GOODNEWS
  HOME  GOODNEWS  2012 MAR
 


အမှာစာ
မတ်လတိုင်အောင် ပို့ဆောင်ကောင်းကြီး ပေးတော်မူသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဤလောကကြီး မှ ယုံကြည်သူများထွက်ခွါချိန်သည် တနေ့ထက် တနေ့နီးလာပြီ။ သို့သော် ယခုတိုင်အောင် မပြင်ဆင် သေးဘဲ ဖင့်နွဲ့နေသောသူများ အတွက်လောတ၏ အသက်တာအားဖြင့် သတိပေးလိုပါသည်။ လောတသည်သော ဒုံမြို့မှအလျှင် အမြန် ထွက်ဘို့ရန် ကောင်းကင်တမန် များကပြောသော်လည်း ဖင့်နွဲ့နေသည်ဟုက ၁၉:၁၆၌ တွေ့ရသည်။ အဘယ်ကြောင့်လောတသည် ထိုကဲ့သို့ ဖင့်နွဲ့နေခဲ့ပါသနည်း။ အကြောင်းရင်းနှစ်ခုရှိနိင်သည်။ တစ်ခုမှာသူ၏ သမီးသမက်နှင့် မြေးများကို ခေါ် ရာတွင် မလိုက်ကြသောကြောင့် သူတို့အတွက် ပူပန်၍ နောက်ဆံတင်းခြင်း ဖြစ်မည်။ အခြားအကြောင်းရင်းတခုမှာသူ ယပိုင်ဆိုင်သမျှ သောလောက ပစ္စည်းများကို စွန့်ပစ်ဘို့ရန် နှမြောသောကြောင့် ဖြစ်နိင်သည်။ လောတသည် မည်မျှပင်ဖင့်နွဲ့ပါစေ ဘုရားသခင်ကသော ဒုံမြို့ကို မီးနှင့် ဖျက်စီးခဲ့သည်။ 

ယနေ့ ယုံကြည်သူများလည်းလောတကဲ့သို့ ခရစ်တော် ကြွလာမည့် အရာကို မကြိုဆို၊ ဘုရားသခင် အတွက် မဆက်ကပ်နိင်ခြင်းသည် လောကအရာကို ချစ်နေသောကြောင့် ဖြစ်မည်။ သို့သော် မည်မျှပင် ဤလောကကို ချစ်၍ နှမြောသော်လည်း ဘုရားသခင်သည် ဤလောကကို ဖျက်စီးတော့မည် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ဤလောကကို ဖျက်စီးခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ့အလိုအားဖြင့် မဟုတ်မိမိ အလိုတော်အားဖြင့် မိမိအချိန်၌ အရာခပ်သိမ်းကို စီရင်မည် ဖြစ်သောကြောင့် ယုံကြည်သူများအနေဖြင့် မိမိတို့ အလိုဆန္ဒကို ပယ်၍ ဘုရားသခင်၏ အကြံတော် အတိုင်း အသက်ရှင်၍ ချီဆောင်ခြင်းကို ကြိုဆိုသောသူများ ဖြစ်ကြစို့။ ခရစ်တော်နှင့် တွေ့သောအခါ သူ့ကို လက်ဆောင်ပေးဘို့ ပြင်ဆင် ကြစို့။ ခရစ်တော်သည် ရွှေငွေနှင့်လောက ပစ္စည်းများကို လိုချင်မည် မဟုတ်။ ပျောက်ဆုံးသော ဝိညာဉ် များကိုသာလျှင် လိုချင် ပေမည်။ ထို့ကြောင့် ပျောက်ဆုံးဝိညာဉ် များဖမ်းခြင်း၌ ပါဝင်ကြပါစို့။ 

ဤစာစောင်၌ ...

ကယ်တင်ခြင်း 
ကောလောသဲ အနက်ဖွင့်ခြင်း 
အရှေ့အလယ်ပိုင်းသတင်း 
ဧဝံဂေလိခရီးစဉ်
ခလေးများကဏ္ဍ
 
 
ကယ်တင်ခြင်း 
 ကယ်တင်ခြင်းသည် လောကကြီးမှာ လူသား အဖြစ် မွေးဘွားလာသောသူအယောက်တိုင်း အတွက် အရေးကြီးဆုံး သောအရာ ဖြစ်သည်။ ကယ်တင်ခြင်းထက် အရေးကြီးသောအရာ တခုမျှမရှိတော့ချေ။ အကြောင်းမှာ ကယ်တင်ခြင်းသို့ မရောက်လျှင် ထာဝရ မီးအိုင် ထဲ၌ ထာဝရ ဒုက္ခ ခံစားမည် ဖြစ်သည်။ များစွာသောသူများ ကငရဲကျမှာကို မကြောက်ကြ၊ ဂရုမစိုက်ကြချေ။ အမှန်မှာ ငရဲ၏ အကြောင်းကို မသိသောကြောင့် ဖြစ်သည်။ ငရဲသည် ခရစ်တော်က၊ “ငါဆိုပြန်သည်ကား၊ လူများတို့ သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလ တံ့၊ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင် အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့၊ ” ဟုဆိုသည် (မ ၈:၁၁-၁၂)။ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းသည် ဒုက္ခ ရောက်ခြင်း အလွန် နာကျင်ခြင်းကို ဖေါ်ပြသည်။ 

အချို့သောသူများက ဘုရားသခင်ကို ငရဲဖန်ဆင်းခြင်း အပေါ်အပြစ် တင် ကြသည်။ ထာဝရဘုရားသည် လူသားများကို ချစ်လျှင် အဘယ်ကြောင့်အပြစ် ငရဲကို ဖန်ဆင်းသနည်းဟု မေးချင် ကြသည်။ ငရဲသည် လူသားများအတွက် ဖန် ဆင်းသည် မဟုတ်၊ စာတန် မာရ်နတ်နှင့် အပေါင်းပါများအတွက် ဖန်ဆင်းခြင်း ဖြစ်သည်။ ခရစ်တော်က၊ “ထိုအခါ လက်ဝဲတော် ဘက်၌ ရှိသော သူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသော သူတို့၊ မာရ်နတ်နှင့် သူ၏ တမန်တို့ အဘို့ ပြင်ဆင်သော ထာဝရ မီးထဲသို့ ငါ့ထံမှ ခွါသွားကြလော့။” (မ ၂၅:၄၁) ဟုဆိုထားရာငရဲသည် လူအတွက် မဖန်ဆင်းကြောင်း ထင်ရှားသည်။ သို့သော် လူများက စာတန် မာရ်နတ်၏ လှည့်ဖျားမှုကို ခံယူ လက်ခံသောကြောင့် ငရဲသွားဘို့ လိုခြင်း ဖြစ်သည်။ ဥပမာနှင့် ကြည့်ပါက အစိုးရကထောင်ကို ဆောက်ခြင်းသည် လူတိုင်း အတွက် မဟုတ်ချေ။ တရားဥပဒေကို ချိုးဖေါက်သော အပြစ်သားများချုပ်ထားဘို့ ဖြစ်သည်။ လူတိုင်း ကဥပဒေကို မချိုးဖေါက်ပါက မည်သူမျှထောင်ကျစရာ အကြောင်း မရှိ။ ထို့နည်းတူ လူတိုင်း ကထာဝရဘုရားကို လက်ခံပါက မည်သူမျှငရဲကျစရာ အကြောင်း မရှိ။ အစိုးရကအကျဉ်းထောင် ပြုလုပ် သောကြောင့် အစိုးရကို အပြစ်တင်ဘူးသလော။ သို့သော် စာတန်၏ လှည့်ဖျားမှုကြောင့် လူများ ကဘုရားသခင်ကို ငရဲဖန်ဆင်းခြင်း အတွက် အပြစ် မြင်တတ်ကြသည်။ မည်သို့ ပင်အပြစ် တင် တင်နောက်ဆုံးတရားစီရင်မည့် သူသည် ထာဝရဘုရား ဖြစ်သောကြောင့် သူ့ကို အပြစ်တင်မည့် အစားသူပေးထားသော ကယ်တင်ခြင်းကို လက်ခံဘို့ လိုသည်။ 

ထာဝရဘုရားက လူသားများကို ကယ်တင်ခြင်း မပေးခဲ့လျှင် သူ့ကို အပြစ်တင်နိင်သည်။ သို့သော် လူသားများသည် မိမိတို့ ကြိုးစားစရာ လုပ်စရာ မလိုဘဲ အခမဲ့ ကယ်တင်ခြင်းကို ပေးထားကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက်ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” (ဧဖက် ၂:၈) ဟုဆိုသည်။ ဘုရားသခင်က လူသားများကို သနားသောကြောင့် ကယ်တင်ခြင်း ပေးထားပေးပြီ။ ကြိုးစား စ ရာမလိုဘဲ အခမဲ့သော ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့် လက်ခံဘို့ သာလိုအပ်သည်။ ထိုကယ်တင်ခြင်းကို လက်ခံကြစို့။ 

ဘုရားသခင်သည် လူကို အဘယ်ထဲမှ ကယ်တင်သနည်း။ အပြစ် အတွက် တရားစီရင်ခြင်းမှ ကယ်တင်သည်။ လူသည် အပြစ် အတွက် တရားစီရ၍ ်ခြင်း ခံရမည် ဖြစ်သည်။ အကြောင်းမှာ “အပြစ် တရား၏ အခသည် သေခြင်း ဖြစ်သည်” (ရော ၆:၂၃)။ ထိုသို့ အပြစ် အတွက် တရားစီရင်ခြင်း ခံရပါက သေခြင်း တည်းဟူသော ငရဲကျဘို့ သာလျှင် ရှိသည်။ ထို့ကြောင့် ဘုရားသခင်က သားတော် ယေရှုကို လူသား အားလုံး ကိုယ်စားအသေခံ စေခြင်းအားဖြင့် အပြစ် တရား၏ သေခြင်းမှ ကယ်တင်ခဲ့ပြီ။ ထို့ကြောင့် သခင်ယေရှု ကိုယ်တိုင်က၊ “သားတော်ကို ယုံကြည်သောသူသည် အပြစ် စီရင်ခြင်းကို မခံရ၊ ” (ယော ၃:၁၈) ဟုဆိုခြင်း ဖြစ်သည်။ ခရစ် တော်သည် ယုံကြည်သူများအတွက်သာမက တလောက လုံးရှိ လူသား တိုင်း အတွက်အသေခံခဲ့ပြီ(၁ ယော ၂:၂)။ သို့သော် လူတိုင်း ကောင်းကင်နိင်ငံသို့ ရောက် ကြမည် မဟုတ်။ အကြောင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း၊ သားတော် ယေရှု၏ ကိုယ်စားခံအသေခံခြင်းကို မယုံကြည် သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် မယုံကြည် ကြသနည်းဟူမူကား မသိသောကြောင့်သော်၎င်း၊ စိတ်နှလုံးခိုင်မာ သောကြောင့်သော်၎င်း ဖြစ်သည်။ ထို့ကြောင့် လုံးဝ မလိုလားဘဲ ငရဲသို့နေ့ တိုင်း သွားနေရ ကြသည်။ နောက်ထပ်လည်း လူအများစုသည် ငရဲသို့ သွားရကြ ဦးမည်။ 

ထာဝရ အသက်ကို ဘုရားသခင်က လူတိုင်း ထံအခမဲ့ပေးနေသည်။ ထာ ဝရအသက် ဆိုသည်မှာ ဘုရားသခင်၏ အသက်ဖြစ်သည်။ ငရဲထဲမှာလည်း ထာ ဝရအသက်ရှင်မည် ဖြစ်သည်။ သို့သော် ငရဲ၌ အသက်ရှင်ခြင်းကို ထာဝရ အသက်ဟု မဆိုချေ။ အကြောင်းမူကား ထာဝရဘုရားနှင့်အတူ မနေသောကြောင့် ဖြစ်သည်။ ထာဝရ အသက် ရခြင်းသည် ကောင်းကင်နိင်ငံဝင်စားခြင်းကို ဆိုလိုသည်။ ထိုအသက်သည် ငွေနှင့် ဝယ်၍ မရပါ။ အကျင့်ကောင်းခြင်း၊ ပညတ်တော် လိုက် လျှောက်ခြင်း၊ အလှူပေးခြင်း၊ ကုသိုလ်ကောင်းမှု လုပ်ခြင်းဖြင့် မရနိင်ပါ။ ထာဝရ အသက် ရရှိခြင်းသည် တန်ဘိုး ဖြတ်၍ မရနိင်အောင် တန်ဘိုး ကြီးသည်။ ဒုက္ခများလှသော ကိုယ်ခန္ဓာအသက် ပင်လျှင် အလွန် တန်ဘိုး ထားကြသည် မဟုတ်လော။ မည်မျှပင်ခက်ခဲပါစေ၊ သေချင်သောသူရှားသည်။ သေချင်သည့်တိုင်အောင် သေရဲသောသူ အလွန်နည်းသည်။ ထိုထက် ဒုက္ခ ဆင်းရဲခြင်း မရှိတော့သော အိုခြင်း နာခြင်း ကင်း၍ ပြသနာ မရှိသော ထာဝရ အသက်ကို အလွန် လိုချင် သင့်သည်။ မသိသောကြောင့် အလိုချင် ကြ။ သိသွားလျှင် ဧကန်အမှန်လိုချင် ကြ မှာသေချာသည်။ 

ထာဝရ အသက်ကို ဘုရားသခင်က အခမဲ့ပေးကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “အပြစ်၏ အခကား သေခြင်း ပေးတည်း။ ဘုရားသခင် ပေးသနားတော်မူ သာလက်ဆောင်မူကား ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက် ပေတည်း၊ ” ဟုဆိုထားသည် (ရော ၆:၂၃)။ တဖန်၊ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသောသူသည် အသက်ကို ရ၍ သားတော်ကို မရသောသူမူကား အသက်ကို မရ။” ဟုဆိုသည် (၁ ယော ၅:၁၁-၁၂)။ အထက်ပါ ကျမ်းပိုဒ်များ အရထာဝရ အသက်သည် ထာဝရဘုရားက လူသားများကို အခ မဲ့ပေးထားသည်။ ထိုအသက်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံဘို့ သာလျှင် ရှိသည်။ ထိုအသက်သည် အခြားသော နေရာ၌ မရှိ။ သားတော် ယေရှုခရစ်၌ သာလျှင် ရှိသည်။ သားတော်ကို ရလျှင် အသက်ကို ရမည်။ ထိုကြောင့် သားတော်ကို မိမိစိတ်နှလုံးတံခါးဖွင့်၍ ခေါ်ဘိတ် လက်ခံရမည်။ သားတော်ကို ဤသို့ ဆုတောင်းခြင်းဖြင့် လက်ခံနိင်သည်။ ‘သားတော် ယေရှု ဘုရား၊ ကိုယ်တော်၌ အသက် ရှိကြောင်း ယုံကြည် ပါ၏။ ထိုအသက်ကို ​ကျွန်ပ်အား အခမဲ့ပေးကြောင်း ယုံကြည် ပါ၏။ ​ကျွန်ပ်၏ စိတ်နှလုံးတံခါးဖွင့်ပေးပါပြီ၊ ဝင်တော်မူပါ။ ​ကျွန်ပ်၏ အထဲ၌ ကျိန်းဝပ်တော်မူပါ။ အာမင်˜။ ထိုသို့ ယုံကြည်ခြင်းနှင့် ဆုတောင်းလျှင် သခင်ယေရှု ဘုရားသည် ဝင်လာ၍ ထာဝရ အသက်လည်းရရှိမည် ဖြစ်သည်။ သင်သည် မည်သည့်အချိန်၌ ကိုယ်ခန္ဓာအသက် ကုန်ဆုံးမှာ မသိသောကြောင့် ယခု ပင် ဆုတောင်းခြင်းဖြင့် လက်ခံပါ။ သခင်ယေရှုခရစ်သည် ဝင်တော်မူခြင်းအားဖြင့် ထာဝရ အသက်လည်းရရှိမည် ဖြစ်သည်။ သခင်ဘုရား ဖေါ်ပြတော်မူပါစေသော်။ 
 
 
ခရစ်ယာန် အသက်တာ
အဘယ်ကြောင့် ယုံကြည်သူများဘုရားသခင် အတွက် မဆက်ကပ်နိင် ကြသနည်း။ မူစလင်များသည် သူတို့၏ ဘုရား အလ္လာအတွက် အသက်ရှင်ရဲကြသည်၊ အသေလည်း ခံရဲ ကြသည်။ ထိုအချိန်တွင် ခရစ်ယာန်များ၊ အထူးသဖြင့် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား သိသည်ဟု ခံယူထားသောသူများသည် အဘယ်ကြောင့် ကယ်တင်ရှင် ဘုရားသခင် အတွက် အသက်လည်း မရှင်ချင်၊ အသေလည်း မခံရဲကြသနည်း။ ဘုရားသခင် အတွက် အလွယ်ဆုံးနှင့် ဘာမျှအကုန် အကျမရှိသော အချိန်ကို ပင်မပေးနိင်ကြ။ ဘုရားရှိခိုးဘို့၊ ဘုရားနှင့် ပတ်သက်သော အစည်းအဝေး ပြုလုပ် လာလျှင် နာရီ ဝက်မှတစ်နာရီ နောက်ကျတတ်သည်။ အလုပ်လုပ်ဘို့ရန် နေ့တိုင်း အနည်းဆုံးငါးမိနစ်စော၍ လာနိင်သော်လည်း ဘုရား အတွက်ဆိုလျှင် ထိုသို့ နောက်ကျခြင်းသည် ဘုရားသခင်ကို လုံးဝ ဂရုမစိုက်ခြင်း၊ မလေး စားခြင်း၊ ကျေးဇူးမတင်ခြင်း၊ အား မနာခြင်း၊ တန်ဘိုး မထားခြင်း၊ မကြောက်ခြင်းတို့ ကြောင့် ဖြစ်သည်။ 

ထိုသို့အချိန် မှီမရောက်နိင်သည်သာမက၊ ဘုရားဝတ်ပြုကိုးကွယ်လျှင်လည်းရိုသေခြင်း၊ လေးစားခြင်း၊ ကြည်ညိုခြင်း၊ ကိုးကွယ်ခြင်း မရှိကြ။ ဘုရားဝတ်ပြုကိုးကွယ်နေချိန်တွင် ခဏခဏထ၍ ထွက်လိုက်ဝင်လိုက်လုပ်ခြင်း၊ ပီကေများဝါးနေခြင်း၊ စားသောက်စရာများပါလာ၍ စားသောက်နေခြင်း အချင်းချင်း တီးတိုး စကား ပြောခြင်း၊ ခလေး များကိုသာ ဂရုစိုက်၍ ဘုရားသခင်ကို ဂရုမ စိုက်ခြင်း၊ စိတ်ကူးယဉ်အတွေးဝင်နေခြင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းဟု မဆိုနိင်ချေ။ ထိုအရာများ ပြုလုပ် နေခြင်းသည် ပျော်ပွဲရွှင်ပွဲ၌ ပါဝင်ခြင်း ကဲ့သို့ဖြစ်သည်။ ရီစရာ ပြောမှသာ အာရုံစိုက်၍ သီချင်းဆိုမှသာ ဂရုစိုက်တတ်ကြသည်။ ထိုကြောင့် တရားဟောဆရာကဘာဟောသွားမှန်းလည်း မသိ၊ ကျေ ညာသွားသောအရာလည်း မသိ၊ ဘုရားကျောင်းသွားသော်လည်း အကျိုးမရှိ။ အိမ်ပြန်သောအခါ ဘာမျှပြောစရာ မရှိ။ ဘုရားရှိခိုးခြင်း၏ အကျိုးများ မခံ စားရချေ။ 

ဣသရေလ လူများလည်း ယနေ့ ခရစ်ယာန်များကဲ့သို့ ဘုရားကိုးကွယ် တတ်ကြကြောင်း ကျမ်းစာထဲ၌ ဤသို့ တွေ့ရသည်၊ “ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ် နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃)။ အထက်ပါ ကျမ်းပိုဒ်ကိုကိုးကား၍ ခရစ်တော်က ဤသို့ ဆိုသည်၊ “လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက် ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ၊ ဟုပြန်၍မိန့်တော်မူ၏။” (မ ၁၅:ရ- ၉)။ သူတို့သည် ဘုရားသခင်ကို နှုတ်အားဖြင့် ချဉ်း ကပ်၍ နှုတ်အားဖြင့်သာ ရိုသေ ကြသည်။ စိတ်နှလုံးမူကား ဘုရားသခင်နှင့် ဝေးလှသည်။ ထိုကြောင့် ဘုရားသခင်က အချည်းနှီးကိုးကွယ်သည် ဟုဆိုသည်။ ယနေ့ ခရစ်ယာန် များလည်း အချည်းနှီးကိုးကွယ် နေကြပါသလား။ ပြန်လည်စဉ်းစားဘို့ လိုသည်။ အချည်းကိုးကွယ်လျှင် ဘာမျှ အကျိုးမရှိ။ 

လူသည် မိမိအရင် ဖြစ်သော လူများ၏ ကျဆုံးခြင်းနှင့် အောင်မြင်ခြင်းကို ကြည့်၍ သင်ခန်းစာယူလျှင် အမှားအယွင်းမရှိအောင်မြင် နိင်သည်။ သို့သော် သူတပါး၏ လုပ်ဆောင်ချက်ကို မသိသောကြောင့် မိမိစိတ်ထင်တိုင်း လုပ်သောသူသည် ဆုံးရှုံးဘို့ သာလျှင် ရှိသည်။ ခရစ်ယာန် များသည် ဣသရေလ လူမျိုး များ၏ မှားယွင်းခြင်းကို မသိသောကြောင့် သူတို့ ကဲ့သို့ပင် ဘုရားသခင်ကို နှုတ်အားဖြင့်ကိုးကွယ်၍ စိတ်နှလုံးမူကား ဘုရားသခင်နှင့် ဝေးလှသည်။ ထို့ထက် မက ထိုသို့ဖြစ်ခြင်း ကိုလည်း မသိ။ ထို့ကြောင့် ဘုရားသခင်က လက်မခံနိင်ကြောင်း ကိုလည်း နားမလည် ကြ။ အလွန် ဝမ်းနည်းစရာပင် ဖြစ်သည်။ 

အဘယ်ကြောင့်ထာဝရဘုရားကိုအား မကိုး သနည်းဟူမူကား၊ ထာဝရဘုရားသည် အရာခပ်သိမ်းကို တတ်စွမ်းနိင်သည်ဟု မသိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆုမတောင်းသနည်း။ ထာဝရဘုရားသည် အရာခပ်သိမ်းကို ပေးနိင်သည်ကို မသိသောကြောင့် ဖြစ်သည်။ သို့မဟုတ် ထာဝရဘုရားနှင့် မရင်းနှီး သောကြောင့် ဖြစ်သည်။ ကိုယ်နှင့် မရင်းနှီးသောသူထံမှ ဘယ်အ ရာကိုမျှ မတောင်းရဲ၊ မမျှော်ရဲချေ။ သူ၌ မရှိသောကြောင့် မပေးနိင်သောကြောင့် မဟုတ်၊ မရင်းနှီး သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မချစ်ကြသနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစား တတ်သောကြောင့် ဖြစ်သည်။ ထိုမျှသာမက သူတားမြစ်ထားသော စာတန် ပိုင် ဤလောကကို အလွန် ချစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် ဤလော ကကို ပြိုင်တူချစ်၍ မရချေ။ ကျမ်းစာက၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ ကို၎င်းမချစ်ကြနှင့်။ လောကကို ချစ်သောသူသည် ဘုရားသခင်ကို ချစ်ခြင်းမေတ္တာမရှိ။” ဟုဆိုထားသည် (၁ ယော ၂:၁၅)။ ဘုရားကိုလည်း ချစ်၊ လောက ကိုလည်း ချစ်ခြင်းသည် မဖြစ်နိင်ချေ။ ဤလောကသည် ဘုရားသခင် ချစ်မည့် အရာကို တားဆီး၍ ဘုရားသခင်သည် ဤလောက ချစ်မည့် အရာကို ဆီးတားသည်။ အဘယ်ကြောင့် ဘုရားသခင်က ယုံကြည်သူများ ဤလောကကို မချစ်စေချင် သနည်းဟူမူကား ဤလောကသည် သူ၏ ရန်သူ စာတန် ကပိုင်သည်။ ဤလောကကို ချစ်လျှင် စာတန်ကို ချစ်ခြင်း ဖြစ်သည်။ ထို့အပြင် ဤလောကသည် မတည်မြဲချေ။ မတည်မြဲသောအရာကို ချစ်ခြင်းသည် အချည်း နှီး ဖြစ်သည်။ 

ထာဝရဘုရားသခင်က၊ “သခင်၏ ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့ဥာဏ်စွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။” ဟုဆိုထားသည် (တရာဟော ၆:၅၊ မဿဲ ၂၂:၃ရ၊ မာကု ၁၂:၃၀)။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်း မဲ့ဥာဏ်စွမ်းသတ္တိရှိသမျှနှင့် ချစ်လျှင် သူ့ကိုယ်အမှန်တကယ်ကိုးကွယ်နိင်ပေမည်။ သူ့အလိုတော်ကို ဆောင်ဘို့ရန် လုံးဝ အခက်အခဲရှိမည် မဟုတ်။ ကိုယ်ချစ်သူအတွက်အချိန် ပေးနိင်သည်၊ ဘဏ္ဍာနှင့် စွမ်းအား သုံးနိင်သည်။ ကိုယ်ချစ်သူအတွက် ထိုအရာများ အသုံးမပြုမှာကို စိုးရိမ် တတ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဘုရားသခင် အတွက် အချိန်၊ ဘဏ္ဍာနှင့် စွမ်းအား အသုံးမပြုနိင် သနည်းဟူသော မေးခွန်းသည် ရှင်းသွားပြီ ဖြစ်သည်။ ဘုရားသခင်ကို မချစ်သောကြောင့် ဖြစ်သည်။ 

သို့ဖြစ်လျှင် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်နိင််မည်နည်း။ ချစ်ခြင်းမေတ္တာသည် ကြာကြာပေါင်းသင်းမှတဖြည်းဖြည်း ဖြစ်လာတတ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် မိဿဟာယများများဖွဲ့ရမည်။ မည်ကဲ့သို့ မိဿဟာယဖွဲ့ရမည် နည်း။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရား ချစ်သောသူများနှင့် ပေါင်း သင်းခြင်းအားဖြင့် ဖြစ်နိင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်း၊ ကျေးဇူးတော်ကို ရေတွက်ခြင်း၊အားဖြင့် ဘုရားသခင်နှင့် ရင်းနှီးနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အုပ်စိုးခြင်းကို ဝန်ခံခြင်းအားဖြင့် ဘုရားသခင်နှင့် ရင်းနှီးမည်။ ထိုသို့ ရင်းနှီး မှသူ့အတွက် ဆက်ကပ်နိင်ပေမည်။ ဘုရားသခင်ကို ချစ်ခင် ရင်းနှီးသောသူအတွက် ဆက်ကပ်ခြင်းသည် ပင်ပန်းခြင်း မရှိ။ ပေါ့ပါး၍ ပျော်ရွှင်ငြိမ်သက်သည်။ စာရှုသူအယောက်တိုင်း ဘုရားသခင် အတွက် ဆက် ကပ်နိင်သောသူ ဖြစ်နိင်ကြပါစေ။ 
 

ကောလောသဲကျမ်းစာ အနက်ဖွင့်ခြင်း 
ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ကောလောသဲမြို့၌ နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တာ်ကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက် ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ (ကောလောသဲ ၁:၁-၂)                                ရှင်ပေါလုနှင့် တိမောသေတို့ ကကောလောသဲမြို့၌ ရှိသော သန့်ရှင်းသူ တည်းဟူသော ခရစ်တော်ကို ယုံကြည်သော သူတို့ကို စာရေးခြင်း ဖြစ်သည်။ ရှင်ပေါလုသည် သူ၏ ဝိညာဉ် သားသမီး များထံစာရေးတတ်သည်။ ယနေ့ တရားဟော ဆရာများသည် မိမိတို့ ဝိညာဉ် သားသမီး များထံစားရေးကြပါသလား။ ပေါလုတို့ ခေတ်၌ စာရေးခြင်းသည် ယခုခေတ် ကဲ့သို့ လွယ်ကူမည် မဟုတ်ပါ။ သို့သော် ယ နေ့ ယုံကြည်သူများဖတ်၍ မကုန်နိင်အောင် ပေါလုသည် စာရေးနိင်ခြင်းသည် အံ့ဩဘွယ်ရာ ဖြစ်သည်။ မိတ်ဆွေ စာရေးဘူးပါသလား။ ရှင်ပေါလုသည် ယခု ခေတ်ကဲ့သို့ ကွန်ပြူတာသာရှိပါက သူ၏ စာသည် ဖတ်၍ မကုန်နိင်အောင်များပါ လိမ့်မည်။ 

သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ် ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊ သမ္မာတရား တည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်ကကြားသိကြသည့်အတိုင်း၊ သင်တို့ အဘို့ ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့ အဘို့ အစဉ်မပြတ် ဆုတောင်း၍၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ (ကော ၁:၃-၅)                                                                                                               ရှင်ပေါလုသည် ကောလောသဲမြို့ရှိ ယုံကြည်သူများအတွက် ဆုတောင်း ပေးသည်။ အကြောင်းမူကား ကောလောသဲ ယုံကြည်သူများသည် ယေရှုခရစ် တော်ကို ယုံကြည်၍ သန့်ရှင်း သူများ တည်းဟူသော ယုံကြည်သူများကို ချစ်သောကြောင့်၎င်း၊ သူတို့အတွက် ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကြောင့်၎င်း၊ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းသည် ဟုဆိုသည်။ 

ထိုတရားသည် လောကီနိုင်ငံ တရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ ရှိရာသို့ရောက်ခဲ့ပြီ။ သင်တို့၌အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။ (ကော ၁:၆) သမ္မာတရား တည်းဟူသော ဧဝံဂေလိတရားသည် ရောက်လေရာရာ၌ အသီးသီး၍ တိုးပွားခြင်းကို ဖြစ်စေနိင်သည်။ အသီးသီးသည် ဟုဆိုခြင်းသည် လူများ ကယ်တင်ခြင်းသို့ ရောက်ခြင်း၊ ဝိညာဉ်ရေးရာ၌ မျက်စိမြင်၍ ဘုရား အလိုတော်အတိုင်း ခရစ်ယာန် အသက်တာအားဖြင့် အသက်ရှင်ခြင်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။ ဧဝံဂလိတရား၏ အဓိကလုပ်ဆောင်ချက် များသည် ထိုအရာများ ဖြစ်သည်။ လောကီထုံးစံမှ ဘုရားသခင်၏ အလိုတော်သို့ လိုက်ခြင်း ဖြစ်သည်။ ဧဝံဂေလိ ရောက်သော နေရာတိုင်း၌ ထိုသို့သော အသီးများကိုယနေ့ တိုင်သီးနေသည်။ အဓိကအချက်သည် နေရာတိုင်း၌ ဧဝံဂေလိတရားရောက်ဘို့ ဖြစ်သည်။ ထို့ကြောင့် နေရာတိုင်း၌ ဧဝံဂေလိတရားစစ်ရောက်ဘို့ရန် ဆုတောင်းခြင်း၊ ပေးကမ်းခြင်း၊ မစခြင်းများပြုလုပ် ကြပါစို့။ 

သင်တို့ အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာ တည်းဟူသော ငါတို့ ချစ်သော ​ကျွန်ချင်းဧပဖြသည် သင်တို့ကို သွန်သင်သည် အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံသော နေ့မှစ၍ ထိုသို့သော အကျိုးရှိ၏။ သင်တို့၌ ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အား ပြခဲ့ပြီ။ (ကော ၁:ရ- ၈)                                                                                    ကောလောသဲ ယုံကြည်သူများသည် ရှင် ပေါလု၏ တရားဟောချက်အားဖြင့် မဟုတ်ဘဲ ဧပဖြ၏ ဟောပြောခြင်းအား ဖြင်ယုံကြည်ကြခြင်း ဖြစ်သည်။ ရှင်ပေါလုသည် ဧဖက်မြို့၌ သုံးနှစ် တရားဟော ရာမှဧပဖြလည်း ထိုတရားအားဖြင့် ပြောင်းလဲ၍ ယုံကြည် လာကာကောလော သဲမြို့၌ ထိုတရားကို သက်သေခံခြင်း ဖြစ်မည်။ ယနေ့ ယုံကြည်သူ တိုင်းလည်း ဧပဖြနည်းတူ ဝိညာဉ် သားသမီး များရှိရန် ကယ်တင်ခြင်း တရားကို မိမိတို့ ရှိသော နေရာ၌ ဟောပြော သက်သေခံရမည်။ ကောလောသဲ ယုံကြည်သူများက ရှင်ပေါလုမှစ၍ သန့်ရှင်း သူများကို ဝိညာဉ်ပကတိအားဖြင့် ချစ်ခြင်းကို ဧပဖြအားဖြင့် သိရသည်။ ဝိညာဉ်ပကတိ၏ အကျိုး သို့မဟုတ် အသီးသည် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ​ကျွန်ပ်တို့လည်း ဝိညာဉ်တော် ကအုပ်စိုးလျှင် ချစ်ခြင်းမေတ္တာပွါးများမည် ဖြစ်သည်။ 

ထိုကြောင့်၊ ငါတို့သည် ကြားရသည် နေ့မှစ၍ သင်တို့ အဘို့ အလိုငှါ အစဉ်မပြတ် ဆုတောင်း ပဌနာပြုလျက်နေကြ၏။ ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုး တည်းဟူသော အသီးကို သီးခြင်း၊ ဘုရားသခင်ကို သိသော ဥာဏ်တိုးပွားခြင်းရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော် အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီး မွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူ စေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။ (ကော ၁:၉-၁၀) ပေါလုသည် ကောလောသဲ ယုံကြည်သူများအတွက် အစဉ်မပြတ် ဆုတောင်း သကဲ့သို့ ​ကျွန်ပ်တို့လည်း ယုံကြည်သူများအတွက် အစဉ်မပြတ် ဆုတောင်း သင့်သည်။ သူ ဆုတောင်း ပေးသော အချက်များ မှာကောင်းသော အကျင့် အမျိုးမျိုး သီးဘို့၏ ဘုရားသခင်ကို သိသော ဥာဏ်တိုပွါးဘို့ မှစ၍ ဝမ်းမြောက်သော စိတ် နှင့်သည်း ခံနိင်ဘို့၊ ဘုရားအား ခြင့်ခွန်အား ပြည့်၍ ကျေးဇူးတော် ချီးမွမ်းတတ်ဘို့၊ ဘုရား အလိုတော်အတိုင်း အသက်ရှင်တတ်ဘို့၊ ဝိညာဉ်ရေးရာများ နားလည်ဘို့တို့ ဖြစ်သည်။ ​ကျွန်ပ်တို့၌ ထိုသို့ သူတပါး၏ ဝိညာဉ် ရေးအတွက် ဆုတောင်း ပေးသင့်သည်။ ဇာတိ ကိုယ်ခန္ဓာအပိုင်းအတွက် သာမတောင်းသင့်ချေ။ ဝိညာဉ်ပိုင်းကျန်း မာခိုင်ခန့်မှ ကိုယ်ခန္ဓာပိုင်းစိတ်ပိုင်းလည်း ခိုင်ခန့်မည် ဖြစ်သည်။ ဝိညာဉ်က ဦးဆောင်၍ စိတ်နှင့် ခန္ဓာကလိုက်သင့်သည်။ ယခုမူကား ကိုယ်ခနဝာက ဦးဆောင်၍ စိတ်က လိုက်ကာ ဝိညာဉ်သည် နောက်ဆုံးမှ ဖြစ်နေသည်။ 

အလင်း၌ နေသော သန့်ရှင်း သူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စား ထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။ (ကော ၁:၁၂)           အလင်း၌ရှိသော သန့်ရှင်းသူတို့၏ အမွေသည် ဝိညာဉ်ရေးရာကို ဆိုလိုသည်။ ထိုအရာများကို ကယ်တင်ခြင်းသို့ ရောက်သောသူတိုင်း အမွေအဖြစ် ခံစားဘို့ ဘုရားသခင်က ကျေးဇူးပြုခဲ့ပြီ။ သို့သော် ထိုအရာများကို အလေးမထားသောကြောင့် လောကီသားများနည်း တူလောကအရာနှင့် ကိုယ်ကာယအရာများကိုသာ ယုံကြည်သူများလည်း တန်ဘိုးထားတတ်ကြသည်။ 

မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကို နှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ (ကော ၁:၁၃)                                            လူတိုင်း မှောင်မိုက်တန်ခိုး တည်းဟူသော စာတန် သားသမီး၊ ဘုရားရန်သူအဖြစ် မွေးဘွား ကြသည်။ ဘုရားသခင်သည် အလင်း ဖြစ်သောကြောင့် (၁ ယော ၁:၅) ဘုရား မရှိသော နေရာသည် မှောင်မိုက်သည်။ လူသည် ထိုမှောင်မိုက်တန်အောက်မှမထွက်တတ်၊ မရုန်းကန် နိင်။ သို့သော် ဘုရားသခင်က ထိုမှောင်မိုက်တန်ခိုးအောက်မှငါတို့ကို နှုတ်၍ သူချစ်သော သားတော်၏ နိင်ငံထဲသို့ သွင်းထားပြီ။ 

ထိုသားတော်၏ အသွေးအားဖြင့် အပြစ် လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။ (ကော ၁:၁၄)                                                                                                                                                                                    လူတိုင်းအပြစ်သားအဖြစ် မွေးဘွားကြီးပြင်းလာကြသည်။ ထိုအပြစ်ရှိနေလျှင် သန့်ရှင်းတော်မူသော ဘုရားသခင်နှင့် ပေါင်းဖေါ်၍မရ။ ထို့ကြောင့် သားတော်၏အသွေးတော်အားဖြင့် ငါတို့၏အပြစ်ကိုလွှတ်၍ အခမဲ့ရွေးနှုတ်ခြင်းခံစားရပြီ။ ဤအရာများကို သိသောအခါ ထိုသို့ ပြုတော်မူသော ဘုရားသခင်၏ အလိုတော်ကို လိုက်ချင်လာသည်၊ ကျေးဇူးတင်တော် ချီးမွမ်းချင်လာသည်။ 
 
အရှေ့အလယ်ပိုင်းသတင်း 
                     အရှေ့အလယ်ပိုင်းအဖြစ် အပျက်များသည် သိဘို့ရန် အလွန်လိုအပ်သည်။ အကြောင်းမှာ ထိုနေရာသည် ကမ္ဘာပြက္ခဒိန် ဖြစ်သည်။ ကမ္ဘာကြီးသည် မည်မျှအချိန် ရှိသေးကြောင်း၊ ယုံကြည်သူများမည်သည့်အချိန် အထိ လောက၌ နေ၍ ဘေးဒဏ်ကြီး ကာလနှင့် မည်မျှနီးကြောင်းများကို အရှေ့အလယ်ပိုင်းနိင်ငံ များ၏ အ​ခြေအနေက ဖေါ်ပြနေသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် တ ဖက်၌ ကျမ်းစာကို လေ့လာဖတ်ရှု၍ တဖက်၌ အရှေ့အလယ်ပိုင်းသတင်းကို နားစွန့်နေဘို့ လိုသည်။ 

ကျမ်းစာ၌ ကြိုတင် ရေးထားသည့်အတိုင်း အရှေ့အလယ်ပိုင်းနိင်ငံများသည် ယနေ့ ပြောင်းလဲနေသည်။ ယခုအခါ အီရန်အနုမြူဗုံး ပြုလုပ်မည့် ကိစ္စမက အီရန်၏ တပည့် ဖြစ်သော ဆီရီးယားနိင်ငံအ​ခြေအနေသည် ပြောင်းလဲနေသည်။ သမ္မတအာဆတ်သည် သူ့ကို ဖြုတ်ချဘို့ရန် ဆန္ဒပြနေသော နိင်ငံသားများကို သတ် နေသည်။ ထို့ကြောင့် အာရပ်နိင်ငံများနှင့် အနောက်အုပ်စုထိုနိင်ငံ၌ စစ်ရေးအရ ဝင်စွက်ဘို့ စဉ်းစားနေသည်။ သို့သော ဆီးရီးယားနိင်ငံကို ရုရှားကကူညီမစနေသောကြောင့် အနောက်အုပ်စုများ၌ အခက်တွေ့နေရသည်။ ရုရှားသည် သူ၏ လေယဉ်တင်သင်္ဘောကြီးကို ဆီရီးယားကမ်းလွန်၌ချထားသည်။ ထိုမျှမက အမေရိကန်နှင့် အစ္စရေးနိင်ငံကအီရန်နိင်ငံကို လျပ်တပျက်တိုက်ခိုက်ပါက ကြိုတင် သတင်း ပေးနိင်ရန်ဆီးရီးယားနိင်ငံ၌ ထောက်လှန်းရေးစက်စခန်းကို ဆောက်ထားသည်။ အကယ်၍ အမေရိကန်နှင့် အစ္စရေးနိင်ငံကအီရန်ကို တိုက်ခိုက်ပါက ထိုအရာကို ရုရှားကအီရန်ကို အကြောင်း ကြားခြင်းအားဖြင့် ကြိုတင် ပြင်ဆင်နိုင်မည်ဖြစ်သည်။ 

အီရန်နိင်ငံနှင့် ပတ်သက်၍ သူတို့၏ အနုမြူစက်ရုံများကို မြေအောက်၌ ပြောင်းရွှေ့ထား ကြသည်။ အမေရိကန်နှင့် အစ္စရေးနိင်ငံကတိုက်ခိုက်ပါက တရုတ် နိင်ငံနှင့် ရုရှားနိင်ငံကအီရန်ကို ကူညီမည် ဖြစ်ကြောင်း ကျေညာထားသည်။ အီရန် နိင်ငံသည် ယခုနှစ်ဧပြီလလောက်တွင် အနုမြူဗုံးလေးလုံးခန့် ပြုလုပ် နိင်တော့ မည်ဟု သိရသည်။ 

 

ဧဝံဂေလိခရီးစဉ်
 ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖေဖဝါရီလ ၂၄ ရက်နေ့တွင်၍ Indianapolis GBC အသင်းတော်သို့ ကျနော်တို့ လင်မယားသည် လာရောက် အားပေးရသော အခွင့်ကိုရရှိကြသည်။ ရှေးကတမန်တော်ရှင်ပေါလုနှင့် ယုံကြည်သူများကဲ့သို့ ကျနော်တို့လည်း ခံစားရသည်။ သူတို့နှင့်နှစ်လခန့် ခွဲခွာသောအခါ ကျနော်တို့ကို အလွန်သတိရတမ်းတနေကြသည်။ သူတို့ကို ကျမ်းစာဖတ်ဘို့နှင့် ဆုတောင်းဘို့ လိုအပ်ကြောင်းများသင်ပေးခဲ့သည်။ ယုံကြည်သူများသည် ဝိညာဉ်ရေးရာ၌ တိုးတက်လာ၍ အားရစရာကောင်းသည်။ နှုတ်ကပတ်တော်ကို ဆာငတ်၍ တန်ဘိုးထားကြသည်။ 

ဖေဖဝါရီလ ၂ရ ရက်နေ့နံနက် စောစော ၅ နာရီထ၍၍ Indianapolis မြို့မှ Chicago မြို့သို့၊ ထိုမှ၍ အိန္ဒိယ နိင်ငံ၏ မြို့တော် နုယူးဒေလီမြို့သို့ လေယဉ်ပျံတစ်ဆယ်လေးနာရီ ခွဲစီးပြီးမှရောက်သွား ကြသည်။ ကျနော့်အတွက် ဤခရီး စဉ်သည် ဒုတိယအကြိမ် ဖြစ်သော်လည်း ကျနော့ဇနီးအတွက် မူပဌမ အကြိမ် ဖြစ်သည်။ လေယဉ်ခရီးသည် နည်းသောကြောင့် ခုံလွတ်များ၍ အိပ်ဘို့ရန် အစဉ်ပြေသည်။ ထို့ကြောင့် ပင်ပန်းသင့်သလောက် မပင်ပန်းချေ။ နယူဒေလီမြို့၌ သတင်းကောင်း နှစ်ခြင်း အသင်းတော်၌ သင်တန်းများ ပြုလုပ် ရသည်။ နယူးဒေလီမြို့၌ မြန်မာပြည်သား ရဝ၀၀ ခန့်ရှိသည်ဟုသိရသည်။ နေ့ခင်း၌ ၁၁:၃၀မှ ၃းဝ၀ နာရီ တစ်ကြိမ်၊ ညပိုင်း ၈း၀၀ မှ ၉:၃၀ နာရီ တစ်ကြိမ်သင်တန်းပေးရသည်။ ချီဆောင်ခြင်း အလွန်နီးကြောင်း ကျမ်းစာထဲမှ၎င်း၊ ကမ္ဘာ့အဖြစ်အပျက်များမှ၎င်းရှင်းပြသောအခါ အလွန်စိတ်ဝင်စားကြသည်။ ဆရာမဟန္နလည်း ခလေးသူငယ်များကို သင်ကြားပေးသည်။ ကယ်တင်ခြင်း သင်ခန်းစာနှင့် ယဇ်ပူဇော်ခြင်းနှင့် ပညတ်တော်များစာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေကာ အရင်းဖြင့်ဖြန့်ဝေနိုင်သည်။ 
 
  
 
ခလေးများကဏ္ဍ
ရေး၊ ဆရာမဟန္နာ

မိဘများသည် ခလေးရရှိဘို့ရန် အလွန်လိုချင်တတ်ကြသည်။ ခလေး မရနိင်သောသူများ အနေဖြင့် ဘုရားသခင်ထံ ဆုတောင်း တတ်ကြသည်။ ခလေးရရှိသောအခါ၌လည်း အလွန် အားရဝမ်းမြောက်၍ ကိုယ်ခန္ဓာပိုင်းအတွက် တတ်နိင်သမျှ ကျွေးမွေးပြုစုတတ်ကြသည်။ လောကီပညာရေးအတွက်လည်း အလွန် အားပေးကာငွေကုန်ကျေးကျ များစွာဖြင့် ကျောင်းထားတတ်ကြသည်။ သားသမီး များကျောင်းတရက်မတက်နိင်လျှင် အလွန် စိတ်ပူပန်တတ်ကြသည်။ အကြောင်းမှာ ကိုယ့် သားသမီး သူများသားသမီး ကဲ့သို့ စာမတတ်လျှင် အောက်ကျနောက်ကျမှာကို စိုးရိမ် သောကြောင့် ဖြစ်သည်။ သားသမီး များဖျား နာလျှင်လည်း စိုးရိမ် ပူပန်ခြင်းနှင့် ငွေကုန်ကျေးကျခံကာဆေးခန်း၊ ဆေးရုံသို့ ပြတတ်ကြသည်။ သို့သော် သားသမီး များ၏ ဝိညာဉ်ရေးရာအတွက်မူ လုံးဝ ပူပန်ခြင်း မရှိတတ်ကြ။ သားသမီး များကယ်တင်ခြင်းသို့ မရောက်လျှင်လည်း ပြသနာ မရှိ။ လောကပိုင်းအောင်မြင်လျှင် ဝိညာဉ်ရေးရာ၌ မည်သို့ပင်ဖြစ်စေ ကျေနပ် အားရကြသည်။ သားသမီး များမပါဘဲ ကောင်းကင်သို့ ရောက်မှာကို မစဉ်းစားကြ။ သူတို့၏ ဝိညာဉ်ရေးရာအတွက် ပြင်ဆင်မှု မရှိကြချေ။ 

သားသမီး များကောင်းကင်သို့ မတက်လျှင် ဘေးဒဏ်ကြီး ကာလသို့ ရောက်သွားမှာကို စဉ်းစားဘူးပါသလား။ ထိုမျှသာမက သေး၊ ထာဝရ ကာလ ပတ်လုံးငရဲထဲမှာရောက်သွားမှာကို မသနားဘူးလား။ ကိုယ်ခန္ဓာပိုင်းနေမ ကောင်းလျှင် ပူပန်တတ်ကြသည်။ ကိုယ်ခန္ဓာသေလျှင် အလွန် ဝမ်းနည်းကျေကွဲ တတ်ကြသည်။ သို့သော် သူတို့၏ ဝိညာဉ် သေနေသော်လည်း ဂရုမစိုက်။ မိဘ ကိုယ်တိုင် ဝိညာဉ်ပိုင်းသေနေလျှင် ဘာမျှပြောစရာ မရှိပါ။ သို့သော် ကယ်တင်ခြင်းသို့ ရောက်သော မိဘများသားသမီး များအတွက် မပူပန်ခြင်းသည် အံ့ဩဘွယ်ကောင်းသည်။ ယခုမှစ၍ သားသမီး များ၏ ဝိညာဉ် ကယ်တင်ခြင်း အတွက် ပူပန်၍ သူတို့ ကယ်တင်ခြင်းသို့ ရောက်ဘို့ ကြိုးစား ပေးကြပါစို့။ 

မည်ကဲ့သို့ ပြုရမည်နည်း 

ပဌမ ဦးစွာ ဘုရားသခင်က သားသမီး များကယ်တင်ခြင်းသို့ ရောက်စေဘို့ ဆုတောင်း ပေးကြပါစို့။ သမန်ကာလ ျှံကာတာဝန် ကျေ မဟုတ်ဘဲ ပူပန်စိတ်၊ လို ချင်သော စိတ်ဖြင့် ဆုတောင်း ပေးပါ။ အမြဲတမ်း ဆုတောင်း ပေးပါ။ ဘုရားသခင်၏ လက်တော် လှုပ်ရှားသည် အထိ တောင်းပေးပါ။ ခါနန်အမျိုးသမီးကသူ့သမီးအထဲ မှနတ်ဆိုး နှင်ထုတ် ပေးဘို့ရန် ခရစ်တော်ထံတောင်းလျှောက်သောအခါ ချက်ချင်း မရပါ။ မရမချင်းတောင်းလှေျာက်သောကြောင့် နောက်ဆုံး၌ ရရှိ သကဲ့သို့ တောင်းရမည်။ ဒုတိယအချက်အနေဖြင့် သားသမီးများကို ကိုယ်တိုင် ကယ်တင်ခြင်း အကြောင်း သင်ပေးပါ။ မသင်ပေးတတ်လျှင်လည်း သင်ပေးတတ်ရန် ကြိုးစားပါ။ ကယ်တင်ခြင်း သင်ခန်းစာများကို ဖတ်ပါ။ တနင်္ဂနွေနေ့ဘုရားကျောင်း၌ ကျမ်းစာသင်ပေးသောအရာကိုသာ အားမကိုးပါနှင့်။ ကိုယ်တိုင် သင်ပေးတတ်ဘို့ ကြိုးစားပါ။ နားမထောင်ချင်လျှင်လည်း ဆုပေးဒဏ်ပေးစံနစ်များလည်း အသုံးပြုနိုင်သည်။ တတိယအချက်အနေဖြင့် ဘုရားကျောင်း၌ ခလေးကျမ်းစာသင်တန်းရှိလျှင် မပျက်မကွက်တက်စေပါ။ သင်တန်းတက်ဘို့ အားပေးပါ။ သင်တန်းတက်လျှင် ဆု ပေးပါ။ မိဿဟာယဖွဲ့သော နေရာများ၌ အမြဲခေါ်ပါ။ ကျမ်းပိုဒ်များကိုသားသမီး များနှင့်အတူ အလွတ်ကျက်ပါ။ သားသမီး များအတွက် အစဉ်ပြေပါက သင်ပေး မည့် ဆရာဆရာမများ ခေါ်ပေးပါ။ သားသမီး များအတွက် အကုန်အကျခံပါ။ သားသမီး များသည် သင်၏ ယေရုရှလင် ဖြစ်ကြောင်း သိပါ။ ယခုမှစ၍ ချက်ချင်း အစပြုပါ။ ဘုရားသခင်က မကြာမှီအသီးအပွင့်မြင်တွေ့ပါလိမ့်မည်။ 
 
 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG