BOOKSTORE
HOME  BOOKSTORE  HEBREW COMMENTARY PART 1

 

ဟေဗြဲကျမ်းအနက်ဖွင့်ခြင်း

Rev. MOSES R CUNG

PART A

.


နိဒါန်း

ဟေဗြဲကျမ်းသည် ဘုရားသခင်ကို မည်ကဲ့သို့ ဝတ်ပြုကိုးကွယ်ရမည်ကို ဖေါ်ပြသောကြောင့် အလွန် အရေးကြီးသော ကျမ်း ဖြစ်သည်။ ဤကျမ်းကို မသိသောအခါ ဘုရားသခင်ကို စိတ်အားထက်သန်စွာ ကြိုးစားကိုးကွယ်သော်လည်း အကျိုးမရှိချေ။ ဘုရားသခင်က သူ့ကို မည်ကဲ့သို့ကိုးကွယ်ရမည်ဟူသောအရာကို ဤကျမ်းစာထဲ၌ ဖေါ်ပြထားပါသည်။ ဣသရေလလူများက စိတ်အားထက်သန်စွာ ကြိုးစား၍ ကိုးကွယ်ခဲ့ကြသော်လည်း အချည်းနှီးဖြစ်ကြောင်း၊ ဟေရှာယက ဤကဲ့သို့ ရေးထားခဲ့သည်၊ “ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။” (ဟေရှာ ၂၉:၁၃)။ ထိုအရာကို ခရစ်တော်က ဤသို့ ကူးကားခဲ့သည်၊ “ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက်ပင် ငါ့ကိုအချည်းနှီး ကိုးကွယ်ကြ၏။” (မဿဲ ၁၅:ရ-၉)။ ရှင်ပေါလုကလည်း၊ “ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်၊ ဟုသူတို့အဘို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကိုမသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။” (ရော ၁၀:၁-၃) ဟုရေးခဲ့သည်။ အဘယ်ကြောင့် ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို အချည်းနှီးကိုးကွယ်ခဲ့ကြသနည်း။ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်ကြသနည်းဟူမူကား၊ ဘုရား၏အလိုတော်ကို နားမလည်သောကြောင့်ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ထိုသို့မမှားရလေအောင် ကျမ်းစာကိုဖတ်ရှုလေ့လာဘို့လိုသည်။ 

အရိပ်ကိုပြည့်စုံစေ

ဟေဗြဲကျမ်းသည် ဝတ်ပြုရာကျမ်းနှင့် ဆက်စပ်မှုရှိသည်။ ဝတ်ပြုရာကျမ်း၌ မည်ကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်မည့် အကြောင်းများဖေါ်ပြ၍အရိပ်ဖြစ်သည်။ ဟေဗြဲကျမ်းသည် မည်ကဲ့သို့ ခရစ်တော်က လူတိုင်းအတွက် ကိုးကွယ်ပေးခဲ့ကြောင်းများကို ဖေါ်ပြသည်။ ခရစ်ဝင်ကျမ်းများဖြစ်သော မဿဲ၊ မာကု၊ လုကာ၊ ယောဟန်များက ခရစ်တော်၏ သက်တော်စဉ်ကိုဖေါ် ပြသည်။ ပေါလု၊ ယောဟန်၊ ပေတရုတို့ ရေးထားသော ဩဝါဒကျမ်းများက၊ ခရစ်တော်၏ လုပ်ဆောင် မှုများကို ရှင်းပြသော်လည်း မပြည့်စုံနိုင်သေးချေ။ ဟေဗြဲကျမ်းက၊ အရိပ်ဖြစ်သော ဓမ္မဟောင်းကျမ်းမှ ဘုရားကိုးကွယ်နည်းများ၏ ပြည့်စုံခြင်းကို ဖေါ်ပြထားသည်။

သာ၍ကောင်းသော

ဟေဗြဲကျမ်းသည် “သာ၍ကောင်းသောကျမ်း” ဟုဆိုနိုင်သည်။ အခန်းကြီး ၁ ၌ သခင်ယေရှုသည် ဖန်ဆင်းရှင်ဘုရား ဖြစ်ကြောင်းကို ဖေါ်ပြသွားသည်။ ထိုအပြင်၊ သူသည် ကောင်းကင်တမန်များထက် သာ၍ကြီးကြောင်း ကိုလည်း ဖေါ်ပြသွားသည်။ ဣသရေလ လူများ၏ ယဇ်ပုရောဟိတ်ထက် ကောင်းသောယဇ်ပုရောဟိတ်သည် ခရစ်တော် ဖြစ်ကြောင်း၊ တိရစ္ဆာန်ယဇ်ကောင်များထက် ကောင်းသောယဇ်ကောင်၊ သာ၍ကောင်းသောတဲတော်၊ သာ၍ ကောင်းသော ပဋိညာဉ်တရားများရှိကြောင်းကို ဖေါ်ပြသွားသည်။ ထို့ကြောင့် ဟေဗြဲကျမ်းသည် “သာ၍ကောင်းသော” ဟုခေါင်းစဉ်တပ်နိုင်သည်။ ဤစာအုပ်သည် ဟေဗြဲကျမ်း၏ ဆိုလိုရင်းများကို ဖေါ်ပြသော အနက်ဖွင့်ကျမ်းဖြစ်သည်။ သို့သော်အသေးစိတ်မဟုတ်၊ သာမန်ယုံကြည်သူတိုင်း ဖတ်နိုင်ဘို့ရန် အဓိကလိုအပ်ချက်များကိုသာဖေါ် ပြထားသည်။ အခန်းကြီးနှင့် အခန်းငယ်အလိုက်ရှင်းပြသော စာအုပ်ဖြစ်သည်။ စာဖတ်သူကို ဘုရားရှင်မျက်စိပွင့်စေပြီး၊ ထိရောက်စွာ ဘုရားကိုးကွယ်ရာတွင် အထောက်အကူဖြစ်နိုင်ပါစေ။

မေးခွန်းများ

၁။ ဟေဗြဲကျမ်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။........................................

၂။ စိတ်အားထက်သန်စွာဖြင့် ဘုရားကိုးကွယ်ခြင်းသည် လုံလောက်ပါသလား။ ........................................

၃။ ဟေရှာယက ဣသရေလလူများသည် ဘုရားကို ဘာနှင့်ကိုးကွယ်သည်ဟုဆိုသနည်း။ .................................

၄။ သခင်ယေရှုက ဣသရေလလူများ၏ ကိုးကွယ်ခြင်းသည် ဘာဖြစ်သည်ဟုဆိုသနည်း။ ...................................

၅။ ဣသရေလလူများ ကယ်တင်ခြင်းသို့ရောက်ပါသလား။........................ အဘယ်ကြောင့်နည်း။ ..............................

၆။ ဟေဗြဲကျမ်းသည် အဘယ်ကျမ်း၏ ပြည့်စုံခြင်းဖြစ်သနည်း။ ........................................

ရ။ ဟေဗြဲကျမ်းကို မည်ကဲ့သို့  ခေါင်းစဉ်ပေးနိုင်သနည်း။............ အဘယ်ကြောင့်နည်း။ ...........................  

 

.

မာတိကာ

.

ဟေဗြဲ (၁)

ယေရှုခရစ်သည်ဘုရားဖြစ်သည်

၁။ ရှေးလွန်လေပြီး သောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ၊ မိမိသားတော်အားဖြင့်၊ ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။

ဘိုးဘေးတို့ ဆိုသည်မှာ ဣသရေလ လူများ၏ ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ မှစ၍ မောရှေ၊ အာရုန်နှင့် ဒါဝိဒ်မင်း၊ ပရောဖက် များကို ဆိုလိုသည်။ ထိုသူများထံ၌ ဘုရားသခင်သည်၊ ကောင်းကင်တမန် အားဖြင့်သော်၎င်း၊ အသံတော် အားဖြင့်၎င်း၊ နိမိတ်လက္ခဏာ၊ အိပ်မက်ရူပါရုံများအားဖြင့်၎င်း၊ စကားပြောတတ်သည်။ ဘုရားသခင်က မေရိအံနှင့် အာရုန်ထံ၌ ဤသို့ဆိုခဲ့သည်၊ “ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့်ကိုယ်ကိုပြမည်။” (တော ၁၂:၆)။ သို့သော်ဟေဗြဲဆရာက၊ ဤနောက်ဆုံးသောကာလ၌ ဘုရားသခင်သည် မိမိသားတော် (ယေရှုခရစ်)အားဖြင့် ငါတို့ကို စကားပြောပြီဟုဆိုသည်။ ထို့ကြောင့် ယောဟန်က ခရစ်တော်ကို “နှုတ်ကပတ်တော်” ဟုခေါ်ရခြင်းဖြစ်သည် (ယော ၁:၁-၃)။ ​ကျွန်ုပ်တို့ မူကား ခရစ်တော်ကို မမှီသောကြောင့် ကျမ်းစာအားဖြင့် စကားပြောသည်။

၂။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကိုတည်တော်မူ၏။ 

သားတော်တည်းဟူသော ခရစ်တော်သည် ဘုရားသခင်၏ အမွေအားလုံးကို ခံဘို့ရန် ဘုရားသခင်က ခန့်ထားသည်ဟုဆိုသည်။ ထိုအမွေခံမည့်အရာကို ဆာလံဆရာက ဤသို့ရေးသားခဲ့ပြီ၊ “င့ါကိုတောင်းလော့၊ ၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။” (ဆာ ၂:၈)။ သားတော်သည် ဖန်ဆင်းရှင်လည်းဖြစ်သည်။ ဖန်ဆင်းရှင်ဖြစ်သောကြောင့် သားတော်သည် ဘုရားဖြစ်သည်။ အကြောင်းမှာ ဘုရားကသာလျှင်ဖန်ဆင်းနိုင်သည်။ ဖန်ဆင်းခြင်းသည် မရှိသောအရာထဲမှ ရှိအောင်ပြုလုပ်ခြင်းဖြစ်သည်။ လူသည် ဘုရားဖန်ဆင်းပြီးသောအရာများထဲမှ ပြုလုပ်တတ်သည်။ ခရစ်တော်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ယောဟန်ကလည်း ဤသို့ရေးထားသည်၊ “ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။” (ယော ၁:၁၀)။ ပေါလုကလည်းခရစ်တော်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းရေးထားသည်၊ “ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသောရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။” (ကောလောသဲ ၁:၁၆) သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူဖန်ဆင်းထားသောလူသားများက သူ့ကိုမသိသောကြောင့် လက်မခံခြင်းဖြစ်သည်။ “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။ ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကိုပေးတော်မူ၏။” (ယော ၁:၁၀-၁၂) သင်သည် ဖန်ဆင်းရှင်ကို အမှန်တကယ်သိပြီလား။ 

၃။ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဍာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။

 “ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဍာန်ဖြစ်၍၊” သားတော်သည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ်ပြသည်ဟုဆိုသည်။ ထို့ကြောင့် ဖိလိပ္ပုကခရစ်တော်ထံ ခမည်းတော်ကိုပြဘို့တောင်း ဆိုသောအခါ ခရစ်တော်က၊ “ဖိလိပ္ပုဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” (ယော ၁၄:၉) ဟုဖြေခဲ့သည်။ တဖန် ကျမ်းစာက၊ “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည်၊ ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” (ယော ၁:၁၈) ဟုရေးထားသည်။ ထို့ကြောင့်၊ သားတော်ကို မြင်သောသူသည် ခမည်းတော်ကို မြင်သကဲ့သို့ဖြစ်သည်။ ရှင်ပေါလုကလည်း၊ “ထိုသားတော်သည်၊ မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။” (ကောလောသဲ ၁:၁၅) ဟုရေးထားသည်။ သားတော်ကို သူ့ခေတ်လူများက မြင်ခဲ့ကြသော်လည်း၊ ယခု​ကျွန်ုပ်တို့က မမြင်ရပါ။ သို့သော်၊ ထိုခေတ်ကလူများသည်၊ ယခုခေတ်လူများကဲ့သို့သော ပုံသဏ္ဍာန်ရှိကြသောကြောင့်၊ ဘုရားသခင်သည် ​ကျွန်ုပ်တို့ကဲ့သို့ဖြစ်သည်၊ ဟုသိနိုင်သည်။ ခရစ်တော်ဤလောကသို့ ကြွလာခြင်း၏ အကြောင်းရင်းများစွာအထဲမှတခုသည် ဘုရား၏ပုံသဏ္ဍာန်ကို ဖေါ်ပြဘို့ရန်ဖြစ်သည်။

 “တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို၊ မစတော်မူသောသူဖြစ်လျက်၊ ” “he upholds the universe by the word of his power” ဤလောကကို အမိန့်တော်နှင့်မစ၊ အုပ်ချုပ်၊ ချုပ်ကိုင်လျက်ရှိသည်။ သမတများသည် အမိန့်တော်အားဖြင့်၊ တိုင်းပြည်ကို အုပ်ချုပ်တတ်သကဲ့သို့၊ သားတော်သည်လည်း သူဖန်ဆင်းထားသောအရာအားလုံးကို၊ အမိန့်တော်အားဖြင့်၊ အုပ်ချုပ်၊ မစ၊ ညှိညွတ်လျက်ရှိသည်။

ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့်၊ သုတ်သင်ပယ်ရှင်းပြီးလျှင်၊ ” လူသည် သူတပါးကိုခိုင်းစားတတ်သည်။ အထူးသဖြင့် အိမ်ရှင်မသည်၊ အစေခံကို ပန်းကန်ဆေးခိုင်းတတ်သည်။ သို့သော် ၊ သခင်ယေရှုသည် ငါတို့၏အပြစ်များကို၊ သူတပါးကဆေးဘို့ရန်မခိုင်းဘဲ ကိုယ်တော်တိုင်၊ မိမိအသွေးနှင့်ကိုယ်ခန္ဓာအားဖြင့် သန့်ရှင်းစေကြောင်းဤသို့ ရေးထားသည်၊ “ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေ ၁၀:၁၀) တဖန်၊ ယောဟန်က၊ "ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏"(၁‌ ယော ၁းရ) ဟုရေးထားသည်။

မြင့်သောအရပ်မှာ၊ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌၊ ထိုင်တော်မူ၏။” ခရစ်တော်သည် တန်ခိုးအာနုဘော်တော်တည်းဟူသော၊ ခမည်းတော်၏လက်ျာဘက်၌ ထိုင်နေသည်ဟုဆိုသည်။ အဘယ်ကြောင့်ထိုင်နေသနည်းဟူမူကား အလုပ်ပြီးစီးသောကြောင့်ဖြစ်သည်။ ခရစ်တော်သည်၊ ဤလောကသို့ သိုးသငယ်အဖြစ်ဆင်းခဲ့၍၊ မိမိကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်အသတ်ခံလျက်၊ ကောင်းကင်ရှိခမည်းတော်ထံ၌ပူဇော်ခဲ့ပြီ (ဟေ ၁၀:၁၀)။ ထိုနောက်ခမည်းတော်၏ လက်ျာဘက်၌ ထိုင်တော်မူသည်ဟုဆိုသည်။ 

၄။ ကောင်းကင်တမန်တို့ ရသောဘွဲ့နာမထက်၊ ထူးမြတ်သောဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသူ ဖြစ်တော်မူ၏။

ခရစ်တော်သည် ကောင်းကင်တမန်တို့ရသောဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမတော်ရ၍ ၊ ကောင်းကင်တမန်တို့ထက် ကြီး မြတ်သည်ဟုဆိုသောကြောင့်၊ သူသည် ကောင်းကင်တမန်မဟုတ်ကြောင်း ထင်ရှားသည်။ ယေဟောဝါ သက်သေခံအဖွဲ့က ခရစ်တော်သည် ကောင်းကင်တမန် မိက္ခေလဖြစ်သည်ဟုဆိုကြသည် (​Michael the archangel is no other than the only-begotten Son of God, now Jesus Christ. From New Heavens and New Earth page 30)။ သို့သော် အထက်ပါကျမ်းပိုဒ်၌ သူသည် ကောင်းကင်တမန်ထက်ကြီးမြတ်ကြောင်းတွေ့ရသည်။ 

၅။ အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟူ၍၎င်း၊ ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်းငါ၏သား ဖြစ်လိမ့်မည်ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့် တော်မူသနည်း။

အကြောင်းမူကား၊ သင်သည်ငါ့သား ဖြစ်၏။ ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီဟူ၍၎င်း၊” အထက်ပါကျမ်းပိုဒ်သည် ဆာလံဆရာကရေးထားသောအရာကိုကိုးကားခြင်းဖြစ်သည်။ ဆာလံဆရာက၊ “ဗျာဒိတ်တော်အချက်ကိုပြန်ကြားပေအံ့၊ ထာဝရဘုရားကသင်သည်ငါ့သားဖြစ်၏၊ ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီ၊၊” (ဆာ ၂:ရ)ဟုရေးခဲ့သည်။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊ ဟုဆိုသောကြောင့် ခရစ်တော်သည်၊ ဘုရားမဟုတ်၊ ဘုရားသခင်က ဖန်ဆင်းထားသော ကောင်းကင်တမန်ဖြစ်သည်၊ ဟုယူဆရခြင်းဖြစ်သည်။ အမှန်မှာ ဤအရာသည်၊ ခရစ်တော်၏လူ့ဇာတိခံယူခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်၌ရှိစဉ်တွင် ဝိညာဉ်ဖြင့်ရှိခဲ့သည်။ ဤလောကသို့ဆင်းကြွလာသောအခါ၊ ကောင်းကင်တမန်များကဲ့သို့ လူကြီးအဖြစ်မကြွလာဘဲ၊ မယ်တော် မာရိဝမ်းထဲမှ လူသားများကဲ့သို့ ကိုးလလွယ်ပြီးမှ၊ ခလေးအဖြစ် မွေးဘွားခဲ့သည်။ ထိုသို့ လူဇာတိခံယူခြင်းကြောင့် ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟုဆိုရခြင်းဖြစ်သည်။

ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်” ခရစ်တော်သည် ဤလောကသို့ ဆင်းကြွလာသောအခါ သားတော်အဖြစ်ဆင်းကြွခဲ့သည်။ ဤကျမ်းပိုဒ်သည် ဘုရားသခင်က ဒါဝိဒ်ထံရှောလမုန်နှင့် ပတ်သက်၍ ပြောသော စကားကိုကိုးကားခြင်းဖြစ်သည်၊ “ငါသည်သူ၏ အဘဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်လိမ့်မည်။” (၂ ရာ ရး၁၄)။

အဘယ်မည်သောကောင်းကင်တမန်ကိုတခါမျှမိန့်တော်မူသနည်း။” ဟုခရစ်တော်သည် ကောင်းကင်တမန်များနှင့်မတူကြောင်း၊ ထူးခြားကြောင်းကိုဖေါ်ပြထားသည်။

၆။ တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေ၊ဟုလာသတည်း။

သားဦးတည်းဟူသောခရစ်တော်ကို၊ ဤလောကသို့ ဆင်းသက်၍ လူ့ဇာတိခံစေသောအခါ၊ ကောင်းကင်တမန်အပေါင်းတို့အားကိုးကွယ်စေသည်ဟုဆိုသည်။ ထိုအရာသည်၊ “ရုပ်တုဆင်းတုကို ဝတ်ပြုသော သူအချည်းနှီးသက်သက်သောအရာ၌ ဝါကြားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်းရှိကြစေ၊ ၊ ဘုရားအပေါင်းတို့ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊ ” ဟူသော (ဆာ ၉ရးရ) ကိုကိုးကားခြင်းဖြစ်သည်။ ကောင်းကင်တမန် များသည်၊ ကိုးကွယ်ခြင်းကိုလက်မခံကြချေ။ ယောဟန်ကဤသို့ ရေးခဲ့သည်၊ “ငါယောဟန်သည်၊ ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော၊ ကောင်းကင်တမန်၏ ​ခြေရင်း၌ကိုးကွယ်အံ့သောငှါ၊ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏ စကားကို၊ စောင့်ရှောက်သော သူတို့၏၊ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို၊ ကိုးကွယ်လော့၊ ဟုပြောဆို၏။” (ဗျာ ၂၂:၈-၉)။ အဘယ်ကြောင့်သားတော်ကို ကောင်းကင်တမန်များအား၊ ကိုးကွယ်ခိုင်းသနည်းဟူမူကား သူသည်၊ ဘုရားဖြစ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ သက်သေခံများက၊ သားတော်သည်၊ ဘုရားဟု မယုံကြည်သောကြောင့် မကိုးကွယ်ကြချေ။ မူစလင်များကလည်း ခရစ်တော်ကို ပရောဖက်အနေဖြင့် လက်ခံကြသော်လည်း၊ ဘုရားအဖြစ်လက်မခံကြပါ။ ထို့ကြောင့်သားတော်ကိုးကွယ်သောသူသည် မလွှတ်နိုင်သောအပြစ်၊ ငရဲမီးအိုင်ထဲကျသင့်သော အပြစ်ကြီး အဖြစ်သွန်သင်ကြသည်။ သင်သည် သားတော်ကို ကိုးကွယ်ပါသလား။ မကိုးကွယ်လျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သည်။

ရ။ တနည်းကား၊ မိမိတမန်တို့ကိုလေကဲ့သို့၎င်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထသောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင် ၍ ဆိုသတည်း။                                              

မိမိတမန်တို့ကို လေကဲ့သို့၎င်း” ဤကျမ်းပိုဒ်သည် ဆာလံ ၁၀၄:၄-၅ မှကိုးကားခြင်းဖြစ်သည်။ လေသည် မမြင်နိုင်သကဲ့သို့၊ ကောင်းကင်တမန်များလည်း၊ ဝိညာဉ်ဖြစ်သောကြောင့် မမြင်နိုင်ချေ။ သို့သော် လူများကမြင်နိုင်ရန်၊ လူကဲ့သို့ ပြသောအခါ မြင်နိုင်သည်။ ထို့အပြင် လေသည် ငြိမ်နေသောအခါ မရှိသကဲ့သို့ဖြစ်သော်လည်း၊ တိုက်လာသောအခါ၊ အလွန် တန်ခိုးကြီးသည်။ ကောင်းကင်တမန်များလည်း၊ တန်ခိုးကြီးကြသည်။

မိမိအစေအပါတို့ကိုမီးလျှံကဲ့သို့၎င်း” မီးလျှံသည် ခပ်သိမ်းသောအရာ ကိုလောင်စေနိုင်သည်။ ထို့နည်းတူ ကောင်း ကင်တမန်များလည်း၊ ဘုရားခိုင်းသောအမှု၌ လူ့မျက်နှာမထောက်ဘဲ၊ လုပ်ဆောင်တတ်ကြသည်။ မီးလျှံသည်လောင်နိုင်သောတန်ခိုးရှိသကဲ့သို့ ကောင်းကင်တမန်များလည်း၊ တန်ခိုးရှိကြောင်းကိုဖေါ်ပြသည်။

၈။ သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည်၊ နိစ္စထာဝရ ပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည်၊ တရားသဖြင့်၊ စီရင်သောနိုင်ငံဖြစ်ပါ၏။

 “သားတော်ကိုးကား၊ အိုဘုရားသခင်” ဤကျမ်းပိုဒ်သည်၊ ဆာ ၄၅:၆ ကိုကိုးကားခြင်းဖြစ်သည်။ ဤနေရာ၌၊ "အိုဘုရားသခင်၊" ဟုဆိုသောသူသည်၊ သားတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သားတော်သည်ဘုရားဖြစ်သည်။

အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည်၊ နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။” သားတော်၏ပလ္လင်သည် နိစ္စ (အမြဲ) ထာဝရပလ္လင်ဖြစ်သည်၊ ဟုဆိုခြင်းအားဖြင့် သားတော်သည်၊ ဘုရား ဖြစ်ကြောင်း ထင်ရှားပြန်သည်။

ကိုယ်တော်၏နိုင်ငံသည်၊ တရားသဖြင့်၊ စီရင်သောနိုင်ငံဖြစ်ပါ၏။” ကိုယ်တော်၏နိုင်ငံသည်၊ အနှစ်တစ်ထောင်ကာလမှစ၍၊ ထာဝရကာလတိုင်အောင်ဖြစ်သည်။ သားတော်၏ နိုင်ငံ၌၊ မတရားသောအမှုရှိမည်မဟုတ်။ ယခုဤလောကသည်၊ စာတန်အုပ်စိုးသောကြောင့်၊ မတရားမှုများနှင့်ပြည့်နှက်နေသည်။ ထို့ကြောင့်မတရားသောအမှုများ ကြုံတွေ့ရ သောအခါ၊ အံ့ဩစရာမဟုတ်၊ ထိုသို့ဖြစ်သင့်သောနေရာဖြစ်သည်။ သားတော်၏နိုင်ငံတော်၌သာလျှင်၊ တရားသဖြင့်အုပ်ချုပ်မှာဖြစ်သည်။ ထို့ကြောင့်မတရားသဖြင့် စွပ်စွဲခံ သောအခါ၊ အပြစ်ပေးခံသောအခါ၊ ယုံကြည်သူများအနေဖြင့်သည်း ခံကောင်း၏။ ထိုအရာအားဖြင့်၊ ဤလောကစွဲလမ်းခြင်းကိုနည်းစေ၍၊ ကောင်းကင်နိုင်ငံကို မြော်လင့်စေမှာ ဖြစ်သည်။ 

၉။ ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသော အမှုကိုမုန်းတော်မူ၏။ ထိုကြောင့်၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည်၊ ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကိုချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ၊ ဟုလာသတည်း။

ကိုယ်တော်သည်၊ ​ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို၊ မုန်းတော်မူ၏” ဤကျမ်းပိုဒ် သည်လည်း ဆာလံ ၄၅:ရ ကိုကိုးကားခြင်းဖြစ်သည်။ ခရစ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကိုနှစ်သက် တော်မူသောကြောင့်၊ သူ့ကိုယုံကြည်သူများအနေဖြင့် ​ဖြောင့်မတ်ခြင်းကို နှစ်သက်ရမှာ ဖြစ်သည်။ နှစ်သက်ခြင်းဆိုသည်မှာ၊ အလိုလိုဖြစ်သည်။ ထို့ကြောင့် သင်သည် ​ဖြောင့်မတ်ခြင်းကို နှစ်သက်လျှင် ခရစ်တော်နှင့် ဆိုင်ကြောင်း သိနိုင်သည်။ မတရားသောအမှုကို ကိုယ်တိုင်မလုပ်သည် သာမက၊ မုန်းရမည်။ ထိုအရာလည်း၊ သင်နေစရာ၊ ကြိုးစားနေစရာမလိုချေ။ ခရစ်တော်နှင့်ဆိုင်ပါက၊ ခရစ်တော်ရရှိ၍ သူ့ကိုအုပ်စိုးစေပါက၊ အလိုအလျောက်ဖြစ်မည့်အရာဖြစ်သည်။

ထိုကြောင့်အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည်” အိုဘုရားသခင်၊ ဟုခေါ်ရသောသူသည်၊ သားတော်ကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌လည်း၊ သားတော်သည် ဘုရားဖြစ်ကြောင်းထင်ရှားသည်။

ကိုယ်တော်၏ အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကိုချီးမြှောက်၍” သားတော်သည်၊ အပေါင်းအဘော်တို့ထက်ဟုဆိုရာတွင်၊ မည်သူတို့ကိုဆိုလိုသနည်း။ ခရစ်တော်က၊ တမန်တော်တို့အား၊ “ ယခုမှစ၍ ငါသည်သင်တို့ကို ​ကျွန်ဟူ၍မခေါ်။ ​ကျွန်မူကား၊ ကိုယ်သခင်ပြုသော အမှုကိုမသိ။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။”(ယော ၁၅:၁၅) ဟုဆိုခဲ့သည်။ ထို့ကြောင့် ခရစ်တော်၏ အပေါင်းအဘော်တို့သည်၊ သူ့ကိုယုံကြည်သူများ၊ သူ့တပည့်မျာဖြစ်သည်။

ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ၊” ဆီနှင့်ဘိသိက်ခြင်းသည်၊ မင်္ဂလာရှိသည်။ ရှင်ဘုရင်များ၊ ပရောဖက်များ၊ ဘုရားအမှုတော်ဆောင်မည့်သူများကို၊ ဆီနှင့်ဘိသိက်ပေးတတ်သည်။ ဆီ၌တန်ခိုးရှိသည်မဟုတ်၊ သို့သော်ဘုရားသခင်၏ အလိုတော်အတိုင်း အမှုဆောင်ခြင်းဖြစ်ကြောင်း၊ ဆီကိုအသုံးပြုခြင်းဖြစ်သည်။ ခရစ်တော်သည်၊ အနှစ်သုံးဆယ်ပြည့်၍၊ အမှုဆောင်စတင်တော့မည့်အချိန်တွင်၊ ဟေရှာယ ၆၁:၁ ကိုဤသို့ဖတ်လိုက်သည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုဘိသိက် ပေးတော်မူပြီ။ ​ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရ ဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ၊ ဟုလာတည်း။” (လု ၄:၁၈-၁၉)

၁၀။ တဖန်ကျမ်းစာ လာသည်ကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ၁၁။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊ ၁၂။ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။

အထက်ပါ ကျမ်းပိုဒ်များသည် ဆာလံ ၁၀၂:၂၆-၂၈ ထဲမှကိုးကားခြင်းဖြစ်သည်။ အဓိကဆိုလိုရင်းမှာ၊ ကိုယ်တော်သည် မြေကြီးနှင့် မိုးကောင်းကင်ကို ဖန်ဆင်း၍၊ ထိုအရာတို့သည် ဟောင်းနွမ်း၍ ၊ ဝတ်လုံလိပ်သကဲ့သို့ ဟောင်းနွမ်းသော်လည်း၊ ကိုယ်တော်သည်၊ မပြောင်းမလဲ တည်မြဲတော်မူသည်ဟုဆိုသည်။ လူ့အမြင်၌ မြေကြီးနှင့်မိုးကောင်းကင်သည် ထာဝရ တည်တန့်ခိုင်မြဲ၍ မဟောင်းနွမ်းနိုင်၊ ဟုထင်မှတ်တတ်သည်။ သို့သော်ထိုအရာများလည်း ဟောင်းနွမ်း၍ ဘုရားသခင်က ဖျက်ဆီးဦးမှာဖြစ်သောကြောင့် မစွဲလမ်းသင့်ချေ။ သို့သော် ဖန်ဆင်းရှင် ဘုရားသခင်သည် အစဉ်အမြဲတည်သောကြောင့် ခိုလှုံဘို့ရန် စိတ်ချစရာ ဖြစ်ကြောင်း ဖေါ်ပြလိုခြင်းဖြစ်သည်။ လူသည်ဖန်ဆင်းရှင်ကိုအားမကိုးဘဲ၊ ဖန်ဆင်းထားသောအရာများကို မှီခိုတတ်သည်။ 

၁၃။ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့် တော်မူဘူးသနည်း။ (ဆာ ၁၁၀:၁)

သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင်” ‘သင်’သည် ခရစ်တော်ကို ဆိုလို၍ ၊ ‘ငါ’သည် ခမည်းတော်ဘုရားဖြစ်သည်။ ခရစ်တော်၏ ရန်သူသည်၊ စာတန် ဖြစ်သည်။ ခမည်းတော်ဘုရားက၊ စာတန်ကို ခရစ်တော် ဒုတိယအကြိမ်ကြွလာသောအခါ၊ သူ၏ခြေတင်ရာအဖြစ် ချထားမှာဖြစ်သည်။ ​ခြေတင်ခြင်းသည်၊ အောင်နိုင်ခြင်းကို ဖေါ်ပြသည်။ “ဒါဝိဒ်သည် ဓါးမပါသောကြောင့် ပြေး၍၊ ဖိလိတ္တိလူကိုနင်းလျက်၊ သူ၏ဓါးကို ဓါးအိမ်မှာဆွဲနှုတ်ပြီးလျှင်၊ လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။” (၁ ဓမ္မရာ ၁ရး၅၁)။

 “ငါ့လက်ျာဘက်၌ ထိုင်နေလော့၊ ဟုအဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။” ဟေဗြဲရေးသူက၊ ခရစ်တော်သည်၊ ကောင်းကင်တမန်ထက် ကြီးမြတ်ကြောင်းကို၊ ဆက်လက်၍ ဖေါ်ပြခြင်းဖြစ်သည်။ အဘယ်ကောင်းကင်တမန်ကိုမျှ၊ ခမည်းတော်ဘုရားက၊ သူ၏လက်ျာဘက်၌ ထိုင်ခိုင်းခြင်းမရှိဟုဆိုသည်။ လက်ျာဘက်၌ ထိုင်ခြင်းသည်၊ ချီးမြှောက်ဂုဏ်ပြုခြင်း၊ အားကိုးခြင်းကိုဖေါ်ပြသည်။ ထို့ကြောင့်ခရစ်တော်သည်၊ ကောင်းကင်တမန်မဟုတ်၊ ဘုရားဖြစ်သည်။

၁၄။ ကောင်းကင်တမန် များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော့။

ဟေဗြဲရေးသောသူက၊ ကောင်းကင်တမန်များ၏ အဖြစ်နှင့်အလုပ်ကို၊ နောက်ဆုံး၌ဖေါ်ပြလိုက်သည်။ သူတို့သည်၊ ကယ်တင်တော်မူခြင်းကို အမွေခံသောသူ ( ယုံကြည်သူ) တို့ကို ပြုစုစေခြင်းငှါ စေလွှတ်သော အစေခံနံဝိညာဉ်များဖြစ်သည်၊ ဟုဆိုသည်။ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်သည်။ ကောင်းကင်တမန်များသည်၊ ခရစ်တော်က ကယ်တင်ပြီးသော သူများကို ကြည့်ရှုစောင့်ရှောက်သောသူများဖြစ်သည်။ ထို့ကြောင့်ခရစ်တော်ကို၊ ကောင်းကင်တမန်အဆင့်၌ချခြင်းသည်၊ ကြီးမားသောအမှားဖြစ်သည်သာမက၊ ခရစ်တော်ကို ပြစ်မှားရာရောက်သည်။ ကယ်တင်ရှင်ကို ကောင်းကင်တမန်အဆင့်၌ ထားသောကြောင့်၊ ထိုသို့ယုံကြည်သောသူသည်၊ ကယ်တင်ခြင်းသို့ရောက်နိုင်မည်မဟုတ်။ စာတန်၏လှည့်စား၊ လိမ်လည်မှုဖြစ်၍ အလွန်ကြီးမားသောအပြစ်ဖြစ်သည်။

သင်ခန်းစာ (၁) မေးခွန်းများ

၁။ ဘိုးဘေးများသည် မည်သူတို့ကို ဆိုလိုသနည်း။........................................ 

၂။ ဘိုးဘေးများကို ဘုရားသခင်က မည်ကဲ့သို့ စကားပြောခဲ့သနည်း။........................................

၃။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူကိုဘာအားဖြင့် စကားပြောသနည်း။ ........................................

၄။ ​ကျွန်ုပ်တို့ကို ဘာအားဖြင့် စကားပြောသနည်း။ ........................................

၅။ သားတော်သည် မည်သူဖြစ်၍ ဘာခံစားရမည်နည်း။ ........................................

၆။ သားတော်သည် အဘယ်ကြောင့်ဘုရား ဖြစ်သည်ဟုဆိုနိုင်သနည်း။ ........................................

ရ။ သားတော်သည် မည်သည့်အရာများကို ဖန်ဆင်းသနည်း။........................................

၈။ အဘယ်ကြောင့်သားတော်ကို မြင်သောသူသည် ခမည်းတော်ကို မြင်ပြီဟုဆိုနိုင်သနည်း။ ........................................

၉။ ခရစ်တော် လူဇာတိခံယူခြင်း၏ အကြောင်းရင်းတခုသည် အဘယ်အရာနည်း။ ........................................

၁၀။ သားတော်သည် ဖန်ဆင်းထားသောအရာများကို ဘာအားဖြင့်ချုပ်ကိုင်ထားသနည်း။ ........................................

၁၁။ ခရစ်တော်သည် ငါတို့အပြစ်များကို မည်သူအား ဆေးကြောစေသနည်း။ ........................................

၁၂။ ခရစ်တော်သည် အဘယ်ကြောင့်ထိုင်နေ တော်မူသနည်း။ ........................................

၁၃။ ခရစ်တော်သည် မည်သူတို့ထက် ကြီးမြတ်တော်မူသနည်း။ ........................................

၁၄။ မည်သူတို့က ခရစ်တော်သည် ကောင်းကင်တမန် မိက္ခေလဖြစ်သည်၊ ဟုယုံသနည်း။ ........................................

၁၅။ ယနေ့ပင်သင့်ကို ဖြစ်ဘွားစေပြီ ဟူသောအရာသည် ဘာကိုဆိုလိုသနည်း။ ........................................

၁၆။ မည်သည့်အချိန်၌ ခရစ်တော်သည်သား အဖြစ်ရှိသနည်း။ ........................................

၁ရ။ ဘုရား၏သား ဦးသည် အဘယ်သူနည်း။ ........................................

၁၈။ ခရစ်တော်ကို အဘယ်ကြောင့်ကိုးကွယ်ရသနည်း။........................................

၁၉။မည်သူများက ခရစ်တော်ကို မကိုးကွယ်လိုကြသနည်း။ ........................................

၂၀။ ကောင်းကင်တမန်များသည် အဘယ်အရာကဲ့သို့ဖြစ်သနည်း။........................................

၂၁။ သားတော်ကို အိုဘုရားသခင်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ........................................

၂၂။ သားတော်၏ နိုင်ငံအရည်အချင်းနှစ်ခုကို ဖေါ်ပြပါ။ ........................................

၂၃။ ကိုယ်တော်သည် ဘာကိုနှစ်သက်၍ ဘာကိုမုန်းသနည်း။ ........................................

၂၄။ ကိုယ်တော်၏ အပေါင်းအဖေါ်တို့သည် မည်သူတို့ ဖြစ်မည်နည်း။ ........................................

၂၅။ ဘယ်အရာတို့သည် ဟောင်းနွမ်းပျက်စီးသော်လည်း ဘယ်အရာသည် ထာဝရတည်မြဲသနည်း။ ........................................

၂၆။ ရန်သူအပေါ်​ခြေတင်ခြင်းသည် ဘာကိုဆိုလိုသနည်း။ ........................................

၂ရ။ ကောင်းကင်တမန် များသည် ဘာတာဝန်ပေးထားသနည်း။ ........................................

.

^

ဟေဗြဲ (၂)

ယေရှုကောင်းကင်တမန်ထက်ကြီး

၁။ ထိုကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။

 ဒေသနာတော် တည်းဟူသောသမ္မာတရား၊ ကယ်တင်ခြင်း တရားကို မမေ့လျော့ဘို့ ဤနေရာ၌ တိုက်တွန်းထားသည်။ လူသည် မေ့လွယ်သောသူနှင့် မမေ့တတ်သောသူဟူ၍ နှစ်မျိုးရှိသည်။ သင်သည် မေ့တတ်သော သူများဖြစ်လျှင်၊ ဤတိုက်တွန်းစာသည် သင့်အတွက်ဖြစ်သည်။ မည်ကဲ့သို့ မမေ့ဘဲမှတ်မိနိုင်မည်နည်းဟူမူကား၊ အလေးထား၊ ဂရုစိုက်၊ တန်ဘိုးထားရမည်။ တန်ဘိုးထားသောအရာကို မေ့ဘို့ခက်သည်။ ထို့ကြောင့်သမ္မာတရားကို တန်ဘိုးထားပါ။ ပို၍မှတ်မိပါလိမ့်မည်။

၂။ ကောင်းကင်တမန် များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍ ပြစ်မှားလွန်ကျူးခြင်း အမှုအမျိုးမျိုးတို့သည်၊ ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊

 ကောင်းကင်တမန်များအားဖြင့် ထားတော်မူသောဗျာဒိတ်တော်၊ ဟုဆိုသောအရာသည် ဓမ္မဟောင်းကျမ်း၌များများ မတွေ့ရချေ။ အသတ်ခံရသော သထေဖန်က၊ “သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြ၊ ဟုသတေဖန်မြွက်ဆို၏။” (တမန် ရး၅၃) ဟုပြောသောအရာနှင့်၊ ရှင်ပေါလုက၊ “သို့ဖြစ်၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကို ခံသောအမျိုးအနွယ်မဖြစ်မှီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့် အာမခံ၏လက်၌ ထားတော်မူ၏။” (ဂလာ ၃:၁၉) ဟုရေးသောအရာများကိုသာလျှင် တွေ့ရသည်။

၃။ အစအဦး၌ သခင်ဘုရား ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။

သခင်ဘုရားသည် ခရစ်တော်ကိုဆိုလိုသည်။ ဟေဗြဲရေးသူက၊ ဒေသနာစကားသည် သခင်ဘုရားကစ၍ ဟောပြောသည်၊ ဟုဆိုသောကြောင့် ဓမ္မဟောင်းကာလကို မဆိုလိုမှန်းထင်ရှားသည်။ ကယ်တင်ခြင်းတရားကို တမန်တော်များကဆက်ဟော၍ နိမိတ်လက္ခဏာများနှင့် သက်သေထူသည်။ ယနေ့တိုင်အောင်၊ သမ္မာတရားဟောသောနေရာများစွာတို့၌၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများအားဖြင့် သက်သေထူတတ်သည်။ “ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း” ဤမျှလောက်ကြီးစွာသော ကယ်တင်ခြင်းဟုဆိုသည်။ ကယ်တင်ခြင်းသည် အကြီးမားဆုံးသောအရာဖြစ်သည်။ ထိုအရာကို နားမထောင်လျှင် အပြစ်ဒဏ်နှင့် မလွတ်နိုင်ဟုဆိုသည်။ ထို့ကြောင့် ထိုကယ်တင်ခြင်းကို၊ ဂရုစိုက်နားထောင်၍ ယုံကြည်ဘို့တိုက်တွန်းလိုပါသည်။ 

၄။ ထိုသက်သေခံသော သူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအားဖြင့်၎င်း၊ ထူးဆန်း သောတန်ခိုး အထူးထူးအပြား ပြား အားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသောဆုကျေးဇူးအားဖြင့်၎င်း၊ သက်သေခံတော်မူပြီ။

သခင်ဘုရား ကတပည့်တော်များကို သက်သေခံဘို့ ပြောသောအခါ နိမိတ်လက္ခဏာများ ကသက်သေထူမည့်အကြောင်း ဤသို့ မှာခဲ့သည်၊ “သင်တို့သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသော သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ ​မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသော သူတို့ အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့၊ ဟုမိန့်တော်မူ၏။ ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။ တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့် ၎င်း၊ သူတို့၌ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။” (မာကု ၁၆:၁၅-၂၀)။ သခင်ဘုရား မှာထားသကဲ့သို့၊ တမန်တော်များသည်၊ ပင်တေကုတ္တေနေ့မှစ၍၊ ကယ်တင်ခြင်းတရားကို၊ နေ့တိုင်းဟောပြောကြသည်။ တမန်တော်များ၏ တရားဟောချက်ကို၊ “အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။ ထိုသူများသည် တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကိုပြုကြ၏။” (တမန် ၂:၄၁-၄၃)

၅။ ငါတို့ပြောဆိုသော၊ နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို၊ ကောင်းကတမန်တို့၌၊ အပ်ပေးတော်မူသည်မဟုတ်။ 

ယနေ့ယုံကြည်သူများသည် နောင်ကပ်ကမ္ဘာတည်းဟူသော၊ အနှစ်တစ်ထောင်ကာလ၌၊ အုပ်စိုးရသောအခွင့်ကို ပေးထားသည်။ သို့သော်ထိုအခွင့်အရေးကို၊ ကောင်းကင်တမန်တို့၌၊ အပ်တော်မမူဟုဆိုသည်။ ထို့ကြောင့်ယနေ့ယုံကြည်သူများသည်၊ အခွင့်ထူးခံသောသူများ ဖြစ်ကြသည်။ ထိုသို့ နောင်ကမ္ဘာ၌ အုပ်စိုးမည့်သူများဖြစ်သောကြောင့်၊ ယခုစာတန်အုပ်စိုးသော ဤလောကကို တပ်မက်ခြင်းမရှိသင့်ချေ။ ယခုလောကကို အုပ်စိုးလိုလျှင်၊ စာတန်၏ လက် အောက်မှာဖြစ်မည်။ ထို့ကြောင့်၊ စာတန်လက်အောက်၌ ဘယ်အရာကိုမျှတပ်မက်ခြင်းမရှိသင့်ချေ။ 

၆။ ကျမ်းစာတချက်၌ တစ်ယောက်သောသူက၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ အကြည့်အရှုကြွလာတော်မူရသနည်း။ ရ။ သူ့ကို ကောင်းကင် တမန်တို့ အောက်၌ အနည်းငယ်နှိမ့် တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊ 

အထက်ပါ ကျမ်းပိုဒ်သည် “ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်းတော်မူမည်အကြောင်း၊ သူ့ကိုနံနက်တိုင်းအကြည့်အရှုကြွလာ၍ ၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည်အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ” (ယောဘ ရး၁ရ-၁၈) “လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကိုကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။” (ဆာ ၈:၄) ဟူသောအရာကိုကိုးကားခြင်းဖြစ်သည်။

ဤနေရာ၌လူသည်၊ ကောင်းကင်တမန်ထက် နိမ့်ကြောင်းတွေ့ရသည်။ သို့သော်၊ ဘုရားသခင်သည် လူကိုပမာဏပြု၍၊ အကြည့်အရှုကြွလာတော်မူသည်။ ထို့ကြောင့်၊ အားငယ်စရာမလိုချေ။ သင်နှင့်ကျွန်ုပ်ကို ဘုရားသခင်က၊ ဂရုစိုက်ကြောင်းသိပါ။ လူများကသင့်ကိုဂရုမစိုက်လျှင်လည်း၊ ဘုရားသခင်က ဂရုစိုက်သောကြောင့် ကျေနပ်အားရစရာဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်လည်း၊ လူ့ဇာတိခံခဲ့စဉ်၌၊ ကောင်းကင်တမန်တို့ အောက်အနည်းငယ်နှိမ့်ချခြင်းခံခဲ့သည်။ 

၈။ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မှုပြီဟုသက်သေခံသတည်း။ ခပ်သိမ်းသောအရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချထားဘဲ ကျန်ရစ်သောအရာ တစုံတခုမျှမရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့ သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။ 

ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မှုပြီ၊ ဟုသက်သေခံသတည်း။ ဤနေရာ၌ ဘုရားသခင်က၊ အာဒံကို ဘုန်းနှင့်ပတ်ရစ်၍ ၊ ဖန်ဆင်းထားသောအရာများကို၊ အုပ်စိုးစေခဲ့ခြင်းကို ဆိုလို သည် (ကမ္ဘာ ၁:၂၈)။ အာဒံသည်၊ ဘုရားသခင်က၊ သူဖန်ဆင်းထားသောအရာ အလုံးအပေါ်၌၊ အစိုးရသောအခွင့်ထူးကို ပေးအပ်ခဲ့သည်။ ထို့ကြောင့်၊ ဖန်ဆင်းထားသောအရာများသည်၊ အာဒံ၏ အမိန့်အတိုင်း နာခံခဲ့ကြသည်။ 

ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့မမြင်ရကြသေး။” အာဒံသည်၊ အထက်၌ ဖေါ်ပြသကဲ့သို့၊ ဖန်ဆင်းထားသမျှအပေါ်၊ အုပ်စိုးရသောအခွင့်ကို၊ ဘုရားစကားနားမထောင်ခြင်းအားဖြင့်၊ ဆုံးရှုံးခဲ့ရသည်။ ဖန်ဆင်းထားသောအရာများသည်၊ စာတန်လက်ထဲရောက်ရှိသွားသည်။ ထို့ကြောင့်၊ ကျမ်းစာက၊ “မာရ်နတ်သည် ယေရှုကို မြင့်လှသောတောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍ ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။” (လု ၄:၅-၆) ဟုယေရှုထံ၌ ဝင့်ကြွားစွာ ပြောနိုင်ခြင်းဖြစ်သည်။ ခပ်သိမ်းသောအရာတို့သည်၊ ယေရှုလက်အောက်၌သော်၎င်း၊ ယုံကြည်သူများလက်၌သော်၎င်း၊ မချသေးချေ။ ဒုတိယအကြိမ်ကြွလာမှ ပြည့်စုံမည့်အရာဖြစ်သည်။ ထို့သို့ဖြစ်သောကြောင့် ယခုအချိန်တွင် ဤလောကကို မမက်မောသင့်ချေ။ ယခုမက်မောပါက စာတန်လက်အောက်၌ သူ၏တပည့်ဖြစ်မှာဖြစ်သည်။

၉။ ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။

ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ” ကျမ်းစာရေးသူကယေရှုသည်၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်ဟုဆိုသည်။ အသေခံခြင်းသည်၊ ကျေးဇူးတော်ဟုဆိုနိုင်ပါမည်လော။ လူ့အမြင်အားဖြင့်ဖြစ်လျှင်၊ သေခြင်းသည် အမင်္ဂလာဖြစ်သည်။ သို့သော် ဘုရားအမြင်၌ သေခြင်းသည်၊ အားလုံးအမင်္ဂလာမဟုတ်ချေ။ “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။” (ဆာ ၁၁၆:၁၅) တဖန်၊ “တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏၊ ဟုရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား ၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့ မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏၊ ဟုမိန့်တော်မူ၏။” (ဗျာ ၁၄:၁၃) ဟုရေးထားသည်။ ယေရှုအသေခံခြင်းသည်၊ ရိုးရိုးမဟုတ်၊ လူအပေါင်းတို့အတွက်၊ အပြစ်၏ကျွေးသေခြင်းကို ဆပ်ပေးခြင်းဖြစ်သောကြောင့် မွန်မြတ်သည်၊ တန်သည်။ ထိုသို့သေခြင်းသည် ဘုရားသခင်၏ ခွင့်ပြုခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတော်ဟုဆိုရခြင်းဖြစ်သည်။

ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။”

ယေရှုသည်လောက၌ လူ့ဇာတိခံစဉ်၊ ကောင်းကင်တမန်များအောက်၌၊ အနည်းငယ်နှိမ့်ချခြင်း ခံသောကြောင့်၊ ရှင်ပြန်ထမြောက်၍ ကောင်းကင်တက်သောအခါ၊ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်။ ထို့ကြောင့် ယုံကြည်သူများလည်း၊ လောက၌ ခဏအသက်ရှင်စဉ်၊ သခင်ဘုရားကဲ့သို့ နှိမ့်ချခြင်းခံရလျှင်၊ ကျေးဇူးတော်ဟုခံယူ၍၊ ကောင်းကင်၌ ဘုန်းအသရေရမည့်အရာကို မြော်လင့်သင့်သည်။ 

၁၀။ အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့  ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူအပ်၏။

များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်” သခင်ယေရှုသည်၊ လူများကို အပြစ်​ကျွန်နှင့် အမျိုးမျိုးသော ဒုက္ခများထဲမှ ကယ်တင်သည်သာမက၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သည်ဟုဆိုသည်။ ထိုနေရာသည် ကောင်းကင်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်သည် ကောင်းကင်၌ ဘုန်းစည်းစိမ်ရှိသည်။ ယုံကြည်သူများလည်း ကောင်းကင်၌ ဘုန်းစည်းစိမ်ရှိဘို့ခေါ်ဆောင်သည်။ ထို့ကြောင့် အမြင်တို၍ စိတ်မမြန်ဘဲ၊ ထိုဘုန်းစည်းစိမ်ရှိရာကို မြော်လင့်၍ ဒုက္ခဝေဒနာကိုခံသင့်သည်။

ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ရောက်ရမည်အကြောင်း၊ ” အဘယ်ကြောင့်ဒုက္ခဝေဒနာသည် စုံလင်ခြင်းဖြစ်သနည်း။ ကျောင်းတက်သောအခါ၊ စာမေးပွဲဖြေခြင်းသည် ဒုက္ခဝေဒနာကဲ့သို့ဖြစ်သည်။ သို့သော်၊ စာမေးပွဲဖြေပြီးမှ အောင်မြင်သောအခါ စုံလင်ခြင်းသို့ရောက်သည်မဟုတ်လော။ ထို့ကြောင့်ကျောင်းသားသည် စာမေးပွဲဖြေမည့်အရာ ကို မျှော်လင့်နေတတ်သည်။ ထို့နည်းတူ၊ ဒုက္ခဝေဒနာခံစားသောသူများသည်၊ သည်းခံသောအခါ ရင့်ကျက်တတ်သည်။ ဒုက္ခဝေဒနာ မခံစားဘူးသောသူများသည်၊ ပြသနာအခက်အခဲကို မ​ဖြေရှင်းတတ်၊ ခလေးကဲ့သို့ဖြစ်ကြသည်။

ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍၊ အုပ်စိုးတော်မူသောဘုရားသည်၊ စီရင်တော်မူအပ်၏။” ယေရှုခရစ် ဒုက္ခဝေဒနာခံစား၍၊ သို့ပြီးမှဘုန်းတော်ဝင်စားစေခြင်းသည်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားက၊ စီရင်ခြင်းဖြစ်သည်။ ပညာအမျှော်အမြင်ရှိသော သူဌေးမိဘများသည်၊ သားသမီးများကို ဘော်ကျော့မထားကြချေ။ သားသမီးများကို အစေခံ​ကျွန်ကဲ့သို့၊ ခပ်သိမ်းသောအလုပ်ကို အောက်​ခြေသိမ်းလုပ်ခိုင်းသည်။ အကြောင်းမှာ၊ မိဘများသေပြီးနောက်သူတို့ကိုယ်တိုင် အောက်​ခြေသိမ်းလုပ်တတ်ဘို့ရန်ဖြစ်သည်။ အမျှော်အမြင်မရှိသောမိဘများသည်၊ သားသမီးများကို ဘာမျှမလုပ်ခိုင်း၊ ​ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်၊ ဘော်ကျော့ထားကာ အစေခံများကိုသာအစစအရာရာ လုပ်ခိုင်းကြသည်။ ထိုသားသမီးများသည်၊ မိဘများသေဆုံးသောအခါ ဘာမျှမလုပ်တတ်သောကြောင့်၊ အစေခံ​ကျွန်များလက်အောက်မှာ ရောက်သွားတတ်သည်။ အရာခပ်သိမ်းကို အစေခံ​ကျွန်များ အားကိုးသဖြင့်၊ အစေခံ​ကျွန်များ၏ လှည့်စားခြင်းအားဖြင့် ဆင်းရဲမွဲတေသွားနိုင်သည်။ ထို့ကြောင့် မိဘတိုင်း၊ ကိုယ့်သားသမီးများကို အမှန်တကယ်ချစ်ပါက၊ သူတို့ငယ်ရွယ်တောင်ကျေးမှစ၍ ၊ အလုပ်မျိုးစုံကို လုပ်စေခြင်းအားဖြင့်၊ ဒုက္ခမျိုးစုံကို ခံစားစေသင့်သည်။ 

၁၁။ သန့်ရှင်စေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည်၊ တပါးတည်းသောပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည်၊ သန့်ရှင်းစေအပ်သောသူတို့ကို၊ ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ခေါ်သောအချက်ဟူမူကား၊ ၁၂။ သိတင်းတော်ကို အ​ကျွန်ုပ်ညီအစ်ကိုတို့အား အ​ကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟုလာသတည်း။ 

သန့်ရှင်းစေတတ်သောသူ” သည်သခင်ယေရှုဖြစ်သည်။ “သန့်ရှင်းစေအပ်သောသူများ” သည်ယုံကြည်သူများကိုဆိုလိုသည်။ “တပါးတည်းသောပကတိရှိကြ၏” ဟုဆိုခြင်းသည် ကွာခြားမှုမရှိ၊ အတူတူဖြစ်သည်ဟုဆိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သခင်ယေရှုသည် ကိုယ်တိုင်သန့်ရှင်းသကဲ့သို့၊ သူကိုယုံကြည်သော သူများကို သန့်ရှင်းစေသောကြောင့်၊ အတူတူဖြစ်သည်။ “ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည်၊ သန့်ရှင်းစေအပ်သောသူတို့ကို၊ ညီအစ်ကိုဟူ၍ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ” ဟုဆိုသည်။ ထိုအရာကို သိနိုင်ရန်မှာ၊ လူတယောက်သည် ပညာတတ်သောကြောင့်၊ ပညာရှိများနှင့် ပေါင်းဖေါ်နိုင်သည်။ သူ၏ညီများကိုလည်း ပညာတတ်အောင် သင်ပေးသောကြောင့်၊ သူ့ညီများကို သူ၏အပေါင်းအဖေါ်များနှင့် ပေါင်းဖေါ်စေဘို့ရန်မရှက်၊ အကြောင်းမူကား၊ သူ့ညီများလည်း ပညာတတ်သောကြောင့်၊ အောက်တန်းမကျချေ။ ထို့နည်းတူ သခင်ယေရှုသည် ငါတို့ကို သန့်ရှင်းစေသောကြောင့်၊ ငါတို့ကို သူ၏ညီ၊ ဟုမိတ်ဆက်ခြင်း၊ ပေါင်းဖေါ်ခြင်းငှါ မရှက်ချေ။

ထိုသို့ ခေါ်သော အချက်ဟူမူကား၊ ၁၂။ သိတင်းတော်ကို အ​ကျွန်ုပ်ညီအစ်ကိုတို့အား အ​ကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်၊ ဟုလာသတည်း။”

အထက်ပါ ကျမ်းပိုဒ်သည် ဆာလံ ၂၂:၂၂ ၌ ဤသို့ တွေ့ရသည်၊ “အ​ကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာကိုယ်တော်ကို ချီးမွမ်းပါမည်။” ကယ်တင်ခြင်းသို့ ရောက်သော သူများသည် သတင်းတော်ကို မကြားပြောရဲကြ၊ မပြောချင်ကြချေ။ သတင်းဆိုးများ၊ အရေးမကြီးသောအရာများ၊ အတင်းစကားများမူ၊ တား၍မရလောက်အောင်ကို ပြောချင်တတ်ကြသည်။ ဘုရားနှင့်ပတ်သက်သောအရာများကို ပရိသတ်အလယ်မှာ၊ မရှက်မကြောက်ပြောရဲဘို့လိုသည်။ သင်သည် ဘုရားသခင်၏ သတင်းကောင်းကို ကြားပြောဘို့ရန်ရှက်နေပါသ လား။ ပြောချင်ပါသလား။ 

၁၃။ တချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်၊ ဟုလာသတည်း။ တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသော သူငယ်တို့သည် ရှိကြ၏၊ ဟုလာသတည်း။ 

အထက်ပါ ကျမ်းပိုဒ်သည်၊ ဟေရှာယ ၈:၁ရ-၁၈ ကိုကိုးကားခြင်းဖြစ်သည်။ “ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို၊ ငါသည်ဆိုင်းငံ့လျက် မြော်လင့်မည်။ ငါမှစ၍ ငါ့အား ထာဝရဘုရား ပေးတော်မူသော သူငယ်တို့သည်ရှိကြ၏။” 

၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ 

ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်” ထိုသူငယ်တို့သည်၊ လူသားများကို ဆိုလိုသည်။ လူသားများသည် အသွေးအသားရှိကြသည်။ “သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုး” စာတန် မာရ်နတ်သည် သေခြင်းတရားကို အစိုးရသည်ဟုဆိုသည်။ စာတန်မရှိလျှင်၊ သေခြင်းလည်းရှိမည်မဟုတ်။

သေဘေးကိုကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ” စာတန်သည် သူ၏တန်ခိုး၊ သေခြင်းဖြင့် လူများကို ခြိမ်း​ခြောက်၍၊ လူများသည် သေရမှာကြောက်သောကြောင့်၊ ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိုင်၊ ဘုရားအလိုတော်ကို မဆောင်နိုင်ကြခြင်းဖြစ်သည်။ ထိုသူများကို ကယ်လွှတ်ဘို့ရန် ဟုဆိုသည်။

ထိုသူငယ်တို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏” ခရစ်တော်သည် လူသားများကို ကောင်းကင်မှ မ ကယ်တင်နိုင်ချေ။ အကြောင်းမှာ ကောင်းကင်၌ ဝိညာဉ်အားဖြင့်ရှိ၍ ၊ မသေနိုင်ချေ။ ထို့ကြောင့် လူ့ဇာတိခံယူကာအသေခံသည်။ အသေခံပြီးနောက်၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၊ သေခြင်းကိုအောင်မြင်ကြောင်း သက်သေပြသည်။ ထို့ကြောင့်သူ့ကိုယုံကြည်သူသည်၊ သေခြင်းကိုကြောက်စရာမလိုတော့ချေ။  “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။” (ယော ၁၁:၂၅-၂၆) ဟုဆိုသောအရာကို အပြောသက်သက်မဟုတ်၊ သူကိုယ်တိုင်အသေခံ၍ ပြန်လည်အသက် ရှင်ခြင်းအားဖြင့် သက်သေပြသည်။ ထိုအရာကို ယုံကြည်သောသူသည် သေခြင်းကို မကြောက်တော့ချေ။ အကြောင်းမှာ သခင်ယေရှုက သေခြင်းကိုအောင်မြင်ပြီးသောကြောင့်ဖြစ်သည်။ 

၁၆။ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကို မစ တော်မူ၏။ 

ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏” (ဂလာ ၃:၂၉) ဟုပေါလုကရေးထားသည်။ ယုံကြည်သူများသည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သောကြောင့် ခရစ်တော်သည်၊ ယုံကြည်သူများကို မစတော်မူသည်။ 

၁ရ။ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏အပြစ် ​ဖြေစရာအကြောင်းကို စီရင်၍၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာ တို့၌ ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီး ဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။

ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ကြောင်းကို၊ ဤနေရာ၌ ပဌမဦးဆုံးဖေါ်ပြထားသည်။ သူသည် ယဇ်ပုရောဟိတ် ဖြစ်ကြောင်းကို၊ အခန်းကြီး ၄၊ ၅၊ ရ၊ ၈ များ၌ ပြန်တွေ့ရမည်။ ဘုရားကိုးကွယ်သောအခါ၊ ယဇ်ပုရောဟိတ်ကို ကျော်၍ မရ၊ သူ့ကိုအားကိုးရသည်။ ခရစ်တော်သည် ယဇ်ပုရောဟိတ်ဖြစ်ဘို့ရန်၊ မိမိညီအစ်ကိုတည်းဟူသော၊ လူသားများနှင့် လုံးလုံးတူဘို့ရန်၊ လူ့ဇာတိခံယူခဲ့သည်။ 

၁၈။ ထိုသို့စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ၊ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို၊ မစခြင်းငှါ တတ်နိုင်တော်မူ၏။ 

ခရစ်တော်သည် ယဇ်ပုရောဟိတ်ဖြစ်၍၊ လူသားများကို မစမည့်သူ ဖြစ်သောကြောင့်၊ သူတို့၏ခံစားချက်များ၊ ဒုက္ခ ဆင်းရဲခြင်းနှင့် စုံစမ်းနှောက်ရှက်ခြင်းများကိုလည်း၊ ခံစားရသည်ဟုဆိုသည်။ ထို့ကြောင့် သူသည် လူသားများကို မစခြင်းငှါ တတ်နိုင်တော်မူသည်။

                                                              သင်ခန်းစာ (၂) မေးခွန်းများ

 ၁။ ဒေသနာတော်ကို မည်ကဲ့သို့ မှတ်မိနိုင်မည်နည်း။ ................................................

၂။ ဒေသနာတော်ကို ဘာအားဖြင့် သက်သေထူသနည်း။ ................................................

၃။ ကယ်တင်ခြင်း တရားကို နားမထောင်လျှင် ဘာခံရမည်နည်း။ ................................................

၄။ တမန်တော်များ၏ သက်သေခံခြင်းများကို ဘာအားဖြင့် ဘုရားသခင်က ထောက်ခံသနည်း။ .......................

၅။ ယုံကြည်သူများသည် အနှစ် ၁၀၀၀ ကာလ၌ ဘာဖြစ်ကြမည်နည်း။ .................. . ဤလောကကို ချစ်သင့်သလော။ ..................

၆။ လူများကသင့်ကို ဂရုမစိုက်လျှင်လည်း မည်သူကဂရုစိုက်သနည်း။ ................ ။ အားငယ်စရာလိုသလား။.. ....................

ရ။ လူသည် ခပ်သိမ်းသောအရာတို့ကို မည်သည့်အချိန်၌ အုပ်စိုးပါမည်နည်း။ ................................................

၈။ ဤလောကကို မက်မောသော သူသည် မည်သူ၏တပည့်ဖြစ်သနည်း။ ................................................

၉။ သခင်ယေရှု အသေခံခြင်းသည် အဘယ်ကြောင့်ကျေးဇူးတော် အားဖြင့်ဟုဆိုသနည်း။ ................................

၁၀။ ယေရှုသည်လောက၌ လူ့ဇာတိခံစဉ်မည်သူတို့ အောက်၌ အနည်းငယ်နှိမ့်ချခြင်း ခံခဲ့ရသနည်း။ ...................

၁၁။ ယုံကြည်သူများသည် လောက၌နေစဉ် နှိမ့်ချခြင်းခံသင့်သလော။ .............အဘယ်ကြောင့်နည်း။ ............... ....................

၁၂။ ယေရှုသည် မည်သည့်နေရာ၌ ဘုန်းစည်းစိမ်ရှိသနည်း။ ................................................

၁၃။ ယုံကြည်သူများလည်း မည်သည့်နေရာ၌ ဘုန်းစည်းစိမ်ရှိသင့်သနည်း။ ................................................

၁၄။ ဒုက္ခဝေဒနာသည် ဘာဖြစ်စေနိုင်သနည်း။ ........................

၁၅။ သခင်ယေရှုကို မည်သူက ဒုက္ခမျိုးစုံခံစား စေသနည်း။ ....................

၁၆။ မိဘများကိုယ့် သားသမီးကိုချစ်လျှင် ဘာလုပ်ခိုင်းသင့်သနည်း။ ..................................

၁ရ။ ငယ်ရွယ်စဉ် အလုပ်မခိုင်းသော သားသမီးများ ကြီးလာလျှင် ဘာဖြစ်နိုင်သနည်း။ ..............................

၁၈။ သန့်ရှင်းစေတတ်သောသူသည် မည်သူနည်း။.......... သန့်ရှင်းစေအပ်သော သူများသည် မည်သူတို့ ဖြစ်သနည်း။ ...................

၁၉။ အဘယ်ကြောင့်သခင်ယေရှုသည်၊ ငါတို့ကို သူ၏ညီဟုမိတ်ဆက်ခြင်း၊ ပေါင်းဖေါ်ခြင်းငှါ မရှက်သနည်း။. ...... .............................

၂၀။ သင်သည် ဘုရားသခင်၏ အကြောင်းကို ပရိသတ်အလယ်၌ ပြောရဲပါသလား။....................

၂၁။ ထိုသူငယ်တို့သည် မည်သူတို့ကို ဆိုလိုသနည်း။................................................

၂၂။ လူသည် ဘာကိုကြောက်၍ ​ကျွန်ခံရသနည်း။................................................

၂၃။ သင်သည် ​ကျွန်ဖြစ်ကြောင်း ဝန်ခံပါသလား။............. သိပါသလား။...................................

၂၄။ သခင်ယေရှုသည် သေဘေးကြောက်သော သူတို့ကို မည်ကဲ့သို့ ကယ်တင်သနည်း။ ...........................

၂၅။ ခရစ်တော်သည် မည်သူအမျိုးကို မစသနည်း။ ...........................

၂၆။ ခရစ်တော်သည် ငါတို့၏ဘာဖြစ်သနည်း။ ................................................

၂ရ။ ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ဘို့ရန် မည်သူတို့နှင့်တူညီရသနည်း။ ..........................

၂၈။ ခရစ်တော်သည် ငါတို့ကို ကူညီမစနိုင်သလော။........... အဘယ်ကြောင့်နည်း။.....................................

.

^

ဟေဗြဲ (၃)

ယေရှုမောရှေထက်သာ၍ကြီး

၁။ ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်း ကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။ 

 “ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်း ကျေးဇူးကိုခံရသောသူ၊ သန့်ရှင်းသောညီအစ်ကိုတို့၊” ယနေ့ ယုံကြည်သူများသည်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်၍ ခေါ်ဘိတ်ခြင်း ခံရသောသူများဖြစ်ကြသည်။ ဘေးဒဏ်ကြီးကာလ ဝင်ဘို့ ခေါ်ဘိတ်ခြင်းခံရသည်မဟုတ်။ သို့သော်ယုံကြည်သူများသည်၊ ထိုခေါ်ဘိတ်ခြင်းကို တန်ဘိုးမထားကြချေ။ ကောင်းကင်ဘုံရောက်ဘို့ထက်၊ မြေကြီးပေါ်၌ ပျော်မွေ့နေကြသေးသည်။ အရေးကြီးသောပုဂ္ဂိုလ်များ၏ ခေါ်ဘိတ်ခြင်းခံရလျှင်၊ အလွန်ဂုဏ်ယူဝါကြွား၍ မပျက်မကွက်သွားချင်တတ်ကြသည်။ သို့သော် ဘုရားသခင်၏ ခေါ်ဘိတ်ခြင်းကိုမူ ဂရုမစိုက် တန်ဘိုးမထားတတ်ကြချေ။

ငါတို့ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း၊ တည်းဟူသောယေရှု၏ အကြောင်းကို၊ စေ့စေ့ဆင်ခြင်ကြလော့” တမန်တော်ဆိုသည်မှာ ကိုယ်စားလှယ်ဖြစ်သည်။ ခရစ်တော်သည် ခမည်းတော်ဘုရားကိုယ်စားဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ဘုရားနှင့်လူအကြား ဆက်သွယ်ပေးသောသူဖြစ်သည်။ ထိုအရာကိုစေ့စေ့ဆင်ခြင်ဘို့ ဖြစ်သည်။ လူသည် ယဇ်ပုရောဟိတ်မင်းယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်သည်ထက်၊ အခြားအရာများကို ဆင်ခြင်နေကြသည်။ ငွေရရှိဘို့၊ ပွဲလုပ်ဘို့၊ ပျော်ဘို့ပါးဘို့၊ ရီးစား၊ ကွန်ပြူတာနှင့်ဖုန်း၊ မိသားစုများအရေးတို့ကို စေ့စေ့ဆင်ခြင်နေကြသည် မဟုတ်လော။ ထို့ကြောင့်မည်မျှပင် ဘုရားကျောင်းတက်သော်လည်း၊ သင်တန်းတက်သော်လည်း မသိနိုင်၊ မပြောနိုင်ဖြစ်နေကြသည်။ သင်ဘာကိုစေ့စေ့ဆင်ခြင်ပါသနည်း။ 

၂။ မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကိုခန့်ထားတော်မူသော သူ၏အမှုတော်၌ သစ္စာစောင့်တော်မူ၏။

ယေရှုကိုမောရှေနှင့်နှိုင်းထားသည်။ မောရှေသည် ဘုရား၏အိမ်တော်တည်းဟူသော၊ ဣသရေလလူမျိုးများကို သစ္စာရှိစွာဦးဆောင်ခဲ့သည်။ ထို့နည်းတူယေရှုသည်လည်း၊ မိမိကိုခန့်ထားတော်မူသော သူတည်းဟူသော၊ ခမည်းတော်ဘုရား ၏အမှု၌ သစ္စာစောင့်ကြောင်း၊ သူကိုယ်တိုင်ဤသို့ပြောခဲ့သည်၊ “အ​ကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို၊ အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။” (ယော ၁ရး၄)။ သခင်ယေရှုက၊ “ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ငါသည်ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့ မလိုက်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။” (ယော ၅:၃၀) ဟုဆိုခဲ့သည်။ ယုံကြည်သူများလည်း ဘုရားခိုင်းသောအရာကိုသိ၍ သစ္စာရှိစွာစောင့်ဘို့လိုသည်။ 

၃။ အိမ်ကိုဆောက်သောသူသည်၊ အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့၊ ယေရှုသည်မောရှေထက်သာ၍ ကြီးသောအသရေကို ခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။ 

ကြီးမားသော၊ လှပသောအိမ်ကို လူတိုင်းကချီးမွမ်းတတ်ကြသည်။ သို့သော်ထိုအိမ်ကိုဆောက်သောသူသည်၊ အိမ်ထက်သာ၍ချီးမွမ်းသင့်သည်ဟုဆိုသည်။ လူတိုင်းက ဖန်ဆင်းထားသောအရာများကို၊ အံ့ဩချီးမွမ်းတတ်ကြသည်။ သို့သော် ထိုအရာများထက်၊ ထိုအရာများကို ဖန်ဆင်းသူကိုချီးမွမ်းသင့်သည်။ ဟေဗြဲရေးသောသူက၊ ယေရှုသည် မောရှေထက်သာ၍ ကြီးသောအသရေကို ခံထိုက်သည်ဟုဆိုသည်။ ဣသရေလလူများက၊ မောရှေကိုအလွန်လေးစားကြည်ညိုကြသည်။ ဖာရိရှဲတို့က၊ “သင် (မျက်စိကန်းဘူးသော သူ)သည် သူ့ (ယေရှု) တပည့်ဖြစ်၏။ ငါတို့မူကားမောရှေ၏တပည့်ဖြစ်ကြ၏။” (ယော ၉:၂၈) ဟုဆိုကြသည်။ မောရှေကို သူ့လက်ထက် လူများကမကြည်ညိုကြသော် လည်း၊ နောင်လာနောက်သားများက၊ အလွန်လေးစားသည်။ သို့သော်ယေရှုသည်၊ မောရှေထက်သာ၍ ကြီးမားသည်ဟုဆိုသည်။ 

၄။ အိမ်မည်သည်ကား၊ တစုံတယောက်သော သူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။

လက်သမားများသည် အိမ်ကိုသာဆောက်တတ်ကြသည်။ သို့သော်ဘုရားသခင်သည် အရာခပ်သိမ်းကိုဆောက်သည်။ ဘုရားဆောက်သောအရာများသည်၊ စစ်၍မကုန် များလွန်းသောကြောင့်၊ ဘုရားကဆောက်သည်၊ ဟုပင်မထင်မှတ်တော့ဘဲ၊ သဘာဝဖြစ်သည်၊ ဟုထင်မှတ်ကြသည်။ သင်သည်ဘုရားဖန်ဆင်းသောအရာများကို၊ စဉ်းစားဆင်ခြင်ဘူးပါသလား။ 

၅။ မောရှေသည်၊ နောက်ဟောပြောလတံ့သောအရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့အိမ်တော် တအိမ်လုံး၌ သစ္စာစောင့်၏။

မောရှေသည် နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်သည်။ သူသည်အစေခံ​ကျွန်ကဲ့သို့ဖြစ်သည်။ အိမ်ရှင်မဟုတ်ချေ။ သူ့ခေတ်လူများက၊ မောရှေကိုဂရုမစိုက်ပုန်ကန်ခဲ့ကြသည် (တော ၁၄၊ ၁၆)။ သို့သော် နောက်ပိုင်းလူများက၊ သူ့ကိုအလွန်ကြည်ညိုကြသည်။ ဖာရိရှဲများကမျက်စိကန်းဘူးသောသူထံ၊ “သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကားမောရှေ၏တပည့်ဖြစ်ကြ၏။ ဘုရားသခင်သည်မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည်အဘယ်ကဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ပြောဆိုကြလျှင်၊” (ယော ၉:၂၈-၂၉) ဣသရေလလူများက၊ ယေရှုထက် မောရှေကို ပို၍ရိုသေလေးစားကြသည်။ သခင်ထက်ကျွန်ကိုအလေးထားသကဲ့သို့ဖြစ်သည်။ အကြောင်းမှာ မသိသောကြောင့်ဖြစ်သည်။ 

၆။ ခရစ်တော်မူကား၊ သားကဲ့သို့အိမ်တော်ကိုအုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သောဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။ 

ခရစ်တော်သည်သားကဲ့သို့ အိမ်တော်ကိုအုပ်စိုး၍၊ သစ္စာစောင့်တော်မူ၏ဟုဆိုသည်။ သားသည်အဘပိုင်သောအရာ ကို၊ အဘကိုယ်စားစီမံကွက်ကဲတတ်သည်မဟုတ်လော။ ငါတို့သည်ထိုအိမ်တော်ဖြစ်သည်ဟုဆိုပြန်သည်။ ယုံကြည်သူများအားလုံးသည် ဘုရားသခင်၏အိမ်တော်များဖြစ်သည်။ အိမ်တော်သားများဖြစ်ဘို့ရန်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်း၊ အဆုံးတိုင်အောင်တည်ကြည်ခြင်းရှိမှဟုဆိုသည်။ ထိုအရာများသည်ယုံကြည်ခြင်း၏ အသီးအပွင့်များဖြစ်သည်။ စစ်မှန်သောယုံကြည်သောသူသည်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်းနှင့်တည်ကြည်ခြင်းရှိကြသည်။ သို့သော်ကြားရုံ၊ သိရုံသာရှိသောသူတို့သည်၊ ယုံကြည်သောသူများ မဟုတ်သောကြောင့်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်းနှင့်တည်ကြည်ခြင်းရှိကြသည် မဟုတ်။ 

ရ။ ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍၊ ၈-၉။ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံးငါ့ကို အနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကိုမြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ 

အထက်ပါကျမ်းပိုဒ်သည် ဆာလံ ၉၅း၈-၁၁ ကို ကိုးကားခြင်းဖြစ်သည်။ ဟေဗြဲစာရေးသောသူက၊ ဤစာကိုလက်ခံသောသူတို့လည်း၊ ဣသရေလလူများကဲ့သို့ ခိုင်မာသောစိတ်နှလုံးမရှိကြဘို့ သတိပေးထားသည်။ ယခုအချိန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ခေတ်ဖြစ်သည်။ ဗျာဒိတ်တော်သည် နှုတ်ကပတ်တော်ကိုဆိုလိုသည်။ နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းသည်၊ ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော် မယုံကြည်သောသူသည်၊ ဘုရားသခင်ကို မထီမဲ့မြင်ပြုသောသူဖြစ်သည်။ စိတ်နှလုံးခိုင်မာခြင်းသည်၊ ကိုယ့် သဘောဖြစ်သည်။ ထို့ကြောင့်စိတ်နှလုံးမခိုင်မာဘို့အကြံပေး၊ သတိပေးခြင်းဖြစ်သည်။

ဣသရေလလူများသည် နှစ်ပေါင်းလေးဆယ်၊ တောလည်ရခြင်းသည်၊ စိတ်နှလုံးခိုင်မာခြင်းကြောင့်ဖြစ်သည်။ သူတို့သည် နှစ်နှစ်အတွင်း ခါနန်ပြည်သို့ဝင်ဘို့ရန် ဘုရား၏အစီအစဉ်ဖြစ်သည်။ သို့သော်ဘုရားသခင်ကို မယုံကြည် သောကြောင့်၊ မလိုအပ်ဘဲနောက်ထပ် သုံးဆယ်ရှစ်နှစ်တောလည်ရသည်။ ယနေ့သင်လည်း၊ ဘုရားသခင်က တိုတောင်းသောအချိန်အတွင်း၌၊ ခါနန်ပြည်တည်းဟူသော၊ အောင်မြင်သောခရစ်ယာန်အသက်တာထဲသို့ သွင်းလိုသည်။ သို့သော်၊ မယုံကြည်ခြင်းအားဖြင့်၊ မလိုလားအပ်ဘဲ နှစ်ပေါင်းများစွာ၊ ဇာတိအသက်တာဖြင့် အသက်ရှင်ရမှာ ဖြစ်သည်။ ထိုထက်ဆိုးသည်မှာ ဘုရားမယုံကြည်သောကြောင့် ကောင်းကင်ရောက်နိုင်ခွင့်ရှိလျက်သားနှင့် ငရဲသွားမည့်သူ များစွာရှိခြင်းဖြစ်သည်။ 

၁၀။ ထိုလူမျိုးကိုငါရွံသည်ဖြစ်၍၊ သူတို့သည်အစဉ်စိတ်သဘောမှားယွင်းတတ်ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြဟုငါဆိုရ၏။ 

ဘုရားသခင်သည် ၊ ဣသရေလလူများကို အလွန်ချစ်သော်လည်းရွံရှာသည်ဟုဆိုသည်။ အချစ်ကြီးလျှင် အမျက်ကြီးသည်မဟုတ်လော။ သူတို့သည် အစဉ်စိတ်သဘောမှားယွင်းတတ်ကြသည်ဟုဆိုသည်။ ဘုရား၏အလိုတော်ကို နားမလည်ကြချေ။ ထိုသို့နားမလည်ခြင်းသည်လည်း၊ ဘုရားကိုမချစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဘုရား၏အလိုတော်ကို ဆန့်ကျင်ဘို့သာလျှင် လုပ်ဆောင်ကြံစည်ကြသည်။ သင်သည် ဘုရားသခင်၏အလေ့အလာ၊ အလိုတော်ကို နားလည်ပါသလော။ နားလည်ချင်သလော။ 

၁၁။ ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့မဝင်ရကြဟုအမျက်ထွက်၍ ငါကျိန်ဆိုသည်၊ ဟုမိန့်တော်မူချက်ရှိသည်နှင့်အညီ၊ ၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။

ဘုရား၏ချမ်းသာဆိုသည်မှာ၊ ဣသရေလလူများကိုဂတိပြုသော ခါနန်ပြည်ကိုဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်က ခါနန်ပြည်ကို၊ နို့နှင့်ပျားရည်စီးသောပြည်၊ ဟုဆိုလေ့ရှိသည်။ နို့စီးခြင်းသည် နွားပေါများခြင်း၊ နွားပေါများခြင်းသည် မြက်ပေါများခြင်း၊ မြက်ပေါများခြင်းသည်၊ မိုးမှန်စွာရွာခြင်းနှင့် မြေဩဇာကောင်းခြင်းကို ဖေါ်ပြသည်။ ပျားရည်စီးခြင်းလည်း ပျားပေါများခြင်း၊ ပျားပေါများခြင်းသည်လည်း ပန်းပေါများခြင်း၊ ပန်းပေါခြင်းသည်လည်း မြေဩဇာကောင်းခြင်းကို ဆိုလိုသည်။ သို့သော်ထိုပြည်ကို ဣသရေလလူတို့သည် မထီမဲ့မြင်ပြုကြသည်။ ခါနန်ပြည်ကို ဝင်ချင်သော စိတ်မရှိကြချေ။ ထို့ထက်အဲဂုတ္တုပြည်ကို ပြန်လှည့်ချင်ကြသည်။ ထို့ကြောင့်ဘုရားသခင်က သူတို့ကိုခါနန်ပြည် မဝင်နိုင်ဘို့ ကျိန်လိုက်သည်ဟုဆိုသည် (ဆာ ၉၅:၈-၁၁)။ သူတို့ကိုဘုရားသခင်က တောထဲ၌ သေကျေပျက်စီးစေခဲ့သည်။

ယနေ့ခရစ်ယာန်များလည်း သူတို့ကဲ့သို့ဖြစ်ကြသည်။ ပါးစပ်အားဖြင့် ဘုရားဘုရား ဖြစ်သော်လည်း လက်တွေ့မှာ၊ ကိုယ်လုပ်ချင်သောအရာများကို လုပ်နေကြသည်။ ထို့ကြောင့်ဟေဗြဲရေးသောသူက၊ သင်တို့သည်အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့၊ ဟုသတိပေးထားသောစာဖြစ်သည်။ 

၁၃။ ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်းတယောက်ကိုတယောက် တိုက်တွန်းနိုးဆော်ကြလော့။ 

ဒုစရိုက်၏လှည့်ဖြားခြင်းဆိုသည်မှာ၊ အပြစ်ဒုစရိုက်တိုင်းသည် မလုပ်ခင်မှာ၊ အလွန်ကောင်းမည့်ပုံရှိသော်လည်း၊ ကျူးလွန်ပြီးသောအခါ၊ အလွန်ရွံစရာ ကောင်းမှန်းသိတတ်သည်။ ထိုဒုစရိုက်အပြစ် လုပ်ခြင်းအားဖြင့်၊ ဘုရားစကား နားထောင်ဘို့ စိတ်နှလုံးခိုင်မာတတ်သည်။ ထိုသို့မဖြစ်ရလေအောင်၊ နေ့တိုင်းအစဉ် အချင်းချင်းတယောက်ကို တယောက် တိုက်တွန်းနိုးဆော်ကြလော့၊ ဟုအကြံပေးထားသည်။ တိရစ္ဆာန်များသည် တကောင်တည်းနေလျှင်၊ သားရဲများက အလွယ်တကူကိုက်စားနိုင်သည်။ အုပ်စုလိုက်နေလျှင် အင်အားရှိသည်။ ယုံကြည်သူများလည်း တယောက် တည်းနေလျှင်၊ စာတန်၏အကြိုက်ဖြစ်သည်။ အကြောင်းမှာ ကိုက်စားဘို့ရန် လွယ်ကူသည်။ ထို့ကြောင့်ယုံကြည်သူများ နေ့တိုင်း အချင်းချင်းတွန်းနိုးဆော်ဘို့၊ အားပေးဘို့လိုအပ်သည်။ 

၁၄။ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူဖြစ်ကြ၏။ 

ငါတို့သည် စိတ်စွဲလမ်းခြင်းကိုအစပြုသကဲ့သို့” ဟုဆိုခြင်းသည်၊ ယုံကြည်ခါစ၌ရှိသော စိတ်တက်ကြွခြင်းကို ဆိုလို သည်။ ထိုစိတ်သည်ကြာလာသောအခါ၊ အရှိန်လျော့တတ်သည်။ ထိုစိတ်ကို အဆုံးတိုင်အောင် ရှိရမည်ဟုဆိုသည်။ ထိုသို့ရှိလျှင် ခရစ်တော်ကို ဆက်ဆံသောသူ ဖြစ်သည်ဟုဆိုသည်။ လူတိုင်း၊ အစကောင်းတတ်သော်လည်း အဆုံးရောက်သောသူသည် အလွန်နည်းတတ်သည်။ အဆုံးတိုင်ရောက်သောသူသည် အောင်မြင်သောသူဖြစ်သည်။ အဆုံးမရောက်မှီတွင် သွေးဆောင်ခြင်း၊ ခလုပ်တိုက်ခြင်းများရှိတတ်သည်။ ထိုအရာများကိုသည်းခံ၍ အဆုံးတိုင်ပြေးရမည်။ 

၁၅။ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်၊ ဟုကျမ်းစာလာသည်အရာမှာ၊ ၁၆။ ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသောသူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လာသောသူ အပေါင်းတို့သည်၊ ထိုသို့ ပြုကြသည်မဟုတ်လော။

ဤကျမ်းပိုဒ်သည်၊ ဆာလံ ၉၅:၈-၉ မှဖြစ်သည်။ ဣသရေလလူများသည်၊ ဘုရား၏အသံတော်ကို ကြားရကြသော်လည်း ဆန့်ကျင်ဘက်ပြု၍ စိတ်နှလုံးခိုင်မာကြသည်။ ဣသရေလလူများသည်၊ အနှစ်လေးဆယ်အတွင်း၊ အသံတော်ကြားခြင်း၊ အံ့ဩဘွယ်နိမိတ်လက္ခဏာများစွာတွေ့မြင်ခြင်း၊ သူတို့မလုပ်၊ မစိုက်သောမန္နမုန့်စားခြင်း၊ မဖြစ်နိုင်သောကျောက်ထဲမှရေသောက်ခြင်း၊ အနှစ်လေးဆယ်ပတ်လုံးမဖျားမနာ၊ ​ခြေထောက်ပင်မရောင်ခြင်း၊ ကန္တာရထဲ၌ သွားရသော်လည်း နေပူဒဏ်မခံခြင်း စသည့်ဘုရားသခင်၏ ​ကျွေးမွေးစောင့်ရှောက်ခြင်းများခံစားခဲ့ကြသည်။ သို့သော် သူတို့သည်၊ ဘုရားသခင်ကိုမယုံကြည်၊ အားမကိုး၊ အမြဲဆန့်ကျင်ဘက် ပြုလုပ်ခဲ့ကြသည်။ ခါနန်ပြည်ကိုမဝင်ချင်၊ မထီမဲ့မြင်ပြု၍ အဲဂုတ္တုပြည်သို့ ပြန်လှည့်ချင်ကြသည်။ ယနေ့ယုံကြည်သူများလည်း၊ သူတို့ကဲ့သို့ပင် ဘုရားသခင်၏ ​ကျွေးမွေးပြုစုခြင်း အမျိုးမျိုးကိုခံစားသော်လည်း၊ ဘုရားအလိုတော်ကိုမရှာ၊ ရှာလျှင်လည်း သဘောတရားသာလျှင်ရှာကြသည်။ 

၁၇။ အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသောသူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင်မဟုတ်လော။ ၁၈။ သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သောသူမှတပါး အဘယ်သူနည်း။ ၁၉။ သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့် သာမဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။

ဘုရားသခင်က ဣသရေလကို အလွန်ချစ်သော်လည်း၊ အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူဟုဆိုသည်။ သူတို့သည် ဘုရားသခင်ကို အမြဲဆန့်ကျင်ခြင်းအားဖြင့်၊ ဒုစရိုက်ကိုပြု၍ တော၌လဲသေရကြသည်။ အမှန်မှာ သူတို့သည် တော၌ လဲသေဘို့ရန်၊ ဘုရားကထုတ်ဆောင်သည်မဟုတ်။ သူတို့၏အပြစ်များကြောင့်သာ လဲသေရကြသည်။ ဘုရားသခင်က၊ နို့နှင့်ပျားရည်စီးသော ခါနန်ပြည်သို့သွင်းဘို့ရန်၊ အကြိမ်ကြိမ်ပြောသော်လည်း၊ သူတို့က အဲဂုတ္တုပြည်သို့သာပြန်လှည့်ချင်သောကြောင့်၊ သူ၏ချမ်းသာတည်းဟူသော ခါနန်ပြည်သို့မဝင်ရ၊ ဟုသူကိုယ်တိုင်ကျိန်ဆိုလိုက်သည်။ ထို့ကြောင့်အဲဂုတ္တုပြည်မှ အသက် ၂၀ ကျော်ယောက်ျား ၆ သိန်းထွက်ခဲ့ကြသော်လည်း၊ ယောရှုနှင့်ကာလက် သာလျှင်၊ အသက်ချမ်းသာရ၍ ခါနန်ပြည်ဝင်ခဲ့ကြသည်။ ခါနန်ပြည်ဝင်သောသူတို့သည်၊ အဲဂုတ္တုမှထွက်စဉ်တွင်၊ အသက်နှစ်ဆယ်အောက်နှင့် လမ်းမှာမွေးဖွားသောသူများသာလျှင်ဖြစ်ကြသည်။ ရှင်ပေါလုက၊ “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှါ ထိုသူတို့၌ရောက်ကြ၏။ ကပ်ကာအဆုံးတွင်ဖြစ်သော ငါတို့ကိုဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။” ဟုရေးထားသည် (၁ ကော ၁၀:၁၁)။

                                                               အခန်း (၃) မေးခွန်းများ

၁။ အရေးကြီးပုဂ္ဂိုလ်များ၏ ခေါ်ဘိတ်ခြင်းကို သင်တန်ဘိုးထားပါသလား။...............................

၂။ ယုံကြည်သူများသည် မည်သူ၏ ခေါ်ဘိတ်ခြင်း ခံသောသူများ ဖြစ်ကြသနည်း။...............................

၃။ ယုံကြည်သူများသည် မည်သည့်အရာကို ဆင်ခြင်ရမည်နည်း။...............................

၄။ မောရှေနှင့် သခင်ယေရှုသည် သစ္စာစောင့်ကြပါသလော။............... ​ကျွန်ုပ်တို့လည်းသစ္စာစောင့်သင့်သလော။......

၅။ မောရှေထက် မည်သူကြီးမြတ်သနည်း။............................

၆။ ဖာရိရှဲများက ယေရှုထက် မည်သူကို လေးစားကြသနည်း။...........................

ရ။ အရာခပ်သိမ်းသည် သဘာဝဖြစ်သလား။................ ဖန်ဆင်းသူရှိပါသလား။.......................

၈။ အဘယ့်ကြောင့် ဣသရေလလူများက ယေရှုထက်မောရှေကို လေးစားကြသနည်း။..............................

၉။ ယုံကြည်သူများသည် မည်သူ၏အိမ်တော်ဖြစ်ကြသနည်း။.............................

၁၀။ ဗျာဒိတ်တော်သည် ဘာကိုဆိုလိုသနည်း။............................... 

၁၁။ စိတ်နှလုံးခိုင်မာခြင်းသည် မည်သူ၏သဘောဖြစ်သနည်း။..........................

၁၂။ ဣသရေလလူများသည် အဘယ်ကြောင့်ခါနန်ပြည် မရောက်ကြသနည်း။............................................

၁၃။ ယနေ့ များစွာသောသူများ အဘယ်ကြောင့်ငရဲသွားကြမည်နည်း။.....................................

၁၄။ အဘ့ယ်ကြောင့် ဣသရေလလူများသည် ဘုရား၏အလိုတော်ကို နားမလည်ကြသနည်း။.........................

၁၅။ သင်သည် ဘုရား၏အလိုတော်ကို နားလည်လိုပါသလား။..................................

၁၆။ ဣသရေလလူများသည် ခါနန်ပြည်ကိုဝင်ချင်ပါသလော။.................................. 

၁ရ။ အဘယ်ကြောင့် သူတို့ကို ဘုရားသခင်က ခါနန်ပြည်မဝင်နိုင်ရန် ကျိန်လိုက်သနည်း။............................

၁၈။ ယနေ့ခရစ်ယာန်များလည်း ဘယ်လိုဖြစ်နေကြသနည်း။......................................

၁၉။ အဘယ်ကြောင့် ယုံကြည်သူများ နေ့တိုင်းအချင်းချင်းတွန်းနှိုးဆော် အားပေးဘို့ လိုသနည်း။............................

၂၀။ အောင်မြင်သောသူများသည် မည်ကဲ့သို့သောသူများဖြစ်သနည်း။...................................................

၂၁။ ဣသရေလလူများသည် ဘုရား၏နိမိတ်လက္ခဏာများစွာ တွေ့မြင်ခံစားခဲ့ပါသလား။......................................

၂၂။ အဘယ်ကြောင့်ခါနန်ပြည်မရောက်ကြသနည်း။..................................

၂၃။ ဘုရားသခင်က ဣသရေလလူမျိုးကို နှစ်သက်ပါသလော။............ အဘယ်ကြောင့်နည်း။........................ 

၂၄။ ဣသရေလလူများ ကြုံတွေ့ရသောအရာများသည် အဘယ်ကြောင့်ကျမ်းစာ၌ ရေးထားသနည်း။......................

.

^

ဟေဗြဲ (၄)

ဘုရားသခင်၏ချမ်းသာ

၁။ ထိုကြောင့်၊ ဘုရားသခင်၏ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသောဂတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။

ဘုရားသခင်သည် ဣသရေလလူများကို၊ အဲဂုတ္တုကျွန်မှနှုတ်၍ ဘုရားသခင်၏ ချမ်းသာ (နားခြင်း) တည်းဟူသော၊ ခါနန်ပြည်သို့ ပို့ဆောင်ဘို့ရည်ရွယ်ခဲ့သည်။ ဘုရားသခင်က၊ ခါနန်ပြည်သည်၊ နို့နှင့်ပျားရည်စီးသောပြည်၊ ဟုတင်စားထားသည်။ နို့နှင့်ပျားရည်စီးခြင်းဆိုသည်မှာ၊ မြေဩဇာကောင်း၍ အစာရေစာပေါများ ကြွယ်ဝခြင်းကိုဆိုလိုသည်။ သို့သော်သူတို့သည် မယုံကြည်သောကြောင့် ဝင်ခွင့်မရရှိခဲ့ကြချေ။ ထိုနည်းတူ၊ ယနေ့ယုံကြည်သူများကိုလည်း၊ ဘုရားသခင်က သူ၏ချမ်းသာထဲသို့ ဝင်ခွင့်ပေးနေသည်။ ဆိုလိုသည်မှာ၊ သူကိုယ်တိုင်​ကျွန်ုပ်တို့ကို တာဝန်ယူမှာ ဖြစ်သည်။ သို့သော်စာရေးသူက၊ အချို့တို့သည် ထိုချမ်းသာထဲသို့ မဝင်မှာကို စိုးရိမ်ဘို့သတိပေးထားသည်။ သင် သည် ဘုရားသခင်၏ ချမ်းသာတည်းဟူဟော ဘုရားသခင်၏ကျွေးမွေးစောင့်ရှောက်ခြင်းကို ခံစားပါသလား။ 

၂။ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့်မရောနှောသောကြောင့် အကျိုးကိုမပေး။

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်သည် (ရော ၁၀:၁ရ)။ သို့သော်ကြားရုံဖြင့် ယုံကြည်သည်၊ ဟုမဆိုနိုင်သေးချေ။ ကြားသောအရာကို သဘောတူ လက်ခံမှသာလျှင် ယုံကြည်သည်ဟုဆိုနိုင်သည်။ ဣသရေလလူများသည်၊ နို့နှင့်ပျားရည်စီးသော ခါနန်ပြည်အကြောင်းကို ကြားနေရကြသည်။ သို့သော်သူတို့သည် မယုံကြည်နိုင်ကြချေ။ ထို့ကြောင့် အကျိုးမခံစားခဲ့ကြချေ။ မယုံကြည်သောသူအားလုံးသည် တော၌သေကျေပျက် စီးခဲ့ကြသည်။ ထို့ကြောင့် ယနေ့သင်လည်း ငါသိပြီကြားပြီ၊ ဟုဆိုရုံဖြင့်အကျိုးပေးမည်မဟုတ်ပါ။ ယုံကြည်ဘို့လိုသည်။ ယုံကြည်ခြင်းသည် လုပ်ဆောင်ခြင်း၊ အသက်ရှင်ခြင်းအားဖြင့် ထင်ရှားသည် (ယာကုပ် ၂း၁ရ-၂၂)။

၃။ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုအမျက်ထွက်၍ ငါကျိန်ဆိုသည်၊ ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာ၊ ဟုဆိုလိုသတည်း။

ဟေဗြဲစာရေးသူက၊ “ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ၊ ဘုရားသခင်၏ချမ်းသာထဲသို့ဝင်ရကြ၏။” ဟုဆိုထား သည်။ ချမ်းသာကို "နားခြင်း" "Rest" ဟုသိထားဘို့လိုသည်။ ချမ်းသာတည်းဟူသောနားခြင်းသည်၊ ဘုရားသခင်ကို အမှီပြု၊ အားကိုးသောကြောင့် ပူပင်သောကမရောက်ခြင်းကိုဆိုလိုသည်။ ကိုယ့်ထက်တတ်စွမ်းနိုင်သောသူကို အားကိုး သောအခါ၊ စိတ်ချမ်းသာ၍ အပူအပင်ကင်းသွားကာအနားယူတတ်သည် မဟုတ်လော။ ဘုရားကိုယုံကြည်အားကိုးသောသူသည်၊ အနားယူသောသူဖြစ်သည်။ “ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု၊ အမျက်ထွက်၍ ငါကျိန်ဆိုသည်၊ ဟုလာ၏။” ဤကျမ်းပိုဒ်သည် ဆာလံ ၉၅:၁၁ ကိုကိုးကားခြင်းဖြစ်သည်။ ဣသရေလူများသည်၊ ဘုရားသခင်ကို အနှစ်လေးဆယ်ပတ်လုံး အနည်းနည်းစုံစမ်း၍၊ သူ၏အမှုတို့ကိုမြင်ရသောတောတွင်၊ သူ့ကိုဆန့်ကျင်ဘက်ပြုသည်ဟုဆိုသည်။ ထို့ကြောင့်ဘုရားသခင်သည် သူတို့ကိုရွံရှာသည်။ စိတ်သဘော မှားယွင်းတတ်သောလူမျိုး၊ ဘုရား၏အလေ့အလာတို့ကို နားမလည်ကြချေ။ ထို့ကြောင့်ဘုရားသခင်က သူ၏ချမ်းသာ (rest) တည်းဟူသော၊ ခါနန်ပြည်သို့ ဝင်ခွင့်မရဘို့ရန် ကျိန်ဆိုခြင်းဖြစ်သည်။ “ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်တော်မူရာချမ်းသာဟုဆိုလိုသတည်း။” ချမ်းသာ၏အဓိပ္ပါယ်၊ ဆိုလိုရင်းကိုပြန်ဖေါ်ပြထားသည်။ ချမ်းသာဆိုခြင်းသည်၊ ငြိမ်ဝပ်စွာနေခြင်း၊ အနားယူခြင်းကိုဆိုလိုသည်။ 

၄။ ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍ ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကိုပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏၊ ဟုလာသတည်း။

ဤကျမ်းပိုဒ်သည်၊ "သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ် တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။" (ကမ္ဘာ ၂:၂) ကိုကိုးကားခြင်းဖြစ်သည်။ ဘုရားသခင်သည် ​ခြောက်ရက်အတွင်း ဖန်ဆင်းခြင်းကို ပြုလုပ်၍ ခုနှစ်ရက်မြောက်နေ့တွင် အနားယူသည်။ 

၅။ ထိုကျမ်းစာ၌ တဖန်လာသည်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုလာသတည်း။ ၆။ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာသိတင်းကို ရှေ့ဦးစွာကြားရသောသူတို့သည် မယုံကြည်သောကြောင့်မဝင်ရကြပြီ။

ထိုကြောင့်၊ အချို့တို့သည်ဝင်ရကြ၏” ဟူသောအရာကို ဂရိတ်နှင့်အင်္ဂလိပ်ကျမ်းစာများ၌၊ “အချို့သောသူတို့အတွက် ဝင်စရာရှိသေး၏” “since it remains for some to enter it,” ဟုတွေ့ရသည်။ ထို့ကြောင့်အနားယူခြင်းသည် ခါနန်ပြည်ဝင်ခြင်း တခုတည်းသာဆိုလိုသည်မဟုတ်၊ ဝင်စရာ၊ အနားယူစရာသည် အနာဂတ်မှရှိသေးကြောင်းကို ဖေါ်ပြခြင်းဖြစ်သည်။ “ဝမ်းမြောက်စရာသိတင်းကို၊ ရှေ့ဦးစွာကြားရသောသူတို့သည်၊ မယုံကြည်သောကြောင့်မဝင်ရကြပြီ။” ဟုဆိုရာတွင် ခါနန်ပြည်ဝင်မည့်အရာကို၊ ဘုရားသခင်က ဝမ်းမြောက်စရာသတင်း၊ ဟုဆိုသည်။ သို့သော်မယုံကြည်သော ဣသရေလလူများအတွက်၊ ခါနန်ပြည်ဝင်မည့်အရာသည် ဝမ်းမြောက်စရာသတင်းမဟုတ်ချေ။ ယနေ့လည်း ကောင်းကင်နိုင်ငံဝင်မည့်အရာသည်၊ ဝမ်းမြောက်စရာသတင်းဖြစ်သော်လည်း၊ လူအများစု၊ ခရစ်ယာန်အများစုအတွက် ဝမ်းမြောက်စရာမဟုတ်ချေ။ ထို့ကြောင့်ဝင်နိုင်ကြမည်မဟုတ်။ ကောင်းကင်နိုင်ငံဝင်မည့်အရာသည် သင့်အ တွက် သတင်းကောင်းဖြစ်ပါသလား။ သတင်းကောင်းဖြစ်လျှင် အလွန်ကြားချင်ပေလိမ့်မည်။ မကြားချင်လျှင် သင့်အ တွက် သတင်းကောင်းမဟုတ်ချေ။ 

ရ။ တဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက်ကာလကြာပြီမှ၊ ယနေ့ဟုဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံတခုသောနေ့ရက်ကို သေချာစွာမှတ်သားသတည်း။

ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်၊ ”ဟုဒါဝိဒ်က၊ ဆာ ၉၅:၈ တွင်ဆိုထားသည်။ ဣသရေလလူများ စိတ်နှလုံးခိုင်မာ၍ ၊ ခါနန်ပြည်မဝင်နိုင်ခြင်းသည်၊ ယောရှုလက်ထက်တွင်ဖြစ်၍ ဘီစီ ၁၄၀၀ ခန့်တွင်ဖြစ်သည်။ ဒါဝိဒ်ကစိတ်နှလုံးမခိုင်မာကြနှင့်၊ ဟုဆိုခြင်းသည်၊ ဘီစီ ၁၀၀၀ ခန့်တွင်ဖြစ်သည်။ ထိုအချိန်တွင် ဣသရေလလူများသည်၊ ခါနန်ပြည်၌ နှစ်ပေါင်း ၄၀၀ ကျော်နေထိုင်ခဲ့ကြပြီ။ ထို့ကြောင့်ဒါဝိဒ်ဆိုလိုသောနေ့ရက်သည်၊ ခါနန်ပြည်ဝင်မည့်အရာမဟုတ်ဘဲ၊ အခြားသောနေ့ရက်ဖြစ်မည်၊ ဟုဆိုသည်။ 

၈။ ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည်မှန်လျှင်၊ ထိုနောက်အခြားသောနေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်း။ ၉။ ထိုကြောင့်၊ ဘုရားသခင်၏ လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်းချမ်းသာတမျိုးသည် ကျန်ရစ်သေး၏။ 

ယောရှုသည် ထိုသူတို့ကို ချမ်းသာ (နားရသောအခွင့်) ပေးသည်ဟုဆိုခြင်းသည်၊ ခါနန်ပြည်သို့ ဦးဆောင်ခြင်းကို ဆိုလိုသည်။ ယောရှုကသူ၏ လူမျိုးများကို၊ ခါနန်ပြည်သို့ ဦးဆောင်သွားပြီးပြီဖြစ်သောကြောင့်၊ ခါနန်ပြည်ဝင်မည့်အရာကိုမဆိုလို၊ အခြားသောနေ့ရက်၊ ဘုရားသခင်၏လူတို့ အဘို့ ငြိမ်ဝပ်ခြင်းချမ်းသာတမျိုးရှိသေးသည်ဟုဆိုသည်။ ချမ်းသာတမျိုးသည် အဘယ်အရာဖြစ်မည်နည်း။ ကောင်းကင်နိုင်ငံသို့ဝင်ခြင်း သို့မဟုတ် အနှစ်တစ်ထောင်သို့ဝင်ခြင်း သို့မဟုတ် နေ့စဉ်အသက်တာ၌ ဘုရားကိုအားကိုးခြင်းကြောင့် ပူပန်ခြင်းကင်၍ ငြိမ်သက်ခြင်း ကိုဆိုလိုခြင်းဖြစ်မည်။ 

 ၁၀။ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။

ချမ်းသာကိုငြိမ်ဝပ်စွာနေခြင်း၊ ဟုဤနေရာ၌တိကျစွာပြန်လည်ဖေါ်ပြသည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှုပြီးစီးသောအခါ၊ ငြိမ်ဝပ်စွာနေသည်။ ထို့နည်းတူ၊ ထိုချမ်းသာထဲသို့ဝင်ရသောသူသည်လည်း၊ မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏ဟုဆိုထားရာ၊ ထိုအရာသည် ဘာကိုဆိုလိုသနည်း။ ငြိမ်ဝပ်စွာနေသောသူတို့သည်၊ ဘုရားသခင်ကိုအားကိုးသောသူတို့ ဖြစ်သည်၊ ဟုအငယ် ၃ ၌ဖေါ်ပြခဲ့ပြီးပြီ။ သင်သည် နောင်ဘဝအတွက် ဘုရားကိုအားကိုးပါသလော။ ယခုဘဝနေ့စဉ်အသက်တာအတွက်လည်း ဘုရားသခင်ကိုအားကိုးပါသလော။ အားကိုးလျှင် ငြိမ်သက်ခြင်းရှိလိမ့်မည်၊ မဟုတ်လျှင်ပူပန်သောကရောက်နေမည်။ ထိုသို့အားဖြင့် သင်သည် ဘုရားသခင်၏ ငြိမ်ဝပ်ခြင်း ချမ်းသာထဲသို့ ဝင်မဝင်ကိုစစ်ဆေးသိရှိနိုင်သည်။ 

၁၁။ ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သောစိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။

ဟေဗြဲစာရေးသူက၊ ယုံကြည်သူတိုင်း၊ မယုံကြည်သောဣသရေလလူများကဲ့သို့မလဲဘဲ၊ ထိုချမ်းသာတည်းဟူသောဘုရားသခင်၌ ငြိမ်ဝပ်ခြင်းသို့ ဝင်ကြဘို့ တိုက်တွန်းထားသည်။

နှုတ်ကပတ်တရားတော်

၁၂။ ဘုရား၏နှုတ်ကပတ်တရားတော်သည်၊ အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက်ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။

အဘယ်ကြောင့်စာရေးသူက၊ ဘုရား၏ချမ်းသာပြောနေစဉ်တွင်၊ နှုတ်ကပတ်တော်အကြောင်းကို ရေးသွားသနည်း။ ဘုရားသခင်ကိုယုံကြည်လျှင်၊ သူ၏နှုတ်ကပတ်တော်ကို ယုံကြည်ဘို့လိုသည်။ ထို့ကြောင့်နှုတ်ကပတ်တော်နှင့် ဘုရားကိုခွဲ၍မရပါ။ နှုတ်ကပတ်တော်သည်၊ “အသက်ရှင်” သည်ဟုဆိုသည်။ လူ၏စကားသည်သေသွား၍ တန်ဘိုးမရှိဖြစ်တတ်သည်။ နှုတ်ကပတ်တော်သည်၊ ပြောသောသူကိုယ်တိုင်အသက်ရှင်နေသောကြောင့် အသက်ရှင်ခြင်းဖြစ်သည်။

တန်ခိုးနှင့်ပြုပြင်ခြင်း” နှုတ်ကပတ်တော်သည်တန်ခိုးရှိ၍၊ လူကိုပြုပြင်နိုင်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုဖန်ဆင်း၍၊ ချုပ်ကိုင်ထိမ်းသိမ်းထားသည်။ ထို့ကြောင့်အကျင့်ဆိုးသောလူသားများ၊ မယုံကြည်သောသူများကို ပြုပြင်ပြောင်လဲပေးနိုင်သည်။

သန်လျက်တကာတို့ထက်ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ ” သန်လျက်သည် နှစ်ဖက်ထက်၍ ဝှေ့ရမ်းကာ ထိုးလည်းထိုးနိုင်သည်။ သို့သော်နှုတ်ကပတ်တော်သည်၊ သန်လျက်ထက်ထက်သည်ဟုဆိုသည်။ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ထုတ်ချင်းခွင်းတတ်၏ဟုဆိုသည်။

စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏။” ထို့ကြောင့်တရားဟောဆရာများက၊ နှုတ်ကပတ်တော်ကို ဟောသောအခါ၊ ကြားနာသူများထိ၍ စိတ်ဆိုးတတ်သည်။ ငါ့အကြောင်းကို ဘယ်သူကတရားဟောဆရာကို ပြောသနည်း၊ ဟုသံသယရှိတတ်သည်။ သင်၏အကြောင်းကို၊ တရားဟောဆရာကမသိပါ။ နှုတ်ကပတ်တော်ပြောသောကြောင့်၊ နှုတ်ကပတ်တော်က သင်၏အပြစ်ကို ဖေါ်ပြနေခြင်းဖြစ်သည်။ 

၁၃။ ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌၊ မထင်ရှားသောအရာ တစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။

ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူသည်၊ ဘုရားသခင်ဖြစ်သည်။ သူ့ရှေ့၌အဘယ်အရာကိုမျှ၊ ဖုံး၍မရချေ။ လှို့ဝှက်စွာပြုလုပ်သမျှကို၊ ဘုရားသခင်က အားလုံးသိမြင်နေသည်။ သူ့ရှေ့၌အရာခပ်သိမ်းသည် အကွယ်အကာမရှိဘဲ၊ လှန်ထားလျက်ရှိသည်။ ထိုအရာကိုသိသောသူအနေဖြင့်၊ မိမိအကျင့်ကိုသတိထားရသည်။ မသိသောသူမူကား လုပ်ချင် တိုင်းလုပ်နေကြသည်။ သင်၏လုပ်ဆောင်မှုတိုင်း ဘုရားသခင်ကကြည့်မြင်နေသည်ကို သင်သတိထားမိပါသလား။ သတိထားလျှင် အပြစ်လုပ်ချင်မည်မဟုတ်။ အပြစ်လုပ်မည်ကြံတိုင်း ဘုရားကငါ့ကိုကြည့်နေသည်၊ ဟုသတိရပါ။ 

ယဇ်ပုရောဟိတ်မင်း

၁၄။ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသော၊ ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော၊ ဘုရားသခင် ၏သားတော်ယေရှုသည်၊ ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့။ 

စာရေးသူက၊ အချက်မပေးဘဲ ယဇ်ပုရောဟိတ်မင်းအကြောင်းကို ရေးလိုက်သည်။ ဣသရေလလူများအတွက်၊ ယဇ်ပုရောဟိတ်သည် အလွန် အရေးကြီးသော်လည်း၊ တပါးအမျိုးသားများအတွက် ယဇ်ပုရောဟိတ်၏အလုပ်နှင့် အရာရောက်ပုံကိုမသိသောကြောင့်၊ ဂရုစိုက်ကြမည် မဟုတ်ချေ။ ဣသရေလလူတယောက်သည်၊ ဘုရားကိုးကွယ်လိုလျှင်၊ ချက်ချင်းယဇ်ပုရောဟိတ်ကို သတိရအားကိုးရသည်။ အပြစ်ကျူးလွန်လျှင်လည်း၊ ယဇ်ပုရောဟိတ်မှတဆင့်သာလျှင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်နိုင်သည်။ ကျေးဇူးတော်ချီးမွမ်းလိုလျှင်လည်း၊ ယဇ်ပုရောဟိတ်ကို ကျော်၍မရ။ သူတို့၏အသက်တာ၌၊ ယဇ်ပုရောဟိတ်သည် အလွန်အရေးကြီးသည်။ ထို့ကြောင့်ဣသရေလလူမျိုးအတွက်၊ ယဇ်ပုရောဟိတ် အားကိုးဘို့ပြောလျှင်၊ ချက်ချင်းသဘောပေါက်နားလည်၍၊ တန်ဘိုးလည်းရှိသည်။ 

အဘယ်ကြောင့်ယဇ်ပုရောဟိတ်သည်၊ အရေးကြီးသနည်းဟူမူကား၊ ဘုရားသခင်ကယဇ်ပုရောဟိတ်အားဖြင့်သာ၊ သူ့ကိုချဉ်းကပ်ဘို့ပညတ်ထားသောကြောင့်ဖြစ်သည်။ တပါးအမျိုးသားများအနေဖြင့်လည်း၊ ထိုအရာကိုနားလည်ဘို့လိုသည်။ ယဇ်ပုရောဟိတ်အားမကိုးဘဲ၊ ဘုရားကိုချဉ်းကပ်ပါက၊ ကျိန်ခြင်းအမင်္ဂလာသာလျှင် ရရှိမှာဖြစ်သည်။ယဇ်ပုရောဟိတ်သည် စကားပြန်နှင့်တူသည်။ စကားပြန်မရှိလျှင် အရာရှိနှင့်စကားမပေါက်သောကြောင့် ဘာမျှအကျိုးရရှိမည်မဟုတ်။ စကားပြန်တိုင်းလည်းမတူညီကြပါ။ တော်သောသူနှင့်မတော်သောသူရှိသည်။ မည်သူမျှမတော်၊ အမှားမှားအယွင်းယွင်းစကားပြန်တတ်သူကို အားမကိုးလိုကြချေ။ ခရစ်တော်သည်လည်း ဘုရားထံချဉ်းကပ် ရာတွင်သူ့ကို အားမကိုး၍မရချေ။  ဘုရားသခင်က၊ အာရုန်သားများမဟုတ်တော့ဘဲ၊ မိမိ၏သားတော်ယေရှုကို၊ တလောကလုံးလူသားများအတွက်၊ ယဇ်ပုရောဟိတ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့်၊ ယဇ်ပုရောဟိတ်ယေရှုကို၊ အားကိုးဘို့လိုသည်။ ထိုအရာကိုအခန်းကြီးငါးမှဆက်ပြောသွားမှာဖြစ်သည်။ 

၁၅။ ငါတို့ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်၊ မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို၊ ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။ 

ငါတို့ယဇ်ပုရောဟိတ်မင်းယေရှုသည်၊ ငါတို့ခံရသောဆင်းရဲဒုက္ခများကို၊ ဤလောက၌လူဇာတိအဖြစ်အသက်ရှင်စဉ်တွင်၊ အကုန်အစင်ခံခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားများ၏ဒုက္ခနှင့်ခံစားချက်များကို အားလုံးသိရှိခံစားခဲ့ပြီ။ လူသည်ကိုယ်တိုင်ခံစားမှ သဘောပေါက်၊ ကိုယ်ချင်းစာတတ်သည်။ ထို့ကြောင့်သခင်ယေရှုသည်၊ လူသားများကသဘောပေါက်နားလည်နိုင်ရန်၊ လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူသည်လောက၌နေစဉ်၊ အစဉ်သဖြင့်အပြစ်တင်ခြင်း၊ ဆဲဆူခြင်း၊ စွန့်ပစ်ခြင်း၊ ငတ်မွက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ အသေသတ်ခြင်းများကိုခံခဲ့ရသည်။ ထို့ကြောင့်၊ ငါတို့၏ အခက်အ ခဲနှင့် ခံစားချက်များကိုသိ၍၊ သနားကြင်နာနိုင်သောသူဖြစ်သည်။ သူသည်ထိုကဲ့သို့လောကဒဏ်၊ ဘဝဒဏ်ကို ခံခဲ့ရသော်လည်း၊ ဒုစရိုက်အပြစ်ကိုမကျူးလွန်ခဲ့ချေ။ ထိုသို့သောယဇ်ပုရောဟိတ်ကို ဘုရားသခင်က သင့်အားပေးသည်ကို ဂရုမစိုက်အားမကိုးဘဲ နေမလော။ တန်ဘိုးမထားဘဲလှစ်လျှိုရှုမည်လော။ 

၁၆။ ထိုကြောင့်၊ ငါတို့သည်သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း၊ ခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။

ရုံးသွားသောအခါ၊ စကားပြန်သည်၊ ကိုယ်နှင့်မသိသည်သာမက၊ ကြမ်းတမ်းသောသူ၊ စိတ်ဆိုးစိတ်တိုတတ်သောသူဖြစ်လျှင်၊ သူကိုကြောက်၍ ကောင်းစွာမပြောနိုင်၊ အထစ်ထစ်အ​ငေါ့ငေါ့ဖြစ်နေတတ်သည်။ ထိုသို့မဟုတ်ဘဲ စကား ပြန်သည် ကိုယ်နှင့်ရင်းနှီးသောသူ၊ နားလည်တတ်သောသူဖြစ်လျှင်၊ စိတ်ချ၍အားတက်တတ်သည်။ ကိုယ်ပြောချင်သောအရာများကိုလည်း၊ အကုန်အစင်ပြောဖြစ်၍၊ အားရကျေနပ်တတ်သည်။ ယဇ်ပုရောဟိတ်များလည်း၊ ဘုရားနှင့်လူအကြားရပ်တည်ပေးသောသူဖြစ်သောကြောင့်၊ စကားပြန်ကဲ့သို့ဖြစ်သည်။ ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့၏ခံစားချက်များကို သိသည်သာမက၊ သူကိုယ်တိုင်ခံစားဘူးသောကြောင့်၊ ဘုရာသခင်ထံသို့ချဉ်းကပ်သောအခါ အကောင်းဆုံးပြောပေးမှာဖြစ်သည်။ ထို့ကြောင့်၊ ငါတို့သည်သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း၊ ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့၊ ဟုစာရေးသူက ငါတို့ကိုတိုက်တွန်းအားပေးခြင်းဖြစ်သည်။

အခန်း (၄) မေးခွန်းများ

၁။ ဘုရားသခင်က ဣသရေလလူများကို မည်သည့်နေရာသို့ ပို့ဆောင်လိုသနည်း။..........................................

၂။ ဘုရားသခင်က သင်ကိုမည်သည့်နေရာသို့ ပို့ဆောင်လိုသနည်း။..........................................

၃။ ကြားရသောစကားသည် အဘယ်ကြောင့်အကျိုးမပေးသနည်း။ ..........................................

၄။ ချမ်းသာဟူသောစကား၏အဓိပ္ပါယ်သည် အဘယ်အရာနည်း။..........................................

၅။ မည်သည့်အချိန်၌ အနားယူနိုင်သနည်း။..........................................

၆။ ဘုရားသခင်သည် မည်သည့်နေ့တွင် အနားယူတော်မူသနည်း။............................. 

ရ။ အနားယူခြင်းသည် ခါနန်ပြည်သို့ဝင်ခြင်းကိုသာဆိုလိုသလော။............... အနာဂတ်မှာရှိသေးသလော။....................................

၈။ ဣသရေလများအတွက် ဝမ်းမြောက်စရာသတင်းသည် ဘာကိုဆိုလိုသနည်း။

၉။ ခရစ်ယာန်များအတွက် ဝမ်းမြောက်စရာသတင်းသည် ဘယ်အရာနည်း။.................. ဝမ်းမြောက်ကြပါသလော။.........................

၁၀။ ဒါဝိဒ်ဆိုလိုသောနေ့ရက်သည် ဘယ်အရာကိုဆိုလိုသနည်း။..............................................

၁၁။ ဘုရားသခင်၏လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်းချမ်းသာသည် ခါနန်ပြည်ဝင်ခြင်းကိုဆိုလိုသလော။.........................

၁၂။ ချမ်းသာ၏အဓိပ္ပါယ်ကိုဖေါ်ပြပါ။........................................

၁၃။ မည်သူတို့သည် ငြိမ်ဝမ်ခြင်းချမ်းသာ ခံစားတတ်ကြသနည်း။.......................................... 

၁၄။ ယုံကြည်သူတိုင်း ဘုရားသခင်၏ချမ်းသာ ထဲသို့မည်သို့ဝင်မည်နည်း။.......................................... 

၁၅။ ဘာကိုယုံကြည်မှဘုရား ယုံကြည်သည်ဟုဆိုနိုင်သနည်း။..........................................

၁၆။ နှုတ်ကပတ်တော်သည် အဘယ်ကြောင့်အသက်ရှင်သည်ဟုဆိုသနည်း။..........................................

၁ရ။ နှုတ်ကပတ်တော်သည် ဘာတန်ခိုးရှိသနည်း။.......................................... 

၁၈။ နှုတ်ကပတ်တော်သည် ဘာထက်ထက်သနည်း။.......................................... 

၁၉။ အဘယ်ကြောင့်နှုတ်ကပတ်တော် ဟောပြောသောအခါ စိတ်နာတတ်သနည်း။..........................................

၂၀။ ဘုရားသခင်ရှေ့၌ အဘယ်အရာမျှ ဖုံးကွယ်၍ရပါသလား။ ..........................................

၂၁။ ဣသရေလလူများအတွက် ယဇ်ပုရောဟိတ်သည် အဘယ်ကြောင့်အရေးကြီးသနည်း။.................

၂၂။ တပါးအမျိုးသားများအနေဖြင့် ယဇ်ပုရောဟိတ်၏ အရာရောက်မှုကို သိကြပါသလား။................

၂၃။ ယဇ်ပုရောဟိတ်ယေရှုသည် ငါတို့ခံစားသောဆင်းရဲဒုက္ခများကို ခံစားဘူးပါသလား။........................

၂၄။ ထိုသို့ခံစားခြင်းဖြင့် ဘာအကျိုးရှိသနည်း။..........................................

၂၅။ ဘုရားထံချဉ်းကပ်သောအခါ မည်သူကိုအားကိုးရသနည်း။.......................................... 

၂၆။ ယဇ်ပုရောဟိတ်သည် မည်သူနှင့်တူသနည်း။..........................................

၂ရ။ ဟေဗြဲစာရေးသူက ကျေးဇူးပလ္လင်တော်သို့ မည်ကဲ့သို့ချဉ်းကပ်ဘို့ပြောသနည်း။..........................................

.

^

ဟေဗြဲ (၅)

ယဇ်ပုရောဟိတ်

၁။ လူတို့တွင် ရွေးကောက်သော၊ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာယဇ်ကို၎င်း၊ ပူဇော်၍ လူတို့အတွက်၊ ဘုရားဝတ်ပြုစေခြင်းငှါ၊ ခန့်ထားတော်မူသောသူဖြစ်၏။

လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်းသည်၊ အာရုန်ကိုဆိုလိုသည် (ထွက် ၂၈:၁၊ တော ၁၈:၁-ရ)။ ယဇ်ပုရောဟိတ်မင်းသည်၊ လူများကိုယ်စားဘုရားဝတ်ပြုပေးသောသူဖြစ်သည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ဦးဆောင်၍ ၊ မောရှေနှင့်အာရုန်တို့၏ ဦးဆောင်ခြင်းကို ဆန့်ကျင်ကာ၊ ယဇ်ပုရောဟိတ်ဖြစ်ဘို့ လူ ၂၅၀ တို့ကိုရွေးကောက်ခဲ့ကြသည်။ ထိုအခါဘုရားသခင်က၊ ကောရ၊ ဒါသန်နှင့်အဘိရံတို့ကို မိသားစုအလိုက်မြေမျိုစေခြင်းအားဖြင့်၊ ပရိသတ်ထဲမှဖယ်ရှားခဲ့သည်။ ယဇ်ပုရောဟိတ်ဖြစ်ဘို့၊ သူတို့ရွေးချယ်ထားသော လူ ၂၅၀ တို့လည်း ကောင်းကင်မှမီးကျခြင်းဖြင့်၊ သေကျေပျက်စီးခဲ့ရသည် (တောလည်ရာ ၁၆)။ ရှောလုမင်းလည်း ယဇ်ပုရောဟိတ်ကို မသုံးဘဲ၊ သူကိုယ်တိုင်ယဇ်ပူဇော်ခဲ့သောကြောင့်၊ ထာဝရဘုရားကသူ့ကိုရှင်ဘုရင်အရာမှ၊ ဖယ်ရှားခဲ့သည် (၁ ဓမ္မ ၁၃)။ ယုဒရှင်ဘုရင်၊ ဩဇမင်းလည်း ယဇ်ပုရောဟိတ်အလုပ်ဖြစ်သော၊ နံ့သာပေါင်းမွှေးမီးရှို့ခြင်းကို သူကိုယ်တိုင်လုပ်ဘို့ ကြံစည်သောကြောင့်၊ နဖူး၌ နူနာစွဲခြင်းဖြင့် ဘုရားသခင်၏ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည် (၂ ချုပ် ၂၆:၁၆-၂၁)။ ထို့ကြောင့်၊ ဘုရားသခင်ကိုယ်တော်တိုင် မရွေးကောက်သော သူသည် ယဇ်ပုရောဟိတ်မဖြစ်နိုင်ချေ။ 

၂။ သူသည်ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင်၏။ 

ယဇ်ပုရောဟိတ်မင်းသည်၊ လူများအတွက် ဘုရားဝတ်ပြုပေးသောသူ ဖြစ်သော်လည်း၊ သူတို့ကိုယ်တိုင်လည်း လူသားဖြစ်၍ အပြစ်မကင်းသောကြောင့်၊ လူများ၏အပြစ်ကိုသည်းခံနိုင်သည်။ အကယ်၍ သူသည် အပြစ်ကင်းသောသူ၊ ပြည့်စုံသောသူဖြစ်ပါက၊ လူများ၏ အပြစ်ကိုသည်းခံနိုင်မည်မဟုတ်။ ဥပမာ၊ ကိုယ်တိုင်သူ့ဥစ္စာကိုခိုးလျှင်၊ သူတပါးက   ပစ္စည်းခိုးခြင်းကို ပြောရဲမည်မဟုတ်။ 

၃။ ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့်မိမိအပြစ်ကို၊ ​ဖြေခြင်းငှါပူဇော်ရ၏။ 

ယဇ်ပုရောဟိတ်မင်းသည် သူတပါး၏အပြစ်အတွက်သာမက၊ မိမိအပြစ်အတွက်ကိုလည်း အပြစ် ဖြေရာယဇ်ကိုပူဇော်ရသည်။ ယဇ်ပုရောဟိတ်မင်းသည်၊ အပြစ်ကျူးလွန်မိပါက အပြစ်ဖြေရာယဇ်ပူဇော်မည့်အကြောင်းကို၊ ဝတ်ပြုရာ ၄း၁-၁၂ ၌ဖေါ်ပြထားသည်။ ထိုမျှသာမက၊ နှစ်စဉ်သတ္တမလ (သတင်းကျွတ်လ) ၌သူ၏အပြစ်နှင့် ပရိသတ်များ၏ အပြစ်အတွက်၊ အပြစ်ဖြေရာယဇ်ပူဇော်နည်းကို ဝတ်ပြုရာ ၁၆ ၌ဖေါ်ပြထားသည်။ 

၄။ ဘုရားသခင်သည်၊ အာရုန်ကိုခေါ်တော်မူသကဲ့သို့၊ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ၊ ထိုအရာမြတ်ကိုမသိမ်းမယူရ။

ယဇ်ပုရောဟိတ်ရာထူးသည်၊ ထူးမြတ်သောအရာဖြစ်သည်။ အကြောင်းမှာ လူများနှင့်ဘုရားအကြား၊ အမှုဆောင်ရွက်သောသူ ဖြစ်သည်။ စကားပြန်နှင့်တူသည်။ စကားပြန်များသည်အရာရှိများနှင့်ပေါင်းဖေါ်သောကြောင့်၊ အခွင့်အရေး သာ၍ရတတ်သည်။ ယဇ်ပုရောဟိတ်အရာကို၊ အာရုန်၏အမျိုးအနွယ်မှတပါး၊ အခြားဣသရေလအမျိုးသားများက၊ မဆောင်ရွက်နိုင်ကြောင်းကို အငယ် ၁ ၌ဖေါ်ပြခဲ့ပြီးပြီ။ 

ခရစ်တော်သည်မေလခိဇေဒက်နှင့်တူ

၅။ ထိုနည်းတူ၊ ခရစ်တော်သည်၊ ယဇ်ပုရောဟိတ်မင်းအရာ၌၊ မိမိကိုမိမိချီးမြှောက်သည်မဟုတ်။ သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို၊ ငါဖြစ်ဘွားစေပြီဟု၊ မိန့်တော်မူသောသူသည်၊ ခရစ်တော်ကိုချီးမြှောက်တော်မူ၏။ 

 ခရစ်တော်သည် ကောရအဖွဲ့၊ ရှောလုနှင့် ဩဇိမင်းတို့ ကဲ့သို့၊ သူ့ကိုယ်သူချီးမြှောက်သည် မဟုတ်ဟုဆိုထားသည်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို၊ ငါဖြစ်ဘွားစေပြီဟု၊ မိန့်တော်မူသော သူသည်၊ ခရစ်တော်ကို၊ ချီးမြှောက် တော်မူ၏။ သင်သည် ငါ့သား ဖြစ်၏ဟုဆိုသော သူသည်၊ ထာဝရ ဘုရား ဖြစ်သည် (ဆာလံ ၂:ရ)။ ထို့ကြောင့် ခရစ်တော်သည် ခမည်းတော်ဘုရားက ယဇ်ပုရောဟိတ်အဖြစ် ချီးမြှောက်သည်။

၆။ ထိုသို့နှင့်အညီ၊ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟု လာသတည်း။

ဘုရားသခင်သည် ၊ ခရစ်တော်ကို ယဇ်ပုရောဟိတ် အရာ၌ ချီးမြှောက်မည့် အကြောင်းကို၊ ဆာလံဆရာအားဖြင့် ဤကဲ့သို့ ကြိုတင် ရေးထားခဲ့သည်၊ “ထာဝရ ဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူ။” (ဆာ ၁၁၀:၄)။ မေလခိဇေဒက်အကြောင်းကို အခန်း ရ ၌ ပြန်လည် ဖေါ်ပြပါမည်။ 

ခရစ်တော်၏နားထောင်ခြင်း

ရ။ ထိုခရစ်တော်သည်၊ လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိင် တော်မူသောသူကို၊ ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊

ခရစ်တော်သည် တရာမှာတရာလူ ဖြစ်သကဲ့သို့၊ ဘုရားလည်း ဖြစ်သည်။ သူသည် လူ့ဇာတိ၌ နေစဉ်တွင် သေခြင်းမှ လွတ်မြောက်ဘို့ရန် ဤကဲ့သို့ အော်ဟစ်၍ ဆုတောင်း ခဲ့ဘူးသည်။ ဂေသရှေမန်ဥယျဉ်၌၊ “အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ပ်မှလွှဲ တော်မူပါ။ သို့သော်လည်း အ​ကျွန်ပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသော ဟု၊ ဆုတောင်း တော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍၊ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေးထွက် တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” (လု ၂၂:၄၂-၄၄)။ တပည့်တော် များ၏ အားပေးခြင်းကို မျှော်လင့်သော်လည်း၊ သူတို့သည် အလွန် အိပ်ငိုက်ကြသောကြောင့် လုံးဝအား မပေးနိုင်ကြချေ။ ထို့ကြောင့် ကောင်းကင်တမန်က အားပေးခဲ့သည်။ ဘုရားသား ဖြစ်သော်လည်း၊ လူ့အပိုင်းမှကြောက်ရွံ့၍ အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။

ခရစ်တော်သည် လက်ဝါးကပ်တိုင်တော် မှလည်း ဤသို့ ကြွေးကြော်ခဲ့သည်၊ “မွန်းတည့်အချိန်မှစ၍၊ သုံးချက်တီးအချိန်တိုင်အောင်၊ မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌၊ ယေရှုက၊ ဧလိဧလိလာမာရှာဗသသာနိ၊ ဟုကြီးသော အသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အ​ကျွန်ပ်ဘုရား၊ အ​ကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အ​ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း၊ ဟုဆိုလိုသတည်း။” (မ ၂ရး၄၅-၄၆)။ အထက်ပါ ကဲ့သို့ ခရစ်တော်သည်၊ သေရမှာကြောက်သောကြောင့်၊ အဘခမည်းတော်ထံ၌ ဆုတောင်းခဲ့သည်။ 

၈။ ဘုရားသခင်၏သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့်၊ နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။ 

ခရစ်တော်သည်၊ ဘုရား သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုမရှောင်၊ ခမည်းတော်၏စကားကို တသဝေမတိမ်း နားထောင်ခဲ့သည်။ သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကို မျှမပြုနိင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့ မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော၊ ခမည်းတော်၏အလိုသို့လိုက်၏။” (ယော ၅:၃၀)။ တဖန်၊ “ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီးစီးခြင်းအမှုသည်၊ ငါ့စားစရာ ဖြစ်၏။” (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ခရစ်တော်သည် ဤလောက၌၊ ဇိမ်ခံဘို့၊ တန်ခိုးပြဘို့ မလာပါ။ ခမည်းတော် စကား နားထောင်၍ အလိုတော် ဆောင်ဘို့လာခဲ့သည်။ သို့ဖြစ်လျှင်၊ ယုံကြည်သူများ၊ မည်ကဲ့သို့ အသက် ရှင်သင့်ကြသနည်း။ ဇိမ်ခံဘို့၊ ကောင်းကြီးခံစားဘို့၊ အသက်ရှင်သင့်သလော၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်သင့်သလော။ 

၉။ ထိုသို့ စုံလင်ခြင်းသို့ ရောက်ပြီးမှ၊ ယုံကြည် နားထောင်သောသူ အပေါင်းတို့အား၊ ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူ ဖြစ်တော်မူ၍

ခရစ်တော်သည် ခမည်းတော် စကားကို နားထောင်၍ ၊ အလိုတော် ဆောင်ခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်သည်။ ထို့ကြောင့် ဤသို့ ဆုတောင်း ခဲ့သည်၊ “အ​ကျွန်ပ်သည် မြေကြီး ပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အ​ကျွန်ပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ပ်အပ် ပေးတော်မူ သော အမှုကို၊ အ​ကျွန်ပ်ဆောင်ရွက်၍ပြီးပါပြီ” (ယော ၁ရး၄)။ ထိုသို့ သူ၏ တာဝန်၊ ကယ်တင်ခြင်း လုပ်ငန်းကို အပြီး ဆောင်ရွက်သောကြောင့်၊ သင်နှင့် ​ကျွန်ပ်ကို ကယ်တင်နိုင်ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ​ကျွန်ပ်တို့လည်းကိုယ်တော် ခိုင်းသော အလုပ်ကိုပြီး စီးသည် အထိ ဆောင်ရွက်သင့်သည်။ ပေါလုကဲ့သို့၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:ရ)ဟု ယုံကြည်သူ တိုင်း ဆိုနိုင်လျှင် မည်မျှကောင်းမည်နည်း။ 

ခရစ်တော်သည် မေလခိဇေဒက်နည်းတူ

၁၀။ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု၊ ဘုရားသခင် သမုတ် တော်မူခြင်းကိုခံရ၏။ ၁၁။ ထိုမေလခိဇေဒက်၏ အကြောင်းကို၊ ငါတို့ပြောစရာစကားအများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။

ဘုရားသခင်က ခရစ်တော်ကို မေလခိဇေဒက်ကဲ့သို့သော် ယဇ်ပုရောဟိတ်မင်းဟု ခေါ်သည်။ ဟေဗြဲစာ ရေးသူက မေလခိဇေဒက် အကြောင်းကို၊ များများ ပြောချင်သော်လည်း၊ ဤစာကို ရရှိသော သူတို့သည် ဝိညာဉ် ရေးရာ၌ နုနယ်လွန်းသောကြောင့် အပြောခက်လှသည်ဟုဆိုသည်။ မှန်ပါသည်၊ လူများသည် ဇာတိပိုင်းဆိုင်ရာပြောလျှင်၊ သိလွယ်ကြသော်လည်း၊ ဝိညာဉ် ရေးရာပြောပြလျှင် ကြောင် နေကြ၊ အနေတတ် ကြသည်။ သို့သော်စာရေးဆရာက၊ မေလခိဇေဒက်အကြောင်းကို၊ အခန်း (ရ) ၌ အကျယ်တဝင့်ပြန်လည် ဖေါ်ပြခဲ့သည်။ 

ဝိညာဉ်ပိုင်းခလေးများ

၁၂။ သင်တို့သည်ကာလကြာသောကြောင့်၊ ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌၊ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို၊ သူတပါးထံ၌ တဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍၊ ​ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။

ဟေဗြဲစာကို လက်ခံသော ယုံကြည်သူများအပေါ်၌၊ စာရေးသူကအား မရကြောင်း တွေ့ရသည်။ သူတို့ ယုံကြည်သူ ဖြစ်လာခြင်းသည် ကြာပြီ ဖြစ်၍ ၊ သူတပါးကို သင်ပေးသော ဆရာအဖြစ်သို့ ပင်ရောက်သင့်ပြီ ဖြစ်သော်လည်း၊ ဆရာဖြစ်ဘို့နေနေသာသာ၊ ကယ်တင်ခြင်း အကြောင်းနှင့်၊ ရှေ့ဦးစွာ သင်ရသော သမ္မာတရားများကို၊ သူတပါးထံ၌ သင်ဘို့လိုနေကြသေးသည်။ ​ကြေခဲသော အစာတည်းဟူသော၊ ဝိညာဉ်ရေးရာ၌ အဆင့်မြင့်သောအရာများကို မပြောပြနိုင်ဘဲ၊ နို့တည်းဟူသောတရားနုတို့ကို သာသုံးဆောင်ကြသေးသည်။ ယနေ့ကယ်တင်ခြင်းသို့ရောက်သော၊ ယုံကြည်သူများလည်း မကြီးထွားမရင့်ကျက်ဘဲ၊ သူတို့ကဲ့သို့ပင် ဝိညာဉ်ပိုင်းခလေးများဖြစ် နေကြသည်ကို၊ ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ သင်သည် ဝိညာဉ်ပိုင်းခလေး ဖြစ်နေပါသေးသလော။ ဖြစ်နေသေးလျှင်အမြန် ကြီးထွားရင့်ကျက်ဘို့လိုကြောင်း၊ အသိပေးလိုပါသည်။ ဝိညာဉ်ပိုင်းခလေးဖြစ်ခြင်းဖြင့် ဆုံးရှုံးမှုများစွာရှိသည်။ ဝိညာဉ်ပိုင်းမကြီးထွားမရင့်ကျက်ခြင်းကြောင့်၊ ညစ်ညူးသောအသက်တာကို နှစ်သက်နေသည်။ ကြီးမားသောအလုပ်ကို မလုပ်နိုင်ချေ။ သူတပါးကိုအားကိုး၍၊ ကြည့်ရှုစောင့်ရှောက်ဘို့လိုနေသည်။ လောကသားနှင့်မခွဲနိုင်အောင် တူညီနေမှာဖြစ်သည်။ ဘုရားခိုင်းသောအရာမလုပ်နိုင်ဘဲ၊ ဘုရားဘုန်းတော်ရှုပ်ချစရာ အသက်တာဖြင့်အသက်ရှင်နေမှာဖြစ်သည်။ 

၁၃။ နို့ကို သာသုံးဆောင်သော သူမည်သည်ကား၊ သူငယ် ဖြစ်သောကြောင့်၊ ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။

ဝိညာဉ် ပိုင်းခလေး များသည် နို့ကို သာသုံးဆောင်သည်။ နို့သုံးဆောင်သော သူသည် ခလေးများ၊ လူမမာများနှင့် သက်ကြီးရွယ်အိုများ ဖြစ်သည်။ ထိုသုံးမျိုးစလုံးသည် အလုပ်မလုပ်နိင်၊ သူတို့ကို ကြည့်ရှုဘို့ လိုသည်။ ဇာတိခလေး များသည် ညစ်ညူးသောအရာ များကို မရွံရှာ၊ ကြိုက်နှစ်သက် ကြသည်။ ထို့နည်းတူ ဝိညာဉ် ခလေးများလည်း၊ ကယ်တင်ခြင်းသို့ ရောက်သော်လည်း၊ ကွမ်းယာ၊ ဆေးလိပ်၊ ခိုင်နီး၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများကို မဖြတ်နိင်ကြချေ။ ပျော်ပွဲ၊ ရွှင်ပွဲများ၊ အား ကစားများ၊ ဝါသနာများ ကိုလည်း အလွန် လိုက်စားလို ကြသည်။ ထို့ပြင် ယခုခေတ် တွင်၊ ဝိညာဉ် ခလေးများသည် စမတ်ဖုန်းများ၊ ဖိုက်ဘုတ်၊ အင်တာနက်၊ အီလက်ထောနစ်ပစ္စည်းများနှင့်အချိန် ကုန်တတ်သည်။ ထိုအရာများရှိလျှင် ဘာမျှမလိုတော့ချေ။ ထို့ကြောင့် ​ဖြောင့်မတ်ခြင်း တည်း ဟူသော၊ ဘုရားသခင်၏ အလိုတော် လိုက်ဘို့ရန် လေ့လာခြင်းမရှိ။ စိတ်မဝင်စားကြချေ။ 

၁၄။ ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိင်သော ဥာဏ်ပေးတတ်သော၊ အကြား အမြင် အတွေ့အစမ်းများသော သူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ​ကြေခဲသော အစာအဟာရကို သုံးဆောင်ရကြ၏။

စုံလင်သော အရွယ်ရှိသော သူတည်းဟူသော၊ ဝိညာဉ်ပိုင်းရင့်ကျက်သော သူများသည်၊ ကောင်းကျိုးမကောင်းကျိုးများကို ပိုင်းခြား၍ သိနိုင်သော ဥာဏ်ရှိသည်။ ထို့ သူများသည် အကျိုးမရှိသောအရာ များ အတွက်၊ အချိန်၊ ဘဏ္ဍာနှင့် စွမ်းအား များကို အသုံးမပြုလိုချေ။ ​ကြေခဲသော အစာတည်း ဟူသော၊ နက်နဲသော သမ္မာတရား များကို စိတ်ဝင်စား၍၊ လေ့လာဆည်းဖူးတတ်သည်။ ဘုရား၏ အလိုတော်ကို အလေးထား၍၊ အလိုတော်အတိုင်း အသက်ရှင်လိုသည်။ အဓိပ္ပါယ်မဲ့သော အလုပ်များကို မလုပ်လိုတော့ချေ။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ မဖြစ်သေးလျှင် ဖြစ်လာဘို့လိုသည်။

အခန်း၅ မေးခွန်းများ 

၁။ ယဇ်ပုရောဟိတ်သည် ဘာလုပ်ဘို့ တာဝန် ရှိသနည်း။...................................................  

၂။ ဘုရားသခင် ရွေးကောက်သော ပဌမ ဦးဆုံးယဇ်ပုရောဟိတ်သည် မည်သူနည်း။................................................... 

၃။ ကောရ၊ ဒါသန်၊ အဘိရံတို့ မည်ကဲ့သို့ စီရင်ခြင်း ခံခဲ့ကြသနည်း။...................................................  

၄။ သူတို့ ရွေးကောက်သော ယဇ်ပုရောဟိတ် ၂၅၀ တို့ မည်ကဲ့သို့ သေဆုံးကြသနည်း။................................................... 

၅။ ရှောလုမင်းသည် အဘယ်ကြောင့်ရှင်ဘုရင်အရာမှပယ်ရှားခြင်း ခံခဲ့ရသနည်း။................................................... 

၆။ နဖူး၌ နူနာစွဲသော မင်းသည် မည်သူနည်း။ အဘယ်ကြောင့်ထိုသို့ဖြစ်သနည်း။................................................... 

ရ။ ဘုရား မရွေးကောက်သော သူသည် ယဇ်ပုရောဟိတ် ဖြစ်နိင်ပါသလား။................................................... 

၈။ အာရုန်သည်ကို တိုင်နွမ်းရိအား နည်းသောကြောင့် ဘာတတ်နိင်သနည်း။ ................................................... 

၉။ လူယဇ်ပုရောဟိတ် များသည် သူတို့ကိုယ်တိုင်အတွက် အပြစ် ​ဖြေရာ ယဇ်ပူဇော်ဘို့ လိုပါသလား။................................................... 

၁၀။ ယဇ်ပုရောဟိတ် အပြစ် ​ဖြေရာ ယဇ်ပူဇော်နည်းကို ဘယ်မှာ တွေ့ရသနည်း။................................................... 

၁၁။ ယဇ်ပုရောဟိတ် များသည် မည်သည့်အလုပ်နှင့် တူသနည်း။................................................... 

၁၂။ ခရစ်တော်ကို မည်သူကယဇ်ပုရောဟိတ် အဖြစ် ချီးမြှောက်သနည်း။................................................... 

၁၃။ ခရစ်တော်သည် မည်သူကဲ့သို့သော ယဇ်ပုရောဟိတ် ဖြစ်သနည်း။................................................... 

၁၄။ ခရစ်တော်သည် သေဘို့ရန် ကြောက်ခဲ့ပါသလား။ မည်သို့ သိရသနည်း။...................................................  

၁၅။ သူကို မည်သူက အားပေးရသနည်း။................................................... 

၁၆။ ခရစ်တော်သည် ဤလောက၌ ဇိမ်ခံဘို့ လာခဲ့သလော။ ဘာလုပ်ဘို့ လာခဲ့သနည်း။...................................................  

၁ရ။ ယုံကြည်သူများ၊ ဘာအတွက် အသက် ရှင်သင့်သနည်း။................................................... 

၁၈။ ခရစ်တော်သည် မည်ကဲ့သို့ စုံလင်ခြင်းသို့ ရောက်သနည်း။................................................... 

၁၉။ ခရစ်တော်သည် သူကို ခိုင်းသော အလုပ်ကို တဝက်တပြတ်လုပ်သလော။ မည်ကဲ့သို့ လုပ်သနည်း။................................................... 

၂၀။ ပေါလုလည်း မည်ကဲ့သို့ ဆိုသနည်း။................................................... 

၂၁။ သင်သည် ခရစ်တော်နှင့် ပေါလုကဲ့သို့ ဆိုနိင်သလော။ အဘယ်ကြောင့်နည်း။ ................................................... 

၂၂။ ဘုရားသခင်က ခရစ်တော်ကို မည်သူကဲ့သို့သော ယဇ်ပုရောဟိတ်ဟု ခေါ်သနည်း။................................................... 

၂၃။ အဘယ်ကြောင့်စာရေးသူကမေလခိဇေဒက်အကြောင်းကိုများများ မပြောနိင်ဟုဆိုသနည်း။................................................... 

၂၄။ စာရေးသူကသူ၏ ဝိညာဉ် သားသမီး များအပေါ်အဘယ်ကြောင့်အား မရသနည်း။................................................... 

၂၅။ ဝိညာဉ် ပိုင်းမကြီး ထွားခြင်းဖြင့် ဘာရှုံးဆုံးနိင်သနည်း။................................................... 

၂၆။ သင်သည် ဝိညာဉ် ပိုင်း၌ ခလေး ဖြစ်နေသေးသလော။................................................... 

၂ရ။ ဝိညာဉ် ပိုင်းခလေး များသည် ဘာကို သုံးဆောင်ကြသနည်း။................................................... 

၂၈။ အဘယ်ကြောင့် ယုံကြည်သူများသည် အသောက်အစားမရှောင်နိင်ကြသနည်း။................................................... 

၂၉။ ဝိညာဉ် ခလေး များကို နိင်နေသော နောက်ဆုံးပေါ်ပစ္စည်းများကို ဖေါ်ပြပါ။...................................................  

၃၀။ အဘယ်ကြောင့်​ဖြောင့်မတ်ခြင်း တရားကို စိတ်မဝင်စားကြသနည်း။................................................... 

၃၁။ ရင့်ကျက်သောသူ၊ စုံလင်သော သူတို့သည် ဘာကို စိတ်ဝင်စားသနည်း။................................................... 

၃၂။ စုံလင်သော သူများသည် အကျိုးမရှိသောအရာ များအတွက် ဘာမသုံးချင် သနည်း။................................................... 

.

^

ဟေဗြဲ (၆)

အလင်းသို့ရောက်သောသူ

၁။ ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံတရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင်ဆုံးဖြတ်ခြင်း တည်းဟူသောမူလအမြစ်ကို ငါတို့သည်ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ ဘာသာ၌ အစအဦးဖြစ်သောအကြောင်း အရာတို့ကိုထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။ ၃။ ဘုရားသခင်အခွင့် ပေးတော်မူလျှင်၊ ငါတို့သည်ထိုသို့ ပြုကြမည်။

ဟေဗြဲ ၅ ၌ဤစာကို လက်ခံသူများသည်၊ ဝိညာဉ်ပိုင်း၌ ခလေးဖြစ်ကြောင်း၊ သိခဲ့ရပြီ။ ယခုမူလအမြစ်တည်းဟူသော၊ ဝိညာဉ်ပိုင်း၌ အ​ခြေခံတရားများကို ထားခဲ့၍ ၊ စုံလင်ခြင်း တည်းဟူသော၊ ရင့်ကျက်သောသူဖြစ်ဘို့ နိုးဆော်ထားသည်။ မူလအမြစ်ဖြစ်သော အ​ခြေခံတရားများသည်၊ “သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တ ရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သောသူတို့၏ ထမြောက်ခြင်း၊ ထာဝရစီရင်ဆုံးဖြတ်ခြင်း” တို့ ဖြစ်သည်။ ထိုအရာများသည် ယုံကြည်ခါစလူများကို သင်ပေးသောအရာဖြစ်သည်။ ယနေ့ခရစ်ယာန်များလည်း၊ ထိုအ​ခြေခံတရားများကိုသာလျှင် သင်ပေးဘို့ လိုသည်။ အကြောင်းမှာ၊ ဝိညာဉ်ပိုင်း၌ မမွေးသောသူများ၊ သို့မဟုတ်ခလေးများဖြစ်သောကြောင့်ဖြစ်သည်။ 

၄။ အလင်းသို့ တခါရောက်၍၊ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူခြင်း၊ ၅။ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ ၆။ ရွေ့လျော့ဖေါက်ပြန်သော သူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏ သားတော်ကို၊ လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ အသရေတော်ကို ရှုတ်ချသောသူ ဖြစ်သောကြောင့်၊ နောက်တဖန် နောင်တရအံ့သောငှါ၊ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။ 

အထက်ပါကျမ်းပိုဒ်များသည်၊ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ၊ ဖေါက်ပြန်ခြင်းဟုယူဆကြသည်။ အမှန်မှာဤကျမ်းပိုဒ်များသည်၊ ကယ်တင်ခြင်းသို့ ရောက်သောသူကို ဆိုလိုခြင်းမဟုတ်ချေ။ အကြောင်းမှာ အလင်းသို့ရောက်ခြင်းသည်၊ ဝိညာဉ်တော်နှင့်နှုတ်ကပတ်တော်၏ သွန်သင်မှုကိုခံခြင်းဖြစ်သည်။ ကောင်းကင် ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းသည် ထိုအရာများကို ရရှိသည်ဟု မဆိုနိုင်ချေ။ ထမင်းဟင်း မြည်းစမ်း သောအခါ၊ အရသာသိသော်လည်း၊ ထမင်းစားသည်ဟု မဆိုနိုင်ချေ။ ထို့ကြောင့်အထက်ဖေါ်ပြပါပုဂ္ဂိုလ်သည်၊ ကယ်တင်ခြင်းအကြောင်းကို သိရှိသော်လည်း၊ လက်မခံသောသူဖြစ်သည်။ လက်ထပ်ဘို့ စေ့စပ်ထားသော်လည်း၊ နောက်ဆုတ်သွားသောကြောင့် လက်မထပ်သော သူနှင့် တူသည်။ ထို့သို့သောသူတို့သည်၊ ပြန်လည်ယုံကြည်နိုင်ဘို့ရန် ခက်ခဲသည်။ အကြောင်းမှာ ဦးနှောက်နှင့်သိသော်လည်း၊ နှလုံးသားကလက်မခံနိုင်ချေ။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်ကလည်း၊ သူ့အပေါ်အလုပ်မလုပ်တော့သောကြောင့်၊ မယုံကြည်နိုင်တော့ချေ။ ထို့ကြောင့် သက်သေခံသောသူ၊ သင်တန်းပေးသောသူများကလည်း၊ ကယ်တင်ခြင်းသို့ ရောက်နိုင်သည်အထိ သက်သေခံဘို့၊ သင်ပေးဘို့လိုအပ်သည်။ 

ရ။ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။

ဟင်းသီးဟင်းရွက် ဖြစ်စေသောမြေသည်၊ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာခံတတ်သည်ဟုဆိုသည်။ အကြောင်းမှာ၊ စိုက်ပျိုးသူအတွက် အကျိုးပေးသည်။ ထိုမြေသည် လူ၏စိတ်နှလုံးကို ပုံဆောင်သည်။  မဿဲ ၁၃း၄-၆ အထိဖေါ်ပြသောလူကို မြေနှင့်နှိုင်းထားခြင်းဖြစ်သည်။ မြေသည်မိုးရေကိုသောက်၍၊ လူစားဘို့ရန် ဟင်းသီးဟင်းရွက်ဖြစ်စေသကဲ့သို့၊ စိတ်နှလုံးလည်း ဝိညာဉ်တော်၏ သွန်သင်ခြင်း၊ ဘုရားသခင်၏ ကျေးဇူးခံစားသည့်အတိုင်း၊ ဘုရားသခင်ကို ယုံကြည်၍၊ ဘုရားသခင် မျှော်လင့်သော အသီးကိုသီးလျှင်၊ ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ်သည်။ 

၈။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကို မခံထိုက်။ ကျိန်ခြင်းကို ခံရသောအချိန် နီးသည်ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။

မိုးရေသောက်သော်လည်း၊ ဆူးပင်အမျိုးမျိုးကို ပေါက်သောမြေသည်၊ ပြုစုခြင်းကို မခံထိုက်၊ ကျိန်ခြင်းကိုခံ၍၊ မီးရှို့ဘို့သာသင့်သည်။ ထို့နည်းတူ၊ ကယ်တင်ခြင်း သမ္မာတရားကို၊ တချိန်လုံးကြားနေသော်လည်း၊ ပြောင်းလဲခြင်းသို့မရောက်၊ ဘုရားကိုမယုံကြည်လျှင်၊ ကြည့်ရှုခြင်းကိုမခံထိုက်၊ မီးငရဲအိုင်၌ချဘို့ရန်သာရှိသည်။ 

၉။ ထိုသို့ပြောသော်လည်းချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့်ယှဉ်သောအရာ၊ သာ၍ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက်ရှိကြ၏။

 ဟေဗြဲစာ လက်ခံသော သူတို့သည်၊ ကယ်တင်းခြင်းသို့ ရောက်သောသူများ၊ မဖေါက်ပြန်သောသူများ ဖြစ်သည်ဟု စာရေးသူက ပြောထားသည်။ သူတို့သည် ဝိညာဉ် ပိုင်း၌ ခလေးများဖြစ်ကြောင်း ၅:၁၁ ၌ရေးခဲ့သည်။

၁၀။ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်​ကျွေးသည်သာမက၊ ယခုပင်လုပ်​ကျွေးခြင်း အမှုကို၎င်း၊ ထိုသို့ ပြုသော အားဖြင့် နာမတော်ကို ထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။ 

ဤစာလက်ခံသူများသည်၊ ဝိညာဉ်ရေးရာ၌ နုနယ်ကြသော်လည်း၊ သန့်ရှင်းသူများတည်းဟူသော၊ ယုံကြည်သူများကိုလုပ်ကြွေး၍၊ ဤစာရေးချိန်၌ပင် လုပ်​ကျွေးကြောင်း ဖေါ်ပြထားသည်။ ထိုသို့သန့်ရှင်းသူများ လုပ်​ကျွေးခြင်းကို၊ ဘုရားသခင်က မေ့လျော့မည် မဟုတ်ကြောင်း၊ အသိအမှတ်ပြုမည် ဖြစ်ကြောင်းကို သိစေသည်။ အဘယ်ကြောင့်သူတို့သည် သန့်ရှင်းသူများကို လုပ်​ကျွေးကြသနည်းဟူမူကား၊ ဘုရားသခင်၏ နာမတော်ကို ထောက်၍ မေတ္တာပြခြင်းဖြစ်သည်။ ယနေ့ယုံကြည်သူများလည်း၊ သူတို့ကဲ့သို့ပင်၊ လိုအပ်သောသူများကို ကူညီမစဘို့လိုသည်။ 

၁၁-၁၂။ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့်၊ ဂတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ၊ ကျင့်နိုင်မည် အကြောင်း၊ ထိုသို့သောလုံ့လဝိရိယကိုထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မြော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှါ၊ ငါတို့သည်အလိုရှိကြ၏။

သင်တို့ ရှိသမျှ” သည်ခရစ်ယာန်များ၊ ယုံကြည်သူများကိုဆိုလိုသည်။ “ဂတိတော်တို့ကိုအမွေခံရသောသူတို့” သည်အာဗြံနှင့်သားများကိုဆိုလိုသည်။ စာရေးသူကဤစာ လက်ခံသော သူများသည်၊ ပျင်းရိခြင်းမရှိဘို့ သတိပေးသွားသည်။ ပျင်းရိခြင်းသည် ယုံကြည်သူအထဲ၌ဖြစ်စေ၊ မယုံကြည်သူများအထဲ၌ဖြစ်စေ၊ ပြသနာလူများ ဖြစ်ကြသည်။ အကြောင်းမှာ၊ ပျင်းရိသောသူများ၏ တာဝန်ကို၊ အခြားသောသူများကဖြည့်ဆည်းပေးဘို့ လိုသောကြောင့်၊ သူတပါးကို နစ်နာဆုံးရှုံးစေသည်။ ယုံကြည်သူဖြစ်လာလျှင် မပျင်းရိကြဘို့ရန် တိုက်တွန်းနိုးဆော်လိုပါသည်။ ရှောလမုန်မင်းက၊ “အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွတ်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း၊ ရောက်လာလိမ့်မည်။” ဟုသတိပေးခဲ့သည် (သုတ္တံ ၆:၆-၁၁)

ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့်၊ ဂတိတော်တို့ကိုအမွေခံရသောသူတို့ နည်းတူ၊ ကျင့်နိုင်မည်အကြောင်း၊” ယုံကြည်သူများသည်၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့်၊ ကျင့်ဘို့လိုကြောင်းတွေ့ရသည်။ များစွာသော ယုံကြည်သူများသည်၊ ကယ်တင်ခြင်းအတွက် ယုံကြည်သော်လည်း၊ နေ့စဉ်အသက်တာ၌၊ ဘုရားသခင်က ကူညီမစမည်၊ ဟုစိတ်မချကြသောကြောင့်၊ စိတ်ပင်ပန်းခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်းဖြင့် ပူပန်တတ်ကြသည်။ စာရေးသူကသူ၏ ပရိသတ်များကို ဂတိတော် အမွေခံသောသူ တည်းဟူသောအာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ကဲ့သို့ကျင့်စေချင်သည်။

အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသောမြော်လင့်ခြင်း” အချို့သောယုံကြည်သူများသည်၊ အစပိုင်း၌ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိသော်လည်း၊ နောက်ပိုင်း၌ ဇာတိကြောင့်၊ စိုးရိမ်ပူပန်ခြင်းဖြင့်၊ ဘုရားသခင်နှင့်ဝေးကွာတတ်သည်။ အစကောင်း၍ အဆုံးမကောင်းသည်ထက် အစမကောင်းသော်လည်း၊ အဆုံးကောင်းသောသူသည် သာ၍ကောင်းသည်။ 

၁၃။ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန်မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊ ၁၄။ ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင့်ကိုအစဉ်အမြဲပွါးများစေမည်၊ ဟုကျိန်ဆိုတော်မူ၏။ ၁၅။ ထိုသို့နှင့်အညီ အာဗြဟံသည်သည်းခံလျက်စောင့်နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။

ဘုရားသခင်ကအာဗြဟံကို၊ သူ၏သားဣဇက်ကို ပူဇော်ခြင်းဖြင့် ဆက်ကပ်ခိုင်းသည်။ အာဗြဟံသည်၊ မငြင်းဘဲ သူ့သားကို ဆက်ကပ်သောအခါ၊ ဘုရားသခင်က၊ “သင်သည်ဤအမှုကိုပြု၍၊ သင်၏သား သင်၌တယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊ ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း၊ ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွါးများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုငါ၏စကားကို သင်နားထောင်သောကြောင့်၊ ငါသည် ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏၊ ဟုထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုလေ၏။” (ကမ္ဘာ ၂၂:၁၆-၁၈)

ထိုဂတိတော်အရ၊ ဘုရားသခင်က အာဗြဟံကို၊ အစဉ်အမြဲကောင်းကြီးပေးမည်၊ သူ၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်နှင့် သမုဒ္ဒ​ရာသဲလုံးကဲ့သို့ ပွားများစေဘို့၊ ဂတိပေးထားသည်။ ထိုဂတိတော်ကို အာဗြဟံသည်သည်းခံ၍ စောင့်သည်ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း အာဗြဟံကဲ့သို့၊ စိတ်ရှည်ဘို့လိုသည်။ ဘုရားသခင်သည် ဂတိတော် ပေးသောအခါ၊ သူထက်ကြီးသောသူမရှိသောကြောင့်၊ သူ့ကိုသူတိုင်တည်၍ ကျိန်ဆိုသည်၊ ဟုဆိုသည်။ တိုင်တည်ခြင်းသည် အလွန်အရေးကြီးသည်။ တိုင်တည်သောသူသည် အာမခံကဲ့သို့ဖြစ်သည်။

၁၆။ လူတို့သည် မိမိထက် ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ​ဖြေတတ်၏။

ကျိန်ဆိုခြင်းဆိုသည်မှာ၊ ဂတိပြုခြင်းကိုဆိုလိုသည်။ ထိုသို့ကျိန်ဆိုသောအခါ၊ မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိသည်ဟုဆိုသည်။ အာဗြံကလောတကို ကယ်ပြီးနောက်၊ သောဒုံမင်းထံကျိန်ဆိုသောအရာကို ဤသို့တွေ့ရသည်၊ “သောဒုံမင်းကြီးကလည်း၊ လူတို့ကိုကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့၊ ဟုအာဗြံအား ပြောဆိုလျှင်၊ အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီ၊ ဟုပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာ ကို၎င်း၊ ​ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်းထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ၊ ​ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှငါမယူ၊ ဟုကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်ထာဝရဘုရားရှေ့တော်၌၊ ​ကျွန်ုပ်သည် လက်ကိုချီ၍ အဓိဌါန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအား ပြောဆိုလေ၏။” (ကမ္ဘာ ၁၄:၂၁-၂၄)။ အာဗြံသည် ထာဝရဘုရားနာမအားဖြင့် ကျိန်ဆိုခြင်း ဖြစ်သည်။ ကြီးမြတ်သော နာမအားဖြင့် ကျိန်ဆိုခြင်းသည် ခိုင်ခန့်မြဲမြံ၍၊ ငြင်းခုံစရာမရှိချေ။ 

၁ရ။ ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။ 

ဂတိတော်ကို အမွေခံရသောသူတို့ တည်းဟူသော၊ အာဗြံနှင့်သားများအား၊ ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏၊ ဟုဆိုသည်။ ဘုရားသခင်သည် အကျိန်မပါဘဲနှင့်လည်း အာဗြံကိုပြောနိုင်သည်။ သို့သော် အာဗြံဘက်ကစိတ်ချရလေအောင်၊ အကျိန်အားဖြင့် ဂတိပြုခဲ့သည်။ 

၁၈။ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သောအရာ တည်းဟူသော၊ မဖောက်ပြန် မပြောင်းလဲနိုင်သောအရာ နှစ်ပါးကိုအမှီပြု၍၊ ကိုယ်ရှေ့၌ ထားသော မြော်လင့်ရာကို၊ ခိုလှုံခြင်းငှါ ပြေးသောငါတို့သည်၊ သက်သာအားကြီးကြမည်အကြောင်းတည်း။ 

ဘုရားသခင်၌၊ မုသာမသုံးနိုင်၊ မဖောက်ပြန် မပြောင်းလဲနိုင်ဟူသောအရာ နှစ်ခုရှိသည်။ လူသည် မုသာသုံးနိုင်သည်။ ထိုမျှသာမက၊ ဖောက်ပြန်နိုင်သည်။ ထိုအရာနှစ်ပါးကို အမှီပြု၍ ငါတို့ကို မြော်လင့်ခြင်းပေးသည်။ ထိုမြော်လင့်ခြင်းကို အောက်ကျမ်းပိုဒ်၌ ဖေါ်ပြထားသည်။ 

၁၉။ ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။ 

ယုံကြည်သူများ၏ မြော်လင့်ခြင်းသည်၊ ကုလားကာအတွင်း၌ချရမည်။ ထိုကုလားကာသည်၊ လူနေအိမ်၌ အသုံးပြုသော ကုလားကာကို ဆိုလိုသည်မဟုတ်။ တဲတော် သို့မဟုတ် ဗိမာန်တော်၌၊ သန့်ရှင်းရာဌါနတော်နှင့် အသန့်ရှင်းဆုံးဌါနကို၊ ကာထားသောကုလားကာဖြစ်သည်။ ထိုကုလားကာအတွင်း၊ အသန့်ရှင်းဆုံးဌါန၌ ဘုရားသခင်၏ ပလ္လင်တော်ရှိသည်။ ငါတို့၏မြော်လင့်ခြင်းသည်၊ ဘုရားသခင်အပေါ်၌ ဖြစ်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။ ကျောက်ဆူးသည်၊ သင်္ဘောများရပ်နား သောအခါ ရေလယ်၌ ချထားသောသံဖြစ်သည်။ ကမ်းနားမှာဖြစ်လျှင် သင်္ဘောမမျောသွားဘို့တိုင်များ၊ သစ်ပင်များ၌ ကြိုးဖြင့်ချည်ထားတတ်သည်။ သို့သော် ရေလယ်၌မူ၊ ကျောက်ဆူးကို ရေအောက်ကြမ်းပြင်၌ ချထားတတ်သည်။ ထိုကျောက်ဆူးသည် ယုံကြည်သူများ၏ မြော်လင့်ခြင်းကို ပုံဆောင်သည်။ သင်၏မြော်လင့်ခြင်းသည်၊ ဤလောကနှင့် လောကအရာများ၌ ချထားပါသလော။ သင်၏မြော်လင့်ခြင်းကို ကောင်းကင်သန့်ရှင်းရာဌါန၌ ရှိတော်မူသော၊ ဘုရားသခင်အပေါ်၌ချထားပါ။ 

၂၀။ မေလခိဇေဒက်နည်းတူ ၊ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက် ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူ ဖြစ်တော်မူ၏။ 

အခန်း ၅ ၌ မေလခိဇေဒက်အကြောင်း ပြောဘို့ခက်လှသည်ဟုဆိုခဲ့သော်လည်း၊ ဤနေရာ၌ပြန်လည်ပြောထားသည်။ ထိုအကြောင်းကို အခန်း (ရ) ၌ ပို၍ရေးထားသည်။ မေလခိဇေဒက်နည်းတူ ၊ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ အထက်ကဖေါ်ပြသော၊ ကုလားကာအတွင်း၊ ကောင်းကင်အသန့်ရှင်းဆုံးဌါနသို့ ဝင်ပြီး၊ ယုံကြည်သူများကိုဦးဆောင်၍ ဝင်သွားသည်ဟုဆိုသည်။

အခန်း ၆ မေးခွန်းများ 

၁။ ယုံကြည်ခါစ ခလေးများ၌ သင်ပေးသောအရာများကို ဖေါ်ပြပါ။ ...........................................

၂။ ယနေ့ယုံကြည်သူများ အဘယ်ကြောင့်မူလအမြစ် ပြန်သင်နေကြသနည်း။ ...........................................

၃။ အလင်းသို့ တခါရောက်သောသူသည် မည်သည့်အရာများကို မြည်းစမ်းခဲ့သနည်း။ ...........................................

၄။ မြည်းစမ်းသောသူသည် စားသောသူဖြစ်ပါသလော။ ...........................................

၅။ အလင်းသို့ တခါရောက်သောသူသည် ကယ်တင်ခြင်းသို့ ရောက်သောသူဖြစ်သလော။  ...........................................

၆။ အဘယ်ကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာ မြည်းစမ်းသောသူသည် အသစ်ပြင်ပြင်ခြင်းသို့ မရောက်နိုင်သနည်း။ ...........................................

ရ။ ဟင်းသီးဟင်းရွက် ဖြစ်စေသောမြေသည်၊ ဘာခံအပ်သနည်း။  ...........................................

၈။ မြေသည် မည်သည့်အရာကို ပုံဆောင်သနည်း။ ...........................................

၉။ စိတ်နှလုံးသည် ဘာကိုသီးသင့်သနည်း။ ...........................................

၁၀။ ကယ်တင်ခြင်းသမ္မာတရားကို တချိန်လုံးကြားနေသော်လည်း မပြောင်းလဲသောသူသည် ဘာခံထိုက်သနည်း။ ......................................

၁၁။ ဟေဗြဲစာ လက်ခံသူများသည် ကယ်တင်ခြင်းသို့ရောက်ပါသလော။................. အဘယ်ကြောင့်ထိုသို့ပြောနိုင်သနည်း။  ..................................

၁၂။ သန့်ရှင်းသူများကို လုပ်​ကျွေးခြင်း ပြုလုပ်သင့်ပါသလော။ ...........................................

၁၃။ ပျင်းရိခြင်းသည် အဘယ်ကြောင့်မကောင်းသနည်း။ ...........................................

၁၄။ ပျင်းရိသောသူသည် မည်သူထံ၌ သင်တန်းတက်သင့်သနည်း။  ...........................................

၁၅။ ဂတိတော်များကို အမွေခံသောသူများသည် မည်သူတို့ဖြစ်သနည်း။ ...........................................

၁၆။ အစကောင်း၍ အဆုံးမကောင်း၊ အစမကောင်းသော်လည်း အဆုံးကောင်း၊ မည်သူပိုကောင်းသနည်း။ ........................................... 

၁ရ။ ဘုရားသခင်သည် အာဗြဟံအား ဘာကောင်းကြီးပေးဘို့ ဂတိပေးသနည်း။ ...........................................

၁၈။ အာဗြဟံသည် ဘုရားသခင်ကို စိတ်ချပါသလည်း။.................. မည်ကဲ့သို့သိရသနည်း။  ...........................................

၁၉။ လူတို့သည် အဘယ်ကြောင့်သူတို့ထက်ကြီးမြတ်သောသူများ၏ နာမဖြင့် ကျိန်ဆိုတတ်ကြသနည်း။ ...........................................

၂၀။ ဘုရားသခင်သည် အဘယ်ကြောင့်သူ၏နာမဖြင့် ကျိန်ဆိုသနည်း။  ...........................................

၂၁။ ဘုရားသခင်သည် အဘယ်ကြောင့်အကျိန်အားဖြင့် အာမခံတော်မူသနည်း။  ...........................................

၂၂။ ဘုရား၏အရည်အချင်းနှစ်ခုကိုဖေါ်ပြပါ။ ...........................................

၂၃။ ယုံကြည်သူများ၏ မြော်လင့်ခြင်းကို မည်သည့်နေရာ၌ ချထားရမည်နည်း။  ...........................................

၂၄။ ကုလားကာသည် ဘာကိုဆိုလိုသနည်း။ ...........................................

၂၅။ မြော်လင့်ခြင်းကို ကုလားကာအတွင်း၌ချထခြင်း ဆိုသည်မှာဘာကိုဆိုလိုသနည်း။ ........................................... 

၂၆။ ကျောက်ဆူးသည် ဘာကိုပုံဆောင်သနည်း။ ...........................................

၂ရ။ သင်၏ကျောက်ဆူးကို မည်သည့်အရာ၌ ချထားသနည်း။  ...........................................

၂၈။ ယေရှုသည် ငါတို့ကို မည်သည့်နေရာသို့ ဦးဆောင်၍ ဝင်သွားသနည်း။ ...........................................

.

^

ဟေဗြဲ (၇) 

ယဇ်ပုရောဟိတ်မေလခိဇေဒက်

၁။ မင်းကြီး များကို လုပ်ကြံရာမှပြန်လာသော အာဗြဟံကို ခရီး ဦးကြိုပြု၍ ကောင်းကြီး ပေးပြီးလျှင်၊ ၂။ အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဘို့ တဘို့ ခံယူသော ထိုရှာလင်မင်းကြီး တည်းဟူသောအမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်း မင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊ ၃။ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်း အခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍ ၊ ယဇ်ပုရောဟိတ် အရာ၌ အစဉ်အမြဲတည်၏။

မေလခိဇေဒက်အကြောင်းကို ကျမ်းစာ၌ ဤမျှလောက်သာရေးထားသည်၊ “အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည် လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် ၊ အာဗြံအားကောင်းကြီး ပေးတော်မူပါစေသောဟု၊ အာဗြံအား ကောင်းကြီးပေး၍ ၊ သင်၏ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင် လည်း၊ မင်္ဂလာရှိ တော်မူ စေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအားဆယ်ဘို့ တဘို့ လှုလေ၏။” (က ၁၄:၁၉-၂၀)။

လောတမိသားစုကို ရန်သူများကသိမ်းသွား သောအခါ၊ အာဗြဟံကကယ်နှုတ်ခဲ့သည်။ ထိုအခါ အာဗြဟံကို ရှာလင်မင်းကြီး မေလခိဇေဒက်ကမုန့်နှင့် စပျစ်ရည်နှင့် ကြိုဆိုသည်။ မေလခိဇေဒက်သည် အမြင့်ဆုံးသော ဘုရား၏ ယဇ်ပုရောဟိတ် ဖြစ်သည်ဟုဆိုသည်။ ထိုခေတ်၌ လူသား အားလုံးသည် ရုပ်တုကိုးကွယ်သည်ဟု ထင်ရသော်လည်း၊ ထာဝရ ဘုရားကို ကိုးကွယ်သော သူလည်းရှိကြောင်း တွေ့ရသည်။ သို့သော် မေလခိဇေဒက်၏ အကြောင်းကို၊ ကျမ်းစာ ကအနည်းငယ်သာရေးထားသောကြောင့် သူ၏ အကြောင်းကိုများများ မသိရချေ။

ဟေဗြဲစာရေးသော သူကမေလခိဇေဒက်နှင့် ခရစ်တော် တူညီသော အချက်များကို ရေးထားသည်။ နှစ်ဦးစလုံးသည် မိဘမရှိဟုဆိုသည်။ သခင်ယေရှုသည် လူမိခင် မာရိနှင့် ဖခင်ယောသပ်ရှိသော်လည်း သူတို့သည် မိဘအစစ်များ မဟုတ်။ မယ်တော် မာရိ၏ ဝမ်းကိုငှါး ၍ လူ့ဇာတိခံယူခြင်း သာလျှင် ဖြစ်သည်။ ရှေးမျိုးစဉ်မရှိဟုဆိုရာတွင် သခင်ယေရှုသည် လူ့ဇာတိအားဖြင့် ယုဒအမျိုး ဖြစ်သော်လည်း၊ ဘုရား ဇာတိအားဖြင့် ရှေးမျိုးစဉ်ဆက်မရှိချေ။ မေလခိဇေဒက်၏ အသက် အပိုင်း အခြားကို မသိရချေ။ သခင်ယေရှုသည် လူ့ဇာတိအားဖြင့် သက်တော် ၃၃ အထိ အသက် ရှင်သော်လည်း၊ ဘုရား ဇာတိအားဖြင့် မူထာဝရ အသက် ရှင်သည်။ ထို့ကြောင့် သခင်ယေရှုနှင့် မေလခိဇေဒက်တို့သည် တူညီသည်ဟုဆိုရခြင်း ဖြစ်သည်။ 

မေလခိဇေဒက်သည် အာဗြဟံထက်ကြီး

၄။ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့ တဘို့ လှူ၍ အလှူခံသော ထိုမင်းသည်၊ အဘယ်မျှလောက်ကြီး မြတ်သည်ကို ဆင်ခြင်ကြလော့။

ဣသရေလလူမျိုးများက သူတို့၏အဘအာဗြဟံကို အလွန်လေးစားကြည်ညိုကြသည်။ သို့သော် အာဗြဟံကလှူသော ဆယ်ဘို့တဘို့ကို လက်ခံသော မေလခိဇေဒက်သည်၊ အလွန်ကြီး မြတ်ကြောင်း ဆင်ခြင်ဘို့တိုက်တွန်းသည်။ 

၅။ ယဇ်ပုရောဟိတ်မင်းအရာကို ခံသော လေဝိသား တို့သည် အာဗြဟံအမျိုး ဖြစ်သော သူတည်း ဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှပညတ်တရားအတိုင်း ဆယ်ဘို့ တဘို့ကို ခံရသော အခွင့်ရှိကြ၏။ 

လေဝိသည်ယာကုပ်၏ တတိယသားဖြစ်သည်။ မောရှေနှင့် အာရုန်တို့သည် လေဝိအမျိုးမှ ဖြစ်သည်။ ဘုရားသခင်က လေဝိအမျိုးထဲမှမောရှေကို ခေါင်းဆောင် တင်၍ ၊ သူ၏ အကို အာရုန်နှင့်သား များကို ယဇ်ပုရောဟိတ် အဖြစ် ရွေးကောက်လိုက်သည်။ လေဝိအမျိုးသည် အားလုံးယဇ်ပုရောဟိတ် မဖြစ်ကြချေ။ သို့သော် ယဇ်ပုရောဟိတ် အမျိုးဟုခေါ်၍ ယဇ်ပုရောဟိတ်များ၏ အလုပ်ကူညီသော သူများဖြစ်ကြသည်။ ထို့ကြောင့် လယ်မစိုက်ဘဲ၊ ဣသရေလ လူများ လှူသော ဆယ်ဘို့တဘို့ကို စားကြသည်။ သူတို့သည် ဣသရေလ လူမျိုးဆယ့်နှစ်မျိုးရှိသော မြို့များ၌ နေထိုင်ကြ၍၊ တိရစ္ဆာန်များကို သာမွေးနိင် ကြသည်။ ဆယ်ဘို့တဘို့စား၍ ဘုရားအမှုဆောင်ကြသောကြောင့် အခြားသော ဣသရေလ လူမျိုးများထက်အဆင့်မြင့်သည်။ 

၆။ သူတို့ အမျိုး မဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့ တဘို့ကို ခံလေ၏။ ဂတိတော် တို့ကို ခံရသော သူကိုလည်း ကောင်းကြီး ပေးလေ၏။ ရ။ ကြီးသော သူသည်ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။

မေလခိဇေဒက်သည် လေဝိအမျိုး မဟုတ်သော်လည်း၊ အာဗြဟံလက်မှဆယ်ဘို့ တဘို့ကို ခံသည်။ ထို့အပြင် ဂတိတော်ကို ခံရသော အာဗြဟံကိုလည်း ကောင်းကြီး ပေးသွားသည်။ ကြီးသော သူကငယ်သော သူကို ကောင်းကြီး ပေးတတ်သည်ဟုဆိုသည်။ ထို့ကြောင့် မေလခိဇေဒက်သည် အာဗြဟံထက် ကြီးမြတ်သည်။ 

၈။ ထိုမှတပါး၊ သေတတ်သော သူတို့သည် ယခုအခါ ဆယ်ဘို့ တဘို့ကို ခံလေ့ရှိ၏။ ထိုအခါ မူကား အသက် ရှင်သည်ဟု သက်သေခံခြင်းကို ရသော သူသည် ဆယ်ဘို့ တဘို့ကို ခံရ၏။

သေတတ်သော သူတို့သည် လေဝိအမျိုးကို ဆိုလိုသည်။ သူတို့သည် ဆယ်ဘို့ တဘို့ ခံသည်။ အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် မေလခိဇေဒက်နှင့် ယေရှုခရစ်ကို ဆိုလိုသည်။ သူတို့သည် ထာဝရ အသက် ရှင်သောကြောင့် ဖြစ်သည်။ 

မေလခိဇေဒက်သည် လေဝိအမျိုးထက် ကြီး

၉။ ထိုမှတပါး၊ ဆယ်ဘို့ တဘို့ကို ခံတတ်သော လေဝိသည်၊ အာဗြဟံအားဖြင့် ဆယ်ဘို့ တဘို့ကို ပေးပြီဟုဆိုစရာ အခွင့်ရှိ၏။ ၁၀။ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကို တွေ့ သောအခါ၊ လေဝိသည် မိမိအဘ၏ကိုယ်၌ ရှိသတည်း။

လေဝိအမျိုးသည် ဆယ်ဘို့ တဘို့ ခံတတ်သောကြောင့်၊ ဣသရေလ လူများ အမြင်၌ အဆင့်မြင့် ကြသည်။ သူတို့သည် ဆယ်ဘို့ တဘို့ကို ခံတတ်သော်လည်း၊ သူတို့ကိုယ်တိုင်လည်း အာဗြဟံအားဖြင့် မေလခိဇေဒက်ထံ၊ ဆယ်ဘို့ တဘို့ ပေးပြီဟုဆိုသည်။ အကြောင်းမှာ အာဗြဟံကမေလခိဇေဒက်ထံဆယ်ဘို့ တဘို့ ပေးသောအခါ၊ လေဝိသည် အာဗြဟံ၏ကိုယ်ထဲ၌ ရှိသည်ဟုဆိုသည်။ အမှန်မှာ အာဗြဟံကဆယ်ဘို့ တဘို့ ပေးသောအခါ၊ သား ဣဇက်ပင်မမွေးသေးချေ။ လေဝိသည် ယာကုပ်၏ တတိယသား ဖြစ်၍ ၊ ယာကုပ်သည် ဣဇက်၏သား ဖြစ်သည်။ ထို့ကြောင့် လေဝိသည် အာဗြဟံ၏မြစ်ဖြစ်သည်။ ထို့ကြောင့်အာဗြဟံကဆယ်ဘို့ တဘို့ ပေးသောအခါ မြစ်လေဝိသည် လုံးဝမရှိသေးချေ။ သို့သော် ဟေဗြဲဆရာကသူ၏ အဘအာဗြဟံ၌ ရေတွက်လိုက်သည်။ 

၁၁။ တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ် အမျိုးနှင့် စပ်ဆိုင်လျက်၊ လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ် သည်၊ အာရုန်နည်းတူ မခေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာ အကြောင်း၊ အဘယ်သို့ ရှိသေးသနည်း။

လေဝိအမျိုးယဇ်ပုရောဟိတ်သည် စုံလင်၍ ပြည့်စုံသည် မှန်လျှင်၊ အခြားသော ယဇ်ပရောဟိတ်ကို ပေါ်စရာ မလိုဟုဆိုသည်။ ယခုမူအာရုန်နည်းတူ မခေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ခေါ် တော်မူသော၊ ယဇ်ပုရောဟိတ် ပေါ်ထွန်းသောကြောင့်၊ လေဝိအမျိုးယဇ်ပုရောဟိတ်သည် မစုံလင်ကြောင်း ထင်ရှားသည်။ 

ယဇ်ပုရောဟိတ်အမျိုးပြောင်းလဲ

၁၂။ ယဇ်ပုရောဟိတ် အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။

ယဇ်ပုရောဟိတ် အမျိုးသည် ပြောင်းလဲပြီ။ လေဝိအမျိုးမှယုဒအမျိုးသို့ ပြောင်းလဲသည်။ ထို့ကြောင့် ပညတ်တရားလည်း ပြောင်းလဲဘို့ လိုသည်ဟုဆိုသည်။ ပညတ်တရားပြောင်းလဲသည်ဟုဆိုရာတွင်၊ ကိုယ်ကျင့်တရားပိုင်းပညတ်ဟု ထင်ကြပေလိမ့်မည်။ ပြောင်းလဲသော ပညတ်သည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်မှ၊ လေဝိအမျိုးသားများသာလျှင် ယဇ်ပုရောဟိတ် ဖြစ်ရမည်ဟူသောအရာ ဖြစ်သည်။ ဘုရားသခင်က သခင်ယေရှုကို၊ မေလခိဇေဒက်နည်းတူ အကျိန်အားဖြင့် ရွေးကောက်လိုက်သောကြောင့်၊ ပညတ်တရားအတိုင်း မဟုတ်တော့ချေ။ 

၁၃။ ထိုဗျာဒိတ်တော်ကို ခံရသော သူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက် မျှမပြုရသော အမျိုးနှင့် စပ်ဆိုင်ပေ၏။ ၁၄။ အကြောင်းမူကား၊ ငါတို့ သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက် ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ် အရာနှင့် စပ်ဆိုင်သည်ဟု မောရှေသည် တခွန်းကို မျှ မပြော။

ဗျာဒိတ်တော် ခံရသော သူသည်၊ သခင်ယေရှုကို ဆိုလိုသည်။ သူ၏ အမျိုး ဖြစ်သော ယုဒအမျိုးသည် ယဇ်ပလ္လင်ဝတ်နှင့် မပတ်သက်ချေ။ ဆိုလိုသည် မှာယဇ်ပုရောဟိတ် မျိုး မဟုတ်ချေ။ သို့သော် ဘုရားသခင်က သခင်ယေရှုကို ယဇ်ပုရောဟိတ် အဖြစ် ခန့်သည်။ ဓမ္မဟောင်းကာလ၌၊ ယဇ်ပုရောဟိတ် မဟုတ်သော သူများက၊ ယဇ်ပူဇော် သော အခါ အပြစ်ရှိသည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ဦးဆောင်၍ အသက် ကြီးသူ ၂၅၀ တို့ကို ယဇ်ပုရောဟိတ် ခန့်ကြ သောအခါ၊ ကောရ၊ ဒါသန်နှင့် အဘိရံတို့ကို မြေမျိုစေခြင်းအားဖြင့် အဆုံးစီရင်ခဲ့သည်။ အသက် ကြီးသူ ၂၅၀ တို့လည်း ကောင်းကင်မှ မီးကျကာလောင်​ကျွမ်းခြင်းအားဖြင့် သေခဲ့ကြသည် (တော ၁၆)။ ရှောလုမင်းလည်း၊ ယဇ်ပုရောဟိတ် ရှာမွေလကို မစောင့်နိုင်ဘဲ၊ သူကိုယ်တိုင် ယဇ်ပူဇော်သောကြောင့် ဘုရားသခင်က ရှင်ဘုရင်အရာမှပယ်ခဲ့သည် (၁ ရာ ၁၃)။ ဩဇိမင်းလည်း ဘုရားကောင်းကြီးခံစား လာသောအခါ၊ မာနရှိ၍ နံ့သာပေါင်းမွှေး မီးရှို့ဘို့ ကြံရွယ် သောအခါ၊ နဖူး၌ နူနာခြင်းဖြင့် ဒဏ်ခတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် အာရုန်အမျိုး မဟုတ်ဘဲ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် အလွန် အပြစ်ကြီး၍ ကြောက်စရာ ကောင်းသည်။ သို့သော် သခင်ယေရှုကိုမူ၊ ထာဝရဘုရားကိုယ်တိုင်က ရွေးချယ်ခြင်းဖြစ်သည်။ 

၁၅။ ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည် မှန်လျှင်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီဟု သာ၍ ထင်ရှား၏။

သခင်ယေရှုခရစ်ကို၊ မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ် အရာခန့်ထားသောကြောင့်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီဟု ထင်ရှားသည်။ သို့သော် ထိုအရာကို ဣသရေလများ ကသိကြသည်မဟုတ်။ ခရစ်ယာန်များကလည်း အများအားဖြင့် မသိကြချေ။ 

၁၆။ ထိုယဇ်ပုရောဟိတ်သည်၊ ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက် ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။ ၁ရ။ အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်၊ ဟုသက်သေခံ တော်မူသတည်း။ 

ထာဝရဘုရားက သားတော်ကို ယဇ်ပုရောဟိတ် ခန့်ရာတွင်၊ ဇာတိအားဖြင့် ခန့်ထားသည်မဟုတ်၊ တန်ခိုးတော်အားဖြင့် ခန့်ထားသည်ဟုဆိုသည်။ အမှန်မှာသားတော်ကို ယဇ်ပုရောဟိတ် ခန့်ထားဘို့ရန်သည်၊ ကမ္ဘာမတည်မရှိမှီကတည်းကပင် ရည်ရွယ်ထားသော်လည်း၊ လူများကနားလည်မှာမဟုတ်သောကြောင့်၊ အာရုန်အမျိုးကိုရွေး၍ ယဇ်ပုရောဟိတ်လုပ်စေခြင်းဖြစ်သည်။ လူယဇ်ပုရောဟိတ်သည် အရိပ်ဖြစ်၍၊ သခင်ယေရှု၏ ယဇ်ပုရောဟိတ်ဖြစ်ခြင်းသည်၊ အစစ်သို့မဟုတ် အကောင်အထည်ဖြစ်သည်။ 

၁၈။ ပညတ်တရားသည် အဘယ်သူကိုမျှစုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊ 

ပညတ်တရားသည် လူကို စုံလင်ခြင်းသို့ မပို့နိင်ဟုဆိုသည်။ ပညတ်ဟုဆိုသည် တွင်ကိုယ်ကျင့်တရားပိုင်းဆိုင်ပညတ် ဖြစ်သော၊ မိဘကို ရိုသေပါ၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုး၊ မတပ်မက်ရဟူသောအရာများဟု၊ ချက်ခြင်း မြင်တတ်ကြသည်။ ထိုအရာများသည် ခရစ်တော်လက်ခံပြီး၌လည်း လိုက်လျှောက်ရမည့် အရာများဖြစ်သည်။ သို့သော်ဇာတိ၊ လူ့အစွမ်းဖြင့်မဟုတ်၊ ဝိညာဉ်တော်အားဖြင့် လိုက်လျှောက်မည့် အရာဖြစ်သည်။ 

၁၉။ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သောမြော်လင့်ခြင်း အခွင့်သည်နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့်ငါတို့သည်၊ ဘုရားသခင့်အထံတော်သို့ တိုးဝင််ချဉ်းကပ်ရကြ၏။

အထက်၌ ဖေါ်ပြသော ပညတ်တရားဟောင်းသည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ကို ဆိုလိုသည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်အရ အာရုန်နှင့်သားများသာ ယဇ်ပုရောဟိတ် လုပ်နိုင်သည်။ ဘုရားသခင်က အာရုန်ထံ မောရှေအားဖြင့် ဤသို့ ပညတ်ထားသည်၊ “သင်နှင့်သင်၏သားတို့သည်၊ ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာ အမှု ရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်၊ ဟုမိန့်တော်မူ၏။” (တောလည် ၁၈:ရ)။ သခင်ယေရှု ဤလောကသို့ဆင်း၍ အသေခံပြီး ထမြောက် လာသောအခါ၊ အာရုန်အနွယ်များ၏ ယဇ်ပုရောဟိတ်ဖြစ်ခြင်း ကုန်ဆုံး၍ ၊ သခင်ယေရှုကအစားထိုးလိုက်သည်။ သခင်ယေရှု၏ ယဇ်ပုရောဟိတ်လုပ်ခြင်းသည် သာ၍ကောင်းသည်။ ယဇ်ပုရောဟိတ်အရာသည် လူနှင့်ဘုရားကြား ဆက်ဆံပေးသောသူ ဖြစ်သည်။ ယခုခေတ် စကားပြန် များနှင့်တူသည်။ အင်္ဂလိပ်စကား မတောက်တခေါက်တတ်သောသူထက်၊ အင်္ဂလိပ်စကားကောင်းစွာ ပြောတတ်သောသူ၏ စကားပြန်ခြင်းသည်၊ သာ၍ကောင်းသည်။ ထို့နည်းတူ အာရုန်အနွယ်များ၏ ယဇ်ပုရောဟိတ်ထက် သခင်ယေရှုခရစ်၏ ယဇ်ပုရောဟိတ်ဖြစ်ခြင်းသည် သာ၍မြော်လင့်စရာရှိသည်။ 

ယေရှုသည်အကျိန်အားဖြင့်

၂၀။ ထိုသူတို့သည် အကျိန်တော်မရှိဘဲ၊ ယဇ်ပုရောဟိတ်အရာကို ရကြ၏။၂၁။ ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ် အရာကိုမရ။ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟုကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍၊ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ ၂၂။ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။

အာရုန်အနွယ်ယဇ်ပုရောဟိတ်များသည်၊ အကျိန်အားဖြင့်မဟုတ်ဘဲ၊ အမွေအားဖြင့် ယဇ်ပုရောဟိတ်ရာထူးကို ရရှိကြသည်။ သို့သော်၊ သခင်ယေရှုသည် အမွေအားဖြင့်မဟုတ်ဘဲ၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရော ဟိတ်ဖြစ်သည်၊ ဟုအကျိန်အားဖြင့်ရရှိသည် (ဆာ ၁၁၀:၄)။ ထိုသို့ကျိန်ဆိုခြင်းသည် သခင်ယေရှု လူ့ဇာတိမခံမှီ၊ နှစ်ပေါင်း ၁၀၀၀ ခန့်ကဖြစ်သည်။ ထိုသို့ကျိန်ဆိုပြီးနောက်လည်း ထာဝရဘုရားသည် စိတ်ပြောင်းလဲခြင်းမရှိ၊ ဟုဆိုသည်။ ဆိုလိုသည်မှာ ကျိန်ဆိုသည့်အတိုင်း တည်စေသည်။ ယေရှုသည် အကျိန်တော်အားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိသောကြောင့်၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။

၂၃။ ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍ အများရှိရကြ၏။ ၂၄။ ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။ 

အာရုန်အနွယ် ယဇ်ပုရောဟိတ်များသည်၊ လူဖြစ်ကြသောကြောင့် သေကြသည်။ ထို့ကြောင့်သားစဉ်မြေးဆက် လက်ဆင့်ကမ်းဘို့လိုသည်။ သို့သော်သခင်ယေရှုမူကား ထာဝရအသက်ရှင်သောကြောင့်၊ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်။ အေဒီ ၃၃ မှစ၍ ယခုနေ့ရက်တိုင်အောင် ယဇ်ပုရောဟိတ်ဖြစ်ခဲ့ပြီ။ နောင်၌လည်းဖြစ်ရဦးမည်။ 

ယေရှုအားဖြင့်ချဉ်းကပ်

၂၅။ ထိုကြောင့်၊ အကြင်သူတို့သည်၊ ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည်စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။

လူယဇ်ပုရောဟိတ်များပင်လျှင် အားကိုးရလျှင်၊ ဘုရားဖြစ်သော ယေရှုယဇ်ပုရောဟိတ်သည် အတိုင်းထက်အလွန် ကောင်းသည်။ စကားပြန်မရှိဘဲ ရုံးသွားခြင်းသည်၊ အချည်းနှီးဖြစ်သည်။ အကြောင်းမှာ စကားမပေါက်သောကြောင့်၊ အဘယ်အရာကိုမျှ မပြော၊ မလုပ်နိုင်ချေ။ ထို့ကြောင့်၊ စကားပြန်မပါလျှင် ရုံးမသွားခြင်းက သာ၍ကောင်းသည်။ စကားပြန်လည်း မတောက်တခေါက် စကားနားလည်သောသူထက်၊ မွှတ်နေအောင် စကားနားလည်သောသူကို အား ကိုးပါက၊ အလွန်ကောင်း၍ အရာရောက်သည်။ ထိုနည်းတူ၊ ယဇ်ပုရောဟိတ် ယေရှုအားဖြင့် ဘုရားထံချဉ်းကပ်ပါက၊ အလွန်ကောင်း၍ အရာရောက်သည်။ 

၂၆။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အ​ကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့်တော်သင့် တော်မူ၏။ 

ငါတို့၏ ယဇ်ပုရောဟိတ်သည်၊ လူမဟုတ်သောကြောင့် အပြစ်မရှိ၊ ကောင်းကင်သားအပေါင်း တည်းဟူသောကောင်းကင်တမန်များထက်ပင် မြင့်မြတ်သောကြောင့်၊ ငါတို့အတွက် တော်သင့်သည်ဟုဆိုသည်။ ယေရှုကို ယဇ်ပုရောဟိတ်အဖြစ် နားမလည်သောသူများသည်၊ ကိုယ့်ခံစားချက်နှင့် လုပ်ဆောင်ချက်ကို အမှီပြု၍ ဘုရားကို ချဉ်းကပ်ကြသောကြောင့် အကျိုးမရှိချေ။ 

၂ရ။ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူ ဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာ အကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစေတော်မူပြီ။

လူယဇ်ပုရောဟိတ်များသည်၊ သူတို့ကိုယ်တိုင် အပြစ်ပြုတတ်သောကြောင့်၊ သူတပါးအပြစ်အတွက် သာမက၊ သူတို့ကိုယ်တိုင် အတွက်လည်း အပြစ်​ဖြေရာယဇ် ပူဇော်ရသည်။ သို့သော်၊ သခင်ယေရှုသည် အပြစ်မရှိသောကြောင့်၊ သူကိုယ်တိုင်အတွက် အပြစ်ဖြေရာယဇ် ပူဇော်စရာမလိုချေ။ ထိုမျှသာမက၊ တိရစ္ဆာန်ကို ယဇ်ကောင် အဖြစ်မသုံးတော့ဘဲ၊ သူကိုယ်တိုင်သည် ယဇ်ကောင်အဖြစ်ပေးထားသောကြောင့်၊ ယဇ်ပူဇော်ခြင်း မှန်သမျှကိုပြီး ပြည့်စုံစေပြီ ဖြစ် သည်။ ထိုကြောင့်နောက်ထပ် ယဇ်ပူဇော်စရာ မလိုတော့ချေ။ 

၂၈။ ပညတ်တရားသည် အပြစ်ရှိသော သူတို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။

ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားက၊ အပြစ်ရှိသော အာရုန်နှင့်သား များကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသည်။ ပညတ်တရားနောက်၌ အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့်မူ၊ အစဉ်အမြဲစုံလင်သော သားတော်ကို၊ ယဇ်ပုဟိတ်အရာ၌ ခန့်ထားသည်။ ထို့ကြောင့် ယခင်ယဇ်ပုရောဟိတ် ထက်၊ ယခုယဇ်ပုရောဟိတ်သည် သာ၍ ကောင်းသည်ဟုဆိုလိုခြင်း ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ယဇ်ပုရောဟိတ်နှင့် ယဇ်ပူဇော်ခြင်း များသည်၊ ဣသရေလ လူများနှင့် သာဆိုင်၍ ငါတို့နှင့် မဆိုင်ဟု ထင်မှတ်တတ် ကြသည်။ အမှန်မှာ သူတို့ ပြုလုပ်သောအရာသည် အရိပ် ဖြစ်၍ ၊ ယခု ယေရှုခရစ် ယဇ်ပုရောဟိတ်သည် အစစ်၊ အကောင် ဖြစ်သည်။ ထို့ကြောင့် သာ၍ အရေးကြီးသည်။ သို့သော် ထိုအရာကို မသိသော ခါ၊ ဂရုမစိုက်၊ ပယ်ထား ကြသည်။ ထို့ကြောင့် ဘုရားကိုးကွယ် သောအခါ၊ ကောင်းနိုးရာရာနှင့် ကိုးကွယ်၍ အချည်းနှီး ဖြစ်သည်။ 

                                                 အခန်း ရ မေးခွန်းများ 

၁။ မေလခိဇေဒက်သည် မည်သူနည်း။

၂။ မေလခိဇေဒက်နှင့် ခရစ်တော်၏ တူညီသော အချက်များ ဖေါ်ပြပါ။

၃။ မေလခိဇေဒက်နှင့် အာဗြဟံမည်သူပိုကြီး မြတ်သနည်း။

၄။ လေဝိသည် မည်သူနည်း။ လေဝိအမျိုးမှမည်သူတို့ကို ရွေးကောက်သနည်း။ 

၅။ အဘယ်ကြောင့်လေဝိအမျိုးသည် အခြားသော အမျိုးများထက် ကြီး မြတ်သနည်း။

၆။ ကြီးသော သူကငယ်သော သူကို ဘာပေးရသနည်း။

ရ။ အာဗြဟံကို မည်သူကကောင်းကြီး ပေးသနည်း။

၈။ သေတတ်သော သူသည် မည်သူ ဖြစ်၍ ၊ အသက် ရှင်သော သူသည် မည်သူနည်း။ 

၉။ လေဝိသည် မည်သူထံ၌ ဆယ်ဘို့ တဘို့ ပေးသနည်း။ မည်ကဲ့သို့ ပေးသနည်း။

၁၀။ လေဝိအမျိုးယဇ်ပုရောဟိတ်သည် စုံလင်၍ ပြည့်စုံပါသလော။

၁၁။ ယဇ်ပရောဟိတ်အမျိုးပြောင်းလဲပြီလော။ ရှင်းပြပါ။ 

၁၂။ ပညတ်တရားပြောင်းလဲခြင်းသည် ဘာကိုဆိုလိုသနည်း။

၁၃။ ဘုရား ကမရွေးဘဲ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် မည်မျှကြောက်စရာ ကောင်းသနည်း။ 

၁၄။ ခရစ်တော်ကို မည်သူကယဇ်ပုရောဟိတ်အဖြစ် ရွေးသနည်း။

၁၅။ ခရစ်တော်သည် မည်သူ၏အမျိုးဖြစ်သနည်း။

၁၆။ ထာဝရဘုရားကသားတော်ကို ယဇ်ပုရောဟိတ်ခန့်ရာတွင် ဇာတိအားဖြင့် ခန့်ထားသလော၊ ဘာအားဖြင့် ခန့်ထားသနည်း။ 

၁ရ။ ပညတ်သည် လူကိုစုံလင်စေနိုင်သလော။

၁၈။ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်ဟူသောအရာသည် မည်ကဲ့သို့သော ပညတ်ဖြစ်သနည်း။ 

၁၉။ အာရုန်အနွယ်များသည် ဘာအားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိကြသနည်း။

၂၀။ ယေရှုသည် ဘာအားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိခဲ့သနည်း။

၂၁။ အာရုန်အနွယ်များသည် အဘယ်ကြောင့် ဆက်တိုက်ယဇ်ပုရောဟိတ် မဖြစ်နိုင်သနည်း။ 

၂၂။ ယေရှုသည် အဘယ်ကြောင့်ထာဝရ ယဇ်ပုရောဟိတ် ဖြစ်နိုင်သနည်း။

၂၃။ ယဇ်ပုရောဟိတ် ယေရှုအားဖြင့် ဘုရားကိုချဉ်းကပ်လျှင် ဘုရားသခင်က လက်ခံပါမည်လော။ 

၂၄။ ငါတို့၏ ယဇ်ပုရောဟိတ်သည် အဘယ်ကြောင့်ငါတို့နှင့် သင့်တော်သနည်း။

၂၅။ အဘယ်ကြောင့်နောက်ထပ် ယဇ်ပူဇော်စရာ မလိုတော့သနည်း။ 

၂၆။ ယခင်ယဇ်ပုရောဟိတ်နှင့် ယခုယဇ်ပုရောဟိတ်တွင် မည်သည့်အရာကပို၍ ကောင်းသနည်း။

၂ရ။ အဘယ်ကြောင့် ခရစ်ယာန်များက ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပုရောဟိတ် အကြောင်းမသိကြသနည်း။ 

၂၈။ ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပုရောဟိတ်၏ အလုပ်များ သိဘို့ လိုပါသလော။ အဘယ်ကြောင့်နည်း။ 

.

^

ဟေဗြဲ (၈)

ထိုသို့သောယဇ်ပုရောဟိတ်မင်း

၁။ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌တန်ခိုး အာနုဘော်တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေတော်မူ၏။

အခန်းရ၌ ယေရှုခရစ်သည် ငါတို့၏ ယဇ်ပုရောဟိတ် ဖြစ်ကြောင်း သင်ခဲ့ရပြီ။ သူသည် အာဗြဟံထက် ကြီး မြတ် သည်။ လေဝိအမျိုးထက်လည်း ကြီး မြတ်သည်။ သူသည် မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ် ဖြစ်သည်ဟု သိခဲ့ရပြီ။ သူသည် အာရုန်အမျိုးကဲ့သို့ အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့် ယဇ်ပုရောဟိတ် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ကခန့်ထားသော ယဇ်ပုရောဟိတ် ဖြစ်သည်။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းငါတို့၌ ရှိ၍ ၊ ကောင်းကင်ဘုံခမည်းတော် ဘုရား၏ လက်ျာဘက်မှာထိုင်နေ တော်မူသည်ဟုဆိုသည်။ အဘယ်ကြောင့်ထိုင်နေ တော်မူ သနည်းဟူမူကား၊ သူ၏ အမှု ဆောင်ရွက်စရာပြီး စီးပြီး သောကြောင့် ဖြစ်သည်။ 

၂။ လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ၏။

ယေရှု ယဇ်ပုရောဟိတ် သည်၊ လူယဇ်ပုရောဟိတ် များ ကဲ့သို့ မြေကြီး ပေါ်မှာ လူဆောက်သော၊ တဲတော်၌ အမှု ဆောင်သောသူ မဟုတ်။ လူမဆောက်ဘဲ ဘုရား ဆောက် တော်မူသော ကောင်းကင် တဲတော် စစ်၌ အမှု ဆောင်သောသူ ဖြစ်သည်။ သူသည် ဘုရားဝတ်ကို ပြုသောသူ ဖြစ်သည်ဟုဆိုသည်။ သူကိုယ်တိုင်သည် ဘုရား မဟုတ်လော၊ အဘယ်ကြောင့်ဘုရားဝတ်ပြုသေးသနည်း။ အကြောင်းမှာ သူသည် လူသားများအတွက် ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ သူတို့ကိုယ်စားဘုရားဝတ်ပြုပေးခြင်း ဖြစ်သည်။ 

၃။ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့်ယဇ်ကို ပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည်ဖြစ်၍ ၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာ ယဇ်တစုံတခုရှိရ၏။

ယဇ်ပုရောဟိတ် များသည် ယဇ်ပူဇော်ပေးသော သူများ ဖြစ်၍ ၊ လူများ ကပူဇော်စရာ ယဇ်ကောင်၊ မုန့်များနှင့် စပျစ်ရည်များကို ပေးရသည်။ ကျမ်းစာက၊ “ထိုအခါ ထာဝရ ဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်းမပေါ်မလာရ။” (တရားဟော ၁၆:၁၆) ဟုဆိုထားသည်။ ငါတို့ ယဇ်ပုရောဟိတ်မင်း ဖြစ်သော သခင်ယေရှု၌လည်း ပူဇော်စရာ ယဇ်ရှိဘို့လိုသည်။ ငါတို့အတွက် ပူဇော်မှာ ဖြစ်သောကြောင့် မည်ကဲ့သို့သော ယဇ်ပေးကြမည်နည်း။ များသောအားဖြင့်အကျင့်၊ ကောင်းမှုကုသိုလ်၊ ဆုတောင်းခြင်း၊ ဆယ်ဖို့တဖို့နှင့် အလှူငွေများ၊ ဘုရားတရားကြိုးစားခြင်းများပေးရမည်၊ ဟုထင်မှတ်တတ်ကြသည်။ 

၄။ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီး ပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။

သခင်ယေရှုသည် မြေကြီး ပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရဟုဆိုသည်။ ထို့ကြောင့် ကောင်းကင် တက်ဘို့ လိုသည်။ ရှင်ပြန်ထမြောက် သောအခါ ကောင်းကင်တမန်များက၊ မာဂဒလမာရိထံ၊ “အချင်းမိန်းမ၊ အယ်ကြောင့်ငိုကြွေးသနည်းဟုမေးလျှင်၊ ​ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။ ထိုသို့ ဆိုပြီးမှနောက်သို့ လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း ယေရှု ဖြစ်တော်မူသည်ကို မသိ။ ယေရှု ကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင်သွားသည် မှန်လျှင် အဘယ်မှာ ထားသည်ကို ​ကျွန်မအား ပြောပါ၊ ​ကျွန်မယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့် ဖြစ်သည်ဟု ထင်မှတ်လျက် ဆို၏။ ယေရှုကလည်း မာရိဟု ခေါ် တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။ ယေရှု ကလည်း၊ ငါ့ကို မဘက်နှင့် ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသောသင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသောသင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည်။” (ယော ၂၀:၁၃-၁ရ)

အဘယ့်ကြောင့်သခင်ဘုရား ကမာရိထံ၊ ငါ့ကိုမဖက်နှင့် ဦးဟုဆိုသနည်းဟူမူကား၊ သူသည် ယဇ်ပုရောဟိတ် အနေဖြင့် ခမည်းတော် ထံမတက်ရ သေးသောကြောင့် ဖြစ်သည်။ သူအသက်ချုပ်သောအခါ သူ၏ဝိညာဉ်ကို ခမည်းတော် ထံသို့အပ်နှံခဲ့သည်။ (လု ၂၃:၄၆)။ သူဘေးနားရှိလူဆိုးထံ၌လည်း၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် (လု ၂၃:၄၃) ဟုဆိုခဲ့သည် မဟုတ်လော။ ထို့ကြောင့် သူသည် သင်္ချိုင်းတွင်း၌ အလောင်းမြှုပ်နှံချိန်တွင် သူ၏ဝိညာဉ်သည် ကောင်းကင်သို့ရှိခဲ့သည် မဟုတ်လောဟု မေးစရာရှိသည်။ မှန်ပါသည်၊ သူ၏ဝိညာဉ်သည် ကောင်းကင်တက်ခဲ့ပြီ။ သို့သော် ယဇ်ပုရောဟိတ် အနေဖြင့် မတက်သေးချေ။ ရှင်ပြန်ထမြောက် ပြီးမှသာလျှင် ယဇ်ပုရောဟိတ် အနေဖြင့် တက်ရမှာ ဖြစ်သည်။ ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရာဌါနထဲသို့ ဝင်သောအခါ၊ အဘယ်သူကမျှ သူတို့ကို မထိရချေ။ ထို့ကြောင့် ယေရှုက မာရိထံ၊ ငါ့ကိုမဖက်နှင့် ဦးဟုဆိုခြင်းဖြစ်သည်။ 

၅။ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့ သောအခါ၊ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်၊ ဟုဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင် အရာတို့၏ ပုံပမာအရိပ်နှင့် သာဆိုင်လျက် ဝတ်ကို ပြုနေကြ၏။

 လောကမြေကြီး ပေါ်ရှိတဲတော်၌ ယဇ်ပူဇော်ခြင်းများသည် အရိပ်သာလျှင်ဖြစ်၍ ၊ အစစ်သည် ကောင်းကင်၌ သာလျှင်ရှိသည်။ ယခုအခါ အရိပ်ကုန်၍ အစစ်၌ ပူဇော်ခြင်းများကို ဖေါ်ပြနေခြင်းဖြစ်သည်။ ယနေ့ ခရစ်ယာန်များသည် မောရှေဆောက်ခဲ့သော မြေကြီး တဲတော်ကို မသိကြတော့ချေ။ ထိုအရာသည် အရိပ်ဖြစ်၍ အစစ်သည် ကောင်းကင်၌ရှိသည်။ အရိပ်ကို မသိသောကြောင့် အစစ်ကိုလည်း မသိ၊ တန်ဘိုးလည်း မထားကြချေ။ ယဇ်ပုရောဟိတ်များ ပူဇော်သောအရာသည် အရိပ်များသာလျှင် ဖြစ်သည်။ အစစ်သည် ကောင်းကင် တဲတော်၌ ယဇ်ပုရောဟိတ်ယေရှုက ယူဇော်ခဲ့သည်။

၆။ ထိုမှတပါး၊ ယေရှုသည် သာ၍ မြတ်သော ဂတိတော်တို့၌ တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့် အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ ရ။ ပဌမပဋိညာဉ်တရားသည် အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရားတည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။ ၈။ ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊ ၉။ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ။ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။

သာ၍မြတ်သော ဂတိတော်သည် သာ၍ မြတ်သော ပဋိညာဉ်တရားဖြစ်သည်။ သာ၍မြတ်သော ပဋိညာဉ်တရားသည် ပဋိညာဉ်တရားသစ်ကို ဆိုလိုသည်။ ပဋိညာဉ်တရားသစ်ရှိနိုင်ရန်၊ ပဋိညာဉ်တရားဟောင်းရှိရမည်။ ပဋိညာဉ်တရားဟောင်းသည် ဘုရားနှင့် ဣသရေလ လူများ သိနာတောင်၌ ပြုလုပ်ခဲ့ကြသည်။ ပဋိညာဉ်တရားဟောင်းနှင့် ပတ်သက်၍၊ “ ယခုတွင် သင်တို့သည် ငါ့စကားကို အမှန် နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင်၊ အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ ၆ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်၊ ဟူသောအမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။ ၇ မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ ၈ လူအပေါင်းတို့ကလည်း ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အ​ကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ တညီတညွတ်တည်း ပြန်ပြောကြ၏။” (ထွက် ၁၉:၅-၈) ဟုတွေ့ရသည်။ အထက်ပါ ပဋိညာဉ်တရားကို ဣသရေလလူများက စောင့်ရှောက်လျှင် သူတို့သည်၊ ဘုရား၏ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုးလည်း ဖြစ်ရကြလိမ့်မည်။ ဘုရား၏ဘဏ္ဍာတော်ဖြစ်လျှင် ဘုရား၏ဂရုစိုက်ခြင်း၊ တန်ဘိုးထားခြင်း၊ စောင့်ရှောက်ခြင်း ခံရမည်။ လူလည်း မိမိဘဏ္ဍာကို ဂရုစိုက်၍ စောင့်ရှောက်သည် မဟုတ်လော။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုးဆိုသည်မှာ မင်းများကဲ့သို့ အကောင်းဆုံး ခံစားမည့်အရာကို ဆိုလိုသည်။ ထိုအရာများကို ရရှိဘို့ရန် ဣသရေလ လူများသည် ဘုရားစကားကို နားထောင်ရသည်။ သို့သော် ထိုအရာကို ဘုရားသခင်က ယနေ့ ခရစ်တော် ယုံကြည်သူများကို အခမဲ့ပေးထားကြောင်း ဤသို့ တွေ့ရသည်၊ “သင်တို့မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်း တော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။” (၁ ပေ ၂:၉)။ ယနေ့ယုံကြည်သူများသည် ဘုရားစကား နားထောင်သောကြောင့်မဟုတ်၊ ပဋိညာဉ်တရား စောင့်ရှောက်သောကြောင့်လည်း မဟုတ်၊ ကျေးဇူးတော် သက်သက်ကြောင့် ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက် တော်မူသော အပေါင်းအသင်း ဖြစ်ကြသည်။

တဖန် ထာဝရဘုရားက၊ သင်သည်အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလ အမျိုးအသက်ကြီးသူ ခုနစ်ကျိတ်နှင့်တကွ၊ ထာဝရ ဘုရား အထံတော်သို့တက်၍ ၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။ ၂ သင်တယောက်တည်းသာ ထာဝရဘုရား ထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြ၊ ဟုမောရှေအား မိန့်တော်မူ၏။ ၃ မောရှေ သည်လည်း လူများတို့ ရှိရာသို့လာ၍ ၊ ထာဝရ ဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင် တော်မူ ချက်အလုံးစုံကို၎င်းပြန်ကြား၍ ၊ လူများ အပေါင်းကလည်း၊ ထာဝရ ဘုရား မိန့်တော်မူ သမျှ အတိုင်း၊ အ​ကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်း ပြန်ပြောကြ၏။ ၄ မောရှေသည် ထာဝရ ဘုရား၏ စကားတော် အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက် စောစော ထ၍ ၊ တောင်​ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုးတစ်ဆယ်နှစ်မျိုးနှင့် အမျှကျောက်တိုင်တစ်ဆယ်နှစ်တိုင်ကို၎င်းတည်လေ၏။ ၅ ဣသရေလ အမျိုးသား လူပျိုတို့ကို စေခိုင်းသည် အတိုင်း၊ သူတို့သည် နွားများကို ယူ၍ ထာဝရ ဘုရားရှေ့မှာ မီးရှို့သော ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။ ၆ မောရှေသည် လည်း၊ အသွေးတဝက်ကို အင်တုံ၌ ထည့်၍ ၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။ ၇ ပဋိညာဉ်စာကိုလည်း ယူ၍ ၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ ကလည်း၊ ထာဝရ ဘုရား မိန့်တော်မူ သမျှ အတိုင်း အ​ကျွန်ုပ်တို့ ပြုပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။ ၈ မောရှေသည် လည်း၊ အသွေးကို ယူ၍ လူများ အပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှု အရာတို့တွင် သင်တို့၌ ထာဝရ ဘုရား ဝန်ခံ တော်မူသော ပဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆို၏။” (ထွက် ၂၄:၁-၈)

အထက်ပါ ကဲ့သို့ ဘုရားနှင့် ဣသရေလ လူတို့သည် သိနာတောင်၌ ပဋိညာဉ်ပြုခဲ့ ကြသည်။ ထိုပဋိညာဉ်ကို နွားအသွေးနှင့် တည်စေသည်။ နွားအသွေးကို လူများ အပေါ်နှင့် ပဋိညာဉ်စာ (ကျမ်းစာ) အပေါ်၌ ဖြန်း၍ ဤအသွေးကား ဤအမှု အရာတို့တွင် သင်တို့၌ ထာဝရ ဘုရား ဝန်ခံ တော်မူသော ပဋိညာဉ်၏ အသွေး ဖြစ်သည်ဟု ပြောဆိုသည်။ ဣသရေလ လူတို့သည် ဘုရား စကား နားထောင် ပါမည်၊ ပဋိညာဉ်ကိုလည်း စောင့်ရှောက်ပါမည်ဟု ဂတိပြုခဲ့ကြသော်လည်း၊ စကား မတည်ကြပါ။ ဖေါက်ပြန်၍ ဘုရားကို ပင်မကိုးကွယ်ကြတော့ဘဲ၊ ရုပ်တုများကိုးကွယ် ကြသည်။ ထို့ကြောင့် ဘုရားသခင်က၊ ပဋိညာဉ်တရားသစ်ပေးဘို့ ပြောခြင်း ဖြစ်သည်။ 

ပဋိညာဉ်တရားဟောင်းကို ဘုရားနှင့် ဣသရေလ လူမျိုး အကြား ပြုလုပ် သောကြောင့် အသစ် သည်လည်း ဣသရေလ လူမျိုးများနှင့် သာလုပ်ရမှာ ဖြစ်သည်။ ထို့ကြောင့် ပဋိညာဉ်တရားသည် တပါးအမျိုးသားများနှင့် မဆိုင်ချေ။ 

၉။ နောင်ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ် ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။ ၁၁။ ထိုသူတို့က၊ ထာဝရ ဘုရားကို သိလော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီး ဆုံးသော သူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ၁၂။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။ ၁၃။ ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမ ပဋိညာဉ်တရားကို ဟောင်းစေ တော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာ မည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။

အထက် ဖေါ်ပြပါပဋိညာဉ်တရားသစ် ပြုလုပ် မည့် အရာသည်၊ ယေရမိက ဖေါ်ပြခဲ့ပြီး ဖြစ်သည် (ယေရမိ ၃၁:၃၀-၃၄)။ ခရစ်တော်သည် ထိုပဋိညာဉ်သစ် ပြုလုပ် ဘို့ရန် လာခဲ့သော်လည်း၊ ဣသရေလ လူများ ကသူ့ကို လက်မခံဘဲ သူ့ကို သတ်ခဲ့ ကြသည်။ ထိုသို့ သတ်ခြင်းအားဖြင့် ပဋိညာဉ်သစ်အတွက် အသွေးသွန်းပြီး ခဲ့ကြောင်းသူကိုယ်တိုင်ဤသို့ ဆိုသည်၊ “ထိုအခါ စားလျက် နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့ အားပေးတော်မူ၏။ ၂၇ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ သင်တို့ရှိသမျှသည်သောက်ကြလော့။  ၂၈ ဤခွက်ကားပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှါ သွန်းသောငါ၏အသွေးဖြစ်၏။” (မ ၂၆:၂၆-၂၈)။ ပဋိညာဉ်သစ်ကို ဘေးဒဏ်ကြီးကာလအပြီး ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ဘုန်းတန်ခိုးနှင့် ကြွလာမှ၊ ကျန်ကြွင်းသော ဣသရေလ လူများနှင့် ပြုလုပ်ကြမှာ ဖြစ်သည်။ ပဋိညာဉ်သစ်၌၊ အောက်ပါအချက်လေးချက်ပါဝင်မှာဖြစ်သည်။

(က) ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ် ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။

(ခ) ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။

(ဂ) ထိုသူတို့က၊ ထာဝရ ဘုရားကိုသိလော့၊ ဟုအမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ 

(ဃ) ငါသည် သူတို့ အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်။ ယနေ့ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားပြီးသော သူများသည်၊ ဘုရားနှင့်ပဋိညာဉ် (စာချုပ်) မပြုလုပ်သော်လည်း ပဋိညာဉ်တရားသစ်၏ အကျိုးများ ခံစားကြသည်။ ရှင်ပေါလုက၊ “သင်တို့သည် ငါတို့ စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့ သိ၍ ဘတ်တတ်သော ငါတို့ စာပင် ဖြစ်ကြသတည်း။ အဘယ်သို့ နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသောစာ မဟုတ်။ အသက် ရှင် တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍ ၎င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ ပြုစုသော ခရစ်တော်၏ စာထင်ရှားစွာ ဖြစ်ကြ၏။” (၂ ကော ၃:၂-၃)ဟု ရေးထားသည်။ ယုံကြည်သူများ၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်အားဖြင့်စာရေးပြီ။

ထို့ကြောင့် ယုံကြည်သူများသည် နာမည်ခံ ခရစ်ယာန် များထက် ကျမ်းစာ နားလည်မှတ်မိခြင်း ဖြစ်သည်။ ဒုတိယအချက်အနေဖြင့်၊ “ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။” ဟူသောအရာ လည်း ပြည့်စုံသည်။ ခရစ်တော်က ယုံကြည်သူများကို ကိုယ်စားပြုသော မာဂလဒမာရိထံ၌၊ “ငါ၏ ခမည်းတော် တည်းဟူသောသင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင် တည်းဟူသောသင်တို့၏ ဘုရား သခင့်ထံတော်သို့ ငါတက်ရမည်အကြောင်း အရာကို ကြားပြောလော့ဟု မိန့်တော်မူသည်။” (ယော ၂၀:၁ရ)။ တတိယအချက်အနေဖြင့်၊ ဒုတိယ မွေးဘွားပြီးသော သူများသည်၊ ဘုရား သိပါဟု ပြောနေစရာ မလို။ အားလုံးဘုရား သိကြသည်။ နောက်ဆုံးအချက် ဖြစ်သော၊ “ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း များကို အောက်မေ့ဘဲ နေမည်။” ဟူသော အပြစ် လွှတ်ခြင်း ကိုလည်း ခံစားရသည်။ ထိုအရာအားလုံးကို ဣသရေလ လူများသည် ဒုတိယကြွလာမှခံစားရမှာ ဖြစ်သည်။ 

အခန်း (၈) မေးခွန်းများ

၁။ ငါတို့၌ မည်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းရှိသနည်း။ အားလုံး ဖေါ်ပြပါ။

၂။ အဘယ်ကြောင့်ငါတို့ ယဇ်ပုရောဟိတ်သည် ထိုင်နေတော်မူသနည်း။

၃။ ယေရှုသည် မည်သည့်တဲတော်၌ ဘုရားဝတ်ကို ပြုသနည်း။

၄။ အဘယ်ကြောင့်သူသည် ဝတ်ပြုသနည်း။

၅။ ငါတို့၏ ယဇ်ပုရောဟိတ်၌ ပူဇော်စရာယဇ်ရှိဘို့ လိုသည်။ ဘာပေးကြမည်နည်း။ 

၆။ ယေရှုသည် သင်္ချိုင်းတွင်း၌ အလောင်းရှိစဉ်တွင် သူ၏ဝိညာဉ် ဘယ်မှာရှိသနည်း။

ရ။ အဘယ်ကြောင့်ယေရှုက မာရိထံ၊ ငါ့ကို မဖက်နှင့်ဦးဟုဆိုသနည်း။

၈။ ယေရှုသည် မြေကြီး ပေါ်မှယဇ်ပုရောဟိတ် လုပ်နိုင်သလော။ 

၉။ မြေကြီးပေါ်မှ ယဇ်ပူဇော်ခြင်း များသည် အဘယ်အရာများ ဖြစ်၍ ကောင်းကင် ပေါ်မှပူဇော်ခြင်း များသည် ဘာ ဖြစ်သနည်း။

၁၀။ ဘုရားနှင့် ဣသရေလ လူများ ဘာပြုခဲ့ကြသနည်း။ 

၁၁။ ဣသရေလ လူများ ကဘာလုပ်ဘို့ ဂတိပြုခဲ့ကြသနည်း။ 

၁၂။ ဘုရား ကဘာပြုမည်နည်း။

၁၃။ ပဋိညာဉ်တရားကို ဘာနှင့် အတည်ပြုခဲ့သနည်း။ 

၁၄။ အဘယ်ကြောင့် ဘုရားသခင်က ပဋိညာဉ်တရားသစ်ပေးမည်ဟုဆိုသနည်း။ 

၁၅။ ပဋိညာဉ်တရားသည် တပါးအမျိုးသားများနှင့် ဆိုင်ပါသလော။

၁၆။ တဲတော် အကြောင်းကို ခရစ်ယာန်များသိကြပါသလော။ အဘယ်ကြောင့်နည်း။

၁ရ။ ပဋိညာဉ်တရားဟောင်းသည် မည်သူနှင့် မည်သူ အကြား ပြုသနည်း။ 

၁၈။ ပဋိညာဉ်တရားသစ်သည် မည်သူနှင့် မည်သူ အကြား ပြုမည်နည်း။

၁၉။ ပဋိညာဉ်တရားစောင့်ပါက ဘုရားက ဣသရေလလူများကို ဘာဖြစ်စေမည်နည်း။ 

၂၀။ အဘယ်ကြောင့်ပဋိညာဉ်တရားသစ်ပေးရသနည်း။

၂၁။ ခရစ်ယာန်များသည် ပဋိညာဉ်ပြုကြပါသလော။ 

၂၂။ ခရစ်ယာန်များသည် ပဋိညာဉ်တရားသစ်၏ အကျိုးခံဘာကို ခံစားကြသနည်း။ 

၂၃။ ဣသရေလ လူများသည် မည်သည့်အချိန်၌ ပဋိညာဉ်တရားသစ် ပြုလုပ်ကြမည်နည်း။

Part B (ဆက်ဖတ်ရန်)

 MORE AT BOOKSTORE

 YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG