GOODNEWS
  HOME  GOODNEWS  2023 SEP
 


ဘုရားသား

ဤလောက၌ ကိုယ်အဖြစ် (status) ကိုမသိခြင်းသည် ပြသနာများစွာဖြစ်စေသည်။ ဘုရားသခင်က၊ သင့်ကိုယောက်ျားဖြစ်စေသော်လည်း မိန်းမကဲ့သို့နေထိုင်လျှင် မသင့်တော်ချေ။ အိမ်ထောင်ရှိသော်လည်း လူပျိုအပျိုကဲ့သို့နေလျှင်လည်း ပြသနာဖြစ်သည်။ ကျောင်းသားက ဆရာကဲ့သို့ နေလျှင်လည်း ကြည့်၍မရချေ။ ခေါင်းဆောင်ဖြစ်သော်လည်း၊ နောက်လိုက်ကဲ့သို့ နေလျှင်လည်း လုံးဝအဆင်မပြေချေ။ ထို့ကြောင့် ဘုရားသားဖြစ်သော်လည်း၊ ဘုရားသားကဲ့သို့မနေ၊ စာတန်သားကဲ့သို့နေလျှင် မသင့်တော်သည်သာမက၊ ဘုရားဘုန်းတော်ရှုတ်ချစရာဖြစ်၍ ကိုယ်တိုင်လည်း ကောင်းကြီးရသင့်သလောက် မရနိုင်ချေ။ ထို့ကြောင့်လူတိုင်း ကိုယ့်အဖြစ်ကို နားလည်၍ ထိုအဖြစ်အတိုင်းနေကြဘို့ဖြစ်သည်။  

"ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော၊ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။" (ယော ၁း၁၂)  "ငါတို့သည် ဘုရားသခင် ၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ၊ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏။"(ရော ၈း၁၆-၁ရ)

ခလေးတိုင်း၊ ချမ်းသာသောသူနှင့် အာဏာရှိသောသူ၏ သားသမီး ဖြစ်ချင်ကြလိမ့်မည်။ သူဌေးသားသမီးများနှင့်အရာရှိကြီးများ၏ သားသမီးများကို အားကျမိတတ်သည်။ သို့သော်ဘုရားသခင်၏ သားသမီးဖြစ်ခြင်းကို နားမလည်နိုင်သောကြောင့် မဖြစ်ချင်ကြချေ။ ချမ်းသာသောသူ၊ အာဏာရှိသောသူ၊ ပညာရှိအရာရှိများ၏ သားဖြစ်ခြင်းသည် ကောင်းပါသည်။ သို့သော်လူမိဘများသည် သေဆုံးနိုင်သည်။ သူတို့မသေမှီပင် အခြေအနေပြောင်း လဲနိုင်သည်။ ထို့အပြင် မိဘများက ကိုယ့်ဘဝကို အဆုံးစွန်မကူညီနိုင်ချေ။ အရွယ်ရောက်လာသောအခါ မိဘထံမှ အိမ်ခွဲရသည်။ 

သို့သော် ဘုရားသားဖြစ်ခြင်းသည် အလွန်ကောင်းသည်။ ဘုရားသခင်သည် မပြောင်းမလဲ အစဉ်အမြဲ တည်တန့်ခိုင်မြဲသောကြောင့် အားကိုးသူအား ကူညီနိုင်သည်။ သူမတတ်နိုင်သောအရာမရှိချေ။ ထာဝရကာလတိုင်အောင် တည်မြဲသောကြောင့် ဘုရားသားဖြစ်ခွင့်ရခြင်းသည် အလွန်တန်ဘိုးထားသင့်သောအရာဖြစ်သည်။ သို့သော်လူသားများသည် မသိနားမလည်သောကြောင့် ဘုရားသားဖြစ်ခွင့်ကို မလိုချင်၊ မကြားချင်ကြချေ။ အလွန်အံ့ဩဝမ်းနည်းစရာပင်ဖြစ်သည်။ 

ဘုရားသားဖြစ်ဘို့ရန် ကြိုးစားစရာမလိုချေ။ သူ၏သားတော်ကို လက်ခံယုံကြည်လိုက်ရုံဖြင့် ဘုရားသား ဖြစ်နိုင်သည်။ ယနေ့ခရစ်ယာန်တိုင်းက သားတော်ခရစ်တော်ကို ယုံကြည်သည်ဟုခံယူကြသည်။ သို့သော် စိတ်နှလုံးမှမဟုတ်၊ ပါးစပ်အားဖြင့်သာလျှင် လက်ခံကြသည်။ စိတ်နှလုံးမှလက်ခံသောသူသည် အသက်တာ၌ထူးခြားသည်။ ဘုရားသားဖြစ်သောသူသည် အမြင်၊ အကြံအစည်၊ အတွေးအခေါ်၊ အလုပ်အကိုင် ပြောင်းလဲမှုရှိသည်။ ရှင်ပေါလုက၊ "လူမည်သည်ကားခရစ်တော်၌ရှိလျှင် အသစ်သောသတ္တာဝါဖြစ်သည်။ ဟောင်းသောအရာတို့သည် ကုန်ဆုံး၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြသည်။" ဟုဆိုသည် (၂ ကော ၅း၁ရ)။ 

ဘုရားသားဖြစ်ခြင်းကို မည်ကဲ့သို့သိနိုင်မည်နည်း။ ရှင်ပေါလုက၊ "ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ၊ သက်သေခံတော်မူ၏။" (ရောမ ၈း၁၆) ဟုရေးထားသည်။ လူတစ်ယောက် ဘုရားသားဖြစ်ဘို့ရန်၊ ခရစ်တော်သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော် လက်ခံ၍ ထိုဝိညာဉ်တော်နှင့် လူ၏ဝိညာဉ်က ပူးတွဲသက်သေခံချက်ပြုမည်ဖြစ်သည်။ ထိုသက်သေကို အနီးဆုံးစိတ်နှလုံးက သိသောအခါ စိတ်ချမှုရှိမည်ဖြစ်သည်။ အချို့သောသူများသည် ခရစ်တော်တော်ကို လက်ခံသည်နှင့်တပြိုင်နက် ထိုသက်သေကို ရရှိခံစားကြသည်။ အချို့သောသူများသည် ခရစ်တော်ကိုလက်ခံသော်လည်း စိတ်ချမှုမရရှိဘဲ အချိန်အတော်အတန်ရှိနိုင်သည်။ အချို့သောသူများသည် ခရစ်တော်ကိုလက်ခံသည်နှင့်တပြိုင်နက် သိသိသာသာ အသက်တာပြောင်းလဲတတ်သည်။ အချို့သောသူများမူ တဖြေးဖြေး အသက်တာပြောင်းလဲတတ်သည်။ 

အချို့သောသူများသည် ဘုရားသားဖြစ်သော်လည်း လောကသားများနှင့် ခွဲခြား၍မရ၊ သူတို့နည်းတူကျင့် ကြံပြုမူတတ်ကြောင်း ဤသို့ရေးထားသည်၊ "ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသ ကဲ့သို့ ဟောပြောရ၏။၂ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်သေး။ ၃ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့ သည် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။"(၁ ကော ၃း၁-၃) ကောရိန္သုအသင်းသားများသည် ဘုရားသားများဖြစ်ကြသော်လည်း ဝိညာဉ်ပိုင်း၌ ခလေးများဖြစ်ကြသောကြောင့်၊ လောကသားများကဲ့သို့ ကျင့်ကြံပြုမူကြောင်း ရှင်ပေါလုက အထက်ပါကဲ့သို့ စာရေးရခြင်းဖြစ်သည်။

ဘုရားသားဖြစ်ခြင်းသည် ယခုဘဝ၌သာမက နောင်ဘဝ၌လည်း အလွန်ကောင်းကြောင်း ရောမအသင်းတော်ထံ ပေါလုက ဤကဲ့သို့စာရေးခဲ့သည်၊ "သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စား မည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏။" (ရော ၈း၁၆-၁ရ) သူဌေးကြီး၏အမွေကိုခံလျှင် နေ့ချင်းညချင်းသူဌေးဖြစ်ရသည်။ သို့သော်လောကချမ်းသာမှုသည် ထာ၀ရမတည်မြဲချေ။ ဘုရား၏သားဖြစ်လျှင် သူ၏မွေခံဖြစ်၍ ဘုရား၏ဘုန်းစည်းစိမ်ကို ထာဝရကာလတိုင်အောင် ခံစားရမည်ဖြစ်သောကြောင့် အလွန်ကောင်းသည်။ 

ဘုရားသားများသည် မည်ကဲ့သို့နေထိုင်ကျင့်ကြံပြုမူသင့်သနည်း။ ဘုရားသားကဲ့သို့ ကျင့်ကြံပြုမူသင့်သည်။ လောကီသားများသည် ဘုရားသားများမဟုတ်သောကြောင့် စာတန်ပိုင်သောဤလောက စည်းစိမ်များကို အလွန်လိုချင်တပ်မက်ကြသည်။ လောကီချမ်းသာရေးကို အစွမ်းကုန်ကြိုးစားကြသည်။ လောကီစည်းစိမ်၌ ဝါကြွားတတ်ကြသည်။ အချို့သောသူများသည် လောကီလူသားများအပေါ် အာဏာပြချင်ကြသည်။ လောကီနိုင် ငံရေး၌ ဘဝတစ်ခုလုံးကိုမြှုပ်နှံ၍ ကြိုးစားကြသည်။ အာဏာရလာသော်လည်း အိုလာသောအခါ ဘာမျှမတတ် နိုင်ကြချေ။ ထိုအရာများကိုမြင်ကြသော်လည်း၊ နောက်မှတက်လာသူများက သင်္ခန်းစာမရ၊ အရင် အာဏာရှင်များ ကဲ့သို့ဖြစ်ချင်ကြသည်။ လောကီသားများသည် ဘုရားသားမဖြစ်ချင်ကြဘဲ ခဏသာတည်မြဲမည့် လောကီပျော် မွေ့ခြင်း၊ ဝမ်းစာရှာခြင်း၊ ဝါသနာပါရာကိုလိုက်စားခြင်းဖြင့်၊ ဘဝကိုကုန်လွန်စေကြသည်။ 

ဘုရားသားများ မည်ကဲ့သို့နေထိုင်သင့်ကြောင်းကို ခရစ်တော်ကိုယ်တိုင် ဤလောကသို့ဆင်းသက်၍ အသက် ရှင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ဟေဗြဲစာရေးသောသူက၊ "ယုံကြည်ခြင်းကို အစအဦးစီရင်၍၊ စုံလင် စေတော်မူသော သခင်ယေရှုကို စေ့စေ့ ထောက်ရှုကြကုန်အံ့။” (ဟေဗြဲ ၁၂း၂) ဟုအကြံပေးခဲ့သည်။ သို့ဖြစ်လျှင် သခင်ယေရှု သည် မည်ကဲ့သို့အသက်ရှင်ခဲ့သနည်း။ ဟေဗြဲစာရေးသူက၊ "ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သော အရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။" (ဟေဗြဲ ၁၂း၂) ဟုဆိုသည်။

သခင်ယေရှုသည် ခမည်းတော်ဘုရား၏ စကားကို တသဝေမတိမ်း နားထောင်သည်။ သူကိုယ်တိုင် ဤကဲ့သို့ ဆိုသည်၊ "သင်တို့အား ငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသောအမှုကို သားတော်သည်မြင်၍ သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှအတိုင်း၊ သားတော် လည်း ပြု၏။" (ယော ၅း၁၉)။ သခင်ယေရှုပင်လျှင် မိမိ အလိုအလျောက် အဘယ်အမှုကိုမျှမပြုလျှင်၊ ကျွန်ုပ်တို့ လည်း ဘုရားသခင်အလိုအတိုင်းသာလျှင်ပြုသင့်သည်။ သို့ဖြစ်လျှင် ဘုရားသခင်၏အလိုတော်ကို မည်ကဲ့သို့သိ နိုင်မည်နည်း။ ဘုရားသခင်၏အလိုတော်ကို ကျမ်းစာ၌ တွေ့နိုင်သည်။ ကျမ်းစာကိုဖတ်ရှုလေ့လာခြင်းဖြင့် ဘုရား ၏အလိုတော်ကိုသိနိုင်သည်။ ဘုရားသားများသည် သခင်ယေရှုကဲ့သို့ ကိုယ့်အလိုမလိုက်ဘဲ ဘုရားသခင်၏အလို တော်ကိုသာ လိုက်သင့်သည်။ သင်သည်ဘုရားသား ဖြစ်လျှင် ဘုရားအလိုတော်အတိုင်း အသက်ရှင်ပါသလော။ 

သခင်ယေရှုက၊ "ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့လိုက်၏။" ဟုဆိုသည် (ယော ၅း၃၀) သခင်ယေရှု က သူသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ဟုသူ့ကိုယ်သူပြဌါန်းသည်။ ဘုရားသားတိုင်းသူကဲ့ သို့ ကိုယ့်အလိုမလိုက်ဘို့ ကိုယ့်ကိုယ်ကိုပြဌါန်းသင့်သည်။ သင်သည်ဘုရားသားဖြစ်လျှင် ကိုယ့်အလိုလိုက်ဦး မည်လော၊ ဘုရားအလိုတော် လိုက်မည်လော။ ဘုရားအလိုတော်လိုက်ခြင်းသည် ချက်ချင်းမလွယ်သကဲ့သို့ရှိ မည်။ သို့သော်ကိုယ့်အလိုကိုငြင်းပယ်၍ လိုက်လျှင် မကြာမှီအကျင့်ပါသွားမည်။ မည်သည့်အရာမဆို ချက်ချင်း လက်ဘို့ နေသားကျဘို့ခက်သည်။ သို့သော်စိတ်မပျက်ဘဲ ဇွဲမလျှော့ဘဲဆက်လုပ်လျှင် အကျင့်ပါလာမည်ဖြစ် သည်။ 

ဘုရားသားများသည် အဘကိုရိုသေရမည်။ ဘုရားသခင်ကိုယ်တော်တိုင် ပရောဖက်မာလခိအားဖြင့် ဤသို့ဆိုသည်၊ "သားသည်အဘကိုရိုသေတတ်၏။ ကျွန်သည်သခင်ကိုကြောက်ရွံ့တတ်၏။ ငါသည်အဘမှန်လျှင် ငါ့ကိုအ ဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူကြောက်ရွံ့သနည်းဟုကောင်းကင်ဗိုလ်​ခြေအရှင် ထာဝရဘုရားသည်၊ နာမတော်ကိုမထိမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့အားမေးတော်မူ၏။" (မာလခိ ၁း၆)

ယနေ့ယုံကြည်သူများ၊ ဘုရားသားများသည် အဘဘုရားကို မရိုသေကြတော့ချေ။ ထို့ကြောင့်ဘုရား သခင်ကိုယ်တော်တိုင် အထက်ပါကဲ့သို့ဆိုရခြင်းဖြစ်သည်။ ဘုရားသခင်ကို သခင်အဖြစ်လက်ခံပါက သူကို ကြောက်ရွံ့ရမည်။ သို့သော်ဘုရားကြောက်ရွံ့သောသူ အလွန်နည်းသည်။ "ထာဝရဘုရားကိုကြောက်ရွံ့ သော သဘောအားဖြင့် ဒုစရိုက်ကိုရှောင်တတ်၏၊၊"(သုတ္တံ ၁၆း၆) "ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။"(သုတ္တံ ၈း၁၃)

ယောသပ်သည် သခင်မ၏သွေးဆောင်မှုကို အဘယ်ကြောင့် ရှောင်နိုင်သနည်းဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည် ။ သူကိုယ်တိုင်၊ "အပြစ်ကြီးသော ဤအမှုကို ​ကျွန်တော်ပြု၍၊ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း၊ ဟုသခင်၏မယားကို ငြင်း၍ ပြန်ဆို၏။"(ကမ္ဘာဦး ၃၉း၉) ယောသပ်သည် အဂုတ္တု ပြည်၌ ဘုရားယုံကြည်သူအဖြစ် တစ်ယောက်တည်းသာနေသည်။ သူ့အနီးအနား၌ အခြားယုံကြည်သူများမရှိ ချေ။ သို့သော်သူသည် ဘုရားသခင်ကို ကြောက်ရွံ့သည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်ကို ကြောက်ရွံ့လျှင် အပြစ် သွေးဆောင်ခြင်းကို ငြင်းပယ်နိုင်ကြမည်။ သင်ဘုရားသခင်ကို ကြောက်ရွံ့ပါသလား။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG