GOODNEWS
🎨
  HOME  GOODNEWS  2025 OCT

မမြင်မကြားမသိလို့ပါ

အဘယ်ကြောင့် ခလေးများသည် အခန်းထဲ၌ လိုက်တမ်းပြေးတမ်း ကစားနေကြသနည်း။ သူတို့ပြေးမည့်လမ်းများကို မြင်သောကြောင့်ဖြစ်သည်။ အခန်းထဲ၌ မီးမှိတ်ပြီးမှောင်သွားလျှင် ပြေးကြဦးမည်လော။ မည်မျှပင်ပြေးခိုင်းသော်လည်း လုံးဝပြေးကြမည်မဟုတ်ချေ။ အဘယ်ကြောင့် အလွန်ထမင်းဆာသောသူကို သူ့ရှေ့၌ ထမင်းချပေးသော်လည်း မစားသနည်း။ မမြင်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ထမင်းစားဘို့ပြောနေသော်လည်း မစားသေးသနည်း။ မကြားသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် နားကြားသော်လည်း မစားသေးသနည်း။ သူမသိသောဘာသာစကားအားဖြင့် ပြောသောကြောင့်ဖြစ်သည်။

မမြင်မကြားမသိသောကြောင့်

အဘယ်ကြောင့် ခရစ်ယာန်အများစု ကယ်တင်ခြင်းသို့မရောက်ဘဲ ကျေနပ်နေကြသနည်း။ အကြောင်းရင်းမှာ ဝိညာဉ်မျက်စိကန်း၊ နားလေး၊ နားလည်နိုင်သောနှလုံး မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဝင်ချင်သော စိတ်မရှိကြ၊ ပြောလျှင်လည်း စိတ်မဝင်စားသည်သာမက စိတ်ဆိုးကြ၊ အထင်လွဲကြသည်။ ငရဲရောက်မည်ကိုလည်း ဂရုမစိုက်နိုင်ကြ၊ မကြောက်ကြချေ။ 

အဘယ်ကြောင့် ကယ်တင်ခြင်းသို့ရောက်ပြီးသော ခရစ်ယာန်များ ဘုရားအားမကိုးဘဲ လောကသားများကဲ့သို့ လူကိုကိုးစားနေကြသနည်း။ ကယ်တင်ခြင်းကိုသာလက်ခံ၍ နေ့စဉ်အသက်တာ၌ ဘုရားသခင်အားကိုးရမှန်းမသိ၊ ဝိညာဉ်မျက်စိကောင်းစွာမမြင်၊ နားကောင်းစွာမကြား၊ စိတ်နှလုံးမိုက်မဲနေသေးသောကြောင့်ဖြစ်သည်။ 

အဘယ်ကြောင့် ကယ်တင်ခြင်းသို့ရောက်ပြီး သမ္မာတရားကြားနေသော်လည်း ဘုရားသခင်ခိုင်းသောအလုပ်ကို မလုပ်ချင်ကြသနည်း။ သူတို့လည်း ဝိညာဉ်မျက်စိကောင်းစွာမမြင်၊ နားလေး၊ စိတ်နှလုံးမိုက်နေကြဆဲဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်နှင့် သူ၏အကြံအစည်ကို ကောင်းစွာမြင်ပြီး စိတ်နှလုံးကသိလျှင် ဘုရားသခင်ကိုသာအားကိုး၍ သူခိုင်းသောအလုပ်ကို အလျှင်အမြန် လုပ်ကြမှာဖြစ်သည်။ ဝိညာဉ်မျက်စိမြင်ခြင်း၊ နားကြားခြင်း၊ စိတ်နှလုံးမှ နားလည်ခြင်းမရှိသောအရာကို ဣသရေလလူမျိုးများအားဖြင့် လေ့လာသင်ယူကြစို့။

မမြင်မကြားမသိသော ဣသရေလများ

တဖန် မောရှေသည် ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည်တလျှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှ တည်းဟူသော၊ ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသောနိမိတ်လက္ခဏာ၊ ထူးဆန်းသောတန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။ သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည်ပေးတော်မမူသေး။ (တရားဟောရာကျမ်း ၂၉း၁-၄)

မောရှေက၊ ဣသရေလ လူမျိုးများထံ အထက်ပါကဲ့သို့ ပြောခဲ့သည်။ သူတို့သည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို အဲဂုတ္တုပြည်မှစ၍ လမ်းတလျှောက်လုံး၊ နှစ်ပေါင်းလေးဆယ် မြင်တွေ့သည်သာမက၊ ဘုရားတန်ခိုးအားဖြင့်ကျွေးသော မန္နမုန့်ကိုစားကြသည်။ လုံးဝမဖြစ်နိုင်သော ကျောက်ထဲမှရေကိုသောက်ကြသည်။ ပင်လယ်နီကိုလည်း တညတည်းတွင်ကွဲစေ၍ ညတွင်းချင်း တဖက်ကမ်းသို့ ပို့ဆောင်ခြင်းခံခဲ့ကြသည်။ ဖာရောစစ်သားများကိုလည်း သူတို့မျက်စိအောက်တွင် ပင်လယ်နီထဲ၌ နစ်စေခဲ့သည်။ ထိုအရာများကို တွေ့မြင်ခံစားခဲ့ကြသော်လည်း အဘယ်ကြောင့် မောရှေက နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး၊ ဟုဆိုသနည်း။ သူတို့သည် ကိုယ်ခန္ဓာအားဖြင့် ထိုအရာများကို ရရှိခံစားသော်လည်း ဝိညာဉ်မျက်စိကန်းသေးသည်၊ ဝိညာဉ်နားများလေးသေးသည်၊ ဝိညာဉ်နှလုံးများ နားမလည်နိုင်ကြသေးချေ။ ထို့ကြောင့်၊ ဝိညာဉ်မျက်စိမြင်ခြင်း၊ ဝိညာဉ်နားကြားခြင်း ၊ ဝိညာဉ်နှလုံးများ နားလည်နိုင်ခြင်းသည် ဘုရားသခင်ကပေးမှသာ ဖြစ်နိုင်ကြောင်းထင်ရှားသည်။

ဝိညာဉ်မျက်စိကန်းသောကြောင့်ခါနာန်ပြည်မဝင်ချင်

ဘုရားသခင်က မောရှေထံ၊ ဣသရေလလူမျိုးများကို အဲဂုတ္တုကျွန်မှ ကယ်နှုတ်၍ နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်သို့ ပို့ဆောင်ဘို့ရန် အားတက်သရော ဤသို့ပြောခဲ့သည်၊ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည် စီးသောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။ (ထွက်မြောက်ရာ ၃း၈) သို့သော်၊ ဣသရေလလူမျိုးများက ဘုရားသခင်မျှော်လင့်ထားသကဲ့သို့ ခါနာန်ပြည်ကို စွဲလမ်းနှစ်သက်ခြင်းမရှိကြချေ။ သူတို့သည် ခါနာန်ပြည်နား ရောက်သောအခါ ကိုယ်ကောင်ကြီးသော အာနကလူမျိုးများကို အလွန်ကြောက်ကြသောကြောင့်၊ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တညလုံး ငိုကြွေးကြ၏။ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့်အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။ ငါတို့သည် ဓားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည် မဟုတ်လော၊ ဟုမောရှေနှင့် အာရုန်အား ဆိုပြီးမှ၊ တဖန် လူတစုံတယောက်ကို ချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့၊ ဟုတယောက်ကို တယောက်ဆိုကြ၏။ (တောလည်ရာ ၁၄း၁-၄)။ သူတို့သည် ဂတိပေးထားသော ခါနာန်ပြည်ကို လုံးဝစိတ်မဝင်စား၊ မလိုချင်ကြကြောင်း ဤသို့ရေးထားသည်၊  ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။ (ဆာလံ ၁၀၆း၂၄) ထို့ကြောင့်ဘုရားသခင်က၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုအမျက်ထွက်၍ ငါကျိန်ဆို၏။ (ဆာလံ ၉၅း၁၁) ဟုဆိုသည်။ အဘယ်ကြောင့် ဣသရေလလူမျိုးများသည် သာယာသောပြည်ကို မစွဲလမ်းဘဲ မထီမဲ့မြင်ပြုကြသနည်း။ ဘုရားသခင် မြင်သကဲ့သို့ မမြင်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့်မလိုအပ်ဘဲ တော၌သေကျေ ပျက်စီးခဲ့ကြသည်။ ဣသရေလလူများက ဘုရားသခင်ပေးထားသော ပြည်ကိုမဝင်စားနိုင်ဘဲ တော၌သေကျေပျက်စီးကြခြင်း သည် ဘီစီ ၁၄၀၀ ခန့်တွင်ဖြစ်သည်။ 

ဟေရှာယလက်ထက်၌မမြင်သေး

ခါနာန်ပြည်၌ ဝင်စားပြီးသော ဣသရေလများသည် နှစ်ပေါင်း ၇၀၀ ကျော်လာသောအခါ ဝိညာဉ် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးကမသိကြသေးကြောင်း ဟေရှာယက ဤသို့ရေးထားသည်၊

တဖန် ထာဝရဘုရားက ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူ သွားမည်နည်းဟု မေးတော်မူသံကို ငါကြားလျှင်၊ ငါက အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။ ထာဝရဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်၊ ဟုပြောလော့။ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။ (ဟေရှာယ ၆း၈-၁၀)

ဘုရားသခင်က ဟေရှာယအား ဣသရေလလူမျိုးထံသွား၍၊ သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်၊ ဟုပြောခိုင်းသည်။ အဘယ်ကြောင့်သူတို့သည် မကြား၊ မမြင်၊ မသိကြသနည်း။ သူတို့သည်မျက်စိနာနေကြသည်။ နားလည်းနာနေကြသည်။ စိတ်နှလုံးလည်းမကျန်းမာဖြစ်ကြသည်။ သူတို့သည် အနာရောဂါသည်များဖြစ်၍ သမားတော်ကြီးဖြစ်သော ဘုရားသခင်က ကုသပြီးမှသာ ကျန်းမာပြီး မြင်နိုင်၊ ကြားနိုင်၊ နားလည်နိုင်ကြလိမ့်မည်။ ဘီစီ ၁၄၀၀ ခန့်၊ မောရှေလက်ထက်၌  ဣသရေလလူများသည် ဝိညာဉ်ပိုင်း မျက်မမြင်၊ နာမကြား၊ စိတ်နှလုံးနားမလည်သကဲ့သို့  ဘီစီ ၇၀၀ ခန့်တွင်နေသော ဟေရှာယလက်ထက်တွင်လည်း တိုးတက်မှုမရှိကြသေးချေ။ အကြောင်းမှာ ဘုရားသခင်က သူတို့၏အနာများကို မငြိမ်းစေသေးသောကြောင့်ဖြစ်သည်။ 

သခင်ယေရှုခေတ်၌လည်းမထူးခြား

သခင်ယေရှုက၊ ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကို ဆောင်၍ ငါဟောပြော၏။ ဟေရှာယ ဟောဘူးသော အနာဂတ်စကား ဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက်ရှိကြ၏၊ ဟူသော စကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ ရောက်သတည်း။ (မဿဲ ၁၃း၁၃-၁၅) ဟုဆိုခဲ့သည်။

ဘုရားသခင်က မောရှေအားဖြင့် ဣသရေလလူများ မျက်စိကန်း၊ နားလေး၊ စိတ်နှလုံးမိုက်ခြင်းကို ဘီစီ ၁၄၀၀ ခန့်၌ ပြောခဲ့ကြောင်းသိခဲ့ရပြီ။ ဘီစီ ၇၀၀ ခန့်တွင်ရှိသော ဟေရှာယလက်ထက်တွင်လည်း ဣသရေလလူများသည် ထူးခြားမှု မရှိခဲ့ကြချေ။ နောက်ထပ် နှစ်ပေါင်း ရ၀၀ ကျော် အေဒီ ၃၀ ခန့် ခရစ်တော်လက်ထက်တွင်လည်း ဣသရေလလူများ၏ အခြေအနေသည် မကောင်းကြသေးချေ။ အဘယ်ကြောင့်နည်း။ မျက်စိအထူးကု၊ နားအထူးကု၊ နှလုံးအစားထူးကု ဆရာဝန်ကြီးထံ မလာကြသောကြောင့်ဖြစ်သည်။ ဆရာဝန်များသည် မည်မျှပင်တော်ပါစေ၊ လူနာများကိုရှာ၍ ကုရိုးထုံးစံ မရှိပါ။ လူနာများကသာလျှင် ဆရာဝန်ဆီလာကြောင်း ခရစ်တော်က ဤသို့ဆိုသည်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ (မာကု ၂း၁၇)

မျက်စိနားနှလုံးအထူးကုဆရာဝန်ကြွလာ

သခင်ယေရှုက၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ၎င်၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ၊ ဟု ဟေရှာယ ၆၁ ကိုနာဇရက်မြို့ တရားစရပ်၌ ဖတ်ပြ၍၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ ကြားသည်အတိုင်း၊ ပြည့်စုံလေပြီ၊ ဟုမိန့်တော်မူ၏။။ (လုကာ ၄း၂၁) ထို့ကြောင့် မျက်စိဆရာဝန်ကြီးသည် သခင်ယေရှုဖြစ်သည်။ 

 မွေးကတည်းက မျက်စိကန်းသောသူကို သခင်ယေရှုက မျက်စိပြန်မြင်စေသောအခါ ထိုသူထံသို့ ယေရှုက ဤသို့ဆိုခဲ့သည်၊ ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သော သူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ၊ ဟုမိန့်တော်မူ၏။ (ယောဟန် ၉း၃၉)

မျက်စိကန်းမှန်းမသိသောဖာရိရှဲများ

အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလော၊ ဟုမေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ။ ငါတို့မျက်စိမြင်သည်၊ ဟုယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်၊ ဟုမိန့်တော်မူ၏။ (ယောဟန် ၉း၄၀-၄၁) လမ်းပြသော လူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ (မဿဲ ၂၃း၁၆) လူမိုက် လူကန်းတို့၊ အဘယ်အရာသည် သာ၍မြတ်သနည်း။(မဿဲ ၁၆း၁၇၊ ၁၉) လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှာ၊ ရေကိုစစ်လျက်နှင့် ကုလားအုပ်ကို မျိုကြ၏။ (မဿဲ ၁၆း၂၄) မျက်စိကန်းသောဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။ (မဿဲ ၂၃း၂၆) ဖာရိရှဲများသည် သူတို့ကိုသူတို့ မျက်စိမြင်သည်၊ ဟုထင် မှတ်ကြသည်။ သို့သော် သူတို့သည် မျက်စိကန်းကြောင်း သခင်ယေရှုက အထက်ပါကဲ့သို့ ပြောသွား သည်။ သင်သည် ဖာရိရှဲများကဲ့သို့ မျက်စိကန်းမှန်းမသိသောသူ ဖြစ်နေပါသလော။ 

ဧလိရှဲ၏ကျွန်မျက်စိမြင်စေ

ဖရောဖက်ဧလိရှဲက ဣသရေလရှင်ဘုရင်ထံ ရှုရိဘုရင်၏ လာမည့်ရပ်များကို ပြောပြတတ်သောကြောင့် ရှုရိရှင်ဘုရင်က ဧလိရှဲကို ဖမ်းဘို့ရန် ဒေါသန်မြို့ကို စစ်သားများနှင့် ဝိုင်းထားကြသည်။ နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည်ထ၍ ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမိမိသခင်အားဆို၏။ ဧလိရှဲက၊ မစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်၊ ဟုဆိုလျက်၊ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါ၊ ဟုဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံးသည် မီးမြင်း၊ မီးရထားနှင့် ပြည့်သည်ကို မြင်လေ၏။ (၄ ဓမ္မ ၆း၁၅-၁၇)

အဘယ်ကြောင့် ဧလိရှဲ၏ကျွန်သည် ရန်သူတို့က သူတို့နေသောမြို့ကို ဝိုင်းထားသောအခါ အလွန် ကြောက်ရွံ့ရသနည်း။ ဘုရားသခင်၏ တပ်များကို မမြင်သောကြောင့်ဖြစ်သည်။ ဧလိရှဲသည် အဘယ် ကြောင့် ရန်သူတို့က ဝိုင်းထားသော်လည်း လုံးဝမကြောက်လန့်သနည်း။ ဘုရားမြင်သကဲ့သို့ မြင်သောကြောင့်ဖြစ်သည်။ ဧလိရှဲက သူ့ကျွန်၏မျက်စိကို မမြင်စေနိုင်ပါ၊ ဘုရားသခင်ကသာလျှင် မြင်စေနိုင်သောကြောင့် ဘုရားသခင်က သူ့ကျွန်၏မျက်စိကို မြင်စေမည့်အကြောင်း ဆုတောင်းပေးလိုက် သည်။ ယနေ့ လူများ အဘယ်ကြောင့် ဘုရားသခင်ကို အားမကိုး၊ သူပြင်ဆင်ပေးထားသောကောင်းကင် ကိုမစွဲလမ်း၊ ငရဲကိုမကြောက်၊ ဤလောကကိုသာ စွဲလမ်းနေကြသနည်း။ မြင်နိုင်သော မျက်စိမရှိသော ကြောင့်ဖြစ်သည်။ ဘုရားမြင်သကဲ့သို့မြင်ကြလျှင် ဘုရားသခင်ကိုသာလျှင် အားကိုးမည်၊ ကြောက်ရွံ့မည်။ ဘုရားခိုင်းသောအရာကိုသာလျှင် လုပ်ကြလိမ့်မည်။ လောကကို လုံးဝစွဲလမ်းကြမည်မဟုတ်ချေ။ သင်သည် ဘုရားသခင်မြင်စေသကဲ့သို့ မြင်မမြင်ကို သင်၏အသက်တာ၊ အပြုအမူအားဖြင့် ထင်ရှားနေပါ သည်။ ဟန်ဆောင်၍ မရပါ။

ရှုရိလူတို့ကို မျက်စိကန်းစေ

ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါ၊ ဟုဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ်တော်မူ၏။ ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်းမဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်၊ ဟုဆိုလျက်၊ ရှမာရိမြို့သို့ ပို့လေ၏။ မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကို ဖွင့်တော်မူပါ၊ ဟုဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာရှိသည်ဟု သိကြ၏။ (၄ ဓမ္မ ၆း၁၈-၂၀)

ရှုရိလူတို့သည် ဧလိရှဲကို ရှာသော်လည်း၊ သူ့ကိုမသိကြချေ။ သူကိုယ်တိုင်က ရှုရိလူများကိုဦးဆောင်၍ ရှမာရိမြို့ထဲသို့‌ ဆောင်သွင်းခဲ့သည်။ အဘယ်ကြောင့် ဧလိရှဲကို မသိကြသနည်း၊ ဘုရားသခင်က သူတို့ကို မျက်စိမမြင်စေခြင်းငှါ ဒဏ်ခတ်သောကြောင့်ဖြစ်သည်။ သင်လည်း ဘုရားသခင်က မျက်စိမမြင်စေလျှင် လောကပညာမည်မျှပင်ရှိသော်လည်း မြင်သင့်သည့်အတိုင်း မြင်နိုင်မည်မဟုတ်ချေ။ 

မျက်စိမြင်ခြင်းဆိုသည်မှာ

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကို မြင်ပါ၏၊ ဟုလျှောက်သော်၊ ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့်နေမည်၊ ဟုမိန့်တော်မူ၏။ (ယေရမိ ၁း၁၁-၁၂) ဘုရားသခင်က ယေရမိကို အဘယ်အရာ မြင်သနည်း ဟုမေးသောအခါ သူက ဗာတံကိုင်းကို မြင်ပါ၏ ဟုဖြေသည်။ ထိုအခါ ဘုရားသခင်က သင်သည် မှန်ကန်စွာမြင်ပြီ၊ ဟုဆိုသည်။ ဗာတံကိုင်းမြင်သည်ကို အဘယ်ကြောင့် မှန်ကန်စွာမြင်သည်၊ ဟုဆိုသနည်း။ ဘုရားမြင်စေလိုသည့်အတိုင်း မြင်သောကြောင့်ဖြစ်သည်။ မျက်စိမြင်ခြင်းဆို သည်မှာ ဘုရားမြင်သကဲ့သို့ မြင်ခြင်းကို ဆိုလိုသည်။

ဘုရားသခင်လူမြင်သကဲ့သို့မမြင်

ဘုရားသခင်က ရှမွေလကို ယေရှဲ၏သားများထဲမှ ဘုရင်ရွေးချယ်ခိုင်းသောအခါ ထာဝရဘုရားက၊ သူ၏ မျက်နှာသူအရပ်ကို မကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ၊ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်၊ လူသည် အဆင်းသဏ္ဍာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်၊ ဟုရှမွေလအား မိန့်တော်မူ၏။ (၁ ဓမ္မ ၁၆း၇) ဘုရားသခင်ကိုယ်တော်တိုင်က ဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်၊ ဟုဆိုသည်။ လူသည် အပြင်ပန်းအဆင်းသဏ္ဍာန် ကိုကြည့်ရှုတတ်သည်။ ဘုရားသခင် စိတ်နှလုံးကို ကြည့်ရှုတတ်သည်၊ ဟုဆိုသည်။ အဘယ်ကြောင့်လူ သည် ပြင်ပန်းသဏ္ဍာန်ကိုသာကြည့်သနည်း။ စိတ်နှလုံးကိုမမြင်နိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင် သည်အဘယ်ကြောင့် စိတ်နှလုံးကိုကြည့်ရှုတတ်သနည်း။ စိတ်နှလုံးကိုထိုးဖေါက်မြင်နိုင်သောကြောင့် ဖြစ်သည်။ ကျမ်းစာက ဘုရားသခင်၏အမြင်များကို ဖေါ်ပြသည်။ ဘုရားမြင်သကဲ့သို့ မြင်လိုလျှင် ကျမ်းစာကို များများဖတ်ရှုလေ့လာ၍ ဝိညာဉ်တော်ဖေါ်ပြလာသောအခါ မြင်နိုင်မည်။ ကျမ်းစာကို ဝိညာဉ် တော်မဖေါ်ပြဘဲ လူပညာဖြင့် စကားလုံး အဓိပ္ပါယ်၊ သဒ္ဒါ၊ ဝါကျတည်ဆောက်ပုံ၊ နောက်ခံသမိုင်း၊ နိုင်ငံရေး၊ လူမျိုးနှင့်ယဉ်ကျေးမှု များကိုသာ ကြည့်လျှင် ဘယ်သောအခါမှ နားလည်နိုင်မည်မဟုတ်ချေ။ ထိုအရာများလည်း လိုပါသည်။ သို့သော် ဝိညာဉ်တော်ဖေါ်ပြခြင်းလိုအပ်သည်။ 

ဘုရားမြင်သကဲ့သို့မြင်လိုပါသလော

ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများ အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာ ထိုင်နေသော လူကန်း နှစ်ယောက်တို့သည် ကြားရလျှင်၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ၊ ဟုဟစ်ကြော်လေ၏။ ထိုသူတို့ကို တိတ်ဆိတ်စွာ နေစေခြင်းငှာ လူအစုအဝေးတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မ သနားတော်မူပါ၊ ဟုသာ၍ ဟစ်ကြော်ကြ၏။ ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကို ခေါ်၍၊ သင်တို့၌ အဘယ်သို့ ပြုစေလိုသနည်း၊ ဟုမေးတော်မူလျှင်၊ သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါ၊ ဟုလျှောက်ကြသော်၊ ယေရှုသည် သနားခြင်း စိတ်တော်ရှိ၍၊ သူတို့မျက်စိကို လက်နှင့် တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူတို့သည် မျက်စိမြင်၍၊ နောက်တော်သို့ လိုက်ကြ၏။ (မဿဲ ၂၀း၂၉-၃၄)

မျက်ကန်းနှစ်ယောက်သည် သူတို့၏ကိုယ်ခန္ဓာမျက်စိ မမြင်ခြင်းကို အဓိကထား၍ သခင်ယေရှုထံ သူတို့၏မျက်စိ ပြန်မြင်စေခြင်းငှါတောင်းလျှောက်ကြသည်။ လူများက တိတ်ဆိတ်စွာနေဘို့ ငေါက်ဆိုကြ‌ သော်လည်း၊ ဂရုမစိုက်ဘဲ သာ၍ ဟစ်အော်ကြသည်။ ထို့ကြောင့် သခင်ယေရှုက သူတို့မျက်စိကို မြင်စေခဲ့ သည်။ သခင်ယေရှုက ထိုလူကန်းနှစ်ယောက်ကို မရှာဖွေပါ။ သူတို့ကသာ သခင်ယေရှုထံ အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။ 

ဝိညာဉ်မျက်စိမြင်လိုပါသလား

သင်သည်ဝိညာဉ်မျက်စိ မမြင်ကြောင်းကို သိပါသလား။ ဖါရိရှဲများကဲ့သို့ မျက်စိကန်းမှန်းမသိဘဲ ဖြစ်နေပါ သလား။ အထက်၌ဖေါ်ပြသော မျက်စိကန်းနှစ်ယောက်ကဲ့သို့ မျက်စိမြင်လိုသောဆန္ဒ ပြင်းပြပါသလား။ ဝိညာဉ်မျက်စိမြင်လိုလျှင် လူကန်းနှစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင်ရှိလူများကို ဂရုမစိုက်ဘဲ သခင်ယေရှုထံ လာဘို့လိုသည်။ သခင်ယေရှုက သင်၏ဝိညာဉ်မျက်စိကို မြင်စေမှာအမှန်ဖြစ်သည်။ ထိုသို့အလိုငှါ သူကြွ လာခြင်းဖြစ်ကြောင်း ဖေါ်ပြခဲ့ပြီးပြီ။ 

မည်ကဲ့သို့ သင်၏မျက်စိကို မြင်စေမည်နည်း 

မျက်စိမမြင်ခြင်းသည် မျက်စိနာသောကြောင့်ဖြစ်သည်၊ ဟုဟေရှာယအားဖြင့် ဘုရားသခင်က ဤသို့ ဆိုခဲ့ပြီ၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။ (ဟေရှာယ ၆း၁၀) မျက်စိမြင်စေသောသူသည် မျက်စိ ဆရာဝန်ကြီး ဘုရားသခင်ဖြစ်သည်။ လူနာကို ဆရာဝန်ကြီးက ကုသနိုင်ရန် ပို့ဆောင်သောသူက မည်ကဲ့သို့ မြင်စေမည်၊ ဟုမသိရပါ။ တတ်လည်းမတတ်နိုင်ပါ။ ထို့ကြောင့် ဘုရားထံ မျက်ကန်းနှစ် ယောက်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့ဖြင့်လာပါ။ ဆုတောင်းပါ။ ဘုရားသခင်က သူ့နည်းသူ့ဟန်ဖြင့် မြင်စေ ပါလိမ့်မည်။ 

တမန်တော်များမျက်စိမြင်

သခင်ယေရှုက တမန်တော်များနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်၊ ထိုအခါယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသော သူတို့အား ဤအရာများကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည် ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ (မဿဲ ၁၁း၂၅) သင်တို့ မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့ နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။ (မဿဲ ၁၃း၁၆)။ အဘယ်ကြောင့် တမန်တော်များသည် မျက်စိမြင်ပြီး နားကြားကြသနည်း။ သခင်ယေရှုနောက်သို့ အလုပ်များကိုစွန့်ပြီး လိုက်သောကြောင့်ဖြစ် သည်။ သခင်ယေရှုက သူတို့ကို မြင်စေသည်။ သင်လည်း အလုပ်မစွန့်နိုင်သေးလျှင်လည်း၊ မျက်စိမြင်၊ နားကြား လိုသောစိတ်ဆန္ဒပြင်းပြလျှင် မြင်ခွင့်ပေးပါလိမ့်မည်။ 

ဘုရားကိုချစ်သောသူတို့မြင်စေကြားစေ

ပေါလုက ဘုရားချစ်သောသူတို့ကို မျက်စိမြင်နားကြားစေကြောင်း ဤသို့ရေးထားသည်၊ ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သောသူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရာတို့ကို၊ လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည်၊ မိမိဝိညာဉ်တော်အားဖြင့်၊ ငါတို့အား ဖေါ်ပြတော်မူ၏။ (၁ ကော ၂း၉-၁၀)

 

 

ဂလာတိ အခန်းကြီး ၁

 

ပေါလုမှ ဂလာတိပြည်ရှိ အသင်းတော်များ ထံနှုတ်ဆက်

                ဂလာတိသည်မြို့မဟုတ်ပါ၊ ပြည်ဖြစ်သည်။ ပေါလုက ဂလာတိပြည်ရှိအသင်းတော်များထံ စာရေးသည်။ ဂလာတိပြည်သည် အနောက်ဖက်တွင် အာရှိပြည်၊ ဘိသုနိပြည်၊ တောင်ဖက်တွင် ပမ်ဖုလိပြည်နှင့် ကိလိကိပြည်၊ အရှေ့ဖက်တွင် ကပ္ပဒေါကိပြည်နှင့် မြောက်ဖက်တွင် ဘိသုနိပြည်တို့ရှိသည်။ ယခုခေတ် တူရကီနိုင်ငံ၏ အလယ်ဗဟိုဖြစ်သည်။

၁။ လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့်၎င်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍၊

                  ပေါလုက၊ သူသည်လူ့အခွင့်နှင့်မဟုတ်၊ ခရစ်တော်နှင့်ခမည်းတော်ဘုရားသခင်၏ အခွင့်အားဖြင့် တမန်တော်ဖြစ်ကြောင်းကို ရေးထားသည်။ အကြောင်းမှာ လူအားဖြင့်တမန်တော်ဖြစ်သောသူများ ရှိသော ကြောင့်ဖြစ်နိုင်သည်။ ယခုခေတ်တွင် ဘုရား၏အခွင့်အားဖြင့်မဟုတ်ဘဲ၊ လူ့အားဖြင့် ဘုရားအမှုတော်ဆောင် များစွာရှိသည်။ ထိုသူများသည် ဘုရား၏အလိုတော်ကို မဆောင်ကြဘဲ၊ လူ့အကြိုက် အမှုဆောင်နေကြသော ကြောင့်၊ လူများကို ကယ်တင်ခြင်းအကြောင်း မပြောကြချေ။ ဘုရားအလိုတော် ဆောင်သောသူများကသာလျှင်၊ ဘုရား၏အလိုတော်တည်းဟူသော၊ လူများကောင်းကင်ရောက်ရှိရေးကို အဓိကထား ဟောပြောကြလိမ့်မည်။


၂။ ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည်၊ ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။

               ပေါလုသည် စာရေးသောအခါ သူတယောက်တည်းကိုသာ မဖေါ်ပြဘဲ၊ သူ၏လုပ်ဖေါ်ဆောင်ဖက် များကိုလည်း အမြဲဖေါ်ပြတတ်သည်။ သူတယောက်ကသာ နာမည်ကောင်းမရဘဲ၊ သူ့အဖေါ်များကိုလည်း ရေတွက်ဝင်စေခြင်းအားဖြင့်၊ သူတပါးကိုလည်း ဂရုစိုက်သည်။ ထိုအကျင့်ကောင်းကို ကျွန်ုပ်တို့လည်း အတုယူသင့်သည်။ အထက်၌ဖေါ်ပြခဲ့ပြီးသကဲ့သို့ ဂလာတိသည် မြို့မဟုတ်ဘဲ၊ ပြည်ဖြစ်၍ ထိုပြည်ရှိ အသင်းတော်များကို စာရေးခြင်းဖြစ်သည်။ သူတို့ခေတ်၌ ယခုခေတ်ကဲ့သို့ စာရေးစက္ကူနှင့် စာရေးကရိယာများ မကောင်းသောကြောင့်၊ အသင်းတော်တပါးစီ သီးခြားစာမရေးနိုင်ခြင်းဖြစ်မည်။ ထိုစာတစောင်ကို အသင်းတော်တိုင်း၌ လှည့်လည်၍ ဖတ်ခိုင်းခြင်းဖြစ်မည်။ 

၃။ သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော။

                 ပေါလုစာရေးသောအခါ သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ရှိခြင်းဘို့ အမြဲရေးတတ်သည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် ဘုရားထံတော်မှသာလာသည်။


၄။ ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဆိုးညစ်သော ပစ္စုပ္ပန် (ယခု) ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။

               သခင်ယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်၏ အလိုတော်အားဖြင့် ငါတို့ကိုကယ်တင်ရန် ကိုယ့်ကိုကိုယ်အပ်နှံသည်၊ ဟုဆိုသည်။ ပေါက်ကရ သူ့သဘောဖြင့် အပ်နှံသည်မဟုတ်။ ပေါလုက ပစ္စုပ္ပန်(ယခု)ဘဝကို ဆိုးညစ်သည်၊ ဟုဆိုသည်။ သို့သော်ကျွန်ုပ်တို့က ပစ္စုပ္ပန်တည်းဟူသော ယခုဘဝကို ဆိုးညစ်သည်၊ ဟုမမြင်ကြချေ။ ယခုဘဝကို အလွန်ခုံမြင် နှစ်သက်ကြသည်မဟုတ်လော။ အဘယ့်ကြောင့်ပေါလုက ယခုဘဝကိုဆိုးညစ်သည်၊ ဟုဆိုသနည်း။ ဘုရားအမြင်၊ ဝိညာဉ်မျက်စိဖြင့် ကြည့်မြင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့မူကား လူ့အမြင်၊ ဇာတိမျက်စိအားဖြင့် ကြည့်ကြသောကြောင့်၊ အလွန်တပ်မက် စွဲလမ်းနေကြခြင်းဖြစ်သည်။ လူကချေးကို အလွန်ရွံရှာသော်လည်း၊ လောက်ကောင်အတွက်မူ အလွန်သွားရေယိုသော အစာဖြစ်နေသည်။ ထိုလောက်ကောင်များကို အိမ်သာထဲမှ ကယ်နှုတ်ပါက ဝမ်းမြောက်ကြမည်မဟုတ်ချေ။ ထို့နည်းတူ၊ ဆိုးညစ်သောပစ္စုပ္ပန်(ယခု)ဘဝမှ အပြစ်သားများကို ကယ်တင်ရာတွင်၊ လူသားများအနေဖြင့် နားမလည်နိုင်၊ အလွန်တပ်မက် စွဲလမ်းနေသော အပြစ်ထဲမှ ကယ်နှုတ်ခြင်းကို မခံလိုကြသောကြောင့်၊ ထိုသတင်းစကား ပြောသောသူများကိုပင် မုန်းပြီး မတွေ့မြင်လိုကြခြင်းဖြစ်သည်။ သင်သည် ဤပစ္စုပ္ပန်ဘဝကို မည်ကဲ့သို့မြင်ပါသနည်း။ ဘုရားသခင်က ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကို လက်ခံလိုပါသလား။

၅။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

                 ဆိုးညစ်သောပစ္စုပ္ပန်(ယခု)ဘဝမှ ကယ်တင်တော်မူသောဘုရားသခင်ကို ရှင်ပေါလုက ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူ စေသတည်း၊ ဟုဘုရားသခင်ကိုချီးမွမ်းသွားသည်။ သင်သည်အာမင်ဟုဆိုနိုင်ပါသလော။ အာမင်၏အဓိပ္ပါယ်သည်၊ သဘောတူပါသည်၊ ဟုဆိုခြင်းဖြစ်သည်။

မေးခွန်းများ

ဂလာတိ ၁း၁-၅

၁။ ဂလာတိသည်မြို့ဖြစ်သလော၊ ပြည်ဖြစ်သလော။………………………………………….

၂။ ဂလာတိပြည်၏ နယ်နိမိတ်ဆက်သော ပြည်များရေးပါ။……………………………………………

၃။ ဂလာတိပြည်သည် ယခုခေတ်တွင် ဘယ်နိုင်ငံ၌ရှိသနည်း။…………………………………………….

၄။ ပေါလုသည် မည်သူ၏အခွင့်အားဖြင့် တမန်တော်ဖြစ်ရသနည်း။………………………………………………

၅။ ယခုခေတ်တွင် ဘုရားအခွင့်မရှိဘဲ အမှုတော်ဆောင်သူများရှိပါသလား။………………ထိုသူများသည် မည်သူ၏ အလိုကိုဆောင်ကြသနည်း။………………………..

၆။ လူ၏အလိုဆောင်သူများသည် မည်သူ့အကြိုက် တရားဟောကြသနည်း။…………………………………

ရ။ ဘုရားအလိုတော် ဆောင်သူများသည် ဘာတရားဟောကြသနည်း။………………………………………………………..

၈။ ပေါလုသည် အဘယ်ကြောင့် သူစာရေးသောအခါ သူ့အဖေါ်များအကြောင်းကိုလည်း ဖေါ်ပြတတ်သနည်း။ ……………………………………….

၉။ ပေါလုထံမှ မည်ကဲ့သို့သော အကျင့်ကောင်းကို သင်ယူသင့်သနည်း။………………………………………….

၁၀။ ပေါလုခေတ်၌ စာရေးကရိယာများ ယခုခေတ်ကဲ့သို့ အဆင်ပြေပါသလား။……………

၁၁။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် မည်သူ့ထံမှသာ ရရှိနိုင်သနည်း။…………………………….

၁၂။ ပစ္စုပ္ပန်(ယခု)ဘဝသည် ကောင်းပါသလား။……………………..မည်ကဲ့သို့ဖြစ်သနည်း။………………………………

၁၃။ သင့်အတွက် ပစ္စုပ္ပန်(ယခု) ဘဝသည် ကောင်းပါသလား။……………………..

၁၄။ အဘယ်ကြောင့် ပစ္စုပ္ပန်(ယခု) ဘဝကို လူများက စွဲလမ်းကြသနည်း။………………………………………….

၁၅။ အဘယ်ကြောင့် လူများပစ္စုပ္ပန်ဘဝမှ ကယ်တင်ခြင်းကို မကြားချင်ကြသနည်း။…………………………….

၁၆။ သင်သည် ပစ္စုပ္ပန်(ယခု)ဘဝကို စွဲလမ်းပါသလော။………………………….

၁ရ။ ပစ္စုပ္ပန်(ယခု)ဘဝမှ ကယ်တင်သူ ဘုရားသခင်ကို ပေါလုကမည်ကဲ့သို့ဆိုသနည်း။……………………………………..  

       သင်သည်အာမင်၊ ဟုပြောနိုင်ပါသလား။………………………..


၆။ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည်အံ့ဩခြင်းရှိ၏။

             ဂလာတိပြည်ရှိအသင်းတော်များသည် ခရစ်တော်၏ကျေးဇူးတော်ကို လက်ခံယုံကြည်သောသူများ ဖြစ်ခဲ့သည်။ သို့သော်ပေါလုက စာရေးသောအချိန်တွင် ထိုကျေးဇူးတော်တရားကိုစွန့်၍ အခြားသောဧဝံဂေလိကို ခံယူနေကြပြီဖြစ်သည်။ ထို့ကြောင့်ရှင်ပေါလုအနေဖြင့် အလွန်အံ့ဩရခြင်းဖြစ်သည်။ အခြားသောဧဝံဂေလိ ဆိုသည်မှာ အခြားဘုရားကိုးကွယ်ခြင်းမဟုတ်၊ ဘုရားသခင်ကို အကျင့်နှင့်ကောင်းမှုကုသိုလ်အားဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။ ရှင်ပေါလုသည် ရောမအသင်းတော်ထံ၌လည်း ဤသို့စာရေးခဲ့သည်၊ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကိုမှတ်၍၊ ရှောင်ကြလော့ဟု ငါသတိပေး၏။ (ရော ၁၆း၁ရ) ကောရိန္သုအသင်းတော်ထံ၌လည်း၊ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။ (၂ ကော ၁၁း၄) ဟုရေးခဲ့သည်။ တဖန်သူ၏ဝိညာဉ်သား တိမောသေထံ၊ ခြားနားသောအယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊ (၁ တိ ၁း၃) ဟုစာရေးခဲ့သည်။ တဖန်၊ ခြားနားသောဩဝါဒကို သင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊  မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေး​နွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။ (၁ တိ ၆း၃-၄)


၇။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကိုနှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။

ရှင်ပေါလုက အခြားသောဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်၊ ဟုဆိုသည်။ ဧဝံဂေလိဟူသော စကားသည် ဂရိတ်စကားဖြစ်၍၊ သတင်းကောင်းဖြစ်သည်။ ဘုရားသခင်က လူသားများကို သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသည် သတင်းကောင်း ဧဝံဂေလိတရားဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းကို အဓိကမဟောမပြော၊ ကိုယ်ခန္ဓာပိုင်း ကောင်းစားရေး၊ လောက၌ချမ်းသာကြွယ်ဝရေး၊ ကိုယ်ခန္ဓာကျန်းမာရေးများကိုသာ ပြောသောတရားများသည် အခြားသောဧဝံဂေလိတရားဖြစ်သည်။ အဘယ်ကြောင့်ထိုအရာများကိုသာ ဟောပြောသနည်းဟူမူကား၊ ယုံကြည်သူများကို မှောက်လှန်ချင်သောကြောင့်ဖြစ်သည်။  ယခုအခါ ထိုအခြားသော ဧဝံဂေလိတရားကို အွန်လိုင်းမှသော်၎င်း၊ လူကိုယ်တိုင်အားဖြင့်သော်၎င်း၊ နေရာတိုင်း၌ ဟောပြောနေကြသည်။ ထိုသူများက လူများ၏ယုံကြည်ခြင်းကို ဖျက်ဆီးနေကြသည်။ သို့သော်ဝိညာဉ်မျက်စိ ကန်းကြသောကြောင့် နားမလည်ကြဘဲ အလွန်ကြိုက်နှစ်သက်ကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။

၈။ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး၊ အခြားသော ဧဝံဂေလိတရားကို၊ ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြောသောသူသည်၊ ကျိန်တော်မူခြင်းကိုခံစေ။

အခြားဧဝံဂေလိတရား ဟောပြောသောသူများသည် လူဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ ကျိန်ခြင်းခံစေ၊ ဟုဆိုသည်။ အကြောင်းမှာ ထိုတရားသည် အလွန်ကြောက်စရာကောင်း၍၊ လူကိုအကျိုးမပေးသောကြောင့်ဖြစ်သည်။ သင်သည်မှန်သော ဧဝံဂေလိတရားနှင့် အခြားသော ဧဝံဂေလိတရားကို ခွဲခြားတတ်ပါသလော။ မခွဲခြားတတ်လျှင် အလိမ်ခံရမည်သာဖြစ်သည်။ ခြားနားသောဧဝံဂေလိတရားသည် အခြားမှလာမည်မဟုတ်၊ ကျမ်းစာထဲမှ သူတို့လိုချင်သောအရာများကိုစွဲယူ၍ သူတို့ဇာတိအလိုဆန္ဒနှင့် ကိုယ်ညီအောင် ဟောပြောမည်ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရား ကောင်းစွာမပိုင်းခြားတတ်သောသူများ အလိမ်ခံဘို့အလွန်လွယ်ကူသည်။ ပေါလုကတိမောသေထံ ဤသို့မှာခဲ့သည်၊ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစား အားထုတ်လော့။ (၂ တိ ၂း၁၅)


၉။ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး၊ အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက် သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေ၊ ဟုငါတို့ဆိုခဲ့ပြီးသည်အတိုင်း၊ ယခုငါထပ်၍ဆို သေး၏။

                သင်သည်မှန်သောဧဝံဂေလိတရားကို မကြားဘူးလျှင် မှန်သောဧဝံဂေလိတရားနှင့် မှားသောဧဝံဂေလိတရားကို မည်သို့မျှခွဲခြားသိနိုင်မည် မဟုတ်ချေ။ ခရစ်ယာန်အများစုသည်၊ မှန်သောဧဝံဂေလိတရားကို မကြားကြသောကြောင့်၊ မှားသောဧဝံဂေလိတရားကိုလည်း မသိကြချေ။ ထို့ကြောင့်အခြားသော ဧဝံဂေလိ၏ ကြောက်မက်စရာကောင်းကြောင်းကိုလည်း မသိကြသောကြောင့် အလေးမထား၊ မကြောက်ကြခြင်းဖြစ်သည်။ ပေါလုက အခြားသောဧဝံဂေလိတရား ဟောသောသူသည် ကျိန်တော် မူခြင်းကိုခံစေ၊ ဟုဒုတိယအကြိမ် အလေးထား၍ရေးသည်။ အကြောင်းမှာ အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။

မေးခွန်းများ

ဂလာတိ ၁း၆-၉

၁။ ပေါလုသည် အဘယ်ကြောင့် ဂလာတိအသင်းတော်များနှင့်ပတ်သက်၍ အံ့ဩသနည်း။………………………

၂။ ဂလာတိအသင်းတော်များသည် ပေါလုတို့ဟောသော ဧဝံဂေလိတရားကို လက်ခံခဲ့ဘူးပါသလော။…………………

၃။ အခြားသော ဧဝံဂေလိတရားသည် အဘယ်အရာဖြစ်သနည်း။……………………………

၄။ အခြားသော ဧဝံဂေလိတရားသည် ဧဝံဂေလိတရား ဟုတ်ပါသလော။……………………………..

၅။ ဧဝံဂေလိ ၏အဓိပ္ပါယ်သည် အဘယ်အရာဖြစ်သနည်း။………………………..

၆။ အဘယ်ကြောင့် အခြားသောဧဝံဂေလိတရားကို လူအများက ကြိုက်နှစ်သက်ကြသနည်း။………………

ရ။ အခြားသောဧဝံဂေလိတရားကို သင်ကြိုက်နှစ်သက်ပါသလော။…………………….

၈။ အခြားသောဧဝံဂေလိတရား ဟောသောသူကို ပေါလုကဘာခံစေ ဟုဆိုသနည်း။…………အဘယ်ကြောင့်နည်း။ ……………………

၉။ ပေါလုက တိမောသေကို ဘာဖြစ်စေချင်သနည်း။…………………………………………

၁၀။ မှားသောဧဝံဂေလိတရား သိနိုင်ရန် ဘာအရင်သိရမည်နည်း။………………………………..

၁၁။ ပေါလုက အဘယ်ကြောင့် အခြားသောဧဝံဂေလိတရား ဟောသောသူများကို ကျိန်ခြင်းခံစေသတည်း၊ ဟုထပ် ၍ဆိုသနည်း။……………………………….

 

၁၀။ အကြောင်းမူကား၊ ယခုတွင်ငါသည် လူ၏အလိုသို့လိုက်သလော၊ ဘုရားသခင်၏အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံ​ကျွန်မဟုတ်ပြီ။

                ရှင်ပေါလုကသူသည် လူ၏အလိုကိုလိုက်၍ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါရှာကြံလျှင် ခရစ်တော်၏စေခံ ကျွန်မဟုတ်၊ ဟုဆိုသည်။ ယနေ့များစွာသော အမှုတော်ဆောင်များသည်၊ လူ၏အလို၊ လူ့အကြိုက်တရားများကို အဘယ်ကြောင့် ဟောကြသနည်းဟူမူကား၊ လူအများကလက်ခံခြင်းကို နှစ်သက်၍ ကျော်ကြားချင်သောကြောင့်၎င်း၊ အလှူငွေရချင်သောကြောင့်၎င်း၊ ဖြစ်သည်။ ထိုသူများသည် ခရစ်တော်၏ အစေခံကျွန်များမဟုတ်ချေ။ ထိုသူများသည် ခရစ်တော်၏ကျွန် မဖြစ်သည်ကိုမသိ၊ သို့မဟုတ် ဂရုမစိုက်ကြချေ။ သင်သည် ခရစ်တော်၏ကျွန် ဖြစ်ပါသလော။


၁၁။ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည်၊ လူတို့၏တရားမဟုတ်။

ပေါလုကသူဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ လူထံမှမဟုတ်၊ လူ့အကြိုက်မဟုတ်၊ ဘုရားထံမှ ဘုရားအလိုတော်အားဖြင့် ဖြစ်ကြောင်းကို ဆိုလိုသည်။ လူ့အကြိုက်၊ လူ့ထံမှတရားများသည် ပေါလုခေတ်မှစ၍ ယနေ့တိုင်အောင်ရှိနေသည်။ လူအများစုသည် ထိုတရားများကို ကြိုက်နှစ်သက်ကြသည်။ သင်သည်လူ့တရားများကို ကြိုက်နှစ်သက်ပါသလော။ သို့မဟုတ် ထိုအရာများကို ဂရုမစိုက်၊ မသိနားမလည်ဘဲ ရှိနေပါသလော။


၁၂။ လူထံမှာငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး၊ အခြားသော ဥပဒေသကို ငါမခံသည်အကြောင်းကို၊ သင်တို့အား ငါကြားလိုက်၏။

ပေါလုက သူသည် လူထံမှမဟုတ် ယေရှုခရစ်၏ ဗျာဒိတ်တော် တည်းဟူသော စကားတော်ကိုသာခံ၍ ဟောပြောကြောင်းထပ်မံ၍ ရေးလိုက်သည်။ အကြောင်းမှာ ပို၍သေချာရန်ဖြစ်သည်။


၁၃။ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌နေ၍၊ ငါကျင့်သောအကျင့်တည်းဟူသော၊ ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန်၊ ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊

ပေါလုသည် အရင်တုန်းက ယုဒဘာသာ၌နေခဲ့စဉ်တွင် အသင်းတော်ကို အလွန်ညှဉ်းဆဲခဲ့ကြောင်း သူကိုယ်တိုင်ဝန်ခံ၍ ရေးသားခြင်းဖြစ်သည်။ သူသည်အသင်းတော်ကို နှိပ်စက်ကြောင်း ဤသို့တွေ့ရသည်၊ “ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍၊ ထောင်ထဲ၌ လှောင်ထားတတ်၏။” (တမန် ၈း၃) “သင်တို့ရှိသမျှသည် ယနေ့တိုင်အောင်၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အ​ကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊ ယောက်ျားမိန်းမတို့ကို ချည်နှောင်၍၊ ထောင်ထဲမှာ လှောင်ထားလျက်၊ အသေသတ်ခြင်းသို့တိုင်အောင်၊ ထိုဘာသာကို ညှဉ်းဆဲပါပြီ။”(တမန် ၂၂း၃-၄) မပြောင်းလဲခင်ပေါလု၏ နာမည်သည် ရှောလုဖြစ်သည်။

 
၁၄။ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဖက်၌၊ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်း အများတို့ထက်၊ ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကို၎င်း၊ သင်တို့ကြားသိရကြပြီ။

ပေါလုသည်သူတို့၏ ဘိုးဘေးများထံမှ ဆက်ခံသော နည်းဥပဒေသ တည်းဟူသော ယုဒဘာသာသွန်သင်မှု၌ သူ့ရွယ်တူများထက် စိတ်အားထက်သန်စွာ သင်ခဲ့ကြောင်း၊ တပါးအမျိုးသားများဖြစ်ကြသော ဂလာတိပြည်ရှိ အသင်းသားများက သိသည်ဟုဆိုသည်။ ပေါလုသည် နာမည်ခံယုဒဘာသာဝင်မဟုတ်ဘဲ အထူးကြိုးစားအားထုတ်သော ယုဒဘာသာဝင်ဖြစ်ကြောင်း သူ၏စာအားဖြင့် သိနိုင်သည်။ 


၁၅။ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍၊ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊

ပေါလုက သူ့ကိုဘုရားသခင်က အမိဝမ်းထဲကပင် ရွေးချယ်ခွဲခန့်ထားကြောင်း ရေးသားသွားသည်။ ဘုရားသခင်သည် လူကိုအမိဝမ်းထဲ၌ ပဋိသန္ဓေ မယူခင်ကပင် ရွေးချယ်နိုင်သည်။ ရှံဆုန်ကို အမိဝမ်း၌ ပဋိသန္ဓေ မယူမှီ သူ့ဖခင်ထံ၌ ဤသို့ပြောခဲ့သည်၊  ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခုပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကိုမစားနှင့်။ အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဖွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလလ္လိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟုဆို၏။ (တရားသူ ၁၃း၃-၅) ဘုရားသခင်က၊ ယေရမိထံ၊ သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဖွားမှီကပင်သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီ၊ ဟုမိန့်တော်မူ၏။ (ယေရမိ ၁း၅) ဗတ္တဇံယောဟန်ကိုလည်း အမိဝမ်း၌ ပဋိသန္ဓေမယူမှီ သူ့ဖခင်ထံ၌ ဤသို့ပြောခဲ့သည်၊  ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့် မည်။(လုကာ ၁း၁၃-၁၅) 

မေးခွန်းများ

ဂလာတိ ၁း၁၀-၁၅

၁။ ရှင်ပေါလုသည် မည်သူ၏ကျွန်ဖြစ်ချင်သနည်း။……………………………

၂။ လူ၏စိတ်ကို နူးညွတ်စေလိုသောသူသည် ဘုရား၏အလိုတော်ကို လိုက်သလော။…………………….

၃။ သင်သည် ဘုရား၏ကျွန်ဖြစ်ပါသလော။…………………

၄။ ပေါလုကသူဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ ဟုဆိုခြင်းသည် ဘာကိုဆိုလို သနည်း။…………………………..

၅။ လူ့အကြိုက်တရားများသည် ယခုခေတ်မှစတင်သလော။………………အဘယ်အချိန်မှ စတင်သနည်း။…………………………

၆။ လူ့အကြိုက်တရားများကို သင်ကြိုက်နှစ်သက်ပါသလော။………………….

ရ။ ပေါလုက အသင်းတော်ကို ညှဉ်းဆဲခဲ့ကြောင်း ဝန်ခံပါသလော။……………………

၈။ ပေါလုသည် ယုဒဘာသာ၌ သူ၏ရွယ်တူများထက် သာ၍ကြိုးစားပါသလော။………………….

၉။ ဘုရားသခင်က ပေါလုကို မည်သည့်အချိန်မှစ၍ ရွေးသနည်း။…………………………….

၁၀။ ဘုရားက မမွေးခင်ရွေးသောသူများသည် မည်သူတို့ဖြစ်သနည်း။……………………………………..


၁၆။ သားတော်၏ ဧဝံဂေလိတရားကို၊ တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကို ငါ့အားပြတော်မူသောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊

“ဧဝံဂေလိ” ဟူသောစကားလုံးသည် ဂရိတ်စကား εὐαγγελίζω အင်္ဂလိပ်အသံထွက် euaggelizó ဖြစ်၍ “သတင်းကောင်း” ဖြစ်သည်။ ပေါလုသည် ရှောလုဖြစ်ခဲ့စဉ် ယေရုရှလင်မြို့မှ ဒမသက်မြို့ရှိ အသင်းတော်ကို ဖျက်ဆီးဘို့သွားစဉ်တွင် ဒမသက်မြို့အဝင်၌ အလင်းအားဖြင့်ထိုးခြင်းခံခဲ့ရသည်။ ထိုအခါ မျက်စိကန်းသွား၍ အာနနိထံ၊ သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။ (တမန် ၉း၁၅) ဟုပြောခဲ့သည်။ ထို့ကြောင့်ပေါလုသည် တပါးအမျိုးသားတို့၏ တမန်တော်ဖြစ်သည်။


၁၇။ ငါ့အရင် တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ၊ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍၊ တဖန်ဒမာသက်မြို့သို့ ပြန်လေ၏။

ပေါလုသည်အဘယ်ကြောင့် သူ့အရင်မန်တော်ဖြစ်သောသူတို့ ရှိရာသို့မသွားသနည်း။ သူကိုယ်တိုင်အသေးစိပ် မပြောသောကြောင့် မသိရပါ။ သခင်ယေရှုက သွားခိုင်းခြင်းဖြစ်နိုင်သည်။ အာရပ်ပြည် နှင့်ပတ်သက်၍ ပေါလုက ဤကဲ့သို့ရေးသားသေးသည်၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့်တူ၏။ မိမိသားများနှင့်တကွ​ ကျွန်ခံရ၏။ (ဂလာ ၄း၂၅)။ ပေါလုသည် အာရပ်ပြည်သို့  ဘယ်အရာလုပ်ဘို့သွားသနည်း။ ထိုနေရာ၌ ခရစ်တော်ကိုယုံကြည်သူများ၊ တမန်တော်များ၊ မရှိပါ။ သို့ဖြစ်လျှင် မည့်သည့်အရာလုပ်သနည်း။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းဖြစ်နိုင်သည်။ လူသည် လူလူချင်းမိဿဟာယ များလွန်းလျှင် ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိုင်ချေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့လိုသော သူသည် လူနှင့်မိဿဟာယ များလွန်းစွာမဖွဲ့သင့်ချေ။ 


၁၈။ ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အ​ကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ့်ငါးရက်နေ၏။ ၁၉။ သူနှင့် သခင်ဘုရား၏ ညီတော်ယာကုပ်မှတပါး၊ အခြားသောတမန်တော် တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။

ပေါလုသည် သခင်ဘုရားနှင့်ပေါင်းဖေါ်ပြီးမှသာ တမန်တော်များထံသွားသည်။ ယေရုရှလင်မြို့၌ သူသွားသောအခါ အခြားတမန်တော်များ မရှိကြတော့ချေ။ သခင်ဘုရားခိုင်းသည့်အတိုင်း ဧဝံဂေလိတရား ဟောဘို့ရန် အရပ်ရပ်သို့သွားကြခြင်းဖြစ်မည်။ ပေတရုသည် သခင်ဘုရားနှင့် သုံးနှစ်လုံးလုံး နောက်လိုက် သောကြောင့် ပေါလုကပေါင်းဖေါ်ခြင်းဖြစ်မည်။ သို့သော်နောက်ပိုင်းတွင် ပေါလုက ပေတရုကို အပြစ်တင် ကြောင်း တွေ့ရသည် (ဂလာ ၂း၁၁-၁၄)။ အဘယ်ကြောင့်ပေါလုသည် ပေတရုထက် သမ္မာတရားသိနိုင်သနည်း။ ပေါလုသည် ဓမ္မဟောင်းကျမ်းကြေ၍ သခင်ဘုရားနှင့်လည်း ပေါင်းဖေါ်သောကြောင့်၊ ဘုရားသခင်၏ဆိုလိုရင်းကို နားလည်ခြင်းဖြစ်မည်။ ပေတရုသည် ပေါလု၏အပြစ်တင်ခြင်းခံသော်လည်း၊ ပေါလုအပေါ်စိတ်မနာကြောင်း၊ သူ၏စာထဲ၌ ဤသို့တွေ့ရ သည်၊ ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ပေးလိုက်သောစာ၌၎င်း၊ သူသည် ဤအရာများကိုပြော၍ စီရင်သောဩဝါဒစာ ရှိသမျှတို့၌၎င်း၊ ပါသည်နှင့်အညီ၊ ငါတို့သခင်ဘုရား သည်းခံတော်မူခြင်းသည်၊ ကယ်တင်မည်အကြောင်း ဖြစ်သည်ဟုမှတ်ကြ လော့။  (၂ ပေ ၃း၁၅)

ပေါလုသည် သခင်ဘုရား၏ညီ ယာကုပ်ကိုလည်းတွေ့ရသည်။ ယာကုပ်နှင့်သခင်ဘုရားသည် လူ့အမြင်၌ အမေတူအဖေကွဲ ဖြစ်ကြသည်။ သို့သော်၊ ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်သောကြောင့် ညီတော်ယာကုပ်နှင့် မည်သို့မျှ မပတ်သက်ချေ။ ယာကုပ်သည် အစ်ကိုယေရှုကို သက်တော်ရှင်ခဲ့စဉ်က မယုံခဲ့ကြောင်း ဤသို့တွေ့ရသည်၊ ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ၊ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။ ကျော်စောကိတ္တိကို အလိုရှိသောသူ မည်သည်ကား၊ မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာပြပါ၊ ဟုမယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။ (ယော ရး၃-၅)။ သို့သော် နောက်ပိုင်းတွင် သူအစ်ကိုကို ပြန်လည်ယုံကြည်ကြောင်း ဤသို့စာပြန်ရေးသည်၊ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ် (James) သည်  အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ (ယာကုပ် ၁း၁) သူ့ကိုသူ အရှင်ယေရှု၏ကျွန်၊ ဟုပြန်ရေးသည်။ 

 

၂၀။ ဤသို့သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင်၊ မုသာစကားကို ငါမပြောမသုံး၊ ဟုဘုရားသခင့် ရှေ့တော်၌ ငါဆို၏။

ပေါလုက အဘယ်ကြောင့် ငါသည်မုသာစကားကိုမသုံး၊ ဘုရားသခင့်ရှေ့တော်၌ ငါဆိုသည်ဟုဆိုသနည်း။ အကြောင်းမှာ လူသည်မုသာသုံး တတ်ကြသောကြောင့်၊ သူသည်ဘုရားနာမအားဖြင့် သူ၏စကားကို တည်စေသည်။ 


၂၁။ ထိုနောက်ရှုရိပြည် (Syria)၊ ကိလိကိပြည် (Cilicia) သို့ ငါသွား၍၊

              ပေါလုသည် ယေရုရှလင်မြို့သို့သွားပြီးမှ ရှုရိပြည်နှင့်ကိလိကိပြည်သို့သွားသည်။ တပါးအမျိုးသား ယုံကြည်သူများ အရေဖျားလှီးခြင်းကိစ္စကြောင့်၊ ယေရုရှလင်မြို့၌ ဆွေးနွေးပွဲအပြီးတွင် ထိုဆွေးနွေးပွဲ၏ဆုံး ဖြတ်ချက်ကို အကြောင်းကြားဘို့ သွားကြောင်း ဤသို့လုကာကရေးထားသည်၊ အသင်းတော်များကို မြဲမြံခိုင်ခန့်စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။(တမန် ၁၅း၄၁)


၂၂။ ယုဒပြည်၌ ခရစ်တော်၏ ဘာသာကို ခံယူသောသင်းဝင်တို့သည်၊ ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍ ၂၃။ ငါတို့ကို ညှဉ်းဆဲဘူးသောသူသည်၊ အထက်ကမိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို၊ ယခုမိမိဟောပြော သည်၊ ဟုသူတို့ကြားရုံရှိကာမျှနှင့်၊ ၂၄။ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။

ယုဒပြည်ရှိအသင်းတော်များသည် ပေါလုကိုမတွေ့မမြင်၊ သူ့မျက်နှာကို မမှတ်မိကြသော်လည်း သူတို့ကို ညှဉ်းဆဲဘူးသောကြောင့် သူ့ကိုသိနေကြသည်။ သူ့ကိုအလွန်ကြောက်ကြ မည်ဖြစ်သည်။ သို့သော်၊ ပေါလုသည် ပြောင်းလဲသွားသည်သာမက၊ သူကိုယ်တိုင် ဖျက်ဆီးတိုက်ခိုက်သော ယုံကြည်ခြင်းတရားကို သူကိုယ်တိုင်ကပြန် ဟောနေသည်၊ ဟုကြားကြသောအခါ၊ အလွန်အားရပြီး ဘုရားသခင်ကိုချီးမွမ်းကြသည်။ ယနေ့လည်း ထိုကဲ့သို့ သော အဖြစ်မျိုးကို ဧဝံဂေလိတရားဟောသောသူများက မကြာခဏတွေ့ ကြုံခံစားတတ်ကြသည်။ ထိုကဲ့သို့ ဧဝံဂေလိတရားကို ဆီးတားသောသူများ ပြောင်းလဲသောအခါ ယုံကြည်သူများသာမက ကောင်းကင်သားများ လည်း အလွန်ဝမ်းမြောက်ကြောင်း၊ ခရစ်တော်က ဤကဲ့သို့ပြောခဲ့ဘူးသည်၊  ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌၊ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်း ရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်၊ ဟုငါဆို၏။ (လုကာ ၁၅းရ)။ လူပြောင်းလဲခြင်းကို မလိုချင်သောသူသည် စာတန်နှင့်သူ၏လူများသာလျှင်ဖြစ်သည်။ သင်သည်လူများပြောင်းလဲခြင်းကို ဝမ်းမြောက်ပါသလော။

မေးခွန်းများ

ဂလာတိ ၁း၁၆-၂၄

 

၁။ ဘုရားသခင်က ပေါလုကို မည်သည့်နေရာ၌ ပြောင်းလဲစေသနည်း။………………………..

၂။ ပေါလုသည် မည်သူတို့၏ တမန်တော်ဖြစ်သနည်း။………………………

၃။ ပေါလုသည် အာရပ်ပြည်သို့ အဘယ်ကြောင့် သွားသနည်း။……………………..

၄။ လူနှင့် မိဿဟာယ များလွန်းလျှင် ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်ပါသလော။…………..

၅။ ပေါလုသည် ပေတရုထက် ဘုရား၏အလိုတော်ကို သိပါသလော။……….အဘယ့်ကြောင့်ဖြစ်နိုင်သနည်း။…..

၆။ ပေါလုကပေတရုကို အပြစ်ဖေါ်ပြသောလည်း ပေတရုသည်ပေါလုအပေါ်စိတ်ဆိုးပါသလော။………

ရ။ ယာကုပ်သည် အစ်ကိုယေရှုကို အသက်တော်ရှင်ခဲ့စဉ် ယုံကြည်ပါသလော။……………………နောက်ပိုင်း၌ ပြန် ယုံကြည်ပါသလော။…………………………………..

၈။ ယုဒပြည်ရှိယုံကြည်သူများက ပေါလုကိုမမြင်ဘူးသော်လည်း အဘယ်ကြောင့်သိကြသနည်း။………………………

၉။ ယုဒပြည်ရှိယုံကြည်သူများသည် ပေါလုနှင့်ပတ်သက်၍ အဘယ်ကြောင့် ကျေးဇူးတော်ချီးမွမ်းကြသနည်း။ 

     ……...............................................

၁၀။ ဧဝံဂေလိတရား ဆီးတားသောသူများ ပြောင်းလဲသောအခါ မည်သူတို့ ဝမ်းမြောက်တတ်သနည်း။……………..

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG