သတင်းကောင်းစာစောင်

SEPTEMBER 2026

မာတိကာ

  • ဘုရားပါသလော၊ မပါသလော
  • မိဘနှင့်ခလေးထိန်း
  • အစေခံနှင့်သားသမီး
  • ယေက်ျားသည် မိန်းမ၏ခေါင်း
  • အမှုတော်ဆောင်သင်တန်းမှ ခံစားရသောအရာများ
  • အမှုတော်ဆောင်သင်တန်းအမြင်

 

ဘုရားပါသလော၊ မပါသလော

ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာ စစ်တိုက်၍၊ ဒါဝိဒ်သည် အားတိုးပွားလျက်၊  ရှောလုအမျိုးသည် အားရွေ့လျော့လျက်ရှိကြ၏။ (၂ ဓမ္မ ၃း၁)

ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူရှိသဖြင့် သူသည် တိုးပွား၍ အားကြီးလေ၏။ (၂ ဓမ္မ ၅း၁၀)

ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ သူသည်ပို၍ပို၍အားကြီးလေ၏။ (၁ ရာ ၁၁း၉)

အဘယ်ကြောင့် ရှောလုသည် ဘုရင်ဖြစ်သော်လည်း အားလျော့လျက်ရှိသနည်း။ အကြောင်းရင်းမှာ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှထွက်သွား၍၊ ထာဝရဘုရား ထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ယှက်တတ်သောကြောင့်ဖြစ်သည် (၁ ဓမ္မ ၁၆း၁၄) ။ ဒါဝိဒ်အဘယ်ကြောင့် အားကြီးလာသနည်း။ ထာဝရဘုရားသူနှင့်အတူရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်အားလျော့ခြင်း အားကြီးခြင်းသည် ထာဝရဘုရားအတူပါရှိခြင်း မပါရှိခြင်းအပေါ်မူတည်သည်။ ရှောလုသည် ရှင်ဘုရင် ဖြစ်သော်လည်း အားလျော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့လည်း မည်မျှပင်ရာထူး၊ ပညာ၊ ဥစ္စာရှိသော်လည်း ထိုအရာများအပေါ်၌ အားမရှိပါ။ ရှောလုသည် ချက်ချင်းအားမလျော့ပါ။ တနေ့ပြီးတနေ့၊ တနှစ်ပြီးတနှစ်အားလျော့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း ချက်ချင်းအားမလျော့ သော်လည်း၊ ထာဝရဘုရားအတူမပါရှိတော့လျှင် တဖြည်းဖြည်းအားလျော့လာမည်ဖြစ်သည်။

ရှောလုနှိမ့်ချခဲ့

ရှောလုကို ရှမွေလက ရှင်ဘုရင်ဖြစ်ဘို့ ဘုရားကရွေးချယ်ကြောင်းဤသို့ပြောခဲ့သည်၊  ဣသရေလအမျိုးသည် အဘယ်သူကိုအလိုရှိသနည်း။ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းကို အလိုရှိသည်မဟုတ်လော၊ ဟုရှောလုအားပြောဆို၏။ ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန်အမျိုးသားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ပြောပါသနည်း၊ ဟုလျှောက်လေ၏။ (၁ ဓမ္မ ၉း၂၀-၂၁)

ရှောလုသည် ရှင်ဘုရင်အဖြစ် ရွေးချယ်ခံသောအခါ အထက်ပါကဲ့သို့ သူ့ကိုယ်သူနှိမ့်ချစွာ ပြောဆိုခဲ့သည်။ သူ့ကိုရှမွေလက မိဇပါမြို့၌ လူများရှေ့တွင် ဘိသိက်ပေးဘို့ပြောသောအခါ၌လည်း လှည်းများကြား၌ ပုန်းရှောင်ခဲ့သည် (၁ ဓမ္မ ၁၀း၂၂)။

ဘုရားစကားနားမထောင်

ရှောလုအဘယ်ကြောင့် ဘုရားသခင်ကစွန့်သနည်း။ ထာဝရဘုရား၏စကားကို အပြည့်အဝနားမထောင် သောကြောင့်ဖြစ်သည်။  ရှမွေလကရှောလုအား၊

သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလသို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်၊ ဟုဆို၏။ (၁ ဓမ္မ ၁၀း၈)

ရှမွေလချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက်ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလသို့ မရောက်၊ ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိဿဟာယပူဇော်သက္ကာတို့ကို ငါ့ထံသို့ယူခဲ့ကြ၊ ဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ (၁ ဓမ္မ ၁၃း၈-၉)။

ယဇ်ပူဇော်ခြင်းသည် လွယ်ကူသော်လည်း ဘုရားသခင်က ယဇ်ပုရောဟိတ်များသာလျှင် လုပ်ခွင့်ပေးသည်။ ရှောလုသည် ရှမွေလကိုမစောင့်နိုင်ဘဲ သူကိုယ်တိုင် မီးရှို့ရာယဇ်ကို ပူဇော်လိုက်သည်။

ရှမွေလက၊ သင်သည် အဘယ်သို့ပြုသနည်း၊ ဟုမေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံမှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သောအချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ ၁၂။ ဖိလိတ္တိလူတို့သည် ငါရှိရာသို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး၊ ဟုအကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီ၊ ဟုပြန်ပြော၏။ ၁၃။ ရှမွေလကလည်း သင်သည်မှားပြီ။ သင်၏ဘုရားသခင်ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ ၁၄။ ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်၊ ဟုရှောလုအား ဆိုပြီးလျှင်၊ ၁၅။ ထ၍ ဂိလဂါလမှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ (၁ ဓမ္မ ၁၃း၁၁-၁၅)

အထက်ပါကဲ့ သို့ရှောလုသည် ဘုရားစကားနားမထောင်သော်လည်း ဘုရားသခင်က ချက်ချင်းမစွန့်သေးချေ။ 

ထိုသို့ ရှောလုသည် ဣသရေလ အမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကို အောင်လေ၏။ (၁ ဓမ္မ ၁၄း၄၇)

ဘုရားစကားနားမထောင်ပြန်

တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ၊ သင့်ကို ဘိသိက်ပေးမည် အကြောင်း ငါ့ကို အထက်က စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ ၂။ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုး ပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။ ၃။ ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍ ယောကျာ်း၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့၊ ဟုရှောလုအား ဆင့်ဆိုသည်။ (၁ ဓမ္မ ၁၅း၁-၃)

သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုးနွား အမြတ်အလတ်၊ ဆူသောသိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။ (၁ ဓမ္မ ၁၅း၉)

ရှမွေလက အဘယ်ကြောင့် ဘုရားစကားနားမထောင်သနည်း၊ ဟုမေးသောအခါ ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ၊ ထာဝရဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ၊ အာမလက် ရှင်ဘုရင်အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။ ၂၁။ သို့ရာတွင် လူများတို့သည် ဂိလဂါလ၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှါ လုယူသော သိုးနွား၊ ရှင်းရှင်း ဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီ၊ ဟုပြောဆိုပြန်၏။ (၁ ဓမ္မ ၁၅း၂၀-၂၁)

ရှောလုက သိုးနွားများယူခြင်းသည် များတို့က ယူခြင်းဖြစ်သည်၊ ဟုခေါင်းရှောင်သည်။ သူ၏အခွင့်မရဘဲ လူများက ယူရဲမည်မဟုတ်ချေ။ ထိုမျှသာ မက ထိုသိုးနွားများသည် ထာဝရဘုရားအား ယဇ်ပူဇော်ဘို့ရန်၊ ဟုဆိုသည်။ ကျွန်ုပ်တို့လည်း ကိုယ့်အပြစ်ကို သူတပါးအားတင်မိတတ်ပါသလော။ ဘုရားအလိုတော်မရှိသောအရာများအားဖြင့် ဘုရားထံလှူဘို့ကြံစည်ဘူးပါသလော။

ရှမွေလကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ ၂၃။ ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနှုတ်၍ သင့်ကိုပယ်တော်မူပြီ၊ ဟုဆို၏။ (၁ ဓမ္မ ၁၅း၂၂-၂၃)

ရှမွေလက ဘုရားသခင်သည် ယဇ်ပူဇော်ခြင်းထက် စကားနားထောင်ခြင်းပိုနှစ်သက်သည်၊ ဟုဆိုသည်။ ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့အပြစ်ကြီးသည်။ စိတ်နှလုံးခိုင်မာခြင်းသည် ဗေဒင်တန်ဆာသုံးခြင်းကဲ့သို့ အပြစ်ကြီးသည်။

သင်ခန်းစာ။ ကျွန်ုပ်သည် ရှောလုကဲ့သို့ အစပိုင်း၌ ဘုရားကောင်းကြီးခံစားခဲ့သော်လည်း စကားနားမထောင်ခြင်း အားဖြင့် အားလျော့နေသူဖြစ်ပါသလော။ ဒါဝိဒ်သည် သိုးကျောင်းသားလူငယ်ဖြစ်သော်လည်း ဘုရားသခင်အလိုတော်ကိုသိ၍ သူနှင့်အတူရှိသောအခါ တနေ့တခြားအားတိုးလာသည်။ ကျွန်ုပ်သည် ဒါဝိဒ်ကဲ့သို့ တနေ့တခြားအားတိုးသောသူဖြစ်ပါသလော။

 

မိဘနှင့်ခလေးထိန်း

မိဘများသည် သူတို့၏သားသမီးများကို အခကျေးငွေမရဘဲ အဘယ်ကြောင့် အကောင်းဆုံးကြည့်ရှုနိုင်သနည်း။ အကြောင်းရင်းသည်အလွန်ရှင်းနေပါသည်။ သူတို့၏ရင်သွေးဖြစ် သောကြောင့်ဖြစ်သည်။ မိဘများကို အဘယ်သူကမျှ သူတို့၏ခလေးထိန်းခမပေးပါ။ သူတို့၏ခလေး ထိန်းခမရသည်သာမက သူတို့၏ခလေးများအတွက် ရှိသမျှအကုန်အကျခံပြီး ကြည့်ရှုကြသည်။ ခလေးထိန်းများမူ အခမရလျှင် ခလေးများကို မကြည့်ရှုကြချေ။ အကြောင်းမှာ သူတို့၏ခလေးမဟုတ် သောကြောင့် အခကျေးငွေမရရှိလျှင် အနစ်နာမခံချင်၊ မခံနိုင်ကြချေ။

အမှုတော်ဆောင်များ

ဘုရားသခင်၏အမှုတော်ဆောင်များစွာသည် မိဘများဖြစ်ကြသလော၊ ခလေးထိန်းဖြစ်ကြသလော။ မည်သို့သိနိုင်မည်နည်း။ မိဘဖြစ်လျှင် အခကြေးငွေမရရှိလျှင်လည်း အကောင်းဆုံးကြည့်ရှုမည်ဖြစ် သည်။ ခလေးထိန်းဖြစ်လျှင် အခကြေးငွေမရရှိလျှင်၊ ထိုမျှသာမက သူတို့မျှော်မှန်းထားသလောက် မရရှိလျှင် အမှုတော်ဆောင်နိုင်မည်မဟုတ်ချေ။

အမှုတော်ဆောင်များ၊ သင်သည်ယုံကြည်သူအသင်းသားများ၏ မိဘဖြစ်သလော၊ သို့မဟုတ် ခလေးထိန်းဖြစ်ပါသလော။

ယုံကြည်သူများ၊ သင်၏သင်းအုပ်နှင့်အမှုတော်ဆောင်များသည် မိဘဖြစ်သလော၊ ခလေးထိန်းဖြစ်သ လော။ သင်စဉ်းစားမိဘူးပါသလော။

ပေါလုကသက်သာလောနိတ်အသင်းတော်ထံ ဤကဲ့သို့စာရေးခဲ့သည်၊

မိခင်ကဲ့သို့

၇။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်း(မိခင်)သည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့၊ ၈။ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်း နှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို မျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ် ရှိကြ၏။

ဖခင်ကဲ့သို့

၉။ ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍၊ ကြိုးစား အားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှါ၊ ငါတို့သည် နေ့ညလုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။ ၁၀။ မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့်၊ အထိုက် အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ ၁၁။ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့၊ ငါတို့သည် သင်တို့ရှိသမျှကို၊ အဘယ်သို့ တိုက်တွန်း သွေးဆောင်၍ မှာထားသည်ကို၊ သင်တို့ သိကြသည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့တွင်၊ ငါတို့သည် အဘယ်သို့ သန့်ရှင်း ဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် နေကြသည်ကို၊ သင်တို့သည် သက်သေ ဖြစ်ကြ၏။ ၁၂။ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။ (၁ သက် ၂း၇-၁၂)

အစေခံနှင့်သားသမီး

အစေခံများသည်အခကြေးငွေရရှိသောကြောင့် စကားနားထောင်လုပ်ဆောင်ကြသည်။ အခကြေးငွေမ ရရှိလျှင် ခိုင်း၍မရတော့ချေ။ သားသမီးများသည် မိဘများက ခိုင်းသောအရာကို အခကြေးငွေပေးသော ကြောင့် လုပ်ဆောင်ကြသည်မဟုတ်။ မိဘကိုချစ်ကြောက်ရိုသေသောအားဖြင့် လုပ်ဆောင်ကြသည်။ ထို့နည်းတူ ခရစ်ယာန်များလည်း အစေခံကျွန်များကဲ့သို့ ဘုရားထံတော်မှ ရစရာရှိသောကြောင့် လုပ်ဆောင်ကြလျှင် အစေခံများဖြစ်သည်။ သားသမီးဖြစ်လျှင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော အားဖြင့် လုပ်ဆောင်မှာဖြစ်သည်။

သင်သည် ဘုရားသခင်၏ အစေခံဖြစ်ပါသလော။ အစေခံဖြစ်လျှင် ကိုယ့်အသိစိတ်၊ စေတနာနှင့်လုပ် ဆောင်မည်မဟုတ်၊ အသင်းတော်မှရစရာ မျှော်လင့်စရာရှိမှသာလုပ်ဆောင်မည်ဖြစ်သည်။

သင်သည် ဘုရားသခင်၏ သားသမီးဖြစ်လျှင် ကိုယ့်အသိစိတ်နှင့် စေတနာအပြည့်အဝဖြင့် အကောင်း ဆုံးလုပ်ဆောင်မှာဖြစ်သည်။ အသင်းတော်မှ ရဘို့ထက် အသင်းတော်အတွက် ပေးဘို့ရန် ရည်ရွယ်မည်။

 

ယေက်ျားသည်မိန်းမ၏ခေါင်း

ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။ (၁ ကော ၁၁း၃) 

ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ၊ ခေါင်းဖြစ်တော်မူ သကဲ့သို့၊  ယောက်ျားသည် မိမိခင်ပွန်း၏ အပေါ်မှာ ခေါင်းဖြစ်၏။  (ဧဖက် ၅း၂၃)

အထက်ပါကျမ်းပိုဒ်ကို ယုံကြည်သူတိုင်း ဖတ်လေ့ပြောလေ့ရှိကြသော်လည်း အမှန်တကယ်အသုံးပြုနိုင် သူရှားပါးသည်။ ခေါင်းသည်ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်၍ ခန္ဓာကိုယ်တခုလုံးကို ဦးဆောင်သူ၊ ဆုံးဖြတ်သူဖြစ်သည်။ ခေါင်းကညွှန်ကြားခြင်းမရှိဘဲ ခြေသည်မသွား၊ လက်သည်မလှုပ်ရှားချေ။ ခေါင်းကမဆုံးဖြတ်ဘဲ ပါးစပ်ကစကားမပြော၊ ထမင်းမစားချေ။ သို့သော်ခေါင်းကမခိုင်းဘဲ သွားကလျှာ ကိုရန်သူအမှတ်နှင့်ကိုက်တတ်သည်။

ထို့နည်းတူ ယောက်ျားသည်မိန်းမအပေါ်ခေါင်းအဖြစ် ဘုရားကတာဝန်ပေးထားသောကြောင့် မိန်းမ သည် ခေါင်းတည်းဟူသော ယောက်ျားကိုမတိုင်ပင်ဘဲ ဆုံးဖြတ်လုပ်ဆောင်ခြင်းမပြုလုပ်သင့်ချေ။ လူသားအားလုံး၏မိခင်ဧဝက သူ၏ခေါင်းအာဒံကိုမတိုင်ပင်ဘဲ၊ မြွေစကားကိုနားထောင်ပြီး ဘုရားတား မြစ်ထားသော ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို စားလိုက်သောကြောင့် လူသားတရပ်လုံး အပြစ်သားဖြစ်၍ ဒုက္ခရောက်ကြသည်ကို သင်ခန်းစာယူသင့်သည်။ အပြစ်စတင်လုပ်သောသူသည် ဧဝဖြစ်သော်လည်း ကျမ်းစာက၊ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်၊ (၁ ကော ၁၅း၂၂) ဟုဆိုသည်။ ဧဝအားဖြင့်သေခြင်းသို့ရောက်ရသည် ဟုမဆိုချေ။ အဘယ်ကြောင့်နည်း။ အာဒံ သည်သူ၏မိန်းမအပေါ်ခေါင်းဖြစ်သောကြောင့်ဖြစ်သည်။ ယောက်ျားသည် ခေါင်းဖြစ်ခြင်းကို အောက်ပါ ကျမ်းပိုဒ်များအားဖြင့် ဆက်လေ့လာကြစို့၊

၂။ လူယောက်ျားသည် ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်း ပြုသော်၎င်း၊ မိမိပြောသော စကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက် ရှိသည်အတိုင်း ပြုရမည်။

၃။ မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိ ပြုသော်၎င်း၊ ကိုယ်၌ကိုယ် ချည်နှောင်သော်၎င်း၊

၄။ ထိုသစ္စာစကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင်သော စကားကို၊ အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကား ရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကား ဟူသမျှတို့သည် တည်ရကြမည်။

၅။ သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား မည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။

(တောလည်ရာ၃၀း၂-၅)

ယောက်ျားသည် ဘုရားထံ ဂတိသစ္စာပြုခြင်း၊ ကျိန်ဆိုခြင်းပြုသောအခါ သူပြုသည့်အတိုင်း ဂတိသစ္စာ ဝတ်ကိုဖြေရမည်၊ ဟုဘုရားသခင်ကဆိုသည်။ သို့သော်အပျိုမသည် ဘုရားထံ ဂတိသစ္စာပြုခြင်း ကျိန်ဆိုခြင်းပြုသောအခါ ဖခင်ကတားမြစ်နိုင်သည်၊ ဟုဆိုသည်။ ထို့နည်းတူ၊ လင်ယောကျ်ားရှိသော မိန်းမသည် ဘုရားထံဂတိသစ္စာပြုခြင်း၊ ကျိန်ဆိုခြင်းပြုသောအခါ ယောက်ျားကဖျက်နိုင်သည်၊ တည်စေနိုင်သည်၊ ဟုဆိုသည်။ ထို့ကြောင့်၊ ယောက်ျားသည် မိန်းမအပေါ် ခေါင်းဖြစ်ကြောင်း သိရသည်။

မိန်းမများသည် ကိုယ်ရွေးချယ်မှုကြောင့်မိန်းမဖြစ်သည်မဟုတ်သကဲ့သို့ ယောက်ျားများလည်း ကိုယ်ရွေး ချယ်မှုကြောင့်ယောက်ျားဖြစ်ကြသည်မဟုတ်ချေ။ ဘုရားသခင်ကသတ်မှတ်ထားခြင်းဖြစ်သည်။ ခေါင်း သည်ကိုယ်ခန္ဓာအပေါ်အမိန့်အာဏာနှင့်မအုပ်ချုပ်သကဲ့သို့ မိန်းမအပေါ်အမိန့်အာဏာသုံးဘို့မဟုတ်ပါ။ ခေါင်းသည်ကိုယ်ခန္ဓာကိုချစ်၍ ပြုစုယုယသကဲ့သို့ ယောက်ျားသည်လည်း မိန်းမအပေါ်ချစ်၍ ပြုစုယုယ ဘို့ဖြစ်သည်။ အနိုင်ကျင့်ဘို့မဟုတ်ပါ။ ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် ဦးခေါင်း၏ဦးဆောင်မှုကို နာခံ သကဲ့သို့ မိန်းမသည်လည်း ယောက်ျား၏ဦးဆောင်မှုကို နာခံသင့်သည်။

ယောက်ျားသည်မိန်းမထက် အစစအရာရာ၌ တော်တတ်လျှင် မိန်းမအနေဖြင့် နာခံဘို့အလွန်လွယ်ကူ သည်။ သို့သော် မိန်းမသည်ယောက်ျားနှင့်တန်းတူလာသောအခါ ယောက်ျားအလိုကို နာခံဘို့ခက်လာ တတ်သည်။ ထို့ထက်သာမက မိန်းမသည် ယောက်ျားထက် အစစအရာရာ၌ တော်တတ်လာသောအခါ မိန်းမအနေဖြင့် ယောက်ျားကို ခေါင်းနေရာ၌ထားဘို့ နာခံဘို့သည် အလွန်ခက်လာတတ်သည်။ ထိုအခြေ အနေမျိုး၌ မည်ကဲ့သို့လုပ်ရမည်နည်း။ မိန်းမကယောက်ျားကို နားလည်အောင်ရှင်းပြပေးဘို့လိုသည်။ ယောက်ျားအနေဖြင့်လည်း မိန်းမ၏အကြံပေးခြင်းကို နားထောင်ဘို့လိုသည်။

သမတများပင်လျှင် အကြံပေးအရာရှိများစွာကို ကဏ္ဍအလိုက်ခန့်ထားကြသည်။ အကြံပေးအရာရှိများ ၏တာဝန်မှာ သမတကိုအကြံပေးရမည်။ သို့သော်၊ ဆုံးဖြတ်ချက်ကိုသမတကပြုလုပ်မည်ဖြစ်သည်။ အကယ်၍အကြံပေးအရာရှိ၏ အကြံကိုမယူသောကြောင့် မှားယွင်းသွားပါက သမတ၏တာဝန်ဖြစ် သည်။ ထို့နည်းတူ၊ မိန်းမအကြံပေးသော အကြံကောင်းကို နားမထောင်ဘဲ ယောက်ျားက သူ့အကြံအတိုင်း လုပ်သောကြောင့် ပြသနာနှင့်ဆုံးရှုံးမှုရှိလျှင် ယောက်ျားက တာဝန်ယူ၊ တာဝန်ခံရမည်။

၁ နောက်တဖန် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်တော်မူလျှင် စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက်စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။ ၂ ရှင်ဘုရင်ကလည်း လူပေါင်းမည်မျှ ရှိသည်ကို ငါသိမည်အကြောင်း ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် ဣသရေလ ခရိုင်ရှိသမျှတို့ကို လျှောက်သွား၍ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ ရှိသော ဗိုလ်ချုပ်မင်း ယွာဘအား မိန့်တော်မူ၏။ ၃ ယွာဘကလည်း ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာ တိုးပွားစေသဖြင့် ကျွန်တော်သခင် အရှင်မင်းကြီး မြင်မည်အကြောင်း ပြုတော်မူပါစေသော်။ သို့ရာတွင် ကျွန်တော်သခင် အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ၏။ ၄ သို့သော်လည်း အမိန့်တော်သည် ယွာဘစကားနှင့် ဗိုလ်များစကားကို နိုင်သဖြင့် ယွာဘနှင့် ဗိုလ်များတို့သည် လူတို့ကို ရေတွက်အံ့သောငှါ အထံတော်မှ ထွက်သွားကြ၏။ (၂ ဓမ္မ ၂၄း၁-၄)

ဒါဝိဒ်မင်းက သန်းခေါင်စာရင်းကောက်ချင်သောအခါ၊ စစ်သူကြီးယွာဘက၊ မကောက်ဘို့တားမြစ်သည်။ သို့ရာတွင်ဒါဝိဒ်သည် ယွာဘ၏စကားကို နားမထောင်ဘဲ စာရင်းကောက်သောအခါ ဘုရား၏တရားစီရင်ခြင်းကို ဤကဲ့သို့ခံရသည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍ ၁၂ ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကို သင့်အားငါပြ၏။ သင်၌ ငါပြုစရာဖို့ တပါးပါးကို ရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊ ၁၃ ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော် ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံး ကာလနာ ရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။ (၂ ဓမ္မ ၂၄း၁၁-၁၃)

ဒါဝိဒ်သည်အပြစ်လုပ်သောအခါ အပြစ်ဝန်ခံသည်။ သို့သော်ဘုရားသခင်ကပြစ်ဒဏ်မပေးဘဲမနေချေ။

၁၄ ဒါဝိဒ်ကလည်း ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏာတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။ ၁၅ ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြ၏။ (၂ ဓမ္မ ၂၄း၁၄-၁၅)

ဒါဝိဒ်သည်အပြစ်ကိုသူနှင့်သူ၏အဆွေအမျိုးအပေါ်ပေးဘို့ ဤကဲ့သို့ဆုတောင်းသည်။

လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည် မြင်သောအခါ အကျွန်ုပ် ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။ (၂ ဓမ္မ ၂၄း၁၇)

သင်ခန်းစာ။ ကျွန်ုပ်သည် ကိုယ်လုပ်သောအရာကို တာဝန်ယူ တာဝန်ခံရဲပါသလော။ ကိုယ့်အပြစ်ကို သိပါသလော။ ဘုရား၏အပြစ်ပေးခြင်းကို ခံရဲပါသလော။ ခေါင်းသည် အခွင့်အရေးရှိသော်လည်း ကောင်းလျှင် ချီးမွမ်းခြင်း၊ မကောင်းလျှင် အပြစ်တင်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းခံရမည်ကို ပါသတိထား သင့်သည်။ ဧဝသည်အပြစ်လုပ်သူဖြစ်သော်လည်း အာဒံသည်ခေါင်းဖြစ်သောကြောင့် အပြစ်တင်ခြင်း ခံရသည်။ ကျွန်ုပ်လည်း မိန်းမကျူးလွန်မည့်အပြစ်ကို မတားသောကြောင့် ကျွန်ုပ်ကိုယ်တိုင်ပြစ်ဒဏ် ပေးခြင်းခံရမည်။

 

အမှုတော်ဆောင်သင်တန်းမှ ခံစားရသောအရာများ
David Maung Naing  

နိဒါန်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း 

အားလုံးမင်္ဂလာပါ။ ရှေးဦးစွာ ဘုရားရှင်နာမတော် ချီးမွမ်းပါသည်။  Saya Nathan Htoo ဦးဆောင်သော သတင်းကောင်းနှစ်ခြင်းအသင်းတော် Des Moines, Iowa မြို့၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သော အမှုတော် ဆောင်သင်တန်းသို့ကောင်းမွန်စွာ တက်ရောက်ခွင့် ရရှိခဲ့သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးပင် ချီးမွမ်းပါသည်။ 

ဆရာကြီးနှင့် ဆရာမကြီးတို့၏ ဝိညာဉ်ရေးရာ စံနမူနာ 

ဆရာကြီးမောဇက်ထောင်ကျုံး နှင့်ဆရာမကြီး ဟန္နကျုံး တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဘုရားသခင်ဖေါ်ပြသော အလေ့အလာများကို နားလည်သဘောပေါက်၍ ဆရာ/ဆရာမ များသာမက အသင်းသူ/သားများကိုလည်း ထပ်တူ နားလည်စေချင်သောကြောင့်၎င်း၊ ဝိညာဉ်များကို ချစ်သော ကြောင့်၎င်း၊ အလွန်အနစ်နာခံပြီး ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးခုစလုံးကို ကျွေးမွေးပြုစုပေးရုံသာမက တိုး တက်စေချင်သည်။  

အဘယ်ကြောင့်ဆိုသော် ကျန်းမာရေးထက် အမှုတော်ကို ပထမထားခြင်း၊ သူတို့၏ခန္ဓာပိုင်း မကျန်းမာခြင်းကိုပင်လျင် ပမာဏမထားဘဲ လုပ်ဆောင်ပေးပြီး ဂရုစိုက်ပေးခဲ့ကြသည်။ ထူးခြားသည်မှာ အခြားသူများတနည်းတူမဟုတ်၊ အသက်ရွယ်အရ ပင်စင်ယူချိန်ကျော်လွန်သော်လည်း၊ ပင်စင်မယူဘဲ ချီဆောင်ခြင်းနေ့ရက်တိုင်အောင် အမူတော်မြတ်၌ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခြင်းနှင့် ဆရာ/ဆရာမများကို ပင်လျှင် အပြစ်မမြင်ဘဲ ကိုယ့်အပြစ်ကို ဖေါ်ပြခဲ့၍  နှိမ့်ချစွာ လုပ်ဆောင်ခြင်းများကို သင်ယူခဲ့မိပါသည်။  

သင်တန်းအတွေ့အကြုံ 

အမူတော်ဆောင်သင်တန်း၌ သင်ယူရသောအရာတွေမှာ အလွန်ကောင်းသည်။ ဆရာကြီး နှင့် ဆရာ/ဆရာမ များအားလုံးသည် တလုံးတဝတည်း ဖြစ်ကြောင်း တွေ့ရသည်။ သင်တန်း အချိန်ကာလ၌လည်း တစ်ယောက်နှင့်တစ်ယောက် သက်သေခံခြင်း၊ ခွန်အားပေးခြင်း ၊ တည်ဆောက်ခြင်းများစွာနှင့် ဘုရားဘုန်းတော် ထင်ရှားစေခဲ့ကြသည်။ ညတိုင်း ဝတ်ပြုချိန်၌လည်း သက်သေခံချက်တိုင်းသည် ဖယ်စရာမရှိလောက်အောင် ကောင်းကြသဖြင့် ကိုယ့်အပြစ်ကို ကိုယ်မြင်စေခဲ့၍ ပြုပြင်စရာများစွာ တွေ့ခဲ့သည်။  

သစ္စာဂတိပြုခြင်း သင်ခန်းစာ (တောလည်ရာကျမ်း အခန်းကြီး ၃၀) 

ဆရာကြီး မောဇက်၏ နေ့လည်သင်တန်း တောလည်ရာကျမ်း အခန်းကြီး ၃၀ ၌ "သစ္စာဂတိပြုခြင်း" အကြောင်းကို သင်ယူခဲ့ပါသည်။ ဂတိသစ္စာပြုသည့်အတိုင်း မပျက်မကွက် တည်ရမည်ဖြစ်ပြီး၊ ကျမ်းစာထဲမှ သာဓကများကို အောက်ပါအတိုင်း လေ့လာသင်ယူခဲ့ရပါသည်။ 

၁။ ရှောလုမင်းကြီး၏ ကျိန်ဆိုခြင်း - သူ၏သား ယောနသန် (Jonathan) ကို အပြစ်ပေး၍ သတ်မည်ဟု ကျိန်ဆိုခဲ့သော်လည်း စစ်သည်တော်များနှင့် လူထု၏ တားမြစ်တောင်းဆိုမှုကြောင့် မသတ်ခဲ့ကြောင်း  (၁ ဓမ္မရာဇဝင် ၁၄:၂၄-၄၅) တွင်တွေ့ရသည်။  

၂။ ရှောလုမင်းကြီး၏ ကတိပျက်ခြင်း - ဒါဝိဒ်ကို မသတ်ပါဟု သစ္စာဆိုခဲ့သော်လည်း ကတိဖျက်၍ ပြန်လည်သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း။  (၁ ဓမ္မရာဇဝင် ၁၉:၆-၁၀) 

၃။ အာနနိ (Ananias) နှင့် ဇနီး ရှဖိရ (Sapphira) ကတိပြုခြင်း - ဘုရားသခင်ထံ ကတိပြု/လှူဒါန်းရာ၌ မရိုးမသား ပြုခဲ့ကြသဖြင့် သေဆုံးခဲ့ရသည့်အကြောင်း (တမန်တော် ၅:၁-၁၁) 

၄။ အိမ်ထောင်ရေး သစ္စာဂတိ - လင်မယားကြား သစ္စာဂတိပြုထားခြင်းများ ဂရုမစိုက်၊ အမူမထားကြဘဲ ပျက်စီးခြင်းသို့  ဦးတည်နေကြသဖြင့်၊ ယောက်ျားများ မိန်းမကိုချစ်ဖို့သော်၎င်း၊ မိန်းမများလည်း ယောက်ျား၏ အုပ်စိုးခြင်းကို ဝန်ခံဖို့သော်၎င်း (ဧဖက် ၅း၂၁-၂၉) ၌သတိပေး၊ ဆုံးမသွားသည့်အရာတွေကိုလည်း တွေ့ရပါသည်။ 

မြန်မာစကားပုံ၌ - “လူမှာဂတိ မင်းမှာသစ္စာ” ဆိုရိုးရှိသည်။  

လူတစ်ယောက်ရဲ့ တန်ဖိုးမှာ ရွှေ၊ ငွေ၊ ရတနာ၊ အိမ်၊ ကား၊ ပစ္စည်းဥစ္စာများပေါ်တွင် မမူတည်ဘဲ၊  သစ္စာဂတိပြုသည့်အတိုင်း အသက်ရှင် သက်သေပြဖို့သာ အဓိက လိုအပ်ကြောင်းကို သင်ယူမိပါသည်။ 

စဥ်ခြင်မိသောအရာ 

ကျွန်တော်လည်း လူ့ရှေ့ ဘုရား‌ရှေ့ ၌ အမူတော်မြတ်ကိုဆောင်ရွက်ဖို့ ဆက်ကပ်၊ ဂတိပြု ဆုတောင်းခြင်းကိုခံခဲ့သည်။ ထိုကြောင့် ဂတိပြုသည့်အတိုင်း လုပ်ဆောင်ရမည်ကို ပို၍ သတိပြုမိပါသည်။ ဘုရားက ဂတိမတောင်းပါ၊ သူဖက်ကဘဲ ဂတိပေးသောဘုရားဖြစ်သည်။ အမူတော်မြတ်သည် ဒုက္ခမုန့်  (ဟေရှာယ ၃၀:၂၀-၂၂) ကို စားရသည်ဖြစ်၍ သမ္မာသတိရှိဘို့လိုကြောင်းကိုလည်း စဥ်ခြင်မိပါသည်။  

၅။မိမိကိုယ်ကို ဆန်းစစ်ခြင်း မေးခွန်းများ 

  • ရှောလုနှင့်ဒါဝိဒ် ရှောလုသည် ဘုရားစကားနားမထောင်ခြင်းနှင့် မနာလိုခြင်းရှိ၍ ဘုရားစိတ်တော်နှင့်မတွေ့ခဲ့ချေ။ ဘုရားကိုခေါ်သော်လည်း မထူးတော့သဖြင့် နတ်ဝင်မိန်းမကို ရှာခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၈:၆-၇)  ဒါဝိဒ်သည် နှိမ့်ချခြင်းနှင့် ဘုရားသခင်၏စိတ်တော်နှင့် တွေ့ရှိသဖြင့် (ဆာလံ ၅၁) ကိုရေးခဲ့၍ ကျွန်တော်အတွက်လည်း အကျိုးခံစားရသည်။ 
  • သင်သည် ပေတရုလော၊ ရှိမုန်လော (Jan,2024 စာစောင်ထုတ်) ထဲကသော်၎င်း၊ 
  • သင်သည် ဒါဝိဒ်လော၊ ရှောလုလော  
  • မိမိ၏ အမှုတော်မြတ်၌ ဘုရားသခင်ပါသလော၊ မပါသလော? 
  • ဘုရားသခင်ကို အမှီပြုသလော၊ မပြုသလော? 
  • ဦးနှောက်နှင့် ဆောင်ရွက်နေသလော၊ နှလုံးသားနှင့် ဆောင်ရွက်နေသလော? 
  • ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ 
  • ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရလိမ့်မည်၊ 
  • ဘုရားပြုသမျှကို နေ့တိုင်းစဥ်ခြင်ရန် (ဆာလံ ၁) 

ထို့ပြင် ထာဝရဘုရား၏ပွဲ (၇) ပွဲအနက် ပသခါပွဲ အကြာင်းနှင့် ဘုရားခိုင်းစေခြင်း မရှိဘဲ မိမိသဘောဖြင့် ပွဲလုပ်ခဲ့သော ယေရောဗောင်၏ သင်ခန်းစာများကိုလည်း နက်နက်နဲနဲ သင်ယူခဲ့ရပါသည်။ 

၆။ အသင်းတော် (၅) နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းပွဲ  

သင်တန်းနောက်ဆုံးရက် Saya Nathan Htoo ဦးဆောင်သော အသင်းတော် ၅ နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်၌ ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်း‌မြောက်မိပါသည်။ အဆိုပါပွဲ၌ လည်း ဆရာ ၄ ပါး ၏သက်သေခံခြင်းနှင့် ဆရာကြီး မောဇက် ထောင်ကျုံး၏ ဧဖက်အသင်းတော် ကဲ့သို့ ရှေးဦးမေတ္တာ မလျော့ဖို့၊ မမေ့ဖို့ ရန်နှင့် အချင်းချင်း၌လည်း ချစ်ကြရန် တရားဒေသနာနှင့် တကွ မှာခဲ့ပါသေးသည်။ 

နိဂုံး 

အမူတော်ဆောင်သင်တန်းတက်ရောက်ခြင်းအားဖြင့် ရရှိခဲ့သောအရာများမှာ  ရွှေငွေ အထောင်အသောင်း ထက်မက တန်ဖိုးမဖြတ်နိုင်သော ဓမ္မအမွေအနှစ်များစွာ ဖြစ်ပါသည်၊၊ သင်တန်းပြီးဆုံးချိန်တွင် အပြန်လမ်း၌လည်း ပြန်ချင်၊ မပြန်ချင်နဲ့ ဝမ်းနည်းစွာဖြင့် ပြန်လာခဲ့ရသည်။ (ဒီလောက်နဲ့ဘဲ ကျေနပ်ကြရအောင်) လို့ အဆုံးသတ်ချင်ပါတယ်။  ဘုရားနာမ ဘုန်းကြီးပါစေ။                                         

 

အမှုတော်ဆောင်သင်တန်းအမြင်
ဆရာတိမောသေ

၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ (၁၁) ရက်ထိပြုလုပ်သော သတင်းကောင်းနှစ်ခြင်း အသင်းတော်များ အမှုတော်ဆောင်သင်တန်းအကြောင်း ပြန်လည်ရေးသားလိုက်ပါသည်။     

အမေရိကန်နိုင်ငံရှိ သတင်းကောင်းနှစ်ခြင်းအသင်းတော်၏ အမှုတော်ဆောင်သင်တန်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ မှ ၁၁ ရက်နေ့အထိ လုပ်ဆောင်ခဲ့သည်။ Iowa ပြည်နယ် Des Moines မြို့တွင်ပြုလုပ်သော ထိုသင်တန်းသို့ သတင်းကောင်းအမှုတော်ဆောင်ဖြစ်သော ကျွန်တော်(တိမောသေ) တို့မိသားစုလည်း သွားရောက်သင်တန်းတက်ခဲ့ကြသည်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်လျက်ရှိ သော Rock Island မြို့ မှ Des Moines မြို့ သို့ သွားရန် ၂ နာရီ နှင့် မိနစ် ၂၀ သာကားမောင်းရပါသည် ။ ထို့ကြောင့် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအပြီးမှာ သားသမီးလေးယောက်၊ လင်မယားနှစ်ယောက်၊ မိသားစု ခြောက်ယောက် အတူတကွ ကားမောင်း၍သွားခဲ့ပါသည်။  

ဤနေရာတွင် သတင်းကောင်းအသင်းတော်များ၏ အခေါ်အဝေါ်နှင့် သွားပုံလာပုံများ အနည်းငယ်ရှင်း ပြလိုပါသည်။ သတင်းကောင်းအသင်းတော်ကို အင်္ဂလိပ်ဘာသာဖြင့် Gospel Baptist Church ဟူ၍ခေါ်ကြသည်။ အတိုကောက်ဖြင့်ဆိုလျှင် GBC ဟုခေါ်ဆိုကြသည်။ အသင်းတော်တည်ရှိရာမြို့ အမည်များကိုလိုက်၍ အသင်းတော်နာမည်များကို မှတ်သားခေါ်ဆိုကြသည်။ Quad City တွင်ရှိသော အသင်းတော်ကို GBC Quad City, Des Moines တွင်ရှိသောအသင်းတော်ကို GBC Des Moines ဟူ၍ဖြစ်သည်။ GBC Des Moines တွင် ဦးဆောင်နေသူမှာ သင်းအုပ်ဆရာ နေသန်ထူး (Nathan Htoo) ဖြစ်သည်။

ဆရာနေသန်ထူး၏ စီစဉ်ပေးမှုဖြင့် အသင်းသားဖြစ်သော စောလားရှီး တို့အိမ်တွင် ကျွန်တော်တို့ မိသားစု တည်းခိုရသည်။ အခြားသောပြည်နယ်များမှ သင်တန်းလာတက် ကြသော ဆရာသုံး ယောက်လည်း ထိုအိမ်တွင် တည်းခိုရကြသည်။ ကြိုးစား၍ ကြိုတင်ပြင်ဆင် ထားကြသောကြောင့် ဧည့်သည်များအတွက် အလွန်အဆင်ပြေသည်ကို တွေ့ရသည်။ 

သင်တန်းကာလမှာ အင်္ဂါနေ့မှသောကြာနေ့အထိ လေးရက်ဖြစ်သည်။ သာသနာပြုဌာနကို ဦးဆောင်လျက်ရှိသော ဆရာကြီးမောဇက်မှ အဓိကဦးဆောင်ပေးပါသည်။ သင်တန်းထုံးစံအတိုင်း နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ကျမ်းစာဖတ်ခြင်း အစီအစဉ်ဖြစ်သည်။ ထို့နောက် နာရီဝက် နံနက်စာစားချိန်အပြီး နံနက် ၉ နာရီမှ ၁၀ နာရီအထိ ဆုတောင်းကြသည်။ ၁၀ နာရီမှနေ့လည် ၁၂ နာရီအထိ ကျမ်းစာသင်တန်းပထမချိန်ဖြစ်သည်။ ၁၂ နာရီမှ ၁ နာရီအထိ နေ့လည်စာစားချိန်ဖြစ်ပါသည်။ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကျမ်းစာသင်တန်းဒုတိယပိုင်းဖြစ်သည်။ ညနေ ၃ နာရီမှ ၆ နာရီအထိ ဧဝံဂေလိထွက်ကြသည်။ ညနေ ၆ နာရီတွင် ညစာစားချိန်ဖြစ်ပြီး ညဝတ်ပြုခြင်းကို ၇ နာရီမှ ၉ နာရီအထိ ပြုလုပ်သည်။

သင်တန်းကာလအတွင်း ကျွန်တော်သင်ယူမိခဲ့သော အရာများကို အကျဉ်းချုပ်အနေဖြင့် ပြန်လည်မျှဝေချင်ပါသည်။ သမ္မာကျမ်းစာ၏ မူရင်းဆိုလိုရင်းအဓိပ္ပာယ်များအကြောင်းကို များစွာ သင်ကြားခွင့်ရခဲ့ပါသည်။ ဘာသာပြန်ကျမ်းများ၏ အားနည်းချက်အချို့ကို အမှားပြင်ဆင်ချက်များ ပြုလုပ်နိုင်ခဲ့ကြသည်။ ရာဇဝင်ချုပ်ပထမစောင် အခန်းကြီး ၁၁ အငယ် ၉ ကဲ့သို့သော မူရင်းဆိုလိုရင်းနှင့် ဆန့်ကျင်ဘက်သဘောဖြစ်စေသော ဘာသာပြန်အားနည်းချက်များကို နားလည်ခွင့်ရခဲ့သည်။ ထို့ကြောင့် internet line ရှိပါက ကျွန်တော်တို့အနေဖြင့် gospelmyanmarbible.com အွန်လိုင်း ကျမ်းစာကိုသာ အဓိကအသုံးပြုဖြစ်ကြသည်။ 

နောက်တစ်ချက်သင်ယူမိသည်မှာ ပသခါပွဲအကြောင်းဖြစ်သည်။ ဂျူးလူမျိုးတို့အား ဘုရားစေခိုင်းသော ပွဲတော်ခုနစ်မျိုးတွင် တစ်မျိုးဖြစ်သော ပသခါပွဲအကြောင်း ဆရာမောဇက်မှ အသေးစိပ်ထပ်မံ သင်ကြားပေးသည်။ ကျွန်တော်ခွန်အားရသည်မှာ ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၂ အငယ် ၉ ဖြစ်သည်။ ပသခါသိုးကိုစားရာတွင် အသည်း၊ နှလုံးများပါ ဘုရားကစားခိုင်းသည်။ ယခုကာလ ကျွန်တော်တို့၏ ပသခါသိုးသူငယ်ဖြစ်သော ယေရှုခရစ်တော်ကို ယုံကြည်ရာတွင် ခရစ်တော်၏ ကယ်တင်ခြင်းနှင့် ကောင်းကြီးမင်္ဂလာများသာလျှင် ခံယူဖို့မဟုတ်ပါ။ ခရစ်တော်၏ နှလုံးသား ခံစားချက်နှင့် ဒုက္ခဆင်းရဲများကိုပါ အားလုံးခံယူရကြမည်ဟု သင်ကြားပေးသောအခါ အမှုတော်မြတ်၌ သာ၍အစေခံဘို့ စိတ်နှလုံးကို ပြင်ဆင်ခွင့် ဘုရားကပေးခဲ့ပါသည်။ ကျမ်းစာသင်တန်းအားဖြင့် များစွာ ခွန်အားရသော်လည်း ဤမျှလောက်ဖြင့် ရေးသားဖော် ပြလိုက်ပါသည်။ 

ကြာသာပတေးနေ့နံနက်ပိုင်း ဆုတောင်းခြင်းကို ကျွန်တော် ဦးဆောင်ခွင့်ရပါသည်။ ဆုတောင်းသောအခါတွင် ကျန်းမာခြင်း လိုအပ်သောသူများအတွက်ပါ ဆုတောင်းဘို့ ဆုတောင်းချက်များ တင်ပြခိုင်းသောအခါ အတွေ့အကြုံလေးတစ်ခု ပြန်လည်ဝေငှချင်ပါသည်။ မကျန်းမာသောသူများအတွက် ဆုတောင်းချက်တင်ဘို့ရန် ပြောသောအခါမှာ အသင်းတော်များစွာမှ အမှုတော်ဆောင်များစွာ ပါဝင်ကြသောကြောင့် အားလုံးတင်ပြမည်ဆိုလျှင် အချိန်မလောက်နိုင်ပါ။ ထို့ကြောင့် ကျန်းမာခြင်း အလွန်ဆိုးဝါးသော သူများအတွက်သာလျှင် ဆုတောင်းချက်တင်ဘို့ရန် ဆိုလို၍ သေခါနီးများအတွက်သာ ဆုတောင်းချက်တင်ပါဟု ပြောမိလေသည်။ ထိုအခါ ဆုတောင်းချက်တင်မည့်သူများအတွက် အတော်ကလေး အခက်အခဲ ဖြစ်သွားခဲ့ရကြသည်။ ပြောမှားဆိုမှား များရှိခဲ့ပါက ဤနေရာကနေ အားလုံးကို တောင်းပန်လိုပါသည်။  

မိသားစုလိုက်သွားသော်လည်း ကျွန်တော်တို့၏ကလေးများကို အိမ်ရှင်အသင်းတော်မှ ဝိုင်းဝန်းထိန်းပေးကြသောကြောင့် သင်တန်းချိန်အတွင်း အနှောင့်အယှက်မရှိကောင်းမွန်စွာ ခံယူနိုင်ခဲ့ပါသည်။ ဤအရာအတွက်လည်း အိမ်ရှင်အသင်းတော်မှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါသည်။ 

ဆရာကြီးမောဇက်၏ဇနီးဖြစ်သောဆရာမကြီးဟန္နမှ အစားအသောက်ချက်ပြုတ်ကျွေးမွေးခြင်း အပိုင်းမှာ ဦးဆောင်သည်။ အသင်းသူအသင်းသားများ မချက်တတ်မပြုတ်တတ်သောကြောင့် ဦးဆောင်ပေးခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ချက်ပြုတ်ကျွေးမွေး နိုင်ရန်၊ အလေအလွင့်မရှိဘဲ ချက်ပြုတ်နိုင်ရန်ရည်ရွယ်၍ ဦးဆောင်ပေးခြင်းဖြစ်ပါသည်။ ကျန်းမာရေး မကောင်းသည့်ကြားမှ အပင်ပန်းခံ ဦးဆောင်ပေးသော ဆရာမကြီးကို ဘုရားသခင် ကျန်းမာခြင်းပေး၍ ဆက်လက်အသုံးပြုပါစေ။  

သောကြာနေ့တွင် အစာရှောင်ဆုတောင်းခြင်းပြုကြပါသည်။ သောကြာနေ့ညဝတ်ပြုခြင်းတွင် မိမိအသက်တာကို ဘုရားသခင်အတွက်ပေးဖို့ရန်အဆင်သင့်ဖြစ်နေသော ဆရာဆဲနေမူးလည်း အချိန်ပြည့်အမှုဆောင်အဖြစ် ဆက်ကပ်နိုင်ခဲ့သည်။ ညဝတ်ပြုခြင်းပြီးသောအခါ ဆရာတချို့ ပြန်သွားကြသည်။ အများစုကျန်ရစ်၍ စနေနေ့ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်၌ ဆက်လက်ပါဝင်ကြသည်။ GBC Des Moines အသင်းတော်ကို ငါးနှစ်တိုင်အောင် ဘုရားသခင်က ပို့ဆောင်ကောင်းချီးပေးသဖြင့် ကျွန်တော်တို့အားလုံး အတူတကွ ဝမ်းမြောက်လျက် ကျေးဇူးတော် ချီးမွမ်းခဲ့ကြသည်။  ခပ်သိမ်းသောအမှုအရာသည် ထာ၀ရဘုရားသခင်၏ကျေးဇူးပြုခြင်းကြောင့်သာ လျှင် ဖြစ်ပါသည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နာမ ကမ္ဘာအဆက်ဆက် ဘုန်းကြီးခြင်းရှိပါစေ။ အာမင်။ 

464 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 SEP

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -