သတင်းကောင်းစာစောင်

MARCH 2011

မာတိကာ

  • အမှာစာ 
  • ခရစ်တော်၌ အိပ်ပျော်ခြင်း 
  • ဘုရားသခင်၏ အမျက်တော် နှိုးဆော်ခြင်း 
  • အသင်းတော် ၅ မျိုး
  • တရားစီရင်ခြင်းများ
  • သက်သေခံချက်များ 
  • စိုးရိမ်ခြင်း 
     
      

အမှာစာ

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အသက်ရှင်၍ ကောင်းကြီးမင်္ဂလာများ ခံစားရကြသေးသည်။ ကမ္ဘာပေါ်၌ များစွာသောသူများ စားသောက်စရာမရှိ၊ သဘာဝဘေးဒဏ်များ ခံစားရချိန်တွင် ကောင်းမွန်စွာ အသက်ရှင်လှုပ်ရှားသွား လာနိုင်ခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းကြစို့။ ခရစ်တော် ကြွလာခါနီးလေလေ ဤလောက၌ အမျိုးမျိုးသော ဒုက္ခများကြုံတွေ့ရကြသည်။ 

ဩစ​တြေးလျနိုင်ငံ၌ မိုးသက်မုန်တိုင်းကြောင့် များစွာ အိုးအိမ်ပျက်စီးရသည်။ နယူးဇီလန်နိုင်ငံ ခရစ်တော် အသင်းတော် မြို့ (Christ Church)၌ မြေငလျှင်ကြောင့် အိုးအိမ် များစွာ ပျက်စီး၍ လူသေကြသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော အီဂျစ်၊ တိုနီးရှားနိုင်ငံအုပ်ချုပ်သော သမတနှင့် အစိုးရများကို လူထု ကဆန္ဒပြ၍ ဖြုတ်လိုက် ကြသည်။ ယခုလစ်ဗျား၊ ယေမန်၊ ဗာရိန်းနိုင်ငံများ၌ လူထုဆန္ဒပြ နေကြဆဲ ဖြစ်သည်။ အာရပ်နိင်ငံများ နိုင်ငံရေး ငလျှင်လှုပ်ခြင်း ဟူ၍၎င်း၊ နိုင်ငံရေးစူနာမီး ဖြစ်သည် ဟူ၍၎င်းဆိုကြသည်။ ထိုနိုင်ငံများသည် နောက်ဆုံး၌ အစ္စရေးနိုင်ငံကို တိုက်ခိုက် ဘို့ရန် မူစလင်အစွန်းရောက်သမားများ အာဏာရဘို့ ဖြစ်နိုင်သည်ဟု ခန့်မှန်း နေကြသည်။ အစ္စရေးနိုင်ငံအနေဖြင့် စိတ်ပူပန်သောက ရောက်လေလေဖြစ်သည်။ ထိုအချိန်တွင် ပါလက်စတိုင်းနိုင်ငံထူထောင်ဘို့လည်း စက်တင်ဘာလလောက်မှန်းထားသည်။ 


အမေရိကန်ပြည် ထောင်စု၌လည်း ပြည်နယ်အစိုးရများ ဘတ်ဂျက်လိုငွေပြမှုကြောင့် အစိုးရ အမှုထမ်းများ လျှော့ချဘို့၊ ယူနီယံများ ဖျက်ဘို့ ကစ္စကြောင့် မငြိမ်မသက် ဖြစ်နေသည်။ Wisconsin ပြည်နယ်တွင် ယူနီယံများ ကပြည်နယ် လွှတ်တော် ရုံကို အပိုင်စီး၍ ဆန္ဒပြသည် မှာသုံးပတ်ရှိနေပြီဖြစ်သည်။ အမေရိကန်ပြည်နယ်တိုင်း၌ ဘတ်ဂျက်လိုငွေပြမှုကြောင့် ပြသနာ ပိုမိုများ ပြားနိုင်သည်။ နိုင်ငံတော်အကြွေးလည်း တနေ့တခြား တရိပ်ရိပ်တက်နေသည်။ အိုဘားမားသမတတက်ချိန်တွင် အကြွေး ၉ ထီလိယံရှိခဲ့သော်လည်း ယခုသုံးနှစ်အတွင်း ၁၄ ထီလီယံသို့ တက်လာပြီ။ အသုံးအဖြုန်းလည်း ပို၍ပို၍ များလာသောကြောင့် မည်သည့်အချိန်၌ ပြိုကျမည်ကို ရင်လေးဘွယ် ဖြစ်နေချိန် ဖြစ်သည်။ ထိုသို့ကမ္ဘာပြသနာ၊ နိုင်ငံအတွင်း ပြသနာ မျိုးစုံရှိသောကြောင့် ဘုရားသခင် ထံ၌ ခိုလှုံဘို့ လိုအပ်သည်။ စိတ်ညစ်၍ သေကြောင်းမကြံဘဲ ဘုရားသခင်ထံ၌ တိုးဝင်ချဉ်းကပ်ကြပါစို့။ 


 
ခရစ်တော်၌အိပ်ပျော်ခြင်း 

မြန်မာပြည်၌ ခရစ်ယာန်များသေဆုံးသောအခါ “ခရစ်တော်၌ အိပ်ပျော်ခြင်း” ဟု သတင်း စာများ၌ မြင်တွေ့ရတတ်သည်။ ထို့အပြင် သင်္ချိုင်းအုပ်ဂူများ ထိပ်၌ လက်ဝါးကပ်တိုင်ဆိုက်ထူ၍ လက်ဝါးကပ်တိုင်၌ နာမည်၊ မွေးနေ့နှင့် သေ ဆုံးသော နေ့များ အောက်တွင် RIP (Rest in Peace) ငြိမ်သက်စွာ အနားယူ ပြီဟု ရေးတတ်ကြသည်။ ထို့အပြင် စျာပနအခန်းအနား ပြုလုပ်သောအခါသော်၎င်း၊ ယပ်တောင်များ၌ သော်၎င်း၊ ဝတ်ပြုခြင်း အခန်းအနားအစီအစဉ်စာရွက်များ၌၎င်း “ဘုရားသခင်၏ ခေါ်တော်မူခြင်း” ဟု ပြောဆို ရေးသား တတ်ကြသည်။ ထိုအရာများကို ရေးသားသောသူနှင့် ဖတ်ရှု နားထောင်သောသူများ အနေဖြင့် အမှန်တကယ် ဆိုကြသလော။ အစဉ်အလာရှိ၍ သာရေးသား ပြောဆို ကြသလော။ ထို့အပြင်သင်းအုပ်ဆရာတိုင်း ကသေဆုံးသောသူတိုင်းကို “ကောင်းကင်သို့ ရောက်သွားပြီ” ဟု ဟောပြော ဆုတောင်း တတ်ကြသည်။ သင်းအုပ်ဆရာများပြောသည် အတိုင်း သေဆုံးသူတိုင်း ကောင်းကင်နိင်ငံသို့ ရောက်သွားကြသလော။ ပရိသတ်များကလည်း သင်းအုပ်ဆရာများ ပြောသောအရာကို အံ့ဩခြင်း၊ ဆင်ခြင်ခြင်းရှိကြဘူးသလော။ မိတ်ဆွေ ထိုအရာများ လေးနက်စွာ စဉ်းစားမိဘူး ပါသလော။ 

ခရစ်ယာန်များသေဆုံးသောသူတိုင်း ကောင်းကင်သို့ ပို့ခြင်းသည် အမှန်တကယ် ကောင်းကင်သို့ ရောက်နိုင်ပါသလော။ ကျမ်းစာအရ၊ “သခင်သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ဟုသခင်ယေရှုက ဆိုခဲ့သည် (မ ရး၂၁)။ သို့ဖြစ်လျှင် လူသည် ခမည်းတော်၏အလိုကို ဆောင်နိုင်သလော။ ကျမ်းစာက၊ “နားလည်သောသူ၊ ဘုရားသခင်ကို ရှာသောသူတစုံတယောက် ရှိသည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည်ရှုတော်မူ၏။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။” ဟုဆိုထားသည် (ဆာ ၁၄း၂-၃)။ ထို့ကြောင့် ဘုရားအမြင်၌ သူ့အလိုတော်အတိုင်း ဆောင်နိုင်သောသူ တစုံတယောက်မျှမရှိ။ ထို့ကြောင့် ကောင်းကင်ဝင်နိုင်မည့်သူမရှိ။ 

သို့သော် သခင်ယေရှုက လူသားများကိုယ်စား ခမည်းတော်စကားကို နားထောင်ခဲ့ကြောင်း ဤသို့တွေ့ရသည်၊ “တယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၅း၁၉ ခ)။ ခရစ်တော် ကိုယ်တိုင်ကလည်း၊ “အ​ကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အ​ကျွန်ပ်ဆောင်ရွက်၍ ပြီးပါပြီ။” (ယော ၁ရး၄) ဟုဆိုခဲ့သည်။ ယုဒလူများက၊ “ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါအဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြ၏။ ယေရှုကလည်း ဘုရားသခင် စေလွှတ်တော်မူသောသူ (ယေရှု)ကို ယုံခြင်းအကျင့်ကား အလိုတော်နှင့် ညီသောအကျင့်တည်း၊ ဟုမိန့်တော်မူ၏။” (ယော ၆:၂၈)။ 

ထို့ကြောင့် ကောင်းကင်နိုင်ငံ ဝင်နိုင်ဘို့ရန်မှာ ဘုရားသခင်စေလွှတ်တော်မူသော သခင်ယေရှုကို ယုံကြည်ဘို့ ဖြစ်သည်။ ထိုသို့ မှန်လျှင် ခရစ်ယာန်တိုင်းသည် သခင်ယေရှုကို ယုံကြည်ကြသည်မဟုတ်လော၊ သခင်ယေရှုကို ယုံကြည်သောကြောင့် ခရစ်ယာန်ဖြစ်ကြသည် မဟုတ်လော၊ ဟုမေးစရာရှိလာသည်။ မှန်ပါသည် ခရစ်ယာန်တိုင်းသည် သခင်ယေရှုကို ယုံကြည်ကြပါသည်။ သို့သော် စိတ်နှလုံးအထဲမှမဟုတ်၊ ပါးစပ်ကသာ ယုံကြည်ကြကြောင်း သခင်ယေရှုကိုယ်တိုင်က ဤကဲ့သို့ဆိုသည်၊ “ဤလူမျိုးသည်နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏။” (မဿဲ ၁၅းရ-၉)။ ထိုကြောင့်သင်္ချိုင်းကုန်း၌ သင်းအုပ်ဆရာများက ကောင်းကင်သို့ပို့သောသူတိုင်းသည် ကောင်းကင်နိုင်ငံသို့ ရောက်သွားကြသည်မဟုတ်။ သို့ဖြစ်လျှင် အဘယ်ကြောင့် “ကောင်းကင်သို့ရောက်သွားပြီ” ဟုဆိုတတ်ကြသနည်း။ အကြောင်းမှာ ဝိညာဉ်မျက်စိကန်းသောကြောင့်ဖြစ်သည်။ ထို့အပြင် လူမှုရေးလုပ်ခြင်းဖြစ်သည်။ ကျန်ရစ်သူမိသားစုများ ကျေနပ်ရန်နှင့် နှစ်သိမ့်ရန်ဖြစ်သည်။ 

ဝိညာဉ်များကောင်းကင်သို့ မရောက်လျှင် မည်သည့်နေရာ၌ ရောက်သွားကြသနည်း။ လက်ဝါးကပ်တိုင်နှင့် ယပ်တောင်များ၊ သတင်းစာများ၌ ရေးသားထားသည့်အတိုင်း ငြိမ်သက်ခြင်း၌ ရပ်နားကြပြီလော။ ကျမ်းစာအရကြည့်ပါက လုံးဝမဟုတ်ပါ၊ ဆန့်ကျင်ဖက်ဖြစ်နေသည်။ ကောင်းကင်မရောက်သော ဝိညာဉ်များသည် ငရဲမီးအိုင်ထဲ၌ အလူးအလိမ့်ခံရကြသည်။ သခင်ယေရှုက၊ “သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုလ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့် လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အ​ကျွန်ပ်ရှိရာသို့ စေလွှတ်တော်မူပါ၊ ဟုဟစ်ကြော်လေ၏။” ဟုဆိုသည် (လု ၁၆:၂၂-၂၄)။ 

လူသည် ဤလောက၌ ထာဝရ နေရမည်မဟုတ်။ တနေ့နေ့သေရမည် ဖြစ်သည်။ ထိုအရာသည် မြေကြီး လက်ခတ်မလွဲ ဖြစ်သည်။ ထို့ကြောင့် သေပြီးမှသွားမည့် နေရာကို ယခု ကိုယ်ခန္ဓာအသက်ရှင်စဉ် ပြင်ဆင် ထားဘို့ လိုသည်။ သို့သော် အလွန်ဝမ်းနည်းဘွယ်ကောင်းသည် မှာလူသည် ခလေးကဲ့သို့ ယခုဘဝခဏအတွက် သာလျှင် စိတ်ဝင်စား ကြသည်။ မသေတော့မည့် မျက်နှာမျိုးဖြင့် အသက်ရှင် ကြသည်။ အမှန်မှာ ယခုဘဝသည် အခိုးအငွေ့ကဲ့သို့ ခဏသာ ဖြစ်သည်။ သို့သော် လူတိုင်း ယခုဘဝ ကိုသာလျှင်သိကြသည်။ လူတိုင်း၏ တကယ့်အသက်သည် တမလွန်ဘဝ ဖြစ်သည်။ ထိုတမလွန်ဘဝ၌ ကောင်းကင် ရောက်ဘို့ အလွန် အရေးကြီးသည်။ ကောင်းကင် မတက်လျှင် ငရဲသေချာနေသည်။ သို့သော် လူသည် ဝိညာဉ် မျက်စိကမ်းသောကြောင့် မကြောက်ကြ။ 

 ဘုရားသခင်က ကောင်းကင်နိုင်ငံဝင်ခွင့်ကို အခမဲ့ပေးထားသည်။ အကြောင်းမှာ ငါတို့ကို ချစ်လွန်းသောကြောင့်၎င်း၊ ထိုသို့ အခမဲ့ဝင်ခွင့်မပေးလျှင်လည်း မည်သို့ မျှမဝင်နိင်သောကြောင့်ဖြစ်သည်။ သို့သော် ထိုကောင်းကင်နိုင်ငံ ဝင်ဘို့ထက် အခြားအရာများကို အလေးထား နေကြသည်။ ဘုရားပေးထားသော ကောင်းကင် ဝင်ခွင့်သည် ခန္ဓာကိုယ်အသက်ရှင်စဉ်သာရယူနိုင်သည်။ သေပြီးလျှင် အခွင့်မရှိ၊ အလွန် နောက်ကျသွားပေမည်။ ထို့ကြောင့် မိတ်ဆွေ ယခုအသက်ရှင်စဉ်တွင် ကောင်းကင် ဝင်ခွင့်ဗီစာကို လိုချင်ပါ၊ ရယူပါ၊ အလေးထားပါဟု မိတ္တာဖြင့် အကြံပေးလိုပါသည်။ 


 
ဘုရားသခင်၏ အမျက်တော်ကို နိုးဆော်ခြင်း

ယုဒရှင်ဘုရင်အာခတ် (Ahab)သည် ဘုရားသခင်ကို စွန့်၍ အခြားသောဘုရားများ ကိုးကွယ်သောကြောင့် သူ၏ ဘုရားသခင် ထာဝရဘုရားသည်၊ “သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့် ရှုရိလူတို့သည် လုပ်ကြံလျက် များစွာသော လူတို့ကို ဘမ်းဆီး၍ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။ တဖန် ဣသရေလရှင်ဘုရင် လက်သို့ အပ်တော်မူ သဖြင့် ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍ ရဲရင့်သော ယုဒအမျိုးသား တသိန်းနှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာ ဝရဘုရားကို စွန့်ကြသတည်း။ ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည် ရှင်ဘုရင်သား မာသေယ၊ နန်းတော် အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်းဧလကာနကို သတ်၏။ ဣသရေလ အမျိုးတို့သည်လည်း မိမိတို့နှင့် ပေါက်ဘော်တော်သောယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှမာရိမြို့သို့ ဆောင်သွားကြ၏။ (၂ ရာဝင်ချုပ် ၂၈:၅-၈) 

 “ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမခြင်း ငါှအာခတ်မင်းကြီးသည် သံ တမန်ကို စေလွှတ်လေ၏။ အကြောင်းမူကား ဧဒုံလူတို့သည် လာပြန်သဖြင့် ယုဒ ပြည်ကို လုပ်ကြံ၍ လူများကို ဘမ်းဆီးသိမ်းသွားကြပြီ။ ဖိလိတ္တိလူတို့သည်လည်း နိင်ငံအောက်ပိုင်းနှင့် ယုဒပြည် တောင်ပိုင်း၌ ရှိသော မြို့တို့ကို တိုက်၍ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍ နေရာချကြ၏။ ယုဒရှင်ဘုရင်အာခတ်ကြောင့်ထာဝရဘုရားသည် ယုဒ ပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကို ချွတ်၍ ထာဝရဘုရား ကို ကြမ်းတမ်းစွာ ပြစ်မှား၏။ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာ လာသော်လည်း အားကို မပေး၊ သာ၍ ဆင်းရဲ စေ၏။ အကြောင်းမူကား အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာမှစ၍ မူးမတ်အိမ်တို့၌ ရှိသော ဥစ္စာများကို ခွဲပြီးလျှင် အာရှုရိရှင်ဘုရင် အားပေးသော်လည်း ထိုဘုရင်သည် ကျေးဇူးပြန်၍ မပြု။ အာခတ် မင်းကြီးသည် ဆင်းရဲ ဒုက္ခရောက်သောအခါ ထာဝရဘုရားကိုသာ၍ ပြစ်မှား၏။ ငါ့ကို ဒဏ်ပေးသော ဒမသက်မြို့၏ ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင် ဘုရင်ကိုးကွယ်သော ဘုရား တို့သည် ကျေးဇူးပြု တတ်သောကြောင့် ငါ၌လည်း ကျေးဇူးပြု စေခြင်း ငါှထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍၎င်း၊ ဆိုသော်လည်း ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုး အကျိုးနဲစရာ အကြောင်း ဖြစ်သ တည်း။ တဖန် အာခတ်သည် ဗိမာန်တော် တန်ဆာတို့ကို စုထား၍ အပိုင်းပိုင်း ချိုးဖျက်၏။ ဗိမာန်တော် တံခါးတို့ ကိုလည်း ပိတ်ထား၏။ ယေရုရှလင်မြို့တောင့်များ၌ ယဇ်ပလ္လင်တို့ကို တည်၏။ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့စရာဘို့ ယုဒမြို့အသီးအသီးတို့၌ မြင့်သော အရပ်တို့ကို တည်၍ ဘိုး ဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နိုးဆော်လေ၏။ (၂ ရာဝင်ချုပ် ၂၈:၅-၈၊ ၁၆-၂၅)။ 

အာခတ်မင်းသည် ဘုရားသခင်ကို စွန့်သောကြောင့် ဘုရားသခင်က ဒုက္ခ အမျိုးစုံတွေ့စေသည်။ သူသည် ထိုသို့ ဒုက္ခ တွေ့လေလေ ဘုရားသခင်ကို ပို၍ စွန့်လေလေ ဖြစ်သည်။ ပြသနာ၏ အရင်းကိုမသိ။ ထိုနည်းတူ ​ကျွန်ပ်တို့ မှီတင်းနေထိုင်သော အမေရိကန်ပြည် ထောင်စုနှင့်တကွ အနောက်နိုင်ငံသား များသည် သူတို့၏ ဘုရားသခင်ကို စွန့်၍ အခြားဘုရားများကို ဆည်းကပ်ကြောင်း ဝမ်းနည်းဖွယ် ဤသို့ တွေ့ရသည်။ ဟိန္ဒူဘုန်းကြီး ဇက် (Zed)ကိုအောက်ပါနိုင်ငံရေး သမားများ၏ အစည်းအဝေးများ၌ ဆုတောင်း ခိုင်းခဲ့ကြပြီ။ 

Zed has already delivered Hindu prayers in United States Senate in Washington DC; California Senate, New Mexico Senate, Arizona Senate, Arizona House of Representatives, Indianapolis Senate, Indianapolis House of Representatives, Colorado Senate, Colorado House of Representatives, Washington State Senate, Oregon Senate, Oregon House of Representatives, Utah Senate, Alaska Senate and Alaska House of Representatives; City Councils of Lincoln, Yuba City, Vacaville, Bakersfield, Modesto, Fresno, Visalia—all in California; Boise (Idaho) City Council; and Phoenix (Arizona) City Council. Most were the first Hindu prayers of these legislative bodies. (http://www.merinews.com/article/both-nevada-senate--assembly-in-usa-to-open-with-hindu-prayers/15841310.shtml)

                 အဘယ့်ကြောင့်ထိုကဲ့နိုင်ငံရေးသမားများသည် ဟိန္ဒူဘုန်းကြီးကို ဆု တောင်းခိုင်းသနည်း။ အကြောင်းမှာ ထာဝရဘုရားကို မယုံကြည် ကြသောကြောင့် ဖြစ်သည်။ သူတို့၏ ဘိုးဘေးများ ယုံကြည်ကိုးစားခဲ့သော ထာဝရဘုရားကို စွန့်ကြ ပြီ။ ထာဝရဘုရားကို အစိုးရကျောင်းများ၊ ရုံးများ၊ လူထုအဆောက်အဦးများ မှနှင် ထုတ်ကြပြီ။ ထိုထက် အခြားသော ဘုရားများကို ယုံကြည်ကိုးစားကြပြီ။ ထာဝရဘုရား မကြိုက်နှစ်သက်သောအရာ မှန်သမျှကို ပြုလုပ် ကြသည်။ လိင်တူဆက်ဆံခြင်းနှင့် လက်ထပ်ခြင်းများကို လက်ခံ အားပေးခွင့်ပြု ကြသည်။ မိခင်ဝမ်းမှ ခလေးများကို သတ် ကြသည်။ လက်မထပ်ဘဲအတူ တူနေထိုင်ကြသည်။ ယောက်ျားမိန်းမဆက်ဆံနည်းများကို ကျောင်းများ၌ သင်ပေး ကြသည်။ အပြာရုပ်ရှင်များကို နေရာတကာ၌ ဖြန့်ဖြိုးကြသည်။ လူပျင်းအလုပ်မလုပ်လိုသောသူများကို ထောက် ပံ့ ကြသည်။ မတရားသော အမှုများပြားစွာ ကျူးလွန် ကြသည်။ သူတို့ကို ချမ်းသာ ကြွယ်ဝစွာ ကောင်းကြီး ပေးသော ထာဝရဘုရားကို စွန့်၍၊ ဆန့်ကျင်၍ အခြားဘုရားများဖြစ်သော မူစလင်ဘုရား၊ ဟိန္ဒူဘုရား၊ ဗုဒ္ဓဘာသာဘုရားများကို ဆည်းကပ်ကြသည်။ ထို့ကြောင့် ဤနိုင်ငံသည် တနေ့တခြား ယိုယွင်းပျက်စီးနေပြီ။ 

သို့သော် ဝိညာဉ် မျက်စိကမ်းသောကြောင့် မသိကြ။ ဝိညာဉ် မျက်စိကမ်း သောကြောင့် သူတို့၏ ပညာနှင့် ချမ်းသာ ကြယ်ဝမှုများ၊ စက်ရုံများကို နိင်ငံ ခြားသို့ ပို့ကြသောကြောင့် ဤနိုင်ငံ၌ အလုပ်လက်မဲ့များ တနေ့တခြား ပေါများသည်။ ကိုယ့် နိုင်ငံသားများကိုပင်မကြွေးနိုင်သော်လည်း နိုင်ငံခြားသားများကိုခေါ်၍ ကြွေးမွေးသည်သာမက သူတို့၏ အနာရောဂါများကိုလည်း သန်းပေါင်းများစွာ အကုန်အကျခံ၍ ကုသပြုစုကြသည်။ ထိုသို့အားဖြင့် ဤနိုင်ငံသည် ဘုရားသခင်၏ အမျက်တော်ကို နိုးဆော်သည်သာမက သူတို့ကို သူတို့လည်း ဖျက်ဆီးကြသည်။ သို့သော် ဝိညာဉ်မျက်စိကမ်းသောကြောင့် မမြင်နိုင်ကြချေ။ ထိုအရာများသည် ဖြစ်ရမည်။ သို့မှသာလျှင်သခင်ယေရှု ကြလာခြင်းသည် နီးကပ်လာပေမည်။ 

ယခုကမ္ဘာကြီးသည် တိုင်တဲနစ်သင်္ဘောကြီး နစ်ခါနီးဝမ်းပေါက် သွား၍ ရေဝင်နေသောအရာနှင့် တူသည်။ မနစ်သေးသောကြောင့် ရှိနေကြသေးသည်။ မကြာမှီနစ်တော့မည် ဖြစ်သည်။ တိုင်တဲနစ်သင်္ဘောနစ်ခါနီးလေလေအရေးကြီးဆုံး သောအရာသည် အသက် ကယ်လှေထဲသို့ ဝင်နိုင်ဘို့သာလျှင်ဖြစ်သည်။ ထိုနည်းတူ ယခုအချိန်တွင် အလုပ်လုပ်ရမည် ဖြစ်သော်လည်း အ လုပ်သည် အရေးကြီးဆုံး မဟုတ်။ ကျောင်းတက်ရသော်လည်း ကျောင်းအောင်နိုင်ရေးသည် အရေးကြီးဆုံး ဖြစ်သည်မဟုတ်။ တိုင်းရေးပြည် ရေးသည် အရေးကြီးသော်လည်း ထိုအရာသည်လည်း အရေးကြီးဆုံး ဖြစ်သည်မဟုတ်။ ဒုက္ခ ရောက်သောသူများလည်း ထိုဒုက္ခအားဖြင့် စိတ်မပျက်သင့်။ ဝင်ငွေကောင်းနေသောသူများလည်း ထိုအရာ၌ မိမိဘဝမကို မနစ်မြုပ်သင့်။ ယခုအချိန်၌ တခုတည်းသော အရေးကြီးဆုံး အရာသည် ဝိညာဉ် ကယ်တင်ခြင်းဖြစ်သည်။ 

မိတ်ဆွေသည် ကယ်တင်ခြင်းသို့ မရောက်ပါက ဘေးဒဏ်ကြီးကာလသို့ ရောက်ရှိကာမည်သည့်အချိန်၌ မျှမဖြစ်ဘူးသော ဒုက္ခဆင်းရဲခြင်း ခံရမည်ဖြစ်သည်။ ထိုအချိန်၌ ဘုရားသခင်ကို ပြန်လည်ယုံကြည် နိုင်သော်လည်း အဘိုးအ ခပေးဘို့ လိုလိမ့်မည်။ ထိုအဘိုးအခသည် မလွယ်ကူပါ။ အစာငတ်ခံခြင်း၊ လည် ပျင်းဖြတ်ခံဘို့ လိုလိမ့်မည်။ ထိုထက် ကြောက်စရာ ကောင်းသောအရာသည် လူတိုင်း ချက်ချင်း သေနိင်သည်။ ကားတိုက်၍ သေနိုင်သည်။ နှလုံး၊ ဦးနှောက် သွေးကြောပိတ်သေနိင်သည်။ ကင်ဆာရောဂါနှင့် တနှစ်​ခြောက်လအတွင်း သေနိုင်သည်။ လူများကအသတ်ခံနိုင်သည်။ လူ့အသက်သည် ကျမ်းစာ ကပြောသကဲ့သို့ အခိုးအငွေ့ပမာဖြစ်၍ ခဏသာတည်သည်။ ထို့ကြောင့် လုံးဝစိတ်ချစရာ မကောင်းသော ဤကိုယ်ခန္ဓာအသက်ရှင်စဉ် ဘုရားသခင်က အခမဲ့ပေးသော ကယ်တင်ခြင်းကို လက်ခံဘို့လိုသည်။ 

ခရစ်တော်သည် လူတိုင်း၏ ဝိညာဉ် အသက် ကယ်လှေ ဖြစ်သည်။ ခရစ်တော်၌ ခိုလှုံသောသူတိုင်း အသက်ချမ်းသာ ရာရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲလောကအရာကိုသာ ရှာနေလျှင် အလွန် နောက်ကျသွားပေမည်။ လူတိုင်း ကိုယ်ခန္ဓာသေသည်နှင့် တပြိုင်နက် ကယ်တင်ခြင်းသို့ မရောက်ပါက ချက်ချင်း သဘောပေါက်မည် ဖြစ်သည်။ ခရစ်တော် မရဘဲ ပါးစပ်နှင့် လက်ခံရုံဖြင့် အပြစ် ငရဲမှမလွတ် နိင်ကြောင်း ထိုအချိန်တွင် လက်တွေ့ခံစားပြီး အလွန် နောင်တရပေလိမ့်မည်။ သို့သော် အလွန် နောက်ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် ယခု ကိုယ်ခန္ဓာအသက်ရှင်စဉ်တွင် ဘုရား ပေးထားသော ထာဝရ အသက်ကို ရဘို့ စဉ်းစားကြစို့၊ စိတ်ဝင်စား၍ ရှာဖွေကြစို့၊ ဂရုစိုက်ကြစို့။ ထာဝရ အသက် မရမခြင်း စိတ်မချကြစို့နှင့်။ မကြာမှီ ခရစ်တော် ကြွလာတော့မည် ဖြစ်သောကြောင့် ပို၍ ဂရုုစိုက်ကြစို့။ ထာဝရ အသက်ကို ရွှေငွေရှာ သကဲ့သို့ ရှာကြစို့။ အမှန်မှာ ထိုအသက်သည် အခမဲ့ ဖြစ်သော်လည်း ဂရုမစိုက်သောကြောင့် မရခြင်း ဖြစ်သည်။ 

 

အသင်းတော် ၅ မျိုး

(ယခင်လမှအဆက်)

၁။ ပျောက်ဆုံးဝိညာဉ် ဖမ်းသောအသင်းတော် 

သင်းအုပ်ဆရာသည် ပျောက်ဆုံးဝိညာဉ် ဖမ်းသောသူဖြစ်သည်။ အသင်းသားများသည် သက်သေခံသောသူများဖြစ်ကြသည်။ ထိုအသင်းတော်၌ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်းသည် အရေးကြီးဆုံး၊ အခြားသောအရာများသည် ဒုတိယဦးစားပေးဖြစ်သည်။ ထိုအသင်းတော်၌ အပြောများသောစကားလုံးများသည်၊ ပျောက်ဆုံးသောဝိညာဉ်ဖမ်းခြင်း၊ ကယ်တင်ခြင်းစိတ်ချမှု၊ ထာဝရအသက်၊ ခရူးဆိတ်၊ ကျမ်းစာသင်တန်း၊ ဒုတိယမွေးဘွားခြင်းတို့ဖြစ်သည်။ အလှူငွေနှင့် လုပ်ဆောင်မှုတိုင်းသည် ပျောက်ဆုံးဝိညာဉ်ဖမ်းခြင်း၌ အဓိကဖြစ်သည်။ 
 
၂။ ဝတ်ပြုခြင်းအသင်းတော် 

သင်းအုပ်ဆရာသည် ဝတ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်သူဖြစ်၍ အသင်းသူသင်းသားများလည်း ဝတ်ပြုခြင်းကို ဦးစားပေးကြသည်။ ထိုအသင်းတော်၌ ဝိညာဉ်တော်၏ တို့ထိခံစားခြင်းကို ဦးစားပေးသည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ချီးမွမ်းခြင်းကို ဦးစားပေးသည့်အတိုင်း၊ ဆုတောင်းခြင်း၊ ချီးမွမ်းခြင်းအားသန်သည်။ သူတို့ ပြောသောစကားလုံးများသည် ဝတ်ပြုခြင်း၊ ဝိညာဉ်တော်၊ ဝိညာဉ်တော်၏ ဆုကျေးဇူးများ၊ အစာရှောင် ဆုတောင်းခြင်း၊ ဝိညာဉ်တော်၏တန်ခိုး၊ နိုးကြားခြင်းစသည်တို့ဖြစ်သည်။ 
 
၃။ မိဿဟာယအသင်းတော် 

မိဿဟာယအသင်းတော်များ၌ သင်းအုပ်ဆရာသည် ယုံကြည်သူများအကြား ဆက်သွယ်ပေးသူဖြစ်သည်။ ထိုအသင်းတော်၌ အသင်းသားများအချင်းချင်း အမြဲမိဿဟာယဖွဲ့၍ စုပေါင်းမိတ်ဆုံစားပွဲ မကြာခဏလုပ်တတ်သည်။ ထိုအသင်းတော်၌ အပြောများသောစကားလုံးများသည် မိဿဟာယ၊ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်၊ ကူညီမစ ဟူသောအရာများဖြစ်သည်။ ထိုအသင်းတော်မျိုးသည် လူဦးရေ ၂၀၀ အောက်သာရှိတတ်သည်။ အကြောင်းမှာ သင်းအုပ်ဆရာတယောက်အနေဖြင့် ထိုမျှသာဂရုစိုက်နိုင်သည်။ ထိုအသင်းတော်မျိုးသည် သင်းအုပ်ဆရာက တရားဟောမကောင်းလျှင်လည်း သည်းခံနိုင်သည်။ တော်ရုံတန်ရုံ ပြသနာကြောင့် အသင်းတော်မကွဲနိုင်။ အကြောင်းမူကား အချင်းချင်း အလွန်ရင်းနှီးကြသောကြောင့် အခြားသောအရာထက် အချင်းချင်းကွဲမှာကို စိုးရိမ်၍ တည်တန့်ခိုင်မြဲနိုင်သည်။ 
 
၄။ ကျမ်းစာသင်အသင်းတော် 

ကျမ်းစာသင်အသင်းတော်၌ သင်းအုပ်ဆရာသည် ကျမ်းစာသင်ပေးသောဆရာဖြစ်သည်။ အသင်းသူ အသင်းသားများသည် ကျမ်းစာကျောင်းသားများဖြစ်ကြသည်။ အသင်းသားများသည် ကျမ်းစာအုပ်၊ မှတ်စုစာအုပ်များနှင့် ဘုရားကျောင်းတက်တတ်ကြသည်။ ထိုအသင်းတော်၌ သမ္မာကျမ်းစာ၊ ဩဝါဒနှင့်သမ္မာတရားသည် အခြားသောအရာများထက် အဓိကဖြစ်သည်။ ထိုအသင်းတော်၌ ကျမ်းစာ၊ ကျမ်းစာအနက်ဖွင့်ခြင်း၊ သမ္မာတရား၊ တပြည့်တော်၊ ဟေဗြဲဘာသာ၌၊ ဂရိတ်စကားလုံး၌ ဟူသောအရာများကို အပြောများ တတ်သည်။ 
 
၅။ လူမှုရေးအသင်းတော် 

ဤအသင်းတော်၌ သင်းအုပ်ဆရာသည် လူမှုပြောင်းလဲရေး ပြုလုပ်သူအဖြစ် မြင်တွေ့နိုင်သည်။ ပတ်ဝန်းကျင်ပြောင်းလဲဘို့ရန် ကြိုးစားတတ်သည်။ လီဘရယ် (liberal) အသင်းတော်ဖြစ်လျှင် လူ့အခွင့်အရေး၊ တရားမျှတမှု၊ လူမှုခွဲခြားခြင်း စသောအရာများ အပြောများ၍ ထိုအရာများ၌ ဗျာများတတ်သည်။ ကွန်စာဗဲတစ် (conservative) အသင်းတော်ဖြစ်ပါက ပတ်ဝန်းကျင်၌ လူမှုကျင့်ဝတ်များ ကျဆင်းကြောင်း၊ လူများအကျင့်စာရိတ္တပျက်ပြားကြောင်း၊ ထိုအရာများကို ပြောင်းလဲပေးဘို့ရန် ရည်ရွယ်လုပ်ဆောင်တတ်သည်။ လူမှုရေးအသင်းတော်များသည် နိုင်ငံရေး၌ ပါဝင်တတ်ကြသည်။ သူတို့အပြောများသောစကားလုံးများသည်၊ လိုအပ်ချက်၊ မျှဝေခြင်း၊ ရပ်တည်ခြင်း၊ တရားမျှတခြင်း၊ ကူညီမစခြင်း၊ စသောအရာများဖြစ်သည်။ 


မည်ကဲ့သို့သောအသင်းတော်ဖြစ်သင့်သနည်း

အထက်ပါ အသင်းတော်အားလုံးသည် အသင်းတော်၏ လိုအပ်သော အချက်များအထဲမှ တခုစီကိုသာ ဦးတည်သော အသင်းတော်များဖြစ်သည်။ မည်ကဲ့သို့သောအသင်းတော် ဖြစ်သင့်သနည်းဟူမူကား ခရစ်တော် ပြုလုပ်ခဲ့သကဲ့သို့ အားလုံး မျှတသောအသင်းတော်ဖြစ်သင့်သည်။ ပျောက်ဆုံးဝိညာဉ်ဖမ်း၍ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ကာ စိတ်ဝိညာဉ်အားဖြင့်ကိုးကွယ်သင့်သည်။ အသင်းသား ယုံကြည်သူအချင်းချင်းချစ်ခင်၍ ရင်းနှီးသည်သာမက သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြား၍ နားလည်နိုင်ရန်ကျမ်းစာ ကိုလည်း လေ့လာသော အသင်းတော် ဖြစ်သင့်သည်။ သမ္မာတရားအတိုင်း အသက်ရှင်ခြင်းအားဖြင့် အပြစ်ကိုလည်း ရွံ ရှာ၍ သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်သော အသင်းတော်ဖြစ်သင့်သည်။ ပတ်ဝန်းကျင်လည်း အပြစ် ဒုစရိုက်နှင့်ကင်း၍ တရားမျှတမှုရှိသော လူမှုအသိုင်းအဝိုင်း ဖြစ်ရန်လွှမ်းမိုး ဦးဆောင်နိုင်သော အသင်းတော်ဖြစ်သင့်သည်။ ထိုအရာများ ပြည့်စုံဘို့ရန် အဆင့်ဆင့်လုပ်ဆောင်ဘို့ လိုအပ်သည်။ 
 
 မှတ်ချက်။ (Rick Warren's Church Growth) စာအုပ်ထဲမှ ကူးကားထားခြင်းဖြစ်ပါသည်။ 


 
တရားစီရင်ခြင်းများ

များသောအားဖြင့် လူသားများကို ဘုရားသခင်က တရားစီရင်ခြင်းသည် တကြိမ်သာလျှင် ရှိ၍ အနာဂတ်မည် ဖြစ်သည်။ ခရစ်တော် ကြွ လာသောအခါ တရား စီရင်၍ ယုံကြည်သူများကို ကောင်းကင်သို့ ခေါ်ဆောင် သွား၍ မယုံကြည်သူများကို ငရဲထဲသို့ ချပစ်မည်ဟု ထင်မှတ်တတ်ကြသည်။ သို့သော် လူသားများကို တရားစီ ရင်ခြင်းသည် လေးကြိမ်ရှိ၍ တကြိမ်သည် ပြီးစီးသွားပြီ ဖြစ်သည်။ အနာဂတ်၌ သုံး ကြိမ်ရှိသေးသည်။ ထိုတရားစီရင်ခြင်းများကို လေ့လာကြပါစို့။ 
 
၁။ အပြစ် အတွက် တရားစီရင်ခြင်း 
 
ကျမ်းချက်များ၊ 
- “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” ၁ ကော ၁၅:၃)။ 
- “ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း အရာ၌ အသက်ရှင်စေမည့် အကြောင်း ငါတို့ အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။” (၁ ပေ ၂:၂၄)။ 
- “ခရစ်တော်သည် လူများ အပြစ်တို့ကို ခံခြင်း ငါှတခါတည်း ကိုယ်ကို ပူဇော်ပြီးမှ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသော သူတို့ကို ကယ်တင်ခြင်း အလို့ ငါှအပြစ်နှင့် မဆိုင်ဘဲ ပေါ်ထွန်းတော်မူ လတံ့။” (ဟေဗြဲ ၉:၂၈) 
 
တရားသူကြီး -ထာဝရဘုရားသခင် 
တရားခံ- လူသား အားလုံး (ရော ၃:၂၃) 
ကိုယ်စားခံသောသူ- ခရစ်တော် ( ခရစ်တော်သည် ယုံကြည်သူများအတွက်သာ မကတလောက လုံး လူသားများအတွက် အသေခံ ခဲ့ပြီ။ ထိုအရာကို ယုံကြည်သူများအတွက် အပြစ် ဒဏ်ခံစရာ မလိုတော့ချေ (ယော ၃:၁၈၊ ၁ ယော ၂:၂)
မည်သည့်အတွက် တရားစီရင်သနည်း-အပြစ်အတွက် 
အချိန် -အေဒီ ၃၃
ပြစ်ဒဏ်-သေခြင်း ( ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံ ခဲ့ပြီ။ (၁ ကော ၁၅:၃၊ ၁ ပေ ၂:၂၄) 

ဤအပြစ် စီရင်ခြင်းကို ယုံကြည်သောသူသည် နောက်ထပ်အပြစ် စီရင်ခြင်း ခံစရာ မလိုတော့ချေ။ ထိုသူများသည် ဘုရား သားသမီး များဖြစ်လာသောကြောင့် ဆုံးမခြင်းနှင့် ဆုပေးပွဲရှိသေးသည်။ ထိုအရာများမှာ၊ 
 
(က) ဆုံးမခြင်း 

ဆုံးမခြင်းသည် အဘကသားများကို ဆုံးမခြင်း ဖြစ်သည်။ ကျမ်းစာ၌၊ “ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ် ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်သားတို့ကို ပြု သကဲ့သို့ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား အဘမဆုံးမသောသား တစုံတယောက် ရှိသလော။သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်သား အရင်းမဟုတ်။ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏။” (ဟေဗြဲ ၁၂:၅-၈)။ 

ဘုရားသခင်သည် သူ၏ ဝိညာဉ် သားသမီး များစကား နားမထောင်လျှင် ဆုံးမတတ်သည်။ အကယ်၍ မဆုံးမပါက ဘုရား သားသမီး မဟုတ်သောကြောင့် ဖြစ်သည်။ ဆုံးမခြင်းသည် ကိုယ်ခန္ဓာ၌ အသက်ရှင်စဉ်တွင် ဖြစ်သည်။ နည်းနည်း ပြစ်မှားလျှင် နည်းနည်းဆုံးမမည်။ များများ ပြစ်မှားလျှင်များများ ဆုံးမမည်။ ဆုံးမခြင်း သည်သား အဖကြား ဖြစ်၍ အပြစ် စီရင်ခြင်းသည် အပြစ်သားနှင့် တရားသူကြီး အကြား ဖြစ်သည်။ ထို့ကြောင့် ဆုံးမခြင်းသည် အပြစ် စီရင်ခြင်းနှင့် ကွာခြားသည်။ 
 
 (ခ) ဆုပေးပွဲ

 ယုံကြည်သူများလောက အသက်ရှင်စဉ် ဘုရားသခင် အတွက် အလုပ်လုပ်သောအရာ အပေါ်ကောင်းကင် တက်သောအခါ တရားစီရင်မည်။ “ငါတို့ ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သော ကောင်းမကောင်းရှိသည် အတိုင်း အကျိုးအ ပြစ်ကို အသီးသီးခံခြင်း ငှါ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။” (၂ ကော ၅:၁၀)။ ဤ ခရစ်တော်၏ တရားပလ္လင်သည် အပြစ် အတွက် မဟုတ်။ ဘီးမား တည်းဟူသော ဆုပေးသော ပလ္လင် ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲ၌ ဆုရသောသူများကို ဆုပေးသည့်ပလ္လင် ဖြစ်သည်။ ဆုမရသောသူများကို ပြစ်ဒဏ်မခတ်ချေ။ တဖန်၊ “ယေရှုခရစ် တည်းဟူသော ချလျက် ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိင်။ ထိုတိုက်မြစ် အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ အသီးသီးလုပ်သော အ လုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့ နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားလိမ့်မည်။ လူတိုင်း လုပ်သော အ လုပ်သည် အဘယ်သို့သော အလုပ် ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်း လိမ့်မည်။ ထိုတိုက်မြစ် အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အ လုပ်သည် မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏ အ လုပ်သည် ​ကျွမ်းလောင်၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော် မီးနှင့် လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” (၁ ကော ၃:၁၁-၁၅)။ ဤဆုပေးပွဲသည် ချီဆောင်ခြင်း ပြီးမှ ဖြစ်၍ အနာဂတ်မှာရှိသေးသည်။ ထိုဆုပေးပွဲ၌ ဆုရဘို့ရန် ယခုအနည်းငယ်ရှိသောအချိန် အတွင်း၌ အစွမ်းကုန်လုပ်ဆောင်ကြစို့။ 
 
 
၂။ ဘေးဒဏ်ကြီးကာလ တရားစီရင်ခြင်း 
 “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေး ကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်အချိန် မတန်သော အသီး​ကြွေသကဲ့သို့ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုးကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မူးမတ်စစ်သူကြီး၊ သူဌေး၊ သူကြယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက် နေ၍ ထိုတောင်များ ကျောက်များတို့ကို ခေါ်လျက် ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါ ပြီတကား။ အဘယ်သူသည် ခံရပ်နိင်မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၂-၁ရ)။ 
 
တရားသူကြီး =ထာဝရဘုရားနှင့် သခင်ယေရှု 
တရားခံ- ချီဆောင်ခြင်း၌ မပါသွားသော မယုံကြည်သူလောကသား အားလုံး 
ကိုယ်စားခံမည့်သူ -မရှိ၊ သူတို့ ကိုယ်တိုင်ခံရမည်။ 
မည်သည့်အတွက် တရားစီရင်သနည်း- ဘုရားသခင်ကို မယုံကြည် လက်မခံခြင်း အတွက် ဘုရား၏ အမျက်ဒေါသလောင်းချိန် ဖြစ်သည်။ 
အချိန်-ဘေးဒဏ်ကြီးကာလ အတွင်းခုနစ်နှစ်
ပြစ်ဒဏ်-ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အမျိုးစုံနှင့်တကွ အသေခံရမည်။ 
 
၃။ သိုးနှင့်ဆိတ်ခွဲခြင်း 
 “လူသားသည် မိမိဘုန်း အာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် များအခြံအရံတို့နှင့်တကွ ကြလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော် ပေါ်မှာ ထိုင်၍ ရှေ့တော်၌ လူမျိုး အပေါင်းတို့ကို စုဝေးစေသဖြင့််သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထား သကဲ့သို့ သိုးတို့ကို လက်ျာတော် ဘက်၊ ဆိတ်တို့ကို လက်ဝဲတော် ဘက်၌ ထားတော်မူ လတံ့။ ထိုအခါ လက်ျာတော် ဘက်၌ ရှိသော သူတို့အား မင်းကြီးက၊ ငါ့ ခမည်းတော် ထံကောင်းကြီး မင်္ဂလာကို ခံသော သူတို့၊ က​မ္ဘာဦးကပင်သင်တို့ အဘို့ ပြင်ဆင်သော နိင်ငံကို လာ၍ အမွေခံ ကြလော့။” 
ဟူ၍၎င်း၊ “လက်ဝဲတော် ဘက်၌ ရှိသော သူတို့အား မင်းကြီးက ကျိန်ခြင်းကို ခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏ တမန်တို့ အဘို့ ပြင်ဆင်သော ထာဝရ မီးထဲသို့ ငါ့ထံမှ ခွါ သွားကြလော့။” (မ ၂၅:၃၁-၃၄၊ ၄၁) 
 
တရားသူကြီး -သခင်ယေရှု (မင်းကြီး) 
တရားခံ-ဘေးဒဏ်ကြီးကာလ အတွင်း မသေဘဲ ကျန်ကြွင်းသောသူများ 
မည်သည့်အတွက် တရားစီရင်သနည်း- ခရစ်တော်၏ ညီအစ်ကိုများဖြစ်သော ဣသရေလ လူများကို ကူညီမစခြင်းနှင့် လှစ်လှိုရှုခြင်း အပေါ်တရားစီရင်မည်
အချိန်-ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ၊ ဘေးဒဏ်ကြီးကာလ အပြီး အနှစ် ၁၀၀၀ အစ
ပြစ်ဒဏ်-သိုး တည်းဟူသော ယုံကြည်သူများအနှစ် ၁၀၀၀ သို့ ဝင်ခွင့်ရ၍ ဆိတ် တည်းဟူသော မယုံကြည် သူတို့ သူတို့သည် မာရ်နတ်နေရာထာဝရ မီးအိုင် ထဲသို့ ရောက်သွားကြမည်။ 
 
၄။ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း 
 “တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍ သူတို့ နေစရာ အရပ်မရှိ။ သေလွန်သောသူအကြီး အငယ်တို့သည် ပ†င်တော် ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင် တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့် အညီတရားစီရင်ခြင်းကို ခံရကြ၏။ သမု​ဒ္ဒရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာ နိင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာ နိင်ငံကို မီးအိုင် ထဲသို့ ချပစ်လေ၏။ ထိုသေခြင်း ကား ဒုတိယသေခြင်း ဖြစ်သတည်း။ အသက် စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့ ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။”  (ဗျာ ၂၀:၁၁-၁၅) 
 
 တရားသူကြီး -သခင်ယေရှု 
တရားခံ-ကမ္ဘာဦးမှစ၍ အနှစ် ၁၀၀၀ အဆုံးအထိ အတွင်း သေလွန်သောသူများ 
မည်သည့်အတွက် တရားစီရင်သနည်း- သူတို့သည် မယုံကြည်သူများဖြစ်၍ မရဏာနိုင်ငံသို့ ရောက်ပြီးသောသူများ ဖြစ်သည်။ မရဏာနိုင်ငံသည် အချုပ်ကဲ့သို့ဖြစ်၍ မီးအိုင် ကြီးသည် ထောင်ကဲ့သို့ဖြစ်သည်။ အချုပ်၌ ထားသောသူများသည် တရားမစီရင် သေးသောသူများ ဖြစ်၍ ထောင်၌ ထားသော အကျဉ်းသား များသည် အကျင့်အတွက် တရားစီရင်ပြီးသောသူများ ဖြစ်သည်။ 
အချိန် -အနှစ် ၁၀၀၀ အုပ်စိုးခြင်း အပြီး 
ပြစ်ဒဏ်-အသက် စာစောင်၌ သူတို့၏ နာမည်စာရင်းမပါသောကြောင့် အားလုံး မီးအိုင် ထဲသို့ ချပစ်မည်။ ကယ်တင်ခြင်းသို့ ရောက်သောသူမရှိ။ 

 
 
သက်သေခံချက်များ 
 ပစ်တိုင်းထောင်


 “ယုံကြည်ခြင်းသည် မြော်လင့်သောအရာ တို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင် သေးသောအရာ တို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်း ဖြစ်၏။”  (ဟေဗြဲ ၁၁:၁) 

 ဘုရားသခင်၏ လမ်းပြပို့ဆောင်မှုကြောင့် ၂၀၁၀ ဒီဇင်္ဘာလတွင် ပြင် သစ်နိုင်ငံပဲရစ်မြို့ခရီး စဉ်ထွက်ခဲ့ရသည်။ ​ကျွန်မတို့၏ သမီးဦးမီးဖွားရန်ရှိသောကြောင့် အလွန် အေးချမ်းလှသည့်ရာသီ ဖြစ်သော်လည်း အဖွား ဖြစ်ရတော့မည်၊ မြေဦး ချီရတော့မည်ဟူသော ကြည်နူးစရာ ကောင်းသော စိတ်ကလေးများကြောင့် ရင် ထဲမှာနွေးထွေးမိပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဇန္နဝါရီလ ၄ ရက်နေ့တွင် ချောမောစွာဖြင့် သမီးလေးမွေးဖွားသန့်စင်နိင်ခဲ့ပါသည်။ (မှတ်ချက်၊ အမျိုးသမီးများ မီးဖွားပြီးလျှင် မေ့ဆေးထုံဆေး လုံးဝ မပါဘဲ အစိမ်းသက်သက်ပြန် ချုပ်ရသည်)။ ​ကျွန်မသမီးကိုလည်း၊ “ပြန်ချုပ်ပေးသောအခါ အရမ်းနာမည်နော်။အား တင်းထားနော်” ဟူ၍ မမွေးခင်ကတည်း ကကြိုပြောပြထားခဲ့သည်။ ဒီလိုနဲ့ မွေးဖွားပြီး ​ကျွန် မပြောပြထားသည့်အတိုင်း ပြန်ချုပ်ရမည့်အချိန် ရောက်နေပြီ။ ​ကျွန်မ ကိုယ်တိုင် ကြုံတွေ့ ခံစား ခဲ့ဘူးသောကြောင့် သမီးအတွက် အလွန် စိုးရိမ် နေမိသည်။ 

ဆရာဝန်ကချုပ်ပေးနေချိန်တွင် မြေးမလေးကို သမီး၏ ရင်ခွင်ပေါ်၌ လျောင်း ထားသည်။ သူ့သမီး၏ မျက်နှာကို ကောင်းစွာ မမြင်ရသောကြောင့် သူ့သမီး၏ အသွင်အပြင်ကို ဖော်ပြပေးရန်​ကျွန်မကို တောင်းဆိုခဲ့သည်။ “မြေးမလေးက အလွန် ချစ်စရာ ကောင်းကြောင်း၊ မျက်လုံးလေးကဝိုင်းစက်နေတာဘဲ၊ အသား လေးကလည်း ဖွေး ဥနေတာဘဲ” စသည်ဖြင့် ဘေးကနေပြီး တဖွဖွသူ့သမီးအကြောင်းကို ​ကျွန် မပြောပြနေသည်။ ​ကျွန်မ အလွန် အံ့ဩ မိသည် မှာ​ကျွန်မသမီးနာကြင်သည့် မျက်နှာတချက်ကလေးမှ မတွေ့ရခြင်း ဖြစ်သည်။ ဖြုန်တောင်မဖြုန်သောကြောင့် ချုပ်ပေးနေသည်ဟု ပင် မထင်ရပေ။ မနာလို့မဖြုန်တာပါဟု ပြောစရာ ဖြစ်သော်လည်း မနာလို့ မဟုတ်ပါ။ အသက် ထွက်မတတ်ကို နာပါသည်။ အဘယ်ကြောင့် ဤနာကျင်ခြင်းကို အောင်မြင် စွာ ကျော်လွှားနိင်သနည်းဆိုသော်သူ အလွန် မျှော် လင့်တောင့်တနေသော ရင်သွေးရတနာလေးကို ကိုယ်တိုင် မြင်တွေ့ထိတွေ့နေခြင်းကြောင့် ဖြစ်သည်။ 

ဤအတွေ့အကြုံအားဖြင့် စာဖတ်သူမိတ်ဆွေများကို တိုက်တွန်း အားပေးချင် ပါသည်။ ယနေ့ ​ကျွန်မတို့ ယုံကြည်သူများ မျှော်လင့်တောင့်တနေသောအရာသည် အဘယ်အရာနည်း။ ကောင်းကင် (အထက်) အရာလော သို့မဟုတ် အောက် မြေကြီး အရာလော။ မိမိကိုယ်ကို စမ်းစစ်ကြပါစို့။ စစ်မှန်သော ယုံကြည်သူ၊ သမ္မာ တရားကို သိ၍ ထိုတရားတော် အတိုင်း အသက်ရှင်သော ယုံကြည်သူ အနေဖြင့် မိမိမျှော်လင့်တောင့်တနေသောအရာသည် ကောင်းကင် အရာ၊ ထာဝရ တည်သောအရာ ဖြစ်သည်။ လူ့လောကတွင် အသက် တရာမနေရသော်လည်း အမှု တရာကြုံ တွေ့ရသည် ဟုဆိုရိုးစကားရှိသည့်အတိုင်း နေ့စဉ် ကြုံတွေ့ နေရသော ဝိညာဉ်ရေးရာစုံစမ်း နှောက်ရှက်ခြင်း အမျိုးမျိုးသော်၎င်း၊ စားဝတ်နေရေး၊ လူမှုရေး ပြသနာ၊ မိသားစု ပြသနာ၊ အသင်းတော် ပြသနာ၊ အခက်ခဲမျိုးစုံကို မည်ကဲ့သို့ အောင်မြင် စွာ ကျော်လွှားနိင်မည်နည်း။ ဆင်ခြင်စဉ်းစားကြပါစို့။ 
 
၁။ မည်သူ့ကို ယုံကြည် သနည်း။ ဘာကို ယုံကြည် သနည်း။ 

​ကျွန်မတို့၏ အပြစ် ကြွေးအားလုံး ကို ဆပ်ပေး၍ မိမိအသွေးတော်ဖြင့် ရွေး နှုတ်တော်မူသော ကယ်တင်ပိုင်ရှင် ယေရှုခရစ်ကို ယုံကြည် လက်ခံသောသူ (ထိုသခင်သည် မာန်ငါးမာန်ကို အောင်မြင်တော်မူသော ဘုရား ဖြစ်သကဲ့သို့ ကိုယ်တော် ပေးသော အသက်သည် မာန်ငါးမာန်အောင်သော အသက်ဖြစ်သည်။) 

၂။ ဘယ်အရာကိုမျှော်လင့်၊ စောင့်စားနေသနည်း။ 

ကယ်တင်ရှင် ခရစ်တော် ဘုရားကိုယ်တိုင် သန့်ရှင်းသူများ ( ခရစ်တော် အားဖြင့်သာ ရရှိသော သန့်ရှင်းခြင်း)ကို ချီဆောင်မည့် နေ့ရက် Rစေအကမန မျှော် လင့်စောင့်စားနေသောသူ
 
၃။ အဘယ်အရာကို မျက်မှောက်ပြုနေသနည်း။ 

မိမိ၏ ကိုယ်ကျင့်တရား၊ ကုသိုလ်ကောင်းမှု တခုမှမပါဘဲ လက်ဝါးကပ်တိုင် ပေါ်၌ ယေရှုခရစ် လုပ်ဆောင် ပြီးစီးခဲ့သောအမှု (ွမခေန) ထိုကျေးဇူးတရားကို အစဉ်အမြဲမျက်မှောက်ပြုသောသူ

အထက်တွင် ဖေါ်ပြသော ယုံကြည်သူများအနေဖြင့် ယနေ့ ကြုံတွေ့ နေရသည့် ပြသနာ မျိုးစုံကို ခံနိင်ရည်ရှိပြီး၊ အောင်မြင် စွာ ကျော်လွှားနိင်မည် ဖြစ်သည်။ ထိုသို့ ဆိုသော်ကိုယ်တိုင် ကြိုးစား လုပ်ယူသော အောင်မြင်ခြင်း အသက်တာမဟုတ်ဘဲ ရှင်ပြန်ထမြောက်သော ယေရှုခရစ် ကိုယ်တိုင်သည် ​ကျွန်မတို့ အထဲမှာရှင် ပေးနေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော ယုံကြည်သူများသည် မိမိတို့ မျှော်လင့်တောင့်တသောအရာသည် ထာဝရ တည်သောအရာ ဖြစ်ကြောင်းကို၎င်း၊ ဤအရာသည်လည်း မကြာခင် ဖြစ်လာ၊ ရောက်လာတော့မည်ကို၎င်း၊ အတွင်း ဝိညာဉ်လူကသိနေသည်။ 

​ကျွန်မသမီးအစိမ်းသက်သက်ချုပ်ရသော်လည်း သူ မျှော်လင့်စောင့် စားနေသောသူ့သမီးလေးမျက်နှာကြောင့် ဝေဒနာ အားလုံး ကို ခံနိင်ရည်ရှိ သကဲ့သို့ ​ကျွန်မတို့ကို ခွန်အား နဲ့ ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ကယ်တင် ရှင် ခရစ်တော် နဲ့တကွ ချီဆောင်ခြင်းကိုမျှ ော်လင့်လျက်လောကီ ပြသနာများကို အောင်မြင် စွာ ကျော်လွှားကြပါစို့။ စာဖတ်သူမိတ်ဆွေ အပေါင်း ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိသောသူများ ဖြစ်ကြပါစေ။ 


 
တွေ့နိင်သည့်ကာလ၌ ဘုရားကို ရှာကြလော့
 (ဟေရှာ ၅၅:၆) 
ကိုအောင်လင်း
 

လူတိုင်း မိမိကယ်တင်သောအရှင်ကို သိရှိရန်၊ ထိုအရှင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်အလိုတော် ရှိပါသည်။ အချို့သောလူတို့သည် ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကိုအရေးထားပြီး ဘုရားတရားကို အရေးမထားကြပါ။ ​ကျွန်ုပ်တို့သည် သေခြင်းတရားအတွက် ငယ်စဉ်ကတည်းကပင် ကြိုတင်ပြင်ဆင်ရန်လိုသည်။ လူတို့သည် မိမိတို့ စားဝတ်နေရေးအတွက်သာလျှင် စဉ်းစားပြီးရှာဖွေ တတ်ကြပါသည်။ ​ကျွန်ုပ်တို့မြန်မာနိုင်ငံသားများသည် ထိုင်း၊ မလေးရှားနိုင်ငံတွင် စီးပွားရေးရှာရင်း အသက်ဆုံးရှုံးခဲ့ကြပါသည်။ ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ လေးလေးနက်နက် စဉ်းစားဆင်ခြင်ကြဘို့လိုသည်။ 

လူသည် ဝိညာဉ်ရှိသောသတ္တဝါဖြစ်၍ မိမိဝိညာဉ်သည် နောင်၌ငရဲမရောက်ဘဲ ကောင်းကင်ရောက်ဘို့သာရှာဖွေထားဘို့လိုသည်။ သေပြီးမှနောင်တရသော ရှင်လုကာ ၁၆:၁၉ ထဲမှ သူဌေးကြီးကဲ့သို့ မဖြစ်ရန်အသက်ရှင်စဉ်တွင် ရှာဖွေဘို့ရန် တိုက်တွန်းလိုပါသည်။ ဘုရားသခင်သည် လူများကသူ့ကို သိဘို့ရန်သူဖန်ဆင်း ထားသောအရာများအားဖြင့်၎င်း၊ ခရစ်တော်အားဖြင့်၎င်း၊ သူ့အလိုတော်ကို ဖေါ် ပြထားပြီးဖြစ်၍ ထိုအရာအားဖြင့် ရှာဖွေသိရှိဘို့လိုသည်။ ယနေ့မိတ်ဆွေ၊ လောကစည်းစိမ်၊ ရွှေငွေ၊ ရတနာများရှာဖွေခြင်းထက် ဘုရားသခင်၏ အလိုတော်ကို ဦးစွာရှာဖွေဘို့ရန်လိုသည်။ သမ္မာကျမ်းစာ၌ ဤသို့ရေးထားပါသည်၊ “လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မာ ၈:၃၆)။ ထို့ကြောင့်မိတ်ဆွေ၊ စားဘို့သောက်ဘို့ အတွက် သာအချိန်ဖြုံး၊ အာရုန်စိုက်ပြီး မိမိဝိညာဉ်ကို အရေးမပေးသောသူဌေးကြီးကဲ့သို့ မဖြစ်ဘို့ရန် မေတ္တာဖြင့် သတိပေးလိုပါသည်။ 

လူသည် မွေးစကပင်အပြစ်ရှိကြောင်း ဆာလံဆရာက ဤသို့ဖေါ်ပြထားပါသည်၊ “အ​ကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲ၌ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။” (ဆာ ၅၁:၅)။ ထို့ကြောင့် မွေးစ ခလေးများသည် အပြစ်မလုပ်တတ်သေးသဖြင့် ချစ်စရာကောင်းသော်လည်း ကြီးလာသောအခါ ခိုးတတ်၊ လိမ်ညာတတ်လာကြပါသည်။ ကျွန်ပ်တို့သည် ဘုရားသခင်၏ အမျက်တော်အောက်၌နေ၍ အလိုလိုငရဲသို့ ဦးတည်နေကြသည်။ ဧဖက် ၂:၃ ၌၊ “ထိုငြင်းဆန်သောသူတို့နှင့်တကွ ငါတို့ရှိသမျှသည် အထက်ကကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်ကြသည်ဖြစ်၍ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။” ဟုဆိုသည်။ 

ထို့ကြောင့် ချစ်သောမိတ်ဆွေ အသက်ရှင်စဉ်ပင် ထိုအပြစ်လမ်းမှ လွတ်လမ်းကို ရှာဖွေရမည်။ အချို့သော သူတို့သည် အကျင့်ကောင်းခြင်း၊ သူတပါးအပေါ်မေတ္တာရှိခြင်း၊ သူတပါးအပေါ် သစ္စာရှိခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်းဖြင့် နောင်ဘဝကောင်းစားရန် မျှော်လင့်တတ်ကြသည်။ ထိုအရာများသည် ကောင်းသော်လည်း ထိုအရာများက မိတ်ဆွေ၏အပြစ်ကို ​ မဖြေရှင်းပေးနိုင်ပါ။ သမ္မာကျမ်းစာ၌ ​ကျွန်ုပ်တို့ ပြုသော ကုသိုလ်ကောင်းမှုသည် ညစ်သောအဝတ်နှင့်တူကြောင်း၊ ထိုအရာများက အပြစ်မလွှတ်နိုင်ကြောင်း ဖေါ်ပြထားပါသည်။ “သင်၏ကုသိုလ် သင်ပြုသောအမှုကို ငါဖေါ်ပြမည်။ ထိုသို့သောအမှုတို့သည် အကျိုးကို မပေးနိုင်။ လေတမှုတ်နှင့် လွင့်သွားကြလိမ့်မည်။” (ဟေရှာယ ၅ရး၁၂-၁၃)။ ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ သင်သည် ကယ်တင်ခြင်း စိတ်ချမှုမရှိသေးပါက သင်ကိုယ်တိုင် ရှာဖွေလေ့လာရန်တိုက်တွန်းလိုပါသည်။ မိတ်ဆွေ အချိန်မရှိတော့ပါ။ ​ကျွန်ုပ်တို့ အသက်ရှင်စဉ်၌ သာရှာနိုင်ပါမည်။ သေပြီးမှမရတော့ပါ။ ကျမ်းစာ၌ ဤသို့ရေးသားထားပါသည်၊ “ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊” (ဆာလံ ၁၁၉:၂) “ငါ့ကိုရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း၊ သင်တို့ အတွေ့ကိုခံမည်။” (ယေရမိ ၂၉:၁၃-၁၄) ထို့ကြောင့် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပြီး ထိုအရှင်ကို ယုံကြည်ကိုးကွယ်ရန်တိုက်တွန်းလိုပါသည်။ 

 
စာရှုသူအယောက်တိုင်း အပေါ်ဘုရားရှင်ကောင်းကြီး ပေးပါစေ။ 

 
  
စိုးရိမ်ခြင်း 

လူသည် အ​ခြေအနေများကို မပိုင်သောကြောင့် စိုးရိမ် တတ်ကြသည်။ လူတိုင်း တချိန်မဟုတ်တချိန်၌ စိုးရိမ် တတ်ကြသည်။ ထိုသို့ စိုးရိမ် တတ်သောကြောင့် ဘုရားသခင်က၊ ကျမ်းစာထဲ၌ အကြိမ်ပေါင်းမြောက် များစွာ မစိုးရိမ်ဘို့၊ သူ့ကို အားကိုးဘို့ ပြောထားသည်။ သို့သော် လူသည် ဘုရားသခင်ကို စိတ်မချသောကြောင့် စိုးရိမ် ကာမလုပ်သင့်သော အရာများ လုပ်ခြင်းဖြင့် ဘုရား အပေါ်ပြစ်မှားတတ်ကြသည်။ စိုးရိမ်ခြင်းသည် အပြစ် ဖြစ်သည်။ အကြောင်းမှာ ဘုရား သခင်ကို စိတ်မချ သောကြောင့် စိုးရိမ်၍ ဘုရားသခင်ကို အထင်သေး၊ စော်ကားရာရောက်သည် ကျမ်းစာထဲမှ ဘုရားသခင် အပေါ်စိတ်မချသောကြောင့် အစိုးရိမ်လွန်၍ ဘုရားထံမှ ထွက်သွားကာမလုပ်သင့်သော အပြစ်ကို လုပ်သော ယေရောဗောင်အကြောင်းကို လေ့လာ၍ သင်ခန်းစာယူကြစို့။ 

 “တရံရောအခါ ယေရေဗောင် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည် ရှိသော်ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကို ခြုံလျက် ယေရောဗောင်ကို ကြို ဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်းရှိစဉ်အခါအဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကိုကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ပြီးလျှင် ယေရောဗောင်အား ဤဆယ်ပိုင်းကို ယူလော့။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား နိင်ငံတော်ကို ရှောလမုန်လက်မှငါနှုတ်၍ ဆယ်ခရိုင်ကို သင့် အားပေးမည်။ ငါ့​ကျွန် ဒါဝိဒ်အတွက် ဣသရေလ ခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့အ တွက်ရှောလမုန်သည် တခရိုင်ကို ယူရ၏။ ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်း ဟူမူကား ငါ့ကို စွန့်၍ ဇိဒုန်နတ်သမီးအာရှတရက်၊ မောဘဘုရား ခေမုရှ၊ အာမုန် ဘုရား မိလကုံတို့ကိုကိုးကွယ်သဖြင့် အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သော တရား၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်း ငှါငါ့လမ်းတို့သို့ မလိုက်။ သို့ရာတွင် နိုင်ငံတော်ကို သူ၏ လက်မှငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့​ကျွန် ဒါဝိဒ်အတွက်သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်း ငါှငါအခွင့်ပေး၏။ ရှောလမုန်၏သား လက်မှနိင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။ ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင် ငါ့ရှေ့မှာ ငါ့​ကျွန် ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်း ငါှရှောလမုန်သားအား တခရိုင်ကို ငါပေး၏။ သင့်ကို ငါရွေးယူ၍ သင်သည်ကိုယ် အလိုဆန္ဒပြည့် စုံစေခြင်ငါှစိုးစံလျက် ဣသရေလ အမျိုးတွင် မင်းပြုရ၏။ သင်သည် ငါမှာထားသမျှကို နားထောင်၍ ငါ့​ကျွန် ဒါဝိဒ်ပြု သကဲ့သို့ ငါ၏ လမ်းတို့သို့ လိုက်လျက် ငါရှေ့၌ မှန်သော တရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင် သင်နှင့်အတူ ငါရှိ၍ ဒါဝိဒ် အဘို့ မြဲမြံသော အိမ်ကို ဆောက်သည် နည်းတူ သင့်အဘို့ ဆောက်၍ ဣသရေလ နိင်ငံကို ငါပေးမည်။ ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည် မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။”  (၃ရာ ၁၁:၂၉-၃၉) 

 “ထိုနောက်ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည်၍ နေရာချ၏။ ထိုမြို့မှ သွား၍ ပေနွေလမြို့ကိုလည်း တည်၏။ ယေရောဗောင်က ဤနိင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။ ပြည်သား တ့ုိ့သည် မိမိတို့ သခင်ယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ ပြောင်းလဲ၍ ငါ့ကို သတ် ပြီးမှယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့ သောကြောင့် သူတပါးနှင့် တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကို လုပ်ပြီးလျှင် သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှု ခက်လှ၏။ အို ဣသရေလ အမျိုး၊ သင်တို့ကို အဲဂုတ္တု ပြည် မှနှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြလော့ ဟုဆိုလျက် ဗေသလမြို့၌ တကောင်၊ ဒန်မြို့၌ တကောင်ကို ထားသဖြင့် ပြစ်မှားစ ရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကိုကိုးကွယ်ခြင်း ငါှ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။ ယေရောဗောင်သည်လည်း မြင့်သော အရပ်ပေါ်မှာ အိမ်ကို ဆောက်၍ လေဝိသား မဟုတ်သော သာမညလူတို့ကို ယဇ်ပုရော ဟိတ်အရာ၌ ခန့်ထားလေ၏။ ယုဒပြည်၌ ခံသော ပွဲကဲ့သို့ အဌမလတဆယ်ငါးရက်နေ့တွင် ပွဲကို စီရင်၍ ယဇ်ပ†င်ပေါ်မှာ ပူဇော်၏။ ထိုသို့ ဗေသလမြို့၌ စီရင်၍ မိမိလုပ်သော နွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သော အရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ ကိုလည်း ဗေသလမြို့မှာနေရာချ၏။ ထိုသို့ ကိုယ်အလို အလျောက်ချိန်းချက်သော အဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ်သော ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ဣသရေလ အမျိုးသားတို့ အားပွဲ ကိုလည်း စီရင်၏။ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။” (၃ရာ ၁၂:၂၅-၃၃) 

ထိုအပြစ်ကြောင့် ထာဝရဘုရားကပရောဖက် အဟိယအားဖြင့်၊ “သင့်ကို လူစုထဲကငါရွေး၍ ငါ၏ လူဣသရေလ အမျိုးကို အုပ်စိုးစေခြင်း ငါှမြှောက်လျက် နိင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့် အားပေးသော်လည်း သင်သည် ငါ့ ​ကျွန် ဒါဝိဒ်ကဲသို့မဟုတ်။ သင်မူကား သင့်ရှေ့မည် ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန်၍ ဒုစရိုက်ကို ပြုလေပြီ။ ငါ့အမျက်ကို နိုးဆော်ခြင်း ငါှ အခြားတပါးသော ဘုရားနှင့် သွန်းသော ရုပ်တုတို့ကို လုပ်၍ ငါ့ကို သင့်ကျောနောက်သို့ ပစ်ထားပြီ။ ထို့ကြောင့် ယေရောဗောင်အမျိုး အပေါ်သို့ ဘေးဥပါဒ်ရောက်စေမည်။ ဣသရေ လမြို့ရွာ၌ အချုပ်ခံသောသူ ဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံး သွား သကဲ့သို့ ကျန်ကြွင်းသော ယေရောဗောင်အမျိုးကို ပယ်သွားမည်။” ဟု ကျိန်ဆို ခဲ့သည် (၃ရာ ၁၄:ရ-၁၁)။ ယေရောဗောင်သည် မလိုအပ်ဘဲ စိုးရိမ်ခြင်းကြောင့် ရုပ်တုလုပ်ခြင်းဖြင့် အပြစ် ကျူးလွန် ကာ ဘုရားသခင်၏ တရားစီရင်ခြင်း ခံခဲ့ရသည်။ ယုံကြည်သူများလည်း စိုးရိမ်ခြင်းကြောင့် အမှားမှားအယွင်းယွင်းမလုပ်မိဘို့ ဘုရားသခင် အပေါ်၌ စိတ်ချအားကိုး ခိုလူံကြပါစို့။ 
 

 

196 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2011 MAR

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -