GOODNEWS
  HOME  GOODNEWS  2024 JUL

ဇာတိလူနှင့်ဝိညာဉ်လူ

သခင်ယေရှုက၊ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။”  (ယော ၃း၆) ဟုဆိုသည်။ လူသည် မိခင်ဝမ်းမှမွေးဖွားသောအခါ ဇာတိလူအဖြစ်မွေးဖွားသည်။ ထို့ကြောင့် ဇာတိအရာများကိုသာလျှင် နားလည်၍ စွဲလမ်းသည်။ ရှင်ပေါလုက၊ ဇာတိပကတိရှိသော သူတို့သည်၊ ဇာတိပကတိနှင့် စပ်ဆိုင်သော အရာတို့ကို၊ စွဲလမ်းသော စိတ်သဘောရှိကြ၏။” (ရော ၈း၅) ဟုဆိုသည်။ သို့ဖြစ်လျှင် ဇာတိအရာများသည် အဘယ်အရာများဖြစ်သနည်း။ ဇာတိအရာများသည် ဘုရားနှင့်မဆိုင်၊ ဝိညာဉ်ရေးရာ မဟုတ်သော လောကနှင့် ဆိုင်သောအရာများဖြစ်သည်။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ဝါသနာ၊ အပျော်အပါး၊ မူးယစ်ဆေးဝါးများ၊ ဖြစ်သည်။ လူသည် ဇာတိအားဖြင့်မွေးဖွားသောကြောင့် ဇာတိအရာများကိုသာလျှင်သိသည်။ ဇာတိအရာများကိုသာလျှင် စွဲလမ်းသည်။ 

ဇာတိစိတ်သဘောသည်သေခြင်း

ပေါလုက ဤသို့ရေးထားသည်၊ “ဇာတိပကတိစိတ် သဘောသည်၊ သေခြင်းအကြောင်း ဖြစ်၏။” (ရောမ ၈း၆)။ ရှံဆုန်သည် အမိဝမ်းထဲမှစ၍ ဘုရားသခင်ကရွေးကောက်သော သူဖြစ်သည်။ ဘုရား၏ဝိညာဉ်တော် နှင့်ရှိသောကြောင့် အလွန်ခွန်အားရှိသည်။ သို့သော်ဝိညာဉ်တော်၏ အလိုတော်အတိုင်းအသက်မရှင်ဘဲ၊ မိမိဇာတိအလိုဆန္ဒအတိုင်း အသက်ရှင်သောကြောင့် မျက်စိအဖေါက်ခံပြီး၊ နောက်ဆုံး၌ ဖိလိတ္တိရန်သူများနှင့် အတူ အသေခံသွားသည် (တရားသူကြီး ၁၃ မှ ၁၆)။ 

ရှောလုမင်းသည် ဘုရားသခင်က ရှင်ဘုရင်အဖြစ်ရွေးကောက်ခန့်အပ်ခဲ့သည်။ သို့သော်၊ ဘုရား၏စကား ကိုနားမထောင်၊ ယဇ်ပုရောဟိတ်ရှာမွေလကို မစောင့်ဘဲ မိမိကိုယ်တိုင် ယဇ်ပူဇော်လိုက်သည် (၁ ဓမ္မ ၁၃)။ ဘုရားသခင်က အာမလက်လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးခိုင်းသည်။ သို့သော် ဘုရားစကားကို အပြည့်အဝ နားမထောင်၊ ဆူဖြိုးသောသိုးနွားတို့ကို ဘုရားထံ ယဇ်ပူဇော်ဖို့ရန် သိမ်းယူသည် (၁ ဓမ္မ ၁၅)။ သူ့ကိုရှာမွေလက၊ “ထာဝရဘုရား ၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီ၊ ဟုဆို၏။” (၁ ဓမ္မ ၁၅း၂၂-၂၃)။ 

ရှောလုမင်းသည် ဘုရား၏စကားကို အပြည့်အစုံ နားမထောင်သောကြောင့် ဘုရားကစွန့်ကြောင်း ဤသို့ တွေ့ရသည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊  ထာဝရဘုရား ထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ယှက်တတ်၏။” (၁ ဓမ္မ ၁၆း၁၄) အဘယ်ကြောင့် ရှောလုကို ဝိညာဉ်ဆိုးက နှောင့်ယှက် တတ်သနည်း။ ဘုရား၏ဝိညာဉ်က စွန့်သောကြောင့်ဖြစ်သည်။ ဘုရားကသူ့ကို ရှင်ဘုရင်မှ ပယ်သော်လည်း၊ ဇာတိအားဖြင့် ရှင်ဘုရင်ဖြစ်ချင်နေသောကြောင့် လုံးဝမဆင်းလိုချေ။ ထို့ထက် ဘုရားရွေးကောက်သော ဒါဝိဒ်ကိုသတ်ဖို့ ကြိုးစားနေသည်။ သို့သော်ဘုရားသခင်က ဒါဝိဒ်ကို သူ့လက်ထဲမှအ ကြိမ်ကြိမ်ကယ်နှုတ်သည်။ နောက်ဆုံး၌ ဖိလိတ္တိရန်သူတို့လက်ဖြင့် အသတ်ခံခဲ့ရသည်။ ကျွန်ုပ်တို့လည်း ဇာတိအလိုဆန္ဒအတိုင်း အသက်ရှင်တတ်ကြ သောကြောင့်၊ အမျိုးမျိုးဒုက္ခ ရောက်ရကြသည်၊ နာရကြသည်၊ အသေစောကြသည်။ 

အာခတ်မင်းသည် ထာ၀ရဘုရားကိုစွန့်၍ အခြားသောဘုရားများကို ကိုးကွယ်သော ကြောင့် ထာဝရဘုရားက အလွန်နှိမ့်ချကြောင်း ဤသို့ရေးထားသည်၊ “ယုဒရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။” (၂ ရာဇဝင်ချုပ် ၂၈း၁၉)။ “အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ ထာဝရဘုရားကိုသာ၍ ပြစ်မှား၏။ ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သော ဘုရားတို့ သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍၎င်း ဆိုသော်၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုး အကျိုးနဲစရာအကြောင်း ဖြစ်သတည်း။” (၂ ရာဇဝင်ချုပ် ၂၈း၂၂-၂၃)

ကျွန်ုပ်တို့လည်း ဒုက္ခဆင်းရဲခံသောအခါ ဘုရားထံတော်သို့ တိုးဝင်ချဉ်းကပ်သည်ထက် အာခတ်မင်းကဲ့သို့ ထာ၀ရဘုရားထံတော်မှ ပို၍ဝေးသောသူ ဖြစ်တတ်ကြသည်။ ယခုသင် ၏အခြေအနေသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကြံစည်၍မရနိုင်လောက်အောင် ရှိသည်ဖြစ်စေ၊ ထာဝရဘုရားထံမှ ဝေးဝေးရှောင်သောသူမဟုတ်ဘဲ၊ ထာဝရဘုရားကို ချဉ်းကပ်သော သူဖြစ်စေချင်သည်။ “ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅း၂၂)

ဝိညာဉ်စိတ်သဘောသည်အသက်ရှင်ခြင်း

ရှင်ပေါလုက၊ “ဝိညာဉ်ပကတိ စိတ်သဘောသည်၊ အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်းအ ကြောင်းဖြစ်၏။" ဟုဆိုသည် (ရော ၈း၆)

နေဗုခဒ်နေဇာမင်းကြီးက ရွှေရုပ်ဘုရားကိုတည်ထား၍၊ သူ့ဘုရားကိုမကိုးကွယ်သူတိုင်း မီးဖိုထဲ၌ပစ်မည်၊ ဟုအမိန့်ထုတ်ထားသည်။ သို့သော်ယုဒလူငယ် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကမင်းကြီးထံ၊ “အရှင်မင်း ကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည် အကြောင်းမရှိပါ။ အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက၊ အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော် မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော် ၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ၊ ဟုပြန် လျှောက်ကြ၏။” (ဒံယေလ ၃း၁၆-၁၈) ယုဒလူငယ်တို့သည် ဘုရားအပေါ် ယုံကြည်စိတ်ချမှု အပြည့်ရှိသောကြောင့်၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းမရှိဘဲ အထက်ပါကဲ့သို့ အလွန်အမျက်ဒေါသထွက်သော ရှင်ဘုရင်ကို ပြန် ပြောနိုင်ကြသည်။ 

 “ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကိုကြည့်ရှု၍ မျက်နှာတော်ပျက်လျက် မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှါ၎င်း၊ ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ၎င်း၊ အမိန့်တော်ရှိသည်အတိုင်း၊ ထိုသူသုံးယောက်တို့ကို ပေါင်းဘီ၊ အင်္ကျီ၊ ဝတ်လုံအစရှိသည်တို့ နှင့်တကွ တုတ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊ ရှင်ဘုရင်၏ အမိန့်တော် ကြပ်တည်း ၍ မီးဖိုသည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ဆွဲချသောသူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။ ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။” (ဒံယေလ ၃း၁၉-၂၃)

ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ဘုရားကိုတွယ်ဖက်ကြသောကြောင့်၊ တနည်းအားဖြင့် ဝိညာဉ် ပကတိစိတ်သဘောရှိသောကြောင့် အထက်ပါကဲ့သို့ အလွန်အမျက်ဒေါသထွက်သော နေဗုခဒ်နေဇာမင်းကြီးလက်မှ၎င်း၊ မီးဖိုကြီးထဲ၌၎င်း၊ ဘုရားသခင်က ကယ်တင်၍ အသက်မသေရှင်ခဲ့ကြကြောင်း ဤသို့တွေ့ရသည်၊ “ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် အံ့ဩမိန်းမော၍ အလျှင်တဆော ထပြီးလျှင်၊ လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လော၊ ဟုတိုင်ပင် မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့ကလည်း၊ မှန်ပါ၏အရှင်မင်းကြီး၊ ဟုပြန်လျှောက်ကြလျှင်၊ ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲ၌ သွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဍာန်ရှိသည်၊ ဟုမိန့်တော်မူ၍၊ မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ်ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ထွက်၍ လာကြလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာကြ၏။ စော်ဖွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည်ဝိုင်း၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည်တပင်မျှမမြှိုက်၊ ဝတ်လုံလည်း ခြားနားခြင်းမရှိ၊ မီးလောင်သော အနံ့လည်း ကင်းလွတ်၏။” (ဒံယေလ ၃း၂၄-၂၇)

အဘယ်ကြောင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် အဘယ်ကြောင့် မသေကြသနည်း။ ဘုရားသခင် ကိုယုံကြည်ကိုးစားသောကြောင့်ဖြစ်သည်။ ဘုရားအလိုတော်အတိုင်း နေသောသူသည် ဝိညာဉ်လူဖြစ်သည်။ သူတို့သည် ပေါလုရေးသည့်အတိုင်း ဝိညာဉ်လူဖြစ်သောကြောင့် အသက်ရှင်ကြခြင်းဖြစ်သည်။ ထို့ကြောင့်သင်နှင့်ကျွန်ုပ်လည်း ဝိညာဉ်လူတည်းဟူသော ဘုရားအလိုတော်အတိုင်း အသက်ရှင်သောသူဖြစ်ကြပါစို့။ 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG