GOODNEWS
🎨
  HOME  GOODNEWS  2025 JUN

ပြသနာကို အဖျား၌မဖြေရှင်းဘဲ အရင်း၌ဖြေရှင်းရမည်

ကမ္ဘာပေါ်ရှိလူသားတိုင်း၌ ပြသနာတခုမဟုတ်တခုရှိကြသည်။ စားဝတ်နေရေးပြသနာ၊ ကျန်းမာရေးပြသနာ၊ လင်မယားကြားပြသနာ၊ မိဘနှင့်သားသမီးအကြားပြသနာ၊ ယောက္ခမနှင့် ချွေးမ အကြားပြသနာ၊ အိမ်နီးချင်းပြသနာ၊ ပညာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စစ်ရေးပြသနာ စသည်ဖြင့် ပြော ၍မကုန်နိုင်အောင် ပြသနာရှိကြသည်။ ထိုပြသနာများကို အဖျား၌မဖြေရှင်းဘဲ အရင်းမှဖြေရှင်းဘို့လို သည်။ ဥပမာ အဆိပ်ပင်ကို စိုက်မိသောအခါ အသီးများကို ခူးပြီးလွှင့်ပစ်ရုံနှင့်မပြီးပါ၊ နောက်ထပ်ပြန် သီးဦးမည်။ အကိုင်းကိုဖြတ်လျှင် ချက်ချင်းမသီးနိုင်တော့သော်လည်း အတက်ပြန်ပေါက်ကာ ပြန်သီးမှာ ဖြစ်သည်။ ထို့ကြောင့် အမြစ်မှနှုတ်ပြီး မီးရှို့လိုက်မှသာ ထိုအဆိပ်ပင်ပြသနာ ပြေလည်သွားမည်။ ထို့နည်းတူ ကိုယ်ခန္ဓာ၌ ရောဂါရှိလျှင် ထိုရောဂါကို မကုသဘဲ အနာသက်သာစေသော ဆေးသောက် လျှင် အနာမခံစားတော့သော်လည်း၊ နောက်ပိုင်း၌ ပို၍ဆိုးသောအရာ၊ အသက်ပါကုန်ဆုံးသွားစေနိုင် သည်။ ထို့ကြောင့်သေစေနိုင်သော ရောဂါဆိုးကို အနာသက်သာစေရုံမကုသဘဲ၊ အမြစ်ပြတ်ဘို့ကုသ ရမည်။

ပြသနာအစဘုရားစွန့်ခြင်း

လူတိုင်း၏ပြသနာသည် အဘယ်ကစပြီး မည်သည့်အရာသည် အရင်းဖြစ်သနည်း။ အရင်းမသိ လျှင် မည်သို့မျှ ဖြေရှင်းနိုင်မည်မဟုတ်ချေ။ လူမှုပြသနာအားလုံး၏ မူလအမြစ်သည် ထာဝရဘုရားကို စွန့်ခြင်းဖြစ်သည်။ သို့သော်၊ လူသည်ဘုရားသခင်ကို စွန့်မှန်းမသိကြချေ။ ဘုရား စွန့်ခြင်းကို အမျိုးမျိုးခွဲ ခြား သိရှိနားလည်ဘို့လိုသည်။ 

ပဌမအမျိုးအစားဘုရားစွန့်သူများ သည် အပြစ်ဒုစရိုက်ကျူးလွန် သူများဖြစ်သည်။ ထိုသူများ အနေဖြင့် ဘုရားသခင်ကိုလုံးဝဂရုမစိုက်ကြချေ။ မိမိတို့ကြိုက်နှစ်သက်သကဲ့သို့ အသက်ရှင်ကြသည်။ သူတို့ကိုယ်တိုင် ဘုရားနေရာ၌နေခြင်းဖြစ်သည်။ ထိုသူများသည် သူတို့ ကိုယ်တိုင် ဘုရားစွန့်သည်ကို သိ၍ အခြားသူများကလည်း သိကြသည်။ 

ဒုတိယအမျိုးအစား ဘုရားစွန့်သူများ သည်အပြစ်မကျူးလွန်သော်လည်း ဘုရားမဲ့နေ၍ မည်သည့်ဘုရားကိုမျှ မကိုးကွယ်ချေ။ ထိုသူများသည် လူမှုကျင့်ဝတ်၌ ကောင်းနေလျှင် ဘုရားစွန့်သည် ဟု မထင်ရချေ။ 

တတိယအမျိုးအစား ဘုရားစွန့်ခြင်း သည် ဘုရားကို တာဝန်ကျေ ကိုးကွယ်သော်လည်း ဘုရားအလိုတော်ကိုမသိ၊ မိမိကြိုက်နှစ်သက်သလို အသက်ရှင်သူများဖြစ်သည်။ ပုံမှန်ဘုရားရှေ့ခိုး၍ ဘာသာရေးလုပ်ထုံးလုပ်နည်းများကို လုပ်နေသောကြောင့် ဘုရားစွန့်နေကြမှန်း မိမိကိုယ်ကိုမသိ၊ အခြားသူများကလည်း မသိကြချေ။ 

စတုတ္ထအမျိုးအစား ဘုရားစွန့်သူများသည် ဘုရားအမှုတော်ဆောင်သော်လည်း ဘုရားအလို တော်ကိုမသိ၊ လူ့အမြင်နှင့်အမှုတော်ဆောင်နေသူများ ဖြစ်သည်။ ထိုလူများကို လူအများစုက ရိုသေလေးစားကြသော်လည်း ဘုရားအမြင်၌ ဘုရားစွန့် ကြသည်။ ထိုသူများသည် ကျမ်းစာထဲမှ ဖာရိရှဲများဖြစ်၍ ယခုခေတ်တွင် အမှုတော်ဆောင်အများစု ဖြစ်ကြသည်။

 ပဉ္စမအမျိုးအစား ဘုရားစွန့်သူများသည်  ဘုရားအလိုတော်ကိုမသိဘဲ ဘုရားဖက်၌ စိတ်အား ကြီးသူများဖြစ်၍  ဘုရားသခင်စွန့်သည်ကို လုံးဝလက်မခံနိုင်၊ အသိနိုင်တော့ချေ။ သင်သည် အထက်ပါ ဘုရားစွန့်သောသူများ၌ ပါဝင်နေပါသလား။ 

ဣသရေလလူများထာဝရဘုရားကိုစွန့်

ဣသရေလလူများသည် သူတို့၏အမြစ်တည်းဟူသော ထာဝရဘုရားကိုစွန့်ပြီး မိမိတို့အကြံအ စည်အတိုင်း အသက်ရှင်ကြကြောင်း ထာဝရဘုရားကိုယ်တိုင် ဤသို့ဆိုထားသည်၊ ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူ မူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည်၊ ငါ့ကိုပုန်ကန်ကြပြီ။ နွားသော်လည်း မိမိအရှင်ကို သိ၏။ မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကိုသိ၏။ ဣသရေလအမျိုးသားတို့မူကား ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။ ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့် ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား။ ထာဝရဘုရားကိုစွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။(ဟေရှာယ ၁း၂-၄)

ဘုရားသခင်က အဘယ်ကြောင့် ကောင်းကင်နှင့် မြေကြီးကို နားထောင်ခိုင်းသနည်း။ ကောင်းကင်နှင့်မြေကြီးသည် နားထောင်နိုင်ရန် နားရှိသလော။ သို့မဟုတ် ကောင်းကင်သားများနှင့် မြေကြီးသားများကို နားထောင်ခိုင်းသလော။ ဘုရားသည်အလွန်စိတ်ထိခိုက်သောကြောင့် သက်မဲ့ဖြစ်သော ကောင်းကင်နှင့်မြေကြီးကို နားရှိသောသက်ရှိကဲ့သို့ တင်စားခြင်းဖြစ်သည်။ သူ၏စိတ်ထိခိုက်ခြင်း စိတ်နာခြင်းကို ဖေါ်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့လူသားများအနေဖြင့် ကိုယ့်စိတ်နာခြင်းကို သူတပါးထံ၌ ဖေါ်ပြတတ်သည်။ ဘုရားသခင်ထံ ကိုယ့်ခံစားချက်ကို တိုင်တတ်ကြသည်။ သားသမီးများက မိဘများ၏ စိတ်နာခြင်းကို ဘယ်သောအခါမှ နားမလည်၊ ကိုယ်ချင်းမစာနာတတ်သကဲ့သို့၊ လူသားများကလည်း ဘုရားသခင်၏ ခံစားချက်ကို နားမလည်ပေး တတ်ကြချေ။ မည်မျှပင်ဤကျမ်းပိုဒ်ကို ဖတ်သော်လည်း ဘုရားကိုကိုယ်ချင်းမစာနာတတ်ကြ၊ ကိုယ့်ခံစားချက်ကိုသာသိပြီး ဘုရား၏ခံစားချက်ကို လုံးဝမသိတတ်ကြချေ။ ယခုမှစ၍ ဘုရား၏ခံစားချက်ကိုသိပြီး၊ ကိုယ်ချင်းစာနာကြပါစို့။ 

အဘယ်ကြောင့် ဘုရားသခင်က ဣသရေလလူများကို နွားနှင့်မြည်းနှင့်ခိုင်းနှိုင်းသနည်း။ နွားနှင့် မြည်းများသည် အသိဉာဏ်ရှိသော်လည်း တိရစ္ဆာန်များအထဲ၌ အသိဉာဏ်အနည်းဆုံးဖြစ်ကြသည်။ ဣသရေလလူများသည် နွားနှင့်မြည်းလောက်တောင် အသိဉာဏ်မရှိသောကြောင့် ဘုရားကအံ့ဩ သည်။ ကျွန်ုပ်တို့လည်း ဣသရေလလူများ၏ အသိဉာဏ်နည်းခြင်းကိုမြင်၍ သင်ခန်းစာယူဘို့ဖြစ် သော်လည်း၊ သူတို့ထက်ပင် အသိဉာဏ်နည်းကြသေးသည်။  

ဣသရေလလူများသည်ဘုရားက သူကျွေးမွေးသော သားသမီးများဖြစ်သည် ဟုဆိုသည်။ သူတို့သည် တစိမ်းမဟုတ်ကြချေ။ ဘုရားသခင်က စွန့်ပစ်ထားသော သားသမီးများမဟုတ်ချေ။ အချို့သောဖခင်များသည် သားသမီးများကို လှစ်လျှိုရှုပြီးပစ်ထား၊ တတ်ကြသည်။ ဣသရေလလူ များသည် သူတို့၏ဖခင်၊ သူတို့ကိုကျွေးမွေးပြုစုသော ဘုရားကိုမသိ၍မဟုတ်၊ အကြောင်းမဲ့စွန့်ကြ သည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်က ဣသရေလလူများကဲ့သို့ အထူးကျွေးမွေးခြင်းမရှိသော်လည်း၊ လူတိုင်းခံစားသော ကျွေးမွေးခြင်းကို ခံစားရကြသည်။ ဘုရားသခင်ကို အကြောင်းမရှိ မစွန့်သင့်ကြချေ။ သို့သော်၊ ဘုရားသခင်ကို စွန့်မှန်းလည်းမသိကြခြင်းသည် ပို၍ဆိုးသည်။ 

သောဒုံမင်းနှင့်ဂေါမောရမြို့သားတို့

သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။ (ဟေရှာယ ၁း၁၀)  

သောဒုံမြို့ကို အစိုးရသောမင်းတို့၊ သည်မည်သူတို့ဖြစ်သနည်း။ ဟေရှာယက စာရေးသော အချိန်တွင် သောဒုံမြို့သည် မရှိတော့ချေ။ ဘုရားသခင်က ယေရုရှလင်မြို့ကို သောဒုံမြို့နှင့်ခိုင်းနှိုင်းပြီး ပြောဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ယေရုရှလင်မြို့၌ မင်းပြုသော သူတို့သည် သောဒုံမြို့ကိုအစိုးရ သောသူတို့နှင့် အကျင့်တူသည်။ ဂေါမောရမြို့သားတို့သည် မည်သူတို့ဖြစ်သနည်း။ သူတို့လည်း ယေရုရှလင်မြို့သားများကို ဆိုလိုခြင်းဖြစ်သည်။ 

ဘုရားသခင်က၊ ယေရုရှလင်မြို့ ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံးလျက်ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသော မျက်စိတော် တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။ သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိတို့ ဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေးကြပြီ။(ဟေရှာယ ၃း၈-၉) ဟုဆိုသည်။ 

တဖန်၊ ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သော သဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသောမေထုန်၌ မှီဝဲလျက်၊ မုသာကိုလည်းသုံးလျက်၊ အဓမ္မပြုသော သူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှ မိမိပြုသော အဓမ္မအမှုကိုမစွန့်။ ထိုသူရှိသမျှတို့သည် ငါ၌သောဒုံမြို့သားတို့ကဲ့သို့၎င်း၊ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။ (ယေရမိ ၂၃း၁၄)  

ယုဒကလည်း၊ သောဒုံမြို့နှင့် ဂေါမောရမြို့ မှစ၍ပတ်ဝန်းကျင်၌ရှိသော(အာဒမာမြို့၊ ဇေဘိုင်မြို့) မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့၊ မတရားသောမေထုန်ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သောသူ (strange flesh ကောင်းကင်တမန်) တို့နှင့်မှားယွင်းခြင်းအမှု၌၊ ကျင်လည် သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေ ထင်ရှားလျက်ရှိကြ၏။ (ယုဒ ၁း၇) ဟုရေးထားသည်။

ဘုရားကိုကိုးကွယ်ကြပါသည်

ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်အများကို၊ ငါသည်အဘယ်သို့ဆိုင် သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့်ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။ (ဟေရှာယ ၁း၁၁) 

ဣသရေလလူများသည် ဘုရားသခင်ကို ကိုးကွယ်ကြောင်း၊ အကောင်းဆုံးသောယဇ်များ ကိုလည်း ပူဇော်ကြောင်း ဘုရားသခင်ကိုယ်တိုင် အထက်ပါကဲ့သို့စာရေးခဲ့သည်။ ဣသရေလလူများ သည် ဘုရားထံသို့ မကောင်းသောယဇ်များကို ပူဇော်ကြသည်မဟုတ်။ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာတို့၏ ဆီဥနှင့်ပူဇော်ကြပါသည်။ အဘယ်ကြောင့် ဘုရားသခင်က သူတို့ကိုလက်မခံသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကိုစွန့်သည်၊ ကျောခိုင်းသည်၊ ဒုစရိုက်ဝန်ကိုထမ်းသည် ဟုဆိုသနည်း။ ကျွန်ုပ်တို့လည်း ဘုရားထံအတတ်နိုင်ဆုံး ကြိုးစားပြီး ကိုးကွယ်သော်လည်း ဘုရားသခင်၏စိတ်တော်နှင့် တွေ့ပြီး၊ လက်ခံပါမည်လော။ 

ကိုးကွယ်သည့်နေရာမှားသလော

သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်း သောသင်တို့၌၊ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။ (ဟေရှာယ ၁း၁၂) 

ဣသရေလလူများသည် အခြားသောအရပ်၊ တောင်ပေါ်သစ်ပင်စိမ်းအောက်၌ ပူဇော်ကြသလော၊ မဟုတ်ပါ။ ဘုရားသခင်ရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသည်ကို အဘယ်ကြောင့် ဘုရားသခင် က အပြစ်မြင်သနည်း။ ငါ့တန်တိုင်းတော်ကို ကျော်နင်းသည် ဟူသောအရာသည် ဘာကိုဆိုလိုသနည်း။ ဘုရားအလိုတော်အတိုင်း မချဉ်းကပ်မပူဇော်ခြင်းဖြစ်သည်။ မိမိတို့ဆန္ဒပြည့်စုံဘို့ကိုးကွယ် ကြခြင်းဖြစ် သည်။ ကျွန်ုပ်တို့လည်း ဘုရားအလိုတော်ကိုရှာကြသလော၊ မိမိအလိုဆန္ဒပြည့်စုံဘို့ရှာကြသလော။

အချည်းနှီးပူဇော်

အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့မီးရှို့သော နံ့သာပေါင်း ကို ငါရွံရှာ၏။ လဆန်း နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။ ငါ့ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။ (ဟေရှာယ ၁း၁၃-၁၄) 

ဘုရားသခင်က ဣသရေလလူများ၏ကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်သည်၊ ဟုဆိုသည်။ နောက်တဖန် မပူဇော်ဘို့ မဆောင်ကြဘို့တားမြစ်ထားသည်။ သူတို့ ပူဇော်သောအရာများကို ရွံရှာသည်၊ မုန်းသည်၊ သူ့ကိုနှောင့်ယှက်သည် ဟုဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဣသရေလလူများ ပူဇော်သောဇော်သောယဇ်များကို ရွံရှာသနည်း၊ အဘယ်ကြောင့် မုန်းသနည်း၊ အဘယ်ကြောင့်သူ့ကို နှောင့်ယှက် သည်ဟုဆိုသနည်း။ အကြောင်းရှိသည်။ 

ကျွန်ုပ်တို့ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားဟောသက်သေခံခြင်း၊ ပေးလှူခြင်း၊ သီချင်းအားဖြင့် ချီးမွမ်းခြင်းများကို ဘုရားသခင်လက်ခံပါမည်လော။ စဉ်းစားဘို့လိုသည်။ ဣသရေလ လူများ၏ ပွဲများကို ဘုရားသခင်က ရွံရှာသည်၊ မုန်းသည်။ ကျွန်ုပ်တို့၏ ခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ၊ ရှင်ပြန်ထမြောက်ခြင်းပွဲ၊ ကျေးဇူးတော်ချီးမွမ်းပွဲများကို ဘုရားသခင်က မည်ကဲ့သို့မြင် မည်နည်း။ ဘုရား သခင်ကို နှောင့်ယှက်စရာများဖြစ်နေမည်လော။ မိတ်ဆွေ၊ စဉ်းစားဘူးပါသလော။ အချည်းနှီးလုပ် ဆောင်နေကြသလော။ 

ဆုတောင်းသံနားမထောင်

သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည် မျက်စိကိုလွှဲမည်။ များစွာသောပဌနာကို ပြုကြသောအခါ ငါသည်နားမ ထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။ (ဟေရှာယ ၁း၁၅) 

ဘုရားစိတ်တော်မတွေ့သောကြောင့် သူတို့၏ဆုတောင်းသံကိုနားမထောင်ချေ။ မည်မျှပင်များသော ပဌနာကို ပြုသော်လည်း ဘုရားက အဖြေမပေးချေ။ ကျွန်ုပ်တို့လည်း များစွာဆုတောင်း၊ ကျမ်းစာအလွတ်ရသော်လည်း၊ သက်သေခံသော်လည်း၊ ဘုရား၏စိတ်တော်နှင့်မတွေ့လျှင် ဘာမျှအကျိုးမရှိချေ။ 

မသန့်ရှင်းဒုစရိုက်များကြောင့်

ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့။ (ဟေရှာယ ၁း၁၆)

ထာဝရဘုရားက ဣသရေလလူများအပေါ် အကောင်းမမြင်ဘဲ အပြစ်သာလျှင်မြင်ရခြင်းသည် ဒုစရိုက်အပြစ်များပြုလုပ်ခြင်းဖြင့် ညစ်ညူးနေကြသောကြောင့်ဖြစ်သည်။ မကောင်းသောအကျင့်များကို ကျင့်နေကြသည်။ 

ကျွန်ုပ်တို့လည်း ဣသရေလလူများကဲ့သို့ ဒုစရိုက်ပြုလုပ်ခြင်းဖြင့် ဘုရားသခင်ရှေ့၌ ညစ်ညူးနေကြပါသလော။ မကောင်းသောအကျင့်များကို ကျင့်နေကြပါသလော။ ကိုယ့်အမြင်၌ ကောင်းသော် လည်း ဘုရားအမြင်၌ မကောင်းလျှင် အကျိုးမရှိချေ။ 

သူတို့၏အပြစ်များ

ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့၊ တရားသဖြင့် ပြုခြင်းငှါ ရှာကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။(ဟေရှာယ ၁း၁၇)

ဣသရေလလူများ၏ အပြစ်များသည် မိဘမရှိသောတို့ကို မတရားသဖြင့် စီရင်ကြသည်။ မုဆိုးမတို့၏အမှုကို မစောင့်ကြခြင်းဖြစ်သည်။ ထာဝရဘုရားက မိဘမရှိသောသူများ၊ မုဆိုးမများ၊ ဧည့်သည် အာဂန္တုများ၊ ဆင်းရဲသားများ၊ လေဝိအမျိုးများကို တရားသဖြင့် စီရင်ဘို့ ကိုအမြဲပြောဆိုတတ်သည်။ မိဘမရှိသောသူ၊ မုဆိုးမ၊ တကျွန်းတနိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ (ဇာခရိ ၇း၁၀)

မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။(တရားဟော ၁၀း၁၈) ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏ အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ (ဆာလံ ၆၈း၅)

ဓမ္မဟောင်းသည်အရိပ်

ဓမ္မဟောင်းကာလ၌ ဣသရေလလူများ၏ လုပ်ဆောင်မှုအားလုံးသည် အရိပ်ဖြစ်သည်။ ကျမ်းစာက၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဍာန်ကိုမပြ၊ အရိပ်ကိုသာ ပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ် ပူဇော်သောယဇ်အားဖြင့်၊ အထံတော်သို့ ချဉ်းကပ်သောသူတို့ကို၊ စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။(ဟေဗြဲ ၁၀း၁) ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။(ကောလောသဲ ၂း၁၆-၁၇) ဟုရေးထားသည်။ 

ဓမ္မသစ်အကောင်အထည်

ဣသရေလလူများ၏ လုပ်ဆောင်မှုအားလုံးသည် အရိပ်ဖြစ်လျှင် ယခုအသင်းတော်ခေတ်သည် အကောင်အထည်ခေတ်ဖြစ်သည်။ ခရစ်တော်ကလည်း၊ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်၊ ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။ (မဿဲ ၅း၁၇) ဟုဆိုထားသည်။ သို့ဖြစ်လျှင် ဓမ္မဟောင်းကာလကဲ့သို့ မိဘမဲ့များ၊ မုဆိုးမများ၊ ဧည့်သည်အာဂန္တုများ၊ ဆင်းရဲသားများကို ကျွေးမွေးပြုစုရမည်လော။ မည်ကဲ့သို့ကျင့်သုံးရမည်နည်း။ 

ဆင်းရဲသားများ

ယနေ့များစွာသော ခရစ်ယာန်များက ဓမ္မဟောင်းကာလ၌ကဲ့သို့ မိဘမဲ့များ မုဆိုးမများ၊ ဧည့်သည်အာဂန္တုများ၊ ဆင်းရဲသားများကြည့်ရှုခြင်းကို အဓိကထားလုပ်ဆောင်သူများရှိကြသည်။ ထိုအရာ သည်လုပ်သင့်သောအရာ၊ ကောင်းသောအရာဖြစ်ပါသည်။ သို့သော်၊ ဝိညာဉ်မျက်စိဖြင့် ကြည့်ဘို့လိုအပ်သည်။ ခရစ်တော်က လောဒိကိအသင်းတော်ထံ၊ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း၊ ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိ မြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့၊ ဟုသင့်အားငါသည်အကြံပေး၏။(ဗျာဒိတ် ၃း၁၇-၁၈) ဟုစာရေးခဲ့သည်။ 

လူ့အမြင်၌ လောဒိကိအသင်းတော်သည် မဆင်းရဲပါ၊ ဥစ္စာရတတ်သည်။ ဘဏ္ဍာများလည်း ဆည်းဖူးကြသည်။ သို့သော်အဘယ်ကြောင့် ခရစ်တော်က သင်သည်ဆင်းရဲသည်၊ ပင်ပန်းသည်၊ သနားဘွယ်ဖြစ်သည်၊ ဟုဆိုသနည်း။ အကြောင်းမှာ လောကဥစ္စာ၊ ဘဏ္ဍာများသည် ခဏသာရှိပြီး အကုန် ပျောက်ပျက်သွားမည့်အရာများဖြစ်သည်။ စစ်မှန်သော စည်းစိမ်သည် ခရစ်တော်ဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်း အကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။ (ကောလောသဲ ၁း၂၇)။ လောဒိကိအသင်းတော် သည် ခရစ်တော်မရှိသောကြောင့် ဘုရားအမြင်၌ ဆင်းရဲသည်။ ထို့ကြောင့် ခရစ်တော်မရသောသူများသည် ဆင်းရဲသားများဖြစ်ကြသည်။ မည်မျှပင်လောက ဘဏ္ဍာဥစ္စာရှိကြသော်လည်း ခရစ်တော်မရရှိသောသူများသည် သနားဘွယ်ကောင်းသော ဆင်းရဲသားများဖြစ်ကြသည်။ ထို့ကြောင့်၊ လူတိုင်းခရစ်တော်ရရှိဘို့ ပြောပြဘို့ရန် ယုံကြည်သူများ၌ တာဝန်ရှိသည်။ ထိုအ ရာမလုပ်လျှင် သင်၏ဘုရားဘက်၌ ကြိုးစားအားထုတ်မှုများသည် ဣသရေလလူများ၏ ပူဇော် သောယဇ်များနှင့်တူသည်။ ဘုရားအမြင်၌ ရွံစရာကောင်း၍ သူ့ကိုနှောင့်ယှက်နေခြင်းဖြစ်မည်။

မိဘမဲ့များ

လူသည်မွေးဘွားလာသောအခါ ဘုရားနှင့်မဆိုင်ဘဲ မိဘမဲ့များဖြစ်ကြသည်။ ကျမ်းစာက၊ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော၊ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ (ယောဟန် ၁း၁၂) ဟုဆိုသည်။ ခရစ်တော်လက်ခံမှသာလျှင် ဝိညာဉ်ဖခင်ရှိလာကြသည်။ ထို့ကြောင့် မိဘမဲ့ဖြစ်သော‌ လောကသားတိုင်းကို ခရစ်တော်လက်ခံဘို့ ပြောဘို့သည် ကျွန်ုပ်၏အဓိကတာဝန်ဖြစ်သည်။ ကိုယ်နှင့်စပ်ဆိုင်သော မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းပေါက်ဖေါ်များ၊ လုပ်ဖေါ်ဆောင်ဖက်များ မှစ၍ အနီးအနား၌ရှိ သောသူများသည် ခရစ်တော်မရရှိသေးလျှင် မိဘမဲ့များဖြစ်သည်။ ခရစ်တော်မရရှိသေးသောသူများကို မိဘမဲ့ ဟုသင်မြင်နိုင်ပါသလော။ ဝိညာဉ်မျက်စီ ပွင့်မှသာလျှင် ထိုကဲ့သို့မြင်နိုင်ပေမည်။ ထို့ကြောင့်၊ ထိုသူများကို ခရစ်တော်လက်ခံလာအောင် မပြောသောသူများ၏ များစွာသောဆုတောင်းခြင်းများကို ဘုရားသခင်က လက်ခံပါမည်လော။ 

မုဆိုးမများ

ဘုရားသခင်က ဓမ္မဟောင်းခေတ်၌ မုဆိုးမများကို ဂရုစိုက်ဘို့၊ သူတို့ကိုမတရားသဖြင့်စီရင်သူ များသည် အပြစ်ရှိကြောင်းသိရှိရပြီ။ ထိုအရာသည် အရိပ်ဖြစ်သည်။ သို့ဖြစ်လျှင်ဓမ္မသစ်ခေတ်၌ မည် သို့ပြုရမည်နည်း။ ယုံကြည်သူများ၊ အသင်းတော်သည် ခရစ်တော်၏ သတိုးသမီးကညာဖြစ်သည် (၂ ကော ၁၁း၂)။ သို့သော်များစွာသောသူတို့သည် ခရစ်တော်ကိုမရရှိကြသောကြောင့် မုဆိုးမများဖြစ်ကြသည်။ သူတို့ကို ခရစ်တော်ရရှိနိုင်ဘို့ရန် ပြောပြရသည်။ ထိုအရာကိုမလုပ်ချင်သောသူအပေါ်၌ ခရစ်တော်က အားရတော်မူမည်မဟုတ်ချေ။ 

ဧည့်သည်အာဂန္တု

ဘုရားသခင်က ဓမ္မဟောင်းခေတ်၌ ဧည့်သည်အာဂန္တုများကို ဂရိုစိုက်ခိုင်းသည်။ ကျမ်းစာ၌ လူသည် ဤလောက၌ ခဏသာနေသော ဧည့်သည်ဖြစ်ကြောင်း ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းထဲ၌ မြောက်များစွာတွေ့ရသည်။ ဆာလံဆရာက၊ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ (ဆာလံ ၁၁၉း၁၉) ဟုဆိုသည်။ ဒါဝိဒ်မင်းက၊ အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။ (၁ ချုပ် ၂၉း၁၅) ဟုဆိုသည်။ ဟေဗြဲစာရေးသူက၊ ယခုဆိုခဲ့ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။(ဟေဗြဲ ၁၁း၁၃) ဟုရေးထားသည်။

ထိုဧည့်သည်များကို ထာဝရအိမ်တော်တည်းဟူသော ကောင်းကင်နိုင်ငံသို့ ရောက်ဘို့ရန် သက်သေခံ လမ်းညွှန်ရမည်။ လူများသည် ဤလောက၌ လမ်းပျောက်နေသူများဖြစ်ကြသည်။ လမ်းပျောက်သောသူကို လမ်းပြဘို့သည် လူတိုင်း၏တာဝန်ဖြစ်သည်။ ထို့နည်းတူ၊ ကောင်းကင်လမ်းသိသောသူများက မသိသောဧည့်သည်များကို လမ်းပြဘို့သည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ကောင်းကင်လမ်းပြဘို့ရန် တာဝန်ရှိသော်လည်း လမ်းမပြဘဲ၊ လမ်းပျောက်သောသူများကို လှစ်လျှိုရှုခြင်းသည် ကြီးစွာသော အပြစ်ဖြစ်သည်။ လမ်းပျောက်သောသူများ လမ်းပြဘို့ရန်၊ မပြတတ်ဘူး၊ မအားဘူး၊ စိတ်မဝင်စားဘူး၊ မသိဘူး၊ ဟူ၍ ဘူးများစွာပြောသောသူများကို ဘုရားသခင်က၊ အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊  ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်း ဝေးခြင်းတို့ကို သည်းမခံနိုင်။ ငါ့ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။ သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည် မျက်စိကိုလွှဲမည်။ များစွာသောပဌနာကို ပြုကြသောအခါ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။ (ဟေရှာယ ၁း၁၃-၁၅) ဟုဖြေပါလိမ့်မည်။ ထို့ကြောင့်၊ ကောင်းကင်ရောက်မည့်လမ်းကို သိသောသူတိုင်း လမ်းပျောက်နေသောသူများကို လမ်းပြကြစို့။ ထိုအရာကို အဓိကထား၍ လုပ်ဆောင်ကြစို့။ ကိုယ့်အလိုဆန္ဒကို ထားခဲ့၍ ဘုရား၏ အလိုတော်ကို ဆောင်ကြစို့။ 

အကျိုးအမြတ်

ဘုရားသခင်က လမ်းပျောက်နေသူများကို လမ်းပြခပေးမည့်အကြောင်း ဤသို့ရေးထားသည်၊ သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်။ သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ဓါးလက်နက်ဖြင့် ဆုံးရကြလိမ့်မည်၊ ဟုထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။ (ဟေရှာယ ၁း၁၉-၂၀) ဆာလံဆရာက၊ မျက်ရည်ကျလျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသောသူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။ (ဆာလံ ၁၂၆း၆)။ ဟုဆိုသည်။ သခင်ယေရှုကလည်း၊ အခွက် ငါးဆယ်ကို ခံသောသူသည် ချဉ်းကပ်၍၊ အခြားသော အခွက်ငါးဆယ်ကို ဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသော အခွက်ငါးဆယ်ကို အ​ကျွန်ုပ် အမြတ်ရပါပြီ၊ ဟုလျှောက်လေ၏။ အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ၊ စည်းစိမ်ကို ဝင်စားလော့၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၅း၂၀-၂၁) ပေါလုကလည်း၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှတပါး၊ အခြားသောတိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍တည် ဆောက်သောသူရှိသမျှ၊ အသီးအသီး လုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖေါ်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သော အလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို၊ မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍၊ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏ အလုပ်သည်​ ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။(၁ ကော ၃း၁၁-၁၅)

 

 

 

 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG