လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်
ဘုရားသခင်က မောရှေအားဖြင့်၊ “ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့ နားထောင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျက်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကောင်းကြီး မင်္ဂလာများ ဟူမူကား၊ သင်သည် မြို့၌ မင်္ဂလာ ရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။ သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့်၎င်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း၊ မင်္ဂလာရှိလိမ့်မည်။ ခြင်းတောင်း၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း၊ မင်္ဂလာရှိလိမ့် မည်။ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။ သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက်မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှပြေးကြလိမ့်မည်။” (တရားဟော ၂၈း၁-၇)
တဖန်၊ “ယနေ့ ငါဆင့်ဆိုသော သင်၏ ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှာ၊ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကျိန်ခြင်း အမင်္ဂလာများ ဟူမူကား၊” (တရားဟော ၂၈း၁၅) “သင်၏ ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်း တည်းဖြင့် သူတို့ရှိရာသို့ သွားသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။” (တရားဟော ၂၈း၂၅)
အစ္စရေးနိုင်ငံသည် ကျမ်းစာထဲ၌ ထာဝရဘုရားပြောထားခဲ့သည့်အတိုင်း ခုနှစ်နေရာမှ တိုက်ခိုက်ခြင်းကို ခံနေရချိန်ဖြစ်သည်။ ထိုနေရာတို့မှာ၊
၁။ ဂါဇာကမ်းမြောင်ဒေသမှ ဟာမတ်(စ) များ၊
၂။ လေဗနုန်နိုင်ငံမှ ဟက်စဘောလများ၊
၃။ ယေမင်နိုင်ငံမှ ဟိုတီသူပုန်များ
၄။ အီရန်ကထောက်ခံအားပေးသော ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွများ
၅။ အီရန်ကထောက်ခံအားပေးသော အီးရတ်နိုင်ငံရှိ စစ်သွေးကြွများ
၆။ အနောက်ဘက်ကမ်းခြေမှအီရန်ကထောက်ခံသောပါလက်စတင်းစစ်သွေးကြွများ
၇။ အထက်ပါအားလုံးမွေးထုတ်ထောက်ပံ့ပေးနေသူအီရန်နိုင်ငံတို့ဖြစ်သည်။
အဘယ်ကြောင့် အစ္စရေးနိုင်ငံသည် အထက်ပါကဲ့သို့ အဖက်ဖက်မှတိုက်ခိုက်ခြင်း ခံနေရပါသနည်း။ လပ်တလောအခြေအနေကြည့်လျှင် အီရန်နိုင်ငံ(ရှေးပါရှားနိုင်ငံ) ခေါင်းဆောင်များ၏ မုန်းတီး ခြင်းကြောင့်ဖြစ်သည်။ အီရန်နိုင်ငံသည် ၁၉၇၉ ခုနှစ်မတိုင်မှီအထိ အစ္စရေးနိုင်ငံ၏ မိတ်ဆွေနိုင်ငံ (ဗီဆာမလိုဘဲ နှစ်နိုင်ငံ လွတ်လပ်စွာ လည်ပတ်နိုင်သောနိုင်ငံ) ဖြစ်ခဲ့ကြသည်။ သို့သော် ထိုနှစ်တွင် မူစလင်ဘာသာရေး အစွန်းရောက် ခိုမီနီ ဦးဆောင်၍ ရှားဘုရင်ကို ဖယ်ရှားကာ၊ ရှိအာ(Shia) မူစလင်ဘာသာ နိုင်ငံအဖြစ် ပြောင်းလဲချိန်မှစ၍ အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးရန်သူဖြစ်လာသည်။ အီရန်သည် ရေနံသူဌေးနိုင်ငံဖြစ်၍၊ ရေနံမှရရှိသော ဝင်ငွေများအားဖြင့် အစ္စရေးနှင့်အမေရိကန်ကို တိုက်ဘို့ လက်နက်မျိုးစုံကို တီထွင်ပြု လုပ်နေသည်။ အစ္စရေးကို စာတန်ကလေး၊ အစ္စရေးကိုထောက်ခံ နေသော အမေရိကန်ကို စာတန်ကြီး၊ ဟုဆိုကာ၊ အစ္စရေးသေစေ၊ အမေရိကန်သေစေ၊ ဟုကြွေးကြော် တတ်သည်။ အစ္စရေးနိုင်ငံတိုက်ဘို့ရန် ဂါဇာကမ်းမြောင်ဒေသ၌ ဟာမတ်(စ) များ၊ လေဗနုန်နိုင်ငံ၌ ဟက်စဘောလများ ကိုမွေးထုတ်ထောက် ပံ့နေသည်။ ယေမင်နိုင်ငံ၌လည်း ဟိုတီသူပုန်များကို စစ်လက်နက်တပ်ဆင်ပေးသည်။ ဆီးရီးယားနိုင်ငံ ၌လည်း အာဆတ်အစိုးရကို၎င်း၊ အီရတ်နိုင်ငံ၌လည်း ရှိအာမူစလင်အစိုးရကို၎င်း၊ ထောက်ပံ့နေသည်။ ထို့ကြောင့်အထက်၌ဖေါ်ပြသော ခုနှစ်နိုင်ငံများ၏ ခေါင်းသည် အီရန်နိုင်ငံဖြစ်သည်။
ဘုရားသခင်က ကြိုတင်သတိပေးခဲ့သည့်အတိုင်း အစ္စရေးလူမျိုးများသည် ဘုရားသခင်၏ စကားကိုနားမထောင်သောကြောင့် အထက်ပါကဲ့သို့ ရန်သူများ၏တိုက်ခိုက်ခြင်းကိုခံနေရခြင်းဖြစ်သည်။ အစ္စရေးလူမျိုးများ၏ သမိုင်းအကျဉ်းချုပ်ကြည့်ရလျှင်အောက်ပါကဲ့သို့တွေ့ရသည်။
၁။ အဲဂုတ္တုကျွန်မှဘုရားကယ်နှုတ်သောအခါ၊ အခြားဘုရားများကိုမကိုးကွယ်ဘို့ တားမြစ်သော်လည်း နားမထောင်၊ အခြားလူမျိုးများနည်းတူ ရုပ်တုကိုးကွယ်ခဲ့ကြသည်။
၂။ တရားသူကြီးများအုပ်ချုပ်ချိန် နှစ်ပေါင်းလေးရာအတွင်း၌ ထာဝရဘုရားကို စွန့်ကာ ရုပ်တုများကိုသာ ကိုးကွယ်ခဲ့ကြသည်။
၃။ ဒါဝိဒ်မင်း၊ ယောရှဖတ်မင်း၊ ဟေဇကိမင်း၊ ယောရှိမင်းတို့လက်ထက်၌သာ ထာဝရဘုရားကို ကောင်းစွာကိုးကွယ်၍၊ အခြားမင်းများအုပ်စိုးချိန်တွင် ရုပ်တုများကိုသာကိုးကွယ်ခဲ့ကြသည်။
၄။ ရှောလုမုန်မင်းက ရုပ်တုကိုးကွယ်သောကြောင့် သူသေပြီးနောက် နှစ်နိုင်ငံအဖြစ်ခွဲကာ မြောက်ဖက်ကို ဣသရေလနိုင်ငံ၊ တောင်ဖက်ကို ယုဒနိုင်ငံဟုကွဲသွားသည်။ ဣသရေလနိုင်ငံသည် ရုပ်တုကိုသာကိုးကွယ်နေသောကြောင့် ဘုရားသခင်က အာရှုရိလက်၌ ပေးအပ်လိုက်ကာ ပြန်မလာတော့ဘဲ ပျေက်ဆုံးသွားခဲ့ကြသည်။ တောင်ဖက်ယုဒလည်း ဗာဗုလုန်လက်၌ ပေးအပ်လိုက်သည်။ ယုဒများသည် နောင်တရ၍ ဘုရားသခင်က သူတို့ပြည်သို့ပြန်လာခွင့်ပေးခဲ့သည်။ သူတို့သည် ဘုရားဖက်၌ စိတ်အားကြီးလာကြကာ၊ မြို့ရွာတိုင်း၌ တရားစရပ်များ ဆောက်လာကြသည်။ ကျမ်းစာကိုလည်း အမြောက်အများကူး၍၊ စာရေးများပေါ်လာကြသည်။ ကျမ်းစာအထူးလေ့လာသူများ (ယခုခေတ် ကျမ်းစာကျောင်းတက်သူများကဲ့သို့) ပေါ်လာ၍ ထိုသူများသည် ဖာရိရှဲများဖြစ်လာကြသည်။ နိုင်ငံရေးနှင့် ဘာသာရေးတွဲ၍ လိုက်စားသူများပေါ်လာ၍ ဇဒ္ဒုကဲများပေါ်လာသည်။ သခင်ယေရှု ဤလောကသို့ လာရောက်ချိန်တွင် ဣသရေလလူများသည် ဘုရားဖက်၌ အလွန်စိတ်အားကြီးနေချိန်ဖြစ်သည်။ သို့သော်၊ သူတို့၏စိတ်အားကြီးခြင်းသည် ဘုရား၏အလိုတော်အတိုင်း မဟုတ်သောကြောင့် သခင်ယေရှုနှင့် အမြဲတမ်း ငြင်းခုံနေကြခြင်းဖြစ်သည်။ နောက်ဆုံး၌ သခင်ယေရှုကို ကားတိုင်တင် သတ်ဖြတ်ခဲ့ကြသည်။
ရှင်ပေါလုလည်းဖာရိရှဲဖြစ်၍ ဘုရားဖက်၌စိတ်အားကြီးစွာဖြင့် အသင်းတော်ကို ညှဉ်းဆဲသောသူဖြစ်ခဲ့သည် (ဖိလိ ၃း၆)။ သို့သော်သမ္မာတရားသိသွားသောအခါ သူကိုယ်တိုင် ဖျက်ဆီးခဲ့သောတရားကို ဟောသောသူဖြစ်လာသည် (ဂလာ ၁း၂၃)။ သို့သော် သူ၏လူမျိုးများသည် သူကဲ့သို့ နားမလည်၊ မပြောင်းလဲဘဲ စိတ်အားကြီးကြသေးကြောင်း (ရော ၁၀း၁-၃)၌ဖေါ်ပြခဲ့သည်။
ထိုသို့ဣသရေလလူများသည် ဘုရား၏အလိုတော် နားမလည်သောအခါ ဘုရားကိုဆန့်ကျင်သောသူ ဖြစ်ကြသောကြောင့် သူတို့ကိုလည်း ရောမစစ်သားများအားဖြင့် အေဒီ ၇၀ တွင်တိုက်ခိုက်သတ်ဖြတ်ခြင်း ခံခဲ့ကြသောကြောင့် အတိုင်းတိုင်းအပြည်ပြည်သို့ ထွက်ပြေးပြန့်နှံ့သွား ခဲ့ကြသည်။ သူတို့သည် သူတို့တိုင်းပြည်မှ ထွက်သွားချိန်တွင် အာရပ်လူများက သူတို့နေရာကို ပိုင်ဆိုင်နေထိုင်ခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀၀ နီးပါးကြာလာသောအခါ သူတို့တိုင်းပြည်သို့ပြန်လာ၍ ၁၉၄၈ ခုနှစ်တွင် နိုင်ငံပြန်လည်ထူထောင်ခဲ့ကြသည်။ သို့သော် အိမ်နီးချင်းအာရပ်နိုင်ငံများက ၁၉၄၈ လွတ်လပ်ရေးတိုက်ပွဲ၊ ၁၉၅၆ ခုနှစ်တွင် ဆူအက်တူးမြောင်းအရေးတိုက်ပွဲ၊ ၁၉၆၇ ခုနှစ်တွင် ခြောက်ရက်ကြာတိုက်ပွဲ၊ ၁၉၇၃ ခုနှစ်တွင် Yom kippur တိုက်ပွဲ၊ ယခု ၂၀၂၃ ခုနှစ် Yom kippur ပွဲ မှစ၍ ယနေ့တိုင်တွင် တိုက်ပွဲများ တိုက်ခိုက်ခဲ့ကြသည်။
ယခုတိုက်ပွဲသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့ Yom kippur ပွဲကျင်းပချိန်မှ စတင်ခဲ့သည်။ ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသ၌ အုပ်စိုးသော ဟာမတ် များက အစ္စရေးများပွဲလုပ် ချိန်တွင် လျှပ်တပြတ် တိုက်ခိုက်၍ လူ ၁၂၀၀ သတ်ဖြတ်ကာ၊ လူ ၂၅၀ ကျော်ပြန်ပြေးဆွဲခဲ့ကြသည်။ ယခုအခါ ဟာမတ်အများစုနှင့်သူတို့၏ ခေါင်းဆောင်များလည်း အစ္စရေးများက သတ်ဖြတ်ခဲ့ကြပြီ။ သို့သော် စစ်မငြိမ်းကြသေးချေ။ ဟာမတ်များ၏ ရည်ရွယ်ချက်မှာ အစ္စရေးလူမျိုးများအားလုံး သတ်၍ သူတို့၏နိုင်ငံသိမ်းပိုက်ရေးဖြစ်သည်။ ထို့ကြောင့်အစ္စရေးများကလည်း ဟာမတ်များအားလုံး နလံမထူနိုင်အောင် အမြစ်ပြတ်ရေးသည် သူတို့၏ပန်းတိုင်ဖြစ်သည်။
ဟာမတ်များက ထိုကဲ့သို့အစ္စရေးများကို တိုက်ခိုက်ရာတွင် လေဗနုန်နိုင်ငံရှိ ဟက်စဘောလများကလည်း အစ္စရေးကို ဒုံးပျံနှင့်ဒရုန်းများဖြင့် တိုက်ခိုက်ကြသည်။ ဟက်စဘောလများသည် အီရန်နိုင်ငံက အစ္စရေးများကိုတိုက်ခိုက်ဘို့ရန်၊ လက်သပ်မွေးထားသော သူများဖြစ်၍ ဟာမတ်များထက် ဆယ်ဆခန့်အင်အားကြီးသည်။ သို့သော်၊ အစ္စရေးများက သူတို့၏ခေါင်းဆောင်ပိုင်းအားလုံးကိုသတ်ဖြတ်၍ စစ်သားထောင်ကျော် သေကျေကြပြီ။ ထို့ကြောင့်ဟက်စဘောလများသည် နဂိုလ်အင်အား၏ ရ၀ ရာခိုင်နှုန်းသာကျန်တော့သည်ဟု သိရသည်။ ဟာမတ်နှင့်ဟက်စဘောလများသည် မြေအောက်လှိုင်ဂူများဆောက်၍ လူနေအိမ်များ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦးများ၌ နေရာယူခြင်းဖြင့် အကာအကွယ်ယူကြသည်။ ထို့ကြောင့် အစ္စရေးများက သူတို့ကို ဗုံးကျဲတိုက်ခိုက်သောအခါ အရပ်သားမြောက်များစွာ သေရခြင်းဖြစ်သည်။ ထိုအခါ ကမ္ဘာနိုင်ငံများက အစ္စရေးများကို အပြစ်တင် ကြခြင်းဖြစ်သည်။
ဟာမတ်ခေါင်းဆောင်များနှင့် ဟက်စဘောလခေါင်းဆောင်များကို အစ္စရေးများက သတ်ဖြတ်သောကြောင့်၊ သူတို့၏ဆရာကြီး အီရန်နိုင်ငံခေါင်းဆောင်များ အလွန်စိတ်ဆိုးကာ အစ္စရေးနိုင်ငံကို ဒုံးပျံနှင့်ဒရုန်းအစင်း ၃၀၀ ဖြင့်၊ ဧပြီလတွင်အီရန်နိုင်ငံမှ ပစ်ခဲ့ကြသည်။ အောက်တိုဘာလ တစ်ရက်နေ့ တွင် ဒုံးပျံအစင်း ၁၈၀ ဖြင့်တိုက်ခိုက်ခဲ့ပြန်သည်။ ယခုအခါ အစ္စရေးက အီရန်နိုင်ငံကို ဂလဲ့စားချေဘို့ အချိန်ကောင်း စောင့်နေသည်။ အမေရိကန်ရွေးကောက်ပွဲအပြီးလောက်တွင် တိုက်မည်ဟုယူဆရသည်။
အဘယ်ကြောင့် အစ္စရေးနိုင်ငံသည် ထိုကဲ့သို့နိုင်ငံထူထောင်ချိန်မှစ၍ နှစ်ပေါင်း ၇၆ နှစ်အတွင်းတွင် အိမ်နီးချင်းနိုင်ငံများ၏ တိုက်ခိုက်ခြင်းကို အမြဲခံရသနည်း။ သူတို့၏ဘုရားသခင်ကို စွန့်ပစ်သော အပြစ်ကြောင့်ဖြစ်သည်။ ယခုအခါ ဘုရားဖက်၌ အလွန်စိတ်အားကြီးသူများ အောရ်သဒေါ့ (Orthordox) များရှိသော်လည်း၊ ခရစ်တော်လက်ထက်က ဘာသာရေးခေါင်းဆောင်များနှင့် မထူးခြားကြချေ။ ဘုရားအလိုတော်နားမလည်ဘဲ တတိယဗိမာန်တော်ဆောက်ဘို့ ပြင်ဆင်နေကြသည်။ အစ္စရေးလူ အများစုသည်အမေရိကန်များကဲ့သို့ ဘုရားမဲ့များ၊ လောကဆန်သောသူများဖြစ်ကြသည်။ ဘုရားခင်က ရန်သူတို့ကို တိုက်ခိုက်ပေး ကူညီတတ်သော်လည်း၊ ဘုရားသခင်ကို ချီးမွမ်းခြင်းမရှိ၊ သူတို့၏စစ်တပ်နှင့် သူတို့၏နည်းပညာများကိုသာ ချီးမွမ်းနေကြသည်။ ခရစ်တော်ကိုအမှန်တကယ်လက်ခံသူ အလွန်နည်းသေးသည်။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလ၌ ဝင်မည့်သူများဖြစ်ကြသည်။ ဘေးဒဏ်ကြီးကာလမီးဖြင့် အရည်ကြို၍ သုံးပုံနှစ်ပုံသေကာ တပုံသာလျှင်ခရစ်တော်ဒုတိယအကြိမ်ကြွလာအခါ ကျန်ရစ်မည်။ ထိုအရာကို ဇာခရိက၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးသုံးစုတွင် နှစ်စုကိုပယ်ဖျက်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။ ဟုရေးထားခဲ့သည် (ဇာခရိ ၁၃း၈)။ ဆက်၍၊ ထိုတစုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကိုချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ ဘုရားသခင် ဖြစ်တော်မူ၏ဟု၊ ဝန်ခံကြလိမ့်မည်(ဇာခရိ ၁၃း၉)။ မာလခိကလည်း၊ မီးဖို၌ မီးလောင်သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ၊ ထိုနေ့ရက်သည် လောင်လိမ့်မည်၊ ဟုကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ (မာလခိ ၄း၁) အစ္စရေးများကို ဘေးဒဏ်ကြီးကာလမီးအားဖြင့် ရှို့မှာဖြစ်သည်။ ဘုရားကဆက်၍၊ ငါ၏ နာမတော်ကို ကြောက်ရွံ့သော သင်တို့၌ကား၊ တရားတော် နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသူငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။(မာလခိ ၄း၂) ဟုဆိုသည်။ ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းသည် တရားတော်နေမင်း ထွက်ခြင်းဟုဆိုသည်။ ဘုရားကြောက်ရွံ့သောသူ တည်းဟူသော ယုံကြည်သူများသည် ဘေးဒဏ်ကြီးကာလ၌ ဘုရားသခင်က ကျွေးမွေးကွယ်ကာမည်ဟုယူဆရသည်။
ထိုကဲ့သို့ဣသရေလူများ၌ ဘုရားကိုမသိ၊ မယုံကြည်၊ လွဲမှားစွာ ကိုးကွယ်ကြသောကြောင့် သေကျေပျက်စီးခြင်းသို့ရောက် သည့်အရာများကို ခရစ်ယာန်များက သင်ခန်းစာယူ၍၊ သတိထားဘို့ လိုသည်။ ဘုရားကို ယုံကြည်ကိုးစားရမည်။ သူ၏အလိုတော်ကိုသိဘို့ ကြိုးစားရမည်။ အလိုတော်အတိုင်း ကိုးကွယ်ရမည်။ မိမိစိတ်ကျေနပ်ဘို့၊ သူတပါးစိတ်ကျေနပ်စေဘို့ မဟုတ်ဘဲ၊ ဘုရားအလိုတော်အတိုင်း ကိုးကွယ်ကြပါစို့။