သတင်းကောင်းစာစောင်

MARCH 2026

နိုင်ငံတော် ၄ မျိုး

ကျမ်းစာထဲ၌ နိုင်ငံတော် ၄ မျိုးတွေ့ရသည်။ ၎င်းတို့မှာ၊ ၁။ ဣသရေလတိုင်းပြည်မှာတည်ထောင်မည့် နိုင်ငံတော် ၂။ အနှစ်တစ်ထောင်ကာလမှာတည်ထောင်မည့်နိုင်ငံတော် ၃။ ကောင်းကင်နိုင်ငံ၌ တည်ထောင်သောနိုင်ငံတော်နှင့် ၄။ လူတို့အထဲ၌တည်ထောင်မည့်နိုင်ငံတော် တို့ဖြစ်သည်။ ထိုနိုင်ငံတော် များကို မခွဲခြားနိုင်လျှင် ရှုပ်ထွေး၍ နားလည်ရခက်သည်။ ထို့ကြောင့် ထိုနိုင်ငံများအကြောင်းကို တခုစီ ရှင်းပြလိုသည်။

 

ဣသရေလတိုင်းပြည်တွင်တည်ထောင်မည့်နိုင်ငံတော်

ဟောပြောသောသူများ

နိုင်ငံတော်တည်ထောင်မည့်အကြောင်း စတင်ဟောပြောသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်။ ထိုကာလအခါ ဗတ္တိဇံဆရာ ယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည်တည် လုနီးပြီ။ (မဿဲ ၃း၁-၂) ဟုစတင်ဟောခဲ့သည် (မဿဲ ၃း၁)။ ယောဟန်နောက်မှ ယေရှုက၊ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟူသော တရားကို ဟောစပြုတော်မူ၏။ (မဿဲ ၄း၁၇) သခင်ယေရှုနောက်တွင် တမန်တော်ဆယ့်နှစ်ပါးထံ၊ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ၊ ဟုသတင်း ကြားပြောကြလော့။ (မဿဲ ၁၀း၆-၇) ဟုမှာခဲ့သည်။

အုပ်ချုပ်မည့်ဘုရင်

 နိုင်ငံတော်ရှိလျှင် အုပ်ချုပ်မည့်ရှင်ဘုရင်ရှိရမည်။ ထိုရှင်ဘုရင်သည် သခင်ယေရှုဖြစ်သည်။ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါရောက်လာပြီ၊ ဟုမေးမြန်း ပြောဆိုကြ၏။ (မ ၂း၂) ထို့ကြောင့်သူ့ကို ဒါဝိဒ်သားတော်၊ ဟုခေါ်ကြသည် (မဿဲ ၉း၂၇။ မဿဲ ၁၂း၂၃။ မဿဲ ၁၅း၂၂။ မဿဲ ၂၀း၃၀။ မဿဲ ၂၁း၉။ မဿဲ ၂၁း၁၅။ မာကု ၁၀း၄၇။ လု ၁၈း၃၈)။ ပိလတ်မင်းကလည်း၊ သင်သည် ယုဒရှင်ဘုရင်မှန်သလော၊ ဟုမေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်းမှန်သည်၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၇း၁၁)။

တည်ထောင်မည့်နေရာ

တဆယ့်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ ရှိရာသို့မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာ သို့ အရင်သွားကြလော့။သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ၊ ဟုသတင်း ကြားပြောကြ လော့ (မဿဲ ၃း၅-၇)၊ ဟုဆိုသောကြောင့်  နိုင်ငံတော်တည်ထောင်မည့်နေရာသည် ကောင်းကင်နိုင်ငံ၌ မဟုတ်၊ မြေကြီးပေါ်  ဣသရေလတိုင်းပြည်၌ဖြစ်သည်။ အကြောင်းမှာ နိုင်ငံတော်သည် ကောင်းကင်၌ အစကတည်းက ရှိနှင့်ပြီးသားဖြစ်သည်။

နိုင်ငံတော်သားများ

 ကောင်းကင်နိုင်ငံ၌ ပါဝင်မည့်လူများသည် ဣသရေလလူမျိုးများသာလျှင်ဖြစ်၍၊ ရှမာရိနှင့် တပါးအမျိုးသားများမပါချေ။ သခင်ယေရှုက တမန်တော်ဆယ့်နှစ်ပါးကို စေလွှတ်သောအခါ၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလ အမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ ဟုမှာခဲ့သည် (မဿဲ ၁၀း၅)။ သူ့သမီး အထဲမှ နတ်ဆိုးနှင်ထုတ်ပေးဘို့ရန် တောင်းဆိုသော ခါနာန်အမျိုးသမီးနှင့်ပတ်သက်၍၊ သခင်ယေရှုက၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့်သော သိုးများမှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်၊ ဟုမိန့်တော်မူ၏ (မဿဲ ၁၅း၂၄)။ ထို့ကြောင့်၊ သခင်ယေရှုတည်ထောင်မည့် နိုင်ငံ၌ပါဝင် မည့်  နိုင်ငံတော်သားများသည် ဣသရေလလူမျိုးများသာလျှင်ဖြစ်သည်။

နိုင်ငံတော်သားများဖြစ်ခွင့် သို့မဟုတ် ဝင်ခွင့်ဗီဆာ

ဗတ္တိဇံဆရာ ယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏။ (မဿဲ ၃း၂) ယောဟန်နောက်မှ သခင်‌ယေရှုက၊ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟူသောတရားကို ဟောစပြုတော်မူ၏။ (မဿဲ ၄း၁၇)။ ထို့ကြောင့် နိုင်ငံတော်ဝင်ခွင့်ဗီဆာသည်၊ နောင်တရခြင်းဖြစ်သည်။

ဤနေရာ၌ ယခုခရစ်ယာန်များဟောပြောသော ကယ်တင်ခြင်းနှင့်လုံးဝကွာခြားကြောင်းသိဘို့လိုသည်။ ယခုဟောပြောသော ဧဝံဂေလိတရားသည် သခင်ယေရှုက နိ‌ကောဒင်ထံပြောခဲ့သော ဝိညာဉ်တော်အား ဖြင့်ဒုတိယမွေးဖွားခြင်း အကြောင်းဖြစ်သည်။ ယောဟန်နှင့်သခင်ယေရှုတို့ဟောပြောသောနိုင်ငံတော်သည် ဤလောကမှာဖြစ်၍ ဒုတိယမွေးဖွားစရာမလိုချေ၊ နောင်တရရုံဖြင့်ဝင်နိုင်သည်။ ယခု ခရစ်ယာန်များဟောပြောသောနိုင်ငံတော်သည် ဤလောက၌မဟုတ်၊ ကောင်းကင်နိုင်ငံတော်၌ဖြစ်သောကြောင့် ဇာတိကိုယ်ခန္ဓာဖြင့်ဝင်၍မရ၊ ဝိညာဉ်အားဖြင့်သာ ဝင်နိုင်သောကြောင့် ဒုတိယမွေးဖွားဘို့လိုသည်။ ထိုအရာကိုမခွဲခြားသောအခါ၊ နောင်တရဘို့ကို အဓိကထားတတ်ကြသည်။ နောင်တရဘို့အကြောင်းမပြောလျှင်မပြည့်စုံမမှန်၊ ဟုမှတ်ချက်ချတတ်ကြသည်။ နောင်တရခြင်းသည် ကျူးလွန်သောအပြစ်နှင့်ဆိုင်၍ မြေကြီးပေါ်၌ တည်ထောင်မည့်နိုင်ငံတော်နှင့်ဆိုင်သည်။  

လူအစုအဝေးကလည်းသို့ဖြစ်လျှင်၊ အ​ကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြသော်၊ ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအားမျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ၊ ဟုပြန်ပြော၏။ အခွန်ခံသူတို့သည် ဗတ္တိဇံကိုခံခြင်းငှါလာ၍၊ ဆရာ၊ အ​ကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သခင်သည် ခွဲဝေစီမံသည်ထက် သာ၍မခွဲမခံကြနှင့်၊ ဟုပြန်ပြော၏။ စစ်သူရဲတို့ကလည်း အ​ကျွန်ုပ်တို့သည်၊ အဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ၊ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှမလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့၊ ဟုပြန်ပြော၏။ (လုကာ ၃း၁၀-၁၄)
ယောဟန်ပြောသောအရာများသည် လူလူချင်းအပေါ်ပြုရမည့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်များဖြစ်သည်။ ဝိညာဉ်အားဖြင့် ဒုတိယမွေးဖွားမည့်အကြောင်းများလုံးဝမပါချေ။ ယောဟန်ပြောသော ကိုယ်ကျင့်တရားပိုင်းဆိုင် ပညတ်များလိုက်လျှောက်ခြင်း အားဖြင့် ကောင်းကင်နိုင်ငံဝင်နိုင်ပါမည်လော။ ထိုအရာကိုမခွဲခြားတတ်ကြသောကြောင့် ဒုတိယမွေးဖွားဘို့ရန် ကိုယ်ကျင့်တရားများ ပြောင်းလဲဘို့ ဟောပြောကြခြင်းဖြစ်သည်။
 

နိုင်ငံတော်ဝင်ခွင့်ရသူများ 

ယုဒပြည်သူပြည်သားများသည် မြေကြီးပေါ်၌တည်ထောင်မည့် နိုင်ငံသားများဖြစ်ကြသည်။ သူတို့သည် နိုင်ငံတော်သားများဖြစ်ကြသောကြောင့် ယောဟန်ကဗတ္တိဇံပေးကြောင်း ဤသို့ရေးထားသည်၊ ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ထွက်သွား၍၊ မိမိတို့အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံကြ၏။ (မဿဲ ၃း၅-၆)။ ယုဒပြည်သူများသည် အဘယ်ကြောင့် ယောဟန်က ဗတ္တိဇံပေးသနည်းဟူမူကား မိမိတို့အပြစ်များကို ဖေါ်ပြကြသောကြောင့်ဖြစ်သည်။ အပြစ်များဖေါ်ပြခြင်းသည် နောင်တရခြင်းဖြစ်သည်။ နောင်တရကြောင်းကို ဗတ္တိဇံခံခြင်းအားဖြင့် သက်သေထူသည် (မဿဲ ၃း၁၁)။ 

 

နိုင်ငံတော်ဝင်ခွင့်မရသူများ

ဖာရိရှဲများနှင့်ဇဒ္ဒုကဲများလည်း ဗတ္တိဇံခံဘို့ရန် ယောဟန်ထံသို့လာကြသည်။ သို့သော်ယောဟန် က ဗတ္တိဇံမပေးသည်သာမက သူတို့သည် တရားစီရင်ခြင်းခံရကြမည့်အကြောင်း သတိပေးလိုက်သည်။ အဘယ်ကြောင့် ယောဟန်က ဖာရိရှဲများနှင့်ဇဒ္ဒုကဲများကို ဗတ္တိဇံမပေးသနည်း။ သူတို့သည်နောင်တ မရကြသောကြောင့်ဖြစ်သည်။ ယောဟန်က၊ ချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသော ဘေးဒဏ်မှ ပြေး သွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ကြလော့။ (မဿဲ ၃း၇-၈) ဟုဆူလိုက်သည်။ ယောဟန်စကားအရ သူတို့သည်နောင်တ မရကြောင်းထင်ရှားသည်။ ယောဟန်ကသူတို့စိတ်ထဲ၌ရှိသောအရာများကို ထိုးဖေါက်မြင်သောကြောင့် ဤသို့ဆိုသည်၊ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင် သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်၊ ဟုငါအမှန်ဆို၏။ (မဿဲ ၃း၉)။  

သူတို့သည် အာဗြဟံသားများဖြစ်ကြသောကြောင့် နောင်တရစရာမလို၊ နိုင်ငံတော်သား များဖြစ်ကြပြီ၊ ဟုဆိုလိုခြင်းဖြစ်သည်။ သူတို့သည် နိုင်ငံတော်ထဲ ဝင်ခွင့်မရဘဲ၊ တရားစီရင်ခြင်းခံရမည့် အကြောင်းကို ယောဟန်က၊ ဤသို့ဆို သည်၊ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက် ရှိသည်ဖြစ်၍၊ ကောင်းသော အသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ရ၏။ (မဿဲ ၃း၁၀)။ သစ်ပင်သည် ဖာရိရှဲနှင့်ဇဒ္ဒုကဲများ ဖြစ်သည်။ ပုဆိန်သည်တရားစီရင်ခြင်းကိုဆိုလိုသည်။ ကောင်းသောအသီးမသီးခြင်းသည် နောင်တမရ ခြင်းဖြစ်သည်။ မီးသည်ငရဲမီးအိုင်ကိုဆိုလိုသည်။  

ဆက်လက်၍ ယောဟန်က၊ ငါသည် နောင်တ အဖို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှါ ငါမထိုက်။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌စုသိမ်း သွင်းထား ၍၊ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတံ့၊ ဟုဟောပြော၏။ (မဿဲ ၃း၁၁-၁၂) 

ယေရှုပေးမည့် မီးဗတ္တိဇံကို အချို့သောသူများက အဓိပ္ပါယ်နားမလည်သောကြောင့် လိုချင်ကြသည်။ သူတို့က မီးဗတ္တိဇံနှင့် သန့်ရှင်းသောဝိညာဉ်တော်ဗတ္တိဇံသည် အတူတူဖြစ်သည်၊ ထင်ကြသည်။ ထိုသို့ ထင်မှတ်ခြင်းသည် ပင်တ္တေကုတ္တေနေ့၌ ယုံကြည်သူများအပေါ် မီးလျှာထင်ရှားသောအရာ (တမန် ၂း၃) နှင့်တူသည်၊ ဟုယူဆသောကြောင့်ဖြစ်သည်။ ယောဟန်ပြောသောမီးဗတ္တိဇံနှင့်ယုံကြည်သူများအပေါ် ထင်ရှားသောမီးလျှာသည် မတူပါ။ ယောဟန်ဟောသော မီးဗတ္တိဇံသည် မငြိမ်းနိုင်သောမီး တည်းဟူ သော ငရဲမီးအိုင်ထဲသို့ချခြင်းကိုဆိုလိုသည်။ ဖာရိရှဲများသည် ဘုရားတရား၌အလွန် ကြိုးစားကြသော် လည်း ဘုရား၏အလိုတော်နားမလည် မိမိတို့ကိုယ်ကိုအထင်ကြီးပြီး နောင်တရစရာအလို၊ ထင်သော ကြောင့် မငြိမ်းနိုင်သော မီးထဲအချခံမည့်သူများဖြစ်ကြသည်။ သူတို့ကဲ့သို့ အလွဲစိတ်အားမကြီးဘို့ သင်္ခန်းစာယူကြစို့။              

နိုင်ငံတော်၏အခြေအနေသို့မဟုတ်အရည်အချင်း

ဘုရင်ယေရှုတည်ထောင်မည့် နိုင်ငံတော်၌ နာသောသူ၊ သေသောသူ၊ နူသောသူ၊ မရှိရ။ နတ်ဆိုးများမရှိရချေ။ ထို့ကြောင့် ဘုရင်ယေရှုက တမန်တော်များကို စေလွှတ်သောအခါ၊ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့ (မဿဲ ၁၀း၈)။ ဟုမှာခဲ့သည်။ ဘုရင်ကိုယ်တိုင်လည်း တိုင်းသူပြည်သားများကို ကျန်းမာသန့်ရှင်းစေကြောင်း ဤသို့မှတ်တမ်း တင်ထားသည်၊ သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။ (မဿဲ ၄း၂၄) တဖန်၊ ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။ ထိုအကြောင်းအရာမူကား၊ သူသည်အကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ (မဿဲ ၈း၁၆-၁၇)  

ခရစ်တော်သည် ဘုရင်ဖြစ်သည်သာမက၊ ကျန်းမာစေနိုင်သော သမားတော်ဆရာဝန်ကြီးလည်း ဖြစ်သည်။ ယောဟန်က ဘုရင်ယေရှုအတွက် ကြွေးကြော်ခဲ့သော်လည်း ထောင်ထဲရောက်သွားသော အခါ သခင်ယေရှုက သို့ကိုမကယ်တင်သောကြောင့် သံသယရှိပုံရသည်။ ထို့ကြောင့်၊ ခရစ်တော် ပြုတော်မူသောအမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော၊ ဟုမေးလျှောက်စေ၏။ ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှ တို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သတင်းကို ကြားရကြ၏။ (မဿဲ ၁၁း၂-၅) 

အဘယ်ကြောင့် ခရစ်တော်က ယောဟန်မေးသောအရာကို ဟုတ်ကဲ့ ဟုမဖြေဘဲ သူ၏လုပ်ဆောင်ချက် များအားဖြင့် ဖြေကြားသနည်း။ အကြောင်းမှာ ဓမ္မဟောင်း၌ မေရှိယကြွလာသောအခါ လူနာများကို ကျန်းမာစေမည်၊ နူနာများကိုသန့်ရှင်းစေမည်၊ လူသေများကိုရှင်စေမည်၊ ဟုကြိုတင်ဟောထားသော ကြောင့်၊ ထိုအရာများကိုပြုလုပ်ခြင်းအားဖြင့် သူသည် ကြွလာသောသူဖြစ်ကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ 

မျက်စိကန်းနှစ်ယောက်

ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသော သူနှစ်ယောက်တို့သည် နောက်တော်သို့လိုက်၍၊ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါ ဟုဟစ်ကြော်ကြ၏။အိမ်သို့ဝင်တော်မူလျှင်၊ မျက်စိကန်းသော သူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလော၊ ဟုမေးတော်မူလျှင်၊ ယုံပါ၏သခင်၊ ဟုလျှောက်ကြ၏။ ထိုအခါသူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ယုံကြည်ခြင်း ရှိသည်အတိုင်း သင်တို့၌ဖြစ်စေ၊ ဟုမိန့်တော်မူလျှင်၊ သူတို့သည် မျက်စိပွင့်လင်းလေ၏။ (မဿဲ ၉း၂၇-၃၀) အဘယ်ကြောင့် မျက်စိကန်းသောသူတို့က သခင်ယေရှုကို ဒါဝိဒ်၏သားတော်၊ ဟုခေါ်ကြသနည်း။ အကြောင်းမှာ သခင်ယေရှုသည် ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်၌ ထိုင်မည့်သူ၊ ဓမ္မဟောင်းပရောဖက်များ ပြောထားသည့်အတိုင်း၊ မျက်စိကန်းသောသူများကိုလည်း မြင်စေနိုင်သောသူ၊ ဟုသိသောကြောင့်ဖြစ် သည်။ သခင်ယေရှုကလည်း သူတို့ယုံကြည်သည့်အတိုင်း မျက်စိပွင့်လင်းစေသည်။ သူတို့သည် နိုင်ငံ တော်သားတည်းဟူသော ဣသရေလလူများဖြစ်သောကြောင့် သခင်ယေရှုက သူတို့တောင်းသည့်အ တိုင်းပေးခြင်းဖြစ်သည်။  

ခါနာန်အမျိုးသမီး

 ခါနာန်အမျိုး ဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏ သမီးသည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်၊ ဟုဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက် နေပါသည်၊ ဟုတောင်းလျှောက်ကြ၏။ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့်သော သိုးများမှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်၊ ဟုမိန့်တော်မူ၏။ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ကျွန်မကို ကယ်မတော်မူပါ သခင်၊ ဟုလျှောက်ပြန်လျှင်၊ ကိုယ်တော်က၊ သား၏အစာကို ယူ၍ ခွေးအားမပေး၊ မချအပ်၊ ဟုပြန်ပြောတော်မူ၏။ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏၊ ဟုလျှောက်ပြန်လျှင်၊ အိုမိန်းမ၊ သင်သည် ယုံကြည်အား ကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေ၊ ဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။ (မဿဲ ၁၅း၂၂-၂၈)

အဘယ်ကြောင့် သခင်ယေရှုက ခါနာန်အမျိုးသမီးကိုအစ၌ စကားမပြော၊ ပြောသောအခါ၌လည်း သူ့ကိုခွေးနှင့်နှိုင်းသော်လည်း စိတ်မဆိုး၊ စိတ်မပျက်ဘဲ သူ့သမီးထဲမှ နတ်ဆိုးကိုနှင်ထုတ်ဘို့ မရမကတောင်းသနည်း။ သခင်ယေရှု၏အဖြစ်တော်၊ အစွမ်းအစကိုသိသောကြောင့်ဖြစ်သည်။ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းပြုဆရာဖာရိရှဲများ၊ ဇဒ္ဒုကဲများက သခင်ယေရှုကိုနားမလည်နိုင်၊ သူတို့ ၏ရှင်ဘုရင်အဖြစ် လက်မခံနိုင်ချိန်တွင်၊ တပါးအမျိုးသားဖြစ်သော ခါနာန်အမျိုးသမီးက သခင်ယေရှုကို ရှင်ဘုရင်အဖြစ် သိရှိနားလည်သည်။ သခင်ယေရှုသည် ရှင်ဘုရင်လည်းဖြစ်၊ ဆရာဝန်ကြီးလည်းဖြစ်သည်။ ထိုမျှသာမက နတ်ဆိုးတို့ကိုလည်းနိုင်သောသူဖြစ်သည်။ ထို့ကြောင့်ခါနာန်အမျိုးသမီးက သူ့ကိုဒါဝိဒ်၏သားတော်အရှင်၊ ဟုခေါ်ရခြင်းဖြစ်သည်။ အဘယ်ကြောင့် သခင်ယေရှုက သူ့ကိုစကားမပြော၊ ထိုမျှသာမက ခွေးနှင့်နှိုင်းသနည်း။ သခင်ယေရှုသည် တပါးအမျိုး များအတွက်ခွဲတန်းမရှိ၊ ဣသရေလလူများ အတွက်သာလျှင်လာသည်။  

ဘုရားသခင်၏အကြံအစည်ကို နားမလည်သူများအတွက် ဘုရားသခင်သည် ဣသရေလလူများ ကိုသာချစ်သည်၊ ဟုမြင်ကြသည်။ ထို့ကြောင့် ဣသရေလလူများကိုလည်းမုန်းတီးကြသည်။ ဘုရားသခင်သည် ဣသရေလလူများကိုသာ ချစ်သည်မဟုတ်။ အာဗြာဟံထံတွင်၊ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏ (ကမ္ဘာ ၁၂း၃။ ကမ္ဘာ ၁၈း၁၈။ ကမ္ဘာ ၂၂း၁၈။ ကမ္ဘာ ၂၆း၄။ ကမ္ဘာ ၂၈း၁၄။ တမန် ၃း၂၅။ ဂလာ ၃း၈-၉)။ သခင်ယေရှုကိုယ်တိုင်ကလည်း၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ (ယောဟန် ၃း၁၆) ဟုပြန်ပြောခဲ့သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့်သခင်ယေရှုသည် ဣသရေလလူများအတွက်သာလျှင် လာသနည်း။ နိုင်ငံတော်ကို ဣသရေလလူများနှင့် စံပြအဖြစ်ထူထောင်၍၊ နောက်မှတပါးအမျိုးသား များနှင့်အတူ တကမ္ဘာလုံးနိုင်ငံတော်ထူထောင်ဘို့ဖြစ်သည်။ သို့သော်သူ၏အကြံအစည်ကို ဣသရေလ လူများက နားမလည်နိုင်သောကြောင့် သူတို့၏ရှင်ဘုရင်ကို သတ်လိုက်ခြင်းဖြင့် နိုင်ငံတော်သည် ရှေ့အနာဂတ် ဘေးဒဏ်ကြီးကာလအပြီးတွင် ထူထောင်ဘို့ဖြစ်သွားသည်။

လူကန်းနှစ်ယောက်

ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင်၊ ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ၊ ဟုဟစ်ကြော်လေ၏။ ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ၊ ဟုသာ၍ဟစ်ကြော်ကြ၏။ ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ်၍၊ သင်တို့၌အဘယ်သို့ ပြုစေလိုသနည်း၊ ဟုမေးတော်မူလျှင်၊ သခင်၊ အကျွန်ုပ်တို့မျက်စိကို ပွင့်လင်းစေခြင်းငှါပြုတော်မူပါ၊ ဟုလျှောက်ကြသော်၊ ယေရှုသည်သနားခြင်း စိတ်တော်ရှိ၍၊ သူတို့မျက်စိကို လက်နှင့်တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူတို့သည် မျက်စိမြင်၍၊ နောက်တော်သို့လိုက်ကြ၏။ (မဿဲ ၂၀း၃၀-၃၄)

ယဇ်ပုရောဟိတ်များ၊ ဖာရိရှဲများ၊ ဇဒ္ဒုကဲများက သခင်ယေရှုကို ရှင်ဘုရင်အဖြစ်လက်မခံသော်လည်း လူကန်းများက သူ့ကိုဒါဝိဒ်၏သားတော်အရှင်၊ ဟုခေါ်ကြသည်။ ထိုသို့ခေါ်ခြင်းသည် အဓိပ္ပါယ်ရှိသည်။ ဒါဝိဒ်၏သားတော် ဟုခေါ်ခြင်းဖြင့် သူသည်ရှင်ဘုရင်ဖြစ်ကြောင်း ဓမ္မဟောင်းပရောဖက်များ ဟောထားသော သမားတော်ကြီးဖြစ်ကြောင်းကိုဝန်ခံခြင်း၊ လက်ခံခြင်းဖြစ်သည်။ ထိုလူကန်းနှစ်ယောက်ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက်၍ ဆိုကြသော်လည်း၊ အဘယ်ကြောင့် သာ၍ဟစ်ကြော်ကြသနည်း။ သူတို့လိုချင်သော မျက်စိမြင်ခြင်းသည် အရေးကြီးသည်။ ထိုလူကန်းနှစ်ယောက်သည် သူတို့ကိုအော်ငေါက်သောလူများထက် ဝိညာဉ်မျက်စိမြင်ကြသည်။ သူတို့ယုံကြည်သည့်အတိုင်း အကျိုးရရှိသွားခဲ့ကြသည်။ သူတို့ကိုငေါက်သောသူများ မည်ကဲ့သို့ခံစားကြ မည်နည်း။ သင်သည်သခင်ယေရှုကို ထိုလူကန်းနှစ်ယောက်ကဲ့သို့မြင်ပါသလော၊ သူ့ကိုငေါက်သောလူများကဲ့သို့ မျက်စိကန်းပါသလော။ 

ရှင်ဘုရင်ဘိသိက်ဘို့ချီတက်သော်လည်းမအောင်မြင်

ယေရုရှလင်မြို့အနီးသို့ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့ရှေ့၌ရှိသော ရွာသို့သွားကြ၊ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့်မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။ သူတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင်၊ သခင်အလိုရှိသည်၊ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်၊ ဟုမှာထားတော်မူ၏။ထိုအကြောင်းအရာမူကား၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော၊ ပရောဖက်၏နှုတ်ထွက် ပြည့်စုံမည် အကြောင်းဖြစ်သတည်း။  တပည့်တော်တို့သည် သွား၍အမိန့်တော်အတိုင်းပြုသဖြင့်၊ မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့၍၊ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင်၊ ကိုယ်တော်သည် စီးတော်မူ၏။ အတိုင်းမသိ များစွာသောလူတို့သည်၊ မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည်၊ သစ်ကိုင်းသစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ (Yahweh is salvation) ဖြစ်စေသတည်း၊ ဟုကြွေးကြော်ကြ၏။

ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ၊ တမြို့လုံး အုတ်အုတ်သဲသဲဖြစ်၍၊  ဤသူကားအဘယ်သူနည်း၊ ဟုမေးမြန်းကြလျှင်၊ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်း၊ ဟုပြောဆိုကြ၏။ ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူ အပေါင်းတို့ကိုနှင်ထုတ်၍၊ ငွေလဲသောသူတို့၏ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့၊ ဟုကျမ်းစာ၌လာသော်လည်း၊ သင်တို့သည်ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီးတကား၊ ဟုမိန့်တော်မူ၏။ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့ လာ၍ သူတို့အနာရောဂါကို ငြိမ်းစေတော်မူ၏ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း၊ ဟုဗိမာန်တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကိုကြားသလော၊ ဟုယေရှုအားမေးကြသော်၊ ငါကြား၏။ နို့စို့သူငယ်တို့နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်၊ ဟူသောစကားကို သင်တို့သည် တရံတခါမျှ မဖတ်ဘူးသလော၊ ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ကိုထားခဲ့၍ မြို့ထဲမှ ထွက်ပြီးလျှင်၊ ဗေသနိရွာသို့ကြွ၍ ထိုညကိုလွန်စေတော်မူ၏။ (မဿဲ ၂၁း၁-၁၇) 

ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းပြုဆရာဖာရိရှဲများ၊ ဇဒ္ဒုကဲများက သခင်ယေရှုကိုနားမလည်နိုင်၊ သူတို့ ၏ရှင်ဘုရင်အဖြစ် လက်မခံနိုင်သော်လည်း သခင်ယေရှုသည် သူ့ကိုဗိမာန်တော်၌ ဘိသိက်ပေးခြင်းခံဘို့ ရန်အထက်ပါကဲ့သို့ချီတက်သည်။ ပရောဖက်ဇာခရိက၊ အိုဇိအုန်သတို့သမီး အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး ကြွေးကြော်လော့။ တရားသဖြင့်စီရင်၍၊ ကယ်တင်ခြင်းသို့ ရောက်သောသခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့်မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။ (ဇာခရိ ၉း၉) ဟူသောပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်သည်။ ပရိသတ်များကလည်း သောင်းသောင်းဖြဖြကြိုဆိုကြသည်။ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ (Yahweh is salvation) ဖြစ်စေသတည်း၊ ဟုကြွေးကြော်ကြ၏။ 

သို့သော်၊ ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ၊ တမြို့လုံး အုတ်အုတ်သဲသဲဖြစ်၍၊  ဤသူကား အဘယ်သူနည်း၊ ဟုမေးမြန်းကြလျှင်၊ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်း၊ ဟုပြောဆိုကြ၏။ ယေရုရှလင်မြို့သားများက သူ့ကိုမသိကြ၊ မကြိုဆိုကြချေ။ သူတို့သည်အုတ်အုတ်သဲသဲဖြစ်သည်။ ကြိုဆိုခြင်းထက်ပူပန်ခြင်းကိုဖေါ်ပြသည်။ ဤသူကားအဘယ်သူနည်း၊ ဟုလည်းမေးကြသည်။ တောင်ပေါ်မှနောက်လိုက်သောသူများနှင့် မတူချေ။ ဖြေသောသူကလည်း၊ ယုဒရှင်ဘုရင်ဖြစ်သည်၊ ဟုမဖြေဘဲ နာဇရက်မြို့၌ပေါ်ထွန်းသော ပရောဖက်ယေရှု၊ ဟုဖြေသည်။ ပရောဖက်သည် ရှင်ဘုရင်ထက်အဆင့်နိမ့်သည်။ သခင်ယေရှုကိုရှင်ဘုရင်အဖြစ် လက်မခံခြင်းကိုပြသည်။ သခင်ယေရှုကို သင်မည်ကဲ့သို့မြင်သနည်း။ ထိုအရာအပေါ်သင်၏အသက်တာ ထင်ဟပ်လိမ့်မည်။  

ဗိမာန်တော်သို့ရောက်သောအခါ ပို၍အခြေအနေဆိုးသွားသည်။ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူ အပေါင်းတို့ကိုနှင်ထုတ်၍၊ ငွေလဲသောသူတို့၏ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့၊ ဟုကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကိုဓားပြတွင်း ဖြစ်စေကြပြီးတကား၊ ဟုမိန့်တော်မူ၏။ ဗိမာန်တော်၌ ကျက်စားသောသူများသည် ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုဆရာများဖြစ်သည်။ သူတို့သည်ဆုတောင်းမည့်အစား၊ တိရစ္ဆာန်များကိုရောင်းဝယ်ခြင်း၊ ငွေလဲခြင်း၊ များပြုလုပ်နေကြ သည်။ ဗိမာန်တော်၌ ဘုရားရှိခိုးမည့်အစား၊ စီးပွားရှာနေကြသည်။ ယနေ့အသင်းတော်များစွာ၌လည်း ဘုရားသခင်၏အလိုတော်ရှာသည်ထက် ကိုယ်ကျိုးစီးပွားရှာနေကြသည်။ သင်သည်ထိုသူဖြစ်နေပါသလော။

ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း ဒါဝိဒ်၏သားတော် အား ဟောရှဏ္ဏဖြစ်စေသတည်း၊ ဟုဗိမာန်တော်၌ ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလော၊ ဟုမေးကြသည်။ သူတို့သည် ဝမ်းမြောက်မည့်အစား အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ သခင်ယေရှုကို ရှင်ဘုရင်အဖြစ်လက်မခံသောကြောင့်ဖြစ်သည်။ သခင်ယေရှုကိုကြိုဆို၍ ဘိသိက်မည့်အစား သူ့ကိုအပြစ်တင်ကြသည်။ လူထုကသူ့ကို ဘုရင်အဖြစ် လက်ခံကြသော်လည်း ခေါင်းဆောင်များကလက်မခံသောကြောင့် ရှင်ဘုရင်အဖြစ်ဘိသိက်ခံဘို့အထမ မြောက်ခဲ့ချေ။ သူတို့၏ရှင်ဘုရင်ကိုပယ်ကြသည်။  

နိုင်ငံတော်သည်မင်္ဂလာဆောင်ပွဲနှင့်တူ

တဖန်ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင် နိုင်ငံတော်သည် မိမိသားအဖို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို ရင်သောမင်းကြီးနှင့်တူ၏။ ထိုမင်းကြီးသည် ဖိတ်ပြီးသော သူတို့ကို ခေါ်စေခြင်းငှါ လုလင်တို့ကို စေလွှတ်သောအခါ၊ ထိုသူတို့သည် မလာဘဲ နေကြ၏။ တဖန် အခြားသော လုလင်တို့ကို စေလွှတ်၍၊ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါ၊ ဟုဖိတ်ပြီးသော သူတို့အား၊ ပြောကြ၊ ဟုမှာလိုက်ပြန်၏။ သို့သော်လည်း ထိုသူတို့သည်၊ နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။ ကြွင်းသော သူတို့သည်လည်း လုလင်တို့ကို ဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။ ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကို သတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကိုမီးရှို့လေ၏။ ထိုနောက်မှ မင်းကြီးသည် လုလင်တို့ကို ခေါ်၍၊ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သော သူတို့သည် မထိုက်မတန်သောကြောင့်၊ လမ်းမ၊ လမ်းကြားသို့ သွား၍ တွေ့သမျှသော သူတို့ကို ပွဲသို့ ခေါ်ဖိတ်ကြ၊ ဟုအမိန့်တော်ရှိသည်အတိုင်း၊ လုလင်တို့သည် လမ်းများသို့ ထွက်သွား၍၊ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။ မင်းကြီးသည်ပွဲ၌ လျောင်းသော သူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို မဝတ်သောသူ တယောက်ကို မြင်လျှင်၊ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်း၊ ဟုမေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲ နေ၏။ ထိုအခါ မင်းကြီးသည် အခြံအရံတို့အား၊ ထိုသူ၏ လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြ၊ ဟုအမိန့်တော်ရှိ၏။ ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ကောက်တော်မူသောသူနည်းသည်၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၂း၁-၁၄) 

အဘယ်ကြောင့် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မင်းကြီးကသူ့သားအတွက် မင်္ဂလာဆောင်ပွဲ နှင့်ခိုင်းနှိုင်းသနည်း။ မင်းကြီးသည် ခမည်းတော်ဘုရားကိုဆိုလိုသည်။ မင်းကြီး၏သားသည် သခင်ယေရှု ကိုယ်တိုင်ဖြစ်သည်။ ခေါ်ဖိတ်ခံသောသူတို့သည် ဣသရေလလူမျိုးများဖြစ်သည်။ လုလင်တို့သည် ပရောဖက်များဖြစ်သည်။ လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲသတ်ဖြတ်သောသူတို့သည် ဣသရေလလူမျိုး ခေါင်းဆောင်များဖြစ်သည်။ ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကိုမီးရှို့လေ၏။ ဣသရေလလူမျိုးများသည် ပရောဖက်များသာမက သားတော်သခင်ယေရှုပင်လျှင် သတ်သောကြောင့် အေဒီ ၇၀ တွင်ရောမစစ်သားများအားဖြင့် သူတို့ကိုသတ်ဖြတ်၍ ယေရုရှလင်မြို့ကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်။ ယေရုရှလင်မြို့သားအားလုံး လည်းသတ်ဖြတ်ခံရသည်။ ယနေ့ရှိကြသောယုဒလူမျိုးများသည် သတ်ဖြတ်ခြင်းမခံဘဲ အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးလွတ်မြောက်သောသူတို့ဖြစ်သည်။ သို့သော်သူတို့သည် ယနေ့တိုင်အောင် အများစုသည် ဘုရားသခင်ကိုမသိ၊ ဘုရားမဲ့တရားမဲ့ဖြစ်ကြသည်။ ဘုရားဖက်၌စိတ်အားကြီးသောသူ များလည်း ဘုရား၏အလိုတော်ကိုနားမလည်ဘဲ သူတို့နည်းဟန်ဖြင့် ဖာရိရှဲနှင့်ယဇ်ပုရောဟိတ်များ ကဲ့သို့ ဘုရားကိုကြိုးစားကိုးကွယ်နေသူများဖြစ်ကြသည်။ 

သို့သော်လည်း ထိုသူတို့သည်၊ နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။ ကြွင်းသော သူတို့သည်လည်း လုလင်တို့ကို ဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။ သူတို့မလာရခြင်း၏ အကြောင်းရင်းများသည်၊ လယ်သို့သွားခြင်း၊ ကုန်သွယ်ရာသို့သွားခြင်းများဖြစ်သည်။ ယနေ့များစွာသောသူများလည်း ဣသရေလလူမျိုးများကဲ့သို့ ဘုရားသခင်ကခေါ်သော်လည်း ကိုယ့်ကိစ္စအမျိုးမျိုးကြောင့် ဘုရားသခင်၏ဖိတ်ခေါ်ခြင်းကို လှစ်လှိုရှုကြသည်။ မင်္ဂလာဆောင်ပွဲ၌ ဘာမျှကုန်ကျစရာမရှိပါ။ သို့သော်၊ မလာချင်ကြချေ။ မလာခြင်းဖြင့် အခွင့်အရေးဆုံးရှုံးကြသည်။ ယနေ့လည်း ဘုရားသခင်က သားတော်၏မင်္ဂလာဆောင်ပွဲ ကျင်းပမည့် ကောင်းကင်သို့ ခေါ်နေသောလည်း လုံးဝဂရုမစိုက်ကြချေ။ ထိုခေါ်ဖိတ်ခြင်းထက် ကိုယ့် ကိစ္စသည် ပို၍အရေးထားကြသည်။ ဘာမျှလုပ်စရာမရှိလျှင်လည်း မလာချင်ကြချေ။ သင်သည်ထိုသို့ သောသူဖြစ်နေပါသလား။ သင်မလာ၊ ဂရုမစိုက်လျှင် သင်သာလျှင်ဆုံးရှုံးမည့်အကြောင်းကို သတိပေး လိုပါသည်။ ဣသရေလူများကဲ့သို့ မမိုက်ပါနှင့်။  

အမတ်တဦး

ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည်ချက်ချင်းပေါ်ထွန်းမည်၊ ဟုလူများထင် မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ ထပ်၍ မိန့်တော်မူသော ဥပမာကား၊ အမတ်တဦးသည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်၊ ဟုအကြံရှိလျက်၊ ဝေးသောပြည်သို့သွား၏။ မသွားမှီ မိမိငယ်သား တကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီ အပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့၊ ဟုမှာထားလေ၏။ ပြည်သားအချို့တို့သည် ထိုအမတ်ကိုမနာလို၍၊ ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလိုပါ၊ ဟုတမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။ ထိုအမတ်သည် မင်းကြီးအရာကို ခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီးသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ၊ သူတို့ကို ခေါ်ချေဟု အမိန့်တော်ရှိ၏။ ပဌမသူသည် လာ၍၊ သခင် ကိုယ်တော်ပေးသော ငွေတစ်ပိဿာ အားဖြင့် အခွက်တဆယ် အမြတ်ရပါပြီ၊ ဟုလျှောက်လျှင်၊ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့၊ ဟုမိန့်တော်မူ၏။ ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီ၊ ဟုလျှောက်လျှင်၊ သခင်က၊ သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့၊ ဟုမိန့်တော်မူ၏။ အခြားသောသူသည် လာ၍၊ သခင်၊ အကျွန်ုပ်သည် ပုဝါ၌ ထုတ်ထားသော ကိုယ်တော်၏ ငွေတစ်ပိဿာ ရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသော သူဖြစ်သည်နှင့်၊ ကိုယ်မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက် မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍၊ ကိုယ်တော်ကို ကြောက်ပါသည်၊ ဟုလျှောက်လျှင်၊ သခင်က၊ ညစ်သောငယ်သား၊ သင်၏ စကားကိုသာ လိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသော သူဖြစ်လျက်၊ ကိုယ်မသို မထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်သည်ကို သင်သိသည် မှန်လျှင်၊ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကိုရနိုင်သည်၊ ဟုမိန့်တော်မူပြီးသော်၊ အချွေအရံတို့အား၊ ငွေတစ်ပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြ၊ ဟုမိန့်တော်မူ၏။ အချွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ် ရှိပါ၏၊ ဟုလျှောက်ကြလျှင်၊ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ထိုမှတပါး ငါ၏ အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြ၊ ဟုစီရင်တော်မူသည်၊ ဟုမိန့်တော်မူ၏။ (လုကာ ၁၉း၁၁-၂၇) 

အထက်ပါဥပမာ၌ အမတ်တဦးသည် ခရစ်တော်ကိုယ်တိုင်ဖြစ်သည်။ သူသွားသောဝေးသောပြည်သည် ကောင်းကင်နိုင်ငံဖြစ်သည်။ ခရစ်တော်က သူ့ကိုယုဒခေါင်းဆောင်များကလက်မခံ၊ ဘိသိက်ပေးမည်မ ဟုတ်သောကြောင့် ကောင်းကင်သွား၍ အဘထံ၌ ဘိသိက်ခံဘို့ရန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဒုတိယအကြိမ်ကြွလာသောအခါ ရှင်ဘုရင်အဖြစ်ဘုန်းအာနုဘော်တော်နှင့် ကြွဆင်းလာမည်ဖြစ်သည်။ သူ၏အအုပ်အချုပ်မခံလိုသောသူတို့သည် ယဇ်ပုရောဟိတ်များ၊ ဇဒ္ဒုကဲများ၊ ဖာရိရှဲများဖြစ်သည်။ အဘယ်ကြောင့် သူ၏အအုပ်အချုပ်ကို မခံလိုကြသနည်း၊ ဟူမူကား သူ့ကိုမနာလိုသောကြောင့်ဖြစ် သည်။ ထိုသို့မနာလိုသော်လည်း သခင်ယေရှုသည် ခမည်းတော်က ရှင်ဘုရင်အဖြစ်ဘိသိက်ပေးမည်။  

ယဇ်ပုရောဟိတ်များ၊ ဇဒ္ဒုကဲများ၊ ဖာရိရှဲများက သခင်ယေရှုကို ဘိသိက်မပေးလိုသော်လည်း ခမည်းတော်ဘုရားက ထိုက်တန်စွာကောင်းကင်၌ ဘိသိက်ပေးမည်ဖြစ်သည်။ 

မသွားမှီ မိမိငယ်သား တကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီ အပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့၊ ဟုမှာထားလေ၏။ ထိုအမတ်သည် မင်းကြီးအရာကို ခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီးသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ၊ သူတို့ကို ခေါ်ချေဟု အမိန့်တော်ရှိ၏။ ပဌမသူသည် လာ၍၊ သခင် ကိုယ်တော်ပေးသော ငွေတစ်ပိဿာ အားဖြင့် အခွက်တဆယ် အမြတ်ရပါပြီ၊ ဟုလျှောက်လျှင်၊ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့၊ ဟုမိန့်တော်မူ၏။ ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီ၊ ဟုလျှောက်လျှင်၊ သခင်က၊ သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့၊ ဟုမိန့်တော်မူ၏။

အမတ်က ငွေတပိဿာစီ အပ်ပေးခြင်းခံသောသူတို့သည် ယုံကြည်သူများဖြစ်သည်။ ငွေတပိဿာသည် ယုံကြည်သူတိုင်းရရှိသော သန့်ရှင်းသောဝိညာဉ်တော်နှင့်တကွ အချိန်၊ ဘဏ္ဍာ၊ အစွမ်းအစများဖြစ် သည်။ထိုအရာများကိုအသုံးပြုပြီး ကုန်သွယ်ကြဘို့ဖြစ်သည်။ မည်သည့်အရာကို ကုန်သွယ်ကြမည် နည်း။ မြေကြီးပေါ်မှကောင်းကင်တက်မည့်အရာသည် ဝိညာဉ်များသာလျှင်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများသည် မိမိတို့ရရှိထားသောသန့်ရှင်းသောဝိညာဉ်တော်နှင့် အချိန်၊ ဘဏ္ဍာ အစွမ်းအစ များအားဖြင့် ပျောက်ဆုံးဝိညာဉ်များကို ဖမ်းဘို့ဖြစ်သည်။ ပျောက်ဆုံး ဝိညာဉ်များများရရှိသူများသည် ကောင်းကင်၌ ဘဏ္ဍာစုဆောင်းခြင်းဖြစ်သည်။ ပျောက်ဆုံးဝိညာဉ်ဖမ်းသောအခါ၊ ဝိညာဉ်တော်တန်ခိုး အသုံးပြုရသည်။ ထိုမျှသာမက အချိန်၊ ဘဏ္ဍာနှင့် မိမိတတ်ကျွမ်းသောအရာများကိုလည်း အသုံးပြုရသည်။ ငွေတပိဿာဖြင့် အမြတ်ဆယ်ပိဿာမြတ်သောသူသည် မြို့ဆယ်မြို့ကိုအုပ်စိုးခွင့်ပေး သည်။ ဤအုပ်စိုးခြင်းသည် ကောင်းကင်၌မဟုတ်ဘဲ အနှစ်တထောင်ကာလ၌ဖြစ်မည်။ ငါးပိဿာမြတ် သောသူသည်လည်း ငါးမြို့အုပ်စိုးရသောအခွင့်ရရှိလိမ့်မည်။ ထို့ကြောင့်၊ ယနေ့ရင်းနှီးရသောအရာသည် အကျိုးမယုတ်၊ အနှစ်တထောင်ကာလ၌ အုပ်စိုးသူများဖြစ်မည်။ 

အခြားသောသူသည် လာ၍၊ သခင်၊ အကျွန်ုပ်သည် ပုဝါ၌ ထုတ်ထားသော ကိုယ်တော်၏ ငွေတစ်ပိဿာ ရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသော သူဖြစ်သည်နှင့်၊ ကိုယ်မသိုမထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက် မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍၊ ကိုယ်တော်ကို ကြောက်ပါသည်၊ ဟုလျှောက်လျှင်၊ သခင်က၊ ညစ်သောငယ်သား၊ သင်၏ စကားကိုသာ လိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသော သူဖြစ်လျက်၊ ကိုယ်မသို မထားသော ဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်သည်ကို သင်သိသည် မှန်လျှင်၊ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကိုရနိုင်သည်၊ ဟုမိန့်တော်မူပြီးသော်၊ အချွေအရံတို့အား၊ ငွေတစ်ပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြ၊ ဟုမိန့်တော်မူ၏။ 

ပျောက်ဆုံးဝိညာဉ်ဖမ်းခြင်း၌ အချိန်၊ ဘဏ္ဍာ၊ စွမ်းအားမပေးချင်သူများသည် အငယ် ၁၄ ၌ခရစ်တော် ၏အအုပ်အချုပ်မခံချင်သူများဖြစ်သည်။ ထိုသူများကို အငယ် ၂၇ ၌ခရစ်တော်က၊ ငါ၏အအုပ်အချုပ် ကို မခံလိုသော ငါ့ရန်သူတို့ဟုခေါ်သည်။ ခရစ်တော်၏ အအုပ်အချုပ်ကို မခံလိုသူများလည်း ခရစ်တော်က အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများပေးသည်။ သို့သော်ထိုသူများသည် ခရစ်တော်ပေးထားသော အရာများကို မိမိတို့ဆန္ဒပြည့်စုံဘို့အတွက်သာလျှင် အသုံးပြုကြသည်။ သို့ဖြစ်လျှင် ဒုတိယမွေးဖွားပြီး သော်လည်း ပျောက်ဆုံးဝိညာဉ် မဖမ်းသူများသည် မည်သို့ဖြစ်မည်နည်း၊ ငရဲသို့ပြန်ကျကြမည်လော။ ငရဲမှလွတ်မြောက်ပြီး ကောင်းကင်တက်ခြင်းသည် အလုပ်အားဖြင့်မဟုတ်ကြောင်း ဧဖက် ၂း၈-၉ ၌ ကျမ်းစာက ရှင်းလင်းစွာပြောထားသည်။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ်မဖမ်းသောသူများလည်း ကောင်းကင်မဆုံးရှုံးသော်လည်း ကောင်းကင်ရောက်သောအခါ ဆုရစရာမရှိပါ။ ပေါလုက၊ ရွှေ၊ ငွေ၊ ကျောက်ကောင်းနှင့် အိမ်ဆောက်ခြင်း၌ ဖေါ်ပြသွားသည်။ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် (၁ ကော ၃း၁၅)။ ဥပမာပေးသောအခါ၊ အကုန်လုံးအဓိပ္ပါယ်ယူ၍ မရသောအချိန်ရှိ သည်။ အထက်ပါခရစ်တော်၏ဥပမာ၌၊ သခင်ယေရှုသည် ရှင်ဘုရင်ကိုယုဒခေါင်းဆောင်များက မပေးချင်သောကြောင့် ကောင်းကင်၌ ခမည်းတော်ဘုရားကပေးမည့်အကြောင်း၊ သူမရှိခိုက်ယုံကြည်သူ များက သူတို့ရရှိသော အစွမ်းအစအားဖြင့် သူခိုင်းသောအလုပ်ကို လုပ်ကြမည့်အကြောင်းကို အဓိက ပြောလိုခြင်းဖြစ်သည်။  

သခင်ယေရှုကနိုင်ငံတော်တည်ထောင်ဦးမည့်အကြောင်းပြော

သခင်ယေရှုက ထိုအခါ စားလျက် နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ ကိုယ်ဖြစ်၏။ ယူ၍စားကြလော့၊ ဟုမိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူ၍၊ သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများတို့၏ အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုး အသစ်ကို၊ ငါ့ခမည်းတော်၏နိုင်ငံ၌၊ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍၊ တဖန် ငါမသောက်ရ၊ ဟုမိန့်တော်မူ၏။ (မ ၂၆း၂၆-၂၉)

သခင်ယေရှုသည် တပည့်တော်များနှင့်အတူ နောက်ဆုံးပသခါပွဲကျင်းပကြပါသည်။ ထိုအရာကို ခရစ်ယာန်များက နောက်ဆုံးညစာစားပွဲ၊ ဟုဆိုတတ်ကြပါသည်။ ထိုညစာစားပွဲအပြီးတွင် သူကိုဖမ်းဆီး ၍၊ သူ့ကိုတရားစီရင်ဘို့ ဟေရုဒ်မင်းနှင့် မြို့ဝန်မင်းပိလတ်ထံ တညလုံးမနားကြဘဲ ခေါက်တုန်ခေါက်ပြန် ခေါ်သွားကြပါသည်။ ထိုညစာစားပွဲ၌ သခင်ယေရှုက နိုင်ငံတော်မတည်ထောင်တော့သော်လည်း၊ ခမည်း တော်၏နိုင်ငံ၌ တပည့်တော်များနှင့်အတူ စပျစ်ရည်မျိုးအသစ်ကို သောက်ဦးမည့်အကြောင်းကိုပြောပြ ပါသည်။ ထိုနိုင်ငံသည် ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ်ကြွလာသောအခါ ဤလောက၌တည်ထောင် မည့် နိုင်ငံကိုဆိုလိုခြင်းဖြစ်သည်။ ဣသရေလခေါင်းဆောင်များက သူ့ကိုဘိသိက်မပေးချင်ဘဲ သတ်ဖြတ်သော်လည်း သူ၏အကြံအစည်ကို ပြန်လည်အကောင်အထည်ဖေါ်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ဆန့်ကျင်သည်ထက် သူ၏အကြံအစည်ကိုနားလည်လက်ခံဘို့လိုအပ်သည်။

လူဆိုးတယောက်ကဘုရင်အဖြစ်လက်ခံ

 ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ကို၎င်း၊ ကယ်တင်လော့၊ ဟုကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။ တယောက်မူကား၊ မိမိအဖေါ်ကို ဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတို့သည် ကိုယ်ပြုမိသော အပြစ်နှင့် အလျောက်ခံရသည် ဖြစ်၍၊ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊ သခင်၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကြွလာတော်မူသောအခါ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ၊ ဟုယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်၊ ဟုမိန့်တော်မူ၏။ (လု ၂၃း၃၉-၄၃) 

လက်ဝါးကပ်တိုင်၌ ရိုက်သတ်သောလူဆိုး နှစ်ယောက်သည် အသတ်ခံထိုက်သော လူဆိုးများဖြစ်ကြသည်။ ထိုသူနှစ်ယောက်တို့သည် လောကလူသားအားလုံးကို ပုံဆောင်သည်။ တယောက်သည် သေခါနီးအထိ သူ့ကိုသူနားမလည်ဘဲ သခင်ယေရှုကို သရော်သည်။ သူကဲ့သို့ပင် လူအများစုသည် သေသည်အထိ မိမိတို့ကိုမိမိတို့ နားမလည်ဘဲ သခင်ယေရှုကို သရော်ပြီးငြင်းပယ် ကြသည်။ သို့သော်သူ့အဖေါ်လူဆိုးသည် သေခါနီးမှ သခင်ယေရှုကို သိရှိနားလည်သွားသည်။ သူက သခင်ယေရှုသည် ဘာမျှအပြစ်မရှိကြောင်း ထိုမျှသာမက နိုင်ငံတည်ထောင်ဦးမည့် ရှင်ဘုရင်အဖြစ် ယုံကြည်သောကြောင့် သူ့ကိုသတိရဘို့ တောင်းလျှောက်သွားသည်။ သူသည်လူဆိုးဖြစ်သော်လည်း အဘယ်ကြောင့် သခင်ယေရှုကို အပြစ်မဲ့သောသူ၊ ရှင်ဘုရင်အဖြစ်နိုင်ငံတော် တည်ထောင်ဦးမည့်သူ အဖြစ်နားလည်နိုင်သနည်း။ သခင်ယေရှုက၊ ပေတရုထံ၊ ယောန၏သားရှိမုန်၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း (မဿဲ ၁၆း၁၇)။ ဟုဆိုခဲ့ သကဲ့သို့ ထိုလူဆိုးလည်း ကျမ်းစာက မဖေါ်ပြသော်လည်း ဘုရားသခင်က နားလည်စေသည် ဟုယူဆ ရသည်။

ဘုရားသခင်က နားမလည်စေလျှင် လုံးဝနားလည်နိုင်မည်မဟုတ်ချေ။ အကြောင်းမှာ၊ သခင် ယေရှုသည် ထိုအချိန်တွင် ဘုန်းအနိမ့်ဆုံး၊ အရှက်တကွဲအကျိုးနဲဖြင့် အသတ်ခံရသောအချိန်ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ အနာဂတ်မှာ ရှင်ဘုရင်ဖြစ်မည့်အလားအလာ လုံးဝမရှိချေ။ ယဇ်ပုရောဟိတ်ကြီး များ၊ ကျမ်းပြုဆရာဖာရိရှဲများ၊ နိုင်ငံရေးခေါင်းဆောင် ဇဒ္ဒုကဲများက သခင်ယေရှုကို မသိနိုင်ချိန်တွင် ထိုလူဆိုးကသခင်ယေရှုကို ရှင်ဘုရင်အဖြစ် ကြွလာဦးမည့်အရာသိခြင်းသည် အလွန်အံ့ဩစရာဖြစ် သည်။ ထို့ကြောင့် ယဇ်ပရောဟိတ်များကဲ့သို့ ဘုရားအမှုတော်ဆောင်နေသော်လည်း သခင်ယေရှု ၏ အဖြစ်တော်ကို နားမလည်နိုင်။ ဖာရိရှဲများကဲ့သို့ ကျမ်းစာသင်တိုင်းလည်း ဘုရားသခင်က မဖေါ်ပြလျှင် သခင်ယေရှု၏အဖြစ်တော်ကို နားမလည်နိုင်ချေ။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရားသခင်က သိခွင့်ပေးမည် နည်း။ သိချင်သောဆန္ဒရှိဘို့လိုသည်။ ထိုဆန္ဒကို သခင်ယေရှုက ရေငတ်ခြင်းဖြင့် ပြောဆိုတတ်သည်။ သူက၊ ရေငတ်သော သူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာ သည်အတိုင်း၊ အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ (ယောဟန် ၇း၃၇-၃၈) သင်သည် ထိုလူဆိုးကဲ့သို့ သိချင်သောဆန္ဒရှိပါသလား။

တပည့်တော်များကနိုင်ငံတော်အကြောင်းမေး

ထိုတမန်တော် တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား၊ နိုင်ငံကို ပြန်ပေးတော်မူမည်လော၊ ဟုမေးလျှောက်ကြလျှင်၊ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို၊ သိရသော အခွင့်သည် သင်တို့၌ မရှိ။ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင် တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ (တမန်တော် ၁း၆-၈)

သခင်ယေရှုသည် ဘုရင်အဖြစ်ဣသရေလ ခေါင်းဆောင်များက ဘိသိက်မပေးသည်သာမက၊ သတ်လိုက်သောနောက် ရှင်ပြန်ထမြောက်လာပြီး ကောင်းကင်နိုင်ငံပြန်တက်ခါနီး သံလွင်တောင်ပေါ် ၌ သပည့်တော်များက ဣသရေလ အမျိုးသားတို့အား၊ နိုင်ငံကို ပြန်ပေးတော်မူမည်လော၊ ဟုမေးလျှောက် ကြသည်။ အကယ်၍ နိုင်ငံတော်တည်ထောင်တော့မည် မဟုတ်လျှင် ထိုအစီအစဉ်မရှိတော့ဘူး၊ ဟုသခင်ယေရှုက ဖြေကြားမည်ဖြစ်သည်။ သို့သော်၊ နိုင်ငံတော်တည်ထောင်ဦးမည်ဖြစ်သောကြောင့်၊ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို၊ သိရသောအခွင့် သည် သင်တို့၌ မရှိ။ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သော အခါ၊ သင် တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင် အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုနိုင်ငံတော်ကို ဘေးဒဏ်ကြီးကာလအပြီး ရှင်ဘုရင်အဖြစ် ဘုန်းတန်ခိုးတော်နှင့် ကြွလာသောအခါ တည်ထောင်ဦးမည်ဖြစ်သည်။ ထိုအချိန်ကို အနှစ်တထောင်ကာလ၊ ဟုသိရသည်။  ထိုအကြောင်းကို နောက်ပိုင်း၌ ပြန်လေ့လာကြပါစို့။ 

 


ဂလာတိ ဩဝါဒစာ

အခန်းကြီး ၆

ညီအစ်ကိုတို့၊ လူသည်သတိလစ်၍၊ တစုံတခုသော ဒုစရိုက်ကို ပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသော သင်တို့သည်၊ အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်၊ သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။ 

ယုံကြည်သူများသည် သတိလစ်၍ အပြစ်ဒုစရိုက်ကို ပြုမိတတ်ကြသည်။ Good News အသင်းတော်ကမူ ယုံကြည်သူသည် အမှန်တကယ်ပြောင်းလဲလျှင် လုံးဝအပြစ်မလုပ်တိုင်တော့ချေ။ အပြစ်ပြန်လုပ်နိုင်သေးလျှင် အစကတည်းက စစ်မှန်သောပြောင်းလဲခြင်းမရှိသောကြောင့်ဖြစ်သည်၊ ဟုခံယူကြသည်။ ထိုအရာသည်မမှန်ကြောင်း ပေါလုက အထက်ပါကဲ့သို့ ရေးသားခြင်းဖြစ်သည်။ တမန်တော်ယောဟန်ကလည်း၊ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏ (၁ ယော ၁းရ) ဟုရေးထားပြီးမှတဆက်တည်း၊ ကိုယ်၌ အပြစ်မရှိ၊ ဟုငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သမ္မာတရားမရှိ။ ကိုယ်အပြစ် တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။ ဒုစရိုက်ကို မပြုပြီ၊ ဟုငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ (၁ ယော ၁း၈-၁၀)။ ရေးထားပြန်သည်။ ငါတို့ဟုဆိုရာတွင် ယောဟန်အပါအဝင် ယုံကြည်သူအားလုံးကိုဆိုလိုသည်။ လူသည် ခရစ်တော်၏ကယ်တင်ခြင်း၊ အပြစ်လွှတ်ခြင်း၊ ဖြောင့်မတ်ခြင်းရပြီးသော်လည်း အပြစ်လုပ်နိုင်သေးသည်။ ခလေးမွေးသောအခါ ရေချိုးပြီးသန့်ရှင်းရေးလုပ်ပေးရသည်။ သို့သော်ခလေးသည်တခါတည်း ရေချိုးပြီးရုံနှင့် တသက်လုံးမသန့်ရှင်းပါ။ နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးဘို့လိုသည်။ ယေရှုကလည်း၊ ရေချိုးပြီးသောသူ မည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ။ တကိုယ်လုံးစင်ကြယ်၏(ယော ၁၃း၁၀) ဟုဆိုခဲ့သည်။  ရေချိုးခြင်းသည် သခင်ယေရှုအားဖြင့် ဖြောင့်မတ်ခြင်းရရှိခြင်းဖြစ်၍၊ ခြေဆေးခြင်းသည် နေ့စဉ်ယုံကြည်သူအသက်တာ၌ အပြစ်ဝန်ချတောင်းပန်ခြင်းကိုဆိုလိုသည်။ 

လူသည်အနည်းငယ်နာသောအခါ ကိုယ်တိုင်ဂရုစိုက်ကုသနိုင်သည်။ အကြီးအကျယ်နာသောအခါတွင်၊ သူကိုယ်တိုင် ဂရုမစိုက်နိုင်တော့ချေ။ နေကောင်းသောသူများက သူ့ကိုကူညီမစရသည်။ အစားအသောက်များချက်ပြုတ်ပေးခြင်း၊ ဆေးရုံသို့ပို့ဆောင်ခြင်းများပြုလုပ်ရသည်။ ကူးဆက်တတ်သောရောဂါဖြစ်လျှင် ရောဂါမကူးမိဘို့ရန် အကာအကွယ်များဝတ်ဆင်၍ ကူညီမစရသည်။ ဝိညာဉ်ပိုင်းတွင်လည်း ယုံကြည်သူတယောက် အပြစ်၌လဲသောအခါ လက်ပိုက် ကြည့်နေခြင်း၊ အပြစ်တင်ခြင်းများလုပ်မည့်အစား၊ သူ့ကိုသတိထား၍ ပြန်လည်နလံထူပေးရမည်။ သို့သော်ကိုယ်တိုင် မလဲမည့်အကြောင်း သတိထားဘို့လိုသည်။

သခင်ယေရှုကိုယ်တိုင်ဤသို့ဆိုခဲ့သည်၊  ထိုကြောင့် သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင်၊ သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမလော့။ သူသည်သင်၏စကားကို နားထောင်လျှင် ညီအစ်ကိုကိုရပြီ။ သို့မဟုတ်သင်၏စကားကို နားမထောင်လျှင်၊ လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှါ ကိုယ်နှင့်အတူ လူတဦး၊ နှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏ စကားကိုနားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏ စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့ (မဿဲ ၁၈း၁၅-၁၇) ဟုဟောပြောခဲ့သည်။ သခင်ဘုရား၏အထက်ပါစကားအရ ယုံကြည်သူသည် အပြစ်လုပ်နိုင်သေးကြောင်း၊ ထိုသူကိုဆုံးမဘို့ လိုကြောင်းများရှင်းပြသွားသည်။

သခင်ယေရှု၏ညီယာကုပ်ကလည်း၊ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတပါးသည် ထိုသူကိုပြန်စေလျှင်မူကား၊ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသော အပြစ်တို့ကို ဖုန်းအုပ်တတ်သည်၊ ဟုထိုသူသည်သိမှတ်စေ (ယာကုပ် ၅း၁၉-၂၀) ဟုရေးခဲ့သည်။ ပေါလုကသက်သာလောနိတ်အသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ် မလုပ်ကြနှင့်။ သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။ (၂ သက် ၃း၁၄-၁၅) 

ထမ်းရွက်စရာဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍၊ ထမ်းရွက်သောအားဖြင့်၊ ခရစ်တော်၏တရားကို ကျင့်ကြလော့။

ထမ်းရွက်စရာဝန်များသည် ကိုယ်ခန္ဓာပိုင်းရှိသကဲ့သို့၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းလည်းရှိသည်။ ထမ်းရွက်ရသောဝန် ထမ်းပေးခြင်းသည် သခင်ဘုရား၏အကျင့်ဖြစ်သည်။ ဘုရားသခင်က လူများ၏ဝန် ကိုအလွန်ထမ်းပေးချင်ကြောင်း ဤသို့ရေးထားသည်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ ထိုသူသည် သဲကန္တာရ၌ ရှိသောချုံပင် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသောဆားမြေ၊ သွေ့​ခြောက်သောလွင်ပြင်၌ နေရလိမ့်မည်။ (ယေရမိ ၁၇း၅-၆) သူ့ကိုအားမကိုးခြင်းသည် ရိုးရိုးအပြစ်မဟုတ်၊ ကျိန်ခြင်းခံသင့် ကြောင်း၊ ဆားမြေ၊ သွေ့ခြောက်သောကန္တာရ၌ပေါက်သော ချုံပင်နှင့်ခိုင်းနှိုင်းသွားသည်။ သို့သော်၊ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား၊ ရေရှိသောအရပ်၌ စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကိုမသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာ မရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏။ (ယေရမိ ၁၇း၅-၈) ဟုရေးထားသည်။ ထိုမျှလောက်လူများ၏ ဝန်ကိုထမ်းချင်သော ဘုရားကို အားကိုကြဘို့ဖြစ်သည်။ သားတော်ယေရှုကလည်း၊ လူများ၏ဝန်ကို ထမ်းပေးချင်ကြောင်း ဤသို့ပြောခဲ့သည်၊ ၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်နားရသောအခွင့်ကိုပေးမည်။ (မဿဲ ၁၁း၂၈)။ လူများ၏ဝန်ကိုထမ်းပေးခြင်းသည် ဘုရား၏အကျင့်၊ အလိုတော်ဖြစ်သည်။ ထို့ကြောင့် သူ၏သားသမီးများလည်း၊ ဘုရားသခင်ကဲ့သို့ သူတပါး၏ဝန်ကို တတ်နိုင်သမျှ ထမ်းပေးဘို့ဖြစ်သည်။ ထိုသို့သောအကျင့်သည် ဘုရား၏အကျင့်ဖြစ်သည်၊ ဟုပေါလုကဆိုသည်။ 

အကြင်သူသည်၊ ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်၊ ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။

လူသည်ကိုယ်ကိုယ်ကို အဟုတ်ကြီးထင်တတ်သည်။ ထို့ကြောင့်၊ ငါ့ကိုဘာမှတ်သလဲ၊ ဟုမကျေနပ်သော အခါပြောတတ်ကြသည် မဟုတ်ပါလော။ သခင်ယေရှုက၊ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့ (မဿဲ ၂၃း၁၂။ လုကာ ၁၄း၁၁) ဟုမိန့်တော်မူ၏။ သခင်ယေရှု၏ညီ ယာကုပ်ကလည်း၊  ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့် မည် (ယာကုပ် ၄း၁၀) ဟုဆိုသည်။ ပေါလုက ကိုယ့်ကိုယ်ကို အထင်ကြီးသောသူသည် ကိုယ်ကိုယ်ကို လှည့်ဖြားသည်၊ ဟုဆိုသည်။ ထိုသို့ဖြစ်ရခြင်းသည် ကိုယ်ကိုယ်ကို လူများနှင့်နှိုင်းသောကြောင့်ဖြစ် သည်။ ဘုရားသခင်ရှေ့မှာဖြစ်သည်ကိုသိလျှင် ဘာမျှပြောရဲမည်မဟုတ်ချေ။

 

လူတိုင်းကိုယ်ပြုသောအမှုကိုစစ်ကြောစေ သို့ပြုလျှင်သူတပါး၌မဆိုဘဲ၊ ကိုယ်၌သာဝါးကြွား ဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။

လူအများစုသည် ကိုယ်ကိုယ်ကိုမစစ်ဆေးဘဲ သူတပါးကိုအတင်းပြောတတ်ကြသည်။ သခင်ယေရှုက၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို အဘယ် ကြောင့်ကြည့်ရှုသနည်း (မဿဲ ၇း၃)၊ ဟုဆိုခဲ့သည်။ ပရောဖက်ယေရမိကလည်း ယုဒပြည်ကိုဗာဗုလုန် များက သိမ်းပိုက်ပြီးသောအခါ၊ ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကိုစစ်ကြောစုံစမ်း၍၊ ထာဝရ ဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့ (ယေရမိမြည် ၃း၄၀)၊ ဟုကြေကွဲဝမ်းနည်းခြင်းနှင့်ဆိုခဲ့သည်။ ပေါလုက၊ ငါတို့သည် ကိုယ်ကိုယ်ကို စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ် ကြလိမ့်မည် (၁ ကော ၁၁း၃၁)၊ ဟုရေးခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်အသက်တာ၌ အလိုအပ်ဆုံးသော အရာတခုသည်၊ ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးလျှင် အမှားတွေ့ပြီးပြုပြင်နိုင်ပေ မည်။ သူတပါးကိုလည်း အပြစ်တင်ခြင်းကင်းလွတ်လိမ့်မည်။ ထို့အပြင်၊ ကိုယ်၌အောင်မြင်မှုရှိလျှင် အားရဝမ်းမြောက်ခြင်းရှိနိုင်မည်။ 

အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။

လူ့လောက၏ပြသနာသည် ကိုယ်ဝန်ကိုမဆောင်ရွက်ဘဲ ပျင်းရိသောကြောင့် သူတပါးဆောင်ရွက်သော အရာကို အချောင်နှင့်ရဘို့ကြိုးစားခြင်းဖြစ်သည်။ ထိုသူတို့သည် ခေါင်းပုံဖျက် အမြတ်ကြီးစား၊ ဟုဆို တတ်ကြသည်။ သခင်ယေရှုက ဖာရိရှဲများထံ၊ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍ သူတပါးပခုံးပေါ်မှာတင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ (မဿဲ ၂၃း၄။ လုကာ ၁၁း၄၆-၄၇) ဟုအပြစ်တင်ခဲ့သည်။ ပျင်းရိသောသူများသည် ဉာဏ်သွားတတ်သည်၊ အပြောလည်း ကောင်းတတ်သည်။ အကြောင်းရင်းမှာ၊ အလုပ်မလုပ်သောကြောင့် သူတပါးထံမှအချောင်မည်ကဲ့သို့ ရမည်ကိုသာ စဉ်းစားသောကြောင့်ဖြစ်သည်။ အလုပ်ကြိုးစားလုပ်နေသောသူများသည် သူတပါးထံမှ အချောင်ရမည့်အရာကို မစဉ်းစားသောကြောင့် မပြောတတ်၊ မစဉ်းစားတတ်ကြချေ။ သင်သည် မိမိဝန်ကိုထမ်းရွက်သောသူလော၊ အချောင်ရဘို့သာလျှင် ကြိုးစားသောသူလော။ 

နှုတ်ကပတ်တရားကိုသင်သောသူသည်၊ သင်ပေးသောသူအား၊ ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။

ဘုရားသခင်ကမာလခိအားဖြင့်၊ ဆယ်ဘို့တဘို့ ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ၊ ပြုကြလော့ (မာလခိ ၃း၁၀) ဟုဆိုခဲ့သည်။ ဘုရား၏အိမ်တော်၌ ဘုရား၏အမှု တော်ဆောင်များဖြစ်သော ယဇ်ပုရောဟိတ်များရှိသည်။ သူတို့စားစရာရှိဘို့ ဣသရေလလူများကို လှူခိုင်းသည်။ ခရစ်တော်ကလည်း တပည့်တော်များကိုစေလွှတ်သောအခါ၊  လမ်းခရီးဖို့လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ​ခြေနင်း၊ တောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကိုခံထိုက်ပေ၏။(မဿဲ ၁၀း၁၀) ဟုမှာခဲ့သည်။ ပေါလုကကောရိန္သုအသင်းသားများ ထံ၊ ငါတို့သည်သင်တို့၌ ဓမ္မမျိုးစေ့ကိုစိုက်ပြီးမှ၊ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော (၁ ကော ၉း၁၁) ဟူ၍၎င်း၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည်၊ ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏ (၁ ကော ၉း၁၄)၊ ဟုစာရေးခဲ့သည်။ သူ၏လုပ်ဖေါ်ဆောင်ဖက် ဝိညာဉ်သားတိမောသေထံ၌လည်း၊  ကောင်းမွန်စွာအုပ်သော အသင်းအုပ်တို့သည်၊ အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။(၁ တိ ၅း၁၇) ဟုစာရေးခဲ့သည်။ ကျွန်ုပ်တို့ လည်း ဝိညာဉ်ရေးရာ၌ ဝိညာဉ်အစာကို ကျွေးမွေးသောသူတို့ကို တတ်နိုင်သမျှ ကူညီထောက်ပံ့သင့် သည်။

အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည် အတိုင်း၊ အသီးအနှံကိုရိတ်ရလိမ့်မည်။ 

လူအများစုသည် ဘုရားကိုမသိသောကြောင့် အလွဲလွဲယူဆတတ်ကြသည်။ ထိုမျှသာမက ဘုရားသခင် ကိုလည်း မထီမဲ့မြင်ပြုတတ်သည်။ သို့သော်၊ ဘုရားသခင်သည် လူတိုင်း၏စိတ်နှလုံးကိုသိသည်။ ဘုရား သခင်က လူတိုင်းကိုချစ်သော်လည်း၊ သူ့ကိုမထီမဲ့မြင်ပြုသောသူများကို သူတို့စိုက်သည့်အတိုင်း အကျိုး အပြစ်များကို ရိတ်သိမ်းစေတတ်သည်။ ထိုမျှသာမက စိုက်သောအရာထက် ရိတ်သိမ်းသောအရာသည် အဆပေါင်းများစွာပိုတတ်သည်။ အောက်ပါကျမ်းပိုဒ်များ၌ လူသည်စိုက်သည့်အတိုင်း ရိတ်ရမည့်အရာ ကိုတွေ့နိုင်သည်။ ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ (သု ၂၂း၈) ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ စိတ်နှလုံးကို စေ့စေ့စစ်ကြောတတ်၏။ (ယေရမိ ၁၇း၁၀)သို့ဖြစ်၍ အိုဣသရေလအမျိုး၊ သင်တို့ အသီးအသီး ကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှု ရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့ မရောက်ကြနှင့် (ယေဇ ၁၈း၃၀)လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင်မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တ​ကျွန်း၊ တနိုင်ငံသားတို့သည် စားကြလိမ့်မည် (ဟောရှေ ၈း၇)သင်တို့သည်ဒုစရိုက်မျိုးစေ့ကို ကြဲလို၍ လယ်ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသာအသီးအနှံကို စားရကြ၏။ အကြောင်းမူ ကား၊ ကိုယ်ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ်၌ များစွာသောသူရဲတို့ကို၎င်း၊ ကိုးစားတတ်၏ (ဟောရှေ ၁၀း၁၃)သခင်ယေရှုက၊ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကို စီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် (မဿဲ ၇း၂) ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင် (မဿဲ ၇း၁၇-၁၈)၊ ဟုဆိုခဲ့သည်။ ဆက်လက်၍၊ ထိုမှတပါး သင်တို့သည် အဘယ်သို့ ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်တိုင် ခံရကြမည် (မာကု ၄း၂၄) ဟူ၍၎င်း၊ သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် (လု ၆း၃၈)၊ ဟူ၍၎င်း၊ ဆိုခဲ့သည်။ ပေါလုကလည်း၊  ဘုရားသခင်သည် လူအသီးသီးတို့အား၊ မိမိတို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့ (ရော ၂း၆) ဟူ၍၎င်း၊ အနည်းငယ်သော မျိုးစေ့ကို ကြဲသောသူသည်၊ စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည်၊ များစွာရိတ်ရမည်၊ (၂ ကော ၉း၆)  ဟူ၍၎င်း၊ မတရားသော အမှုကို ပြုသောသူ မည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ (ကောလော ၃း၂၅)ဟူ၍၎င်း၊ ရေးခဲ့သည်။  ကိုယ်စိုက်သည့်အတိုင်း ရိတ်ရမည်ဖြစ်သောကြောင့် ကောင်းသောအရာကို ရိတ်သိမ်းလိုလျှင် ကောင်းသောအရာကိုစိုက်ကြစို့။ 

မိမိဇာတိ၌မျိုးစေ့ကြဲသောသူသည်၊ ဇာတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း၊ အသီးအနှံ ကို ရိတ်ရလိမ့်မည်။

လူ၌နေ့တိုင်းပြုမူကျင့်ကြံပြောဆိုသမျှသည် မျိုးစေ့ကြဲနေကြခြင်းဖြစ်သည်။ ဇာတိမျိုးစေ့ကြဲလျှင် မလိုချင်သောအသီးအနှံများကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်ပိုင်းမျိုးစေ့ကြဲလျှင် ဝမ်းမြောက်စရာ ကောင်းသော ဝိညာဉ်ပိုင်းအသီးအနှံရိတ်ရလိမ့်မည်။ ထို့ကြောင့်၊ လူတိုင်း မိမိကျင့်ကြံပြုမူပြောဆိုသမျှ တို့ကို အမြဲသတိထားဘို့လိုသည်။ ပေါလုကရောမအသင်းတော်ထံ၊ သင်တို့သည် ဇာတိအတိုင်း အသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကိုသေစေလျှင်၊ အသက်ရှင်ကြလိမ့်မည် (ရော ၈း၁၃)၊ ဟုရေးသောအရာသည် အလွန်ကြောက်စရာကောင်းသည်။ နေ့တိုင်းယုံကြည်သူများ တွေ့ကြုံရသောအရာ အကောင်းအဆိုးများသည် အရင်မျိုးစေ့ကြဲခဲ့သောအရာ များရိတ်သိမ်းနေကြခြင်းဖြစ်သည်။ သို့သော်၊ ထိုအရာကိုမသိ၊ သတိမထားမိတတ်ကြချေ။ ထိုအခါ ကံဆိုးသည်၊ ကံကောင်းသည်ဟူ၍၎င်း၊ သူတပါးထံ၌စိတ်ဆိုးခြင်းသော်၎င်း၊ စိတ်ဓါတ်ကျပြီးမလိုလား အပ်သောအရာများကို ကျူးလွန်မိတတ်ကြသည်။

ဝိညာဉ်ပိုင်းစိုက်ပျိုးခြင်းသည် ပျောက်ဆုံးဝိညာဉ်များတည်းဟူသော ကယ်တင်ခြင်းအကြောင်းမသိ၊ စိတ်ချမှုမရှိသောသူများကို ကယ်တင်ခြင်းအကြောင်းပြောပြခြင်းဖြစ်သည်။ များသောအားဖြင့်ထိုအရာ ကိုဆုတောင်းပေးခြင်း၊ အလှူငွေပေးခြင်းဖြင့် လုပ်ဆောင်ပြီ၊ ဟုခံယူတတ်ကြသည်။ ထိုအရာများလုပ် သည်သာမက၊ ကိုယ်တိုင်ကယ်တင်ခြင်းအကြောင်းကို ပြောပြဘို့လိုသည်။ မပြောပြတတ်သောသူများ အနေဖြင့် ကယ်တင်ခြင်းသင်ခန်းစာများကို ဖတ်ပြပေးနိုင်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည် မှာ၊ ကယ်တင်ခြင်းအကြောင်းပြောပြဘို့ရန် အကြောင်းအမျိုးမျိုးပြတတ်ကြသည်။ မပြောတတ်ဘူး၊ နားမထောင်ချင်ဘူး၊ မအားဘူး၊ နေမကောင်းဘူး၊ စသည်ဖြင့်အမျိုးမျိုးအကြောင်းပြတတ်ကြသည်။ ထိုသို့အကြောင်းပြခြင်းသည် ဆန္ဒမရှိသောကြောင့်၎င်း၊ အကျိုးကြီးကြောင်းကိုမသိသောကြောင့်၎င်း၊ ဝမ်းမြောက်စရာအကောင်းဆုံးဖြစ်ကြောင်းတို့ကိုမသိ၊ မခံစားဘူးသောကြောင့်ဖြစ်သည်။ ယခုမှစ၍ လူတိုင်းကို ကယ်တင်ခြင်းအကြောင်း ပြောကြပါစို့။   

ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ တည်ကြည်၍ကျင့်လျှင်၊ အချိန်တန်သောကာလ၌၊ အသီးအနှံကိုရိတ်ရကြလိမ့်မည်။

ပေါလုက အသင်းတော်အသီးသီးထံ ဤသို့စာရေးခဲ့သည်၊ ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်၍၊ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ ဘုရားသခင်၏ အမှုတော်ကို ကြိုးစား အားထုတ်ကြလော့ (၁ ကော ၁၅း၅၈) ကောင်းသောအကျင့်ကို ဇွဲလုံ့လဖြင့် ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မသေနိုင်သောဘဝကို ရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့ (ရော ၂း၇) ညီအစ်ကိုတို့၊ အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ၊ ကောင်းသောအကျင့်ကို ကျင့်ကြလော့။ (၂ သက် ၃း၁၃) ဟေဗြဲရေးသောသူကလည်း ဤသို့ရေးခဲ့သည်၊ အပြစ်ရှိသော သူတို့လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောင့်ယှက်ခြင်းကို၊ ခံတော်မူသောသခင်ကို ထောက်ရှု ဆင်ခြင်သောအားဖြင့်၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့ (ဟေဗြဲ ၁၂း၃) 

၁၀ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း၊ ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။

 သခင်ယေရှုက လူသားများ၏ အနာဝေဒနာများကို လက်ပိုက်ကြည့်မနေဘဲ သူတို့ကျန်းမာဘို့အတွက် သူ့ကိုယ်ခန္ဓာ၌ အနာရောဂါများကို ယူတင်ဆောင်ရွက်မည့်အကြောင်းကို ပရောဖက်ဟေရှာယက ဤကဲ့သို့ကြိုတင် ဟောပြောခဲ့သည်၊ ထိုသူသည် ငါတို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ (ဟေရှာယ ၅၃း၄)။ သခင်ယေရှုကိုယ်တိုင်က ဤသို့ဆိုခဲ့သည်၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါး အစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသတည်း၊ ဟုမိန့်တော်မူ၏။ (မာကု ၁၀း၄၅) သခင်ယေရှုသည် ဘုရားဖြစ်သော်လည်း ဇိမ်မခံဘဲ လူသားများကို အစေခံခြင်းငှါ မိမိကိုယ်ကိုပေးဆပ်ခဲ့လျှင် အဘယ်ကြောင့် ကျွန်ုပ်သည်ဇိမ်ခံပြီး သူတပါးကို မကူညီဘဲနေရမည်နည်း။ ပေါလုက၊ ထမ်းရွက်စရာ ဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍၊ ထမ်းရွက်သောအားဖြင့်၊ ခရစ်တော်၏ တရားကို ကျင့်ကြလော့ (ဂလာ ၆း၂) ဟူ၍၎င်း၊ စိတ်ငယ်သော သူတို့ကို အားပေးကြလော့။ အားနည်း သော သူတို့ကို ထောက်မကြလော့။(၁ သက် ၅း၁၄) ဟူ၍၎င်း၊ စာရေးခဲ့သည်။ သခင်ဘုရား၏ညီ ယာကုပ်ကလည်း၊ ညီအစ်ကို နှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစား ရသော အစာမရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့၊ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင်၊ အဘယ်အကျိုးရှိသနည်း (ယာကုပ် ၂း၁၅-၁၆) ဟူ၍ရေးခဲ့သည်။

တမန်တော်ယောဟန်ကလည်း၊ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်းကရုဏာစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော် သည်၊ အဘယ်သို့တည်မည်နည်း (၁ ယော ၃း၁၇) ဟုရေးခဲ့သည်။ ထို့ကြောင့် သူတပါးကူညီခြင်း၊ ကျေးဇူးပြုခြင်းသည် ခရစ်ယာန်အသက်တာ၏ အဓိကလိုအပ်ချက်ဖြစ်သည်။


၁၁အဘယ်မျှလောက်ကြီးသောစာကို၊ ကိုယ်လက်နှင့်သင်တို့အား၊ ငါရေးလိုက်သည်ကို သင်တို့ မြင်ကြ၏။

အဘယ်မျှလောက်ကြီးသောစာ ဟူသောအရာသည် အဘယ်အရာကိုဆိုလိုသနည်း။ လက်ရေးကြီးကြီး ရေးခြင်းလော၊ သို့မဟုတ်အလွန်အရေးကြီးသော အကြောင်းအရာကိုဆိုလိုခြင်းလော၊ သို့မဟုတ်အခြား သောအရာကိုဆိုလိုခြင်းလော။ သက်သာလောနိတ်အသင်းတော်ထံ၊ ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်းအချက်ကို၊ ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထားလေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒစာ၏ လက္ခဏာဖြစ်၏ (၂ သက် ၃း၁၇) ဟုရေးခဲ့သည်။ ပေါလုသည် စာရေးသောကြောင့် သူ၏သွန်သင်မှုများသည် သူအသက်ရှင်စဉ်၌သာ အကျိုးရှိသည်မဟုတ်။ ခေတ်အဆက်ဆက်၌ လူများစွာတို့အတွက်အကျိုးများစွာ ခံစားရကြသည်။

 

၁၂မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သောသူရှိသမျှတို့သည်၊ ခရစ်တော်၏ လက်ဝါးကပ်တိုင် ကြောင့်ခံရသော ညှဉ်းဆဲခြင်းနှင့်မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်း ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။ ၁၃အရေဖျားလှီးခြင်းကို ခံသောသူတို့သည်၊ ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏အသွေးအဆင်းကို အမှီပြုလျက် ဝါကြွားလို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အလိုရှိကြ၏။ 

မိမိတို့အသွေးအဆင်းတင့်တယ်စေချင်ခြင်း နှင့်ပတ်သက်၍ ခရစ်တော်ကဤသို့ဆိုသည်၊ သင်သည် ဆုတောင်း ပဌနာပြုသောအခါ ဟန်ဆောင်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ၊ တရားစရပ်နှင့်လမ်းဆုံလမ်းဝတို့၌ရပ်လျက် ဆုတောင်းခြင်းငှါအလိုရှိကြ၏။       

(မဿဲ ၆း၅) တဖန်၊ သူတို့သည် ပြုသမျှသော အကျင့်အမှုတို့ကို လူများရှေ့မှာင်ရှားစေခြင်းငှါပြုကြ ၏။ ကျယ်သောလက်ဖွဲ့တို့ကို၎င်း၊ ကြီးသောပန်းပွားတို့ကို၎င်း၊ ဝတ်လေ့ရှိကြ၏။ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊ စျေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ ဆရာဟုလူများခေါ်ဝေါ်ခြင်းကို၎င်း၊ နှစ်သက်ကြ၏ (မဿဲ ၂၃း၅-၇) ဆက်လက်၍၊ ကိုယ်အလိုအ လျောက် ဟောပြောသောသူသည်၊ မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကိုရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသာမရှိ။ (ယော ၇း၁၈)၊ ဟူ၍ ဟောပြောခဲ့သည်။ အရာရှိအများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။ တရားစရပ်မှ ဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာ ဝန်မခံကြ။ အကြောင်းမူကား၊ ဘုရားသခင် ပေးတော်မူသော ဘုန်းအသရေထက်၊ လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏(ယော ၁၂း၄၂-၄၃)။ အဘယ်ကြောင့်အရာရှိများသည် ကိုယ်တော်ကို ယုံကြည်သော်လည်း ထင်ရှားစွာမဝန်ခံ ကြသနည်း။ အသားရေပျက်မည်၊ တရားစရပ်မှ နှင်ထုတ်ခံရမည်ကို စိုးရိမ်သောကြောင့်၊ ဟုကျမ်းစာက ထင်ရှားစွာဖေါ်ပြသည်။ သင်သည် အသားရေပျက်မည်ကို စိုးရိမ်ပါသလား။

သင်တို့ကို အရေဖျားလှီးခြင်း ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။

လုကာက၊ ယုဒပြည်မှအန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်၊ ဟုညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ၏။ (တမန် ၁၅း၁) ဟုရေးသားခဲ့သည်။ ပေါလုက၊ အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သော သူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည်၊ အရေဖျားလှီးခြင်း အမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော် တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့် အလိုတော်နှင့် ဆိုင်သတည်း။ (ရော ၂း၂၈-၂၉) ဟူ၍၎င်း၊ ခွေးတို့ကိုရှောင်ကြလော့။ မကောင်းသောအကျင့်ကို၊ ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။ ငါတို့သည် ဝိညာဉ်အားဖြင့်၊ ဘုရားသခင်ကိုကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာဝါကြွား ဝမ်းမြောက်သောသူဖြစ်၍၊ မှန်သော အရေဖျားလှီးခြင်းကို ခံသောသူ ဖြစ်ကြ၏ (ဖိလိ ၃း၂-၃) ဟူ၍၎င်း၊ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ အပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည် (ကောလောသဲ ၂း၁၁) ဟူ၍၎င်း၊

အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏ (၁ ကော ၇း၁၉) 

ခရစ်တော်၏ လက်ဝါးကပ်တိုင် ကြောင့်ခံရသော ညှဉ်းဆဲခြင်းနှင့်မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်း ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။

ခရစ်တော်ကြောင့် ညှဉ်းဆဲခြင်းခံရမည့် အရာကို ရှောင်ချင်သောများသည် မည်သူတို့ဖြစ်မည်နည်း။ ထိုသူများသည် ခရစ်တော်ကိုယုံကြည်သည်၊ ဟုဝန်ခံကြသော်လည်း၊ ယုဒလူများနှင့်ပဋိပက္ခမဖြစ်လို သောသူများဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သခင်ယေရှုက ဤသို့သတိပေးခဲ့ပြီ၊ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏ (ယော ၁၅း၁၉)။ ယနေ့ခရစ်ယာန်များအကြား၌ ထိုသို့သော သူများရှိနေကြသည်။ ကယ်တင်ခြင်းသဘောပေါက်ရုံဖြင့်ကျေနပ်သူများ၊ ကယ်တင်ခြင်းစိတ်ချသော် လည်း၊ သခင်ယေရှု၏အုပ်စိုးခြင်းကိုမခံလို၊ နာမည်ခံခရစ်ယာန်များနှင့်လောကီသားများကဲ့သို့ အသက်ရှင် လိုသောသူများရှိကြသည်။ ထိုသူများက၊ အမှန်တကယ်ယုံကြည်၍ သခင်ယေရှုအလိုတော်အတိုင်း အသက်ရှင်သူများကို ပြင်းထန်လွန်းသည်၊ တဖက်စွန်းရောက်လွန်းသည်၊ လောကီရေးရာများလည်း လိုအပ်သည်၊ ဟုဆိုတတ်ကြသည်။ သင်သည်ထိုသို့သောသူဖြစ်နေပါသလား။ သင်သည်ထိုသို့သောသူ ဖြစ်နေလျှင် သခင်ယေရှု၏သတိပေးခြင်းကို သိစေချင်သည်။ သခင်ယေရှုက၊ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကိုတွေ့လိမ့်မည် (မဿဲ ၁၀း၃၇-၃၉)၊ ဟုဆိုသည်။ 

၁၄ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး၊ အဘယ်အရာ၌မျှ ဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည် ငါ့အဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။

ပေါလုက သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်ကို အဘယ်ကြောင့် ဝါကြွားသနည်း။  ကောရိန္သု အသင်းတော်ထံ၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော် တရားသည်၊ မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌၊ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏ (၁ ကော ၁း၁၈) ဟုစာရေးခဲ့သည်။ လူဟောင်းပြသနာကိုလည်း လက်ဝါးကပ်တိုင်အားဖြင့် ဖြေရှင်းပေးလိုက်ကြောင်း ဤသို့ရေးထားသည်၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီ၊ ဟုငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည်နောက်မှ အပြစ်တရား၏ အစေကို မခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည် အကြောင်းတည်း (ရော ၆း၆) တဖန်၊ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင် သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူ ပြီ။ (ကောလောသဲ ၂း၁၄) ဟုဆိုသည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်တော်သည် သူ၏ဝါကြွားခြင်း ဖြစ်သည်။ 

ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည် ငါ့အဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။

ခရစ်တော်လက်ဝါးကပ်တိုင်တော်၌ အသေခံသောအခါ ဘေးနား၌လူဆိုးနှစ်ယောက်တို့လည်း ရိုက်ထား ခြင်းခံခဲ့ကြသည်။ ပေါလုက သူသည် လောကအဘို့ရိုက်ထားခြင်းခံသည်၊ ဟုဆိုသောကြောင့် မည်သည့် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းခံသနည်း။ လောကသည်လည်း မည်သည့်လက်ဝါးကပ်တိုင်၌ရိုက် ထားသနည်း။ ပေါလုက ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီ၊ (ရော ၆း၆) ဟုဆိုသောကြောင့် သူသည်ခရစ်တော်အထဲမှ အလယ်လက်ဝါး ကပ်တိုင်၌ ရိုက်ထားခြင်းခံရသည်။ ဘေးတဖက်တချပ်မှ လူဆိုးနှစ်ယောက်သည် လောကကိုပုံဆောင် သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လောကသားများ၏ အကျင့်အကြံအတိုင်းအသက်ရှင်ခဲ့ကြ သည်။ သို့သော် လူဆိုးတယောက်သည် သေခါနီး၌ သခင်ယေရှုကို ယုံကြည်အားကိုးသောကြောင့် ကယ်တင်ခြင်းသို့ရောက်သွား၍၊ အခြားတယောက်မူကား သေသည်အထိ သခင်ယေရှုကိုမယုံကြည် သောကြောင့် ကယ်တင်ခြင်းသို့မရောက်ခဲ့ချေ။ သင်သည်ယုံကြည်လာသောလူဆိုးနှင့်တူပါသလား၊ သို့မဟုတ် ယနေ့တိုင် သခင်ယေရှုကို သရော်ပြီးမယုံကြည်သူဖြစ်ပါသလား။ 

၁၅အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ် ဖြစ်ခြင်းသာအကျိုးရှိ၏။

အရေဖျားလှီးခြင်းသည် ဘုရားသခင်ကအာဗြဟံထံပေးထားသော ပညတ်ဖြစ်သည်။ ဘုရားသခင်က၊

သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ် ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေ ဖြစ်ရလိမ့်မည်။(ကမ္ဘာဦး ၁၇း၁၀-၁၁) ဟုဆိုခဲ့သည်။ အရေဖျားလှီးသော သူသည် ဘုရားသခင်နှင့်ပဋိညာဉ်ပြု၍ ဘုရားနှင့်ဆိုင်သောသူ၊ ပိုင်သောသူဖြစ်ကြောင်း သက်သေဖြစ်သည်။ လင်မယားသည် လက်ထပ်သောအခါ ပဋိညာဉ်ပြုကြသောကြောင့် တယောက်နှင့်တယောက် ပိုင်ကြသည်၊ ဆိုင်ကြသည်။ အဘယ်ကြောင့် ယောက်ျား၏အရေဖျားကိုလှီးရသနည်း။ ယောက်ျားအင်္ဂါသည်၊ လူတိုင်းအတွက်မဟုတ်၊ လက်ထပ်သောမိန်းမအတွက်သာလျှင်ဖြစ်သည်။ လူတိုင်းနှင့်လက်ဆွဲ နှုတ်ဆက်နိုင်သော်လည်း လင်နှင့်မယားသာလျှင် အင်္ဂါချင်းမိဿဟာယဖွဲ့နိုင်သည်။ လင်မယားသည် ထိုအရာအားဖြင့်ပတ်သက်မှု၊ ပိုင်ဆိုင်မှုကို အခြားသူများထက်ပိုသည်။ 

ဘုရားသခင်လည်း၊ အာဗြဟံနှင့်သားစဉ်မြေးဆက်များနှင့် သက်ဆိုင်ကြောင်း၊ လင်မယားကဲ့သို့ဖြစ် ကြောင်းကိုထင်ရှားစေသည်။ သို့သော်၊ ဝမ်းနည်းစရာကောင်းသည်မှာ၊ ဣသရေလလူမျိုးများက အရေ ဖျားလှီးခြင်းကို တန်ဘိုးမထား၊ ဂရုမစိုက်သောကြောင့် အခြားဘုရားများနှင့်မှားယွင်းကြသည်။ သို့သော် ပေါလုက၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ၊ ဟုအဘယ် ကြောင့်ဆိုသနည်း။ အကြောင်းမှာ၊ ခရစ်တော်ကိုယုံကြည်သူများသည် ခရစ်တော်အားဖြင့်အရေဖျား လှီးပြီးကြောင်း ဤသို့ရေးထားသည်၊ ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် ဇာတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည်ခံကြသည် (ကောလောသဲ ၂း၁၁)။ ထို့ကြောင့်ယုံကြည်သူများသည် ကိုယ်ခန္ဓာ၌၊ အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ (ဂလာတိ ၅း၂) ဟုရေးခဲ့သည်။ တဖန်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊  ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏ (၁ ကော ၁၇း၁၉) ဟုဆိုသည်။ အရေဖျားလှီးခြင်းဖြင့် အာဗြဟံနှင့်သားစဉ်မြေးဆက်များသည် ဘုရားသခင်နှင့်သက်ဆိုင်သောသူ များဖြစ်ကြပြီ။ လူသည် သခင်ယေရှု၌ရှိလျှင် လူသစ်ဖြစ်၍ ကိုယ်ခန္ဓာ၌မဟုတ်၊ ဝိညာဉ်ပိုင်း၌ အရေဖျားလှီးပြီးသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ၊ ယေရှုခရစ်ကြောင့် ဘုရားနှင့်ဆိုင် သောသူများဖြစ်ကြပြီ။ ထို့ကြောင့် ကိုယ်ကာယ၌ အရေဖျားလှီးဘို့မလိုတော့ခြင်းဖြစ်သည်။ ထို့ကြောင့် အရေဖျားလှီးလျှင်လည်း အကျိုး မထူးခြား၊ မလှီးလျှင်လည်းမထူးခြားတော့ချေ။ (အရေဖျားလှီး ခြင်းနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်နိုဝင်္ဘာလထုတ် သတင်းကောင်းစာစောင်ကိုဖတ်ပါ) 

၁၆ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုးအပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော်။

ဤနည်းဥပဒေသဆိုသည်မှာ ယေရှုခရစ်တော်၌ လူသစ်ဖြစ်ခြင်း၊ သတ္တဝါသစ်ဖြစ်ခြင်းကိုဆိုလိုသည်။ ထိုသူများအပေါ်၌ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း ရောက်ဘို့ပေါလုက စိတ်ဆန္ဒရှိပေးသည်။ 

၁၇ယခုမှစ၍ အဘယ်သူမျှ ငါ့ကိုမနှောင့်ယှက်စေနှင့်။ ငါကိုယ်၌ သခင်ယေရှု၏ ဒဏ်ချက်ရာကို ငါဆောင်၏။

ပေါလုက သူ့ကိုအဘယ်သူမျှ မနှောင့်ယှက်တော့ဘို့ရန် ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူအသက် တာတလျှောက်လုံး မိဘက သားသမီးများမွေးဖွားပြီး ကျွေးမွေးစောင့်ရှောက်သကဲ့သို့ ဝိညာဉ်သားသမီး များကို ဒုက္ခမျိုးစုံခံစားရင်း ကျွေးမွေးစောင့်ရှောက်သောကြောင့် ပင်ပန်းလှပြီ။ သားသမီးများစွာမွေးပြီး ကျွေးမွေးပြုစုစောင့်ရှောက်သော မိခင်သည် ပင်ပန်းလှသောကြောင့် တော်ပြီ၊ အဘယ်သူကမျှ ငါ့ကိုမနှောင့်ယှက်နဲ့တော၊ ဟုပြောခြင်းကဲ့သို့ပြောရခြင်းခြင်းဖြစ်သည်။ သက်သာလောနိတ်အ သင်းတော်ထံ၊ သင်တို့ကို ချစ်သောကြောင့် နို့ထိန်း(မိခင်)သည် မိမိသူငယ်ကို​ ကျွေးမွေးပြုစုသကဲ့သို့၊ 

ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏ (၁ သက် ၂း၇-၈) ဟူ၍၎င်း၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့၊ ငါတို့သည် သင်တို့ရှိသမျှကို၊ အဘယ်သို့တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို၊ သင်တို့သိကြသည်(၁ သက် ၂း၁၁) ဟူ၍၎င်း၊ စာရေးခဲ့သည်။ ‌ကောရိန္သုအသင်း တော်ထံ၌လည်း၊ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်း ငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်၊ ငါတို့၏ ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။(၂ ကော ၄း၁၀) ဟူ၍၎င်း၊ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။ (၂ ကော ၁၁း၂၃) ဟူ၍၎င်း၊ စာရေးခဲ့သည်။ ထို့ကြောင့်စစ်မှန်သော ဝိညာဉ်မိဘများသည် ဝိညာဉ်သားသမီး များတွက် များစွာခံစားတတ်ကြသည်ကို သိနားလည်ဘို့လိုသည်။ သားသမီးများသည် မိဘများပေါ် မကျေမနပ်ဖြစ်တတ်ကြသကဲ့သို့ ဝိညာဉ်သားသမီးများလည်း ဦးဆောင်သူများပေါ် အထင်လွဲအမြင် မှားတတ်ကြောင်း သတိထားဘို့လိုသည်။ 

၁၈ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သင်တို့၏ ဝိညာဉ်၌ရှိပါစေ။ အာမင်။ ပေါလုက သူ၏စာနောက်ဆုံးတိုင်း၌ အထက်ပါကဲ့သို့ သခင်ယေရှု၏ ကျေးဇူးတော် သူတို့အပေါ် ရှိဘို့ ရေးတတ်သည်။ (ရော ၁၆း၂၀။ ၁ ကော ၁၆း၂၃။ ၂ ကော ၁၃း၁၄။ ဂလာ ၆း၁၈။ ဧဖက် ၆း၂၄။ ဖိလိ ၄း၂၃။ ၁ သက် ၅း၂၈။ ၂ သက် ၃း၁၈။ ၂ တိ ၄း၂၂။ ဖိလေ ၁း၂၅)။ မြန်မာကျမ်းစာအုပ်၌ သင်တို့၏စိတ်နှလုံး၌ ဟုရေးထားသည်။ အမှန်မှာ သင်တို့၏ဝိညာဉ်၌ ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် သင်တို့၏ဝိညာဉ်၌ ဟုဆိုသနည်း။ လူသည်ဝိညာဉ်ဖြစ်သည်။ ကိုယ်ခန္ဓာသည်အခွန်ဖြစ်၍ စိတ် သည်ဝိညာဉ်နောက်လိုက်ဖြစ်သည်။ ထို့ကြောင့်ဝိညာဉ်၌ ကျေးဇူးရှိဘို့ပြောခြင်းဖြစ်သည်။ စာဖတ်သူ သင်၏ဝိညာဉ်၌လည်း သခင်ယေရှုခရစ်၏ ကျေးဇူးတော်ရှိပါစေသော်။

 

 

295 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 MAR

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -