GOODNEWS
  HOME  GOODNEWS  2024 JUN

မှားယွင်းသောဩဝါဒ

ခရစ်ယာန်လောက၌ မှားယွင်းသော ဩဝါဒအားဖြင့် ယုံကြည်သူများစွာ လမ်းလွဲစေသည်။ ထိုလမ်းမှား လိုက်သူများသည် သူတို့လိုက်သော လမ်းမှားမှန်းမသိသောကြောင့် ပြောပြသောအခါ စိတ်ဆိုးခြင်း၊ အထင်လွဲ ခြင်းများဖြစ်တတ်ကြသည်။ ဘုရားဖက်၌ စိတ်အားမကြီးသော သူများကို စာတန်က လိမ်ဘို့မကြိုးစားချေ။ အ ကြောင်းမှာ သူတို့ကို အထူးလိမ်စရာမလိုတော့ချေ။ စာတန်ပေးထားသော လောကဘုန်းစည်းစိမ် နောက်တ ကောက်ကောက် လိုက်နေပြီ ဖြစ်သောကြောင့် နောက်ထပ်လိမ်စရာ မလိုတော့ချေ။ သင်သည်ထိုသို့သောလူ ဖြစ်လျှင် စာတန်၏ လက်ခုတ်ထဲကရေ ဖြစ်ကြောင်း သတိပေးလိုပါသည်။ စာတန်က မည်သူတို့ကို အထူး လိမ် ဘို့ကြိုးစာသနည်း ဟူမူကား၊ ဘုရားတရား လိုက်စားသောသူများ၊ ဘုရားဖက်၌ စိတ်အားကြီးသောသူများကို လမ်းလွဲလိုက်ဘို့ရန် လိမ်ညာတတ်သည်။ သင်သည် ဘုရားဖက်၌ စိတ်အားကြီးလျှင် သမ္မာတရားသိဘို့ လိုသည်။ သို့မဟုတ်ပါက စာတန်က အလွယ်တကူ လိမ်ညာခြင်းကို လိုက်သွားမှာဖြစ်သည်။ 

အဘယ်ကြောင့် စာတန်၏ လိမ်ညာခြင်းကို မသိဘဲ လိုက်သွားတတ်ကြသနည်း ဟူမူကား၊ နှုတ်ကပတ် တော်ကို မဖတ်၊ ဖတ်လျှင်လည်း ကိုယ်လိုချင်သောအပိုင်း ကိုသာဖတ်ခြင်း၊ သမ္မာတရားကို နားမလည်ခြင်း၊ ဘုရား၏အလိုတော်ထက် မိမိစိတ်ဆန္ဒဖြည့်ဆည်းလိုခြင်း၊ သမ္မာတရားထက် စိတ်၏ခံစားခြင်းကို ဦးစားပေး ခြင်းတို့ကြောင့်ဖြစ်သည်။ သင်သည်ထိုကဲ့သို့သောသူ ဖြစ်လျှင်၊ ဤစာကိုဆုံးသည်အထိ သေချာစွာ ဖတ်စေလို ပါသည်။

ပဌမဦးဆုံးလမ်းမှားခဲ့သူ

လမ်းလွဲခြင်းသည် ယခုခေတ်မှရှိသည်မဟုတ်၊ ကမ္ဘာဦးမှစတင်ခဲ့ပြီ။ စာတန်သည် အငြိမ်နေသည်မ ဟုတ်။ ဘုရားသခင်ကသူ့ကို ကောင်းကင်တမန်အဆင့်မှ ချပစ်သောအခါ၊ ဘုရား၏အချစ်တော် လူလင်မယားကို ဖျက်ဆီးခဲ့သည်။ ဘုရား၏စကားကို နားမထောင်ဘို့ရန် လူမိန်းမ ဧဝကို လိမ်ညာခဲ့သည်။ ထို့ကြောင့်ပေါလုက ကောရိန္သုအသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ “မြွေသည် မိမိပရိယာယ်အားဖြင့်၊ ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်၊ ဟုစိုးရိမ်ခြင်းရှိ၏။” (၂ ကော ၁၁း၃)

ကောရိန္သုအသင်းတော်၌ မှားယွင်းသောသွန်သင်ခြင်း ပြုလုပ်သောသူများရှိသောကြောင့် အထက်ပါကဲ့ သို့ ရှင်ပေါလုက သတိပေးခြင်းဖြစ်သည်။ မြွေသည် ဧဝကို လိမ်ညာသကဲ့သို့ ယနေ့အသင်းတော်များလည်း၊ လိမ်ညာနေသေးသည်။ သို့သော်သမ္မာတရား နားမလည်ဘဲ ဘုရားဖက်၌စိတ်အားကြီးသောသူများသည် လိမ်ညာခြင်းကို လက်ခံနေကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ 

ဆက်လက်၍ ပေါလုက၊ “အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။ အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာ (မှားယွင်းသော)တမန်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍၊ လှည့်ဖြား တတ်သော အမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည် အံ့ဩဘွယ်ဖြစ်သည် မဟုတ်။ စာတန်ပင်လျှင် လင်းသော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း၊ ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သော အကျင့်အ တိုင်း၊ နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။” (၂ ကော ၁၁း၁၂-၁၅) ဟုသတိပေးထားသည်။ မှားယွင်းသော ဆရာများသည် ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်ကြသည်၊ ဟုဆိုသည်။ သူတို့ကို အသုံးပြုနေသော စာတန် ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်သည်ကို သတိထားကြပါစို့။ 

မောရှေ၏သတိပေးချက်

မောရှေက ဣသရေလလူများထံ ဤသို့သတိပေး မှာထားခဲ့သည်၊ “ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်၊ ဟုငါ့အားမိန့်တော်မူ၏။ သင်ကလည်း ထာဝရဘုရား မိန့်တော်မူ သည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်း၊ ဟုတွေးတောလျှင်၊ ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသော စကားမပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ။ ပရောဖက်သည် ရဲရင့်စွာ ဟောပြောပြီ။ သူ့ကို မကြောက်ရ။” (တရားဟော ၁၈း၂၀-၂၂)။ အဘယ် ကြောင့် ဘုရားသခင်က ထိုကဲ့သို့မှာထားသနည်း ဟူမူကား၊ ပရောဖက်အတုများ ရှိသောကြောင့်ဖြစ်သည်။ 

ပရောဖက်အတုကိုသာနှစ်သက်သောအာဟတ်မင်း

ဣသရေလရှင်ဘုရင် အာဟတ်ကလည်း  ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော၊ မချီဘဲ နေကောင်းသလော၊ ဟူသောအရာကို သူ၏ပရောဖက်အတု လေးရာထံမေးခဲ့ဘူးသည်။ ယုဒရှင်ဘုရင် ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက် တစုံတပါးမျှ မရှိသလော၊ ဟုမေးသော်၊ ဣသရေလ ရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသောသူ တယောက် ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်၊ ဟုယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့ မင်းကြီးမပြောပါနှင့်၊ ဟုပြန်ဆို၏။(၃ ဓမ္မ ၂၂း၆-၈)။ အဘယ်ကြောင့် အာဟတ်မင်းသည် ထာဝရဘုရား၏ ပရောဖက် မိက္ခာကို မုန်းသနည်း ဟူမူကား၊ မိက္ခာသည် အာဟတ်လိုချင်သောအရာကိုမဟော၊ ထာဝရဘုရား ဟောခိုင်းသော အရာကို ဟောတတ်သောကြောင့်ဖြစ် သည်။ သင်သည်အာဟတ်ကဲ့သို့ ကိုယ်လိုချင်သောအရာကို ဟောတတ်သော ဆရာကိုသာ လိုချင်သလော။ 

မတရားစီးပွါးရှာသောပရောဖက်များ

ပရောဖက်ယေရမိ အားဖြင့် ဘုရားသခင်က ဤသို့ဆိုခဲ့သည်၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏ လူမျိုးသတို့သမီး အနာကို ပေါ့လျော့စွာ ကုကြ၏။ (ယေရမိ ၆း၁၃-၁၄) ယေရမိ လက်ထက်၌လည်း၊ ပရောဖက်အတုများသည် မတရား သော စီးပွားကိုရှာပြီး၊ ဣသရေလ လူများ၏ အနာများကို ပေါ့လျော့စွာ ကုကြသည်၊ ဟုဆိုသည်။ ယနေ့လမ်းလွဲ ဆရာများလည်း၊ ကောင်းကင်နှင့် ဝိညာဉ်ရေးရာထက် ကိုယ်ခန္ဓာအတွက်နှင့် လောကကောင်းကြီး ရမည့် အကြောင်း များကိုသာ အဓိက ထားဟောပြောနေကြသည်။ ထိုဆရာများနောက်သို့ သမ္မာတရား နားမလည် သောသူ များစွာတို့သည် အားရပါးရလိုက်နေကြသည်။ အပုပ်ကောင်ရှိသောနေရာ၌ ယင်ကောင်မြောက်များစွာ အုံတတ်သည်။ ပျားများမူ ပန်းဝတ်ရည်နှင့် ဝတ်မှုန်ရှိသောနေရာ၌ သာနားတတ်သည်။

ယောဟန်၏သတိပေးချက်

တမန်တော်ယောဟန်က၊ ချစ်သူတို့၊ ခပ်သိမ်းသော ဝိညာဉ်တို့ကို မယုံကြနှင့်။ ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများ တို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်ခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်မခံသော ဝိညာဉ်မည် သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့ လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ဝိညာဉ်ဖြစ်၏။(၁ ယော ၄း၁-၃)

ယောဟန်က ခပ်သိမ်းသော ဝိညာဉ်တို့ကို မယုံမည့်အကြောင်း သတိပေးခဲ့သည်။ သူက လူ့ဇာတိ အားဖြင့်ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသောသူ ကိုသာလက်ခံရမည်၊ ဟုဆိုသည်။ သို့သော်၊ ယနေ့ ဆရာအတုများသည် သခင်ယေရှုခရစ်၏ နာမည်ကို လှိုင်လှိုင်သုံးနေကြပြီ ဖြစ်သောကြောင့် ထိုပေတံဖြင့် တိုင်း၍ မရတော့ချေ။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် ပေးသော ပေတံအားဖြင့် မှန်မမှန်ကို တိုင်းဘို့၊ အကြံ ပေးလိုပါသည်။ 

သခင်ယေရှု၏သတိပေးခြင်း

သခင်ယေရှုက၊ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။ ထိုသူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘော သဖန်းသီးကို ဆွတ်တတ်သလော။ ကောင်းသော အပင်သည် ကောင်းသောအသီး၊ မကောင်းသော အပင်သည် မကောင်းသော အသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကို မသီးနိုင်။ကောင်းသောအသီး မသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော်၊ သူတို့၏ သဘောကို သိရကြလိမ့်မည်။ (မဿဲ ၇း၁၅-၂၀)

သခင်ယေရှုက အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့၊ ဟုသတိပေးထားသည်။ ထိုသူတို့ကို အသီးတည်း ဟူသော အကျင့်အားဖြင့် သိရမည်၊ ဟုဆိုသည်။ သို့သော်၊ လူအများစုသည် အသီးတည်းဟူသော ထိုဆရာများ ၏အကျင့်များကို မကြည့်ဘဲ၊ သူတို့၏အပြောအားဖြင့် ယုံကြည်ကာ နောက်လိုက်နေကြသည်။ 

တဖန်သခင်ယေရှုက၊  သခင်၊ သခင်၊ ဟုငါ့ကို လျှောက်သောသူတိုင်း၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရ လိမ့် မည်။ ထိုနေ့၌ကား သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်နာမနှင့် ဆုံးမဩဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်နာမနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်နာမနှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လော၊ ဟုအများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့်အလင်း ငါပြောမည်။ (မဿဲ ရး၁၅-၂၃) ဟုသတိပေးထားသည်။

ဆရာအတုများသည် သခင်ယေရှုနာမဖြင့် တရားဟောကြသည်၊ နတ်ဆိုးများနှင်၍ များစွာသော တန်ခိုး များပြနိုင်ကြသည်။ သို့သော် သခင်ယေရှုက၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့် အလင်း ငါပြောမည်၊ ဟုဆိုသည်။ ထိုကဲ့သို့ သတိပေးသော်လည်း၊ ကျမ်းစာမဖတ်၊ ဖတ်လျှင်လည်းကိုယ် လိုချင်သောအရာ၊ ကောင်းကြီးရမည့် ကျမ်းပိုဒ်များကိုသာ ဖတ်ကြသောကြောင့် သခင်ယေရှု သတိပေးသော အရာများကို သတိမထားတတ်ကြတော့ချေ။

ရှင်ပေတရုပေးသောသတိ       

ရှင်ပေတရုက၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိ အယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျှင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာ တို့သည် သင်တို့တွင် ရှိကြလိမ့်မည်။ သူတို့ ညစ် ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကို ကုန်သွယ်ကြ လိမ့် မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ့၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။(၂ ပေ ၂း၁-၃)။ မိစ္ဆာဆရာများသည် ချော့မော့သောစကားသုံးမည်၊ ဟုဆိုသည်။ ယနေ့နာမည်ခံခရစ်ယာန်များနှင့် သမ္မာ တရားမသိမခွဲခြားသော ခရစ်ယာန်သည် ထိုမိစ္ဆာဆရာများက တရားဟောရာတွင် အလှူငွေပေးဖို့နှင့် အကောင်းဆုံး သောဧည့်ခံမည့် အကြောင်းများကို ပြောနေသော်လည်း၊ နားမလည်နိုင်ကြချေ။ ကုန်သွယ်မည် ဟု ဆိုထားရာ၊ ဆရာအတုများသည် ကောင်းကင်ရောက်ကြောင်းတရားထက် မြေကြီးပေါ်၌ကောင်းကြီးခံစားမည့် အရာများကိုသာ ဦးစားပေး ဟောပြောတတ်ကြသည်။ တရားနာသောသူများကိုယ်တိုင်လည်း လောကအရာကို သာလျှင် တပ်မက်လိုချင်သောကြောင့်၊ ဆရာများနှင့်သဘောချင်း တူညီနေသောကြောင့် အားရကျေနပ်နေကြ ခြင်းဖြစ်သည်။ သို့သော် ထိုဆရာအတုများနှင့် နောက်လိုက်များကို ဘုရားသခင်က အပြစ်တရားစီရင်မည်ဖြစ် သောကြောင့်၊ သတိနှင့်ရှောင်ဘို့ အကြံပေးလိုပါသည်။ စာဖတ်သူတိုင်း ဆရာအတုများကို နားလည်၍ ရှောင်ရှား နိုင်ကြပါစေ။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG