GOODNEWS
  HOME  GOODNEWS  2018 APR
 


 

အမှာစာ

သခင်ယေရှုသည် ဒုတိယအကြိမ် ကြွ လာသောအခါ၊ ရှင်ဘုရင်အဖြစ် အနှစ် တစ်ထောင်အုပ်စိုးမည် ဖြစ်သည်။ ကျမ်းစာက၊ “ထာဝရဘုရားသည် တပြည် လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရား တပါးတည်း၊ နာမတော် တပါး တည်းဖြစ်တော်မူမည်။” ဟု ရေးထားသည် (ဇာခရိ ၁၄:၉)။ သခင်ယေရှုသည် ရှင်ဘုရင် အဖြစ်မွေးခဲ့သည် (မ ၂:၂)။ နိုင်ငံတော် တည်ထောင်ဘို့ရန်လည်း ဗတ္တိဇံဆရာဟော ဟန်ကကြွေးကြော်ခဲ့သည် (မ ၃)။ သူကိုယ်တိုင်ကလည်း နိုင်ငံတော် တည်ထောင်မည့် အကြောင်း ကြွေးကြော်ခဲ့သည် (မ ၄:၁ရ)။ ရှင်ဘုရင်အဖြစ်လည်း သူ့ကိုယ်သူပေး၍ သံလွင်တောင်ဘက်မှမြည်းကလေးကို စီး၍ ချီတက်ခဲ့သည် (မ ၂၁)။ သူ့ကို လူထုက လက်ခံသော်လည်း ခေါင်းဆောင်များက လက်မခံဘဲ သတ်လိုက် ကြသည်။ ထို့ကြောင့် သူတို့ ကိုလည်း ဘုရားသခင်က အေဒီ ရဝတွင် ရောမစစ်သားများအားဖြင့် သတ်ဖြတ်၍ အတိုင်း တိုင်း အပြည် ပြည်သို့ ထွက်ပြေးကြရသည်။ ယနေ့ တိုင်အောင် သူတို့သည် ခေါင်းမာ၍ ယေရှုကို လက်မခံကြသေးချေ။ သို့သော် ဘေးဒဏ်ကြီးကာလ အပြီး ဒုတိယ ကြွ လာသောအခါ သူတို့၏ ရှင်ဘုရင်အဖြစ် လက်ခံကြမည်။ ထိုအချိန် မှသာ သူတို့၏ အပြစ်များကိုလည်း လွှတ်၍ ငြိမ်သက်ခြင်းနှင့် ကောင်းကြီး မင်္လာခံစားမည်။ ယနေ့ သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံပါက ကောင်းကင် နိုင်ငံဝင်ခွင့်နှင့် အပြစ် လွှတ်ခြင်း ခံစားမည် ဖြစ်သည်။ အရှင်သခင်အဖြစ် လက်ခံပါက အစစအရာရာ ကောင်းကြီး ခံစား၍ သင်၏ ဘဝကို သူကတာဝန် ယူမည် ဖြစ်သည်။ သခင်ယေရှုကို အနှစ် တစ်ထောင်အထိ စောင့်စရာ မလို၊ ယခုပင်သင်၏ ရှင်ဘုရင်အဖြစ် လက်ခံပါ။ ရှင်ဘုရင် အဖြစ် လက်ခံခြင်း ဆိုသည်မှာ၊ သူကို သင်၏ ဘဝ၌ အကြောက်ဆုံး၊ အနာခံဆုံး၊ အရိုသေ ဆုံး၊ အချစ်ဆုံး ဖြစ်ရမည်။ သို့ဖြစ်လျှင် သင်၏ ပြသနာ အားလုံး သူ​ ဖြေရှင်း ပေးလိမ့်မည်။ သင်၏ မိသားစုအားလုံးက လက်ခံလျှင် မိသားစု တခုလုံးလည်း သာယာဝပြောငြိမ်သက် လိမ့်မည်။ 

ယခုလတစာစောင်တွင်...

  • ဒုတိယမွေးဖွားခြင်း 
  • ဂေါဂမာဂေါကစစ်
  • မေတ္တာနှင့် စည်းကမ်း
  • ကျမ်းစာဖတ်ကြစို့ (ရှင်ယောဟန် - ၉) 
  • အသင်းတော် အသစ်စတင်ခြင်း

ဒုတိယ မွေးဘွားခြင်း 


 “ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။ ယေရှုက လည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။” (ယော ၃:၃၊ ၅) 
 ဒုတိယမွေးခြင်းရှိနိုင်ရန် ပဌမ မွေးခြင်းရှိရမည်။ သို့ဖြစ်လျှင် ပဌမ မွေးခြင်းသည် အဘယ်အရာနည်း။ ပဌမ မွေးခြင်းသည် မိခင် ဝမ်းမှ ကိုယ်ခန္ဓာမွေးခြင်းကို ဆိုုလိုသည်။ ပဌမ မမွေးသောသူသည် ဤလောကသို့ မရောက်ရပါ။ ထို့နည်းတူ ဒုတိယမွေးခြင်း မခံသောသူသည် ကောင်းကင် နိုင်ငံသို့ မရောက်ရပါ။ လူူတိုင်း ဝမ်းမြောက်ဝမ်းသာနှင့် ပဌမ မွေးနေ့ကို နှစ်တိုင်း ကျင်းပတတ်ကြသည်။ ဒုတိယမွေးနေ့ကိုမူ ကျင်းပသောသူမရှိတတ်ချေ။ ပဌမ မွေးခြင်းနှင့် ဒုတိယမွေးခြင်းကို နှိုင်းယှဉ် ဖေါ်ပြလိုသည်။

 ပဌမ မွေးခြင်း မိခင် ဝမ်းမှမွေးသည်။ ဤလောကသို့ ဝင်ရောက်ရသည်။ အာဒံ သားသမီး၊ စာတန် သားသမီး အဖြစ်မွေးသည်။ အပြစ်သား၊ အပြစ်၏ ​ကျွန် ဖြစ်ရသည်။ ဘုရားသခင်၏ ကျိန်ခြင်း ခံရသည်။ ဘုရား၏ ရန်သူအဖြစ် မွေးဘွားသည်။ ဤလောက၌ ဆင်းရဲ ဒုက္ခ မျိုးစုံခံစားဘို့ မွေးသည်။ ဝိညာဉ်ပိုင်းသေပြီးသားနှင့် မွေးသည်။ နာဖို့မွေးသည်။ နောက်ဆုံး၌ သေဘို့ ဖြစ်သည်။ သေပြီးလျှင် ငရဲဆင်းဘို့ မွေးဘွားသည်။ ပဌမ မွေးခြင်းသည် ကောင်းကွက် တခုမျှမရှိချေ။ ထို့ကြောင့် ယောဘကသူ၏ မွေးခြင်းကို ဤသို့ ကျိန်ဆဲခဲ့သည်၊

“ယောဘသည် နှုတ်ကို ဖွင့်၍ မိမိဘွားသော နေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား၊ ၂-၃ ငါဘွားသော နေ့ရက်ပျက်စီးပါစေ၊၊ သား ယောကျ်ားကို ပဋ္ဋိသန္ဓေ ယူပြီဟု သိတင်း ကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ၊၊ ၄ ထိုနေ့ရက်မိုက်ပါစေ၊၊ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်၊၊ အလင်းမပေါ်ထွန်းပါစေနှင့်၊ ၅ မှောင်မိုက်၊ သေ မင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ၊၊ မိုဃ်းတိမ်ထပ်လွှမ်းမိုးပါစေ၊၊ မွန်း တည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ၊၊ ၆ ထိုညဉ့်သည် မှောက်မိုက်၌ ပျောက်ပါ စေ၊၊ နှစ်စဉ်နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊ ၇ လအရေအတွက်၌ မဝင်ပါစေနှင့်၊၊ ထိုညဉ့်သည် ဆိတ်ညံပါစေရွှင်လန်းသော အသံမရှိပါစေနှင့်၊၊ ၈ နေ့ရက်ကို ရွေး၍ ကျိန်ဆဲတတ် သောသူ၊ မိကျောင်းကို ထစေတတ်သော သူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ၊၊ ၉ ညဦး ယံကြယ်တို့သည် မိုက်ပါစေ၊၊ ထိုညဉ့်သည် အလင်းကို တောင့်တ၍ မရပါစေနှင့်၊၊ နံနက် မိုဃ််းလင်းကို မမြင်ပါစေနှင့်၊၊ အကြောင်းမူကား၁၀ ငါ့အမိ၏ ဝမ်းကို ပိတ်မထား၊ ဒုက္ခ ဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ၊၊ ၁၁ ငါသည် မွေးစက အဘယ်ကြောင့်မသေသနည်း၊၊ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက် မချုပ်သနည်း၊၊ ၁၂ ငါ့ကို အဘယ်ကြောင့် ပိုက်ပွေ့ရသနည်း၊၊ အဘယ်ကြောင့်နို့တိုက် ရသနည်း၊၊ ၁၃ ထိုသို့ မပြုလျှင် ငါသည် အိပ်၍ ငြိမ်းပြီ၊၊ ပျော်လျက် နေရပြီ၊၊ ၁၄-၁၅ မြို့ပျက်တို့ကို ပြင်ဆင် ပြုစုသော ယောကီရှင်ဘုရင်၊ မှူးမတ်တို့နှင့်၎င်း၊ ရွှေကို ရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကို အပြည့်သိုထားသော မင်းတို့နှင့်၎င်း ငါငြိမ်းရပြီ၊၊ ၁၆ သို့မဟုတ်အချိန် နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ၊၊ ၁၇ ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန် မနှောင့်ရှက်ရ၊၊ ပင်ပန်းသော သူတို့သည် ချမ်းသာ ရကြ၏၊၊ ၁၈ အချုပ်ခံရသော သူတို့သည်လည်း အတူ ငြိမ်ဝပ် ရကြ၏။ ညှဉ်းဆဲသောသူ၏ စကား သံကို မကြားရကြ၊၊ ၁၉ ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏၊၊ ​ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏၊၊ ၂၀ ဒုက္ခ ဆင်းရဲ ခံရသောသူအား အဘယ်ကြောင့်အလင်းကို ပေးသနည်း၊၊ စိတ် နှလုံးခါးသောသူအား အဘယ်ကြောင့်အသက်ကို ပေးသနည်း၊၊ ၂၁ သူတို့သည် သေခြင်းကို တောင့်တ၍ မရနိုင်၊၊ ဝှက်ထားသော ဥစ္စာကို ဘော်ခြင်းငှါ၊ တူးသည်ထက် သေခြင်း အကြောင်းကို ဘော်ခြင်းငှါ သာ၍ တူးကြ၏၊၊ ၂၂ သူတို့သည် သချုõင်းတွင်းကို တွေ့သောအခါ အလွန် ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏၊၊ ၂၃ မိမိသွားသောလမ်းကွယ်ပျောက် သောသူ၊ ဘုရားသခင် ဆီးကာချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း၊၊ ၂၄ အစာစားခြင်း အရာ၌ ငါညည်းတွားခြင်းရှိ၏၊၊ ငါငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီး သကဲ့သို့ဖြစ်၏၊၊ ၂၅ ငါကြောက်သော အမှုသည် ငါ၌ ရောက်လာပြီ၊၊ ငါ အလွန် ကြောက်သော ဘေးသည် ငါ့ကို တွေ့မိပြီ။ ၂၆ ငါသည် ငြိမ်ဝပ်ခြင်း မရှိ၊၊ ချမ်း ဧခြင်း မရှိ၊၊ သက်သာခြင်း မရှိ။ ဒုက္ခ ဆင်းရဲ သက်သက်ရှိသည်ဟု မြွက်ဆိုလေ၏၊၊ ” (ယောဘ ၃:၁-၂၅) 

ပရောဖက် ယေရမိကလည်း ယုဒလူများ ကသူ့စကားကို နားမထောင်သောအခါ၊ တရားမဟောတော့ဘူး ဟုဆိုသော်လည်း မဟောဘဲ မနေနိုင်ချေ။ ထိုအခါ သူ၏ မွေးနေ့ကို ဤကဲ့သို့ ကျိန်ခဲ့ဘူးသည်၊ “ငါဘွားသော နေ့ရက်သည် အမင်္လာရှိပါစေသော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္လာကို မခံပါစေနှင့်။ ၁၅ ငါ့ အဘထံသို့ သွား၍၊ ကိုယ်တော်သည်သားယောက်ျားကို ရပါပြီဟု သိတင်း ပြောလျက်၊ ငါ့အဘကို အလွန် ဝမ်းမြောက် စေသောသူသည် အမင်္လာရှိပါစေသော။ ၁၆ ထာဝရဘုရားသည် နောင်တ မရ၊ ဖျက်ဆီးတော်မူသော မြို့တို့ ကဲ့သို့၊ ထိုသူသည် ဖြစ်ပါစေသော။ နံနက်အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော်ဟစ်သံကို၎င်း ကြားပါစေသော။ ၁၇ အကြောင်းမူကား၊ သူသည် ငါ့ကို ဘွားစကပင်မသတ်ဘဲ၊ ငါ့အ မိ၏ ဝမ်းသည် ငါ၏ သချုõင်း ဖြစ်၍၊ ငါ့ကို အစဉ်ကိုယ်ဝန်ဆောင်မည်အကြောင်း မပြုဘဲ၊ နေပါသည် တကား။ ၁၈ ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည်အကြောင်း နှင့်၊ ရှက် ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း။” (ယေရမိ ၂၀:၁၄-၁၈) သို့သော် လူအများစုသည် ကိုယ်ခန္ဓာ ဇာတိမွေးနေ့ကို အလွန် အားရကျေနပ် ကြသည်။ အကြောင်းမှာ လူ့ဘဝကို ကောင်းစွာ မသိ၊ နိဂုံးကိုလည်း မသိသောကြောင့် ဖြစ်သည်။ ပဌမ မွေးခြင်း သာလျှင် ခံသောသူများသည် သခင်ယေရှုက ယုဒရှကာရုတ်ကို ပြောသကဲ့သို့ မမွေးလျှင် သာ၍ ကောင်းသည် (မ ၂၆:၂၄)။ လောက၌လည်း ဒုက္ခ မျိုးစုံရောက်၍ နောက်ဆုံး၌ မီးအိုင် ထဲသို့ ဆင်းဘို့သည် အလွန် ကြောက်စရာ၊ ဝမ်းနည်းစရာ ကောင်းသည်။ သို့သော် မသိသောကြောင့်၊ မစဉ်းစားသောကြောင့် ဝမ်းမြောက် နေကြသည်။ 

ဒုတိယမွေးခြင်းသည် ဘုရားသခင်က ခရစ်တော်အားဖြင့် မွေးဘွားစေခြင်း ဖြစ်သည်။ လူသည် ပြုပြင်၍ မရ၊ ချုပ်တည်း၍ မရဘဲ အပြစ်လုပ် နေကြသည်။ လူထင် မှတ်သည်မှာ လူ့အမြင်၌ မကောင်းသော အကျင့်ကျင့်ခြင်း သာလျှင် အပြစ်ဟု ယူဆကြသည်။ သို့သော် ဘုရားနှင့် မဆိုင်၊ ဘုရား အလိုတော်အတိုင်း အသက်မရှင်သောအရာ မှန်သမျှသည် အပြစ် ဖြစ်သည်။ ဘုရား၏ အလိုတော် မသိဘဲ ဘုရားတရား ကြိုးစားခြင်းသည်လည်း အပြစ် ဖြစ်သည်။ ဘုရား ခိုင်းသောအရာ မလုပ်ဘဲ အမှုတော်ဆောင်ခြင်းသည်လည်း အလွန် ပြစ်ကြီးသည်။ ဖာရိရှဲများနှင့် ပတ်သက်၍၊ “ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။ ၁၄ ထို သူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်း ဖြစ်ကြ၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည်တွင်း ထဲသို့ ကျ ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (မ ၁၅:၁၃-၁၄)။ ဘုရားသခင်က ဣသရေလ လူများကို ရစရာ မရှိအောင် ဆုံးမခဲ့သော်လည်း လုံးဝ နားမလည်၊ မကောင်းနိုင်ကြကြောင်း ဤသို့ ရေးထားသည်၊ “ဆိုးယုတ်သော အမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သော လူစု၊ မတရား သဖြင့် ပြုသော အနွယ်၊ ဖောက်ပြန်သော သားသမီး ပါတကား၊၊ ထာဝရဘုရားကို စွန့် ကြပြီ၊၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊ ၅ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း၊၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊၊ နှလုံးသည်လည်း ခွန်အား အလျှင်း မရှိ။ ၆ ​ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်း မရှိ။ စုတ်ရှသော အနာ၊ ထိခိုက်၍ ရောင်သော အနာ၊ ရိယဲွသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ၊၊ အဝတ်နှင့် မစည်းရ၊၊ ဘယောင်းဆီနှင့် မပြော့စေရသေး၊၊ ” (ဟေရှာယ ၁ ; ၅-၆)။ တဖန် လူ၏ စိတ်နှလုံးသည် လုံးဝ ပြုပြင်၍ မရကြောင်း ဤသို့ ရေးထားသည်၊ “စိတ် နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန် ယိုယွင်းသော သဘော ရှိ၏။ စိတ်နှလုံး သဘောကို အဘယ်သူ သိနိုင်သနည်း။” (ယေရမိ ၁ရး၉)။ 

ထိုကဲ့သို့ လူသည် ပြုပြင်၍ မရ၊ အလွန် ယိုယွင်းသောကြောင့် ဘုရားကလူကို ပြုပြင်ဘို့ မကြိုးစား တော့ဘဲ အသစ်ဖန်ဆင်းဘို့ ရည်ရွယ်သည်။ လူ၏ အ​ခြေအနေကို မသိသောကြောင့် လူသားများအနေဖြင့် ပြုပြင်ဘို့ ကြိုးစား ကြသည်။ ဘာသာရေးတိုင်း၊ လူကို ပြုပြင်ဘို့ ကြိုးစားသော်လည်း မအောင်မြင် နိုင်ချေ။ ထို့ကြောင့် ဘုရားသခင်က လူကို ခရစ်တော် အထဲ၌ ထည့်လျက် လက်ဝါးကပ်တိုင်၌ အဆုံးစီရင်လိုက်သည်။ ပေါလုက၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။” ဟုဆိုိသည် (၁ ကော ၁:၃၀)။ ယေရှုခရစ်၌ ဟူသောအရာသည် အလွန် အရေးကြီးသည်။ အဘယ်ကြောင့် ဘုရားသခင်က လူကို ယေရှုခရစ်၌ ထည့် (ရေတွက်) သနည်းဟူမူကား၊ ဆုံးမပြု ပြင်၍ မရသော လူကို အဆုံးစီရင်၍ အသစ်ပြန်လည်ဖန်ဆင်းဘို့ရန် ဖြစ်သည်။ ပေါလုက၊ “ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။” ဟု ရေးထားသည် (ရော ၆:၆)။ ငါတို့၏ လူဟောင်းသည် မိခင်မှ မွေးဘွားသော ဇာတိလူ ဖြစ်သည်။ ထိုလူဟောင်းကို လက်ဝါးကပ်တိုင်၌ အသေသတ်ခဲ့ပြီ။ ထို့ကြောင့် သင်သည် ယေရှုခရစ်၌ သေပြီဟု ယုံကြည် လက်ခံရမည်။ ထိုသို့ သေပြီး နောက် ယေရှုခရစ်၌ ဗတ္တိဇံ (မြှုပ်နှံခြင်း) ခံခဲ့ရပြီ။ “ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ၄ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။” (ရော ၆:၄)။ ယေရှုခရစ် နှင့်အတူ သင်္ဂြိုလ်ခြင်း ခံပြီးသော နောက်၊ သူနှင့်အတူ အသစ်သော အသက်နှင့် ထမြောက် လာကြောင်း ဤသို့ ရေးထားသည်၊ “ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ရကြသတည်း။” (ရော ၆:၄)။ သင်သည် အသစ်သော အသက်တာဖြင့် ထမြောက်ပြီ။ ပေါလုက၊ “လူ မည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။” ဟု ရေးထားသည် (၂ ကော ၅:၁ရ)။ ထိုသို့ အသစ်သော သတ္တဝါသာလျှင် ဒုတိယ မွေးဘွားသောသူ ဖြစ်သည်။ မည်ကဲ့သို့ ဒုတိယ မွေးဘွားကြောင်း သိနိုင်သနည်းဟူမူကား ဘုရားသခင်က ခရစ်တော်အားဖြင့် လုပ်ပေးသောအရာကို ယုံကြည်ခြင်းအားဖြင့် သိနိုင်သည်။

ခွေးသည် ညစ်ညူးသောအရာကို မရွံမရှာစားတတ်သော်လည်း၊ ဘုရားသခင်က လူအဖြစ်သို့ ပြောင်းလဲစေလျှင် ခွေးအစာများကို စားချင် တော့မည် မဟုတ်၊ လူအစာကိုသာလျှင် စားချင်မည်။ သင်သည် ဇာတိမှ ဝိညာဉ်အားဖြင့် မွေးဘွားလာလျှင် ဝိညာဉ် အစာတည်း ဟူသော၊ နှုတ်ကပတ်တော်ကို စားချင် လာမည် ဖြစ်သည်။ ဘုရားသခင်၏ အလိုတော် ကိုလည်း သိလာမည် ဖြစ်သည်။ ပေါလုက၊ “ဘုရားသခင် ပေးတော်မူသောအရာ တို့ကို ငါတို့သည် လူပညာကို အမှီပြု၍ နားလည်သော စကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ် စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။ ဇာတိပကတိ လူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား၍ နားလည် နိုင်သောကြောင့်၊ ဇာတိပကတိ လူသည် နားမလည် နိုင်။ ဝိညာဉ်လူမူကား၊ ထိုအရာ အလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်း ခြား၍ မသိနိုင်။” (၁ ကော ၂:၁၃-၁၅)ဟု ရေးထားသည်။ ထို့ကြောင့် ဝိညာဉ်လူဖြစ်လာလျှင် ဝိညာဉ် အရာကို လိုချင်သော ဆန္ဒရှိမည်။ သို့သော် ဝိညာဉ်ပိုင်း၌ သူငယ် ဖြစ်လျှင်၊ ဇာတိလူနှင့် မထူးမခြား ဖြစ်နိုင်သည်။ ပေါလုက ဝိညာဉ်ပိုင်း၌ ခလေး ဖြစ်ကြသော ကော ရိန်သု အသင်းတော်ထံ ဤသို့ စာရေးခဲ့သည်၊ “ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့ အား၎င်း၊ ဟောပြောသ ကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင် သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင် သေး။ ယခုပင်လည်း၊ ဇာတိပကတိ လူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။” (၁ ကော ၃:၁-၃)။ 

သင်သည် ဇာတိအားဖြင့်သာ မွေးဘွားသလော။ ဇာတိအားဖြင့်သာ မွေးဘွားလျှင် ဤလောကကိုသာ စွဲလမ်းမည်၊ ကောင်းကင် အရာကို ကြိုက်နှစ်သက်မည် မဟုတ်။ ထိုသို့ ဇာတိအားဖြင့်သာ မွေးဘွားလျှင် ဘုရား၏ အလိုတော်ကို မလိုက်နိုင်၊ အလိုလည်း မရှိ။ ဇာတိအားဖြင့်သာ မွေးဘွားလျှင် ငရဲမီးအိုင် ထဲသို့ ကျဆင်းဘို့ သာလျှင် ရှိသည်။ ထို့ကြောင့် အမြန်ဆုံး ဝိညာဉ်အားဖြင့် ဒုတိယမွေးဘို့ လိုသည်။ သင်သည် ဝိညာဉ်အားဖြင့် ဒုတိယ မွေးဘွားပြီးသော်လည်း မကြီးထွားလျှင် ဇာတိလူကဲ့သို့ ဤလောကအရာကိုသာလျှင် နှစ်သက်မည်။ ဝိညာဉ် အရာများကို နှစ်သက်မည် မဟုတ်။ ထို့ကြောင့် အ မြန်ဆုံးကြီး ထွားရင့်ကျက်ဘို့ လိုသည်။ 

ဒုတိယ မွေးဘွား သူများ အနေဖြင့် ဝိညာဉ် မွေးနေ့ကို ပွဲလုပ်သင့်သည်။ အဘယ်ကြောင့် ဆိုသော် ဝိညာဉ် မွေးခြင်းသည် မင်္လာ ဖြစ်သည်။ စာတန်သား မှဘုရားသား ဖြစ်စေသည်။ အပြစ်သား မှ​ဖြောင့်မတ်စေသည်။ ငရဲဆင်းရမည့် အရာမှကောင်းကင် တက်ရသော အခွင့်ရစေသည်။ ဘုရား၏ ရန်သူမှဘုရား၏ မိတ်ဆွေ ဖြစ်စေသည်။ ကျိန်ခြင်းမှ လွတ်စေသည်။ သခ်ါရအသက် မှထာဝရ အသက် ရစေသည်။ အမင်္လာ ဖြစ်စေသော ကိုယ်ခန္ဓာမွေးနေ့လုပ်ရလျှင် ဝိညာဉ်ပိုင်းမွေးနေ့သည် အစပေါင်း များစွာ လုပ် သင့်သည်။ ​ကျွန်ုပ်လည်း ဝိညာဉ် မွေးနေ့ကို လေးငါးကြိမ်လောက်လုပ်ခဲ့ပြီ။ ထိုသို့ ဝိညာဉ် မွေးနေ့လုပ်မှ အခြားသောသူများလည်း ဝိညာဉ်ပိုင်းမွေးဘို့ လိုကြောင်း သိလာကြလိမ့်မည်။ 

ဂေါဂမာဂေါဂစစ်

 

 ဘုရားသခင်သည် မိမိလုပ်မည့် အရာများကို ကြိုတင် မပြောဘဲ မလုပ်တတ်ပါ (အာမုတ် ၃:ရ)။ သို့သော် ဘုရား ပြောသောအရာကို မသိသောသူနှင့် သိသောသူရှိ သကဲ့သို့၊ သိလျက်နှင့် ဂရုစိုက်သောသူနှင့် မစိုက်သောသူရှိသည်။ ဂေါဂ၊ မာဂေါဂစစ် တိုက်မည့် အရာကိုလည်း သူ၏ ပရောဖက် ယေဇကျေလအားဖြင့် နှစ်ပေါင်း၂၆၀၀ ကြို တင်ပြောထားသည်။ ထိုစစ်သည် နှစ်ပေါင်း များစွာ နိုင်ငံခြားမှာနေပြီးမှအတိုင်း တိုင်း အပြည် ပြည် မှပြန်လာသော ဣသရေလ ူများကို ရုရှား ဦးဆောင်သော နိုင်ငံများက တိုက်မည် ဖြစ်သည်။ 

ဦးဆောင်သူ

 “တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်၍၊ ၂ အချင်း လူသားရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက် ပြုလျက်၊ ၃ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။   ၄ သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့် ချိတ်ပြီးလျှင်၊ သင်မှစ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသော လူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲဗိုလ်​ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။” (ယေဇကျေလ ၃၈:၁-၄) 

ဂေါဂသည် မင်း ဖြစ်သည်။ သူသည် ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်၊ မာ ဂေါဂပြည်တို့ကို အုပ်စိုးသော မင်း ဖြစ်သည်။ မာဂေါဂ၊ တုဗလ၊ မေရှက်တို့သည် နောဧသား ယာဖက်၏ သားများဖြစ်ကြောင်း ဤသို့ တွေ့ရသည်၊ “ရေလွှမ်းမိုးသော နောက်၊ နောဧသားရှေမ၊ ဟာမ၊ ယာဖက်တို့ မှဆင်းသက်သောသား စဉ်မြေး ဆက်တို့ကို ဆို ပေအံ့။ ၂ ယာဖက်၏သားကား၊ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။   ၃ ဂေါမာသားကား၊ အာရှကေနတ်။ ရိဖတ်၊ တော် ဂမ တည်း။   ၄ ယာဝန်သားကား၊ ဧလိရှာ၊ တာရှု၊ ကိလ္လိမ်၊ ဒေါဒနိမ်တည်း။” (က ၁၀:၁-၄)။ ထိုမာဂေါဂ အမျိုးသည် ယခုခေတ်တွင် ရုရှားနိုင်ငံ၌ ရှိသော လူများ ဖြစ်သည်။ 
 
တိုက်မည့် နိုင်ငံ ဣသရေလ 

“၈ ကြာမြင့်စွာ ကာလ လွန်ပြီးမှသင်သည် အုပ်ချုပ်ရသော အခွင့်ရှိလိမ့်မည်။ ထားဘေးနှင့် လွတ်၍ လူ အမျိုးမျိုးထဲကနှုတ်သော ပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက် နေသော ဣသရေလ တောင်တို့ အပေါ်သို့ တဖန် ဆောင်ခဲ့သော ပြည်သားတို့ ရှိရာသို့၊ နောင်ကာလ၌ သင်သည် စစ်ချီ၍ လာလိ်မ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုး ထဲ ကနှုတ်ဆောင်သောသူ ဖြစ်၍၊ တပြည် လုံးငြိမ်ဝပ်လျက် ရှိနေသောအခါ၊ ၉ သင်သည် မိုဃ်း သက်မုန်တိုင်း ကဲ့သို့ တက်လာ၍၊ သင်၌ ပါသမျှသော တပ်သား အလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုဃ်းအုံ သကဲ့သို့ဖြစ်လိမ့်မည်။” (ယေဇကျေလ ၃၈:၈-၉)။ ဤပရောဖက် ပြုချက်သည် ဗာဗုလုန်ပြည် မှပြန်ပြီး အေဒီ ရဝတွင် ရောမများ ကတိုက်ခိုက်သောအရာ မဖြစ်နိုင်ချေ။ အကြောင်းမှာ ဤစစ်ပွဲ၌ ဘုရားသခင်ကိုယ်တိုင် ကတိုက်ပေးမည်။ ရော မများ ကတိုက်သောအခါ ဘုရားသခင်က ဣသရေလများကို မကူညီခဲ့ချေ။ ထိုမျှသာ မက အေဒီရဝတွင် ရောမများ ကသာ တိုက်၍၊ အထက်ကစစ်ပွဲသည် ရောမများ မဟုတ်ချေ။ ဣသရေလ လူများသည် ဗာဗုလုန်​ကျွန်ခံရာမှပြန် လာသောအခါ ဘုရား ဘက်၌ စိတ်အားကြီး၍ ဘုရားတရား ဖက်၌ အလွန် ကြိုးစားသော်လည်း၊ ဘုရား အလိုတော် နားမလည် သောကြောင့် မှားယွင်းစွာ စိတ်အားကြီးကြခြင်း ဖြစ်သည်။ ထိုအရာကို ခရစ်တော် ကတည့်မတ်ပေးသော်လည်း လက်မခံ၊ သူ့ကို လက်ဝါးကပ်တိုင်၌ သတ်လိုက် ကြသည်။ ထို့ကြောင့် သူတို့ ကိုလည်း ဘုရားသခင်က အေဒီ ရဝတွင် ရောမစစ်တပ်ကို အသုံးပြု၍ သတ်ဖြတ်ကာ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ ကြသည်။ ဥရောပ၊ အဖရိကမြောက်ပိုင်း၊ အာရှနိုင်ငံများ၌ တကွဲတပြားစီနေထိုင် ကြသည်။ ထိုသို့ ပြန့်နှံ့သော်လည်း နှစ်ပေါင်းနှစ်ထောင်နှီးပါးကြာ လာသောအခါ၊ ဘုရားသခင်က သူတို့ တိုင်း ပြည်သို့ ပြန်ခွင့်ပေးခဲ့သည်။ ၁၉၀၀ အစပိုင်းမှပြန်လာကြရာ ယခုအခါ သူတို့ တိုင်း ပြည်၌ ဣသရေလ လူမျိုးလူဦးရေ ၆ သန်းခွဲခန့်ရှိသည်။ ဒုတိယအများ ဆုံးသည် အမေရိကန် မှာရှိ၍ ၅ သန်းကျော််ရှိ ကြသည်။ ထိုသို့ နိုင်ငံအသီးသီးမှပြန်လာသော ဣသရေလများကို ရုရှား ဦးဆောင်သော နိုင်ငံများ ကတိုက်မည် ဖြစ်သည်။ 

ပါဝင်မည့် နိင်ငံများ 

“၅ အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိ ပြည်သား (အီရန်)၊ ကုရှပြည်သား (ဆူဒန်)၊ ဖုတပြည်သား (လစ်ဗျား)၊ ၆ ဂေါမာ (တူရကီ)နှင့် သူ၏ တပ်များ၊ မြောက်ပြည်သား တောဂါမ (အာမေနီးယန်း) အမျိုးနှင့် သူ၏ တပ်များအလုံးအရင်းများ အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ ၇ သင်သည် မိမိ၌ စုဝေးသော လူအလုံးအရင်းများနှင့်တကွ ကိုယ်ကို ပြင်ဆင်လော့၊ ပြင်ဆင်လျက် နေလော့။ သူတို့ကို စောင့်လျက် နေလော့။” (ယေဇကျေလ ၃၈:၅ -ရ)။ ကုရှ၊ ဖုတတို့သည် နောဧသား ဟာမ၏ သားများဖြစ်ကြောင်း ဤသို့ တွေ့ရသည်၊ “ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။ ၇ ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘ တ၊ ရာဂမ၊ သတေျွှခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။” (က ၁၀:၆ -ရ)။ ရုရှားနှင့်အတူ အစ္စရေးနိင်ငံတိုက်မည့်သူ များသည် အာရှတိုက်မှအီရန်နိုင်ငံ၊ တူရကီ နိုင်ငံ၊ အဖရိကတိုက်မှဆူဒန်နိုင်ငံနှင့် လစ်ဗျားနိုင်ငံများ ဖြစ်သည်။ 
 အီရန်နိုင်ငံသည် ၁၉ရ ၉ ခုနှစ်အထိ အစ္စရေး၏ မိတ်ဆွေ နိုင်ငံ ဖြစ်ခဲ့သည်။ အစ္စရေး နိုင်ငံကို တိုက်စရာ အကြောင်း လုံးဝ မရှိခဲ့ချေ။ သို့သော် ၁၉ရ ၉ ခုနှစ်တွင် ဘာသာရေး ခေါင်းဆောင်များ ဦးဆောင်ခြင်းအားဖြင့် အီရန်နိုင်ငံသည် မူစလင်အစွန်းရောက်နိုင်ငံ ဖြစ်လာ၍ အစ္စရေးနိုင်ငံ၏ အဓိကရန်သူနိင်ငံ ဖြစ်လာသည်။ သူတို့၏ ရေနံမှရရှိသော ဝင်ငွေမှအနုမြူလက်နက် နှင့် ဒုံပျံများ၊ လက်နက် အမျိုးမျိုးကို ထုတ်လုပ်၍ အစ္စရေး နိုင်ငံချေမှုန်းရေးသည် အဓိကပန်းတိုင် ဖြစ်သည်။ သူတို့သည် ရှိအာမူစလင်များ ဖြစ်၍ သူတို့၏ အယူဝါဒပြန့်ပွားရေးကို ကြိုးစား နေသောကြောင့် ဆူနီမူစလင်များနှင့် ရန်သူ ဖြစ်ကြသည်။ အစ္စရေးတိုက်နိုင်ဘို့ရန် လေဗနုန်နိုင်ငံ၌ ဟက်စဘောလအကြမ်းဖက် သမားများကို ထူထောင်၍ လက်နက်ထောက်ပံ့နေ သူများ ဖြစ်သည်။ လေဗနုန်အစိုးရ၌လည်း ဩဇာအာဏာလွှမ်းမိုးသည်။ ဟက်စဘောလများ ထံအစ္စရေးတိုက်ဘို့ ဒုံးပျံ ၁ သိန်းကျော်တပ်ဆင်ပေးထားသည်။ ဟက်စဘောလများကို အသုံးပြု၍ ဆီးရီးယား သမ္မတအာဆဒ်အတွက် တိုက်ခိုက် ပေးနေသည်။

 တူရကီနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုသော နိုင်ငံ ဖြစ်သည်။ ထိုနှစ်နိုင်ငံသည် ဆက်ဆံရေးကောင်းလိုက်မကောင်းလိုက် ဖြစ်ကြသည်။ ဆက်ဆံရေးကောင်းချိန်တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စစ်တိုက်နည်းလေ့ကျင့်မှုများပူးတွဲ ပြုလုပ် တတ်ကြသည်။ ၂၀၁၀ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသကိစ္စနှင့် နှစ်နိုင်ငံဆက် ဆံမှု တင်းမာခဲ့သည်။ ထို့နောက်ဆက်ဆံမှု ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် တူရကီသမ္မတအယ်ရ်ဒိုကင်က မူစလင် ၅ရ နိုင်ငံပူးပေါင်း၍ အစ္စရေးနိုင်ငံကို တိုက်ခိုက် သိမ်းပိုက် မည့် အရာကို နိုးဆော်ခဲ့သည်။ ယခုအခါ တူရကီနိုင်ငံသည် အီရန်နိုင်ငံပြီးလျှင် အစ္စရေး၏ နံပါတ်နှစ်ရန်သူ ဖြစ်နေပြီ။ ယခုရုရှားအကူအညီဖြင့် အနုမြူစက်ရုံတည် ဆောက်ခြင်း စတင်နေပြီ။ 

ရုရှားနိုင်ငံသည် အစ္စရေးနိုင်ငံကို အမေရိကန်ပြီးလျှင် ဒုတိယအသိအမှတ်ပြုခဲ့သော နိုင်ငံ ဖြစ်သည်။ သို့သော် အစ္စရေးအာရပ်စစ်ပွဲများတွင် ရုရှားနိုင်ငံသည် အာရပ်များကို ကူညီခဲ့သော နိုင်ငံ ဖြစ်သည်။ အထူးသဖြင့် ၁၉ရ ၃ ခုနှစ်စစ်ပွဲတွင် အာရပ်များကို ရုရှားနိုင်ငံက စစ်ကူတိုက်ဘို့ အထိ ရည်ရွယ်ခဲ့သည်။ အမေရိကန်ကအစ္စရေးဘက်မှမ ရပ်တည်လျှင် ရုရှားသည် အစ္စရေးကို သေချာပေါက်တိုက်မည် ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗိယက်ယူနီယံပြိုလဲ၍ ကွန်မြူနစ်မှဒီမိုကရေစီသို့ ပြောင်းသောအခါ၊ အစ္စရေးရုရှားဆက်ဆံရေးပြန်ကောင်းလာသည်။ သို့သော် ရုရှားကဆီးရီးယားနိုင်ငံကို ၂၀၁၅ ခုနှစ်မှကူညီသောအခါ အစ္စရေးနှင့် ဆက်ဆံရေးယိုယွင်းလာသည်။ မကြာသေးခင်က ရုရှားသမ္မတကအစ္စရေးကို ဆီးရီးယားနိုင်ငံ၌ ဗုံးကြဲခြင်း မပြုလုပ် ဘို့ရန် သတိပေးခဲ့သည်။ 

အီရန်သမ္မတ၊ တူရကီသမ္မတနှင့် ရုရှားသမ္မတတို့သည် နှစ်ကြိမ် ဆွေးနွေးပွဲပြု လုပ်ပြီး ဖြစ်သည်။ ရုရှားနိုင်ငံကအီရန်နိုင်ငံအား အနုမြုစက်ရုံတည်ဆောက်ပေးနေသည်။ တူရကီနိုင်ငံလည်း အနုမြူစက်ရုံစတင်တည်ဆောက်ပေးနေပြီ။ ယခုအခါ အစ္စရေး နိုင်ငံမြောက်ဘက်၌ ရှိသော ဆီးရီးယားနိုင်ငံ၌ ပို၍ ပို၍ နေရာယူကာအစ္စရေးတိုက်ဘို့ရန် အဆက်မပြတ် ခြိ််မ်း​ခြောက် နေကြပြီ။ 

ဆူဒန်နိုင်ငံနှင့် လစ်ဗျားနိုင်ငံများသည် အဖရိကမြောက်ဘက်နိုင်ငံများ ဖြစ်၍ မူစလင်အာရပ်နိုင်ငံများ ဖြစ်သောကြောင့် အစ္စရေး၏ ရန်သူနိုင်ငံများ ဖြစ်သည်။ အီရန် နိုင်ငံကစစ်လက်နက်ပစ္စည်းများကို ဂါဇာကမ်းမြောင်ဒေသသို့ ပို့ရာတွင် ဆူဒန်နိုင်ငံမှပို့ တတ်သောကြောင့် အစ္စရေးလေတပ်ကအကြိမ်ကြိမ်ဗုံးကြဲခဲ့ပြီ။ 

တိုက်ရသည့်အကြောင်းရင်း

“အရှင်ထာဝဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံအစည်ကို ကြံစည်လျက်၊ ၁၁ရွာဇနပုဒ်များသော ပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါးမရှိ၊ စိုးရိမ်စရာ အကြောင်း အလျှင်း မရှိ၊ ငြိမ်ဝပ်သော ပြည်သားတို့ ရှိရာသို့ ငါချီ သွား၍၊ ၁၂ သူတို့ ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကို၎င်း၊ လူ အမျိုးမျိုး ထဲကစုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကို ရတတ်၍၊ ပြည် အလယ်၌ နေသော သူတို့ကို၎င်းတိုက်မည်ဟု ကြံစည်လိမ့်မည်။” (ယေဇကျေလ ၃၈:၁၀-၁၂)။ 
 ကျမ်းစာက ဂေါဂမင်း ဦးဆောင်သော နိုင်ငံများက အစ္စရေးနိုင်ငံတိုက်ရသည် အကြောင်းရင်းများကို အောက်ပါကဲ့သို့ ရေးထားသည်။ (၁) မကောင်းသော အကြံအ စည်ကို ကြံစည်ခြင်း၊ (၂) သူတို့ ဥစ္စာကို လုယက်သိမ်းယူဘို့ ဖြစ်သည်။ အစ္စရေးနိုင်ငံသည် ထိုသို့ ဥစ္စာသိမ်းယူရအောင် မက်မောစရာ ဘာရှိသနည်း။ အချို့သောသူများ ကပင် လယ်သေ၌ အဘိုးတန်ပစ္စည်းများရှိသည် ဟုဆိုသည်။ ယခုအစ္စရေးအနောက်ဘက်မြေ ထဲပင်လယ်ထဲ၌ ရေနံနှင့် သဘာဝ ဓါတ်ငွေ့အမြောက်အများ တွေ့ရှိရသည်။ ထိုအရာကို လေဗနုန်နိုင်ငံကလည်း လိုချင်သည်။ လေဗနုန်နိုင်ငံသည် ဆီးရီးယားနိုင်ငံနှင့်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် ဆီးရီးယားနိုင်ငံ၌ ရှိနေသော ရုရှားအုပ်စုကလိုချင် တပ် 
မက်ခြင်း ဖြစ်နိုင်သည်။ 

ဘုရားသခင်က တိုက်မည်

 “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ထိုကာလ၌ ဂေါဂသည် ဣသရေလပြည်ကို တိုက်လာသော ကာလ အခါ၊ ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။ ၁၉ အကယ်စင်စစ် ထိုအခါ ဣသရေလ ပြည်၌ ကြီးစွာသော လှုပ်ရှားခြင်း ဖြစ်လိမ့်မည်ဟု ငါ၏ ဒေါသ မီးလောင်လျက် ငါပြောပြီ။ ၂၀ ပင်လယ်ငါး၊ မိုဃ်းကောင်းကင် ငှက်၊ တော တိရစ္ဆာန်နှင့် မြေ၌ တွားတတ်သော တိရစ္ဆာန်၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည် ဗြုလျက် အစောက်မြင့်သော အရပ်တို့သည် လဲလျက် အလုံးစုံသော အုတ်ရိုးဗြုလျက် ရှိကြလိမ့်မည်။ ၂၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက်၌ ထားကို ငါမှာလိုက် သဖြင့်၊ လူအပေါင်းတို့သည် တယောက်ကို တယောက် ထားနှင့် ခုတ်ကြလိမ့်မည်။ ၂၂ ငါသည် ကာလ နဘေး၊ အသေသတ်ခြင်း ဘေး;ဖြင့် သူ့ကို ဒဏ်ပေးမည်။ သူနှင့် သူ၌ ပါသော တပ်များ၊ အလုံးအရင်များ ပေါ်မှာ လွှမ်းသော မိုဃ်းရေကြီးသော မိုဃ်းသီး၊ ကန့်နှင့် ရောသော မီးမိုဃ်းကို ရွာစေမည်။” (ယေဇ ၃၈:၁၈-၂၂)။ ဤစစ် ပွဲ၌ ဣသရေလများကို ဘုရားသခင်က တိုက်ပေးမည် ဖြစ်သည်။ ဘုရားသခင် အသုံးပြုမည့် လက်နက်များမှာ၊ (၁) ကြီးစွာသောမြေ ငလျှင်လှုပ်မည် (၂) ရန်သူများ အချင်းချင်းသတ်ကြလိမ့်မည် (၃) ကာလနာ ဘေးဖြင့် သေကြလိမ့်မည်၊ (၄) မိုဃ်းရေနှင့် မိုဃ်းသီး (၅) ကန့်နှင့် ရောသော မီးမိုဃ်းရွာစေမည်။ ထိုလက်နက်များကို ထာဝရဘုရားသခင်က ဓမ္မဟောင်းကာလ၌ အကြိမ်ကြိမ်သုံးခဲ့ပြီ။ လူသည် မည်မျှအစွမ်းထက်သော ဒုံးပျံများ၊ အနုမြူလက်နက် များတီထွင် အသုံးပြုသော်လည်း ဘုရားသခင် အတွက် ဘာမျှ မဟုတ်ချေ။ ထို့ကြောင့် ဘုရား အားကိုးသောသူများအတွက် ဘာမျှအံ့ဩ စရာ၊ ကြောက်စရာ မရှိပါ။ ဘုရား တ ဘက်၌ နေသောသူများသာလျှင် သနားစရာ ကောင်းသည်။ 

ကြည့်ရှုသူ

 “ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျို အပေါင်းတို့ က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှါ လာသလော၊ သူ့ဥစ္စာကို ဝေငှ၍ ရွှေ ငွေကို၎င်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကို၎င်း၊ သိမ်းသွားလျက် များစွာ လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။” (ယေဇ ၃၈ ; ၁၃)။ ရှေဘနှင့် ဒေဒန်သည် နောဧသား လတ်ဟာမ၏သား စဉ်မြေးဆက်များ ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။ ၇ ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတေျွှခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန် တည်း။” (ကမ္ဘာ ၁၀:၆ -ရ)။ ယခုခေတ်တွင် ရှေဘနှင့် ဒေဒန်သည် ဆောဒီအာရဗျနိုင်ငံ သားများဖြစ်သည်။ ယခုအခါ ဆော်ဒီအာရဗျမင်းသားသည်၊ နိုင်ငံရေးအပြောင်းအလဲ များစွာ လုပ်နေသည်။ အီရန်နိုင်ငံ၏ ရန်ကို ကြောက်သောကြောင့် အမေရိကန်နှင့် အစ္စရေး နိုင်ငံကို စစ်ရေးအရအားကိုး သောကြောင့်၊ အစ္စရေးနိုင်ငံလည်း နယ်မြေရှိပိုင်ခွင့်ရှိသည်ဟု ဧပြီလ ၂ ရက်နေ့တွင် ပြောဆို သွားခဲ့သည်။ ထို့အပြင် အစ္စရေးနိုင်ငံသို့ ပျံသန်းသော အိန္ဒိယနိုင်ငံလေယဉ်ပံျသည်၊ မတ်လ ၂၂ ရက်နေ့မှစ၍ ဆော်ဒီနိုင်ငံ အပေါ်မှ ပျံသန်း ခွင့်ရရှိပြိီ ဖြစ်သည်။ ထိုအပြင်အစ္စရေးတိုက်လေယဉ်များက အီရန်နိုင်ငံကို ဗုံးကြဲဘို့ လို အပ်လျှင် ဆောဒီနိုင်ငံက သူ၏ လေကြောင်း ပိုင်နက်ကို အသုံးပြုခွင့် ပေးကြောင်း သတင်း ထွက်ပေါ်နေသည်။ ထို့ကြောင့် လာမည့် ဂေါဂ၊ မာဂေါဂစစ်၌ ဆော်ဒီနိုင်ငံသည် အစ္စရေးကို မတိုက်ဘို့ သေချာသလောက်ရှိသည်။ ဆော်ဒီအာရဗျနိုင်ငံက အစ္စရေးကို မတိုက်သည်သာမက၊ ရုရှားအုပ်စုကတိုက်ခြင်း ကိုလည်း ကန့်ကွက်လိမ့်မည်ဟု ယူဆရသည်။ 

တာရှုကုန်သည်များနှင့် ခြင်္သေ့ပျို အပေါင်းသည် အနောက်ဥရောပနှင့် အမေရိကန် ဖြစ်မည်လောဟု ယူဆကြသည်။ ယခုအမေရိကန်သမ္မတထမ်းကဆီးရီးယားနိုင်ငံမှစစ် တပ်ရုပ်သိမ်းဘို့ ပြောဆို သွားသည်။ ရုရှားအုပ်စုက အစ္စရေးနိုင်ငံကို တိုက်သောအခါ အ နောက်အုပ်စု တည်းဟူသော အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အစ္စရေး နိုင်ငံကို မကူညီဘဲ နေဘို့ အလားအလာရှိသည်။ ထိုသို့ မကူညီခြင်းသည် ဘုရားသခင်၏ အစီအစဉ် ဖြစ်သည်။ အကြောင်းမှာ ထာဝရဘုရားကိုယ်တိုင် ကတိုက်ပေးဘို့ ရှိသောကြောင့် ဖြစ်သည်။ 

၇ နှစ် မီးရှို့မည်

 “တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှု ရောက်လေပြီ။ ပြည့် စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့် ပြီးသော နေ့ရက် ဖြစ်၏။ ၉ ဣသရေလ မြို့တို့၌ နေသော သူတို့သည်၊ ထွက် သွား၍ စစ်တိုက်လက်နက်ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံများကို ခုနှစ်နှစ်ပတ်လုံးမီးရှို့ကြလိမ့်မည်။ ၁၀ ထိုကာလတွင် ဥယျာဉ်၌ ထင်းမခွေ၊ တော၌ မခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွှေးကြလိမ့်မည်။ ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသော သူတို့၏ ဥစ္စာကိုလည်း လုယူကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။” (ယေဇ ၃၉:၈-၁၀)။ ဣသရေလ လူများသည် ရန်သူ များ၏ လက်နက်များကို ခုနှစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည် ဟုဆိုသည်။ ထိုလက်နက်များသည် ရှေးတုန်းက သုံးသော အရာများ မဟုတ်တော့ချေ။ အနုမြူဓါတ်အားများ၊ ရေနံများဖြစ်မည်။ ထိုအရာများကို ရိုးရိုး မီးရှို့ခြင်း မဟုတ်ဘဲလောင်စာဆီအဖြစ် အသုံးပြုခြင်း ဖြစ်ပေလိမ့်မည်။ ခုနှစ်နှစ်ပတ်လုံး ဟုဆိုသောကြောင့် ထိုစစ်သည် ဘေးဒဏ်ကြီးကာလ အစပိုင်းတွင် ဖြစ်မည်ဟု ယူဆရသည်။ သို့သော် မည်သည့်အချိန်တွင် ဖြစ်မည်ကို အသေအချာ မပြောနိုင်ပါ။ 

၇ လမြေမြှုပ်ကြလိမ့်မည်

 “ထိုကာလတွင် ဣသရေလ ပြည်၊ အိုင်အရှေ့၊ ခရီး သွားရာချိုင့်၌ ထင်ရှားသော သခ်ျိုင်းကို ဂေါဂအား ငါပေးမည်။ ခရီး သွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏ လူအလုံးအရင်းရှိသမျှကို မြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့်တွင် လိမ့်မည်။ ၁၂ ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနှစ်လပတ်လုံးမြေ၌ မြှုပ်ကြလိမ့်မည်။ ၁၃ ပြည်သား အပေါင်းတို့သည် ဝိုင်း၍ မြေ၌ မြှုပ်သဖြင့် ငါ၏ ဘုန်းပွင့်သော ထိုနေ့ရက်၌၊ သူတို့သည်လည်း ကျော် စောခြင်းသို့ ရောက်ကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၄ အရပ်ရပ်လှည့် လည်၍ အခြားသော ခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ ကြွင်း သေးသော အသေ ကောင်တို့ကို မြှုပ်၍ ထိုပြည်ကို သန့်ရှင်စေခြင်းငှါ၊ အစဉ်အမှု စောင့်သော သူတို့ကို ရွေး ကောက်၍ ခန့်ထားရကြလိမ့်မည်။ ထို သူတို့သည် ခုနှစ်လမကရှာဖွေ ကြစဉ်တွင်၊ ၁၅ လှည့် လည်၍ ခရီး သွားသော သူတို့သည် အသေကောင်၏ အရိုးကို တွေ့မြင်လျှင် မြေ၌ မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင် အရိုး၏ အနားမှာ မှတ်တိုင်ကို စိုက်ရကြမည်။ ၁၆ ထိုအရပ်၌ တည်သော မြို့သည်လည်း ဟာမုန်မြို့ဟူ၍တွင် သဖြင့်၊ ထိုသို့ ပြည်တော်ကို သန့်ရှင်းစေကြလိမ့်မည်။” (ယေဇ ၃၉ ; ၁၁-၁၆)။ 

ဂေါဂ၊ မာဂေါဂစစ်သား များ၏ သေကောင်အလောင်းများကို၊ ဣသရေလ လူများကခုနှစ်လလုံးလုံးမြေ၌ မြှုပ်မည် ဟုဆိုသည်။ အသေကောင်များ၏ အနံ့ဆိုးကြောင့် ခရီး သွားသောသူများ၊ နှာခေါင်းပိတ်ကြလိမ့်မည် ဟုဆိုသည်။ ထိုအခါ ဘုရား၏ ဘုန်း ပွင့်၍ ဣသရေလ လူများလည်း ကျော်စောမည်ဟု ထာဝရဘုရား ဆိုသည်။ 

ထာဝရဘုရား၏ ယဇ်ပွဲကြီး 

“အချင်း လူသား၊ အရှင်ထာဝရဘုရား၏ အမိိန့်တော်ကို ငှက် အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး၍ လာကြလော့။ ဣသရေလ တောင်တို့ အပေါ်၌ သင်တို့ အဘို့ ငါစီရင်သော ယဇ်ပွဲကြီးသို့ အရပ်ရပ်တို့ ကစည်ဝေး၍၊ အသား အသွေးကို သောက်စားခြင်းငှာ လာကြလော့။ ၁၈ သင်တို့သည် အားကြီးသော သူတို့၏ အသား၊ လောကီမင်းတို့၏ အသွေး၊ ဗာရှန်ပြည်၌ ဆူအောင် ​ကျွေးသော သိုး ထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသား အသွေးကို သောက်စားရကြလိမ့်မည်။ ၁၉ သင်တို့ အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကို ဝစွာ စားရကြလိမ့်မည်။ အသွေးနှင့် ယစ် မူးသည့်တိုင်အောင် သောက်ရကြလိမ့်မည်။ ၂၀ ထိုသို့ စားပွဲ၌ မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီး သောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာ စားရကြလိမ့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။” (ယေဇ ၃၉ ; ၁ရ- ၂၀)။ ဘုရားသခင် ကိုယ်တော်တိုင်က တိုက်သောအခါ ဂေါဂမင်း၏ စစ်သား များသည် ဣသရေလ တောင်တို့ အပေါ်၌ မြေသားရဲများ၊ အသား စားငှက်များ၏ အစာ ဖြစ်ကြမည်။ 

ဘုရား ဘုန်းထင်ရှားမည်

“ထိုသို့ ငါသည် ကိုယ်ကို ချီးမြှောက်၍ ရိုသေဘွယ်သော ဂုဏ်လက္ခဏာကို ပြလျက်၊ များစွာသော လူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိရကြလိမ့််မည်ဟု မိန့်တော်မူ၏။” (ယေဇ ၃၈:၂၃)။ 

“ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီရင်သော တရားမှုနှင့် သူတို့၌ ငါတင်သော လက်ကို တပါးအမျိုးသား အပေါင်းတို့သည် မြင်ရကြ လိမ့်မည်။ ၂၂ ငါသည် သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားတို့သည် ထိုနေ့မှစ၍ သိရကြလိမ့်မည်။ ၂၃ ဣသရေလ အမျိုးသားတို့သည် မိမိအမျိုးအပြစ်ကြောင့် သိမ်းသွားခြင်း ခံရကြောင်းကို တပါးအမျိုးသားတို့သည် သိရ ကြလိမ့်မည်။ ငါ့ကို ပစ်မှားသောကြောင့် ငါသည် မျက်နှာလွှဲ၍ ရန် သူတို့ လက်သို့ အပ် သဖြင့်၊ ထိုသူ အပေါင်းတို့သည် ထားဖြင့် လဲ၍ သေရကြပြီ။ ၂၄ သူတို့ ညစ်ညူးသော အမှု၊ လွန်ကျူးခြင်း အမှုတို့ အတိုင်း ငါသည် ပြု၍ မျက်နှာကို လွှဲပြီ။ ၂၅ ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးကို ငါတဖန် ဆောင်ခဲ့၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏ နာမမြတ် အဘို့ အလို့ငှါ စိတ်အားကြီးမည်။ ၂၆ သူတို့ကို လူ အမျိုးမျိုး ထဲကငါခေါ်ခဲ့၍၊ ၂၇ရန်သူနေရာ ပြည်တို့ မှစုဝေးလျက်၊ သူတို့အားဖြင့် များစွာသော လူမျိုးတို့ ရှေ့မှာ ငါသည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ သူတို့သည် ကြောက်စေသောသူမရှိ၊ ငြိမ်ဝပ်စွာ နေကြစဉ်တွင် ခံရဘူးသော အရှက်ကွဲခြင်းနှင့် ငါ့အား ပြစ်မှားခြင်း အပြစ်များကို အောက်မေ့ရကြ လိမ့်မည်၊ ၂၈ ငါသည် သူတို့ကို တပါးအမျိုးသားတို့၏ သိမ်းသွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ၂၉ ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလ အမျိုးသားတို့ အပေါ်သို့ သွန်းလောင်းသောအခါ သူတို့တွင် တယောက်ကိုမျှ နောက်တဖန် ငါမ စွန့်ပစ်၊ ငါ့မျက်နှာကိုလည်း မလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။” (ယေဇ ၃၉:၂၁-၂၉)။ 

ယနေ့ ကမ္ဘာပေါ်ရှိ လူအများစုသည် ထာဝရဘုရားကို မသိကြချေ။ ထဝရဘုရားကို သိသည် ဟုဆိုသောသူများလည်း ဦးနှောက်နှင့် သိနေသော်လည်း သူ၏ တန်ခိုးအ စွမ်းကို မသိကြသောကြောင့်၊ မကြောက်ကြ၊ မရိုသေမလေးစားကြ၊ ဂရုမစိုက်ကြချေ။ ထို့ကြောင့် ဤစစ်ပွဲအားဖြင့် ဘုရားသခင်သည် သူ၏ တန်ခိုးအစွမ်းကို ပြ၍ လူသားများကသိလာအောင် ရည်ရွယ်ချက်ဖြင့် တိုက်သော စစ်ပွဲ ဖြစ်သည်။ ထိုစစ်ပွဲသည် တိုက်ဘို့ရန် ယခုအဆင်သင့် ဖြစ်နေကြပြီ။ မိုးရွာခါနီး၊ မိုးသက်မုန်တိုင်း တိုက်ခါနီး၌ မိုးချုန်း၍၊ လျှပ်စစ်လက်တတ်သည်။ မိုးတိမ်လည်း မှောင်မဲ၍ ကြောက်စရာ ကောင်းတတ်သည်။ ယခုလည်း ဂေါဂ၊ မာဂေါဂစစ်တိုက်ဘို့ရန် မိုးချုန်းနေပြီ။ အီရန်နှင့် အစ္စရေးသည် တဖက်နှင့် တဖက်ခြိမ်း​ခြောက် နေကြပြီ။ ရုရှားကလည်း အစ္စရေးကို သတိပေးနေပြီ။ တူရကီနိုင်ငံကလည်း မူစလင် ၅ရ နိုင်ငံပေါင်း၍ အစ္စရေးကို တိုက်ဘို့ရန် လှုန့်ဆော်နေပြီ။ ရုရှား၊ တူရကီ၊ အီရန်သမ္မတများလည်း နှစ်ကြိမ် အစည်းအဝေးထိုင်ခဲ့ကြပြီ။ ထို့ကြောင့် မကြာ မှီထိုစစ်ပွဲမတိုင်မှီ ချီဆောင်ခြင်း ဖြစ်နိုင်သည်။ ဤလောကကို မတပ်မက်သင့်တော့ချေ။ ခရစ်တော် ကြွလာလျှင် ပါသွားမည့်သူများအဆင်သင့်ပြင်ထားဘို့ လိုသည်။ မိသားစု ဝင်များ၊ သူငယ်ချင်းများ၊ လုပ်ဘော်ဆောင်ဖက်များ၊ အမျိုးများ၊ လူတိုင်းကို သတိ ပေးဘို့ လိုသည်။ 

 

မေတ္တာနှင့် စည်းကမ်း


မေတ္တာနှင့် စည်းကမ်းကို သိ၍ ညီမျှစွာ သုံးတတ်ဘို့ လိုသည်။ အချို့သော မိသားစု၌ မိဘများသည် သားသမီး များအပေါ်၌ မေတ္တာကိုသာ ပြ၍ စည်းကမ်းမထိမ်း သောကြောင့်သားသမီး များစည်းကမ်းမရှိ၊ သူတို့ ကြိုက်နှစ်သက် သကဲ့သို့ အသက်ရှင် ကြသောကြောင့် မိသား အတွင်း၌ ကြိီးစွာသော ပြသနာ ရှိကြသည်။ ထိုပြသနာသည် မိသားစုအပြင်ကျောင်းများ၊ ဘုရားကျောင်းများ၊ မိတ်ဆွေ အိမ်များ၊ လူစုဝေးသော နေရာများ တိုင်အောင် ဂယက်ရိုက် ကြသည်။ ထိုသို့ သားသမီး များဆိုးသွမ်းသောအခါ အချို့မိဘများသည် ရှက်၍ သော်၎င်း၊ စိတ်ရှုတ်၍ သော်၎င်း လူအများစုဝေးသော နေရာများကို ရှောင်လာ ကြသည်။ အချို့သော မိဘများသည် သူတို့၏ သားသမီး များအမြင်မတော် ရှိသော်လည်း လုံးဝ ဂရုမစိုက်၊ အား နာခြင်း မရှိ၊ သူတပါး၏ အမြင် ကပ်ခြင်း၊ အပြစ် ပြောခြင်းများကို ခံရ ကြသည်။ အချို့ သားသမီး များသည် ဆိုးသွမ်းသောကြောင့် သူတပါးကဆုံးမပေးသောအခါ ကိုယ့် သားသမီးများကို ဆုံးမမည့် အစား၊ သူတပါးအ ပေါ်စိတ်နာတတ်ကြသည်။ ထိုကဲ့သို့သော မိသားစုများသည် မည်သည့်အဖွဲ့အစည်း၌ မျှမဝင်ဆန့်ဘဲ အထီးကျန်နေရသည်။ သို့သော် သူတို့၏ အ​ခြေအနေကို နားမလည် ကြသောကြောင့် ဝမ်းနည်းစရာ၊ သနားစရာ ကောင်းသည် မှအပ မည်ကဲ့သို့ မျှကူညီ၍ မရပါ။ သင်နှင့် သင်၏ မိသားစုသည် ထိုကဲ့သို့ သောသူ ဖြစ်ပါသလော။ 

မေတ္တာထားရမည်

မိဘတိုင်း သားသမီးများကို မေတ္တာထားရမည်။ ထိုအရာသည် သင်ပေးစရာ မလိုဘဲ အလိုလိုရှိသည်။ သို့သော် အချို့သော မိဘများသည် သားသမီးများကို မချစ် သောသူ၊ မေတ္တာမပြသောသူရှိတတ်သည်။ အချို့မိဘများသည် ပို၍ ချစ်သော သားသမီး များရှိတတ်သည်။ ထိုအရာသည် လုံးဝ မရှိသင့်သောအရာ ဖြစ်သည်။ မိဘများက သားသမီးများကို ဆဲရေးတိုင်း ထွာခြင်းသာ ပြုလုပ်၍ သူတို့၏ အခက်အခဲများ မသိ၊ သူတို့၏ ခံစားချက် များ မသိဘဲ အပြစ်တင်ခြင်း၊ ရိုက်ခြင်း၊ ဒဏ်ခတ်ခြင်း ပြုလုပ် တတ်ကြသည်။ ထိုအခါ သားသမီး များပျက်စီး၍ ဖြစ်ချင် တိုင်း ဖြစ်တတ်ကြသည်။ မခံနိုင်သောအခါ အိမ်မှ ထွက်ပြေးခြင်း၊ မကောင်းသော အပေါင်းအသင်းများနှင့် ဒုစရိုက်အပြစ်ကို ငယ်ငယ်ရွယ်ရွယ်၌ ပြုလုပ် တတ်ကြသည်။ အချို့ သားသမီး များသည် မိမိကိုယ်ကို သတ်သေတတ်ကြသည်။ ထို့ကြောင့် မိဘများသည် သားသမီးများကို စည်းကမ်းနှင့် အညီဆုံးမသွန်သင်ခြင်းနှင့် တကွမေတ္တာပြတတ်ဘို့ လိုသည်။ 

 

ကျမ်းစာဖတ်ဝကစို့
ယော ၉

၁။ လမ်း၌ သွားတော်မူစဉ်၊ အမိဝမ်းတွင်း ကပင်မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။ ၂ တပည့်တော်တို့ က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့်မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ 

 တပည့်တော် များ၏ မေးခွန်းအရ၊ ဒုက္ခ ိတ ဖြစ်ခြင်းသည် ကိုယ့်အပြစ် သို့မဟုတ် မိဘအပြစ်ကြောင့် ဖြစ်နိုင်သည့် သဘော ရှိသည်။ အထက်၌ ဖေါ်ပြသော မျက်စိကန်းသည်နှင့် ပတ်သက်၍ သခင်ဘုရားကအောက်၌ အ​ဖြေပေးထားသည်။ 

၃။ ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်း တည်း၊ 

မျက်စိကန်းသူသည် သူ့အပြစ် မိဘအပြစ်ကြောင့် မဟုတ်၊ ဘုရားသခင်၏ အမှုတော် ထင်ရှားစေဘို့ရန် ဖြစ်သည်ဟု သခင်ဘုရားက​ဖြေလိုက်သည်။ မည်ကဲ့သို့ ထင်ရှားမည်နည်း။ သခင်ဘုရားကမျက်စိမြင်စေခြင်းအားဖြင့် ထင်ရှားသည်။ သင်နှင့် သင်နှင့် ပတ်သက်သောသူလည်း အပြစ်ကြောင့် ဒုက္ခ ရောက်နိုင် သကဲ့သို့၊ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဘို့ရန်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် စိတ်မပျက်ဘဲသည်း ခံ၍ ဘုရား၏ ဘုန်းထင်ရှားသည် အထိ စောင့်ဘို့ လိုသည်။ 

၄။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အမှုကို နေ့အချိန် ရှိစဉ်တွင် ငါပြုမည်။ အဘယ်သူမျှ အမှု မပြုနိုင်သောအချိန် တည်းဟူသော ညဉ့်အချိန် လာသေး၏။ 

ယေရှု ကနေ့နှင့် ညပြောသောအရာသည် ဝိညာဉ်ပိုင်း ဖြစ်သည်။ ဤလောကသည် ဝိညာဉ်ပိုင်း၌ ညဖြစ်သည်။ အကြောင်းမှာ အလင်း တည်းဟူသော ဘုရားသခင် (၁ ယော ၁:၅၊ ယော ၉:၅) မရှိသောကြောင့် ဖြစ်သည်။ ညဖြစ်သောကြောင့် ယုံကြည်သူများကို သင်တို့သည် ဤလောက၏ အလင်း ဖြစ်သည် (မ ၅:၁၃) ဟုဆိုရခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် သခင်ဘုရားကနေ့အချိန် ရှိစဉ်တွင် ဟုဆိုသောအရာသည် အဘယ်အရာကို ဆိုလိုသနည်း။ သူကိုယ်တိုင်က၊ ‘ငါသည် ဤလောက၏ လင်း ဖြစ်၏ ’ဟု အောက်တွင် ဆိုသည်။ ထို့ကြောင့် သူရှိစဉ်သည် အလင်း ဖြစ်သည်။ အဘယ်သူမျှ အမှု မပြုနိုင်သော အချိန်သည် ဘေးဒဏ်ကြီး ကာလကို ဆိုုလိုခြင်း ဖြစ်မည်။ 

၅။ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ ၆ မြေပေါ်မှာ ထွေး၍ တံထွေးနှင့် ရွံ့လုပ်ပြီးမှ ကန်းသောသူ၏ မျက်စိကို ရွံ့နှင့် လူး၍၊ ၇ သင် သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကို ဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက် ကား စေလွှတ်သည် ဟုဆိုသတည်း။ ထိုသူသည် သွား၍ ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။ 

ယေရှု ကငါသည် ဤလောက၏ အလင်း ဖြစ်သည် ဟုဆိုရာတွင် ဘာကို ဆိုလို သနည်း။ အလင်း၏ အ လုပ်သည် ထင်ရှားစေသည်။ ပေါလုက၊ “အပြစ် ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သောအရာ ရှိသမျှသည်လည်း အလင်း ဖြစ်၏။” ဟုဆိုသည် (ဧဖက် ၅:၁၃)။ သို့ဖြစ်လျှင် ယေရှုသည် ဘာကို ထင်ရှားစေသနည်း။ လူများ၏ အပြစ်၊ စိတ်နှလုံးအကြံ အစည်များကို ထင်ရှားစေသည်။ သင်ယေရှု ကအဘယ်ကြောင့်မျက်စိပြန်မြင်စေဘို့ရန် တံထွေးနှင့် ရွှံ့လုပ်သနည်း။ ရွှံ့ကို မျက်ကန်းသူ၏ မျက်စိ၌ လူးပေးသည်။ ဆေးအဖြစ် အသုံးပြုခြင်း ဖြစ်သလော။ ဖြစ်နိုင်ချေမှာလူအားလုံး သည် ရွှံ့ တည်းဟူသော ဤလောကအရာများအားဖြင့် မျက်စိ ကန်းကြကြောင်းကို ဖေါ်ညွှန်းခြင်း ဖြစ်နိုင်သည်။ မျက်စိ၌ ရည်းစားမြင်ယောင်နေလျှင် ဘုရားကို မမြင်နိုင်ပါ။ လူအများစု၏ ဝိညာဉ် မျက်စိကို ရွှေငွေများ ကဖုံးနေတတ်သည်။ သင်စွဲလန်းသောအရာသည် ရွှံ့ ဖြစ်သည်။ ထိုအရာကို ရေ တည်းဟူသော နှုတ်ကပတ်တော် ကဆေးကြောမှသာလျှင်မျက်စိပြန်မြင်လာနိုင်သည်။ မျက်စိကန်းသူအတွက် ရှိလောင်ရေကန်အထိ သွား၍ ဆေးဘို့ရန်သည် ခက်ခဲသောအရာ ဖြစ်သည်။ သို့သော် သူသည် သခင်ဘုရား ခိုင်းသည့်အတိုင်း နာခံသောအခါ မျက်စိပြန်မြင်သည်။ သင်လည်း ဝိညာဉ် မျက်စိမြင်လိုလျှင် ကျမ်းစာဖတ်၍ နာခံဘို့ လိုသည်။ 

၈။ သူသည် သူတောင်းစား ဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသော သူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ ဖြစ်သည် မဟုတ်လော ဟုဆိုကြ၏။ ၉ လူအချို့က၊ ဟုတ်ကဲ့ ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့် တူသည် ဟုဆိုကြ၏။ ထိုသူကလည်း၊ အ​ကျွန်ုပ်သည် ထိုသူပင် ဖြစ်သည် ဟုဆို၏။ 

မျက်စိကန်းဘူးသောသူကို အိမ်နီးချင်းများ မှစ၍ မြင်ဘူးသောသူများ ကသေ ချာစွာ မမှတ်မိကြချေ။ အကြောင်းမှာ သူသည် မျက်စိမြင် လာသောအခါ ထူးခြားသွား သောကြောင့် ဖြစ်သည်။ သို့သောသူကမရှက်မကြောက်အကျွန်ုပ်သည် ထိုသူပင် ဖြစ်သည်ဟု ဝန်ခံလိုက်သည်။ ထို့နည်းတူ ဝိညာဉ်ရေးရာ၌ ဒုတိယ မွေးဘွားသောသူများကို သူတပါးကသေချာစွာ မသိလျှင်လည်း ကိုယ်ကိုယ်ကို သိရမည်။ အမှန်တကယ် ပြောင်းလဲလာ သူများက သူတို့ကို သူတို့ မရှက်ကြောက်ဘဲ သက်သေခံရဲ ကြသည်။ 

၁၀။ သူတို့ကလည်း၊ အဘယ်သို့ သင်၏ မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊ ၁၁ ထိုသူက၊ ယေရှု အမည်ရှိသောသူတယောက်သည် ရွံ့လုပ်၍ အ​ကျွန်ုပ်မျက်စိကို လူးပြီးမှ၊ ရှိလောင်ရေကန်သို့ သွား၍ မျက်စိကို ဆေးလော့ ဟုဆိုသည် အတိုင်း အ​ကျွန်ုပ် သွား၍ ဆေးလျှင် မျက်စိမြင်သည် ဟုဆို၏။ 

လူများ ကသင်မည်ကဲ့သို့ မျက်စိမြင်နိုင်သနည်းဟု မေးသောအခါ၊ ထိုသူက လိုရင်းကို တိုတိုလေးနှင့် ပြောတတ်သည်။ ယနေ့ သက်သေခံ သူများ မူကား မလိုအပ်သော အရာများ ကရှည်လျားစွာဖြင့် သက်သေခံကြသောအခါ လိုရာမရောက်ဘဲ၊ ရှုပ် ထွေးကုန်တတ်သည်။ မျက်စိကန်းဘူးသူ၏ သက်သေခံနည်းကို သင်ယူကြပါစို့။ 

၁၂။ လူများကလည်း ထိုသူသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းကြလျှင်၊ အ​ကျွန်ုပ် မသိ ဟုဆို၏။ ၁၃ လူများသည်လည်း မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲထံသို့ ပို့ကြ၏။ ၁၄ ယေရှုသည် ရွံ့လုပ်၍ သူ၏ မျက်စိကို ဖွင့်တော်မူသော နေ့သည် ဥပုသ်နေ့ ဖြစ်သ တည်း။ 

မျက်စိကန်းဘူးသူသည် သခင်ယေရှုကို ထောက်ခံနေသော်လည်း ဘယ်မှာ ရှိသည် မကို မသိမျက်​ခြေပျက်သွားသည်။ ​ကျွန်ုပ်တို့လည်း သခင်ယေရှုကို ယုံကြည် ချိန်၌ မျက်​ခြေပျက်သွားတတ်သည်။ အဘယ်ကြောင့်လူများက မျက်စိကန်းဘူးသောသူကို ဖာရိရှဲများထံသို့ ပို့သနည်း။ ဖာရိရှဲများသည် စစ်ဆေးရေးအဖွဲ့ ဖြစ်သည်။ လူများ ကအ ထင်ကြီး၍ သူတို့သည် အတည်ပြုမည့်သူများအဖြစ်လူများက လက်ခံသည်။ ယေရှုက ထိုသို့ မျက်စိဖွင့်သော နေ့သည် ဥပုသ်နေ့ ဖြစ်နေသည်။ ယေရှုသည် လူနာများ ကမ တောင်းဆိုသော်လည်း ဥပုသ်နေ့၌ အနာပျောက်စေတတ်သည်။ အကြောင်းမှာ သူသည် လူများကို သနား၍ အနားယူစေချင် သောကြောင့် ဖြစ်သည်။ လူနာသည် နာနေလျှင် မနားရပါ၊ ဒုက္ခ ရောက်နေသည်။ အနာရောဂါပျောက်ကင်းမှသာ အနားယူခွင့်ရှိသည်။ 

၁၅။ တဖန် ဖာရိရှဲတို့ ကအဘယ်သို့ သင်၏ မျက်စိမြင်သနည်းဟု မေးပြန််လျှင်၊ အ​ကျွန်ုပ် မျက်စိ၌ သူသည် ရွံ့ကို ထည့်၍ အ​ကျွန်ုပ်ဆေးလျှင် မျက်စိမြင်ပြီ ဟုဆို၏။ 

မျက်စိကန်းဘူးသောသူသည် စစ်ဆေးရေး အဖွဲ့များ ထံရောက်သောအခါ စစ် ဆေးခြင်း ခံပါလေတော့သည်။ သူ၏ မျက်စိမည်ကဲ့သို့ ပြန်မြင်သည်ကို မေးသောအခါ ယခင်ကဲ့သို့ တိုတိုတုတ်တုတ်နှင့် ​ဖြေလိုက်သည်။ 
၁၆။ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင် စေလွှတ်တော်မူသောသူ မဟုတ် ဟုဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခာတို့ကို အဘယ်သို့ ပြနိုင်သနည်း ဟုဆိုကြ၏။ ထိုသို့ အချင်းချင်းမသင့်ကွဲပြားခြင်းသို့ ရောက် ကြ၏။ 

ဖာရိရှဲများသည် သူုတို့၏ ထုံးစံအတိုင်း အပြစ်တင်ဘို့ သာရှာ နေကြသည်။ မျက်စိကန်းသောသူ၏ ဒုက္ခ ​ ဖြေရှင်း သွားသည်ထက် ဥပုသ်နေ့မစောင့်ခြင်းကို အပြစ် မြင် နေကြသည်။ ထို့ကြောင့် ဥပုသ်နေ့၌ မျက်စိပြန်မြင်စေသော ယေရှုကို ဘုရားသခင်က စေလွှတ်သောသူ မဟုတ်ဟု မှတ်ချက်ချ ကြသည်။ သို့သော် အချို့က ဆိုးသောသူသည် မည်ကဲ့သို့ နိမိတ်လက္ခဏာပြုနိုင်မည်နည်းဟု အချင်းချင်းကွဲပြား ကြသည်။ 

၁၇။ တဖန် မျက်စိကန်းဘူးသောသူအား၊ သင်၏ မျက်စိကို ဖွင့်သောသူသည် အဘယ်သို့ သောသူ ဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက် ဖြစ်သည် ဟုဆို၏။ 

မျက်စိကန်းဘူးသောသူက သခင်ယေရှုကို ကောင်းစွာ မသိသေးချေ။ သူက သခင်ယေရှုကို ပရောဖက် အဖြစ်သာသိသည်။ သူသည် မျက်စိမမြင်ဘူးသောကြောင့် မသိလျှင်လည်း အပြစ်တင်စရာ မရှိပါ။ ထို့နည်းတူ ဒုတိယ မွေးဘွားခါစ လူများ အနေဖြင့် သခင်ယေရှုကို ကောင်းစွာ မသိတတ်ကြပါ။ မူစလင်များကလည်း သခင်ယေရှုကို ပရော ဖက်တယောက် အနေနှင့် သာယုံကြည် ကြသည်။ ဘုရား အနေဖြင့် မယုံကြည် ကြပါ။ 

၁၈။ ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကို ခေါ်၍၊ ၁၉ ဤသူသည် သင်တို့ ဆိုသည် အတိုင်း အမိဝမ်းတွင်း ကပင် မျက်စိကန်းသော သင်တို့၏သား မှန်သလော။သို့ မှန်လျှင် အဘယ်သို့ ယခုမျက် စိမြင်သနည်းဟု မေးကြ၏။ 

ယုဒလူများ ကမျက်စိကန်းသူကို သခင်ယေရှု ကပြန်မြင်စေသည်ကို မယုံကြည် ကြချေ။ သူတို့သည် နိမိတ်လက္ခဏာရှာသော အမျိုး ဖြစ်သော်လည်း (၁ ကော ၁:၂၂-၂၃)၊ နိမိလက္ခဏာတွေ့သောအခါ မယုံကြည် တတ်ကြချေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်ကအား မရချေ။ ယုဒလူတို့ ကကာယကံရှင်ကို မေးရုံဖြင့် မကျေနပ် သေးဘဲ မိဘများကို ပါစစ်ဆေး ကြသည်။ ထိုသူသည် သူတို့၏သား မှန်မမှန်၊ မှန်လျှင် မည်ကဲ့သို့ မျက် စိပြန်မြင်သည်ကို မေးကြသည်။ 

၂၀။ မိဘတို့ကလည်း၊ ဤသူသည် အ​ကျွန်ုပ်တို့၏သား မှန်သည်ကို၎င်း၊ အမိဝမ်းတွင်း ကပင်မျက်စိကန်းသည်ကို၎င်း အ​ကျွန်ုပ်တို့ သိကြပါ၏။ ၂၁ အဘယ်ကြောင့် ယခုမျက်စိ မြင်သည်ကို၎င်း၊ အဘယ်သူသည် သူ၏ မျက်စိကို ဖွင့်သည်ကို၎င်း၊ အ​ကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကို မေးကြပါလော့။ သူသည် ကိုယ်အ ကြောင်းကို ကိုယ်တိုင် ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။ ၂၂ ဤသို့ ပြောသည် အကြောင်းကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားစရပ်မှနှင် ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့် ကြပြီ။ ၂၃ ထိုကြောင့် မိဘတို့၊ သူသည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကို မေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြော ကြ၏။ 

 မိဘများ ကယုဒလူများ မေးသော မေးခွန်းအချို့သာလျှင် ​ဖြေသည်။ သူသည် သူတို့၏သား မှန်ကြောင်း မွေးစကပင်မျက်စိကန်းကြောင်း ​ဖြေ ကြသည်။ မည်ကဲ့သို့ မျက်စိပြန်မြင်သည်ကို သိနေကြသော်လည်း မပြောချင် ကြပါ။ အကြောင်းမှာ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံသောသူကို တရားစရပ်မှနှင့် ထုတ်မည်ဟု တိုင်ပင်နှင့်သောအရာကို သိသောကြောင့် ဖြစ်သည်။ မိဘများသည် သခင်ယေရှုထက် လူများ၏ ပယ်ခြင်းကိုကို ကြောက် ကြသည်။ များစွာသော သူတို့လည်း ကယ်တင်ခြင်းနှင့် သမ္မာတ ရားကို ကြားသိကြသောအခါ၊ မှန်မှန်းကောင်းမှန်းသိသော်လည်း၊ အမျိုးနှင့် အသင်း တော်၊ အသိုင်းအဝိုင်းကို ပို၍ ချစ်၊ ကြောက်သောကြောင့် သခင်ယေရှုကို ပယ်တတ်ကြသည်။ သင်သည် ထိုသို့ သောသူ ဖြစ်နေပါသလား။ 

၂၄။ ထိုကြောင့်၊ မျက်စိကန်းဘူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီး မွမ်းလော့။ ထိုသူသည် လူဆိုး ဖြစ်ကြောင်းကို ငါတို့ သိ၏ ဟုဆိုကြလျှင်၊ ၂၅ လူဆိုး ဖြစ်သည် မဖြစ်သည်ကို အ​ကျွန်ုပ် မသိ။ အ​ကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်း တခုကို အ​ကျွန်ုပ်သိသည် ဟုဆို၏။ 

 မျက်စိကန်းဘူးသူကို ပြန်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းခိုင်းသည်။ သူတို့သည် လျှာနှစ်ခွရှိ၍ စကား နှစ်မျိုးပြောနေမှန်း မသိကြချေ။ သူတို့ ချီးမွမ်းခိုင်းသော ဘုရားသည် သူတို့ ကိုယ်တိုက်က ရှုတ်ချသော သခင်ယေရှု ပင် ဖြစ်သည်။ သခင်ယေရှုကို လူဆိုးဟု သတ်မှတ်လိုက် ကြသည်။ သူတို့ အမြင် အတိုင်း ဥပုသ်ကို မစောင့်သောကြောင့် လူဆိုး ဘွဲ့ကို ပေးလိုက် ကြသည်။ ယုံကြည်သူများလည်း မိိမိတို့ အမြင် အတိုင်း မမြင်သူတိုင်းကို ထိုကဲ့သို့ အထင်လွှဲတတ်ကြသည်။ မျက်စိကန်းဘူးသောသူက ယေရှုသည် လူဆိုး ဖြစ်သည် မဖြစ်သည်ကို မသိ ဟုဆိုလိုက်သည်။ သူသိသည် မှာယခင်ကသူသည် မျက်စိကန်း၍ ယခုမျက်စိမြင်သည့်အကြောင်း တခုသာ သူသိကြောင်း ပြောလိုက်သည်။ သူသည် ကိုယ်တိုင် အကျိုးခံစား သောကြောင့် မကြောက်ပါ။ သင်လည်း ကိုယ်တိုင် ခံစားလျှင် ဘာ မျှကြောက်စိတ်ရှိမည် မဟုတ်ပါ။ 

၂၆။ တဖန် ထို သူတို့က၊ သူသည် သင်၌ အဘယ်သို့ ပြုသနည်း။ သင်၏ မျက်စိကို အဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အ​ကျွန်ုပ်တခါပြောပြီ၊ သင်တို့ နားမကြားကြ။ ၂၇ အဘယ်ကြောင့် တဖန် ကြားချင် သနည်း။ သူ့တပည့် ဖြစ်ချင် သလော ဟုဆို၏။ 

 မျက်စိကန်းဘူးသူသည် နှစ်ခါမြောက်မေးခွန်းမေးခံသောအခါ စိတ်မရှည်နိုင် တော့ပါ။ သူ့ကို မေးသောသူများကို ယေရှု၏ တပည့် ဖြစ်ချင် သလောဟု ဘုကျကျပြန်မေး လိုက်သည်။ သူသည် သတ္တိရှိသည်။ 

၂၈။ ထို သူတို့ကလည်း၊ သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့ မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။ ၂၉ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆို ကြလျှင်၊ 


ယုဒလူများက သူတို့သည် မောရှေတပည့် ဖြစ်သည် ဟုဆို ကြသည်။ အမှန် မှာ မောရှေသည် ဘုရား အသုံးပြုသော လူသား မျှသာ ဖြစ်သည်။ ယေရှုသည် သူ ကိုယ်တိုင် မောရှေကို ဖန်ဆင်းသောသူ ဖြစ်သည်။ မသိသောအခါ အရှင်ကို ပယ်၍ ​ကျွန်ကို အားကိုး ကြသည်။ ယနေ့ များစွာသော သူတို့လည်း ဖန်ဆင်းရှင်ဘုရားကို မသိသောအခါ ဖန်ဆင်းထားသော အရာများကို ယုံကြည် အားကိုး ကြသည်။ ပြော၍လည်း မရသောအခါ၊ သနားရုံကလွှဲလျှင် ဘာမျှ မတတ်နိုင်ပါ။ သင်သည်လည်း ထိုကဲ့သို့သော သူ ဖြစ်နေ ပါသလား။ 

၃၀။ သူသည် အ​ကျွန်ုပ်မျက်စိကို ဖွင့်သော်လည်း အဘယ်က ဖြစ်သည်ဟု သင်တို့ မသိ ကြသည်ကို အံ့ဩဘွယ်ရှိ၏။ ၃၁ ဘုရားသခင်သည် လူဆိုးတို့ စကားကို နားထောင်တော်မမူသည်ကို ငါတို့ သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်သို့ လိုက် သောသူ ဖြစ်လျှင် ထိုသူ၏ စကားကို နားထောင်တော်မူ၏။ ၃၂ အမိဝမ်းတွင်း ကပင်မျက် စိကန်းသောသူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ ၃၃ ထိုသူသည် ဘုရားသခင် စေလွှတ်တော်မူသောသူ မဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင်ဟု ပြောဆို၏။  

မိဘများသည် ကြောက်သော်လည်း မျက်စိကန်းသောသူသည် လုံးဝ မကြောက်ချေ။ ဖာရိရှဲများနှင့် ယုဒလူများကို တရားဟောဆုံးမလိုက်သည်။ ယေရှုသည် ဘုရား လူမဟုတ်လျှင် ဘုရားသခင်က သူ၏ စကားကို နားထောင် မည်နည်း ဟုဆိုလိုက်သည်။ အမိဝမ်းတွင်း ကပင်မျက်စိကန်းသူကို မျက်စိမြင်စေခြင်းသည် ဘုရားသခင်ထံမှ မဟုတ်လျှင် မည်သို့ တတ်နိုင်မည်နည်းဟု သူတို့ကို ပြောလိုက်သည်။ သူသည် ကိုယ်တိုင် ခံစား သောကြောင့် ရှင်းလင်းစွာ ပြတ်သားစွာ သိမြင်၍ ပြောနေခြင်း ဖြစ်သည်။ တရားစရပ်မှနှင် ထုတ်မည့် အရာကိုလည်း မမှု နိုင်ချေ။ များစွာသော ယုံကြည်သူများသည် အသင်းတော် အသိုင်းအဝိုင်းမှ နှင်ထုတ် ခံမှာကို ကြောက်တတ်ကြသည်။ 

၃၄။ ထို သူတို့ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ် စွဲသောသူ ဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည် တကားဟု ပြောဆို ကြပြီးလျှင်၊ ထိုသူကို တရားစရပ် မှ နှင်ထုတ် ကြ၏။ 

 ဖာရိရှဲများများပြန်ပြောရဲသော သတ္တိသည် မနည်းပါ။ ထိုသို့ ပြောရဲသောကြောင့်လည်း သူ့ကို တရားစရပ်မှ နှင်ထုတ် လိုက် ကြသည်။ သူတို့၏ အမြင် မှာတကိုယ် လုံးဒုစ ရိုက်အပြစ်ကြောင့် မွေးစကပင်မျက်စိကန်းသည် ဟူ၍ ဖြစ်သည်။ 

၃၅။ နှင်ထုတ်သည် အကြောင်းကို ယေရှုသည် ကြားပြီးမှထိုသူကို တွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် သလောဟု မေးတော်မူ၏။ ၃၆ သခင်၊ အ​ကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏ သားတော် ကား အဘယ်သူ နည်းဟု မေးလျှောက်သော်၊ ၃၇ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကား ပြောသောသူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ ၃၈ သခင်၊ အ​ကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။ 

 မျက်စိကန်းဘူးသောသူသည် မကြောက်ဘဲ ယေရှုကို ထောက်ခံသောကြောင့် တရားစရပ်မှ နှင်ထုတ် ခံရသည်။ သို့သော် ထိုသို့ နှင်ထုတ် ခံခြင်းသည် ပို၍ ကောင်းသည်။ အကြောင်းမှာ ယေရှုသည် တရားစရပ်ထဲ၌ မရှိပါ။ အကယ် နှင်ထုတ်ခြင်း မခံခဲ့လျှင် ယေရှုနှင့် ပြန်တွေ့ရမှာ မဟုတ်။ ယနေ့ များစွာသောသူများလည်း သတ္တိမရှိသောကြောင့် ကယ် တင်ခြင်းနှင့် သမ္မာတရား မဟောပြောသော အသင်းတော်များ၌ စွဲကပ် နေကြသည်။ အသင်းတော်နှင့် အမျိုး အပေါင်းအသင်းများကို မခွဲရဲကြသောကြောင့် ယေရှုနှင့် ဝေးကွာ ကာနောက်ဆုံးခမ်း​ခြောက်သော အသက်တာနှင့် အသက်ရှင် ကြသည်။ ထိုသူကို ယေရှု ကဘုရား၏ သားတော်ကို ယုံကြည် သလောဟု မေးသောအခါ သူ မသိချေ။ ထို့ကြောင့် ယေရှု ကသူသည် ဘုရား၏ သားတော် ဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုအခါ သူသည် သံသယမရှိ၊ နှစ်ခါမစဉ်းစားဘဲ ယေရှုကို ယုံကြည်၍ ညွတ်ပြပ်ကိုးကွယ်လိုက်သည်။ သူ၏ ဝိညာဉ် မျက်စိပါလင်းသွားသည်။ ထိုသူသည် တနေ့ချင်းတွင် ကိုယ်ကာယမျက်စိနှင့် ဝိညာဉ် မျက်စိမြင်သွားသည်။ မည်မျှ အားရစရာ ကောင်းသနည်း။ များစွာသော သူတို့သည် ကိုယ်ကာယမျက်စိမြင်သော်လည်း ဝိညာဉ် မျက်စိကန်း နေကြသည်။ သတ္တိမရှိ၊ မပြတ် သားသောသူများသည် ဝိညာဉ် မျက်စိကန်းသဖြင့် ဘုရား ပြင်ဆင် ပေးသော အရာများ မမြင်သောကြောင့် ထာဝရ ဆုံးရှုံးရ ကြသည်။ 

၃၉ ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာ ပြီဟု မိန့်တော်မူ၏။ 

 ယေရှု ကသူသည် ဝိညာဉ် မျက်စိမမြင်သော သူတို့ကို မြင်စေခြင်းငှါ လာသည် ဟုဆိုသည်။ သင်သည် ဝိညာဉ် မျက်စိမြင်လိုပါသလား။ သခင်ဘုရား ထံချဉ်းကပ်ပါ။ စိတ်နှလုံးအကြွင်းမဲ့နှင့် လာပါက သခင်ဘုရားကသေချာပေါက်မြင်စေပါလိမ့်မည်။ သခင်ဘုရားသည် ဝိညာဉ် မျက်စိမြင်သည်ဟု ထင်သောသူများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များ၊ အမှုတော်ဆောင်များ၊ မျက်စိကန်းစေခြင်းငှါ တရားစီရင်၍ လာသည် ဟုဆိုသည်။ ထိုကဲ့သို့ သူမဖြစ်ပါစေနှင့်။ 

၄၀။ အထံတော်၌ ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ၄၁ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ် မရှိ။ ငါတို့ မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ် တည်သည်ဟု မိန့်တော်မူ၏။ 

ဖာရိရှဲများသည် တရားစရပ်မှ မျက်စိကန်းဘူးသောသူကိုနှင့် ထုတ်သော်လည်း၊ သူထွက်သွားသောအခါ နောက်မှလိုက် နေကြသည်။ ထို့ကြောင့် ထိုသူနှင့် ယေရှု စကားပြောသောအရာကို ကြားကြခြင်း ဖြစ်သည်။ သူတို့သည် တချိန်လုံး သူတပါးအပြစ် ရှာသော စာတန် ကိုယ်စားလှယ်များ ဖြစ်သည်။ သူတို့ ကယေရှုထံ၊ ငါတို့သည် မျက်စိကန်း သလောဟု စိတ်မလုံသောကြောင့် မေးကြသောအခါ၊ ယေရှု ကသင်တို့သည် မျက်စိ ကန်းသည် မှန်လျှင် အပြစ် မရှိ၊ ယခုငါတို့ မျက်စိမြင်သည် ဟုဆိုသောကြောင့် အပြစ်ရှိသည် ဟုဆိုသည်။ သင်သည် မျက်စိကန်းသလော၊ မြင်သလော။ ကိုယ်ကိုယ်ကို ပြန်လည်စစ်ဆေးစေလို ပါသည်။ 

 အသင်းတော် သစ်စတင်ခြင်း 

 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်  Kentucky ပြည်နယ် Owensboro မြို့တွင် သတင်းကောင်း နှစ်ခြင်း အသင်းတော်ကို မေလ ၅ ရက်နေ့တွင် စတင်တည် ထောင်ဘို့ ရှိပါသည်။ ထိုမြို့သည် လူဦးရေ ၆သောင်း နီးပါးရှိသည်။ ထိုမြို့ရှိ မြန်မာ ပြည်သားများထံ ကယ်တင်ခြင်းနှင့် သမ္မာတရားများကို သတင်းကောင်း နှစ်ခြင်း အသင်းတော် မှဆရာ၊ ဆရာမများ ကဝေငှခဲ့ကြရာ၊ ယခုဆရာစိုးထွန်း ဦးဆောင်ခြင်းအားဖြင့် အသင်းတော် စတင်တော့မည် ဖြစ်ပါသည်။ ထိုအသင်းတော်သည် လူမျိုးရေးအားဖြင့်လည်း မဟုတ်၊ ဂိုဏ်းဂဏကြောင့်လည်း မဟုတ်၊ ကယ်တင်ခြင်း သမ္မာတရား သက် သက်ဖြင့် စတင်မည့် အသင်းတော် ဖြစ်ပါသည်။ ဝတ်ပြုကိုးကွယ်မည့် ဘုရားကျောင်းကိုလည်း ဘုရားသခင်က ပြင်ဆင် ထားသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ အသင်းတော် ပိုင်ရှင်သည် သခင်ယေရှု ဖြစ်၍ တည်ဆောက်သူလည်း သူကိုယ်တိုင် ပင် ဖြစ်ပါသည်။ 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG