BOOKSTORE
HOME  BOOKSTORE  COMMENTARY REVELATION PART-5

 

(ဗျာ ၁-၂) | (ဗျာ ၃-၇) | (ဗျာ ၈-၁၄) | (ဗျာ ၅-၂၀) | (ဗျာ ၂၁-၂၂)

ဗျာဒိတ်ကျမ်း ၂၁

ကောင်းကင်သစ်နှင့် မြေကြီးသစ်

၁။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒ​ရာမရှိ။

                ကောင်းကင်သစ်နှင့် မြေကြီးသစ်သည်၊ အနှစ်တထောင် အုပ်စိုးခြင်းကိုလည်း၊ ဆိုလိုတတ်သည် (ဟေရှာ ၆၅:၁ရ-၂၅)။ သို့သော်၊ ယခုရေးသော အထက်ပါ ကောင်းကင်သစ်နှင့် မြေကြီးသစ်သည်၊ ထာ၀ရကာလတွင် ရှိမည့်အရာဖြစ်သည်။ ရှေးကောင်းကင်နှင့် ရှေးမြေကြီး ဟုဆိုသောအရာသည်၊ ယခု​ကျွန်ုပ်တို့ နေထိုင်သောမြေကြီးနှင့် ကောင်းကင်ဖြစ်သည်။ မြေကြီးသစ်၌ သမုဒ္ဒ​ရာမရှိတော့ချေ။ သမုဒ္ဒ​ရာမရှိလျှင် မိုးတိမ်၊ မိုးရွာခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လည်းရှိတော့မည်မဟုတ်ချေ။ 

၂။ သန့်ရှင်းသောမြို့ တည်းဟူသော ယေရုရှလင်မြို့သစ်သည်၊ မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ 

              ယေရုရှလင်မြို့သည် နှစ်ခုရှိသည်။ မြေကြီးယေရုရှလင်နှင့် ကောင်းကင်ယေရုရှလင်တို့ဖြစ်သည်။ မြေကြီးယေရုရှလင်သည်၊ ယခုအစ္စရေးနိုင်ငံတွင်ရှိ၍၊ မြေကြီးပျက်စီးသောအခါ ပါသွားပြီးပြီဖြစ်သည်။ ယခုရေးသော ယေရုရှလင်မြို့သစ်သည်၊ မြေကြီးသစ်နှင့် ဆိုင်သောမြို့ ဖြစ်၍၊ အနာဂတ်မှာ ရှိသေးသည်။ မြို့သည် အဆောက်အဦးများကို ဆိုလိုတတ်သော်လည်း၊ လူမရှိလျှင် အဓိပ္ပါယ်မရှိချေ။ သခင်ယေရှုက၊ "အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာ၀ရဘုရား၏အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသော၊ ဟုသင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကိုမမြင်ရကြ၊ ဟုမိန့်တော်မူ၏။" (မဿဲ ၂၃:၃ရ-၃၉) ဟုဆိုရာတွင် သခင်ယေရှုက၊ အဆောက်အဦးများကို ဆိုလိုသည်မဟုတ်၊ အထဲမှာနေသော လူများကို ဆိုလိုကြောင်း ထင်ရှားသည်။ ထိုကြောင့် ယေရုရှလင်မြို့သစ် သည်လည်း လူများကို ဆိုလိုခြင်းဖြစ်မည်။

              "မင်္ဂလာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင်လျက်" ဟုဆိုသောကြောင့်၊ လှလှပပပြင်ဆင် ထားခြင်းကို ဆိုလိုသည်။ အသင်းတော်သည် ခရစ်တော်၏ မိန်းမဖြစ်ကြောင်း (၂ ကော ၁၁:၂၊ ဧဖက် ၅:၂၅-၂၆) တို့၌ တွေ့ရသည်။ သို့သော်၊ ပဌမနှင့် ဒုတိယရာစုနှစ်၌ ရှိသော အသင်းတော်များနှင့်၊ ခေတ်အဆက်ဆက်၌ နှိပ်စက်ခြင်းခံသော အသင်းတော် အနည်းငယ်သာလျှင်၊ ဤလောက အညစ်အ​ကြေးနှင့် ညစ်ညူးခြင်း မရှိဘဲ၊ သန့်ရှင်းကြသည်။ အသင်းတော် အများစုသည်၊ ဤလောကကို ချစ်လွန်းသောကြောင့်၊ ညစ်ညူးစွာနှင့် ချီဆောင်ခြင်း၌ ခရစ်တော်ကို တွေ့ရကြမှာဖြစ်သည်။ ယခု ယေရုရှလင်မြို့သစ် တည်းဟူသော၊ ယုံကြည်သူများသည် လောကနှင့် ညစ်ညူးခြင်း မရှိတော့သောကြောင့်၊ သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် တွေ့ရခြင်းဖြစ်သည်။

                 "ကောင်းကင်ဘုံမှ ဆင်းသက်သည်" ဟုဆိုသောကြောင့် ဘုရားသခင်ထံမှ ဖြစ်သည်။ အသင်းတော်၊ သို့မဟုတ် ယုံကြည်သူများသည်၊ ချီဆောင်ခြင်း၌ ကောင်းကင်တက်၍၊ အနှစ်တထောင်ကာလတွင်၊ ဤလောက၌ ခရစ်တော်နှင့် အုပ်စိုးရမှာ ဖြစ်သည်။ ယခုကောင်းကင်မှ ဆင်းသက်ခြင်းသည်၊ အနှစ်တထောင်ကာလ အပြီးတွင်ဖြစ်၍ မြေကြီးသစ်တွင်ဖြစ်သည်။ 

၃။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်း၀ပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။

               ဘုရားသခင်၏ တဲတော်သည်၊ ဘုရားကျိန်း၀ပ် တော်မူသော နေရာဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်အတူ ကျိန်း၀ပ်တော်မူမည် ဟုဆိုသည်။ ဘုရားသခင်က လူကိုဖန်ဆင်းခြင်းသည်၊ သူနှင့်အတူနေ၍ မိဿဟာယဖွဲ့ဘို့ရန် ဖြစ်သည်။ သို့သော် လူသည် အစအဦးမှစ၍ အပြစ်ကြောင့် ညစ်ညူးသွားသည်။ ထို့ကြောင့် သန့်ရှင်းသော ဘုရားသခင်နှင့် ညစ်ညူးသောလူသည်၊ ပေါင်းဖေါ်၍ မရတော့ချေ။ သို့သော် လူအထဲမှ အပြစ်များကို ခရစ်တော်အားဖြင့် ဘုရားသခင်က ဖယ်ရှားလိုက် သောအခါ၊ လူသည်သန့်ရှင်းလာ၍ သူနှင့်အတူ ပေါင်းဖေါ်၍ ရလာပြီဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူများ၏ ဘုရားဖြစ်၍ လူတို့လည်း ဘုရား၏လူများ ဖြစ်လာကြလိမ့်မည်။ ထိုအရာသည် ဘုရားသခင်က၊ ဣသရေလ လူများထံ ဂတိပေးခဲ့သော အရာဖြစ်သည်။ ဘုရားသခင်က၊ "နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဥ်တရားဟူမူကား၊ ငါထာ၀ရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသူတို့က၊ ထာ၀ရဘုရားကို သိလော့၊ ဟုအမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်း တယောက်ကိုတယောက် ဆုံးမဩ၀ါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်၊ ဟုထာ၀ရဘုရား မိန့်တော်မူ၏။" (ယေရမိ ၃၁:၃၃-၃၄)။

၄။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသော အရာတို့သည် ရွေ့သွားကြပြီ။ 

                  ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို၊ သုတ်တော်မူမည် ဟုဆိုသောကြောင့်၊ ကောင်းကင်၌ မျက်ရည်ရှိသေးသလောဟု၊ မေးစရာဖြစ်လာသည်။ မျက်ရည်သည် ၀မ်းနည်းမျက်ရည်၊ ၀မ်းမြောက်မျက်ရည်နှင့် ကြောက်ရွံ့မျက်ရည်ဟူ၍ ရှိသည်။ ယခုသုတ်မည့် မျက်ရည်သည်၊ ၀မ်းနည်းမျက်ရည် ဖြစ်နိုင်သည်။ အကြောင်းမှာ နောက်သဖန် သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရဟု ဆိုသောကြောင့်၊ ယုံကြည်သူများ မြေကြီးပေါ်၌နေစဥ် ဒုက္ခဆင်းရဲ ခံရခြင်းအတွက် ကျသောမျက်ရည် ဖြစ်နိုင်သည်။ ထိုမျက်ရည်သည် ကောင်းကင် ရောက်ခါစ၌ ရှိသောမျက်ရည်ဖြစ်မည်။ အကြောင်းမှာ နောက်ထပ်ဒုက္ခ ဆင်းရဲမရှိ၊ ရှေးဖြစ်ဘူးသော အရာတို့သည် ရွေ့သွားကြပြီ၊ ဟုဆိုသည်။ 

၅။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကလည်း၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊ ဟုမိန့်တော်မူ၏။ တဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏ဟူ၍၎င်း၊ 

                 ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည်၊ ဘုရားသခင်ဖြစ်သည်။ သူသည် ခပ်သိမ်းသော အရာတို့ကို အသစ်ဖန်ဆင်းသည်၊ ဟုဆိုသည်။ ထိုခပ်သိမ်းသော အရာတို့သည် ကောင်းကင်၊ မြေကြီးနှင့် အထဲ၌ ရှိသောအရာ အားလုံးဖြစ်သည်။ ပဌမကောင်းကင်နှင့် မြေကြီးသည် စာတန်ကြောင့် ညစ်ညူးခဲ့သည်။ ထို့ကြောင့်ဘုရားသခင်က၊ အရာခပ်သိမ်းကို အသစ်ပြန်ဖန်ဆင်းခြင်းဖြစ်သည်။ ထိုအသစ်သောအရာကို စာတန်က၊ မညစ်ညူး စေနိုင်တော့သောကြောင့်၊ ထာ၀ရကာလတိုင် တည်တန့်မည့်အရာဖြစ်သည်။ ဘုရားသခင်သည် မုသာကို မပြောနိုင်၊ မှန်သောသမ္မာတရားကိုသာ ပြောနိုင်သည်။ ထို့ကြောင့် ထိုအရာကို ယောဟန်အား ရေးမှတ်ထားခိုင်းခြင်းဖြစ်သည်။ 

၆။ အမှုပြီးပြီ။ ငါသည်အာလာဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။ 

                  "အမှုပြီးပြီ" ဟူသောအရာသည်၊ အဘယ်အရာနည်း။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက် ​ခြောက်ရက်နေ့တွင် လူကိုဖန်ဆင်းကာ သတ္တမနေ့တွင် အနားယူသည်ဟုဆိုသည် (ကမ္ဘာ ၂:၂-၃)။ သို့သော် စာတန်က လူကို လှည့်ဖျား၍၊ အပြစ် ကျူးလွန် ချိန်မှစ၍၊ ဘုရားသခင်သည် အနားမယူနိုင်တော့ဘဲ အမြဲအလုပ်လုပ်ဘို့ လိုလာသည်။ ထို့ကြောင့် "ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ် တော်မူသည်ဖြစ်၍၊ ငါသည်လည်းလုပ်၏၊ ဟုပြန်ပြောတော်မူ၏။" (ယော ၅:၁ရ)။ ခရစ်တော်က လက်၀ါးကပ်တိုင်တော်ပေါ်တွင် အမှုပြီးပြီ (ယော ၁၉:၃၀) ဟုဆိုသော်လည်း၊ ထိုအရာသည် ကယ်တင်ခြင်း လုပ်ငန်းနှင့် ပတ်သက်သောအရာ ကိုသာခြုံထားသည်။ ခရစ်တော်အားဖြင့် လူများ ကယ်တင်ခြင်းလုပ်ငန်း၊ ပြီးစီးသွားသော်လည်း ဘုရားသခင်၌၊ လုပ်စရာ များစွာရှိသေးသည်။ သို့သော် စာတန်ကို မီးအိုင်ထဲချပစ်၍၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖန်ဆင်း သောအခါ၊ နောက်ထပ်ဘာမျှ လုပ်စရာ မလိုတော့သောကြောင့်၊ အမှုပြီးပြီဟုဆိုရခြင်းဖြစ်သည်။

              "ငါသည် အာလာဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အစနှင့် အဆုံးလည်းဖြစ်၏။" ဗျာ (၁) ၌ ဖေါ်ပြပြီး သကဲ့သို့ အာလာဖနှင့် ဩမေဃသည် ဂရိတ် (ဟေလသ) ဘာသာ၏ အက္ခရာ ပဌမဦးဆုံးနှင့် နောက်ဆုံးဖြစ်သည်။ အာလာဖရှေ့၌ အဘယ်အက္ခရာမရှိ သကဲ့သို့၊ ဘုရားသခင့်ရှေ့၌ အဘယ်အရာမျှမရှိချေ။ ထို့နည်းတူ ဩမေဃနောက်၌၊ အဘယ်အက္ခရာမျှမရှိတော့ သကဲ့သို့၊ ဘုရားသည် နောက်ဆုံးလည်းဖြစ်သည်။ ငါသည် အာလာဖနှင့် ဩမေဃ ဖြစ်သည်၊ ဟုဘုရားသခင်ကသာလျှင် ဆိုနိုင်သည်။ ဖန်ဆင်းထားသောလူနှင့် ကောင်းကင်တမန်များက မဆိုနိုင်ချေ။

             "ရေငတ်သောသူကို အဘိုးမပေးဘဲ ပေးမည်" ဟုဆိုသည်။ ထိုရေသည် သောက်သုံးရေ မဟုတ်ဘဲ၊ ၀ိညာဥ်ရေဖြစ်သည်။ လူတိုင်း၏ ၀ိညာဥ်သည် ဘုရားကို ဆာငတ်သည် (ဆာ ၄၂:၁၊ ၅)။ ထို၀ိညာဥ်ဆာငတ်ခြင်းသည် လောကအရာအားဖြင့် မပြေစေနိုင်ချေ။ ဘုရားကိုယ်တိုင်ကသာလျှင် ပြေစေနိုင်သည် (ယော ရ:၁၄)။ မိတ်ဆွေ၊ သင်၏၀ိညာဥ်သည် ဘုရားသခင်ကို ငတ်ကြောင်း သိပါသလော။ လောကအရာများအားဖြင့် ၀ိညာဥ်အငတ်ပြေဘို့ မကြိုးစားဘဲ၊ ဘုရားအားဖြင့်သာလျှင် အငတ်ပြေဘို့၊ ဘုရားထံတော်သို့ ချဥ်းကပ်ပါ။ 

ရ။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံ ရလိမ့်မည်။ ငါသည်သူ၏ ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။  

            "အောင်မြင်ခြင်း"သည်ယုံကြည်ခြင်း ဖြစ်ကြောင်း ယောဟန်ကဤသို့ ရေးထားခဲ့သည်၊ " ဘုရားသခင်၏သား ဖြစ်သောသူမည်သည်ကား၊ လောကကိုအောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။" (၁ ယော ၅:၄)။

            "ဤအရာတို့ကို အမွေခံ ရလိမ့်မည်" အမွေခံရမည့် ဤအရာတို့သည် "အသက်ရေ" ဖြစ်သည်။ ယုံကြည်သောသူသည် အသက်ရေကို အမွေခံရကြလိမ့်မည်။ ရေငတ်သောသူအတွက် ရေသည် အလွန်တန်ဘိုးရှိသော်လည်း ရေမငတ်သောသူအတွက် ရေသည်ဘာမျှမဟုတ်ချေ။

              "ါသည် သူ၏ ဘုရားသခင်ဖြစ်မည်" ဟူသောအရာသည် ဘုရားသခင်ကို အလွန်ကြည်ညိုသော သူအတွက် အလွန်တန်ဘိုး ကြီးသည်။ ဘုရားသခင်ကို ဂရုမစိုက်သော သူအတွက်မူ အဓိပ္ပါယ်မရှိ၊ တန်ဘိုးလည်းမရှိချေ။

               "သူသည်လည်း ငါ့သားဖြစ်မည်" သားတော်ကို ယုံကြည်သောသူသည် ဘုရားသား ဖြစ်ရသောအခွင့် ပေးသည်ဟု (ယော ၁:၁၂) ၌တွေ့ရသည်။ အရာရှိသား၊ သူဌေးကြီး၏သား၊ သမတသားများဖြစ်နိုင်လျှင် လူအများစုက လိုချင်ကြမည်။ ထိုမျှမက ဘုရား၏သား ဖြစ်ခြင်းသည် မည်မျှလိုချင်စရာ ကောင်းသနည်း။

၈။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း၊ ငါ့အားမိန့်တော်မူ၏။

             ဒုတိယသေခြင်း တည်းဟူသော၊ ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ ဆင်းသွားမည့်သူများ၏ အကျင့်များကို ဖေါ်ပြထားသည်။ သူတို့သည် ထိုအကျင့်များကြောင့် မီးအိုင်ထဲသို့ ရောက်သွားကြခြင်း မဟုတ်ဘဲ၊ ဘုရားကို မကိုးကွယ်ခြင်း၊ မယုံကြည်ခြင်း၊ ခရစ်တော်ကို လက်မခံခြင်းကြောင့်၊ ထိုအကျင့်များကို ကျင့်ကြ၍၊ မီးအိုင်ထဲသို့ ဆင်းရကြမှာဖြစ်သည်။ အဘယ့်ကြောင့် ကြောက်တတ်သောသူသည် မီးအိုင်ထဲသို့ ဆင်းရသနည်း။ ကြောက်တတ်သောသူ ဟုဆိုရာတွင်၊ ဘုရားသခင်ကို ယုံကြည်ဘို့ရန် ကြောက်တတ်ခြင်းကို ဆိုလိုသည်။ လူများစွာတို့သည် ဘုရားသခင်နှင့် သူပေးသောအသက်ကို လိုချင်သော်လည်း မယူရဲကြချေ။ အကြောင်းမှာ ဘုရားကို ယုံကြည်ပါက၊ မိသားစုအသိုင်းအဝိုင်းမှ ပယ်မှာကို ကြောက်ကြသည်။ အလုပ်ပြုတ်မှာ၊ ရာထူးကျမှာ၊ လူများ၏ သရော်မှာကို ကြောက်သောကြောင့်၊ ဘုရားကို မယုံကြည် လက်မခံရဲကြချေ။

၉။ နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်စုံသော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ခင်ပွန်း တည်းဟူသော မင်္ဂလာဆောင် သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက်၊ 

"နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်စုံသော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင်" ဟူသော ၀ါကျသည် နာမ၀ိသေသနဖြစ်သည်။ ထိုအရာကို ဖြုတ်လိုက်ပါက ကောင်းကင်တမန် တပါးသည် ဟုနားလည်ရသည်။ ထိုကောင်းကင်တမန်က ယောဟန်ကို နှုတ်ဆက်၍၊ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟုဆိုသည်။ ထိုသတို့သမီးသည် အသင်းတော် ဖြစ်ကြောင်း (ဗျာ ၁၉:ရ) ၌ဖေါ်ပြခဲ့ပြီးပြီ။ 

၁၀။ ကြီးမြင့်သောတောင်သို့ ၀ိညာဥ်တော်အားဖြင့် ငါ့ကိုဆောင်သွား၍၊ သန့်ရှင်းသော ယေရုရှလင်မြို့သည်၊ ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။                                                                                                     အငယ် (၂ )၌ ဖေါ်ပြခဲ့ပြီးသော ယေရုရှလင်မြို့သစ်ကို၊ ယခုတဖန် ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။ ယေရုရှလင်မြို့သည် ဘုရား၏ ဘုန်းတော်နှင့် ပြည့်စုံသည် ဟုဆိုသည်။ ထိုဘုန်းကို အောက်၌ ဆက်လက် ဖေါ်ပြသွားသည်။

၁၁။ ထိုမြို့၏ အရောင်အ၀ါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။                                                                 ယေရုရှလင်မြို့သည် ကျောက်သလင်း၊ နဂါးသွဲ့ကျောက် (jasper)နှင့် တူသည်ဟုဆိုသည်။  

၁၂-၁၃။ ကြီးမြင့်သောမြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌ သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါးတဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါးရှိ၏။ ဣသရေလအမျိုး တဆယ်နှစ်မျိုး၏ နာမတို့သည်၊ ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။                                                                                                                                                             ယေရုရှလင်မြို့သစ်သည် ကြီးမြင့်သော မြို့ရိုးရှိသည်ဟုဆိုသည်။ မြို့ရိုးသည် ရှေးခေတ်၌ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ အကြောင်းမှာ မြို့ရိုးသည် ရန်သူများ ဘေးမှကာကွယ်သောအရာ ဖြစ်သည်။ သို့ဖြစ်လျှင် ယေရုရှလင်မြို့သစ်၌၊ ရန်သူများရှိဦးမည်လော။ ထိုမြို့ရိုးသည် ကာကွယ်ရေးအတွက် မဟုတ်တန်ရာ။ အကြောင်းမူကား၊ ရန်သူတည်း ဟူသော စာတန်နှင့် အဖွဲ့သည်၊ မီးအိုင်ထဲသို့ ချပစ်ပြီး ဖြစ်၍၊ မနှောက်ရှက်နိုင်တော့ချေ။ ထို့ကြောင့် မြို့ရိုးသည် မြို့၏ ဂုဏ်အင်္ဂါလက္ခဏာ ပြည့်စုံဘို့ အတွက် ဖြစ်နိုင်သည်။ တံခါးပေါက်လည်း အရှေ့၊ အနောက်၊ တောင်၊ မြောက်၌ သုံးခုစီရှိ၍၊ ကောင်းကင်တမန် တပါးစီကစောင့်ထားသည်။ ထိုတံခါးများ အပေါ်၌၊ ဣသရေလ ဆယ့်နှစ်မျိုး၏ နာမများရေးထားသည်။ နာမရေးထားခြင်းသည် အမှတ်တရ၊ ပိုင်ဆိုင်မှု၊ ဂုဏ်ပြုခြင်းများကို ဖေါ်ပြသည်။ 

၁၄။ မြို့ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော် တဆယ်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက် ရှိကြ၏။                                                                                                                                       မြို့ရိုးအမြစ် (အုတ်မြစ်) သည် တဆယ့်နှစ်ထပ်ရှိ၍၊ တမန်တော် ဆယ့်နှစ်ပါး၏ နာမများရေးထားသည် ဟုဆိုသည်။ ရှင်ပေါလုက၊ "တမန်တော်မှစ၍ ပရောဖက်များ တည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။" (ဧဖက် ၂:၂၀) ဟုရေးသားခဲ့သည်။ တမန်တော်များသည် ယေရှုခရစ်က ခေါ်သောအခါ၊ တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းလိုက်သွားကြကာ၊ အသက်ထက်ဆုံး သခင်အတွက် အမှုဆောင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည်၊ ထာ၀ရကာလပတ်လုံး အမှတ်ရဘို့ သူတို့၏ နာမည်များကို၊ မြို့ရိုးအမြစ်၌ ရေးထားသည်။ လူသည် သေဆုံးသွား သောအခါ၊ အမှတ်ရဘို့ရန်အတွက် ကျောက်တိုင်များ ထူထားကာ၊ နောင်လာနောက်သားများက ချီးမွမ်းနိုင်ဘို့ရန် အသက်ရှင်စဥ်၊ အောင်မြင် ခဲ့သောအရာများကို ရေးမှတ်တတ်ကြသည်။ သို့သော် ထိုအမှတ်တရ ကျောက်တိုင်များသည်၊ အားလုံးပျောက်ပျက်မှာဖြစ်သည်။ ဘုရားရေးသော အရာမူကား၊ ထာ၀ရကာလတိုင် တည်မှာဖြစ်သည်။ 

၁၅။ ငါနှင့် စကားပြောသော သူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း၊ တိုင်းခြင်းငှါ တိုင်းစရာ ရွှေကျူလုံးပါ၏။ ၁၆။ မြို့သည် စတုရန်းလေးထောင့် ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။ ၁ရ။ မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။                                                                                                                       မြို့တံခါးနှင့် မြို့ရိုးတိုင်းခြင်းသည် ပိုင်ဆိုင်မှုနှင့် မှတ်တမ်းကို ဖေါ်ပြသည်။ ဗျာ ၁၁:၁-၂ ၌လည်း၊ ဘေးဒဏ်ကြီး ကာလ၌ တည်ဆောက်မည့် တဲတော်ကို တိုင်းကြောင်း တွေ့ခဲ့ရသည်။ ယေရုရှလင်မြို့သစ်သည် စတုဂံဖြစ်၍ အလျား အနံ အမြင့်သည် ယူဇနာတရာနှစ်ဆယ်စီရှိသည်ဟုဆိုသည်။ ယူဇနာတရာနှစ်ဆယ်သည် မိုင်တထောင့်ငါးရာဖြစ်သည်။ မြို့ရိုးလည်း ကောင်းကင်တမန် အတောင်အားဖြင့် တရာ့လေးဆယ်လေးတောင်ရှိသည်။ ရှေးဟောင်းကမ္ဘာ့ အံ့ဘွယ်ခုနှစ်ပါးမှာပါသော တရုတ်ပြည်ရှိ မဟာတိုင်းသည် အရှည် တစ်သောင်းသုံးထောင်တရာသုံးဆယ်တစ် (၁၃၁၃၁)   မိုင်ရှိ၍ ၁၅ မှ ၃၀ ပေကျယ်သည်။ ယေရုရှလင်မြို့သစ်၏ မြို့ရိုးသည် အလျားမိုင် ၁၅၀၀၊ အနံမိုင် ၁၅၀၀ ရှိသောကြောင့် စုစုပေါင်း နှစ်သန်းနှစ်သိန်းငါးသောင်း (၂၂၅၀၀၀၀) မိုင်ရှည်သောကြောင့် တရုတ်တံတိုင်းထက် ၁ရ၀ ဆရှည်သည်။ မြို့ရိုးအကျယ်လည်း ၁၄၄ တောင်ရှိသောကြောင့် ပေ ၂၁၆ ခန့်ရှိသည်။ ထို့ကြောင့် တရုတ်တံတိုင်း ဒုထက် အဆပေါင်းများစွာ ကျယ်သည်။ 

၁၈။ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့ သည်လည်း ကြည်လင်သော ဖန်နှင့်တူသော ရွှေစင်ဖြစ်၏။                           မြို့ရိုးသည် နဂါးသွဲ့ကျောက် ဖြစ်သည်ဟုဆိုသည်။ နဂါးသွဲကျောက်သည် အငယ် (၁၁) ၌ဖေါ်ပြခဲ့ပြီးပြီ။ မြိ့သည် ကြည်လင်သောဖန်နှင့် တူသော ရွှေစင်ဖြစ်သည် ဟုဆိုသည်။ မြေကြီးပေါ်ရှိရွှေသည်၊ ဖန်ကဲ့သို့ မကြည်လင်ချေ။ ထိုသို့ ရွှေစင်ဖြင့် ဆောက်ထားသောကြောင့်၊ ကောင်းကင်ရွှေပြည် ဟုခေါ်ခြင်းဖြစ်သည်။ မြေကြီးပေါ်၌ ရွှေမရှိသူများ၊ ကောင်းကင်ရွှေပြည်၌၊ နေကြဦးမှာ ဖြစ်သောကြောင့်၊ ကောင်းကင်ကို စွဲလန်းသင့်သည်။ 

၁၉။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ် အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကားနဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကားနီလာ၊ တတိယအမြစ်ကားမဟူရာ၊ စတုတ္ထအမြစ်ကားမြ၊ ၂၀။ ပဥ္စမအမြစ်ကားကြောင်၊ ဆဌမအမြစ်ကားကျောက်နီ၊ သတ္တမအမြစ်ကားခရုသုလိတ်၊ အဌမအမြစ်ကားမျက်ရွဲ၊ န၀မအမြစ်ကားဥဿဖရား၊ ဒသမအမြစ်ကားခရုသုပြတ်၊ ဧကဒသမအမြစ်ကား၀ါကိမ်သု၊ ဒွါဒသမအမြစ်ကားဂေါ်မုတ် ဖြစ်သတည်း။                                                              မြို့ရိုးအမြစ်တို့သည် ကျောက်ဆယ့်နှစ်မျိုးဖြင့် တည်ဆောက်ထားသည်။ မြန်မာနိုင်ငံ၌ ကျောက်ကောင်းများရရှိဘို့ အတွက် မိုးကုတ်၊ မိုင်းရှုး၊ ဖါးကန့်​ဒေသများသို့ သွား၍ ပင်ပန်းစွာ တူးကြသည်။ အချို့သောသူများသည်၊ ကျောက်မရဘဲ ရောဂါနှင့် အကျင့်ဆိုးများရရှိတတ်ကြသည်။ အချို့သော သူများသည် သေဆုံးသွားရကြသည်။ ဤလောက၌ ကျောက်ကောင်းကျောက်မြတ်များ၊ မပိုင်သည်သာမက မမြင်ဘူး၊ မသိဘူးသော်လည်း ကောင်းနိုင်ငံ၌၊ ထိုကျောက်များဖြင့် တည်ဆောက်သောမြို့၌၊ နေမှာဖြစ်ကြောင်း သိသောအခါ အလွန်၀မ်းမြောက်မြော်လင့်စရာ ဖြစ်သည်။ ဤလောက၌ ကျောက်ကောင်းဆင်မြန်းနိုင် သူများသည်၊ ဂုဏ်ယူ၀င့်ကြွားတတ်ကြသည်။ ထိုသူကို ကောင်းကင်တမန်များက မြင်ပါကအံ့ဩ၍ ရီကြမှာသေချာသည်။ အကြောင်းမှာ ကောင်းကင်မြို့ရိုး၌ အသုံးပြုသော ကျောက်များကို လည်ပင်း၊ နားရွက်များ၌ အမြတ်တနိုး ချိတ်ဆွဲထားသောကြောင့် ဖြစ်သည်။ ကျောက်ကောင်းများသည် ကောင်းကင် ခြံစည်းရိုးများ ဖြစ်သည်။ 

၂၁။ တံခါးရွက် တဆယ်နှစ်ရွက် အသီးသီးတို့သည်၊ ပုလဲတပြားစီဖြင့် ပြီး၍ ပုလဲတဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။                                                                                                ဤလောက၌ ပုလဲလုံး သေးသေးလေး ပိုင်ဆိုင်သူ၊ လည်ပင်း၌ ဆွဲနိုင်သူများသည် အလွန်ဂုဏ်ယူ ၀ါကြွားတတ်ကြသည်။ ကောင်းကင်၌ တံခါးရွက်တို့သည် ပုလဲတပြားစီဖြင့် ပြုလုပ်ထားသည် ဟုဆိုသည်။ ထို့ကြောင့် ပုလဲလည်ဆွဲဆွဲသော သူများသည်၊ ကောင်းကင် တံခါးရွက်ကို ဆွဲထားသူနှင့် တူသောကြောင့်၊ ကောင်းကင်တမန် များ၏အမြင်၌ အရူးကဲ့သို့ဖြစ်နေမှာ ဖြစ်သည်။ မြို့လမ်းမသည်လည်း၊ ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် ရွှေသည် ကောင်းကင်လမ်းခင်းကတ္တရာ ဖြစ်သည်။ တောသူမက မြို့ပေါ်ရောက်သောအခါ၊ ကတ္တရာစေးကို လည်ဆွဲအဖြစ် လုပ်၍၊ လည်ပျင်း၌ ဆွဲပါက သင်မည်ကဲ့သို့ ထင်မည်နည်း။ ထို့နည်းတူ၊ ကောင်းကင်ကတ္တရာ ဖြစ်သောရွှေကို၊ လည်ပင်း၌ ဆွဲထားသော သူများကို၊ ကောင်းကင်တမန်များက အရူးဟု မြင်ကြပါလိမ့်မည်။ 

၂၂။ မြို့ထဲ၌ ဗိမာန်တော်ကို ငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာ၀ရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန် ဖြစ်တော်မူ၏။                                                                                         ပဌမဦးဆုံးသော ဗိမာန်တော်သည် ရှောလမုန်ကဆောက်ခဲ့သည်။ ဒုတိယဗိမာန်တော်ကို ယေရုဗဗေလက ဆောက်ခဲ့သည်။ ထိုဗိမာန်တော်၌ ဘုရားကျိန်း၀ပ်ခဲ့သည်။ ကောင်းကင်၌ ဗိမာန်တော် မရှိတော့ချေ။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၌၊ ဘုရားသခင်ကိုယ်တော်တိုင် နေထိုင်သောနေရာ ဖြစ်သောကြောင့်၊ ကောင်းကင်နိုင်ငံတနိုင်ငံလုံးသည် ဗိမာန်တော်ဖြစ်သည်။ လောက၌ ဆောက်ခဲ့သော ဗိမာန်များသည် နမူနာများသာ ဖြစ်၍ အရိပ်ဖြစ်သည်။ 

၂၃။ ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ် သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။                                                                                      ဘုရားသခင်သည် အလင်းဖြစ်သည် (၁ ယော ၁:၅)။ သိုးသငယ်လည်း အလင်းဖြစ်သည် (ယော ၉:၅)။ ထို့ကြောင့် နေအလင်းမှစ၍ လူလုပ်သော အလင်းမလိုတော့ချေ။ ဘုရားသခင်နှင့် သိုးသငယ်သည် အလင်းဖြစ်သောကြောင့်၊ အမှောင်သည် မရှိတော့ချေ။ အချို့သောသူများက အံသွားခဲကျိတ်ရာ မှောင်မိုက်အရပ်သည်၊ ကောင်းကင်၏ အစိပ်အပိုင်းအဖြစ် သင်ပေးကြသည်။ ဘုရားရှိသော နေရာ၌ အံသွားခဲကျိတ်ခြင်း တည်းဟူသော၊ နာကျင်ခြင်းနှင့် မှောင်မိုက်မရှိတော့ချေ။ ထို့ကြောင့်အံသွားခဲကျိတ်ရာ မှောင်မိုက်အရပ်သည် ကောင်းကင် မဖြစ်နိုင်ချေ။ 

၂၄။ လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း၊ မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။                                                                                                 လူအမျိုးမျိုးတို့ ဟုဆိုသောကြောင့် ကောင်းကင်၌ လူမျိုးကွဲမည့် ဟန်ရှိသည်။ သို့သော် ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ ဟုဆိုခဲ့ပြီ (ဂလာ ၃:၂၈)။ လူအမျိုးမျိုးဟုဆိုခြင်းသည် လောကအမြင်၊ အသိအားဖြင့် ဖေါ်ပြခြင်းဖြစ်သည်။ လောက၌ နေအလင်းကို အလိုရှိကြသော်လည်း နေပူလွန်းလျှင် အားလျော့တတ်သည်။ သို့သော် ကောင်းကင်၌ ဘုရား၏အလင်းသည်၊ လူကိုနွမ်းပန်းစေမည် မဟုတ်။ လောကီရှင်ဘုရင်တို့သည်၊ မိမိတို့ ဘုန်းအသရေကို မြို့ထဲသို့ ဆောင်ခဲ့မည်ဟုဆိုသောကြောင့်၊ ကောင်းကင်၌ အဆင့်အတန်းခွဲခြားခြင်း ရှိဦးမည့်အရာကို ဖေါ်ပြသည်။ အနှစ်တထောင်အုပ်စိုးစဥ်ကရရှိသော ရာထူးများ ဖြစ်နိုင်သည်။ အကြောင်းမှာ ခရစ်တော်က မြေကြီးပေါ်တွင် အနှစ်တထောင်အုပ်စိုးချိန်တွင်၊ သူနှင့်အတူ အုပ်စိုးမည့်သူများ ခန့်ထားမှာဖြစ်သည်။ ထိုအုပ်စိုးသူများသည်၊ ဘုရားပေးသော ဘုန်းအသရေကို၊ မြို့ထဲသို့ဆောင်ခဲ့ကြမည်။ ယခုအချိန်၌ အုပ်စိုးသော သူများကို ဆိုလိုခြင်း ဖြစ်မည်မထင်။ 

၂၅။ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်း မပိတ်တတ်၊ ညမူကားမရှိ။                                                                                   မြို့တံခါးတို့ကို နေ့အချိန်၌ မပိတ် ဟုဆိုသောကြောင့် အံ့ဩပေလိမ့်မည်။ ကောင်းကင်၌ ညမရှိတော့ဟုဆိုသည်။ ဆိုလိုသည်မှာ မြို့တံခါးများရှိသော်လည်း အစဥ်ထာ၀ရပိတ်ခြင်း မရှိတော့ချေ။ လောက၌ မြို့တံခါးများ ပိတ်ခြင်းသည်၊ ရန်သူတို့ကို ဆီးတားခြင်းဖြစ်သည်။ သို့သော် ကောင်းကင်၌ ရန်သူမရှိတော့သောကြောင့်၊ ပိတ်စရာ မလိုတော့ချေ။ တောရွာများနှင့် အေးချမ်းသာယာသော မြို့များ၌ တံခါးများရှိသော်လည်း မပိတ်ထားတတ်ကြသည် မဟုတ်လော။ ဘေးကင်းလုံခြုံခြင်းကို ဖေါ်ပြသည်။

၂၆။ လူအမျိုးမျိုး တို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။                                                              လူအမျိုးမျိုးတို့ ယူဆောင်လာသော ဘုန်းအသရေသည်၊ လူလူချင်းပေးသော ဘုန်းဖြစ်မည်မဟုတ်၊ ဘုရားပေးသော ဘုန်းအသရေဖြစ်မည်။ ခရစ်တော်က၊ "အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။" (ယော ၅:၄၄) ဟုဆိုခဲ့သည်။ လူလူချင်းပေးသော ဘုန်း (ချီးမွမ်းခြင်း အပါအ၀င်) ထက် ဘုရားပေးမည့် ဘုန်းကို လိုချင်ကြပါစို့။

၂ရ။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမ၀င်ရဘဲ၊ သိုးသငယ်၏ အသက် စာစောင်၌ စာရင်း၀င်သော သူတို့ သာလျှင်၀င်ရ၏။                                                                                                  ယေရုရှလင်မြို့သစ်၌၊ ကယ်တင်ခြင်းသို့ မရောက်သောသူများ၊ ၀င်နိုင်မည်မဟုတ်။ ထိုကယ်တင်ခြင်းသို့ မရောက်သော သူများ၏ အကျင့်နှင့် အသက်တာကို အထက်၌ ဖေါ်ပြထားသည်။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တို့သည်၊ ကယ်တင်ခြင်းသို့ မရောက်သော သူများ၏ အသက်တာဖြစ်သည်။ ကောင်းကင်မြို့သစ်၌ သိုးသငယ်၏ အသက်စာစောင်၌၊ စာရင်း၀င်သော သူတို့သာလျှင် ၀င်ရသည်ဟုဆိုသည်။ မိတ်ဆွေ၊ သင်သည် ထိုသိုးသငယ်၏ အသက်စာစောင်၌ စာရင်း၀င်ပြီး ပြီလော။ မသေမှီ၊ ချီဆောင်ခြင်း မတိုင်မှီ အမြန်ဆုံး စာရင်း၀င်ဘို့ တိုက်တွန်းလိုပါသည်။

ဗျာ ၂၁ မေးခွန်းများ

၁။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဘယ်နှစ်ခုရှိသနည်း။ ..............................

၂။ ကောင်းကင်သစ်နှင့် မြေကြီးသစ်၌ ဘာမရှိတော့သနည်း။ ..............................

၃။ ယေရုရှလင် မြို့ဘယ်နှစ်ခုရှိသနည်း။ .................ဖေါ်ပြပါ။..............................

၄။ ယေရုရှလင်မြို့ဟုဆိုရာတွင်၊ အဆောက်အဦးများလော၊ လူဖြစ်သလော။ ..............................

၅။ ဘုရားသခင်က လူကို ဖန်ဆင်းခြင်းသည်၊ အဘယ်အရာတွက် ဖြစ်သနည်း။ ..............................

၆။ အဘယ်ကြောင့် ဘုရားသခင်နှင့် လူသည်၊ ပေါင်းဖေါ်၍ မရတော့သနည်း။..............................

ရ။ ဘုရားသခင်သည် လူနှင့် ပေါင်းဖေါ်၍ ရပြီလော။ ..............................မည်သို့ ရသနည်း။ .............................

၈။ မျက်ရည်ဘယ်နှစ်မျိုးရှိသနည်း။..............................အားလုံး ဖေါ်ပြပါ။ ..............................

၉။ ကောင်းကင်၌ သုတ်မည့် မျက်ရည်သည် ဘာမျက်ရည် ဖြစ်နိုင်သနည်း။ ..............................

၁၀။ ကောင်းကင်၌ နောက်ပိုင်းမျက်ရည်ရှိပါဦးမည်လော။ ..............................အဘယ်ကြောင့်နည်း။..............................

၁၁။ အဘယ်ကြောင့် ဘုရားသခင်သည်၊ ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းဘို့ လိုသနည်း။ ..............................

၁၂။ အသစ်ဖန်ဆင်းသော အရာတို့ကို စာတန်က၊ ညစ်ညူး စေနိုင်ဦးမည်လော။..............................

၁၃။ ခရစ်တော် ပြောခဲ့သော အမှုပြီးပြီ၊ ဟူသောအရာသည်၊ ဘာနှင့်ဆိုင်သနည်း။ ..............................

၁၄။ ဘုရားသခင်သည် ယနေ့တိုင် အလုပ်လုပ်သေးသလော။ ............................မည်သူကပြောသနည်း။ ..............................

၁၅။ အာလာဖနှင့် ဩမေဃသည်၊ ဘာကို ဆိုလိုသနည်း။ ..............................

၁၆။ အာလာဖနှင့် ဩမေဃ၊ ဟုအဘယ်သူကသာ ဆိုနိုင်သနည်း။..............................အဘယ်ကြောင့်နည်း။ ..............................

၁ရ။ အဘယ့်ကြောင့် ကြောက်တတ်သောသူသည် မီးအိုင်ထဲသို့ ဆင်းရသနည်း။ ..............................

၁၈။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးသည် မည်သူနည်း။ .............................

၁၉။ ယေရုရှလင်မြို့သစ်၌ တံခါးပေါက်ဘယ်နှစ်ပေါက်ရှိသနည်း။ ..............................

၂၀။ ယေရုရှလင်မြို့သစ်၏ မြို့ရိုးများသည် ဘာအတွက် ဖြစ်မည်နည်း။..............................

၂၁။ တံခါးပေါက်များ၌ မည်သူတို့၏ နာမည်ရေးထားသနည်း။..............................

 ၂၂။ မြို့ရိုးအုတ်မြစ်၌မည် သူတို့၏ နာမည်ရေးထားသနည်း။ ..............................

၂၃။ ယေရုရှလင်မြို့သစ်သည် အလျား၊ အနံ၊ အမြင့်မည်မျှရှိမည်နည်း။ ..............................

၂၄။ မြို့ရိုးသည် ဘာနှင့်လုပ်ထားသနည်း။..............................

၂၅။ ကောင်းကင်သည် အဘယ်ကြောင့်ရွှေပြည်ဟု ခေါ်တတ်သနည်း။ ..............................

၂၆။ ကောင်းကင်၌ ဘာများဖြင့် မြို့ရိုးများ ကာမည်နည်း။ ..............................

၂ရ။ ကောင်းကင် လမ်းများသည် ဘာဖြင့် လုပ်ထားသနည်း။ ..............................

၂၈။ ရွှေသည် ကောင်းကင် ..............................ဖြစ်သည်။

၂၉။ အဘယ်ကြောင့်ကောင်းကင်၌ ဗိမာန်တော် မရှိသနည်း။..............................

၃၀။ အဘယ်ကြောင့်ကောင်းကင်၌ နေနှင့် လ၏ အလင်းမရှိသနည်း။ .............................

၃၁။ အံသွားခဲကျိတ်ရာမှောင်မိုက်အရပ်သည် ကောင်းကင် ဖြစ်သလော။..............................

၃၂။ ကောင်းကင်၌ အဆင့်အတန်းကွာခြားမှု ရှိဦးမည်လော။ ..............................

၃၃။ လောကီရှင်ဘုရင်ဟုဆိုရာတွင်၊ ယခုရှိသော ရှင်ဘုရင်များလော၊ သို့မဟုတ် မည်သည့်အချိန်၌ ရှိသော ရှင်ဘုရင်များ ဖြစ်မည်နည်း။ ..............................

၃၄။ အဘယ်ကြောင့်ကောင်းကင်၌ မြို့တံခါးများ မပိတ်သနည်း။ ..............................

၃၅။ လူအမျိုးမျိုးတို့ ယူဆောင်လာသော ဘုန်းအသရေသည်၊ မည်သူပေးသော ဘုန်း ဖြစ်မည်နည်း။ ..............................

၃၆။ ကောင်းကင် နိင်ငံ၌၊ ကယ်တင်ခြင်းသို့ မရောက်သော သူများ၊ ၀င်နိင်ပါ့မလား။..............................

၃ရ။ မိတ်ဆွေ၊ သင်သည် ထိုသိုးသငယ်၏ အသက် စာစောင်၌ စာရင်း၀င်ပြီး ပြီလော။ ..............................

ဗျာဒိတ်ကျမ်း ၂၂

ကောင်းကင်နိုင်ငံနှင့်ခရစ်တော်ကြွလာခြင်း

၁။ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ထဲကထွက်သော၊ အသက် ရေစီးရာမြစ်ကို ကောင်းကင်တမန် သည် ငါ့အား ပြလေ၏။                                                                                              ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်သည်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်သည်ကို တွေ့ရသည်။ ထိုပလ္လင်အထဲမှ ထွက်သော အသက်ရေစီးရာမြစ်သည်၊ ဤလောက မြစ်နှင့် တူမည်မထင်။ လောကမြစ်များသည် သမုဒ္ဒ​ရာ၌ ဆုံးကြ၍၊ မိုးတိမ်ဖြင့် ပြန်တက်ကာ မိုးရေဖြင့် ရွာချကာမြစ်၌ ပြန်စီးတတ်သည်။ ဗျာ ၂၁ ၌သမုဒ္ဒ​ရာမရှိဟုဆိုသောကြောင့် ထိုမြစ်သည်လည်း၊ ဤလောကရှိမြစ်များနှင့် တူမည်မဟုတ်။ ရေဟုဆိုရာတွင် ခရစ်တော်က ၀ိညာဥ်တော်ကိုလည်း ရေဟုဆိုလိုသည် (ယော ရ:၃ရ- ၂၉)။ မိုးကောင်းကင်နှင့် မြေကြီးသစ်သည်၊ ရုပ်လောက မဟုတ်တော့ဘဲ၊ ၀ိညာဥ်လောကဖြစ်သည်။ ရုပ်လောကဖြစ်ပါက၊ ဟောင်းနွမ်း၍ ပျက်စီးယိုယွင်းကာ၊ ပျောက်ပျက်သွားမှာ ဖြစ်သည်။ သို့သော် ထာ၀ရကာလ၌ ရှိမည့် မိုးကောင်းကင်နှင့် မြေကြီးသစ်သည်၊ ထာ၀ရတည်တန့်မှာ ဖြစ်သောကြောင့် မြစ်သည်လည်း၊ ထာ၀ရတည်တန့်မည့် အရာဖြစ်မည်။ ထိုအရာများကို ပျက်စီးတတ်သော ဤရုပ်လောက (Physical world) မှနားလည်ဘို့ရန် မလွယ်ကူချေ။ 

၂။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်း ပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဘို့ ဖြစ်၏။                                                                                                                                                                    မြို့လမ်းမအလယ်နှင့် မြစ်နှစ်ဘက်၌ အသက် ပင်ရှိသည်ဟုဆိုသည်။ အသက်သည် ဘုရားသခင်နှင့် ခရစ်တော်ကိုယ်တော်တိုင် ဖြစ်သည်။ ထိုအသက်ပင်သည် အသီးတဆယ့်နှစ်မျိုးကို သီးသည်ဟုဆိုရာတွင် မြေကြီး ပေါ်ရှိ ရာသီနှင့်ကြည့်ပါက တလတမျိုးသီးမည့် ပုံပေါ်သည်။ သို့သော် မိုးကောင်းကင်နှင့် မြေကြီးသစ်၌ နေမရှိတော့ဘဲ ဘုရားသခင်နှင့် သိုးသငယ်သည် အလင်းဖြစ်မည် ဖြစ်သောကြောင့်၊ မြေကြီးပေါ်မှာကဲ့သို့ ရာသီနှင့်လများရှိမည် မထင်။ ထိုအရာများကို မြေကြီးပေါ်မှ သိနားလည်နိုင်ရန် ဖေါ်ပြခြင်း ဖြစ်နိုင်သည်။ အရွက်သည်လည်း လူအမျိုးမျိုး တို့၏ အနာရောဂါ ငြိမ်းစရာဘို့ ဖြစ်၏၊ ဟုဆိုသောကြောင့် ကောင်းကင်၌ အနာရောဂါရှိမည့် ပုံပေါ်သည်။ သို့သော် ကောင်းကင်၌ ဘုရားရှိသော နေရာတွင် ရောဂါရှိတော့မည်မဟုတ်။ သို့ဖြစ်လျှင် အဘယ်အရာကို ဆိုလိုမည်နည်း။ ကောင်းကင်ကို ရောဂါထူပျောသော ဤမြေကြီး အမြင်အားဖြင့် ဖေါ်ပြခြင်းဖြစ်မည်။

၃။ နောက်တဖန် ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍၊ ဘုရားသခင်၏ ​ကျွန်တို့သည် ဘုရား၀တ်ကို ပြုကြလိမ့်မည်။                                                                                               ကမ္ဘာဦးကျမ်း (၃) ၌အပြစ်ကြောင့် ကျိန်ခြင်း စတင်ခဲ့၍၊ ဤဗျာဒိတ်ကျမ်း၌ ကျိန်ခြင်းမရှိတော့ကြောင်း ရေးထားသည်။ ထိုမြို့တည်းဟူသော ယေရုရှလင်မြို့သစ်၌၊ ဘုရားသခင်၏ ​ကျွန်တို့သည်၊ ဘုရား၀တ်ပြုကြလိမ့်မည်ဟုဆိုသည်။ ၀ိညာဥ်ရှိသောသူ ကောင်းကင်တမန်များနှင့် လူသားများသည်၊ ဘုရားကို၀တ်ပြုဘို့ရန် ဖန်ဆင်းခြင်း ဖြစ်သည်။ သို့သော် လူသားများသည် ဘုရားကို၀တ်ပြုဘို့ ငြင်းဆန်နေကြသည်။ ထို့ကြောင့် မလိုအပ်ဘဲ မီးအိုင်ထဲသို့ ဆင်းရခြင်းဖြစ်သည်။ 

၄။ မျက်နှာတော်ကို မြင်ရ၍၊ သူတို့နဖူး၌လည်း နာမတော်ရေးထားလျက် ရှိလိမ့်မည်။                                                            မျက်နှာတော်သည် ဘုရားသခင်၏ မျက်နှာကို ဆိုလိုခြင်းဖြစ်သည်။ အဗရှလုံက သူ၏အစ်ကို အမနုန်ကို သတ်သောကြောင့် ထွက်ပြေးခဲ့သည်။ ထိုနောက်စစ်သူကြီးယွာဘက တောင်းရှောက်ပေးသောကြောင့်၊ ဖခင်ဒါ၀ိဒ်ကပြန်ခေါ် သောအခါ "ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်၊ ဟုအမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏မျက်နှာတော်ကို မမြင်ရ။" (၂ ဓမ္မရာ ၁၄:၂၄)။ ထိုသို့အဘမျက်နှာတော်ကို မမြင်သောကြောင့် အဗရှလုံသည် မကျေနပ်နိုင်ချေ။ ဘုရားရှေ့မှာ မျက်နှာရသော မောရှေက၊ ဘုရားထံ၊ "ကိုယ်တော်၏ဘုန်းကို အ​ကျွန်ုပ်အား ပြတော်မူပါ။ အ​ကျွန်ုပ်တောင်းပန်ပါ၏ ဟုလျောက်လျှင်၊ ထာ၀ရဘုရားက ငါ၏ ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာ၀ရဘုရား၏ နာမတော်ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြု လိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်။ သို့ ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောသူ တစုံတယောက်မျှမရှိဟူ၍၎င်း၊ ငါ့အနားမှာ နေရာတခုရှိ၏။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည်။ ငါ့ဘုန်းရှောက်သွားသောအခါ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကိုငါ့လက်နှင့် ဖုန်းအုပ်မည်။ ငါ့လက်ကို သိမ်းရုပ် သောအခါ၊ ငါ့ကျောကိုသာမြင်ရမည်၊ ငါ့မျက်နှာကို မမြင်ရဟူ၍၎င်း၊ မိန့်တော်မူ၏။" (ထွက် ၃၃:၁၈-၂၃)                                                                          လူသည် အပြစ်ရှိသောကြောင့်၊ ဘုရား၏ မျက်နှာတော်ကို မြင်ခွင့်မရရှိခဲ့ဘူးချေ။ သို့သော် ကောင်းကင်သစ် မြေကြီးသစ်၌၊ ဘုရားသခင်၏ မျက်နှာတော်ကို မြင်ရကြတော့မည်။ မည်မျှ၀မ်းမြောက်စရာ ရှိမည်နည်း။ ကိုယ်ချစ်သူ၊ ကြည်ညိုသောသူ၊ အထင်ကြီးသောသူများကို မျက်နှာချင်းဆိုင် တွေ့မြင်မှသာ၊ အားရတတ်သည်။ သင်သည် ယခုဘုရား၏ မျက်နှာတော်မြင်ဘို့ စိတ်မ၀င်စားလျှင်၊ ဘုရားသခင်ကို မချစ်၊ မကြည်ညို၊ အထင်မကြီးကြောင်း ထင်ရှားသည်။

သူတို့နဖူး၌လည်း နာမတော်ရေးထားလျက် ရှိလိမ့်မည်                                                                                                ထိုအရာသည်လည်း ချစ်မှ၊ ကြည်ညိုလေးစားမှ သဘောပေါက်နိုင်သည်။ ကိုယ်ချစ်သူ၏ နာမည်ကို၊ လက်ဖ၀ါးနေရာတိုင်း၌ ရေးချင်တတ်ကြသည် မဟုတ်လော။ နာမည်ရေးခြင်းသည် ပိုင်ဆိုင်မှုကို ပြသည်။ စာအုပ်အဖုံး၌ နာမည်ရေးခြင်းအားဖြင့် မည်သူက ပိုင်ဆိုင်သည်ကို ဖေါ်ပြသိရှိနိုင်သည်။ 

၅။ ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာ၀ရအရှင် ဘုရားသခင်သည် သူတို့၌၊ ရောင်ခြည်တော်ကို လွှတ်တော်မူ၍၊ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။                     ထိုမြို့၌ ညမရှိ၊ ဆီမီးမလို၊ နေအရောင်လည်း မလိုဟုဆိုသည်။ အကြောင်းမှာ ထာ၀ရဘုရားသခင်ကိုယ်တော်တိုင်သည် အလင်းဖြစ်သည်။ နေအလင်းသည် ကောင်းသော်လည်း၊ အလွန်ပူပြင်းတတ်သည်။ လူလုပ်သော အလင်းများသည် ကောင်းသော်လည်း မီးလောင်တတ်သည်။ သို့သော် ထာ၀ရဘုရား၏ အလင်းသည် ထိခိုက်ခြင်းမရှိ၊ လူသားများအတွက် အကောင်းဆုံးဖြစ်မည်။

သူတို့၌၊ ရောင်ခြည်တော်ကို လွှတ်တော်မူ၍၊ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့                                              သူတို့ တည်းဟူသော ဘုရား၏ကျွန်များသည်၊ ကမ္ဘာအဆက်ဆက်တည်းဟူသော၊ ထာ၀ရကာလ ပတ်လုံး စိုးစံရမည်ဟုဆိုသည်။ ဤကမ္ဘာပေါ်၌ လူအများစုသည်၊ အအုပ်အချုပ်ခံရသောကြောင့်၊ လွတ်လပ်သင့်သလောက်မလွတ်လပ်ကြချေ။ သို့သော် ထာ၀ရကာလ၌ အုပ်ချုပ်သူများ ဖြစ်လာကြမည်။ 

၆။ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏။ ပရောဖက်တို့၏ ၀ိညာဥ်ကို အစိုးရသော ထာ၀ရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှု အရာများကို၊ မိမိ ကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။                                                                     ကောင်တမန်က ယောဟန်ထံ၌ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်သည်ဟုဆိုသည်။ ယခုဤလောက၌ ကျမ်းကျိန်၍ ၀န်ခံတတ်သော်လည်း၊ မုသာစကားများသာ ပြောဆိုတတ်ကြသည်။ ဘုရားသခင်သည် မုသာမပြောတတ်၊ မပြောနိုင်သကဲ့သို့ သူ၏ကောင်းကင်တမန်များလည်း မုသာမပြောကြချေ။ ထိုနည်းတူ ဘုရားသားများလည်း မုသာမပြောသင့်ချေ။ ပရောဖက်တို့၏ ၀ိညာဥ်ကို အစိုးရသောသူသည်၊ ထာ၀ရဘုရားဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘုရား၏အလိုတော်၊ အကြံတော်နှင့် အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို၊ ကြိုတင်ဟောပြောနိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်သည် သူလုပ်မည့် အရာများကို လူသားများအား ကြိုတင်အသိပေးတတ်သည်။ 

ရ။ ငါသည် အလျင်အမြန် လာမည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။                                                                                                                                             အလျှင်အမြန် လာမည့်သူသည် ခရစ်တော်ပင်ဖြစ်သည်။ သူက ဤစာစောင်တည်းဟူသော၊ ဗျာဒိတ်ကျမ်းစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိသည်၊ ဟုဆိုသည်။ ဤမင်္ဂလာစကားသည် ဆဌမမြောက်ဖြစ်သည်။ မည်သည့်အ​ခြေအနေ၌ မင်္ဂလာရှိမည်နည်းဟူမူကား၊ ဤဗျာဒိတ်ကျမ်းစကားများကို စောင့်ရှောက်မှဖြစ်သည်။ အဘယ်ကြောင့် မင်္ဂလာရှိသနည်းဟူမူကား၊ ဗျာဒိတ်ကျမ်းစကားကို စောင့်ရှောက်ခြင်းအားဖြင့်၊ ဤလောကကို မချစ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်နိုင်မည်။ သခင်လာမည့် အချိန်ကို စောင့်မြော် ခြင်းအားဖြင့်၊ ၀ိညာဥ်သဘောနှင့် အသက်ရှင်နိုင်ပေမည်။ 

၈။ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင် တမန်၏ ​ခြေရင်း၌၊ ကိုးကွယ်အံ့သောငှါ ပြပ်၀ပ်၏။                                                                                                   ယောဟန်သည် ဗျာဒိတ်ကျမ်းထဲ၌၊ သူရေးသားထားသော အရာများကို၊ နားဖြင့်ကြားရုံသာမက၊ မျက်စိနှင့်လည်း မြင်သည်ဟုဆိုသည်။ ထိုသို့ကြားမြင်သောကြောင့်၊ သူ့ကိုပြသသော ကောင်ကင်တမန်တော် အပေါ်၌၊ ကျေးဇူးတင် ၀မ်းမြောက်လွန်း၍၊ သူ့ကိုကိုးကွယ်ဘို့ရန် ပြပ်၀ပ်ခြင်းဖြစ်သည်။ ယောဟန်သည် ဗျာ ၁၉:၁၀ ၌လည်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ဘို့ ကြံရွယ်ခဲ့ပြီးပြီ။ သို့သော် ကောင်းကင်တမန်က၊ ကိုးကွယ်ခြင်းကို ငြင်းဆန်ခဲ့သည်။ အကြောင်းမှာ ကိုးကွယ်ခြင်းသည်၊ ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ လူသည် စာတန်နောက်လိုက်သောကြောင့်၊ လူများ၏ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်းကို လိုချင်တတ်ကြသည်။ သူတပါး၏ ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်းကို မလိုချင်ကြပါစို့နှင့်။ ဘုရားသခင်ကိုသာလျှင် ကိုးကွယ်၍ ချီးမွမ်းကြပါစို့။

၉။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဖေါ် ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏ စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဖေါ်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့၊ ဟုပြောဆို၏။                                                                                                                                               ဗျာ ၁၉:၁၀ ၌ကဲ့သို့ပင် ကောင်းကင်တမန်က၊ ယောဟန်၏ ကိုးကွယ်ခြင်းကို ငြင်းဆန်ခဲ့သည်။ ကောင်းကင်တမန်က သူသည်၊ ယောဟန်၏ လုပ်ဖေါ်ဆောင်ဖက် ဖြစ်သည်ဟုဆိုသည်။ ကောင်းကင်တမန်များသည်၊ လူထက်အဆင့်မြင့်၍ တန်ခိုးကြီးသော်လည်း၊ ဘုရားများမဟုတ်ပါ။ သူတို့လည်း ဖန်ဆင်းထားသောအရာဖြစ်၍၊ ဘုရားသခင်၏ ​ကျွန်များဖြစ်ကြသည်။ ကောင်းကင်တမန်က ဘုရားသခင်ကိုသာ ကိုးကွယ်ဘို့ ညွှန်ပြသည်။ အဘယ်ကြောင့် များစွာသောခေါင်းဆောင်များ၊ တော်ကြသော်လည်း နောက်ပိုင်း၌ ကျဆင်းသွားကြသနည်းဟူမူကား၊ လက်အောက်ငယ်သားများ၏ ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်းကိုလက်ခံ၍၊ အရသာခံကြသောကြောင့်ဖြစ်သည်။ ဘုရား၏နေရာ၌ နေကြသောကြောင့်၊ ဘုရား၏တရားစီရင်ခြင်း ခံရကြသည်။ 

၁၀။ တဖန်တုံ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။ ၁၁။ မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ​ဖြောင့်မတ်သောသူသည် ​ဖြောင့်မတ်စေဦး။                                                           ကောင်းကင်တမန်က ယောဟန်ထံ၊ "မိုးကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည် ရေးမှတ်မည်ဟု အားထုတ်သော်၊ ကောင်းကင်မှ ထွက်သောအသံကား၊ မိုးကြိုးသံ ခုနစ်ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟုဆိုသည်ကို ငါကြား၏။" (ဗျာ ၁၀:၄) ဟုမိုးကြိုးခုနှစ်ချက်နှင့် ပတ်သက်၍၊ တံဆိပ် ခတ်ခိုင်းခဲ့သည်။ ဘုရားသခင်က၊ ဒံယေလထံ၊ "ညဦးနှင့်နံနက်ကို ဖေါ်ပြသော ဗျာဒိတ်ရှုပါရုံစကား မှန်သည်ဖြစ်၍၊ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သောကာလတိုင် တည်လိမ့်မည်ဟုဆို၏။" (ဒံယေလ ၈:၂၆) ဟုတံဆိပ်ခတ်ခိုင်းခဲ့သည်။ သို့သော် ဤနေရာ၌ ယောဟန်ထံ၊ ဤအနာဂတ္တိကျမ်းကို တံဆိပ်မခတ်မည့်အကြောင်း၊ ပြောထားသည်။ အကြောင်းမူကား၊ ကာလချိန် ရောက်လုနီးပြီ၊ ဟုဆိုသည်။ မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ​ဖြောင့်မတ်သောသူသည် ​ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး၊ ဟုဆိုရခြင်းမှာ လူများသည်၊ မိမိတို့ လုပ်သောအရာကိုသာ နှစ်သက်ကြသောကြောင့်ဖြစ်သည်။ သူတို့၏အမှားကို ဖေါ်ပြလျှင်လည်း၊ လုံး၀မပြင်ချင်ကြချေ။ 

၁၂။ ငါသည် အလျင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။                                                                                                                           ခရစ်တော်က သူသည် အလျှင်အမြန်လာမည်၊ ဟုဆိုသည်။ ခရစ်တော်သည် ထိုသို့ဆိုသော်လည်း အဘယ်ကြောင့် နှစ်ပေါင်းနှစ်ထောင်နီးပါး မလာဘဲကြန့်ကြာနေသနည်း။ အကြောင်းမှာ၊ ခေတ်အဆက်ဆက်ကယုံကြည်သူများအတွက်၊ အဆင်သင့် ပြင်ဆင်စေချင် သောကြောင့်ဖြစ်သည်။ အကယ်၍ သူလာမည့်အချိန်ကို အတိအကျ ပြောပါက၊ သူလာမည့်အချိန်သည် ဝေးသေးလျှင်၊ ယုံကြည်သူများ ပေါ့ဆမှာဖြစ်သည်။ ယခုမူ ယုံကြည်သူတိုင်း သူတို့ခေတ်၌လာမည်၊ ဟုထင်မှတ်သောကြောင့်၊ အဆင်သင့်စောင့်မြော်ကြမှာဖြစ်သည်။ ခရစ်တော်သည် သူလာသောအခါ၊ အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဟုဆိုသည် (မဿဲ ၁၆:၂ရ၊ ရော ၂:၆)။ ထို့ကြောင့် ယုံကြည်သူများ ဆုရဘို့နှင့် သာဓုသစ္စာရှိသော ငယ်သားကောင်း၊ ဟုအချီးအမွမ်းခံဘို့ရန် ကျန်ရှိ သေးသောအချိန် အနည်းငယ်အတွင်း၌၊ သူခိုင်းသော အလုပ်ကို လုပ်ကြပါစို့။ ဆန္ဒရှိလျှင် သူ့အလိုတော် မလုပ်နိုင်စရာ အကြောင်း မရှိချေ။ အကြောင်းမှာ သူကိုယ်တိုင် ၀ိညာဥ်တော်အားဖြင့် ဦးဆောင်မှာ ဖြစ်သောကြောင့် ဖြစ်သည်။

၁၃။ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့် အဆုံးလည်းဖြစ်၏။                                                                                                                                             ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏၊ ဟုဆိုနိုင်သောသူသည် ဘုရားသာလျှင်ရှိသည်။ ထို့ကြောင့် ဤနေရာ၌ ခရစ်တော်သည် ဘုရားဖြစ်ကြောင်း ထင်ရှားသည်။ ထိုအရာကို ဗျာ ၁:၈၊ ၌လည်းတွေ့ခဲ့ရပြီ။ 

၁၄။ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ၀င်အံ့သောငှါ၊ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။                                                                                                                                                     ဘုရားသခင်ရှေ့၌၊ အပြစ်ကင်း၍ ​ဖြောင့်မတ်နိုင်ဘို့ရန် ကျင့်စောင့်နိုင်သောသူ၊ တယောက်မျှမရှိချေ (ရော ၃:၂၃၊ ဂလာ ၂:၂၁၊ ဂလာ ၃:၁၀)။ ထို့ကြောင့် ဘုရားသခင်က၊ ခရစ်တော်အားဖြင့် အပြစ်ကင်းခြင်း တည်း ဟူသော ​ဖြောင့်မတ်ခြင်းကို၊ အခမဲ့ပေးထားသည် (ရော ၃:၂၄)။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်ခြင်းအား ဖြင့်၊ ​ဖြောင့်မတ်ခြင်းရရှိနိုင်သည်။ ထိုသို့ ဖြောင့်မတ်ခြင်း ရရှိသောသူများ အနေဖြင့်၊ ပညတ်တော်အတိုင်း အသက်ရှင်ရမည်။ ပညတ်တော်ဆိုသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ​ဖြောင့်မတ်သောသူတိုင်းသည်၊ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရမည်။ ထိုသို့အသက် ရှင်နိုင်ရန်လည်း၊ သန့်ရှင်းသော ၀ိညာဥ်တော်အားဖြင့် တန်ခိုးပေးထားသည်။

၁၅။ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။                                                                                                                                                            ပြင်၌ကားဆိုသည်မှာ ကောင်းကင်အပြင်ဘက်ကို ဆိုလိုသည်။ ကောင်းကင်အပြင်ဘက်၌ မီးအိုင်ရှိသည်။ ထိုနေရာ၌ ခရစ်တော် မလက်ခံသောသူတိုင်း၊ ဒုက္ခဆင်းရဲခံ၍ နေရသည်။ ထိုသူတို့ကိုခွေးနှင့် နှိုင်းထား သည်။ သူတို့၏ အကျင့်များလည်း ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လူအသက်သတ်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ သစ္စာပျက်ခြင်းတို့ဖြစ်သည်။ ထိုအပြစ်များပြုလုပ်သောကြောင့် ငရဲရောက်ကြသည် မဟုတ်ဘဲ၊ ဘုရားမယုံကြည်သောကြောင့်၊ ထိုအကျင့်များ ကျင့်ခြင်းဖြစ်သည်။ အကယ်၍ အထက်ပါ အပြစ်များကြောင့်ငရဲသို့ ရောက်ပါက၊ အဘယ်သူမျှ ကောင်းကင်နိုင်ငံသို့ ရောက်နိုင်မည်မဟုတ်။

၁၆။ ငါယေရှုသည်၊ အသင်းတော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေခြင်းငှါ၊ ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါ၀ိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။                                                                                                                  ယေရှုက ငါသည်ဒါ၀ိဒ်၏ အမြစ်ဖြစ်၏ ဟုဆိုခြင်းသည်၊ သူ၏ဘုရားဇာတိကို ဖေါ်ပြခြင်းဖြစ်သည်။ သူသည် ဒါ၀ိဒ်မတိုင်မှီတွင် ရှိနှင့်ခဲ့ပြီ။ ဒါ၀ိဒ်၏အနွယ်လည်းဖြစ်၏၊ ဟုဆိုခြင်းသည် သူ၏လူ့ဇာတိကို ဖေါ်ပြခြင်းဖြစ်သည်။ သူသည်ဒါ၀ိဒ်၏ သားစဥ်မြေးဆက်ဖြစ်သည်။ ထိုကဲ့သို့သောလူသည် ကမ္ဘာပေါ်၌ သူသာလျှင်ရှိသည်။ ထိုအရာနှင့် ပတ်သက်၍ ယေရှုက ဖါရိရှဲများထံ ဤသို့မေးခွန်းထုတ်ဘူးသည်၊ "ဖာရိရှဲတို့သည် စုဝေး၍ နေကြစဥ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏သား ဖြစ်သနည်း၊ ဟုမေးတော်မူလျှင်၊ ဒါ၀ိဒ်၏သားဖြစ်သည်၊ ဟုလျှောက်ကြသော်၊ သို့ဖြစ်လျှင် ဒါ၀ိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ၀ိညာဥ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ဒါ၀ိဒ်၏စကားမှာ၊ ထာ၀ရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့၊ ဟုငါ၏သခင်အား မိန့်တော်မူသည်၊ ဟုဒါ၀ိဒ်ဆိုသတည်း။ ထိုသို့ဒါ၀ိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သား ဖြစ်သနည်း၊ ဟုမေးတော်မူသည် ရှိသော်၊ အဘယ်သူမျှစကား တခွန်းကို ပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။" (မ ၂၂:၄၁-၄၆)။ ဖာရိရှဲတို့က သခင်ယေရှုသည် ဘုရားဖြစ်ကြောင်းကို လက်မခံသောကြောင့် ထိုသို့မ​ဖြေနိုင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားနှင့်လူဖြစ်ကြောင်း ယုံကြည်သူများအတွက် ထိုမေးခွန်းသည် အလွယ်တကူ​ဖြေနိုင်သည်။ 

"ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏" အဘယ်ကြောင့် သခင်ယေရှုက သူ့ကိုယ်သူ မိုးသောက်ကြယ်၊ ဟုဆိုသနည်း။ မိုး သောက်ကြယ်သည် ဆောင်းတွင်းနံနံ မိုးမလင်းမှီ အာရုဏ်ဦးတက်သောအခါ အရှေ့ဖက်မှ ထွက်တတ်သည်။ စောစောအိပ်ရာမှထ သောသူများကသာလျှင် တွေ့မြင်တတ်သည်။ နောက်ကျမှထတတ်သော အအိပ်ပုတ်သူမျာ မူကား မမြင်တတ်ကြ‌ချေ။ အိပ်ပုတ်ပျင်းရိ သူများသည် နေထွက်မှသာလျှင် ထတတ်ကြသည်။ မိုးသောက်ကြယ် ကဲ့သို့ သခင်ယေရှုသည် အသင်းတော် သို့မဟုတ် ယုံကြည်သူ များကို ချီဆောင်ဘို့ရန် ကြွလာမည်။ ထိုအခါ စောစောထသော သူတည်းဟူသော ခရစ်တော်ကို ရရှိသောသူများကို အာကာသမိုးကောင်းကင်သို့ ချီဆောင်သွားမှာဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဝိညာဉ်ပိုင်း၌ အိပ်မပျော်တော့ဘဲ နိုးချိန်တန်နေပြီဖြစ်သည်။ 

၁ရ။ ၀ိညာဥ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသော သူကလည်း လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သော သူသည် လာပါစေ။ အလိုရှိသော သူသည် အဘိုးကို မပေးဘဲ အသက် ရေကို ယူပါစေ။ 

                 ခရစ်တော်က ငါသည် အလျှင်အမြန် လာမည်၊ ဟုဆိုခြင်းကို ၀ိညာဥ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆို ကြသည်။ သင်လည်း ထိုသို့ ဆိုနိုင်ပါသလား။ ယနေ့ ယုံကြည်သူ အများစုသည်၊ ခရစ်တော် လာမည့် အရာကို အလိုမရှိကြသည်ကို၊ အံ့ဩ ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။ ခရစ်တော် ဤလောကသို့ ကြွလာခြင်းကို စာတန် ကအလိုမရှိချေ။ အကြောင်းမှာ သူကို တိုက်ခိုက်၍ သူပိုင်သော ဤလောကကို သူ့ထံမှ ဆွဲနှုတ်ကာ၊ သူကိုယ်တိုင်ကအုပ်ချုပ်မှာ ဖြစ်သည်။ ယုံကြည်သူများလည်း စာတန် ပိုင်သော ဤလောကကို တပ်မက်သောကြောင့်၊ ခရစ်တော် ကြွလာခြင်းကို အလိုမရှိကြချေ။ အကယ်၍ ခရစ်တော် လာဘို့နှင့် မလာဘို့ မဲထည့်ခိုင်းပါက၊ မလာဘို့ရန် မဲထည့်မည့်သူ အများစု ဖြစ်မည်ဟု ယူဆပါသည်။ သင်သည် ခရစ်တော် ကြွလာမှာကို လိုချင် ပါသလော။ 

၁၈။ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတို့ အား၊ ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍ အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို၊ ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက်စေ တော်မူမည်။

               အဘယ်သူ မျှဘုရား ခွင့်ပြုချက် သို့မဟုတ် ဘုရားက မခိုင်းဘဲ ကျမ်းစာ မရေးနိုင်ချေ။ ဤဗျာဒိတ်ကျမ်းကိုလည်း ထပ်၍ အသစ်သွင်း၍ မရပါ။ အကယ်၍ ထပ်သွင်းပါကဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက် ရောက်စေ တော်မူမည်၊ ဟုဆိုသောကြောင့် ကြောက်စရာကောင်းသည်။

၁၉။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထားသော အသက် ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ် တော်မူမည်။ 

               ဤ ဗျာဒိတ်ကျမ်းစာ ထဲမှအနာဂတ္တိစကား အချို့ကို နှုတ်ပယ်၍လည်း မရပါ။ ကြိုက်နှစ်သက်သည် ဖြစ်စေ၊ မကြိုက်နှစ် သက်သည် ဖြစ်စေ၊ ရေးသား သမျှ အတိုင်း လက်ခံယုံကြည်ဘို့ လိုသည်။ အကြောင်းမှာ ဘုရားသခင်သည်၊ လူ့အလိုဆန္ဒအတိုင်း အလုပ်လုပ်သည် မဟုတ်၊ သူ၏ အကြံတော် အတိုင်း အလုပ်လုပ်သည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းမှအချို့ကို ပယ်လျှင် အသက် ပင်နှင့် ၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ် တော်မူ မည်ဟုဆိုသောကြောင့်၊ ရေးသား ချက်အတိုင်း ယုံကြည် လက်ခံဘို့လိုသည်။ 

၂၀-၂၁။ ငါသည် အလျင် အမြန် လာမည်မှန်ပေ၏ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု ကြလာ တော်မူပါ၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ 

             ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်ဟုဆို သောအခါ ယောဟန်ကအာမင်၊ သခင်ယေရှု ကြွလာ တော်မူ ပါဟုဆိုနိုင်သည်။ အကြောင်းမှာ တမန်တော် ယောဟန်သည်၊ သခင်အတွက် အသက် ရှင်၍ ပတ်မု​ကျွန်း၌ ထောင်ချခံသည်။ သခင်ယေရှု ကြွလာမှသာလျှင်၊ ထိုဒုက္ခထဲမှ လွတ်မြောက်နိုင်ပေမည်။ သူ၏ တခုတည်းသော မြော်လင့်ချက်သည်၊ သခင်ယေရှု ကြွလာမည့် အရာ ဖြစ်ပေလိမ့်မည်။ ​ကျွန်ုပ်တို့ မူကား ဤလောက၌ မြော်လင့်သောအရာ များ လွန်းသောကြောင့်၊ သခင်ယေရှု ကြွလာမည့် အရာကို မမြော်လင့်ကြ။ ထို့ကြောင့် ယောဟန်ကဲ့သို့ အာမင်၊ သခင်ယေရှု ကြွလာ တော်မူ ပါဟု မဆိုနိုင်ခြင်း ဖြစ်သည်။

ဗျာ ၂၂ မေးခွန်းများ

၁။ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်သည် မည်ကဲ့သို့ဖြစ်သနည်း။..............................

၂။ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ထဲကထွက်သော မြစ်သည် မည်ကဲ့သို့သော မြစ် ဖြစ်မည်နည်း။ ..............................

၃။ ကောင်းကင်၌ အနာရှိပါဦးမည်လော။ သို့ဖြစ်လျှင် အဘယ်ကြောင့်အသက် ပင်၏ အရွက်သည် အနာငြိမ်းစရာ ဘို့ဟုဆိုသနည်း။ ..............................

၅။ လူနှင့် ကောင်းကင်တမန် တို့သည် ဘာလုပ်ဘို့ ဖန်ဆင်းခဲ့သနည်း။ ..............................

၆။ မောရှေသည် ဘုရား၏ မျက်နှာကို မြင်ခဲ့သလော။ ..............................

ရ။ မျက်နှာမြင်ခြင်းသည် မည်သူအတွက် အကျိုးရှိ၍ တန်ဘိုး ထားသနည်း။ ..............................

၈။ သင်သည်၊ ဘုရား၏ မျက်နှာတော်ကို မြင်ချင် သလော။ ..............................

၉။ နာမည်ရေးခြင်း၌ ဘာအဓိပ္ပါယ်ရှိသနည်း။ ..............................

၁၀။ နေအလင်းသည် ဘာ ဖြစ်တတ်သနည်း။..............................လူလုပ်သော အလင်းသည် ဘာ ဖြစ်တတ်သနည်း။ ..............................ဘုရား၏ အလင်းသည် ဘာ ဖြစ်မည်နည်း။ ..............................

၁၁။ လူသည် ကျမ်းကိျန်သော်လည်း ယုံရသလား။ ..............................အဘယ်ကြောင့်နည်း။..............................

၁၂။ ဘုရားသခင်သည် မုသာပြောနိင်သလား။ .............................ကောင်းကင်တမန် များကောမုသာပြောတတ်ကြသလော။..............................

၁၃။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သော သူသည် ဘာ ဖြစ်မည်ဟုဆိုသနည်း။ ..............................အဘယ်ကြောင့်နည်း။..............................

၁၄။ ဘုရား ကလွှဲလျှင် ကောင်းကင်တမန် များနှင့် လူများကို ကိုး ကွယ်ရပါသလား။ ..............................

၁၅။ အဘယ်ကြောင့်ခေါင်းဆောင်များအောင်မြင် ရာမှကျဆင်းသွားတတ်ကြသနည်း။ ..............................--

၁၆။ အဘယ်ကြောင့်ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်ဟုဆိုသနည်း။..............................

၁ရ။ အဘယ်ကြောင့်လူတိုင်း မိမိတို့ လုပ်သည် အတိုင်း ဆက်လုပ်ခိုင်းသနည်း။ ..............................

၁၈။ ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်၊ ဟုဆိုသော်လည်း အဘယ်ကြောင့်နှစ်ပေါင်းနှစ်ထောင် နီးပါးမလာဘဲ ကြန့်ကြာ နေသနည်း။ ..............................

၁၉။ ငါသည် အာလဖ ဖြစ်၏၊ ဩမေဃလည်း ဖြစ်၏ဟု မည်သူကသာလျှင် ဆိုနိုင်သနည်း။..............................

၂၀။ ပညတ်တော် စောင့်နိင်သော သူရှိပါသလား။ ..............................​ဖြောင့်မတ်ခြင်းကို မည်သူ့အားဖြင့် ပေးသနည်း။ ...........................

၂၁။ ​ဖြောင့်မတ်သော သူသည် မည်ကဲ့သို့ နေရမည်နည်း။ ..............................

၂၂။ ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရုပ်တုကိုကိုး ကွယ်ခြင်း၊ သစ္စာ ပျက်ခြင်းကြောင့် ငရဲရောက်ရသလော။..............................

၂၃။ ယေရှု ကငါသည် ဒါ၀ိဒ်၏ အမြစ် ဖြစ်၏ဟုဆိုခြင်းသည်၊ သူ၏..............................ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။ 

၂၄။ ဒါ၀ိဒ်၏ အနွယ်လည်း ဖြစ်၏ဟုဆိုခြင်းသည် သူ၏ ..............................ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။

၂၅။ ခရစ်တော် ကငါသည် အလျှင် အမြန် လာမည်ဟုဆိုရာ၊ သင်မည်ကဲ့သို့ ဆိုသနည်း။..............................

၂၆။ ယနေ့ ယုံကြည်သူ အများစုသည်၊ ခရစ်တော် ကြွလာမှာကို ကြိုဆိုကြပါသလော။..............................အဘယ်ကြောင့်နည်း။ ...........................................................

၂၈။ ကျမ်းစာကို နှုတ်ပယ်ပါကဘာ ဖြစ်မည်နည်း။..............................

၂၉။ ယောဟန်သည် သခင်ယေရှု ကြွလာမည့် အရာကို သဘောတူ နိင်ပါသလား။..............................အဘယ်ကြောင့် ဖြစ်နိုင်သနည်း။..............................

၃၀။ အဘယ်ကြောင့်​ကျွန်ပ်တို့သည် သခင်ကြွလာမည့် အရာကို မမြော်ကြသနည်း။..............................

ကိုးကားသောကျမ်းများ

  1. http://biblehub.com/interlinear
  2. https://en.wikipedia.org
  3. http://www.burmesebible.com
  4. http://www.myanmarbible.com/bible/Judson/html
  5.  
 MORE AT BOOKSTORE

 YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG