GOODNEWS
  HOME  GOODNEWS  2023 JUL
 


ဘုရားသခင်၏မိန်းမ


            ဘုရားသခင်၌မိန်းမရှိသလားဟုသင်အံ့ဩပေလိမ့်မည်။ ကျမ်းစာ၌ဣသရေလနှင့်ယုဒသည်၊ ဘုရားသခင်၏ မိန်းမများဖြစ်ကြောင်းဤသို့ရေးထားသည်။ 

၁။သင့်ကိုဖန်ဆင်းသောသူသည်သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်​ခြေရှင် ထာဝရဘုရားတည်း။” (ဟေရှာယ ၅၄း၅)  

၂။အိုဖောက်ပြန်သောသူငယ်တို့၊ ပြန်လာကြလော့၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ငါသည်သင်၏လင် ဖြစ်သော်လည်း  သင်တို့မြို့များထဲကတမြို့ လျှင်လူတယောက်၊ အမျိုးသားချင်း အစုစုထဲကတစုလျှင် လူနှစ်ယောက်ကိုရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။” (ယေရမိ ၃း၁၄) בָּעַ֣לְתִּי bā·‘al·tî ကိုမြန်မာကျမ်းစာအုပ်၌ "ငါသည်သင်တို့ကိုရွံရှာဘူးသော်လည်း" ဟုရေးထားသည်။ ထိုအရာကို "အုပ်ချုပ်" သို့မဟုတ် "လင်" ဟုနှစ်မျိုး ဖြင့်ဘာသာပြန်နိုင်သည်။ မူရင်းဟေဗြဲနှင့်အင်္ဂလိပ်ကျမ်းစာအုပ်များ၌ ၊ "ငါသည်သင်၏လင်ဖြစ်သော်လည်း" သို့မဟုတ် "ငါသည်သင်၏သခင်ဖြစ်သော်လည်း" ဟုတွေ့ရသည်။

၃။ "ငါသည်သူတို့၏လင်ဖြစ်ဘူးသော်လည်း အရင်ငါပေးဘူးသောပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည်လည်းသူတို့ကိုရွံရှာ၏။” (ယေရမိ ၃၁း၃၂) ဟေဗြဲကျမ်းစာနှင့် အင်္ဂလိပ်ကျမ်းစာများတွင်၊ "ငါသည်သူတို့၏ လင်ဖြစ်ဘူးသော်လည်း" ဟုပါသော်လည်း၊ မြန်မာကျမ်းစာအုပ်၌ မပါချေ။ It will not be like the covenant I made with their ancestors when I took them by the hand to lead them out of Egypt, because they broke my covenant, though I was a husband to them,” declares the LORD.(NIV) Not according to the covenant that I made with their fathers in the day that I took them by the hand to bring them out of the land of Egypt; which my covenant they brake, although I was an husband unto them, saith the LORD:(KJV) not like the covenant which I made with their fathers on the day I took them by the hand to bring them out of the land of Egypt, My covenant which they broke, although I was a husband to them,” declares the LORD.(NASB)

၄။ တဖန်ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သောအချိန်အရွယ် ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကိုဖြန့်၍ သင်၌အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းပြု၍ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့် သင်သည်ငါ၏ခင်ပွန်းဖြစ်လေ၏။” (ယေဇ ၁၆း၈) וַתִּ֥הְיִי לִֽי׃ မူရင်းနှင့်အင်္ဂလိပ်ကျမ်းစာအုပ်များ ၌ "သင်သည်ငါ့ဥစ္စာဖြစ်၏" ဟုတွေ့ရသည်။ ထိုအရာကိုမြန်မာကျမ်းစာအုပ်၌ "သင်သည်ငါ၏ခင်ပွန်းဖြစ်လေ၏" ဟုရေးထားသည်။ ဘုရားနှင့်ဣသရေလသည် ပဋိညာဉ်ဖွဲ့သောကြောင့် မြန်မာကျမ်းစာအုပ်၌ ရေးထားသည့်အတိုင်း၊ "သင်သည်ငါ၏ခင်ပွန်းဖြစ်လေ၏" ဟုရေးခြင်းသည်လက္ခံနိုင်စရာရှိသည်။ လင်နှင့်မယားသည် တယောက်နှင့်တယောက် ပိုင်ဆိုင်ကြသည် မဟုတ်လော။ 

၅။ "တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၂ အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မနှစ်ယောက်ရှိ၏။ ၃ သူတို့သည်အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကိုပြုကြ၏။ ထိုပြည်၌ သူတို့၏သားမြတ်ကိုပွတ်နယ်၍ အပျိုမအသရေကိုရှုတ်ချကြ၏။ ၄ အစ်မကား၊ အဟောလ၊ ညီမကားအဟောလိဗအမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကိုဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍၎င်းဆိုလိုသတည်း။" (ယေဇ ၂၃း၁-၄)။ ထို့ကြောင့် ဣသရေလသည် ဘုရားသခင်၏မိန်းမ၊ ခင်ပွန်းဖြစ်သည်။ 

ဘုရားကဣသရေလကိုမွေးကင်းစမှပြုစု
"တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၂ အချင်းလူသား ယေရုရှလင်မြို့သည် မိမိ၌စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကို သိမည်အကြောင်းပြုလော့။ ၃ ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဖွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏အဘသည်အမောရိလူ၊ သင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏။" (ယေဇကျေလ ၁၆း၁-၃)

               ထာဝရဘုရားက ပရောဖက်ယေဇကျေလအား ဣသရေလလူများထံ သူတို့၏နောက်ကြောင်းကိုသိဘို့ ရန်ပြောခိုင်းသည်။ သင်၏မွေးဖွားရာဌါနသည် ခါနာန်ပြည်ဖြစ်သည်၊ ဟုဆိုသည်။ အကြောင်းမှာ ဣသရေလများ ၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်နှင့်ယာကုပ်တို့သည်ခါနာန်ပြည်၌နေခဲ့သည်။ ယာကုပ်ကိုဘုရားသခင်က ဣသရေလဟုနာမည်ပြောင်းပေးခဲ့သည်။ ယာကုပ်သည်ခါနာန်ပြည်၌ မွေးဖွားသောကြောင့် သူ၏ချက် မြှုပ်ရာအရပ်သည် ခါနာန်ပြည်ဖြစ်သည်။ ခါနာန်ပြည်သည် အမောရိလူမျိုးနှင့် ဟိတ္တိလူမျိုးနေရာဖြစ်သောကြောင့် သင်၏အမိအဘဟုဆိုခြင်းဖြစ်သည်။ 

"သင့်ကိုဖွားခြင်း အကြောင်းအရာဟူမူကား၊ ဖွားသောနေ့၌ချက်ကြိုးကိုမဖြတ်၊ သန့်ရှင်းစေခြင်းငှါရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့်မပတ်ရစ်၊ ၅ ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ၊ သင့်ကိုမြင်၍ အဘယ်သူမျှမသနား၊ ဖွားသောနေ့၌ သင်သည်ကိုယ်ကိုရွံရှာရသည်တိုင်အောင် လယ်ပြင်၌ပစ်ထားခြင်းကိုခံရ၏။"(ယေဇကျေလ ၁၆း၄-၅) 

               သင်၏ချက်ကြိုးမဖြတ် ဟုဆိုခြင်းသည် ယာကုပ်ဦးလေးလာဗန်ထံသို့ သွားခိုင်းခြင်းကိုဆိုလိုသလော။ သူသည်ခါနာန်ပြည်၌ မွေးဖွားသော်လည်း ဦးလေးလာဗန်ရှိရာ ပါဒနာရံသို့ သူ၏အကိုဧသောရန် ကြောက်သောကြောင့်ပြေးရသည် (ကမ္ဘာ ၂၈း၁)။ ယာကုပ်သို့မဟုတ် ဣသရေလကို အဘယ်သူကမျှ ကရုဏာစိတ်နှင့်မပြုစု၊ အဘယ်သူကမျှ မသနား၊ သူ့အကိုကရန်ရှာသည်။ လယ်ပြင်၌ပစ် ထားသကဲ့သို့ဖြစ်သည်။ 

"ငါသည်လျှောက်သွား၍၊ အသွေးနှင့်လူးလျက်ရှိသောသင့်ကိုမြင်သောအခါ၊ အသက်ရှင်လော့ဟုသင်သည် အသွေး၌ရှိစဉ်ငါဆို၏။ ၇ မြက်ပင်ကဲ့သို့ငါကြီးပွားစေသဖြင့်၊ သင်သည်အစဉ်အတိုင်းကြီး၍၊ လှသောအဆင်းနှင့် ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်း အမွေးပေါက်၏။ အရင်ကအဝတ်မရှိ၊ အချည်းစည်းနေရ၏။" (ယေဇကျေလ ၁၆း၆-ရ)

               ဘုရားသခင်က ဣသရေလကိုမြင်၍ အသက်ရှင်လော့ဟုဆိုသည်။ မြက်ပင်ကဲ့သို့ကြီးပွားသည် ဟုဆိုခြင်းသည်၊ မြက်ပင်သည်စိုက်ပျိုးခြင်း၊ ပြုစုခြင်းမရှိသော်လည်း၊ စားပင်တည်းဟူသော စပါးပင်၊ ပြောင်းဖူးပင်များထက် ရှင်သန်ကြီးထွားမြန်သည်။ ဣသရေလသည် အဂုတ္တုပြည်၌ပြောင်းရွှေ့သောအခါ အလွန်တိုးပွားသည်။ အဲဂုတ္တုရှင်ဘုရင်က၊ "ဣသရေလ အမျိုးသားတို့သည်ငါတို့ထက်သာ၍များကြ၏။ သာ၍အားကြီးကြ၏။” ဟုဆိုသည် (ထွက် ၁း၉)။ အဲဂုတ္တုရှင်ဘုရင်က သတိထား၊ ကြောက်ရလောက်အောင် တိုးပွားကြသည်။ ထို့ကြောင့် “လာကြ၊ သူတို့ကိုလိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည်များပြားကြလိမ့်မည်။ နောက်တခါစစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ဝင်စား၍၊ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲ ကထွက်သွားကြလိမ့်မည်၊ ဟုမိမိလူတို့အားဆိုလေ၏။ ၁၁ ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်ချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့နှင့်ရာမသက်မြို့(Pithom and Raamses) ကိုတည်ဆောက်ရကြ၏။ ၁၂ သို့သော်လည်း၊ နှိပ်စက်ခြင်းကိုခံရသည်အတိုင်း၊ တိုးပွါးများပြားလျက်ရှိကြ၏။ သူတို့ကြောင့်အဲဂုတ္တုလူတို့သည် စိတ်ညစ်၍၊ ၁၃ အလွန်ကြမ်းတမ်းစွာ ညှဉ်းဆဲကြ၏။ ၁၄ သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍၊ အလွန်ဆင်းရဲပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။" (ထွက်မြောက်ရာ ၁း၁၀-၁၄)

               သင်သည်အစဉ်အတိုင်းကြီး၍၊ လှသောအဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ကိုယ်၌လည်း အမွေးပေါက်၏။ ဣသရေလသည် အဲဂုတ္တုပြည်၌ အဆင်းလှခြင်းနှင့်ပြည့်စုံသည်။ ဣသရေလကို အပျိုကဲ့သို့နှိုင်း၍ ရင်သားထ၍ ကိုယ်အမွေးပေါက်သည်ဟုဆိုသည်။ မိန်းမများ၏အလှသည် ရင်သားနှင့်ဆံပင်အပေါ်မှာ များစွာမူတည်သည်။ ထို့အရာအားဖြင့် ယောက်ျားများကိုစွဲလမ်းစေနိုင်သည်။  

               အရင်ကအဝတ်မရှိ၊ အချည်းစည်းနေရ၏။ ဝတ်မရှိလျှင်ကိုယ်တုံးလုံးဖြစ်ရသည်။ ရုသကဗောဇထံ “ကျွန်မသည်ကိုယ်တော်၏ကျွန်မ ရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သောကြောင့်၊ ကိုယ်တော်၏​ကျွန်မကို အဝတ်တော်စွန်းနှင့်ဖုံးပါတော့ဟုဆိုသော်၊” (ရုသ ၃း၉) ကျွန်မကိုအဝတ်တော်စွန်းနှင့်ဖုံးပါ တော့၊ ဟုဆိုခြင်းသည်၊ ကျွန်မကိုမိန်းမအဖြစ်သိမ်းယူပါ၊ ဟုဆိုခြင်းဖြစ်သည်။ ယောက်ျားမရှိသောမိန်းမများသည်၊ အဝတ်အချည်းစည်း ကိုယ်တုံးလုံးနှင့်တူသည်။ ထို့ကြောင့်သူတို့ကို ယောက်ျားများက စော်ကားခြင်း၊ အနိုင်ကျင့်ခြင်းပြုတတ်ကြသည်။ ယောက်ျားရှိသောမိန်းမများသည် လုံခြုံသည်၊ ယောက်ျားများသည် မိန်းမများ ၏အဝတ်ကဲ့သို့ဖြစ်သည်။ မိန်းမများသည်ယောက်ျားရသောအခါ အဝတ်ဝတ်သကဲ့သို့ဖြစ်သည်။ 

            သခင်ယေရှုက လောဒိကိအသင်းတော်ထံ၊ ဤသို့စာရေးခဲ့သည်၊ “သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။ သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင်မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း၊ ငါ့ထံမှာဝယ်လော့။” (ဗျာဒိတ် ၃း၁ရ-၁၈) လောဒိကိအသင်းတော်သည်၊ လူ့အမြင်၌ဥစ္စာဘဏ္ဍာများရှိသည်။ သို့သော်သခင်ယေရှုအမြင်၌ ဆင်းရဲ၍ အဝတ်အချည်းစည်းဖြစ်သောကြောင့် ရှက်စရာဖြစ်နေသည်။ သခင်ယေရှုက ဖြူသောအဝတ်ကို သူ့ထံမှာဝယ်ခိုင်းသည်။ ဆိုလိုသည်မှာ၊ လောဒိကိအသင်းတော်သည် ယောက်ျားမရှိသောမိန်းမနှင့်တူသောကြောင့် အဝတ်အချည်းစည်းဖြစ်သည်၊ ဟုဆိုရခြင်းဖြစ်သည်။ သူ့ကိုလက်ထပ်မှ၊ ယူမှသာလျှင်လုံခြုံ၍ ရှက်စရာမှကင်းဝေးမည်။ သခင်ယေရှုက ဖြူသောအဝတ်ကိုသူ့ထံမှ ဝယ်ခိုင်းခြင်းသည်၊ သူ့ကိုလက်ခံခိုင်းခြင်းဖြစ်သည်။ လောဒိကိအသင်းတော်၌ ခရစ်တော်မရှိသောကြောင့် ခရစ်တော်က ဤသို့ဆိုသည်၊  "ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်။" (ဗျာ ၃း၂၀)။ ပေါလုကလည်း၊ ရောမအသင်းတော်ထံ၊ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။” ဟုစာရေးခဲ့သည် (ရော ၁၃း၁၄)။ သခင်ယေရှုကို ခင်ပွန်းအဖြစ် လက်ခံသောသူသည်၊ အဝတ်ဝတ်သောသူနှင့်တူသည်။ ရှက်ကြောက်စရာမရှိချေ။  သင်သည်ခရစ်တော်ကို ကိုးကွယ်နေသော်လည်း ခရစ်တော်မရဘဲ ဖြစ်နေပါသလော။ ခရစ်တော်မရလျှင် သင်လည်းအဝတ် အချည်းစည်းဖြစ်ကြောင်း သတိထားစေချင်သည်။ 

"တဖန်ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သောအချိန် အရွယ်ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကိုဖြန့်၍၊ သင်၌အချည်းစည်းရှိခြင်းကိုဖုံးအုပ်၏။ ကျိန်ဆိုခြင်းပြု၍သင်နှင့်ပဋိညာဉ်ဖွဲ့ သဖြင့်၊ သင်သည်ငါ၏ခင်ပွန်း ဖြစ်လေ၏။" (ယေဇကျေလ ၁၆း၈)

            ဘုရားသခင်သည်ဣသရေလကို ရွေးကောက်သည်မဟုတ်။ မွေးစကတည်းက ကြည့်ရှုပြုစုကြောင်း အထက်ပါကဲ့သို့ ဘုရားကိုယ်တိုင် ရေးသားခဲ့သည်။ ဣသရေလသည်အာဗြဟံမှစခဲ့သည်။ အာဗြဟံသားဣဇက်၊ ဣဇက်သားယာကုပ်၊ ယာကုပ်ကိုဣသရေလ၊ ဟုနာမည်ပြောင်းပေးသည်။ သူတို့သည်အာမောရိနှင့် ဟိတ္တိအမျိုးများ နေထိုင်သောခါနာန်ပြည်၌ စတင်နေထိုင်ခဲ့ကြသောကြောင့်၊ သင်၏အဘသည်အမောရိလူ၊ သင်၏အမိသည် ဟိတ္တိအမျိုးဖြစ်၏၊ ဟုဆိုရခြင်းဖြစ်သည်။ ဣသရေလကို ဘုရားသခင်က အပျိုမကဲ့သို့တင်စားခြင်းဖြစ်သည်။ ဘုရားသခင်က ဣသရေလကို ခလေးဘဝမှ ပြုစုပျိုးထောင်၍ အပျိုမဘဝသို့ရောက်လာသောအခါ၊ စေ့စပ်၍ လက်ထပ်ကာ၊ သူ၏ခင်ပွန်းဖြစ်သည်ဟုဆိုသည်။ ထိုအရာကိုအောက်တွင်အဆင့်ဆင့်ပြန်လည်ဖေါ်ပြပါသည်။ 

ဘုရားနှင့်ဣသရေလစေ့စပ်
ဘုရားသခင်က ဣသရေလများကို အဲဂုတ္တုပြည်မှကယ်နှုတ်၍ သိနာတောင်ရောက်သောအခါ သူတို့ကို လက်ထပ်ဘို့ ဤကဲ့သို့စေ့စပ်လိုက်သည်၊ "ထိုကြောင့်ယခုတွင်သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင်၊ အခြားသောလူမျိုးတကာတို့ထက် သင်တို့သည်ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည်ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်၊ ဟူသောအမိန့်တော်ကို ဣသရေလအမျိုးသားတို့ အားဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။ မောရှေသည်ပြန်လာ၍လူတို့တွင်အသက်ကြီးသူတို့ကိုခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာ ထားတော်မူသောစကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ လူအပေါင်းတို့ကလည်း ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အ​ကျွန်ုပ်တို့သည်ပြုပါမည်၊ ဟုတညီတညွတ်တည်းပြန်ပြောကြ၏။" (ထွက် ၁၉း၅-၈)။  

             ပဋိညာဉ်ပြုခြင်းသည် သဘောတူစာချုပ်ခြင်းဖြစ်သည်။ ဣသရေလများက ဘုရားသခင်၏ ပဋိညာဉ်ကိုစောင့်ရှောက်၍ ပညတ်တော်များကိုလိုက်နာရမည်။ သတို့သားနှင့်သတို့သမီး ဂတိသစ္စာပြုသကဲ့သို့ဖြစ်သည်။ ဘုရားသခင်ကလည်း သူတို့ကိုဘဏ္ဍာအဖြစ်လက်ခံမည်။ ဘဏ္ဍာသည်အဘိုးတန်သော ရွှေငွေကျောက်ကောင်း များဖြစ်သည်။ ထိုအရာများကို ပိုင်ရှင်ကတန်ဘိုးထား စောင့်ရှောက်သည်၊ ကာကွယ်သည်။ ယောက်ျားများကလည်း သူတို့၏မိန်းမကို ဘဏ္ဍာကဲ့သို့ တန်ဘိုးထားချစ်ဘို့ဖြစ်သည်။ သခင်ယေရှုက၊ “သင်တို့၏ဘဏ္ဍာရှိသောနေရာ၌ သင်တို့၏စိတ်နှလုံးရှိသည်၊” ဟုဆိုသည် (မဿဲ ၆း၂၁ )။ ထို့ကြောင့်ယောက်ျားများ၏ စိတ်နှလုံးသည် သူတို့၏မိန်းမရှိသောနေရာ၌ရှိသည်။ ခရီးသွားလျှင်လည်း စိတ်နှလုံးသည် မိန်းမရှိသောနေရာ၌ ရှိတတ်သည်။ ဘုရားသခင်၏ စိတ်နှလုံးသည်လည်း သူစေ့စပ်သောဣသရေလ၌ ရှိနေမှာဖြစ်သည်။ 

            "မြေကြီးရှိသမျှသည်ငါ၏ဥစ္စာဖြစ်၏။" အဘယ်ကြောင့်ဘုရားသခင်က မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်သည်ဟုဆိုသနည်း။ သူဌေးကြီးက ဆင်းရဲသူမလေးကို လက်ထပ်ဘို့စေ့စပ်သောအခါ စားဝတ်နေရေးနှင့် အသက်ရှင်နေထိုင်ရေးအတွက် ဘာမျှပူစရာမရှိကြောင်း၊ နေအိမ်၊ ကား၊ ဥစ္စာပစ္စည်းအားလုံး၊ သူတာဝန်ယူနိုင်ကြောင်းပြောခြင်းနှင့်တူသည်။ ဣသရေလအနေဖြင့် မြေကြီးပေါ်မှာနေသရွေ့ကာလပတ်လုံး ဘာမျှပူစရာမရှိ၊ သူပိုင်ကြောင်းကို အာမခံခြင်းဖြစ်သည်။ ထို့ကြောင့်ဣသရေလအနေဖြင့် ဘုရားသခင်နှင့်လက်ထပ်၍၊ အတူနေထိုင်လျှင် ဘာမျှပူပင်သောကရောက်စရာမလို၊ ဟုဆိုလိုခြင်းဖြစ်သည်။

            "သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး သန့်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်၊"  ဘုရားသခင်က ဣသရေလကိုလက်ထပ်သောအခါ သူသည်မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုးဖြစ်မည် ဟုဆိုသည်။ ယဇ်ပုရောဟိတ်သည် ဘုရား၏လူ၊ မင်းစည်းစိမ်ခံစားသောသူများဖြစ်မည်၊ ဟုဆိုသည်။ လူများက ဘုရားထံချဉ်းကပ်သောအခါ တိုက်ရိုက်ချဉ်းကပ်၍မရချေ။ ယဇ်ပုရောဟိတ်များမှတဆင့် ချဉ်းကပ်ရသည်။ ကျမ်းစာ၌၊ "ယဇ်ပုရောဟိတ်နှုတ်ခမ်းသည်ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌လူတို့သည်တရားတော်ကိုရှာရကြမည်။ အကြောင်း မူကား၊ သူသည်ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားစေလွှတ်တော်မူသောတမန်ဖြစ်၏။" ဟုရေးထားသည် (မာလခိ ၂းရ)။ 

            "လူအပေါင်းတို့ကလည်း ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အ​ကျွန်ုပ်တို့သည်ပြုပါမည်၊ ဟုတညီတညွတ်တည်းပြန်ပြောကြ၏။" (ထွက် ၁၉း၈) သတို့သမီးသည် သတို့သားနှင့်လက်ထပ်သောအခါ၊ သတို့သားအပေါ်သေသည့်အထိ သစ္စာရှိစွာပြုစုပေါင်းသင်းဆက်ဆံပါမည်၊ ဟုဂတိပြုတတ်သည်မဟုတ်လော။ ထို့နည်းတူ ဣသရေလလည်း ဘုရားသခင်အပေါ်သစ္စာရှိစွာ စကားနားထောင်ဘို့ဂတိပြုခြင်းဖြစ်သည်။ 

ဘုရားနှင့်ဣသရေလလက်ထပ်
 စေ့စပ်ထားသောမိန်းမကို ချိန်းချက်ထားသောအချိန်၌ လက်ထပ်တတ်ကြသည်။ ထို့နည်းတူ ဘုရားသခင်လည်း သူစေ့စပ်ထားသော ဣသရေလကို လက်ထပ်ကြောင်း၊ အောက်ပါကဲ့သို့ မှတ်တမ်းတင်ထားသည်၊ "တဖန်ထာဝရဘုရားက၊ သင်သည်အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသောဣသရေလအမျိုး အသက်ကြီး သူခုနစ်ကျိတ်နှင့်တကွ၊ ထာဝရဘုရားအထံတော်သို့တက်၍၊ သူတို့သည်ဝေးဝေးကိုးကွယ်ကြစေ။ ၂ သင်တယောက်တည်းသာထာဝရဘုရား ထံတော်သို့ချဉ်းကပ်ရမည်။ အခြားသောသူမချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူမတက်ရကြ၊ ဟုမောရှေအားမိန့်တော်မူ၏။" (ထွက် ၂၄း၁-၂) ဘုရားသခင်စီရင်သည့်အတိုင်း ဣသရေလသည် ဘုရားသခင်နှင့်ပဋိညာဉ်ပြုဘို့ တနည်းအားဖြင့်လက်ထပ် စာချုပ်ချုပ်ဘို့ပြင်ဆင်ခြင်းဖြစ်သည်။ 

 "မောရှေသည်လည်းလူများတို့ ရှိရာသို့လာ၍၊ ထာဝရဘုရား၏စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း၊ အ​ကျွန်ုပ်တို့ပြုပါမည်ဟုတသံတည်းပြန်ပြောကြ၏။" (ထွက် ၂၄း၃) မောရှေသည် ဘုရားနှင့်ဣသရေလလူများအကြား သင်းအုပ်ဆရာကဲ့သို့ဖြစ် သည်။ ထာ၀ရဘုရား၏ စကားတော်များ စီရင်တော်မူချက်များကို လူများထံပြောပြ၍၊ လူများကလည်း ဘုရားပြောသမျှအတိုင်း ပြုပါမည်ဟု တသံတည်းဂတိပြုကြသည်။ သင်းအုပ်ဆရာတိုင်တည် ပြောကြားသည့်အတိုင်း သတို့သမီးက ကတိပြုပါသည်၊ ဟုဆိုခြင်းနှင့်တူသည်။         

"မောရှေသည်ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်​ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးနှင့်အမျှကျောက်တိုင်တဆယ်နှစ်တိုင်ကို၎င်း တည်လေ၏" သတို့သားနှင့်သတို့သမီးတို့ ဂတိသစ္စာပြုသောစာကို သင်းအုပ်ဆရာက ကြိုတင်စာရွက်ပေါ်၌ ရေးသားပုံနှိပ်၍ ထိုစာရွက်ပေါ်၌ လက်မှတ်ထိုးတတ်ကြသည်။ မောရှေသည် ထာဝရဘုရား၏စကားတော်များကိုရေးထားသည်ဟုဆိုသည်။ ထိုအရာသည်ပညတ်တော်ဆယ်ပါးမဟုတ်။ အကြောင်းမှာပညတ်တော်ဆယ်ပါးသည် ဘုရားသခင်ကိုယ်တိုင် လက်ညှိုးတော်နှင့်ရေးကြောင်း ဤသို့တွေ့ရသည်၊ "ထိုသို့ဘုရားသခင်သည်သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့်အက္ခရာတင်သောသက်သေခံချက် ကျောက်ပြားနှစ်ပြားကိုပေးတော်မူ၏။" (ထွက် ၃၁း၁၈)။ မောရှေရေးထားသော ထာဝရဘုရား၏စကားကို ထွက် ၂၄းရ ၌ "ပဋိညာဉ်စာ" ဟုဆို၍၊ ဟေဗြဲ ၉း၁၉ ၌ "ကျမ်းစာ" ဟုဆိုသည်။ 

"ဣသရေလ အမျိုးသားလူပျိုတို့ကိုစေခိုင်းသည်အတိုင်း၊ သူတို့သည်နွားများကိုယူ၍ထာဝရဘုရားရှေ့မှာမီးရှို့သောယဇ်၊ မိဿဟာယယဇ်ကိုပူဇော်ကြ၏" (ထွက် ၂၄း၄-၅) ထာဝရဘုရားနှင့်ဣသရေလ လက်ထပ်ခြင်းကို နွားများကိုသတ်၍ ယဇ်ပူဇော်ခြင်းအားဖြင့် မင်္ဂလာဆောင်ပွဲပြုလုပ်သည်။ 

"မောရှေသည်လည်း၊ အသွေးတဝက်ကိုအင်တုံ၌ထည့်၍၊ တဝက်ကိုယဇ်ပလ္လင်ပေါ်မှာဖြန်းလေ၏။  ရ။ ပဋိညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အ​ကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟုပြောဆိုကြ၏" (ထွက် ၂၄း၆-ရ) မောရှေက နွားအသွေးကိုယူ၍ ယဇ်ပုလ္လင်ပေါ်၌ဖြန်းသည်။ ဤနေရာ၌ ပဋိညာဉ်စာတည်းဟူသော လင်မယားအကြားဂတိသစ္စာ ဆိုသောစာကိုမောရှေက ပရိသတ်များရှေ့မှာဖတ်ပြီး သူတို့ကနားထောင်ပါမည်ဟု ဂတိပြုကြသည်။ သတို့သမီးက သတို့သားအပေါ် ဂတိသစ္စာပြုခြင်းဖြစ်သည်။ 

"မောရှေသည်လည်း၊ အသွေးကိုယူ၍လူများအပေါ်မှာဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသောပဋိညာဉ်၏အသွေးဖြစ်သည်၊ ဟုပြောဆို၏။" (ထွက် ၂၄း၈) မောရှေက နွားအသွေးကိုယူ၍ လူများအပေါ်၌ဖြန်းလျက် ပဋိညာဉ်၏အသွေးဖြစ်သည်ဟုဆိုသည်။ ဘုရားနှင့်ဣသရေလသည် အထက်ပါကဲ့သို့အသွေးအားဖြင့် သေချာစွာလက်ထပ်ခဲ့ကြသည်။ ထိုသို့လက်ထပ်ခြင်းကို ပဋိညာဉ်ပြုသည် ဟုဆိုသည်။ ထိုအရာသည်နောက်ပိုင်း၌ ဣသရေလများ ဖေါက်ပြန်သောအခါ၊ ဘုရားနှင့်ကွဲ၍ ပဋိညာဉ်တရားဟောင်း ဖြစ်သွားသည်။   

ဘုရားသည်သူ့မိန်းမကိုအလွန်ချစ်
 ဘုရားသခင်သည် သူ၏ခင်ပွန်း ဣသရေလ ကိုအလွန်ချစ်ကြောင်း ဤသို့ရေးထားသည်၊ "ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့်၎င်း၊ သင်၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူသောအကျိန်ကိုမဖျက်လိုသောကြောင့်၎င်း၊ ​ကျွန်ခံနေရာအဲဂုတ္တုပြည်ကိုအစိုးရသော ဖါရောဘုရင်လက်မှ အားကြီးသောလက်တော်နှင့် သင့်ကိုရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ။" (တရားဟော ရး၈)  ဘုရားသခင်က ဣသရေလကို အဲဂုတ္တုကျွန်မှ ရွေးနှုတ်ခြင်း၏အကြောင်းရင်းအမြစ်ကို လူတိုင်းသိချင်မှသိမည်။ သူကိုယ်တိုင်က ဣသရေလကိုချစ်သောကြောင့်၊ ဟုအထက်ပါကဲ့သို့ ပြောသွားသည်။ 

"တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည်လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည်သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်းပဋိညာဉ်လည်းမလှုပ်ရှားရ၊ ဟုသင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏၊၊" (ဟေရှာယ ၅၄း၁၀) ဘုရားသခင်က ဣသရေလအပေါ်ချစ်ခြင်းကို အထက်ပါကဲ့သို့ဖေါ်ပြသွားသည်။ တောင်ကြီးတို့သည်ရွေ့၍ တောင်ငယ်တို့သည်လှုပ်ရှားသော်လည်း သူ၏မေတ္တာသည်မရွေ့ကြောင်း၊ သူ၏ပဋိညာဉ်လည်းမလှုပ်ရှားကြောင်းပြောသွားသည်။ 

"ထာဝရဘုရားက၊ လယ်မလုပ်သောတောအရပ်၌ သင်သည်ငါ့နောက်သို့လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို၎င်း၊ ငါအောက်မေ့၏။" (ယေရမိ ၂း၂) ယေရမိက ဤစာရေးသောအခါ မြောက်ဖက်နိုင်ငံဖြစ်သော ဣသရေလသည် မရှိတော့ချေ။ သို့သော် ဘုရားသခင်က နောက်ကြောင်းပြန်၍ ဣသရေလကို မည်မျှချစ်ကြောင်းကို ဖေါ်ပြခြင်းဖြစ်သည်။ 

 

 စိတ်နှလုံးအကြွင်းမဲ့သူ့ကိုချစ်ဘို့ 
 ဘုရားသခင်က သူ့မိန်းမဣသရေလကိုအလွန်ချစ်သကဲ့သို့  ဣသရေလကလည်း သူ့ခင်ပွန်းဘုရားသခင်ကိုချစ်ဘို့ ဤကဲ့သို့တောင်းဆိုသွားသည်၊  "သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ၆ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ရ။ ထိုစကားကိုသင်၏ သားသမီးတို့အားကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ ၈။ ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င် ချည်ထားရမည်။ ၉။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။" (တရားဟော ၆း၅-၉)

            ဘုရားသခင်က ဣသရေလကိုအလွန်ချစ်သကဲ့သို့  ဣသရေလကလည်း သူ့ကိုစိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ချစ်စေချင်သည်။ ဦးနှောက်နှင့်သာမက စိတ်နှလုံးထဲသွင်းဘို့အထိ မှာထားသည်။ ထိုသို့တောင်းဆိုခြင်းကို ခင်ပွန်းတိုင်းကပြုလုပ်တတ်ကြသည်မဟုတ် လော။ ဘုရားသခင်လည်း၊ သူ့ခင်ပွန်းဣသရေလက စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းကိုလိုချင်သည်။ ထိုမျှသာမကသေးဘဲ သားသမီးများကလည်း သူ့ကိုချစ်ဘို့သင်ပေးခိုင်းသည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ဟုဆိုခြင်းသည် အချိန်မရွေးကိုဆိုလိုသည်။ သားသမီးများက ဘုရားကိုချစ်ဘို့ အချိန်မရွေးသင်ပေးခိုင်းသည်။ ထိုမျှသာမကသေး မျက်စိကြားမှာ သင်းကျစ်ကဲ့သို့ ချည်ထားခိုင်းသည်။ ဆိုလိုသည်မှာ မျက်စိကြား၌ ပရွက်ဆိတ်လျှောက်သွားလျှင် ဂရုမစိုက်၍မရချေ။ ထို့နည်းတူ ဘုရားသခင်ချစ်ဘို့သည် ဂရုမစိုက်ဘဲမနေရချေ။ အိမ်တံခါး မြို့တံခါး၌လည်း ဘုရားချစ်ဘို့ကိုရေးထားခိုင်းသည်။ အချိန်မရွေး၊ နေရာမရွေး သတိထားဘို့ရန်ဖြစ်သည်။ သို့သော်ဘုရားမှာထားသည့်အတိုင်း ဣသရေလကဘုရားကိုချစ်ပါသလား။ 

ဣသရေလဖေါက်ပြန်
ဣသရေလသည် ဘုရားသခင်နှင့်လက်ထပ်၍ ပဋိညာဉ်(ဂတိသစ္စာ)ပြုသော်လည်း၊ မောရှေသိနာတောင်ပေါ်တွင် ရက်ပေါင်းလေးဆယ်နေစဉ်တွင် နောက်မီးလင်း(ဖေါက်ပြန်) ကြောင်းအောက်ပါကဲ့သို့တွေ့ရသည်၊ "မောရှေသည်တောင်ပေါ်မှ ကြာမြင့်စွာရှိနေကြောင်းကိုလူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့စည်း ဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာသွားရသောဘုရားတို့ကိုငါတို့အဘို့လုပ်ပါ။ ငါတို့ကိုအဲဂုတ္တုပြည်၌ နှုတ် ဆောင် သောမောရှေ၌အဘယ်သို့ဖြစ် သည်ကိုငါတို့မသိပါဟုပြောဆိုကြ၏။ ၂ အာရုန်ကလည်း၊ သင်တို့ မယားသားသမီး များ၏နား၌ဆင်သောရွှေနားတောင်းများကိုချွတ်၍၊ ငါ့ထံသို့ဆောင်ခဲ့ကြဟုဆိုလျှင်၊ ၃ လူအပေါင်းတို့သည် မိမိ တို့နား၌ဆင်သောရွှေနားတောင်းများကိုချွတ်၍၊ အာရုန်ထံသို့ဆောင်ခဲ့ကြ၏။ ၄ အာရုန်သည်လည်းလက်ခံ ၍၊ နွားသငယ်ရုပ်ပုံသဏ္ဍာန်ကိုကညစ်နှင့်ရေးသားပြီးလျှင်သွန်းလေ၏။ လူများတို့ကလည်း၊ အိုဣသရေလအမျိုး၊ ဤဘုရားသည်သင့်ကိုအဲဂုတ္တုပြည်မှနှုတ်ဆောင် သောသင် ၏ဘုရားဖြစ်တော်မူသည်ဟုဆိုကြ၏။ ၅ အာရုန် သည်ထိုအမှုကိုသိမြင်လျှင်၊ ရုပ်တုရှေ့မှာယဇ်ပလ္လင်ကိုတည်၍၊ နက်ဖြန်နေ့သည်ထာဝရဘုရားအဘို့ပွဲခံရသော နေ့ဖြစ်သည်ဟုတပ်ကိုလည်၍ကြော်ငြာစေ၏။ ၆ နက်ဖြန် နံနက် စောစောလူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ပြီးမှ၊ စားသောက်လျက်ထိုင်နေကြ၏။ နောက်တဖန်ကခုံမြူးတူးခြင်းငှါထကြ၏။" (ထွက် ၃၂း၁-၆)

            လူ့အမြင်တွင်ရုပ်တုကိုးကွယ်ခြင်းသည် အပြစ်ကြီးသည်ဟုမထင်ရသော်လည်း ဘုရားသခင်၏အမြင်၌ အလွန်အပြစ်ကြီးသည်။ ခင်ပွန်းသည်ကိုသစ္စာဖေါက်၍ နောက်မီးလင်းခြင်းကဲ့သို့ အပြစ်ကြီးသည်။ အထက်ပါကဲ့သို့ ဣသရေလက ရုပ်တုကိုးကွယ်ခြင်းဖြင့် နောက်မီးလင်းသောအခါ ဘုရားသခင်အလွန်အမျက်ထွက်သောကြောင့် သူတို့ကို အားလုံးအဆုံးစီရင်ဘို့ မောရှေထံ၌ပြောခဲ့သည် (ထွက် ၃၂)။ မောရှေကသာ အသက်စွန့်ပြီး ဘုရားထံ မတောင်းပန်ခဲ့လျှင် သူတို့သည်အားလုံးအသေကောင်ဖြစ်ကြမည်။ 

            ဣသရေလလူများ၏သမိုင်းကိုကြည့်လျှင် ခေါင်းဆောင်ကောင်းများဖြစ်သော ယောရှု၊ ရှမွေလ၊ ဒါဝိဒ်၊ ယောရှဖတ်၊ ဟေဇခိ၊ ယောရှိ၊ မင်းများဦးဆောင်သောအချိန်၌သာ ဘုရားသခင်ကို ကောင်းစွာကိုးကွယ်၍ ဘုရားကိုမယုံကြည် ဂရုမစိုက်သောမင်းများ အုပ်စိုးချိန်များတွင် ရုပ်တုများကိုသာလျှင် ကိုးကွယ်တတ်ကြသည်။ တရားသူကြီးများလက်ထက် နှစ်ပေါင်းလေးရာအတွင်း၌ ရုပ်တုကိုးကွယ်သောကြောင့် ဘုရားသခင်က ရန်သူများလက်သို့အပ်နှံကာ အလွန်ဆင်းရဲခြင်းသို့ရောက်တတ်ကြသည်။ ထိုအခါဘုရားသခင်က ကယ်တင်ရှင် တရားသူကြီးများ စေလွှတ်ခြင်းဖြင့် ကယ်နှုတ်တတ်သည်။ သို့သော်ကြာရှည်မခံပါ၊ အနီးပတ်ဝန်းကျင်ရှိ လူမျိုး များကဲ့သို့ ရုပ်တုများကို ပြုလုပ်ကိုးကွယ်ခြင်းအားဖြင့် မတရားသောမေထုန်ကိုပြုတတ်ကြသည်။ 

ဣသရေလသည်ဘုရားကိုမချစ်

               အဘယ်ကြောင့်ဣသရေလသည် ဘုရားနှင့်ပြုသောပဋိညာဉ်ကိုမစောင့်၊ သစ္စာဖေါက်သနည်း။ ဘုရားကိုမချစ်သောကြောင့်ဖြစ်သည်။ မချစ်သောသူကို မယားဝတ်တရား၊ သင်ပေးနေလျှင်လည်းအကျိုးမရှိ။ စိတ်မဝင်စား။ နားမထောင်။ ထို့ကြောင့်သင်သမျှအချည်းနှီးဖြစ်သည်။ အကျိုးအကြောင်းမည်မျှပင်ပြောသော်လည်းမရ။ ရင်ခုန်မှသာလျှင် အားလုံးနားလည်နိုင်မည်။ ဣသရေလသည် သူတို့၏သမိုင်းတလျှောက်လုံး သူတို့ကိုကြည့်ရှု၊ ကျွေးမွေး၊ စောင့်ရှောက်၊ ကာကွယ်သောဘုရားကိုမချစ်ချေ။ ထို့ထက်ဘာမျှအကျိုးမပေးသော ရုပ်တုများကိုသာလျှင်စွဲလမ်းတပ်မက်နေသည်။ ထို့ကြောင့်ဘုရားစကားကိုနားမထောင်၊ အားလည်းမကိုးခြင်းဖြစ်သည်။ မချစ်သောသူနှင့်အတူနေခြင်း၊ စကားနားထောင်ခြင်း၊ ပြုစုခြင်းသည် အလွန်လေးလံသောအလုပ်ဖြစ်ကြောင်း လူတိုင်းသိသည်။ ဣသရေလသည်လည်း သူ၏ခင်ပွန်းဘုရား သခင်ကို မချစ်သောကြောင့် ဖေါက်ပြန်နေခြင်းဖြစ်သည်။ 

ဘုရားကအကျိုးအကြောင်းပြော
ဘုရားသခင်က ပရောဖက်ယေရမိအားဖြင့် သူ့ကိုဣသရေလများက စွန့်ခြင်းအကြောင်းကို ဤကဲ့သို့ နောက်ကြောင်းပြန်၍ ပြောနေသော်လည်းမထူးခြားချေ။ "တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည် ယေရုရှလင်မြို့သို့သွားပြီးလျှင်၊ ၂။ အော်ဟစ်ရမည့်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သောတောအရပ်၌ သင်သည်ငါ့နောက်သို့လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို၎င်း၊ ငါအောက်မေ့၏။" (ယေရမိ ၂း၁-၂)  လင်မယားကြား လက်ထပ်ခဲ့စဉ်က အဖြစ်အပျက်များကို ပြန်ပြောတတ်ကြသကဲ့သို့ ဘုရားသခင်က သူနှင့်ဣသရေလ လက်ထပ်ခြင်းအကြောင်းကို ပြန်ပြောပြခြင်းဖြစ်သည်။ 


"ထိုအခါဣသရေလအမျိုးသည် ထာဝရဘုရားအဘို့သန့်ရှင်း၏။ စီးပွါးတော်အဘို့ အဦးသီးသောအသီးဖြစ်၏။ သူတို့ကိုလုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။" (ယေရမိ ၂း၃)   လက်ထပ်ခါစ၌ ဘုရားသခင်က သူ၏ခင်ပွန်းဣသရေလကို အလွန်ချစ်သောကြောင့် သန့်ရှင်းသည်၊ အဦးသီးသောအသီးကဲ့သို့ တန်ဘိုးထားသည်။ တောင်ယာ ခြံလယ်မှ အဦးသီးသောအသီးများကို အလွန်တန်ဘိုးထား၊ ဝမ်းမြောက်တတ်ကြသည်မဟုတ်လော။ ဣသရေလသည်လည်း ဘုရားအတွက် အဦးသီးဖြစ်သည်။ သူ့ကိုလုယူသောသူအပေါင်းကို ဘုရားသခင်ကအပြစ်မြင်၍ ဘေးဥပဒ်ရောက်စေခြင်းဖြင့် ဒဏ်ခတ်တတ်သည်။ ဘုရားသခင်က သူခင်ပွန်းဣသရေလထံ၊ "သင်တို့ကိုထိသောသူသည်မျက်ဆန်တော်ကိုထိသောသူဖြစ်၏။" (ဇာခရိ ၂း၈) ဟုဆိုသည်။ ထို့​ကြောင့် ဣသရေလ ထိသောသူများကို ဘုရားသခင်ကချက်ချင်းတိုက်ခိုက်ခြေမှုန်းတတ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် အလွန်သဝန်တူ သောဘုရားဖြစ်သည် (ထွက်မြောက်ရာ ၂၀း၅)။

"အိုယာကုပ်အမျိုးနှင့် ဣသရေလအမျိုးအနွယ်အပေါင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ၅။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကိုတွေ့ကြသနည်း။" (ယေရမိ ၂း၄-၅)  ဣသရေလသည် ဘုရားသခင်ထံမှ ဝေးစွာထွက်သွားခြင်းအားဖြင့် အနတ္တလမ်းသို့လိုက်ကာ အနတတ္တသက်သက်ဖြစ်ရသည်၊ ဟုဆိုသည်။ ဘုရားသခင်က သူ့ကိုစွန့်ရအောင် သူ၌အဘယ်အပြစ်ရှိသနည်း ဟုမေးနေသည်။ ဘုရား၌အဘယ်အပြစ်မျှမရှိပါ။ လင်ယောက်ျားတယောက်၏ တာဝန်များဖြစ်သော၊ ချစ်ခြင်း၊ ကျွေးမွေးခြင်း၊ ကာကွယ်ခြင်း၊ ဂရုစိုက်ခြင်းများကျေပြွန်စွာပြုလုပ်ခဲ့ပါသည်။ ဣသရေလ၌ ဘုရားစွန့်ခြင်း အကြောင်းရင်းမရှိပါ။ မချစ်နိုင်ခြင်းကြောင့်သာလျှင်ဖြစ်သည်

"သူတို့က၊ ငါတို့ကိုအဲဂုတ္တုပြည်မှကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့်ပြည့်စုံသောပြည်၊ သွေ့​ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူမရှိသောပြည် တရှောက်လုံးသို့ ပို့ဆောင်သောထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်း၊ ဟုမမေးကြ။"(ယေရမိ ၂း၆)  ဘုရားသခင်က ဣသရေလကို အဲဂုတ္တုပြည်မှ အန္တရာယ်များလှသော တောတရှောက်လုံး၌ သူ့ကိုပို့ဆောင်ခြင်း များကိုသတိရကာ ဘုရားသခင်ကိုချစ်စေချင်သည်။ သူဌေးကြီးကို သူ၏မိန်းမတောသူမက ကျေးဇူးမတင်နိုင်၊ မချစ်နိုင်သောအဖြစ်နှင့်တူသည်။ ကျွန်ုပ်တို့လည်း ဣသရေလများကဲ့သို့ ဘုရားသခင်၏ကယ်တင်ခြင်းကို သဘောပေါက်လက်ခံခဲ့စဉ်က ဝမ်းမြောက်ခဲ့သလောက် နောက်ပိုင်း၌ ဘုရားကိုချစ်ခြင်းမရှိ၊ ဘုရားအတွက်အချိန်မှစ၍ စွမ်းအား ဘဏ္ဍာမပေးနိုင်ဖြစ်ကြပြီမဟုတ်လား။ 

"ဝပြောသောပြည်၏ အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကိုငါဆောင်သွား၍၊ သင်တို့သည်ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံ့ရှာဘွယ်ဖြစ်စေကြသည်တကား။" (ယေရမိ ၂းရ)  သူဌေးကြီးက ဆင်းရဲသူကို လက်ထပ်ယူ၍ သူ၏ စည်းစိမ်များကို အသုံးပြုသောအခါ ရီးစားထားပြီးဖေါက်ပြန်သကဲ့သို့ ဣသရေလလည်း ဝပြောသောခါနာန်ပြည်၌ ဘုရား၏ကောင်းကြီး ခံစားသောအခါ ရုပ်တုများနှင့်မှားယွင်းခြင်းဖြင့် ဘုရား၏ပြည်ကိုညစ်ညူးစေကြသည်။ သူဌေးကြီး၏အိပ်ယာပေါ်၌ သူဌေးကတော်သည် သူ၏ ရီးစားနှင့်မှားယွင်းသကဲ့သို့ဖြစ်သည်။ ကျွန်ုပ်တို့လည်း အပြစ်သားဘဝမှကယ်တင်၍ ဘုရားသခင်၏ကောင်းကြီးများစွာ ခံစားလာသောအခါ၊ မိမိတို့တပ်မက်သောအရာများအားဖြင့် ဖေါက်ပြန်ကြသည်မဟုတ်လော။

"ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်း၊ ဟုမမေးကြ။ ကျမ်းတတ်တို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပြစ်မှားကြ၏။ ပရောဖက်တို့သည် ဗာလကိုအမှီပြု၍ ဟောပြောလျက်၊ ကျေးဇူးမဲ့သောလမ်းသို့လိုက်ကြ၏။"(ယေရမိ ၂း၈)  ယဇ်ပုရောဟိတ်တို့သည် ဘုရား၏လူ၊ ဘုရား၏အမှုတော်ဆောင်များ ဖြစ်ကြသောကြောင့် ဘုရားကိုသိသင့်သည်။ သို့သော်မသိကြချေ။ ကျမ်းတတ်တို့သည်လည်း ကျမ်းစာကိုလေ့လာသောသူများ ဖြစ်ကြသောကြောင့်၊ ဘုရားကိုသိသင့်သည်။ သို့သော်မသိကြချေ။ အုပ်ချုပ်သူများလည်း လူထုထဲမှခေါင်းဆောင်များ ဖြစ်ကြသောကြောင့်၊ အခြေအနေမှန်ကိုသိသင့်သည်။ သို့သော်မသိကြသော ကြောင့် ဘုရားကိုပြစ်မှားကြသည်။ ပရောဖက်များလည်း ဘုရား၏ပရောဖက်မဟုတ်ဘဲ၊ ဗာလပရောဖက်များဖြစ်သောကြောင့်၊ မသိကြချေ။ ထို့ ကြောင့်ဣသရေလတမျိုးလုံးသည် အကျိုးမဲ့သောလမ်းသို့လိုက်ကြသည်။ 

"ထိုကြောင့်၊ သင်တို့နှင့်သင်တို့သားသမီးများကို ငါစစ်ကြောမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။" (ယေရမိ ၂း၉)  အထက်ပါကဲ့သို့ ဘုရားသခင်ကိုမသိဘဲ လမ်းလွဲကြသောကြောင့်၊ ဘုရားသခင်က သူတို့ကိုလက်ပိုက် ကြည့်မနေဘဲ၊ စစ်ကြောမည်ဟုဆိုသည်။ ကျွန်ုပ်တို့လည်း ဘုရားကိုအားကိုးခြင်း၊ ကိုးကွယ်ခြင်းမရှိဘဲ၊ အကျိုးမဲ့သောလမ်းကိုလိုက်၍ မိမိလုပ်ချင်သောအရာများကိုသာ လုပ်ခြင်းအတွက် ဘုရားသခင်က စစ်ကြောစီရင်မည်ကိုစိုးရိမ်စရာရှိသည်။

"ခိတ္တိမ်ကျွန်းတို့သို့ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလော၊ ဟုစေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။ ၁၁ အခြားတပါးသောလူမျိုး ကိုးကွယ်သောဘုရားသည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့၊ မိမိတို့ဘုန်းကို ပြောင်းလဲကြပြီတကား။" (ယေရမိ ၂း၁၀-၁၁)  လူမျိုးခြားများကိုးကွယ်သောဘုရားများသည် အမှန်မှာဘုရားများမဟုတ်ချေ။ သို့သော်ထိုလူမျိုးခြားများက သူတို့၏ဘုရားများကိုစွန့်၍ အခြားဘုရားများမကိုးကွယ်ကြချေ။ သူတို့ဘုရားများကို သစ္စာရှိစွာကိုးကွယ်ကြသည်။ သူတို့၏ဘုရားမပြောင်းလဲချေ။ ဣသရေလလူမျိုးမူကား သူတို့ကိုကောင်းကြီးပေးသောဘုရား၊ သူတို့ကိုအလွန်ချစ်သောဘုရား၊ သူတို့ကိုကာကွယ်သောဘုရား၊ သူတို့ဘိုးဘေးများနှင့်သေချာစွာ ပဋိညာဉ်ပြု၍ လက်ထပ်သောဘုရားကိုစွန့်ကြပြီတကား။ ထာ၀ရဘုရားသည် ဣသရေလလူများအတွက် ဘုန်းဖြစ်သည်။ ပြည်တန်ဆာရာခပ်ကသူလျှိုများထံ၊  "ထာဝရဘုရားသည်သင်တို့အား ဤပြည်ကိုပေးတော်မူကြောင်းကို၎င်း၊ သင်တို့ကိုငါတို့ကြောက်လန့်အားကြီး၍ သင်တို့ကြောင့်ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း၊ ကျွန်မသိပါ၏။ ၁၀ သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ပင်လယ်နီရေကို ထာဝရဘုရားခမ်း​ခြောက်စေတော်မူကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီးသောအာမောရိရှင်ဘုရင်ရှိဟုန်နှင့်ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အ​ကျွန်ုပ်တို့ကြားရကြပြီ၊ ၁၁ ထိုသတင်းကိုကြားသောအခါ အ​ကျွန်ုပ်တို့စိတ်သည် အရည်ပျော်ကုန်၍ သင်တို့ကြောင့်တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိအလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူကားသင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက်ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုးရသောဘုရားသခင်ဖြစ်တော်မူ၏။" (ယောရှု  ၂း၉-၁၁) ဟုဆိုခဲ့သည်။ အခြားလူမျိုးများက ထာ၀ရဘုရားကို အလွန်ကြောက်ရွံ့ကြသည်။ ထာ၀ရဘုရားသည် ဣသရေလလူများ၏ဘုန်းဖြစ်သည်။ ထိုမျှလောက်ကောင်းသောသူတို့၏ဘုန်းကို ဘာမျှကျေးဇူးမပြုနိုင်သောရုပ်တုဘုရားများနှင့် လဲခြင်းသည် အလွန်ဝမ်းနည်းစရာ၊ ရင်နာစရာ၊ ယူ‌ကြုံးမရစရာကောင်းသည်။ 


"ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုမိုးကောင်းကင်တို့၊ ထိုအမှုကိုမိန်းမောတွေဝေ၍၊ ကြက်သီးမွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက်နေကြလော့။ ၁၃ ငါ၏လူတို့သည်၊ အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပယ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကိုပြုကြပြီ။" (ယေရမိ ၂း၁၂-၁၃)  ဣသရေလလူများက အသက်စမ်းရေတွင်းတည်းဟူသော ထာဝရဘုရားကိုစွန့်၍ ရေမလုံပဲ့ပျက်သော ရေကျင်းတို့ကိုတူးခြင်းဖြင့် ဒုစရိုက်နှစ်ပါကိုပြုကြသောကြောင့် ဘုရားသခင်၌အလွန်ရင်နာသည်။ သူ၌ရင်ဖွင့် မည့်နေရာမရှိသောကြောင့်၊ မိုးကောင်းကင်ကိုတိုင်တည်ခြင်းဖြစ်သည်။ ထာ၀ရဘုရားသည် ဣသရေလလူများ အတွက် မကုန်ခမ်းနိုင်သောအသက်စမ်းရေတွင်းဖြစ်သည်။ သို့သော်ထိုအသက်စမ်းရေတွင်းကိုစွန့်၍ ရေမလုံပဲ့ပျက်သောရေကျင်းတို့ကိုတူးကြသည်။ ရေမလုံပဲ့ပျက်သောရေကျင်းတူးခြင်းဆိုသည်မှာ ဘုရားအားမကိုးဘဲ ကိုယ့်အားကိုကိုး၍ ဘဝတည်ဆောက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်းသူတို့ကဲ့သို့ပင် ထာဝဘုရားကို အားမကိုးဘဲ ကိုယ်ဘဝကိုတည်ဆောက်နေကြသည်မဟုတ်ပါလော။

ဘုရားနှင့်ဣသရေလကွဲ
"ယောက်ျားစွန့်ပစ်သောမိန်းမသည်ထွက်သွား၍၊ အခြားသောသူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည်ထိုမိန်းမ ကိုပြန်၍ယူသင့်သလော။ ထိုသို့ပြုသောပြည်သည် ညစ်ညူးသည်မဟုတ်လော ဟုဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍၊ မှားယွင်းသော်လည်း၊ ငါ့ထံသို့ပြန်လာပါ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။" (ယေရမိ ၃း၁) ယောက်ျားစွန့်ပစ်သောမိန်းမသည် ဣသရေလဖြစ်သည်။ ဘုရားသခင်ကဤသို့ ပညတ်ထားခဲ့သည်၊  "တစုံတယောက်သောသူသည်မယားနှင့်ထိမ်းမြား၍ဆက်ဆံပြီးမှတဖန်အပြစ်တင်စရာအကြောင်းရှိသောကြောင့်စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍သူ၌ အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။ ၂ ထိုမိန်းမသည်လင်အိမ်မှထွက်သွားသောနောက်၊ အခြားသောသူ၏မယားဖြစ်ရသောအခွင့်ရှိ၏။ ၃ နောက်နေသောလင်သည်လည်းသူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍သူ၌ အပ်သဖြင့်လွှတ်လိုက်သည့်ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊ ၄ အရင်လွှတ်လိုက်သောလင်ဟောင်းသည်ညစ်ညူးခြင်းရှိသောထိုမိန်းမကိုနောက်တဖန်မသိမ်းရ။  ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဘွယ်သောအမှုဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည်သင့်အမွေခံစရာဘို့ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။"(တရားဟော ၂၄း၁-၄)

               ထာဝရဘုရားသည် သူ၏ခင်ပွန်းကိုမည်မျှချစ်သနည်း ဟူမူကား၊ သူကိုယ်တိုင်ထားသောပညတ်ကိုချိုးဖေါက်၍ သူ၏ခင်ပွန်းသည် သူတပါးတည်းဟူသော ရုပ်တုတို့၏ မယားဖြစ်ပြီးသော်လည်း၊ သူ့ထံသို့ပြန်လာဘို့ ခေါ်ဖိတ်နေသည်။ 

၂။ "မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဘူးသော အရပ်တစုံတခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည်လမ်းတို့၌စောင့်နေ၍၊ မတရားသောမေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့်၎င်း၊ ပြည်ကိုညစ်ညူးစေပြီ။"(ယေရမိ ၃း၂)

               မြန်မာပြည်၌ တောင်ကမူများအပေါ်တွင် စေတီများတည်တတ်သကဲ့သို့  ဣသရေလများလည်း မြင့်သောအရပ်တိုင်း၌ ရုပ်တုတည်ထားကိုးကွယ်ကြသည်။ ထိုရုပ်တု များသည်ဣသရေလ၏ လင်များပင်ဖြစ်သည်။ အာရပ်လူမျိုးများသည် တော၌မိန်းမများကိုပစ်မှားဘို့ရန် စောင့်တတ်သကဲ့သို့ ဣသရေလများလည်း လမ်းတို့၌စောင့်၍ မတရား သောမေထုန် တည်းဟူသော ရုပ်တုကိုးကွယ်ခြင်းကို ပြုလုပ်တတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ခင်ပွန်းသည်က အခြားသူနှင့်နောက်မီးလင်းသကဲ့သို့ ဘုရားအမြင်၌ညစ်ညူး သည်။ ထို့ကြောင့်ဘုရားသခင်က ပြည်ကိုညစ်ညူးစေသည်ဟုဆိုရခြင်းဖြစ်သည်။ သူတို့ပြည်သည်ဘုရားအပိုင်ဖြစ်သည်။ 

၃။ "မိုးခေါင်၍ နောက်မိုးတိုင်အောင်မရွာသော်လည်း၊ သင်သည်ပြည်တန်ဆာနဖူးရှိ၍ ရှက်ခြင်းသဘောကိုပယ်ရှားပြီ။" (ယေရမိ ၃း၃)

               ဣသရေလသည် ရုပ်တုများကိုသာကိုးကွယ်ခြင်းအားဖြင့် မတရားသောမေထုန်ပြု၍ ပြည်ကိုညစ်ညူးစေသောကြောင့်၊ ဘုရားသခင်ကမိုးခေါင်စေခြင်းအားဖြင့်၊ သူတို့ ကိုတရားစီရင်၍ ဒဏ်ခတ်သည်။ ပဌမမိုးသာမက နောက်မိုးတိုင်အောင်မရွာသော်လည်း ဣသရေလသည်နောင်တရခြင်းမရှိ။ ရှက်ကြောက်ခြင်းလည်းမရှိ။ ဘုရားသခင်ကသူ့ကို ပြည်တန်ဆာနှဖူးရှိသည်၊ ဟုဆိုသည်။ 

၄။ "ယခုမှစ၍သင်က၊ အ​ကျွန်ုပ်အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်အသက်ငယ် စဉ်စောင့်မပါပြီ၊ ဟုငါ့အားအော်ဟစ်ပါစေသော။၅။ ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကိုမှတ်တော်မူမည်လော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကိုပြုပါသည်တကား။" (ယေရမိ ၃း၄-၅) 

                ဘုရားသခင်က မည်မျှသူ့ခင်ပွန်းကိုချစ်သနည်း။ သင်က၊ အ​ကျွန်ုပ်အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်အသက်ငယ် စဉ်စောင့်မပါပြီ၊ ဟုငါ့အားအော်ဟစ်ပါစေသော။ ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကိုမှတ်တော်မူမည်လော။ ဟုနောင်တရဘို့၊ ပြန်လာဘို့ခေါ်ဘိတ်နေသော်လည်း ဣသရေလသည် လုံးဝပြန်မလာချေ။ မည်မျှခေါင်းမာပြီး ဘုရားသခင်ကိုမချစ်သနည်း။  နောက်မှပြန်ဆက်မည်

၆။ "ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည်ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သောဣသရေလ အမျိုးပြုသောအမှုကိုသင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌၎င်း၊ ပြည်တန်ဆာလုပ်လေပြီ။ ရ။ သူသည်ထိုအမှုအလုံးစုံတို့ကိုပြုပြီးမှ၊ ငါ့ထံသို့ပြန်လာပါ၊ ဟုငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမယုဒ သည်ကြည့်မြင်လေ၏။"(ယေရမိ ၃း၆-ရ) 

                 

၈။ "ဖောက်ပြန်သော ဣသရေလသည် မတရားသောမေထုန်ကိုပြု၍၊ မှားယွင်းသောအပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကိုအပ်သော်လည်း၊ သစ္စာပျက်သော ညီမယုဒသည်လည်း၊ မကြောက်ဘဲသွား၍ ပြည်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။" (ယေရမိ ၃း၈) 

၉။ "သူသည်မတရားသောမေထုန်ကိုပြု၍ အလွန်လော်လည် သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍၊ ကျောက်နှင့်၎င်း၊ သစ်တုံးနှင့်၎င်း၊ မှားယွင်းလေ၏။" (ယေရမိ ၃း၉)

၁၀။ "ထိုမျှလောက် အပြစ်ရှိသော်လည်း၊ သစ္စာပျက်သောညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍မလာ၊ ပြန်လာဟန်ဆောင် သည် ဟု၀ထာဝရဘုရားမိန့်တော်မူ၏။"(ယေရမိ ၃း၁-၁၀)

ဘုရားနှင့်ဣသရေလပြန်လက်ထပ်မည်
၃၁။ "ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်ဤလူမျိုး၏ဘိုးဘေးတို့ကိုလက်ဆွဲ၍အဲဂုတ္တုပြည်မှဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရား နှင့်ခြားနားသောပဋိညာဉ်တရားသစ်ကိုဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်။"(ယေရမိ ၃၁း၃၁) 

၃၂။ "ငါသည်သူတို့၏လင်ဖြစ် ဘူး သော်လည်း အရင် ငါ ပေးဘူးသောပဋိညာဉ်တရားကိုသူတို့သည်ဖျက်၍၊ ငါသည်လည်းသူတို့ကိုရွံရှာ၏။"(ယေရမိ ၃၁း၃၂) 

၃၃။ "နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ ၏ပညတ်တရားကိုသူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာရေးထားမည်။ ငါသည်သူတို့၏ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။"(ယေရမိ ၃၁း၃၃) 

၃၄။ "ထိုသူတို့က၊ ထာဝရ ဘုရားကိုသိလော့၊ ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတ ယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍အကြီးဆုံးသော သူတိုင်အောင်၊ ထိုသူအပေါင်းတို့သည်ငါ့ကိုသိကြလိမ့်မည်။ ထိုအခါငါသည်သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်ဟုထာဝရဘုရားမိန့်တော်မူ၏။" (ယေရမိ ၃၁း၃၄)

၈ ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊
၉ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ် ကိုဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ။ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲ နေ၏။
၁၀ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။
၁၁ ထိုသူတို့က၊ ထာဝရဘုရားကိုသိလော့၊၊ ဟုအမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။
၁၂ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်၊၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ (ဟေဗြဲ ၈း၈-၁၂)

 

                                              ခရစ်တော်၏မိန်းမ
အသင်းတော်သည်ခရစ်တော်၏မိန်းမဖြစ်သည်။
 
ခရစ်တော်နှင့်အသင်းတော်စေ့စပ် 
"အကြောင်းမူကား၊ ငါသည်သင်တို့ကိုသီလနှင့်ပြည့်စုံသောအပျိုကညာကဲ့သို့၊ ခရစ်တော်အားဆက်သအံ့ သောငှါ၊ သင် တို့ကိုလင်တဦးနှင့်စေ့စပ်ပြီးသောကြောင့်၊ ဝိညာဉ်ပိုင်းသဝန်တိုသောစိတ်နှင့်သင်တို့ကိုစောင့် ရှောက်လျက်နေ၏။"(၂ ကော ၁၁း၂)

၂၆ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊
၂၇ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို၊ ခရစ်တော်သည် မိမိအားဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌  ဆေးကြောခြင်းအားဖြင့်၊ စင်ကြယ်သန့်ရှင်းစေမည် အကြောင်း၊ ထိုအသင်းတော်အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။
၂၈ ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့၊ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည်၊ ကိုယ်ကို ချစ်သောသူဖြစ်၏။
၂၉ ကိုယ်အသားကို မုန်းသောသူ တယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို​ ကျွေးမွေးပြု စုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို​ ကျွေးမွေးပြုစု တတ်ကြ၏။

၃၀ အကယ်စင်စစ်ငါတို့သည်၊ သခင်ဘုရား၏ အသားတော် အရိုးတော်တို့ အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ 
၃၁ ထိုအကြောင်းကြောင့် ယောက်ျားသည်၊ ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည်တ၊ သားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
၃၂ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း။(ဧဖက် ၅း၂၆-၃၂)

ခရစ်တော်နှင့်အသင်းတော်လက်ထပ်
"တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင်၊ ငါတို့ဘုရားသခင်သည်စိုးစံ တော်မူ၏။ ရ။ ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏မင်္ဂလာ ဆောင်ပွဲကိုခံချိန်ရှိပြီ။ သူ၏မိန်းမသည်ကိုယ်ကိုတန်ဆာဆင်ပြီ၊ ဟုစည်းဝေးသောသူ အများတို့၏အသံ၊ သမုဒ္ဒ​ရာသံ၊ ပြင်းစွာသောမိုးကြိုးသံကဲ့သို့ငါကြား၏။"(ဗျာ ၁၉း၆-ရ)

"ထိုမိန်းမသည်စင်ကြယ် ပြောင် လက် သောပိတ်ချောကိုဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း။"(ဗျာ ၁၉း၈) 

"ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏မင်္ဂလာ ဆောင်ပွဲသို့ခေါ်ဖိတ်ခြင်းကိုခံရသောသူတို့သည်၊ မင်္ဂလာရှိကြ၏၊ ဟုရေးထားလော့ဟူ၍၎င်း၊ ဤစကားသည်ဘုရားသခင်၏ နှုတ်ထွက်စင်စစ်ဖြစ်၏ဟူ၍၎င်း၊ ငါ့အားပြောဆို၏။"(ဗျာ ၁၉း၉)

သိုးသငယ်၏ခင်ပွန်း
၉ နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့်၊ ပြည့်စုံသော ဖလားခုနစ်လုံးကို၊ ဆောင်သော ကောင်းကင်တမန်ခုနစ်ပါးတွင် တပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော၊ မင်္ဂလာဆောင် သတို့သမီး ကို ငါပြမည်၊ ဟုပြောဆိုလျက်၊
၁၀ ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့်၊ ငါ့ကိုဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည်၊ ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။ (ဗျာ ၂၁း၉-၁၀)

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG