သတင်းကောင်းစာစောင်

AUGUST 2025

 

ခရစ်ယာန်လုပ်တန်းကစားခြင်းရပ်ကြစို့

အဘယ်ကြောင့် ခရစ်ယာန်များ စစ်မှန်သောခရစ်ယာန်အသက်တာဖြင့် အသက်မရှင်နိုင်ကြ သနည်း။ အကြောင်းရင်းများစွာထဲမှ အချို့ကိုဖေါ်ပြရလျှင် ခရစ်ယာန်ဟုခေါ်သောသူအများစုသည် နာမည်သာလျှင်ခရစ်ယာန်ဖြစ်၍ စစ်မှန်သောခရစ်ယာန်များမဟုတ်ကြချေ။ ဝိညာဉ်အားဖြင့် ဒုတိယ အကြိမ်မွေးဖွားပြီးသောသူ၊ ခရစ်တော်ရရှိသောသူ၊ ထာဝရအသက်ရရှိသောသူ၊ ကယ်တင်ခြင်းသို့ ရောက်ရှိသောသူများသာလျှင် ခရစ်ယာန်အစစ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိခရစ်ယာန်အများစု ၈၀% ခန့် သည်အတုများဖြစ်သောကြောင့် ခရစ်ယာန်အသက်တာဖြင့် လုံးဝအသက်မရှင်နိုင်ခြင်းဖြစ်သည်။ 

မကြီးထွားမရင့်ကျက်သောကြောင့်

ခရစ်ယာန် ဟုဆိုသူများထဲမှ ၂၀% နှုန်းလောက်သည် စစ်မှန်သောခရစ်ယာန်၊ ဒုတိယအကြိမ် မွေးသောသူ၊ ထာဝရအသက်ရရှိသောသူ၊ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများ ဖြစ်ကြသော်လည်း အဘယ်ကြောင့် ခရစ်ယာန်အသက်တာဖြင့် အသက်မရှိနိုင်ကြဘဲ လောကသားများကဲ့သို့ အသက်ရှင် နေကြသနည်း။ အကြောင်းရင်းများမှာ၊ ဝိညာဉ်ရေးရာ၌ မကြီးထွား၊ မရင့်ကျက်ကြဘဲ ဝိညာဉ်ခလေးများ ဖြစ်နေကြသောကြောင့်ဖြစ်သည်။ ခလေးများသည် ညစ်ညူးသောအရာများကိုမရွံရှာ၊ သူတို့၏မစင် များနှင့်တကိုယ်လုံး ညစ်ပတ်စေတတ်ကြသည်။ သူတို့ကို၊ မိဘများက သန့်ရှင်းရေးအမြဲလုပ်ပေးဘို့လိုသည်။ မည်မျှပင်သန့်ရှင်းရေးလုပ်ပေးသော်လည်း သူတို့ကိုယ်တိုင် သန့်ရှင်းရေးဘယ်တော့မှမလုပ် တတ်ကြချေ။ သင်သည်ထိုသို့သောသူဖြစ်နေပါသလား။ ထိုဘာဝမှ လွတ်မြောက်နိုင်သောလမ်း တစ်ခု တည်းသာလျှင်ရှိသည်။ ထိုအရာမှာ ဝိညာဉ်အစာများကိုစား၍ ကြီးထွားရင့်ကျက်ဘို့ဖြစ်သည်။ ကျမ်းစာမဖတ်၊ မလေ့လာ၊ ဂရုမစိုက်၊ ဆုတောင်းသောအသက်တာ မရှိသောသူများသည် မည်သို့မျှ မကြီးထွား၊ မရင့်ကျက်နိုင်ချေ။ 

သရုပ်ဆောင်နေသောကြကြောင့်

ကျမ်းစာကျောင်းထွက်များ၊ သင်တန်းအမြဲတမ်းတက်သူများသည် အဘယ်ကြောင့် ခရစ်ယာန် အသက်တာဖြင့်အသက်မရှင်နိုင်ကြသနည်း။ ကျမ်းစာကျောင်းတက်ခြင်း၊ သင်တန်း camping အမြဲ တမ်းတက်သူများသည် လက်တွေ့ကျင့်သုံးဘို့ရန်မဟုတ်ဘဲ၊ သရုပ်ဆောင်တတ်ဘို့ရန် တက်ကြသောကြောင့် သူတို့၏အသက်တာ၌ ခရစ်ယာန်သဘောမရှိနိုင်ခြင်းဖြစ်သည်။ သရုပ်ဆောင်မင်းသား၊ မင်းသမီး များသည် ရုပ်ရှင်ထဲ၌ လင်မယားကဲ့သို့ချစ်ကြ၊ နမ်းကြ၊ ဖက်ကြ၊ ပြောဆိုကြသော်လည်း၊ တကယ်လင်မယားမဟုတ်ချေ။ ရုပ်ရှင်ရိုက်ပြီးသွားသောအခါ ဘာမှဆိုင်တော့ကြချေ။ သို့သော် ရုပ်ရှင်ထဲ၌ အမှန်တကယ် လင်မယားများထက် ချောကြ၊ ပြောဆိုကြ၊ ဟန်ဆောင်တတ်ကြသည်။ ထို့ကြောင့် ကျမ်းစာကျောင်းတက်ခြင်း၊ သင်တန်း camping အမြဲတမ်းတက်သူများသည် မတက်သောသူများထက် တော်ကြသော်လည်း သူတို့ကိုယ်တိုင်အတွက်မဟုတ်၊ သရုပ်ဆောင်ဘို့ရန် တက်ကြသောကြောင့် ခရစ်ယာန်အသက်တာဖြင့် အသက်မရှင်နိုင်ကြခြင်းဖြစ်သည်။ သင်သည်သရုပ်ဆောင်သောသူလော၊ ကိုယ်တိုင်ကျင့်သုံးသောသူ ဖြစ်ပါသလော။ ကိုယ်တိုင်မကျင့်သုံးသောသူများထံ ယာကုပ်က၊ ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ တရားကိုမကျင့်ဘဲ နာရုံမျှသာပြုသောသူ မည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့် တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဍာန်ကို ချက်ချင်းမေ့လျော့တတ်၏။ (ယာကုပ် ၁း၂၂-၂၄) ဟုဆိုသည်။ ပေါလုကတော့၊ သူတပါးကိုဆုံးမပြီးမှ၊ ကိုယ်တိုင် ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။(၁ ကော ၉း၂၇) ဟုရေးသည်။

ပွဲကြည့်ပရိသတ်လုပ်နေကြသောကြောင့်

ဒုတိယမွေးဘွားပြီးသူများ၊ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများလည်း အဘယ်ကြောင့် ခရစ်ယာန်အသက်တာဖြင့် အသက်မရှင်နိုင်ကြသနည်း။ သူတို့လည်း သူတို့ကိုယ်တိုင် သရုပ်ဆောင်ခြင်း၌မပါ၊ သရုပ်ဆောင်သောသူများကိုကြည့်ရှုခြင်းဖြင့် ကျေနပ်နေကြသောကြောင့်ဖြစ်သည်။ ကျမ်းစာဖတ်နေ သော်လည်း ကျင့်သုံးဘို့ရန်မဟုတ်၊ ဩတ္တပ္ပစိတ်ကျေနပ်ဘို့ဖတ်သည်။ ဆုတောင်းနေပါသော်လည်း ဝိညာဉ်ပိုင်းထက် ဇာတိပိုင်းအတွက်သာလျှင်တောင်းသည်။ ပျောက်ဆုံးဝိညာဉ်များအတွက် ဆုတောင်းနေပါသော်လည်း ကိုယ်တိုင်ဝေငှပြောပြခြင်းမရှိ၊ ဘုရားကိုသာလျှင်ခိုင်းနေကြသည်။ မှန်မှန်ဘုရားကျောင်းတက်ခြင်း၊ အလှူငွေနှင့်ဆယ်ဘို့တဘို့ မှန်မှန်ပေးခြင်း၊ သီချင်းဖြင့်ချီးမွမ်းသီဆိုခြင်းဖြင့် ကျေနပ် အားရနေကြသည်။ ဘုရားကျောင်းမတက်သောအချိန်၊ ကျမ်းစာသင်တန်းမတက်သောအချိန်များတွင် လောကသားများကဲ့သို့ ကြံစည်လုပ်ဆောင်နေကြသည်။ ထို့ကြောင့်၊ စစ်မှန်သောခရစ်ယာန်အသက်တာ ဖြင့်အသက်မရှင်နိုင်ကြခြင်းဖြစ်သည်။ သင်သည်ပွဲကြည့်ပရိတ်သတ်လော၊ ပွဲဝင်သောသူဖြစ်သလော။ 

အိမ်ထောင်ပြုသကဲ့သို့

စစ်မှန်သောခရစ်ယာန်အသက်တာသည် တော်စရာ တတ်စရာ မလိုပါ (တော်လျှင်တတ်လျှင်ကား ပိုကောင်းသည်။ သို့သော်မတော်မတတ်လျှင်လည်း အိမ်ထောင်ပြုကြသည်မဟုတ်ပါလော)။ အိမ်ထောင်သည် လူပျိုနှင့်အပျို ချစ်ကြိုက်ကြရာမှ လက်ထပ်ပြီး အတူဘဝ တည်ဆောက်ခြင်းဖြစ်သည်။ မည်သူမျှ အိမ်ထောင်တည်ဆောက်နည်း သင်တန်းမတက်ဘဲ ချစ်ကြိုက်ကြသောကြောင့် မိဘမောင်နှမများကိုပင် ထားခဲ့၍ တစ်ယောက်နှင့်တစ်ယောက် ဘဝတခုလုံးကို စိတ်ချစွာပုံအပ်၍ ချစ်ခြင်းအားဖြင့်တည် ဆောက်ကြသည်။ အိမ်ထောင်ပြုသူတိုင်း တစ်ပတ်တခါ တွေ့ဘို့မဟုတ်၊ အမြဲတမ်း မခွဲစတန်း အတူနေထိုင်ကြသည်မဟုတ်ပါလော။ ယုံကြည်သူများလည်း ခရစ်တော်နှင့်အတူ အမြဲနေထိုင်၍ သူ့ကိုသာလျှင် အာရုံစိုက် ကျင့်သုံးနေထိုင်ဘို့ဖြစ်သည်။ သို့သော်၊ ခရစ်တော်ကို တစ်ပတ်လျှင် တစ်ကြိမ်နှစ်ကြိမ်သာ ချိန်းတွေ့ပြီး ကျန်သောအချိန်များ၌ သူ့ကိုမေ့ထားကာ လောကနှင့်သာ မိဿဟာယ ပြုနေကြသည်မဟုတ်လော။ ထိုသို့သောအသက်တာဖြင့် ခရစ်ယာန်အသက်တာအသက်မရှင်နိုင်ပါ။ သင်သည်ခရစ်တော်နှင့်အတူ အမြဲနေထိုင်သွားလာပါသလား။ 

ဣသရေလများ

ဘုရားသခင်ကလည်း သူနှင့်ဣသရေလများ လင်မယားကဲ့သို့ မခွဲစတန်းအတူလက်တွဲနေထိုင်ဘို့ အလိုရှိသည်။ ထို့ကြောင့် ဣသရေလလူများထံ၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားတည်း၊ ဟုဆိုသည် (ဟေရှာယ ၅၄း၅)။  ဘုရားသခင်က သူ၏မိန်းမ ဣသရေလကို အလွန်ချစ်၍ လိုလေသေးမရှိအောင် ကျွေးမွေးပြုစုသည်၊ ကာကွယ်သည်။ မိန်းမကခင်ပွန်းသည်ယောက်ျားကို ချစ်သကဲ့သို့ ဣသရေလက သူ့ကိုချစ်၍ အားကိုးစေချင်သည်။ ထို့ကြောင့်၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။ ဟုဆိုရခြင်းဖြစ်သည် (ယေရမိ ၁၇း၅) တဖန်၊  ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာ ထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း၊ ဟုဆိုသည် (ယေရမိ ၂း၅)။ ထာဝရဘုရားက သူ့မိန်းမ ဣသရေလကို အလွန်ချစ်လွန်းအားကြီးသောကြောင့် သူ့နာမပင်လျှင် သဝန်တိုတတ်သောဘုရား၊ ဟုဆိုရခြင်းဖြစ်သည် (ထွက်မြောက် ၁၉း၅)။ သို့သော်၊ ဣသရေလသည် သူ့ခင်ပွန်း ဘုရားကို ချစ်ပါသလော။ လုံးဝမချစ်ပါ။ ထို့ထက်အကျိုးမပေးနိုင်သော ရုပ်တုများကိုသာလျှင် ချစ်နေသည်။ "အချစ်ကြီးလျှင် အမျက်ကြီးသည်" ဟူသောစကားပုံအတိုင်း ဘုရားသခင်က သူ့ကိုမချစ်သော ဣသရေလကို အမျက်ကြီးသောကြောင့် ရန်သူများလက်သို့အပ်နှံခြင်း၊ မိုးခေါင်းခြင်းဖြင့် အစာရေစာငတ်မွတ်ခေါင်းပါးခြင်း၊ ပြစ်ဒဏ်အမျိုးမျိုးပေးကာ ယနေ့တိုင်အောင် ဒုက္ခမျိုးစုံခံစားစေသည်။ သို့သော် သဘောမပေါက်ကြသေးချေ။ ခရစ်တော် ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ်၊ ဘုန်းတန်ခိုးကြီးစွာဖြင့် ကြွလာမှသာလျှင် ဘုရားသခင်ကို လက်ခံလာ ကြမည်ဖြစ်သည်။ 

အသင်းတော်

ဣသရေလသရေလလူများက ဘုရားကိုနားမလည်၊ မချစ်ကြသောကြောင့် သားတော်က လူတစ်မျိုးထဲမှမဟုတ်ဘဲ လူမျိုးတိုင်းထဲမှ သူ့ကိုယုံကြည်လက်ခံသောသူများကို စုစည်း၍ အသင်းတော် တည်ထောင်ကာ လင်မယားကဲ့သို့ ပေါင်းသင်းပြုစုဘို့ ကြံရွယ်သည်။ ထိုအရာကို ပေါလုက၊ ထိုအကြောင်းကြောင့် ယောက်ျားသည်၊ ကိုယ်မိဘကို စွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ ဤအရာသည် အလွန်နက်နဲ သောအရာဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း။ (ဧဖက် ၅း၃၁-၃၂) ဟုရေးသားခဲ့သည်။ အထက်ပါကျမ်းပိုဒ်က အာဒံနှင့်ဧဝကိုသာ ဆိုလိုသည်ဟု ထင်ကြပေလိမ့်မည်။ ပေါလုက ခရစ်တော်နှင့်အသင်းတော်ကို ရည်မှတ်၍ဆိုသည်၊ ဟုဆိုသည်။ အသင်းတော်နှင့်ခရစ်တော်သည် လင်မယားကဲ့သို့ ပေါင်းသင်းဆက်ဆံရမည်၊ ဟုဆိုသည်။ သို့သော် ယနေ့အသင်းတော်များသည် ခရစ်တော်နှင့် လင်မယားကဲ့သို့ ပေါင်းသင်းဆက်ဆံကြပါသလော။ သင်နှင့်သင်၏အသင်းတော်သည် ခရစ်တော်ကို မည်ကဲ့သို့ပေါင်းသင်းဆက်ဆံပါသနည်း။ လင်မယားကဲ့သို့ဖြစ်လျှင် အမြဲတမ်းအတူနေထိုင်စားသောက်မည်။ အချစ်ဆုံးဖြစ်ရမည်။ အလေးထားဆုံးဖြစ်ရမည်။ ခရစ်တော်နှင့်ပတ်သက်လျှင် မပင်ပန်း၊ မငြေးငွေ့၊ အမြဲစိတ်လှုပ်ရှားပြီး တက်ကြွနေမည်။ ယခုမူ၊ တစ်ပတ်တခါတွေ့သောဘုရား၊ တွေ့လျှင်လည်း ခရစ်တော်ထက် အခြားအရာကိုသာလျှင် ဦးစားပေးကြသည်မဟုတ်လော။ အမှုတော်ဆောင်များလည်း သရုပ်ဆောင်နေကြပြီး၊ အသင်းသားများလည်း ပွဲကြည့်ပရိသတ်အဖြစ်သာ ဖြစ်နေကြသည်မဟုတ်လော။ သင်သည်ခရစ်တော်နှင့် မည်ကဲ့သို့ဆက်ဆံကြသနည်း။ သင်သည် ခရစ်ယာန်လုပ်တန်း ကစားနေသည်မဟုတ်လော။ ယခုမှစ၍ ခရစ်တော်နှင့် လင်မယားကဲ့သို့ အသက်ရှင် သွားလာလှုပ်ရှားဘို့ အကြံပေးလိုပါသည်။ ခရစ်ယာန်လုပ်တန်းကစကားခြင်းကို ရပ်၍ ခရစ်တော်နှင့် လင်မယားကဲ့သို့ နေထိုင်ကြပါစို့။ 

5 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2025 AUG

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -