သတင်းကောင်းစာစောင်

MAY 2026

နိုင်ငံတော် ၄ မျိုး 

ကျမ်းစာထဲ၌ နိုင်ငံတော် ၄ မျိုးတွေ့ရသည်။ ၎င်းတို့မှာ၊ ၁။ ဣသရေလတိုင်းပြည်မှာတည်ထောင်မည့် နိုင်ငံတော် ၂။ အနှစ်တစ်ထောင်ကာလမှာတည်ထောင်မည့်နိုင်ငံတော် ၃။ ကောင်းကင်နိုင်ငံ၌ ရှိသောနိုင်ငံတော်နှင့် ၄။ လူတို့အထဲ၌တည်ထောင်မည့်နိုင်ငံတော် တို့ဖြစ်သည်။ ထိုနိုင်ငံတော် များကို မခွဲခြားနိုင်လျှင် ရှုပ်ထွေး၍ နားလည်ရခက်သည်။ ထို့ကြောင့် ထိုနိုင်ငံများအကြောင်းကို တခုစီ ရှင်းပြလိုသည်။

 

အပိုင်း (၃) ကောင်းကင်၌ ရှိသော ကောင်းကင်နိုင်ငံတော်

 ကောင်းကင်နိုင်ငံတော်သည် လူမျက်စိဖြင့်မမြင်နိုင်၊ ကိုယ်ခန္ဓာအားဖြင့်မရောက်နိုင်၊ သတင်းမီဒီယာများ၌မပါ၊ လူအချင်းချင်း ပြောသောစကားများ၌ မပြောတတ်ကြသောကြောင့် စိတ်မဝင်စားကြချေ။ လူသည်ဤလောက၌ နေ သောကြောင့် လောကအကြောင်းကိုသာ စိတ်ဝင်စားကြသည်။ ကောင်းကင်အရာသည် အိပ်မက်ထဲ၌ပင် မမက် တတ်ကြချေ။ ကျမ်းစာ၌၊ ကောင်းကင်အကြောင်းကို ရေးသားထားသော်လည်း တိရစ္ဆာန်များ၊ ကျောက်များ၊ အလင်း များနှင့်ရေးထားသောကြောင့် နားမလည်နိုင်ကြချေ။ ကယ်တင်ခြင်းသို့ရောက်သောသူများသည် ထာဝရနေထိုင်မည့် နေရာဖြစ်သော်လည်း၊ စွဲလမ်းစိတ်မရှိကြချေ။ သို့သော်၊ ကောင်းကင်အကြောင်းကို ကြိုတင်သိထားဘို့လိုအပ်သော ကြောင့် ကျမ်းစာထဲ၌ ရေးသားထားသည်။ ဣသရေလတိုင်းပြည်၌ တည်ထောင်ဘို့ မအောင်မြင်သော နိုင်ငံတော် အကြောင်းကိုရေးခဲ့ပြီ။ အနှစ်တစ်ထောင်ကာလ၌ တည်ထောင်မည့် နိုင်ငံတော်အကြောင်းလည်းရေးခဲ့ပြီ။ ယခု၊ ကောင်းကင်၌ရှိသော နိုင်ငံတော်အကြောင်းကို မြင်ခဲ့သောသူအချို့၏ ရေးသားထား သည့်အတိုင်းလေ့လာကြစို့။

ဟေရှာယမြင်သောကောင်းကင်နိုင်ငံတော်

(ဟေရှာယ ၆း၁-၆)

၁။ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကိုငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။ (ဟေရှာယ ၆း၁) ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်၌ထိုင်သည်။ လောကဘုရင်များ၊ နိုင်ငံခေါင်းဆောင်များ ပင်လျှင် သူတို့၏ပလ္လင်များကို ခန်းနားကြီးကျယ်စွာ ပြုလုပ်တတ်ကြသည်။ ထိုပလ္လင်များက သူတို့ဂုဏ်များကို ပို၍ ခန်းနားကြီးကျယ်စေသည်။ ရှောလမုန်မင်းသည်၊  ဆင်စွယ် ရာဇပလ္လင်ကြီး ကိုလုပ်၍ ရွှေစင်နှင့် မွမ်းမံလေ၏။ ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ်ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာ တဖက်တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့ နှစ်ကောင်ရပ်နေ၏။ လှေကား ခြောက်ထစ်အပေါ်တွင် တဖက်တချက်၌လည်း ခြင်္သေ့ တဆယ်နှစ်ကောင် ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌ မျှမရှိ။ (၃ ဓမ္မ ၁၀း၁၈-၂၀)။

အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ တဆူတည်းဖြစ်တော်မူသော ဘုရား၏ပလ္လင်တော်သည် မည်မျှခန်းနားကြီးကျယ်လိမ့်မည်နည်း။ အဝတ်တော်တန်ဆာလည်း ဗိမာန်တော်ကို ဖြည့်လေ၏၊ ဟုဆိုထားသည်။ မင်္ဂလာဆောင်သောအခါ၌ သတို့သမီးများလည်း သူတို့၏ဝတ်ကို အလွန်ရှည်လျားစွာဝတ်တတ်ကြသည်။ ထိုသို့ပြု လုပ်ခြင်းသည် ခန်းနားကြီးကျယ်ဘို့ရန်ဖြစ်သည်။ ဘုရားသခင်သည်အလွန်ကြီးမြတ်သောကြောင့် အဝတ်တော်လည်း ဗိမာန်တော်ကိုဖြည့်ခြင်းဖြစ်သည်။ ထိုဗိမာန်တော်သည် လူဆောက်သောမြေကြီးပေါ် ၌ရှိသော ဗိမာန်တော်မဟုတ်ဘဲ ကောင်းကင်ဗိမာန်တော်ဖြစ်သည်။         

၂။ ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော် တဖက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ ကောင်းကင်တမန်များသည် အမျိုးအစားအမျိုးမျိုးကွဲဟန်ရှိသည်။ ယခုဟေရှာယမြင်သောကောင်းကင်တမန်ကို ကောင်းကင်တမန်သရပ် (seraphim) ဟုခေါ်သည်။ သူတို့သည်အတောင်ခြောက်ခုစီရှိသည်။ လူ့အနေဖြင့် ငှက်များနှင့်ပျံသန်းတတ်သော အကောင်များကိုသာလျှင်မြင်တတ်ကြသည်။ ငှက်များသည်အတောင်နှစ်ခုရှိကြသည်။ ပုစဉ်းကောင်များသည် ရဟတ်ယဉ်ကဲ့သို့ အတောင်လေးခုရှိသည်။

သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏ သန့်ရှင်းတော်မူ၏ သန့်ရှင်းတော်မူ၏ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟုတပါးကိုတပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။အဘယ်ကြောင့် ထာဝရဘုရားကို “ကောင်းကင်ဗိုလ်ခြေ” ဟုဆိုသနည်း။ ဗိုလ်ခြေသည်စစ်ဗိုလ်ဖြစ်သည်။ ဘုရားသခင် သည်စစ်တိုက်တတ်သောကြောင့်ဖြစ်သည်။ ကောင်းကင်တမန်များက ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်း တော်မူ၏၊ သန့်ရှင်းတော်မူ၏၊ ဟုကြွေးကြော်၍ မြွက်ဆိုကြသည်။ ထိုအရာနှင့်တူသောအရာကို ယောဟန်ကဤသို့ ရေးသားခဲ့သည်၊ ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့် ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူ သော ထာဝရအရှင်ဘုရားသခင်သည်၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ ဟုနေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။ (ဗျာဒိတ် ၄း၈)။ ဘုရားသခင်၌အပြစ်မရှိ၊ သန့်ရှင်းခြင်းသည် သူ၏ဂုဏ်အင်္ဂါတခုဖြစ် သည်။ ထို့ကြောင့် သူ၏ဂုဏ်အင်္ဂါအားဖြင့် သူ့ကိုချီးမွမ်းခြင်းဖြစ်သည်။ နေ့ညမပြတ်ချီးမွမ်းခြင်းသည် အချိန်နှင့်အ သက်ရှင်သော လူသားများအတွက် မဖြစ်နိုင်သောအလုပ်ဖြစ်သည်။ သို့‌သော် ကောင်းကင်သားများအတွက် မပင်ပန်း နိုင်သောအရာဖြစ်သည်။ ပင်ပန်းငြီးငွေ့တတ်သော လူသားများအဖြစ် ထိုအရာကိုနားမလည်နိုင်ချေ။

ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍ မီးခိုးနှင့် တအိမ်လုံးပြည့်လေ၏။

အဘယ်ကြောင့် တံခါးတိုင်တို့သည် ထိုသို့ကြွေးကြော်သံကြောင့် လှုပ်ရှား၍ မီးခိုးနှင့်တအိမ်လုံးပြည့်သနည်း။ အလွန် တန်ခိုးကြီးသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် တအိမ်လုံးမီးခိုးနှင့်ပြည့်သနည်း။ ဘုရားဘုန်းတော်နှင့်ပြည့်သော ကြောင့်ဖြစ်သည်။ မောရှေက၊ ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသော ကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ် လေ၏။ (ထွက် ၁၉း၁၈) ဟုရေးထားသည်။ ရှောလမုန်မင်းက ဦးဆောင်ပြီး ဗိမာန်တော်ထဲသို့ ပဋိညာဉ်သေတ္တာသွင်းဘို့ ရန်၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက် ကောင်းမြတ်တော်မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်၊ ဟုတံပိုးခွက်ကွင်း အစရှိသော တူရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုးတိမ်နှင့် ပြည့်၏။ ထိုသို့ ဘုရားသခင်၏ အိမ်တော်သည် ထာဝရဘုရား၏ ဘုန်းတော်နှင့် ပြည့်လျက်၊ မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ် တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍မနေနိုင်ကြ။ (၂ ရာဇဝင် ၅း၁၃-၁၄) ဟုတွေ့ရသည်။

ငါကလည်းငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊ ညစ်ညူးသော နှုတ်ခမ်းရှိသော လူမျိုးတွင် နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော၊ ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့် မြင်လေပြီတကား၊ ဟုဆို၏။

ဟေရှာယက ထာဝရဘုရားကို မြင်သောအခါ အဘယ်ကြောင့် ငါသည်အမင်္ဂလာရှိ၏၊ အကျိုးနည်းပြီ၊ ဟုဆိုသနည်း။ ထာဝရဘုရားသည် အလွန့်သန့်ရှင်း၍ တန်ခိုးကြီးလွန်းသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ထာဝရဘုရားကို မြင် တွေ့လျှင် ဟေရှာယကဲ့သို့ ခံစားကြလိမ့်မည်။ ယခုမူ ထာဝရဘုရားနှင့်အလွန်ဝေးကြသောကြောင့် ကြောက်စိတ်မရှိကြ ချေ။  

ထိုအခါ ကောင်းကင်တမန်သရပ်တပါးသည်၊ ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင် လျက်၊ ငါရှိရာသို့ပျံလာ၍၊ ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏ အပြစ်လည်း ပြေရှင်းပြီဟုဆို၏။ ဟေရှာယကို ကောင်းကင်တမန်က ယဇ်ပလ္လင်ထဲမှ မီးခဲနှင့် သူ့နှုတ်ခမ်းကို တို့မှ သူ၏အပြစ်များလည်း သန့်ရှင်းစေ သည်။ ယဇ်ပလ္လင်သည် အပြစ်ဖြေရာယဇ်ပူဇော်သော နေရာ ဖြစ်သည်။

 

ဗျာဒိတ် ၄ မှ ယောဟန်မြင်သောကောင်းကင်နိုင်ငံ


၂။ ထိုအခါ ၀ိညာဥ်တော်ကို ငါသည်ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။

ယောဟန်သည် ၀ိညာဥ်တော်ကို ချက်ခြင်းခံရသည်ဟုဆိုခြင်းသည်၊ ၀ိညာဥ်တော်ကလွှမ်းခြုံသွားခြင်း၊ ဇာတိအားဖြင့် မဟုတ်ခြင်းကို ဆိုလိုသည်။ သူသည် ၀ိညာဥ်အားဖြင့် ကောင်းကင်သို့ ရောက်သွားပြီး ပလ္လင်တခုကို မြင်သည်။ ထိုပလ္လင်ပေါ်၌ ထိုင်သောသူ၏ ပုံပန်းသဏ္ဍာန်ကို အငယ် ၃ ၌ဖေါ်ပြထားသည်။ 

၃။ ထိုသူ၏အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ပတ်၀န်းကျင်၌ကား၊ မြကျောက်အဆင်းအရောင်နှင့်တူသော သက်တံ့ရှိ၏။ 

ယောဟန်ကထာ၀ရ ဘုရားကို မြင်သော်လည်း၊ ကျောက်အရောင်အ၀ါနှင့်သာ ရေးသားသွားသည်။ နဂါးသွဲ့ကျောက် သည် jasper ဖြစ်၍ ပတ္တမြားကျောက်သည် Ruby ဖြစ်သည်။ သက်တံ့သည် အရောင်ခုနှစ်ခုရှိသည်။ သို့သော် ယောဟန်မြင်သော သက်တန့်သည် အစိမ်းရင့်ရောင်ရှိသော မြကျောက်နှင့်တူသည်။ သက်တံ့သည် ဘုရားနှင့်မြေကြီး သားများအကြား ပြုသောပဋိညာဥ်ဖြစ်သည်။ ဘုရားသခင်က၊ “ငါသည် မိုးကိုအုံ့စေသောအခါ၊ မိုးတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ ထိုအခါ ငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တ၀ါ၊ တိရစ္ဆန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ပဋိညာဥ်ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တ၀ါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ မိုးတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့်မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တ၀ါတိရစ္ဆာန် အပေါင်းတို့ စပ်ကြားမှာရှိသော ထာ၀ရပဋိညာဥ်ကို ငါအောက်မေ့မည်။” (ကမ္ဘာဦး ၉:၁၄-၁၆) ဟုဆိုသည်။ ဘုရားသခင်သည် ရေဖြင့်လူများကို မဖျက်ဆီးတော့မည့် အမှတ်သင်္ဂေတဖြစ်သည်။ ထို့ကြောင့် သက်တန့်မြင်တိုင်း၊ ဘုရားသခင်၏မေတ္တာကို သိမြင်နိုင်သည်။ သို့သော် ယခုအခါ လိင်တူဆက်ဆံသောသူများက၊ သူတို့၏ အမှတ်တံဆိပ်အဖြစ် အသုံးပြုကြသည်။ မည်သို့ပင်သုံးစေကာမူ သူတို့၏အကျင့်သည် ဘုရားမုန်းသောအပြစ် ဖြစ်သောကြောင့်၊ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ 

၄။ ထိုပလ္လင်၏ ပတ်၀န်းကျင်၌ အခြားသောပလ္လင်နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့ အပေါ်၌ အသက်ကြီးသူနှစ် ဆယ်လေးပါးတို့သည် ဖြူသောအ၀တ်ကို ၀တ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။ 

နှစ်ဆယ့်လေးပလ္လင်ပေါ်၌ ထိုင်သော အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည်၊ မည်သူတို့ဖြစ်မည်နည်း။ မြန်မာကျမ်းစာနှင့် King James ကျမ်းစာအရဖြစ်လျှင်၊ ထိုသူတို့သည် ယုံကြည်သူ အသင်းတော်ကိုဆိုလိုသည်။ ယောဟန်က၊ “ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တ၀ါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ပဌနာ တည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်၀ပ်လျက်၊ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီးဘာသာစကားကိုပြောသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့၊ ရွေးနှုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။” (ဗျာ ၅:၈-၁၀) ဟုရေးထားသည်။ အကျွန်ုပ်တို့ကိုဟုဆိုသောကြောင့်၊ ထိုအသက်ကြီးသူများသည်၊ သူတို့အကြောင်းကို ပြောခြင်းဖြစ် သည်။ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့သည်၊ တပါးအမျိုးသားများဖြစ်၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏၊ ဟုဆိုသောကြောင့် အသင်းတော်ဖြစ်သည်၊ ဟုယူနိုင်သည်။ ထို့အပြင် ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏၊ ဟုဆိုသောကြောင့် (၁ ပေ ၂း၉) အရယုံကြည်သူများဖြစ်သည်။ ထိုသူတို့သည် ဖြူသောအ၀တ်ကို ၀တ်ဆင်သည်ဟုဆိုသည်။ ဖြူသောအ၀တ်သည် ဖြောင့်မတ်ခြင်းဖြစ်ကြောင်း ဤသို့ရေးထားသည်၊ “ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း။” (ဗျာ ၁၉း၈)။

ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။” ခေါင်းပေါ်၌ ဆောင်းသောရွှေသရဖူသည် အောင်မြင်သော သူများက ဆောင်းသောသရဖူဖြစ်သည်။ ရှင်ဘုရင်သရဖူမဟုတ်။ ရှင်ဘုရင်သရဖူသည် အမွေအားဖြင့် လက်ဆင့်ကမ်း ရတတ်သည်။ အောင်မြင်ခြင်းသရဖူသည် အမွေအားဖြင့်မဟုတ်၊ ကိုယ်တိုင်လုပ်ဆောင်ခြင်း အားဖြင့် ဖြစ်သည်။

၅။ ပလ္လင်တော်ထဲကလျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုးကြိုးသံလည်း မြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးတည်းဟူသော မီးခွက်ခုနှစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။ 

လျှပ်စစ်ပြက်ခြင်း၊ မိုးကြိုးသံမြည်ခြင်းများသည်၊ ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြခြင်းဖြစ်သည်။ ထာ၀ရဘုရား သည် လျှပ်စစ်ပြက်ခြင်း၊ မိုးကြိုးသံမြည်ခြင်း၊ မီးလောင်ခြင်းများအားဖြင့် လူများရှေ့၌၊ သူ၏တန်ခိုးပြတတ်သည်။ ထာ၀ရဘုရားသည်၊ သိနာတောင်ပေါ်မှ ဣသရေလလူများကို ဤသို့စကားပြောခဲ့သည်၊ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့် တကွမိုးတိမ်တိုက်လွှမ်းမိုး၍၊ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။” (ထွက် ၁၉:၁၆)။ ပညတ်တော်ဆယ်ပါး ပေးသောအခါ၌လည်း၊ ဤသို့တွေ့ရသည်၊ “လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင် သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။ မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့်လွတ်မည်အကြောင်း၊ ကိုယ်တော်ကိုကြောက်စေခြင်းငှါ၊ ဘုရားသခင်ကြွလာတော်မူပြီ၊ ဟု လူများတို့အား ပြောဆို၏။ လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဥ်းကပ်လေ၏။ ထာ၀ရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား၊ ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည်သိမြင်ကြပြီ။” (ထွက် ၂၀:၁၈-၂၂) ဟုဆိုခဲ့သည်။ ဘုရားသခင်က သူ၏ ဘုန်းတန်ခိုးကို ပြသောအခါ၊ ဣသရေလလူများသည်၊ အလွန်ကြောက်ရွံ့တုန်လှုပ်ကြသည်။ ယနေ့လူများသည် ဘုရား၏ဘုန်းကိုမမြင်၊ မကြားသောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြချေ။

ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးတည်းဟူသော မီးခွက်ခုနှစ်လုံး” ၀ိညာဥ်တော်သည် မီးခွက်နှင့် နှိုင်းထားသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ မီးခွက်သည် လင်းစေသောအရာဖြစ်သည်။ မီးခွက်ကို လင်းစေသောအရာသည်၊ သံလွင်ဆီဖြစ်သည်။ ထိုသံလွင်ဆီသည် ၀ိညာဥ်တော်နှင့်တူသည်။ လူသည်မီးခွက်ဖြစ်၍၊ လူကိုလင်းစေသောအရာ သည်၊ သန့်ရှင်းသော၀ိညာဥ်တော်ဖြစ်သည်။ 

၆။ ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့်တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်၀န်း ကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တ၀ါလေးပါးရှိ၏။

ကျောက်သလင်းနှင့်တူသော ဖန်ရေကန်သည်၊ တဲတော်ရှေ့၌ရှိသော ကြေး၀ါအင်တုံဖြစ်မည်။ ထိုအင်တုံ၌ ရေထည့် ထား၍၊ ထိုရေဖြင့် ယဇ်ပုရောဟိတ်များ သန့်ရှင်းရေးလုပ်ရသည်။ ယဇ်ကောင်များကိုလည်း ဆေးကြောရသည်။ ဘုရားထံယဇ်ပူဇော်သောအခါ၊ သန့်ရှင်းဘို့ လိုအပ်သည်။ ကောင်းကင်ရှိဖန်ရေကန်သည်၊ သန့်ရှင်းခြင်းကို ဖေါ်ပြခြင်း ဖြစ်မည်။

မျက်စိနှင့်တကိုယ်လုံးပြည့်သော သတ္တ၀ါလေးပါးရှိ၏။” သတ္တ၀ါလေးပါးတို့သည် တကိုယ်လုံးမျက်စိနှင့် ပြည့်သည် ဟုဆိုသည်။ မျက်စိသည် မြင်နိုင်ခြင်းကို ဖေါ်ပြသည်။ လူ၌ မျက်စိနှစ်လုံးသာရှိသောကြောင့် အရှေ့နှင့်ဘေးကိုသာ မြင်နိုင်သည်။ အနောက်ဘက်မမြင်နိုင်ချေ။ တကိုယ်လုံးမျက်စိရှိသောကြောင့် အရပ်လေးမျက်နှာမြင်နိုင်ကြောင်းကို ဖေါ်ပြသည်။ ထိုသတ္တ၀ါလေးပါးကို အောက်ပါကျမ်းပိုဒ်များ၌လည်းတွေ့ရသည်၊ ဗျာ ၅:၆-၁၄၊ ၆:၁-၈၊ ၁၄:၃၊ ၁၅:ရ၊ ၁၉:၄။ 

ရ။ ပဌမသတ္တ၀ါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယသတ္တ၀ါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တ၀ါသည် လူမျက်နှာရှိ ၏။ စတုတ္ထသတ္တ၀ါသည် ပျံလျက်ရှိသော လင်းယုန်နှင့်တူ၏။ 

သတ္တ၀ါလေးပါးကို ပရောဖက် ယေဇကျေလကလည်း ဤကဲ့သို့ မြင်ဘူးပြီ၊ “ငါကြည့်ရှု၍ ပြင်းစွာသော လေ၊ ကြီးစွာ သော မိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှပေါ်လာ၏။ မီးစက်ထဲကဟရှမေလရွှေရောင်ထွက်လေ ၏၊၊ ထိုမီးစက်ထဲမှာသတ္တ၀ါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တ၀ါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ ပုံသဏ္ဍာန်ကို ဆောင်၍ မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီရှိကြ၏။ ခြေထောက်သည် ဖြောင့်သော ခြေထောက် ဖြစ်၏။ ခြေဘ၀ါးသည် နွားသငယ်၏ ခြေဘ၀ါးကဲ့သို့ဖြစ်၍ ဦးသစ်သော (ပွတ်တိုက်ထားသော) ကြေး၀ါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာအတောင်အောက်၌ လူလက်ရှိ၏၊ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း၊ ပြည့်စုံကြ၏။ အတောင်ချင်း တခုနှင့်တခုစပ်လျက်ရှိ၍၊ ထိုသတ္တ၀ါတို့သွားသောအခါ တပါးမျှမလည်ဘဲ၊ တည့်တည့်သွားတတ်ကြ၏။ မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တ၀ါလေးပါးတို့သည် လကျ်ာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌နွားမျက်နှာ၊ လင်းယုန်မျက်နှာနှင့်ပြည်စုံကြ၏။” (ယေဇ ၁း၄-၁၀) ထိုသတ္တ၀ါများကို၊ မြေကြီးပေါ်မှာနေသော လူသားများအနေဖြင့်၊ ရှင်းလင်းစွာ နားမလည်နိုင်ချေ။ သတ္တ၀ါလေးပါးသည် သခင်ယေရှုကို သရုပ်ဖေါ်သော ခရစ်၀င်ကျမ်းလေးကျမ်းနှင့်တူသည်။ မဿဲက ခရစ်တော်ကို ရှင်ဘုရင်အဖြစ် ရုပ်လုံးဖေါ်၍၊ တောဘုရင်ခြင်္သေ့နှင့်တူသည်။ မျိုးစဥ်ဆက်ကိုလည်း အာဗြဟံမှစတင်၍ ဖေါ်ပြသည်။ မာကုက ခရစ်တော်ကို အစေခံကျွန်အဖြစ် ဖေါ်ပြ၍၊ နွားကဲ့သို့ဖြစ်သည်။ မျိုးစဥ်ဆက်ကိုလည်း မဖေါ်ပြဘဲ၊ ဘုရား၏ ကျွန်ဗတ္တိဇံယောဟန်မှစတင်၍၊ အစပြုလိုက်သည်။ လုကာက ခရစ်တော်ကို လူသားအနေဖြင့် သရုပ်ဖေါ်၍၊ မျိုးစဥ် ဆက်ကိုလည်း အာဒံမှစသည်။ ယောဟန်က ခရစ်တော်ကို ဘုရားအဖြစ်ဖေါ်ပြ၍၊ ကောင်းကင်၌ ပျံဝဲသော လင်းယုန် နှင့်တူသည်။ မျိုးစဥ်ဆက်ကိုလည်း ဘုရားမှစသည်။ ထိုသတ္တ၀ါလေးပါးသည်၊ ဘုရားသခင်၏ ပလ္လင်တော်အနားမှာရှိ သောကြောင့်၊ ကောင်းကင်တမန်များဖြစ်နိုင်သည်။ 

၈။ ထိုသတ္တ၀ါလေးပါးတို့၏ကိုယ်ပတ်၀န်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့် ပြည့်ကြ၏။ သူတို့ ကလည်း၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလအစဥ်ရှိတော်မူသော ထာ၀ရအရှင်ဘုရားသခင်သည်၊ သန့်ရှင်း တော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ ဟုနေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။ 

သတ္တ၀ါလေးပါးတို့သည် အတောင်ခြောက်ခုစီရှိသည်ဟုဆိုသည်။ ယေဇကျေလက အတောင်လေးခုစီဖြင့်မြင်ခဲ့သည်။ အတွင်း၌ မျက်စိနှင့်ပြည့်ခြင်းသည်၊ အရာခပ်သိမ်းမြင်နိုင်ခြင်းဖြစ်သည်။ သူတို့သည် ကောင်းကင်တမန်များဖြစ်သည်။ သူတို့က ထာ၀ရဘုရားကို သန့်ရှင်းတော်မူ၏၊ ဟုနေ့ညမပြတ် ပြောဆို၏ဟုဆိုသောအရာသည် လောကလူသားများ အတွက် နားလည်ဘို့ခက်သည်။ အကြောင်းမှာ လူသည် ငြေးငွေ့တတ်၊ ပင်ပန်းတတ်သည်။ သို့သော် ကောင်းကင်၌ ထိုသို့မဟုတ်။ နေ့ညမပြတ်ဟုဆိုထားရာ ကောင်းကင်၌ နေမရှိတော့သောကြောင့် နေ၀င်နေထွက်ခြင်းမရှိ။ ထို့ကြောင့်ညလည်းရှိမည်မဟုတ်။ ထိုအရာသည် မြေကြီးပေါ်မှ နားလည်နိုင်ရန်ရေးသားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အဆက်မပြတ်ဟုဆိုခြင်းဖြစ်သည်။ သတ္တ၀ါများ၏ ပြောဆိုခြင်းသည်၊ ဘုရားသခင်၏ကျေးဇူးတော် မဟုတ်ဘဲ၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းဖြစ်သည်။ ယုံကြည်သူများလည်း ကောင်းကင်ရောက်လျှင်၊ ထိုကဲ့သို့ ချီးမွမ်းရကြဦးမည် ဖြစ်သောကြောင့်၊ ယခုမှစ၍ ဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းသင့်သည်။ 

၉။ ပလ္လင်ပေါ်မှာထိုင်၍၊ ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တ၀ါတို့သည် ချီးမွမ်းကြသောအခါ၊ 

ပလ္လင်ပေါ်မှာထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူသည်၊ ထာ၀ရဘုရားဖြစ်သည်။ ကမ္ဘာအဆက် ဆက်ဟူသောအရာသည်၊ အစဥ်ထာ၀ရ ဟူသောအဓိပ္ပါယ်ရှိသည်။ ထိုအရာသည် ဘုရား၏ဂုဏ်တော် ဖြစ်သည်။ သူတို့သည် ဘုရား၏ဘုန်းတော်နှင့် ဂုဏ်တော်များကို ချီးမွမ်းကြသည်။ 

၁၀။ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်၀ပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူကို၊ ကိုးကွယ်လျက်၊ ၁၁။ အိုထာ၀ရဘုရား၊ ကိုယ်တော်သည်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက် တော်မူ၏၊ ဟုလျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။

အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ ထာ၀ရဘုရားရှေ့၌ ပြပ်၀ပ်လျက်ကိုးကွယ်သည်၊ ဟုဆိုသည်။ ပြပ်၀ပ်ခြင်း သည် နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ယနေ့ယုံကြည်သူများသည် ဘုရားကိုးကွယ်သောအခါ၊ ပြပ်၀ပ်ခြင်းမပြုကြချေ။ ဘုရားသခင်သည် ကောင်းကင်မှာရှိ၍၊ လူသည် မြေကြီးပေါ်မှာ ရှိသောကြောင့်ဖြစ်သည်။ အသက်ကြီးသူတို့က ဘုရားသခင်ကို ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ဘုန်းအသရေ၊ တန်ခိုးတော်ကို၊ ခံထိုက်ကြောင်း ချီးမွမ်းကြသည်။ သူတို့၏သရဖူများကိုလည်း မဆောင်းဘဲ ရှေ့တော်၌ ချထားကြသည်။ သရဖူများသည် သူတို့ရရှိသော အောင်မြင်ခြင်း သရဖူများဖြစ်သည်။ ထိုသရဖူများချခြင်းသည် နှိမ့်ချခြင်း၊ ရိုသေခြင်းကို ဖေါ်ပြသည်။ ဘုရားသခင်ရှေ့၌ မည်သူမျှ၊ ၀ါကြွားထိုက်သောသူမရှိ။ ယနေ့လူသားများသည်၊ ဘုရားသခင်နှင့် ဝေးလွန်းသောကြောင့်၊ မိမိတို့၏အစွမ်း၊ သတ္တိ၊ အောင်မြင်ခြင်း၊ ပိုင်ဆိုင်မှုများကို ဂုဏ်ယူ၀င့်ကြွားတတ်ကြသည်။ ဘုရားသခင်ရှေ့၌ရှိလျှင်၊ မည်သူကမျှထိုကဲ့သို့ နေရဲမည့်သူမရှိ။ ထိုကြောင့်ယခုကတည်းက၊ ဘုရားရှေ့မှာ ရှိကြောင်းကိုသိ၍၊ နှိမ့်ချစွာနေသင့်သည်။

 

ဗျာဒိတ် ၂၁ မှ ယောဟန်မြင်သောကောင်းကင်နိုင်ငံ

 

၁။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။

ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ဟုဆိုသည်။ ထိုရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ယခုကျွန်ုပ်တို့နေထိုင်သောမြေကြီးကို ဆိုလိုခြင်းဖြစ်မည်။ ယခုမြေကြီးသည် ရွေ့သွားမည့်အရာဖြစ်သောကြောင့် မစွဲလမ်းသင့်ချေ။ မြေကြီးသစ်၌ သမုဒ္ဒရာမရှိတော့သောကြောင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်းဒဏ်ခံရတော့ မည်မဟုတ်။ မိုးရွာခြင်းလည်းရှိတော့မည်မဟုတ်ချေ။

၂။ သန့်ရှင်းသော မြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည်၊ မိမိခင်ပွန်းဖို့တန်ဆာဆင်သော မင်္ဂလာဆောင်သတို့ သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ မြို့သည် လူများကိုဆိုလိုခြင်းဖြစ်တတ်သည်။ ယေရုရှလင်မြို့သစ်ကိုယောဟန်ကမြင်သည်။ သို့ဖြစ်လျှင် ယေရုရှလင်မြို့ဟောင်း သည် မည်သည့်နေရာ၌ရှိမည်နည်း။ မြေကြီးပေါ်ဣသရေလတိုင်းပြည်မှာရှိသော ယေရုရှလင်မြို့ ဖြစ်မည်။ မင်္ဂလာဆောင်သတို့သမီးတို့သည် အလှဆုံးပြင်ဆင်တတ်သကဲ့သို့ ယေရုရှလင်မြို့လည်း ပြင်ဆင်သည်။ ထိုမြို့သည် ကောင်းကင်ဘုံမှဆင်းသည်သည် ဟုဆိုသောကြောင့် မည်သည့်နေရာသို့ ဆင်းသက်သနည်း။ နားလည်ဘို့မလွယ်ချေ။

။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူ မည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍၊ သူတို့ ၏ ဘုရားသခင်ဖြစ်တော်မူမည်။

တဲတော်သည် ဘုရားကျိန်းဝပ်သောနေရာဖြစ်သည်။ ယခုအခါ ဘုရားသခင်သည် လူများနှင့်အတူမနေသေးချေ။ အကြောင်းမှာ လူသည်အပြစ်ရှိသေးသောကြောင့် သန့်ရှင်းသောဘုရားသခင်နှင့် ပေါင်းဖေါ်၍မရသေးချေ။ လူသည်မိဘမဲ့ကဲ့သို့ ဤကမ္ဘာပေါ်၌နေရသည်။ ဘုရားနှင့်အစကတည်းက အတူမနေသောကြောင့် ဘုရားမရှိလျှင်လည်း လူသည် နေသားကျနေကြသည်။ မိဘမဲ့များလည်း မွေးကတည်းက မိဘနှင့်မနေခဲ့လျှင် မိဘကိုဆာငတ်မည်မဟုတ်ချေ။

။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့ သည် ရွေ့သွားကြပြီ။

ကောင်းကင်နိုင်ငံ၌ မျက်ရည်မရှိတော့ချေ။ အထက်ကဖေါ်ပြသောမျက်ရည်သည် နောက်ဆုံးမျက်ရည်ဖြစ်မည်။ ဘုရား သခင်ကိုယ်တော်တိုင် သုတ်ပေးသောကြောင့် အားရကျေနပ်ကြလိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ သနားခြင်းများကို ပေါ်လွင်စေသည်။ ကောင်းကင်၌ သေဘေးမရှိတော့ချေ။ သေခြင်းသည် လူများ၏အကြောက်ဆုံး နှင့်အမုန်းဆုံးသောအရာဖြစ်သည်။ သေခြင်းမရှိတော့သောကြောင့် အလွန်အားရဝမ်းမြောက်စရာဖြစ်သည်။ စိတ်မသာ ညည်းတွားခြင်း အော်ဟစ်ခြင်း ပင်ပန်းခြင်းလည်းမရှိတော့သောကြောင့် အမြန်ရောက်လိုသော ဆန္ဒရှိသင့်သည်။ သို့သော်အဘယ်ကြောင့် ယုံကြည်သူများ ကောင်းကင်ကိုစွဲလမ်းခြင်းမရှိကြသနည်း။ လောကအရာများက စွဲဆောင် လွန်းသောကြောင့်ဖြစ်သည်။ ရှေးဖြစ်ဘူးသောအရာတို့ ရွေ့သွားကြပြီ၊ ဟုဆိုသောအရာသည် ယခုကျွန်ုပ်ကျင်လည် သော ဤလောကကိုဆိုလိုခြင်းဖြစ်သည်။ 

 

ကောင်းကင်ဝင်နိုင်သောအခွင့်

ကောင်းကင်နိုင်ငံအကြောင်းကို မည်မျှသိရှိနားလည်သော်လည်း၊ ကိုယ်တိုင်မရောက်လျှင် အကျိုးမရှိချေ။ ထို့ကြောင့် မည်ကဲ့သို့ကောင်းကင်နိုင်ငံရောက်နိုင်မည်နည်း၊ ဟူသောအရာကို ဖေါ်ပြလိုသည်။ လူတိုင်းက ကောင်းကင်နိုင်ငံတော် ဝင်နိုင်ခွင့်သည် ကောင်းသောအကျင့်ကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ ဘုရားတရား၌ စိတ်အားကြီးခြင်း၊ ပညတ်တော်လိုက်ရှောက်ခြင်း၊ အသင်းတော်၌နာမည်စာရင်းဝင်ခြင်း၊ ဗတ္တဇံခံခြင်း၊ အပြစ်နောင်တရခြင်း၊ အလှူလှူခြင်းများအားဖြင့် ရရှိနိုင်မည်၊ ဟုထင်မှတ်ကြသည်။ ထို့ကြောင့် ထိုအရာများကို ကြိုးစား ၍ လုပ်ကြပါသည်။ သို့သော်ထိုအရာများအားဖြင့် ကောင်းကင်မဝင်နိုင်ပါ။ ထိုကဲ့သို့ကျင့်သောသူ နိကောဒင်ထံ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရ၊ ဟုငါအမှန်အကန်ဆို သည်၊ ဟုပြန်၍မိန့်တော်မူ၏။ နိကောဒင်ကလည်း၊ အသက်ကြီးသော သူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည် နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လော၊ ဟုလျှောက်၏။ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ် တော် မမွေးသော သူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ၊ ဟုငါအမှန်အကန်ဆို၏။ ဇာတိ မွေးသော အရာသည် ဇာတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ (ယော ၃း၃-၆) ဟုဆိုသည်။

          အဘယ်ကြောင့် ကောင်းကင်နိုင်ငံကို ကောင်းသောအကျင့်ကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ ဘုရားတရား၌ စိတ်အားကြီးခြင်း၊ ပညတ်တော်လိုက်ရှောက်ခြင်း၊ အသင်းတော်၌နာမည်စာရင်းဝင်ခြင်း၊ ဗတ္တဇံခံခြင်း၊ အပြစ်နောင်တရခြင်း၊ အလှူလှူခြင်းများအားဖြင့် ဝင်၍မရသနည်း၊ ဟူမူကား ကောင်းကင်နိုင်ငံသည် ဤလောကမှာ မဟုတ် ကောင်းကင်၌ဖြစ်သောကြောင့်ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်သည် ဝိညာဉ်လောကဖြစ်သည်။ ဤလောကသည် ရုပ်လောကဖြစ်သည်။ ဣသရေလတိုင်းပြည်မှာ တည်ထောင်မည့်နိုင်ငံတော်သည် ဤလောကမှာဖြစ် သောကြောင့် အပြစ်ကျူးလွန်သောအရာများကို နောင်တရခြင်းဖြင့် ဝင်နိုင်သည်။ ထို့ကြောင့်ယောဟန်က၊ ကောင်းကင် နိုင်ငံတော်သည်တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏။ (မဿဲ ၃း၁-၂) ဟူ၍၎င်း၊ ယေရှုက၊ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" (မဿဲ ၄း၁၇) ဟုဟောခဲ့ကြ သည်။

အနှစ်တထောင်ကာလ၌ တည်ထောင်မည့်နိုင်ငံသည်လည်း ဤလောက၌ဖြစ်သောကြောင့် နောင်တရခြင်းဖြင့် ဝင်နိုင်မည်။  ထိုအရာနှင့်ပတ်သက်၍ ကျမ်းစာက၊ ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပဌနာပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်း ရကြလိမ့်မည်။ သားဦးအတွက် အဘသည် နာကြဉ်းသကဲ့သို့ နာကြဉ်းရကြလိမ့်မည်။ (ဇာခရိ ၁၂း၁၀) ဟုရေးထားသည်။ တဖန်၊ ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်း ရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ (ဗျာဒိတ် ၁း၇) အထက်ပါကျမ်း နှစ်ပိုဒ်အရ သခင်ယေရှု ဘုန်းတန်ခိုးတော်နှင့် ရှင်ဘုရင်အဖြစ် ကြွလာသောအခါ သူ့ကိုထိုးဖောက်သော ဣသရေလလူမျိုးများ နောင်တရသောကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုသူများသည် ဘေးဒဏ်ကြီးကာလ၌ မသေဘဲ ကိုယ်ခန္ဓာအားဖြင့် ကျော်ဖြတ်ပြီး ခရစ်တော်ကြွလာခြင်းကိုမြင်၍ အနှစ်တထောင်ထဲ ဝင်မည့်သူများဖြစ်သည်။

ဒုတိယမွေးဖွားခြင်းအားဖြင့်

ကောင်းကင်နိုင်ငံ၌တည်ထောင်သော နိုင်ငံတော်သည် ဤလောက၌မဟုတ်သောကြောင့် ဒုတိယအကြိမ်၊ ဝိညာဉ်အားဖြင့် မွေးဖွားဘို့လိုသည်၊ ဟုသခင်ယေရှုက နိကောဒင်ထံပြောခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုက၊ ဇာတိ မွေးသော အရာသည် ဇာတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏၊ ဟုဆိုသည်မဟုတ်လော။ ကောင်းကင်နိုင်ငံသည် ဇာတိနိုင်ငံမဟုတ်၊ ဝိညာဉ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ယေရှုက၊ ရေနှင့်ဝိညာဉ်အားဖြင့်မွေး ရမည်၊ ဟုဆိုရခြင်းဖြစ်သည်။ ရေနှင့်မွေးရမည်ဟုဆိုသောအခါ၊ ရေနှစ်ခြင်း၊ ရေဖြန်းခြင်း ဟုယူဆကြပြန်သည်။ ကျမ်းစာထဲ၌ ရေသုံးမျိုးဖေါ်ပြထားသည်။ ၎င်းတို့မှာ (၁) သောက်သုံးရေ (၂) သန့်ရှင်းသောဝိညာဉ်တော် (ယော ၇း၃၇-၃၉) (၃) နှုတ်ကပတ်တော်ရေ (ဧဖက် ၅း၂၆) တို့ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ဆိုလိုသော ရေသည် နှုတ်ကပတ်တော် ရေဖြစ်မည်။ ဝိညာဉ်အားဖြင့် ဒုတိယမွေးဖွားခြင်းကို နှုတ်ကပတ်တော်က ဖေါ်ပြခြင်းကို ဝိညာဉ်တော်က နားလည်မှ ယုံကြည်ခြင်းဖြင့် မွေးဖွားရသည်။ 

လူတိုင်းဝင်ခွင့်ပေးသော်လည်းမဝင်ကြ

ကောင်းကင်အရှင် ဘုရားသခင်က လူတိုင်းကိုသူ၏နိုင်ငံ၌ ဝင်ခွင့်ပေးသော်လည်း၊ လူအများစုသည် ဝင်နိုင်ကြ မည်မဟုတ်ချေ။ သခင်ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သော သူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မဿဲ ၁၉း၂၃-၂၄) အဘယ်ကြောင့် ငွေရတတ်သောသူ တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှသနည်း။ ကောင်းကင်နိုင်ငံဝင်လိုသူသည် လောကဘဏ္ဍာစည်းစိမ်ထက် သခင်ယေရှုကို ရွေးချယ်ဘို့လိုသည်။ သူတို့သည် စည်းစိမ်ကို စွဲလမ်းတပ်မက်သောကြောင့် သခင်ယေရှုကို လက်မခံနိုင် ကြသောကြောင့် ကောင်းကင်ဝင်ခွင့် ဆုံးရှုံးကြသည်။ သင်သည် ကောင်းကင်နိုင်ငံ ဝင်ခွင့်ရရှိသောသူလော၊ သို့မဟုတ် သူဌေးများကဲ့သို့ ဝင်ခွင့်ဆုံးရှုံးသောသူဖြစ်ပါသလော။ သေချာစွာစဉ်းစားပါ။

လူအများစုကောင်းကင်ဝင်ခွင့် ဆုံးရှုံးခြင်းသည် ဘုရားသခင်က မခေါ်ဘိတ်သောကြောင့်မဟုတ်ဘဲ၊ သူတို့အစီ အစဉ်ကို ဦးစားပေးကြသောကြောင့်ဖြစ်သည်။ စားပွဲ၌ လျောင်းသောသူ တယောက်သည်၊ ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏၊ ဟုလျှောက်သော်၊ ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများကို ခေါ်ဖိတ်လေ၏။ ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဖိတ်သော သူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီ၊ ဟုမှာ၍၊ အစေအပါးကို စေလွှတ်၏။ ခေါ်အပ်သောသူ အပေါင်းတို့သည်၊ တညီတညွတ်တည်း ပရိယာယ်ပြုကြ၏၊ တယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ၊ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့၊ ဟုတောင်းပန်လေ၏။ တယောက်က အကျွန်ုပ်သည် နွားငါးယှဉ်းကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့၊ ဟုတောင်းပန်လေ၏။ တယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါ၊ ဟုဆို၏။ အစေအပါးသည် သခင့်ထံသို့ ပြန်လာ၍ ထိုအကြောင်းများ ကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသော သူများကို ခေါ်သွင်းချေ၊ ဟုအစေအပါးကို ဆို၏။ အစေအပါး ကလည်း၊ သခင် စီရင်တော် မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သောနေရာ ထိုင်ရာရှိပါသေးသည်၊ ဟုလျှောက် လေသော်၊ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်းလော့။ အထက်က ခေါ်ဖိတ်သောသူ တယောက်မျှ ငါ့ပွဲသို့မဝင်ရ၊ ငါအမိန့်ရှိပြီ၊ ဟုအစေအပါးကို ဆိုသည်၊ ဟုမိန့်တော်မူ၏။ (လုကာ ၁၄း၁၅-၂၄)

အထက်ပါကျမ်းပိုဒ်အရ လူများတို့သည် ပွဲတည်းဟူသော ကောင်းကင်နိုင်ငံသို့ မဝင်ချင်သောကြောင့် ပရိယာယ် ပြုကြသည်။ မည်ကဲ့သို့ပြုကြသနည်း။ အကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ၊ သွား၍ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့၊ ဟုတောင်းပန်လေ၏။ ထိုသူအတွက် ပွဲသို့လာခြင်းထက် သူဝယ်ထားသောမြေ ကြည့်ဘို့သည်အရေး ကြီးသည်။ သင်သည်ထိုသူကဲ့သို့ ကောင်းကင်မဝင်ချင်ဘဲ ကိုယ်ကိစ္စကိုအလေးထားသောသူဖြစ်နေပါသလော။ တယောက်က အကျွန်ုပ်သည် နွားငါးယှဉ်းကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့၊ ဟုတောင်း ပန်လေ၏။ နွားငါးယှဉ်းသည် လှည်းဆွဲခိုင်းဘို့၊ လယ်ထွန်ခိုင်းဘို့ဖြစ်သည်။ ပွဲသို့လာခြင်းထက် စီးပွားလုပ်ဘို့သည်အ ရေးကြီးစေသည်။ သင်သည်ကောင်းကင်တက်ဘို့ထက် လောကစီးပွားရေးရှာဘို့အရေးကြီးနေပါသလော။ တယောက် က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါ၊ ဟုဆို၏။ ထိုသူအတွက် မိန်းမ၊ မိသားစု သည် ပွဲသို့လာခြင်းထက်အရေးကြီးနေသည်။ များစွာသောသူတို့သည် ကောင်းကင်တက်ဘို့ထက် မိသားစုအရေးသည် အလွန်အရေးကြီးနေသည်။ သင်သည်ထိုသို့သောသူဖြစ်နေပါသလော။ အထက်ပါသုံးဦးသည် ပွဲသို့လာဘို့ဘိတ်ခေါ် ခြင်းကိုခံသော်လည်း၊ နားမလည်သောကြောင့် အခွင့်အရေးဆုံးရှုံးကြသည်။ ထို့နည်းတူ၊ ဣသရေလလူများနှင့် ခရစ်ယာန်အများစုသည် ကောင်းကင်နိုင်ငံဝင်ဘို့ ခေါ်ဘိတ်ခြင်းခံရသော်လည်း ပရိယာယ်ပြုကြသောကြောင့် မဝင်နိုင်ဘဲ ငရဲထဲသို့ဆင်းသွားရကြမည်။ အလွန်သနားစရာ၊ နှမျောစရာဖြစ်သည်။

ဆင်းရဲသူနှင့်အင်္ဂါချို့တဲ့သူများ

ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သော သူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေ၊ ဟုအစေအပါးကိုဆို၏။ အစေအပါးကလည်း၊ သခင် စီရင်တော် မူသည်အတိုင်း ပြုပါပြီ။ ပဌမဘိတ်ခြင်းခံသောသူများသည် ဣသရေလလူများဖြစ်သည်။ သူတို့မလာ သောကြောင့် မြို့လမ်းမကြားမှာရှိသော ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းများကို ခေါ်ဘိတ်သည်။ ထိုသူတို့သည် တပါးအမျိုးသားများဖြစ်သည်။ တပါးအမျိုးသားများထဲမှလည်း၊ တတ်နိုင်သောသူများ၊ ချမ်းသာသောသူများ၊ ပညာရှိများ၊ အရာရှိများသည် ပရိယာယ်ပြုလျက် မလာကြချေ။ သို့သော်၊ ဆင်းရဲသောသူများ၊ နေမကောင်း၊ အင်္ဂါချို့တဲ့သောသူများ၊ ဒုက္ခရောက်သောသူများက ခေါ်ဘိတ်ခြင်းကိုလက်ခံကြသည်။ သင်သည်ထိုသို့ သောသူဖြစ်ပါသလော။ လောကပိုင်း၌ ဆင်းရဲဒုက္ခိတဖြစ်သော်လည်း၊ ကောင်းကင်ဝင်ဘို့ခေါ်ဘိတ်သောအရာ လက်ခံသောသည် မင်္ဂလာရှိသည်။

လူသည်လောက၌ ခဏသာတည်းခိုသော ဧည့်သည်အဂန္တုဖြစ်သည်။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ တနေ့နေ့ဤလောကမှ ထွက်ခွါသွားကြမည့် သူများဖြစ်ကြသည်။ သို့သော်၊ ဤလောက၌ခဏ သက်သာချောင်ချိရေး၊ ဇိမ်ခံဘို့အရေးသာလျှင် ကြိုးစားသောသူများ သည်၊ သနားစရာကောင်းသည်။ ကောင်းကင်ဝင်နိုင်အရေးသည် လုံးဝမဖြစ်နိုင်လျှင် မတတ်နိုင်ပါ။ သို့သော်၊ ဘုရားသခင်က အခမဲ့ဝင်ခွင့်ပေးပါလျက်သားနှင့် မဝင်သောသူများသည် အလွန်မိုက်ပြီး၊ သနားစရာကောင်းသည်။ မိတ်ဆွေ၊ သင်သည်ထိုသို့သောသူမဖြစ်ဘို့ ဆုတောင်းပေးပါသည်။

 

17 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 MAY

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -