GOODNEWS
  HOME  GOODNEWS  2017 SEP
 


အမှာစာ

 ဣသရေလများ၏ပွဲများ အကြောင်းကို စာစောင်၌ ဖေါ်ပြခဲ့ဘူးပြီ။ သို့သော် ယခုလ ၂၁-၂၂ ရက်နေ့များသည် တံပိုးမှုတ်ပွဲ ဖြစ်သောကြောင့် တဖန်ဖေါ်ပြလိုသည်။ ခရစ်ယာန်များအနေဖြင့် ခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ၊ ရှင်ပြန်ထမြောက်နေ့၊ ကျေးဇူးတော် ချီးမွမ်းပွဲများ ပြုလုပ်တတ်ကြသော်လည်း ဘုရားသခင်၏ စေခိုင်းချက်ကြောင့်မဟုတ်ချေ။ ဣသရေလများမူကား ဘုရားသခင်က ပွဲများကို ကျင်းပခိုင်း၍ အားလုံးအဓိပ္ပါယ်ရှိသည်။ ထိုပွဲများသည် အရိပ်ဖြစ်၍ သခင်ယေရှုက ပြည့်စုံစေခဲ့ပြီ။ ထိုပွဲများကို ဣသရေလ လူများက ကျင်းပသော်ကြလည်း ဘုရားသခင်က ဤသို့ဆူခဲ့ဘူးသည်၊ “သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း၊၊ အချည်းနှီးသောပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊၊ သင်တို့မီးရှို့သော နံ့သာပေါင်းကို ငါရွံ့ရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံ့ရှာ၏၊၊ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်၊၊ ငါ့ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ ပွဲများကိုမုန်း၏၊၊ ငါ့ကိုနှောက်ရှက်စရာဖြစ်၏၊၊ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏၊၊ ” (ဟေရှာယ ၁:၁၂-၁၄)။ 
 ​ကျွန်ုပ်တို့လည်း ဘုရားကိုးကွယ်နေသော်လည်း ဘုရားထံတော်မှ မျက်နှာမရဘဲ အပြစ်တင်ခြင်းသာ ခံရမှာစိုးရိမ်စရာရှိသည်။ အဘယ်ကြောင့် နှစ်ပေါင်းများစွာ ဘုရားကိုးကွယ်သော်လည်း နားမလည်နိုင်၊ မမှတ်မိနိုင်၊ မပြောနိုင်သနည်း ဟူမူကား ဘုရား၏ အလိုတော် စိတ်မဝင်စား၊ လောကအရာကိုသာ တပ်မက်၍၊ ကိုယ့်အလိုဆန္ဒကိုသာ လုပ်ချင်၊ လုပ်နေသောကြောင့်ဖြစ်သည်။ သခင်ဘုရားကြွလာသည်အထိ ဤကဲ့သို့ ဆက်၍နေမည်လော။ ထာဝရဘုရားက၊ “မိုးကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူများမူကား၊ ထာဝရဘုရား စီရင်တော်မူခြင်းကို နားမလည်တတ်ကြ။” (ယေရမိ ၈:ရ) ဟုညည်းခဲ့ဘူးသည်။ ယနေ့ခရစ်ယာန်များလည်း ကယ်တင်ရှင်ခရစ်တော် လာမည့်အချိန်ကို မသိသောကြောင့် အလွန်ဝမ်းနည်းဘွယ်ရာဖြစ်သည်။ 

ယခုလစာစောင်...

  • ထာဝရဘုရား၏ပွဲတော်များ
  • ကိုးကွယ်ခြင်း 
  • ရောင့်ရဲသောစိတ်
  • အလိုတော်၌ ဆုတောင်းခြင်း အသက်တာ
  • ကျမ်းစာဖတ်ကြစို့ (ယောဟန် -၄) 
  • အမှုတော်ဆောင်သင်တန်း

 

ထာဝရဘုရား၏ပွဲတော်များ

ဘုရားသခင်က ဣသရေလလူမျိုးများကို ပွဲခုနှစ်မျိုး ကျင်းပဘို့ ပညတ်ထားသည်။ ထိုပွဲများ အကြောင်းကို တစုတစည်းထဲအဖြစ် ဝတ်ပြုရာကျမ်း ၂၃ ၌ဖေါ် ပြထားသည်ကို ဖေါ်ပြလိုပါသည်။ ထိုပွဲများသည် သခင်ယေရှုခရစ်၏ လုပ်ဆောင်ချက်များကို ဖေါ်ပြထားခြင်းဖြစ်သည်။ ပဌမမှစတုတ္ထအထိသည် သခင်ယေရှုအသေခံ၍ ရှင်ပြန်ထမြောက်သောအခါ ပြည့်စုံခဲ့ပြီးပြီ။ ပဥ္စမမှသတ္တမအထိသည် အနာဂတ်မှာ ပြည့်စုံစေဦးမည်ဖြစ်သည်။ ပေါလုက၊ “ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။” (ကော ၂:၁၆-၁ရ) ဟုရေးခဲ့သည်။ 

ဥပုသ်နေ့ 

 “တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်း တည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာ နေသောဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့ နေရာအ ရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။” (ဝတ်ပြုရာ ၂၃း၁-၃) ဥပုသ်နေ့သည် ပွဲမဟုတ်ပါ။ စနေနေ့သည် ဥပုသ်နေ့ဖြစ်သည်။ ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ အနားယူရသည်။ ထိုအရာကို ဣသရေလလူများ အနေဖြင့် လောကအလုပ်မလုပ်ခြင်းဖြင့် စောင့်ရှောက်ခဲ့ကြသည်။ ဥပုသ်မစောင့်သောသူများကို သတ်ခဲ့သည်။ ဥပုသ်မစောင့်သောကြောင့်လည်း တိုင်းတပါး၌ ​ကျွန်ခံစေခဲ့သည်။ ဣသရေလလူများ ဥပုသ်စောင့်ခြင်းသည် အရိပ်ဖြစ်၍ သခင်ယေရှုက ပြည့်စုံစေခဲ့ပြီ။ မည်ကဲ့သို့ ပြည့်စုံစေသနည်း။ သူက၊ “ဝန်လေး၍ ပင်ပန်းသောသူတို့ ငါ့ထံသို့လာကြလော့၊ ငါသည်နားရသောအခွင့်ပေးမည်” (မဿဲ ၁၁:၂၈) ဟုဆိုခဲ့သည်။ လူတိုင်း ဝန်လေးနေကြသည်။ မိဘများက သားသမီးများကို တာဝန်ယူ​ကျွေးမွေးပြုစုသကဲ့သို့ ဘုရားသခင်ကလည်း လူသားများကို တာဝန်ယူ​ကျွေးမွေးလိုသည်။ သို့သော်လူသားများက ဘုရား၏တာဝန်ယူ​ ကျွေးမွေးခြင်းကို မလိုချင်ကြသောကြောင့် ဝန်လေးနေကြသည်။ ခရစ်တော်ကို အားကိုးခြင်းအားဖြင့် ဝန်ပေါ့၍ အနားယူခွင့်ရရှိနိုင်သည်။ ထို့ကြောင့် ဥပုသ်စောင့်ခြင်းသည် နေ့ရက်စောင့်ခြင်း မဟုတ်တော့ဘဲ၊ သခင်ယေရှုကို အားကိုးခြင်းအားဖြင့် ပြည့်စုံစေပြီဖြစ်သည်။ 

၁။ ပသခါပွဲ 

အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်း တည်းဟူသော ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။”(ဝတ်ပြုရာ ၂၃း၄-၅) ပသခါပွဲသည် ပဌမဦးဆုံးပွဲဖြစ်၍ နိသန်လ (တခူးလ) ၁၄ ရက်နေ့ညတွင် ကျင်းပရသည်။ အပြည့်အစုံကို ထွက်မြောက်ရာ ၁၂ တွင်တွေ့ရသည်။ ထိုည၌ ပသခါသိုးသငယ်၏ အသွေးသုတ်သော အိမ်ထဲ၌ရှိသော သားဦးများသည် သေခြင်းမှလွတ်၍၊ သိုးသွေးမသုတ်သော အဲဂုတ္တုအိမ်ရှိ သားဦးတိုင်း သေရကြသည်။ ထိုညတွင် ဣသရေလလူများသည် ပသခါသိုးသားနှင့် တဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်ကို စားကြသည်။ ထိုညတွင် အဲဂုတ္တုလူများက သူတို့ကို နှင်ထုတ်ခြင်းဖြင့် ​ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြသည်။ ထိုပသခါ သိုးသငယ်သည် သခင်ယေရှုဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ “အကြောင်းမူကား၊ ခရစ်တော် တည်းဟူသော ငါတို့ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။” (၁ ကော ၅:ရ)။ ထို့ကြောင့်ပသခါပွဲ ကျင်းပစရာ မလိုတော့ချေ။ ဣသရေလသားဦးများ သိုးသွေးကြောင့်သေခြင်းမှ လွတ်မြောက်ခဲ့သကဲ့သို့ သခင်ယေရှု၏ အသွေးကြောင့် ယုံကြည်သူတိုင်း သေခြင်းမှ လွတ်မြောက်နိုင်ပြီ။ 

၂။ အဇုမ( တဆေးမဲ့မုန့်)ပွဲ 

 “၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်မူ၏။”(ဝတ်ပြုရာ ၂၃း၆-၈) ဤပွဲကို ပသခါပွဲအပြီး နိသန် (တခူး) လ ၁၅ မှ ၂၂ ရက်နေ့အထိ၊ တပတ်ကျင်းပဘို့ဖြစ်သည်။ တဆေးမဲ့မုန့်ပွဲလည်း သခင်ယေရှု မြှုပ်နှံခြင်းဖြင့် ပြည့်စုံခဲ့ပြီ။ တဆေးသည် အပြစ်ဖြစ်သည် (၁ ကော ၅:၈)။ ငါတို့၏ အပြစ် တည်းဟူသော တဆေးများကို ဘုရားသခင်က သခင်ယေရှု အပေါ်၌ တင်ထားခဲ့ပြီ (ဟေရှာ ၅၃:၆၊ ယော ၁:၂၉၊ ၂ ကော ၅:၂၁)။ ထိုအပြစ်များသည် သခင်ယေရှု မြှုပ်နှံသောအခါ မြှုပ်နှံပြီးဖြစ်သည်။ ထို့ကြောင့် ထိုအရာကို ယုံကြည်သူတိုင်း ဘုရားသခင် ရှေ့၌ အပြစ်မရှိ၊ ​ဖြောင့်မတ်သော အခွင့်ရရှိပြီ (၂ ကော ၅:၂၁)။ 

၃။ အဦးသီးပွဲ

 “တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့  မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေး ကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာ တည်းဟူသော ဆီနှင့်ရောသောမုန့်ညက် နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သက္ကာ၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။ သင်တို့၏ ဘုရားသခင်ထံတော်သို့  ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့မရောက်မှီ၌၊ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကိုမစားရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော်ဖြစ်သတည်း။”(ဝတ်ပြုရာ ၂၃း၉-၁၄)

အဦးသီးသော အသီးပွဲကို နိသန် (တခူး) လ ၂၂ ရက်နေ့တွင် ကျင်းပရသည်။ ထိုပွဲ၌ အဦးရိတ်သော ကောက်လှိုင်းတစည်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရသည်။ ထိုကောက်လှိုင်းသည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည်။ ပေါလုက၊ “ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။” (၁ ကော ၁၅:၂၀) ဟုဆိုသည်။ သခင်ယေရှုသည် အဘယ်ကြောင့်အဦးသီး၊ ဟုခေါ်သနည်း။ သေသောသူတို့တွင် သူကိုယ်တိုင်က လူသုံးယောက်ကို ရှင်ပြန်ထမြောက်စေခဲ့သည်။ ပဋိညာဉ်တရားဟောင်း၌ ဧလိယကတစ်ယောက်၊ ဧလိရှဲကနှစ်ယောက် ရှင်ပြန်ထမြောက်စေခဲ့သည်။ သို့သော် ထိုထမြောက်ခြင်းများသည် ပြန်သေမည့် ကိုယ်ခန္ဓာဖြစ်ကြသည်။ ဘုန်းရှိသော ဝိဥာဏ ကိုယ်ခန္ဓာဖြင့် ထမြောက်သော သူတို့တွင် သခင်ယေရှုသည် ပဌမဦးဆုံးဖြစ်သည်။ ထို့ကြောင့်သခင်ယေရှု သေသောအခါ၊ “သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာတို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။” (မ ၂ရး၅၂-၅၃) ဟုရေးထားသည်။ အဘယ်ကြောင့်ရှေး သန့်ရှင်းသူများသည် ကိုယ်တော် ထမြောက်ပြီးမှသာ သင်္ချိုင်းတွင်းမှ ထွက်ကြသနည်းဟူမူကား သခင်ဘုရားသည် အဦးသီးဖြစ်ဘို့ရန်လိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အဦးသီးသောပွဲလည်း ခရစ်တော်ထမြောက်တော်မူခြင်းအားဖြင့် ပြည့်စုံခဲ့ပြီ။ ကျင်းပစရာမလိုတော့ချေ။ 

၄။ သတင်းပွဲ (ပင်တေကုတ္တေ)ပွဲ 

ချီလွှဲရာပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့ အလွန် နက်ဖြန်နေ့ကစ၍ သီတင်း ခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။ သတ္တမဥပုသ်နေ့ အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင်ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ဆက်ရကြမည်။ ထာဝရဘုရား အဘို့ အဦးသီးသော အသီး၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့ အိမ်မှထုတ်ဆောင်ခဲ့၍၊ ထိုမုန့်နှင့်တကွ အခါမလည်အပြစ် မပါသော သိုးသငယ် ခုနစ်ကောင်၊ နွားသငယ်အထီးတ ကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူ ဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော် သက္ကာ တည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ အပြစ်​ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိတ်ဿဟာရယဇ်အဘို့ အခါမ လည်သော သိုးသငယ် နှစ်ကောင်ကို၎င်းပူဇော်၍၊ ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ် နှစ်ကောင်ပါလျက်၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရော ဟိတ်အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသောအရာ ဖြစ်သတည်း။ ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့ နေရာအရပ်ရပ်၌ သင်တို့ အမျိုးအဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။” (ဝတ်ပြုရာ ၂၃း၁၅-၂၁)

ဂျုံစပါးကို သိမ်းစရှိသည် ကာလ ခုနစ်သိတင်း ပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်းကို ခံရမည်။” (ထွက် ၃၄:၂၂) “သင်၏ ဘုရားသခင် ထာဝရဘုရားသည် နာမတော် တည်စေဘို့ ရာရွေးကောက်တော်မူသော အရပ်တွင်၊ သင်၏ ဘု ရားသခင်ထာဝရဘုရား အဘို့ ခုနှစ်သိတင်း ပွဲကို ခံ၍ သားသမီး၊ ​ကျွန်ယောကျ်ား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။” ( တရားဟော ၁၆:၁၁)။ 

ဤပွဲကို ဓမ္မသစ်ကျမ်း၌ ပင်တေကုတ္တေပွဲဟု သုံးကြိမ်သာတွေ့ရသည် (တမန် ၂:၁၊ တမန် ၂၀:၁၆၊ ၁ ကော ၁၆:၈)။ ဤပွဲသည် အဦးသီးပွဲမှ ရက်ပေါင်း ၅၀ တွင်ကျင်းပသည်။ နယုန် (sivan) လတွင်ဖြစ်သည်။ ထိုနေ့၌ ကောက်သစ်မှတဆေးရောသော မုန့်နှစ်လုံးကို ဘုရားသခင် ထံ၌ အခြားသော ယဇ်များနှင့် ပူဇော်သည်။ ပင်တေ ကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ မုန့်နှစ်လုံး ဖြစ်သော ယုဒနှင့် တပါးအမျိုးသားများအားဖြင့် အသင်းတော် စတင်ခြင်းကို ပုံဆောင်သည်။ ဘောဇဉ် ပူဇော်သက္ကာပူဇော်တိုင်း ဘုရားသခင်က တဆေးမပါဘို့ မှာထားတတ်သော်လည်း၊ ဤပူဇော်ခြင်း၌ တဆေးပါစေခြင်းသည် ထူးဆန်းသည်။ အသင်းတော်သည် ခရစ်တော် ရရှိသောသူများအားဖြင့် ဖွဲ့စည်းသော်လည်း ယုံကြည်သူများသည် ကျင့်ကြံ ပြုမူခြင်း၌ အပြစ် တည်းဟူသော တဆေးပါသေးကြောင်းကို ဆိုလိုသည်။ ဤပွဲသည်လည်း ကျင်းပစရာ မလိုတော့ချေ။ သန့်ရှင်းသောဝိညာဉ်တော် ကြွဆင်းလာပြီး အသင်းတော် တည်ထောင်ခြင်းဖြင့် ပြည့်စုံပြီး ဖြစ်သည်။ အထက် ဖေါ်ပြပါပွဲ ၄ မျိုးသည် ပြည့်စုံခဲ့ပြီး ပြီ။ အောက်တွင် ဖေါ်ပြမည့်ပွဲ ၃ မျိုးသည် မကြာမှီအနာဂတ်တွင် ပြည့် စုံမည့် ပွဲများ ဖြစ်သည်။ 

၅။ တံပိုးမှုတ်ပွဲ 

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သတ္တမလ၊ ပဌမ နေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်၊ ဟုမိန့်တော်မူ၏။” (ဝတ်ပြုရာ ၂၃း၂၃-၂၅)

တံပိုးမှုတ်ပွဲကို သတင်းကျွတ် ( Tishri) လပဌမရက်တွင် ကျင်းပရသည်။ မြန်မာပြည်တောရွာများ၌ သံချောင်းခေါက်ခြင်းအားဖြင့် အချက်ပြတတ်သကဲ့သို့ ဣသရေလူများလည်း တံပိုးမှုတ်ခြင်းဖြင့် အချက်ပြတတ်ကြသည်။ ဘုရားသခင်ထံစုရုံးဘို့၊ စစ်တိုက်ဘို့ရန် ဆင့်ခေါ်ခြင်းများတွင် တံပိုးမှုတ်ခြင်းဖြင့် ခေါ်တတ်ကြသည်။ ရှင်ပေါလုက၊ “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ် ချိန်ရောက်သောအခါ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ ကော ၁၅ ; ၅၂) “သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည် မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှါ၊ ထို သူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ ၁၈သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်းတယောက်ကို တယောက် သက်သာစေ ကြလော့။” (၁ သက် ၄:၁၅-၁၈) ဟုဆိုခဲ့သည်။ သခင်ယေရှုသည် စစ်မှန်သော အသင်းတော် တည်းဟူသော ဝိညာဉ်အားဖြင့် ဒုတိယမွေးသော သူတို့ကို ကောင်းကင်သို့ ခေါ်ဆောင်သွားဘို့ရန် ကြွလာလိမ့်မည်။ ထိုအရာကို သန့်ရှင်းသူများ ချီဆောင်ခြင်း (Rapture)ဟုခေါ်သည်။ ချီဆောင်ခြင်း၌ ပါဝင်ဘို့သည် အလွန် အရေးကြီးသည်။ အကြောင်းမှာ ချီဆောင်ခြင်းပြီး နောက် ကမ္ဘာမှာ အလွန် ခက်ခဲသော ဘေးဒဏ်ကြီးကာလ ရောက်လိမ့်မည်။ ယခုနှစ်တံပိုးမှုတ်ပွဲသည် ယခုလ ၂၁-၂၂ ရက်နေ့များတွင် ကျရောက်သည်။ သင်သည် ဤစာစောင်ကို ဖတ်ချိန်ရသေးလျှင် ချီဆောင်ခြင်း မဖြစ်သေးကြောင်း သိရသည်။ 

ချီဆောင်ခြင်းသည် ယုံကြည်သူ ( သန့်ရှင်းသူ) များအတွက် မင်္ဂလာရှိသော မြော်လင့်ရာဖြစ်သည်။ အကြောင်းမှာ ဤလောက ဒုက္ခ ဆင်းရဲ ထဲ၊ ရန်သူနယ်မြေ ထဲမှ အဘ၏ အိမ်တော်သို့ ဝင်ရမည် ဖြစ်သည်။ ​ကျွန်ပ်တို့ကို ကယ်တင်သော သခင်ယေရှုနှင့် တွေ့ဆုံရမည့်အချိန် ဖြစ်သည်။ သို့သော် ယနေ့ များစွာသော လူများ ကချီ ဆောင်ခြင်း အကြောင်း ပြောလျှင် ခြိမ်း​ခြောက်သည်ဟု ယူဆကြသည်။ အကြောင်းမှာ ပေတရုက ဤသို့ ရေးသား ခဲ့ပြီ၊ “နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့ တပ်မက်ခြင်း အတိုိင်းကျင့်နေ၍၊ သခင်ဘုရားကြွလာ မည်ဟူသော ဂတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည် နောက်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲ ဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေ ၃:၃-၄)။ အဘယ်ကြောင့် ခရစ်တော် ကြွလာမည့် အရာကို ပြက်ယယ်ပြုကြသနည်း။ မိမိတိုိ့တပ်မက်ခြင်း အတိုင်း ကျင့်နေ၍ ဖြစ်သည်။ ဤလောက ရှိငွေ၊ အိမ်၊ ကား၊ အသုံးအဆောင်များ၊ အပျော်အပါးများကို တပ်မက်သောကြောင့် ခရစ်တော် ကြွလာမှာကို မလိုလားကြခြင်း ဖြစ်သည်။ များစွာသောသူများသည် နှုတ်အားဖြင့်သာ ခရစ်တော်ကို လက်ခံ၍ စိတ်နှလုံးနှင့် မချစ်သောကြောင့် သူ့အကြောင်း မှစ၍ သူကြွလာမည့် အရာကို စိတ် မဝင်စားကြခြင်း ဖြစ်သည်။ သင်သည် ခရစ်တော် ကြွလာမည့် အရာကို မြော်လင့်သောသူလော၊ မကြိုက်နှစ်သက်မကြားချင် သူလော။ သင်ကြိုက်သည် ဖြစ်စေမ ကြိုက်သည် ဖြစ်စေသူသည် သူ့အချိန်၌ ကြွလာမည် ဖြစ်သည်။ ထို့ကြောင့် သူ့ကို လက် ခံယုံကြည် စေချင်သည်။ သို့မဟုတ်ပါက ချီဆောင်ခြင်း ထဲ၌ မပါဝင်သောကြောင့် ဘေးဒဏ်ကြီး ကာလ၌ ရောက်သွားမည် ဖြစ်သည်။ 

၆။ အပြစ်ဖြေရာနေ့ 

တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊  သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်​ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ် ​ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။ ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူ မည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။ ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူမည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။  အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။  ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာ ကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။”(ဝတ်ပြုရာ ၂၃း၂၆-၃၂) 

ဤပွဲကို သတ္တမလ တည်းဟူသော သတင်း ​ကျွတ် (ထီးစရီး) လ ၁၀ ရက် နေ့တွင် ကျင်းပရသည်။ ထိုအချိန်၌ သာယဇ်ပုရောဟိတ်မင်းသည် တဲတော် အတွင်း ခန်းအ သန့်ရှင်းဆုံးဌါနသို့ အပြစ် ​ဖြေဘို့ရန် ဝင်ရသည်။ ထိုအရာကို ဝတ်ပြုရာ ၁၆တွင် အကျယ်တဝင့်ရေးသွားသည်။ အပြစ်ကို သယ်သွားသော ဆိတ်ထိီးကိုလည်း တော၌ စေလွှတ်ရသည် (ဝတ် ၁၆:၂၀-၂၁)။ ဤပွဲသည် ဘေးဒဏ်ကြီးကာလ အပြီး သခင်ယေရှု ရှင်ဘုရင်အဖြစ် ကြွ လာသောအခါ ပြည့်စုံမည် ဖြစ်သည်။ ထိုသို့ ကြွ လာသောအခါ ကျန်ကြွင်းသော ဣသရေလ လူများက သခင်ယေရှုကို လက်ခံယုံကြည်၍ ကြိုဆိုကြမည် ဖြစ်သည်။ ထိုအချိန် မှသာ ပဋ္ဋိညာဉ်တရားသစ်ကို ပြု၍ သူတို့၏ အပြစ်ရှိသမျှကို လွှတ်ခြင်းဖြင့် အပြစ် ​ဖြေရာနေ့ပွဲ ပြည့်စုံလိမ့်မည်။ 

၇။ သကေနေပွဲ (တဲပွဲ) 

 “တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ။  သင်တို့သည် သတ္တမလဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားဘို့ သကေနေပွဲကို ခံရကြမည်။  ပဌမ နေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အÏမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာကို ဆက် ကပ်ရမည်။ ထူးဆန်းသော စည်းဝေးခြင်း ဖြစ်၍ လောကီအလုပ်ကို မလုပ်ရ ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာ ဂတိနှင့် ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ မှတပါး၊ နေ့ရက်အသီးသီးတို့၌ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော် သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ ပွဲတော်များဖြစ်သတည်း။  ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသော နောက်၊ သတ္တမလဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား ပွဲခံရကြမည်။ ပဌမ နေ့နှင့် အÏမနေ့၌ ဥပုသ်စောင့်ရကြမည်။  ပထမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင်အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကို ယူ၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ခုနစ် ရက်ပတ်လုံးရွှင်လန်းခြင်းကို ပြုရကြမည်။ ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ် ရက်ပတ်လုံးထာဝရဘုရား အဘို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ်အဆက်စောင့် ရသော ပညတ်တော် ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။  ဣသ ရေလအမျိုးသားတို့ကို အဲဂုတ္တု ပြည် မှနှုတ်ဆောင်သောအခါ၊ သစ်ခက်တဲ၌ နေစေ ကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသ ရေလအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ ခုနစ်ရက်ပတ်လုံးနေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ မော ရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလ အမျိုးသားတို့အား ပြန်ကြားလေ၏။” (ဝတ်ပြုရာ ၂၃း၃၃-၄၄)

သကေနေ (တဲ) ပွဲကို သတ္တမလ သတင်း ​ကျွတ် (ထီးစရီး) လ ၁၅မှ ၂၁ ရက်နေ့ထိ တပတ် ကျင်းပရသည်။ ထိုပွဲသည် အတိတ်၌ ဘုရားသခင်က ဣသရေ လများကို တော၌ အနှစ်လေးဆယ်ပို့ဆောင်​ကျွေးမွေးခြင်းကို သတိရအောက်မေ့ ဘို့ရန် ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို ​ကျွေးမွေး နိုင်ကြောင်းကို သိဘို့ရန် ဖြစ်သည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာ၍ ရှင်ဘုရင်အဖြစ် အနှစ် ၁၀၀၀ အုပ် စိုးသောအခါ၌လည်း ယခုကဲ့သို့ လူမှု ဆင်းရဲ ဒုက္ခများမရှိတော့ဘဲ အစာရေစာပေါများကာလူတိုင်း မိမိအိမ်၌ နေ၍ မိမိစပျစ်ပင်နှင့် သင်္ဘောသဖန်းပင်အောက်တွင် ကြောက်စိတ်မရှိဘဲ ထိုင်ကြလိမ့်မည် (မိက္ခာ ၄:၁-၄၊ ဟေရှာယ ၆၅:၁ရ- ၂၅)။ ထိုအချိန် တွင်၊ “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံ သကဲ့သို့ မြေကြီး ပေါ်တွင် ပြည့်စုံပါစေသော်၊ ” ဟု ဆုတောင်း ပြည့်ချိန် ဖြစ်မည်။ 

 

ကိုးကွယ်ခြင်း 


 လူသည် ထာဝရဘုရားသခင်က သူ့ကိုကိုးကွယ်ဘို့ရန် ဖန်ဆင်းထားသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူအများစုသည် ထာဝရဘုရားကို မကိုးကွယ်ကြချေ။ အခြားသော ဘရားများကို ကိုးကွယ် ကြသည်။ ခရစ်ယာန်များနှင့် ဂျူးများ ကသာလျှင် ထာဝရဘုရားကို ကိုးကွယ် ကြသည်။ အခြားဘုရားကိုးကွယ် သူများသည် ကောင်းကင်ပိုင်ရှင်ထာဝရဘုရားကို မကိုးကွယ်ကြသောကြောင့် ကောင်းကင် ဝင်ခွင့်ကို ဘုရားသခင်က ပေးမည် မဟုတ်။ သူ့တို့ အထဲ၌ အကျင့်ကောင်းသောသူများရှိမည် ဖြစ်သော်လည်း ကောင်းကင် ပိုင်ရှင်ကို မကိုးကွယ်သောကြောင့် ဝင်ခွင့်ရမည်မဟုတ်ချေ။ သူတို့ အဘို့သည် ထာဝရ မီးအိုင် ဖြစ်ကြောင်း ဝမ်းနည်းစွာ ဖေါ်ပြလိုပါသည်။ ခရစ်ယာန်များနှင့် ဂျူးများလည်း ထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း ထာဝရဘုရား အလိုတော်အတိုင်း မကိုးကွယ်ကြဘဲ မိမိတို့ အလိုအတိုင်းကိုးကွယ် ကြသည်။ ထို့ကြောင့် ထာဝရဘုရားကအားလုံး ကို ကောင်းကင်နိင်ငံဝင်ခွင့်ပေးမည် မဟုတ်ချေ။ ဘုရား အလိုတော် အတိုင်းကိုးကွယ်သောသူများသာလျှင် ဝင်ခွင့် ပေးမည် ဖြစ်သည်။ ခရစ်တော်က၊ “ကျဉ်းသော တံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သော သူတို့သည် များကြ၏။ ၁၄ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန် ကျဉ်း မြောင်းသည် ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။” (မ ရး၁၃-၁၄) ဟုဆို ထားသည်။ ထိုကျဉ်းသောလမ်းနှင့် တံခါးသည် အဘယ်အရာနည်း။ “ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆) ဟုဆိုခဲ့သည်။ ထို့ကြောင့် ယေရှုခရစ်အားဖြင့်သာလျှင် ကောင်းကင် ဝင်နိုင်သည်။ 

နှုတ်ခမ်းနှင့်သာ

ဂျူး ဘာသာဝင်များနှင့် ခရစ်ယာန် များသည် ထာဝရဘုရားကို ကိုးကွယ် ကြသော်လည်း အများစုသည် ပါးစပ်နှင့် သာကိုးကွယ်ကြောင်း ဘုရားသခင်က ဤသို့ ဆိုထားသည်၊ “ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်း ကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီ ရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃)။ ထိုအ ရာကို သခင်ယေရှုကလည်း ဤသို့ ပြန်ပြောသည်၊ “လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ ၈၊ ၉ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။” (မ ၁၅:ရ- ၉)။ ယနေ့ သင်သည် ဘုရားကို နှုတ်နှင့် သာကိုးကွယ်ပါသလော။ သခင်ဘုရားက၊ “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” (ယော ၄:၂၄)။ 

ရောင့်ရဲသော စိတ်

Saya Lal Tan Pui


 ဘုရားသခင်၏ အလိုတော်ကို သိချင် ကြသည်။ အလိုတော်ကို ဆောင်ချင် သောကြောင့် ဖြစ်ကောင်း ဖြစ်မည်၊ ဟုတ်ချင် မှလည်းဟုတ်မည်။ အလိုတော်သည် မိမိဆန္ဒအတိုင်း မဖြစ်သည့်အခါ မိမိဆန္ဒအတွက် အခွင့်တော်ကို မရမက တောင်းမည် ဖြစ်သည်။ အလိုတော်ကို ကိုယ်လိုရာဆွဲပြီး ကိုယ်ကျိုးအတွက် အသုံးချတတ်ကြသည်။ ဘုရားသခင်သည် ​ကျွန်ုပ်တို့ စွဲလမ်းသောလောကအရာတို့ကို စိတ်မ ဝင်စားပေ။ ထိုအရာတို့ထက် ​ကျွန်ုပ်တို့၏ အတွင်း လူရှင်သန်ခြင်း ဘဝ၊ ဝိညာဉ်လူ၏ ခရစ်တော်၌ ရှိသောစိတ်သဘော ထား၊ လောက အတွက် မြင်နိုင်သည့် ​ကျွန်ုပ်တို့၏ အလင်း၊ ။ ဘုရား၏ ကောင်းမြတ်ခြင်းအား သက်သေပြနိုင်ဘို့ အတွက် အရသာကို ပေးစွမ်းသောလောက၏ ဆား ဖြစ်ခြင်းတို့ကို ပို၍ စိတ်ဝင်စားသည်။ “ရောင့်ရဲသော စိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤလောက ထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင် လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှား လျှက်ရှိ၏။” (၁ တိ၊ ၆:၆-၇) အထက်ပါ ကျမ်းချက်အရ စိတ်တော်နှင့် ထိတွေ့သောအရာ ကား ​ကျွန်ုပ်တို့၏ ရောင့်ရဲသော စိတ် ဖြစ်ကြောင်း ကို။ တွေ့ရသည်။ ထိုရောင့် ရဲသော စိတ်နှင့် အကျိုးစီးပွားသည် တိုက်ရိုက်ဆက်စပ်နေသည်။ ရောင့်ရဲသော စိတ်ရှိမှသာလျှင်ဘုရားသခင်၏ စိတ်တော် တွေ့မည် ဖြစ်ပြီး၊ ဘုရားသခင် စိတ်တော် တွေ့ထိမှသာလျှင်ဘုရားဝတ်၌ မှန်ကန်စွာ မွေ့လျော်တတ်လာမည် ဖြစ်သည်။ ရောင့် ရဲခြင်းသည် လောဘစိတ်၊ လိုချင် တပ်မက်စိတ်၏ ဆန့်ကျင်ဘက် ဖြစ်သည်။ လောက အကျိုးကိုသာ မျှော်ကိုး သောလောဘကြောင့် မဟုတ်ပဲ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးကို ဖြစ်စေတတ်သည်။ ဘုရားသခင်၏ နည်းစနစ်ကို ​ကျွန်ုပ်တို့ မလေ့ကျက်မိပါက ဘုရား ပေးသော ကြီးစွာသော အကျိုး တည်းဟူသော ကောင်းကြီး မင်္လာများကို မိမိဘဝတွင် ရေတွက်ချီးမွမ်းနိုင်ရန် မဖြစ်နိုင်ပေ။

 ရောင့်ရဲခြင်း ဆိုသည်မှာ ရည်မှန်းချက် ပန်းတိုင်မဲ့နေခြင်း မျိုး မဟုတ်ပါ။ ရောင့်ရဲခြင်း ဆိုသည်မှာ မိမိ၏ စိတ်ချမ်းသာ ပျော်ရွှင်မှုအား ဖြစ်ပျက်နေသည့်အ​ခြေ အနေပေါ်တွင် မတည်ဆောက်ထားခြင်း ပင် ဖြစ်သည်။ သို့ဖြစ်လျှင်၊ မရောင့်ရဲသော စိတ်ကို မည်ကဲ့သို့ ရှင်းထုတ်ရမည်နည်း။ ​ကျွန်ုပ်တို့သည် အရာရာ၌ အစဉ်အမြဲနိှုင််း ယှဉ်ချိန်ထိုးတတ်ကြသည်။ ရုပ်ဝတ္ထ္ဂု ဖြစ်သည့်တိုက်၊ အိမ်၊ ကား ယပိုင်ဆိုင်မှုတို့ကို ပြိုင် ဆိုင်နှိုင်းယှဉ်တတ် သကဲ့သို့၊ စိတ်ဝတ္ထ္ဂု ဖြစ်သည့် ပညာ၊ ဘွဲ့၊ ရာထူး၊ အာဏာ၊ ဆွေ ဂုဏ်မျိုးဂုဏ်၊ ထင်ပေါ်ကျော်ကြားခြင်းတို့ ကိုလည်း မာနဂုဏ်ပြိုင်နှိုင်းယှဉ်လျှက် မိမိတို့ယောက်ျား၊ မိန်းမ၊ သားသမီး ချင်းများကိုပင် မိမိအတ္တဆန္ဒပြည့်ဝရေးအတွက် သူတပါးနှင့် နှိုင်းယှဉ်တတ်ကြသည်။ အထက်ပါကဲ့သို့ လောဘစိတ်နှင့် ယှဉ် ပြိုင်ခြင်း၊ မနာလိုစိတ်ဖြင့် ကျင့်ကြံခြင်း၊ အတ္တစိတ်ဖြင့် ဝါကြွားခြင်း အစရှိသော အရာများဖြင့် တဖက်သားကို နိှမ်ချဆက်ဆံရင်း၊ မိမိဘဝမိမိ အိမ်ထောင်ဘက်နှင့် မိသားစုအ​ခြေအနေမဟန်သောအခါ စိတ်အလိုမကျခြင်း၊ မိမိအဖြစ်ကို မနှစ်မျို့ခြင်း မကျေနပ်ခြင်းများအမြဲခံစား နေရမည် ဖြစ်သည်။ ထို့ကြောင့် မရောင့်ရဲနိုင်ခြင်း၏ အကြောင်းရင်း ဖြစ်သည့် ‘နိှုင်းယှဉ်ချိန်ထိုးတတ်သည့်အကျင့်ဆိုး’ကို ဖေျာက်ပစ်ရမည်။ မိမိကို မိမိ အခြားသူများနှင့် နှိုင်းယှဉ်တုပြိုင်တတ်ခြင်းမှ လွတ်မြောက်နိုင်ရန် အတွက် အလိုတော်ကို နားလည်ခံယူတတ်ဘို့ လိုသည်။

 ရှင်ပေါလုကဖိလိပ္ပု အသင်းတော် ရှိ ယုံကြည်သူများကို ဤသို့ တိုက်တွန်း ထားသည်၊ “ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်းခံတတ်၏။ ဝစွာ စားခြင်း၊ မွတ် သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာ
ရာ၌ သင်မိပြီ” (ဖိ၊ ၄:၁၂)။ ရောင့်ရဲခြင်းသည် အလိုအလျောက် ဖြစ်လာခြင်း မျိုးမဟုတ်ပေ။ သင်ယူကျင့်ဆောင်ဘို့ လိုသည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် မိမိဆန္ဒအတိုင်း မဟုတ်၊ ဘုရား အလိုတော် ရှိလျှင် ဆင်းရဲခြင်း၊ ရှုတ်ချခြင်း၊ မွတ်သိပ်ခြင်း ဒဏ်များကို ခံနိုင်ရမည် ဖြစ်ပြီး၊ အစားအသောက်၊ စည်းစိမ်ချမ်းသာခြင်း ဒဏ်များကိုလည်း ခံနိုင်ရည်ရှိရမည် ဖြစ်သည်။ ရှင်ပေါလုကအရပ်ရပ်၌ အရာရာကို သင် ယူရင်းဘုရား အလိုတော်ကို ရှာ သကဲ့သို့ ​ကျွန်ုပ်တို့လည်းရောင့်ရဲသော စိတ်ကို ကိုယ်တိုင် သင်ယူ နားလည်မည်ဆိုပါက ဘုရားဝတ်၌ မှန်ကန်စွာ မွေ့လျော်တတ်လာမည် ဖြစ်သည်။ 
 ရောင့်ရဲခြင်းကို သင်ယူရာ၌ အဓိကအချက်သည် ‘လောက၌ ​ကျွန်ုပ်တို့ ဘာ တခုမျှမပိုင်’ ဆိုသည့်အချက် ဖြစ်သည်။ လောကတွင် အသက်ရှင်စဉ် အနှစ် (၇၀) အနှစ် (၈၀) အတွင်း၊ ဥစ္စာပစ္စည်းအားလုံး တို့သည် မသေမီသုံးဘို့ ခဏငှါး ထားသော အရာများသာ ဖြစ်သည်။ အမိဝမ်းမှမွေးဖွါးစဉ်က လက်ချည်းဗလာ မွေးလာခဲ့သည့်အတိုင်း၊ သေသည့်အခါ၌လည်း လက်ချည်းဗလာ ပြန်ထွက်သွားရမည် ဖြစ်သည်။။ မိ်မိတို့ မွေးဖွါးသည့်အခါ ယူဆောင်လာသောအရာ ဘာ တခုမျှမရှိသောကြောင့်၊ ယခု​ကျွန်ုပ်တို့ စွဲလမ်းနေသောလောကအရာအားလုံး သည်လော ကတွင် နေစဉ် ခဏအငှါး သုံးသော ပစ္စည်းများသာ ဖြစ်သည်။သို့ ဆိုလျှင်၊ မရှိမဲ့ရှိမဲ့ ပစ္စည်းများ ဆုံးရှုံးသွားပါက ဘယ်လိုလုပ်မည်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်သော ဘုရား ဖြစ်သည်ကို ယုံကြည် ရမည်။ ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ဟု ဟေဗြဲဩဝါဒက ထောက်ပြထားသည်။ ဆာလံဆရာကလည်း ‘ထာဝရဘုရားသခင် သခင်သည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲ မခံရ’ ဟုဆိုပြန်သည်။ ရောင့်ရဲတတ်သော စိတ်ကို သင်ယူဘို့ လိုသည်၊ အကြောင်းမှာ လောက ဥစ္စာတို့သည် အမြဲမတည်။ ထို့ကြောင့် အမြဲတည်သော နှုတ်ကပတ်တော်နှင့် ဘုရားဝတ်၌ မွေ့လျော်လျက် ဘုရား၏ ကောင်းကြီး မင်္လာ အပေါင်းကို ရေတွက်ချီးမွမ်းနိုင်သောသူ၊ ကြီးစွာသော အကျိုးတို့ကို အယောက်တိုင်း ခံစားရစေဘို့ အတွက် ခရစ်တော်၌ ရှိသော ထိုစိတ် သဘော၊ ‘ရောင့် ရဲခြင်း စိတ်’ကို လေ့လာသင်ယူရင်း၊ မိမိတို့ ဘဝတွင် လက်တွေ့ကျင့်သုံးကြပါစို့။ 


အလိုတော်၌ ဆုတောင်းခြင်း အသက်တာ (၃) 
သား ထူး 


 ချစ်သော မိတ်ဆွေ ဤသတင်းကောင်း စာစောင်ကို လစဉ်ပုံမှန်ဖတ်ရှုဆင် ခြင်အောက်မေ့ခြင်းအားဖြင့် သင်သည် သခင်ဘုရား၏ အလိုတော်နှင့် အညီဆု တောင်းအားကြီး သောသူ ဖြစ်ဖို့ရန် ဘုရားသခင် အလိုတော် ရှိကြောင်း ဒီလအ တွက်ပထမဦးစွာ တိုက်တွန်း သတိပေးနိုးဆော်ချင် ပါသည်။ ယခုလမှစတင်၍ ကမ္ဘာ ဦးကျမ်းထဲမှ ဆုတောင်းခြင်း အသက်တာများကို သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်ခြင်းအားဖြင့် ဆက်လက်လေ့လာကြည့်ကြပါစို့။

စာရေးသူသည် ဆုတောင်းခြင်းကို နက်နက်နဲနဲ နားမလည်သော ခရစ် ယာန် ယုံကြည်သူ မြောက် များစွာနှင့် ကြုံဆုံဖူးပါသည်။ ထမင်းစားချိန်၊ အိပ်ချိန်၊ စားချိန်လောက်သာ ဆုတောင်း တတ်သောသူများက အများစု ဖြစ်ပါသည်။ ဘုရားသခင်နှင့် သီးသန့်အချိန် ယူ၍ ဆုတောင်း ကြသောသူများ နှင့်လည်း ကြုံဆုံဖူးပါသည်။ သို့သော် အများစုမှာ အရေးပေါ်မှအပြေးအလွှား ဆုတောင်း တတ်ကြသည်။ အချို့ကပြဿနာကြုံသောကြောင့်၊ အချို့မှာဒုက္ခ ကြုံသောကြောင့်၊ စာမေး ပွဲအောင်ချင် သောကြောင့်၊ ကား ဝယ်ချင် သောကြောင့်၊ အိမ်ဝယ်ချင် သောကြောင့်၊ လင်မယား အဆင် မပြေသောကြောင့် စသည် စသည်ဖြင့် ခရစ်ယာန် များ၏ တစ် ပွဲထိုး ဆုတောင်းခြင်းများကို များစွာ ကြုံကြိုက်ဖူးပါသည်။ ထိုအထဲတွင် စာရေးသူ ကိုယ်တိုင် ပင်ပါဝင်ခဲ့ဖူးပါသည်။ သို့သော် သမ္မာတရားကို လေးလေးနက်နက်ဝေ ဖန်ပိုင်းခြားလာနိုင်သည်နှင့် အမျှ ဆုတောင်းခြင်း၏ တန်ခိုး၊ အရသာကို ပို၍ သိမြင် ခံစား လာရသည်။ စာရေးသူသိမြင်လာ သကဲ့သို့ အခြားသော ယုံကြည်သူများကိုလည်း သိစေချင်သည်။ ထိုသို့ ဆိုရသော် ခရစ်တော်၏ ကျေးဇူးတော်၌သာ ဆိုလိုခြင်း ဖြစ်သည်။ 

ယုံကြည်သူ အများစုသည် စိုးရိမ် စိတ်ဖြင့် ဆုတောင်း တတ်ကြသည်။ မနက်ဖြန်အတွက်၊ နောက် တပတ်အတွက်၊ နောက်တလအတွက်၊ မိမိခန္ဓာအဖိုု့ အလို့ငှါ ဘုရားသခင် နားတော် ငြီးအောင် ဆုတောင်း တတ်ကြသည်။ ထိုသို့ဖြစ်ခြင်းမှာ ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် ဖြစ်သည်။ လူတို့သည် မိမိတို့ ပြောချင်သော စကားကို သူတစ်ပါးနားမထောင်ချင်လောက်အောင် ပြောတတ်ကြသော်လည်း၊ သူတစ်ပါးပြန်ပြောသည့်စကားကို နားထောင်ခြင်း အရာ၌ အလွန် အားနည်းတတ်ကြသည်။ ဘုရားသခင်နှင့် ဆက်သွယ် စကားပြော ( ဆုတောင်း) သည့်အခါသာ၍ ဆိုးသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားတို့အတွက် ပြင်ဆင် ပေးထားပြီး ဖြစ်သော အရာများကို မသိမြင်ခြင်းကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော် သမ္မာတရားကို မိမိတို့ နှလုံးသား အတွင်း၌ သိုမှီ၍ မထားလှျင် ထိုအရာများကို မသိနိုင်ပေ။ သမ္မာတရား သိကြားရသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်ခြင်းကို မခံရလှျင်လည်း အချည်းနှီး ဖြစ်၍ အကျိုးကို မရနိုင်ပေ။ ထိုသို့ဖြစ်ခြင်းမှ ာထုုိသူသည် ဘုရားသခင် သနား၍ ပေးတော်မူသော ကယ်တင်ခြင်း ကျေးဇူးကို အမှန်တကယ် မရရှိ သေးသောကြောင့် ဖြစ်သည်။ ကယ်တင်ခြင်း စိတ်မချ သေးသောသူ၏ ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့တော်၌ ညစ်ညူးသောအရာ ဖြစ်သည်။ သန့်ရှင်းသော သူတို့၏ ဆုတောင်းခြင်းကို ဘုရားသခင်သည် မွေးကြိုင်သော ယဇ်အဖြစ် ပဌနာ ပြုသော်လည်း၊ ညစ်ညူး သောသူ တနည်းအာဖြင့် ကယ်တင်ခြင်း စိတ်မချ သေးသောသူများ၏ ဆုတောင်းခြင်းကို ကား အလွန် ရွံရှာစက်ဆုပ်တော်မူကြောင်း၊ သမ္မာတရားအားဖြင့် သက် သေရှိပေသည်။ ချစ်သော မိတ်ဆွေ သင်၏ ဆုတောင်းခြင်းကို သင်စိတ်ချပါသလား။ အလွန် အရေးကြီးသောအရာ ဖြစ်သောကြောင့် မပေါ့ပျက်ဖို့ရန်တိုက်တွန်းနိှုးဆော် လိုပါသည်။ 
 
ကမ္ဘာဦးသက်သေတော် 

ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရားသခင်သည် လူကို မဖန်ဆင်း ခင်ကပင် လူသားတို့၏ လိုအပ်ချက်ကို သိမြင်တော်မူကြောင်း ကမ္ဘာဦးကျမ်း၁ ; ၁-၂၅အားဖြင့် သက်သေခံတော်မူသည်။ ကောင်းကင်၊ မြေကြီး၊ ရေ၊ လေ၊ တော တောင်၊ မြစ်၊ ချောင်း၊ အင်းအိုုင်၊ သစ်ပင်၊ တိရိစ္ဆာန်နှင့် စားဖွယ်သောက်ဖွယ် အသွယ်သွယ်ကို အဦးဆုံးဖန်ဆင်းပြီးမှ လူကို ဖန်ဆင်း၍ ထိုအရပ်၏ အလယ်၌ အုပ် စိုးစေဖို့ရန်အလိုငှါ လည်ကောင်း၊ တိုးပွားဖို့ရန်အတွက်သော်လည်း ကောင်း ပြင်ဆင် ပေးတော်မူ၏။ လူတို့ လိုအပ်သော အရာများ အပေါ်၌လည်း ဦးစွာ ကောင်း ချီး ပေးတော်မူကြောင်း ကမ္ဘာဦးကျမ်း၁:၂၂၌ သက်သေတည်ထားတော်မူသည်။ ထိုနောက်မှ မိမိပုံသဏ္ဍာန်နှင့် အညီ လူယောကျ်ား၊ လူမိန်းမကို ဖန်းဆင်းတော်မူပြီးမှ “အချင်းတို့များပြားစွာ မွေးဘွားကြလေ့ာ။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းချီး ပေးတော်မူ၏” (က ၁:၂၈)။ လူသားတို့ အပေါ်၌ ထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန် ကြီးမား ကြောင်းကို ုမြင် တွေ့နိုင်သည်။ လူက ဘုရားသခင်ကို မိဿဟာရဖွဲ့၊ စတင် စကား ပြော ( ဆုတောင်း)ခြင်း မဟုတ်ပဲ၊ ဘုရားသခင်က အရင်အဦးဂရုဏာပြတော်မူသည်။ ထိုကြောင့် ဆု တောင်းခြင်း ဟုဆိုလှျင် ဘုရားသခင် ထံတော် မှလာသော မိဿဟာရဖွဲ့ခြင်း၊ ကိုယ်တော်တိုင်က အဦးဆုံးနှုတ်တော် မိန့်မြွတ်ခြင်းကို သတိရအောက်မေ့ဖို့ရန်လိုအပ်သည်။ ထိုကြောင့် ဘုရားသခင် နှစ်သက်တော်မူသော၊ ကိုယ်တော်နှင့်အတူ စကားပြောခြင်း (ဝါ) ဆုတောင်းခြင်းသည် ကောင်းချီပေးသော စကားများဖြင့်သာ ပြည့် လှျံလျက် ရှိသည်။ လူတို့ ဆုမတောင်းခင်ကပင် လူတို့၏ လိုအပ်ချက်ကို သိမြင်တော်မူ၍ ထိုအရာများကိုများပြားဖို့ရန် ကောင်းချီး ပေးတော်မူ ခဲ့သည်။ လူသား အာဒံနှင့် ဧဝသည် မိမိတို့ အဘယ်အရာကို လိုအပ်သည်၊ အဘယ်သို့ စားရမည်ကို မသိ မှီကပင် ထို သူတို့ အဖို့အလို့ငှါ ဘုရားသခင်သည် အလွန် ကြီးမားသော ဂရုဏာတော်အားဖြင့် လူသားတို့ အဖို့အရာရာ၌ ပြင်ဆင် ပေးတော်မူ ခဲ့ပြီး ဖြစ်သည်။ ချစ်သော မိတ်ဆွေ သင်ရောဘာအတွက် စိုးရိမ် နေဦးမည်နည်း။ သင်အဖို့အလိုငှါ သခင်ဘုရားသည် တုနှိုင်းမမှီသော ချစ်ခြင်းမေတ္တာအားဖြင့် အကုန်အစင် ပြင်ဆင် ပေးထားပြီး ဖြစ်သည်။ ​ကျွန်ုပ်တိုု့ကသာ ဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ယုံကြည်၍ ဆုတောင်း လှေျာက်လှမ်းရန်သာလိုအပ်သည်။ ထိုသို့ ဆိုခြင်း အရာ၌ ကျေးဇူးတော်ကိုသာ၍ ကိုးစားတတ်ဖို့ရန်ဆိုလိုခြင်း ဖြစ်သည်။ 
 
ဆုမတောင်းမမှီဦးစွာ ရှာအပ်သောအရာ 

ဘုရားသခင်၏ တရားတော်၌ နေ့၊ ညမပြတ် မွေ့လျော်သောသူသည် မင်္လာရှိ၏။ ထိုသူသည် အဘယ်သို့ ဆုတောင်းရမည်ကို ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သွန်သင်တော်မူကြောင်း စာရေးသူ၏ အသက်တာ၌ သက်သေရခဲ့ပြီး ဖြစ်သည်။ ထိုသက်သေအတိုင်း ယခုမှာမိမိ အသက်တာ ထဲ၌ လိုက်လှေျာက်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို နေ့ရက်စဉ်တိုင်း သာ၍ တိုး၍ ခံစားရသည်။ ထိုကြောင့် ဆုမတောင်းမှီ အလိုတော်ကို ဦးစွာ ရှာဖို့ရန် မိတ်ဆွေကို ခွန် အားပေးတိုက်တွန်းလိုပါသည်။ 
 ရှင်မဿဲ ခရစ်ဝင်ကျမ်း၆:၃၁-၃၃၌ “ထိုကြောင့် အဘယ်သို့ စားသောက် ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာများကိုသာ သနာပလူတို့သည် ရှာဖွေ တတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလို ကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့” ဟု သခင် ခရစ်တော်သည် နုတ်ကပတ်ကို သက်သေခံရာ၌ မိမိတို့၏ နေ့စဉ် ကိုယ်ခန္ဓာအသက်ရှင်ခြင်းကို မစိုးရိမ် ကြဖို့ရန်၊ သာသနာ ပမ ယုံကြည်သူများကဲ့သို့ လောကကို မတက်မက် ကြဖို့ရန်၊ လောကသား များသည် မိမိတို့ နေ့စဉ် စားဝတ်နေရေးအတွက် အခြားသော ဘုရားများထံ၌ ဆုတောင်း ကြ သကဲ့သို့ ယုံကြည်သူများကို မလုပ်ကြဖို့ရန်နှင့် ဘုရားသခင်သည် သူ့သားသမီး များ၏ လိုအပ်ချက်ကို ဆုမတောင်းခင်ကတည်း ကသိ၍ သူ၏ နိုင်ငံတော်နှင့် ​ဖြောင်မတ်ခြင်း တရားကို ဦးစွာ ရှာဖွေသောသူအားလိုသော အရာများကို ထပ်၍ ပေးတော်မူ မည့် ဘုရား၊ ပေးနိုင်တော်မူသော ဘုုရား ဖြစ်ကြောင်း ကိုယ်တော်တိုင် နုတ်တော် မြွတ်၍ သွန်သင်တော်မူ၏။ သို့သော် ​ကျွန်ုပ်တို့သည် အပြစ် တရား၏ ​ကျွန် ဖြစ်သောကြောင့် မကြားနိုင်ကြ။ မြေကြီးသား ဖြစ်သောကြောင့် မြေကြီး အရာကိုသာ တောင်းခံကြ၏။ လောကကို တက်မက်စွဲလမ်းသော စိတ်ဝိညာဉ်သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ပေ။ ထိုကြောင့် သ ခင် ခရစ်တော်က ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေဟု မိန့်မြွတ်တော်မူ၏။ မိတ်ဆွေ သင်၏ စိတ်ဝိညာဉ်သည် ဘုရားသခင် သွန်သင်နေသောအရာကို ကြားရပါသလား။ ထိုအရာသည် အလွန် သိမ်မွေ့နက်နဲသောအရာ ဖြစ်၏။ ထိုအရာကို မြင်တွေ့ကြားသိဖို့ရန် အဘယ်အရာကမှမတတ်စွမ်းနိုင်ပါ။ ကိုယ်တော် တစ်ပါးတည်းသာ တတ်နိုင်တော်မူသောကြောင့် ထိုအရာအတွက် ဆုတောင်းပါ။ မမြင်နိုင်သော ဝိညာဉ် ကောင်းချီးများ သင့်အပေါ်သို့ ဘုရားသခင် သွန်းလောင်းတော်မူ လိမ့်မည်။ 
 
လူသားတို့အား ဘုရားသခင် ပေးချင်သောအရာ 

ယုံုကြည်သူ အများစုသည် ဘုရားသခင် ထံ၌ ဆုတောင်း ( စကား ပြော) ကြသည့်အခါလောကအရာများကိုသာ တောင်းခံတတ်ကြသည်။ အဘယ်ကဲ့သို့ ဝတ်ရမည်၊ စားရမည်ကို ပူပန်ခြင်းအားဖြင့် အထံတော်သို့ အချည်းနှီးတိုုးဝင်သည့်အခါ ဘုရားသခင်သည် မျက်နှာလွှဲတော်မူကြောင်း နှုတ်ကပတ်တော်က အတိအလင်း သက်သေခံ၏။ လူတို့၏ လိုချင် တတ်သောအရာနှင့် ဘုရားသခင် ပေးလိုသောအရာသည် ဆန့်ကျင့်ဘက် ဖြစ်နေတတ်သည်။ သာဓကအားဖြင့် ​ကျွန်ုပ်တို့ ကလောကအရာကို ဦးစွာ ရှာလိုသည်။ သို့သော် သခင် ခရစ်တော် ကနိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားကို ဦးစွာ ရှာခိုင်းသည်။ လူတို့ ကစည်းစိမ်၊ ဥစ္စာကိုသာ တောင့်တ ကြသည်။ ဘုရားသခင်က ဝိညာဉ် အသက်ကို ပို၍ တန်ဖိုးထားသည်။ ထာဝရ ကာလနှင့် ဆိုင်သော ကောင်းချီးကို ပေးလိုသည်။ ဘုရား မှန်သလား၊ ကိုယ်မှန်သလား၊ မိမိအသက်တာကို မိမိကိုယ်တိုင် စစ်ကြောဖို့ရန် ဖြစ်သည်။ ထိုသို့ စစ် ကြောလှျင် တရားစီရင်ခြင်းနှင့် အမှန်ကင်းလွတ် လိမ့်မည်ဟု နှုတ်ကပတ်တော်အားဖြင့် သက်သေ ပေးတော်မူပြီး ဖြစ်သည်။ သေချာသည်မှာ ဘုရားသခင်သာ လှျင်အကြီး မြတ်ဆုံး ဖြစ်သည်။ 
 သခင် ခရစ်တော်သည် ​ကျွန်ုပ်တို့အား ဘာကြောင့် “နိုင်ငံတော်နှင့် ​ဖြောင့် မတ်ခြင်း တရားကို” ရှေ့ဦးစွာ ရှာဖွေ ခိုင်းခြင်းကို နားလည်ဖို့ရန် အလွန် အရေးကြီး ပေသည်။ ထိုအရာကို ဝိညာဉ် အသက်ရှင်သောသူများသာ နားလည်နိုင်သည်။ အကယ်၍ သင်သည် ထိုအရာကို သေချာစွာ နားမလည် သေးလှျင် သင်၏ ကယ် တင်ခြင်း စိတ်ချရမှုကို သင်ကိုယ်တိုင် ပြန်လည်စမ်းစစ်ရန်လိုအပ်သည်။ ထိုကဲ့သို့ စာရေးသူဆိုခြင်းမှာ မိတ်ဆွေ အတွက် တမလွန်နောင်ရေးစိတ်အေးချမ်းဖို့ရန် ဆိုလိုခြင်း ဖြစ်သည်။ ရှင်မဿဲ ခရစ်ဝင် ၁၆:၂၆၌၊ “လူသည် ဤစကြဝဠာကို အကြွင်း မဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလှျင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိ ညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” ဟု ခရစ်တော် ကိုယ်တိုင် မေးခွန်းထုတ် ဆုံးမတော်မူ၏။ ​ကျွန်ုပ်တို့၏ အသက်တာ၌ ငွေ​ကြေး၊ စည်းစိမ်ဥစ္စာ များစွာ ကြွယ် ဝသော်လည်း ဘုရားသခင်၏ သနားခြင်း ဂရုဏာတော်အားဖြင့် လုပ်ဆောင်ပေး ခဲ့ပြီး ဖြစ်သော ကျေးဇူးတော်ကို မယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း မရောက်သောသူများသည် သေလွန်သောအခါ ထာဝရ ငရဲမီးအိုင် ထဲသို့ ချပစ်ခြင်းကို ခံရ ကြပေမည်။ ထိုသို့ဖြစ်လှျင် သင် ယပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများအားဖြင့် ထာဝရ အသက် ရဖို့ရန်၊ ကောင်းကင် ရွှေပြည်တော်သို့ ဝင်စားဖို့ရန်၊ မည်သို့ မျှရွေးဝယ်၍ မရနိုင်ပါ။ ထိုနေ့ရက်ကို ကျော်ဖြတ်ဖို့ သင်အဆင်သင့် ဖြစ်ပြီလား။ 

အထက် ဖော်ပြပါနှုတ်ကပတ်တော် အတိုင်း ​ကျွန်ုပ်တို့သည် ကိုယ်တော် ရှာစေလိုသောအရာကို ဦးစွာ ရှာတတ်ကြဖို့ရန်၊ ကိုယ်တိုင် မတတ်နိုင် ကြသောကြောင့် အထံတော်၌ တိုးဝင်ချဉ်းကပ် ဆုတောင်း ဖို့ရန်လိုအပ်သည်။ ထိုသို့သော ဆုတောင်းခြင်း မျိုးကိုလည်း ဘုရားသခင်သည် အားရနှစ်သက်တော်မူကြောင်း၊ သမ္မာကျမ်းစာ၌ ကျမ်းချက်ပေါင်းမြောက် များစွာဖြင့် သက်သေပေးပြီး ဖြစ်သည်။ ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ မွေးကြိုင်သော ဆုတောင်းခြင်း ယဇ်ကို ပူဇော် ဆက်ကပ်လိုသောသူတိုင်းသည် ကယ်တင်ခြင်းရဖို့ရန်နှင့် သမ္မာတရားကို စေ့စေ့ မြေ့မြေ့ နားလည်ဖို့ရန်လိုအပ်သည်။ သမ္မာတရား မသိပဲ ဆုတောင်းသောသူသည် မှောင်မဲလျက် ရှိသော ချောက်ကမ်းပါးဘေး၌ စမ်းတဝါးဝါး လမ်းလှေျာက်နေသောသူနှင့် တူပေသည်။ မိမိလုပ်ဆောင်လျက် ရှိသော အမှုသည် အဘယ်မျှလောက် အန္တရာယ် ကြီးမားသည်ကို မမြင်နိုင်ပေ။ ထိုသို့ ဆိုခြင်း၌ သင်၏ ဆုတောင်း သံကို နားထောင်၍ သင့်အသက်တာကို ဖျက်ဆီးဖို့ရန် ဤလောကကို အစိုးရ၍ ဘုုရား သခင်၏ ရန်သူ ဖြစ်သော စာတန်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ နေ့ညမပြတ် စောင့်လျက် ရှိကြောင်း သတိပေးခြင်း ဖြစ်သည်။ 
 
ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူဌေး 

တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ “သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများ လှ၏။ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီး အနှံများကို သိုထားစရာ အရပ်မရှိ။ ပြုမည့် အကြံဟူမူကား၊ ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ၊ ငါ့၏ အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။ ငါ့ဝိညာဥအား လည်း၊ အချင်း ဝိညာဉ်၊ သင်သည် နှစ် ပေါင်း များစွာ သုံး ဆောင်ရန် ဥစ္စာများကို သိုထားလျက် ရှိပြီ။ ငြိမ်ဝပ်စွာ နေလေ့ာ။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလေ့ာ၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ ညပင်သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာအ ချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ် သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။ ထို့အတူ ကိုယ်အဘို့ ဘဏ္ဍာများကို ဆည်းဖူး၍၊ ဘုရားသခင်၌ ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့် တူသည်ဟု မိန့်တော်မူ၏။” (လု ၁၂:၁၆-၂၁)။ ဤဥပမာစကားသည် ယနေ့ ​ကျွန်ုပ်တို့ ယုံကြည်သူ မြောက်မြားစွာကို သွန်သင်နေသောအရာ ဖြစ်သည်။ သို့သော် အများစုသည် နားမလည် ကြပေ။ အကယ်၍ သင်၏ အသက်တာသည် ယနေ့ နောက်ဆုံး ဖြစ်ခဲ့မည်ဆိုလှျင် သင်တကယ် ပဲအဆင်သင့် ဖြစ်ပြီလားမိတ်ဆွေ။ ဘယ် လိုအရာများကို သင်၏ တမလွန်ခရီး လမ်းအတွက် ယူဆောင်သွားမည်နည်း။ သင် ပြင်ဆင်ပြီး ပြီလား။ ဤစာစောင်ကို ဖတ်နေစဉ်အချိန်၌ ပင် သင်၏ နောက်ဆုံး နေ့ရက်တို့သည် အလွန် နီးကပ်လာပြီ ဖြစ်သည်။ လောက၌ ပစ္စည်းဥစ္စာ၊ အိုးအိမ် စည်းစိမ် များစွာကို ယပိုင်ဆိုင်လျက် ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူမဖြစ် ဖို့ရန် စာရေးသူအနေဖြင့် သတိပေးချင် ပါသည်။ ချစ်သော မိတ်ဆွေ၊ သင့်အား သခင်သည် မွှေးကြိုင်သော ဆုတောင်းခြင်း ယဇ်ကို ဆက်ကပ်ပူဇော်တတ်ဖို့ရန်အ လိုရှိပြီ။ သင့်နှလုံးသား၌ ယခုပင်သွန်သင်လျက် ရှိစေပြီ။ 
 
ဘုရားသခင် ပေးသော တန်ခိုး 

ချစ်သော မိတ်ဆွေ သခင်ဘုရားသည် ယုံကြည်သူများနှင့် မိမိ၏ အသင်း တော်ကို သိမ်းဆည်းဖို့ရန် ကြွလာဖို့ အလွန် နီးကပ်ပြီ ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာ မြေကြီး ပေါ်၌ ဖြစ်ပျက်သမျှကို ကြည့်မြင်ခြင်းအားဖြင့် သိနိုင်သည်။ ယခုအချိန်သည် ​ကျွန်ုပ်တို့ ဘုရား သားသမီး များမီးကုန်ယမ်းကုန်အစွမ်းကုန် အမှုတော် မြတ်ကို ထမ်းရွက်ကြဖို့ရန်နှင့် ပျောက်ဆုံးဝိညာဉ် များဖမ်းနိုင်ဖို့ရန် ကြုိးစားအား ထုတ်ကြ ရမည့်အချိန် ဖြစ်သည်။ ထိုအတွက် မိတ်ဆွေတို့၏ ဆုတောင်းခြင်းသည် အလွန် အရေးကြီး ပါသည်။ ယာယီတဲခန္ဓာအတွက် ဆုုတောင်းခြင်း များထက် ဘုရားရှင်၏ နိုင်ငံတော် ကျယ်ပြန့်ဖို့၊ ပျောက်သော သိုးများ အိမ်ပြန်နိုင်ကြဖို့၊ ဝင်းမှည့်နေသော စပါးများကို ရိတ်သိမ်းဖို့ရန်အတွက် စပါးရှင်ထံ၌ အတူ တကွ ဆုတောင်း ကြပါစို့။ သင့်အား ဆုတောင်း အားကြီး သောသူ ဖြစ်ဖို့ရန် သခင်သည် အလိုတော် ရှိကြောင်း အောက်မေ့စေချင်သည်။ အသက်တာ၌ အချည်းနှီးအချိန် ကုန်မခံဘဲ ရသမျှအချိန်ကို သခင်ဘုရားထံ ဆုတောင်းခြင်း အားဖြင့်သာ၍ တိုးဝင်ကြဖို့ရန် တိုက်တွန်းနိှုး ဆော်လိုက်ပါသည်။ 

အချုုပ်အားဖြင့် ဆိုရသော် ဆုတောင်းခြင်းသည် ယုံကြည်သူတိုင်း အတွက် ဘုရားသခင် ပေးသနားတော်မူသော တန်ခိုး ဖြစ်သည်။ ဖိလိ ၄:၆-၇၌၊ “အ ဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ ​ဲအရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာ ပြုသော အားဖြင့်၊ သင့်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ ပြုလှျင်အဘယ်သူမျှ ကြံ၍ မမှီ နိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင့်တို့၏ စိတ် နှလုံးတို့ကို စောင့်မလိမ့်မည်။” အထက်ပါ ကျမ်းချက်အတိုင်း အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ အပြစ် ဝန်ချတောင်းပန်ခြင်းနှင့်တကွ သခင်ဘုရား နှစ်သက် ဖွယ်သော ဆုုတောင်းခြင်း ယဇ်ကို နေ့ရက်စဉ်တိုင်း ဆက်ကပ်ပူဇော်ခြင်းအားဖြင့် စာဖတ် သူတို့၏ စိတ်နှလုံးသား၊ ဝိညာဉ် အပေါ်သို့ ဘုရားသခင် အသစ်တဖန် ကောင်းချီးပေးပါစေ။ အလိုတော် ရှိပါက ဆက်လက်ဖော်ပြပါဦးမည်။ 

 

ကျမ်းစာဖတ်ကြစို့
ယောဟန် ၄


၁။ ယေရှုသည် ကိုယ်တိုင် ဗတ္တိဇံကို ပေးတော်မမူ။ ၂ တပည့်တော်တို့ သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍ များသော သူတို့ကို တပည့်တော် ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူသောအခါ၊ ၃ ယုဒပြည်မှ ထွက် သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူ စဉ်တွင်၊ ၄ရှမာရိပြည် အလယ်၌ ရှောက်သွားရ၏။ 

ယေရှု၏ တပည့်များ ပေးသော ဗတ္တိဇံအကြောင်းကို ယခင်လစာစောင် ထဲ ယော ၃:၂၂၌ ဖေါ်ပြခဲ့ပြီး ပြီ။ ဖာရိရှဲများသည် သခင်ဘုရား၏ လှုပ်ရှားမှု မှန် သမျှကို ဒေါက်ထောက်ကြည့်ရှု၍ အပြစ် ရှာနေ သူများ ဖြစ်သည်။ ယုံကြည်သူများလည်း သခင်ဘုရား၏ အလုပ်ကို လုပ်လျှင် အပြစ်တင်ဘို့ရန် ကြည့်ရှုနေ သူများရှိပေလိမ့်မည်။ ရှမာရိလူမျိုးသည် ကျမ်းစာ၌ ခဏခဏတွေ့ရသည်။ ဘီစိီ ရ၂၂တွင် အာရှုရိရှင်ဘုရင်က၊ ဣသရေလ ပြည်ကို သိမ်းပိုက်သောအခါ သူတို့ကို အာရှုရိ ပြည်သို့ သိမ်း သွား၍ သူတို့ အစားဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကို ဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသ ရေလအမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကို သိမ်း ယူ၍ နေရာကျကြ၏။ (၄ရာ ၁ရး၂၃-၂၄)။ ထို့ကြောင့် ရှမာရိလူမျိုးသည် အာရှုရိ ရှင်ဘုရင်ကသိမ်းမသွားဘဲ ကျန်ကြွင်းသော ဣသရေလများနှင့် တပါးအမျိုးသား မျာသွေးရောသော လူမျိုး ဖြစ်၍ ထာဝရဘုရားနှင့် သူတို့၏ နတ်ဘုရားများကိုလည်း ကိုးကွယ် ကြသည်။ ထို့ကြောင့် ဗာဗုလုန်​ကျွန်မှပြန်လာသော ယုဒလူများ ကမပေါင်း သင်းလိုကြခြင်း ဖြစ်သည်။ ယုဒလူများက ရှမာရိလူများကို မပေါင်းဖေါ်လိုသောကြောင့် ဂါလိလဲပြည်သို့ သွားသောအခါ ခရီး ပို၍ ဝေးသော်လည်း ရှမာရိပြည်ကို ရှောင်၍ ယောဒန်မြစ်ဘက်မှ သွားတတ်ကြခြင်း ဖြစ်သည်။ သခင်ဘုရားသည် ယုဒ ပြည် မှဂါလိလဲပြည်သို့ သွားသောအခါ ယုဒလူများ ကဲ့သို့ ရှမာရိပြည်ကို မရှောင်ဘဲ အလယ်မှရှောက်သွားသည်။ 

၅။ ယာကုပ်သည် မိမိသား ယောသပ် အားပေးသော မြေအကွက်နှင့် အနီး၊ ရှမာ ရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။ ၆ ထိုအရပ်၌ ယာကုပ်၏ ရေတွင်း ရှိ၏။ ယေရှုသည် ခရီး သွား၍ ပင်ပန်းသောကြောင့် ရေတွင်း နားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ​ခြောက်နာရီအချိန် ဖြစ်၏။ 

ယာကုပ်သည် မြေကွက်ဝယ်သောအရာကို အောက်ပါကဲ့သို့ ရေးထားသည်၊ “ပါဒနာရံပြည် မှပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီး တွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာ ထဲကို ဆောက်လေ၏။ ၁၉ တဲဆောက်ရာမြေအကွက်ကို ရှေခင်၏ အဘ၊ ဟာမော်၏သားတို့ တွင်၊ ငွေတပိဿာအဘိုးပေး၍ ဝယ်ရသ တည်း။” (က ၃၃:၁၈-၁၉) ထိုမြေကို ယောသပ် အားပေးကြောင်း ဤသို့ တွေ့ရသည်၊ “ထိုမှတပါး သင်၏ အစ်ကိုတို့ အားပေးသည်ထက် သင့်အား သာ၍ ပေးသောအရာ ဟူမူကား၊ ငါ့ထား၊ ငါ့လေးဖြင့် အာမောရိအမျိုးသား လက်မှ နှုတ်ယူသောအရာကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို၏။” (က ၄၈:၂၂)။ ယေရှုသည် ဘုရား ဖြစ်သော်လည်း လူဇာတိပိုင်းအားဖြင့် ပင်ပန်းနိုင်ခြင်း ဖြစ်သည်။ “ထိုသို့ စုံးစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင် ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည် သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်း အမှုနှင့် တွေ့ကြုံသော သူတို့ကို မစခြင်းငှါ တတ်နိုင်တော်မူ၏။” (ဟေ ၂:၁၈)။ ​ခြောက်နာရီသည် နေ့လည် ၁၂ နာရီ ဖြစ်သည်။ 

၇။ ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍ ယေရှုက၊ ငါသောက်ဘို့ ရေ ပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။ ၈ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကို ဝယ်ခြင်းငှါ မြို့ထဲသို့ သွားကြသည် အခိုက် ဖြစ်သတည်း။ 

ရေခပ်ချိန်သည် နံနက်ပိုင်းနှင့် ညနေပိုင်း ဖြစ်တတ်သည်။ အဘယ်ကြောင့် နေ့လည်၌ ထိုမိန်းမသည် ရေခပ်သနည်း။ အပြစ်များသောကြောင့် ဖြစ်နိုင်သည်။ ယေရှု ကသောက်ရေတောင်းခြင်းသည် တကယ် ရေငတ်သောကြောင့် မဟုတ်ဘဲ၊ စကားပြောစနိုင်ဘို့ရန် ဖြစ်ဟန်ရှိသည်။ အကြောင်းမှာ ထိုမိန်းမကရေမပေးခဲ့ပါ။ အာဗြဟံ၏ ​ကျွန်ကလည်းရေဗက္ကာထံရေတောင်းခဲ့ဘူးသည် (က ၂၄:၁ရ)။ ဧလိယကလည်း မုဆိုးမထံရေတောင်းခဲ့ဘူးသည် (၃ရာ ၁ရး၁၀)။ သခင်ဘုရားသည် တန်ခိုးရှိသော်လည်း သူ့တန်ခိုးအားဖြင့် အစာကို မဖြစ်စေပါ။ တပည့်တော်များကို ရှမာရိမြို့ထဲ၌ အစာဝယ်ခိုင်းသည်။ သူတို့လည်း ငွေ အသုံးပြုကြောင်းလည်း တွေ့ရသည်။ 

၉။ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူ ဖြစ်လျက် ပင်၊ ရှမာရိမိန်းမ ဖြစ်သော အ​ကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်း ဟုဆို၏။ ဆိုသည် အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတိုို့နှင့် ပေါင်းဘော်ခြင်း မရှိ။ 

ဣသရေလ လူများက ရှမာရိလူများကို အလွန် အထင်သေးသည်။ ယုဒ လူများ ကသခင်ယေရှုကို အထင်သေး၍ ရှမာရိလူ ဟုဆိုခြင်းကို ဤသို့ တွေ့ရသည်၊ “ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူ ဖြစ်၏။ နတ်ဆိုးစွဲသောသူလည်း ဖြစ်၏ဟု ငါတို့ ပြောသော စကားသည် လျောက်ပတ်သည် မဟုတ်လော ဟုဆိုကြ၏။” (ယော ၈:၄၈)။ သို့သော် သခင်ယေရှုက ရှမာရိလူများကို မပယ်ချေ။ သူခိုးထားပြများကရိုက်သောသူကို ရှမာရိလူက ကြည့်ရှုသည်ဟု ဥပမာပေးခဲ့သည် (လု ၁၀ ; ၂၅-၃ရ)။ နူနာစွဲသောသူဆယ်ယောက် သန့်ရှင်းစေသောအခါ ရှမရိအမျိုးသား ကသာလျှင် သခင်ယေရှုကို ကျေးဇူးတင်ခဲ့သည် (လု ၁ရး၁၁-၁၉)။ ဖိလိပ္ပုကရှမာရိ မြို့၌ တရားဟောကာနိုးကြားမှု ဖြစ်ခဲ့သည် (တ ၈:၅-၈)။ သခင်ယေရှု ကသောက်ဘို့ ရေတောင်းသောအခါ ရှမာရိအမျိုးသမီးအတွက် အလွန် အံ့ဩသည်။ ထို့ကြောင့် ရေမပေးဘဲ စကားပြော နေကြခြင်း ဖြစ်သည်။ 

၁၀။ ယေရှုကလည်း၊ ဘုရားသခင့်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ ရေပေးပါ ဟုဆိုသောသူကား အဘယ်သူ ဖြစ်သည်ကို၎င်း သင်သည် သိလျှင် ထိုသူကို တောင်း လိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊ 

ရှမာရိအမျိုးသမီးကယေရှုကို မသိသောကြောင့် အံ့ဩသည်။ သို့သော် သခင်ယေရှုက သူ့ကို အသက်ရေပေးဘို့ ကမ်းလှမ်းသည်။ သခင်ယေရှုသည် ရှမာ ရိအမျိုးသား အတွက် မလာခဲ့ပါ (မ ၁၀:၅)။ အကြောင်းမှာ သူတည်ထောင်မည့် နိင်ငံတော်သည် သူတို့နှင့် မဆိုင်၊ ဣသရေလများနှင့် သာဆိုင်သည်။ သို့သော် ဤ နေရာ၌ သူကိုယ်တိုင် ရှမာရိအမျိုးသမီးကို အသက်ရေပေးဘို့ ကမ်းလှမ်းသည်။ 

၁၁။ မိန်းမက၊ သခင်၌ ရေခပ်စရာ မရှိ၊ ရေတွင်းလည်း နက်သည် ဖြစ်၍ အသက်ရေကို အဘယ်သို့ ရပါမည်နည်း။ 

သခင်ယေရှုက ဝိညာဉ် စကားပြောသောအခါ ရှမာရိအမျိုးသမီးကဇာတိ စကား ထင်ပြီး နားမလည် ခဲ့ပါ။ သူသာမက ကျမ်းတတ်ဖာရိရှဲနိကောဒင်လည်း ဒုတိ ယမွေးဘို့ လိုကြောင်း၊ ဝိညာဉ် စကားပြောသောအခါ မသိခဲ့ပါ (ယော ၃:၃-၅)။ သင်လည်း ဝိညာဉ် နားမရှိလျှင် ကျမ်းစာဖတ်သောအခါ နားလည်နိုင်မည် မဟုတ်။ 

၁၂။ ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့ အားပေး၏။ သူ့ကိုယ်တိုင် မှစ၍ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီး မြတ်သလော ဟုဆို၏။ 

ရှမာရိများသည် ကပြားများ ဖြစ်ကြသော်လည်း ယာကုပ်ကို အဘဟု လေး စား ကြသည်။ သူ၏ ရေတွင်း ကိုလည်း အလွန် မွန်မြတ်သော အမွေအဖြစ် ခံယူ ကြသည်။ ထိုမိန်းမကယေရှု ထံသူသည် ယာကုပ်ထက်ကြီး မြတ်သလောဟု မေးခဲ့သည်။ 

၁၃။ ယေရှုကလည်း၊ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ ၁၄ ငါပေးသော ရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရ အသက်ရှင်ခြင်း အလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ 

သခင်ယေရှုက ဤရေ တည်းဟူသော ရေတွင်း ထဲမှ ရေသောက်သောသူသည် ရေငတ် မပြေနိုင် ဟုဆိုသည်။ ထိုရေသည် ဝိညာဉ်ရေးရာ၌ လောကအရာများကို ပုံဆောင်သည်။ လောကအရာများ တည်းဟူသော ငွေ၊ ပညာ၊ အာဏာ၊ နာမည်ကျော်ကြားခြင်း၊ အပျော်အပါး၊ လှပခြင်း၊ သီချင်း၊ ရုပ်ရှင်၊ ဖုန်း၊ အိမ်၊ ကား၊များကို လူတိုင်းက ရေငတ် သကဲ့သို့ ရှာဖွေ ကြသည်။ ရှာသည့်အတိုင်းရရှိသောသူများသည် ကျေနပ် အားရခြင်း မရှိ၊ ပို၍ ပို၍ ငတ် ကြသည်။ လူအများစုသည် ထိုအရာများကို ရှာဖွေ ရင်း ကျေနပ်မှု မရဘဲ အသက် ဆုံးသွားကြပြီ။ သင်လည်း အငတ် မပြေနိုင်သော ဤလောကအရာများကို ရှာနေပါသေးသလား။ 

သခင်ယေရှု ကသူပေးသော ရေသည် အငတ်ပြေသည်သာမက အသက်ရေထွက်သော စမ်းရေ ဖြစ်မည် ဟုဆိုသည်။ စမ်းရေသည် အဆက်မပြတ် ရေထွက်သည်။ သခင်ယေရှု ဆိုလိုသော အသက်ရေသည် ဝိညာဉ်ရေးရာ ဖြစ်သည်။ လူသည် ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးခုပေါင်းစပ်ထားသည်။ ထိုအထဲ၌ ခန္ဓာနှင့် စိတ်အ လိုသာရှာဖွေ ကြသည်၊ ဝိညာဉ် အလိုကိုမူမရှာကြချေ။ အမှန်မှာ ဝိညာဉ်သည် ဘုရားကို ဆာငတ်နေသည်။ ဆာလံဆရာက၊ “သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တ သကဲ့သို့ အ​ကျွန်ုပ် ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား၊၊ ၂ ငါ့ ဝိညာဉ်သည် ဘုရားသခင် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကို ငတ်လှ၏၊၊ ၅ အိုငါ့ ဝိညာဉ် သင်သည် အဘယ်ကြောင့်ဍှုိးငယ် သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့်မငြိမ်မဝပ်ရှိသနည်း၊၊ ” (ဆာ ၄၂:၁၊ ၂၊ ၅)။ သင်၏ ဝိညာဉ်လည်း ဘုရားကို ငတ်လှသည်။ ဝိညာဉ် ကဘုရား ငတ်သောကြောင့် စိတ် ငြိမ်သက်မှု မရှိ။ ထိုအခါစိတ်ငြိမ်သက်ဘို့ မူးယစ်ဆေးဝါးအရက်များကို သောက် ရာမှအရက်သမားများ ဖြစ်သွား ကြသည်။ 

၁၅။ မိန်းမကလည်း၊ သခင်၊ အ​ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်၎င်းကင်းလွတ် မည်အကြောင်း ထိုရေကို ပေးပါဟု တောင်းလျှင်၊ 

ရှမာရိအမျိုးသမီးကယေရှု ပေးမည့် အသက်ရေကိုတွင်းရေမှတ်၍ တောင်းသည်။ ယေရှုသည် ဝိညာဉ် စကားပြောသည်ကို မသိသေးချေ။ ရေတွင်းသို့ လာ၍ ရေခပ်ခြင်းမှ လွတ်ဘို့သည် သူ့အတွက် အရေးကြီးဆုံး ဟု ထင်သည်။ ​ကျွန်ပ်တို့လည်း ဘုရားထံမှ ဝိညာဉ်ပိုင်းထက် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းကောင်းကြီး သာလျှင် လိုချင် တတ်ကြသည်။ 

၁၆။ ယေရှုက၊ သွားလော့။ သင်၏ လင်ကို ခေါ်၍ သည်ကို လာဦးလော့ဟု မိန့်တော်မူ၏။ 

အဘယ်ကြောင့်သခင်ယေရှုက သင်၏ လင်ကို ခေါ်ပါ ဟုဆိုသနည်း။ အမှန် မှာသူ၏ အပြစ်ကို ဖေါ်ပြလိုသောကြောင့် ဖြစ်သည်။ အသက်ရေလိုချင်လျှင် အပြစ်ကို အရင်​ ဖြေရှင်းဘို့ လိုသည်။ 
 
၁၇။ မိန်းမကလည်း၊ အ​ကျွန်ုပ်၌ လင်မရှိ ဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသော စကားသည် မှန်၏။ ၁၈ အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့် နေသောသူသည် သင်၏ လင် မဟုတ်။ ဤအရာ၌ သင်သည် မှန်သော စကားကို ပြောပြီဟု မိန့်တော်မူ၏။ 

ရှမာရိအမျိုးသမီးကသူ၌ လင်မရှိ ဟုဆိုသည်။ အကြောင်းမှာ သူ၏ အပြစ်ကို ဖုံးလိုသည်။ သူသာမက လူတိုင်း ကိုယ့်အပြစ်ကို ဖုံးလို ကြသည်။ အပြစ် ဖုံးခြင်းသည် ရောဂါဖုံးခြင်းနှင့် တူသည်။ ဆရာဝန်ထံမှ ကုသမှု ခံလိုလျှင် ရောဂါကို မဖုံးရပါ။ ရှိသမျှ ရောဂါများကို ရှက်သည်ဖြစ်စေ ဖေါ်ပြရသည်။ သို့မှသာ ဆရာဝန်ကကူ ညီနိင်မည် ဖြစ်သည်။ သင်လည်း ယေရှု ထံ လာသောအခါ သင်၏ အပြစ်များကို မဖုံး ပါနှင့်။ တရားဟောဆရာများက အပြစ် ပြောသောအခါ စိတ်မဆိုးပါနှင့်၊ အဆုံး တိုင်အောင် နားထောင်ပါ။ အပြစ် လွှတ်ခြင်းရရှိ၍ အသက်ရေသောက်ခွင့်ရရှိပါ လိမ့်မည်။ 
 ရှမာရိအမျိုးသမီးကအပြစ်ကို ဖုံးမိသောကြောင့် သခင်ဘုရားကသူ၏ အပြစ်များကို ဖေါ်ပြလိုက်သည်။ သူ့အပြစ်ကို လူတိုင်းက ယနေ့ တိုင်အောင် သိကြသည်။ နောက်လူများကလည်း သိကြဦးမည်။ သခင်ဘုရား ထံ၌ အပြစ် မဖုံးကောင်းချေ။ အပြစ်သည် ဖုံးလျှင် ဖေါ်ထုတ်လို ကြသည်။ ဝန်ခံလျှင် ခွင့်လွှတ်တတ်ကြသည်။ “ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ရ၏၊၊ ၄ နေ့ညဉ့်မပြတ် ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်ပေါ်မှာ လေး၍ အ​ကျွန်ုပ်၏ ချွေးသည် နွေကာလ၌ သွေ့​ခြောက်ခြင်း ကဲ့သို့ ဖြစ်ပါ၏၊၊ ၅ တဖန် အ​ကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသော ဒုစရိုက်ကို ဝှက်၍ မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏၊၊ ” (ဆာ ၃၂:၃-၅)။ 

၁၉။ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက် ဖြစ်သည်ကို အ​ကျွန်ုပ် ရိပ်မိပါ၏။ ၂၀ အ​ကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိ ကြ၏။ ယေရုရှလင်မြို့၌ သာကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ 

သခင်ယေရှုက သူ၏ အပြစ်ကို ဖေါ်ပြသောအခါ အမျိုးသမီးသည် စကားပြောင်းသွားသည်။ ယေရှုကို ပရောဖက် ဖြစ်ကြောင်း သိသွားသည်။ ထို့ကြောင့် ကိုးကွယ်ခြင်း အကြောင်းကို ပြောသည်။ ရှမာရိအမျိုးသား များသည် ဂေရဇိန် တောင်ပေါ်၌ ကိုးကွယ်တတ်ကြသည်။ “သင်တို့သည် သွား၍ ဝင်စားလတံ့သော ပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းကြီး မင်္လာကို ဂေရဇိမ်တောင်ပေါ်၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်းတင်ထားရကြမည်၊ ” (တရား ဟော၁၁:၂၉) ဟုဆိုခဲ့သောကြောင့် ဖြစ်သည်။ ယုဒလူတို့သည် ယေရုရှလင်မြို့၌သာ ဘုရားကိုးကွယ်တတ်ကြသည်။ 

၂၁။ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကို ယုံလော့။ ဤတောင်သို့ မလာ၊ ယေရှု ရှ လင်မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲရှိ၏။ 

သခင်ယေရှုက ဘုရားကိုးကွယ်သည့်နေရာ ပြောင်းမည့် အကြောင်းကို ပြောလိုက်သည်။ ကမ္ဘာဦးမှစ၍ မောရှေလက်ထက် အထိ နေရာတိုင်း မှကိုးကွယ် ခဲ့ ကြသည်။ မောရှေထံဝတ်ပြုခြင်း ဆိုင်ရာပညတ်ပေးသော နောက် တဲတော် မှသာ ဘုရားကိုးကွယ်ရမည် ဟုဆိုသည်။ အကြောင်းမှာ တဲတော်၌ ဘုရားကျိန်းဝပ်သောကြောင့် ဖြစ်သည်။ ရှောလမုန်က ယေရုရှလင်မြို့တွင် ဗိမာန်တော် ဆောက်သောအခါ ထိုနေရာမှသာ ကိုးကွယ်ရသည်။ မောရှေအားဖြင့် ဘုရားက၊ “သင်တို့၏ ဘု ရားသခင်ထာဝရဘုရားသည်၊ သင်တို့ အမျိုးအနွယ်ရှိသမျှတို့တွင် နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တာ်မူသော အရပ် တည်းဟူသော ကျိန်းဝပ်တော်မူ ရာအရပ်ကို ရှာ၍ လာရကြမည်။ ၁၁ နာမတေဗာ်ကို တည်စေဘို့ ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရွေးကောက်တော်မူသော အရပ်ရှိရမည်။ ၁၃ တွေ့မြင် ရာရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။ ၁၄ သင်တို့ အမျိုးတမျိုးတွင် ထာဝရဘုရားရွေးကောက်တော်မူသော အရပ်၌ မီးရှို့ရာ ယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှကို ပြုရကြမည်။” ( တရားဟော ၁၂:၅၊ ၁၁၊ ၁၃)ဟု မှာကြားခဲ့သည်။ ထို့ကြောင့် ဣသရေလ လူများသည် ဘုရားကိုးကွယ်ဘို့ရန် ယေရုရှလင်သို့ သွားတတ်ကြသည်။ 
သို့သော် သခင်ယေရှု သေသောအခါ ဗိမာန်တော် ကုလားကာကွဲခြင်းဖြင့်ကိုးကွယ်သော နေရာပြောင်းသွားခဲ့ပြီ။ ဗိမာန်တော် ထဲ၌ ဘုရား မရှိတော့ဘဲ ကောင်းကင်တက်သွားခဲ့ပြီ။ ထို့ကြောင့် ဘုရားကို ကောင်းကင်မှ ာကိုးကွယ်မည့် အချိန်် ဖြစ်သည်။ သို့သော် ဣသရေလ လူများက မသိသောကြောင့် ဗိမာန်တော်၌ ဆက်ကိုးကွယ်သေးသည်။ ထို့ကြောင့် အေဒီ ရဝတွင် ရောမစစ်သားများအားဖြင့် ဗိမာန်တော်ကို ဖျက်ဆီးခဲ့သည်။ ထိုနေရာ၌ ဗိမာန်မဆောက်နိုင်အောင် ဘုရားသခင်က မူစလင်များကို ဗာလီဆောက်ခွင့်ပေးခြင်းအားဖြင့် အကောင်းဆုံးသော အစောင့်များချထားသည်။ ထို့ကြောင့် ယနေ့ တိုင် သူတို့သည် ဗိမာန်တော် မဆောက်နိင် သေးခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် အန္တီခရစ်က သူတို့ကို ဆောက်ခွင့် ပေးဦးမည်။ 

၂၂။ သင်တို့သည်ကိုယ် မသိသောအရာ ကိုကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာ ကိုကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။ 

ယေရှု ကရှမာရိလူတို့သည် သူတို့ မသိသောအရာ ကိုကိုးကွယ်သည် ဟုဆိုသည်။ ထာဝရဘုရား မကိုးကွယ်သောသူများသည် သူတို့ မသိသောသူကိုကိုးကွယ် ကြသည်။ သူတို့ကိုးကွယ်သောအရာသည် စာတန် ဖြစ်သည်။ သူတို့ မသိ သောကြောင့် သစ္စာရှိစွာကိုးကွယ်ကြခြင်း ဖြစ်သည်။ ယေရှု ကငါတို့သည် ကိုယ်သိသောအရာ ကိုကိုးကွယ်ကြ၏ ဟုဆို သကဲ့သို့ သင်သည် သင်ကိုးကွယ်သော ဘုရားကို သိပါသလား။ သိလျှင် သူ့ကို အချစ်ဆုံး၊ အကြောက်ဆုံး၊ အကြည်ညိုဆုံး ဖြစ်မည်။ သ့ူကိုကိုးကွယ်ခြင်းလည်း ပင်ပန်းမည် မဟုတ်။ သင်သည် ဘုရားကိုးကွယ်ခြင်း၌ ဝန်လေးပင်ပန်းပြီး ပျင်းနေလျှင် သူ့ကို မသိသေးကြောင်း ထင်ရှားသည်။ သခင်ယေရှုက ကယ်တင်ခြင်း အကြောင်းသည် ယုဒလူတို့၌ ရှိသည် ဟုဆိုသည်။ အကြောင်းမှာ သူကိုယ်တိုင်သည် ယုဒလူ ဖြစ်သည်။ သူကတလောက လုံးကို ကယ် တင်သည်။ 

၂၃။ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သမ္မာ တရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်လျက် ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သော သူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ 

ဘုရားသခင်ကို နံဝိညာဉ်နှင့် သမ္မာတရားနှင့် ကိုးကွယ်ရမည့်အချိန် ကာလသည် လာ၍ ယခုပင်ရောက်လျက် ရှိသည် ဟုဆိုသည်။ အကြောင်းမှာ သခင်ယေရှုသည် အသေခံ၍ လူသားများအတွက် ကောင်းကင်နိင်ငံ၌ ကိုးကွယ်မည် ဖြစ်သည်။ ကျမ်းစာက၊ “ယခုဆိုခဲ့ပြီးသော အကြောင်း အရာတို့၏ အချုပ်အခြာဟူ မူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန် ခိုး အာနုဘော် တော်၏ ပလ္လင်လကျ်ာဘက်မှာထိုင်နေတော်မူ၏။ ၂ လူမဆောင်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော် စစ်တည်း ဟူသော၊ သန့်ရှင်းရာဌာ န၌ ဘုရားဝတ်ကို ပြုသောသူ ဖြစ်တော်မူ၏။” (ဟေ ၈:၁-၂) ဟုဆိုသည်။ ယေရှုသည် ငါတို့၏ ယဇ်ပုရောဟိတ် ဖြစ်လျက် ခမည်းတော်ကို ယုံကြည်သူများအတွက်ကိုးကွယ်သည် ဟုဆိုသည်။ များစွာသော ယုံကြည်သူများက သူတို့ စိတ်တိုင်း ကျကိုးကွယ်လျှင် ဘုရားသခင်ကျေနပ်် မည်ဟု ထင်မှတ် ကြသည်။ ယဇ်ပုရောဟိတ်အားဖြင့်ကိုးကွယ်ခြင်းကိုသာလျှင် ဘုရားသခင်က လက်ခံနိုင်သည်။ ယေရှုကို ယဇ် ပုရောဟိတ်မင်းအဖြစ် ဘုရားကိုယ်တိုင်က ခန့်အပ်ခဲ့သည် (ဆာ ၁၁၀:၄၊ ဟေ ၅:၆၊ ၁၀)။ သင်သည် ယဇ်ပုရောဟိတ် ယေရှုအားဖြင့် ဘုရားကို မကိုးကွယ်လျှင် ဘုရား၏ စိတ်တော်နှင့် တွေ့နိုင်မည် မဟုတ်။ 

၂၄။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့ သည်၊ နံဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။ 

ယေရှုက ဘုရားသခင်သည် နံဝိညာဉ် ဖြစ်သည် ဟုဆိုသည်။ ဇာဒ္ဒုကဲများနှင့် ယေဟောဝါ သက်သေခံများက နံဝိညာဉ် မရှိ ဟုဆိုကြသည် (တမန် ၂၃:၈)။ နံဝိညာဉ် မရှိလျှင် ဘုရားကိုးကွယ်စရာ အကြောင်း မရှိ။ ထိုယုံကြည်ခြင်း သည်စာ တန်၏ လှည့်ဖြားခြင်း ဖြစ်သည်။ ဘုရားသခင်ကို စိတ်နှင့် ခန္ဓာအားဖြင့်ကိုးကွယ်ရမည် မဟုတ်၊ ဝိညာဉ်အားဖြင့်ကိုးကွယ်ရမည်။ စိတ်နှင့် ကိုးကွယ်ခြင်း ဆိုသည်မှာ စိတ်ကျေနပ် ဘို့ကိုးကွယ်ခြင်း ဖြစ်သည်။ ခန္ဓာအားဖြင့်ကိုးကွယ်ခြင်းသည် စား သောက်စရာ ရှိမှကိုးကွယ်ခြင်း၊ အဝတ်အစားအလှပြဘို့ကိုးကွယ်ခြင်း ဖြစ်သည်။ ဘုရားသည် ဝိညာဉ် ဖြစ်သောကြောင့် လူ၏ ဝိညာဉ်ကို စကားပြောချင်သည်။ ပေါလုက၊ “ဘုရားသခင် ပေးတော်မူသောအရာ တို့ကို ငါတို့သည် လူပညာကို အမှီပြု၍ နားလည်သော စကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ် စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။ ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိ လူသည် နားမလည် နိုင်။” (၁ ကော ၂:၁၃-၁၄) ဟုဆိုသည်။

သမ္မာတရားနှင့် ကိုးကွယ်ခြင်း ဆိုသည်မှာ ဘုရား၏ အလိုတော် အတိုင်းကိုးကွယ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်။ ခရစ်တော်က သူသည် သမ္မာတရား ဟုဆိုသည် (ယော ၁၄:၆)။ သန့်ရှင်းသော ဝိညာဉ်တော်လည်း သမ္မာတရား ဖြစ်သည် (ယော ၁၆:၁၃)။ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည် (ယော ၁ရး၁ရ)။ ထို့ကြောင့် ဘုရားနှင့် သူ၏ အလိုတော် သိပြီး အလိုတော်အတိုင်း သူ့ကိုကိုးကွယ်ရမည်။ 

အမှုတော်ဆောင်သင်တန်း


 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် တလအမှုတော်ဆောင်သင်တန်းကို ဩဂုတ်လ ၁-၃၁ အထိ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။ အမှုတော်ဆောင် သင်တန်း ဟုဆိုသော်လည်း အမှုတော်ဆောင် မဟုတ် သူများလည်း တက်ရောက် ကြသည်။ ကယ်တင်ခြင်း စိတ်ချမှု မရှိသူများလည်း တက်ရောက် ကြသည်။ ပဌမ သုံးပတ်နှင့် နောက်ဆုံးနှစ်ရက်ကို ဆရာမောဇက်ကသင်ကြားပေး၍ တတိယပတ်နှင့် နှစ်ရက်ကို ဆရာယောဂျာကသင်ပေးပါသည်။ နံနက်ပိုင်း၌ ကျမ်းစာဖတ်ဝေငှခြင်း၊ ဆုတောင်းခြင်းများပြုလုပ် တတ်ကြပါသည်။ ထိုအရာများအားဖြင့် သင်တန်း သားများအချင်းချင်းခွန်အားများရစေပါသည်။ သင်တန်းကို နံနက် ၁၀-၁၂ နာရီ၊ မွန်း လွဲ ၁-၂ နာရီ၊ ညရ- ၈:၃၀ နာရီ ပြုလုပ် ကြသည်။ ညနေပိုင်းတွင် အိမ်တံခါးခေါက်ခြင်းများပြုလုပ် ကြရာ အလွန် အောင်မြင် ကြပါသည်။ သင် တန်းသား၄၀ ကျော်တက်ရောက် ကြသည်။ ဤသင်တန်းမှအမှုတော်ဆောင် ၃ယောက်ဆက်ကပ်ကြပါသည်။ 

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG