
မာတိကာ
ခရစ်တော်မွေ့နေ့
နှစ်စဉ်နှစ်တိုင်း များစွာသောလူတို့သည် ခရစ္စမတ်ပွဲကို ကျင်းပကြသော်လည်း စစ်မှန်သောအကျိုးမရရှိ ဘဲကျင်းပတတ်ကြသည်။ အကြောင်းမှာ ခရစ်တော်လာရခြင်း၏ အကြောင်းရင်းများ မသိသောအခါ၊ ကိုယ်ခန္ဓာအစားအသောက်ပြင်ဆင်ခြင်း၊ လက်ဆောင်ပေးခြင်း၊ အိမ်အလှဆင်ခြင်း၊ မိသားစုသူငယ် ချင်းများနှင့်ပျော်ရွှင်ခြင်း၊ Mall ထဲ၌ Santa Claus နှင့်ဓါတ်ပုံရိုက်ခြင်းများကို ပြုလုပ်နေကြသည်။ သင်သည် ယခုနှစ် ခရစ္စမတ်ကို မည်ကဲ့သို့ကြိုဆို၍ ပြင်ဆင်သနည်း။
ကျေးဇူးအထပ်ထပ်ပေးဘို့
ခရစ်တော် ဤလောကသို့ လာသောအခါ လူသားများအတွက် များစွာသောကောင်းကြီးများ ယူဆောင်လာသည်။ ယောဟန်က၊ ထိုသူ၏ ပြည့်စုံခြင်းမှလည်း၊ ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို၊ ငါတို့ရှိသမျှသည် ခံရကြပြီ။ (ယော ၁း၁၆) ဟုရေးထားသည်။ သင်သည် ခရစ်တော်ယူဆောင်လာသော ကျေးဇူးတပါးပြီးတပါး ထပ်ဆင့်၍ ခံစားပါသလား။ မခံစားသေးလျှင် ယခုခံစားနိုင်ဘို့ရန် ဝေငှလိုပါသည်။
လူသားအားလုံး၏အပြစ်ယူဆောင်သွားဘို့
နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏ အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။ (ယော ၁း၂၉) လူသည်မွေးစကပင် အပြစ်ရှိသောကြောင့် အပြစ်လုပ်တတ်ကြသည်။ ထိုမျှသာမက အပြစ်ကြောင့် ဘုရားသခင်ကိုလည်း မချဉ်းကပ်ရဲ၊ ကောင်းကင်နိုင်ငံ ဝင်စားဘို့ရန်လည်း မစဉ်းစားနိုင်၊ သေလျှင်ငရဲသွားဘို့ကိုသာ စောင့်နေရကြသည်။ အပြစ်ကလူကိုအုပ်စိုးနေသည်။ သင်သည်အပြစ်ကျွန်မှ မလွတ်မြောက်နိုင်ဘဲ စိတ်ဆင်းရဲနေပါသလား။ ခရစ်တော်သည် သင်၏အပြစ်အားလုံးကို ယူဆောင်သွားဘို့ရန် ဤလောကသို့ ကြွလာခဲ့သည်။ သင်၏အပြစ်များကို ခမည်းတော်ဘုရားက သူ့အပေါ်မှာ တင်သောအားဖြင့် သင်၏အပြစ်များကို ယူဆောင်သွားပြီ။ အပြစ်၏အခသေခြင်းကို လက်ဝါးကပ်တိုင်ပေါ်၌ အသတ်ခံခြင်းဖြင့် အပြစ်ကြွေးကိုဆပ်ခဲ့ပြီ။ ထိုအရာကို ယုံကြည်ခြင်းဖြင့် သင်သည်အပြစ်အားလုံးမှ လွတ်မြောက် နိုင်သည်။ ထိုအရာကိုမသိ၊ လက်မခံလျှင် သင်သည် အသက်ရှင်ရကျိုးမနပ်ပါ။ ယခုနှစ်ခရစ္စမတ်အချိန် အခါသမယ၌ သင့်အတွက် အပြစ်ကြွေးဆပ်ပေးသောအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံလိုက်ပါ။
ဖြောင့်မတ်ခြင်းပေးဘို့
ကျမ်းစာက၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။ (၂ ကော ၅း၂၁)ဟုရေးထားသည်။ အဘယ်ကြောင့်၊ ခရစ်တော် ဤလောကသို့ ကြွလာဘို့လိုသနည်းဟူမူကား လူသားအားလုံး (သင်အပါအဝင်) ၏အပြစ်များကို ဘုရားသခင်က ခရစ်တော်အပေါ်၌ တင်ဘို့ရန်ဖြစ်သည်။ လူသားများ၏အပြစ်အားလုံးကို ဘုရားသခင်က ခရစ်တော်အပေါ်၌ တင်ထားသောကြောင့် ဘုရားအမြင်၌ လူသားများအပေါ် အပြစ်မရှိတော့ချေ။ လူသားများသည် အပြစ်မလုပ်သောကြောင့်မဟုတ်၊ ခရစ်တော်အပေါ်တင်ထားသောကြောင့် ထိုအရာကိုယုံကြည်သောသူတို့အား ဘုရားသခင်ကဖြောင့်မတ်သည်၊ ဟုသတ်မှတ်လိုက်ပြီ။ ထိုသို့အခမဲ့ ဖြောင့်မတ်ခြင်းပေးသောကြောင့် ဖြောင့်မတ်စွာအသက်ရှင်ဘို့ဖြစ်သည်။ လူထင်မှတ်တတ်သည်မှာ၊ အပြစ်မလုပ်ဘဲနေနိုင်မှသာ ဖြောင့်မတ်ခြင်းပေးမည် ဟူ၍ဖြစ်သည်။ ကျမ်းစာက၊ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ (ရောမ ၅း၈) ဟုဆိုသည်။ တဖန်၊ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့်၊ အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော ၃း၂၄) ဟုရေးသေးသည်။ ဆက်လက်၍၊ ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သော တပါးအမျိုးသားတို့သည်၊ ဖြောင့်မတ်ခြင်းကိုမှီကြ၏။ ထိုသို့ဆိုသော် ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ (ရော ၉း၃၀) ဟူသ၎င်း၊ ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက် သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။ အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။ (ရော ၉း၃၁-၃၂) ဟုရေးသေးသည်။ သင်သည် ဣသရေလလူများကဲ့သို့ ဖြောင့်မတ်ဘို့ရန် ကြိုးစားနေပါသလား။ ထိုသို့ကြိုးစားလျှင် သူတို့ကဲ့သို့ ဖြောင့်မတ်ခြင်းကို မှီနိုင်မည်မဟုတ်ချေ။ ယုံကြည်ခြင်း၏ ဖခင်ဖြစ် သော အာဗြဟံပင်လျှင် အကျင့်အားဖြင့် ဖြောင့်မတ်သည်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် ကြောင်း ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ (ကမ္ဘာ ၁၅း၆။ ရော ၄း၃)
အထက်၌ ကျမ်းစာက ယုံကြည်ခြင်းအားဖြင့်သာ လူသည် ဖြောင့်မတ်ခြင်းသို့ ရောက်ရသည်၊ ဟုမည်မျှ ပင်ပြောသော်လည်း လူသည်အကျင့်အားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်နိုင်သည်၊ ဟုခံယူနေကြ သည်။ ထိုသို့ခံယူသောသူများသည် ဖြောင့်မတ်နိုင်ဘို့ ကြိုးစားကြသလား။ အများစုသည် မကြိုးစားကြ ချေ။ မကြိုးစားသော်လည်း အဘယ်ကြောင့် ထိုသို့ခံယူနေသနည်း။ ဘုရားသခင်က အခမဲ့ပေးသောအ ရာကို မသိသောကြောင့်ဖြစ်သည်။ ထို့အပြင်၊ ယာကုပ်ရေးသောအရာကို ကိုးကားကြသည်၊ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက်သည်ကို သင် တို့ သိမြင်ရကြ၏။(ယာကုပ် ၂း၂၄) ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။(ယာကုပ် ၂း၂၆)။ ယာကုပ်ရေးသောအရာသည် လူ့အမြင် ၌ဖြစ်ကြောင်း သူကိုယ်တိုင် ဤသို့ရေးထားသည်၊ တနည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကိုပြမည်၊ ဟုပြောစရာရှိ၏။(ယာကုပ် ၂း၁၈)။ ပေါလုပြောသော ဖြောင့်မတ်ခြင်းသည် လူ့အမြင်၌မဟုတ်၊ ဘုရားအမြင်၌ဖြစ်သည်။ လူသည် ဘုရားအမြင်၌ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ပြီးမှ လူ့အမြင်၌အကျင့်အားဖြင့် ဖြောင့်မတ်ကြောင်း သက်သေပြဘို့ဖြစ် သည်။ ထိုသို့ဆိုရာတွင် အချို့သောသူများသည် ဖြောင့်မတ်ကြောင်းကို အကျင့်အားဖြင့်မပြနိုင်ကြချေ။ အကြောင်းမှာ၊ အသက်အရွယ်နုနယ်သောကြောင့်၎င်း၊ လူဆင်မမှီဘဲမွေးဖွားသောကြောင့်၎င်း၊ ဖြစ်သည်။ ခလေးများနှင့် လူဆင်မမှီသောသူများသည် အကျင့်မပြနိုင်သော်လည်း လူဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် ဖြောင့်မတ်ခြင်းရရှိထားသူတိုင်း ဖြောင့်မတ်စွာအသက်မရှင်တတ်ကြကြောင်း သိထားဘို့လိုသည်။
အသက်မုန့်ပေးဘို့
လူသည်ကိုယ်ခန္ဓာအစာကိုသာသိ၍ ထိုအစာအတွက် အလုပ်လုပ်ကြ၊ ရှာဖွေကြသည်။ ကိုယ်ခန္ဓာအစာမစားဘဲ ဗိုက်ဆာလျှင်၊ စိတ်ဆိုးကြသည်၊ ဝမ်းမြောက်မှုမရှိနိုင်ကြချေ။ ဗိုက်ဆာနေစဉ် ပါးစပ်ကကြိုက်သောအစာများကို စားရလျှင် အလွန်ကျေနပ်အားရဝမ်းမြောက်တတ်ကြသည်။ သို့သော်၊ ကိုယ်ခန္ဓာအစာကို မည်မျှပင်စားသော်လည်း အားရကျေနပ်မှုမရှိနိုင်ချေ။ ကိုယ်ခန္ဓာအစာကိုသာ ဦးစားပေးစားသောသူများသည် ကိုယ်အလေးချိန်များပြီး ရောဂါ များစွာဖြင့် မကျန်းမာဖြစ်တတ်သည်။
လူသည်ဝိညာဉ်အစာငတ်နေသည်ကို မသိသောကြောင့်၊ ဝိညာဉ်အစာ၊ စားရမှန်းမသိကြချေ။ ဝိညာဉ်၏အစာသည် ဘုရားဖြစ်ကြောင်း ကျမ်းစာကဤသို့ ရေးထားသည်၊ သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ ရောက်၍ မျက်နှာ ပြရအံ့နည်း။(ဆာလံ ၄၂း၁-၂)။ လူ၏ဝိညာဉ်သည် ဘုရား ကိုဆာငတ်သောကြောင့် ညှိုးငယ်၍ မငြိမ်မဝပ်ဖြစ် ကြောင်း ဤသို့တွေ့ရသည်၊ အိုငါ့ဝိညာဉ်သင်သည် အဘယ် ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော်လင့်လျက် နေ လော့။ (ဆာလံ ၄၂း၅)
သင်သည်အစဉ်သဖြင့် ညှိုးငယ်ပြီး၊ မငြိမ်မဝပ်ရှိနေပါသလား။ ထိုသို့ဖြစ်ရခြင်းသည် သင်၏ဝိညာဉ်က ဘုရားကိုဆာငတ် သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် သင်၏ဝိညာဉ်အစာဖြစ်ဘို့ရန် အသက်မုန့်အဖြစ် ကြွရောက် လာခြင်းဖြစ်သည်။ သူကိုယ်တိုင် ဤကဲ့သို့ပြောသွားခဲ့သည်၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကိုယုံကြည်သော သူသည် နောက်တဖန် ရေငတ်မခံရ။ (ယော ၆း၃၅) ဆက်၍၊ ငါသည်အသက်မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။ ကောင်းကင်မှဆင်းသက်သော မုန့်ကိုစားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။ ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။ (ယော ၆း၄၈-၅၁) ခရစ်တော်ပြောသော အသက်မုန့်သည် ခန္ဓာအတွက်မဟုတ်၊ ဝိညာဉ်အတွက်ဖြစ်သည်။ သူက၊ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။ (ယော ၆း၆၃) ဟုဆိုသည်။
ယခုနှစ်ခရစ္စမတ်အချိန်တွင် သင်၏ဝိညာဉ်အစာဖြစ်သော ခရစ်တော်ကို စားဘို့ရန် အကြံပေးလိုပါသည်။ သူကိုယ် တိုင်က၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်။ (ဗျာဒိတ် ၃း၂၀) ဟုဆိုသည်။ မည်ကဲ့သို့စားမည်နည်း။ သင်၏ဝိညာဉ်သည် သင်ထဲ၌ရှိ၍ စိတ်နှလုံးတံခါးဖွင့်ပေးခြင်းဖြင့် သူ့ကိုစားနိုင်သည်။ ဤကဲ့သို့ ဆုတောင်းခြင်းဖြင့် သူ့ကိုစားနိုင်သည်၊ သခင်ယေရှုဘုရား၊ ကိုယ်တော်သည် ကျွန်ုပ် ဝိညာဉ်အစာဖြစ်ကြောင်း သိရပါသည်။ ကျွန်ုပ်၏စိတ်နှလုံးတံခါး ဖွင့်ပါပြီ။ ဂတိတော်အတိုင်း ကျွန်ုပ်စိတ်နှလုံးအထဲ ၌ဝင်တော်မူပါ။ အာမင်။ အမှန်တကယ် ခရစ်တော်ကို စိတ်နှလုံးတံခါး ဖွင့်ပေးပြီး ဝင်ခွင့်ပေးလျှင် သူသည် ဂတိတော်အတိုင်း ဝင်ပါလိမ့်မည်။ မည်ကဲ့သို့သိရမည်နည်း။ ထမင်းစားပြီးသောအခါ ဗိုက်မဆာတော့ဘဲ၊ အားရဝမ်း မြောက်မှုရှိလာတတ်သည်။ ကိုယ်ခန္ဓာအင်အားလည်း တိုးလာတတ်သည်။ သင်၏ဝိညာဉ်က ခရစ်တော်ကိုစားလျှင် ဝမ်းမြောက်ငြိမ်သက်မှုရှိလာလိမ့်မည်။
ဂလာတိ အခန်းကြီး ၃
၁။ ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို၊ သင်တို့မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ၊ သင်တို့ကို အဘယ်သူ ပြုစားသနည်း။
ပေါလု၏စာအရ ဂလာတိပြည်ရှိ ယုံကြည်သူများသည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို သူတို့မျက်မှောက်၌ ထင်ရှားစွာပြပြီး ဖြစ်သောကြောင့် ထိုအရာကို ယုံကြည်ပြီးသောသူများဖြစ်ကြသည်။ ထိုအရာသည် သမ္မာတရားဖြစ်သည်။ သို့သော်၊ ပေါလုတို့မရှိသောနောက်ပိုင်းတွင် ထိုသမ္မာတရားကို နားမထောင်တော့သောကြောင့် ပေါလုက၊ ပညာမဲ့သော ဂလာတိလူတို့၊ သင်တို့ကို အဘယ်သူပြုစားသနည်း၊ ဟုဆိုရခြင်းဖြစ်သည်။ ပေါလုက၊ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကိုခံယူကြသောကြောင့်၊ ငါသည် အံ့ဩခြင်းရှိ၏၊ ဟု (ဂလာ ၁း၆) ၌အပြစ်တင်ခဲ့ပြီးပြီ။
၂။ ပညတ်တရား၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့်၊ ခံရကြသလော ဟူသောအရာတခုကိုသာ သင်တို့၌ ငါသိလို၏။
ဂလာတိပြည်ရှိ ယုံကြည်သူများသည် ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ခံရကြသည်၊ ပညတ်တရား၏ အကျင့်အားဖြင့် ရကြသည်မဟုတ်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ပေါလုက သူတို့ကိုအထက်ပါကဲ့သို့ မေးခွန်းထုတ်သနည်း။ အကြောင်းမှာ ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်ရရှိပြီးမှ ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် သင်ပေးခြင်းကို လက်ခံကြသောကြောင့်ဖြစ်သည်။
၃။ ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။
ပေါလုက ဂလာတိပြည်ရှိယုံကြည်သူများကို အပြင်းထန်ဆုံးစကားအားဖြင့် အပြစ်တင်သည်။ ဤမျှလောက် ပညာမဲ့သလော ဟူသောစကားသည် အလွန်နာစရာဖြစ်သည်။ ဝိညာဉ်တော်ကို အမှီပြုပြီးမှ ဇာတိအမှီပြုခြင်း ဆိုသည်မှာ ယုံကြည်ခြင်းအားဖြင့်သွားပြီးမှ ပညတ်တော်အကျင့်ကို အမှီပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ယနေ့ယုံကြည်သူများလည်း သူတို့နည်းတူ၊ ဝိညာဉ်တော်အားဖြင့် အသက်တာသွားပြီးမှ ဇာတိအားဖြင့် ပြန်သွားတတ်ကြသည်။
၄။ ဤမျှလောက်သော ဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော။ အချည်းနှီးသက်သက် ဖြစ်ရမည်လော။
ပေါလုက၊ ဤမျှလောက်သောဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော၊ ဟူသောအရာသည် ဘာကိုဆိုလိုသနည်း။ သူတို့ခေတ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံဘို့သည် လွယ်ကူသောအရာ မဟုတ်ချေ။ အသင်းတော်သည် အစပြုချိန်မှစ၍ ညှဉ်းဆဲခြင်းခံရကြောင်း တမန် ၁၇း၅-၉ တွင်တွေ့နိုင်သည်။ တမန်တော်များလည်း ယုဒမင်းအရာရှိများ၏ ညှဉ်းဆဲခြင်းခံရကြောင်း ဤသို့တွေ့ ရသည်၊ ထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကို ခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍လွှတ်ကြ၏။ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့်၊ မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်၊ ဟုမှတ်တော်မူ သောကြောင့်၊ ဝမ်းမြောက်သော စိတ်ရှိ၍ လွှတ်တော်မှ ထွက်သွားကြ၏။ (တမန် ၅း၄၀-၄၁) ပေါလုကသက်သာလောနိတ်အသင်းတော်ထံ၊ သင်တို့သည် ကြီးစွာသော ဆင်းရဲကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ၊ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရား ကဲ့သို့သောသူ ဖြစ်ကြ၏။ (၁ သက် ၁း၆) ဟုရေးခဲ့သည်။ ထို့ကြောင့် ဂလာတိပြည်ရှိအသင်းတော်များလည်း ခရစ်တော်ယုံကြည်ဘို့ရန် ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းများ ခံစားရပုံရှိသည်။
၅။ ထိုမှတပါး ဝိညာဉ်တော်ကို သင်တို့အားပေး၍၊ သင်တို့၌ တန်ခိုးများကို ပြသောသူသည်၊ ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။
ယုံကြည်သူများထံ ဘုရားသခင်က ဝိညာဉ်တော်ကိုပေး၍ တန်ခိုးများကိုပြသည်။ ဝိညာဉ်တော်အားဖြင့် တန်ခိုးပြခြင်းကို ဖိလိပ္ပုအသက်တာ၌ ဤသို့တွေ့ရသည်၊ “ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူ အများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏။” (တမန် ၈း၅-၈) ဖိလိပ္ပုသည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် မဟုတ်၊ ဝိညာဉ်တော်တန်ခိုးအားဖြင့် အထက်ပါကဲ့သို့ နိမိတ်လက္ခဏာများပြသွားခြင်းဖြစ်သည်။ ဂလာတိအသင်းတော်များ၌လည်း ဝိညာဉ်တော်က နိမိတ်လက္ခဏာများပြခဲ့ကြောင်း ပေါလုစာအရသိနိုင်သည်။
၆။ ထိုနည်းတူ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
ယုဒလူများက သူတို့၏ဖခင်ကြီး အာဗြဟံကို အလွန်လေးစား ကြည်ညိုကြသည်။ အာဗြဟံပင်လျှင် အကျင့်အားဖြင့် ဖြောင့်မတ်သည်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည် ဟုဆိုသည်။ အာဗြဟံသည် မည်ကဲ့သို့ ဘုရားကို ယုံကြည်သနည်း။ သူသည် အသက်ကြီး၍ အရွယ်လွန်မှ ကောင်းကင်ကြယ်နှင့်အမျှ များပြားသောသားတို့ ကိုပေးမည်၊ ဟုဘုရားသခင်က ဂတိပြုသောအခါ ယုံကြည်သောကြောင့် ဘုရားသခင်က သူ့ကိုဖြောင့်မတ်သောသူ၊ ဟုသတ်မှတ်လိုက်သည် (ကမ္ဘာ ၁၅း၆)။ ပေါလုက ရောမအသင်းတော်ထံ၌လည်း၊ “အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင်၊ ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။ ကျမ်းစာ၌ အဘယ်သို့ လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။” (ရောမ ၄း၂-၃) ဟုရေးသွားသည်။
၇။ ယုံကြည်ခြင်း ရှိသောသူသည် အာဗြဟံ၏သားဖြစ်သည်၊ ဟုအမှန်သိမှတ်ကြလော့။
ယုဒလူများသည် အာဗြဟံအမျိုးဖြစ်ကြသည်ကို အလွန်ဂုဏ်ယူကြောင်း ဤသို့တွေ့ရသည်၊ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ (ယော ၈း၃၃) ဟူ၍၎င်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏၊ ဟူ၍၎င်း၊ ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။ (ယော ၈း၃၉) ဟုပြန်ဖြေသည်။ ဗတ္တဇံဆရာယောဟန်ကလည်း၊ ဖာရိရှဲနှင့်ဇဒ္ဒုကဲများထံ၊ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်၊ ဟုငါအမှန်ဆို၏။ (မဿဲ ၃း၉) ဟုဆိုခဲ့သည်။
အာဗြဟံသားဖြစ်ရခြင်းသည် အဘယ်အကျိုးရှိသနည်း။ အာဗြဟံသားဖြစ်ခြင်းသည် အလွန်အကျိုးရှိပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်က၊ သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ (ကမ္ဘာ ၁၂း၃) ထို့အပြင် ဘုရားသခင်က အာဗြဟံထံ သူနှင့်ပတ်သက်သောသူတိုင်း အရေဖျားလှီးခိုင်းသည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့်သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။ (ကမ္ဘာ ၁၇း၁၁) ထို့ကြောင့် အာဗြဟံသားဖြစ်ခြင်းသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုသောသူ၊ ဘုရားသခင်၏လူ၊ ဟုအဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် ယုဒလူများက အာဗြဟံသားဖြစ်ခြင်းကို အလွန်ဂုဏ်ယူဝါကြွား ကြခြင်းဖြစ်သည်။
တပါးအမျိုးသားများသည် ဇာတိအားဖြင့် အာဗြဟံသားများ လုံးဝဖြစ်နိုင်စရာအကြောင်းမရှိပါ။ သို့သော်၊ ယုံကြည်ခြင်းအားဖြင့် အာဗြဟံသားများဖြစ်နိုင်ခွင့် ရရှိကြသည်။ အာဗြဟံသားများဖြစ်လျှင် ဘုရားသခင်နှင့်ဆိုင်၍၊ ဘုရားသခင်က အာဗြဟံထံ ဂတိပေးထားသော ကောင်းကြီးမင်္ဂလာများ ခံစားခွင့်ရရှိကြပြီဖြစ်သည်။ သို့သော် နားမလည်သောသူများအနေဖြင့် အာဗြဟံသားဖြစ်ခြင်းကို တန်ဘိုးထား၊ ဂုဏ်ယူကြမည်မဟုတ်ချေ။ သင်သည် အာဗြဟံသားဖြစ်သလော။ အာဗြဟံသားဖြစ်ခြင်း ကို ဂရုစိုက်ပါသလော။
၈။ ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်၊ ဟုကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုဧဝံဂေလိတရားကို ဟောနှင့်လေ၏။
အချို့သောသူများက ဘုရားသခင်အပေါ် အာဗြဟံနှင့်သူ့သားစဉ်မြေးဆက်များ ရွေးကောက်ခြင်းကို အထင်လွဲတတ်ကြသည်။ ဘုရားသခင်သည် ခွဲခြားခြင်းရှိသည်၊ ဣသရေလလူမျိုးများသာလျှင်ချစ်သည်၊ ဟုမြင်ကြသည်။ ထိုသို့မဟုတ်ပါ။ ဣသရေလလူမျိုးမရှိမှီ သူတို့၏ဖခင်ကြီး အာဗြဟံထံ၌ ယုံကြည်ခြင်းအားဖြင့် တပါးအမျိုးသားများလည်း ဖြောင့်မတ်စေမည်ကို ကြိုပြောခဲ့ပြီ။ အာဗြဟံအားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးခံစားမည်၊ ဟုပြောခဲ့ပြီ။ သို့ဖြစ်လျှင် အဘယ်ကြောင့် အာဗြဟံနှင့်အမျိုးကို ရွေးသေးသနည်း၊ ဟုမေးစရာရှိသည်။ သူတို့ကိုရွေး ခြင်းသည် သူတို့ကိုသာချစ်၍ ကောင်းကြီးပေးချင်သောကြောင့် မဟုတ်ပါ။ သူတို့သည် တပါးအမျိုးသားများအတွက် ပုံသက်သေဖြစ်ဘို့၊ ဘုရားသခင်အကြောင်းကို သင်ပေးသော ယဇ်ပုရောဟိတ်များဖြစ်ဘို့ ရွေးခြင်းဖြစ် သည်။ ဘုရား သခင်ကိုယ်တိုင်က၊ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ်ရကြလိမ့်မည်၊ (ထွက်မြောက်ရာ ၁၉း၆) ဟုပြောခဲ့သည်။ ယဇ်ပုရောဟိတ်သည် ဘာလုပ်ရမည်နည်း။ ယဇ်ပုရောဟိတ် နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကိုရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား စေလွှတ်တော်မူသော တမန်ဖြစ်၏။ (မာလခိ ၂း၇) ဟုကျမ်းစာက ပြောထားသည်။ ထို့ကြောင့် ဣသရေလလူများသည် တပါးအမျိုးသားများထံ ဘုရား၏အကြောင်းကို ပြောပြဘို့ဖြစ် သည်။
၉။ သို့ဖြစ်၍ ယုံကြည်ခြင်း ရှိသောသူတို့သည်၊ ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
ဘုရားသခင်က အာဗြဟံထံ ကောင်းကြီးပေးဘို့ ဂတိပေးထားသည်။ သို့သော်၊ မည်သူမဆို ယုံကြည်သောသူတိုင်း အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏၊ ဟုပေါလုက ရေးသားထားသည်။ အကယ်၍ သင်သည် ကောင်း ကြီးမင်္ဂလာကို မခံစားရလျှင် ဘုရားသခင်ကို မယုံကြည်သောကြောင့်ဖြစ်သည်။
၁၀။ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည်၊ အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို၊ အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်း၊ ဟုကျမ်းစာလာ၏။
အံ့ဩဘွယ်ကောင်းသည်မှာ လူသည် ပညတ်တော် လိုက်လျှောက်မှ ကောင်းကြီးခံစားမည်၊ ဖြောင့်မတ်မည်၊ ဘုရားသခင်ကလက်ခံမည်၊ ကောင်းကင်ရောက်မည်၊ ဟုသင်ပေးစရာမလိုဘဲ ယုံကြည်ကြသည်။ သို့သော်၊ ထိုသို့ ယုံကြည်သောသူအများစုသည် အမှန်တကယ် ပညတ်တော်ကို လိုက်လျှောက်ဘို့ ကြိုးစားသောသူများမဟုတ်ကြချေ။ လိုက်လျှောက်ရမည်၊ ဟုလေထဲတိုက်အိမ်ဆောက် သောသူများဖြစ်ကြသည်။ ပေါလုက ထိုကဲ့သို့ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်သည်၊ ဟုအောက်ပါကျမ်းကို ကိုးကား၍ ရေးထားသည်၊ ဤပညတ်တရား စကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ (တရားဟော ၂၇း၂၆) ပညတ်တော်လိုက်လျှောက်ခြင်းသည် အလွန်ကောင်းပါသည်။ သို့သော် ပညတ်အားလုံးကို အမြဲကျင့်ဘို့လိုသည်။ မည်သူကမျှ ပညတ်တော်အားလုံးကို အမြဲမကျင့်နိုင်ပါ။ ယာကုပ်ကလည်း၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ (ယာကုပ် ၂း၁၀) ဟုဆိုသည်။
အဘယ်ကြောင့် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဟုဆိုကြသနည်း။ ထိုသို့ခံယူပြောဆိုသောသူသည် ကိုယ်တိုင် ပညတ်တော်ကို မလိုက်လျှောက်ဘူးသောကြောင့်ဖြစ်သည်။ သခင်ဘုရားကိုယ်တော်တိုင်က၊ မောရှေသည် ပညတ်တရားကို သင်တို့အားပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်။ (ယောဟန် ရး၁၉) ဟုဆိုသည်။ ဆာလံဆရာကလည်း၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။ (ဆာလံ ၁၄း၃။ ဆာလံ ၅၃း၃) ဟုရေးထားသည်။ ပေါလုကလည်း ထိုအရာကိုကိုးကား၍၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။ (ရောမ ၃း၁၂)။ ဟုရေးသည်။ ထိုသို့ပညတ်တော်သည် လိုက်လျှောက် ၍မရသောကြောင့် လိုက်လျှောက်ဘို့ကြိုးစားသောသူသည် ကျိန်ခြင်းခံရခြင်းဖြစ်သည်။ သင်သည် ပညတ်တော်များ ကိုလိုက်လျှောက်ဘို့ ကြိုးစားဘူးပါသလော။
၁၁။ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
ဤကျမ်းပိုဒ်သည်၊ စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ဟဗက္ကုတ် ၂း၄ ကိုကိုးကားခြင်းဖြစ်သည်။ ဤကျမ်းပိုဒ် အားဖြင့် မာတင်လူသာကို ပြောင်းလဲစေခဲ့သည်။
၁၂။ ပညတ်တရားမူကား ယုံကြည်ခြင်းနှင့်မစပ်ဆိုင်။ ထိုအကျင့်ကိုကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်၊ ဟုဆိုသတည်း။
ပေါလုက၊ ပညတ်တရားစောင့်လျှောက်ခြင်းနှင့် ယုံကြည်ခြင်းသည် ရောစပ်၍မရကြောင်းကို ဤကဲ့သို့ရေးသွားသည်၊ အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့်ခံရ၏။ အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။ (ရောမ ၄း၄-၅) ဥပမာ၊ သင်သည်အလုပ်လုပ်သောအခါ သူဌေးကပိုက်ဆံကို သနားသောကြောင့် သင်အားပေးသည်မဟုတ်၊ သင်၏လုပ်အားခအတွက်ပေးခြင်းဖြစ်သည်။ သို့သော်၊ သင်သည် နေမကောင်းသောကြောင့် အလုပ်မလုပ်နိုင်သော်လည်း၊ သူဌေးကပိုက်ဆံကို ပုံမှန်ပေးလျှင် သင့်ကိုသနားသောကြောင့် ပေးခြင်းဖြစ်သည်။ လုပ်အားခနှင့်သနားခြင်းသည် ရော၍မရပါ။
၁၃။ ထိုကြောင့်၊ ဘုရားသခင့်ရှေ့တော်၌၊ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်၊ ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း၊ ကျိန်ခြင်းကို ခံရသောသူဖြစ်သည်၊ ဟုကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ၊ ရွေးနှုတ်တော်မူပြီ။
လူရှေ့၌ ပညတ်တရားအားဖြင့် ဖြောင့်မတ်နိုင်သည်။ အကြောင်းမှာ လူသည် ပြင်ပန်းသဏ္ဍာန်ကို ကြည့်သည်။ သို့သော်၊ ဘုရားသခင်သည် စိတ်နှလုံးကို ကြည့်ရှုသည် (၁ ဓမ္မ ၁၆း၇)။ ခရစ်တော်က၊ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ (မဿဲ ၅း၂၁-၂၂)ဟုဆိုသည်။ ခရစ်တော်အမြင်၌ အမျက်ထွက်သောသူ၊ ညီအစ်ကိုကို ကဲ့ရဲ့သောသူ၊ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် လူ့အသက်ကို သတ်သောသူနှင့်တူသည်။ ယောဟန်ကလည်း၊ မိမိညီအစ်ကိုကို မုန်းသောသူ မည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ (၁ ယော ၃း၁၅) ဟုရေးသည်။ သင်သည် ကိုယ်ထိလက်ရောက် လူမသတ်သော်လည်း ညီအစ်ကိုအပေါ် အမျက်ထွက်ဘူးလျှင်၊ ကဲ့ရဲ့ဘူးလျှင်၊ ကျိန်ဆဲဘူးလျှင်၊ မုန်းဘူးလျှင်၊ ဘုရားအမြင်၌ လူအသက်ကိုသတ်ဘူးပြီ။
တဖန်ခရစ်တော်က၊ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ (မဿဲ ၅း၂၇-၂၈) ဟုဆိုသည်။ ကိလေသာစိတ်နှင့် သူ့မယားကို မကြည့်ဘူးသောသူရှိမည်မထင်ပါ။ လူ့အမြင်၌ သူ့မယားနှင့်မပြစ်မှားသော်လည်း၊ ဘုရားအမြင်၌ ပြစ်မှားကြပြီ။ မိန်းမများလည်း၊ သူ့လင်ကို ကိလေသာစိတ်နှင့်ကြည့်ရှုဘူးလျှင် သူ့လင်နှင့်ပြစ်မှားဘူးပြီ။ ထို့ကြောင့်၊ ဘုရားအမြင်၌ ပညတ်တော်လိုက်လျှောက်နိုင်ဘို့သည် လုံးဝမဖြစ်နိုင်ပါ။
ဘုရားသခင်က မောရှေအားဖြင့်၊ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ (တရားဟော ၂၁း၂၃) ဟုဆိုသည်။ လူသားတိုင်းသည် ပညတ်တော်မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရ သောသူများဖြစ်ကြသည်။ သို့သော်၊ ကျမ်းစာကိုနားမလည်သောကြောင့်၊ ကျိန်ခြင်းခံနေရမှန်းလည်းမသိကြချေ။ ဥပဒေချိုးဖေါက်နေမှန်းမသိလျှင် ကြောက်စိတ်မရှိချေ။ ထို့ကြောင့်လွတ်လမ်းလည်းမရှာချေ။ ထို့နည်းတူ၊ ပညတ်တော်မလိုက်လျှောက်နိုင်မှန်း မသိသောကြောင့် ကျိန်ခြင်းခံနေမှန်းလည်းမသိ၊ ပူပင်သောကမရောက်၊ ကြောက်ရမှန်းလည်းမသိကြချေ။ ထို့ကြောင့်လွတ်လမ်းလည်းမရှာ၊ လွတ်လမ်းပြောလျှင်လည်း ဂရုမစိုက်ကြခြင်းဖြစ်သည်။
ကျိန်ခြင်းခံသောသူသည် သစ်တိုင်မှာဆွဲရမည်၊ ဟုကျမ်းစာလာသည်။ လူသားတိုင်းသည် အာဒံသားသမီးများဖြစ်သောကြောင့် မွေးကတည်းက ကျိန်ခြင်းခံရသောသူများဖြစ်ကြသည်။ ထို့အပြင်၊ ပညတ်တော်ကို မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရကြသည်။ ကျိန်ခြင်းခံသောကြောင့် သစ်တိုင်ပေါ်၌ဆွဲရမည့်သူများဖြစ်ကြသည်။ သို့သော်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ၊ ရွေးနှုတ်တော်မူပြီ။ မည်မျှဝမ်းသာ စရာကောင်းသနည်း။ ထိုသို့ခရစ်တော်က ငါတို့ကိုယ်စား ကျိန်ခြင်းခံခြင်းဖြင့် ပညတ်တရားမလိုက်လျှောက်နိုင်ခြင်းမှ၎င်း၊ ကျိန်ခြင်းမှ၎င်း၊ ကယ်တင်ခြင်းကို ယုံကြည်လက်ခံဘို့သာရှိသည်။
၁၄။ အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီးမင်္ဂလာသည်၊ ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌၊ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့်ယှဉ်သော ဝိညာဉ်တော်ကို၊ ယုံကြည်ခြင်းအားဖြင့် ခံရကြမည် အကြောင်းတည်း။
ဘုရားသခင်က ကောင်းကြီးမင်္ဂလာကို အာဗြဟံအပေါ်ပေးသည်သာမက၊ ယေရှုခရစ်အားဖြင့် တပါးအမျိုးသားဖြစ်သော သင်နှင့်ကျွန်ုပ်တို့လည်း ခံစားနိုင်ပြီဖြစ်သည်။ ဘုရားသခင်က အာဗြဟံထံ၊ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ (ကမ္ဘာ ၁၂း၃) ဟူသောအရာသည် ယေရှုခရစ်အားဖြင့် လူတိုင်းခံစားနိုင်ပြီဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်ကိုယ်တော်တိုင် ဝိညာဉ်တော်အားဖြင့် ငါတို့ထံ၌နေနိုင်ပြီ။ ဓမ္မဟောင်းခေတ်တွင် ဝိညာဉ်တော်သည် ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ဘုရားအသုံးပြုသောသူများထံ၌ သာပေးလေ့ရှိသည်။ သို့သော် ယခုအခါတွင် ယုံကြည်သောသူတိုင်းရရှိနိုင်ပြီဖြစ်သည်။
ဓမ္မဟောင်းကာလတွင် ခေါင်းဆောင်များထံ၌သာပေးသော ဝိညာဉ်တော်ကို ဓမ္မသစ်ကာလတွင် ယုံကြည် သူတိုင်းထံပေးဘို့ ဓမ္မဟောင်းပရောဖက်များထံမှ ဤသို့ဟောပြောခဲ့ပြီ၊ ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွယ်ပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို၎င်း၊ ငါသွန်းလောင်းမည်။ (ဟေရှာယ ၄၄း၃) တဖန်၊ ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။ (ယောလ ၂း၂၈) သခင်ယေရှုကလည်း လိုချင်သောသူတိုင်းအပေါ် သန့်ရှင်းသောဝိညာဉ်တော် ပေးမည့်အရာကို ဤသို့ပြောခဲ့သည်၊ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း၊ အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော် မမူသေးသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။(ယောဟန် ၇း၃၇-၃၉) သင်သည်ထိုကဲ့သို့ ဂတိပြု ထားသော သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိပြီးပြီလော။ မရရှိသေးလျှင် ယုံကြည်ခြင်းနှင့်ဆုတောင်းပါ။
၁၅။ ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကို ချုပ်ပြီးမှ အဘယ်လူမျှ မပယ်ရ၊ ထပ်ဆင့်၍ စကားကိုမသွင်းရ။
လူနှစ်ဦးသဘောတူ စာချုပ်ချုပ်ပြီးသောအခါ နှစ်ဦးသဘောတူခြင်းမရှိဘဲ ထိုစာချုပ်ကိုထပ်၍ ထည့်ခြင်း၊ နှုတ်ခြင်း များကိုမပြုလုပ်နိုင်ချေ။ စာချုပ်ကို တဖက်သပ်တဦးတည်း၊ ထပ်ထည့်ခြင်း၊ နှုတ်ခြင်းကိုပြု လုပ်လျှင် တရားမဝင်တော့ချေ။ ဘုရားသခင်က အာဗြဟံနှင့် ပဋိညာဉ်ပြုသောအရာ (စာချုပ်) ကို ပြန်ပြင်၍ မရတော့ချေ။
၁၆။ ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌၊ ထားတော်မူ၏။ အမျိုးအနွယ်တို့၊ ဟုအများသော သူတို့ကို ရည်မှတ်၍၊ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်၊ ဟုတယောက်သော သူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား၊ ခရစ်တော်ဖြစ်သတည်း။
ဘုရားသခင်က အာဗြဟံထံ၊ သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် (ကမ္ဘာ ၂၂း၁၈)၊ ဟုဂတိပြုခဲ့သည်။ ထိုဂတိသည် အမျိုးအနွယ်တို့ ဟူ၍အများသောသူတို့အားဖြင့် မဟုတ်ဘဲ၊ သင်၏အမျိုးအနွယ်ဟူ၍ တယောက်တည်းကို ရည်ညွှန်း၍ ပြုခဲ့သည်။ ထိုတယောက်တည်းသောသူ သည်ခရစ်တော်ဖြစ်သည်၊ ဟုပေါလုက ရှင်းပြသည်။
၁၇။ ငါဆိုသည်ကား၊ ခရစ်တော်ကို ရည်မှတ်၍၊ ဘုရားသခင် တည်စေတော်မူနှင့်သော၊ ပဋိညာဉ်တရားကို၊ အနှစ်လေးရာသုံးဆယ် လွန်ပြီးမှ၊ နောင်ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။
ဘုရားသခင်က အာဗြဟံထံ သူ၏အမျိုးအနွယ်အားဖြင့် ထားသောဂတိတော်ကို ဤနေရာ၌ ပဋိညာဉ်တရား၊ ဟုပြန်သုံးသည်။ ဘုရားသခင်က ဂတိတော်ကို အာဗြဟံခေါ်ခါစ၌ ပြုခဲ့သည် (ကမ္ဘာဦး ၁၂း၃)။ ထိုအချိန်သည် ဘီစီ ၁၈၀၀ ခန့်တွင်ဖြစ်သည်။ နောက်ထပ် နှစ်ပေါင်းလေးရာသုံးဆယ်လွန် သောအခါ၊ မောရှေအားဖြင့် ဣသရေလလူများကို အဲဂုတ္တုပြည်မှနှုတ်၍ သိနာတောင်ခြေ၌ ပညတ်တော်ပေးခဲ့သည်။ ထိုပညတ်တော်က ဂတိတော်သို့မဟုတ် ပဋိညာဉ်ကို အချည်းနှီးမဖြစ်စေနိုင်၊ ဟုဆိုသည်။ အဘယ်ကြောင့်ပေါလုက ဂတိတော်သို့မဟုတ်ပဋိညာဉ်တော်ကို ပညတ်တော်နှင့်ယှဉ်၍ ပြောသနည်း။ အကြောင်းမှာ ဂတိတော်သည်၊ စကားနားထောင်သောကြောင့် ရမည့်အရာမဟုတ်။ သို့သော် ပညတ်တော်သည် လိုက်လျှောက်နိုင်မှသာလျှင် အကျိုးရရှိမည့်အရာဖြစ်သည်။
၁၈။ ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့်စပ်ဆိုင်လျှင်၊ ဂတိတော်နှင့်မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့်၊ အာဗြဟံအားထို အမွေတော်ကို သနားတော်မူ၏။
ဘုရားသခင်က အာဗြဟံအား ပေးမည့်အမွေတော်သည် အဘယ်အရာနည်း။ ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း၊ ပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။ (ကမ္ဘာ ၁၂း၁-၂) ဟူသောအရာသည် အမွေတော်ဖြစ်သည်။ ပေါလုက၊ ဤလောကကို အမွေခံစေမည်၊ ဟုဂတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည်၊ ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ ရကြ၏။ (ရော ၄း၁၃) ဟုရေးထားသည်။
၁၉။ သို့ဖြစ်၍ ပညတ်တရားသည်၊ အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော အမျိုးအ နွယ် မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကိုထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့်၊ ကြားဝင်စေ့စပ်ပေးသူ၏လက်၌ထားတော်မူ၏။
ဘုရားသခင်က အာဗြဟံအား အမွေတော်ပေးဘို့ ဂတိပြုပြီးမှ အဘယ်ကြောင့် ပညတ်တော် ထပ်၍ပေး သနည်း၊ ဟုမေးခွန်းထုတ်သည်။ ထိုမေးခွန်းကို သူကိုယ်တိုင်ဖြေထားသည်။ ဂတိတော် မပြည်စုံမှီ ဒုစရိုက်အပြစ်များကြောင့် ပညတ်တော်ပေးခြင်းဖြစ်သည်။ မိဘကသားသမီးများကို ချစ်သော်လည်း၊ အရွယ်ရောက်သောအခါ အမွေဥစ္စာပေးမည်ဖြစ်သော်လည်း၊ အရွယ်မရောက်မှီအထိ စည်းကမ်းနှင့်ဆုံးမ ခြင်းအားဖြင့် စောင့်ရှောက်ထိန်းသိမ်းရသည်။ အကြောင်းမှာ လူသည်ငယ်ရွယ်စဉ်တွင် လူကြီးကဲ့သို့မစဉ်း စားတတ်သောကြောင့် လမ်းလွဲခြင်း၊ အပြစ်ကျူးလွန်ခြင်းများပြုလုပ်တတ်သည်။ လူသည်ယုံကြည်ခြင်း အားဖြင့် ဂတိတော်မယူတတ်မှီတွင် ပညတ်တော်အားဖြင့် အကျင့်မပျက်ဘို့ ထိန်းသိမ်းစောင့်ရှောက်ရ သည်။
ထိုတရားကို ကောင်းကင်တမန်များအားဖြင့်၊ ကြားဝင်စေ့စပ်ပေးသူ၏လက်၌ထားတော်မူ၏။ ထိုတရားသည် ပညတ်တော်ကို ဆိုလိုသည်။ ပညတ်တော်ကို ကောင်းကင်တမန်အားဖြင့် ကြားဝင်စေ့စပ်ပေးသူ၏လက်၌ ထားခြင်းသည် ဘာကိုဆိုလိုသနည်း။ ဘုရားသခင်က မောရှေကို သိနာတောင်ပေါ်၌ ပညတ်တရားတော်ပေးသောအခါ ကောင်းကင်တမန်များ ပါဝင်ကြောင်း ဤကျမ်းပိုဒ်များအားဖြင့်သိရသည်၊ ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လကျ်ာလက်တော်မှ ထွက်လေ၏။ (တရားဟော ၃၃း၂)။ ဆက်၍၊ သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း၊ မစောင့်မရှောက်ကြ၊ ဟုသတေဖန်မြွက်ဆို၏။(တမန် ရး၅၃)။ ကောင်းကင်တမန်များအားဖြင့်၊ ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍၊ ပြစ်မှားလွန်ကျူးခြင်းအမှု အမျိုးမျိုးတို့သည်၊ ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊(ဟေဗြဲ ၂း၂)။ ဟူသောကျမ်းပိုဒ်များအရ ပညတ်တော်ပေးသောအခါ ကောင်းကင်တမန်များပါဝင်ကြောင်း သိရှိရသည်။
ကြားဝင်စေ့စပ်ပေးသူ၏လက်၌ထားတော်မူ၏။ ကြားဝင်စေ့စပ်ပေးသောသူသည် မည်သူနည်း။ ဘုရား သခင်က ပညတ်တော်ပေးသောအခါ မောရှေထံ၌ပေးသည်။ လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲက မီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့် တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။(ထွက်မြောက် ၂၀း၁၈-၁၉) ထို့ကြောင့်၊ ကြားဝင်စေ့စပ်ပေးသောသူ သည်မောရှေဖြစ်သည်။
၂၀။ ကြားဝင်စေ့စပ်ပေးသောသူမည်သည်ကား၊ တဘက်နှင့်သာဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တဖက်ဖြစ်တော်မူ၏။
ကြားဝင်စေ့စပ်ပေးသူသည် မောရှေဖြစ်ကြောင်း အထက်၌သိရှိရပြီ။ သူသည်ဘုရားနှင့်သာမဆိုင်၊ ထို့နည်းတူ ဣသရေလလူများနှင့်သာမဆိုင်၊ နှစ်ဖက်စလုံးနှင့်ဆိုင်သည်။ ဘုရားမူကားတဖက်ဖြစ် တော်မူ၏၊ ဟုဆိုသည်။
၂၁။ သို့ဖြစ်၍ ပညတ်တရားသည်၊ ဘုရားသခင်၏ ဂတိတော်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။ ပေးတော်မူသောပညတ်တရားသည် အသက်ရှင်စေနိုင်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရလိမ့်မည်။
ပညတ်တရားသည် ဂတိတော်နှင့်ဆန့်ကျင်သလော ဟုသူကိုယ်တိုင်မေးသော မေးခွန်းကို သူကိုယ်တိုင် က မဆန့်ကျင်ကြောင်း ရေးသွားသည်။ ပညတ်တရားက အသက်ရှင်စေနိုင်လျှင် ဖြောင့်မတ်ခြင်းကို လည်းပေးနိုင်မည်၊ ဟုဆိုသည်။ ပညတ်တရားသည် လူကိုဖြောင့်မတ်ခြင်းပေးနိုင်သလော။ မပေးနိုင်ပါ။ အသက်လည်းမပေးနိုင်ပါ။ ပညတ်တော်ပေးရခြင်းအကြောင်းကို၊ အောက်တွင်ဆက်လက်ရေး သားသွားသည်။
၂၂။ ယခုမူကား၊ ယုံကြည်သောသူတို့သည်၊ ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့် စပ်ဆိုင်သောဂတိတော်ကို ရမည်အကြောင်း၊ ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။
ပေါလုက ပညတ်တော်ကို ကျမ်းစာဟုသုံးသွားသည်။ လူအပေါင်းကို ကျမ်းစာက အဘယ်ကြောင့် အပြစ်၌ချုပ်ထားသနည်း။ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဂတိတော်ကို ရမည့်အကြောင်း၊ ဟုဆိုသည်။ ထိုအရာကိုနားလည်ဘို့ ဥပမာအားဖြင့် ရှင်းပြလိုပါသည်။ မိဘများက သားသမီးများကို အလွန်ချစ်သော်လည်း စာတတ်ပြီးပညာရရှိဘို့အ တွက်၊ နေ့တိုင်း၊ အပတ်တိုင်း၊ နှစ်ပေါင်းများစွာ ကျောင်းတက်ခိုင်း၍ သူတို့လုပ်ချင်သောအရာများကို ခွင့်မပြုဘဲ ကျောင်း၌ချုပ်ထားသည်။ စာမေးပွဲဖြေသောအခါ၌လည်း လုံးဝမဖြေပေး၊ မကူညီဘဲနေကြသည်။ အကြောင်းမှာ စာတတ်လာသောအခါ ပညာရရှိ၍၊ ဝင်ငွေကောင်း၍ အလုပ်သက်သာသောအလုပ်များ လုပ်နိုင်ဘို့ရန်ဖြစ်သည်။
ထိုနည်းတူ၊ လူအပေါင်းတို့သည် ဂတိတော်နှင့်စပ်ဆိုင်သော ကောင်းကြီးမင်္ဂလာကို ရရှိနိုင်ဘို့ရန် ကျမ်းစာကအပြစ်၌ချုပ်ထားသည်။ မည်ကဲ့သို့ကျမ်းစာက ချုပ်ထားသနည်း။ လူသည်ကိုယ်ကိုကိုယ် အပြစ်မရှိ၊ ဖြောင့်မတ်သည်၊ ဟုယူဆတတ်ကြသည်။ သို့သော် ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သော သူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊ တယောက်မျှမရှိ။ (ဆာလံ ၁၄း၃။ ရောမ ၃း၁၀-၁၂) ဟုဆိုသောအခါ၊ ကိုယ်အခြေအနေကိုသိ၍ ယေရှုခရစ်အားဖြင့် ဘုရားဂတိပေးသောအရာကို လိုချင်လာတတ်သည်။
ကင်ဆာရောဂါအဆင့်တစ်ရှိသောသူသည် ကိုယ်ခန္ဓာ၌ နာခြင်းမခံစားသေးသောကြောင့်၊ ဘာကိုမျှဂရုမစိုက်၊ မာနထောင်လွှားနိုင်သည်။ သို့သော်၊ ဆေးစစ်၍ ကင်ဆာအဆင့်တစ်ရှိနေပြီ၊ ဟုဆရာဝန်က ပြောသောအခါ ကြောက်ရွံ့၍ ဆရာဝန်၏ အကူအညီကိုလုံးဝအားကိုးကာ၊ သူခိုင်းသမျှကိုလုပ်တတ်သည်။ ထို့နည်းတူ၊ ကျမ်းစာက လူသည်အပြစ်ရှိကြောင်းကို ဖေါ်ပြသောအခါ ကြောက်ရွံ့၍ ဘုရားဂတိပေးသောအရာကို ရရှိဘို့ရန် မျှော်လင့် တောင့်တလာတတ်သည်။
၂၃။ ယုံကြည်ခြင်းတရားမရောက်မှီ၊ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတံ့သော၊ ယုံကြည်ခြင်းတရားကို မြော်လင့်၍၊ ချုပ်ထားလျက်ရှိကြ၏။
ပေါလုက “ဂတိတော်”ဟုမသုံးဘဲ ဂတိတော်ကိုရရှိစေမည် “ယုံကြည်ခြင်းတရား၊” ဟုသုံးပြန်သည်။ များသောအားဖြင့် ကိုယ့်ဆန္ဒလိုချင်တောင့်တသောအရာ မျှော်လင့်ခြင်းကို ယုံကြည်ခြင်း၊ ဟုယူဆမိတတ်ကြသည်။ ပေါလုက၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့်ဖြစ်၏။ (ရောမ ၁၀း၁၇) ဟုရေးထားသည်။ ထို့ကြောင့်၊ ကိုယ်လိုချင်သောဆန္ဒကို မျှော်လင့်ခြင်းသည် ယုံကြည်ခြင်းမဟုတ်ပါ။ ယုံကြည်ခြင်းသည် ဘုရားသခင်၏စကားတော်ကိုကြား၍ သဘောတူညီခြင်းဖြစ်သည်။
နောက်၌ထင်ရှားလတံ့သော ယုံကြည်ခြင်းတရား သည်အဘယ်အရာကိုဆိုလိုသနည်း။ သခင်ယေရှုကို ယုံကြည်ခြင်းဖြစ်သည်။ လူတိုင်း သခင်ယေရှုကို မယုံကြည်မှီ ပညတ်တော်အားဖြင့် ဖြောင့်မတ်မည်၊ ဘုရားသခင်ကလက်ခံမည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ကောင်းကင်နိုင်ငံဝင်စားနိုင်မည်၊ ဟုယူဆကြသည်။ သို့သော်၊ ပညတ်တရားသိလာသောအခါ မစောင့်လျှောက်နိုင်မှန်းကို ကျမ်းစာကသိစေသည်။ ထိုအခါ၊ ထောင်ကျသကဲ့သို့ခံစားသည်။ များစွာသော သူတို့သည် ပညတ်တော်မစောင့်လျှောက်နိုင်မှန်း မသိကြသောကြောင့်၊ ပညတ်တော်လိုက်လျှောက်ရမည်ဟု ကြွေးကြော်နေကြသည်။ ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် မဖြောင့်မတ်နိုင်ဟု ပြောသောအခါ စိတ်ဆိုးကြသည်။ ဆက်၍နားမထောင်ချင်ကြတော့ချေ။ သင်သည်ထိုသို့သောသူဖြစ်ပါသလား။ ပညတ်တော်မလိုက်လျှောက် နိုင်မှန်းအဘယ်ကြောင့်မသိကြသနည်း။ ဖြောင့်မတ်ခြင်းရရှိဘို့၊ ထာဝရအသက်ရရှိဘို့၊ ကောင်းကင်နိုင်ငံဝင်ဘို့များကို လေးနက်စွာမစဉ်းစားမဆင်ခြင်ကြသော ကြောင့်ဖြစ်သည်။ ပညတ်တော်မလိုက်လျှောက်နိုင်မှန်းသိလျှင်လည်း မပူပင်ကြချေ။ ရယ်စရာကဲ့သို့မှတ်တတ်ကြသည်။ ထိုသူများကို သနားရုံမှလွဲ၍ မည်သို့မျှမကူညီနိုင်ချေ။ ဝိညာဉ်တော်က နားလည်စေဘို့ ဆုတောင်းပေးရမည်။
၂၄။ ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ၊ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍၊ ငါတို့၏အထိန်းဖြစ်သတည်း။
ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ဟုရေးထားသည်။ မည်ကဲ့သို့ယုံကြည်ရုံဖြင့် ဖြောင့်မတ်နိုင်သနည်း။ လူသားအားလုံးသည် အပြစ်သားဖြစ်၍ ဘုရားသခင်ရှေ့မှောက်၌ လုံးဝဖြောင့်မတ်ခြင်းမရှိကြချေ။ ပေါလုက၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ (ရောမ ၃း၂၃) ဟုဆိုသည်။ အသရေပျက်ခြင်းဆိုသည်မှာ ဘုရား၏သန့်ရှင်း ဖြောင့်မတ်ခြင်း စံချိန်မမှီကြတော့ချေ။ သို့သော်၊ လူသည်မိမိ၏အဖြစ်ကို နားမလည်သောကြောင့်၊ ပူပန်စိုးရိမ်ရမှန်းမသိကြချေ။ ဘုရား၏ဘုန်းတော်ကိုမမြင်ကြဘဲ၊ မိမိကဲ့သို့သော လူသားများကိုသာလျှင် တွေ့မြင်နေကြသောကြောင့် ထိုကဲ့သို့မကြောက်ရွံ့မပူပန်ခြင်းဖြစ်သည်။ ပညတ်တော်လိုက်လျှောက် ရမည်၊ ဟုပြောသောအခါ၌လည်း တကယ်မလိုက်လျှောက်ကြသောကြောင့် မလိုက်လျှောက်နိုင် မှန်းမသိကြ။
ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍၊ ငါတို့၏အထိန်းဖြစ်သတည်း။ လူသည်ပညတ် တော်မသိသောအခါ ကိုယ်ကိုယ်ကိုအပြစ်ရှိမှန်းမသိကြချေ။ ကင်ဆာရောဂါဆိုးအဆင့်တစ်ရှိသော်လည်း နာကျင်ခြင်းမခံစားသေးသောအခါ မကြောက်တတ်ချေ။ သို့သော်၊ ဓါတ်မှန်ရိုက်၍ ကင်ဆာရှိမှန်းသိလာ သောအခါ စိုးရိမ်ပူပန်၍ ဆရာဝန်ကို အလွန်အားကိုးလာတတ်သည်။ ပေါလုက၊ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ (ရော ၃း၂၀) ဟူ၍၎င်း၊ ပညတ်တရားအားဖြင့်သာ အပြစ်သဘောကိုငါသိရ၏။ (ရော ၇း၇) ဟူ၍၎င်း၊ ရေးသည်။ ပညတ်တော်က အပြစ်ကိုဖေါ်ပြသောအခါ လူသည်ကြောက်ရွံ့လာ၍ ခရစ်တော်ထံသို့ ချဉ်းကပ်လာတော့သည်။ ထို့ကြောင့် ဓါတ်မှန်စက်က လူနာကို ဆရာဝန်ထံပို့ဆောင်သကဲ့သို့၊ ပညတ်တရားက အပြစ်သားကို ခရစ်တော်ထံသို့ပို့ဆောင်သောကြောင့် ငါတို့၏အထိန်း၊ ဟုဆိုရခြင်းဖြစ်သည်။
၂၅။ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။
ယုံကြည်ခြင်းတရားရောက်လာသောအခါ အဘယ်ကဲ့သို့ ငါတို့သည် အထိန်းလက်မှလွတ်ကြသနည်း။ ခလေးသည် မိဘ၏သားသမီးဖြစ်သောကြောင့် မွေးဖွားချိန်မှစ၍ မိဘ၏အမွေခံစားမည့်သူဖြစ်သည်။ သို့သော်၊ သူရရှိမည့်အမွေကို မစီမံ၊ မခွဲခန့်နိုင်သောကြောင့် အုပ်ထိန်းသူလက်၌ နေရသည်။ သို့သော်၊ ထိုခလေးသည် အရွယ်ရောက်လာသောအခါ အုပ်ထိန်းသူလက်မှလွတ်မြောက်ကာ၊ မိဘ၏မွေများကို စီမံလာသည်သာမက၊ အုပ်ထိန်းသူလက်မှလွတ်မြောက်ကာ၊ သူသဘောနှင့်အသက်ရှင်လာနိုင်သည်။ ထို့နည်းတူ ယုံကြည်ခြင်းတရားမရောက်မှီတွင် ငါတို့ကို ပညတ်တော်က အုပ်ထိန်း၍ ခရစ်တော်ကို ယုံကြည်လာသောအခါ ပညတ်တော်အထိန်းလက်မှ လွတ်မြောက်လာသည်။ အခြားဥပမာပေးရလျှင် အပျိုမသည် ယောက်ျားမယူမှီအထိ မိဘလက်အောက်၌ နေသော်လည်း၊ ယောက်ျားရလာသောအခါ မိဘလက်မှလွတ်မြောက်လာသည်။ မိဘလက်ထက်တွင် မိဘများကအိမ်မှုကိစ္စများကို လုပ်ခိုင်းသောကြောင့် စိတ်မပါသော်လည်း လုပ်နေရသည်။ သို့သော် ယောက်ျားရလာသောအခါ ခင်ပွန်းသည်က မခိုင်းသော်လည်း အိမ်မှုကိစ္စများကို ယောက်ျား ကိုချစ်သောစိတ်နှင့် ဝမ်းမြောက်ဝမ်းသာလုပ်လာသည်။ ထို့ကြောင့် မိဘအောက်၌နေစဉ်တုန်းကထက် ကောင်းစွာ လုပ်ကိုင်ဆောင်ရွက်သည်။ ထိုနည်းတူ၊ ပညတ်လက်ထက်တွင် ဘုရားစကားကို နားမ ထောင်ချင်သော်လည်း၊ နားထောင်ရသည်။ ခရစ်တော်ယုံကြည်လာသောအခါ ဘုရားစကားကို ချစ်ခြင်း နှင့်အလွယ်တကူ စိတ်ပါဝင်စားစွာနားထောင်လာနိုင်သည်။
၂၆။ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်၊ ဘုရားသခင်၏ သားဖြစ်ကြ၏။
သခင်ယေရှုမရ၊ မယုံကြည်မှီတွင် ဘုရား၏သားများမဟုတ်ခဲ့ကြသော်လည်း၊ ယေရှုခရစ်ကိုယုံကြည် သဖြင့် ဘုရား၏သားဖြစ်ရသောအခွင့်ကိုရရှိကြသည်။ ယောဟန်က၊ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။(ယောဟန် ၁း၁၂) ဟုဟောပြောခဲ့သည်။ ပေါလုကလည်း၊ ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ၊ သက်သေခံတော်မူ၏။ (ရောမ ၈း၁၆) ဟုရေးသည်။ သင်၏မိဘများသည် ဆင်းရဲနုန်ချာလျှင်လည်း၊ မိဘမဲ့ဖြစ်လျှင်လည်း၊ လုံးဝအားငယ်စရာ မရှိပါ။ သင်သည် သခင်ယေရှုကို ယုံကြည်လျှင် အမြင့်ဆုံးသောဘုရား၏ သားသမီးဖြစ်ကြောင်း သိစေချင်သည်။
၂၇။ ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူ ရှိသမျှတို့သည်၊ ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ် ကြ၏။
ဗတ္တိဇံဟူသောစကားလုံးသည် ဂရိတ်စကားဖြစ်၍ နှစ်ခြင်း၊ မြှုပ်ခြင်းကိုဆိုလိုသည်။ ခရစ်တော်၌ ဗတ္တိဇံ ခံခြင်းဆိုသည်မှာ၊ ခရစ်တော်၌ ရေတွက်ခြင်းဖြစ်သည်။ ဘုရားအမြင်၌ ကမ္ဘာပေါ်ရှိလူအားလုံးသည် လူနှစ်ယောက်ထဲ၌ တွေ့မြင်သည်။ ကျမ်းစာက၊ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက် သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ (၁ ကော ၁၅း၂၂)။ လူသည်မွေးလာသည်နှင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ အာဒံ၌ရှိသည်။ ဆိုလိုသည်မှာ၊ အာဒံကဲ့သို့အပြစ်ရှိသည်၊ အာဒံကဲ့သို့သေဘို့လိုသည်၊ အာဒံကဲ့သို့ ဘုရားနှင့်ကင်းကွာသောသူဖြစ်သည်။ လူသည်အာဒံ၌ရှိနေသရွေ့ကာလပတ်လုံး ဘုရား၏ရန်သူဖြစ်၍ သူ၏စကားကိုလည်းနားမထောင်နိုင်ချေ။ ထို့ကြောင့်၊ ဘုရားသခင်က လူကိုအာဒံထဲမှယူ၍ ခရစ်တော် အထဲ၌ထည့်လိုက်သည်၊ ရေတွက်သည်။ ပေါလုက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ ရှိနေကြ၏။ (၁ ကော ၁း၃၀) ဟုရေးသားသည်။ ထိုအရာကို သဘောတူလျှင် သင်သည်သခင်ယေရှု၌ ရှိသည်။ သခင်ယေရှု၌ရှိသောသူသည် သခင်ယေရှုကို ဝတ်ဆင်သောသူဖြစ်သည်။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ (ရောမ ၁၃း၁၄)
၂၈။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။
ကမ္ဘာပေါ်ရှိ ပြသနာပေါင်းများစွာထဲ၌ လူမျိုးရေးသည်ပြသနာတခုဖြစ်သည်။ လူမျိုးတမျိုးနှင့်တမျိုး ခွဲခြားကာနှိမ်တတ်ကြသည်။ ခရစ်ယာန်များအထဲ၌လည်း လူမျိုးရေးရှိကြသည်။ အသင်းတော်အထဲ၌ လူမျိုးတမျိုးများလွန်းလျှင် အခြားလူမျိုးများကို ဂရုမစိုက်၊ လူမျိုးရေးပြင်းထန်တတ်ကြသည်။ သို့သော် သခင်ယေရှုခရစ်၌ လူမျိုးရေးမရှိတော့ချေ။ လူမျိုးရေးသာမက၊ လူမှုအဆင့်အတန်းလည်း မခွဲခြားတော့ ချေ။ အမှန်တကယ် ယေရှုခရစ်၌ရှိသူများတွင် လူမျိုးရေး၊ အဆင့်အတန်း၊ အသက်အရွယ်လည်း လုံးဝမရှိတော့ချေ။ ပေါလုက၊ ထိုဖန်ဆင်း ပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။(ကောလောသဲ ၃း၁၁) ဟုရေးထားသည်။ သခင်ယေရှုက ခမည်းတော် ထံဤသို့ဆုတောင်းခဲ့သည်၊ သန့်ရှင်းတော်မူသော အဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော် ၏နာမ၌ တည်စေတော်မူပါ။(ယောဟန် ၁၇း၁၁) ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို၊ လောကီသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့ သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။ (ယောဟန် ၁၇း၂၁) ထိုဆုတောင်းချက် သည်ခရစ်တော်၌ရှိသောသူများ၏ အသက်တာ၌ အမှန်တကယ်ပြည့်စုံလာသည်။ သင်သည်ထိုအရသာ ကိုခံစားပြီးပြီလော။
၂၉။ ခရစ်တော်နှင့်စပ်ဆိုင်လျှင်၊ အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။
ခရစ်တော်နှင့်စပ်ဆိုင်သောသူတိုင်း၊ အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ဂတိတော်အတိုင်း ဘုရား၏အမွေခံ များဖြစ်ကြသည်။ မိဘဆင်းရဲသောကြောင့် အမွေခံစရာမရှိသောသူများ၊ ဝမ်းမနည်းကြပါနှင့်။ သင်သည် ခရစ်တော်နှင့်သာဆိုင်လျှင် ဘုရား၏အမွေခံဖြစ်ကြောင်း သိစေလိုသည်။ ချမ်းသာသောမိဘမှပေါက်ဖွား သောသူများလည်း၊ မိဘ၏လောကအမွေများအပေါ် အားရမှီခိုခြင်းမရှိကြပါနှင့်။ ထိုအမွေများကို ထာဝရ ကာလသို့ ယူဆောင်မသွားနိုင်ပါ။ သင်သေသွားသောအခါ ထားခဲ့ရမည်။ သို့မဟုတ်၊ သင်မသေမှီပင်လျှင် ထိုအမွေများသည် ကုန်ခမ်းသွားနိုင်သည်၊ ပျောက်ပျက်သွားနိုင်သည်။ ပေါလုက၊ မိမိစေတနာ၏ အလိုတော်သို့လိုက်၍၊ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။ (ဧဖက် ၁း၁၁) ဟုရေးသည်။ ဘုရားသခင်၏ အမွေသည် ထာဝရကာလတိုင် မကုန်ခမ်းနိုင်သောအရာဖြစ် သောကြောင့် လောကမှာ ဘာမျှမရှိလျှင်လည်း ဝမ်းနည်းအားငယ်စရာ လုံးဝမရှိပါ။ ထိုအမွေခံမည့်သူများ သည် အောင်မြင်ခြင်းအသက်တာဖြင့် အသက်ရှင်နိုင်သည်။