
ကောင်းကင်နိုင်ငံတော် သို့မဟုတ် ဘုရားသခင်၏နိုင်ငံတော်
ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည်၊ မျက်မြင်သောအရာ၌မတည်။ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ၊ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည်၊ သင်တို့၏အထဲ၌ရှိသည်၊ ဟုမိန့်တော်မူ၏။(လုကာ ၁၇း၂၀-၂၁)
အထက်ပါကျမ်းပိုဒ်၌ မြန်မာကျမ်းစာအုပ်တွင် ကောင်းကင်နိုင်ငံ နှင့် ဘုရားသခင်၏နိုင်ငံတော် ကို အပြန်အလှန်အသုံးပြုသည်။ အင်္ဂလိပ်ကျမ်းစာအုပ်များတွင် ဘုရားသခင်၏နိုင်ငံတော် ဟုသာသုံး သည်။ သခင်ယေရှုက၊ "ကောင်းကင် နိုင်ငံတော်" နှင့် "ဘုရားသခင်၏ နိုင်ငံတော်" ကို အပြန်အလှန် အသုံးပြုကြောင်း တွေ့ရသည်။ ထို့ကြောင့်၊ ကောင်းကင် နိုင်ငံတော်နှင့် ဘုရားသခင်၏ နိုင်ငံတော်သည် အတူတူပင်ဖြစ်သည်၊ ဟုယူဆနိုင်သည်။ ဘုရားသခင်၏နိုင်ငံတော်ကို ကျမ်းစာထဲ၌ (၆၈) ကြိမ်၊ ကောင်းကင် နိုင်ငံတော်ကို (၃၂) ကြိမ်တွေ့ရ၍ မဿဲကသာအသုံးပြုသည်။ အောက်ပါကျမ်းပိုဒ်များတွင် မဿဲက ဘုရားသခင်၏ နိုင်ငံတော်၊ ဟုသုံးသောအရာကို မာကုနှင့်လုကာ၌ "ကောင်းကင်နိုင်ငံတော်"၊ ဟုသုံးသွားကြောင်းတွေ့ရသည်။ မဿဲ ၁၁း၁၁-၁၂ နှင့် လုကာ ၇း၂၈။ မဿဲ ၁၃း၁၁ နှင့် မာကု ၄း၁၁ နှင့် လုကာ ၈း၁ဝ။ မဿဲ ၁၃း၂၄ နှင့် မာကု ၄း၂၆။ မဿဲ ၁၃း၃၁ နှင့် မာကု ၄း၃ဝ နှင့် လုကာ ၁၃း၁၈။ မဿဲ ၁၃း၃၃ နှင့် လုကာ ၁၃း၂ဝ။ မဿဲ ၁၈း၃ နှင့် မာကု ၁ဝး၁၄ နှင့် လုကာ ၁၈း၁၆။ မဿဲ ၂၂း၂ နှင့် လုကာ ၁၃း၂၉။
ဖာရိရှဲများက အဘယ်ကြောင့် ဘုရားသခင်၏နိုင်ငံတော် တည်မည့်အချိန်ကို သိချင်ကြသနည်း။ ထိုနိုင်ငံတော်သည် မည်သည့်နေရာ၌ တည်မည်နည်း။ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်နိုင်ငံ ၌ အစဉ်အမြဲတည်သောအရာဖြစ်သည်။ ထို့ကြောင့် ဖာရိရှဲများမေးသော ဘုရားသခင်၏နိုင်ငံတော် သည်၊ ဤလောက၌တည်မည့်အရာကို ဆိုလိုခြင်းဖြစ်မည်။ ဖာရိရှဲများသည် ဘုရားတရား၌ ကြိုးစား သောသူများဖြစ်သောကြောင့် ဘုရားသခင်၏နိုင်ငံတော်၌ သူတို့သည် သေချာပေါက်ဝင်မည်၊ ဟုစိတ်ကူး ကြမည်ထင်သည်။
ဗတ္တံဇံဆရာယောဟန်စတင်ဟော
ထိုကာလအခါ ဗတ္တံဇံဆရာ ယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏။ (မဿဲ ၃း၁-၂) ယောဟန်ဟောသော ကောင်းကင်နိုင်ငံတော်ဝင်ဘို့ရန် နောင်တရဘို့လိုသည်။ အကျင့်ကောင်းဘို့လိုသည်။
လူအစုအဝေးက လည်း သို့ဖြစ်လျှင်၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြသော်၊ ယောဟန်က၊ အင်္ကျီနှစ်ထည် ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသော သူသည်လည်း ထိုနည်းတူပြုစေ၊ ဟုပြန်ပြော၏။ အခွန်ခံသူတို့သည် ဗတ္တိဇံကိုခံခြင်းငှါလာ၍၊ ဆရာ၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သခင်သည် ခွဲဝေစီမံသည်ထက် သာ၍မခွဲမခံကြနှင့်၊ ဟုပြန်ပြော၏။ စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည်၊ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ၊ အနိုင်အထက် မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့၊ ဟုပြန်ပြော၏။ (လုကာ ၃း၁၀-၁၄)
သခင်ယေရှုဟောသောကောင်းကင်နိုင်ငံတော်
ထိုအခါမှစ၍ ယေရှုက၊ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟူသော တရားကို ဟောစပြုတော်မူ၏။(မဿဲ ၄း၁၇) သခင်ယေရှုဟောသောကောင်းကင်နိုင်ငံလည်း ယောဟန် ဟောသောအရာနှင့်တူမည်ဟုယူဆရသည်။ အကြောင်းမှာ၊ ထိုနိုင်ငံဝင်ဘို့ရန် နောင်တရဘို့ ဟောခိုင်း သည်။ တဖန်၊ တကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြ နှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ သွားစဉ်တွင်၊ ကောင်း ကင်နိုင်ငံတော် တည်လုနီးပြီ၊ ဟုသတင်း ကြားပြောကြလော့။ နာသောသူတို့အား ချမ်းသာပေးကြ လော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။ (မဿဲ ၁၀း၅-၈) အထက်ပါကျမ်းပိုဒ်များအရာ ကောင်းကင်နိုင်ငံတော်သည် တကမ္ဘာလုံးနှင့်မဆိုင်ဘဲ ဣသရေလအမျိုးသားများနှင့်သာ တည်ထောင်မည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် တပါးအမျိုးသားများနှင့် ရှမာရိအမျိုးသားများထံ မသွားခိုင်းခြင်းဖြစ်သည်။ ထိုနိုင်ငံတော်၌ မကျန်းမာ သောသူ၊ နူသောသူ၊ နတ်ဆိုးစွဲသောသူတို့လည်းမရှိရ။
ခါနာန်အမျိုးဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍၊ ဒါဝိဒ်၏သားတော် ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်၊ ဟုဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့လိုက်၍ ဟစ်ကြော်လျက်နေပါသည်၊ ဟုတောင်းလျှောက်ကြ၏။ ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သော သိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်၊ ဟုမိန့်တော်မူ၏။(မဿဲ ၁၅း၂၂-၂၄) အဘယ်ကြောင့် သခင်ယေရှုက ခါနာန်အမျိုးသမီးကို လုံးဝစကားမပြောသနည်း။ အဘယ်ကြောင့် ပြောပြန်သောအခါ၌လည်း ခွေးနှင့်နှိုင်းသနည်း။ အကြောင်းမှာ၊ နိုင်ငံတော်သည် သူနှင့်မဆိုင်၊ ဣသရေလအမျိုးသားများနှင့်သာ ဆိုင်သောကြောင့်ဖြစ်သည်။
နိုင်ငံတော်တည်ထောင်ရန်ဘုရင်ရှိရမည်
ယေရုရှလင်မြို့ အနီးသို့ချဉ်း၍ သံလွင်တောင် ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့ရှေ့၌ ရှိသော ရွာသို့ သွားကြ၊ ထိုရွာ၌ ချည်နှောင်လျက် ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်း တွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။ သူတပါးသည် သင်တို့အား တစုံတခုကို ဆိုလျှင်၊ သခင်အလိုရှိသည်၊ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်း ပေးလိုက်မည်၊ ဟုမှာထားတော်မူ၏။ ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊ နူးညံ့ သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ ဟူသော၊ ပရောဖက်၏ နှုတ်ထွက် ပြည့်စုံမည် အကြောင်းဖြစ်သတည်း။ တပည့်တော်တို့ သည် သွား၍ အမိန့်တော် အတိုင်း ပြုသဖြင့်၊ မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍၊ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ကြပြီးလျှင်၊ ကိုယ်တော်သည် စီးတော်မူ၏။ အတိုင်းမသိ များစွာသော လူတို့သည်၊ မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည်၊ သစ်ကိုင်း သစ်ခက်များကို ခုတ်၍လမ်း၌ ခင်းကြ၏။ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ (Yahweh is salvation) ဖြစ်စေသတည်း၊ ဟုကြွေးကြော်ကြ၏။ (မဿဲ ၂၁း၁-၉) သခင်ယေရှုက သူ့ကိုသူရှင်ဘုရင်အဖြစ် ဘိသိက်ခံဘို့ရန်ချီတက်လာခြင်းဖြစ်သည်။ သို့သော်ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ရောက်သောအခါ ဘာသာရေးခေါင်းဆောင်များက ရှင်ဘုရင်အဖြစ် လက်မခံကြချေ။ ထို့ကြောင့်နိုင်ငံတော်မတည်ထောင်နိုင်ခဲ့ချေ။
ရှင်ဘုရင်ကိုကွပ်မျက်ကြ
ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော်၊ မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလော၊ ဟုမေးလျှင်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း မှန်သည်၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၇း၁၁) ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတလုံးကိုလည်း လက်ျာ လက်တော်နှင့် ကိုင်စေပြီးလျှင်၊ ရှေ့တော်မှာ ဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍၊ ကိုယ်တော်ကို ပြက်ယယ် ပြုကြ၏။ (မဿဲ ၂၇း၂၉) အပြစ်ဖော်ပြသော ကမ္ဗည်းလိပ်စာချက် ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်း၊ ဟုရေး၍ ခေါင်းပေါ်မှာ တပ်သတည်း။(မဿဲ ၂၇း၃၇)
အထက်ပါကဲ့သို့ ယုဒရှင်ဘုရင်ကို သတ်ကြသောကြောင့် နိုင်ငံတော် မတည်ထောင်နိုင်ခဲ့ချေ။
နိုင်ငံတော်တည်ထောင်ဦးမည်
သခင်ယေရှုသည် မူလရည်ရွယ်ထားသည့်အတိုင်း နိုင်ငံတော်မတည်ထောင်နိုင်ခဲ့သော်လည်း အနာဂတ် တွင် နိုင်ငံတော်တည်ထောင်ဦးမည်။ ထိုအရာကို သူနှင့်အတူ လက်ဝါးကပ်တိုင်၌ အသတ်ခံသောလူဆိုး က သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ၊ အကျွန်ုပ်ကို အောက်မေ့ တော်မူပါ၊ ဟုယေရှုကို လျှောက်ဆို၏။(လု ၂၃း၄၂) ထိုသို့လျှောက်ဆိုသောအရာကို သခင်ယေရှုက မငြင်းပယ်ခဲ့ချေ။ နောက်ဆုံးညစာစားသောအခါ၌လည်း၊ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုး အသစ်ကို၊ ငါ့ခမည်းတော်၏နိုင်ငံ၌၊ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍၊ တဖန် ငါမသောက်ရ၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၆း၂၉)
ကောင်းကင်မတက်မှီလေးတွင်၊ တမန်တော် တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား၊ နိုင်ငံကို ပြန်ပေးတော်မူမည်လော၊ ဟုမေးလျှောက်ကြလျှင်၊ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို၊ သိရသောအခွင့်သည် သင်တို့၌မရှိ။ (တမန် ၁း၆-၇)
သခင်ယေရှုက နိုင်ငံတော်တည် ထောင်မည့်အစီအစဉ်မရှိတော့ပါ ဟုမပြောချေ။ ထို့ကြောင့်ဤလောက၌ နိုင်ငံတော်တည်ထောင်ဦးမည်။
တဦးချင်းအဖွဲ့အစည်း၌
နိုင်ငံတော်ကို အနာဂတ်၌ တည်ထောင်ဦးမည်ဖြစ်သော်လည်း ယုံကြည်သူများအနေဖြင့် မိမိတို့ အသက်တာ၌ သော်၎င်း၊ အိမ်ထောင်၌သော်၎င်း၊ အသင်းတော်၌သော်၎င်း၊ ဘုရားသခင်၏နိုင်ငံတော် တည်ထောင်နိုင်သည်။ မည်ကဲ့သို့တည်ထောင်နိုင်သနည်း။ မိမိ၏အသက်တာ၌ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်သာမက ရှင်ဘုရင်အဖြစ် လက်ခံနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည်၊ သင်တို့၏အထဲ၌ရှိသည်၊ ဟုဆိုခြင်းဖြစ်သည်။ သခင်ယေရှုကို ရှင်ဘုရင်အဖြစ် လက်ခံခြင်းဆိုသည်မှာ၊ သူ့အလိုတော်အတိုင်းအသက်ရှင်ခြင်းဖြစ်သည်။ တိုင်းသူပြည်သားများက ရှင်ဘုရင်ကို အကြောက်ဆုံး၊ အရိုသေဆုံး၊ အနာခံဆုံးဖြစ်သည်။ သင်၏အသက်တာ၌ သခင်ယေရှု ကို အကြောက်ဆုံး၊ အချစ်ဆုံး၊ အရိုသေဆုံးဖြစ်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်၌ရှိသည်။ အခြားသောသူများက သခင်ယေရှုကို ဂရုမစိုက်လျှင်လည်း၊ သင်၏ရှင်ဘုရင်အဖြစ်လက်ခံ၊ နာခံနိုင်သည်။ မိသားစုအတွင်း၌လည်း သခင်ယေရှုကို အဓိကထားလျှင် ကောင်းကင်နိုင်ငံကဲ့သို့ ခံစားနိုင်သည်။ အသင်းတော်အတွင်း၌လည်း၊ သခင်ယေရှု၏အလိုတော်ကို လိုက်နာလျှင် ကောင်းကင် နိုင်ငံတော်ကဲ့သို့ဖြစ်မည်။ ကိုယ့်ရည်းစား၊ ခင်ပွန်သည်ကို အခြားသောသူများက ဂရုမစိုက်လျှင်လည်း ကိုယ်က အလွန်ချစ်မြတ်နိုးလျှင် သူ့အလိုဆန္ဒလိုက်ဘို့သည် လုံးဝမခက်ပါ။ အချစ်ဆုံး၏အလိုဆန္ဒ လိုက်ခြင်းသည် အပျော်ရွှင်ဆုံး၊ ဝမ်းအမြောက်ဆုံးဖြစ်သည်။ သူတပါးကို ညှိနေစရာမလိုပါ။
ယခုပင်လျှင်ရှင်ဘုရင်ဖြစ်လက်ခံနိုင်
သခင်ယေရှုခရစ်ကို ကောင်းကင်နိုင်ငံရောက်မှသာ ရိုသေလေးစားနာခံဘို့မဟုတ်ပါ။ အနှစ်တထောင် အုပ်စိုးမှသာ ရှင်ဘုရင်အဖြစ် ဝန်ခံဘို့မဟုတ်ပါ။ ယခုကတည်းက လက်ခံဝန်ခံဘို့ဖြစ်သည်။ ထိုသို့ ဝန်ခံ လျှင်၊ သင်၏အသက်တာကို လမ်းပြညွှန်ကြား၍ ကောင်းကြီးမင်္ဂလာများသွန်းလောင်းချပေးပါလိမ့် မည်။ သူသည်သင်၏ရှင်ဘုရင်ဖြစ်ပါက၊ ဝန်လေးပင်ပန်းခြင်းမရှိနိုင်ပါ။ ပူပင်သောက မရောက်နိုင်ပါ။ ခက်ခဲမှုများ ကြုံတွေ့ရသော်လည်း အောင်မြင်သောအသက်တာဖြင့် အသက်ရှင်နိုင်ပါလိမ့်မည်။ သင်နှင့် သင်၏မိသားစု၊ အသင်းတော်အပေါ် သခင်ယေရှုသည် ရှင်ဘုရင်အဖြစ် အုပ်စိုးပါစေသော်။
ဂလာတိ ဩဝါဒစာ
အခန်းကြီး ၂
၁။ ထို့နောက် တဆယ့်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတု(Titus)ကိုခေါ်၍ ဗာနဗ(Barnabas)နှင့်အတူ၊ ယေရုရှလင်မြို့သို့ တဖန်သွားလေ၏။
ပေါလုသည် ဒမသက်မြို့၌ ပြောင်းလဲသောနောက်၊ အားတိုးပွားသဖြင့်၊ ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ ကာလကြာမြင့်ပြီးမှ ရှောလုကို သတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်း တိုင်ပင်ကြ၏။ ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊ တပည့်တော်တို့သည် ညအခါ သူ့ကိုယူ၍၊ တောင်း၌ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျော့ချကြ၏။ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို၊ တပည့်တော်အပေါင်းတို့သည် မယုံသဖြင့်၊ သူ့ကိုကြောက်ရွံ့ကြ၏။ (တမန် ၉း၂၂-၂၆) ထိုအကြိမ်ယေရုရှလင်မြို့သို့ ရောက်ရှိခြင်း သည် ပဌမအကြိမ်ဖြစ်နိုင်သည်။ ထိုအရာကို ကောရိန္သုအသင်းတော်ထံ ဤကဲ့သို့သူရေးသွားသည်၊ ဒမာသက်မြို့၌ အရေတမင်းကြီး ခန့်ထားသော မြို့ဝန်သည်၊ ငါ့ကိုဖမ်းဆီးခြင်းငှါ အလိုရှိ၍၊ ဒမာသက်မြို့ကို စောင့်စဉ်တွင်၊ တပည့်တော်တို့သည်၊ ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှ ထုတ်၍၊ မြို့ရိုးအပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။ (၂ ကော ၁၁း၃၂-၃၃)။ ပေါလုသည် အထက်ပါကျမ်းပိုဒ်များအရ ယေရုရှလင်မြို့သို့ ပဌမအကြိမ် သွားရောက်ခဲ့သည်။
ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှာ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ့်ငါးရက်နေ၏။(ဂလာတိ ၁း၁၈) ပဌမဧဝံဂေလိခရီးစဉ်အပြီးတွင် အန္တိအုတ်မြို့၌ တပါးအမျိုးသားများသည် ယုံကြည်လာကြသောအခါ အရေဖျားလှီးဘို့လိုမလိုကိစ္စနှင့်ပတ်သက်၍ ငြင်းခုံကြသောကြောင့် ထိုကိစ္စကိုဆွေးနွေးဘို့ရန် ဗာနဗနှင့်အတူယေရုရှလင်မြို့သို့ သွားခဲ့ကြသည်။ (တမန် ၁၅း၁-၄)
၂။ ဗျာဒိတ်တော် အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးသားတို့၌ ဟောပြောသော ဧဝံဂေလိတရား ကို၊ ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက်ခဲ့ပြီးသောအမှုနှင့်၊ နောက်၌ ဆောင်ရွက် လတံ့သောအမှုကို၊ အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေထင်ရှားသော သူတို့အားသာ၊ တိတ်ဆိတ်စွာ ကြားပြော၏။
“ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍” ပေါလုသည် သူ့သဘောနှင့်ယေရုရှလင်မြို့သို့ သွားသည် မဟုတ်။ ဗျာဒိတ်တော်အတိုင်းသွားသည်၊ ဟုဆိုသည်။ ဗျာဒိတ်တော်သည် ဘုရားစေခိုင်းခြင်းကို ဆိုလို သည်။ ထို့ကြောင့်လူ့အကြံအစည်မပါချေ။
“တပါးအမျိုးသားတို့၌ ဟောပြောသော ဧဝံဂေလိတရားကို၊ ထိုအခါ ငါကြားပြောလေ၏။”
ယေရုရှလင်မြို့သို့သွားရာတွင် သူ၏ပဌမခရီးစဉ်၌ တပါးအမျိုးသားများထံ ဧဝံဂေလိတရားဟောသော အရာများကို ကြားပြောသည်ဟုဆိုသည်။ ပဌမခရီးစဉ်အသေးစိပ်ကို တမန်တော် ၁၃ နှင့် ၁၄ ၌ရေးထား သည်။
“ထိုသို့ဆိုသော် ငါဆောင်ရွက်ခဲ့ပြီးသောအမှုနှင့်၊ နောက်၌ဆောင်ရွက်လတံ့သောအမှုကို၊ အချည်းနှီး မဖြစ်စေခြင်းငှါ၊”
ဧဝံဂေလိတရားဟောပြောရာတွင် အောင်မြင်မှုများနှင့် ခက်ခဲမှုများကို အခြားသူများထံ၌ အလွန်ပြော ချင်တတ်ကြသည်။ အထူးသဖြင့် ကိုယ့်ကိုအားပေးသူများထံ၌ အောင်မြင်မှုများကို အလွန်ပြောချင်ကြ သည်။ ထို့အပြင်၊ ဆက်လက်လုပ်ဆောင်မည့်အရာများကိုလည်း၊ အားရပါးရပြောဆိုတတ်ကြသည်။ သို့သော်၊ တခါတရံ အောင်မြင်မှုများနှင့်စီမံကိန်းများကို ကြိုတင်ပြောပြသောအခါ အတားအဆီး၊ အနှောက်အယှက်များရှိတတ်သည်။ ထို့ကြောင့်၊ ချင့်ချိန်ဘို့လိုအပ်သည်။ တွေ့ကြုံသမျှကို လူတိုင်းထံ မပြောသင့်ချေ။ ရန်သူများက ကိုယ့်အကြံအစည်ကို သိသွားသောအခါ အတားအဆီးများပြုလုပ်နိုင် သည်။
“အသရေထင်ရှားသောသူတို့အားသာ၊ တိတ်ဆိတ်စွာကြားပြော၏။” အသရေထင်ရှားသောသူတို့သည် တမန်တော်များ၊ အသင်းတော်၏ခေါင်းဆောင်များဖြစ်မည်။ ထိုသူတို့ သည် ခရစ်တော်က မရွေးကောက်မှီတွင် တံငါသည်များ၊ အခွန်ခံများဖြစ်ကြသည်။ သို့သော်၊ ဘုရားသ ခင်ကြောင့် အသရေထင်ရှားသောသူများ၊ ဟုပေါလုကရေးသားသည်။ သင်လည်း၊ ဘုရားသခင်ကရွေး ကောက်ပြီး၊ သူခိုင်းသောအရာကိုလုပ်လျှင် အသရေထင်ရှားသောသူဖြစ်နိုင်သည်။
၃။ သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ(ဂရိတ်)အမျိုးတိတု(Titus)ကို၊ အရေဖျားလှီးခြင်းကို မခံစေကြ။
တိတုသည် ဟေလသ(ဂရိတ်) လူမျိုးဖြစ်သည်။ တပါးအမျိုးသားဖြစ်သောကြောင့် သူသည်အရေဖျားမ လှီးခဲ့ချေ။ အရေဖျားလှီးခြင်းသည် ဘုရား၏လူဟု၊ သတ်မှတ်ခြင်းဖြစ်သည်။ အရေဖျားလှီးခြင်းကို ဘုရားသခင်က အာဗြဟံထံ ဤကဲ့သို့ ခိုင်းခြင်းဖြစ်သည်၊ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုး အနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့်သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေ ဖြစ်ရလိမ့်မည်။ (ကမ္ဘာ ၁၇း၁၀-၁၁) ထို့ကြောင့် အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုခြင်းဖြစ်၍ ဘုရားနှင့်သက်ဆိုင်ခြင်းကိုဆိုလိုသည်။ တပါးအမျိုးသားများသည် အာဗြဟံ နှင့်မပတ်သက်သောကြောင့် အရေဖျားမလှီးကြခြင်းဖြစ်သည်။ တိတုသည်ဟေလသတည်းဟူသော ဂရိတ်လူမျိုးဖြစ်သောကြောင့် အရေဖျားမလှီးချေ။ သူသည် ခရစ်တော်ကို လက်ခံသောကြောင့် ခရစ်ယာန်ဖြစ်သည်။ သို့သော်၊ ပေါလုက သူ့ကိုအရေဖျားမလှီးစေကြ၊ ဟုဆိုသည်။ အရေဖျားလှီးခြင်း နှင့်ပတ်သက်၍၊ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။ အရေဖျားလှီးခြင်းကို ခံသောသူအပေါင်းတို့အား၊ ငါတဖန်သက်သေခံ သည်ကား၊ ထိုသို့သောသူသည်၊ ပညတ်တရားကို အကြွင်းမဲ့ ကျင့်အံ့သောငှါ၊ ကြွေးတင်သောသူဖြစ်၏။ (ဂလာတိ ၅း၂-၃) ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ် သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ (ဂလာတိ ၅း၆) ဟုရေးထားသည်။
ယေရှုမပေါ်မှီတွင် အရေဖျားလှီးခြင်းသည် အလွန်အရေးကြီးသော်လည်း သခင်ယေရှုပေါ်ပြီးနောက် ပိုင်း၌ အထက်၌ ရေးသကဲ့သို့ အရေးမကြီးတော့ချေ။
၄။ ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော၊ လွတ်ခြင်းအခွင့်ကို ချောင်းကြည့်၍၊ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတပါးသွင်း၍၊ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကို ဆောင်သောသူတို့၊ အကြောင်းကြောင့် ထိုသို့ပြုကြ၏။
“ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော၊ လွတ်ခြင်းအခွင့်ကို ချောင်းကြည့်၍၊” ယေရှုခရစ်အားဖြင့် ခံစားသောလွတ်ခြင်းအခွင့်သည် အဘယ်အရာကိုဆိုလိုသနည်း။ ပေတရုက ယေရုရှလင်ကောင်စီ၌ ယုံကြည်သူတပါးအမျိုးသားများ အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ ဤကဲ့သို့ဆွေးနွေးသွားသည်၊ စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည် နည်းတူ၊ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။ ယုံကြည်ခြင်းအားဖြင့်လည်း၊ သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍၊ ငါတို့ကို ခြားနားစေတော်မမူ။ သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ၊ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ၊ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို၊ ငါတို့သည်ယုံကြ၏။ (တမန်တော် ၁၅း၈-၁၁) ပေါလုက လည်း၊ အရေဖျားလှီးခြင်းကို ခံသောသူ အပေါင်းတို့သည် ပညတ်တရားကို အကြွင်းမဲ့ ကျင့်အံ့သောငှါ၊ ကြွေးတင်သောသူဖြစ်၏။ (ဂလာတိ ၅း၃) ဟုရေးထားသည်။ ထို့ကြောင့် ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ရောက်ဘို့ရန်၊ ဖြောင့်မတ်ဘို့ရန်၊ ပညတ်တော်လိုက်လျှောက်ဘို့ ကြွေးတင်ရာမှ လွတ်ခြင်းအခွင့် ရသူများဖြစ်သည်။ (မှတ်ချက်၊ ကယ်တင်ခြင်းသို့ရောက်ဘို့ရန် ပညတ်တော်လိုက်လျှောက်စရာ မလိုသော်လည်း၊ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများသည် အသက်တာ၌ ပညတ်တော်အတိုင်း လိုက်လျှောက် ရသည်)
“ငါတို့ကိုကျွန်ခံစေမည်အကြံနှင့်” လွတ်ခြင်းအခွင့်ရပြီးသော ယုံကြည်သူများကို ပညတ်တော်လိုက် ဘို့ ထမ်းပိုးပြန်တင်ခြင်းကို ကျွန်ခံစေမည့်အကြံ၊ ဟုဆိုခြင်းဖြစ်သည်။
“ပရိယာယ်အားဖြင့် သူတပါးသွင်း၍၊ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏ အယောင်ကို ဆောင်သောသူ တို့၊ ထိုသို့ပြုကြ၏။” ညီအစ်ကိုယောင်ဆောင်သောသူဆိုသည်မှာ ခရစ်တော်ကိုယုံကြည်လက်ခံဟန် ဆောင်ခြင်းကို ဆိုလိုသည်။ ထိုသူများက ယုံကြည်ဟန်ဆောင်ပြီး ယုံကြည်သူများကို ပညတ်တော်လိုက် လျှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်ဖြောင့်မတ်ခြင်းသို့ ရောက်ရှိဘို့ သွေးဆောင်နေကြသည်။
၅။ မှန်သော ဧဝံဂေလိတရားသည်၊ သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည် ထိုသူတို့ စီရင်ခြင်းကို၊ ခဏမျှဝန်မခံကြ။
“မှန်သော ဧဝံဂေလိတရားသည်၊ သင်တို့၌ တည်နေမည်အကြောင်း၊” ဧဝံဂေလိသည် ဂရိတ်စကားဖြစ် ၍ အဓိပ္ပါယ်သည် သတင်းကောင်းဖြစ်သည်။ မှန်သောသောသတင်းကောင်းသည် ပညတ်တော်လိုက် လျှောက်ခြင်းအားဖြင့်မဟုတ်ဘဲ၊ ယေရှုခရစ်၏ကယ်တင်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း၊ ကယ်တင်ခြင်း သို့ ရောက်ခြင်းဖြစ်သည်။ ထိုချက်၌ ဂလာတိပြည်ရှိ အသင်းတော်များ သို့မဟုတ် ယုံကြည်သူများသည် တည်နေရမည်။
“ငါတို့သည် ထိုသူတို့စီရင်ခြင်းကို၊ ခဏမျှဝန်မခံကြ။” ထိုသူတို့ ဆိုသည်မှာ အထက်က ညီအစ်ကို သို့မဟုတ် ယုံကြည်သူ ဟန်ဆောင်သောသူများကို ဆိုလိုသည်။ ထိုသူတို့က ယုံကြည်သူများကို ပညတ် တော်ပြန်လိုက်လျှောက်ဘို့ စီရင်ခြင်းကို ပေါလုတို့က ခဏမျှဝန်မခံ ဆိုသည်မှာ၊ ချက်ချင်းခြေပရှင်း လင်းခြင်းကို ဆိုလိုသည်။
၆။ အသရေထင်ရှားသောသူတို့သည်၊ အထက်က အဘယ်သို့သောသူ ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူတို့နှင့် ငါသည် ပေါင်းဖေါ်၍၊ ထူးခြားသော အရာကို မခံရသည်သာမက၊
အသရေထင်ရှားသောသူများသည် အငယ် ၂ ၌တမန်တော်များ၊ အသင်းတော်ခေါင်းဆောင်များကို ဆိုလို ခြင်းဖြစ်မည်၊ ဟုဆိုခဲ့ပြီးပြီ။ ပေါလုက ထိုသူများသည် အထက်က အဘယ်သို့သောသူဖြစ်ကြသည်ကို ငါမဆိုင်၊ ဟုဆိုသည်။ သူတို့သည် ခရစ်တော်ကို သုံးနှစ်ခွဲလုံးလုံးလိုက်သော်လည်း သမ္မာတရားကို မသိ၊ လမ်းလွဲလျှင် လှစ်လျိုရှု၍မရ၊ ထောက်ပြရမည် ဟုဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် လူမျက်နှာကို မထောက်ဟုဆိုသည်။ ပေါလုသည် ထိုတမန်တော်များ အသင်းတော်ခေါင်းဆောင်များနှင့် ပေါင်းဖေါ်သော်လည်း ထူးခြားမှုမခံစားရ၊ ဟုဆိုသည်။ အကြောင်းမှာ ပေါလုသည် သခင်ဘုရား၏ လုပ်ဆောင်ချက်၊ သမ္မာတရားကို သိနေသောကြောင့်ဖြစ်သည်။ ပေါလုသည် အဘယ်ကြောင့် သမ္မာ တရားကိုသိနိုင်သနည်း။ ဓမ္မဟောင်းကျမ်း အရိပ်ကိုသိသည်သာမက သခင်ယေရှုကိုယ်တိုင်နှင့် တွေ့ သောကြောင့်ဖြစ်မည်။
၇။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင် ပေတရုကို တမန်တော် ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင်၊ ငါ့ကို တမန်တော်ဖြစ်စေခြင်းငှါ၊ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ ၈။ အရေဖျားလှီးခြင်းနှင့်စပ်ဆိုင်သော ဧဝံဂေလိတရားကို၊ ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို၊ ငါ၌အပ်တော်မူ ကြောင်းကို သူတို့သည် သိမြင်ကြ၍၊
တမန်တော်ဆိုသည်မှာ သတင်းသယ်ဆောင်သူဖြစ်သည်။ ပေတရုသည် သခင်ယေရှုက အရေဖျားလှီး ခြင်းကို ခံသောသူတို့ထံ သတင်းကောင်း သယ်ဆောင်သူအဖြစ် သခင်ယေရှုက တဝန်ပေးထားသည်။ ပေါလုကိုမူ တပါးအမျိုးသားများထံ သတင်းကောင်းသယ်ဆောင်သူအဖြစ် သခင်ယေရှုက တာဝန်ပေး ထားသည်။ ပေါလုကို ထိုတာဝန်ပေးခြင်းနှင့် ပတ်သက်၍ လုကာက ဤသို့ရေးထားသည်၊ သခင်ဘုရား ကလည်း၊ ထိုသူကားတပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။ (တမန်တော် ၉း၁၅)
၉။ အမှီတကဲ၊ ဟုယူဆရသော ယာကုပ်(James)၊ ကေဖ (Cephas ပေတရု)၊ ယောဟန်တို့သည် လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကို ခံရသော သူတို့ဆီသို့သွားမည် အကြောင်းနှင့်၊ ငါတို့သည် တပါးအမျိုးသားတို့ ဆီသို့သွားမည်အကြောင်း၊ လက်ျာ လက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။
အမှီတကဲ ဆိုသည်မှာ အမာခံ ပင်မ ကိုဆိုလိုခြင်းဖြစ်သည်။ သခင်ယေရှု၏ ညီတော်ယာကုပ်၊ တမန်တော်များ၏ ခေါင်းဆောင်ကေဖတည်းဟူသောပေတရု၊ ပေတရုနှင့်အမြဲတွဲတတ်သော ယာကုပ်၏ညီ ယောဟန်တို့သည် အသင်းတော်၏ အမာခံများဖြစ်ကြသည်။ ထိုခေါင်းဆောင်တို့က ပေါလုနှင့်အဖွဲ့သည် တပါးအမျိုးသားများဆီသွားဘို့ သခင်ယေရှုက ခွဲခန့်မှတ်သားကြောင်းကို သိကြသည်။ လက်ျာလက်ခံခြင်းဆိုသည်မှာ လက်တွဲခြင်းကိုဆိုလိုသည်။
၁၀။ ငါတို့သည် ဆင်းရဲသောသူများကို၊ အောက်မေ့စေခြင်းငှါ၊ သူတို့အလိုတခုတည်းရှိ၏။ ထိုအမှုသည် ငါအလွန်လုပ်ချင်သောအရာဖြစ်သည်။
ယေရုရှလင်အသင်းတော်၏ အမာခံခေါင်းဆောင်များက ပေါလုနှင့်ဗာနဗတို့ကို ယုံကြည်ခြင်း၊ သွန်သင်ခြင်းနှင့်ပတ်သက်၍ မှာစရာ၊ ပြင်စရာမရှိချေ။ အကြောင်းမှာ ပေါလုတို့သည် သမ္မာတရားကို ကောင်းစွာသိသောကြောင့်ဖြစ်သည်။ သူတို့မှာစရာသည် တခုတည်းရှိ၍ ဆင်းရဲသူများကို အောက်မေ့ဘို့ဖြစ်သည်။ ထိုဆင်းရဲသူများသည် ဆင်းရဲသားတိုင်းမဟုတ်၊ ယေရုရှလင်အသင်းတော်ရှိ ယုံကြည်သူ ဆင်းရဲသားများဖြစ်သည်။ လုကာက၊ အာဂဗုအမည်ရှိသော သူတယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာအာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့်ဖေါ်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိလက်ထက်၌ ဖြစ်သတည်း။ ထိုအခါ တပည့်တော်တို့ သည်၊ အသီးသီးတတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမပေးလိုက် မည်၊ ဟုစီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင်၊ သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။ (တမန် ၁၁း၂၈-၃၀) ဟုရေးထားသည်။ ယခုခေတ်အသင်းတော်များသည် မိခင်အသင်းတော်မှ သာသနာပြုအ သင်းတော်များကို ထောက်ပံ့တတ်ကြသည်။ တမန်တော်များခေတ်၌ သာသနာပြုအသင်းတော်များက မိခင်ယေရုရှလင်အသင်းတော်ကို ထောက်ပံ့ကြသည်။ ပေါလုက၊ သန့်ရှင်းသူတို့အဖို့လှူဒါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြလော့။ ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသောသူတို့ကို ငါသည်လက်မှတ်စာပေး၍၊ သင်တို့လှူသောအလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။(၁ ကော ၁၆း၁-၃) ဟုစာရေးခဲ့သည်။
၁၁။ ထို့နောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့်၊ သူ့ကိုယ်တိုင်ကို ငါငြင်း၍ဆီးတားရ၏။
ပေါလုက သူ့အရင်တမန်တော်ဖြစ်သော၊ ခရစ်တော်နောက် သုံးနှစ်ခွဲလိုက်ခဲ့ပြီးသော ယေရုရှလင်အ သင်းတော်၏ အမာခံဖြစ်သော ပေတရုကို အန္တိအုတ်မြို့၌ အပြစ်တင်သည်။ အဘယ်အရာအတွက် အပြစ်တင်သည်ကို အောက်၌ ဆက်ရေးသွားသည်။
၁၂။ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုး သားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသော သူတို့၏ မျက်နှာကိုထောက်၍၊ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့၊ တယောက်တခြားစီနေ၏။
ပေါလု၏ စာအားဖြင့် ယာကုပ်သည် မည်ကဲ့သို့သောသူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ဤယာကုပ်သည် သခင်ယေရှု၏ညီဖြစ်နိုင်သည်။ ပေါလုက၊ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသော ငှာ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။ သူနှင့်သခင်ဘုရား၏ ညီတော်ယာကုပ် မှတပါး၊ အခြားသောတမန်တော် တယောက်ကိုမျှ ငါမတွေ့မမြင်။ (ဂလာ ၁း၁၈-၁၉) ဟုရေးသည်။ ထို ယာကုပ်သည် ယာကုပ်ဩဝါဒစာကို ရေးသောသူဖြစ်နိုင်သည်။ ယာကုပ်သည် အရေဖျားလှီးခြင်းကို တန်ဘိုးထားသောသူ ယုဒနှင့်တပါးအမျိုးသားများ ခွဲခြားသောသူဖြစ်ကြောင်းထင်ရှားသည်။ သူကိုယ် တိုင်ပင်မဟုတ်၊ သူ့လူများအန္တိအုတ်မြို့သို့ မရောက်မှီတွင် ပေတရုသည် တပါးအမျိုးသားများနှင့် အတူ စားသောက်ခြင်းဖြင့် ပေါင်းဖေါ်ခဲ့သည်။ သို့သော်၊ သူ့လူများရောက်လာသောအခါ ပေတရုသည် သူတို့ ၏မျက်နှာကို ထောက်၍ တပါးအမျိုးသားများနှင့် မပေါင်းဖေါ်ဝံ့တော့ချေ။
၁၃။ ကြွင်းသော ယုဒလူတို့သည် ပေတရုနှင့်အတူ၊ ဟန်ဆောင်ခြင်းအားဖြင့် ဗာနဗသည်လည်း၊ သူတို့ဘက်သို့ ပါသွား၏။
ပေတရုသာမက ဗာနဗနှင့်အခြားယုံကြည်သူများလည်း လူမျိုးခွဲခြားခြင်း လုပ်လာကြသည်။ ပေတရု သည် ခရစ်တော်ကို သုံးနှစ်ခွဲလုံးလုံးနောက်လိုက်ခဲ့သော်လည်း အဘယ်ကြောင့်ထိုကဲ့သို့ လူမျိုးခွဲခြား ခြင်းကိုပြုလုပ်သနည်း။ သမ္မာတရားကို ကောင်းစွာမမြင်သေးသောကြောင့်ဖြစ်သည်။ ဗာနဗ သည်ပေါလုနှင့်အတူ ပဌမအကြိမ်သာသနာပြုခရီးစဉ်တွင် ဘုရားသခင်၏ ဦးဆောင်ခြင်းကို လက်တွေ့ မြင်တွေ့ခဲ့သော်လည်း၊ အဘယ်ကြောင့် ယုဒထုံးစံသို့ပြန်လိုက်သွားသနည်း။ သမ္မတရား၌ အခြေမခိုင် သောကြောင့်ဖြစ်သည်။ သင်လည်း သမ္မာတရားကို ကောင်းစွာမပိုင်းခြားတတ်လျှင် သူတို့ကဲ့သို့ပင် ရိုးရာနှင့်အစဉ်အလာ၌ စွဲလမ်းနေမှာဖြစ်သည်။ ယနေ့ဒုတိယမွေးဖွားသည်သာမက သမ္မာတရားဟော ပြောနေသူများပင်လျှင် ရိုးရာဝတ်စုံများ၊ ယဇ်ပုရောဟိတ်ဝတ်ရုံများ၊ ဘွဲ့ဝတ်စုံများနှင့် ဂုဏ်ယူစွာ ဝတ်ဆင်နေကြသည်ကို ဝမ်းနည်းဘွယ် တွေ့မြင်နေရပြီဖြစ်သည်။
၁၄။ သူတို့သည် မှန်သောဧဝံဂေလိတရားနှင့်အညီ၊ ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တပါးအမျိုး၏ ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည်၊ ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှါ၊ အဘယ်ကြောင့် သူတို့ကို အနိုင်အထက် ပြုသနည်း။
ပေါလုက သူ့ထက်အသက်ကြီးပြီး ခရစ်တော်နောက်လိုက်သောပေတရုကို မျက်နှာမထောက်ဘဲ အဘယ်ကြောင့် သူ၏အားနည်းချက်ကို လူများရှေ့၌ ပြောရဲသနည်း။ သမ္မာတရားကို ကောင်းစွာသိ သောကြောင့်ဖြစ်သည်။ သင်လည်းသမ္မာတရားကို ကောင်းစွာသိလျှင် သတ္တိရှိလာမှာဖြစ်သည်။ ပေတရု ၏အားနည်းချက်သည် တပါးအမျိုးသားများကို ယုဒထုံးစံအတိုင်း ကျင့်စေခြင်းဖြစ်သည်။ ယုဒထုံးစံအ တိုင်း သူတို့ကို အရေဖျားလှီးစေပြီး ပညတ်တော်လိုက်လျှောက်စေခြင်းဖြစ်သည်။ ပေါလုသည် ထိုအရာ များမမှန်ကြောင်း ကောင်းစွာသိသောကြောင့် ရဲရင့်စွာ ပေတရုကို ပြောရဲခြင်းဖြစ်သည်။
၁၅။ လူတို့သည် ပညတ်တရား၏ အကျင့်အားဖြင့်၊ ဖြောင့်မတ်ရာသို့မရောက်၊ ၁၆။ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါးအမျိုးသား မဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည်၊ အမှန်သိသည်နှင့်အညီ၊ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။
ပေါလုက လူသည်ပညတ်တရား၏အကျင့်အားဖြင့်မဟုတ်၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြောင်းကို သိသည်သာမက ရဲရင့်ပြတ်သားစွာပြောဆိုသည်။ တပါးအမျိုးသား ဖြစ်စေ၊ ယုဒလူဖြစ်စေ ပညတ်လိုက်လျှောက်ခြင်းအားဖြင့်မဟုတ်ဘဲ၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအား ဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်နိုင်သည်၊ ဟုပြတ်သားစွာရေးသောကြောင့် ယနေ့ကျွန်ုပ်တို့လည်း အကျိုးခံစားရသည်။ ပေါလုကသာ သမ္မာတရားကို ပြတ်ပြတ်သားသားမရေး၊ မကာကွယ်ခဲ့လျှင် အကျင့်အားဖြင့်၊ လူမျိုးအားဖြင့်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဟုအလွဲယူကြမှာဖြစ်သည်။ သင်သည် ထိုသမ္မာတရားကိုသိလျှင် ပေါလုကဲ့သို့ ပြတ်သားစွာ ရပ်တည်ပြောဆိုဘို့လိုသည်။
၁၇။ ခရစ်တော်အားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ်ထင် ရှားသောသူ ဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူ ဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။
လူသည်ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်၊ အကျင့်ကောင်းကျင့်ခြင်းအားဖြင့်၊ ဖြောင့်မတ်ဘို့ ကြိုးစားတတ်ကြသည်။ သို့သော်ပေါလုက၊ ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ဘို့ ကြိုးစားလျက်ပင် အပြစ်ထင်ရှားသေးသည်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ ဖြောင့်မတ်ခြင်းသည် အပြစ် ကင်းသောကြောင့် ရရှိသည်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာရရှိသည်။ အပြစ်ရှိစဉ် ပင် ဖြောင့်မတ်သည်၊ ဟုဘုရားကသတ်မှတ်သည်။ သို့ဖြစ်လျှင် ခရစ်တော်သည် အပြစ်တရားပြုစုသော သူဖြစ်သလော၊ ဟုသူကိုယ်တိုင်က မေးခွန်းထုတ်ထားသည်။ သူကိုယ်တိုင်က ထိုသို့မဖြစ်နိုင်ရာ၊ ဟုပြန် ဖြေသည်။
၁၈။ အထက်က ငါဖြိုဖျက်သောအရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ်ရှိသည် ကို ကိုယ်ထင်ရှားစွာပြ၏။
အထက်က ပေါလုဖြိုဖျက်သောအရာသည် အဘယ်အရာနည်း။ အရေဖျားလှီး၍ ပညတ်တော်လိုက် လျှောက်ခြင်း၊ ယုဒထုံးစံအတိုင်း ကျင့်ကြံခြင်းတို့ဖြစ်သည်။ ထိုအရာများကို သခင်ယေရှုနှင့်တွေ့သော အခါ မဟုတ်မမှန်ကြောင်းကို နေရာအနှံအပြား၌ ဟောပြောခဲ့ပြီ။ ထိုယုဒထုံစံများကို ပြန်တည်ဆောက် လျှင် သူသည် အပြစ်ရှိသည်ကို ထင်ရှားစွာပြသည်၊ ဟုဆိုသည်။ ယနေ့ခရစ်ယာန်များလည်း ဘိုးဘေး တို့က ရိုးရာထုံးစံနှင့် ကိုးကွယ်သောဘာသာတို့ကို မိဘအသိုင်းအဝိုင်းနှင့် အမျိုးတို့၏ ဆန့်ကျင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရန်ပြုခြင်းတို့ကြားမှ အသက်ပေးပြီး စွန့်ခဲ့သောအရာကိုမသိဘဲ၊ ဘိုးဘေးတို့၏ ထုံးစံများကို လက်ခံရုံသာမက၊ ဘုရားကျောင်းထဲ၊ ပလ္လင်ပေါ်တွင် ဂုဏ်ယူစွာဖြင့် ဝတ်ဆင်ကာ၊ ကခုံနေ ကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ သင်သည် ထိုသို့သောသူဖြစ်နေပါသလား။ အဘယ်သူကို အဘယ်ကဲ့သို့ ငါယုံကြည်သည်၊ ဟုသင်သိပါသလား။
၁၉။ ထိုမှတပါး၊ ငါသည် ဘုရားသခင်နှင့် ဆိုင်သောအရာ၌၊ အသက်ရှင်မည်အကြောင်း၊ ပညတ်တရား နှင့် ဆိုင်သောအရာ၌၊ ပညတ်တရားအားဖြင့် သေလျက်နေ၏။
ပေါလုက သူသည် ဘုရားသခင်နှင့်ဆိုင်သောအရာ၌ အသက်ရှင်မည့်အကြောင်း ပညတ်တရားနှင့်ဆိုင် သောအရာ၌ သေနေသည်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်နှင့်ပတ်သက်လာလျှင် အသက်ရှင် သောကြောင့် သူလုပ်သင့်လုပ်ထိုက်သောအရာများကို လုပ်သည်။ ယနေ့ခရစ်ယာန်အတုများသည် ဘုရားသခင်နှင့်ပတ်သက်လာလျှင် သေနေကြသည်။ ကျမ်းစာဖတ်ဖို့သိသော်လည်း လုံးဝမဖတ်၊ သေနေကြသည်။ ဆုတောင်းဘို့သိသော်လည်း၊ ကြာကြာဆုမတောင်းနိုင်ကြချေ။ ဘုရားအကြောင်း မသိသေးသူများထံ ပြောဘို့ရှိလျှင် လုံးဝမပြောနိုင်၊ မပြောလိုကြချေ။ ဘုရားနှင့်ပတ်သက်လာလျှင် အသေများ ဖြစ်ကြသည်။ လူများအကြောင်း အတင်းပြောဘို့ဖြစ်လျှင် အဆက်မပြတ်ပြောနိုင်ကြသည်။ သူများပြောသောအရာကိုလည်း အားရစွာနားထောင်ချင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်လာလျှင် ကြာလွန်းသည်၊ များလွန်းသည်၊ ပြင်းထန်လွန်းသည်၊ လွန်လွန်းသည်၊ အဘယ်သူခံနိုင်မည်နည်း၊ ဟုဆိုသည်။ ဇာတိအရာဖြစ်လျှင် အလွန်တက်ကြွစွာ ပါဝင်၍ အားရနေတတ်ကြသည်မဟုတ်လော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်လာလျှင် အသက်ရှင်သလော၊ သေနေသလော။
၂၀။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည်၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ် ၍၊ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။
ခရစ်တော်လက်ဝါးကပ်တိုင်မှာ အသေခံသောအခါ ပေါလုသည် ယုံကြည်သူမဟုတ်သေးချေ။ သို့သော် အဘယ်ကြောင့် သူသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်းမှာ အသေခံပြီ၊ ဟုဆိုသနည်း။ သူသည် ကိုယ်ခန္ဓာအားဖြင့်သေခြင်းကို ဆိုလိုသည်မဟုတ်၊ ဝိညာဉ်ပိုင်းအားဖြင့်သေခြင်းကိုဆိုလိုသည်။ လူသည် ဇာတိကိုယ်ခန္ဓာအားဖြင့် မွေးသောအခါ လူဟောင်းဖြစ်၍ အာဒံ၌ဖြစ်သည်။ ဘုရားအမြင်၌ လူနှစ်မျိုး သာရှိသည်။ သူက၊ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်း တို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ (၁ ကော ၁၅း၂၂) ဤနေရာ၌ လူနှစ် ယောက်အကြောင်းရေးထားသည်။ အာဒံနှင့်ခရစ်တော်တို့ဖြစ်သည်။ လူသည် မွေးဖွားသောအခါ အာဒံ ၌ရှိ၍ လူဟောင်းဖြစ်ကာ ဘုရားသခင်နှင့်မဆိုင်၊ စာတန်နှင့်ဆိုင်သည်။ လူဟောင်းသည် ဘုရားစကားကို နားမထောင်နိုင်ချေ။ လူဟောင်းသည် ပညတ်တော်များကိုလည်း မလိုက်နိုင်ချေ။ လူဟောင်းကို မည်သို့မျှဆုံးမ၍မရသောကြောင့် ဘုရားသခင်က ယေရှုခရစ်အထဲ၌ ထည့်လိုက်ကာ လက်ဝါးကပ်တိုင် ၌ ယေရှုအထဲမှ အဆုံးစီရင်လိုက်သည်။ သေဆုံးသွားသော လူဟောင်းကို ယေရှုနှင့်အတူ သင်္ချိုင်း၌ မြှုပ်နှံလိုက်သည်။ ထိုသို့မြှုပ်နှံခြင်းကို ဗတ္တိဇံဟုခေါ်သည်။ သခင်ယေရှုသင်္ချိုင်းမှ ထမြောက်သောအခါ လူဟောင်းသည် မထမြောက်တော့ဘဲ၊ လူသစ်သာလျှင်ထသည်။ ထိုအရာကို ပေါလုက စပါးစေ့နှင့် နှိုင်းယှဉ်ထားသည်။ ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတံ့သော ကိုယ်ကိုမစိုက်။ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကိုပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့အမျိုး အတိုင်း ကိုယ်ကိုပေးတော်မူ၏။ (၁ ကော ၁၅း၃၇-၃၈)။ စပါးစေ့စိုက်သော်လည်း၊ အစေ့အတိုင်း မပေါက်လာဘဲ စိမ်းစိုသောအပင်လေးနှင့်ပေါက်လာသည်။ ထို့နည်းတူ၊ လူဟောင်းကိုသတ်၍ ယေရှုနှင့်အတူ မြှုပ်နှံပြီးနောက် လူသစ်ထမြောက်လာသည်။ ထိုအရာကို ပေါလုက၊ ငါကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏၊ ဟုဆိုသည်။
ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည်၊ ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည် ၏။ လူသစ်သည်လူဟောင်းနှင့်မတူတော့ချေ။ လူသစ်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်။ လူဟောင်းသည် ခူယားကောင်နှင့်တူ၍ လူကိုအကျိုးမပေးချေ။ ခူယားကောင်သည် အမွှေးအားဖြင့်လူကို ယားစေ၍၊ သစ်ရွက်များစားခြင်းအားဖြင့် သစ်ပင်ကိုဖျက်ဆီးသည်။ သို့သော် ခူယားကောင်သည် ပိုးတုံးလုံးဖြစ်သွားပြီး၊ ထိုမှတဆင့် လိပ်ပြာဖြစ်လာသောအခါ လှပပြီး လူကိုဒုက္ခမ ပေးတော့ချေ။ အစာလည်းသစ်ရွက်မစားတော့ဘဲ ပန်းဝတ်ရည်ကိုသာ စုပ်တော့သည်။ ဝတ်မှုံများကို ကူးဆက်စေခြင်းဖြင့် အပင်ကိုအကျိုးပြုသည်။ ထို့နည်းတူ၊ လူသစ်သည် ဘုရားသခင်နှင့်ဆိုင်၍ လူများ ကိုသော်၎င်း၊ ကိုယ့်ကိုကိုယ်သော်၎င်း၊ မဖျက်ဆီးတော့ဘဲ အကျိုးပြုလာသည်။ သို့သော် လူသစ်သည် ခလေးလေးကဲ့သို့ဖြစ်၍ အရွယ်ရောက်သောလူကြီးကဲ့သို့ ချက်ချင်းမလုပ်ဆောင်နိုင်ချေ။ ထိုအရာကို မသိသောသူများက လူသစ်ဖြစ်သော်လည်း အပြစ်လုပ်သေးသည်၊ ဇာတိအားဖြင့်အသက်ရှင်သေး သည်၊ ဟုအပြစ်မြင်တတ်ကြသည်။ လူသစ်သည် အရွယ်ရောက်ဘို့ရန် ဝိညာဉ်အစာများမှန်မှန်စား၍ ကြည့်ရှုပြုစုဘို့လိုသည်။
သားတော်သည် ငါ့ကိုချစ်၍၊ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။
အဘယ်ကြောင့် သားတော်တည်းဟူသော ခရစ်တော်သည် ငါ့အဘို့ ကိုယ်ကိုကိုယ်စွန့်တော်မူသနည်း။ ငါသည်အပြစ်ကင်း၍ နှမြောစရာကောင်းသောကြောင့်လော၊ မဟုတ်ပါ။ ငါ့ကိုချစ်သောကြောင့်သာ လျှင်ဖြစ်သည်။ မွေးကင်းစခလေးများသည် မလှပါ။ အထူးသဖြင့် ကျန်းမာရေးခြိုချာသောခလေး၊ တချိန်လုံးကျီကျသောခလေးသည် စိတ်ပျက်စရာကောင်းသည်။ သို့သော်၊ မိဘများသည် ထိုကဲ့သို့သော ခလေးကို သနား၍ အိပ်ရေးအပျက်ခံ၊ ပင်ပန်းသော်လည်း စိတ်ရှည်လက်ရှည် ကြည့်ရှုတတ်သည်။
၂၁။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက် နိုင်လျှင်၊ ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။
ပေါလုက ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ၊ ဟုဆိုသည်။ ခရစ်တော်သည် အချည်းနှီးအသေခံပါမည်လော။ သူအသေခံခြင်းဖြင့် လူသည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့မရောက်နိုင်ကြောင်း ထင်ရှားစေသည်။ သင်သည် ပညတ်တော် ကိုလိုက်လျှောက်ခြင်းဖြင့် ဖြောင့်မတ်ဘို့ကြိုးစားနေပါသလား။ ပညတ်တော်နှင့်ပတ်သက်၍ အခန်း ၃ ၌ ပြန်သင်ကြပါစို့။