အဘယ်ကြောင့်ဘုရားအလိုတော်မဆောင်နိုင်ကြသနည်း
အဘယ်ကြောင့် ယုံကြည်သူများ ဘုရားသခင်၏အလိုတော်မဆောင်နိုင်ကြသနည်း။ အဘယ်ကြောင့် အမှုတော်ဆောင်ခြင်းသည် အလွန်ပင်ပန်းသည်၊ ဆင်းရဲသည်၊ ခက်ခဲသည်၊ ဟုထင်မှတ်ကြသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို အားမကိုး မယုံကြည်နိုင်ကြသနည်း။ အကြောင်းရင်းများစွာထဲမှ အချက်သုံးချက်အားဖြင့် လေ့လာကြစို့။ အဘယ်ကြောင့် ဘုရားကိုအားမကိုး၊ အလိုတော်ကိုလည်း မဆောင်ချင်၊ ဆောင်သောသူများကိုလည်း သနားစရာလေးများ၊ ဟုထင်မှတ်ကြသနည်းဟူမူကား၊ ဘုရားသခင်ကိုမချစ်၊ မကြောက်ရွံ့၊ မရိုသေ၊ မလေးစားသောကြောင့်ဖြစ်သည်။
မချစ်သောကြောင့်
ဘုရားသခင်က၊ ဣသရေလလူများထံ၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အသက်၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ (တရားဟော ၆း၅) ဟုဆိုထားသည်။ သခင်ယေရှုကလည်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အသက်နှင့်ဥာဏ်ရှိသမျှဖြင့်ချစ်လော့၊ ဟူ သောပညတ်သည် ပဌမပညတ်ဖြစ်၏၊ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ (မဿဲ ၂၂း၃၇-၃၈) ဟုဆိုခဲ့သည်။ သို့သော်၊ ဣသရေလလူများက ဘုရားသခင်ကို ချစ်ကြပါသလော။ လုံးဝမချစ်ကြပါ။
ကိုယ်မချစ်မနှစ်သက်သောသူအတွက် စကားနားထောင်ခြင်း၊ ခိုင်းသောအလုပ်လုပ်ပေးခြင်းတို့သည် အလွန်ခက်ခဲသောအရာဖြစ်သည်။ ကိုယ်အလွန်ချစ်သောသူအတွက်မူ မည်မျှပင်ခက်ခဲ၊ ပင်ပန်းပါစေ ဝမ်းမြောက်စွာလုပ်ပေးချင်ကြသည်။ ကိုယ်ချစ်သူနှင့်တွေ့ဘို့ဖြစ်လျှင် မမေ့လျော့နိုင်၊ အေးလွန်းသည်၊ ပူလွန်းသည်၊ ဝေးလွန်းသည်မရှိပါ။ ငွေကုန်ကျေးကျလည်းခံနိုင်သည်။ မည်မျှပင်ကုန်ပါစေ၊ တန်သည်တန်သည်ဖြစ်နေသည်။
အဘယ့်ကြောင့် ဣသရေလလူများက ဘုရားသခင်ကိုစွန့်၍ အခြားဘုရားများကိုသာလျှင် ကိုးကွယ် ဆက်ကပ်ခဲ့ကြသနည်း။ အဖြေကရှင်းနေပါသည်။ ဘုရားသခင်ကို လုံးဝမချစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်ကိုချစ်လျှင် သူ့ကိုကိုးကွယ်ခြင်း၊ စကားနားထောင်ခြင်းသည် အလွန်လွယ်ကူသောအရာဖြစ်သည်။
ယနေ့ခရစ်ယာန်များလည်း၊ အဘယ့်ကြောင့် ဘုရားစကားနားမထောင်၊ အားမကိုး၊ သူ့အကြောင်းကို မသိ၊ သူခိုင်းသောအရာကို မလုပ်ဆောင်နိုင်ကြသနည်း။ ဘုရားကိုမချစ်သောကြောင့်ဖြစ်သည်။ ဘုရားထက် လောကအရာကိုသာ ချစ်နေကြသည်။ ကျမ်းစာက၊ လောကကို၎င်း၊ လောက၌ရှိသော အရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော၊ ကိုယ်ကာယ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည်၊ ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။ (၁ ယော ၂း၁၅-၁၆) ဟုဆိုသည်။ ဘုရားသခင်ကို မချစ်ဘဲ သူ့အလိုတော် ဆောင်ဘို့သည်၊ အလွန်ခက်ခဲသောအရာဖြစ်သည်။ ထို့ကြောင့် အမှုတော်ဆောင်သောသူများကို သနားကြသည်။ အလွန်ပင်ပန်းသည်၊ ဟုထင်တတ်ကြသည်။ အမှုတော်ဆောင်များလည်း ဘုရားကို မချစ်ဘဲ အကျိုးစီးပွားကိုလိုချင်သောကြောင့် ဆောင်သောသူများသည် ကြိုးကြိုးစားစားမရှိ၊ အချောင်ခို၊ အကျိုးရရှိဘို့သာလျှင် စဉ်းစားနေကြသည်။ ထို့ကြောင့် ဘုရားအတွက် အနည်းငယ်ခက်ခဲလျှင် အလွန်ပင်ပန်းသည်၊ ဆက်ကပ်လှပြီ၊ အနစ်နာခံလှပြီ၊ ဟုထင်မှတ်တတ်ကြသည်။ သင်သည် ထိုသို့သောအမှုတော်ဆောင်ဖြစ်နေပါသလား။
မရိုသေသောကြောင့်
သားသည်အဘကိုရိုသေတတ်၏။ ကျွန်သည်သခင်ကိုကြောက်ရွံ့တတ်၏။ ငါသည်အဘမှန်လျှင် ငါ့ကိုအဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူကြောက်ရွံ့သနည်း၊ ဟုကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ (မာလခိ ၁း၆)
ဣသရေလများ ဘုရားသခင်ကိုစွန့်ပြီး အခြားဘုရားများကို ကိုးကွယ်ခြင်းသည် သူ့ကိုမရိုသေ၊ မကြောက်ရွံ့သောကြောင့်ဖြစ်သည်။ လူတိုင်း၊ ကိုယ်ရိုသေသောသူအတွက် အမှုဆောင်ရွက်ပေးခြင်း သည် အလွန်လွယ်ကူသည်သာမက ဝမ်းမြောက်စွာလုပ်ဆောင်ပေးတတ်ကြသည်။ ထို့အပြင် ကြောက်ရွံ့သောရသူ ခိုင်းသမျှကိုလည်း မမှားမယွင်းရလေအောင် သတိကြီးစွာထားပြီး လုပ်ဆောင်တတ်ကြသည်။
အဘယ်ကြောင့် ဣသရေလများက ဘုရားသခင်ကို မရိုသေကြသနည်း။ ဘုရားသခင်သည် ရိုသေထိုက်သောသူ မဟုတ်သောကြောင့်လော၊ မဟုတ်ပါ။ ဘုရားသခင်သည် အလွန်ရိုသေထိုက်သောသူဖြစ်ပါသည်။ သို့ဖြစ်လျှင် ဣသရေလလူများက သူ့ကိုအဘယ်ကြောင့်မရိုသေကြသနည်း။ သားသမီးများက မိဘကိုမရိုသေသကဲ့သို့ဖြစ်သည်။ အခြားသောသူများက ရိုသေလေးစားသော်လည်း မိဘများကို သားသမီးအရင်းများက မရိုသေ၊ မလေးစားတတ်ကြချေ။ မိဘ၏တန်ဘိုးကိုမသိတတ်ကြချေ။
သို့ဖြစ်လျှင်၊ သင်နှင့်ကျွန်ုပ်လည်း ဘုရားသခင်ကို ရိုသေလေးစားကြပါသလော။ ရိုသေလေးစားပါသည် ဟုပါးစပ်က ပြောသော်လည်း၊ သူ့အလိုကိုမဆောင်၊ သူမကြိုက်နှစ်သကဲ့သို့သာ အသက်ရှင်နေလျှင် မရိုသေ မလေးစားခြင်းဖြစ်သည်။ မရိုသေ မလေးစားသောဘုရား၏ အလိုတော်ဆောင်ခြင်း၊ စကားနားထောင်ခြင်းသည် အလွန်ခက်ခဲသောအရာဖြစ်သည်။
မကြောက်သောကြောင့်
လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲက မီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့်ရွှေ့၍ အဝေး၌ ရပ်နေကြ၏။ ၁၉။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။ ၂၀။ မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါ၎င်း၊ ဘုရားသခင် ကြွလာတော်မူပြီ၊ ဟုလူများတို့အားပြောဆို၏။ (ထွက် ၂၀း၁၈-၂၀)
ဘုရားသခင်က ဣသရေလလူများထံ ပညတ်တော်ဆယ်ပါးပေးသောအခါ ရိုးရိုးမပေးဘဲ အထက်ကျမ်းပိုဒ်၌ ဖေါ်ပြသကဲ့သို့ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲက မီးခိုးထွက်ခြင်းများနှင့်ပေးသည်။ ထိုသို့ပေးရခြင်းသည် မောရှေက၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါဖြစ်သည်၊ ဟုဆိုသည်။ ထိုသို့တန်ခိုးပြသောကြောင့် ဣသရေလလူများက မောရှေထံ၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။ သူတို့သည် သေမတတ်ကြောက်ကြသည်၊ ဟုသူတို့ကိုယ်တိုင်က ပြောခဲ့ကြသည်။ သို့သော်၊ သူတို့၏ကြောက်ခြင်းသည် ကြာရှည်ခံပါသလော။ သိနာတောင်အောက်၌ နေစဉ်ပင် မောရှေရက်ပေါင်းလေးဆယ် တောင်ပေါ်သို့တက်စဉ်တွင် ရွှေနွားရုပ်ကိုဘုရားလုပ်၍ ကိုးကွယ်ခဲ့ကြသည်။ သူတို့၏သမိုင်းတလျှောက် သားစဉ်မြေးဆက်များသည် ဘုရားကိုမကြောက်သော ကြောင့် ဘုရားမနှစ်သက်သော ရုပ်တုများကိုသာ ကိုးကွယ်နေကြသည်။ ထို့ကြောင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်း၊ အသေသတ်ခြင်း၊ ရန်သူများလက်သို့အပ်ခြင်း၊ မိန်းမောတွေဝေခြင်း၌ အပ်တတ်သည်။ သို့သော်၊ သူတို့သည် ယနေ့တိုင်အောင် ဘုရားသခင်ကို မကြောက်သောကြောင့် မရိုမသေ၊ ဂရုမစိုက် ကြချေ။
ယနေ့ခရစ်ယာန်များလည်း ဘုရားသခင်ကို ကြောက်ရွံ့ကြပါသလော။ လုံးဝကြောက်ရွံ့ခြင်းမရှိကြချေ။ ဘုရားသခင်သည် လေကဲ့သို့ ဖြစ်သည်။ လေသည် မရှိသကဲ့သို့ ဖြစ်သောကြောင့် မည်သူကမျှလေကို မကြောက်ကြချေ။ သို့သော်၊ လေပြင်းမုန်တိုင်းကျသောအခါ အလွန်ကြောက်ရွံ့တတ်ကြသည်မဟုတ် လော။ ယခုကမ္ဘာပေါ်၌ ကွက်ကြားကွက်ကြား လေပြင်းမုန်တိုင်းနှင့်တကွ သဘာဝဘေးရန်များ ခံစားရ တတ်ကြသည်။ သို့သော်၊ ထိုအရာများက ဘုရားသခင်ထံခိုလှုံဘို့ မတွန်းပို့ဘဲ၊ ဘုရားသခင်ကို လှစ်လျှို ရှုနေကြသေးသည်။ မကြာမှီ နေရာကွက်ကြား မဟုတ်တော့ဘဲ တကမ္ဘာလုံး ဘုရားသခင်၏ အမျက်ဒေါသ မီးလောင်တော့မည်ဖြစ်သည်။ ထိုအရာများကို ကျမ်းစာ၌ဖေါ်ပြပါသော်လည်း ကျမ်းစာလည်းမဖတ် သောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြချေ။ ထိုအချိန်မရောက်မှီ ဘုရားသခင်ကို ကြောက်ရွံ့၍ သူ့ထံ အညံ့ခံခိုလှူံကြစို့။




