GOODNEWS
🎨
  HOME  GOODNEWS  2024 DEC

ခရစ်တော်လူ့ဇာတိခံယူရသည့်အကြောင်းရင်းများ

ခရစ်တော် အဘယ်ကြောင့် လောကသို့ ကြွလာစရာလိုသနည်း။ လောကသို့ ကြွ မလာဘဲ လူသားများကို မကယ်တင်နိုင်သလော။ သူကြွလာခြင်းအားဖြင့် အဘယ်အကျိုးကျေးဇူးများ ခံစားနိုင်သနည်း။ ထိုအရာများကို လေ့လာကြပါစို့။ 

ခရစ်တော်ဤလောကသို့ ကြွလာသောအခါ၊ ကောင်းကြီးများစွာ ယူဆောင်လာခဲ့သည်။ ကျမ်းစာက၊ ထိုသူ၏ ပြည့်စုံခြင်းမှလည်း၊ ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို၊ ငါတို့ရှိသမျှသည် ခံရကြပြီ။ (ယောဟန် ၁း၁၆) ဟုရေးထားသည်။ သို့ဖြစ်လျှင် ကျေးဇူးတပါးပြီး တပါးခံစားကြပါသလား။ ထိုကျေးဇူးတပါးပြီးတပါးအထဲမှ အနည်းငယ်ကိုသာအဓိကထား လေ့လာကြစို့။ ထိုအရာတို့သည်၊ ဖြောင့်မတ်ခြင်း၊ ထာဝရအသက် နှင့် ကောင်းကင်နိုင်ငံသားဖြစ်ခြင်း အခွင့်များဖြစ်သည်။ 

ဖြောင့်မတ်ခြင်း

ဖြောင့်မတ်ခြင်းသည် အပြစ်ကင်းစင်ခြင်းဖြစ်သည်။ လူသည်အပြစ်သားအဖြစ် မွေးဘွားကြသည်။ ထိုကြောင့်၊ အရွယ်ရောက်လာလျှင် အပြစ်ကျူးလွန်ကြသည်။ ထိုအပြစ်သားဘဝမှ လွတ်မြောက်ပြီး ဖြောင့်မတ်ဘို့ရန် အကျင့်ကောင်းကျင့်ရမည်၊ ဟုခံယူကြသည်။ သို့သော်၊ ဖြောင့်မတ်ဘို့ရန် အမှန်တကယ် ကြိုးစား၍ကျင့်သောသူ အလွန်နည်းပါးသည်။ ဖြောင့်မတ်ဘို့ရန်၊ အပြစ်ကင်းဘို့ရန် ကြိုးစားသော်လည်း၊ လူ့စံနှုန်း၌သာကျင့်နိုင်၍ ဘုရားစံနှုန်း၌ မကျင့်နိုင်ချေ။ ကျမ်းစာက၊ "ဘုရားသခင်မရှိ၊ ဟုမိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသောသူ တယောက်မျှမရှိ။ ၂ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူ တစုံတယောက် ရှိသည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကိုငုံ့၍ ကြည့်ရှုတော်မူ၏။၃ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။"(ဆာလံ ၁၄း၁-၃) ဟုဆိုသည်။ တဖန်၊  "ခြားနားခြင်းအလျှင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။"(ရောမ ၃း၂၂-၂၃) ဟုဆိုသည်။ ကျမ်းစာက ဘုရားအမြင်၌ အဘယ်သူမျှ အပြစ်ကင်းသောသူ၊ ဖြောင့်မတ်သောသူမရှိ၊ ဟုဆိုသောကြောင့် သင်နှင့်ကျွန်ုပ်လည်း ဘုရားရှေ့တော်၌ မဖြောင့်မတ်၊ အပြစ်ရှိသောသူများဖြစ်ကြသည်။                                                

လူသည် ကိုယ်၏အဖြစ်မှန် အပြစ်သားဖြစ်ကြောင်းကို ကောင်းစွာသိလျှင် အလွန်ကြောက်လန့် ဝမ်းနည်းမှာဖြစ်သည်။ သို့သော်၊ ကိုယ်အပြစ်ရှိမှန်း၊ အပြစ်သားမှန်းမသိသောကြောင့် စိုးရိမ်ပူပန်ခြင်းမရှိချေ။ အကြောင်းမှာ၊ ဘုရားကိုမသိမမြင်၊ ကိုယ်ကဲ့သို့သောအပြစ်သားများကိုသာ မြင်သောကြောင့်ဖြစ်သည်။ အပြစ်ရှိမှန်းသိသောသူများက ဖြောင့်မတ်ဘို့ရန်ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ကြိုးစားကြသည်။ ကျမ်းစာက၊ ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။ အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။ (ရောမ ၉း၃၁-၃၂) ဟုရေးထားသည်။  

ဣသရေလလူတို့မမှီနိုင်သော ဖြောင့်မတ်ခြင်းကို ဘုရားသခင်က လူသားများအား အကျင့်မကျင့်ဘဲ ပေးထားပြီ။ ကျမ်းစာက၊ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့်၊ အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြ၏(ရောမ ၃း၂၄) ဟုရေးထားသည်။ သို့သော် အခမဲ့ပေးထားသော ထိုဖြောင့်မတ်ခြင်းကို လူတိုင်းသိသည်မဟုတ်။ 

တဖန်၊ ဘုရားသခင်သည် အပြစ် နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း (၂ ကော ၅း၂၁)။

ထို့ကြောင့် ကျမ်းစာက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ ရှိနေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။(၁ ကော ၁း၃၀) ဟုရေးထားသည်။

ခရစ်တော်အားဖြင့် ပေးသော ထိုဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့လိုသည်။ မိတ်ဆွေ၊ သင်သည် ထိုဖြောင့်မတ်ခြင်းကို လက်ခံပြီးပြီလော။ သို့မဟုတ် ဂရုမစိုက်ဘဲ ငြင်းပယ်နေပါသလော။ ခရစ်တော်သည် လူသားတိုင်း ဘုရားရှေ့တော်၌ အပြစ်ကင်းပြီး၊ ဖြောင့်မတ်စေဘို့ရန် ကြွလာခဲ့ပြီ။ သို့သော်၊ ယနေ့တိုင်အောင် ထိုဖြောင့်မတ်ခြင်းကို မရရှိဘဲ အပြစ်၌ကျင်လည်နေသူ များစွာရှိသည်။

ပေါလုက၊ ဣသရေလလူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ(ရော ၁၀း၃) ဟုဆိုခဲ့သည်။ သင်လည်း ဘုရားပေးသော ဖြောင့်မတ်ခြင်းကို မသိဘဲ ကိုယ့်ဖြောင့်မတ်ခြင်းကို အားကိုးနေပါသလား။ ခရစ်တော်သည် သင့်အားဖြောင့်မတ်ခြင်းကို ပေးဘို့လာသော်လည်း သင်သည် လက်မခံလျှင် သူလာရကျိုးမနပ်ချေ။ သင်၏ခရစ္စမတ်ပွဲ ကျင်းပခြင်းသည် လည်းအဓိပ္ပါယ်မရှိ။ အကျိုးမရှိချေ။ 

နိုင်ငံတော်သားဖြစ်ခွင့်ပေးဘို့

ခရစ်တော်လူ့ဇာတိခံယူခြင်း၏ ဒုတိယအချက်ဖေါ်ပြလိုသည်မှာ၊ လူသားတိုင်း နိုင်ငံတော်သား ဖြစ်ခွင့်ပေးဘို့ဖြစ်သည်။ ထို့ကြောင့်၊ သူကိုယ်တိုင်ဤသို့ဆိုသည်၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ (မဿဲ ၆း၃၃) အဘယ်ကြောင့် ဘုရားသခင်၏နိုင်ငံတော်ကို ရှေ့ဦးစွာရှာခိုင်းသနည်း။ အကြောင်းမှာ လူသည် အချိန်မရွေး၊ အရွယ်မရွေး သေနိုင်သောကြောင့်ဖြစ်သည်။ သို့သော်လူတိုင်း ခရစ်တော်အကြံပေးသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်ကို အရင်ရှာကြသလော။ မရှာကြပါ။ ခဏသာတည်ပြီး ပျက်စီးသွားမည့် လောကအရာများကိုသာ ရှာနေကြသည်။ ခရစ်တော်က သာသနာပလူများသည် စားသောက်စရာ၊ ဝတ်စရာများကိုသာ ရှာကြသည်၊ ဟုဆိုသည်။ သူ့ကိုယုံကြည်သူ၊ ဟုခံယူသောခရစ်ယာန်များကလည်း သာသနာပလူများကဲ့သို့ စားသောက်စရာ၊ ဝတ်စရာ၊ နေစရာအိမ်များကိုသာ အချိန်ရှိသရွေ့၊ စွမ်းအားရှိသမျှဖြင့် ရှာဖွေနေကြသည်။ ကိုယ်ရှေ့မှာ လောကအရာရှာရင်းဖြင့် တယောက်ပြီးတယောက် သင်္ချိုင်း၌ နိဂုံးချုပ်သွားသောသူများကို လိုက်လံပို့သကြသော်လည်း၊ နားမလည်နိုင်၊ သံဝေဃတရားမရရှိနိုင်ကြ။

အဘယ်ကြောင့် ခရစ်တော်က ဘုရားသခင်၏နိုင်ငံကို အရင်ရှာခိုင်းသနည်း။ ဘုရားသခင်က ဤလောကကို ထာဝရကာလအတွက်မဟုတ်ဘဲ၊ သင်္ခါရ(ခဏ) အတွက်ဖန်ဆင်းသောကြောင့်ဖြစ်သည်။ ပေတရုက၊ သူခိုးသည် ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။  ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ (၂ ပေ ၃း၁၀) ဟုရေးထားသည်။ ယခုအခါ ဘုရားသခင်က ဤလောကကို သဘာဝဘေးဒဏ်များအားဖြင့်၎င်း၊ စစ်မက်ဖြစ်ပွားခြင်းအားဖြင့်၎င်း၊ ရောဂါနှင့်အစာခေါင်းပါးခြင်းဖြင့်၎င်း၊ ဖျက်ဆီးနေပြီ။ သို့သော်၊ လူသားများက ဤလောကကို စွဲလမ်း တပ်မက်လွန်း၍ ပိုမိုကောင်းမွန်လာဘို့၊ ပိုင်ဆိုင်ဘို့အတွက် အစွမ်းကုန် ကြိုးစားနေကြသည်။ ခရစ်ယာန်များလည်း၊ ဘုရားသခင်၏နိုင်ငံသို့ သွားဘို့မကြံစည်ဘဲ၊ ဤလောကကို စွဲလမ်း၍ သာ၍ကောင်းမွန်ဘို့ ကြိုးစားနေကြ၊ ဆုတောင်းနေကြသည်။ ကောင်းကင်ပြည်ကို လုံးဝစွဲလမ်းခြင်းမရှိ။ သွားချင်စိတ်မရှိ ကြချေ။                                

ကျမ်းစာက၊ ခရစ်တော်သည် သူ့ကိုလက်ခံသူတိုင်း ကောင်းကင်နိုင်ငံသားဖြစ်ခွင့် ပေးနေကြောင်း၊ ဤသို့ရေးထားသည်၊ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော၊ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏(ယော ၁း၁၀-၁၂)။

အမေရိကန်နိုင်ငံသားဖြစ်ဘို့ရန် အလွန်ကြိုးစားကြသည်။ ရရှိသောအခါ၌လည်း အလွန်ဝမ်းမြောက် ဂုဏ်ယူကြသည်။ သို့သော် အမေရိကန်နိုင်ငံသားဖြစ်ရုံနှင့် ပြသနာများဖြေရှင်းနိုင်သည်မဟုတ်။ ထိုမျှသာမက ထာဝရကာလတိုင် တည်မည့်အရာမဟုတ်ချေ။ သို့သော် ထာဝရကာလတိုင် တည်မည့်ကောင်းကင်နိုင်ငံဖြစ်ခွင့်ကို အဘယ်ကြောင့် အလိုမရှိကြသနည်း။ ကောင်းစွာမသိသောကြောင့်ဖြစ်သည်။ သိလျှင်အဘယ်သူမျှ အလိုမရှိမည့်သူမရှိ၊ အလုအယက် လက်ခံယူကြပေမည်။ ခရစ်တော်သည်  သူ၏နိုင်ငံရောက်ခွင့်မက၊ သူ့သားဖြစ်ခွင့်ကို လူတိုင်းထံ ပေးနေပြီ။ သိသောသူတိုင်း လက်ခံကြပြီ။ သင်သည် ဘုရားသခင်နိုင်ငံကို သွားမည်ဟု စိတ်ချယုံ ကြည်ပြီလား။ ဘုရားသခင်၏သားဖြစ်ပြီလား။ မဖြစ်သေးလျှင် အမြန်ဆုံးခရစ်တော်ကို လက်ခံလိုက်ပါ။ ဘုရားသားမဖြစ်ဘဲ ခရစ္စမတ်ကျင်းပခြင်းသည် အကျိုးမရှိ၊ အဓိပ္ပါယ်မရှိချေ။

ထာဝရအသက်ပေးဘို့ကြွလာ                                                                                                                                                                                   ခရစ်တော်ဤလောကသို့ ကြွလာခြင်းအကြောင်းရင်းတခုသည်၊ သူ့ကိုလက်ခံသူတိုင်း ထာဝရအသက် ပေးဘို့ရန်ဖြစ်သည်။ လူသည်ထာဝရအသက်ရှင်မည့်သတ္တဝါဖြစ်သည်။ သို့သော် ထာဝရငရဲမီးအိုင်၌ အသက်ရှင်ခြင်းသည် ထာဝရသေခြင်း ဟုခေါ်၍၊ ဘုရားသခင်နှင့်အသက်ရှင်သော အသက်တာသည် ထာဝရအသက်ရှင်သည်၊ ဟုခေါ်သည်။ လူသည်အာဒံနှင့် ဧဝတို့၏အပြစ်ကြောင့် ဘုရားသခင်နှင့် အဆက်ပြတ်ကာ၊ ကိုယ်ခန္ဓာအသက် ကုန်ဆုံးသောအခါ မီးငရဲအိုင်ထဲ၌ ထာဝရအသက်ရှင်ဘို့ဖြစ်သည်။ သို့သော်လူသည် မိမိအဖြစ်ကို နားမလည်သောအခါ ဘုရားပေးသော ထာဝရအသက်ကို တန်ဘိုးမထား၊ မလိုချင်ကြချေ။ ခဏသာအသက်ရှင်မည့် ကိုယ်ခန္ဓာအသက်ကိုသာ တန်ဘိုးထား၍ ဂရုစိုက်ကြသည်။

 ကျမ်းစာက၊ လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ (၁ ပေ ၁း၂၄။ ဟေရှာယ ၄၀း၆-၈) တဖန်၊  လူသည် အငွေ့နှင့်တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ ဖြစ်ကြပါ၏။ (ဆာလံ ၁၄၄း၄) ဆက်လက်၍၊ အ​ကျွန်ုပ်၏ နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ ဖြစ်၍၊ မြက်ပင်ကဲ့သို့ အ​ကျွန်ုပ် ညှိုးနွမ်းပါ၏။(ဆာလံ ၁၀၂း၁၁) ဟုဆိုသော်လည်း၊ လုံးဝဂရုမစိုက်၊ ခဏသာတည်မည့် ကိုယ်ခန္ဓာအသက်အတွက်သာလျှင် နေ့ရှိသရွေ့ အလုပ်လုပ်ကြ၊ ငွေကုန်ကျေးကျခံ ရကြသည်။ 

လူသည်ထိုကဲ့သို့ ထာဝရအသက်ကို တန်ဘိုးမထား၊ နားမလည်သော်လည်း ဘုရားသခင်က အခမဲ့ပေးထားကြောင်းကို ဤသို့တွေ့ရသည်၊ ဘုရားသခင်သည်၊ ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။(၁ ယော ၅း၁၁-၁၂)။ တဖန် ပေါလုကလည်း၊ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။(ရောမ ၆း၂၃) ဟုရေးထားသည်။ အဘယ်ကြောင့် ဘုရားသခင်က ထာဝရအသက်ကို အခမဲ့ပေးသနည်း။ လူသားများကို ချစ်သောကြောင့်ဖြစ်သည်။ ထိုမျှသာမက ထာဝရအသက်ကို လူသားများအနေဖြင့် ဝယ်၍မရ၊ လုပ်ကိုင်၍လည်းမရနိုင်သောကြောင့် အခမဲ့ပေးခြင်းဖြစ်သည်။ သို့သော်ထာဝရအသက်၏ တန်ဘိုးကို မသိကြသောကြောင့် လုံးဝမလိုချင်ကြချေ။ အလွန်ဝမ်းနည်းရုံကလွဲလျှင် မည်သို့မျှမတတ်နိုင်ပါ။ သင်သည် ခရစ္စမတ်ပွဲကို ကျင်းပနေသော် လည်း ခရစ်တော်ယူဆောင်လာသော ထာဝရအသက်ကို မရရှိလျှင် အချည်းနှီးဖြစ်သည်။ လူများအဘယ်ကြောင့် ထာဝရအသက်မရရှိဘဲ အသက်ရှင်ရဲကြသနည်း။ ဝိညာဉ်မျက်စိကန်း၊ နားလေး၊ နှလုံးမိုက်သောကြောင့်ဖြစ်သည်။ ယခုနှစ်ခရစ္စမတ်ရာသီတွင် ဘုရားသခင်က သင်၏မျက်စိ၊ နားနှင့် နှလုံးကို ဖွင့်ပေး၍ သူပေးထားသော ထာဝရအသက်ကို ရယူပိုင်ဆိုင်နိုင်သောသူဖြစ်ပါစေ။ 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG