GOODNEWS
  HOME  GOODNEWS  2023 NOV
 


ထာ၀ရဘုရားကိုချီးမွမ်းကြလော့

ယခုနှစ်ကျေးဇူးတော်ချီးမွမ်းခြင်းသည် နိုဝင်္ဘာလ ၂၃ ရက်နေ့ဖြစ်ပါသည်။ ထိုနေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော် ချီးမွမ်းခြင်းကို အစိုးရရုံးများပိတ်ခြင်းဖြင့် ပြုလုပ်ကြမည်ဖြစ်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းကို ဤနိုင်ငံသို့ အဦးဆုံးရောက်ရှိလာ သူများက ထာဝရဘုရားထံ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် အစပြုခဲ့သော်လည်း၊ ယခုနောင်လာနောက်သားများက ဘုရားထံချီးမွမ်းခြင်း မဟုတ်တော့ဘဲ၊ အစဉ်အလာရှိ၍ မိသားစုများတွေ့ဆုံပြီး စားသောက်ပွဲ၊ နယူးယောက်မြို့၌ချီတက်ပွဲ၊ American foot ball ကြည့်ပွဲ များသာလျှင်ဖြစ်တော့သည်။ ဘုရားသခင်သည် ကျေးဇူးတော်ချီးမွမ်းခြင်း၌ မပါတော့ချေ။ အလွန်ဝမ်းနည်းစရာပင်ဖြစ်သည်။ သင်သည်မည်ကဲ့သို့ ကျေးဇူးတော်ချီးမွမ်းပွဲကျင်းပမည်နည်း။ ဘုရားမပါသောကျေးဇူးတော်ချီးမွမ်းပွဲသည် စာတန်၏လှည့်ဖျားခြင်းဖြစ်၍ လုံးဝအဓိပ္ပါယ်မရှိချေ။ အမှန်မှာကျေးဇူးတော်ချီးမွမ်းခြင်းသည် ကျမ်းစာထဲမှစခြင်းဖြစ်သည်။ ထိုအရာများကိုကြည့်ကြပါစို့။

 

ဓမ္မဟောင်းကာလ၌ချီးမွမ်းခြင်း

ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြ လော့။(ဆာ ၁၀ရး၁) လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေး ဇူးတော် (virtues  or excellencies) ကိုချီးမွမ်းကြစေ။ အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း၊ ကောင်းသောအရာနှင့်ဝစေတော်မူ၏။(ဆာ ၁၀ရး၈-၉) အဘယ်ကြောင့် ထာ၀ရဘုရားကို ချီးမွမ်းသင့်သနည်း။ ဆာလံဆရာက၊ အကြောင်းရင်းများ ဖေါ်ပြသွားပါသည်။ ထာ၀ရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့်ဖြစ်သည်။ ထာ၀ရဘုရားသည် မတရားသောဘုရား မဟုတ်ပါ။ ကောင်းမြတ်ပါသည်။ သို့သော်စာတန်က ထာ၀ရဘုရားသည် မကောင်းမြတ်ကြောင်း နည်းမျိုးစုံနှင့် တိုက် ခိုက်နေကြောင်းကို သတိထားရမည်။ ထာဝရဘုရားသည်ကောင်းမြတ်သည်သာမဟုတ်၊ ကရုဏာတော်အစဉ်အမြဲတည်သည်။ ထာဝရဘုရားသည် သူ့ကိုမယုံကြည်၊ တော်လှန်ပုန်ကန်ပြီး ဆန့်ကျင်နေသော လူသားများအပေါ် သူ၏ကရုဏာ အစဉ်အမြဲတည်စေသည်။

သခင်ယေရှုက၊   ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့ အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုးကို ရွာစေတော်မူ၏။ (မဿဲ ၅း၄၅) ဟုဆိုခဲ့သည်။ သင်စဉ်းစားမိဘူးပါသလား။ နေအားဖြင့်အလင်းနှင့်အပူရရှိသည်။ ကမ္ဘာသည်နေမှ မိုင် ၉၃ သန်းဝေးသည်။ အနည်းငယ် ပိုနီးလျှင် ကမ္ဘာသည်မီးလောင်ပြာကျသွားမည်။ အနည်းငယ်ပိုဝေးလျှင် ကမ္ဘာကြီးရေခဲသွားမည်။ သို့သော်မည်သူက နေကိုဖန်ဆင်း၍ ကမ္ဘာမှသတမတ်တည်း အကွာအဝေးကို ချိန်ညှိချုပ်ကိုင်ထားသနည်း။ မိုးလည်းပုံမှန်ရွာစေသောသူသည် အဘယ်သူနည်း။ လောကမှာ အလိုလိုဖြစ်သောအရာတခုမျှမရှိပါ။ ပြုလုပ်သူ၊ ဖန်ဆင်းသူရှိသည်။ သစ်ပင်သည် လူကမခွဲဘဲ သစ်သားမဖြစ်နိုင်ပါ။ သစ်သားလည်း လူကမလုပ်လျှင် ပရိဘောဂမဖြစ်လာနိုင်ပါ။ သို့သော်လူသားများက ထိုအရာကိုမစဉ်းစားဘဲ ခလေးကဲ့သို့ ကိုယ်လုပ်ချင်သောအရာသာလျှင် လုပ်နေကြသည်။ အရာရာသည် အလိုလိုဖြစ်သည်၊ သဘာဝဖြစ်သည်၊ ဟုယူဆကြသည်။ လူသည်ဘုရားဖန်ဆင်းထားသော အရာများကို သဘာဝ၊ ဟုထင်ကြသည်။

လူသည်ထိုကဲ့သို့ ဘုရားသခင်ကိုမသိ၊ သိချင်စိတ်မရှိ၊ လှစ်လှိုရှုသော်လည်း၊  အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ ၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ ၁၅ လူတို့၏နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ ၁၆ လေသည်လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။ ၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏။ ဟုတွေ့ရသည် (ဆာလံ ၁၀၃း၁၃-၁ရ)။

ဝိညာဉ်ပိုင်းခလေးများချီးမွမ်းခြင်း

ခလေးများကိုသကြားလုံးပေးလျှင် အလွန်ဝမ်းမြောက်ကြလိမ့်မည်။ ခရစ်ယာန်အများစု၊ သို့မဟုတ် အားလုံးနီးပါသည် ဘုရား ကိုချီးမွမ်းသောအခါ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကောင်းကြီးများအတွက်သာလျှင် ချီးမွမ်းတတ်ကြသည်။ ဝိညာဉ်ပိုင်းဆိုင်ရာ‌ ကောင်းကြီးများကိုမူ ချီးမွမ်းရမှန်းမသိတတ်ကြချေ။ ကိုယ်ခန္ဓာနှင့်ပတ်သက် သောအရာများလည်း ချီးမွမ်းရမည်။ သို့သော် ထိုအရာများသည် ယာယီအတွက်သာဖြစ်၍ မတည်မြဲချေ။ ထာဝရကာလအတွက် ပေးထားသောကောင်းကြီးများကို ပို၍ချီးမွမ်းသင့်သည်မဟုတ်လော။ ကိုယ်ခန္ဓာကျန်းမာခြင်းသည် အရေးကြီးပါသည်။ သို့သော်ထိုအရာထက် ဝိညာဉ်အသက်ရှင်ခြင်း၊ ဝိညာဉ်ပိုင်း ကျန်းမာခြင်းသည် နှိုင်း၍ မရလောက်အောင် တန်ဘိုးရှိ၊ အရေးကြီးပါသည်။ သို့သော် သင်၏ဝိညာဉ်သည် သေနေလျှင်ထိုအရာကိုနားလည်နိုင်မည် မဟုတ်ချေ။ သင်သည်ဝိညာဉ်ပိုင်းအသက်ရှင်သော်လည်း၊ ခလေးအဆင့်သာရှိလျှင်လည်း ဇာတိလူများကဲ့သို့ဇာတိအရာများအတွက်သာ တန်ဘိုး ထားချီးမွမ်းနေမည်ဖြစ်သည်။

ခရစ်တော်၏ချီးမွမ်းခြင်း

ဝိညာဉ်ပိုင်းနုနယ်သေးသောသူများအနေဖြင့်၊ အပြစ်မှလွတ်မြောက်ခြင်း၊ ကောင်းကင်နိုင်ငံသို့ ဝင်ခွင့်ရခြင်းများအတွက် ချီးမွမ်းရမည်။ အကြောင်းမှာ အပြစ်ကင်းပြီးကောင်းကင်နိုင်ငံ ဝင်ခွင့်ရရှိခြင်းသည်၊ လူ့အသက်တာ၌ အရေးကြီးဆုံးဖြစ်သည်။ ဝိညာဉ်ပိုင်းကြီးထွားလာသောသူများအနေဖြင့် သမ္မာတရားသိရှိခြင်းအတွက် ချီးမွမ်းကြမှာဖြစ်သည်။ သမ္မာတရားသိခြင်းသည် အလွန်အရေးကြီးသည်။ သမ္မာတရားသိရုံသာမက၊ သမ္မာတရား၌ ကျင်လည်သောသူများအနေဖြင့်၊ ထိုသို့ကျင်လည်နိုင်ခြင်းအတွက် ချီးမွမ်းကြမှာဖြစ်သည်။ သခင်ယေရှုက ခမည်းတော်ဘုရားကို ဤသို့ချီးမွမ်းခဲ့သည်၊  "ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသော သူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဖော်ပြ တော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။"(မဿဲ ၁၁း၂၅) သခင်ယေရှု၏ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းသည်၊ တပည့်တော်များက ဤအရာများ တည်းဟူသော ဘုရားသခင်၏ အလိုတော်များကို သိခြင်းဖြစ်သည်။ သင်သည်ထိုအရာအတွက်ချီးမွမ်းနိုင်ပါသလော။

ပေါလု၏ချီးမွမ်းခြင်း

ပေါလု၏ဩဝါဒစာများ၌ အသင်းတော်များထံ စာရေးသောအခါ၊ သူတို့၏ဇာတိပိုင်းဆိုင်ရာ ကောင်းကြီးများထက် ဝိညာဉ်ပိုင်း ဆိုင်ရာကောင်းကြီးများအတွက် ကျေးဇူးတော်ချီးမွမ်းကြောင်း ဤသို့တွေ့ရသည်။ ရောမအသင်းတော်ထံ၊ "သင်တို့၏ ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင် ကျေးဇူးတော်ကို ရှေ့ဦးစွာငါချီးမွမ်း၏။" (ရောမ ၁း၈) ရောမအသင်းသားများ၏ ယုံကြည်ခြင်းသည် မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည်၊ ဟုဆိုသည်။ သင်၏ယုံကြည်ခြင်း၊ သင့်အသင်းတော်၏ယုံကြည်ခြင်းသည် နေရာအနှံ့အပြား၌ ကျော်စောပါသလား။

ကောရိန္သုအသင်းတော်ထံ၌လည်း ဤသို့စာရေးခဲ့သည်၊ "အထက်ကခရစ်တော်၏သက်သေကို၊ သင်တို့တွင် တည်စေသည်ရှိသော်၊ ၅ သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ ၆ အရာရာ၌နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံ ကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အား ပေးတော်မူသော၊ ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့်၊ ငါ့ဘုရားသခင်၏ ကျေးဇူးတော်ကို၊ အစဉ်မပြတ်ချီးမွမ်း၏။" (၁ ကော ၁း၄-၆) ပေါလုက ကောရိန္သုအသင်းတော် နှင့်ပတ်သက်၍ ဇာတိပိုင်းကောင်းကြီးအတွက် ကျေးဇူးတော်ချီးမွမ်းပါသလော။ သူတို့၏ နှုတ်သတ္တိ ဉာဏ်သတ္တိအတွက် ချီးမမွမ်းသည်မဟုတ်လော။ သူတို့၏နှုတ်သတ္တိ ဉာဏ်သတ္တိသည် လောကစကား၊ လူများမကောင်းကြောင်း အတင်းပြောခြင်းဖြစ်မည်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သူတို့၏ယုံကြည်ခြင်းများ ပြော ကြားခြင်းဖြစ်မည်၊ ယူဆရသည်။

ဧဖက်အသင်းတော်နှင့်ပတ်သက်၍လည်း ဤသို့ချီးမွမ်းသွားပါသည်၊ "ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့်၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်းကို၊ ငါသည်ကြားပြီးလျှင်၊ ၁၆ သင်တို့ကိုအကြောင်းပြု၍၊ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းလျက်၊ သင်တို့အဖို့အလိုငှာ ဆုတောင်းပဌနာပြုလျက်နေ၏။" (ဧဖက် ၁း၁၅-၁၆) ဧဖက်အသင်းသားများသည် သခင်ယေရှုကို ယုံကြည်သည်သာမက၊  သန့်ရှင်းသူများတည်းဟူသော ယုံကြည်သူများကိုလည်းချစ်ခြင်းအတွက် ပေါလုကချီးမွမ်းခြင်းဖြစ်သည်။

ဖိလိပ္ပိအသင်းတော်သည် ဧဝံဂေလိတရားနှင့်ပတ်သက်ကြောင်း ပေါလု၏စာအားဖြင့် ဤသို့သိရသည်၊ "ငါသည် ဆုတောင်းပဌနာပြုသောအခါခါ၊ ၄ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို၊ အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သော အခါခါ၊ ၅ သင်တို့သည် ရှေ့ဦးစွာသော နေ့ရက်မှစ၍၊ ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆက်ဆံ၍၊ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။" (ဖိလိ ၁း၃-၅) ဖိလိပ္ပိအသင်းတော်သည် ဧဝံဂေလိတရားကိုဆက်ဆံသောကြောင့် ပေါလုက ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်သည်။

ကောလောသဲအသင်းတော်ထံ၊ "သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်၊ ဟုငါတို့ သည်ကြားသဖြင့်၎င်း၊ ၄ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို၊ သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့ အဘို့ ကောင်းကင်ဘုံ၌ သိုထားသော၊ မြော်လင့်ရာကိုထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊ ၅ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။"(ကောလော ၁း၃-၅) စာရေးသည်။ ကောလောသဲ အသင်းတော်လည်း ယေရှုခရစ်ကို ယုံကြည်သည်သာမက သန့်ရှင်းသူများကိုလည်းချစ်သည်။ ထိုမျှသာမက သမ္မာတရားကိုလည်းသိပြီး၊ သူတို့အတွက် ကောင်းကင်ဘုံ၌ သိုထားသောအရာအတွက် ပေါလုကကျေးဇူးတော်ချီးမွမ်းသည်။ သူတို့အတွက် ကောင်းကင်ဘုံ၌ သိုထားသောအရာသည် အဘယ်အရာဖြစ်မည်နည်း။ သခင်ယေရှုက၊  "သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက် ခိုးယူရာ မြေကြီးပေါ် မှာ ဘဏ္ဍာကိုမဆည်းဖူးကြနှင့်။" (မဿဲ ၆း၁၉) ဟုဆိုခဲ့သောကြောင့် ဘဏ္ဍာများဖြစ်နိုင်သည်။ သင့်အတွက်ကောင်းကင်ဘုံ၌ ဘဏ္ဍာများ သိုထားသောအရာများကို သိပါသလော။ ထိုအရာများကို မျှော်လင့်ပါသလော။

ပေါလုက သက်သာလောနိတ်အသင်းတော်ထံ၊ "ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့်ကြိုးစားအားထုတ်ခြင်း၊ ၃ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို၊ ငါတို့သည် အစဉ်မပြတ်အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကိုသိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ၄ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဖို့ အလိုငှာ ဆုတောင်းပဌနာ ပြုလျက်နေကြ၏။(၁ သက် ၁း၂-၄) ဟုစာရေးခဲ့သည်။ ပေါလုချီးမွမ်းသောအရာများမှာ၊ သက်သာလောနိတ် အသင်းတော်သည်၊ ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့် (လုပ်ဆောင်) သည်။ ချစ်သောစိတ်နှင့်ကြိုးစားအားထုတ်သည်။ သခင်ယေရှု ခရစ်ကိုမျှော်လင့်သောစိတ်နှင့် တည်ကြည်သည်။ သူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်းအတွက် ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းသည်။

တဖန်၊ "ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌၊ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။" (၁ သက် ၂း၁၃) ဟုရေးသည်။ သက်သာလောနိတ်အသင်းတော်သည် ပေါလုတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောကြောင့် ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်သည်။

            အချုပ်အားဖြင့်ကြည့်လျှင် ပေါလုသည် အသင်းတော်များ၏ ဇာတိပိုင်းအတွက် မဟုတ်ဘဲ၊ ဝိညာဉ်ပိုင်းအတွက်သာလျှင် ကျေးဇူးတော်ချီးမွမ်းကြောင်း တွေ့ရသည်။ ထို့ကြောင့်ယုံကြည်သူများလည်း ဇာတိပိုင်းအတွက်သာမက၊ ဝိညာဉ်ပိုင်းအတွက်များများ ကျေးဇူးတော်ချီးမွမ်းသင့်သည်။ ဇာတိပိုင်းကောင်းကြီးများသည် ခဏအတွက်သာလျှင်ဖြစ်သည်သာမက ထိုကောင်းကြီးများအားဖြင့် ဝမ်းနည်းစရာ၊ အပြစ်ကျူးလွန်စရာများ ဖြစ်စေနိုင်သည်။ ထိုမျှသာမက ထိုအရာများသည် မယုံကြည်သူများကလည်း ရရှိခံစားနိုင်သည်။ ဥပမာ ကားဝယ်နိုင်ခြင်းသည်၊ မယုံကြည်သူများကလည်း ဝယ်နေကြသည်။ ကိုယ်ခန္ဓာနေပြန်ကောင်းခြင်းလည်း ဝမ်းမြောက်ချီးမွမ်းစရာဖြစ်သော်လည်း၊ မယုံကြည်သူများလည်း ကျန်းမာနေကြသည်။ ထိုသို့ဆိုသောကြောင့် ဇာတိပိုင်းဆိုင်ရာ မချီးမွမ်းရဟုမဆိုလိုပါ။ သို့သော်ဇာတိပိုင်းဆိုင်ရာသာမချီးမွမ်းဘဲ ဝိညာဉ်ပိုင်းဆိုင်ရာကောင်းကြီးများကို များများချီးမွမ်းသင့်ကြောင်း အကြံပေးခြင်း ဖြစ်ပါသည်။ စာဖတ်သူအယောက်တိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။

 

ဂလာတိဩဝါဒစာအနက်ဖွင့်ခြင်း

အခန်းကြီး ၁

ပေါလုမှ ဂလာတိပြည်ရှိ အသင်းတော်များ ထံနှုတ်ဆက်

            ဂလာတိသည်မြို့မဟုတ်ပါ၊ ပြည်ဖြစ်သည်။ ပေါလုကဂလာတိပြည်ရှိအသင်းတော်များထံစာရေးသည်။ ဂလာတိပြည်သည် အနောက်ဖက်တွင် အာရှိပြည်၊ ဘိသုနိပြည်၊ တောင် ဖက်တွင်ပမ်ဖုလိပြည်နှင့်ကိလိကိပြည်၊ အရှေ့ဖက်တွင် ကပ္ပဒေါကိပြည်နှင့်မြောက်ဖက်တွင် ဘိသုနိပြည်တို့ရှိသည်။ ယခုခေတ် တူရကီနိုင်ငံ၏ အလယ်ဗဟိုဖြစ်သည်။ 

၁။ လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့်၎င်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍၊

ပေါလုက၊ သူသည်လူ့အခွင့်နှင့်မဟုတ်၊ ခရစ်တော်နှင့်ခမည်းတော်ဘုရားသခင်၏ အခွင့်အားဖြင့် တမန်တော်ဖြစ် ကြောင်းကိုရေးထားသည်။ အကြောင်းမှာ လူအားဖြင့်တမန်တော်ဖြစ်သောသူများရှိသောကြောင့် ဖြစ်နိုင်သည်။ ယခုခေတ်တွင် ဘုရား၏အခွင့်အားဖြင့်မဟုတ်ဘဲ၊ လူ့အားဖြင့်ဘုရားအမှုတော်ဆောင်များစွာရှိသည်။ ထိုသူများသည်ဘုရား၏အလိုတော်ကိုမဆောင်ကြဘဲ၊ လူ့အကြိုက်အမှုဆောင်နေကြသောကြောင့်၊ လူများကိုကယ် တင်ခြင်းအကြောင်းမပြောကြချေ။ ဘုရားအလို တော်ဆောင်သောသူများကသာလျှင်၊ ဘုရား၏အလိုတော်တည်း ဟူသော၊ လူများကောင်းကင်ရောက်ရှိရေးကို အဓိကထားဟော ပြောကြလိမ့်မည်။ 


၂။ ငါ့ထံမှာရှိသော ညီအစ်ကို အပေါင်းတို့သည်၊ ဂလာတိပြည်၌ ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။

ပေါလုသည်စာရေးသောအခါ သူတစ်ယောက်တည်းကိုသာမဖေါ်ပြဘဲ၊ သူ၏လုပ်ဖေါ်ဆောင်ဖက် များကိုလည်းအမြဲ ဖေါ်ပြတတ်သည်။ သူတစ်ယောက်ကသာ နာမည်ကောင်းမရဘဲ၊ သူ့အဖေါ်များကိုလည်း ရေတွက်ဝင်စေခြင်းအားဖြင့်၊ သူတပါးကိုလည်းဂရုစိုက်သည်။ ထိုအကျင့်ကောင်းကို ကျွန်ုပ်တို့လည်း အတုယူ သင့်သည်။ အထက်၌ဖေါ်ပြခဲ့ပြီးသကဲ့သို့ ဂလာတိ သည်မြို့မဟုတ်ဘဲ၊ ပြည်ဖြစ်၍ထိုပြည်ရှိ အသင်းတော်များကို စာရေးခြင်းဖြစ်သည်။ သူတို့ခေတ်၌ယခုခေတ်ကဲ့သို့ စာရေးစက္ကူ နှင့်စာရေးကရိယာများ မကောင်းသောကြောင့်၊ အသင်းတော်တစ်ပါးစီ သီးခြားစာမရေးနိုင်ခြင်းဖြစ်မည်။ ထိုစာတစ်စောင်ကို အသင်းတော်တိုင်း၌ လှည့်လည်၍ ဖတ်ခိုင်းခြင်းဖြစ်မည်။ 

 

၃။ သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော။

ပေါလုစာရေးသောအခါ သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ရှိခြင်းဘို့ အမြဲရေးတတ်သည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် ဘုရားထံတော်မှသာလာသည်။ 
၄။ ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဆိုးညစ်သော ပစ္စုပ္ပန် ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။

သခင်ယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်၏ အလိုတော်အားဖြင့် ငါတို့ကိုကယ်တင်ရန် ကိုယ့်ကို ကိုယ်အပ်နှံသည်၊ ဟုဆိုသည်။ ပေါက်ကရ သူ့သဘောဖြင့်အပ်နှံသည် မဟုတ်။ ပေါလုက ပစ္စုပ္ပန်ဘဝကို ဆိုးညစ် သည်၊ ဟုဆိုသည်။ သို့သော်ကျွန်ုပ်တို့က ပစ္စုပ္ပန်တည်းဟူသော ယခုဘဝကို ဆိုးညစ်သည်၊ ဟုမမြင်ကြချေ။ ယခုဘဝကိုအလွန်ခုံမြင် နှစ်သက်ကြသည်မဟုတ်လော။ အဘယ့်ကြောင့်ပေါလုက ယခုဘဝကိုဆိုးညစ်သည်၊ ဟုဆိုသနည်း။ ဘုရားအမြင်၊ ဝိညာဉ်မျက်စိဖြင့်ကြည့်မြင်သော ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့မူကား လူ့အမြင်၊ ဇာတိအမြင်အားဖြင့်ကြည့်သောကြောင့်၊ အလွန်တပ်မက်စွဲလမ်းနေကြခြင်းဖြစ်သည်။ လူကချေးကိုအလွန်ရွံ ရှာသော်လည်း၊ လောက်ကောင်အတွက်မူအလွန် သွားရေယိုသော အစာဖြစ်နေသည်။ ထိုလောက်ကောင်များကို အိမ်သာထဲမှကယ်နှုတ်ပါက ဝမ်းမြောက်ကြမည်မဟုတ်။ ထို့နည်းတူ၊ ဆိုးညစ်သောပစ္စုပ္ပန်ဘဝမှ အပြစ်သားများ ကိုကယ်တင်ရာတွင်၊ လူသားများအနေဖြင့်နားမလည်နိုင်၊ အလွန်တပ်မက်စွဲလမ်းနေသောအပြစ်ထဲမှ ကယ်နှုတ် ခြင်းကိုမခံလိုကြ သောကြောင့်၊ ထိုသတင်းစကားပြောသော သူများကိုပင်မုန်းပြီး မတွေ့မြင်လိုကြခြင်းဖြစ်သည်။ သင်သည်ဤပစ္စုပ္ပန်ဘဝကို မည်ကဲ့သို့မြင်ပါသနည်း။ ဘုရားသခင်က ခရစ်တော်အားဖြင့်ကယ်တင်ခြင်းကို လက်ခံလိုပါသလား။ 
၅။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ဆိုးညစ်သောပစ္စုပ္ပန်ဘဝမှ ကယ်တင်တော်မူသောဘုရားသခင်ကို ရှင်ပေါလုက ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူ စေသတည်း၊ ဟုဘုရားသခင်ကိုချီးမွမ်းသွားသည်။ သင်သည်အာမင်ဟုဆိုနိုင်ပါသလော။ အာမင်၏အဓိပ္ပါယ်သည်၊ သဘောတူပါသည်၊ ဟုဆိုခြင်းဖြစ်သည်။ 

မေးခွန်းများ

၁။ ဂလာတိသည်မြို့ဖြစ်သလော၊ ပြည်ဖြစ်သလော။………………………………………….

၂။ ဂလာတိပြည်၏နယ်နိမိတ်ဆက်သော ပြည်များရေးပါ။……………………………………………

၃။ ဂလာတိပြည်သည် ယခုခေတ်တွင် ဘယ်နိုင်ငံ၌ရှိသနည်း။…………………………………………….

၄။ ပေါလုသည် မည်သူ၏အခွင့်အားဖြင့် တမန်တော်ဖြစ်ရသနည်း။………………………………………………

၅။ ယခုခေတ်တွင် ဘုရားအခွင့်မရှိဘဲအမှုတော်ဆောင်သူများရှိပါသလား။………………ထိုသူများသည်မည်သူ၏ အလိုကိုဆောင်ကြသနည်း။………………………..

၆။ လူ၏အလိုဆောင်သူများသည် မည်သူ့အကြိုက်တရားဟောကြသနည်း။…………………………………

ရ။ ဘုရားအလိုတော်ဆောင်သူများသည် ဘာတရားဟောကြသနည်း။………………………………………………………..

၈။ ပေါလုသည် အဘယ်ကြောင့် သူစာရေးသောအခါ သူ့အဖေါ်များအကြောင်းကိုလည်း ဖေါ်ပြတတ်သနည်း။ ……………………………………….

၉။ ပေါလုထံမှ မည်ကဲ့သို့သောအကျင့်ကောင်းကို သင်ယူသင့်သနည်း။………………………………………….

၁၀။ ပေါလုခေတ်၌ စာရေးကရိယာများ ယခုခေတ်ကဲ့သို့အဆင်ပြေပါသလား။……………

၁၁။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် မည်သူ့ထံမှသာရရှိနိုင်သနည်း။…………………………….

၁၂။ ပစ္စုပ္ပန်ဘဝသည် ကောင်းပါသလား။……………………..မည်ကဲ့သို့ဖြစ်သနည်း။………………………………

၁၃။ ကျွန်ုပ်တို့အတွက် ပစ္စုပ္ပန် ဘဝသည် ကောင်းပါသလား။……………………..

၁၄။ အဘယ်ကြောင့်ယခုပစ္စုပ္ပန် ဘဝကို လူများက စွဲလမ်းကြသနည်း။………………………………………….

၁၅။ အဘယ်ကြောင့် လူများပစ္စုပ္ပန်ဘဝမှ ကယ်တင်ခြင်းကိုမကြားချင်ကြသနည်း။…………………………….

၁၆။ သင်သည် ယခုပစ္စုပ္ပန်ဘဝကို စွဲလမ်းပါသလော။………………………….

၁ရ။ ပစ္စုပ္ပန်ဘဝမှကယ်တင်သူ ဘုရားသခင်ကို ပေါလုကမည်ကဲ့သို့ဆိုသနည်း။……………………………………..  

       သင်သည်အာမင်ဟုပြောနိုင်ပါသလား။………………………..


၆။ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည်အံ့ဩခြင်းရှိ၏။

ဂလာတိပြည်ရှိအသင်းတော်များသည် ခရစ်တော်၏ကျေးဇူးတော်ကို လက်ခံယုံကြည်သောသူများဖြစ်ခဲ့ သည်။ သို့သော်ပေါလုက စာရေးသော အချိန်တွင် ထိုကျေးဇူးတော်တရားကိုစွန့်၍ အခြားသောဧဝံဂေလိကို ခံယူ ကြပြီဖြစ်သည်။ ထို့ကြောင့်ရှင်ပေါလုအနေဖြင့် အလွန်အံ့ဩရခြင်းဖြစ်သည်။ အခြားသောဧဝံဂေလိဆိုသည်မှာ အခြားဘုရားကိုးကွယ်ခြင်းမဟုတ်၊ ဘုရားသခင်ကို အကျင့်နှင့်ကောင်းမှု ကုသိုလ်အားဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။ ရှင်ပေါလုသည် ရောမအသင်းတော်ထံ၌လည်း ဤသို့စာရေးခဲ့သည်၊ "ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမ ဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကို မှတ်၍၊ ရှောင်ကြလော့ဟု ငါသတိပေး၏။" (ရော ၁၆း၁ရ) ကောရိန္သုအသင်းတော်ထံ၌လည်း၊ "သင်တို့ရှိ ရာသို့ ရောက်လာ သောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။" (၂ ကော ၁၁း၄) တဖန်သူ၏ဝိညာဉ်သား တိမောသေထံ၊ "ခြားနားသောအယူဝါဒသစ် ကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သော ဘုရား သခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန် နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်း များကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား ၍၊" (၁ တိ ၁း၃)။ တဖန် "ခြားနားသောဩဝါဒကို သင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည် သည်ကား၊ ၄ မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေး​နွေး၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။" (၁ တိ ၆း၃-၄) 


ရ။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကိုနှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။

ရှင်ပေါလုက အခြားသောဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်၊ ဟုဆိုသည်။ ဧဝံဂေလိဟူသော စကားသည် ဂရိတ်စကားဖြစ်၍၊ သတင်းကောင်းဖြစ်သည်။ ဘုရားသခင်က လူသားများကို သခင်ယေရှုခရစ်အား ဖြင့် ကယ်တင်ခြင်းသည် သတင်းကောင်းဧဝံဂေလိတရားဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းကို အဓိကမ ဟောမပြော၊ ကိုယ်ခန္ဓာပိုင်း ကောင်းစားရေး၊ လောက၌ချမ်းသာကြွယ်ဝရေး၊ ကိုယ်ခန္ဓာ ကျန်းမာရေး များကို သာပြောသော တရားများသည် အခြားသောဧဝံဂေလိတရားဖြစ်သည်။ အဘယ်ကြောင့်ထိုအရာများကိုသာ ဟော ပြောသနည်း ဟူမူကား၊ ယုံကြည်သူများကို မှောက်လှန်ချင်သောကြောင့်ဖြစ်သည်။  ယခုအခါ ထိုအခြားသော ဧဝံဂေလိတရားကို အွန်လိုင်းမှသော်၎င်း၊ လူကိုယ်တိုင်အားဖြင့်သော်၎င်း၊ နေရာတိုင်း၌ဟောပြောနေကြသည်။ ထိုသူများက လူများ၏ယုံကြည်ခြင်းကို ဖျက်ဆီးနေကြသည်။ သို့သော်ဝိညာဉ် မျက်စိကန်း ကြသောကြောင့် နားမလည်ကြဘဲ အလွန်ကြိုက်နှစ်သက်ကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ 

 

၈။ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရား မှတပါး၊ အခြားသော ဧဝံဂေလိတရားကို၊ ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြောသောသူသည်၊ ကျိန်တော်မူခြင်းကိုခံစေ။

အခြားဧဝံဂေလိတရားဟောပြောသောသူများ သည်လူဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ ကျိန်ခြင်းခံစေ၊ ဟုဆိုသည်။ အကြောင်းမှာ ထိုတရားသည်အလွန်ကြောက်စရာကောင်း၍၊ လူကိုအကျိုးမပေးသော ကြောင့်ဖြစ် သည်။ သင်သည်မှန်သော ဧဝံဂေလိတရားနှင့် အခြားသော ဧဝံဂေလိတရားကို ခွဲခြားတတ်ပါသလော။ မခွဲခြား တတ်လျှင် အလိမ်ခံရမည် သာဖြစ်သည်။ ခြားနားသောဧဝံဂေလိတရားသည် အခြားမှလာမည်အဟုတ်၊ ကျမ်းစာ ထဲမှ သူတို့လိုချင်သောအရာများကို စွဲယူ၍ သူတို့ဇာတိအလိုဆန္ဒနှင့် ကိုယ်ညီအောင် ဟောပြောမည်ဖြစ်သည်။ ထို့ကြောင့် သမ္မာတရား ကောင်းစွာမပိုင်းခြားတတ်သောသူများ အလိမ်ခံဘို့အလွန်လွယ်ကူသည်။ ပေါလုက တိမောသေထံ ဤသို့မှာခဲ့သည်၊ "သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစား အားထုတ်လော့။"(၂ တိ ၂း၁၅)


၉။ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး၊ အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက် သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေ၊ ဟုငါတို့ဆိုခဲ့ပြီးသည်အတိုင်း၊ ယခုငါထပ်၍ဆို သေး၏။

  သင်သည်မှန်သောဧဝံဂေလိတရားကို မကြားဘူးလျှင် မှန်သောဧဝံဂေလိတရားနှင့်မှားသောဧဝံဂေလိ တရားကို မည်သို့မျှခွဲခြားသိနိုင်မည် မဟုတ်ချေ။ ခရစ်ယာန်အများစုသည်၊ မှန်သောဧဝံဂေလိတရားကို မကြားကြ သောကြောင့်၊ မှားသောဧဝံဂေလိတရားကိုလည်းမသိကြချေ။ ထို့ကြောင့်အခြားသော ဧဝံဂေလိ၏ ကြောက်မက် စရာကောင်းကြောင်းကိုလည်း မသိကြသောကြောင့် အလေးမထား၊ မကြောက်ကြခြင်းဖြစ်သည်။ ပေါလုက အခြားသောဧဝံဂေလိတရားဟောသောသူသည် ကျိန်တော် မူခြင်းကိုခံစေ၊ ဟုဒုတိယအကြိမ် အလေးထား၍ ရေးသည်။ အကြောင်းမှာ အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။ 

မေးခွန်းများ

၁။ ပေါလုသည် အဘယ်ကြောင့် ဂလာတိအသင်းတော်များနှင့်ပတ်သက်၍ အံ့ဩသနည်း။………………………

၂။ ဂလာတိအသင်းတော်များသည် ပေါလုတို့ဟောသော ဧဝံဂေလိတရားကို လက်ခံခဲ့ဘူးသလော။…………………

၃။ အခြားသော ဧဝံဂေလိတရားသည် အဘယ်အရာဖြစ်သနည်း။……………………………

၄။ အခြားသော ဧဝံဂေလိတရားသည် ဧဝံဂေလိတရား ဟုတ်ပါသလော။……………………………..

၅။ ဧဝံဂေလိ ၏အဓိပ္ပါယ်သည် အဘယ်အရာဖြစ်သနည်း။………………………..

၆။ အဘယ်ကြောင့် အခြားသောဧဝံဂေလိတရားကို လူအများကကြိုက်နှစ်သက်ကြသနည်း။………………

ရ။ အခြားသောဧဝံဂေလိတရားကို သင်ကြိုက်နှစ်သက်ပါသလော။…………………….

၈။ အခြားသောဧဝံဂေလိတရားဟောသောသူကို ပေါလုကဘာခံစေ ဟုဆိုသနည်း။………………………………

     အဘယ်ကြောင့်နည်း။……………………………………..

၉။ ပေါလုက တိမောသေကို ဘာဖြစ်စေချင်သနည်း။…………………………………………

၁၀။ မှားသောဧဝံဂေလိတရား သိနိုင်ရန် ဘာအရင်သိရမည်နည်း။………………………………..

၁၁။ ပေါလုက အဘယ်ကြောင့် အခြားသောဧဝံဂေလိတရားဟောသောသူများကို ကျိန်ခြင်းခံစေသတည်း၊ ဟုထပ် ၍ဆိုသနည်း။……………………………….

 

၁၀။ အကြောင်းမူကား၊ ယခုတွင်ငါသည် လူ၏အလိုသို့လိုက်သလော၊ ဘုရားသခင်၏အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံ​ကျွန်မဟုတ်ပြီ။

          ရှင်ပေါလုကသူသည် လူ၏အလိုကိုလိုက်၍ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါရှာကြံလျှင် ခရစ်တော်၏စေခံ ကျွန်မဟုတ်၊ ဟုဆိုသည်။ ယနေ့များစွာသောအမှုတော်ဆောင်များသည်၊ လူ၏အလို၊ လူ့အကြိုက်တရားများကို အဘယ်ကြောင့်ဟောကြသနည်းဟူမူကား၊ လူအများကလက်ခံခြင်းကိုနှစ်သက်၍ ကျော်ကြားခြင်းလိုချင် သော ကြောင့်၎င်း၊ အလှူငွေရချင်သောကြောင့်၎င်း၊ ဖြစ်သည်။ ထိုသူများသည်ခရစ်တော်၏ အစေခံကျွန်များမဟုတ်ချေ။ ထိုသူများသည် ခရစ်တော်၏ကျွန် မဖြစ်သည်ကို မသိ၊ သို့မဟုတ် ဂရုမစိုက်ကြချေ။ သင်သည် ခရစ်တော်၏ကျွန် ဖြစ်ပါသလော။ 


၁၁။ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည်၊ လူတို့၏တရားမဟုတ်။

ပေါလုကသူဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ လူထံမှမဟုတ်၊ လူ့အကြိုက်မဟုတ်၊ ဘုရားထံမှ ဘုရားအလိုတော် အားဖြင့် ဖြစ်ကြောင်းကို ဆိုလိုသည်။ လူ့အကြိုက် လူ့ထံမှ တရားများသည် ပေါလုခေတ်မှစ၍ ယနေ့တိုင်အောင်ရှိနေသည်။ လူအများစုသည် ထိုတရားများကို ကြိုက်နှစ်သက် ကြသည်။ သင်သည်လူ့တရားများကို ကြိုက်နှစ်သက်ပါသလော။ သို့မဟုတ် ထိုအရာများကို ဂရုမစိုက်၊ မသိနားမလည်ဘဲရှိနေပါသလော။ 


၁၂။ လူထံမှာငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး၊ အခြားသော ဥပဒေသကို ငါမခံသည်အကြောင်းကို၊ သင်တို့အား ငါကြားလိုက်၏။

ပေါလုက သူသည် လူထံမှမဟုတ် ယေရှုခရစ်၏ ဗျာဒိတ်တော် တည်းဟူသော စကားတော်ကိုသာခံ၍ ဟောပြောကြောင်းထပ်မံ၍ ရေးလိုက်သည်။ အကြောင်းမှာ ပို၍သေချာရန်ဖြစ်သည်။ 


၁၃။ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌နေ၍၊ ငါကျင့်သောအကျင့်တည်းဟူသော၊ ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန်၊ ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊

ပေါလုသည် အရင်တုန်းက ယုဒဘာသာ၌နေခဲ့စဉ်တွင် အသင်းတော်ကိုအလွန် ညှဉ်းဆဲခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံ၍ရေးသားခြင်းဖြစ်သည်။ သူသည်အသင်းတော်ကို နှိပ်စက်ကြောင်းဤသို့ တွေ့ရသည်၊ “ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍၊ ထောင်ထဲ၌ လှောင်ထားတတ်၏။” (တမန် ၈း၃) “သင်တို့ရှိသမျှသည် ယနေ့တိုင်အောင်၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည် နည်းတူ၊ အ​ကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊ ယောက်ျားမိန်းမတို့ကို ချည်နှောင်၍၊ ထောင်ထဲမှာ လှောင်ထားလျက်၊ အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကို ညှဉ်းဆဲပါပြီ။”(တမန် ၂၂း၃-၄) မပြောင်းလဲခင်ပေါလု၏ နာမည်သည် ရှောလုဖြစ်သည်။

 
၁၄။ ဘိုးဘေးတို့၏ လက်မှ ငါခံရသော နည်းဥပဒေသဖက်၌၊ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်း အများတို့ထက်၊ ယုဒဘာသာကို ကျင်လည် လေ့ကျက်ကြောင်းကို၎င်း၊ သင်တို့ကြားသိရကြပြီ။

ပေါလုသည်သူတို့၏ ဘိုးဘေးများထံမှဆက်ခံသော နည်းဥပဒေသ တည်းဟူသော ယုဒဘာသာသွန်သင်မှု၌ သူ့ရွယ်တူများအထဲ၌ စိတ်အားထက် သန်စွာသင်ခဲ့ကြောင်း၊ တပါးအမျိုးသားများဖြစ်ကြသော ဂလာတိပြည်ရှိ အသင်းသားများက သိသည်ဟုဆိုသည်။ ပေါလုသည် နာမည်ခံယုဒဘာသာဝင် မဟုတ်ဘဲ အထူးကြိုးစားအား ထုတ်သော ယုဒဘာသာဝင်ဖြစ်ကြောင်း သူ၏စာအားဖြင့်သိနိုင်သည်။ 


၁၅။ သို့သော်လည်း၊ ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍၊ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊

ပေါလုက သူ့ကိုဘုရားသခင်က အမိဝမ်းထဲကပင် ရွေးချယ်ခွဲခန့်ထားကြောင်း ရေးသားသွားသည်။ ဘုရားသခင်သည် လူကိုအမိဝမ်းထဲ၌ ပဋိသန္ဓေ မယူခင်ကပင် ရွေးချယ်နိုင်သည်။ ရှံဆုန်ကို အမိဝမ်း၌ ပဋိသန္ဓေ မယူမှီ သူ့ဖခင်ထံ၌ ဤသို့ပြောခဲ့သည်၊  "ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခုပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ၄ သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ ၅ အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ဖွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလလ္လိလူ တို့လက်မှ ကယ်နှုတ်စ ပြုလိမ့်မည်ဟုဆို၏။ (တရားသူ ၁၃း၃-၅) ဘုရားသခင်က၊ ယေရမိထံ၊ သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဖွားမှီကပင်သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့် ထားပြီ၊ ဟုမိန့်တော်မူ၏။" (ယေရမိ ၁း၅) ဗတ္တဇံယောဟန်ကိုလည်း အမိဝမ်းမ၌ ပဋိသန္ဓေ မယူမှီ သူ့ဖခင်ထံ၌ ဤသို့ပြောခဲ့သည်၊  "ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော် မူပြီ။ သင်၏ ခင်ပွန်းဧလိရှ ဗက်သည် သားယောက်ျားကို ဖွား မြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ ၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကို ဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရ ဘုရားရှေ့၌ ၊ ကြီးမြတ် သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။"(လုကာ ၁း၁၃-၁၅) 

မေးခွန်းများ

၁။ ရှင်ပေါလုသည် မည်သူ၏ကျွန်ဖြစ်ချင်သနည်း။……………………………

၂။ လူ၏စိတ်ကို နူးညွတ်စေလိုသောသူသည် ဘုရား၏အလိုတော်ကို လိုက်သလော။…………………….

၃။ သင်သည် ဘုရား၏ကျွန်ဖြစ်ပါသလော။…………………

၄။ ပေါလုကသူဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ ဟုဆိုခြင်းသည် ဘာကိုဆိုလို သနည်း။…………………………..

၅။ လူ့အကြိုက်တရားများသည် ယခုခေတ်မှစတင် သလော။……………………..

၆။ လူ့အကြိုက်တရားများကို သင်ကြိုက်နှစ်သက်ပါသလော။………………….

ရ။ ပေါလုက အသင်းတော်ကို ညှဉ်းဆဲခဲ့ကြောင်းဝန်ခံပါသလား။……………………

၈။ ပေါလုသည် ယုဒဘာသာ၌ သူ၏ရွယ်တူများထက် သာ၍ကြိုးစားပါသလော။………………….

၉။ ဘုရားသခင်က ပေါလုကို မည်သည့်အချိန်မှစ၍ ရွေးသနည်း။…………………………….

၁၀။ ဘုရားက မမွေးခင်ရွေးသောသူများသည် မည်သူတို့ဖြစ်သနည်း။……………………………………..


၁၆။ သားတော်၏ ဧဝံဂေလိတရားကို၊ တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကို ငါ့အားပြတော်မူသောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကို မပြု၊

“ဧဝံဂေလိ” ဟူသောစကားလုံးသည် ဂရိတ်စကား εὐαγγελίζω အင်္ဂလိပ်အသံထွက် euaggelizó ဖြစ်၍ “သတင်းကောင်း” ဖြစ်သည်။ ပေါလုသည် ရှောလုဖြစ်ခဲ့စဉ် ယေရုရှလင်မြို့မှ ဒမသက်မြို့ရှိ အသင်းတော် ကို ဖျက်ဆီးဘို့သွားစဉ်တွင် ဒမသက်မြို့အဝင်၌ အလင်းအားဖြင့်ထိုးခြင်းခံခဲ့ရသည်။ ထိုအခါ မျက်စိကန်းသွား၍ အာနနိထံ၊ သခင်ဘုရားကလည်း၊ "ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။" (တမန် ၉း၁၅) ဟုပြောခဲ့ သည်။ ထို့ကြောင့်ပေါလုသည် တပါးအမျိုးသားတို့၏ တမန်တော်ဖြစ်သည်။ 


၁ရ။ ငါ့အရင် တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ၊ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍၊ တဖန်ဒမာသက်မြို့သို့ ပြန်လေ၏။

ပေါလုသည်အဘယ်ကြောင့် သူ့အရင်မန်တော်ဖြစ်သောသူတို့ ရှိရာသို့မသွားသနည်း။ သူကိုယ်တိုင်အသေး စိပ်မပြောသောကြောင့် မသိရပါ။ သခင်ယေရှုက သွားခိုင်းခြင်းဖြစ်နိုင်သည်။ အာရပ်ပြည် နှင့်ပတ်သက်၍ ပေါလုက ဤကဲ့သို့ရေးသားသေးသည်၊ "ဟာဂရသည် အာရပ်ပြည်၌ ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့်တူ၏။ မိမိသားများနှင့်တကွ​ ကျွန်ခံရ၏။" (ဂလာ ၄း၂၅)။ ပေါလုသည် အာရပ်ပြည်သို့  ဘယ်အ ရာလုပ်ဘို့သွားသနည်း။ ထိုနေရာ၌ ခရစ်တော်ကိုယုံကြည်သူများ၊ တမန်တော်များ၊ မရှိပါ။ သို့ဖြစ်လျှင် မည့်သည့် အရာလုပ်သနည်း။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းဖြစ်နိုင်သည်။ လူသည် လူလူချင်းမိဿဟာယ များလွန်း လျှင် ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိုင်ချေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့်မိဿဟာယဖွဲ့လိုသောသူသည် လူနှင့်မိဿဟာယ များလွန်းစွာမဖွဲ့သင့်ချေ။ 


၁၈။ ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အ​ကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့ သွား၍ သူနှင့်အတူ တစ်ဆယ့်ငါးရက်နေ၏။ ၁၉။ သူနှင့် သခင်ဘုရား၏ ညီတော်ယာကုပ်မှတပါး၊ အခြားသောတမန်တော် တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။

ပေါလုသည် သခင်ဘုရားနှင့်ပေါင်းဖေါ်ပြီးမှသာ တမန်တော်များထံသွားသည်။ ယေရုရှလင်မြို့၌သူ သွား သောအခါ အခြားတမန်တော် များမရှိကြတော့ချေ။ သခင်ဘုရားခိုင်းသည့်အတိုင်း ဧဝံဂေလိတရားဟောဘို့ရန် အရပ်ရပ်သို့သွားကြခြင်းဖြစ်မည်။ ပေတရုသည် သခင်ဘုရားနှင့် သုံးနှစ်လုံးလုံးနောက်လိုက်သောကြောင့် ပေါလုကပေါင်းဖေါ်ခြင်းဖြစ်မည်။ သို့သော်နောက်ပိုင်းတွင် ပေါလုက ပေတရုကိုအပြစ်တင်ကြောင်း တွေ့ရသည် (ဂလာ ၂း၁၁-၁၄)။ အဘယ်ကြောင့်ပေါလုသည် ပေတရုထက် သမ္မာတရားသိနိုင်သနည်း။ ပေါလုသည် ဓမ္မဟောင်း ကျမ်းကြေ၍ သခင် ဘုရားနှင့်လည်းပေါင်းဖေါ်သောကြောင့်၊ ဘုရားသခင်၏ဆိုလိုရင်းကို နားလည်ခြင်းဖြစ်မည်။ ပေတရုသည် ပေါလု၏အပြစ်တင်ခြင်းခံသော်လည်း၊ ပေါလုအပေါ်စိတ်မနာကြောင်း၊ သူ၏စာထဲ၌ ဤသို့တွေ့ရသည်၊ "ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်းသင်တို့အားရေး၍ ပေးလိုက်သောစာ၌၎င်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သောဩဝါဒစာ ရှိသမျှတို့၌၎င်း၊ ပါသည်နှင့်အညီ၊ ငါတို့သခင်ဘုရား သည်းခံတော်မူ ခြင်းသည်၊ ကယ်တင်မည်အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့။"  (၂ ပေ ၃း၁၅)

ပေါလုသည် သခင်ဘုရား၏ညီ ယာကုပ်ကိုလည်းတွေ့ရသည်။ ယာကုပ်နှင့်သခင်ဘုရားသည် လူ့အမြင်၌အမေတူအဖေကွဲ ဖြစ်ကြသည်။ သို့သော်၊ ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သောကြောင့် ညီတော်ယာကုပ်နှင့် မည်သို့မျှမပတ်သက်ပေ။ ယာကုပ်သည် အစ်ကိုယေရှုကို သက်တော်ရှင်ခဲ့စဉ်က သူ့ကိုမယုံခဲ့ကြောင်း ဤသို့တွေ့ရသည်၊ ညီတော်တို့က၊ "သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ၊ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။ ကျော်စောကိတ္တိကို အလိုရှိသောသူ မည်သည်ကား၊ မထင်ရှားသောအားဖြင့် အဘယ်အမှု ကို မျှ မပြုတတ်။ ဤအမှုတို့ကိုသင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာပြပါ၊ ဟုမယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။" (ယော ရး၃-၅)။ သို့သော်နောက်ပိုင်းတွင် သူအစ်ကိုပြန်လည်ယုံကြည်ကြောင်း ဤသို့စာပြန်ရေးသည်၊ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါ ယာကုပ် (James)သည်  အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ (ယာကုပ် ၁း၁) သူ့ကိုသူ အရှင် ယေရှု၏ကျွန်၊ ဟုပြန်ရေးသည်။ 

၂၀။ ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင်၊ မုသာစကားကို ငါမပြောမသုံး၊ ဟုဘုရားသခင့် ရှေ့တော်၌ ငါဆို၏။

ပေါလုက အဘယ်ကြောင့် ငါသည်မုသာစကားကိုမသုံး၊ ဘုရားသခင့်ရှေ့တော်၌ ငါဆိုသည်ဟုဆိုသနည်း။ အကြောင်းမှာ လူသည်မုသာသုံး တတ်ကြသောကြောင့်၊ သူသည်ဘုရားနာမအားဖြင့်သူ၏စကားကို တည်စေသည်။ 


၂၁။ ထိုနောက် ရှုရိပြည် (Syria)၊ ကိလိကိပြည် (Cilicia) သို့ ငါသွား၍၊

ပေါလုသည် ယေရုရှလင်မြို့သို့သွားပြီးမှ ရှုရိပြည်နှင့်ကိလိကိပြည်သို့သွားသည်။ တပါးအမျိုးသား ယုံကြည်သူများ အရေဖျားလှီးခြင်းကိစ္စ ကြောင့်၊ ယေရုရှလင်မြို့၌ ဆွေးနွေးပွဲအပြီးတွင် ထိုဆွေးနွေးပွဲ၏ဆုံး ဖြတ်ချက်ကို အကြောင်းကြားဘို့ သွားကြောင်း ဤသို့လုကာကရေးထားသည်၊ အသင်းတော်များကို မြဲမြံခိုင်ခန့်စေ လျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။(တမန် ၁၅း၄၁)


၂၂။ ယုဒပြည်၌ ခရစ်တော်၏ ဘာသာကို ခံယူသောသင်းဝင်တို့သည်၊ ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍ ၂၃။ ငါတို့ကို ညှဉ်းဆဲဖူးသောသူသည်၊ အထက်ကမိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို၊ ယခု မိမိဟောပြော သည်၊ ဟုသူတို့ကြားရုံရှိကာမျှနှင့်၊ ၂၄။ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။

ယုဒပြည်ရှိအသင်းတော်များသည် ပေါလုကိုမတွေ့မမြင်၊ သူ့မျက်နှာကို မမှတ်မိကြသော်လည်း သူတို့ကို ညှဉ်းဆဲဖူးသောကြောင့် သူ့ကိုသိနေကြသည်။ သူ့ကိုအလွန်ကြောက်ကြ မည်ဖြစ်သည်။ သို့သော်၊ ပေါလုသည် ပြောင်းလဲသွားသည်သာမက၊ သူကိုယ်တိုင်ဖျက်ဆီး တိုက်ခိုက်သော ယုံကြည်ခြင်းတရားကို သူကိုယ်တိုင်ကပြန် ဟောနေသည်၊ ဟုကြားကြသောအခါ၊ အလွန်အားရပြီး ဘုရားသခင်ကိုချီးမွမ်းကြသည်။ ယနေ့လည်း ထိုကဲ့သို့ သော အဖြစ်မျိုးကို ဧဝံဂေလိတရားဟောသောသူများက မကြာခဏတွေ့ကြုံခံစားတတ်ကြ သည်။ ထိုကဲ့သို့ ဧဝံဂေလိတရားကို ဆီးတားသောသူများပြောင်းလဲသောအခါ ယုံကြည်သူများသာမက ကောင်းကင်သား များ လည်း အလွန်ဝမ်းမြောက်ကြောင်း၊ ခရစ်တော်ကဤကဲ့သို့ပြောခဲ့ဘူးသည်၊  ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစ ရာ အကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌၊ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက် ၌ သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်၊ ဟုငါဆို၏။ (လုကာ ၁၅းရ)။ လူပြောင်းလဲ ခြင်းကိုမလိုချင်သောသူသည် စာတန်နှင့်သူ၏လူများသာလျှင်ဖြစ်သည်။ သင်သည်လူများပြောင်းလဲခြင်း ကို ဝမ်းမြောက်ပါသလော။

မေးခွန်းများ

၁။ ဘုရားသခင်က ပေါလုကို မည်သည့်နေရာ၌ ပြောင်းလဲစေသနည်း။………………………..

၂။ ပေါလုသည် မည်သူတို့၏တမန်တော်ဖြစ်သနည်း။………………………

၃။ ပေါလုသည် အာရပ်ပြည်သို့အဘယ်ကြောင့် သွားသနည်း။……………………..

၄။ ဘုရားသခင်နှင့်မိဿဟာယ များလွန်းလျှင် ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်ပါသလော။…………..

၅။ ပေါလုသည် ပေတရုထက် ဘုရား၏အလိုတော်ကို သိပါသလော။……….အဘယ့်ကြောင့်ဖြစ်နိုင်သနည်း။…..

၆။ ပေါလုကပေတရုကို အပြစ်ဖေါ်ပြသောလည်း ပေတရုသည်ပေါလုအပေါ်စိတ်ဆိုးပါသလော။………

ရ။ ယာကုပ်သည် အစ်ကိုယေရှုကို အသက်တော်ရှင်ခဲ့စဉ် ယုံကြည်ပါသလော။……………………နောက်ပိုင်း၌ ပြန် ယုံကြည်ပါသလော။…………………………………..

၈။ ယုဒပြည်ရှိယုံကြည်သူများက ပေါလုကိုမမြင်ဘူးသော်လည်း အဘယ်ကြောင့်သိကြသနည်း။………………………

၉။ ယုဒပြည်ရှိယုံကြည်သူများ သည်ပေါလုနှင့်ပတ်သက်၍ အဘယ်ကြောင့် ကျေးဇူးတော်ချီးမွမ်းကြသနည်း။…….

၁၀။ ဧဝံဂေလိတရားဆီးတားသောသူများ ပြောင်းလဲသောအခါ မည်သူတို့ ဝမ်းမြောက်တတ်သနည်း။……………..

 

 

အသင်းတော်သစ်ဖွင့်ခြင်း

 ဘုရားသခင်၏ကျေးဇူးတော်ကြောင့် Seattle မြို့၌ နိုဝင်္ဘာလ ၁၉ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ပျောက်ဆုံးဝိညာဉ်များဖမ်းပြီး၊ ပြုစုပျိုးထောင်မည့် အသင်းတော်သစ်ကို ဘုရား သခင်က တည်ထောင်လိုက်ပြီဖြစ်သည်။ ထိုအသင်းတော်ကို ဆရာလိုင်းလျန် ကဦး ဆောင်ပြီး အသင်းသား ၃၃ ယောက်ပါဝင်ပါသည်။ သာသနာပြုဆရာ ၈ ပါးသွားရောက်ပြီး ၁၄ ရက်နေ့မှ စ၍ ၂၀ ရက်နေ့အထိ၊ အိမ်တိုင်ရာရောက်သက်သေခံ၊ သင်တန်းပေးခြင်းများပြုလုပ် ကြပါ သည်။ ထိုအသင်းတော်သည် အမေရိကန်ပြည်ထောင်စု သတင်းကောင်းနှစ်ခြင်းအသင်း တော် သာသနာပြုဌါမှ ဦးဆောင်ပြီး စတင်ထူထောင်သော ၂၃ သင်းမြောက် အသင်းတော်ဖြစ်ပါသည်။ ဘုရားအလိုတော်ရှိလျှင် နှစ်သစ်အတွင်း၌ အသင်းတော်အသစ် လေးပါးစတင်နိုင်ဦးမှာဖြစ်ပါသည်။ ဆုတောင်းခြင်း၊ ပေးလှူခြင်း၊ အားဖြင့်အားပေးပါဝင်ကြပါစို့။ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ 

 သာသနာပြုဌါနအတွက် လိုအပ်သောဘဏ္ဍာများကို တစ်ဦးချင်းလည်းပေးလှူနိုင်ပါသည်။ လစဉ် ဆယ်ဒေါ်လမှဒေါ်လာ ငါးဆယ်၊ တစ်ရာ၊ မိမိ တတ်နိုင်သလောက် ဘဏ်မှနှုတ်စေခြင်း ဖြင့်ပါဝင်နိုင်ပါသည်။ ထိုသို့ ပါဝင်လိုသူများအနေဖြင့် U George Hmung ထံဆက်သွယ်နိုင် ပါသည်။ သူ့ဖုန်းနံပါတ် 301-300-8293 email- sequence80@gmail.com

  
 Gospel Baptist Church of Seattle, Washington State    

Established on Nov 19, 2023

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG