Book: Salvation (b)

Home   >   Bookstore    >   Salvation

salvation-lessons-bur

ကယ်တင်ခြင်း သင်ခန်းစာများ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

PARTB

.

မာတိကာ

.

သင်ခန်းစာ (၁၃)

ဘုရားသခင်၏ကယ်တင်ခြင်း

သင်ခန်းစာ (၁၂)၌ လူသည်ကယ်တင်ခြင်းနှင့်ပတ်သက်၍မည်သို့မျှမတတ်နိုင်ကြောင်းသိခဲ့ရပြီ။ သို့သော်လူမတတ်နိုင်သောအမှုမှာ ဘုရားသခင်တတ်နိုင်တော်မူ၏ (မဿဲ ၁၉:၂၃-၂၆)။ ဘုရားသခင်သည်လူမတတ်နိုင်သောအမှုကို ခရစ်တော်အားဖြင့်ဖြေရှင်းပေးကြောင်း ဆက်လက်လေ့လာကြပါစို့။

ကျူးလွန်သောအပြစ်

ပဌမဦးစွာဘုရားသခင်သည်ဒုစရိုက်အပြစ်ကိုမည်ကဲ့သို့ဖြေရှင်းပေးကြောင်းကိုလေ့လာကြပါစို့။ ကျူးလွန်သောအပြစ်သည်အပြစ်သားကကျူးလွန်သောအပြစ်ဖြစ်သည်။ ထိုအပြစ်သည် ဘုရားသခင်၏အမြင်၌ သာမကလူအမြင်၌လည်းအပြစ်ရှိသည်။ ထို့ကြောင့်ကျူးလွန်သောအပြစ်သည် လူ၏စိတ်ကိုထိခိုက်စေသည်။ ကျူးလွန်သောအပြစ်ပြုသူသည် မိမိအပြစ်ကိုသိသဖြင့် ဘုရား သခင်၏ကျေးဇူးတော်ကိုပင်လက်မခံရဲလောက်အောင် စိတ်အနှောက်အရှက်ပေးနိုင်သည်။ ထိုအပြစ်နှင့်ကင်းမှသာ ဘုရားသခင်၏ကျေးဇူးတော်၌ရွှင်လန်း၀မ်းမြောက်နိုင်မှာဖြစ်ပါသည်။

အသွေးအားဖြင့်

ကျူးလွန်သောအပြစ်ကို အသွေးအားဖြင့်ဖြေလွှတ်နိုင်သည်။ ကျမ်းစာ၌၊ "သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှါထိုအသွေးကိုယဇ်ပလ္လင်ပေါ်မှာငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကားအသွေးဖြစ်သတည်း။" ဟုပါရှိသည် (၀တ်ပြုရာ ၁ရ:၁၁)။ တဖန်၊ "ပညတ်တရားအတိုင်းခပ်သိမ်းသောရာတို့ကိုကုန်မတတ်အသွေးအားဖြင့်စင်ကြယ်စေတတ်၏။ အသွေးသွန်း လောင်းခြင်းမရှိဘဲအပြစ်ဖြေလွှတ်ခြင်းမရှိ။" ဟုဆိုသည် (ဟေဗြဲ ၉:၂၂)။ ဘုရားသခင်ကလူ၏အပြစ်ကိုအသွေးအားဖြင့်သာဖြေလွှတ်နိုင်သည်၊ ဟု ဆိုသည်။ သို့ဖြစ်လျှင်အပြစ်ကိုအသွေးအားဖြင့်မည်သို့ဖြေလွှတ်မည်နည်း။

ဤအကြောင်းကိုသိနိုင်ရန်၊ ဣသရေလလူများ၏အပြစ်ဖြေရာယဇ်ပူဇော်ခြင်းအကြောင်းကိုလေ့လာဘို့လိုအပ်လာသည်။ တဖန်ယဇ်ပူဇော်ခြင်းအကြောင်းနားလည်းနိုင်ရန်၊ တဲတော်အကြောင်းကိုလည်းသိထားဘို့လိုသည်။ တဲတော်အစစ်သည်ကောင်းကင်ဘုံ၌ရှိသည်။ ဘုရားသခင်သည် မောရှေအားသိနာတောင်ပေါ်၌၊ ထိုကောင်းကင်တဲတော်ကိုပြသခဲ့သည်။ ထိုကောင်းကင်တဲတော်နှင့်တူသောတဲတော်ကိုမြေကြီးပေါ် ၌ဆောက်ခိုင်း သည် (ထွက်မြောက်ရာ ၂၅:၉)။ ယဇ်ပူဇော်ခြင်းမှန်သမျှကိုထို၊ တဲတော်၌ ပြုလုပ်ရသည်။ တဲတော်၌ယဇ်ပူဇော်နည်းကိုနားလည်ခြင်းဖြင့်ကောင်း ကင်၌မည်ကဲ့သို့ယဇ်ပူဇော်သည်ကိုနားလည်နိုင်သည်။ ထို့ကြောင့်ယဇ်ပူဇော်ခြင်းနှင့်တဲတော်အကြောင်းကိုသိဘို့ရန်အလွန်အရေးကြီးသည်။

 

(၁) တဲတော်၀င်းအကာ

တဲတော်၀င်းကိုပိတ်ချောဖြင့်ကာထား၍ အလျားအတောင်တရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်ငါးတောင်ရှိသည် (ထွက် ၂ရ:၉)။ လူများတဲတော်၀င်းထဲသို့မ၀င်နိုင်ရန်ကာထားသောအရာဖြစ်၍ ပညတ်တော်ကိုပုံဆောင်သည်။

(၂) တဲတော်၀င်းတံခါး

တဲတော်၀င်းတံခါးသည်အရှေ့ဘက်၌ရှိ၍အတောင်နှစ်ဆယ်ကျယ်သည်။ ပြာသောအထည်၊ မောင်းသောအထည်နှင့်နီသောအထည်ပိတ်ချောဖြင့် လုပ်ထားသည် (ထွက်မြောက် ၂ရ:၁၆)။ တဲတော်တံခါး၀သည်သခင်ယေရှုကိုပုံဆောင်သည်။ တဲတော်၀င်းထဲသို့တံခါး၀အားဖြင့်သာ၀င်နိုင်သကဲ့သို့ ကောင်းကင်တဲတော်ထဲသို့ခရစ်တော်တည်းဟူသောတံခါးအားဖြင့်သာ၀င်နိုင်သည်။

(၃) တဲတော်

တဲတော်သည်၀င်းအတွင်းအနောက်ဖက်ကပ်၍ဆောက်ထားသည်။ အလျားအတောင်သုံးဆယ်၊ အနံအတောင်တစ်ဆယ်ရှိသည်။

(၄) အသန့်ရှင်းဆုံးဌါန

တဲတော်ကိုနှစ်ပိုင်းပိုင်း၍အတွင်းဘက်အခန်းကိုအသန့်ရှင်းဆုံးဌါနဟု ခေါ်သည်။ ထိုနေရာ၌ပဋိညာဥ်သေတ္တာရှိ၍အထဲ၌ပညတ်တော်ဆယ်ပါရေး ထားသောပဋိညာဥ်ကျောက်ပြားနှစ်ချပ်ထည့်ထားသည် (ထွက် ၂၆:၃၃)။

(၅) သန့်ရှင်းရာဌာန

တဲတော်၏အပြင်ဘက်ခန်းသည် သန့်ရှင်းရာဌါနဟုခေါ်သည်။ အလျားအတောင်နှစ်ဆယ်၊ အနံဆယ် တောင်ရှိသည်။ ထိုအခန်းထဲ၌ နံ့သာပေါင်းမွှေးမီးရှို့ရာယဇ်ပလ္လင်၊ ရွှေမီးခုံနှင့် ရှေ့တော်မုန့်တင်သော စားပွဲ သာလျှင်ရှိသည်။ ထိုအခန်းထဲသို့ယဇ်ပုယောဟိတ်များသည် နေ့တိုင်းနံနက်တစ်ခါ ညနေတစ်ခါ နံ့သာပေါင်းမွှေးမီးရှို့ဘို့ရန်နှင့် ရွှေမီးခွက်များ၌ သံလွင်ဆီထည့်ဘို့ရန်၀င်တတ်သည် (ထွက် ၂၆:၃၃)။

(၆) ကုလားကာ

သန့်ရှင်းရာဌါနနှင့်အသန့်ရှင်းဆုံးဌါနကိုကာထားသောကုလားကာဖြစ်သည် (ထွက် ၂၆:၃၃)။ အသန့် ရှင်းဆုံးဌါနထဲသို့ဘိသိက်ခံသောယဇ်ပုယောဟိတ်၀င်သောအခါ ထိုကုလားကာကိုဖြတ်ကျော်ရသည်။ ထိုကုလားကာသည်ခရစ်တော်၏ကိုယ်ခန္ဓာကိုပုံဆောင်သည် (ဟေ ၁၀:၂၀)။

(ရ) ပဋိညာဥ်သေတ္တာ

ပဋိညာဥ်သေတ္တာသည်အကာရှသစ်သားဖြင့်ပြုလုပ်၍ရွှေဖြင့်အတွင်းအပြင်မွမ်းမံထားသည်။ ပဋိညာဥ် သေတ္တာအပေါ်ဖုံးကိုရွှေစင်ဖြင့်ပြုလုပ်၍ရွှေဖြင့်ပြုလုပ်သော ကောင်းကင်တမန်နှစ်ပါးသည် မျက်နှာ ချင်းဆိုင်ရှိသည်။ ထိုသေတ္တာအဖုံးကိုဂရုဏာပလ္လင်ဟုခေါ်၍ ကောင်းကင်ဘုံ၌ရှိသောဘုရားသခင်၏ ပလ္လင်တော်ကိုပုံဆောင်သည်။ ဘုရားသခင်သည်ပလ္လင်တော်အပေါ်၌မိုးတိမ်အားဖြင့်ကျိန်း၀ပ်သည်။ ယခုတွင်ဘုရားသခင်၏ ပလ္လင်တော်သည်ကရုဏာပလ္လင်တော်ဖြစ်သေးသည်။ မကြာမှီထိုပလ္လင်တော် သည်တရားစီရင်ရာပလ္လင်ဖြစ်လိမ့်မည်။ ထိုအချိန်၌ကယ်တင်ခြင်းသို့ရောက်ရှိနိုင်တော့မည်မဟုတ်။ ထို့ကြောင့်ယခုအမြန်ဆုံးကယ်တင်ခြင်းသို့ရောက်ဘို့အရေးကြီးသည်။

(၈) နံ့သာပေါင်းမွှေးမီးရှို့ရာယဇ်ပလ္လင်

အကာရှသားဖြင့်ပြုလုပ်၍ရွှေဖြင့်မွမ်းမံထားသည်။ ထိုယဇ်ပလ္လင်ပေါ် ၌ယဇ်ပုရောဟိတ်များသည်နံနက် တခါညနေတခါနံ့သာပေါင်းမွှေးကိုမီးရှို့တတ်သည်။ နံ့သာပေါင်းမွှေးမီးရှို့ခြင်းသည်သန့်ရှင်းသူများ၏ ဆုတောင်း ခြင်းကိုပုံဆောင်သည် (ဆာလံ ၁၄၁:၂၊ ဗျာဒိတ် ၅:၈၊ ၈:၃)။ သန့်ရှင်းသူများ၏ဆုတောင်း ခြင်း သည်ဘုရားသခင်ရှေ့၌နံ့သာပေါင်းမွှေးမီးရှို့ခြင်းနှင့်တူသည်။

(၉) ရွှေမီးခုံ

သန့်ရှင်းရာဌာနတောင်ဘက်တွင်ထားရှိသည်။ ရွှေစင်ဖြင့်ပြုလုပ်သည်။ ရွှေမီးခုံ၌ မီးခွက်ခုနစ်လုံးရှိ သည်။ ထိုမီးခွက်ခုနစ်လုံးသည် အသင်းတော်ကို ပုံဆောင်သည် ( ဗျာဒိတ် ၁:၂၀)။ မီးခွက်ထဲ၌ရှိသော သံလွင်ဆီသည် သန့်ရှင်းသော ၀ိညာဥ်တော်ကိုပုံဆောင်သည်။ အသင်းတော်များသည် ၀ိညာဥ်တော်ရှိမှ သာ လျှင် လင်းနိုင်သည်။ ယနေ့များစွာသောအသင်းတော်များ၌ သန့်ရှင်းသော၀ိညာဥ်တော် မရှိသော ကြောင့်မှောင်မိုက်နေသည်။

(၁၀) ရှေ့တော်မုန့်တင်သောစားပွဲ

အကာရှသစ်သားဖြင့်ပြုလုပ်၍ရွှေဖြင့်မွမ်းမံသည်။ သန့်ရှင်းရာဌါနမြောက်ဖက်တွင်ထားသည်။ တဆေး မဲ့မုန့်ဆယ့်နှစ်ချပ်ကိုတင်ထား၍ ဣသရေလ လူမျိုးဆယ်နှစ်မျိုး၏ ဆက်ကပ်ခြင်းကိုပုံဆောင် သည်။ သူတို့ကိုထာ၀ရဘုရားထံဆက်ကပ်သည်။ သို့သော်ထာ၀ရဘုရားကိုယ်စား ယဇ်ပုရောဟိတ်များကသာ စားခွင့်ရှိသည်။ ဥပုသ်နေ့တိုင်းအသစ်လဲရသည် (ထွက် ၂၅:၂၃-၃၀)။

ကြေး၀ါအင်တုံ

ကြေး၀ါအင်တုံသည်ကြေး၀ါဖြင့်ပြုလုပ်၍ တဲတော်ရှေ့၊ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်ကြီး အကြား တွင်ထားရှိသည်။ ယဇ်ပုရောဟိတ်များ ခြေလက်ဆေးဘို့ရန် ရေထည့်ထားသည်။ လူ၏စိတ်နှလုံးကို သန့်ရှင်းစေနိုင်သော နှုတ်ကပတ်တော်ကိုပုံဆောင်သည်။

(၁၂) ကြေး၀ါယဇ်ပလ္လင်ကြီး

ကြေး၀ါယဇ်ပလ္လင်ကြီးကို မီးရှို့ရာယဇ်ပလ္လင်ဟုလည်းခေါ်သည်။ အလျားငါးတောင်အနံငါးတောင် အမြင့်သုံးတောင်ရှိ၍ အကာရှသစ်သားကို ကြေး၀ါဖြင့် မွမ်းမံထားသည်။ ယဇ်ကောင်များမီးရှို့ရာနေရာ ဖြစ်သည် (ထွက် ၂ရ:၁ -ရ)။ လက်၀ါးကပ်တိုင်ကိုပုံဆောင်သည်။

(၁၃) ပရိသတ်စည်းဝေးရာတဲတော် တံခါးရှေ့

ပရိသတ်များ စည်းဝေးသောနေရာဖြစ်သည်။ ပရိသတ်များတဲတော် အတွင်းသို့၀င်ခွင့်မရှိ။ ကြေး၀ါ ယဇ်လ္လင်ကြီးနှင့်ကြေး၀ါအင်တုံပတ်၀န်းကျင်၌ သာနေခွင့်ရှိသည်။ ယဇ်ကောင်များဘုရားသခင် ထံ ဆက်ကပ်သောနေရာဖြစ်သည်။

မှတ်ချက်။။ တဲတော်နှင့်တဲတော်တန်ဆာများကိုအလွတ်ကျက်ပါ။

 

                                  သင်ခန်းစာ (၁၃) မှမေးခွန်းများ

၁။ ကျူးလွန်သောအပြစ်ကိုမည်သည့်အရာအားဖြင့်လွှတ်နိုင်သနည်း။ ----------
၂။ တဲတော်အကြောင်းကိုအဘယ်ကြောင့်သိဘို့လိုသနည်း။ -----------------             ၃။ တဲတော်အစစ်သည် အဘယ်မှာရှိသနည်း။ --------------
၄။ တဲတော်အတွင်းခန်းကို မည်သို့ခေါ်သနည်း။ --------------
၅။ အသန့်ရှင်းဆုံးဌါန၌ မည်သည့်အရာရှိသနည်း။ ------------
၆။ သန့်ရှင်းရာဌာနရှိပစ္စည်းများကိုဖေါ်ပြပါ။ -----------------------------------------
ရ။ ကုလားကာသည် မည်သည့်နေရာ၌ရှိသနည်း။ -----------------------------------
၈။ ကြေး၀ါအင်တုံသည် မည်သည့်အတွက်ဖြစ်သနည်း။ ----------
၉။ ကြေး၀ါယဇ်ပလ္လင်သည် မည်သည့်အရာကိုပုံဆောင်သနည်း။ -----
၁၀။ ယဇ်ကောင်များကိုမည်သည့်နေရာတွင်ဆက်ကပ်ရသနည်း။ ----------------------------------------

.

 

သင်ခန်းစာ (၁၄)

အသွေးအားဖြင့်အပြစ်လွှတ်ခြင်း

သင်ခန်းစာ (၁၃) ၌ တဲတော်အကြောင်းသိခဲ့ရပြီ။ ထိုတဲတော်၌ အပြစ်များကို အသွေးအားဖြင့် မည်သို့ ဖြေလွှတ် ကြောင်းကို ဆက်လက်လေ့လာကြပါစို့။ ထာ၀ရ ဘုရားက၊ "လူ၏ အပြစ်ကို ဖြေသော အရာကား အသွေး ဖြစ်သတည်း။" ဟုဆိုထားသည် (၀တ်ပြုရာ ၁ရ:၁၁)။ အသွေးအားဖြင့် အပြစ်ကို မည်ကဲ့သို့ ဖြေလွှတ်မည်နည်း။

အပြစ်တင်ပိုင်သောသူ

လူကို အပြစ် တင်ပိုင်သောသူ၊ တရားစီရင်ပိုင်သော သူသည် ထာ၀ရ ဘုရားသခင် သာလျှင် ဖြစ်သည်ဟု သင်ခန်းစာ (၂)၌ သင်ခဲ့ရပြီ။ ကျမ်းစာ၌၊ "ထာ၀ရဘုရား အပြစ်တင်တော်မူခြင်းနှင့်ကင်းလွတ်၍ လှည့်စားတတ်သော စိတ် သဘောနှင့်ကင်းစင်သောသူသည် မင်္ဂလာရှိ၏။"ဟုဆိုထားပါသည် (ဆာ ၃၂:၂)။ ထို့ကြောင့် အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် ထာ၀ရဘုရားသာလျှင် ဖြစ်သည်။

အသွေးအားဖြင့်

အပြစ်တင်ပိုင်၊ လွှတ်ပိုင်သော ထာ၀ရဘုရားကလူ၏အပြစ်ကို ဖြေဘို့ရန် အသွေးကိုတောင်းဆိုသည်။ ကျမ်းစာ၌၊ "ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှါ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်၌ငါပေးပြီ။ လူ၏အပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။" (၀တ်ပြုရာ ၁ရ:၁၁) ဟူ၍၎င်း၊ "အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။" (ဟေဗြဲ (၉:၂၂) ဟူ၍၎င်း၊ ဆိုထားသည်။ ထို့ကြောင့်အပြစ်လွှတ်ဘို့ရန် အသွေးအားဖြင့်သာဖြစ်နိုင်သည်။

အသွေးသည်အသက်

အဘယ်ကြောင့်ဘုရားသခင်သည် အပြစ်အတွက်အသွေးကိုတောင်းသနည်း။ အမှန်မှာအပြစ်၏အခသည်သေခြင်းဖြစ်သည် (ရောမ ၆:၂၃)။ အပြစ်ကြောင့်အပြစ်သားသည် သေရမှာဖြစ်သည်။ အခြားပြစ်ဒဏ်တည်း ဟူသော ထောင်ဒဏ်၊ ငွေဒဏ်အလုပ်ကြမ်းတို့မရှိ။ ထာရဘုရား၏တရားရုံးတော်မှချမှတ်သောပြစ်ဒဏ်သည် သေဒဏ်သာလျှင်ဖြစ်သည်။ အဘယ်ကြောင့်အပြစ်သားအား သေဒဏ်ခတ်သနည်း။ ခလေးလေးတယောက်သည် အဘိုးတန်သောနာရီ၊ ကက်ဆက်တို့နှင့်ဆော့ပါကတခဏခြင်းတွင်ပျက်စီးသွားမှာဖြစ်သောကြောင့် မိဘများကသူလက်ထဲမှဆွဲယူလိုက်မှာဖြစ်သည်။ ခလေးသည်ထိုအရာများကိုမကိုင် တွယ်တတ်သဖြင့်ဖျက်ဆီးမှာဖြစ်သည်။ ထို့နည်းတူလူ့အသက်သည် ဘုရားသခင်ကပေးထားခြင်းဖြစ်သည်။ လူသည်ထိုအသက်ကို ဘုရားသခင်၏အလိုတော် အတိုင်းအသုံးပြုဘို့ဖြစ်သည်။ သို့သော်လူသည် ဘုရားအလိုတော်အတိုင်းမသုံးဘဲ မိမိအလိုဆန္ဒအတိုင်းအသုံးပြုသည်။ ထိုသို့မိမိဆန္ဒအတိုင်း လူ့အသက်တာကို အသုံးပြုခြင်းသည်အပြစ်ဖြစ်သည်။ ထိုသို့လူသည် ဘုရားအလိုတော်ကိုလုံး၀ဂရုမစိုက်ဘဲ မိမိဆန္ဒပြည့်ဘို့ရန်သာအဓိကထား၍ အသက်တာကိုအသုံးပြုသောကြောင့် ဘုရားသခင်ကလူ၏အသက်ကိုပြန်တောင်းသည်။ လူထံမှအသက်ကို ပြန်တောင်းသောအခါ လူသည်သေရသည်။ ခန္ဓာကိုယ်အသက်သည် အသွေး၌ တည်သည်ဟုဆိုသောကြောင့် အသွေးတောင်းခြင်းသည် အသက်တောင်းခြင်း ဖြစ်သည်။ သို့သော်လူသည် မိမိအသက်မပေးနိုင်ပါ။ အကြောင်းမှာအသက်ကို ပေးပါကအပြစ်သားဖြစ်သောကြောင့် ငရဲသို့သွားရမှာဖြစ်သည်။ ထို့ကြောင့် မည်သို့ မျှလူသည် မိမိအသက်မပေးနိုင်။ သို့သော်ဘုရားသခင်သည် လူကိုသနားသောကြောင့် သူ့ကိုယ်စားအသက်ပေးမည့်သူ၊ တနည်းအားဖြင့်အသေခံမည့်သူကို စီစဥ်ပေးသည်။ သို့သော်လူသည် ထိုအရာကိုနားလည်နိုင်မှာမဟုတ်သောကြောင့် ဣသရေလ လူမျိုးများကိုရွေးကောက်ကာ အပြစ်အတွက်မည်ကဲ့သို့အသက်ပေးမည့်အကြောင်းကိုသင်ပေးခဲ့သည်။

အရိပ်

ထာ၀ရဘုရားသခင်သည် ဣသရေလလူမျိုးများအား အပြစ်အတွက် အသွေးတောင်းတတ်သည်။ ထိုအရာသည်အရိပ်ဖြစ်သည်။ ၀တ်ပြုရာ ၄:၁-၁၂ ၌ ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် ထာ၀ရဘုရား၏ပညတ်တော်ကိုမသိဘဲ လွန်ကျူးပြစ်မှားမိလျှင် နောင်တရရုံဖြင့်အပြစ်မလွှတ်ပါ။ ထိုအပြစ်အတွက် အသက်ပျိုသောနွားထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနားထာ၀ရဘုရားရှေ့တော်၌ဆက်ရမည်။ နွားခေါင်းပေါ်တွင် မိမိလက်ကိုတင်၍ နွားကို သတ်ရမည်။ နွားအသွေးကိုယူ၍ တဲတော်အထဲရှိ သန့်ရှင်းရာဌါန ကုလားကာရှေ့တွင်ခုနှစ်ကြိမ်ဖြန်းရမည်။ ထို့နောက်နံ့သာပေါင်းမွှေးမီးရှို့ရာယဇ်ပလ္လင်ဦးချိုတို့၌ နွားသွေးအချို့ကိုထည့်၍ ကျန်သောအသွေးကို တဲတော်အပြင်ဘက်ရှိကြေး၀ါယဇ်ပုလ္လင်ကြီး ခြေရင်းနားမှာသွန်ရမည်။ နွား၏၀မ်းတွင်းဆီဥမှန်သမျှ နှင့်ကျောက်ကပ်နှစ်ခု၊ ခေါင်း၊ ခြေတောက်၊ အအူ၊ ချေးနုနှင့်တကွ အရေအသားရှိသမျှကို တပ်ပြင်ဘက်ပြာသွန်ရာအရပ်၌ မီးရှို့ရမည်။ ထိုသို့ထာ၀ရဘုရားစေခိုင်းသည့်အတိုင်း ပူဇော်ပြီးမှသာလျှင် ထာ၀ရဘုရားက ယဇ်ပုရောဟိတ်၏အပြစ်ကို ဖြေလွှတ်ပေးသည်။ ထာ၀ရဘုရားတောင်းဆိုသော အသွေးကိုမပေးဘဲ အပြစ် အတွက်နောင်တရပါပြီ၊ နောက်နောင်တွင်ပညတ်တော်ကို မကျူးလွန်တော့ပါ၊ ဟု ကတိပြုရုံဖြင့် အပြစ်လွှတ်ခြင်း မရနိုင်ပါ။ ထာ၀ရဘုရားသည် နွားအသွေးကို ကြည့်ခြင်းအားဖြင့် အပြစ်ကိုလွှတ်သည်။ နွားအသွေးသည် နွား၏အသက်၊ နွားအသက်သည်အပြစ်ကျူးလွန်သော ယဇ်ပုရောဟိတ်၏အသက်ကို ကိုယ်စားပြုသည်။ နွား၏အသက်ပေးခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် အပြစ်အတွက် အသေခံပြီ။ အပြစ်ကိုအသက်အားဖြင့်ပေးဆပ်ပြီဟုအဓိပ္ပါယ်ရသည်။

အကောင်အထည်

ဣသရေလ လူများ၏ ပူဇော်ခြင်း အားလုံးသည် သခင်ခရစ်တော် ကမိမိကိုယ်ကို ပူဇော်မည့်အရာကို ပုံဆောင်ခြင်းဖြစ်သည်။ "နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ။"ဟုဆိုသည် (ဟေဗြဲ ၁၀:၄)။ အကြောင်းမှာ တိရစ္ဆာန်သည် လူထက်နိမ့်ကျသောကြောင့် လူကိုကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် ကျွန်ပ်တို့အတွက် ထာ၀ရဘုရားထံ အပြစ်ကြွေးဆပ်ဘို့ရန် အသွေးလိုလာသည်။ တိရစ္ဆာန်အသွေးကို ဘုရားသခင်က လက်မခံနိုင်။ ကိုယ့်အသွေးပေးလျှင်လည်း သေဆုံး၍ ငရဲကျရုံသာရှိသည်။ ထို့ကြောင့် ထာ၀ရဘုရားကိုယ်တော် တိုင် အပြစ်အနာအဆာနှင့်ကင်းသော ခရစ်တော်၏ ကိုယ်ခန္ဓာတော်နှင့် အသွေးကို ကျွန်ပ်တို့အတွက် ပြင်ဆင်တော်မူ၏ (ဟေဗြဲ ၁၀:၅)။ ဓမ္မဟောင်းကာလ နှစ်ပေါင်း၁၅၀၀ အတွင်း ဣသရေလများပူဇော်သောယဇ်အားလုံးသည် အရိပ်ဖြစ်၍ အကောင်အထည်မှာ သခင်ခရစ်တော်ပင်ဖြစ်သည် (ကော ၂:၁ရ)။

ခရစ်တော်၏ အသွေးပူဇော်

တလောကလုံးရှိ လူသားများ၌ ဘုရားသခင်ထံဆက်သရန် သန့်ရှင်းသောအသွေးမရှိကြ။ ထို့ကြောင့် ထာ၀ရဘုရား စီစဥ်ပေးသည့်အတိုင်း ခရစ်တော်သည် မိမိအသွေးကိုပူဇော်သည်။ ကျမ်းစာ၌၊ "ယခုတွင် လူ့လက်ဖြင့်မလုပ်၊ ဤလောကဓါတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုယောဟိတ်မင်းဖြစ်သောခရစ်တော်သည် ငါတို့အဘို့ထာ၀ရ ရွေးနှုတ်ခြင်းကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိ အသွေးတော်နှင့် သန့်ရှင်းရာဌါနတော်ထဲသို့ တခါတည်း၀င်တော်မူ၏။"ဟုဆိုထားပါသည် (ဟေဗြဲ ၉:၁၁-၁၂)။ အထက်ပါကျမ်းပိုဒ်အရ ခရစ်တော်သည် ငါတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သည်။ ယဇ်ကောင်လည်း ခရစ်တော်ပင်ဖြစ်သည်။ တဲတော်လည်း ဤလောက၌ လူ့လက်ဖြင့်ဆောက်သော တဲတော်မဟုတ်ဘဲ ကောင်းကင်တဲတော်ဖြစ်သည်။ အပြစ်လွှတ်ခြင်းကာလလည်း ထာ၀ရကာလ အတွက်ဖြစ်သည်။ ထို့ကြောင့် ယခင်ဣသရေလလူများပူဇော်သော ယဇ်ထက် ယခုခရစ်တော်ပူဇော်သောယဇ်သည် သာ၍ကောင်းသည်။ အောက်ပါဇယား၌ ယခင်အရိပ်ခေတ်ပူဇော်သောယဇ်နှင့် ယခုခေတ်ပူဇော်သောယဇ်ကို နိင်းယှဥ် ထားပါသည်။


ဘုရားသခင်ကျေနပ်

လူသားများ၏အပြစ်လွှတ်မည့်သူသည် ထာ၀ရဘုရားဖြစ်သည်။ သူတောင်းသောအရာသည် အသက်ဖြစ်သည်။ ထိုအသက်သည် အပြစ်ကင်းသောသူဖြစ်ရမည်။ ထိုအသက်ပေးကြောင်းကို အသွေးအားဖြင့်ဖေါ်ပြရမှာဖြစ်သည်။ လူသားများအနေဖြင့် မိမိတို့အသက်နှင့်အသွေးကို ပေးစရာမရှိသောအခါ ထာ၀ရ ဘုရားကိုယ်တိုင် သားတော်ယေရှုခရစ်ကို ဤလောကသို့စေလွှတ်၍ လူ့ဇာတိ ခံယူကာ အသက်ကိုစွန့်စေသည်။ သားတော်သည် တလောကလုံးအတွက် မိမိ အသက်ကိုစွန့်၍ အသွေးကို ခမည်းတော်ရှေ့၌ ပူဇော်ခဲ့ပြီးဖြစ်သည်။ ကျမ်းစာက၊ "ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လကျ်ာတော်ဘက်၌ အစဥ်အမြဲထိုင်၍၊"ဟုဆိုသည် (ဟေဗြဲ ၁၀:၁၂)။ ခရစ်တော်၏ပူဇော်ခြင်းကို ခမည်းတော်ဘုရားသည် လက်ခံ၍ ကျေနပ် ခဲ့ပြီ။ ထို့ကြောင့်ဘုရားသခင်၏တရားရုံးတော်မှ အပြစ်လွှတ်ခြင်းကို ကျေညာခဲ့ပြီ။ ဘုရားသခင်က၊ "ထိုအပြစ်များကိုလွှတ်ပြီးလျှင် နောက်တဖန်အပြစ်ဖြေသော ယဇ်ပူဇော်စရာ အကြောင်းမရှိ၊"ဟုဆိုထားပါသည် (ဟေဗြဲ ၁၀:၁၈)။

သန့်ရှင်းပြီ

လောကသားများအပြစ်ရှိသည်ဟုမြင်သောသူသည် ဘုရားသခင် ဖြစ်သည်။ သို့သော်သခင်ယေရှု၏အသွေးတော်အားဖြင့် သန့်ရှင်းပြီဟုဆိုပါသည်။ ကျမ်းစာက၊ "ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူပြီ။"ဟုဆိုသည် (၁ ယော ၁:ရ)။ လူသား အားလုံးသည် တနည်းအားဖြင့် အပြစ်ပြသနာမရှိတော့ချေ။ အကြောင်းမှာ ခရစ်တော်၏ အသွေးအားဖြင့် သူတို့၏အပြစ်များကို သန့်ရှင်းစေပြီ။ သို့သော်လူအများစုသည် မလိုအပ်ဘဲ ငရဲထဲသို့သွားရကြဦးမည်။ အကြောင်းမူကား ခရစ်တော်၏အသွေးအားဖြင့် အပြစ်လွှတ်ခြင်းကိုမသိ၊ မယုံကြည်သောကြောင့် ဖြစ်သည်။

လက်ခံဘို့လိုသည်

မိတ်ဆွေအနေဖြင့် ဘုရားသခင်၏လုပ်ဆောင်ချက်ကို ယုံကြည်လက်ခံဘို့ လိုသည်။ မိတ်ဆွေသည် အပြစ်မလုပ်သည်မဟုတ်။ နေ့စဥ်နှင့်အမျှအပြစ် လုပ်နေမှာဖြစ်သည်။ သို့သော်ခရစ်တော်၏ အသွေးအားဖြင့် အားလုံးသန့်ရှင်းစေပြီ။ ထိုအရာသည် ဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်၍ သူကိုယ်တိုင်ကျေနပ် ပြီ။ ထို့ကြောင့်ကျမ်းစာ၌၊ "ထာ၀ရဘုရား အပြစ်တင်တော်မူခြင်းနှင့် ကင်းလွတ်၍ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိသည်။" ဟု ဆာလံ ၃၂:၂ ၌ဆိုထားသည်။ ဘုရားသခင်ကမိတ်ဆွေကို အပြစ်မတင်တော့ချေ။ ထို့နည်းတူ မိတ်ဆွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မလှည့်ဖြားဘို့အရေးကြီးသည်။

သင်ခန်းစာ (၁၄) မေးခွန်းများ

၁။ အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် အဘယ်သူနည်း။--------
၂။ ထာ၀ရဘုရားကအပြစ်ကို မည်သည့်အရာအားဖြင့် လွှတ်နိုင်သည်ဟု ဆိုသနည်း။ -------------
၃။ မိမိဆန္ဒအတိုင်း အသက်တာကိုအသုံးပြုခြင်းသည် ----- ဖြစ်သည်။
၄။ အသွေးတောင်းခြင်းသည် အဘယ်အရာတောင်းခြင်းဖြစ်သနည်း။ -----
၅။ အဘယ်ကြောင့်အပြစ်အတွက် အသက်တောင်းသနည်း။ ----------------
၆။ ယဇ်ပုရောဟိတ်သည် အပြစ်အတွက် နောင်တရခြင်းအားဖြင့် အပြစ်လွှတ်နိုင်သလော။ -----------
ရ။ နွား၏အ----သည် နွား၏ အ-----၊ နွား၏အ-----သည် အပြစ်ကျူးလွန်သူ၏ အ----ကိုကိုယ်စားပြုသည်။
၈။ ဣသရေလ လူများ၏ပူဇော်ခြင်းအားလုံးသည် မည်သူ၌ပြည့်စုံသနည်း။ -----
၉။ ငါတို့၏ယဇ်ပုရောဟိတ်သည် ---------- ဖြစ်သည်။
၁၀။ ငါတို့၏ယဇ်ကောင်သည် --------- ဖြစ်သည်။
၁၁။ ယခင်တဲတော်သည် ဤ-----------၌ ရှိ၍ ယခုတဲတော်သည် ---------၌ရှိသည်။
၁၂။ ခရစ်တော်၏အသက်ပူဇော်ပြီးနောက် ယဇ်ပူဇော်စရာလိုသေးသလော။ -------ဘယ်ကြောင့်နည်း။ ----------------
၁၃။ မိတ်ဆွေ၏အပြစ်သည် ဖြေလွှတ်ပြီးပြီလော။ -----------
၁၄။ လောကသားများသည် ငရဲကျစရာလိုသလော။ --------အဘယ်ကြောင့်ကျရဦးမည်နည်း။ -------------------
၁၅။ ဘုရားသခင်က အပြစ်မတင်သည်သာမက ကိုယ်ကိုယ်ကိုမ-----ဘို့လည်း အရေးကြီးသည်။

.

သင်ခန်းစာ (၁၅)

အသွေးတော်၏လုပ်ဆောင်ချက်များ

သင်ခန်းစာ (၁၄)၌ အသွေးတော်အားဖြင့် အပြစ်လွှတ်ခြင်းအကြောင်း သိရှိရပြီ။ အသွေးအားဖြင့် အပြစ်လွှတ်ခြင်းသာမက အခြားအရာများလည်း လုပ်ဆောင်သည်။ ထိုအရာများကိုလေ့လာကြပါစို့။

တရားစီရင်ခြင်းမှလွတ်ခြင်း

အသွေးအားဖြင့်ထာ၀ရဘုရား၏တရားစီရင်ခြင်းမှလွတ်စေသည်။ ဣသရေလလူများသည် အဲဂုတ္တုကျွန်ခံရာမှ လွတ်မြောက်မည့်ညတွင် ထာ၀ရ ဘုရားက သိုးသူငယ်ကိုသတ်၍ ညတွင်းချင်းအသားကိုစားခိုင်းသည်။ သိုးသူငယ်၏အသားကို စားသောအိမ်၏ တံခါးထုပ်နှင့်တံခါးတိုင်၌ သိုးသူငယ်၏ အသွေးကိုထိုးခိုင်းသည်။ ထိုညတွင် ထာ၀ရဘုရားသည် အဲဂုတ္တုပြည်ကို တရားစီရင်မှာဖြစ်သည်။ သိုးသူငယ်၏အသွေးသည် ဣသရေလလူတို့၏ လက္ခဏာသက်သေဖြစ်၍ ထိုအသွေးကို မြင်သောအခါ ဘုရားသခင်က တရားမစီရင်ဘဲ သူတို့ကိုကျော်သွားမှာဖြစ်သည်။ အသွေးမသုတ်သော အိမ်များတွင်မူတရားစီရင်၍ သားဦးနှင့်တိရစ္ဆာန်သားဦးများ သေရမှာဖြစ်သည် (ထွက် ၁၂:ရ- ၁၃)။ "ထိုညသန်းခေါင်အချိန်၌ ထာ၀ရဘုရားသည် နန်းထိုင်သော ဖါရောဘုရင် ၏သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသောသူ၏သားဦးတိုင်အောင် အဲဂုတ္တု ပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်ရှိသမျှ၏သားဦးများကို၎င်း၊ ဒဏ်ခတ် တော်မူ၏။" (ထွက် ၁၂:၂၉)။ သို့သော် ဣသရေလလူမျိုးများ၏သားဦးများမူကား မသေကြ။ ဒဏ်ခတ်ခြင်းမခံရကြ။ ထိုသို့ဒဏ်ခတ်ခြင်းမှလွတ်မြောက်ခြင်းသည် သူတို့၏အကျင့်ကောင်းသောကြောင့်မဟုတ်၊ သိုးသူငယ်၏အသွေးကြောင့် ဖြစ်သည်။ ထာ၀ရဘုရားသည် အသွေးကိုကြည့်၍လွန်သွားသည်။ ထို့နည်းတူတလောကလုံးတရားစီရင်ခြင်းမှကင်းလွတ်ဘို့ရန် အသွေးလိုအပ်သည်။ သို့သော် ဘုရားသခင်လက်ခံနိုင်သည့်သန့်ရှင်းသောအသွေးမရှိသောအခါ ဘုရားသခင်အစီစဥ်အားဖြင့်ခရစ်တော်၏အသွေးကိုသွန်းခဲ့ပြီ။ ခရစ်တော်ကိုယ်တိုင်က၊ "ဤခွက်ကားပဋိညာဥ်တရားသစ်နှင့်ဆိုင်၍ လူအများ၏အပြစ်ကိုလွှတ်စေခြင်းငှါသွန်းသောငါ၏အသွေးဖြစ်၏။" ဟုဆိုသည် (မဿဲ ၂၆:၂၈)။ ထိုအသွေးကြောင့် အပြစ်လွှတ်ခြင်းခံရပါက အပြစ်အတွက်နောက်တဖန်တရားစီရင်ခြင်းခံစရာမလိုတော့ချေ။ ခရစ်တော်ကိုယ်တိုင်က၊ "သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။"ဟုဆိုသည် (ယော ၃:၁၈)။ မိတ်ဆွေ၏အပြစ်များကို ခရစ်တော်၏အသွေးတော်အားဖြင့်လွှတ်လျက် ဘုရားသခင်ကတရားမစီရင်တော့ဘဲ လွန်သွားခဲ့ပြီ။ ထိုသမ္မာတရားကို မိတ်ဆွေလက်ခံနိုင်ပါသလား။ ဣသရေလလူမျိုးများ တရားစီရင်ခြင်းမှ လွတ်ကင်းစေသောသူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ အ သွေးအားဖြင့်လွတ်စေသည်။ ထိုနည်းတူ ၊ တလောကလုံး ခရစ်တော်၏ အသွေးအားဖြင့် လွတ်ဘို့စီစဥ်သောသူသည် ဘုရားသခင်ပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ခရစ်တော်၏အသွေးကိုကြည့်ခြင်းအားဖြင့် တရားမစီရင်ဘဲ နေခြင်းကို မိတ်ဆွေယုံကြည်လက်ခံဘို့သာလိုပါသည်။

ပြည့်တန်ဆာရာခပ်

ဣသရေလ လူမျိုးများသည် ခါနန်ပြည်မ၀င်မှီရှိတ္တိမ်မြို့၌ နေစဥ်တွင် ယောရှုသည် ယေရိခေါမြို့ကို စုံစမ်းဘို့ရန်၊ သူလျှိုနှစ်ယောက်ကိုစေလွှတ်ခဲ့သည်။ ထိုသူလျှို နှစ်ယောက်တို့သည် ယေရိခေါမြို့ရှိ ပြည့်တန်ဆာရာခပ်အိမ်တွင် ခိုလှုံ ကြသည်။ ထိုအခါရာခပ်က ဣသရေလလူများသည် ယေရိခေါမြို့ကို သိမ်းပိုက် သောအခါ သူနှင့်တကွအိမ်သူအိမ်သားများကို မသတ်ဘို့ရန် သူလျှိုများထံဂတိ တောင်းခံခဲ့သည်။ ထိုသူလျှိုနှစ်ယောက်ကလည်း ဂတိပေးခဲ့သည်။ သို့သော် ယေရိခေါမြို့ကိုသိမ်းပိုက်သောအခါ ပြည့်တန်ဆာရာခပ်၏အိမ်ကို သိနိုင်ဘို့ရန် သူလျှိုများက ကြိုးနီလေးကိုပေး၍ ပြုတင်းပေါက်၌ချည်ထားခိုင်းသည်။ သူလျှိုများက ဤကြိုးနီကိုချည်ထား၍ သင့်မိဘမောင်နှမများသည် အိမ်ထဲ၌ခေါ်ထားရမည်။ အိမ်ပြင်ထွက်၍သေလျှင် ကိုယ်တိုင်သေပြစ်ခံစေဟုဆိုကြသည် (ယောရှု ၂:၁-၂၁)။ ဣသရေလလူများသည် ထာ၀ရဘုရားက ယေရိခေါမြို့ကိုပေးသော အခါ ကြိုးနီချည်ထားသောအိမ်ထဲ၌ရှိသော ပြည့်တန်ဆာရာခပ်၏မိသားစုကို အသက်ချမ်းသာပေးကြသည် (ယောရှု ၆:၂၃)။ ပြည်တန်ဆာရာခပ်သည် အကျင့်ကောင်းသောသူမဟုတ်ပါ။ ပြည့်တန်ဆာဖြစ်သည်။ သို့သော်သူသည် ဘုရားသခင်ကိုကြောက်ရွံ့ယုံကြည်သောသူဖြစ်သည်။ ထိုသို့ကြောက်ရွံ့ရုံဖြင့်မပြီးသေးပါ။ သူမ၏ယုံကြည်ခြင်းကို လက်တွေ့ပြသခဲ့သည်။ မည်သို့ပြသခဲ့သနည်းဟူမူကား ဣသရေလသူလျှိုများကို ကာကွယ်သည်။ ထိုသို့ကာကွယ်မစခြင်းဖြင့် သူ့အသက် သေနိုင်သည်။ သို့သော်ထိုအရာကိုမမှုဘဲ ကူညီမစခဲ့သည်။ တအိမ်သားလုံးသေဘေးမှလွတ်မြောက်ခြင်းသည် ကြိုးနီလေးကြောင့်ဖြစ်သည်။ ကြိုးနီတပ်ထားသောအိမ်ထဲမှာနေသမျှသောသူတို့သည် လွတ်မြောက်ကြသည်။ ကြိုးနီအပြင်ဘက်မှာနေသမျှသောတမြို့လုံးသည် သေရကြသည်။ ထိုကြိုးနီလေးသည် သခင်ယေရှု၏အသွေးတော်ကိုပုံဆောင်သည်။ ကြိုးနီလေးသည် ပြည့်တန်ဆာရာခပ်ပိုင်သည်မဟုတ်။ သူလျှိုများကပေးသည်။ ထိုနည်းတူ ခရစ်တော်၏အသွေးသည် ကျွန်ပ်တို့အားဖြင့်မဟုတ်။ ဘုရားသခင်ကပေးသောအရာဖြစ်သည်။ ကြိုးနီလေး ၏ကွယ်ကာမှု ကြောင့်သေဘေးမှလွတ်သကဲ့သို့ ခရစ်တော်၏အသွေးကြောင့်သေဘေးမှလွတ်သောအခွင့်ရကြပြီ။ ထိုအသွေးတော်ကို မိတ်ဆွေလက်ခံ အား ကိုးဘို့သာလျှင်ရှိသည်။ ခရစ်တော်၏အသွေးတော်ကြောင့် သေဘေးမှလွတ် မြောက်ကြသည်။ ကျမ်းစာက၊ "လက်၀ါးကပ်တိုင်မှာသွန်းသောအသွေးတော် အားဖြင့် ရန်ကိုငြိမ်းစေ၍ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့်မိဿဟာရဖွဲ့စေခြင်းငှါ အလိုတော်ရှိ၏။" ဟုဆိုထားသည် (ကော ၁:၂၀)။

ဖြောင့်မတ်စေပြီ

လူသည်ဘုရားသခင်ရှေ့၌ မိမိလုပ်ဆောင်ချက်ဖြင့် ဖြောင့်မတ်ခြင်းမရနိုင်ကြောင်းသိခဲ့ရပြီ။ သို့သော်ဘုရားသခင်သည် ယေရှုခရစ်၏အသွေးတော်အားဖြင့် ဖြောင့်မတ်စေခဲ့ပြီ။ အာဒံ၏သားအာဗေလသည် သိုးသူငယ်အားဖြင့် ဘုရားသခင်အားပူဇော်ခဲ့သည် (ကမ္ဘာ ၄:၄)။ အာဗေလ၏ပူဇော်ခြင်းကို ဘုရားသခင်ကလက် ခံသည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်ရှေ့၌ဖြောင့်မတ်ခြင်းရရှိသည်။ သူပူဇော်သောသိုးသူငယ်၏အသွေးသည် ခရစ်တော်အသွေး၏ပုံရိပ်ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် ခရစ်တော်၏အသွေးအားဖြင့် ဖြောင့်မတ်ခြင်းကိုပေးနေပြီဖြစ်သည်။ ကျမ်းစာ၌၊ "ယခုတွင်အသွေးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်ပြီးမှထိုသခင်အားဖြင့်အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်၊ ဟုသာ၍မျှော်လင့်စရာရှိ၏။"ဟုဆိုသည် (ရောမ ၅:၉)။ ထို့ကြောင့် အသွေးတော်အားဖြင့်ဖြောင့်မတ်စေသည်သာမက ခရစ်တော်အားဖြင့်အပြစ်ငရဲမှလည်း ကယ်ချွတ်ပြီးပြီ။ မိတ်ဆွေအနေဖြင့် ထိုအသွေးအားဖြင့်ဖြောင့်မတ်စေခြင်းကိုယုံကြည်လက်ခံဘို့သာလျှင်လိုပါသည်။ ဘေးဒဏ်ကြီးကာလအတွင်း ယုံကြည်သူ များလည်း ဖြောင့်မတ်ခြင်းကို အသွေးတော်အားဖြင့်ရရှိကြောင်းတွေ့ရသည်။ ကျမ်းစာ၌၊ "ဤသူတို့သည်ကြီးစွာသောဒုက္ခထဲကထွက်မြောက်၍မိမိတို့၀တ်လုံကို သိုးသူငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသတည်း။"ဟု ဆိုသည် (ဗျာ ရ:၁၄)။ မိတ်ဆွေ၏၀တ်လုံကို သိုးသူငယ်တည်းဟူသော ခရစ်တော်၏ အသွေးတော်အားဖြင့်ဖြူစင်စေပြီလော။ ပညတ်တော်အားဖြင့်မရနိုင်သောဖြောင့်မတ်ခြင်းကိုခရစ်တော်၏အသွေးအားဖြင့်ရစေတော်မူသောဘုရားသခင်သည် ထာ၀ရချီးမွမ်းခြင်းခံရပါစေသော်။

ရွေးနှုတ်ပြီ

ငါတို့သည်အစ၌လောကီသားများထဲ၌ မွေးဘွားကြသည်။ ထိုလောကီသားများသည် မာရ်နတ်၏လက်၌ရှိသည် (၁ ယော ၅:၁၉)။ ထိုမာရ်နတ်၏လက်မှငါတို့သည်မထွက်တတ်၊ ဘုရားသခင်၏လက်ထဲသို့မရောက်နိုင်။ ထိုအခါ ဘုရားသခင်ကိုယ်တော်တိုင် ငါတို့ကို ခရစ်တော်၏အသွေးတော်အားဖြင့် ရွေးနှုတ်တော်မူ၏။ ကျမ်းစာ၌ "ကိုယ်တော် ( ခရစ်တော်) သည်အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် အသီးသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ပ်တို့ကိုယူ၍ အသွေးတော်နှင့်ဘုရားသခင်အဘို့ရွေးနှုတ်တော်မူ၏။" ဟုရေးထားသည် (ဗျာ ၅:၉)။ ခရစ်တော်သည် အသွေးတော်အားဖြင့် ငါတို့ကိုဘုရားသခင်အဘို့ ရွေးနှုတ်တော်မူပြီဖြစ်သောကြောင့် ငါတို့သည် ဘုရားသခင်အဘို့ဖြစ်ကြပြီ။ ယခင်ဘ၀၌ ငါတို့သည်လောကီထုံးစံသို့လိုက်၍ အချည်းနှီးသောအကျင့်တို့ကိုကျင့်ကြံကြသည်။ ထိုအထဲမှ ခရစ်တော် ၏အသွေးတော်အားဖြင့် ရွေးနှုတ်ခြင်းကို ရှင်ပေတရုက၊ "မိစဥ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့်သင်တို့ကို ရွေးနှုတ်တော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိအညစ်အကြေးနှင့်ကင်းစင်သော သိုးသူငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးနှုတ်တော်မူသည်ကိုသိမှတ်ကြလော့။" ဟုဆိုသည် (၁ ပေ ၁:၁၈-၁၉)။ လူသည်မိစဥ်ဘဆက်ကျင့်သောအကျင့်များကို နှစ်သက်တတ်ကြသည်။ ထိုအကျင့်များသည်အချည်းနှီးအကျိုးမရှိ။ ထိုကြောင့်ထိုအထဲမှ ခရစ်တော်၏အသွေးတော်အားဖြင့် ရွေး၀ယ်ခဲ့သောကြောင့် မိမိကိုယ်ကိုမပိုင်ပါ။ ရှင်ပေါလုက၊ "သင်တို့သည် အဘိုးနှင့်၀ယ်ယူတော်မူသောသူဖြစ်သောကြောင့် ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်၀ိညာဥ်အားဖြင့် ဘုရား သခင်၏ဂုဏ်တော်ကို ထင်ရှားစေကြလော့၊"ဟုမှာထားသည် ( ၁ ကော ၆:၂၀)။

သင်ခန်းစာ (၁၅) မှမေးခွန်းများ

၁။ ဣသရေလလူမျိုးများသည် ဘယ်အရာအားဖြင့် တရားစီရင်ခြင်းမှလွတ်ကြသနည်း။ --------------
၂။ ကျွန်ပ်တို့သည် မည်သူ၏အသွေးအားဖြင့် တရားစီရင်ခြင်းမှလွတ်နိုင်ကြမည်နည်း။ ---------------
၃။ ပြည့်တန်ဆာရာခပ်ကို သူလျှိုများက မည်သည့်အရာကိုပေးသနည်း။ --------
၄။ ကြိုးနီလေးသည် ဘာကိုပုံဆောင်သနည်း။ ------------
၅။ မိတ်ဆွေသည် ခရစ်တော်၏အသွေးအားဖြင့် တရားစီရင်ခြင်းမှ လွတ်မြောက်ပြီဟု ယုံပါသလား။ ---------
၆။ ပညတ်တော်အားဖြင့်မရနိုင်သောဖြောင့်မတ်ခြင်းကို ဘာအားဖြင့်ရနိုင်သနည်း။ --------------
ရ။ ဘုရားနှင့်လူကို ဘယ်အရာအားဖြင့် ရန်ငြိမ်းစေသနည်း။ ------------------
၈။ ဘေးဒဏ်ကြီးကာလယုံကြည်သူများသည် ဘယ်အရာအားဖြင့် မိမိတို့၀တ်လုံကို ဖြူစင်စေကြသနည်း။ -----
၉။ လောကီသားများထဲမှငါတို့ကို မည်သည့်အရာအားဖြင့် ရွေး၀ယ်သနည်း။ ---------------
၁၀။ ခရစ်တော်၏အသွေးဖြင့် ရွေး၀ယ်ပြီဖြစ်၍ သင်သည်မည်သူ့အဘို့ဖြစ်သနည်း။ --------------

.

သင်ခန်းစာ (၁၆)

ကိုယ်စားခံခြင်း

သင်ခန်းစာ (၁၄)၌ အသွေးအားဖြင့်အပြစ်လွတ်ခြင်းနှင့်သင်ခန်းစာ (၁၅) တွင်အသွေး၏လုပ်ဆောင်ချက်များသိခဲ့ရပြီ။ ယခုကိုယ်စားခံခြင်းနှင့် ပတ်သက်၍လေ့လာကြစို့။ အချို့ကိစ္စများ၌ကိုယ်စားခံခြင်းသည်မဖြစ်နိုင်ပါ။ ဥပမာ၊ သူတပါးအတွက် ထမင်းစားပေး၍မရပါ။ ကိုယ်တိုင်စားဘို့လိုသည်။ သို့သော်အချို့ကိစ္စများ၌ကိုယ်စားခံပေးနိုင်ကြောင်းတွေ့ရသည်။ ဥပမာ၊ အကြွေးကိုကိုယ်စားပေးနိုင်သည်။ ထို့ကြောင့်အပြစ်နှင့်ပတ်သက်၍ ကိုယ်စားခံခြင်းကိုနားလည်ဘို့လိုသည်။

ဆိတ်ခေါင်းပေါ်တင်

ဣသရေလလူမျိုးများသည်အပြစ်ဖြေရာနေ့၌မိမိတို့အပြစ်ဖြေဘို့ရန် အသက်ရှင်သောဆိတ်တစ်ကောင်ကိုယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာတတ်ကြသည်။ ထိုအခါဘိသိက်ခံသောယဇ်ပုရောဟိတ်သည်အသက်ရှင်သောဆိတ်ခေါင်းပေါ်၌လက်နှစ်ဖက်ကိုတင်လျက် ဣသရေလလူမျိုးတို့၏ အပြစ်မှစ၍ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကိုဘော်ပြ၍ ဆိတ်ခေါင်းပေါ်တွင်တင်ပြီးလျှင်တော်လျော်သောလူတွင်တောသို့စေလွှတ်ရမည်။ သူတို့အပြစ်ရှိသမျှကိုလူမနေသောအရပ်သို့ဆောင်သွားသောထိုဆိတ်ကိုတော၌လွှတ်လိုက်ရမည်။ (၀တ်ပြုရာ ၁၆:၂၁)။ ဣသရေလလူမျိုးများ၏အပြစ်ရှိသမျှသည်ထာ၀ရဘုရားစီရင်တော်မူသည်အတိုင်းဆိတ်ခေါင်းပေါ်သို့ရောက်ရှိသွားသည်။ ထိုအပြစ်ပါသောဆိတ်ကိုတောသို့လွှတ်သောအခါ အပြစ်လည်းပါသွားပြီဖြစ်သည်။ ထို့ကြောင့်ဣသရေလလူတို့ထံ၌အပြစ်မရှိတော့ပါ။ အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် ထာ၀ရဘုရားဖြစ်သည်။ ထာ၀ရဘုရားကိုယ်တော်တိုင်ထိုသို့စီရင်သောကြောင့် ဣသရေလလူမျိုးများသည်အပြစ်နှင့်လွတ်လျက်ရှိကြသည်။

ခရစ်တော်အပေါ်တင်

ယခုတွင်တလောကလုံးရှိ လူသားများ၏အပြစ်ကိုခရစ်တော်အပေါ်၌တင်လျက်၊ ခရစ်တော်ကအပြစ်၏ အခသေခြင်းကိုခံပေးသည်။ ကျမ်းစာက၊ "ငါတို့ ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာ၀ရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ် ၌တင်တော်မူ၏။" ဟုဆိုသည် (ဟေရှာယ ၅၃:၆)။ ကျမ်းစာက ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏ဟုဆိုသောကြောင့် ငါတို့ဟုဆိုသော သူများအထဲ၌ မိတ်ဆွေလည်းပါ၀င်နေပြီဖြစ်သည်။ ယုံကြည်သူမယုံကြည်သူတလောကလုံးရှိလူသားအားလုံးပါ၀င်ပြီးဖြစ်သည်။ ထို့ကြောင့်မိတ်ဆွေအပေါ်၌ အပြစ်လုံး၀မရှိတော့ချေ။ ခပ်သိမ်းသောငါတို့၏အပြစ်ဟုဆိုသောကြောင့် ယခင်အပြစ်၊ ယခုအပြစ်၊ အနာဂတ်၌ပြုလုပ်မည့်အပြစ်အားလုံးပါသွားပြီးဖြစ်သည်။ သူ့အပေါ်ဟုဆိုရာတွင် သခင်ခရစ်တော်ကိုဆိုလိုသည်။ ဗတ္တိဇံယောဟန်က ခရစ်တော်ကိုမြင်သောအခါ၊ "ဤလောက၏အပြစ်ကို ယူဆောင်သွားသောဘုရားသခင် ၏သိုးသူငယ်။"ဟုဆိုသည် (ယော ၁:၂၉)။ ရှင်ပေါလုကလည်း၊ "ခရစ်တော်သည်ငါတို့အပြစ်များကြောင့်အသေခံတော်မူ၏။"ဟုဆိုသည် (၁ ကော ၁၅:၃)။ ထိုကြောင့်ငါတို့၏အပြစ်များကို ယူတင်ဆောင်ရွက်သောသူသည် ခရစ်တော်ပင်ဖြစ်သည်။

အပြစ်တင်ပိုင်သူ

ဣသရေလများ၏အပြစ်ကို ယဇ်ပုရောဟိတ်ကသာ ဆိတ်ခေါင်းပေါ်သို့တင်ပိုင်သည်။ သူတို့ကိုယ်တိုင်တင်ပိုင်ခွင့်မရှိ။ ထိုနည်းတူတလောကလုံး၏အပြစ်များကို ဘုရားသခင်ကသာ ခရစ်တော်အပေါ်၌တင်ပိုင်သည်။ ကျမ်းစာက၊ "ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။" ဟုဆိုထားသည် (၂ ကော ၅:၂၁)။ အပြစ်နှင့်ကင်းစင်သောသူသည် ခရစ်တော်ပင်ဖြစ် သည်။ ထာ၀ရဘုရားကခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေပြီ။ ထိုသို့ဖြစ်စေခြင်းသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် ထာ၀ရဘုရားပြုလုပ်သောအရာကို ယုံကြည်လက်ခံဘို့သာရှိသည်။ ထိုသို့ယုံကြည်လျှင် ဘုရားအမြင်၌ မိတ်ဆွေသည် အပြစ်ကင်းသည်။ ထိုအရာသည် သတင်းကောင်းဖြစ်ပါသည်။

အပြစ်အခသေခြင်း

ယခုငါတို့၏အပြစ်များသည် ခရစ်တော်အပေါ်၌ ရောက်ရှိသွားပြီ။ အပြစ် ၏ အခသည် သေခြင်းဖြစ်သည် (ရော ၆:၂၃)။ ထို့ကြောင့်ငါတို့ကိုယ်စား ခရစ်တော်အသေ ခံခဲ့ရသည် (ဟေဗြဲ ၉:၂၈)။ သို့ဖြစ်၍အပြစ်အတွက် မည်သူမျှနောက်တဖန် သေစရာမလိုတော့ပါ။ တလောကလုံး၌ အပြစ်ကြောင့် သေရမည့်သူ မရှိတော့ပါ။ ခရစ်တော်သည် တလောကလုံးအတွက် အသေခံခဲ့ပြီ။ ကျမ်းစာက၊ "ထိုသခင်သည် ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။"ဟုဆိုသည် (၁ ယော ၂:၂)။ သို့သော်များစွာသောသူများသည် ထိုအရာကိုမသိသောကြောင့်၎င်း၊ မယုံကြည်သောကြောင့်၎င်း၊ ငရဲမီးအိုင်ထဲသို့ဆင်းကြရဦးမည်ဖြစ်သည်။

ပညတ်တရား၏ကျိန်ခြင်း

သင်ခန်းစာ (၁၁)၌ လူသည် ပညတ်တရားမလိုက်လျှောက် နိုင်သော ကြောင့် ကျိန်ခြင်းခံရကြောင်းသိခဲ့ရပြီ။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား လျှောက်ရာတွင် တခုမကျန် မခြားမလပ် လိုက်လျှောက်ဘို့လိုသည်။ မိတ်ဆွေအပါအ၀င် လူသားတိုင်းသည် ပညတ်တော်မလိုက်လျှောက်နိုင်သောကြောင့်ကျိန်ခြင်းခံရကြသည် (ဂလာ ၃:၁၀- ၁၃)။ ကျိန်ခြင်းခံသောသူသည်သစ်တိုင်မှာဆွဲထားခြင်းခံရမည်။ သို့သော်ခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျိန်ခြင်းကိုခံသောသူဖြစ်၍ ငါတို့ကိုပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ (ဂလာ ၃:၁၃)။ ခရစ်တော်သည် ငါတို့ကိုယ်စားကျိန်ခြင်းခံခဲ့သည်။ ထို့ကြောင့်သစ်တိုင်တည်းဟူသော လက်၀ါးကပ်တိုင်ပေါ်မှာ ဆွဲထားခြင်းခံခဲ့ရသည်။ သို့ဖြစ်၍ မိတ်ဆွေသည် ကျိန်ခြင်းမှ လွတ် မြောက်ပြီ။ သစ်တိုင်ပေါ်မှာ ဆွဲထားခြင်းခံစရာ မလိုတော့ချေ။ ကျိန်ခြင်းနှင့် သေခြင်းမှလွတ်မြောက်ခြင်းသည် မိတ်ဆွေ၏ကြိုးစားမှုနှင့် အကျင့်ကြောင့်မဟုတ်၊ ဘုရားသခင်၏စီစဥ်ပေးမှုဖြင့် ခရစ်တော်ကကိုယ်စားခံပေးသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာလျှင်ဖြစ်သည်။ ထိုအရာကို ယုံကြည်လက်ခံဘို့လိုသည်။

အသေခံခြင်း

လူသည် အာဒံ၏အပြစ်ကြောင့် အသေခံရသည်ဟုသင်ခဲ့ရပြီ။ သေခြင်းသုံးမျိုးရှိသည်။ ၎င်းတို့မှာ
(၁) ဝိညာဥ်ပိုင်းသေခြင်း၊ လူ၏၀ိညာဥ်နှင့် ထာ၀ရဘုရား၏ ၀ိညာဥ်အဆက်ပြတ်ခြင်းဖြစ်သည်။ လူတိုင်းအာဒံကြောင့် မွေးစကပင် ၀ိညာဥ်ပိုင်းသေနေကြသည်။
(၂) ကိုယ်ခန္ဓာပိုင်းသေခြင်း၊ လူ၏ကိုယ်ခန္ဓာနှင့်၀ိညာဥ်အဆက်ပြတ်သောအခါ ကိုယ်ခန္ဓာသေဆုံးသည်ဟုဆိုသည်။ မိတ်ဆွေအထဲ၌ ၀ိညာဥ်ရှိသေးသောကြောင့် ကိုယ်ခန္ဓာအသက်ရှင်ရခြင်းဖြစ်သည်။
(၃) ဒုတိယသေခြင်း၊ မယုံကြည်သူများကိုယ်ခန္ဓာသေဆုံးသောအခါ သူတို့၏စိတ် ၀ိညာဥ်ထာ၀ရမီးအိုင်ထဲသို့ရောက်သွားခြင်းကို ဒုတိယသေခြင်းဟုခေါ်သည်။
ထိုသေခြင်းများကို လူတိုင်းမလွှဲမသွေရင်ဆိုင်ရမှာဖြစ်သည်။ သို့သော်ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါတို့ကိုယ်စားသားတော်ယေရှုကို အသေခံစေသည်။ ထိုသို့ အားဖြင့် လူသည်သေခြင်းမှလွတ်မြောက်နိုင်သည်။ ခရစ်တော်သည် လက်၀ါးကပ်တိုင်မှာအသေခံ သောအခါ သေခြင်းအားလုံးအတွက်ခံပြီးဖြစ်သည်။ ၀ိညာဥ်ပိုင်းသေခြင်းအတွက် ငါတို့ကိုယ်စား အဘခမည်းတော်နှင့်အဆက်ပြတ်ခဲ့သည်။ ထို့ကြောင့်၊ "အကျွန်ုပ်ဘုရား အဘယ့်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်။"ဟုအော်ခဲ့သည် (မဿဲ ၂ရ:၄၆)။ ထိုသို့ခရစ်တော်အသေခံခဲ့သောကြောင့် ငါတို့သည်ဘုရားသခင်နှင့် ပြန်လည်ဆက်ရသောအခွင့်ရကြပြီ။ ခရစ်တော်သည်ကိုယ်ခန္ဓာအားဖြင့် အသေခံခဲ့သောကြောင့် ငါတို့၏ကိုယ်ခန္ဓာသည် အနာရောဂါများငြိမ်းရသောအခွင့်နှင့်ကိုယ်ခန္ဓာထာ၀ရပျက်စီးခြင်းမှကင်းလွတ်စေသည်။ ငါတို့၏ကိုယ်ခန္ဓာသည် သေခဲ့သည်ရှိသော် ခရစ်တော်ကြွလာသောအခါ မပုပ်ပျက်တတ်သောကိုယ်ခန္ဓာဖြင့် ပြန်ထလာမည် ဖြစ်သည်။ ခရစ်တော်ကြွလာသောအခါ အသက်ရှင်သေးခဲ့သော် မသေတော့ဘဲ အရှင်လတ်လတ် ချီဆောင်ခြင်းခံရမှာဖြစ်သည် (၁ ကော ၁၅:၅၁-၅၅၊ ၁ သက် ၄:၁၃-၁ရ)။ ခရစ်တော်အသေခံခြင်းကြောင့် ဒုတိယသေခြင်းတည်းဟူသော ထာ၀ရ မီးအိုင်မှလည်း လွတ်မြောက်သွားပြီဖြစ်သည်။ သို့သော်ဤအရာများကိုခံစားနိုင်ရန် ယုံကြည်ခြင်းရှိဘို့လိုသည်။

သင်ခန်းစာ (၁၆) မှမေးခွန်းများ

၁။ ဣသရေလ များ၏အပြစ်သည် မည်သည့်အပေါ် တင်သနည်း-----
၂။ မည်သူကတင်သနည်း။ ---------------
၃။ လူသားအားလုံး၏အပြစ် မည်သူ့အပေါ်တင်သနည်း----------
၄။ မည်သူကတင်သနည်း။ ---------------
၅။ ငါတို့၏အပြစ် မည်မျှတင်သနည်း။ ------------
၆။ မိတ်ဆွေ၌အပြစ်ရှိပါသေးသလား၊ --------------
ရ။ ပညတ်တော်ကျိန်ခြင်းမှမည်သို့လွတ်နိုင်သနည်း။ -----------
၈။ မိတ်ဆွေကျိန်ခြင်းမှလွတ်မြောက်ပြီလော-----------
၉။ မိတ်ဆွေဘုရားသခင်နှင့် ပြန်ဆက်ခွင့်ရပြီလော။ ------------
၁၀။ ခရစ်တော်ကြွလာလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ -----------

.

သင်ခန်းစာ (၁ရ)

လူဟောင်းသေခြင်း

ကျူးလွန်သောအပြစ်ကိုခရစ်တော်၏ အသွေးတော်အားဖြင့် ဆေးကြောဖြေလွှတ်ခြင်းကို သင်ခန်းစာ (၁၄)၌ သင်ခဲ့ရပြီ။ အသွေးတော်၏ လုပ်ဆောင်ချက် များကို သင်ခန်းစာ (၁၅)၊ ကိုယ်စားခံခြင်းကို သင်ခန်းစာ (၁၆)၌ ၎င်းသင်ခဲ့ရပြီ။ ယခုအပြစ် ပြုလုပ် သူလူဟောင်းအကြောင်း လေ့လာဘို့ ဖြစ်သည်။

အပြစ်ပွားများလျှင်ကျေးဇူးတော်ကြွယ်၀
ကျမ်းစာ၌၊ "အပြစ်ပွါးများသည့်အရာမှာကျေးဇူးတော်သာ၍ကြွယ်၀၏။"ဟုဆိုသည် (ရော ၅:၂၀)။ ဆိုလိုသည်မှာအပြစ်များလေလေကျေးဇူးတော် ခံစားလေလေဖြစ်သည်။ သို့ဖြစ်လျှင် ကျေးဇူးတော်များများ ခံစားဘို့ရန် အပြစ်များများ လုပ်ရမည်လောဟု မေးစရာရှိလာသည်။ ထိုကြောင့်ကျမ်းစာက၊ "ထိုသို့ မှန်လျှင် အဘယ်သို့ ပြုရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှါ အပြစ်တရားကိုကျင့်၍နေရမည်လော။ ထိုသို့ မနေရ။ အပြစ်တရား၌ စုတေ့သောသူသည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။"ဟုဆိုသည် (ရော ၆:၁-၂)။ သို့ဖြစ်၍ အပြစ်တရား၌ သေခြင်းအကြောင်းကို လေ့လာကြစို့။

အလင်းနိုင်ငံ၌
ဘုရားသခင်သည် အာဒံအား အလင်းနိုင်ငံ၌ ထားခဲ့သည်။ အလင်းနိုင်ငံဆိုသည်မှာ အပြစ် ကင်းမဲ့သောနေရာ ဘုရားသခင်အုပ်စိုးသောနိုင်ငံကိုဆိုလိုသည်။ အလင်းနိုင်ငံ၌အပြစ်မရှိသောကြောင့် ဘုရားသခင်နှင့်ပေါင်းဖေါ်၍ရသည်။ ကြောက်ရွံ့ခြင်း၊ ရှက်ခြင်းများမရှိ။

အမှောင်နိုင်ငံသို့
အာဒံသည် ဘုရားသခင်၏ စကားကိုနားမထောင်သောအားဖြင့် အလင်းနိုင်ငံမှအမှောင်နိုင်ငံသို့ကူးပြောင်းသွားသည်။ အမှောင်နိုင်ငံဆိုသည်မှာ ဘုရားသခင်မအုပ်စိုးသောနေရာ ဤလောကကိုဆိုလိုသည်။

အမှောင်နိုင်ငံ၏ သခင်အပြစ်
အမှောင်နိုင်ငံ၏သခင်သည်အပြစ်ဖြစ်သည်။ ခရစ်တော်က၊ "ဒုစရိုက်အပြစ် ပြုသမျှသော သူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်သည်၊" ဟုဆိုသည် (ယော ၈:၃၄)။ အာဒံသည်ဘုရားစကား နားမထောင်သောကြောင့် အမှောင်နိုင်ငံ၌ အပြစ်၏ကျွန်ဖြစ်ခဲ့ရသည်။

မွေးဘွားခြင်းဖြင့်
အာဒံသည် စကားနားမထောင်ခြင်းဖြင့်အပြစ်၏ ကျွန်ခံရသည်။ သူ၏သားသမီးများသည် အမှောင်နိုင်ငံ၌မွေးဘွားခြင်းအားဖြင့်ရောက်ရှိ၍ အပြစ်၏ကျွန်ခံရကြသည်။ ငါတို့သည် အာဒံ၏သားများဖြစ်သောကြောင့် ငါတို့၏သခင်သည် အပြစ်ဖြစ်သည်။

လူမတတ်နိုင်
ဘုရားသခင်သည် မိတ်ဆွေ၏ အပြစ်များကိုဖြေလွှတ်သော်လည်း မိတ်ဆွေသည် အမှောင်နယ်မြေထဲမှာ အပြစ်၏ကျွန်ခံနေရလျှင် အပြစ်ဆက်လုပ်နေရဦးမှာဖြစ်သည်။ လူသည် အမှောင်နယ်မြေမှထွက်ဘို့ရန်သော်၎င်း၊ အပြစ်ကျွန်မှလွတ်ဘို့ရန်သော်၎င်း၊ မတတ်နိုင်ပါ။

သားတော်စေလွှတ်
ဘုရားသခင်သည်အမှောင်နယ်မြေ၌အပြစ်၏ကျွန်ခံနေရသောလူသားများကို ကယ်တင်ဘို့ရန် သားတော် ယေရှုကို အမှောင်နယ်မြေထဲသို့ စေလွှတ်သည် (ဟေဗြဲ ၂:၁၄-၁၅၊ မသဲ ၄:၁၄-၁၆)။ သခင်ယေရှုသည် အမှောင်နယ်မြေထဲ၌ နေရသော်လည်းအပြစ်၏ကျွန်မခံချေ (၁ ပေ ၂:၂၂)။ ထို့ကြောင့်အမှောင်နယ်မြေထဲမှာအပြစ်၏ ကျွန်ခံနေရသောသူတို့ကို ကယ်တင်ခြင်းငှာ တတ်စွမ်းနိုင်သည်။

ခရစ်တော်၌
လူသည် အမှောင်နယ်မြေထဲသို့ မွေးဘွားခြင်းအားဖြင့်ရောက်ရှိလာသည်။ ထို့ကြောင့် သေခြင်းဖြင့်သာပြန်ထွက်နိုင်သည်။ ဥပမာမိသားစုထဲ၌ မွေးဘွားခြင်းဖြင့်ရောက်လာ၍ သေခြင်းဖြင့်ပြန်ထွက်ရသည်။ ထိုနည်းတူ လူသည်သေခြင်းဖြင့် အမှောင်နယ်မှပြန်ထွက်ရမည်။ သို့သော်ကိုယ်ခန္ဓာသေလျှင် ငရဲရောက်ဘို့သာရှိသည်။ ထို့ကြောင့် ဘုရားသခင်က လူကို ခရစ်တော် အထဲ၌ ထည့်လိုက်သည် (၁ ကော ၁:၃၀)။ ထိုသို့ ဘုရားသခင်က လူကို ခရစ်တော် အထဲ၌ ထည့်ခြင်းကို ယုံကြည်ခြင်းအားဖြင့်လက်ခံဘို့ လိုသည်။

လူဟောင်းသေ
အမှောင်နယ်မြေ၌ မွေးဘွား၍ အပြစ်၏ကျွန်ခံနေရသောလူကို လူဟောင်းဟုခေါ်သည်။ ထိုလူဟောင်းသည် ဘုရားစကားကိုနားမထောင်နိုင်။ အကြောင်းမှာ သူ့သခင်အပြစ်၏ စကားနားထောင်ဘို့လိုသောကြောင့်ဖြစ်သည်။ ထိုလူဟောင်းကို ဘာသာရေးသမားများ ကကောင်းသောအကျင့်ကျင့်ဘို့ရန် သွန်သင်သော်လည်းမရ။ ဘုရားသခင်အနေဖြင့်ထိုလူဟောင်းကို ပြုပြင်ဘို့မကြိုးစား။ ထို့ထက်အဆုံးစီရင်ဘို့အကြံရှိသည်။ ထို့ကြောင့် လူဟောင်းကို ခရစ်တော်အထဲ၌ထည့်လျက် ခရစ်တော်နှင့်အတူလက်၀ါးကပ်တိုင်၌ အသေခံ စေသည်။ ကျမ်းစာ၌၊ "ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်၀ါးကပ်တိုင်၌ အသေသတ်ခြင်းခံရပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှအပြစ် တရား၏အစေကို မခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်စီးမည့်အကြောင်းတည်း။" ဟုဆိုထားသည် (ရော ၆:၆)။ လူဟောင်းသည် အပြစ် ကျွန်ခံရာမှ ခရစ်တော်နှင့်အတူ အသေခံသောအခါ အပြစ်၏ကျွန်မှလွတ်မြောက်သွားသည်။ အကြောင်းမူကား၊ "သေသောသူသည် အပြစ်တရား၏လက်မှလွတ်လျက်ရှိ၏။" (ရော ၆:ရ)။ လူသေကို မည်သူမျှ မစေခိုင်းနိုင်ချေ။ ထို့နည်းတူ သေနေသော လူဟောင်းကို အပြစ်တရားက မအုပ်ချုပ်နိုင်တော့ချေ။ ထိုနည်းဖြင့် လူဟောင်းသည် အပြစ်၏ကျွန်မှ၎င်း၊ အမှောင်နယ်မြေမှ၎င်း လွတ်မြောက်လာသည်။

ဘုရားအမြင်နှင့်လူ့အမြင်
လူ့အမြင်၌ လက်၀ါးကပ်တိုင်ပေါ်မှာ ခရစ်တော်အသေခံသည်။ သို့သော် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ခရစ်တော်သေဘို့ရန်မဟုတ်။ လူဟောင်းသေဘို့ရန်ဖြစ်သည်။ ထို့ကြောင့် လူဟောင်းကိုခရစ်တော်အထဲ၌ထည့်လျက် ခရစ်တော်နှင့်အတူ အသေခံစေသည်။ ထို့ကြောင့် ဘုရားအမြင်၌ လက်၀ါးကပ်တိုင်ပေါ်တွင် လူဟောင်းသေနေသည်။

ယုံကြည်ခြင်းဖြင့်လက်ခံ
မိတ်ဆွေ အနေဖြင့် ခရစ်တော်နှင့် အသေခံခြင်းကို လက်ခံဘို့ရန် ခက်နေပေလိမ့်မည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့လိုသည်။ ရှင်ပေါလုသည်လည်း ခရစ်တော်အသေခံသောအခါ ယုံကြည်သူမဟုတ်သေးပါ။ သို့သော်နောက်ပိုင်း၌ "ငါသည်ခရစ်တော်နှင့်အတူ လက်၀ါးကပ်တိုင်၌ အသေခံပြီ။"ဟု၀န်ခံခဲ့သည် (ဂလာ ၂:၂၀)။

မြှုပ်နှံဗတ္တိဇံခံ
လူသည် သေသွားသောအခါ သင်္ချိုင်းထဲ၌မြှုပ်နှံရသည်။ ထိုနည်းတူ ခရစ်တော်နှင့်အတူ သေသော လူဟောင်းကိုလည်း ခရစ်တော်နှင့်အတူမြှုပ်နှံခြင်းခံရသည်။ မြှုပ်နှံခြင်းကို ဗတ္တိဇံဟုခေါ်သည်။ ရှင်ပေါလုက၊ "အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့်အတူသင်္ဂြိုလ်ခြင်းကို ခံရကြ၏။"ဟုဆိုသည် (ရောမ ၆:၄)။ ထို့ကြောင့် မိတ်ဆွေသည် ခရစ်တော်နှင့်အတူ သင်္ဂြိုလ်ခြင်းကိုခံရသည်။ မိတ်ဆွေ၏ လူဟောင်းသည် လက်၀ါးကပ်တိုင်၌ အသေခံ၍ သင်္ချိုင်း၌ အဆုံးသတ်သည်။ ထို့ကြောင့် မိတ်ဆွေသည် အပြစ်ကျွန်မှ လွတ်မြောက်ခဲ့ပြီးဖြစ်ပါသည်။

ရှင်ပြန်ထမြောက်ခြင်း
သခင်ယေရှုသည်သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ ထိုနည်းတူ ငါတို့ သည်လည်း အသစ်သော အသက်တာအားဖြင့်ရှင်ပြန်ထမြောက်ကြပြီ။ ကျမ်းစာ၌၊ "ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူ သည့်နည်းတူ၊ ငါတို့လည်း အသစ်သော အသက်တာ၌ ကျင်လည် ရကြသတည်း။"ဟု ဆိုသည် (ရော ၆:၄)။ တဖန်ကျမ်းစာက၊ "ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်း မှထမြောက် စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အား ထုတ် တော်မူခြင်းကို ယုံကြည်သောအားဖြင့် ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ (ကောလော ၂:၁၂)။ ထို့ကြောင့် မိတ်ဆွေလည်းထမြောက်ပြီးဖြစ်သည်။

အသစ်သောအသက်တာဖြင့်
ထိုသို့ ရှင်ပြန်ထမြောက်သောအခါ လူဟောင်းထမြောက်သည်မဟုတ်၊ အသစ်သော အသက်တာ၊ လူသစ်ထမြောက်သည်။ ကျမ်းစာ၌၊ "အချင်းလူမိုက်သင်စိုက်သော မျိုးစေ့ မပျက်လျှင်မရှင်တတ်။ ထိုမှတပါးမျိုးစေ့ကိုစိုက်သောအခါ နောက်ဖြစ်လတံ့သောကိုယ်ကို မစိုက်။ ဂျုံစပါးဖြစ်စေ အခြားသောစပါး ဖြစ်စေ အစေ့သက်သက်ကို စိုက်တတ်၏။ ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်းကိုယ်ကိုပေးတော်မူ၏။" (၁ ကော ၁၅:၃၆-၃၈)။ ဆိုလိုသည် မှာစိုက်သော အစေ့နှင့် ပေါက်လာသော အပင်သည် ပုံသဏ္ဍန်ခြင်းမတူညီပါ။ စပါးစေ့သည်ချောက်၍ သေသောလက္ခဏာရှိ၏။ ပေါက်လာသော အပင်သည် စိမ်းစို၍ အသက်ရှင်သော လက္ခဏာရှိ၏။ ထို့နည်းတူ ခရစ်တော်နှင့်အတူ သေသော လူဟောင်းနှင့် ရှင်ပြန်ထမြောက်သော လူသစ်သည် မတူတော့ပါ။ "လူမည်သည် ကား ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တ၀ါ ဖြစ်၏။ ဟောင်းသော အရာတို့သည် ကုန်လွန်၍ ခပ်သိမ်းသော အရာတို့သည် အသစ် ဖြစ်ကြပြီ" (၂ ကော ၅:၁ရ)။ ထိုသို့ ခရစ်တော်၌ အသစ်သော အသက်တာဖြင့် မွေးဘွားလာသော သူကို ဒုတိယ မွေးဘွားသူဟု ခေါ်သည်။ များသော အားဖြင့် ဒုတိယ မွေးဘွားခြင်း born again သည် အကျင့်ပြောင်းလဲခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းကို ဆိုလိုတတ်ကြသည်။ ထိုကြောင့်အကျင့်အလွန် ကောင်းလျှင်၎င်း၊ ဘုရားတရားအလွန်ကြိုးစားလျှင်၎င်း၊ အလွန် born again ဖြစ်သည်ဟုဆိုတတ် ကြသည်။ ခလေးမွေးဘွားသောအခါ အလွန်မွေးသည်ဟုမရှိဘူးပါ။ အကျင့်ပြောင်းလဲခြင်း ဖြင့် မွေးနိုင်လျှင် ခရစ်တော် ကြွလာပြီး အသေခံစရာမလိုပါ။ ထိုကြောင့်ဒုတိယမွေးဘွားခြင်းသည် လူအားဖြင့်မဟုတ်၊ ဘုရားသခင်က သားတော်အားဖြင့် လုပ်ဆောင်သော အရာ ဖြစ်သည်။ သို့ဖြစ်၍မည်သူမျှဒုတိယမွေးဘွားခြင်းမဖြစ်နိုင်သောသူမရှိ။ ဘုရားသခင်၏ လုပ်ဆောင်ချက် မသိခြင်းကြောင့် သာလျှင် ဒုတိယမ မွေးဘွားခြင်း ဖြစ်သည်။ ဒုတိယ မွေးဘွားရန်လုပ်ဆောင်စရာမရှိ။ ယုံကြည်ခြင်းဖြင့် လက်ခံဘို့သာလျှင် မိတ်ဆွေ၏ တာ၀န် ဖြစ်သည်။

သင်ခန်းစာ (၁ရ) မှမေးခွန်းများ

၁။ အပြစ် ပွားများလျှင် -------------သာ၍ ကြွယ်၀သည်။
၂။ အာဒံသည် အမှောင်နိုင်ငံသို့ မည်သို့ ရောက်သနည်း။ --------
၃။ အမှောင်နယ်မြေသို့ သင်မည်သို့ ရောက်သနည်း----------
၄။ အမှောင်နယ်၏ သခင်သည် ------- ဖြစ်သည်။
၅။ မိတ်ဆွေကို မည်သူအထဲ၌ ထည့်သနည်း။ --------------
၆။ ခရစ်တော်နှင့်အတူ သေပြီလော။ --------------
ရ။ မြုပ်နှံခြင်းကို မည်သို့ ခေါ်သနည်း။ --------------
၈။ သင်သည် ခရစ်တော်နှင့်အတူ ထမြောက် ပြီလော။ ----------
၉။ ထမြောက် သောအခါ လူ----- ဖြစ်သည်။
၁၀။ ဒုတိယ မွေးဘွားခြင်းသည် အကျင့်ပြောင်းလဲခြင်း ဖြစ်သလော။ ---

.

သင်ခန်းစာ (၁၈)

ခရစ်တော်ကြောင့်ခံစားရသောအရာများ

ငါတို့သည် ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက် လာ သောအခါ အောက်ပါ အကျိုးများကို ခံစားရကြသည်။

ဒုတိယအကြိမ်မွေးဘွားပြီ
သခင်ယေရှုက၊ "ဒုတိယ မွေးဘွားခြင်းကို မခံသော သူ မည်သည် ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ဆိုသည်။" (ယော ၃:၃)။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဒုတိယအကြိမ် မွေးဘွားရမည်နည်း။ သခင်ယေရှုက၊ "ရေနှင့် ၀ိညာဥ်တော် အားဖြင့် မွေးဘွားရမည်။" ဟုဆိုသည် (ယော ၃:၅)။ ရေဟုဆိုသောကြောင့် အချို့သော သူများက ရေနှစ်ခြင်း အားဖြင့် ဒုတိယအကြိမ် မွေးဘွားပြီဟု ယူဆ ကြသည်။ သို့သော်ရေနှစ်ခြင်း ဖြင့် ဒုတိယအကြိမ်မ မွေးဘွားနိုင်ပါ။ မွေးဘွားနိုင်လျှင် ခရစ်တော် ဤလောကသို့ ကြွလာစရာ မလို။ ဒုတိယ မွေးဘွားခြင်း အကြောင်း သိဘို့ရန် အတွက် ပဌမ မွေးဘွားခြင်း အကြောင်း သိဘို့ လိုအပ်သည်။ ပဌမ မွေးဘွားခြင်းသည် မိခင် ၀မ်းထဲမှ မွေးဘွားခြင်း ဖြစ်သည်။ ပဌမ မွေး ဘွား သောအခါ အာဒံ အမျိုး၊ အာဒံမိသား စုထဲ၌ မွေးဘွားသည်။ အာဒံအမျိုးသည် လူဟောင်း ဖြစ်၍ အပြစ်သား ဖြစ်သည်။ ထိုပဌမ မွေးဘွားခြင်း ဖြင့် ကောင်းကင်သို့ မ၀င်နိုင်ပါ။ ဒုတိယပြန်မမွေးလျှင် ဘုရားသခင်၏ နိုင်ငံတော်ကို မ၀င်ရသည် သာမကမြင်လည်း မမြင်ရပါ။ ဒုတိယ မွေးဘွားဘို့ရန် ရေနှစ်ခြင်း၊ အကျင့်ပြောင်းလဲခြင်း၊ ဘုရား တရား ကြိုးစားခြင်း၊ ပညတ်တော် လိုက်လျှောက်ခြင်း ဖြင့် မရပါ။ ဘုရားသခင်သည် လူဟောင်းအာဒံအမျိုးကို ခရစ်တော်နှင့် အတူ လက်၀ါးကပ်တိုင်၌ ရိုက်သတ်လိုက်သည်။ ထို့နောက် သင်္ချိုင်းထဲ၌ မြှပ်နှံ၍ ရှင်ပြန်ထမြောက် စေသည်။ ထိုသို့ ထမြောက် လာ သောအခါ လူဟောင်း မဟုတ်တော့ဘဲ လူသစ်ဖြင့် ထမြောက် စေသည်။ ထိုသို့ လူသစ် ဖြစ်ဘို့ရန် လူမတတ်နိုင်ပါ။ ဘုရားသခင်၏ တန်ခိုးအားဖြင့် သာ ဖြစ်သည် (၂ ကော ၅:၁၈)။ ထိုသို့ လူသစ်အဖြစ်သို့ ရောက်ရှိခြင်းသည် သာလျှင် ဒုတိယ မွေးဘွားခြင်း ဖြစ်သည်။

သားတော် နိုင်ငံသို့ရောက်ပြီ
ယခင်လူဟောင်းဘ၀တွင် အမှောင်နယ်မြေ၌ နေရသည်။ ထို အမှောင်နယ်ထဲမှ မထွက် တတ်သော်လည်း ဘုရားသခင်သည် ခရစ်တော် အားဖြင့် ငါတို့ကို ဆွဲနှုတ်လိုက်သည်။ ကျမ်းစာ၌၊ "မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကို နှုတ်၍ ချစ် တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်း တော်မူ၏။" ဟုဆိုသည် (ကော ၁:၁၃)။ ထို့ကြောင့် မိတ်ဆွေသည် မှောင်မိုက်တန်ခိုး၌ မရှိတော့ချေ။ ခရစ်တော်၏ နိုင်ငံသို့ ရောက်ပြီ။ တဖန်၊ "ယေရှုခရစ်အားဖြင့် ငါတို့ကိုထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေး တော်မူပြီ။"ဟုဆိုသည် (ဧဖက် ၂:၆)။ ထို့ကြောင့် မိတ်ဆွေသည် ယာယီတဲ ဖြစ်သော မိတ်ဆွေ၏ မြေအိမ် (ကိုယ်ခန္ဓာ) ပျက်လျှင် ကောင်းကင် ဘုံ၌ လူ့လက်ဖြင့် မလုပ်ဘဲ ဘုရားသခင် ပြင်ဆင် တော်မူသော နိစ္စထာ၀ရ နေအိမ်ရှိပြီ (၂ ကော ၅:၁)။ မိတ်ဆွေသည် ကောင်းကင်၌ နေရာမဲ့ ဖြစ်မည် မဟုတ်သောကြောင့် ဤလောကကို မစွဲလန်း သင့်ပါ။ ဤလောက၌ ကောင်းကင် ကိုယ်စားလှယ် အဖြစ် နေသင့်သည်။

ထာ၀ရအသက်ရပြီ
မိတ်ဆွေသည်၊ "ကယ်တင်ခြင်း အကြောင်းနှင့် ယှဥ်သော ဧ၀ံဂေလိ တရားတည်း ဟူသော သမ္မာတရားကို ကြားနာ၍ ထိုခရစ်တော်ကို ယုံကြည် ပြီးမှကတိတော်နှင့် ယှဥ်သော သန့်ရှင်းသော ၀ိညာဥ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရပြီ။" (ဧဖက် ၁:၁၃)။ သန့်ရှင်းသော ၀ိညာဥ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရလျှင် ခရစ်တော်ကို ရရှိပြီ။ ခရစ်တော်ကို ရရှိသောကြောင့် ထာ၀ရအသက် ကိုလည်းရရှိပြီ။ ထိုသို့ ရရှိကြောင်းကို မိတ်ဆွေကိုယ်တိုင်နားလည်ဘို့ လိုသည် (၁ ယောဟန်  ၅:၁၁-၁၃)။

ဘုရားသားဖြစ်ပြီ
မိတ်ဆွေသည် ပဌမ မွေးဘွား သောအခါ စာတန်သား ဖြစ်ခဲ့သည် (ယော ၈:၄၄)။ သို့သော်ယေရှုခရစ်ကို လက်ခံချိန်မှစ၍ ဘုရားသား ဖြစ်ရသောအခွင့်ကိုရပြီ (ယော ၁:၁၂)။ ထို့ကြောင့်၊ "ငါတို့သည် ဘုရားသားဖြစ်ရကြသည်ဟု ၀ိညာဥ်တော်သည် ငါတို့၀ိညာဥ်နှင့်အတူသက်သေခံတော်မူ၏။" (ရော ၈:၁၆)။ သားဖြစ်သောကြောင့် အမွေစားအမွေခံများလည်းဖြစ်ကြပြီ (ရောမ  ၈:၁ရ)။

ဘုရားလက်ထဲ၌
မိတ်ဆွေ၏အသက်သည် ဘုရားသခင်ထံ၌ရှိပြီ။ ကျမ်းစာ၌၊ "သင်တို့သည်သေသောသူ ဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌၀ှက်ထားလျက်ရှိ၏။" ဟုဆိုသည် (ကောလောသဲ ၃:၃)။ ထို့ကြောင့် မိတ်ဆွေ၏ အသက်ကို စာတန်သည် မထိခိုက်နိုင်တော့ချေ။ ထို့အပြင် ခရစ်တော်က၊ "ငါ့သိုးတို့သည် ငါစကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာ၀ရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည်ပျက်စီးခြင်းနှင့်အစဥ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့ လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ့လက်၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူရာ။" ဟုဆိုသည် (ယောဟန် ၁၀:၂ရ- ၂၉)။ ယခုမိတ်ဆွေသည် ခရစ်တော်၏သိုးဖြစ်သောကြောင့် ထာ၀ရအသက်ရှင်ပြီ။ ပျက်စီးခြင်းနှင့်လည်း အစဥ်ကင်းလွတ်သောသူဖြစ်သည်။ ပျက်စီးခြင်းဆိုသည်မှာ ငရဲသွားခြင်းကိုဆိုလိုသည်။ မိတ်ဆွေသည် ခမည်းတော်နှင့်ခရစ်တော်၏လက်ထဲ၌ ရှိသောကြောင့် စာတန်သည် မိတ်ဆွေကိုမထိခိုက်၊ မဆွဲနှုတ်နိုင်တော့ချေ။ သို့သော်အပြစ်ပြုလုပ်ဘို့ရန်သွေးဆောင်နိုင် သေးသောကြောင့်သတိထားရမည်။

ဖြောင့်မတ်သူဖြစ်ပြီ
ပညတ်တရားအားဖြင့်မရနိုင်သောဖြောင့်မတ်ခြင်းကို မိတ်ဆွေသည်ရရှိပြီဖြစ်သည်။ ဖြောင့်မတ်ခြင်းကို ဘုရားသခင်ကသာပေးပိုင်သည်။ ကျမ်းစာက၊ "ဖြောင့်မတ်ရာ၌တည်စေသောသူကားဘုရားသခင်ပေတည်း။"ဟုဆိုသည် (ရောမ ၈:၃၃)။ ဘုရားသခင်သည် ခရစ်တော်၏အသွေးအားဖြင့် မိတ်ဆွေကိုဖြောင့်မတ်စေပြီ။ ကျမ်းစာ၌၊ "ယခုတွင် အသွေးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်ပြီ။" ဟုဆိုသည် (ရောမ ၅:၉)။ ထိုဖြောင့်မတ်ခြင်းသည် လူ့အမြင်၌မဟုတ်။ ဘုရားအမြင်၌သာဖြစ်သည်။ ကျမ်းစာ၌၊ "ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည့်အကြောင်းတည်း။"ဟုဆိုသည် (၂ ကော ၅:၂၁)။ ထို့ကြောင့် မိတ်ဆွေသည် ဘုရားအမြင်၌ ဖြောင့်မတ်ပြီ။ သို့ဖြစ်၍ ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ဘို့လိုလာသည်။

ဘုရားသခင်၏အပေါင်းအသင်းဖြစ်ပြီ
ယခင်ဘ၀၌ မိတ်ဆွေသည် ဘုရားသခင်နှင့် မည်သို့မျှမဆိုင်ခဲ့ပါ။ ထိုမျှသာမက ဘုရားသခင်၏ရန်သူဖြစ်ခဲ့သည်။ သို့သော်၊ "ယခုတွင်မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးတော်များကို ဖေါ်ပြစေခြင်းငှါ ရွေးချယ် တော်မူသောအမျိုးဖြစ်ပြီ။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ပြီ။ အထက်ကအပေါင်းအသင်း မဟုတ်။ ယခုတွင်ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ပြီ။ ဂုဏ်ကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရပြီ။" (၁ ပေ ၂:၉-၁၀) မိတ်ဆွေသည် ယဇ်ပုရောဟိတ်မျိုးဖြစ်သောကြောင့် မင်းစည်းစိမ်ခံစားခွင့်ရှိသည်သာမကကိုယ်တိုင် ဆုတောင်းနိုင်သည်။ ဘုရားသခင်၏အပေါင်းအသင်းဖြစ်သောကြောင့် ဘုရားသခင်နှင့် အစဥ်မပြတ် မိဿဟာရဖွဲ့နိုင်သည်။ ကျေးဇူးတော်ခံစားသောသူလည်းဖြစ်ပြီ။

သင်ခန်းစာ (၁၈) မှမေးခွန်းများ

၁။ ပဌမမွေးဘွားခြင်းသည် ----------မှမွေးဘွားခြင်းဖြစ်သည်။
၂။ ဒုတိယမွေးဘွားခြင်းသည် ခရစ်တော်နှင့်အတူ ---------- သောအခါဖြစ်သည်။
၃။ မိတ်ဆွေကို -------တန်ခိုးမှနှုတ်၍ ချစ်တော်မူသော ------ -၏နိုင်ငံသို့ ပို့ဆောင်ပြီ။
၄။ မိတ်ဆွေသည်လောက၌ -----------ကိုယ်စားလှယ်ဖြစ်သည်။
၅။ မိတ်ဆွေသည် -----------၏တံဆိပ်ခပ်ခြင်းခံရပြီ။
၆။ မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်သောကြောင့် ဘုရားသခင်၏ -------- ဖြစ်ပြီ။
ရ။ မိတ်ဆွေသည် ခရစ်တော် --------ထဲ၌ ရှိသောကြောင့် စာတန်သည် မိတ်ဆွေကို မ---ခိုက်နိုင်ချေ။
၈။ မိတ်ဆွေသည် ဘုရားသခင်၏အမြင်၌ ----------ပြီ။
၉။ မိတ်ဆွေသည် မင်းစည်းစိမ်ရှိသော --------- ဖြစ်ပြီ။
၁၀။ မိတ်ဆွေသည် -------၏ အပေါင်းအသင်း ဖြစ်ပြီ။

.

သင်ခန်းစာ (၁၉)

ကယ်တင်ခြင်းစိတ်ချမှု

                    ကယ်တင်ခြင်းသည် အစအဆုံး ဘုရားသခင်က လုပ်ဆောင်သွားခြင်း ဖြစ်သည်။ ခမည်းတော်ဘုရားသခင်က ငါတို့ကို သားတော်အားဖြင့် ကယ်တင်ဘို့ ကမ္ဘာမတည်မရှိမှီကပင် ကြံစည်ပြီးသားဖြစ်သည် (၁ ပေ ၁:၂၀)။ သားတော်ဘုရားက လူ့ဇာတိခံယူ၍ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြည့်စုံစေခဲ့ပြီ။ သန့်ရှင်းသော၀ိညာဥ်တော်ဘုရားက နှုတ်က ပတ်တော်ကိုအသုံးပြု၍၊ ထိုအရာများကိုနားလည်သဘောပေါက်စေသည်။ ကျွန်ုပ်တို့က ယုံကြည်ခြင်းတခုတည်းဖြင့် လက်ခံရယူရသည်။ ကျွန်ုပ်တို့၏လုပ်ဆောင်ချက် တခုမျှမရှိပါ။

နှုတ်ကပတ်တော်အားဖြင့်

ဘုရားသခင်ကကျွန်ုပ်တို့ကိုကယ်တင်ကြောင်း၊ အပြစ်လွှတ်ကြောင်း၊ ထာ၀ရအသက်ပေးကြောင်း၊ လက်ခံကြောင်းများကိုမည်ကဲ့သို့ သိနိုင်မည်နည်း။ ဓမ္မဟောင်းခေတ်၌ဘုရားသခင်ကို၊ လူလူချင်းစကား ပြောသကဲ့သို့မေးမြန်းနိုင်သည်။ သားတော်လက်ထက်၌မျက်နှာချင်းဆိုင်ပြောဆိုမေးမြန်းနိုင်သည်။ သို့သော်၊ ယခုသန့်ရှင်းသော၀ိညာဥ်တော်ခေတ်၌၊ နှုတ်ကပတ်တော် အားဖြင့် ဘုရား၏လုပ်ဆောင် ချက်များကိုသိနိုင်သည်။ ထို့ကြောင့်၊ နှုတ်ကပတ်တော်ကိုဖတ်ရှုလေ့လာဘို့လိုသည်။

နှုတ်ကပတ်တော်ကမည်သို့ဆိုသနည်း
လူလူချင်းစာရေးကြသောအခါ တယောက်နှင့်တယောက် စာထဲ၌ ရေးထားသည့်အတိုင်း ယုံကြည်တတ်ကြသည်။ ထိုနည်းတူ၊ ဘုရားသခင်၏ကတိတော်များကို ကျမ်းစာထဲ၌ရေးထားသည့်အ တိုင်း၊ စိတ်ချယုံကြည်နိုင်သည်။ အချို့သောသူများသည်၊ ကျမ်းစာအပေါ်၌ယုံကြည်မှုအပြည့်အ၀မရှိ သောအခါ၊ အခြားသောနည်းအားဖြင့်ယုံကြည်ဘို့ရှာတတ်ကြသည်။ ခံစားမှုရှိဘို့ရန်သော်၎င်း၊ နိမိတ်လက္ခဏာအားဖြင့်၎င်း၊ ယုံကြည်ဘို့ရှာသောအခါစာတန်၏ လှည့်ကွက်ထဲမှာရောက်သွားတတ် သည်။ ဘုရားသခင်ကိုယုံကြည်နိုင်ရန်၊ "ယုဒလူတို့သည်နိမိတ်လက္ခဏာကိုတောင်းတတ်ကြ၏။ ဟေလသလူ (ဂရိတ်လူ) တို့သည်ပညာကိုရှာတတ်ကြ၏။ ငါတို့မူကားလက်၀ါးကပ်တိုင်မှာအသေခံ တော်မူသောခရစ်တော်၏အကြောင်းအရာကိုဟောပြောကြ၏။" ဟုကျမ်းစာ၌ရေးသည် (၁ ကော ၁:၂၂-၂၃)။ ထို့ကြောင့်၊ ဘုရားကိုယုံဘို့ရန်ကျမ်းစာသည်လုံလောက်သည်။

အပြစ်စီရင်ခြင်းမခံရ
အပြစ်နှင့်ပတ်သက်၍ သခင်ယေရှုကဤသို့ ဆိုခဲ့သည်၊ "လောကီသားတို့အား၊ အပြစ်စီ ရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကိုဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသား တို့သည်ကိုယ်တော်အားဖြင့်၊ ကယ်တင်ခြင်းသို့ရောက်မည့်အကြောင်း၊ စေလွှတ်တော်မူ၏။ သားတော် ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရ။" (ယော ၃:၁ရ-၁၈)။ ကျမ်းစာက၊ သားတော်ကို ယုံကြည်သောသူသည်၊ အပြစ်စီရင်ခြင်းကိုမခံရဟုဆိုထားရာ၊ ကျွန်ုပ်တို့သည်သားတော်ကိုယုံကြည် သောကြောင့်၊ အပြစ်စီရင်ခြင်းကိုမခံရဟုယုံကြည်စိတ်ချနိုင်သည်။ ဘုရားသခင်သည်၊ မုသာမပြော တတ်ပါ။ "လူပြောသောစကားကိုယုံရလျှင်၊ ဘုရားသခင်ပြောသောစကားသည်သာ၍ယုံဘွယ်ရာ အကြောင်းရှိ၏။" (၁ ယော ၅:၉)။

ကျွန်ုပ်တို့ကိုလက်ခံသည်
လူသားများသည် ကိုယ်ထံသို့လာသောသူကို တခါတရံနှင်ထုတ်တတ်ကြသည်။ သို့သော်သခင်ယေရှုက၊ "ငါ့ထံသို့လာသောသူကို ငါသည်အလျှင်းမပယ်။" ဟုကတိပြုထားပါသည် (ယော ၆:၃ရ)။ မိတ်ဆွေသည်၊ သခင်ယေရှုထံသို့အမှန်တကယ်လာလျှင်၊ သူသည်သင့်ကိုလက်ခံ ကြောင်းစိတ်ချနိုင်သည်။ သူကိုယ်တိုင်နှုတ်အားဖြင့်မပြောတော့သော်လည်း၊ သူ၏နှုတ်ကပတ် တော်ကျမ်းစာအားဖြင့်၊ မိတ်ဆွေကိုလက်ခံကြောင်းသိနိုင်သည်။

ထာ၀ရအသက်ရပြီ
ထာ၀ရအသက်ဆိုသည်မှာ၊ ဘုရားသခင်နှင့်အတူကောင်းကင်ဘုံ၌နေခြင်းကိုဆိုလိုသည်။ လူ၏၀ိညာဥ်သည်ငရဲမီးအိုင်ထဲ၌လည်း၊ ထာ၀ရအသက်ရှင်ရမှာဖြစ်သည်။ ထိုသို့ငရဲမီးအိုင်၌ ထာဝရအသက်ရှင်ခြင်းကိုသေခြင်း (သို့) ဒုတိယသေခြင်းဟုခေါ်သည် (ဗျာ ၂၀:၁၄)။ သခင်ယေရှုက၊ "သားတော်ကိုယုံကြည်သောသူ အပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်ထာ၀ရအသက်ကိုရမည့် အကြောင်းတည်း။" ဟုဆိုသည် (ယော ၃:၁၅)။ ဗတ္တိဇံယောဟန်ကလည်း၊ "သားတော်ကိုယုံကြည် သောသူသည်၊ ထာ၀ရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား၊ ထာ၀ရအသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်တည်နေသည်။" ဟုဟောလေ၏ (ယော ၃:၃၆)။                   ယခုမိတ်ဆွေသည်သားတော်ကိုယုံကြည်သောကြောင့်၊ ထာ၀ရအသက်ရပြီဟုနှုတ်ကပတ်တော် အရစိတ်ချနိုင်သည်။ ထာ၀ရအသက်သည်သေပြီးမှရမည့်အရာမဟုတ်။ ယခုအသက်ရှင်စဥ်ပင် ရမည့်အရာဖြစ်သည်။ ထိုအသက်ရရန်ပြည့်စုံမှ၊ အပြစ်ကင်းမှမဟုတ်၊ သားတော်ကိုယုံကြည်လျှင်ရ နိုင်သည်။ ထို့ကြောင့်နှုတ်ကပတ်တော်ကိုစိတ်ချဘို့လိုသည်။

သန့်ရှင်းသောဝိညာဥ်တော်ရရှိပြီ

                          မိတ်ဆွေသည်သခင်ယေရှုကိုယုံကြည်လက်ခံသောအခါ၊ သန့်ရှင်းသော၀ိညာဥ်တော် ကိုလည်းရရှိပြီဖြစ်သည်။ ကျမ်းစာ၌၊ "သင်တို့သည်ကယ်တင်ခြင်းအကြောင်းနှင့်ယှဥ်သောဧ၀ံဂေလိ တရားတည်းဟူသော၊ သမ္မာတရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဥ်သော သန့်ရှင်းသော၀ိညာဥ်တော်၏တံဆိပ်ခပ်ခြင်းကိုခံရပြီ။" ဟုဆိုသည်(ဧဖက် ၁:၁၃)။ "ထိုသန့်ရှင်းသော ၀ိညာဥ်တော်သည်၊ ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်၊ တံဆိပ်ခပ်ထားသည်။" (ဧဖက် ၄:၃၀)။ ထို့ကြောင့် မိတ်ဆွေသည်သန့်ရှင်းသော၀ိညာဥ်တော် (သို့) ခရစ်တော်၏၀ိညာဥ်ကိုရရှိထားသောသူဖြစ်သည်။ သန့်ရှင်းသော၀ိညာဥ်တော်နှင့်ခရစ်တော်၏၀ိညာဥ်သည်အတူတူပင်ဖြစ်သည်။

သင်ခန်းစာ (၁၉) မေးခွန်းများ

၁။ ကယ်တင်ခြင်းသည် အစအဆုံး--------က လုပ်ဆောင်သွားသည်။
၂။ ကယ်တင်ခြင်းလုပ်ငန်းကို ------ကကြံစည်၍ -------ကပြည့်စုံစေသည်။
၃။ သန့်ရှင်းသော၀ိညာဥ်တော်ခေတ်၌ ဘုရားသခင်၏လုပ်ဆောင်မှုများကို................. အားဖြင့်သိနိုင်သည်။
၄။ ဘုရားသခင်၏ ကတိတော်များကို --------၌ ရေးထားသည့်အတိုင်း စိတ်ချနိုင်သည်။
၅။ ဘုရားသခင်ကို ယုံကြည်ဘို့ရန် နိမိတ်လက္ခဏာလိုပါသလား။ ----- -------
၆။ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်း ခံရပါမည်လော။----------
ရ။ မိတ်ဆွေကို သခင်ယေရှုက လက်ခံကြောင်း မည်သို့သိနိုင်သနည်း။----------
၈။ သားတော်ကို ယုံကြည်သောသူသည် -------ကိုရ၏။
၉။ မိတ်ဆွေသည် သန့်ရှင်းသော ၀ိညာဥ်တော်ကိုရရှိပြီလော။ ------မည်ကဲ့သို့သိနိုင်သနည်း။ -----------------
၁၀။ ထာ၀ရအသက်သည် ယခုရနိုင်သလော၊ သေပြီးမှရရမည်လော။ ................

သင်ခန်းစာ (၂၀)

ခရစ်ယာန်နှစ်မျိုး

ယုံကြည်ခါစခရစ်ယာန်တိုင်း မှားတတ်သောအရာတခုရှိသည်။ ထိုအရာမှာ ခရစ်တော်ကိုယုံကြည်သောသူသည် အပြစ်မလုပ်ရ၊ ထိုမျှမကအပြစ်မလုပ်နိုင်၊ ဟုထင်မှတ်ခြင်းပင်ဖြစ်သည်။ အကယ်၍ယုံကြည်သူတယောက်အပြစ်ပြန်လုပ်လျှင်၊ ထာ၀ရအသက်ပြန် လည်ဆုံးရှုံးမည်၊ ဟုထင်မှတ်တတ်သည်။ အမှန်မှာ ၊ထာ၀ရအသက်သည် အပြစ်ကင်းသောကြောင့်၎င်း၊ ဘုရားသခင်၏အလိုတော်အတိုင်းနေနိုင်သောကြောင့်သော်၎င်း၊ ရသည်မဟုတ်။ ဘုရားသခင်၏ကျေးဇူးတော်သက်သက်ကြောင့်ရရှိသည်ဖြစ်၍၊ ပြန်လည်မဆုံးရှံးနိုင်ချေ။ အကယ်၍အပြစ်လုပ်တိုင်းထာ၀ရအသက်ဆုံးရှုံးလျှင်၊ ထာ၀ရအသက်မဟုတ်တော့ချေ။ ထာ၀ရအသက်သည်၊ တဆက်တည်းဖြစ်၍တခါရရှိလျှင်၊ ထာ၀ရတည်တန့်သည်။ ထိုသို့မဟုတ်ဘဲအပြစ်လုပ်သောအခါထာ၀ရအသက်ဆုံးရှုံး၍၊ ပြန်လည်နောင်တရသောအခါတိုင်း ၊ပြန်ရရှိနိုင်လျှင်ထာ၀ရအသက်မဟုတ်၊ ပြတ်တောင်း ပြတ်တောင်းအသက်တာဖြစ်မည်။ ဘုရားသခင်ကယုံကြည်သူကို၊ ထာ၀ရအသက်ပေးသောအခါ ထိုက်တန်၍ပေးသည်မဟုတ်၊ သနားသောအားဖြင့်သာပေးသည်ကိုသိထားဘို့လိုသည် (ဧဖက် ၂:၈-၉)။ ထိုမျှသာမကယုံကြည်သူများသည်၊ အပြစ်လုပ်နိုင်သေးကြောင်းရှင်ယောဟန်ကဤသို့ရေးသားထားသည်၊ "ကိုယ်အပြစ်မရှိဟုငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖျားကြ၏။ ဒုစရိုက်မပြုပြီဟုငါတို့သည်ဆိုလျှင် ဘုရားသခင်ကိုမုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်းငါတို့၌မရှိ။" (၁ ယော ၁:၈၊ ၁၀)။ အမှန်မှာယုံကြည်သူအပြစ်လုပ်လျှင်၀ိညာဥ်ဖျားနာခြင်းဖြစ်သည်။ ကိုယ်ခန္ဓာဖျားနာသောအခါ၊ အသက်ကုန်ဆုံးသွားသည်မဟုတ်။ သို့သော်ဘာမျှမလုပ်နိုင်ဘဲအိပ်ရာပေါ်၌လဲနေသကဲ့သို့၊ ယုံကြည်သူအပြစ်လုပ်လျှင်၀ိညာဥ်ရေးရာ၌အလုပ်မလုပ်နိုင်ဘဲ၊ ဖျားနာနေခြင်းဖြစ်သည်။

ဤလောက၌လူသုံးမျိုးသုံးစားရှိကြောင်း၊ သမ္မာကျမ်းစာအားဖြင့်သိရသည်။ ၎င်းတို့မှာ၊

ဇာတိပကတိလူ

ဇာတိပကတိလူသည် ခရစ်တော်ကိုမယုံကြည်။ ခရစ်တော်ကိုလက်မခံသောသူဖြစ်သောကြောင့်ခရစ်တော်နှင့်မဆိုင် (ရော ၈:၉)။ ခရစ်တော်မရသောကြောင့်ထာ၀ရအသက်မရ (၁ ယော ၅:၁၂)။ ခရစ်တော်ကိုမယုံကြည်သောကြောင့်၊ ယခုပင်အပြစ်စီရင်ခြင်းကိုခံရသောသူဖြစ်သည် (ယော ၃:၁၈)။ သူသည်ခရစ်တော်ကိုမရသောကြောင့်၊ စိတ်နှလုံးအထဲရှိပလ္လင်ပေါ်၌ ငါတည်းဟူသောမာန်မာနကအုပ်စိုးသည်။ ရှင်ပေါလုက၊ ဇာတိပကတိလူနှင့်ပတ် သက်၍ဤသို့ဆိုသည်၊ "ဇာတိပကတိလူသည်၊ ဘုရားသခင်၏၀ိညာဥ်တော်အရာကိုမခံမယူ။ ထိုအရာတို့ကိုမိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်သည်။ ထိုအရာကို၀ိညာဥ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည်နားမလည်နိုင်။" (၁ ကော ၂:၁၄)။

ဇာတိပကတိလူသည်၊ ၀ိညာဥ်အရာကိုနားမလည်သောကြောင့်မလိုချင်၊ မြေကြီးအရာကိုသာစိတ်စွဲလန်းခြင်းရှိသည်။ သူ၏အသက်တာ၊ အပြုအမူ၊ အကျင့်အကြံများကြည့်လျှင်လည်း၊ ၀ိညာဥ်သဘောမရှိချေ။ တည်ငြိမ်ခြင်း၊ ၀မ်းမြောက်ခြင်းမရှိ။ အလွန်ပျော်ရွှင်လိုက်၊ အလွန်၀မ်းနည်းလိုက်၊ စိတ်တိုလိုက်၊ စိတ်ဆိုးလိုက်၊ စိုးရိမ်ပူပန်လိုက်ဖြင့်မငြိမ်သက်သောအသက်တာဖြင့်အသက်ရှင်သည်။ ဇာတိပကတိအသက်တာသည်၊ သာသနာပလူများ၌ သာမက၊ ခရစ်ယာန်များထဲ၌လည်းများစွာရှိသည်။ သင်းအုပ်ဆရာများမှစ၍၊ အသင်းတော်လူကြီးများ၊ အမျိုးသမီးခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များ၊ အသင်းသူအသင်းသားများစွာတို့သည်၊ အပြင်ပန်းအားဖြင့်ခရစ်ယာန်ဟုထင်ရသော်လည်း၊ ခရစ်တော်ကိုမရရှိသောကြောင့်ဇာတိပကတိလူများဖြစ်ကြသည်။ ဤအသက်တာမျိုးဖြင့် ဘုရားသခင်၏အလိုတော်ကိုမလိုက်နိုင်။ လိုက်ချင်စိတ်လည်းမရှိကြ။ ဘုရားအလိုတော်ထက်၊ မိမိတို့အလိုဆန္ဒကိုလိုက်ဘို့အလေးထားကြသည်။ ဘုရား၏ဘုန်းရှုတ်ချစရာဖြစ်စေသည်။

ဝိညာဥ်ပကတိခရစ်ယာန်

ဝိညာဥ်ပကတိခရစ်ယာန်သည်၊ ခရစ်တော်ကိုစိတ်နှလုံးထဲ၌လက်ခံသည်သာမက၊ သူ၏ အသက်တာကိုအုပ်စိုးခွင့်ပြုသောသူဖြစ်သည်။ ငါတည်းဟူသောမာန်မာနကိုအောက်သို့ ချသည်။

ဤလူသည်ခရစ်တော်ရရှိသောကြောင့်၊ စစ်မှန်သောခရစ်ယာန်ဖြစ်သည်။ ထာ၀ရအသက် ကိုလည်းရရှိသည် (၁ ယော ၅:၁၂)။ အပြစ်စီရင်ခြင်းမှလည်း၊ လွတ်မြောက်သောသူ ဖြစ်သည် (ယော ၃:၁၈)။ ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ ဖြစ်သည် (၁ ကော ၁:၂၊ ၃၀)။ ဤလူသည်အသက်တာကိုကိုယ်တိုင်မအုပ်ချုပ်ဘဲ ခရစ်တော်ကိုအုပ်စိုးစေသောကြောင့်၊ ဘုရားအလိုတော်အတိုင်းအသက်ရှင်သောသူ ဖြစ်သည်။ ထို့ကြောင့်၀ိညာဥ်တော်၏အသီးတည်းဟူသော ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ စသော၀ိညာဥ်တော်၏အသီးများကိုသူ၏ အသက်တာ၌တွေ့ရသည် (ဂလာ ၅:၂၂-၂၃)။

ဤလူ၏အသက်တာသည်အဓိပ္ပါယ်ရှိ၍ပန်းတိုင်လည်းရှိသည်။ အပြောအဆိုအပြုအမူ အကြံအစည်တို့သည်၊ ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်သောကြောင့်၊ သူတပါးအတွက်လည်းတည်ဆောက်စရာဖြစ်၍၊ လူများကိုဆွဲဆောင်နိုင်သောသူဖြစ်သည်။ သူ၏ အသက်တာသည်၊ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေ၍၊ လူတိုင်း၏လေးစား နှစ်သက်ချစ်ခင်မြတ်နိုးခြင်းကိုခံရသည်။ ယုံကြည်သူတိုင်းသည်၊ ထိုကဲ့သို့သောအသက်တာဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ ထိုကဲ့သို့သောသူကို၊ သာသနာပလူများကလည်း လေးစား၍၊ သူ့အားဖြင့်ဘုရားသခင်ကိုယုံကြည်လာကြမှာဖြစ်သည်။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့၍၊ ယုံကြည်သူတိုင်းမျှော်လင့်တောင့်တသောအသက်တာဖြစ်သည်။

ဇာတိပကတိခရစ်ယာန်

ဇာတိပကတိခရစ်ယာန်သည်၊ ခရစ်တော်ကိုစိတ်နှလုံးထဲ၌ရရှိသောကြောင့်၊ ထာ၀ရအသက်ကိုရရှိသောသူ၊ အပြစ်စီရင်ခြင်းမှကင်းလွတ်သောသူဖြစ်သည်။ ခရစ်ယာန် တယောက်ရသင့်ရထိုက်သောအခွင့်အရေးများကိုရသည်။ သို့သော်ခရစ်တော်ကိုအသက်တာ၌အုပ်စိုးခွင့်မပေး။ ငါတည်းဟူသောအတ္တမာန်မာနဖြင့်အသက်တာကိုအုပ်စိုးသည်။ ထို့ကြောင့်ခရစ်ယာန်ဖြစ်သော်လည်းခရစ်ယာန်မဟုတ်သကဲ့သို့၊ ဇာတိသဘောဖြင့် အသက်ရှင်သည်။ ဤလူသည်ခရစ်တော်ကိုရရှိသောကြောင့်ထာ၀ရအသက်မဆုံးရှုံးသော်လည်း၊ ဇာတိအလိုအားဖြင့်အသက်ရှင်သောကြောင့်၊ သူ၏အသက်တာ၌ ဘုရားသခင်၏ဘုန်းတော်မထင်ရှားသည်သာမက၊ ရှုတ်ချစရာဖြစ်သည်။ ဇာတိပကတိလူကဲ့သို့ပင် ဂလာတိ ၅:၁၉-၂၁ ထဲ၌ဖေါ်ပြသောဇာတိအသီးများကိုသာသီးသည်။

ကောရိန္သုအသင်းတော်
ကောရိန္သုအသင်းတော်လည်းဇာတိအားဖြင့်အသက်ရှင်ကြသောကြောင့်၊ ရှင်ပေါလုကဤသို့ဆူခဲ့သည်၊ "ညီအကိုတို့၊ အထက်ကငါသည်၀ိညာဥ်လူတို့အားဟောပြောသကဲ့သို့၊ သင်တို့အားဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ဟောပြောရ၏။ ယခုပင်လည်းဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိကြသည်ဖြစ်၍၊ သင်တို့သည်ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည်မဟုတ်လော။" (၁ ကော ၃:၁၊ ၃)။ ကောရိန္သုအသင်းတော်သည်၊ ဇာတိအားဖြင့်အသက်ရှင်သော်လည်း၊ ကယ်တင်ခြင်းမဆုံးရှုံးကြောင်း၊ ရှင်ပေါလု၏နှုတ်ဆက်စာ၌ဤသို့တွေ့ရသည်၊ "ယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစင်၍၊ သန့်ရှင်းသူအရာ၌ခန့်ထားသောသူ၊" (၁ ကော ၁:၂) ဟုရေးထားသည်။ ထိုမျှသာမက၊ ထိုသူများသည်သခင် ခရစ်တော်ကြွလာသောအခါ၊ သူတို့ခံစားရမည့်အရာများကိုဤသို့ရေးသားခဲ့သည်၊ "နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင်မျက်စိတမှိတ်၌ငါတို့ရှိမျှ (ကောရိန္သုအသင်းသားများအပါအ၀င်) သည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်၊" (၁ ကော ၁၅:၅၂)။ ဤသို့ဇာတိပကတိခရစ်ယာန်များသည်၊ ကယ်တင်ခြင်းမဆုံးရှုံးသော်လည်း ဘုရားအလိုတော်နှင့်ပြည့်စုံသောအသက်တာမဟုတ်၊ သူတပါးထိခိုက်စရာအသက်တာဖြင့် အသက်ရှင်သောကြောင့်၊ ဘုရား ဘုန်းတော်လည်းသူတို့ကြောင့်ရှုတ်ချစရာဖြစ်သည်။ သူတို့ကိုယ်တိုင်လည်းပျော်ရွှင်ငြိမ်သက်မှုမရှိ။ စိတ်ပျက်ဖွယ်ရာအသက်တာဖြင့်၊ အသက်ရှင်ရသည်။ ထိုအသက်တာမျိုးဖြင့်အသက်မရှင်ဘဲ၊ ၀ိညာဥ်တော်အုပ်စိုးသောအသက်တာဖြင့် အသက်ရှင်ရကြမည်။

ခရစ်တော်ကိုအုပ်စိုးစေခြင်းဖြင့်
ဇာတိပကတိ ခရစ်ယာန်၏ အသက်တာသည် "ငါ" အားဖြင့် အုပ်စိုး၍ ခရစ်တော်ကို နေရာမပေးခြင်းကြောင့် ဖြစ်သည်ဟုသိရပြီ။ ထိုသို့ဇာတိသဘောဖြင့် ဆက်လက်အသက် ရှင်ပါက ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်နှင့် ဆန့်ကျင် ဘက် ဖြစ်၍ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်၊ ထိုမျှမကမလိုက်နိုင် (ရော ၈:ရ- ၈)။ ထို့ကြောင့် ခရစ်တော် အုပ်စိုးသော အသက်တာ ၀ိညာဥ်တော် ပြည့်၀သော အသက်တာဖြင့် ပြန်လည်အသက် ရှင်နိုင်ရန် မိမိ အပြစ်ကို ၀န်ချတောင်းပန်၍ ခရစ်တော်ကို အသက်တာ၌ သခင်အဖြစ် ပြန်လည် အုပ်စိုးခွင့် ပေးရမည်။ စိတ်နှလုံး နှိမ့်ချ၍ မိမိ အသက်တာကို ခရစ်တော် ထံ၌ ပြန်လည်ပုံအပ်ရမည်။ ထိုသို့ ခရစ်တော်ကို အမှန်တကယ် အုပ်စိုးခွင့် ပေးလျှင် သူသည် မိတ်ဆွေ၏ အသက်တာကို အုပ်စိုးမှာအမှန် ဖြစ်သည်။ ခရစ်တော် အုပ်စိုးသော အသက်တာသည် ၀ိညာဥ်ပကတိအသက်တာ ဖြစ်၍ ဘုရားသခင်၏ အလိုတော် အတိုင်း ပြန်လည်အသက် ရှင်နိုင်ပေမည်။ ၀ိညာဥ်အသီးများ ကိုလည်း ပြန်လည် သီးလာနိုင်ပေမည်။

သင်ခန်းစာ (၂၀)မှ မေးခွန်းများ

၁။ ခရစ်တော်ကို ယုံကြည် ပြီးသော သူသည် အပြစ် လုပ်နိုင်ပါသေးသလား။ -----------
၂။ ယုံကြည်သူ များသည် အပြစ်ကြောင့် ထာ၀ရအသက် ဆုံးရှုံးနိုင်ပါသလား။ -----------
၃။ ဇာတိပကတိ ခရစ်ယာန်သည် ခရစ်တော်ကို ရပါသလား။ --------
၄။ ခရစ်ယာန်များအထဲ၌ ဇာတိပကတိ လူများရှိပါသလား။ -------အဘယ့်ကြောင့်နည်း။ -----------
၅။ ဇာတိအသီးများ ဖေါ်ပြပါ။ -------------------------------------------------------------------------------------------------------------------------------------------
၆။ မည်သို့သော သူသည် ၀ိညာဥ်ပကတိ ခရစ်ယာန် ဖြစ်သနည်း------------
ရ။ ၀ိညာဥ်အသီးများ ဖေါ်ပြပါ။ --------------------------------------------------------------------
၈။ ဇာတိ ခရစ်ယာန်သည် မည်သူကအုပ်စိုးသနည်း။ ----------
၉။ ဇာတိ ခရစ်ယာန် ကယ်တင်ခြင်း ဆုံးရှုံးမည်လော။ ------------
၁၀။ မည်ကဲ့သို့ ၀ိညာဥ် ခရစ်ယာန် ဖြစ်မည်နည်း။ --------------

.

သင်ခန်းစာ (၂၁)

ရပ်တည်ချက်နှင့်လုပ်ဆောင်ချက်

ခရစ်ယာန်တယောက်အနေဖြင့် ရပ်တည်ချက် (standing) နှင့် လုပ်ဆောင်ချက် (state)ကို သေချာစွာ ပိုင်းခြားနားလည်ဘို့လိုအပ်သည်။ ရပ်တည်ချက်ဆိုသည်မှာ ဘုရားသခင်က ယုံကြည်သူများအတွက် ခရစ်တော်၌ လုပ်ဆောင်ပေးသော အရာများဖြစ်သည်။ အိမ်နှင့်နှိုင်းပါက အုတ်မြစ်နှင့် တူသည်။ လုပ်ဆောင်မှုသည် နေ့စဥ်ယုံကြည်သူ၏ လုပ်ဆောင်မှုကိုဆိုလိုသည်။ ရပ်တည်ချက်အချို့ကိုဖေါ်ပြရပါက၊

အပြစ်နှင့်ကင်းစင်သည်
ယုံကြည်သူတယောက်သည် နေ့စဥ်နှင့်အမျှ စိတ်အားဖြင့်၎င်း၊ ကိုယ်ကာယအားဖြင့်၎င်း၊ တနည်းမဟုတ်တနည်း အပြစ်ကျူးလွန်မှာ ဖြစ်သည်။ သို့သော်သူသည် ခရစ်တော်၌ အပြစ်ကင်းစင်သောသူဖြစ်သည်။ ထို့ကြောင့်အပြစ်စီရင်ခြင်းမှ ကင်းလွတ်သောသူဖြစ်သည် (ယော ၃:၁၈)။ အပြစ်ကျူးလွန်မှုအတွက် အဘသည်သားကို ဆုံးမတတ်သကဲ့သို့ ဘုရားသခင်၏ ဆုံးမခြင်းခံရမှာဖြစ်သည် (ဟေဗြဲ ၁၂:၅-၁၁)။ အပြစ်စီရင်ခြင်းသည် အပြစ်သားများနှင့်ဆိုင်၍ ဆုံးမခြင်းသည်သားများနှင့်သာဆိုင်သည်။ ထို့ကြောင့်ယုံကြည်သူများသည် အချိန်မရွေး ဘုရားသခင်၏ဆုံးမခြင်းကိုခံနိုင်သော်လည်း အပြစ်အတွက် တရားစီရင်ခြင်းမှကင်းလွတ်ပြီးသောသူများဖြစ်သည်။ ထိုသို့ယုံကြည်သူ တယောက်အပြစ်နှင့်ကင်းစင်ခြင်းသည် ခရစ်တော်၌ခံစားရသော ရပ်တည်ချက်တခုဖြစ်သည်။ ယုံကြည်သူကိုယ်တိုင်အကျင့်အကြံအားဖြင့် အပြစ်ရှိသော်လည်း ခရစ်တော်၌ အပြစ်ကင်းစင်သည်။ တနည်းအားဖြင့်ဆိုလျှင် ရပ်တည်ချက်သည် ဘုရားသခင်၏အမြင်၌ဖြစ်၍ လူ့အမြင်၌မဟုတ်။ ဤအရာကိုနားလည်နိုင်ဘို့ရန် ရှင်ပေါလုကကောရိန္သုအသင်းတော် ထံရေးသောစာကိုကြည့်ကြစို့။ ထိုအသင်းတော်သည် အပြစ်နှင့်မကင်းပါ။ သူတို့သည် ဇာတိပကတိလူဖြစ်ကြသေးသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိကြသေးသည် (၁ ကော ၃:၃)။ ထိုမျှသာမက အဘ၏ မယားကို သိမ်းပိုက်သော သူလည်း သူတို့အထဲ၌ရှိသည်။ ကျန်သောသူများကလည်း ထိုအပြစ်အတွက်စိတ်မသာညည်းတွားခြင်း မရှိ။ မာနထောင်လွှားလျက်ရှိကြသည် (၁ ကော ၅:၁-၂)။ ကောရိန္သုအသင်းတော်သည် သန့်ရှင်းခြင်းမရှိချေ။ သို့သော်ရှင်ပေါလုကသူတို့ ထံစာရေး သောအခါ၊ "ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသော သူတည်း ဟူသော ကောရိန္သုမြို့၌ ရှိသော ဘုရားသခင်၏အသင်းတော်။"ဟုရေးခဲ့သည် (၁ ကော ၁:၂)။ အဘယ်ကြောင့်ထိုသို့ ရေးသနည်း။ အစ၌ သူတို့၏အပြစ်ကိုမသိသောကြောင့်လော။ မဟုတ်ပါ။ သူတို့၏အပြစ်များကို ရှင်ပေါလုကောင်းကောင်းသိပါသည်။ ရှင်ပေါလုဆိုလိုသည် မှာကောရိန္သုအသင်းတော်သည် ခရစ်တော်၌ အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းခြင်းကို ဘုရားသခင်က ယေရှုခရစ် အားဖြင့်ပေးခြင်းကို ဆိုလိုသည်။ ထိုအရာသည် ယေရှု ခရစ်၌ သူတို့၏ ရပ်တည်ချက် ဖြစ်သည်။ သူတို့၏ လုပ်ဆောင်ချက်သည်မကောင်းပါ။ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အချင်းချင်းကွဲပြားခြင်းတို့သည် သူတို့၏ လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ထိုအရာများသည် အပြစ်ရှိ၍ လုံး၀မကောင်းပါ။ သို့သော် သူတို့၏ ရပ်တည်ချက်သည် ခရစ်တော်၌ ဖြစ်သောကြောင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသည်။ အကြောင်းမှာ ခရစ်တော်၏ သန့်ရှင်းခြင်းသည် သူတို့၏ အသန့်ရှင်းခြင်းဖြစ်သည် (၁ ကော ၁:၃၀)။ ရပ်တည်ချက်သည် ဘုရား၏အမြင်၌ဖြစ်၍ လူ့အမြင်မဟုတ်။ ဘုရားသခင်ကကောရိန္သုအသင်းတော်ကို ခရစ်တော်၌မြင်သည်။ ထို့ကြောင့်သူတို့သည်ခရစ်တော်၌ အပြစ်ကင်း၍ သန့်ရှင်းသည်။ လူသည်လုပ်ဆောင်ချက်ကိုသာမြင်နိုင်သည်။ ထို့ကြောင့်လုပ်ဆောင်မှု အပေါ်မှာ သာတယောက်နှင့် တယောက်ဆုံးဖြတ်ကြသည်။ ထိုသို့ဆိုသော် ဘုရားသခင်သည် လုပ်ဆောင်မှုကို ဂရုမစိုက်သလောဟုမေးစရာရှိလာသည်။ ဘုရားသခင်သည် ယုံကြည်သူ၏ လုပ်ဆောင်မှုကိုလည်းဂရုစိုက်ပါသည်။ သို့သော်ထိုအရာအားဖြင့်ယုံကြည်သူ၏ ခရစ်တော်၌ ရရှိထားသော သန့်ရှင်းခြင်းကို မထိခိုက်နိုင်ချေ။ လုပ်ဆောင်မှု အတွက် အဘသည် သားကို ဆုံးမသကဲ့သို့ ဆုံးမမှာဖြစ်သည်။ အကယ်၍ ဆုံးမခြင်းကို နားမထောင်ပါက သူ၏ကိုယ်ခန္ဓာရုပ်သိမ်းခြင်းအထိပြုလုပ်နိုင်သည်။

ဖြောင့်မတ်ခြင်း

ဖြောင့်မတ်ခြင်းသည် တရားစီရင်ခြင်းနှင့် ဆိုင်သည်။ ယုံကြည်သူ တစ်ယောက်သည် ခရစ်တော်၌ ရှိသောကြောင့် ဘုရားသခင်၏ အမြင်၌ ဖြောင့်မတ်သည်။ ထို့ကြောင့် ရှင်ပေါလုက၊ "ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။"ဟုဆိုသည် (၂ ကော ၅:၂၁)။ ဘုရားသခင်က အပြစ်နှင့်ကင်းစင်သောသူ တည်းဟူသော ခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ် ရှိသောသူဖြစ်စေသည်။ အကြောင်းမှာငါတို့သည် ခရစ်တော်အားဖြင့် (ငါတို့၏ လုပ်ဆောင်ချက်ကြောင့်မဟုတ်) ဘုရားသခင့်ရှေ့တော်၌ (လူရှေ့၌မဟုတ်) ဖြောင့်မတ်မည့် အကြောင်းတည်းဟုဆိုထားသည်။ သို့ဖြစ်၍ ယုံကြည်သူများသည် ဘုရားအမြင်၌ ခရစ်တော်ကြောင့် ဖြောင့်မတ်ကြသည်။ ထိုအရာသည် ယုံကြည်သူများ၏ ရပ်တည်ချက် ဖြစ်သည်။ သူတို့၏ လုပ်ဆောင်မှုအပေါ် ဆုံးဖြတ်သည်မဟုတ်။ လူ့အမြင်အားဖြင့်လည်း မဟုတ်။ ရပ်တည်ချက်သည် ခရစ်တော်အပေါ်မူတည်သည်။ သို့ဖြစ်၍ ယုံကြည်သူ တိုင်း၏ ရပ်တည်ချက်သည်အတူတူပင်ဖြစ်၍ ပြောင်းလဲခြင်းလည်းမရှိချေ။ လုပ်ဆောင်မှုမူကား မိမိ၏လုပ်ဆောင်မှုအပေါ်မူတည်သောကြောင့် တယောက်နှင့်တယောက် ကွာခြားကွဲပြားကြသည်။ ရပ်တည်ချက်နှင့်လုပ်ဆောင်ချက် မခွဲခြားပါကရှုပ်ထွေးမှုများဖြစ်လာမည်။ မည်သူမျှအပြစ်မလုပ်ဘဲမနေနိုင်ကြ။ သို့ဖြစ်၍ယုံကြည်သူများအပြစ် ပြန်လုပ်မိ သောအခါ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းများ ဆုံးရှုံးသွားပြီဟုထင်တတ်သည်။ ဘုရားသခင် ရှေ့မှာ ယေရှုခရစ်အားဖြင့် ရရှိသောဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းသည် ယေရှုခရစ် မပြောင်းလဲသကဲ့သို့ပြောင်းလဲခြင်းမရှိချေ။ သို့သော်အပြစ်ကြောင့် ဘုရားသခင်နှင့်မိဿဟာရပြတ်၍ ၀မ်းမြောက်မှုဆုံးရှုံးမည်။ မိဘစကားနားမထောင်သော သားသမီးသည် သားသမီးအဖြစ်မှစွန့်လွှတ်ခြင်းမခံရသော်လည်း၊ ၀မ်းမြောက်မှုမရှိတော့ချေ။ မိဘရှေ့မှာ မျက်နှာမရဘဲ မျက်နှာငယ်နေရသည်။ ထို့နည်းတူ၊ အပြစ်လုပ်သော ယုံကြည်သူသည် ဘုရားသခင်ရှေ့မှာ မျက်နှာငယ်ရသည်။

ဒါ၀ိဒ်မင်းသည် ဗာသရှေဗနှင့်မှားယွင်းသောအခါ ၀မ်းမမြောက်နိုင်သောကြောင့် ဤသို့ ပြန်လည်ဆုတောင်းသည်၊ "စိတ်သက်သာ ၀မ်းမြောက်မှုရှိမည့်အကြောင်း စကားကို အကျွန်ပ်အားကြားစေတော်မူပါ။ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။ ကယ်တင်တော်မူခြင်းနှင့်ယှဥ်သော၀မ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသောစေတနာစိတ်သဘောသည် အကျွန်ပ်ကိုထောက်မပါစေသော်။" (ဆာ ၅၁:၈၊ ၁၂)။  ကောရိန္သုအသင်းသားများသည် အသက်တာ၌ သန့်ရှင်းမှုမရှိကြသော်လည်း၊ ၀ိညာဥ်ဆုကျေးဇူးများရရှိကြသည်။ ထိုမျှသာမက သန့်ရှင်းသူများကိုသခင်ယေရှုက ချီဆောင်ခြင်း၌လည်းပါ၀င်ရကြမှာဖြစ်ကြောင်း ရှင်ပေါလုကဤသို့ရေးထားသည်၊ "ငါတို့ရှိသမျှသည် အိပ်ပျော်(သေ)ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ (ကောရိန္သု အသင်းသားများအပါအ၀င်) သည် ပြောင်းလဲခြင်းသို့ရောက်ရကြမည် (၁ ကော ၁၅:၅၁-၅၂)။ ဆိုလိုသည်မှာ ခရစ်တော်ကြွလာသောအခါ ဇာတိပကတိအတိုင်း အသက် ရှင်ခဲ့ကြသော ကောရိန္သုအသင်းသားများလည်း ကိုယ်ခန္ဓာပြောင်းလဲခြင်းသို့ ရောက်ကြမည်။ ဇာတိအတိုင်းအသက်ရှင်ခြင်းအားဖြင့် သူတို့၏ကယ်တင်ခြင်းမဆုံးရှုံးချေ။ ထိုသို့ မဆုံးရှုံးသောကြောင့် ဇာတိအတိုင်းအသက်ရှင်ကြဘို့မဟုတ်ပါ။ ဇာတိအလိုအတိုင်း အသက်ရှင်ခြင်းအားဖြင့် ဆုံးရှုံးသောအရာများကိုပြန်လည်လေ့လာရကြမည်။

မိဿဟာယပြတ်သည်
ယုံကြည်သူတယောက်သည် ခရစ်တော် လက်ခံချိန်မှစ၍ ဘုရားသခင်၏သားဖြစ်ရပြီ (ယော ၁:၁၂)။ ဇာတိအလိုလိုက်၍ အပြစ်ကျူးလွန်နေချိန်၌ပင်လျှင် ဘုရားသခင်၏သား ဖြစ်သည်။ သားသမီးများသည် မိဘစကားနားထောင်သောအချိန်၌သာသားသမီးများဖြစ်သည်မဟုတ်။ စကားနားမထောင်သောအချိန်၌ပင်လျှင် သားသမီးများဖြစ်ကြသည် မဟုတ်လော။ စကားနားထောင်သောကြောင့် သားသမီးဖြစ်ကြသည်မဟုတ်။ မွေးဘွားခြင်းကြောင့် သားသမီးဖြစ်ရကြသည်။ ထို့ကြောင့် စကားနားမထောင်ခြင်းအားဖြင့် သားသမီးအရာမဆုံးရှုံးနိုင်ပါ။ သားသမီးဖြစ်ခြင်းသည် ကြိုးစားခြင်း၊ ကောင်းမြတ်ခြင်း အားဖြင့် ဖြစ်သည်မဟုတ်ပါ။ မိခင်မှမွေးဘွားခြင်းအားဖြင့်ဖြစ်သည်။ ထို့နည်းတူ ဘုရားသခင်၏သား ဖြစ်ခြင်းသည် အကျင့်နှင့်ကြိုးစားခြင်းအားဖြင့်မဟုတ်၊ ၀ိညာဥ်နှင့် မွေးဘွားခြင်းအားဖြင့်သာလျှင်ဖြစ်သည်။ ထိုအရာသည်ရပ်တည်ချက်ဖြစ်သည်။ လူ၏ လုပ်ဆောင်မှုကြောင့်မဟုတ်။ ဘုရားသခင်၏လုပ်ဆောင်မှုဖြစ်၍၊ မပြောင်းလဲနိုင်တော့ချေ။ သခင်ယေရှုခရစ်ပေးသော ဥပမာ၌လည်း ပျောက်သောသားသည် သုံးဖြုန်း၍ မကောင်းသောအကျင့်များ ကျင့်လျက် ဖခင်ထံမှထွက်သွားသော်လည်း သူ့ဖခင်၏သားပင် ဖြစ်သည်။ သူ့ဖခင်ထံမှထွက်သွားသောကြောင့် ဖခင်နှင့်မိဿဟာယပြတ်၍ ဖခင်၏ စည်းစိမ် မခံစားရသော်လည်း ဖခင်၏သားဖြစ်ဆဲဖြစ်သည်။ သူပြန်လာသောအခါ သူ့ဖခင်ကသား ဟုလက်ခံသည် (လု ၁၅:၂၄)။ သားသမီးများသည် မိဘစကားနားထောင်ဘို့ ဖြစ်သည်။ မိဘစကားနားထောင်မှ မိဘမျက်နှာပွင့်လန်းသည်။ ထို့နည်းတူယုံကြည်သူများဘုရားစကားနားထောင်ရမည်။ သို့မှသာ ဘုရား၏ဘုန်းထင်ရှားမှာဖြစ်သည်။ ဘုရား၏ သားများအကျင့်ဆိုးနေပါကဘုရား၏ ဘုန်းရှုတ်ချစရာဖြစ်သည်။

သင်ခန်းစာ (၂၁) မေးခွန်းများ

၁။ ရပ်တည်ချက်သည် -----------၏ လုပ်ဆောင်ချက်ဖြစ်သည်။
၂။ လုပ်ဆောင်ချက် သည် ----------၏ လုပ်ဆောင်ချက်ဖြစ်သည်။
၃။ ရပ်တည်ချက်သည် ---------၏အမြင်၌ဖြစ်သည်။
၄။ ကောရိန္သုအသင်းတော်သည် ခရစ်တော်၌ သန့်ရှင်းခြင်းသည် သူတို့၏ ---------ချက် ဖြစ်သည်။
၅။ ကောရိန္သုအသင်းတော်သည် ဇာတိအပြစ်ကျူးလွန်ခြင်းသည် သူတို့၏ ---------ချက် ဖြစ်သည်။
၆။ ယုံကြည်သူသည် ------၌ရှိသောကြောင့် ---------အမြင်၌ဖြောင့်မတ်သည်။
ရ။ ယေရှုခရစ်၌ရသောအရာများ မပြောင်းသော်လည်း၊ အပြစ်လုပ်လျှင် ဘာရှုံးမည်နည်း-------------------------------
၈။ ဒါ၀ိဒ်သည် မှားယွင်းသောအခါဘာရှုံးသနည်း-------------
၉။ ဘုရားသားဖြစ်ခြင်းသည် ----------ချက်ဖြစ်သည်။
၁၀။ အပြစ်လုပ်လျှင် မည်သည့်အရာရှုံးမည်နည်း------------မည်သည့်အရာမရှုံးနိုင်သနည်း။ -------------------

.

သင်ခန်းစာ (၂၂)

ကြီးထွားခြင်းနှင့်ရင့်ကျက်ခြင်း

သက်ရှိသတ္တ၀ါနှင့် အပင်တိုင်းသည် ကြီး ထွား ကြသည်။ ကြီး ထွားပြီးမှရင့်ကျက်ကာသီးပွင့် ကြသည်။ သို့မှသာ ပွါးများ နိုင်သည်။ လူသား များလည်း မွေးဘွားပြီးလျှင် ကြီး ထွား ကြသည်။ ခလေး မွေးသော်လည်း မကြီး ထွားလျှင် မိဘများ စိတ်ဆင်းရဲ မှာသေချာသည်။ ကြီးထွားသောသူတိုင်းလည်းမရင့်ကျက်ကြပါ။ လူကောင်ကြီးသော်လည်း ခလေး စိတ်ရှိနေသေးပါကအားကိုး၍မရ၊ ခလေးကဲ့သို့ကြည့်ရှုဘို့ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့်လူတိုင်းမွေးဘွားရုံဖြင့်မပြီးပါ။ အချိန်တန်လျှင်ကြီးထွားဘို့နှင့်ရင့်ကျက်ဘို့ လိုသည်။ ထို့နည်းတူ၀ိညာဥ်ပိုင်းဆိုင်ရာ၌လည်း၊ ယုံကြည်သူများသည်ခရစ်တော်၌ဒုတိယ မွေးဘွားရုံနှင့်မပြီးပါ။ ကြီးထွားခြင်းနှင့်ရင့်ကျက်ခြင်းရှိဘို့လိုအပ်သည်။အချိန်တန်သော်လည်းမကြီးထွားမရင့်ကျက်ပါက ပြသနာများစွာပေါ်ပေါက်နိုင်သည်။

ဇာတိ၌ကျင်လည်
ယုံကြည်သူများကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ၀ိညာဥ်သဘောဖြင့်အသက်မရှင်နိုင်၊ ဇာတိသဘောဖြင့်သာအသက်ရှင်နေမည်။ ကောရိန္သုအသင်းတော်သည် ကြီးထွားရင့်ကျက်ခြင်းမရှိသောကြောင့်ရှင်ပေါလုက၊ "ညီအစ်ကိုတို့အထက်ကငါသည် ၀ိညာဥ်လူတို့အား ဟောပြောသကဲ့သို့သင်တို့အားဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့ အား၎င်း၊ ခရစ်တော်၌သူငယ်ခလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ဟောပြောရ၏။" ဟုစာရေးခဲ့သည် (၁ ကော ၃:၁)။ ဇာတိပကတိလူဆိုသည်မှာဘုရားမသိသောသူ၊ မယုံကြည်သောသူကိုဆိုလိုသည်။ ယုံကြည်သူများသည်မကြီးထွားမရင့်ကျက်လျှင်၊ လောကီသားများနှင့် ခွဲခြား၍ မရချေ။

ကြေခဲသောအစာ
ခလေးသူငယ်များသည်ကြေခဲသောအစာများကိုမစားနိုင်ကြချေ။ နို့ကိုသာသုံးဆောင်ကြသည်။ ထို့နည်းတူ၀ိညာဥ်ပိုင်းခလေးသူငယ်များလည်း၊ ကြေခဲသောအစာကိုမစားနိုင်၊ ၀ိညာဥ်နို့များကိုသာသုံးဆောင်ကြသည်။ ရှင်ပေါလုက၊ "ယခုတိုင်အောင်သင်တို့သည်ခဲဘွယ် စားဘွယ်ကိုမကြေနိုင်ကြသောကြောင့်ငါမကျွေးရ၊ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း မကြေနိုင်ကြသေး၊" ဟုရေးခဲ့သည် (၁ ကော ၃:၂)။

ဟေဗြဲစာရေးသောသူကလည်း၊ "ထိုမေလခိဇဒက်၏အကြောင်းကို ငါပြောစရာ အများရှိ၏။ သို့သော်လည်းသင်တို့သည်၊ ကာလကြာသောကြောင့်ဆရာအဖြစ်သို့ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ဗျာဒိတ်တော်၌ရှေ့ဦးစွာသင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကို သာသုံးဆောင်သောသူဖြစ်ကြ၏။"ဟုရေးခဲ့သည် (ဟေဗြဲ ၅:၁၁-၁၂)။ ကြေခဲသောအစာမစားခြင်းဖြင့်အဘယ်ပြသနာရှိသနည်းဟုမေးနိုင်သည်။ နို့ကိုသာသုံးဆောင်သောသူသည်၊အားမရှိ၊ အလုပ်မလုပ်နိုင်။ ကြေခဲသောအစာစားမှသာအားရှိ၍အလုပ်လုပ်နိုင်သည်။ ထိုနည်းတူ၊ ၀ိညာဥ်နို့ကိုသာသောက်သောသူသည်၊ ဘုရားသခင်၏အသုံးတော်မခံနိုင်။ ခလေးကဲ့သို့သူတပါးကိုမှီခိုအားကိုးဘို့လိုအပ်နေပေလိမ့်မည်။ ခလေးများသည်အလုပ်မလုပ်နိုင်သည်သာမက၊ သားသမီးများလည်းမမွေးဘွားနိုင်ပါ။ ထို့နည်းတူ၀ိညာဥ်ခလေး များသည် ၀ိညာဥ်သားသမီးများမမွေးဘွားနိုင်ချေ။ သူတို့ကိုတချိန်လုံးစောင့်ရှောက်ဘို့ လိုအပ်သည်။

အပြစ်၌ပျော်မွေ့
ခလေးများသည်ညစ်ညူးသောအရာများကိုရွံရှာခြင်းမရှိ၊ နှစ်သက်ကြသည်။ တွေ့သမျှသောအရာကိုပါးစပ်ထဲသို့ထည့်တတ်သည်။ ကျန်းမာရေးလည်းမသိ၊ မိမိအတွက် ဘေးအန္တရာယ်ရှိမရှိကိုလည်းနားမလည်။ ထို့ကြောင့်သူတို့ကိုတချိန်လုံးစောင့်ရှောက်ဘို့ လိုအပ်သည်။ ထိုနည်းတူ ၀ိညာဥ်မကြီးထွားမရင့်ကျက်သောသူတို့သည် အပြစ်၌ပျော်မွေ့တတ်သည်။ မိမိအတွက်အန္တရာယ်ရှိမရှိ မစဥ်းစားဘဲဇာတိ၏အလိုကိုလိုက်လျှောက် တတ်သောကြောင့်၊ သူတို့ကိုတချိန်လုံးစောင့်ရှောက်ဘို့လိုအပ်သည်။ ကောရိန္သုအသင်းတော်လည်း မကြီးထွားမရင့်ကျက်သောကြောင့် ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားကြသည် (၁ ကော ၃:၃)။ ထိုအကျင့်များသည် ယုံကြည်သူများ၌မရှိသင့်။ သို့သော်လည်း၀ိညာဥ်ရေးရာ၌ခလေးဖြစ်နေလျှင်၊ မလွဲမရှောင်သာရှိနေပေမည်။ ၀ိညာဥ်ရေးရာမကြီးထွားမရင့်ကျက်ခြင်းသည်၊ မိမိအတွက်သာမကအခြားသူများအတွက်လည်း မကောင်းချေ။ ယုံကြည်သူညီအစ်ကိုမောင်နှမများကိုအားနည်းစေသည်။ ယုံကြည်သူများ အကြား၌ ပြသနာများ၍ ကွဲပြားစေသည်။ ထိုမျှသာမက၊ မယုံကြည်သူများအတွက်ထိမိလဲစရာဖြစ်သည်။ မရင့်ကျက်သူများ၏အသက်တာကိုကြည့်ခြင်းအားဖြင့်၊ မယုံကြည်သူ များသည်၊ ဘုရားသခင်ကိုမမြင်နိုင်ရုံသာမက၊ အဟန့်အတားဖြစ်စေသည်။ ဘုရားသခင်၏ ဘုန်းတော်ကို မထင်ရှားစေသည်သာမက၊ နာမတော်ကို ရှုတ်ချစရာဖြစ်စေသည်။ ထို့ကြောင့်ယုံကြည်သူတိုင်း၊ ကြီးထွားရင့်ကျက်ဘို့လိုအပ်သည်။

အသက်ရှင်သောအသင်းတော်များ၌ ၀ိညာဥ်ပိုင်းကြီးထွားရင့်ကျက်မှုမရှိပါက ပြသနာ ပေါင်းစုံနှင့်တွေ့ကြုံရမှာသေချာနေပါသည်။ ကောရိန္သုအသင်းတော်ကဲ့သို့ ၀ိညာဥ်ဆုကျေးဇူးရရှိသော်လည်း ပြသနာမပြေလည်နိုင်အောင် ရှုပ်ထွေးမှုရှိနိုင်သည်။ ခလေးများများရှိသောနေရာ၌ ပြသနာများ၍ အဘယ်အရာကိုမျှလုပ်ဆောင်၍မရချေ။ ကြီးထွားရင့်ကျက်မှသာလျှင် ပြသနာများကို ဖြေရှင်းနိုင်မှာဖြစ်သည်။ ကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ကောက်ရိုးမီးလောင်သကဲ့သို့ ချက်ချင်းတက်ကြွသော်လည်း မကြာမှီပြန်လည်ငြိမ်ကျသွားတတ်သည်။ အဘယ်ခလေးမှ၊ ကြီးမားသောအမှုကိုမလုပ်နိုင်ပါ။
အချို့သောအသင်းတော်များ၌ ၀ိညာဥ်ပိုင်းခလေးများသာလျှင်ရှိသောကြောင့် တချိန်လုံးခလေးထိန်းကြီးတည်းဟူသော သင်းအုပ်ဆရာကိုသာတမ်းတနေကြသည်။ သင်းအုပ်ဆရာမရှိလျှင် ဘာမျှမလုပ်တတ်ကြတော့ချေ။ သင်းအုပ်ဆရာလည်း ခလေးကြီး ဖြစ်နေပါကမည်ကဲ့သို့ ခလေးများကြီးထွားရင့်ကျက်အောင်ပြုစုကျွေးမွေးရမည်ကိုမသိ။ နို့ဘူးကြီးနှင့်တနင်္ဂနွေနေ့တွင် ၀ိညာဥ်ခလေးများကို ရေရောသောနို့ကြဲကြဲ (လူ့အကြိုက် တရားများ) ကိုတိုက်တတ်သည်။ ထို့ကြောင့်၀ိညာဥ်ခလေးများသည် မကြီးထွား၊ ပြသနာ များသည်။ သို့ဖြစ်၍မိတ်ဆွေလည်း ၀ိညာဥ်ရေး၌ ကြီးထွားရင့်ကျက်ဘို့လိုအပ်သည်။

သင်ခန်းစာ (၂၂) မေးခွန်းများ

၁။ ခလေးများမွေးဘွားပြီးလျှင် ဘာဖြစ်ဘို့လိုသေးသနည်း--------
၂။ ခလေးမကြီးထွားလျှင် မည်သူစိတ်ဆင်းရဲသနည်း။ ------------
၃။ ဒုတိယမွေးဘွားပြီးလျှင် ဘာလိုသေးသနည်း။ ---------------
၄။ ၀ိညာဥ်သဘောနှင့် အသက်ရှင်နိုင်ရန်ဘာလိုသနည်း----------
၅။ ဇာတိပကတိလူသည် အဘယ်သို့သောသူနည်း။ ------------
၆။ ခလေးများမည်ကဲ့သို့သောအစာစားသနည်း။ -------------
ရ။ အလုပ်လုပ်နိုင်ရန်မည်ကဲ့သို့သောအစာစားရသနည်း--------
၈။ ခလေးများသည် မည်သည့်အရာနှင့်ပျော်တတ်သနည်း---------
၉။ မကြီးထွားခြင်း၏ပြသနာများရေးပါ။ --------------------------------------------------------------------------------------------------------------------------------------
၁၀။ အဘယ်ကြောင့်အသင်းတော်များ၌ပြသနာများသနည်း။ ------
၁၁။ အဘယ်ကြောင့်ယုံကြည်သူများကြီးမားသောအရာမှုလုပ်နိုင်သနည်း။ ------------------
၁၂။ အဘယ့်ကြောင့်သင်းအုပ်ဆရာကိုမှီနေကြသနည်း။ ------------

.

သင်ခန်းစာ (၂၃)

ကြီးထွားရင့်ကျက်နည်း

ခလေးများကြီးထွားဘို့ရန်အောက်ပါအချက်များရှိဘို့လိုအပ်သည်။ ကျန်းမာခြင်း၊ အစာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အနားယူခြင်းနှင့်အ ချိန်များလိုအပ်သည်။ ထိုအရာများပြည့်စုံပါကကြီးထွားခြင်းသည်အလိုလို ဖြစ်သည်။အစားအစာ
ခလေးများကြီးထွားရန်ပဌမဦးဆုံးနို့စို့ရသည်။ မိခင်နို့သည်ခလေးများအတွက်အကောင်းဆုံးဖြစ်သည်။ ထို့နည်းတူ၀ိညာဥ်ပိုင်း၌လည်း၀ိညာဥ်နို့သောက်ဘို့လိုသည်။ ကျမ်းစာက၊ "ထို့ကြောင့်သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကိုမြည်းစမ်းကြသည်ဖြစ်၍အမျိုးမျိုးသောမနာလိုခြင်း၊ လှည့်ဖျားခြင်း၊ လျှို့၀ှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ၊ နှုတ်ကပတ်တော်တရား၏နို့စစ်အားဖြင့်ကြီးပွားမည်အ ကြောင်းဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကိုအလွန် လိုချင်သောစိတ်ရှိကြလော့။" ဟု၍ဆိုသည် (၁ ပေ ၂:၁-၃)။ ခလေးနို့မစို့လျှင်မကြီးထွားနိုင်သကဲ့သို့ ၀ိညာဥ်လူလည်း၊ နှုတ်ကပတ်တော်နို့စစ်ကိုမစို့လျှင်မကြီးထွားနိုင်ချေ။ နှုတ်ကပတ်တော်သည်၀ိညာဥ်နို့ ဖြစ်သောကြောင့်ဖတ်ရှုလေ့လာရမည်။ အချို့သောသူများသည်၊ ကြားနာခြင်းအားဖြင့်သာလျှင် နှုတ်ကပတ်တော်ကိုခံယူကြသည်။ ကိုယ်တိုင်ဖတ်ရှုလေ့လာခြင်းမရှိ။ ထိုသို့သောသူသည်မကြီး ထွားနိုင်။ နှုတ်ကပတ်တော်မဖတ်ဘဲကြီးထွားနိုင်သောဖြတ်လမ်းမရှိ။ ထိုကြောင့်ကြီးထွားလိုလျှင် နှုတ်ကပတ်တော်ကိုဖတ်ရှုလေ့လာရမည်။ဆုတောင်းရမည်
ကိုယ့်အစွမ်းအစအားဖြင့်ဘုရားသားမဖြစ်နိုင်သကဲ့သို့၊ ကိုယ့်အစွမ်းအစအားဖြင့်ခရစ်ယာန်အသက်တာ အသက်မရှင်နိုင်ပါ။ ခရစ်ယာန်အသက်တာကိုဘုရားသခင်၏တန်ခိုးအားဖြင့်သာရှင်နိုင်သည်။ သခင်ယေရှုက၊ "ငါနှင့်ကွာလျှင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ။" ဟုဆိုခဲ့သည် (ယော ၁၅:၅)။ ထို့ကြောင့်ကြီးထွားရင့်ကျက်ရန်ဆုတောင်းဘို့လိုသည်။ ဆုတောင်းခြင်းသည်လက်မြှောက်အရှုံးပေး ခြင်း၊ ဘုရားသခင်ကိုလုံး၀ဥသုန်အားကိုးခြင်းဖြစ်သည်။ ဘုရားသခင်နှင့်အစဥ်မပြတ်ဆက်သွယ်ဘို့ လိုသည်။မိဿဟာရဖွဲ့ခြင်း
ခလေးများကြီးထွားဘို့ရန်၊ ဆော့ကစားခြင်းလည်းလိုအပ်သည်။ ထို့နည်းတူယုံကြည်သူများလည်း၊ အခြားသူများနှင့်ထိတွေ့မှု၊ မိဿဟာယဖွဲ့ဘို့လိုအပ်သည်။ ယုံကြည်သူများနှင့်တွေ့လျှင်အချင်းချင်း တိုက်တွန်းခြင်း၊ သက်သေခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုံးမသွန်သင်ခြင်းများပြုလုပ်ခြင်း အားဖြင့်၊ ၀ိညာဥ်ရေးရာ၌ကြီးထွားရင့်ကျက်နိုင်သည်။ ထို့ကြောင့်၊ "အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကိုတိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့်သာ၍ ကြိုးစားကြလော့။" ဟုဆိုထားသည် (ဟေဗြဲ ၁၀:၂၅)။အနားယူခြင်း
ခလေးများကြီးထွားရန်အိပ်စက်အနားယူဘို့လိုသည်။ ခလေးငယ်လေလေပို၍အအိပ်များလေလေ ဖြစ်သည်။ ၀ိညာဥ်ရေးရာ၌လည်းအနားယူဘို့လိုအပ်သည်။ မည်ကဲ့သို့အနားယူမည်နည်း။ အနား ယူခြင်းသည်အလုပ်မလုပ်ခြင်း၊ သူတပါးကိုအားကိုးခြင်းဖြစ်သည်။ ဘုရားသခင်ကိုအားကိုးခြင်း အားဖြင့်အနားယူနိုင်သည်။ သခင်ယေရှုက၊ "၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြ လော့။ ငါသည်နားရသောအခွင့်ကိုပေးမည်။" ဟုလက်ကမ်းကြိုနေသည် (မဿဲ ၁၁:၂၈)။ လူတိုင်း၌ ၀န်ထုတ်၀န်ပိုးများရှိကြသည်။ ထိုအရာများကိုသခင်ခရစ်တော်ကထမ်းပေးချင်သည်။ ထို့ကြောင့်သူ့ကို မိမိ၏၀န်ထုတ်များအပ်နှံဘို့လိုအပ်သည်။ ၀န်ထုတ်၀န်ပိုးများရှိနေလျှင်၀ိညာဥ်ရေးရာ၌မကြီးထွား မရင့်ကျက်နိုင်ပါ။ လောက၌ရှိကြသေးသောကြောင့်၊ ဆင်းရဲဒုက္ခများရှိရဦးမည်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက၊ "သင်တို့သည်ဤလောက၌ဆင်းရဲဒုက္ခကိုခံကြလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်၊ ငါသည်လောကကိုအောင်ပြီ။" ဟုမိန့်တော်မူ၏ (ယော ၁၆:၃၃)။ ခရစ်တော်၌များများအနားယူခြင်းဖြင့် ၀ိညာဥ်ပိုင်း၌ပို၍ကြီးထွားနိုင်သည်။ ဆက်လက်၍၊ "အဘယ်သူသည်စိုးရိမ်ခြင်းအားဖြင့်မိမိအသက်တာ ကိုတတောင်ခန့်မျှတိုးပွါးစေနိုင်သနည်း။"ဟုဆိုသည် (မဿဲ ၆:၂ရ)။ စိုးရိမ်ပိုပန်ခြင်းဖြင့်၀ိညာဥ်ပိုင်းနေမ ကောင်းဖြစ်စေသည်။ ထို့ကြောင့်၊ "ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ထာ၀ရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင်သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည်ပညာရှိသည်ဟုကိုယ်ကိုမထင်နှင့်။ ထာ၀ရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကို ရှောင်လေ့ာ။ သို့ပြုလျှင်သင်၏အကြောတို့သည်အားသန်၍အရိုးတို့သည်ခြင်ဆီနှင့်ပြည့်စုံကြလိမ့်မည်။" (သုတ္တံ ၃:၅-၈)။ကျန်းမာဘို့လိုသည်
ခလေးများကြီးထွားဘို့ရန်ကျန်းမာဘို့လိုသည်။ မည်မျှပင်စားသော်လည်းမကျန်းမာပါကကြီးထွား နိုင်မည်မဟုတ်။ ထို့နည်းတူ၀ိညာဥ်ပိုင်း၌လည်းကျန်းမာဘို့လိုသည်။ ၀ိညာဥ်ပိုင်းနေမကောင်းစေသော အရာသည်အပြစ်ဖြစ်သည်။ ယုံကြည်သူတယောက်အပြစ်ကျူးလွန်သောအခါကြီးထွားမှုကိုရပ်တန့် စေသည်။ ဆာလံဆရာက၊ "ငါသည်အပြစ်ကိုမဖေါ်ပြဘဲနေစဥ်အခါ၊ တနေ့လုံးညည်းတွားသောအား ဖြင့်၊ ငါ့အရိုးတို့သည်ဆွေးမြေ့ခြင်းသို့ရောက်ရကြ၏။ နေ့ညမပြတ်ကိုယ်တော်၏လက်သည် အကျွန်ုပ် အပေါ်မှာလေး၍အကျွန်ုပ်၏ချွေးရည်သည်၊ နွေကာလ၌ခြောက်သွေ့ခြင်းကဲ့သို့ဖြစ်၏။"ဟုဆိုသည် (ဆာ ၃၂:၃-၄)။ နေမကောင်းသောသူကိုဂရုစိုက်ရသည်။ ဆေးသောက်ရသည်။ ကုသပေးရသည်။ သို့မှသာလျှင်ကျန်းမာ၍ကြီးထွားနိုင်ပေမည်။ ထို့နည်းတူ၀ိညာဥ်ပိုင်းကျန်းမာဘို့ရန်၊ အပြစ်များကိုဘုရား သခင်ထံ၀န်ချတောင်းပန်ရမည်။ ကျမ်းစာက၊"တဖန်အကျွန်ပ်သည်ကိုယ်အပြစ်ကိုရှေ့တော်၌၀န်ချပါ၏။ ပြုမိသောဒုစရိုက်ကို၀ှက်၍မထားပါ။ ငါလွန်ကျူးသောအရာကိုထာ၀ရဘုရားအားဖေါ်ပြတောင်းပန် မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည်အကျွန်ပ်ပြစ်မှားခြင်းအပြစ်ကိုလွှတ်တော်မူ၏။" (ဆာ ၃၂:၅)။ လူသည်အပြစ်မရှိလျှင်ရောဂါမရှိ။ ရောဂါမရှိလျှင်ကျန်းမာ၍ကြီးထွားဘို့ရန်သာရှိတော့သည်။

 

အချိန်စောင့်ဘို့လိုသည်
ခလေးကြီးထွားရန်အချိန်စောင့်ဘို့လိုသည်။ မည်မျှပင်ဂရုစိုက်ကျွေးမွေးပြုစုသော်လည်းနေ့ချင်းညချင်း မကြီးထွားနိုင်ချေ။ ထို့နည်းတူ၀ိညာဥ်ပိုင်း၌လည်းအချိန်စောင့်ဘို့လိုသည်။ ဟေဗြဲစာရေးသောသူကဤ သို့ ရေးသည်၊ "သင်တို့သည်ကာလကြာသောကြောင့်ဆရာအဖြစ်သို့ရောက်သင့်သော်လည်းကြေခဲသော အစာကိုမသုံးဆောင်။ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။" (ဟေ ၅:၁၂)။ ဤနေရာ၌ကာလအချိန် ကြာသောအခါ၊ ကြီးထွားရင့်ကျက်သောဆရာအဖြစ်သို့ရောက်သင့်ကြောင်းသိရသည်။ ထို့ကြောင့် ယုံကြည်သူများသည်ကြီးထွားရင့်ကျက်ဘို့အချိန်စောင့်ဘို့လိုသည်။

 

ရင့်ကျက်ခြင်း
ရင့်ကျက်ခြင်းသည်ကြီးထွားခြင်း၏အသီးအပွင့်သို့မဟုတ်အဆက်ဖြစ်သည်။ ကိုယ်ခန္ဓာရင့်ကျက်ခြင်း သည်မျိုးဆက်ပြန့်ပွါးစေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာကြီးထွားခြင်းသည်၊ အသိဥာဏ်ဗဟုသုတပွားများ ခြင်းဖြင့်ရရှိနိုင်သည်။ ရင့်ကျက်ခြင်းမူကားရရှိထားသောအသိဥာဏ်ကို၊ အသုံးပြုခြင်းအားဖြင့်ရရှိနိုင် သည်။ ကျောင်းသားဖြစ်စဥ်တွင်ရင့်ကျက်ခြင်းမရှိသော် လည်း ကြီးထွားသည်။ ထိုကျောင်းသားသည် ဆရာဖြစ်လာသောအခါ၊ ကြီးထွားခြင်းရပ်၍ရင့်ကျက်လာသည်။ ကြီးထွားစဥ်တွင်ဆော့ကစားချင်၍ ဣန္ဒြေစောင့်ခြင်းမရှိ။ သို့သော်ဆရာဖြစ်လာသောအခါ၊ ရင့်ကျက်ခြင်း၏ လက္ခဏာဖြစ်သောဣန္ဒြေစောင့်ခြင်းသည်အလိုလိုဖြစ်လာသည်။ ထိုဆရာသည်ကျောင်းပြန်တက်ပါကကြီးထွားပြန်၍၊ ခလေးစိတ်ပြန်၀င်လာမည်ဖြစ်သည်။

တပည့်တော်များလည်းသခင်ယေရှုနှင့်နေစဥ်တွင်အလွန်ခလေးဆန်ကြသည်။ ယောဟန်နှင့် ယာကုပ်ညီအစ်ကိုတို့လည်း၊ လောကီရာထူးရရှိဘို့သခင်ယေရှုထံ၌တောင်းခဲ့ကြသည်။ ကျန်သော တပည့်တော်များကလည်း၊ ခလေးစိတ်ရှိကြသောကြောင့်၊ ထိုညီအစ်ကိုနှစ်ယောက်အပေါ်တွင်မနာလို ဖြစ်၍စိတ်ဆိုးခဲ့ကြသည် (မ ၂၀:၂၀- ၂၄)။ အဘယ်သူသည်အကြီးမြတ်ဆုံးဖြစ်ကြောင်းကိုလည်းသိချင်ကြသည် (မ ၁၈:၁)။ ထိုသို့ဖြစ်ရခြင်းသည်သင်တန်းသားဖြစ်ခြင်းကြောင့်ဖြစ်သည်။ သူတို့သခင်နှင့်ခွဲခွါပြီးသောအခါတွင်၊ မူရင့်ကျက်လာကြသောကြောင့်ခလေးအကျင့်များမတွေ့ရတော့ဘဲ၊ လူကြီး ကဲ့သို့ပြောဆိုကြသည်။ သတ္တိလည်းရှိကြသည်။ လူအကြီးအကဲများကိုလည်းမကြောက်တော့ဘဲ ပြတ်ပြတ်သားသားရင်ဆိုင်ရဲကြသည်။

ထို့ကြောင့်၀ိညာဥ်ရေးရာ၌လည်း၊ သူတပါးထံ၌သင်ယူနေစဥ်တွင်၊ ကြီးထွားခြင်းရှိသော်လည်း ရင့်ကျက်ခြင်းမရှိနိုင်ပါ။ ကြီးထွားလိုလျှင်သင်တန်းသားလုပ်၍၊ ရင့်ကျက်လိုလျှင်ဆရာလုပ်ရမည်။ တပြိုင်တည်းကြီးထွားရင့်ကျက်လိုလျှင်၊ သူတပါးထံ၌တပည့်ခံ၍အခြားသူများကိုလည်းသင်ပေးရ မည်။ ကြီးထွားရင့်ကျက်သောသူသည်၊ လုပ်ငန်းအောင်မြင်နိုင်သည်။ ပြသနာကိုလည်းဖြေရှင်းနိုင် သည်။ သူတပါးကိုလည်းတည်ဆောက်နိုင်သည်။ ဘုရား ၏ဘုန်းတော်လည်းထင်ရှား၍၊ လူများကို ဆွဲဆောင်နိုင်၊ ဦးဆောင်နိုင်သည်။

                               သင်ခန်းစာ (၂၃) မေးခွန်းများ

၁။ ၀ိညာဥ်ပိုင်းအတွက် နို့သည် ----------- ဖြစ်သည်။
၂။ ကျမ်းစာမဖတ်ဘဲကြီးထွားနိုင်သလော။ ------------
၃။ ဆုတောင်းခြင်းသည် ------------ ဖြစ်သည်။
၄။ မိဿဟာယဖွဲ့ခြင်းအဘယ်ကြောင့်ရေးကြီးသနည်း။ ------------------------
၅။ အနားယူခြင်းသည် ---------- ဖြစ်သည်။
၆။ ၀ိညာဥ်နေမကောင်းစေခြင်းသည် ------- ဖြစ်သည်။
ရ။ အပြစ်သည်၀ိညာဥ်ကြီးထွားမှုကို --------စေသည်။
၈။ ၀ိညာဥ်ပိုင်းကြီးထွားရင့်ကျက်ရန် -------လိုသည်။
၉။ တပည့်ခံခြင်းဖြင့် ------၍၊ သူတပါးကိုသင်ပေးခြင်းဖြင့် -------စေသည်။
၁၀။ ကြီးထွားရင့်ကျက်ခြင်း၏အကျိုးများဖေါ်ပြပါ။ -------------------------------------------------------------------------------------------------

                            သင်ခန်းစာ (၂၄)

 

                      ယုံကြည်သူများ၏ရန်သူများ

ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရှိသွားကြပြီ။ ခရစ်ယာန်အသက်တာလည်း လျှောက်လှမ်းနေပြီ။ သို့သော်ထင်မှတ်သလောက်ခရီးမပေါက်ရောက်ဘဲအနှောက်အယှက်များရှိကာအသက်တာ၌ပျော်ရွှင် ၀မ်းမြောက်သင့်သလောက်မ၀မ်းမြောက်၊ လုပ်ဆောင်သင့်သလောက်မလုပ်ဆောင်နိုင်၊ ထိုမျှသာမကဘုရားတရားဘက်၌ စိတ်မ၀င်စားတော့ဘဲအသက်တာ၌ ခမ်းခြောက်မကိုခံစားနိုင်သည်။ ထိုအချိန်တွင်အခြားယုံကြည်သူများနှင့်လည်း မတွေ့ချင်၊ မိဿဟာယလည်းမဖွဲ့လို၊ ကျမ်းစာလည်းမဖတ်၊ ဆုလည်းမတောင်း၊ ဘုရားကျောင်းလည်းမတက်ချင်၊ တက်လျှင်လည်းအားရမှုမရှိ၊ ဩတ္တပ္ပစိတ်ကျေဘို့လောက်သာတက်သည်။ ထိုအချင်းအရာများသည်ယုံကြည်သူများ၌ အနည်းအများဖြစ်တတ်သောအရာများဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းများသည်ယုံကြည်သူများ၌ရန်သူ၏ တိုက်ခိုက်ခြင်းခံရသောကြောင့်ဖြစ်သည်။

ရန်သူသုံးမျိုး
ယုံကြည်သူများ၌ ရန်သူသုံးမျိုးရှိသည်။ ယင်းတို့မှာ၊ စာတန် မာရ်နတ်၊ လောကနှင့် ဇာတိတို့ ဖြစ်သည်။ ထိုရန် သူများ အကြောင်းကိုလေ့လာ၍မည်ကဲ့သို့တော်လှန်တိုက်ခိုက်မည်ကိုလေ့လာကြစို့။

စာတန်မာရ်နတ်
ပဌမဦးစွာယုံကြည်သူများ၏ဘုံရန်သူဖြစ်သောစာတန်မာရ်နတ်အကြောင်းကိုလေ့လာကြစို့။ မြန်မာစကားပုံ၌ ကုလား မနိုင်ရခိုင်မဲဆိုသလိုစာတန်သည်ဘုရားမနိုင်သောအခါ၊ ဘုရားသခင်၏အချစ်ဆုံးလူကိုမဲလာသည်။ ပဌမဦးဆုံးသူ၏ ဖျက်ဆီးခြင်းအလုပ်ကိုအာဒံနှင့်ဧ၀တို့ထံ၌တွေ့နိုင်သည်။ သူသည်အာဒံနှင့်ဧ၀ကိုမသတ်နိုင်သော်လည်း၊ ဘုရားသခင်ထံတော် မှလမ်းလွှဲသွားရန်လုပ်ဆောင်ခဲ့ကြောင်းတွေ့ရသည်။

စာတန်၏ရည်ရွယ်ချက်
သူ၏ အဓိကရည်ရွယ်ချက်နှင့် အလုပ်မှာ လူသား များကို ဘုရားသခင် ထံ မရောက်ဘို့ရန်၊ ထာ၀ရ မီးအိုင် ထဲသို့ သူနှင့်အတူ ဆင်းရဲ ခံစေခြင်းငှာ ဖျားယောင်းသွေးဆောင်ဘို့ ဖြစ်သည်။ လူများကို ဘုရားသခင် ထံမှ ခွါပြီး ဘုရားသခင်နှင့် ဝေးနိုင်သမျှ ဝေးသွားအောင် လုပ်ဆောင်လိုသည်။ လူများကို ဖျက်ဆီးလိုသည်။ သခင်ယေရှုက၊ "သူခိုးသည် ခိုးခြင်း သတ်ခြင်း ဖျက်ဆီးခြင်းငှါ သာလာတတ်၏။"ဟုဆိုသည် (ယော ၁ဝ:၁ဝ)။ ဤနေရာ၌ သူခိုးသည် စာတန်ကို ဆိုလိုခြင်း ဖြစ်သည်။ စာတန်သည် လူသားများဘုရားသခင်နှင့် ဆက်သွယ်၍ ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို မမြင်လိုချေ။ ထို့ကြောင့်ကယ်တင်ခြင်းသို့ မရောက် သေးသော သူများကို ကယ်တင်ခြင်း အကြောင်း မကြားရလေအောင် သူတို့၏ နားများကို ပိတ်၍ သူတို့၏ မျက်စိများ ကိုလည်း ဖုံးထားသည်။ ရှင်ပေါလုက၊ "ထိုသို့ မယုံကြည်သော သူတို့ မူကား ဘုရားသခင်၏ပုံသဏ္ဍာန်တော် တည်း ဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧ၀ံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။"ဟုဆိုသည် (၂ ကော ၄:၄)။ ခရစ်တော်၏ ဧ၀ံဂေလိတရားသည် လူများကို ကယ်တင်နိုင်သော တန်ခိုးရှိသည် (၁ ကော ၁:၁၈)။ လူသည် ထိုတရားစကားကို ကြားလျှင် ကယ်တင်ခြင်းသို့ ရောက်သွားနိုင်သည်။ ထိုကြောင့် စာတန်သည် တတ်နိုင်သမျှ လူများ ကထိုသတင်း စကားကို မကြားနိုင်အောင် သူတို့၏ နားကို ပိတ်၊ မျက်စိကို ဖုံးထားသည်။ ထိုသို့ လူများကို မျက်စိဖုံးနားပိတ်ဘို့ရန် အသုံးပြုသော လက်နက်များမှာ၊ လောကပစ္စည်းများတပ်မက်စေခြင်း၊ ရာထူးဂုဏ်ထူးများ အားဖြင့်လှည့်ဖျားခြင်း၊ ပျော်ပွဲရွှင်ပွဲများအားဖြင့်ဆွဲဆောင်ခြင်း၊ ငွေကို တပ်မက်၍ ငွေနောက်တကောက်ကောက်ပါအောင်လိုက်စေခြင်း၊ လွဲမှားသောဘာသာရေးများစွဲလမ်းစေခြင်း၊ နာမည်ခံခရစ်ယာန်ဘဝနှင့်ကျေနပ် စေခြင်း၊ ခရစ်တော်နှင့်သမ္မာတရားထက်၊ ဂိုဏ်းဂဏကိုပို၍အဓိကထားစေခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ပညာရေး၊ ယဥ်ကျေးမှုများလိုက်စားခြင်းအားဖြင့်၊ ဘုရားသခင်ထံမှဝေးသွားအောင်ဆွဲဆောင်သည်၊ လမ်းလွဲစေသည်။ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများလည်း၊ သူ့လက်မှလွတ်သွားသော်လည်း လက်မလျှော့ဘဲ ဘုရားဖက်၌စိတ်အားမကြီးနိုင်ရန်သော်၎င်း၊ အခြားသူများခရစ်တော်ထံသို့မဆွဲဆောင်နိုင်ရန်အားလျော့ဘို့ရန် တတ်နိုင်သမျှအားထုတ်လျက်၊ အနှောက်အယှက်ပေးနေသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ယောဘ၏အသက်တာ၌ စာတန်၏ လုပ်ဆောင်ချက်ကိုတွေ့နိုင်သည်။ ဘုရားသခင်ကိုယုံကြည်၍ဖြောင့်မတ်ခြင်းကိုလိုက်စားသောယောဘကိုဖျက်ဆီးဘို့ရန် စာတန်သည်ဘုရားသခင် ထံ၌တောင်းဆိုခဲ့သည် (ယောဘ ၁)။ တမန်တော်ပေတရုအားဖြင့်လည်း သခင်ယေရှုသည် သေခြင်းကိုရှောင်ကွင်းရန်အကြံပေးခဲ့သည် (မ ၁၆:၂၃)။ သခင်ယေရှုကိုယ်တိုင်ပင်လျှင်၊ ရက်ပေါင်းလေးဆယ်အစာရှောင်၍ ခန္ဓာကိုယ်အားနည်းချိန်တွင် သုံးကြိမ်အပြစ် လုပ်ဘို့ သွေးဆောင် ခဲ့သည် (မ ၄)။ အကယ်၍ သခင်ယေရှုက စာတန်၏ သွေးဆောင်မကို မငြင်းပယ်နိုင်ခဲ့လျှင် သူသည် စာတန် လက်အောက်၌ ကျရောက်၍ လူသား များကို ကယ်တင်နိုင်မည် မဟုတ်ပေ။

စာတန်၏လူများ
ယုံကြည်သူ များသည် ဘုရား သားများဖြစ် သကဲ့သို့ မယုံကြည်သူ များသည် စာတန်၏ သားများဖြစ် ကြသည်။ သခင်ယေရှုကယုဒလူတို့ အား၊ "သင်တို့သည် သင်တို့ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။" (ယော ၈:၄၄) ဟုဆိုခဲ့သည်။ တမန်တော် ယောဟန်ကလည်း၊ "ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကို၎င်း၊လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်း၊ ငါတို့ သိကြ၏၊" ဟုဆိုသည် (၁ ယော ၅:၁၉)။ ထို့ကြောင့် ယုံကြည်သူ များသည်လောကီသား များနှင့် ပေါင်း ဖေါ် သောအခါ သမ္မာသတိရှိဘို့ လိုသည်။ မယုံကြည်သူ များနှင့် မညီသော ထမ်းပိုးကို မထမ်းဘို့ ရှင်ပေါလုကသတိပေးခဲ့သည် (၂ ကော ၆:၁၄)။ ထိုသတိပေးချက်ကို ဂရုမစိုက်ဘဲ မယုံကြည်သူ များနှင့် တွဲသော သူများသည်ပြသနာပေါင်းစုံတွေ့ကာ၀ိညာဥ်ရေးရာ၌ကျဆင်း၍၊ ဘုရားဖက်၌အားနည်းတတ်ကြသည်။

စာတန်အသင်းတော်
စာတန်သည်ဘုရားသခင်ကိုအမြဲတိုက်ခိုက်အံတုချင်သည့်အတိုင်း၊ ဘုရားလုပ်သမျှကိုလုပ်လိုသည်။ ဘုရားသခင်၌ အသင်းတော်ရှိသကဲ့သို့ သူ၌လည်းအသင်းတော်ရှိသည်။ အစပိုင်း၌အသင်းတော်ကိုတတ်နိုင်သမျှတိုက်ခိုက်ဖျက်စီးသည်။ ရှောလုကိုလည်းအသုံးပြု၍အသင်းတော်ကိုဖျက်စီးခဲ့သည်။ သို့သော်အသင်းတော်သည်မပျက်စီးသည်သာမကပို၍ ပို၍ အားကြီးလာသောအခါ၊ စာတန်သည်သူ၏နည်းဗြူဟာကိုပြောင်းလိုက်သည်။ အဘယ်သို့ ပြောင်းသနည်းဟူမူကား၊ အသင်းတော်ကိုမတိုက်ခိုက် တော့ဘဲ သူကိုယ်တိုင် အသင်းသား ၀င်လိုက်ကာ အသင်းတော် အထဲမှ အလုပ်လုပ်သည်။ အသင်းသားများ သမ္မာတရား လမ်းမှလွှဲသွားအောင် သွန်သင်သည်။ ထို့ကြောင့် များစွာသော အသင်းတော် များသည် အပြင်ပန်းအားဖြင့် ဘုရားသခင်၏ အသင်းတော် များဟု ထင်မှတ်ရသော်လည်း အတွင်း ၌ စာတန်၏ အသင်းတော်များဖြစ် နေကြသည်။

စာတန်အသင်းတော်မည်သို့သိနိုင်သနည်း
စာတန်၏အသင်းတော်ဟုတ်မဟုတ်မည်ကဲ့သို့သိနိုင်မည်နည်းဟူမူကား၊ ကယ်တင်ခြင်းအကြောင်းမပြော၊ ပြောသော သူကိုလည်းမုန်း၍တားဆီးလျှင်စာတန်၏အသင်းတော် ဖြစ်သည်။ ထိုသို့သော အသင်းတော်များ၌ ကျမ်းစာကို အဓိကမထား၊ လူ့ပညာအတွေးအခေါ်များကို ဦးစားပေးကာ ဟောပြော ကြသည်။ ဘုရား၏ အလိုတော် ဆောင်ဘို့ထက် လူမရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမျိုးရေးများကို ဦးစားပေး ကြသည်။ ၀ိညာဥ်ရေးရာထက်ကိုယ်ကာယပိုင်း ပျော်ရွင်ဘို့ ဦးစားပေးသည်။ သမ္မာတရား ဟောပြောသော သူများကို မုန်းသည်။ ထိုသို့သော အသင်းတော် များသည် ဟန်ရှိသော်လည်း ဘုရားသခင်၏ အသိအမှတ်ပြုသော အသင်းတော်များမဟုတ်ချေ။

စာတန်ကျမ်းစာကျောင်း
စာတန်၌ အသင်းတော် သာမက ကျမ်းစာ ကျောင်းများလည်း ရှိသည်။ ထိုကျမ်းစာ ကျောင်းများ၌ ကျမ်းစာ ယုံကြည်ဘို့ သင်ပေးသည်ထက် သံသယရှိဘို့ သင်ပေးသည်။ ကျမ်းစာထက် လူ့အတွေး အခေါ်များကို သင်ပေးသည်။ ထိုကျမ်းစာ ကျောင်းများ၌ တက်သည်ထက် မတက်လျှင် သာ၍ ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်ခြင်းကို ပျောက်စေ၍ ဘုရားသခင်နှင့် နီးစေသည် ထက် သာ၍ ဝေးစေသည်။

စာတန်၏လက်နက်များ
စာတန်၏အဓိကလက်နက်မှာလိမ်လည်လှည့်ဖျားမှုဖြစ်သည်။ ထိုလက်နက်ဖြင့်လူသား အားလုံး၏မိခင်ဖြစ်သောဧ၀ကိုဖျက်စီးခဲ့သည်။ စာတန်သည်ဧ၀ကိုကောင်းမကောင်းသိကျွမ်းရာအသီးကိုစားခိုင်းသည်မဟုတ်။ သို့သော်စားချင်လာအောင်လိမ်လည်ခဲ့သည်။ ဧ၀သည်အဘယ်ကြောင့်လိမ်လည်ခြင်းခံရသနည်းဟူမူကား၊ ဘုရားသခင်၏စကားကိုမယုံကြည်သောကြောင့်ဖြစ်သည်။ စာတန်သည်လူတိုင်းကိုလိမ်လည်လှည့်ဖျားသည်သာမကသခင်ယေရှုကိုပင်လှည့်ဖျားခဲ့သည်။ စာတန်သည်သခင်ယေရှုကိုအစာအားဖြင့်၎င်း၊ လောကဘုန်းစည်းစိမ်အားဖြင့်၎င်း၊ တန်ခိုးပြ၍၀ါကြွားဘို့ရန်၎င်း၊ ဖျားယောင်းခဲ့သည် (မဿဲ ၄:၁-၁၁)။ သခင်ယေရှုသည်စာတန်၏လှည့်ဖျားမှုကို၊ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်အောင်မြင်ခဲ့သည်။ ထို့နည်းတူယုံကြည်သူများလည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုအလေးအနက်ထားကာအသုံးပြုဘို့လိုသည်။

စာတန်ကိုအောင်နိုင်သောလက်နက်
စာတန်သည်အသွေးအသားရှိသည်မဟုတ်။ ထိုကြောင့်အသွေးအသားလက်နက်များဖြင့် တိုက်ခိုက်၍မရချေ။ ရှင်ပေါလုက၊ "ညီအစ်ကိုတို့သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ပရိယာယ်တို့ကိုဆီးတားနိုင်မည့် အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံတို့ကို၀တ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည်အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြသည်။" ဟုဆိုသည် (ဧဖက် ၆:၁၀- ၁၂)။ ထိုသို့စာတန်သည်ဇာတိလက်နက်ဖြင့်တိုက်၍မရကြောင်းသိခြင်းသည်အောင်မြင်ခြင်း၏အစဖြစ်သည်။ စည်းကမ်းရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ ကိုယ်ကာယခွန်အားစိုက်ထုတ်ခြင်း၊ ငွေကြေးအသုံးပြုခြင်း၊ ပညာကိုအသုံးပြုခြင်းတို့သည်ကောင်းသော်လည်း ထိုအရာများဖြင့်စာတန်ကိုမနိုင်နိုင်ပါ။ ထိုကြောင့်ဘုရားပြင်ဆင်ပေးသောလက်နက်များကို အသုံးပြုရမည်။

ဘုရားပြင်ဆင်ပေးသောလက်နက်များ
ဘုရားသခင်သည် သူ၏ သားသမီး များအတွက် အောက် ပါလက်နက်များကို တပ်ဆင်ပေးသည်။ ထိုလက်နက်များကို အသုံးပြုရမည်။

သစ္စာ (သမ္မာတရား) တည်းဟူသောခါးပန်း
ခါးပန်းသည် ခါးကို တင်းကျပ်စေသည်။ ထို့အပြင်ဓါးကိုလည်း ခါပန်း၌ ချိတ်ထားရသည်။ စစ်သား တယောက်၌ လိုအပ်သော လက်နက် တခု ဖြစ်သည်။ ထို့နည်းတူ ယုံကြည်သူ၌ သစ္စာ တည်း ဟူသော သမ္မာတရား မသိမရှိလျှင် စာတန်၏ အလွယ်တကူအောင် နိုင်ခြင်းကို ခံရမှာ ဖြစ်သည်။ ထိုကြောင့် သမ္မာတရား နားလည်ဘို့ လိုသည် (၂ တိ ၂:၁၅)။ ထိုမျှ သာမက သမ္မာတရား၌ ကျင်လည်ဘို့ လိုသည် (၂ ယော ၁:၂-၃၊ ၃ ယော ၁:၃-၄)။

ဖြောင့်မတ်ခြင်းပါရမီတည်းဟူသောရင်အုပ်တန်ဆာ
ရင်အုပ်တန်ဆာသည်ရန်သူထိုးမည့်၊ ခုတ်မည့်အရာကိုကာထားသည်။ ရင်အုပ်သည် ရန်သူ၏အဓိကပစ်မှတ်ဖြစ်သည်။ ရင်အုပ်မကာထားပါက၊ ရန်သူအတွက်အကွက် ကောင်းဖြစ်သည်။ ထို့နည်းတူ၊ ယုံကြည်သူတယောက်၌ဘုရားပေးထားသောဖြောင့်မတ် ခြင်းကိုလက်ခံဘို့လိုသည် (ရော ၄:၅)။ ထိုသို့ခရစ်တော်အားဖြင့်ဖြောင့်သောသူများသည် ဖြောင့်မတ်စွာအသက်ရှင်ရမည် (၁ ယော ၃:ရ)။ ဖြောင့်မတ်စွာအသက်ရှင်လျှင်၊ စာတန်နှင့် သူ၏အပေါင်းပါများသည်အပြစ်အမျိုးမျိုးရှာသော်လည်းမတွေ့၊ ယုံကြည်သူကိုမထိုးသတ်နိုင်ချေ။

ဧ၀ံဂေလိဟောပြောရန်အသင့်ပြင်သောခြေစွပ်
ငြိမ်သက် ခြင်းနှင့် ယှဥ်သော ဧ၀ံဂေလိတရားကို ဟောပြော အံ့သောငှါ ပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကို စွပ်ရမည်။ ထိုအရာသည် ဧ၀ံဂေလိတရားကို ဟောပြောဘို့ရန် အဆင်သင့်ရှိခြင်းကို ဆိုလိုသည်။ စာတန်နှင့် သူ၏ လူများကို ဧ၀ံဂေလိတရားဟောပြောခြင်း အားဖြင့် အနိုင်ယူရမည်။ ဧ၀ံဂေလိတရားကို နေရာမရွေး၊ အချိန်မရွေးပြောနိုင်ရမည်။ ဧ၀ံဂေလိဟောပြောဘို့ အဆင်သင့်မရှိသော သူသည် ရန်သူရှေ့၌ ဆုံးရှုံးပြီ။

ယုံကြည်ခြင်းတည်းဟူသောလွှား
မာရ်နတ်ပစ်ခတ်သော မီးစက် လက်နက်ကို ကာ သတ်နိုင်သော ယုံကြည်ခြင်း တည်း ဟူသော လွှား။ လွှားသည် ရန်သူ့ဓါး၊ လှံများ အားလုံးကို ကာကွယ်သော အရာ ဖြစ်သည်။ ထို့နည်းတူရန်သူတည်း ဟူသော စာတန် ပစ်ခတ်သော မီးစက်လက်နက်များ တည်း ဟူသော စာတန် သားသမီး များ၏ ဝေဖန်ခြင်း၊ အပြစ် တင်ခြင်း၊ အထင်အမြင် သေးခြင်း များကို ဘုရားသခင် အပေါ်ယုံကြည်ခြင်း အားဖြင့် အောင်မြင် နိုင်သည်။ ထိုယုံကြည်ခြင်း မရှိသော သူသည် သူတပါးဝေဖန်ခြင်းကို မခံနိုင်ဘဲ မလုပ်သင့်သော အရာများကို လုပ်နိုင်သည်။ ထိုမျှသာမကစိတ်ဓါတ်ကျကာဘာမျှမလုပ်နိုင်၊ မလုပ်ချင်ဘဲ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် စစ်ရှုံးပြီ။

ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံး
သံခမောက်လုံးသည် ဦးခေါင်း လုံခြုံရေးအတွက် အလွန် အရေး ကြီးသည်။ ကယ်တင်ခြင်း တည်း ဟူသော သံ ခမောက်လုံးဟုဆိုရာတွင် အပြစ်မှ ကယ်တင်၍ ကောင်းကင် နိုင်ငံ၀င်ခွင့်ရသော ကယ်တင်ခြင်းကို မဆိုလို။ အကြောင်းမှာ ဤလက်နက်ကို ကယ်တင်ခြင်းသို့ ရောက်ပြီးသော သူအတွက် ပေးသော လက်နက် ဖြစ်သည်။ ထို့ကြောင့် ဤ ကယ်တင်ခြင်းသည် ခရစ်ယာန် အသက်တာ၌ စာတန်နှင့် တိုက်ခိုက် သောအခါ ဘုရားသခင်၏ ကူညီမစခြင်းကို ဆိုလိုသည်။ ယုံကြည်သူ သည်အချိန် တိုင်း ဘုရားသခင်၏ ကယ်တင်ခြင်း၊ တနည်းအားဖြင့် ကူညီမစခြင်းကို ခံဘို့ လိုသည်။ သို့မှသာ စာတန်ကို အောင်မြင် နိုင်မည်။ ကိုယ့်အစွမ်းအစကိုအား မကိုးရပါ။

နှုတ်ကပတ်တော်တည်းဟူသောဝိညာဉ်တော်ထား
........ဖေါ်ပြခဲ့ပြီးသော လက်နက်များသည် ခံစစ်လက်နက်များ ဖြစ်သည်။ ထို လက်နက် များသည် အလွန် အရေးကြီးသော်လည်းရန်သူကို ထိုလက်နက်များ အားဖြင့် ထိုးစစ်မစင်နိုင်သောကြောင့် ရန်သူသည် ကြောက်လန့်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ ရန်သူကို တိုက်ခိုက် ဘို့ရန် ဝိညာဥ်တော် ထားတည်း ဟူသော နှုတ်ကပတ်တော်ကို အသုံးပြုရမည်။ စာတန်နှင့် သူ၏ လူများသည် လူ၏ အတွေးအခေါ်၊ အပြောကောင်းခြင်း များကို မမှုချေ။ ဘုရားသခင်၏ နှုတ်ထွက်စကား များကို သာကြောက်ရွံ့သည်။ အကြောင်းမှာ နှုတ်ကပတ်တော်သည် သန်လျက် တကာတို့ထက် ထက်သည် (ဟေဗြဲ ၄:၁၂)။ ခရစ်တော်လည်း စာတန်ကို နှုတ်ကပတ်တော် အားဖြင့် အနိုင်ယူခဲ့သည် (မ ၄:၁-၁၁)။ ထို့ကြောင့် နှုတ်ကပတ်တော်ကို အလွတ်ကျက်ရမည်။ ကောင်းစွာ အဓိပ္ပါယ်နားလည်၍ အသုံးပြုရမည်။

 

သင်ခန်းစာ (၂၄) မေးခွန်းများ

၁။ ယုံကြည်သူများ၌ ရန်သူဘယ်နှစ်မျိုးရှိသနည်း။ -----မျိုး။ အားလုံး ဖေါ်ပြပါ။ --------------------------------------
၂။ စာတန်၏ ရည်ရွယ်ချက်သည် အဘယ်အရာနည်း။ -----------
၃။ စာတန်သည် ကယ်တင်ခြင်းသို့ မရောက်သော သူများ၏ ----- များကို ------၍ သူတို့၏ ------များ ကိုလည်း ------ထားသည်။
၄။ လူများ ကယ်တင်ခြင်းသို့ မရောက်နိုင်အောင် အသုံးပြုသော စာတန်၏ လက်နက်များကို ဖေါ်ပြပါ။ ---------
၅။ အဘယ်ကြောင့် စာတန်သည် ယုံကြည်သူ များကို နှောက်ယှက်သနည်း။ -----------------------
၆။ စာတန်၏ လူများသည်မည် သူများ နည်း။ ----------------------------
ရ။ စာတန်၏ အသင်းတော် များကို မည်ကဲ့သို့ သိနိုင်သနည်း။ -------------------------------------
၈။ စာတန်၏ ကျမ်းစာ ကျောင်းများ၌ မည်သည့်အရာများ သင်သနည်း။ -----------------------------ထိုကျောင်းများ၌ တက်လိုပါသလား။ --------------
၉။ စာတန်၏ လက်နက်သည် အဘယ်အရာနည်း။ -------------------
၁၀။ စာတန်ကို အဘယ်ကြောင့်အသွေးအသား လက်နက်ဖြင့် မနိုင်နိုင်သနည်း။ --------------------------------------
၁၁။ သခင်ယေရှုသည် ----------အားဖြင့် စာတန်ကို နိုင်သည်။
၁၂။ ဘုရား ပြင်ဆင် ပေးသော လက်နက်များကို ဖေါ်ပြပါ။ ---------------------------------------------------------------------------------------