GOODNEWS
🎨
  HOME  GOODNEWS  2018 MAY

 

အမှာစာ

 ဘုရားသခင်က သူ့ကို အချစ်ဆုံး ဖြစ်စေချင်သည်၊ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသလ္လိရှိသမျှနှင့် ချစ်လော့။” (တရား၆:၅)။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်လျှင် သူ၏ အလိုတော် လိုက်ဘို့သည် အလွန် လွယ်သည်။ ရီးစားချစ်သောအခါ ကိုယ့်ချစ်သူ၏ အလိုဆန္ဒလိုက်ဘို့သည် အလွန် လွယ်သည် မဟုတ်လော။ ကိုယ့်ချစ်သူအတွက် ငွေကုန်ကျေးကျခံနိုင်သည်။ အပင်ပန်းလည်း ခံနိုင်သည်။ ချစ်သူစိတ်ဆိုးမှာကို အလွန် စိုးရိမ်၍ ဘာမဆိုလိုက်လျောရသည်။ ချစ်ဘို့သည် ခိုင်း၍ ရပါသလား။ သွေးသား တောင့်တမှု ဖြစ်သော တဏှာအချစ်သည် ခိုင်း၍ မရပါ။ အလိုလို ဖြစ်သည်။ သို့သော် စစ်မှန်သော ချစ်ခြင်းသည် တဖြည်းဖြည်းရင်းနှီးရာမှ ဖြစ်ပွါးတတ်သည်။ ထို့ကြောင့် မိဿဟာယဖွဲ့မှုများလာလျှင် သံယောယဉ်ရှိလာနိုင်သည်။ အနေနီးသောကြောင့် ကြည့်၍ မရလောက်အောင် မုန်းနိုင် သကဲ့သို့ ခွဲ၍ မရအောင် ချစ်နိုင်သည်။ ထို့ကြောင့် ဘုရားချစ်ဘို့ရန် ဘုရားနှင့် မိဿဟာယများများဖွဲ့ရမည်။ မည်ကဲ့သို့ ဖွဲ့မည်နည်း။ ကျမ်းစာ မှန်မှန်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားနှင့် ပတ်သက်သော စာပေများ ဖတ်ခြင်း၊ ဘုရား လူများနှင့် ပေါင်းဖေါ်ခြင်း၊ ဘုရား၏ ကျေးဇူးတော်၊ ဂုဏ်တော်များကို ဆင်ခြင်ခြင်း၊ ဘုရား ခိုင်းသော အရာများကို လုပ်ခြင်းများအားဖြင့် ရင်းနှီး နိုင်သည်။ ဒါဝိဒ်က၊ “မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ ၂ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင် ပြုသော သူတို့၏ အစည်းအဝေ၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊ ” ဟု ရေးခဲ့သည် (ဆာ ၁:၁-၂)။ ယခုလတွင် ထာဝရဘုရား၏ ကောင်းမြတ်ခြင်း၊ သင့်ကို တဘက်သတ်မေတ္တာဖြင့် ချစ်ခြင်း၊ အပြစ် လွှတ်၍ ကောင်းကင် နိုင်ငံဝင်စားခွင့် ပေးခြင်း၊ ကောင်းကြီး မင်္ဂလာ အပေါင်းကို မထိုက်တန်သော်လည်း ပေးခြင်းများကို ဆင်ခြင်၍ ဘုရားသခင်ကို ချစ်ဘို့ ကိုယ့်ကိုယ်ကို နိုးဆော်ပါ။ သင်အံ့ဩ လိမ့်မည်။ 

 

ယခုလစာစောင်တွင်...

  • မိခင်များနေ့
  • ယေရူရှလင်မြို့
  • အဘယ်ကြောင့် ခက် နေကြသနည်း
  • အလိုတော် ရှိသော ဝတ်ပြုခြင်း 
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် ၁၀) 
  • အသင်းတော် အသစ်ဖွင့်ပွဲ
  • သက်သေခံခြင်း 
  • သတင်းကောင်း ပွဲတော်ကြီး 

 

 

 မိခင်များနေ့


 ယခုနှစ် မိခင်များနေ့သည် မေလ ၁၃ တနင်္ဂနွေနေ့ ဖြစ်သည်။ ထိုနေ့၌ မိခင်များကို လက်ဆောင် အမျိုးမျိုး ပေးကြမည် ဖြစ်သည်။ မိခင် မရှိတော့သောသူများသည် မိမိတို့ ခင်မြင်လေးစားသော မိခင်များကို ကတော့ကြမည် ဖြစ်သည်။ ထိုကဲ့သို့ မိခင်များကို သတိရ၊ တန်ဘိုး ထားပြီး လက်ဆောင်ပေးခြင်း များသည် အလွန် ကောင်းပါသည်။ သို့သော် ကျန်သော အချိန်များ၌ မိခင်များကို စိတ်နာစေခြင်း၊ ဂရုမစိုက်ခြင်း၊ စကား နားမထောင်ခြင်း များသည် မကောင်းပါ။ ဘုရားသခင်က မိခင်များကို မည်ကဲ့သို့ဆက်ဆံရ မည့်အကြောင်းကို ပညတ်တော် ဆယ်ပါး၌ ပဥ္စမပညတ်အနေဖြင့် ဤသို့ ရေးထားသည်၊ “သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာ ရှည်မည်အကြောင်း၊ သင်၏ မိဘကို ရိုသေစွာ ပြုလော့။” (ထွက် ၂၀:၁၂)။ ထိုအရာကို ပေါလုက ဤသို့ကိုးကား ထားသည်၊ “သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့် အညီ မိဘစကားကို နားထောင် ကြလော့။ မိဘစကားကို နားထောင်ခြင်း အမှုသည် တရားသောအမှု ဖြစ်၏။ ၂-၃ မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ် ဖြစ်၏။” (ဧဖက် ၆:၁-၂) အဘယ်ကြောင့် မိဘရိုသေခြင်းသည် အသက်တာရှည် ရသနည်း။ ဘုရားသခင်၏ အလိုတော် ဖြစ်၍ ဘုရားသခင်က ကောင်းကြီး ပေးသည်။ ထို့အပြင် များသောအားဖြင့် မိဘများသည် သားသမီးများကို ကောင်းသောလမ်းသို့  ညွှန်ပြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် အသက်တာရှည်လိုလျှင် မိဘစကားကို နားထောင်ပါ။ 

 မိခင် များသည် သားသမီးများကို ကိုးလလွယ်၍ အသက်နှင့် လဲပြီး မွေးဘွား ပေးသည်။ ကိုယ်ဝန်ဆောင်စဉ်တွင် အမျိုးမျိုး ဒုက္ခ ဆင်းရဲ ခံတတ်သည်။ မွေးဘွားပြီး လျှင်လည်း စောင့်ရှောက်ပြုစုရသည်။ သားသမီး များသည် မွေးကင်းစ၌ အပျိုလူပျိုကဲ့သို့ ချောချောမောမော မဟုတ်။ ကျန်းမာရေး ချို့တဲ့သောသူများသည် ပို၍ မိခင် ဒုက္ခ ရောက် ရသည်။ အိပ်ရေးမဝ၊ ပင်ပန်းကြီးစွာဖြင့် သားသမီးများကို ​ကျွေးမွေး ပြုစုရသည်။ နေမကောင်းလျှင်လည်း သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ သားသမီး ငယ်များစောင့်ရှောက်ခြင်းသည် မလွယ်ကူသောကြောင့် ဖခင်များ မလုပ်နိုင်ကြချေ။ ထိုအရာထက် အလုပ်ကြမ်းလုပ်ချင် ကြသည်။ သားသမီး စောင့်ရှောက်ခြင်းသည် ရှစ်နာရီ၊ ဆယ်နာရီ အလုပ်မဟုတ်၊ အချိန်ပြည့် အလုပ်ဖြစ်သည်။ သားသမီး များထိခိုက်ရှနာသွားမှာ အလွန် စိုးရိမ် ရသည်။ ဘုရားသခင် ကိုယ်တော်တိုင်က၊ “မိန်းမသည် မိမိဘွားသော သားကို မသနားသည် တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့ နိုင်သလော။” ဟုဆိုခဲ့သည် (ဟေရှာယ ၄၉:၁၅)။ မိခင်များ အိမ်နီးချင်းသို့ သွားလည်လျှင်လည်း ချက်ချင်း နို့ စို့သူငယ်ကို သတိရ၍ အလျှင်အမြန် ပြေး၍ ပြန်သွားတတ်သည်။ အကြောင်းမှာ နို့တင်းခြင်းအားဖြင့် သူ့ခလေး နို့ဆာကြောင်းကို သိရသည်။ ဆင်းရဲသော မိခင် များသည်သူတပါးအိမ်၌ အစာကောင်းစား လျှင်လည်း ပါးစပ်၌ အစာကို ငုံ၍ သားသမီးများကို ​ကျွေးတတ်သည်။ သားသမီးများ နေမကောင်း၍ ကျီကျလျှင်လည်း အိပ်ရေးအပျက်ခံ၍ တညလုံးမအိပ်ဘဲ ချီတတ်သည်။ သို့သော် သားသမီး များသည်ကြီး လာသောအခါ၊ ထိုကဲ့သို့ မိခင်၏ ဒုက္ခရောက် အနစ်နာခံမှုများကို မသိဘဲ၊ မိခင်ကို စိတ်ဆိုးစေတတ်ကြသည်။ မိခင်ကို စိတ်နာစေသော အရာများ လုပ်တတ်ကြသည်။ မိခင်၏ ခံစားချက်ကို ကိုယ်တိုင် သားသမီးရှိ၍ သားသမီး များကပုန်ကန်မှသာလျှင်သဘောပေါက် နားလည်နိုင်သည်။ သို့သော် ထိုအချိန်တွင် နောက်ကျသွားပြီ၊ ကိုယ့် မိခင် အသက်မရှင်တော့သောကြောင့် တောင်းပန်၍လည်း မရတော့ချေ။ ထို့ကြောင့် အတွေ့အကြုံရှိသောသူများ၏ ပြောပြခြင်း၊ အကြံပေးခြင်းအားဖြင့် နားလည်ကာ မိခင်ကို စိတ်ချမ်းသာ စေသင့်သည်။ ရှောလမုန်မင်းက၊ “သင့်ကို ဖြစ်ဘွားစေသော အဘ၏ စကားကို နားထောင်လော့၊၊ အသက် ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်၊၊ ” ဟု အကြံပေးသည်ကို နားထောင် သင့်သည် (သု ၂၃ ; ၂၂)။ 

          မိခင်သည် သားသမီးအပေါ်မှာ မည်ကဲ့သို့ ဆက်ဆံတတ်သည်ကို ဘုရားသခင် ကိုယ်တော်တိုင်က ပရောဖက် ဟေရှာယအားဖြင့် ဤသို့ ရေးထားသည်၊ “အမိသည်သား ငယ်ကို နှစ်သိမ့်စေ သကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်မည်။” (ဟေရှာယ ၆၆:၁၃)။ သားသမီး အများစုက ဝမ်းနည်းသောအခါ ဖြစ်စေ၊ ဒုက္ခရောက်သောအခါ ဖြစ်စေ၊ မိခင်ကို တ တတ်ကြသည်။ ရှင်ပေါလုကလည်း သက်သာလောနိတ် အသင်းတော် ထံ ဤသို့ စာရေးသည်၊ “သင်တို့ကို ချစ်သောကြောင့် နို့ထိန်း ( မိခင်)သည် မိမိသူငယ်ကို ​ကျွေးမွေး ပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင် ၏ ဧဝံဂေလိ တရားကိုမျှမက၊ ကိုယ်အသက်ကို ပင်ပေးချင်သော စေတနာစိတ်ရှိကြ၏။” (၁ သက် ၂:ရ)။ မိခင်သည် သားသမီးများကို ကိုယ့်ထက် ပင်လျှင် ဦးစားပေးတတ်သည်။ ထို့ကြောင့် သားသမီး တိုင်းက ကိုယ့်မိခင်ကို လေးစားသင့်သည်။ ဝမ်းမနည်းစေဘဲ ဝမ်းမြောက် စေသင့်သည်။ မိခင် အသက်ရှင်စဉ်တွင် အတတ်နိုင်ဆုံးပြုစုပါ။ သေပြီးမှ နောင်တရခြင်းမျိုး၊ သင်္ချိုင်းသွားပြီး အုတ်ဂူ၌ ပန်းနှင့်အစာ အမျိုးမျိုး ထားခြင်း မျိုးထက် အသက်ရှင်တုံး ကျေးဇူးပြု သင့်သည်။ 

သင်ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်ပြီး သင်၏ မိခင် ကယ်တင်ခြင်း မရှင်း၊ မသိသေးလျှင် အမြန်ဆုံး ပြောပြသင့်သည်။ ကျွန်ုပ်အနေဖြင့် မိခင်ကိုလောကအရာအားဖြင့် ထိရောက်စွာ မပြုစုနိုင်ခဲ့ပါ။ သို့သော် ကယ်တင်ခြင်း ဝေငှရာတွင် သူ လက်ခံရရှိသွား သောကြောင့် အလွန် အားရကျေနပ် မိသည်။ ဝိညာဉ်ရေးရာ၌ ကူညီမစခြင်းသည် ထာဝရ တည်မြဲမည် ဖြစ်သောကြောင့် အရေးကြီးဆုံး ဖြစ်သည်။ သင်၏ မိခင်သည် အဝေးမှာရှိလျှင် ဖုန်းအားဖြင့် တတ်နိုင်သမျှ ခေါ်၍ ကယ်တင်ခြင်း အကြောင်း ပြောပြပါ။ မျှော်လင့်စရာ ရှိသေးစဉ်တွင် ကူညီပါ။ ငွေကျေးတတ်နိုင်လျှင် လစဉ်ပုံမှန်ပို့ပေးပါ။ 


 ယေရုရှလင်မြို့


         သမ္မာကျမ်းစာအားဖြင့် ဘုရားသခင် ဖေါ်ပြသည့်အတိုင်း ယေရုရှလင်မြို့သည် ပတ်ဝန်းကျင်၌ ရှိသော လူမျိုးတို့အတွက် ဒယိမ်းဒယိုင် ဖြစ်စေသော ဖလား ဖြစ်နေပါပြီ (ဇာခရိ ၁၂:၂)။ ဒယိမ်းဒယိုင် ဖြစ်ခြင်း ဆိုသည်မှာ မူးနေခြင်း၊ ပြသနာ လုပ်နေခြင်းကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိမည်သည့်မြို့မှ ယေရုရှလင်မြို့လောက် ပြသနာ မရှိချေ။ ထိုသို့ ပြသနာရှိခြင်းသည် ဘုရားသခင်၏ လက်ရာဖြစ်သည်။ ယေရုရှလင်မြို့သမိုင်းကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏အချိန် ဇယားကို သိနိုင်သည်။ ယေရုရှလင်မြို့ကို ယေဗုသိလူများထံမှ ဒါဝိဒ်မင်းကသိမ်း၍ မြို့တော်အဖြစ် စတင် အသုံးပြုခဲ့သည်။ ဘီစီ ၉၆၀ တွင် ရှောလမုန်မင်းကပဌမ ဗိမာန်တော် ဆောက်ခဲ့သည်။ ဘီစီ ၅၈၅ ခုနှစ်တွင် ဗာဗုလုန်များက မြို့ကို ဖျက်ဆီးခဲ့သည်။ ဘီစီ ၅၃၉ ခုနှစ်တွင် ကုရုမင်းက ဒုတိယဗိမာန်တော် ပြန်ဆောက် ခိုင်း၍ ဘီစီ ၅၁၆ တွင် ပြီးစီးခဲ့သည်။ ဘီစီ ၄၄၅တွင် နေဟမိ ဦးဆောင်၍ မြို့ရိုးကို ပြန်ဆောက်ခဲ့သည်။ အေဒီ ရဝ တွင် ရောမများ ကဖျက်ဆီးလိုက်ပြန်သည်။ ထိုအချိန်မှစ၍ ဣသရေလ များသည် အတိုင်းတိုင်း အပြည်ပြည်သို့ ထွက်ပြေး ပြန့်နှံ့သွားခဲ့ ကြသည်။ ၁၉ ရာစုနှစ် အစပိုင်းမှစ၍ ဣသရေလ လူများ တဖြည်းဖြည်းပြန်လာ ကြသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ကျေညာသောအခါ မြို့၏ အနောက်ဖက်ခြမ်းကိုသာ အစ္စရေးကပိုင်၍ အရှေ့ဘက်ခြမ်းသည် ဂျော်ဒန်လက်ထဲမှာရှိခဲ့သည်။ ၁၉၉၅ ခုနှစ်မေ လတွင် အမေရိကန်လွှတ်တော်က ယေရုရှလင်မြို့သည် အစ္စရေးနိုင်ငံ၏ မြို့တော် ဖြစ်သည်၊ ဟုအသိအမှတ်ပြု၍ အမေရိကန်သံရုံးလည်း တယ်လဗစ်မြို့မှ ၁၉၉၉ မေလမ ကုန်မှီ ပြောင်းရွှေ့ရမည်၊ ဟုဆုံးဖြတ်ခဲ့သည်။ ၂၀၁ရ ခုနှစ်ဒီဇဘ်ာလ ၆ ရက်နေ့တွင် သမ္မတထမ်းက ယေရုရှလင်မြို့သည် အစ္စရေးနိုင်ငံ၏ မြို့တော် ဖြစ်သည်၊ ဟုကျေညာလိုက်သည်။ ၂၀၁၈ မေလ ၁၄ ရက်နေ့တွင် အမေရိကန်သံရုံးကို ယေရုရှလင်မြို့သို့ ကန့်ကွက်သူ များစွာ ရှိသည့်ကြားမှ ပြောင်းရွှေ့လိုက်သည်။ ထိုသို့ ပြောင်းရွှေ့ အသိအမှတ် ပြုသောကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများက ဆန္ဒပြကြသောကြောင့် အစ္စရေးစစ်သားများက သေနပ်ဖြင့် ပစ်ရာမှလူ ၆၀ ခန့်သေဆုံးကြရသည်။ ကွာတီမာလာနိုင်ငံကလည်း မေလ ၁၆ ရက်နေ့တွင် သူတို့၏ သံရုံးကို ယေရုရှလင်မြို့သို့ ပြောင်းရွှေ့သည်။ 
          အဘယ်ကြောင့် ဤအရာများသည် အရေးကြီး သနည်းဟူမူကား၊ ဘုရားသခင် ၏ အစီအစဉ် ဖြစ်၍ အစ္စရေးနိုင်ငံကို ယေဇကျေလ ၃၈-၃၉ ၌ ဖေါ်ပြသော ဂေါဂ၊ မာဂေါဂ နိုင်ငံများက တိုက်ခိုက် မည့်အချိန် နီးကြောင်း ဖေါ်ပြသောကြောင့် ဖြစ်သည်။ ကျမ်းစာ နားမလည် သူများအတွက် ဘာမျှ အရေးမကြီးသော်လည်း ကျမ်းစာ နားလည် သူများ အတွက်မူ အလွန် အရေးကြီးသောအရာ ဖြစ်သည်။ ဇာခရိ ၁၂-၁၄ ၌လည်း ယေရုရှလင်မြို့နှင့် ယုဒနိုင်ငံကို တိုက်မည့်အရာ ဖေါ်ပြထားရာ ယခုအခါ တိုက်ခါနီးဆဲဆဲ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများ ဤလောက မှခွဲခွါချိန်နီးပြီဟု သိလျက်၊ ကောင်းကင် ဘက်မြော် ကြည့်၍ အသင့် စောင့်ဘို့ လိုအပ်သည်။ မြေကြီး အရာများကို စိတ်စွဲလန်းခြင်း မရှိသင့်တော့ချေ။ လူများကို ကယ်တင်ခြင်း အကြောင်း ပြောပြ၍၊ ကိုယ်တိုင်လည်း သန့်ရှင်းသော အသက်တာဖြင့် အသက်ရှင်သင့်သည်။ 

အဘယ်​ကြောင့်ခက်နေကြသနည်း

               ကယ်တင်ခြင်းနှင့် ခရစ်ယာန် အသက်တာသည် ဘုရားသခင်က ယေရှုခရစ်အားဖြင့် ပြုလုပ် ဆောင်ရွက်ပြီးပြီ ဖြစ်သောကြောင့် အလွန်လွယ်ကူသည်။ သို့သော် အ ဘယ်ကြောင့် လူအများစုအတွက် ကယ်တင်ခြင်းသို့ ရောက်ဘို့ရန်သော်၎င်း၊ ခရစ်ယာန် အသက်တာဖြင့် အသက်ရှင်ဘို့သော်၎င်း၊ ခက်နေကြသနည်း။ အကြောင်းရင်းများမှာ၊ မသိသောကြောင့်၊ မာန်မာနကြီး သောကြောင့်၊ ကိုယ့်အစွမ်းအစအားဖြင့် ကြိုးစားသောကြောင့်ဖြစ်သည်။ ကယ်တင်ခြင်းနှင့် ပတ်သက်၍ ရှေ့ဦးစွာ ရေးသား လိုပါသည်။ ကယ်တင်ခြင်း ဟုဆိုကတည်းက၊ ကိုယ့်အစွမ်းအစအားဖြင့် မရနိုင်ကြောင်း ထင်ရှား နေပြီ ဖြစ်သည်။ ကိုယ့်အစွမ်းအစအားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်လျှင် ဘုရားသခင်က သားတော်ကို စေလွှတ်၍ ကယ်တင်စရာ လိုမည် မဟုတ်ချေ။ ထို့ ကြောင့် ကိုယ့်ကိုယ်ကို ကယ်တင်ဘို့ မကြိုးစားဘဲ ဘုရားသခင်က မည်ကဲ့သို့ ကယ်တင်သည်ကို နားလည်၍၊ ယုံကြည် လက်ခံဘို့ သာလိုသည်။ ကျမ်းစာက၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” ဟုဆိုထားသည် (ဧဖက် ၂:၈)။ ထို့ကြောင့် ကယ်တင်ခြင်းသည် လူ့အပိုင်းက ယုံကြည်ဘို့ သာလိုသည်။ သို့သော် ထိုအရာကို မသိ နားမလည်သောအခါ၊ ခက်နေကြခြင်း ဖြစ်သည်။ 

            လူသည် အပြစ်ရှိသည်၊ ဟုကိုယ့်ကိုယ်ကို သိသောကြောင့် ကောင်းကင် နိုင်ငံ ရောက်နိုင်မည်၊ ဟုလုံးဝ မမျှော်လင့်ရဲချေ။ ထို့ကြောင့် အပြစ်ကင်းဘို့ရန် အကျင့်ကောင်း ကျင့်ရမည်၊ ဘုရားစကား နားထောင်၍ ပညတ်တော် လိုက်လျှောက်ရမည်ဟု ထင်ကြသည်။ ထိုအရာသည်လည်း လုံးဝ မမှန်ချေ။ အပြစ်သည် ပြစ်ဒဏ်ဆောင်ပြီးမှသာလျှင်လွတ်နိုင်သည်။ ကျမ်းစာက၊ “အပြစ်၏ အခကား သေခြင်း ပေတည်း။” ဟုဆိုသည် (ရော ၆:၂၃ က)။ သင်နှင့်​ကျွန်တော်သည် အပြစ်ကြောင့် သေပြစ်သင့်သောသူများ ဖြစ်ကြသည်။ သို့သော် ဘုရားသခင်က ​ကျွန်ုပ်တို့ ကိုယ်စား သားတော် အသေခံ စေခြင်းအားဖြင့် သေခြင်း အမင်္ဂလာမှ ကယ်နှုတ်ကြောင်း ဤသို့ တွေ့ရသည်၊ “​ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံ မည့်သူ ရှိခဲ၏။ သူတော်ကောင်း အတွက်ကြောင့် အသေခံ ဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ ၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။” ဟုဆိုထားသည် (ရော ၅:၈)။ ​ဖြောင့်မတ်သောသူ သေမည့် အရာကို နှမြောကြသော်လည်း၊ သူ့ကိုယ်စား မည်သူမျှ အသေခံ ရဲမည့်သူ ရှိမည် မဟုတ်။ အပြစ်ရှိသောသူ သေမည့် အရာမှာ၊ အဘယ် သူကမှ မနှမြောသည်သာမက၊ သေလျှင် ကောင်းသည် ဟုဆိုကြမည် ဖြစ်သည်။ ဘုရားသခင်သည် သေဘို့ ကောင်းသော ကျွန်ုပ်တို့ ကိုယ်စား သားတော်ကို အသေခံ စေသည် ဟုဆိုသည်။ သူသေသော အချိန်သည်၊ ကျွန်ုပ်တို့သည် ပြန်လည်နောင်တ ရ၍၊ ကောင်းသော အကျင့်ကျင့်ချိန်တွင် မဟုတ်၊ အပြစ်ရှိစဉ်ပင် ဟုဆိုသည်။ ထို့ကြောင့် ဘုရား၏ မေတ္တာတော်သည် အဘယ်မျှလောက်ကြီးမား သနည်း။ ထိုသို့ ကျွန်ုပ်တို့ ကိုယ်စား အသေခံသောကြောင့် အပြစ်၏ အခသေခြင်းကို ခံစရာ မလိုတော့ချေ။ ခရစ်တော်က သူ၏ အသက်နှင့် ပေးဆပ်သွားပြီး ဖြစ်သည်။ ထိုအရာကို ယုံကြည်ဘို့ သာလျှင် လိုအပ်သည်။ သင်ယုံကြည် နိုင်ပါသလော။ 

                အပြစ် မရှိသောသူသည် ​ဖြောင့်မတ်သောသူ ဖြစ်သည်။ ဘုရားသခင်သည် ​ဖြောင့်မတ်သည်။ သူ့ထံသို့ သွားမည့် သူသည် ​ဖြောင့်မတ်ရမည်။ လူသည် ကိုယ့်အစွမ်း အစအားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား ကြသည်။ အပြစ်ကို ရှောင်ခြင်း၊ ချုပ်တည်းခြင်း၊ ပညတ်တော်များကို လိုက်လျှောက်ခြင်းဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား ကြသည်။ သို့သော် မည်သူမျှ မိမိအစွမ်းဖြင့် မ​ဖြောင့်မတ်နိုင်ကြချေ။ ဘုရားသခင်က အပြစ်ရှိသော လူသားများကို ခရစ်တော်အားဖြင့် ​ဖြောင့်မတ်ခြင်းကို အခမဲ့ ပေးထားပြီးကြောင်း ပေါလုက ဤသို့ ရေးထားသည်၊ “ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၃:၂၄)။ အဘယ်ကြောင့် ဘုရားသခင်က အပြစ်သားများကို ​ဖြောင့်မတ်ခြင်း ပေးသနည်းဟူမူကား၊ ထိုသို့ မပေးလျှင် ဘယ်သောအခါမျှ​ ဖြောင့်မတ်နိုင်တော့မည် မဟုတ်ချေ။ လူအားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစားသော ဣသရေလတို့နှင့် ပတ်သက်၍ ပေါလုက ဤသို့ ရေးထားသည်၊ “​ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သော တပါးအမျိုးသားတို့သည် ​ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မှီသော ​ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ၃၁ ​ဖြောင့်မတ်ခြင်း တရားကို မှီအောင် လိုက်သော ဣသရေလ လူတို့ မူကား၊ ​ဖြောင့် မတ်ခြင်း တရားကို မမှီကြ။ ၃၂ အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။” (ရော ၉:၃၀-၃၂)။ တပါးအမျိုးသားတို့သည် ​ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်မှီ၍၊ ဣသရေလလူတို့သည် အကျင့်အားဖြင့် ​ဖြောင့်မတ်ဘို့ ကြိုးစား ကြသောကြောင့် မ​ဖြောင့်မတ်ကြ ဟုဆိုသည်။ သင်လည်း ဘုရား စီရင်ပေးသောအရာကို ယုံကြည်လျှင် ​ဖြောင့်မတ်ပြီ။ ကိုယ်ဟာကိုယ် ကြိုးစားလျှင် ဣသရေလ လူများ ကဲ့သို့ မှီနိုင်မည် မဟုတ်ချေ။ 

           ထိုသို့ ​ဖြောင့်မတ်ခြင်းကို ယေရှုခရစ်အားဖြင့် ပေးသောကြောင့် အပြစ်ငရဲမှလည်း လွတ်မြောက်ကြောင်း ပေါလုက ဤသို့ ရေးထားသည်၊ “သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ​ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်၊ ဟုသာ၍ မြော်လင့်စရာရှိ၏။” (ရော ၅:၉)။ ငရဲသည် မ​ဖြောင့်မတ်သော အပြစ်သားများသွားမည့် နေရာဖြစ်သည်။ သင်သည် ယေရှုခရစ်အားဖြင့် အခမဲ့ပေးထားသော ​ဖြောင့်မတ်ခြင်းကို ယုံကြည် လက်ခံလျှင် အပြစ် ငရဲသို့ သွားစရာမလိုတော့ချေ။ ​ဖြောင့်မတ်သောသူများ သွားမည့် ကောင်းကင် နိုင်ငံဝင်ခွင့်ရထားပြီးပြီ။ ထိုအရာအားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက်အားဖြင့် ဖြစ်၍ လူ၏ လုပ်ဆောင်မှု လုံးဝ မပါချေ။ ဘုရား၏ ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိခြင်း ဖြစ်သည်။ 

                  ထိုသို့ ယုံကြည် လက်ခံသောသူများသည်၊ ခရစ်ယာန် အသက်တာဖြင့် အသက်ရှင် ရမည်ဖြစ်သည်။ ခရစ်ယာန်ဖြစ်ဘို့ ကိုယ့်အစွမ်းအစအားဖြင့် မရနိုင် သကဲ့သို့ ခရစ်ယာန် အသက်တာလည်း လူ့အစွမ်းအားဖြင့် မလျှောက်နိုင်ပါ။ သို့သော် များစွာသော ယုံကြည်သူများသည် ခရစ်ယာန် အသက်တာကို လူ့အစွမ်းအစအားဖြင့် ကြိုးစား ကြသောကြောင့် အလွန် ခက်ခဲ၍၊ အရှုံးပေးတတ်ကြသည်။ ယေရှုက၊ “ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသော အသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။” ဟုဆိုခဲ့သည် (ယော ၁၅:၅)။ ဤနေရာ၌ ယေရှုက ခရစ်ယာန် အသက်တာကို လူအားဖြင့် အသက်မရှင်နိုင်ကြောင်း ပြောနေခြင်းဖြစ်သည်။ လူအနေဖြင့် တတ်စွမ်းနိုင်သော အရာများစွာရှိသည်။ သို့သော် ခရစ်ယာန် အသက်တာမူကား၊ ခရစ်တော်အားဖြင့်သာလျှင် ဖြစ်နိုင်သည်။ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် ယုံကြည်သူများနှင့် မနေသော်လည်း၊ ဝိညာဉ်အားဖြင့် အထဲမှာနေသည်။ ယေရှုက၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။” (တမန် ၁:၈)။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ ထိုတန်ခိုးအားဖြင့် ခရစ်ယာန် အသက်တာကို အသက်ရှင်ရမည် ဖြစ်သော်လည်း၊ များစွာသော ယုံကြည်သူများသည်၊ မသိနားမလည်သောအခါ လူ့အစွမ်းအားဖြင့် အသက်ရှင်ဘို့ ကြိုးစားကြသည်။ ထိုအခါ အလွန် ခက်ခဲ၍ စိတ်ဓါတ်ကျ အရှုံးပေးတတ်ကြသည်။ 

             ကားသည် ဓါတ်ဆီအားဖြင့် သွားဘို့ရန် ပြုလုပ်ခြင်း ဖြစ်သည်။ လူအားဖြင့် တွန်းဘို့၊ ဆွဲဘို့ရန် ပြုလုပ်သည် မဟုတ်။ ကားကို လူကတွန်းလျှင် ကုန်းဆင်း၌ လွယ်ကူသော်လည်း၊ ကုန်းတက်တွင် လုံးဝမဖြစ်နိုင်ချေ။ ခရစ်ယာန် အသက်တာလည်း၊ ကိုယ်ခန္ဓာ ကျန်းမာ၍ ဝင်ငွေကောင်းနေချိန်တွင် လူ့အစွမ်းအားဖြင့် အသက်ရှင်နိုင်ဟန်ရှိသော်လည်း၊ မကျန်းမာ၊ အလုပ်ပြုတ်၊ ငွေမရှိသောအခါ လုံးဝ မလွယ်ကူတော့ချေ။ သို့သော် ခရစ်တော် သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော် အုပ်စိုးသော အသက်တာတွင်၊ ကျေးဇူးတော် ချီးမွမ်း၍ အောင်မြင်နိုင်သည်။ “သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာ ပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် နားထောင် ကြ၏။ ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာ လှုပ်သောကြောင့် ထောင်​ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်း ပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။” (တမန် ၁၆:၂၅-၂၆)။ သာမန်အားဖြင့် ချီးမွမ်းခြင်းသည် စိတ်ရွှင်လန်းချိန်၊ အစစအရာရာ အဆင်ပြေချိန်၌ သာလုပ်နိုင်သည်။ ပေါလုနှင့် သိလတို့သည် ထောင်ထဲ၌ သံကြိုးနှင့် ချီနှောင်၍ ညသန်းခေါင်းအချိန်၌ အဘယ်ကြောင့် ဘုရားသခင်ကို ချီးမွမ်းနိုင်ကြသနည်း။ ထိုအရာသည် လူအားဖြင့် မဟုတ်၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖြစ်သည်။ 

               သာမန်အားဖြင့် ထောင်ထဲ၌ စဝင်သောသူသည် ည၌ အိပ်ပျော်နိုင်မည် မဟုတ်။ သို့သော် ပေတရုသည် အဘယ်ကြောင့် ကောင်းကင်တမန်က နိုးရလောက်အောင်၊ ထောင်ထဲ၌ အိပ်ပျော်နိုင်သနည်း၊ “ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့ အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။  ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်း တောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျှင်အမြန် ထလော့၊ ဟုဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ​ကျွတ်လေ၏။  ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ​ခြေနင်းကိုလည်း စီးလော့ ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကို ခြုံ၍ ငါ့နောက် သို့ လိုက်လော့ ဟုဆိုပြန်၏။  ပေတရုသည် ထွက်၍ လိုက်သော်လည်း၊ ကောင်းကင် တမန် ပြုသမျှတို့သည် မှန်သော အမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်၊ ဟုထင်လေ၏။” (တမန် ၁၂:၆-၉)။ ပေတရုသည် အလွန် ကြောက်တတ်သောသူ ဖြစ်ခဲ့သည်။ အိမ်ဖေါ်မလေးပင် ကြောက်ခဲ့သော ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော် ရှိသောအခါ လုံးဝ မကြောက်တော့ချေ။ ထောင်ထဲ၌ အိပ်ပျော်နိုင်သည်။ သင်နှင့်ကျွန်ုပ်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အုပ်စိုးခြင်း ခံရလျှင် ကြောက်ရွံ့ခြင်းရှိတော့မည် မဟုတ်။ ထိုဝိညာဉ်တော်ကို မရှိသေးလျှင်၊ သင်၏ စိတ်နှလုံးထဲဝင်ဘို့ရန် ဘိတ်ခေါ်ပါ။ ဝိညာဉ်တော် ရှိပြီး သောသူ ဖြစ်လျှင်၊ သူ့ကို အုပ်စိုးခွင့် ပေးလိုက်ပါ။ ဘုရားအလိုတော် ဆောင်ခြင်းသည် အလွန် လွယ်ကူသည်သာမက ဝမ်းမြောက်စရာ ဖြစ်လာပေမည်။ 


အလိုတော် ရှိသော ဝတ်ပြုခြင်း 
By Lal Tan Puia

 “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိ ကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော သင်တို့ ပြုအပ်သော ဝတ်ကို ပြုမည့် အကြောင်း၊ ” (ရော၊ ၁၂:၁) ကို ဝါကျနှစ်ကြောင်းဖြင့် ခွဲ၍ ရေးမည် ဆိုလျှင် ဤသို့ဖြစ်နိုင်သည်၊ “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်ပါ။ မိမိ ကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော သင်တို့ ပြုအပ်သော ဝတ်ကို ပြုပါ” ဟူ၍ ဖြစ်သည်။                                                         ညီအစ်ကိုတို့ ဆိုသည်မှာ မည်သူတို့နည်း။ ရောမမြို့၌ နေထိုင်ကြသော ခရစ်ယာန် များဖြစ်သည်။ ရောမမြို့ရှိ ခရစ်ယာန်တို့သည် ယုံကြည်သူများဖြစ်ကြသော် လည်း၊ သူတို့ အသက်တာသည် အသက်ရှင်ခြင်း လက္ခဏာမရှိ၊ သန့်ရှင်းခြင်းလည်း မရှိသောကြောင့် ဘုရားသခင်က မနှစ်သက်ကြောင်း ရှင်ပေါလုက ဖေါ်ပြဆုံးမခြင်း ဖြစ်သည်။ ‘ဘုရားသခင် နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသော ယဇ်’ကို ပူဇော် ခိုင်းသည့်အတွက် ဘုရားကြိုက်သော ယဇ်ကို ပူဇော်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ‘ယဇ်’နှင့် ‘ ယဇ်ပူဇော်ခြင်း ’ကို ကောင်းစွာ သဘောပေါက်နိုင်ရန် ဓမ္မဟောင်းကျမ်းကို အနည်းငယ် ပြန်လည် လေ့လာကြည့်ကြပါစို့။ 

             ဓမ္မဟောင်း၌ ဘုရားသခင်သည် ဣသရေလ လူမျိုးများကို အဲဂုတ္တု ​ကျွန်ဘဝ မှကယ်ထုတ်ပြီးနောက်၊ ဟောရပ်အရပ်တွင် မောရှေအားဖြင့် ပညတ်တော် (၁၀) ပါးကို ပေးခဲ့သည့်အပြင် ဆွေစဉ်မျိုးဆက်တိုင်းက မပျက်မကွက်ထိန်းသိမ်းစောင့်ရှောက်      ရမည့်ပွဲ (၇) မျိုးလည်း ပါဝင်သည်။ အဆိုပါပွဲတိုင်းသည်လည်း ဘုရားအား ဆက်ကပ်သည့် ယဇ်ပူဇော်ခြင်းများပင် ဖြစ်သည်။ ယဇ်ပူဇော်ခြင်း ဖြစ်သည့် ဘုရားကို ကိုးကွယ်ခြင်းဝတ်ကို ပြုရာတွင် (၁) ဘုရားကသတ်မှတ်သည့်နေရာ၊ (၂) ဘုရားကခန့်ထားသော ယဇ်ပုရောဟိတ်မင်း၊ (၃) ဘုရားက သန့်ရှင်းသည်ဟု သတ်မှတ်ထားသော ယဇ်ကောင်၊ (၄) အပြစ်ရှိသည့်လူ တည်းဟူသော အကြောင်း အရာလေးမျိုးပါဝင်သည်။ ထိုလေးမျိုးအားဖြင့်သာလျှင် ယဇ်ပူဇော်ခြင်း အထမြောက်သည်။ ဘုရားကသတ်မှတ်သည့်နေရာ၊ တဲတော်နှင့် ဗိမာန်တို့သည် ဘုရားရှိခြင်း၊ ဘုရား၏ မျက်မှောက်တော်ကို ဆိုလိုသည်။ အဓိကအားဖြင့် ယဇ်ပူဇော်ခြင်း (၅) မျိုးတွေ့ရသည်။၎င်းတို့မှာ (၁) မီးရှို့ရာယဇ် (၂) ဘောဇဉ်ပူဇော်သက္ကာယဇ် (၃) အပြစ်​ဖြေရာယဇ် (၄) မိဿဟာယယဇ် (၅) ဒုစရိုက်​ဖြေရာယဇ်တို့ ဖြစ်သည်။ 

သန့်ရှင်းသည်ဟု ဘုရား သတ်မှတ်ထားသော ယဇ်ကောင်များမှာနွား၊ ဆိတ်၊ သိုး၊ ချိုးငှက်တို့ ဖြစ်သည်။ ဣသရေလ လူမျိုးများသည် မိမိတို့ အပြစ် ​ဖြေရာယဇ် ဖြစ်သည့် နွား၊ သိုး၊ ဆိတ်တကောင်ကောင်ကို မိမိတို့ အပြစ်ဒဏ်အစား ယဇ်ပုရောဟိတ် ထံယူဆောင်လာရသည်။ ထိုယဇ်ကောင်သည် အပြစ်သား ကိုယ်စားအသတ်ခံရသည်။ အသွေးသွန်းပေးရသည်။ ယဇ်ကောင်၏ အသွေးသည် ယဇ်ကောင်၏ အသက်ဖြစ်သည်။ ယဇ်ကောင်၏ အသက်သည် သူကိုယ်စားပြုသည့် အပြစ်သား၏ အသက်ဖြစ်သည်။ ထိုကဲ့သို့ ဣသရေလ လူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း အပြစ် ​ဖြေရာယဇ်ကို ပူဇော်ကြရာ နွား၊ သိုး၊ ဆိတ်တို့ ဖြစ်ရာမှ သူတို့၏ နောက်ဆုံး ယဇ်ကောင်မှာ ခရစ်တော် ဖြစ်လာ ခဲ့သည် (၁ ကော၊ ၅:၇)။ ထိုအချိန်မှစပြီး ယဇ်ကောင်မှာ နွား၊ သိုး၊ ဆိတ် တိရစ္ဆာန်များ မဟုတ်တော့ဘဲ၊ အပြစ်မရှိသော ဘုရားသခင်၏ သိုးသငယ် ( ယေရှုခရစ်တော်) ဖြစ်လာ တော့သည်။ ထို့ကြောင့် ဓမ္မဟောင်းတွင် တွေ့ရသော ယဇ်ပူဇော်ခြင်း စနစ်သည် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ အကြောင်းမှာ အပူဇော်ခံရသည့် တိရစ္ဆာန်နေရာတွင် ခရစ်တော်က အစားထိုး ခဲ့သောကြောင့် ဖြစ်သည်။ 

ခရစ်တော်သည် ယေရုရှလင်မြို့အပြင်ဘက်၊ ဦးခေါင်းခွံအရပ်ဟု အမည်တွင်သော ကရာနီတောင်ကုန်း၌ ကျိန်ခြင်းခံလျက်၊ လက်ဝါးကပ်တိုင်ပေါ်တွင် လောက လူသား တိုင်း အတွက် ယဇ်ကောင်အဖြစ် ရိုက်ထားခြင်းကိုခံပြီး၊ သူ့အသက်ကို စတေးခံခဲ့သည်။ ထို့နောက် မြှုပ်နှံခြင်းကိုခံပြီး၊ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၊ အပြစ်တရားကို အဆုံးစီရင်ခဲ့သည်။ ခရစ်တော်သည် သေခြင်း တံခါးကို ရိုက်ချိုးပြီး၊ ကောင်းကင် တံခါးကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် သေခြင်း မစ္စုမာန်ကို အောင်မြင် ခဲ့သည်။ “အိုသေမင်း၊ သင်၏ လက်နက်သည် အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ် ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား ပညတ်တရားပေတည်း။” (၁ ကော၊ ၁၅း၅၅-၅၆)။ ဣသရေလ လူမျိုးများအတွက် နွား၊ သိုး၊ ဆိတ်များဖြင့် ပူဇော်ရန် သတ်မှတ်ခဲ့သော်လည်း၊ ယနေ့ ​ကျွန်ုပ်တို့ ဆက်ကပ်ရမည့် ယဇ်ကောင်သည်၊ ​ကျွန်ုပ်တို့၏ အသက်တာ (ကိုယ်၊ စိတ်၊ ဝိညာဉ်) တခုလုံးကို ဆက်ကပ်ရန် ဖြစ်ကြောင်း ရှင်ပေါလု၏ တိုက်တွန်းချက်ကို သုံးသပ်ခြင်းအားဖြင့် သိရသည်။ 

 ရောမမြို့ ယုံကြည် သူတို့၏ အသက်တာသည် မသန့်ရှင်း၊ အသက်မရှင်၊ ဘုရားကမနှစ်သက်ကြောင်း သိခဲ့ရပြီ။ သို့ဖြစ်လျှင် ယနေ့ ယုံကြည်သူ ​ကျွန်ုပ်တို့၏ အသက်တာသည် အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသော ယဇ် ဖြစ်ပါသလား။ “မိမိ ကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော သင်တို့ ပြုအပ်သော ဝတ်ကို ပြုမည့် အကြောင်း၊ ” ဟုဆိုထားရာ​ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ဆက်ကပ်ရမည် ဖြစ်သည်။ သန့်ရှင်းခြင်း၊ အသက်ရှင်ခြင်း၊ ဘုရားနှစ်သက်ရာ ဖြစ်ခြင်းကို မည်ကဲ့သို့ သိနိုင်မည်နည်း။ မာလခိ အနာဂတ္တိကျမ်း၌ ဤသို့ ဖေါ်ပြထားသည်။ “မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ ​ခြေဆွံ့သော အကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏ စိတ်နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့်မည်လောဟု ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏” (မာလ ၁:၈)။ ရောမမြို့ရှိ ခရစ်ယာန်တို့ အသက်တာနှင့် ယနေ့ ခရစ်ယာန်တို့၏ အသက်တာသည်လည်း အလားတူပင် ဖြစ်သည်။ အို၊ နာ၊ ကျိုး၊ ကန်းသုံးစားမရသည့် တိရစ္ဆာန်များကိုသာ လှူတတ်ခြင်း၊ မိမိသား၊ သမီးတို့ကိုလည်း ထိန်းမနိုင် သိမ်းမရသည့်အဆုံးကျမှသာလျှင် မကောင်းကျောင်း ပို့သလို ဘုရား ထံပို့တတ်ကြသည်။ ​ကျွန်ုပ်တို့သည်လည်း လောကအရာတွေကိုသာ စိတ်ကြိုက်ခံစား ပျော်မွေ့ရင်း၊ စိတ်၏ အလိုကိုသာ လိုက် နေကြသည်။ ခန္ဓာကိုယ်က စားချင်တာကို စားသည်။ သောက်ချင်တာကို သောက်သည်။ လုပ်ချင် တာကို လုပ်သည်။ ခန္ဓာ့အလိုကို စိတ်ကလိုက်၍၊ စိတ်၏ အလိုကို ခန္ဓာကလိုက်ပေးရင်းမိမိ၏ အသက်တာသည် ဘုရား နှစ်သက်သော အသက်တာ (ယဇ်) ဖြစ်မလာနိုင်ခဲ့ပါ။ 

သို့ဖြစ်လျှင်၊ ဘုရားနှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ် (ကိုယ်၊ စိတ်၊ ဝိညာဉ်)ကို မည်ကဲ့သို့ ပူဇော်နိုင်မည်နည်း။ “သင်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ့်ကိုကိုယ်ဆက်ကြလော့” (ရော၊ ၆:၁၃)။ မိမိကိုယ်ခန္ဓာအား ဆက်ကပ်သော်လည်း၊ စိတ်ကမပါလျှင် ဘုရားက နှစ်သက်နိုင်ပါသလား။ မဖြစ်နိုင်ပါ။ ဘုရားသခင်သည် အပြင်ပန်းကိုသာ ကြည့်သည် မဟုတ်ပါ။ ချစ်တတ်သောစိတ်၊ သနားတတ်သောစိတ်၊ နှိမ့်ချသောစိတ်၊ ခွင့်လွှတ် တတ်သောစိတ်တို့ဖြင့်၊ မိမိတို့၏ ကိုယ်ခန္ဓာ၊ ကိုယ်အင်္ဂါများကို ဆက်ကပ်ခြင်းအား အလိုတော် ရှိသည်ကို ကျမ်းပိုဒ်များအားဖြင့် မီးမောင်းထိုးပြချင်သည်။ 

ထိုဘုရားသခင် မှတပါး အခြားသော ဘုရားသခင် မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်ခြင်း အကျင့်သည် မီးရှို့သော ယဇ်ကောင် မှစ၍ ယဇ်အ မျိုးမျိုးတို့ကို ပူဇော်ခြင်း အကျင့်ထက် သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏” (မာ ၁၂း၃၃)။ ရှင်မဿဲ ခရစ်ဝင် ၉:၁၃ ၌လည်း ဤသို့ သနားခြင်း ကရုဏာကို ရှင်းလင်းစွာ ဖေါ် ပြထားသည်။ “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာ အကျင့်ကို ငါနှစ်သက်၏ ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့ သွား၍ သင်ကြလော့။ မိမိကောင်းသော အကျင့်ကို ကျင့်နေခြင်းကြောင့် မိမိကိုယ်ကို အဟုတ်ကြီး ထင်ပြီး မိမိ၏ အစာရှောင် ဆုတောင်းခြင်း ဆယ်ဖို့တဖို့ပေးခြင်း တွေကို လူရှေ့သူရှေ့ဖွင့်ချပြောပြပြီး မိမိကို မိမိချီးမြှင့်ရင်း၊ အခွန်ခံကို လက်ညှိုးထိုးအပြစ် မြင်ကာ အပြစ်လည်း တင်တတ်သည့် ဖာရိရှဲတို့၏ အကျင့်စရိုက်နှင့် မာနစိတ်ထားကို ခရစ်တော် ကိုယ်တိုင် မကြိုက်နှစ်သက်ကြောင်း (လု၊ ၁၈:၉-၁၄) မှာအတိအလင်း ဖေါ်ပြထားသည်။ (လု၊ ၁၈:၁၃-၁၄)တွင် အခွန်ခံသည် နှိမ့်ချသော စိတ်ထားဖြင့်၊ “အို ဘုရားသခင်၊ အ​ကျွန်ုပ်ကို သနားခြင်းက ရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏။ ဖာရိရှဲမူကား အပြစ်မပြေ၊ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ့်ကို ကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏” (လု၊ ၁၈:၁၄)။ မိမိကုသိုလ်ကောင်းမှုကြောင့် မည်သူမျှဘုရားရှေ့၌ မ​ဖြောင့်မတ်နိုင် သကဲ့သို့ ကယ်တင်ခြင်းရောက်ပြီးသော ရောမမြို့ ခရစ်ယာန်များအလားတူ ယနေ့ ​ကျွန်ုပ်တို့၏ အသက်တာတွင်  အပြစ် ခွင့်လွှတ်ခြင်း မခံရသည့် ဖာရိရှဲ စိတ်ထားကဲ့သို့ မာန်မာနစိတ်မထားပဲ၊ နှိမ့်ချသော စိတ်ကို သင်ယူရန် အလိုတော် ရှိကြောင်း၊ ခရစ်တော် ကပင် “သွား၍ သင်ယူကြလော့” ဟု ထပ်ဆင့်မိန့်တော်မူ ထားသည်။ အမှန်မှာ အခွန်ခံသည် အပြစ်ရှိသည်။ သို့သော် သူသည် သူ့အပြစ်ကို သူသိ သောကြောင့် သူ့မှာဘဝင်မမြင့်နိုင်၊ စိတ်ကြီး မဝင်နိုင် ဖြစ်ရခြင်း ဖြစ်သည်။ ထိုအခါ သူ၏ ကျိုးပဲ့သော စိတ်နှင့် ဆုတောင်းခြင်း အသံကြောင့် ဘုရား၏ အပြစ် ခွင့်လွှတ်ခြင်းကို ရရှိခဲ့သည်။ အကြောင်းမှာ ဘုရားသခင်သည် နှိမ့်ချသော စိတ်ထားနှင့် ကျိုးပဲ့​ကြေမွသော နှလုံးသားကို အလိုရှိသောကြောင့် ဖြစ်သည်။ “ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့​ကြေမွသော နှလုံးသားကို ငြင်းပယ်တော်မမူတတ်” ဟု (ဆာ၊ ၅၁:၁၇)တွင် တွေ့နိုင်သည်။ 

မည်သို့ပင် ဆက်ကပ်ပါသော်လည်း၊ မည်သို့ပင် ကောင်းမှုကုသိုလ်ပြုပါသော်လည်း လူမည်သည်မှာ​ခြောက်ပစ်ကင်း၊ သဲလည်းစင်သည့်အဖြစ်မျိုး၊ အပြစ်မရှိ​ဖြောင့်မတ်သောသူ မည်သူမျှမရှိနိုင်။ တကယ်တော့ အပြစ် လုံးဝမရှိသည့်မေတ္တာရှင်၊ ကယ်တင်ရှင်အ​ကျွန်ုပ်တို့ သခင်ခရစ်တော်ကိုပင် ဖာရိရှဲတို့သည် အပြစ်တင်၊ အရေးယူပြီး၊ နောက်ဆုံးကား တိုင်ပေါ်တင်သတ်ပြီး၊ အလွန်အကျူး​ဖြောင့်မတ်ခဲ့ကြသည်။ မိမိတို့ အပြစ်ကို မမြင်ပဲ အခြားသူ၏ အပြစ်ကိုသာ မြင်ခြင်းက ဘုရား၏ စိတ်တော်နှင့် မတွေ့နိုင်။ မိတ်ဆွေ၊ အမှန်မှာ လူသည် ကာယကံ (ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း)၊ ဝစီကံ၊ (နှုတ်ဖြင့်ပြစ်မှားခြင်း)၊ မနောကံ (စိတ်ဖြင့် ပြစ်မှားခြင်း) အပြစ် တခုခုကို အမြဲလုပ် နေကြောင်းကို ဘုရားက မသိ၍ မဟုတ်ပါ၊ မိတ်ဆွေ (ယေ၊ ၁၃:၂၃) ​ကျွန်ုပ်တို့ အပြစ်ရှိသော်လည်း ​ကျွန်ုပ်တို့အား သူအပြစ် ခွင့်လွှတ်သည်။ ​ကျွန်ုပ်တို့လည်း အပြစ်သား ချင်း ခွင့်လွှတ်ဖို့လိုသည်။ အကြောင်းမှာ (ဧဖက် ၄:၃၂)၌ “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကို လွှတ်တော်မူ သကဲ့သို့ အချင်းချင်းအပြစ် လွှတ်ခြင်းရှိကြလော့” ဟုဆိုထားသည်။ ကုသိုလ် တပဲ၊ ငရဲတပိဿာဆို သကဲ့သို့ လူမည်သည်မှာ ကောင်းမှု အနည်းငယ်လုပ်ခြင်း အတွက် မကောင်းသည့်စိတ်နှင့် ပို၍ ဆိုးသော အပြစ်များကို လွန်ကျူးတတ်သည်။ အပြောအဆို မယဉ်ကျေးနိုင်။ အပြောအဆို ချို၍ စိတ်ပုပ်သည့်ဇာတိလူများသည် နေ့စဉ် စိတ်ထားဖြင့် ပြစ်မှားနေကြသည်။ ကိုယ်ထိလက်ရောက်မကျူးလွန်သော်လည်း မျက်စိ၏ တပ်မက်ခြင်းအားဖြင့် သူ့မယား (ယောက်ျား)နှင့် ဖေါက်ပြန်ရာရောက်ကြောင်း ခရစ်တော် ကစိတ်အားဖြင့် အပြစ်လုပ်ခြင်းကို ပြတ်ပြတ်သားသား ဖွင့်ဆိုရှင်းပြခဲ့သည်။ 

သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည့်နည်းတူ ကျင့်ကြံ ပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့” ဟု (၁ ပေ၊ ၁:၁၅)တွင် ဖေါ်ပြထားရာ​ ကျွန်ုပ်တို့၏ အပြု အမူ၊ အနေအထိုင်၊ စိတ်နေစိတ်ထား၊ လူမှုဆက်ဆံရေးများ မိဘနှင့်သားသမီး၊ လင်မယား၊ မိသားစုဆက်ဆံရေး၊ အလုပ်ရုံ၊ ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်း အစရှိ  သည့် နေရာများတွင် အများ တကာနှင့် ဆက်ဆံရာ၌လည်း သန့်ရှင်းကြဖို့ ဘုရားသခင်အလိုတော်ရှိသည်။ အထူးသဖြင့် ခရစ်တော်၏ ကိုယ်ဖြစ်သော အသင်းတော်၌ “အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသောယဇ်”ကို ​ကျွန်ုပ်တို့သည် ပူဇော်ကြပါစို့။ မိမိ ကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော ​ကျွန်ုပ်တို့ ပြုအပ်သော ဝတ်ကို ပြု ကြပါစို့။ 

 

ကျမ်းစာဖတ်ကြစို့
ယော ၁၀

 

၁။ ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့် မဝင် အခြားလမ်းဖြင့် ကျော် ဝင်သောသူသည် သူခိုးထားပြ ဖြစ်၏။ 

 သခင်ယေရှုက လူသားများ နားလည်နိုင်သော ဥပမာအားဖြင့် တရားဟော၊ သွန် သင်တတ်သည်။ သူကိုယ်တိုင်က၊ “မြေကြီး အရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင် အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။” ဟု နိကောဒင်ထံ၌ ဆိုခဲ့သည် (ယော ၃:၁၂)။ ထို့ကြောင့် လူများ သိနိုင်သော သိုးနှင့် ပတ် သက်သောအရာ နှင့် ကောင်းကင် အရာကို ရှင်းပြခြင်း ဖြစ်သည်။သို့ ခြံထဲသို့ တံခါးဝဖြင့် မဝင် အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးထားပြ ဖြစ်သည် ဟုဆိုသည်။ ထိုသူ ခိုးထားပြများသည် မည်သူတို့ ဖြစ်သနည်း။ အောက်တွင် ဆက်လက်ကြည့်ကြပါစို့။ 

၂။ သိုးထိန်းမူကား၊ တံခါးဝဖြင့် ဝင်တတ်၏။ ၃ ထိုသူအား တံခါးစောင့်လည်း ဖွင့်တတ်၏။ သူ၏ စကား သံကို သိုးတို့သည် နားထောင် တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာ မည်ဖြင့် ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။ ၄ သိုးများကို ထုတ်သောအခါ သိုးတို့ ရှေ့မှာ သွား၍ သိုးများသည် သူ၏ စကား သံကို ​ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။ 

သိုးထိန်းသည် တံခါးဝဖြင့် ဝင်တတ်၏ ဆိုသည်မှာ သူခိုးနှင့် ခွဲခြားပြခြင်း ဖြစ်သည်။ သူခိုးမူကား အထက်၌ အခြားလမ်းဖြင့် ကျော်ဝင်တတ်သည် ဟုဆိုသည်။ သိုး ထိန်း၏ အသံကို သိုးတို့က နားထောင်သည် ဟုဆိုသည်။ ဘုရားသခင်က သိုးနှင့် ဆိတ်ကို ဆင်တူရိုးမှားဖန်ဆင်းသည်။ အကြောင်းမှာ ဆိတ်သည် အစာကို မက်၍ စကား နားမထောင်တတ်။ သိုးတို့ မူကား အစာထက် သိုးထိန်းစကား ကုုိ နားထောင် တတ်သည်။ ယုံကြည်သူများသည် သိုးကဲ့သို့ သခင်စကားကို နားထောင်၍ မယုံကြည်သူများသည် ဆိတ်ကဲ့သို့သခင်စကားထက် မိမိတို့ လိုချင်သော အနောက်လိုက် တတ်ကြသည်။ သင်သည် သိုးကဲ့သို့ လော၊ ဆိတ်ကဲ့သို့လော ဟူသောအရာကို စဉ်းစားဘို့ လိုသည်။ သိုး ထိန်းသည် သိုးတို့ကို နာမည်ဖြင့် ခေါ်သည် ဟုဆိုသည်။ ထို့နည်းတူ ယေရှုက သူ၏ လူများကို နာမည်ဖြင့် အားလုံး သိသည်။ သိုးထိန်းသည် သိုးတို့ ရှေ့မှ ဦးဆောင်၍ သိုးတို့က လိုက်တတ်သည်။ ဆိတ်များ မူကား နောက်မှဒုတ်ဖြင့် ရိုက်ဘို့ လိုသည်။ သိုးတို့သည် သိုး ထိန်း၏ အသံကို ​ကျွမ်းသည်။ သင်သည် သခင်ယေရှု၏ အသံ တည်းဟူသော ကျမ်းစာကို တန်ဘိုး ထား၍ ဖတ်ရှု နားလည်ပါသလော။ ကျမ်းစာကို နားမလည် နိုင်၊ မဖတ်ချင်လျှင် သင်သည် ဆိတ် ဖြစ်ကြောင်း ထင်ရှားသည်။ 

၅။ မဆိုင်သော သူတို့၏ စကား သံကို မ​ကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ 

တခါတုန်းကသိုးခိုးသောသူကို တရားရုံး၌ သိုးပိုင်ရှင်ကတရားစွဲသည်။ တရား သူကြီး ကနှစ်ယောက်စလုံးသိုးကို အသံနှင့် ခေါ်ခိုင်းသည်။ ခိုးသောသူကခေါ်သောအခါ သိုးက မသိချေ။ ပိုင်ရှင်ကခေါ်သောအခါ သိုးက နားလည်သည် ဟုဆိုသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှု၏ သိုးဖြင့်လျှင် သူ၏ အသံကို နားလည်မည် ဖြစ်သည်။ 

၆။ ထိုဥပမာပုံကို ယေရှု ဟောတော်မူသည် တွင်၊ ပရိတ်သတ်တို့သည် မိန့်တော်မူသော စကားတော်၏ အနက်အဓိပ္ပါယ်ကို နားမလည် ကြ။ 

ယေရှု ကထိုဥပမာကို ပြောသောအခါ အဘယ်ကြောင့် နားမလည် ကြသနည်း။ သူ၏ သိုးများ မဖြစ်ကြသောကြောင့် ဖြစ်သည်။ သူ၏ သိုးများ မဖြစ်သောကြောင့် ဘုရားသခင်က နားလည်ခွင့်မပေးချေ။ သခင်ယေရှု ကပေတရုထံ၊ “ရှိမုန်ဗာယောန၊ သင်သည် မင်္လာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်း အရာကို သင့်အား ဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်သည် ဘော်ပြတော်မူ သတည်း။” ဟုဆိုခဲ့သည် (မ ၁၆:၁ရ)။ ထို့ကြောင့် ဘုရား၏ စကား နားလည်ဘို့ရန် ဘုရားကိုယ်တိုင်က ဖေါ်ပြဘို့ လိုသည်။ ထိုသို့ ဖေါ်ပြဘို့ရန်သူ၏ သိုး ဖြစ်ပြီး လိုချင် တောင့်တဘို့ လိုသည်။ 

ယေရှု သိုးတံခါးဝ

၇။ ထိုကြောင့် တဖန် ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သော တံခါး ဝ ဖြစ်၏။ ၈ ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြ ဖြစ်ကြ၏။ ထို သူတို့၏ စကား သံကို သိုးတို့သည် နားမထောင်ကြ၊ ၉ ငါသည် တံခါးဝ ဖြစ်၏။ ငါဖြင့် ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။ 

ယေရှု ကသူသည် တံခါးဝ ဖြစ်သည် ဟုဆိုသည်။ တံခါးဝသည် ဝင်ထွက်သောသော နေရာ ဖြစ်သည်။ ဆိုလိုသည်မှာ ကောင်းကင်သို့ ဝင်သော တံခါးဝကို ဆိုလိုခြင်း ဖြစ်သည်။ ယော ၁၄:၆၌လည်း သူသည် လမ်းခရီး ဟုဆိုသည်။ 

၁၀။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါ သာလာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက် လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသ တည်း။ 

သခင်ယေရှု ကသူသည် သူခိုးနှင့် ဆန့်ကျင် ဖက် ဖြစ်ကြောင်း နှိုင်းယှဉ်ပြသွားသည်။ သူခိုးသည် အိမ်ရှင်အတွက် ကောင်းကျိုးပေးဘို့ မလာ၊ ခိုးခြင်း သတ်ခြင်း ဖျက်ဆီးခြင်းငှါ သာလာသည်။ ထိုသူခိုးသည် စာတန်၏ အကျင့် ဖြစ်သည်။ သို့သော် ယေရှု ကသူ လာရခြင်း အကြောင်းသည် လူသားများအတွက် ဆိုးကျိုး မဟုတ်၊ အသက် လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသည် ဟုဆိုသည်။ အသက် လွတ်ခြင်း ဆိုသည်မှာ ငရဲသွားမည့် အရာမှလွတ်ခြင်းကို ဆိုုလိုသည်။ အသက်နှင့် ပြည့်စုံခြင်း ဆိုသည်မှာ လိုအပ်သော အရာများနှင့် ပြည့်စုံခြင်း ဖြစ်သည်။ ဥစ္စာချမ်းသာ ကြွယ်ဝခြင်းကို ဆိုလိုသည် မဟုတ်။ အကြောင်းမူကား ဥစ္စာချမ်းသာ ကြွယ်ဝသော်လည်း အသက်တာ၌ မပြည့်စုံမှု မြောက် များစွာ ရှိနိုင်သည်။ ဆာလံဆရာက၊ “ထာဝရဘုရားသည် ငါ၏ သိုး ထိန်း ဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲ မခံရ၊ ” ဟုဆိုသည် (ဆာ ၂၃:၁)။ မြန်မာလိုငါသည် ဆင်းရဲ မခံရ ဟုဆိုသော်လည်း ဟေဗြဲနှင့် အင်္လိပ်ကျမ်းများ၌၊ ‘ငါသည် လိုလေသေးမရှိရ’ ဟုဆိုသည်။ လိုလေသေးမရှိရ ဟုဆိုခြင်းသည် လိုအပ်သော အရာများကို ရှိခြင်း ဖြစ်သည်။ မရှိလျှင်လည်း တင်းတိမ်ရောင့်ရဲခြင်း ဖြစ်သည်။ 

ယေရှု သိုးထိန်း

၁၁။ ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလိုငှါ မိမိအသက်ကို စွန့်တတ်၏။ 

သခင်ယေရှု ကသူသည် ကောင်းသော သိုးထိန်း ဖြစ်သည် ဟုဆိုသည်။ ကောင်းသော သိုးထိန်း၏ အရည်အချင်းမှာ သိုးတို့ အဘို့ မိမိအသက်ကို စွန့်ခြင်း ဖြစ်သည်။ ဒါဝိဒ်သည် ကောင်းသော သိုးထိန်း ဖြစ်သည်။ ဝက်ဝံနှင့် ခြင်္သေ့တို့ ကသူ့သိုးများကိုက်သောအခါ သက် စွန့်၍ ထိုသားရဲများ နှုတ်မှသိုးများကို ကယ်ခဲ့သည် (၁ရာ ၁ရး၃၄-၃၆)။ ယ နေ့သိုးထိန်းများ တည်းဟူသော ဘုရား၏ အမှုတော်ဆောင်များသည်၊ လောက ဥစ္စာ ပစ္စည်းရရှိဘို့ အတွက် မဟုတ်ဘဲ၊ သိုး တည်းဟူသော ယုံကြည်သူများကောင်းစားရေး အတွက် အမှုဆောင်သင့်သည်။ မိဘများလည်း သားသမီးများကို ထိန်းသော သိုးထိန်းများဖြစ်သင့်သည်။ ကိုယ့်ဆန္ဒ ပြည့်စုံရေးထက် သားသမီးများကို ဘုရားသခင် သိစေဘို့၊ သွန်သင်ကာကွယ်ဘို့ လိုသည်။ 

၁၂။ သိုးများကို ပိုင်သော သိုးထိန်း မဟုတ်၊ သူငှါး ဖြစ်သောသူမူကား၊ တောခွေးလာသည်ကို မြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ ၁၃ သူငှါးသည် သူငှါး ဖြစ်၍ သိုးတို့၏ အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။ 

သိုးထိန်းကောင်း မဟုတ်သော သူတို့သည် သူငှါးဟု ခေါ်သည်။ သူငှါးသည် တောခွေးများ လာသောအခါ သိုးများကို ပြစ်ထား၍ ထွက်ပြေးသဖြင့် တောခွေးတို့သည် သိုးတို့ကို ကိုက်စားတတ်သည်။ ယနေ့ များစွာသော အမှုတော်ဆောင်များသည်၊ သူငှါး များဖြစ်ကြသောကြောင့် သိုးတို့ အရေးထက် မိမိတို့ အရေးပို၍ ဂရုစိုက် ကြသည်။ ယုံ ကြည် သူများကို မှားယွင်းသော ဩဝါဒမှမ ကယ်တင်နိုင်ချေ။ သိုးများ ကွဲလွင့်လျှင်လည်း အရေးမစိုက်တတ်ချေ။ မိဘများလည်း သားသမီးများကို သွန်သင်မည့် အစားဖျက်ဆီး နေကြသည်။ ဖျက်ဆီးနေမှန်းလည်း မသိတတ်ကြချေ။ အလွန်ပင် ဝမ်းနည်းစရာ ဖြစ်သည်။ သားသမီး များဆိုးသွမ်း လာသောအခါ စိတ်ရှုပ်၍ အိမ်မှ နှင်ထုတ်ဘို့ သာလျှင် သိတတ်ကြသည်။ 

၁၄။ ငါသည် ကောင်းသော သိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏ သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ 

ကောင်းသော သိုးထိန်း၏ အခြားသော အရည်အချင်း တခုသည်၊ သိုးတို့ကို သိ၍ သိုးတို့ကလည်း သိုးထိန်းကို သိခြင်း ဖြစ်သည်။ အငယ် ၂၊ ၅၊ ၈၌လည်း သိုးတို့သည် သိုးထိန်း၏ အသံကို နားလည်သည် ဟုဆိုသည်။ သိုးထိန်း မဟုတ်သောသူ၏ အသံကို နားမလည် ဟုဆိုသည်။ 

၁၅။ ငါသည် ကိုယ်အသက်ကို သိုးတို့ အဘို့ အလိုငှါ စွန့်၏။ ၁၆ ဤသိုးခြံသို့ မဝင်သော အခြားသိုးတို့ ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကား သံကို နားထောင် သဖြင့်၊ သိုးခြံ တခုသိုးထိန်းတပါးတည်းရှိရလိမ့်မည်။ 

တဖန် သခင်ယေရှု ကသူသည် သိုးတို့ အဘို့ အလိုငှါ သူ၏ အသက်ကို စွန့်သည်ဟု ပြောသည်။ ထိုအရာသည် အသေခံသောအခါ ပြည့်စုံခဲ့ပြီ။ သခင်ဘုရားကသိုးခြံသို့ မဝင်သော အခြားသိုးများလည်း ငါပိုင်သေးသည် ဟုဆိုသည်။ ထိုသိုးများသည် ရိုမင် ကက်သလိပ်များက အခြားသော ခရစ်ယာန်များဖြစ်၍ အားလုံး သူတို့ဆီသို့ ပြန်လာ မည်ဟု ဟောပြောသွန်သင် မျှော်လင့် ကြသည်။ သူတို့ ထင် သကဲ့သို့ မဟုတ်ပါ။ သိုးခြံထဲသို့ မဝင် သေးသော သိုးများသည်၊ ကယ်တင်ခြင်းသို့ မရောက် သေးသောသူများ၊ ကယ် တင်ခြင်း အကြောင်း ကြား၍ ယုံကြည် လာသောအခါ ဝင်လာမည့်သူများဖြစ်သည်။ သိုး များသည် ကယ်တင်ခြင်းသို့ ရောက်သောသူများသာလျှင် ဖြစ်သည်။ 

၁၇။ ငါသည် ကိုယ်အသက်ကို စွန့်၍ နောက်တဖန် ယူဦးမည် ဖြစ်သောကြောင့်၊ ငါ့ခ မည်းတော်သည် ငါ့ကို ချစ်တော်မူ၏။ ၁၈ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အ လိုအလျောက်ငါ စွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အ သက်ကို ယူပြန်ရသော အခွင့်သည် ငါ၌ ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။ 

သခင်ယေရှု ကသူသည် သူ့အသက်ကို ကိုယ်အလိုအလျောက် စွန့်သည် ဟုဆိုသည်။ အသက်ကို ပြန်ယူရသော အခွင့်လည်းရှိသည် ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော်ကို သတ်သောသူသည် သူကိုယ်တိုင်လည်း ဖြစ်သည် ဟုဆိုနိုင်သည်။ လူသည် အသက် စွန့်နိုင်သော်လည်း ပြန်မယူနိုင်ပါ။ သို့သော် သခင်ယေရှုသည် အသက် ပြန်ယူူနိုင်သောကြောင့် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ 

၁၉။ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန် ကွဲပြားခြင်းရှိကြ၏။ ၂၀ လူများတို့ ကသူသည် နတ်ဆိုးစွဲ၍ အရူး ဖြစ်၏။ သူ့စကားကို အဘယ်ကြောင့် နားထောင် သနည်း ဟုဆိုကြ၏။ ၂၁ အချို့တို့ ကသူစကားသည် နတ်ဆိုးစွဲသောသူ၏ စကား မဟုတ်။ နတ် ဆိုးသည် မျက်စိကန်းသော သူတို့ကို မြင်စေခြင်းငှါ တတ်နိုင်သလော ဟုဆိုကြ၏။ 

သခင်ဘုရားကို နားမလည် နိုင်ကြသောကြောင့် သူ၏ စကား ကိုလည်း နားမ လည်နိုင်ကြချေ။ ထို့ကြောင့် နတ်ဆိုးစွဲသူအရူးဟု ထင်ကြသည်။ အမှန်မှာ သူသည် လုံး ဝမရူးပါ။ လူသားများသာလျှင် အရူး ဖြစ်ကြသည်။ အချို့သောသူများ ကအခန်း၉မှာ မွေးကတည်းက မျက်စိကန်းသောသူကို ပြန်မြင်စေနိုင်သည်ကို ထောက်၍ အရူး မဟုတ် ဟုဆို ကြသည်။ 

၂၂။ ဆောင်းကာလ ဖြစ်၍ အက်နိပွဲ ( The feast of the dedication)ကို ယေရုရှလင်မြို့၌ ခံကြသောအခါ၊ ၂၃ ယေရှုသည် ဗိမာန်တော် နားမှာ ရှောလမုန်ကနားပြင်၌ စ}ကø သွားတော်မူ စဉ်တွင်၊ ၂၄ ယုဒလူတို့သည် ကိုယ်တော်ကို ဝန်းရံ၍၊ သင်သည် အဘယ်မျှ ကာလ ပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော် မှန်လျှင် အတိအလင်းပြောပါ ဟုဆိုကြ၏။

 အက်နိပွဲသည် ဗိမာန်တော်ကို ပြန်လည်သန့်စင်၍ ဆက်ကပ်သောပွဲ ဖြစ်သည်။ ခရစ်တော် လူ့ဇာတိမခံမှီတွင် ဂရိတ်စစ်ဗိုလ် ဗညအငသခ့ကျ နစငစ့​ေညနျ ကဗိမာန်တော်၌ ရုပ်တုများ ထား၍ ညစ်ညူးသော ဝက်ကိုလည်း ပူဇော်ခြင်းဖြင့် ညစ်ညူး စေခဲ့သည်။ သူ့ကို ​ဲကိ​ေျ ​ြခေခဘေနေကျသား အဖများ ဦးဆောင်ခြင်းဖြင့်တော် လှန်၍ အောင် နိုင်သောအခါ ဗိမာန်တော် ပြန်လည် သန့်ရှင်းစေ၍ ရှစ်ရက်လုံးလုံးပွဲလုပ်၍ ဆက်ကပ် ကြသည်။ ထိုပွဲကို နှစ်စဉ် ကျင်းပ၍၊ ယနေ့ တိုင်အောင် ကျင်းပကြသေးသည်။ ထိုပွဲသို့ သခင်ဘုရားလည်း ပါဝင်ခဲ့သည်။ ထိုအချိန်သည် ခရစ္စမတ် ကျင်းပရာသီ ဖြစ်သော ဒီဇဘ်ာလတွင် ဖြစ်သည်။ ယုဒလူများက သခင်ဘုရားသည် သူတို့ကို ယုံမှားစေသည်ဟု စွပ်စွဲ ကြသည်။ ခရစ်တော် မှန်လျှင် အတိအလင်းပြောပါ ဟုဆို ကြသည်။ 

၂၅။ ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ ခမည်းတော်၏ အခွင့်နှင့် ငါပြုသော အမှုတို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ၂၆သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့်မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင် မဟုတ်။ အထက်ကငါပြောသည် အတိုင်း၊ ၂၇ ငါ့သိုးတို့သည် ငါ့စကား သံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ၂၈ ထာဝရ အသက် ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်ဆီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ 

သခင်ဘုရားကငါပြောပြီ ဟုဆိုသည်။ ထိုမျှသာမက သူပြုသော အမှုသည် သူ၏ သက်သေ ဖြစ်သည် ဟုဆိုသည်။ သို့သော် သူတို့ မယုံကြည်ခြင်းသည် သခင်ဘုရား၏ သိုးများ မဟုတ်သောကြောင့် ဖြစ်သည်။ ယခုပင်လျှင် သင်သည် သိုး မဟုတ်လျှင် ဤအကြောင်း အရာများ သိနားလည်နိုင်မည် မဟုတ်ချေ။ ယေရှု၏ သိုးများသည် သူ၏ အသံကို နားလည်၍ နားထောင် ကြသည်။ သင်သည် နှုတ်ကပတ်တော်ကို နားထောင်ချင် ပါ သလား။ နားလည်နိုင်ပါသလား။ သိုး ဖြစ်လျှင် သခင်ယေရှု နောက်လိုက်မည် ဖြစ်သည်။ သင်သည် သိုး ဖြစ်လျှင် သခင်ဘုရားကသင့်ကို သိသည်။ ထာဝရ အသက် ကိုလည်း ပေးသည်။ ထို့ကြောင့် ပျက်ဆီးခြင်းနှင့် အစဉ်ကင်းလွတ်မည်။ ပျက်ဆီးခြင်းသည် ငရဲမီးအိုင်၌ သွားခြင်းကို ဆိုလိုသည်။ သင်သည် သိုးမှန်လျှင် သခင်ဘုရား လက်ထဲ၌ ရှိသောကြောင့် အဘယ်သူ ကမျှသင့်ကို နှုတ်ယူ၍ ရမည် မဟုတ်ချေ။ 

၂၉။ ထိုသိုးတို့ကို ငါ၌ အပ်ပေးတော်မူသော ငါ့ ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက်ကြီး မြတ်တော်မူသည် ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ ခမည်းတော်၏ လက် မှမနှုတ်မယူနိုင်ရာ။ ၃၀ ငါသည် ငါ့ ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်သည်ဟု မိန့်တော်မူ၏။ 

သိုးများသည် သခင်ယေရှု လက်ထဲ၌သာမက၊ ခမည်းတော်ဘုရား၏ လက်ထဲ၌လည်းရှိသောကြောင့် စာတန်က သူတို့ကို ခိုး၍ ရမည်ဟုတ်ချေ။ သခင်ယေရှုနှင့် ခမည်းတော်ဘုရားသည် တလုံးတဝတည်း ဖြစ်သည်။ 

ယေရှုကို ခဲနှင့် ပစ်ဘို့ ကြံ

၃၀။ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ တဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ၃၂ ယေရှုကလည်း၊ ငါသည် ငါ့ ခမည်းတော်၏ အခွင့်နှင့် ကောင်းသောအမှု အများတို့ကို သင်တို့အား ပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သော အမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ ၃၃ ယုဒလူတို့က၊ ကောင်းသော အမှုကြောင့် ခဲနှင့် ပစ်မည် မဟုတ်။ သင်သည် လူဖြစ်လျက် ပင် ဘုရားသခင် ဖြစ်ရောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့် ပစ်မည် ဟုဆိုကြ၏။ 

အဘယ်ကြောင့်ယုဒလူများက ယေရှုကို ခဲနှင့် ပစ်ဘို့ ကြံစည်ကြသနည်း။ သူတို့ အမြင်၌ ယေရှုသည် သာမန်လူ ဖြစ်သည်။ ဘုရားဟု မသိမမြင်နိုင်ကြချေ။ သာမန်လူသား အနေဖြင့် ဘုရား ဖြစ်ဟန်ဆောင်သည်ဟု မြင်ကြသောကြောင့် ကျောက်ခဲနှင့် အ သေသတ်ဘို့ ကြံစည် ကြသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှုကိုသာ မန် လူသား ကဲ့သို့ မြင်ကြသောကြောင့်အား မကိုးကြခြင်း ဖြစ်သည်။ သူတို့ ကဲ့သို့ ခဲနှင့် ပေါက်သတ်ဘို့ မကြံသော်လည်း၊ သူ့စကား နားမထောင်၊ လှစ်လှုိရှုခြင်းအားဖြင့် သူ့ကို ငြင်းပယ်ကြသည် မဟုတ်လော။ 

၃၄။ ယေရှုကလည်း၊ သင်တို့သည် ဘုရား ဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိ ကျမ်းစာ၌ လာသည် မဟုတ်လော။ ၃၅ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသော သူတို့ကို ဘုရား ဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ၃၆ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည် ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်ဟု ထိုသူအား ဆိုရာသလော။ 

ယေရှု ကူးကားသော ကျမ်းသည် ဆာလံ ၈၂:၆ ဖြစ်သည်။ ထိုကျမ်း၌ ဣသရေလ ခေါင်းဆောင်များကို ဘုရား များဟု ခနဲ့သောအားဖြင့် ဆိုသည်။ ထိုအရာကို ဣသရေလ လူများ ကအပြစ် မမြင်၊ ထိုဆာလံကိုလည်း ကျမ်းစာထဲမှမပယ်ကြချေ။ ခမည်းတော်က သန့်ရှင်းစေ၍ ဤလောကသို့ စေလွှတ်တော်မူသောသူသည် သခင်ယေရှုက သူ့ကိုသူ ဆိုလိုခြင်း ဖြစ်သည်။ သူကငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည် ဟုဆိုသောအခါ သူတို့ ကအပြစ် မြင်သည်။ ထိုသို့ မဖြစ်သင့်ပါ ဟုဆိုလိုခြင်း ဖြစ်သည်။ ဤနေရာ၌ ခရစ်တော်က ဆာလံဆရာရေးထားသည့်အတိုင်း ဣသရေလ လူများသည် ဘုရားများဖြစ်သည်ဟု ထောက်ခံနေခြင်း မဟုတ်ပါ။ သူတို့သည် မျက်နှာလိုက်၍ အပြစ်တင်ချင် သူကို တင်နေခြင်းကို ဆိုလိုသည်။ 

၃ရ။ ငါသည် ငါ့ ခမည်းတော်၏ အမှုတို့ကို မပြုလျှင် ငါ့ကို မယုံကြနှင့်။ ၃၈ ပြုလျှင် ငါ့ကို မယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်း၊ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 

ခရစ်တော်က သူ့ကို မယုံလျှင်လည်း သူပြုသော အမှုကို ယုံစေချင်သည်။ သူသည် ခမည်းတော်ဘုရား၏ အမှုတော်ကို ပြုနေခြင်း ဖြစ်သည်။ သို့သော် သူတို့သည် ထိုသို့ မမြင်နိုင်။ ယေရှုသည် သာမန်လူ၊ လမ်းလွှဲဆရာဟု မြင်နေသောကြောင့် ဘယ်လိုမှ ပြော၍ မရဖြစ်နေသည်။ ယနေ့ ဝိညာဉ်တော် မရ၊ ဘုရားက မဖေါ်ပြသော သူတို့လည်း အလွှဲယူနေတတ်ကြသည်။ အလွန် ဝမ်းနည်းသည် မှအပဘာမျှလုပ်၍ မရပါ။ သင်သည် ထိုသို့သောသူမဖြစ်ဘို့ လိုအပ်သည်။ 

ယေရှု ယော်ဒန်မြစ်သို့ သွား

၃၉။ ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထို သူတို့၏ လက်မှ ထွက်ကြွတော်မူ၏။ ၄၀ ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာ ပေးရာအရပ်၊ ယော်ဒန်မြစ် တဘက်သို့ တဖန် ကြွ၍ ထိုအရပ်၌ နေတော်မူ၏။

 သခင်ယေရှုသည်လောက၌ အလည်လာခဲ့စဉ်တွင် ရန်သူနယ်မြေ၌ ဖြစ်သောကြောင့်၊ သူ့ကို အမြဲအပြစ် ရှာကာ၊ သတ်ဘို့ရန် ကြံစည် ကြသည်။ ထို့ကြောင့် သူဖန် ဆင်းထားသော မြေကြီး ပေါ်၌ သူဖန်ဆင်းထားသော လူသားများကို ရှောင်နေရသည်။ သူပင်လျှင် ထိုကဲ့သို့ ခံရလျှင် ယုံကြည်သူများကိုလည်း အပြစ် ရှာကြမည် ဖြစ်သည်။ 

၄၁။ လူများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကို မပြ။ သို့သော်လည်း ဤသူ၏ အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ ဟုဆို ကြသဖြင့်၊ ၄၂ ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကို ယုံကြည် ကြ၏။ 

ယောဟန်သည် နိမိတ်လက္ခဏာမပြ၊ သို့သော် ယေရှု၏ အကြောင်းကိုသာ ဟောပြောသည်။ သူဟောပြောသောအရာ အားဖြင့် ယေရှုကို လူများ ကယုံကြည် ကြသည်။ ​ကျွန်ုပ်တို့လည်း နိမိတ်လက္ခဏာမပြလျှင် လည်း၊ သမ္မာတရားကို ဟောပြောလျှင် လူများ ယုံကြည် လာကြမည် ဖြစ််သည်။ နိမိတ်လက္ခဏာသည် ဘုရားသခင်က ပြသောအခါမှ ဖြစ်သည်။ ကယ်တင်ခြင်း သမ္မာတရား ပြောဘို့သည် ​ကျွန်ုပ်တို့၏ တာဝန် ဖြစ်သည်။ နိမိတ်လက္ခဏာပြခြင်းသည် ဘုရား၏ တာဝန် ဖြစ်သည်။ 

 အသင်းတော် သစ်ဖွင့်ပွဲ
 

မေလ ၆ ရက်စနေနေ့တွင် Kentucky j ပြည်နယ် Owensboro  မြို့၌ သတင်းကောင်းနှစ်ခြင်း အသင်းတော် သစ်ဖွင့်ပွဲကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။Owensboro  မြို့၌ ဒေါ်ရင်နန်းကစတင်၍ ဧဝံဂေလိတရားကို ဝေငှခဲ့ပါသည်။ ထို့နောက်သတင်းကောင်း နှစ်ခြင်း အသင်းတော်မှ အမှုတော်ဆောင်များ၊ ၂၀၁ရ ခုနှစ်အတွင်း၌ မကြာမကြာသွားရောက်ဝေငှရာမှ အသင်းတော် စတင်ဘို့ ဖြစ်လာပါသည်။ အသင်းတော် ဖွင့်ပွဲ၌ မြို့အသီးသီးမှ သတင်းကောင်း နှစ်ခြင်း အသင်းသားများနှင့် အမှုတော်ဆောင်များ လာရောက်ကြရာ၊ အိမ်ရှင် အသင်းသားများနှင့် လူပေါင်း၁၁၂ယောက်ပါဝင်နိုင်ခဲ့ပါသည်။ အသင်းတော်ကို ဆရာစိုးထွန်းကဦး ဆောင်ပြီး၊;Christ Presbytarian အသင်းတော်၏ အဆောက်အဦးကို အသုံးပြုကာ တနင်္နွေနေ့တွင် ညနေ ၁မှ ၃ နာရီ အထိ ဝတ်ပြုစည်းဝေးလုပ်နေပါသည်။ ဆက်သွယ် လို သူများ; Saya Soe Tun  ထံဖုန်း ၈၅၆-၄၀၅-၇၃၄၄ဖြင့် ဆက်သွယ်နိုင်ပါသည်။ 

ဘုရားကျောင်းလိပ်စာ၊ 

Christ Presbytarian 

3857 State Route 54 

Owensboro, KY 42303

 

 သက်သေခံခြင်း 
 

မေလ ၁၂ ရက်စနေနေ့တွင်GBC Midwest Association  မှသတင်းကောင်းနှစ်ခြင်း အသင်းသား များသည်၍ ညိင​ေညစေသူငျဩမအ့ျငိန၌ အိမ်တံခါးများ ခေါက်၍ သက်သေခံခြင်းကို ပြုလုပ် ကြပါသည်။ ပါဝင်သောသူများ၊ Battle Creek GBC, Louisville GBC, Fort Wayne GBC, Bowling Green GBC, Owensbo GBC, Indianapolis Southside GBC, Indianapolis Westside GBC, Indiana polis Chin GBC, Indianapolis Northside GBC  စုစုပေါင်း၆၀ယောက်ပါ ဝင်ကြပါသည်။ နံနက် ၁၀မှ ၁၁:၃၀ ထိဆရာမောဇက်ကအနည်းငယ်သင်တန်းပေးပြီး နောက်အိမ်ရှင် အသင်းတော် မှအရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သောနေ့ လည်စာစားကြပါသည်။ ထို့နောက်အဖွဲ့ ၂၀ဖြင့် ခွဲ၍ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ သက်သေခံကြရာ အလွန် အားရကျေနပ်စရာ ဖြစ်ပါသည်။ ၃ နာရီတွင် ဘုရားကျောင်း၌ ပြန်ဆုံကြ၍ အတွေ့အကြုံများကို သက်သေခံပြီး နောက်ညနေ ၅ နာရီ ခန့်တွင် အသီးသီးမိမိတို့ မြို့သို့ ပြန်သွားကြပါသည်။ ပြုတော်မူသော ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြပါသည်။ 


သတင်းကောင်း ပွဲတော်ကြီး 


နှစ်နှစ်တကြိမ် ကျင်းပလေ့ရှိသော သတင်းကောင်း ပွဲတော် ကြီးကို မေလ ၂၅မှ ၂ရ ရက်နေ့အထိ Michigan ပြည်နယ် Battle Creek  မြို့၌ ကျင်းပမည် ဖြစ်သည်။ မေလ ၂၄ ရက်နေ့တွင် အမှုတော်ဆောင်များနှင့် အသင်းတော် ကိုယ်စားလှယ်များရောက်ရှိ၍၊ မေလ ၂၅ ရက်နေ့တွင် နံနက် ၉မှ ညနေ ၄ နာရီ အထိ အစည်းအဝေး လုပ်ကြမည် ဖြစ်သည်။ လူထုများသည် မေလ ၂၅ ရက်နေ့တွင် ရောက်ရှိ၍ ထိုညမှစ၍ တရားဟောခြင်းဖြင့် ပွဲတော် စတင်မည် ဖြစ်သည်။ မေလ ၂၆နှင့် ၂ရ ရက်နေ့များတွင် နေ့ခင်းပိုင်းကျမ်းစာ သင်တန်းနှင့် ညပိုင်းဝတ်ပြုစည်းဝေးခြင်းများပြုလုပ် သွားမည် ဖြစ်သည်။ ကျမ်းစာ သင်တန်းများကို အင်္လိပ်၊ မြန်မာ၊ ဖလမ်းချင်း၊ ကရင်၊ ကယား ဘာသာငါးမျိုးဖြင့် ပြုလုပ် သွားမည် ဖြစ်သည်။ တရားဟောချက်များကို မြန်မာလိုဟော၍ အင်္လိပ်၊ ဖလမ်းချင်း၊ ကရင်နှင့် ကယားဘာသာများဖြင့် ရေဒယိုမှဘာသာပြန် ပေးမည် ဖြစ်သည်။ မည်သည့်ဂိုဏ်းဂနမှမဆိုပါဝင်နိုင်ကြောင်း၊ အားလုံး ကို ဤစာစောင်အားဖြင့် ဘိတ်ကြားပါသည်။ အမှတ်တရစွပ်ကြယ်အက်ျီများကို အိမ်ရှင် အသင်းတော် မှရောင်းသွားမည် ဖြစ်သည်။ စာအုပ် အမျိုးမျိုးလည်းရောင်းမည် ဖြစ်သောကြောင့် အလှူ ငွေအပြင် အပိုငွေပါလာကြဘို့ အသိပေးလိုပါသည်။ 
 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG