Book: Law and Offering (b)

Home  > Bookstore > Law and Offering

Law-and-Offering

ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

***PDF DOWNLOAD***

PART B

.

မာတိကာ

.

                                          သင်ခန်းစာ (၉)

    ကောင်းကင်တဲတော်အရိပ်

             ဘုရားသခင်ကလောက၌ ကောင်းကင်၏ အရိပ်တဲတော်ကို တည်ဆောက်ခိုင်းခဲ့သည်။ ထိုအရိပ်၌ကိုးကွယ်ချိန် ကုန်ဆုံးပြီးကြောင်း သိခဲ့ရပြီ။ သို့သော်ထိုအကြောင်းကို မသိသောကြောင့် အမျိုးမျိုး ပြုလုပ် နေသူများ အကြောင်းကို ဆက်လေ့လာကြစို့။

အရိပ်ကို ဆက်ချင်သူများ
ဣသရေလ လူများသည် ဗိမာန်တော် ပြောင်းရွှေ့သွားကြောင်းကို မသိ သောအခါ၊ ယေရုရှလင်မြို့ရှိဗိမာန်တော်၌ နောက်ထပ်နှစ်ပေါင်း ၄၀ ကိုးကွယ်ခဲ့ကြသေးသည်။ ကျမ်းစာကမဖေါ်ပြ သော်လည်း၊ သန့်ရှင်းရာဌါနကို ကာထားသော ကုလားကာကို အောက်မှအထက် စွန်းသို့ ပြန်လည်ချုပ်ကြမှာ ဖြစ်သည်။ ထိုဗိမာန်တော် မလိုတော့ကြောင်းနှင့် ဖျက်စီးရမည့် အကြောင်းကို သခင်ယေရှုကတပည့်တော်များထံဤသို့ ပြောကြားခဲ့သည်။ "ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွ တော်မူသည် ရှိသော်၊ တပည့်တော် တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေရှု ကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာတခုမျှမတည်မနေရဟု မိန့်တော်မူ၏။" (မ၂၄:၁-၂)။ သခင်ယေရှု ကြိုတင်ပြောထားသည့်အတိုင်း၊ ထိုဗိမာန်တော်ကို၊ ရောမစစ်သားများကအေဒီ ရဝ တွင် ရှင်းရှင်းဖျက်စီးခဲ့ကြသည်။ ထိုသို့ဖျက်စီးခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်းမသိသော ဣသရေလလူများသည် အေဒီ ၁၃၅ ၌ဗိမာန်တော်ပြန်လည်တည်ဆောက်ဘို့ရန် ကြံရွယ်သော်လည်း အထမမြောက်ခဲ့ကြချေ။ နောက်ပိုင်းတွင် မူစလင်များက၊ ထိုဗိမာန်တော်နေရာတွင်၊ သူတို့၏ ဗလီကို တည်ဆောက်ခြင်းအားဖြင့်၊ ဣသရေလလူများကနောက်ထပ်ဗိမာန်တော် မဆောက်နိုင်ရန်၊ ဘုရားသခင်ကအကောင်းဆုံးသောအစောင့်များကို ချထားသည်။ ထိုဗိမာန်တော်နေရာကိုအခြားလူမျိုးများပိုင်ပါက ဣသရေလ လူများ ကငွေနှင့်ဝယ်ယူ၍ သူတို့၏ဗိမာန်တော်ကို တည်ဆောက်လိုက်ကြမှာ သေချာသည်။ ယနေ့ ဣသရေလ လူများ၏အဓိက ဆုတောင်းချက်မှာ၊ ဗိမာန်တော် ပြန်လည်တည်ဆောက်၍ ရှေးကကဲ့သို့ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသခင်ကို ကိုးကွယ်ဘို့ ဖြစ်သည်။ သူတို့သည်မည်မျှပင်ငိုယို၍ ဆုတောင်း နေစေကာမူ ဘုရားသခင်ကနားမညောင်းချေ။ အကြောင်းမှာ အရိပ်ခေတ်ကုန်ပြီ၊ ဗိမာန်တော်အစစ်၌ကိုးကွယ်ချိန်ရောက်ပြီ။ သို့သော်ဝမ်းနည်းစရာ ကောင်းသည်မှာ၊ ဣသရေလလူများကထိုအရာကို မသိကြချေ။ သူတို့၏ မသိခြင်းသည် ဘုရားသခင်၏စိတ်ကို မပြောင်းလဲစေနိုင်။ သူတို့သာလျှင်ဆုံးရှုံးရသည်။

ရိုမင်ကက်သလိပ်များ
ဣသရေလလူများကထိုသို့ ဗိမာန်တော် မဆောက်နိုင်သော်လည်း၊ ရိုမင်ကက်သလိပ်များကကမ္ဘာအနှံ့နေရာတိုင်း၌၊ ဗိမာန်တော်များကို ဆောက်လိုက်ကြသည်။ ထိုဗိမာန်တော်များ၌ သန့်ရှင်းရာဌါနများကို သတ်မှတ်၍၊ သာမန်လူများကို ဝင်ခွင့်မပေးဘဲ သူတို့၏ ဘုန်းကြီးများသာလျှင် ဝင်ခွင့်ရှိကြသည်။ သူတို့၏ ဘုန်းကြီးများလည်း ဣသရေလလူများ၏ ယဇ်ပုရောဟိတ် များကဲ့သို့၊ ဝတ်ရုံရှည်များကိုဝတ်ကြသည်။ ယဇ်ပုရောဟိတ်များ ကဲ့သို့ လုပ်ဆောင်ကြသည်။ သူတို့လည်းဘုရားသခင်၏ အကြံအစည်ကိုနားမလည် သောကြောင့်၊ ယေရှုခရစ်အားဖြင့် အကောင်အထည်ဖေါပြီးကြောင်းကို မသိ၍၊ အရိပ်ကိုအတုယူလုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ် များသည် တဲတော် ထဲသို့ဝင်သောအခါ၊ ပရိသတ်များတိတ်ဆိတ်စွာနေသကဲ့သို့ ရိုမင်ကက်သလိပ်များလည်း ဘုရားကျောင်းထဲ၌ စကားမပြောဘဲ တိတ်ဆိတ်စွာနေကြခြင်းဖြစ်သည်။

အရိပ်လည်းမမြင် အကောင်လည်းမမြင်
ဣသရေလလူများကအရိပ်ကို တမ်းတလျက် နေကြချိန်တွင်၊ ရိုမင်ကက်သလိပ်များကအရိပ်၏အတုများကို နေရာအနှံ့ ပြုလုပ်ကြကြောင်း သိရပြီ။ သို့သော်အရိပ်လည်းမမြင်၊ အကောင်လည်းမမြင်သောအဖွဲ့များရှိသည်။ ထိုသူများသည်အချို့သောပရော်တက်စတင့်များဖြစ်သည်။ ပရော်တက်စတင့်များသည် ကက်သလိပ် မဟုတ်သော ခရစ်ယာန်များဖြစ်သည်။ အချို့သော ပရော်တက်စတင့်များသည် အရိပ်ကို မသိသောကြောင့် အတုယူဘို့လည်းမသိကြ။ ထိုအရာသည် ဣသရေလလူများ၏ ဓလေ့ဟု ယူဆသောကြောင့် အတုယူရမှန်းမသိ။ ထို့ကြောင့် ဘုရားကျောင်းများကိုဆောက်၍ သန့်ရှင်းရာဌါနလည်းမရှိ။ လူတိုင်းစင်ပေါ်တက်ကာတရားဟောခြင်း၊ သီချင်းဆိုခြင်း၊ ပြဇာတ်များပြခြင်း၊ သူတို့ လိုချင်သလိုအသုံးပြုကြသည်။ ထို့ကြောင့် ပရော်တက်စတင့်များ၏ ဘုရားကျောင်းများသည် ပွဲရုံဇာတ်ရုံများကဲ့သို့ ဆူညံနေခြင်းဖြစ်သည်။ ပရော်တက်စတင့်များသည် အရိပ်အကြောင်း မသိသောကြောင့်၊ အကောင်အထည်ကိုလည်း ကောင်းစွာမသိ။ ထိုကြောင့် ဘုရားသခင်ကို မိမိကြိုက်နှစ်သက်သလိုကိုးကွယ်ကြသည်။ ကျမ်းစာလည်း ဓမ္မသစ်ကျမ်းသာ အဓိကထား၍၊ ဓမ္မဟောင်းကျမ်းစာ အသုံးပြုသော သူများကို အထင်သေးသည်။ ဓမ္မဟောင်းကျမ်းသည် ငါတို့နှင့်မဆိုင်၊ ငါတို့သည် ဓမ္မသစ်အသင်းတော်များဖြစ်သည်ဟုဆိုတတ်ကြသည်။ သင်းအုပ်ဆရာများကို လည်း၊ ယဇ်ပုရောဟိတ်များဟု ထင်မှတ်ကြသည်။ ယဇ်ကောင်များလည်း အလှူငွေနှင့် အကျင့်သီလများ၊ ဟုထင်မှတ်ကြသည်။ ခရစ်တော် ကယ်တင်ရှင်အဖြစ် လက်ခံသော်လည်း ခရစ်တော်၏ လုပ်ဆောင်ချက်ကို မသိကြ။ ထို့ကြောင့် ကောင်းကင်နိုင်ငံရောက်နိုင်ရန်မှာမိမိတို့၏ အကျင့်နှင့် ဆက်ကပ်မှုကို အားကိုးလာကြသည်။ သို့သော်မိမိကိုယ်ကို မပြည့်စုံမှန်းသိနေ သောအခါ၊ ကောင်းကင်နိုင်ငံသို့ရောက်မည်ဟု စိတ်မချနိုင်ခြင်းဖြစ်သည်။ လောက၌ပူဇော်ခြင်း ဘုရားကိုးကွယ်ခြင်းသည် ကိုးကွယ်သောသူ၏ သြတ္တပ္ပစိတ်ကို မကြည်လင်စေနိုင်ချေ။ ကျမ်းစာ၌၊ "ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သောကာလ တည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များ တို့သည်ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးကိုမပေးနိုင်။"ဟုဆိုသည်။ (ဟေ၉:၉)။ ကိုယ်သိသောစိတ်ကို စုံလင်ခြင်းကို မပေးနိုင်ဆိုခြင်းသည် သြတ္တပ္ပစိတ်ကို မကြည်လင်စေနိုင်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်ဘုရားကိုးကွယ်နေသော်လည်းရှင်းရှင်းလင်းလင်းမရှိ။ ကောင်းကင်နိုင်ငံရောက်မည်၊ မရောက်မည်မသေချာ၊ အပြစ်စီရင်ခြင်းမှလွတ်ခြင်းမသိ။ ထို့ကြောင့်ဘုရားကိုးကွယ်ဘို့ရန်လည်းအား မရှိ။ ထုံးစံရှိသောကြောင့်၎င်:၊ အခြားသူများကကိုးကွယ်သောကြောင့်သာကိုးကွယ်နေရခြင်းဖြစ်သည်။

ဂဏန်းတွက်
ဂဏန်းသင်္ချာတွက်ရာတွင် အပိုင်းသုံးပိုင်းရှိသည်။ မေးခွန်း၊ တွက်နည်းနှင့်အဖြေတို့ဖြစ်သည်။ ပဌမဦးဆုံးမေးခွန်းကိုဖတ်၍ သိမှသာလျှင် တွက်၍ရသည်။ တွက်နည်းမှန်မှအဖြေမှန်ရနိုင်ကြောင်း လူတိုင်းသိသည်။ ဣသရေလလူများသည် ဂဏန်းတွက်နေသော်လည်း၊ အဖြေမရနိုင်ဘဲရှိသည်။ နောက်ဆုံး၌ အဖြေမရဘဲတွက်နေသောကြောင့်၊ တွက်ရင်းတန်းလန်းနှင့် ရပ်ခိုင်းလိုက်ခြင်းနှင့်တူသည်။ ထို့ကြောင့်ကသိကအောင့်ဖြစ်၍ ဆက်တွက်ဘို့ရန် ပြင်ဆင်နေသည်။ သို့သော်အခွင့်မရတော့ချေ။ ဆိုလိုသည်မှာ ဣသရေလလူများ၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းသည် အရိပ်ဖြစ်၍၊ အကောင်အထည် မဖေါ်နိုင်ဘဲ ဆက်၍ပူဇော်ချင်ကြသည်။ ယနေ့တိုင်အောင်အားမလိုအားမရ၊ ထိုအခွင့်အရေးရဘို့ရန် စောင့်မျှော်နေကြသည်။ သို့သော်မည်မျှပင် စောင့်မျှော်နေစေကာမူ ဘုရားသခင်က ခွင့်မပြုတော့ချေ။ ပရောဖက်ဟောရှေ ဟောထားသောအရာ ပြည့်စုံခြင်းသို့ ရောက်သည့်ကာလဖြစ်သည်။ ဟောရှေက၊ " ဣသရေလ အမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲနေရကြလိမ့်မည်။" (ဟော၃:၄) ဟုဆိုခဲ့သည်။ ဣသရေလအမျိုးသားတို့သည် အေဒီ ရဝ မှစ၍၊ ယနေ့တိုင်အောင် နှစ်ပေါင်း ၂၀ဝ၀ နီးပါးယဇ်မပူဇော်ဘဲ နေရပြီ။ ရုပ်တုဆင်းတုများလည်း မကိုးကွယ်၊ ထာဝရဘုရားထံ၌လည်း ယဇ်မပူဇော်နိုင်တော့ချေ။ ဣသရေလအမျိုးသားတို့ ဂဏန်းတွက်၍ မပြီးနိုင်သော်လည်း၊ ရိုမင်ကက်သလိပ်များကသူတို့ နည်းတူမပြီးပြတ်နိုင်သောဂဏန်းကို တွက်နေကြသည်။ သို့သော် ရိုမင်ကက်သလိပ်များသည် ဣသရေလ အမျိုးသားတို့ ကဲ့သို့ ယဇ်ပူဇော်ခြင်းများမလုပ်ဘဲ ဟန်ပြသာလျှင် လုပ်နေကြသည်။ သူတို့၏ဘုန်းကြီးများက ယဇ်ပုရောဟိတ်ကဲ့သို့ ဝတ်ဆင်ကာ၊ ဟန်လုပ်နေကြသည်။ ထိုသို့ ဣသရေလအမျိုးသားတို့နှင့်ရိုမင်ကက်သလိပ်များက၊ ဂဏန်းတွက်၍ မပြီးနိုင်ချိန်တွင် မေးခွန်းကိုလည်းမသိ၊ တွက်နည်းလည်းမသိ၊ တွက်လည်းမတွက်ဘဲ အဖြေသာလျှင် ရရှိနေသောသူများ ပေါ်ပေါက်လာသည်။ ထိုသူများသည် ပရော်တက်စတင့်များပင်ဖြစ်သည်။ ပရော်တက်စတင့်များသည် အရိပ်ကိုလည်းမမြင်၊ အကောင်လည်းမမြင်၊ သို့သော်အဖြေရနေသော သူများဖြစ်သည်။ သို့သော်မည်ကဲ့သို့အဖြေရကြောင်းကို ရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲနေကြသည်။ ပရော်တက်စတင့်များသည် ဣသရေလ အမျိုးသားတို့ ကဲ့သို့ ယဇ်ပုရောဟိတ်များလည်း အတုမယူ၊ သို့သော်ယခုနောက်ပိုင်းတွင်၊ ဝတ်ရုံကြီးများဝတ်လာကြသည်။ အမှုတော် ဆောင်များ ဝတ်ရုံများဝတ်လျှင်၊ ယုံကြည်သူတိုင်းဝတ်ဘို့လိုသည်။ အကြောင်းမှာ၊ ယုံကြည်သူများသည် ယဇ်ပုရောဟိတ်များဖြစ်သည်။ (၁ပေ၂:၉)၊ ဗိမာန်တော် အထဲ၌လည်း ဆူညံစွာပွဲလုပ်သကဲ့သို့ဖြစ်ကြသည်။ ရိုမင်ကက်သလိပ်များမူ၊ ဘုရားကျောင်းထဲ၌ တိတ်ဆိတ်စွာနေတတ်ကြသည်။ အကြောင်းမှာ ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌါနသို့ဝင်သောအခါ၊ ပရိသတ်များသည် အပြင်၌ တိတ်ဆိတ်စွာနေတတ်ကြသည်။

သင်ခန်းစာ (၉) မေးခွန်းများ

၁။ ဣသရေလလူများသည် ဗိမာန်တော်၌ ဘယ်နှစ်နှစ်ဆက်ကိုးကွယ်ကြသေးသနည်း။ …………………..
၂။ ဗိမာန်တော် ဖျက်စီးမည့် အကြောင်းကို ခရစ်တော် က……………………..များ ထံပြောပြခဲ့သည်။
၃။ ဗိမာန်တော် နေရာ၌ မည့်သည့်အရာရှိသနည်း။ ………………………………..
၄။ ဣသရေလ လူများ၏ အဓိကရည်ရွယ်ချက်သည်အဘယ်အရာနည်း။ ………………………………..
၅။ မည်သူများကအရိပ်ကိုအတုလုပ်နေကြသနည်း။ ………….မည်ကဲ့သို့ အတုလုပ်ကြသနည်း။ ………………………….
၆။ မည် သူများကအရိပ်မသိကြသနည်း။ …………………………………………….
ရ။ အဘယ်ကြောင့်ကက်သလိပ်ဘုရားကျောင်း၌ တိတ်ဆိတ်စွာနေကြ၍ ပရော်တက်စတင့်ဘုရားကျောင်းများ၌ဆူညံနေကြသနည်း။ ……………………………………….
၈။ လောက၌ ပူဇော်သောယဇ်သည် ပူဇော်သောသူ၏ စိတ်ကကြည်လင်စေနိုင်ပါသလော။ …………………………
၉။ ဂဏန်းတွက်ရာတွင်မပြီးပြတ်နိုင်သောအဖွဲ့သည်မည်သူများဖြစ်သနည်း။ …………………………………..
၁၀။ ဂဏန်းတွက်ခြင်းသည် မည်သည့်အရာကိုဆိုလိုသနည်း။ ………………………………………………
၁၁။ ဣသရေလ လူများသည် ဟောရှေကမည်ကဲ့သို့ဖြစ်မည်ဟု ဟောခဲ့သနည်း။ ………………………………….
၁၂။ မည်သည့်အဖွဲ့သည်။ ဂဏန်းကို ဆက်တွက်နေသနည်း။ပြီး ပြတ်နိုင်ပါသလော။ ……………………………..
၁၃။ အဘယ်ကြောင့် ရိုမင်ကက်သလိပ်ဘုန်းကြီးများဝတ်ရုံကြီးများဝတ်ကြသနည်း။ …………………………………
၁၄။ ဂဏန်းမတွက်ဘဲ အဖြေရနေ သူများသည် အဘယ်အဖွဲ့ ဖြစ်သနည်း။ …………………………………..
၁၅။ အဘယ်ကြောင့် ပရိုတက်စတင့်အမှုတော် ဆောင်များ ဝတ်ရုံများ ဝတ်လာကြသနည်း။ ………………………………

.

                                   သင်ခန်းစာ (၁၀)

       သာ၍ကြီးမြတ်သောယဇ်ပုရောဟိတ်

          လူယဇ်ပုရောဟိတ်များအကြောင်းသိရှိရပြီ။ သူတို့သည် အရိပ်များ ဖြစ်၍၊ စုံလင်ခြင်းမရှိကြချေ။ ယခုသာ၍ကြီးမြတ်သော ယဇ်ပုရောဟိတ် အကြောင်းကိုလေ့လာကြစို့။

ငါတို့၏ယဇ်ပုရောဟိတ်ခရစ်တော် 
ခရစ်တော်သည်အသေခံသောအခါ၊ အရိပ်ခေတ်ကုန်သွားပြီဖြစ်သည်။ ဗိမာန်တော် ကြီးဖြိုဖျက်သည်နှင့်အမျှယဇ်ပုရောဟိတ်လည်းပြောင်းလဲသွားပြီ။ အာရုန်၏သားများ သည်၊ ယဇ်ပုရောဟိတ်မဟုတ်တော့ဘဲ၊ ယုဒအမျိုးထဲမှသခင်ယေရှုသည်ယဇ်ပုရောဟိတ် ဖြစ်ပြီ။ ထိုအကြောင်းအရာများကိုဟေဗြဲကျမ်းစာ၌တွေ့ရှိနိုင်သည်။

အာရုန်အမျိုးယဇ်ပုရောဟိတ်
ယဇ်ပုရောဟိတ်သည်လူ့အလိုအားဖြင့်မဟုတ်၊ ဘုရားသခင်ရွေးကောက်တော်မူခြင်းအားဖြင့်ဖြစ်ကြောင်းအထက်ကသိရပြီ။ လူယဇ်ပုရောဟိတ်များနှင့်ပတ်သက်၍ကျမ်းစာ၌ ဤသို့ရေးသားထားသည်၊ "လူတို့တွင်ရွေးကောက်သောယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာကို၎င်းအပြစ်ဖြေရာယဇ်ကို၎င်းပူဇော်၍၊ လူတို့အတွက်ဘုရားဝတ်ကိုပြုစေခြင်းငှါ၊ ခန့်ထားတော်မူသောသူဖြစ်၏။ သူသည်ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကိုသည်းခံခြင်းငှါတတ်နိုင်၏။ ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့်မိမိအပြစ်ကိုဖြေခြင်းငှါပူဇော်ရ၏။ ဘုရားသခင်သည်အာရုန်ကိုခေါ်တော်မူသကဲ့သို့ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှထိုအရာမြတ်ကိုမသိမ်းမယူရ။" (ဟေဗြဲ ၅:၁-၄) အထက်ပါကျမ်းပိုဒ်များအရ၊ လူယဇ်ပုရောဟိတ်များသည်၊ နွမ်းရိအားနည်းခြင်းရှိသည်။ အကြောင်းမှာသူတို့သည်လူသားများဖြစ်သောကြောင့်အပြစ်ရှိ၍၊ သူတို့ကိုယ်တိုင်အတွက်အပြစ်ဖြေရာယဇ်များပူဇော်ဘို့လိုသည်။ ထိုကြောင့်လူများ၏မှားယွင်းခြင်းကိုလည်းသည်းခံနိုင်သည်။ သူတို့သည်ထိုသို့အားနည်းခြင်းရှိသော်လည်း၊ သူတို့၏နေရာကိုအဘယ်သူကမျှသိမ်းယူ၍မရ။ အကြောင်းမှာ၊ ခရစ်တော်၏ယဇ်ပုရောဟိတ်အရာကိုပုံဆောင်ထားသောကြောင့်ဖြစ်သည်။

ဘုရားသခင်ကချီးမြောက်
ခရစ်တော်သည်ယဇ်ပုရောဟိတ်အရာကိုမိမိကိုမိမိမချီးမြှောက်ကြောင်း၊ ဆက်လက်၍ ကျမ်းစာကဤသို့ရေးသားထားသည်၊ "ထိုနည်းတူ၊ ခရစ်တော်သည်ယဇ်ပုရောဟိတ်မင်းအရာ၌မိမိကိုမိမိချီးမြှောက်သည်မဟုတ်။ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီဟုမိန့်တော်မူသောသူသည်၊ ခရစ်တော်ကိုချီးမြှောက်တော်မူ၏။" (ဟေဗြဲ ၅:၅) "သင်သည်ငါ့သားဖြစ်၏၊ ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီ" (ဆာ ၂:ရ) ဟုဆိုသောသူသည်ခမည်းတော်ဘုရားပင်ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်ကိုခမည်းတော်ဘုရားသခင်ကိုယ်တော်တိုင်က၊ ယဇ်ပုရာဟိတ်အဖြစ်ချီးမြှောက်ခြင်းဖြစ်သည်။

မေလခိဇေဒက်နည်းတူ
အာရုန်အနွယ်များသည်၊ ယဇ်ပုရောဟိတ်အရာကိုအမွေအားဖြင့်ခံစားရကြသည်။ သို့သော် ခရစ်တော်သည်၊ ယဇ်ပုရောဟိတ်အရာကိုအမွေအားဖြင့်ခံစားရသည်မဟုတ်။ ကျမ်းစာ၌ မည်သို့ဆိုသနည်း၊ "ထိုသို့နှင့်အညီကျမ်းစာတချက်လာသည်ကား၊ သင်သည်မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟုလာသတည်း။" (ဟေဗြဲ ၅:၆) ထိုကျမ်းစာတချက်သည်၊ ဆာလံ ၁၁၀:၄ ထဲမှဖြစ်၍ဤသို့တွေ့ရသည်၊ "ထာဝရဘုရားကသင်သည်မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်၊ ဟုကျိန်ဆို၍နောက်တဖန်စိတ်ပြောင်းလဲခြင်းရှိတော်မမူ။" ထို့ကြောင့်ခရစ်တော်သည်အမွေအားဖြင့်မဟုတ်ဘဲ၊ အကျိန်အားဖြင့်ယဇ်ပုရောဟိတ်အရာကိုရရှိသည်။

မေလခိဇေဒက်သည်မည်သူနည်း
မေလခိဇေဒက်သည်အဗြဟံကိုခရီး ဦးကြိုပြု၍၊ ကောင်းကြီးပေးသောသူဖြစ်သည်။ မေလခိဇေဒက်နှင့်ပတ်သက်၍ကမ္ဘာဦးကျမ်း၌ဤမျှလောက်သာရေးထားသည်၊ "အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီးမေလခိဇေဒက်သည် လည်း၊ မုန့်နှင့်စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊ ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည်၊ အာဗြံအားကောင်းကြီးပေးတော်မူပါစေသော၊ ဟုအာဗြံအားကောင်းကြီးပေး၍၊ သင်၏ရန်သူတို့ကိုသင်၏လက်၌အပ်နှံတော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟုမြွက်ဆို၏။ အာဗြံသည်လည်းဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအားဆယ်ဘို့တဘို့လှူလေ၏။" (ကမ္ဘာ ၁၄:၁၈-၂၀)

လောတသည်ရန်သူများကသူနေသော၊ သောဒုံမြို့ကိုတိုက်ခိုက်၍၊ သိမ်းသွားသောအခါ စစ်သုံ့ပန်းအဖြစ်ပါသွားသည်။ ထိုအခါသူ၏အမျိုးအဗြာဟံက၊ သူ၏ကျွန် ၃၁၈ ယောက်တို့နှင့်လိုက်၍လောတကိုသိမ်းသွားသောရန်သူများကိုတိုက်၍၊ အောင်နိုင်ကာလောတနှင့်တကွသူပိုင်သမျှကိုပြန်လည်ကယ်ဆယ်ခဲ့သည်။ ထိုအခါရှာလင်မင်းကြီးမေလခိဇေဒက်က၊ အာဗြဟံကိုခရီးဦးကြိုပြု၍အဗြာဟံက၊ ထိုမင်းကြီးထံဆယ်ဘို့တဘို့လှူသည်။ မေလခိဇေဒက်ကလည်း၊ အာဗြဟံကိုကောင်းကြီးပေးခဲ့သည်။ ထိုရှာလင်မင်းကြီးနှင့်ပတ်သက် ၍၊ ဟေဗြဲကျမ်း၌ဤသို့ရှင်းပြထားသည်၊ "မင်းကြီးများကိုလုပ်ကြံရာမှပြန်လာသောအာဗြဟံကို၊ ခရီး ဦးကြိုပြု၍ကောင်းကြီးပေးပြီးလျှင်၊ အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသောထိုရှာလင်မင်းကြီးတည်းဟူသော၊ အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့်တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသောရှာလင်မင်းဖြစ်လျက်၊ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။" (ဟေဗြဲ ရ:၁-၃)

ခရစ်တော်သည်ထိုရှာလင်မင်းကဲ့သို့ဖြစ်သည်၊ ဟုဆိုလိုခြင်းဖြစ်သည်။ သူတို့၏တူညီချက်များမှာနှစ်ဦးစလုံးသည်၊ တရားသောမင်းဖြစ်သည်။ ငြိမ်သက်ခြင်း၏အရှင်များဖြစ်ကြသည်။ ခရစ်တော်သည်လူ့ဇာတိအားဖြင့်မိဘရှိသော်လည်း၊ အမှန်တကယ်မှာမိဘများ မဟုတ်၊ သူသည်ဝိညာဉ်တော်အားဖြင့်ပဋိသန္ဓေတည်ခြင်းဖြစ်သောကြောင့်၊ ယောသပ်နှင့် မာရိတို့၏သားမဟုတ်။ ရှာလင်မင်းကြီးလည်းအဘမရှိအမိမရှိ၊ ရှေးမျိုးစဉ်မရှိဟုဆိုသည်။ နှစ်ဦးစလုံးသည်အသက်အပိုင်းအခြားမရှိ။ နှစ်ဦးစလုံးသည်ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များဖြစ်ကြသည်။

မေလခိဇေဒက်သည်သာ၍ကြီး
မေလခိဇေဒက်သည်အာရုန်အနွယ်ယဇ်ပုရောဟိတ်များထက်၊ သာ၍ကြီးကြောင်းဤသို့ တွေ့ရသည်၊ "အမျိုး၏အဘအာဗြဟံသည်လက်ရဥစ္စာများကိုဆယ်ဘို့တဘို့လှူ၍၊ အလှူခံသောထိုမင်းသည်၊ အဘယ်မျှလောက်ကြီးမြတ်သည်ကိုဆင်ခြင်ကြလော့။ ယဇ်ပုရော ဟိတ်မင်းအရာကိုခံသောလေဝိသားတို့သည်၊ အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော၊ မိမိတို့ညီအစ်ကိုများလက်မှ၊ ပညတ်တရားအတိုင်း၊ ဆယ်ဘို့တဘို့ကိုခံရသောအခွင့်ရှိကြ၏။ သူတို့အမျိုးမဟုတ်သောထိုမင်းမူကား၊ အာဗြဟံ၏လက်မှဆယ်ဘို့တဘို့ကိုခံလေ၏။ ဂတိတော်တို့ကိုခံရသောသူကိုလည်းကောင်းကြီးပေးလေ၏။ ကြီးသောသူသည် ငယ်သောသူကို၊ ကောင်းကြီးပေးတတ်သည်ကိုငြင်းခုံဘွယ်မရှိ။ ထိုမှတပါး၊ သေတတ်သောသူတို့သည်၊ ယခုအခါဆယ်ဘို့တဘို့ကိုခံလေ့ရှိ၏။ ထိုအခါမူကား၊ အသက်ရှင်သည်ဟုသက်သေခံခြင်းကိုရသောသူသည်၊ ဆယ်ဘို့တဘို့ကိုခံရ၏။ ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သောလေဝိသည်၊ အာဗြဟံအားဖြင့်ဆယ်ဘို့တဘို့ကိုပေးပြီဟုဆိုစရာအခွင့်ရှိ၏။ အကြောင်းမူကား၊ မေလခိဇေဒက်သည်၊ အာဗြဟံကိုတွေ့ သောအခါ၊ လေဝိသည် မိမိအဘ၏ကိုယ်၌ရှိသတည်း။" (ဟေဗြဲ ရ:၄-၁၀)

အထက်ပါကျမ်းပိုဒ်အရ၊ မေလခိဇေဒက်သည်အာဗြာဟံထက်ကြီးသည်ဟုဆိုသည်။ အကြောင်းမူကား၊ ကြီးသောသူကငယ်သောသူကိုကောင်းကြီးပေးတတ်သည်။ အာဗြဟံကိုမေလခိဇေဒက်ကကောင်းကြီးပေးသောကြောင့်၊ မေလခိဇေဒက်သည်အာဗြဟံထက် ကြီးသည်။ ထို့အပြင်၊ မေလခိဇေဒက်သည် လေဝိအမျိုးထက်လည်း ကြီး မြတ်သည်။ လေဝိအမျိုးသည် မိမိ ညီအစ်ကိုများထံမှ ဆယ်ဘို့ တဘို့ကို ခံယူလေ့ရှိသည်။ သို့သော်လေဝိသည်။လည်း အာဗြဟံမှတဆင့်၊ မေလခိဇေဒက်ထံသို့ ဆယ်ဘို့ တဘို့ ပေးသည်ဟုဆိုသည်။ ထို့ကြောင့် မေလခိဇေဒက်သည် လေဝိအမျိုးထက်လည်း ကြီး မြတ်သည်။

ယဇ်ပုရောဟိတ် ယေရှုအားဖြင့်
ဣသရေလ လူများသည် ယဇ်ပုရောဟိတ် မှတဆင့် ဘုရားသခင်ကို ကိုးကွယ်ပူဇော်တတ် ကြသည်။ အာရုန်အနွယ်ယဇ်ပုရောဟိတ် များ ပူဇော်ခြင်းကို အားကိုး လျှင်၊ သူတို့ထက် ကြီး မြတ် တော်မူသော မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ် ယေရှု အားဖြင့် ပူဇော်ခြင်းသည် သာ၍ ကောင်းသည်။ ဟေဗြဲကျမ်းစာကို ရေးသော သူကဤသို့ ဆိုထားသည်။ "ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ် အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ်အသက် ရှင်သောကြောင့်သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင် တော်မူ၏။"ဟုဆိုသည်။ (ဟေရ:၂၅)။ ထိုမျှသာမကယဇ်ပုရောဟိတ် ယေရှုခရစ် သည် အပြစ်နှင့် ကင်းစင်သောကြောင့် သာ၍ ကောင်းကြောင်း ဤသို့ တွေ့ရသည်။ "ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ် လျက် အပြစ် ရှိသော သူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူ ဖြစ်၍၊ ငါတို့နှင့်တော် သင့် တော်မူ၏။ အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည်ကိုယ်အပြစ်ကြောင့်၎င်းလူများ အပြစ်ကြောင့်၎င်းနေ့တိုင်း ယဇ်ပူဇော်ရ သကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာ အကြောင်း မရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ မိမိကိုယ်ကို တခါတည်း ယဇ်ပူဇော်၍ ထိုအမှုကိုပြီး စေ တော်မူ ပြီ။ ပညတ်တရားသည် အပြစ် ရှိသော သူတို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။" (ဟေရ:၂၆-၂၈) "ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင် ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လကျာ်ဘက်မှာထိုင်နေ တော်မူ၏။ လူမဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။" (ဟေ ၈:၁-၂) ထိုကဲ့သို့သော ယဇ်ပုရောဟိတ်ကို ဘုရားသခင်က ကျွန်ပ်တို့ အတွက် ပြင်ဆင် ပေးသည်။ ဘုရားသခင်ကိုယ်တိုင်ခွဲခန့်မှတ်သားသော ယဇ်ပုရောဟိတ် အားဖြင့်၊ သူ့ကိုကိုးကွယ်ချဉ်းကပ်လျှင် ဘုရားသခင်က ငြင်းပယ်စရာ အကြောင်း မရှိ။ ထို့ကြောင့် ခရစ်တော်ကိုယ်တိုင်က၊ "ငါ့ကို အမှီမပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက်ရ။" (ယော၁၄:၆) ဟုဆိုရခြင်း ဖြစ်သည်။ မိတ်ဆွေ၊ ယဇ်ပုရောဟိတ် ခရစ်တော်ကို အမှီမပြုအား မကိုးဘဲ၊ ဘုရားဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်းသည် အချည်းနှီး ဖြစ်သည်။

သင်ခန်းစာ (၁၀) မေးခွန်းများ

၁။ ငါတို့၏ ယဇ်ပုရောဟိတ် အကြီးသည် မည်သူနည်း။ ……………………………………
၂။ မည်သည့်အချိန်၌ အာရုန်အနွယ်ယဇ်ပုရောဟိတ် ကုန်ဆုံးသနည်း။ …………………………………..
၃။ ခရစ်တော်ကို မည်သူကယဇ်ပုရောဟိတ် အဖြစ် ခန့်အပ်သနည်း။ ……….မည်ကဲ့သို့ ခန့်သနည်း။ …………………………….
၄။ ခရစ်တော်သည် ………………………………နည်းတူယဇ်ပုရောဟိတ် ဖြစ်သည်။
၅။ မေလခိဇေဒက်သည် မည်သူနည်း။ ……………………………………
၆။ ………………………..က……………….ကို ဆယ်ဘို့ တဘို့ လှူ၍ ………………………….က………………..ကို ကောင်းကြီး ပေးသည်။
ရ။ မေလခိဇေဒက်နှင့် အဗြာဟံမည်သူသည် သာ၍ ကြီး သနည်း။ …………………….
၈။ မေလခိဇေဒက်သည် ………………………………..အမျိုးထက်လည်း ကြီးသည်။
၉။ ယဇ်ပုရောဟိတ် ခရစ်တော်သည် လေဝိအမျိုးယဇ်ပုယောဟိတ်ထက် သာ၍ ……………….သည်။
၁၀။ ယဇ်ပုရောဟိတ် ခရစ်တော်ကို အားကိုးလျှင် ဘုရားသခင်က ငြင်းပယ်နိုင်မည်လော။ ………………….

.

သင်ခန်းစာ (၁၁)

သာ၍ ကောင်းသောယဇ်ကောင်

ကမ္ဘာဦးမှစ၍ ခရစ်တော် လက်ထက် တိုင်အောင်၊ တိရစ္ဆာန်များကို ယဇ်ကောင်အဖြစ်ပူဇော်တတ်ကြသည်။ မုန့်ညက်၊ မုန့်အမျိုးမျိုးတို့ ကိုလည်း ပူဇော်တတ်ကြသည်။ သို့သော်ထိုအရာများသည် အရိပ်များသာဖြစ်၍ထာဝရဘုရား၊ အားရနှစ်သက်တော်မမူကြောင်း ကျမ်းစာကဤသိုဆိုခဲ့သည်။ "ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြွလာ သောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူ ပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကိုအားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌အကျွန်ုပ်အမှတ်ပြု၍ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှါသွားပါမည်ဟုအကျွန်ုပ်ဝန်ခံပါသည်ဟုလျှောက်ဆို၏။" (ဟေ၁၀:၅-၈)

ဘုရားသခင်သည်အဘယ်ကြောင့် ခရစ်တော်အဘို့၊ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူသနည်းဟူမူကား သူ၏ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်သုံးဘို့ရန်ဖြစ်သည်။ ခရစ်တော်သည်ကောင်းကင်၌ရှိနေလျှင်၊ ဝိညာဉ်အားဖြင့်ရှိသဖြင့်ယဇ်ကောင်မဖြစ်နိုင်ချေ။ အကြောင်းမှာ ဝိညာဉ်သည်မသေနိုင်ချေ။ ထို့ကြောင့်ယဇ်ကောင်အဖြစ်ပူဇော်နိုင်ရန်၊ ခမည်းတော်ဘုရားက၊ ခန္ဓာကိုယ် ပြင်ဆင်ပေးခြင်းဖြစ်သည်။ ထိုမျှသာမက၊ လူကိုကိုယ်စားပြုအသေခံမှာဖြစ်သောကြောင့်၊ လူကဲ့သို့ကိုယ်ခန္ဓာရှိရခြင်းဖြစ်သည်။ ကျမ်းစာက၊ "ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏။" (ဟေ ၁၀:၁၀) ဘုရားသခင်သည်အရိပ်များဖြစ်သောတိရစ္ဆာန်နှင့်ပူဇော်ခြင်းကို၊ အားရနှစ်သက်တော်မမူသောအခါ သူ၏သားတော်ယေရှုခရစ်ကို၊ ကိုယ်ခန္ဓာပြင်ဆင်တော်မူသည်။ အဘယ်အတွက်ပြင်ဆင်တော်မူ သနည်း။ ယဇ်ကောင်ဖြစ်ဘို့ရန်ဖြစ်သည်။ ထိုသို့ယဇ်ကောင်ဖြစ်ဘို့ရန် ဘုရားသခင်သည် သားတော်ကို၊ ကမ္ဘာမတည်မရှိမှီကတည်းကခွဲခန့်မှတ်သားထားကြောင်း၊ ရှင်ပေတရုကဤသို့ ဆိုသည်။ "ထို ခရစ်တော်ကားဤကမ္ဘာမတည်မရှိမှီခန့်ထားတော်မူခြင်းကိုခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။" (၁ ပေ ၁:၂၀) ထိုကြောင့်အကြင်သူသည် ဘုရားသခင်ထံသိုချဉ်းကပ် သောအခါ၊ ယဇ်ကောင်အဖြစ်ယေရှုခရစ်ကိုမယူဆောင်ဘဲ၊ အခြားအရာများဖြစ်သောအကျင့်ကောင်းခြင်း၊ အလှူငွေ၊ ဆက်ကပ်ခြင်း ဆုတောင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်းမေတ္တာများကို ယူဆောင်လာပါက၊ ဘုရားအမြင်၌ထိုအရာများသည်ညစ်သောအဝတ်စုတ်မျှသာ ဖြစ်၍ ကာဣနကဲ့သို့ဘုရားသခင်၏ ပယ်ခြင်းကိုခံရမည်သာ ဖြစ်သည်။ သို့သော်ဘုရားသခင်ကိုယ်တော်တိုင်ပြင်ဆင်ပေးသော သားတော်ယေရှုကို၊ ယဇ်ကောင်အဖြစ်ယူဆောင်လာပါက၊ ဘုရားသခင်၏စိတ်တော်နှင့်တွေ့၍ထိုသူ၏ပူဇော်ခြင်းသည်။ လည်း လက်ခံမည်သာဖြစ်သည်။

တဖန်ကျမ်းစာက၊ "ယခုမှာလူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သောခရစ်တော်သည် ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍၊ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည် သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊ ထိုမျှမက၊ အပြစ်ကင်းသောကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည်မဟုတ်လော။ ထိုကြောင့် ပဌမပဋ္ဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည်ဖြစ်၍၊ ခေါ် တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အ ကြောင်း၊ ထိုသခင်သည် ပဋ္ဋိညာဉ်တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။" (ဟေ၉:၁၁-၁၅) ဟုရေးထားသည်။

အထက်ပါ ကျမ်းပိုဒ်များအရ ခရစ်တော်သည် လောကတဲတော်၌ မဟုတ်၊ ကောင်းကင်တဲတော်စစ်၌၊ ကိုယ်တိုင်ယဇ်ပုရောဟိတ်ဖြစ်လျက်၊ နွားကလေးအသွေး၊ ဆိတ်အသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌါနထဲသို့ တခါတည်းဝင်တော်မူသည်ဟုဆို သည်။ အဘယ်ကြောင့်တခါတည်း ဝင်တော်မူသနည်းဟူမူကား နောက်တဖန် ဝင်စရာမလိုတော့သောကြောင့်ဖြစ်သည်။ ဓမ္မဟောင်းကာလ၌ လူသေကိုထိသောသူများသည်၊ မသန့်ရှင်းသည်ဖြစ်၍ နွားကလေး၏ပြာနှင့်ဆေးကြောရသည်(တော၁၉)။ သို့သော်ယခုအပြစ် ကင်းသောကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင် တော်မူသောဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်ဟုဆိုသည်။ ခရစ်တော်၏ ပူဇော်ခြင်းသည် ယုံကြည်သူ၏ စိတ်ကို စင်ကြယ်စေနိုင်သည်။ ထို့ကြောင့် ခရစ်တော်၏ ပူဇော်ခြင်းသည် ယခင်တိရစ္ဆာန်ပူဇော်ခြင်းများထက် သာ၍ ကောင်းသည်။

သင်ခန်းစာ (၁၁) မေးခွန်းများ

၁။ ကမ္ဘာဦးမှစ၍ မည်သည့်အရာများကို ပူဇော်တတ်ကြသနည်း။ …………………………….
၂။ ထိုပူဇော်သက္ကာများသည် …………… ဖြစ်သည်။
၃။ ဘုရားသခင်သည် အဘယ်ကြောင့် ခရစ်တော်ကို ကိုယ်ခန္ဓာ ပြင်ဆင် ပေးတော်မူသနည်း။ ………………………..
၄။ ဘုရားသခင်သည် သားတော်ကို ယဇ်ကောင်ဖြစ်ဘို့ မည်သည့်အချိန်မှစ၍သတ်မှတ်ခဲ့သနည်း။ ……………………
၅။ ခရစ်တော် အားဖြင့် ဘုရားသခင်ကိုချဉ်းကပ်လျှင် ဘုရားသခင် လက်ခံတော်မူမည်လော။ ……………………………
၆။ ယခင်နှင့်ယခုယဇ်ကောင်တွင် မည့်သည့် ယဇ်ကောင်သည် သာ၍ ကောင်းသနည်း။ …………………………..
ရ။ ဓမ္မဟောင်းခေတ်၌ လူသေထိသော သူများသည် မည်သည့်အရာအားဖြင့် သန့်ရှင်းစေကြသနည်း။ ………………
၈။ ခရစ်တော်၏ ပူဇော်ခြင်းသည် ယုံကြည်သူ …………ကို သန့်ရှင်းစေနိုင်သည်။

.

သင်ခန်းစာ (၁၂)

ယဇ်ပူဇော်ခြင်းများ

ဣသရေလ လူမျိုးများ၏ ယဇ်ပူဇော်ခြင်းသည် သူတို့ကိုယ်တိုင်တီထွင်ခြင်း မဟုတ်ပေ။ ထာဝရ ဘုရားကိုယ်တိုင်ညွှန်ကြားချက်အတိုင်း ပူဇော်ခြင်း ဖြစ်သည်။ ယဇ်နာမည်များလည်း အမျိုးမျိုးရှိသည်။ ထိုယဇ်ပူဇော်ခြင်း များကို တတ်နိုင်သမျှ လေ့လာကြရမှာ ဖြစ်သည်။

မီးရှို့ရာယဇ် (Burnt offering)

"ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲကအသံကိုလွှင့်လျက် မောရှေကို ခေါ် တော်မူ၍၊ သင်သည်ဣသရေလအမျိုးသားတို့ကိုဆင့်ဆိုရမည်မှာ၊ သင်တို့တွင်တစုံတယောက်သောသူသည် ထာဝရဘုရားအားပူဇော်သက္ကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသောနွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ဆက်ရမည်။ ၃ နွားကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးအနားမှာဆက်ရမည်။ ၄ ပူဇော်သောနွား၏ခေါင်းပေါ်မှာမိမိ လက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကိုဖြေမည်အကြောင်း လက်ခံတော်မူမည်။ ၅ ထာဝရ ဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ ၆ ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။ ၇ အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာမီးကိုထည့်၍ မီးပေါ်မှာထင်းကို ခင်းပြီးမှ၊ ၈ ထင်းပေါ်မှာခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။ ၉ ခြေထောက်နှင့်အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ထိုယဇ်တကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။" (ဝတ်ပြုရာ၁:၁-၉)

ဤယဇ်ပူဇော်ခြင်းများသည်မောရှေစီရင်ထားသည်မဟုတ်။ ဘုရားသခင်ကိုယ်တော်တိုင်တဲတော်အထဲမှအသံကိုလွှင့်၍၊ ပြောသောအရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကိုယ်တိုင်၊ စီရင်သောအရာဖြစ်သည်။ တိရစ္ဆာန်များကိုလည်း ယဉ်သော တိရစ္ဆာန်များဖြစ်သော နွား၊ သိုး၊ ဆိတ်များကိုသာအသုံးပြုရသည်။ ကိုယ်လိုချင်သော အကောင်၊ တောကောင်များကိုသုံး၍မရချေ။ ထိုအရာများပင်လျှင်ဝတ်ပြုခြင်းဆိုင်ရာပညတ်များဖြစ်သည်။

နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊
ယဇ်နာမည်သည်မီးရှို့ရာယဇ်ဖြစ်သည်။ မီးရှို့ရာယဇ်ကိုကျမ်းစာထဲ၌ ခဏခဏတွေ့ရသည်။ မီးရှို့ရာယဇ်သည်အပြစ်နှင့်မဆိုင်၊ ထို့ကြောင့်မပူဇော်မနေရမဟုတ်။ ပူဇော်လိုလျှင်ဟုဆိုသောကြောင့်ပူဇော်ချင်သောသူကပူဇော်တတ်သည်။

အပြစ် မပါသော အထီးကို ဆောင်ခဲ့၍
မီးရှို့ရာယဇ်ပူဇော်ရာတွင် အမကို အသုံးမပြုချေ။ ထို့အပြင်အပြစ် အနာအဆာမပါသော အကောင်များ သာပူဇော်ရသည်။ နောက်ပိုင်းတွင် ဣသရေလ လူများ ကအပြစ် အနာအဆာရှိသော အကောင်များကို ပူဇော်တတ်ကြောင်း မာလခိ ၁:၆-ရ ၌ တွေ့ရသည်။

ထာဝရ ဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊
ယဇ်ပူဇော်ရာတွင် ပူဇော်ရကျိုးနပ်ဘို့ရန် မှာ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ဘို့ လိုသည်။ ဧည့်သည်။ကို ထမင်းစားဘို့ ဘိတ်ခေါ် သောအခါ၊ ဧည့်သည် ကျေနပ် ဘို့ရန်၊ သူကြိုက်သော အစားအစာကို ချက်ပေးဘို့ လိုသည်။ သို့မှသာ ဧည့်သည် စိတ်ချမ်းသာ မှာ ဖြစ်သည်။ အိမ်ရှင်ကသူကြိုက်နှစ်သက်သော အစာကို ချက်ပေး၍ အိမ်ရှင်သည် အားရပါးရ စားသော်လည်း၊ ဧည့်သည် ကမစားနိုင်လျှင်၊ အဘယ် အကျိုးရှိသနည်း။ ထို့နည်းတူဘုရား ထံယဇ်ပူဇော်သော်လည်း၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့လျှင် ဘာမျှ အကျိုးမရှိပေ။ ယနေ့ များစွာသော ခရစ်ယာန် များသည် ဘုရားသခင်ကို ကိုးကွယ် နေကြသော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို မသိကြ၊ သိချင်သော စိတ်လည်း မရှိကြ။ မိမိတို့ စိတ် ကျေနပ် လျှင်တော် ပြီ။ ဘုရားသခင် ကျေနပ်သည် မကျေနပ်သည်ကို ဂရုမစိုက်ကြ။ အချင်းချင်း ကျေနပ် စေဘို့ သာလျှင် ဂရုစိုက် ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့ကြ။ ထိုမျှသာမက၊ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့မတွေ့ကိုလည်း မသိသောကြောင့် ပြသနာ မရှိ။ အသင်းတော် အတွင်း ၌ စည်းလုံးညီညွတ်နေလျှင်တော် ပြီ။ သင်သည် ထိုသို့ ဘုရားကိုးကွယ်ပါသလား။

ပရိသတ်စည်းဝေးရာတဲတော် တံခါးအနားမှာဆက်ရမည်
ယဇ်ကောင် များကို နေရာခပ်သိမ်း၌ ဆက်၍ မရပါ။ တဲတော် ဝင်းအတွင်း မီးရှို့ရာယဇ်ပလ္လင်ကြီး အနား၌ သာဆက်သနိုင်သည်။ ထိုနေရာကို ပရိသတ်စည်းဝေးရာတဲတော် တံခါးရှေ့ဟု ခေါ်သည်။ ထိုအရာ သည်လည်း ပညတ်တော် ဖြစ်သည်။

ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိ လက်ကို တင်ရသဖြင့်
နွားခေါင်းပေါ်၌ လက်တင်ခြင်းသည် နွားကို ကောင်းချီးပေးခြင်း မဟုတ်ပါ။ ဤနွားသည် ကျွန်ပ်ကိုကိုယ်စားပြုသည်။ ကျွန်ပ်ကိုယ်စားအသေခံ မည်ဟုဆိုလိုခြင်း ဖြစ်သည်။

သူ၏ အပြစ်ကို ဖြေမည်အကြောင်း
လက်ခံ တော်မူမည် မီးရှို့ရာယဇ်သည် အပြစ် ရှိသောကြောင့် ပူဇော်သည် မဟုတ်သို့သော်လူသည် အပြစ်သား ဖြစ်သောကြောင့် သူ၏ အပြစ်ကို ဖြေမည့် အကြောင်းဟုဆိုခြင်း ဖြစ်သည်။ အကယ်၍ အပြစ် ဖြေရာယဇ် ဖြစ်လျှင် မပူဇော်မနေရ ဖြစ်မည်။ ယခုမူကား ပူဇော်လိုမှပူဇော်ရသော ယဇ် ဖြစ်သည်။

ထာဝရ ဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်
နွားကို အရှင်လတ်လတ်ပူဇော်၍ မရပါ။ ဘုရားသခင့်ရှေ့တော်၌ သတ်ရသည်။ သေပြီးမှသာလျှင် မီးရှို့ရသည်။ အခြားနေရာ၌ သတ်ပြီးသား နှင့်လည်း အသား ယူလာ၍ မရ၊ ဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သား ယဇ်ပုရောဟိတ် တို့သည် အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးအနား ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။ မီးရှို့ရာ ယဇ်ကောင်၏ အသွေးကို တဲတော် အထဲသို့ မယူဆောင်သွားပါ။ တဲတော် ရှေ့တံခါးနားမှာရှိသော ကြေးဝါ ယဇ်ပလ္လင်ကြီး ပတ်လည်၌၊ ယဇ်ပုရောဟိတ် များ ကဖြန်းရသည်။ ထိုယဇ်ပလ္လင်သည် လက်ဝါးကပ်တိုင်ကို ပုံဆောင်သည်။

ပူဇော်သော သူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်
ပူဇော်သော သူကနွား၏ အရေခွံကို ချွတ်၍၊ အသား များကို အပိုင်းပိုင်းဖြတ်ရသည်။ မီးရှို့ဘို့ ဖြစ်သော်လည်း စံနစ်တကျပိုင်းဖြတ်ရသည်။ အာရုန်၏ သား၊ ယဇ်ပုရောဟိတ် တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကို ထည့်၍ မီးပေါ်မှာ ထင်းကို ခင်းပြီးမှ၊ ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သား တစ်များကို တင်ရမည်။ ခြေထောက်နှင့် အအူအစရှိသည် တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ် သည် ထိုယဇ်တကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ယဇ် ဖြစ်သတည်း။ ပူဇော်သော သူကအဆင်သင့် ခုတ်ထစ် ပိုင်းဖြတ်ပြီးသော နွားသားကို၊ ယဇ်ပုရောဟိတ် ကယဇ်ပလ္လင်ပေါ်တွင် မီး အပေါ်၌ မီးရှို့ရသည်။ နွားခေါင်းခြေထောက်နှင့် အအူများ မကျန်အားလုံးကို မီးရှို့ရသည်။ ပူဇော်သော သူကစားသော အရာ တခုမျှမရှိ။ နွားတကောင်လုံးသည် ထာဝရ ဘုရား အဘို့ ဖြစ်သည်။ ယဇ်နာမည်လည်း မီးရှို့ရာယဇ် ဖြစ်သည်။

ထာဝရ ဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
မီးရှို့ရာယဇ်ပူဇော်ခြင်း၏ အကြောင်းရင်းမှာ၊ ဘုရားသခင် ရှေ့၌ မွှေးကြိုင်ဘို့ရန် ဖြစ်သည်။ လူသည် ဘုရားသခင် ရှေ့၌ နံစော်နေသည်။ ဆာလံ၃၈:၅၌၊ "အကျွန်ုပ်မိုက်သော အမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲလျက် ရှိကြပါ၏၊ "ဟု ဆာလံဆရာကရေးထားပါသည်။ လူသည် ကိုယ်ခန္ဓာအားဖြင့်လည်း နံစော်နေသောကြောင့် နေ့တိုင်းရေချိုး သန့်ရှင်းရေး လုပ်ဘို့လိုသည်။ ဝိညာဉ် ရေးရာ၌လည်း ဘုရားသခင် ရှေ့၌ နံစော်နေသည်။ ဘုရားသခင် ရှေ့၌ နံစော်ခြင်းသည် မျက်နှာမရခြင်းကို ဆိုလိုသည်။ ရှင်ပေါလုကရောမ၃:၂၃တွင်၊ "အဘယ်ကြောင့် နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။"ဟုဆိုသည်။ လူသည် ဘုရားသခင် ရှေ့၌ နံစော်၍ မျက်နှာ မရတော့ချေ။ ဘုရားသခင် ရှေ့၌ မျက်နှာမရလျှင် ဘုရားသခင် ထံသို့ တိုးဝင်ချဉ်းကပ်၍ မရချေ။ ထိုသို့ တိုးဝင်ချဉ်းကပ်၍ မရလျှင်၊ အဘယ်ဆုကို မျှတောင်း၍ မရချေ။

မည်သည့်အရာပူဇော်မည်နည်း
ဣသရေလ ူတို့သည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်အံ့သောငှါ၊ မီးရှို့ရာယဇ်ကို ပူဇော်တတ် ကြသည်။ သို့ဖြစ်လျှင် ကျွန်ပ်တို့သည် ဘုရားသခင် ရှေ့၌ ဘာပူဇော်မည်နည်း။ အကျင့်ကောင်းကျင့်ခြင်း၊ ဆယ်ဘို့ တဘို့နှင့် အလှူငွေပေးခြင်း၊ ဘုရား ဖက်၌ စိတ်အားကြီးခြင်း၊ သူတပါးကို ကူညီခြင်း၊ ဆင်းရဲ သားများအား မစခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ကျမ်းစာ ဖတ်ခြင်းအား အားဖြင့် မွှေးကြိုင်နိုင်မည်လော။ ဘုရားသခင် ရှေ့၌ မမွှေးကြိုင်လျှင် အဘယ်အရာကို မျှရရှိမည် မဟုတ်။ လူကြီး ထံ၌ တခုခုအကူအညီ တောင်းလို သောအခါ မျက်နှာရဘို့ရန်၊ လက်ဆောင်ပါလာတတ် ကြသည်။ ထိုလက်ဆောင်ပင်လျှင် လူကြီး ကြိုက်သော အရာ ဖြစ်ရမည်။ သူမကြိုက်သော အရာကို ပေးပါကမပေးလျှင် သာ၍ ကောင်းမည် မဟုတ်လော။ လူကြီး ကကိုယ့်ကို မသိသောကြောင့် လက်ဆောင်အားဖြင့် မျက်နှာလုပ်ရသည်။ မဟုတ်လော။ ထို့ကြောင့် လူကြီး ဂရုစိုက်လောက်သော လက်ဆောင်ယူလာဘို့ လိုသည်။ လူကြီး ကြိုက်သော အရာကို ငါမသိဟု မရချေ။ မသိလျှင် သိသော သူများ ထံမေးမြန်းရသည်။ မရှိလျှင်လည်း အကြွေးနှင့်သော်၎င်းမရရအောင် ရှာကြံရသည်။ သို့မှသာ လျှင်ကိုယ်လိုချင်သော အရာကို လူကြီး ထံမှ ရရှိနိုင်ပေမည်။

ပူဇော်ပြီ
ဣသရေလ လူများ၏ ပူဇော်ခြင်းသည် အရိပ်သာလျှင် ဖြစ်သည်။ ဘုရားသခင်၌ လူသားများအတွက် အကြံ အစည်ရှိသည်။ ထိုအရာမှာ သားတော် ယေရှုခရစ်ကို ဤလောကသို့ ဆင်းသက်စေ၍၊ မီးရှို့ရာယဇ်အဖြစ် ပူဇော်ဘို့ ဖြစ်သည်။ ကျမ်းစာ၌၊ "ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာ သောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူ ပြီ။ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူ သောအခါ၊ ကျမ်းစာ လိပ်၌ အကျွန်ုပ်အမှတ်ပြု၍ ရေးထားသည်။ နှင့် အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်၊ ဟု အကျွန်ုပ် ဝန်ခံပါသည်ဟု လျှောက်ဆို၏။" (ဟေ၁၀:၅-ရ) ဤနေရာ၌ သခင်ယေရှုက မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူ သောအခါ၊ အကျွန်ပ်သည် ကိုယ်တော်၏ အလိုတော်ကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင် သခင်ယေရှုသည် မီးရှို့ရာနှင့် အပြစ် ဖြေရာယဇ်အဖြစ် အပူဇော်ခံဘို့ရန်၊ ဤလောကသို့ ဆင်းကြွလာခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ဣသရေလ လူများ၏ မီးရှို့ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကို အားရနှစ်သက်တော် မမူသနည်းဟူမူကား၊ သူတို့ ပူဇော်သော အရာအားလုံးသည် အရိပ် ဖြစ်သည်။ ဘုရားသခင်၏ မူလအစီအစဉ်မှာသားတော်ကို ပူဇော်ဘို့ရန် ကမ္ဘာမတည်မရှိမှီကပင်ခွဲ့ခန့်မှတ်သား ခဲ့ပြီ။ ကျမ်းစာက၊ "ထို ခရစ်တော် ကား ဤကမ္ဘာမတည်မရှိမှီခန့်ထား တော်မူခြင်းကို ခံနှင့်သည် ဖြစ်၍၊ ကိုယ်တော် အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဘို့ ဤနောက်ဆုံးသော ကာလ၌ ထင်ရှား တော်မူပြီ။" (၁ပေ၁:၂၀) ဟုဆိုထားသည်။ ထို့ကြောင့် ခရစ်တော်သည် ယဇ်ကောင် အဖြစ်ပူဇော်ဘို့ရန် ဘုရားသခင်က ကမ္ဘာမတည်မရှိမှီခန့်ထား တော်မူပြီ။

ရှင်ပေါလုကလည်း ဤသို့ ရေးသား ထားသည်။ " ခရစ်တော်သည် ငါတို့ကို ချစ် တော်မူသော အားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့ အတွက် စွန့် တော်မူသည်။ နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။" (ဧဖက်၅:၂)။ ရှင်ပေါလုက ခရစ်တော်သည် မီးရှို့ရာ ယဇ်အဖြစ် ပူဇော်သည်ဟု မဆိုသော်လည်း၊ ဘုရားသခင် ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ ပူဇော်သည်ဟုဆိုသောကြောင့် မီးရှို့ရာယဇ် ဖြစ်သည်။ ခရစ်တော်သည် ငါတို့ ဘုရားသခင် ရှေ့၌ မွှေးကြိုင်အံ့သောငှါ ပူဇော်ခဲ့ပြီ။ ထို့ကြောင့် ငါတို့သည် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံလျှင်၊ အားကိုးလျှင် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ပြီ။ ထိုသို့ဖြစ်ဘို့ အလိုငှါ၊ ဘုရားသခင်က ခရစ်တော်ကို၊ ငါတို့အား ပေးထားခြင်း ဖြစ်သည်။ ဣသရေလများကဲ့သို့ တိရစ္ဆာန်များကို ပူဇော်စရာ မလိုတော့ချေ။ ခရစ်တော်သည် ငါတို့၏ မီးရှို့ရာယဇ်ဟု ယုံကြည် လက်ခံဘို့ သာလိုသည်။ ခရစ်တော် ကလည်း ငါတို့ကို ချစ်သောကြောင့် မိမိ၏ကိုယ်ခန္ဓာကို ပူဇော်ခဲ့ပြီ။ သို့သော်များစွာသော သူများသည်၊ ထိုခရစ်တော်၏ ပူဇော်ခြင်းကို နားမလည် သောကြောင့်၊ မိမိတို့၏ အကျင့် ကြိုးစား မှု၊ လုပ်ဆောင်မှု၊ ပေးကမ်းကူညီမစမှု များကို အားကိုး ကြသေးသည်။ ထိုအရာများ အားဖြင့် ဘုရားသခင် ရှေ့၌ မွှေးကြိုင်နိုင်ပါက ခရစ်တော်သည် ဤလောကသို့ ကြွရောက် ၍ ပူဇော်စရာ မလို။ ထို့ကြောင့် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံအားကိုးဘို့ လိုသည်။ ထိုအရာသည် အဘ ဘုရားသခင်၏ အစီအစဉ်အားဖြင့် ဖြစ်သည်။ ဘုရားသခင် အနေဖြင့် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံပြီး ဖြစ်သည်။ သို့သော်လူ့အပိုင်းက နားမလည် သောကြောင့် လက်မခံကြ။ ထို့ကြောင့် ဘုရားသခင် ရှေ့၌ မမွှေးကြ။ ဘုရားသခင် ရှေ့၌ အဘယ်ကြောင့် မွှေးကြိုင်ဘို့ လိုသနည်း။ မွှေးကြိုင်ခြင်းသည် မျက်နှာရခြင်း၊ ဘုရား စိတ်တော်နှင့် တွေ့ခြင်း ဖြစ်သည်။ ဘုရား စိတ်တော်နှင့် မတွေ့ပါက မည်သည့်အရာမျှ ဘုရားသခင် ထံမှ ရရှိမည် မဟုတ်။ ထို့ကြောင့် ခရစ်တော်ကိုယ်တိုင် ဤသို့ ဆိုခဲ့သည်။ "ငါ့ကို အမှီမပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက်
ရ။" (ယော၁၄:၆)။

ထို့ကြောင့် ဘုရားသခင် ထံချဉ်းကပ် သောအခါ ခရစ်တော်ကို အမှီပြုဘို့ လိုအပ်သည်။ ဆုတောင်း သောအခါ၌ လည်း ခရစ်တော် နာမအားဖြင့် သာတောင်းဘို့ လိုအပ်သည်။ ခရစ်တော်က၊ "ငါ့နာမကို အမှီပြု၍ ခမည်းတော် မှာတောင်းသမျှ တို့ကို ရမည်အကြောင်း၊ သင်တို့ကို ငါခန့်ထား၏။" (ယော၁၅:၁၆) ဟုဆိုထားသည်။ တဖန်၊ "ငါအမှန်အကန် ဆိုသည်ကား၊ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေးတော်မူမည်။" (ယော၁၆:၂၃) ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင် ထံ၌ ဆုတောင်း သောအခါ ခရစ်တော်၏ နာမကို အမှီပြုဘို့ လိုအပ်သည်။

သင်ခန်းစာ (၁၂) မေးခွန်းများ

၁။ ယဇ်ပူဇော်ခြင်း များကို မည်သူကခိုင်းသနည်း။ …………………………
၂။ ဤယဇ်ပူဇော်ခြင်း၏ နာမည်သည် …………………………… ဖြစ်သည်။
၃။ ယဇ်ပူဇော်ရာတွင် မည်သူ၏ စိတ်တွေ့ဘို့ လိုသနည်း။ ……………………………….ယနေ့ ခရစ်ယာန်များမည်သူ၏ စိတ် ကျေနပ်ဘို့ ရှာကြသနည်း။ …………………………………
၄။ ယဇ်ကောင် များကို မည့်သည့်နေရာ၌ ဆက်ရသနည်း။ ………………………………….
၅။ မီးရှို့ရာယဇ်သည် အပြစ် အတွက် ပူဇော်သလော။ ……………….မည့်သည့်အရာအတွက် ပူဇော်သနည်း။ ……………
၆။ လူသည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်သလော၊ နံစော်သလော။ ……………………………
ရ။ ဣသရေလ လူများသည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ဘို့ရန် တိရစ္ဆာန်များကို ပူဇော်တတ်သည်။ ယခုကျွန်ပ်တို့ ဘာပူဇော်မည်နည်း။ ……………………..
၈။ ဣသရေလ လူများ ပူဇော်သော အရာသည် အ……………… ဖြစ်၍ သခင်ယေရှု ပူဇော်သော အရာသည် အ…………….. ဖြစ်သည်။
၉။ သင်သည် ဘုရားသခင် ရှေ့၌ မွှေးကြိုင်ပြီလော။ ……………………မည်ကဲ့သို့ မွှေးကြိုင်သနည်း။ ……………….
၁၀။ အဘယ်ကြောင့် ခရစ်တော်၏ နာမကို အမှီပြု၍ ဆုတောင်းဘို့ လိုသနည်း။ ………………………..

.

သင်ခန်းစာ (၁၃)

ဘောဇဉ်ပူဇော်သက္ကာ (Grain Offering)

"ထာဝရဘုရားအားဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက် အပေါ်မှာ ဆီကိုလောင်း၍ လောဗန်ကိုလည်း ထည့်ပြီးမှ၊ အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကိုယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအားမီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။ ကျန်ကြွင်းသောဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့်သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာထဲကအလွန်သန့်ရှင်းသောအရာဖြစ်၏။" (ဝတ်၂:၁-၃)။ ဘောဇဉ်ဆိုသည်မှာစားဘွယ်ခဲဘွယ်ကိုဆိုလိုခြင်းဖြစ်သည်။ ဘောဇဉ်ပူဇော်သက္ကာပူဇော်ရာတွင် ပစ္စည်းသုံးမျိုးပါဝင်သည်။ မုန့်ညက်၊ ဆီ (သံလွင်ဆီ)၊ နှင့်လောဗန်တို့ ဖြစ်သည်။ ယဇ်ပုရောဟိတ်များကမုန့်ညက်တလက်ဆွန်း၊ ဆီအချို့နှင့်လောဗန်ရှိသမျှကိုယဇ်ပလ္လင်ပေါ်၌မီးရှို့ရသည်။ ထိုအရာသည်ဘုရားသခင်ရှေ့၌ မွှေးကြိုင်သောယဇ်ဖြစ်သည်။ အပြစ်နှင့်ဆိုင်သောယဇ်မဟုတ်။ ကျန်ကြွင်းသောမုန့်ညက်နှင့်ဆီသည်ယဇ်ပုရောဟိတ်များအတွက် ဖြစ်သည်။ ဘုရားသခင်ကသူ့ဥစ္စာအထဲမှယဇ်ပုရောဟိတ်များကိုပေးခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်များသည် လယ်မလုပ်သောကြောင့် ဘုရားသခင်ကကျွေးမွေးသည်။ ဣသရေလလူများကကျွေးမွေးသည် မဟုတ်။ ထို့နည်းတူ၊ ယခုခေတ်၌ဘုရားအမှုတော်ဆောင်များကို၊ ယုံကြည်သူများကကျွေးမွေးသည်မဟုတ်၊ ဘုရားသခင်ကကျွေးမွေးသည်။ ယုံကြည်သူများကအမှုတော်ဆောင်များကိုကျွေးမွေးသည်ဟု ယူဆလျှင်၊ သူတို့လှူသောအလှူသည် ဘုရားသခင်ထံသို့လှူသည်မဟုတ်၊ အမှုတော်ဆောင်များထံလှူသောကြောင့် ဘုရားသခင်ထံတော်မှအဘယ် အကျိုးကိုမျှမခံစားရကြ။ ထို့ကြောင့်အလှူလှူသောအခါလူထံသို့မဟုတ်၊ ဘုရားသခင်ထံသို့လှူသည်ဟုယူဆရသည်။

မုန့်အမျိုးမျိုး
"မီးဖို၌ဖုတ်သောမုန့်ကိုဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့်မုန့်ညက်ဖြင့်လုပ်သောတဆေးမဲ့မုန့်ပြားသော်၎င်း၊ ဆီလူးသောတဆေးမဲ့မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။ သံပြားပူနှင့်လုပ်သောမုန့်ကိုဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍တဆေးမပါသောမုန့်ညက်နှင့်လုပ်ရမည်။ ထိုမုန့်ကို ချိုးဖဲ့၍ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သက္ကာဖြစ်သတည်း။ အိုးကင်းနှင့်ကြော်သောမုန့်ကိုဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့်လုပ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည်ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲကအတွက်အတာကိုနှိုက်ယူ၍ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအားမီးဖြင့်ဆက်ကပ်၍မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။ ကျန်ကြွင်းသောဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့်သူ၏သားတို့ အဘို့ဖြစ်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာထဲကအလွန်သန့်ရှင်းသောအရာဖြစ်၏။" (ဝတ်၂:၄-၁၀)                         ထာဝရဘုရား၏ပညတ်ထားသည့်အတိုင်း၊ ဣသရေလလူများသည် ထာဝရဘုရားအား၊ မုန့်အမျိုးမျိုးကိုပူဇော်တတ်ကြသည်။ ထိုမုန့်များသည်ပြုလုပ်ပုံခြင်းမတူညီကြချေ။ မီးဖို၌ဖုတ်သောမုန့်ဖြစ်လျှင်ဆီနှင့်မုန့်ညက်ဖြင့်လုပ်သောတဆေးမဲ့မုန့်ပြားသော်၎င်း၊ ဆီလူးသောတဆေးမဲ့မုန့်ကြွပ်သော်၎င်း၊ သံပြားပူနှင့်လုပ်သောမုန့်၊ အိုးကင်းနှင့်ကြော်သော မုန့်တို့ဖြစ်သည်။ ထိုမုန့်များသည်တဆေးမဲ့ဖြင့်ပြုလုပ်သောမုန့်များ ဖြစ်သည်။ ထိုမုန့်များသည်ဆီဖြင့်ပြုလုပ်၍ထပ်၍ ဆီလောင်းရသည်။

တဆေး
ဘောဇဉ်ပူဇော်သက္ကာ၌တဆေးမပါရ။ တဆေးသည်အပြစ်ကိုပုံဆောင်သည်။ ရှင်ပေါလုက၊ "သင်တို့သည်တဆေးမဲ့သည်ဖြစ်သည်နှင့်အညီ၊ အသစ်သောမုန့်စိမ်းဖြစ်မည်အ ကြောင်း၊ ဟောင်းသောတဆေးကိုသုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသောငါတို့ပသခါသိုးငယ်သည်၊ ငါတို့အဘို့ယဇ်ပူဇော်ရာဖြစ်၏။ ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ်မိုက်မဲခြင်းတဆေးတို့ကိုပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသောကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်ပွဲခံကြကုန်အံ့။"ဟုဆိုသည်။ (၁ကော၅:ရ-၈)။ ထို့ကြောင့်တဆေးသည်ဆိုးညစ်မိုက်မဲခြင်းကိုဆိုလိုသည်။                                 သခင်ယေရှုက၊ "ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို၊ သတိနှင့်ကြဉ်ရှောင်ကြဟုမိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ ငါတို့၌မုန့်မပါသောကြောင့်ဤစကားကိုမိန့်တော်မူသည်၊ ဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုကြဉ်ရှောင်ကြဟူသောစကားကိုငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ငါမပြောသည်ကိုသင်တို့သည် နားမလည်ဘဲအဘယ်သို့နေကြသနည်းဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်တို့သည်မုန့် ၏တဆေးကိုကြဉ်ရှောင်ကြဟုမိန့်တော်မမူ။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သြဝါဒကိုကြဉ်ရှောင်ကြ၊ ဟုမိန့်တော်မူသည်ကိုနားလည်ကြသတည်း။" (မဿဲ ၁၆:၆၊ ၁၁-၁၂)

ဖာရိရှဲတဆေး
သို့ဖြစ်လျှင်ဖာရိရှဲတဆေးသည်အဘယ်အရာကိုဆိုလိုသနည်း။ ဖာရိရှဲတို့သည်လှိူ့ဝှက်သောသူဟုသခင်ယေရှုကဆိုခဲ့သည်။ (မ၂၃:၁၃၊ ၁၅၊ ၂၃၊ ၂၅၊ ၂ရ၊ ၂၉) လှိူ့ဝှက်သောသူဆိုသည်မှာကိုယ်တိုင်မလုပ်ဘဲလုပ်ဟန်ဆောင်သူများ၊ ပါးစပ်ကဘုရားဘုရား လက်က၊ ကားယားကားယားကိုဆိုလိုခြင်းဖြစ်သည်။ အင်္ဂလိပ်လို Hypocrisy ဟု ခေါ်သည်။ သခင်ယေရှုက၊ "ထိုအခါအတိုင်းမသိများစွာသောလူတို့သည်စုဝေး၍ အချင်း ချင်းနင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည်တပည့်တော်တို့အားမိန့်တော်မူသည် ကား၊ လျှို့ဝှက်ခြင်းတည်းဟူသောဖာရိရှဲတို့၏တဆေးကိုရှေ့ဦးစွာကြဉ်ရှောင်ကြလော့။" (လု၁၂:၁) ဟုဆိုခဲ့သည်။ ထိုကြောင့်ဘုရားသခင်ကိုးကွယ်ရာတွင်ဟန်ဆောင်ခြင်းမပါရချေ။

ဇဒ္ဒုကဲတဆေး
ဇဒ္ဒုကဲတဆေးဆိုသည်မှာ မယုံကြည်ခြင်းကို ဆိုလိုသည်။ "ဇဒ္ဒုကဲများသည် ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ်မရှိဟုယူကြ၏။" (တမန်တော် ၂၃:၈)။ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်နှင့်နံဝိညာဉ်မရှိဟုယူဆလျှင်၊ ဘုရားကိုးကွယ်စရာ အကြောင်းမရှိ။ ယခုခေတ်၌လည်းထိုကဲ့သို့ယူဆသောသူများရှိကြသည်။ ထိုသူများသည် လီဘယ်ရယ် (liberal) ဟုခေါ်သည်။ ထို့ကြောင့်ဇဒ္ဒုကဲတဆေးဆိုသည်မှာမယုံကြည်ခြင်းကိုဆိုလိုသည်။

ဟေရုဒ်၏တဆေး
"တပည့်တော်တို့သည်မုန့်ကိုယူခြင်းငှါမေ့လျော့ကြသဖြင့်၊ လှေပေါ်မှာသူတို့၌မုန့်တလုံး တည်းသာရှိ၏။ ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တဆေးကို၎င်းဟေရုဒ်၏တဆေးကို၎င်း သတိနှင့်ကြဉ်ရှောင်ကြဟုပညတ်တော်မူ၏။" (မာကု ၈:၁၄-၁၅) ဟေရုဒ်၏တဆေးသည် ငါတည်းဟူသောမာန်မာနကိုဆိုလိုခြင်းဖြစ်သည်။ ဟေရုဒ်သည်ခရစ်တော်၏အုပ်စိုးခြင်းကို အလိုမရှိ။ သူကိုယ်တိုင်အုပ်စိုးချင်သည်။ ထို့ကြောင့်ခရစ်တော်မွေးဘွားခြင်းကိုကြား သောအခါသတ်ဘို့ရန်ကြံစည်သည်။ ငါတည်းဟူသောမာန်မာနရှိခြင်းသည်။ ဟေရုဒ်၏ တဆေးဖြစ်သည်။ ထာဝရဘုရားထံဆက်ကပ်ပူဇော်သောအခါ၊ ဖါရိရှဲတဆေးတည်း ဟူသောလှိူ့ဝှက်ခြင်း၊ ဇဒ္ဒုကဲတဆည်းတည်းဟူသောမယုံကြည်ခြင်း၊ ဟေရုဒ်၏တဆေးဖြစ်သောငါတည်းဟူသောမာန်မာနများမပါဝင်ရ။

ဂျုံစေ့
ဣသရေလလူများပူဇော်လေ့ရှိသောထိုဘောဇဉ်ပူဇော်က္ကာသည်အရိပ်ဖြစ်၍၊ အကောင်အထည်သို့မဟုတ်ပြည့်စုံခြင်းသည်၊ ခရစ်တော်၏ပူဇော်ခြင်း၌ဖြစ်သည်။ မုန့်ညက်သည်ဂျုံစေ့မှဖြစ်သည်။ ဂျုံစေ့သည်လည်းအနှံမှဖြစ်၍အနှံသည်လည်း၊ အပင်မှ ဖြစ်သည်။ သို့ဖြစ်လျှင်ခရစ်တော်သည်မည်ကဲ့သို့မုန့်ညက်ဖြစ်သနည်း။ မုန့်ညက်ဖြစ်ရန် အရင်ဂျုံစေ့ဖြစ်ရမည်။ ခရစ်တော်သည်လူ့ဇာတိခံသောအခါဂျုံစေ့ဖြစ်သည်။ သူကိုယ်တိုင်ဤသို့ဆိုခဲ့သည်။ "ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည်မပျက်လျှင်တခုတည်းနေ၏။ ပျက်လျှင်မူကားများစွာသောအသီးကိုသီးတတ်၏။" (ယောဟန် ၁၂:၂၄) ဤနေရာ၌မြေ၌ကျသောစပါးစေ့သည်၊ သူကိုတိုင်ပင်ဖြစ်သည်။ ခရစ်တော်သည်ဂျုံစပါးစေ့ဖြစ်သည်။ မယ်တော်မာရိဝမ်းမှမွေးဘွားသောအခါဂျုံစေ့လေးဖြစ်ခဲ့သည်။

နေလှမ်း
ဂျုံစေ့သည်ကြိတ်နိုင်ဘို့ရန်၊ နေ၌အခြောက်လှမ်းရသည်။ မခြောက်ပါကကြိတ်၍မရချေ။ သို့ဖြစ်လျှင်ခရစ်တော်သည်မည်သည့်အချိန်၌အခြောက်လှမ်းခြင်းခံခဲ့ရသနည်း။ ကျမ်းစာ၌၊ "ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံလျက်ယော်ဒန်မြစ်နားမှပြန်စဉ်တွင်၊ ဝိညာဉ်တော်သည်တောသို့ပို့ဆောင်တော်မူ၏။ အရက်လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလပတ်လုံးအစာအဟာရကိုသုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှမွတ်သိပ်တော်မူ၏။" (လုကာ ၄:၁-၂) ထိုသို့ ရက်ပေါင်းလေးဆယ်အစာရှောင်သောအခါအခြောက်လှမ်းခြင်းခံရသည်။ ထို့ကြောင့် မွတ်သိပ်ခြင်းသို့ရောက်သည်။ သို့သော်မုန့်ညက်မဖြစ်သေးသောကြောင့်ဘောဇဉ်ပူဇော်သက္ကာအဖြစ်ပူဇော်၍မရသေးချေ။

အမှုန့်ကြိတ်ခြင်း
ခရစ်တော်သည်ဂေသရှေမန်ဥယျာဉ်၌ဆုတောင်းသောအခါ၊ အမှုန့်ကြိတ်ခြင်းခံရသည်။ ထို့ကြောင့်အလွန်ခံစားရ၍အလွန်ကြောက်ခဲ့သည်။ ဂျုံစေ့သည်အမှုန့်ကြိတ်သောအခါအသက်မရှိတော့ချေ။ ထို့နည်းတူခရစ်တော်လည်းအမှုန့်ကြိတ်ခြင်းခံသောအခါသေခဲ့သည်။ ထို့ကြောင့်ဤသို့ ဆုတောင်းခဲ့သည်။ "အိုအဘ၊ အလိုတော်ရှိလျှင်ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်းအကျွန်ုပ်အလိုရှိသည်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူ၏။ ထိုအခါကောင်း ကင်တမန်သည်ထင်ရှားလာ၍ကိုယ်တော်ကိုအားပေးရ၏။ ပြင်းစွာသောဝေဒနာကိုခံလျက်အထူးသဖြင့်ကြိုးစား၍ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။" (လုကာ ၂၂:၄၂-၄၄) သခင်ယေရှု သည်ဂေသရှေမန်ဥယျာဉ်၌အမှုန့်ကြိတ်ခြင်းခံသောကြောင့်ကိုယ်ခန္ဓာတော်မှချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်းဟုဆိုသည်။ ထို့အပြင်သူ့ကိုအခြားသောအချိန်၌သတ်မည်ဟုကြံစည်ကြသောအခါ၊ ရှောင်ကွင်းတတ်သော်လည်း၊ ဂေသရှေမန်ဥယျဉ်၌မူ၊ သေပြီးဖြစ်သောကြောင့်ရန်သူများကသတ်ဘို့ရန်ရှာသောအခါ၊ မရှောင်တော့ဘဲသူ့ကိုယ်သူအပ်နှံလိုက်သည်။

မုန့်နယ်ခြင်း
မုန့်ညက်သည်မုန့်ဖြစ်ဘို့နယ်ဘို့လိုသည်။ ကောင်းကောင်းနယ်သောမုန့်သည် ပို၍ကောင်းသည်။ သို့ဖြစ်လျှင်၊ ခရစ်တော်သည်မည်သည့်နေရာ၌နယ်ကြသနည်း။ ဂေသရှေမန်ဥယျဉ်၌အမှုန့်ကြိတ်ခြင်းခံပြီးသောနောက်၊ သူ့ကိုကောင်းစွာနယ်ကြသည်။ ကျမ်းစာ၌ဤသို့တွေ့ရသည်။ "ထိုအခါအချို့တို့သည်ကိုယ်တော်ကိုတံထွေးနှင့်ထွေးကြ ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင်လက်သီးနှင့်ထိုးလျက်၊ ပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်းပါးတော်ကိုလက်နှင့်ပုတ်ကြ၏။" (မာကု ၁၄:၆၅) "ခေါင်းတော်ကိုကျူလုံးနှင့်ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာဒူးထောက်၍ပြပ်ဝပ်ခြင်းကိုလည်းပြုကြ၏။ ထိုသို့ကိုယ်တော်ကိုပြက်ယယ်ပြုသည်နောက်၊ နီမောင်းသော အဝတ်ကိုချွတ်၍အဝတ်တော်ကိုဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားခြင်းငှါထုတ်သွားကြ၏။" (မာကု ၁၅:၁၉) ခရစ်တော်ကိုလက်ဝါးကပ်တိုင်၌မစွဲမှီပြင်းထံစွာရိုက်နှက်ခြင်းခံခဲ့ရသည်။ ထိုအရာသည်မုန့်ညက်ကိုကောင်းစွာနယ်သကဲ့သို့ဖြစ်သည်။ သို့သော်ပူဇော်၍မဖြစ်သေးချေ။ မုန့်ညက်နယ်စဉ်တွင်အဘယ်သူမျှသွားရေမယိုချေ။ ထို့နည်းတူခရစ်တော်ကိုရိုက်နှက်ချိန်တွင်အဘယ်သူကမျှလက်မခံကြသေးချေ။

မုန့်ဖုတ်ခြင်း၊ ကြော်ခြင်း၊ ကင်ခြင်း
မုန့်စိမ်းကိုကောင်းစွာနယ်ပြီးသောနောက်မီးဖို၌ဖုတ်ရ၊ ကြော်ရ၊ ကင်ရသည်။ သို့မှသာစား၍ရသည်။ ဘုရားသခင်ထံ၌လည်းပူဇော်၍ရသည်။ ခရစ်တော်သည်မုန့်ဖြစ်လျှင် မည်ကဲ့သို့ကြော်ခြင်း၊ ဖုတ်ခြင်း၊ ကင်ခြင်းခံရသနည်း။ လက်ဝါးကပ်တိုင်တော်၌ရိုက်သတ်ခြင်းခံရသောအခါဖုတ်ခြင်း၊ ကင်ခြင်း၊ ကြော်ခြင်းခံရသည်။ သို့မှသာသူ့ကိုစားနိုင်သည်။ ခရစ်တော်သည်လက်ဝါးကပ်တိုင်ပေါ်တွင်သူ့နဘေး၌ရှိသောလူဆိုးကြီးကပဌမဦးဆုံးစားခဲ့သည်။ သူ့နောက်တကောက်ကောက်လိုက်ခဲ့သောတမန်တော်များမူကား၊ ထိုမုန့်ကိုစားမည့်အစား၊ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြသည်။ ထိုမုန့်သည်နောက်ပိုင်း၌လူမြောက်များစွာတို့ကစား၍အသက်ရကြသည်။ နောက်ဆုံး၌ကျွနိုပ်တို့လည်းစားခွင့်ရကြသည်။ "ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည်တော၌မန္နကိုစားလျက်သေရကြ၏။ ကောင်းကင်မှဆင်းသက်သောမုန့်ကိုစားသောသူသည်သေခြင်းနှင့်ကင်းလွတ်၏။ ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူမည်သည်ကား၊ အစဉ်မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီ သားတို့၏အသက်အဘို့အလိုငှါစွန့်သောငါ၏အသားပေတည်းဟုမိန့်တော်မူ၏။" (ယောဟန် ၆:၄၈-၅၁)

ခရစ်တော်၏ပူဇော်ခြင်းသည်ပဌမ၌ဘုရားသခင်အတွက်ဖြစ်သည်။ ခရစ်တော်သည်မုန့်အဖြစ်ပူဇော်သောအခါ၊ ဘုရားသခင်ရှေ့တော်၌မွှေးကြိုင်သောအနံ့ ဖြစ်သည်။ ထိုအရာသည်လောကီသားများအတွက်ဖြစ်သည်။ ခရစ်တော်၏ပူဇော်ခြင်းကြောင့်သူ့ကိုယုံကြည်သောသူတိုင်းသည်၊ ဘုရားသခင်ရှေ့၌မွှေးကြိုင်ပြီဖြစ်သည်။ မွှေးကြိုင်ခြင်းသည်လည်းမျက်နှာရခြင်း၊ အသရေရခြင်းဖြစ်သည်။ ထိုကဲ့သို့မွှေးကြိုင်သောယဇ်အဖြစ်ပူဇော်ဘို့ရန်၊ ခရစ်တော်ကိုခမည်းတော်ကစေလွှတ်၍၊ သားတော်ကနာခံသောကြောင့်၊ ကျွနိုပ်တို့သည်ဘုရားသခင်ကပြန်လည်လက်ခံလာနိုင်ခြင်းဖြစ်သည်။ ခမည်းတော်နှင့်သားတော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါစို့။ ခရစ်တော်ကထိုကဲ့သို့ပူဇော်ပြီးသောကြောင့်၊ ဘောဇဉ်ပူဇော်သက္ကာကို၊ ပူဇော်စရာမလိုတော့ချေ။ ခရစ်တော်၏ပူဇော်ခြင်း၌ပြည့်စုံပြီဖြစ်သည်။ ခရစ်တော်၏ဘောဇဉ်ပူဇော်သက္ကာပူဇော်ခြင်း၌၊ ဖာရိရှဲတဆေးတည်းဟူသောဟန်ဆောင်ခြင်း၊ ဇဒ္ဒုကဲတဆေးတည်းဟူသောမယုံကြည်ခြင်း၊ ဟေရုဒ်တဆေးတည်းဟူသောမာန်မာနမရှိ၊ ခရစ်တော်သည်တဆေးမဲ့မုန့်ဖြစ်သည်။

သင်ခန်းစာ (၁၃) မေးခွန်းများ

၁။ ဘောဇဉ်ပူဇော်သက္ကာပူဇော်ရာတွင်မည်သည့်အရာများပူဇော်သနည်း။ ………………
၂။ ဘောဇဉ်ပူဇော်သက္ကာသည်ဘုရားသခင်ရှေ့၌ ………………………ဘို့ရန်ဖြစ်သည်။
၃။ ဘောဇဉ်ပူဇော်သက္ကာအထဲမှအများစုကိုမည်သူကရရှိသနည်း။ ………………………….
၄။ ဟေရုဒ်တဆေးသည် …………………. ဖြစ်သည်။
၅။ ဖာရိရှဲတဆေးသည် …………………. ဖြစ်သည်။
၆။ ဇဒ္ဒုကဲတဆေးဆိုသည်မှာ ……………………………. ဖြစ်သည်။
ရ။ ခရစ်တော်သည်မည်သည့်အချိန်၌ဂျုံစေ့ဖြစ်သနည်း။ ……………………………
၈။ ခရစ်တော်သည်မည်ကဲ့သို့နေလှန်းခြင်းခံခဲ့ရသနည်း။ …………………………….
၉။ ခရစ်တော်သည်မည်သည့်နေရာ၌အကြိတ်ခံရသနည်း။ ……………………………..
၁၀။ ခရစ်တော်သည်မည်ကဲ့သို့နယ်ခြင်းခံရသနည်း။ …………………………………..
၁၁။ ခရစ်တော်သည်မည်ကဲ့သို့ကြော်ခြင်းခံရသနည်း။ ……………………………….
၁၂။ ခရစ်တော်ကိုပဌမဦးဆုံးစားသောသူသည်မည်သူနည်း။ …………………………..
၁၃။ ခရစ်တော်၏ပူဇော်ခြင်းသည်ပဌမ၌မည်သူအတွက်ဖြစ်သနည်း။ …………………
၁၄။ ယုံကြည်သူများသည်ဘုရားသခင်ရှေ့ ၌မည်ကဲ့သို့မွှေးကြိုင်နိုင်သနည်း။ ……………….
၁၅။ မွှေးကြိုင်ခြင်းဆိုသည်မှာ……………………………..ခြင်းဖြစ်သည်။
၁၆။ သင်သည်ဘုရားသခင်ရှေ့ ၌မွှေးကြိုင်ပြီလော။ ………………….မည်သို့မွှေးကြိုင်သနည်း။ ……………………..

.

သင်ခန်းစာ (၁၄)

အဦးသီးသောအသီး

"အဦးသီးသောအသီးအနှံကို၊ ထာဝရဘုရားအားဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကိုအရည်စစ်အောင်မီးနားမှာထား၍၊ စပါးစေ့ကိုပွတ်ယူပြီးမှ၊ ဆီကိုလောင်း၍၊ လောဗန်ကိုတင်လျက်ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာဖြစ်သတည်း။ ပွတ်ယူသောစပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသောထိုဘောဇဉ်ပူဇော်သက္ကာအတွက်အတာကို၊ ယဇ်ပုရောဟိတ်သည်မီးရှို့ရမည်။ ထာဝရ ဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာဖြစ်သတည်။ (ဝတ်ပြုရာ ၂း၁၄-၁၆) 

"သင်၏ မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ ဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော် ထဲသို့ ဆောင်သွင်းရမည်။" (ထွက်၂၃:၁၉)

"သင်တို့သည် ငါပေးသော ပြည်သို့ ရောက်၍ စပါးကို ရိတ် သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစည်းကို၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ် သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရ ဘုရားရှေ့တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသော နေ့၌ အခါမလည် အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရ ဘုရားအဘို့ မီး မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။" (ဝတ်၂၃:၁၀-၁၂)

ဣသရေလူများသည် နှစ်စဉ်နှစ်တိုင်း၊ အဦးသီးသော အသီးကို ဘုရားသခင် မှာထား တော်မူသည် အတိုင်း ပူဇော်တတ် ကြသည်။ အဦးသီးသော အသီးပူဇော်ရာတွင် စပါးနှံကို မီးနှင့် ချောက်အောင် ကင်၍ ပွတ်ယူပြီးမှဆီလောင်း၍ လောဗန်နှင့် ပူဇော်ရသည်။ သူတို့ ပူဇော်သော အဦးသီးသော အသီးကို အဘယ်ကြောင့် ဘုရားသခင်က ပူဇော်ခိုင်းသည်။ကို သူတို့ မသိကြ။ သူတို့ ပူဇော်သော အရာသည် အရိပ် ဖြစ်သည်။ သို့ဖြစ်လျှင် အကောင်အထည်သည် အဘယ်အရာနည်း။ အဦးသီးသော အသီးသည် လည်းခရစ်တော်၌ ပြည့်စုံခဲ့ပြီ။ မည်ကဲ့သို့ ပြည့်စုံသနည်း။

ခရစ်တော်၌ ပြည့်စုံခဲ့ပြီ
"ယေရှုသည် ကြီးသောအသံနှင့်တဖန်ကြွေးကြော်ပြီးလျှင်အသက်တော်ကိုလွှတ်တော်မူ၏။ ထိုအခါဗိမာန်တော်၏ကုလားကာသည်အထက်စွန်းမှအောက်စွန်းတိုင်အောင်စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။ သင်္ချိုင်းတွင်း တို့သည်ပွင့်လစ်သဖြင့်၊ ကျိန်းစက်လျက်ရှိသောသန့်ရှင်းသူတို့၏အလောင်းများစွာ တို့သည်ထကြ၍၊ ကိုယ်တော်ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည်သင်္ချိုင်းတွင်းမှထွက်၍သန့်ရှင်းသောမြို့ထဲသို့ဝင်ပြီးလျှင်၊ လူများစွာတို့အားထင်ရှားကြ၏။" (မဿဲ ၂ရ:၅၀-၅၃)။

အထက်ပါကျမ်းပိုဒ်များအရ ခရစ်တော်သည်သေသောသူတို့တွင်အဦးဆုံးထသောသူ ဖြစ်သည်။ ခရစ်တော်အရင်ထမြောက်သောသူများရှိကြသော်လည်း၊ ပုပ်ပျက်တတ်သောကိုယ်ခန္ဓာနှင့်ထမြောက်ကြခြင်းဖြစ်သည်။ ဘုန်းရှိသောကိုယ်ခန္ဓာသို့မဟုတ်ဝိညာဏကိုယ်ခန္ဓာနှင့်ထမြောက်သောသူတို့တွင်၊ ခရစ်တော်သည်ပဌမဦးဆုံးထမြောက်သောသူ ဖြစ်သည်။ သူသေသောအခါရှေးသန့်ရှင်းသူများသင်္ချိုင်းတွင်းမှထကြသော်လည်း၊ကိုယ်တော်ထမြောက်တော်မူပြီးမှသာသင်္ချိုင်းတွင်းမှထွက်ကြသည်။

ထို့ကြောင့်ရှင်ပေါလုက၊ "ခရစ်တော်သည်သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင်၊ အဦးသီးသောအသီးဖြစ်တော်မူပြီ။" (၁ကော၁၅:၂၀) ဟုဆိုသည်။ အဦးသီးသောအသီးတည်းဟူသော၊ ခရစ်တော်သည်ထမြောက်တော်မူပြီးနောက်၊ နောက်တဖန် အဦးသီးသောအသီးကိုပူဇော်စရာမလိုတော့ချေ။ သို့သော်ဣသရေလလူများအနေနှင့် ခရစ်တော်၌ထိုသို့ပြည့်စုံခြင်းကိုမသိကြသောအခါ၊ အဦးသီးသောအသီးကိုပူဇော်နေကြဦးမှာဖြစ်သည်။ ခရစ်ယာန်များအနေနှင့်လည်း၊ ထိုသမ္မာတရားကိုမသိကြသောအခါ၊ တောရွာများ၌မိမိတို့တောင်ယာနှင့်လယ်မှထွက်သောအဦးသီးသောအသီးအနှံများကို ဘုရားကျောင်း၌လှူခြင်းအားဖြင့်ကျေနပ်အားရနေကြမှာဖြစ်သည်။ အဦးသီးသော အသီးအနှံများပူဇော်ခြင်းသည်ကောင်းပါသည်။ ထိုသို့ပူဇော်ခြင်းသည်ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။

ဘုရားသခင်ခိုင်းသောအဦးသီးသောအသီးပူဇော်ခြင်းသည်သခင်ယေရှု၌ပြီးပြည့်စုံပြီ ဖြစ်သည်။ အဘယ်ကြောင့်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကိုအဦးသီးသောအသီးဟု ခေါ်သနည်း။ အကြောင်းမှာမျိုးစေ့စိုက်သောအခါ၊ မြေကြီးအထဲမှအပင်ထွက်လာ၍၊ အသီးသီးရာတွင်ပဌမဦးဆုံးသောအသီးသည်အဦးသီးသောအသီးဖြစ်သည်။ ထို့နည်းတူ ခရစ်တော်လည်းမျိုးစေ့စိုက်သကဲ့သို့မြေကြီးထဲမြှုပ်နှံခြင်းခံရ၍၊ သေသောသူတို့တွင်မပုပ်ပျက်နိုင်သောကိုယ်ခန္ဓာဖြင့်ပဌမဦးဆုံးထမြောက်သောသူဖြစ်သည်။ ထို့ကြောင့်သူကို အဦးသီးသော အသီးဟုခေါ်သည်။

သင်ခန်းစာ (၁၄) မေးခွန်းများ

၁။ အဦးသီးသောအသီးကိုမည်သူကပူဇော်ခိုင်းသနည်း။ ……………………
၂။ အဦးသီးသောအသီးကိုပူဇော်ရာတွင်မည်သည့်အရာများမီးရှိုပူဇော်ရသနည်း။ …………………..
၃။ အဦးသီးသောအသီးပူဇော်ခြင်းသည်အရိပ်ဖြစ်၍မည်သူ၌ပြည့်စုံခဲ့သနည်း။ ………………………..
၄။ အဦးသီးသောအသီးပူဇော်ခြင်းသည်ခရစ်တော် ……………………ခြင်း၌ပြည့်စုံခဲ့ပြီ။
၅။ အဦးသီးသော အသီးပူဇော်စရာ လိုသေးသလော။ ………………………..
၆။ ခရစ်ယာန် များ၏အဦးသီးသောအသီးပူဇော်ခြင်းသည်အဘယ်အရာအတွက်ဖြစ်သနည်း။ ……………………..
ရ။ အဘယ်ကြောင့်ခရစ်တော်၏ထမြောက်ခြင်းကိုအဦးသီးသောအသီးဟုခေါ်သနည်း။ ………………

.

သင်ခန်းစာ (၁၅)

မိဿဟာယယဇ်

(Peace or Fellowship Offering)

"နွားကိုမိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအထီးအမတကောင်ကောင်ကို၊ ထာဝရဘုရားရှေ့တော်၌ဆက်ရမည်။ ပူဇော်သောနွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ပရိသတ်စည်ဝေးရာတဲတော်တံခါးနားမှာသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ် တို့သည်၊ အသွေးကိုယဇ်ပလ္လင်အပေါ်၌ပတ်လည်ဖြန်းရမည်။ အအူကိုဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသောကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွအသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိဿဟာယယဇ်ကောင်ထဲကယူ၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာကိုဆက်ပြီးမှ၊ အာရုန်၏သားတို့ သည်ယဇ်ပလ္လင်အပေါ်၌ရှိသောထင်းမီးပေါ်မှာတင်သောယဇ်ကောင်နှင့်အတူမီးရှို့ရမည်။ ထာဝရဘုရားအားမီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။" (ဝတ်ပြုရာ ၃:၁-၅)။

မိဿဟာယယဇ်ပူဇော်သောအခါ၊ အသွေး၊ ဝမ်းတွင်းဆီနှင့်ကျောက်ကပ်နှစ်ခုသာ ဘုရားသခင်အတွက်ပေးရသည်။ ကျန်သောအသားများကိုယဇ်ပူဇော်သောသူကစားရသည်။ မိဿဟယယဇ်ပူဇော်ခြင်းသည်နှစ်မျိုးရှိသည်။ ၎င်းတို့မှာ၊ ကျေးဇူးတော်ဝန်ခံဘို့ ရာမိဿဟာယယဇ် နှင့် သစ္စာပြု၍ပူဇော်သောမိဿဟာယယဇ်တို့ဖြစ်သည်။ ထိုယဇ်နှစ်မျိုး၏ခြားနားချက်မှာ၊ ကျေးဇူးတော်ဝန်ခံဘို့ရာပူဇော်သောမိဿဟာယယဇ်အသားကို၊ ပူဇော်သောနေ့ခြင်းတွင်စားရမည်။ နံနက်တိုင်အောင်မကြွင်းစေရ (ဝတ်ပြုရာ ရ:၁၅)။ သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ခြင်းတွင်၊ ယဇ်အသားကိုစား၍အကြွင်းကိုလည်းနက်ဖြန်နေ့စားရမည်။" (ဝတ်ပြုရာ ရ:၁၆) ဣသရေလလူများသည်မိဿဟာယယဇ်ကိုပူဇော်တတ်ကြသည်။ သူတို့ပူဇော်သောယဇ်သည်၊ လူနှင့်ဘုရားရန်သူဖြစ်သောကြောင့် မိဿဟာယပြုဘို့လိုကြောင်းကို ဖေါ်ပြသည်။ သူတို့ပူဇော်သောယဇ်သည်အရိပ်ဖြစ်သည်။

ရန်သူဖြစ်
လူသည်ဘုရား၏ရန်သူဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်နှင့်ပတ်သက်၍အဘယ်အရာကိုမျှမကြားချင်၊ ဘုရားတရားပြောလာလျှင်အိပ်ငိုက်ကြသည်။ ထွက်ပြေးချင် ကြသည်။ လူသည်ဘုရား၏ရန်သူဖြစ်သောကြောင့်ဘုရား၏အကြောင်းကိုလည်းစိတ်မဝင်စား၊ သိလည်းမသိ။ မည်မျှပင်ကြားသော်လည်းနားမလည်နိုင်၊ ပြန်မပြောနိုင်ချေ။ ဘုရားသခင်နေသောကောင်းကင်နိုင်ငံသည်အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဒုက္ခဆင်းရဲခြင်း၊ ပြသနာများမရှိ၊ ဟုသိရသော်လည်းကောင်းကင်နိုင်ငံကိုစွဲလန်းခြင်းမရှိ။ သွားချင်စိတ်မရှိကြ။ ဘုရားသခင်ကစာတန်ပိုင်သောဤလောကကိုမချစ်ဘို့ပြောနေသော်လည်း၊ လောကနှင့်လောကအရာကိုသာလျှင်စွဲလန်းကြသည်။ ဘုရားသခင်နှင့်ရန်ဖြစ်နေမှန်းလည်းမသိ၊ သိလျှင်လည်းပူပန်သောစိတ်မရှိ။ ဘုရားကိုးကွယ်လျှင်လည်းဘုရားကျေနပ်ဘို့ထက်၊ မိမိ ကျေနပ်ဘို့ပို၍အရေးကြီးသည်။ ထို့ကြောင့်ဘုရားသခင်ကိုအပေါ်ယံကိုးကွယ်၍ စိတ် နှလုံးမူကားလောကအရာသာလျှင်စွဲလန်းသည်။ ထိုအရာကိုသခင်ယေရှုကဤသို့ပြောခဲ့သည်။ "လျှို့ဝှက်သောသူတို့၊ ဟေရှာယသည်သင်တို့ကိုရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏၊ ဟုနောက်ဖြစ်လတံ့သောအရာကိုလျောက်ပတ်စွာဟောခဲ့ပြီ၊ ဟုပြန်၍မိန့်တော်မူ၏။" (မ၁၅:ရ-၉)

မည်ကဲ့သို့ရန်သူဖြစ်
လူသည်မည်ကဲ့သို့ဘုရား၏ရန်သူဖြစ်လာသနည်း။ လူသားများ၏ဘခင်အာဒံကိုဘုရားသခင်ကသူ၏မိတ်ဆွေ၊ သူ၏သားအနေဖြင့်ဖန်ဆင်းခဲ့သည်။ ကျမ်းစာ၌၊ "အာဒံအဘဘုရားသခင်ပေတည်း၊ "ဟုဆိုသည်။ (လုကာ ၃:၃ရ)။ သို့သော်အာဒံသည်ဘုရား၏ ရန်သူစာတန်ကိုထောက်ခံ၍၊ သူ၏စကားကိုနားထောင်သောကြောင့်၊ ဘုရား၏ရန်သူ ဖြစ်လာသည်။ အာဒံမှဆင်းသက်လာသောလူသားတိုင်းလည်း၊ ဘုရား၏ရန်သူများအဖြစ် မွေးဘွားလာကြသည်။ ထို့ကြောင့်ဘုရား၏အလေ့အလာကိုနားမလည်ကြ၊ စိတ်လည်းမဝင်စားကြ။

ဘုရားဖက်မှရန်ငြိမ်း
သို့သော်ဘုရားသခင်သည်လူကိုတဖက်သပ်မေတ္တာနှင့်ချစ်သောကြောင့်၊ ရန်ငြိမ်း၍မိဿဟာယဖွဲ့ဘို့စီစဉ်သည်။ သို့သော်ထိုအရာကိုလူသားများသိမှာမဟုတ်သောကြောင့်၊ အရိပ်နေဖြင့်ဣသရေလလူများကိုကြိုတင်သင်တန်းပေး၍၊ မိဿဟာယယဇ်ကို ပူဇော်စေခဲ့သည်။ ဘုရားသင်၏အချိန်စေ့သောအခါ၊ သူ့သားတော်ယေရှုခရစ်ကိုဤလောကသို့စေလွှတ်၍၊ လူနှင့်ဘုရားရန်ငြိမ်းစေဘို့ရန်သူ့ကိုယ်သူမိဿဟာယယဇ်ကို ပူဇော်စေခဲ့သည်။ ထိုသို့ခရစ်တော်ပူဇော်ခြင်းကြောင့်၊ လူနှင့်ဘုရားသခင်သည်ရန်ငြိမ်း၍ မိဿဟာယဖွဲ့ခွင့်ရကြပြီဖြစ်သည်။ ကျမ်းစာ၌ဤသို့တွေ့ရသည်။ "ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည်ဘုရားနှင့်မိဿဟာယဖွဲ့ခြင်းကျေးဇူးတော်ကိုခံရသည်မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှအသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်မည်၊ ဟုသာ၍မြော်လင့်စရာရှိ၏။" (ရောမ ၅:၁၀)။                      "ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့်ငါတို့၏ရန်ကိုငြိမ်းစေ၍၊ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုဟောရသောအခွင့်အရာကိုငါတို့၌ အပ်ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည်ခရစ်တော်အထဲ၌ရှိနေလျက်၊ လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏။ ထိုကြောင့် ငါတို့သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ဘုရားသခင်နှင့်မိဿဟာယဖွဲ့ကြလော့၊ ဟုဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့ သို့၊ ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍၊ သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။" (၂ ကောရိန္သု ၅:၁၈-၂၀)

ဣသရေလလူများ
ဣသရေလလူများ၏မိဿဟာယယဇ်ပူဇော်ခြင်းသည်၊ သခင်ယေရှု ပူဇော်ခြင်းအားဖြင့်ပြည့်စုံပြီဖြစ်သည်။ သို့သော်လည်းသူတို့သည်မသိသောကြောင့်၊ အရိပ်ကိုဆက်လက်၍လုပ်ချင်ကြသေးသည်။ ခရစ်တော်ပူဇော်ပြီး၊ နောက်နှစ်ပေါင်းလေးဆယ်မလိုအပ်ဘဲဆက်လက်ပူဇော်သောကြောင့်၊ အေဒီ ရဝ တွင်သူတို့ပူဇော်သောနေရာဗိမာန်တော်ကိုရောမစစ်သားများအားဖျက်စီးခွင့်ပေးလိုက်သည်။ ထို့ကြောင့်သူတို့သည် ဘုံပျောက်သွားကာ၊ မိဿဟာယယဇ်မပူဇော်နိုင်ဘဲယနေ့တိုင်အောင်ရှိကြသည်။

ခရစ်ယာန်များ
ခရစ်ယာန်ထဲ၌လည်း၊ ထိုမိဿဟာယယဇ်ပူဇော်ခြင်း၏အဓိပ္ပါယ်နှင့် ဘုရားသင်၏ရည်ရွယ်ချက်ကိုမသိသောသူများစွာရှိကြသည်။ အဘယ်ကြောင့်မသိကြသနည်းဟူမူကား၊ အကြောင်းရင်းများစွာရှိသည်။ ဘုရားသခင်၏အလိုတော်ကိုစိတ်မဝင်စား၊ ဂရုမစိုက်သောကြောင့်၎င်း၊ ပြောမည့်သူမရှိသောကြောင့်၎င်း၊ မိဿဟာယ ပူဇော်ခြင်းသည်ဣသရေလလူများ၏ထုံးစံဖြစ်၍၊ ငါတို့နှင့်မဆိုင်ဟုထင်သောကြောင့်၎င်း ဖြစ်သည်။ သို့သော်ခရစ်တော်၏မိဿဟာယယဇ်ပူဇော်ခြင်းသည်၊ လူတိုင်းအတွက် ဖြစ်သည်။ ဘုရားနှင့်ရန်ငြိမ်းခြင်းသည်၊ ခရစ်တော်၏ပူဇော်ခြင်းအားဖြင့်သာလျှင်ဖြစ်နိုင်သည်။ ထိုသမ္မာတရားကိုသိခြင်းအားဖြင့်၊ လူသည်ဘုရားနှင့်ရန်ငြိမ်း၍ငြိမ်သက်ခြင်း အမှန်ကိုရရှိနိုင်ပြီဖြစ်သည်။

လူလူချင်းမိဿဟာယ
"သင်တို့သည်အထက် ကဝေးလျက်ရှိသော်လည်း၊ ယခုမှာယေရှုခရစ်၌ ဖြစ်၍အသွေးတော်အားဖြင့်အနီးသို့ရောက်ကြပြီ။ အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည်ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို၊ ကိုယ်ခန္ဓာတော်တွင်ပယ်ရှင်း တော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍၊ လူမျိုးနှစ်စုတို့ကိုတစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊ ကိုယ်တော် ၌ထိုလူနှစ်စုတို့ကို၊ လူသစ်တဦးတကိုယ်တည်းဖြစ်စေခြင်းငှါပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသောထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့်ရန်ကိုသတ်ဖြတ်လျက်၊ ဘုရား သခင်နှင့်မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသောသင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်း တရားတည်းဟူသောဧဝံဂေလိတရားကိုဟောတော်မူ၏။ ထိုသို့ခရစ်တော်အားဖြင့်ငါတို့ နှစ်ဦးသည်၊ စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့တိုးဝင်ရမည့်အခွင့်ကို ရကြပြီ။" (ဧဖက် ၂:၁၃-၁၈)

အထက်ပါကျမ်းပိုဒ်အရ၊ ခရစ်တော်၏ပူဇော်ခြင်းသည်ဘုရားနှင့်လူစပ်ကြားရန်ငြိမ်းခြင်းသာမက၊ လူလူချင်းအကြား၌လည်းရန်ငြိမ်းခြင်းဖြစ်စေသည်။ လူသည် ဘုရားနှင့်ရန်ဖြစ်သည်သာမက၊ အခြားလူများနှင့်လည်းရန်ဖြစ်နေကြသည်။ လူမျိုးမတူသောကြောင့်၎င်း၊ အကျင့်ဓလေ့များမတူသောကြောင့်၎င်း၊ ရန်ဖြစ်နေကြသည်။ ယုဒလူများကတပါးအမျိုး သားများကိုအပြစ်သားဟုဆိုကာမပေါင်းဖေါ်ချင်ကြ။ တပါးအမျိုး သားများကလည်း၊ ယုဒလူများကိုမပေါင်းဖေါ်ချင်ကြ။ သို့သော်သခင်ယေရှုအသေခံခြင်း အားဖြင့်၊ ရန်ကိုငြိမ်းစေ၍မိဿဟာယဖွဲ့နိုင်ကြပြီ။ ထို့ကြောင့်ရှင်ပေါလုက၊ "ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျာ်းမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည်တလုံးတဝတည်းဖြစ်ကြ၏။" (ဂလာ ၃:၂၈) ဟုဆိုခဲ့သည်။ သို့သော်ဝမ်းနည်းဘွယ်အရာအဖြစ်အပျက်မှာ၊ ယခုနောက်ဆုံးသောကာလ၌၊ ခရစ်တော်ကလူမျိုးများကြားပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကို၊ လက်ဝါးကပ်တိုင်၌အသေ ခံခြင်းဖြင့်ဖြိုဖျက်၍၊ လူမျိုးနှစ်စုကိုတစုတည်းဖြစ်စေတော်မူချိန်တွင်၊ လူမျိုးများအကြား အုတ်တန်တိုင်းနံရံများကို၊ တည်ဆောက်နေကြသည်။ လူမျိုးတိုင်းကဘုရားသခင်ဖြစ်စေလိုသောဆန္ဒထက်မိမိတို့ဆန္ဒကိုဦးစားပေးကြသည်။ လူမျိုးရေးအသင်းတော်များကို တည် ထောင်ခြင်းအားဖြင့်၊ ခရစ်တော်ဖြိုဖျက်သောအုတ်တန်တိုင်းနံရံများကိုတည် ဆောက်ကြသည်မဟုတ်လော။ လူမျိုးရေးအသင်းတော်များတည်ဆောက်နေလျှင်၊ အဘယ်ကဲ့သို့လူမျိုးခြားများကိုပေါင်းဖေါ်နိုင်မည်နည်း။ မည်ကဲ့သို့ကယ်တင်ခြင်း အကြောင်းပြောပြနိုင်မည်နည်း။ မည်ကဲ့သို့ဘုရားသခင်၏မေတ္တာတော်ကိုဖေါ်ပြနိုင်မည်နည်း။ ထိုသမ္မာတရားကိုသိ၍လက်ခံယုံကြည်သောသူတိုင်းလူမျိုးခွဲခြားခြင်း၊ အဆင့်ခွဲခြင်း၊ ရန်ဖြစ်ခြင်းများမရှိသင့်တော့ချေ။ လူတိုင်းနှင့်သင့်မြတ်စွာပေါင်းသင်းဆက်ဆံလာနိုင်မှာဖြစ်သည်။ ထိုသို့မဟုတ်၊ လူမျိုးရေးကိုရှေ့တန်းတင်နေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်သည်ကျွန်ပ်တို့အားဖြင့်မပြည့်စုံ၊ ခရစ်တော်အသေခံခြင်းသည်အကျိုးမနပ်၊ အချည်းနှီးသာ လျှင် ဖြစ်စေသည်။ မည်မျှပင်ကျေနပ်အားရ၍၊ ကိုယ့်လူမျိုးများလာတောင့်တင်းလာသော်လည်း၊ ဘုရားသခင်၏ကောင်းကြီးပေးခြင်းမခံနိုင်ချေ။ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်၊ သခင်ခရစ်တော်၏အသေခံခြင်းအကျိုးနပ်စေရန်လူမျိုးအလိုက်အသင်းတော်များမတည်ဆောက်ဘဲ၊ လူမျိုးတိုင်းပါဝင်နိုင်သောအသင်းတော်များတည်ဆောက်ကြစို့။

သင်ခန်းစာ (၁၅) မေးခွန်းများ

၁။ မိဿဟာယယဇ်သည်ဘယ်နှစ်မျိုးခွဲထားသနည်း။ ……………………ထိုအရာများမှာ၊ ………………..နှင့် ………………………..တို့ ဖြစ်သည်။
၂။ မိဿဟာယယဇ်ပူဇော်ရာတွင် ဘုရားသခင်ထံမည့်သည်အရာများမီးရှို့ရသနည်း။ ……………………………..
၃။ ကျန်သောအသားများကိုမည်သူကစားရသနည်း။ ……………………………….
၄။ လူသည်ဘုရား၏ရန်သူဖြစ်ကြောင်း အောက်ပါအချက်များအားဖြင့်ထင်ရှားသည်။ …………………………..
၅။ လူသည်ဘုရားသခင်ကို……………နှင့်ချဉ်းကပ်၍နှုတ်ခမ်းနှင့် ……………………ကြ၏။ စိတ်နှလုံးမူကား ဘုရားနှင့် ………………၏။
၆။ လူသည်မည်ကဲ့သို့ဘုရား၏ ရန်သူဖြစ်ရသနည်း။ ……………………………
ရ။ ဣသရေလလူများသည်မိဿဟာယယဇ်ပူဇော်ခြင်း၏ရည်ရွယ်ချက်ကိုနားလည်ကြပါသလား။ ……………………အဘယ်ကြောင့်မိဿဟာယယဇ်မပူဇော်ကြတော့သနည်း။ ………………………………
၈။ အဘယ်ကြောင့်ခရစ်ယာန်များမိဿဟာယယဇ်အကြောင်းနားမလည်ကြသနည်း။ ………………………….
၉။ မိဿဟာယယဇ်ပူဇော်ခြင်းသည်မည်သို့ပြည့်စုံသနည်း။ ………………………..
၁၀။ မိဿဟာယယဇ်ပူဇော်ခြင်းသည်၊ ဘုရားနှင့်လူအကြားရန်ငြိမ်းစေသည်သာမက……………….ကြားလည်းရန်ငြိမ်းစေသည်။
၁၁။ လူမျိုးရေးအသင်းတော်များသည်ရှိသင့်သလော။ …………………………..
၁၂။ မည်သည့်အသင်းတော်များတည်ထောင်သင့်သနည်း။ …………………………………….

.

သင်ခန်းစာ (၁၆)

အပြစ် ဖြေရာယဇ်ပူဇော်ခြင်း

Sin Offering

                ဘုရားသခင်ကမောရှေအားဖြင့်၊ အပြစ်ဖြေရာယဇ်ပူဇော်နည်းကို၊ ဣသရေလ လူများအားသင်ပေးခဲ့သည်။ အပြစ်ကျူးလွန်သောအခါနောင်တရရုံနှင့်မရပါ။ ဆုတောင်း ၍လည်းအပြစ်သား၏ဆုတောင်းခြင်းကိုဘုရားသခင်ကနားမထောင် (ဟေရှာယ ၅၉:၂)။ အပြစ်၏အခသည်သေခြင်းဖြစ်သည်။ ထို့ကြောင့်အပြစ်ကိုအသက်နှင့်လျော်ရသည်၊ ဆပ်ရသည်။ ထိုအရာကိုနားလည်နိုင်ရန်အောက်ပါကျမ်းပိုဒ်ကိုကြည့်ကြစို့။

"တဖန်မောရှေအားထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ပညတ်တော်ကိုလွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကိုပြုမိသည်။ အရာတွင်၊ ဘိသိက်ခံသောယဇ်ပုရောဟိတ်သည်၊ လူများကို အပြစ်ထဲသို့သွေးဆောင်၍ကိုယ်တိုင်ပြစ်မှားလျှင်၊ ထိုအပြစ်အတွက်အပြစ်ဖြေရာဘို့ အပြစ်မပါ၊ အသက်ပျိုသောနွားထီးကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ထာဝရ ဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအားဆက်ရမည်။ ထိုအခါနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌နွားကိုသတ်ရမည်။ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်နွား၏အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်သို့ဆောင်ခဲ့ပြီး လျှင်၊ မိမိလက်ညှိုးကိုအသွေး၌နှစ်၍၊ သန့်ရှင်းရာဌာနတော်ကုလားကာရှေ့၊ ထာဝရဘုရားရှေ့တော်၌ခုနစ်ကြိမ်ဖြန်းရမည်။ တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသောနံ့သာပေါင်းမွှေးကိုမီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့၌ရှိသော၊ မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာသွန်ရမည်။ မိဿဟာယယဇ်ပြုသောနွား၏ဆီဥကို ယူသကဲ့သို့၊ အပြစ်ဖြေရာယဇ်ပြုသောနွားအအူကိုဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ရှိသောကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့် တကွအသည်းပေါ်၌ရှိသောအမြှေးတည်းဟူသောနွားဆီဥရှိသမျှကိုယူ၍၊ မီးရှို့ရာယဇ် ပလ္လင်ပေါ်မှာရှို့ရမည်။ နွား၏ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွအရေ၊ အသား၊ ရှိသမျှတည်းဟူသော၊ နွားတကောင်လုံးကိုတပ်ပြင်မှာပြာသွန်ထားရာရှင်းလင်းသောအရပ်သို့ယူသွား၍၊ ထင်းအပေါ်၌မီးရှို့ရမည်။ ပြာသွန်၍ထားရာအရပ်၌မီးရှို့ရမည်။" (ဝတ်ပြုရာ ၄:၁-၁၁)။

ဤနေရာ၌အပြစ်ကျူးလွန်သောသူသည်၊ ဘိသိက်ခံသောယဇ်ပုရောဟိတ်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်ဘုရားသခင်၏လူ၊ ဘုရားသခင်၏အမှုဆောင်ဖြစ်သည်။ သူကျူး လွန်သောအပြစ်လည်းတမင်သက်သက်မဟုတ်၊ တရားကိုမသိ၍ကျူးလွန်မိခြင်းဖြစ် သည်။ သို့သော်ထာဝရဘုရားက၊ ထိုအပြစ်အတွက်အပြစ်မပေးဘဲမနေ၊ လူသားများကဲ့သို့ နားလည်မှုအားဖြင့်ခွင့်မလွှတ်။ ကျမ်းစာက၊ " ဘုရားသခင်ထာဝရဘုရားသည်၊ လောင်သောမီး၊ သဝန်တိုသောဘုရားဖြစ်တော်မူ၏။"ဟုဆိုထားသည်။ (တရားဟော ၄:၂၄)။ မီးသည်ယုံကြည်သူမယုံကြည်သူအားလုံးလောင်စေသည်။ သိသည်ဖြစ်စေမသိသည်ဖြစ်စေလောင်တတ်သည်။ ထို့နည်းတူဘုရားသခင်သည်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အပြစ်ကျူးလွန်လျှင်ပြစ်ဒဏ်ခံစေမည်သာဖြစ်သည်။ သို့မှသာတရားသောတရားသူကြီး ဖြစ်ပေမည်။

ယဇ်ပုရောဟိတ် သေရမည်
ယဇ်ပုရောဟိတ်သည်အပြစ်ကြောင့်သေရမည်သာဖြစ်သည်။ သို့သော်ဘုရားသခင်သည် တရားသောဘုရားဖြစ်သည်သာမက၊ သနားခြင်း ဂရုဏာရှိသောဘုရားလည်းဖြစ်သောကြောင့်ယဇ်ပုရောဟိတ်သေရမည့်အစား၊ နွားကိုအသေခံစေသည်။ နွား၌အပြစ်မရှိ၊ သို့သော်ယဇ်ပုရောဟိတ်အစားအသေခံရမည်။ အပြစ်၏အခသည်သေခြင်းဖြစ်သောကြောင့်၊ အသက်ပေးရမည်။ သို့သော်ယဇ်ပုရောဟိတ်ကိုယ်တိုင်အသက်ပေး၍အသေခံ လျှင်၊ အပြစ်လွှတ်ခြင်းကိုခံစားနိုင်မည်မဟုတ်။ ထို့ကြောင့်ကိုယ်စားအသေခံမည့်သူ လိုအပ်သည်။ ယဇ်ပုရောဟိတ်ကိုယ်စားဘုရားသခင်ကနွား၏အသက်ကိုတောင်းသည်။

နွားခေါင်းပေါ်လက်တင်
ယဇ်ပုရောဟိတ်သည်နွား၏ခေါင်းပေါ်တွင်မိမိလက်ကိုတင်ရသည်။ နွားကိုကောင်းကြီး ပေးသည်မဟုတ်။ ဤနွားသည်ကျွန်ုပ်ကိုယ်စားအသေခံရမည်၊ အသက်ပေးရမည်ဟုဆိုလိုခြင်းဖြစ်သည်။ နွား၏အသက်သည်ယဇ်ပုရောဟိတ်၏အသက်ကိုကိုယ်စားပြုမှာဖြစ်သည်။

နွားကိုသတ်
ထိုနွားကိုသတ်၍ဘိသိက်ခံသောယဇ်ပုရောဟိတ်သည်၊ နွား၏အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊ မိမိလက်ညှိုးကိုအသွေး၌နှစ်၍သန့်ရှင်းရာဌာနတော်ကုလားကာရှေ့၊ ထာဝရဘုရားရှေ့တော်၌ခုနစ်ကြိမ်ဖြန်းရမည်။ ကုလားကာအတွင်း ၌ပဋိညာဉ်သေတ္တာတော်ပေါ်တွင်ထာဝရဘုရားကျိန်းဝပ်သည်။ တဖန်ယဇ်ပုရောဟိတ် သည်ပရိသတ်စည်းဝေးရာတဲတော်တွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသောနံ့သာပေါင်းမွှေးကိုမီးရှို့ရာပလ္လင်ဦးချိုတို့၌နွားအသွေးကိုထည့်ရမည်။ နံ့သာပေါင်းမွှေးကိုမီးရှို့ရာယဇ်ပလ္လင် ၌မီးရှို့ခြင်းသည်ဆုတောင်းခြင်းကိုပုံဆောင်သည်။ (ဆာလံ ၁၄၁:၂၊ ဗျာ၅:၈၊ ၈:၃)။ ဦးချိုသည်တိရစ္ဆာန်များ၏တန်ခိုးဖြစ်သည်။ ထိုကြောင့်နံ့သာပေါင်းမွှေးမီးရှို့ရာပလ္လင်ဦးချိုတို့သည်၊ ဆုတောင်းခြင်း၏တန်ခိုးကိုဖေါ်ပြသည်။ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့၌ရှိသော၊ မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာသွန်ရမည်။ မီးရှို့ရာယဇ်ပလ္လင်သည်လက်ဝါးကပ်တိုင်ကိုပုံဆောင်သည်။ ထိုနွား၏အသွေးကိုသုံးနေရာ၌ အသုံးပြုသည်။

ဆီဥနှင့်ကျောက်ကပ်
အပြစ်ဖြေရာယဇ်ပြုသောနွားအအူကိုဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသောကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွအသည်းပေါ် ၌ရှိသောအမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကိုယူ၍၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာရှို့ရမည်။ ဝမ်းတွင်းဆီမှန်သမျှနှင့်ကျောက်ကပ်နှစ်ခုသည်ဘုရားဥစ္စာဖြစ်၍၊ မည်သည့်ပူဇော်သက္ကာတွင်မဆိုမီးရှို့ရာယဇ်လ္လင်တွင်မီးရှို့ရသည်။

တပ်ပြင်၌မီးရှို့
နွား၏ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွအရေ၊ အသား၊ ရှိသမျှတည်းဟူသော၊ နွားတကောင်လုံးကိုတပ်ပြင်မှာပြာသွန်ထားရာရှင်းလင်းသောအရပ်သို့ယူသွား၍၊ ထင်း အပေါ်၌မီးရှို့ရမည်။ ပြာသွန်၍ထားရာအရပ်၌မီးရှို့ရမည်။ ပူဇော်သောသူကနွားသားကိုမစားရ။ အားလုံးထာဝရဘုရားအတွက်ဖြစ်သည်။ နွားကိုမီးရှို့လိုက်သောအခါပြာဖြစ်သွားသည်။

အပြစ်ခွင့်လွှတ်
ထိုသို့ နွား၏အသွေးကိုဖြန်း၍၊ အသားများကိုမီးရှို့ကာပြာဖြစ်သွားမှသာ၊ ယဇ်ပုရောဟိတ် ၏အပြစ်ကိုဘုရားသခင်ကခွင့်လွှတ်သည်။ ထိုသို့မဟုတ်ဘဲ၊ ယဇ်ပုရောဟိတ်ကကျွန်တော် နောင်တရပါပြီ၊ နောက်တဖန်အပြစ်မကျူးလွန်တော့ပါ၊ ကျွန်ုပ်ကိုသနားတော်မူပါ၊ ဟု ဆုတောင်းရုံဖြင့်သူ၏အပြစ်ကိုမလွှတ်။ ဘုရားသခင်၏တရားရုံးတော်မှတရားစီရင်ချက်အရ၊ အပြစ်အတွက်အသက်ပေးမှသူ၏အပြစ်ကိုလွှတ်နိုင်သည်။ သို့သော်ယဇ်ပုယောဟိတ်သည်၊ သူ၏အသက်ကိုမပေးနိုင်။ ပေးလိုက်ပါကအပြစ်သားဘဝနှင့်သေလွန်သွား၍၊ အပြစ်လွှတ်ခြင်းကိုခံစားနိုင်မည်မဟုတ်။ ထို့ကြောင့်သူ့ကိုယ်စားနွားကအသက်ပေးရသည်။ အဘယ်ကြောင့်နွား၏အသွေးကိုဖြန်းရသနည်းဟူမူကား၊ ခန္ဓာကိုယ်၏အသက်သည်အသွေး၌ရှိသည် (ဝတ်ပြု ၁ရ:၁၁)။ ဘုရားသခင်ကယဇ်ပုရောဟိတ်၏အသက်ကို အပြစ်အတွက်တောင်းသည်။ သူ့ကိုယ်စားနွားကအသက်ကိုပေးသည်။ နွားသည်သူ့ကိုယ်စားအသက်ပေးကြောင်းကိုအသွေးအားဖြင့်သက်သေပြခြင်းဖြစ်သည်။ ထိုအသွေးကိုမြင်သောအခါ၊ ဘုရားသခင်ကယဇ်ပုရောဟိတ်သည်မိမိ၏အပြစ်အခအသက်ကိုပေးပြီဟုလက်ခံသည်။ ပြစ်ဒဏ်လျော်ပြီးသောယဇ်ပုရောဟိတ်ကို၊ ဘုရားသခင်ကနောက်ထပ်အပြစ်မပေးနိုင်တော့ချေ။ အပြစ်မရှိတော့သောယဇ်ပုရောဟိတ်သည်၊ ဘုရားသခင်က ဖြောင့်မတ်သည်၊ ဟုသတ်မှတ်လိုက်သည်။ နွား၏ပြာသည်လည်းအပြစ်ဒဏ်လျော်ပြီး ကြောင်းကိုသက်သေပြသည်။ နွားသည်ပြာဖြစ်သွားသောနောက်၊ နောက်ထပ်မည်သို့မျှလုပ်စရာမရှိတော့ချေ။

ခရစ်တော်၌ပြည့်စုံ
လူ၏အပြစ်အတွက်တိရစ္ဆာန်များကအသေခံပေးခြင်းသည်အရိပ်မျှသာဖြစ်သည်။ အမှန်မှာတိရစ္ဆာန်များသည်လူကိုကိုယ်စားမပြုနိုင်ချေ။ အကြောင်းမူကားလူ၏တန်ဘိုးသည် တိရစ္ဆာန်၏တန်ဘိုးထက်နှိုင်းဆ၍မရနိုင်အောင်ကြီးမားသည်။ ထို့ကြောင့်ဘုရားသခင်သည်သူ၏သားတော်ကိုလူ့ဇာတိခံစေလျက်၊ လူကိုယ်ခန္ဓာကိုပေးခဲ့ကာလူသားများကိုယ်စားအပြစ်ကျွေးဆပ်ဘို့၊ ကမ္ဘာမတည်မရှိမှီကတည်းကစီမံထားခဲ့သည်။ သို့သော် လူသားများကခရစ်တော်၏အသေခံခြင်းကိုနားလည်မှာမဟုတ်သောကြောင့်၊ တိရစ္ဆာန်များကိုအရိပ်အဖြစ်အသေခံစေသည်။ ဘုရားသခင်၏အချိန်စေ့သောအခါ၊ သားတော်ကို လူ့ဇာတိခံခိုင်း၍၊ ဤလောကသို့စေလွှတ်ခဲ့သည်။ ထို့ကြောင့်သားတော်၏လူ့ဇာတိခံခြင်းသည်၊ လူသားများ၏အပြစ်အတွက်အပြစ်ဒဏ်လျော်ပေးဘို့ရန်ဖြစ်သည်။ ကျမ်းစာက၊ "ခရစ်တော်သည်ကျမ်းစာလာသည်အတိုင်း၊ ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏။"ဟုဆိုထားသည်။ (၁ ကော ၁၅:၃)။ တဖန်၊ "ယခုမှာလူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ယဇ်ပုရော ဟိတ်မင်းဖြစ်သောခရစ်တော်သည်၊ ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်းကျေးဇူးကိုခံရ၍၊ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။"ဟုဆိုသည်။ (ဟေဗြဲ ၉:၁၁-၁၂) ဆက်လက်၍ " ယေရှုခရစ်၏ ကိုယ်တော်ကိုတခါတည်းပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏။" (ဟေဗြဲ ၁၀:၁၀) ဟုဆိုသည်။

အပြစ်အခသေခြင်း
အပြစ်၏အခသည်သေခြင်းဖြစ်သည်ဟုကျမ်းစာထဲ၌ဤသို့တွေ့ရသည်။ "အပြစ်တရား၏ အခကားသေခြင်းပေတည်း။" (ရောမ ၆:၂၃)။ ရောမ ၅:၁၂ ၌လည်း၊ "အပြစ်တရားသည် တယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍၊ အပြစ်တရားကြောင့်သေခြင်းတရားဝင် သည်နှင့်အညီ၊ လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏။" (ရောမ ၅:၁၂)

ထိုအရာသည်ကမ္ဘာဦးကျမ်းထဲ၌ဘုရားသခင်ကအာဒံနှင့်ဧဝထံပေးသော ပညတ်မှစသည်။ ကျမ်း၌၊ "ထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုယူ၍၊ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေခြင်းငှါထားတော်မူ၏။ ထာဝရအရှင်ဘုရားသခင်က လည်း၊ ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကို၊ သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင်ဧကန်အမှန်သေရမည်၊ ဟုလူကိုပညတ်ထားတော်မူ၏။" (ကမ္ဘာဦး ၂:၁၅-၁ရ)

အဘယ်ကြောင့်ဘုရားသခင်သည်အပြစ်အတွက်ပြစ်ဒဏ်ကိုသေခြင်းဟုသတ်မှတ်သနည်း။ အဘယ်ကြောင့်ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ အလုပ်ကြမ်းတို့မသတ်မှတ်သနည်း။ ဥပမာအားဖြင့်ရှင်းပြရသော်၊ ဖခင်တယောက်ကသူ့သားကိုကားပေးထားသည်။ ထိုကားသည်ကျောင်းတက်သောအခါအသုံးပြုဘို့၊ ဘုရားကျောင်းတက်၊ မိဿဟာယဖွဲ့ သောအခါအသုံးပြုဘို့ဖြစ်သည်။ သို့သော်သားကကျောင်းမတက်၊ ဘုရားကျောင်းနှင့် မိဿဟာယမသွား၊ သူငယ်ချင်းများနှင့်အပျော်အပါးသွားဘို့ရန်အသုံးပြုနေသောကြောင့်၊ သူ့အဖေကသူပေးထားသောကားကိုပြန်သိမ်းယူလိုက်သည်။

အသက်တောင်း
ထိုနည်းတူဘုရားသခင်ကလူကိုအသက်ပေးထားသည်။ ထိုအသက်သည်ဘုရားသခင် အလိုတော်အတိုင်းအသုံးပြုဘို့ဖြစ်သည်။ သို့သော်လူသည်ဘုရားသခင်၏အလိုတော် အတိုင်းအသက်မရှင်၊ ကိုယ့်အလိုအတိုင်းသာအသက်တာကိုအသုံးပြု၊ အသက်ရှင်နေသည်။ (ဘုရားသခင်အလိုတော်အတိုင်းအသက်မရှင်ခြင်းသည်အပြစ်ဖြစ်သည်။) ထို့ကြောင့်ဘုရားသခင်က၊ သူပေးထားသောအသက်ကိုလူထံမှပြန်တောင်းသည်။ ဘုရား သခင်ကအပြစ်အတွက်အသက်ကိုပြန်တောင်းသည်။ သို့သော်လူကဘုရားသခင်တောင်းသောအရာအစား၊ အပြစ်အတွက်ဆယ်ဘို့တဘို့၊ အလှူတော်ငွေ၊ အကျင့်၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်း၊ ဆက်ကပ်ခြင်း၊ ဆင်းရဲသားများကို မစခြင်း၊ ကုသိုလ်ကောင်းမှုစသောအရာများကိုပေးဘို့ကြိုးစားသည်။ ထိုအရာများသည် ဘုရားတောင်းသောအရာများမဟုတ်ပါ။ အသက်သာလျှင်ဖြစ်သည်။

အသက်မပေးနိုင်
လူသည်ဘုရားတောင်းသောမိမိအသက်ကိုမပေးနိုင်။ ပေးလိုက်ပါကအပြစ်သား၏အ သက်သည်ငရဲထဲသို့ရောက်သွားမှာဖြစ်သည်။ ဘုရားသခင်သည်လူကိုချစ်သနားသောကြောင့်၊ ထိုသို့ငရဲထဲသို့မရောက်စေချင်။ သို့သော်အပြစ်အတွက်တရားမစီရင်ဘဲမနေနိုင်။ အကယ်၍လူကိုသနားသောကြောင့်တရားမစီရင်ပါက၊ မတရားသောတရားသူကြီး၊ မျက်နှာလိုက်သောတရားသူကြီး၊ ပြောသည့်အတိုင်းမလုပ်သောတရားသူကြီးဖြစ်မည်။

ကိုယ်စားပေးမည့်သူပြင်ဆင်
ဘုရားသခင်သည်လူကိုသနားသောကြောင့်၊ သူ့ကိုယ်စားအသက်ပေးသူကိုပြင်ဆင်ပေး သည်။ ထိုအသက်သည်သူ၏သားတော်ခရစ်တော်ပင်ဖြစ်သည်။ ခရစ်တော်သည်ခမည်းတော်၏အလိုတော်အတိုင်းအသက်ပေးခြင်းဖြင့်လူသားအားလုံးကိုယ်စား၊ အပြစ်ဒဏ်သေခြင်းကိုဆပ်ခဲ့ပြီဖြစ်သည်။ ထိုအရာကိုလူသားများအနေဖြင့်ယုံကြည်လက်ခံဘို့သာလျှင် ဖြစ်သည်။ မိတ်ဆွေ၊ သင်၏အပြစ်အတွက်ခရစ်တော်က၊ အသက်ပေးပြီဖြစ်သောကြောင့်၊ သင်သည်သေစရာမလိုတော့ချေ။ သေလျှင်လည်းပြန်လည်ရှင်ပြန်ထမြောက်မှာဖြစ်သောကြောင့်အိပ်ပျော်သည်၊ ဟုကျမ်းစာကဆိုခြင်းဖြစ်သည်။ ထို့ကြောင့်အပြစ်ဖြေရာယဇ်ပူဇော်စရာမလိုတော့ချေ။ ခရစ်တော်၏ပူဇော်ခြင်း၌ပြီးပြည့်စုံပြီဖြစ်သည်။

သင်ခန်းစာ (၁၆) မေးခွန်းများ

၁။ ထာဝရဘုရားသည်အပြစ်ကျူးလွန်လျှင်အပြစ်မပေးဘဲနေသလော။ အဘယ်ကြောင့် နည်း။ ………………
၂။ ထာဝရဘုရားသည် ……………………….သောတရားသူကြီးဖြစ်သည်သာမက ………… ဘုရားလည်းဖြစ်သည်။
၃။ ဘုရားသခင်ကယဇ်ပုရောဟိတ်ကိုယ်စား၊ ဘယ်အရာကိုအသေခံစေသနည်း။ ………………
၄။ နွား၏အသက်သည်ယဇ်ပုရောဟိတ်၏ ……………ကိုကိုယ်စားပြုသည်။
၅။ နွား၏အသွေးကိုသုံးနေရာ၌အသုံးပြုသည်။ ထိုနေရာများကိုဖေါ်ပြပါ။ …………………………….
၆။ ကျောက်ကပ်နှင့်ဆီဥကိုမည်သည့်နေရာ၌မီးရှို့ရသနည်း။ …………………………….
ရ။ ကျန်သောနွားတကောင်လုံးကိုမည်သည့်နေရာ၌မီးရှို့ရသနည်း။ ……………………………..
၈။ နောင်တရ၊ ဆုတောင်းရုံနှင့်ယဇ်ပုရာဟိတ်၏အပြစ်သည်ဘုရားသင်ကလွှတ်နိုင်သလော၊ …………………………
၉။ နွား၏အသွေးသည်နွား၏အ…………၊ နွား၏အသက်သည်ယဇ်ပုရာဟိတ်၏အ ……… …ကိုကိုယ်စားပြုသည်။
၁၀။ တိရစ္ဆာန်များသည်၊ လူကိုယ်စားအသက်ပေးနိုင်သလော။ ………………………..အဘယ်ကြောင့်တိရစ္ဆာန်များကိုပူဇော်ကြသနည်း။ ………………………..
၁၁။ ဘုရားသခင်သည်လူသားများ၏အပြစ်အတွက်၊ မည်သူကိုအသက်ပေးခိုင်းသနည်း။ ……………………..
၁၂။ ဘုရားသခင်ကအပြစ်အတွက်အသက်ကိုဘာကြောင့်တောင်းသနည်း။ …………
၁၃။ ဘုရားအလိုတော်အတိုင်းအသက်မရှင်ခြင်းသည် …… ဖြစ်သည်။
၁၄။ ခရစ်တော်ကလူသားအားလုံးကိုယ်စားအသက်ပေးပြီဖြစ်သောကြောင့်သင်သည် အပြစ်ရှိသေးသလော။ ……….…..….
၁၅။ သင်သည်အပြစ်အတွက်သေစရာလိုသေးသလော။ ………………………………
၁၆။ အပြစ်ဖြေရာယဇ်ပူဇော်စရာလိုသေးသလော။ …………………………..