GOODNEWS
  HOME  GOODNEWS  2024 AUG

ယခုလစာစောင်တွင်

နောက်ဆုံးသောကာလနှင့် သတိပြုစရာ

ခေတ်ကာလနှင့်ပတ်သက်၍ သတိပြုစရာများ

ဥပုသ်စောင့်ခြင်းအကြောင်းများ

 

နောက်ဆုံးသောကာလနှင့် သတိပြုစရာ

ရှင်ပေါလုက သက်သာလောနိတ် အသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များ ကို၊ သင်တို့အားရေး၍ ပေးလိုက်စရာ အကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညအခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို၊ သင်တို့သည် သေချာစွာသိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏၊ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဖွားခြင်း ဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျှင်မြန်စွာသော ပျက်စီးခြင်းရောက်၍၊ လွတ်ခြင်းအခွင့်မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့သင်တို့အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။ သင်တို့အပေါင်း သည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက် ၏သားမဟုတ်။ သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ၊ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ အကြောင်း မူကား၊ အိပ်ပျော်သောသူတို့ သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညအခါ ယစ်မူးတတ်ကြ၏။ နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်း တည်းဟူသော ရင်အုပ်တန်ဆာ ကို၎င်း၊ ကယ်တင်ခြင်း သို့ရောက်မည်၊ ဟုမြော်လင့်ခြင်းတည်းဟူသော၊ သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။ (၁ သက် ၅း၁-၈)။ 

ရှင်ပေါလုက သက်သာလောနိတ်အသင်းသားများသည် ကပ်ကာလအကြောင်းများကို စာရေးစရာမလို၊ သူတို့ က သခင်ဘုရား၏ နေ့ရက်သည် သူခိုးကဲ့သို့ လာမည်ကို သေချာစွာသိသည် ဟုဆိုသည်။ သင်သည် သူတို့ကဲ့သို့ သခင်ဘုရား၏နေ့ရက် လာမည့်အရာကို သေချာစွာသိပြီးပြီလော။ မသိသေးလျှင် သိဘို့ရန် သတိပေးလိုပါသည်။ သခင်ဘုရား ၏နေ့ရက်သည်၊ ချီဆောင်ခြင်း ကိုဆိုလိုသည်။ ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးဖွားပြီးသူ၊ ထာဝရအသက် ရရှိထား သောသူ၊ ကယ်တင်ခြင်းစိတ်ချသောသူများသည် ချီဆောင်ခြင်း၌ ပါသွားမှာဖြစ်သည်။ ထိုနေ့ရက်သည် သူခိုးကဲ့သို့ လာမည်ဟုဆိုသည်။ သူခိုးသည် အိမ်ရှင်များ သတိမထားသောအချိန်တွင် လာတတ်သည်။ ထို့နည်းတူ သခင်ဘုရား လည်း လူများသတိမထားသောအချိန်တွင် လာမည်ဟုဆိုသည်။ သင်သည် ချီဆောင်ခြင်း၌ ပါဝင်မည် ဟုစိတ်ချပြီးပြီ လော။ စိတ်မချသေးလျှင်၊ ထိုအရာကို အဓိကထားပြီး အလျှင်အမြန်သင်ကြားဘို့လိုသည်။

ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏၊ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဖွားခြင်း ဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျှင်မြန်စွာသော ပျက်စီးခြင်းရောက်၍၊ လွတ်ခြင်းအခွင့်မရှိရကြ။ ဟုရေးထား သည်။ ယနေ့ကမ္ဘာပေါ်တွင် စစ်ပွဲများနှင့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံနေကြသော်လည်း၊ လူအများစုသည် ငြိမ် ဝပ်လျက် အေးဆေးစွာ မိမိတို့လုပ်နေကျ အလုပ်များကို လုပ်လျက် ကြိုတင်ပြင်ဆင်မှုများ မလုပ်ကြချေ။ သင်သည် ထိုသို့သောသူဖြစ်နေပါသလား။ ယခုခေတ်တွင် တိုးတက်သောနိုင်ငံများ၌ ခလေးမွေးမည့်နေ့ကို ကြိုတင်သိရှိနိုင်သော် လည်း၊ ရှေးတုန်း၌ထိုကဲ့သို့မသိနိုင်ခဲ့ကြချေ။ ထို့ကြောင့် မမျှော်လင့်ဘဲ ခရီးသွားစဉ်၊ အလုပ်လုပ်ချိန်၊ အဆင်မပြေသော အချိန်၌ ခလေးမွေးတတ်ကြသည်။ ထို့နည်းတူ လူအများစုသည် များမကြာမှီ ဘေးဒဏ်ကြီးကာလ ရောက်မည်ကိုမသိ ကြသောကြောင့်၊ ဂရုစိုက်ခြင်း၊ ပြင်ဆင်ခြင်းမပြုလုပ်ကြချေ။ အကောင်းဆုံးသောပြင်ဆင်ခြင်းသည် ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ၍ ချီဆောင်ခြင်း၌ ပါဝင်မည့်အရာဖြစ်သည်။ အစာရေစာစုဆောင်းခြင်း၊ တောထဲ၌ နေတတ်အောင်ပြင်ဆင်ခြင်း၊ ငွေကြေးစုဆောင်းခြင်းများသည်၊ အကောင်းဆုံးသောပြင်ဆင်ခြင်း မဟုတ်ပါ။ သင်သည်ခရစ်တော် မရထားလျှင် ဘေးဒဏ်ကြီးကာလနှင့် လုံးဝမလွတ်နိုင်ပါ။ ဘေးဒဏ်ကြီးကာလအပြီးတွင် မီးငရဲအိုင်က ကြိုဆိုနေသည်။ ထိုအရာမှလွတ်ဘို့ရန် ယခုအချိန်ရှိစဉ်တွင် ခရစ်တော်ကိုလက်ခံပါ။ 

သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့သင်တို့အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။ သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက် ၏သားမဟုတ်။ သက်သာလောနိတ် အသင်းသားများသည် မှောင်မိုက်၌ မနေကြ။ သူတို့သည် အလင်း၏ သားများဖြစ်ကြသည် ဟုဆိုသည်။ အလင်းသည် ဘုရားသခင်ဖြစ်သည် (၁ ယော ၁း၅)။ သခင်ယေရှုလည်း အလင်းဖြစ် သည် (ယောဟန် ၉း၅)။ ထို့ကြောင့် အလင်း၏သားဆိုသည်မှာ၊ ဘုရား၏သား ဟုဆိုလိုသည်။ 

ပေါလုက ဧဖက်အသင်း သားများထံ၊  အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ ၏။ (ဧဖက် ၅း၈) ဟုရေးခဲ့သည်။ တဖန်၊ အပြစ်ထင်ရှားသော အရာရှိသမျှတို့ သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှသည်လည်း၊ အလင်းဖြစ်၏။ (ဧဖက် ၅း၁၃) ဟုဆိုသည်။ ထို့ကြောင့် စစ်မှန်သောယုံကြည်သူသည် ဤလောက၏ အလင်းဖြစ်သည်။ မယုံကြည်သောသူများသည် မှောင်မိုက်အတိဖြစ်သည် ။ သင်သည် အလင်းဖြစ်သလော၊ မှောင်မိုက်အတိဖြစ်သလော။ ကိုယ်ကိုကိုယ်မသိလျှင်၊ သင်သည်မှောင်မိုက်အတိဖြစ်သည်။ မှောင် မိုက်အတိဖြစ်လျှင် ကပ်ကာလများကို သိနိုင်မည်မဟုတ်။ 

အလင်းသားများဖြစ်လျှင် မည်ကဲ့သို့ နေမည်ကို ရှင်ပေါလုက ဤသို့ရေးထားသည်၊ သို့ဖြစ်၍၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ၊ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ မှောင်မိုက်သားများသည် အိပ်ပျော်နေကြဆဲဖြစ်သည်။ အိပ်ပျော်သောအခါ ကိုယ်ခန္ဓာအနားယူသော်လည်း၊ စိတ်၏ခံစားချက်သည်၊ နိုးနေချိန်၌ ခံစားသကဲ့သို့ ခံစားသည်။ မည်ကဲ့သို့ခံစားသနည်း။ အိပ်မက်မက်၍ ချစ်သူနှင့်နေလျှင် အလွန်ဝမ်းမြောက်၍၊ ရန်သူနှင့် တွေ့လျှင် အလွန်ကြောက်ရွံ့တတ်ကြသည်။ သို့သော်အိပ်ယာမှ နိုးသောအခါ ထိုခံစားချက်များသည် လုံးဝမရှိတော့ချေ၊ ပျောက်ကုန်သည်။ ထို့ကြောင့် ထာဝရကာလတိုင် မတည်မြဲသောအရာများသည် အိပ်မက်များဖြစ်သည်။ 

ရှင်ပေါလုက၊ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ် ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။ (ရော ၁၃း၁၂) ဟုရေးသည်။ ထို့ကြောင့် ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ် ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း တို့သည် ခံစားချက်အပြည့် ရှိသော်လည်း၊ ထာဝရကာလတိုင် တည်မှာမဟုတ်သောကြောင့် အိပ်မက်များဖြစ်သည်။ ဝမ်းမြောက်စရာ ကျေနူးစရာ ခံစားလျှင် အိပ်မက်ကောင်းမက်ပြီး၊ ကြောက်လံ့စရာ၊ ဒုက္ခပြသနာများ ကြုံတွေ့လျှင် အိပ်မက်ဆိုးမက်ခြင်းဖြစ်သည်။ 

ထိုကြောင့် အိပ်ပျော်သောသူ နိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည်၊ အလင်းကို သင့်အား ပေးတော်မူမည်၊ ဟုဆိုသတည်း (ဧဖက် ၅း၁၄)။ သင်သည် ယခုတိုင်အောင် အိပ်ပျော်နေသေးသလော။ တခေါခေါနှင့် အိပ်မက်မက်နေသေးသလော။ အိပ်ပျော်သောသူနိုးလော့။ သေခြင်းမှထမြောက်လော့။ 

 

ခေတ်ကာလနှင့်ပတ်သက်၍ သတိပြုစရာများ

အဘယ်ကြောင့်အစ္စရေးက ဟာမတ်များကို ရစရာမရှိအောင် ဂါဇာဒေသကိုတိုက်ခိုက် ဖျက်ဆီးပြီး လူပေါင်း လေးသောင်းခန့်သေသော်လည်း၊ အာရပ်နိုင်ငံများက အကြီးအကျယ်မကန့်ကွက်ကြသနည်း။ အစ္စရေး၏ လုပ်ဆောင်မှုကို အီရန်နိုင်ငံနှင့်သူ့တပည့် ဟက်စဘောလများ၊ ယေမင်နိုင်ငံရှိဟူတီများ နှင့်တူရကီနိုင်ငံများကသာလျှင် အကြီးအကျယ်ကန့်ကွက် တိုက်ခိုက်နေကြသည်။ အကြောင်းရင်းမှာ အစ္စရေးနိုင်ငံနှင့် အာရပ်နိုင်ငံများသည် ငြိမ်းချမ်းရေး စာချုပ်များချုပ်ခဲ့ကြပြီး မိတ်ဆွေနိုင်ငံများဖြစ်သွားကြသောကြောင့်ဖြစ်သည်။ အစ္စရေးနှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ပြီးသောနိုင်ငံများနှင့်ချုပ်သောနှစ်များ

၁။ အီဂျစ် (အဲဂုတ္တု) နိုင်ငံ                                     ၁၉၇၉ ခုနှစ်

၂။ ဂျော်ဒန် (ယော်ဒန်) နိုင်ငံ                                   ၁၉၉၄ ခုနှစ်

၃။ ယူအေအီး (အာရပ်စော်ဘွားများနိုင်ငံ                 ၂၀၂၀ ခုနှစ်

၄။ ဘာရိန်းနိုင်ငံ                                                  ၂၀၂၀ ခုနှစ်

၅။ ဆူဒန်နိုင်ငံ                                                     ၂၀၂၀ ခုနှစ်

၆။ မော်ရကိုနိုင်ငံ                                                 ၂၀၂၀ ခုနှစ်

             

အထက်၌ဖေါ်ပြသော ယူအေအီးနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ မော်ရကိုနိုင်ငံတို့ အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဘို့ရန် သွေးဆောင်ဦးဆောင်သောသူသည် သမတဒေါ်နယ်ထမ်းဖြစ်သည်။ ထို့ကြောင့်သမတဒေါ်နယ် ထမ်း၏ အခန်းကဏ္ဍသည် အရေးပါ၍ သတိထားစောင့်ကြည့်ဘို့လိုအပ်သည်။ 

အဘယ်ကြောင့် အာရပ်နိုင်ငံများသည် အစ္စရေးနှင့် စစ်မတိုက်ခိုက်တော့ဘဲ မိတ်ဆွေနိုင်ငံများဖြစ်သွားကြ သနည်း။ အာရပ်နိုင်ငံများသည် အစ္စရေးနိုင်ငံနှင့် အကြီးအကျယ် ၁၉၄၈၊ ၁၉၅၆၊ ၁၉၆၇၊ ၁၉၇၃ ခုနှစ်များတွင် လေးကြိမ်စစ်တိုက်ခဲ့ကြပြီးပြီ။ သို့သော်လေးကြိမ်စလုံး အစ္စရေးကနိုင်သည်သာမက သူတို့၏နယ်မြေများကိုလည်း သိမ်းပိုက်တတ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများသည် အစ္စရေးနှင့် စစ်မတိုက်လိုတော့ချေ။ 

ထိုမျှသာမက ထိုအာရပ်နိုင်ငံများသည် ဆူနီမူစလင်များဖြစ်၍ ရှိအာမူစလင်နိုင်ငံဖြစ်သော အီရန်နိုင်ငံ၏ လွှမ်းမိုးမည့်အရာကိုကြောက်လန့်နေကြသည်။ အီရန်နိုင်ငံသည် ရေနံသူဌေးနိုင်ငံဖြစ်၍ ရေနံမှရသမျှသောငွေအားဖြင့် ကျန်မူစလင်နိုင်ငံများကို လွှမ်းမိုးဘို့၊  အကြမ်းဖက်သမားများဖြစ်သော လေဗနုန်နိုင်ငံ၌ ဟက်စဘောလများ၊ ယေမင်နိုင်ငံ၌ ဟူတီသူပုန်များ၊ ဆီးရီးနိုင်ငံ၌ အာဆတ်အစိုးရ၊ အီရတ်နိုင်ငံ၌ ရှိအာမူစလင်အစိုးရ၊ ဂါဇာကမ်းမြောင် ဒေသ၌ ဟာမတ်များကို လက်နက်တင်ပို့ထောက်ပံ့နေသည်။ အီရန်၏အဓိက ရည်ရွယ်ချက်သည် စာတန်ကလေးဟု သူတို့ခေါ်သော အစ္စရေးကို ကမ္ဘာ့မြေပုံမှ ဖယ်ရှားရေးဖြစ်သည်။ ထိုအပြင်အစ္စရေးကို ကူညီထောက်ပံ့နေသော စာတန်ကြီးဟုသူတို့ ခေါ်သော အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖျက်ဆီးရေးဖြစ်သည်။ 

အီရန်နိုင်ငံသည် သူတို့နှင့်အယူဝါဒတူညီသော အီရတ်နိုင်ငံ၏ ရှိအာမူစလင်များနှင့် ပူးပေါင်းနေကြပြီ။ ဆီးရီးယားနိုင်ငံ၏ ပြည်သူအများစုသည် ဆူနီမူစလင်များဖြစ်သော်လည်း အာဆတ်အစိုးရသည် လူနည်းစု ရှိအာမူစလင် များဖြစ်၍ အီရန်နိုင်ငံနှင့်ပူးပေါင်းနေကြသည်။ လေဗနုန်နိုင်ငံရှိ မူစလင်များသည် ရှိအာနှင့်ဆူနီမူစလင် များဖြစ်သည်။ သို့သော်အီရန်နိုင်ငံ၏ တပည့်ဖြစ်သော ဟက်စဘောလများ ကကြီးစိုးနေကြသည်။ ပါလက်စတင်းများ သည် ဆူနီများ ဖြစ်သော်လည်း၊ အစ္စရေးကို တိုက်ထုတ်ချင်သောကြောင့် အီရန်၏တပည့်များဖြစ်ကြသည်။ ယေမင်နိုင်ငံ ရှိ ဟူတီသူပုန်များသည် ရှိအာမူစလင်များဖြစ်၍ အီရန်၏တပည့်များဖြစ်ကြသည်။ 

ထိုသို့အီရန်နိုင်ငံသည် သူ၏ရှိအာ(Shia Muslim) အယူဝါဒကို လွှမ်းမိုးချင်သောကြောင့် ဆူနီ (Sunni) မူစလင် များက ကြောက်နေကြသည်။ သို့သော်သူတို့ကိုယ်တိုင် အီရန်နိုင်ငံကို စစ်ရေး၌မရင်ဆိုင်နိုင်သောအခါ အစ္စရေးနှင့် အမေရိကန်နိုင်ငံကို အားကိုးကြခြင်းဖြစ်သည်။ ထို့ကြောင့်ဆူနီမူစလင်နိုင်ငံများအနေဖြင့် ပါလက်စတင်းများ၏အရေး သည် အီရန်နိုင်ငံ၏အရေးလောက် အရေးမကြီးတော့ချေ။ ထို့အပြင်မူစလင်နိုင်ငံများအနေဖြင့် ပါလက်စတင်းများကို သူတို့နိုင်ငံ၌ ခိုလှူံဘို့ရန်လက်မခံနိုင်ကြချေ။ ထို့ကြောင့် ယခုအစ္စရေးနိုင်ငံက ကာဇာဒေသကို အကြီးအကျယ်တိုက်ဖျက် သော်လည်း ဂရုမစိုက်ကြခြင်းဖြစ်သည်။ 

မူစလင်နိုင်ငံ လေးနိုင်ငံသည် အစ္စရေးများနှင့် ငြိမ်းချမ်းရေးစာချုပ်ကို ၂၀၂၀ ခုနှစ်တွင် အမေရိကန်သမတ ဟောင်း ဒေါ်နယ်ထမ်း၏ဦးဆောင်မှုအားဖြင့် ချုပ်ဆိုခဲ့ကြသည်။ ယခုအခါ ဒေါ်နယ်ထမ်းသည် သမတရွေးပြိုင်ပွဲ၌ ရီပါပလီကင်ပါတီ ဖက်မှနိုဝင်္ဘာလ ၅ ရက်အင်္ဂါနေ့တွင် ယှဉ်ပြိုင်ပါဝင်တော့မှာဖြစ်သည်။ အကယ်၍ သူသည်အနိုင် ရရှိပါက ၂၀၂၅ နှစ်ဇန္နာဝါရီလ ၂၀ ရက်နေ့တွင် သတမဖြစ်လာမှာဖြစ်သည်။ ထိုသို့သမတဖြစ်လာလျှင် ကျန်ရှိသေး သော အာရပ်နိုင်ငံများသည် အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်သည်။ ထိုသို့ချုပ်ပါက ဒံယေလရေးထား သော အရာပြည့်စုံခြင်းဖြစ်နိုင်သည်။ ဒံယေလက၊ “တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍၊  စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်၊ ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ ဖြစ်လိမ့်မည်၊ ဟုကြားပြော၏” (ဒံ ၉း၂၇)။

ဒံယေလအားဖြင့် ဘုရားသခင်က အစ္စရေးများသည် လူအများတည်းဟူသော အာရပ်မူစလင်နိုင်ငံများနှင့် တသိတင်း တည်းဟူသော ခုနစ်နှစ်ပဋိညာဉ်ပြုကြမည်၊ ဟုဆိုသည်။ ထိုပဋိညာဉ်အရ အစ္စရေးများသည် ယဇ်ပူဇော်ခွင့် ရရှိမှာဖြစ်သည်။ အစ္စရေးများသည် အေဒီခုနှစ်ဆယ်မှစ၍ ယဇ်ပူဇော်ခြင်းမလုပ်ခဲ့ကြတော့ချေ။ အကြောင်းမှာ ဗိမာန် တော်မရှိသောကြောင့်ဖြစ်သည်။ ပရောဖက် ဟောရှေက၊ “ဣသရေလအမျိုးသားတို့သည်၊ နေ့ရက်များစွာရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲနေရကြလိမ့်မည်။” (ဟောရှေ ၃း၄) ဟူ သောအရာပြည့်စုံခြင်းဖြစ်သည်။ ဟောရှေက နေ့ရက်များစွာဟုဆိုသောအရာသည် အေဒီ ၇၀ မှစ၍ယခုတိုင်အောင်ဖြစ် ပြီး၊ တတိယဗိမာန်တော် တည်ဆောက်သောအခါ ထိုနေ့ရက်ကုန်ဆုံးပါလိမ့်မည်။ 

ပရောဖက်ဒံယေလကျမ်းစာအရ ဣသရေလလူများသည် သုံးနှစ်ခွဲယဇ်ပူဇော်သောအခါ သူတို့ကိုယဇ်ပူဇော်ခွင့် ပေးသောအန္တိခရစ်က ယဇ်ပူဇော်ခွင့်ကိုတားမြစ်မည်။ ရှင်ပေါလုကလည်း သက်သာလောနိတ်အသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ “အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏သားသည်ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ့်ကိုကိုယ် ချီးမြောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင်ဖြစ် ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။”(၂ သက် ၂း၃-၄)။ ပေါလုက အန္တိခရစ်ကို ဒုစရိုက်လူဟူခေါ်သည်။ 

ဒံယေလရေးခဲ့သောအရာကို ခင်ယေရှုက ဤကဲ့သို့ကူးကားခဲ့သည်၊ “ထိုကြောင့် ပရောဖက် ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည်၊ သန့်ရှင်းသော အရပ်ဌာန၌စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည်၊ နားလည်ပါစေ။ ထိုသို့မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည်၊ တောင်ပေါ်သို့ ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသောသူသည်၊ အိမ်ထဲကဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ လယ်၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှာ၊ နောက်သို့ မပြန်စေနှင့်။ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန်ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည်၊ ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း၊ ဆုတောင်းကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသောဒုက္ခသည်၊ ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဖို့ အလို့ငှာ၊ ထိုကာလသည်တိုလိမ့်မည်။” (မဿဲ ၂၄း၁၅-၂၂)

ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် အန္တိခရစ်ဖြစ်သည်။ သန့်ရှင်းသောအရပ်ဌါနသည် ယေရုရှလင်ဗိမာန် တော်ဖြစ်သည်။ အန္တိခရစ်ကအစ္စရေးများကို တတိယဗိမာန်တော်ဆောက်ခွင့်ပေးမှာဖြစ်သည်။ သမတထမ်းက ၂၀၁ရ ခုနှစ် ဒီဇင်္ဘာလ ၆ ရက်နေ့တွင်၊ ယေရုရှလင်မြို့သည် အစ္စရေးနိုင်ငံ၏ မြို့တော်ဖြစ်သည်၊ ဟုအသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့်၊ အစ္စရေးလူမျိုးများက သူ့ကိုအလွန်ကြည်ညိုအားကိုး၍ ဗိမာန်တော် ဆောက်ခွင့်ပေးဘို့တောင်းဆိုခဲ့ကြသည်။ ၂၀၁၈ ခုနှစ်တွင် ဗိမာန်တော်အခွန် ငွေဒင်္ဂါးတွင် ဒုတိယဗိမာန်တော် ဆောက်ခွင့်ပေးခဲ့သူ ပေရသိ (ပါးရှား၊ အီရန်) ရှင်ဘုရင်ကုရု (Cyrus) မင်းနှင့် ဒေါ်နယ်ထမ်း၏ ခေါင်းပုံများကို သွန်းခဲ့ကြသည်။

                         ဗိမာန်တော်အခွန်ငွေခေါင်းပိုင်း၌ ဒေါ်နယ်ထမ်းနှင့် ပေရသိရှင်ဘုရင်ကုရုမင်းပုံ ပန်းပိုင်း၌တတိယဗိမာန်တော်ပုံ

ငွေခေါင်းပိုင်း၌မြင်ရသောရုပ်ပုံနှင့် စာသားများ၏အဓိပ္ပါယ်

Cyrus-ကုရုမင်းက ဒုတိယဗိမာန်တော်ကိုဆောက်ခိုင်း၊ ဆောက်ခွင့်ပေးခဲ့သည် (ဟေရှာယ ၄၄း၂၈။ ဧဇရ ၁း၁-၄။ ၂ ရာဇဝင်ချုပ် ၃၆း၂၂-၂၃)

Balfour-ဗြိတိသျှအစိုးရက ဂျူး(အစ္စရေး)လူမျိုးများ နိုင်ငံအသီးသီးမှ သူတို့ပြည်သို့ပြန်လာနိုင်ပြီဖြစ်ကြောင်းကို နိုင်ငံခြားရေးဝန်ကြီး Balfour နာမည်ဖြင့် ၁၉၁၇ ခုနှစ်တွင်ကျေညာခဲ့ခြင်းကို ဂုဏ်ပြုမှတ်တမ်းတင်ခြင်းဖြစ်သည်။

Trump-အမေရိကန်သမတဒေါ်နယ်ထမ်းက တတိယဗိမာန်တော်ကို ဆောက်ခွင့်ပေးလိမ့်မည်ဟု ၂၀၁၈ ခုနှစ်တွင်  မျှော်လင့်၍ သူရုပ်ပုံကို ဗိမာန်တော်အခွန်ငွေ ပေါ်၌ မှတ်တမ်းတင်ခြင်းဖြစ်သည်။ 

Declaration-ကျေညာခြင်း

အခွန်ငွေ၏ပန်းပိုင်း ဆောက်လာမည့် တတိယဗိမာန်တော်ပုံကို ဖေါ်ပြထားသည်။

၂၀၁၈ ခုနှစ်တွင် သမတထမ်းက တတိယဗိမာန်တော်ကို ဆောက်ခွင့်ပေးလိမ့်မည်၊ ဟုမျှော်လင့်ခဲ့ကြသော်လည်း မျှော်လင့်ခဲ့သလိုမဖြစ်လာဘဲ၊ သူကိုယ်တိုင်လည်း သမတရာထူးမှ ပြုတ်ထွက်သွားခဲ့သည်။ သို့သော်ယခုအခါ သမတအရွေးခံဘို့ရန် ရှိလာပြန်သည်။ အကယ်၍ရွေးကောက်ပွဲ၌ အနိုင်ရရှိပါက၊ ထမ်းကတတိယဗိမာန်တော်ကို ဆောက်ခွင့်ပေးနိုင်သည်။ ရွေးကောက်ပွဲသည် ယခုနှစ်နိုဝင်္ဘာလ ၅ ရက်အင်္ဂါနေ့တွင်ဖြစ်၍၊ နောက်နှစ်ဇန္နဝါရီလ ၂၀ ရက်နေ့တွင် အနိုင်ရသောသူက ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်သည်။ ထို့ကြောင့်အချိန်အလွန်နီးနေပြီဖြစ်သည်။ အကယ်၍ ဒေါ်နယ်ထမ်းက တတိယဗိမာန်တော်ကို ဆောက်ခွင့်ပေးလိုက်လျှင်၊ ခရစ်တော်၏ သတိပေးသောအချက်ကို စဉ်းစားစေချင်သည်။ 

အဘယ်ကြောင့် သခင်ယေရှုက တတိယဗိမာန်တော် နှင့်ပတ်သက်၍ မိမိရှိသောနေရာမှ ပြေးဘို့ပြောသနည်း ဟူမူကား၊ ထိုဖျက်ဆီးတတ်သောသူက သူ့ကိုယ်သူ ဘုရားအဖြစ်ကျေညာ၍ ကိုးကွယ်ခိုင်းမည်။ မကိုးကွယ်သောသူများကို သတ်ဖြတ်မှာဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့စို့သူငယ်ရှိသောမိခင်များသည် စစ်ပြေးဘို့ အလွန်ခက်ခဲမည်၊ ဟုဆိုသည်။ အိမ်ထဲမှပစ္စည်းများပင် မယူအားဘဲ ရှိသောအရပ်မှ ပြေးခိုင်းသည်။ အကြောင်းမှာ ထိုသတ်ဖြတ်ခြင်းသည် ကမ္ဘာဦးမှစ၍မရှိစဖူး၊ နောက်၌လည်းမရှိတော့မည့် ဘေးဒဏ်ကြီးကာလဖြစ်မည်။ သို့သော် ဝိညာဉ်မျက်စိကန်း၊ ကျမ်းစာမဖတ်၊ ဇာတိအလိုအားဖြင့် အသက်ရှင်သူများအနေဖြင့်၊ ကြောက်ရမှန်းလည်းမသိ၊ ပြင်ဆင်ရမှန်းလည်းမသိ ဖြစ်နေကြသည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။ သတိပေး၍မရ၊ အကြံပေးလျှင်လည်း အထင်လွဲ၊ ဂရုမစိုက်၊ ပြက်ယယ်ပြုနေကြသည်။ သင်သည်ထိုသို့သောသူဖြစ်ပါသလား။ 

ရှင်ပေတရုက၊ ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊  သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ် လာကြလိမ့်မည်။ (၂ ပေ ၃း၃-၄) ဟုယခုခေတ်မှာ ဖြစ်ပြက်မည့်အရာများကို ကြိုတင်ဟောထားခဲ့ပြီ။ အဘယ်ကြောင့် သခင်ဘုရားကြွလာမည့်အရာကို ပြက်ယယ်ပြုနေကြသနည်း။ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေသောကြောင့်ဖြစ်သည် ဟုဆိုသည်။ သင်သည် ဘယ်အရာကို တပ်မက်နေပါသနည်း။

တတိယဗိမာန်တော်ကို မူစလင်ဗလီကြီးနှင့် အတူယှဉ်တွဲဆောက်မည့်အကြောင်း ကျမ်းစာထဲ၌ ဤသို့ရေးထားခဲ့ပြီ၊ တဖန်တုံလှံတံနှင့်တူသောကျူပင်တလုံးကို၊ ငါ့အားပေး၍ ငါ့ကိုပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သောသူတို့ကိုလည်း ရေတွက်လော့။ ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို၊ လလေးဆယ်နှစ်လ ပတ်လုံးနင်းကြလိမ့်မည်။ (ဗျာဒိတ် ၁၁း၁-၂)

အဆောက်အဦးနှင့်မြေကိုတိုင်းခြင်းဆိုသည်မှာ ပိုင်ဆိုင်မှုကိုဖေါ်ပြခြင်းဖြစ်သည်။ တတိယဗိမာန်တော်ကို ဆောက်ရာတွင် အစ္စရေးများက ဗိမာန်တော်နှင့် ဝင်းအတွင်း၌ယဇ်ပလ္လင်ကိုသာ ပိုင်မှာဖြစ်သည်။ တန်တိုင်းကိုမတိုင်းဘဲ ပယ်ထားခိုင်းခြင်းသည် တပါးအမျိုးသားများဖြစ်သော အာရပ်မူစလင်များက သူတို့ဗလီကြီး ပိုင်ပြီးသောကြောင့်ဖြစ်သည်။ ယခုအခါ တတိယဗိမာန်တော်ဆောက်မည့် ပစ္စည်းများစုဆောင်းပြီး၍ ဆောက်ခွင့်အမိန့်ကိုသာစောင့်နေချိန်ဖြစ်သည်။ ထိုမျှလောက်နီးနေပြီဖြစ်သော်လည်း၊ ဘာမျှနားမလည်သောအခါ စိတ်လှုပ်ရှားခြင်းမရှိ။ 

မူစလင်ဗလီနှင့်တတိယဗိမာန်တော် ယှဉ်တွဲပြီးရှိမည့်ပုံ

သခင်ယေရှုက၊ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့်၊ လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင်၊ လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက် နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည်၊ စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှ ထွက်သောနေ့၌၊ ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍၊ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း၊ လူသားပေါ် ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ (လုကာ ၁၇း၂၆-၃၀) ဟုဆိုခဲ့သည်။ 

နောဧလက်ထက်၌လူများ မည်ကဲ့သို့နေကြသနည်း။ စားသောက်နေကြသည်။ စားသောက်ခြင်းသည် အပြစ်မရှိပါ။ မပြင်ဆင်ခြင်း၊ သတိမဲ့ခြင်းကို သခင်ယေရှုက ဆိုလိုခြင်းဖြစ်သည်။ ထိမ်းမြားစုံဘက်လျက်နေကြသည်။ ထိမ်းမြားစုံ ဘက်ခြင်းသည် အပြစ်မရှိပါ။ သို့သော်ထိုအရာကိုသာ စိတ်စွဲလမ်းခြင်းဖြင့် ပြင်ဆင်ရမှန်းမသိကြတော့ချေ။ စားသောက် ရောင်းဝယ်ကြသည်။ ယခုလည်း ဆိုင်ခန်းမဖွင့်လျှင်လည်း အင်တာနက်မှ ရောင်းဝယ်နေကြခြင်းဖြင့်၊ သမ္မာတရားစိတ် မဝင်စားနိုင်ကြချေ။ စိုက်ပျိုးခြင်းသည်အပြစ်မရှိပါ။ သို့သော်ခြံစိုက်ပျိုးခြင်းဖြင့် တရားနာမည့်အချိန်မရှိ၊ ဝိညာဉ်ရေးရာ ၌အချိန်မရှိတော့ချေ။ အိမ်ဆောက်ခြင်း၊ ဝယ်ခြင်းသည်အပြစ်မရှိပါ။ သို့သော်အိမ်ရှာခြင်း၊ ဆောက်ခြင်း၊ စိတ်ကူးယဉ်ခြင်း၊ အရသာခံခြင်းဖြင့် ကယ်တင်ခြင်းကိုပင် ဂရုမစိုက်နိုင်ကြချေ။ ထို့အရာများအားဖြင့် သင့်ရှေ့ရေးအတွက် ပြင်ဆင်မည့်အရာကို ဟန့်တားပါသလား။ အဓိကအရာကို ဂရုမစိုက်ဘဲ၊ ခဏခံစားမည့်အရာများကိုသာ စိတ်စွဲလမ်းလိုက် လျှောက်နေပါသလား။ ဤစာစောင်အားဖြင့် သင်၏ဝိညာဉ်မျက်စိပွင့်၍ ပြင်ဆင်ဘို့ရန်သင်၏ စိတ်နှလုံးကိုနှိုးဆော်နှိုးဆွ ပေးပါစေ။

 

၂၀၀၉ ခုနှစ် စက်တင်္ဘာလနှင့် အောက်တိုဘာလ သတင်းကောင်းစာစောင်မှ ဥပုသ်နေ့အကြောင်းကို ပြန်လည်ထုတ်ဝေလိုက်ပါသည်။
 
 

ဥပုသ်စောင့်ခြင်း 

                 ဥပုသ်စောင့်ခြင်းနှင့် ပတ်သက်၍ ခရစ်ယာန်များစွာတို့သည် အဓိပ္ပါယ်နားမလည်သောအခါ အကျိုးမခံစားရချေ။ ထိုမျှသာမက ဥပုသ်နေ့စောင့်ခြင်းနှင့် ပတ်သက်၍ စနေအသင်းသားများနှင့် ဆွေးနွေးသောအခါ ဘယ်လိုပြောရမှန်းမသိ ဖြစ်နေကြသည်။ ထို့ကြောင့် ဥပုသ်နှင့် ပတ်သက်သော အရာများကို လေ့လာကြစို့။

ပဌမဦးဆုံး
                ဥပုသ်နေ့နှင့်ပတ်သက်၍ ပဌမဦးဆုံး ကျမ်းစာထဲ၌ ဤသို့တွေ့ရသည်၊ "နက်ဖြန့်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝမ်စွာ နေရသောနေ့ ဖြစ်၏။ မုန့်ကိုပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။" (ထွက် ၁၆:၂၃) ထာဝရ ဘုရား က မန္နမုန့်ပေးခြင်းနှင့်ပတ်သက်၍ ဥပုသ်နေ့စောင့်ခိုင်းခြင်းဖြစ်သည်။ တဖန်၊ "မောရှေကလည်း၊ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌မတွေ့ရ။ ​ခြောက် ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်း ဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရ ဟုဆိုလေ၏။" (ထွက် ၁၆:၂၅-၂၆) ဘုရားသခင်က မန္နမုန့်ကို တပတ်လျှင် ​ခြောက်ရက်ချပေး၍ ခုနစ်ရက်နေ့ တည်းဟူသော စနေနေ့တွင်မပေးချေ။ ထို့ကြောင့်သောကြာနေ့တွင် နှစ်ဆပေးတတ်သည်။ ခုနစ်ရက်နေ့တွင် မန္နကိုပင်မသိမ်းမယူဘဲ ငြိမ်ဝပ်စွာနေရမည်၊ ဟုပညတ် ခဲ့သည်။

                 သို့သော်၊ အချို့သောသူများက ခုနစ်ရက်နေ့ဥပုသ်နေ့တွင် မန္နမုန့်ကိုကောက်ဘို့ ကြံစည်ကြကြောင်းကို ဤသို့တွေ့ရသည်၊ "ခုနစ်ရက်မြောက်သောနေ့၌၊ အချို့ တို့သည် သိမ်းယူခြင်းငှါ ထွက်သွားရာတွင်၊ ရှာ၍မတွေ့ရကြ။ ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ် ကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့်၊ ​ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက် မုန့်ကိုပေးတော်မူ၏။ လူတိုင်း၊ မိမိနေရာ၌နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှမသွားစေနှင့်၊ ဟုမောရှေအားမိန့်တော်မူ၏။ ထိုကြောင့်လူများတို့သည် ခုနစ်ရက် မြောက် သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။" (ထွက် ၁၆:၂ရ-၃၀)။

ပညတ်တော်ဆယ်ပါး၌
                  ဥပုသ်နေ့နှင့်ပတ်သက်၍ ပညတ်တော်ဆယ်ပါးထဲ၌ ဤသို့တွေ့ရသည်၊ "ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ​ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင် လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌သင်မှစ၍ သင်၏သားသမီး၊ ​ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ​ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရ ဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။" (ထွက် ၂၀:၈-၁၁) ထာဝရဘုရားက ဥပုသ်နေ့နှင့်ပတ်သက်၍ ပညတ်တော်ဆယ်ပါး၌ ပို၍စုံလင်စွာ ဖေါ်ပြထားသည်။ အထက်ပါ ကျမ်းပိုဒ်များအရ ဥပုသ်နေ့သည် ထာဝရဘုရားက သန့်ရှင်းစေရမည်၊ ဟုဆိုသည်။ သတ္တမနေ့ရက်သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်သည်။ ထာဝရဘုရား ကိုယ်တော်တိုင်လည်း ဖန်ဆင်းခြင်းကို ​ခြောက်ရက်အ တွင်း၌သာလုပ်၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေသည်။ ထို့ကြောင့်၊ လူသားများအနေ နှင့်လည်း ​ခြောက်ရက်အတွင်းသာ ကြိုးစား၍ အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်၊ ဟုပညတ်ထားသည်။ သတ္တမနေ့ရက်ကို ဘုရားသခင်က ကောင်း ကြီးပေး၍ သန့်ရှင်းစေတော်မူသည်၊ ဟုဆိုသည်။

ဥပုသ်နေ့မစောင့်ခြင်းအတွက်ပြစ်ဒဏ်
                          ဥပုသ်နေ့ မစောင့်သောသူများကို သေဒဏ်ပေးဘို့ ထာဝရဘုရားက ဤသို့ဆိုထားသည်၊  ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူ တိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။ ​ခြောက်ရက်ပတ် လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ နားရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူ မည်သည်ကား ဧကန်အမှန် အသေခံရမည်။ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ (ထွက် ၃၁:၁၄-၁၆) ဥပုသ်နေ့ဖျက်သောသူကို ထာဝရဘုရားသခင်က သေဒဏ်ပေးဘို့ အမိန့်ချထားသည်။ ထိုမျှသာမက အမျိုးမှပယ်ခြင်းကိုလည်းခံရမည်။ ထို့ကြောင့် ဥပုသ်နေ့ဖျက်ခြင်းသည် အလွန်ကြီးလေးသောအပြစ်ဖြစ်သည်။ ထို့အပြင်၊ ဥပုသ်စောင့်ခြင်းသည် ထာဝရပဋိညာဉ်ဖြစ်သည် ဟုဆိုသည်။

ဥပုသ်နေ့၌မီးပင်မမွှေးရ
                 ဥပုသ်နေ့စောင့်ရာတွင် အိမ်၌မီးပင်မမွေးရကြောင်း ဤသို့တွေ့ရသည်၊ "ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသော နေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရ သော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား အသေခံရမည်။ သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကို မမွေးရ၊ ဟုဆင့်ဆို၏။"  (ထွက် ၂၅:၂-၃) ထိုသို့မီးမမွှေးရလျှင် အစာချက်၍မရချေ။ ထို့ကြောင့်၊ ဥပုသ်နေ့အတွက် စားရမည့်အစာများကို ကြိုတင် ချက်ဘို့လိုလိမ့်မည်။


ဥပုသ်နေ့၌ချိုးခြံစွာကျင့်ရမည်
                     ဥပုသ်နေ့စောင့်ရာတွင် ချိုးခြံစွာ ကျင့်ရမည်။ ပျော်ရွှင်မှုများ မလုပ်ရမည့် အကြောင်းကို ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ "ထိုနေ့ရက်သည် ထာဝရ ပညတ်တော် အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုး ခြံစွာကျင့်ရသောနေ့ ဖြစ်သတည်း။ (ဝတ်ပြုရာ ၁၆:၃၁)

ဥပုသ်နေ့၌ထင်းခွေသူသတ်
                   "ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတယောက်ကို တွေ့လေ၏။ တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့ သို့ ခေါ်ခဲ့ကြ၏။ သူ၏အမှုကို စီရင်ရာလမ်း မထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။ ထာဝရဘုရားကလည်း၊ ထိုသူ သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့်ပစ်ရကြမည်၊ ဟုမောရှေအား မိန့်တော်မူ၍၊ ထိုအမိန့်တော် အ တိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည်အသေခံရ၏။" (တောလည်ရာ ၁၅:၃၂-၃၆)

ဥပုသ်နေ့ကိုကျွန်၊ ဧည့်သည်၊ တိရစ္ဆာန်များပင်စောင့်

                         "သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ​ကျွန်ယောက်ျားမိန်းမ၊ နွား၊ မြည်း အစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအ တွင်း ၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ကျား၊ မိန်းမတို့သည် ငြိမ်ဝပ်စွာနေရကြမည်။   သင်သည်အဲဂုတ္တုပြည်၌ ​ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့် ၍၊ ထိုပြည်မှသင့်ကိုနှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည်ဥပုသ်နေ့ကိုစောင့်ရမည်၊ ဟုသင်၏ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူ၏။" ( တရားဟော ၅:၁၄-၁၅)


ဥပုသ်နေ့စောင့်လျှင်
                        ထာဝရဘုရားက ဣသရေလလူတို့အား ဥပုသ်စောင့်ဘို့ရန် ပရောဖက်ဟေရှာယအားဖြင့် ဤသို့မှာခဲ့သည်၊ "သင်သည် ဥပုသ်နေ့ကိုမရှုတ်ချ။ ငါ၏သန့် ရှင်းသောနေ့မှာ ကိုယ်အလိုသို့မ လိုက်၊  ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သောနေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကိုရိုသေလျှင်၊ သင်သည်ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါ​ကျွေးမည်၊ ဟုထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။ (ဟေရှာယ ၅၈:၁၃-၁၄)

ဥပုသ်မစောင့်လျှင်
                   ထာဝရဘုရားက ပရောဖက်ယေရမိအားဖြင့် ဥပုသ်မစောင့်လျှင် ယေရုရှလင်မြို့မှစ၍ ဘုံဗိမာန်များ၊ ပျက်စီး၍ မီးလောင်မည့်အကြောင်းကို ဤသို့ သတိပေး ခဲ့သည်၊ "ဥပုသ်နေ့၌ သင်တို့အိမ်ထဲကဝန် ကို မထုတ်မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့။ ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲနေကြ၏။ နားမကြား၊ ဆုံးမခြင်းကိုမခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကိုမသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမ လုပ်၊ ဥပုသ်နေ့ကိုသန့်ရှင်းစေ သည်တိုင် အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍၊ သူတို့ မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲတည်လိမ့်မည်။ မီးရှို့ရာယဇ်မှစ၍ အခြားသောယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှိ့ရာနံ့သာပေါင်း၊ ချီးမွမ်းရာယဇ်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ ဆောင်ခဲ့သောသူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင်အရပ် များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာခရိုင်မှ လာကြလိမ့်မည်။ သို့မဟုတ်၊ ဥပုသ်နေ့၌ ဝန်ကိုထမ်းရွက်၍ ယေရုရှလင်မြို့ တံခါးများသို့မ ဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကိုနားမထောင်လျှင်၊ ငါသည်ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင် မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။" (ယေရမိ ၁ရး၂၂-၂ရ)

ဣသရေလမြေဥပုသ်စောင့်
                        ထာဝရဘုရားသခင်က မည်မျှပင်သတိပေးသော်လည်း ဣသရေလများသည် ဘုရားသခင်၏စကားကိုနားမထောင်ဘဲ ဥပုသ်နေ့ကိုချိုးဖေါက်သောကြောင့် ဣသရေလ ကို အရှုရိ လက်၌၎င်း၊ ယုဒကို ဗာဗုလုန်လက်၌၎င်းပေးအပ်ခဲ့သည်။ ထိုသို့ တိုင်းတပါးသို့ ခေါ်သွားခြင်းခံရသောအခါ သူတို့ ပြည်သည် ဥပုသ်စောင့်ကြောင်း ကို ကျမ်းစာ၌ဤသို့တွေ့ရသည်၊ "ထိုသို့ ဣသရလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော   ထာဝရဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည် သည် လူဆိတ်ညံလျက် နေသောကာလ၊ အနှစ်ခုနစ်ဆယ်စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသ တည်း။" (၂ ရာဇဝင်ချုပ် ၃၆:၂၁) ဘုရားသခင်က ဣသရေလလူများကို တိုင်းပြည်မှ နှင်ထုတ်​ခြင်းသည် ဥပုသ်နေ့မစောင့်ခြင်း တခုတည်းကြောင့် မဟုတ်သော်လည်း၊ ဥပုသ်နေ့မစောင့်ခြင်းလည်း အကြောင်း တခုဖြစ် သည်။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်တော်အတိုင်း သူတို့၏တိုင်းပြည်သည် အနှစ်ခုနစ်ဆယ် ဥပုသ်စောင့်ရသည်။ ဆိုလိုသည်မှာ လူသူမနေဘဲ လယ်မလုပ်ဘဲ လူဆိတ်ညံခဲ့သည်။

နေဟေမိလက်ထက်
                         ဗာဗုလုန်လက်အောက်မှ ပြန်လာသောအခါ ယုဒလူများသည် ဥပုသ်နေ့ကို မစောင့်ဘဲ ဥပုသ်နေ့၌ ရောင်းဝယ်မှုများ ပြုနေကြသောကြောင့် နေဟမိက အမိန့်အားဖြင့် ဥပုသ်နေ့စောင့်စေကြောင်းကို ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ "ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကိုနယ်လျက်၊ ကောက်လှိုင်း ကို သွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက်၊ လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင် မြို့သို့ ဆောင်ခဲ့ကြသည်ကို၎င်း၊ ငါမြင်၍၊ ဤမည်သောနေ့ရက်၌သာ စားစာရာများကို ရောင်းအပ်သည်၊ ဟုသူတို့အား ကြားပြော ကြ၏။ ထိုအရပ်၌နေသော တုရုမြို့ သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။ ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ ကိုဖျက်၍ ပြုသောဒုစရိုက်ကား အဘယ်သို့နည်း။ ဘိုးဘေးတို့သည် ထိုသို့ ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌၎င်း၊ ဘုရားသခင် ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေ ဦးမည်လော၊ ဟုယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊ အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့ လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အ ကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ၊ မိမိ​ကျွန်အချို့တို့ကို တံခါးတို့၌ခန့်ထား၏။ ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူ များ တို့သည် ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါအိပ်ကြ၏။ ငါကလည်း၊ မြို့ရိုးပတ်လည်၌ အဘယ်ကြောင့်အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဖမ်းဆီး မည်၊ ဟုသူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင်မလာဘဲ နေကြ၏။ လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ စင်ကြယ်သောကိုယ် နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အိုအ​ကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အ​ကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ကရုဏာတော်များပြား သည် အတိုင်း အ​ကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ (နေဟမိ ၁၃:၁၅-၂၂) ထိုသို့ နေဟမိ၏ စိတ်အား ထက် သန် မှု ဖြင့် ဥပုသ်နေ့ကို အတင်းစောင့်စေသောကြောင့် နောက်ပိုင်း၌ ဥပုသ်နေ့ကို စောင့်ကြသည်။ ခရစ်တော် လက်ထက်၌ ဥပုသ်စောင့်ခြင်းသည် အလွန်အရေးကြီးလာသည်။ ထို့ကြောင့် ခရစ်တော်သည်လည်း ဥပုသ်စောင့် ခြင်း အပေါ်၌ ဘာသာရေး ခေါင်းဆောင်များက အပြစ်မြင်လာကြသည်။

ဥပုသ်နေ့တနေ့ခရီး 

                     ထိုအခါ ယေရုရှလင်မြို့နှင့် ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏ (တမန် ၁:၁၂) ခရစ်တော်လက်ထက်၌ ဥပုသ်နေ့တနေ့ခရီး သည် ယေရုရှလင်မြို့မှ သံလွင်တောင်အထိဖြစ်သည်၊ ဟုသတ်မှတ်ထားသည်။ ထိုခရီးသည် ကိုက် ၁၀၀၀ ခန့်ရှိသည်။ ဥပုသ်နေ့၌ ကိုက် ၁၀၀၀ ထက်ခရီးသွားလျှင် ဥပုသ်ကျိုးသည်ဟုယူဆသည်။ ထိုအရာသည် ဘုရားသခင်၏ သတ်မှတ်ချက်မဟုတ်၊ လူများ၏သတ်မှတ်ချက်ဖြစ် သည်။ 

ဥပုသ်နေ့နှင့်ခရစ်တော် 

                      ခရစ်တော်သည် လူနာများကမတောင်းဆိုဘဲ သူ့အလိုအလျောက် လူနာများကို ကျန်းမာစေလျှင် ဥပုသ်နေ့၌ ဖြစ်တတ်သည်။ ဥပုသ်နေ့၌ လူနာများက ကျန်းမာစေဘို့ မတောင်းတတ်သော်လည်း ခရစ်တော်က ကျန်းမာစေသည်။ အဘယ့်ကြောင့် ထိုသို့ပြုသနည်း။ ခရစ်တော်၌ အကြောင်းရှိသည်။ 

နတ်ဆိုးနှင်ထုတ်ခြင်း 

                   ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်း တရားစရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။ ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒ ပေးတော်မူ ခြင်းကို အလွန် အံ့ဩ ကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်း တူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူးသော နတ်စွဲသောသူရှိ၍၊ ​‌ဪနာဇရက်မြို့သား ယေရှု၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အ​ကျွန်ုပ်တို့ကို ဖျက်ဆီး ခြင်း ငှါလာ သလော။ ကိုယ်တော်သည် အဘယ်သူ ဖြစ်သည်ကို အ​ကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်၊ ဟုဟစ်ကြော်လေ၏။ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့၊ ဟုဆုံးမတော်မူလျှင်၊ ညစ်ညူးသော နတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသော အသံနှင့် အော်ဟစ်၍ ထွက်သွား၏။ (မာကု ၁:၂၁-၂၆) 

လက်တဖက်သေသူအနာငြိမ်းစေခြင်း 

                 တရားစရပ်သို့ တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက် ရှိ၏။ ဥပုသ်နေ့၌ သူ၏ ရောဂါကို ငြိမ်းစေမည်မငြိမ်းစေမည်ကို ထိုသူတို့ သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့၊ ဟုလက်တဘက်သေသောသူအား မိန့်တော်မူပြီး မှ၊ ဥပုသ်နေ့၌ ကျေးဇူးပြု အပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ် သလော၊ အသက် ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထို သူတို့သည် တိတ်ဆိတ်စွာ နေကြ၏။ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့ စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင် ၏လက်ကိုဆန့်လော့၊ ဟုထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကို ဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိ ဖြစ်လေ၏။ ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရ အံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်း တိုင်ပင်ကြ၏။ (မာကု ၃:၁-၆) 

၁၈ နှစ်နတ်ဆိုးစွဲသူ

                        တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒ ပေးတော်မူသောအခါ၊ တဆယ်ရှစ်နှစ်ပတ်လုံးနတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက် ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်း မဆန့်နိုင်။ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ ခေါ်၍၊ အချင်း မိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊ သူ့အပေါ်မှာ လက်တော်ကို တင်တော်မူ သဖြင့်၊ သူသည် ချက်ခြင်း တည့်မတ်ခြင်းသို့ ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်​ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင် လာ၍ အနာရော ဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။ သခင်ဘုရား က လည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှလွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။ တဆယ်ရှစ်နှစ် ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ရန်ဘက်နေသောသူ အပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသော အံ့ဩဘွယ်အမှုများတို့ကို လူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။ (လုကာ ၁၃:၁၁-၁ရ) 

၃၈ နှစ် အနာစွဲသူကျန်းမာစေခြင်း 

                       ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြတော်မူ၏။ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ အမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ​ခြေမစွမ်း၊ ကိုယ်ပိန်​ခြောက်သော သူတို့မှစ၍ အနာ ရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။ အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက် ၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသော အနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံးရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူ လျှင်၊ သင် သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။ နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အ​ကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အ​ကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အ​ကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။ ယေရှုကလည်း ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့၊ ဟု မိန့် တော်မူသည်၊ ခဏခြင်းတွင် ထိုသူသည် ပက တိအဖြစ်သို့ ရောက်၍၊ မိမိအိပ်ရာကို ဆောင်လျက်လှမ်းသွား၏။ (ယော ၅:၁-၉) ထိုအမှုကို ဥပုသ်နေ့၌ ပြုတော်မူ သောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ (ယော ၅:၁၆) 

မျက်စိကမ်းသူမြင်စေခြင်း 

                     လမ်း၌ သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။ တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ် သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှုကလည်း၊ ကိုယ်အပြစ် ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကိုသူ၌ ထင်ရှားစေမည်အကြောင်းတည်း။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အမှုကို နေ့အချိန် ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သောအချိန် တည်းဟူသော ညအချိန် လာသေး၏။ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်း ဖြစ်၏၊ ဟုမိန့်တော်မူပြီးလျှင်၊ မြေပေါ်မှာထွေး၍ တံထွေးနှင့်ရွံ့လုပ်ပြီးမှ ကန်းသောသူ၏ မျက်စိကို ရွံ့နှင့်လူး၍၊ သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကို ဆေး လော့၊ ဟုမိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည် ဟုဆိုလိုသတည်း။ ထိုသူသည်သွား၍ ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။ (ယော ၉:၁ -ရ)  အ ဘယ်ကြောင့် ခရစ်တော်သည် ဥပုသ်နေ့ တွင် လူနာများကို ကျန်းမာစေသနည်း။ တရားစရပ်မှုး ပြောသလိုကျန်သော ရက်များ၌ မကျန်းမာစေနိုင် သလော။ ဥပုသ်နေ့၌ လူနာများကို ကျန်းမာစေသောကြောင့် ယုဒလူများက အပြစ်တင်ညှင်းဆဲကြသည် မဟုတ်လော။ သူ၌ ထိုသို့ ပြုခြင်းသည် ရည်ရွယ်ချက် ရှိသလော။ 

ဥပုသ်နေ့၌ခရီးသွားခြင်း 

                  ထိုကာလ အခါယေရှုသည် ဥပုသ်နေ့၌ ဂျုံ၊ စပါး၊ လယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအ သီးအနှံကို ဆွတ်၍ စားကြ၏။ ဖာရိရှဲတို့သည်မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သော အမှုကို ပြုကြပါသည်တကားဟု လျှောက်ကြသော်၊ ကိုယ်တော် က၊ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊ ဘုရားသခင်၏ အိမ်တော်သို့ ဝင်၍ မိမိမစားအပ်၊ မိမိအဘော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့ သာစားအပ် သော ရှေ့တော် မုန့်ကို စားသည် အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသလော။ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက် သာ၍ကြီး မြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်း အကျင့် ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသော သူတို့ကို အပြစ်မတင်မစီရင်ကြပြီ။ ထိုသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။ (မ ၁၂:၁-၈) အဘယ်ကြောင့်သခင် ယေရှုခရစ်သည် ဥပုသ်နေ့၌ ခရီးသွားသနည်း။ ခရီး သွားသည်သာမက စပါးအသီးအနှံကို အဘယ်ကြောင့်ဆွတ်၍ စားကြသနည်း။ သူ့ကို အပြစ်တင်ကြသောအခါ ဒါဝိတ်နှင့် အဘော်များ ဘုရား၏ အိမ်တော်အထဲမှ မုန့်ကိုစားခြင်းနှင့် ​ခြေပသည်။ ထိုသို့ခြေပခြင်းသည် သင့်လျော်သလော။ သူသည် ဥပုသ်နေ့ကို အစိုးရသည် ဟုဆိုသည်။ သို့ဖြစ်လျှင် ဥပုသ်နေ့၌ သူကြိုက်သလိုနေ ထိုင်ခွင့်ရှိသလော။ ဥပုသ်နေ့၏ အရှင်သည်သာ၍ စောင့်သင့်သည် မဟုတ်လော။ 

ဥပုသ်နေ့ကို ပြည့်စုံစေခြင်း 

                           သခင်ယေရှုသည် ဥပုသ်နေ့နှင့် ပွဲနေ့များ လဆန်းနေ့များကို ပြည် စုံစေသူ ဖြစ်သည်ဟု ရှင်ပေါလုက ဤသို့ ရေးထားသည်၊ ထိုကြောင့် စားသောက်ခြင်း အမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက် ဖြစ်လတံ့သောအရာ တို့၏ အရိပ် ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။ (ကောလောသဲ ၂:၁၆-၁ရ) သို့ဖြစ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ပွဲများ လဆန်းနေ့များ၊ ဥပုသ်နေ့များကို ပြည့်စုံစေသနည်း။ သူကိုယ်တိုင်ကလည်း ဤသို့ဆိုသည်၊ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည် ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း (မဿဲ ၅:၁ရ)။ မည်ကဲ့သို့ ပြည့်စုံစေသနည်း။ 

ဥပုသ်သည် အနားယူခြင်း 

                    ဥပုသ်စောင့်ခြင်းသည် အနားယူခြင်း၊ အလုပ်မလုပ်ခြင်း ဖြစ်သည်။ ခရစ်တော်က၊ ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည်နားရသောအခွင့်ပေးမည်။ (မဿဲ ၁၁:၂၈) ဟုဆိုထားသည်။ ဆိုလိုသည်မှာ ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကိုပေးမည်၊ ဟုဆိုလိုခြင်းဖြစ်သည်။ လူနာများသည် နာနေလျှင် မနားကြချေ။ သခင်ယေရှုနှင့် တွေ့မှသာလျှင် အနာငြိမ်း၍ နားရကြသည်။ ပြသနာ ရှိသောသူ အပေါင်းတို့သည်လည်း မနားရချေ။ ကိုယ့် ပြသနာကို သခင်ယေရှုထံ ချထားမှ နားရသော အခွင့်ရှိကြသည်။ ထို့ကြောင့် သခင်ယေရှုနှင့်မတွေ့၊ ကိုယ့်ဝန်ကို သခင်ယေရှု ထံမချထားသောသူသည် ဝန်လေးနေ၍ အလုပ်လုပ်သောသူ၊ ဥပုသ်မစောင့်သောသူ ဖြစ်ကြသည်။ ထို့ကြောင့် သတ္တမနေ့ တည်းဟူသော စနေနေ့တွင် အလုပ်နားသော်လည်း၊ ခရစ်တော်နှင့်မတွေ့ ကိုယ့်ကိုယ်ကို သူ့ထံ၌ မအပ်နှံလျှင် အလုပ်လုပ်နေသေးသည်။ ထို့ကြောင့် ဥပုသ်ကျိုးသောသူဖြစ်သည်။ ခရစ်တော်သည် ဥပုသ်နေ့၏အရှင် ဖြစ်သည်။ သူ့ကို မရရှိသောသူ၊ သူ့ကို မကိုးစားသောသူသည် မည်မျှပင်ဥပုသ်နေ့ကို စောင့်နေသော်လည်း၊ ဘုရားအမြင်၌ ဥပုသ်ကျိုးသောသူ ဖြစ်သည်။ 

                      ခရစ်တော်သည် ဥပုသ်ဖြစ်ကြောင်းကို လူများသိစေရန် ဥပုသ်နေ့၌ လူနာများကို အနာပျောက်စေသော်လည်း လူများကနားမလည်နိုင်ကြချေ။ ဣသရေလလူများက နားမလည်သကဲ့သို့ ယနေ့ခရစ်ယာန်များကလည်း နားမလည်ကြချေ။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ကိုယ်ကိုယ်ကိုသော်၎င်း၊ မိသားစုသော်၎င်း၊ အလုပ်နှင့်ပြသနာသော်၎င်း၊ ခရစ်တော်ကိုအားကိုး ပုံချခြင်းဖြစ်သည်။ ထိုသို့ ဆိုသော်အလုပ်မလုပ်ဘဲ ထိုင်နေရမည်ဟု မဆိုလို။ အမှန်မှာ လူတဦးကို အားကိုးခြင်းအားဖြင့် စိတ်မပင်ပန်းတော့ သကဲ့သို့ ခရစ်တော်ကို အားကိုးခြင်းအားဖြင့် ဝန်လေးပင်ပန်းခြင်း မရှိတော့ချေ။ ထိုသို့ဖြစ်လျှင် ခရစ်တော်ကို ဘယ်နှစ်ရက် အားကိုးရမည်နည်း။ နေ့စဉ်ရက်ဆက် အသက်ရှင်သရွေ့အားကိုးရမည်။ ထိုသို့အားကိုးလျှင် ဥပုသ်စောင့်ခြင်းဖြစ်သည်။ ထို့ကြောင့် စနေနေ့မှသာမဟုတ်၊ နေ့တိုင်း ခရစ်တော်ကို အားကိုးခြင်းအားဖြင့် ဥပုသ်စောင့်ရမည်။ ထိုသို့စောင့်လျှင် ပြသနာကြောင့် သောကရောက်စရာ မရှိတော့ချေ။ ထို့ကြောင့်ပြသနာကြား၌ အောင်မြင်သော အသက်တာနှင့် အသက်ရှင်နိုင်ပေမည်။ 

တနင်္ဂနွေနေ့ဥပုသ်စောင့်ခြင်းလော

သို့ဖြစ်လျှင် ခရစ်ယာန်များတနင်္ဂနွေနေ့၌ ဘုရားရှိခိုးခြင်းသည် ဥပုသ်စောင့်ခြင်းလော။ မဟုတ်ပါ။ တနင်္ဂနွေနေ့၌ ဘုရားရှိခိုးခြင်းသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနေ့၊ ယုံကြည်သူကိုယ်တိုင်လည်း ခရစ်တော်နှင့်ထမြောက်သောနေ့ဖြစ်၍ ဘုရားကိုချီးမွမ်းခြင်းဖြစ်သည်။ တနင်္ဂနွေနေ့သည် ခရစ်တော်၏ ထမြောက်ခြင်းနေ့၊ ဟုသာသိနေကြသည်။ ကျမ်းစာက ခရစ်တော်နှင့်အတူ ယုံကြည်သူများလည်း ထမြောက်ကြောင်း ဤသို့ရေးထားသည်၊ ထိုကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း (ရော ၆း၄) တဖန်၊ ယေရှုခရစ်အားဖြင့်၊ ငါတို့ကို ထမြောက်စေ၍၊ ကောင်းကင်အရပ်၌၊ နေရာပေးတော်မူပြီ (ဧဖက် ၂း၆)။  ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ (ကောလော ၂း၁၂) ဆက်လက်၍၊ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ ရှိသော အထက်အရာတို့ကို ရှာကြလော့။(ကောလော ၃း၁) 

                      တမန်တော်များနှင့် ရှေးဦးခရစ်ယာန်များသည် တနင်္ဂနွေနေ့၌ ဘုရားရှိခိုးတတ်သောကြောင့် ယနေ့ ခရစ်ယာန် များလည်း တနင်္ဂနွေနေ့၌ ဘုရားရှိခိုး ခြင်းဖြစ်သည်။ တမန်တော်များနှင့် ရှေးဦး ခရစ်ယာန်များသည် တနင်္ဂနွေနေ့၌ ဘုရားရှိခိုးတတ်ကြောင်း၊ ဤသို့ တွေ့ရသည်၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။ (တမန် ၂၀းရ) တဖန်၊ သန့်ရှင်းသူတို့ အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လှူဒါန်း၍ စုထား စရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာ တဘို့ကို ထုတ်၍စုထားကြလော့။(၁ ကော ၁၆း၁-၂)  တမန်တော်များခေတ်၌ ခုနှစ်ရက်တွင် ပဌမနေ့ရက်တည်းဟူသော တနင်္ဂနွေနေ့၌ ဘုရား ရှိခိုးတတ်ကြောင်း တွေ့ရသည်။                                                                                                                              

                   ထို့ကြောင့်၊ ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ရိုမင်ကက်သလိပ်များက ရက်ရွေ့လိုက်သည်၊ ပုပ်ရဟန်းမင်းက ရွှေ့လိုက်သည်၊ ရောမဧကရာဇ်မင်း ကွန်စတဲတင်းကရွှေ့လိုက်သည်၊ နိုင်ဆင်းအသင်းတော်အစည်းအဝေးက ရွှေ့လိုက်သည် ဟူ၍၎င်း၊ ပြောကြခြင်းများသည် မမှန်ပါ။

 

 


 
 
 
 
 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG