ယခုလစာစောင်တွင်
မိုးကောင်းကင်ဘက်မျှော်ကြည့်ကြစို့
Rev Moses R Cung
ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ၂၀၂၅ မတ်လအထိအသက်ရှင်ခွင့် ရရှိကြပါသည်။ ယခုအခါ ချီဆောင်ခြင်းဖြစ်ဘို့ လက်တကမ်းသာလိုတော့သည်။ တပည့်တော်များက၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကို၎င်း၊ အမိန့်ရှိတော်မူပါ၊ ဟုလျှောက်ကြ၏။ (မဿဲ ၂၄း၃)
စစ်တိုက်မည်
ခရစ်တော်က၊ သူကြွလာခါနီး၌ "သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း၊ ကြားရကြလိမ့်မည်၊" (မဿဲ ၂၄း၆) ဟုဆိုခဲ့သည်။ ယောဟန်ကလည်း ဗျာဒိတ်ကျမ်း၌ ဤသို့ရေးသားထားသည်၊ "ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ကြည့်လော့၊ ဟုဆိုသည်ကိုငါကြား၏။ ထိုအခါမြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီးသားတို့ကိုအချင်းချင်း အသေသတ်စေခြင်းငှါ၎င်း၊ အခွင့်ရ၏။ သူ၌ဓါးကြီးကို ပေးတော်မူ၏။" (ဗျာဒိတ် ၆း၃-၄) ဟုရေးထားသည်။
ယခုအခါ အထက်ပါကျမ်းပိုဒ်များ ပြည့်စုံနေချိန်ဖြစ်သည်။ အစ္စရေးနှင့်ဟာမတ်စများလည်း စစ်ပြေငြိမ်းခြင်းကုန်ဆုံးကာ ပြန်လည်တိုက်ခိုက်နေကြပြီ။ ရုရှားနှင့်ယူခရိမ်းနိုင်ငံများလည်း သုံးနှစ်တိုက်ခိုက်နေကြပြီ၊ စစ်ပြေငြိမ်းမည့်အရိပ်အရောင် မတွေ့ရသေးချေ။ ဥရောပလည်း အမေရိကန်သမတက ခပ်ခွါခွါဆက်ဆံလာသောကြောင့် စစ်စရိတ်များတိုးမြင့်လျက် စစ်ရေးပြင်ဆင်နေကြပြီ။ တရုပ်လည်း စစ်အသုံးစရိပ်များတိုးမြှင့်ကာ တိုင်ဝမ်ကျွန်းသိမ်းပိုက်မည့်အချိန် အကွက်ကောင်းကို စောင့်နေသည်။ ဂျပန်နိုင်ငံလည်း ဒုတိယကမ္ဘာစစ်ကြောင့် စစ်တပ်မတိုးချဲ့ဘို့ ဆန့်ကျင်နေရာမှ တရုတ်နှင့်မြောက်ကိုးရီးယားနိုင်ငံများကြောင့် စစ်အသုံးစရိတ်များတိုး၍ စစ်လက်နက်ပစ္စည်းများ ပို၍တီထွင် ထုတ်လုပ်နေကြပြီ။ အမေရိကန်နိုင်ငံကလည်း အီရန်ကိုအနုမြူဗုံးမထုတ်လုပ်ဘို့၊ စွန့်လွှတ်ဘို့ခြိမ်းခြောက်နေပြီ။ သူတို့အကြံမစွန့်လွှတ်ပါက၊ စစ်ရေးအရအရေးယူမည်၊ ဟုဆိုနေသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းစစ်လေးနှစ်တိုက်ခိုက်နေကြပြီ။ ရှင်ပေါလုက သက်သာလောနိတ်အသင်းသားများထံ ဤသို့စာရေးခဲ့သည်၊ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျှင်မြန်စွာသော ပျက်စီးခြင်းရောက်၍၊ လွတ်ခြင်းအခွင့်မရှိရကြ။ (၁ သက် ၅း၃) ထိုအချိန်တွင် ကမ္ဘာ့အခြေအနေမသိဘဲ၊ ကိုယ့်အိမ်ထောင်ကိစ္စများ၌သာ ဗျာများနေသောများကို ဤစာစောင်အားဖြင့် သတိပေးလိုပါသည်။ ချီဆောင်ခြင်းအလွန်နီးနေပြီ။ ဘေးဒဏ်ကြီးကာလ အစပ်နားရောက်နေပြီ။ ဘုရားစီစဉ်ထားသောအချိန်ကိုသိပြီး အသင့်ပြင်ဆင်ချိန်ဖြစ်နေပြီ။ မည်ကဲ့သို့ပြင်ဆင်မည်နည်း။
ထာဝရအသက်ကိုလက်ခံပါ
ထာဝရဘုရားကအခမဲ့ ပေးထားသော ထာဝရအသက်ကို လက်ခံဘို့ဖြစ်သည်။ ကျမ်းစာက၊ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည်၊ ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။ (၁ ယော ၅း၁၁-၁၂) ဟုဆိုထားသည်။ သင်သည်ဘုရားပေးထားသော ထိုထာဝရအသက်ကို ရရှိပြီလား။ မရရှိသေးလျှင် ယခုပင်ရရှိနိုင်သည်။ ထာဝရအသက်တည်းဟူသော သားတော်ယေရှုခရစ်ကို လက်ခံပါ။ မည်ကဲ့သို့လက်ခံမည်နည်း။ ခရစ်တော်က၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်။ (ဗျာဒိတ် ၃း၂၀) ဟုသင်၏ စိတ်နှလုံးတံခါးကို ခေါက်နေသည်။ သူ့ကိုသင်၏စိတ်နှလုံးတံခါးဖွင့်ပေးလျှင် သူ့ကတိတော်အတိုင်းဝင်ပါလိမ့်မည်။
မည်ကဲ့သို့ဝင်ခိုင်းမည်နည်း။ ဤကဲ့သို့ဆုတောင်းခြင်းအားဖြင့် ဝင်ခွင့်ပေးနိုင်သည်။ သခင်ယေရှုဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးတံခါးခေါက်နေသည်ဟုသိရပါ၏။ ကျွန်ုပ်၏စိတ် နှလုံးတံခါးဖွင့်ပါပြီ။ ဂတိတော်အတိုင်းဝင်တော်မူပါ။ ကျွန်ုပ်၏အသက်တာ၌ သခင်ဖြစ်တော်မူပါ။ ကျွန်ုပ်၏အသက်တာကိုအပ်နှံပါ၏။ သင်သည်အမှန်တကယ် စိတ်ရင်းဖြင့်ထိုကဲ့သို့ ဝင်ခွင့်ပေးပါ က၊ သူသည်ဝင်ပါလိမ့်မည်။ သူသည် လူကဲ့သို့ လိမ်ညာတတ်သည်မဟုတ်။ ဂတိတော်အတိုင်း ဝင်ပါလိမ့်မည်။ သခင်ယေရှုသည် သင့်အသက်တာ၌ဝင်လျှင် သင်သည် ထာဝရအသက်ရရှိပြီဖြစ်ကြောင်း ယောဟန်က ဤသို့ရေးထားသည်၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည်၊ ထာဝရအသက်ကို ကိုယ်တိုင်ရသည်၊ ဟုသိစေခြင်းငှါ၊ ဤအရာများကို သင်တို့အားငါရေး၍ ပေးလိုက်၏။ (၁ ယော ၅း၁၃)
မြေလှုပ်မည်
သခင်ယေရှုက၊ သူကြွလာခါနီးလျှင်၊ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ဟုဆိုသည် (မဿဲ ၂၄း၇)။ ယခုအခါ မြေငလျှင်လှုပ်ခြင်းသည် အလွန်များနေပြီဖြစ်သည်။ ယခုလ ၂၈ နေ့တွင် မြန်မာနိုင်ငံ၌ ၇.၇ အားပြင်းသော ငလျှင်လှုပ်သောကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့၌ တိုက်မြင့်များ ပြိုခြင်း လူများစွာ သေခြင်း၊ နေပြည်တော်နှင့်မန္တလေးလေဆိပ်များ ပိတ်ခြင်းများဖြစ်သည်။ နာမည်ကြီး စစ်ကိုင်းတံတားဟောင်းလည်း အပိုင်းပိုင်း ကျိုးပြတ်သွားသည်။ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ ဗန်ကောက်မြို့၌သော်၎င်း၊ အန္ဒိယနှင့် တရုပ်နိုင်ငံများ၌သော်၎င်း၊ ငလျှင်ဒဏ်ကိုခံစား ရကြသည်။ ထိုကြောင့်မြေကြီးပေါ်ရှိအိမ်ယာများ၊ ပစ္စည်းများအပေါ် အာရုံစိုက်ခြင်း၊ ရှာဖွေခြင်း၊ စိတ်ချခြင်းမရှိသင့်တော့ချေ။
ဤလောကသည် မတည်မြဲချေ။ ထို့ကြောင့်ထာဝရတည်တန့်ခိုင်မြဲသော ကောင်းကင်နိုင်ငံတော် ကိုစွဲလမ်းသင့်သည်။ ခရစ်တော်က၊ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ (မဿဲ ၆း၃၃) ဟုအကြံပေးခဲ့သည်။ ခရစ်တော်အကြံပေးသောအရာကို မိတ်ဆွေလက်ခံပါသလား။ ဤလောက သည် မတည်မြဲသည်သာမက လူကိုယ်တိုင်လည်း မတည်မြဲပါ။ တနှစ်ပြီးတနှစ် အိုလာကြပြီ။ လောကမပျက်မှီ သင့်အသက်တာ ကုန်ဆုံးနိုင်သည်ကို သတိထားမိပါသလား။ လူ့အသက်တာသည် ကိုယ်မပိုင်ပါ။ လူ့အသက်သည် မြက်ပင်ကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ခဏအသက်ရှင်ပြီးမှ သေသွားတတ်ကြသည်။ ထို့ကြောင့် သင့်အသက်တာမကုန်မှီ ဘုရားပေးသော ထာဝရအသက်ကို ရယူလိုက်ပါ။
အဘယ်ကြောင့် ဘုရားသခင်က ဤလောကကို ဖျက်ဆီးဘို့ရာထားသနည်း။ အကြောင်းမှာ ဤလောကကိုဘုရားသခင်ကိုယ်တော်တိုင်က ဖန်ဆင်းခဲ့သော်လည်း၊ ယခုအခါစာတန်ကပိုင်ဆိုင်နေသည် (လုကာ ၄း၅)။ ထို့ကြောင့်ပေါလုက၊ ဆိုးညစ်သောပစ္စုပ္ပန် (ဂလာတိ ၁း၄) ဟုရေးခဲ့သည်။ ဟေဗြဲဆရာက၊ ရှေးယုံကြည်သူများအတွက် ဤလောကသည် ထိုသူတို့ နှင့်မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်းအလည်လည် နေရကြ၏။ (ဟေဗြဲ ၁၁း၃၈) ဟုရေးခဲ့သည်။ သို့သော် ယနေ့ယုံကြည်သူများအတွက် ဤလောကသည် အလွန်နှစ်သက်ဘွယ် ကောင်းသောနေရာဖြစ်နေသည်။ သင်သည် ဤလောကကို မည်ကဲ့သို့မြင်သနည်း။ အလွန်စွဲလမ်းပါသလား။
ဘုရားကိုယ်တိုင်ဖျက်ဆီးစပြုနေပြီ
လင်းယုန်သည် အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကိုဖြန့် လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊ ထာဝရဘုရား တပါးတည်းသာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏။ (တရားဟော ၃၂း၁၁) ဟုဆိုသည်။ လင်းယုန်က အဘယ်ကြောင့် သူဆောက်သောအသိုက်ကို မွှေသနည်း။ သူ့ခလေးများ အသိုက်ထဲ၌ အမြဲမနေစေချင် သောကြောင့်ဖြစ်သည်။ ဘုရားသခင်က အဲဂုတ္တုပြည်ကို ယောသပ်လက်ထက်၌ အစာခေါင်းပါးခြင်းအားဖြင့် မပျက်စီးဘို့ရန် တည်ဆောက်ခဲ့သည်။ ထိုပြည်၌ ဣသရေလလူမျိုးများကိုသူကိုယ်တိုင်ခေါ်ခဲ့သော်လည်း ထိုပြည်၌အမြဲမနေစေချင်၊ နို့နှင့်ပျားရည်စီးသော ခါနန်ပြည်သို့ ဆောင်သွင်းလိုသည်။ ထို့ကြောင့် အဲဂုတ္တုပြည်ကို မစွဲလမ်းဘို့ရန် အဲဂုတ္တုပြည်ကို ဖျက်ဆီးလိုက်သည်။ သို့သော် ဣသရေလလူမျိုးများက ဘုရား၏အကြံအစည်ကို လက်မခံကြချေ။ ခါနန်ပြည်ကိုမစွဲလမ်းဘဲ အဲဂုတ္တုပြည်ကိုသာ စွဲလမ်းကြောင်း ဤသို့တွေ့ရသည်၊ ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။ မိမိတို့တဲများ၌ ဆန့်ကျင်ဘက် ပြု၍ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲနေကြ၏။ ထို့ကြောင့်သူတို့ကိုတော၌ လှဲခြင်းငှါ၎င်း၊ သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင်လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ၎င်း၊ သူတို့တဘက်၌ကျိန်ဆိုတော်မူ၏။ (ဆာလံ ၁၀၆း၂၄-၂၇)
ဤလောကကိုမီးနှင့်ဖျက်ဆီးမည်
သူခိုးသည် ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည်ကြီးစွာ သောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။(၂ ပေတရု ၃း၁၀)
ကမ္ဘာပေါ်၌အကြီးဆုံးသောငလျှင်များသည် ဘေးဒဏ်ကြီးကာလ၌ လှုပ်ဦးမည့်အရာကို အောက်ပါကျမ်းချက်များအရ သိရှိရသည်။ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသောမြေလှုပ်ခြင်းဖြစ်၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှရွေ့ကြ၏။ (ဗျာဒိတ် ၆း၁၂၊ ၁၄) ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ချ လိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ (ဗျာဒိတ် ၈း၅) ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၍၊ မြို့ရိုးဆယ်စုတစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည်ကြောက်ရွံ့၍၊ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကိုချီးမွမ်းကြ၏။ (ဗျာဒိတ် ၁၁း၁၃) လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသောမြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့်ကာလမှစ၍၊ ထိုသို့သောလက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။(ဗျာဒိတ် ၁၆း၁၈)
အထက်ပါကျမ်းပိုဒ်များအရ အလွန်ကြီးမားသောငလျှင်များကြောင့် ကျွန်းများသည်ရွေ့သွားကြမည်၊ သို့မဟုတ်ပျောက်သွားကြလိမ့်မည်။ တောင်များတို့လည်း ပျောက်ကွယ်သွားကြလိမ့်မည်။ ထိုငလျှင်များသည် မလှုပ်သေးပါ။ သို့သော်အဘယ်ကြောင့် နှစ်ပေါင်း ၂၀၀၀ ကြိုပြီးရေးသားနိုင်သနည်း။ အကြောင်းမှာ ဤကမ္ဘာကိုဖန်ဆင်းသောဘုရားသခင်က သူ၏ကမ္ဘာကိုအုပ်စိုး၍ အရာ ခန့်သိမ်းကို ကြိုက်နှစ်သက်သကဲ့သို့ စီရင်နိုင်သည်။ ကြိုတင်လည်းပြောနိုင်သည်။ ယခုလှုပ်သောငလျှင်များပင်မခံနိုင်လျှင် ရှေ့မှာလှုပ်မည့် ငလျှင်များကို မည်သို့ခံနိုင်မည်နည်း။ ထိုအရာများကို မခံစားလိုလျှင် ယခုအချိန်ရှိသေးစဉ်၊ နောက်မကျမှီ ခရစ်တော်ကို မိမိကယ်ရှင် အဖြစ်လက်ခံလိုက်ပါ။ ထိုသို့လက်ခံလိုက်လျှင် ထိုအရာများကို ကြောက်စရာမလိုတော့ချေ။
မြော်ကြည့်၍ခေါင်းကိုကြွကြလော့
သခင်ယေရှုက၊ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာ ဖြစ်လတံ့သောဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါလူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကိုရွေးနှုတ်သော အချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့၊ ဟုမိန့်တော်မူ၏။(လုကာ ၂၁း၂၅-၂၈)
လူအများစုသည် သခင်ယေရှုက သတိပေးသောအရာကိုမသိကြ၊ သို့မဟုတ်ဂရုမစိုက်ကြချေ။ သခင်ယေရှုသည် ဘုရားဖြစ်သည်။ သူပြောသည့်အတိုင်း ဤလောကသည် တခုမကျန်ဖြစ်ပျက်လိမ့်မည်။ သူအကြံပေးသည့်အတိုင်း ကောင်းကင်ပေါ်မှ သူကြွလာမည့်အရာကို မြော်ကြည့်၍ ခေါင်းကိုကြွကြဘို့ဖြစ်သည်။

GBC Indianapolis (Burmese)
ပေါ်ပေါက်လာပုံ
By Philip Bawi Lian Kim Bawi
ပထမဦးစွာ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းပါသည်။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းရှိပါစေ။ Gospel Baptist Church Indianapolis သည် ဘုရားသခင်က သူ့အစီအစဥ်နှင့် ယုံကြည်သူများကို အသုံးပြုပြီးတည်ထောင်၊ တည်ဆောက်သွားခြင်းဖြစ်ပါသည်။ ကျွန်တော် သည်လည်း အသုံးတော်ခံသူများအထဲမှ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါသည်။
ကျွန်တော်သည် ၂၀၀၇ ဇွန် ၂၇ တွင် Battle Creek, MI သို့ရောက်ရှိခဲ့ပြီး Battle Creek သတင်းကောင်းနှစ်ခြင်းအသင်းတော်မှာ တနှစ်နီးပါးပါဝင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော် အသက်တာမှာ သန့်ရှင်းသောဝိညာဥ်တော်၏ ပြန်လည်ထိတွေ့မူ၊ ဝမ်းမြောက်မှုကို ခံစားရပါသည်။ အထူးသဖြင့် သန့်ရှင်းသောဝိညာဥ်တော်၏ မစခြင်း ကျေးဇူးကြောင့် အသက်တာ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းကိုနှိုးဆော်လျက် ယုံကြည်သူတိုင်း ဧဝံဂေလိသက်သေခံ ဖြစ်ရမည်၊ ဆိုသည်ကို သဘောပေါက်၊ ဝန်ခံလာခဲ့ရပါသည်။
၂၀၀၈ မတ်လတွင် Battle Creek MI မှ Indianapolis, IN သို့ အလုပ်ကိစ္စကြောင့် ပြောင်းရွှေ့ သွားရာ ဘုရားသခင်၏ အစီအစဥ်ဖြစ် နေသည်ကို မရိပ်မိခဲ့ပါ။ ဆရာကြီးမောဇက်က ထိုသတင်း ကြားသောအခါ Indianapolis သို့မပြောင်းဘဲ Maryland သို့ ပြောင်းလာပါရန် တိုက်တွန်း ခေါ်နေပါသေးသည်။ Indianapolis မှာက လူမျိုးရေးသမားများ ကြားထဲမှာ ပျောက်သွားပါလိမ့်မည်ဟု စိုးရိမ်ပေးခဲ့ပါသည်။ ကျွန်တော်ကလည်း လူအများအတွက် ကယ်တင်ခြင်း သတင်းကောင်းနှင့်၊ သမ္မာတရားကြားစေရန် ရေမြောင်းသွယ်ပေးသကဲ့သို့ အောင်သွယ်လုပ်ရမည် ဟုခံယူထားပါသည်။
ထိုသို့ကျွန်တော်တို့ မိသားစုလည်း အသင်းတော်တစ်ပါး၌ တက်တက်ကြွကြွ ပါဝင်ကြကာ အသင်းတော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပါသေးသည်။ သမ္မာတရားဟောပြောသော ဆရာများ ခေါ်ပြီး လူများစွာပြောင်းလဲခြင်းသို့ ရောက်လိမ့်မည်၊ ဟုမျှော်လင့်ခဲ့ပါသည်။ သို့သော် တနှစ်နီးပါးကြာလာသောအခါ သမ္မာတရားယုံကြည်ခံယူပုံ ခံယူနည်းများ၊ ဝိညာဥ်ရေးရာအမြင်များ ကွဲပြားမူများကြောင့် အဆင်မပြေနိုင်တော့ပဲ ထိုအသင်းတော်မှ ၂၀၀၈ ခုနှစ်ဒီဇင်ဘာတွင် မိသားစုသုံးစု၊ စုပေါင်းကာ ထွက်သွားခဲ့ကြပါသည်။ ထိုမိသားစုသုံးစုမှာ ၁။ Saya Philip Bawi Family (၅ ယောက်)၊ ၂။. Mr. Michael Van Za Thang Family (၄ ယောက်)၊ နှင့် ၃။ Mr Thomas Hmung Kolh Family (၃ ယောက်)၊ စုစုပေါင်း ၁၂ ယောက်ဖြစ်ပြီး အသင်းတော်နာမည် မရှိသေးဘဲ၊ တနင်္ဂနွေနေ့တိုင်း တအိမ်တလှည့်စီဖြင့် ခုနစ်လလောက် ဝတ်ပြုဆုတောင်းလေ့ ရှိကြပါသည်။ စာတန်က အမျိုးမျိုးအပြစ်တင်၊ ကဲ့ရဲ့သော်လည်း၊ ဘာမျှမကြောက်ခဲ့ကြ၊ ရှက်စရာဟုလည်း လုံးဝမခံစားရကြပါ။
ထိုနောက် Rev Moses R Cung က Mr Za Hlawng Luri နှင့် ဆက်သွယ်ပေးလိုက်ရာမှ Saya Aung Lin နှင့်အပေါင်းအဖော် မိတ်ဆွေအသစ်များ တိုးပွါးလာပါသည်။ ပြီးလျှင် Rev Joshua HrangKip Zul ကလည်း Mr David Lian နှင့်မိတ်ဆက်ပေးပြန်ကာ မိတ်ဆွေတမိသားစု အသစ် တိုးပွါးလာပြန်ပါသည်။ ထို့နောက်ဘုရားသခင်က Saya Siang Zul Family, Mr Shwe Myint Family တို့ကို တိုးပွါးစေလာသည်နှင့် အဖွဲ့အင်အားလည်း ရှိလာပါတော့သည်။
ထိုသို့သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ကျွန်တော်တို့ကို စည်းလုံးစေလျက် ၂၀၁၀ ခုနှစ်မတ်လ နောက်ဆုံးပတ်လောက်တွင် Rev Moses R Cung ကိုဖိတ်ခေါ် ကြရန် သဘောတူကြပါသည်။ ဆရာကြီးသည်သည် မကျန်းမာ၊ အားနည်းလျက်ရှိနေသော်လည်း ဘုရားသခင်ခွန်အားပေးသော အားဖြင့် ဆရာမကြီး Hannah Cung နှင့်အတူ မတ်လ ၂၀ ရက် စနေနေ့တွင် Indianapolis သို့ ရောက်ရှိလာကြသည်။ မတ်လ ၂၀ ညမှစ၍ ကျွန်တော်တို့၏ Apartment အိမ်လေးတွင် သူသည် အနားပင်မယူတော့ပဲ ကျမ်းစာသင်တန်း စတင်ပါသည်။ နံနက်ပိုင်းနှင့်ညပိုင်း ရှစ်ညလုံးလုံး ကျမ်းစာသင်တန်းပေးခဲ့ပါသည်။ သင်တန်းတက်ရောက်သူများသည် နံနက်ပိုင်း၌ ၁၅ ယောက်ခန့်၊ ညပိုင်း၌ ၄၀-၅၀ ယောက်ခန့်အထိ ရှိတတ်ပါသည်။ မြန်မာစကားအားနည်းသူ အချို့ရှိသောကြောင့် ကြာသပတေးနေ့မှစ၍ Rev Joshua Hrang Kip Zul လည်း Atlanta မှလာရောက်ကာ ဖလမ်းချင်းဘာသာစကားဖြင့် Mr Michael Van Za Thang တို့ Apartment အိမ်မှာ ကျမ်းစာသင်တန်း ပြုလုပ်ပေးခဲ့ပါသည်။
နှုတ်ကပတ်တော်ခံယူလိုသူများလာပြီး Apartment အိမ်မှာ မသင့်တော်တော့သဖြင့် ဘုရားသခင်က Rev Moses R Cung ကိုအသုံးပြုကာ ကျယ်ဝန်းသော Ramada Hotel Conference အခန်းကြီးကို ပြင်ဆင်ပေးခဲ့ပါသည်။ ထိုသို့ဖြင့် ဘုရားသခင်က Indianapolis မြို့သတင်းကောင်း နှစ်ခြင်းအသင်းတော်ကို Ramada Hotel Conference အခန်းကြီး၌ ၂၀၁၀ ခုနှစ် မတ်လ ၂၈၊ တနင်္ဂနွေနေ့တွင် လူအယောက် ၄၀ ဖြင့် စတင်ထူထောင်ခဲ့ပါသည်။ အစတွင် ဖလမ်းချင်း ဘာသာစကားဖြင့် လူအနည်းငယ်မျှသာဖြစ်မည်ဟု ထင်မှတ်ခြင်းရှိသော်လည်း ထိုမျှလောက် ညီအစ်ကိုများကို ဘုရားသခင်က နှိုးဆော်လျက် ပို့ဆောင်တော်မူကြောင်း သိသာထင်ရှား ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းတွင်လည်း စကားမတူညီကြသောကြောင့် မြန်မာစကားကို သုံးကြရန် ဖြစ်လာသောအခါ ချက်ချင်းသဘောတူနိုင် ကြခြင်းသည်လည်း ဘုရားသခင်၏ လက်ရာတော်ဖြစ်ကြောင်း အံ့သြဖွယ်ရာ မြင်တွေ့ရပါသည်။ အသင်းတော်ဖွင့်ပွဲနေ့တွင် Rev Joshua Hrang Kip Zul ကအခမ်းအနားမှူးလုပ်ပြီး၊ ဆရာမောဇက် က တရားဟောခဲ့ပါသည်။ ယုံကြည်သူ ဧည့်သည်များဖြစ်သည့် GBC Maryland, GBC Atlanta, GBC Battle Creek စသည်တို့ မှ ဧည့်သည်များ ၈၀ ယောက်ခန့်နှင့်အသင်းတော် အိမ်ရှင်များနှင့် မြို့ခံအိမ်ရှင်များ ၈၀ ယောက်ခန့်၊ စုစုပေါင်း ၁၆၀ ယောက်ဝန်းကျင်မျှ တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ထိုမှ ဆရာမောဇက်သည် Indianapolis အသင်းတော်ကို GBC Maryland မှ တလတခါ တပတ်လောက်နေပြီး နှုတ်ကပတ်တော် တိုက်ကျွေးကြည့်ရှု့လေ့ရှိတတ်ပါသည်။ ကျွန်တော်တို့ လင်မယားကလည်း သင်တန်းတိုင်း၊ ဝတ်ပြုတိုင်း ဧည့်သည်များနှင့် လူသစ်များကို ကားအကြိုပို့ လုပ်ဆောင်ခြင်းဖြင့် အမူတော်မြတ်၌ ဝမ်းမြောက်ဝမ်းသာ ပါဝင်ခဲ့ကြပါသည်။
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၂၀၁၂ ခုနှစ်တွင် ယုံကြည်သူ ညီအစ်ကို များအယောက် ၁၀၀ကျော်တိုးပွားလာပါသည်။ သို့သော်လည်း ကျွန်တော်တို့ မရင့်ကျက်နိုင်သေး၊ နုနယ်သေးသောကြောင်း၎င်း၊ စာတန်၏မနာလိုမူကြောင့်သော်၎င်း၊ အသင်းတော်သည် တုန်လှုပ်ကာ ထက်ဝက်ဖြင့် နှစ်ခြမ်းကွဲသွားပါသည်။ Indianapolis အသင်းတော်သည် သင်းအုပ်ဆရာအလိုရှိသော်လည်း ထိုအချိန်၌ သင်းအုပ်ဆရာအလွန်ရှားပါးသောကြောင့် သင်းအုပ်ဆရာမရှိဘဲ ၂ နှစ်ခန့် ရှိပါသည်။ GBC Atlanta မြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပသော သတင်းကောင်းပွဲတော်ကြီး အစည်းအဝေး၌ တင်ပြကြရာ Rev Moses R Cung ကို Maryland မှ Indianapolis သို့ ပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့သည်။
ဆရာကြီးအနေဖြင့် Maryland မှအိမ်နှင့် အသင်းတော်ထားခဲ့ရမည်ကို မျှော်လင့်နိုင်စရာမရှိသော်လည်း ယုံကြည်ခြင်းဖြင့် ပေါ့ပါးစွာ ပြောင်းရွှေ့ပြီး ထားခဲ့နိုင်ခြင်းသည်လည်း ဂုဏ်ယူစရာဖြစ်ပါသည်။ အလိုတော်ဆောင် ပုံသက်သေကောင်းဖြစ်လျက် Indianapolis အသင်းတော်ရှိ ယုံ ကြည်သူများကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။ ထိုအချိန်မှစ၍ ယနေ့ထိတိုင်အောင် ဘုရားသခင်၏ အုပ်စိုးမူကို ဝန်ခံလျက် ဆရာကြီး ဦးဆောင်မူနှင့် ဆရာ၊ ဆရာမများ၊ သင်းထောက်များ၊ အသင်းသူအသင်းသားများ အားလုံး၏ပံ့ပိုးကူညီမူများကြောင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ရက် အသင်းတော် ၁၅ နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ကျင်းပနိုင်ရခြင်းဖြစ် ပါသည်။ ယခုအချိန်တွင် ယုံကြည်သူ အသင်းသူအသင်းသား ခြောက်ရာကျော် တိုးပွားလာပြီ ဖြစ်ပါသည်။ ပြုတော်မူသော ဘုရားသခင်၏နာမတော်၊ ဂုဏ်တော်သည် သာ၍ထင်ရှားခြင်းရှိပါစေ။
ချီဆောင်ခြင်း နေ့ရက်တိုင်အောင် ဘုရားသခင်၏ အလိုတော်ဖြစ်သော လူတိုင်းကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ အဓိကဦးတည်၍ ဆက်လက်လုပ်ဆောင်ကြပါစို့ဟု ၂၀၂၅ ခုနှစ်မတ်လတွင်ကျရောက်သည့် သတင်းကောင်းနှစ်ခြင်းအသင်းတော် Indianapolis (Burmese) ပေါ်ပေါက်လာပုံအကြောင်းကို ဖေါ်ပြရင်း နိဂုံးချူပ်မှတ်တမ်းတင်အပ်ပါသည်။
(Philip Bawi Lian Kim Bawi သည် GBC Nashville, Tennessee ၏ သင်းအုပ်ဆရာဖြစ်ပါသည်)

နှစ်(၅၀)ပြည့် ရွှေရတုသဘင်
By Rev. Philip Bawi Lian Kim Bawi
ဆရာကြီး Rev Moses R Cung ၏ ဝိညာဥ်မွေးနေ့နှင့်အမှုတော်ဆောင်သက်တမ်း နှစ်ငါးဆယ်ပြည့် (၂၀၂၅ ဧပြီလ ၆) ကျေးဇူးတော်ချီးမွမ်းခြင်းတွင် ဤစာရေးသားခြင်းအားဖြင့် ပါဝင်ဂုဏ်ပြုခွင့် ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ဦးစွာချီးမွမ်းလိုပါသည်။ ဇာတိပိုင်းချီးမွမ်းခြင်းမဟုတ်ပဲ၊ ဝိညာဥ်ပိုင်း ကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်သောကြောင့် မွန်မြတ်၍၊ လှပပေသည်။
ဆရာကြီး၏ ထူးခြားချက်တစ်ခုမှာ သမ္မာတရားတည်းဟူသော ဘုရားသခင်၏ အလိုတော်ကိုသဘောပေါက် နားလည်သည့်အတိုင်း ပြတ်သားစွာ ရပ်တည်တတ်ခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ၁၉၈၃ ခုနှစ်လောက် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုမ်းဘန်ရွာတွင် ဆရာကြီး၏ တစ်ပတ်တာ ကယ်တင်ခြင်းသင်တန်းအားဖြင့် ကယ်တင်ခြင်း သဘောပေါက် နားလည်ခဲ့ပါသည်။ ထို့နောက် ၂၄ နှစ်ကြာလာသောအခါ၊ ၂၀၀၇ ခုနှစ် USA Battle creek, MI တွင် ဘုရားသခင်က ပြန်လည်ဆုံစည်းခွင့် ပြင်ဆင်ပေးကာ အမှုတော်မြတ်ကြီး၌ ပါဝင်လာနိုင်သည့်တိုင်အောင် ဆွဲခေါ် သောသူလည်း ဖြစ်ပါကြောင်း ဤစာရေးသားခြင်းအားဖြင့် ကျေးဇူးတင်လိုပါသည်။
ဆရာကြီးသည် ၁၉၈၃ ခုနှစ် မြန်မာပြည်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့ တွင် သတင်းကောင်းနှစ်ခြင်းအသင်းတော် စတင်ချိန်၌လည်း ပါဝင်သူတစ်ဦးဖြစ်ခဲ့သည်။ ပထမဦးဆုံး ဖလမ်းမြို့ သတင်းကောင်းနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာလည်းဖြစ်ခဲ့ပါသည်။ ထို့အပြင် မြန်မာပြည် သတင်းကောင်းနှစ်ခြင်းအသင်းချုပ်ကြီး၏ ဥက္ကဌလည်းဖြစ်ခဲ့ရာ၊ ယနေ့ထက်ထိ တိုင်အောင် သတင်းကောင်းနှစ်ခြင်းအသင်းတော် USA Convention ၏ ဥက္ကဌ (ဖခင်ကြီး) လည်းဖြစ်နေပါသည်။
ဆရာကြီး မောဇက်သည် အမူတော်မြတ်ကြီးအတွက် ဆောင်ရွက်ရာတွင် ဟောပြော သင်တန်းပေးခြင်းသာမက အချိန်၊ စွမ်းအား၊ ဘဏ္ဍာများအားဖြင့် တတ်စွမ်းသမျှ ပါဝင်သောသူ ဖြစ်ပါသည်။ စာအုပ်ပေါင်းများစွာလည်း ရေးသားပြီး စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဝေတတ်ပါ သည်။ တချို့စာအုပ်များမှာ အခမဲ့ပေးသည်သာမက၊ လိုင်း (Online) ပေါ်တွင်လည်း လိုချင်သူတိုင်း၊ ဖတ်ရှုလေ့လာနိုင်ရန် အခမဲ့ တင်ပေးထားပေးပါသည်။ သူရေးသားထားသော စာအုပ်များကို Online တွင် gbcusa.org ၌ Bookstore, Goodnews, Gospel Myanmar Bible, Gospel Worship Songs, Video GBC, Audio GBC စသည်ဖြင့် ဝိညာဥ်အမွေအနှစ် များစွာ ထားပေးခဲ့ပါသည်။ လစဥ်ထုတ် သတင်းကောင်းစာစောင်ကိုလည်း USA တွင် ၂၀၀၉ ခုနှစ် လောက်မှစ၍ ယခုနှစ် ၂၀၂၅ ခုနှစ်အထိတိုင်အောင် ရေးသားခဲ့ရာ ဆက်လက်ရေးသားလိမ့်မည် ဟုလည်း မျှော်လင့်ထားပါသည်။ Gospel Myanmar Bible ကိုလည်း ပြုပြင်နေဆဲဖြစ်ရာ များမကြာမီ ပြီးမြောက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
ဆရာကြီးသည် လူတိုင်းကယ်တင်ခြင်းသို့ ရောက်ရုံသာမက သမ္မာတရားသိပြီး သမ္မာတရား၌ ကျင်လည်သည့်တိုင်အောင် ဖြစ်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောသင်ကြားပေးလေ့ရှိပါသည်။ သာသနာပြုလုပ်ငန်းကိုလည်း ဦးစားပေးသည်။ ယုံကြည်သူတိုင်း သက်သေခံဖြစ်ရမည်။ ပျောက်ဆုံးသောဝိညာဥ် ဖမ်းရမည်ဟုအကြီးအကျယ် တိုက်တွန်းနှိုးဆော်သောသူဖြစ်ပါသည်။ ပျောက်ဆုံးသောဝိညာဥ် ဖမ်းနည်းသင်တန်းလည်း တသုတ်ပြီးတသုတ် ဖိတ်ခေါ်ကာ အမှုတော်ဆောင်လူသစ်များ မွေးထုတ်ပေးနေပါသည်။ ထိုသင်တန်းများတွင်လူမျိုး၊ ဘာသာမရွေး၊ ပညာအရည်အချင်း မသတ်မှတ်ပဲ လက်ခံပါသည်။ ကယ်တင်ခြင်းသဘောပေါက်၍၊ အမှုတော်ဆောင်လိုသူအားလုံးကို သာသနာပြုလုပ်ငန်းတွင် ပါဝင်ခွင့်ပြုပါသည်။ “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ခေါ်သွင်း တော်မူသောသူ၏၊ ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂း၉။ ထွက်၁၉း၆) ကို အခြေခံလျက် ယုံကြည်သူ၊ သန့်ရှင်းသောဝိညာဥ်တော် ရရှိသူတိုင်းရွေးချယ်သည်။ ယဇ်ပုရောဟိတ် အလုပ်လုပ်မည်ဟူ၍ တိုက်တွန်းလေ့ရှိပါသည်။
ဆရာကြီးသည် ချီဆောင်ခြင်းကို မျှော်လင့်အားကြီးစွာဟောပြော၊ သင်ကြားပေးသူလည်း ဖြစ်ပါသည်။ ဆရာကြီးသည် သူမျှော်လင့်သည့်အတိုင်း၊ အပြောအဆို သာမက အသက်တာအားဖြင့် ပုံသက်သေ ပြသသောပုဂ္ဂိုလ်ဖြစ်သည်။ လောကပိုင်းကို ချိုးနှိမ်လျက် ဝိညာဥ်ပိုင်းကို ပို၍တန်ဘိုးထား၊ မြှင့်တင်တတ်သောကြောင့်သော်၎င်း၊ ကျမ်းစာသည် မြေပုံကဲ့သို့ ဖြစ်၍၊ ကမ္ဘာ့အဖြစ်အပျက်သည် ဆိုင်းဘုတ်ကဲ့သို့ ဖြစ်သည်ဟူ၍၎င်း၊ အချိန်နီးပြီ၊ ချီဆောင်ခြင်း ရောက်တော့မည်၊ မကြာတော့ပါ၊ ဤနှစ်မဟုတ်လျှင်၊ နောက်နှစ်လောက် ဖြစ်နိုင်ချီရှိသည်ဟူ၍၎င်း၊ ဆိုတတ်ပါသည်။ နောက်နှစ်မှာ ဖြစ်ကိုဖြစ်မည်ဟု၍ကား မဆိုတတ်ပါ။ ထိုကြောင့်လမ်းမှားသည်၊ လွန်ကျူးသွားပြီဟူ၍၊ ဝေဖန်ခြင်း ခံရသည်တိုင်အောင်ကြိုဆို၊ မျှော်လင့်သော သူဖြစ်ပါကြောင်း မှတ်တမ်းတင်လိုပါသည်။
အမှုတော်ဆောင်များ ပြုစုဦးဆောင်မှုမှာလည်း သင်တန်းကို မကြာခဏ လုပ်ပေးတတ်သည်။ Zoom အားဖြင့်လည်း အတွေ့အကြုံဆွေးနွေး တင်ပြခြင်း၊ သက်သေခံခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကို၊ တစ်ပတ်နှစ်ခါ၊ လုပ်ပေးသည်။ (အမှုတော်ဆောင်အားလုံး တစ်ခါ၊ အသင်းတော်တာဝန်ခံများတစ်ခါ၊) စသဖြင့်ပြုစု၊ ပျိုးထောင်ခြင်း လုပ်ပေးလျက်ရှိပါသည်။ အသင်းတော်အသစ်ဖွင့်ပွဲတိုင်းမှာလည်း ဒေသခံအိမ်ရှင်ကဲ့သို့ လိုအပ်သလို ကိုယ်တိုင်အိမ်ရှင်လုပ်၍ တာဝန်ယူလေ့ရှိပါသည်။ ဆရာကြီး Rev Moses R Cung ၏ (Mission) သာသနာပြုလုပ်ငန်း၏ ထူးခြားချက်မှာ နေ့စဥ်နေ့တိုင်း တံခါးခေါက် သက်သေခံထွက်ခြင်း၊ နေ့တိုင်း နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ကျမ်းစာသင်ကြားခြင်းနှင့်၊ ဆုတောင်းခြင်း၊ တစ်ပတ်နှစ်ကြိမ် Zoom အားဖြင့်တွေ့ဆုံခြင်း၊ မကြာခဏ အမှုတော်ဆောင်သင်တန်း ကျင်းပခြင်းတို့ ဖြစ်ပါသည်။ နေ့စဥ်နေ့တိုင်း သက်သေခံ ထွက်ခြင်းသည် အမှုတော်ဆောင်ခြင်း၏ အဓိကကြောရိုးဖြစ်ပါသည်။ သက်သေခံမထွက်လျှင် အနေမပျော်နိုင်ဖြစ်ကြကာ၊ ပျောက်သောဝိညာဥ်ရှာဖွေခြင်းဖြင့် အားနေသည်ဟူ၍ မရှိသလောက် အလုပ်များနေကြပါသည်။ အမှုတော်မြတ်ကြီးဆောင်ရွက်ရာတွင် ငွေ၊ ပညာ၊ လူ့အစွမ်းအစကို အခြေမခံဘို့၊ မှီခိုခြင်းမပြုဘို့၊ မကြာခဏ မှာကြားတတ်ပါသည်။ ဘုရားသခင်၏ တန်ခိုးတော်ကိုသာ မျက်မှောက်ပြုလျက် ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင်ကြပါရန် မှာကြားလေ့ရှိပါသည်။ ကျန်းမာရေးလည်း ဂရုစိုက်သူဖြစ်သည့်အားလျှော်စွာ စားသင့်၊ မစားသင့်သော စားသောက်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်း သင်ကြားပေးလေ့ရှိသည်။ စားသောက်ခြင်းနှင့် ပတ်သက်၍ ဆရာကြီးဆီမှသာ စကြားရသော စကားမှာ “ပါးစပ်နှင့်မစားကြနှင့်၊ ဦးနှောက်နှင့်စားကြပါ” ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပါးစပ်နှင့်အရသာခံပြီးမစားကြနှင့်၊ ကိုယ်ခန္ဓာအတွက် ကောင်းမကောင်းဆင်ခြင်ပြီး စားသောက်ကြပါဟု ဆိုလိုခြင်းဖြစ်ပါသည်။
ဆရာကြီးမောဇက်၏ ဘုရားသခင်အလိုတော်သိ၍၊ သမ္မာတရား၌ ရပ်တည်လိုက်ခြင်းသည် ယုံကြည်သူမြောက်များစွာအတွက် အကျိုးကျေးဇူး ခံစားရခြင်းဖြစ်စေပါသည်။ အထူးသဖြင့် ကျွန်ုပ်အတွက် ဘုရားသခင်ပြင်ဆင်ပေး၍ ကျေးဇူးမကုန်နိုင်အောင် ကြီးမားပါကြောင်း၊ ဤမျှဖြင့် ဆရာကြီး၏ ရွှေရတုအထိမ်းအမှတ်ကို မှတ်တမ်းတင်ဂုဏ်ပြုရင်း ကျေးဇူးတင်လိုပါသည်။