GOODNEWS
  HOME  GOODNEWS  2013 APR
 


အမှာစာ
ယခုလစာစောင်တွင် သမ္မာကျမ်းစာထဲ၌ နက်နဲသော အကြောင်း အရာအချို့ကို ဘော်ပြထားပါသည်။ သမ္မာကျမ်းစာကို အလွှဲယူမိပါက ဘု ရားသခင်ကို ပင်လျှင်တော် လှန်ရာရောက်နိုင်သည်။ ထိုမျှမက မိသားစုအတွင်း အသင်းတော် အတွင်း၌လည်း ​ပြသနာရှိ၍ ကွဲပြားခြင်းများရှိနိုင်သည်။ ရှင်ပေါလုက၊ ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏ အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်း သူတို့ကို ပြင်ဆင်ခြင်း အလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော် အရာ၌၎င်း၊ အချို့တို့ကို ပရောဖက် အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ ငါတို့ ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏ သားတော်ကို သိ​ကျွမ်းခြင်းသို့၎င်း၊ တညီတညွတ် တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ် တည်းဟူသော ကြီးရင့် သော လူ၏ အဖြစ်သို့ ရောက်ကြသည် တိုင်အောင် ဖြစ်သတည်း။ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည် နောက်တဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ် မဖြစ်ဘဲလျက်၊ မေတ္တာ စိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်း တည်းဟူသော ခရစ်တော် မှာအရာရာတို့၌ ကြီး ပွားကြမည်အကြောင်းတည်း။ (ဧဖက် ၄:၁၁-၁၅)ဟု ရေးထားသည်။ ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်များ မဖြစ်ဘို့ အယောက်တိုင်း ဘုရားသခင် သွန်သင်တော်မူပါ စေသော်။ 
 

ဤလစာစောင်၌...

ဘုရားဖြစ်ကြ၏ 
ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာမီးဖို
ဘုရားတည်ဆောက်သောအိမ်ထောင်

 

                                    ဘုရားဖြစ်ကြ၏ 
 ယုံကြည်သူများ၊ ကယ်တင်ခြင်းသို့ ရောက်သောသူတိုင်းသည် ချီဆောင်ခြင်းသို့ ရောက်သော်လည်း ကြပ်ပြည့် တည်းဟူသော အောင်မြင်သောသူများသာလျှင် ယေရုရှလင်မြို့သစ်ထဲသို့ ဝင်ရမည်။ ယခု ကိုယ်ခန္ဓာအသက်ရှင် စဉ်တွင် အသောက်အစားအနေအထိုင် မဆင်ခြင်၊ မသန့်ရှင်းသောသူများသည် ယေရုရှလင်မြို့သစ်ထဲသို့ မဝင်နိင်ဘဲ အခြား​ဂြိုလ်ကမ္ဘာ တည်းဟူသော အံသွားခဲကြိတ်ခြင်းရှိရာပြင်အရပ်မှောင်မိုက်ထဲ၌ နေရမည်။ အောင်မြင်သောသူ တည်းဟူသော ကြပ်ပြည့်များသာလျှင် ယေရုလင်မြို့သစ်ထဲသို့ ဝင်သွား၍ ဘုရားများ ဖြစ်ကြမည်ဟူသော ဩဝါဒသည် ယခုအခါ ပြန့်လွင့်နေသည်။ ဤသွန်သင်ချက်သည် အလွန်ကြောက်စရာ ကောင်းသောအရာ ဖြစ်သည်။ အကြောင်းမူကား လူမှဘုရား ဖြစ်မည်ဟူသောအရာသည် စာတန်၏ လမ်းစဉ်ဖြစ်သည်။ ထိုကြောင့် အသာတကြည်လက်ပိုက်ကြည့်နေ၍မရ။ ထိုသွန်သင်ချက်သည် အောက်ပါကျမ်းပိုဒ်များကို အလွဲယူသောကြောင့်ဖြစ်သည်။ ဆာလံ ၈၂ ကို အခန်းငယ်တပိုဒ်ပြီး တပိုဒ်လေ့လာကြစို့။ 
 
ဆာလံ ၈၂

၁။ ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ၏။ 

ဘုရားသခင် တဆူတည်းရှိသည် ( တရားဟော ၄:၃၅၊ ၃၉၊ တရားဟော ၆:၄၊ ၁ ကော ၈:၄)။ သို့ဖြစ်လျှင် ဤကျမ်းပိုဒ်၌ ဘုရားများဟူသောအရာသည် မည်သူများဖြစ်ကြသနည်း။ ထိုဘုရားများကို ဘုရားသခင်က တရားစီရင်သည် ဟုဆိုသည်။ ထိုကြောင့် ထိုဘုရားများသည် ဘုရားစစ်များမဟုတ်။ 

၂။ သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။ 

ထိုဘုရားများသည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍ မတရားသဖြင့် တရားစီရင် နေကြသည်။ ထိုကြောင့် ထိုဘုရားများသည် အာဏာရှိသည်။ သို့သော် ဘုရား အလိုတော်အတိုင်း တရားမစီရင်၊ မတရားသော သူတို့၏ မျက်နှာကို ထောက်သည်၊ ဟုဆိုသောကြောင့် သူတို့ကိုယ်တိုင်လည်း မတရားသော တရားသူကြီး များဖြစ်ကြသည်။ 

၃။ ဆင်းရဲသောသူနှင့် မိဘမရှိသော သူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ ဘက်၌ တရားစီရင်ကြလော့။ 

ထိုဘုရားများသည် ဆင်းရဲသောသူများနှင့် မိဘမရှိသောသူများကို စောင့်မဘို့ ပြောသောကြောင့် သူတို့သည် ထိုသူများကို ဂရုမစိုက်ဘဲ စီရင်ကြကြောင်း ထင်ရှားသည်။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူများကိုလည်း ဂရုမစိုက်ကြကြောင်း ထင်ရှားသည်။ ဆင်းရဲသောသူ၊ မိဘမဲ့၊ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူများသည် ကောင်းကင်၌ မရှိ၊ မြေကြီး ပေါ်၌ရှိသည်။ သို့ဖြစ်လျှင် ထိုသူများသည်မည်သူများ ဖြစ်မည်နည်း။ ဆာလံသီချင်းသည် တပါးအမျိုးသား များနှင့်မဆိုင်၊ ဣသရေလ လူမျိုးများနှင့်သာဆိုင်သည်။ ထိုကြောင့် မတရားသော တရားသူကြီးများသည် ဣသရေလ ခေါင်းဆောင်များ၊ ရှင်ဘုရင်၊ မူးမတ်များ၊ အရာရှိများကိုဆိုလိုသည်။ 

၄။ ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသောသူ၏ လက်မှကယ် နှုတ်ကြလော့။ 

ဘုရားများသည် ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူတို့၏ လက်မှကယ်နှုတ်ဘို့ အပြောခံသောကြောင့် ထိုဘုရားများသည် မတရားသောသူတို့ ဘက်၌ နေကြောင်းထင်ရှားသည်။ ဘုရားများသည် မတရားသောသူဘက်၌ ရှိသောကြောင့် ဘုရားသခင် ဘက်၌ မရှိကြောင်းသိနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် ဆင်းရဲသားများ၊ မုတ်ဆိုးမများနှင့် မိဘမဲ့ကလေးများဘက်၌ ရှိသည် (ထွက်မြောက် ၂၂:၂၂-၂၄၊ တရားဟော ၂၄:၁ရ၊ ယေရမိ ရး၆-ရ)။ 

၅။ သူတို့သည်မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ် အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။ 

သူတို့သည်မသိ၊ နားမလည်ကြ၊ မှောင်မိုက်၌ ကျင်လည်ကြ၏ ဟူသောအရာ၌ သူတို့သည် ဘုရားများကို ဆိုလိုသလော၊ သို့မဟုတ်မိဘမဲ့၊ မုတ်ဆိုးမများနှင့် ဆင်းရဲသော သူတို့ကို ဆိုလိုသလော ဟူသောအရာသည် မထင်ရှားပေ။ ဘုရားများဖြစ်လျှင် သူတို့သည် နားမလည်၊ မှောင်မိုက်၌ ကျင်လည်သောကြောင့် ဘုရားနှင့် မဆိုင်သောသူများ ဖြစ်ကြသည်။ မိဘမဲ့၊ မုတ်ဆိုးမနှင့် ဆင်းရဲသားများကို ဆိုလိုလျှင်လည်း ထိုသူများသည် ဘာမျှမတတ်နိုင်၊ ဒုက္ခရောက်နေ သူများ ဖြစ်ကြသည်။ 

မြေကြီးတိုက်မြစ် အပေါင်းတို့သည် လှုပ်ရှားကြ၏ ဟူသောအရာသည် ခိုင်ခန့်မှု မရှိခြင်းကို ဆိုလိုသည်။ တိုက်မြစ်မခိုင်လျှင် အပေါ်၌ ရှိသောအရာသည် ပြိုလဲတော့မည်ဟု သိရသည်။ ဆိုလိုသည်မှာ နားမလည်၊ မှောင်မိုက်၌ ကျင်လည်သောသူများ၏ အောက်​ခြေအမြစ်သည် မခိုင်မာကြောင်း၊ မကြာခင်မှာပြိုလဲ တော့မည့်အကြောင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ပြိုလဲမည်နည်း။ သူတို့သည် ဘုရား၏ အလိုတော်အတိုင်း တရားမစီရင်သောကြောင့် ဘုရားသခင်က သူတို့ကို တရားစီရင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ 

၆။ သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သား ဖြစ်ကြ၏၊ ဟုငါဆိုသတည်း။ 

သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြ၏၊ ဟုဆိုသောသူသည် ငါဟူသောသူကဆိုသည်။ ထိုငါသည်မည်သူနည်း၊ ဆာလံရေးသောသူ ဖြစ်နိုင်သည်။ သို့မဟုတ် ဘုရားသခင်လည်း ဖြစ်နိုင်သည်။ မည်သူပင်ဖြစ်စေ အဘယ်ကြောင့်သင်တို့သည် ဘုရားဖြစ်ကြ၏ ဟုဆိုသနည်း။ အကြောင်းမှာ သူတို့သည် ထာဝရဘုရား၏ နေရာကိုယူ၍ သူတို့ကြိုက်နှစ်သက်သလို တရားစီရင်သောကြောင့်ဖြစ်သည်။ သူတို့သည် ငါ့သဘောဟုစီရင်ကြသည်။ ငါ့သဘော၊ ငါဟုဆိုနိုင်သောသူသည် ထာဝရဘုရားသခင်သာလျှင် ဖြစ်သည်။ ဘုရားသခင်က လည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြန်ပြောလော့ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။ (ထွက် ၃:၁၄) 

ဘုရားများသည် ထာဝရဘုရား၏ နေရာ၌ နေသောကြောင့် သူတို့ကို အရွဲတိုက်၍ သင်တို့သည် ဘုရားများဖြစ်ကြ၏ ဟုဆိုခြင်းဖြစ်သည်။ သခင်ယေရှုက၊ ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။ ထိုကြောင့် သူတို့ စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင် မကျင့်ကြ။ (မ ၂၃:၂-၃) ဟုဆိုခဲ့သည်။ ထိုနည်းတူ ဆာလံ ၈၂ ၌ရေးထားသော ဘုရားများလည်း ဘုရားသခင်၏ နေရာကိုယူ၍ သူတို့ကြိုက်နှစ်သက်သလို စီရင်ကြသောကြောင့် သင်တို့သည် ဘုရားများဖြစ်ကြ၏ ဟုဆိုခြင်းဖြစ်သည်။ ထိုသို့ဆိုခြင်းသည် နှစ်သက်ဘွယ်မရှိ။ ဝမ်းနည်းစရာ ဖြစ်သည်။ ကျမ်းစာကို ကောင်းစွာနားမလည်၊ မစဉ်းစားသောအခါ မလိုလားအပ်သော အရာများ ခံယူမိတတ်ကြသည်။ ထိုကြောင့် ရှင်ပေါလုကတိမောသေထံ၊ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။ (၂ တိ ၂:၁၅) ဟုရေးသားခဲ့သည်။ သမ္မာတရားကို မှန်ကန်စွာမပိုင်းခြားလျှင် ရှက်ကြောက် ခြင်း၊ ပျက်စီးခြင်းသို့ ရောက်နိုင်သည်။ 

ဘုရားသခင်ကို ဦးထိပ်မထား၊ ဘုရားစကားနားမထောင်၊ မိမိအလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်သောသူတိုင်းလည်း ဘုရားများဖြစ်ကြသည်။ ဘုရား၏ အလိုတော်ကိုမရှာ၊ ကျမ်းစာမဖတ်သောသူ၊ ကျမ်းစာကို မလေ့လာသောသူ တိုင်းသည် ဘုရားများဖြစ်ကြသည်။ ဘုရားထံဆုမတောင်းသောသူ၊ တာဝန်ကျေ ဆုတောင်းသောသူတိုင်းလည်း ဘုရားများဖြစ်ကြသည်။ ဘုရားကိုကိုးကွယ်ဘို့နှင့် အလိုတော်ရှာဘို့ရန် တနင်္ဂနွေနေ့နှင့် ဘုရားကျောင်းတက်မည့် အချိန်၌ ဘုရားကျောင်းမတက်သောသူတိုင်းလည်း ဘုရားများဖြစ်ကြသည်။ ဘုရားသခင်၏ အလိုတော် သိလျက်နှင့် မလုပ်ဆောင်သောသူတိုင်းလည်း ဘုရားများဖြစ်ကြသည်။ အကြောင်းမှာ ဘုရားကိုမချစ်၊ မကြောက်ရွံ၊ အလေးမထား၊ စကားနား မထောင်၊ မိမိဆန္ဒအတိုင်း အသက်ရှင်သောကြောင့်ဖြစ်သည်။ သင်သည် ဘုရားဖြစ်နေပါသလား။

အိမ်ထောင်မိသားစု၌လည်း ခင်ပွန်းသည်နှင့်သားသမီးများကို ဘုရား အလိုတော်အတိုင်း မဦးဆောင်ဘဲ ငါ့ သဘောဟု အုပ်ချုပ်ချင်သောသူတိုင်းသည် ဘုရားများဖြစ် ကြသည်။ လင်မယား ရန်ဖြစ်ခြင်းလည်း ဘုရားသခင်၏ အလိုတော်ကို မရှာ၊ ဝန်မခံဘဲ ငါ့သဘော ဟူသောအရာကို ပြိုင်ခြင်း ဖြစ်သောကြောင့် နှစ်ယောက် စလုံးဘုရားများဖြစ်ကြသည်။ မိဘစကား နားမထောင်သော သားသမီးတိုင်းလည်း ဘုရားများဖြစ်ကြသည်။ အကြောင်းမှာ ဘုရားသခင်က သားသမီး များမိဘစကားကို နားထောင်ကြလော့၊ ဟုပညတ်ထားသည်(ဧဖက် ၆:၁)။ 

အသင်းတော် အတွင်း၌လည်း ဘုရားအလိုတော်မရှာဘဲ ကိုယ့်သဘောနှင့် လုပ်ဆောင်သော အသင်းအုပ်ဆရာသည် ဘုရားဖြစ်သည်။ အသင်းတော် လူကြီးများလည်း မိမိတို့ သဘောနှင့် အသင်းတော်ကို အုပ်ချုပ်လျှင် ဘုရားများဖြစ် ကြသည်။ အမျိုးသမီးအဖွဲ့ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များလည်း ဘုရားအလိုတော်အတိုင်း မလုပ်ဘဲ မိမိတို့ဆန္ဒအတိုင်း လုပ်ဆောင်လျှင် မည်မျှပင်စည်းလုံးသော်လည်း၊ ပျော်ရွှင်ချစ်ခင်ကြသော်လည်း ဘုရားများဖြစ်ကြသည်။ ပြသနာအားလုံးသည် တဦးချင်းမှစ၍ လင်မယား၊ မိသားစု၊ အသင်းတော်၊ မြို့ရွာ၊ တိုင်းပြည် အတွင်း၌ ဘုရား အလိုတော်မရှာ၊ ဘုရားသခင်ကို မလေးစား၊ နားမထောင်၊ ကိုယ်သဘောနှင့် လုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဣသရေလ ခေါင်းဆောင်များကဲ့သို့ လူတိုင်းသည် ဘုရားများဖြစ်ကြသည်။ 

ဘုရားဖြစ်ချင်သောသူသည် စာတန်ဖြစ်သည်။ စာတန်သည် အစ၌ ကောင်းကင်တမန် ဖြစ်ခဲ့သည်။ ဘုရားသခင်က အလွန် ချီးမြှောက်ခဲ့သည် (ယေဇကျေလ ၂၈:၁၂-၁၉)။ သူသည် ဘုရားဖြစ်ချင်သောကြောင့် ဘုရားသခင်က ကောင်းကင်မှ နှင်ထုတ်ကာ စာတန်တည်းဟူသော ဘုရား၏ရန်သူဖြစ်ခဲ့ရသည် (ဟေရှာယ ၁၄:၁၂-၁၅)။ စာတန်သည် ဘုရားကို မနိုင်သောအခါ လူကိုဖျက်ဆီးဘို့သာလျှင် လုပ်ဆောင်နေသည်။ ထိုကြောင့်လူများလည်း ဘုရားဖြစ်ဘို့ရန် တိုက်တွန်းသင်ကြားပေးနေသည်။ 

ရ။ သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ 

သင်တို့သည် လူကဲ့သို့သေ၍ အခြားသောမင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟူသောအရာသည် ထိုဘုရားများကို ဆိုလိုသည်။ သူတို့သည်ဘုရားကဲ့သို့နေကြ၊ တရားစီရင်ကြ၊ အာဏာအလွဲသုံးစားခဲ့ကြသော်လည်း သေကြဦးမည်၊ ဆုံးရှုံးကြဦးမည်။ ထိုကြောင့် မည်သူမျှဘုရားကဲ့သို့ မနေသင့်ကြချေ။ လူတိုင်း ဘုရားသခင်ကို မတိုင်ပင်၊ နားမထောင်၊ မိမိကြိုက်နှစ်သက်သလို အသက်ရှင်ကြသောကြောင့် ဘုရားများဖြစ်ကြသည်။ 
           ယခုမှစ၍ ဘုရားနေရာ၌ မနေတော့ဘဲ၊ ဘုရားအလိုတော်ရှိပါကဟူ၍ အရာခပ်သိမ်းကို ပြုလုပ်သင့်သည်။ ဘုရား၏အလိုတော်ကိုရှာသင့်၊ နားထောင်သင့်၊ လုပ်သင့်သည်။ ဘုရားနေရာကိုမလိုချင်ကြပါစို့နှင့်။ ဘုရားဖြစ်ချင်သောသူသည် စာတန်တည်းဟူသော ဘုရား၏ရန်သူဖြစ်သွားမည်။ ဘုရားဖြစ်ချင်ခြင်းသည် အပြစ်တကာထဲ၌ အကြီးမားဆုံးသော အပြစ်ဖြစ်သည်။ လူသည်ဘယ်သောအခါမျှ ဘုရားဖြစ်မည်မဟုတ်။ ယခုလည်းမဖြစ်၊ နောင်၌လည်း မဖြစ်ရ။ ကောင်းကင်နိုင်ငံ၌လည်းမဖြစ်ရချေ။ 

၈။ အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင်ရတော်မူ၏။ 

နောက်ဆုံး၌ ဆာလံဆရာက ဘုရားသခင်ထံ၊ ထ၍မြေကြီးကိုတရားစီရင်ဘို့ရန် တောင်းဆိုသည်။ အဘယ်ကြောင့်နည်း။ လူများသည် ဘုရားများဖြစ်ကြသောကြောင့်ဖြစ်သည်။ ဘုရား၏နေရာကိုလု၍ မိမိတို့ကြုက်နှစ်သက်သလိုအသက်ရှင်ကြ၊ စီရင်ကြသောကြောင့်ဖြစ်သည်။ 
 
သခင်ယေရူ၏ ဆိုလိုရင်း

အထက်ပါ ဆာလံကျမ်းကို သခင်ယေရှုကကိုးကားကြောင်း ဤသို့တွေ့ ရသည်။ ယောဟန် ၁၀ ၌ 
၃၂။ ယေရှုကလည်း၊ ငါသည်ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကိုခဲနှင့်ပစ်ကြမည်နည်း၊ ဟုမေးတော်မူလျှင်သခင်ယေရှုကို ဣသရေလ လူများ ကခဲနှင့်ပစ်မည်ကြံသောကြောင့် ခရစ်တော်က ထိုကဲ့သို့ မေးရခြင်းဖြစ်သည်။ 
၃၃။ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည်လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့်ပစ်မည်ဟုဆိုကြ၏။  ဣသရေလ လူများက ခရစ်တော်ကို ပစ်မည့် အကြောင်းရင်းသည် ဘုရား ဖြစ်ယောင်ဆောင်သောကြောင့် ဟုဆိုသည်။ ဣသရေလ လူများသည် ဘုရား အလိုတော်အတိုင်း မနေနိုင်ကြသော်လည်း ဘုရားဖြစ်ယောင်ဆောင်သောသူကို လက်မခံနိုင်ကြောင်း တွေ့ရသည်။ ထိုကဲ့သို့ဖြစ်သင့်သည်။ သို့သော် သူတို့မသိသည်မှာ ခရစ်တော်သည် သာမန်လူမဟုတ်၊ ဘုရားဖြစ်သည်။ ထိုအရာကို သူတို့ မသိကြသောကြောင့် ဘုရားဖြစ်ယောင်ဆောင်သည် ဟုဆိုရခြင်းဖြစ်သည်။ အကယ်၍ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း သိပါက ရှိခိုးကိုးကွယ်ကြမည်ဖြစ်သည်။ 
၃၄။ ယေရှုကလည်း၊ သင်တို့သည် ဘုရား ဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။ သခင်ယေရှုက ဤနေရာ၌ ဆာလံ ၈၂:၆ ကို ကိုးကားထားကြောင်းတွေ့ရသည်။ လျှပ်တပျက်ကြည့်ပါက ခရစ်တော်က ဆာလံ ၈၂ ၌ ဆိုထားသကဲ့သို့ ထောက်ခံလိုက်သည်ဟု ယူဆနိုင်သည်။ ထိုအရာကို အောက်၌ ပို၍ ရှင်း လင်းစွာတွေ့နိုင်သည်။ 
၃၅-၃၆။ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသော သူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည် ဟုဆိုသောကြောင့်၊ သင်သည်ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်ဟု ထိုသူအားဆိုရာသလော။  ခရစ်တော်က၊ ဗျာဒိတ်တော်ကို ခံရသော သူတို့ကို ဘုရားဟူ၍ ခေါ် ရလျှင်၎င်း၊ ဟုဆိုသည်။ ခရစ်တော်က ဘုရားဟု ခေါ်ရသောသူများသည် ဗျာဒိတ်တော်ကို ခံရသော သူတို့ဟုဆိုသည်။ ထိုအရာကို အင်္ဂလိပ်ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ If he called them gods, to whom the word of God came  ဗျာဒိတ်တော် ဆိုသည်မှာ ကျမ်းစာကို ဆိုလိုသည်။ ကျမ်းစာသည် ဣသရေလ လူမျိုးများအားဖြင့် ပေးထားသည်။ ထိုကြောင့် ဗျာဒိတ်တော် ခံရသော သူတို့သည် ဣသရေလ လူများဖြစ်သည်။ 


 ခရစ်တော်၏ ဆိုလိုရင်းမှာ ဘုရားသခင်က ဣသရေလ လူမျိုးခေါင်း ဆောင်များကို ဘုရားများ ဟုဆိုသောအခါ ဣသရေလ လူများက ပြသနာ မလုပ်ကြချေ။ (အမှန်မှာ အထက်၌ ရှင်းပြထားသည့်အတိုင်း သူတို့သည် ဘုရားများမဟုတ်ချေ။ ဘုရား စကားနားမထောင်ဘဲ၊ ဘုရား၏နေရာ၌ နေကြသောကြောင့် ဘုရားကအရွဲတိုက်၍ ဆိုခြင်း သာလျှင် ဖြစ်သည်)။ 


 တဖန် ခရစ်တော်က၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ the Scripture cannot be broken ဟုဆိုပြန်သည်။ ဆိုလိုသည်မှာ ဆာလံ ၈၂သည် ကျမ်းစာ၌ မပယ် ဟုဆိုလိုခြင်းဖြစ်သည်။ ခရစ်တော်၏ ဆိုလိုရင်းမှာသင်တို့၏ ဘိုး ဘေးများကို ဘုရားသခင်က ဘုရားများဟု ခေါ်သောအခါ သင်တို့သည် ပြသနာမလုပ်၊ လက်ခံကြသည်။ သို့သော် ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော် ဖြစ်သည် ဟုဆိုသောကြောင့်၊ သင်သည်ဘုရားသခင်ကိုလွန်ကျူး၍ ပြောသည်ဟုထိုသူအားဆိုရာသလော။ ဟုဆိုသည်တွင် သူတို့သည် မျက်နှာလိုက်ကြောင်းကို ဆိုလိုသည်။ သူတို့၏ ဘိုးဘေးများကို ဘုရားသခင်က သင်တို့သည် ဘုရား ဖြစ်ကြ၏၊ ဟုဆိုသောအခါ သင်တို့ လက်ခံသော်လည်း ငါကဘုရားသခင်၏သားဖြစ်သည် ဟုဆိုသောအခါ အဘယ်ကြောင့် လက်မခံနိုင်ကြသနည်း ဟုဆိုခြင်းဖြစ်သည်။ ဤနေရာ၌ ခရစ်တော်က ဘိုးဘေးများသည် ဘုရား ဖြစ်သည်ဟု ထောက်ခံနေခြင်း မဟုတ်ပါ။ သူတို့သည် မျက်နှာလိုက်၍ ဆုံးဖြတ်ကြောင်းကို ရှင်းပြနေခြင်းဖြစ်သည်။ ခရစ်တော်က ဣသရေလလူများသည် ဘုရားဖြစ်သည်ဟု ထောက်ခံခြင်းမဟုတ်ချေ။ ဣသရေလလူများသည် ဘုရား ဖြစ်ဘို့ နေနေသာသာ၊ သူတို့၏သမိုင်းကြည့်သောအခါ ဘုရားမယုံကြည်နိုင်သောသူများဖြစ်ကြသည်။ 


ထိုကြောင့် ရှင်ပေါလုက၊ ငါ့ကိုယ်ကိုကိုယ် သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် တကွငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာပြောသည်ကား၊ ငါသည်အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန်ခြင်း ဝေဒနာရှိ၏။ အကြောင်းမူကား၊ ဇာတိအားဖြင့်ငါ့အမျိုးသားချင်းဖြစ်သော ငါ့ ညီအစ်ကိုတို့အတွက်၊ ငါသည်ကိုယ်တိုင်ခရစ်တော်နှင့်ခွါ၍ ကျိန်ခြင်းကိုခံချင်လောက်အောင်စိတ်ရှိ၏။ ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့်၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်းဆိုင်ကြ၏။ ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်းဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏အမျိုးဖြစ်တော်မူ၏။ (ရော ၉:၁-၅) ဟုဆိုထားသည်။ အဘယ်ကြောင့် ရှင်ပေါလုသည် အလွန် ဝမ်းနည်း၍ စိတ်နှလုံး ထဲ၌ မခြားမလပ်ပူပန်ခြင်း ဝေဒနာ ခံရသနည်း။ အဘယ်ကြောင့် ခရစ်တော်နှင့် ခွါ၍ ကျိန်ခြင်း ခံချင်လောက်အောင် စိတ်ရှိသနည်းဟူမူကား၊ သူ့လူမျိုးများသည် ဘု ရားသခင်က အလွန် ချီးမြှောက်သော်လည်း ဘုရားကို မယုံကြည် နိင်ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် ပေါလုခေတ်ကလူများသာလျှင် ဖြစ်သလော။ မဟုတ်ပါ။ 


ကျမ်းစာ၌၊ ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏ (ဟေရှယ ၂၉:၁၃)၊ ဟုရေးသားထားသည်။ ဆာလံဆရာကလည်း၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး၊ ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ ထိုသူတို့သည် စိတ်သဘောမှားယွင်းတတ်သောလူမျိုး ဖြစ်ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြ၊ ဟုငါဆိုရ၏။ ထို့ကြောင့် သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုအမျက်ထွက်၍ ငါကျိန်ဆို၏။ (ဆာ ၉၅:၈-၁၁) ဟုဆိုထားသည်။ 


 ထိုကဲ့သို့သော လူမျိုးကို အဘယ်ကြောင့် ဘုရားသခင်က သင်တို့သည် ဘုရားများဖြစ်ကြသည် ဟုဆိုခြင်းကို သဘောပေါက်နိုင်လောက်ပြီ။ ထိုကြောင့်ကျမ်းစာလေ့လာရာတွင် ဆိုလိုရင်းနားမလည်လျှင် လွဲမှားသော အယူဝါဒယူ နိုင်သည်။ စိတ်နှလုံးရိုးသားသော်လည်း ရိုးသားစွာမှားနိုင်သည်။ ထိုကြောင့် သင်ပေးသမျှ၊ ကြားသမျှမခံယူဘဲ အခြားသူများ၏ အဓိပ္ပါယ်ရှင်းလင်းချက်များကိုလည်း နားထောင်ဘို့၊ ဖတ်ရှုဘို့လိုသည်။ အမှားတကာ့ထဲ၌ အယူဝါဒမှားခြင်းသည် ကြောက်စရာအကောင်းဆုံးနှင့် ​ ဖြေရှင်းဘို့အခက်ဆုံးဖြစ်သည်။ ထို့ကြောင့် လမ်းမှားမလျှောက်မှီတွင် ကျမ်းစာဖတ်၊ လေ့လာဘို့လိုသည်။ ဤစာဖတ်ရှုသောသူတိုင်း စာတန်၏လှည့်စားခြင်းမှ ကင်းလွတ်နိုင်ကြပါစေ။ 
 
 
                     ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာမီးဖို
 

ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာအရပ်အကြောင်းကို ကျမ်းစာထဲ၌ ခုနှစ်ကြိမ်သာတွေ့ရ၍ ​ခြောက်ကြိမ်သည် ရှင်မဿဲကရေးကာတကြိမ် သာလျှင် ရှင်လုကာကရေးထားသည်။ ထိုခုနှစ်ကြိမ်စလုံးကို သခင် ခရစ်တော် ကပြောကြားခြင်း ဖြစ်သည်။ ထိုနေရာသည် အဘယ်မှာ ရှိ၍မည်သူများရောက်ရှိမည်နည်း။ ထိုနေရာသည် ကောင်းကင်နိင်ငံ ဖြစ်၍ ကယ်တင်ခြင်းသို့ ရောက်သော်လည်း ပြည့်စုံခြင်း မရှိသောသူများ ခံစားရမည့် နေရာလောဟူသောအရာကို ကျမ်းစာအားဖြင့် ကြည့်ကြပါစို့။ 
 
၁။ ရောမတပ်မှူးတယောက်သည် အထံတော်သို့ လာ၍၊ သခင်၊ ​ကျွန်တော်၏ ငယ်သား တယောက်သည် လက်​ခြေသေသည် အနာနှင့် ပြင်းစွာ ခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။ ယေရှုကလည်း ငါလာ၍ ချမ်းသာ ပေးမည်ဟု မိန့်တော်မူလျှင်၊ တပ်မှူးက၊ သခင်၊ ​ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွ ဝင်တော်မူခြင်း ကျေးဇူးတော်ကို ​ကျွန်တော် မခံထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ​ကျွန်တော်၏ ငယ်သားသည် ချမ်းသာ ရပါလိမ့်မည်။ (မဿဲ ၈:၅-၈) ထိုစကားကို ယေရှုသည် ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမတွေ့ဘူးသေး။ ငါဆိုပြန်သည်ကား၊ လူများတို့ သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ (မဿဲ ၈:၁၀-၁၂) 

သခင်ယေရှုသည် အဘယ်ကြောင့်အံ့ဩသနည်း။ အကြောင်းမှာ နိုင်ငံတော် သားများ တည်းဟူသော ဣသရေလများက သူ့ကို မယုံနိုင်ချိန်တွင် ရောမတပ်မှုးက သူ့ကို ယုံကြည် သောကြောင့် ဖြစ်သည်။ အမှန်မှာ နိင်ငံတော် သားများဖြစ်သော ဣသရေလ လူများက သူ့ကို ယုံကြည် သင့်သည်။ ကောင်းကင်နိင်ငံတော်သည်လည်း သူတို့အတွက် ဖြစ်သည်။ သို့သော် သူတို့သည် ကောင်းကင်နိင်ငံတော်သို့ မရောက်ဘဲ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရ ကြလတံ့ဟု သခင်ယေရှု ကဆိုခဲ့သည်။ သခင်ယေရှုက လူများတို့ သည်၊ အရှေ့အ ရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ နှင့်တကွ လျောင်းရကြလတံ့ ဟုဆိုသည်။ ထိုလူများသည် ဣသရေလများကအ ပြစ်သားများ (ဂလာ ၂:၁၅) ဟုဆိုသော တပါးအမျိုးသားများဖြစ်သည်။ သခင်ယေရှု ကငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာပြင်အရပ်မှောင်မိုက်ကို ကောင်းကင်နိင်ငံနှင့် ဆန့်ကျင် ဖက်နေရာအဖြစ် နှိုင်းထားသည်။ ထိုမျှမက ငိုကြွေးခြင်း၊ အံ့သွားခဲကြိတ်ခြင်းသည် ခက်ခဲခြင်းကို ဆိုလိုသည်။ ကောင်းကင်နိင်ငံသည် ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်း မရှိသော နေရာ ဖြစ်သည်။ ထိုကြောင့် ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအ ပြင််မှောင်မိုက်နေရာသည် ငရဲကို ဆိုလိုခြင်း ဖြစ်သည်။ 
 
၂။ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲသောသူနှင့် တူ၏။ လူတို့သည် အိပ်ပျော်သောအခါ သူ၏ ရန်သူသည် လာ၍၊ ကောင်းသော စပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍ သွားလေ၏။ အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊ ​ကျွန်တို့သည် အိမ်ရှင်ထံသို့ သွား၍ သခင်၊ ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်က ဖြစ်သနည်းဟု လျှောက်ကြလျှင်၊ အိမ်ရှင်က၊ ဤအမှု ကားရန်သူပြုသောအမှု တည်းဟုဆို၏။ အ​ကျွန်ုပ်တို့သည် တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလောဟု လျှောက်ကြလျှင်၊ အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တော ပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကို ရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်းရှိ၏။ စပါးရိတ်သည့်ကာလ တိုင်အောင်အပင်နှစ်မျိုးတို့သည်အတူကြီးပွားပါလေစေ။ စပါးရိတ်သည့်ကာလရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါ စည်းနှောင်ကြလော့။ စပါးကိုကားကျီ၌ စုသိမ်းသွင်းကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။ (မဿဲ ၁၃:၂၄-၃၀)

တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ ကြဲသော တောမျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အ​ကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကောင်းသော မျိုးစေ့ကို ကြဲသောသူသည် လူသားဖြစ်၏။ လယ်ကား ဤလောကဖြစ်၏။ ကောင်းသော အစေ့ကား နိုင်ငံတော်သား ဖြစ်၏။ တောမျိုး စေ့ကား နတ်ဆိုးသားဖြစ်၏။ တောမျိုးစေ့ကို ကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ တောပင်တို့ကို ရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတံ့။ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော် ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။ (မဿဲ ၁၃:၃၆-၄၂) 
 သခင်ယေရှု ကိုယ်တိုင်က ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချခြင်းခံမည့်သူများသည် တောပင်တို့ဖြစ်သည်ဟုဆိုသည်။ ထိုတောပင်များသည် တောမျိုးစေ့မှပေါက်သည်။ တောမျိုးစေ့ကို လယ်၌ ကြဲသောသူသည် မာရ်နတ်ဖြစ်၍ တောမျိုးစေ့သည် နတ်ဆိုးသားဖြစ်သည်။ ထိုကြောင့် ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချထားခြင်းကို ခံသောသူများသည် နိုင်ငံတော်သားများ တည်းဟူသော ယုံကြည်သူများမ ဖြစ်နိုင်ချေ။ နတ်ဆိုးသားတည်းဟူသော မှားယွင်းစေသောသူတို့နှင့် မတရားသောအမှုကို ပြုသောသူများဖြစ်သည်။ 
 
၃။ တနည်းကား၊ ကောင်းကင် နိုင်ငံတော်သည် ပင်လယ်၌ ချ၍ အမျိုးမျိုးသော ငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့် တူ၏။ ငါးနှင့် အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသော ငါးကိုခြင်း ထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသော ငါးကို ပြင်သို့ ပစ် လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာအ ဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ​ဖြောင့်မတ်သော သူတို့ အထဲမှ ဆိုးသော သူတို့ကို နှုတ်ယူခွဲထား၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။ (မဿဲ ၁၃:၄ရ- ၅၀) 

ဤဥပမာ၌ လူသားများကို ငါးနှင့်နှိုင်းထားသည်။ ငါးနှစ်မျိုးရှိသည်။ ကောင်းသောငါးသည် ယုံကြည်သူများ၊ မကောင်းသောငါးသည် မယုံကြည်သူများကို ပုံဆောင်သည်။ ကောင်းသောငါးများကိုခြင်း ထဲသို့ထည့်ခြင်းသည် ယုံကြည်သူများကို ကောင်းကင်နိုင်ငံသို့ ခေါ်သွားခြင်းကိုဆိုလို၍ မကောင်းသော ငါးများကို ပြင်သို့ပစ်လိုက်သည်။ ထိုသို့ပြစ်ခြင်းခံသူများသည် ဆိုးသောသူများဖြစ်၍ ပြင်တည်းဟူသောငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြမည်ဟုဆိုသည်။ ထိုကြောင့်ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာမီးဖိုသည် ကောင်းကင်နိုင်ငံမဖြစ်နိုင် မီးငရဲအိုင်ဖြစ်သည်။ 
 
၄။ ကောင်းကင် နိုင်ငံတော်သည် မိမိသား အဘို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို စီ ရင်သော မင်းကြီးနှင့် တူ၏။ ထိုမင်းကြီးသည် ဘိတ်ပြီးသော သူတို့ကို ခေါ်စေခြင်းငှါ လုလင်တို့ကို စေလွှတ်သောအခါ ထို သူတို့သည် မလာဘဲ နေကြ၏။ တဖန် အခြားသော လုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင် ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့် ရှိပြီ။ မင်္ဂလာဆောင် ပွဲသို့ လာကြပါဟု ဘိတ်ပြီးသော သူတို့အား ပြောကြဟု မှာလိုက်ပြန်၏။ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကို ဘမ်းဆီး၍ညှင်းဆဲခြင်း၊ အသေသတ်ခြင်းကိုပြုကြ၏။ ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကိုမီးရှို့လေ၏။ ထိုနောက်မှမင်းကြီးသည် လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ်သော သူတို့သည် မထိုက်မတန်သောကြောင့်၊ လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသော သူတို့ကို ပွဲသို့ ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊ လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။ မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။ ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်​ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော် ရှိ၏၊ ထိုသို့ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည်၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၂:၂-၁၄) 

အထက်ပါ သခင်ဘုရား ပေးသော ဥပမာ၌ မင်းကြီးသည် အဘဘုရားသခင် ဖြစ်၏။ မင်းကြီး၏ သားသည် ခရစ်တော် ပင် ဖြစ်၏။ ခေါ်ဘိတ်ပြီး သောသူ၊ မင်္လာဆောင်ပွဲသို့ မလာချင်သောသူများသည် ဣသရေလ လူများ ဖြစ်၏။ လူများကို ခေါ်ဘိတ်သော လုလင်များသည် ပရောဖက်များဖြစ်၏။ ဣသရေလ လူများသည် အခွင့်အရေးပေးခြင်း ခံရသော်လည်း ဘုရားသခင်၏ ခေါ်ဘိတ်ခြင်း၌ မလာကြ။ လုလင်များကို သတ်ခြင်းသည် ပရောဖက်များကို သတ်ခြင်း ဖြစ်သည်။ ထိုသူများကို မင်းကြီး ကစစ်တိုက်ခြင်းသည် ဘုရားသခင်က ဣသရေလ လူများကို ရန်သူလက်သို့ အပ်နှံ၍ စစ်တိုက်ခြင်းကို ဆိုလိုသည်။ သူတို့သည် ရောမ စစ်သား များ၏ တိုက်ခိုက်ခြင်းကြောင့် များစွာ သေရ၍ အသက်ရှင် ကျန်ရစ်သောသူများသည် အတိုင်း တိုင်း အပြည် ပြည်သို့ ထွက် ပြေးရ ကြသည်။ 

နောက်ထပ်လုလင်များက ခေါ်ဘိတ်သောလမ်းမလမ်းကြားမှကောင်း မကောင်းတွေ့သမျှသော လူတို့သည် တပါးအမျိုးသားများဖြစ်သည်။ ထိုသူများ ဝတ်သော မင်္လာဆောင်အဝတ်သည် ကယ်တင်ခြင်း သို့မဟုတ် ​ဖြောင့်မတ်ခြင်းကို ဆိုလိုသည်။ မင်္လာဆောင်အဝတ်မဝတ်ခြင်းသည် ဘုရား ပေးထားသော ​ဖြောင့် မတ်ခြင်းကို လက်မခံခြင်းကို ဆိုလိုသည်။ ထိုသူကို အံသွားခဲကြိတ်ရာပြင်အရပ် မှောင်မိုက်ထဲသို့ ချခြင်းသည် ငရဲသို့ ချခြင်းကို ဆိုလိုသည်။ အထက်ပါ ဥပမာ၌ မင်္ လာဆောင်ဝတ်လုံမပါသောသူသည် ပွဲထဲသို့ ဝင်နိင်သောကြောင့် ကယ်တင်ခြင်းသို့ ရောက်သော်လည်း ဇာတိလူဟု ထင်စရာ ရှိသည်။ သို့သော် ထိုသူသည် ကယ် တင်ခြင်းသို့ မရောက်ပါ။ ဥပမာပေးသောအခါ အားလုံး အတိအကျမယူရပါ၊ ထိုဥပမာ၌ အရေအတွက်သည် အဓိက မဟုတ်ပါ။ အကယ်၍ အရေအတွက်သည် အတိအကျတွက်ပါက ကယ်တင်ခြင်းသို့ ရောက်သောသူသည် အပြင်သို့ ပစ်ခြင်း ခံသောသူထက် အဆမတန်များ နေသည်။ ထိုသို့ မဖြစ်နိင်ပါ။ ကယ်တင်ခြင်းသို့ ရောက်သောသူသည် နည်း၍ ပျက်စီးခြင်းသို့ ရောက်သောသူသည် အလွန် များသည်ဟု သခင်ယေရှု ကပြောခဲ့သည်။ ထိုကြောင့် ဥပမာများကို အဓိပ္ပါယ်ဖွင့်သောအခါ အကုန်လုံးမဖွင့်ရပါ။ ဆိုလိုရင်းကိုသာ ယူရသည်။ 

တဖန် ဝတ်လုံမပါသောသူသည် မင်္လာဆောင်ရာအခန်းထဲ၌ ရောက် သွားသောကြောင့် ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်၍ ကောင်းကင်နိင်ငံ ရောက်သွားသည်ဟု ယူဆနိင်သည်။ သို့သော် အထက်ကဆိုသည့်အတိုင်း ဥပမာ များသည် အသေးစိပ် မယူရပါ။ ထိုသူသည် ခန်းမထဲသို့ ဝင်သည် ဟုဆိုသော်လည်း ကယ်တင်ခြင်းသို့ မရောက်ပါ။ ဥပမာ ဖြစ်သောကြောင့် ခန်းမထဲရောက်သည် ဟုဆိုရခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူကို ပြန်၍ ငရဲထဲသို့ မချတော့ပါ။ 
 
၅။ အရှင်သည် မိမိအိမ်သူအိမ်သား အပေါင်းတို့အားအချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသော ​ကျွန်ကားအဘယ်သူနည်း။ အကြင်​ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏၊ ထို​ကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထို​ကျွန်၌အပ်လိမ့်မည်။ သို့မဟုတ်မူကား၊ အကြင်​ကျွန်ဆိုးကအင့ါအရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့်၊ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့်တကွ စားသောက်လျက်နေ၏။ ထို​ကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထို​ကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့် တကွနေရာချလတံ့။ (မဿဲ ၂၄:၄ရ- ၅၀) 

ဤဥပမာ၌ ဆိုးသော ​ကျွန်သည် ယုံကြည်သူ မဟုတ်ချေ။ ထိုသူသည် မယုံကြည်သူကို ဆိုလိုသည်။ ထို​ကျွန်ဆိုးသည် သခင်တည်းဟူသော ဘုရားသခင်၏ စကားကို လုံးဝနားမထောင်ချေ။ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်သည်သာမက သေသောက်ကြူးလျက်နေသည်။ လူသားတိုင်းသည် ဘုရားသခင်အားဖြင့် ရှိကြသောကြောင့် ဘုရားစကားနားထောင်၍ သူလာမည့်အချိန်ကို စောင့်မျှော်သင့်သော်လည်း မစောင့်မျှော်ကြချေ။ မစောင့်မျှော်ရခြင်းသည်လည်း မယုံကြည်ခြင်း၊ မိမိအလိုဆန္ဒဖြည့်ဆည်းလိုခြင်း တို့ကြောင့်ဖြစ်သည်။ ထိုသူများကို ပြင်းထန်စွာ ကွပ်မျက်ဆုံးမ၍ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာပြင်အရပ်၌ လျှို့ဝှက်သော သူတို့နှင့် နေရာချထားမည်ဖြစ်သည်။ 
 
၆။ ဥပမာကား၊ လူတဦးသည် အခြားသော ပြည်သို့ သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကို ခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည် အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊ တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်း သွားလေ၏။ အခွက်ငါးဆယ်ကို ခံသောသူသည် သွား၍ ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသော အခွက်ငါးဆယ်ကို အမြတ်ရလေ၏။ ထိုနည်းတူ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း၊ အခြားသော အခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ အခွက်တဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌ တွင်း တူပြီးလျှင် အရှင်၏ ငွေကို ဝှက်ထားလေ၏။ (မဿဲ ၂၅:၁၄-၁၈) 

အထက်ပါ ဥပမာ၌ အခြားသော ပြည်သို့ သွားသော လူသည် ခရစ်တော်ကို ဆိုလိုသည်။ ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးသောအခါ အခြားသော ပြည် တည်းဟူသော ကောင်းကင်နိင်ငံသို့ သွားခဲ့ပြီ။ ငယ်သားတို့တွင် ပဌမ နှစ်ဦးသည် ယုံ ကြည်သူ ဖြစ်၍ တတိယငယ်သားသည် မယုံကြည်သူကို ပုံဆောင်သည်။ ယုံ ကြည်သူ မယုံကြည်သူ အားလုံး ဘုရားသခင်က အစွမ်းအစပေးထားသည်။ တတိယငယ်သားသည် အလုပ်မလုပ်ဘဲ သခင်၏ ငွေကို မြေ၌ ဝှက်ထားသည်။ ဆိုလိုသည်မှာ ဘုရား ပေးထားသော အစွမ်းအဆကို သခင်အလိုရှိသည့်အတိုင်း အသုံးမပြုချေ။ 

အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည်နှင့် ကိုယ်မစိုက်မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်မကြဲသော အရပ်၌ စုသိမ်းတတ်သည်ကို အ​ကျွန်ုပ်သိ၍၊ ကြောက်သောကြောင့်၊ အခြားသို့ သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ ဝှက်ထားပါပြီ။ ယခု ကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။ အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသော ငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်မကြဲသော အရပ်၌ စုသိမ်းသည်ကို သင်သိသည် မှန်လျှင်၊ ငါ့ငွေကို ပွဲစားလက်သို့ အပ် ရမည်။ ထိုသို့ အပ်လျှင်၊ ငါပြန် လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်၏။ ထိုကြောင့် အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ၊ အခွက်တရာရှိသောသူကို ပေးကြ။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။ အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင်တော်မူ၏။ (မဿဲ ၂၅:၂၄-၃၀) 
 အခွက်တဆယ်ကို ခံသော ငယ်သားသည် မယုံကြည်သူ ဖြစ်ကြောင်း မည်သို့ သိနိင်သနည်းဟူမူကား သခင်ပေးသော ငွေခွက်ကို အသုံးပြု၍ အမြတ်ရဘို့ မ လုပ်သည်သာမက သခင်ကို အပြစ်တင်ရဲသည်။ သခင်ကလည်း ထိုသူကို အသုံး မရသော ငယ်သား ဟုဆို၍ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ် ခိုင်းသည်။ ဤနေရာ၌ ကယ်တင်ခြင်းသို့ ရောက်သော်လည်း ဇာတိအလို အတိုင်း အသက်ရှင် သူတို့ ကိုလည်း ဆိုနိင်သော်လည်း ကောင်းကင်နိင်ငံသည် အလုပ်အားဖြင့် ရောက်နိင်သည် မဟုတ်သောကြောင့် ဇာတိ ခရစ်ယာန်များကို ပုံမဆောင်နိင်ချေ။ ဇာတိ ခရစ်ယာန် များသည် ၁ ကော ၃:၁၁-၁၅၌ ဘော်ပြ သကဲ့သို့ ဆုမရသော်လည်း ကယ်တင်ခြင်း ဆုံးရှုံးမည် မဟုတ်။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းသည် ကောင်းကင်နိင်ငံ၌ မရှိတော့ကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှ စ၍ သမုဒ္ဒ​ရာမရှိ။ သန့်ရှင်းသော မြို့ တည်းဟူသော ယေရုရှလင် မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္လာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူကလည်း၊ ငါသည် ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ ( ဗျာဒိတ် ၂၁:၁-၅) 
 
ရ။ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒ ပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီး သွားတော်မူ၏၊ လူတဦးကလည်း၊ သခင်၊ ကယ် တင်ခြင်းသို့ ရောက်သော သူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊ ကျဉ်းမြောင်းသော တံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအား ထုတ်ကြလော့။ အကြောင်းမူကား၊ အများသော သူတို့သည် ဝင်ခြင်းငှါ အလိုရှိသော်လည်း မစွမ်း နိုင်ကြဟု ငါဆို၏။ အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ ရပ်၍ တံခါးကို ခေါက်လျက်၊ သခင်၊ သခင်၊ အ​ကျွန်ုပ်တို့အား ဖွင့်ပါဟု တောင်း လျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။ ထိုအခါ သင်တို့ကလည်း၊ အ​ကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အ​ကျွန်ုပ်တို့ နေသော မြို့ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒ ပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်က လာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသော အမှုကို ပြုသောသူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်။ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စသော ပရောဖက် အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော် ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။ ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံထဲတွင် လျောင်းရကြလတံ့။ နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။ (လုကာ ၁၃:၂၂-၃၀) 

အထက်ပါ ခရစ်တော်၏ စကားအရ ခရစ်တော်နှင့်အတူ စားသောက် ကြသောသူများ၊ တရားနာသောသူများသည် အထဲသို့ မဝင်နိင်ကြ။ သူတို့ကို အိမ်ရှင်က သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသော အမှုကို ပြုသောသူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်။ ထိုသူများကို အိမ်ရှင်ကပြင်သို့ နှင်ထုတ်၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလိမ့်မည် ဟုဆိုသည်။ ထိုသူများနှင့် ဆန့်ကျင်၍ အရပ်လေးမျက်နှာမှလူများသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက် အပေါင်းတို့နှင့် ဘုရားသခင်၏ နိုင်ငံတော် ထဲသို့ ဝင်မည် ဟုဆိုသည်။ ထိုကြောင့် ပြင်အရပ်ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိအရာမှောင်မိုက်သည် ကောင်းကင်နိင်ငံ လုံးဝ မဖြစ်နိင်ချေ။ ငရဲမီးအိုင် သာလျှင် ဖြစ်သည်။ 
 
 
                       ဘုရားတည်ဆောက်သောအိမ်ထောင်
 

ယနေ့ အိမ်ထောင်များ စွာသည် ပြသနာ ပေါင်းမြောက် များစွာ ရင်ဆိုင် ရသည်။ အချို့သော ပြသနာသည် ခင်ပွန်းသည်၏ မတည်ကြည်သောကြောင့်၊ ဖေါက်ပြန်သောကြောင့် ဖြစ်သည်။ အချို့ ပြသနာသည် ငွေရေး​ကြေးရေး မလုံလောက်သောကြောင့် ဖြစ်သည်။ အချို့ ပြသနာသည် အရက်နှင့် မူးယစ်ဆေးဝါးသုံး စွဲသောကြောင့် ဖြစ်သည်။ အချို့သော ပြသနာသည် အလုပ်လုပ်ချိန် များလွန်း၍ ပင်ပန်းသောကြောင့် ဖြစ်သည်။ အချို့ ပြသနာသည် သားသမီးများ မိဘစကား နားမထောင်သောကြောင့် ဖြစ်သည်။ အချို့သော ပြသနာများသည် နေမကောင်း သောကြောင့် ဖြစ်သည်။ ထိုမျှမက ပြသနာ ပေါင်းမြောက် များစွာရှိသေးသည်။ ထိုပြသနာများကို မ​ဖြေရှင်းတတ်၊ မ​ဖြေရှင်း နိုင်သောအခါ လက်လွန်​ခြေလွန် ဖြစ်တတ်ကြသည်။ နောက်ဆုံး၌ လင်မယား ကွာဆဲခြင်း၊ သားသမီးများ အိမ်မှထွက်သွားခြင်း၊ ထောင်ကျခြင်း၊ သေကျေ ပျက်စီးခြင်း အထိ ဖြစ်နိုင်သည်။ 


ပြသာနာ

အိမ်ထောင်၌ ပြသာနာရှိသောအခါ အိမ်ထောင်အတွင်း၌ ရှိသောသူအယောက်တိုင်း ထိခိုက်နစ်နာသည်။ စိတ်နာကြည်း၍ ဘဝပျက်သုန်းနိုင်သည်။ အိမ်ထောင်ပြသာနာသည် ဘေးနားပတ်ဝန်းကျင်၌ ရှိသော အိမ်ထောင်များကိုလည်း ထိခိုက်စေနိုင်သည်။ အကြောင်းမှာ ပြသာနာရှိသော အိမ်ထောင်၏ ဝန်ထုပ်များကို ဝိုင်း၍ ထမ်းဆောင်ဘို့ ဖြစ် ုလာသောအခါ အခြားအိမ်ထောင်များလည်း ထိခိုက်နစ်နာစေသည်။ အသင်းတော်၌လည်း ဂယက်ရိုက်ကာ အသင်းတော် ကျဆင်းစေသည်။ ထိုကြောင့် မိသားစုပြသာနာသည် မကြီးခင်မှာ​ ဖြေရှင်း ငြိမ်းသတ်ဘို့ လိုအပ်သည်။ 
 
ဘုရားတည်ဆောက်မှသာ 

အိမ်ထောင်သည် ဘုရားသခင်က စတင်စေသောကြောင့် ဘုရားသခင် ကိုယ်တော်တိုင် တည်ဆောက်မှသာ အောင်မြင် ခိုင်ခန့်နိုင်သည်။ ဆာလံဆရာက၊ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ စောစောထလျက်၊ ညဉ့်နက်သည့်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။ (ဆာ ၁၂ရး၁-၂)ဟု ရေးထားသည်။ လူသည် အိမ်ထောင်ကို အချစ်အားဖြင့်၊ ငွေအားဖြင့်၊ ပညာအားဖြင့် တည်ဆောက်ဘို့ ကြိုးစားကြသည်။ သို့သော်မရပါ။ ဘုရား တည်ဆောက်မှသာလျှင်အောင်မြင် ပျော်ရွှင်သောအိမ်ထောင် ဖြစ်နိုင်သည်။ 
 
ယောက်ျားတာဝန် 

ယောက်ျားသည် အိမ်ထောင်ဦးစီး၊ မိန်းမ၏ခေါင်းဖြစ်သည်၊ ဟုကျမ်းစာ၌ ဤသို့တွေ့ရသည်၊ အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ (ဧဖက် ၅:၂၂-၂၅) 

ဤကျမ်းပိုဒ်ကို ဖတ်သောအခါ အချို့ယောက်ျားများသည် အလွန် အားရနှစ်သက်၍ မိမိသည် မိန်းမ၏ ခေါင်းဖြစ်သည်၊ ဟုအစစအရာရာမှာ မိမိ သဘောဖြင့် ကိုယ်မိန်းမကို အုပ်စိုးလိုကြသည်။ မိန်းမကို အစေခံ​ကျွန်ကဲ့သို့ ခိုင်း၍ ကိုယ်နှစ်သက်သလိုမဖြစ်လျှင် ရိုက်ပုတ်ညှင်းဆဲတတ်ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျမ်းစာကို ကောင်းစွာမဖတ်ဘဲ ကိုယ်လိုချင်သောအရာကို စွဲသောကြောင့်ဖြစ်သည်။ ရှင်ပေါလုကယောက်ျားကို ခရစ်တော်နှင့် နှိုင်းထား၍ မိန်းမကို အသင်းတော်နှင့် ခိုင်းနှိုင်းထားသည်။ ခရစ်တော်သည် အသင်းတော်အပေါ်မှာ ခေါင်းဖြစ်သကဲ့သို့ အသင်းတော်ကိုချစ်၍ ကယ်တင်သည်။ ခရစ်တော်သည် အသင်းတော်ကို ခေါင်းအနေဖြင့် အနိုင်မကျင့်ချေ။ 

ထို့ကြောင့်ယောက်ျားတိုင်း ကိုယ်ခင်ပွန်းကို အနိုင်မကျင့်ဘဲ ဦးဆောင်သင့်သည်။ ခေါင်းသည် အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အထင်မသေး မနှိပ်စက်တတ်ချေ။ ထိုထက် သူတို့၏လိုအပ်ချက်များကို စီစဉ်၍ မစတတ်သည်။ ယောက်ျားသည်လည်း ခင်ပွန်းကို ဦးဆောင်၍ မစရမည်။ အချို့သောယောက်ျားများသည် မိန်းမအလုပ်၊ ဟုသူတို့သတ်မှတ်သော ထမင်းချက်ခြင်း၊ ခလေးထိန်းခြင်း၊ အိမ်မှုကိစ္စများ ဆောင်ရွက်ခြင်းကို လုံးဝမလုပ်လိုကြချေ။ အမှန်မှာ ထိုအလုပ်များသည် မိန်းမများ၏ အလုပ်သာမဟုတ်၊ ယောက်ျားများလည်း လိုအပ်လျှင် လုပ်ဘို့လိုသည်။ ထိုအရာများမလုပ်လိုလျှင် အိမ်ဖေါ်ထားပေးနိုင်ရမည်။ အချို့ယောက်ျားများသည် သားသမီးလိုချင်သော်လည်း ခလေး ဒိုင်ပါလဲခြင်းပင်လျှင် မတတ်ကြ။ မိန်းမ မအားမလပ်သောအခါ ထမင်းမချက်ကြ။ အဝတ်များကိုလည်း မလျှော်မဖွပ်ကြ။ အထူးသဖြင့် အမေရိကန်နိင်ငံလို မိန်းမများ အလုပ်လုပ်သောနေရာ၌ ယောက်ျားများလည်း မိန်းမအလုပ်ကို ဝိုင်းကူလုပ်သင့်သည်။ 

ရှင်ပေတရုကလည်း ဤသို့ရေးသားထားသည်၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့ (၁ ပေ ၃:ရ)။ ရှင်ပေတရုက၊ ယောက်ျားတို့ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ၊ ဟုအစပြုရေးထားသည်။ ဆိုလိုသည်မှာ ယောက်ျားတိုင်းသည် ဆုတောင်းရမည်။ ဆုမတောင်းရဲသော၊ မတောင်းတတ်သောယောက်ျားများ မြောက်များစွာရှိသည်။ယောက်ျားသည် ကိုယ်ကာယပိုင်းဆိုင်ရာ၌သာ ဦးခေါင်းမဖြစ်ဘဲ ဝိညာဉ်ရေးရာ၌လည်း ဦးခေါင်းဖြစ်သင့်သည်။ အမှန်မှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းတို့သည် ယောက်ျားက ဦးဆောင်သင့်သည်။ ဆုမတောင်းသောယောက်ျားသည် ဘုရားသခင်ကို မယုံကြည်၊ ဦးထိပ်မထား၊ ဂရုမစိုက်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် ဘုရားကိုအားကိုးခြင်း၊ ချီးမွမ်းခြင်း၊ ရိုသေလေးစားခြင်း၊ တန်ဘိုးထားခြင်းဖြစ်သည်။ ဆုမတောင်း၊ ကျမ်းစာမဖတ်သောယောက်ျားသည် အဘယ်သို့ဘုရားသခင်က တည်ဆောက်နိုင်မည်နည်း။ ကျမ်းစာမဖတ်လျှင် အဘယ်သို့ ဘုရားအလိုတော်ကို သိနိုင်မည်နည်း။ အိမ်ထောင်မြောက်များစွာ ပြသာနာဖြစ်ရခြင်းသည် ယောက်ျားများက မိမိတို့၏ တာဝန်ကို အစမှလစ်ဟင်းခြင်းကြောင့်ဖြစ်သည်။ မိမိသဘောနှင့် ဦးဆောင်တည်ဆောက်သော အိမ်ထောင်သည် မကောင်းနိုင်ချေ။ 

ထို့အပြင် ရှင်ပေတရုကမိန်းမသည် အားနည်းသောသူ၊ ဟုဆိုသည်။ အားနည်းသောသူကို အနိုင်ကျင့်ဘို့ မဟုတ်ဘဲ စောင့်မရမည်။ အမှန်မှာ ဘုရားသခင်က မိန်းမကို အရင်ဖန်ဆင်းသည်မဟုတ်။ ယောက်ျားကို အရင်ဖန်ဆင်း၍ မိန်းမသည် အထောက်အမအဖြစ် ဖန်ဆင်းခြင်း ဖြစ်သည် (က ၂:၁၈)။ ထိုသို့မိမိကို ထောက်မမည့် မိန်းမကို အနိုင်ကျင့်ခိုင်းစားနေလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်လည်း မကိုက်ညီချေ။ 

တဖန်ရှင်ပေါလုက၊ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကို ချစ်သောသူဖြစ်၏။ ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ​ကျွေးမွေး ပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသော သူတို့သည် မိမိတို့ အသားကို ​ကျွေးမွေးပြုစုတတ်ကြ၏။ အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော်တို့ အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ (ဧဖက် ၅:၂၈-၃၁)။ 

ယောက်ျားတိုင်းသည် မိဘများကပေးစားခြင်း မဟုတ်လျှင် မိန်းမကို ချစ်၍ယူကြသည်။ သို့သော်အဘယ်ကြောင့် ရှင်ပေါလုကမိန်းမကို ချစ်ဘို့ တိုက်တွန်းရသနည်း။ အကြောင်းမှာ ချစ်ခြင်းမေတ္တာသည် ကြာလာသောအခါ ခမ်း​ခြောက်တတ်သည်။ အလုပ်ပင်ပန်းခြင်းကြောင့်၎င်း၊ ခလေးများကြည့်ရှုဘို့ လိုအပ်၍ စိတ်ရှုတ်ခြင်းကြောင့်၎င်း၊ ငွေရေး​ကြေးရေးမလုံလောက်ခြင်းကြောင့်၎င်း၊ ကျန်းမာရေးချို့တဲ့ခြင်းကြောင့်၎င်း၊ တယောက်နှင့်တယောက် အကြိုက်မတူညီ၍ အပေးအယူမတတ်ခြင်းကြောင့်၎င်း၊ အကြောင်းအမျိုးမျိုးကြောင့် ချစ်ခြင်းမေတ္တာသည် လျော့နည်းလာတတ်သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာပြန်လည်ဖြည့်ဘို့ လိုအပ်သည်။ 

ဘုရားသခင်က လင်မယားသည် နှစ်ယောက်မဟုတ်၊ တသားတကိုယ်တည်းဖြစ်သည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူ ဖြစ်၏။ ကိုယ်အသားကို မုန်းသောသူတယောက်မျှ မရှိဟုဆိုသည်။။ ယခုမှစ၍ ကိုယ့်ခင်ပွန်းကို ကိုယ့်အသားဟု သိကြစို့။ အဘယ်သူမျှ ကိုယ်အသား မုန်းသောသူမရှိ ဟုဆိုသည်။ ကိုယ်အသားကို ယုယပြုစုတတ်ကြသည်။ ထိုအရာကို မသိသောအခါ ကိုယ့်အသားကို ညှင်းဆဲတတ်ကြသည်။ ကိုယ်အသားကို ညှင်းဆဲလျှင် ကိုယ်သာလျှင်နာသည်။ ခင်ပွန်းသည် နာသောအခါ ကိုယ်လည်း နာသည်။ ခင်ပွန်းသည် စိတ်ချမ်းသာ သောအခါ ကိုယ်လည်း စိတ်ချမ်းသာ နိုင်သည်။ ထိုကြောင့် ယခုမှစ၍ယောက်ျားများကိုယ့်ခင်ပွန်းသည်ကို ချစ်ကြစို့။ 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG