သတင်းကောင်းစာစောင်

AUGUST 2019

မာတိကာ

  • အမှာစာ
  • ကယ်တင်ခြင်း
  • ခရစ်ယာန် အသက်တာ
  • ပညတ်တော်နှင့် ယုံကြည်သူများ
  • သင်ခန်းစာများ 
  • ချီဆောင်ခြင်း
  • ကျမ်းစာ ဖတ်ကြစို့ (ဂလာတိ ၃)
  • သာသနာ ပြုသတင်း
  • ပျောက်ဆုံး၀ိညာဥ် ဖမ်းနည်းသင်တန်း

 

အမှာစာ
ယခုကမ္ဘာလောက ကြီးသည်၊ အဖက်ဖက်မှ ယိုယွင်းပျက်စီး၍ ဘေးဒဏ်ကြီး ကာလ နှင့် အလွန် နိးနေပြီ။ ထိုဘေးဒဏ်ကြီး ကာလကို ခရစ်တော် က၊ "ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခ" ဟု ဆိုသည်။ မာလခိက၊ "မီးဖို၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက်လိမ့်မည်။ မာန ကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်​ခြေအရှင် ထာ၀ရ ဘုရား မိန့် တော်မူ၏။ " (မာလခိ ၄:၁) ဟု ရေးထားသည်။ ယေရမိက၊ "ယောက်ျားသည် သားဘွား တတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကို ခံရ သောအခါ၊ မိမိ ခါး၌ လက်တင် သကဲ့သို့ ယောက်ျား တိုင်း ပြု၍၊ ခပ်သိမ်းသောသူ တို့ သည် မျက်နှာပျက် လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ ၇ အလိုလေး၊ ထိုနေ့ရက်ကား၊ ခိုင်းနှိုင်းစရာ မရှိ။ ကြီးသော နေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက် ဖြစ်၏။က် ဖြစ်၏။ " (ယေရ ၀:၆-ရ) ဟုဆိုသည်။ ထိုနေ့ရက်သည် လက်တကန်းသာ ဝေးတော့သည်။

သို့သော် ဘုရားကို ခိုလှုံသော သူများ အတွက်၊ "ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမ တော်မူကြောင်း ထင်ရှားလျက် ရှိ၏၊၊ ၂ထိုကြောင့်ပထ၀ီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ​ြရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်း မရှိ၊၊ ၃ သမုဒ္ဒရာ ရေသည်ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊ ၄မြစ်တမြစ်ရှိသေး၏၊၊ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်း ဟူသော အမြင့်ဆုံးသော ဘုရားကျိန်း၀ပ် တော်မူရာ သန့် ရှင်းသော မြို့တော်ကို ရွှင် လန်းစေတတ်၏၊၊ ၅ထိုမြို့သည် ဘုရားသခင်ကျိန်း၀ပ် တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမ တော်မူ လိမ့်မည်။ " (ဆာ ၄၆:၁-၁၁) ဘုရား ခိုလှုံနိုင်ဘို့ ရန်သခင်ယေရှုကို စိတ်နှလုံးထဲ၌ ခေါ်ဘိတ် လက်ခံပါ။ သို့မှသာ ဘေးဒဏ်ကြီး ကာလ မရောက်မှီ ချီဆောင်ခြင်း၌ ပါသွားမည် ဖြစ်သည်။

ကယ်တင်ခြင်း

လူတိုင်းကိုယ်အလိုဆန္ဒပြည့်စေဘို့ ရန်အတွက် နေ့တိုင်း ရုန်းကန် လှုပ်ရှား၍ အလုပ်ရှုပ် နေ ကြသည်။ ကိုယ့်အလိုဆန္ဒပြည့်ဘို့ရန် နံနက် စောစော ၃ နာရီ ထသူထ၊ ၄ နာရီ၊ ၅ နာရီ ထသူများ ထကြကာအလုပ်သွား ကြသည်။ ထိုသို့ စောစော ထ၍ အလုပ် လုပ်ခြင်းသည်၊ ၀ါသနာပါ၍ မဟုတ်ချေ။ မည်သူမဆိုနောက်ကျမှ၊ အိပ်ရေး၀မှထချင် ကြသည်။ အလုပ်လည်း စိတ်ပါမှ၊အား မှလုပ်ချင် ကြသည်။ သို့ သော်အိပ်ရေးမ၀လျှင်လည်း လုပ် ကြသည်။ စိတ်မပါလျှင်လည်း လုပ်ကြသည်။ မအားလျှင်လည်း အလုပ်ကို ဦးစားပေးလုပ် ကြသည်။ အကြောင်းမှာ အလုပ်မလုပ်လျှင် ကိုယ်လိုချင်သော အရာများကို မ၀ယ်နိုင်၊ မသုံးနိုင်၊ မဆောင်နိုင်မှာစိုးသောကြောင့် ဖြစ်သည်။ နံနက် စောစော ထသူများ သည်၊ ညနေပိုင်း၌လည်း သူများ နှင့် မိတ်သဟာယ မဖွဲ့နိုင်ဘဲ စောစော အိပ်ယာ ၀င်တတ် ကြသည်။ လောက အရာတည်း ဟူသော အိမ်၊ ကား၊ အ၀တ်အစားများ လို ချင် သောကြောင့် ထိုသို့ မိမိ ဆန္ဒကို ငြင်းပယ်၍ ကြိုးစား လုပ်ကိုင် ကြသည်။ ထိုသို့ ကြိုး စားခြင်းသည် တရက်တည်းလည်း မဟုတ်၊ အနှစ်နှစ်အလလ၊ ရာသီဥတုဆိုးလျှင်လည်း လုပ် ကြသည်။ သိပ်နေမကောင်းလျှင်လည်း ကြိုးစား လုပ်ဆောင် ကြသည်။ ထိုသို့ အလုပ်အတွက် ဖြစ်စေ၊ မိမိ ဆန္ဒအတွက် ဖြစ်စေ၊ မိမိ ဘ၀ တခုလုံးပုံအပ်ပြီး လုပ်ကိုင် ဆောင်ရွက်ရင်းနှင့် အသက် ကြီး လာကြကာ၊ နောက်ဆုံးသေဆုံးကြရသည်။ ကိုယ့်ထက် အရင်သေ၍ သင်္ချိုင်း၌ လိုက်လံပို့သကြသော်လည်း သံဝေဂတရား မရတတ်ကြ ချေ။

လူသည် ထိုကဲ့သို့ အလုပ်လုပ်၊ စားသောက်၊ အိမ်ထောင်ပြု၊ သားသမီး များရ ရှိ၊ အိမ်၀ယ်၊ ကား ပိုင်၊ ပျော်ပွဲရွှင်ပွဲသွား၊ စသည် ဖြင့် အလုပ်ရှုပ်နေသော်လည်း နောက် ဆုံး၌ သေဆုံးကြရသည်။ လူဘ၀သည် ထိုသို့ ပင် ဖြစ်သလော။ အဘယ်အကျိုး ရှိသနည်း။ များစွာသော သူများသည် ဘ၀ကို ပျော်ရွှင်စွာ အသုံးပြုနေရင်း မမျှော်လင့်ဘဲ၊ ကင်ဆာ ရောဂါရ၊ ကျောက်ကပ်မကောင်း၊ ဆီးချို ရောဂါ၊ သွေးတိုး ရောဂါများ ရ၍ စား ချင်သော အရာမစားရ၊ ကိုယ်လက်အဂ်ါများ ကောင်းစွာ မလှုပ်ရှားနိုင်၊ မမျှော်လင့်ဘဲ ခင်ပွန်းသည် သေဆုံး၊ သားသမီး များသေဆုံး၊ မတော် တဆဒဏ်ရာရ၍ ဒုက္ခိတ ဖြစ်စသည် ဖြင့် လူမှု ဒုက္ခ မျိုးစုံခံစား ရကြသည်။ လူငယ်များလည်း ရီးစားနှင့် ကွဲ၍ ရင်ကွဲရ၊ မိဘများနှင့် အဆင်မပြေ၊ အလုပ်လုပ်ဘို့လည်း ပျင်း၊ ဘ၀မျှော်လင့်ချက်မရှိ၊ အင်တာနက်အား ဖြင့် တကမ္ဘာလုံးလှည့်သော်လည်း မကျေနပ်။ အသက် တာသည် ထိုသို့ ဖြစ်သင့်သလော။

လူသား များသည် နောက်ဆုံး၌ လူမှုဒုက္ခ မျိုးစုံခံစား ပြီးမှသေဆုံး သောအခါ၌ လည်း ငရဲမီးအိုင် ထဲကျဆင်းကာ၊ ထာ၀ရ ဒုက္ခ ခံစားခြင်း သည် မွေးရကျိုး၊ အသက်ရှင်ရ ကျိုးနပ်ပါသလော။ သင်၏အသက် တာသည် အထက်၌ ဖေါ်ပြထား သကဲ့သို့ အဓိပ္ပါယ် မဲ့ ဖြစ်နေပါသလော။ စိတ်ပျက်နေပါသလော။ စိတ်မပျက်မပါနှင့် သတင်းကောင်း ပြော လိုပါသည်။ လူသည် ထိုကဲ့သို့ မဖြစ်သင့်ပါ။ အသက် တာသည် အဓိပ္ပါယ်ရှိပြီး၊ မျှော်လင့် ချက်အပြည့်၊ ၀မ်းမြောက်မှု နှင့် အောင်မြင် မှုများနှင့် အသက် ရှင်နိုင်သည်။ နောက်ဆုံး၌လည်း ငရဲမသွားဘဲ ကောင်းကင်သို့ ရောက်ရှိနိုင်သည့်လမ်းရှိသည်။

လူသည် ဒုက္ခ ရောက်ဘို့ ရန်ဖန်ဆင်းရှင်ကမရည်ရွယ်ထားပါ။ ဘုရားသခင်က လူကို သူကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်​ ကျွေးမွေး၍ နောက်ဆုံးကောင်းကင် ဘုံသို့ ခေါ် သွားဘို့ ရန်အကြံရှိသည်။ သို့သော် စာတန်၏ လှည့်ဖျားမှုကို ယုံကြည် သောကြောင့်၊ ဘုရား၏ ရည်ရွယ်ချက်အတိုင်း မဟုတ်တော့ဘဲ အထက် ပါကဲ့သို့ ဒုက္ခ မျိုးစုံခံစား ပြီးမှငရဲ ဆင်းရခြင်း ဖြစ်သည်။ ယခု ဘုရားသခင်၏ လူ အပေါ်ရည်ရွယ်ချက်များကို လေ့လာကြရ အောင်။ ပေါလုက၊ "လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်း ငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။ " (၁ တိ ၂:၄) ဟု ရေးထားသည်။ သင်လည်း လူ အပေါင်းထဲမှ ပါသောကြောင့် ကယ်တင်ခြင်းသို့ ဘုရားသခင်က ရောက်စေချင်သည်။ ယေရှု က၊ "သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါ သာ လာတတ်၏။ ငါ မူကား၊ သိုးတို့သည် အသက် လွတ်ရံုမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။ " (ယော ၁၀:၁၀) ဟု ဆိုထားသည်။ ထို့ကြောင့် သင်၏ ဘ၀အသက် တာကောင်းစား စေဘို့ ရန်ယေရှု ကြွလာကြောင်း စိတ်ချပါ။ သို့ သော်သင်ကိုယ်တိုင်ဘု ရားထံမလာလျှင်၊ ဘုရားသခင်က အတင်း ခေါ်မည် မဟုတ်ချေ။ ယေရှု က၊ "ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။ " (ယော ၆:၃ရ) ဟု ဆိုပြန်သည်။ လူနာသည် ဆရာ၀န်ထံသို့ မလာလျှင် မည်သို့ ကုသခြင်း ခံယူနိုင်မည်နည်း။ ဆရာ၀န်သည် လူနာ ထံသို့ မလာပါ။ လူနာသာလျှင် ဆရာ၀န်ထံသို့ လာရိုးထုံးစံရှိသည်။ ထို့နည်းတူသင်လည်း ယေရှု ထံသို့ လာလျှင် သင်၏ဘ၀ကို တည်ဆောက်ပေးမည် ဖြစ်သည်။ ယေရှုက သင်၏ ၀န်လေးခြင်းကို သနား၍ ဤသို့ ဘိတ်ခေါ်နေသည်၊ "၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကို ပေးမည်။ ငါ့ထမ်း ဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့၀န်လည်း ပေါ့၏ဟု မိန့် တော်မူ၏။ " (မ ၁၁:၂၈)

သို့ဖြစ်၍ စိတ်နှိမ့်ချခြင်း နှင့် သခင်ယေရှု ထံသို့ လာပါ။ ဆုတောင်းခြင်းအား ဖြင့် သူ့ထံသို့ လာနိုင်သည်။ သခင်ယေရှု၌ ပြသနာ ဖြေရှင်းခြင်းခြင်း သာမက၊ ထာ၀ရ အသက်လည်း ပါကြောင်း ဤသို့ ရေးထားသည်၊ "ဘုရားသခင်သည် ငါတို့အား ထာ၀ ရအသက်ကို ပေးတော်မူ၍၊ ထိုအသက် သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသော သူမူ ကား အသက်ကို မရ။ " (၁ ယော ၅:၁၁-၁၂)။ ထာ၀ရ အသက် ရခြင်း ဆိုသည်မှာ ဘုရား၏ အသက်ကို ရရှိခြင်း ဖြစ်၍ သေလျှင် ကောင်းကင် နိုင်ငံသို့ ရောက်မည့် အရာကို ဆိုလိုသည်။ ထာ၀ရ အသက် မရလျှင်၊ ထာ၀ရ သေခြင်း တည်း ဟူသော ငရဲမီးနိုင်ထဲသို့ ဆင်းရမည် ဖြစ်သည်။
ဘုရားသခင်သည် သင့်ကို ကောင်းကင်သို့ ခေါ်ချင်သည်။ သို့ သော်သင်ကိုယ် တိုင်ကမလာလျှင် အတင်း ခေါ်မှာ မဟုတ်။ ထို့ကြောင့် ထာ၀ရ ကာလ ပတ်လုံးကောင်း ကင်ဘုံ၌ စံစားဘို့ ရန်ဘုရား၏ ခေါ်ခြင်းကို လက်ခံလိုက်ပါ။ ဘုရားသခင်က သင့်ကို ထာ၀ ရအသက် ပေးရုံသာမက၊ ဤလောက၌ လည်း သင်၏ အသက် တာကို တည်ဆောက်လိုသည်။ သင်၏ အပြစ် ကိုလည်း သားတော် ယေရှုခရစ်အား ဖြင့် ​ ဖြေရှင်း ပေးကြောင်း ဤသို့ ရေးထားသည်၊ "ထိုသခင်သည် ငါတို့၏ အပြစ် မက၊ လောကီသား အပေါင်းတို့၏ အပြစ် ​ဖြေစရာ အကြောင်း ဖြစ် တော်မူ၏။ " (၁ ယော ၂:၂)။ တဖန်၊ "ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့ အပြစ် ရှိသမျှကို ဆေးကြော တော်မူ၏။ " (၁ ယော ၁:ရ) ဟု ဆိုသည်။ ထိုသို့ ဆေးကြောခြင်းသည် လူ့အမြင်၌ မဟုတ်၊ ဘုရား၏ အမြင်၌ ဖြစ်သည်။ ဘုရားသခင်က သင်၏ အပြစ်ကို မမြင်၊ လွှတ် တော်မူ လျှင် သင့်ကို အပြစ် တင်မည့်သူ မရှိတော့ချေ (ဆာ ၃၂:၂)။ ဗတ္တိဇံယောဟန်က၊ "နက်ဖြန် နေ့၌ ယေရှု ကြွလာ တော်မူသည် ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။ " (ယော ၁:၂၉)။ ဟု ဆို ခဲ့သည်။ ယေရှုသည် သင်၏အပြစ် အပါအ၀င် တလောက လုံး၏ အပြစ်ကို ယူတင် ဆောင်ရွက်သွားပြီ ဖြစ်သည်။ ထိုအရာကို သင်ယုံကြည်လျှင် အပြစ် စီရင်ခြင်း ခံရတော့ မည် မဟုတ် (ယော ၃:၁၈)။

ကိုယ့်အသက် တာကို ဘုရား အုပ်စိုးခိုင်းပါ။ ကျမ်းစာ က၊ "ထာ၀ရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုး စားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ ၆သွားလေရာ၌ ထာ၀ရ ဘုရားကို မျက်မေှာက်ပြုလော့။ သို့ ပြုလျှင် သင်၏ လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။ ၇ငါသည် ပညာရှိ၏ ဟုကိုယ်ကို မထင်နှင့်။ ထာ၀ရ ဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။ ၈သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင် ဆီနှင့် ပြည့်စုံကြလိမ့်မည်။ " (သုတ္တံ ၃:၅-၈) ဟု ရေးထားပါသည်။ ယခုအသက် တာကို ဘုရား အားကိုး ဘို့ သင်သိရှိပြီ။အား မကိုး လျှင် အဘယ် အကျိုးကို မျှမရ၊ ဒုက္ခ ပြသနာများနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ ဘုရားကို အားကိုးလျှင် သင့်အသက် တာကို တာ ၀န်ယူ၍ သင်၏ လမ်းခရီး တို့ကို ပဲ့ပြင် တော်မူမည်။

 

ခရစ်ယာန် အသက်တာ

များစွာသော ကယ်တင်ခြင်း မရှင်းနိုင်ခြင်းသည်၊ ခရစ်ယာန် အသက်တာကို နားမလည် ခြင်းကြောင့် ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်သွားပြီး၊ ဒုတိ ယအကြိမ်၀ိညာဥ်အား ဖြင့် မွေးဘွားပြီး လျှင်၊ အပြစ် မလုပ်နို်င်တော့ဘူးဟု ထင်မှတ် ကြ သောကြောင့်၊ အပြစ် ပြန်လုပ်လျှင် ကယ်တင်ခြင်း ပြန်ဆုံးရှုံးမည်ဟု ယူဆ ကြသည်။ ကယ်တင်ခြင်းသို့ ရောက်သွားသော သူသည် ၀ိညာဥ်၌ မွေးဘွားသောသူ ဖြစ်၍၊ ဇာတိ ခလေး ကဲ့သို့ ဖြစ်သည်။ လူသည် မိခင် ၀မ်းမှလူကြီး နှင့် မမွေးကြပါ၊ ခလေး လေးနှင့် မွေး ဘွားသည်။ ထို့ကြောင့် မိဘက​ကျွေးမွေး ပြုစုစောင့်ရှောက်ဘို့ လိုသည်။ လူကြီး ကဲ့သို့ သန့်ရှင်းရေးလည်း မလုပ်တတ်ကြပါ။ ကိုယ်မစင်နှင့် ဆော့တတ်သည်။ လူကြီး ကဲ့သို့ အလုပ်လည်း မလုပ်တတ်ကြပါ။ ထို့နည်းတူ၀ိညာဥ်ခလေး များလည်း အပြစ်ကို မရွံရှာ ဘဲ လုပ်တတ်ကြသေးသည်။ ထို့ကြောင့် ကျမ်းစာ က၊ "ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာ တရားမရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ။ " (၁ ယော ၁:၈၊ ၁၀) ဟု သတိပေးထားသည်။ ယောဟန်ကငါတို့သည်ဟု ဆိုသောကြောင့် သူကိုယ်တိုင်လည်း ပါ၀င်သည်။ ယုံကြည်သူ များသည် အပြစ် မရှိဟု ဆို လျှင်ကိုယ်ကိုကိုယ်လှည့်ဖြားသည်၊ သမ္မာတရားလည်း မရှိ၊ ဘုရားသခင်ကိုလည်း မုသာအပြစ် တင်သည်။ နှုတ်ကပတ်တော်လည်း မရှိဟု ဆိုသည်။ ထို့ကြောင့် ယုံကြည်သူ များသည် ၀ိညာဥ်ပိုင်း မွေးဘွားလိုက်ရုံဖြင့် အပြစ် ကင်းသည် မဟုတ်။ အပြစ် လွှတ်ခြင်း ခံ ရသော သူများ၊ အပြစ် စီရင်ခြင်းမှ လွတ်မြောက်သော သူများ သာလျှင် ဖြစ်သည်။ ဆက်၍ ယောဟန်က၊ "ကိုယ်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ် များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံ တော်မူ၏။ " (၁ ယော ၁:၉) ဟု ရေးထားသည်။ ယုံကြည်သူ သည် ကောင်းကင် မတက်မချင်း၊ အနည်းနှင့် အများ အပြစ် ကျူးလွန် နိုင် သေးသည်။ ထိုသို့ ကျူးလွန်လျှင် ဘုရားသခင် ထံ၀န်ချတောင်းပန်ရမည်။ ထိုသို့ မတောင်းပန်လျှင် စိတ်မသာငြီးတွားမည့် အကြောင်း ဤသို့ ဆာလံဆရာကရေးသား ခဲ့သည်၊ "ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဥ်အခါတနေ့လုံး ညည်းတွားသော အားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်း သို့ ရောက်ရ၏၊၊ ၄နေ့ညဥ့်မပြတ် ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်ပေါ်မှာ လေး၍ အ​ကျွန်ုပ်၏ ခေဋ္ဌးသည် ​ေနွကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သိုိ့ ဖြစ်ပါ၏၊၊ ၅တဖန် အ​ကျွန်ုပ်သည်ကိုယ်အပြစ်ကို ရှေ့တော်၌ ၀န်ချပါ၏၊၊ ပြုမိသော ဒုစရိုက်ကို ၀ှက်၍ မထားပါ၊၊ ငါလွန်ကျုးသော အရာကို ထာ၀ရ ဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆို သောအခါ ကိုယ် တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ် တော်မူ၏၊၊" (ဆာ ၃၂:၃-၅)။ ထို့ကြောင့် ယုံကြည်သူ သည် အပြစ် ပြုမိ သောအခါ ဘုရားသခင် ထံနောင်တ နှင့် တောင်းပန်ဘို့ လိုသည်။

၀ိညာဥ်ခလေးသည် ကြီး ထွားဘို့ လိုသေးသည်။ မကြီး ထွားသော ခလေးသည် ခလေး ကဲ့သို့ ကျင့်နေမည် ဖြစ်သည်။ ပေါလုကကောရိန်သု အသင်းသားများထံ၊ "ညီအစ်ကိုတို့၊ အထက် ကငါသည် ၀ိညာဥ်လူတို့အား ဟောပြော သကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်က လေးတို့ အား၎င်း၊ ဟောပြော သကဲ့သို့ ဟော ပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်သေး။ ယခုပင်လည်း၊ ဇာတိပကတိ လူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိ ပကတိ လူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ " (၁ ကော ၃:၁-၃) ဟု စာရေးခဲ့သည်။ ကောရိန်သု အသင်းသား များသည် ဒုတိယ မွေးဘွားသော်လည်း၊ ၀ိညာဥ်ပိုင်း၌ ခလေးများသာ ဖြစ်ကြ သေးသောကြောင့် ဇာတိလူနှင့် ခွဲ၍ မရအောင် အကျင့်တူနေသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်း ချင်းကွဲပြားခြင်း ရှိကြသေးသည်။ ထိုအရာကို သင်ခန်းစာယူသင့်သည်။ ကောရိန်သုအ သင်းသား များသည် ခလေးများ ဖြစ်ကြသော်လည်း ချီဆောင်ခြင်း၌ ပါ၀င်မည့် အကြောင်း ပေါလုကဤသို့ စာရေးသား ခဲ့သည်၊ "နက်န​ဲသော အရာ တခုကို ငါပြ ဦးမည်၊ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့ သော်လည်း၊ နောက်ဆုံးသော တံပိုး မှုတ် သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက် သောအခါ သေလွန်သော သူတို့သည်၊ မပုပ် နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက် ရကြမည်။ ယခုမျက်မေှာက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့ ၀င်စား ရမည်။ ယခုမျက်မေှာက်သေတတ်သော အရာသည် မသေနိုင်သော အရာအဖြစ် သို့ ၀င်စားရမည်။ " (၁ ကော ၁၅:၅၁-၅၃)
ပေတရုကလည်း၊ "သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်း စမ်းကြသည် ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့၀ှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏ နို့စစ်အားဖြင့် ကြီး ပွားမည်အကြောင်း ဘွားစသော သူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။ " (၁ ပေ ၂:၁-၃) ဟု ရေးထားသည်။ သူကယုံကြည်သူ ခလေးများထံ ဘွားစသော သူငယ်ကဲ့သို့ နှုတ်ကပတ်တရားနို့စစ်အား ဖြင့် ကြီး ပွားမည့် အကြောင်းဟု ရေးသည်။ ထို့ကြောင့် ၀ိညာဥ်ခလေးများမွေးဘွား သောအခါ၊ ကြီး ထွားဘို့ လိုသေးကြောင်း သတိပြုရမည်။ များသောအား ဖြင့် လူတယောက် ၀ိညာဥ်ပိုင်း၌ မွေး
ဘွား သောအခါ၊ ၀ိညာဥ်အစာ​ကျွေးပြီး စောင့်ရှောက်မည့် အစား၊ မည်သည့်အချိန်၌ လဲမည်နည်းဟူသော အရာကို သာလျှင် စောင့်နေတတ် ကြသည်။ ထိုသို့ စောင့်နေသော သူများသည် ခလေးကို ဖျားနာဘို့ သေဘို့ ရန်တိုက်ခိုက်သော ရောဂါများ နှင့် တူသည်။ ထို့ကြောင့် လူတယောက် ခရစ်တော်၌ မွေးဘွားလျှင် ခလေး ကဲ့သို့ စောင့်ရှောက် ဘို့ ကြိုးစား ပါ။

သင်ကိုယ်တိုင်၀ိညာဥ်ခလေး ဖြစ်လျှင် ကြီး ထွားဘို့ လိုသေးကြောင်း သိ၍၊ ၀ိညာဥ်အစာတည်း ဟူသော နှုတ်ကပတ်တော်ကို မှန်မှန်ဖတ်ပါ။ ၀ိညာဥ်ရေးရာစာပေများဖတ်ပါ။ ဆုတောင်း ပါ။ ၀ိညာဥ်လူများ နှင့် များများမိ၏ ဟာယဖွဲ့ပါ။ ဇာတိလူများကို ရှောင်ပါ။ ဘုရား၏ ကယ်တင်ခြင်း အကြောင်းကို မသိ သေးသော သူများ ထံပြောပြပါ။ ၀ိညာဥ်ပိုင်းမွေးခါစလူများသည်ကိုယ်ခန္ဓာပိုင်း၌ အသက် ကြီး သော်လည်း ၀ိညာဥ်ပိုင်း၌ နုနယ်သောကြောင့် ခလေး ကဲ့သို့ စိတ်အားထက် သန်ခြင်း၊ ၀ါကြွားခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ရန် ဖြစ်ခြင်းများဖြစ်တတ်သည်။ ထို့ကြောင့် သတိထားဘို့ လိုသည်။ ရင့်ကျက်သောသူများကကြည့်ရှုစောင့်ရှောက်ဘို့ လိုသည်။ ပေါလုက၊ "ငါသည် သူငယ် ဖြစ်စဥ်အခါ၊ သူငယ်လိုစကား ပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက် ကြီး သောအခါ မူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။ " (၁ ကော ၁၃:၁၁) ဟု ဆိုခဲ့သည်။ စိတ်အားထက် သန်တိုင်းသည် ရင့်ကျက်သည် မဟုတ်။ ရင့်ကျက်သော သူသည် ၀ိညာဥ်အသီးများ သီးလာမည်။ ၀ိညာဥ်အသီးများ မှာ၊ "ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း ပေတည်း။ " (ဂလာ ၅:၂၂-၂၃) အပင် များသည် ရင့်ကျက် သောအခါ မှသီးတတ် သကဲ့သို့ ၀ိညာဥ်လူများလည်း ရင့်ကျက် သောအခါ မှ၀ိညာဥ်အသီးများ သီးနိုင်သည်။ ထိုအသီးများသည် ကြိုးစားစရာ မလို ဘဲ အသက် တာ ဖြစ်လာမည်။

ဇာတိလူသည် ချစ်စရာ ကောင်းသော သူကို သာလျှင် ချစ်တတ်သည်။ မုန်းစ ရာကောင်းသော သူများ ကို မုန်းတတ်သည်။ သို့ သော်၀ိညာဥ်ရင့်ကျက်သော သူသည် မုန်းစရာ ကောင်းသော အရာကို မမုန်းဘဲ ချစ်လာတတ်သည်။ မည်ကဲ့သို့ ချစ်နိုင်သ နည်း။ လူကို ဇတိမျက်စိနှင့် မကြည့်တော့ဘဲ ဘုရား မျက်စိနှင့် ကြည့်လာ သောအခါ၊ လူ တိုင်းသည် သနားစရာ ကောင်းလာသည်။ လူများ ချစ်စရာ မကောင်းခြင်းသည်၊ စိတ် ထားမကောင်း၊ အကျင့်ဆိုးသောကြောင့် ဖြစ်သည်။ ၀ိညာဥ်လူကထိုသူကို သနားလာသည်။ အကြောင်းမှာ ထိုချစ်စရာ မကောင်းသော သူသည်၊ စာတန် ကအုပ်စိုးသည်သို့ မဟုတ်၊ ဇာတိအား ကြီး လွန်းသည်ဟု သိသောကြောင့်၊ စာတန် ​ကျွန်၊ ဇာတိ​ကျွန်ခံရသည်ဟု သနားလာသည်။ ထို့ကြောင့် မုန်းမည့် အစား၊ သနား၍ ဆုတောင်း ပေးသည်၊ သူ့ကို စိတ်ရှည်စွာ မေတ္တာပြလာနိုင်သည်။ ထို့ကြောင့် ဇာတိလူကသူ့ကို နားမလည်နိုင်ချေ။ ဇာတိလူသည် လူနာကဲ့သို့ ဖြစ်၍ အနာ ရောဂါက လူကို နာစေ သကဲ့သို့ ဖြစ်သည်။ ရင့်ကျက်သော သူသည် လူနာ၏ ခံစား ချက်ကိုကိုယ်ချင်းစာနိုင်သောကြောင့် သူ အော်ဟစ်​ငေါက်ငန်းလျှင် လည်းသည်း ခံနိုင်ခြင်း ဖြစ်သည်။ သို့ သော်မရင့်ကျက်သော သူကမူသည်း မခံနိုင်သောကြောင့် လှည့်မကြည့်တော့ဘဲ လူနာကို အပြစ် တင်၍ ထားခဲ့ တတ်သည်။

၀ိညာဥ်လူသည် မိမိ အသက်တာကို မိမိ မအုပ်စိုးတော့ဘဲ၊ သခင်ယေရှု သို့မဟုတ် သန့်ရှင်းသော ၀ိညာဥ်တော်ကို အုပ်စိုးစေသောသူ ဖြစ်သည်။ သန့်ရှင်းသော ၀ိညာဥ်တော် ကအုပ်စိုး သောအခါ၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း တို့သည် အလိုလိုအသက် တာ၌ ထင်ရှားလာသည်။ ၀မ်းမြောက်စရာ ရှိသောကြောင့် ၀မ်း မြောက်ခြင်းသည် ဇာတိလူများလည်း တတ်နိုင်သည်။ သို့ သော်၀မ်းမြောက်စရာ မရှိသော အချိန်၌ ၀မ်းမြောက်ခြင်းသည် ၀ိညာဥ်တော် အုပ်စိုးသော သူကသာ တတ်နို်င်သည်။ ပေါလုနှင့် သိလတို့သည် နေ့ခင်း၌ မတရားသဖြင့် အရိုက်ခံရသည်။ ညအချိန်တွင်  အမှောင်ထဲ၌ သံကြိုးနှင့် ချီနှောင်ခြင်း ခံရသည်။ ထိုအချိန်တွင် ဘုရားသခင်ကို ချီးမွမ်းဘို့သည် ဇာတိလူအတွက် လုံး၀မလွယ်ကူပါ။ အစစအရာရာ အဆင်ပြေချိန်၊ ၀င်ငွေ ကောင်းနေချိန်၊ ကျန်းမာချိန်တွင် ဘုရား ချီးမွမ်းခြင်းသည် လူတိုင်း လုပ်နိုင်သည်။ သို့ သော်ဒုက္ခ ရောက်ချိန်၊ ဘိုင်ပြတ်ချိန်၊ နေမကောင်းချိန်တွင် ချီးမွမ်း၀မ်းမြောက်ခြင်းသည် လုံး၀မလွယ်ကူပါ။ သို့ သော်၀ိညာဥ်လူ၊ ရင့်ကျက် သူများ အတွက် ၀မ်းမြောက်နိုင်သည်။ အဘယ်ကြောင့်၀မ်းမြောက်သနည်း။ သခင်ဘုရားကြောင့် "ဒုက္ခ ဆင်းရဲခြင်းကို ခံ၍ ၀ါ​ကြွား၀မ်းမြောက်ခြင်း ရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်း သည်သည်း ခံခြင်းကို ပြုစုတတ်၏။ သည်း ခံခြင်း သည်လည်း သက် သေ ထင်ရှားခြင်းကို ပြုစု တတ်၏။ သက်သေ ထင်ရှားခြင်း သည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။ " (ရော ၅:၃-၄) ပေတရုကလည်း၊ "အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီး တတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်း ထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသော အရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန် တော်မူ သောအခါ အချီးအ မွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါ ဖြစ်မည်အကြောင်း၊ အထူး ထူးအပြား ပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်း ရှိလျှင်၊ သင်တို့သည် ယခုခဏ ခံရ၍ ၀မ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။ " (၁ ပေ ၁:၆-ရ) ဟု ရေးသည်။ သို့ သော်၀ိညာဥ်ပိုင်းခလေး ဖြစ်နေလျှင် ထိုအရာသည် လုံး၀မ ဖြစ်နိုင် ချေ။ ထို့ကြောင့် ၀ိညာဥ်ပိုင်းကြီး ထွားရင့်ကျက်မှသာ ဘုရား အလိုတော် အတိုင်း အသက် ရှင်နိုင်သည်။ ဘုရား ခိုင်းသော အရာများကို လုပ်ဆောင်နိုင်သည်။

 

ပညတ်တော်နှင့်ယုံကြည်သူများ

ယုံကြည်သူများသည် ပညတ်တော်လိုက်လျှောက်ရမည်လော၊ မလိုက်လျှောက်ရမည်လော၊ ဟူသောအရာသည်၊ ယုံကြည်သူများစွာကို စိတ်အနှောက်အယှက်ပေးတတ်သည်။ အချို့သောဆရာများက၊ ပညတ်တော်လိုက်လျှောက်သေးလျှင် သမ္မာတရားမသိသေး၊ ဓမ္မဟောင်း၌ရှိသေးသည်၊ ကျိန်ခြင်း အမင်္ဂလာခံရမည်၊ ဟုဆိုကြသည်။ သို့ဖြစ်လျှင် ပညတ်တော်၌ပါသော၊ သူ့ဥစ္စာမခိုးရ၊ သူ့မယားကိုမပြစ်မှားရ၊ သူ့ဥစ္စာကိုမတပ်မက်ရ၊ လူ့အသက်ကိုမသတ်ရ၊ ဟူသောအရာများကို မလိုက်နာတော့ဘဲ ချိုးဖေါက်ရမည်လော၊ ဟုမေးနိုင်သည်။ ပေါလုက၊ "ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်း၊ ဟုကျမ်းစာလာ၏။"  ဟုရေးထားသည်(ဂလာ ၃း၁၀)။

ယေရှုကလည်း၊ "ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်၊ ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီး မပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ   ပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ ထိုကြောင့်အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထိုအတူသွန်သင်၏၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူသည်ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သော အကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့မ၀င်ရကြ၊ ဟုငါအမှန်ဆို၏။ " (မဿဲ ၅း၁ရ-၂၀) ဟု ဆိုထားပြန်သည်။

ပေါလုရေးထားသောအရာနှင့် ယေရှုပြောသောအရာသည် ဆန့်ကျင်ဘက်ဖြစ်နေသည်၊ မည်ကဲ့သို့နားလည်ရမည်နည်း။ မှန်ပါသည်။ ပေါလုပြောထားသောအရာသည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ဘို့၊ ကောင်းကင်နိုင်ငံရောက်ဘို့ ကြိုးစားလျှင် လုံး၀မဖြစ်နိုင်၊ ကျိန်ခြင်းသာခံရမည်၊ ဟုဆိုသည်။ အကြောင်းမှာ ပညတ်တရားကို လူ့အမြင်၌ကျင့်နိုင်သည်၊ ဟုထင်ရသော်လည်း၊ ဘုရားအမြင်၌ လုံး၀မကျင့်နိုင်ကြသောကြောင့် ဖြစ်သည်။ ဣသရေလလူများ၏ မှားယွင်းခြင်းလည်း ထိုအရာပင်ဖြစ်သည်။ ပေါလုက၊ "ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်း သို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်၊ ဟုသူတို့အဘို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်းတရားကို ၀န်မခံကြ။ ယုံကြည်သောသူအပေါင်းတို့သည် ​ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။" (ရော ၁၀း၁-၄) ဟုရေးခဲ့သည်။ ဣသရေလလူများ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်သနည်းဟူမူကား၊ ဘုရားပေးသော ​ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်မယူဘဲ၊ မိမိတို့ကျင့်သောအကျင့်အားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစားသောကြောင့်ဖြစ်သည်။ ယနေ့များစွာသောခရစ်ယာန်များလည်း ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ​ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဟုယူဆနေကြသည်။ ပညတ်တော်မလိုက်လျှောက်သောသူများကလည်း ထိုကဲ့သို့ပင်ယူဆနေကြသည်။ ​ဖြောင့်မတ်ခြင်း၊ ကယ်တင်ခြင်းသည် ဘုရားကပေးမှသာရရှိနိုင်သည်။

ပေါလုက၊ "ငါတို့ကျင့်သော​ ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့်ရှင်းသော၀ိညာဥ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။" (တိတု ၃း၅) ဟုရေးသည်။ တဖန်၊      "​ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သော တပါးအမျိုးသားတို့သည် ​ဖြောင့်မတ်ခြင်းကိုမှီကြ၏။ ထိုသို့ဆိုသော် ယုံကြည်ခြင်းအားဖြင့် မှီသော ​ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ​ဖြောင့်မတ်ခြင်းတရားကို မမှီကြ။ အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့်မလိုက်၊ ပညတ်တရား၏အကျင့်အားဖြင့်သာ လိုက်ကြသတည်း။" (ရော ၉း၃၀-၃၂)

ထို့ကြောင့်၊ ​ဖြောင့်ခြင်းသည် ပညတ်တော်ကျင့်ခြင်းအားဖြင့်မဟုတ်၊ ကျေးဇူးတော်အားဖြင့် ဘုရားသခင်ကပေး၍ ယုံကြည်ခြင်းအားဖြင့် လက်ခံရသည်။ ထို​ဖြောင့်မတ်ခြင်းကို ရရှိသောသူတို့သည် ​ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ရသည်။ ဆိုလိုသည်မှာ​ ဖြောင့်မတ်သောသူတို့သည် ပညတ်တော်အတိုင်း အသက်ရှင်ရမည်။ သို့သော်ပညတ်တော်များသည် ဘုရား၏အကျင့်ဖြစ်သောကြောင့် လူ့အစွမ်းအစအားဖြင့် မတတ်နိုင်။ ဘုရားတန်ခိုးအားဖြင့်သာလျှင် တတ်နိုင်သည်။ ထို့ကြောင့် အသက်တာကို ဘုရားအုပ်စိုးခိုင်းရမည်။ သင်၏အသက်တာကို ဘုရားကအုပ်စိုးလျှင်၊ ၀ိညာဥ်အသီးများ တည်းဟူသော၊ "ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း " (ဂလာ ၅:၂၂-၂၃) များသီးလာမည်ဖြစ်သည်။

သင်ခန်းစာများ

"ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွားကြသည်ဟူ၍၎င်း၊ မိုးတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည်ဟူ၍၎င်း၊ ဓမ္မအစာကို အတူစားကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း၊ သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း။ သို့ သော်လည်း ထိုသူတို့တွင် များစွာသောသူတို့ကို ဘုရားသခင်သည်အား ရနှစ်သက်တော်မမူ။ သူတို့သည် တော၌ သေ​ကြေပျက်စီးခြင်းသို့ ရောက်ကြ၏။" (၁ ကော ၁၀း၁-၅)

အဘယ်ကြောင့်ပေါလုက ကောရိန္သုအသင်းသားများထံ၊ ဣသရေလလူများ၏ အဲဂုတ္တုပြည်မှ ထွက်လာသောသမိုင်းကို သိစေချင်သနည်း။ ကောရိန္သုအသင်းသားများသည် တပါးအမျိုးသားများ ဖြစ်ကြသောကြောင့်၊ ဣသရေလလူများ၏သမိုင်းသည် သူတို့နှင့်မသက်ဆိုင်ချေ။ သို့သော်၀ိညာဥ်ရေးရာအားဖြင့် သူတို့သည် သက်ဆိုင်သည်။ ထိုမျှသာမက၊ လူသည် သူတပါး၏အားနည်းချက်၊ မှားယွင်းချက်များ သိခြင်းဖြင့် သင်ခန်းစာရရှိနိုင်သည်။ ပညာရှိများသည် သူတပါး၏ အတွေ့အကြုံအားဖြင့် ပညာရရှိတတ်ကြသည်။ သို့သော်ပညာမဲ့သောသူများမူကား သူတပါးထံမှ သင်ခန်းစာမရရှိသည် သာမက၊ သတိပေးပြောပြလျှင်လည်း နားမထောင်တတ်ကြချေ။ ထို့ကြောင့် မလိုအပ်ဘဲ ဘေးဒုက္ခရောက်တတ်ကြသည်။ သင်သည် သတိပေးသော အရာကို နားလည်နားထောင်တတ်ပါသလား။

ဣသရေလလူများ၏သမိုင်းသည် အဲဂုတ္တုကျွန်မှ လွတ်မြောက်ရာမှစတင်၍ နှစ်ပိုင်းပိုင်းနိုင်သည်။ အဲဂုတ္တုကျွန်မှသူတို့ အစွမ်းအစအားဖြင့် မလွတ်နိုင် သောအခါ ဘုရားသခင်က သူ၏တန်ခိုးတော်အားဖြင့် ကယ်တင်ခဲ့သည်။ ဘုရားသခင်က အဲဂုတ္တုပြည်ကို ရစရာမရှိအောင် ဖျက်ဆီးပြီးမှ မဟာတန်ခိုးတော်အားဖြင့် နှစ်ပေါင်းလေးဆယ် တော၌ကျွေးမွေးခဲ့သည်။ သူတို့သည် ပင်လယ်နီကို တညအတွင်း ဖြတ်သန်းနိုင်ခဲ့သည်။ တော၌ သူတို့မလုပ်သော မန္နမုန့်ကို နေ့တိုင်းစားကြ၍၊ ကျောက်ထဲမှရေကိုလည်း သောက်ကြသည်။ အဲဂုတ္တုစစ်သားများက လိုက်သောအခါ၌လည်း သူတို့ကိုယ်တိုင် တိုက်စရာ မလိုဘဲ၊ ဘုရားသခင်က ရန်သူများကို ပင်လယ်နီထဲ၌ နှစ်မြှုပ်ခြင်းအားဖြင့် အောင်မြင်ခဲ့ကြသည်။ သူတို့ဖြတ်သန်းသောတောသည် သဲကန္တာရထဲမှာဖြစ်၍ နေ့အချိန်၌ အလွန်ပူပြင်း၍ ညအချိန်၌ အလွန်အေးတတ်သည်။ သို့သော်သူတို့ကို မိုးတိမ်အားဖြင့် ကွယ်ကာ၍ ရာသီဥတုဒဏ်လုံး၀မခံခဲ့ကြချေ။ သို့သော်လည်း ဘုရားသခင်ကိုမယုံကြည်ဘဲ၊ ပတ်၀န်းကျင်လူများကဲ့သို့ ရုပ်တုများကိုသာ ကိုးကွယ်လိုကြသည်။ ဘုရားယုံကြည်သော ခေါင်းဆောင် ကောင်းများဖြစ်သော မောရှေ၊ ယောရှု၊ ဒါ၀ိဒ်မင်း၊ အာသမင်း၊ ယောရှဖတ်မင်း၊ ဟေဇကိမင်း၊ ယောရှိမင်းတို့ လက်ထက်တွင် ဘုရားကိုးကွယ်ကြသော်လည်း၊ ရုပ်တုကိုးကွယ်သောအချိန်သည် ပို၍များသည်။ သူတို့ကို ပရောဖက်များအားဖြင့် အကြိမ်ကြိမ်သတိပေးသော်လည်း လုံး၀နားမထောင်နှလုံးခိုင်မာကြသည်။ ထို့ကြောင့် ဘီစီ ရ၂၂ နှစ်တွင် ဣသရေလများကို အာရှုရိ​ကျွန်ခံစေ၍ သူတို့တိုင်းပြည်မှနှင်ထုတ်ကာ တိုင်းတပါးသို့ ရောက်သွား ကြသည်။ ထိုသူများသည် ပြန်မလာတော့ဘဲ တပါးအမျိုးသားများကြား၌ ပျောက်သွားကြသည်။ ယုဒလူများလည်း ဘုရားစကားနားမထောင်သောကြောင့် ဘီစီ ၆၀၆ မှ ၅၈၅ အတွင်း သုံးကြိမ်ဗာဗုလုန်များကသိမ်း၍ သူတို့တိုင်းပြည်မှနှုတ်ကာ ဗာဗုလုန်နိုင်ငံသို့ ခေါ်သွားခြင်းခံခဲ့ကြသည်။

ယုဒလူများသည် ဗာဗုလုန်​ကျွန်ခံသောအခါ နောင်တရ၍ ဘုရားသခင်က သူတို့တိုင်းပြည်သို့ ပြန်လာခွင့်ကိုပေးခဲ့သည်။ ထိုသို့ပြန်လာသောအခါ ဘုရား ဘက်၌ စိတ်အားကြီး၍ ယခင်​ကျွန်မခံမှီ၌ ကျမ်းစာအုပ်မရှိကြသော်လည်း၊ ကျမ်းစာများကို များစွာကူး၍ ထိုသို့ကျမ်းစာကူးသူများသည် စာရေးများဟု လူတန်းစားပေါ်ပေါက်ခဲ့သည်။ ​ကျွန်မခံမှီ၌ ဘုရားစကားကို အလေးမထားခဲ့ကြသော်လည်း၊ ကျွန်ခံရာမှ ပြန်လာသောအခါ ကျမ်းစာကို သေသေချာချာဖတ်ရှုလေ့လာသောသူ လူတန်းစားပေါ်လာ၍ ထိုသူများသည် ဖာရိရှဲများ ဖြစ်ကြသည်။ ပညတ်တော်များကိုလည်းလိုက်စား၍ စောင့်ရှောက်ကြကာဘုရားဖက်၌ အလွန်စိတ်အားကြီးကြသည်။ သို့သော်သူတို့သည် ဘုရား၏အလိုတော်ကို နားမလည်ဘဲ ဇာတိအားဖြင့် စိတ်အားကြီးကြခြင်းဖြစ်သည်။ သခင်ယေရှုသည် ထိုသို့သူတို့စိတ်အားကြီးချိန်တွင် လူ့ဇာတိခံ၍၊ ဘုရား၏အလိုတော်ကိုဖေါ်ပြကာ၊ သူတို့၏မှားယွင်းခြင်းများကို တည့်မတ်ပေးသော်လည်း လုံး၀မလိုချင်ကြချေ။ သခင်ယေရှုသည် ဘုရားထံမှမဟုတ်၊ စာတန်မင်း၏တန်ခိုးအားဖြင့် နတ်ဆိုးများကိုနှင်ထုတ်၍၊ တန်ခိုးများပြသည်၊ဟုစွပ်စွဲကြသည်။ နောက်ဆုံး၌ သခင်ယေရှုကို လမ်းလွဲဆရာ၊ လူစင်စစ်မှဘုရား ဖြစ်ဟန်ဆောင်သူ၊ ဟုစွပ်စွဲကာ လက်၀ါးကပ်တိုင်၌ သတ်ပစ်လိုက် ကြသည်။ သခင်ယေရှုသတ်ပစ်ခြင်းသည် ဘုရားဘက်၌ စိတ်အားကြီးလွန်းသောကြောင့်ဖြစ်သည်။

ထိုသို့ဖြင့် ဣသရေလလူများ၏သမိုင်းသည် အကြမ်းအားဖြင့် နှစ်ပိုင်းပိုင်းနိုင်သည်။ ဗာဗုလုန်​ကျွန်မခံမှီအထိ ထာ၀ရဘုရားကိုစွန့်၍ ရုပ်တုများကိုသာကိုးကွယ်ခဲ့ကြသည်။ ဗာဗုလုန်​ကျွန်ခံရာမှ ပြန်လာသောအခါ ဘုရားဘက်၌ စိတ်အားကြီးကြသော်လည်း ဘုရား၏အလိုတော်ကို မသိကြသောကြောင့်၊ ဘုရားကိုဆန့်ကျင်ပြီး သားတော်ယေရှုကို သတ်လိုက်ကြသည်။ ထို့ကြောင့် အေဒီ ရ၀ တွင် ဒုတိယအကြိမ် တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံခဲ့ကြကာနှစ်ပေါင်း ၁၉၀၀ လုံးလုံးတိုင်းပြည်မရှိဘဲ တိုင်းတပါး၌ ဧည့်သည်အဖြစ်နေထိုင်ကြသည်။ ၁၉၄၈ ခုနှစ်တွင် ဘုရားသခင်က တိုင်းပြည် ပြန်ပေးကာအိမ်နီးချင်းအာရပ်နိုင်ငံများက လေးကြိမ် အကြီးအကျယ်တိုက်ခိုက်ကြသော်လည်း နိုင်ငံမပျောက်သွားဘဲ ယနေ့တိုင်အောင် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ကြသည်။ ထိုသို့ရပ်တည်နိုင်ခြင်းသည် ဘုရား၏အကူအညီအားဖြင့်ဖြစ်သော်လည်း ယနေ့တိုင် ဘုရား၏အလိုတော်မသိဘဲ၊ လောကအရာများကိုသာ ရှာနေကြဆဲဖြစ်သည်။ သူတို့သည် ဘေးဒဏ်ကြီးကာလရောက်မှသာ၊ အန္တိခရစ်၏နှိပ်စက်ခြင်းကြောင့် သခင်ယေရှုကြွလာမှာကို မျှော်လင့်စောင့်စား၍ ကျန်ကြွင်းသောသူအနည်းငယ်သည် အနှစ်တစ်ထောင်အုပ်စိုးခြင်း၌ ၀င်ကြမည်ဖြစ်သည်။

ယနေ့ ခရစ်ယာန်အများစုလည်း ဣသရေလလူများကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်ဟန်ဆောင်ကြသော်လည်း၊ ပါးစပ်အားဖြင့်သာလျှင်ဖြစ်၍ စိတ်နှလုံးမပါကြချေ။ ထို့ကြောင့် ဘုရားအတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာကို မပေးနိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်ကို ဣသရေလလူများကဲ့သို့ ကောင်းကြီးပေးဘို့နှင့် ကွယ်ကာစောင့်ရှောက်ခြင်းခံဘို့ အတွက်သာ လိုချင်ကြသည်။ ဣသရေလလူများက ခါနန်ပြည်မ၀င်ချင်သကဲ့သို့ ယနေ့ ခရစ်ယာန်အများစုလည်း ကောင်းကင်နိုင်ငံကို မ၀င်ချင်ကြချေ။ ဣသရေလလူများ အဲဂုတ္တုပြည်ကိုသာ တမ်းတ၍ ပြန်လှည့်ချင်သကဲ့သို့ ခရစ်ယာန် များလည်း ဤလောကကိုသာလျှင် စွဲလန်းတပ်မက်နေကြသည်။ ဣသရေလလူများ ခါနန်ပြည်၀င်ခွင့်မရဘဲ လမ်း၌သေကျေပျက်စီးခဲ့ကြသကဲ့သို့ ခရစ် ယာန်များလည်း မလိုအပ်ဘဲ ငရဲသွားကြမည်ဖြစ်သည်။ သင်သည် ထိုကဲ့သို့သောသူ ဖြစ်နေပါသလား။ သို့မဟုတ် ဘုရားဘက်မှာ အလိုတော်မသိဘဲ စိတ်အားကြီး နေပါသလား။ ဘုရားဘက်မှာ သမ္မာတရားမသိဘဲ စိတ်အားကြီးခြင်းသည် လူအမြင်၌ ကောင်းဟန်ရှိသော်လည်း၊ ဘုရားသခင်ကိုဆန့်ကျင်ခြင်းဖြစ်သောကြောင့် အလွန်ကြောက်စရာကောင်းသည်။ ဘုရားသခင်သည် များစွာသောဣသရေလလူများ၌ အားရတော်မမူသကဲ့သို့ သင့် အပေါ်၌ အားရတော်မူမည်လော ဟူသောအရာကို ဆင်ခြင်ရင်း အလိုတော်ကိုရှာ၍ ၀န်ခံနားထောင်ကြပါစို့။

ချီဆောင်ခြင်း

နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာများထဲမှ ၀ိညာဥ်ပိုင်းဆိုင်ရာပြည့်စုံခြင်းများကို ဖေါ်ပြလိုပါသည်။

ခရစ်တော်အတုပေါ်မည်

"ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့ က၊ ငါသည် ခရစ်တော်ဖြစ်၏၊ ဟုဆိုလျက် ငါ၏ ယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။" (မဿဲ ၂၄း၄-၅)

"ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။" (မဿဲ ၂၄:၂၄)

ယခုကမ္ဘာပေါ်၌ ခရစ်တော်အတု၊ ဘုရားအတုထောင်နှင့်ချီ၍ ပေါ်လာခဲ့ကြပြီ။ ဘေးဒဏ်ကြီးကာလတွင် အန္တိခရစ်သည် ခရစ်တော်ဟန်ဆောင်မည် ဖြစ်သည်။ သူ့ကို လူအများက လက်ခံမည့်အကြောင်း ခရစ်တော်က ဤသို့ပြောခဲ့ဘူးသည်၊ "ငါသည် ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။ " (ယော ၅း၄၃)

ပရောဖက်အတုများမည်

"မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။" (မဿဲ ၂၄:၁၁) ပရောဖက်အတုနှင့် ခရစ်တော်အတုသည် ကွာခြားသည်။ ခရစ်တော်အတုများသည် သူတို့ကိုယ်တိုင် ခရစ်တော်ဖြစ်သည်ဟုဆိုပြီး ကိုးကွယ်ခြင်းခံကြသည်။ ပရောဖက်အတုများသည် အနာဂတ်မှာ ဖြစ်ပျက်မည့်အရာများကို စာတန်တန်ခိုးနှင့် ဟောပြောမည်။ ယခုအခါ လူကိုယ်တိုင်အားဖြင့်သော်၎င်း၊ YouTube အားဖြင့်သော်၎င်း၊ ပရောဖက် ပြုသောသူ များစွာရှိလာပြီ။ ကျမ်းစာမဖတ်၊ သမ္မာတရားနားမလည်သောသူများသည် ထိုသူများနောက်လိုက်၍ ဘ၀ပျက်စီးသွားတတ်သည်။ ထိုပရောဖက်အတုများကို လုံး၀နားမထောင်ပါနှင့်။

ယုံကြည်ခြင်းစွန့်ပယ်မည်

"၀ိညာဥ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သောသူတို့၏ လျှို့၀ှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်၀ိညာဥ်တို့၌၎င်း၊ နတ်ဘုရား တို့နှင့်စပ်ဆိုင်သော ဩ၀ါဒတို့၌၎င်း၊ မှီဝဲဆည်းကပ်ကြလိမ့်မည်။" (၁ တိ ၄း၁-၂) နောက်ဆုံးသောကာလ၌ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို စွန့်ပယ်သောသူများ ပေါ်လာဘို့ ပေါလုက အထက်ပါကဲ့သို့ သတိပေးခဲ့သည်။ အဘယ်ကြောင့် ယုံကြည်ခြင်းကို စွန့်ကြသနည်းဟူမူကား၊ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံသောကြောင့်ဖြစ်သည်။ တိရစ္ဆာန်များ၏ အရေခွံ၌ ပိုင်ရှင်က သံပူနှင့် တံဆိပ်ခတ်သောအခါ ထိုနေရာသည်လောင်၍ အမွှေး မပေါက်တော့ဘဲ၊ အသားမာဖြစ်သွားတတ်သည်။ ထိုနည်းတူ လူ၏ဩတ္တပ္ပစိတ် သံပူခတ်ခြင်းဆိုသည်မှာ ဩတ္တပ္ပစိတ်ပျက်သွားခြင်းကို ဆိုလိုသည်။ ဩတ္တပ္ပစိတ်သည်၊ သာမိုစတက် (Thermostat) နှင့်တူသည်။ သာမိုစတက်သည် အိမ်အတွင်း၌ အပူအအေးစက်ကို နိုးစေသော၊ နံရံ၌တပ်ထားသော စက်ကလေးဖြစ်သည်။ ထိုအရာပျက်သွားလျှင် အပူအအေးစက်ကို မနိုးစေတော့ချေ။ ထို့နည်းတူ လူ၏ဩတ္တပ္ပစိတ်ပျက်သွားသောအခါ၊ ဘုရားအပေါ်ယုံကြည်ခြင်းမရှိတော့ဘဲ၊ လူ့ပညာ၊ လူအများစု၏အမြင်၊ ကိုယ့်ဇာတိအကြိုက်များကို ဦးစားပေးလာတတ်သည်။ Hillsong မူလချီးမွမ်းခြင်း စတင်ခြင်း၌ ပါ၀င်သူ Marty Sampson သည် ဘုရားအပေါ်ယုံကြည်ခြင်း မရှိတော့ကြောင်း၊ သူသည် ခရစ်ယာန်မဟုတ်တော့ကြောင်း ဩဂုတ်လ ၉ ရက်နေ့၌ ကျေညာလိုက်သည်။ သူက ကျမ်းစာသည် တခုနှင့်တခုမညီကြောင်း၊ ယုံကြည်စရာမရှိကြောင်း ပြောလိုက်သည်။ ထိုသို့ ဖြစ်ခြင်းသည် အစက တည်းက သမ္မာတရားအားဖြင့် မပြောင်းလဲခဲ့ဘဲ၊ စိတ်၏လှုပ်ရှားမှု၊ သီချင်း၏ဆွဲဆောင်မှုအားဖြင့် ပြောင်းလဲခဲ့သောကြောင့်ဖြစ်သည်။ I Kissed Dating Goodbye စာအုပ်ရေးသူ Maryland ပြည်နယ် Gaithersburg မြို့ရှိ Covenant Life megachurch pastor Joshua Harris လည်း သူ၏ မိန်းမနှင့်ကွာ၍ သူသည် ခရစ်ယာန်မဟုတ်တော့ကြောင်း၊ လိင်တူဆက်ဆံသူများကို ဆန့်ကျင်မိခြင်းလည်း တောင်းပန်ကြောင်း ရေးသွားသည်။ ထိုသို့ ဖြစ်ခြင်းကို တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့ဘူးပြီ၊ "ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူ နေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။" (၁ ယော ၂:၁၉) ထိုသူတို့နှင့်ပတ်သက်၍ သခင်ယေရှုက ဤသို့သတိပေးခဲ့ပြီ၊ "သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ၀င်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩ၀ါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော၊ ဟုအများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြ သောအခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။" (မဿဲ ရး၂၁-၂၃)။ တဖန်၊ "အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်၊ ဟုဟောတော်မူ၏။ " (မဿဲ ရး၂၆-၂ရ)။

အထက်ပါယုံကြည်ခြင်းမှ လမ်းလွဲသူများသည် ခရစ်တော်၏ဒေသနာတော်၌ နက်နဲစွာအမြစ်မတွယ်ဘဲ၊ အပေါ်ယံကျောနှင့် ခံစားမှု၊ အ​ခြေအနေပေါ်၊ လူ့ပညာအပေါ်၌ မိမိတို့ယုံကြည်ခြင်းနှင့်ဘ၀ကို တည်ဆောက်ကြသောကြောင့်၊ စာတန်ထံမှလာသော အတွေးအခေါ်နှင့်၊ လူထံမှလာသော ဆင်ခြင်တုံတရားများ လာသောအခါ၊ ဇဝေဇ၀ါဖြစ်၍ ဘုရားကိုစွန့်ကြခြင်းဖြစ်သည်။ သင်လည်း နှုတ်ကပတ်တော်၌ ယုံကြည်ခြင်း အုတ်မြစ်မချထားလျှင် သူတို့ကဲ့သို့ ယုံကြည်ခြင်းကို စွန့်သွားနိုင်သည်။ မိမိကိုယ်ကို ကောင်းစွာ သမ္မာတရား၌ အုတ်မြစ်ချဘို့ သတိပေးလိုပါသည်။

ကြွလာခြင်းကိုပျက်ရယ်ပြုမည်

နောက်ဆုံးသော ကာလ၏ ထင်ရှားသော လက္ခဏာ တခုသည်၊ ခရစ်တော် ကြွလာမည့် အရာကို မယုံကြည်၊ မပြင်ဆင်သည် သာမက၊ ပြက်ယယ်ပြုသော သူများ ပေါ်လာခြင်း ဖြစ်သည်။ ပေတရုက၊ "ရှေ့ဦးစွာ သိမှတ်အပ်သော အရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်း ကျင့်နေ၍၊ ၄သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်း စက ဖြစ် သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ဟု ဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့် မည်။ " (၂ ပေ ၃:၃-၄) ဟု သတိပေးခဲ့သည်။ ယခုအခါ သာမန်လူများ သာမက၊ အမှုတော်ဆောင်ဟု ဆိုသော သူများ ထဲမှပင်၊ ချီဆောင်ခြင်း နှင့် ခရစ်တော် ကြွလာမည့် အရာကို ပြက်ယယ်ပြုသော သူများ ရှိ နေကြပြီ။ အဘယ်ကြောင့်ထိုသို့ ပြုကြသနည်း ဟူမူကား၊ မိမိတို့ တပ်မက်ခြင်း အတိုင်း ကျင့်နေသောကြောင့် ဖြစ်သည်။ သူတို့ တပ်မက်သော အရာသည်လောက အရာ ဖြစ်သည်။ လောက ပစ္စည်းတပ်မက် သူများ အနေဖြင့် ခရစ်တော် ကြွလာခြင်းကို မကြားလိုချေ။ ယခုအချိန်တွင် ၀င်ငွေကောင်းနေ သူများ၊ စီး ပွါးတက်နေ သူများ အနေဖြင့်၊ ခရစ်တော် ကြွလာခြင်းကို မကြားလိုကြချေ။ ရီးစားရှိ၍ လက်ထပ်မည့်သူများ၊ ကျောင်းတက်၍ ဘွဲ့လိုချင် သူများ၊ အလုပ်အကိုင်ကောင်း၍ အစစအရာရာ အဆင်ပြေ သူများ အနေဖြင့်၊ ခရစ်တော် ကြွလာခြင်းသည် သူတို့၏ စိတ်ကူး ယဥ်ကမ္ဘာကို ဖျက်ဆီး သကဲ့သို့ ခံစား သောကြောင့် ကြားပင်မကြားလိုကြချေ။ သင်သည် ထိုကဲ့သို့ သောသူ ဖြစ်နေပါက အလွန် ၀မ်းနည်းစရာ ကောင်းသည်။ သေချာစွာ ကျမ်းစာ ဖတ်၍ စဥ်းစားဆင်ခြင်စေချင်သည်။ ဤလောက နှင့် သင်ကိုယ်တိုင်သည် အချိန်မရွေးပျောက်ကွယ်သွားနိုင်ကြောင်း သတိပေးလိုပါသည်။

ဗိမာန်တော်ပြန်ဆောက်မည်

"တဖန်တုံလှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အားပေး၍ ငါ့ကိုပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သောသူတို့ကိုလည်း ရေတွက်လော့။ ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။" (ဗျာ ၁၁း၁-၂)
အထက်ပါကျမ်းပိုဒ်များအရ၊ ဘေးဒဏ်ကြီးကာလတွင် ဣသရေလလူများသည် တတိယဗိမာန်တော်ကို ပြန်ဆောက်ကြမည်ဖြစ်သည်။ ဗိမာန်တော် ဆောက်မည့်နေရာ၌ မူစလင်များ၏ဗလီကြီးကို အေဒီ ၆၉၀ တွင်ဆောက်ခဲ့ရာ ယနေ့တိုင်အောင်ရှိနေသည်။ ထိုဗလီကြီးအနား၌ ဗိမာန်တော်ကို အန္တိခရစ်က ဆောက်ခွင့်ပေးမည်ဖြစ်သည်။ သို့သော်ဗိမာန်တော်၀င်းသည် တပါးအမျိုးသားများဖြစ်သော မူစလင်များက ပိုင်ဆိုင်နေသောကြောင့် မတိုင်းဘို့ပြောခြင်းဖြစ်သည်။ ထိုဗိမာန်တော်တွင် ဣသရေလလူများသည် ဓမ္မဟောင်းကာလ၌ကဲ့သို့ ယဇ်ပြန်လည်ပူ​ဇော်ကြမည်ဖြစ်သည်။ သို့သော် သုံးနှစ်ခွဲသာပူ​ဇော်၍၊ အန္တိခရစ်က သူသည်ဘုရားဖြစ်ကြောင်း ကျေညာမည့်အရာကို ဤသို့ရေးခဲ့ပြီ၊ "ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။" (မ ၂၄း၁၅)။ ပေါလုကလည်း၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်း (apostasy ခွဲခွါခြင်း၊ ချီဆောင်ခြင်း) သည်အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သား (အန္တီခရစ်၊ သားရဲ) သည်ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ် သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြောက်သောအားဖြင့်၊ ဘုရားသခင်၏ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။" (၂ သက် ၂း၃-၄) ယခုအစ္စရေးများက သမ္မတထရမ်းကို ဗိမာန်တော်ဆောက်ခွင့်ပေးဘို့ရန်အလွန်မျှော်လင့်နေကြသည်။ ထို့ကြောင့် ဗိမာန်တော်အခွန်အကြွေပြား၌လည်း၊ ကုရုမင်းနှင့် ​ဒေါ်နာလ်ထမ်း၏ ရုပ်ပုံကို ထွင်းထားကြပြီ။ ယခုအစ္စရေးနှင့် အာရပ်များ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစာချုပ်ချုပ်ဖြစ်ပါက၊ ထိုစာချုပ်အရ တတိယဗိမာန်တော် ဆောက်ခွင့်ပေးလျှင်၊ ထိုအချိန်မတိုင်မှီ ချီဆောင်ခြင်းဖြစ်နိုင်စရာ အလားအလာရှိသည်။ ထို့ကြောင့် ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်ကြောင်းထင်ရှားသည်။

ကျမ်းစာဖတ်ကြစို့

ဂလာတိ ၃

၁။ ပညာမဲ့သော ဂလာတိလူတို့၊ လက်၀ါးကပ်တိုင်မှာ အသေခံ တော်မူသော ယေရှုခရစ် တော်ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည် ဖြစ်၍၊ သမ္မာတရားကို နား မထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူ ပြုစားသနည်း။
ပေါလုကဂလာတိပြည် ရှိယုံကြည်သူ များကို ပညာမဲ့ဟု စာရေးလိုက်သည်။ ယခုခေတ်တွင် ထိုသို့ ရေးပါက၊ ထိုအမှုတော် ဆောင်ကို လုံး၀ခေါ်တော့မည် မထင်ပါ။ ထို ခေတ်တွင် ရိုးသား ကြသောကြောင့် သော်၎င်း၊ ပေါလုကို ကြည်ညိုသောကြောင့် သော်၎င်း၊ ထိုသို့ ရေးခြင်းကို လက်ခံနိုင်ခြင်း ဖြစ်မည်။ ဂလာတိယုံကြည်သူ များသည် ပေါလု တို့ ဟောပြောခြင်းအား ဖြင့် လက်၀ါးကပ်တိုင်မှာအသေခံသော ယေရှုကို ယုံကြည် လက် ခံကြပြီး ဖြစ်သည်။ ထို သမ္မာတရားကို ဤစာရေးချိန်တွင် လက်မခံတော့ဘဲ ဖြစ်သောကြောင့် ပေါလုကစာရေးခြင်း ဖြစ်သည်။


၂။ ပညတ်တရား၏ အကျင့်အားဖြင့် ၀ိညာဥ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်း တရားကို ကြားနာခြင်းအား ဖြင့် ခံရကြသလော ဟူသော အရာ တခုကို သာသင်တို့၌ ငါသိလို၏။
သန့်ရှင်းသော ၀ိညာဥ်တော်သည် ပညတ်တရား၏ အကျင့်အား ဖြင့် မဟုတ်၊ ယုံကြည်ခြင်း တရားကို ကြားနာခြင်းအား ဖြင့် သာလျှင် ရရှိနိုင်သည်။ ဂလာတိယုံကြည် သူများသည် ယုံကြည်ခြင်း တရားမှ၊ ပညတ်တရားအကျင့်ကို ပြန်လည်တည် ဆောက် လိုကြသောကြောင့် ထိုသို့ ဆိုရခြင်း ဖြစ်သည်။

၃။ ဤမျှလောက် ပညာမဲ့ကြသလော။ ၀ိညာဥ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကို အမှီပြု၍ ပြီး စေကြသလော။
ပေါလုသည် သူ၏ ၀ိညာဥ် သားသမီး များလမ်းလွှဲ သောအခါ အလွန် ခံစား သောကြောင့်၊ ဤမျှလောက်ပညာမဲ့ကြသလောဟု အပြစ် တင်ခြင်း ဖြစ်သည်။ ပညတ် တရားကျင့်ခြင်းကို အားကိုး ခြင်းသည် ၀ိညာဥ်တော်ကို အားကိုး ခြင်း မှဇာတိကို ပြန် အားကိုး ခြင်း ဖြစ်သည်။

၄။ ဤမျှလောက်သော ဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော။ အချည်းနှီးသက်သက် ဖြစ်ရမည်လော။
၀ိညာဥ်တရားကို လက်ခံခြင်းသည် စာတန် နှင့် ဇာတိလူများ၏ တိုက်ခိုက် မှု ကြားထဲမှ လက်ခံခြင်း ဖြစ်သောကြောင့် ပေါလုကဆင်းရဲ ခံခြင်းဟု ဆိုခြင်း ဖြစ်သည်။ အသိုင်းအ၀ုိင်းများ၏ အပြစ် တင်ခြင်း ကြားမှယုံကြည် ကြသောကြောင့်၊ ယခုနဂုိလ်အ တိုင်း ပညတ်တရားကို ပြန်အားကိုး လျှင် အချည်းနှီးဆင်းရဲ ခံခြင်းဟု ဆိုခြင်း ဖြစ်သည်။

၅။ ထိုမှတပါး၀ိညာဥ်တော်ကို သင်တို့အား ပေး၍၊ သင်တို့၌ တန်ခိုးများကို ပြသော သူသည် ပညတ်တရား၏ အကျင့်အား ဖြင့် ပြသလော။ ယုံကြည်ခြင်း တရားကို နာခြင်း အားဖြင့် ပြသလော။
ဘုရားသခင်က သူတို့ကို ၀ိညာဥ်တော်ကို ယုံကြည်ခြင်းကြောင့် ပေးထားသည်။ ထို၀ိညာဥ်တော် ကလည်း တန်ခိုးများကို ပြသည်။ ထိုအရာသည် သူတို့ ပညတ် တရားလိုက်လျှောက်ခြင်းအား ဖြင့် မဟုတ်ကြောင်း ပေါလုကမေးခွန်းထုတ်နေခြင်း ဖြစ်သည်။

၆။ ထိုနည်းတူအာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ် တော်မူ၏။
ဂလာတိလူများ ကဲ့သို့၊ ယုံကြည်ခြင်း၏ ဖခင်အာဗြဟံလည်း ​ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ရရှိသည်ဟု ဆိုသည်။ ဘုရားသခင်က အသက် အိုသော အာဗြဟံကိုသား အမွေပေးမည်ဟု ဆို သောအခါ၊ အာဗြဟံသည် ဘုရားသခင်၏ စကားကို ယုံသောကြောင့်၊ ဘုရားသခင်က သူ့ကို ​ဖြောင့်မတ်သည်ဟု သတ်မှတ်လိုက်သည် (က ၁၅:၆၊ ရော ၄:၃)။

ရ။ ယုံကြည်ခြင်း ရှိသော သူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။
ယုံကြည်သော သူသည် အာဗြဟံ၏သား ဖြစ်သည်ဟု ဆိုသည်။ ဣသရေလ လူများ ကသူတို့သည် အာဗြဟံ၏သား ဖြစ်သည်ဟု ၀ါကြွားစိတ်ချတတ် ကြသည်။ ထို့ကြောင့် ဗတ္တိဇံယောဟန်က၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ထံ၊ "အာဗြဟံသည် ငါတို့ အဘ ဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့ မှအာ ဗြဟံသား တို့ကို ထုတ်ဖေါ်ဖန်ဆင်းနိုင် တော်မူသည် ဟု ငါအမှန်ဆို၏။ " (မ ၃:၉) ဟု ဆိုခဲ့သည်။ ယုဒလူတို့က "အာဗြဟံသည် ငါတို့ အဘ ဖြစ်၏ဟု ဆိုကြ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ၏သား မှန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။ သင် တို့သည် သင်တို့၏ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ " (ယော ၈:၃၉၊ ၄၄) ဟု ဆိုခဲ့ဘူူးသည်။ သို့ သော် ဘုရားသခင်က သူ့ကို ယုံကြည်သော သူတို့အား အာ ဗြာဟံ၏သား ဖြစ်ရသော အခွင့်ကို ပေးခြင်းသည် အလွန် မွန်မြတ်သော အရာ ဖြစ်သည်။ အာဗြဟံသား ဖြစ်လျှင် အာဗြဟံနေသော ကောင်းကင် ဘုံသို့ ရောက်ကြလိမ့်မည် (မ ၈:၁၁)

၈။ ဘုရားသခင်သည် ယုံကြည်ခြင်းကို ထောက်၍၊ တပါးအမျိုးသား တို့ကို ​ဖြောင့်မတ် ရာ၌ တည်စေ တော်မူ မည်ဟု ကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအား အမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုး အပေါင်းတို့သည် ကောင်းကြီး မဂ်လာကို ခံရကြလိမ့်မည်ဟု ဧ၀ံဂေ လိ တရားကို ဟောနှင့် လေ၏။
ဘုရားသခင် တောင်းသည့်အတိုင်း၊ အာဗြဟံကသူ၏သား ဣဇက်ကို ပူ​ဇော် ဘို့ ရန် မငြင်းသောကြောင့် ဘုရားသခင်က၊ "သင်၏ အမျိုး အနွယ်အားဖြင့်၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မဂ်လာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင် နားထောင် သောကြောင့်၊ ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာ၀ရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ " (က ၂၂:၁၈)။ ထို့ကြောင့် ဘုရားသခင်က လူမျိုးအ ပေါင်းတို့ကို ကောင်းကြီး ပေးဘို့သည် အာဗြဟံလက်ထက် ကတည်းက ရည်ရွယ် ကြောင်း သိနိုင်သည်။

၈။ သို့ ဖြစ်၍ ယုံကြည်ခြင်း ရှိသော သူတို့သည် ယုံကြည်သော အာဗြဟံနှင့် အတူ ကောင်း ကြီး မဂ်လာကို ခံရကြ၏။
အာဗြဟံသည် ယုံကြည်ခြင်း၏ ဖခင် ဖြစ်သည်။ အာဗြဟံသည် ယုံကြည်ခြင်းအား ဖြင့် ကောင်ကြီး မဂ်လာကို ခံရ သကဲ့သို့၊ ဘုရားသခင်ကို ယုံကြည်သူ တိုင်းလည်း ကောင်းကြီး မဂ်လာခံစား ရသော အခွင့်ရှိခြင်းသည် အလွန် ၀မ်းမြောက်စရာ ဖြစ်သည်။ ယုံကြည်ခြင်း သည် ကြားနာခြင်းအား ဖြင့် ဖြစ်သောကြောင့် (ရော ၁၀:၁ရ) ယုံကြည်အား ကြီး ဘို့ ရန်များများကြားရမည်။ ဘုရားသခင်ကို ယုံကြည် နိုင်ခြင်းသည်၊ ရွှေငွေ၊ ရာထူး၊ ဂုဏ်၊ အာဏာအားလုံးထက် သာ၍ တန်ဘိုး ရှိသည်။ သင်သည် ဆင်းရဲ နုန်ချာ လျှင်လည်း ဘုရား အပေါ်ယုံကြည် နိုင်လျှင် အလွန် ၀မ်းမြောက်ပါ။ ယုံကြည်ခြင်း သည် အောင်မြင်ခြင်း ဖြစ်သည် (၁ ယော ၅:၄)

၁၀။ ပညတ်တရား၏ အကျင့်ကို အမှီပြုသော သူရှိသမျှ တို့သည် အကျိန်နှင့် စပ် ဆိုင် ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသော စကား တို့ကို အမြ​ဲမ ကျင့်သော သူတိုင်း ကျိန် တော်မူခြင်း ကို ခံစေသတည်းဟု ကျမ်းစာ လာ၏။
အဘယ်ကြောင့်ပညတ်တရား၏ အကျင့်ကို အမှီပြုလျှင် ကျိန်ခြင်း ခံရမည်နည်း။ အကြောင်းမှာ ပညတ်တရားနှင့် ပတ်သက်၍ ဘုရားသခင်က မောရှေအား ဖြင့်၊ "ဤ ပညတ်တရားစကား တို့ကို အမြဲမကျင့်သော သူသည် အမဂ်လာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်းတို့ ကအာမင်ဟု ၀န်ခံရကြမည်။ " (တရားဟော ၂ရ:၂၆) ဟု ဆိုခဲ့ သောကြောင့် ဖြစ်သည်။ ကျမ်းစာ ထဲ၌ ပညတ်ပေါင်း ၆၁၃ ပါးရှိ၍ ထိုအရာအားလုံးကို အမြ​ဲကျင့်ဘို့သည် လုံး၀မ ဖြစ်နိုင် ချေ။ အမြ​ဲဆိုသည်မှာ အသက် ရှုခြင်း ကဲ့သို့ ဖြစ်ရမည်။ မည်သူမျှအသက် ရှုဘို့ မမေ့တတ်ကြ၊ ကြိုးစား စရာလည်း မလို၊ အလိုလိုအသက် ရှုကြ၍ မပင်ပန်းကြချေ။ အသက် ရှုခြင်းသည် အသက် တာ ဖြစ်သည်။ ထို့နည်းတူပညတ်တော် လိုက်လျှောက်ခြင်း သည်လည်း အသက် တာ ဖြစ်ရမည်။

ပညတ်တော် လိုက်ရာတွင် အားလုံးလိုက်ရမည်ဟု ဆိုပြန်သည်။ ထိုအရာနှင့် ပတ်သက်၍ ယာကုပ်က၊ "ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံ တခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ " (ယာ ၂:၁၀) ဟု ဆိုသည်။ စာမေးပွဲ​ဖြေရာတွင် ဘာသာအားလုံးအောင် ရသည်။ တဘာသာကျလျှင် ကျန်သော ဘာသာများလည်း ကျသည်။ ထို့နည်းတူပညတ်တော်လည်း ဖြစ်သည်။ ပညတ် တခုမလိုက်နိုင်လျှင် အားလုံးမလိုက် သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် လူတိုင်း ကျိန်ခြင်း ခံရသည်။ သို့ သော် မသိကြသောကြောင့် ပြသနာလည်း မရှိ၊ ပူပန်မှုလည်း မရှိကြ ချေ။


၁၁။ တဖန်တုံ၊ ​ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်း အားဖြင့် အသက် ရှင်လိမ့်မည်။
ဤကျမ်းပိုဒ်သည် ဘုရားသခင်က ဟာဗက္ကုတ် ၂:၄တွင် ပြောခဲ့သော အရာကို ပေါလုကဤနေရာနှင့် ရောမ ၉:၃၀၌ ကိုး ကား ထားသည်။ ဟေဗြ​ဲ ၁၀:၃၈၌ လည်းကိုး ကား ထားသည်။ ဤကျမ်းပိုဒ်အား ဖြင့် မာတင်လိုသာ၏ ယုံကြည်ခြင်း နှင့် အသက် တာပြောင်းလဲ စေခဲ့သည်။ ထို့ကြောင့် ရိုမင်ကက်သလိပ်အယူ၀ါဒကိုတော် လှန်၍ သင် နှင့် ​ကျွန်ုပ်တိုင်အောင် အကျိုး ခံစား ရ ကြသည်။

၁၂။ ပညတ်တရားမူကား ယုံကြည်ခြင်း နှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သော သူသည်၊ ထိုအကျင့်အားဖြင့် အသက် ရှင်လိမ့်မည်ဟု ဆိုသတည်း။
ပညတ်တရားနှင့် ယုံကြည်ခြင်း သည် ရော၍ မရကြောင်း ပြောထားသည်။ ပေါ လုက၊ "အကျင့်ရှိသော သူမည်သည် ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်။ ခံထိုက်သော အားဖြင့် ခံရ၏။ ၅အကျင့်မရှိသော သူမည်သည် ကား၊ မတရားသော သူ၏ အပြစ်ကို ​ဖြေသော သူကို ုယုံကြည် လျှင်၊ သူ၏ ယုံကြည်ခြင်းကို ​ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်လျက် ရှိ၏။ " (ရော ၄:၄-၅) ဟု ဆိုထားသည်။ ပညတ်တရားသည် ကျင့် နိုင်သော သူကို ​ဖြောင့်မတ်စေမည်။ သို့ သော်မည်သူမျှကျင့်နို်င်သော သူမရှိ။ ယုံကြည်ခြင်း မူကား ဘုရားသခင်၏ သနားခြင်းကို ယုံကြည်လျှင် ​ဖြောင့်မတ်၍ အသက် ရှင်နိုင်သည်။

၁၃။ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူ မျှ​ဖြောင့် မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက် ရှိ၏။ သစ်တိုင်၌ ဆဲွထားခြင်းကို ခံရသော သူတိုင်း ကျိန်ခြင်းကို ခံရသောသူ ဖြစ်သည်ဟု ကျမ်းစာ လာသည် နှင့် အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူ ဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်း မှရွေးနှုတ် တော်မူ ပြီ။
ပေါလုကပညတ်တရားအား ဖြင့် ဘုရား ရှေ့တော်၌ အဘယ်သူ မျှမ​ဖြောင့်မတ် နိုင်ဟု အတိအလင်းဆိုထားသည်။ လူရှေ့မှာ ​ဖြောင့်မတ်နိုင်သော်လည်း လူသည် တ ရားသူကြီး မဟုတ်ပါ။ တရားသူကြီး ဖြစ်သော ဘုရား ရှေ့မှာ ​ဖြောင့်မတ်ဘို့ လိုသည်။ လူသည် ဘုရား ရှေ့တော်၌ ပညတ်တော် မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်း ခံ ကြသည်။ ကျိန်ခြင်း ခံသော သူသည် သစ်တိုင်၌ ဆွ​ဲခြင်း ခံရမည်ဟု (တရားဟော ၂၁:၂၃)၌ ဆိုထားသည်။ သင်နှင့် ​ကျွန်ုပ်သည် သစ်တိုင်၌ ဆွ​ဲခြင်း ဖြင့် အသေသတ်ခြင်း ခံရမည့်သူများ ဖြစ် ကြသည်။ သို့ သော် ဘုရားသခင်က ​ကျွန်ုပ်တို့ကိုယ်စား ခရစ်တော်ကို သစ်တိုင်၌ ဆွ​ဲ၍ အသေခံ စေခြင်းအား ဖြင့် ပညတ်တော် ကျိန်ခြင်း မှကယ်နှုတ်ခဲ့ပြီ။ မည်မျှကျေးဇူးတော် ချီးမွမ်းသင့်သနည်း။ သို့ သော်ထိုအရာ မသိသော သူများသည် မယုံကြည် သောကြောင့် မလိုအပ်ဘဲ ငရဲဆင်းသွားကြဦးမည်။ ထို့ကြောင့် ထိုသတင်းကို အတတ်နိုင်ဆုံး ကြားပြောကြရအောင်။

၁၄။ အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီး မဂ်လာသည် ယေရှုခရစ်အား ဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည် ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့် ယှဥ်သော ၀ိညာဥ်တော်ကို ယုံကြည်ခြင်း အားဖြင့် ခံရကြမည်အကြောင်း တည်း။
အာဗြဟံခံရသော ကောင်းကြီး မဂ်လာသည် ယေရှုခရစ်အား ဖြင့် အထက် ပါက ဲ့သို့ တပါးအမျိုးသားများထံသက်ရောက်သည်ဟု ဆိုသည်။ ဘုရားသခင်သည် ယေရှုခရစ်အား ဖြင့် လူတိုင်းကို ကောင်ကြီး မဂ်လာပေးနေပြီ။ ထိုကောင်းကြီးသည် ၀ိညာဥ်တော်အား ဖြင့် ဖြစ်၍ ယုံကြည်ခြင်းဖြင့် ယူရသည်။ သင်လည်း ယုံကြည်ခြင်း ရှိလျှင် ထိုကောင်းကြီး မဂ်လာခံရသောသူ ဖြစ်နိုင်သည်။

၁၅။ ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ၀န်ခံစာကို ချုပ်ပြီးမှအဘယ်လူမျှမပယ်ရ၊ ထပ်ဆင့်၍ စကားကို မသွင်းရ။
လူသည် နှစ်ဦး သဘောတူပြီး စာချုပ် ချုပ်ပြီးနောက်၊ စာချုပ်ထဲ၌ ပါသော အရာများကို ထပ်၍ မထည့်ရ၊ ပယ်လည်း မပယ်ရချေ။ အကယ်၍ တဖွဲ့ကအခြားတဖွဲ့ မသိဘဲ စာချုပ်ပါအရာများကို နှုတ်ပယ်ခြင်း၊ ထပ်ထည့်ခြင်း ပြုလုပ် ခဲ့သည် ရှိသော်၊ ထိုစာချုပ်သည် တရားမ၀င် ဖြစ်သွားမည် ဖြစ်သည်။ ထိုကြောင့်စာချုပ်ကို ပယ်ခြင်း၊ ထပ်ထည့်ခြင်း ပြုလုပ် လိုလျှင် နှစ်ဦး သဘောတူ ပြန်ချုပ်ဘို့ လိုအပ်သည်။

၁၆။ ဂတိတော် တို့ကို အာဗြဟံနှင့် သူ၏ အမျိုးအနွယ်၌ ထား တော်မူ၏။ အမျိုးအနွယ် တို့ဟု အများသော သူတို့ကို ရည်မှတ်၍ မိန့် တော်မူသည် မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တယောက်သော သူကို ရည်မှတ်၍ မိန့် တော်မူ၏။ ထိုတယောက် သောသူ ကား ခရစ်တော် ဖြစ်သတည်း။
အာဗြဟံကို ဘုရားသခင်က သူ၏ အမျိုးအနွယ်အား ဖြင့် လူမျိုး အပေါင်းတို့သည် ကောင်းကြီး ခံစား ရမည်ဟု ပြော သောအခါ၊ အမျိုးအနွယ်တို့အား ဖြင့်ဟု မပြော ပါ၊ သင်၏ အမျိုးအနွယ်အား ဖြင့်ဟု တယောက်အား ဖြင့် သာပြောသည်။ ထိုအမျိုးအ နွယ်သည် ခရစ်တော် ဖြစ်သည်ဟု ဆိုသည်။

၁ရ။ ငါဆိုသည်ကား၊ ခရစ်တော်ကို ရည်မှတ်၍ ဘုရားသခင် တည်စေ တော်မူနှင့်သော ပဋ္ဋိညာဥ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောင် ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ဂတိတော်ကို အချည်နှီးမ ဖြစ်စေနိုင်။
ဘုရားသခင်က အာဗြဟံကို ဂတိပေးသော အရာသည် ပဋ္ဋိညာဥ် (စာချုပ်) ဟု ဆိုသည်။ ထိုစာချုပ် ချုပ်ပြီး နောက်အနှစ်လေးရာသုံးဆယ်လွန်မှ မောရှေထံပညတ်တော် ပေးပြန်သည်။ ထိုပညတ်တော် ကပဋ္ဋိညာဥ် (စာချုပ်) ပါအရာများကို မပြောင်းလဲ နိုင်၊ မပယ်နိုင်၊ အချည်းနှီးမ ဖြစ်စေနိုင်ဟု ဆိုသည်။

၁၈။ ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော် နှင့် မစပ် ဆိုင်။ ဘုရားသခင်သည် ဂတိတော် အားဖြင့် အာဗြဟံအား ထို အမွေတော်ကို သနား တော်မူ၏။
အမွေတော်သည် ဂတိတော်အား ဖြင့် ပေး၍ ပညတ်တော်အား ဖြင့် ပေးသည် မဟုတ်။ ဘုရားသခင်က အာဗြဟံထံအမွေပေးမည်ဟု ဆို သောအခါ ပညတ်တော်အားဖြင့် မဟုတ်၊ ဂတိတော်အား ဖြင့် ပေးသည်။

၁၉။ သို့ ဖြစ်၍ ပညတ်တရားသည် အဘယ် အကျိုး ရှိသနည်း ဟူမူကား၊ ဂတိတော်ကို ခံသော အမျိုးအနွယ်မ ဖြစ်မှီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေး တော်မူ၏။ ထိုတရားကို ကောင်းကင်တမန် များအားဖြင့် အာမခံ၏ လက်၌ ထား တော်မူ၏။
ဘုရားသခင်သည် အာဗြဟံထံအမွေပေးဘို့ ဂတိပြုပြီးမှအဘယ်ကြောင့် ပညတ်တော်ကို ပေးပြန်သနည်းဟူမူကား အမျိုးအနွယ်တည်း ဟူသော ခရစ်တော် မရောက်ခင်လူများသည် အပြစ် ဒုစရိုက်ကြောင့် ပေးသည်ဟု ဆိုသည်။ ထိုတရားသည် ပညတ်တရားကို ဆိုလို၍ ကောင်းကင်တမန်အား ဖြင့် အာမခံ၏ လက်၌ ထားသည်ဟု ဆိုသည်။ ထိုအာမခံသည် သခင်ယေရှု ဖြစ်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူ ဖြစ်သော ယေရှုခရစ် တည်း ဟူသော အာမခံ တဦးတည်း ရှိ၏။ " (၁ တိ ၂:၅)။ အာမခံသည် ဖျန်​ဖြေပေးသူ (mediator) ကို ဆိုလိုသည်။ ယေရှု နှင့် လူနှင့် ဘုရား အကြား ပြေလည်အောင် ဖျန်​ဖြေပေးသူ ဖြစ်သည်။

၂၀။ အာမခံမည်သည် ကား၊ တဘက်နှင့် သာဆိုင်သည် မဟုတ်။ ဘုရားသခင် မူကား တဘက် ဖြစ် တော်မူ၏။
အာမခံ (ဖျန်​ဖြေပေးသူ) ယေရှုသည် ဘုရားနှင့် သာဆိုင်သည် မဟုတ်။ ထို့ နည်းတူလူနှင့် သာဆိုင်သည် မဟုတ်။ ဘုရား ထံတွင် လူများကိုယ်စားပြု၍၊ လူများ ထံတွင် ဘုရားကို ကိုယ်စားပြုသည်။ ထို့ကြောင့် ယေရှုသည် နှစ်ဖွဲ့ အကြားတွင် ရှိသည်။ ဘုရားသခင် မူကား တဘက်၌ ရှိ တော်မူသည်။

၂၁။ သို့ ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ဂတိတော် တို့ နှင့် ဆန့်ကျင် ဘက် ဖြစ် သလော။ ထိုသို့ မဖြစ်နိုင် ရာ။ အသက် ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည် မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ​ဖြောင့်မတ်ခြင်းကို ရလိမ့်မည်။
ပေါလုဆိုလိုသည် မှာပညတ်တရားသည် ဘုရားသခင်၏ ဂတိတော် နှင့် ဆန့် ကျင်ဖက် ဖြစ်သလော၊ မဖြစ်နိုင် ရာဟု ဆိုသည်။ ပညတ်သည် ကျင့်မှရမည်။ ဂတိတော်သည် ကျင့်စရာ မလို၊ ပေးသူကပေးသည်ကို ယုံကြည်၍ ရယူရုံသာ ဖြစ်သည်။ ပညတ် တရားပေးရခြင်း၏ အကြောင်း ရင်းကို ၂၃တွင် ဖေါ်ပြထားသည်။

၂၂။ ယခုမူကား၊ ယုံကြည်သော သူတို့သည် ယေရှုခရစ် ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည် အကြောင်း ကျမ်းစာသည် လူ အပေါင်းတို့ကို အပြစ်၌ ချုပ် ထား၏။
ယုံကြည်သူ တို့သည် ယေရှုခရစ် ကို ယုံကြည်ခြင်း နှင့် စပ်ဆိုင်သော ဂတိတော်ကို ရရှိမည်။ သို့ သော်ထိုဂတိတော် များကို မရခင်ကျမ်းစာ ကလူများကို အပြစ်၌ ချုပ်သည်ဟု ဆိုခြင်းမှာ၊ လူများကို ကျမ်းစာ ကအပြစ် နားလည်စေသည်။ လူသည် လွတ် လပ်နေချိန်တွင် လွတ်လပ်ခြင်း၏ အရသာနှင့် တန်ဘိုး မသိနိုင်သော်လည်း၊ ထောင်ကျ သောအခါ လွတ်လပ်ခြင်း၏ အရသာနှင့် တန်ဘိုးကို သိတတ် ကြသည်။ လူသည် အပြစ် ရှိကြောင်း မသိ သောအခါ၊ ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို တန်ဘိုး မထား၊ ဂရုမ စိုက်ကြချေ။ ထို့ကြောင့် ကျမ်းစာ ကလူများကို အပြစ် နားလည်စေဘို့ လိုသည်။

၂၃။ ယုံကြည်ခြင်း တရားမရောက်မှီ ပညတ်တရားသည် စောင့်နေသည် ဖြစ်၍၊ ထိုအ ခါ ငါတို့သည် နောက်၌ ထင်ရှားလတံ့သော ယုံကြည်ခြင်း တရားကို မြော်လင့်၍ ချုပ် ထားလျက် ရှိကြ၏။
ယုံကြည်ခြင်း တရားမရောက်မှီလူကို ပညတ်တရားကစောင့်ရှောက်သည်။ ယုံကြည်ခြင်း တရားရောက် သောအခါ လူသည် စောင့်ရှောက်စရာ လိုတော့မည် မဟုတ်ချေ။ အကြောင်းမှာ ယုံကြည်ခြင်း ရှိသော သူသည် ဘုရား၏ အလိုတော် နှင့် စကားကို နား ထောင်ချင်သော စိတ်ရှိ၍၊ ခိုင်းနေစရာ၊ တားမြစ်နေစရာ၊ ထိန်းစရာ လိုတော့မည် မဟုတ်ချေ။

၂၄။ ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်း အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော် ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိ န်း ဖြစ်သ တည်း။ ၂၅ယုံကြည်ခြင်း တရားသည် ရောက်လာ သောအခါ၊ ငါတို့သည် ထိုအထိ န်းလက် မှလွတ်ကြ၏။
ခလေး များသည် မိဘ၏ အမွေခံများ ဖြစ်ကြသော်လည်း၊ အထိ န်းသည် လက်၌ အပ်ထားရသည်။ အကြောင်းမှာ သူတို့သည် ငယ် သေး သောအခါ၊ မိဘ၏ ဥစ္စာများကို မကိုင်တွယ်တတ်ကြချေ။ အိမ်ထဲ၌ ရှိသမျှ အစားအစာများသည်၊ ခလေးများအတွက် ဖြစ်သော်လည်း၊ ငယ် သေး သောအခါ အထိ န်း၏ စီမံသည့်အတိုင်း စားရသည်။ ထို နည်းတူယုံကြည်ခြင်းအား ဖြင့် ​ဖြောင့်မတ်ခြင်းသို့ မရောက်သေးမှီတွင်၊ လူသည် ပညတ် တရားကထိန်းရသည်။ ပညတ်တရားကမခိုးရ၊ မသတ်ရ၊ လောဘမကြီး ရဟု ဆိုသောကြောင့် ထိုအရာများကို လိုက်နာရသည်။ ယုံကြည် လာ သောအခါ ထိုအရာများကို တားမြစ်စရာ မလိုတော့ဘဲ၊ အလိုလိုရှောင်တတ်လာသည်။ ထိုကြောင့်ခလေး များသည် အရွယ်ရောက်လာ သောအခါ၊ အထိ န်းလက်မှလွတ်လာ သကဲ့သို့ လူသည် ယုံ ကြည်လာ သောအခါ၊ ပညတ်တရားလက်မှလွတ်လာသည်။ ထိုသို့ လွတ်လာ သောအခါ ပေါက်ကရလုပ်ဘို့ မဟုတ်၊ ဘုရား၏ အလိုတော်ကို လိုက်ခြင်း ဖြင့် ပညတ်တရား လိုက်နာပြီးသား ဖြစ်သွားသည်။

၂၆။ အဘယ်သို့ နည်း ဟူမူကား၊ သင်တို့ အပေါင်းသည် ယေရှုခရစ် ကို ယုံကြည် သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။
ယေရှုခရစ် ကို ယုံကြည်ခြင်းအား ဖြင့် လူသည် ဘုရားသခင်၏သား ဖြစ်ရခွင့်ရ ကြသည်။ ပညတ်တော် လိုက်လျှောက်ခြင်းအား ဖြင့် ဘုရားသား မဖြစ်ရပါ။ လူသည်သူ ဌေးသား၊ သမတသား၊ အရာရှိသား ဖြစ်ချင် တတ် ကြသည်။ အကြောင်းမှာ အရေးကြီး ပုဂ္ဂိုလ်၏သား ဖြစ်လျှင် အခွင့်ရေးများသည်။ သို့ သော်ဘုရား၏ သားကို မူမ ဖြစ်ချင် တတ် ကြ၊ အလေးမထားတတ်ကြချေ။ အမှန်မှာ ဘုရားသား ဖြစ်ခြင်းသည် အကောင်းဆုံးသော အရာ ဖြစ်သည်။

၂ရ။ ခရစ်တော်၌ ဗတ္တိဇံကို ခံသော သူရှိသမျှ တို့သည် ခရစ်တော်ကို ယူတင်၀တ်ဆောင် သောသူ ဖြစ်ကြ၏။
ဗတ္တိဇံသည်များသောအား ဖြင့် ရေနှစ်ခြင်းဟု ချက်ခြင်း ခံယူတတ် ကြသည်။ ဗတ္တိဇံသည် ဂရိတ်စကား ဖြစ်၍၊ အရေထဲမှ ာ ဖြစ်လျှင် နှစ်သည် ဟူ၍၎င်း၊ အဆိုင်အခဲ ထဲမှ ာ ဖြစ်လျှင် မြှုပ်သည် ဟူ၍၎င်း၊ အဓိပ္ပါယ်ရှိသည်။ ခရစ်တော်၌ ဗတ္တိဇံခံခြင်း ဆိုသည်မှာ ဘုရားကလူကို ခရစ်တော် အထဲ၌ ထည့်လိုက်ခြင်း၊ ရေတွက်ခြင်းကို ဆိုလိုသည်။ ယေရှုခရစ်၌ ဗတ္တိဇံခံသော သူသည် ယေရှုခရစ် ကို ယူတင်၀တ်ဆောင်သည်။ မိန်းမသည် ယောက်ျားနှင့် လက်ထပ် သောအခါ၊ ယောက်ျားထဲ၌ ရှိ၍ ယောကျ်ားနှင့် အစစအရာရာ၌ ရေတွက်ခြင်း ခံရသည်။ ထို့ကြောင့် ယောက်ျားအမျိုးထဲ၌ ၀င်၍ သားသမီး များလည်း ဖခင်၏ အမျိုး ဖြစ်သွားသည်။

၂၈။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ား မရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံး တ၀တည်း ဖြစ်ကြ၏။
ယေရှုခရစ်၌ ရှိသော သူများသည် လူမျိုးမရှိတော့ချေ။ လူမျိုးသည် မဖေျာက် နိုင်သော်လည်း၊ လူမျိုးအနေနှင့် ဘာမျှမလှုပ်ရှားတော့ချေ။ ယေရှု၌ အဆင့်အတန်းခွ​ဲ ခြားခြင်းလည်း မရှိတော့ချေ။ ဆင်းရဲ ချမ်းသာ၊ ပညာရှိပညာမဲ့ဟူ၍ ခွ​ဲခြားခြင်း မရှိတော့ ချေ။ ယေရှုခရစ်၌ ယောက်ျားမရှိ၊ မိန်းမမရှိဟု ဆိုရာတွင် မိန်းမများသည် ယောက်ျား ဖြစ် သွားကြသည် မဟုတ်။ ကျမ်းစာ ခေတ်၌ မိန်းမများကို နှိမ်ကြသည်။ သို့သော် ယေရှုခရစ်၌ ထိုကဲ့သို့ နှိမ်ခြင်း၊ အထင်သေးခြင်းများမရှိတော့ချေ။ အားလုံးသည် သခင်ဘုရား၌ တ လုံးတ၀တည်း ဖြစ်သွား ကြသည်။

၂၉။ ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍၊ ဂတိတော် အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။
ခရစ်တော်၌ ယုံကြည်သူ သည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သွားကြပြီ။ အာ ဗြဟံ၏ အမျိုးအနွယ် ဖြစ်ခြင်းသည် အရေးကြီးသည်။ ဆင်းရဲသား လာဇရုသည် အာဗြ ဟံရင်ခွင်၌ ရောက်သွားခဲ့သည် (လု ၁၆:၂၂ )။ အာဗြဟံသည် ကောင်းကင်၌ ရှိသည် (မ ၈:၁၁)။ ထို့ကြောင့် အာဗြဟံအမျိုးအနွယ် ဖြစ်လျှင် ကောင်းကင်၌ ရောက်ရှိသွားမည် ဖြစ်သည်။

သာသနာ ပြုသတင်း

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ သာသနာ ပြုလုပ် ငန်းလည်း အောင်မြင် လျက် ရှိသည်။ ယခုအခါ သာသနာ ပြုရာမှစတင်သော အသင်းတော် ၁၀ ပါးရှိလာ ပြီ ဖြစ်သည်။ ထို့အပြင်ယခုလ ၂၄ ရက်နေ့၌၍ Iowa ပြည် နယ် Ottumwa မြို့တွင် အသင်းတော် ဖွင့်မှာ ဖြစ်ပါသည်။ ထို့အပြင် သာသနာ ပြုနေရာသစ်များ ကိုလည်း စတင် နေကြပြီ ဖြစ်ပါသည်။ Texas ပြည် နယ် Fort worth မြိ့တွင် ဆရာရှားအား ဖြင့်၎င်း၊ Texas ပြည် နယ် Dallas မြိ့တွင် ဆရာ၀င်းမောင်အား ဖြင့်၎င်း၊ Nebraska ပြည် နယ် Omaha မြိ့တွင် ဆရာ Abel Om Nan ဖြင့်၎င်း သာသနာ ပြုလုပ် ငန်းစတင်နေ ပါပြီ။ ဆုတောင်းခြင်းအား ဖြင့် ကူညီကြပါစို့။ ဆရာစိုးထွန်းလည်း မြန်မာပြည် မှာဇနီးသည် ထံသွားရင်းသင်တန်းများ လုပ်နေသည်။ ဆုတောင်းခြင်း ဖြင့် ပါ၀င်ကြပါစို့။ သူ၏ အသင်းတော် ကိုလည်း ဆရာထောင်ကွေးလျာက ကြည့်ရှုနေပါသည်။

ပျောက်ဆုံး၀ိညာဥ် ဖမ်းနည်းသင်တန်း

ခရစ်တော် ကြွလာချိန်အလွန် နီးသည်နှင့် အမျှ ကယ်တင်ခြင်း အကြောင်း ဟောပြောမည့်သူ များစွာ လိုအပ်သည်။ ထို့ကြောင့် ပျောက်ဆုံး၀ိညာဥ်ဖမ်းနည်း သင် တန်းကို စက်တဘ်ာလအတွင်း ၌ တပတ်သင်တန်းပေးဘို့ ရည်ရွယ်ထားပါသည်။ ကယ် တင်ခြင်းသို့ ရောက်ပြီး သောသူ၊ ပျောက်ဆုံး၀ိညာဥ်များ သနား၍၊ ဟောပြောချင်သော သူတိုင်း တက်ရောက်နိုင်ပါသည်။ စားသောက်စရိတ်နှင့် တည်း ခိုမည့် နေရာ အခမဲ့ ဖြစ်ပါသည်။ ဆရာမောဇက်ထံ ဆက်သွယ်မေးမြန်း နိုင်ပါသည်။ ဖုံးနံပါတ် 240-367-5366

 

115 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2019 AUG

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -