1

Commentary: Hebrew

Home   >   Bookstore    >   Hebrew

hebrew

ဟေဗြဲကျမ်း အနက်ဖွင့်ခြင်း

သိက္ခာတော်ရ ဆရာမောဇက်ထောင်ကျုံး

COMMENTARY OF HEBREW IN BURMESE
Copyright 2016-y © Moses R. Cung

.

မာတိကာ

.

^
နိဒါန်း

ဟေဗြဲကျမ်းသည် ဘုရားသခင်ကို မည်ကဲ့သို့ ဝတ်ပြုကိုးကွယ်ရမည်ကို ဖေါ်ပြသောကြောင့် အလွန် အရေးကြီးသော ကျမ်း ဖြစ်သည်။ ဤကျမ်းကို မသိသောအခါ ဘုရားသခင်ကို စိတ်အားထက်သန်စွာ ကြိုးစားကိုးကွယ်သော်လည်း အကျိုးမရှိချေ။ ဘုရားသခင်က သူ့ကို မည်ကဲ့သို့ကိုးကွယ်ရမည်ဟူသောအရာကို ဤကျမ်းစာထဲ၌ ဖေါပြထားပါသည်။ ဣသရေလလူများကစိတ်အားထက်သန်စွာကြိုးစား၍ ကိုးကွယ်ခဲ့ကြသော်လည်း အချည်းနှီးဖြစ်ကြောင်း၊ ဟေရှာယကဤကဲ့သို့ ရေးထားခဲ့သည်၊ “ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။” (ဟေရှာ ၂၉:၁၃)။ ထိုအရာကို ခရစ်တော်ကဤသို့ ကူးကားခဲ့သည်၊ “ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏” (မ ၁၅:ရ-၉)။ ရှင်ပေါလုကလည်း၊ “ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကိုဆုတောင်း လေ့ရှိ၏။ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါ သက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားကိုမသိဘဲ၊ ကိုယ်​ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။” (ရော ၁၀:၁-၃)ဟု ရေးခဲ့သည်။ အဘယ်ကြောင့် ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို အချည်းနှီးကိုးကွယ်ခဲ့ကြသနည်း။ အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်ကြသနည်းဟူမူကား၊ ဘုရား၏ အလိုတော်ကို နားမလည်သောကြောင့်ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ထိုသို့မမှားရလေအောင် ကျမ်းစာကိုဖတ်ရှုလေ့လာဘို့လိုသည်။

အရိပ်ကိုပြည့်စုံစေ

ဟေဗြဲကျမ်းသည် ဝတ်ပြုရာကျမ်းနှင့် ဆက်စပ်မှုရှိသည်။ ဝတ်ပြုရာကျမ်း၌ မည်ကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်မည့် အကြောင်းများဖေါပြ၍အရိပ်ဖြစ်သည်။ ဟေဗြဲကျမ်းသည် မည်ကဲ့သို့ ခရစ်တော်ကလူတိုင်း အတွက်ကိုးကွယ်ပေးခဲ့ကြောင်း များကို ဖေါ်ပြသည်။ ခရစ်ဝင်ကျမ်း ဖြစ်သော မဿဲ၊ မာကု၊ လုကာ၊ ယောဟန်များက ခရစ်တော်၏ သက်တော်စဉ်ကို ဖေါ် ပြသည်။ ပေါလု၊ ယောဟန်၊ ပေတရုတို့ ရေးထားသော ဩဝါဒကျမ်းများက၊ ခရစ်တော်၏ လုပ်ဆောင်မှု များကို ရှင်းပြသော်လည်း မပြည့်စုံနိုင်သေးချေ။ ဟေဗြဲကျမ်းက၊ အရိပ်ဖြစ်သော ဓမ္မဟောင်းကျမ်းမှဘုရားကိုးကွယ်နည်းများ၏ ပြည့်စုံခြင်းကို ဖေါ်ပြထားသည်။

သာ၍ကောင်းသော

ဟေဗြဲကျမ်းသည် “သာ၍ ကောင်းသော ကျမ်း” ဟုဆိုနိုင်သည်။ အခန်းကြီး ၁ ၌ သခင်ယေရှုသည် ဖန်ဆင်းရှင်ဘုရား ဖြစ်ကြောင်းကို ဖေါ်ပြသွားသည်။ ထိုအပြင်သူသည် ကောင်းကင်တမန် များထက် သာ၍ ကြီးကြောင်း ကိုလည်း ဖေါ်ပြသွားသည်။ ဣသရေလ လူများ၏ ယဇ်ပုရောဟိတ် ထက် ကောင်းသော ယဇ်ပုရောဟိတ်သည် ခရစ်တော် ဖြစ်ကြောင်း၊ တိရစ္ဆာန် ယဇ်ကောင် များထက် ကောင်းသော ယဇ်ကောင်၊ သာ၍ ကောင်းသော တဲတော်၊ သာ၍ ကောင်းသော ပဋ္ဋိညာဉ်တရားများရှိကြောင်းကို ဖေါ်ပြသွားသည်။ ထို့ကြောင့် ဟေဗြဲကျမ်းသည် “သာ၍ကောင်းသော” ဟု ခေါင်းစဉ်တပ်နိုင်သည်။ ဤစာအုပ်သည် ဟေဗြဲကျမ်း၏ ဆိုလိုရင်းများကို ဖေါ်ပြသော အနက်ဖွင့်ကျမ်းဖြစ်သည်။ သို့သော်အသေးစိတ်မဟုတ်၊ သာမန်ယုံကြည်သူတိုင်းဖတ်နိုင်ဘို့ရန် အဓိကလိုအပ်ချက်များကိုသာဖေါ် ပြထားသည်။ အခန်းကြီး နှင့် အခန်းငယ်အလိုက်ရှင်းပြသော စာအုပ်ဖြစ်သည်။ စာဖတ်သူကို ဘုရားရှင်မျက်စိပွင့်စေပြီး၊ ထိရောက်စွာ ဘုရားကိုးကွယ်ရာတွင် အထောက်အကူဖြစ်နိုင်ပါစေ။

  မေးခွန်းများ

၁။ ဟေဗြဲကျမ်းသည်အဘယ်ကြောင့်အရေးကြီးသနည်း။………………………………….

၂။ စိတ်အားထက် သန်စွာဖြင့် ဘုရားကိုးကွယ်ခြင်းသည် လုံလောက်ပါသလား။ ………………………………….

၃။ ဟေရှာယက ဣသရေလ လူများသည် ဘုရားကို ဘာနှင့် ကိုးကွယ်သည်ဟုဆိုသနည်း။ ………………………………….

၄။ သခင်ယေရှုက ဣသရေလ လူများ၏ကိုးကွယ်ခြင်းသည် ဘာဖြစ်သည်ဟုဆိုသနည်း။ ………………………………….

၅။ ဣသရေလ လူများ ကယ်တင်ခြင်းသို့ရောက်ပါသလား။ အဘယ်ကြောင့်နည်း။ ………………………………….

၆။ ဟေဗြဲကျမ်းသည်အဘယ်ကျမ်း၏ ပြည့်စုံခြင်းဖြစ်သနည်း။ ………………………………….

ရ။ ဟေဗြဲကျမ်းကို မည်ကဲ့သို့ ခေါင်းစဉ်ပေးနိုင်သနည်း။ အဘယ်ကြောင့်နည်း။ ……………………………..

 

ဟေဗြဲ (၁)

ယေရှုခရစ်သည်ဘုရားဖြစ်သည်

၁။ ရှေးလွန်လေပြီး သောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူ သော ဘုရားသခင်သည် ၊ ဤနောက်ဆုံးကာလ အခါ၊ မိမိသားတော် အားဖြင့်၊ ငါတို့အား ဗျာဒိတ်တော် ပေးတော်မူပြီ။
ဘိုးဘေးတို့ ဆိုသည်မှာ ဣသရေလ လူများ၏ ဘိုးဘေးများ ဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ မှစ၍ မောရှေ၊ အာရုန်နှင့် ဒါဝိဒ်မင်း၊ ပရောဖက် များကို ဆိုလိုသည်။ ထိုသူများ ထံ၌ ဘုရားသခင်သည် ၊ ကောင်းကင်တမန် အားဖြင့်သော်၎င်း၊ အသံတော် အားဖြင့်၎င်း၊ နိမိတ်လက္ခဏာ၊ အိပ်မက်ရူပါရုံများအားဖြင့်၎င်း၊ စကားပြောတတ်သည်။ ဘုရားသခင်က မေရိအံနှင့် အာရုန်ထံ၌ ဤသို့ ဆိုခဲ့သည်၊ “ထာဝရဘုရား ကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့်ကိုယ်ကိုပြမည်။” (တော ၁၂:၆)။ သို့သော် ဟေဗြဲဆရာက၊ ဤနောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် မိမိသားတော် ( ယေရှုခရစ်)အားဖြင့် ငါတို့ကို စကားပြောပြီဟုဆိုသည်။ ထို့ကြောင့် ယောဟန်က ခရစ်တော်ကို “နှုတ်ကပတ်တော်” ဟု ခေါ်ရခြင်း ဖြစ်သည်။ (ယော ၁:၁-၃)။ ​ကျွန်ပ်တို့ မူကား ခရစ်တော်ကို မမှီသောကြောင့် ကျမ်းစာအားဖြင့် စကားပြောသည်။
၂။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံ သခင်အရာ၌ ခန့်ထား တော်မူ၏။ သားတော် အားဖြင့်လည်းလောက ဓာတ်တို့ကိုတည်တော်မူ၏။
သားတော် တည်းဟူသောခရစ်တော်သည် ဘုရားသခင်၏ အမွေအားလုံးကို ခံဘို့ရန် ဘုရားသခင်က ခန့်ထားသည်ဟုဆိုသည်။ ထိုအမွေခံမည့်အရာကို ဆာလံဆရာကဤသို့ရေးသားခဲ့ပြီ၊ “င့ါကိုတောင်းလော့၊ ၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ငါပေးမည်၊ ၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။” (ဆာ ၂:၈)။ သားတော်သည် ဖန်ဆင်းရှင်လည်းဖြစ်သည်။ ဖန်ဆင်းရှင်ဖြစ်သောကြောင့် သားတော်သည် ဘုရားဖြစ်သည်။ အကြောင်းမှာ ဘုရားကသာလျှင်ဖန်ဆင်းနိုင်သည်။ ဖန်ဆင်းခြင်းသည် မရှိသောအရာထဲမှရှိအောင်ပြုလုပ်ခြင်းဖြစ်သည်။ လူသည် ဘုရားဖန်ဆင်းပြီးသောအရာများထဲမှ ပြုလုပ်တတ်သည်။ ခရစ်တော်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ယောဟန်ကလည်း ဤသို့ ရေးထားသည်၊ “ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။” (ယော ၁:၁၀)။ ပေါလုကလည်းဖန်ဆင်းရှင်ဖြစ်ကြောင်းရေးထားသည်၊ “ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသောရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ္ဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။” (ကော ၁:၁၆) သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာသူဖန်ဆင်းထားသောလူသားများကသူ့ကို မသိသောကြောင့် လက်မခံခြင်းဖြစ်သည်။ “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။ ထိုသူကိုလက်ခံသမျှသော သူတည်း ဟူသောကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကိုပေးတော်မူ၏။” (ယော ၁:၁၀-၁၂)

၃။ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဍာန်ဖြစ်၍ ၊ တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။

ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့်ဇာတိအဖြစ် တော်၏ ပုံသဏ္ဍာန်ဖြစ်၍၊” သားတော်သည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ်ပြသည်ဟုဆိုသည်။ ထို့ကြောင့် ဖိလိပ္ပုကခရစ်တော်ထံခမည်းတော်ကို ပြဘို့ တောင်းဆိုသောအခါ ခရစ်တော်က၊ “ဖိလိပ္ပုဤမျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုမြင်၏။” (ယော ၁၄:၉)ဟုဖြေခဲ့သည်။ တဖန် ကျမ်းစာက၊ “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည်၊ ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” (ယော ၁:၁၈)ဟုရေးထားသည်။ ထို့ကြောင့် သားတော်ကို မြင်သောသူသည် ခမည်းတော်ကို မြင်သကဲ့သို့ဖြစ်သည်။ ရှင်ပေါလုကလည်း၊ “ထိုသားတော်သည်၊ မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။” (ကော ၁:၁၅)ဟုရေးထားသည်။ သားတော်ကို သူ့ခေတ်လူများကမြင်ခဲ့ကြသော်လည်း၊ ယခု​ကျွန်ပ်တို့ကမမြင်ရပါ။ သို့သော် ၊ ထိုခေတ်ကလူများသည်၊ ယခုခေတ်လူများကဲ့သို့သော ပုံသဏ္ဍာန်ရှိကြသောကြောင့်၊ ဘုရားသခင်သည် ​ကျွန်ပ်ကဲ့သို့ဖြစ်သည်ဟုသိနိုင်သည်။ ခရစ်တော် ဤလောကသို့ ကြွလာခြင်း၏ အကြောင်းရင်းများစွာအထဲမှတခုသည်ဘုရား၏ ပုံသဏ္ဍာန်ကို ဖေါ်ပြဘို့ရန်ဖြစ်သည်။

တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို၊ မစ တော်မူသောသူဖြစ်လျက်၊ ” “he upholds the universe by the word of his power” ဤလောကကို အမိန့်တော်နှင့်မစ၊ အုပ်ချုပ်၊ ချုပ်ကိုင်လျက်ရှိသည်။ သမတများသည် အမိန့်တော်အားဖြင့်၊ တိုင်းပြည်ကို အုပ်ချုပ်တတ်သကဲ့သို့၊ သားတော်သည်လည်း သူဖန်ဆင်းထားသောအရာအားလုံးကို၊ အမိန့်တော်အားဖြင့်၊ အုပ်ချုပ်၊ မစ၊ ညှိညွတ်လျက်ရှိသည်။

ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့်၊ သုတ်သင်ပယ်ရှင်းပြီးလျှင်၊ ” လူသည် သူတပါးကိုခိုင်းစားတတ်သည်။ အထူးသဖြင့် အိမ်ရှင်မသည်၊ အစေခံကို ပန်းကန်ဆေးခိုင်းတတ်သည်။ သို့သော် ၊ သခင်ယေရှုသည် ငါတို့၏အပြစ်များကို၊ သူတပါးကဆေးဘို့ရန်မခိုင်းဘဲကိုယ်တော်တိုင်၊ မိမိအသွေးနှင့်ကိုယ်ခန္ဓာအားဖြင့် သန့်ရှင်းစေကြောင်းဤသို့ ရေးထားသည်၊ “ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေ ၁၀:၁၀)

မြင့်သောအရပ်မှာ၊ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌၊ ထိုင်တော်မူ၏။”                                                                                    ခရစ်တော်သည် တန်ခိုးအာနုဘော်တော်တည်းဟူသော၊ ခမည်းတော်၏လက်ျာဘက်၌ ထိုင်နေသည်ဟုဆိုသည်။ အဘယ်ကြောင့်ထိုင်နေသနည်းဟူမူကား အလုပ်ပြီးစီးသောကြောင့်ဖြစ်သည်။ ခရစ်တော်သည်၊ ဤလောကသို့ သိုးသငယ်အဖြစ်ဆင်းခဲ့၍ ၊ မိမိကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်အသတ်ခံလျက်၊ ကောင်းကင်ရှိခမည်းတော်ထံ၌ပူဇော်ခဲ့ပြီ (ဟေ ၁၀:၁၀)။ ထိုနောက်ခမည်းတော်၏ လက်ျာဘက်၌ ထိုင်တော်မူသည်ဟုဆိုသည်။

၄။ ကောင်းကင်တမန်တို့ ရသောဘွဲ့နာမထက်၊ ထူးမြတ်သောဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသူ ဖြစ်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်တမန်တို့ရသောဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမတော်ရ၍ ၊ ကောင်းကင်တမန်တို့ထက် ကြီး မြတ်သည်ဟုဆိုသောကြောင့်၊ သူသည် ကောင်းကင်တမန်မဟုတ်ကြောင်း ထင်ရှားသည်။ ယေဟောဝါ သက်သေခံအဖွဲ့က ခရစ်တော်သည် ကောင်းကင်တမန် မိက္ခေလဖြစ်သည်ဟုဆိုကြသည် (​Michael the archangel is no other than the only-begotten Son of God, now Jesus Christ. From New Heavens and New Earth page 30)။ သို့သော် အထက်ပါကျမ်းပိုဒ်၌ သူသည် ကောင်းကင်တမန်ထက်ကြီးမြတ်ကြောင်းတွေ့ရသည်။
၅။ အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟူ၍၎င်း၊ ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်းငါ၏သား ဖြစ်လိမ့်မည်ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့် တော်မူသနည်း။
အကြောင်းမူကား၊ သင်သည်ငါ့သား ဖြစ်၏။ ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီဟူ၍၎င်း၊” အထက်ပါကျမ်းပိုဒ်သည် ဆာလံဆရာကရေးထားသောအရာကိုကိုးကားခြင်းဖြစ်သည်။ ဆာလံဆရာက၊ “ဗျာဒိတ်တော်အချက်ကိုပြန်ကြားပေအံ့၊ ထာဝရဘုရားကသင်သည်ငါ့သားဖြစ်၏၊ ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီ၊၊” (ဆာ ၂:ရ)ဟုရေးခဲ့သည်။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊ ဟုဆိုသောကြောင့် ခရစ်တော်သည်၊ ဘုရားမဟုတ်၊ ဘုရားသခင်က ဖန်ဆင်းထားသော ကောင်းကင်တမန်ဖြစ်သည်ဟု ယူဆရခြင်းဖြစ်သည်။ အမှန်မှာ ဤအရာသည်၊ ခရစ်တော်၏လူ့ဇာတိခံယူခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်၌ရှိစဉ်တွင် ဝိညာဉ်ဖြင့်ရှိခဲ့သည်။ ဤလောကသို့ဆင်းကြွလာသောအခါ၊ ကောင်းကင်တမန်များကဲ့သို့ လူကြီး အဖြစ်မကြွလာဘဲ၊ မယ်တော် မာရိဝမ်းထဲမှ လူသားများကဲ့သို့ ကိုးလလွယ်ပြီးမှ၊ ခလေးအဖြစ် မွေးဘွားခဲ့သည်။ ထိုသို့ လူဇာတိခံယူခြင်းကြောင့် ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီဟုဆိုရခြင်းဖြစ်သည်။

ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်” ခရစ်တော်သည် ဤလောကသို့ ဆင်းကြွလာသောအခါ သားတော်အဖြစ်ဆင်းကြွခဲ့သည်။ ဤကျမ်းပိုဒ်သည် ဘုရားသခင်က ဒါဝိဒ်ထံရှောလမုန်နှင့် ပတ်သက်၍ ပြောသော စကားကိုကိုးကားခြင်းဖြစ်သည်၊ “ငါသည်သူ၏ အဘဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်လိမ့်မည်။” (၂ ရာ ရး၁၄)။

အဘယ်မည်သောကောင်းကင်တမန်ကိုတခါမျှမိန့်တော်မူသနည်း။” ဟု ခရစ်တော်သည် ကောင်းကင်တမန်များနှင့်မတူကြောင်း၊ ထူးခြားကြောင်းကိုဖေါ်ပြထားသည်။

၆။ တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေ၊ဟုလာသတည်း။
သားဦးတည်းဟူသောခရစ်တော်ကို၊ ဤလောကသို့ ဆင်းသက်၍ လူ့ဇာတိခံစေသောအခါ၊ ကောင်းကင်တမန်အပေါင်းတို့အားကိုးကွယ်စေသည်ဟုဆိုသည်။ ထိုအရာသည်၊ “ရုပ်တုဆင်းတုကို ဝတ်ပြုသော သူအချည်းနှီးသက်သက်သောအရာ၌ ဝါကြားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်းရှိကြစေ၊ ၊ ဘုရားအပေါင်းတို့ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊ ” ဟူသော (ဆာ ၉ရးရ) ကိုကိုးကားခြင်းဖြစ်သည်။ ကောင်းကင်တမန် များသည်၊ ကိုးကွယ်ခြင်းကိုလက်မခံကြချေ။ ယောဟန်ကဤသို့ ရေးခဲ့သည်၊ “ငါယောဟန်သည်၊ ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော၊ ကောင်းကင်တမန်၏ ​ခြေရင်း၌ကိုးကွယ်အံ့သောငှါ၊ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏ စကားကို၊ စောင့်ရှောက်သော သူတို့၏၊ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို၊ ကိုးကွယ်လော့၊ ဟုပြောဆို၏။” (ဗျာ ၂၂:၈-၉)။ အဘယ်ကြောင့်သားတော်ကို ကောင်းကင်တမန်များအား၊ ကိုးကွယ်ခိုင်းသနည်းဟူမူကား သူသည်၊ ဘုရားဖြစ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ သက်သေခံများက၊ သားတော်သည်၊ ဘုရားဟု မယုံကြည်သောကြောင့် မကိုးကွယ်ကြချေ။ မူစလင်များကလည်း ခရစ်တော်ကို ပရောဖက်အနေဖြင့် လက်ခံကြသော်လည်း၊ ဘုရားအဖြစ်လက်မခံကြပါ။ ထို့ကြောင့်သားတော်ကိုးကွယ်သောသူသည် မလွှတ်နိင်သောအပြစ်၊ ငရဲမီးအိုင် ထဲကျသင့်သော အပြစ်ကြီး အဖြစ်သွန်သင်ကြသည်။ သင်သည် သားတော်ကို ကိုးကွယ်ပါသလား။ မကိုးကွယ်လျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သည်။
ရ။ တနည်းကား၊ မိမိတမန်တို့ကိုလေကဲ့သို့၎င်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထသောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင် ၍ ဆိုသတည်း။                                              
မိမိတမန်တို့ကို လေကဲ့သို့၎င်း” ဤကျမ်းပိုဒ်သည် ဆာလံ ၁၀၄:၄-၅ မှကိုးကားခြင်းဖြစ်သည်။ လေသည် မမြင်နိုင်သကဲ့သို့၊ ကောင်းကင်တမန်များလည်း၊ ဝိညာဉ်ဖြစ်သောကြောင့် မမြင်နိုင်ချေ။ သို့သော် လူများကမြင်နိုင်ရန်၊ လူကဲ့သို့ ပြသောအခါ မြင်နိုင်သည်။ ထို့အပြင် လေသည် ငြိမ်နေ သောအခါ မရှိသကဲ့သို့ဖြစ်သော်လည်း၊ တိုက်လာသောအခါ၊ အလွန် တန်ခိုးကြီးသည်။ ကောင်းကင်တမန်များလည်း၊ တန်ခိုးကြီးကြသည်။

မိမိအစေအပါတို့ကိုမီးလျှံကဲ့သို့၎င်း” မီးလျှံသည် ခပ်သိမ်းသောအရာ ကိုလောင်စေနိုင်သည်။ ထို့နည်းတူ ကောင်းကင်တမန်များလည်း၊ ဘုရား ခိုင်းသောအမှု၌ လူ့မျက်နှာမထောက်ဘဲ၊ လုပ်ဆောင်တတ်ကြသည်။ မီးလျှံသည်လောင်နိုင်သောတန်ခိုးရှိသကဲ့သို့ ကောင်းကင်တမန်များလည်း၊ တန်ခိုးရှိကြောင်းကိုဖေါ်ပြသည်။

၈။ သားတော်ကိုကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည်၊ နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည်၊ တရားသဖြင့်၊ စီရင်သော နိုင်ငံ ဖြစ်ပါ၏။
“သားတော်ကိုးကား၊ အို ဘုရားသခင်” ဤကျမ်းပိုဒ်သည်၊ ဆာ ၄၅:၆ကို ကိုးကားခြင်း ဖြစ်သည်။ ဤနေရာ၌၊ အို ဘုရားသခင်၊ ဟုဆိုသော သူသည်၊ သားတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သားတော်သည် ဘုရား ဖြစ်သည်။

“အို ဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည်၊ နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏။” သားတော်၏ ပလ္လင်သည် နိစ္စ (အမြဲ) ထာဝရ ပလ္လင် ဖြစ်သည်၊ ဟုဆိုခြင်းအားဖြင့် သားတော်သည်၊ ဘုရား ဖြစ်ကြောင်း ထင်ရှားပြန်သည်။

“ကိုယ်တော်၏ နိုင်ငံသည်၊ တရားသဖြင့်၊ စီရင်သော နိုင်ငံ ဖြစ်ပါ၏။” ကိုယ်တော်၏ နိင်ငံသည်၊ အနှစ်တထောင်ကာလ မှစ၍ ၊ ထာဝရ ကာလ တိုင်အောင် ဖြစ်သည်။ သားတော်၏ နိင်ငံ၌၊ မတရားသောအမှု ရှိမည် မဟုတ်။ ယခုဤလောကသည်၊ စာတန် အုပ်စိုးသောကြောင့်၊ မတရားမှုများနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် မတရားသော အမှုများကြုံတွေ့ရ သောအခါ၊ အံ့ဩစရာ မဟုတ်၊ ထိုသို့ဖြစ်သင့်သော နေရာ ဖြစ်သည်။ သားတော်၏ နိင်ငံတော်၌ သာလျှင်၊ တရားသဖြင့် အုပ်ချုပ်မှာ ဖြစ်သည်။ ထို့ကြောင့် မတရားသဖြင့် စွပ်စွဲခံ သောအခါ၊ အပြစ် ပေးခံ သောအခါ၊ ယုံကြည်သူများအနေဖြင့်သည်း ခံကောင်း၏။ ထိုအရာအားဖြင့်၊ ဤလောက စွဲလမ်းခြင်းကို နည်းစေ၍ ၊ ကောင်းကင်နိင်ငံကို မြော်လင့်စေမှာ ဖြစ်သည်။

၉။ ကိုယ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍ ၊ မတရားသော အမှုကို မုန်း တော်မူ၏။ ထိုကြောင့်၊ အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ၊ ကိုယ်တော်၏ အပေါင်းအဘော်တို့ထက်ကိုယ်တော်ကို ချီးမြှောက်၍ ၊ ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီဟု လာသတည်း။
“ကိုယ်တော်သည်၊ ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍ ၊ မတရားသော အမှုကို၊ မုန်း တော်မူ၏၊ ၊ ” ဤကျမ်းပိုဒ် သည်လည်း ဆာလံ ၄၅:ရကိုကိုးကားခြင်း ဖြစ်သည်။ ခရစ်တော်သည် ​ဖြောင့်မတ်ခြင်း တရားကို နှစ်သက် တော်မူသောကြောင့်၊ သူ့ကို ယုံကြည်သူများအနေဖြင့် ​ဖြောင့်မတ်ခြင်းကို နှစ်သက်ရမှာ ဖြစ်သည်။ နှစ်သက်ခြင်း ဆိုသည်မှာ၊ အလိုလို ဖြစ်သည်။ ထို့ကြောင့် သင်သည် ​ဖြောင့်မတ်ခြင်းကို နှစ်သက်လျှင် ခရစ်တော်နှင့် ဆိုင်ကြောင်း သိနိင်သည်။ မတရားသော အမှုကို ကိုယ်တိုင်မလုပ်သည် သာမက၊ မုန်းရမည်။ ထိုအရာလည်း၊ သင်နေစရာ၊ ကြိုးစား နေစရာ မလိုချေ။ ခရစ်တော်နှင့် ဆိုင်ပါက ၊ ခရစ်တော် ရရှိ၍ သူ့ကို အုပ်စိုးစေပါက ၊ အလိုအလျောက် ဖြစ်မည့် အရာ ဖြစ်သည်။

“ထိုကြောင့်အို ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ” အို ဘုရားသခင်၊ဟု ခေါ်ရသော သူသည်၊ သားတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌လည်း၊ သားတော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။

“ကိုယ်တော်၏ အပေါင်းအဘော်တို့ ထက်၊ ကိုယ်တော်ကို ချီးမြှောက်၍ ၊ ” သားတော်သည်၊ အပေါင်းအဘော်တို့ထက်ဟုဆိုရာတွင်၊ မည်သူတို့ကို ဆိုလိုသနည်း။ ခရစ်တော်က၊ တမန်တော်တို့ အား၊ ” ယခုမှစ၍ ငါသည် သင်တို့ကို ​ကျွန်ဟူ၍ မခေါ်။ ​ကျွန်မူကား၊ ကိုယ်သခင်ပြုသော အမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။” (ယော ၁၅:၁၅) ဟုဆိုခဲ့သည်။ ထို့ကြောင့် ခရစ်တော်၏ အပေါင်းအဘော်တို့သည်၊ သူ့ကို ယုံကြည်သူများဖြစ်သည်။

“ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက် ပေးတော်မူ ပြီ၊ ” ဆီနှင့် ဘိသိက်ခြင်းသည်၊ မင်္လာရှိသည်။ ရှင်ဘုရင်များ၊ ပရောဖက်များ၊ ဘုရား အမှုတော်ဆောင်မည့်သူများကို၊ ဆီနှင့် ဘိသိက်ပေးတတ်သည်။ ဆီ၌ တန်ခိုးရှိသည် မဟုတ်၊ သို့သော် ဘုရားသခင်၏ အလိုတော် အတိုင်း အမှု ဆောင်ခြင်း ဖြစ်ကြောင်း၊ ဆီကို အသုံးပြုခြင်း ဖြစ်သည်။ ခရစ်တော်သည်၊ အနှစ်သုံးဆယ်ပြည့်၍ ၊ အမှု ဆောင်စတင်တော့မည့်အချိန် တွင်၊ ဟေရှာယ ၆၁:၁ကို ဤသို့ ဖတ်လိုက်သည်၊ “ထာဝရ ဘုရား၏ ဝိညာဉ်တော်သည် ငါ့ အပေါ်၌ တည် တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသား တို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ။ ​ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်း ငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်း ငှါ၎င်း၊ ညှင်းဆဲခံရသော သူတို့ကို ကယ်မစေခြင်း ငှါ၎င်း၊ ထာဝရ ဘုရား၏ မင်္လာနှစ်ကာလကို ကြားပြောစေခြင်း ငှါ၎င်း၊ ငါ့ကို စေလွှတ် တော်မူပြီဟု လာတည်း။” (လု ၄:၁၈-၁၉)

၁၀။ တဖန် ကျမ်းစာ လာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ၁၁။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ ကိုယ်တော်သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှ တို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံကို လိပ် သကဲ့သို့ လိပ် တော်မူ သဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊ ၁၂။ ကိုယ်တော်သည် ပြောင်းလဲတော် မမူပါ။ အသက် တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။
အထက်ပါ ကျမ်းပိုဒ်များသည် ဆာလံ ၁၀၂:၂၆-၂၈ ထဲမှကိုးကားခြင်း ဖြစ်သည်။ အဓိကဆိုလိုရင်းမှာ၊ ကိုယ်တော်သည် မြေကြီးနှင့် မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ၊ ထိုအရာတို့သည် ဟောင်းနွမ်း၍ ၊ ဝတ်လုံလိပ် သကဲ့သို့ လိပ်သော်လည်း၊ ကိုယ်တော်သည်၊ မပြောင်းမလဲတည်မြဲ တော်မူသည်ဟုဆိုသည်။ လူ့အမြင်၌ မြေကြီးနှင့် မိုဃ်းကောင်းကင်သည် ထာဝရ တည်တန့်ခိုင်မြဲ၍ မဟောင်းနွမ်းနိင်ဟု ထင်မှတ်တတ်သည်။ သို့သော် ထိုအရာများလည်း ဟောင်းနွမ်း၍ ဘုရားသခင်က ဖျက်ဆီးဦးမှာ ဖြစ်သောကြောင့် မစွဲလမ်းသင့်ချေ၊ သို့သော် ဖန်ဆင်းရှင် ဘုရားသခင်သည် အစဉ်အမြဲတည်သောကြောင့် ခိုလှုံဘို့ရန် စိတ်ချစရာ ဖြစ်ကြောင်း ဖေါ်ပြလိုခြင်း ဖြစ်သည်။ လူသည် ဖန်ဆင်းရှင်ကိုအား မကိုးဘဲ၊ ဖန်ဆင်းထားသောအရာ များကို မှီခိုတတ်သည်။
၁၃။ ထိုမှတပါး၊ သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့် တော်မူ ဘူးသနည်း။ (ဆာ ၁၁၀:၁)
“သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင်” ‘သင်’သည် ခရစ်တော်ကို ဆိုလို၍ ၊ ‘ငါ’သည် ခမည်းတော် ဘုရား ဖြစ်သည်။ ခရစ်တော်၏ ရန်သူသည်၊ စာတန် ဖြစ်သည်။ ခမည်းတော် ဘုရားက၊ စာတန်ကို ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ၊ သူ၏ ​ခြေတင်ရာအဖြစ် ချထားမှာ ဖြစ်သည်။ ​ခြေတင်ခြင်းသည်၊ အောင် နိင်ခြင်းကို ဖေါ်ပြသည်။ “ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ၊ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှာဆဲွနှုတ်ပြီးလျှင်၊ လည်ပင်းကို ဖြတ်၍ အပြီး သတ်လေ၏။” (၁ရာ ၁ရး၅၁)။

“ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှမိန့် တော်မူ ဘူးသနည်း။” ဟေဗြဲရေးသူက၊ ခရစ်တော်သည်၊ ကောင်းကင်တမန် ထက်၊ ကြီး မြတ်ကြောင်းကို၊ ဆက်လက်၍ ဖေါ်ပြခြင်း ဖြစ်သည်။ အဘယ် ကောင်းကင်တမန်ကို မျှ၊ ခမည်းတော် ဘုရားက၊ သူ၏ လက်ျာဘက်၌ ထိုင်ခိုင်းခြင်း မရှိဟုဆိုသည်။ လက်ျာဘက်၌ ထိုင်ခြင်းသည်၊ ချီးမြှောက်ဂုဏ်ပြုခြင်း၊ အားကိုး ခြင်းကို ဖေါ်ပြသည်။ ထို့ကြောင့် ခရစ်တော်သည်၊ ကောင်းကင်တမန် မဟုတ်၊ ဘုရား ဖြစ်သည်။

၁၄။ ကောင်းကင်တမန် များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ် တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော့။
ဟေဗြဲရေးသော သူက၊ ကောင်းကင်တမန် များ၏ အဖြစ်နှင့် အလုပ်ကို၊ နောက်ဆုံး၌ ဖေါ်ပြလိုက်သည်။ သူတို့သည်၊ ကယ်တင် တော်မူခြင်းကို အမွေခံသောသူ ( ယုံကြည်သူ) တို့ကို ပြုစုစေခြင်းငှါ စေလွှတ်သော အစေခံနံဝိညာဉ်များဖြစ်သည်ဟုဆိုသည်။ ခရစ်တော်သည် ကယ်တင်ရှင် ဖြစ်သည်။ ကောင်းကင်တမန် များသည်၊ ခရစ်တော်က ကယ်တင်ပြီးသော သူများကို ကြည့်ရှုစောင့်ရှောက်သော သူများ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကို၊ ကောင်းကင်တမန် အဆင့်၌ ချခြင်းသည်၊ ကြီးမားသော အမှား ဖြစ်သည် သာမက၊ ခရစ်တော်ကို ပြစ်မှားရာရောက်သည်။ ကယ်တင်ရှင်ကို ကောင်းကင်တမန် အဆင့်၌ ထားသောကြောင့်၊ ထိုသို့ ယုံကြည်သော သူသည်၊ ကယ်တင်ခြင်းသို့ ရောက်နိင်မည် မဟုတ်။ စာတန်၏ လှည့်စား၊ လိမ်လည်မှု ဖြစ်၍ အလွန် ကြီးမားသော အပြစ် ဖြစ်သည်။

သင်ခန်းစာ (၁) မေးခွန်းများ

၁။ ဘိုးဘေးများသည် မည်သူတို့ကို ဆိုလိုသနည်း။………………………………….

၂။ ဘိုးဘေးများကို ဘုရားသခင်က မည်ကဲ့သို့ စကားပြောခဲ့သနည်း။………………………………….

၃။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူကို ဘာအားဖြင့် စကားပြောသနည်း။ ………………………………….

၄။ ​ကျွန်ပ်တို့ကို ဘာအားဖြင့် စကားပြောသနည်း။ ………………………………….

၅။ သားတော်သည် မည်သူ ဖြစ်၍ ဘာခံစားရမည်နည်း။ ………………………………….

၆။ သားတော်သည် အဘယ်ကြောင့်ဘုရား ဖြစ်သည်ဟုဆိုနိင်သနည်း။ ………………………………….

ရ။ သားတော်သည် မည်သည့်အရာများကို ဖန်ဆင်းသနည်း။………………………………….

၈။ အဘယ်ကြောင့်သားတော်ကို မြင်သော သူသည် ခမည်းတော်ကို မြင်ပြီဟုဆိုနိင်သနည်း။ ………………………………….

၉။ ခရစ်တော် လူဇာတိခံယူခြင်း၏ အကြောင်း တခုသည် အဘယ်အရာနည်း။ ………………………………….

၁၀။ သားတော်သည် ဖန်ဆင်းထားသောအရာ များကို ဘာအားဖြင့် ချုပ်ကိုင်ထားသနည်း။ ………………………………….

၁၁။ ခရစ်တော်သည် ငါတို့ အပြစ်များကို မည်သူအား ဆေးကြောစေသနည်း။ ………………………………….

၁၂။ ခရစ်တော်သည် အဘယ်ကြောင့်ထိုင်နေ တော်မူ သနည်း။ ………………………………….

၁၃။ ခရစ်တော်သည် မည်သူတို့ထက် ကြီး မြတ် တော်မူ သနည်း။ ………………………………….

၁၄။ မည်သူတို့က ခရစ်တော်သည် ကောင်းကင်တမန် မိက္ခေလ ဖြစ်သည်ဟု ယုံသနည်း။ ………………………………….

၁၅။ ယနေ့ ပင်သင့်ကို ဖြစ်ဘွားစေပြီဟူသောအရာသည် ဘာကို ဆိုလိုသနည်း။ ………………………………….

၁၆။ မည်သည့်အချိန်၌ ခရစ်တော်သည်သား အဖြစ်ရှိသနည်း။ ………………………………….

၁ရ။ ဘုရား၏သား ဦးသည် အဘယ်သူ နည်း။ ………………………………….

၁၈။ ခရစ်တော်ကို အဘယ်ကြောင့်ကိုးကွယ်ရသနည်း။………………………………….

၁၉။မည် သူများက ခရစ်တော်ကို မကိုးကွယ်လိုကြသနည်း။ ………………………………….

၂၀။ ကောင်းကင်တမန် များသည် အဘယ်အရာကဲ့သို့ဖြစ်သနည်း။………………………………….

၂၁။ သားတော်ကို အို ဘုရားသခင်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ………………………………….

၂၂။ သားတော်၏ နိင်ငံအရည်အချင်းနှစ်ခုကို ဖေါ်ပြပါ။ ………………………………….

၂၃။ ကိုယ်တော်သည် ဘာကို နှစ်သက်၍ ဘာကို မုန်းသနည်း။ ………………………………….

၂၄။ ကိုယ်တော်၏ အပေါင်းအဖေါ်တို့သည် မည်သူတို့ ဖြစ်မည်နည်း။ ………………………………….

၂၅။ ဘယ်အရာတို့သည် ဟောင်းနွမ်းပျက်စိီးသော်လည်း ဘယ်အရာသည် ထာဝရ တည်မြဲသနည်း။ ………………………………….

၂၆။ ရန်သူ အပေါ်​ခြေတင်ခြင်းသည် ဘာကို ဆိုလိုသနည်း။ ………………………………….

၂ရ။ ကောင်းကင်တမန် များသည် ဘာတာဝန် ပေးထားသနည်း။ ………………………………….

.

^

ဟေဗြဲ (၂)

၁။ ထိုကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။
ဒေသနာတော် တည်းဟူသောသမ္မာတရား၊ ကယ်တင်ခြင်း တရားကို မမေ့လျော့ဘို့ ဤနေရာ၌ တိုက်တွန်းထားသည်။ လူသည် မေ့လွယ်သော သူနှင့် မမေ့တတ်သော သူဟူ၍ နှစ်မျိုးရှိသည်။ သင်သည် မေ့တတ်သော သူများ ဖြစ်လျှင်၊ ဤတိုက်တွန်းစာသည် သင့်အတွက် ဖြစ်သည်။ မည်ကဲ့သို့ မမေ့ဘဲ မှတ်မိနိင်မည်နည်းဟူူမူကား၊ အလေးထား၊ ဂရုစိုက်၊ တန်ဘိုး ထားရမည်။ တန်ဘိုး ထားသောအရာ ကို မေ့ဘို့ ခက်သည်။ ထို့ကြောင့် သမ္မာတရားကို တန်ဘိုး ထားပါ။ ပို၍ မှတ်မိပါလိမ့်မည်။
၂။ ကောင်းကင်တမန် များအားဖြင့် ထား တော်မူသော ဗျာဒိတ်တော်သည်၊ တည်၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုး တို့သည်၊ ခံထိုက်သော အပြစ် ဒဏ်ကို ခံရသည် မှန်လျှင်၊
ကောင်းကင် တန်မန်များ အားဖြင့် ထား တော်မူသော ဗျာဒိတ်တော်၊ ဟုဆိုသောအရာသည် ဓမ္မဟောင်းကျမ်း၌များများ မတွေ့ရချေ။ အသတ်ခံရသော သထေဖန်က၊ “သင်တို့သည် ကောင်းကင်တမန် များခင်းကျင်းသော အားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန်မြွက်ဆို၏။” (တရး၅၃) ဟုပြောသောအရာ နှင့်၊ ရှင်ပေါလုက၊ “သို့ဖြစ်၍ ပညတ်တရားသည် အဘယ် အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကို ခံသော အမျိုးအနွယ်မ ဖြစ်မှီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန် များအားဖြင့် အာမခံ၏ လက်၌ ထား တော်မူ၏။” (ဂလာ ၃:၁၉)ဟု ရေးသောအရာ များကို သာလျှင် တွေ့ရသည်။
၃။ အစအဦး၌ သခင်ဘုရား ဟော တော်မူ၍ ဒေသနာစကားတော်ကို ကြားရသော သူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင် တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။
သခင်ဘုရားသည် ခရစ်တော်ကို ဆိုလိုသည်။ ဟေဗြဲရေးသူက၊ ဒေသနာစကားသည် သခင်ဘုရား ကစ၍ ဟောပြောသည်၊ ဟုဆိုသောကြောင့် ဓမ္မဟောင်းကာလကို မဆိုလိုမှန်းထင်ရှားသည်။ ကယ်တင်ခြင်း တရားကို တမန်တော်များကဆက်ဟော၍ နိမိ်တ်လက္ခဏာများနှင့် သက်သေထူသည်။ ယနေ့ တိုင်အောင်၊ သမ္မာတရား ဟောသော နေရာများစွာ တို့၌၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများအားဖြင့် သက်သေထူတတ်သည်။ “ဤမျှလောက်ကြီးစွာသော ကယ်တင် တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ် ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း” ဤမျှလောက်ကြီးစွာသော ကယ်တင်ခြင်းဟုဆိုသည်။ ကယ်တင်ခြင်းသည် အကြီးမားဆုံး သောအရာ ဖြစ်သည်။ ထိုအရာကို နားမထောင်လျှင် အပြစ် ဒဏ်နှင့် မလွတ်နိင်ဟုဆိုသည်။ ထို့ကြောင့် ထိုကယ်တင်ခြင်းကို၊ ဂရုစိုက် နားထောင်၍ ယုံကြည်ဘို့ တိုက်တွန်းလိုပါသည်။
၄။ ထို သက်သေခံသော သူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အားဖြင့်၎င်း၊ ထူးဆန်းသော တန်ခိုးအထူးထူး အပြားပြားအားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော် အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံ တော်မူပြီ။
သခင်ဘုရား ကတပည့်တော် များကို သက်သေခံဘို့ ပြော သောအခါ နိမိတ်လက္ခဏာများ ကသက်သေထူမည့် အကြောင်း ဤသို့ မှထားသား၊ “သင်တို့သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍ ၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိ တရားကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသော သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သော သူမူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။ ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ် ကြလတံ့။ ထူးခြားသော ဘာသာစကား မျိုးတို့ကို ပြောကြလတံ့။ ​မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာသော သူတို့ အပေါ်မှာ လက်ကို တင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။ ထိုသို့ သခင်ဘုရားသည် တပည့်တော် တို့အား မိန့်တော်မူပြီးမှ ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ထိုင်နေ တော်မူ၏။ တပည့်တော်တို့ သည်လည်း ထွက်သွား၍ ၊ သခင်ဘုရားသည် မစ တော်မူသည် နှင့်၎င်း၊ သူတို့၌ ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေ တော်မူသည် နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။” (မာ ၁၆:၁၅-၂၀)။

သခင်ဘုရား မှာထား သကဲ့သို့၊ တမန်တော် များသည်၊ ပင်တေကုတ္တေ နေ့မှစ၍ ၊ ကယ်တင်ခြင်း တရားကို၊ နေ့တိုင်း ဟောပြော ကြသည်။ တမန်တော် များ၏ တရားဟောချက်ကို၊ “အသင့် နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကို ခံ၍ ၊ ထိုနေ့၌ အရေအတွက် အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။ ထိုသူများသည် တမန်တော် တို့၏ ဆုံးမဩဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်း တို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည် ဖြစ်၍ တမန်တော် တို့သည် များစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု တို့ကို ပြုကြ၏။” (တ ၂:၄၁-၄၃)

၅။ ငါတို့ ပြောဆို သော၊ နောင်ကပ်ကမ္ဘာကို အုပ်စိုးရသော အခွင့်ကို၊ ကောင်းကတမန် တို့၌၊ အပ် ပေးတော်မူသည် မဟုတ်။
ယနေ့ ယုံကြည်သူများသည် နောင်ကပ်ကမ္ဘာတည်း ဟူသော၊ အနှစ်တထောင်ကာလ၌၊ အုပ်စိုးရသော အခွင့်ကို ပေးထားသည်။ သို့သော် ထိုအခွင့်အရေးကို၊ ကောင်းကင်တမန် တို့၌၊ အပ်တော် မမူဟုဆိုသည်။ ထို့ကြောင့် ယနေ့ ယုံကြည်သူများသည်၊ အခွင့်ထူးခံသော သူများ ဖြစ်ကြသည်။ ထိုသို့ နောင်ကမ္ဘာ၌ အုပ်စိုးမည့်သူများဖြစ်သောကြောင့်၊ ယခု စာတန် အုပ်စိုးသော ဤလောကကို တပ်မက်ခြင်း မရှိသင့်ချေ။ ယခုလောကကို အုပ်စိုးလိုလျှင်၊ စာတန်၏ လက်အောက်မှာ ဖြစ်မည်။ ထို့ကြောင့်၊ စာတန် လက်အောက်၌ ဘယ်အရာကို မျှတပ်မက်ခြင်း မရှိသင့်ချေ။
၆။ ကျမ်းစာ တချက်၌ တယောက်သော သူက၊ လူသည် အဘယ်သို့ သောသူ ဖြစ်၍ ကိုယ်တော်သည် အောက်မေ့ တော်မူ ရသနည်း။ လူသားသည် အဘယ်သို့ သောသူ ဖြစ်၍ ၊ အကြည့်အရှုကြွလာ တော်မူ ရသနည်း။
အထက်ပါ ကျမ်းပိုဒ်သည် “ကိုယ်တော်သည် လူကို ပမာဏပြု၍ စိတ်စွဲလမ်း တော်မူ မည်အကြောင်း၊ သူ့ကို နံနက်တိုင်း အကြည့်အရှုကြွလာ၍ ၊ ခဏခဏစုံစမ်း တော်မူ မည်အကြောင်း၊ လူသည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း၊ ၊ ” (ယောဘရး၁ရ- ၁၈) “လူသည် အဘယ်သို့ သောသူ ဖြစ်၍ ကိုယ်တော်သည် အောက်မေ့ တော်မူ ရသနည်း။ လူသားသည် အဘယ်သို့ သောသူ ဖြစ်၍ အကြည့်အရှုကြွလာ တော်မူ ရသနည်း၊ ၊ သူ့ကို ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့် တော်မူပြီ၊ ၊ ” (ဆာ ၈:၄) ဟူသောအရာ ကိုကိုးကားခြင်း ဖြစ်သည်။

ဤနေရာ၌ လူသည်၊ ကောင်းကင်တမန် ထက် နိမ့်ကြောင်း တွေ့ရသည်။ သို့သော် ၊ ဘုရားသခင်သည် လူကို ပမာဏပြု၍ ၊ အကြည့်အရှုကြွလာ​ေ တော်မူသည်။ ထို့ကြောင့်၊ အား ငယ်စရာ မလိုချေ။ သင်နှင့် ​ကျွန်ပ်ကို ဘုရားသခင်က၊ ဂရုစိုက်ကြောင်း သိပါ။ လူများ ကသင့်ကို ဂရုမစိုက်လျှင် လည်း၊ ဘုရားသခင်က ဂရုစိုက်သောကြောင့် ကျေနပ်အားရစရာ ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်လည်း၊ လူ့ဇာတိခံခဲ့စဉ်၌၊ ကောင်းကင်တမန်တို့ အောက်အနည်းငယ်နှိမ့်ချခြင်း ခံခဲ့သည်။

ရ။ သူ့ကို ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့် တော်မူပြီ။ သူ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ် တော်မူပြီ။ ဖန်ဆင်း တော်မူသောအရာ များကို အုပ်စိုးစေ၍၊ ၈။ ခပ်သိမ်းသောအရာ တို့ကို သူ၏ ​ခြေအောက်၌ ချထားတော်မှု ပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသောအရာ တို့ကို ချထား တော်မူ၏ဟုဆိုသော်၊ မချထားဘဲ ကျန်ရစ်သောအရာ အစုံ တခုမရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာ တို့သည် ချထားလျက် ရှိသည်ကို ငါတို့ မမြင်ရကြသေး။
ဤနေရာ၌ ဘုရားသခင်က၊ အာဒံကို ဘုန်းနှင့် ပတ်ရစ်၍ ၊ ဖန်ဆင်းထားသောအရာ များကို၊ အုပ်စိုး စေခဲ့ခြင်းကို ဆိုလိုသည် (က ၁:၂၈)။ အာဒံသည်၊ ဘုရားသခင်က၊ သူဖန်ဆင်းထားသောအရာ အလုံး အပေါ်၌၊ အစိုးရသော အခွင့်ထူးကို ပေးအပ်ခဲ့သည်။ ထို့ကြောင့်၊ ဖန်ဆင်းထားသောအရာ များသည်၊ အာဒံ၏ အမိန့်အတိုင်း နာခံခဲ့ ကြသည်။ ”

ယခုမူကား၊ ခပ်သိမ်းသောအရာ တို့သည် ချထားလျက် ရှိသည်ကို ငါတို့ မမြင်ရကြသေး။” အာဒံသည်၊ အထက်၌ ဖေါ်ပြ သကဲ့သို့၊ ဖန်ဆင်းထားသမျှ အပေါ်၊ အုပ်စိုးရသော အခွင့်ကို၊ ဘုရား စကား နားမထောင် ခြင်းအားဖြင့် ၊ ဆုံးရှုံးခဲ့ရသည်။ ဖန်ဆင်းထားသောအရာ များသည်၊ စာတန် လက်ထဲရောက်ရှိသွားသည်။ ထို့ကြောင့်၊ ကျမ်းစာက၊ “မာရ်နတ်သည် ယေရှုကို မြင့်လှသောတော် ပေါ်သို့ ဆောင်သွား၍ ၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍ ၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။” (လု ၄:၅-၆)ဟု ယေရှု ထံ၌ ဝင့်ကြွားစွာ ပြောနိင်ခြင်း ဖြစ်သည်။ ခပ်သိမ်းသောအရာ တို့သည်၊ ယေရှု လက်အောက်၌သော်၎င်း၊ ယုံကြည်သူများလက်၌သော်၎င်း၊ မချသေးချေ။ ဒုတိယအကြိမ် ကြွလာမှ ပြည့်စုံမည့် အရာ ဖြစ်သည်။ ထို့သို့ဖြစ်သောကြောင့် ယခုအချိန်တွင် ဤလောကကို မမက်မောသင့်ချေ။ ယခုမက်မောပါက စာတန် လက်အောက်၌ သူ၏ တပည့် ဖြစ်မှာ ဖြစ်သည်။

၉။ ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့်၊ လူအပေါင်းတို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံ ရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။
“ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် လူအပေါင်းတို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှါ၊ ” ကျမ်းစာ ရေးသူကယေရှုသည်၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ လူအပေါင်းတို့အတွက် ကြောင့် အသေခံသည်ဟုဆိုသည်။ အသေခံခြင်း သည်၊ ကျေးဇူးတော်ဟုဆိုနိင်ပါမည်လော။ လူ့အမြင်အားဖြင့် ဖြစ်လျှင်၊ သေခြင်းသည် အမင်္လာ ဖြစ်သည်။ သို့သော် ဘုရား အမြင်၌ သေခြင်းသည်၊ အားလုံးအမင်္လာ မဟုတ်ချေ။ “ထာဝရ ဘုရားရှေ့တော်၌ မိမိသန့်ရှင်းသော သူတို့၏ သေခြင်း အရာသည် အဘိုးကြီး လှ၏၊ ၊ ” (ဆာ ၁၁၆:၁၅) တဖန်၊ “တဖန်တုံ၊ ကောင်းကင် အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသော သူတို့သည် မင်္လာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော် ကလည်း၊ ထိုသို့ မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍ ၊ သူတို့၏ အကျင့်တို့ သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။” (ဗျာ ၁၄:၁၃)ဟု ရေးထားသည်။ ယေရှု အသေခံခြင်း သည်၊ ရိုးရိုး မဟုတ်၊ လူအပေါင်းတို့အတွက် ၊ အပြစ်၏ ​ကျွေးသေခြင်းကို ဆပ်ပေးခြင်း ဖြစ်သောကြောင့် မွန်မြတ်သည်၊ တန်သည်။ ထိုသို့ သေခြင်းသည် ဘုရားသခင်၏ ခွင့်ပြုခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတော်ဟုဆိုရခြင်း ဖြစ်သည်။

“ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံ ရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့ မြင်ကြ၏။”

ယေရှုသည်လောက၌ လူ့ဇာတိခံစဉ်၊ ကောင်းကင်တမန် များအောက်၌၊ အနည်းငယ်နှိမ့်ချခြင်း ခံသောကြောင့်၊ ရှင်ပြန်ထမြောက် ၍ ကောင်းကင် တက် သောအခါ၊ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်။ ထို့ကြောင့် ယုံကြည်သူများလည်း၊ လောက၌ ခဏအသက် ရှင်စဉ်၊ သခင်ဘုရား ကဲ့သို့ နှိမ့်ချခြင်း ခံရလျှင်၊ ကျေးဇူးတော်ဟု ခံယူ၍ ၊ ကောင်းကင်၌ ဘုန်းအသရေရမည့် အရာကို မြော်လင့်သင့်သည်။

၁၀။ အကြောင်းမူကား၊ များစွာသောသား တို့ကို ကယ်တင်၍ ၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခ ဝေဒနာ အားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း၍ အုပ်စိုး တော်မူသော ဘုရားသည် စီရင် တော်မူ အပ်၏။
“များစွာသောသား တို့ကို ကယ်တင်၍ ၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်” သခင်ယေရှုသည်၊ လူများကို အပြစ် ​ကျွန်နှင့် အမျိုးမျိုးသော ဒုက္ခများထဲမှ ကယ်တင်သည် သာမက၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သည်ဟုဆိုသည်။ ထိုနေရာသည် ကောင်းကင် ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်သည် ကောင်းကင်၌ ဘုန်းစည်းစိမ်ရှိသည်။ ယုံကြည်သူများလည်း ကောင်းကင်၌ ဘုန်းစည်းစိမ်ရှိဘို့ ခေါ်ဆောင်သည်။ ထို့ကြောင့် အမြင် တို၍ စိတ်မမြန်ဘဲ၊ ထိုဘုန်းစည်းစိမ်ရှိရာကို မြော်လင့်၍ ဒုက္ခ ဝေဒနာကို ခံသင့်သည်။

“ဒုက္ခ ဝေဒနာ အားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ” အဘယ်ကြောင့်ဒုက္ခ ဝေဒနာသည် စုံလင်ခြင်း ဖြစ်သနည်း။ ကျောင်းတက် သောအခါ၊ စာမေးပွဲ​ဖြေမှစုံလင်ခြင်းရှိသည် မဟုတ်လော။ စာမေးပွဲသည် ဒုက္ခ ဝေဒနာ ကဲ့သို့ဖြစ်သည်။ ဒုက္ခ ဝေဒနာ ခံစားသော သူများသည်၊ ရင့်ကျက်တတ်သည်။ ဒုက္ခ ဝေဒနာ မခံစား ဘူးသော သူများသည်၊ ပြသနာ အခက်အခဲကို မ​ဖြေရှင်း တတ်၊ ခလေး ကဲ့သို့ဖြစ် ကြသည်။

“ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း၍ ၊ အုပ်စိုး တော်မူသော ဘုရားသည်၊ စီရင် တော်မူ အပ်၏။” ယေရှုခရစ် ဒုက္ခ ဝေဒနာ ခံစား၍ ၊ သို့ ပြီးမှဘုန်းတော် ဝင်စားစေခြင်းသည်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း၍ အုပ်စိုး တော်မူသော ဘုရားက၊ စီရင်ခြင်း ဖြစ်သည်။ ပညာအမျှော်အမြင် ရှိသော သူဌေးမိဘများသည်၊ သားသမီးများကို ဘော်ကျော့မထားကြချေ။ သားသမီးများကို အစေခံ​ကျွန်ကဲ့သို့၊ ခပ်သိမ်းသော အလုပ်ကို အောက်​ခြေသိမ်းလုပ်ခိုင်းသည်။ အကြောင်းမှာ၊ မိဘများ သေပြီး နောက်သူတို့ကို်ယ်တိုင်အောက်​ခြေသိမ်းလုပ်တတ်ဘို့ရန် ဖြစ်သည်။ အမျှော်အမြင် မရှိသော မိဘများသည်၊ သားသမီးများကို ဘာမျှမလုပ်ခိုင်း၊ ​ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်၊ ဘော်ကျော့ထားကာအစေခံများကို သာအစစအရာရာ လုပ်ခိုင်း ကြသည်။ ထိုသားသမီး များသည်၊ မိဘများ သေဆုံး သောအခါ ဘာမျှမလုပ်တတ်သောကြောင့်၊ အစေခံ​ကျွန်များ လက်အောက်မှာရောက်သွားတတ်သည်။ အရာခပ်သိမ်းကို အစေခံ​ကျွန်များ အားကိုး သဖြင့်၊ အစေခံ​ကျွန်များ၏ လှည့်စားခြင်းအားဖြင့် ဆင်းရဲ မဲွတေသွားနိင်သည်။ ထို့ကြောင့် မိဘတိုင်း၊ ကိုယ့် သားသမီးများကို အမှန်တကယ် ချစ်ပါက ၊ သူတို့ ငယ်ရွယ်တောင်ကျေးမှစ၍ ၊ အလုပ်မျိုးစုံကို လုပ်စေ ခြင်းအားဖြင့် ၊ ဒုက္ခ မျိုးစုံကို ခံစား စေသင့်သည်။

၁၁။ သန့်ရှင်စေတတ်သော သူနှင့် သန့်ရှင်းစေအပ်သော သူများ တို့သည်၊ တပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သော သူသည်၊ သန့်ရှင်းစေအပ်သော သူတို့ကို၊ ညီအစ်ကို ဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော် မမူ။ ထိုသို့ ခေါ်သော အချက်ဟူမူကား၊ ၁၂။ သိတင်းတော်ကို အ​ကျွန်ုပ်ညီအစ်ကို တို့အား အ​ကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။
“သန့်ရှင်းစေတတ်သော သူ” သည် သခင်ယေရှု ဖြစ်သည်။ “သန့်ရှင်းစေအပ်သော သူများ” သည် ယုံကြည်သူများကို ဆိုလိုသည်။ “တပါးတည်းသော ပကတိရှိကြ၏” ဟုဆိုခြင်းသည် ကွာခြားမှု မရှိ၊ အတူ တူ ဖြစ်သည်ဟုဆိုခြင်း ဖြစ်သည်။ ဆိုလိုသည် မှာသခင်ယေရှုသည်ကိုယ်တိုင် သန့်ရှင်း သကဲ့သို့၊ သူကို ယုံကြည်သော သူများကို သန့်ရှင်းစေသောကြောင့်၊ အတူ တူ ဖြစ်သည်။

“ထိုကြောင့်၊ သန့်ရှင်းစေတတ်သော သူသည်၊ သန့်ရှင်းစေအပ်သော သူတို့ကို၊ ညီအစ်ကို ဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော် မမူ” ဟုဆိုသည်။ ထိုအရာကို သိနိင်ရန်မှာ၊ လူတယောက်သည် ပညာတတ်သောကြောင့်၊ ပညာရှိများနှင့် ပေါင်းဖေါ်နိင်သည်။ သူ၏ ညီများ ကိုလည်း ပညာတတ်အောင် သင်ပေးသောကြောင့်၊ သူ့ညီများကို သူ၏ အပေါင်းအဖေါ်များနှင့် ပေါင်းဖေါ်စေဘို့ရန် မရှက်၊ အကြောင်းမူကား၊ သူ့ညီများလည်း ပညာတတ်သောကြောင့်၊ အောက်တန်းမကျချေ။ ထို့နည်းတူ သခင်ယေရှုသည် ငါတို့ကို သန့်ရှင်းစေသောကြောင့်၊ ငါတို့ကို သူ၏ ညီဟု မိတ်ဆက်ခြင်း၊ ပေါင်းဖေါ်ခြင်းငှါ မရှက်ချေ။ “ထိုသို့ ခေါ်သော အချက်ဟူမူကား၊

၁၂။ သိတင်းတော်ကို အ​ကျွန်ုပ်ညီအစ်ကို တို့အား အ​ကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။”
အထက်ပါ ကျမ်းပိုဒ်သည် ဆာလံ ၂၂:၂၂၌ ဤသို့ တွေ့ရသည်၊ “အ​ကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကို တို့အား ကြားပြောပါမည်၊ ၊ ပရိသတ်အလယ်မှာကိုယ်တော်ကို ချီးမွမ်းပါမည်၊ ၊ ” ကယ်တင်ခြင်းသို့ ရောက်သော သူများသည် သတင်းတော်ကို မကြားပြောရဲကြ၊ မပြောချင် ကြချေ။ သတင်း ဆိုးများ၊ အရေးမကြီးသောအရာများ၊ အတင်း စကားများမူ၊ တား၍ မရလောက်အောင်ကို ပြောချင် တတ်ကြသည်။ ဘုရားနှင့် ပတ်သက်သောအရာ များကို ပရိသတ်အလယ်မှာ၊ မရှက်မကြောက်ပြောရဲဘို့ လိုသည်။
၁၃။ တချက်ကား၊ ငါသည် ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသော သူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။
အထက်ပါ ကျမ်းပိုဒ်သည်၊ ဟေရှာယ ၈:၁ရ- ၁၈ကို ကိုးကားခြင်း ဖြစ်သည်။ “ယာကုပ်အမျိုးသား တို့တွင် မျက်နှာတော်ကို ကွယ်ထား တော်မူသော ထာဝရ ဘုရားကို၊ ငါသည် ဆိုင်းငံ့လျက် မြော်လင့်မည်၊ ၊ ငါမှစ၍ ငါ့အား ထာဝရ ဘုရား ပေးတော်မူသော သူငယ်တို့သည် ရှိကြ၏၊ ၊ ”
၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသောမာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏။
“ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်” ထိုသူငယ်တို့သည်၊ လူသားများကို ဆိုလိုသည်။ လူသားများသည် အသွေးအသားရှိ ကြသည်။ “သေခြင်း တရားကို အစိုးရသောသူ တည်းဟူသောမာရ်နတ်၏ တန်ခိုး” စာတန် မာရ်နတ်သည် သေခြင်း တရားကို အစိုရသည်ဟုဆိုသည်။ စာတန် မရှိလျှင်၊ သေခြင်းလည်းရှိမည် မဟုတ်။

“သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ” စာတန်သည် သူ၏ တန်ခိုး၊ သေခြင်းဖြင့် လူများကို ခြိမ်း​ခြောက်၍ ၊ လူများသည် သေရမှာကြောက်သောကြောင့်၊ ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိင်၊ ဘုရား အလိုတော်ကို မဆောင်နိင်ကြခြင်း ဖြစ်သည်။ ထိုသူများကို ကယ်လွှတ်ဘို့ရန် ဟုဆိုသည်။

“ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏” ခရစ်တော်သည် လူသားများကို ကောင်းကင်မှ မ ကယ်တင်နိင်ချေ။ အကြောင်းမှာ ကောင်းကင်၌ ဝိညာဉ် အားဖြင့် ရှိ၍ ၊ မသေနိင်ချေ။ ထို့ကြောင့် လူ့ဇာတိခံယူကာအသေခံသည်။ အသေခံပြီး နောက်၊ ရှင်ပြန်ထမြောက် ခြင်းအားဖြင့် ၊ သေခြင်းကို အောင်မြင်ကြောင်း သက်သေပြသည်။ ထို့ကြောင့် သူ့ကို ယုံကြည်သူ သည်၊ သေခြင်းကို ကြောက်စရာ မလိုတော့ချေ။ သူက၊ “ယေရှု ကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက် ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ၂၆ ငါ့ကို ယုံကြည်၍ အသက် ရှင်သော သူရှိသမျှ တိုိ့ သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။” (ယော ၁၁:၂၅-၂၆)

၁၆။ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန် တို့ကို မစ တော်မူသည် မဟုတ်၊ အာဗြဟံအမျိုးကို မစ တော်မူ၏။
“ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ၊ ဂတိတော် အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏” (ဂလာ ၃:၂၉) ယုံကြည်သူများသည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သောကြောင့် ခရစ်တော်သည်၊ ယုံကြည်သူများကို မစ တော်မူသည်။
၁ရ။ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ် ​ဖြေစရာ အကြောင်းကို စီရင်၍ ၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာ တို့၌ ကရုဏာနှင့် ၎င်း၊ သစ္စာနှင့် ၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီး ဖြစ်အံ့သောငှါ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။
ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ကြောင်းကို၊ ဤနေရာ၌ ပဌမ ဦးဆုံး ဖေါ်ပြထားသည်။ သူသည် ယဇ်ပုရောဟိတ် ဖြစ်ကြောင်းကို၊ အခန်းကြီး ၄၊ ၅၊ ရ၊ ၈များ၌ ပြန်တွေ့ရမည်။ ဘုရားကိုးကွယ် သောအခါ၊ ယဇ်ပုရောဟိတ်ကို ကျော်၍ မရ၊ သူ့ကို အားကိုးရသည်။ ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ဘို့ရန်၊ မိမိညီအစ်ကို တည်း ဟူသော၊ လူသားများနှင့် လုံးလုံးတူဘို့ရန်၊ လူ့ဇာတိခံယူခဲ့သည်။
၁၈။ ထိုသို့ စုံးစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင် ခံ၍ ၊ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်း အမှုနှင့် တွေ့ကြုံသော သူတို့ကို၊ မစခြင်းငှါ တတ်နိုင် တော်မူ၏။
ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်၍ ၊ လူသားများကို မစမည့်သူ ဖြစ်သောကြောင့်၊ သူတို့၏ ခံစားချက်များ၊ ဒုက္ခ ဆင်းရဲခြင်းနှင့် စုံစမ်း နှောက်ရှက်ခြင်း များကိုလည်း ၊ ခံစားရသည်ဟုဆိုသည်။ ထို့ကြောင့် သူသည် လူသားများကို မစခြင်းငှါ တတ်နိင် တော်မူသည်။

သင်ခန်းစာ (၂) မေးခွန်းများ

၁။ ဒေသနာတော်ကို မည်ကဲ့သို့ မှတ်မိနိင်မည်နည်း။ …………………………………………

၂။ ဒေသနာတော်ကို ဘာအားဖြင့် သက်သေထူသနည်း။ …………………………………………

၃။ ကယ်တင်ခြင်း တရားကို နားမထောင်လျှင် ဘာခံရမည်နည်း။ …………………………………………

၄။ တမန်တော် များ၏ သက်သေခံခြင်း များကို ဘာအားဖြင့် ဘုရားသခင်က ထောက်ခံသနည်း။ …………………………………………

၅။ ယုံကြည်သူများသည် အနှစ် ၁၀၀၀ ကာလ၌ ဘာ ဖြစ်ကြမည်နည်း။ ……………… …………………. ဤလောကကို ချစ်သင့်သလော။ …………………………………………

၆။ လူများ ကသင့်ကို ဂရုမစိုက်လျှင်လည်း မည်သူကဂရုစိုက်သနည်း။ ……………. ၏အား ငယ်စရာ လိုသလား။………………….

ရ။ လူသည် ခပ်သိမ်းသောအရာ တို့ကို မည်သည့်အချိန်၌ အုပ်စိုးပါမည်နည်း။ …………………………………………

၈။ ဤလောကကို မက်မောသော သူသည် မည်သူ၏ တပည့် ဖြစ်သနည်း။ …………………………………………

၉။ သခင်ယေရှု အသေခံခြင်းသည် အဘယ်ကြောင့်ကျေးဇူးတော် အားဖြင့်ဟုဆိုသနည်း။ …………………………………………

၁၀။ ယေရှုသည်လောက၌ လူ့ဇာတိခံစဉ်မည်သူတို့ အောက်၌ အနည်းငယ်နှိမ့်ချခြင်း ခံခဲ့ရသနည်း။ …………………………………………

၁၁။ ယုံကြည်သူများသည်လောက၌ နေစဉ်နှိမ့်ချခြင်း ခံသင့်သလော။ အဘယ်ကြောင့်နည်း။ …………………………………………

၁၂။ ယေရှုသည် မည်သည့်နေရာ၌ ဘုန်းစည်းစိမ်ရှိသနည်း။ …………………………………………

၁၃။ ယုံကြည်သူများလည်း မည်သည့်နေရာ၌ ဘုန်းစည်းစိမ် ရှိသင့်သနည်း။ …………………………………………

၁၄။ ဒုက္ခ ဝေဒနာသည် ဘာ ဖြစ်စေနိင်သနည်း။ …………………………………………

၁၅။ သခင်ယေရှုကို မည်သူကဒုက္ခ မျိုးစုံခံစား စေသနည်း။ ……………………… …………………

၁၆။ မိဘများကိုယ့် သားသမီးကို ချစ်လျှင် ဘာလုပ်ခိုင်းသင့်သနည်း။ …………………………………………

၁ရ။ ငယ်ရွယ်စဉ်အလုပ်မခိုင်းသော သားသမီး များကြီး လာလျှင် ဘာ ဖြစ်နိင်သနည်း။ …………………………………………

၁၈။ သန့်ရှင်းစေတတ်သော သူသည် မည်သူနည်း။ သန့်ရှင်းစေအပ်သော သူများသည် မည်သူတို့ ဖြစ်သနည်း။ ………………………..

၁၉။ အဘယ်ကြောင့်သခင်ယေရှုသည်၊ ငါတို့ကို သူ၏ ညီဟု မိတ်ဆက်ခြင်း၊ ပေါင်းဖေါ်ခြင်းငှါ မရှက်သနည်း။………………………………

၂၀။ သင်သည် ဘုရားသခင်၏ အကြောင်းကို ပရိသတ်အလယ်၌ ပြောရဲပါသလား။…………………………………………

၂၁။ ထိုသူငယ်တို့သည် မည်သူတို့ကို ဆိုလိုသနည်း။…………………………………………

၂၂။ လူသည် ဘာကို ကြောက်၍ ​ကျွန်ခံရသနည်း။…………………………………………

၂၃။ သင်သည် ​ကျွန် ဖြစ်ကြောင်း ဝန်ခံပါသလား။ သိပါသလား။…………………………………………

၂၄။ သခင်ယေရှုသည် သေဘေးကြောက်သော သူတို့ကို မည်ကဲ့သို့ ကယ်တင်သနည်း။ …………………………………………

၂၅။ ခရစ်တော်သည် မည်သူအမျိုးကို မစသနည်း။ …………………………………………

၂၆။ ခရစ်တော်သည် ငါတို့၏ ဘာ ဖြစ်သနည်း။ …………………………………………

၂ရ။ ခရစ်တော်သည် ယဇ်ပုရောဟိတ် ဖြစ်ဘို့ရန် မည်သူတို့နှင့် တူညီရသနည်း။ …………………………………………

၂၈။ ခရစ်တော်သည် ငါတို့ကို ကူညီမစနိင်သလော။ အဘယ်ကြောင့်နည်း။…………………………………………

.

^

ဟေဗြဲ (၃)

၁။ ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ် တော်မူခြင်း ကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း တည်းဟူသောယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။
“ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ် တော်မူခြင်း ကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ” ယနေ့ ယုံကြည်သူများသည်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်၍ ခေါ်ဘိတ်ခြင်း ခံရသော သူများ ဖြစ်ကြသည်။ ဘေးဒဏ်ကြီးကာလ ဝင်ဘို့ ခေါ်ဘိတ်ခြင်း ခံရသည် မဟုတ်။ သို့သော် ယုံကြည်သူများသည်၊ ထိုခေါ်ဘိတ်ခြင်းကို တန်ဘိုး မထားကြချေ။ ကောင်းကင်ဘုံရောက်ဘို့ ထက်၊ မြေကြီး ပေါ်၌ ပျော်မွေ့ နေကြသေးသည်။ အရေးကြီးသော ပုဂ္ဂိုလ်များ၏ ခေါ်ဘိတ်ခြင်း ခံရလျှင်၊ အလွန် ဂုဏ်ယူ ဝါကြွား၍ မပျက်မကွက်သွားချင် တတ်ကြသည်။ သို့သော် ဘုရားသခင်၏ ခေါ်ဘိတ်ခြင်းကိုမူဂရုမစိုက်တန်ဘိုး မထားတတ်ကြချေ။

“ငါတို့ ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း၊ တည်းဟူသောယေရှု၏ အကြောင်းကို၊ စေ့စေ့ဆင်ခြင်ကြလော့” တမန်တော် ဆိုသည်မှာ ကိုယ်စားလှယ် ဖြစ်သည်။ ခရစ်တော်သည် ခမည်းတော် ဘုရားကိုယ်စား ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ဘုရားနှင့် လူအကြား ဆက်သွယ်ပေးသောသူ ဖြစ်သည်။ ထိုအရာကို စေ့စေ့ဆင်ခြင်ဘို့ ဖြစ်သည်။ လူသည် ယဇ်ပုရောဟိတ်မင်းယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်သည် ထက်၊ အခြားအရာများကို ဆင်ခြင် နေကြသည်။ ငွေရရှိဘို့၊ ပွဲလုပ်ဘို့၊ ပျော်ဘို့ ပါးဘို့၊ ရီးစား၊ ်ခေနဘသသု၊ မိသားစုများ အရေးတို့ကို စေ့စေ့ဆင်ခြင် နေကြသည် မဟုတ်လော။ ထို့ကြောင့် မည်မျှပင် ဘုရားကျောင်းတက်သော်လည်း၊ သင်တန်းတက်သော်လည်း မသိနိင်၊ မပြောနိင် ဖြစ်နေကြသည်။ သင်ဘာကို စေ့စေ့ဆင်ခြင်ပါသနည်း။

ယေရှုသည် မောရှေထက်သာ၍ကြီး

၂။ မောရှေသည် ဘုရားသခင်၏ အိမ်တော် တအိမ်လုံး၌ သစ္စာ စောင့် သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထား တော်မူသော သူ၏ အမှုတော်၌ သစ္စာ စောင့် တော်မူ၏။
ယေရှုကို မောရှေနှင့် နှိုင်းထားသည်။ မောရှေသည် ဘုရား၏ အိမ်တော် တည်း ဟူသော၊ ဣသရေလ လူမျိုးများကို သစ္စာရှိစွာ ဦးဆောင်ခဲ့သည်။ ထို့နည်းတူ ယေရှုသည် လည်း၊ မိမိကို ခန့်ထား တော်မူသော သူတည်း ဟူသော၊ ခမည်းတော် ဘုရား၏ အမှု၌ သစ္စာ စောင့်ကြောင်း၊ သူကိုယ်တိုင်ဤသို့ ပြောခဲ့သည်၊ “အ​ကျွန်ုပ်သည် မြေကြီး ပေါ်မှာကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ုပ်၌ အပ် ပေးတော်မူ သော အမှုကို၊ အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။” (ယော ၁ရး၄)။ သခင်ယေရှုက၊ “ငါသည်ကို ု်ယ်အလိုအလျောက်အဘယ်အမှုကို မျှမပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။” (ယော ၅:၃၀) ဟုဆိုခဲ့သည်။ ယုံကြည်သူများလည်း ဘုရား ခိုင်းသောအရာ ကို သိ၍ သစ္စာရှိစွာ စောင့်ဘို့ လိုသည်။
၃။ အိမ်ကို ဆောက်သော သူသည်၊ အိမ်ထက် သာ၍ ကြီးသော အသရေရှိ သကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကို ခံထိုက်သောသူ ဖြစ်သည်ဟု ထင်မှတ်စရာ အကြောင်းရှိ၏။
ကြီးမား သော၊ လှပသော အိမ်ကို လူတိုင်း ကချီးမွမ်းတတ် ကြသည်။ သို့သော် ထိုအိမ်ကို ဆောက်သော သူသည်၊ အိမ်ထက် သာ၍ ချီးမွမ်းသင့်သည်ဟုဆိုသည်။ လူတိုင်း ကဖန်ဆင်းထားသောအရာ များကို၊ အံ့ဩ ချီးမွမ်းတတ် ကြသည်။ သို့သော် ထိုအရာများ ထက်၊ ထိုအရာများကို ဖန်ဆင်းသူကို ချီးမွမ်းသင့်သည်။ ဟေဗြဲရေးသော သူက၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကို ခံထိုက်သည်ဟုဆိုသည်။ ဣသရေလ လူများက၊ မောရှေကို အလွန် လေးစားကြည်ဍို ကြသည်။ ဖာရိရှဲတို့ က”သင် (မျက်စိကန်းဘူးသော သူ)သည် သူ့ (ယေရှု) တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။” (ယော ၉:၂၈) ဟုဆို ကြသည်။ မောရှေကို သူ့လက်ထက် လူများ ကမကြည်ဍိုကြသော်လည်း၊ နောင်လာနောက်သားများက၊ အလွန် လေးစားသည်။ သို့သော် ယေရှုသည်၊ မောရှေထက် သာ၍ ကြီးမားသည်ဟုဆိုသည်။
၄။ အိမ်မည်သည်ကား၊ တစုံတယောက်သော သူဆောက်သောကြောင့် ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သော သူကား၊ ဘုရားသခင် ပေတည်း။
လက်သမားများသည် အိမ်ကို သာဆောက်တတ် ကြသည်။ သို့သော် ဘုရားသခင်သည် အရာခပ်သိမ်းကို ဆောက်သည်။ ဘုရား ဆောက်သောအရာ များသည်၊ စစ်၍ မကုန်များ လွန်းသောကြောင့်၊ ဘုရား ကဆောက်သည်ဟု မထင်မှတ်တော့ဘဲ၊ သဘာဝ ဖြစ်သည်ဟု ထင်မှတ် ကြသည်။ သင်သည် ဘုရား ဖန်ဆင်းသောအရာ များကို၊ စဉ်းစားဆင်ခြင်ဘူးပါသလား။
၅။ မောရှေသည်၊ နောက်ဟောပြောလတံ့သောအရာ တို့ကို သက်သေခံခြင်း အလိုငှါ၊ အစေခံကဲ့သို့ အိမ်တော် တအိမ်လုံး၌ သစ္စာ စောင့်၏။
မောရှေသည် နောက် ဖြစ်လတံံ့သောအရာ တို့၏ အရိပ် ဖြစ်သည်။ သူသည် အစေခံ​ကျွန်ကဲ့သို့ဖြစ်သည်။ အိမ်ရှင် မဟုတ်ချေ။ သူခေတ်လူများက၊ မောရှေကို ဂရုမစိုက်ပုန်ကန်ခဲ့ကြသည် (တော ၁၄၊ ၁၆)။ သို့သော် နောက်ပိုင်းလူများက၊ သူ့ကို အလွန် ကြည်ညို ကြသည်။ ဖာရိရဲှများ ကမျက်စိကန်းဘူးသော သူထံ၊ “သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထား တော်မူ ကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆို ကြလျှင်၊ ” (ယော ၉:၂၈-၂၉) ဣသရေလ လူများက၊ ယေရှုထက် မောရှေကို ပို၍ ရိုသေလေးစား ကြသည်။ သခင်ထက် ​ကျွန်ကို အလေးထား သကဲ့သို့ဖြစ်သည်။ အကြောင်းမှာ မသိသောကြောင့် ဖြစ်သည်။
၆။ ခရစ် တော်မူကား၊ သား ကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာ စောင့် တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌ ၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြားဝမ်းမြောက်ခြင်း၌ ၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော် ဖြစ်သတည်း။
ခရစ်တော်သည်သား ကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ ၊ သစ္စာ စောင့် တော်မူ၏ဟုဆိုသည်။ သားသည် အဘပိုင်သောအရာ ကို၊ အဘကိုယ်စားစီမံကွက်ကဲ့တတ်သည် မဟုတ်လော။ ငါတို့သည် ထိုအိမ်တော် ဖြစ်သည်ဟုဆိုပြန်သည်။ ယုံကြည်သူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်များဖြစ်သည်။ အိမ်တော် သားများဖြစ်ဘို့ရန်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်း၊ အဆုံးတိုင်အောင် တည်ကြည်ခြင်းရှိမှဟုဆိုသည်။ ထိုအရာများသည် ယုံကြည်ခြင်း၏ အသီးအပွင့်များ ဖြစ်သည်။ စစ်မှန်သော ယုံကြည်သော သူသည်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်းနှင့် တည်ကြည်ခြင်းရှိကြသည်။ သို့သော် ကြားရုံ၊ သိရုံသာရှိသော သူတို့သည်၊ ယုံကြည်သော သူများ မဟုတ်သောကြောင့်၊ ရဲရင့်ခြင်း၊ မြော်လင့်ခြင်းနှင့် တည်ကြည်ခြင်းရှိကြသည် မဟုတ်။
ရ။ ထိုကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ၊ ၈-၉။ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့ အဘများသည် အနှစ်လေးဆယ်ပတ်လုံးငါ့ကို အနည်းနည်းစုံစမ်း၍ ၊ ငါ၏ အမှု တို့ကို မြင်ရသော တောတွင်၊ ငါ့ကို ဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
ဟေဗြဲစာရေးသော သူက၊ ဤစာကို လက်ခံသော သူတို့ လည်း၊ ဣသရေလ လူများ ကဲ့သို့ ခိုင်မာသော စိတ်နှလုံးမရှိကြဘို့ သတိပေးထားသည်။ ယခုအချိန်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ် ဖြစ်သည်။ ဗျာဒိတ်တော်သည် နှုတ်ကပတ်တော်ကို ဆိုလိုသည်။ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ နှုတ်ကပတ်တော် မယုံကြည်သော သူသည်၊ ဘုရားသခင်ကို မထီမဲ့မြင် ပြုသောသူ ဖြစ်သည်။ စိတ်နှလုံးခိုင်မာခြင်းသည်၊ ကိုယ့် သဘော ဖြစ်သည်။ ထို့ကြောင့် စိတ်နှလုံးမခိုင်မာဘို့ အကြံပေး၊ သတိပေးခြင်း ဖြစ်သည်။

ဣသရေလ လူများသည် နှစ်ပေါင်းလေးဆယ်၊ တောလည်ရခြင်းသည်၊ စိတ်နှလုံးခိုင်မာခြင်းကြောင့် ဖြစ်သည်။ သူတို့သည် နှစ်နှစ်အတွင်း ခါနန်ပြည်သို့ ဝင်ဘို့ရန် ဘုရား၏ အစီအစဉ် ဖြစ်သည်။ သို့သော် ဘုရားသခင်ကို မယုံကြည် သောကြောင့်၊ မလိုအပ်ဘဲ နောက်ထပ်သုံးဆယ်ရှစ်နှစ်တောလည်ရသည်။ ယနေ့ သင်လည်း၊ ဘုရားသခင်က တိုတောင်းသောအချိန် အတွင်း ၌၊ ခါနန်ပြည် တည်း ဟူသော၊ အောင်မြင်သော ခရစ်ယာန် အသက်တာထဲသို့ သွင်းလိုသည်။ သို့သော် ၊ မယုံကြည် ခြင်းအားဖြင့် ၊ မလိုလားအပ်ဘဲ နှစ်ပေါင်းများ စွာ၊ ဇာတိအသက်တာဖြင့် အသက် ရှင်ရမှာ ဖြစ်သည်။ ထိုထက် ဆိုးသည် မှာဘုရား မယုံကြည် သောကြောင့် ကောင်းကင် ရောက်နိင်ခွင့်ရှိလျက်သားနှင့် ငရဲသွားမည့်သူ များစွာ ရှိခြင်း ဖြစ်သည်။

၁၀။ ထိုလူမျိုးကို ငါရွံသည် ဖြစ်၍ ၊ သူတို့သည် အစဉ်စိတ် သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည် ကြဟု ငါဆိုရ၏။
ဘုရားသခင်သည် ၊ ဣသရေလ လူများကို အလွန် ချစ်သော်လည်းရွံရှာသည်ဟုဆိုသည်။ အချစ်ကြီးလျှင် အမျက်ကြီးသည် မဟုတ်လော။ သူတို့သည် အစဉ်စိတ် သဘော မှားယွင်းတတ်ကြသည်ဟုဆိုသည်။ ဘုရား၏ အလိုတော်ကို နားမလည် ကြချေ။ ထိုသို့ နားမလည် ခြင်းသည် လည်း၊ ဘုရားကို မချစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရား၏ အလိုတော်ကို ဆန့်ကျင်ဘို့ သာလျှင် လုပ်ဆောင်ကြံစည် ကြသည်။ သင်သည် ဘုရားသခင်၏ အလေ့အလာ၊ အလိုတော်ကို နားလည်ပါသလော။ နားလည်ချင် သလော။
၁၁။ ထိုကြောင့်၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု၊ အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော်မူ ချက်ရှိသည်နှင့် အညီ၊ ၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက် ရှင် တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသော အားဖြင့် မယုံကြည် တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။
ဘုရား၏ ချမ်းသာ ဆိုသည်မှာ၊ ဣသရေလ လူများကို ဂတိပြုသော ခါနန်ပြည်ကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်က ခါနန်ပြည်ကို၊ နို့နှင့် ပျားရည်စီးသော ပြည်ဟုဆိုလေ့ရှိသည်။ နို့စီးခြင်းသည် နွားပေါများခြင်း၊ နွားပေါများခြင်းသည် မြက်ပေါများခြင်း၊ မြက်ပေါများခြင်း သည်၊ မိုဃ်းမှန်စွာ ရွာခြင်းနှင့် မြေဩဇာကောင်းခြင်းကို ဖေါ်ပြသည်။ ပျားရည်စီးခြင်းလည်း ပျားပေါများခြင်း၊ ပျားပေါများခြင်း သည်လည်း ပန်းပေါများခြင်း၊ ပန်းပေါခြင်း သည်လည်း မြေဩဇာကောင်းခြင်းကို ဆိုလိုသည်။ သို့သော် ထိုပြည်ကို ဣသရေလ လူတို့သည် မထီမဲ့မြင် ပြု ကြသည်။ ခါနန်ပြည်ကို ဝင်ချင်သော စိတ်မရှိကြချေ။ ထို့ထက် အဲဂုတ္တု ပြည်ကို ပြန်လှည့်ချင် ကြသည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို ခါနန်ပြည် မဝင်နိင်ဘို့ ကျိန်လိုက်သည်ဟုဆိုသည် (ဆာ ၉၅:၈-၁၁)။ သူတို့ကို ဘုရားသခင်က တောထဲ၌ သေကျေ ပျက်စီးစေ ကြသည်။

ယနေ့ ခရစ်ယာန် များလည်း သူတို့ ကဲ့သို့ဖြစ် ကြသည်။ ပါးစပ်အားဖြင့် ဘုရား ဘုရား ဖြစ်သော်လည်း လက်တွေ့မှာ၊ ကိုယ်လုပ်ချင်သောအရာ များကို လုပ် နေကြသည်။ ထို့ကြောင့် ဟေဗြဲရေးသော သူက၊ သင်တို့သည် အသက် ရှင် တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသော အားဖြင့် မယုံကြည် တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့၊ဟု သတိပေးထားသောစာ ဖြစ်သည်။

၁၃။ ဒုစရိုက်၏ လှည့်ဖြားခြင်း အားဖြင့် သင်တို့ စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်း အစဉ်အချင်းချင်းတယောက်ကို တယောက် တိုက်တွန်းနိုးဆော်ကြလော့။
ဒုစရိုက်၏ လှည့်ဖြားခြင်း ဆိုသည်မှာ၊ အပြစ် ဒုစရိုက်တိုင်းသည် မလုပ်ခင်မှာ၊ အလွန် ကောင်းမည့် ပုံရှိသော်လည်း၊ ကျူးလွန်ပြီး သောအခါ၊ အလွန် ရွံစရာ ကောင်းမှန်းသိတတ်သည်။ ထိုဒုစရိုက်အပြစ် လုပ် ခြင်းအားဖြင့် ၊ ဘုရား စကား နားထောင်ဘို့ စိတ်နှလုံးခိုင်မာတတ်သည်။ ထိုသို့ မဖြစ်ရလေအောင်၊ နေ့တိုင်း အစဉ်အချင်းချင်းတယောက်ကို တယောက် တိုက်တွန်းနိုးဆော်ကြလော့၊ဟု အကြံပေးထားသည်။ တိရစ္ဆာန်များသည် တကောင်တည်း နေလျှင်၊ သားရဲများ ကအလွယ်တကူကိုက်စားနိင်သည်။ အုပ်စုလိုက်နေလျှင် အင်အားရှိသည်။ ယုံကြည်သူများလည်း တယောက် တည်း နေလျှင်၊ စာတန်၏ အကြိုက် ဖြစ်သည်။ အကြောင်းမှာ ကိုက်စားဘို့ရန် လွယ်ကူသည်။ ထို့ကြောင့် ယုံကြည်သူများနေ့တိုင်း အချင်းချင်းတွန်းနိုးဆော်ဘို့၊ အားပေးဘို့ လိုအပ်သည်။
၁၄။ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြု သကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။
“ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြု သကဲ့သို့” ဟုဆိုခြင်းသည်၊ ယုံကြည် ခါစ၌ ရှိသော စိတ်တက်ကြွခြင်းကို ဆိုလိုသည်။ ထိုစိတ်သည် ကြာလာသောအခါ၊ အရှိန်လျော့တတ်သည်။ ထိုစိတ်ကို အဆုံးတိုင်အောင် ရှိရမည်ဟုဆိုသည်။ ထိုသို့ ရှိလျှင် ခရစ်တော်ကို ဆက်ဆံသောသူ ဖြစ်သည်ဟုဆိုသည်။ လူတိုင်း အစကောင်းတတ်သော်လည်း အဆုံးရောက်သော သူသည် အလွန်နည်းတတ်သည်။ အဆုံးတိုင်ရောက်သော သူသည် အောင်မြင် သောသူ ဖြစ်သည်။ အဆုံးမရောက်မှီတွင် သွေးဆောင်ခြင်း၊ ခလုပ်တိုက်ခြင်းများရှိတတ်သည်။ ထိုအရာများ ကိုသည်း ခံ၍ အဆုံးတိုင်ပြေးရမည်။
၁၅။ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ၊ ဆန့်ကျင် ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည် အရာမှာ၊ ၁၆။ ကြားပြီးမှဆန့်ကျင် ဘက်ပြုသော သူတို့ကား၊ အဘယ်သူ နည်း။ မောရှေနောက်သို့ လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာသောသူ အပေါင်းတို့သည်၊ ထိုသို့ ပြုကြသည် မဟုတ်လော့။
ဤကျမ်းပိုဒ်သည်၊ ဆာလံ ၉၅:၈-၉မှ ဖြစ်သည်။ ဣသရေလ လူများသည်၊ ဘုရား၏ အသံတော်ကို ကြားရကြသော်လည်း ဆန့်ကျင် ဘက်ပြု၍ စိတ်နှလုံးခိုင်မာ ကြသည်။ ဣသရေလ လူများသည်၊ အနှစ်လေးဆယ်အတွင်း၊ အသံတော် ကြားခြင်း၊ အံ့ဩဘွယ်နိမိတ်လက္ခဏာများစွာ တွေ့မြင်ခြင်း၊ သူတို့ မလုပ်၊ မစိုက်သော မန္နမုန့်စားခြင်း၊ မဖြစ်နိင်သော ကျောက်ထဲမှရေသောက်ခြင်း၊ အနှစ်လေးဆယ်ပတ်လုံးမဖျားမနာ၊ ​ခြေထောက်ပင်မရောင်ခြင်း၊ ကန္တာရထဲ၌ သွားရသော်လည်း နေပူဒဏ်မခံခြင်း စသည့် ဘုရားသခင်၏ ​ကျွေးမွေး စောင့်ရှောက်ခြင်းများခံစား ခဲ့ ကြသည်။ သို့သော် သူတို့သည်၊ ဘုရားသခင်ကို မယုံကြည်၊ အားမကိုး၊ အမြဲဆန့်ကျင် ဘက် ပြုလုပ် ခဲ့ ကြသည်။ ခါနန်ပြည်ကို မဝင်ချင်၊ မထီမဲ့မြင် ပြု၍ အဲဂုတ္တု ပြည်သို့ ပြန်လှည့်ချင် ကြသည်။ ယနေ့ ယုံကြည်သူများလည်း၊ သူတို့ ကဲ့သို့ပင် ဘုရားသခင်၏ ​ကျွေးမွေး ပြုစုခြင်း အမျိုးမျိုးကို ခံစားသော်လည်း၊ ဘုရား အလိုတော်ကို မရှာ၊ ရှာလျှင်လည်း သဘော တရားသာလျှင် ရှာ ကြသည်။
၁၇။ အနှစ်လေးဆယ်ပတ်လုံးနှစ်သက်တော် မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌ လဲ၍ သေသော သူပင် မဟုတ်လော။ ၁၈။ သင်တို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု၊ ကျိန်ဆို တော်မူသော သူတို့ကား၊ မယုံကြည်သော သူမှတပါးအဘယ်သူ နည်း။ ၁၉။ သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာမဝင်နိုင်သည်ကို ငါတို့ သိမြင်ကြ၏။
ဘုရားသခင်က ဣသရေလကို အလွန် ချစ်သော်လည်း၊ အနှစ်လေးဆယ်ပတ်လုံးနှစ်သက်တော် မမူဟုဆိုသည်။ သူတို့သည် ဘုရားသခင်ကို အမြဲဆန့်ကျင် ခြင်းအားဖြင့် ၊ ဒုစရိုက်ကို ပြု၍ တော၌ လဲသေရ ကြသည်။ အမှန်မှာ သူတို့သည် တော၌ လဲသေဘို့ရန်၊ ဘုရား ကထုတ်ဆောင်သည် မဟုတ်။ သူတို့၏ အပြစ်များကြောင့် သာလဲသေရ ကြသည်။ ဘုရားသခင်က၊ နို့နှင့် ပျားရည်စီးသော ခါနန်ပြည်သို့ သွင်းဘို့ရန်၊ အကြိမ်ကြိမ်ပြောသော်လည်း၊ သူတို့ ကအဲဂုတ္တု ပြည်သို့ သာပြန်လှည့်ချင် သောကြောင့်၊ သူ၏ ချမ်းသာ တည်းဟူသောခါနန်ပြည်သို့ မဝင်ရဟု၊ သူကိုယ်တိုင်က ျိန်ဆိုလိုက်သည်။ ထို့ကြောင့် အဲဂုတ္တု ပြည် မှအသက် ၂၀ ကျော်ယောက်ျား၆ သိန်းထွက်ခဲ့ကြသော်လည်း၊ ယောရှုနှင့် ကာလက်သာလျှင်၊ အသက် ချမ်းသာ ရ၍ ခါနန်ပြည် ဝင်ခဲ့ ကြသည်။ ခါနန်ပြည်သော သူတို့သည်၊ အဲဂုတ္တုမှ ထွက်စဉ်တွင်၊ အသက် နှစ်ဆယ်အောက်နှင့် လမ်းမှာမွေးဖွားသော သူများ သာလျှင် ဖြစ်ကြသည်။ ရှင်ပေါလုက၊ “ထိုအကြောင်း အရာရှိသမျှ တို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း။” ဟု ရေးထားသည် (၁ ကော ၁၀:၁၁)။

အခန်း (၃) မေးခွန်းများ

၁။ အရေးကြီး ပုဂ္ဂိုလ်များ၏ ခေါ်ဘိတ်ခြင်းကို သင်တန်ဘိုး ထားပါသလား။

၂။ ယုံကြည်သူများသည် မည်သူ၏ ခေါ်ဘိတ်ခြင်း ခံသော သူများ ဖြစ်ကြသနည်း။

၃။ ယုံကြည်သူများသည် မည်သည့်အရာကို ဆင်ခြင်ရမည်နည်း။

၄။ မောရှေနှင့် သခင်ယေရှုသည် သစ္စာ စောင့်ကြပါသလော။ ​ကျွန်ပ်တို့လည်း သစ္စာ စောင့်သင့်သလော။

၅။ မောရှေထက် မည်သူကြီး မြတ်သနည်း။

၆။ ဖာရိရှဲများ ကယေရှုထက် မည်သူကို လေးစားကြသနည်း။

ရ။ အရာခပ်သိမ်းသည် သဘာဝ ဖြစ်သလား။ ဖန်ဆင်းသူရှိပါသလား။

၈။ အဘယ်ကြောင့် ဣသရေလ လူများ ကယေရှုထက် မောရှေကို လေးစားကြသနည်း။

၉။ ယုံကြည်သူများသည် မည်သူ၏ အိမ်တော် ဖြစ်ကြသနည်း။

၁၀။ ဗျာဒိတ်တော်သည် ဘာကို ဆိုလိုသနည်း။

၁၁။ စိတ်နှလုံးခိုင်မာခြင်းသည် မည်သူ၏ သဘော ဖြစ်သနည်း။

၁၂။ ဣသရေလ လူများသည် အဘယ်ကြောင့်ခါနန်ပြည် မရောက်ကြသနည်း။

၁၃။ ယနေ့ များစွာသော သူများ အဘယ်ကြောင့်ငရဲသွားကြမည်နည်း။

၁၄။ အဘယ်ကြောင့် ဣသရေလ လူများသည် ဘုရား၏ အလိုတော်ကို နားမလည် ကြသနည်း။

၁၅။ သင်သည် ဘုရား၏ အလိုတော်ကို နားလည်လိုပါသလား။

၁၆။ ဣသရေလ လူများသည် ခါနန်ပြည်ကို ဝင်ချင် ပါသလော။

၁ရ။ အဘယ်ကြောင့်သူတို့ကို ဘုရားသခင်က ခါနန်ပြည် မဝင်နိင်ရန်ကျိန်လိုက်သနည်း။

၁၈။ ယနေ့ ခရစ်ယာန် များလည်း ဘယ်လို ဖြစ်နေကြသနည်း။

၁၉။ အဘယ်ကြောင့် ယုံကြည်သူများနေ့တိုင်း အချင်းချင်းတွန်းနိုးဆော် အားပေးဘို့ လိုသနည်း။

၂၀။ အောင်မြင်သော သူများသည် မည်ကဲ့သို့သော သူများ ဖြစ်သနည်း။

၂၁။ ဣသရေလ လူများသည် ဘုရား၏ နိမိတ်လက္ခဏာများစွာ တွေ့မြင်ခံစား ခဲ့ပါသလား။

၂၂။ အဘယ်ကြောင့်ခါနန်ပြည် မရောက်ကြသနည်း။

၂၃။ ဘုရားသခင်က ဣသရေလ လူမျိုးကို နှစ်သက်ပါသလော။ အဘယ်ကြောင့်နည်း။

၂၄။ ဣသရေလ လူများ ကြုံတွေ့ရသောအရာ များသည် အဘယ်ကြောင့်ကျမ်းစာ၌ ရေးထားသနည်း။

.

^

ဟေဗြဲ (၄) ဘုရားသခင်၏ချမ်းသာ

၁။ ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရသော အခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ ရှိရစ်လျက် နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲ နေမည်ကို စိုးရိမ် ကြကုန်အံ့။
ဘုရားသခင်သည် ဣသရေလ လူများကို၊ အဲဂုတ္တု ​ကျွန်မှနှုတ်၍ ဘုရားသခင်၏ ချမ်းသာ (နားခြင်း) တည်း ဟူသော၊ ခါနန်ပြည်သို့ ပို့ဆောင်ဘို့ ရည်ရွယ်ခဲ့သည်။ ဘုရားသခင်က၊ ခါနန်ပြည်သည်၊ နို့နှင့် ပျားရည်စိီးသော ပြည်ဟု တင်စားထားသည်။ နို့နှင့် ပျားရည်စီးခြင်း ဆိုသည်မှာ၊ မြေဩဇာကောင်း၍ အစာရေစာပေါများ ကြွယ်ဝခြင်းကို ဆိုလိုသည်။ သို့သော် သူတို့သည် မယုံကြည် သောကြောင့် ဝင်ခွင့်မရရှိခဲ့ကြချေ။ ထိုနည်းတူ ၊ ယနေ့ ယုံကြည်သူများကိုလည်း ၊ ဘုရားသခင်က သူ၏ ချမ်းသာ ထဲသို့ ဝင်ခွင့်ပေးနေသည်။ ဆိုလိုသည်မှာ၊ သူကိုယ်တိုင်​ကျွန်ပ်တို့ကို တာဝန် ယူမှာ ဖြစ်သည်။ သို့သော် စာရေးသူက၊ အချို့တို့သည် ထိုချမ်းသာ ထဲသို့ မဝင်မှာကို စိုးရိမ်ဘို့ သတိပေးထားသည်။
၂။ ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို ထိုသူတို့ ကဲ့သို့ ကြားရကြပြီ။သို့ ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့ အထဲ၌ ယုံကြည်ခြင်း နှင့် မရောနှောသောကြောင့် အကျိုးကို မပေး။
ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သည် (ရော ၁၀:၁ရ)။ သို့သော် ကြားရုံဖြင့် ယုံကြည်သည်ဟု မဆိုနိင်သေးချေ။ ကြားသောအရာ ကို သဘောတူ လက်ခံမှသာလျှင် ယုံကြည်သည်ဟုဆိုနိင်သည်။ ဣသရေလ လူများသည်၊ နို့နှင့် ပျားရည်စီးသော ခါနန်ပြည် အကြောင်းကို ကြားနေရ ကြသည်။ သို့သော် သူတို့သည် မယုံကြည် နိင်ကြချေ။ ထို့ကြောင့် အကျိုးမခံစား ခဲ့ကြချေ။ မယုံကြည်သော သူအားလုံးသည် တော၌ သေကျေ ပျက်စီးခဲ့ ကြသည်။
၃။ ငါတို့ မူကား၊ ယုံကြည် သောသူ ဖြစ်၍ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့် အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှု အရာတို့ကိုပြီး စီး၍ ငြိမ်ဝမ် တော်မူ ရာချမ်းသာဟုဆိုလိုသတည်း။
ဟေဗြဲစာရေးသူက၊ “ငါတို့ မူကား၊ ယုံကြည် သောသူ ဖြစ်၍ ၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရကြ၏။” ဟုဆိုထားသည်။ ချမ်းသာကို နားခြင်း (Rest)ဟု သိထားဘို့ လိုသည်။

ချမ်းသာ တည်းဟူသောနားခြင်းသည်၊ ဘုရားသခင်ကို အမှီပြု၊ အားကိုး သောကြောင့် ပူပင်သော ကမရောက်ခြင်းကို ဆိုလိုသည်။ ကိုယ့်ထက် တတ်စွမ်းနိင်သော သူကို အားကိုး သောအခါ၊ စိတ်ချမ်းသာ၍ အပူအပင်ကင်းသွားကာအနားယူတတ်သည် မဟုတ်လော။ ဘုရားကို ယုံကြည် အားကိုးသော သူသည်၊ အနားယူသောသူ ဖြစ်သည်။ “ထိုသို့နှင့် အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု၊ အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။” ဤကျမ်းပိုဒ်သည် ဆာလံ ၉၅:၁၁ကို ကိုးကားခြင်း ဖြစ်သည်။ ဣသရေလူများသည်၊ ဘုရားသခင်ကို အနှစ်လေးဆယ်ပတ်လုံးအနည်းနည်းစုံစမ်း၍ ၊ သူ၏ အမှု တို့ကို မြင်ရသော တောတွင်၊ သူ့ကို ဆန့်ကျင် ဘက်ပြုသည်ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရွံရှာသည်။ စိတ် သဘော မှားယွင်းတတ်သော လူမျိုး၊ ဘုရား၏ အလေ့အလာတို့ကို နားမလည် ကြချေ။ ထို့ကြောင့် ဘုရားသခင်က သူ၏ ချမ်းသာ (မနျအ) တည်း ဟူသော၊ ခါနန်ပြည်သို့ ဝင်ခွင့်မရဘို့ရန် ကျိန်ဆိုခြင်း ဖြစ်သည်။

“ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှု အရာတို့ကိုပြီး စီး၍ ငြိမ်ဝပ် တော်မူ ရာချမ်းသာဟုဆိုလိုသတည်း။” ချမ်းသာ၏ အဓိပ္ပါယ်၊ ဆိုလိုရင်းကို ပြန် ဖေါ်ပြထားသည်။ ချမ်းသာ ဆိုခြင်းသည်၊ ငြိမ်ဝပ်စွာ နေခြင်း၊ အနားယူခြင်းကို ဆိုလိုသည်။

၄။ ခုနစ်ရက်မြောက်သော နေ့ကို အကြောင်း၊ ပြု၍ ကျမ်းစာ တချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကိုပြီး စီး၍ ခုနစ်ရက်မြောက်သော နေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။
ဤကျမ်းပိုဒ်သည်၊က ၂:၂ကို ကိုးကားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ​ခြောက်ရက်အတွင်း ဖန်ဆင်းခြင်းကို ပြုလုပ်၍ ၊ ခုနှစ်ရက်မြောက်နေ့တွင် အနားယူသည်။
၅။ ထိုကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု လာသတည်း။ ဆာလံ ၉၅:၁၁ကို တဖန် ဆိုခြင်း ဖြစ်သည်။၆။ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည် မယုံကြည် သောကြောင့် မဝင်ရကြပြီ။
“ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏” ဟူသောအရာ ကို ဂရိတ်နှင့် အင်္လိပ်ကျမ်းစာများ၌၊ “အချို့သော သူတို့အတွက် ဝင်စရာ ရှိသေး၏” “since it remains for some to enter it,” ဟု တွေ့ရသည်။ ထို့ကြောင့် အနားယူခြင်းသည် ခါနန်ပြည် ဝင်ခြင်း တခုတည်း သာဆိုလိုသည် မဟုတ်၊ ဝင်စရာ၊ အနားယူစရာသည် အနာဂတ်မှရှိသေးကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ “ဝမ်းမြောက်စရာ သိတင်းကို၊ ရှေ့ဦးစွာ ကြားရသော သူတို့သည်၊ မယုံကြည် သောကြောင့် မဝင်ရကြပြီ။” ဟုဆိုရာတွင် ခါနန်ပြည် ဝင်မည့် အရာကို၊ ဘုရားသခင်က ဝမ်းမြောက်စရာ သိတင်းဟုဆိုသည်။ သို့သော် မယုံကြည်သော ဣသရေလ လူများ အတွက်၊ ခါနန်ပြည် ဝင်မည့် အရာသည် ဝမ်းမြောက်စရာ သိတင်း မဟုတ်ချေ။ ယနေ့လည်း ကောင်းကင်နိင်ငံဝင်မည့် အရာသည်၊ ဝမ်းမြောက်စရာ သိတင်း ဖြစ်သော်လည်း၊ လူအများစု၊ ခရစ်ယာန် အများစုအတွက် ဝမ်းမြောက်စရာ မဟုတ်ချေ။ ထို့ကြောင့် ဝင်နိင်ကြမည် မဟုတ်။
ရ။ တဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟုဆိုသည် ဖြစ်၍ ၊ ဤမျှလောက်ကာလ ကြာပြီမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံ တခုသော နေ့ရက်ကို သေချာစွာ မှတ်သား သတည်း။
“ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်၊ ” ဟု ဒါဝိဒ်က၊ ဆာ ၉၅:၈တွင် ဆိုထားသည်။ ဣသရေလ လူများ စိတ်နှလုံးခိုင်မာ၍ ၊ ခါနန်ပြည် မဝင်နိင်ခြင်းသည်၊ ယောရှုလက်ထက်တွင် ဖြစ်၍ ဘီစီ ၁၄၀၀ ခန့်တွင် ဖြစ်သည်။ ဒါဝိဒ်ကစိတ်နှလုံးမခိုင်မာကြနှင့် ဟုဆိုခြင်းသည်၊ ဘီစီ ၁၀၀၀ ခန့််တွင် ဖြစ်သည်။ ထိုအချိိ်န်တွင် ဣသရေလ လူများသည်၊ ခါနန်ပြည်၌ နှစ်ပေါင်း၄၀၀ ကျော်နေထိုင်ခဲ့ကြပြီ။ ထို့ကြောင့် ဒါဝိဒ်ဆိုလိုသော နေ့ရက်သည်၊ ခါနန်ပြည် ဝင်မည့် အရာ မဟုတ်ဘဲ၊ အခြားသော နေ့ရက် ဖြစ်မည်ဟုဆိုသည်။
၈။ ယောရှုသည် ထိုသူတို့ကို ချမ်းသာ ပေးသည် မှန်လျှင်၊ ထိုနောက် အခြားသော နေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်း။ ၉။ ထိုကြောင့်၊ ဘုရားသခင်၏ လူတို့ အဘို့ အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာ တမျိုးသည် ကျန်ရစ်သေး၏။
ယောရှုသည် ထိုသူတို့ကို ချမ်းသာ (နားရသော အခွင့်) ပေးသည်ဟုဆိုခြင်းသည်၊ ခါနန်ပြည်သို့ ဦးဆောင်ခြင်းကို ဆိုလိုသည်။ ယောရှုကသူ၏ လူမျိုးများကို၊ ခါနန်ပြည်သို့ ဦးဆောင်သွားပြီး ပြီ ဖြစ်သောကြောင့်၊ ခါနန်ပြည် ဝင်မည့် အရာကို မဆိုလို၊ အခြားသော နေ့ရက်၊ ဘုရားသခင်၏ လူတို့ အဘို့ ငြိမ်ဝပ်ခြင်း ချမ်းသာ တမျိုးရှိသေးသည်ဟုဆိုသည်။
၁၀။ ဘုရားသခင်သည် မိမိအမှုအရာ တို့ကိုပြီး စီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင်ရသောသူ သည်လည်း မိမိအမှုအရာ တိ့ုကိုပြီး စီး၍ ငြိမ်ဝပ်စွာ နေရ၏။
ချမ်းသာကို ငြိမ်ဝပ်စွာ နေခြင်းဟု ဤနေရာ၌ တိကျစွာ ပြန်လည် ဖေါ်ပြသည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း အမှုပြီး စီး သောအခါ၊ ငြိမ်ဝပ်စွာ နေသည်။ ထို့နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင်ရသော သူသည် လည်း၊ မိမိအမှုအရာ တို့ကိုပြီး စီး၍ ငြိမ်ဝပ်စွာ နေရ၏ဟုဆိုထားရာ၊ ထိုအရာသည် ဘာကို ဆိုုလိုသနည်း။ ငြိမ်ဝပ်စွာ နေသော သူတို့သည်၊ ဘုရားသခင်ကို အားကိုးသော သူတို့ ဖြစ်သည်ဟု အငယ် ၃၌ ဖေါ်ပြခဲ့ပြီး ပြီ။ သင်သည် နောင်ဘဝအတွက် ဘုရားကို အားကိုး ပါသလော။ ယခုဘဝနေ့စဉ် အသက်တာအတွက်လည်း ဘုရားသခင်ကို အားကိုး ပါသလော။ အားကိုးလျှင် ငြိမ်သက်ခြင်းရှိလိမ့်မည်၊ မဟုတ်လျှင် ပူပန်သော ကရောက်နေမည်။
၁၁။ ထိုကြောင့်၊ ဣသရေလ လူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည် မလဲ၊ ထိုချမ်းသာ ထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအား ထုတ်ကြကုန်အံ့။
ဟေဗြဲစာရေးသူက၊ ယုံကြည်သူ တိုင်း၊ မယုံကြည်သော ဣသရေလ လူများ ကဲ့သို့ မလဲဘဲ၊ ထိုချမ်းသာ တည်းဟူသောဘုရားသခင်၌ ငြိမ်ဝပ်ခြင်းသို့ ဝင်ကြဘို့ တိုက်တွန်းထားသည်။

နှုတ်ကပတ်တရားတော်

၁၂။ ဘုရား ဘုရား၏ နှုတ်ကပတ်တရားတော်သည်၊ အသက် ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်း နှင့် ပြည့်စုံသည် ဖြစ်၍ ၊ အသက်နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များ ကိုလည်း သိမြင်တတ်၏။
အဘယ်ကြောင့်စာရေးသူက၊ ဘုရား၏ ချမ်းသာ ပြောနေစဉ်တွင်၊ နှုတ်ကပတ်တော် အကြောင်းကို ရေးသွားသနည်း။ ဘုရားသခင်ကို ယုံကြည်လျှင်၊ သူ၏ နှုတ်ကပတ်တော်ကို ယုံကြည်ဘို့ လိုသည်။ ထို့ကြောင့် နှုတ်ကပတ်တော်နှင့် ဘုရားကို ခွဲ၍ မရပါ။ နှုတ်ကပတ်တော်သည်၊ “အသက် ရှင်” သည်ဟုဆိုသည်။ လူ၏ စကားသည် သေသွား၍ တန်ဘိုး မရှိ ဖြစ်တတ်သည်။ နှုတ်ကပတ်တော်သည်၊ ပြောသော သူကိုယ်တိုင်အသက် ရှင်နေသောကြောင့် အသက် ရှင်ခြင်း ဖြစ်သည်။

“တန်ခိုးနှင့် ပြုပြင်ခြင်း” နှုတ်ကပတ်တော်သည် တန်ခိုးရှိ၍ ၊ လူကို ပြုပြင်နိင်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်း၍ ၊ ချုပ်ကိုင်ထိမ်းသိမ်းထားသည်။ ထို့ကြောင့် အကျင့်ဆိုးသော လူသားများ၊ မယုံကြည်သော သူများကို ပြုပြင်ပြောင်လဲပေးနိင်သည်။

“သန်လျက် တကာတို့ထက် ထက်ခြင်း နှင့် ပြည့်စုံသည် ဖြစ်၍ ၊ ” သန်လျက်သည် နှစ်ဖက်ထက်၍ ဝေှ့ရမ်းကာထိုးလဲထိုးနိင်သည်။ သို့သော် နှုတ်ကပတ်တော်သည်၊ သန်လျက်ထက် ထက်သည်ဟုဆိုသည်။ အသက်နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း၊ ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏ဟုဆိုသည်။

“စိတ်နှလုံးအကြံ အစည်များ ကိုလည်း သိမြင်တတ်၏။” ထို့ကြောင့် တရားဟောဆရာများက၊ နှုတ်ကပတ်တော်ကို ဟော သောအခါ၊ ကြားနာ သူများ ထိ၍ စိတ်ဆိုးတတ်သည်။ ငါ့အကြောင်းကို ဘယ်သူကတရားဟောဆရာကို ပြောသနည်း၊ဟု သံသယရှိတတ်သည်။ သင်၏ အကြောင်းကို၊ တရားဟောဆရာက မသိပါ။ နှုတ်ကပတ်တော် ပြောသောကြောင့်၊ နှုတ်ကပတ်တော် ကသင်၏ အပြစ်ကို ဖေါ်ပြနေခြင်း ဖြစ်သည်။

၁၃။ ငါတို့ကို စစ်ကြောစီရင် တော်မူသော သူရှေ့၌၊ မထင်ရှားသောအရာ တစုံ တခုမျှမရှိ။ ခပ်သိမ်းသောအရာ တို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။
ငါတို့ကို စစ်ကြောစီရင် တော်မူသော သူသည်၊ ဘုရားသခင် ဖြစ်သည်။ သူ့ရှေ့၌ အဘယ်အရာကို မျှဖုံး၍ မရချေ။ လှူ့ဝှက်စွာ ပြုလုပ် သမျှကို၊ ဘုရားသခင်က အားလုံးသိမြင်နေသည်။ သူ့ရှေ့၌ အရာခပ်သိမ်းသည် အကွယ်အကာမရှိဘဲ၊ လှန်ထားလျက် ရှိသည်။ ထိုအရာကို သိသော သူအနေဖြင့်၊ မိမိအကျင့်ကို သတိထားရသည်။ မသိသော သူမူကား လုပ်ချင် တိုင်း လုပ် နေကြသည်။

ယဇ်ပုရောဟိတ်မင်း

၁၄။ ယခုမူကား၊ ကောင်းကင်ဘုံထဲသိုု့ကြဝင် တော်မူသော၊ ယဇ်ပုရောဟိတ်မင်းအကြီး တည်း ဟူသော၊ ဘုရားသခင်၏ သားတော် ယေရှုသည်၊ ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ ၌ တည်ကြည်ကြကုန်အံ့။
စာရေးသူက၊ အချက်မပေးဘဲ ယဇ်ပုရောဟိတ်မင်းအကြောင်းကို ရေးလိုက်သည်။ ဣသရေလ လူများ အတွက်၊ ယဇ်ပုရောဟိတ်သည် အလွန် အရေးကြီးသော်လည်း၊ တပါးအမျိုးသားများအတွက် ယဇ်ပုရောဟိတ်၏ အလုပ်နှင့် အရာရောက်ပုံကို မသိသောကြောင့်၊ ဂရုစိုက်ကြမည် မဟုတ်ချေ။ ဣသရေလ လူတယောက်သည်၊ ဘုရားကိုးကွယ်လိုလျှင်၊ ချက်ချင်း ယဇ်ပုရောဟိတ်ကို သတိရအားကိုးရသည်။ အပြစ် ကျူးလွန်လျှင် လည်း၊ ယဇ်ပုရောဟိတ် မှတဆင့်သာလျှင်၊ အပြစ် ​ဖြေရာယဇ်ကို ပူဇော်နိင်သည်။ ကျေးဇူးတော် ချီးမွမ်းလိုလျှင် လည်း၊ ယဇ်ပုရောဟိတ်ကို ကျော်၍ မရ။ သူတို့၏ အသက်တာ၌၊ ယဇ်ပုရောဟိတ်သည် အလွန် အရေးကြီးသည်။ ထို့ကြောင့် ဣသရေလ လူမျိုးအတွက်၊ ယဇ်ပုရောဟိတ် အားကိုးဘို့ ပြောလျှင်၊ ချက်ချင်း သဘောပေါက် နားလည်၍ ၊ တန်ဘိုးလည်းရှိသည်။

အဘယ်ကြောင့်ယဇ်ပုရောဟိတ် သည်၊ အရေးကြီး သနည်းဟူမူကား၊ ဘုရားသခင်က ယဇ်ပုရောဟိတ်အားဖြင့်သာ၊ သူ့ကို ချဉ်းကပ်ဘို့ ပညတ်ထားသောကြောင့် ဖြစ်သည်။ တပါးအမျိုးသားများအနေဖြင့် လည်း၊ ထိုအရာကို နားလည်ဘို့ လိုသည်။ ယဇ်ပုရောဟိတ်အား မကိုးဘဲ၊ ဘုရားကို ချဉ်းကပ်ပါက ၊ ကျိန်ခြင်း အမင်္လာသာလျှင် ရရှိမှာ ဖြစ်သည်။ ဘုရားသခင်က၊ အာရုန်သားများမဟုတ်တော့ဘဲ၊ မိမိ၏ သားတော် ယေရှုကို၊ တလောက လုံး လူသားများအတွက်၊ ယဇ်ပုရောဟိတ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ယဇ်ပုရောဟိတ် ယေရှုကို၊ အားကိုးဘို့ လိုသည်။ ထိုအရာကို အခန်းကြီး ငါးမှဆက်ပြောသွားမှာ ဖြစ်သည်။

၁၅။ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့ ခံရသော ဆင်းရဲ ဒုက္ခများကြောင့် ၊ မကြင်နာနိုင်သောသူ မဟုတ်။ ငါတို့ ခံရသည် နည်းတူ ၊ အမျိုးမျိုးသော စုံစမ်း နှောင့်ရှက်ခြင်း တို့ကို၊ ခံဘူးသောသူ ဖြစ်တော်မူ၏။သို့ ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ် တော်မူ၏။
ငါတို့ ယဇ်ပုရောဟိတ်မင်းယေရှုသည်၊ ငါတို့ ခံရသော ဆင်းရဲ ဒုက္ခများကို၊ ဤလောက၌ လူဇာတိအဖြစ် အသက် ရှင်စဉ်တွင်၊ အကုန်အစင်ခံခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့်၊ လူသားများ၏ ဒုက္ခနှင့် ခံစားချက်များကို အားလုံးသိရှိခံစား ခဲ့ပြိီ။ လူသည်ကိုယ်တိုင်ခံစားမှ သဘော ပေါက်၊ ကိုယ်ချင်းစာတတ်သည်။ ထို့ကြောင့် သခင်ယေရှုသည်၊ လူသားများက သဘောပေါက် နားလည်နိင်ရန်၊ လူ့ဇာတိခံယူခြင်း ဖြစ်သည်။ သူသည်လောက၌ နေစဉ်၊ အစဉ်သဖြင့် အပြစ် တင်ခြင်း၊ ဆဲဆူခြင်း၊ စွန့်ပစ်ခြင်း၊ ငတ်မွက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ အသေသတ်ခြင်း များကို ခံခဲ့ရသည်။ ထို့ကြောင့် ငါတို့၏ အခက်အခဲနှင့် ခံစားချက်များကို သိ၍ ၊ သနားကြင်နာနိင်သောသူ ဖြစ်သည်။ သူသည် ထိုကဲ့သို့ လောက ဒဏ်၊ ဘဝဒဏ်ကို ခံခဲ့ရသော်လည်း၊ ဒုစရိုက်အပြစ်ကို မကျူးလွန် ခဲ့ချေ။
၁၆။ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော် လျော်သော မစခြင်း ကျေးဇူးတော်ကို၎င်း၊ ခံရမည်အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။
ရုံးသွား သောအခါ၊ စကားပြန် သည်၊ ကိုယ်နှင့် မသိသည် သာမက၊ ကြမ်းတမ်းသောသူ၊ စိတ်ဆိုးစိတ်တိုတတ်သောသူ ဖြစ်လျှင်၊ ကြောက်၍ ကောင်းစွာ မပြောနိင်၊ အထစ်ထစ်အ​ေငါ့​ေငါ့ ဖြစ်တတ်သည်။ သို့မဟုတ်ဘဲ စကားပြန် သည်ကိုယ်နှင့် ရင်းနှီး သောသူ၊ နားလည်တတ်သောသူ ဖြစ်လျှင်၊ စိတ်ချ၍ အား တက်တတ်သည်။ ကိုယ်ပြောချင်သောအရာ များကိုလည်း ၊ အကုန်အစင်ပြော ဖြစ်၍ ၊ အားရကျေနပ် တတ်သည်။ ယဇ်ပုရောဟိတ် များ လည်း၊ ဘုရားနှင့် လူအကြားရပ်တည်ပေးသောသူ ဖြစ်သောကြောင့်၊ စကားပြန် ကဲ့သို့ဖြစ်သည်။ ငါတို့၏ ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့၏ ခံစားချက်များကို သိသည် သာမက၊ သူကိုယ်တိုင်ခံစား ဘူးသောကြောင့်၊ ဘုရာသခင်ထံသို့ ချဉ်းကပ် သောအခါ အကောင်းဆုံးပြောပေးမှာ ဖြစ်သည်။ ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော် လျော်သော မစခြင်း ကျေးဇူးတော်ကို၎င်း၊ ခံရမည်အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့၊ဟု စာရေးသူကငါတို့ကို တိုက်တွန်း အားပေးခြင်း ဖြစ်သည်။

အခန်း (၄) မေးခွန်းများ

၁။ ဘုရားသခင်က ဣသရေလ လူများကို မည်သည့်နေရာ၌ ပို့ဆောင်လိုသနည်း။

၂။ ဘုရားသခင်က သင်ကို မည်သည့်နေရာ၌ ပို့ဆောင်လိုသနည်း။

၃။ ကြားရသော စကားသည် အဘယ်ကြောင့် အကျိုးမပေးသနည်း။

၄။ ချမ်းသာ ဟူသောအရာ ၏ အဓိပ္ပါယ်သည် အဘယ်အရာနည်း။

၅။ မည်သည့်အချိန်၌ အနားယူနိင်သနည်း။

၆။ ဘုရားသခင်သည် မည်သည့်နေ့တွင် အနားယူ တော်မူ သနည်း။

ရ။ အနားယူခြင်းသည် ခါနန်ပြည်သို့ ဝင်ခြင်းကို သာဆိုလိုသလော။ အနာဂတ်မှာရှိသေးသလော။

၈။ ဣသရေလများအတွက် ဝမ်းမြောက်စရာ သတင်းသည် ဘာကို ဆိုလိုသနည်း။

၉။ ခရစ်ယာန်များအတွက် ဝမ်းမြောက်စရာ သတင်းသည် ဘယ်အရာနည်း။ ဝမ်းမြောက် ကြပါသလော။

၁၀။ ဒါဝိဒ်ဆိုလိုသော နေ့ရက်သည် ဘယ်အရာကို ဆိုလိုသနည်း။

၁၁။ ဘုရားသခင်၏ လူတို့ အဘို့ အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာသည် ခါနန်ပြည် ဝင်ခြင်းကို ဆိုလိုသလော။

၁၂။ ချမ်းသာ၏ အဓိပ္ပါယ်ကို ဖေါ်ပြပါ။

၁၃။ မည်သူတို့သည် ငြိမ်ဝမ်ခြင်း ချမ်းသာ ခံစား တတ်ကြသနည်း။

၁၄။ ယုံကြည်သူ တိုင်း ဘုရားသခင်၏ ချမ်းသာ ထဲသို့ မည်သို့ ဝင်မည်နည်း။

၁၅။ ဘာကို ယုံကြည် မှဘုရား ယုံကြည်သည်ဟုဆိုနိင်သနည်း။

၁၆။ နှုတ်ကပတ်တော်သည် အဘယ်ကြောင့်အသက် ရှင်သည်ဟုဆိုသနည်း။

၁ရ။ နှုတ်ကပတ်တော်သည် ဘာတန်ခိုးရှိသနည်း။

၁၈။ နှုတ်ကပတ်တော်သည် ဘာထက်ထက် သနည်း။

၁၉။ အဘယ်ကြောင့်နှုတ်ကပတ်တော် ဟောပြော သောအခါ စိတ်နာတတ်သနည်း။

၂၀။ ဘုရားသခင် ရှေ့၌ အဘယ်အရာမျှ ဖုံးကွယ်၍ ရပါသလား။

၂၁။ ဣသရေလ လူများအတွက် ယဇ်ပုရောဟိတ်သည် အဘယ်ကြောင့်အရေးကြီး သနည်း။

၂၂။ တပါးအမျိုးသားများအနေဖြင့် ယဇ်ပုရောဟိတ်၏ အရာရောက်မှုကို သိကြပါသလား။

၂၃။ ယဇ်ပုရောဟိတ် ယေရှု ကသည် ငါတို့ ခံစားသော ဆင်းရဲ ဒုက္ခ များကို ခံစား ဘူူးပါသလား။

၂၄။ ထိုသို့ ခံစားခြင်းဖြင့် ဘာ အကျိုးရှိသနည်း။

၂၅။ ဘုရား ထံချဉ်းကပ် သောအခါ မည်သူကို အားကိုးရသနည်း။

၂၆။ ယဇ်ပုရောဟိတ်သည် မည်သူနှင့် တူသနည်း။

၂ရ။ ဟေဗြဲစာရေးသူကကျေးဇူးပလ္လင်တော်သို့ မည်ကဲ့သို့ ချဉ်းကပ်ဘို့ ပြောသနည်း။

.

^

ဟေဗြဲ (၅) ယဇ်ပုရောဟိတ်

၁။ လူတို့တွင် ရွေးကောက်သော၊ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ် ​ဖြေရာယဇ်ကို၎င်း၊ ပူဇော်၍ လူတို့အတွက် ၊ ဘုရားဝတ်ပြုစေခြင်းငှါ၊ ခန့်ထား တော်မူသောသူ ဖြစ်၏။
လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်းသည်၊ အာရုန်ကို ဆိုလိုသည် (ထွက် ၂၈:၁၊ တော ၁၈:၁ -ရ)။ ယဇ်ပုရောဟိတ်မင်းသည်၊ လူများကိုယ်စားဘုရားဝတ်ပြုပေးသောသူ ဖြစ်သည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ဦးဆောင်၍ ၊ မောရှေနှင့် အာရုန်တို့၏ ဦးဆောင်ခြင်းကို ဆန့်ကျင် ကာ၊ ယဇ်ပုရောဟိတ် ဖြစ်ဘို့ လူ၂၅၀ တို့ကို ရွေးကောက်ခဲ့ ကြသည်။ ထိုအခါ ဘုရားသခင်က၊ ကောရ၊ ဒါသန်နှင့် အဘိရံတို့ကို မိသားစုအလိုက်မြေမျိုစေ ခြင်းအားဖြင့် ၊ ပရိသတ်ထဲမှဖယ်ရှားခဲ့သည်။ ယဇ်ပုရောဟိတ် ဖြစ်ဘို့၊ သူတို့ ရွေးချယ်ထားသော လူ၂၅၀ တို့လည်း ကောင်းကင်မှ မီးကျခြင်း ဖြင့်၊ သေကျေ ပျက်ဆီး ခဲ့ရသည် (တော ၁၆)။ ရှောလုမင်းလည်း ယဇ်ပုရောဟိတ်ကို မသုံးဘဲ၊ သူကိုယ်တိုင် ယဇ်ပူဇော်ခဲ့သောကြောင့်၊ ထာဝရ ဘုရား ကသူ့ကို ရှင်ဘုရင်အရာမှ၊ ဖယ်ရှားခဲ့သည် (၁ရာ ၁၃)။ ယုဒရှင်ဘုရင်၊ ဩဇမင်းလည်း ယဇ်ပုရောဟိတ် အလုပ် ဖြစ်သော၊ နံ့သာပေါင်းမွှေးမီးရှို့ခြင်းကို သူကိုယ်တိုင်လုပ်ဘို့ ကြံစည်သောကြောင့်၊ နဖူး၌ နူနာစွဲခြင်းဖြင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည် (၂ ချုပ် ၂၆:၁၆-၂၁)။ ထို့ကြောင့် ဘုရားသခင်ကိုယ်တော်တိုင် မရွေးကောက်သော သူသည် ယဇ်ပုရောဟိတ် မဖြစ်နိင်ချေ။
၂။ သူသည်ကိုယ်တိုင်နွမ်းရိအား နည်းခြင်းရှိသည် ဖြစ်၍ ၊ မိုက်သောသူ၊ မှားယွင်းသော သူတို့ ကိုသည်း ခံခြင်းငှါ တတ်နိင်၏။
ယဇ်ပုရောဟိ်တ်မင်းသည်၊ လူများအတွက် ဘုရားဝတ်ပြုပေးသောသူ ဖြစ်သော်လည်း၊ သူတို့ကိုယ်တိုင်လည်း လူသား ဖြစ်၍ အပြစ် မကင်းသောကြောင့်၊ လူများ၏ အပြစ် ကိုသည်း ခံနိင်သည်။ အကယ်၍ သူသည် အပြစ် ကင်းသောသူ၊ ပြည့်စုံသောသူ ဖြစ်ပါက ၊ လူများ၏ အပြစ် ကိုသည်း ခံနိင်မည် မဟုတ်။ ဥပမာ၊ ကိုယ်တိုင်သူ့ဥစ္စာကို ခိုးလျှင်၊ သူတပါးကပစ္စည်ခိုးခြင်းကို ပြောရဲမည် မဟုတ်။
၃။ ထိုအကြောင်းကြောင့် လည်း၊ လူများ အပြစ်နှင့် မိမိအပြစ်ကို၊ ​ဖြေခြင်းငှါ ပူဇော်ရ၏။
ယဇ်ပုရောဟိတ်မင်းသည် သူတပါး၏ အပြစ် အတွက် သာမက၊ မိမိအပြစ် အတွက် ကိုလည်း အပြစ် ​ဖြေရာယဇ်ကို ပူဇော်ရသည်။ ယဇ်ပုရောဟိတ်မင်းသည်၊ အပြစ် ကျူးလွန် မိပါက ၊ အပြစ် ​ဖြေရာ ယဇ်ပူဇော်မည့် အကြောင်းကို၊ ဝတ်ပြုရာ ၄၌ ဖေါ်ပြထားသည်။ ထိုမျှသာမက၊ နှစ်စဉ်သတ္တမလ (ဤငျ့မငသတင်း ​ကျွတ်လ)၌ သူ၏ အပြစ်နှင့် ပရိသတ်များ၏ အပြစ် အတွက်၊ အပြစ် ​ဖြေရာ ယဇ်ပူဇော်နည်းကို ဝတ်ပြုရာ ၁၆၌ ဖေါ်ပြထားသည်။
၄။ ဘုရားသခင်သည် ၊ အာရုန်ကို ခေါ် တော်မူ သကဲ့သို့၊ ခေါ် တော်မူသော သူမှတပါး၊ အဘယ်သူ မျှ၊ ထိုအရာမြတ်ကို မသိမ်းမယူရ။
ယဇ်ပုရောဟိ်တ် ရာထူးသည်၊ ထူးမြတ်သောအရာ ဖြစ်သည်။ အကြောင်းမှာ လူများနှင့် ဘုရား အကြား၊ အမှု ဆောင်ရွက်သောသူ ဖြစ်သည်။ စကားပြန် နှင့် တူသည်။ စကားပြန် များသည် အရာရှိများနှင့် ပေါင်းဖေါ်သောကြောင့်၊ အခွင့်အရေးသာ၍ ရတတ်သည်။ ယဇ်ပုရောဟိတ် အရာကို၊ အာရုန်၏ အမျိုးအနွယ်မှတပါး၊ အခြား ဣသရေလ အမျိုးသားများက၊ မဆောင်ရွက်နိင်ကြောင်းကို အငယ် ၁၌ ဖေါ်ပြခဲ့ပြီး ပြီ။

ခရစ်တော်သည် မေလခိဇေဒက်နှင့်တူ

၅။ ထိုနည်းတူ ၊ ခရစ်တော်သည်၊ ယဇ်ပုရောဟိတ်မင်းအရာ၌၊ မိမိကို မိမိချီးမြှောက်သည် မဟုတ်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို၊ ငါဖြစ်ဘွားစေပြီဟု၊ မိန့်တော်မူသော သူသည်၊ ခရစ်တော်ကို ချီးမြှောက် တော်မူ၏။
ခရစ်တော်သည် ကောရအဖွဲ့၊ ရှောလုနှင့် ဩဇိမင်းတို့ ကဲ့သို့၊ သူ့ကိုယ်သူချီးမြှောက်သည် မဟုတ်ဟုဆိုထားသည်။ သင်သည် ငါ့သား ဖြစ်၏။ ယနေ့ ပင်သင့်ကို၊ ငါဖြစ်ဘွားစေပြီဟု၊ မိန့်တော်မူသော သူသည်၊ ခရစ်တော်ကို၊ ချီးမြှောက် တော်မူ၏။ သင်သည် ငါ့သား ဖြစ်၏ဟုဆိုသော သူသည်၊ ထာဝရ ဘုရား ဖြစ်သည် (ဆာလံ ၂:ရ)။ ထို့ကြောင့် ခရစ်တော်သည် ခမည်းတော် ဘုရား ကယဇ်ပုရောဟိတ် အဖြစ် ချီးမြှောက်သည်။
၆။ ထိုသို့နှင့် အညီ၊ ကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု လာသတည်း။
ဘုရားသခင်သည် ၊ ခရစ်တော်ကို ယဇ်ပုရောဟိတ် အရာ၌ ချီးမြှောက်မည့် အကြောင်းကို၊ ဆာလံဆရာအားဖြင့် ဤကဲ့သို့ ကြိုတင် ရေးထားခဲ့သည်၊ “ထာဝရ ဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု ကျိန်ဆို၍ ၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူ။” (ဆာ ၁၁၀:၄)။ မေလခိဇေဒက်အကြောင်းကို အခန်း ရ ၌ ပြန်လည် ဖေါ်ပြပါမည်။

ခရစ်တော်၏ နားထောင်ခြင်း

ရ။ ထိုခရစ်တော်သည်၊ လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်း မှကယ်လွှတ်နိင် တော်မူသော သူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်း ပဌနာ ပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာ ရသည် ဖြစ်၍ ၊
ခရစ်တော်သည် တရာမှာတရာလူ ဖြစ်သကဲ့သို့၊ ဘုရားလည်း ဖြစ်သည်။ သူသည် လူ့ဇာတိ၌ နေစဉ်တွင် သေခြင်းမှ လွတ်မြောက်ဘို့ရန် ဤကဲ့သို့ အော်ဟစ်၍ ဆုတောင်း ခဲ့ဘူးသည်။ ဂေသရှေမန်ဥယျဉ်၌၊ “အိုအဘ၊ အလိုတော် ရှိလျှင် ဤခွက်ကို အ​ကျွန်ပ်မှလွှဲ တော်မူပါ။ သို့သော်လည်း အ​ကျွန်ပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသော ဟု၊ ဆုတောင်း တော်မူ၏။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ၊ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသော ဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေးထွက် တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” (လု ၂၂:၄၂-၄၄)။ တပည့်တော် များ၏ အားပေးခြင်းကို မျှော်လင့်သော်လည်း၊ သူတို့သည် အလွန် အိပ်ငိုက်ကြသောကြောင့် လုံးဝအား မပေးနိင်ကြချေ။ ထို့ကြောင့် ကောင်းကင်တမန်က အားပေးခဲ့သည်။ ဘုရားသား ဖြစ်သော်လည်း၊ လူ့အပိုင်းမှကြောက်ရွံ့၍ အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။

ခရစ်တော်သည် လက်ဝါးကပ်တိုင်တော် မှလည်း ဤသို့ ကြွေးကြော်ခဲ့သည်၊ “မွန်းတည့်အချိန် မှစ၍ ၊ သုံးချက်တီးအချိန် တိုင်အောင်၊ မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌၊ ယေရှုက၊ ဧလိဧလိလာမာရှာဗသသာနိ၊ဟု ကြီးသော အသံနှင့် ကြွေးကြော် တော်မူ၏။ အနက်ကား၊ အ​ကျွန်ပ်ဘုရား၊ အ​ကျွန်ပ်ဘုရား၊ အဘယ်ကြောင့်အ​ကျွန်ပ်ကို စွန့်ပစ် တော်မူ သနည်းဟုဆိုလိုသတည်း။” (မ ၂ရး၄၅-၄၆)။ အထက်ပါ ကဲ့သို့ ခရစ်တော်သည်၊ သေရမှာကြောက်သောကြောင့်၊ အဘခမည်းတော် ထံ၌ ဆုတောင်း ခဲ့သည်။

၈။ ဘုရားသခင်၏ သားတော် မှန်သော်လည်း၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့်၊ နားထောင်ခြင်း အကျိုးအကြောင်းကို သင် တော်မူ၏။
ခရစ်တော်သည်၊ ဘုရား သားတော် မှန်သော်လည်း၊ ဆင်းရဲ ဒုက္ခကို မရှောင်၊ ခမည်းတော်၏ စကားကို တသဝေမတိမ်း နားထောင် ခဲ့သည်။ သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကို မျှမပြုနိင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့ မလိုက်၊ ငါ့ကို စေလွှတ် တော်မူသော၊ ခမည်းတော်၏ အလိုသို့ လိုက်၏။” (ယော ၅:၃၀)။ တဖန်၊ “ယေရှုက၊ ငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည်၊ ငါ့စားစရာ ဖြစ်၏။” (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ခရစ်တော်သည် ဤလောက၌၊ ဇိမ်ခံဘို့၊ တန်ခိုးပြဘို့ မလာပါ။ ခမည်းတော် စကား နားထောင်၍ အလိုတော် ဆောင်ဘို့ လာခဲ့သည်။ သို့ဖြစ်လျှင်၊ ယုံကြည်သူများ၊ မည်ကဲ့သို့ အသက် ရှင်သင့်ကြသနည်း။ ဇိမ်ခံဘို့၊ ကောင်းကြီး ခံစားဘို့၊ အသက် ရှင်သင့်သလော၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်သင့်သလော။
၉။ ထိုသို့ စုံလင်ခြင်းသို့ ရောက်ပြီးမှ၊ ယုံကြည် နားထောင် သောသူ အပေါင်းတို့ အား၊ ထာဝရ ကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူ ဖြစ်တော်မူ၍
ခရစ်တော်သည် ခမည်းတော် စကားကို နားထောင်၍ ၊ အလိုတော် ဆောင်ခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်သည်။ ထို့ကြောင့် ဤသို့ ဆုတောင်း ခဲ့သည်၊ “အ​ကျွန်ပ်သည် မြေကြီး ပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အ​ကျွန်ပ်ဆောင်ရွက်စရာဘို့ အ​ကျွန်ပ်အပ် ပေးတော်မူ သော အမှုကို၊ အ​ကျွန်ပ်ဆောင်ရွက်၍ ပြီး ပါပြီ” (ယော ၁ရး၄)။ ထိုသို့ သူ၏ တာဝန်၊ ကယ်တင်ခြင်း လုပ်ငန်းကို အပြီး ဆောင်ရွက်သောကြောင့်၊ သင်နှင့် ​ကျွန်ပ်ကို ကယ်တင်နိင်ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ​ကျွန်ပ်တို့လည်းကိုယ်တော် ခိုင်းသော အလုပ်ကိုပြီး စီးသည် အထိ ဆောင်ရွက်သင့်သည်။ ပေါလုကဲ့သို့၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:ရ)ဟု ယုံကြည်သူ တိုင်း ဆိုနိင်လျှင် မည်မျှကောင်းမည်နည်း။

ခရစ်တော်သည် မေလခိဇေဒက်နည်းတူ

၁၀။ မေလခိဇေဒက်ကဲ့့သို့သော ယဇ်ပုရောဟိတ်မင်းဟု၊ ဘုရားသခင် သမုတ် တော်မူခြင်းကို ခံရ၏။ ၁၁။ ထိုမေလခိဇေဒက်၏ အကြောင်းကို၊ ငါတို့ ပြောစရာ စကား အများရှိ၏။ သို့သော်လည်း ၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။
ဘုရားသခင်က ခရစ်တော်ကို မေလခိဇေဒက်ကဲ့သို့သော် ယဇ်ပုရောဟိတ်မင်းဟု ခေါ်သည်။ ဟေဗြဲစာ ရေးသူက မေလခိဇေဒက် အကြောင်းကို၊ များများ ပြောချင်သော်လည်း၊ ဤစာကို ရရှိသော သူတို့သည် ဝိညာဉ် ရေးရာ၌ နုနယ်လွန်းသောကြောင့် အပြောခက်လှသည်ဟုဆိုသည်။ မှန်ပါသည်၊ လူများသည် ဇာတိပိုင်းဆိုင်ရာပြောလျှင်၊ သိလွယ်ကြသော်လည်း၊ ဝိညာဉ် ရေးရာပြောပြလျှင် ကြောင် နေကြ၊ အနေတတ် ကြသည်။ သို့သော်စာရေးဆရာက၊ မေလခိဇေဒက်အကြောင်းကို၊ အခန်းရ၌ အကျယ်တဝင့်ပြန်လည် ဖေါ်ပြခဲ့သည်။

ဝိညာဉ် ပိုင်းခလေးများ

၁၂။ သင်တို့သည် ကာလ ကြာသောကြောင့်၊ ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌၊ ရှေ့ဦးစွာ သင်ရသော တရားနုတို့ကို၊ သူတပါးထံ၌ တဖန် သင်ရသော အကြောင်းရှိသည် ဖြစ်၍ ၊ ​ကြေခဲသော အစာကို မသုံးဆောင်၊ နို့ကို သာသုံးဆောင်ရသောသူ ဖြစ်ကြ၏။
ဟေဗြဲစာကို လက်ခံသော ယုံကြည်သူများအပေါ်၌၊ စာရေးသူကအား မရကြောင်း တွေ့ရသည်။ သူတို့ ယုံကြည်သူ ဖြစ်လာခြင်းသည် ကြာပြီ ဖြစ်၍ ၊ သူတပါးကို သင်ပေးသော ဆရာအဖြစ်သို့ ပင်ရောက်သင့်ပြီ ဖြစ်သော်လည်း၊ ဆရာ ဖြစ်ဘို့ နေနေသာသာ၊ ကယ်တင်ခြင်း အကြောင်း နှင့်၊ ရှေ့ဦးစွာ သင်ရသော သမ္မာတရားများကို၊ သူတပါးထံ၌ သင်ဘို့ လို နေကြသေးသည်။ ​ကြေခဲသော အစာတည်း ဟူသော၊ ဝိညာဉ် ရေးရာ၌ အဆင့်မြင့်သောအရာ များကို မပြောပြနိင်ဘဲ၊ နို့ တည်းဟူသောတရားနုတို့ကို သာသုံးဆောင်ကြသေးသည်။ ယနေ့ ကယ်တင်ခြင်းသို့ ရောက်သော၊ ယုံကြည်သူများလည်း မကြီး ထွားမရင့်ကျက်ဘဲ၊ သူတို့ ကဲ့သို့ပင် ဝိညာဉ် ပိုင်းခလေးများဖြစ် နေကြသည်ကို၊ ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ သင်သည် ဝိညာဉ် ပိုင်းခလေး ဖြစ်နေပါသေးသလော။ ဖြစ်နေသေးလျှင် အမြန် ကြီး ထွားရင့်ကျက်ဘို့ လိုကြောင်း၊ အသိပေးလိုပါသည်။ ဝိညာဉ် ပိုင်းခလေး ဖြစ်ခြင်းဖြင့် ဆုံးရှုံးမှု များစွာရှိသည်။ ဝိညာဉ် ပိုင်းမကြီး ထွားမရင့်ကျက်ခြင်းကြောင့်၊ ညစ်ညူးသော အသက်တာကို နှစ်သက်နေသည်။ ကြီးမားသော အလုပ်ကို မလုပ်နိင်ချေ။ သူတပါးကို အားကိုး ၍ ၊ ကြည့်ရှုစောင့်ရှောက်ဘို့ လိုနေသည်။ လောကသား နှင့် မခွဲနိင်အောင် တူညီနေမှာ ဖြစ်သည်။ ဘုရား ခိုင်းသောအရာ မလုပ်နိင်ဘဲ၊ ဘုရား ဘုန်းတော် ရှုပ်ချစရာ အသက်တာဖြင့် အသက် ရှင်နေမှာ ဖြစ်သည်။
၁၃။ နို့ကို သာသုံးဆောင်သော သူမည်သည်ကား၊ သူငယ် ဖြစ်သောကြောင့်၊ ​ဖြောင့်မတ်ခြင်း တရား၌ လေ့လာခြင်း မရှိ။
ဝိညာဉ် ပိုင်းခလေး များသည် နို့ကို သာသုံးဆောင်သည်။ နို့သုံးဆောင်သော သူသည် ခလေးများ၊ လူမမာများနှင့် သက်ကြီးရွယ်အိုများ ဖြစ်သည်။ ထိုသုံးမျိုးစလုံးသည် အလုပ်မလုပ်နိင်၊ သူတို့ကို ကြည့်ရှုဘို့ လိုသည်။ ဇာတိခလေး များသည် ညစ်ညူးသောအရာ များကို မရွံရှာ၊ ကြိုက်နှစ်သက် ကြသည်။ ထို့နည်းတူ ဝိညာဉ် ခလေးများလည်း၊ ကယ်တင်ခြင်းသို့ ရောက်သော်လည်း၊ ကွမ်းယာ၊ ဆေးလိပ်၊ ခိုင်နီး၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများကို မဖြတ်နိင်ကြချေ။ ပျော်ပွဲ၊ ရွှင်ပွဲများ၊ အား ကစားများ၊ ဝါသနာများ ကိုလည်း အလွန် လိုက်စားလို ကြသည်။ ထို့ပြင် ယခုခေတ် တွင်၊ ဝိညာဉ် ခလေး များသည် စမတ်ဖုန်းများ၊ ဖုိက်ဘုတ်၊ အင်တာနက်၊ အီလက်ထောနစ်ပစ္စည်းများနှင့်အချိန် ကုန်တတ်သည်။ ထိုအရာများရှိလျှင် ဘာမျှမလိုတော့ချေ။ ထို့ကြောင့် ​ဖြောင့်မတ်ခြင်း တည်း ဟူသော၊ ဘုရားသခင်၏ အလိုတော် လိုက်ဘို့ရန် လေ့လာခြင်း မရှိ။ စိတ်မဝင်စားကြချေ။ ကြီး ထွားရင့်ကျက်သောသူ
၁၄။ ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိင်သော ဥာဏ်ပေးတတ်သော၊ အကြား အမြင် အတွေ့အစမ်းများသော သူတည်း ဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့ မူကား၊ ​ကြေခဲသော အစာအဟာရကို သုံးဆောင်ရကြ၏။
စုံလင်သော အရွယ်ရှိသော သူတည်း ဟူသော၊ ဝိညာဉ် ပိုင်းရင့်ကျက်သော သူများသည်၊ ကောင်းကျိုးမကောင်းကျိုးများကို ပိုင်းခြား၍ သိနိင်သော ဥာဏ်ရှိသည်။ ထို့ သူများသည် အကျိုးမရှိသောအရာ များ အတွက်၊ အချိန်၊ ဘဏ္ဍာနှင့် စွမ်းအား များကို အသုံးမပြုလိုချေ။ ​ကြေခဲသော အစာတည်း ဟူသော၊ နက်နဲသော သမ္မာတရား များကို စိတ်ဝင်စား၍ ၊ လေ့လာဆည်းဖူးတတ်သည်။ ဘုရား၏ အလိုတော်ကို အလေးထား၍ ၊ အလိုတော် အတိုင်း အသက် ရှင်လိုသည်။ အဓိပ္ပါယ်မဲ့သော အလုပ်များကို အလုပ်လိုတော့ချေ။ သင်သည် ထိုသို့ သောသူ ဖြစ်ပါသလား။ မဖြစ်သေးလျှင် ဖြစ်လာဘို့ လိုသည်။

အခန်း၅ မေးခွန်းများ

၁။ ယဇ်ပုရောဟိတ်သည် ဘာလုပ်ဘို့ တာဝန် ရှိသနည်း။

၂။ ဘုရားသခင် ရွေးကောက်သော ပဌမ ဦးဆုံးယဇ်ပုရောဟိတ်သည် မည်သူနည်း။

၃။ ကောရ၊ ဒါသန်၊ အဘိရံတို့ မည်ကဲ့သို့ စီရင်ခြင်း ခံခဲ့ကြသနည်း။

၄။ သူတို့ ရွေးကောက်သော ယဇ်ပုရောဟိတ် ၂၅၀တို့ မည်ကဲ့သို့ သေဆုံးကြသနည်း။

၅။ ရှောလုမင်းသည် အဘယ်ကြောင့်ရှင်ဘုရင်အရာမှပယ်ရှားခြင်း ခံခဲ့ရသနည်း။

၆။ နဖူး၌ နူနာစွဲသော မင်းသည် မည်သူနည်း။ အဘယ်ကြောင့်ထိုသို့ဖြစ်သနည်း။

ရ။ ဘုရား မရွေးကောက်သော သူသည် ယဇ်ပုရောဟိတ် ဖြစ်နိင်ပါသလား။

၈။ အာရုန်သည်ကို တိုင်နွမ်းရိအား နည်းသောကြောင့် ဘာတတ်နိင်သနည်း။

၉။ လူယဇ်ပုရောဟိတ် များသည် သူတို့ကိုယ်တိုင်အတွက် အပြစ် ​ဖြေရာ ယဇ်ပူဇော်ဘို့ လိုပါသလား။

၁၀။ ယဇ်ပုရောဟိတ် အပြစ် ​ဖြေရာ ယဇ်ပူဇော်နည်းကို ဘယ်မှာ တွေ့ရသနည်း။

၁၁။ ယဇ်ပုရောဟိတ် များသည် မည်သည့်အလုပ်နှင့် တူသနည်း။

၁၂။ ခရစ်တော်ကို မည်သူကယဇ်ပုရောဟိတ် အဖြစ် ချီးမြှောက်သနည်း။

၁၃။ ခရစ်တော်သည် မည်သူကဲ့သို့သော ယဇ်ပုရောဟိတ် ဖြစ်သနည်း။

၁၄။ ခရစ်တော်သည် သေဘို့ရန် ကြောက်ခဲ့ပါသလား။ မည်သို့ သိရသနည်း။

၁၅။ သူကို မည်သူက အားပေးရသနည်း။

၁၆။ ခရစ်တော်သည် ဤလောက၌ ဇိမ်ခံဘို့ လာခဲ့သလော။ ဘာလုပ်ဘို့ လာခဲ့သနည်း။

၁ရ။ ယုံကြည်သူများ၊ ဘာအတွက် အသက် ရှင်သင့်သနည်း။

၁၈။ ခရစ်တော်သည် မည်ကဲ့သို့ စုံလင်ခြင်းသို့ ရောက်သနည်း။

၁၉။ ခရစ်တော်သည် သူကို ခိုင်းသော အလုပ်ကို တဝက်တပြတ်လုပ်သလော။ မည်ကဲ့သို့ လုပ်သနည်း။

၂၀။ ပေါလုလည်း မည်ကဲ့သို့ ဆိုသနည်း။

၂၁။ သင်သည် ခရစ်တော်နှင့် ပေါလုကဲ့သို့ ဆိုနိင်သလော။ အဘယ်ကြောင့်နည်း။

၂၂။ ဘုရားသခင်က ခရစ်တော်ကို မည်သူကဲ့သို့သော ယဇ်ပုရောဟိတ်ဟု ခေါ်သနည်း။

၂၃။ အဘယ်ကြောင့်စာရေးသူကမေလခိဇေဒက်အကြောင်းကိုများများ မပြောနိင်ဟုဆိုသနည်း။

၂၄။ စာရေးသူကသူ၏ ဝိညာဉ် သားသမီး များအပေါ်အဘယ်ကြောင့်အား မရသနည်း။

၂၅။ ဝိညာဉ် ပိုင်းမကြီး ထွားခြင်းဖြင့် ဘာရှုံးဆုံးနိင်သနည်း။

၂၆။ သင်သည် ဝိညာဉ် ပိုင်း၌ ခလေး ဖြစ်နေသေးသလော။

၂ရ။ ဝိညာဉ် ပိုင်းခလေး များသည် ဘာကို သုံးဆောင်ကြသနည်း။

၂၈။ အဘယ်ကြောင့် ယုံကြည်သူများသည် အသောက်အစားမရှောင်နိင်ကြသနည်း။

၂၉။ ဝိညာဉ် ခလေး များကို နိင်နေသော နောက်ဆုံးပေါ်ပစ္စည်းများကို ဖေါ်ပြပါ။

၃၀။ အဘယ်ကြောင့်​ဖြောင့်မတ်ခြင်း တရားကို စိတ်မဝင်စားကြသနည်း။

၃၁။ ရင့်ကျက်သောသူ၊ စုံလင်သော သူတို့သည် ဘာကို စိတ်ဝင်စားသနည်း။

၃၂။ စုံလင်သော သူများသည် အကျိုးမရှိသောအရာ များအတွက် ဘာမသုံးချင် သနည်း။

.

^

ဟေဗြဲ (၆)

၁။ ထိုကြောင့်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို နောင်တ ရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကို တင်ခြင်း၊ သေလွန်သော သူတို့၏ ထမြောက် ခြင်း၊ ထာဝရ စီရင်ဆုံးဖြတ်ခြင်း တည်းဟူသောမူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ၊ ခရစ်တော်၏ ဘာသာ၌ အစအဦး ဖြစ်သော အကြောင်း အရာတို့ကို ထား၍ ၊ စုံလင်သော အဖြစ်သို့ တက်ကြကုန်အံ့။ ၃။ ဘုရားသခင် အခွင့် ပေးတော်မူ လျှင်၊ ငါတို့သည် ထိုသို့ ပြုကြမည်။
ဟေဗြဲ ၅ ၌ ဤစာကို လက်ခံ သူများသည်၊ ဝိညာဉ် ပိုင်း၌ ခလေး ဖြစ်ကြောင်း၊ သိခဲ့ရပြီ။ ယခုမူလအမြစ်တည်း ဟူသော၊ ဝိညာဉ် ပိုင်း၌ အ​ခြေခံတရားများကို ထားခဲ့၍ ၊ စုံလင်ခြင်း တည်း ဟူသော၊ ရင့်ကျက်သောသူ ဖြစ်ဘို့ နိုးဆော်ထားသည်။ မူလအမြစ် ဖြစ်သော အ​ခြေခံတရားများသည်၊ “သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို နောင်တ ရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကို တင်ခြင်း၊ သေလွန်သော သူတို့၏ ထမြောက် ခြင်း၊ ထာဝရ စီရင်ဆုံးဖြတ်ခြင်း” တို့ ဖြစ်သည်။ ထိုအရာများသည် ယုံကြည် ခါစလူများကို သင်ပေးသောအရာ ဖြစ်သည်။ ယနေ့ ခရစ်ယာန်များလည်း၊ ထိုအ​ခြေခံတရားများကို သာလျှင် သင်ပေးဘို့ လိုသည်။ အကြောင်းမှာ၊ ဝိညာဉ် ပိုင်း၌ မမွေးသော သူများ၊ သို့မဟုတ် ခလေးများဖြစ်သောကြောင့် ဖြစ်သည်။
၄။ အလင်းသို့ တခါရောက်၍ ၊ ကောင်းကင် ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူခြင်း၊ ၅။ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ ၆။ ရွေ့လျော့ဖေါက်ပြန်သော သူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏ သားတော်ကို၊ လက်ဝါးကပ်တိုင်မှာကွပ်မျက်၍ ၊ အသရေတော်ကို ရှုတ်ချသောသူ ဖြစ်သောကြောင့်၊ နောက်တဖန် နောင်တ ရအံ့သောငှါ၊ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။
အထက်ပါ ကျမ်းပိုဒ်များသည်၊ ကယ်တင်ခြင်းသို့ ရောက်ပြီးသော သူများ၊ ဖေါက်ပြန်ခြင်းဟု ယူဆကြသည်။ အမှန်မှာ ဤကျမ်းပိုဒ်များသည်၊ ကယ်တင်ခြင်းသို့ ရောက်သော သူကို ဆိုလိုခြင်း မဟုတ်ချေ။ အကြောင်းမှာ အလင်းသို့ ရောက်ခြင်းသည်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်၏ သွန်သင်မှုကို ခံခြင်း ဖြစ်သည်။ ကောင်းကင် ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းသည် ထိုအရာများကို ရရှိသည်ဟု မဆိုနိင်ချေ။ ထမင်းဟင်း မြည်းစမ်း သောအခါ၊ အရသာသိသော်လည်း၊ ထမင်းစားသည်ဟု မဆိုနိင်ချေ။ ထို့ကြောင့် အထက် ဖေါ်ပြပါပုဂ္ဂုိလ်သည်၊ ကယ်တင်ခြင်း အကြောင်းကို သိရှိသော်လည်း၊ လက်မခံသောသူ ဖြစ်သည်။ လက်ထပ်ဘို့ စေ့စပ်ထားသော်လည်း၊ နောက်ဆုတ်သွားသောကြောင့် လက်မထပ်သော သူနှင့် တူသည်။ ထို့သို့သော သူတို့သည်၊ ပြန်လည်ယုံကြည် နိင်ဘို့ရန် ခက်ခဲသည်။ အကြောင်းမှာ ဦးနှောက်နှင့် သိသော်လည်း၊ နှလုံးသား ကလက်မခံနိင်ချေ။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် ကလည်း၊ သူ့ အပေါ်အလုပ်မလုပ်တော့သောကြောင့်၊ မယုံကြည် နိင်တော့ချေ။ ထို့ကြောင့် သက်သေခံသောသူ၊ သင်တန်းပေးသော သူများ ကလည်း၊ ကယ်တင်ခြင်းသို့ ရောက်နိင်သည် အထိ သက်သေခံဘို့၊ သင်ပေးဘို့ လိုအပ်သည်။
ရ။ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုဃ်းရေကို သောက်၍ ၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီး မင်္လာကို ခံတတ်၏။
ဟင်းသီးဟင်းရွက် ဖြစ်စေသော မြေသည်၊ ဘုရားသခင်၏ ကောင်းကြီး မင်္လာခံတတ်သည်ဟုဆိုသည်။ အကြောင်းမှာ၊ စိုက်ပျိုးသူအတွက် အကျိုးပေးသည်။ ထိုမြေသည် လူ၏ စိတ်နှလုံးကို ပုံဆောင်သည် (မ ၁၃)။ အငယ် ၄-၆ အထိ ဖေါ်ပြသော လူကို မြေနှင့် နှိုင်းထားခြင်း ဖြစ်သည်။ မြေသည် မိုဃ်းရေကို သောက်၍ ၊ လူစားဘို့ရန် ဟင်းသီးဟင်းရွက် ဖြစ်စေ သကဲ့သို့၊ စိတ်နှလုံးလည်း ဝိညာဉ်တော်၏ သွန်သင်ခြင်း၊ ဘုရားသခင်၏ ကျေးဇူးခံစားသည့်အတိုင်း၊ ဘုရားသခင်ကို ယုံကြည်၍ ၊ ဘုရားသခင် မျှော်လင့်သော အသီးကို သီးလျှင်၊ ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဖြစ်သည်။
၈။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကို မခံထိုက်။ ကျိန်ခြင်းကို ခံရသောအချိန် နီးသည် ဖြစ်၍ ၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။
မိုဃ်းရေသောက်သော်လည်း၊ ဆူးပင်အမျိုးမျိုးကို ပေါက်သော မြေသည်၊ ပြုစုခြင်းကို မခံထိုက်၊ ကျိန်ခြင်းကို ခံ၍ ၊ မီးရှို့ဘို့ သာသင့်သည်။ ထို့နည်းတူ ၊ ကယ်တင်ခြင်း သမ္မာတရားကို၊ တချိန်လုံးကြားနေသော်လည်း၊ ပြောင်းလဲခြင်းသို့ မရောက်၊ ဘုရားကို မယုံကြည်လျှင်၊ ကြည့်ရှုခြင်းကို မခံထိုက်၊ မီးငရဲအိုင်၌ ချဘို့ရန် သာရှိသည်။
၉။ ထိုသို့ ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ ၊ သာ၍ ကောင်းသောအရာ တို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘော ကျလျက် ရှိကြ၏။
ဟေဗြဲစာ လက်ခံသော သူတို့သည်၊ ကယ်တင်းခြင်းသို့ ရောက်သော သူများ၊ မဖေါက်ပြန်သော သူများ ဖြစ်သည်ဟု စာရေးသူက ပြောထားသည်။ သူတို့သည် ဝိညာဉ် ပိုင်း၌ ခလေးများဖြစ်ကြောင်း ၅:၁၁၌ ရေးခဲ့သည်။
၁၀။ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက် ကလုပ်​ကျွေးသည် သာမက၊ ယခုပင်လုပ်​ကျွေးခြင်း အမှုကို၎င်း၊ ထိုသို့ ပြုသော အားဖြင့် နာမတော်ကို ထောက်၍ ပြသော မေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည် တိုင်အောင် အဓမ္မအမှုကို ပြု တော်မူသည် မဟုတ်။
ဤစာ လက်ခံ သူများသည်၊ ဝိညာဉ် ရေးရာ၌ နုနယ်ကြသော်လည်း၊ သန့်ရှင်း သူများ တည်း ဟူသော၊ ယုံကြည်သူများကို လုပ်ကြွေး၍ ၊ ဤစာရေးချိန်၌ပင် လုပ်​ကျွေးကြောင်း ဖေါ်ပြထားသည်။ ထိုသို့ သန့်ရှင်း သူများ လုပ်​ကျွေးခြင်းကို၊ ဘုရားသခင်က မေ့လျော့မည် မဟုတ်ကြောင်း၊ အသိအမှတ်ပြုမည် ဖြစ်ကြောင်းကို သိစေသည်။ အဘယ်ကြောင့်သူတို့သည် သန့်ရှင်း သူများကို လုပ်​ကျွေးကြသနည်းဟူမူကား၊ ဘုရားသခင်၏ နာမတော်ကို ထောက်၍ မေတ္တာပြခြင်း ဖြစ်သည်။ ယနေ့ ယုံကြည်သူများလည်း၊ သူတို့ ကဲ့သို့ပင်၊ လိုအပ်သော သူများကို ကူညီမစဘို့ လိုသည်။
၁၁-၁၂။ သင်တို့ ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍ ၊ ယုံကြည်ခြင်းနှင့် သည်း ခံခြင်း အားဖြင့်၊ ဂတိတော် တို့ကို အမွေခံ ရသော သူတို့ နည်းတူ ၊ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍ ၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ၊ ငါတို့သည် အလိုရှိကြ၏။
“သင်တို့ ရှိသမျှ” သည် ခရစ်ယာန်များ၊ ယုံကြည်သူများကို ဆိုလိုသည်။ “ဂတိတော် တို့ကို အမွေခံ ရသော သူတို့” သည် အာဗြံနှင့်သား များကို ဆိုလိုသည်။ စာရေးသူကဤစာ လက်ခံသော သူများသည်၊ ပျင်းရိခြင်း မရှိဘို့ သတိိပေးသွားသည်။ ပျင်းရိခြင်းသည် ယုံကြည်သူ အထဲ၌ ဖြစ်စေ၊ မ ယုံကြည်သူများအထဲ၌ ဖြစ်စေ၊ ပြသနာ လူများ ဖြစ်ကြသည်။ အကြောင်းမှာ၊ ပျင်းရိသော သူများ၏ တာဝန်ကို၊ အခြားသော သူများ ကဖြည့်ဆည်းပေးဘို့ လိုသောကြောင့်၊ သူတပါးကို နစ်နာဆုံးရှုံးစေသည်။ ယုံကြည်သူ ဖြစ်လာလျှင် မပျင်းရိကြဘို့ရန် တိုက်တွန်းနိုးဆော်လိုပါသည်။ ရှောလမုန်မင်းက၊ “အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့ သွား၍ ၊ သူ၏ အပြု အမူ တို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွတ်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သော သူမရှိ၊ မင်းမရှိဘဲ လျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာ အစာကို ရှာဖွေ သိုထားတတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလ ပတ်လုံးအိပ်လျက် နေလိမ့်မည်နည်း။ အဘယ် သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီး သွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း၊ ရောက်လာလိမ့်မည်။” ဟု သတိပေးခဲ့သည် (သုတ္တံ ၆:၆-၁၁)

“ယုံကြည်ခြင်းနှင့် သည်း ခံခြင်း အားဖြင့်၊ ဂတိတော် တို့ကို အမွေခံ ရသော သူတို့ နည်းတူ ၊ ကျင့်နိုင်မည်အကြောင်း၊ ” ယုံကြည်သူများသည်၊ ယုံကြည်ခြင်းနှင့် သည်း ခံ ခြင်းအားဖြင့် ၊ ကျင့်ဘို့ လိုကြောင်း တွေ့ရသည်။ များစွာသော ယုံကြည်သူများသည်၊ ကယ်တင်ခြင်း အတွက် ယုံကြည်သော်လည်း၊ နေ့စဉ် အသက်တာ၌၊ ဘုရားသခင်က ကူညီမစမည်ဟု စိတ်မချကြသောကြောင့်၊ စိတ်ပင်ပန်းခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်းဖြင့် ပူပန်တတ် ကြသည်။ စာရေးသူကသူ၏ ပရိသတ်များကို ဂတိတော် အမွေခံသောသူ တည်းဟူသောအာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ ကဲ့သို့ ကျင့်စေချင်သည်။

“အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မြော်လင့်ခြင်း” အချို့သော ယုံကြည်သူများသည်၊ အစပိုင်း၌ ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိသော်လည်း၊ နောက်ပိုင်း၌ ဇာတိကြောင့်၊ စိုးရိမ် ပူပန်ခြင်း ဖြင့်၊ ဘုရားသခင်နှင့် ဝေးကွာတတ်သည်။ အစကောင်း၍ အဆုံးမကောင်းသည်ထက် အစမကောင်းသော လည်း၊ အဆုံးကောင်းသော သူသည် သာ၍ ကောင်းသည်။

၁၃။ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထား တော်မူ သောအခါ၊ ကိုယ်တော်ထက် သာ၍ ကြီး မြတ်သော သူကို တိုင်တည်၍ ကျိန်ဆိုရန်မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊ ၁၄။ ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင့်ကို အစဉ်အမြဲပွါးများ စေမည်ဟု ကျိန်ဆို တော်မူ၏။ ၁၅။ ထိုသို့နှင့် အညီအာဗြဟံသည်သည်း ခံလျက် စောင့်နေပြီးမှ၊ ဂတိတော်ကို ဝင်စားလေ၏။
ဘုရားသခင်က အာဗြဟံကို၊ သူ၏သား ဣဇက်ကို ပူဇော်ခြင်းဖြင့် ဆက်ကပ်ခိုင်းသည်။ အာဗြဟံသည်၊ မငြင်းဘဲ သူ့သားကို ဆက်ကပ် သောအခါ၊ ဘုရားသခင်က၊ “သင်သည် ဤအမှုကို ပြု၍ ၊ သင်၏သား သင်၌ တယောက် တည်းသောသားကို၊ ငါ့အား မငြင်းသောကြောင့်၊ ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း ၊ ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွါးများ စေမည်။ သင်၏ အမျိုးအနွယ်သည် ရန် သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏ အမျိုးအနွယ်အားဖြင့်၊ လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္လာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင် နားထောင် သောကြောင့်၊ ငါသည် ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏၊ဟု ထာဝရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။” (က ၂၂:၁၆-၁၈)

ထိုဂတိတော် အရ၊ ဘုရားသခင်က အာဗြဟံကို၊ အစဉ်အမြဲကောင်းကြီး ပေးမည်၊ သူ၏ အမျိုးအနွယ်ကိုလည်း ကောင်းကင် ကြယ်နှင့် သမုဒ္ဒ​ရာသဲလုံးကဲ့သို့ ပွားများ စေဘို့၊ ဂတိပေးထားသည်။ ထိုဂတိတော်ကို အာဗြဟံသည်သည်း ခံ၍ စောင့်သည်ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း အာဗြဟံကဲ့သို့၊ စိတ်ရှည်ဘို့ လိုသည်။ ဘုရားသခင်သည် ဂတိတော် ပေးသောအခါ၊ သူထက် ကြီးသော သူမရှိသောကြောင့်၊ သူ့ကို သူတိုင်တည်၍ ကျိန်ဆိုသည်၊ ဟုဆိုသည်။ တိုင်တည်ခြင်းသည် အလွန် အရေးကြီးသည်။ တိုင်တည်သော သူသည် အာမခံကဲ့သို့ဖြစ်သည်။

၁၆။ လူတို့သည် မိမိထက် ကြီး မြတ်သော သူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ​ဖြေတတ်၏။
ကျိန်ဆိုခြင်း ဆိုသည်မှာ၊ ဂတိပြုခြင်းကို ဆိုလိုသည်။ ထိုသို့ ကျိန်ဆို သောအခါ၊ မိမိထက် ကြီး မြတ်သော သူကို တိုင်တည်၍ ကိျန်ဆိုလေ့ရှိသည်ဟုဆိုသည်။ အာဗြံကလောတကို ကယ်ပြီး နောက်၊ သော ဒုံမင်းထံကျိန်ဆိုသောအရာ ကို ဤသို့ တွေ့ရသည်၊ “သော ဒုံမင်းကြီး ကလည်း၊ လူတို့ကို ​ကျွန်ုပ်အား ပြန်ပေးပါ။ ဥစ္စာတို့ကို ကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင်၊ အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာ မရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာ ကို၎င်း၊ ​ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ ယူသော အဘို့ကို၎င်းထား၍ ၊ မင်းကြီး၏ ဥစ္စာ၊ အပ်ခြည်တမျှင် ဖြစ်စေ၊ ​ခြေနင်းကြိုးတပင် ဖြစ်စေ၊ တစုံ တခုကို မျှငါမယူဟု ကောင်းကင် မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌၊ ​ကျွန်ုပ်သည် လက်ကို ချီ၍ အဓိÏာန်ပြုပါပြီဟု၊ သော ဒုံမင်းကြီးအား ပြောဆို လေ၏။” (က ၁၄:၂၁-၂၄)။ အာဗြံသည် ထာဝရ ဘုရား နာမအားဖြင့် ကျိန်ဆိုခြင်း ဖြစ်သည်။ ကြီး မြတ်သော နာမအားဖြင့် ကျိန်ဆိုခြင်းသည် ခိုင်ခန့်မြဲမြံ၍ ၊ ငြင်းခုံစရာ မရှိချေ။
၁ရ။ ထိုကြောင့်၊ ဂတိတော်ကို အမွေခံ ရသော သူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံ တော်မူ၏။
ဂတိတော်ကို အမွေခံ ရသော သူတို့ တည်း ဟူသော၊ အာဗြံနှင့် သားများအား၊ ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန်နိင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံ တော်မူ၏၊ ဟုဆိုသည်။ ဘုရားသခင်သည် အကျိန်မပါဘဲ နှင့်လည်း အာဗြံကို ပြောနိင်သည်။ သို့သော် အာဗြံဘက်ကစိတ်ချရလေအောင်၊ အကျိန်အားဖြင့် ဂတိပြုခဲ့သည်။
၁၈။ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သောအရာ တည်း ဟူသော၊ မဖောက်ပြန် မပြောင်းလဲနိုင်သောအရာ နှစ်ပါးကို အမှီပြု၍ ၊ ကိုယ်ရှေ့၌ ထားသော မြော်လင့်ရာကို၊ ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည်၊ သက်သာအားကြီး ကြမည်အကြောင်း တည်း။
ဘုရားသခင်၌၊ မုသာမသုံးနိင်၊ မဖောက်ပြန် မပြောင်းလဲနိင်ဟူသောအရာ နှစ်ခုရှိသည်။ လူသည် မုသာသုံးနိင်သည်။ ထိုမျှသာမက၊ ဖောက်ပြန်နိင်သည်။ ထိုအရာနှစ်ပါးကို အမှီပြု၍ ငါတို့ကို မြော်လင့်ခြင်း ပေးသည်။ ထိုမြော်လင့်ခြင်းကို အောက်ကျမ်းပိုဒ်၌ ဖေါ်ပြထားသည်။
၁၉။ ထိုမြော်လင့်ခြင်း မူကား၊ ကုလားကာအတွင်း ၌ ချ၍ ၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ ရှိသတည်း။
ယုံကြည်သူများ၏ မြော်လင့်ခြင်းသည်၊ ကုလားကာအတွင်း ၌ ချရမည်။ ထိုကုလားကာသည်၊ လူနေအိမ်၌ အသုံးပြုသော ကုလားကာကို ဆိုလိုသည် မဟုတ်။ တဲတော် သို့မဟုတ် ဗိမာန်တော်၌၊ သန့်ရှင်းရာဌါနတော်နှင့် အ သန့်ရှင်းဆုံးဌါနကို၊ ကာထားသော ကုလားကာ ဖြစ်သည်။ ထိုကုလားကာအတွင်း၊ အသန့်ရှင်းဆုံးဌါန၌ ဘုရားသခင်၏ ပလ္လင်တော် ရှိသည်။ ငါတို့၏ မြော်လင့်ခြင်းသည်၊ ဘုရားသခင် အပေါ်၌ ဖြစ်ရမည်ဟုဆိုလိုခြင်း ဖြစ်သည်။ ကျောက်ဆူးသည်၊ သင်္ဘောများရပ်နား သောအခါ ရေလယ်၌ ချထားသော သံ ဖြစ်သည်။ ကမ်းနားမှာ ဖြစ်လျှင် သင်္ဘောမမျောသွားဘို့ တိုင်များ၊ သစ်ပင်များ၌ ကြိုးဖြင့် ချည်ထားတတ်သည်။ သို့သော် ရေလယ်၌မူ၊ ကျောက်ဆူးကို ရေအောက်ကြမ်းပြင်၌ ချထားတတ်သည်။ ထိုကျောက်ဆူးသည် ယုံကြည်သူများ၏ မြော်လင့်ခြင်းကို ပုံဆောင်သည်။ သင်၏ မြော်လင့်ခြင်းသည်၊ ဤလောကနှင့် လောက အရာများ၌ ချထားပါသလော။ သင်၏ မြော်လင့်ခြင်းကို ကောင်းကင် သန့်ရှင်းရာဌါန၌ ရှိတော်မူသော၊ ဘုရားသခင် အပေါ်၌ ချထားပါ။
၂၀။ မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူ ဖြစ်တော်မူ၏။
အခန်း ၅ ၌ မေလခိဇေဒက်အကြောင်း ပြောဘို့ ခက်လှသည်ဟုဆိုခဲ့သော်လည်း၊ ဤနေရာ၌ ပြန်လည်ပြောထားသည်။ ထိုအကြောင်းကို အခန်းရ၌ ပို၍ ရေးထားသည်။ မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ အထက်က ဖေါ်ပြသော၊ ကုလားကာအတွင်း၊ ကောင်းကင် အသန့်ရှင်းဆုံးဌါနသို့ ဝင်၍ ၊ ယုံကြည်သူများကို ဦးဆောင်၍ ဝင်သွားသည်ဟုဆိုသည်။

အခန်း ၆ မေးခွန်းများ

၁။ ယုံကြည် ခါစခလေးများ၌ သင်ပေးသောအရာ များကို ဖေါ်ပြပါ။

၂။ ယနေ့ ယုံကြည်သူများအဘယ်ကြောင့်မူလအမြစ်ပြန်သင် နေကြသနည်း။

၃။ အလင်းသို့ တခါရောက်သော သူမည်သည့်အရာများကို မြည်းစမ်း ခဲ့သနည်း။

၄။ မြည်းစမ်းသော သူသည် စားသောသူ ဖြစ်ပါသလော။

၅။ အလင်းသို့ တခါရောက်သော သူသည် ကယ်တင်ခြင်းသို့ ရောက်သောသူ ဖြစ်သလော။

၆။ အဘယ်ကြောင့် ဝိညာဉ် ပိုင်းဆိုင်ရာ မြည်းစမ်းသော သူသည် အသစ်ပြင်ပြင်ခြင်းသို့ မရောက်နိင်သနည်း။

ရ။ ဟင်းသီးဟင်းရွက် ဖြစ်စေသော မြေသည်၊ ဘာခံအပ်သနည်း။

၈။ မြေသည် မည်သည့်အရာကို ပုံဆောင်သနည်း။

၉။ စိတ်နှလုံးသည် ဘာကို သီးသင့်သနည်း။

၁၀။ ကယ်တင်ခြင်း သမ္မာတရားကို တချိန်လုံးကြားနေသော်လည်း မပြောင်းလဲသော သူသည် ဘာခံထိုက်သနည်း။

၁၁။ ဟေဗြဲစာ လက်ခံ သူများသည် ကယ်တင်ခြင်းသို့ ရောက်ပါသလော။ အဘယ်ကြောင့်ထိုသို့ ပြောဆို နိင်သနည်း။

၁၂။ သန့်ရှင်း သူများကို လုပ်​ကျွေးခြင်း ပြုလုပ် သင့်ပါသလော။

၁၃။ ပျင်းရိခြင်း အသည် အဘယ်ကြောင့်မကောင်းသနည်း။

၁၄။ ပျင်းရိသော သူသည် မည်သူထံ၌ သင်တန်းတက်သင့်သနည်း။

၁၅။ ဂတိတော် များကို အမွေခံသော သူများသည် မည်သူတို့ ဖြစ်သနည်း။

၁၆။ အစကောင်း၍ အဆုံးမကောင်း၊ အစမကောင်းသော်လည်း အဆုံးကောင်း၊ မည်သူပိုကောင်းသနည်း။

၁ရ။ ဘုရားသခင်သည် အာဗြဟံအား ဘာကောင်းကြီး ပေးဘို့ ဂတိပေးသနည်း။

၁၈။ အာဗြဟံသည် ဘုရားသခင်ကို စိတ်ချပါသလည်း။ မည်ကဲ့သို့ သိရသနည်း။

၁၉။ လူတို့သည် အဘယ်ကြောင့်သူတို့ထက် ကြီး မြတ်သော သူများ၏ နာမဖြင့် ကျိန်ဆိုတတ်ကြသနည်း။

၂၀။ ဘုရားသခင်သည် အဘယ်ကြောင့်သူ၏ နာမဖြင့် ကျိန်ဆိုသနည်း။

၂၁။ ဘုရားသခင်သည် အဘယ်ကြောင့်အကျိန်အားဖြင့် အာမခံ တော်မူ သနည်း။

၂၂။ ဘုရား၏ အရည်အချင်းနှစ်ခုကို ဖေါ်ပြပါ။

၂၃။ ယုံကြည်သူများ၏ မြော်လင့်ခြင်းကို မည်သည့်နေရာ၌ ချထားရမည်နည်း။

၂၄။ ကုလားကာသည် ဘာကို ဆိုလိုသနည်း။

၂၅။ မြော်လင့်ခြင်းကို ကုလားကာအတွင်း ၌ ချထခြင်း ဆိုသည်မှာ ဘာကို ုဆိုလိုသနည်း။

၂၆။ ကျောက်ဆူးသည် ဘာကို ပုံဆောင်သနည်း။

၂ရ။ သင်၏ ကျောက်ဆူးကို မည်သည့်အရာ၌ ချထားသနည်း။

၂၈။ ယေရှုသည် ငါတို့ကို မည်သည့်နေရာသို့ ဦးဆောင်၍ ဝင်သွားသနည်း။

.

^

ဟေဗြဲ (ရ) ယဇ်ပုရောဟိတ် မေလခိဇေဒက်

၁။ မင်းကြီး များကို လုပ်ကြံရာမှပြန်လာသော အာဗြဟံကို ခရီး ဦးကြိုပြု၍ ကောင်းကြီး ပေးပြီးလျှင်၊ ၂။ အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဘို့ တဘို့ ခံယူသော ထိုရှာလင်မင်းကြီး တည်းဟူသောအမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်း မင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊ ၃။ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်း အခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍ ၊ ယဇ်ပုရောဟိတ် အရာ၌ အစဉ်အမြဲတည်၏။
မေလခိဇေဒက်အကြောင်းကို ကျမ်းစာ၌ ဤမျှလောက်သာရေးထားသည်၊ “အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည် လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ကောင်းကင် မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် ၊ အာဗြံအား ကောင်းကြီး ပေးတော်မူ ပါစေသော ဟု၊ အာဗြံအား ကောင်းကြီး ပေး၍ ၊ သင်၏ ရန်သူတို့ကို သင်၏ လက်၌ အပ်နှံ တော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင် လည်း၊ မင်္လာရှိ တော်မူ စေသတည်းဟု မြွက်ဆို၏။ အာဗြံ သည်လည်း ဥစ္စာရှိသမျှ တို့ကို၊ ထိုမင်းအား ဆယ်ဘို့ တဘို့ လှုလေ၏။” (က ၁၄:၁၉-၂၀)။

လောတမိသားစုကို ရန် သူများ ကသိမ်းသွား သောအခါ၊ အာဗြဟံကကယ်နှုတ်ခဲ့သည်။ ထိုအခါ အာဗြဟံကို ရှာလင်မင်းကြီး မေလခိဇေဒက်ကမုန့်နှင့် စပျစ်ရည်နှင့် ကြိုဆိုသည်။ မေလခိဇေဒက်သည် အမြင့်ဆုံးသော ဘုရား၏ ယဇ်ပုရောဟိတ် ဖြစ်သည်ဟုဆိုသည်။ ထိုခေတ်၌ လူသား အားလုံးသည် ရုပ်တုကိုးကွယ်သည်ဟု ထင်ရသော်လည်း၊ ထာဝရ ဘုရားကို ကိုးကွယ်သော သူလည်းရှိကြောင်း တွေ့ရသည်။ သို့သော် မေလခိဇေဒက်၏ အကြောင်းကို၊ ကျမ်းစာ ကအနည်းငယ်သာရေးထားသောကြောင့် သူ၏ အကြောင်းကိုများများ မသိရချေ။

ဟေဗြဲစာရေးသော သူကမေလခိဇေဒက်နှင့် ခရစ်တော် တူညီသော အချက်များကို ရေးထားသည်။ နှစ်ဦးစလုံးသည် မိဘမရှိဟုဆိုသည်။ သခင်ယေရှုသည် လူမိခင် မာရိနှင့် ဖခင်ယောသပ်ရှိသော်လည်း သူတို့သည် မိဘအစစ်များ မဟုတ်။ မယ်တော် မာရိ၏ ဝမ်းကိုငှါး ၍ လူ့ဇာတိခံယူခြင်း သာလျှင် ဖြစ်သည်။ ရှေးမျိုးစဉ်မရှိဟုဆိုရာတွင် သခင်ယေရှုသည် လူ့ဇာတိအားဖြင့် ယုဒအမျိုး ဖြစ်သော်လည်း၊ ဘုရား ဇာတိအားဖြင့် ရှေးမျိုးစဉ်ဆက်မရှိချေ။ မေလခိဇေဒက်၏ အသက် အပိုင်း အခြားကို မသိရချေ။ သခင်ယေရှုသည် လူ့ဇာတိအားဖြင့် သက်တော် ၃၃ အထိ အသက် ရှင်သော်လည်း၊ ဘုရား ဇာတိအားဖြင့် မူထာဝရ အသက် ရှင်သည်။ ထို့ကြောင့် သခင်ယေရှုနှင့် မေလခိဇေဒက်တို့သည် တူညီသည်ဟုဆိုရခြင်း ဖြစ်သည်။

မေလခိဇေဒက်သည် အာဗြဟံထက်ကြီး

၄။ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့ တဘို့ လှူ၍ အလှူခံသော ထိုမင်းသည်၊ အဘယ်မျှလောက်ကြီး မြတ်သည်ကို ဆင်ခြင်ကြလော့။
ဣသရေလ လူမျိုးများက သူတို့၏ အဘအာဗြဟံကို အလွန် လေးစားကြည်ညို ကြသည်။ သို့သော် အာဗြဟံကလှူသော ဆယ်ဘို့ တဘို့ကို လက်ခံသော မေလခိဇေဒက်သည်၊ အလွန် ကြီး မြတ်ကြောင်း ဆင်ခြင်ဘို့ တိုက်တွန်းသည်။
၅။ ယဇ်ပုရောဟိတ်မင်းအရာကို ခံသော လေဝိသား တို့သည် အာဗြဟံအမျိုး ဖြစ်သော သူတည်း ဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှပညတ်တရားအတိုင်း ဆယ်ဘို့ တဘို့ကို ခံရသော အခွင့်ရှိကြ၏။
လေဝိသည် ယာကုပ်၏ တတိယသား ဖြစ်သည်။ မောရှေနှင့် အာရုန်တို့သည် လေဝိအမျိုးမှ ဖြစ်သည်။ ဘုရားသခင်က လေဝိအမျိုးထဲမှမောရှေကို ခေါင်းဆောင် တင်၍ ၊ သူ၏ အကို အာရုန်နှင့်သား များကို ယဇ်ပုရောဟိတ် အဖြစ် ရွေးကောက်လိုက်သည်။ လေဝိအမျိုးသည် အားလုံးယဇ်ပုရောဟိတ် မဖြစ်ကြချေ။ သို့သော် ယဇ်ပုရောဟိတ် အမျိုးဟု ခေါ်၍ ယဇ်ပုရောဟိတ် များ၏ အလုပ်ကူညီသော သူများ ဖြစ်ကြသည်။ ထို့ကြောင့် လယ်မစိုက်ဘဲ၊ ဣသရေလ လူများ လှူသော ဆယ်ဘို့ တဘို့ကို စား ကြသည်။ သူတို့သည် ဣသရေလ လူမျိုးဆယ့်နှစ်မျိုးရှိသော မြို့များ၌ နေထိုင်ကြ၍ ၊ တိရစ္ဆာန်များကို သာမွေးနိင် ကြသည်။ ဆယ်ဘို့ တဘို့ စား၍ ဘုရား အမှု ဆောင်ကြသော ကြောင့်် အခြားသော ဣသရေလ လူမျိုးများထက် အဆင့်မြင့်သည်။
၆။ သူတို့ အမျိုး မဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့ တဘို့ကို ခံလေ၏။ ဂတိတော် တို့ကို ခံရသော သူကိုလည်း ကောင်းကြီး ပေးလေ၏။ ရ။ ကြီးသော သူသည် ငယ်သော သူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။
မေလခိဇေဒက်သည် လေဝိအမျိုး မဟုတ်သော်လည်း၊ အာဗြဟံလက်မှဆယ်ဘို့ တဘို့ကို ခံသည်။ ထို့အပြင် ဂတိတော်ကို ခံရသော အာဗြဟံကိုလည်း ကောင်းကြီး ပေးသွားသည်။ ကြီးသော သူကငယ်သော သူကို ကောင်းကြီး ပေးတတ်သည်ဟုဆိုသည်။ ထို့ကြောင့် မေလခိဇေဒက်သည် အာဗြဟံထက် ကြီးမြတ်သည်။
၈။ ထိုမှတပါး၊ သေတတ်သော သူတို့သည် ယခုအခါ ဆယ်ဘို့ တဘို့ကို ခံလေ့ရှိ၏။ ထိုအခါ မူကား အသက် ရှင်သည်ဟု သက်သေခံခြင်းကို ရသော သူသည် ဆယ်ဘို့ တဘို့ကို ခံရ၏။
သေတတ်သော သူတို့သည် လေဝိအမျိုးကို ဆိုလိုသည်။ သူတို့သည် ဆယ်ဘို့ တဘို့ ခံသည်။ အသက် ရှင်သည်ဟု သက်သေခံခြင်းကို ရသော သူသည် မေလခိဇေဒက်နှင့် ယေရှုခရစ်ကို ဆိုလိုသည်။ သူတို့သည် ထာဝရ အသက် ရှင်သောကြောင့် ဖြစ်သည်။

မေလခိဇေဒက်သည် လေဝိအမျိုးထက် ကြီး

၉။ ထိုမှတပါး၊ ဆယ်ဘို့ တဘို့ကို ခံတတ်သော လေဝိသည်၊ အာဗြဟံအားဖြင့် ဆယ်ဘို့ တဘို့ကို ပေးပြီဟုဆိုစရာ အခွင့်ရှိ၏။ ၁၀။ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကို တွေ့ သောအခါ၊ လေဝိသည် မိမိအဘ၏ကိုယ်၌ ရှိသတည်း။
လေဝိအမျိုးသည် ဆယ်ဘို့ တဘို့ ခံတတ်သောကြောင့်၊ ဣသရေလ လူများ အမြင်၌ အဆင့်မြင့် ကြသည်။ သူတို့သည် ဆယ်ဘို့ တဘို့ကို ခံတတ်သော်လည်း၊ သူတို့ကိုယ်တိုင်လည်း အာဗြဟံအားဖြင့် မေလခိဇေဒက်ထံ၊ ဆယ်ဘို့ တဘို့ ပေးပြီဟုဆိုသည်။ အကြောင်းမှာ အာဗြဟံကမေလခိဇေဒက်ထံဆယ်ဘို့ တဘို့ ပေးသောအခါ၊ လေဝိသည် အာဗြဟံ၏ကိုယ်ထဲ၌ ရှိသည်ဟုဆိုသည်။ အမှန်မှာ အာဗြဟံကဆယ်ဘို့ တဘို့ ပေးသောအခါ၊ သား ဣဇက်ပင်မမွေးသေးချေ။ လေဝိသည် ယာကုပ်၏ တတိယသား ဖြစ်၍ ၊ ယာကုပ်သည် ဣဇက်၏သား ဖြစ်သည်။ ထို့ကြောင့် လေဝိသည် အာဗြဟံ၏ မြစ် ဖြစ်သည်။ ထို့ကြောင့် အာဗြဟံကဆယ်ဘို့ တဘို့ ပေးသောအခါ မြစ်လေဝိသည် လုံးဝ မရှိသေးချေ။ သို့သော် ဟေဗြဲဆရာကသူ၏ အဘအာဗြဟံ၌ ရေတွက်လိုက်သည်။
၁၁။ တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ် အမျိုးနှင့် စပ်ဆိုင်လျက်၊ လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည် မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ် သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာ အကြောင်း၊ အဘယ်သို့ ရှိသေးသနည်း။
လေဝိအမျိုးယဇ်ပုရောဟိတ်သည် စုံလင်၍ ပြည့်စုံသည် မှန်လျှင်၊ အခြားသော ယဇ်ပရောဟိတ်ကို ပေါ်စရာ မလိုဟုဆိုသည်။ ယခုမူအာရုန်နည်းတူ မခေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ခေါ် တော်မူသော၊ ယဇ်ပုရောဟိတ် ပေါ်ထွန်းသောကြောင့်၊ လေဝိအမျိုးယဇ်ပုရောဟိတ်သည် မစုံလင်ကြောင်း ထင်ရှားသည်။

ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲ

၁၂။ ယဇ်ပုရောဟိတ် အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။
ယဇ်ပုရောဟိတ် အမျိုးသည် ပြောင်းလဲပြီ။ လေဝိအမျိုးမှယုဒအမျိုးသို့ ပြောင်းလဲသည်။ ထို့ကြောင့် ပညတ်တရားလည်း ပြောင်းလဲဘို့ လိုသည်ဟုဆိုသည်။ ပညတ်တရားပြောင်းလဲသည်ဟုဆိုရာတွင်၊ ကိုယ်ကျင့်တရားပိုင်းပညတ်ဟု ထင်ကြပေလိမ့်မည်။ ပြောင်းလဲသော ပညတ်သည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်မှ၊ လေဝိအမျိုးသားများသာလျှင် ယဇ်ပုရောဟိတ် ဖြစ်ရမည်ဟူသောအရာ ဖြစ်သည်။ ဘုရားသခင်က သခင်ယေရှုကို၊ မေလခိဇေဒက်နည်းတူ အကျိန်အားဖြင့် ရွေးကောက်လိုက်သောကြောင့်၊ ပညတ်တရားအတိုင်း မဟုတ်တော့ချေ။
၁၃။ ထိုဗျာဒိတ်တော်ကို ခံရသော သူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက် မျှမပြုရသော အမျိုးနှင့် စပ်ဆိုင်ပေ၏။ ၁၄။ အကြောင်းမူကား၊ ငါတို့ သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက် ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ် အရာနှင့် စပ်ဆိုင်သည်ဟု မောရှေသည် တခွန်းကို မျှ မပြော။
ဗျာဒိတ်တော် ခံရသော သူသည်၊ သခင်ယေရှုကို ဆိုလိုသည်။ သူ၏ အမျိုး ဖြစ်သော ယုဒအမျိုးသည် ယဇ်ပလ္လင်ဝတ်နှင့် မပတ်သက်ချေ။ ဆိုလိုသည် မှာယဇ်ပုရောဟိတ် မျိုး မဟုတ်ချေ။ သို့သော် ဘုရားသခင်က သခင်ယေရှုကို ယဇ်ပုရောဟိတ် အဖြစ် ခန့်သည်။ ဓမ္မဟောင်းကာလ၌၊ ယဇ်ပုရောဟိတ် မဟုတ်သော သူများက၊ ယဇ်ပူဇော် သောအခါ အပြစ်ရှိသည်။ ကောရ၊ ဒါသန်၊ အဘိရံတို့ ဦးဆောင်၍ အသက် ကြီးသူ ၂၅၀ တို့ကို ယဇ်ပုရောဟိတ် ခန့်ကြ သောအခါ၊ ကောရ၊ ဒါသန်နှင့် အဘိရံတို့ကို မြေမျိုစေခြင်းအားဖြင့် အဆုံးစီရင်ခဲ့သည်။ အသက် ကြီးသူ ၂၅၀ တို့လည်း ကောင်းကင်မှ မီးကျကာလ ောင်​ကျွမ်းခြင်းအားဖြင့် သေခဲ့ကြသည် (တော ၁၆)။ ရှောလုမင်းလည်း၊ ယဇ်ပုရောဟိတ် ရှာမွေလကို မစောင့်နိင်ဘဲ၊ သူကိုယ်တိုင် ယဇ်ပူဇော်သောကြောင့် ဘုရားသခင်က ရှင်ဘုရင်အရာမှပယ်ခဲ့သည် (၁ရာ ၁၃)။ ဩဇိမင်းလည်း ဘုရား ကောင်းကြီးခံစား လာသောအခါ၊ မာနရှိ၍ နံ့သာပေါင်းမွှေး မီးရှို့ဘို့ ကြံရွယ် သောအခါ၊ နဖူး၌ နူနာခြင်းဖြင့် ဒဏ်ခတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် အာရုန်အမျိုး မဟုတ်ဘဲ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် အလွန် အပြစ် ကြီး၍ ကြောက်စရာ ကောင်းသည်။ သို့သော် သခင်ယေရှုကိုမူ၊ ထာဝရ ဘုရားကိုယ်တိုင်က ရွေးချယ်ခြင်း ဖြစ်သည်။
၁၅။ ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည် မှန်လျှင်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီဟု သာ၍ ထင်ရှား၏။
သခင်ယေရှုခရစ်ကို၊ မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ် အရာခန့်ထားသောကြောင့်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီဟု ထင်ရှားသည်။ သို့သော် ထိုအရာကို ဣသရေလ ူများ ကသိကြသည် မဟုတ်။ ခရစ်ယာန်များကလည်း အများအားဖြင့် မသိကြချေ။
၁၆။ ထိုယဇ်ပုရောဟိတ် သည်၊ ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက် ရှိသည် မဟုတ်။ ထာဝရ အသက်၏ တန်ခိုး အာနုဘော် အတိုင်း ခန့်ထားလျက် ရှိသတည်း။ ၁ရ။ အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု သက်သေခံ တော်မူ သတည်း။
ထာဝရ ဘုရား ကသား တော်ကို ယဇ်ပုရောဟိတ် ခန့်ရာတွင်၊ ဇာတိအားဖြင့် ခန့်ထားသည် မဟုတ်၊ တန်ခိုးတော်အားဖြင့် ခန့်ထားသည်ဟုဆိုသည်။ အမှန်မှာ သားတော်ကို ယဇ်ပုရောဟိတ် ခန့်ထားဘို့ရန် သည်၊ ကမ္ဘာမတည်မရှိမှီကတည်း ကရည်ရွယ်ထားသော်လည်း၊ လူများက နားလည်မှာ မဟုတ်သောကြောင့်၊ အာရုန်အမျိုးကို ရွေး၍ ယဇ်ပုရောဟိတ် လုပ်စေခြင်း ဖြစ်သည်။ လူယဇ်ပုရောဟိတ်သည် အရိပ် ဖြစ်၍ ၊ သခင်ယေရှု၏ ယဇ်ပုရောဟိတ် ဖြစ်ခြင်းသည်၊ အစစ် သို့မဟုတ် အကောင်အထည် ဖြစ်သည်။
၁၈။ ပညတ်တရားသည် အဘယ်သူကို မျှစုံလင်ခြင်းသို့ မပို့နိုင်သည် ဖြစ်၍၊
ပညတ်တရားသည် လူကို စုံလင်ခြင်းသို့ မပို့နိင်ဟုဆိုသည်။ ပညတ်ဟုဆိုသည် တွင်ကိုယ်ကျင့်တရားပိုင်းဆိုင်ပညတ် ဖြစ်သော၊ မိဘကို ရိုသေပါ၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုး၊ မတပ်မက်ရဟူသောအရာ များ ဟု၊ ချက်ခြင်း မြင်တတ် ကြသည်။ ထိုအရာများသည် ခရစ်တော် လက်ခံပြီး၌လည်း လိုက်လျှောက်ရမည့် အရာများ ဖြစ်သည်။ သို့သော် ဇာတိ၊ လူ့အစွမ်းဖြင့် မဟုတ်၊ ဝိညာဉ်တော်အားဖြင့် လိုက်လျှောက်မည့် အရာ ဖြစ်သည်။
၁၉။ ရှေးပညတ်တရားဟောင်းသည်၊ အား မရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း ၊ သာ၍ မြတ်သော မြော်လင့်ခြင်း အခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်း အားဖြင့် ငါတို့သည်၊ ဘုရားသခင့်အထံတော်သို့ တိုးဝင််ချဉ်းကပ်ရကြ၏။
အထက်၌ ဖေါ်ပြသော ပညတ်တရားဟောင်းသည်၊ ဝတ်ပြုခြင်း ဆိုင်ရာပညတ်ကို ဆိုလိုသည်။ ဝတ်ပြုခြင်း ဆိုင်ရာပညတ်အရအာရုန်နှင့် သားများသာယဇ်ပုရောဟိတ် လုပ်နိင်သည်။ ဘုရားသခင်က အာရုန်ထံမောရှေအားဖြင့် ဤသို့ ပညတ်ထားသည်၊ “သင်နှင့် သင်၏သား တို့သည်၊ ယဇ်ပလ္လင်နှင့် ဆိုင်သော အမှု၊ ကုလားကာအတွင်း ၌ ဆောင်ရွက်စရာ အမှု ရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါးသို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။” (တော ၁၈:ရ)။ သခင်ယေရှု ဤလောကသို့ ဆင်း၍ အသေခံပြီး ထမြောက် လာသောအခါ၊ အာရုန်အနွယ်များ၏ ယဇ်ပုရောဟိတ် ဖြစ်ခြင်း ကုန်ဆုံး၍ ၊ သခင်ယေရှု ကအစားထိုး လိုက်သည်။ သခင်ယေရှု၏ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် သာ၍ ကောင်းသည်။ ယဇ်ပုရောဟိတ် အရာသည် လူနှင့် ဘုရား ကြားဆက်ဆံပေးသောသူ ဖြစ်သည်။ ယခုခေတ် စကားပြန် များနှင့် တူသည်။ အင်္လိပ်စကား မတောက်တခေါက်တတ်သော သူထက်၊ အင်္လိပ်စကား ကောင်းစွာ ပြောတတ်သော သူ၏ စကားပြန် ခြင်းသည်၊ သာ၍ ကောင်းသည်။ ထို့နည်းတူ အာရုန်အနွယ်များ၏ ယဇ်ပုရောဟိတ် ထက် သခင်ယေရှုခရစ်၏ ယဇ်ပုရောဟိတ် ဖြစ်ခြင်းသည် သာ၍ မြော်လင့်စရာ ရှိသည်။

ယေရှုသည် အကျိန်အားဖြင့်

၂၀။ ထိုသူတို့သည် အကျိန်တော် မရှိဘဲ၊ ယဇ်ပုရောဟိတ် အရာကို ရကြ၏။

၂၁။ ယေရှု မူကား၊ အကျိန်တော် မရှိဘဲ ယဇ်ပုရောဟိတ် အရာကို မရ။ ထာဝရ ဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု၊ ကျိန်ဆို၍ ၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့် အညီ၊ ယေရှုသည် အကျိန်တော်ကို ခံ၍ ၊ ယဇ်ပုရောဟိတ် အရာကို ရသည် အတိုင်း၊ ၂၂။ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်၏။
အာရုန်အနွယ်ယဇ်ပုရောဟိတ် များသည်၊ အကျိန်အားဖြင့် မဟုတ်ဘဲ၊ အမွေအားဖြင့် ယဇ်ပုရောဟိတ် ရာထူးကို ရရှိ ကြသည်။ သို့သော် သခင်ယေရှုသည် အမွေအားဖြင့် မဟုတ်ဘဲ၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု အကျိန်အားဖြင့် ရရှိသည် (ဆာ ၁၁၀:၄)။ ထိုသို့ ကျိန်ဆိုခြင်းသည် သခင်ယေရှု လူ့ဇာတိမခံမှီ၊ နှစ်ပေါင်း၁၀၀၀ ခန့်က ဖြစ်သည်။ ထိုသို့ ကျိန်ဆိုပြီး နောက်လည်း ထာဝရ ဘုရားသည် စိတ်ပြောင်းလဲခြင်း မရှိဟုဆိုသည်။ ဆိုလိုသည် မှာကျိန်ဆိုသည့်အတိုင်း တည်စေသည်။ ယေရှုသည် အကျိန်တော်အားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိသောကြောင့်၊ သာ၍ မြတ်သော ပဋ္ဋိညာဉ်တရား၏ အာမခံ ဖြစ်၏။
၂၃။ ထိုသူတို့ သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည် ဖြစ်၍ အများရှိရကြ၏။ ၂၄။ ယေရှု မူကား၊ နိစ္စထာဝရ တည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားလျက် ရှိ၏။
အာရုန်အနွယ်ယဇ်ပုရောဟိတ် များသည်၊ လူဖြစ်ကြသောကြောင့် သေ ကြသည်။ ထို့ကြောင့်သား စဉ်မြေးဆက်လက်ဆင့်ကမ်းဘို့ လိုသည်။ သို့သော် သခင်ယေရှု မူကား ထာဝရ အသက် ရှင်သောကြောင့်၊ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်။ အေဒီ ၃၃ မှစ၍ ယခုနေ့ရက်တိုင်အောင် ယဇ်ပုရောဟိတ် ဖြစ်ခဲ့ပြီ။ နောင်၌လည်း ဖြစ်ရဦးမည်။

ယေရှုအားဖြင့် ချဉ်းကပ်

၂၅။ ထိုကြောင့်၊ အကြင်သူတို့သည်၊ ယေရှုခရစ် အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ်အသက် ရှင်သောကြောင့်၊ ၊ သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင် တော်မူ၏။
လူယဇ်ပုရောဟိတ် များ ပင်လျှင် အားကိုးရလျှင်၊ ဘုရား ဖြစ်သော ယေရှု ယဇ်ပုရောဟိတ်သည် အတိုင်းထက် အလွန် ကောင်းသည်။ စကားပြန် မရှိဘဲ ရုံးသွားခြင်းသည်၊ အချည်းနှီး ဖြစ်သည်။ အကြောင်းမှာ စကား မပေါက်သောကြောင့်၊ အဘယ်အရာကို မျှ မပြောမလုပ်နိင်ချေ။ ထို့ကြောင့် စကားပြန် မပါလျှင် ရုံးမသွားခြင်း ကသာ ၍ ကောင်းသည်။ စကားပြန် လည်း မတောက်တခေါက်စကား နားလည်သော သူထက်၊ မ$တ်နေအောင် စကား နားလည်သော သူကို အားကိုး ပါက ၊ အလွန် ကောင်း၍ အရာရောက်သည်။ ထိုနည်းတူ ယဇ်ပုရောဟိတ် ယေရှုအားဖြင့် ဘုရား ထံချဉ်းကပ်ပါက ၊ အလွန် ကောင်း၍ အရာရောက်သည်။
၂၆။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အ​ကြေးနှင့် ကင်းလွတ် လျက် အပြစ်ရှိသော သူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူ ဖြစ်၍ ၊ ငါတို့နှင့် တော် သင့် တော်မူ၏။
ငါတို့၏ ယဇ်ပုရောဟိတ် သည်၊ လူမဟုတ်သောကြောင့်၊ အပြစ် မရှိကောင်း ကင်သား အပေါင်း တည်းဟူသောကောင်းကင်တမန် များထက် ပင်မြင့်မြတ်သောကြောင့်၊ ငါတို့အတွက် တော် သင့်သည်ဟုဆိုသည်။ ယေရှုကို ယဇ်ပုရောဟိတ် အဖြစ် နားမလည်သော သူများသည်၊ ကိုယ့်ခံစား ချက်နှင့် လုပ်ဆောင်ချက်ကို အမှီပြု၍ ဘုရားကို ချဉ်းကပ်ကြသောကြောင့် အကျိုးမရှိချေ။
၂ရ။ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည်ကိုယ်အပြစ်ကြောင့်၎င်း၊ လူများ အပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရ သကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာ အကြောင်း မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တခါတည်း ယဇ်ပူဇော်၍ ထိုအမှုကိုပြီး စေ တော်မူပြီ။
လူယဇ်ပုရောဟိတ် များသည်၊ သူတို့ကိုယ်တိုင်အပြစ် ပြုတတ်သောကြောင့်၊ သူတပါးအပြစ် အတွက် သာမက၊ သူတို့ကိုယ်တိုင် အတွက်လည်း အပြစ် ​ဖြေရာ ယဇ်ပူဇော်ရသည်။ သို့သော် သခင်ယေရှုသည် အပြစ် မရှိသောကြောင့်၊ သူကိုယ်တိုင်အတွက် အပြစ် ​ဖြေရာ ယဇ်ပူဇော်စရာ မလိုချေ။ ထိုမျှသာမက၊ တိရစ္ဆာန်ကို ယဇ်ကောင် အဖြစ်မသုံးတော့ဘဲ၊ သူကိုယ်တိုင်သည် ယဇ်ကောင် အဖြစ်ပေးထားသောကြောင့်၊ ယဇ်ပူဇော်ခြင်း မှန်သမျှကိုပြီး ပြည့်စုံစေပြီ ဖြစ်သည်။ ထိုကြောင့်နောက်ထပ် ယဇ်ပူဇော်စရာ မလိုတော့ချေ။
၂၈။ ပညတ်တရားသည် အပြစ်ရှိသော သူတို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။
ဝတ်ပြုခြင်း ဆိုင်ရာပညတ်တရားက၊ အပြစ်ရှိသော အာရုန်နှင့်သား များကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသည်။ ပညတ်တရားနောက်၌ အမွေအားဖြင့် မဟုတ်ဘဲ၊ အကျိန်အားဖြင့်မူ၊ အစဉ်အမြဲစုံလင်သော သားတော်ကို၊ ယဇ်ပုဟိတ်အရာ၌ ခန့်ထားသည်။ ထို့ကြောင့် ယခင်ယဇ်ပုရောဟိတ် ထက်၊ ယခုယဇ်ပုရောဟိတ်သည် သာ၍ ကောင်းသည်ဟုဆိုလိုခြင်း ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ယဇ်ပုရောဟိတ်နှင့် ယဇ်ပူဇော်ခြင်း များသည်၊ ဣသရေလ လူများနှင့် သာဆိုင်၍ ငါတို့နှင့် မဆိုင်ဟု ထင်မှတ်တတ် ကြသည်။ အမှန်မှာ သူတို့ ပြုလုပ်သောအရာသည် အရိပ် ဖြစ်၍ ၊ ယခု ယေရှုခရစ် ယဇ်ပုရောဟိတ်သည် အစစ်၊ အကောင် ဖြစ်သည်။ ထို့ကြောင့် သာ၍ အရေးကြီးသည်။ သို့သော် ထိုအရာကို မသိသော ခါ၊ ဂရုမစိုက်၊ ပယ်ထား ကြသည်။ ထို့ကြောင့် ဘုရားကိုးကွယ် သောအခါ၊ ကောင်းနိုးရာရာနှင့် ကိုးကွယ်၍ အချည်းနှီး ဖြစ်သည်။

အခန်း ရ မေးခွန်းများ

၁။ မေလခိဇေဒက်သည် မည်သူနည်း။

၂။ မေလခိဇေဒက်နှင့် ခရစ်တော်၏ တူညီသော အချက်များ ဖေါ်ပြပါ။

၃။ မေလခိဇေဒက်နှင့် အာဗြဟံမည်သူပိုကြီး မြတ်သနည်း။

၄။ လေဝိသည် မည်သူနည်း။ လေဝိအမျိုးမှမည်သူတို့ကို ရွေးကောက်သနည်း။

၅။ အဘယ်ကြောင့်လေဝိအမျိုးသည် အခြားသော အမျိုးများထက် ကြီး မြတ်သနည်း။

၆။ ကြီးသော သူကငယ်သော သူကို ဘာပေးရသနည်း။

ရ။ အာဗြဟံကို မည်သူကကောင်းကြီး ပေးသနည်း။

၈။ သေတတ်သော သူသည် မည်သူ ဖြစ်၍ ၊ အသက် ရှင်သော သူသည် မည်သူနည်း။

၉။ လေဝိသည် မည်သူထံ၌ ဆယ်ဘို့ တဘို့ ပေးသနည်း။ မည်ကဲ့သို့ ပေးသနည်း။

၁၀။ လေဝိအမျိုးယဇ်ပုရောဟိတ်သည် စုံလင်၍ ပြည့်စုံပါသလော။

၁၁။ ယဇ်ပရောဟိတ်အမျိုးပြောင်းလဲပြီလော။ ရှင်းပြပါ။

၁၂။ ပညတ်တရားပြောင်းလဲခြင်းသည် ဘာကို ဆိုလိုသနည်း။

၁၃။ ဘုရား ကမရွေးဘဲ ယဇ်ပုရောဟိတ် လုပ်ခြင်းသည် မည်မျှကြောက်စရာ ကောင်းသနည်း။

၁၄။ ခရစ်တော်ကို မည်သူကယဇ်ပုရောဟိတ် အဖြစ် ရွေးသနည်း။

၁၅။ ခရစ်တော်သည် မည်သူ၏ အမျိုး ဖြစ်သနည်း။

၁၆။ ထာဝရ ဘုရား ကသား တော်ကို ယဇ်ပုရောဟိတ် ခန့်ရာတွင် ဇာတိအားဖြင့် ခန့်ထားသလော၊ ဘာအားဖြင့် ခန့်ထားသနည်း။

၁ရ။ ပညတ်သည် လူကို စုံလင်စေနိင်သလော။

၁၈။ ရှေးပညတ်တရားဟောင်းသည်၊ အား မရှိ၊ အကျိုးကို မပေးနိုင်ဟူသောအရာသည် မည်ကဲ့သို့သော ပညတ် ဖြစ်သနည်း။

၁၉။ အာရုန်အနွယ်များသည် ဘာအားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိကြသနည်း။

၂၀။ ယေရှုသည် ဘာအားဖြင့် ယဇ်ပုရောဟိတ် အရာကို ရရှိခဲ့သနည်း။

၂၁။ အာရုန်အနွယ်များသည် အဘယ်ကြောင့်ဆက်တိုက်ယဇ်ပုရောဟိတ် မဖြစ်နိင်သနည်း။

၂၂။ ယေရှုသည် အဘယ်ကြောင့်ထာဝရ ယဇ်ပုရောဟိတ် ဖြစ်နိင်သနည်း။

၂၃။ ယဇ်ပုရောဟိတ် ယေရှုအားဖြင့် ဘုရားကို ချဉ်းကပ်လျှင် ဘုရားသခင်က လက်ခံပါမည်လော။

၂၄။ ငါတို့၏ ယဇ်ပုရောဟိတ်သည် အဘယ်ကြောင့်ငါတို့နှင့် သင့်တော် သနည်း။

၂၅။ အဘယ်ကြောင့်နောက်ထပ် ယဇ်ပူဇော်စရာ မလိုတော့သနည်း။

၂၆။ ယခင်ယဇ်ပုရောဟိတ်နှင့် ယခုယဇ်ပုရောဟိတ်တွင် မည်သည့်အရာကပို၍ ကောင်းသနည်း။

၂ရ။ အဘယ်ကြောင့် ခရစ်ယာန်များက ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပုရောဟိတ် အကြောင်း မသိကြသနည်း။

၂၈။ ယဇ်ပူဇော်ခြင်းနှင့် ယဇ်ပုရောဟိတ်၏ အလုပ်များ သိဘို့ လိုပါသလော။ အဘယ်ကြောင့်နည်း။

Part 2 ဆက်ဖတ်ရန်