GOODNEWS
🎨
  HOME  GOODNEWS  2023 DEC

လူ၏ဝိုင်ဖိုင်ကိုသင်ရရှိပါသလား

ယခုခေတ်တွင် ဖုန်းနှင့်ကွန်ပြူတာသည် လူတိုင်းအတွက် မရှိမဖြစ်သော ပစ္စည်းဖြစ်လာသည်။ ကွန်ပြူတာနှင့် ဖုန်းပိုင်သော်လည်း ဝိုင်ဖိုင်မရှိလျှင် မပြည့်မစုံ ခံစားရကြသည်။ သက်ကြီးရွယ်အိုများအနေဖြင့် ဖုန်းကို စကားပြောဘို့ရန်အတွက်သာ အသုံးပြုကြသောကြောင့်၊ ဖုန်း၌ဝိုင်ဖိုင်ပါသည်မပါသည် ကိုဂရုမစိုက်ကြချေ။ စမတ်ဖုန်းများကို စကားပြောရန်၊ ဓါတ်ပုံရိုက်ရန်၊ အသံသွင်းရန်၊ စသည်ဖြင့် အသုံးပြုနိုင်သောကြောင့် ဝိုင်ဖိုင်မပါလျှင်လည်း ကျေနပ်နေကြသည်။ အိမ်၌ဝိုင်ဖိုင် တပ်ပေးမည် ဆိုလျှင်လည်း စိတ်လှူပ်ရှားမှုမရှိကြချေ။ သို့သော်ဝိုင်ဖိုင်အသုံးပြုသူများအတွက်မူ၊ ဝိုင်ဖိုင်ရရှိနိုင်ခြင်းသည် အလွန်အရေးကြီးပြီး၊ ရရှိနိုင်လျှင် အလွန်ကျေနပ်အားရ ဝမ်းမြောက်ကြသည်။

လူ၏ဝိုင်ဖိုင်သန့်ရှင်းသောဝိညာဉ်တော်

လူ၌လည်း ဝိုင်ဖိုင်လိုအပ်နေသည်။ လူ၏ဝိုင်ဖိုင်သည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ ဖုန်းနှင့်ကွန်ပြူတာ၌ ဝိုင်ဖိုင်မရရှိသောအခါ၊ အင်တာနက်ဝင်၍ မရတော့ချေ။ ထို့နည်းတူ လူ၏ဝိုင်ဖိုင်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် မရှိလျှင် ဘုရားသခင်နှင့်ဆက်သွယ်၍ မရတော့ချေ။ ဝိုင်ဖိုင်မရှိလျှင်လည်း ဖုန်းအားဖြင့် လိုအပ်ချက်များလုပ်နိုင် သေးသောကြောင့် ဝိုင်ဖိုင်ကို မတောင့်တသကဲ့သို့ လူလည်းဘုရားနှင့်မဆက်လျှင်လည်း၊ လောကနှင့်ပတ်သက်သောအရာများ တည်းဟူသော ဝင်ငွေရှာနိုင်သည်၊ အိမ်ကားများ ဝယ်နိုင်သည်၊ အစားအသောက်နှင့် အဝတ်အစားများ ဝယ်သုံးနိုင်သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို အလိုမရှိ၊ မတောင့်တကြချေ။ သက်ကြီးရွယ်အိုများက ဝိုင်ဖိုင်မရှိလျှင်လည်း ကျေနပ်နေကြသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော် မရရှိလျှင်လည်း၊ ဇာတိပိုင်းလိုအင်ဆန္ဒများ ရှာဖွေပိုင်ဆိုင်နိုင်သောကြောင့် စိတ်မဝင်စားကြခြင်းဖြစ်သည်။ သို့သော်ဝိုင်ဖိုင်မရှိလျှင် အင်တာနက်မရရှိနိုင်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်မရှိလျှင် ကောင်းကင်နှင့်ဆက်သွယ်၍ မရနိုင်တော့ချေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော် မရရှိသောသူများသည် ကောင်းကင်အရာတည်းဟူသော ဝိညာဉ်ပိုင်းဆိုင်ရာများကို စိတ်မဝင်စား၊ နားမလည်နိုင်ခြင်းဖြစ်သည်။ 

ဝိညာဉ်ဝိုင်ဖိုင်တပ်ပေးမည်ပြော

သခင်ယေရှုက ဝိညာဉ်ပိုင်း ဝိုင်ဖိုင်ဖြစ်သော၊ သန့်ရှင်းသောဝိညာဉ်တော် ပေးမည့်အကြောင်းကို ဤကဲ့သို့ကျေညာခဲ့သည်၊  ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့ မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူ သည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း၊ အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။ (ယောဟန် ရး၃ရ-၃၉)။ သန့်ရှင်းသောဝိညာဉ်တော်ကို ခရစ်တော်ဘုန်းပွင့်ခြင်း တည်းဟူသော သေခြင်းမှထမြောက်တော်မူ ပြီးမှ ပေးဘို့ရန်ဖြစ်သည်။ သို့သော်တပည့်တော်များ အပါအဝင် လူများက စိတ်ဝင်စားကြပါသလား။ သက်ကြီးရွယ်အိုများက ဝိုင်ဖိုင် တပ်ဆင်ပေးဘို့ စိတ်မဝင်စားသကဲ့သို့ စိတ်မဝင်စားခဲ့ကြချေ။

လူအများစုဝိညာဉ်ဝိုင်ဖိုင်မပိုင်ဘဲကျေနပ်ကြ

ယနေ့များစွာသောလူသားများသည် သန့်ရှင်းသောဝိညာဉ်တော်မရှိဘဲ၊ အသက်ရှင်သွားလာလှုပ်ရှားနေကြသည်။ သန့်ရှင်းသောဝိညာဉ်တော်မရမှန်းလည်းမသိ၊ အကျိုးလည်းမသိသောကြောင့်၊ ပေးမည်ဟုပြောလျှင်လည်း လုံးဝဂရုမစိုက်၊ ထိုမျှသာမက စိတ်ဆိုးကြသည်။ သာသနာပများက မသိခြင်းသည် အဆန်းမဟုတ်ပါ။ နာမည်ခံခရစ်ယာန်များပင်လျှင် မသိကြသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်မရရှိဘဲ၊ အသက်ရှင်သွားလာလှုပ်ရှားနေကြသည်။ သင်သည်၊ ထိုသို့သောသူဖြစ်နေပါသလား။ သန့်ရှင်း သောဝိညာဉ်တော်မရှိသောကြောင့်၊ လူ၏အကြံအစည်များသည် အပေါ်ကောင်းကင်နှင့်မစပ်ဆိုင်၊ မြေကြီးအရာများကိုသာ စိတ်စွဲလမ်း၍ လုပ်ကိုင်ဆောင်ရွက် ကျေနပ်နေကြသည်။ လူ၏အကြံနှင့်လုပ်ဆောင်မှုများသည် ထာဝရကာလတိုင် မတည်သည်သာမက ကိုယ်ခန္ဓာအသက်ရှင်စဉ်ပင် သုံး၍မရ၊ ဟောင်းနွမ်းပျက်စီးသွားတတ်ကြသည်။ သို့သော်သင်္ခန်းစာ မရကြချေ။ အကြောင်းမှာ ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်က ဖေါ်ပြမှသာလျှင် သိနိုင်သောကြောင့်ဖြစ်သည်။

ဇာတိလူလောဝိညာဉ်လူလောသိနိုင်

သန့်ရှင်းသောဝိညာဉ်တော်မရရှိသောသူကို ဇာတိပကတိလူ၊ ဟုခေါ်သည်။ ဇာတိပကတိလူနှင့်ပတ်သက်၍ ပေါလုက ဤသို့ ရေးသားထားသည်၊ ဇာတိပကတိ ရှိသောသူတို့သည်၊ ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို၊ စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ဇာတိပကတိစိတ်သဘောသည်၊ သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိ စိတ်သဘောသည်၊ အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်းဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏တရားတော် အလိုသို့မလိုက်တတ်၊ ထိုမျှမကမလိုက်နိုင်။ (ရောမ ၈း၅-ရ) တဖန်၊  ဇာတိပကတိလူသည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်၊ ဟုထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။ (၁ ကော ၂း၁၄) ဟုရေးသေးသည်။ ထို့ကြောင့်လူတယောက်သည် ဇာတိပကတိလူဖြစ်သလော၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော် ရရှိသလော ဟူသောအရာကိုသိချင်လျှင်၊ ဝိညာဉ်ရေးရာကိုဆွေးနွေးကြည့်ပါ။ ဝိညာဉ်လူဖြစ်လျှင် နားလည်သဘောပေါက်၍ အရသာခံကာ အားရကျေနပ်လိမ့်မည်။ နားထောင်၍လည်းမဝနိုင်၊ ဆက်လက်နားထောင်ချင် လိမ့်မည်။ ဇာတိလူသို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော် မရရှိသောသူဖြစ်လျှင်၊ သင်၏စကားကို နားထောင်ချင်မည်မဟုတ်။ သင်ပြောသောအရာများသည်၊ မိုက်မဲသောအရာ၊ မဖြစ်နိုင်သောအရာ၊ တဖက်စွန်းကျသောအရာ၊ သူတပါးကိုစီရင်သောအရာ၊ ဟုသင့်ကိုစွပ်စွဲပါလိမ့်မည်။ ထိုသို့သောသူများကို သတိနှင့်ပြောပြဘို့လိုသည်။ ချက်ချင်းသဘောပေါက်နိုင်မည်မဟုတ်ချေ။

သန့်ရှင်းသောဝိညာဉ်တော်ရရှိသူများ

            သန့်ရှင်းသောဝိညာဉ်တော် ရရှိသူများနှင့်ပတ်သက်၍ ရှင်ပေါလုက ဤသို့ရေးထားသည်၊ လူ၏နက်နဲသောအရာကို၊ လူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ၊ ဘုရားသခင်၏နက်နဲသောအရာကို၊ ဘုရားသခင်၏ ဝိညာဉ်တော်မှတပါး၊ အဘယ်သူမျှမသိ။ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ၊ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ။ (၁ ကော ၂း၁၁-၁၂) ပေါလုက ဘုရားသခင်ပေးတော်မူသောအရာတို့ကို သိခြင်းငှါ ဘုရားသခင့်ထံမှ ကြွလာသောဝိညာဉ်ကို ခံရကြပြီ၊ ဟုရေးသောကြောင့် ဝိညာဉ်တော်ကို မရသောသူများအနေဖြင့် ဘုရားပေးထား သောအရာများကို သိနိုင်စရာအကြောင်းမရှိပါ။ ထို့ကြောင့် ဝိညာဉ်ရေးရာ တည်းဟူသော ဘုရား၏အကြံအစည်၊ အလိုတော်များကို သင်သိရှိလိုလျှင် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိဘို့လိုသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိဘို့ရန် ကြိုးစားစရာမလိုပါ။ ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ကို ရေနှင့်နှိုင်းသွားကြောင်း အထက်၌ (ယောဟန် ရး၃ရ-၃၉) ဖေါ်ပြခဲ့ပြီးပြီ။ ရေတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်ကို ငတ်ခြင်းတည်းဟူသော လိုချင်တောင့်တသောစိတ် ရှိဘို့ရန်သာလိုအပ်သည်။ သင်သည်သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိလိုပါသလား။

သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး

သန့်ရှင်းသောဝိညာဉ်တော်သည်၊ ဘုရား၏အလိုတော်များကို သိစေနိုင်သည်သာမက၊ တန်ခိုးဖြစ်ကြောင်းကို ခရစ်တော်ကဤသို့ပြောခဲ့သည်၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ ဟု မိန့်တော်မူ၏  (တမန် ၁း၈)။ ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်းအကြောင်းရင်းတခုသည် သူ၏အကြောင်းကို သက်သေခံဘို့ရန်ဖြစ်သည် ဟုဆိုသည်။ ဓါးသည် အသားငါး၊ ဟင်းသီးဟင်းရွက်များ၊ ဖြတ်လှီးဘို့ ဖြစ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် ပေါက်ကရ တန်ခိုးပြဘို့ရန်မဟုတ်ပါ။ ခရစ်တော်၏အကြောင်းကို သက်သေခံဘို့ရန်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သက်သေခံသောအခါ၊ အံ့ဩဖွယ်ကောင်းလောက်အောင် ဖြောင့်ဖြိုးပြီး နားထောင်သောသူလည်း ရှင်းလင်းစွာနားလည်၍ လက်ခံလာလိမ့်မည်။ ပြောသောသူလည်း အားရကျေနပ်လိမ့်မည်။ အဘယ်ကြောင့် ယုံကြည်သူများ ခရစ်တော်အကြောင်းကို မပြောရဲကြသနည်း ဟူမူကား သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို အသုံးမပြုသောကြောင့်ဖြစ်သည်။

ဝိုင်ဖိုင်မကောင်းလည်နေသည်

သင်၏ဖုန်းနှင့်ကွန်ပြူတာသည် ဝိုင်ဖိုင်ရရှိသော်လည်း အဘယ်ကြောင့် ဆက်သွယ်မရဘဲ လည်နေသနည်း။ ဝိုင်ဖိုင်အားမကောင်း၊ နှေးကွေးနေသောကြောင့်ဖြစ်သည်။ ဝိုင်ဖိုင်လည်နေလျှင် စိတ်တိုတတ်သည်၊ အားရကျေနပ်မှုမရှိတတ်ချေ။ ထို့နည်းတူ၊ သန့်ရှင်းသောဝိညာဉ်တော်ရှိသော်လည်း၊ ဝိညာဉ်တန်ခိုးမသုံးနိုင်၊ ဇာတိသဘောဖြင့် အသက်ရှင်နေတတ်သည်။ ပေါလုက၊ ကောရိန္သုအသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊  “ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်သေး။  ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။  ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။”(၁ ကော ၃း၁-၃)   

ကောရိန္သုအသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော် ရရှိထားသော်လည်း အသုံးမပြုသောကြောင့်၊ မရရှိသကဲ့သို့ ဇာတိအလိုအားဖြင့် အသက်ရှင်ကြသည်။ ဇာတိအားဖြင့်အသက်ရှင်သောကြောင့် ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း များရှိရခြင်းဖြစ်သည်။ ဇာတိခရစ်ယာန်များသည်၊ သန့်ရှင်းသောဝိညာဉ်တော် မရရှိသော ဇာတိလူများနှင့် ခွဲခြား၍မရ၊ သူတို့၏အသက်ရှင်ပုံသည် အတူတူပင်ဖြစ်သည်။ ကယ်တင်ခြင်းသို့ရောက်သော်လည်း၊ အသက်တာအသက်ရှင်မှုတွင် ဇာတိလူများနှင့် အတူတူပင်ဖြစ်သည်။ ထိုဇာတိခရစ်ယာန်များကို ကယ်တင်ခြင်းသို့မှရောက်သလား၊ ဟုသံသယရှိစရာဖြစ်တတ်သည်။ သင်သည်၊ ထိုသို့သောသူဖြစ်နေပါသလား။ ဇာတိခရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော် ရရှိသော်လည်း၊ အုပ်စိုးခွင့်မပေးသောကြောင့် ဇာတိလူများကဲ့သို့ ဝိညာဉ်ရေးရာ၊ ဘုရား၏အလိုတော်များကို မသိနိုင်ချေ။ စိတ်လည်းမဝင်စားတတ်ချေ။ သင်သည်ထိုသို့သောသူ ဖြစ်နေပါသလား။ ထိုသို့ဖြစ်လျှင်နောင်တရပါ။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြန်လည်းအုပ်စိုးစေပါ။ အမှန်တကယ် စိတ်ကျေကွဲပြီး နောင်တရလျှင် ပြန်လည်ဝမ်းမြောက်လာနိုင်ပေမည်။ မသိသေးသူများထံ ခရစ်တော်အကြောင်းကို ဝေငှပါ။ အံ့ဩဖွယ်ဝမ်းမြောက်မှုရရှိမှာသေချာနေပါသည်။

ဝိုင်ဖိုင်အရှိန်မြန်ပြီးကောင်းနေသူများ

ဝိုင်ဖိုင်အရှိန်မြန်ဆန်၍ ကောင်းစွာအသုံးပြုနိုင်လျှင် ဝမ်းမြောက်ကျေနပ်မှုရှိနေမှာဖြစ်သည်။ ထို့နည်းတူ၊ သန့်ရှင်းသောဝိညာဉ်တော် အုပ်စိုးခြင်းခံ၍ သူခိုင်းသောအလုပ်ကို လုပ်သောသူများသည်၊ အသက်တာ၌ ဝိညာဉ်အသီးများတည်းဟူသော၊  ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း (ဂလာ ၅း၂၂-၂၃) များအလိုလိုသီးလာမှာဖြစ်သည်။ ဝိညာဉ်လူများသည် အပေါ်ယံအားဖြင့်လည်း သိသာသည်။ သူတို့အသက်တာ၌ ဝမ်းမြောက်ခြင်း ကျေနပ်အားရခြင်းများ ရှိနေမှာဖြစ်သည်။ မည်သို့ပင်အပြစ်တင်ပါစေ၊ စိတ်မဆိုးသည်းခံနိုင်သည်။ ဇာတိအားဖြင့် မချစ်နိုင်သောသူများကိုလည်း ချစ်နိုင်ပေမည်။ သင်သည်၊ ထိုသို့သောသူဖြစ်ပါသလား။ ယုံကြည်သူများသည် တချိန်လုံးဝိညာဉ်လူများ မဖြစ်တတ်ချေ။ တနေ့အတွင်းတွင် ဝိညာဉ်လူဖြစ်လိုက် ဇာတိလူဖြစ်လိုက် ဖြစ်နိုင်သည်။ ထို့ကြောင့်၊ ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေနှင့်။ (၁ သက် ၅း၁၉) ဟုပေါလုက ရေးသားခြင်းဖြစ်သည်။ ဝိညာဉ်တော်၏ အုပ်စိုးခြင်း၊ ဇာတိ၏အုပ်စိုးခြင်းသည်၊ ယုံကြည်သူ၏ သဘောဖြစ်သည်။ ဇာတိလူဖြစ်လာလျှင်၊ စိတ်မပျော်နိုင်၊ အပြစ်လုပ်ချင်လာလိမ့်မည်။ သတိပေးခြင်းကိုလည်းမကြိုက်၊ အပြစ်မြင်လာလိမ့်မည်။ ဇာတိ အားဖြင့်အသက်ရှင်ခြင်းသည် ကိုယ်တိုင်အတွက်သာမက၊ သူတပါးအတွက်လည်းမကောင်းချေ။ ဘုရား၏ဘုန်းတော်ကိုလည်း ရှုတ်ချစရာဖြစ်လာမည်။ ထို့ကြောင့်၊ အချိန်တိုင်း ကိုယ့်ကိုယ်ကိုစစ်ဆေးပြီး၊ အပြစ်ဝန်ချတောင်းပန်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကို အုပ်စိုးစေဘို့လိုအပ်ပါကြောင်း၊ သတိပေးရင်း စာရှုသူတိုင်း ဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်နိုင်ကြပါစေ။

သခင်ခန်းစာ (၂) မေးခွန်းများ

၁။ ဖုန်းနှင့်ကွန်ပြူတာရှိသော်လည်းဘာလိုသေးသနည်း။............................................

၂။ မည်သူတို့ကဝိုင်ဖိုင်မရှိလျှင်လည်းကျေနပ်နေကြသနည်း။...................................အဘယ်ကြောင့်နည်း။...........................................

၃။ မည်သူများအတွက်ဝိုင်ဖိုင်ရရှိရေးသည်အလွန်အရေးကြီးသနည်း။.......................................................

၄။ သင်သည်ဝိုင်ဖတ်ငတ်ပါသလား။............................................

၅။ လူ၏ဝိုင်ဖိုင်သည်အဘယ်အရာနည်း။....................................

၆။ ဝိုင်ဖိုင်မရှိလျှင်ဘာမရနိုင်သနည်း။........................................

၇။ သန့်ရှင်းသောဝိညာဉ်တော်မရှိလျှင်မည်သူနှင့်ဆက်သွယ်မရသနည်း။.........................................

၈။ လူသည်ဘုရားနှင့်မဆက်သွယ်နိုင်လျှင်လည်းဘာလုပ်နိုင်သေးသနည်း။..........................................

၉။ အဘယ်ကြောင့်လူများကောင်းကင်အရာကိုစိတ်မဝင်စား၊နားမလည်ကြသနည်း။...............................

၁၀။ သခင်ယေရှုကကောင်းကင်ဝိုင်ဖိုင်ပေးမည်ပြောသောအခါစိတ်ဝင်စားကြပါသလား။................................

၁၁။ လူများစွာတို့သည်ဘာမရှိဘဲသွားလာအသက်ရှင်နေကြသနည်း။........................................

၁၂။ အဘယ်ကြောင့်လူများစွာတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကိုမရချင်ကြသနည်း။................................

၁၃။ သန့်ရှင်းသောဝိညာဉ်တော်မပါသောလူ့အကြံများသည်ကောင်းကင်အရာနှင့်ဆိုင်ပါသလား။....................

၁၄။ လူ၏အကြံနှင့်လုပ်ဆောင်မှုများသည်ထာဝရကာလတိုင်တည်မည်လော။..............................

၁၅။ မည်သူသည်ဇာတိလူဖြစ်သနည်း။..................................

၁၆။ ဇာတိလူသည်ဘယ်အရာများကိုစိတ်ဝင်စားသနည်း။.............................

၁၇။ ဇာတိစိတ်သဘောသည်.................အကြောင်းဖြစ်၏။

၁၈။ ဇာတိသဘောသည်ဘုရားနှင့်....................ဖြစ်၏။

၁၉။ ဇာတိသည်ဘုရား၏အလိုကိုလိုက်နိုင်ပါသလား။...................................

၂၀။ ဇာတိလူကဝိညာဉ်အရာကိုဘာဟုထင်သနည်း။...................................အဘယ်ကြောင့်နည်း။.............................

၂၁။ ဇာတိလူဟုတ်မဟုတ်မည်ကဲ့သို့သိနိုင်သနည်း။...............................................

၂၂။ ဇာတိလူကဝိညာဉ်ရေးရာများကိုမည်ကဲ့သို့စွပ်စွဲမည်နည်း။...........................................

၂၃။ လူ၏နက်နဲသောအရာကို၊လူ၏..................................ကသာသိသည်။

၂၄။ ဘုရား၏နက်နဲသောအရာကို၊ဘုရား၏..................................ကသာသိသည်။

၂၅။ ပေါလုကငါတို့သည်ဘာဝိညာဉ်ကိုရကြသည်ဟုဆိုသနည်း။.............................................

၂၆။ သခင်ယေရှုက ဝိညာဉ်တော်ကို မည်သည့်အရာအားဖြင့်ခိုင်းနှိုင်းသနည်း။...............................

၂၇။ ရေငတ်သကဲ့သို့ဘာကိုငတ်ရမည်နည်း။........................................

၂၈။ သင်သည်သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိပြီလား။.......................မရသေးလျှင်ရလိုပါသလား။.....................................

၂၉။ သန့်ရှင်းသောဝိညာဉ်တော်သည်...............................ဖြစ်သည်ဟုခရစ်တော်ကဆိုသည်။

၃၀။ သန့်ရှင်းသောဝိညာဉ်တော်ကိုဘာအတွက်ပေးသနည်း။..............................................

၃၁။ သန့်ရှင်းသောဝိညာဉ်တော်ကိုတန်ခိုးပြဘို့ပေးပါသလော။.........................................

၃၂။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သက်သေခံသောအခါမည်ကဲ့သို့ဖြစ်မည်နည်း။........................................

၃၃။ အဘယ်ကြောင့်ယုံကြည်သူများ၊သက်သေမခံရဲကြသနည်း။..............................................................

၃၄။ အဘယ်ကြောင့်ဖုန်းနှင့်ကွန်ပြူတာသည်ဝိုင်ဖိုင်ရသော်လည်းလည်နေသနည်း။...................................................

၃၅။ ဝိုင်ဖိုင်အားမကောင်းလျှင်သင်မည်ကဲ့သို့ခံစားသနည်း။..................................................

၃၆။ သန့်ရှင်းသောဝိညာဉ်တော်ရသော်လည်းအဘယ်ကြောင့်တန်ခိုးမရှိသနည်း။...........................................................

၃၇။ ကောရိန္သုအသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော် ရရှိထားသော်လည်းအဘယ်ကဲ့သို့နေသနည်း။........................................

၃၈။ ယုံကြည်သူဇာတိနှင့်အုပ်စိုးလျှင်အဘယ်အရာများသီးမည်နည်း။........................................................................................

၃၉။ ဇာတိပကတိလူနှင့်ဇာတိခရစ်ယာန်အကျင့်တူပါသလား။...........................................

၄၀။ ဇာတိခရစ်ယာန်များသည်ဘုရားအလိုတော်စိတ်ဝင်စားပါသလား။......................................

၄၁။ ဇာတိခရစ်ယာန်သည်ဝိညာဉ်ခရစ်ယာန်ဖြစ်ဘို့ဘာလုပ်ရမည်နည်း။................................................................

၄၂။ ဝိညာဉ်အသီးများကိုမည်သည့်အချိန်၌သီးနိုင်မည်နည်း။.........................................................

၄၃။ ဝိညာဉ်လူများသည်အပေါ်ယံအားဖြင့်သိနိုင်ပါသလား။...............................................

၄၄။ တချိန်လုံးဝိညာဉ်လူဖြစ်နိုင်ပါသလား။......................ပေါလုကဘာကိုမငြိမ်းစေဘို့ပြောသနည်း။..........................................

၄၅။ ဇာတိလူဖြစ်ဘို့၊ ဝိညာဉ်လူဖြစ်ဘို့ ယုံကြည်သူ၌တာဝန်ရှိပါသလား။..........................................

၄၆။ ဇာတိအားဖြင့်အသက်ရှင်ခြင်းသည်မည်သူအတွက်မကောင်းသနည်း။........................................................................

၄၇။ သင်သည်ဝိညာဉ်လူဖြစ်ချင်ပါသလား။.............................................

ခရစ္စမတ်

ခရစ္စမတ်ရာသီသို့ရောက်လာပြန်ပြီ။ များစွာသောညီအစ်ကိုမောင်နှမများ၊ မိဘသားသမီးများ၊ ဆွေမျိုးပေါက်ဖေါ်ယောင်းယင်းများသည် ယခုနှစ် ခရစ္စမတ်တိုင်အောင် အသက်မရှင်နိုင်ဘဲ သွားနှင့်ခဲ့ကြပြီ။ သင်နှင့်ကျွန်ုပ်လည်း အလှည့်မရောက်သေးသောကြောင့် ဤရာသီအထိ လောကကိုယ်ခန္ဓာ အသက်ရှင်ကြသေးသည်။ လူငယ်လူရွယ်များအတွက် အားတက်စရာ ဝမ်းမြောက်စရာဖြစ်သော်လည်း၊ သက်ကြီးရွယ်အိုများနှင့် မိသားစုမစုံလင်တော့တဲ့ သူများအတွက်မူ နာကျည်းစရာနေ့ရက်ဖြစ်နေပါလိမ့်မည်။ ရှေးဟောင်းနှောင်းဖြစ်များ သတိရနေကာ ဝမ်းနည်းကျေကွဲငိုကြွေးချိန်ဖြစ်နေပါသည်။ ထို့ကြောင့်၊ လူတိုင်းကိုယ့်ခံစားချက်နှင့်ကိုယ် ဖြစ်နေကြသောကြောင့်၊ ဝမ်းမြောက်သောသူများနှင့်အတူ ဝမ်းမြောက်၍ ဝမ်းနည်းသောသူများနှင့်အတူဝမ်း နည်းဘို့လိုပါသည် (ရော ၁၂း၁၅)။ သင်သည်ဝမ်းမြောက်သောသူဖြစ်ပါသလော။ သင်နှင့်အတူဝမ်းမြောက်ပါသည်။ သင်သည်ဝမ်းနည်းသောသူ ဖြစ်ပါ သလော။ သင်နှင့်အတူဝမ်းနည်းပါသည်။

အဘယ်ကြောင့် ခရစ္စမတ်ပွဲကျင်းပကြသနည်း။ သင်စဉ်းစားဘူးပါသလော။ ခရစ္စမတ်ပွဲသည် ကျမ်းစာ၌မရှိသည်သာမက ကျင်းပဘို့ရန်လည်း မပြောထားပါ။ သို့သော်တကမ္ဘာလုံး လူတိုင်း ကသိသောပွဲဖြစ်သည်။ ထိုပွဲကျင်းပခြင်းအားဖြင့် ခရစ်တော်လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်များကို သက်သေခံနိုင်သည်။ အခြားဘာသာဝင်များကပင် ခရစ္စမတ်ရာသီတွင် ခရစ်တော်အကြောင်း ကိုပြောပြပါက အခြားအချိန်များထက် အလွယ်တကူ လက်ခံနားထောင်ချင်ကြသည်။ ထို့ကြောင့် ခရစ်တော်မည်ကဲ့သို့ လူ့ဇာတိခံယူသည် ဟူသောအရာထက် သူလာရခြင်း၏အကြောင်းရင်းကို ပြောပြဘို့ရန် တိုက်တွန်းအားပေးလိုပါသည်။ ခရစ်တော်အဘယ်ကြောင့် ဤလောကသို့ကြွလာဘို့လိုသနည်း။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ https://gbcusa.org/ ၌ ဖတ်ရှုနိုင်ပါသည်။ ထိုအ ထဲမှ အကြောင်းရင်း အချို့ကို ပြန်လည် ဖေါ်ပြလိုပါသည်။

၁။ ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ်ပြရန်(ယော ၁:၁၈)

 "လူသားများသည် ဘုရားသခင်ကို မမြင်စဖူး။ ခမည်းတော်၏ ရင်ခွင်၌ ရှိသော သားတော်သည် ခမည်းတော်ကို ထင်ရှားစေသည်။ ခရစ်တော်က၊ “ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်ပြီ” ဟုဆိုခဲ့သည် (ယော ၁၄:၈)။ ကမ္ဘာ ဦးကျမ်း၁:၂၆ ၌ ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်တော်နှင့် အညီဖန် ဆင်းသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည် မည်ကဲ့သို့သော ပုံပန်း သဏ္ဍာန်ရှိသနည်း၊ လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိသလော သို့မဟုတ်မည် ကဲ့သို့သော ပုံသဏ္ဍာန်ရှိသနည်းဟု လူသားများကသိချင် ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိကြောင်းကိုသားတော် ကထင်ရှားစေသည်။ သို့သော် သားတော်သည် ဘုန်းစည်းစိမ်ကို ထားခဲ့သောကြောင့် လူများက သူ့ကို မကြောက်မရိုသေကြ။ ဘုရားသား ဖြစ်သည်ဟုလည်း မယုံကြည် ကြ။ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ခရစ်တော်၏ ဘုန်းတော်ကို မော ရှေနှင့် ဧလိယတို့နှင့် တောင်ပေါ်၌ တွေ့မြင်ကြသောအခါ အလွန် ကြောက်ရွံခဲ့ကြသည် (မဿဲ ၁ရ)။ သူ့ရင်ခွင်၌ လျောင်းတတ်သော တမန်တော် ယောဟန်သည် ခရစ်တော်၏ ဘုန်းကို ပြန်တွေ့သောအခါ သေမတတ်ကြောက်သည် ဟုဆိုသည် (ဗျာ ၁:၁ရ)။ ယနေ့ လူများလည်း ဘုရား၏ ဘုန်းတော်ကို မတွေ့ကြသောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြချေ။ ဘုရား၏ ဘုန်းတော်ကို ဆင်ချင်၍ ကြောက် ရွံ့ရိုသေကြကုန်အံ့။

၂။ လူသားများကို စကားပြောရန်(ဟေ ၁:၁)

 ဘုရားသခင်သည် သန့်ရှင်း၍ လူသည် အပြစ်ကြောင့် ညစ်ညူးသည်။ ထို့ကြောင့် ဘုရားနှင့် လူမိသဟာယမပြုနိင်ချေ။ ဘုရားသခင်က လူကို စကားပြောလျှင် မိုးချုန်းသည်ဟု ထင်သည်။ “အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည်ဟု လာ၏။ ဝန်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်းသည် ဟုဆိုကြ၏။ အချို့ကလည်းကိုယ်တော်အား ကောင်းကင်တမန် မြွက်သည် ဟုဆိုကြ၏။” (ယော ၁၂:၂၈-၂၉) သိနာတောင်ပေါ်မှ ဘုရား စကားပြောသောအခါ လူများ အလွန် ကြောက်ရွံ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူကို ပရောဖက်အားဖြင့်၎င်း၊ အိပ်မက်ရူပါရုံအားဖြင့် ၎င်း၊ ကောင်းကင်တမန်အားဖြင့်၎င်း၊ ပြောရာမှနောက်ဆုံးသော အချိန်တွင် သားတော်ကို ဤလောကသို့ စေလွှတ်၍ လူသားများအား စကားပြောသည် (ဟေဗြဲ ၁:၁)။ ထို့ကြောင့် သူ၏ နာမကို နှုတ်ကပတ်တော်ဟု ခေါ်သည် (ယော ၁:၁)။ ယခုအချိန်တွင် ခရစ်တော်ကို လူကိုယ်တိုင်မတွေ့ နိုင်တော့သော်လည်း ကျမ်းစာအားဖြင့် စကားပြောနိုင်သည်။ ကျမ်းစာ မဖတ်သောသူသည် ဘုရားသခင်၏ စကားပြောခြင်းကို နားမထောင်ချင် သောသူ ဖြစ်သည်။

ကျန်သော ၄၉ ချက်များကို https://gbcusa.org/ တွင်ဖတ်ရှုနိုင်ပါသည်။ ယခုနှစ်ခရစ္စမတ် ရာသီတွင် ခရစ်တော်ယူဆောင်လာသော၊ လုပ်ဆောင်ပေးသော အကျိုး ကျေးဇူးများစွာ လက်ခံရယူနိုင်ပါစေ။

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG