
အမှာစာ
ဤလောကသည် ဘုရားသခင်က ဖန်ဆင်းသောအခါ လူများအတွက် ဖန်ဆင်းခဲ့သော်လည်း အပြစ်ကြောင့် ဘုရားသခင် ကိုယ်တော်တိုင် ကကိျန််ခဲ့သည်။ ကျမ်းစာ၌၊ “မြေသည် သင်၏ အတွက် ကျိန်ခြင်းကို ခံလျက် ရှိ၏။” (က ၃:၁ရ) ဟုဆိုသည်။ မြေကြီးသာမက ဖန်ဆင်းထားသောအရာ အားလုံးလည်း ဘုရားသခင်က ဖျက်ဆီးဘို့ရန် ရာထားကြောင်း ဤသို့ တွေ့ရသည်၊ “ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည် မဟုတ်။ ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကို ဝင် စားမည်ဟု မြော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။” (ရော ၈:၂၀-၂၁)။ ဆိုလိုသည်မှာ ဤလောက တည်းဟူသော ဖန်ဆင်းထားသောအရာ အားလုံး၊ (နေလကြယ်များ အပါအဝင်)သည် အနိစ္စ တည်းဟူသော ပျက်စီးခြင်းသို့ ဘုရားကသွားစေသဖြင့် ပျက်စီးနေသည်။
နောက်ဆုံး၌၊ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တ ကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေ
ကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေ ၃:၁၀) ဟုဆိုသည်။ ထိုကဲ့သို့ မိီးလောင်ပျက်စီးသွားမည့်လောကကို မချစ်ဘို့ ဘုရားသခင်က ဤသို့ ဆိုထားသည်၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ် မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ) ဘုရားသခင်က အသစ်ဖန်ဆင်းသော ကောင်းကင်နှင့် မြေကြီးသစ်ကိုသာ စဲဲွလန်းသော စိတ်ရှိကြပါစို့။
ယခုလစာစောင်တွင်...
ဒုတိယမွေးဖွားခြင်း
ကာလ အချိန်ကို ရွေးနှုတ်ခြင်း
တဦးခြင်း အသက်တာကို ပြန်ပေးဆွဲခြင်း
ကျန်းစာဖတ်ကြစို့
ဧဝံဂေလိ ခရီး
ဒုတိယ မွေးဘွားခြင်း
Saya Paul Lal Ruat Eng (Twin Falls, ID)
၁။ အဘယ်ကြောင့်ဒုတိယ မွေးဘွားခြင်း လိုအပ်သနည်း
က။ ဒုစရိုက်အပြစ်၌ သေလျက် ရှိနေသောကြောင့်။ “ထိုဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော သင်တို့ ကို” (ဧဖက် ၂:၁) “သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော် အားဖြင့်၊ ဒုစ ရိုက်အပြစ်၌ သေလျက် ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။” (ဧဖက် ၂:၄-၅)
ခ။ ဘုရားသခင်၏ နိင်ငံရောက်နိင်ရန်။ “ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။” (ယော ၃:၃)။
ဂ။ သန့်ရှင်းသောဝိညာဉ်တော် လိုအပ်သောကြောင့်။ သန့်ရှင်းသောဝိညာဉ်တော် လိုအပ်သောကြောင့် ဝိညာဉ်ပိုင်း၌ ပြန်လည် မွေးဘွားဘို့ လိုသည် (ယော ၃:၃-၆)
ဃ။ ဘုရား၏သား ဖြစ်နိင်ဘို့ရန်။ ဥပမာ၊ ရန်ကုန်သတင်းကောင်း နှစ်ခြင်း အသင်းတော် ကျမ်းစာကျောင်း၌ သာသနာ ပြုများ ကျမ်းစာ သင်တန်းတက်နေစဉ်တွင် ကျွန်ပ်၏ အမျိုးသမီးကမင်းတုန်းမြို့ဆေးရုံ၌ ကလေး မွေးဘွား၍ ဆရာငွန်းလှူိင်မန်၏ အမျိုးသမီး ကကျွန်တော့ကို ဖုန်းခေါ်၍ ဆရာကတော်သည် ကလေး မွေးဘွားပြီးကြောင်း ပြောပြ ပါသည်။ အကျိုးအကြောင်း သိသောအခါ အလွန် ဝမ်းသာလွန်းသောကြောင့် ထိုညတွင် ပင်ရန်ကုန်မှမင်းတုန်းသို့ ပြန်သွားသည်။ မင်းတုန်းရောက်ရောက်ချင်းဆေးရုံသို့ သွားပြီး ခလေးနှင့် အမေဆေးရုံကုတင်ပေါ်၌ အိပ်ကြသည်ကို ကိုယ့်မျက်စိနှင့် မြင်သောအခါ အလွန် ဝမ်းမြောက်သည်။ သားဘွားကြောင်း သိကြသော အမှုတော်ဆောင် ညီအစ်ကို များလည်း ခလေးကို ကြည့်ကြ၍ ကျွန်ပ်တို့နှင့်အတူ ဝမ်းမြောက် ကြသည်။ သားသမီးရရှိပြီး သူများ၊ သားသမီးရရှိသောအခါ မိဘများက ခလေး အသစ်ရရှိပြီဟု စိတ်နှလုံးအထဲ၌ သိ၍ မြင် သကဲ့သို့၊ ယေရှုခရစ်သည် သွေး များစွာ သွန်းပြီး လက်ဝါးကပ် တိုင်ပေါ်၌ သေ၍ မြေကြီး ထဲ၌ မြှုပ်နှံပြီး နောက်သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက် သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် သင်နှင့် ကျွန်ပ်သည် ဘုရားနှင့် ကောင်းကင်တမန် များ၏ အသိအမြင်နှင့် စိတ်နှလုံးအထဲ၌ ဝိညာဉ်အားဖြင့် ယေရှုခရစ်၌ မွေးဘွားသောသူများ ဖြစ်ကြသည်။
ညီအစ်ကိုများတဖန် မွေးဘွားခြင်း ဆိုသည်မှာ ယေရှုခရစ်၏ သေခြင်း၌ ကျွန်ပ် အပြစ်သားလည်း အသေခံ၍ သူ၏ ရှင်ပြန်ထမြောက် ခြင်း၌ အသစ်သော အသက်တာအားဖြင့် ရှင်ပြန်ထမြောက် ပြီဟူသောအရာကို သိခြင်း၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ စိတ် နှလုံးအထဲ၌ မွေးဘွားသောသူများ ဖြစ်ကြသည်။ ဘုရား၏ အသိ၊ အမြင်၊ စိတ်နှလုံးအ ထဲ၌ ဘုရား သားသမီး၊ ဒုတိယ မွေးဘွားသောသူများ ဖြစ်ကြသည်။ ဘုရား၏ အမြင်၌ သာလျှင် ဖြစ်သည် ဟူသောအရာကို ရှင်းစွာ သိလျှင် ထိုအသိနှင့် ယုံကြည်ခြင်းအားဖြင့် ဒုတိယ မွေးဘွားခြင်း ခံစား ပြီ ဟုဆိုလိုသည်။ မွေးကင်းစ ခလေး ကနားအားဖြင့် အသံများကို ကြားသိရသော်လည်း မျက်စိအားဖြင့် ချက်ချင်း မမြင်နိင်ချေ။ အမိနို့စို့ပြီး နောက်တ ဖြည်းဖြည်းလူများကို မြင်လာနိင်သည်။ ထို့နည်းတူ ညီအစ်ကိုများဝိညာဉ် ပိုင်း မွေးဘွားသည်နှင့် ဝိညာဉ် နို့ကို စို့မှသာလျှင်ဝိညာဉ် မျက်စိများလည်း မြင်လာနိင်မည်။ ဝိညာဉ်ပိုင်းနို့သည် နှုတ်ကပတ်တော်ကို နားထောင်ခြင်း၊ ဖတ်ခြင်း လေ့လာခြင်းများဖြစ်သည်။
င။ ထာဝရ အသက်ကို ရနိင်ဘို့ရန် (ယော ၃:၁၆၊ ၁၁:၂၅)၊
၂။ မည်ကဲ့သို့ ဒုတိယအကြိမ် မွေးဘွားနိင်မည်နည်း
က။ ဘုရားသခင်၏ အစီအစဉ်အားဖြင့်။ ဘုရား သားသမီး ဖြစ်ခြင်းသည် လောကနည်း၊ လူ့အသွေးအသားအားဖြင့် မွေးဘွားခြင်း မဟုတ်၊ ဘုရားသခင် ကိုယ်တော်တိုင် သည် သူတို့၏ ဘခင် ဖြစ်သည် (ယော ၁:၁၃၊ ၅:၂၁)။
ခ။ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်။ “ငါတို့ ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေး ကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။” (တိ ၃:၅)။
ဂ။ သမ္မာတရား သိခြင်းအားဖြင့် ။ အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် မွေးဘွားကြပြီ။ သေနိုင်သော မိဘ၏ သားသမီး များမဟုတ်၊ မသေနိုင်သောသူ၏ သားသမီး များဖြစ်ကြပြီ (၁ ပေ ၁:၂၃၊ ရော ၁၀:၁ရ)။
ဃ။ ယေရှုခရစ်ကို ယုံကြည် ခြင်းအားဖြင့် ။ “ယေရှုသည် ခရစ်တော် ဖြစ်တော်မူသည်ကို ယုံကြည်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူ ဖြစ်၏။” (၁ ယော ၅:၁)။
၃။ ဒုတိယအကြိမ် မွေးဘွားခြင်းအားဖြင့် ခံစားသော အရာများ
က။ ကယ်တင်ခြင်း။ “ငါတို့ ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။” (တိ ၃:၅)။
ခ။ ဘုရားသခင်၏ နိင်ငံဝင်နိင်ခွင့်။ ဝိညာဉ်ပိုင်း မွေးဘွားခြင်းအားဖြင့် ဘုရားသခင်၏ နိုုင်ငံဝင်နိင်ခွင့်ပေးသည် (ယော ၃:၃)
ဂ။ အသစ်သော အသက်တာကို ပေးသည်။ “သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော်ငါသည် ကိုယ်တိုင် မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။” (ဂလာ ၂:၂၀) “လူ မည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာ တို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာ တို့သည် အသစ် ဖြစ်ကြပြီ။” (၂ ကော ၅:၁ရ၊ ဧဖက် ၄:၂၄)
ပုံဆောင်ချက်
မပျော့သည် ကိုယ်ဝန်ဆောင်၍ ခုနှစ်လခွဲတွင် သူ့ဗိုက်ထဲရှိ ခလေး သေဆုံး သွားသောကြောင့် သွေးသွန်၍ နာနေသည်။ သူ့ကို ဂရုစိုက်သောသူမရှိ။ သေသော ခလေး မမွေးနိင်သောကြောင့် သေလုမတတ်ဆိုးရွားလာသည်။ မည်သူကမျှ သူအ သက်ရှင် နိင်မည်ဟု မမျှော်လင့်ကြချေ။ ဒေါက်တာထွန်းတင်က သူ့ကို သနားသောကြောင့် သူ့ဆီသို့ ပြေး၍ ဆေးထိုးပေးပြီး နောက်ဗိုက်ထဲရှိ ခလေး သေကို ထုတ်၍ မြှပ် ပေးလိုက်သည်။ ဆေးကောင်း အမျိုးမျိုးနှင့် ကုသပေး၍ ပြန်လည်ကျန်းမာလာသည်။ မပျော့သည် ကျန်းမာ လာသောအခါ အလွန် ဝမ်းသာ၍ ဒေါက်တာထွန်းတင်ထံသို့ သွား၍ ကျေးဇူးတင် စကား ပြောသည်။ ဒေါက်တာထွန်းတင်၊ ယခုကျွန်မ၏ အသက်သည် ဆရာ၏ အသက်ဖြစ်သည်။ ဆရာမရှိခဲ့လျှင် ယခုကျွန်မသေပြီ။ မိဘကမွေးပေးသော ကျွန်မအသက်သည် ခလေး ပျက်သောအခါ သေသွားခဲ့ပြီ။ ယခုဆရာကကျွန်မကို သေခြင်းမှ ကယ်တင်ခဲ့သောကြောင့် ကျွန်မသည် ဆရာကမွေးပေးသော သမီး ဖြစ်သည်ဟု ခံယူသည်ဟု ကျေးဇူးတင် စကား ပြောသည်။ ဒေါက်တာထွန်းတင်ကလည်း သင်ပြန်လည်ကျန်းမာသောကြောင့် ဆရာလည်း အလွန် ဝမ်းသာသည် ဟုဆိုသည်။
ဂလာတိ ၂:၂၀၌လည်း၊ “သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည် ကိုယ်တိုင် မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။” (ဂလာ ၂:၂၀)။ မပျော့ကဒေါက်တာထွန်းတင်ထံ ယခုကျွန်မအသက်သည် ဆရာ၏ အသက်ဖြစ်သည် ဟုဆို သကဲ့သို့ သင်နှင့် ကျွန်ပ်လည်း အပြစ်ကြောင့် သေမည့်သူများဖြစ် ကြသည်။ ကိုယ်ကိုကိုယ် မ ကယ်တင်နိုင်တော့သောကြောင့် ယေရှုခရစ်သည် လက်ဝါးကပ်တိုင်ပေါ်၌ ကျွန်ပ်တို့အတွက် သေခံ၍ မြှုပ်နှံပြီး နောက်သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက် ခဲ့ ပြီ။ ထိုအရာကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက် ကြသည်။
မပျော့ဗိုက်ထဲရှိသေသော ခလေးကို ဆရာဝန်ကထုတ်၍ မြှုပ် သကဲ့သို့ အပြစ်သား သင်နှင့် ကျွန်ပ်လည်း လက်ဝါးကပ်တိုင်တော်မှ ယေရှုခရစ်နှင့် သင်္ချိုင်းထဲ၌ မြှုပ်နှံပြီး ပြီ။ ယေရှုခရစ် ရှင်ပြန်ထမြောက် ခြင်း၌ ယုံကြည်ခြင်းဖြင့် အသစ်နှင့် ရှင်ပြန်ထမြောက် ကြ ပြီ။ ထိုအရာသည် ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် အမြင်၌သာ ဖြစ်သည်။
ယခုသင်နှင့် ကျွန်ပ်၏ အသက်သည် အာဒံနှင့် ဧဝတို့ ချသော မျိုးစေ့ဟောင်းအသက်တာ မဟုတ်တော့ချေ။ ယေရှုခရစ်သည် ကျွန်ပ်တို့ အထဲ၌ အသက်ရှင်ပြီ။ ထိုအရာသည် ဒုတိယ မွေးဘွားခြင်း ဖြစ်သည်။
ဃ။ ထာဝရ အသက် (ယော ၅:၂၄)
င။ ဘုရား၏ သား၊ မိသားစု၌ ပါဝင်စေသည် ( ၁ ယော ၃:၂)
စ။ တန်ခိုးပေးသည် (တ ၁:၈)
ဆ။ အပြစ် ကျွန်မှလွတ်စေသည် (ရော ၆:၄ -ရ၊ ၁ ယော ၃:၉)
ဇ။ လောကကိုအောင် စေသည် (၁ ယော ၅:၄)
စျ။ စာတန် ကမဖျက်စီးနိင်တော့ချေ (၁ ယော ၅:၁၈)
ည။ ဖြောင့်မတ်စေပြီ (၁ ယော ၂:၂၉)
ဋ္ဋ။ ချစ်ခြင်းမေတ္တာပိုင်စေသည် (၁ ယော ၄:ရ)
၄။ ဒုတိယမွေးပြီးမှလုပ်ရမည့် အရာများ
က။ သူတပါးထံ၌ သက်သေခံကို ခံရမည် (မာ ၁၆:၁၅၊ တ ၁:၈)
ခ။ ဗတ္တိဇံခံရမည် (တ ၈:၁၆၊ ၁၀:၄၈၊ ၁၈:၈)
ဂ။ လူတိုင်း ခရစ်တော် တပည့် ဖြစ်ဘို့ သွန်သင်ရမည် (မ ၂၈:၁၉-၂၀)
ဃ။ ကျမ်းစာဖတ်ရှုလေ့လာ ရမည် (၁ ပေ ၂:၂)
င။ အမြဲ ဆုတောင်းရမည် (၁ သက် ၅:၁ရ)
စ။ အပြစ်နှင့် သွေးဆောင်မှုများကို သတိနှင့် ရှောင်ရမည် (၁ ပေ ၅:၈၊ ၁ ကော ၁၀:၁၃၊ ဟေ ၂:၁ရ- ၁၈၊ ၄:၁၅-၁၆)
ဆ။ အပြစ် မလုပ်ဘဲ သန့်ရှင်းသောစွာ အသက်ရှင်ရမည် (၁ ပေ ၁:၁၅)
ဇ။ ကြီးထွားရင့်ကျက်ဘို့ လိုသည် (၁ ကော ၃:၁-၂၊ ဟေ ၅:၁၂-၁၄)
ကာလ အချိန်ကို ရွေးနှုတ်ခြင်း
Moses R Cung
“ထိုကြောင့် ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။” (ဧဖက် ၅:၁၅-၁ရ)
ရှင်ပေါလုကဧဖက် အသင်းတော်၌ အထက်ပါကဲ့သို့ စာရေးခဲ့သည်။ သူရေး ခဲ့သည် မှာနှစ်ပေါင်းနှစ်ထောင် နီးပါးရှိခဲ့ပြီ။ သူကပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည့် အကြောင်း သတိပြုခိုင်းသည်။ အကြောင်းမှာ ယ ခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သည် ဟုဆိုသည်။ ထိုသတိပေးချက်သည် ယခု ခေတ်အတွက် ဖြစ်သလော။ ယခုနေ့ရက်ကာလသည် ဘယ်အချိန် ကစခဲ့၍ ဘယ်အ ချိန်၌ ဆုံးမည်နည်း။ အဘယ်ကြောင့်ဆိုးယုတ်သည် ဟုဆိုသနည်း။ မည်ကဲ့သို့ ကာလအချိန်ကို ရွေးနှုတ်ရမည်နည်း။ ထိုမေးခွန်းများကို ဖြေနိင်ရန် ဘုရားသခင်က ကာလများ ခွဲခြားပုံကို သိရှိ နားလည်ဘို့ လိုအပ်သည်။
သုံးကာလ
ကျမ်းစာ၌ ဤကမ္ဘာသည် သုံးကာလနှင့် ပိုင်းခြားထားကြောင်း တွေ့နိင်သည်။ ကျမ်းစာ ကတိတိကျကျသုံးပိုင်းပိုင်းခြင်းကို မတွေ့ရချေ။ သို့သော် ကျမ်းစာကို သေချာစွာ လေ့လာဖတ်ရှုပါက ကာလ သုံးခုတွေ့မြင်နိင်သည်။ ကမ္ဘာဦးမှစ၍ နောဧခေတ်ရေ လွှမ်းမိုးသည် အထိသည် တကာလ ဖြစ်၍ ‘ရေမလွှမ်းမိုးမှီကာလ ’ဟု ခေါ်နိင်သည်။ နောဧခေတ်ရေလွှမ်းမိုးပြီးမှ ခရစ်တော် ဒုတိယအကြိမ် ကြွလာသည် အထိကို ‘ ယခု နေ့ရက်ကာလ ’ဟု ခေါ်နိင်သည်။ ခရစ်တော်် ဒုတိယအကြိမ် ကြွလာချိန်မှစ၍ ကမ္ဘာကုန် ဆုံးသည် အထိ ကာလကို ‘အနှစ်တစ်ထောင်ကာလ ’ဟု ခေါ်နိင်သည်။ ကာလ ပြောင်းလျှင် လူ့သက်တန်းနှင့် ကမ္ဘာ့ အခြေအနေများ ပြောင်းလဲတတ်သည်။
ရေမလွှမ်းမိုးမှီကာလ
ရေမလွှမ်းမိုးမှီကာလတွင် လူ့သက်တန်းသည် အနှစ်ကိုးရာကျော်ရှိ ကြသည်။ အာဒံသည် အနှစ် ၉၃၀၊ နောဧသည် အနှစ် ၉၅၀၊ မသုရှေလသည် အနှစ် ၉၆၉ အသက်ရှင် ခဲ့ကြသည် (က ၅)။ ထိုကာလ၌ ယခုခေတ် ကဲ့သို့ ဆေးပညာလည်း မရှိပါ။ သူတို့သည် ဆေးတလုံး မျှစားမည် မဟုတ်။ သောက်ရေသန့်လည်း မထုတ်လုပ်သေးချေ။ တိရစ္ဆာန်ကဲ့သို့ နေကြလိမ့်မည်။ သို့သော် အဘယ်ကြောင့်ထိုမျှလောက်အသက်ရှင် နိုင်ကြသနည်း။ ကျန်းမာကြသောကြောင့် ဖြစ်သည်။ ထိုကာလသည် ယခုနေ့ရက် ကာလထက် အလွန် ကောင်းသည် ဟုဆိုနိင်သည်။
ယခုနေ့ရက်ကာလ
ယခုနေ့ရက်ကာလသည် ရေလွှမ်းမိုးပြီးမှစတင်သည်။ နောဧနှင့်သား များလည်းရေလွှမ်းမိုးပြီး အထိ အသက်ရှင်ခဲ့ကြသေးသည်။ သို့သော် သူတို့နှင့် မဝေးသော အာဗြဟံသည် အသက် ၁ရ ၅၊ ဣဇက် ၁၈၀၊ ယာကုပ် ၁၄ရ၊ မောရှေ ၁၂၀ သာအသက်ရှင်ကြတော့သည်။ လူ့သက်တန်းသည် အလွန် လျော့နည်းသွားသည်။ မောရှေက၊ “အ ကျွန်ုပ်တို့၏ အသက် အရွယ်သည် အနှစ် ခုနစ်ဆယ်အတိုင်း အရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။”
ဟုဆိုသည် (ဆာ ၉၀:၁၀)။ မြန်မာပြည်သား များ၏ သက်တန်းသည် အနှစ် ၆၀ ခန့်မျှ သာရှိသည်။ ထိုသို့ နှစ်အနည်းငယ်သာအသက်ရှင်ကြသည်သာမက ဒုက္ခ ပေါင်း များစွာ ရင်ဆိုင်ကြုံတွေ့ ရသည်။ နိင်ငံရေး ပြသနာ၊ စီးပွားရေး ပြသနာ၊ လူမှုရေး ပြသနာ၊ ကျန်း မာရေး ပြသနာ၊ ဘာသာရေး ပြသနာ၊ အိမ်ထောင်ရေး ပြသနာ စကား မပြောတတ်ခြင်း ပြသနာ၊ ပညာရေး ပြသနာ ဟူ၍ ပြသနာ ပေါင်း များစွာ ရင်ဆိုင်ကြရသည်။ ထိုကြောင့်
ယခုနေ့ရက်ကာသည် အလွန် ဆိုးယုတ်သည်။ သို့သော် လူသည် သင်ခန်းစာမရဘဲ ဤလောက၌ အပျော်ကျူး နေကြသည်။ ကာလ အချိန်ကို မသိဘဲ နှစ်ပေါင်း များစွာ နေမည်ကဲ့သို့အချိန် ဖြုန်း နေကြသည်။ သခင်ဘုရား၏ အလိုကို မရှာဘဲ မိမိ အလိုဆန္ဒပြည့် ရေးကိုသာ အရူး အမူးရှာ နေကြသည်။ ကာအချိန်ကို မရွေးနှုတ်ကြချေ။
အနှစ်တစ်ထောင်ကာလ
ခရစ်တော် ဒုတိယအကြိမ် ကြွ လာသောအခါ အနှစ်တစ်ထောင်ကာလ စတင်၍ အနှစ်တစ်ထောင်ပြီးသောအခါ ထိုကာလလည်း ကုန်ဆုံး၍ ကမ္ဘာ့ အဆုံးလည်း ဖြစ်မည်။ ထိုကာလကို ဟေရှာယ၌ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟု ဤသို့ ရေးသား ထားသည်၊ “ကြည့်ရှုလော့။ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန် ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာ ကြောင့်၊ သင်တို့သည် အစဉ်အမြဲဝမ်းမြောက် ရွှင်လန်း ကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာ အကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာ အကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်၊၊ ငါ၏ လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန် မကြားရ၊၊ ထိုမြို့၌ အသက် ငယ်သောသူငယ်မရှိရ၊၊ အသက် မပြည့်စုံသော လူအိုလည်း မရှိရ၊၊ အသက် တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသောသူသည် အသက် တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏၊၊ ထို သူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေရမည် မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည် မဟုတ်၊၊ ငါ၏ လူတို့ အသက်သည် သစ်ပင်၏ အသက် ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ကြရလိမ့်မည်။ ငါရွေးကောက်သော သူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက် တိုသော သားကို မဖွားမမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္လာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့ မခေါ်မှီကပင်ထူးမည်။ လျှောက်စဉ်တွင် ပင်ငါ နားထောင်မည်။ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိ်မ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၁ရ- ၂၅)။
အထက်ပါ မိုဃ်း ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ထာဝရ ကာလကို ဆိုလိုသည် မဟုတ်။ အနှစ်တစ်ထောင်ကာလကို ဆိုလိုသည်။ အကြောင်းမှာ ထိုကာလ၌ ကျိန်ခြင်းနှင့် သေခြင်းရှိသေးသည်။ အိမ်ဆောက်ခြင်း၊ စိုက်ပျိုးခြင်း၊ သား ဖွားခြင်း၊ များရှိသေးသည်။ ထိုကာလ၌ လူသက်တန်းသည် အလွန် ပြန်ရှည်မည်။ အသက် တရာသည် သူငယ် ဟုဆိုသောကြောင့် အသက် ကြီးသော သူတို့သည် သူငယ်၏ ဆယ် ဆ ဖြစ်သော အနှစ်တစ်ထောင်အထိ ပြန်ရှင်ကြလိမ့်မည်။ ထိုကာလ၌ သားရဲမရှိတော့ဘဲ တောခွေးနှင့် သိုးသငယ်တို့ သည်အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သ့ုိ မြက်စားမည်။ မြွေလည်း မြေမှုန့်စားလိမ့်မည်။ ထိုကြောင့် အလွန် သာယာသောလောက ဖြစ်မည်။ ယခုနေ့ရက်ကာလကို လုံးဝ သတိရကြတော့မည် မဟုတ်။ ထိုကာလသည် ရှေ့အ နာဂတ်တွင် ရှိ၍ မကြာမှီတွင် ရောက်ရှိလာတော့မည် ဖြစ်သည်။ ထိုကာလသည် အကောင်း ဆုံးသော ကာလ ဖြစ်သည်။
မည့်ကဲ့သို့ ရွေးနှုတ်ရမည်နည်း
ကာလ သုံးခုအကြောင်း သိရပြီ။ ယခုသည် ယခုနေ့ရက်ကာလ၏ နောက်ဆုံးပိုင်းတွင် ရှိသည်။ ယခုနေ့ရက်ကာလ အဆုံးပိုင်းတွင် သန့်ရှင်း သူများကို ကောင်းကင်သို့ ချီဆောင်၍ ဘေးဒဏ်ကြီး ခုနှစ်နှစ်ပေါ်လာမည်။ ထိုနောက် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းဖြင့် နိဂုံးချုပ်ကာအနှစ်တစ်ထောင်ကာလ စမည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် ဖန်ဆင်း ထားသော အရာများကို ဘုရားသခင်က ဖျက်စီးမည် ဖြစ်သည် (ရော ၈:၂၀-၂၁)။ ဘေးဒဏ်ကြီး ကာလသည် အလွန် ခက်ခဲမည် ဖြစ်ကြောင်း ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ “ကမ္ဘာဦးမှ စ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ ၂ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဘို့ အလိုငှါ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၂၁-၂၂)။ ထိုကာလ မရောက် မှီ ချီဆောင်ခြင်း၌ ပါဝင်မှသာလျှင်လွတ်လမ်းရှိသည်။ ထိုကြောင့် ကယ်တင်ခြင်းသို့ မရောက် သေးသောသူများ အနေဖြင့် ကယ်တင်ခြင်းသို့ ရောက်ခြင်းသည် အကောင်းဆုံးသော ပြင်ဆင်ခြင်း ဖြစ်သည်။ ထို့ထက် ကောင်းသော ပြင်ဆင်မှု မရှိနိင်တော့ပါ။ အကြောင်းမူကား ကယ် တင်ခြင်းသို့ မရောက်လျှင် ဘေးဒဏ်ကြီး ကာလ၌ ဝင်ရမည် ဖြစ်သည်။
ဘေးဒဏ်ကြီးကာလ ရောက်ပြီးပါက လည်ပင်းဖြတ်ခံမှသာ ကယ်တင်ခြင်းသို့ ပြန်လည်ရောက်ရှိနိင်မည် ဖြစ်သည်။ ကျမ်းစာ၌၊ “ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။” (ဗျာ ၆:၉) “ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံတော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ် တော်နှင့်အတူ စိုးစံရကြ၏။” (ဗျာ ၂၀:၄)။ ထိုသို့ လည်ပျင်းဖြတ်ခံမှသာ ကယ်တင်ခြင်းသို့ ရောက် ရမည် ဖြစ်ရာလည်ပင်းဖြတ်ခံနိုင်ဘို့သည် သေချာသည် မဟုတ်သောကြောင့် ယခုကျေးဇူူးတော် ကာလ အတွင်း ကယ်တင်ခြင်းသို့ ရောက်ရှိရေးသည် အရေးကြီးဆုံးသော ပြင်ဆင်မှု ဖြစ်သည်။
သက်သေခံခြင်း
ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူများ အနေဖြင့် ခရစ်တော်၏ အလိုချင် ဆုံးနှင့် နောက်ဆုံးမှာထားသော သက်သေခံခြင်းကို ပြုလုပ်ခြင်းသည် အကောင်းဆုံးသော ပြင်ဆင်မှု ဖြစ်သည်။ အဘယ်ကြောင့် သက်သေခံဘို့ လိုသနည်း။ သန့်ရှင်းသောဝိညာဉ်တော် ပေးရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည် (တ ၁:၈)။ သက် သေမခံသောကြောင့် လူများ ကယ်တင်ခြင်းသို့ မရောက်၊ ချီဆောင်ခြင်း၌ မပါဝင်ဘဲ ဘေးဒဏ်ကြီးကာလ ရောက်ရှိသွားကာထာဝရ ပျက်စီးနိင်သည်။ သူတို့ကို သနားသောအားဖြင့် မိမိကြိုက်နှစ်သက်သောအရာကို စွန့်လွှတ်၍ ကယ်တင်ခြင်း အကြောင်း ပြောဘို့ လိုသည်။ သူတပါးကို ကယ်တင်ခြင်း အကြောင်း ပြောခြင်းဖြင့် ဝိ ညာဉ် သဘောနှင့် ပို၍ အသက်ရှင်နိင်ပေမည်။ အကြောင်းမူကား သူတပါးကို ပြော ပြသောသူသည် ဇာတိနှင့် အသက်ရှင်၍ မရ၊ ဝိညာဉ်တော် အုပ်စိုးခြင်း ခံဘို့ လိုသည်။ ပျောက်ဆုံးသော ဝိညာဉ်များကို ရရှိသောသူသည် ကောင်းကင် ရောက်သောအခါ ဆုရမည် ဖြစ်သည်။
ယခုအချိန်တွင် ဝိညာဉ်ရေးရာ၌ အနှောက်အရှက် ဖြစ်စေနိင်သောအရာ အားလုံး ကို အဆက်ဖြတ်သင့်သည်။ အချိန်ကို တန်ဘိုးရှိစွာ အသုံးပြုသင့်သည်။
ယခုအချိန်တွင် မအား မလပ်နိင်သည် အထိအချိန် ပို အလုပ်လုပ်ခြင်းသည် ဖြစ်နိင်လျှင် ရှောင်သင့်သည်။ အကြောင်းမှာ ကိုယ်ခန္ဓာပင်ပန်းလွန်းလျှင် ဝိညာဉ်ရေးရာ၌ ကျဆင်းနိင်သည်။ မိမိ၏ ဝိညာဉ်ရေးရာကို ကျဆင်းစေမည့် အရာမှန်သမျှကို ဖြတ်၍ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံခြင်း၊ ဝိညာဉ်များကို မစကူညီခြင်းများပြုလုပ် သင့်သည်။ ငွေကျေးများကိုလည်း ဝိညာဉ်ရေးရာ၌ အသုံးပြုသင့်သည်။
တဦးချင်းအသက်တာကို ပြန်ပြေးဆွဲခြင်း
Rev. Moses R Cung
ယခင်လ၌ အသင်းတော်ကို ပြန်ပြေးဆွဲခြင်း အကြောင်း သိခဲ့ရပြီ။ ယခုတဦးချင်းအသက်တာကိုလည်း ပြန်ပြေးဆွဲခံရကြောင်း ဖေါ်ပြလိုပါသည်။ လူသည် ဘုရားသခင်က ဖန်ဆင်းသောကြောင့် ဖန်ဆင်းရှင်ကကျွေးမွေးဘို့၊ စောင့်ရှောက် ကာကွယ်ဘို့၊ သွန်သင်ဘို့၊ ဦးဆောင်ဘို့၊ ဆုံးမဘို့ တာဝန် ရှိသည်။ သို့သော် လူသည် ဘုရားသခင်၏ ကျွေးမွေးခြင်းနှင့် ကာကွယ်ခြင်းကိုသာ အလိုရှိ၍ သွန်သင်ခြင်း၊ ဦး ဆောင်ခြင်းနှင့် ဆုံးမခြင်းကို လုံးဝ အလိုမရှိချေ။ ကျမ်းစာက၊ “ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်” (ဟေရှာ ၅၃:၆) ဟုဆိုသည်။ ပရောဖက် ယေရမိက၊ “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုး မရ။ သွားစဉ်အခါမိမိ ခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရ ၁၀ ; ၂၃) ဟုဆိုထားသည်။ အင်္လိပ်ကျမ်းစာ၌၊ “I know, O Lord, that the way of man is not in himself, that it is not in man who walks to direct his steps.” လူသည် မိမိခြေလှမ်းကို ညွှန်ကြားမည့်သူ မဟုတ် ဟုဆိုသည်။ ဆိုလိုသည်မှာ လူသည် မိမိသွား မည့် လမ်းကို ဘုရားသခင်အား ညွှန်ကြားစေဘို့ ဖြစ်သည်။ သို့သော် လူတိုင်း မိမိကြိုက် နှစ်သက်သလို အသက်ရှင်ကြ၊ လုပ်ကိုင် ကြသည်။ ဘုရားသခင်ထံမှ အခွင့်အာဏာကို သိမ်းသွား ကြသည်။ ထိုကြောင့် ဒုက္ခ ရောက်ရ ကြသည်။ ပြသနာ ပေါင်း များစွာ မလိုလား အပ်ဘဲ ရင်ဆိုင်ရ ကြသည်။ အချို့သောသူများသည် ပြသနာ မဖြေရှင်း တတ်ကြသောအခါ ဘုရားသခင်ကို အပြစ်တင် ကြသည်။ ဘုရားသခင်ကို ၉၁၁ ကဲ့သို့ ဒုက္ခ ရောက်မှတ ကြသည်။
လူသည် မိမိကိုယ်ကို ဗဟိုပြုအသက်ရှင်ချင် ကြသည်။ အရာခပ်သိမ်းသည် မိမိအလိုဆန္ဒအတိုင်းသာ ဖြစ်စေချင်သည်။ ထိုကြောင့် ငါဘာစားချင်သည်၊ ငါဘာ ဖြစ်ချင်သည်၊ ငါဘာလုပ်ရမည်၊ ငါဘယ် သူ့ကို လက်ထပ်ရမည်ဟု “ငါ” အလို ပြည့်စုံစေဘို့ သာလျှင် အဓိကထားသည်။ ထိုသဘောသည် ခလေးအရွယ်မှစတင်ပြီး ဖြစ်သည်။ ထိုကြောင့် ပါးစပ်ပေါက်တည့်အောင် ထမင်းမစားနိင်သော ခလေးသည် မိဘများ၏ ခွံ့ကျွေးခြင်းကို လက်မခံဘဲ ခေါင်းလှည့်သွားတတ်သည် မဟုတ်လော။ လူတိုင်း “ငါ့ သဘော” ဟု အသက်ရှင် ကြသည်။ မတတ်သာသောကြောင့်သာသူတပါး၏ စကား၊ အလိုဆန္ဒများကို လိုက်လျောတတ်ကြသည်။ တတ်နိင်လျှင် မည်သူ့ သဘောကိုမျှ မလိုက်လိုကြချေ။ ထိုကြောင့် ဘုရားသခင်၏ သဘော ကိုလည်း လုံးဝ မလိုက်လိုကြခြင်း ဖြစ်သည်။
အမှန်မှာ လူသည် သေခြင်း၊ နာခြင်း၊ ပြသနာများကို မရှောင်နိင်သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သင့်သည်။ ထိုကြောင့် ဘုရားသခင်က အကျွန်ပ်ကို ဘာ ဖြစ်စေချင် သနည်း၊ ဘာလုပ်ခိုင်းသနည်း၊ ဘယ်အရာကို စားစေချင် သနည်း၊ ဘာပြောစေချင် သနည်းဟု ဘုရား ဗဟိုပြု၍ မေးခွန်းမေးသင့်သည်။ ရှောလမုန် မင်းကြီးက၊ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီ မပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရ ဘု ရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” ဟုဆိုခဲ့သည် (သု ၃:၅-၈)။ လူသည် သိသော်လည်း မိမိသိသောအရာကို မလိုက်တတ်ကြချေ။ ရှောလမုန်မင်းသည်လည်း ထိုသို့ ရေးသော်လည်း သူကိုယ်တိုင် သူ့စိတ်ကြိုက်အသက်ရှင်ခဲ့ကြောင်း တွေ့ရသည်။ ထိုကြောင့် သိရုံဖြင့် အကျိုးမရှိပါ၊ လက်တွေ့အသက်ရှင်ဘို့ လိုသည်။
သခင်ယေရှုသည် ဤလောက၌ လူ့ဇာတိအားဖြင့် အသက်ရှင်ခဲ့စဉ်တွင် ခမည်းတော်၏ အလိုတော်အတိုင်း တသဝေမတိမ်း လိုက်နာခဲ့ကြောင်း သူကိုယ်တိုင် ဤသို့ ဆိုခဲ့သည်၊ “ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍ သာပြု၏။ မိမိအလိုအလျောက်အဘယ် အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှ အတိုင်း သားတော်လည်း ပြု၏။” (ယော ၅:၁၉)။ တဖန်၊ “ငါသည်ကိုယ် အလိုအလျောက်အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည် အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏။” (ယော ၅:၃၀) ဟုဆိုသည်။ “ယေရှုက၊ သင်တို့သည် လူသားကို မြှောက်ထားသောအခါ၊ ငါသည် ဤမည်သောသူ ဖြစ်သည်ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုဘဲ၊ ငါ့ ခမည်းတော်သည် ငါ့ အားနည်း ပေးတော်မူသည် အတိုင်း ငါဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြလိမ့်မည်။” (ယော ၈:၂၈) “ငါဟောပြောသော စကားကို ကိုယ်အလိုအလျှောက်ငါဟောပြောသည် မဟုတ်။ ငါပြုသော အမှုတို့ ကား ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။”
ဟုဆိုခဲ့သည် (ယော ၁၄:၁၀)။
သခင်ယေရှုသည် သူပြောသကဲ့သို့ အသက်ရှင်သောသူ ဖြစ်သည်။ ထိုကြောင့် ဂေသရှေမန်ဥယျာဉ်၌ ဆုတောင်းသောအခါ၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။” (မ ၂၆:၃၉) ရှင်ပေါလုကလည်း ခရစ်တော်သည် ဘုရား ဖြစ်သော်လည်း အစေခံကျွန် ကဲ့သို့ အဆင့်အထိ ဆင်း၍ ခမည်းတော်၏ အလိုတော်ကို နားထောင်ကြောင်း ဤကဲ့သို့ ရေးသား ခဲ့သည်၊ “ယေရှုခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရား သခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှု ဟူ၍ မထင်မမှတ်လျက် ပင်၊ မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာအသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီး မြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏” (ဖိလိ ၂:၅-၉)။
ခရစ်တော်သည် ဤလောက၌ အသက်ရှင်စဉ်တွင် အထက်ပါကဲ့သို့ ခမည်းတော်၏ အလိုတော်အတိုင်း သာလျှင် အသက်ရှင်ခဲ့သည်။ မိမိသဘော အတိုင်း အဘယ်မှုကိုမျှ မပြုခဲ့ချေ။ ခမည်းတော်၏ အလိုတော်နှင့် စေခိုင်းသောအရာကိုသာ လုပ်ဆောင်ပြောဆိုခဲ့သည်။ သို့သော် ယနေ့ လူသားများမူကား ဘုရားနှင့် လုံးဝ ဆန့်ကျင်သော အရာများကိုသာ လုပ်ဆောင်၍ မိမိတို့ အလိုဆန္ဒအတိုင်း သာအသက်ရှင် နေကြသည်။ မိမိကိုယ်ကို ဗဟိုပြု၍ အသက်ရှင် ကြသည်။
ခရစ်တော် ကဲ့သို့ ဘုရားသခင်ကို ဗဟိုပြုသော အသက်တာကို မည်ကဲ့သို့ အသက်ရှင် ရမည်နည်း။ ဘုရားသခင်၏ အလိုတော် ဘော်ပြတော်မူပါ၊ အုပ်စိုးတော်မူပါဟု ဆုတောင်းရုံနှင့် မရပါ။ ဘုရားသခင်၏ အလိုတော်သည် ကျမ်းစာထဲ၌ ဘော်ပြပြီး ဖြစ်သည်။ ထိုကြောင့် သူ၏ အလိုတော်ကို ကျမ်းစာ၌ ရှာဖွေ ဖတ်ရှုလေ့လာ ရမည်။ ရည်းစား ပို့သော စာကို မဖတ်ဘဲ မည်ကဲ့သို့ ရည်းစား၏ အလိုဆန္ဒကို သိနိင်မည်နည်း။ ဘုရား သခင်၏ အလိုတော် ကိုလည်း ကျမ်းစာအားဖြင့် ဘော်ပြသောကြောင့် ကျမ်းစာကို ဖတ်ရမည်၊ နားလည် သဘောပေါက်အောင် လေ့လာရမည်။ ကျမ်းစာဖတ်နေသော်လည်း အလိုတော်ကို မသိလျှင် အကျိုးရှိသင့်သလောက် မရှိချေ။ ဘုရား၏ ဆိုလိုရင်းကို နားလည် သဘောပေါက်သည် အထိ လေ့လာဖတ်ရှုရမည်။ ဘုရား၏ အလိုတော်ကို သိခြင်းသည် သမ္မာတရားကို သိခြင်း ဖြစ်သည်။ ဘုရား၏ အလိုတော်ကို သိခြင်းသည် အလွန် အရေးကြီး၍ ကောင်းသည်။ သို့သော် အလိုတော်အတိုင်း မကျင့်၊ မိမိ အလိုဆန္ဒအတိုင်း အသက်ရှင်နေလျှင် အကျိုးမရှိချေ။ “ဖြောင့်မတ်ခြင်း တရားလမ်းကို သိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကို တဖန် စွန့်ပစ်သည်ထက်၊ ထိုလမ်းကို မသိဘဲ နေသော်သာ၍ ကောင်း၏။” (၂ ပေ ၂:၂၁)ဟု ရှင်ပေတရုကရေးသား ခဲ့သည်။
ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်လျှင် ကိုယ့်အလိုအတိုင်း အသက်ရှင်သည်ထက် အဆပေါင်း များစွာ ကောင်းသည်။ ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်လျှင် သူကအစစအရာရာကို တာဝန် ယူဆောင်ရွက်မည် ဖြစ်သည်။ ငယ်သားက အရာရှိ အလိုဆန္ဒအတိုင်း အသက်ရှင်သောအခါ အရာရှိကအားလုံး တာဝန်ယူ သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို ဝန်ခံလျှင် ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်စွမ်း နိုင်သောကြောင့် စိတ်ချရသည်။ ယခုမှစ၍ ဘုရားသခင်ကို မိမိအသက်တာအပ်နှံ၍ အလိုတော်အတိုင်း အသက်ရှင်ဘို့ ရွေးချယ်ကြပါစို့။
ကျမ်းစာဖတ်ကြစို၌
ဖိလိပ္ပိ ၁
၁။ ယေရှုခရစ်၏ ကျွန် ဖြစ်သော ပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ ရှိသော သင်း အုပ်တို့နှင့် သင်းထောက်တို့ မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူ အပေါင်းတို့ကို ကြားလိုက် ပါ၏။
ဤဩဝါဒစာကို ပေါလုနှင့် တိမောသေတို့ ကရေးထားခြင်း ဖြစ်သည်။ ဖိလိပ္ပိ အသင်းတော်သည် ပေါလု၏ ဥရောပခရီး စဉ်တွင် ပဌမဦးဆုံး အချိန် ယူ၍ တရားဟောသော မြို့ ဖြစ်သည်။ ထိုမြို့၌ သွာတိရမြို့သူလုဒိသည် အိမ်သူအိမ်သား များနှင့် ယုံကြည်၍ ဗတ္တိဇံခံ ကြသည်။ ပေါလုတို့ အဖွဲ့ကိုလည်း သူမ၏ အိမ်၌ နေဘို့ရန် ဘိတ်ခေါ်ခဲ့သည် (တ ၁၆:၁၄-၁၅)။ ဖိလိပ္ပိထောင်မှူးလည်း မိသားစုနှင့် ယုံကြည်၍ ဗတ္တိဇံခံခဲ့သည် (တ ၁၆)။ ထို့ကြောင့် အသင်းတော်သည် ထိုမိသားစုတို့ မှစတင်တည်ထောင်ခြင်း ဖြစ်မည်။ ပေါလု၏ ဝိညာဉ် သားသမီး များဖြစ် ကြသည်။
၂။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော်က ကျေး ဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ယုံကြည်သူများ၌ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် အလိုအပ်ဆုံးသော အရာများ ဖြစ်သည်။ တယောက်နှင့် တယောက် ပေါလုကဲ့သို့ ကောင်းကြီး ပေးသင့်သည်။
၃-၄-၅။ ငါသည် ဆုတောင်း ပဌနပြုသောအခါ ခါ၊ ဝမ်းမြောက်သော စိတ်နှင့် သင်တို့ ရှိသမျှ အဘို့ကို အစဉ် ဆုတောင်း ပဌနာ ပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါ ခါ၊ သင်တို့သည် ရှေ့ဦးစွာသော နေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆက်ဆံ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ပေါလုသည် ဖိလိပ္ပိ အသင်းတော် အတွက် ဆုတောင်း လေ့ရှိကြောင်း သိရသည်။ ထိုသို့ ဆုတောင်းသောအခါ ရင်လေးခြင်း၊ ဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက်သော စိတ်နှင့် ဆု တောင်းပေးလေ့ရှိသည်။ သူဝမ်းမြောက်ခြင်းသည်လည်း သူတို့သည် ဧဝံဂေလိ လုပ်ငန်း၌ ပါဝင်သောကြောင့် ဖြစ်သည်။
၆။ သင်တို့တွင် ကောင်းသော အမှုကို ပြုစပြုတော် မှုသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူ မည်ဟု ငါသဘော ကျ၏။
ဖိလိပ္ပိ ယုံကြည်သူများ၌ ကောင်းသောအမှု ပြုသောသူသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် သူတို့၌ ကောင်းမှု အစပြုခဲ့ပြီး သောကြောင့် အဆုံးတိုင်အောင် ပြုမည် ဟုဆိုသည်။ ဘုရားသခင်သည် လူကဲ့သို့ မပြီး ပျက်သော အလုပ်ကို လုပ်တတ်သည် မဟုတ်။ ယေရှုခရစ်၏ နေ့ရက်သည် သန့်ရှင်း သူများ၏ ချီဆောင်ခြင်းကို ဆိုလိုသည်။ ထိုနေ့ရက်တိုင်အောင် ဘုရားသခင်သည် ယုံကြည်သူများထံကောင်းသောအမှု ပြုမည် ဟုဆိုသည်။
၇။ ရှိသမျှသော သင်တို့၏ အမှုအရာ၌ ဤသို့ ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့ အပေါင်းသည် ဆက်ဆံကြသည် ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်၎င်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
ရှိသမျှသော ဖိလိပ္ပိ ယုံကြည်သူများ၌ ဘုရားသခင်က ကောင်းမှု ပြုခဲ့ပြီ။ ပေါလုခံရသော ကျေးဇူးတော်ကို သူတို့လည်း ခံစားရသည်။ ကျေးဇူးတော်သည် ဘုရား သခင်၏ သနားခြင်း ဖြစ်သည်။ ပေါလုသည် အကျဉ်းခံချိန်တွင် ဖြစ်စေ၊ ဧဝံဂေလိ (သတင်းကောင်း) တရားအတွက် သက်သေခံချိန်တွင် ဖြစ်စေ သူတို့ကို သတိရအောက်မေ့သည်။
၈။ ငါသည် သင်တို့ အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေ ဖြစ်တော်မူ၏။
ပေါလုသည် ဖိလိပ္ပိအသင်းသားများကို ယေရှုခရစ်၏ မေတ္တာဂရုဏာနှင့် အလွန် လွမ်းသည်။ ထိုမေတ္တာသည် ဝိညာဉ် ဖခင်နှင့်သားသမီး အကြားရှိတတ်သော သံယောယဉ် ဖြစ်သည်။ ဝိညာဉ် သားသမီး မရှိ ဘူးသောသူများက နားမလည် မခံစား နိင်ချေ။
၉။ ငါသည် အဘယ်သို့ ဆုတောင်း သနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာ တို့ကို ပိုင်းခြားစေခြင်းငှါ ဥာဏ်ပညာ အမျိုးမျိုးရှိလျက်၊
ပေါလုက ဆုတောင်း ပေးသော အချက်များတွင် သူတို့သည် ခြားနားသောအရာ တို့ကို ပိုင်း၍ သိနိင်သော ဥာဏ်ပညာရှိဘို့ ဖြစ်သည်။ ထိုပညာမရှိလျှင် အရာခပ်သိမ်းကို ယုံ၍ လမ်းလွှဲတတ်သည်။
၁၀။ မေတ္တာပါရမီတိုးပွါး၍ ပြည့်စုံမည်အကြောင်းကို၎င်း၊
ဒုတိယ ဆုတောင်း ပေးချက် မှာမေတ္တာပါရမီတိုးပွား၍ ပြည့်စုံဘို့ ဖြစ်သည်။ လူ၌ မွေးရာပါလူ့မေတ္တာရှိပြီး ဖြစ်သည်။ ထိုအရာသည် မကောင်းသောကြောင့် ဘုရားသခင်က သူ၏ မေတ္တာကို ယုံကြည်သူတိုင်း ထံပေးသည် (ရော ၅:၅၊ ၂ တိ ၁:ရ)။ ထိုမေတ္တာသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည် (၁ ယော ၄:၈)။ မေတ္တာပါရမီတိုးပွားခြင်း ဆိုသည်မှာ ဘုရားကို အသက်တာ၌ အုပ်စိုး စေခြင်း ဖြစ်သည်။ အသက်တာ၌ ဘုရား အုပ်စိုးမှမေတ္တာပွားများ နိင်သည်။ ဝိညာဉ် အသီးသည် ချစ်ခြင်း ဖြစ်သည် (ဂလာ ၅:၂၂)။
၁၁။ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ် ကြည်ဖြူလျက်၊ တိမ်းလဲခြင်း အမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကို၎င်း၊ ငါဆု တောင်းပဌနာ ပြု၏။
တတိယအချက် ဆုတောင်း ပေးသောအရာသည် ဖြောင့်မတ်ခြင်း အကျင့်ရှိဘို့ ဖြစ်သည်။ ထိုဖြောင့်မတ်ခြင်းသည် ယေရှုခရစ်အားဖြင့် ဖြစ်၍ ဘုရားသခင်၏ ဘုန်းကို ထင်ရှားစေတတ်သည်။ ခရစ်တော် အုပ်စိုးခြင်းအားဖြင့် ဖြောင့်ခြင်းသည် ဘုရားသခင်၏ ဘုန်းကို ထင်ရှားစေသည်။ ယုံကြည်သူများသည် ထိုဖြောင့်မတ်ခြင်းနှင့် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက် တည်းဟူသော ချီဆောင်ခြင်း နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက် တိမ်းလဲခြင်း မရှိဘို့ ဆုတောင်း ပေးခြင်း ဖြစ်သည်။ ချီဆောင်ခြင်း နီးလေလေအပြစ်သည်များလေလေ ဖြစ်မည်။ ထိုကြောင့် ချီဆောင်ခြင်း နေ့ရက်တိုင်အောင် တည်ကြည်ဘို့ လိုသည်။
၁၂။ ညီအစ်ကိုတို့၊ ငါ၌ ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစုရာ ဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
ပေါလု၌ ရောက်သောအရာသည် အကျဉ်းချခံခြင်း ဖြစ်သည်။ ပေါလုအကျဉ်းခံခြင်းအားဖြင့် ဧဝံဂေလိတရားကို မြစ်တားနိင်စရာ အကြောင်းရှိသည်။ အကြောင်းမှာ သူအကျဉ်းချခံရခြင်းသည် ဧဝံဂေလိ တရားဟောသောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ သူအကျဉ်းချ ခံခြင်းကြောင့် ပို၍ ဧဝံဂေလိတရားသည် ပြန့်နှံစေသည်။
၁၃။ ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်း အမှုအရာ သည်၊ နန်းတော်၌ အနှံ့အပြားထင်ရှားသည်သာမက၊ ခပ်သိမ်းသော အရပ်၌ ထင်ရှား၏။
ပေါလုသည် ရောမမြို့၌ ချည်နှောင်ခြင်း ခံရသည်။ သူ့အားဖြင့် နန်းတော်၌ အနှံ့အပြားထင်ရှားသည်။ သူချည်နှောင်ခြင်း ခံရခြင်းသည် ခရစ်တော်ကြောင့် ဖြစ်သည်။ ပေါလုသည် ဖိလိပ္ပိမြို့၌လည်း ချည်နှောင်ခံခဲ့ဘူးပြီ (တ ၁၆:၁၆-၄၀)။ ထိုသို့ ချည်နှောင်ခြင်း ခံရသောကြောင့် ထောင်မှူးနှင့် မိသားစုတို့သည် ကယ်တင်ခြင်းသို့ ရောက်ခဲ့ ကြသည်။ ယခုရောမ မြို့ထောင်၌ အကျဉ်းခံသောအခါ၌လည်း သူ့အားဖြင့် ဧဝံဂေလိတရားသည် နန်းတော်၌ အနှံ့အပြားကြော်ကြားသည် ဟုဆိုသည်။ ယုံကြည်သူများအကျဉ်းထောင်ရောက်လျှင် ထိုသို့ဖြစ်သင့်သည်။
၁၄။ သခင်ဘုရား၌ ညီအစ်ကို အများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသော စိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ်တရားတော်ကိုသာ၍ ဟောပြောဝံ့ကြ၏။
ပေါလုသည် ထောင်ကျသောကြောင့် အခြားသော ယုံကြည်သူများသည် ကြောက်ရွံ့သင့်သည်။ သူတို့လည်း သူကဲ့သို့ အကျဉ်းချခံရမှာ စိုးရိမ် သင့်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ သူ့အားဖြင့် အခြားသောသူများသည် ကြောက်ရွံ့ခြင်း မရှိဘဲ နှုတ် ကပတ်တော်ကိုသာ၍ ဟောပြောဝံ့ကြသည် ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်ပေးသော သတ္တိကြောင့် ဖြစ်သည်။ ပေါလုသည် ကျဉ်းချခံရသည် ဟုဆိုသော်လည်း လွတ်လပ်စွာ ဟောပြောသွန်သင် နေကြောင်း ဤသို့ ရေးသား ထားသည်၊ “ထိုနောက်မှ ပေါလုသည် နှစ်နှစ်ပတ်လုံးမိမိငှါးသော အိမ်၌ နေသဖြင့်၊ မိမိထံသို့ လာသောသူ အပေါင်းတို့ကို ဧည့်ခံ၍၊ အဘယ်သူမျှ မမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကို အတည့်အလင်း ဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက် နေ၏။” (တ ၂၈:၃၀)
၁၅။ လူအချို့တို့သည် ငြူစူရန်တွေ့ချင်သော သဘောနှင့် ခရစ်တော်၏ တရားကို ဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။
ခရစ်တော်၏ တရားကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဟောကြသည်။ အချို့တို့သည် ရန်တွေ့ချင်သော သဘောနှင့် ဟောသည်။ အချို့တို့သည် စေတနာစိတ်နှင့် ဟောသည်။ အချို့တို့သည် အကျိုးစီးပွား ဖြစ်စေနိင်သည်ဟု စီးပွားရေးအမြင်နှင့် ဟောကြသည် (၁ တိ ၆:၅၊ ၆ ၂ ပေ ၂:၃)။ သင်သည် မည်ကဲ့သို့သော စိတ်ထားဖြင့် ဟောသနည်း။ သို့မဟုတ် မဟောဘဲ နေသလော။
၁၆။ ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူ ဖြစ်ကြောင်းကို ဤ သူတို့သည် သိ၍ ခရစ်တော်၏ တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။
ပေါလုသည် ဧဝံဂေလိတရားကို ထောက်မဘို့ ရာခန့်ထားသည်။ ထိုအရာကို အင်္လိပ်လို ဤသို့ ရေး ထားသည် I am put here for the defense of the gospel ထောက်မဟူသောအရာ၌ ‘ကာကွယ်ဘို့ ’ ဟုဆိုလျှင် နားလည်လွယ်မည်။ ယုံကြည်သူ တိုင်းလည်း ဧဝံဂေလိတရားကို ကာကွယ်ရမည်။ အချို့တို့သည် ခရစ်တော်၏ တရားကို မေတ္တာနှင့် ဟောပြော ကြသည်။
၁၇။ ထို သူတို့သည် ကြည်ဖြူသော စိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲ စေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သော စိတ်နှင့် ဟောပြောကြ၏။
အချို့သော သူတို့သည် စေတနာ၊ မေတ္တာစိိတ်နှင့် ဟောပြောကြသည် မဟုတ်၊ ဧဝံဂေလိတရားကြောင့် ချည်နှောင်ခံရသော ပေါလုကိုသာ၍ ဆင်းရဲ စေခြင်းငှါ အကြံရှိ၍ ရန်တွေ့ချင်သော စိတ်နှင့် ဟောပြောသည် ဟုဆိုသည်။
၁၈။ သို့ဖြစ်၍ အဘယ်သို့ နည်း။ လျှို့ဝှက်၍ ဟောပြောသည် ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည် ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည် ဖြစ်စေ၊ ခရစ်တော်၏ တ ရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်မြောက်လိမ့်မည်။
ဧဝံဂေလိတရားကို မည်သို့သော စိတ်ထားနှင့် ဟောပြောသည် ဖြစ်စေ၊ ခရစ်တော်၏ တရားဟောပြောခြင်းရှိသောကြောင့် ဝမ်းမြောက်ခြင်းရှိသည် ဟုဆိုသည်။ အကြောင်းမှာ ခရစ်တော်၏ တရားသည် လူကို ပြောင်းလဲစေ နိင်သည်။ ယခုခေတ် တွင်ကိုယ် အသင်းတော်၊ ဂိုဏ်းဂဏမှ တရားဟောဆရာ မဟုတ်လျှင် အခြားသော ဆရာများ ဟောခြင်းကို အလိုမရှိ ဖြစ်တတ်သည်။ မည်သည့်ဂိုဏ်းဂဏဖြစ်စေ သမ္မာတရား အတိုင်း ဟောလျှင် ဝမ်းမြောက် ရမည်။ သို့သော် သမ္မာတရားလမ်း မှ လွှဲစေမည့် တရားဟောချက်မည်မူကား လက်မခံသင့်ချေ။
၁၉-၂၀။ အဘယ်သို့ နည်းဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်း မရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည် ဖြစ်စေ၊ သေသည် ဖြစ်စေ၊ ငါ့ ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားတော်မူ သကဲ့သို့၊ ယခုပင်ထင်ရှားတော်မူ မည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့် အညီသင်တို့ ဆုတောင်း သဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်၎င်း၊ ဤအကြောင်း အရာသည် ငါ့ကို ကယ်တင်သော အကြောင်း အရာ ဖြစ်မည်ဟု ငါသိ၏။
ပေါလုသည် သူ၏ ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားဘို့ရန် အလျှင်းရှက်ကြောက်ခြင်း မရှိ ဟုဆိုသည်။ ကျွန်ပ်တို့လည်း ကိုယ်ခန္ဓာ၌ ခရစ်တော်၏ ဂုဏ်အသရေထင်ရှားဘို့ရန် မရှက်ကြောက်သင့်ချေ။ ကိုယ်ခန္ဓာ၌ မည်ကဲ့သို့ ခရစ်တော်၏ ဂုဏ်အသရေထင်ရှားနိုင်မည်နည်း။ ကျွန်ပ်တို့၏ ဝတ်ဆင်ပုံ၊ စကားပြောပုံ၊ လှူပ်ရှားပုံအားဖြင့် ထင်ရှားနိုင်သည်။ ပေါလုသည် ထိုသို့ ထင်ရှားဘို့ရန် မြော်လင့်အားကြီး၍ တောင့်တသည် ဟုဆိုသည်။ ကျွန်ပ်တို့လည်း သူကဲ့သို့ မြော်လင့်အားကြီး ကြသလော။ ထိုသို့ဖြစ်ဘို့ အလိုငှါ ဖိလိပ္ပိ အသင်းသားများက ဆုတောင်း ပေးသည်။ ဝိညာဉ်တော်ကလည်း မစသည် ဟုဆိုသည်။ ‘ ဤအကြောင်း အရာ’ ဟူသောအရာသည် သူ၏ ကိုယ်ခန္ဓာ၌ ခရစ်တော်၏ ဘုန်းထင်ရှားစေချင်သောအရာကို ဆိုလိုသည်။ ထိုအရာသည် သူကို ကယ်တင်သော အကြောင်း အရာ ဖြစ်မည် ဟုဆိုသည်။
၂၁။ ငါအသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်၏။ သေလျှင် မူကား၊ သာ၍ အကျိုးရှိ၏။ ၂၂ ဤ ကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသော အမှု၏ အကျိုးကား ထိုသို့သော အကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူရမည်ဟု ငါမသိ။
ပေါလု ကသူအသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်သည် ဟုဆိုခြင်းသည် အဘယ်အရာ နည်း။ သူသည် ခရစ်တော် အတွက် အသက်ရှင်သည် ဟုဆိုနိင်သလို ခရစ်တော်အားဖြင့် အသက်ရှင်သည်ဟုလည်း ယူဆနိင်သည်။ သေလျှင် မူကား သာ၍ အကျိုးရှိ၏ ဟုဆိုသည်။ လူတိုင်း သေခြင်းကို ရှောင်ချင် ကြသည်။ စိတ်ဓါတ်ကျသောသူမှလွှဲလျှင် မည်သူမျှမသေချင် ကြချေ။ ပေါလုမူကား သေခြင်းနှင့် အသက်ရှင်ခြင်းတွင် အဘယ်အရာရွေးရမှန်း မသိ ဖြစ်နေသည်။ သူရူးနေသလား။ မဟုတ်ပါ။ ယုံကြည်သူ အတွက် အသက်ရှင်သည် ဖြစ်စေ၊ သေသည် ဖြစ်စေကောင်းသည်။
၂၃။ ထိုအကျိုးနှစ်ပါး၏ အကြား၌ ငါသည် ယခုကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သော အကျိုး ဖြစ်၏။
ပေါလုသည် သေလျှင် ကောင်းကင်ဘုံ၌ ရောက်၍ ဆင်းရဲ ဒုက္ခ ခံစား တော့မှာ မဟုတ်သောကြောင့် သူ့အတွက် သာကြည့်လျှင် သေခြင်းသည် ပို၍ ကောင်းသည်။
၂၄။ သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။
အသက်ရှင်လျှင် ဖိလိပ္ပိ ယုံကြည်သူများအတွက် ကောင်းသည်။ အကြောင်းမှာ သူတို့ကို သွန်သင် လမ်းပြ အားပေးနိုင်သောကြောင့် ဖြစ်သည်။ ထိုကြောင့် အဘယ်အရာကို ရွေးဘို့ မသိခြင်း ဖြစ်သည်။
၂၅-၂၆။ ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည် ဖြစ်၍၊ သင်တို့ ရှိရာသို့ ငါတ ဖန်ရောက်လာသော အားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကို အမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိစေခြင်းငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွါးဝမ်းမြောက် မည်အကြောင်း၊ ငါသည် ကိုယ်ခန္ဓာ၌ နေ၍ သင်တို့ ရှိသမျှနှင့် ပေါင်းဘော်ရမည်ဟု ငါသိ၏။
ဤစာရေးချိန်တွင် ပေါလုသည် အသက်ရှင်လျက် ဖိလိပ္ပိ ယုံကြည်သူများထံပြန်လာမည်ဟု မြော်လင့်ခဲ့သည်။ ထိုသို့ သူတို့ထံသို့ ပြန်ရောက်လျှင် ဖိလိပ္ပိ ယုံကြည်သူများသည် အလွန်ဝမ်းမြောက်မည်၊ ယုံကြည်ခြင်း၌လည်း တိုးပွါးမည်။
၂၇။ သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်ဘဲ၊ တပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့် ဆိုင်သော ယုံကြည်ခြင်း အဘို့ အလိုငှါ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်း အရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည် ဖြစ်စေ၊ ကွာလျက် နေသည် ဖြစ်စေ၊ ငါကြားသိရပါ မည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက်ဝတ်ကြီး ဝတ် ငယ်များကို ပြု၍သာ နေကြလော့။
ဖိလိပ္ပိ ယုံကြည်သူများသည် ဧဝံဂေလိ လုပ်သော အသင်းတော် ဖြစ်သည်။ ထို့ကြောင့် ပေါလုကမကြောက်မရွံ့မတုန်မလှုပ်၊ တစိတ်တ ဝိညာဉ် တည်းယုံကြည်ခြင်းနှင့် တညီတညွတ်တည်း ကြိုးစားအား ထုတ်သည်ကို ကြားချင်၊ တွေ့ချင်သည်။ ယနေ့ သင်၏ အသင်းတော်သည် ထိုသို့ ရှိပါသလား။ ဧဝံဂေလိ အတွက် ကြိုးစားအား ထုတ်သောကြောင့် တစိတ်တ ဝိညာဉ် တည်းဖြစ်လျှင် မည်မျှ ကောင်းမည်နည်း။ အချို့သော အသင်းတော် များသည် ရိုးရာအကယဉ်ကျေးမှု အတွက်၊ အပျော်အပါးအတွက်၊ ဘုရားကျောင်းဆောက်ခြင်း အတွက်၊ လူမှုရေးကိစ္စအတွက် စသည်ဖြင့် စည်းလုံးညီညွတ်လျက် တက်ကြွနေတတ်ကြသည်။ များစွာသော အသင်းတော် များသည် စည်းစည်းလုံးလုံးတက်ကြွစွာဖြင့် ငရဲထဲသို့ ဆင်းသွားကြရမည် ဖြစ်သည်။ အလွန် ဝမ်းနည်းစရာ ပင်။
၂၈။ ထိုသို့ ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်သော အကြောင်း အရာသည်၊ သူတို့၌ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာ ဖြစ်၏။ ဘုရားသခင် စီရင်တော်မူသောအားဖြင့် သင်တို့၌ ကား၊ ကယ်တင်ခြင်း၏ နိမိတ်လက္ခဏာ ဖြစ်၏။
ယုံကြည်သူများမကြောက် ရွံ့မတုန်လှုပ်လျှင် ရန်သူများ၏ ပျက်စီခြင်း နိမိတ်လက္ခဏာ ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ယုံကြည်သူများလုံးဝ မကြောက်ရွံ့ဘို့ အားပေးလိုသည်။ ယေရိခေါမြို့သားများက ဣသရေလ လူများကို ကြောက်ရွံ့သောကြောင့် အရေပျော်ကုန် သကဲ့သို့ ဧဝံဂေလိ ဟောပြောသောသူများကို လူများ ကကြောက်ရွံ့သည်။ ကိုယ်က သူတို့ကို ကြောက်ရွံ့သည်ထက် သူတို့ ကကိုယ့်ကို ကြောက်ရွံ့ကြောင်း သိဘို့ လိုသည်။
၂၉။ အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည် အတိုင်း၊ ယခုလည်း ကြားသည် အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည် နည်းတူ၊ သင်တို့သည် ခံရကြသည် ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်း အခွင့်မှတပါး၊ ခရစ်တော် အတွက်ကြောင့် ဆင်းရဲ ခံရခြင်း အခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။
တိုက်လှန်ခြင်းသည် ပေါလု ကသာ ခံရသည် မဟုတ်ဖိလိပ္ပိ ယုံကြည်သူများကလည်း ခံရ ကြသည်။ ထိုသို့ ခံရခြင်းသည် ခရစ်တော် အတွက်ကြောင့် ဖြစ်သည်။ ခရစ်တော် အတွက်ကြောင့် ကောင်းကြီး ခံစားရသည့်နည်းတူ ဆင်းရဲခြင်းလည်း ခံရမည် ဟုဆိုသည်။ ထိုသို့ ဆင်းရဲ ခံခြင်းသည်လည်း ကျေးဇူးတော်အားဖြင့် ဖြစ်သည် ဟုဆိုသည်။ ဆင်းရဲ ခံခြင်းသည် အဘယ်သို့ ကျေးဇူးတော် ဖြစ်နိင်သနည်း။ ခရစ်တော် ကိုယ်တိုင် ကျွန်ပ်တို့အတွက် ဆင်းရဲ ခံသည်သာမက သေခြင်း တိုင်အောင် ခံရလျှင် သူ့အတွက်ကြောင့် ဆင်းရဲ ခံခြင်းသည် မပြောစလောက် ဖြစ်သည်။ သူ့ကို ကျေးဇူးတင်ကြောင်းကို သူ့အတွက် ဆင်းရဲ ခံခြင်းဖြင့် ဖေါ်ပြခြင်း ဖြစ်သည်ဟု သိလျှင် အားရဝမ်းမြောက်စွာ ခံနိင်မည်။
ဧဝံဂေလိ ခရီး စဉ်
Indianapolis Northside တွင် အမှုဆောင်သော ဆရာနိင်လင်းနှင့် ယုံကြည်သူများသည် ဧပြီလ ၂ရ ရက်နေ့တွင် Southsideသွားကြကာ မိခင် အသင်းတော် ဖြစ်သော သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ မိဿဟာယဖွဲ့ကြပါသည်။ စုစုပေါင်းလူ ၁၀ယောက်သွားကြ၍ သီချင်းများအားဖြင့်၎င်း၊ တရားဒေသနာ ဟောပြော ခြင်းအားဖြင့်၎င်း ပါဝင်ကြပါသည်။ အိမ်ရှင်နှင့် ဧည့်သည် အားလုံး ခွန် အားရကြသည်ဟု သိရှိရပါသည်။ ဘုရားရှိခိုးအပြီးတွင် အိမ်ရှင် အသင်းတော် မှနေ့ လည်ဆာအားဖြင့် ဧည့်ခံကြောင်း သတင်းရရှိပါသည်။
Twin Falls, Idaho မှ ဆရာ Paul Eng သည် ဧဝံဂေလိ အဖွဲ့များနှင့် ဧပြီလ ၂၈ ရက်နေ့တွင် လိုက်လာကာIndianapolis တွင်GBC အသင်းတော်များ၌ တရားဟောခြင်းနှင့် Regency Apartment ၌ သင်တန်းများကို ပေးခဲ့ပါသည်။ ထိုနောက် မေလ ၁၀ ရက် နေ့တွင် Chicago မြို့၌၎င်း၊ မေလ ၁၂ ရက်နေ့တွင် Des Moises မြို့၌၎င်း၊ သင်တန်းများ ပေးပြီး နောက်မေလ ၁၃ ရက်နေ့တွင် အိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ဆရာမောဇက်သည် Indianapolis ၌ နံနက်တိုင်း ဆုတောင်း အပြီးတွင် တနာရီ ကျမ်းစာ သင်တန်း ပြုလုပ် နေပါသည်။ ညပိုင်းတွင်လည်း တနာရီ ခွဲကျမ်းစာ သင် တန်း ပြုလုပ် နေပါသည်။ ထိုသင်ခန်းစာများကို YouTube မှကြည့်ရှုနိင်ပါသည်။You Tube ၌ Rev. Moses R Cung ဟု ရှာလိုက်လျှင် တွေ့မြင်နိင်မည် ဖြစ်သည်။ You Tube ၌ တရားဟောချက်များကို ဗန်ထန်းကတာဝန် ယူထည့်ပေးခြင်း ဖြစ်ပါသည်။
ကို Khawm Piang သည်Indianapolis မြို့ Regency apartment ၌ ခ လေးသူငယ်များကို ကျမ်းစာ သင်ပေးရာ ၁၂ မှစ၍ နေ့တိုင်း တိုးတက်လာပြီး၂၄ယောက် အထိ တက်ကြွစွာ သင်တန်းတက်ကြကြောင်း သတင်းကောင်းရရှိပါသည်။ သူသည် ဧဝံဂေလိ အဖွဲ့များ အနောက် ဖက်ပြည်နယ်များသို့ သွားစဉ် တွင် Iowa State Des Moises မြို့မှစတင်လိုက်လာသူ ဖြစ်ပါသည်။ ဧဝံဂေလိ လုပ်ငန်း၌ အလွန်တက်ကြွစွာ ပါဝင်၍ ခလေး သူငယ်များကိုလည်း စိတ်ဝင်စားစွာ သင်ပေးလေ့ရှိသည်။ Denver မြို့၌လည်း မြန် မာမူစလင် ခလေး လေးယောက်ကို သင်ပေးခဲ့ရ ခရစ်တော်ကို ယုံကြည် လက်ခံကြသောကြောင့် ဆုတောင်း ကြဘို့ရန် တောင်းဆိုထားပါသည်။
ဧဝံဂေလိ တရားဟောအဖွဲ့ထဲမှ Siang Hlei Zul (Abraham pa) သည် မြန်မာပြည်သို့ သွားကာရောက်လေရာရာ၌ သက်သေခံ တရားဟောကြောင်း သိရှိ ရပါသည်။ မေလနောက်ဆုံးပတ်တွင် အိမ်ပြန်လာမည် ဖြစ်ရာ ဆုတောင်းခြင်းဖြင့် သတိ ရကြပါစို့။
ခရီး စဉ်များ၊ ယခု ဤစာရေး;ချိန်တွင် မေလ ၁၉-၂၅ Buffalo မြို့ရှိ အသင်းတော်များ၌ သွားကြသည်။ ဇွန်လ ၉-၁၆ ရက်နေ့အထိ Kansas မြို့သို့၎င်း၊ ဩဂုတ်လတွင် Texas State, Fort Worth မြို့နှင့်၊ Buffalo မြို့၌ ဒုတိယအကြိမ် သွားကြရမည် ဖြစ်ရာ ဆုတောင်းခြင်းအားဖြင့် ပါဝင်ကြဘို့ရန် ဘိတ်ခေါ်ပါသည်။
ဆရာမဟန္နလည်း မေလ ၂၆ -ဇွန်လ ၁ ရက်နေ့အထိ Kentucky State, Louisville မြို့၌ သွား၍ တပတ်ကျမ်းစာ သင်တန်းပေးမည်။ ဇူလိုင်လ နောက်ဆုံးပတ်၌လည်း ဆရာမအယ်မီ (Rockville GBC) နှင့် Battle Creek မြို့၌ ခလေးများကျမ်းစာသင်တန်း ပြုလုပ်ဘို့ ရှိရာ ဆုတောင်းခြင်းဖြင့် ပါဝင်နိင်ပါသည်။