GOODNEWS
  HOME  GOODNEWS  2023 AUG
 


ထာဝရအသက်


လူသည်ကိုယ်ခန္ဓာအသက်ကို အလွန်တန်ဘိုးထားသည်။ ကိုယ်ခန္ဓာအသက်ရှင်ရေးအတွက် အလုပ်လုပ် ကြသည်။ အပင်ပန်းအခက်အခဲ မျိုးစုံကျော်လွှားပြီး ဒုက္ခပြသနာများကို ရင်ဆိုင်ကြသည်။ ကိုယ်ခန္ဓာသေသွားမှာ စိုးရိမ်သောကြောင့် ငွေကုန်ကျေးကျများစွာခံ ရကြသည်။ ကိုယ်ခန္ဓာအသက်ရှင်ဘို့ ကူညီမစသောသူများကိုလည်း အလွန်ကျေးဇူးတင်ကြသည်။ သို့သော်၊ ကိုယ်ခန္ဓာကို မည်မျှပင်ဂရုစိုက် စောင့်ရှောက်ထိမ်းသိမ်းသော်လည်း၊ တနေ့သေသွားမည် ဟုလူတိုင်းသိသလို ရှိကြသော်လည်း၊ မသိသကဲ့သို့ ဖြစ်ကြသည်။ ထို့ကြောင့်ကိုယ်ခန္ဓာအ သက် အတွက်သာလျှင် ကြိုးစားအားထုတ်ကြသည်။ ကိုယ်ချစ်သူ၏ခန္ဓာကိုယ် သေလျှင် အလွန်နာကျင်စွာခံစား တတ်ကြသည်။ သို့သော်ကိုယ်ခန္ဓာထက် တန်ဘိုးနှိုင်း၍မရလောက်အောင် တန်ဘိုးမဖြတ်နိုင်သော ဝိညာဉ်အ သက်ကိုမူ လုံးဝဂရုမစိုက်ကြချေ။ ထိုအရာသည် မသိသောကြောင့်သာလျှင်ဖြစ်သည်။ ဝိညာဉ်အသက်ထာ၀ရ ရှင်ရေးသည် အလွန်အရေးကြီးသည်ဟု သိသကဲ့သို့ရှိသော်လည်း အမှန်တကယ်မသိသောကြောင့်၊ ဂရုစိုက်အ လေးမထားကြချေ။

ခရစ်တော်က၊ “လူသည်ဤစကြဝဠာကိုအကြွင်းမဲ့အစိုးရ ၍မိမိအသက်ဝိညာဉ်ရှုံးလျှင်အဘယ်ကျေးဇူးရှိ သနည်း။ မိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။”  (မဿဲ ၁၆း၂၆) ဟူသောစကားကို ခရစ်ယာန် တိုင်းကြားဘူးသော်လည်း၊ ဂရုမစိုက်ကြချေ။ အကြောင်းမှာ၊ အမှန်တကယ်မသိ၊ သိချင်ယောင်ဆောင်သော ကြောင့်ဖြစ်သည်။ သင်သည်ထိုသို့သောသူ ဖြစ်နေပါသလား။ ယခု၊ ထိုထာဝရအသက်ကို သေချာစွာစဉ်းစားစေ ချင်သည်။ အကြောင်းမှာ ကိုယ်ခန္ဓသေပြီးလျှင် သင်သည်ငရဲမီးအိုင်ထဲသို့ ဆင်းဘို့ဖြစ်နေသောကြောင့်ဖြစ်သည်။ ကိုယ်ခန္ဓာအသက်သည် ခဏသာဖြစ်ကြောင်းကျမ်းစာ၌ ဤကဲ့သို့တွေ့ရသည်၊ "တဖန်ထိုအသံက၊ ဟစ်ကြော် လော့ဟုဆိုလျှင် ငါက၊ အဘယ်အရာကိုဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည်မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ၇ ထာဝရဘုရား၏လေ တိုက်သောအခါ၊ မြက်ပင် သည်ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်သည်လည်းကြွေတတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ် ကြ၏။ ၈ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏နှုတ်က ပတ်တရားမှုကား၊ ကာလအစဉ်အမြဲတည်၏၊ ဟုဆိုသတည်း။" (ဟေရှာယ ၄၀း၆-၈)

ဘုရားသခင်က လူသည်မြက်ပင်ဖြစ်သည် ဟုဆိုသည်။ မြက်ပင်များသည် ထာ၀ရဘုရား၏လေ တိုက် သောအခါ ညှိုးနွမ်းသွေ့ခြောက်တတ်သည် ဟုဆိုသည်။ ဆိုလို သည်မှာ ထာ၀ရဘုရားက အခွင့်မပေး၊ သေစေ လျှင်သေသွားရသည်။ ထိုအရာကို တိုးတက်နေဆဲ အသက် ၅၀ အောက်လူများအနေဖြင့် လုံးဝနားမလည်နိုင်ချေ။ ခွန်အားရှိနေဆဲ၊ ဝင်ငွေကောင်းပြီး လိုတရနေဆဲ သူများအနေဖြင့်လုံးဝနားဝင်နိုင်မည်မဟုတ်ချေ။ အသက် ၆၀ ကျော်လာသောအခါ အနည်းငယ်ဂရုစိုက်လာကြလိမ့်မည်။ ကျန်းမာ ရေးမကောင်းသောသူများ၊ အလုပ်အကိုင်အ ဆင်မပြေသောသူများ၊ စိတ်ဓါတ်ကျနေသောသူများအနေဖြင့် လူ့အသက်သည် အလွန်ငြီးငွေ့စရာကောင်းပြီး အဓိပ္ပါယ်မရှိကြောင်း၊ မျှော်လင့်စရာမရှိကြောင်း သိရှိလာကြလိမ့်မည်။

ဘုရားသခင်က လူ၏ဘုန်းတည်းဟူသော အောင်မြင်ကျော်ကြားမှုများ၊ ချမ်းသာကြွယ်ဝခြင်းများ၊ လူ များအပေါ်အာဏာရှိခြင်းများ၊ ဘွဲ့ထူးဂုဏ်ထူးများလည်း ပန်းပွင့်နှင့်နှိုင်းထားပါသည်။ ပန်းပွင့်များသည် အပင် ထက်သက်တန်း ပို၍တိုတောင်းလွန်းသည်။ မည်မျှပင်လှပသော်လည်း ကြာရှည်မခံပါ။ မည်မျှပင်ကျော်ကြား သော်လည်း နောက်ဆုံး၌လူများက သတိမရတော့ပါ။ အာဏာမည်မျှပင်ကြီးသော်လည်း နောက် ဆုံး၌ကုန်ဆုံး သွားကြစမြဲဖြစ်သည်။ သို့သော်သံဝေဂတရားမရနိုင်ကြပါ။ သင်သည်ထိုသို့သောသူ ဖြစ်နေပါသလား။ ထိုသို့ မိုးမမြင်လေမမြင် ဘဝင်မြင့်နေပါက ကောင်းစွာပြန်လည်စဉ်းစားပါ။ သင်၏ဝါကြွားဝမ်းမြောက်ခြင်းသည် သက် ဆိုးရှည်မည်မဟုတ်ပါ။ မကြာခင် ပန်းပွင့်များ ကြွေလွင့်သွားသကဲ့သို့ သင်၏ဘုန်းများလည်း ပျောက်ပျက်သွားကြ ပါလိမ့်မည်။

လူသည်မည်သည့်အရွယ်အထိ အသက်ရှင်မည်ကို မည်သူကမျှမသိပါ။ မောရှေက၊ "အ​ကျွန်ုပ်တို့၏ အ သက် အရွယ်သည်အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွား ခြင်းသည်ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်းမြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည်စုတေ့ ကြပါ၏။" (ဆာလံ ၉၀း၁၀) ဟုရေးသားခဲ့သည်။ မောရှေက လူ့သက်တန်းသည် အနှစ်ခုနစ်ဆယ် ဟုရေးသော် လည်း၊ မည်သည့်အရွယ်မှာမဆို သေဆုံးသွားနိုင်သည်။ ထို့ကြောင့်အသက်ရှင်စဉ်တွင် အသက်တာကို အကျိုးရှိ စွာ အသုံးပြုသင့်သည်။

သို့ဖြစ်လျှင် မည်ကဲ့သို့အသက်ကိုအသုံးပြုရမည်နည်း။ ထိုအရာသိနိုင်ရန် အသက်ဖန်ဆင်းရှင်၏အကြံ ကိုသိဘို့လိုသည်။ ဖန်ဆင်းရှင်ဘုရားသခင်က၊ ကိုယ်ခန္ဓာအသက်မကုန်မှီ ထာဝရအသက်ကိုရရှိဘို့ အလိုရှိသည်။ ရှင်ပေါလုက၊ "လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလို တော်ရှိ၏။" (၁ တိ ၂း၄) ဟုရေးထားသည်။ ရှင်ယောဟန်ကလည်း၊ "သက်သေခံတော်မူချက်ဟူမူကား၊ ဘုရား သခင်သည်၊ ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ ၁၂ သား တော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။" (၁ ယော ၅း၁၁-၁၂) ဟုရေးထားသည်။ ဘုရားသခင်က၊ လူတိုင်းထံ ထာ၀ရအသက် ကိုအခမဲ့ ပေးထား သည်။ သို့ သော်၊ လူများက ထိုအသက်ကိုမလိုချင်ကြချေ။ အဘယ်ကြောင့်မလိုချင်ကြသနည်း။ မသိသောကြောင့်ဖြစ် သည်။ လူသည်ထာဝရအသက်မရရှိလျှင် ထာ၀ရအ သက်သေမှာဖြစ်သည်။ ထာဝရအသက်ရှင်ခြင်းသည် ကောင်းကင်နိုင်ငံသို့ဝင်စားခြင်းဖြစ်၍၊ ထာဝရအသက်သေခြင်းသည်၊ ငရဲမီးအိုင်ထဲသို့ဆင်းကာ၊ ထာဝရဒုက္ခခံ ခြင်းကိုဆိုလိုသည်။ အဘယ်ကြောင့် လူများငရဲမီးအိုင်၌ ဆင်းရမည့်အရာကို မကြောက်ကြသနည်းဟူမူကား လောလောဆယ်မခံစားသေးသောကြောင့်၊ မမြင်သေးသောကြောင့်ဖြစ်သည်။ သင်သည်ဘုရားပေးထားသော ထာဝရအသက်ကိုလိုချင်ပါသလော။ မီးငရဲအိုင်ထဲ၌ ထာဝရဒုက္ခခံချင်သလော။ သင်ရွေးချယ်မှုသည်အလွန်အ ရေးကြီးသည်။ ငရဲရောက်ပြီးလျှင် ပြန်လမ်းမရှိပါ။ ထို့ကြောင့်၊ သင့်ဝိညာဉ်ကိုယ်ခန္ဓာထဲမှမထွက်မှီတွင် ဘုရားပေးထားသော ထာဝရအသက်ကို ယူစေချင်သည်။

မောရှေကသူ့လူမျိုးများထံ၊ "အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကိုသင့်ရှေ့ ၌ ငါထားသည်ဟုသင့်တဘက်၌ ကောင်းကင်မြေကြီးကိုငါတိုင် တည်၏။ ၂၀ သို့ဖြစ်၍၊ သင်နှင့်သင့်အမျိုးအနွယ် သည်အသက်ရှင်မည်အကြောင်းနှင့် ၎င်း၊ သင်၏ဘုရား သခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင် သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကိုပေးတော်မှုသောကိုယ်တော်ကိုဆည်း ကပ်မှီဝဲ မည်အကြောင်းနှင့်၎င်း၊ ထာဝရဘုရားသည်သင်၏ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆိုတော်မှု သော ပြည်၌ နေမည်အကြောင်းနှင့်ယှဉ်သောအသက်တရားကိုရွေးယူလော့ဟုဣသရေလအမျိုးအားဟောပြော ၏။" (တရားဟော ၃၀း၁၉-၂၀) သင့်ကိုလည်း၊ သေခြင်းမရွေးဘဲ အသက်ရှင်ခြင်းနှင့်ကောင်းကြီးကိုရွေးစေချင် သည်။

 

အပြစ်မှလွှတ်ခြင်းခံရသူမင်္ဂလာရှိ 
ဆာလံ ၃၂း၁-၅


၁ အပြစ်မှလွှတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည်မင်္ဂလာရှိ၏၊၊

အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည်၊ မင်္ဂလာရှိသည်ဟုဆိုသည်။ ထို အရာသည်၊ ကိုယ်တိုင်အပြစ်ကျူးလွန်ပြီး၊ အမှုရင်ဆိုင်သောသူများက အပြည့်အဝအရသာခံစားနိုင်မှာဖြစ်သည်။ အပြစ်အတွက်၊ အမှုရင်ဆိုင်သောသူသည်၊ မည်ကဲ့သို့သောပြစ်ဒဏ်ကိုခံမည့်အကြောင်း၊ ကြိုတင်သိနေသောသူ လည်းရှိတတ်သကဲ့သို့၊ မသိနိုင်သောသူလည်းရှိကြသည်။ မည်သို့ပင်ဖြစ်စေ ပြစ်ဒဏ်မခံတော့ဘဲ၊ အပြစ်လွှတ် ခြင်းခံသောအခါ အလွန်ဝမ်းမြောက်မည်ကို လူတိုင်းသိနားလည်နိုင်ပါလိမ့်မည်။ 
၂ ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏၊၊

ထာဝရဘုရားသည်၊ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ တလောက လုံးလူသားတိုင်း၏ တရားသူကြီးဖြစ်သည်။ ကျမ်းစာက၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီးဖြစ်တော်မူ၏၊၊ (ဟေရှာယ ၃၃း၂၂) ဟုဆိုထားသည်။ လူတိုင်းတရားသူကြီးများကို ကြိုတင်မသိထားကြပါ။ အမှုရှိလျှင်ရဲများက တရားသူ ကြီးရှေ့ခေါ်၍ တရားစီရင်ခြင်းခံတတ်ကြသည်။ အမှုရှိသောသူအနေဖြင့် တရားသူကြီးကို၊ တရားသူကြီး အဖြစ်လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ သူ၏အမှုကိုစီရင်ခြင်းခံရမှာဖြစ်သည်။ ထို့ကြောင့်ထာ၀ရ ဘုရားကို တရားသူကြီးအဖြစ်သင်လက်မခံလျှင်လည်း၊ တနေ့ကျလျှင်လူတိုင်းတရားစီရင်မည့်သူဖြစ်သည်။ 

ထာ၀ရဘုရားသည်၊ အမြင့်ဆုံးသောတရားသူကြီးဖြစ်သည်။ လူတရားသူကြီးသည်၊ အသက်ရှင်သောသူ တို့ကိုသာ တရားစီရင်နိုင်ကြသည်။ ထာဝရဘုရားမူကား အသက်သေလွန်ပြီးသောသူများကို တရားစီရင်မည့်အ ကြောင်း ဤသို့ရေးထားသည်၊  "တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင် တော်မူသောသူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာ အရပ်မရှိ။၁၂ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင် များ ကို ဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ၁၃ သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။၁၄ ထို အ ခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။ ၁၅ အသက်စာ စောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။" (ဗျာဒိတ် ၂၀း၁၁-၁၅)

ထာဝရဘုရား၏တရားစီရင်ခြင်းကို မည်သူကမျှပြောင်းလဲနိုင်မည်မဟုတ်။ ထို့ကြောင့်သူ၏အပြစ် လွှတ် ခြင်းသည်အလွန်အရေးကြီးသည်။ နောဧခေတ်ကလူများလည်း ထာ၀ရဘုရားက ရေလွှမ်းမိုးစေခြင်းဖြင့်တရားစီ ရင်ခဲ့ပြီ။ ဘေးဒဏ်ကြီးကာလ၌ မယုံကြည်သူများကို တရားစီရင်သောအခါ၊  "လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင် ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ ငါ တို့  အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကိုကွယ်ကာ ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။၁၇ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း၊ ဟုပြောဆိုကြ၏။" (ဗျာ ၆း၁၅-၁ရ) ထို့ကြောင့်ထာ၀ရဘုရား၏တရာစီရင်ခြင်းမတိုင်မှီ သူ၏အပြစ် လွှတ်ခြင်းခံဘို့သူ့ထံ၌လာပါ။ သူကိုယ် တိုင်သင့်ကို ဤသို့ခေါ်နေသည်၊ "လာကြ၊၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည်နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်၊၊"(ဟေရှာယ ၁း၁၈) ကျမ်းစာက၊ "ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါ မစပြီ ဟု လာသည်နှင့်အညီ၊ ယခုပင် နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာ နေ့ရက်ကာလရှိ၏။" (၂ ကော ၆း၂)


၃ ငါသည်အပြစ်ကိုမဘော်မပြဘဲနေစဉ်အခါ တနေ့လုံးညည်းတွားသောအားဖြင့်ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ရ၏။ ၄ နေ့ညမပြတ်ကိုယ်တော်၏လက်သည်အ​ကျွန်ုပ်ပေါ်မှာလေး၍အ​ကျွန်ုပ်၏ချွေးသည်နွေကာလ၌ သွေ့​ခြောက်ခြင်းကဲ့သို့ဖြစ်ပါ၏၊၊

လူ၏သဘောသည်အပြစ်ကို တတ်နိုင်သမျှဖုံးချင်ကြသည်။ ထိုသို့ဖုံးသောအခါ လူများကပို၍အပြစ်ကို ဖေါ်ချင်ကြသည်။ အပြစ်ကိုအဖုံးဘဲ ဖေါ်ပြသောအခါ၊ လူများကဆက်၍ စိတ်မဝင်စားတော့ချေ။ အပြစ်ကိုမဖေါ် ဘဲဖုံးထားသောအခါ ဆာလံဆရာက၊ တနေ့လုံးညည်းတွားပြီးအရိုးတို့သည်ဆွေးမြေ့ခြင်းသို့ရောက်သည်ဟုဆို သည်။ ထို့ကြောင့်အပြစ်ကျူးလွန်သောအခါ မဖုံးဘဲဖေါ်ပြဘို့လိုသည်။ 

၅ တဖန်အ​ကျွန်ုပ်သည်ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကိုဝှက်၍မထားပါ၊၊ ငါလွန်ကျူးသောအရာကိုထာဝရဘုရားအားဘော်ပြတောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အ​ကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏၊၊ 

ဘုရားထံအပြစ်ဖေါ်ပြခြင်းသည်၊ သူမသိ သောအရာကိုဖေါ်ပြခြင်းမဟုတ်။ အကြောင်းမှာ သင်အ ပြစ် မကျူးလွန်မှီကပင် သင်ကျူးလွန်မည့်အကြောင်းကိုသိ၍၊ မကျူးလွန်ဘို့ရန်၊ အခြားလူအားဖြင့်၎င်း၊ ကျမ်းစာ အားဖြင့်၎င်း၊ တရားဒေသနာအားဖြင့်၎င်း၊ သင်၏ဩတ္တပ္ပစိတ်အားဖြင့်၎င်း၊ သတိပေးပေလိမ့်မည်။ ထိုသတိပေး ခြင်းကို သင်ဂရုမစိုက်ခြင်းကြောင့်အပြစ်ကျူးလွန်ခြင်းဖြစ်သည်။ ထို့ကြောင့်ဘုရားထံအပြစ်ဖေါ်ပြခြင်းသည်၊ ကိုယ်တော်သတိပေးသည့်အတိုင်းမှန်သည်၊ ဟုဝန်ခံခြင်းဖြစ်သည်။ 

ဘုရားသခင်သည်လူသားများ၏အပြစ်ဝန်ခံခြင်းကိုနှစ်သက်သည်။ ရှင်ယောဟန်က၊ "ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။" (၁ ယော ၁း၉) ဟုရေးထားသည်။ လူသည် အပြစ်ဝန်ချတောင်းပန်နေသော်လည်း၊ မလွှတ်ချင်သောသူရှိတတ်သည်။ သို့သော်ဘုရားသခင်သည်လူကဲ့သို့မ ဟုတ်။ အပြစ်ဝန်ချတောင်းပန်သောသူကိုလွှတ်ဘို့ ဂတိပေးထားသည်။ ခရစ်တော်ထံ၊ ပေတရုသည် ချဉ်းကပ်၍ "သခင်၊ ညီအစ်ကိုသည် အ​ကျွန်ုပ်ကိုပြစ်မှား၍ အ​ကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ် မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရ မည်ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီ မြောက်အောင်လွှတ် ရမည်ငါဆို၏။"(မဿဲ ၁၈း၂၁-၂၂)

မည်သူမဆို နှုတ်အားဖြင့်ဖြစ်စေ၊ စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ်ခန္ဓာအားဖြင့်ဖြစ်စေ၊ ပြစ်မှားတတ်ကြသည်။ ထိုသို့ပြစ်မှားသောအခါ၊ ကိုယ့်ကိုယ်ကိုမကာကွယ်၊ မရှောင်ဘဲကိုယ့်အပြစ်များကို ကာယကံရှင်ထံ၌၎င်း၊ ဘုရားသခင်ထံ၌၎င်း၊ အပြစ်ဝန်ချတောင်းပန်ကြစို့။ အပြစ်ရှိနေလျှင်ရောဂါကဲ့သို့ အသက်တာကိုပျက်စီးစေမည်။ သို့သော်အပြစ်ကိုဝန်ချတောင်းပန်ပါက၊ ဆေးစား၍အနာပျောက်သွားသကဲ့သို့ သင်၏ဝိညာဉ်သည်ကျန်းမာလာ မည်။ အားရှိ၍မျှော်လင့်ခြင်းပြန်ရှိလာမည်။ 

              

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG