သတင်းကောင်းစာစောင်

JULY 2026

လူရှင်ဘုရင် နှင့်ဘုရားရှင်ဘုရင်

ဘုရားသခင်သည် ဣသရေလအမျိုးသားများကို အဲဂုတ္တုပြည်မှ ကယ်တင်နှုတ်ဆောင်ခဲ့ချိန်မှ စ၍ သူတို့ကို မမြင်နိုင်သောရှင်ဘုရင်အဖြစ် အုပ်စိုးဦးဆောင်ခဲ့သည်။ သူသည်လူရှင်ဘုရင်ကဲ့သို့ လူများ အပေါ် အာဏာပြ ခိုင်းစားခြင်းမပြုဘဲ မိဘက သားသမီးများအပေါ် ချစ်မြတ်နိုး၍ ကျွေးမွေးပြုစုသကဲ့သို့ ပြုခဲ့သည်။ ဆရာဝန်ကဲ့သို့ ကျန်းမာစေခဲ့သည်။ စစ်သူကြီးကဲ့သို့ စစ်တိုက်ပေးခဲ့သည်။ GPS ကဲ့သို့နေ့ခင်း၌ မိုးတိမ်တိုင် ည၌မီးတိုင်အားဖြင့် လမ်းပြခဲ့သည်။ သဲကန္တာရနေပူကြဲကြဲတွင် မိုးတိမ်အားဖြင့်မိုးပေးပြီး နေ့စဉ် မန္နမုန့်အားဖြင့်၎င်း၊ ကျောက်ထဲမှရေအားဖြင့်၎င်း ကျွေးမွေးခဲ့သည်။ ထာဝရဘုရားသည် သူတို့အတွက် အရာခပ်သိမ်းဖြစ်၍ ဘာမျှလိုလေသေးမရှိ ပြုစုကြည့်ရှုခဲ့သည်။ ခါနာန်ပြည်သိမ်းသောအခါ၌လည်း တမြို့ပြီးတမြို့ တိုက်ခိုက်ပေးခဲ့သည်။ သူတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ၊ ရုပ်တုများကိုလုပ်၍ အခြားသောဘုရားများကို ကိုးကွယ်သောအခါ၌လည်း အပြစ်လွှတ်၍ လက်ခံခဲ့သည်။

သို့သော် ဣသရေလအမျိုးသားများ သူတို့၏အလွန်ကောင်းသော ရှင်ဘုရင်ကို အလိုမရှိကြချေ။ ထို့ကြောင့်၊ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာအရပ် ရာမမြို့သို့လာပြီးလျှင်၊ ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏ သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါလော့၊ ဟုလျှောက်ကြလေ၏။ ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့၊ ဟုလျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။  ထာဝရဘုရားကလည်း သင့်အားလူများတို့ ပြောဆိုသမျှသော စကားကိုနားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည်သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်း ပယ်ကြပြီ(၁ ဓမ္မ ၈း၄-၇) ဣသရေလများက သူတို့၏ အလွန်ကောင်းသော ရှင်ဘုရင်ကို အဘယ်ကြောင့်အလိုမရှိ၊ ပယ်ကြသနည်း။ အကြောင်းပြစရာမရှိပါ။ သူတို့မိုက်သောကြောင့်၊ အသောကြောင့်သာလျှင်ဖြစ်သည်။ လူမျိုးအပေါင်းတို့၏ထုံးစံကို နှစ်သက်ကြ သောကြောင့်ဖြစ်သည်။

တဖန်ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရား ထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သောသင်တို့ကို အဲဂုတ္တုပြည်မှငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသောမင်းအပေါင်းတို့လက်မှ ကယ်နှုတ်သော်လည်း၊ သင်တို့ကိုဒုက္ခဆင်းရဲဘေး ဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော၊ သင်တို့၏ဘုရားသခင်ကို ယနေ့သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါ၊ ဟုလျှောက်ကြပြီ။  (၁ ဓမ္မ ၁၀း၁၇-၁၉) ဟုဆိုသည်။

လူရှင်ဘုရင်၏ထုံးစံများ

ဘုရားသခင်က သူတို့တောင်းဆိုသော ရှင်ဘုရင်၏ လုပ်ဆောင်မည့်အရာများကို ရှမွေလအားပြောခိုင်းသည်။ ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊ သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိမြင်းလှည်းထိန်း၊ မြင်းထိန်းအရာ၌ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏မြင်းလှည်းရှေ့မှာ ပြေးရကြမည်။ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အရာခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ မြင်းလှည်းတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။ သင်တို့သမီးများကိုလည်းယူ၍၊ ခဲဘွယ်စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ၎င်း၊ စားတော်ကဲ၊ မုန့်သည်ဖြစ်စေခြင်းငှါ၎င်း၊ ခန့်ထားလိမ့်မည်။ သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကိုယူ၍၊ မိမိကျွန်တို့အားပေးလိမ့်မည်။ သင်တို့မျိုးစေ့၊ စပျစ်သီး ဆယ်ဘို့တဘို့ကိုယူ၍၊ သူ၏အရာရှိအမှုထမ်းတို့အား ပေးလိမ့်မည်။ သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသောလုလင်၊ မြည်းများကိုယူ၍ သူ၏အမှုကိုလုပ်ကိုင်စေလိမ့်မည်။ သင်တို့သိုးစု ဆယ်ဘို့တဘို့ကိုလည်းယူ၍ သင်တို့သည် သူ၏ကျွန်ခံရကြမည်။ သင်တို့ရွေးယူသောရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည်နားထောင်တော်မမူ၊ ဟုသတိပေးလေ၏။ (၁ ဓမ္မ ၈း၁၀-၁၈)။ သူတို့ရှင်ဘုရင်က သူတို့အပေါ်ပြုမည့်အရာများကို သတိပေးသော်လည်း နားမထောင် ကြချေ။

ဣသရေလများ တပါးအမျိုးသားများနှင့်တူချင်

သို့သော်လည်းလူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသောရှင်ဘုရင်ကို လိုချင်ပါ၏။ အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့်တူမည်အကြောင်း၊ အကျွန်ုပ်တို့ကို အုပ်စိုးသောရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာထွက်ကြွ၍ စစ်တိုက်ရမည် ဟုရှမွေလ၏စကားကို နားမထောင်ဘဲဆိုကြ၏။ (၁ ဓမ္မ ၈း၁၉-၂၀) ဣသရေလများသည် ဘုရားသခင်က ထူးခြားစွာ ကူညီမစသော်လည်း တပါးအမျိုးသားများ နှင့်တူချင်ကြသည်။ ကျွန်ုပ်တို့လည်း သူတို့ကဲ့သို့ အခြားမယုံကြည်သူများကို အားကျမိပါသလား။ မယုံကြည်သူများနှင့် တူချင်ကြပါသလား။

ဘုရားသခင်ကရှောလုကိုဘုရင်အရာ၌ရွေး

ဘုရားသခင်က ဣသရေလများ တောင်းဆိုသည့်အတိုင်း ရှောလုကို ဘုရင်အဖြစ်ရွေးချယ်ခဲ့သည်။ ရှောလုသည် အဆင်းလှ၍ ထူးဆန်းသောသူဖြစ်၏။ ဣသရေလ အမျိုးသားတို့တွင်၊ ထိုသူထက်သာ၍ အဆင်းလှသောသူ တယောက်မျှမရှိ။ သူသည်အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။ (၁ ဓမ္မ ၉း၂) ရှောလုသည် ဣသရေလ အမျိုးသားတို့တွင်၊ အချောဆုံး အရပ်အမြင့်ဆုံးဖြစ်သည်။ ဣသရေလ အမျိုးသားတို့က ရှောလုကိုမြင်သောအခါ အလွန်အားရကျေနပ်ကြလိမ့်မည်။ သူတို့ရှေ့မှ စစ်တိုက်ပေးလိမ့်မည်၊ ဟုအားကိုးကြလိမ့်မည်။ သို့သော် သူတို့မျှော်လင့်ထင်မှတ်သည့်အတိုင်း ရှောလုသည် သူတို့ရှေ့မှစစ်တိုက်နိုင်ပါသလော။

ဣသရေလရှင်ဘုရင်ထက်ကြီးမားသောသူ

ကျမ်းစာ၌၊ ဖိလိတ္တိလူတို့သည် ဗိုလ်ခြေများကို နှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ၏။ ရှောလုနှင့် ဣသရေလလူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာတပ်ချ၍ ဖိလိတ္တိလူတို့ကိုတိုက်မည်၊ ဟုစစ်ခင်းကျင်းကြ၏။ ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဖက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူ အချို့တို့သည် ချိုင့်တဖက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။ ခြောက်တောင်နှင့် တထွာ အရပ်မြင့်သော ဂါသမြို့သားဂေါလျတ် အမည်ရှိသောသူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၏။ သူသည်ခေါင်းပေါ်မှာ ကြေးဝါ ခမောက်လုံးကို ဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါချပ်အင်္ကျီကို ဝတ်၏၊ ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါ ကိဒုန်လက်နက်ကို ဆွဲလျက်ရှိ၏။ လှံရိုးကား ရက်ကန်းလက်လိပ်နှင့်အမျှ ကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သူ တယောက်သည် သွားရ၏။ ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ့်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက်၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။ သူသည် ငါ့ကိုတိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင်၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်၊ ဟုဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ပြောဆို၏။ တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလ ဗိုလ်ခြေတို့ကို ယနေ့ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့၊ ဟုဆို၏။ ဖိလိတ္တိလူ ပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလ လူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏ (၁ ဓမ္မ ၁၇း၁-၁၁)

ဂေါလျတ်ကိုအဘယ်သူဖန်ဆင်းသနည်း။ ဘုရားသခင်ဖန်ဆင်းသည်မဟုတ်လော။ အဘယ်ကြောင့် လူတိုင်းထက် အလွန်ကြီးမားစွာဖန်ဆင်းသနည်း။ ဣသရေလလူများက သူတို့ရှင်ဘုရင်သည် သူတို့ရှေ့မှစစ်တိုက်ပေးမည်၊ ဟုဆိုသောကြောင့် သူတို့ရှင်ဘုရင်ထက်ကြီးမားစွာ ဖန်ဆင်းခြင်းဖြစ် သည်မဟုတ်လော။ သူတို့၏ရှင်ဘုရင်ရှောလုသည် လူတိုင်းထက်ကိုယ်ကောင်ကြီးမားသော်လည်း ဂေါလျက်ကို ရင်ဆိုင်တိုက်ခိုက်ရဲပါသလော။ ကျွန်ုပ်တို့သည် ဘုရားကို အားမကိုးဘဲ၊ လူသော်၎င်း၊ ပိုက်ဆံသော်၎င်း၊ ပညာသော်၎င်း အားကိုးတတ်ကြသည် မဟုတ်လော။ ထိုအခါ လူကသော်၎င်း၊ ငွေက သော်၎င်း၊ ပညာကသော်၎င်း မဖြေရှင်းနိုင်သော ကြီးမားသောပြသနာနှင့် ရင်ဆိုင်တတ်ကြသည်မဟုတ်လော။ ဣသရေလ လူအပေါင်းတို့သည် ဂေါလျတ်၏ ကြိမ်းပသံကြားသောအခါ စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြသကဲ့သို့၊ ကျွန်ုပ်တို့လည်း မဖြေရှင်းနိုင်သောဒုက္ခပြသနာနှင့် ရင်ဆိုင်သောအခါ စိတ်ပျက် ကြောက်ရွံ့တတ်ကြသည်မဟုတ်လော။

ယေရမိအားဖြင့်ဘုရားစွန့်ကြောင်းပြန်ပြော

ဣသရေလ လူမျိုးများသည် ခေတ်အဆက်ဆက်တွင် သူတို့၏ရှင်ဘုရင်၊ သူတို့၏ဘုရား၊ သူတို့၏ ခင်ပွန်းကို စွန့်ကြောင်း ပရောဖက်ယေရမိအားဖြင့် ဤသို့ရေးသားသွားသည်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။ သူတို့က၊ ငါတို့ကိုအဲဂုတ္တု ပြည်မှကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူ မရှိသောပြည် တလျှောက်လုံးသို့ ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်း၊ ဟုမမေးကြ။ ဝပြောသောပြည်၏ အသီးအနှံ ဆီဥ ဆီကြည်ကို စားစေခြင်းငှါ သင်တို့ကိုငါဆောင်သွား၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား။ ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပြစ်မှားကြ၏။ ပရောဖက်တို့သည် ဗာလကို အမှီပြု၍ ဟောပြောလျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။ (ယေရမိ ၂း၅-၈)

ဣသရေလလူမျိုးများသည် ထာဝရဘုရားကို စွန့်သောကြောင့် အနတ္တသက်သက်ဖြစ်သွားခဲ့ကြသည်။ ယခုအချိန်၌လည်းအများစုသည် ထာဝရဘုရားကို စွန့်ကြဆဲဖြစ်နေသည်ကို ဝမ်းနည်းဘွယ်တွေ့မြင်နေရသည်။ ထို့ကြောင့် သူတို့၏ညီအစ်ကို အာရပ်များ၏ မုန်းတီးခြင်း၊ အမျိုးနှင့်နိုင်ငံပျောက်သွားသည်အထိ တိုက်ခိုက်ချေမှုန်းလိုသောဆန္ဒကြောင့် အမြဲတမ်း ခုခံကာကွယ်ဘို့လိုနေခြင်းဖြစ်သည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

ကျွန်ုပ်တို့လည်း သူတို့နည်းတူ ထာဝရဘုရားကို ပါးစပ်အားဖြင့် လက်ခံယုံကြည်ကြသော်လည်း စိတ်နှလုံးအားဖြင့် လက်မခံကြသောကြောင့် မလိုလားအပ်ဘဲ လူမှုဒုက္ခပေါင်းများစွာ ခံစားပြီးမှ မီးငရဲအိုင်ထဲသို့ ဆင်းဘို့လိုမည်ဖြစ်သောကြောင့် အလွန်ဝမ်းနည်းစရာဖြစ်သည်။ သို့သော် ဝိညာဉ်မျက်စိကန်း၊ နားလေးသောကြောင့် ကြောက်ရမှန်း၊ ဝမ်းနည်းရမှန်းမသိကြချေ။ သနားစရာကောင်းသည်မှအပ မည်သို့မျှမတတ်နိုင်။ ထို့ကြောင့် ထာဝရဘုရား ကို မိမိ၏ကယ်တင်ရှင် အဖြစ်သာမက၊ ရှင်ဘုရင်အဖြစ်လက်ခံကြစို့။ 

 

လူငယ်များ၏ ဧဝံဂေလိခရီးစဉ်

လူငယ်များသည် ၂၀၂၅ ခုနှစ်နွေရာသီကျောင်းပိတ်ရက်အတွင်းတွင် သတင်းကောင်းနှစ်ခြင်း အသင်းတော်ရှိရာ နေရာများ၌ ဧဝံဂေလိခရီးစဉ်ပြုလုပ်ခဲ့ကြသည်။ ထိုခရီးစဉ်အားဖြင့် လူငယ်များ ဝိညာဉ်ရေးရာ၌ နိုးကြားမှုရှိလာကြသည်။ ကယ်တင်ခြင်းသို့ရောက်သူများရှိသကဲ့သို့ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ ဧဝံဂေလိတရားဝေငှခြင်းအားဖြင့် နိုးကြားမှုများရှိလာကြသည်။ ထိုအချိန်မှစ၍ လူငယ်များကို zoom အားဖြင့် အမြဲကျမ်းစာသင်ခြင်း၊ ဆုတောင်းခြင်းများပြုလုပ်လာကြသည်။

ပဌမလူငယ်များခရီးစဉ်

ယခု ၂၀၂၆ ခုနှစ်တွင် ဇွန်လ ၈ မှ ၁၄ ရက်နေ့အထိ ပျောက်ဆုံးဝိညာဉ်ဖမ်းနည်းကို Indianapolis GBC တွင် တပတ်တာသင်ကြားပေးခဲ့ကြသည်။ ထို့နောက် လူငယ်များကို နှစ်ဖွဲ့ခွဲ၍ ဆရာ Steven, George ဦးဆောင်၍ ဇွန်လ ၁၅-၂၁ ရက်နေ့အထိ North Carolina ပြည်နယ်၊ Charlotte GBC နှင့် Winston Salem GBC  သို့တံခါးခေါက်သက်သေခံခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအချိန်တွင် Saya Michael, Saya Moses, Sayama Hannah ဦးဆောင်သောလူငယ်များသည် Bowling Green GBC, Owensboro GBC, Nashville GBC များရှိလူငယ်များနှင့်အတူ သူတို့မြို့များ၌ ကျမ်းစာသင်ခြင်းနှင့် တံခါးခေါက်ခြင်း များပြုလုပ်ခဲ့ကြပါသည်။

တတိယမျိုးဆက်သစ်များ၏ခရီးစဉ်

ထိုနောက် Saya Moses, Sayama Hannah ဦးဆောင်ပြီး Third Generation Minister (TGM) များဖြစ်ကြသော Sayama Dorcas Thiam, Sayama Esther Talia, Saya Joshua Rokim Thang တို့သည် Texas ပြည်နယ်၊ Midland, Lewisville, Fort worth, Dallas GBC များသို့  ဇွန်လ ၂၂ မှ ဇူလိုင်လ ၂ ရက်နေ့အထိ သွားရောက်ကာ ဧဝံဂေလိတရားဟောပြောကြပါသည်။

ဒုတိယလူငယ်များ၏ခရီးစဉ်

တဖန် လူငယ်များ၏ ဒုတိယခရီးစဉ်ကို ဆရာမောဇက်နှင့် ဆရာစတီဗင် ဦးဆောင်၍ ဇူလိုင်လ ၁၃-၁၄ Quad city,  ၁၅-၁၆ Waterloo GBC, ၁၇-၁၈ Albert Lea GBC, ၁၉-၂၁ Austin GBC,  ၂၂-၂၆ St Paul GBC နှစ်သင်းသို့၎င်း၊ ဧဝံဂေလိခရီးစဉ် သွားကြပါသည်။

ထိုအချိန်အတွင် ဒုတိယအဖွဲ့လည်း၊ ဆရာမိုက်ကယ်နှင့် ဆရာဂျော့ ဦးဆောင်ခြင်းဖြင့် ဇူလိုင်လ ၁၃-၁၄ Columbia GBC, ၁၅-၁၉ Kansas GBC, ၂၀-၂၂ Omaha GBC, ၂၄-၂၆ Dallas, Lewisville, Fort Warth GBC များသို့၎င်း၊ ဧဝံဂေလိခရီးစဉ် ပြုလုပ်ကြပါသည်။ ထိုခရီးစဉ်များ အပြီးတွင် လူငယ်အချို့တို့ သည် မိမိတို့မြို့များနှင့် နီးစပ်ရာမြို့များသို့ တံခါးခေါက်သက်သေခံခြင်းများ ပြုလုပ်နေကြပါသည်။

ထိုကဲ့ သို့လူငယ်များ ခရီးစဉ်ကို ဖြစ်မြောက်ဘို့ ဦးဆောင်ကောင်းကြီးပေးတော်မူသော ဘုရားရှင် သာ၍ဘုန်းကြီးပါစေသော်။ 

391 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 JUL

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -