GOODNEWS
🎨
  HOME  GOODNEWS  2024 NOV

အရေဖျားလှီးခြင်း

အဘယ်ကြောင့် ဒါဝိဒ်က ဂေါလျတ်ကို တိုက်ခိုက်သောအခါ၊ လုံးဝမကြောက်သနည်း။ အဘယ်ကြောင့် အရေဖျားလှီးခြင်းကို ပြောဆိုသနည်း။ ဣသရေလလူများက အရေဖျားလှီးခြင်း၏ အဓိပ္ပါယ်နှင့်တန်ဘိုးကို သိကြပါသလား။ ခရစ်ယာန်များကလည်း အရေဖျားလှီးခြင်း အကြောင်းသိကြပါသလား။ ခရစ်ယာန်များသည် အရေဖျားလှီးရမည်လော။ ထိုအရာများကိုသိရှိ နိုင်ရန် လေ့လာကြပါစို့။  

အရေဖျားလှီးခြင်းပဋိညာဉ်သက်သေ

အရေဖျားလှီးခြင်းသည် ဘုရားသခင်ကအစပြုခြင်းဖြစ်သည်။ ဘုရားသခင်က အာဗြံထံ၊  သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုး အနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေ ဖြစ်ရလိမ့်မည်။ သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ ဖွားသော သူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးခြင်းကိုခံရမည်။ ကိုယ်အိမ်၌ ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျား လှီးခြင်းကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ အရေဖျားမလှီး၊ အရေဖျားလှီးခြင်းကို မခံသောသားယောကျ်ားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။ (ကမ္ဘာဦး ၁၇း၉-၁၄)

တိရစ္ဆာန်များကို ပိုင်ရှင်က ကျောပေါ်အရေဖျား၌ အမှတ်အသားကို သံပူနှင့်ခတ်တတ်သည်။ ကျွန်များကိုလည်း ပိုင်ရှင်က သူတို့၏ လည်ပင်း၌ သံပူဖြင့် အမှတ်အသား ခတ်တတ်သည်။ ထို့နည်းတူ ဘုရားသခင်က အာဗြဟံနှင့်သားများ၊ ငွေနှင့်ဝယ်သောသူတိုင်း သူနှင့်သက်ဆိုင်ကြောင်း၊ ပဋိညာဉ်ပြုကြောင်းကို ယောကျ်ားအင်္ဂါ၏ အရေဖျား၌ အမှတ်အသားပြုခိုင်းခြင်းဖြစ်သည်။ အဘယ်ကြောင့် မြင်နိုင်သောကိုယ် ခန္ဓာအစိတ်အပိုင်း၌ မဟုတ်ဘဲ၊ လှို့ဝှက်သော လူများမမြင်နိုင်သော အင်္ဂါ၌ အမှတ်အသားပြုခိုင်းသနည်း။ ကျမ်းစာက မရှင်းပြသောကြောင့် စဉ်းစားရတော့မည်။ ဖြစ်နိုင်ချေမှာ အခြားသူများက မသိစေချင်၊ ဘုရားနှင့်အရေဖျားလှီးသောသူကသာ သိဘို့ရန်ဖြစ်သော ကြောင့်ဖြစ်မည်။ ထို့အပြင် ယောက်ျားအင်္ဂါသည် အမြဲတမ်းဖုံးထားပြီး မည်သူကမျှ ဘယ်သောအခါမှ မမြင်ရသောအရာဖြစ်သည်။

မိဿဟာယဖွဲ့နည်းအမျိုးမျိုး

လူလူချင်း တွေ့ကြသောအခါ မြန်မာပြည်သားများနှင့် အရှေ့တိုင်းသားများသည် ခေါင်းငုံ့တတ် ကြသည်။ လက်အုပ်ချေ တတ်ကြသည်။  စကားအားဖြင့်နှုတ်ဆက်တတ်ကြသည်။ သို့သော်အနောက် တိုင်းသားများသည် လက်ဆွဲနှုတ်ဆက်တတ်ကြသည်။ အလွန်ရင်းနှီးချစ်ခင်ကြလျှင် လက်ဆွဲရုံသာမက ဖက်တတ်ကြသည်။ ချစ်သူများဖြစ်လျှင် ဖက်ရုံသာမက နှုတ်ခမ်းနမ်း တတ်ကြသည်။ အာရပ်နှင့် မူစလင်ဘာသာဝင် များဖြစ်လျှင် ယောက်ျားအချင်းချင်းလည်း ဖက်ပြီးပါးချင်းနှစ်ခါထိကြသည်။ သို့သော်၊ လင်မယားကြားတွင်မူ အလှို့ဝှက်ဆုံး အင်္ဂါများဖြင့် မိဿဟာယဖွဲ့ကြသည်။ ထိုအရာထက်နက်နဲသော မိဿဟာယနှင့် ဆက်နွယ်မှု ချစ်ခင်မှု ပြနိုင်သောအရာမရှိတော့ချေ။

အရေဖျားလှီးခြင်းသည်ပိုင်ဆိုင်မှု

ထို့ကြောင့်၊ ဘုရားသခင်က အာဗြဟံနှင့် သူနှင့်သက်ဆိုင်သော ယောက်ျားတိုင်းသည် အချစ်ဆုံး လင်မယားကဲ့သို့ တန်ဘိုးထားသောကြောင့် ယောက်ျားအင်္ဂါ၌ အမှတ်အသားပြုခြင်းဖြစ်မည်။ ဘုရားသခင်က အာဗြဟံ၏မြေး ယာကုပ်ကို ရွေးကောက်၍ ဣသရေလဟု နာမည်ပြောင်းပေးသည်။ ဣသရေလသည် ဘုရားသခင်က သူ၏ခင်ပွန်းဖြစ်သည်၊ ဟုဆိုသည် (ဟေရှာယ ၅၄း၅၊ ယေရမိ ၃း၁၄၊ ယေရမိ ၃၁း၃၂၊ ယေဇကျေလ ၂း၃၄)။ ထို့ကြောင့် ဣသရေလလူများသည် ယောက်ျားတိုင်း အရေဖျားလှီးကြသည်။ သူတို့သည် အရေဖျားလှီးခြင်းအားဖြင့် ဘုရား၏မိန်းမ၊ အနီးဆုံးဖြစ် ကြောင်းကို သက်သေပြခြင်းဖြစ်သည်။

အာဗြဟံ၊ သားဣရှမေလမှစ၍အရေဖျားလှီးကြ

 အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေ နှင့်ဝယ်သောသူ အပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောကျ်ားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးခြင်းကိုပေးလေ၏။ အာဗြဟံသည် ကိုယ်တိုင် အရေဖျားလှီးခြင်းကို ခံသောအခါ၊ အသက်ကိုးဆယ့်ကိုးနှစ်ရှိ၏။ သားဣရှမေလသည် အရေဖျားလှီးခြင်းကို ခံသောအခါ၊ အသက်တဆယ့်သုံးနှစ်ရှိ၏။ တနေ့ခြင်းတွင် အာဗြဟံနှင့်သား ဣရှမေလသည် အရေဖျားလှီးခြင်းကို ခံလေ၏။ သူ၏အိမ်၌ ဖွားသောသူ၊ တပါးအမျိုးသား၌ သူ၏ ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သော ယောကျ်ားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီးခြင်းကို ခံကြလေ၏။ (ကမ္ဘာ ၁၇း၂၃-၂၇)

အာဗြဟံသည် ဘုရားခိုင်းသောအရာကို မနှောင့်နှီးဘဲ ချက်ချင်းလုပ်သည်။ ဘုရားသခင်နှင့် ပဋိညာဉ်ပြုလိုက်သည်။ အာဗြဟံသည် ဘုရားခိုင်းသောအရာများကို ဆင်ခြေမပေး ငြင်းခုံခြင်းမပြုဘဲ ချက်ချင်းလုပ်ဆောင်တတ်သည်။ ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်သည်။ အာဗြဟံသည် ဘုရား၏လူဖြစ်ကြောင်း အမှတ်အသားကို သူ၏ယောက်ျားအင်္ဂါ၌ ဆောင်ထားပြီ။

ဣဇာက်ကို အရေဖျားလှီးမင်္ဂလာ 

ဘုရားသခင် မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည် ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးခြင်းကို ပေးလေ၏။(ကမ္ဘာ ၂၁း၄) ဣဇာက်သည် ဖခင်အာဗြဟံ အရေဖျားလှီးပြီးမှ ရသောသားဖြစ်သည်။ ဣဇာက်သည် သူကိုယ်တိုင် ဘာမျှမသိမှီကတည်းက ဘုရားသခင်နှင့် ပဋိညာဉ်ပြုသောသူဖြစ်သည်။

ရှေခင်မြို့သားများအရေဖျားလှီးအသတ်ခံရ

ဟာမော်မင်းနှင့် သားတော်ရှေခင် ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်း တို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြ၏။ ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့်လေဝိ ညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။(ကမ္ဘာ ၃၄း၂၄-၂၅)  ရှေခင်မြို့သားတို့ သည် ဘုရားသခင်နှင့်ပဋိညာဉ်ပြု၍ အရေဖျားလှီးကြသည်မဟုတ်။ ရှေခင်မင်းသားက ယာကုပ်၏သမီးဒိနကို ယူချင်သောကြောင့် အရေဖျားလှီးကြခြင်းဖြစ်သည်။ ရှေခင်မြို့သားတို့သည် ဒိနကိုမရသည်သာမက အားလုံးအသတ်ခံခဲ့ကြသည်။ ယခုခေတ်တွင် ထာဝရဘုရားကို ယုံကြည်သောကြောင့်မဟုတ်၊ ခရစ်ယာန်အမျိုးသမီးကို လက်ထပ်ချင်သောကြောင့်၎င်း၊ ခရစ်ယာန်ဘောင်ထဲမှာ ဝင်ချင်သောကြောင့် ၎င်း၊ ဗတ္တိဇံခံသော သူများနှင့်တူသည်။ ထိုခရစ်ယာန်များသည် ဗတ္တိဇံခံသော်လည်း အကျိုးမရှိ။ သင် သည်ထိုသို့သောသူဖြစ်နေပါသလား။

မောရှေသားများအရေဖျားမလှီး

ခရီးသွားစဉ်တွင်၊ စခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍၊ ကွပ်မျက်ခြင်းငှာ ရှာကြံတော်မူ၏။ ထိုအခါ၊ ဇိပေါရသည် ဓားကိုယူ၍ သား၏အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ ပြပ်ဝပ်လျက်၊ အကယ်စင်စစ် သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်၊ ဟုဆို၏။ ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီး မင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်၏၊ ဟုဆိုသတည်း။(ထွက် ၄း၂၄-၂၆)

မောရှေသည် ထာဝရဘုရားကို သိခဲ့သော်လည်း မိဒျန်တော၌ နေသောအခါ ထာဝရဘုရား မှာထားတော်မူသော အရေဖျားလှီးခြင်းကို သားနှစ်ယောက်၌ မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် ဘုရား သခင်ကသူ့ကို ကွက်မျက်ဘို့ကြံစည်ခြင်းဖြစ်သည်။ သူ့မိန်းမဇိပေါရက သားတို့၏အရေဖျားကို လှီးပြီး မှ မောရှေကို လွှတ်တော်မူ၏၊ ဟုဆိုသည်။ သူတို့၏အဖြစ်အပျက်ကို အသေးစိပ်မရေးသောကြောင့် မသိရသော်လည်း မောရှေက သူ့မိန်းမကို သားများ၏ အရေဖျားလှီးဘို့ခိုင်းခြင်းဖြစ်မည်။ ဘုရားက ကွက်မျက် ဘို့ကြံစည်သည်၊ ဟုဆိုခြင်းလည်း မောရှေသည် သေလောက်အောင်ဖျားခြင်းဖြစ်မည်။

အရေဖျားမလှီးသောနှုတ်

မောရှေကလည်း၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ်ပြောသော စကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။(ထွက် ၆း၁၂) မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသော နှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။(ထွက်မြောက် ၆း၃၀)

မောရှေက အရေဖျားလှီးခြင်းမခံသောနှုတ် ရှိသူအဖြစ် သူ့ကိုသူပြောသည်။ ကျမ်းစာက ဆိုလိုရင်းကို မဖေါ်ပြသောကြောင့်မသိရပါ။ ထိုအရာသည် မသန့်ရှင်းသောနှုတ်၊ သို့မဟုတ် မထိုက် တန်သောနှုတ်၊ သို့မဟုတ် မယုံကြည်သောနှုတ် ဟုဆိုလိုသလော။ ကျမ်းတတ်များက အမျိုးမျိုး အဓိပ္ပါယ်ပြန်ကြသည်။

အရေဖျားလှီးသောသူသာပသခါပွဲစားရမည် 

ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသား မစားရ။ သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီး မင်္ဂလာကို ခံပြီးလျှင် စားရ၏။(ထွက် ၁၂း၄၃-၄၄)

သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည်၊ ထာဝရဘုရားအဖို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောကျ်ားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီး­­­­မင်္ဂလာကို မခံသောသူ မည်သည်ကား၊ ထိုပွဲ၌ ဝင်၍မစားရ။(ထွက် ၁၂း၄၈)

ပသခါပွဲသည် ဣသရေလလူများ အဲဂုတ္တုကျွန်မှ လွတ်မြောက်မည့်ညတွင် ကျင်းပသောပွဲ ဖြစ်သည်။ ပသခါသိုးသူငယ်သတ်ပြီး အသွေးကို တံခါးထုတ်နှင့်တံခါးတိုင်၌ သုတ်ခြင်းဖြင့် သူတို့ သည် ဘုရားသခင်၏လူများဖြစ်ကြောင်းကို ဖေါ်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရား၏လူမဟုတ် သောသူများ ပါဝင်စားသောက်ခွင့် မရခြင်းဖြစ်သည်။ ပသခါပွဲ၌ ပါဝင်နိုင်ရန် ယောက်ျားတိုင်း အရေဖျားလှီးရမည်၊ ဟုဘုရားသခင်က ပညတ်ထားသည်။

အရေဖျားမလှီးသောသစ်သီး

သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ်လုံး သီးသောအသီးကို၊ အရေဖျားလှီးခြင်းကို မခံသောအသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။  စတုတ္ထနှစ်တွင် သီးသော အသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းဖို့ရာ ဖြစ်ရမည်။  ပဉ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။  (ဝတ်ပြု ၁၉း၂၃-၂၅)

ဘုရားသခင်က လူယောက်ျားများသာမက သစ်သီးများပင်လျှင် အရေဖျားလှီးဘို့ပြောထား သည်။ လူတိုင်းသစ်သီးပင်များစိုက်သောအခါ ပဌမဦးဆုံးသီးသောအသီးများကို ဝမ်းမြောက်စွာ စား တတ်ကြသည်။ သို့သော်၊ ဘုရားသခင်က သုံးနှစ်ပတ်လုံး သီးသောအသီးကို စားဘို့တားမြစ်ထားသည်။ စတုတ္ထနှစ်တွင် သီးသောအသီးကို လည်းကျေးဇူးတော် ချီးမွမ်းဘို့ရန်ဖြစ်ပြီး၊ ပဉ္စမနှစ်မှသီး သောအသီးကို စတင်စားဘို့ ပညတ်ထားသည်။ ပဌမသုံးနှစ်သီးသောအသီးသည် အရေဖျားမလှီး သောအသီးဟု သတ်မှတ်ခိုင်းခြင်းသည် အကြောင်းရင်းမပြောသောကြောင့် မသိရပါ။ သို့သော် ခန့်မှန်းရသည်မှာ ပဌမသုံးနှစ်သည် မရင့်ကျက်သေးသော အချိန်ကို ဆိုလိုခြင်းဖြစ်နိုင်သည်။ လူ လည်းအရွယ်ရောက်၍ ရင့်ကျက်လာမှသာလျှင် အိမ်ထောင်ပြုကြသည်၊ အလုပ်လည်းလုပ်လာ ကြသည်။ စီမံကိန်းများလည်း ဦးဆောင်လာနိုင်ကြသည်။ ဆယ်ကျော်သက်အရွယ်တွင် ရသော သားသမီးများအပေါ် မိခင်အနေဖြင့် စိတ်မရှည်နိုင်ချေ။ ထို့နည်းတူအပင်များလည်း နုပျိုစဉ်သီး သောအသီးများသည် မရင့်ကျက်သောအသီးများ၊ အရေဖျားမလှီးသေးအသီးများ၊ ဟုဘုရားသခင် ကသတ်မှတ်ခြင်းဖြစ်နိုင်သည်။

အရေဖျားလှီးခြင်းကို မခံသောနှလုံး

သို့ရာတွင် သူတို့သည် ငါ့ကိုပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသောကြောင့်၊  ငါသည် သူတို့ကို ဆန့်ကျင့်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊ ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ်ကို၎င်း၊ အာဗြဟံနှင့် ပြုသော ပဋိညာဉ်ကို၎င်း၊ ငါအောက်မေ့မည်။ (ဝတ်ပြု ၂၆း၄၀-၄၂)

ဘုရားသခင်က ဣသရေလလူများသည် ဘုရားကိုဆန့်ကျင်၍ အပြစ်လုပ်သောကြောင့် မိမိ တို့နှင့်ဘိုးဘတို့၏ အပြစ်ကိုဖေါ်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံး ကိုနှိမ့်ချဝန်ခံလျှင် သူတို့ဘိုးဘေးများနှင့် ပြုခဲ့သော ပဋိညာဉ်ကိုအောက်မေ့ဘို့ ပြောသည်။ အရေဖျားလှီးခြင်းကိုမခံသောနှလုံးသည် ဘာကိုဆိုလိုခြင်းဖြစ်မည်နည်း။ ကိုယ်ခန္ဓာအရေဖျားလှီး သော်လည်း စိတ်နှလုံးမပါလျှင် မပြည်စုံပါ။ လင်မယားဖြစ်၍ သားသမီးများပင်လျှင် ရရှိသော်လည်း မေတ္တာမရှိလျှင် မည်သို့မျှ အဆင်မပြေနိုင်ပါ။ လူ့အမြင်၌လင်မယားဖြစ်သော်လည်း အမှန် တကယ်ပြည့်စုံအောင်မြင်သော လင်မယားမဖြစ်ကြပါ။ ထို့နည်းတူ ဘုရားသခင်ကို ကိုးကွယ်သော် လည်း စိတ်နှလုံးမပါလျှင် အလိုတော်လိုက်ဘို့သည် အလွန်ခက်ခဲသည်။

ယနေ့များစွာသော ခရစ်ယာန်များသည် နာမည်သာခံ၍ စိတ်နှလုံးအားဖြင့် ဘုရားကိုမချစ်၊ လေးစားအားကိုးခြင်း မရှိကြပါ။ စိတ်နှလုံးမပါလျှင် ဘုရားအလိုတော်လိုက်ဘို့သည် အလွန်ခက်ခဲ သောအရာ၊ မဖြစ်နိုင်သောအရာဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် စိတ်နှလုံးအရေဖျားမလှီးသောအရာ နှင့်တူသည်။

လမ်းမှာမွေးသောသူတို့အရေဖျားလှီးကြ

ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ဓါးများကို လုပ်ပြီးလျှင်၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးခြင်းကို တဖန်ပေးလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ယောရှုသည် ကျောက်ဓားများကိုလုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလ အမျိုးသားတို့အား၊ အရေဖျားလှီးခြင်းကို ပေးလေ၏။ ထိုသို့အရေဖျားလှီးခြင်းကို ပေးရသောအကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ ယောကျ်ားအပေါင်းတို့သည် တော၌သေကြ၏။ ထိုပြည်မှထွက် လာသော သူအပေါင်းတို့သည် အရေဖျားလှီးခြင်းကို ခံနှင့်ကြပြီ။ တော၌ခရီးသွားရာတွင် ဖွားမြင်သော သူ အပေါင်းတို့မူကား အရေဖျားလှီးခြင်းကို မခံရကြသေး။ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်ရကြ၏။ ထာဝရဘုရား သည် ငါပေးမည်၊ ဟုဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြ၊ ဟုကျိန်ဆိုတော်မူ၏။ သူတို့ကိုယ်စား ဖြစ်စေတော်မူသော သူတို့၏သားများ တို့သည်၊ လမ်း၌အရေဖျားလှီးခြင်းကို မခံရသေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီးခြင်းကို ပေးလေ၏။ လူအပေါင်းတို့သည် အရေဖျားလှီးခြင်းကိုခံပြီးမှ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ၌ နေကြ၏။(ယောရှု ၅း၂-၈) 

အဘယ်ကြောင့် အဲဂုတ္တုပြည်မှထွက်လာသော ယောက်ျားများသည် အရေဖျားလှီးခဲ့ကြသော် လည်း လမ်း၌သေကုန်ကြသနည်း။ အဘယ်ကြောင့် လမ်း၌မွေးဖွားသော သူတို့၏သားများကိုအရေဖျား မလှီးပေးကြသနည်း။ အကြောင်းရင်းမှာ ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့ခြင်းကို တန်ဘိုးမထား ဂရုမစိုက်၊ ထုံးစံရှိသောကြောင့်သာ အရေဖျားလှီးခဲ့ကြသောကြောင့်ဖြစ်မည်။ သူတို့သည် ထာဝရဘုရားကို မယုံကြည်ကြကြောင်း ကျမ်းစာက ဤသို့ရေးထားသည်၊ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံး မရှိကြ နှင့်၊ ဟုကျမ်းစာ လာသည်အရာမှာ၊ ကြားပြီးမှ ဆန့်ကျင်ဘက် ပြုသောသူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့လိုက်၍၊ အဲဂုတ္တုပြည်မှ ထွက်လာသော သူအပေါင်းတို့သည်၊ ထိုသို့ပြုကြသည် မဟုတ်လော။အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက် အပြစ်ကို ပြုသောကြောင့်၊ တော၌လဲ၍ သေသောသူပင်မဟုတ်လော။ သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သောသူမှတပါး အဘယ်သူနည်း။ သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့ သိမြင်ကြ၏။”(ဟေဗြဲ ၃း၁၅-၁၉)

ရှံဆုန်မယားရှာ

မိဘတို့က သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကိုသွား၍ ယူရမည်အကြောင်း၊ သင်၏ ညီအစ်ကိုသမီး၊ ငါတို့အမျိုးသားချင်း သမီးတို့တွင်၊ မိန်းမတယောက်မျှ မရှိသလော၊ ဟုဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သိမ့်ပါသည်၊ ဟုအဘအား ပြောဆို၏။(တရားသူ ၁၄း၃) ရှံဆုန်သည် အမိဝမ်းတွင်း၌ ပဋိသန္ဓေမယူမှီကပင် ဘုရား သခင်က ရွေးကောက်သော်လည်း၊ ဘုရားသခင်နှင့်ပဋိညာဉ်ပြုသောသူ ဖြစ်ကြောင်းကိုဂရုမစိုက်ဘဲ အရေဖျားလှီးခြင်းမပြုသော ဖိလိတ္တိအမျိုးသမီးကို ယူချင်သည်။ ထို့ကြောင့်နောက်ဆုံး၌ အရေဖျားမလှီး သောဖိလိတ္တိလူများလက်မှ မျက်စိဖေါက်ခြင်းခံပြီးနောက် သူတို့နှင့်အတူအသေခံသွား ခဲ့သည်။

ယောနသန်နှင့်လုလင်ဖိလိတ္တိတပ်ထံသွား

ယောနသန်က၊ အရေဖျားလှီးခြင်းကိုမခံသော ထိုတပ်သားတို့ဆီ သွားကြကုန်အံ့။ ထာဝရ ဘုရားသည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း ထာဝရဘုရား ကယ်တင်တော် မူခြင်းကို အဆီးအတားမရှိနိုင်၊ ဟုလက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊(၁ ဓမ္မ ၁၄း၆)။ ရှောလုမင်း၏သား ယောနသန်သည် အဘယ်ကြောင့် သူ၏လက်နက် ဆောင်လုလင်နှင့် နှစ်ယောက်တည်း ဖိလိတ္တိစစ်သားများထံ သွားရဲသနည်း။ အကြောင်းမူကား သူတို့သည် အရေဖျားလှီးသောသူ(ဘုရားသခင်နှင့် ပဋိညာဉ်ပြုသောသူ) ဖြစ်၍ ဖိလိတ္တိလူတို့သည် ဘုရားနှင့်မဆိုင်သောသူများဖြစ်ကြောင်း ကောင်းကောင်းသိသောကြောင့်ဖြစ်သည်။ သူသည်ဘုရား၏ လူဖြစ်သည်၊ ဟုစိတ်ချယုံကြည်သည့်အတိုင်း ယောနသန်နှင့် လုလင်ပြုသော ပဌမလုပ်ကြံခြင်းအား ဖြင့် နွားတရှဉ်း ထွန်နိုင်သော မြေကွက်အတွင်းတွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။(၁ ဓမ္မ ၁၄း၁၄) ယောနသန်သည် ဘုရားသခင်ကို ယုံကြည်စိတ်ချသည့်အတိုင်း ဘုရားတန်ခိုးကြောင့် ဖိလိတ္တိစစ်သား နှစ်ဆယ်ခန့်မျှကို သတ်နိုင်ခဲ့သည်။

ဒါဝိဒ်ကောလျက်နိုင်

ရှောလုမင်းနှင့်ဣသရေလလူတို့သည် ခြောက်တောင်တထွာမြင့်သော ဖိလိတ္တိလူ ကောလျတ်၏ စိမ်ခေါ်ခြင်းကို လုံးဝမရင်ဆိုင်ရဲခဲ့ကြချေ။ သို့သော်၊ လူငယ်လေးဖြစ်သော ဒါဝိဒ်သည် အဘယ်ကြောင့် ကော်လျတ်ကို လုံးဝမကြောက်သနည်း။ အကြောင်းမှာ သူသည်ထာဝရဘုရားနှင့် ပဋိညာဉ်ပြုသောသူ၊ ထာဝရဘုရားနှင့်ဆိုင်သောသူ ဖြစ်ကြောင်းကို ကောင်းစွသိသောကြောင့်ဖြစ်သည်။ သူ့ကိုသူအားကိုး စိတ်ချသည်မဟုတ်၊ ထာဝရဘုရားကို အားကိုးခြင်းဖြင့် ကောလျတ်ကိုစိန်ခေါ်ရဲခြင်း ဖြစ်သည်။ ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလ အမျိုး ခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူ သည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည် အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့ သောသူ ဖြစ်သနည်း၊ ဟုမိမိအနားမှာ ရှိသောသူတို့အား မေးမြန်းလျှင်၊(၁ ဓမ္မ ၁၇း၂၆) ဟုတွေ့ရသည်။    

အဘယ်ကြောင့်ရှောလုမင်းနှင့် ဣသရေလလူတို့သည် ကောလျတ်ကို မရင်ဆိုင်ရဲဘဲ အလွန် ကြောက်ကြသနည်း။ သူတို့သည် ဘုရားနှင့်ပဋိညာဉ်ပြုထားသော လူမျိုးဖြစ်ကြောင်းကို သတိမရကြ သောကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် လူငယ်ဖြစ်သော်လည်း ထိုအရာကိုကောင်းစွာ သိရှိနားလည်သော သူဖြစ်သည်။ ထို့ကြောင့် ကောလျတ်က သူ့ကိုချဉ်းကပ်၍ ကြိမ်းပသောအခါ လုံးဝမကြောက်သော ကြောင့် တွန့်မသွားနောက်မဆုတ်ခဲ့ချေ။ ဒါဝိဒ်သည် ကောလျတ်ကို တိုက်ခိုက်ဘို့ရန် ကြိုတင်ပြင်ဆင် ထားခြင်းလည်းမရှိခဲ့ချေ။ ကောလျတ်နှင့်ရင်ဆိုင်မှ မိမိတောင်ဝှေးကို ကိုင်လျက်၊ ချောသောကျောက် ငါးလုံးကို ချောင်းထဲကရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ လောက်လွှဲကို လည်း ကိုင်၍ ဖိလိတ္တိလူ ရှိရာသို့ ချဉ်းလေ၏။ (၁ ဓမ္မ ၁၇း၄၀)။

ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။ ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူဖြစ်၏။ ဖိလိတ္တိလူက၊ သင်သည် တောင်ဝှေးနှင့် ငါ့ထံသို့ လာရမည့်အကြောင်း၊ ငါသည် ခွေးဖြစ်သလော၊ ဟုမေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။ တဖန် ဖိလိတ္တိလူက လာခဲ့၊ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်၊ ဟုဒါဝိဒ်ကိုဆို၏။ ဒါဝိဒ်က သင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့ လာ၏။ ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသ ဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင် ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသား အပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်တော် မမူကြောင်းကို၊ ဤပရိသတ် အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရား သည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်၊ ဟုဖိလိတ္တိလူအား ဆို၏။(၁ ဓမ္မ ၁၇း၄၁-၄၇)

 ဖိလိတ္တိလူသည်ထ၍ ဒါဝိဒ်နှင့် တွေ့ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူ နှင့် တွေ့ခြင်းငှာ ဗိုလ်ခြေရှိရာသို့ အလျင်အမြန်ပြေးပြီးမှ၊ လွယ်အိတ်ထဲက ကျောက်တလုံးကို နှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည်မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။ ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံး အားဖြင့်နိုင်လျက် ထိခိုက်၍ သတ်လေ၏။ ထိုအခါ ဒါဝိဒ် သည် ဓားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကိုနင်းလျက်၊ သူ၏ဓားကို ဓားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကို မြင်သော အခါ ပြေးကြ၏။(၁ ဓမ္မ ၁၇း၄၈-၅၁)

အဘယ်ကြောင့် ဒါဝိဒ်သည် ကောလျတ်ကို ကျောက်တလုံးနှင့်နိုင်နိုင်သနည်း။ ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်။ ဒါဝိဒ်က သူသည် ဘုရားသခင်နှင့် ပဋိညာဉ်ဖွဲ့သောသူ အရေဖျားလှီးသောသူ ဖြစ်ကြောင်းကို ကောင်းစွာသိသည်။ ထို့ကြောင့် ဘုရားကို လုံးဝစိတ်ချရဲခြင်းဖြစ်သည်။

ရှောလုကိုယ့်ကိုကိုယ်သတ်

 လက်နက်ဆောင် လုလင်ကိုခေါ်ပြီးလျှင်၊ သင့်ဓားကို ထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်၊ ဟုဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာ လှဲ၍ သေလေ၏။(၁ ဓမ္မ ၃၁း၄)

အရေဖျားမလှီးသူမဝင်ရ

အိုဇိအုန်မြို့ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့ တည်းဟူသော၊ သန့်ရှင်းသောမြို့ သင်၏ တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား နောက်တဖန် အရေဖျားလှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။(ဟေရှာယ ၅၂း၁)

အရေဖျားလှီးကြ

အိုယုဒပြည်သူ ယေရုရှလင် မြို့သားတို့၊ ထာဝရဘုရားအဘို့ အလိုငှါ၊ အရေဖျားလှီးခြင်းကိုခံ၍၊ သင်တို့ နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ထွက်၍ အဘယ်သူမျှ မငြိမ်းနိုင်အောင် လောင်လိမ့်မည်။(ယေရမိ ၄း၄)

ဘုရားသခင်က ပရောဖက် ယေရမိအားဖြင့် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို နှလုံးအရေဖျားလှီးဘို့ သတိပေးထားသည်။

နားအရေဖျားမလှီးကြ

သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ်သူကိုငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည်အရေဖျားလှီးခြင်းမခံသောနားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော်ကိုမနှစ်သက်ကြ။(ယေရမိ ၆း၁၀)

တဖန် ယေရမိအားဖြင့် နားအရေဖျားမလှီးသောကြောင့် ဘုရား၏စကားကို နားမထောင်နိုင်ကြ ကြောင်းရေးထားသည်။ ယနေ့ခရစ်ယာန်အများစုလည်း နားအရေဖျားမလှီးသောကြောင့် သမ္မာတရား ကိုနားမထောင်နိုင်၊ နားမလည်နိုင်ကြခြင်းဖြစ်သည်။

အရေဖျားလှီးမခံသူနှင့်ခံသူ

ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရေဖျားလှီးခြင်းကိုခံသောသူနှင့် အရေဖျားလှီးခြင်းကို မခံသောသူ၊ အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ် သော လူမျိုး၊ တော၌ နေသောသူ အပေါင်းတို့ကိုငါဆုံးမရသော အချိန်ကာလ ရောက်လိမ့်မည်။ တပါးအမျိုးသား အပေါင်းတို့သည် အရေဖျားလှီးခြင်းကို မခံသောသူ ဖြစ်ကြ၏။ ဣသရေလ အမျိုးသားအပေါင်းတို့ သည်လည်း၊ စိတ်နှလုံးအားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူ ဖြစ်ကြ၏။(ယေရမိ ၉း၂၅-၂၆)

ယေရမိက အရေဖျားမလှီးသော တပါးအမျိုးသားများနှင့် အရေဖျားလှီးသော ဣသရေလ အမျိုးသားအပေါင်းတို့သည် အတူတူပင်ဖြစ်သည် ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ ကိုယ်ခန္ဓာ အရေဖျားလှီးသော်လည်း စိတ်နှလုံးအရေဖျားမလှီးသောကြောင့်ဖြစ်သည်။

အရေဖျားလှီးခြင်းကိုမခံသောစိတ်နှင့်ကိုယ်

သင်တို့သည်ငါ့အစာတည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ ငါ့ဗိမာန်ကို ညစ်ညူးစေခြင်းငှါ အရေဖျားလှီးခြင်းကိုမခံသောစိတ်နှင့် အရေဖျားလှီးခြင်း ကို မခံသောကိုယ်ရှိ သောတပါးအမျိုးသားတို့ ကို ငါ၏သန့်ရှင်းရာဌာနထဲသို့သွင်း၍နေရာချသဖြင့်စက်ဆုပ်ရွံရှာဖွယ်သောအမှုများကအားဖြင့်ငါ့ ပဋိညာဉ်ကိုဖျက်ကြပြီ။(ယေဇ ၄၄းရ)

အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ဣသရေလအမျိုးသားတို့တွင်နေ၍ အရေဖျားလှီးခြင်းကို မခံ သောစိတ်နှင့်အရေဖျားလှီးခြင်းကိုမခံသောကိုယ်ရှိသောတပါးအမျိုးသားသည်ငါ၏သန့်ရှင်းရာဌာနထဲသို့မဝင်ရ။(ယေဇ ၄၄း၉)

ယောဟန်အရေဖျားလှီးပေး

ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးခြင်းကိုသူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည်ဖြစ်သောဇာခရိအမည်ဖြင့်မှည့်သောအခါ၊ အမိကထိုသို့မမှည့်ရ။(လု ၁း၅၉) ဗတ္တိဇံ ယောဟန်သည် မိဘများက ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးပေးကြောင်းတွေ့ရသည်။

ယေရှုကိုအရေဖျားလှီးပေး

ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရောက် လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သောယေရှုအမည်ဖြင့် မှည့်ကြ၏။(လု ၂း၂၁) သခင်ယေရှုလည်း ဘုရားဖြစ်သော်လည်း လူ့ဇာတိခံသောအခါ အရေဖျားလှီးပေးကြောင်း တွေ့ရသည်။ သူသည် ဓမ္မဟောင်းကာလ၌ ရှိသေးသောကြောင့်ဖြစ်သည်။

ဥပုသ်နေ့၌အရေဖျားလှီး

ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။ မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှအစစွာခံရသည်ဟုမဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။ မောရှေ၏ တရားမပြတ်စေခြင်းငှါ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကို ခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာ သလော။ မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့၊ ဟုမိန့်တော်မူ၏။ (ယောဟန် ရး၂၀-၂၄)

ဣသရေလလူမျိုးများသည် အရေဖျားလှီးခြင်းကို ဥပုသ်နေ့၌လည်း ပြုလုပ်တတ်ကြသော ကြောင့် သခင်ယေရှုက အထက်ပါကဲ့သို့ ပြောရခြင်းဖြစ်သည်။

တပါးအမျိုးသားများဝိညာဉ်တော်ပေး

ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသောသူ အပေါင်းတို့အပေါ်သို့၊ သန့်ရှင်းသော ဝိညာဉ်တော် သည် သက်ရောက်တော်မူ၏။ တပါးအမျိုးသားတို့ အပေါ်သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူတည်းဟူသော၊ ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည်၊ မိန်းမောတွေဝေခြင်းရှိကြ ၏။(တမန် ၁၀း၄၄-၄၅)

ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာသောအခါ၊ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့်၊ ပေါင်းဖေါ်၍ စားသောက်ပါသည်တကား၊ ဟုဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။(တမန် ၁၁း၂-၃)

အဘယ်ကြောင့် ကောနိလိအိမ်၌ တပါးအမျိုးသားတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးသောအခါ အရေဖျားလှီးသော ယုဒလူများအံ့ကြသနည်း။ အကြောင်းမူကား၊ ဘုရားသခင်၏ လုပ်ဆောင်ချက် မသိကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က အရေဖျားလှီးခြင်း မပြုသော တပါး အမျိုးသားများကိုလည်း လက်ခံလိုက်သည်။ ထိုအရာကို အရေဖျားလှီးသောသူများကမသိ၊ လက်မခံ နိုင်ကြချေ။

အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်

ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်၊ ဟုညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။(တမန် ၁၅း၁)

ယုဒလူများက ဘုရားသခင်ယုံကြည်ရုံဖြင့် ကယ်တင်ခြင်းသို့ ရောက်မရောက်ုနိုင်၊ ကယ်တင်ခြင်းသို့ရောက်ဘို့ရန် အရေဖျားလှီးဘို့လိုသည်၊ ဟုယူဆနေကြ သေးသည်။

အရေဖျားလှီးစေခြင်းဖြင့်နှောင့်ယှက်

လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ၊ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကို ခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ယှက်ဖျက်ဆီး သည်ကို၊ ငါတို့ကြားရသည်ဖြစ်၍၊ (တမန်တော် ၁၅း၂၄) ယေရုရှလင်မြို့၌ တမန်တော်များနှင့် အသင်းတော် ခေါင်းဆောင်များသည် ယုံကြည်သူများ အရေဖျားလှီးဘို့နှင့် ပညတ်တော်များလိုက် လျှောက်ဘို့ လိုမလိုဆွေးနွေးသောအခါ အထက်ပါကဲ့သို့ ဆိုခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲအားဖြင့် ယုံကြည်သူ တပါးအမျိုးသားများသည် အရေဖျားလှီးဘို့မလိုတော့ကြောင်း ဆုံးဖြတ်ကြသည်၊

တိမောသေကိုအရေဖျားလှီးပေး

ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော် တယောက်ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။ ထိုသူသည် လုတ္တရမြို့၊ ဣကောနိမြို့၌ ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။ ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါ အလိုရှိ၍၊ သူ၏အဘသည် ဟေလေသလူ ဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်း ကို သူ့အားပေးလေ၏။(တမန် ၁၆း၁-၃) အဘယ်ကြောင့် တပါး အမျိုးသားနှင့်ယုဒအမျိုး ကပြားဖြစ်သော တိမောသေကို အရေဖျားလှီးပေးကြသနည်း။ ယုဒလူများ ၏နှောင့်ယှက်ခြင်းကို မခံစေခြင်းငှါဖြစ်သည်။

ပေါလုကယုဒလူများအရေဖျားမလှီးဘို့ပြောသည့်အရာ

ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူ ဘယ်နှစ်သောင်းရှိသည်ကို သင်သည်သိမြင်၏၊ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူ ဖြစ်ကြ၏။
တပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည်၊ သူငယ်တို့အား အရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြ၊ ဟုသင်သည်ဆိုလျက်၊ သူတို့သည် မောရှေတရားကို စွန့်စေခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို၊ ဤလူတို့သည် သိတင်းကြားကြပြီ။(တမန် ၂၁း၂၀-၂၁)

ပညတ်တရားကျင့်လျှင်အရေဖျားလှီးခြင်းအကျိုးရှိ

၂၅ သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏ အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲ ဖြစ်ပြန်၏။
၂၆ ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း၊ တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏ အရေဖျားမလှီးဘဲ အဖြစ်ကို၊ အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့၊ မှတ်ရသည် မဟုတ်လော။
၂၇ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း၊ ကိုယ်အလိုအလျောက် ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့် အရေဖျားလှီးခြင်း ရှိလျက်ပင်၊ ပညတ်တရားကို လွန်ကျူးသောသင့်ကို၊ တရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။
၂၈ အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည်၊ အရေဖျားလှီးခြင်း အမှန်မဟုတ်။
၂၉ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့်စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့် အလိုတော်နှင့် ဆိုင်သတည်း။(ရော ၂း၂၅-၂၉)

ယုဒလူအရေဖျားလှီးခြင်းဖြင့်အကျိုးရှိသလား

၁ ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။
၂ အထွေထွေသော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသောယုဒလူ တို့သည်၊ ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။(ရောမ ၃း၁-၂)

ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်စေ

၃၀ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသောသူနှစ်ဦးကို၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော၊ ဘုရားသခင် တဆူတည်းရှိတော်မူ၏။
၃၁ သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍တည်စေ၏။(ရောမ ၃း၃၀-၃၁)

အရေဖျားမလှီးသောသူတို့လည်းထိုမင်္ဂလာကိုရကြ

၉ အရေဖျားလှီးခြင်းကို ခံသောသူတို့သာလျှင်၊ ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီး ခြင်းကို မခံသောလူတို့သည်လည်း၊ ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည် ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်၊ ဟုဆိုကြ၏။ ၁၀ ထိုသို့ဆိုသော် အဘယ်သို့မှတ် သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော၊ မခံမှီမှတ်သလော။ ခံပြီးမှ မှတ်သည်မဟုတ်၊ မခံမှီ မှတ်သတည်း။ ၁၁ အရေဖျားလှီးခြင်းကို မခံဘဲ၊ ယုံကြည်သောသူတို့သည်​ ဖြောင့်မတ်ခြင်းရှိသည်၊ ဟုမှတ်စရာအကြောင်း ရှိစေခြင်းငှါ၊ ၁၂ ငါတို့အဘ အာဗြဟံသည်၊ ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘ အာဗြဟံသည်၊ အရေဖျားလှီးခြင်းကို မခံမှီရှိသော ယုံကြည်ခြင်းလမ်းသို့ လိုက်သောသူတို့၏၊ အဘဖြစ်အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမ ခံမှီရှိသော ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူ သော၊ အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။ (ရောမ ၄း၉-၁၂)

အရေဖျားလှီးခြင်းကို ခံသောသူတို့၏အမှုကို၊ ဆောင်ရွက်

၈ တဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကို ထောက်၍၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကို တည်စေခြင်းငှါ၊
၉ အရေဖျားလှီးခြင်းကို ခံသောသူတို့၏အမှုကို၊ ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တပါးအမျိုးသားတို့တွင်၊ ကျေးဇူးတော်ကို အ​ကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ ဟုလာသတည်း။(ရော ၁၅း၈-၉)

အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊

၁၈ အရေဖျားလှီးခြင်းကို ခံသောသူသည်၊ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း၊ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မခံစေနှင့်။
၁၉ အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။(၁ ကော ၇း၁၈-၁၉)

တိတုအရေဖျားမလှီး

သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ(ဂရိတ်)အမျိုး တိတု(Titus)ကို၊ အရေဖျားလှီးခြင်းကို မခံစေကြ။ (ဂလာတိ ၂း၃)

ပေတရုအရေဖျားလှီးသူတို့ကြောက်

 ၁၂ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့၏ မျက်နှာကိုထောက်၍၊ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တယောက်တခြားစီနေ၏။ (ဂလာတိ ၂း၁၂)

အရေဖျားလှီးသူပညတ်လိုက်ဘို့အကြွေးတင်

 ၂ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။
၃ အရေဖျားလှီးခြင်းကို ခံသောသူအပေါင်းတို့အား၊ ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည်၊ ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ၊ ကြွေးတင်သောသူဖြစ်၏။ (ဂလာတိ ၅း၂-၃)

အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ

 ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ (ဂလာတိ ၅း၆)

အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်

၁၁ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍၊ လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။ (ဂလာတိ ၅း၁၁)

 ဝါကြွားဘို့ရန်အရေဖျားလှီးစေ

 မိမိတို့ အသွေးအဆင်းတင့်တယ်စေချင်သောသူရှိသမျှတို့သည်၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့်ခံရသောညှဉ်းဆဲခြင်းနှင့်၊ မိမိတို့ ကင်းလွှတ်လို၍၊ သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။
၁၃ အရေဖျားလှီးခြင်းကိုခံသောသူတို့သည်၊ ပညတ်တရားကိုကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏အသွေးအဆင်းကိုအမှီပြုလျက်ဝါကြွားလို၍၊ သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါအလိုရှိကြ၏။ (ဂလာတိ ၆း၁၂-၁၃)

 သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါအလိုရှိကြ

မိမိတို့ အသွေးအဆင်းတင့်တယ်စေချင်သောသူရှိသမျှတို့သည်၊ ခရစ်တော်၏လက်ဝါးကပ်တိုင် ကြောင့်ခံရသောညှဉ်းဆဲခြင်းနှင့်၊ မိမိတို့ ကင်းလွှတ်လို၍၊ သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။  အရေဖျားလှီးခြင်းကိုခံသောသူတို့သည်၊ ပညတ် တရား ကိုကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏အသွေးအဆင်းကိုအမှီပြုလျက်ဝါကြွားလို၍၊ သင်တို့ကို အရေ ဖျားလှီးခြင်းကိုခံစေခြင်းငှါအလိုရှိကြ၏။(ဂလာတိ ၆း၁၂-၁၃)

အဘယ်ကြောင့် ဂလာတိပြည်ရှိ ယုံကြည်သူတပါးအမျိုးသားများကို အရေဖျားလှီးစေကြ သနည်း။ ပေါလုက၊ “သင်တို့၏အသွေးအဆင်းကိုအမှီပြုလျက်ဝါကြွားလို၍” ဟုဆိုသည်။ ယုံကြည် သူများသည် သခင်ယေရှုကို ယုံကြည်လာသောအခါ အသွေးအဆင်း လှလာသည်။ ထိုအရာကို ယုဒ ယုံကြည်သူများက ဝါကြားလိုသည်ဟုဆိုသည်။ ဆိုလိုသည်မှာ တပါးအမျိုးသား ယုံကြည်သူများသည် အရေဖျားလှီးသောကြောင့် အသွေးအဆင်းလှလာသည် ဟုဆိုခြင်းကြခြင်းဖြစ်သည်။

ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ

ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါး၊ အဘယ်အရာ၌ မျှဝါကြွား ခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံ လျက်ရှိ ၏။ ငါသည်လည်းဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ အကြောင်းမူ ကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာအကျိုးရှိ၏။ (ဂလာတိ ၆း၁၄-၁၅)

ရှင်ပေါလုက ယေရှုခရစ်၌ အရေဖျားလှီးခြင်းကြောင့် အကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုး မရှိ ဟုရှင်းလင်းပြတ်သားစွာ ရေးသည်။ အဘယ်ကြောင့်နည်း။ ကောလော ၂း၁၁-၁၂ ၌ဖေါ်ပြထား သည်။

အရေဖျားလှီးခြင်းကို မခံသောလူ

ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီးခြင်း ကို၊ ခံရသောသူတို့ ခေါ်ဝေါ်သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍၊ ခေါ်ဝေါ်ကြသော သာသနာပလူတို့ အထဲ၌၊ သင်တို့သည် အထက်က ပကတိအတိုင်း ဖြစ်ကြသည်ကို၎င်း၊(ဧဖက် ၂း၁၁)

မှန်သော အရေဖျားလှီးခြင်းကို ခံသောသူ

ခွေးတို့ကို ရှောင်ကြလော့။ မကောင်း သောအကျင့်ကို၊ ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။ ငါတို့သည် စိတ်ဝိညာဉ်အား ဖြင့်၊ ဘုရားသခင်ကို ကိုးကွယ်၍၊  ဇာတိ၌ ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သော သူဖြစ်၍၊ မှန်သော အရေဖျားလှီးခြင်းကို ခံသောသူဖြစ်ကြ၏။(ဖိလိ ၃း၂-၃) ပေါလုက အရေဖျားလှီး ခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ဘို့ပင် သတိပေးသည်။

လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်း 

ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်း ကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊  ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိ ပကတိ၏ အရေဖျား လှီးခြင်းကို မခံသောအဖြစ်၌၎င်း၊ သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။(ကောလောသဲ ၂း၁၁-၁၃)

ဖန်ဆင်း ပြုပြင်တော်မူရာ၌ 

ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။ ထိုဖန်ဆင်း ပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။(ကောလောသဲ ၃း၁၀-၁၁)

 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG