သတင်းကောင်းစာစောင်

JUNE 2026

နိုင်ငံတော် ၄ မျိုး 

ကျမ်းစာထဲ၌ နိုင်ငံတော် ၄ မျိုးတွေ့ရသည်။ ၎င်းတို့မှာ၊ ၁။ ဣသရေလတိုင်းပြည်မှာတည်ထောင်မည့် နိုင်ငံတော် ၂။ အနှစ်တစ်ထောင်ကာလမှာတည်ထောင်မည့်နိုင်ငံတော် ၃။ ကောင်းကင်နိုင်ငံ၌ ရှိသောနိုင်ငံတော်နှင့် ၄။ လူတို့အထဲ၌တည်ထောင်မည့်နိုင်ငံတော် တို့ဖြစ်သည်။ ထိုနိုင်ငံတော် များကို မခွဲခြားနိုင်လျှင် ရှုပ်ထွေး၍ နားလည်ရခက်သည်။ ထို့ကြောင့် ထိုနိုင်ငံများအကြောင်းကို တခုစီ ရှင်းပြလိုသည်။

 

အပိုင်း (၄) သင်တို့အထဲ၌ရှိသော ကောင်းကင်နိုင်ငံတော်

ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်း၊ ဟု မေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည်၊ မျက်မြင်သော အရာ၌မတည်။ ဤအရပ် ၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါ၊ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော် သည်၊ သင်တို့၏ အထဲ၌ရှိသည်၊ ဟုမိန့်တော်မူ၏။ (လုကာ ၁၇း၂၀-၂၁)

ဖာရိရှဲများသည် သခင်ယေရှုကို ရှင်ဘုရင်အဖြစ် လက်မခံသော်လည်း၊ ဘုရားသခင်၏နိုင်ငံ တော်တည်ထောင်မည့်အရာကို အဘယ်ကာလမှတည်ထောင်မည်နည်း၊ ဟုအဘယ်ကြောင့်သခင် ယေရှု ကိုမေးလျှောက်ကြသနည်း။ သူတို့သည် ဘုရားသခင်၏နိုင်ငံတော် တည်ထောင်မည့်အရာကို စိတ်ဝင်စားသောကြောင့်ဖြစ်သည်။ နိုင်ငံတော်တည်ထောင်နိုင်ရန် ဘုရင်ရှိရမည်။ သူတို့သည် နိုင်ငံတော်ထဲ ဝင်ချင်ကြသော်လည်း နိုင်ငံတော်ကို အုပ်စိုးမည့်အရှင်ကို လက်မခံ၊ မလိုချင်ကြပါ။ ဗတ္တိဇံဆရာယောဟန်က၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။ နောင်တရကြလော့၊ ဟုဟောခဲ့သည် (မဿဲ ၃း၁)။ သခင်ယေရှုကိုယ်တိုင်ကလည်း၊ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟူသောတရားကို ဟောစပြုတော်မူ၏ (မဿဲ ၄း၁၇)။ နိုင်ငံတော်တည်ထဲဝင်ခွင့် ဗီဆာ သည်၊ နောင်တရခြင်းဖြစ်သည်။ ထို့ကြောင့်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။ (မဿဲ ၃း၅-၆)။

ဖာရိရှဲများလည်း နိုင်ငံတော်ထဲသို့ဝင်ချင်ကြသောကြောင့် ဗတ္တိဇံခံဘို့ရန် ယောဟန်ထံလာကြ သည်။ ဖာရိရှဲနှင့်ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကိုခံအံ့သောငှါ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့၊ ဟုဆူလိုက်သည် (မဿဲ ၃း၇-၈)။ အဘယ်ကြောင့် ယောဟန်က၊ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့ကို ဗတ္တိဇံမပေးသနည်း။ နောင်တမရကြသောကြောင့်ဖြစ်သည်။ နောင်တမရကြသောကြောင့် နိုင်ငံတော်ထဲသို့ ဝင်ခွင့်မရရှိကြချေ။

ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့က သူတို့သည် အာဗြဟံသားများဖြစ်ကြသောကြောင့် နောင်တရစရာမလို၊ သူတို့သည် အလိုအလျောက် နိုင်ငံတော်သားများဖြစ်ကြပြီ၊ ဟုသူတို့စိတ်ထဲ၌ အောက်မေ့ကြသည် (မဿဲ ၃း၉)။ သူတို့ကဲ့သို့ ယနေ့ခရစ်ယာန်များစွာတို့လည်း မိမိတို့အသင်းတော်၌ အသင်းဝင်ကြသော ကြောင့် ကောင်းကင်နိုင်ငံဝင်မည်၊ ဟုထင်မှတ်တတ်ကြသည်။ သင်သည်မည်ကဲ့သို့ထင်မှတ်သနည်း။ ဘုရားသခင်၏နိုင်ငံတော်သို့ သင်ဝင်မည်၊ ဟုထင်မှတ်ပါသလော။

ဣသရေလတိုင်းပြည်၌ တည်ထောင်ဘို့ ကြံစည်ခဲ့သောနိုင်ငံတော်၌ နောင်တရခြင်းဖြင့် ဝင်နိုင်ခဲ့သည်။ သို့သော်၊ ထိုနိုင်ငံသည် မတည်ထောင်ဖြစ်ခဲ့ပါ။ အကြောင်းမှာ၊ နိုင်ငံတော်ကိုအုပ်ချုပ် မည့်သူ ရှင်ဘုရင်ယေရှုကိုလက်မခံ၊ သတ်ဖြတ်လိုက်သောကြောင့်ဖြစ်သည်။

ယခုနိုင်ငံတော်သည် ဤလောက၌ မဟုတ်တော့ပါ။ ကောင်းကင်၌ဖြစ်သောကြောင့် နောင်တရ ရုံနှင့်ဝင်ခွင့်မရတော့ပါ။ ဝိညာဉ်ပိုင်း၌ ဒုတိယအကြိမ်မွေးဖွားမှသာလျှင် ဝင်ခွင့်ရနိုင်မည်ဖြစ်သည်။ သခင်ယေရှုက နိကောဒင်ထံ၊ ဒုတိယမွေးခြင်းကို မခံသော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော် ကိုမမြင်ရ၊ ဟုငါအမှန်အကန်ဆိုသည်၊ ဟုပြန်၍မိန့်တော်မူ၏။ နိကောဒင်ကလည်း၊ အသက်ကြီးသော သူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါ မည်လော၊ ဟုလျှောက်၏။ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်ရ၊ ငါအမှန်အကန်ဆို၏။ ဇာတိအားဖြင့်မွေးသောအရာသည် ဇာတိဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ (ယော ၃း၃-၆) ဟုဆိုခဲ့သည်။

ခရစ်ယာန်အများစု၌ ဒုတိယမွေးဖွားခြင်းကို မသိကြသောကြောင့် ဂရုမစိုက်ကြပါ။ ရေနှစ်ခြင်း သို့မဟုတ် ရေဖြန်းခြင်းခံလျှင် ဒုတိယမွေးဖွားပြီ၊ ဟုခံယူကြသည်။ ရေနှစ်ခြင်း သို့မဟုတ် ရေဖြန်းခြင်း သည် ဒုတိယမွေးဖွားခြင်းမဟုတ်ပါ။ ထိုအရာသည် ဇာတိကိုယ်ခန္ဓာ၌ ပြုလုပ်သောအရာများဖြစ်သည်။ သခင်ယေရှုက၊ ဇာတိအားဖြင့်မွေးသောအရာသည် ဇာတိဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးသောအရာ သည် ဝိညာဉ်ဖြစ်၏၊  ဟုဆိုသည်မဟုတ်လော။ ဝိညာဉ်တော်အားဖြင့် မွေးဖွားရန်လူမတတ်နိုင်ပါ။ ဝိညာဉ် တော်၏အလုပ်ဖြစ်သည်။ ခရစ်တော်အားဖြင့် အပြစ်ငရဲနှင့် အပြစ်တရားမှကယ်တင်ခြင်းကို ကြားနာ၍ ယုံကြည်လက်ခံသောအခါ စိတ်ထဲ၌ ကယ်တင်ခြင်းသို့ရောက်ပြီ၊ ဟုစိတ်ချမှုခံစားရသည်။ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းကို စိတ်ချမှုရှိပြီလော။

ဖာရိရှဲများသည် ခရစ်တော်ကို ဘုရားအဖြစ်၎င်း၊ သူတို့မျှော်လင့်သော မေရှိယအဖြစ်၎င်း၊ ရှင်ဘုရင်နှင့် ကယ်တင်ရှင်အဖြစ်လက်မခံကြချေ။ သို့ဖြစ်လျှင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော် သည် မျက်မြင်သောအရာ၌မတည်၊ သင်တို့၏အထဲ၌ရှိသည်၊ ဟုဆိုခြင်းသည် မည်ကဲ့သို့နားလည်ရ မည်နည်း။ “သင်တို့၏ထဲ” ဟူသောစကားလုံးကို “သင်တို့၏အလယ်” ဟုလည်းဘာသာပြန်နိုင်သည်။ သူတို့အနေနှင့် သူတို့၏အလယ်၌ရှိသော သခင်ယေရှုကို ရှင်ဘုရင်အဖြစ် လက်ခံလိုက်ရုံသာဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက၊ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်ရောက်လေပြီ။ (မဿဲ ၁၂း၂၈။ လုကာ ၁၁း၂၀) ဟုဆိုရခြင်းဖြစ်သည်။ သခင်ယေရှုက သူသည်ဘုရင်ဖြစ်ကြောင်းကို တန်ခိုးနိမိတ်လက္ခဏာများအားဖြင့်ပြနေသော်လည်း ဖာရိရှဲများက လက်မခံနိုင်ကြချေ။ အကယ်၍ သူ့ကိုရှင်ဘုရင်အဖြစ်လက်ခံလျှင် ဘုရားသခင်၏နိုင်ငံတော်သည် အဆင်သင့်ဖြစ်သည်။

ယနေ့များစွာသောလောကသားများက သခင်ယေရှုကို ဘုရားအဖြစ်သော်၎င်း၊ ရှင်ဘုရင်အဖြစ်သော်၎င်း လက်မခံကြချေ။ ထို့ကြောင့် သူ့အကြောင်းကိုလည်းမကြားချင်ကြချေ။ ခရစ်ယာန်အများစုလည်း နာမည်ခံသာဖြစ်သောကြောင့် သခင်ယေရှုကို ပါးစပ်အားဖြင့်သာ လက်ခံ၍၊ စိတ်နှင့်ဝိညာဉ်အားဖြင့် လက်မခံကြချေ။ ထို့ကြောင့် သူ့ကိုလောကသားများနည်းတူ အလေးမထား၊ ဂရုမစိုက်ကြသောကြောင့် သူ့စကားကို နားမထောင်ကြချေ။ ထို့ထက်လောကသားများ၏စကားကို နားထောင်ကြသည်။ လောကသားများနှင့်ထူးခြားမှုမတွေ့ရချေ။ ဝိညာဉ်အားဖြင့် ဒုတိယမွေးဖွားပြီးသူ များအနေဖြင့် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံသော်လည်း၊ ရှင်ဘုရင်အဖြစ် လက်မခံကြ သောကြောင့် လောကသားများနှင့် နာမည်ခံခရစ်ယာန်များကဲ့သို့ ကြံစည်လုပ်ဆောင်နေကြသည်။ သခင်ယေရှုကို ရှင်ဘုရင်အဖြစ်လက်ခံသူများအနေဖြင့် သူ့ကိုအချိန်မရွေးနေရာမရွေး အလိုတော်ရှာ၍ လိုက်ရမည်။ သခင်ယေရှုကိုယ်တိုင်က၊  ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ (မဿဲ ၁၆း၂၄) ဟုဆိုခဲ့ သည်။ သခင်ယေရှုသည် နိုင်ငံတော်မတည်ဆောက်နိုင်ခဲ့သော်လည်း၊ တဦးချင်းအသက်တာ၌ သူ၏နိုင်ငံ တော်တည်ဆောက်နိုင်သည်။ သင်သည်သခင်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ်သာမက၊ အရှင်သခင်အဖြစ် လက်ခံပါသလား။ လက်ခံနိုင်လျှင် ဘုရင်သခင်၏နိုင်ငံတော်သည် သင့်အထဲ၌ တည်ဆောက်ပြီးဖြစ်သည်။ အသင်းတော်၌လည်း သခင်ယေရှုကို ရှင်ဘုရင်နှင့်အရှင်သခင်အဖြစ်လက် ခံလျှင် ထိုအသင်းတော်သည် ကောင်းကင်နိုင်ငံတော်လေးဖြစ်သည်။ သင်၏အသင်းတော်သည် ကောင်းကင်နိုင်ငံတော်ဖြစ်ပါသလော။ သင်နှင့်သင်၏မိသာစု၊ သင်၏အသင်းတော်သည် ဘုရားသခင်၏နိုင်ငံတော် ဖြစ်ပါစေ။ 

106 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 JUN

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -