GOODNEWS
  HOME  GOODNEWS  2014 JUL

 


အမှာစာ
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယခုတိုင်း ကျေးဇူးတော် ကာလ ခံစား ကြရပါသည်။ ဤလောက ကြီး၌ အသက်ရှင်ခြင်းသည် အလုပ်လုပ်ဘို့၊ အပျော်အပါး လိုက်စားဘို့၊ နိင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေးများ လုပ်ဘို့ အဓိက မဟုတ်ပါ။ ဖန်ဆင်းရှင် ဘုရားသခင်ကို ကိုးကွယ်ဘို့၊ မိဿဟာယဖွဲ့ဘို့၊ အလိုတော်အတိုင်း အသက်ရှင်ဘို့ ဖြစ်သည်။ ယခုအဓိကထားလုပ်ဆောင်သောအရာ အားလုံး သည် မကြာခင်မှာဆိတ်သုဉ်းသွားကြရမည် ဖြစ်သည်။ ထာဝရ ကာလ၌ ဘာမှပါ သွားနိုင်မည်မဟုတ်။ ထိုကြောင့် ထာဝရ ကာလ တိုင်တည်တန့်မည့်၊ ဘုရားသခင်၏ အလိုတော်ကိုသာ လုပ်ဆောင်သင့်သည်။ သို့သော် လူသည် ဖန်ဆင်းရှင်၏ အလိုတော်ကို မလိုက်သည်သာမက ရန်ဖက်ပြု ကြသည်။ ဘုရားသခင် မကြိုက်နှစ်သက်သော အရာများကိုသာ တိုး ပြုလုပ် ကြသည်။ ဘုရားထက် လူကို အဓိကထား ကြသည်။ ဘု ရားသခင်ကို နေရာတိုင်း မှ နှင်ထုတ် ကြသည်။ ဘုရားနှင့် ပတ်သက်လာလျှင် အမြန်ဆုံး ဆန့်ကျင် ကြသည်။ လိင်တူဆက်ဆံမှု များလည်း တနေ့တခြား ပွားများ လာသည်။ ဘုရားရှိခိုးကျောင်းများကိုလည်း လူမရှိတော့သောကြောင့် တံခါးများ ပိတ်ရသည်။ မတရားမှုများ၊ လူသတ်မှုများ၊ လုယူထွင်းဖေါက်ခိုးခြင်းများ တနေ့တခြား များပြားလာသည်။ သတင်းကောင်းထက် သတင်း ဆိုးများ ကလွှမ်းမိုးနေသည်။ 

ခရစ်တော်က၊ “မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူး စေဦး။ ​ဖြောင့်မတ်သောသူသည် ​ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။” 

 (ဗျာ ၂၂:၁၁-၁၂) ဟုဆိုထားသည်။ ဘုရားတရားနှင့် နေသောသူများ အနေဖြင့် ခရစ်တော် လာမှာစောင့်ရသည်ကို ကြာသည်ဟု ထင်ရသော်လည်း ကယ်တင်ခြင်းသို့ မရောက် သေးသော မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေများအတွက် ဘုရားသခင်က အခွင့်ပေးသေးသည်ဟု ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့် သင့်သည်။ သူတို့၏ ကယ်တင်ခြင်း အတွက် အစွမ်းကုန်အား ထုတ်သင့်သည်။ ကောင်းကင်၌ ထာဝရ နေမည့်သူများအနေဖြင့်လောက၌ ခဏလေးအချိန် ရခိုက်လူများကို တတ် နိုင်သမျှ ကောင်းကင်သို့ ခေါ်နိင်ဘို့ရန် ကြိုးစား ကြပါစို့။ 
 

ဤစာစောင်တွင်...

ကယ်တင်ခြင်း စိတ်ချမှု 
ကျိန်ခြင်းနှင့် ကောင်းကြီး 
ယုံကြည်ခြင်း အားကြီးသောသူများ
ခရစ်ယာန် အိမ်ထောင် 
ကျမ်းစာဖတ်ကြစို့
ကောင်းကင် ကြယ်ကျလိမ့်မည်
သတင်းကောင်း ပွဲတော် ကြီးနှင့် ငွေရတုသဘင်
 
 
                      ကယ်တင်ခြင်း စိတ်ချမှု 
                အချို့သောသူများသည် ကယ်တင်ခြင်း အကြောင်းကို ထပ်ခါတလဲလဲကြား၍ သဘောပေါက်သော်လည်း ကယ်တင်ခြင်း စိတ်ချမှု မရှိဘဲ စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။ ထိုသို့ဖြစ်ရခြင်းသည် အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်။ ထိုအ ရာများကို ဖေါ်ပြလိုသည်။ 
 
အပြစ် ပြန်လုပ်တတ်သောကြောင့် 

                     ခရစ်တော် ကအပြစ် အတွက် အသေခံခြင်း၊ အသွေးတော်အားဖြင့် အပြစ်များကို ဆေးကြောခြင်းကို ယုံကြည် လက်ခံသော်လည်း နောက်ပိုင်း၌ အပြစ် ပြန်လုပ်တတ်ခြင်းကြောင့် ကယ်တင်ခြင်း ဆုံးရှုံးမည်ဟု ယူဆတတ်ကြသည်။ ထိုသို့ဖြစ်ခြင်းသည် ဘုရားသခင်၏ အပြစ် လွှတ်ခြင်းကို ကောင်းစွာ မသိခြင်းကြောင့် ဖြစ်သည်။ အမှန်မှာ ဘုရားသခင်သည် လူသားများ၏ အ​ခြေအနေကို အသေးစိတ်သိသောသူ ဖြစ်သည်။ လူသည် အပြစ် မလုပ်ဘဲ မနေနိင်သောသူ ဖြစ်မှန်းကိုလည်း သိသည်။ အပြစ်လုပ်ရဦးမည့် အရာကိုလည်း သိသောသူ ဖြစ်သည်။ အပြစ် မလုပ်ဘို့ မချူပ်တည်း နိုင်မှန်းလည်း ကောင်းစွာ သိသည်။ ထိုကြောင့် သားတော်ကို လူသားများကိုယ်စားပြစ် ဒဏ်သေခြင်းကို ခံခိုင်း ဖြစ်သည်။ ခရစ်တော်သည် လူသားများအကျင့်ကောင်းနေချိန်တွင် အပြစ် ဒဏ်သေခြင်းကို ခံပေးသည် မဟုတ်။ ကျမ်းစာက၊ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။” (ရော ၅:၈) ဟုဆိုထားပါသည်။ ငါတို့သည် အပြစ်ရှိစဉ်ပင် ဟုဆိုသောကြောင့် ခရစ်တော် အသေခံ ပေးခြင်းသည် အ​ခြေအနေကောင်းသောကြောင့် မဟုတ်ပါ။ ထိုကြောင့် မည်မျှပင်အပြစ်ရှိသော်လည်း ခရစ်တော် အသေခံ ပေးခြင်းသည် အပြစ် ကြွေးကို ဆပ်ပေးပြီး ဖြစ်သည်။ ခရစ်တော် ကိုယ်တိုင်က၊ “သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ။” (ယော ၃:၁၈) ဟုဆိုသောကြောင့်သားတော်ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်းကို ခံရတော့မည် မဟုတ်။ သားတော်၏ စကားကို ယုံ ကြည်စိတ်ချဘို့ လိုသည်။ 

အပြစ်များကို သတိမရတော့ချေ

 ဘုရားသခင်က အပြစ်သားများ၏ အပြစ်ကို လွှတ်သောအခါ နောက်တဖန် မအောက်မေ့တော့မည့် အကြောင်းကို ဤသို့ ရေးထားသည်၊ “ထိုအခါ ငါသည် သူတို့ အပြစ်များကိုသည်း ခံမည်။ သူတို့ ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာ ဝရဘုရား မိန့်တော်မူ၏။” (ယေရမိ ၃၁:၃၄) “တဖန်တုံ၊ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ် ​ဖြေသော ပူဇော်သက္ကာကို ပြုစရာ အကြောင်း မရှိ။” (ဟေဗြဲ ၁၀း၁ရ- ၁၈)။ ဘုရားသခင်သည် လူကဲ့သို့ မဟုတ်။ လူသည် အပြစ် လွှတ်သော်လည်း မမေ့နိုင်ဘဲ ပြန်၍ ဖေါ်ထုတ်တတ်သည်။ ဘုရားသခင်သည် ငါတို့၏ အပြစ်များကို တခါလွှတ်ပြီး နောက် လုံးဝ သတိမရတော့ချေ။ ထို့အပြင် ခရစ်တော်သည် အပြစ် ​ဖြေရာယဇ်အဖြစ် ပူ ဇော်ခဲ့ပြီး ပြီ။ သူ့ကို ပူဇော်ပြီးသည် နောက်နောက်တဖန် အပြစ် ​ဖြေသော ယဇ်ပူဇော်စရာ မလိုတော့ချေ။ 
 
ငရဲကျစေသောအပြစ် 

                အပြစ် ဟုဆိုရာတွင် နှစ်မျိုးခွဲခြားဘို့ လိုသည်။ ထိုအပြစ်တို့ မှာမွေးရာပါအပြစ်နှင့် ကျူးလွန်သော အပြစ်တို့ ဖြစ်သည်။ မွေးရာပါအပြစ်သည် မိဘထံမှ ဆက်ခံခြင်း ဖြစ်၍ အာဒံမှရရှိလာသော အပြစ် ဖြစ်သည်။ ကျူးလွန်သော အပြစ်သည် အပြစ်သား ကပြု လုပ်သော အပြစ် ဖြစ်သည်။ လူသည် မွေးရာပါအပြစ်ကို မသိသောကြောင့် ပြသနာ မရှိဟု ထင်ရသည်။ ကျူးလွန်သော အပြစ် မူကား သိရှိနိုင်သောကြောင့် အပြစ် ကြီး၍ သေခြင်း၊ ငရဲထဲသို့ ကျဆင်းခြင်းများဖြစ်စေသည်ဟု ထင်ရသည်။ သို့သော် မွေးရာပါအပြစ်သည် အအမြစ် ဖြစ်၍ ကျူးလွန်သော အပြစ်သည် အသီးအပွင့် ဖြစ်သည်။ 
ကျမ်းစာက၊ “တယောက်သောသူသည် နားမထောင်သောအားဖြင့် အပြစ်ရောက်သည်” (ရော ၅:၁၉) ဟုဆိုသည်။ ထိုတယောက်သောသူသည် အာဒံပင် ဖြစ်သည်။ တဖန်၊ “အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ် တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့် အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” (ရော ၅:၁၂) ဟုဆိုသည်။ တယောက်သောသူသည် အာဒံ ဖြစ်သည်။ အာဒံအားဖြင့် ဤလောက၌ အပြစ် ဝင်သည် ဟုဆိုသည်။ ထိုအပြစ် တရားကြောင့်သေခြင်း တရားဝင်သည် ဟုဆိုပြန်သည်။ ထိုအပြစ်သည် ကျူး လွန်သော အပြစ် မဟုတ်ဘဲ မွေးရာပါအပြစ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်လူသည် ကျူးလွန်သော အပြစ်ကြောင့် အပြစ်သား ဖြစ်သည် မဟုတ်၊ အပြစ်သား ဖြစ်သောကြောင့် အပြစ် ကျူးလွန်သည်။ အပြစ်ကြောင့် သေခြင်း ဖြစ်သည် ဟုဆိုသောကြောင့် သေ နိုင်သောသူတိုင်း အပြစ်ရှိသည်။ အပြစ် မရှိလျှင် သေနိုင်မည် မဟုတ်။ ထိုအပြစ်သည် ကျူးလွန်သော အပြစ် မဖြစ်နိင်ချေ။ အကြောင်းမှာ အပြစ် မကျူးလွန် နိိုင်သော ခလေးများ၊ မိခင် ဝမ်းထဲမှ ခလေး များလည်း သေရ ကြသည်။ ထို့ကြောင့် သေစေနိုင်သော အပြစ်သည် မွေးရာပါအပြစ် ဖြစ်သည်။ ငရဲကျစေနိင်သော အပြစ်လည်း မွေးရာပါအ ပြစ် ဖြစ်သည်။ ထိုအပြစ် အတွက် ခရစ်တော်သည် အသေခံ ခဲ့ပြီ။ ကျမ်းစာက၊ “ခရစ်တော်သည် ကျမ်းစာ လာသည် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။” (၁ ကော ၁၅:၃) ဟုဆိုထားသည်။ 

ထို့အပြင်၊ “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှ တို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။” (ယော ၁၁:၂၅-၂၆) ဟုဆိုထားသည်။ ထို့ကြောင့် ခရစ်တော် ယုံကြည်သောသူသည် သေခြင်းနှင့် ကင်းလွတ်မည် ဖြစ်သည်။ သေလွန်လျှင်လည်း ပြန်လည်ထမြောက်မည်ဖြစ်သည်။ 
 
အပြစ်လုပ်နိင်သေးသည်

            ခရစ်တော်၏ အပြစ် အတွက် အသေခံခြင်းကို ယုံကြည်၍ အပြစ် လွှတ်ခြင်း ခံပြီး နောက် ယုံကြည်သူသည် အပြစ် မလုပ်နိင်တော့ချေဟု ယူဆတတ်ကြသည်။ သို့သော် ယုံကြည်သူ သည်လောက၌ နေသေးသောကြောင့် အပြစ်လုပ်ရဦးမည်၊ 
ကျမ်းစာက၊ “ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာ တရားမရှိ။ ဒုစရိုက်ကို မပြုပြီဟု ငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ။” (၁ ယော ၁:၈၊ ၁၀) ဟုဆိုသည်။ အပြစ် မလုပ်နိုင်သော အ​ခြေအနေသည် ကောင်းကင် ရောက်မှသာ ဖြစ်သည်။ ထို့ကြောင့် လောက၌ အပြစ်လုပ်ကြရဦးမည်။ သို့သော် အပြစ်လုပ်သောအခါ ဘုရားသခင် ထံ၌ ဝန်ချတောင်းပန်ရမည်။ ကျမ်းစာက၊ “ကိုယ်အပြစ်တို့ကို ဘော် ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။” (၁ ယော ၁:၉) ဟုဆိုထားသည်။ 
 
ဆုံးမမည်

             ခရစ်တော်ကို ယုံကြည် လက်ခံသောသူများသည် ဘုရား၏သား ဖြစ်ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။” (ယော ၁:၁၂)။ “ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။ အကြောင်းမူကား၊ သင်တို့သည် တဖန် ကြောက် ရွံ့တတ်သော ​ကျွန်၏ သဘောကို ရကြသည် မဟုတ်။ အဗ္ဗ၊ အဘဟု ခေါ်ရသော အခွင့်နှင့်သား ဖြစ်ခြင်း၏ သဘောကို ရကြပြီ။” (ရော ၈:၁၄-၁၅)။ ဘုရား၏သား ဖြစ်ပါက အ ပြစ်လုပ်လျှင် အဘကသားကို ဆုံးမ သကဲ့သို့ ဆုံးမမည် ဖြစ်သည်။ ဆုံးမခြင်းသည် အပြစ် စီရင်ခြင်းနှင့် မတူပါ။ အပြစ် စီရင်ခြင်းသည် မေတ္တာမပါ၊ အပြစ် ကျူးလွန်ခြင်းကြောင့် တ ရားသူကြီး ကအပြစ် သားကို ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဆုံးမခြင်းသည် အဘကသားကို လိမ္မာဘို့ရန် ဆုံးမခြင်း ဖြစ်သည်။ 

            ကျမ်းစာ၌၊ “ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ၆ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့ လျော့ကြသလော။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက် ရှိသလော။သား အပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲ နေလျှင်၊ သား အရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသား ဖြစ်ကြ၏” (ဟေ ၁၂း၅-၈) ဟုရေးထားသည်။ ကယ်တင်ခြင်းသို့ ရောက်သွားသော ဘုရားသခင်၏ သားသမီး မှန်လျှင် အပြစ်လုပ်သောအခါ သတိပေးခြင်း ခံရမည်။ နားမထောင်ပါက ဆုံးမမည်။ ဆုံးမခြင်း ခံသော သားသမီးသည် မိဘကအဆက်ဖြတ်သည်မဟုတ်၊ လိမ္မာဘို့ရန် ဒဏ်ခတ်ခြင်းဖြစ်သည်။ ဘုရားသခင်ကလည်း သူ၏ သားသမီးများကို ဆုံးမတတ်သည်။ ဆုံး မခြင်းသည်လည်း အမျိုးမျိုးရှိသည်။ ပြသနာကြုံတွေ့စေခြင်းအားဖြင့် ဖြစ်စေ၊ နေမ ကောင်းခြင်း၊ ဆုံးရှုံးခြင်းအားဖြင့် ဆုံးမနိုင်သည်။ နောက်ဆုံး၌ ကိုယ်ခန္ဓာအသက် ရုတ် သိမ်းခြင်း အထိဖြစ်နိုင်သည်။ 
 
ထာဝရအသက် 

              ကယ်တင်ခြင်းသို့ ရောက်သွားသောသူများသည် ထာဝရ အသက်ကို ပေးထားသည်။ ကျမ်းစာက၊ “ဘုရားသခင်သည် ငါတို့အား ထာဝရဘုရား အသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂) ဟုဆိုသည်။ ထိုထာဝရ အသက်ကို ဘုရားသခင်က ထိုက်တန်၍ ပေးသည် မဟုတ်။ သနားသောအားဖြင့် ပေးသည်။ ထိုအသက်သည် ထာဝရ ကာလ တိုင် တည်တန့်မည့်အသက် ဖြစ်သည်။ လူထင်မှတ်တတ်သည် မှာအပြစ် လုပ်သောအခါ ထာဝရ အသက် ပြတ်တောက် သွား၍ နောင်တရ၊ ဆုတောင်းသောအခါ ပြန်ဆက်သည် ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ပါက အပြစ်လုပ်တိုင်း အသက် ပြတ်၍ နောင်တရတိုင်း အသက် ပြန်ဆက်လျှင် ထာဝရ အသက် မဟုတ်တော့ချေ။ ပြတ်တောင်းပြတ် တောင်းအသက် ဖြစ်မည်။ 
 ကိုယ်ခန္ဓာပိုင်းနှင့် ကြည့်ပါက ဖျားနာသောအခါ အလုပ်မလုပ်နိုင်၊ အပျင်း ဖျားလျှင် ကိုယ့်ကိုယ်ကို ပင်လျှင် မသိ၊ ဂရုမစိုက်နိုင်၊ သို့သော် အသက် ထွက်သွားသည် မဟုတ်။ နေကောင်း လာသောအခါ နဂုိလ်အတိုင်း အလုပ်ပြန်လုပ်နိုင်သည်။ ထို့နည်းတူ အပြစ်လုပ်သောအခါ ဝိညာဉ်ပိုင်းနေမကောင်း ဖြစ်၍ ဘုရား အလိုတော်အတိုင်း အသက်မရှင်နိုင်ချေ။ သို့သော် ထိုအချိန်၌လည်း ထာဝရ အသက် ရှိနေသည်။ အပြစ် ဝန်ချတောင်းပန်၍ နောင်တရသောအခါ ဝိညာဉ်ပိုင်းပြန်လည်ကျန်းမာ၍ ဝိညာဉ်ပိုင်းအလုပ်ပြန်လုပ်နိုင်သည်။ 
 
                          ကျိန်ခြင်းနှင့်ကောင်းကြီး
 
 “ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီ ပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ် သောသူ ဖြစ်၏။ ၆ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်​ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆားမြေ၊ သွေ့​ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။ ၇ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဖြစ်၏။ ၈ ထိုသူသည်ကား၊ ရေရှိသော အရပ်၌ စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့်၊ ပူသော အရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာ မရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့် တူ၏။” (ယေရမိ ၁ရး၅-၈) 


            အထက်ပါ ကျမ်းပိုဒ်အရလူတိုင်း ကျိန်အပ်သောသူနှင့် ကောင်းကြီး မင်္လာ ခံအပ်သောသူ ဖြစ်ခြင်းသည် ကိုယ်၏ ရွေးချယ်မှု အပေါ်မူတည်နေသည်။ ကျိန်အပ်သောသူသည် လူကိုကိုးစား၍ အမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရား ထံတော်မှ ထွက် သွားသောသူ ဖြစ်သည်။ သင်သည် အဘယ်အပြစ်မျှမလုပ်သော်လည်း စိတ်နှလုံးအထဲ မှထာဝရဘုရား မဟုတ်လူကိုကိုးစားလျှင် ထိုင်နေလျှင်လည်း ကျိန်အပ်သောသူ၊ အလုပ် လုပ်လျှင်လည်း ကျိန်အပ်သောသူ၊ ကုသိုလ်ကောင်းမှု လုပ်လျှင်လည်း ကျိန်အပ်သောသူ၊ တရားဟော၊ ဆုတောင်း နေသော်လည်း ကျိန်အပ်သောသူ ဖြစ်သည်။ ထိုကျိန်ခြင်းသည် လူထံမှ မဟုတ်၊ ဘုရားသခင်၏ ကျိန်ခြင်း ဖြစ်သည်။ ခလေး၏ ကျိန်ခြင်း၊ အဘွား ကြီး၏ ကျိန်ခြင်း ပင်လျှင် ခံရလျှင် စိတ်မကောင်း ဖြစ်တတ်ကြသည် မဟုတ်လော။ ထာဝရဘုရား၏ ကျိန်ခြင်း ခံသောသူသည် မည်ကဲ့သို့ ဝမ်းမြောက် ပျော်ရွှင်နိုင်မည်နည်း။ လူတိုင်း အဘယ်ကြောင့်စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်ပျက်တတ်ကြသနည်းဟူမူကား ကျိန်အပ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ကျိန်အပ်သောသူ ဖြစ်သနည်း။ ထာဝရဘုရားကိုအား မကိုး၊ လူကို အားကိုး သောကြောင့် ဖြစ်သည်။ 

            လူကို အားကိုးသောသူသည် လွင်ပြင်ဆားမြေ၌ ပေါက်သော အပင်ကဲ့သို့ဖြစ်၍ ကောင်းကျိုးရောက်ကြောင်းလည်း မသိရ ဟုဆိုသည်။ ဆားမြေ၌ အပင်မပေါက်နိုင်ချေ။ ထိုကြောင့် ဆားမြေ၌ ပေါက်သော အပင်သည် အဖေါ်မရှိဘဲ တပင်တည်း ဖြစ်နေပေမည်။ လူကိုကိုးစား၍ ဘုရားကိုအား မကိုးသောသူလည်း ထိုကဲ့သို့ဖြစ်မည်ဟု ထာဝရဘုရားကိုယ်တိုင် ကပြောသည်။ အမှန်တကယ် မှာလူသည် အကူအညီကို အဆုံးတိုင် မပေးနိုင်ချေ။ ထာဝရဘုရားသခင် သာလျှင် ပေးနိုင်သည်။ သို့သော် လူသည် ထာဝရဘုရားထက် လူလူချင်း အပေါ်၌ သာအားကိုးချင်ကြသည်။ လူကိုကိုးစားသောသူသည် ကောင်းကျိုးရောက်ကြောင်း လဲ မသိရ ဟုဆိုသည်။ ဘုရားအား မကိုးသောသူသည် ကောင်းကျိုးရောက်ကြောင်းလည်း မသိချေ။ ကောင်းကျိုးရောက်လျှင် ကံကောင်းသည် ဟုဆိုသည်။ ကောင်းကြီး ပေးသောသူကို မသိချေ။ 
               ထာဝရဘုရားကိုအား မကိုးခြင်းသည်လည်း သူသည် အဘယ်မျှလောက်ကြွယ်ဝ၍ တတ်စွမ်းနိုင်သည်ကို မသိခြင်းကြောင့်၎င်း၊ ထာဝရဘုရားနှင့် မရင်းနှီး သောကြောင့်၎င်း၊ သူ၏ စကားကို နားမထောင်သောကြောင့်၎င်း၊ ဖြစ်သည်။ လူတယောက်၏ အစွမ်း အစကို မသိလျှင် အားကိုး လိုစိတ်မရှိချေ။ ထိုမျှသာမက အစွမ်းအစရှိသောသူနှင့် မရင်း နှီးလျှင်လည်းအား မကိုးရဲချေ။ ထို့အပြင် မိဘစကား နားမထောင်လျှင်လည်း မိဘထံမှ ဘာမျှမတောင်းရဲချေ။ တစိမ်းကို မည်သူကမျှ စိတ်မချ၊ မတောင်းရဲချေ။ မည်မျှပင်ပြောဆိုတိုက်တွန်းသော်လည်း မရချေ။ လူအများစုထာဝရဘုရားကိုအား မကိုး ချင်းသည် အထက်ပါ အကြောင်း အရာ တခုခုကြောင့်သော်၎င်း၊ အားလုံး ကြောင့်သော်၎င်း၊ ဖြစ်သည်။ 

                ထာဝရဘုရား အားကိုးသောသူမူကား ကောင်းကြီး မင်္လာကို ခံအပ်သောသူ ဟုဆိုသည်။ ကောင်းကြီး မရောက်မှီ အဘယ်အရာမျှ မဖြစ်မှီမင်္လာရှိသောသူ ဖြစ်နေပြီ။ လူ့အမြင်၌ ကောင်းကြီးသည်လောက ရုပ်ဝတ္တုပစ္စည်း၊ လောကီပညာ၊ အဆင့် အတန်းအာဏာ၊ ကျန်းမာခြင်းအားဖြင့်သာလျှင် တိုင်းတာတတ်ကြသည်။ ထိုအရာများပြည့်စုံသော်လည်း စိတ်ညစ်နေလျှင်သော်၎င်း၊ ကျေနပ်ခြင်း၊ ငြိမ်သက်ခြင်း မရရှိလျှင်သော်၎င်း၊ ဝိညာဉ် အသက် သေနေ၍ ဘုရားသခင်နှင့် အဆက်ပြတ်နေလျှင်သော်၎င်း၊ အကျိုးမရှိပေ။ သို့သော် ထာဝရဘုရား အားကိုးသောသူသည် ဆင်းရဲသော်လည်း ပျော်ရွှင်ငြိမ်သက်ခြင်း၊ ဘဝ ကျေနပ်ခြင်းရှိသောကြောင့် မင်္ဂလာရှိသည်။ သူများကဲ့သို့ မချမ်းသာ၊ အဆင့်မရှိသော်လည်း ဘုရားသခင်၏ ငြိမ်သက်မှု ခံစား သောကြောင့်သာယာပျော်ရွှင်သော ဘဝ၊ မိသားစု ဖြစ်နိင်သည်။ ထို့ကြောင့် မင်္လာရှိသောသူ ဖြစ်ဘို့ရန် ထာဝရဘုရားကို အစဉ်အားကိုး ယုံကြည်ဘို့ တိုက်တွန်းလိုပါသည်။ 
                    “ယနေ့ ကောင်းကြီး ပေးခြင်းနှင့် ကျိန်ခြင်း တည်းဟူသော ဤနှစ်ပါးကို သင်တို့ ရှေ့မှာ ငါထား၏။ ယနေ့ ငါဆင့်ဆိုသော သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင် မူကား၊ ကောင်းကြီး ပေးခြင်း၊ သင်တို့ ဘုရားသခင် ထာဝ ရဘုရား၏ ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှလွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသော ဘုရားကို မှီဝဲဆည်းကပ်လျှင် မူကား ကျိန်ခြင်းကို ငါထား၏။” ( တရားဟော ၁၁:၂၆-၂၈) 
 
 
                    ယုံကြည်ခြင်းအားကြီးသောသူများ 
 
 “ယုံကြည်ခြင်းရှိလျှင် သင်တို့ မတတ်နိုင်သောအမှု မရှိ။ ယုံကြည်ခြင်းရှိလျှင် သင်တို့ မတတ်နိုင်သောအမှုမရှိ။” (မဿဲ ၁ရး၂၀ ခ)။ “ယုံကြည် သောသူ ဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။” (မာ ၉:၂၃ ခ)  ခရစ်တော် ကယုံကြည်သောသူသည် မတတ်နိုင်သောအမှု မရှိ၊ ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည် ဟုဆိုသည်။ ကျမ်းစာထဲ၌လည်း ယုံကြည် သောသူ များသည် အံ့ဩဘွယ်အမှုများပြုလုပ် နိုင်ကြသည်ကို တွေ့ရသည်။ သို့သော် ယနေ့ ယုံ ကြည် သူများသည် အဘယ်အမှုကိုမျှ မတတ်နိုင်ဘဲ စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သူတပါးကို အပြစ်တင်ခြင်းနှင့် အသက်တာကို အသုံးပြု ကြသည်။ ခရစ်တော်က၊ “ငါ အမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ ကြီးသော အမှုတို့ ကိုလည်း ပြုလိမ့်မည်။” (ယော ၁၄ ; ၁၂) ဟုဆိုသည်။ သို့သော် ယနေ့ ယုံကြည်သူများသည် အဘယ်ကြောင့်ဘာမျှ မတတ်နိုင် ကြသနည်း။ 
 
ခါနန်အမျိုးသမီး
                ၂၁ ယေရှုသည် ထိုအရပ်မှ ထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ၂၂ ခါနာန်အမျိုး ဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍၊ ဒါဝိဒ်၏ သားတော် ရှင်၊ ​ကျွန်မကို သနားတော်မူပါ။ ​ကျွန်မ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကား တခွန်းမျှပြန်တော်မမူ။ ၂၃ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ ငါတို့ နောက်သို့ လိုက်၍ ဟစ်ကြော်လျက် ရှိနေပါသည်ဟု တောင်းလျှောက်ကြ၏။ ၂၄ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုးအဝင်ပျောက်လွင့်သော သိုးများ မှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်ဟု မိန့်တော်မူ၏။ ၂၅ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ​ကျွန်မကို ကယ်မတော်မူပါသခင်ဟု လျှောက်ပါလျှင်၊ ၂၆ ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ ၂၇ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေး မည်သည်ကား မိမိသခင်၏ စားပွဲမှ ကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ၂၈ အိုမိန်းမ၊ သင်သည် ယုံ ကြည်အားကြီးမားလှပြီ။ သင့်အလိုရှိသည် အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအ ချိန်မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။ (မ ၁၅:၂၁-၂၈) 

                 ဤခါနန်အမျိုးသမီးသည် ခရစ်တော်ကို ယုံကြည်သည်။ သူ့သမီးထံမှ နတ်ဆိုးနှင် ထုတ်ပေးဘို့ တောင်းလျှောက်သော်လည်း မရသည်သာမက ခရစ်တော် ကစကား ပင် မပြောချေ။ တပည့်တော်များကစေတနာမပါဘဲ အနှောက်အရှက်ကင်းဘို့ရန် တောင်းပေးပြန်သော်လည်း အား တက်စရာ မရှိ။ ခရစ်တော်က သူတို့အတွက် ခွဲတမ်းမပါဟု ​ဖြေလိုက်သည်။ လူအများစုသည် ထိုမျှလောက်နှင့် နောက်ဆုတ်သွားမည် ဖြစ်သည်။ သို့သော် သူသည် တောင်း လျှောက်နေသောကြောင့် ခရစ်တော် ကသား၏ အစာကို ခွေးမပေးမချအပ်ဟု တည့်တည့် ပြောလိုက်သည်။ သူ့ကို ခွေးနှင့် နှိုင်းခြင်း ဖြစ်သည်။ သို့သော် ထိုမိန်းမသည် လုံးဝ နောက်မ ဆုတ်၊ ခွေးလည်း သခင်၏ စားနုပ်စားပေါက်ကို စားတတ်သည် ဟုဆိုနေသည်။ ထိုကြောင့် ခရစ်တော်က၊ “အိုမိန်းမသင်သည် ယုံကြည် အားကြီးမား လှပြီ” ဟုဆိုရခြင်း ဖြစ်သည်။ ခရစ်တော် ကအံ့ဩလောက်အောင် လက်မြှောက်လောက်အောင် ယုံကြည်ခြင်း အားကြီးသည်။ လူတိုင်း ထိုခါနန်အမျိုးသမီးကဲ့သို့ ယုံကြည်ခြင်း အားကြီးလျှင် မတတ်နိင်သောအရာ ရှိမည် မဟုတ်။ 
 
ဂျော့မူလာ (George Muller) 

               ဂျော့မူလာသည် မိဘမဲ့ ၁၀၀၀၀ ကျော်ကို ယုံကြည်ခြင်းအားဖြင့် ​ကျွေးမွေး ခဲ့သောသူ ဖြစ်သည်။ သူ၏ မိဘမဲ့ ခလေး ကျောင်းတွင် တနေ့လျှင် ခလေး၂၀၀၀ အစာကို မည်သူထံ၌ မျှမတောင်းဘဲ ဘုရားသခင် ထံ၌သာ ဆုတောင်းခြင်းဖြင့် ​ကျွေးမွေး နိုင် ခဲ့သည်။ တနေ့၌ အဆောင်မှုးက ခလေးများနံနက်စာစားဘို့ မရှိတော့ကြောင်း သတင်း ပေးသည်။ ဂေျာ့မူလာကထမင်းစားခန်းတွင် ခလေးများကို ထိုင်ခိုင်း၍ စားပွဲပေါ်၌ ဘာ မျှစားစရာ မရှိသော်လည်း ကျေးဇူးတော် ချီးမွမ်းသည်။ ထိုသို့ ချီးမွမ်းခြင်း အပြီးတွင် တံခါးခေါက်သံကြား၍ ဖွင့်ပေးသောအခါ သူတို့၏ အိမ်နီးချင်းကလာ၍ မုန့်များယူ ဆောင်လာသည်။ ထိုနောက် တံခါးခေါက်သံကြားပြန်သောကြောင့် ဖွင့်ပေးသောအခါ နွားနို့ရောင်းသောသူကသူ၏ နွားနို့များကို အခမဲ့သောက်ဘို့ရန် ပေးသည်။ အကြောင်းမှာ သူ၏ နွားနို့သယ်သော လှည်း သူတို့ အိမ်ရှေ့တွင် ပျက်သွားသောကြောင့် ထိုလှည်းကို ပြင်ချိန်တွင် နွားနို့များ ပုပ်သွားမည် ဖြစ်သောကြောင့် ခလေးများသောက် ဘို့ရန် အခမဲ့ပေးခြင်း ဖြစ်သည်။ 

             ဂျော့မူလာသည် နယူးယောက်မှကာနေဒါနိင်ငံမွန်တီအယ်မြို့သို့ တရား ဟောဘို့ရန် ရက်ချိန်းရှိသည်။ ထိုအခရီးကို သင်္ဘောနှင့် သွားရမည် ဖြစ်သည်။ သို့သော် သင်္ဘောသည် မထွက်နိုင်အောင် ပင်လယ်၌ မြူမှိုင်းသည် ပိန်းပိတ်အောင် တက်နေသည်။ သူကသင်္ဘောကပ္ပတိန်ကို သွားခိုင်းသောအခါ ကပ္ပတိန်ကမြူမှိုင်းကြောင့် မသွားနိုင်သည်ကို ပြောပြသည်။ သို့သော် ဆုတောင်းပြီးသောအခါ ထိုမြူ များသည် ချက်ခြင်း ပျောက်ကွယ်သွားကာ သူချိန်းချက်သော အချိန်၌ တရားဟော နိင်ခဲ့သည်။ ဂေျာ့မူလာသည် သာမန်လူ ဖြစ်သည်။ ဆုတောင်းခြင်း တခုတည်းဖြင့် ဘုရား အမှုတော်ဆောင်သောအခါ အလွန် အောင်မြင် ခဲ့သည်။ သင်သည်လည်းသူ ကဲ့သို့ဖြစ်နိင်သည်။ 
 
 
                              ခရစ်ယာန်အိမ်ထောင်

                ယခုခေတ်တွင် ထမ်းဘိုးမညီသော အိမ်ထောင်များ တည်ဆောက်ခြင်း အလွန်များလာသည်။ အမျိုးမတူ၊ ယဉ်ကျေးမှု မတူ၊ အဆင့်အတန်းမတူ၊ ပညာအရည်အ ချင်းမတူ၊ ဝိညာဉ်ရေးရာ၌ မတူ၊ အလိုဆန္ဒချင်း မတူညီသော အိမ်ထောင်များ တည် ဆောက်လာ ကြသည်။ အထူးသဖြင့် မိန်းမသည်ယောက်ျားထက်တော် ကာပညာ အရည်အချင်းရှိ၍ ဝင်ငွေပိုကောင်းလျှင်ယောက်ျားများက်အောက်ကျမခံ၊ စိတ်အား ငယ်၍ မိန်းမကို အကြမ်းနည်းအားဖြင့် ဖြစ်စေ၊ အခြားနည်းအားဖြင့်ဖြစ်စေ ပြသနာ လုပ် လာနိုင်သည်။ ထိုအခါ ပြသနာ မ​ဖြေရှင်း နိင်လျှင်၊ သည်းမခံနိုင်လျှင် လင်မယား အမြဲရန် ဖြစ်၍ တယောက်နှင့် တယောက် စကားများကာမလိုလားအပ်ဘဲ ကွာရှင်းခြင်းများပြုလုပ် လာနိုင်သည်။ 

                 အမှန်မှာ အိမ်ထောင်သည် ဘုရားသခင်က တည်ဆောက်ရမည် ဖြစ်သည်။ ဆာ လံဆရာက၊ “ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်း စောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏။” (ဆာ ၁၂ရး၁-၂) ဟုဆို ထားသည်။ ထိုကြောင့် အိမ်ထောင်သည် ဘုရားသခင်က တည်ဆောက်ရမည် ဖြစ်သည်။ သို့သော် အိမ်ထောင်တိုင်းသည် ဘုရားသခင်ကို မတည်ဆောက်ခိုင်းဘဲ မိမိတို့ ဖာသာ တည်ဆောက် ကြသည်။ မည်ကဲ့သို့ တည်ဆောက်ကြသနည်း။ 
 
အချစ်အားဖြင့် 

                ရည်းစားဘဝ၌ အချစ်၌ ရူးမူးသောကြောင့် အိမ်ထောင်သည် အချစ်အားဖြင့် တည်ဆောက်၍ ရမည်ဟု ထင်တတ်ကြသည်။ သို့သော် အိမ်ထောင်ပြု လာသောအခါ အလုပ်များခြင်း၊ ပင်ပန်းခြင်း၊ ခလေးများကြောင့် တာဝန်များခြင်း၊ အိပ်ရေးမဝခြင်း၊ ငွေ ကျေးမလုံလောက်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ အကြိုက်နှင့် အထာမတူညီခြင်းများကြောင့် ချစ်ခြင်း မေတ္တာသည် တဖြည်းဖြည်းလျော့နည်းလာတတ်သည်။ တယောက်နှင့် တယောက် အပြစ်တင်၊ တယောက်နှင့် တယောက် အားနည်းချက်များကို မြင်လာကာ စကားများလာတတ်သည်။ နောက်ဆုံး၌ ရိုက်ပုတ်ခြင်း၊ ကွာရှင်းခြင်းများအထိ ဖြစ်လာ နိုင်သည်။ အဘယ်ကြောင့်ရည်းစားဘဝ၌ အပြစ် မမြင်ခဲ့ကြသနည်းဟူမူကား အားနည်း ချက်များကို အချစ်ကဖုံးလွှမ်းသောကြောင့် ဖြစ်သည်။ အချစ်လျော့နည်း လာသောအခါ ဘယ်လိုမိန်းမမျိုး၊ ဘယ်လိုယောက်ျားမျိုးယူမိပါလိမ့်ဟု အံ့ဩ လာတတ်ကြသည်။ ချစ်ခြင်းမေတ္တာသည် လျော့နည်းလာတတ်သောကြောင့် ပြန်လည်ဖြည့်ဆည်းဘို့ လိုအပ်သည်။ ချစ်ခြင်းမေတ္တာသည် လိုအပ်သော်လည်း ထိုအရာ တခုတည်းဖြင့် အိမ်ထောင်တည် ဆောက်၍ မရပါ။ 
 
ငွေအားဖြင့် 

                  အချို့သောသူများသည် အိမ်ထောင်ကို ငွေအားဖြင့် တည်ဆောက်ဘို့ ကြိုးစား ကြသည်။ ငွေရှိလျှင်အိမ်၊ ကား လိုအပ်သမျှ ပစ္စည်းများကို ဝယ်၍ အိမ်ထောင်သာယာ မည်ဟု စိတ်ထင်နှင့် ငွေကိုသာ အဓိကရှာတတ်ကြသည်။ ထို့ကြောင့် ဆာလံဆရာက၊ “စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက်၊ ပင်ပန်းစွာ အစာ စားလျက် နေသော်လည်း အကျိုးမရှိ” ဟုဆိုရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ် လုပ်ဘို့ စောစော ထလျက် ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲ နေလျက် အလုပ်လုပ်ခြင်း ဖြစ်သည်။ အချို့လင်မယား များသည် တယောက်နှင့် တယောက် တွေ့ချိန်ပင်လျှင် မရရှိကြချေ။ နေ့ဆိုင်းနှင့် ညဆိုင်း အလုပ်လုပ်သောကြောင့် လင်မယား ပျော်မွေ့ချိန်ပင်လျှင် မရရှိကြချေ။ ထိုအခါ အလုပ်ခွင်၌ အတွေ့များသောသူများနှင့် စကားပြောခြင်း၊ မြင်ခြင်း၌ သာယာပျော်မွေ့လာခြင်းအားဖြင့် သံရောယဉ်များ တွယ်လာကာနောက်ဆုံး၌ ကိုယ်ခင်ပွန်းနှင့် ပြသနာ ရှိလာရာမှကွဲခြင်း ဖြစ်လာ ကြသည်။ 
                  ငွေရှိ လာသောအခါ ၌လည်း အလိုဆန္ဒမတူညီ၊ ကိုယ်မိဘ ဆွေမျိုးများထောက် ပံ့ပုံခြင်း မညီမျှသောအခါ စကားများလာရာမှ ပြသနာ အကြီးအကျယ် ဖြစ်လာနိုင်သည်။ ငွေမရှိ၊ မလောက်မငခေဋ္ဌခေဋ္ဌတာတာဖြင့် သုံးဆွဲချိန်တွင် လင်မယား ပြသနာ မရှိခဲ့သော်လည်း ငွေရွှင် လာသောအခါ ပြသနာ ရှိလာတတ်သည်။ ငွေဖြင့်သာယာအောင်မြင်သော အိမ်ထောင်တည်ဆောက်နိင်လျှင် သူဌေးများ အိမ်ထောင်ကွဲကြမည် မဟုတ်။ အမှန်မှာဆင်းရဲသား များထက် သူဌေးများ လင်မယား ကွာရှင်းမှု ပိုများသည်။ အကြောင်းမှာ ငွေအားဖြင့် အိမ်ထောင်မတည်ဆောက်နိင်သောကြောင့် ဖြစ်သည်။ 
 
အမိန့်အားဖြင့်

            အချို့သောယောက်ျားများသည် အိမ်ထောင်ကို အမိန့်အာဏာအားဖြင့် တည် ဆောက် ကြသည်။ယောက်ျားသည် ခေါင်း ဖြစ်သည်ဟု အသေယူကာသား မယားကို ​ကျွန်ကဲ့သို့ အုပ်ချုပ်သည်။ ထိုသို့သော အိမ်ထောင်၌ ချစ်ခြင်းမေတ္တာမရှိဘဲ ကြောက် စိတ်နှင့် မကျေနပ်ခြင်း နှင့်သာပြည့်ကာသာယာအောင်မြင်သော အိမ်ထောင်မတည် ဆောက်နိုင်ကြချေ။ အမှန်မှာယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် အထောက်အမ ဖြစ်ဘို့ရန် ဖြစ်သည်။ ကျမ်းစာ၌၊ “ထာဝရ အရှင် ဘုရားသခင်က လည်း၊ယောက်ျားသည် တယောက် တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။” (ကမ္ဘာ ၂:၁၈) ဟုဆိုသည်။ ထိုကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်တွင် မိန်းမသည်ယောက်ျားအတွက် အထောက်အမ ဖြစ်သည်။ အနိင်ကျင့်ဘို့၊ ​ကျွန်ကဲ့သို့ စေခိုင်းဘို့၊ ဘုံမောင်းကဲ့သို့ ထုဘို့ရန် မဟုတ်။ ထို့ကြောင့် ဘုရားသခင်၏ ပဌမ မူလ ရည်ရွယ်ချက်အတိုင်းယောက်ျားတိုင်း ကမိန်းမကို အနိင်မကျင့်ဘဲ အထောက်အမအဖြစ် အသုံးပြုရမည်။ ညာဖက်လက်တချောင်းတည်းဖြင့် ပုဆိန်ကို ကိုင်ပါက အား မရှိ၊ ဘယ်ဘက်လက်ကကူညီမှ အားရှိသကဲ့သို့ လင်မယား ပူးပေါင်းမှ အားရှိသည်။ 

              အမေရိကန်နိင်ငံ၌ ဥပဒေကမိန်းမများကို ကာကွယ်သောကြောင့် မိန်းမများသည် ထိုအရာကို အခွင့်အရေးဟု ယူဆကာ မိမိခင်ပွန်းကို မကြောက်တော့ဘဲ ရဲခေါ်မည့် အရာနှင့် အနိင်ယူကြပြန်သည်။ ထိုအရာသည်လည်း သာယာသော အိမ်ထောင်မ ဖြစ်နိုင်ပါ။ယောက်ျားများလည်း ဥပဒေကတားမြစ်လျက် ပင်ကိုယ့်မိန်းမကို အနိင်ကျင့်တတ်ကြသောကြောင့် ထောင်ကျခြင်း၊ သား မယားများနှင့် တွေ့ခွင့်မရ၊ တားမြစ်ပိတ်ပင်ခြင်းများခံစားရကြသည်။ ဘုရားသခင် တည်ဆောက်သော အိမ်ထောင်၊ ခရစ်ယာန် အိမ် ထောင်၌ ထိုသို့ လုံးဝ မဖြစ်သင့်ချေ။ အဘယ်ကြောင့် ဆုတောင်း မပြည့်သနည်း။ 

              အချို့သော မိသားစု၌ ပြသနာ ကြုံတွေ့ လာသောအခါ ဆုတောင်း နေသော်လည်း အဘယ်ကြောင့် ဘုရားသခင်က နားမ​ညောင်းသနည်း။ ထိုဆုတောင်းခြင်းသည် ဘုရားသခင်ကို ချစ်၍ ယုံကြည်၍ ဆုတောင်းသည် မဟုတ်။ ပြသနာ ရှိ၍ သာထို ပြသနာ ပြေလည်စေဘို့ရန် အားကိုးသော ဆုတောင်းခြင်း ဖြစ်သည်။ ဘုရားသခင်ကို ပြသနာ တွေ့သောအခါ ၉၁၁ ခေါ် သကဲ့သို့ အရေးပေါ်ခေါ်သောကြောင့် ဘုရားသခင်က နားမ ​ညောင်းခြင်း ဖြစ်သည်။ ၉၁၁ အဖွဲ့ကို ခေါ်သောအခါ ပြသနာ ပြေလည်သွားပြီး နောက် သူတို့ကို လုံးဝ သတိမရတော့ချေ။ ဘုရားသခင်သည် ထိုသို့ ပြသနာ ရှိမှသာ ခေါ်ဘို့ရန် မဟုတ်ပါ။ များစွာသောသူများ ကဒုက္ခ ပြသနာ ကြုံတွေ့သောအခါ၊ “အဘယ်ကြောင့် ဘုရားသခင်က ဤကဲ့သို့ဖြစ်ခွင့်ပေးသနည်း” ဟု ဘုရားသခင်ကို အပြစ်တင်မေးခွန်းထုတ် တတ်ကြသည်။ အမှန်မှာ၊ “ဘုရားသခင်ကို ငါလုံးဝ ဂရုမစိုက်ပေမဲ့၊ ဘာကြောင့် ယခုု မှသာ ပြသနာ ကြုံတွေ့ ခွင့်ပေးသလဲ။ ဘာကြောင့် ဘုရားသခင်က ငါတို့ကို ယနေ့ တိုင်အောင် ကောင်းကြီး ပေးနေသလဲ။” ဟု မေးခွန်းမေးသင့်သည်၊ 

                 ပုံမှန်ဘုရားကျောင်းတက်၊ ပုံမှန်ဆယ်ဘို့ တဘို့ ပေး၊ အသင်းတော် ကိစ္စ၌ ပါ ဝင်လှူပ်ရှားရုံဖြင့် ကျေနပ် တတ်ကြသည်။ ဘုရားသခင်ကိုးကွယ်ခြင်းနှင့် အမှုဆောင်ခြင်းလည်း ဘုရားသခင်ထံမှ ကောင်းကြီးနှင့် အကွယ်အကာလ ိုချင် သောကြောင့်သာ ဖြစ်တတ်ကြသည်။ ထိုသို့ကိုးကွယ်တတ်သော ဣသရေလများကို ဘုရားသခင်က၊ “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံး မူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။” ဟုဆိုခဲ့ဘူးသည် (ဟေရှာယ ၂၉:၁၃)။ ခရစ်တော်ကလည်း ထိုအရာကိုကိုးကား၍၊ “လျှို့ ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။” ဟုဆိုသည် (မ ၁၅:ရ- ၉)။ ဘုရားကိုးကွယ်သောအခါ ပါးစပ်သာမက စိတ် ဝိညာဉ်လည်း ပါဘို့ လိုအပ်သည်။ 
 
ဘုရား တည်ဆောက်သော အိမ်ထောင်

                  အိမ်ထောင်သည် ဘုရားသခင်က အစပြုခဲ့သည်။ အာဒံသည် တယောက် တည်းမနေကောင်းဟု ဧဝကို ဖန်ဆင်းကာ သူတို့ကို ကောင်းကြီး ပေးခဲ့သည်။ ထို့ကြောင့် အိမ်ထောင်သည် ဘုရားသခင်က တည်ဆောက်ရမည် ဖြစ်သည်။ “God is the head of this house” “ဘုရားသခင်သည် ဤအိမ်ထောင်၏ ဦးခေါင်း ဖြစ်သည်” ဟူသော စာတန်းကို အိမ်ဧည့်ခန်း၌ ချိတ်ရုံဖြင့် ဘုရားသခင်သည် ထိုအိမ်ကို တည်ဆောက်မည် မဟုတ်။ အကြောင်းမူကား သူ့ကို အမှန်တကယ် ဦးခေါင်းနေရာ၌ မထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဘုရားသခင်က အိမ်ထောင်ကို တည်ဆောက်မည် နည်း။ ဘုရားသခင်က အိမ်ကို တည်ဆောက်နိုင်ဘို့ရန်မှာ လင်မယား အထူးသဖြင့် အိမ်ထောင်ဦးစီး အပေါ်မူတည်နေသည်။ အိမ်ထောင်ဦးစီးကိုယ်တိုင် ဘုရားသခင်၏ လူ၊ ဘုရားသခင်ကို ဦးထိပ်ထားသောသူ၊ ဘုရားသခင်နှင့် ဆက်နွယ်၍ မိဿဟာယဖွဲ့သောသူ ဖြစ်ရမည်။ မည်ကဲ့သို့ ဘုရားသခင်နှင့် ဆက်နွယ်ရမည်နည်း။ ခရစ်တော်၏ ဝိညာဉ်ကို ရထားရမည်။ ကျမ်းစာက၊ “ခရစ်တော်၏ ဝိညာဉ်ကို မရသောသူ မည်သည်ကား ခရစ်တော်နှင့် မဆိုင်။” ဟုဆိုသည် (ရော ၈:၉)။ တနည်းအားဖြင့် ဝိညာဉ်ပိုင်း၌ ဒုတိယအကြိမ် မွေးသောသူ၊ ထာဝရ အသက် ရသောသူ ဖြစ်ရမည်။ အိမ်ထောင်ဦး စီးသာ မဟုတ်ခင်ပွန်းသည် မှစ၍ သားသမီး တိုင်းလည်း ခရစ်တော် ဝိညာဉ် ရထားသောသူများ ဖြစ်ရကြမည်။ သို့မှသာ ဘုရားနှင့် ဆိုင်သောသူများ ဖြစ်နိင်ပေမည်။ 
 
နှုတ်ကပတ်တော် 

                 ခရစ်တော်၏ ဝိညာဉ် ရသောသူတိုင်းသည် ဘုရားသခင်က တည်ဆောက် သလော။ မတည်ဆောက်သေးပါ။ ဘုရားသခင်က တည်ဆောက်ဘို့ရန် ဘာလုပ်ရ မည်နည်း။ ဘုရားသခင်သည် ယခုခေတ်တွင် ကိုယ်ခန္ဓာအားဖြင့် ဖြစ်စေ၊ အသံတော်အားဖြင့် ဖြစ်စေလူများကို မဆက်ဆံတော့ပါ။ သူ၏ နှုတ်ကပတ်တော် ကျမ်းစာအုပ်အားဖြင့် သူ၏ အလိုတော်ကို ဖေါ်ပြထားသည်။ ထို့ကြောင့် ကျမ်းစာကို မှန်မှန်ဖတ်ရှု လေ့လာရမည်။ ထိုမျှသာမက နေ့ညည့်မပြတ် ဆင်ခြင်အောက်မေ့ရမည် (ဆာလံ ၁)။ 

                 ယခုခေတ်တွင် နှုတ်ကပတ်တော်ထက်လောကအရာများကိုသာ အဆက်မပြတ် ဆင်ခြင်အောက်မေ့ ကြသည်။ ပိုက်ဆံလိုချင် သောကြောင့် အလုပ်ကိုသာ ဖိလုပ် ကြသည်။ နာရီ ပေါင်း များစွာ အလုပ်လုပ်သောကြောင့် ကိုယ်ခန္ဓာပင်ပန်းလာ ကြသည်။ ထိုအချိန်၌ ဝိညာဉ်ပိုင်းအတွက် နှုတ်ကပတ်တော်ကို မဖတ်နိင်ကြ၊ ဖတ်လျှင်လည်း စိတ်မဝင်စား၊ ထို့ကြောင့် ဆင်ခြင်စရာလည်း မရှိချေ။ တိရစ္ဆာန်များသည် နေ့ခင်းပိုင်း၌ အစာစားထား မှညအချိန်၌ စားမြုပ်ပြန်စရာ ရှိသကဲ့သို့ နှုတ်ကပတ်တော်ကို စိတ်နှလုံးအထဲ၌ သိုထား မှဆင်ခြင်စရာ ရှိလာပေမည်။ ယခုမူကား နှုတ်ကပတ်တော်ကို စိတ်နှလုံးအထဲ၌ သွင်း မည့် အစားတီဗီ၊ ဖုန်း၊ ကွန်ပြုတာများအားဖြင့် အဆက်မပြတ်လောကအရာကိုသာ သွင်း ကြသည်။ ထိုလောကအရာများသည် အမှိုက်များ ဖြစ်သည်။ ထိုအမှိုက်များကို အဆက်မပြတ် သွင်းထားသောကြောင့် လူသည် အမှိုက်ပုံး ဖြစ်လာသည်။ အမှိုက်ပုံးသည် ညစ်ပတ်၍ အပုပ်အနံ့များသာလျှင် ထွက်တတ်သည်။ ထို့နည်းတူ လူသည်လောက အမှိုက်များသာလျှင် စိတ်နှလုံးအထဲ၌ သွင်းထားသောကြောင့် ပါးစပ်ထဲမှအပြစ် သာလျှင် ထွက်တတ်သည်။ ခရစ်တော်က၊ “စိတ်နှလုံးအပြည့်ရှိသည် အတိုင်း နှုတ်မြွတ်တတ်၏။ ကောင်းသောသူသည် ကောင်းသော စိတ်နှလုံးဘဏ္ဍာတိုက်ထဲကကောင်းသောအရာ တို့ကို ထုတ်ဘော်တတ်၏။ မကောင်းသောသူသည် မကောင်းသော ဘဏ္ဍာတိုက်ထဲ ကမကောင်းသောအရာ တို့ကို ထုတ်ဘော်တတ်၏။” (မဿဲ ၁၂:၃၄-၃၅) ဟုဆိုခဲ့သည်။ ထို့ကြောင့် နှုတ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော် မထွက်တတ်သောသူသည် အထဲ၌ လောကအရာကိုသာ ရှိကြောင်း ထင်ရှားသည်။ ထိုကဲ့သို့သော သူကို ဘုရားသခင်က မထည် ဆောက်နိင်ချေ။ 
 
 ဆုတောင်းခြင်း 

                   ဘုရားသခင်က တည်ဆောက်သော အိမ်ထောင် ဖြစ်ဘို့ရန် ဘုရားသခင်နှင့် စကားပြောနေရမည်။ ကျမ်းစာဖတ်ခြင်းအားဖြင့် သူ၏ အလိုတော်ကို သိ၍ ဆုတောင်းခြင်းအားဖြင့် ကိုယ့်အလိုကို ဘုရားသခင်အား ပြောပြရသည်။ ကိုယ်ချစ်သောသူ၊ ခင်သောသူနှင့် စကားပြောဘို့ရန် ဝန်မလေးသည်သာမက အရသာတွေ့၍ ပင်ပန်းခြင်း မရှိချေ။ အဘယ်ကြောင့် ဆုတောင်းသောအခါ ပင်ပန်းသနည်း၊ အဘယ်ကြောင့်ဆုမတောင်းတတ်၊ မတောင်းချင် သနည်းဟူမူကား ဘုရားသခင်ကို မချစ်မခင်သောကြောင့် ဖြစ်သည်။ တောင်းလျှင်လည်း ပေးပါ၊ မစပါ၊ ကွယ်ကာပါဟု သူတောင်းစားတောင်းနည်းဖြင့်သာ တောင်းတတ်သည်။ ကိုယ်ချစ်ခင်သောသူနှင့် စကားပြောသောအခါ အကူအညီနှင့် ပစ္စည်းတောင်းခြင်းသည် အလွန်နည်းသည်။ ထို့ထက် အခြားသောအရာ၊ ခံစားချက်၊ အသိအမြင်များကို ပြောတတ်ကြသည်။ အဘယ်ကြောင့် ဘုရားသခင်နှင့် ထိုကဲ့သို့ မပြောနိင်သနည်းဟူကား သူသည် တစိမ်း ဖြစ်နေသောကြောင့် ဖြစ်သည်။ တစိမ်းနှင့် စ ကား ပြောဘို့ရန် ခက်သည်။ ထိုကြောင့် ဘုရားသခင်နှင့် စိမ်းနေသောသူသည် ဘုရားသခင်ကတည်ဆောက်၍ မရချေ။ ဘုရားသခင်က တည်ဆောက်နိုင်ရန် မှာတဦးချင်း ဖြစ်စေ၊ မိသားစုအလိုက် ဖြစ်စေကျမ်းစာကို ဖတ်ရှုလေ့လာ ဆင်ခြင်ခြင်း၊ ဝတ်ပြုခြင်း၊ ဆု တောင်းခြင်းမှ န်မှန် ပြုလုပ် နိင်ရမည်။ 
 
မိဿဟာယဖွဲ့ခြင်း 

                 ဘုရားသခင်က တည်ဆောက်သော အိမ်ထောင် ဖြစ်ဘို့ရန် အခြား ယုံကြည်သူများနှင့်လည်း မိဿဟာယဖွဲ့ရမည်။ အခြားသောသူများကိုလည်း ချစ်ရမည်။ ကျမ်းစာက၊ ချစ် သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေ တ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူ ဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။ ချစ်ခြင်း မရှိသောသူသည် ဘုရားသခင်ကို မသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။” ဟုဆိုထားသည် (၁ ယော ၄:ရ- ၈)။ လူတိုင်း၌ အားနည်းချက် ရှိကြသည်။ သို့သော် ထိုအားနည်းချက်ကို ထား၍ ချစ်ရမည်။ အကြောင်းမူကား ဘုရားသခင်ကလည်း ​ကျွန်ပ်တို့၏ အားနည်းချက်ကို လှစ်လျိုရှု၍ ချစ်သည်။ 

လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင် လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။” (ဟေဗြဲ ၁၀:၂၅) အခြားသော ယုံ ကြည် သူများနှင့် မိဿဟာယဖွဲ့သောအခါ ဝိညာဉ်ရေးရာ၌ တိုးတက်ကာမိသားစု၌လည်း အကျိုးခံစား နိုင်သည်။ ယုံကြည်သူသည် သီးသန့်မနေရ၊ အခြားသူများနှင့် ပူးပေါင်း၍ လှုပ်ရှားရမည်။ မိသားစုရေးရာကိုလည်း အခြားသော ယုံကြည်သူများကဝိုင်း၍ ​ ဖြေရှင်း ပေးနိုင်သည်။ ယုံကြည်သူများနှင့် မိဿဟာယဖွဲ့ခြင်းသည် အလွန် အရေးကြီးသည်။ 
 
                            ကျမ်းစာဖတ်ကြစို့
                                                                           ဗျာဒိတ်ကျမ်း၅
 
၁။ ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်က်ျာလက်၌ ငါမြင်၏။ 

ပလ္လင်တော် ပေါ်တွင် ထိုင်တော်မူသောသူသည် ထာဝရဘုရားသခင် ဖြစ်သည်။ သူ၏ လက်ျာလက်၌ စာစောင်ကိုင်ထားသည်။ ထိုစာစောင်၌ တဘက်တချက်၌ စာရေး ထားကာတံဆိပ်ခုနှစ်ချက်ဖြင့် ခတ်ထားသည်။ ထိုစာစောင်၌ ရေးထားသော အရာများကို အခန်းကြီး ၆၊ ရနှင့် ၈တွင် တွေ့နိင်သည်။ 
 
၂။ အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကို ခွါခြင်းငှါ အဘယ်သူ ထိုက်သနည်းဟု ကြီးသော အသံနှင့် ကြွေးကြော်လျက် ရှိသည်ကို ငါမြင်၏။ 

ကောင်းကင်တမန်ကို အားကြီးသောသူ ဟုဆိုထားသည်။ ကောင်းကင်တမန် များသည် လူနှင့် နှိုင်းဆ၍ မရအောင် အားကြီး ကြသည်။ ထိုသူကတံဆိပ်ခွါမည့်သူကို ရှာ နေသည်။ 
 
၃။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၌ အဘယ် သူမျှ မတတ်နိုင်။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ထိုက်သောသူတယောက်ကိုမျှ ရှာ၍ မတွေ့ သောကြောင့်၊ ငါသည် များစွာ ငိုကြွေးလေ၏။ 

စာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ ကောင်းကင် မြေကြီး မြေကြီး အောက်၌ အဘယ် သူမျှမရှိ ဟုဆိုသည်။ ထိုသို့ မရှိသောကြောင့် ယောဟန်သည် များစွာ ငိုကြွေးသည်။ အဘယ်ကြောင့်နည်း။ သူကိုယ်တိုင် အဘယ်ကြောင့်ငိုကြွေးသည်ကို မဖေါ်ပြ သောကြောင့် အဘယ်သူ ကမျှ မသိနိင်ချေ။ 
 
၄။ ထိုအခါ အသက် ကြီးသောသူတပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့ တည်းဟူသော ဒါဝိဒ်၏ အမြစ်သည် 

ယောဟန်ကို အသက် ကြီးသောသူကမငိုကြွေးဘို့ ပြောသည်။ အဘယ်ကြောင့် နည်းဟူမူကား စာစောင်ဖွင့်နိုင်မည့်သူ ရှိပြီ။ ထိုသူသည် ယုဒအမျိုး၊ ခြင်္သေ့၊ ဒါဝိဒ်၏ အမြစ် ဖြစ်သည်။ ထိုသူသည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်သည် ယုဒအမျိုးမှ လူ့ဇာ တိကို ခံယူသည်။ ခြင်္သေ့သည် တောဘုရင် ဟုဆိုလေ့ရှိသည်။ ခရစ်တော်သည် ဘုရင် ဖြစ်သည်။ သူ မွေးဘွားသောအခါ ယုဒရှင်ဘုရင် ဟုဆိုသည်။ ခရစ်တော်သည် ဘုရင်မ လုပ်ဘူးသော်လည်း အနှစ်တစ်ထောင်ကာလတွင် ဘုရင် ဖြစ်မည် ဖြစ်သောကြောင့် ဘုရင် ဟုဆိုသည်။ ဒါဝိဒ်၏ အမြစ်ဆိုသည်မှာ ဒါဝိဒ်၏ ဘိုးဘွား ဖြစ်ခြင်းကို ုဆိုလိုသည်။ လူ့ဇာတိအားဖြင့် ဒါဝိဒ်၏သား စဉ်မြေးဆက် ဖြစ်သော်လည်း၊ ဘုရား ဇာတိအားဖြင့် ဒါဝိဒ်၏ အမြစ် ဖြစ်သည်။ 
 
၅။ ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနှစ်ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင် လေပြီဟု ငါ့ကို  ပြောဆို၏။ 

ခရစ်တော်သည် စာစောင်၏ တံဆိပ်ခုနှစ်ချက်ကို ဖွင့်ခြင်းငှါ အောင်မြင် လေပြီ ဟုဆိုသည်။ ထိုကြောင့် အသက်ကြီးသူတပါးကယောဟန်ကို မငိုကြွေးဘို့ နှစ်သိမ့်ခဲ့ခြင်း ဖြစ်သည်။ 
 
၆။ ထိုအခါ ပလ္လင်တော် မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူ တို့ အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက် ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီး တပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ် ခုနစ်ပါး တည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနှစ်ချောင်းရှိ၏။ 

အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် အဘယ်သူ နည်း။ ခရစ်တော် ပင် ဖြစ်သည်။ သူသည် ဘုရား စကားကို တသဝေမတိမ်း နားထောင် သောကြောင့် သိုးသငယ်ဟု တင်စားသည်။ အသေသတ်ပြီး သကဲ့သို့ ဆိုခြင်းသည် သေပြီးမှရှင်ပြန်ထ မြောက်ခဲ့ပြီး သောကြောင့် ဖြစ်သည်။ သူသည် ခမည်းတော် ရှေ့၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ တို့ အလယ်၌ ရပ်သည်။ ဘုရားသခင်၏ ဝိညာဉ် ခုနှစ်ပါးသည် ဘုရားသခင်၏ နံပါတ် ဖြစ်သည်။ ခုနှစ်သည် ပြည့်စုံခြင်း ဖြစ်သည်။ ရက်သတ္ တပတ်၌ ခုနှစ်ရက် ရှိသည်။ မျက်စိသည် အားလုံး ကို မြင်ခြင်း၊ ချိုသည် အစွမ်းသတ္တိရှိခြင်းကို ဆိုလိုသည်။ 
 
၇။ သူသည် လာ၍ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။ 

ခရစ်တော်သည် ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်မှ စာစောင်ကို ဖွင့်ဘို့ရန် ယူလေသည်။ 
 
၈။ ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေး ပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေ ဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်ဝပ်လျက်၊ 

သန့်ရှင်း သူတို့သည် ယုံကြည်သူများကို ဆိုလိုသည်။ ယခုခေတ်၌ ယုံကြည်သူများ ဟူ၍သာ ခေါ်ရဲ ကြသည်။ ထိုကျမ်းစာ ရေးသားသော ခေတ်၌ ယုံကြည်သူများကို သန့်ရှင်း သူများဟု ခေါ် ကြသည်။ ယခုခေတ်တွင် အနေအထိ ုင်အပြု အမူ အစားအ သောက်မ သန့်ရှင်းသောကြောင့် သန့်ရှင်း သူများဟု မခေါ်ရဲကြခြင်း ဖြစ်သည်။ 

တဲတော်နှင့် ဗိမာန်တော်၌ နံနက်ညနေ၊ တရက်တွင် နှစ်ကြိမ်ယဇ်ပုရောဟိတ် များကနံ့သာပေါင်းမွှေးကို မီးရှို့တတ်သည်။ ထိုအရာသည် သန့်ရှင်း သူများ၏ ပဌနာ၊ ဆုတောင်းခြင်း ဟုဆိုသည်။ သားသမီးများ၊ ချစ်သူ၏ စကားသည် ချို၍ မွှေး သကဲ့သို့ ယုံ ကြည် သူများ၏ ဆုတောင်း သံလည်း ဘုရားသခင် အတွက် နံ့သာပေါင်းမွှေးကဲ့သို့ဖြစ်သည်။ နံ့သာပေါင်းမွှေးကို ရွှေလင်ပန်း၌ ထည့်တတ်သည်။ 

စောင်းသည် တီးဘို့ရန် ဖြစ်သည်။ အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် သန့်ရှင်း သူတို့၏ ပဌနာ တည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်ဝပ်လျက်၊ ဟုဆိုခြင်းသည် သိုသငယ် တည်းဟူသော ခရစ်တော်ကို ကိုးကွယ်ကြခြင်း ဖြစ်သည်။ သူတို့သည် သန့်ရှင်း သူတို့၏ ဆုတောင်းသောအရာ နှင့် ချီးမွမ်းသော သီချင်းများအားဖြင့်ကိုးကွယ်ကြခြင်း ဖြစ်သည်။ ထိုအရာကို ဗတ္တိဇံဆရာယောဟန်၏ ဖခင်ယဇ်ပုရောဟိတ် ဇာခရိနှင့် ဣသရေလ လူများ လုပ်ဆောင်မှု၌ ဤသို့ တွေ့မြင်နိင်သည်။ ပရိသတ်များ ကပြင်၌ ဆု တောင်းကြစဉ်တွင် ယဇ်ပုရောဟိတ် ဇာခရိသည် သန့်ရှင်းရာဌါနတော်၌ နံ့သာပေါင်း မွှေးကို မီးရှို့နေသည် (လု ၁:၈-၁၀)။ 
 
၉။ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီး ဘာ သာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှအ​ကျွန်ုပ်တို့ကို ယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ်တော်မူ၏။ 

အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့ အထဲမှ ဖြစ်သောကြောင့် ကောင်းကင်တမန် များမဟုတ်ဘဲ ယုံကြည်သူများဖြစ်သည်။ သူတို့သည် ကောင်းကင် ရောက် ယုံကြည်သူများကို ပုံ ဆောင်သည်။ သူတို့က ခရစ်တော်ထံ၊ အသေခံခြင်းအားဖြင့် အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူသည်၊ ဟုဆိုသောကြောင့် ကောင်းကင်တမန် များမဟုတ်ကြောင်း ပို၍ သေချာစေသည်။ ကောင်းကင်တမန် များသည် ရွေးနှုတ်စရာ မလို။ ထိုအ ပြင်၊ “အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲ မှ” ဟုဆိုသောကြောင့် သူတို့သည် လူ အမျိုးမျိုး အထဲမှ ဖြစ်သည်။ 
 
၁၀။ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှ ာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သော သီချင်းကို သီ၍ လျှောက်ဆိုကြ၏။ 

အသက်ကြီးသူ များက သူတို့သည် ဘုရားသခင် ရှေ့၌ ရှင်ဘုရင်အရာ၊ ယဇ် ပုရောဟိတ် အရာ၊ မြေကြီးပေါ်မှ ာ စိုးစံရသော အခွင့်ကို ပေးသည် ဟုဆိုထားသည်။ ထိုအရာကို ပေတရုက ယုံကြည်သူများထံ ဤသို့ စာရေးခဲ့သည်၊ သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ် ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။ (၁ ပေ ၂:၉)။ ယုံကြည်သူများသည် ယဇ်ပုရောဟိတ် ဖြစ်သည်။ ယဇ်ပုရော ဟိတ်များ၏ အ လုပ်သည် လူများအတွက် ဘုရားထံ ဆုတောင်း ပေးခြင်းနှင့် ဘုရားကိုယ်စားလူများကို ဘုရား၏ အလိုတော် သင်ပေးခြင်း ပြုလုပ် ရသည်။ ထို့ကြောင့် ယုံ ကြည်သူတိုင်း ထိုအလုပ်ကို လုပ်ရမည်။ ထိုအရာကို ယခုအချိန်တွင် ပြုလုပ် ရမည်။ အနှစ်တစ်ထောင်ကာလတွင် ယုံကြည်သူများသည် မြေကြီး ပေါ်သို့ ခရစ်တော်နှင့်အတူ ဆင်းသက်၍ အုပ်စိုး သူများ ဖြစ်မည်။ ထိုကြောင့် ယခုအချိန်တွင် သခင်၏ စကား နားထောင်ခြင်းအားဖြင့် သင်ထားရမည်။ 

အသက်ကြီးသူ များကတံဆိပ်ခတ်သော စာစောင်ကို ဖွင့်ထိုက်သည် ဟူသော သီးချင်းအားဖြင့် ခရစ်တော်ကို ဂုဏ်ပြုသီချင်းသီဆို ကြသည်။ ထိုကြောင့် သူတို့ လက်၌ စောင်းကိုင်ကြခြင်း ဖြစ်သည်။ 
 
၁၁။ ထိုအခါ ငါကြည့်၍၊ ပလ္လင်တော် မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူ တို့၏ ပတ်ဝန်းကျင်၌၊ ကု​ေဋ္ဋသင်္ချေမကအတိုင်း မသိ များစွာသော ကောင်းကင်တမန်တို့၏ အသံကို ငါကြား၏။ 

ဤလောက၌ လူအများစုက ဘုရားသခင်ကို ဂရုမစိုက်၊ မကိုးကွယ်၊ စကား နားမထောင်ကြသော်လည်း ဘုရားသခင်၌ သူ့ကိုကိုးကွယ်ခစားမည့်သူ ကု​ေဋ္ဋသင်္ချေ မကအတိုင်း မသိ များစွာသော ကောင်းကင်တမန် များရှိကြောင်း သိရသောအခါ အ လွန် အားရစရာ ကောင်းသည်။ 
 
၁၂။ ထို သူတို့ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော်၊ ကောင်းကြီး မင်္လာကို ခံထိုက်တော်မူ၏ ဟု၊ ကြီးသော အသံနှင့် ပြောဆို ကြ၏။ 

ထိုကောင်းကင်တမန် များကလည်း ခရစ်တော်၏ ဂုဏ်တော်နှင့် ဘုန်းတော်ကို ချီးမွမ်း ကြသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ခရစ်တော်၏ ဂုဏ်တော်နှင့် ဘုန်းတော်များကို ဆင်ခြင်၍ အစဉ်သဖြင့် ချီးမွမ်းသင့်သည်။ ယခုမူကား သူ၏ ဘုန်းနှင့် ဂုဏ်တော်ကို မချီးမွမ်းဘဲ၊ မိမိ အလိုဆန္ဒကိုသာ ဖြည့်ဆည်းပေးဘို့ရန် ဆုတောင်း တတ်ကြသည်။ 

၁၃။ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသ ငယ်သည် ကမ္ဘာအဆက်ဆက်ကောင်းကြီး မင်္လာ၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော်၊ အစွမ်းသတ္တိရှိတော်မူ စေသတည်းဟု ပြောဆို ကြသည်ကို ငါကြားလေ၏။ 

0ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူသည် ခမည်းတော်ဘုရား ဖြစ်သည်။ သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ ခမည်းတော်နှင့် ခရစ်တော်ကို ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအ ပေါင်းတို့က၊ ချီးမွမ်းကြသောကြောင့် ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ ထိုသတ္တဝါတို့က ခမည်းတော်နှင့်သားတော်၏ ဘုန်းတော်၊ ဂုဏ်တော်များကို ချီးမွမ်း ကြသည်။ ယုံကြည်သူ တိုင်းကလည်း ထိုကဲ့သို့ ဘုန်းတော်နှင့် ဂုဏ်တော်များကို ချီးမွမ်းသင့်သည်။ 
 
၁၄။ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူ တို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။ 

အာမင်ဟူသောအရာသည် သဘောတူခြင်းကို ုဆိုလိုသည်။ သတ္တဝါလေးပါး ကဝေနေယျသတ္တဝါ အပေါင်းတို့၏ ဘုရားသခင်နှင့် ခရစ်တော်ကိုးကွယ်ချီးမွမ်းခြင်းကို သဘောတူ ကြသည်။ အသက်ကြီးသူ တို့ကလည်း ပြပ်ဝပ်ကိုးကွယ် ကြသည်။ 
 
 
                         ကောင်းကင်ကြယ်ကျလိမ့်မည်


ခရစ်တော် ကသူကြွ လာသောအခါ ကောင်းကြယ်တို့သည် ​ကျွေကျလိမ့်မည်ဟု ဤသို့ ဟောပြောခဲ့သည်၊ “ထိုကာလ၏ ဒုက္ခ ဆင်းရဲခြင်း နောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည် အရောင်ကို မပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။” (မဿဲ ၂၄:၂၉)။ 

ယောဟန်ကလည်း ဤသို့ ရေးသား ခဲ့သည်၊ “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အဝတ် ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။” (ဗျာ ၆:၁၂-၁၄)။ 

                     ၂၀၀၀မှ ၂၀၁၃ ခုနှစ်အတွင်း၌ ကမ္ဘာပေါ်တွင် ကောင်းကင် ကြယ် (ဥက္ကာပျံ) ၂၆ ကြိမ်ကျခဲ့ပြီး ဖြစ်ကြောင်း အနုမြူစမ်းသပ်ခြင်း တားဆီးခြင်း အဖွဲ့ (Nuclear Test Ban Treaty Organisation)က ၂၀၁၄ ခုနှစ်ဧပြီလ ၂၂ ရက် နေ့၌ ထုတ်ပြန်ကျေ ညာခဲ့သည်။ ထိုကျယ်ပျံများသည် ၁ ကီလိုတန်မှ ၆၀၀ ကီလိုတန်အထိ ပြင်းထန်၍ မြို့ပြများကို ပြာကျသွားစေနိင်သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန်ကဂျပန်ပြည် ဟီးရိုးရှီးများ မြို့တွင် ချခဲ့သော အနုမြူဗုံးသည် ၁၅ ကီလိုတန်သာလျှင် ရှိသည်။ ကျေးဇူးတော်ကြောင့် ထိုကျယ်ပျံများသည် အများအားဖြင့် ပင်လယ်အထဲ၌ ကျသောကြောင့် ထိုခိုက်ဒဏ်ရာမရခြင်း ဖြစ်သည်။ ထိုအပြင်ထိုကျယ်ပျံအချို့သည် မြေကြီး မထိမှီတွင် အာကာသ၌ ပေါက်ကွဲခြင်းကြောင့် ထိခိုက်မှု နည်းခြင်း ဖြစ်သည်။ အကယ်၍ လူသူ ရှိရာမြို့ပြများ၌ ကျပါက အားလုံး သေကျေ ပျက်စီးသွားကြမည် ဖြစ်သည်။ 

၂၀၁၃ ခုနှစ် ဖေဖဝါရီလ ၁၅ နေ့တွင် ရုရှားနိင်ငံ၌ ကျသော ကျယ်ပျံကြောင့် လူပေါင်း၁၄၉၁ ဦးဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။ အဆောက်အဦးပေါင်းရ၂၀၀ ကျော်ပျက်စီးခဲ့သည်။ ရုရှားနိင်ငံတွင် ကျခဲ့သော ကျယ်ပျံ၏ အစိတ်အပိုင်းပုံအောက်တွင် ဖေါ်ပြထားသည်။ အောက်ပါ တနဘစ​ေါန၌ ကြည့်ရှုနိင်သည်။ 

 

 
 
 
              သတင်းကောင်း ပွဲတော် ကြီးနှင့် ငွေရတုသဘင်
 
              နှစ်စဉ် ကျင်းပနေကျသတင်းကောင်း ပွဲတော် ကြီးနှင့် အမေရိကန်ပြည် ထောင် စုသတင်းကောင်း နှစ်ခြင်း အသင်းတော် ငွေရတုသဘင် (၂၅ နှစ်)ကို Maryland ပြည်နယ် Rockville မြို့ရှိသတင်းကောင်း နှစ်ခြင်း အသင်းတော်၌ July  ၄-၆ အတွင်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဘုရားသခင်အတူ ပါရှိမှုသည် ရာသီဥတုအားဖြင့်လည်း တွေ့မြင်ခံစားရပါသည်။ ဤရာသီ၌ အလွန်ပူတတ်သော်လည်း ပွဲအတွင်း၌ မပူမအေးကောင်းမွန်စွာ ကျမ်းစာ သင်ခြင်း၊ တ ရားနာခြင်း၊ ချက်ပြုတ်ခြင်း၊ သွားလာခြင်းများပြုလုပ် နိင်ပါသည်။ ပွဲတော် ကြီး၌ လာ ရောက် သူများသည် လူ၅၀၀ ကျော်ရှိသည်။ 
 
သတင်းကောင်း ပွဲတော်ကြီး လာရောက်သူစာရင်း 
 

   1. Atlanta, GA.                       62

 2. Durham, NC.                       26

   3. Rockville, MD                     153

   4. Syracuse, NY                       38

   5. Battle Creek, MI                   70

 6. Indianapolis, (Burmese)        86

   7. Indianapolis, (Chin)               30

 8. Louisville, KY.                     9

 9. Twin Falls, ID                      1

 10. New Jersey.                       4

 11. Buffaloo, NY                    12
 12. Roanoke, VA.                       9

 13  South Carolina                    1

 14.  Burma                           1

 15.  Kansas City.                      5

         Guest.                      50

Total.  550

July ၄ နေ့တွင် ဆရာများနှင့် အသင်းတော် ကိုယ်စားလှယ်များ အစည်းအ ဝေးလုပ်ကြရာငြင်းခုံခြင်း မရှိ၊ ချစ်ချစ်ခင် ခင်ဖြင့် ကောင်းစွာ ပြီးစီးနိင်ခဲ့ပါသည်။ ပွဲတော် ကြီး၌ သင်းအုပ်ဆရာ ၅ ပါးကို ဆုတောင်း ပေးခန့်အပ်နိုင်ခဲ့ပြီး၊ သာသနာ ပြုဆရာတ ပါးနှင့် ဧဝံဂေလိ ဆရာတပါးကိုလည်း ဆုတောင်း ပေးခန့်အပ်နိင်ခဲ့ပါသည်။ ယခုအခါ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ အမှုတော်ဆောင်အပါး၁၄ ဦးရှိလာပြီ ဖြစ်ပါသည်။ ထို့အပြင် အမှုတော်ဆောင်အဖြစ် ဆက်ကပ်သူအယောက် ၅ယောက်ရှိသေးသည်။ အသင်းသားများအထဲမှလည်း မှန်မှန် သက်သေခံခြင်းနှင့် သင်တန်းပေးနေသူ များလည်းရှိသောကြောင့် ကျေးဇူးတော် ချီမွမ်းပါသည်။ 

ပွဲတော်ကြီး ဆောင်ပုဒ်သည်၊ “သင်တို့သည် လယ်မလုပ်သော အရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါ စေလွှတ်၏။” (ယော ၄:၃၈) ဖြစ်သည်။ ယုံကြည်သူ တိုင်းသည် စပါးရိတ်ခြင်း တည်းဟူသော ပျောက်ဆုံးသော ဝိညာဉ်များကယ်တင်ခြင်းသို့ ရောက်ဘို့ရန် သက်သေခံ၊ ဟောပြော၊ သင်တန်းပေး၊ ကူညီမစဘို့ ဖြစ်ကြောင်းကို သင်တန်း၌ သော်၎င်း၊ တရားဟောပြောခြင်း၌ သော်၎င်းအဓိကဟောပြော ကြသည်။ ယုံ ကြည် သူများ ကစပါးမရိတ်သောကြောင့် လူများ စွာသည် မလိုအပ်ဘဲ ငရဲသို့ နေ့တိုင်း ဆင်းသွားရသည်။ ထို့အပြင် ဝိညာဉ် ရိတ်သိမ်းခြင်း၌ မပါဝင်သောကြောင့် ခရစ်ယာန် အသက်တာ၌လည်း ဝိညာဉ် သဘောဖြင့် မသက်မရှိနိုင်ကြချေ။ ဝမ်းမြောက်မှုလည်း မရှိ၊ ပြသနာ ပေါင်းမြောက် များစွာ ရင်ဆိုင်ရ ကြသည်။ ဘုရားသခင် ထံမှလည်း ကောင်းကြီးရသင့်သလောက် မရကြချေ။ ထိုကြောင့် စပါးရိတ်ခြင်း တည်းဟူသော ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်း၌ အမှုတော်ဆောင်များ၊ ယုံကြည်သူတိုင်း ပါဝင်ဘို့ ဖြစ်ကြောင်း ပြော ကြသည်။ 

ပွဲတော် ကြီး၌ ကယ်တင်ခြင်း သဘောပေါက် လက်ခံသွားသောသူများရှိသကဲ့သို့ သမ္မာတရား သိသွားသောသူများလည်းရှိကြသည်။ ဝိညာဉ်ရေးရာ၌ အားနည်းသောသူများလည်း ပြန်လည်၍ အားရှိကြ သူများလည်းရှိသည်။ အိမ်ရှင် အသင်းတော်ကလည်း အကောင်းဆုံးစားသောက်စရာများဖြင့် ဧည့်ခံ​ကျွေးမွေး ကြသည်။ အချုပ်အားဖြင့် ဘုရားသခင်က ပွဲတော် ကြီးနှင့် ငွေရတုသဘင်ကို အောင်မြင် စွာ ကျင်းပနိင်သော အခွင့် ပေးသောကြောင့် အဘ ဘုရားသခင်၏ ဂုဏ်တော်နှင့် ကျေးဇူးတော်ကို ချီးမွမ်းကြပါသည်။ 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG