သတင်းကောင်းစာစောင်

APRIL 2026

 

၂။ အနှစ်တစ်ထောင်ကာလတွင်တည်ထောင်မည့်နိုင်ငံတော်

 

ခရစ်တော်သည် ပဌမလူဇာတိခံချိန်တွင် ဣသရေလခေါင်းဆောင်များက သူတို့၏ရှင်ဘုရင်အဖြစ် ဘိသိက်မပေးချင်ခဲ့ကြသော်လည်း၊ ဒုတိယအကြိမ်ကြွလာသောအခါ ခမည်းတော်ပေးသောဘိသိက်နှင့် အောင်မြင်စွာ ရှင်ဘုရင်အဖြစ်ကြွလာလိမ့်မည်။ ရှင်ဘုရင်အဖြစ် အုပ်စိုးမည့်အရာများကို ဓမ္မဟောင်း၌ များစွာ ဖေါ်ပြသော်လည်း ဟေရှာယ၌ ဖေါ်ပြချက်များကို လေ့လာကြပါစို့။

 

ဟေရှာယ အနာဂတ္တိ

အခန်း ၂:၁−၄

ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သား ဟေရှာယ ခံရသော ဗျာဒိတ်တော်အချက် ဟူမူကား။ နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော် တည်သောတောင်သည်၊ တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။

နောက်ဆုံးသောကာလ” သည် ထာဝရဘုရား၏ အိမ်တော်တည်ထောင်ချိန်ဖြစ်သည်။

ထာဝရဘုရား၏အိမ်တော်” သည် ယေရုရှလင်ဗိမာန်တော်ကိုဆိုလိုသည်။ ထိုဗိမာန်တော်ကို ရောမစစ်သားများက AD 70 တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေရာ၌ မူစလင်များက သူတို့၏ဗလီကို AD 685-692 တွင်တည်ဆောက်ခဲ့၍ ယခုတိုင်ရှိနေသည်။ ဣသရေလလူများ၏ အဓိကရည်ရွယ်ချက်နှင့် ဆန္ဒတခုသည် ဗိမာန်တော်ပြန်လည် တည်ဆောက်ဘို့ဖြစ်သည်။

အိမ်တော်တည်သောတောင်သည်” အာဗြဟံက သူ့သားဣဇက်ကို ပူဇော်ဘို့တက်ခဲ့သော မောရိတောင်၊ ဒါဝိဒ်မင်းက ယဇ်ပူဇော်ဘို့ ဝယ်ယူသောအာရောန၏ ကောက်နယ်တလင်းဖြစ်သည် (၂ ချုပ် ၃း၁)။

တောင်ကြီးတောင်ငယ်တို့” သည်တကယ့်တောင်များမဟုတ်ပါ။ တိုင်းနိုင်ငံများကို အစိုးရသောအုပ်စိုး သူများကိုဆိုလိုသည်။ ထိုတောင်ကြီးတောင်ငယ်များသည် တပါးအမျိုးသားများ၏ မင်းများကိုဆိုလို သည်။

ထာဝရဘုရား၏ အိမ်တော် တည်သောတောင်သည်၊ တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ ဟူသောအရာသည် ဣသရေလလူမျိုးများကို အုပ်စိုးသောမင်းသည် နောက်ဆုံးသော အချိန်၌ တပါးအမျိုးသားများ၏ မင်းများအပေါ်တွင် ဘုရားသခင်က ချီးမြှောက်မည်၊ ဟုဆိုလိုခြင်း ဖြစ်သည်။ ထိုအချိန်သည် ယုဒရှင်ဘုရင်ယေရှု ကောင်းကင်မှဆင်းသက်လာသောအခါဖြစ်မည်။

ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်တပါးအမျိုးသားများ၊ မင်းများသည် ယေရုရှလင်မြို့ရှိ ဘုရင်ယေရှုထံသို့လာ၍ စည်းဝေးကြလိမ့်မည်။

များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်၊ ဟုခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့်မည်။

များပြားသောသူတို့သည် တပါးအမျိုးသားများဖြစ်သည်။ သူတို့က ထာဝရဘုရား၏တောင်တော် တည်းဟူသော ယေရုရှလင်မြို့သို့ သွားဘို့ရန် တယောက်နှင့်တယောက် နှိုးဆော်ကြလိမ့်မည်။

လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ထိုတပါး အမျိုးသားများသည် သခင်ယေရှုထံတော်မှ လမ်းပြသွန်သင်ခြင်းခံဘို့ရန် သွားကြခြင်းဖြစ်သည်။ ယခု အခါ သခင်ယေရှုကို ဂရုမစိုက်ကြ၊ အလိုမရှိကြ၊ တိုက်ခိုက်ဆန့်ကျင်ကြသော်လည်း ထိုအချိန်တွင် သူ ၏လမ်းညွှန်မှုကိုခံဘို့ရန် ခြေတော်ရာလိုက်ဘို့ရန် သွားကြလိမ့်မည်။ ထိုအချိန်သည် အနှစ်တထောင် အုပ်စိုးသောအချိန်တွင်ဖြစ်မည်။

 ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။

ထာဝရဘုရားသည် သခင်ယေရှုကိုဆိုလိုခြင်းဖြစ်သည်။ သခင်ယေရှုက များပြားသောလူတို့ကို ဆုံးမ တော်မူ၍ ဓါးလက်နက်များကို ထွန်သွားအဖြစ်၎င်း၊ လှံများကို တံစဉ်အဖြစ်၎င်း၊ ထုလုပ်ကြလိမ့်မည်၊ ဟုဆိုသည်။ ထိုအချိန်တွင် တပြည်နှင့်တပြည် စစ်တိုက်ခြင်းရှိတော့မည်မဟုတ်ချေ။ ငြိမ်သက်ခြင်း၏ အရှင် သခင်ယေရှုခရစ်က အုပ်စိုးသောကြောင့် တကမ္ဘာလုံးငြိမ်ချမ်းစွာ နေထိုင်ကြလိမ့်မည်။ ယခုအ ခါ ဘေးဒဏ်ကြီးကာလနီးသောကြောင့် တိုင်းနိုင်ငံတိုင်းစစ်သားစုဆောင်းခြင်း၊ စစ်လက်နက်အသစ်အ ဆန်းများ ပြုလုပ်တီထွင်ခြင်း၊ စစ်တိုက်ခြင်းများ နေ့စဉ်နှင့်အမျှ ကြားသိနေရသည်။ အနှစ်တထောင် ကာလတွင် စစ်အတတ်မသင်ရကြတော့ချေ။ လူတိုင်းလွတ်လပ်စွာ သွားလာလှုပ်ရှားနေထိုင်ကြလိမ့် မည်။ ကျမ်းစာက မဖေါ်ပြသော်လည်း ထိုအချိန်တွင် ရဲများလည်းရှိမည်မဟုတ်ချေ။ အကြောင်းမှာ အပြစ်လုပ်သော ဒုစရိုက်သမားများ ရှိတော့မည်မဟုတ်။

ဟေရှာယ အနာဂတ္တိ

အခန်းကြီး ၉

။ အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဘွယ်တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်၊ ဟုခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။

ဤကျမ်းပိုဒ်ကို ခရစ္စမတ်အချိန်တွင် အများဆုံးဖတ်ရှုပြီး တရားဟောတတ်ကြသည်။ အမှန်မှာ ပဌမစာကြောင်းတကြောင်းသာလျှင် ခရစ္စမတ်နှင့်ဆိုင်သည်။ ကျန်သောစာကြောင်းများသည် အနှစ်တထောင်အုပ်စိုးခြင်းနှင့်ဆိုင်သည်။ ခရစ်တော်ပဌမကြွလာခဲ့စဉ် အုပ်စိုးခြင်းအာဏာ စက်မရှိခဲ့ချေ။ သို့သော်၊ ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ်ကြွလာသောအခါ အထက်ပါပရောဖက်ပြု ချက်ပြည့်စုံလိမ့်မည်။ ခရစ်တော်၏နာမလေးမျိုးကိုဖေါ်ပြသွားသည်။ သူ့ကို အံ့ဩဘွယ်တိုင်ပင်ဘက်၊

တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်၊ ဟုခေါ်ကြလိမ့်မည်။ ထိုနာမများ သည်၊ ဘုရားသခင်၏ဂုဏ်အသရေများဖြစ်သည်။ ယခုလူသားများက သခင်ယေရှုကိုအကြံမတောင်း ကြချေ။ ထို့ထက်၊ လူလူခြင်းကိုသာလျှင် အကြံတောင်းတတ်ကြသည်။ ခရစ်တော်သည် လူဇာတိခံခဲ့စဉ် ၌အနည်းငယ်တန်ခိုးပြခဲ့သော်လည်း နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု၍ တန်ခိုးပြသည်၊ ဟုစွပ်စွဲကြသည် (မဿဲ ၉း၃၄။ မဿဲ ၁၂း၂၄။ မာကု ၃း၂၂။ လု ၁၁း၁၅)။ ခရစ်တော်သည် ထာဝရအဘ လည်းဖြစ်သည်။ သို့သော်၊ သူ့ကိုလက်မခံခဲ့ကြချေ။ ယခုအခါ၊ ကမ္ဘာပေါ်၌ ငြိမ်သက်မှုမရှိခြင်းသည် ငြိမ်သက်ခြင်း၏အရှင် မရှိသေးသောကြောင့်ဖြစ်သည်။ အထက်၌ပရောဖက်ပြုချက်များသည် အနှစ် တထောင်ကာလ၌ အားလုံးပြည့်စုံမည်ဖြစ်သည်။

။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အ တိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့်၊ ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

သခင်ယေရှုသည် အနှစ်တထောင်ကာလ၌ အဘဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်ကာ တကမ္ဘာလုံးကို အုပ်စိုးမည်။ ထိုအချိန်မှစ၍ နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်းဖြောင့်မတ်စွာ တရားစီရင်၍ အုပ်စိုးမည်။ ယခုအခါ တိုင်းနိုင်ငံတိုင်း၌ ငြိမ်သက်ခြင်းမရှိသော်လည်း၊ ခရစ်တော်က အနှစ်တထောင် အုပ်စိုးချိန်မှစ၍ ထာဝရကာလတိုင်အောင် ငြိမ်သက်ခြင်းရှိမည်။ ထိုကာလကို မျှော်လင့်စောင့်စားသင့် သော်လည်း ငြိမ်သက်ခြင်းမရှိသော ဤလောကကို စွဲလမ်းနေကြသေးသည်။

ဟေရှာယ အနာဂတ္တိ

အခန်းကြီး ၁၁

ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့် မည်။ 

ယေရှဲသည် ဒါဝိဒ်၏ဖခင်ဖြစ်သည်။ ယေရှဲအမျိုးအငုတ်ဆိုသည်မှာ ဒါဝိဒ်မင်းမျိုးသည် ဘီစီ ၅၈၅ ခုနှစ်တွင် ဗာဗုလုန်မင်းက နောက်ဆုံးမင်းဇေဒကိကို ဖမ်းသွားချိန်မှစ၍ အတက်မပေါက်တော့ဘဲ အငုတ်ဖြစ်သွားခဲ့သည်။ ထိုယေရှဲ၏အငုတ်သည် အတက်ပြန်ပေါက်မည်၊ ဟုဆိုရာတွင် ယေရှဲ၏သား ဒါဝိဒ်မျိုးမှ သခင်ယေရှု မွေးဖွားလာမည့်အရာကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာကျမ်းစာအုပ်၌ အညွန့် ဟုရေးထားသောအရာသည် အကိုင်းကိုဆိုလိုသည်။ သစ်သီးများသည် များသောအားဖြင့် အကိုင်းမှာ သီးကြသည်။ ပိန်းနဲ၊ ဒူးရင်း၊ သင်္ဘောပင်၊ သဒွတ်ပင်များသည် ပင်စည်မှာသီးသောအပင်များဖြစ်သည်။

သခင်ယေရှုအုပ်စိုးသောအခါ မည်သည့်အသီးများသီးမည်နည်း။ ပေါလုရေးခဲ့သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း များဖြစ်ပေမည် (ဂလာ ၅း၂၂-၂၃)။ ထို့အပြင်ယခုမရှိနိုင် သောတရားမျှတခြင်း၊ သစ္စာစောင့်ခြင်း၊ များလည်းသီးပေလိမ့်မည်။

ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင် သောသတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသော ဝိညာဉ် တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။

သခင်ယေရှု ဤလောက၌အုပ်စိုးသောအခါ အထက်၌ဖေါ်ပြသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘော ကိုပေးသော ဝိညာဉ်တော် သူ့အပေါ်ကျိန်းဝပ်မည်၊ ဟုဆိုသည်။ ယုံကြည်သူများလည်း အသက်တာ၌ ခရစ်တော်ကအုပ်စိုးလျှင် ဉာဏ်ပညာရှိမည်၊ ကြံစည်တတ်စွမ်းနိုင်မည်၊ ထာဝရဘုရားကိုလည်းကြောက် ရွံလိမ့်မည်။ သင်၌ထိုကဲ့သို့သော အရာများရှိပါသလား။

ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊ 

ခရစ်တော်သည် လောက၌လူဇာတိခံခဲ့စဉ် ခမည်းတော်ဘုရားကို ကြောက်ရွံ့ရိုသေခြင်းရှိခဲ့သည်။ သူ ကိုယ်တိုင်၊ ခမည်းတော် ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း၊ သားတော်လည်းပြု၏။ (ယော ၅း၁၉) ဟူ၍၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့လိုက်၏။ (ယော ၅း၃၀) ဟူ၍၎င်း၊ ဆိုခဲ့သည်။ ထို့အပြင်၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။ (ယော ၄း၃၄) ဟုဆိုခဲ့သည်။ ယုံကြည်သူ များလည်း သခင်ယေရှုကဲ့သို့ ဘုရားအလိုတော်အတိုင်း အသက်ရှင်သင့်သည်။

ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကို နှုတ်ကပတ်တော် လှံတံနှင့်ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ ဖြောင့်မတ်ခြင်းနှင့် သစ္စာရှိခြင်းသည်သူ၏ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။ 
သခင်ယေရှုဤလောက၌ အနှစ်တထောင်အုပ်စိုးသောအခါ ဆင်းရဲသားများ၏အမှုကို တရားတော်အ တိုင်းစီရင်မည်၊ ဟုဆိုသည်။ ယခုအခါ၊ အာဏာရှင်အုပ်စိုးသောနိုင်ငံများ၌ အုပ်စိုးသူလူတန်းစားများက တိုင်းသူပြည်သားများကို မတရားသဖြင့်အနိုင်ကျင့် အုပ်စိုးနေကြသည်။ သူတို့ဥစ္စာများကို အတင်းလုယူ သိမ်းစားခြင်း၊ မတရားသဖြင့် ထောင်ချခြင်း၊ အသေသတ်ခြင်းများပြုလုပ်နေကြသည်။ သို့သော် သခင် ယေရှုသည် ဖြောင့်မတ်စွာတရားစီရင်အုပ်ချုပ်မည်။ ထိုနေ့ရက်ကိုမျှော်လင့်ပြီး အသက်ရှင်သင့်သည်။ မတရားသောဤလောက၌ နိုင်ငံရေးလိုက်စားခြင်းဖြင့် တရားမျှတမှုရှိရန် မည်မျှပင်ကြိုးစားသော် လည်းမအောင်မြင်နိုင်ချေ။ ထို့ကြောင့်၊ လူတိုင်းခရစ်တော်အုပ်စိုးသောအသက်တာဖြင့် အသက်ရှင်ဘို့ ရန် ပညာပေးသွေးဆောင်ဘို့လိုသည်။

တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ် များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်နို့စို့သူငယ် သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။

သခင်ယေရှုအုပ်စိုးသောအနှစ်တထောင်ကာလတွင် လူသားများစစ်မတိုက်ရုံသာမက၊ တိရစ္ဆာန်လော က၌လည်း သားရဲများရှိတော့မည်မဟုတ်ချေ။ သားရဲများလည်း နွားများကဲ့သို့မြက်စားကြလိမ့်မည်။ ယခုအခါ လူသားအချင်းချင်းအပေါ် အနိုင်ကျင့်လုယူသတ်ဖြတ်သည်သာမက၊ တိရစ္ဆာန်လောကမှာ လည်း အချင်းချင်းသတ်ဖြတ်ကိုက်စားနေကြသည်။ အနှစ်တထောင်ကာလတွင် တိရစ္ဆာန်များလည်း လူများနှင့်အတူ ယှဉ်တွဲနေနိုင်ကြမည်ဖြစ်သည်။

ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်း ပညာနှင့်ပြည့်စုံလိမ့်မည်။

ငါ၏သန့်ရှင်းသောတောင်တပြင်လုံးဆိုသည်မှာ ခရစ်တော်အုပ်စိုးသော ဤလောကကိုဆိုလိုခြင်းဖြစ် သည်။ မည်သည့်နေရာ၌မျှ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းများရှိတော့မည်မဟုတ်။ ယခုအခါ အာဏာရှင်များ အုပ်စိုးသောနိုင်ငံများနှင့် လူဆိုးများသောင်းကြမ်းသော မြို့များရပ်ကွက်များရှိကြသည်။ ထိုအချိန်တွင် ပင်လယ်သည်ရေနှင့် လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာ နှင့်ပြည့်စုံမည်ဟုဆိုသည်။ မည်မျှလိုချင်စဘွယ်ကောင်းသော အချိန်ဖြစ်မည်နည်း။ လူတိုင်းထိုအချိန်ကို မျှော်လင့်စောင့်စားသင့်သည်။

၁၀ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍၊ လူများအဘို့ ထူသောအလံဖြစ်လိမ့်မည်။ ထိုအလံ၌ တပါးအမျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာ အရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။

ယေရှဲအကြောင်းကို အငယ် ၁ ၌ဖေါ်ပြခဲ့ပြီးပြီ။ ယေရှဲသည်ဒါဝိဒ်၏ဖခင်ဖြစ်၍ ယေရှဲ၏အမြစ်သည် သခင်ယေရှုကိုဆိုလိုခြင်းဖြစ်သည်။ ထို့အကြောင့်သူ့ကို ဒါဝိဒ်၏သားတော် ဟုခေါ်တတ်ကြသည် (မဿဲ ၉း၂၇။ မဿဲ ၁၂း၂၃။ မဿဲ ၁၅း၂၂။ မဿဲ ၂၀း၃၀။ မဿဲ ၂၁း၉။ မဿဲ ၂၁း၁၅။ မာကု ၁၀း၄၇။ လု ၁၈း၃၈)။ ဒါဝိဒ်၏သားတော်၊ ဟုခေါ်ခြင်းသည် ရှင်ဘုရင်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ အလံသည် အောင်မြင်ခြင်း၊ ပိုင်ဆိုင်ခြင်းကိုဖေါ်ပြခြင်းဖြစ်သည်။ ထို့ကြောင့် စစ်တိုက်၍ နယ်မြေသိမ်းပိုက်နိုင် သောအခါ အလံထူတတ်ကြသည်။ မအောင်မြင်၊ မသိမ်းပိုက်နိုင်လျှင် အလံထူ၍မရပါ။ အလံထူရာ၌ တပါးအမျိုးသားများဆည်းကပ်ကြလိမ့်မည်၊ ဟုဆိုသည်။ ယခုအခါ တပါးအမျိုးသားများက သခင် ယေရှုကို လုံးဝဂရုမစိုက်ကြသေးချေ။ ထို့အကြောင့် ဣသရေလလူမျိုးများကို မုန်းတီးကြသည်။ အနှစ် တထောင်ကာလတွင် တပါးအမျိုးသားများက သခင်ယေရှုအုပ်စိုးသော နေရာ၌ဆည်းကပ်ကြလိမ့်မည်။ သခင်ယေရှုသည် ယေရုရှလင်မြို့မှ တကမ္ဘာလုံးကို အုပ်စိုးမည်ဖြစ်သောကြောင့် ယေရုရှလင်မြို့သည် ဘုန်းကြီးမည်။ ယခုအခါ ဝါရှင်တန်မြို့သည် အရေးကြီးဆုံးမြို့ဖြစ်သေးသည်။  

၁၁ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကိုဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့ကို အာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်တဖက်၌ရှိသော ပြည်များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။

ကိုယ်တော်၏လူတို့သည် ဣသရေလလူမျိုးများကို ဆိုလိုခြင်းဖြစ်သည်။ ဘီစီ ၇၂၂-၇၂၀ အတွင်းတွင် မြောက်ပိုင်းလူမျိုးဆယ်မျိုးတို့ကို အာရှုရိနိုင်ငံက သိမ်းယူ၍ ခေါ်ဆောင်သွားခဲ့သည်။ ထိုသူများသည် သူတို့ပြည်သို့ပြန်မလာတော့ဘဲ တိုင်းနိုင်ငံအသီးသီး၌ အိမ်ရှင်နိုင်ငံသားများအကြားတွင် ပျောက်ကွယ် သွားကြသည်။ တောင်ပိုင်းယုဒနိုင်ငံကို ဘီစီ ၆၀၆-၅၈၅ အတွင်း ဗာဗုလုန်နိုင်ငံက သိမ်းပိုက်၍ နှစ်ပေါင်း ၇၀ ပြည့်သောအခါ သူတို့တိုင်းပြည်သို့ပြန်လာခဲ့ကြသည်။ ခရစ်တော်လက်ထက်တွင် ရှိသော လူများသည် ထိုသူများဖြစ်သည်။ သခင်ယေရှုကို သူတို့၏ရှင်ဘုရင်အဖြစ် လက်မခံဘဲ သတ်ဖြတ်ကြ သောကြောင့် အေဒီ ၇၀ တွင် ရောမအစိုးရက ယေရုရှလင်မြို့တွင်း၌နေထိုင်သူများကို သတ်ဖြတ်၍ နယ်၌ရှိသောသူများသည် တိုင်းနိုင်ငံအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ထိုသူများသည် နှစ်ပေါင်း ၁၉၀၀ ကြာလာသောအခါ သူတို့နိုင်ငံသို့ပြန်လာ၍ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးကျေညာ ကာ တိုင်းပြည် ပြန်လည်ထူထောင်ကြသည်။ အထက်၌ဖေါ်ပြသော တိုင်းပြည်များမှ ပြန်လာကြသော ကြောင့် ထိုပရောဖက်ပြုချက်သည် တပိုင်းပြည့်စုံနေပြီဖြစ်သည်။ ယခုအခါ တကမ္ဘာလုံး၌ ဂျူးလူမျိုး ၁၅ သန်းခွဲခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စု၌ ၆ သန်း၊ သူတို့တိုင်းပြည်၌ ၇ သန်း၊ အခြားတိုင်း ပြည်များ၌ နှစ်သန်းခွဲနေထိုင်ကြသည်။ နိုင်ငံခြားတိုင်းပြည်များ၌ ရှိကြသေးသောသူများလည်း အားလုံးပြန်လာကြဦးမည်။

၁၂တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူသဖြင့်၊ နှင်ထုတ်သော ဣသရေလအမျိုးသားနှင့်၊ အရပ်ရပ်ကွဲပြားသော ယုဒအမျိုးသားတို့ကို မြေကြီးလေးမျက်နှာတို့မှခေါ်၍ စုဝေးစေတော်မူလိမ့် မည်။

တပါးအမျိုးသားတို့အဘို့အလံကိုထူတော်မူသဖြင့် ဟုဆိုခြင်းသည် တပါးမျိုးသားများတိုးတက်ကြီး ပွားခြင်းကိုဆိုလိုခြင်းဖြစ်မည်။ အာရပ်နိုင်ငံများသည် အရပ်ရပ်လှည့်လည်သွားလာနေထိုင်တတ်ခဲ့ကြ သော်လည်း၊ ယခုနောက်ဆုံးသောအချိန်၌ ရေနံကြောင့် အလွန်တိုးတက်နေကြပြီ။ ၁၉၄၈ မေလ ၁၄ ရက်နေ့တွင် လွတ်လပ်ရေးကျေညာချိန်မှစ၍ ဣသရေလလူမျိုးများကို အာရပ်နိုင်ငံများမှ နှင်ထုတ်ကြ သဖြင့် နှစ်နှစ်အတွင်းတွင် ၉ သိန်းနီးပါး သူတို့ပြည်သို့ပြန်လာခဲ့ကြသည်။ ဥရောပနှင့်မြောက် အမေရိက နိုင်ငံများ၌လည်း မူစလင်အမြောက်အများ ဝင်လာကြသောကြောင့် ထိုသူများက ဂျူးမုန်းတီး ရေးလှူပ် ရှားမှုပြုလုပ်ကြကာ အနှောက်အယှက်များကြောင့် သူတို့တိုင်းပြည်သို့ ကောက်ကာငင်ကာပြန်သွား တတ်ကြသည်။ ထိုသို့သောအားဖြင့် ဘုရားသခင်က သူတို့တိုင်းပြည်သို့မပြန်ဘဲမနေနိုင်အောင် ဂျူး မုန်းတီးသူများကို အသုံးပြုသည်။

၁၃ဧဖရိမ်အမျိုးသည် ငြုစူသော စိတ်ငြိမ်းလိမ့်မည်။ ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည် လည်း၊ ရန်ပြေကြလိမ့်မည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မငြူစူရ။ ယုဒအမျိုးလည်း ဧဖရိမ်အမျိုးကို ရန်မပြုရ။
ဣသရေလလူမျိုးများ၌ ယုဒအမျိုးသည် ရှင်ဘုရင်အမျိုးဖြစ်သောကြောင့် မာနကြီးကြသည်။ ယောသပ်၏သားငယ် ဧဖရိမ်အမျိုးလည်း အဘိုးယာကုပ်က ကောင်းကြီးပေးသောကြောင့် မာနကြီး သောသူများဖြစ်သည်။ မြောက်ဖက်နိုင်ငံဣသရေလကို ဧဖရိမ်ဟုလည်းခေါ်တတ်သည်။ ထိုနှစ်မျိုး သည် အစဉ်သဖြင့်တိုက်ခိုက်တတ်ကြသည်။ သို့သော်အနှစ်တထောင်ကာလတွင် အမျိုးခွဲခြားခြင်းမရှိ တော့ဘဲ အတူလက်တွဲနေထိုင်ကြမည်။ ယခုအခါ အစ္စရေးတိုင်းပြည်၌ ပြန်လာ၍နေထိုင်ကြသောသူ များသည် သူတို့၏အမျိုးကိုမသိကြတော့ချေ။

 ၁၄သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကိုလိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ ဥစ္စာကို အတူလုယူကြလိမ့်မည်။ ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အ မျိုးသားတို့သည် သူတို့၏ အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။

ဖိလိတ္တိလူများသည် ယခုဂါဇာကမ်းမြောင်ဒေသ၌နေထိုင်သူများဖြစ်သည်။ ထိုသူများကို အစ္စရေးများ ကအကြီးအကျယ်တိုက်ခိုင်နေပြီဖြစ်သောကြောင့် ဟေရှာယဟောသောအရာပြည့်စုံနေချိန်ဖြစ်သည် ဟုဆိုနိုင်သည်။ ကျန်သော အရှေ့ပြည်သားများဖြစ်သော ဧဒုံအမျိုးသား၊ မောဘအမျိုးသား၊ အမ္မုန်အမျိုးသားများသည် ယောဒန်နိုင်ငံနှင့်ဆော်ဒီအာရဗျားနိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများကို ယခုအ ခါ အစ္စရေးက တိုက်ခိုက်အနိုင်ယူအုပ်စိုးခြင်း မပြုလုပ်သေးသောကြောင့် အနာဂတ်မှာပြည်စုံမည်။

၁၅ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏လျှာကို လုံးဝဖျက်ဆီးတော်မူလိမ့်မည်၊ ပြင်းစွာသော လေတော်နှင့်တကွ လက်တော်ကို မြစ်ပေါ်မှာလှုပ်၍၊ ချောင်းခုနစ်သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူ သဖြင့် လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။

 အဲဂုတ္တုပင်လယ်သည် ပင်လယ်နီဖြစ်သည်။ ပင်လယ်နီ၏လျှာသည် လူအတွက်ရန်သူဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ဖျောက်ဖျက်တော်မူမည်၊ ဟုဆိုသည်။ ဣသရေလများ အဲဂုတ္တုကျွန်မှထွက် လာကြသောအခါ အနောက်မှအဲဂုတ္တုစစ်သားများကလိုက်၍ အရှေ့မှပင်လယ်နီက ဆက်သွား၍မရ အောင်ဆီးတားသည်။ ထိုအခါ ထာဝရဘုရားက ထိုပင်လယ်နီကို နှစ်ခြမ်းခွဲခြင်းအားဖြင့် ဆုံးမလိုက် သည်။ အဘယ်ကြောင့် ပင်လယ်၏လျှာ၊ ဟုဆိုသနည်း။ လျှာသည်လူလူချင်းကြား၌ ရန်ဖြစ်စေသော အင်္ဂါဖြစ်သည်။ တိုင်းနိုင်ငံများစစ်တိုက်ခြင်းလည်း လျှာအားဖြင့်အမိန့်ပေးသည်။ လွန်ခဲ့သောနှစ် ပေါင်း ၃၀၀၀ ခန့်၌ ပင်လယ်နီကို မောရှေအားဖြင့်နှစ်ခြမ်းခွဲခဲ့ပြီ။ ဟေရှာယက ထိုပင်လယ်ကို ထာဝရဘုရားက လုံးဝဖျက်ဆီးဦးမည်၊ ပြင်းစွာသောလေတော်နှင့် ထိုမြစ်ကိုလှုပ်၍ ချောင်းခုနစ် သွယ်ဖြစ်စေသဖြင့်၊ လူများခြေနင်းချွတ်စရာမလိုဘဲ ရေတိမ်သောကြောင့် ကျော်သွားကြလိမ့်မည်၊ ဟုဆိုသည်။ ထိုအရာသည် မဖြစ်ဘူးသေးသောကြောင့် အနာဂတ်မှာဖြစ်ဦးမည်၊ ဟုယူဆရသည်။

၁၆ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့သွားရာ လမ်းကြီး ဖြစ်ရလိမ့်မည်။

ဣသရေလအမျိုးသားများ ပင်လယ်နီကို ဖြတ်သန်းခဲ့သကဲ့သို့ ပင်လယ်နီကိုဘုရားသခင်က ဖြတ်သန်း ခွင့်ပေးဦးမည်၊ ဟုဆိုသည်။ ဟေရှာယက ခရစ်တော်အနှစ်တထောင် အုပ်စိုးသောအချိန်တွင် လမ်းမ ကြီး လုပ်ကြမည့်အကြောင်းကို (ဟေရှာယ ၁၁း၁၆။ ဟေရှာယ ၃၅း၈။ ဟေရှာယ ၄၀း၃။ ဟေရှာယ ၆၂း၁၀) ကျမ်းပိုဒ်များ၌ ဖေါ်ပြထားသည်။ အာရှုရိပြည်သည် ယခုခေတ်တွင် အီရတ်ပြည်မြောက်ပိုင်း၊ တူရကီပြည်တောင်ပိုင်း၊ ဆီးရီးယားပြည်အရှေ့မြောက်ပိုင်းနှင့် အီရန်ပြည်အနောက်မြောက်ပိုင်း နိနေဝေမြို့ကြီးဗဟိုပြည်သောပြည်ဖြစ်သည်။

 

ဟေရှာယ အနာဂတ္တိ

အခန်းကြီး ၃၅

 တောနှင့်ခြောက်သွေ့သောမြေသည် ဝမ်းမြောက်လိမ့်မည်။ သဲကန္တာရသည် ဝမ်းမြောက်၍ နှင်းပွင့်ကဲ့သို့ ပွင့်လန်းလိမ့်မည်။အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်၎င်း၊ ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကို၎င်း၊ မြင်ရကြ လိမ့်မည်။

 တောနှင့်ခြောက်သွေ့သောမြေသည် လူသတ္တဝါများမဟုတ်ပါ။ သို့ဖြစ်လျှင်အဘယ်ကြောင့် ဝမ်းမြောက် လိမ့်မည်၊ ဟုဆိုသနည်း။ သဲကန္တာရသည် ရေအလွန်ရှားပါးသောအရပ်ဖြစ်သည်။ နှင်းပွင့်ကဲ့သို့ပွင့်လန်း လိမ့်မည်၊ ဟုဆိုသည်။ လူကဲ့သို့တင်စားခြင်းဖြစ်သည်။ မည်သည့်အချိန်၌ ထိုကဲ့သို့ဖြစ်မည်နည်း။ ခရစ်တော်က အနှစ်တထောင်အုပ်စိုးချိန်၌ဖြစ်မည်။ ယခုအခါ လူသားများက ပင်လယ်ရေငန်ကို ရေချို ဖြစ်အောင်ပြုလုပ်ပြီး သဲကန္တာရများကို စိမ်းလန်းစိုပြေစေနေကြပြီ။ သို့သော်၊ လူလုပ်သောအရာများ သည် အနည်းငယ်သာဖြစ်၍ ခရစ်တော်က အနှစ်တထောင်အုပ်စိုးသောအချိန်တွင် ကမ္ဘာ့ရာသီဥတုနှင့် မြေမျက်နှာပြင်များလည်း အလွန်ပြောင်းလဲလာကြလိမ့်မည်။

 

 အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သောဒူးတို့ကို မြဲမြံစေကြလော့။

အားယူကြလော့။ မစိုးရိမ်ကြနှင့်၊ ဟုကြောက်တတ်သောသူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်။

မင်းဆိုးမင်းညစ်များ၊ အာဏာရှင်များအုပ်စိုးသောနေရာ၌ အားမရှိ၊ စိုးရိမ်ကြောက်လန့်ခြင်းများနှင့် လုပ်ကိုင်စားသောက်နေထိုင်ရကြသည်။ ထိုနေရာမျိုး၌ တရားမျှတမှုလုံးဝမရှိ၊ ရိုးသားစွာအသက်ရှင်လို သူများအတွက် မတရားသဖြင့်အနှိပ်စက်ခံနေရကြသည်။ ယခုကမ္ဘာပေါ်၌ လူမှုဖိနှိပ်ညှဉ်းဆဲမှုအများဆုံး နိုင်ငံများသည် မြောက်ကိုးရီးယား၊ မြန်မာပြည်၊ တရုတ်ပြည်၊ အီရန်နိုင်ငံ၊ အာဖကနစ္စတန်၊ ဆူဒန်နိုင်ငံ၊ ရုရှားနိုင်ငံ များဖြစ်သည်။ တရားသောမင်း၊ ဖြောင့်မတ်သောဘုရင်ယေရှုကြွလာ၍ တကမ္ဘာလုံးအုပ်စိုးသောအခါ အနှိပ်စက်ခံလူများ အလွန်ဝမ်းမြောက်ကြလိမ့်မည်။ သို့သော်၊ ယနေ့အနှိပ်စက်ခံလူသားအများစုသည် ဘေးဒဏ်ကြီးကာလ၌ သေဆုံးကုန်ကြမည်ဖြစ်သောကြောင့် အထက်ဖေါ်ပြသော ဝမ်းမြောက်လွတ်လပ်ခြင်းအရသာကို ခံစားရကြမည်မဟုတ်ချေ။ ဘေးဒဏ်ကြီးကာလကျော်လွှား၍ အသက်ရှင်ကျန်ကြွင်း သောသူတို့သာလျှင်ခံစားရကြမည်။

ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။  

စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။

ခရစ်တော်အုပ်စိုးချိန် အနှစ်တထောင်ကာလ၌ မျက်စိကန်းသောသူမရှိရ၊ အားလုံးမျက်စိမြင်ကြလိမ့် မည်။ နားပင်းသူလည်းမရှိရ။ ထိုအရာကို ပဌမအကြိမ် လူ့ဇာတိခံယူချိန်၌ အနည်းငယ်အကောင်အ ထည်ဖေါ်ခဲ့ပြီ။ (မဿဲ ၉း၂၇။ မဿဲ ၂၀း၂၉။ မာကု ၁၀း၄၆။ လု ၁၈း၃၅)။ ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှ တို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ (မဿဲ ၁၁း၅)။ ထိုအခါ နတ်ဆိုးစွဲသောလူကန်း၊ လူအ တယောက် ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်း၊ လူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ် မတော်မူ၏။ လူအစုအဝေး အပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ် လိမ့်မည်လော၊ ဟုပြောဆိုကြ၏။ ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုး မင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု၊ ဆိုကြ၏။ (မဿဲ ၁၂း၂၂-၂၄) အဘယ်ကြောင့် အထက်ပါ ကဲ့သို့ ဖာရိရှဲများက သခင်ယေရှုကို လက်မခံနိုင်ကြသနည်း။ သူတို့ဝိညာဉ်မျက်စိကန်းသောကြောင့်ဖြစ် သည်။ သို့သော်၊ ရှင်ဘုရင်အဖြစ် အနှစ်တထောင်အုပ်စိုးသောကာလတွင်မူ သူ့ကိုလက်ခံ၍ နာသောသူ မရှိရတော့ချေ။

 ခြောက်သွေ့သောမြေသည် ရေကန်ဖြစ်လိမ့်မည်၊ ရေငတ်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့် မည် မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့်ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်။

ဘေးဒဏ်ကြီးကာလအတွင်းတွင် မြေငလျှင်လှူပ်ခြင်းကြောင့်၎င်း၊ ဘုရားသခင်၏တန်ခိုးတော်ကြောင့် ၎င်း၊ ကမ္ဘာ့မြေမျက်နှာပြင်များနှင့် မြစ်ချောင်းများလည်း အပြောင်းအလဲရှိလိမ့်မည်။ ပရောဖက်ယေဇကျေလအားဖြင့်လည်း ဤသို့ရေးထားသည်၊

၁။ ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန် ငါ့ကိုဆောင်ခဲ့၍၊ တံခါးခုံအောက်မှ အရှေ့ဘက်သို့ ထွက်သောရေကို ငါမြင်၏။ အိမ်တော်ဦးသည် အရှေ့သို့ မျက်နှာပြု၍၊ ရေသည် အိမ်တော်တံခါးခုံ လက်ျာအောက် ယဇ်ပလ္လင်တော် တောင်ဘက်မှ စီးသွားလေ၏။

၂။ တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးလမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှ စီးသောရေကို ငါမြင်၏။

၃။ ကြိုးကိုကိုင်သော သူသည် အရှေ့သို့ သွားပြီးလျှင်၊ အတောင်တထောင် စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည်ဖမျက်သို့ မှီလေ၏။

၄။ တဖန် အတောင်တထောင် စေ့အောင်တိုင်း၍၊ ရေကူးစေပြန်လျှင် ရေသည်ဒူးကို မှီလေ၏။ တဖန် အတောင်တထောင် စေ့အောင် တိုင်း၍၊ ရေကူးစေပြန်လျှင် ရေသည် ခါးကိုမှီလေ၏။

၅။ တဖန် အတောင် တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီဘဲ ကူးရသောမြစ် ဖြစ်၏။

၆။ ထိုသူက၊ အချင်းလူသား ဤအရာကို မြင်ပြီမဟုတ်လော၊ ဟုပြောပြီးမှ တဖန် ငါ့ကိုခေါ်သွား၍ မြစ်နားသို့ ပြန်စေ၏။။

၇။ ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင်၏။

၈။ ထိုသူကလည်း ဤရေသည် အရှေ့သို့စီး၍၊ တောကိုလျှောက်ပြီးမှ အိုင်ထဲသို့ ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။

၉။ အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေ ရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍ အလွန်များစွာသော ငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့် ရောက်သမျှသော အရပ်တို့၌ သတ္တဝါ အမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။

၁၀။ အိုင်နားမှာ တံငါတို့သည်ရပ်၍ အင်္ဂေဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။

၁၁။ ရွှံ့ပွက်ရေနှင့် ရွှံ့အိုင်ရေမူကား၊ မချိုရ၊ အစဉ်ငန်ရလိမ့်မည်။

၁၂။ မြစ်ကမ်းနား နှစ်ဘက်၌ စားစရာကောင်းသော အသီးအပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ အရွက်လည်း မညှိုးနွမ်းရ၊ အသီးလည်း မပြတ်ရ။ လတိုင်းအစဉ် နုသောအသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ ထိုရေသည် သန့်ရှင်းရာဌာနထဲက ထွက်သတည်း။ အသီးသည် စားစရာအဘို့ ဖြစ်သည်။ အရွက်သည်လည်း အနာရောဂါ ငြိမ်းစေရာဘို့ ဖြစ်သည်၊ ဟုငါ့အားပြောဆို၏။ (ယေဇ ၄၇း၁-၁၂)

ပရောဖက်ယေဇကျေလအားဖြင့် ဘုရားသခင်ကဖေါ်ပြသောအထက်ပါ မြစ်သည် အချို့သောသူများ က ပုံဆောင်ချက်အနေနှင့် အနက်ပြန်သူရှိသကဲ့သို့ အမှန်တကယ် ယေရုရှလင်မြို့မှ မြစ်ရေစီးဆင်းမည် ဟုယူဆသူများလည်းရှိသည်။ ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာမရှိချေ။ မြစ်သည်အိုင်တည်းဟူ သော ပင်လယ်သေ၌ စီးဝင်မည်ဟုဆိုသည်။ ပင်လယ်သေသည် ယခုအခါအလွန်ငန်သောကြောင့် သက် ရှိသတ္တဝါ မရှိချေ။ ထို့ကြောင့် ပင်လယ်သေဟုခေါ်သည်။ အနှစ်တထောင်ကာလ ခရစ်တော်အုပ်စိုး သောအခါ ယေရုရှလင်မြို့မှအသက်ရေစီးမည့်အကြောင်းကို ဇာခရိကလည်း ဤသို့ရေးသားခဲ့သည်၊

ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ် (ပင်လယ်သေ) သို့တဝက်၊ အနောက် ပင်လယ်(မြေထဲပင်လယ်) သို့တဝက် စီးသွားလိမ့်မည်။ (ဇာခရိ ၁၄း၈) အရှေ့သို့စီးသောရေသည် ပင်လယ်သေကို အသက်ပြန်ရှင်စေမည်ဖြစ် သည်။ ပင်လယ်သေ၌ ငါးအလွန်များပြီး တံငါသည်များလည်း ပိုက်ကွန်များချမည်၊ ဟုဆိုသည်။ မြစ်တ ဖက်တချက်၌လည်း စားစရာကောင်းသော သစ်သီးပင်အမျိုးမျိုးပေါက်မည်ဟုဆိုသည်။

 ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကိုသန့်ရှင်းရာလမ်း၊ ဟုသမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကိုမရှောက်မသွားရ။ မိုက်သောသူသော်လည်း ထိုလမ်းပေါ်၌ လျှောက်သောအခါ လမ်းမလွဲရ။ ၉ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မတက်မလာရ၊ ရှာ၍မတွေ့ရ။ ရွေးနှုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်။

 လမ်းမကြီးနှင့်ပတ်သက်၍ (ဟေရှာယ ၁၁း၁၆။ ဟေရှာယ ၃၅း၈။ ဟေရှာယ ၄၀း၃။ ဟေရှာယ ၆၂း၁၀။ ယေရမိအ ၃၁း၂၁) များ၌ဖေါ်ပြထားသည်။ လမ်းမကြီး၏နာမည်သည် သန့်ရှင်းရာလမ်း၊ ဖြစ်သည်။ ထို လမ်းသည် မည်သည့်နေရာများကို ဆက်သွယ်သောလမ်း၊ ဟုမဖေါ်ပြသောကြောင့် ခန့်မှန်းဘို့လိုသည်။ ခရစ်တော်၏နန်းထိုင်ရာယေရုရှလင်မြို့မှ အစပြုမည့်လမ်းဖြစ်လိမ့်မည်။ ထိုလမ်းနှင့်ပတ်သက်၍၊ များပြားသော သူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်၊ ဟုခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော် သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့် မည်။ (ဟေရှာယ ၂း၃) ဟူသောအရာဖြစ်လိမ့်မည်၊ ဟုယူဆရသည်။ ထိုလမ်း၏ထူခြားချက်များမှာ မစင်ကြယ်သောသူ ရှောက်၍မသွားရသောလမ်းဖြစ်မည်။ ထို့အပြင် မိုက်သောသူတည်းဟူသော အသောသူပင်လျှင် မပျောက်နိုင်သောလမ်းဖြစ်သည်။ ယနေ့လူများဖေါက်သောလမ်းများ၌ အပြစ် ဒုစရိုက်သမားများလည်း သွားလာနေကြသည်။ ထို့အပြင်၊ မကျွမ်းကျင်သောသူများခဏခဏ လမ်းပျောက်တတ်ကြသည်။ ထိုမျှသာမကသေး ထိုလမ်းမ၌ ခြင်္သေ့မရှိရ၊ သားရဲတကောင်မျှမတက် မလာရ၊ ရှာ၍ပင်မတွေ့ရ၊ ဟုဆိုသည်။ ရွေးနှုတ်သောသူတို့သာလျှင် သွားရသောလမ်းဖြစ်သည်။

 ၁၀ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍၊ သီချင်းဆိုလျက် ထာဝရဝမ်းမြောက်ခြင်း သရဖူကိုဆောင်းလျက်၊ ဇိအုန်မြို့သို့ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။

အနှစ်တထောင်ခရစ်တော်အုပ်စိုးသောအချိန်တွင် ထာဝရဘုရားကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ ဝမ်းနည်းညည်းတွားခြင်းမရှိတော့ဘဲ သီချင်းဆိုလျက် ထာဝရဝမ်းမြောက်ခြင်းသရဖူ ဆောင်းလျက် ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့သို့ရောက်ကြလိမ့်မည်၊ ဟုဆိုသည်။ ယခုအခါ ယေရုရှလင်မြို့သည် နိုင်ငံခြားမှ ပြန်လာသောလူများကြောင့် အစ္စရေးနိုင်ငံတွင် လူဦးရေ တသန်းဖြင့် အကြီးဆုံးသောမြို့ဖြစ်နေပြီ။ အထက်၌ ပရောဖက်ပြုသောအရာ တပိုင်းပြည့်စုံနေပြီ၊ ဟုဆိုနိုင်သည်။ သို့သော် အီရန်နှင့်တပည့်အများရန်ကြောင့် ငြိမ်သက်စွာမနေနိုင်ကြသေးချေ။

 

ဟေရှာယ အနာဂတ္တိ

အခန်းကြီး ၆၅

မိုးကောင်းကင်နှင့် မြေကြီးသစ် အနှစ်တထောင်ကာလ

(ဟေရှာယ ၆၅း၁၇-၂၅)

၁၇ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

ဘုရားအသစ်ဖန်ဆင်းမည့် မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ခရစ်တော်ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာသောအခါ တည်ထောင်မည့် အနှစ်တထောင်ကာလဖြစ်သည်။ ထာဝရကာလ၌ရှိ မည့်မိုးကောင်းကင်နှင့်မြေကြီးမဟုတ်ပါ။ ယခုကျွန်ုပ်တို့နေထိုင်သောမြေကြီးနှင့်မိုးကောင်းကင်သည် အရင်မိုးကောင်းကင်နှင့်မြေကြီး၊ ဟုဆိုသည်။ အနှစ်တထောင်ကာလတွင် ယခုမြေကြီးကိုသတိရကြ တော့မည်မဟုတ်ချေ။

၁၈ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊ သင်တို့သည်အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကိုရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။

အနှစ်တထောင်ကာ၌ တည်ထောင်မည့်မြေကြီးနှင့် ယေရုရှလင်မြို့သည် သင်တို့တည်းဟူသော ဣသရေလလူမျိုးများ ဝမ်းမြောက်ရွှင်လန်းစေမည့်အရာဖြစ်သည်။ ယခုအခါ ဣသရေလလူမျိုးများ သည်၊ ရန်သူအမျိုးမျိုးကြောင့် အစဉ်သဖြင့် စိုးရိမ်ပူပန်သော်လည်း ကမ္ဘာပေါ်၌ ဝမ်းအမြောက်ဆုံး စာရင်း၌ ပါဝင်သည်။ အချင်းချင်းမတဲ့သော်လည်း အရေးအကြောင်းရှိလျှင် တလုံးတဝတည်း စစ်တိုက် တတ်သည်။ အချင်းချင်းတွေ့ဆုံသောအခါ လက်တွဲကခုန်တတ်ကြသည်။ သခင်ယေရှုအုပ်စိုးသော အနှစ်တထောင်ကာလတွင် ယခုထက်သာ၍ ဝမ်းမြောက်ကြလိမ့်မည်၊ ဟုဘုရားသခင်ကိုယ်တော်တိုင် ကအထက်ပါကဲ့သို့ ဆိုထားသည်။

၁၉ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့်ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ

သခင်ယေရှုသည် ယေရုရှလင်မြို့ကြောင့်ငိုကြွေးခဲ့ကြောင်း ဤသို့ရေးထားသည်၊ ယေရုရှလင်မြို့ အနီးသို့ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊ အချင်းမြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော အရာတို့ကို၊ သင်၏လက်ထက် ယခုကာလ၌ ပင်သင်သည် သိရလျှင်၊ မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက်ရှိ၏။ အကြောင်းမူကား၊ သင့်ကိုကြည့်ရှု ပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍၊ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊ သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသော အချိန်ကာလသည်၊ ရောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ (လုကာ ၁၉း၄၁-၄၄)။ သို့သော်အနှစ်တထောင်ကာလ၌ တည်ထောင်မည့်ယေရုရှလင်မြို့ကြောင့် သခင်ယေရှု နှင့်တကွ ဣသရေလလူမျိုးများလည်း ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။

၂၀ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ။ အသက်မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိ လျက်သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တရာ ရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏။

ထာဝရကာလမှာရှိမည် ယေရုရှလင်မြို့၌ သူငယ်ရှိတော့မည်မဟုတ်၊ အကြောင်းမူကား ထာဝရကာလ၌ နှစ်ရေတွက်ခြင်းမရှိတော့ချေ။ အနှစ်တထောင်ကာလ၌ ရှိမည့်မြေကြီးသစ်နှင့် ယေရုရှလင်မြို့၌ အသက်တရာရှိသောသူကို သူငယ်ဟူ၍မှတ်ရသောကြောင့် လူကြီးများသည် သူငယ်၏ဆယ်ဆဖြစ် သော အနှစ်တထောင်အသက်ရှင်ကြလိမ့်မည်။ ယခုကာလကဲ့သို့ ခဏခဏလူသေမရှိရ။ သို့သော် ဘုရားစကားနားမထောင်သောသူများသည် ကျိန်ခြင်းခံရ၍ သေကြဦးမည်။ သေခြင်းနှင့်ကျိန်ခြင်း ရှိသေးသောကြောင့် ထာဝရကာလမဟုတ်သေးကြောင်းထင်ရှားသည်။

၂၁ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ ၂၂သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏ အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသော အရာကို ကြာမြင့်စွာ သုံးဆောင်ကြလိမ့်မည်။

 ခရစ်တော်က၊ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ၊ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။ (ယော ၁၄း၂-၃) ထာဝရကာလ၌ လူများအိမ်ဆောက်တော့မည်မဟုတ်၊ ဘုရားဆောက်ပြီးသောအိမ်၌နေရကြလိမ့်မည်။ အထက်ပါကျမ်းပိုဒ်၌ လူများအိမ်ဆောက်ကြဦးမည် ဖြစ်သောကြောင့် အနှစ်တထောင်ကာလဖြစ်ကြောင်း ထင်ရှားသည်။ ထိုမျှသာမက လူများစပျစ်ဥယျာဉ် လည်းပြုလုပ်၍ စပျစ်ပင်များလည်း စိုက်ကြဦးမည်။ သခင်ယေရှုက၊ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုး အသစ်ကို၊ ငါ့ခမည်းတော်၏နိုင်ငံ၌၊ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍၊ တဖန် ငါမသောက်ရ၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၆း၂၉) ဟုဆိုခဲ့သည်။ ကောင်းကင်၌ စားသောက်ခြင်းရှိတော့ မည်မဟုတ်။ ထို့ကြောင့်၊ စားသောက်ခြင်းရှိသောနေရာသည် အနှစ်တထောင်ကာလဖြစ်သည်။

 ၂၃ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။

အနှစ်တထောင်ကာလ၌ နေထိုင်ကြသောသူတို့သည် အချည်းနှီးသော အလုပ်ကို လုပ်ဆောင်ရကြတော့ မည်အဟုတ်၊ ဟုဆိုသည်။ ထို့အပြင် အသက်တိုသောသားများ မမွေးဖွားမည့်အကြောင်း ပြောထားရ သားသမီးများသေဆုံးသောကြောင့် ဝမ်းနည်းကျေကွဲတတ်သော မိဘများအတွက် အလွန်မျှော်လင့်စရာ ကောင်းသည်။ ထိုသူများသည် ထာဝရဘုရားပေးသော ကောင်းကြီးမင်္ဂလာခံစားသောသူများဖြစ်ကြ လိမ့်မည်။ အကြောင်းမှာ သခင်ယေရှုစကားနားထောင်ကြသောကြောင့်ဖြစ်မည်။

၂၄ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။

ယခုအခါ ယုံကြည်သူများ ဘုရားကိုခေါ်သော်လည်း ဘုရားကချက်ချင်းမထူးတတ်ချေ။ ဆုတောင်းခြင်း သည် အချိန်ကုန်၊ ပင်ပန်းခြင်း၊ ဟုထင်ရတတ်သည်။ သို့သော်၊ အနှစ်တထောင်အုပ်စိုးချိန်၏ ထူးခြား ချက်တခုသည် ဘုရားကို မခေါ်မှီကပင်ထူးမည်၊ လျှောက်ထားစဉ်ပင်နားထောင်မည်၊ ဟုဆိုသော ကြောင့် အလွန်အားရစရာကောင်းမည်။

၂၅တောခွေးနှင့်သိုးသငယ်တို့သည် အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ 

အနှစ်တထောင်ကာလတွင် သားယဉ်နှင့်သားရဲတို့ အတူတကွကျက်စားကြလိမ့်မည်၊ ဟုဆိုသည်။ ထိုအရာကို ဟေရှာယ ၁၁း၆ တွင်လည်း တွေ့ခဲ့ရပြီ။ မြွေသည် ယခုအခါ အသားကိုသာ စားသေးသည်။ ထိုအချိန်တွင်မူ မြေမှုန့်ကိုသာစားမည်၊ ဟုဆိုသောကြောင့် ကြောက်စရာလိုတော့မည်မဟုတ်။ 

25 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 APR

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -