GOODNEWS
🎨
  HOME  GOODNEWS  2025 SEP

လူ့ပြသနာအချုပ်စိတ်နှလုံး

လူသည်ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးမျိုးပါလျက် မွေးဖွားအသက်ရှင်ကြသည်။ ထိုသုံးမျိုးထဲ၌ စိတ်သည် ပြသနာအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ မြန်မာကျမ်းစာအုပ်ထဲ၌ “စိတ်” ဟူသောစကားလုံးပေါင်း ၁၇၇၅ ကြိမ်ပါရှိသည်။ “ဝိညာဉ်” ဟူသောစကား လုံး “၆၅၃” ကြိမ်ပါရှိသည်။ “ခန္ဓာ” ဟူသောစကားလုံး အကြိမ်ပေါင်း ၇၃ ကြိမ်သာပါရှိသည်။ အဘယ်ကြောင့် “စိတ်” စလုံးအများဆုံး ပါသနည်း ဟူမူကား ပြသနာအများဆုံးဖြစ်သောကြောင့်ဖြစ်မည်။ ဝိညာဉ်သည် အကြိမ်ပေါင်း ၆၅၃ ကြိမ်ပါသော်လည်း လူများက အလေးမထားကြချေ။ ထို့ထက် အကြိမ် ၇၃ ကြိမ်သာပါသော ခန္ဓာနှင့် ၁၇၇၅ ကြိမ်ပါသောစိတ်ကိုသာ လူတိုင်းက အလေးပေး၊ ဦးစားပေးနေကြသည်။ ဝိညာဉ်ကိုကားလူအများစုက လှစ်လျိုရှုနေကြသည်။

ပြသနာအားလုံး စိတ်နှလုံးကြောင့်

လူ၏ပြသနာသည် ဝိညာဉ်ကြောင့်မဟုတ်၊ ခန္ဓာကိုယ်ကြောင့်လည်းမဟုတ်ချေ။ လူ၏ပြသနာအားလုံးနီးပါးသည် စိတ်နှလုံးကြောင့်ဖြစ်သည်။ ထိုအရာများကို ကျမ်းစာ၌အောက်ပါကဲ့သို့ ရေးထားသည်၊ စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း။(ယေရမိ ၁၇း၉) အင်္ဂလိပ် ကျမ်းစာများ၌ The heart is deceitful above all things and beyond cure. Who can understand it? စိတ်နှလုံးသည် အရာရာထက် လှည့်စားတတ်၍ ကုသ၍ မရနိုင်။ အဘယ်သူနားလည်နိုင်မည်နည်း၊ ဟုဆိုသည်။ 

စိတ်နှလုံးစဉ်မပြတ်ဆိုးညစ်

ကျမ်းစာက စိတ်နှလုံးနှင့်ပတ်သက်၍၊ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံး အကြံအစည် ရှိသမျှတို့သည်၊ အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ (ကမ္ဘာ ၆း၅) ဟုရေးထားသည်။ အကြံအစည်ရှိသမျှဟုဆိုသောကြောင့် ကျန်ကြွင်းသောအကြံမရှိတော့ချေ။ အစဉ်မပြတ် ဟုဆိုပြန်သောကြောင့် မဆိုးညစ်သောအချိန် မရှိချေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း ဟူမူကား ဘုရား၏အကြံအစည်ကို လက်မခံသောကြောင့်ဖြစ်သည်။ အစိုးရအမြင်၌ သူပုန်၏အကြံအစည်အားလုံးသည် အစဉ်မပြတ်ဆိုးညစ်၍၊ ကောင်းသောအချိန်မရှိသကဲ့သို့၊ ဘုရားသခင်၏ အုပ်စိုးခြင်းမခံလိုသော စိတ်နှလုံးသည် ဘုရားအမြင်၌ အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိသည်။ ထိုအရာကို စိတ်နှလုံး အနေဖြင့် လက်ခံနိုင်ခြင်းမရှိချေ။ 

စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မြွတ်

သခင်ယေရှုက၊ အချင်းမြွေဆိုးအမျိုးတို့  သင်တို့သည် အဆိုးဖြစ်လျက် ကောင်းသော စကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံး အပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ ကောင်းသောသူသည် ကောင်းသောစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသော အရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသော ဘဏ္ဍာတိုက်ထဲက မကောင်းသော အရာတို့ကို ထုတ်ဖော် တတ်၏။ (မဿဲ ၁၂း၃၄-၃၅) ဟုဆိုသည်။ သခင်ယေရှုက၊ လူများကောင်းသောစကား မပြောနိုင်ခြင်း သည် စိတ်နှလုံးမကောင်းသောကြောင့်ဖြစ်သည်၊ ဟုဆိုသည်။ ထိုအရာကိုသင် လက်ခံနိုင်ပါသလား။ 

လူကိုညစ်ညူးစေသောအရာ

သခင်ယေရှုက၊ ခံတွင်းမှ ထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသော အရာဖြစ်၏။ မကောင်းသော ကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ၍၊ လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏။ (မဿဲ ၁၅း၁၈-၂၀) ဟုဆိုသည်။ လူကိုညစ်ညူးစေသောအရာသည် အပြင်မှလာသော အရာများမဟုတ်၊ စိတ်နှလုံးမှထွက်လာသောအရာဖြစ်သည်။ 

စိတ်နှလုံးသည်ခိုင်မာ

ကျမ်းစာက၊ ယနေ့တွင် သင်တို့သည် သူ၏အသံတော်ကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ (ဆာ ၉၅း၈၊ ဟေဗြဲ ၃းရ-၈) ဟုဆိုသည်။ စိတ်သည်မည်ကဲ့သို့ခိုင်မာသနည်း။ စကားနားမထောင် ကိုယ်လုပ်ချင်သောအရာကိုသာ လုပ်ခြင်းသည် ခိုင်မာခြင်းဖြစ်သည်။ အချို့သောသူများသည် ရှုးရှုးရှဲရှဲ စကားပြော၍ခိုင်မာသည်။ အချို့သောသူများသည် ခံမပြောနားမထောင် သောအားဖြင့်ခိုင်မာသည်။ သင်သည် မည်ကဲ့သို့သောခိုင်မာခြင်းမျိုးဖြင့် ခိုင်မာသနည်း။ စဉ်းစားမိဘူးပါသလော။ 

စိတ်နှလုံးမှစတင်သောအပြစ်များ

လူများနှင့်အဆင်မပြေ၊ စကားများရန်ဖြစ်ခြင်းသည် စိတ်နှလုံးအားဖြင့်ဖြစ်သည်။ ကျမ်းစာက၊ မာနကြောင့်သာရန်တွေ့ခြင်းဖြစ်၏။ (သုတ္တံ ၁၃း၁၀) ဟုဆိုသည်။ အဘယ်ကြောင့် လင်မယားကြား၊ သားအမိသားအဘကြား၊ လုပ်ဖေါ်ဆောင်ဖက်အကြား၊ အိမ်နီးချင်းအကြား၊ သူငယ်ချင်းအကြား၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား၊ ခရီးသွားသူချင်းအကြား၊ အနီးအနားမှာရှိသောသူများအကြား စကားများကြသနည်း။ အကြောင်းရင်းသည် စိတ်နှလုံးအလိုမကျ သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ချစ်ခင်မျက်နိုးစွာ လက်ထပ်သော လင်မယားကြား မုန်းတီးခြင်း၊ စကားများခြင်း မှစ၍ နောက်ဆုံး၌ လင်မယားကွာရှင်းကြသနည်း။ စိတ်နှလုံးကြောင့်ဖြစ်သည်။ အဘယ်ကြောင့် တရားစွဲဆိုကြသနည်း။ စိတ်နှလုံးမှ မကျေနပ်၊ မခံနိုင်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် လူသတ်ခြင်းများ ကျူးလွန်တတ်ကြသနည်း။ စိတ်နှလုံးက ခိုင်းသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် လောဘကြီးကြသနည်း။ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်၊ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့၊ (၁ တိ ၆းရ-၈) ဟူသောအရာကို လက်မခံသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် မာနကြီးပြီး ထောင်လွှား ကြသနည်း။ မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။ (သုတ္တံ ၁၆း၁၈) ဟူသောကျမ်းစာကိုမဖတ်၊ စိတ်နှလုံးက မဆင်ခြင်သောကြောင့်ဖြစ်သည်။ 

ပရိယာယ်ပြုခြင်းသည် အဘယ်ကဖြစ်သနည်း။ စိတ်နှလုံးမှဖြစ်သည်။ မြွေသည် မိမိပရိယာယ်အားဖြင့်၊ ဧဝကို လှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ်ပျောက်မည်၊ ဟုစိုးရိမ်ခြင်းရှိ၏။ (၂ ကော ၁၁း၃) ဟုပေါလုက ကောရိန္သုအသင်းသားများကို သတိပေးခဲ့သည်။ ပရိယာယ်သုံးခြင်းသည် စာတန်၏အကျင့်ဖြစ်၍ လူ၏စိတ်နှလုံးလည်း မကောင်းသောကြောင့် ပရိယာယ်သုံးတတ်သည်။

ဝါကြွားခြင်းလည်း စိတ်နှလုံးထဲမှ ထွက်လာခြင်းဖြစ်သည်။ ပေါလုက ကောရိန္သုအသင်းသားများထံ  ဤသို့သတိပေး ခဲ့သည်၊ သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့်ဖြစ်၏။ အနည်းငယ်သောတဆေးသည်၊ မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။ (၁ ကော ၅း၆)

စိတ်နှလုံး၏ အားနည်းချက်သည် မြောက်များလွန်းလှသည်။ ပေါလုက အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊ ဆဲရေးသောသူ၊ ဘုရားသခင်ကို မုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသော အတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊ မိဘသားမယား စသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်းကရုဏာစိတ် မရှိသောသူဖြစ်ကြ၏။ (ရော ၁း၂၉-၃၁) ဟုရေးသားခဲ့သည်။

စိတ်နှလုံးပြောင်းလဲမည်

လူသည်ထိုကဲ့သို့ မိမိစိတ်နှလုံးမကောင်းကြောင်းကို သိသောအခါ ကိုယ်စိတ်နှလုံးကို ပြောင်းလဲမည်ဟု ဆိုတတ်သည်။ သို့သော်၊ ထိုသို့ကြံစည်သောသူသည် စိတ်နှလုံးပင်ဖြစ်သည်။ လက်ဝှေ့သမားက သူ့ကိုယ်သူအလဲမထိုးချင်သကဲ့သို့ စိတ်နှလုံး လည်း သူ့ကိုယ်သူ မပြောင်းလဲချင်ပါ။ ကြောက်စရာရှိသောကြောင့်၊ ရှက်သောကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် ခဏစိတ် ပြောင်းလဲသော်လည်း နဂိုလ်အတိုင်း ဖြစ်မြဲဖြစ်နေသည်။ ပေါလုက၊  ငါသည် ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။ ထိုသို့ငါသည်၊ မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်၊ ဟုငါဝန်ခံ၏။ သို့ဖြစ်လျှင်၊ ထိုမကောင်းသော အကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။ (ရောမ ရး၁၅-၁၇) ဟုဆိုသည်။ ထိုအပြစ်တရားသည် စိတ်နှလုံးပင်ဖြစ်သည်။ ဆက်၍၊ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတပါးသည်၊ စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ်တရားလက်သို့၊ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။ ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။ (ရောမ ၇း၂၃-၂၄) ဟုညည်းတွားခဲ့ဘူးသည်။ သင်လည်း ပေါလုကဲ့သို့ ကယ်တင်မည့်သူကို တမ်းတရှာဖွေဘို့လိုသည်။ 

စိတ်နှလုံးအသစ်ပေးမည်

မည်မျှပင်တော်သောဆရာဝန်ဖြစ်ပါစေ၊ သူ့ကိုယ်သူခွဲစိတ်ကုသ၍မရပါ၊ အခြားဆရာဝန်တပါးပါးက သူ့ကိုခွဲစိတ်ကုသ ဘို့လိုသည်။ လူနာသည် ဆေးအကြောင်းသိစရာမလိုပါ၊ ကျွမ်းကျင်သောဆရာဝန်က သူ့ကိုခွဲစိတ်ကုသနိုင်ရန် သဘောတူဘို့၊ မိမိကိုယ်ခန္ဓာကို အပ်နှံဘို့လိုသည်။ ထိုနည်းတူ စိတ်နှလုံးမကောင်းသော လူသားများထံ ဘုရားသခင်က၊ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ခန္ဓာထဲက ကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကို ပေးမည်။ ဟုဆိုသည် (ယေဇကျေလ ၃၆း၂၆)။ လူတိုင်း၌ ကျောက်နှလုံးရှိကြသည်။ ကျောက်သည် မာသကဲ့သို့ လူ၏စိတ်နှလုံးလည်း ခိုင်မာသည်။ ကြမ်းကြမ်းတမ်းတမ်းမာသောသူ ရှိသကဲ့သို့၊ ယဉ်ကျေးသိမ်မွေ့စွာ မာသောသူများလည်း ရှိကြသည်။ ကြမ်းတမ်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ကိုယ့်သဘောအတိုင်း အသက်ရှင်လိုလျှင် ကျောက်နှလုံးဖြစ်သည်။ ကျောက်နှလုံးဖြင့် ဘုရားသခင်ကို ဝန်ခံနိုင်ခြင်းမရှိချေ။ သင်သည် မည်ကဲ့သို့ မာကျောသနည်း။ ထိုမာကြောသောနှလုံးကိုထုတ်၍ အသားနှလုံးကို ပေးဘို့ ဘုရားသခင်က သင့်ကိုကမ်းလှမ်းနေသည်။ ဘုရားပေးသော အသားနှလုံးကို ရရှိလိုပါသလား။ ရရှိလိုလျှင် ဘုရားသခင်ထံလာပါ။ 

ဘုရားသခင်ကမည်ကဲ့သို့အသားနှလုံးပေးမည်နည်း

စိတ်နှလုံးမကောင်းသောလူသားကို ဘုရားသခင်က ခရစ်တော်အထဲ၌ထည့်ကာ ခရစ်တော်နှင့်အတူအသေသတ်လိုက် သည်။ ပေါလုက၊ ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည်၊ ဇာတိပကတိကို၎င်း၊ ဇာတိပကတိ စိတ်များနှင့် အလိုဆန္ဒများကို ၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။ (ဂလာတိ ၅း၂၄) ဟုရေးထားသည်။ ခရစ်တော်လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်း၌ အချက်ပေါင်းများစွာ ပြီးစီးဆောင်ရွက်သွားခဲ့သည်။ ထိုအရာထဲမှအချက်တစ်ခုသည် လူ၏ကျောက်ကဲ့သို့မာသော စိတ်နှလုံးကို သေစေ၍ သူရှင်ပြန်ထမြောက်သောအခါ အသားနှလုံးပေးလိုက်သည်။ ထိုသို့သောအားဖြင့်လူသည် အသားနှလုံးကို ရရှိလာနိုင်သည်။ အသားနှလုံးရရှိကြောင်း မည်ကဲ့သို့သိနိုင်သနည်း။ ကျောက်နှလုံးသည် စကားနားမထောင်၊ ငါ့သဘော၊ ဟုဆိုတတ်သည်။ အသားနှလုံးရလာသောသူသည် နုညံ့သိမ်မွေ့၍ သွန်သင်ခြင်း၊ ဆုံးမခြင်း၊ ကိုခံနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားချင်သည်၊ အရသာခံကာ အကြံအစည်မှစ၍ အပြုအမူများ ပြောင်းလဲလာလိမ့်မည်။ 

ပြောင်းလဲနိုင်သည်

ကျမ်းစာက၊ ကောက်သောအရာကို မဖြောင့်စေနိုင်။(ဒေသနာ ၁း၁၅) ဟုရေးသားခဲ့သည်။ မှန်ပါသည်၊ လူ့အားဖြင့် ကောက်သောစိတ်ကို မဖြောင့်စေနိုင်ပါ။ သို့သော်၊ ငါ၏နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း၊ ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။ (ယေရမိ ၂၃း၂၉)။ ကောက်နေသောသံချောင်းကို မီးနှင့်အပူပေးကာ သံတူနှင့်ထုသောအခါ ဖြောင့်စေနိုင်သည်။ ထို့နည်းတူ ကောက်နေသောစိတ် ကို နှုတ်ကပတ်တော် မီးနှင့်အပူပေးပြီး၊ နှုတ်ကပတ်တော်သံတူနှင့် ထုသောအခါ ဖြောင့်သွားမည်ဖြစ်သည်။ လူနာသည် သူ့ကိုယ် သူမကုသတတ်သော်လည်း စိတ်နှလုံးမခိုင်မာဘဲ ဆရာဝန်စီသွား၍ အကုသခံဘို့လိုအပ်သည်။ ထို့နည်းတူ၊ လူတိုင်းကိုယ့်ကို ကိုယ်စိတ်ဖြောင့်မတ်အောင် မလုပ်တတ်သော်လည်း၊ လုပ်ပေးမည်သူ ဘုရားသခင်ထံချဉ်းကပ်ဘို့လိုသည်။ ထို့ကြောင့် ကျမ်းစာက၊ ယနေ့တွင် သင်တို့သည် သူ၏အသံတော်ကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။(ဆာ ၉၅း၈) ဟုဆိုရခြင်း ဖြစ်သည်။ ထိုအရာကို ဟေဗြဲရေးသောသူက ဤသို့ကိုးကားခဲ့သည်၊ ထိုကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် သူ၏အသံတော်ကို ကြားလျက်ရှိသည်ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည်၊ အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။(ဟေဗြဲ ၃း၇-၉) 

နောက်ဆက်တွဲလုပ်မည့်အရာ

သံသည်နီရဲနေအောင် အပူပေးချိန်၌သာ သံတူနှင့်ပုံသွင်း၍ရသည်။ အေးလာသောအခါ မာကျောပြီး ပုံသွင်း၍မရတော့ ချေ။ ထိုအခါ မီးထဲ၌ပြန်ထား၍ နီရဲလာသောအခါ တူနှင့်ပုံပြန်သွင်းရသည်။ ထို့နည်းတူ၊ စိတ်နှလုံးအသစ်ရရှိသော်လည်း တဖြည်းဖြည်းနှင့် ပြန်ခိုင်မာလာတတ်သည်။ ထိုအခါ မီးနှင့်တူတည်းဟူသော နှုတ်ကပတ်တော်အားဖြင့် ပြန်လည်ပုံသွင်းဘို့လို သည်။ နှုတ်ကပတ်တော်မဖတ်၊ ဆုမတောင်း၊ ဘုရားခိုင်းသောအရာကို မလုပ်လျှင် သင်၏စိတ်နှလုံးသည် ခိုင်မာလာလိမ့်မည်။ ထို့ကြောင့် အစဉ်နှုတ်ကပတ်တော်ဖတ်ရှုလေ့လာ၊ ဆုတောင်း၊ သူတပါးကိုဝေငှခြင်းများကို အစဉ်ပြုလုပ်ဘို့လိုသည်။ ဘုရားသခင်က နားလည်ခွင့်ပေးပါစေသော်။

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG