GOODNEWS
🎨
  HOME  GOODNEWS  2018 JUL

 

အမှာစာ

ဘုရားသခင်၏ ကျေးဇူးတော်သည် ယနေ့ တိုင်အောင် ခံစား ကြရသေးသည်။ ယခုနေ့ရက်ကာလတို့လည်း ကုန်ခါနီးပြီ။ သို့သော် ယခုတိုင်အောင် ဘုရားသခင်၏ ကယ် တင်ခြင်းကို လက်မခံသောသူများသည်များသထက်များလာသည်။ အမေရိကန်ပြည် ထောင်စု၌ ဘုရား မဲ့ ယုံကြည်သူများသည်များပြားနေသည်။ ဘုရားရှိခိုးကျောင်းများလည်း တနေ့တခြား စွန့်ပစ်၊ ရောင်းချ၊ နေကြသည်။ ဘုရားရှိခိုး သူများလည်း သက်ကြီးရွယ်အိုများသာလျှင် များသည်။ လူငယ်လူရွယ်များသည် ဘုရားကျောင်းလာသောသူ အလွန်နည်းပါးလာသည်။ ဒုစရိုက် အပြစ်များလည်း အလွန်များပြားလာသည်။ မြို့ ကြီးများ၌ နေ့တိုင်း လူသတ်မှုများကြားနေရသည်။ မူးယစ်ဆေးဝါးများလည်း ပိုမိုသုံးစွဲ နေကြသည်။ ဘုရား ပြောသည့်အတိုင်း မကောင်းကို အကောင်း၊ အချိုကို အခါး၊ အမှားကို အမှန်ဟု ယူဆချိန် ဖြစ်နေပြီ (ဟေရှာယ ၅:၂၀)။ သားသမီး များလည်း မဆုံးမ၊ မသွန် သင်သောကြောင့် ပျက်စီးနေကြသည်။ လင်မယားရန် ဖြစ်ခြင်းနှင့် ကွဲခြင်းသည်လည်း အလွန်များပြားသည်။ ဤလောက ကြီးသည် အလွန် ဆိုးသွမ်းနေပြီ။ နောဧခေတ်၌၊ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံ အစည်ရှိသမျှတို့သည် အစဉ်မ ပြတ်ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက် ရှိတော်မူ၏။ (ကမ္ဘာဦး ၆:၅-၆) ဟူသောအချိန်ကာလနှင့် တူနေပြီ။ ထိုခေတ်လူများ အလွန်အပြစ်ကြီး သောကြောင့် ရေနှင့်ဆေးကြော သကဲ့သို့ ယခုလည်း ဘေးဒဏ်ကြီး ကာလ၌ မြေကြီး ပေါ်၌ အမျက်တော်လောင်းတော့မည်ဖြစ်သည်။ ထိုအချိန်ကာလကို မာလခိက၊ မီးဖို၌ မီးလောင်သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်​ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှမကျန် ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ (မာလခိ ၄:၁) ဟုရေးထားသည်။ သင်သည် မာနကြီးသောသူ၊ ဒုစရိုက်ပြုသောသူဖြစ်လျှင် အမှိုက်​ခြောက်ဖြစ်၍ သင်၏အရင်းအဖျားမျှမကျန်ကြွင်းဘဲ မီးလောင်လိမ့်မည်ကို သတိပေးလိုပါသည်။ ဤအုပ်စုထဲ၌ မပါဝင်ပါနှင့်။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊  ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ (ဗျာ ၆:၁၅-၁ရ)။ 

ယခုလစာစောင်တွင်...

  • ကယ်တင်ခြင်း 
  • အမြင် မှန်မရမခြင်း 
  • ဘုရာသခင်ကို အချစ််ဆုံး
  • ဘုရားသခင်ကို အကြောက်ဆုံး
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် ၁၂) 
  • အမှုတော်ဆောင်သင်တန်း
  • ခရီး စဉ်

 

 ကယ်တင်ခြင်း 


လူအများစုက ထာဝရဘုရားကို အထင်လွှဲကြသည်။ အဘယ်ကြောင့် လူသားများထာဝရ ဒုက္ခဆင်းရဲ ခံရမည့် ငရဲကို ဖန်ဆင်းသနည်း၊ အဘယ်ကြောင့်လူများ အပြစ်ကျူးလွန်စေမည့် ကောင်းမကောင်းအသီးပင်ကို ဖန်ဆင်းသနည်း၊ အဘယ်ကြောင့်လူများကို သွေးဆောင်မည့် စာတန်ကို ချက်ချင်း တရားမစီရင်သနည်း၊ ဟူ၍ အမျိုးမျိုး အပြစ်တင်ကြသည်။ အကယ်၍ ဘုရားသခင်က လူသားများကို အခမဲ့၊ (သူတို့လုပ်ဆောင်ချက်မပါဘဲ)  မကယ်တင်လျှင် ထိုသို့အပြစ်တင်လျှင် မှန်ပါသည်။ သို့သော် ဘုရားသခင်က လူသားများကို အခမဲ့၊ (သူတို့၏အကျင့်မပါဘဲ) ကယ်တင်ခဲ့ပြီ။ သို့သော် ထိုကယ်တင်ခြင်းကို လုံးဝလက်မခံချင်၊ အထင်လွဲ၊ ရှင်းပြ၍မရ၊ ဖြစ်နေကြသည်။ ဘုရား၏ လူ့ အပေါ် သနားခြင်း၊ စေတနာများကို အောက်ပါကဲ့သို့ ကျမ်းစာ၌ တွေ့ရသည်။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁ တိ ၂:၄)။ သင်သည်လည်း လူအပေါင်းထဲ၌ ပါသောကြောင့် ဘုရားသခင်က ကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ ကယ်တင်ခြင်းသို့ ရောက်လိုပါသလား။ ပေတရုကလည်း ဤသို့ ရေးထားသည်၊ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော် အရာမှာနှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ (၂ ပေ ၃:၉)။ လူက ကယ်တင်ခြင်းသို့ ရောက်ဘို့ရန် ငါငယ်ရွယ်သေးသည်၊ မအားသေးဘူး၊ လုပ်စရာရှိသေးသည်၊ ဟုဖင့်နွဲကြသည်။ သို့သော် ဘုရားသခင်သည် ဂတိတော်အရာမှာ နှေးတော်မမူ၊ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏ ဟုဆိုသည်။ မည်ကဲ့သို့ သည်းခံသနည်း။ အသက် မကုန်ဆုံးစေသေးဘဲ နောင်တရသောအချိန်ကို ပေးနေသည်။ ဒုက္ခခံစေခြင်းအားဖြင့်၊ ဖျားနာခြင်းအားဖြင့် ဘုရား ထံတော်သို့ ချဉ်းကပ်မည်လော၊ ဟုစောင့်နေသော်လည်း၊ ဂရုမစိုက်၊ နားမလည်၊ ဘုရားထံသို့ ချဉ်းကပ်မည့် အစား၊ ဘုရားထံတော်မှ ဝေးဝေးသွားနေပါသလား။ 

လူဆိုးသေခြင်းမနှစ်သက်

လူထင်မှတ်တတ်သည်မှာ ဘုရားကလူဆိုးများ သေခြင်း၌ အားရနှစ်သက်သည် ဟူ၍ဖြစ်သည်။ သို့သော်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါအသက်ရှင်သည် အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်း အမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်း အမှုကိုသာ ငါနှစ်သက်၏၊၊ (ယေဇ ၃၃:၁၁)။ ထိုသို့ ဘုရား၏ စိတ်တော် ဖြစ်သောကြောင့် သင်သည် ဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းလမ်းကို လိုက်စေချင်သည်။ တဖန်၊ ဣသရေလအမျိုးက၊ ထာဝရဘုရား စီရင်ချက်မ​ဖြောင့် ဟုဆိုကြသည်တကား၊ အိုဣသရေလအမျိုး၊ ငါစီရင်ချက်သည်​ဖြောင့်၍၊ သင်တို့စီရင်ချက်သည် ကောက်သည်မဟုတ်လော။ သို့ဖြစ်၍ အိုဣသရေလအမျိုး၊ သင်တို့အသီးအသီး ကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှု ရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့်ထိမိ၍ ဆုံးခြင်းသို့ မရောက်ကြနှင့်။ သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်း အမှုတို့ကိုစွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။  အသေခံရသောသူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်ပြောင်းလဲ၍ အသက်ရှင်ကြလော့၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။ (ယေဇ ၁၈:၂၉-၃၂)။ သခင်ယေရှုကလည်း ဤသို့ဆိုထားသည်၊ နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသော မေထုန်ကို နောင်တရချင်သောစိတ်မရှိ။ (ဗျာ ၂:၂၁)။ သင်သည် ထိုသို့ နောင်တ မရချင်သောသူ ဖြစ်နေပါသလား။ အဘယ်ကြောင့် သေချင်သနည်း။ ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။  ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏တရားတော် ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းဖူးသလော။ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖောက်ပြန်သောဇာတိကို၎င်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့။ ငြင်းဆန်သော သဘော ရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့။ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသော အကျင့်ကို ကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့၊ ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။ (ရော ၂း၄-၁၁)။ 

ဘုရား၏မေတ္တာတော် 

သခင်ယေရှုက၊ ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်၊ လောကီသားတို့ကို ချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ ဟုဆိုထားပါသည် (ယော ၃:၁၆-၁ရ)။ ဘုရားသခင်က သင့်ကို ပျက်ဆီးခြင်း တည်းဟူသော မီးအိုင်ထဲသို့ မဆင်းစေလိုပါ။ ထာဝရအသက် တည်းဟူသော ကောင်းကင်နိုင်ငံသို့ ရောက်စေလိုသည်။ သခင်ယေရှုသည် သင့်ကို အပြစ်စီရင်ဘို့မဟုတ်ဘဲ ကယ်တင်ဘို့လာသည်။ မမိုက်ပါနှင့်။ အထင်မလွဲပါနှင့်။ ဘုရားသခင်က သင့်ကိုကယ်တင်ခဲ့ပြီ။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ 

ရုံးချိန်းရှိသည် 

တရားရုံးမှရုံးချိန်းကို လူတိုင်းကကြောက်ကြသည်။ လှစ်လျူရှု၍မရ၊ ချိန်းချက်ထားသည့်အတိုင်း လာရသည်။ လိုအပ်သည်များကိုလည်း ကြိုတင်ပြင်ဆင်ရသည်။ လောကတရားရုံးမှခေါ်သောအခါ အ​ဖြေကိုမပေးနိုင်ချေ။ သို့သော် ကောင်းကင် တရားရုံးမှသင့်ကို ကောင်းသောအ​ဖြေနှင့်တကွ ဤသို့ ခေါ်ထားသည်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊ သင်တို့ အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့် အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည် (ဟေရှာယ ၁:၁၈)။ ဤမျှလောက်ကောင်းသော ရုံးချိန်းကို မလာခြင်းသည် မည်မျှအသိဥာဏ်မဲ့သနည်း။ ဤရုံးချိန်းသည် တကမ္ဘာလုံးရှိ လူသားတိုင်းနှင့် ဆိုင်သည်။ သင့်ကိုလည်း ခေါ်သည်။ ကျမ်းစာက အဘယ်ကြောင့်လူ၏ အပြစ်သည် နီသော အဆင်းရှိကြောင်းကို မဖေါ်ပြသောကြောင့် မသိရပါ။ ဘုရားသခင်က သင်၏အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည် ဟုဆိုသည်။ အနီရောင်သည် သွေးသွန်းခြင်း၊ လူသတ်ခြင်းအမှု ဖြစ်နိုင်သည်။ မည်မျှပင်သင်၏ အပြစ်သည် နီသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည် ဟုဆိုသည်။ မိုးပွင့်သည် အလွန် ဖြူ၍ သန့်ရှင်းသည်။ ထိုသို့သင့်ကို ဘုရားသခင်က ဖြူစင်စေမည် ဖြစ်သည်။ အဘယ်ကြောင့်ဘုရား၏ ခေါ်သံကို နားမထောင်၊ ဂရုမစိုက်ဘဲ နေနေသနည်း။ ထိုရုံးချိန်းသည် သင်၏ကိုယ်ခန္ဓာ အသက်ရှင်စဉ်တွင် သာဖြစ်သည်။ သေသွားသောနောက် မည်မျှပင်နောင်တရနေသော်လည်း နောက်ကျသွားမည်ဖြစ်သည်။ ကျမ်းစာက၊ တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပဌနာ ပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံကို၎င်း စွန့်ပစ်၍၊ ထာဝရဘုရားထံသို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်၊၊ (ဟေရှာယ ၅၅:၆-ရ)။ တွေ့နိုင်သည့်ကာလသည် ယခုသင်အသက်ရှင်ချိန်ဖြစ်သည်။ ကိုယ်ခန္ဓာအသက် ကုန်ဆုံးသွားသောအခါ ဘုရားကို ရှာခွင့်ရတော့မည်မဟုတ်။ ကျမ်းစာက၊ လူသည် တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊ (ဟေ‌ဗြဲ ၉:၂ရ) ဟုဆိုထားသည်။ သင်သည် မည်သည့်အချိန်တွင် မည်ကဲ့သို့ သေမည်ကို မသိနိုင်ပါ။ အချိန််မရွေး သေနိုင်သည်။ သေသွားပြီးလျှင် တရားစိီရင်ခြင်းရှိဦးမည်။ ထိုတရားစီရင်ခြင်းသည် ပလ္လင်ဖြူကြီး တရားစီရင်ခြင်းဖြစ်၍ (ဗျာ ၂၀း၁၁-၁၅)၊ ကယ်တင်ခြင်းသို့ ရောက်နိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် ယခုအချိန်သည် ထာဝရဘုရားထံချဉ်းကပ်ဘို့ အကောင်းဆုံးသော အချိန်ဖြစ်သည်။ စာတန်က နောက်မှ၊ နောက်မှ ဟုဆိုလိမ့်မည်။ သူ့ကို နားမထောင်နှင့်။ အမြန်ဆုံး ဘုရားထံချဉ်းကပ်ပါ။

ဤသို့ ဆုတောင်းခြင်းဖြင့် လာနိုင်သည်။ ခမည်းတော်ဘုရား၊ ကျွန်ုပ်ကိုချစ်၍ သားတော်ယေရှုအားဖြင့် အပြစ် လွှတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်ကိုယ်စား သားတော်ကို အသေခံစေသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါ၏။ ကျွန်ုပ်ကို မိုးပွင့်ထက် ဖြူစေသောကြောင့် ကျေးဇူးတော် ကြီးမားလှပါ၏။ သားတော်ယေရှုဘုရားကျွန်ုပ်၏စိတ်နှလုံးတံခါးဖွင့်ပါ၏၊ ဝင်တော်မူပါ။ ဂတိတော်အတိုင်း ဝင်တော်မူသည်ဟု ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာကို အလိုတော်အတိုင်း အုပ်စိုးတော်မူပါ။ အာမင်။ ပိုမူ၍ သိရှိလိုပါက ဖုန်းအားဖြင့်သော်၊ အီးမဲလ်းအားဖြင့်သော် ဆက်သွယ်နိုင်ပါသည်။ ဆရာမောဇက်- ၂၄၀-၃၆၇-၅၃၆၆ mosescung1@gmail.com

 

အမြင်မှန်မရမခြင်း 

လူသည် အမြင် မှားနေသည်။ အမြင် မှန်မရမခြင်း မည်သို့ မျှအမှန်ကို မမြင်နိုင် သောကြောင့် ပြော၍ မရ၊ အကြံပေး၍ မရ၊ သတိပေးလျှင်လည်း အချည်းနှီး ဖြစ်သည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ အမြင် မှားနေသနည်း။ 

 ဤလောကနှင့် ပတ်သက်၍ 

လူ့အမြင်၌ ဤလောကသည် အလွန် နေ၍ ကောင်းသော နေရာ ဖြစ်နေသည်။ ထို့ကြောင့် လောကကို မချစ်ဘို့ မည်မျှပင်ပြောသော်လည်း မရပါ။ ခရစ်တော်က၊ လူသည် ဤစကြဝဠာကို အကွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆) ယာကုပ်ကလည်း မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။ ဟုဆိုသည် (ယာကုပ် ၄:၄)၊ ယောဟန်က၊ လောကကိုင်း၊ လောက၌ ရှိသောအရာ တို့ကိုင်း၊ မချစ်ကြနှင့်။ လော ကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသ မျှသောအရာ တည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ ဝါ ကွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ဟု ရေး ထားသော်လည်း လုံးဝ နားမဝင်ပါ၊ ဤလောကကို အလွန် ချစ်ကြ၊ တန်ဘိုး ထားကြသည် (၁ ယော ၂:၁၅-၁ရ)။ လောကကို ချစ်သမျှ ကာလ ပတ်လုံး ဘုရားကို ဂရုစိုက်မည်မဟုတ်။ လောက်ကောင်များသည် ချေးကို မရွံရှာ၊ သူတို့၏ အစာ ဖြစ်သကဲ့သို့ လူသားများလည်းလောကကို မရွံရှာ၊ အလွန် ချစ် ကြသည်။ အဘယ်ကြောင့်ဘုရားကလောကကို မချစ်ဘို့ ပြောသနည်း။ လောကကို ပိုင်သောသူသည် စာတန် ဖြစ်သည် (လုကာ ၄:၅-၈)။ ထို့ကြောင့် လောကကို ချစ်လျှင် စာတန်ကို ချစ်ရာရောက်သည်။ ဘုရားကလောကကို မီးနှင့် ရှို့မည့် အကြောင်း ဤသို့ ရေးထားသည်၊ သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာ ဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင် ကြလိမ့်မည်။ (၂ ပေ ၃:၁၀)။ ဘုရားသခင်က စာတန် ပိုင်သော၊ လူသားများချစ်သော ဤလောကကို ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမည် ဖြစ်သောကြောင့် ယခုကတည်း ကမချစ်သင့်ချေ။ သို့သော် ထိုသို့ မမြင်သေးလျှင် ချစ်နေဦးမည် ဖြစ်သည်။ မည်သို့ မျှပြော၍ ရမည်မဟုတ်၊ အလွန် ဝမ်းနည်းစရာပင် ဖြစ်သည်။ 

လူနှင့် ပတ်သက်၍ 

လူနှင့် ပတ်သက်၍လည်း အမြင် မှား နေကြသည်။ လူ့အမြင် မှာခန္ဓာကိုယ်သည် ဝိညာဉ်ထက် အစပေါင်း များစွာ တန်ဘိုးရှိသည်။ ကိုယ်ခန္ဓာအတွက် ဖြစ်လျှင်အချိန် ပေးနိုင်၊ ငွေကျေးသုံးစွဲုနိုင်သည်။ ဝိညာဉ် အတွက် ဖြစ်လျှင် လုံးဝ စိတ်မဝင်စား၊ ဂရုမစိုက်ကြချေ။ အမှန်မှာ လူ၏ ခန္ဓာသည် အထဲ၌ ဝိညာဉ် မရှိလျှင် ဘာမျှတန်ဘိုး မရှိချေ။ ယာကုပ်က၊ ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သည်ဟု ရေးထားသည် (ယာကုပ် ၂:၂၆)။ ကိုယ်ခန္ဓာအလိုကို မည်မျှပင်လိုက်စေကာမူ အကောင်းဘက်မသွားပါ။ တနေ့တခြား ဆုတ်ယုတ်ခြင်း ဘက်သို့ သွားနေသည်။ သို့သော် လူသည် အမြင် မမှန်သောကြောင့် တင်း တိမ်ရောင့်ရဲမှု မရှိုနိုင်သော ကိုယ်ခန္ဓာအတွက် သာလျှင် နေ့တိုင်းအချိန် ကုန်၊ စွမ်းအား ထုတ်၊ ငွေကုန်ကျေးကျခံ နေကြသည်။ သခင်ယေရှုက၊ လူသည် ဤစကြဝဠာကို အကွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ံှုးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆:၂၆)ဟု ဝိညာဉ်သည် စကြဝဠာထက် ပင်တန်ဘိုးရှိကြောင်း ပြောထားသည်။ သို့သော် လူသားများအနေဖြင့် ထိုကဲ့သို့ မမြင်နိုင်သောကြောင့် ခရစ်တော် ပြောသောအရာ သည်၊ ကြားသာကြား၍ မယုံကြည်၊ မလိုက်နာကြပါ။ လူ့အမြင် မှာကို်ယ်ခန္ဓာအတွက် စားဝတ်နေရေးသည် အဓိက ဖြစ်သည်။ ခရစ်တော်က၊ ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့ နည်းဟူ၍ မစိုးရိမ် ကြနှင့်။ ထိုအရာများကိုသာ သာသနာပလူတို့သည် ရှာဖွေ တတ်ကြ၏။ ၃၂ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သိတော်မူ၏။ ၃၃ ဘုရားသခင်၏ နိုင်ငံတော်နှင့် ​ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။ (မ ၆:၃၁-၃၃)ဟု အာမခံဂတိပြုနေသော်လည်း နားမလည် ကြ၊ လက်မခံကြသောကြောင့် ကိုယ်ခန္ဓာအတွက် သာလျှင် အသက်ရှင်ကြရဦးမည် ဖြစ်သည်။ အလွန် သနားစရာပင် ဖြစ်သည်။ 

ငရဲနှင့် ပတ်သက်၍ 

သင်၏ လက်သည် သင့်ကို မှားယွင်းစေလျှင် လက်ကို ဖြတ်လော့။ ၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သော မီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ ကောင်း၏။ (မာ ၉:၄၃-၄၄) သခင်ယေရှု ကငရဲတွင် ပိုးမသေမီးမငြိမ်း ဟုဆိုသည်။ ဆိုလိုသည်မှာ ငရဲသည် ရုပ်လောက မဟုတ်၊ ဝိညာဉ်လောက ဖြစ်သောကြောင့် ထာဝရ ကာလ ပတ်လုံး မီးလောင်သည်။ ပိုး မသေဆိုခြင်းမှာ သက်ရှိသတ္တဝါများ ငရဲထဲ၌ ထာဝရ ဒုက္ခ ခံရမည် ဖြစ်သည်။ ရုပ်လောက မီးသည်လောင်ပြီး သွားလျှင် ပြာသာကျန်ရစ်၍ နောက်ထပ်လောင်စရာ မရှိတော့ချေ။ ထိုသို့ ထာဝရ မီးလောင်၍ ဒုက္ခ ခံမည့် နေရာကို သခင်ယေရှုက သတိပေးသော်လည်း လူများက နားမလည် ကြ၊ ဂရုမစိုက်ကြပါ။ အကြောင်းမှာ ခလေး ကဲ့သို့ဖြစ်၍ ယခုမခံစား သေးသောကြောင့် ဖြစ်သည်။ ငရဲရောက်မှသာ သိရှိခံစား ကြမည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် အလွန် နောက်ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် ယခုအသက်ရှင်စဉ်တွင် ငရဲမှလွတ်လမ်းကို ရှာသင့်သည်။ အမှန်မှာ ကိုယ့်အစွမ်းအစဖြင့် မလွတ်နိုင်ပါ။ ဘုရား သခင်က ယေရှုခရစ်အားဖြင့် ကယ်တင်ပြီး ဖြစ်သည်။ ထိုအရာကို သိ၍ လက်ခံယုံကြည်ဘို့ သာလျှင် ဖြစ်သည်။ သို့သော် သခင်ယေရှု ပြောသကဲ့သို့ မမြင်ကြသောကြောင့် ငရဲကို မကြောက်၊ မထီမဲ့မြင် ပြု၍၊ ငရဲဆင်းမည့် အရာကို လှစ်လှုိရှု နေကြဦးမည် ဖြစ်သည်။ 

ကောင်းကင်နှင့် ပတ်သက်၍ 

လူသည် ကောင်းကင်ကို မမြင်စဘူး။ သို့သော် မြင်ဘူးသောသူများ ကပြော ပြသောအရာကို နားထောင် ယုံကြည်ဘို့ လိုသည်။ ယောဟန်က၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေး မြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါ မှစ၍ သမုဒ္ဒ​ရာမရှိ။ ၂ သန့်ရှင်းသော မြို့ တည်းဟူသော ယေ ုရှလင်မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္လာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ၃ ကောင်းကင်မှ ကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ၄ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင် ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြ ပြီ။ (ဗျာ ၂၁:၁-၄)ဟု ရေးထားသည်။ ကောင်းကင်၌ သမုဒ္ဒ​ရာမရှိတော့သောကြောင့် လေမုန်တိုင်းလည်းရှိတော့မည် မဟုတ်ချေ။ မိုဃ်းလည်း မရွာ၊ နေမပူ၊ အစစအရာရာသည် ဤကမ္ဘာနှင့် တူတော့မည် မဟုတ်ချေ။ ထို့ကြောင့် ဒုက္ခ ဝေဒနာ များလည်း ခံစားရတော့မည် မဟုတ်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော် ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ၊ ဟုဆိုသည်။ ဘုရားသခင်က လူများ၏ မျက်ရည်များကို သုတ်ပေးမည် ဟုဆိုသည်။ သို့သော် လူအများစုသည် ထိုအရာများကို မယုံကြည်၊ ဂရုမစိုက်၊ သွားချင် ရောက်ချင်သော ဆန္ဒများ မရှိကြချေ။ စာတန် လှည့်ဖျားမှုဖြင့် ဤလောကကို စွဲလန်း နေကြသည်။ ကောင်းကင် မရောက်လျှင် ငရဲသို့ ဆင်း၍ ထာဝရ ကာလ မီးလောင်၍ ရေငတ်မည်။ ဒုက္ခ ဆင်းရဲမည်။ သို့သော် ထိုအရာများကို မမြင်နိုင်၊ မသိချင် သောကြောင့် အခမဲ့ကောင်းကင် တက်ခွင့်ကို လှစ်လှုိရှု ကြသည်။ အော် အလွန် ဝမ်း နည်းစရာ ပါလား။ 

ဘုရားနှင့် ပတ်သက်၍ 

လူသည် ဘုရားကိုလည်း အမှန်အတိုင်း မမြင်၊ မသိကြချေ။ လူ့အမြင် မှာဘုရားသည် လူထက် အနည်းငယ်ခွန်အားကြီး သောသူ၊ ကူညီမစနိုင်သောသူဟု သာသိမြင်သည်။ ထို့ကြောင့် ချစ်ရမှန်း၊ ကြောက်ရမှန်း၊ ရိုသေရမှန်း မသိကြခြင်း ဖြစ်သည်။ ဘုရားသည် လူမဟုတ်ပါ။ ဘုရား ကိုယ်တော်တိုင်က၊ ငါထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့ကို အစိုးရသော ဘုရားသခင် ဖြစ်၏။ ငါမတတ်နိုင်သောအရာ တစုံတခုရှိလိမ့် မည်လော့။ (ယေရမိ ၃၂:၂ရ) ဟုဆိုခဲ့သည်။ ဘုရားသခင်သည် လူများက သူ့ကို ဘုရား အနေဖြင့် သိစေချင်သည်။ ကျမ်းစာထဲ၌၊ သို့မှသာ သင်သည်၊ သူတို့သည် ငါကို ဘုရား ဖြစ်ကြောင်း သိကြလိမ့်မည်ဟု အကြိမ်ပေါင်း၉၀ ခန့်ပြောသွားသည်။ အထူးသဖြင့် ယေဇကျေလကျမ်း၌ အကြိမ် ပေါင်းရဝ ခန့်ပြောသွားခဲ့သည်။ သရေလလူများ၏ အဓိက ပြသနာလည်း ဘုရားကို မသိကြခြင်း ဖြစ်သည်။ ဘုရားကို မှန်ကန်စွာ သိလျှင် အခြားသော ဘုရားများကို ကိုးကွယ်ကြမည် မဟုတ်ချေ။ ယနေ့ လူအများစုလည်း ဘုရားကို သိသင့်သည့်အတိုင်း လုံးဝ မသိကြသောကြောင့် မကြောက်ကြ၊ မချစ်ကြ၊ အားမကိုး ကြ၊ စကား နားမထောင်ကြချေ။ ကိုယ်ကိုယ်ကို ဘုရား ဖြစ်နေကြသည်။ ထို့ကြောင့် ကျမ်းစာက၊ သင်တို့သည် ဘုရားများဖြစ်ကြ၏ ဟုဆိုခြင်း ဖြစ်သည် (ဆာ ၈၂:၆)။ သင်သည် ဘုရားကို ဘုရား အဖြစ်သိပါသလား။ မသိသေးလျှင် ဘုရားကို ဆက်ကပ်ဘို့၊ အားကိုး ဘို့၊ နားထောင်ဘို့၊ အလွန် ခက်နေဦးမည်။ ဘုရားကို ဘုရား ဖြစ်သည့်အတိုင်း သိဘို့ရန် ကျမ်းစာဖတ်ပါ၊ ဆုတောင်းပါ။ 

 

ဘုရားသခင်ကိုအချစ်ဆုံး

အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို လိုက်နာဘို့ရန် ခက်နေကြသနည်းဟူမူကား၊ ဘုရားသခင်ကိုမချစ်၊ မကြောက်၊ မလေးစားသောကြောင့်ဖြစ်သည်။ အချစ်ဆုံး၊ အကြောက်ဆုံး၊ အကြည်ညိုဆုံးသောသူ၏ အလိုလိုက်ဘို့ အလွန်လွယ်ကူ၍ ပင်ပန်းမှန်းပင် မသိရချေ။ အထက်ပါ အရည်အချင်းသုံးခုထဲ၌ တခုခုရှိလျှင်ပင် ဘုရားအလိုတော် လိုက်ဘို့သည် အလွန်လွယ်သည်။ ထိုအရည်အချင်းသုံးခုထဲမှ ဘုရားသခင်ကို အချစ်ဆုံး ဖြစ်ဘို့ အကြောင်းကို လေ့လာကြပါစို့။ 
 
ချစ်ခြင်း၏အဓိပ္ပါယ်

ပဌမဆုံး၊ ချစ်ခြင်းမေတ္တာသည် တဏှာနှင့် ခွဲခြားသိရှိ နားလည်ဘို့ လိုအပ်သည်။ လူတိုင်း ထင်မှတ်သည်မှာ တဏှာအချစ်ကို ချစ်ခြင်းမေတ္တာဟူ၍ဖြစ်သည်။ တဏှာသည် သွေးသားကိုယ်ခန္ဓာ၏ အချစ်ဖြစ်သည်။ လှသောကြောင့်၊ ပညာရှိသောကြောင့်၊ အရာရှိအာဏာရှိသောကြောင့်၊ ချမ်းသာသောကြောင့်၊ အသံကောင်းအပြောကောင်းသောကြောင့် ချစ်သောအရာဖြစ်သည်။ အလှပျက်၍ အရုပ်ဆိုးလာလျှင် လုံးဝမချစ်တော့ချေ။ ရာထူးပြုတ်၍ အာဏာမရှိတော့လျှင် မချစ်တော့ချေ။ ဆင်းရဲလာလျှင် အဝေးမှရှောင်လိုသည်။ ဒါဝိဒ်၏သားတော် အာမနုန်က ညီမတာမာကို အလွန်ချစ်သောကြောင့် မစားမသောက်နိုင်ဖြစ်၍ ပိန်ချုံးစိတ်ပျက်လျက် ရှိသည် (၂ ဓမ္မ ၁၃:၁-၁၉)။ သူ၏တဝမ်းကွဲ ယောနဒပ်၏ အကြံပေးသည့်အတိုင်း အာမနုန်သည် ညီမတာမာကို မုန့်လုပ်စေ၍ အနိုင်ကျင့်လိုက်သည်။ ထိုသို့ အနိုင်ကျင့်ပြီးသောအခါ အလွန်မုန်းပြန်၍ အခန်းထဲမှညီမ တာမာကို နှင်ထုတ်လိုက်သည်။ အဘယ်ကြောင့်အာမနုန်သည် ညီမတာမာကို မုန်းသနည်းဟူမူကား စစ်မှန်သော အချစ်နှင့် ချစ်သည် မဟုတ်ဘဲ လှသောကြောင့် တဏှာ၊ သွေးသား အချစ်နှင့် ချစ်သောကြောင့်ဖြစ်သည်။ 

စစ်မှန်သောအချစ်သည် အထက်၌ ဖေါ်ပြသော အရာများကြောင့် မဟုတ်ချေ။ မလှသော်လည်း၊ ဆင်းရဲသော်လည်း၊ ပညာမတတ်သော်လည်း၊ ချစ်သည်။ ထိုအချစ်သည် သွေးသားတောင့်တမှုကြောင့်မဟုတ်၊ သနားခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်က လူသားများချစ်ခြင်းသည် ထိုအရာဖြစ်သည်။ ဘုရားအမြင်၌ လူသည် ချစ်စရာ တခုမျှမရှိချေ။ အမှန်မှာ လူသည် ဘုရားအမြင်၌ အပြစ်များ၍၊ သူ၏ရန်သူ၊ ကောင်းကြီးကိုသာ လိုချင်၍ စကားလုံးဝနားမထောင်၊ လုံးဝချစ်စရာမကောင်းချေ။ သို့သော်ဘုရားက လူသားများကို တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်ချစ်သည် ဟုဆိုသည် (ယော ၃:၁၆)။ ဘုရားက လူသားများထံမှ ရစရာ၊ တပ်မက်စရာ တခုမျှမရှိချေ။ ဘုရားက လူသားများကို ချစ်ခြင်းသည် သနားခြင်း သာလျှင်ဖြစ်သည်။ သနားခြင်းသည် ချစ်ခြင်းမေတ္တာဖြစ်သည်။ သို့ဖြစ်လျှင် လူသားများက ဘုရားကို ချစ်ခြင်းသည် ဘုရားကို သနားခြင်းလောဟု မေးစရာရှိလာသည်။ ဘုရားသည် သနားစရာ ကောင်းအောင် ဆင်းရဲသူ၊ ဒုက္ခရောက်သူ မဟုတ်ပါ။ လူသားများက ဘုရားကိုချစ်ခြင်းသည်၊ လေးစားခြင်း၊ ကြည်ညိုခြင်း၊ ကျေးဇူးတင်ခြင်းအားဖြင့် ဖြစ်ရမည်။ လူကဘုရားကို အရင်ချစ်သည်မဟုတ်၊ ဘုရားကအရင်ချစ်ကြောင်း ယောဟန်က ဤသို့ ရေးထားသည်၊ ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်​ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ (၁ ယော ၄:၁၀)။ 

ပညတ်သည် 

ဘုရားသခင်သည် လူသားများက သူ့ကို ချစ်ဘို့ရန် ပညတ်ထားသည်။ ကျမ်းစာ၌၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ( တရားဟော ၆:၅) ဟုရေးထားသည်။ ချစ်ဘို့ရန်သည် ခိုင်း၍ရပါသလော။ ချစ်ခြင်းမေတ္တာသည် စိတ်ထဲမှ အလိုလိုဖြစ်လာသည် မဟုတ်လောဟု သင်ဆိုပေလိမ့်မည်။ အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း သွေးသားတောင့်တမှု ဖြစ်သော တဏှာချစ်ခြင်းမေတ္တာသည် အပြင်ပန်းသဏ္ဍန်ကို ကြည့်ခြင်းအားဖြင့် ဖြစ်ပေါ်သည်။ သို့သော်သနားခြင်း ဂရုဏာချစ်ခြင်းသည် အဓိကအားဖြင့် မိဿဟာယဖွဲ့ခြင်းအားဖြင့်ဖြစ်သည်။ ခလေးလေးတယောက်သည် သွေးသားမတော်စပ်သော လူကြီး လင်မယားက ကျွေးမွေးပြုစုလျှင် မိဘကဲ့သို့ချစ်၍ သံယောယဉ်ရှိလာသည်။ ခလေးများသည် မိဘအရုပ်လှသောကြောင့်၊ ချမ်းသာသောကြောင့်၊ ပညာတတ်သောကြောင့်၊ အားကြီးသောကြောင့် ချစ်ကြသည်မဟုတ်၊ နေ့စဉ် တွေ့ထိ၊ အတူနေထိုင်ကြသောကြောင့် ချစ်ကြခြင်းဖြစ်သည်။ များသောအားဖြင့် နေ့စဉ်အတူ နေထိုင်မိဿဟာယဖွဲ့ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာရှိကြသည်။ ကြာကြာပေါင်းလေလေ သံယောယဉ်တွယ်လေလေ ဖြစ်သည်။ မိဘနှင့် အတူမနေဘဲ အဘိုးအဘွားနှင့် နေသောသူများသည် မိဘထက် အဘိုးအဘွားချစ်တတ်ကြသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာရှိဘို့ရန် အတူတူနေ၍ အစဉ်မိဿဟာယဖွဲ့ဘို့ လိုသည်။ 

မိဿဟာယဖွဲ့ဘို့လိုသည် 

သို့ဖြစ်၍ လူသားများသည် အဘယ်ကြောင့် ဘုရားသခင်ကို မချစ်ကြသနည်း ဟူသောအရာသည် ထင်ရှားသည်။ မွေးစကပင် အမှန်တကယ် ဘုရားနှင့်မိဿဟာယ မဖွဲ့ကြသောကြောင့်ဖြစ်သည်။ အသင်းတော်၌ ကြိုးစား၍ ပါဝင်လှုပ်ရှားသော်လည်း၊ လူလူချင်းသာလျှင် မိဿဟာယဖွဲ့၍ ဘုရားသခင်နှင့် မိဿဟာယမဖွဲ့ကြချေ။ ဘုရားသခင်က မောရှေအားဖြင့် ဤသို့ မှာထားသည်၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း၊ ချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။ (တရားဟော ၆:၅-၉)။ ဘုရားမှာထားသောစကားားသည် သူ့ကိုစိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ဘို့ ဖြစ်သည်။ ထိုအရာကို ကြားသိရုံမဟုတ်၊ နှလုံးသွင်းရမည်ဟုဆိုသည်။ နှလုံးသွင်းခြင်းဆိုသည်မှာ၊ မမေ့ခြင်း၊ အဓိကထားခြင်းဖြစ်သည်။ ကိုယ်တိုင်သာမက သားသမီးတို့ကလည်း ဘုရားကို ချစ်ဘို့သင်ပေးရမည်။ ကြိုးစား၍ သင်ပေးရမည် ဟုဆိုသည်။ ထိုမျှသာမကသေး အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်၊ ဟုဆိုသည်။ မိဘများကသားသမီးများကို နေတိုင်း အစဉ်အတိုင်း ဂရုစိုက်ကြည့်ရှု ကျွေးမွေးပြုစုသကဲ့သို့ ဘုရားချစ်ဘို့ကို သင်ပေးခိုင်းသည်။ မိဘများက သားသမီးများကို အဓိကထားသောကြောင့် အလုပ်ပျက်၊ အိပ်ရေးပျက်၊ သူငယ်ချင်းများနှင့်မပေါင်း၊ ဝါသနာများကိုထားခဲ့၊ အရာရာကို အရှုံးခံပြီး ကြည့်ရှုရသည်။ သားသမီးငယ်များကို မျက်စိအောက်က အပျောက်မခံ၊ ကြည့်ရှုစောင့်ရှောက်ကြသကဲ့သို့ ဘုရားကို ချစ်ဘို့ သင်ပေးစေသည်။ ယနေ့ထိုကဲ့သို့ လုပ်ကြပါသလား။ သားသမီးများက ဘုရားချစ်ဘို့ထက် ပညာရေး၊ လောကအရာများကိုသာလျှင် သင်ပေးကြသည် မဟုတ်လော။ အဘယ်ကြောင့်မသင်ပေးကြသနည်း။ ကိုယ်တိုင်ပင်လျှင် ဘုရားကို မချစ်သောကြောင့်ဖြစ်သည်။ ဘုရားချစ်ဘို့ကို မျက်စိကြား၌ သင်းကျစ်ကဲ့သို့ ချည်ထားရမည် ဟုဆိုသည်။ ဆိုလိုသည်မှာ မျက်စိကြား၌ ရှိသောအရာကို ဂရုမစိုက်၍မရ၊ ဂရုစိုက်ရမည် ဟုဆိုလိုခြင်းဖြစ်သည်။ ဣသရေလလူများက ဘုရား၏ဆိုလိုရင်းကို မသိသောကြောင့် ဗူးနက်လေး frontlets  လုပ်၍ ထိုအထဲ၌ တရားဟော ၆:၄-၉၊ ၁၁:၁၃-၂၁၊ ထွက် ၁၃း၁-၁၆ ကျမ်းပိုဒ်များကိုရေး၍ နဖူးနှင့် လက်မောင်းတွင် ချည်ထားကြသည်။ ထိုသို့ကြိုးစား၍ လုပ်သော်လည်း အကျိုးမရှိပါ။ ခရစ်ယာန်များသည် သူတို့ကဲ့သို့ မလုပ်သော်လည်း၊ ကျမ်းစာကျောင်းအောင်သောသူများ၊ ကျမ်းပိုဒ်များစွာ အလွတ်ရပြောဆိုနိုင်သူများ၊ တရားဟောနိုင်သောသူများကို အထင်ကြီးကြသည်။ ထိုအရာများသည် ကောင်းပါသည်။ သို့သော်ဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်မချစ်လျှင် အကျိုးမရှိပါ။ ဣသရေလလူများကဲ့သို့ မှားယွင်းကြပြန်သည်။ 

ယေရှု၏အမြင် 

 သခင်ယေရှုက ဖာရိရှဲများနှင့်ပတ်သက်၍၊ သူတို့သည် ပြုသမျှသော အကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှာပြုကြ၏။ ကျယ်သောလက်ဖွဲ့ phylacteries တို့ကို၎င်း၊ ကြီးသောပန်းပွားတို့ကို၎င်း၊ ဝတ်လေ့ရှိကြ၏။ (မဿဲ ၂၃:၅) ဟုဆိုသည်။ ​ကျွန်ုပ်တို့ ယုံကြည်သူများလည်း ဘုရားချစ်သောကြောင့် မဟုတ်ဘဲ လူရှေ့မှာ မျက်နှာရလိုသောကြောင့် ဆက်ကပ်ခြင်း၊ လှူဒါန်းခြင်း၊ ဟောပြောခြင်း၊ သီဆိုခြင်း၊ များပြုလုပ်လျှင် အကျိုးမရှိပါ။ ဘုရားကို ချစ်ခြင်းထက် လူကိုချစ်ကြသည်။ ဘုရားအမျက်ထွက်မှာကို စိုးရိမ်သည်ထက် လူအမျက်ထွက်မှာကို အလေးထားရှောင်ကြသည်။ ကိုယ့်ချစ်သူကိုချစ်ရာတွင် အခြားသူနှင့် အဆင်မပြေလျှင်လည်း ဂရုမစိုက်တတ်ကြပါ။ ကိုယ်ချစ်သူဝမ်းနည်းမှာ၊ စိတ်ဆိုးမှာကို ပို၍ဂရုစိုက်တတ်ကြသည်။ ကိုယ်ချစ်သူရှိလျှင် အရာရာပြည့်စုံပြီ။ ထိုကဲ့သို့ ဘုရားကို ချစ်ရမည်ဖြစ်သည်။ သို့သော် ယနေ့ခရစ်ယာန်များ၊ ယုံကြည်သူများသည် ဘုရားထက် လူကို ဂရုစိုက်ကြသည်။ ထို့ကြောင့် ဘုရားကိုချစ်သည်ဟု ပါးစပ်ကပြောသော်လည်း စိတ်နှလုံးသည် ဘုရားနှင့်ဝေးလှသည်။  ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။ (ဟေရှာယ ၂၉:၁၃) ဟုဆိုခဲ့သည်။ ထိုအရာကို ယေရှုက ဤသို့ကိုးကားခဲ့သည်၊ ဟန်ဆောင်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်၊ ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏၊ ဟုနောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ၊ ဟုပြန်၍မိန့်တော်မူ၏။ (မဿဲ ၁၅:ရ-၉)။ ယုဒလူများသာမက ယနေ့ခရစ်ယာန်များလည်း ဘုရားကို ပါးစပ်နှင့်သာလျှင်ချစ်ကြသည်။ စိတ်နှလုံးမပါသောကြောင့် ဘုရားစကားနားထောင်ဘို့၊ အလိုတော်ဆောင်ဘို့သည် အလွန်ခက်ခြင်းဖြစ်သည်။ 

ဘုရားချစ်ဘို့ရန် 

 သို့ဖြစ်လျှင် ဘုရားသခင်ကို ချစ်ဘို့ရန် မည်ကဲ့သို့ လုပ်ရမည်နည်း။ ကျမ်းစာကို သေချာစွာ ဖတ်ရမည်။ နားလည်နိုင်ဘို့ရန် ဗေရိမြို့သားများကဲ့သို့ နေ့တိုင်း စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည့် အကြောင်း လေ့လာဖတ်ရှုရမည် (တ ၁ရး၁၁)။ တာဝန်ကျေရုံ၊ ဩတ္တပ္ပစိတ်ကျေရုံ မဖတ်ရ။ သိနားလည်၍ ကျင့်ဘို့ရန် ဆုတောင်း၍ ဖတ်ရမည်။ ကိုယ်ချစ် သူထံမှ ရသောစာကို တရက်မဖတ်ဘဲ မနေနိုင်ပါ။ မည်မျှပင်အလုပ်ရှုပ်သော်လည်း ဖတ်မည့်အချိန်ကိုရှာ၍ ဖတ်နိုင်သည်။ ဖတ်ပြီးလျှင်လည်း စာကိုလွှင့်မပစ်ပါ၊ သိမ်းထား၍ ထပ်ခါထပ်ခါဖတ်၍ အရသာခံတတ်သည်။ အဘယ်ကြောင့်ကျမ်းစာဖတ်ဘို့ရန် ခက်နေကြပြီး စိတ်မဝင်စားကြသနည်းဟူမူကား ဘုရားကို မချစ်သောကြောင့် ဖြစ်သည်။ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်လျှင် သူ၏စာကို အရသာရှိရှိဖတ်၍ မဝနိုင်အောင်ရှိမည်။ ဆွဲနိုင်သော အစားအစာမှန်သမျှ ချက်ချင်း မကြိုက်တတ်ပါ။ အရက်၊ ကွမ်းယာ၊ ဒုိးရင်း သီး၊ ဒညင်းသီး၊ မြောက်ငို်သီးတို့သည် ဆွဲနိုင်သောကြောင့် ချက်ချင်း မကြိုက်တတ်ကြပါ။ သို့သော် တဖြည်းဖြည်းစားဖန်၊ သောက်ဖန်များသောအခါ ဆွဲ သွား၍ လုံးဝ မသုံး စွဲဘဲ မနေနိုင်ပါ။ ထို့ကြောင့် ကျမ်းစာလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မှန်မှန်ဖတ်ပါ။ နောက်ပိုင်း၌ အဓိပ္ပါယ် နားလည်းပြီး အရသာတွေ့ပါလိမ့်မည်။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်သောကြောင့် လူကဲ့သို့ ကိုယ်ခန္ဓာအားဖြင့် မဿဟာယမဖွဲ့ နိုင်ပါ။ သူ၏ ကျမ်းစာကို ဖတ်ချင်သော စိတ်ရှိလျှင် သူ့ကို ချစ်ခြင်း ဖြစ်သည်။ ကျမ်းစာဖတ်ခြင်းသာမက၊ ဆုတောင်း ခြင်းအားဖြင့်လည်း ဘုရားကို စကားပြောပါ။ ဆုတောင်းခြင်းသည် ဘုရားနှင့် စကားပြောခြင်း ဖြစ်သည်။ ချစ်သူ၊ သူငယ်ချင်းများနှင့် စကားပြောသောအခါ တောင်းခြင်း မပြုကြပါ။ ခံစားချက် များကို ဖလှယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ ခံစားချက် အားလုံး ကို ဘုရားသခင်အား ပြောပါ။ သူသည် မကြား သကဲ့သို့ဖြစ်သော်လည်း အားလုံး ကြားသည်ကိုသိပါ။ ထိုအပြင်ဘုရားကို ချစ်ဘို့ရန်သူခိုင်းသမျှကို လုပ်ပါ။ ထိုသို့ ပြုလုပ်လျှင် ဝမ်းမြောက်ပြီး ကျေးဇူးတော် ချီးမွမ်းနိုင်ပါလိမ့်မည်။ သခင်ယေရှုက၊ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကို သခင်၊ သခင်ဟု အဘယ်ကြောင့် ခေါ်ကြသနည်း။ (လု ၄၆:၆) ဟုဆိုခဲ့သည်။ မိဘစကားနားမထောင်လျှင် အဆင်မပြေနိုင်သကဲ့သို့၊ ဘုရားစကား နားမထောင်မခြင်း ဘုရားနှင့်အဆင်ပြေမည် မဟုတ်ချေ။ အဆင်မပြေလျှင် မရင်းနှီးနိုင်၊ မရင်းနှီးလျှင်မချစ်နိုင်ချေ။ ဘုရားကိုချစ်နိုင်ဘို့ရန် သူ၏ကြီးမားခြင်း၊ အစွမ်းရှိခြင်း၊ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ မှစ၍ သူ၏ လုပ်ဆောင်မှုများကို ဆင်ခြင်ပါ။ သို့ပြုလျှင် ဘုရားအပေါ်အံ့ဩ ပါလိမ့်မည်။ ချစ်ခြင်းမေတ္တာသည် အချိန်ယူဘို့ လိုသည်။ ကြာကြာပေါင်းလေလေ ချစ်လေလေဖြစ်သည်။ ဘုရားသခင်ကိုချစ်လာလျှင် သူ၏အလိုတော် ဆောင်ဘို့သည် လွယ်ကူသည်သာမက၊ အလွန်လုပ်ချင်ပါလိမ့်မည်။ 


 ဘုရားသခင်ကိုအ​ကြောက်ဆုံး


 အဘယ်ကြောင့် ဘုရားသခင်၏ အလိုတော်ကို လိုက်နာဘို့ရန် ခက်နေကြသနည်းဟူမူကား၊ သူ့ကို မကြောက်သောကြောင့်ဖြစ်သည်။ လူသည်ကြောက်လျှင် အားလုံးလုပ်နိုင်သည်သာမက အလွယ်တကူလုပ်နိုင်သည်။ ဘုရားသခင်သည် သိနာတောင်ပေါ်မှာဆင်း၍ ပညတ်တော်ပေးသောအခါ၊ သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှါ၊ လူများတို့ကို တပ်ထဲကဆောင် ခဲ့သဖြင့်၊ သူတို့သည် တောင်​ခြေရင်းအောက်၌ ရပ်နေကြ၏။ ၁၈ ထာဝရဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံးပြင်းစွာ လှုပ်လေ၏။ (ထွက် ၁၉:၁၆-၁၈) လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့်ရွေ့၍ အဝေး၌ရပ်နေကြ၏။ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင်ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။ မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်ကြွ လာတော်မူပြီ၊ ဟုလူများတို့အား ပြောဆို၏။ (ထွက် ၂၀:၁၈-၂၀) အဘယ်ကြောင့်ဘုရားက ဣသရေလလူများကို ပညတ်တော် ပေးသောအခါ အထက်ပါကဲ့သို့ သိနာတောင်တတောင်လုံးလှုပ်၍၊ မီးနှင့်မီးခိုးများထွက်ပြီး ကြီးသော အသံနှင့် တံပိုးမှုတ်ရင်းဖြင့် ပေးသနည်းဟူမူကား၊ သူ့ကိုကြောက်ရွံ့၍ မပြစ်မှားဘို့ရန်ဖြစ်သည်။ သို့သော် သူတို့သည်ခဏသာကြောက်၍ များမကြာမှီတွင် နွားရုပ်တုလုပ်ကာ ဘုရားအဖြစ်ကိုးကွယ်ကြသည် (ထွက် ၃၂)။ အခြားဘုရားကိုးကွယ်ခြင်းသည် ဘုရား၏အမုန်းဆုံးနှင့် အပြစ်အကြီးဆုံးဖြစ်သည်။ 

ဘုရာသခင်ကိုကြောက်ဘို့ 

ဘုရားသခင်သည် မောရှေအားဖြင့် ဤသို့မှာထားသည်၊ ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ ငါ့ စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် အနီးတော်သို့ ချဉ်းကပ်၍၊ တောင်​ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သော မှောက်မိုက်နှင့် ပြည့်စုံလေ၏။ ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မွက်တော်မူ၏။ သင်တို့သည် သဏ္ဍာန်တော်ကို မမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။ ( တရားဟော ၄:၁၀-၁၂)။ ဘုရားသခင်သည် ဣသရေလလူများက သူ့ကို ကြောက်ရုံသာမက၊ သူ့တို့၏သားမြေးတို့ကလည်း ကြောက်ဘို့ရန် သွန်သင်ဘို့ မှာထားသည်။ သို့သော် သားသမီးများကို မသွန်သင်မှီ သူတို့ကိုယ်တိုင် ဘုရားကိုမကြောက်ဘဲ အခြားသောဘုရားများကို ကိုးကွယ်ကြသည်။ ထို့ကြောင့် သားသမီးများသွန်သင်ဘို့ရန်သည် အလွန်ဝေးသည်။ ယနေ့ခရစ်ယာန်ဟု ခေါ်သောသူများလည်း ကိုယ်တိုင် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် သားသမီးများကို ဘုရားကြောက်ဘို့ မသွန်သင်ကြချေ။ 

အဘယ်ကြောင့်ကြောက်ရမည်နည်း

အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအ ကွင်း မဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ၁၃ သင်၏ အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်း အမှု မှတပါး၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်ာ်မူသနည်း။ မိုးကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့်မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရား ပိုင်တော်မူ၏။  သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ် တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာတို့တွင် ရွေးကောက်တော်မူ၏။ သို့ဖြစ်၍ သင်၏ နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန် ခိုင်မာသောလည်ပင်းမရှိစေနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဘွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစားဘဲ၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည် အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသောဘုရား ဖြစ်တော်မူ၏။ ( တရားဟော ၁၀:၁၂-၁၈)။ ဘုရားသခင်ကိုယ်တော်တိုင်က သူသည် ဘုရားတကာတို့၏ဘုရား၊ အရှင်တကာတို့၏အရှင်၊ တန်ခိုးကြီးသောဘုရား ဖြစ်တော်မူသောကြောင့်၊ သူ့ကိုကြောက်ဘို့ ပြောထားခြင်းဖြစ်သည်။ သို့သော် ဣသရေလလူများက သူတို့၏သမိုင်းတလျှောက် ဘုရားကိုမကြောက်ဘဲ တော်လှန်ပုန်ကန်ကြသည်။ ယနေ့တိုင်အောင်  ဣသရေလလူအများစုသည် ဘုရားကိုမကြောက် ဒုစရိုက်အပြစ်မျိုးစုံကို ပြုလုပ်ကျူးလွန်နေကြသည်။ ဣသရေလလူမျိုးများကဲ့သို့ ယနေ့ခရစ်ယာန်အများစုလည်း ထာဝရဘုရားကိုမကြောက်၊ ကိုယ့်ကိုယ်ကို ဘုရားနေရာ၌ နေ၍၊ ကိုယ့်ဆန္ဒပြည့်စေဘို့ အဓိကထားကြသည်။ ဘုရားကိုကိုးကွယ်ဟန်ရှိသော်လည်း ဘုရားအလိုတော်ကို မရှာ၊ ကိုယ့်အကြိုက်ကိုးကွယ် နေကြသည်။ ဘုရားအလိုတော်ထက် လူ့အမြင်ကို အလေးထားကြသည်။ ထို့ကြောင့် ဘုရားအလိုတော်လိုက်ဘို့ရန်သည် လုံးဝမဖြစ်နိုင်၊ အလွန်လေးသောဝန်ဖြစ်နေခြင်းဖြစ်သည်။ ထိုသံသရာ၌ သင်သည် လည်နေဦးမည်လော။ 

ပညာ၏အချုပ်အခြာ

ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ဟုဆိုထားသည် (ဆာ ၁၁၁:၁၀၊ သုတ္တံ ၁:ရ)။ လူသည် ဘုရား၏ပညာထက် လောကီပညာကို လိုချင်ကြသည်။ လောကီပညာအားဖြင့် ဘုရားကို မသိ နားမလည်နိုင်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။ ပညာရှိကား အဘယ်မှာ ရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော် စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိဘဲ နေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော်မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ၏။ (၁ ကော ၁:၁၉-၂၁)။ လူ့ပညာသည် လိုအပ်သော်လည်း ဘုရား၏ပညာသည် ပို၍ အရေးကြီးသည်။ ယနေ့ ယုံကြည်သူများသည် ဘုရားပညာထက် လူ့ပညာကို အထင်ကြီးလိုချင်သောကြောင့် ပညာရှိသောသူတို့၏ပညာကို ငါဖျက်ဆီးမည်၊ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကိုလည်း ငါပယ်မည် (၁ ကော ၁း၁၉) ဟုဆိုသည်။ လောကီပညာရှိများက ဘုရားမရှိဟူ၍ပင် ဆိုကြသည် (ဆာ ၁၄:၁)။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်းသောအမှုတို့ကို ပြုတတ်ကြသည်။ သူတို့အနေဖြင့် ဘုရား၏အလိုတော်သည် ပျက်ယယ်ပြုစရာ ဖြစ်သည်။ သင်သည် ထိုသူများနောက် လိုက်နေမှန်းသိပါသလား။ ယခုမှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ဘို့ ရွေးချယ်ပါ။ ကိုယ်ကိုယ်ကိုနိုးဆော်ပါ။ ထာဝရဘုရားကို ကြောက်ရွံ့လျှင် အလိုတော်ဆောင်ဘို့သည် အလွန် လွယ်ကူသည်သာမက၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဖြစ်သည်။ ကောင်းကြီးမင်္ဂလာ အပေါင်း၏ အချုပ်အချာလည်းဖြစ်သည်။ 

ဘုရားမကြောက်လျှင် 

သင်သည် ထာဝရဘုရားကို မကြောက်ဘဲ ဆက်သွားလျှင် ဘေးဒဏ်ကြီးကာလ၌ အလွန်ကြောက်၍ သေခြင်းကို ရှာမည့်အကြောင်း ကျမ်းစာ၌ ဤသို့ ဖေါ်ပြထားသည်၊ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ​ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ (ဗျာ ၆:၁၅-၁ရ) ဘေးဒဏ်ကြီးကာလ၌ ဤလောကမှဘုရားကျိန်းဝပ်ရာ ကောင်းကင်တိုက်ရိုက်မြင်ကြလိမ့်မည်။ ထိုအခါလောကီသမ္မတများ၊ စစ်သူကြီးများ၊ သူဌေးများမှစ၍ ဆင်းရဲသားများ လူအားလုံးတို့သည် ထာဝရဘုရားနှင့်သိုးသငယ်တည်းဟူသော ယေရှု၏အမျက်တော်ကို မြင်ကြလိမ့်မည်။ ထိုအခါ အလွန်ကြောက်ရွံ့ကြသဖြင့် ကျောက်များ၊ တောင်များထံ သူတို့အပေါ်ကျဘို့ ဆုတောင်းကြလိမ့်မည်။ သေခြင်းကိုရှာကြခြင်းဖြစ်သည်။ ထိုသူတို့အထဲ၌ သင်သည် မပါဝင်ဘို့ ယခုသတိပေးလိုပါသည်။ ထာဝရဘုရားကိုကြောက်ရွံ့ပါ။ 

ဘုရားကြောက်ရွံ့ခြင်း၏လက္ခဏာ

ထာဝရဘုရားကို ပါးစပ်နှင့်ကြောက်ရွံ့သည် ဟုဆိုရုံနှင့်မပြီးပါ။ အသက်တာအားဖြင့် ထင်ရှားဘို့လိုသည်။ ကျမ်းစာက၊ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ ဟုဆိုသည် (သုတ္တံ ၁၆:၆)။ ထိုကြောင့် သင်သည် ဒုစရိုက်အပြစ်ကိုမရှောင်၊ လုပ်နေလျှင် ဘုရားကိုမကြောက်သေးကြောင်း ထင်ရှားသည်။ ယောသပ်သည် ထာဝရဘုရားကို ကြောက်ရွံ့သောကြောင့် သခင်မကသူနှင့် အိပ်ဘို့ရန် သွေးဆောင်သောအခါ၊ အပြစ်ကြီးသော ဤအမှုကို ​ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း၊ ဟုငြင်းဆိုနိုင်ခဲ့သည် (ကမ္ဘာ ၃၉:၉)။ သင်သည် ဘုရားသခင်ကို ကြောက်လျှင် သူ၏အလိုတော်ကို ဝမ်းမြောက်စွာ လိုက်ရှောက်နိုင်ပါလိမ့်မည်။ 


 
ကျမ်းစာဖတ်ကြစို့
ယော ၁၂


၁။ ပသခါပွဲခံချိန်​ခြောက်ရက်လို သေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထ မြောက်စေတော်မူသော လာဇ ုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည် ရောက်တော်မူ၏။ ၂ ထိုကြောင့် ထို သူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်​ကျွေးမှုကို ဆောင်၍၊ လာဇ ုသည် ကိုယ်တော်နှင့် အတ ူလျောင်းသော သူတို့ အဝင် ဖြစ်၏။ 

ယုဒလူများသည် အဲဂုတ္တု ပြည် မှခါနန်ပြည်သို့ ရောက်သော ခါ ပသခါပွဲကို နှစ် တိုင်း ကျင်းပဘို့ မှထားသော်လည်း ဘုရား ယုံကြည်သော ရှင်ဘုရင်များ အုပ်စိုးချိန်၌သာ ကျင်းပတတ်ကြသည်။ အဘယ်ကြောင့်မ ကျင်းပတတ်ကြသနည်းဟူမူကား သူတို့၏ ဘုရားကို စွန့်၍ အခြားဘုရားများကို ကိုးကွယ်တတ်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ဗာဗုလုန်​ကျွန်ခံစေ၍ ထိုအချိန် မှသာ သင်ခန်းစာရ ကြသည်။ ဗာဗုလုန်​ကျွန်ခံရာမှပြန် လာသောအခါ နှစ်တိုင်း ပသခါပွဲ ကျင်းပတတ်ကြသည်။ သခင်ယေရှုလည်း ထိုပွဲ၌ ပါဝင်တတ်ကြောင်း တွေ့ရသည်။ သခင်ဘုရားသည် ပသခါပွဲခံချိန်မ ရောက်မှီ လာဇရုတို့ နေသော ဗေသနိရွာသို့ ရောက်၍ သူ့အတွက် ပွဲလုပ် ကြသည်။ ထိုပွဲ၌ မာသကလုပ်ကျွေး၍ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်း (ထိုင်) နေသည်။ 

၃။ ထိုအခါ မာရိသည် အဘိုး များစွာ ထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကို ယူ၍၊ ယေရှု၏ ​ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့် သုတ်သဖြင့်၊ ထိုဆီ၏ အမွှေးသည် တအိမ်လုံးကို နှံ့ပြား၏။ ၄ တပည့်တော်တို့ အဝင် ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာ ုတ်က၊ ၅ ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့် ရောင်း၍ ဆင်းရဲသော သူတို့အား အဘယ်ကြောင့်မပေးသနည်း ဟုဆို၏။ ၆ ထိုသို့ ဆိုသော်ဆင်းရဲသော သူတို့ အကျိုးကို ထောက်၍ ဆိုသည် မဟုတ်။ မိမိသည် သူခိုး ဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကို ဆောင်၍ နှိုက်ယူတတ်သောကြောင့်သာဆိုသတည်း။ 

ယေရှု၏ ​ခြေတော်ကို ဆီမွှေးလိမ်းသောသူမာရိသည် မဿဲ ၂၆:၆-၁၃နှင့် မာကု ၁၄:၃-၉၌ ဖေါ်ပြသော အမျိုးသမီးနှင့် မတူပါ။ လိမ်းရခြင်း၏ အကြောင်းရင်းကို အောက်တွင် ယေရှု ကရှင်းပြသည်။ ယေရှုကို အပ်နှံမည့်သူ ယုဒရှကာရုတ်က သူ့သခင် ထိုကဲ့သို့ ဆီလိမ်းခြင်းကို သဘောမတူ၊ အလဟသဖြုန်းသည်ဟု ယူဆသည်။ ထိုသို့ ဆို သောကြောင့် ယောဟန်က သူ၏ အကျင့်နှင့် စိတ်ထားကို ဖေါ်ပြလိုက်သည်။ အချို့သောသူများ၊ မယုံကြည်သူများသည် ဘုရား အတွက် ဆက်ကပ်လှူဒါန်းခြင်းသည် ဖြုန်းသည်ဟု ယူဆကြသည်။ သင်မည်ကဲ့သို့ ထင်သနည်း။ 

၇။ ယေရှုသည်လည်း၊ ထိုမိန်းမကို ရှိစေတော့။ ငါ၏ အလောင်းကို သ+ဂ ုဟ်ခြင်းငှါ ပြင်ဆင်သော နေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။ ၈ ဆင်းရဲသော သူတို့ ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည် မဟုတ်ဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကမာရိ၏ ဆီလိမ်းခြင်းကို လက်ခံသည်သာမက၊ အကြောင်းရင်းကို ပါ ဖေါ်ပြလိုက်သည်။ သူသေတော့မည် ဖြစ်သောကြောင့် ပြင်ဆင်ခြင်း ဖြစ်သည်။ သူသည် တခါသာသေ၍ ဆင်းရဲသား များသည် အစဉ်ရှိကြမည်။ ထို့ကြောင့် ဆင်းရဲ သားများကူညီခြင်းသည် ကောင်း၍ ဘုရား အလိုတော် ဖြစ်သော်လည်း၊၊၊ သူ့ကို ဆီလောင်းခြင်းသည် ထိုအချိန်၌ ရွေးချယ်သင့်သောအရာ ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း ဘုရား အတွက်ဆက်ကပ်ခြင်းသည်၊ လူမှုရေးလုပ်ခြင်းထက် လိုအပ်သောအချိန် ရှိတတ်သည်။ 

၉။ ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများ အပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့် သာလာသည် မဟုတ်။ သေခြင်းမှ ထမြောက် စေတော်မူသော လာဇ ုကို မြင်ခြင်းငှါ လာကြ၏။ ၁၀ ထိုသို့ ယုဒလူများတို့သည် လာဇ ုကို အကြောင်း ပြုသဖြင့် ထွက် သွား၍၊ ၁၁ ယေရှုကို ယုံကြည် သောကြောင့်၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်း သတ်ခြင်းငှါ တိုင်ပင်စီရင်ကြ၏။ 

ယုဒလူများသည် သခင်ယေရှုကို လာဇရုထမြောက် စေခြင်းကြောင့် ယုံကြည် ကြသည် ဟုဆိုသည်။ သူတို့သည် သခင်ယေရှုကြောင့်သာ မဟုတ်၊ လာဇရုကို မြင်ချင် သောကြောင့်လာ ကြသည်။ ယုဒလူများ ကလာဇရုသည် သေခြင်းမှ ထမြောက် သောကြောင့် မြင်ချင် ကြသည်။ လာဇရုသည် ဘာမျှမလုပ်ပါ။ သို့သော် လူများ ကမြင်ချင်သည်။ ​ကျွန်ုပ်တို့လည်း ရှင်ပြန်ထမြောက်သော အသက်တာရှိလျှင် လူများ ကစိတ်ဝင်စား၍ သခင်ယေရှုကို ယုံကြည် လာကြမည် ဖြစ်သည်။ ယဇ်ပုရောဟိတ် အကြီးတို့သည် သူတို့၏ ဘုရားကို ယုံကြည်ကိုးကွယ်မည့်အစား သခင်ယေရှု မက၊ လာဇရုကို ပါသတ်ချင် ကြသည်။ ဝိညာဉ် မျက်စိကန်းလျှင် ဘုရားကိုတော် လှန်ပုန်ကန်ပြီးသား ဖြစ်သည်။ 

၁၂။ နက်ဖြန်နေ့၌ ယေရှုသည် ယေ ုရှလင်မြို့သို့ ကွလာတော်မူသည်ကို၊ ထိုပွဲသို့ လာသောသူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊ ၁၃ စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီး ဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကွလာတော်မူသော သရေလရှင်ဘုရင်သည် မင်္လာရှိ စေသတည်းဟု ​ေ ကွးကြော်ကြ၏။ ၁၄။ ကျမ်းစာ၌ လာသည်ကား၊ ၁၅ အိုဇိအုန်သတို့သမီး၊ မစိုးရိမ် နှင့်။ သင်၏ အရှင်မင်းကြီးသည် မြည်းကလေးကို စီး၍ သင်ရှိရာသို့ ကွလာတော်မူသည်ကို ကြည့် ှုလော့ဟု ရေးထားသည်နှင့် အညီ၊ ယေရှုသည် မြည်းက လေးကို တွေ့၍ စီးတော်မူ၏။ (ဇာခရိ ၉:၉)  

ယေရှုသည် ရှင်ဘုရင်အဖြစ် သူ့ကိုယ်သူဆက်ကပ်ခြင်း ဖြစ်သည်။ ထိုအရာကို ပရောဖက် ဇာခရိက ကြိုတင် ဟောထားနှင့် ပြီ။ ပရိသတ်များကလည်း လှိုက်လှဲစွာ ကြို ဆို လက်ခံ ကြသည်။ သို့သော် ခေါင်းဆောင်များက လက်မခံသောကြောင့် ယေရှုသည် ရှင်ဘုရင် ဖြစ်လာဘဲ နောက် တပတ်၌ အသေသတ်ခဲ့ ကြသည်။ 

၁၆။ ထိုအကြောင်း အရာကို တပည့်တော်တို့သည် အစအဦး၌ နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ ရေးထားသည်ကိုင်း၊ ကိုယ်တော်အား ထိုသို့ ပြုကြသည်ကိုင်း၊ ဘုန်းပွင့်တော်မူသည် နောက်သတိရ၍ မှတ်မိကြ၏။ 

တပည့်တော်များက သူတို့၏ သခင်ကို အဘယ်ကြောင့်လူထုကကြိုဆိုလက် ခံကြသည် အစ၌ မသိခဲ့ကြသော်လည်း ဘုန်းပွင့်တော်မူသည် နောက်သိ ကြသည်။ ဘုန်း ပွင့်တော်မူခြင်းသည် သေခြင်းမှ ထမြောက် ခြင်းကို ဆိုလိုသည်။ 

၁၇။ နောက်တော်သို့ လိုက်သော လူအစုအဝေးတို့သည်ကား လာဇ ုကို သချ ုင်းတွင်း မှခေါ်၍ သေခြင်းမှ ထမြောက် စေတော်မူသည် အကြောင်းကို သက်သေခံကြ၏။ ၁၈ ထို နိမိတ်လက္ခဏာကို ပြတော်မူသည်ဟု လူများတို့သည် သိတင်း ကြားသောကြောင့် ခရီး ဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၏။ ၁၉ ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်း မတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။ 

လူများ ကသခင်ယေရှုသည် လာဇရုကို သေခြင်းမှ ထမြောက် စေကြောင်းကို သက်သေခံ ကြသည်။ ထိုသို့ အချင်းချင်း ပြောဆို သောကြောင့် လူများက သူ့ကို ကြိုဆိုကြခြင်း ဖြစ်သည်။ ထိုသို့ လူများ ကယေရှုကို ကြိုဆို လက်ခံကြသောကြောင့် ဖာရိရှဲများ စိုးရိမ်လာ ကြသည်။ သူတို့သည် သခင်ယေရှုကို ကြိုဆို လက်ခံမည့်အစား စိုးရိမ်ခြင်းသည် လက်မခံခြင်းကို ဖေါ်ပြသည်။ ယနေ့ အမှုတော်ဆောင်အများစုလည်း ဖာရိရှဲများ ကဲ့သို့ သခင်ယေရှု ကြွလာမည့် အရာကို အလိုမရှိ၊ မကြားချင်၊ သရော် ကြသည်။ ထိုသူများထံ၌ ယုံကြည်သူများမရှိသင့်ချေ။ 

၂၀။ ကိုးကွယ်ခြင်း အမှုနှင့် ထိုပွဲသို့ ရောက်လာသော သူတို့တွင် ဟေလသလူအချို့ပါ၏။ ၂၁ ထို သူတို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သား ဖြစ်သော ဖိလိပ္ပုထံသို့ သွား၍ အ​ကျွန်ုပ်တို့သည် ယေရှုကို မြင်ချင် ပါသည်၊ ခင်ဗျားဟု တောင်းပန်ကြ၏။ ၂၂ ဖိလိပ္ပုသည် သွား၍ အ​ေ နကြို ကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည် ယေရှုကို လျှောက်၏။  

ယုဒပွဲ၌ ပါဝင်သော ဟေလေသလူများသည် ယုဒဘာသာ၌ ဝင်သောသူများ ဖြစ်နိုင်သည်။ သို့မဟုတ် ဟေလေသ စကား ပြောသော ယုဒလူများ ဖြစ်နိုင်သည်။ ဟေလေသသည် ဂရိတ်ကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့ ကယေရှုကို တွေ့မြင်လို ကြသည်။ သို့သော် ယုဒလူများကို ကြောက်သောကြောင့်၊ သို့မဟုတ် ဧည့်သည် ဖြစ်သောကြောင့် တမန်တော်များထံချဉ်းကပ်ခြင်း ဖြစ်သည်။ 

၂၃။ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ၂၄ ငါအမှန်အ ကန်ဆိုသည်ကား၊ မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တခုတည်း နေ၏။ ပျက်လျှင် မူကား များစွာသော အသီးကို သီးတတ်၏။ ၂၅ မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရ အသက်ကို စောင့်ရှောက်လျက် နေ၏်။ ၂၆ ငါ၏ အမှုကို ဆောင်ရွက်သောသူ ဖြစ်လျှင် ငါ့နောက်သို့ လိုက်ရမည်။ ငါ၏ အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိလိမ့်မည်။ ငါ၏ အမှုကို ဆောင် ရွက်သောသူ ဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူ လတံ့။ 

ယေရှုက လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ ဟုဆိုခြင်းသည်၊ သူသေ၍ ရှင်ပြန်ထမြောက် မည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ယေရှု ကထိုခေတ်လူများ နားလည်နိုင်သော စိုက်ပျိုးရေးအကြောင်းနှင့် သူ့ကိုယ်သူ ဖေါ်ပြသည်။ စပါး (ဂျုံ) စေ့သည် မြေ၌ ကျ၍ ပျက်မှသာလျှင်အပင်ပေါက်၍ များစွာ သီးတတ်သည် ဟုဆိုသည်။ ထို့ နည်းတူ သူလည်း သေ၍ မြှုပ်နှံခြင်း ခံပြီး ရှင်ပြန်ထမြောက် မှသာလျှင် များစွာ ပွားများမည် ဟုဆိုသည်။ သူသာမက သူ့ကို ယုံကြည်သူများလည်း အသက်ကို မနှမြောရ။ အသေခံမှာကို မကြောက်မှသာလျှင် များစွာ ပွားများ နိုင်သည် ဟုဆိုလိုခြင်း ဖြစ်သည်။ ဟေလသလူများလည်း သူ့ထံသို့ လာလိုလျှင် အပြစ်တင်ခြင်း၊ အသေသတ်ခြင်းကို ခံရမည် ဟုဆိုလိုခြင်းလည်း ဖြစ်သည်။ ​ကျွန်ုပ်တို့လည်း သခင်ဘုရား အတွက် အသေခံ မှသာလျှင် များစွာ ပွားများ နိုင်မည် ဖြစ်သည်။ သူ၏ အမှုဆောင်သည်သူ နောက်လိုက် ရမည်။ ဆိုုလိုသည်မှာ သူကဲ့သို့ မကြောက်ဘဲ အသေခံ နိုင်ရမည်။ သို့မှသာ ခမည်းတော် ကချီး မြှောက်တော်မူမည် ဟုဆိုသည်။ သင်သည် ဘုရား ချီးမြှောက်ခြင်းကို လိုချင် သလော၊ လူချီးမြှောက်ခြင်းကို လိုချင် သလော။ 

၂ရ။ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအ ချိန် မှအ​ကျွန်ုပ်ကို ကယ်တင်တော်မူပါအဘဘုလျှောက်ရမည်လော။ အကြောင်းရှိ၍ သာထိုအချိန်သို့ ရောက်လာပြီ။ ၂၈ အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြေ ာက်တော်မူပါဟု မိန့်မွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြေ ာက်ခဲ့ ပြီ၊ တဖန် ချီးမြေ ာက်ဦးမည်ဟု လာ၏။ ၂၉၀န်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်းသည် ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန် မွက်သည် ဟုဆိုကြ၏။ ၃၀ ယေရှုကထိုစကား သံသည် ငါ့အဘို့ အလိုငှါ လာသည် မဟုတ်၊ သင်တို့ အဘို့ အလိုငှါ လာ၏။ 

အဘယ်ကြောင့်ယေရှုသည် စိတ်နှလုံးပူပန်ခြင်းရှိသနည်း။ သေရမှာကြောက် သောကြောင့် လော။ ရှင်ပြန်ထမြောက်မည် ဖြစ်သောကြောင့် သေရမှာကြောက်စရာ ရှိမည် မဟုတ်။ သို့သော် ခမည်းတော်၏ အမျက်တော် လူသားများကိုယ်စားခံရ၍၊ အဆက်ပြတ်မှာကို စိုးရိမ်ခြင်း ဖြစ်နိုင်သည်။ ခမည်းတော်ထံ နာမတော် ချီးမြေ ာက်ဘို့ တောင်းလျှောက်သောအခါ ခမည်းတော် ကငါချီးမြေ ာက်ခဲ့ပြီ ဟုဆိုသည်။ သူဗတ္တိဇံခံခဲ့စဉ်၊ ရေမှပေါ်ထစဉ်တွင် ကောင်းကင် ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော် အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊ ၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင် ကအသံတော် ဖြစ်လေ၏။ဟု ခမည်းတော်ဘုရားက စကား ပြောခြင်းအားဖြင့်သားတော်ကို မြေ ာက်ခဲ့ပြီ (မာ ၁:၁၀-၁၁)။ သို့သော် လူများက ခမည်းတော်၏ စကားပြောသံကို နားမလည်၊ မိုဃ်းချုန်းသည် သို့မဟုတ် ကောင်းကင်တမန်က စကားပြောသည် ဟုဆို ကြသည်။ ထိုအသံသည် ခရစ်တော် အတွက် မဟုတ်၊ လူများက သူ့ကို နားလည်ဘို့ ဖြစ်သည် ဟုဆိုသော်လည်း နားမလည် ကြချေ။ ယ နေ့သင်သည် ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ နားလည်နိုင်ပါသလား။ အရသာတွေ့နိုင်ပါသလား။ 

၃၁။ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့် ခွါ၍ မြေ ာက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။ ၃၃ ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့ သေရမည်အရိပ်ကို ပေးတော်မူ၏။ 

ဤလောကကို အစိုးရသော မင်းသည် စာတန် ဖြစ်သည်။ စာတန်၏ လက်နက်သည် သေခြင်း ဖြစ်သည်။ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါင်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ (ဟေ ၂:၁၄-၁၅) 

၃၄။ လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌ လာကြောင်းကို အ​ကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြေ ာက်ထားခြင်းကို ခံရမည်ဟု သင်သည် အဘယ်သို့ ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်း ဟုဆိုကြ၏။ 

ခရစ်တော်သည် အစဉ်အမြဲတည်သည် ဟူသော ကျမ်းအတိအကျမရှိပါ။ သို့သော် ခရစ်တော်သည် ဘုရား ဖြစ်သောကြောင့် အစဉ်တည်မည် ဟုဆိုနိုင်သည်။ ခရစ် တော်သည် လူ့ဇာတိအားဖြင့် သူတို့နှင့် နေ၍ သူတို့ ကသတ်မည့် အရာကို ပြောသော်လည်း နားမလည် နိုင်ကြပါ။ ဇာတိလူများသည် သူတို့ ဘာ ဖြစ်မည်ဟူသောအရာကို မသိနိုင်ချေ။ 

၃၅။ ယေရှုကလည်း၊ အလင်းသည် သင်တို့တွင် ခဏသာရှိိ၏။ အလင်းရှိစဉ်အခါသွား လာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကို မှီလိမ့်မည်။ မှောင်မိုက်၌ သွားသောသူသည် အဘယ်ဆီသို့ မိမိသွားသည်ကို မိမိမသိ။ ၃၆ အလင်းရှိစဉ်အခါအ လင်း၏သား ဖြစ်အံ့သောငှါ အလင်းကို ယုံကြည် ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ထွက် ကွ၍ ထို သူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။ 

ယေရှု ပြောသော အလင်းသည် ဝိညာဉ် စကား ဖြစ်သည်။ ဇာတိလူကနားမ လည်နိုင်ချေ။ သင်သည်လည်း ယုဒလူများ ကဲ့သို့ ဝိညာဉ် မျက်စိကန်းလျှင် သူပြောသောအရာကို နားလည်နိုင်မည် မဟုတ်။ အလင်းသည် သခင်ယေရှု ပင် ဖြစ်သည်။ သူ့ကို လက် မခံလျှင် ဝိညာဉ် အလင်း မရရှိနိုင်ချေ။ သူ့ကို မရရှိလျှင် သူပြောသော အရာများသည် အဓိပ္ပါယ်မရှိ ဖြစ်မည်။ အလင်းရရှိဘို့ရန် မှာ သူ့ကို ရရှိဘို့ ဖြစ်သည်။ 

၃ရ။ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့ မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။ ၃၈ ပရောဖက် ဟေရှာယဟော ဘူးသည်ကား၊ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူ သနည်းဟူသော စကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ (ဟေရှာယ ၅၃:၁) 

လူထင်မှတ်သည်မှာ ဘုရားသခင်က နိမိတ်လက္ခဏာများများပြလျှင် သူ့ကို ယုံကြည် မည်ဟူ၍ ဖြစ်သည်။ သို့သော် အထက်ပါ ကျမ်းပိုဒ်အရလူသည် နိမိတ်လက္ခ ဏာများ မြင်ရသော်လည်း မယုံကြည် နိုင်ပါ။ ထို့ကြောင့် ပေါလုက၊ ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။ ငါမူကား၊ လက်ဝါး ကပ်တိုင်မှာအသေခံတော်မူသော ခရစ်တော်၏ အကြောင်း အရာကို ဟောပြောကြ၏။ (၁ ကော ၁:၂၂-၂၃) 

၃၉။ တဖန် ပရောဖက် ဟေရှာယဟောပြန်သည်ကား၊ ၄၀ သူတို့ မျက်စိမမြင်၊ စိတ်နှလုံး နားမလည်၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့ မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကို မိုက်စေတော်မူ၏ ဟူသော စ ကားကြောင့် ထို သူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ (ဟေရှာယ ၆:၉-၁၀) ၄၁ ဟေရှာယသည် ဘုန်း အာနုဘော်ကို မြင်၍ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။ 

မျက်စိနှစ်မျိုးရှိသည်။ ဇာတိမျက်စိနှင့် ဝိညာဉ် မျက်စိ ဖြစ်သည်။ လူသည် ဒုတိယ မမွေးဘွားလျှင် ဇာတိမျက်စိသာလျှင် မြင်နိုင်သည်။ ဘုရားသခင်က ဝိညာဉ် မျက်စိမြင် စေမှသာလျှင်ဝိညာဉ်ပိုင်းအရာများ မြင်နိုင်သည်။ ဘုရားသခင်က စိတ်နှိပ်ချသောသူ၊ သူ့ကို အားကိုးသော သူတို့ကိုသာလျှင် ဝိညာဉ် မျက်စိမြင်စေသည်။ သင်သည် ဝိညာဉ်များစိမြင်နိုင်ပါသလော။ မမြင်နိုင်လျှင် ဘုရား ထံနှိပ်ချခြင်းနှင့် တောင်းပါ။ 

၄၂။ သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကို ယုံကြည် ကြ၏။ တရားစ ရပ်မှဖာရိရှဲတို့သည် နှင်ထုတ် မည်ကို စိုးရိမ် သောကြောင့် ထင်ရှားစွာ ဝန်မခံကြ။ ၄၃ အကြောင်းမူကား၊ ဘုရားသခင် ပေးတော်မူသော ဘုန်းအသရေထက် လူတို့ ပေးသော ဘုန်းအသရေကိုသာ၍ နှစ်သက်ကြ၏။ 

အရာရှိအများတို့သည် အဘယ်ကြောင့်ယေရှုကို ယုံကြည် ကြသော်လည်း ထင်ရှားစွာ မဝန်ခံကြသနည်း။ တရားစရပ်မှ နှင်ထုတ် မှာကို ကြောက်သောကြောင့် ဖြစ်သည်။ လူပေးသော ဘုန်းကို ဘုရား ပေးသော ဘုန်းထက် နှစ်သက် ကြသည်။ ယနေ့ များစွာသောသူများလည်း လူ၏ ချီးမွမ်းခြင်း၊၊ လက်ခံခြင်းကို လိုချင် သောကြောင့် ဘုရား ဘက်၌ မရပ်တည်လိုကြချေ။ သင်သည် မည်သို့ သောသူ ဖြစ်သနည်း။ 

၄၄။ ယေရှုကလည်း၊ ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည် မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်၏။ ၄၅ ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။ 

ယေရှုက သူ့ကို ယုံကြည်သောသူသည် သူ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို ယုံကြည်သည် ဟုဆိုသည်။ ယနေ့ ခရစ်တော်ကို ယုံကြည်လျှင် ခမည်းတော်ဘုရားကို ယုံကြည်သည်။ သင်သည် ခရစ်တော်ကို အကြွင်းမဲ့ယုံကြည် ပါသလား။ 

၄၆။ ငါ့ကို ယုံကြည် သမျှသော သူတို့သည် မှောင်မိုက်၌ မနေစေခြင်းငှါ ငါသည် အလင်း ဖြစ်လျက် ဤလောကသို့ ကွလာပြီ။ ၄၇ ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲ နေလျှင် ထိုသူကို ငါသည် အပြစ် မစီရင်။ လောကီသားတို့ကို အပြစ် စီရင်အံ့သောငှါ ငါလာသည် မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ 

ခရစ်တော်ကို ယုံကြည်လျှင် အလင်း၌ ရှိသည်။ အလင်း၌ ရှိလျှင် အရာခပ်သိမ်းကို မြင်နိုင်သောကြောင့် ခလုပ်တိုက်စရာ အကြောင်း မရှိ။ သူ့ကို အမှောင်သားများက မသိသော်လည်း သူကအမှောင်သားများကို သိနိုင်သည်။ ခရစ်တော် ကသူသည် အပြစ်စိရင်ဘို့ မလာ၊ ကယ်တင်ဘို့ လာသည် ဟုဆိုပြန်သည် (ယော ၃:၁ရ)။ ထို့နည်းတူ ယုံကြည်သူများလည်း သူတပါးကို သက်သေခံသောအခါ သူတို့၏ အပြစ်ကို စီရင်ခြင်း မျိုးဖြင့် မဟုတ်ဘဲ ကယ်တင်ခြင်း အကြောင်း သက်သေခံရမည်။ 

၄၈။ ငါ့ကို ပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ် စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကား ပင်နောက်ဆုံးသော နေ့၌ ထိုသူအား အပြစ် စီရင်လိမ့်မည်။ ၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောသည် မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ် ပေးတော်မူ ပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ကို ငါသိ၏။ ၅၀ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော် မှာထားတော်မူသည် အတိုင်း ငါဟော ပြောသည်ဟု ​ေ ကွးကြော်၍ မိန့်တော်မူ၏။ 

ခရစ်တော် စကားကို ပယ်လျှင် ခမည်းတော်ဘုရားကို ပယ်ခြင်း ဖြစ်သည်။ ခရစ်တော် ဟောပြောသောအရာကို မယုံကြည်လျှင် ထိုစကားက သူ့ကို စီရင်လိမ့်မည်။ ခရစ် တော်သည် သူ့သဘောနှင့် မဟော၊ ခမည်းတော် ဟောစေလိုသည့်အတိုင်းသာ ဟောသည်။ ​ကျွန်ုပ်တို့လည်း ကိုယ့် သဘော အကြံနှင့် မဟောရ၊ ကျမ်းစာ အတိုင်း သာဟော ရသည်။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည် ဟုဆိုသည်။ 


အမှုတော်ဆောင်သင်တန်း


သတင်းကောင်း နှစ်ခြင်း အသင်းချုပ်၏ နှစ်စဉ် ပြုလုပ် နေကျ အမှုတော်ဆောင် သင်တန်းကို ဩဂုတ်လပဌမ ပတ်တွင် Des Moines, Iowa ၌ ပြုလုပ်ဘို့ ရှိပါသည်။ ထိုသင်တန်း၌ အသင်းချုပ်လက်အောက်တွင် ရှိသော အမှုတော်ဆောင်များလာ ရောက်သင်ကြားကြမည် ဖြစ်ပါသည်။ အမှုတော်ဆောင်ပေါင်း၄၀ ခန့်မျှပါဝင်နိုင်လိမ့် မည်ဟု မျှော်လင့်ရပါသည်။ ဧည့်ခံ​ကျွေးမွေး မည့် Des Moines သတင်းကောင်း နှစ်ခြင်း အသင်းတော်နှင့် တကွ ပါဝင်ကြမည့် အမှုတော်ဆောင်များအတွက် ဘုရားကောင်းကြီး ခံစားဘို့ ဆုတောင်းခြင်းအားဖြင့် ကူညီကြပါစို့။ 


 
ခရီးစဉ်


 ဆရာမောဇက် ဦးဆောင်ပြီး၊ ဆရာအောင် လင်း၊ ဆရာမနော်ရင်းနှင့် လူငယ် လေးဦး၊ စုစုပေါင်းခုနှစ်ဦးတို့သည် ဇူလိုင်လ ၅ ရက်နေ့မှ ၁၄ ရက်နေ့အထိ Kansas မြို့သို့ ဧဝံဂေလိ ခရီး စဉ်ပြုခဲ့ကြပါသည်။ ဆရာမောဇက်သည် မြန်မာ ခရစ်ယာန် အသင်းတော်မှ ကျင်းပသော စခန်းသွင်းသင်တန်းသို့ လေးညနှင့် သုံးရက် ကျမ်းစာ သင်တန်း ပို့ချခဲ့ပါသည်။ ကျန်သော အဖွဲ့များသည် သာသနာ ပြုဆရာဂဋ္ဌန်ရီးရယ်နှင့် ဇနီးရုသတို့၏ သာသနာ ပြုနေအိမ်၌ တည်းခိုကာ၊ အိမ်တံခါးခေါက်ခြင်း၊ ကျမ်းစာ သင်ပေးခြင်းများပြုလုပ် ကြပါသည်။ နွေရာသီအပူချိန်သည် နေ့ခင်းပိုင်း၌ ၁၁၀ အထိ ရောက်တတ် ပါသည်။ အလွန် ပူပင်းသောကြောင့် အစပိုင်း၌ တခါကျမ်းသာသင်လျှင် တစ် နာရီ ခန့် မျှသာသင်နိုင်ကြပါသည်။ ထိုသို့ အလွန် ပူပင်းသော်လည်း သမ္မာတရား ဆာငတ်သောသူများ၊ ပုံမှန်သင်တန်းတက်နိုင်ကြခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ဆောင် မှုကြောင့် ဖြစ်ပါသည်။ သင်တန်းတက် သူများသည် ကယား၊ ကရင်၊ ချင်းလူမျိုးများ ဖြစ်ကြပါသည်။ 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG