ထာဝရဘုရားကိုဆောက်စေကြစို့
၁။ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီး စောင့်ကြ၏။
ဆာလံဆရာက “အိမ်” ဟုဆိုရာတွင် တစ်ဦးချင်း၏အသက်တာကိုသော်၎င်း၊ အိမ်ထောင်ကိုသော်၎င်း၊ အသင်းတော်ကိုသော်၎င်း၊ တိုင်းပြည်ကိုသော်၎င်း၊ ဆိုလိုခြင်းဖြစ်သည်။ လူတိုင်းကိုယ့်အသက်တာနှင့် မိမိအိမ်ထောင်ကို စိတ်တိုင်းကျ ဆောက်နေကြသည်။ သို့သော်၊ ထာဝရဘုရားက မဆောက်လျှင် အချည်းနှီးဖြစ်သည်၊ ဟုဆိုသည်။ မြို့ကိုလည်း ထာဝရဘုရားက မစောင့်လျှင် စောင့်သောသူတို့သည် အချည်းနှီးစောင့်ကြသည်၊ ဟုဆိုသည်။ လူသည် မိမိအသက်တာနှင့် အိမ်ထောင်ကို မည်ကဲ့သို့ဆောက်နေကြသနည်း။ အောက်တွင်ဖေါ်ပြထားသည်။
၂။ စောစောထလျက်၊ ညနက်သည့်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
လူသည်မိမိအသက်တာနှင့် အိမ်ထောင်ကို စောစောထလျက် (နေ့ဆိုင်း First shift) ညနက်သည့်တိုင်အောင် မအိပ်ဘဲလျက် (ညဆိုင်း Second shift & night shift) ပင်ပန်းစွာအလုပ်လုပ်လျက် ရသောပိုက်ဆံနှင့် တည်ဆောက်ကြသည်။ ပင်ပန်းစွာအစာစားလျက်ဆိုသည်မှာ၊ လူနာကလွဲလျှင် အစာကိုပင်ပန်းစွာမစားတတ်ကြပါ။ အားရပါးရ၊ အရသာရှိရှိစားတတ်ကြသည်မဟုတ်ပါလော။ သို့ဖြစ်လျှင် အဘယ်ကြောင့် ပင်ပန်းစွာအစာစားလျက်၊ ဟုဆိုသနည်း။ ဆိုလိုရင်းမှာ ပင်ပန်းစွာအလုပ်လုပ်ပြီး ရသောဝင်ငွေနှင့်အစာ ဝယ်စားခြင်းဖြစ်သည်။ သို့သော်ထိုသို့ဘဝကို တည်ဆောက်သော်လည်း နောက်ဆုံးအားလုံးပျောက်ပျက်ကုန်မည်။ ထို့ကြောင့် ကျမ်းစာကအကျိုးမရှိဟုဆိုသည်။
လူသည်ခဏသာနေသော လောကအသက်တာကို အရေးကြီးဆုံးအဖြစ်ထားသောကြောင့် လောကအ ရာကိုသာ စွဲလမ်းခြင်းဖြစ်သည်။ ထာဝရတည်တန့်မည် နောင်ဘဝကို မည်သို့မျှနားမလည် မစဉ်းစားကြ ချေ။ သို့သော်၊ ယခုဘဝနှင့်နောင်ဘဝနှိုင်းယှဉ်ပါက ယခုဘဝသည် ခရီးသွားသကဲ့သို့ဖြစ်သည်။ ခရီးသွား သောအခါ ခဏသာဖြစ်သောကြောင့် အဆင်ပြေလျှင်လည်း ထိုအရာ၌ ဇိမ်မခံပါ။ အဆင်မပြေလျှင် လည်း ညည်းတွားခြင်းမရှိ သည်းခံနိုင်သည်။ အိမ်ရှင်ဖြစ်လျှင် သည်းမခံနိုင်ကြချေ။ လူတိုင်းဤလောက ၌ အိမ်ရှင်ကဲ့သို့နေချင်ကြသည်။ သို့သော်မည်မျှပင်ကြိုးစားသော်လည်း အိမ်ရှင်မဖြစ်နိုင်ပါ၊ ဧည့်သည် သာလျှင်ဖြစ်သည်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ လက်ခံကြပါစို့။
၃။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
ထာဝရဘုရားက သူ့ကိုချစ် တော်မူသောသူကို မည်ကဲ့သို့ အိပ်ပျော်ရသောအခွင့်ပေးသနည်း။ ဗိုက်ဆာနေလျှင် အိပ်ပျော်၍မရချေ။ ထာဝရဘုရားက ကျွေးမွေးသောသူသည် ဗိုက်ဝသောကြောင့် အိပ်ပျော်နိုင်သည်။ ပြသနာရှိနေသောသူ လည်း ပြသနာကိုမည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေသောကြောင့် အိပ်မပျော်နိုင်ချေ။ သို့သော်၊ ထာဝရ ဘုရားကို အားကိုးသောသူသည် မိခင်ရင်ခွင်၌အိပ်ပျော်သော ခလေးကဲ့သို့ ပူပင်ကင်းမဲ့စွာအိပ်ပျော်နိုင် သည်။ သင်သည် ကောင်းစွာအိပ်ပျော်နိုင်ပါသလော။ အိပ်မပျော်နိုင်လျှင် ထာဝရဘုရားကို အားမကိုး ခြင်းကြောင့်ဖြစ်နိုင်သည်။
ဧည့်သည်အာဂန္တုအာဗြဟံ
၁။ ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား၊ နေပူသောအချိန်တွင်၊ အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
အာဗြဟံသည် ကျွန်ုပ်တို့ကဲ့သို့ လိပ်စာအတိအကျမရှိပါ။ မံရေသပိတ်တော်နားသည် သူ၏လိပ်စာဖြစ် သည်။ သူသည်အိမ်မဟုတ်ဘဲ တဲတံခါးဝမှာ ထိုင်ခြင်းသည် တဲ၌နေသောကြောင့်ဖြစ်သည်။ ထာဝရ ဘုရားက တကူးတက ခေါ်သောအာဗြဟံသည် အဘယ်ကြောင့် အိမ်၌မနေဘဲ တဲ၌သာနေသနည်း။ တဲ၌နေထိုင်ခြင်းသည် ယာယီဖြစ်၍ အိမ်ကဲ့သို့ အဆင်မပြေချေ။ ကျွန်ုပ်သည် ဤလောက၌ အိမ်ရှင် ကဲ့သို့နေသလော၊ ဧည့်သည်ကဲ့သို့နေသလော။
၂။ မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ ဦးညွတ်ချလျက်၊ ၃။ အကျွန်ုပ်သခင်၊ ရှေ့တော်၌ အကျွန်ုပ်သည် မျက်နှာရလျှင်၊ ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။
အာဗြဟံက လူသုံးယောက်တို့ကို သိသည်မဟုတ်၊ သူ့ဧည့်သည်များလည်းဖြစ်သည်မဟုတ်ချေ။ သို့သော် မြင်ရုံဖြင့် ပြေး၍ခရီးဦးကြိုပြုခြင်းသည် ထိုလူများကို ဂရုစိုက်ခြင်း၊ တန်ဘိုးထားခြင်း၊ ရိုသေ ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း သူကဲ့သို့ ဧည့်သည်များကို ဂရုစိုက်ကြပါသလော။
၄။ ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။
အာဗြဟံက ရေအနည်းငယ်ဖြင့်ဧည့်ခံဘို့ပြောသည်။ ခြေဆေးဘို့ရေပေးသည်။ အာဗြဟံသည် ကျွန်ုပ်တို့ ကဲ့သို့ ဧည့်သည်တော်များကို ဧည့်ခန်း၌ ဧည့်မခံနိုင်ချေ၊ သစ်ပင်အောက်၌သာ ဧည့်ခံနိုင်ရှာသည်။ ကျွန်ုပ်တို့သည် ဧည့်သည်များကို သစ်ပင်အောက်၌ ဧည့်ခံချင်ပါမည်လော။ အဘယ်ကြောင့် အာဗြဟံ၌ ဧည့်ခန်းမရှိသနည်း။ သူသည်အိမ်မဆောက်နိုင်လောက်အောင် ဆင်းရဲပါသလော။ ကျမ်းစာက၊ အာဗြံသည်သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏ (ကမ္ဘာ ၁၃း၂) ဟုဆိုသည်။ သို့သော်သူသည် အိမ်နှင့်မြို့ပြမဆောက်ဘဲ ဧည့်သည်အနေဖြင့်သာနေသည်။ ဟေဗြဲကျမ်းရေးသူက၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သောပြည်၌၊ ယုံကြည်ခြင်းအား ဖြင့် ဧည့်သည်ဖြစ်၍နေ၏။ (ဟေဗြဲ ၁၁း၉) ဟုရေးသည်။ အဘယ်ကြောင့်ဂတိပေးသောပြည်၌ ဧည့်သည်ကဲ့သို့နေသနည်း။ အကြောင်းမူကား ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မြော်လင့်သတည်း (ဟေဗြဲ ၁၁း၁၀) ဟုရေးသည်။ သူသည် အသက် ၇၅ နှစ်တွင်ဧည့်သည်အဖြစ် ဂတိပေးသောခါနာန်ပြည်သို့ရောက်၍ အသက် ၁၇၅ နှစ် သေသည်အထိ နှစ်ပေါင်း ၁၀၀ ဧည့်သည်ဖြစ်ခဲ့သည်။
ကျွန်ုပ်တို့သည် နှစ်ပေါင်း ၇၀ မှ ၈၀ သာအသက်ရှင်သော်လည်း ဧည့်သည်ကဲ့သို့နေချင်ကြပါသလော။ အိမ်ရှင်ကဲ့သို့သာ ကိုယ်ပိုင်အိမ်နှင့်နေချင်ကြသည်မဟုတ်လော။ အိမ်ပိုင်နိုင်လျှင် ကျေနပ်အားရ ဂုဏ် ယူကြသည်မဟုတ်လော။ အသက်ရှင်သမျှ အိမ်ဘိုးပေးဘို့ အလုပ်လုပ်၍ကျွန်ခံနေကြသည်မဟုတ် လော။ ကျွန်ုပ်တို့ပြသနာ အရင်းအမြစ်သည် ယာယီနေရသောဤလောက၌ ဧည့်သည်ကဲ့သို့မနေချင်ဘဲ အိမ်ရှင်ကဲ့သို့နေချင်ကြသည်။ အိမ်ထောင်ပရိဘောဂ၊ အဝတ်အစားမျိုးစုံပိုင်ချင်ကြသည်။ အကောင်း စား ကားများပိုင်ချင်ကြသည်။ ထိုအရာများရရှိရေးအတွက်အချိန်၊ ဘဏ္ဍာ၊ စွမ်းအား၊ အစွမ်းကုန် အသုံး ပြုကြသည်။ လင်မယားပင်လျှင် အတူတူမနေနိုင်ဘဲ အလုပ်ထဲ၌ အချိန်အများဆုံးအသုံးပြုကြသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာလျော့နည်းလာသည်။ အထိအတွေ့များသော လုပ်ဘော်ဆောင်ဖက်များနှင့် သံယောယဉ်တွယ်လာရာမှ ပြသနာတက်လာပြီး နောက်ဆုံး၌ လင်မယားကွာရှင်းလိုက်ကြသည်။ သား သမီးများလည်း မစောင့်ရှောက်၊ မသွန်သင်၊ မေတ္တာလျော့နည်းလာပြီး၊ ဆူပူကြိမ်းမောင်းခြင်းဖြင့် နောက်ဆုံး၌ ဝေးဝေးနေလာကြသည်။
တံခါးခေါက်သောအိမ်ရှင်
ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်။ (ဗျာဒိတ် ၃း၂၀)။ တံခါးခေါက်သောသူသည် သခင်ယေရှုဖြစ်သည်။ တံခါးဖွင့်ပေးမည့်သူသည် လူသား များဖြစ်သည်။ တံခါးသည် စိတ်နှလုံးဖြစ်သည်။ စိတ်နှလုံးအထဲ၌ ဝိညာဉ်ရှိသည်။ စိတ်နှလုံးတံခါးဖွင့် ပေးလျှင် သခင်ယေရှုသည် ဝင်လာလိမ့်မည်။ ဝိညာဉ်သည် ဘုရားကိုငတ်လှကြောင်း ကျမ်းစာ၌ဤသို့ တွေ့ရသည်၊ သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ (ဆာလံ ၄၂း၁-၂)။ မိတ်ဆွေ၊ သင်၏ဝိညာဉ်သည် ဘုရား သခင်ကို အလွန်ငတ်ကြောင်း သိပါသလား။ သင်၏ဝိညာဉ်က ဘုရားငတ်သောကြောင့် ညှိုးငယ်ပြီးမငြိမ်မဝပ်ရှိကြောင်း ဤသို့တွေ့ရသည်၊ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ (ဆာလံ ၄၂း၅)
အဘယ်ကြောင့် လူ၏ဝိညာဉ်သည် ဘုရားကိုငတ်လှသနည်း။ အတူတူမနေသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ကိုယ့်ချစ်သူကို အရမ်းလွမ်းပြီး ဆွေးနေသနည်း။ အတူတူမနေသော ကြောင့်ဖြစ် သည်။ အတူတူနေလျှင် ကျေနပ်အားရပြီး၊ ငတ်ခြင်း၊ လွမ်းခြင်း၊ တမ်းတခြင်းများမရှိချေ။ အဘယ် ကြောင့် လူ၏ဝိညာဉ်သည်ဘုရားကို ငတ်လှသနည်း။ ဘုရားမရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင် သည် အပြင်ဖက်မှတံခါးခေါက်နေသည်။ ဘုရားမဝင်နိုင်အောင် စိတ်နှလုံးက ကာဆီးနေသည်။ စိတ်နှလုံးက ဘုရားကို ဝင်ခွင့်မပေးလိုချေ။ စိတ်နှလုံးသည် ခိုင်မာသည်။ ငါ့သဘောဟု လူကိုအုပ်စိုး ချင်သည်။ မိတ်ဆွေ၊ ဘုရားသခင်တည်းဟူသော သခင်ယေရှုကို စိတ်နှလုံးတံခါးဖွင့်ပေးလိုက်ပါ။ သူ ဝင်၍ သင်၏ဝိညာဉ်သည် အသက်ရှင်၍ လန်းဆန်းလာလိမ့်မည်။
သခင်ယေရှုကို စိတ်နှလုံးတံခါးဖွင့်ပေး၍ ဝင်ခွင့်ပေးသောသူများလည်း သူ့ကိုအိမ်ရှင်အဖြစ်လက်မခံဘဲ ဧည့်သည်အဖြစ်နှင့်သာ ဧည့်ခန်း၌တပါးတည်း နှစ်ပေါင်းများစွာထိုင်ခိုင်းနေကြသည်။ သခင်ယေရှုက၊ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်၊ ဟုဆိုသည်။
အဘယ်ကြောင့် သခင်ယေရှုက စားသောက်ခြင်းအကြောင်းကို ပြောသနည်း။ စားသောက်ခြင်းကို ပြင်ဆင်သောသူသည် အိမ်ရှင်ဖြစ်သည်။ ဧည့်သည်သည် အိမ်ရှင်က စားသောက်ဘို့ ပေးမှာသာလျှင် စားသောက်တတ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သင်၏အိမ်ရှင်အဖြစ် ဝင်လိုသည်။ ဧည့်သည်အဖြစ် ဝင်လိုသည်မဟုတ်။ သို့သော် များစွာသော ခရစ်ယာန်များသည် သခင်ယေရှုကို အိမ်ရှင်မဖြစ်စေဘဲ၊ ဧည့်သည်အဖြစ်သာလက်ခံသည်။ ထို့ကြောင့် ဧည့်ခန်းနှင့်ထမင်းစားခန်း၌ “ခရစ်တော်သည် မမြင်ရသောဧည့်သည်ဖြစ်သည်” ဟူသောစာတန်းများကို အားရစွာချိတ် ထားကြသည်။ သင်သည် သခင်ယေရှုကို ဧည့်သည်အဖြစ်လက်ခံသလော၊ အိမ်ရှင်အဖြစ်အုပ်စိုးစေသလော။
သခင်ယေရှုသည် သင်၏အိမ်ရှင်ဖြစ်ပါက သင်သည်သူ၏အစေခံကျွန်ဖြစ်သည်။ သခင်ယေရှုကို ပါးစပ် အားဖြင့်သာအိမ်ရှင်ဖြစ်စေဘို့မဟုတ်ပါ။ လက်တွေ့အားဖြင့်အိမ်ရှင်ဖြစ်စေရမည်။ သို့ဖြစ်လျှင် သူကိုမည်ကဲ့သို့ အိမ်ရှင်အဖြစ်လက်ခံရမည်နည်း။ စေခံကျွန်သည် သခင်၏စကားကို နားထောင်ရမည်။ သခင်၏အလိုတော်ကိုသိရမည်။ သို့ပြီးမှသခင်ခိုင်းသောအရာကို မညီးမညိုလုပ်ရမည်။ ကျွန်သည် မည်မျှကာလ သခင်စကားနားထောင်မည်နည်း။ တသက်လုံးဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သင်၏သခင်ဖြစ်ပါက သူ၏စကား ကြားရမည်၊ နားလည်ရမည်၊ လုပ်ဆောင်ရမည်။ ထိုသို့ကြားနိုင်ရန် ကျမ်းစာဖတ်ရမည်။ ကျမ်းစာဖတ်သောအခါ၌လည်း ပြီးစလွယ်၊ ဩတ္တပ္ပစိတ်ကျေနပ်ဘို့လောက်မဖတ်ဘဲ ဘုရားသခင်၏ ဆိုလိုရင်းနားလည်ဘို့ ဖတ်ရမည်။ ဘုရား၏အလိုတော်နားလည်ပြီးလျှင် လက်တွေ့လိုက်လျှောက်ရမည်။ ငယ်သားသည် သခင်၏မျက်ရိပ်မျက်ကဲကိုသာကြည့်ပြီး မိမိအလိုဆန္ဒအတိုင်းမနေဘဲ သခင်၏အလိုဆန္ဒကိုသာဖြည့်ဆည်းဘို့ ကြိုးစားသကဲ့သို့ ကြိုးစားရမည်။ ကိုယ်ပိုင်ဝမ်းမြောက်မှုထက် သခင်၏ဝမ်းမြောက်မှု၌သာ ဝမ်းမြောက်ရမည်။ ထိုကဲ့သို့ဖြစ်နိုင်မည်လော၊ ဟုသင်မေးချင်မည်။ ကိုယ်အလွန်ချစ်သောရည်းစား စိတ်ဆိုးမည်ကိုစိုးရိမ်သည်မဟုတ်လော။ ကိုယ့်ရည်းစားဝမ်းမြောက်စေဘို့သာလျှင် ရှာတတ်သည်မဟုတ်လော။ အလုပ်ရုံမှာလည်း ကိုယ်သဘောထက် အလုပ်ရှင်၏အလိုကို အစဉ်သဖြင့် လိုက်တတ်သည်မဟုတ်လော။ ထို့ကြောင့်သခင်ယေရှုကို အိမ်ရှင်အဖြစ်လက်ခံလျှင် သူ့အလိုတော်ကိုသာလျှင် ရှာရမည်။
သခင်ယေရှုကိုယ်တိုင် ဤသို့ဆိုခဲ့သည်၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှအတိုင်း၊ သားတော်လည်းပြု၏။ (ယော ၅း၁၉) ဟူ၍၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့လိုက်၏။ (ယော ၅း၃၀) ဟူ၍၎င်း၊ ဆိုခဲ့သည်။ တဖန်၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏၊ (ယော ၄း၃၄) ဟုဆိုသည်။ ထို့ကြောင့်၊ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့၊ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို၊ အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။ (ယော ၁၇း၄) ဟုသူ့ခမည်းတော်ထံ ပြောခဲ့သည်။
သခင်ယေရှုက သူ့ခမည်းတော်၏အလိုတော်ကိုသာဆောင်ကြောင်းကို အထက်ပါကဲ့သို့ လက်တွေ့ပြသခဲ့ပြီ။ သို့သော် ယုံကြည်သူများက လုံးဝနားမလည်နိုင်၊ လုံးဝမလိုက်နာနိုင်ကြချေ။ မည်သူကလိုက်နိုင်မည်နည်း၊ ဟုဆိုကြသည်။ လောကလူသား သခင်၏အလိုဆန္ဒကိုပင် ငယ်သားကလိုက်နိုင်လျှင် အဘယ်ကြောင့် ဘုရား၏အလိုတော်ကို မလိုက်နိုင်ရမည်နည်း။ ယခုမှစ၍ သခင်ဘုရား၏အလိုတော်ကိုသာ လိုက်ကြစို့။ ဘုရားမျက်နှာကိုသာလျှင်ရှာကြစို့။ ကိုယ့်ခံစားချက်၊ ကိုယ့်အလိုဆန္ဒများကို ငြင်းပယ်ကြစို့။
သခင်ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် အသက်ကို တွေ့လိမ့်မည်၊ ဟုဆိုသည် (မဿဲ ၁၆း၂၄-၂၅)။ သခင်ယေရှုနောက်လိုက်လိုလျှင် ကိုယ့်ကိုကိုယ်ငြင်းပယ်ရမည်၊ ဟုဆိုသည်။ ကိုယ့်ကိုကိုယ်ငြင်းပယ်ခြင်းဆိုသည်မှာ၊ ကိုယ့်အလိုဆန္ဒ၊ ခံစားချက်၊ စီမံကိန်းများအားလုံးပယ်၍ သခင်ယေရှု၏အလိုတော်ကိုလိုက်ဘို့ဖြစ်သည်။ အဘယ်ကြောင့်ထိုအရာကို ခက်ခဲသည်၊ ဟုထင်သနည်းဟူမူကား ကိုယ့်ဆန္ဒအားကြီးလွန်းသောကြောင့်ဖြစ်သည်။ ကိုယ့်အသက်ကိုကယ်ဆယ်ခြင်းတည်းဟူသော ကိုယ့်အလိုဆန္ဒလိုက်သောသူသည် အသက်ရှုံးလိမ့်မည်၊ ဟုသခင်ယေရှုပြောသည့်အတိုင်း ယုံကြည်သူများသည် ဆုံးရှုံးနေကြသည်။ ယခုမှစ၍ ကိုယ့်ဆန္ဒကို ငြင်းပယ်ကြစို့။ သခင်ယေရှုကို သူ၏နေရာ၊ သခင်အရာ၌ထား၍ အိမ်ရှင်ဖြစ်စေကြပါစို့။




