်များ ကြည့်ခြင်း အားဖြင့် မွေးရာပါအပြစ် ရှိကြောင်း ထင်ရှားသည်။

တယောက်သော သူအားဖြင့်
ကျမ်းစာက၊ "အပြစ် တရားသည် တယောက်သော သူအားဖြင့် ဤလောကသို့ ၀င်၍ အပြစ် တရားအားဖြင့် သေခြင်း တရား၀င်သည်နှင့် အညီ လူအပေါင်းတို့သည် အပြစ် ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။" ဟုဆိုသည် (ရောမ ၅:၁၂)။ ကျမ်းစာက၊ အပြစ် တရားသည် ဤလောကသို့ တယောက်သော သူအားဖြင့် ၀င်သည်ဟုဆိုသည်၊ လူအများ အားဖြင့် ၀င်သည် မဟုတ်။ တယောက်သော  သူအာဒံအားဖြင့် ၀င်သည်။ ထိုအပြစ်ကြောင့် သေခြင်း တရား၀င်သည်ဟု ဆိုပြန်သည်။ ထိုကြောင့်သေတတ်သော သူတိုင်း၌ အပြစ် ရှိသည်။ သေခြင်းသည် မမွေးဖွားမှီ မိခင်၏ ၀မ်းထဲမှစတင် ဖြစ်ပေါ်နိုင်သည်။ လူကြီး ဖြစ်မှ အပြစ် ကျူးလွန် မှသာသေနိုင်သည် မဟုတ်။ သို့ဖြစ်၍ အပြစ်ကြောင့် သေခြင်း တရား၀င်သည်ဟုဆိုရာတွင် ကျူးလွန်သော အပြစ်ကို ဆိုလိုသည် မဟုတ်။ မွေးရာပါအပြစ်ကို ဆိုလိုခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

နားမထောင်သော အားဖြင့်
ကျမ်းစာက၊ "တယောက်သော သူသည် နားမထောင်သော အားဖြင့် လူများ တို့သည် အပြစ်သို့ ရောက်သည့်နည်းတူ တယောက်သော သူ၏ နားထောင်သော အားဖြင့် လူများ တို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။" ဟုဆိုသည် (ရော ၅:၁၉)။ ပဌမ တယောက်သော သူသည် အာဒံ ဖြစ်သည်။ အာဒံသည် ဘုရား စကားကို နားမထောင်သော အားဖြင့် လူများ တို့သည် အပြစ်သို့ ရောက်သည်ဟုဆိုသည်။ ထို့ကြောင့် မိတ်ဆွေကိုယ်တိုင်အပြစ် ကျူးလွန် သောကြောင့် အပြစ်သား ဖြစ်သည် မဟုတ်။ မွေးရာပါအပြစ်ကြောင့် အပြစ်သား ဖြစ်သည်။

မသန့်ရှင်းသော သူ
တဖန် ကျမ်းစာက၊ "မသန့်ရှင်းသော အရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ဖေါ်နိုင်သနည်း အဘယ်သူ မျှမထုတ်ဖေါ်နိုင်ပါ" ဟု ဆိုထားသည် (ယောဘ ၁၄:၄)။ လူသည် ဘုရားသခင် ရှေ့မှာ သန့်ရှင်းခြင်း မရှိ (ဟေရှာ ၆၄:၆)။ မိဘတိုင်း၌ အပြစ်ရှိကြသည်။ ထို့ကြောင့် အပြစ်ရှိသောမိဘသည် သန့်ရှင်းသော သားသမီးကို မမွေးဘွားနိုင်ပါ။ အပြစ် ရှိသော မိဘသည် အပြစ်သား များကို သာ မွေးဘွားနိုင်သည်။

မသန့်ရှင်းနိုင်
"လူသည် အဘယ်သို့ သောသူ ဖြစ်၍ သန့်ရှင်းနိုင်သနည်း လူမိန်းမဖွားသော သူသည် အဘယ်သို့ သောသူ ဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။" (ယောဘ ၁၅:၁၄)။ ဤကျမ်းပိုဒ်က လူမိန်းမမှ ဖွားမြင်သော သူတိုင်းသည် မသန့်ရှင်း၊ မဖြောင့်မတ်ဟု ဆိုထားသည်။ လောက၌ မိန်းမထဲမှ မမွေးဖွားသော သူတယောက် မျှမရှိပါ။ ထိုကြောင့် မိန်းမ ဖွားသောသူ၊ ကျွန်ပ်နှင့် မိတ်ဆွေလည်း မသန့်ရှင်းပါ။

အမိ၀မ်းထဲမှ
ကျမ်းစာက "အကျွန်ပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိ၀မ်းထဲမှာ ပဋိသန္ဓေယူစဥ်ပင်အပြစ်စွဲပါ၏။" ဟုဆိုသည် (ဆာလံ ၅၁:၅)။ ဤဆာလံကို ရေးသော ဒါ၀ိဒ်မင်းကြီးသည် မွေးစကပင်အပြစ် ပါကြောင်း၊ အမိ၀မ်းတွင်း မှာပင် အပြစ် ရှိကြောင်း၀န်ခံခဲ့သည်။ ထိုသို့ အပြစ် မျိုးစေ့သည် မွေးစကပင်ပါသောကြောင့် ကြီး လာ သောအခါ အလိုအလျောက်အပြစ် လုပ်တတ် ကြသည်။ မိခင်၏ ၀မ်းထဲ၌ ဒုစရိုက်အပြစ် မလုပ်နိုင်ပါ။ ထိုကြောင့် ထိုအပြစ်သည် မွေးရာပါအပြစ် ဖြစ်သည်။ လူတိုင်း မွေးရာပါအပြစ်ကြောင့် အပြစ်သား ဖြစ်ရသည်။ ဒုစရိုက်အပြစ်ကြောင့် အပြစ်သား ဖြစ်ရသည် မဟုတ်။ အပြစ်သား အရင် ဖြစ်သောကြောင့် အပြစ် လုပ်တတ် ကြသည်။

ရိုင်းသော သဘော
"မတရားသော သူတို့သည် အမိ၀မ်းထဲမှစ၍ ရိုင်းသော သဘော ရှိကြသည်။ မွေးကတည်း ကလမ်းလွဲ၍ မုသာ စကားကို ပြောတတ်ကြ၏။" (ဆာလံ ၅၈:၃)။ ရိုင်းသော သဘောသည် မွေးရာပါ ဖြစ်သည်။ လမ်းလွဲခြင်းနှင့် မုသာပြောခြင်း သည်လည်း မွေးရာပါ ဖြစ်သည်။ လူတိုင်းရိုင်းသော သဘော ရှိကြသည်။ မုသာ မပြော တတ်သောသူ၊ မပြောဘူးသော သူလည်း မရှိပါ။ ထို့ကြောင့် လူသည် မွေးရာပါအပြစ် ရှိကြောင်း ထင်ရှားသည်။

ဘုရား အပေါ်ပြစ်မှားခြင်း
မွေးရာပါအပြစ်သည် အာဒံကြောင့် ဖြစ်သည်။ မွေးရာပါ အပြစ်သည် လူလူချင်း အပေါ်ပြစ်မှားသော အပြစ် မဟုတ်၊ ဘုရား အပေါ်ပြစ်မှားသော အပြစ် ဖြစ်သည်။ အာဒံသည် ဘုရား အပေါ် ပြစ်မှားခဲ့သည်။ အာဒံ၏ သားသမီး တိုင်းလည်း အာဒံမှတဆင့်ဘုရား အပေါ်ပြစ်မှားခဲ့ကြပြီ။

အပြစ်၏ အခသေခြင်း
ကျမ်းစာ၌၊ "အပြစ်၏ အခကား သေခြင်း ပေတည်း။"ဟု ပါရှိသည် (ရော ၆:၂၃)။ တဖန်၊ "အပြစ် တရားအားဖြင့် သေခြင်း တရား၀င်သည်။"ဟုဆိုပြန်သည် (ရော ၅:၁၂)။ ထို့ကြောင့် သေနိုင်သော သူတိုင်း၌ အပြစ် ရှိသည်။ အပြစ်၏ အခကား သေခြင်းဟုဆိုသောကြောင့် သေခြင်း အကြောင်းကို သိထားဘို့ လိုသည်။

သေခြင်း သုံးမျိုး
သေခြင်း သုံးမျိုးရှိသည်။ ခန္ဓာကိုယ်သေခြင်း၊ ၀ိညာဥ်ပိုင်း ဆိုင်ရာသေခြင်းနှင့် ထာ၀ရ (သို့) ဒုတိယသေခြင်းတို့ ဖြစ်သည်။ ထိုသေခြင်း သုံးမျိုးစလုံးသည် ခွဲခွါခြင်းကို ဆိုလိုသည်။

ကိုယ်ခန္ဓာသေခြင်း
ကိုယ်ခန္ဓာ သေခြင်းသည်ကိုယ်ခန္ဓာနှင့် စိတ်၀ိညာဥ် ခွဲခွါခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာထဲမှ စိတ်၀ိညာဥ် ထွက်သွား သောအခါ ကျန်ရစ်သောကိုယ်ခန္ဓာကို လူသေဟု ခေါ်သည်။ တရားစရပ်မှူး၏ သမီးသေ သောအခါ သခင်ယေရှုကသူမ၏ စိတ်၀ိညာဥ်ကို ပြန်လာစေခြင်း အားဖြင့် အသက် ပြန်ရှင်လာသည်။ (လု ၈:၅၃-၅၅)။ ကိုယ်ခန္ဓာ သေ သောအခါ ယုံကြည်သူ၏ စိတ်၀ိညာဥ်သည် ကောင်းကင် ဘုံသို့ တက်ပြီး မယုံကြည်သူ၏ စိတ်၀ိညာဥ်မူကား ငရဲသို့ ရောက်သွားသည် (လု ၁၆:၂၂-၂၃)။ ကိုယ်ခန္ဓာမူကား မြေမှုန့်မှ ဖြစ်သောကြောင့် မြေမှုန့်သို့ ပြန်သွားသည် (က ၃:၁၉)။ ကိုယ်ခန္ဓာ သေခြင်းသည်သား မယား၊ မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးမိတ်ဆွေ များနှင့် ခွဲခွါ ရသောကြောင့် ၀မ်းနည်း ကြရသည်။

၀ိညာဥ်ပိုင်းသေခြင်း
၀ိညာဥ်သည် မသေနိုင်ပါ။ သေနိုင်လျှင် ငရဲထဲ၌ ဝေဒနာ ခံစရာ အကြောင်း မရှိ။ ဘုရားသခင်နှင့် အဆက်ပြတ်ခြင်းကို ၀ိညာဥ်ပိုင်း သေခြင်းဟု ခေါ်သည်။ အာဒံသည် ဘုရား စကား နားမထောင်သောကြောင့် ဘုရားနှင့် ခွဲခွါရသည်။ ဘုရားသခင်က အာဒံအား ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို မစားရ၊ စားသော နေ့တွင် သေရမည်ဟုဆိုသည် (က ၂:၂ရ)။ အာဒံသည် ထိုအသီးကို စားသော နေ့တွင် ဘုရားနှင့် ခွဲခွါ၍ ဘုရား အမြင်၌ သေသွားသည်။ သူ၏ ကိုယ်ခန္ဓာ မသေသော်လည်း ဘုရားသခင်နှင့် ခွဲခွါခြင်းသည် သေခြင်း ဖြစ်သည်။ အာဒံသည် ၀ိညာဥ်ပိုင်းသေပြီးမှ သားသမီးရသောကြောင့် သူ၏ သားသမီး တိုင်းသည် ၀ိညာဥ်ပိုင်းသေပြီး သားနှင့် မွေးဘွား ကြသည်။ မိတ်ဆွေနှင့် ကျွန်တော်လည်း အာဒံမှဆင်းသက် မွေးဘွားသောကြောင့် ၀ိညာဥ်ပိုင်းသေပြီး သားနှင့် မွေးဘွား ကြသည်။ ထိုကြောင့်ကိုယ်ခန္ဓာသေလျှင် ငရဲသို့ သွားဘို့ရန် မွေးဘွားကြပါသည်။

ဒုတိယသေခြင်း (သို့) ထာ၀ရ သေခြင်း
ဒုတိယသေခြင်း (သို့) ထာ၀ရ သေခြင်းသည်ကိုယ်ခန္ဓာ၌ အသက် ရှင်စဥ် ကယ်တင်ခြင်းသို့ မရောက်၊ ၀ိညာဥ်အသက် မရှင်၊ ထာ၀ရအသက် မရသောကြောင့် ကိုယ်ခန္ဓာသေ သောအခါ ၀ိညာဥ်သည် ထာ၀ရ မီးအိုင် ထဲသို့ ဆင်းသွားခြင်းကို ဆိုလိုသည်။ ကျမ်းစာ၌၊ "ကြောက်တတ် သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့ မူကား ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သော မီးအိုင် ထဲ၌ မိမိတို့ အဘို့ကို ရကြလိမ့်မည်။" ဟုဆိုထားသည် (ဗျာ ၂၁:၈)။

သင်ခန်းစာ (၄) မေးခွန်းများ
၁။ အပြစ် ဘယ်နှစ်မျိုးရှိသနည်း။ ------ ဖေါ်ပြပါ။--------------
၂။ မွေးရာပါအပြစ်သည် မည်သူအားဖြင့် ဖြစ်သနည်း။ ------------
၃။ မွေးရာပါအပြစ်သည် ----------- အပေါ်ပြစ်မှားခြင်း ဖြစ်သည်။
၄။ ရော ၅:၁၉၌ အာဒံ၏ အပြစ်သည် မည်သည့်အရာ ဖြစ်သနည်း။ ------------
၅။ မသန့်ရှင်းသော အရာထဲမှ သန့်ရှင်းသော အရာ ထုတ်ဖေါ် နိုင်သလော။ --------------
၆။ လူသည် မည်သည့်အချိန် မှစ၍ အပြစ် ရှိသနည်း။ -------------
ရ။ လမ်းလွှဲခြင်းနှင့် မုသာပြောခြင်းသည် မည်သည့် အရွယ်မှ စသနည်း။ ------------
၈။ အပြစ်၏ အခကား ----------ခြင်း ပေတည်း။
၉။ သေခြင်း သုံးမျိုးကို ဖေါ်ပြပါ။ (က) -------------- (ခ) ----------- (ဂ) -----------
၁၀။ ၀ိညာဥ်ပိုင်းသေခြင်းသည် --- ---နှင့် ခွဲခွါခြင်း ဖြစ်သည်။

.

သင်ခန်းစာ (၅)

ကျူးလွန်သောအပြစ်

သင်ခန်းစာ (၄)၌ မွေးရာပါအပြစ်အကြောင်းသိရှိခဲ့ရပြီ။ ယခုမွေးရာပါအပြစ်၏ အသီးအပွင့်ဖြစ်သောကျူးလွန်သောအပြစ်အကြောင်းကို လေ့လာရကြမှာဖြစ်သည်။

အသီးအပွင့်
သခင်ယေရှုက၊ "အသီးအားဖြင့် အပင်၏ သဘောကို ထင်ရှားသည် ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟုဆိုကြလော့အသီးမကောင်းလျှင် အပင်မကောင်းဟုဆိုကြလော့။" ဟုဆိုထားသည် (မဿဲ ၁၂:၃၃)။ သခင်ယေရှုပြော သကဲ့သို့ ပင်၊ သစ်သီး ကောင်းမကောင်းသည်အပင်နှင့်ဆိုင်သည်။ အပင်ကောင်းလျှင်အသီးကောင်း၍အပင်မကောင်းလျှင်အသီးမကောင်းချေ။ အပင်မကောင်းခြင်း သည်လည်းအမျိုးမကောင်းခြင်းကြောင့်ဖြစ်သည်။ မျိုးကောင်းလျှင်အပင်ကောင်းသည်။ အပင်ကောင်းလျှင်အသီးကောင်းသည်။ ထို့ကြောင့်အသီးသည်အဓိကမဟုတ်။ မျိုးသို့မဟုတ်အပင်သည်အဓိက ဖြစ်သည်။ လူ၌လည်း မွေးရာပါ အပြစ်သည်မျိုးနှင့်တူသည်။ မွေးရာပါအပြစ်ရှိသောအပြစ်သားသည်အပင်နှင့်တူသည်။ အပြစ်သားကျူးလွန်သောအပြစ်သည်အသီးနှင့်တူသည်။ ကျူးလွန်သောအပြစ်ကို လူတိုင်း ကနားလည်ကြသည်။ လူ့အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မတရားမီထုန်၌ မှီဝဲခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ စိတ်ကောက်ခြင်း၊ သူတပါးကိုအမြင်ကပ်ခြင်း၊ မတရားစီးပွါးကိုတပ်မက်ခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ အတင်း ပြောခြင်း၊ စသော အပြစ် သားများမှထွက်လာသော မကောင်းမှုမှန်သမျှသည် ကျူးလွန်သောအပြစ်များဖြစ်သည်။ ထိုအပြစ်များသည် လူလူချင်းအပေါ် ပြစ်မှားသောအပြစ်များ ဖြစ်သောကြောင့် လူ့အမြင်၌အလွန်အပြစ်ကြီးသည်။

အသီးကြောင့် မဟုတ်မျိုးကြောင့်
သရက်ပင်သည် သရက်သီးသီးသောကြောင့် သရက်ပင် ဖြစ်သည် မဟုတ်။ သရက်မျိုးမှပေါက်သောကြောင့် သရက်ပင် ဖြစ်သည်။ သရက်သီးသီးသည် ဖြစ်စေ၊ မသီးသည် ဖြစ်စေ၊ သရက်မျိုးမှ ပေါက်သောကြောင့် သရက်ပင် ဖြစ်သည်။ သရက်သီးမသီးသော သရက်ပင်သည် ရာခိုင်နန်း အပြည့်သရက်ပင် ဖြစ်သည်။ သရက်သီး သီးသော သရက်ပင်သည် ပို၍ သရက်ပင် ဖြစ် သည် မဟုတ်။ ထို့နည်းတူ လူသည် ကျူးလွန်သော အပြစ် လုပ်သောကြောင့် အပြစ်သား ဖြစ်သည် မဟုတ်။ အပြစ် မျိုးမှပေါက်ဘွားလာသောကြောင့် အပြစ်သား ဖြစ်ရသည်။ လူတိုင်း ထင်မှတ်တတ်သည်မှာ လူသည် ကျူးလွန်သော အပြစ်ကြောင့် အပြစ်သားဖြစ်ရသည်ဟူ၍ဖြစ်သည်။ ထို့ကြောင့်အပြစ်သားမဖြစ်ဘို့ အပြစ်မကျူးလွန်ရန်ချုပ်တီးကြသည်။ ထိုသို့ ချုပ်တီးဘို့ရန်လည်း တိုက်တွန်းဟောပြောသွန်သင်ကြသည်။

မဖြစ်နိုင်
ဒုစရိုက်အပြစ် ချုပ်တီးခြင်းသည် ကောင်းပါသည်။ သို့သော်အပြစ်သားသည် ဒုစရိုက်အပြစ်ကို ချုပ်တီးနိုင်သည်မဟုတ်။ လူရှေ့၌ချုပ်တီးနိုင်သော်လည်း ဘုရားသခင်ရှေ့၌ အပြစ်ကျူးလွန် လျက်ပင်ရှိသည်။ ကျမ်းစာက၊ "အဲသယောပိ (လူမဲ) သည် မိမိ အရေ၏အဆင်းကို၎င်း၊ ကျားသစ်သည်မိမိအကွက်အကြားတို့ကို၎င်း၊ ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည် သုစရိုက်ကို ပြုခြင်းငှါတတ်နိုင်ကြလိမ့်မည်။"ဟုဆိုထားပါသည် (ယေရမိ ၁၃:၂၃)။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် သုစရိုက်တည်းဟူသော ကောင်းမှုပြုနိုင်ဘို့ရန် မှာအဲသယောပိလူတည်းဟူသော အသားမဲလူမျိုးကအရေအဆင်းပြောင်းရမည်။ ကျားသစ်လည်း မိမိအကွက်အကြားပြောင်းရမည်။ အဲသယောပိလူသည် မိမိအရေအဆင်းကိုမပြောင်းနိုင်။ ကျားသစ်သည်လည်း မိမိအကွက်အကြားကိုမပြောင်းနိုင်။ ထို့ကြောင့် မိတ်ဆွေနှင့်ကျွန်ပ်လည်း အကျင့်မပြောင်းနိုင်၊ ဘုရား သခင်ရှေ့၌ ကုသိုလ်မလုပ်နိုင်ကြချေ။

ညစ်သော အ၀တ်နှင့် တူခြင်း
လူ့အမြင်၌ ကောင်းသည်ဟု ထင်ရသော်လည်း ဘုရား အမြင်၌ မကောင်းသော အရာများစွာ ရှိသည်။ မိတ်ဆွေ အနေဖြင့် မိမိ အကျင့်ကို နှစ်သက်မှာ ဖြစ်သော်လည်း ဘုရားသခင် အနေဖြင့် အလွန် ရွံရှာသည်။ ကျမ်းစာက၊ "အကျွန်ပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှု တို့သည် ညစ်သော အ၀တ်နှင့် တူကြပါ၏။" ဟု ဆိုထားပါသည် (ဟေရှာ ၆၄:၆)။ အထက်ပါ ကျမ်းပိုဒ်အရ ကုသိုလ်ကောင်းမှုများ ပင်လျှင် ရွံစရာ ကောင်းပြီး ညစ်သော အ၀တ်နှင့် တူသည်။ လူ့အမြင်၌ ကုသိုလ်ကောင်းမှုသည် ကောင်းပါသည်။ သို့သော်အပြစ်သား ပြုသော ကုသိုလ် ကောင်းမှုကို ဘုရားသခင် ရွံရှာသည်။ အကြောင်းမှာ လူသည် ညစ်ညူး သောကြောင့် ဖြစ်သည်။ လူသည် ဘုရားသခင် ရှေ့၌ အနူ ရောဂါသည် ကဲ့သို့ ညစ်ညူးသည်။ အနူ ရောဂါသည် သုပ်ပေးသော လက်ဖက်သုပ်ကို မိတ်ဆွေ စားချင် ပါမည်လော။ မည်မျှပင် ကောင်းသော လက်ဖက်၊ ပဲ၊ နှမ်း၊ ပုဇွန်ခြောက်များ သုံးသော်လည်း မိတ်ဆွေ စားချင်မည် မဟုတ်။ အကြောင်းမူကား လက်ဖက်သုပ်ကောင်းသော်လည်း သုပ်ပေးသူမသန့်ရှင်းသောကြောင့်ဖြစ်သည်။ ထို့နည်းတူမိတ်ဆွေ ၏ကုသိုလ်ကောင်းမှုများသည်ကောင်းပါသည်။ သို့သော်မိတ်ဆွေသည် ဘုရားသခင်ရှေ့၌ မသန့်ရှင်းသောကြောင့် မိတ်ဆွေ၏ ကုသိုလ်ကောင်းမှုများလည်းညစ်ညူးပြီးသန့်ရှင်းခြင်း မရှိ။ ထို့ကြောင့်ဘုရားသခင်ရှေ့၌ကုသိုလ်အားဖြင့်မျက်နှာမရနိုင်ချေ။

အပြစ်မရှိဟုထင်တတ်
လူသည်အမှောင်သားဖြစ်၍ အမှောင်ထဲ၌နေသောကြောင့် မိမိအပြစ်ကိုမမြင်တတ်ချေ။ တခါတုန်းက၊ "မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင် ကျမ်းပြုဆရာနှင့်ဖရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှအရှင်ဘုရား ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဥ်တွင်ပင်တွေ့မိပါသည်။ ထိုသို့သောမိန်းမကိုကျောက်ခဲနှင့်ပစ်ရမည်ဟုမောရှေသည် အကျွန်ပ်တို့အားပညတ်တရား၌စီရင်ထုံးဖွဲ့ပါပြီ။ သို့ ရာတွင်ကိုယ် တော်သည်အဘယ်သို့ မိန့်တော်မူ မည်နည်းဟု လျှောက်ကြ၏။ ယေရှုသည် အောက်သို့ ငုံ့လျက် လက်ညှိုးတော်နှင့်မြေ၌ရေးသား၍ နေတော်မူ၏။ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသော အခါကိုယ်ကိုလှန်တော်မူ၍ သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေ့ဦးစွာ ကျောက်ခဲနှင့် ပစ်စေဟု မိန့်တော်မူ ပြီးမှ တဖန်အောက်သို့ ငုံ့၍ မြေ၌ ရေးသားတော်မူ ပြန်၏။ ထိုသူတို့သည် ကြားရလျှင် မိမိတို့ စိတ်နှလုံးသည် မိမိတို့ အပြစ်ကို ဖေါ်ပြသဖြင့် အသက် ကြီးသော သူမှစ၍ အငယ်ဆုံးသော သူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။" (ယော ၈:၃-၉)။ ကျမ်းပြုဆရာနှင့်ဖရိရှဲများသည် အစ၌မိမိတို့ အပြစ်ကို မမြင်၊ အမျိုးသမီး၏အပြစ်ကိုသာမြင်ကြသည်။ ထို့ကြောင့်သခင်ယေရှုထံ အမျိုးသမီးကို တရားစွဲကြသည်။ သူတပါး၏အပြစ်ကိုမြင်နေချိန်တွင်ကိုယ့်အပြစ်ကိုမမြင်နိုင်ချေ။ ထိုနည်းတူ မိတ်ဆွေသည်ကိုယ့်အပြစ်ကို မမြင်နိုင်ဘဲ ရှိနေပါသလား။ သို့သော် သခင်ယေရှု၏ စကားကြောင့် မိမိတို့ အပြစ်ကို မြင်၍ ထိုမိန်းမအပြစ်ကို မမြင်တော့ဘဲ ထွက်ခွါသွားကြသည်။ ထိုသူအပေါင်းတို့သည်အလာ၌အပြစ်မရှိဟု ထင်မှတ်ကြသော်လည်း သခင်ယေရှုထံမှအပြန်တွင် မိမိတို့အပြစ်များကို သိမြင်လျက်ပြန်သွားကြသည်။ မိတ်ဆွေလည်းသခင်ယေရှုနှင့်တွေ့ပါက မိမိအပြစ်ကိုမြင်လာမှာဖြစ်သည်။

ကောင်းသော အကျင့်ကျင့်သူ
လောကလူတို့ အထဲ၌ ကောင်းသောအကျင့်ကျင့်သော သူတော် ကောင်းရှိမည်ဟူ၍ လူအများကထင် မှတ်တတ်ကြသည်။ သို့သော်ကျမ်းစာကအတိအလင်းဖေါပြသည်မှာ၊ "ကောင်းသော အမှုကို ပြုသော သူမရှိ။ နားလည်သောသူ၊ ဘုရားသခင်ကို ရှာသော သူတစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှာ ထာ၀ရဘုရားသည် ကောင်းကင် ပေါ်က လူသားတို့ကို ငုံ့၍  ကြည့်ရှုတော်မူ၏။ လူအပေါင်းတို့သည်လမ်းလွှဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသော အကျင့်ကို ကျင့်သော သူမရှိ။ တယောက် မျှမရှိ။"ဟုဆိုထားသည် (ဆာလံ ၁၄:၂-၃)။ လူ့အမြင်၌ ကောင်းသောသူ၊ အကျင့်ကောင်းသော သူရှိနိုင်သော်လည်း ထာ၀ရ ဘုရား အမြင်၌ တယောက် မျှကောင်းသော အကျင့်ကို ကျင့်သော သူမရှိဟုဆိုထားသည်။ တယောက် မျှမရှိဟု အတိအလင်း ဖေါ်ပြထားသည်။ အကြောင်းမှာ လူသည် မွေးစကပင်အပြစ်သား ဖြစ်သောကြောင့် ဖြစ်သည်။ အပြစ် သားသည် အပြစ် လုပ်ဘို့ရန် မွေးဘွားသည်။ ထို့ကြောင့် အပြစ် သာလုပ်တတ်သည်။

အပြစ် လုပ်ဘို့ရန် မွေး
လူတိုင်း ထင်မှတ်တတ်သည် မှာလူသည် အကောင်းနှင့် မွေးသော်လည်း ကြီး လာ သောအခါ ပတ်၀န်းကျင်ကြောင့်၊ အပေါင်းအသင်းကြောင့်အကျင့်ပျက်သည် ဟူ၍ ဖြစ်သည်။ သို့သော်မည်သည့်အရာမဆို အမျိုးလိုက်ကြောင်း တွေ့ရသည်။ ဥပမာ၊ ခွေးသည် ဟောင်ဘို့ မွေးသည်။ ထို့ကြောင့် ခွေးဟောင်လျှင် အံ့ဩစရာ မရှိ။ ဘဲသည် ရေကူးဘို့ မွေးသည်။ ထို့ကြောင့်ဘဲ ရေးကူးလျှင် ထူးဆန်းသည် မဟုတ်။ ကြက်ဖသည် တွန်ဘို့ မွေးသည်။ ထို့ကြောင့် ကြက်ဖသည် သင်ပေးစရာ မလိုဘဲ ကြီး လာ သောအခါ တွန်တတ်သည်။ ထို့နည်းတူလူ သည်လည်း အပြစ် လုပ်ဘို့ မွေးဘွားသည်။ ထို့ကြောင့် ကြီး လာ သောအခါ သင်ပေးစရာ မလိုဘဲ အပြစ် မျိုးစုံလုပ်တတ်သည်။ အပြစ် လုပ်နည်းသင်တန်းမတက်ဘဲ အပြစ် လုပ်တတ် ကြသည်။ ခိုးနည်း၊ သတ်နည်း၊ မုသာပြောနည်းသင်တန်းမရှိပါ။ လူတိုင်း လုပ်တတ် ကြသည်။ ထိုသို့ အပြစ် လုပ်တတ်ဘို့ရန် မွေးဘွား ကြသည်။ ထိုအရာကို သိသော ဒါ၀ိဒ်မင်းကြီးက၊ "အကျွန်ပ်သည် မွေးစကပင်အပြစ် ပါလျက် ရှိပါ၏။ အမိ၀မ်းထဲ၌ ပဋ္ဋိသန္ဓယူစဥ်ပင်အပြစ် စွဲပါ၏။" ဟုဆိုထားသည် (ဆာလံ ၅၁:၅)။ မွေးစ၌ ထိုအပြစ် သဘောသည် မထင်ရှားသေး။ ကြီးလာသောအခါမှ ထင်ရှားလာသည်။ သစ်ပင်များလည်း ပေါက်ခါစ၌မသီးတတ်။ သို့သော်ကြီးရင့်လာ သောအခါမှ သီးတတ်ကြသည်။ မသိသော သူများအတွက် အသီးသီးမှသာအပင်၏ သဘောကိုသိရကြသည်။ အမျိုးနား လည်သူအတွက် ပေါက်စ၌ ပင် မည်သည့်အသီးမျိုးသီးမည်ကို နားလည်နိုင်သည်။ ဘုရားသခင်သည် လူ၏ သဘောကို မွေးစကပင်နားလည်သောကြောင့် မည်ကဲ့သို့သော အကျင့်ကို ကျင့်မည်ဟူသော အရာကို သိနှင့် ပြီးသား ဖြစ်သည်။ ထို့ကြောင့် အဘယ်သူ မျှ ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သော သူမရှိ။ "ခြားနားခြင်း အလျှင်း မရှိ။ လူအပေါင်းတို့သည် ဒုစရိုက်အပြစ်ကို ပြု၍ ဘုရားသခင်၏ ရှေ့တော်၌ အသရေပျက်ကြပြီ။" (ရော ၃:၂၃)။

သင်ခန်းစာ (၅) မေးခွန်းများ

၁။ အပင်၏ သဘောကို မည်သည့်အရာဖြင့် သိရသနည်း။ ----------
၂။ အပင်ကောင်းလျှင် -------ကောင်းသည်။
၃။ မွေးရာပါအပြစ်သည် မျိုးနှင့် တူ၍ ကျူးလွန်သော အပြစ်သည် -----နှင့် တူသည်။
၄။ လူသည် ဒုစရိုက်အပြစ် လုပ်သောကြောင့် အပြစ်သား ဖြစ်သလော။ အပြစ်သား ဖြစ်သောကြောင့် အပြစ် လုပ်သလော။ -------------------------------
၅။ ကျားသစ်သည် အကွက် အကြား ပြောင်းနိုင်မှလူသည် -------မလုပ်ဘဲ နေနိုင်မည်။
၆။ လူ၏ ကောင်းမှုကုသိုလ်သည် ဘုရားရှေ့၌ ---------- ကဲ့သို့ဖြစ်သည်။
ရ။ ဖါရိရှဲနှင့် ကျမ်းပြုဆရာတို့သည် အဘယ့်ကြောင့်မှားယွင်းသော မိန်းမ၏ အပြစ်ကို သာမြင်သနည်း။ -----------------
၈။ ဘုရားသခင် အမြင်၌ ကောင်းသော အကျင့်ကို ကျင့်သော သူ----------မျှမရှိ။
၉။ လူသည် ကောင်းသော အကျင့်ကျင့်ဘို့ မွေးသလော၊ မကောင်းသော အကျင့်ကျင့်ဘို့ မွေးသလော။ -----------
၁၀။ လူသည် မည်သည့်အရွယ်မှစ၍ အပြစ်သား ဖြစ်သနည်း။ ----------------

.

သင်ခန်းစာ (၆)

မိန်းမအမျိုးနှင့်မြွေအမျိုး

သင်ခန်းစာ (၅)၌ ကျူးလွန်သောအပြစ်အကြောင်းသင်ခဲ့ကြပြီ။ လူသည် ကောင်းသော အကျင့်မကျင့်နိုင်ကြောင်းသိရှိခဲ့ကြပြီ။ ယခုလူတိုင်းချစ်မြတ်နိုး၍ အသေအလဲကာကွယ်လိုသောအမျိုးအကြောင်းကို လေ့လာကြစို့။ လူမျိုးတိုင်း မိမိ အမျိုးကို နှစ်သက်မြတ်နိုးတတ် ကြသည်။ မိမိ အမျိုးကို အမွှမ်းတင်တတ် ကြသည်။ အမျိုးကို အထိ မခံနိုင်ကြ။ အမျိုးအတွက် အသေခံ ရဲ ကြသည်။ သူတပါး၏ အမျိုးထက်ကိုယ့် အမျိုးသာ၍ ကောင်း၊ ပို၍ မြတ်သည်ဟု ယူဆတတ် ကြသည်။ အိမ်ထောင်ဖက် ရွေးချယ်ရာတွင်လည်း အမျိုးအကြောင်းကို ထည့်တွက်စဥ်းစားတတ် ကြသည်။ သို့ဖြစ်၍ အမျိုးအကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်၏ အမြင်ကို သိရှိနားလည်ဘို့ လိုအပ်သည်။

ရန်ငြိုးဖွဲ့ခြင်း
အာဒံနှင့် ဧ၀တို့သည် မြွေ၏ လှည့်ဖျားမှုကြောင့်ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကို စားခြင်းဖြင့် အပြစ်သားဖြစ်ရကြသည်။ ထိုအခါဘုရားသခင်ကမြွေကိုခေါ်၍၊ "သင်သည်ဤအမှုကိုပြုသောကြောင့်၊ သားယဥ်သားရဲအပေါင်းတို့ထက်၊ ကျိန်ခြင်းကို ခံရ၏။ သင်သည်၀မ်းဖြင့်သွား၍၊ မြေမှုန့်ကိုတသက်လုံးစားရမည်။ သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု၊ မိန့်တော်မူ၏။" (က ၃:၁၄-၁၅)။ အထက်ပါကျမ်းပိုဒ်အရ၊ ဘုရားသခင်သည်မြွေ၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၊ ရန်ငြိုးဖွဲ့လိုက်သည်။ သို့ဖြစ်လျှင်၊ မြွေ၏အမျိုးအနွယ်သည် မည်သူဖြစ်၍၊ မိန်းမ၏အမျိုးအနွယ်သည်မည်သူနည်း။ ဤအချက်ကိုသိဘို့ရန်၊ ကမ္ဘာပေါ်၌လူဖြစ်နည်း၊ လေးနည်းကိုသိဘို့လိုအပ်သည်။

လူဖြစ်နည်းလေးနည်း
ကမ္ဘာပေါ်၌လူဖြစ်နည်း၊ လေးနည်းရှိသည်။ ၎င်းတို့မှာ၊-

(၁) မိဘမဲ့ (က ၂:ရ)                                                                                                 မိဘမရှိဘဲလူဖြစ်လာသောသူရှိသည်။ လူသားများအားလုံး၏ဘခင်ဖြစ်သောအာဒံသည် မြေမှုန့်မှလူဖြစ်လာသည်။ ဘုရားသခင်သည်အာဒံကိုမြေမှုန့်မှဖန်ဆင်းခဲ့သည်။ အာဒံ၌ မိဘမရှိ။ ခလေးဘဝလည်းမရှိ။ အရွယ်ရောက်သောလူကြီးအဖြစ်ဖန်ဆင်းသည်။ အာဒံကဲ့ဘုရားသခင်သည်မည်သူကိုမျှမဖန်ဆင်းတော့ချေ။
(၂) မိခင်မဲ့ (က ၂:၂၁-၂၂)                                                                                                     ဖခင်သာရှိ၍မိခင်မရှိဘဲလူဖြစ်လာသောသူရှိသည်။ ထိုသူသည်လူသား အားလုံး၏မိခင်တည်းဟူသော၊ ဧဝပင်ဖြစ်သည်။ ဘုရားသခင်သည်အာဒံကိုကြီးသော အိပ်ခြင်းဖြင့်အိပ်စေ၍၊ သူ၏နံရိုးတချောင်းကိုထုတ်ကာ၊  လူမိန်းမကိုဖန်ဆင်းခဲ့သည်။ ဧဝလည်းခလေးဘ၀မရှိ။ အရွယ်ရောက်သောမိန်းမကြီးအဖြစ်ဖန်ဆင်းခြင်းဖြစ်သည်။ သူကဲ့သို့၊ မည်သူမျှဖန်ဆင်းခြင်းမရှိတော့ချေ။
(၃) မိဘနှစ်ပါး                                                                                                                   မိတ်ဆွေနှင့်ကျွန်ုပ်အပါအဝင်၊ လူသားအားလုံးသည်မိဘနှစ်ပါးမှမွေးဘွားလာ ကြသည်။ ခလေးဘဝမှကြီးပြင်းလာကြသည်။ ဖန်ဆင်းခြင်းအားဖြင့်၊ လူဖြစ်ကြသည် မဟုတ်။ မွေးဘွားခြင်းအားဖြင့်လူဖြစ်ကြသည်။
(၄) မိန်းမအမျိုး                                                                                                                    မိခင်ရှိသော်လည်းဖခင်မရှိဘဲလူဖြစ်သောသူရှိသည်။ ထိုသူသည်သခင်ယေရှုပင်ဖြစ်သည်။ သခင်ယေရှု၌မိခင်မာရိရှိသော်လည်း၊ လူဖခင်မရှိပေ။ လူများအထင်အ မှတ်အားဖြင့်၊ ယောသပ်သည်သူ၏ဖခင်ဖြစ်သည် (လုကာ ၃:၂၃)။ သို့သော်သခင်ယေရှုသည်၊ သန့်ရှင်းသော၀ိညာဥ်တော်အားဖြင့်မာရိ၏ဝမ်း၌၊ ပဋိသန္ဓေယူခြင်းသာဖြစ်သည် (မ ၁:၁၈-၂၀)။ ထို့ကြောင့်၊ မိန်းမအမျိုးသည်သခင်ယေရှုပင်ဖြစ်သည်။

မြွေအမျိုး
မိန်းမအမျိုးသည်သခင်ယေရှုဖြစ်ပါကမြွေအမျိုးသည်မည်သူနည်း။
(၁) ဗတ္တိဇံယောဟန်ကဗတ္တိဇံခံရန်လာကြသောလူအစုအဝေးအား၊"အချင်းမြွေဆိုးအမျိုးတို့ရောက်လုသောဘေးဒဏ်မှပြေးသွားစိမ့်သောငှါ၊ သင်တို့ကိုအဘယ်သူသတိပေးဘိသနည်း။" ဟုဆိုခဲ့သည် (မ ၃:ရ၊ လု ၃:ရ)။ ယောဟန်သည်လူများအား၊ အချင်းမြွေဆိုးအမျိုးဟုအချည်းနှီးပြောသည်မဟုတ်။ သူသည်ဘုရားသခင်စေလွှတ်သောလူဖြစ်သည်။ လူ့မျက်နှာကိုမထောက်ဘဲအမှန်အတိုင်းပြောခြင်းဖြစ်သည်။ လူသည်ဘုရားအမြင်၌မြွေမျိုးဖြစ်ကြသည်။
(၂) သခင်ယေရှုကလည်းလူများအား၊ "အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက်ကောင်းသောစကားကိုအဘယ်သို့ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မြွက်တတ်၏။"ဟုဆိုသည် (မ ၁၂:၃၄)။ သခင်ယေရှုက၊ ဣသရေလလူမျိုးများအားမြွေဆိုးအမျိုးဟုဆိုသည်။ မြွေဆိုးအမျိုးဖြစ်သောကြောင့်၊ ကောင်းသောစကားကိုမပြောနိုင်ဟုဆိုသည်။ ဣသရေလလူမျိုးများပင်လျှင်၊ မြွေဆိုးအမျိုးဖြစ်လျှင်တပါးအမျိုးသားများဖြစ်ကြသော၊ ကျွန်ုပ်တို့၌ပြောစရာမလိုတော့ချေ။

မြွေဆိုးအမျိုးဖြစ်ရခြင်း
အာဒံနှင့်ဧဝသည်အပြစ်မကျူးလွန်ခင်၌၊ ဘုရားသားများဖြစ်ကြသည်။ သို့သော်ဘုရားစကားကိုပယ်၍၊ မြွေစကားကိုထောက်ခံသောကြောင့်၊ မြွေသားသမီးများဖြစ်သွားကြသည်။ အာဒံနှင့်ဧ၀မှဆင်းသက်လာသောလူသားတိုင်းသည်လည်း၊ မြွေအမျိုးဖြစ်ရကြသည်။

မြွေမျိုး၏လက္ခဏာများ
လူသည် မြွေမျိုးဖြစ်သောကြောင့်၊ အောက်ပါမြွေ၏လက္ခဏာများတွေ့ရသည်။
(၁) အဆိပ်အတောက်ရှိခြင်း။ မြွေသည်နှုတ်ခမ်းထဲ၌အဆိပ်အတောက်ရှိသည်။ ထို့နည်းတူ၊ လူ၏နှုတ်ခမ်းအထဲ၌လည်းအဆိပ်အတောက်ရှိသည်။ ကျမ်းစာက၊ "သူတို့၏ နှုတ်ခမ်းထဲမှမြွေဆိုးအဆိပ်အတောက်ရှိ၏။"ဟုဆိုသည် (ရော ၃:၁၃)။ ရှင်ယာကုပ်ကလည်း၊ "လျှာကိုကားအဘယ်လူမျှမအောင်နိုင်။ မဆုံးမနိုင်သောအဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့်ပြည့်စုံ၏။" ဟုဆိုသည် (ယာ ၃:၈)။ မြွေ၏အဆိပ်သည်အစွယ်၌ရှိ၏။ လူ၏အဆိပ်သည်လျှာ၌ရှိ၏။ လူသည်နှုတ်မှပြောသောစကားအားဖြင့် အခြားသူများကိုစိတ်နာစေနိုင်သည်၊ အန္တရာယ်ပြုနိုင်သည်၊ ရန်ဖြစ်စေနိုင်သည်။ ထို့ကြောင့်လူသည်မြွေဆိုးအမျိုးဖြစ်ကြောင်းထင်ရှားသည်။

(၂) လျှာနှစ်ခွရှိခြင်း။ မြွေသည်လျှာနှစ်ခွရှိသကဲ့သို့၊ လူသည်လည်းလျှာနှစ်ခွရှိသည်။ ရှင်ယာကုပ်က၊ "ငါတို့သည်လျှာအားဖြင့်ခမည်းတော်ဘုရားသခင်ကိုကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့်အညီဖန်ဆင်းသောလူကိုလျှာဖြင့်ကျိန်ဆဲတတ်ကြ၏။ နှုတ်တပါးတည်းကထောပနာချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား။" ဟုဆိုသည် (ယာ ၃:၉-၁၀)။ လူသည်စကားနှစ်မျိုးပြောတတ်သောကြောင့်၊ မြွေကဲ့သို့လျှာနှစ်ခွရှိသည်။ ဘုရားသခင်ကိုချီးမွမ်းသော်လည်း၊ လူကိုအပြစ်တင်ကျိန်ဆဲတတ်သည်။ ရှေ့မှာတမျိုး၊ နောက်ကွယ်မှာတမျိုးပြောတတ်သည်။ ဧည့်သည်ကိုစားပါစားပါဟုပြောသော်လည်း၊ ဧည့်သည်ပြန်သွားသောအခါ၊ စားကျူးသောသူဟုပြောတတ်သည်။ ထို့ကြောင့်မြွေကဲ့သို့လျှာနှစ်ခွရှိကြောင်းထင်ရှားသည်။

ယောဟန် ၉ ထဲ၌သခင်ယေရှုက၊ မျက်စိကန်းသောသူကိုမျက်စိပြန်မြင်စေခဲ့သည်။ ထိုအခါဖါရိရှဲတို့ကမျက်စိကမ်းဘူးသောသူကိုခေါ်၍၊ "ဘုရားသခင်ကိုချီးမွမ်းပါ။ ထိုသူ (ယေရှု) သည်၊ လူဆိုးဖြစ်ကြောင်းကိုငါတို့သိ၏ဟုဆိုကြသည်။" (ယော ၉:၂၄)။ ဖာရိရှဲတို့ချီးမွမ်းခိုင်းသောဘုရားသည်သည်၊ သူတို့ကိုယ်တိုင်ကလူဆိုးဟုဆိုသောသခင်ယေရှုပင်ဖြစ်သည်။ သူတို့ချီးမွမ်းသောဘုရားကို၊ သူတို့ကိုယ်တိုင်ပြန်ရှုပ်ချသည်။ သူတို့ သည်လျှာနှစ်ခွနှင့်ပြောနေမှန်းမသိကြ။ ထို့နည်းတူကျွန်ုပ်တို့လည်း၊ နေ့စဥ်လျှာနှစ်ခွနှင့် ပြောနေမှန်း၊ ကိုယ့်ကိုယ်ကိုမသိကြ။

မြွေဆိုးသွားမည့်နေရာ
သခင်ယေရှုက၊ "မြွေဆိုးအမျိုးတို့၊ သင်တို့သည်အပြစ်ငရဲမှအဘယ်သို့ လွတ်နိုင်မည်နည်း။" ဟုဆိုထားရာ (မ ၂၃:၃၃) မြွေဆိုးအမျိုးသွားမည့်နေရာသည်၊ ငရဲပင်ဖြစ်သည်။ ထို့ကြောင့်၊ မြွေးဆိုးအမျိုးဖြစ်သောလူသားတိုင်းလည်း၊ ငရဲသို့သွားရကြမည်သာဖြစ်သည်။

သင်ခန်းစာ (၆) မေးခွန်းမျာ:

၁။ မြွေမျိုးနှင့်မည်သူ့အမျိုးရန်ငြိုငြှိုးဖွဲ့သနည်း။ --------------
၂။ လူဖြစ်နည်းအားလုံးဖေါ်ပြပါ။ ----------------------------------------
၃။ မိန်းမအမျိုးသည်မည်သူနည်း။ -----------------
၄။ ဣသရေလများကိုယောဟန်က-----------ဟုဆိုသည်။
၅။ လူသည်မည်သူ၏အမျိုးအနွယ်ဖြစ်သနည်း။ ---------------
၆။ မြွေ၏လက္ခဏာနှစ်ခုဖေါ်ပြပါ။ ----------------
ရ။ လူ၏အဆိပ်သည်မည်သည့်နေရာ၌ရှိသနည်း။ -------------
၈။ လူသည်လျှာ------ရှိသည်။
၉။ လျှာနှစ်ခွရှိခြင်းဆိုသည်မှာ -------------------------
၁၀။ မြွေဆိုးမျိုးသည်မည့်သည့်နေရာသို့သွားမည်နည်း။ ---------

.

သင်ခန်းစာ (ရ)

စာတန်သားသမီးများ

သင်ခန်းစာ (၆)၌ မိန်းမအမျိုးအနွယ်သည် သခင်ယေရှုဖြစ်၍မြွေအမျိုးအနွယ်သည် လူသားများဖြစ်ကြောင်းသိရှိရပြီ။ ယခုဆက်၍ စာတန်သားသမီး များအကြောင်းလေ့လာကြပါစို့။

ဘုရားသားသမီး
ဘုရားသခင်က အာဒံနှင့်ဧ၀ဖန်ဆင်းစ၌ အပြစ်ကင်းစင်လျက်ရှိသောကြောင့် ဘုရားသားသမီးများဟုခေါ်ကြသည်။ လုကာ ၃:၃ရ ၌ "အာဒံအဘဘုရားသခင်ပေတည်း၊"ဟုပါရှိသည်။ ဘုရားသခင်၏ သားသမီးများဖြစ်သောကြောင့် ဘုရားသခင်နှင့်မိဿဟာယဖွဲ့နိုင်ခဲ့ကြသည်။ ဘုရားသခင်၏ အမွေစားအမွေခံများလည်းဖြစ်ကြသည်။

စာတန်သားသမီးများအဖြစ်သို့
စာတန်သည် မြွေအထဲမှနေ၍ အာဒံနှင့်ဧ၀ကို လှည့်ဖြားလိုက်သည်။ စာတန်ကလူသည် ဘုရားစကားနားမထောင်ဘဲ သူ၏စကားနားထောင်ရန်သွေးဆောင်လိုက်သည်။ အာဒံနှင့်ဧဝတို့ လင်မယားသည် ဘုရားစကားကိုပယ်ကာ စာတန်၏ စကားကိုနားထောင်လိုက်ကြသည်။ ဘုရားသခင်မှာထားသည်မှာ၊ "ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဥ်၌ ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့်ရှိ၏။ ထိုအပင်၏ အသီးကို ကား မစားရ။ စားသောနေ့တွင်ဧကန်အမှန်သေရမည်။" ဟူ၍ဖြစ်သည် (က ၂:၁၆-၁ရ)။ သို့သော်စာတန်ကလည်းဤသို့တန်ပြန်ဆိုထားသည်၊ "သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသော နေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့သည်ကို ဘုရားသခင် သိတော်မူသည် ဟု မိန်းမအား ဆို၏။" (က ၃:၄-၅)။ အာဒံနှင့် ဧ၀သည် ဘုရားသခင်၏ စကားကို ပယ်၍ စာတန်၏ စကားကို ထောက်ခံသောကြောင့် ဘုရားသခင်နှင့် အဆက်ပြတ်သွားခဲ့ကြသည် (က ၃:၂၃-၂၄)။ ကောင်းမကောင်းသိကျွမ်းရာ အပင်၏ အသီးကို စားသော နေ့တွင်ကိုယ်ခန္ဓာ မသေသော်လည်း၀ိညာဥ်ပိုင်း သေသွားသည်။ သူတို့သည် ဘုရား သခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းခြင်း ခံခဲ့ရသော်လည်း စာတန် ရုပ်ပေါက်လာသည်။ ဘုရားသခင်၏ ကျိန်ခြင်း ကိုလည်း ခံရသည်။ ဘုရားသခင်၏ သားသမီး အဖြစ်မှ စာတန်၏ သားသမီး အဖြစ်သို့ ရောက်သွားခဲ့ကြသည်။

အဘစာတန်
ဣသရေလ လူမျိုးများ အနေဖြင့် မိမိတို့သည် ဘုရားသခင်၏သား ဖြစ်သည်ဟုယူဆကြသည်။ ထို့ကြောင့် သခင်ယေရှုနှင့် အခြေအတင် ပြောဆို ရာတွင် သခင်ယေရှုက၊ "သင်တို့သည် သင်တို့ အဘ တည်း ဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့ အဘအလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရား ( သမ္မာတရား) မရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိ ပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။"ဟုဆိုသည် (ယော ၈:၄၄)။ ဘုရားသခင် ရွေး ကောက်ထားသော ဣသရေလ လူမျိုးများ ပင်လျှင် စာတန် မာရ်နတ်၏သား ဖြစ်လျှင် တပါးအမျိုးသား ဖြစ်သော ကျွန်ပ်တို့၌ ပြောစရာ မလို၊ စာတန် မာရ်နတ်၏ သားများဖြစ် ကြသည်။ တမန်တော် ယောဟန်ကလည်း၊ "လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို ငါတို့ သိကြ၏။"ဟုဆိုသည် (၁ ယော ၅:၁၉)။

ဘုရားသားအဖြစ်မမွေးကြ

လူတိုင်း မိမိမွေးနေ့ကို အလွန်နှစ်သက် ကြသည်။ မွေးနေ့မင်္ဂလာဟူ၍ မွေးနေ့ပွဲများပြုလုပ်တတ်ကြသည်။ သို့သော်လူသည် ဘုရားသခင်၏ သားသမီးများအနေဖြင့်မမွေးဘဲ စာတန်သားသမီးအဖြစ်မွေးဘွား ကြသည်။ ထို့ကြောင့် မွေးနေ့မင်္ဂလာ မဟုတ်ဘဲ မွေးနေ့အမင်္ဂလာ ဖြစ်သည်။ ကျမ်းစာ၌၊ "ထိုသူကို လက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။" ဟုဆို သည် (ယော ၁:၁၂)။ ထိုသူတည်း ဟူသော ခရစ်တော်ကို ယုံကြည် လက်ခံမှသာ ဘုရားသားဖြစ်ခွင့်ရမှာဖြစ်သည်။ မည်သူမျှ ခရစ်တော်ကို ယုံကြည်ပြီးသားနှင့် မွေးဖွားကြသည်မဟုတ်။ သို့ဖြစ်လျှင် ခရစ်တော်ကို မယုံကြည် မလက်ခံမှီတွင် မည်သူ၏ သားသမီး ဖြစ်ကြသနည်း။ စာတန်၏ သားသမီးများဖြစ်ကြသည်။ မိတ်ဆွေ၊ သင်သည် စာတန်၏သားသမီးဖြစ်ကြောင်းလက်ခံနိုင်ပါသလား။

ပထွေးစာတန်
မွေးသဖခင် မဟုတ်သောသူကို ပထွေးဟု ခေါ် ကြသည်။ စာတန်သည် လူတိုင်း၏ဖခင်ဖြစ်သည်။ သို့သော်စာတန်သည်လူများကို ဖန်ဆင်းမွေးထုတ်ပေး သူမဟုတ်။ လူကိုဘုရားသခင်ကဖန်ဆင်းခဲ့သည်။ သို့သော်ဖခင်စစ် မဟုတ်သော စာတန်ကို ဖခင်ဟုခေါ်ရသောကြောင့် စာတန်သည်လူသားများ၏ပထွေး ဖြစ် သည်။ မိတ်ဆွေ၏ပထွေးကို သိရှိပြီ။ ပထွေးသည်များသောအားဖြင့်မယားပါ သားသမီးများအပေါ်ကောင်းရိုးထုံးစံမရှိပါ။ ထို့နည်းတူစာတန်သည်လည်းလူ သားများအပေါ်မကောင်းချေ။ ပထွေးကိုကြောက်သကဲ့သို့ စာတန်ကိုကြောက်ရသည်။ ပထွေးသည်နှိပ်စက်တတ်သကဲ့သိုစာတန်သည်နှိပ်စက်တတ်သည်။

စာတန်သားများ၏လက္ခဏာ
လူသား များသည် စာတန်၏ သားသမီး များဖြစ်သောကြောင့် အောက်ပါ စာတန်၏ လက္ခဏာများရှိကြသည်-
(၁) လူအသက်ကိုသတ်ခြင်း၊ စာတန်သည် ရှေ့ဦးစွာမှစ၍လူ့အသက်ကို သတ်သောသူဖြစ်သည်ဟုသခင်ယေရှုကပြောသည် (ယော ၈:၄၄)။ စာတန်သည် အာဒံနှင့်ဧ၀တို့၏၀ိညာဥ်ပိုင်းဆိုင်ရာအသက်ကိုသတ်သည်သာမကကာဣနအထဲမှအာဗေလကိုလည်း သတ်လိုက်သည် (က ၄:၈)။ ထို့နည်းတူလူသားများလည်းအချင်း ချင်း၏ ၀ိညာဥ်ပိုင်းနှင့်ကိုယ်ခန္ဓာပိုင်းအသက်များကိုသတ်နေကြသည်။
(၂) ဘုရားသခင်ကိုရန်ဘက်ပြုခြင်း၊ စာတန်သည် အစ၌ ကောင်းကင်တမန် ဖြစ်သည်။ သို့သော်ဘုရားသခင်ကိုတော်လှန်၍ သူ့ကိုယ်သူ ဘုရားသခင် ဖြစ်ချင် သောကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည်။ ဘုရားသခင်၏ ရန်သူဟု အဓိပ္ပါယ်ရသော စာတန်ဟူသောနာမည်ကိုရရှိလာသည် (ယေဇ ၂၈:၁၂-၁ ရ၊ ဟေရှာ ၁၄:၁၂-၁၅)။ ထို့နည်းတူ လူသားများသည် ဘုရားသခင်နှင့် ရန်ဖြစ်လျက် ရှိသည်။ ဘုရားသခင်နှင့် အမြင်ခြင်းမတူ၊ အလိုဆန္ဒခြင်းလည်း အမြဲဆန့်ကျင် ဘက်ဖြစ်သည်။ ထို့ကြောင့်သခင်ယေရှုခရစ်သည်ရန်ငြိမ်းစေဘို့ရန် လက်၀ါးကပ်တိုင်၌အသေခံခဲ့သည် (၂ ကော ၅:၁၈)။
(၃) သစ္စာတရား (သို့) သမ္မာတရားမရှိ၊ စာတန်၌သစ္စာတရား ( သမ္မာတရား) မရှိ (ယော ၈:၄၄)။ သမ္မာတရားသည် ဘုရားသခင်၌ သာရှိသည်။ ထို့နည်းတူ လူသားများ၌ သမ္မာတရားမရှိကြ။ သမ္မာတရားနှင့် ပတ်သက်လာလျှင်နေကြသည်။ နားမလည်ကြ၊ ထိုမျှသာမကအလိုလည်းမရှိကြ။
(၄) မုသာတရား၌ကျင်လည်၊ စာတန်သည် မုသာတရား၌ ကျင်လည်၍ မုသာ၏ အဘလည်းဖြစ်သည် (ယော ၈:၄၄)။ ထို့နည်းတူ လူသားများသည်လည်း မုသာ၌ ကျင်လည်၍မုသာကိုနှစ်သက်ကြသည်။ သမ္မာတရားကိုနားမလည်နိုင်သော်လည်း မုသာကိုမူသင်ပေးစရာမလိုဘဲ ပြောတတ်နားလည်တတ်ကြသည်။ မုသာအရာများကို စွဲလန်းခြင်းအားဖြင့် စာတန်၏သားသမီးမှန်းထင်ရှားသည်။ မိတ်ဆွေ မုသာပြောဘူးပါသလား၊ ပြောဘူးလျှင် စာတန်၏သားသမီးမှန်းထင်ရှားသည်။ ရီစရာဟာသများသည် မုသာများသာလျှင်ဖြစ်သည်။ ဟာသပြောလျှင်အလွန်အားရကြခြင်းသည်၊ မုသာ၏သားများဖြစ်ကြသောကြောင့်ဖြစ်သည်။
(၅) လောကကိုချစ်ခြင်း၊ ဤလောကကို ဘုရားသခင်က ဖန်ဆင်း၍ အာဒံလက်သို့ အပ်ခဲ့သည် (က ၁:၂၈)။ သို့သော်အာဒံသည် ဤလောကကို စာတန်လက်သို့ သူ့တပည့်ခံခြင်းဖြင့် အပ်လိုက်သည် (လု ၄:၆)။ ထို့ကြောင့်စာတန်သည်ဤလော ကကို အစိုးရသည် (ယော ၁၄:၃၀)။ လူသည် စာတန် အုပ်စိုးသော ဤလောကကို အလွန် စွဲလန်းတပ်မက်ကြသည်။ စာတန်သားသမီးများဖြစ်သောကြောင့် အဘဥစ္စာကို စွဲလန်းတပ်မက် ကြသည်။
(၆) ဒုစရိုက်ကိုပြုခြင်း၊ "မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည်မာရ်နတ်နှင့်ဆိုင်၏၊" (၁ ယော ၃:၈)။ လောက၌ဒုစရိုက်မပြုဘူးသောသူမရှိ။ ထို့ကြောင့်လူသည် မာရ်နတ်နှင့်ဆိုင်သောသူဖြစ်ကြောင်းထင်ရှား၏။

စာတန်၏နိဂုံး
စာတန်မာရ်နတ်သည် ဘုရားသခင်၏ရန်သူဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် စာတန်အတွက်မီးငရဲအိုင်ကိုဖန်ဆင်းထားသည်။ ဘုရားသခင်ကစာတန်အား၊ "သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌မီးကိုငါညှိမည်။"ဟုဆိုသည် (ယေဇ ၂၈:၁၈)။ တဖန်သခင်ယေရှုက၊ "မာရ်နတ်နှင့်သူ၏တမန်များအဘို့ ပြင်ဆင်သောထာ၀ရမီး။" ဟုဆိုသည် (မ ၂၅:၄၁)။ နောက်ဆုံးသောအချိန်၌၊ "မာရ်နတ်ကိုလည်းသားရဲနှင့် မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသောမီးအိုင် ထဲသို့ ချပစ်လျှင် သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့" (ဗျာ ၂၀:၁၀)။ အထက်ပါ ကျမ်းပိုဒ်များအရ စာတန်၏ နိဂုံးသည်မီးငရဲအိုင်ဖြစ်သည်။ မိတ်ဆွေလည်း စာတန်နှင့်ဆိုင်သောကြောင့်မီးငရဲအိုင်ရောက်ဘို့ရန်ရှိသည်။ ထို့ကြောင့်မီးငရဲအိုင်မှလွတ်လမ်းကိုရှာဘို့လိုသည်။

သင်ခန်းစာ (ရ) မေးခွန်းများ

၁။ အာဒံနှင့် ဧ၀သည် ဖန်ဆင်းစ၌ မည်သူ၏ သားသမီး များဖြစ်ကြသနည်း။ ---------
၂။ အာဒံနှင့် ဧ၀တို့သည် စာတန် စကား နားထောင် ချိန်မှစ၍ မည်သူ၏ သားသမီး များဖြစ်ကြသနည်း။ ---------------
၃။ ဣသရေလများအား သခင်ယေရှုကမည်သူ၏ သားသမီးများဟုဆိုသနည်း။ --------------
၄။ လူသည် မွေးဘွားသောအခါ မည်သူ၏သားသမီးဖြစ်သနည်း။ -----
၅။ လူတိုင်း၏ပထွေးသည်မည်သူနည်း။ -------------
၆။ လူသည် စာတန်၏ သားသမီး ဖြစ်သောကြောင့် မည်သူနှင့် ရန် ဖြစ်သနည်း။ -------------------
ရ။ စာတန်၏ သားသမီး မှန်းမည်သည့်အရာအားဖြင့် သိရသနည်း။ ---------------------------------------------------------------
၈။ မိတ်ဆွေသည် မုသာပြောဘူးပါသလား။ -----------------
၉။ လောကကို ချစ်သော သူသည် မည်သူ၏ သားသမီး ဖြစ်ကြောင်း ထင်ရှားသနည်း။ ------------------
၁၀။ စာတန်၏ နိဂုံးသည် မည်သည့်နေရာ ဖြစ်သနည်း။ -----------

.

သင်ခန်းစာ (၈)

တိရစ္ဆာန်နှင့်ပိုးမွှား

သင်ခန်းစာ (ရ)၌ လူသည် စာတန်သားသမီးဖြစ်ကြောင်းသင်ခဲ့ရပြီ။ စာတန် သားသမီးဖြစ်ကြသောကြောင့် စာတန်ကဲ့သို့သောအကျင့်ရှိကြသည်။ နိဂုံးလည်း စာတန်နှင့်အတူ ငရဲအိုင်ထဲသို့သွားရမှာဖြစ်သည်။ ဆက်လက်၍လူ၏ အမျိုးသည်ဘုရားအမြင်၌ တိရစ္ဆာန်နှင့်ပိုးမွှားများသာဖြစ်ကြောင်းသင်ကြရမှာ ဖြစ်သည်။

တိရစ္ဆာန် ဖြစ်
လူသည်ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်မှတ်တတ်သော်လည်း ဘုရား သခင်ရှေ့၌လူမဟုတ်၊ တိရစ္ဆာန်မျှသာဖြစ်သည်။ သင်ခန်းစာ (၃)၌ လူသည်ကိုယ် ခန္ဓာ၊ စိတ်၊ ၀ိညာဥ် သုံးပိုင်းအသက်ရှင်လှုပ်ရှားမှသာလျှင် ဘုရားသခင်အမြင်၌ လူဖြစ်ကြောင်းသင်ခဲ့ရပြီ။ သို့သော်ကိုယ်ခန္ဓာနှင့် စိတ် သာအသက်ရှင်သောသူသည် တိရစ္ဆာန်ဖြစ်သည်။ ထို့ကြောင့်သုတ္တံဆရာက၊ "အကယ်စင်စစ်ငါသည် လူမဟုတ်။ တိရစ္ဆာန်ဖြစ်၏။ လူဥာဏ်နှင့်မပြည့်စုံ။"ဟုဆိုသည် (သုတ္တံ ၃၀:၂)။

ခွေးဖြစ်သည်
"ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ်သည်။" (၂ ပေ ၂:၂၂)။ ထိုနည်းတူလူလည်းမိမိစွန့်ပြီးသောအပြစ်ကို ပြန်လုပ်တတ်သည်။

၀က်ဖြစ်သည်
"၀က်သည်လည်းဆေးပြီးမှရွှံ့တွင်လူးပြန်သည်။" (၂ ပေ ၂:၂၂)။ ၀က်သည် ရွှံ့ကြိုက်သကဲ့သို့ လူသည် ညစ်ညူးသောအရာကို ကြိုက်နှစ်သက်သည်။ ထိုအရာများကို စွန့်ပြီးမှပြန်ကျင့်တတ်သည်။ ထို့ကြောင့်လူသည် ၀က်ကဲ့သို့ဖြစ်သည်။

လူနှင့် တိရစ္ဆာန်တူညီချက်များ
(၁) ပျက်စီးခြင်းသို့ ရောက်တတ်သည်၊ "ထင်ရှားသောအရာဟူမူကား၊ ပညာရှိသောသူတို့သည်သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။" (ဆာလံ ၄၉:၁၀)။ တိရစ္ဆာန်သည် သေဆုံး၍ ပျက် စီးခြင်းသို့ ရောက် သကဲ့သို့ လူသည်လည်း သေဆုံး၍ ပျက်စီးခြင်းသို့ ရောက်တတ်သည်။
(၂) လူမည်သည် ကား မိမိ ဥာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ဖြစ်၏ (ယေရမိ ၅၁:၁ရ)။ လူသည်ကိုယ်ကိုယ်ကို ဥာဏ်ကောင်းသည်ဟု ထင်တတ်သော်လည်း ဘုရားသခင် ရှေ့တော်၌ တိရစ္ဆာန်၏ ဥာဏ်မျှလောက်သာရှိသည်။ တိရစ္ဆာန်များသည် စားသောက်ဘို့ရန် သာစဥ်းစား သကဲ့သို့ လူသည်လည်း စားသောက်ဘို့ သာ စဥ်းစားတတ်သည်။ တိရစ္ဆာန်များသည်ကိုယ်ကျိုးကို သာကြည့်တတ် သကဲ့သို့ လူသည်လည်းကိုယ်ကျိုးကို သာကြည့်တတ်သည်။
(၃) တိရစ္ဆာန်များသည် ဘုရားသခင်ကို မကိုးကွယ်ကြ၊ အစာစား သောအခါ၌ လည်း ကျေးဇူးတော်မချီးမွမ်းကြ။ သူတို့ကို ဖန်ဆင်းသောအရှင်ကို မသိကြ။ ထို့နည်းတူလူလည်း မိမိဖန်ဆင်းရှင်ကိုမသိကြ။ ထာ၀ရဘုရားကို ကိုးကွယ်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းမပြုကြ။ ကိုးကွယ်သောသူများလည်း ဟန်ပြသာလျှင်ကိုးကွယ်ကြသည်။ စိတ်နှလုံးမူကား ဘုရားသခင်နှင့်ဝေးလှ၏ (မဿဲ ၁၅:ရ- ၉)။
ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်းကိုယ့်ကိုယ်ကို အထင်ကြီးလျက် ဘ၀င်မြင့်သောအခါ ထာ၀ရ ဘုရားက တိရစ္ဆာန်စိတ်ပေါက်စေလျက် တိရစ္ဆာန်ကဲ့သို့ တောထဲ၌ ခုနစ်နှစ်နေရသည်။ ခုနစ်နှစ် ပြည့်သောအခါ ထာဝရဘုရားကိုချီးမွမ်း၍ ဘုရားသခင်က လူစိတ်ပြန်၀င်စေကာလူစုထဲ၌ အာဏာပြန်လည်တည်မြဲ စေခဲ့သည် (ဒံယေလ ၄:၂၈-၃ရ)။ ထိုသို့ ဘုရားသခင် ဖြစ်စေခြင်းမှာ၊ လူသည်တိရစ္ဆာန်ကဲ့သို့ဖြစ်၍ ဘုရားသခင်ကို ကိုးကွယ်ချီးမွမ်းမှသာလူ ဖြစ်ကြောင်းသိစေဘို့ရန်ဖြစ်သည်။

ပိုးမွှားမျှသာ
လူသည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်သာမက ဘုရားအမြင်၌ ပိုးမွှားမျှသာ ဖြစ်ကြောင်းကို ကျမ်းစာအားဖြင့်သိရှိရသည်။ ကျမ်းစာက၊ "သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။ လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်းရှေ့တော်၌ မဖြူစင်။ ထိုမျှမကတီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သော လူသားကို အဘယ်ဆိုဘွယ်ရာရှိသနည်း။"ဟုဆိုထားပါသည် (ယောဘ ၂၅:၄-၆)။

တီကောင်
လူသည် ဘုရားသခင်ရှေ့ ၌ တီကောင်ဖြစ်သည်။ လူနှင့်တီကောင်တူညီသောအချက်များမှာ၊
(၁) ရွံစရာကောင်းခြင်း၊ တီကောင်သည် ရွံစရာကောင်းသကဲ့သို့ လူသည် ဘုရားသခင် ရှေ့ ၌ ရွံစရာကောင်းသည်။ တီကောင်ကမိတ်ဆွေထံမိမိအသက်စွန့်လျက်စားဘို့ရန်သော်၎င်း၊ စေခိုင်းဘို့ရန်သော်၎င်း၊ ဆက်ကပ်ပါက မိတ်ဆွေလက်ခံနိုင်ပါမည်လော။ ထိုနည်းတူ ရွံစရာကောင်းသော လူသားများ၏ ဆက်ကပ်ခြင်းကို ဘုရားသခင်နှစ်သက်လက်ခံတော်မမူ။
(၂) မြေကြီးကိုကြိုက်နှစ်သက်၊ တီကောင်သည် မြေကြီးကို ကြိုက်နှစ်သက်၍ မြေကြီးကိုသာ စားသကဲ့သို့ လူသည်လည်း ကောင်းကင်အရာထက် မြေကြီး အရာကိုသာစွဲလန်းနှစ်သက်သည်။
(၃) မြေကြီးသာရှိ၊ တီကောင်၏၀မ်းထဲ၌ မြေကြီးသာရှိသကဲ့လူ၏ စိတ်နှလုံးထဲ၌လည်း မြေကြီးအရာသာရှိသည်။
(၄) မြေကြီးထဲ၌နေ၊ တီကောင်သည် မြေကြီးထဲ၌ နေသကဲ့သို့ လူသည်လည်း မြေကြီး အရာထဲ၌ သာပျော်မွေ့သည်။
(၅) မည်သူကိုမျှမနိုင်၊ တီကောင်သည် မည်သူ့ကိုမျှမနိုင်သကဲ့သို့၊ လူသည်လည်းစာတန်၊ အပြစ်၊ အနာရောဂါ၊ သေခြင်းတို့ကိုမနိုင်ချေ။

ပိုးရွ
ပိုးရွသည်လောက်ကောင်များကို ဆိုလိုသည်။ လောက်ကောင်နှင့် လူတူညီသော အချက်များမှာ၊
(၁) ပိုးရွသည်ရွံစရာကောင်းသကဲ့သို့ လူလည်းရွံစရာကောင်းသည်။
(၂) ပိုးရွသည် အပုပ်အနံ့များကြိုက်သကဲ့သို့ လူလည်းမကောင်းသောအရာ၊ ဒုစရိုက်အပြစ်များကိုကြိုက်နှစ်သက်သည်။
(၃) ပိုးရွသည်ညစ်ညူးသောနေရာ၌နေသကဲ့သို့ လူသည်ဒုရိုက်နှင့်ညစ်ညူးသော နေရာ၌ပျော်မွေ့တတ်သည်။ ဘုရားတရားပြောဆိုသောနေရာ၌ မပျော်မွေ့တတ်။
(၄) ပိုးရွ၏အထဲ၌ရွံစရာသာရှိ သကဲ့သို့ လူ၏ စိတ်နှလုံးသည် အလွန်ရွံစရာ ကောင်းသည်။
ထို့ကြောင့် မိတ်ဆွေသည် အရပ်ရှည်ပါကတီကောင်ရှည်ရှည်၊ ပိုးရွရှည်ရှည်ဖြစ်သည်။ မိတ်ဆွေသည်ဝပါကပိုးရွဝဝ၊ တီကောင်ဝဝဖြစ်သည်။ မိတ်ဆွေသည် ပိန်ပါကတီပိန်လောက်ပိန်ဖြစ်သည်။ တီကောင်နှင့်ပိုးရွသည် လူအတွက်အသုံးမဝင်သကဲ့သို့ လူသည်လည်း ဘုရားသခင်အတွက်အသုံးမဝင်ချေ။ သို့သော်လူသည်မိမိအခြေအနေကိုမသိသောကြောင့် ဘုရားသခင်ထံ၌ ဆက်ကပ်လှူဒါန်းခြင်းအားဖြင့်မျက်နှာရဘို့ ကြိုးစားတတ်ကြသည်။

သင်ခန်းစာ (၈) မှမေးခွန်းများ

၁။ ကိုယ်ခန္ဓာနှင့် စိတ်သာအသက် ရှင်လှူပ်ရှားသောသူသည် လူဖြစ်သလော တိရစ္ဆာန်ဖြစ်သလော။ -------------
၂။ ခွေးသည် မိမိအံဖတ်ကိုပြန်စားတတ်သကဲ့သို့ လူသည်ဘာလုပ်တတ်သနည်း။ -------------
၃။ ၀က်သည် ရွှံ့ကြိုက် သကဲ့သို့ လူသည် ဘယ်အရာကို ကြိုက်သနည်း။ ---------------
၄။ သုတ္တံ ၃၀:၂ ၌ သုတ္တံဆရာကသူသည်ဘာဥာဏ်နှင့်မပြည့်စုံဟုဆိုသနည်း။ ----------------
၅။ တိရစ္ဆာန်များသည် ဘုရားသခင်ကို ကိုးကွယ်တတ်သလော။ ------
၆။ နေဗုခဒ်နေဇာသည် မည်သူကို ချီးမွမ်းမှလူ့စိတ်ပြန်ဝင်လာသနည်း။ -----------------
ရ။ တီကောင်နှင့် လူကြိုက်သောအရာသည်အဘယ်အရာနည်း။ ----
၈။ တီကောင်နှင့်လူအထဲ၌ မည်သည့်အရာသာရှိသနည်း။---------
၉။ ပိုးရွနှင့်လူ၏တူညီချက်များကိုဖေါ်ပြပါ။ ------------------------------------------------------------
၁၀။ မိတ်ဆွေသည် ဘုရားသခင်ရှေ့ ၌ တီကောင်နှင့်လောက်ကောင်ဖြစ်ကြောင်း ၀န်ခံပါသလား။ --------------

.

သင်ခန်းစာ (၉)

ပြည့်တန်ဆာနှဖူး

သင်ခန်းစာ (၈)၌ လူသည် ထာ၀ရဘုရားအမြင်၌ တိရစ္ဆာန်နှင့်ပိုးမွှားများ သာ ဖြစ်ကြောင်း သင်ခဲ့ရပြီ။ ယခုတဖန်လူသည်ဘုရားသခင်အမြင်၌ ပြည့်တန် ဆာနဖူးရှိကြောင်းလေ့လာကြပါစို့။

ဘုရားသခင်ကိုသာချစ်ဘို့

ဣသရေလ လူမျိုးများသည် ဘုရားသခင်ကိုသာချစ်ဘို့ ဘုရားသခင်ကပညတ်ထားသည်။ တရား၆:၅၌၊ "သင်၏ဘုရားသခင်ထာ၀ရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။" ဟုမှာထားသည်။ စိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်ခြင်းဆိုသည်မှာ ရည်းစားကိုစိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်ပါကအခြားသောသူများကိုမချစ်နိုင်တော့ချေ။ ထို့နည်းတူဘုရားသခင်ကလည်းသူ့ကို ဣသရေလလူမျိုးများကချစ်စေချင်သည်။

ဘုရားသခင်၏ မိန်းမ

ဘုရားသခင်၌ မိန်းမရှိသလောဟု မိတ်ဆွေအံ့ဩပေလိမ့်မည်။ သို့သော် ဣသရေလနှင့်ယုဒသည် ဘုရားသခင်၏ မိန်းမများဖြစ်ကြသည်။ "သင့်ကိုဖန်ဆင်းတော်မူသောသူသည်သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားပေတည်း။" ဟုဆိုထားသည် (ဟေရှာယ ၅၄:၅)။ ဟောရှေ ၂:၁၆၌ လည်း၊ "ထာ၀ရဘုရားမိန့်တော်မူသည်ကားထိုကာလ၌ သင်သည်ငါ့ကိုသခင်ဟူ၍မခေါ်ရ၊ ခင်ပွန်းဟူ၍ခေါ်ရမည်။" ဟုဆိုထားသည်။ ယေရမိ ၃:၂၀၌၊ "အိုဣသရေလ အမျိုးမယားသည် မိမိခင်ပွန်း၌သစ္စာ ဖျက်သကဲ့သို့ အကယ်စင်စစ်သင်တို့သည်ငါ၌သစ္စာဖျက်ကြပြီ။"ဟုထာ၀ရဘုရားမိန့်တော်မူ၏။ ထို့ကြောင့်ထာ၀ရဘုရား၏ မိန်းမသည် ဣသရေလလူမျိုးများဖြစ်သည်။

ခင်ပွန်းကိုချစ်သည်

ဘုရားသခင်သည် မိမိခင်ပွန်းဣသရေလကိုအလွန်ချစ်သည်။ ဟေရှယ ၅၄:၁၀၌၊ "တောင်ကြီးတို့သည်ရွေ့၍တောင်ငယ်တို့သည်လှူပ်ရှားသော်လည်းငါ၏မေတ္တာသည်သင်မှမရွေ့ရ။" ဟုထာ၀ရဘုရားဆိုသည်။ တရားဟောရာ ရ:ရ ၌လည်း၊ "သင်သည်အခြားသောလူမျိုးထက်သာ၍များသောကြောင့်ထာ၀ရ ဘုရားသည်သင့်ကိုချစ်၍ရွေးချယ်တော်မူသည်မဟုတ်။ ထာ၀ရဘုရားသည်သင့်ကိုချစ်သောကြောင့်၎င်း၊ သင့်ကိုချစ်၍ရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ။"ဟုဆိုသည်။ တဖန်တရားဟောရာကျမ်း၂၃:၅၌လည်း၊ "သို့ ရာတွင်သင်၏ ဘုရားသခင်ထာ၀ရဘုရားသည်ဗာလမ်၏စကားကို နားမထောင်သင့်ကို ချစ်သောကြောင့်ကျိန်ဆဲခြင်းကို သင်၌ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူ၏။"ဟုဆိုသည်။

ပြည့်တန်ဆာလုပ်

ဘုရားသခင်သည် ဣသရေလကိုအလွန်ချစ်သည်။ ထို့ကြောင့်အဲဂုတ္တု ကျွန်မှလွတ်မြောက် စေ၍ နို့နှင့်ပျားရည်စီးသောပြည်သို့ပို့ဆောင်ကာ ကောင်းကြီး ပေးခဲ့သည်။ ဘုရားသခင်သည် ဣသရေလကိုအလွန်ချစ်သကဲ့သို့၊  ဣသရေလကလည်းသူ့ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်စေချင်သည်။ သို့သော် ဣသရေလသည် ဘုရားသခင်ထက်ရုပ်တုများကို သာ၍ချစ် သည်၊ ကိုးကွယ်သည်။ ဘုရားသခင် အမြင်၌ ရုပ်တုကိုးကွယ်ခြင်းသည် ရုပ်တုနှင့်မှားယွင်းခြင်း၊ ပြည့်တန်ဆာလုပ်ခြင်းဟုဆိုလိုသည်။ ဘုရားသခင်ထက် ရုပ်တုကို ချစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်က ယေရမိ ၃:၁-၃ ၌၊ "ယောက်ျားစွန့်ပစ်သောမိန်းမသည် ထွက်သွား၍ အခြားသောသူ၏မယားဖြစ်ပြီးမှအရင်လင်သည် ထိုမိန်းကိုပြန်၍ ယူသင့်သလော။ ထိုသို့ ပြုသောပြည်သည်ညစ်ညူးသည်မဟုတ်လောဟုဆိုလေ့ရှိလျက်နှင့်သင်သည်များစွာသောရည်းစားတို့၌ မှီဝဲမှားယွင်းသော်လည်ငါထံသို့ ပြန်လာပါဟု ထာ၀ရဘုရားမိန့်တော်မူ၏။ မြင့်သောအရပ်ကိုမျှော်ကြည့်၍ လင်မနေဘူးသော အရပ်တစုံတခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့ သင်သည် လမ်းတို့၌စောင့်နေ၍ မတရားသောမေထုန်အားဖြင့်၎င်း၊ အဓမ္မမှုများအားဖြင့်၎င်း၊ ပြည်ကိုညစ်ညူးစေပြီ။ မိုးခေါင်၍နောက်မိုးတိုင်အောင်မရွာသော်လည်း သင်တို့သည်ပြည့်တန်ဆာနဖူးရှိ၍ရှက်ခြင်းသဘောကိုပယ်ရှားပြီ။" ဟုဆိုသည်။

ယောက်ျားစွန့်ပစ်သောမိန်းမသည် ဣသရေလကိုဆိုလိုသည်။ အရင်လင်သည်ဘုရားသခင်ကိုဆိုလိုသည်။ အခြားသောသူ၏မယားဆိုသည်မှာ ဣသရေလသည် ဘုရားသခင်နှင့်ကွာ၍ ရုပ်တုများနှင့်မှားယွင်းသောကြောင့် ရုပ်တုများသည် အခြားသောသူဖြစ်သည်။ ဣသရေလ၏များစွာသောရည်းစားသည်လည်းရုပ်တုများပင်ဖြစ်သည်။ မြင့်သောအရပ်သည်တောင်ကုန်းများကိုဆိုလိုသည်။ တောင်ကုန်းများပေါ်၌ရုပ်တုများကိုတည်ထားကိုးကွယ်ကြသည်။ ဣသရေလ များကိုဘုရားသခင်သည်မိုးခေါင်စေခြင်းအားဖြင့် ဒဏ်ခတ်သော်လည်း မမှတ်ဘဲဆက်၍ ရုပ်တုကိုကိုးကွယ်နေကြသေးသည်။ ထို့ကြောင့်ဘုရားသခင်အမြင်၌ သူတို့သည်ပြည်တန်ဆာများဖြစ်ကြသည်။ သူတို့၏နဖူးသည်လည်းပြည့်တန်ဆာနဖူးဖြစ်ကြသည်။

ပြည့်တန်ဆာမိန်းမယူခိုင်း

ဣသရေလလူများသည် ပြည့်တန်ဆာလုပ်သောကြောင့် ထာ၀ရ ဘုရားသခင်က ပရောဖက်ဟောရှေအား၊ "သင်သွား၍ပြည့်တန်ဆာမိန်းမနှင့် တကွသူဘွားမြင်သောသားသမီးတို့ကိုသိမ်းပိုက်လော့။ အကြောင်းမူကားပြည်သူပြည်သားတို့သည်ထာ၀ရဘုရားကိုစွန့်ပြစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူသည့်အတိုင်း ဟောရှေသည်သွား၍ ဒိဗလိမ်၏ သမီးဂေါမာကိုသိမ်းပိုက်သည်။" (ဟောရှေ ၁:၁-၃)။ ဟောရှေသည်ထာ၀ရ ဘုရား၏ပရောဖက်ဖြစ်သည်။ ထာ၀ရဘုရား၏အမှုဆောင်သည်သန့်ရှင်းရသည်။ ပြည့်တန်ဆာကိုမယူသင့်။ ယနေ့ပြည့်တန်ဆာကိုယူသောတရားဟောဆရာကို မိတ်ဆွေလက်ခံနိုင်ပါမည်လော။ သူ၏တရားဟောချက်များကိုနာခံနိုင်ပါမည်လော။ သို့သော်ဘုရားသခင်သည်အလွန်စိတ်နာသောကြောင့်ဟောရှေအား ပြည့်တန်ဆာမကိုယူခိုင်းသည်။ ဣသရေလလူများလည်းဒိဗလိမ်သမီးဂေါမာကဲ့သို့ ပြည့်တန်ဆာများဖြစ်ကြသည်။

ယောက်ျားစွန့်ပစ်

             "ယောက်ျားစွန့်ပစ်သောမိန်းမသည် ထွက်သွား၍ အခြားသောသူ၏မယားဖြစ်ပြီးမှအရင်လင်သည်ထိုမိန်းမကိုပြန်ယူသင့်သလော။ ထိုသို့ပြုသောပြည်သည်ညစ်ညူးသည်မဟုတ်လောဟုဆိုလေ့ရှိလျက်နှင့်သင်သည်များစွာသောရည်းစားတို့၌မှီဝဲမှားယွင်းသော်လည်းငါ့ထံသို့ပြန်လာပါဟု ထာ၀ရဘုရားမိန့်တော်မူ၏။"(ယေရမိ ၃:၁)။                      ဣသရေလသည်ဘုရားကိုစွန့်ပစ်သည်။ ထို့ကြောင့်ယောက်ျားစွန့်ပစ်သောမိန်းမဟုဆိုသည်။  ဣသရေလလူများကိုဘုရားသခင်က ပြန်လည်ခေါ်သော်လည်းမလာ။ ထို့ကြောင့်ရှောလမုန်မင်း၏သားရောဗောင်မင်းလက်ထက်တွင်ဘုရားသခင်က နိုင်ငံတော်ကိုနှစ်ခြမ်းခွဲလိုက်သည်။ မြောက်ဖက်နိုင်ငံကိုဣသရေလဟူ၍၎င်း၊ တောင်ဖက်နိုင်ငံကိုယုဒဟူ၍၎င်း၊ ခေါ်သည်။ ဘုရားသခင်က ဣသရေလကိုအမ၊ ယုဒကိုညီမဟုခေါ်သည်။ ဣသရေလသည်ပြည့်တန်ဆာလုပ်၍ ဘုရားသခင်၏   စွန့်ပစ်ခြင်း ခံရသော်လည်း ညီမယုဒသည် မမှတ်ဘဲနေကြောင်းကိုဘုရားသခင်က၊ "ဖေါက်ပြန်သော ဣသရေလ အမျိုးပြုသောအမှုကိုသင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှသို့တက်၍၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ပြည့်တန်ဆာလုပ်လေပြီ။ သူသည်ထိုအမှုအလုံးစုံတို့ကိုပြုပြီးမှငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း သူသည်ပြန်မလာ။ ထိုအမှုကိုသူ၏ညီမသစ္စာပျက်သောညီမယုဒသည်ကြည့်မြင်လေ၏။ ဖေါက်ပြန်သောဣသရေလသည် မတရားသော မေထုန်ကိုပြု၍မှားယွင်းသောအပြစ်များကြောင့် သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း သစ္စာပျက်သောညီမယုဒသည်လည်း မကြောက်ဘဲပြည့်တန်ဆာလုပ်ကြောင်းကိုငါမြင်ရ၏။ သူသည်မတရားသောမေထုန်ကိုပြု၍ အလွန်လော်လည်သောအားဖြင့်ပြည်ကိုညစ်ညူးစေ၍ ကျောက်နှင့်၎င်း၊ သစ်တုံးနှင့်၎င်း၊ မှားယွင်းလေ၏။ ထိုမျှလောက်အပြစ်ရှိသော်လည်း သစ္စာပျက်သောညီမယုဒသည် ငါထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်မလာ၊ ပြန်လာဟန်ဆောင်သည်။"ဟုထာ၀ရဘုရားမိန့်တော်မူ၏။ (ယေရ ၃:၆-၁၀)။

ပြစ်ဒဏ်

ဘုရားသခင်သည် ခေတ်အဆက်ဆက်၌ နည်းအမျိုးမျိုးဖြင့် ဣသရေလကို ဒဏ်ခတ်သော်လည်းမမှတ်ကြ။ ဆက်လက်မှားယွင်းကာရုပ်တုများ၊ အခြားသောဘုရားများကိုသာကိုးကွယ်မြဲကိုးကွယ်ကြသည်။ ထို့ကြောင့်နောက်ဆုံး၌ ဘုရားသခင်သည် ဣသရေလအမျိုးကို အာရှုရိလက်၌၎င်း (၄ရာ ၁ရ)၊ ယုဒအမျိုးကို ဗာဗုလုန်လက်၎င်း (၄ရာ ၂၄-၂၅)၊ အပ်ထား၍ ကျွန်ခံစေသည်။ ထိုနောက်ပိုင်း၌သူတို့သည် ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေနိုင်တော့ဘဲ တိုင်းတပါး၏ အုပ်စိုးခြင်းကို၎င်း၊ တိုင်းနိုင်ငံအရပ်ရပ်၌ထွက်ပြေး၍လူအမျိုးမျိုးတို့၏နှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းကို၎င်း ယနေ့တိုင်အောင်ခံစားရကြသည်။ ဣသရေလ လူမျိုးများကို ဘုရားသခင်က မဟာမေတ္တာဖြင့်ချစ်၍ ကမ္ဘာပေါ်၌အကောင်းဆုံးလူမျိုး ဖြစ်စေဘို့အကြံရှိသော်လည်း အပြစ်လုပ်၍၊ အထူးသဖြင့်ရုပ်တုကိုးကွယ်သောကြောင့် သူတို့၏သမိုင်းတလျှောက်လုံး၌ အလွန်ဆိုး၀ါးသောအိပ်မက်များကဲ့သို့ ကြေကွဲ၀မ်းနည်းဘွယ်ရာများခံစားနေရကြသည်။

ကျွန်ပ်တို့၌

ဓမ္မသစ်ကျမ်း၌ သားတော်ကိုယုံကြည်သောသူများသည် ခရစ်တော်၏ မိန်းမဖြစ်ကြရမှာဖြစ်သည်။ သို့သော်ကျွန်ပ်တို့လည်း ဣသရေလလူမျိုးများကဲ့ သို့ မှားယွင်းကြပြန်ပြီ။ ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်ခိုင်းသော်လည်း မချစ်ကြ (မဿဲ ၂၂:၃ ရ- ၃၉၊ မာကု ၁၂:၃၀- ၃၁)။ ဘုရားသခင်ထက်လောကအရာများကိုသာ၍ချစ်ကြသည်။ လောကကိုချစ်သောသူသည်ခမည်းတော်ကိုချစ်ခြင်း မေတ္တာမရှိ (၁ ယော ၂:၁၅)။ ထို့ကြောင့်ကျွန်ပ်တို့သည်ဘုရားသခင်ထက်သာ၍ ချစ်သောအရာများနှင့်ပြည့်တန်ဆာလုပ်ကြပြီ။ လောဘလွန်ကျူးခြင်းဖြင့်ရုပ်တုကိုးကွယ်ကြပြီ (ဧဖက် ၅:၅)။ ၀မ်းဘုရားကိုကိုးကွယ်ကြပြီ (ဖိလိ ၃:၁၉)။ ထို့ကြောင့်ကျွန်ပ်တို့သည်လည်း ဣသရေလလူများကဲ့သို့ဖေါက်ပြန်၍ ပြည့်တန်ဆာလုပ်ကြပြီ။ ပြည့်တန်ဆာနဖူးရှိကြသည်မဟုတ်လော။ ကျမ်းစာကဤသို့ ဆိုသည်၊ "သူတို့သည်ပျက်ဆီးခြင်း၌လမ်းဆုံးတတ်ကြ၏။ သူတို့၏ဘုရားမူကား မိမိတို့၀မ်းပေတည်း။ မိမိတို့ရှက်ကြောက်ဘွယ်သောအကျင့်၌သာမိမိတို့ ါ ကြွားကြ၏။ လောကီအရာတို့ကိုသာစိတ်စွဲလန်းခြင်းရှိကြ၏။" (ဖိလိပ္ပိ ၃:၁၉)။

သင်ခန်းစာ (၉) မှမေးခွန်းများ

၁။ ဣသရေလ လူများသည် ဘုရားသခင်ကို မည်သို့ ချစ်ရမည်နည်း။ -------------
၂။ ဘုရားသခင်၏မိန်းမများသည်အဘယ်သူနည်း။ -----------
၃။ ဘုရားသခင်သည် ဣသရေလကို အဘယ်ကြောင့်ချစ်သနည်း။ --------------
၄။ ဣသရေလသည် ဘုရားထက် အဘယ်အရာကို ချစ်သနည်း-----------------
၅။ ရုပ်တုနှင့် မှားယွင်းခြင်းသည် ဘုရားအမြင်၌ အဘယ်အရာလုပ်ခြင်းဖြစ်သနည်း။ -----------
၆။ ဣသရေလများသည် မည်သည့်နဖူးရှိသနည်း။ ------------ -
ရ။ ဘုရားသခင်သည် မည်သူကို ပြည့်တန်ဆာယူခိုင်းသနည်း။ -------
၈။ ရောဗောင်လက်ထက်၌ နိုင်ငံတော်မည်ကဲ့သို့ဖြစ်သွားသနည်း။ -------------------
၉။ ဣသရေလသည် ----------ကျွန်၊ နှင့် ယုဒသည် ----------ကျွန်ခံခဲ့ကြသည်။
၁၀။ ကျွန်ပ်တို့ အဘယ်ကြောင့်ပြည့်တန်ဆာနဖူးရှိသနည်း။-------- -----

.

သင်ခန်းစာ (၁၀)

ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ်

ဘုရားသခင်သည် လူကိုကိုယ်ခန္ဓာ စိတ် ၀ိညာဥ်သုံးမျိုးဖြင့်ဖန်ဆင်းသည် (၁ သက် ၅:၂၃)။ ဖန်ဆင်းစ၌ ထိုသုံးမျိုးစလုံးကောင်းမွန်သည်။ ၀ိညာဥ်သည်ဘုရားသခင်နှင့် အဆက်အသွယ်ရှိ၍စိတ်နှလုံးလည်းကောင်းမွန်သည်။ ကိုယ်ခန္ဓာလည်း ကျန်းမာ ၍သေဘို့အကြောင်းမရှိ။ ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကို   ကြည့်ရလျှင်အလွန်ကောင်းသည်ကိုမြင်တော်မူ၏ (က ၁:၃၁)။ ဘုရားသခင်က အကောင်းမြင်သောအရာများထဲတွင်လူလည်းပါ၀င်သည်။ ထို့ကြောင့်ကောင်းကြီး ပေးတော်မူ၏ (က ၁:၂၈)။ သို့သော်လူသည်အပြစ်လုပ်သောအခါသူ၏ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ်သည်ပျက်စီးသွားသည်။

ကိုယ်ခန္ဓာ

လူ့အမြင်၌ကိုယ်ခန္ဓာသည်ကောင်းသည်။ ကျန်းမာသည်ဟု ထင်တတ် သည်။ သို့သော်ဘုရားအမြင်၌၊ "သူ့ကိုအဘယ်သို့ဒဏ်ပေးရဦးမည်နည်း၊ အဘယ်သို့ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည်အနာသက်သက်ရှိ၏။ နှလုံးသည်လည်းခွန်အားအလျှင်းမရှိ။ ခြေဖ၀ါးမှသည်ဦးခေါင်းတိုင်အောင်ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသောအနာသက်သက်ရှိ၏။" (ဟေရှာယ ၁:၅-၆)။ ဘုရားသခင်သည် ဣသရေလလူမျိုးများကို အကြိမ် ကြိမ်ဆုံးမသော်လည်းနားမလည်နိုင်။ ဒဏ်ခတ်သော်လည်းမထူးခြား။ မည်သို့ပင်ဆုံးမသော်လည်းမမှတ်တတ်။ သူတို့၏ကိုယ်ခန္ဓာလည်းအနာသက်သက်ဖြစ်၍ ဘုရားအမြင်၌ကျန်းမာခြင်းမရှိ။ ထို့နည်းတူကျွန်ပ်တို့လည်းဘုရားသခင်အမြင်၌ ကျန်းမာခြင်းမရှိ၊အချိန်မရွေးနာနေသော၊ နာနိုင်သောကိုယ်ခန္ဓာပိုင်ရှင်များဖြစ်ကြသည်။ တဖန်၊ "အမျက်တော်ထွက်သောကြောင့်အကျွန်ပ်အသားသည်ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့်အရိုးများထဲမှာသက်သာခြင်းမရှိပါ။ အကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည်အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍ လေးသော၀န်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင်လေးကြပါ၏။ အကျွန်ုပ်မိုက်သောအမှုကြောင့်အနာတို့သည်နံစော်၍ရိယွဲလျက်ရှိကြပါ၏။ အကျွန်ုပ်သည်ပြင်းထန်စွာခံရ၍အလွန် နှိမ့်ချလျက် ကြမ်းတမ်းသောအ၀တ်ကို၀တ်လျက် တနေ့လုံးသွားရပါ၏။ အကျွန်ုပ်ခါးသည်ပူလောင်သောအနာစွဲ၍ အသားသည်လည်းကျန်းမာခြင်းမရှိပါ။ နုန့်နဲ့ခြင်းကြေကွဲခြင်းရှိ၍ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။" ဟုဆိုသည် (ဆာလံ ၃၈:၃-၈)။ ဆာလံဆရာသည် လူ့အမြင်၌ရောဂါသည်၊ အနာစိမ်းသည်မဟုတ်ပါ။ ဘုရားသခင်အမြင်၌သာရောဂါသည်၊ အနာစိမ်းသည်ဖြစ်သည်။ တကိုယ်လုံးမကျန်းမာခြင်းသည် ဘုရားသခင်အမျက်ထွက်သောကြောင့်၎င်း၊ မိုက်သောအမှုကြောင့်၎င်းဖြစ်သည်။ ထို့နည်းတူကျွန်ုပ်တို့သည်လည်းဘုရားသခင်အမြင်၌တကိုယ်လုံးကျန်းမာခြင်းမရှိကြပါ။

စိတ်နှလုံး

လူသည်မိမိစိတ်နှလုံးကောင်းသည်ဟုထင်တတ်သည်။ စိတ်ချုပ်တီးနိုင်မည်ဟုထင်တတ်သည်။ ကိုယ့်ကိုကိုယ်စိတ်ထားမွန်မြတ်ကြောင်း၊ သူတပါးကဲ့သို့ စိတ်ထားမယုတ်ကြောင်း၊ ပြောတတ်ကြသည်။ သို့သော်စိတ်နှလုံးသည် လုံး၀မကောင်းတော့ကြောင်း ကျမ်းစာအားဖြင့်သိရသည်။

အပြစ်အစစိတ်နှလုံးမှ

ဘုရားသခင်သည်ကောင်းကင်တမန်မင်း (လူစီဖာ)ကိုအကောင်း ပကတိဖန်ဆင်းခဲ့သည်။ အလွန်လည်းချီးမြှောက်ခဲ့သည် (ယေဇကျေလ ၂၈:၁၂-၁ရ)။ သို့သော်သူသည် စိတ်နှလုံးအထဲမှ ဘုရားဖြစ်ချင်လာသည် (ဟေရှာယ ၁၄:၁၂-၁၅)။ ထို့ကြောင့်သူ့ကိုဘုရားသခင်ကခုတ်လှဲလိုက်သည်။ ထိုအခါသူသည်ဘုရားသခင်၏ရန်သူတည်းဟူသော စာတန်အဖြစ်သို့ရောက်သွားသည်။ လူစီဖာသည် စိတ်နှလုံးအားဖြင့်စတင်ပျက်စီးခဲ့သည်။ လူစီဖာ၏စိတ်နှလုံးမှအပြစ် စတင်ခဲ့သည်။

လူ၏စိတ်နှလုံးသို့ ကူးစက်
ဘုရားသခင်ဖန်ဆင်းထားသော အာဒံနှင့်ဧ၀တို့၏စိတ်နှလုံးများသည် အကောင်းပကတိဖြစ်ခဲ့သည်။ သို့သော်စာတန်ကကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုစားလျှင် ဘုရားသခင်ကဲ့သို့ဖြစ်မည်ဟု လိမ်ညာခဲ့သည်။ အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်ကဲ့သို့ဖြစ်ချင်သောစိတ်ဖြစ်လာသည်။ ထိုကြောင့်ကောင်းမကောင်းသိကျွမ်းရာအသီးကိုစားကြသည်။ သူတို့၏စိတ်နှလုံးလည်း ယိုယွင်းပျက်စီးသွားသည်။ သူတို့မှမွေးဘွားလာသောလူသားတိုင်းလည်းစိတ် နှလုံးယိုယွင်းပျက်စီးပြီးသားနှင့်မွေးဘွားကြသည်။

အစဥ်မပြတ်ဆိုးညစ်
"မြေကြီးပေါ်တွင်လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှ တို့သည် အစဥ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင် မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။" (က ၆:၅)။ အဘယ်ကြောင့်ဘုရားသခင်သည် လူကိုထိုသို့မြင်ပါသနည်း။ ဘုရားသခင်သည် မကောင်းမြင်၀ါဒရှိသလော။ ဤအရာကိုသိရှိနိုင်ရန် ဥပမာအားဖြင့်ပြောဘို့လိုသည်။ အစိုးရကသူပုန်ကိုအစဥ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိသည်ဟုမြင်သည်။ အကျင့်ကောင်းသောသူပုန်နှင့်အကျင့်ဆိုးသောသူပုန်သည် အစိုးရအမြင်၌ အတူတူပင်ဖြစ်သည်။ သူတို့၏အကျင့်ကြောင့်မဟုတ်၊ အစိုးရ၏အုပ်စိုးခြင်းကို၀န်မခံသောကြောင့်၊ သူ၏ရန်သူဖြစ်သောကြောင့်၊ ထိုသို့မြင်ရခြင်းဖြစ်သည်။ ထို့နည်းတူလူလည်း ဘုရားသခင်၏ အုပ်စိုးခြင်းကိုမခံ၊ မိမိကိုယ်ကိုမိမိအုပ်စိုးသောကြောင့်၎င်း၊ ဘုရားသခင်၏ရန်သူ စာတန်ကိုထောက်ခံသောကြောင့်၎င်း၊ ဘုရားသခင်၏ရန်သူဖြစ်သည်။ ကျမ်းစာ၌၊ "ရန်သူဖြစ်လျက်ပင်ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့် ငါတို့သည်ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်းကျေးဇူးကိုခံရသည်မှန်လျှင်၊" ဟုဆိုသည် (ရောမ ၅:၁၀)။ လူသည်ဘုရားသခင်၏ရန်သူ၊ သူပုန်ဖြစ်သည်။ ဘုရား သခင်သည် မိမိရန်သူကိုအကောင်းမမြင်နိုင်ချေ။ သူပုန်သည် အစိုးရအမြင်၌ ပြန်လည်ကောင်းလာဘို့ရန်မှာ အလင်း၀င်ဘို့သာလျှင်ရှိသည်။ ထို့နည်းတူလူသည် ဘုရားသခင်၏အမြင်၌ ပြန်လည်ကောင်းလာဘို့ရန်မှာ လက်မြှောက်အရှုံးခံဘို့ရန် သာရှိသည်။ ကိုယ်ကျင့်တရားမည်မျှပင်ပြုပြင်စေကာမူဘုရား၏ရန်သူဘ၀၌မကောင်းနိုင်ပါ။

ယိုယွင်းပြီ
"စိတ်နှလုံးသည် ခပ်သိမ်းသောအရာတို့ထက် စဥ်းလဲတတ်၏ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။" (ယေရမိ ၁ရ:၉)။ ဘုရားအမြင်၌ စိတ်နှလုံးသည် ကောက်ကျစ်စဥ်းလဲသည်။ အလွန်ယိုယွင်းနေပြီဖြစ်သောကြောင့် ကောင်းကွက်မရှိတော့ပါ။ ယိုယွင်းနေသောအရာတခုသည် အသုံးပြု၍မရတော့ပါ၊ လွှင့်ပစ်ဘို့သာရှိသည်။ ထို့နည်းတူယိုယွင်းနေပြီဖြစ်သောစိတ်နှလုံးသည်လည်း ပြုပြင်၍မရပါ။ လွှင့်ပစ်ဘို့သာလျှင်ရှိသည်။

မကောင်းသောအရာသာထွက်
"သူတို့၏လည်ချောင်းသည်ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏။" (ရောမ ၃:၁၃)။ သင်္ချိုင်းတွင်းကိုဖွင့်လျှင် အပုပ်အနံ့သာလျှင်ထွက်လာမည်။ ထို့နည်းတူ လည်ချောင်းသည် စိတ်နှလုံး၏အ၀ဖြစ်၍ စိတ်နှလုံးမကောင်းသောကြောင့် လည်ချောင်းမှမကောင်းသောအရာများသာလျှင်ထွက်တတ်သည်။ သခင်ယေရှုက၊ "ခံတွင်းမှထွက်သောအရာမူကား နှလုံးထဲမှထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်သည်။ မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲမှထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏။"ဟုဆိုသည် (မဿဲ ၁၅:၁၈-၁၉)။ အပြစ်ဒုစရိုက်ဟူသမျှကိုယ်ခန္ဓာအားဖြင့်လုပ်ရသော်လည်း ကိုယ်ခန္ဓာကိုစေခိုင်းသောသူသည်စိတ်နှလုံးဖြစ်သည်။ စိတ်နှလုံးသည်ကောင်းပါက ကိုယ်လက်အင်္ဂါများလည်း အကောင်းကိုသာပြုလုပ်ကြမှာဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်က၊ "ငါသည်စိတ်နှလုံးကိုကြည့်ရှုသောဘုရားဖြစ်သည်။" ဟုဆိုသည် (ယေရမိ ၁၁:၂၀၊ ၁ရ:၁၀၊ ဆာ ရ:၉၊ ၁ ရာ ၁၆:ရ)။ ထာ၀ရဘုရားသည် လူ့စိတ်နှလုံးကိုစစ်ဆေးသော အခါ လုံး၀မကောင်းကြောင်းတွေ့ရသည်။

ကျောက်ကဲ့သို့မာ
"စိတ်နှလုံးသစ်ကိုငါပေးမည်။ သဘောသစ်ကိုသွင်းထားမည်။ သင်တို့ ကိုယ်ခန္ဓာထဲကကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကိုပေးမည်။" (ယေဇ ၃၆:၂၆)။ လူသည်မိမိစိတ်နှလုံးပြောင်းလဲဘို့ကြိုးစားတတ်ကြသည်။ ပြောင်းလဲနိုင်မည်ဟုလည်းထင်တတ်သည်။ သို့သော်ဘုရားသခင်ကလူအထဲ၌ကျောက်နှလုံးရှိ၍ထိုနှလုံးကိုထုတ်ယူ၍ အသားနှလုံးနှင့်အစားထိုးမှသာရမည်ဟုဆိုသည်။ ထိုသို့ အစားထိုးရန် ဘုရားသခင်ကသာတတ်နိုင်သည်၊ လူမတတ်နိုင်ပါ။ မိတ်ဆွေ၏ စိတ်နှလုံးကို ဘုရားသခင်က အစားထိုးပေးဘို့ရန် သဘောတူပါသလား။

၀ိညာဥ်

ဘုရားသခင်သည် တိရစ္ဆာန်များကို ၀ိညာဥ်မပါဘဲဖန်ဆင်းသည်။ သို့သော်လူကိုဖန်ဆင်းသောအခါ ၀ိညာဥ်ထည့်ပေးထားသည်။ အကြောင်းမှာ ၀ိညာဥ်ရှိသောသူသည် ဘုရားသခင်ကိုကိုးကွယ်၍ မိဿဟာယဖွဲ့ဘို့ရန်ဖြစ်သည်။ နံ၀ိညာဥ်ရှိသောသူတိုင်း ဘုရားသခင်ကိုကိုးကွယ်ဘို့လိုသည်။ ကောင်းကင်တမန်များလည်း နံ၀ိညာဥ်ဖြစ်သောကြောင့် ဘုရားသခင်ကိုကိုးကွယ်ကြသည်။ လူတိုင်း၌နံ၀ိညာဥ်ရှိသောကြောင့် ဘုရားသခင်ကို ကိုးကွယ်ရမည်။ သို့ဖြစ်၍နံ၀ိညာဥ်ရှိသောလူသည် ဘုရားသခင်ကိုမကိုးကွယ်လျှင်တိရစ္ဆာန်ဖြစ်သည်။

ဝိညာဥ်ပိုင်းသေ

အာဒံနှင့်ဧ၀သည် အစပိုင်း၌ဘုရားသခင်နှင့်မိဿဟယဖွဲ့နိုင်သည်။    ၀ိညာဥ်ရေးရာ၌ ဘုရားနှင့်အဆက်အသွယ်ရှိခဲ့သည်။ သို့သော်အပြစ်ကြောင့် ဘုရားသခင်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဘုရားသခင်၏၀ိညာဥ်နှင့်လူ၏၀ိညာဥ်အဆက်အသွယ်မရှိသောကြောင့် ၀ိညာဥ်ပိုင်းဆိုင်ရာ၌အသေဖြစ်သည်။ ၀ိညာဥ်ပိုင်းသေခြင်းသည် ကိုယ်ကာယသေခြင်းနှင့်မတူပါ။ ကိုယ်ကာယသေလျှင် ခံစားချက်မရှိတော့ချေ။ သို့သော်၀ိညာဥ်သည်ခံစားချက်ရှိသေးသည်။ ၀ိညာဥ်သည်ခံစားချက်မရှိပါက မီးငရဲအိုင်၌ ဒုက္ခဆင်းရဲခံစရာအကြောင်းမရှိ။ ၀ိညာဥ်ပိုင်းသေခြင်းသည် ဘုရားနှင့်အဆက်အသွယ်ပြတ်၍ ဘုရား၏အလိုတော် လည်းနားမလည်ခြင်းဖြစ်သည်။

ဘုရားကိုဆာငတ်
လူ၏၀ိညာဥ်သည် ဘုရားသခင်ကိုပြန်လည်ဆာငတ်နေသည်။ "သမင်ဒရယ်တို့သည် ရေစီးသောချောင်းကိုတောင့်တသကဲ့သို့ အကျွန်ုပ်၀ိညာဥ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ငါ့၀ိညာဥ်သည် ဘုရားသခင်တည်း ဟူသော အသက်ရှင်တော်မူသောဘုရားကိုငတ်လှ၏။ အဘယ်ကာလမှဘုရား သခင်အထံတော်သို့ရောက်၍မျက်နှာပြရအံ့နည်း။" (ဆာ ၄၂:၁-၅)။ နွေခေါင်ခေါင်၌တောထဲတွင်စိမ့်စမ်းရေများခန်းချောက်၍ မြစ်ချောင်းများ၌သာရေရှိတော့သည်။ ထိုအခါသမင်ဒရယ်များသည် ရေအလွန်ဆာသောကြောင့် ရန်သူကို ပင်မမှုနိုင်တော့ဘဲ မြစ်ချောင်းရှိရာသို့ရေသောက်ဘို့သွားတတ်သည်။ ထို့နည်းတူလူ၏၀ိညာဥ်သည် ဘုရားသခင်ကိုငတ်လှသည်။ လူ၏၀ိညာဥ်သည် ဘုရားသခင်ကိုငတ်သောကြောင့် အနီးဆုံးဖြစ်သောစိတ်သည် ငြိမ်သက်မှုမရှိနိုင်ချေ။ စိတ်နှလုံးငြိမ်သက်မှုရှိစေရန်အရက်၊ မူးယစ်ဆေး၀ါး၊ ရုပ်ရှင်၊ အပျော်အပါး၊ ပွဲများ၊ ငွေ၊ မိန်းမ၊ ယောက်ျား၊ အားကစား၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ ပညာရေး၊ အလုပ်၊ ၀ါသနာ တခုခုဖြင့်ရှာဖွေကြသည်။ သို့သော်ထိုအရာများသည် ဆားရေသောက် သကဲ့သို့ပို၍ငတ်စေသည်။ စစ်မှန်သောငြိမ်သက်မှုကိုမပေးနိုင်ချေ။ အမှန်မှာ၀ိညာဥ်ငြိမ်သက်မှုရှိမှစိတ်ငြိမ်သက်မှုရရှိနိုင်မှာဖြစ်သည်။ ထို့ကြောင့်မိတ်ဆွေအပါအ၀င် လူတိုင်း၏၀ိညာဥ်သည် ဘုရားသခင်ကိုဆာငတ်လျက်ရှိသည်။ မိတ်ဆွေ၏ ၀ိညာဥ်သည် ဘုရားသခင်နှင့်တွေ့မှသာတင်းတိမ်ရောင့်ရဲမှာဖြစ်သလို၊ ထာ၀ရအသက်လည်းရရှိမှာဖြစ်သည်။ သို့သော်အရေးကြီးသည်မှာ မိတ်ဆွေသည်ကိုယ်ခန္ဓာအသက်ရှင်စဥ်သာ ဘုရားသခင်နှင့်တွေ့ဘို့ရန်အခွင့်ရှိသည်။ ကိုယ်ခန္ဓာသေပြီးမှဆိုလျှင် အလွန်နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့်မိတ်ဆွေမသေမှီမိတ်ဆွေ၏၀ိညာဥ်သည် ထာ၀ရဘုရားနှင့်တွေ့ဘို့လိုကြောင်းအသိပေးလိုသည်။

သင်ခန်းစာ (၁၀) မှမေးခွန်းများ

၁။ ဘုရားသခင်ကလူ၏ ခန္ဓာ စိတ် ၀ိညာဥ်ဖန်ဆင်းစ၌မည်ကဲ့သို့ ရှိခဲ့သနည်း။ --------------
၂။ လူ၏ခန္ဓာသည် အဘယ်ကြောင့်နံစော်၍ ရိယွဲလျက်ရှိသနည်း။ ------------
၃။ မိတ်ဆွေသည် ဘုရားအမြင်၌ကျန်းမာပါသလား။ ------ ----
၄။ အပြစ်၏အစသည် အဘယ်ကဖြစ်သနည်း။ ----------------
၅။ မည်သူ၏ စိတ်နှလုံးမှအပြစ်စသနည်း။ ---------------
၆။ လူ့စိတ်သည် အစဥ်မပြတ် မည်ကဲ့သို့ ရှိသနည်း-------------
ရ။ လူကို မည်သည့်အရာကညစ်ညူးစေသနည်း။ --------------
၈။ ကျောက်ကဲ့သို့မာသော စိတ်အစား ဘုရားသခင်က မည်ကဲ့သို့သောစိတ်ကို ပေးမည်နည်း။ -----------
၉။ ၀ိညာဥ်ပိုင်းသေခြင်းသည် မည်သူနှင့်အဆက်ပြတ်ခြင်းဖြစ်သနည်း-------------
၁၀။ လူ၏၀ိညာဥ်သည် မည်သူကိုဆာငတ်သနည်း။ -------------

.

သင်ခန်းစာ (၁၁)

ပညတ်တော်

လူသည်ဘုရားသခင်ထံပြန်ရောက်ဘို့ရန် ပညတ်တော်ကျင့်ဘို့လိုသည်ဟုခံယူထားကြသည်။ ထိုသို့ခံယူယုံကြည်ခြင်းသည် ပညတ်တော်၏ လုပ်ဆောင်ချက်ကို မသိသောကြောင့်ဖြစ်သည်။ ပညတ်တော်နှင့်ပတ်သက်၍ ကျမ်းစာထဲ၌ပညတ္တိကျမ်း (၅) ကျမ်းရှိသည်။ ၎င်းတို့ မှာ

(၁) ကမ္ဘာဦးကျမ်း
(၂) ထွက်မြောက်ရာကျမ်း
(၃) ၀တ်ပြုရာကျမ်း
(၄) တောလည်ရာကျမ်း
(၅) တရားဟောရာကျမ်းတို့ဖြစ်သည်။
ထိုပညတ္တိကျမ်းများ၌ ပညတ်တော်ပေါင်း (၆၁၃) ခုရှိသည်။

လေးပိုင်း
ပညတ်တော်များကို လေးပိုင်းပိုင်းနိုင်သည်။ ၎င်းတို့မှာ
(က) ၀တ်ပြုခြင်းဆိုင်ရာပညတ်တော် (Ceremonial law))
(ခ) အုပ်ချုပ်ရေးဆိုင်ရာပညတ်တော် (Civil law))
(ဂ) ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်တော် (Moral law))
(ဃ) စားသောက်ခြင်းဆိုင်ရာပညတ် (Dietary law)
တို့ ဖြစ်သည်။
ပညတ်တော်များသည် ဘုရားသခင်က ဣသရေလများထံ ပေးထားခြင်းဖြစ်သည်။ ကျမ်းစာ၌၊ "ထာ၀ရဘုရားသည် ငါတို့၏ပညတ်တရားရှင် ဖြစ်တော်မူ၏။" ဟုဆိုထားသည် (ဟေရှာယ ၃၃:၂၂)။ ရှင်ယာကုပ်ကလည်း၊ "ပညတ်တရားကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူတပါးတည်းသာရှိ တော်မူ၏။"ဟုဆိုသည် (ယာ ၄:၁၂)။ ထိုတပါးတည်းသောသူသည် ထာ၀ရဘုရား ပင်ဖြစ်သည်။ ထာ၀ရဘုရားသည် ပညတ်တရားကို ဣသရေလလူမျိုးများထံ၌ သာပေးခဲ့သည်။ သို့သော်ယနေ့ တပါးအမျိုးသားများကပညတ်တရားသည် သူတို့နှင့်ဆိုင်သည်ဟုထင်တတ်ကြသည်။ ကျမ်းစာက၊ "သာသနာပလူတို့သည် ပညတ်တရားကိုမသိဘဲ ကိုယ်အလိုအလျောက်တရားတော်ကိုကျင့်သောအခါ။"ဟုဆို သည် (ရောမ ၂:၁၄)။ (အင်္ဂလိပ်ကျမ်းစာ၌ အထက်ပါကျမ်းကို တပါးအမျိုးသား တို့သည်ပညတ်တရားမရှိဟု ဆိုထားသည်) သို့သော်သာသနာပ (သို့) တပါးအမျိုးသားတို့သည် ပညတ်တရားကိုလိုက်ဘို့ကြိုးစားတတ်ကြသည်။ ရှင်ပေါလုကဆက်လက်၍ တပါးအမျိုးသားများသည် ပညတ်တော်နှင့်မသက်ဆိုင်ကြောင်း ဤသို့ရေးထားသည်၊ "ထိုအခါသင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလ အပေါင်းအသင်း၌မ၀င်၊ ဂတိတော်ပါသောပဋ္ဋိညာဥ်တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌တရားမဲ့နေကြသည်ကို၎င်း၊ အောက်မြေ့ကြလော့။" (ဧဖက် ၂:၁၂)။ ထို့ကြောင့်ပညတ်တော်သည် တပါးအမျိုးသားများနှင့်မဆိုင်၊ ဣသရေလ လူမျိုးများနှင့်သာဆိုင်သည်။

မလိုက်လျှောက်နိုင်

လူသည်ပညတ်တော်ကိုလိုက်လျှောက်မည်ဟုပြောသော်လည်း မလိုက်လျှောက်နိုင်ပါ။ သခင်ယေရှုက၊ "မောရှေသည်ပညတ်တရားကိုသင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကိုသင်တို့တွင်တစုံတယောက်မျှမကျင့်၊" ဟုဆိုသည် (ယော ရ:၁၉)။ ရှင်ပေါလုကလည်း၊ "ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ၊ တယောက်မျှမရှိ။"ဟုဆိုထားသည် (ရော ၃:၁၂)။ ထို့ကြောင့်ပညတ်တော်ကိုလိုက်လျှောက်နိုင်သောသူတယောက်မျှမရှိပါ။

မဖြောင့်မတ်နိုင်

ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းမရနိုင်ကြောင်းကို အောက်ပါကျမ်းချက်များအားဖြင့်သိရသည်၊ "ထိုသို့ပညတ်တရားသည်အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏အကျင့်အားဖြင့်ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ရာ။"(ရော ၃:၂၀)။ "လူသည်ပညတ်တရား၏အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့မရောက်။" (ဂလာ ၂:၁၅)။ "ပညတ်တရားကိုအမှီပြု၍ဖြောင့်မတ်ရာသို့ရောက်နိုင်လျှင် ခရစ်တော်သည်အချည်းနှီးအသေခံတော်မူပြီ။" (ဂလာ ၂:၂၁)

ကျိန်ခြင်းခံစေ

ပညတ်တရား၏သဘောတရားနားမလည်သောသူများကပညတ်တော် လိုက်လျှောက်ခြင်းဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟု အပြင်းအထန်ပြောဆို တတ်ကြသည်။ သို့သော်ပညတ်တော်သည် လူကိုကျိန်ခြင်းခံစေကြောင်းမသိကြ။ ကျမ်းစာက၊ "ပညတ်တရားအလုံးစုံကိုလိုက်လျှောက်သည်တွင် တစုံတခု၌မှား ယွင်းမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။"ဟုဆိုထား သည် (ယာကုပ် ၂:၁၀)။ ထို့အပြင်၊ "ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကိုခံစေသတည်းဟု ကျမ်းစာလာ၏။" (ဂလာ ၃:၁၀) ဟုပါရှိသည်။ ထို့ကြောင့်ပညတ်တရားကိုလိုက်လျှောက်ရာတွင် ပညတ်တရားအလုံးစုံကိုတခုမကျန် နေ့တိုင်း အဆက်မပြတ်လိုက်လျှောက်ဘို့လိုသည်။ သို့သော်ထိုသို့လိုက်လျှောက်ရန်မှာမဖြစ်နိုင်ပါ။ ထို့ကြောင့်ပညတ်တရားသည်လူကိုကျိန်ခြင်းခံစေသည်။

လူကိုသတ်သည်

လူတိုင်းကပညတ်တရားသည် လူကိုအသက်ရှင်စေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ သို့သော်ပညတ်တရားသည် လူကိုအသက်မရှင်စေဘဲ အသက်သေစေကြောင်း ရှင်ပေါလုကဤသို့ရေးသားထားသည်၊ "ပညတ်တရားမရှိလျှင် အပြစ်သေ၏။ အထက်ကပညတ်တရားမရှိသဖြင့် ငါသည်အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည်ရှင်ပြန်၏။ ငါသည်လည်းသေ၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့်ဆိုင်သည်ကိုငါတွေ့ရ၏။ အပြစ်တရားသည် ပညတ်တရားအားဖြင့်အခွင့်ရလျှင် ငါ့ကိုလှည့်ဖျား၍ ထိုတရားအားဖြင့်ငါ့ကိုသတ်လေ၏။"ဟုဆိုသည် (ရော ရ:၈-၁၁)။ ဆိုလိုသည်မှာပညတ်တရားကြောင့်အပြစ်တရားသည်ရှင်ပြီး ငါ့ကိုသတ်၍ သေစေသည်။ ထို့ကြောင့်ပညတ်တရားသည် လူကိုအသက်ရှင်စေသည်မဟုတ်ဘဲ သေစေကြောင်းတွေ့ရသည်။

အပြစ်သိရန်

ထိုသို့ဖြောင့်မတ်ခြင်းလည်းမပေးနိုင်သည်သာမက ကျိန်ခြင်းနှင့်သေခြင်းကိုဖြစ်စေတတ်သောပညတ်တရားကို ဘုရားသခင်သည်အဘယ်ကြောင့်ပေးသေးသနည်း။ အကြောင်းမှာလူသည် မိမိအပြစ်ကိုနားမလည်နိုင်၊ ကိုယ့်ကိုယ်ကိုလူ ကောင်းအပြစ်မရှိဟုထင်တတ်သည်။ ထို့ကြောင့်လူ၏အပြစ်ကိုဖေါ်ပြဘို့ရန် ပညတ်တရားကိုပေးထားခြင်းဖြစ်သည်။ ကျမ်းစာ၌၊ "ထိုသို့ပညတ်တရားသည် အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ရာ၊"ဟုဆိုသည် (ရော ၃:၂၀)။ ထို့အပြင်၊ "ပညတ်တရားအားဖြင့်သာအပြစ်သဘောကိုငါသိရ၏။ အဘယ်သို့နည်းဟူမူကား လောဘစိတ်မရှိနှင့်ဟု ပညတ်တရားမဆိုလျှင်လောဘ သဘောကိုငါမသိ။"ဟုဆိုသေးသည် (ရော ရ:ရ)။ ထို့ကြောင့်ပညတ်တရား၏အလုပ်မှာလူများမိမိတို့၏အပြစ်ကိုသိစေဘို့ရန်ဖြစ်သည်။

ခရစ်တော်ထံသို့ပို့ဆောင်

ပညတ်တရားသည်သူကိုယ်တိုင်ဖြောင့်မတ်ခြင်းမပေးနိုင်၊ သူ့ကိုအမှီပြုလျှင် ကျိန်ခြင်းနှင့်သေခြင်းကိုသာဖြစ်စေသည်။ သို့သော်ဖြောင့်မတ်ခြင်းရနိုင်ဘို့ရန် လူများကိုခရစ်တော်ထံသို့ပို့ဆောင်သည်။ ကျမ်းစာ၌၊ "ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။" ဟုပါရှိသည် (ဂလာ ၃:၂၄)။ ထို့ကြောင့်ပညတ်တရားသည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ အထောက်အကူဖြစ်သည်။ သို့သော်ပညတ်တရားကိုသာအားကိုးလျှင် သေခြင်းကိုသာဖြစ်စေသည်။

သင်ခန်းစာ (၁၁) မှမေးခွန်းများ

၁။ ပညတ္တိကျမ်းများကိုဖေါ်ပြပါ။ ------------------------------------------
၂။ ပညတ်တရားကိုမည်သူကပေးသနည်း။ -------------
၃။ တပါးအမျိုးသားများထံပညတ်ပေးသလော။ ---------------
၄။ ပညတ်တရားလိုက်လျှောက်နိုင်သူရှိသလော။ -------------
၅။ ပညတ်တရားအားဖြင့်ဖြောင့်မတ်နိုင်သလော။ ------------
၆။ ပညတ်တရားမလိုက်လျှောက်နိုင်လျှင်ဘာခံရမည်နည်း--------
ရ။ ပညတ်တရားသည်သေစေသလောရှင်စေသလော။ ----------
၈။ ပညတ်တရားသည်ဘာကိုသိစေသနည်း။ -----------------
၉။ ပညတ်တရားသည်မည်သူ့ထံသို့ပို့ဆောင်သနည်း။ ---------
၁၀။ မည်သူကိုယုံကြည်မှဖြောင့်မတ်နိုင်သနည်း။ --------------

.

သင်ခန်းစာ (၁၂)

လူမတတ်နိုင်

ယခင်သင်ခန်းစာများ၌ လူ၏အခြေအနေသည် အလွန်ဆိုး၀ါး၍ မကောင်းကြောင်းတွေ့ရသည်။ အမျိုးလည်းမကောင်း၊ အကျင့်အားဖြင့်ကြည့်လျှင်လည်းမကောင်းပါ။ ထို့ကြောင့်အပြစ်ကင်းရန်၊ ဖြောင့်မတ်ဘို့ရန်၊ ဘုရားသခင်၏ နိုင်ငံတော်ရောက်ဘို့ရန်၊ လူမတတ်နိုင်ပါ။ ထိုအရာများကိုအတိုချုံး၍ဆက်လေ့လာကြစို့။

အပြစ်နှင့်ပတ်သက်၍

လူသည်အပြစ်ကင်းဘို့ရန်မတတ်နိုင်ပါ။ ကျမ်းစာက၊ "အဲသယောပိလူသည် မိမိအရေ၏အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားကို၎င်း၊ ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကို ပြုခြင်းငှါ တတ်နိုင်ကြလိမ့်မည်။" ဟုဆိုသည် (ယေရမိ ၁၃:၂၃)။ လူသည် အပြစ်မလုပ်ဘဲမနေနိုင်ပါ။ အဲသယောပိလူ (လူမဲ) သည် အသားဖြူလာမှကျားသစ်သည် အကွက်အကျားပြောင်းလာမှ လူသည်အပြစ်မလုပ်ဘဲနေနိုင်မည်။

အပြစ်အခနှင့်ပတ်သက်၍

ကျမ်းစာက၊ "အပြစ်၏အခသည်သေခြင်းပေတည်း။" ဟုဆိုသည် (ရော ၆:၂၃)။ လူသည်အပြစ်၏အခအတွက်အသေခံပါကမည်ကဲ့သို့ ထာ၀ရအသက်ရနိုင်မည်နည်း။ လူသည်မိမိအပြစ်အတွက်အသေခံလျှင် ငရဲကျဘို့ သာလျှင်ရှိသည်။ ထို့ကြောင့်လူသည် အပြစ်၏အခအတွက်မပေးဆပ်နိုင်ချေ။

အပြစ်ဆေးကြောခြင်းနှင့်ပတ်သက်၍

လူသည်နောင်တရ၍နောက်ထပ်အပြစ်မကျူးလွန်ဘို့ရန်ကြိုးစားတတ်သည်။ သို့သော်အပြစ်မလုပ်ဘဲမနေနိုင်ပါ။ ထိုမျှသာမကကျူးလွန်ပြီးသော အပြစ်များ သန့်ရှင်းစင်ကြယ်စေဘို့ရန်မတတ်နိုင်ပါ။ ကျမ်းစာက၊ "လူ၏အပြစ်ကို ဖြေသောအရာကားအသွေးဖြစ်သတည်း။" ဟုဆိုသည် (၀တ်ပြုရာ ၁ရ:၁၁)။ တဖန်၊ "အသွေးမသွန်းလောင်းဘဲအပြစ်ဖြေလွှတ်ခြင်းမရှိ။" ဟုဆိုပြန်သည် (ဟေဗြဲ ၉:၂၂)။ လူသည်မိမိအပြစ်သန့်ရှင်းစေဘို့ရန်အသွေးသွန်းစရာမရှိပါ။ တိရစ္ဆာန်အသွေးအားဖြင့်လည်း ဘုရားသခင်ကလက်မခံနိုင်တော့ပါ။ မိမိအသွေးသွန်းလျှင်လည်း အပြစ်သား၏အသွေးသည်မသန့်ရှင်းပါ။ ထို့ကြောင့်လူသည်အပြစ်ကင်းအောင်မတတ်နိုင်ပါ။

ကုသိုလ်ကောင်းမှုနှင့်ပတ်သက်၍

လူသည်ဘုရားသခင်ကလက်ခံလာအောင် ကုသိုလ်ကောင်းမှုကို အားကိုးတတ်သည်။ ဆယ်ဘို့တဘို့လှူခြင်း၊ အလှူငွေထည့်ခြင်း၊ ဆင်းရဲသားများကိုမစခြင်း၊ ဘာသာရေးလုပ်ငန်းများ၌ပါ၀င်လှူဒါန်းခြင်းတို့ ဖြင့် အပြစ်ပြသနာ ပြေလည်မည်ဟုထင်တတ်သည်။ သို့သော်ကျမ်းစာက၊ "အကျွန်ပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့ သည်လည်း ညစ်သောအ၀တ်နှင့်တူကြပါ၏။" ဟုဆိုထားပါသည် (ဟေရှာယ ၆၄:၆)။ လူ၏ ကုသိုလ်သည်လူ့အမြင်၌ကောင်းသော်လည်း ဘုရားအမြင်၌ညစ်သောအ၀တ်နှင့် တူသည်။ ထိုမျှမကကုသိုလ်ကောင်းမှုဖြင့်အပြစ်ပြသနာကိုမဖြေရှင်းနိုင်ပါ။ ဥပမာလူသတ်သမားတဦးသည် ကုသိုလ်မည်မျှပင်ပြုသော်လည်း အပြစ်မပြေနိုင်ပါ။ လူသတ်မှုအတွက် ပြစ်ဒဏ်ခံရဦးမည်သာဖြစ်သည်။

ပညတ်တော်နှင့်ပတ်သက်၍

လူသည်ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့်အပြစ်ကင်းမည်၊ ထာ၀ရအသက်ရမည်ဟုထင်တတ်သည်။ သို့သော်လည်းကျမ်းစာက၊ "ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင် ပညတ်အလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။" ဟုဆိုပါသည် (ယာကုပ် ၂:၁၀)။ လူသည်ပညတ်တရားအလုံးစုံကိုမလျှောက်နိုင်ပါ။ လိုက်လျှောက်မည်ဟုသာပြောတတ်ကြသည်။ လိုက်လျှောက်၍ကြိုးစားသူမများပါ။ ထိုမျှသာမကပညတ်တော်မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းနှင့်သေခြင်းကိုသာဖြစ်စေသည် (ဂလာ ၃:၁၀၊ ရောမ ရ:၁၁)။ ထိုကြောင့်လူသည်ပညတ်တရားနှင့်ပတ်သက်၍ ဘာမျှမလုပ်နိုင်ပါ။

ဒုတိယမွေးဘွားခြင်းနှင့်ပတ်သက်၍

လူသည်ပဌမမွေးဘွားသောအခါ အာဒံ၏သားသမီးအဖြစ်မွေးဘွားသည်။ ပဌမမွေးဘွားခြင်းသည် မိခင်၀မ်းထဲမှကိုယ်ခန္ဓာအားဖြင့်မွေးဘွားသည်။ ထိုမွေးဘွားခြင်းပင်လျှင်မိမိလုပ်ဆောင်ချက်မပါပါ။ ထိုမျှသာမကသခင်ယေရှုက၊ "ဒုတိယမွေးဘွားခြင်းမခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု မိန့်တော်မူ၏။" (ယော ၃:၃)။ ပဌမမွေးဘွားခြင်းမခံသောသူသည် ဤလောကထဲသို့မရောက်ရုံသာမက ဤလောကိုလည်း မမြင်ရပါ။ ထို့နည်းတူ ဒုတိယမွေးဘွားခြင်းမခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကိုမရောက်ရုံမကမြင်လည်းမမြင်ရပါ။ သခင်ယေရှုကရေနှင့်၀ိညာဥ်တော်အားဖြင့်မွေးဘွားရမည်ဟုဆိုသည်။ မည်ကဲ့သို့ရေနှင့်၀ိညာဥ်တော်အားဖြင့် မွေးဘွားရမည်နည်း။ ရေနှစ်ခြင်းခံခြင်းဖြင့် မွေးဘွားရမည်လော။ ရေနှစ်ခြင်း အားဖြင့်ဖြစ်လျှင် ရေနှစ်ခြင်းခံသူတိုင်း ဘုရားသခင်၏နိုင်ငံတော်ရောက်မည်။ သို့သော်ရေနှစ်ခြင်းခံသူတိုင်း ဘုရားသခင်၏နိုင်ငံတော် ရောက်မည်မဟုတ်။       ၀ိညာဥ်တော်အားဖြင့်မည်သို့မွေးရမည်နည်း။ လူအားဖြင့်မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒုတိယမွေးဘွားခြင်းနှင့်ပတ်သက်၍လည်းဘာမျှမတတ်နိုင်ပါ။

ထာ၀ရအသက်နှင့်ပတ်သက်၍

လူသည်ထာ၀ရအသက်ရဘို့အကျင့်ကောင်းခြင်း၊ ပညတ်တော်လိုက်လျှောက်ခြင်း၊ အလှူပေးခြင်း၊ ဘာသာရေးလိုက်စားခြင်း၊ စသည်ဖြင့်အမျိုးမျိုး ကြိုးစားတတ်ကြသည်။ သို့သော်ထာ၀ရအသက်သည် ထိုအရာများ၌မရှိပါ။ ဘုရားသခင်ကထာ၀ရအသက်ကိုခရစ်တော်၌ထည့်ထားသည်။ ထို့ကြောင့် ခရစ်တော်ရမှသာ ထာ၀ရအသက်ရနိုင်ပေမည် (၁ ယော ၅:၁၁-၁၂)။ သို့ဖြစ်လျှင် ခရစ်တော်မပါဘဲ မည်ကဲ့သို့ထာ၀ရအသက်ရနိုင်မည်နည်း။ လူသည်ထာ၀ရအသက်ရဘို့ရန်မည်သို့ မျှမလုပ်တတ်ပါ။

စာတန်နှင့်ပတ်သက်၍

လူသည်စာတန်၏သားသမီးဖြစ်သည်။ သခင်ယေရှုက၊ "သင်တို့သည် သင်တို့အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။" ဟုဆိုသည် (ယော ၈:၄၄)။ အဘစာတန်နှင့်မည်ကဲ့သို့အဆက်ဖြတ်မည်နည်း။ လူအားဖြင့်မည်သို့ မျှမလုပ်တတ်ပါ။

အာဒံနှင့်ပတ်သက်၍

လူသားတိုင်းအာဒံမှဆင်းသက်ကြသည်။ ထို့ကြောင့်အာဒံနည်းတူအပြစ်နှင့်ကျိန်ခြင်းခံရသည်။ မွေးရာပါအပြစ်ရှိကြသည်။ ထိုကြောင့်အာဒံနှင့်အဆက်ပြတ်ဘို့လိုသည်။ ထိုသို့အာဒံနှင့်အဆက်ပြတ်ဘို့ရန် မည်သို့လုပ်ရမည်နည်း။ လူအားဖြင့်မတတ်နိုင်ပါ။

သို့ဖြစ်လျှင်မည်သို့လုပ်ရမည်နည်း

ဤမေးခွန်းသည်လူတိုင်းမေးသင့်သောမေးခွန်းဖြစ်သည်။ ဤမေးခွန်းမမေးသူများသည်မိမိတို့၏အခြေအနေကိုမသိ၊ ပြသနာလည်းမရှိ။ ထို့ကြောင့်ကြောက်ရမှန်းလည်းမသိသောကြောင့်လွတ်လမ်းကိုလည်းမရှာ၊ မိမိတို့ အပြစ်၌ပျက်စီးမည်သာဖြစ်သည်။ ဤမေးခွန်းကို ဣသရေလလူမျိုးများကတမန်တော်များထံမေးခဲ့ဘူးသည် (တမန် ၂:၃ရ)။ ဣသရေလလူများအနေဖြင့်မိမိတို့၌ဘာမျှမလို၊ ဘုရားဖက်၌စိတ်အားကြီး၍ ဘုရားတရားနှင့်နေသောသူများ ဟူ၍ထင်မှတ်ကြသည်။ ဘုရားဖက်၌စိတ်အားကြီးသောကြောင့် သူတို့အမြင်၌ သခင်ယေရှုကိုလမ်းလွှဲဦးဆောင်သူဟူ၍သတ်လိုက်ကြသည်။ သို့သော်မိမိတို့ လုပ်ဆောင်ချက်မှားယွင်းကြောင်းနှင့်ကယ်တင်ခြင်းနှင့်အပြစ်လွှတ်ခြင်းအဘို့ အလို့ငှါမတတ်နိုင်ကြောင်းသိရှိလာကြသောအခါ တမန်တော်များထံအဘယ်သို့ ပြုရမည်နည်းဟုမေးကြသည်။

ထိုမေးခွန်းကို ဖိလိပ္ပိမြို့ထောင်မှူးကလည်းရှင်ပေါလုနှင့်သိလတို့ထံမေးခဲ့ဘူးသည်။ ပေါလုနှင့်သိလတို့သည် ထောင်ထဲ၌ ဘုရားသခင်ကိုချီးမွမ်းကြသောအခါ ဘုရားသခင်၏တန်ခိုးတော်ကြောင့် ထောင်တံခါးများပွင့်ကုန်သည်။ ထိုအခါထောင်သားများထွက်ကုန်ပြီဟုထင်မှတ်သဖြင့် ထောင်မှူးသည် ကိုယ်ကိုယ်ကိုသတ်သေဘို့ကြံစည်သည်။ သို့သော်ပေါလုနှင့်သိလတို့ကတားကြသည်။ ထိုအခါထောင်မှူးသည် ပေါလုနှင့်သိလတို့၏ခြေရင်း၌တုန်လှုပ်ပြတ်၀ပ်လေ၏။ သူတို့ကိုပြင်သို့ထုတ်ပြီးလျှင်၊ "သခင်တို့အကျွန်ပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟုမေးလျှောက်လေ၏။" (တမန် ၁၆:၂၅-၃၀)။ ထိုသို့သောမေးခွန်းကိုဘေးကြပ်နံကြပ်တွေ့သူများ၊ လူ့အပိုင်း၌အခက်အခဲကြုံ၍ ဘာမှမလုပ်တတ်သောအခြေအနေမျိုးရှိသူများကသာလျှင်မေးလေ့ရှိသည်။ မိတ်ဆွေသည်ထိုမေးခွန်းကိုမေးပြီလော။ သို့မဟုတ် မေးစရာမလိုဟုထင်သလော။

သင်ခန်းစာ (၁၂)မှ မေးခွန်းများ

၁။ လူသည်ပြစ်မလုပ်ဘဲနေနိုင်ပါသလား။ ------------------
၂။ လူသည်သုစရိုက်တည်းဟူသောကောင်းမှုလုပ်ရန် လူမဲသည်ဘာလုပ်ရမည် နည်း။ --------
၃။ လူသည်အပြစ်၏အခသေခြင်းကိုပေးဆပ်နိုင်ပါသလား။ ---- ---
၄။ လူ့အပြစ်ဆေးကြောရန်လူ၌သန့်ရှင်းသောအသွေးရှိပါသလား။ -------------
၅။ ကုသိုလ်ကောင်းမှုသည် အပြစ်ပြသနာကိုဖြေရှင်းနိုင်ပါသလား။ -------------
၆။ ပညတ်တရားသည်မည်သည့်အရာသာဖြစ်စေနိုင်သနည်း။ ----------------
ရ။ ဒုတိယမွေးဘွားရန်လူသည်တတ်နိုင်ပါသလား။ ----------------
၈။ ခရစ်တော်မပါဘဲထာ၀ရအသက်ရနိုင်ပါသလား။ ---------------
၉။ စတန်နှင့်အာဒံအမျိုးမှမည်သို့ပြတ်နိုင်မည်နည်း။ ------------------
၁၀။ ထောင်မှူးကမည်သို့ မေးသနည်း----------------------

Part B (ဆက်ဖတ်ရန်)

[wb-pageview page="book-salvation-burmese"] Since May 17,2020

Scroll to Top