GOODNEWS
  HOME  GOODNEWS  2025 APR

ရှင်ဘုရင်ကိုငြင်းပယ်ကြ

ယခုနှစ် ဧပြီလ ၁၃ ရက်နေ့ကို ခရစ်ယာန် လောက၌ စွန်ပလွံခက်နေ့ (Palm Sunday) ဟုသိကြသည်။ ခရစ်တော်သည် ရှင်ဘုရင်အဖြစ် သူ့ကိုယ်သူ ပေးအပ်သောနေ့ဖြစ်သည်။ သံလွင်တောင်ဘက်မှ မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့ ဗိမာန်တော်၌ ဘိသိက်ပေးဘို့ရန်ဖြစ်သော်လည်း အထမမြောက်ခဲ့ပါ။ သခင်ယေရှုသည် ရှင်ဘုရင်ဖြစ်ကြောင်း မဿဲက ရေးသားခြင်းကို လေ့လာကြစို့။ 

 

ရှင်ဘုရင်မွေးဖွား

 

ယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကို ခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီ၊ ဟုမေးမြန်းပြောဆိုကြ၏။ (မဿဲ ၂း၁-၂) သခင်ယေရှုသည် ဆင်းရဲသော မိသားစုမှ မွေးဖွားသော်လည်း ရှင်ဘုရင်ဖြစ်ကြောင်း မာဂုပညာရှိတို့က အထက်ပါကဲ့သို့ ကျေညာခဲ့သည်။ အဘယ့်ကြောင့်ထိုပညာရှိများသည် မထင်မရှားမွေးဖွားသော သူငယ်ကို ရှာဖွေကြသနည်း။ ရှင်ဘုရင်ဖြစ်ကြောင်း ဘုရားသခင်က ဖေါ်ပြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က မပြောပြလျှင် ပညာရှိများအနေဖြင့် သိစရာအကြောင်းမရှိပါ။ သူတို့၏ ရှင်ဘုရင်လည်းမဟုတ်ပါ။ သို့သော်၊ ဝေးသောပြည်မှ ခရီးပြုပြီး မတွေ့မချင်း ရှာဖွေခြင်းသည် သူ့ကိုဖူးတွေ့ပူဇော်ဘို့ရန်ဖြစ်သည်။ သူတို့ကို ကြယ်ကလမ်းပြခဲ့သော်လည်း တွေ့ခါနီးတွင် ကြယ်ကိုမကြည့်တော့ဘဲ၊ ရှင်ဘုရင်ဖြစ်သောကြောင့် ယေရုရှလင်မြို့ရှိ နန်းတော်၌ မွေးဖွားမည်ဟု ယူဆသောကြောင့် ဘုရင်ဟေရုဒ် အိမ်သို့ရောက်သွား ကြခြင်းဖြစ်မည်။ ကျွန်ုပ်တို့လည်း ယေရှုခရစ်ကို ရှင်ဘုရင်အဖြစ် လက်ခံပါက ပညာရှိများကဲ့သို့ မတွေ့မချင်း ရှာဖွေ၍ ကိုးကွယ်ကြဘို့ဖြစ်သည်။ သခင်ယေရှုကို သင်၏ရှင်ဘုရင်အဖြစ် လက်ခံကိုးကွယ်ပါသလား။ 

 

စိတ်ပူပန်ကြ

 

ဟေရုဒ်မင်းနှင့် ယေရုရှလင်မြို့သားတို့သည် သခင်ယေရှု မွေးဖွားကြောင်း ကြားသိသောအခါ မည်ကဲ့သို့ရှိကြသနည်း။ ကျမ်းစာက၊ ထိုစကားကိုကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာ ရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်း၊ ဟုမေးမြန်းတော်မူ၏။ (မဿဲ ၂း၃-၄) ဟေရုဒ်မင်း၏ ပူပန်ခြင်းသည် သူ့ထီးနန်းကို လုမည်ဟု စိုးရိမ်ခြင်းကြောင့် ဖြစ်မည်မဟုတ်။ အကြောင်းမူကား သူသည်အသက်ကြီးပြီ။ သခင်ယေရှုသည် ယခုမှမွေးသောခလေးဖြစ်သည်။ သို့ဖြစ်လျှင်အဘယ်အရာအတွက် စိတ်ပူပန် ခြင်းဖြစ်မည်နည်း။ သူ့သားများ၏ ထီးနန်းကိုလုမည်၊ ဟုစိုးရိမ်ခြင်းဖြစ်မည်။ သို့ဖြစ်လျှင် ယေရုရှလင်မြို့သားများ၏ စိုးရိမ်ခြင်းသည် အဘယ်အရာဖြစ်မည်နည်း။ သူငယ်တော်ယေရှုကို ဟေရုဒ်မင်းက သတ်ဖြတ်မည် ဖြစ်သောကြောင့်လော။ အမှန်မှာ ဣသရေလတမျိုး လုံးက သခင်ယေရှု (မေရှိယ) ပေါ်လာမည့်အရာကို မျှော်လင့်နေကြသည်။ သို့သော်အဘယ်ကြောင့် စိတ်ပူပန်ခြင်းရှိကြသနည်း။ အကြောင်းရင်း ကောင်းကောင်းမရှိပါ။ ယနေ့တိုင်အောင် များစွာသောသူတို့သည် သခင်ယေရှု အကြောင်းကို ကြားသောအခါ စိတ်ပူပန်ခြင်း၊ စိတ်ဆိုးခြင်း၊ ဂရုမစိုက်ခြင်းများဖြစ်တတ်ကြသည်။ အဘယ်ကြောင့်နည်း။ လူသည်ကိုယ့်ဘဝကို အုပ်စိုးချင်သည်။ သခင်ယေရှု အသက်တာ၌ ရောက်ရှိလာလျှင် ကိုယ့်ဘဝကို အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ သခင်ယေရှုကို နေရာပေးဘို့လိုလာလိမ့်မည်။ ဤစာဖတ်သောအခါ သင်မည်ကဲ့သို့ ခံစားပါသနည်း။ 

 

ရှင်ဘုရင်သွားရာလမ်းရှင်းပေး

 

ထိုကာလအခါ ဗတ္တံဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏။ (မဿဲ ၃း၁-၂) ရှင်ဘုရင် မွေးဖွားပြီးနောက် နှစ်ပေါင်းသုံးဆယ်ကြာလာသောအခါ ဘုရားသခင်က ရှင်ဘုရင်၏ ရှေ့တော်ပြေး လမ်းရှင်းပေးမည့်သူ ဗတ္တိဇံယောဟန်ကို စေလွှတ်ကာ ကောင်းကင်နိုင်ငံတော်တည်လုနီးသောကြောင့် နောင်တရကြဘို့ ကြွေးကြော်ခိုင်းသည်။ နိုင်ငံတော်တည်ထောင်လျှင် အုပ်စိုးမည့်သူ ရှင်ဘုရင် ရှိ ဘို့လိုအပ်သည်။ ယောဟန်က၊ ငါသည်နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ (မဿဲ ၃း၁၁) ဟုဆိုသည်။ ယောဟန်နောက်မှ ကြွလာသောသူသည် သခင်ယေရှုဖြစ်သည်။ ယောဟန်က သခင် ယေရှု သည် သူထက်တတ်စွမ်းနိုင်သည် ဟုဆိုသည်။

 

နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားဟော

 

ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟော လျက်၊ လူတို့တွင် အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။ (မဿဲ ၄း၂၃) ဗတ္တိဇံဆရာယောဟန် နောက်မှ သခင်ယေရှုကိုယ်တိုင် နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရား (သတင်းကောင်း) ကို ဟောလျက် ဂါလိလဲပြည် တပြည်လုံးသို့ သွားသည်။ "နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား" သည် "ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိ တရား" နှင့်မတူချေ။ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားသည်၊ ခရစ်တော် အသေခံ၍ ရှင်ပြန်ထမြောက်ပြီးမှ ဟောပြောသောတရားဖြစ်၍၊ လောကမှာတည်ထောင်မည့် နိုင်ငံတော် မဟုတ် ဘဲ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်မည့်အရာဖြစ်သည်။ ထိုတရား၌ ဒုတိယ မွေးဖွားရမည် ဟူသော အရာသည် အဓိကဖြစ်သည်။ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားသည်၊ လောက၌ ခရစ်တော် အုပ်စိုးမည့်အရာဖြစ်၍၊ နောင်တရခြင်းသည် အဓိကတရားဖြစ်သည်။ ထိုတရားကို ဗတ္တိဇံဆရာ ယောဟန်က စတင်ဟော၍၊ ခရစ်တော်နှင့် တပည့်တော်များက ဆက်ဟောခဲ့သည်။ ယခုအသင်းတော် ခေတ်၌ ထိုတရားကို မဟောတော့ပါ။ နိုင်ငံတော်တရားကို ဘေးဒဏ်ကြီးကာလ၌ ပြန်ဟောကြမှာဖြစ် သည်။

 

ရှင်ဘုရင်ကျန်းမာစေ

 

ရှင်ဘုရင်ယေရှု တည်ထောင်မည့် နိုင်ငံတော်၌ မကျန်းမာသောသူ၊ နူ၍မသန့်ရှင်းသောသူ၊ မျက်စိကန်း သောသူများ မရှိရချေ။ ပရောဖက်ဟေရှာယက၊ ဘုရားသခင်သည် ကိုယ်တော်တိုင်ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်။ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်း ကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည် (ဟေရှာယ ၃၅း၄-၆) ဟူ၍၎င်း၊ သို့သော်လည်း၊ ထိုသူသည် ငါတို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင် ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း၊ ခံရသောသူဖြစ်သည်၊ ဟုငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏ (ဟေရှာယ ၅၃း၄-၅) ဟူ၍၎င်း၊ ဟောထားခဲ့ပြီ။ ပရောဖက်ဟေရှာယဟောထားခဲ့သော အရာများပြည့်စုံကြောင်း ဤသို့တွေ့ရသည်၊ ညဦးယံ၌ နတ်ဆိုးစွဲသောသူ အများတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ ကို နှင်ထုတ်တော်မူ၏။ နာသောသူ ရှိသမျှတို့ကို သက်သာစေတော်မူ၏။ ထိုအကြောင်း အရာမူကား၊ သူသည်အကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။ (မဿဲ ၈း၁၆-၁၇) အိမ်သို့ဝင်တော်မူလျှင်၊ မျက်စိကန်းသော သူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလော၊ ဟုမေးတော်မူလျှင်၊ ယုံပါ၏ သခင်၊ ဟုလျှောက်ကြ၏။ ထိုအခါသူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံကြည်ခြင်း ရှိသည်အတိုင်း သင်တို့၌ဖြစ်စေ၊ ဟုမိန့်တော်မူလျှင်၊ သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့၊ ဟုမြစ်တားတော်မူ၏(မဿဲ ၉း၂၈-၃၀) ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒ ပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက်၊ လူများခံရသော အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင်၊ သနားခြင်းစိတ်ရှိတော်မူ၏ (မဿဲ ၉း၃၅) သခင်ယေရှုက သူသည်ရှင်ဘုရင် ဖြစ်၍ နိုင်ငံတော်တည်ထောင်မည့်သူဖြစ်ကြောင်းကို အနာရောဂါများငြိမ်းစေခြင်းအားဖြင့် သက်သေထူနေသည်။ သို့သော် ဣသရေလလူမျိုးများက နားမလည်နိုင်ကြချေ။ ယနေ့များစွာသော ခရစ်ယာန်များလည်း သခင်ယေရှုကို ပါးစပ်နှင့်သာလက်ခံ၍ ရှင်ဘုရင်အဖြစ်လက်မခံကြချေ။ သူ့ကိုအားမကိုး၊ စကားနားမထောင် သောကြောင့် အနာရောဂါမှစ၍ အမျိုးမျိုးသောဒုက္ခဝေဒနာများ ခံစားနေရကြသည်။ သင်သည်သခင်ယေရှုကို မိမိ၏ရှင်ဘုရင်အဖြစ်လက်ခံပါသလား။

 

နိုင်ငံတော်တည်ထောင်ဘို့ကြော်ငြာခိုင်း

 

သခင်ယေရှုသည် တပည့်တော်ဆယ်နှစ်ပါးကို ရွေးကောက်၍ သူတည်ထောင်မည့် နိုင်ငံတော် အကြောင်း ကိုဤသို့ကြော်ငြာခိုင်းသည်၊  ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော် မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ၊ ဟုသတင်းကြား ပြောကြလော့။ နာသောသူတို့အား ချမ်းသာပေး ကြလော့။ သေသောသူတို့ကို ထမြောက် စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့(မဿဲ ၁၀း၅-၈) နိုင်ငံတော်သည် ဣသရေလအမျိုးများနှင့်သာ တည်ထောင်၍ တပါးအမျိုးသားများမပါချေ။ ထို့ကြောင့် ခါနာန်အမျိုးသမီးက သူ့သမီးထဲမှ နတ်ဆိုးနှင်ထုတ်ပေးဘို့ တောင်းဆိုသောအခါ၊ ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်၊ ဟုမိန့်တော်မူ၏ (မဿဲ ၁၅း၂၄) ဟုဆိုခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်တည်ထောင်ဘို့ဆုတောင်းခိုင်း

 

သခင်ယေရှုက ထိုကြောင့်သင်တို့ဆုတောင်းရမည်မှာ၊ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေး မြတ်ခြင်းရှိပါစေသော်။ နိုင်ငံတော်တည်ထောင်ပါစေသော်။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော်။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့လိုက် မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်၊ ဟုဆုတောင်းကြလော့(မဿဲ ၆း၉-၁၃)

 

ခရစ်တော်က အထက်ပါကဲ့သို့ ဆုတောင်းဘို့ရန် တပည့်တော်များအား သင်ပေးခဲ့သည်။ သို့သော် သူ့လူမျိုးများက သူ့ကိုရှင်ဘုရင်အဖြစ် လက်မခံသောကြောင့် နိုင်ငံတော်သည် အနှစ်တ ထောင် ကာလ၌ ပြောင်းရွှေ့သွားသည်။ ယခုခရစ်ယာန်တိုင်းက နိုင်ငံတော်တည်ထောင်ပါစေသော် ဟု ဆုတောင်းနေကြသော်လည်း ကမ္ဘာကြီးသည် ပိုပိုဆိုးလာနေသည်။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ ပြည့်စုံပါစေသော် ဟုတောင်းလျှောက်နေကြသော်လည်း ဘုရားသခင်၏ အလိုတော်ကို ပို၍ပို၍ ဆန့်ကျင်လာကြသည်။ ယခုအခါ အသက်မွေးလောက်သောအစာ ကို ဆုမတောင်းသောသူများကလည်း စားနေကြသည်။ ဘေးဒဏ်ကြီးကာလ၌ ဘုရားသခင်က မကျွေး မွေးလျှင် လုံးဝစားစရာရှိမည်မဟုတ်ချေ။ ခရစ်တော်သင်ပေးသော ဆုတောင်းနည်းထဲ၌ ကောင်းကင် ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။ ဟူသောအရာတို့သည် မည်သည့်ကာလ၌မဆို ချီးမွမ်းရမည့်အရာများဖြစ်သည်။

 

ယောဟန်ကသံသယရှိ

 

ခရစ်တော် ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့် နှစ် ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလောသို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော၊ ဟုမေးလျှောက်စေ၏။ ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှ တို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက် ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက်ခြင်းသို့ ရောက် ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သတင်းကို ကြားရကြ၏။ ငါ့ကြောင့် စိတ်မပျက် သော သူ သည် မင်္ဂလာရှိ၏၊ ဟုပြန်ပြောတော်မူ၏(မဿဲ ၁၁း၂-၆) အဘယ်ကြောင့်ယောဟန်က အထက်ပါကဲ့သို့ ရှင်ဘုရင်ယေရှုကို မေးသနည်းဟူမူကား၊ သူ့အတွက်လမ်းရှင်းပေးသော်လည်း သူထောင်ကျသောအခါ မကယ်တင်ဘဲ လှစ်လျူရှုသောကြောင့် ဖြစ်သည်။ သခင်ယေရှုက သူသည် ရှင်ဘုရင်မှန်ကြောင်းကို သူပြုသောအမှုများအားဖြင့် ယောဟန်ကို ဖြေလိုက်သည်။ ပရောဖက် ဟေရှာယ ဟောပြောထားသော အရာများကိုသိသော ယောဟန်အနေဖြင့် ရှင်ဘုရင်ယေရှု ဆိုလိုသော အရာကို နားလည်ပါလိမ့်မည်။ သင်လည်းသခင်ယေရှုအပေါ် သံသယရှိဘူးပါသလော။

 

ရှင်ဘုရင်ကိုသံသယရှိကြ

 

ထိုအခါ နတ်ဆိုးစွဲသောလူကန်း၊ လူအတယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်း လူအ သည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မတော်မူ၏။ လူအစုအဝေး အပေါင်းတို့သည် မိန်းမော တွေဝေ၍၊ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လော၊ ဟုပြောဆိုကြ၏။ ဖာရိရှဲတို့ သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည် ဟု၊ ဆိုကြ၏။ ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊  တိုင်းနိုင်ငံ မည်သည်ကား၊ မိမိနှင့် မသင့် မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။ စာတန်သည်လည်း စာတန်ကို နှင်ထုတ်သည်မှန်လျှင်၊ သူသည် မိမိနှင့်ကွဲ ပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။ ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏ သားတို့သည် အဘယ်သူကို အမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။ ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန် ရောက်လေပြီ(မဿဲ ၁၂း၂၂-၂၈)

 

ရှင်ဘုရင်ယေရှုက သူသည်ဣသရေလ တမျိုးသားလုံး မျှော်လင့်စောင့်စားနေသော ရှင်ဘုရင်ဖြစ် ကြောင်းကို နိမိတ်လက္ခဏာများအားဖြင့် သက်သေထူနေသော်လည်း၊ ဖာရိရှဲတို့က နားမလည်၊ လက်မခံ နိုင်ခဲ့ကြချေ။ သူသည်နတ်ဆိုးမင်းဗေလဇေဗုလ၏ တန်ခိုးအားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု စွပ်စွဲကြသည်။ သူတို့အနေနှင့် သခင်ယေရှုသည် ရှင်ဘုရင်အဖြစ် လက်ခံကြပါက နိုင်ငံတော်တည်ထောင်ချိန် ရောက်ပြီ၊ ဟုဆိုသည်။

 

ရှင်ဘုရင်အဖြစ်ဘိသိက်ဘို့

 

သခင်ယေရှုသည် သုံးနှစ်ခွဲအမှုတော်ဆောင်ပြီးသောအခါ ရှင်ဘုရင်အဖြစ် ဘိသိက်ခံဘို့ သံလွင်တောင်ဖက်မှ ယေရုရှလင်မြို့သို့ ချီတက်ခြင်းကို ဤသို့ရေးသားထားသည်၊ ယေရုရှလင်မြို့ အနီးသို့ချဉ်း၍ သံလွင်တောင် ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ၊ ယေရှု သည် တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊သင်တို့ရှေ့၌ ရှိသော ရွာသို့ သွားကြ၊ ထိုရွာ၌ ချည်နှောင် လျက် ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်း တွေ့လိမ့်မည်။ မြည်းကြိုး ကို ဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။ သူတပါးသည် သင်တို့အား တစုံတခုကို ဆိုလျှင်၊ သခင်အလိုရှိသည်၊ ဟုပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်၊ ဟုမှာထားတော်မူ၏။ ထိုအကြောင်း အရာမူကား၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော၊ ပရောဖက်၏ နှုတ်ထွက် ပြည့်စုံမည် အကြောင်းဖြစ်သတည်း။ တပည့်တော် တို့သည် သွား၍ အမိန့်တော် အတိုင်း ပြုသဖြင့်၊ မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍၊ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ကြပြီးလျှင်၊ ကိုယ်တော်သည် စီးတော်မူ၏။ အတိုင်းမသိ များစွာသော လူတို့သည်၊ မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည်၊ သစ်ကိုင်း သစ်ခက်များကို ခုတ်၍လမ်း၌ ခင်းကြ၏။ ရှေ့နောက်လိုက် သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ (Yahweh is salvation) ဖြစ်စေသတည်း၊ ဟုကြွေးကြော်ကြ၏(မဿဲ ၂၁း၁-၉) သခင်ယေရှုသည် သံလွင်တောင်မှ မြည်းကလေးကိုဆီးပြီး ယေရုရှလင်မြို့ဖက်သို့ သွားသောအခါ လူများက လမ်း၌ မိမိတို့အဝတ် များခင်းခြင်းသည် သူ့ကိုရှင်ဘုရင်အဖြစ် လက်ခံကြောင်းပြသခြင်းဖြစ်သည်။ အဝတ်ခင်းစရာမရှိ သောသူများက သစ်ကိုင်းသစ်ခက်များကို ခင်းပေးကြသည်။ အဝတ်ခင်းပေးခြင်းသည် သစ်ကိုင်းများ ခင်းပေးခြင်းထက် အဆင့်မြင့်သည်။ ယနေ့နိုင်ငံတော်အကြီးအကဲများ လည်ပတ်သောအခါ ကောဇော နီခင်းပေးခြင်းဖြင့် ကြိုဆိုတတ်ကြသည်။

 

ရှင်ဘုရင်ကိုမသိလက်မခံကြ

 

ယေရုရှလင်မြို့သို့ ဝင်တော် မူသောအခါ၊ တမြို့လုံး အုပ်အုပ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်း၊ ဟုမေးမြန်းကြလျှင်၊ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက် ယေရှုပေတည်း၊ ဟုပြောဆိုကြ၏။ (မဿဲ ၂၁း၁၀-၁၁) ယေရုရှ လင်မြို့ထဲသို့ရောက် သောအခါ အခြေအနေပြောင်းလာသည်။ တမြို့လုံးအုပ်အုပ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်း၊ ဟုမေးမြန်းလာကြသည်။ သူ့နောက်လိုက်သောတောသားများက သူသည်ရှင်ဘုရင်ဟု သိကြသော်လည်း မြို့သားများက သူ့ကိုမသိကြချေ။ ဆိုလိုသည်မှာ သူ့ကိုရှင်ဘုရင်အဖြစ် လက်မခံခြင်းကိုပြသ ကြသည်။

 

ရှင်ဘုရင်အပေါ်စိတ်ဆိုးကြ

 

ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသော သူတို့၏ ထိုင်နေရာကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့၊ ဟုကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီး တကား၊ ဟုမိန့်တော် မူ၏ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။ ကိုယ်တော် ပြုတော်မူသော အံ့ဩဘွယ် အမှုတို့ကို၎င်း၊ သူငယ်တို့ ကလည်း ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း၊ ဟုဗိမာန်တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ဤသူတို့သည် အဘယ်သို့ ပြောဆိုသည်ကို ကြားသလော၊ ဟုယေရှုအားမေးကြသော်၊ ငါကြား၏။ နို့စို့သူငယ်တို့နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်၊ ဟူသောစကားကို သင်တို့သည် တရံတခါမျှ မဖတ်ဘူးသလော၊ ဟုမိန့်တော်မူ၏။ ထိုအခါ သူတို့ကို ထားခဲ့၍ မြို့ထဲမှ ထွက်ပြီးလျှင်၊ ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။ (မဿဲ ၂၁း၁-၁၇)

 

ဗိမာန်တော်သို့ရောက်သောအခါ အခြေအနေပိုဆိုးလာသည်။ ယဇ်ပုရောဟိတ်နှင့် ကျမ်းပြုဆရာများက သူ့ကိုရှင်ဘုရင်အဖြစ် လက်ခံ၍ ဘိသိက်ပေးမည့်အစား သူ့ကိုလက်မခံဘဲ ငြင်းပယ်ကြသည်။

 

လူများက သူ့ကိုရှင်ဘုရင်အဖြစ်လက်ခံခြင်းအပေါ် စိတ်ဆိုးကြသည်။  ယနေ့နာမည်ခံခရစ်ယာန်များ လည်း လူများကသခင်ယေရှုကို စိတ်နှလုံးထဲမှ အမှန်တကယ်လက်ခံ၍ အသက်တာပြောင်းလဲကာ အားရဝမ်းမြောက်စွာ သက်သေခံကြသောအခါ၊ သူတို့နှင့်အတူ ဝမ်းမြောက်မည့်အစား စိတ်ဆိုးတတ် ကြသည်။ အသင်းတော် အသင်းသားအဖြစ်မှ နှင်ထုတ် စာရင်းပယ်ဖျက်တတ်ကြသည်။ သင်သည် ထိုသို့သောသူဖြစ်လျှင် ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများကဲ့သို့ဖြစ်ကြောင်း အသိပေးလိုပါ သည်။

 

ယေရုရှလင်မြို့သားများယေရှုကိုမမြင်ရ

 

ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည်၊ မင်္ဂလာရှိစေသော၊ ဟုသင်တို့ မပြောမှီ တိုင်အောင်၊ ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြ၊ ဟုမိန့်တော်မူ၏။ (မဿဲ ၂၃း၃၉) ယေရုရှလင်မြို့သားများက သခင်ယေရှုကို ဘယ်အချိန်မှ ပြန်မြင်ကြမည်နည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည်၊ မင်္ဂလာရှိစေသော၊ ဟုပြန်ပြောမှ မြင်ရကြမည်။ သခင်ယေရှုသည် ဘေးဒဏ်ကြီးကာလအပြီး ရှင်ဘုရင်အဖြစ်ဒုတိယအကြိမ် ကြွလာအချိန်မှသာ သူ့လူမျိုးများက လက်ခံကြမည်ဖြစ်သည်။ ယနေ့များစွာသောသူများ အဘယ်ကြောင့် သမ္မာတရား နားမလည်နိုင်ကြသနည်း။ အဘယ်ကြောင့် သခင်ယေရှု၏ မစခြင်းမခံစားနိုင်ကြသနည်း။ သူ့ကိုစိတ် နှလုံးထဲမှလက်မခံ ပါးစပ်အားဖြင့်သာလက်ခံကြသောကြောင့်ဖြစ်သည်။ သင်သည်သခင်ယေရှုကို မည်ကဲ့သို့လက်ခံသနည်း။

 

နိုင်ငံတော်ရွေ့သွား

 

အမတ်တယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ ပြန်လာမည်၊ ဟုအကြံရှိလျက်၊ ဝေးသော ပြည်သို့သွား၏။ (လုကာ ၁၉း၁၂) ဥပမာကား၊ လူတဦးသည် အခြားသော ပြည်သို့သွားမည်၊ ဟုအကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍၊ မိမိဥစ္စာများကို အပ်ပေး၏(မဿဲ ၂၅း၁၄) သခင်ယေရှု ပြောသော အမတ်တယောက် သို့မဟုတ် လူတဦးသည် သူကိုယ်တိုင်ဖြစ်သည်။ ဝေးသောပြည်သည် ကောင်းကင်နိုင်ငံဖြစ်သည်။ မိမိပြည်သို့ပြန်လာမည် ဟူသောအရာသည် ယုဒပြည်ကိုဆိုလိုသည်။ မင်းကြီးအရာကိုခံလိုသည် ဟူသောအရာသည်၊ သူ့ကိုယုဒ ခေါင်းဆောင်များက ဘုရင်အဖြစ်လက်မခံ သောကြောင့် ကောင်းကင်နိုင်ငံရှိ ခမည်းတော် ဘုရားသခင်ထံမှ မင်းကြီးအရာကို ခံယူမည့်အရာကို ဆိုလိုသည်။ 

 

သခင်ယေရှုက သူ့ကိုရှင်ဘုရင်လက်မခံကြသောကြောင့် နိုင်ငံတော် မတည်ထောင်တော့ဘဲ အထက်၌ဖေါ်ပြသကဲ့သို့ ကောင်းကင်သို့တက်သွားမည်။ ထို့နောက်မှရှင်ဘုရင်အဖြစ် လောကသို့ ပြန် ဆင်းလာမည်။ ထိုချိန်၌ နိုင်ငံတော်ကို ထူထောင်၍ အုပ်ချုပ်မည်။ ထို့ကြောင့် နောက်ဆုံးညစာ စားပွဲ၌ တပည့်တော်များထံ၊ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို၊ ငါ့ခမည်းတော်၏နိုင်ငံ၌၊ သင်တို့နှင့် အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍၊ တဖန်ငါမသောက်ရ၊ ဟုမိန့်တော်မူ၏(မဿဲ ၂၆း၂၉) ငါ့ ခမည်းတော်၏နိုင်ငံ၌ ဟုဆိုသောအရာသည် အနှစ်တစ်ထောင်ကာလကိုဆိုလိုသည်။ အကြောင်းမှာ ထိုနိုင်ငံ၌ စပျစ်ရည်သောက်ရဦးမည်။ ကောင်းကင်နိုင်ငံ၌ စပျစ်ရည်သောက်ရတော့မည်မဟုတ်။ သခင်ယေရှုက အနှစ်တစ်ထောင်ကာလတွင် တပည့်တော်များနှင့် စပျစ်ရည်အသစ်ကို သောက်ရဦး မည်။

 

 ရှင်ဘုရင်ဝန်ခံ

 

ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော်၊ မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလော၊ ဟုမေးလျှင်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်းမှန်သည်၊ ဟုမိန့်တော်မူ၏။(မဿဲ ၂၇း၁၁) သခင်ယေရှုကို မြို့ဝန်မင်းက သူသည်ယုဒရှင်ဘုရင်မှန်သလော ဟုမေးသောအခါ၊ သခင်ယေရှုက မှန် ကြောင်းဖြေလိုက်သည်။ ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများက သူ့ကို ရှင်ဘုရင်အဖြစ် ငြင်းပယ် သော်လည်း၊ သခင်ယေရှုက သူသည်ရှင်ဘုရင်ဖြစ်ကြောင်းကို ပိလတ်မင်းထံဝန်ခံသွားခဲ့ သည်။ အမှန်မှာ ထိုသို့ဝန်ခံခြင်းဖြင့် ပိလတ်မင်းက အရေးယူနိုင်သည်။ အကြောင်းမှာ ယုဒပြည်သည် ရောမရှင်ဘုရင် ကဲသာလက်အောက်မှာရှိသည်။ သို့သော် ပိလတ်မင်းက သူ့ကိုအပြစ်မမြင်ချေ။

 

ရှင်ဘုရင်ကိုသတ်

 

ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကို မြင်လျှင်၊ ရေကိုယူ၍ လူများရှေ့ တွင် မိမိလက်ကို ဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏ အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့၊ ဟုဆို၏။ ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း၊ သားမြေးတို့၏ ခေါင်းပေါ်၌၎င်း၊ တည်ရှိပါစေ၊ ဟုပြန်ပြောကြ၏။ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။(မဿဲ ၂၇း၂၄-၂၆) အပြစ်ဖော်ပြသော ကမ္ဗည်းလိပ်စာချက် ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်း၊ ဟုရေး၍ ခေါင်းပေါ်မှာ တပ်သတည်း။(မဿဲ ၂၇း၃၇)

 

အဘယ်ကြောင့် ပိလတ်မင်းက သခင်ယေရှုကို ယုဒရှင်ဘုရင် ဟုဆိုသနည်း။ သခင်ယေရှုသည် သူ၏လူမျိုးများက ရှင်ဘုရင်အဖြစ်လက်မခံသောကြောင့် ဖြစ်နိုင်သည်။ သင်သည် သခင်ယေရှုကို သင်၏ရှင်ဘုရင်အဖြစ် လက်ခံပါသလား။ လက်ခံလျှင် သူ၏စကားကို တသဝေမတိမ်း နားထောင်ဘို့လိုသည်။ သင်၏အသက်တာ၌ သူ့ကိုရှင်ဘုရင်အဖြစ် လက်ခံသည့်လက္ခဏာရှိပါသလား။ သူ၏အုပ်စိုးခြင်းကို သင်ဝန်ခံပါသလား။ ခရစ်တော်၏အကြောင်းအရာကို သိရုံဖြင့်အကျိုးမရှိပါ။ သူ့ကိုသင်၏ရှင်ဘုရင်အဖြစ် လက်ခံမှသာလျှင် အကျိုးရှိပေလိမ့်မည်။ 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG