GOODNEWS
  HOME  GOODNEWS  2024 MAY

 


ဘုရားတန်ခိုးအပေါ် ယုံကြည်ခြင်းအားဖြင့်           

ဘုရားသခင်က လူသားများကို ချစ်သနားသောကြောင့် ကယ်တင်ခြင်းမှစ၍ ခရစ်ယာန်အသက် တာအသက်ရှင်ခြင်း၊ အမှုဆောင်ဆောင်ခြင်းအထိ ကျေးဇူးတော် သို့မဟုတ် အခမဲ့ သို့မဟုတ် သနား သောအားဖြင့် သူ၏တန်ခိုးအားဖြင့် လုပ်ဆောင်ပေးခဲ့သည်။ ထိုအရာများကို လူ့အပိုင်းမှ ယုံကြည်ခြင်း သို့မဟုတ် အားကိုးခြင်းအားဖြင့် လက်ခံရမှာဖြစ်သည်။ သို့သော် ထိုသမ္မာတရားကို မသိသောအခါ၊ လူသည် သူ၏အစွမ်းအစအားဖြင့် ကယ်တင်ခြင်းသို့ရောက်ဘို့၊ ခရစ်ယာန်အသက်တာ အသက်ရှင်ဘို့၊ ဘုရား၏အမှုဆောင်ဆောင်ဘို့၊ ကြိုးစားနေကြသည်။ ထို့ကြောင့်၊ ကယ်တင်ခြင်းသို့လည်းမရောက်၊ ခရစ်ယာန်အသက်တာလည်း မရှင်နိုင်၊ ဘုရားအမှုတော်ကိုလည်း ဆောင်နေသော်လည်း မအောင်မြင် နိုင်ခြင်းဖြစ်သည်။ ထိုအရာများကို လေ့လာကြပါစို့။ သင်သည် ဘုရားအားမကိုး၊ ဘုရားလုပ်ဆောင် ပေးသောအရာကို မသိဘဲ၊ မိမိအသိဉာဏ်နှင့် စွမ်းအားဖြင့် လုပ်ဆောင်နေသူဖြစ်ပါသလော။ 

ကယ်တင်ခြင်း

လူအများစုသည် ကယ်တင်ခြင်းသို့ ရောက်ဘို့လိုကြောင်း မသိကြချေ။ ထိုသူများသည် ယခုအသက် တာ အတွက်သာလျှင် သိရှိနားလည်၍၊ ယခုဘဝအတွက်သာလျှင် ရုန်းကန်လှုပ်ရှား လုပ်ကိုင်နေကြသည်။ နောင်ဘဝအတွက် လုံးဝပူပင်ခြင်းမရှိကြချေ။ ထိုသူများအတွက် နောင်ဘဝသည် တွေးဝံ့စရာမရှိချေ။ မီးငရဲ အိုင်သည် ထိုသူများအတွက် ထာဝရဆင်းရဲဒုက္ခခံမည့် နေရာဖြစ်နေသည်။ အလွန်ဝမ်းနည်းစရာဖြစ်သော်လည်း၊ ပြော၍လည်းမရ၊ ဝမ်းနည်းရုံကလွဲလျှင် မည်သို့မျှမကူနိုင်ချေ။ သင်သည် ထိုသို့သောသူဖြစ်နေပါသလား။ ဘုရားသခင်က လူကိုသနားသောကြောင့် လူ့အပိုင်းမှ ဘာမျှလုပ်စရာမလိုဘဲ၊ သူ့အပိုင်းမှအစအဆုံး ကယ်တင် ခြင်းလုပ်ငန်းကို သားတော်အားဖြင့် ပြုလုပ်ပြီးစီးသွားပြီးဖြစ်သည်။ 

အပြစ်မှလွှတ်ခြင်း

အပြစ်တင်နိုင်သောသူနှင့် လွှတ်နိုင်သောသူသည် ဘုရားသခင်သာလျှင်ဖြစ်သည်။ သို့သော်လူ သည် ထိုအရာကို မသိသောအခါ၊ ကိုယ့်ကိုကိုယ်အပြစ်တင်လိုက် လွှတ်လိုက်လုပ်နေသည်။ ကျမ်းစာက၊ “အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏၊၊ ထာဝရဘုရား အပြစ်တင် တော်မူခြင်းနှင့် လွတ်၍ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏၊၊“ (ဆာလံ ၃၂း၁-၂) ဟုရေးထားသည်။ လူကိုအပြစ်တင်နိုင်၊ လွှတ်နိုင်သောသူသည် ထာဝရဘုရား သာလျှင်ဖြစ်သည်။ အကြောင်းမှာ ထာဝရဘုရားသည် တရားသူကြီးဖြစ်သည် (ဟေရှာယ ၃၃း၂၂)။ အပြစ်ကျူးလွန်သူများကို ထောင်ထဲ၌ ချပိုင်သောသူနှင့် လွှတ်ပိုင်သောသူသည်၊ တရားသူကြီးဖြစ်သည်။ အဘယ်အပြစ်သားမှ သူ့ကိုယ်သူ ထောင်မချတတ်ပါ၊ ထောင်ထဲမှလည်းမလွှတ်တတ်ပါ။ 

လောကသားများကို အပြစ်တင်သောသူသည် ထာဝရဘုရားဖြစ်သည်။ ထို့ကြောင့်အပြစ်လွှတ်မည့်သူ လည်း ထာဝရဘုရားကိုယ်တိုင်ဖြစ်ရမည်။ အပြစ်၏အခသည် သေခြင်းဖြစ်သည် (ရောမ ၆း၂၃)။ ထိုအပြစ်၏ အခကို လူကမပေးနိုင်သောကြောင့် ဘုရားသခင်ကိုယ်တိုင် သူ့၏တပါးတည်းသော သားတော်ကို လူ့ဇာတိခံခိုင်း ပြီး လူသားများကိုယ်စား အပြစ်ဒဏ်သေခြင်းကို ခံစေခဲ့ပြီ(၁ ယော ၁၅း၃။ ၁ ပေ ၂း၂၄)။ ထိုအရာကို ယုံကြည် လျှင် အပြစ်စီရင်ခြင်းမှ ကင်းလွတ်ပြီဖြစ်သည် (ယောဟန် ၃း၁၈)။ အမှန်မှာ ခရစ်တော်သည် ယုံကြည်သူများ အတွက်သာလျှင် ပြစ်ဒဏ်ခံသည်မဟုတ်၊ တလောကလုံးရှိ လူသားတိုင်းအတွက်ဖြစ်သည်။ ယောဟန်က၊  “ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏အပြစ်၊ ဖြေစရာအကြောင်း ဖြစ်တော်မူ၏။“ (၁ ယော ၂း၂) ဟုဆိုသည်။ သို့သော် လူများစွာတို့သည် ထိုသခင်၏ ခံပေးခြင်းကို မသိသောကြောင့်၎င်း၊ သိသော် လည်းမယုံကြည်၊ ဂရုမစိုက်သောကြောင့်၎င်း၊ မလိုအပ်ဘဲ ငရဲမီးအိုင်ထဲ ဆင်းရကြမည်ကို သနားနှမျှောစရာ ဖြစ်သည်။ သင်သည် သခင်ယေရှုက ခံပြီးသော အပြစ်ဒဏ်ကို ယုံကြည်ပါသလား။ ယုံကြည်လျှင် သူ့ကိုကျေးဇူး တင်ပါသလော။ ကျေးဇူးတင်လျှင် မည်ကဲ့သို့ကျေးဇူးဆပ်မည်နည်း။ ပေါလုက၊  “တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊ လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက် တော်မူသောသူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည် ဟူ၍၎င်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေး ဆောင်၏။“(၂ ကော ၅း၁၄-၁၅) ဟုဆိုသည်။ ထို့ကြောင့် ကိုယ့်အလိုသို့မလိုက်တော့ဘဲ၊ သင့်အတွက်သေခံတော် မူသော သခင်ယေရှုအတွက် အသက်ရှင်ဘို့ဖြစ်သည်။ 

ဖြောင့်မတ်စေခြင်း

ဖြောင့်မတ်ခြင်းသည် အပြစ်ကင်းခြင်းဖြစ်သည်။ လူသည်အပြစ်ကင်းခြင်း တည်းဟူသော ဖြောင့်မတ် သောသူဖြစ်ဘို့ရန် ပညတ်တော်လိုက်လျှောက်ရမည်၊ အကျင့်ကောင်းကျင့်ရမည်၊ ကုသိုလ်ကောင်းမှုပြုလုပ်ရ မည်၊ ဘုရားတရား၌ စိတ်အားကြီး၍ ကြိုးစားရမည်၊ ဟုယူဆတတ်ကြသည်။ သို့သော် အောက်ပါကျမ်းပိုဒ်များ အရ လူသည်အထက်ပါလုပ်ဆောင်မှုများအားဖြင့် ဖြောင့်မတ်သောသူ မဖြစ်နိုင်ကြောင်းတွေ့ရသည်။ ပေါလုက၊ “အကျင့်မရှိသောသူ မည်သည်ကား၊ မတရားသောသူ၏ အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည် ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။“ (ရောမ ၄း၅) “ငါတို့သခင်ယေရှုကို၊ သေခြင်းမှ ထမြောက်စေ တော် မူသောသူကို၊ ငါတို့သည်ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို၊ ငါတို့၏ဖြောင့်မတ်ခြင်း၊ ဟုမှတ်တော်မူလတ္တံ့။“ (ရောမ ၄း၂၄) 

ဖြောင့်မတ်ဘို့ ကြိုးစားခဲ့သူနှင့် မကြိုးစားခဲ့သူများ အကြောင်းကို ပေါလုကအောက်ပါကဲ့သို့ ရေးသားခဲ့ သည်၊ “ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သော တပါးအမျိုးသားတို့သည်၊ ဖြောင့်မတ်ခြင်းကိုမှီကြ၏။ ထိုသို့ဆို သော် ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ဖြောင့်မတ်ခြင်း တရားကို မှီအောင်လိုက် သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။ အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်း အား ဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။“ (ရောမ ၉း၃၀-၃၂)။

စိတ်အားကြီးသော ဣသရေလလူတို့ နှင့်ပတ်သက်၍ ပေါလုက ဤသို့ရေးသားခဲ့သည်၊ “ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။ ထိုသူတို့သည် မှန်သောပညာ မရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီး သည်၊ဟုသူတို့အဘို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့် မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။“ (ရောမ ၁၀း၁-၃)။ ဣသရေလလူတို့ မှားမိခဲ့သောအရာကို နောက်ထပ်မလိုက်လျှောက်ကြစို့နဲ့။ စိတ်အားကြီးခြင်းသည် ကောင်းသော်လည်း မမှန်လျှင်ဆုံးရှုံးခြင်း သို့ရောက်ရသည်။ ထို့ကြောင့် ဖြောင့်မတ်ဘို့ရန် ကိုယ်တိုင်မကြိုးစားဘဲ ခရစ်တော်အားဖြင့် ဘုရားပေးသောဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံကြပါစို့။ 

ထာဝရအသက်ပေးခြင်း

လူသည်ထာဝရအသက်ထက် သင်္ခါရအသက်ကို လိုချင်ကြသည်၊ တန်ဘိုးထားကြသည်။ အကြောင်း ရင်းမှာ ထာဝရအသက်၏ တန်ဘိုးကို မသိကြသောကြောင့်ဖြစ်သည်။ သင်္ခါရအသက်သည် အနှစ်ခုနစ်ဆယ် ရှစ်ဆယ်မျှသာဖြစ်သည်။ ထာဝရအသက်သည် မဆုံးနိုင်တော့ချေ။ သို့သော်လူအများစုသည် ဝိညာဉ်မျက်စိ ကန်း သောကြောင့် ထာဝရအသက်ကို ဂရုမစိုက်ကြခြင်းဖြစ်သည်။ ထာဝရအသက်သည် ဆုကျေးဇူး သို့မဟုတ် လက် ဆောင်ဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ “ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။“ (ရောမ ၆း၂၃)။ လက်ဆောင်သည်မဝယ်ရပါ၊ လက်ခံရုံမျှ သာလိုသည်။ ထိုမျှသာမက လက်ဆောင်ကို ရရှိဘို့ရန် ကြိုးစားစရာမလိုပါ။ ပေးသူကပေးလျှင် လက်ခံဘို့ရန် သာဖြစ်သည်။ လက်ဆောင်ကို ဝယ်ဘို့ကြိုးစားလျှင် ပေးသောသူကို ဆော်ကားရာရောက်သည်။ 

ဣသရေလလူများက ထာဝရအသက်ကို ကျမ်းစာအားဖြင့်ရဘို့ ကြိုးစားကြောင်း သခင်ယေရှုက ဤသို့ ပြောခဲ့သည်၊ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်၊ ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို၊ စေ့စေ့ကြည့် ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင်၊ ငါ့ထံသို့လာခြင်းငှာ အလိုမရှိ ကြ။“ (ယောဟန် ၅း၃၉)။ ကျမ်းစာအားဖြင့် ထာဝရအသက် မရနိုင်ပါ။ သခင်ယေရှုအားဖြင့်သာ ရရှိနိုင်ပါသည်။ ထို့ကြောင့် သခင်ယေရှုထံ ယုံကြည်ခြင်းအားဖြင့်လာကြစို့။ 

ယောဟန်က ထာဝရအသက်ကို ဘုရားသခင်က လူများအားပေးကြောင်း ဤသို့ရေးထားသည်၊ “ဘုရားသခင်သည်၊ ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည်၊ ထာဝရအသက်ကို ကိုယ်တိုင်ရသည်၊ ဟုသိစေခြင်းငှါ၊ ဤအရာများကို သင်တို့အားငါရေး၍ ပေးလိုက်၏။“ (၁ ယောဟန် ၅း၁၁-၁၃)

ဘုရားသခင်က ငါတို့အား ထာ၀ရအသက်ကို ပေးသည်၊ ဟုရိုးရိုးလေး ရေးထားသော်လည်း၊ ရရှိဘို့ရန် ကြိုးစားနေကြသည်ကို အံ့ဩဘွယ်ဖြစ်သည်။ ထိုမျှသာမက ထာဝရအသက် ပေးသည်ကို မယူဘဲ မရနိုင်ဘူး၊ ဟု ထင်နေခြင်းလည်း ပြသနာဖြစ်သည်။ ဘုရားသခင်က ထာ၀ရအသက်ကို သားတော်၌ထား၍ သားတော်ကို ရရှိ သောသူသည် ထိုအသက်ကိုရသည်။ သားတော်ကို မရသောသူမူကား အသက်ကိုမရ၊ ဟုဆိုသည်။ သားတော်မရ လျှင် မည်မျှပင် အကျင့်ကောင်းသော်လည်း၊ မည်မျှပင်ဘုရားတရား ကြိုးစားသော်လည်း အသက်ကိုမရပါ။ ထို့ ကြောင့် သားတော်ကို ရရှိဘို့လိုသည်။ မည်ကဲ့သို့ရရှိမည်နည်း။ သားတော်ကို မိမိစိတ်နှလုံးထဲ၌ ခေါ်ဘိတ်လက်ခံ ရမည်။ သားတော်က၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရ လိမ့်မည်။ ဟုဆိုသည်(ဗျာဒိတ် ၃း၂၀)။ သားတော်သည် သင်၏ စိတ်နှလုံးတံခါးကို ခေါက်နေသည်။ ထိုတံခါး ခေါက်သံကို သင်ကြားပါသလား။ သင်၏စိတ်နှလုံးတံခါး ဖွင့်ပေးလျှင် သူသည် သူပြောသည့်အတိုင်း သင့်အထဲ၌ ဝင်ပါလိမ့်မည်။ ရိုးရိုးလေး ဆုတောင်းခြင်းဖြင့် ခေါ်ဘိတ်ပါ။ သားတော်ဘုရား၊ ကျွန်ုပ်စိတ်နှလုံးတံခါးဖွင့်ပါပြီ။ ဂတိတော်အတိုင်း ဝင်တော်မူပါ၊ ဟုဆုတောင်းလိုက်ပါ။ သူသည် သင်၏ စိတ်နှလုံးအထဲ၌ ဝင်ပါလိမ့်မည်။ သူဝင် လျှင် ထာဝရအသက်လည်း ပါပြီးဖြစ်သည်။ 

ဒုတိယမွေးဖွားခြင်း

“ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင် အမည်ရှိသော ဖာရိရှဲတယောက်သည်၊ ညအခါ ယေရှုထံ တော်သို့လာ၍၊ ဆရာ၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို၊ ဘုရားသခင်၏ အခွင့်မရှိ လျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့် အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏၊ ဟုလျှောက်သော်၊ ယေရှုက၊ ဒုတိယမွေးခြင်း ကို မ ခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရ၊ ဟုငါအမှန်အကန်ဆိုသည်၊ ဟုပြန်၍မိန့်တော် မူ၏။”(ယောဟန် ၃း၁-၃)

နိကောဒင်က သခင်ယေရှုကို ဘုရားထံတော်မှလာသောသူ၊ ဟုသူပြသော နိမိတ်လက္ခဏာ တို့ကို ကြည့်မြင်ခြင်းအားဖြင့် အသိအမှတ်ပြုသော်လည်း၊ အဘယ်ကြောင့်သခင်ယေရှုက၊ ဒုတိယမွေးခြင်းအ ကြောင်းကို ပြောသနည်း။ ယေရှုပြသောနိမိတ်လက္ခဏာများကို မြင်ခြင်းဖြင့်သူ့ကို ယုံကြည်ခြင်းသည် ကောင်း ပါသည်။ ယနေ့အချို့သောသူများက သခင်ယေရှုကို ယုံကြည်သည်ဟု ဝန်ခံသော်လည်း၊ ဒုတိယအကြိမ် ဝိညာဉ် အားဖြင့် မမွေးဖွားလျှင် အကျိုးမရှိပါ။ ဝိညာဉ်ပိုင်း၌ ဒုတိယမွေးဖွား ဘို့လိုအပ်သည်။ ဒုတိယ အကြိမ် ဝိညာဉ်အားဖြင့် မမွေးဖွားပါက၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရပါ။ ကောင်းကင်နိုင်ငံတော် မမြင်ရလျှင် ဝင်ခွင့်လည်းမရှိတော့ပါ။ ထို့ကြောင့် ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မွေးခြင်းသည် အလွန်အရေးကြီး သည်။ သို့သော် လူသည်ဝိညာဉ်မျက်စိကန်းပြီး၊ နောက်ဘဝကိုမသိမမြင်၊ မစဉ်းစားသောကြောင့် ကြောက်ရွံ့ ခြင်းမရှိ၊ ပူပန်ခြင်းလည်းမရှိကြပါ။ သင်သည် ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးဖွားပြီးပြီလား။ 

ဒုတိယမွေးဖွားဖို့ရန် လူကမတတ်နိုင်ပါ။ နိကောဒင်ကလည်း၊ “အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လော၊ ဟုလျှောက်၏။ ယေရှု ကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ၊ ဟုငါအမှန်အ ကန်ဆို၏။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်၊ ဟုငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။ လေသည် အလိုရှိတိုင်း သွားလာ ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော် မွေးသောသူဖြစ်သည်၊ ဟုမိန့်တော်မူ၏။”(ယောဟန် ၃း၄-၈) သခင်ယေရှုက ဝိညာဉ်မွေးသောအရာသည် ဇာတိမွေးသောအရာနှင့် မတူကြောင်း ပြောသွားသည်။ ဝိညာဉ်မွေးခြင်းသည် လေကဲ့သို့ဖြစ်သည်၊ ဟုဆိုသည်။ သို့သော်မည်ကဲ့သို့မွေးရမည်ကို ရှင်းမပြသွားပါ။ ထိုအရာသည် ဝိညာဉ်တော် ၏ အလုပ်ဖြစ်သောကြောင့်ဖြစ်သည်။ 

လူတိုင်းမိခင်ဝမ်းမှ မွေးဖွားသောလူကို ရှင်ပေါလုက လူဟောင်းဟုခေါ်သည်။ ထိုလူဟောင်းသည် ဘုရား သခင်၏ အလိုတော်ကိုမသိ၊ လိုက်လည်းမလိုက်နိုင်၊ ကောင်းကင်နိုင်ငံကိုမဝင်နိုင်ချေ။ ထိုလူဟောင်းကို ဘုရားသခင်က သခင်ယေရှုခရစ်အထဲ၌ ထည့်လိုက်သည် (၁ ကော ၁း၃၀)။ အကြောင်းမှာ ခရစ်တော်နှင့်သေဘို့ ရန်ဖြစ်သည်။ ထိုမှတပါး ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။(ရောမ ၆း၆) ထို့ကြောင့် လက်ဝါးကပ်တိုင်တော်၌ သခင်ယေရှုအသေခံသောအခါ၊ ကျွန်ုပ်တို့၏လူဟောင်းလည်း သေပြီဟုလက်ခံယုံကြည်ရသည်။ သေပြီး သောသူကို သင်္ဂြိုလ်ရသည်။ ထိုအရာကို ဗတ္တိဇံဟုခေါ်သည်။ ပေါလုက၊ ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိ သမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့် အသေခံတော် မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား ခရစ်တော် သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။(ရောမ ၆း၄) ထို့ကြောင့် သခင်ယေရှုနှင့်အတူ ထမြောက်သော အခါ လူဟောင်းနှင့် မထမြောက်တော့ဘဲ လူသစ်အဖြစ်ထမြောက်လာကြသည်။ ထိုလူသစ်သည် ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ ထိုအရာကို သမ္မာတရားတည်းဟူသော ကျမ်းစာအားဖြင့် သိရှိရသော ကြောင့် ယာကုပ်က၊  သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း၊ ငါတို့ကိုဖြစ်ပွားစေတော်မူ၏။ (ယာကုပ် ၁း၁၈) ဟုဆိုသည်။ ပေတရုကလည်း၊ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့်ဖြစ်ပွား(born again)သည်မဟုတ်။ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော၊ အသက်ရှင်၍ အစဉ်အမြဲတည် တော် မူသော ဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွား(မွေးဖွား) သောကြောင့်၊ (၁ ပေ ၁း၂၂-၂၃) ဟုဆို သည်။ နှုတ်ကပတ်တော်အားဖြင့် မည်သို့မွေးဖွားသနည်း။ ဘုရားသခင်က သခင်ယေရှုအားဖြင့် ငါတို့ကို သေစေ ၍ ရှင်ပြန်ထမြောက်စေသောအရာကို နှုတ်ကပတ်တော်အားဖြင့် သိစေသည်။ ထို့ကြောင့် ဘုရားသခင်က မွေး ဖွားစေသောအရာကို ယုံကြည်ခြင်းဖြင့် လက်ခံရသည်။ 

 

ခရစ်ယာန် အသက်ရှင်ခြင်း

ကယ်တင်ခြင်းသည် အစအဆုံးဘုရား၏ လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သကဲ့သို့၊ ခရစ်ယာန်အ သက်တာလည်း ဘုရားသခင်၏ တန်ခိုးအစွမ်းအစအားဖြင့်သာလျှင် ရှင်ရမည့်အရာဖြစ်သည်။ သို့သော်၊ ခရစ်ယာန်အများစုသည်၊ ဘုရား၏ဆိုလိုရင်းနှင့် လုပ်ဆောင်ပေးခြင်းကို မသိသောကြောင့်၊ ကိုယ့်အစွမ်းအစ အားဖြင့် ခရစ်ယာန်အသက်တာကို အသက်ရှင်ဘို့ ကြိုးစားကြသောကြောင့် မအောင် မြင်နိုင်ကြချေ။ 

စားဝတ်နေရေး

“ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်၊ ဟုအသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်၊ ဟုကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက် မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည် မဟုတ်လော။ မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။“ (မဿဲ ၆း၂၅-၂၆) အထက်ပါ သခင်ယေရှု၏ စကားကို ခရစ်ယာန်တိုင်း ဖတ်ရှုကြားသိရသော်လည်း၊ အသက်တာမှာ အ သုံးမပြုနိုင်ကြသည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။ ဤကျမ်းပိုဒ်သည်သိဘို့၊ အလွတ်ကျက်ဘို့သက်သက် မဟုတ်ပါ။ လက်တွေ့အသက်တာ၌ အသုံးချဘို့ဖြစ်သည်။ သားသမီးများသည် အစစအရာရာ မိဘကတာဝန်ယူ ကျွေးမွေးပြုစုသကဲ့သို့ ဘုရားသခင်ကလည်း သူ၏သားသမီးများကို ကျွေးမွေးပြုစုလိုသည်။ သို့သော် သားသမီး များက အလိုမရှိကြချေ။ သင်၏သားသမီးများက သင်၏ပြုစုကျွေးမွေးခြင်းကို မခံလိုလျှင် သင်မည်သို့ ခံစား မည်နည်း။ 

ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသာသနာပ လူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြ နှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ ရှိသော မကောင်း မသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏။”(မဿဲ ၆း၃၁-၃၄)

ခရစ်တော်က အစားအသေက်အတွက် အဝတ်အစားအတွက် မစိုးရိမ်ဘို့ပြောနေသော်လည်း ယုံကြည် သူများသည် စိုးရိမ်နေတတ်ကြသည်။ ထိုမျှသာမက နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို မရှာဘဲ လောကအရာများ ကိုသာလျှင်ရှာနေကြသည်။ လောကအရာများရှာနေရင်းဖြင့် အချိန်ကုန်ဆုံးကာ မအောင်မြင်သောအသက်တာ ဖြင့် အသက်ရှင်နေရသည်။ နောက်ဆုံး၌ ကိုယ်ခန္ဓာအသက်ကုန်ဆုံးသောအခါ မီးငရဲအိုင်ထဲသို့ ဆင်းသွားကာ ထာဝရမီးလောင်ခြင်း ခံစားရမှာဖြစ်သည်။ 

ပြသနာဖြေရှင်းခြင်း

“ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့၊၊ သင့်ကို မစတော်မူမည်၊၊ ဖြောင့်မတ်သော သူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅း၂၂) “၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြ လော့။ ငါသည် နားရသောအခွင့်ကို ပေးမည်။” (မဿဲ ၁၁း၂၈) လူတိုင်းမိမိတို့ ဝန်များနှင့်ပိနေကြသည်။ ဝန်လေး၍ ပင်ပန်းသောကြောင့် ဘုရားတရား၌လည်း စိတ်မဝင်စားနိုင်ကြချေ။ ထိုအရာကိုသိသောကြောင့် သခင်ယေရှုက ကျွန်ုပ်တို့၏ လေးသောဝန်များကို ထမ်းပေးဖို့ရန် ပြောနေသော်လည်း၊ ကျွန်ုပ်တို့သည် လေးသောဝန်ကို သခင်ယေရှုအား ထမ်းခွင့်မပေးကြချေ။ သူ့ကို လေးသောဝမ်းထမ်းစေခြင်းသည် သူ့ကို အားကိုးခြင်း၊ သူဖြေရှင်း ပေးမည့်အရာကို စိတ်ချခြင်း ကိုဆိုလိုသည်။ အဘယ်ကြောင့် သခင်ယေရှုကို အားမကိုးကြသနည်း၊ ဟူမူကား သူနှင့်မရင်းနှီးသောကြောင့်ဖြစ်သည်။ 

ဝမ်းမြောက်ခြင်း

ဝမ်းမြောက်ခြင်းကိုလည်း လောကီပစ္စည်းနှင့် အောင်မြင်မှုများအားဖြင့် ရှာဖွေနေကြသည်။ လောကက ပေးသောဝမ်းမြောက်ခြင်းသည် နောက်ဆုံး၌ဝမ်းနည်းခြင်းဖြင့် နိဂုံးချုပ်ရသည်။ ဘုရားသခင်ပေးသော ဝမ်း မြောက်ခြင်းသည် ထာဝရကာလတိုင်အောင် ကျန်ရစ်တည်ရှိမည့်အရာဖြစ်သည်။ သခင်ယေရှုက၊ “ဖြောင့် မတ်၍ နောင်တရစရာ အကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌၊ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိ သည်ထက်၊ နောင်တရသော လူဆိုးတယောက်၌ သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်။” (လုကာ ၁၅းရ-၁၀) ဟုဆို သည်။ သင်သည်ဝမ်းမြောက်ချင်လျှင် နောင်တရ၍ သခင်ဘုရားထံ၌ ချဉ်းကပ်ပါ။ သင်သည်ပြောင်းလဲပြီးသောသူ ဖြစ်လျှင် အခြားသောသူများကို သခင်ဘုရားထံမိတ်ဆက်ခေါ်ဆောင်ပါ။ အလွန်ဝမ်းမြောက်ပါလိမ့်မည်။  

ငြိမ်သက်ခြင်း

လူတိုင်းငြိမ်သက်ခြင်းကို လိုချင်ကြသည်။ စစ်မှန်သောငြိမ်သက်ခြင်းသည် သခင်ယေရှုထံ၌သာလျှင်ရှိ သည်။ သခင်ယေရှုက၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကီသားတို့ ပေးသကဲ့ သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယောဟန် ၁၄း၂ရ)ဟုဆိုခဲ့သည်။ သို့သော်ယုံကြည်သူများသည် သခင်ယေရှုပေးသော ငြိမ်သက်ခြင်းကိုမယူဘဲ ငွေ၊ လူ လောကပစ္စည်းအားဖြင့်ပေးသော ငြိမ်သက်ခြင်းကို သာလိုချင်ကြသည်။ ထိုအရာများသည် ခဏသာ တည်ပြီး အဆုံးတိုင်အောင်ငြိမ်သက်မှု မပေးနိုင်ပါ။ 

ချစ်ခြင်း

လူသာမက တိရစ္ဆာန်များပင်လျှင် ချစ်ခြင်းမေတ္တာရှိသည်။ ကြက်မသည် သူ့ခလေးများကို ချစ်သော ကြောင့် ခွေးကိုမနိုင်နိုင်မှန်းသိသော်လည်း အတောင်ပံကို ဖြန့်ပြီးတိုက်ခိုက်တတ်သည်။ ခွေးမသည် သူခလေး များကို ချစ်သောကြောင့် ပိုင်ရှင်ကလွဲလျှင် တစိမ်းများအကပ်မခံချေ။ မိခင်များလည်း သူတို့၏ ခလေးများကို ချစ်သောကြောင့် အိပ်ရေးအပျက်ခံပြီး ကျီကျသော သူ့ခလေးကို တညလုံးချီနိုင်သည်။ ယောက်ျားနှင့်မိန်းမများ လည်း ချစ်ခြင်းမေတ္တာရှိသောကြောင့် လက်ထပ်၍ အိမ်ထောင်ပြုကြသည်။ ထိုမေတ္တာသည် မွေးရာပါဖြစ်၍ လူ၏မေတ္တာဖြစ်သည်။ ထိုမေတ္တာသည် သောကြောင့်အချစ်ဖြစ်သည်။ လှသောကြောင့်၊ ချမ်းသာသောကြောင့်၊ ရာထူးရှိသောကြောင့်၊ ချစ်သည်။ သို့သော် မလှတော့သောအခါ၊ ဆင်းရဲလာသောအခါ၊ အလုပ်လက်မဲ့ဖြစ်သွား သောအခါ မချစ်တော့ချေ။ လူ့မေတ္တာသည် အကန့်အသတ်ရှိသည်။ ကိုယ့်ဖက်ကိုယ်ယက်သည်။ စွန့်လွှတ်သော အချစ်မဟုတ်ချေ။ 

လူသည်ဝိညာဉ်အားဖြင့် ဒုတိယအကြိမ်မွေးဖွားသောအခါ ဘုရားသခင်က သူ့၏မေတ္တာကိုပေးသည်။ ကျမ်းစာက။ ငါတို့အားပေးတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲ သို့ သွန်းလောင်းတော်မူ၏(ရောမ ၅း၅) တဖန်၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို၊ ငါတို့အားပေးတော်မူသည် မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏(၂ တိ ၁းရ) ဟုဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဘုရား၏မေတ္တာကို ပေး သနည်း ဟူမူကား ဘုရားမေတ္တာအားဖြင့်သာလျှင် စစ်မှန်စွာချစ်နိုင်သည်။ ဘုရား၏မေတ္တာသည် စွန့်လွှတ်သော၊ အရှုံခံသောမေတ္တာဖြစ်သည်။ သော်လည်းအချစ်ဖြစ်သည်။ မလှသော်လည်း၊ ဆင်းရဲသော်လည်း၊ မကျန်းမာသော် လည်း၊ ရန်သူဖြစ်သော်လည်း ချစ်သည်။ ကျမ်းစာက၊၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော် အသေခံ တော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်၊ ဟုသာ၍မျှော်လင့်စရာရှိ၏။ (ရောမ ၅း၁၀)။ ဘုရားသခင်က သူ၏မေတ္တာကို ဝိညာဉ်ပိုင်း၌ ဒုတိယအကြိမ်မွေးဖွားသောသူတိုင်း အခမဲ့ပေး သည်။

ယေရှုက၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝိညာဉ် နှင့် ဥာဏ်ရှိသမျှဖြင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏၊ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့် စပ် ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့၊ ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ (မဿဲ ၂၂း၃ရ-၃၉) ဟုဆိုရာတွင်၊ ခရစ်ယာန်များ လိုက်လျှောက်နိုင်ပါသလား။ လူ့မေတ္တာအားဖြင့် လုံးဝမချစ်နိုင်ချေ။ သို့သော်ဘုရားမေတ္တာအားဖြင့်ချစ်နိုင်သည်။ မည်ကဲ့သို့ချစ်နိုင်မည်နည်း။ လူ့မေတ္တာကိုအသုံးဘဲ ဘုရားပေး သော သူ့မေတ္တာအားဖြင့်ချစ်ရမည်။ မည်ကဲ့သို့ချစ်နိုင်မည်နည်း။ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့အုပ်စိုးစေရမည်။ လူ သည် ကိုယ့်ကိုကိုယ်အုပ်စိုးချင်သည်။ သို့သော်ကိုယ်ကိုကိုယ်ငြင်းပယ်၍ ဘုရားကို အုပ်စိုးစေရမည်။ သင်၏အ သက်တာ၌ ဘုရားကအုပ်စိုးလျှင် ဝိညာဉ်အသီးများသီးလာမည်ဖြစ်သည်။ ကျမ်းစာက၊ ဝိညာဉ်ပကတိ၏ အသီးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ (ဂလာတိ ၅း၂၂-၂၃) 

ဝိညာဉ်တော်ကအုပ်စိုးခြင်းအသက်တာ သိလိုလျှင် လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍၊ ဝိညာဉ်တော်နှင့် ပြည့်၀လျက်ရှိကြလော့။ (ဧဖက် ၅း၁၈)။ လူသည်စပျစ်ရည်နှင့်ယစ်မူးလျှင် မူလစိတ် ပျောက်၍ စပျစ်ရည်ကလွှမ်းမိုးသောကြောင့် ရှက်တတ်သောသူလည်း မရှက်တော့ချေ။ စကားနည်းသောသူ လည်းစကားများများပြောတတ်သည်။ သတ္တိနည်းသောသူလည်း ရန်ဖြစ်တတ်သည်။ ထိုနည်းတူ၊ ဝိညာဉ်တော်နှင့် ပြည့်ဝသောသူသည် ဝိညာဉ်အသီးကိုအလိုလိုသီးလာပေမည်၊ ကြိုးစားစရာမလိုပါ။ 

            

အမှုတော်ဆောင်ခြင်း

ကယ်တင်ခြင်းနှင့် ခရစ်ယာန်အ သက်တာသည် အစအဆုံးဘုရား၏ လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သကဲ့သို့၊ ဘုရား၏အမှုတော်ဆောင်ခြင်းလည်း ဘုရား၏တန်ခိုးအားဖြင့်သာလျှင် လုပ်ရမှာဖြစ်သည်။ ခရစ်ယာန်အမှုတော်ဆောင် အများစုသည် ဘုရား၏အစွမ်းအစ အားဖြင့်မဟုတ်ဘဲ၊ လူ့ပညာ၊ ငွေကျေး၊ နှင့်လူ့အစွမ်းအစ၊ လူများများ အင်အားဖြင့် ဆောင်ကြသောကြောင့် အောင်မြင်သင့်သလောက် မအောင်မြင် နိုင်ခြင်းဖြစ်သည်။ ထိုမျှသာမက ဘုရား၏အလိုတော်ဆောင်ခြင်းထက်၊ ဘုရားသခင်ကို ဆန့်ကျင်ကာ၊ လူများကို ကောင်းကင်သို့ ပို့သည်ထက်၊ ငရဲထဲသို့ပို့နေကြသည်။ သို့သော် နားမလည်သောအခါ၊ အလွန်အားရ ကျေနပ်နေ ကြသည်။ လူအများစုသည် လူများခြင်း၊ ငွေကျေးကြွယ်ဝခြင်း၊ ခေတ်မှီစက်ကရိယာများအသုံးပြုနိုင်ခြင်း၊ စိတ် လှုပ်ရှားတက်ကြွခြင်း၊ သီချင်းနှင့်တူရိယာအကောင်းဆုံးများ အသုံးပြုနိုင်ခြင်း၊ တန်ခိုးနိမိတ်လက္ခဏာများပြနိုင် ခြင်း၊ များအားဖြင့် အောင်မြင်ခြင်းကို တိုင်းတာကြသည်။ ထိုအရာများအားဖြင့် အောင်မြင်သည်၊ ဟုမဆိုနိုင် ကြောင်းကို သခင်ယေရှု၏ စကားတော်အားဖြင့်သိနိုင်သည်။ 

သခင်ယေရှုက၊ သခင်၊ သခင်၊ ဟုငါ့ကို လျှောက်သောသူတိုင်း၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့် မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့် မည်။ ထိုနေ့၌ကား သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့်နှင့် ဆုံးမဩဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လော၊ ဟုအများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသော အခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့်အလင်း ငါပြောမည်။ (မဿဲ ရး၂၁-၂၃) ဟုဆိုခဲ့သည်။ 

သခင်ယေရှုက အထက်ပါကဲ့သို့ ပြောသောသူများသည်၊ သာမန်လူများမဟုတ်၊ သခင်ယေရှုအခွင့် သို့မဟုတ် သခင်ယေရှုနာမဖြင့် ဆုံးမဩဝါဒပေးသောသူများ၊ နတ်ဆိုးတို့ကို နှင်ထုတ်သူများ၊ များစွာသော တန်ခိုး နိမိတ်များကိုပြသောသူများဖြစ်သည်။ ထိုသူများသည် ခရစ်ယာန်အမှုတော်ဆောင်များဖြစ်သည်။ ထိုသူများကို သခင်ယေရှုက၊ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့်အလင်း ငါပြောမည်။ ဟုဆိုသည်။ သင်သည် ထိုသို့သောအမှုတော်ဆောင် ဖြစ်ပါက၊ ကိုယ်ကိုကိုယ် သေချာစွာ ပြန်လည်စစ်ဆေးပါ။ သင်သည် ထိုအမှုတော်ဆောင်များကို လက်ခံနောက်လိုက်သောသူဖြစ်ပါက၊ သေချာစွာ ပြန်လည်စစ်ဆေးစေချင်သည်။ အကြောင်းမှာ သခင်ယေရှုနာမကို အသုံးပြုပြီး လိမ်ညာနေသူများစွာ ရှိကြသည်။ ဤအရာသည် အသစ်အဆန်းမဟုတ်၊ အသင်းတော်စတင် ကတည်းကရှိသောအရာများဖြစ်သည်။   

ယောဟန်က၊ ချစ်သူတို့၊ ခပ်သိမ်းသော ဝိညာဉ်တို့ကို မယုံကြနှင့်။ ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်ခံသော ဝိညာဉ်မည် သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်မခံသော ဝိညာဉ်မည် သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့ လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ဝိညာဉ်ဖြစ်၏။ (၁ ယော ၄း၁-၃) 

တမန်တော်ယောဟန်က အထက်ပါကဲ့သို့ ဝိညာဉ်တိုင်းကို လက်မခံဘဲ စစ်ဆေးဘို့သတိပေးထားသော် လည်း၊ ယုံကြည်သူများသည် ဝိညာဉ်များကို မစစ်ဆေးဘဲ လက်ခံနေကြသည်။ ထို့ကြောင့် ဝိညာဉ်ဆိုးများ၏ လှည့်ဖျားခြင်းများကို နောက်လိုက်နေကြသည်ကို ဝမ်းနည်းဘွယ်ရာ တွေ့မြင်နေရသည်။ ထူးဆန်းမှုမှန်သမျှကို သန့်ရှင်းသောဝိညာဉ်တော်၊ ဟုခံယူကြသည်။ ထိုသို့ဝိညာဉ်ဆိုးများကို လက်ခံသောကြောင့် ဘဝပျက်သွားသော သူများစွာ ရှိသည်။ သို့သော် သတိပေးသောသူမရှိ၊ ကျမ်းစာလည်းမဖတ်၊ ကိုယ်တိုင်စစ်ဆေးခြင်း၊ နောက်ဆက် တွဲအဖြစ်အပျက်များကိုလည်း မလေ့လာသောကြောင့် လမ်းမှားလိုက်ကြကာ ဘုရားဘုန်းတော်လည်းမထင်ရှား၊ ဘဝပျက်သွားသောသူများတွေ့မြင်နေရသည်။ 

သခင်ယေရှုက၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့ မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်။ ဟုမိန့်တော်မူ၏ (တမန် ၁း၈)။ သခင်ယေရှုခိုင်းသော အမှုကို လူ့အစွမ်းအစအားဖြင့် ဆောင် ရွက်ဘို့မဟုတ်ပါ။ အဘယ်အလုပ်သမားမှ ကိုယ့်စရိတ်နှင့် ကုမ္ပဏီ၏အလုပ်ကို မဆောင်ရွက်ဘူးပါ။ လေလံဆွဲမှသာ ကိုယ့်ငွေ၊ ကိုယ့်ကရိယာအသုံးပြုရသည်။ ထိုအရာလည်း ခဏအရင်းအနှီးဆိုက်ခြင်းဖြစ်ပြီး နောက်ပိုင်းမှာ အလုံးအရင်းဖြင့် ပြန်ရသည်။ ဘုရားသခင်အမှုတော်သည် လေလံတင်ဆွဲခြင်းမဟုတ်ပါ။ သူ့အစွမ်း အစတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ဆောင်ရွက်ရမှာဖြစ်သည်။ ပေါလု က၊ အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍၊ စစ်မှုကို ထမ်းရသနည်း။ (၁ ကော ၉းရ) ဟုရေးခဲ့သည်။ 

ဘုရားသခင်က ယေရုဗဗေလကို ဒုတိယဗိမာန်တော် ဆောက်ခိုင်းသောအခါ၊ ကျမ်းစာ၌ဤသို့ရေးထား သည်၊ ကောင်းကင်တမန်ကလည်း ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့် မည်၊  ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အိုတောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော်ရှိပါစေသော်၊ ကျေးဇူးတော်ရှိ ပါစေသော်၊ ဟုကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊ ဇေရုဗဗေလသည် ဤအိမ်တော် အမြစ် ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်။(ဇာခရိ ၄း၆-၉)

ပဌမဗိမာန်တော်ကို ဆောက်ခဲ့သောအခါ ရှောလမုန်မင်း၌ တန်ခိုးအာဏာရှိသည်။ သူ့အဖေဒါဝိဒ်မင်း ကလည်း ရွှေငွေနှင့်လိုအပ်သေအရာ မြောက်များစွာစုဆောင်းထားခဲ့သည်။ လူအင်အားလည်းများစွာရှိသည်။ သို့သော်ဒုတိယဗိမာန်တော်ဆောက်သောအခါ စစ်သုပန်းမှပြန်လာသော ယုဒလူတို့၌ လူအင်အားလည်းအလွန် နည်းသည်။ ဥစ္စာပစ္စည်းလည်းများများစားစားမရှိပါ။ တန်ခိုးအာဏာလည်းမရှိပါ။ သို့သော်ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်တည်ဆောက်ရသည်။ ထို့ကြောင့်အနှောင့်အရှက်များကြားမှ အောင်မြင်စွာဆောက်လုပ်ပြီးစီးသွား ခဲ့သည်။ 

ယနေ့ဘုရား၏အမှုတော်ဆောင်များလည်း သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်များဆောက်ဘို့ရန်ဖြစ် သည်။ အမှုတော်ဆောင်အများစုသည် ဘုရားခိုင်းသောအမှုပင်လျှင်မသိကြဘဲ၊ မိမိတို့ဝမ်းစာနှင့်ကြီးပွားရေးကို သာလုပ်ဆောင်နေကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်များ ဆောက်မည့်အစား စာတန်ပိုင်သော လောကအရာများကိုသာ စုဆောင်းပိုင်ဆိုင်လိုကြသည်။ ထို့ကြောင့် ဘုရားပေးသော တန်ခိုးကိုလည်းမသုံး၊ သူ ခိုင်းသောအရာကိုလည်းမလုပ်။ စိတ်ပျက်ဘွယ် အသက်တာများနှင့် ရင်ဆိုင်တွေ့ကြုံနေရခြင်းဖြစ်သည်။ ဘုရား ခိုင်းသောအမှုကို နားလည်၍ ဘုရားပေးသော တန်ခိုးနှင့် အမှုတော်ဆောင်များ ဖြစ်နိုင်ကြပါစေ။ 

        

သာသနာပြုဆရာ များသင်တန်း

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သာသနာပြုဆရာများ သင်တန်းကို Minnesota ပြည်နယ် St. Paul မြို့၌ မေလ ၁၃ ရက်နေ့မှ ၁ရ ရက်နေ့အထိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အသင်းတော်ကို တာဝန်ခံ ကြည့်ရှုသော သင်းအုပ် များကို တခန်း အသင်းတော်သို့မဟုတ် သာသနာနယ် တာဝန်မခံသေးသောသူများ၊ အမှုတော်ဆောင် ဇနီးသည် များနှင့် လူသစ်များကို တခန်းဟူ၍ နှစ်ခန်းခွဲပြီး သင်ပေးကြပါသည်။ အသင်းတော် ဦးဆောင်သူများကို ဆရာမော ဇက်၊ ဆရာဖိလိပ္ပု ဘွဲလျံကင်း၊ ဆရာရှာမွေလနိုင်လင်းနှင့် ဆရာအားဆာတို့က သင်ကြားပေးကြ၍၊ အခြားတ ခန်း ကိုဆရာစတီဗင်နှင့် ဆရာအာဗေလအောင်နန်းက သင်ပေးကြပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဦး ဆောင်မှုရှိသောကြောင့် သင်တန်းကာလ အလွန်တိုတောင်းသည် ဟုခံစားသက် သေခံကြသည်။ ညနေပိုင်းသင် တန်းအပြီးတွင် မြို့ထဲ၌ တံခါးခေါက် သက်သေခံကြပါသည်။ သင်တန်းကို St. Paul မြို့ရှိ  Josiah Van Tha ဦးဆောင်သော သတင်း ကောင်းနှစ်ခြင်းအသင်းတော်နှင့် ဆရာပေါလု ဦးဆောင် သော ကရင်သတင်းကောင်းနှစ်ခြင်းအသင်းတော်မှ တာဝန်ယူ ကျွေမွေးခြင်းနှင့် နေရာချထားခြင်းများ ပြုလုပ်ကြ ပါသည်။ 

 

အမှုတော်ဆောင်သင်တန်းတက်ရောက်ကြသူများ

 

ညပိုင်းဝတ်ပြုကိုးကွယ်ခြင်း 

 

အသင်းတော်အတွင်းဆက်ကပ်သူများ

 



MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG