GOODNEWS
  HOME  GOODNEWS  2024 FEB
 


မီးနှင့်ချွတ်ပြီးသောရွှေ

သခင်ယေရှုက လောဒိကိအသင်းတော်ထံ ဤသို့စာရေးသည်၊ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိ ခြင်းဖြစ်သည်ကို၊ မသိပါတကား။ ၁၈ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း၊ ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိ မြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့၊ ဟုသင့်အား ငါသည်အကြံပေး၏။(ဗျာဒိတ် ၃း၁၈-၁၉)

လောဒိကိအသင်းတော်ဆင်းရဲ

လောဒိကိအသင်းတော်သည် သူတို့အမြင်၌ ဥစ္စာရတတ်သည် ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလို ဟူ၍ဖြစ်သည်။ သို့သော် သခင်ယေရှုအမြင်၌ သူတို့သည် ဆင်းရဲသည်။ အဘယ်ကြောင့် သခင်ယေရှုအမြင်၌ သူတို့သည် ဆင်းရဲသနည်း။ သူတို့သည် လူ့အမြင်၌ ချမ်းသာသော်လည်း၊ ဘုရားအမြင်၊ ဝိညာဉ်အမြင်၌ ဆင်းရဲသည်။ ထို့ကြောင့် သူ့ထံမှ မီးနှင့်ချွတ်ပြီးသောရွှေကို ဝယ်ဘို့အကြံပေးသည်။ အဘယ်ကြောင့် သခင်ယေရှုက မီးနှင့်ချွတ်ပြီးသောရွှေ ဟုဆိုသနည်း။ အဘယ်ကြောင့် သူ့ထံ၌ဝယ်ခိုင်းသနည်း။ 

မီးနှင့်မဖျက်ဆီးနိုင်သောအရာစွဲလန်းသင့်

အခြားသောပစ္စည်းများသည် မီးနှင့်ရှို့သောအခါ ပြာဖြစ်၍ တန်ဘိုးမရှိတော့ချေ။ ရွှေသည် မီးနှင့်ချွတ်သောအခါ ချေးထွက်ကုန်သောကြောင့် ရွှေသည် တန်ဘိုးမလျော့သည်သာမက တန်ဘိုးတက်လာသည်။ ထို့ကြောင့်မည်သည့်ပစ္စည်းမဆို မီးနှင့်လောင်သောအခါ တန်ဘိုးမလျော့ဘဲ တက်မည့်အရာကိုသာ တပ်မက်စွဲလန်းသင့်သည်။ ငွေ၊ အိမ်၊ ကား၊ အဝတ်အစား၊ အစားအစာ၊ လူ့ကိုယ်ခန္ဓာ၊ ပစ္စည်းမှန်သမျှသည် မီးလောင်ပြီးပါက တန်ဘိုးမရှိတော့ချေ။ ထိုအရာများကို ယာယီ အသုံးပြုဘို့ လိုသော်လည်း၊ တပ်မက်စွဲလန်းခြင်းမရှိ သင့်ချေ။ ထိုအရာများကို သာမရှာဘဲ၊ မပျက်စီးနိုင်သော ရွှေကိုရှာသင့်သည်။ သင်သည်ပျက်စီးတတ်သော အရာများကိုသာ ရှာနေပါသလား။ ထိုအရာများအတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာအစွမ်းကုန် အသုံးပြုနေပါသလား။ ယခုမှစ၍ မပျက်စီးတတ်သော ရွှေကိုရှာဘို့အကြံပေးလိုပါသည်။ 

မီးနှင့်ချွတ်ပြီးသောရွှေသခင်ယေရှု

သခင်ယေရှုက မီးနှင့်ချွတ်ပြီးသောရွှေကို သူ့ထံ၌ဝယ်ခိုင်းသည်။ သို့ဖြစ်လျှင်ထိုရွှေသည် အဘယ်အရာဖြစ်သနည်း။ မီးနှင့်ချွတ်ပြီးသောရွှေသည် သခင်ယေရှုကိုယ်တိုင် ပင်ဖြစ်သည်။ သူသည်အသေမခံမှီတွင် မချွတ်သေးသောရွှေနှင့်တူ၍ အသေခံပြီး ရှင်ပြန်ထမြောက်လာသောအခါ မီးနှင့်ချွတ်ပြီးသော ရွှေနှင့်တူသည်။ သူကိုယ်တိုင် ဤကဲ့သို့ ပြောခဲ့သည်၊ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ၃၈ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း၊ အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၃၉ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။ (ယော ရး၃ရ-၃၉)။

သခင်ယေရှုက ဝိညာဉ်တော်ကို ရေဟုတင်စားပြောဆိုသည်။ ရေငတ်ခြင်းဆိုသည်မှာ ထိုဝိညာဉ်တော်ကို လိုချင်တောင့်တခြင်းကို ဆိုလိုသည်။ ကိုယ်ခန္ဓာက ရေလိုအပ်သကဲ့သို့ လူ့ဝိညာဉ်က ဝိညာဉ်တော်ရရှိဘို့ လိုအပ်သည်။ ဆာလံဆရာက သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊ ၂ ငါ့ဝိညာဉ်သည် ဘုရားသခင် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏၊၊ (ဆာလံ ၄၂း၁-၂) ဟုဆိုခဲ့သည်။ လူတိုင်း၏ ဝိညာဉ်က ဘုရားကိုငတ်လှသည်။ ထို့ကြောင့် ဝိညာဉ်သည်ညှိုးငယ်ပြီး မငြိမ်မဝပ်ရှိကြောင်း ဆာလံဆရာက ဤသို့ ဆက်ရေးထားသည်၊  အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့၊၊ (ဆာလံ ၄၂း၅) သင်၌ ငြိမ်သက်ခြင်း၊ ကျေနပ်ရောင့်ရဲခြင်း မရှိခြင်းသည် သင်၏ ဝိညာဉ်က ဘုရားကိုငတ်ခြင်းကြောင့်ဖြစ်သည်။ သို့သော်လူသည် မိမိဝိညာဉ်၏ ငတ်သောအရာကို မသိသောအခါ လောကအရာများကို ရှာဖွေနေကြသည်။ ငွေ၊ ဥစ္စာပစ္စည်း၊ ရာထူးအာဏာ၊ ဂုဏ်ပကာသန၊ အိမ်၊ ကား၊ အဝတ်အစား၊ အစားအသောက်၊ အပျော်အပါး၊ မူးယစ်ဆေးဝါး၊ ဝါသနာများကိုရှာဖွေနေကြသည်။ ထိုအရာများရှိသော်လည်း၊ စိတ်ကျေနပ်မှုမရှိနိုင်ပါ။ သင်ငတ်သောအရာသည် ဘုရားသာလျှင်ဖြစ်ကြောင်း အသိပေးလိုပါသည်။ 

ယေရှုမသေမှီဘုန်းမရှိခဲ့

သခင်ယေရှုသည် အသေမခံမှီ၌ ဘုန်းမရှိခဲ့ချေ။ ယေရှုကလည်း၊ မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှမရှိ၊ ဟုမိန့်တော်မူ၏။ (မဿဲ ၈း၂၀)။  နာသနေလကလည်း ယေရှုနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်၊ ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း၊ အကြောင်းပြု၍ ရေးထားသော သူနာဇရက်မြို့သားဖြစ်သော ယောသပ်၏ သားယေရှုကို၊ ငါတို့သည် တွေ့ကြပြီဟုဆို၏။ ၄၆ နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတခုမျှ ထွက်နိုင်သလော၊ ဟုဆိုခဲ့သည် (ယော ၁း၄၅-၄၆)။ ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ၊ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။ ၄ ကျော်စောကိတ္တိကို အလိုရှိသောသူ မည်သည်ကား၊ မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကိုသင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာပြပါ၊ ဟု ၅ မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။(ယော ရး၃-၅)။ ရောမစစ်သားများကလည်း ပြက်ယယ်ပြုကြကြောင်း ဤသို့ရေးထားသည်၊ ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍၊ စစ်သူရဲ တစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊ ၂၈ အဝတ်တော်ကို ချွတ်၍ နီသော ဝတ်လုံကို ခြုံစေကြ၏။၂၉ ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော်၌ တင်ကြ၏။ ကျူတလုံးကိုလည်း လက်ယာလက်တော် နှင့် ကိုင်စေပြီးလျှင်၊ ရှေ့တော်မှာ ဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍၊ ကိုယ်တော်ကို ပြက်ယယ် ပြုကြ၏။၃၀ ကိုယ်တော်ကို တံထွေးနှင့်ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။ ၃၁ ထိုသို့ ကိုယ်တော်ကို ပြက်ယယ် ပြုသည်နောက်၊ မင်းဝတ်လုံကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။(မဿဲ ၂ရး၂ရ-၃၁) အဘယ်ကြောင့် သခင်ယေရှုကို အထက်ပါကဲ့သို့ ပြယ်ယယ်ပြုရဲကြသနည်း။ သူ၏ဘုန်းကို မသုံးသောကြောင့်ဖြစ်သည်။ 

ရှင်ပြန်ထမြောက်သောအခါဘုန်းရှိ

 သခင်ယေရှုသည်အသေခံပြီးမှ တနည်းအားဖြင့် မီးနှင့်ချွတ်ပြီးမှ ရှင်ပြန်ထမြောက်လာသောအခါ ဘုန်းရှိလာသည်။ ယောဟန်က၊ ဗျာဒိတ်ကျမ်း၌၊  သခင်ယေရှု၏ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏ (ဗျာ ၁း၁၅) ဟုရေးသည်။ သခင်ယေရှုသည် အသေမခံမှီတွင် ဆာတတ်သည်။ နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။ (မာကု ၁၁း၁၂)။ ပင်ပန်းတတ်သည်။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ (ယော ၄း၆)။ လူများကလည်း မကြောက်ကြချေ။ လူများကသူ့ကို နတ်ဆိုးစွဲသောသူ (ယော ရး၂၀။ ယောဟန် ၁၀း၂၀) ရှမာရိလူ (ယော ၈း၄၈) ဟုကဲ့ရဲ့ကြသည်။ တမန်တော်ယောဟန်သည် သူ၏ရင်ခွင်၌ လျောင်းတတ်သည် (ယော ၁၃း၂၃။ ၂၁း၂၀)။ သို့သော်ယောဟန်သည် သခင်ယေရှုကို သူ၏ဘုန်းနှင့်ပြန်မြင်သောအခါ သေမတတ် ကြောက်သည် (ဗျာ ၁း၁ရ)။ ရှင်ပြန်ထမြောက်လာသော သခင် ယေရှုသည် ဝိညာဏကိုယ်ခန္ဓာရှိ၍ အစာစားစရာမလိုတော့ချေ။ ကိုယ်ပျောက်နိုင်သော ဘုန်းရှိသောကိုယ်ခန္ဓာ ဖြစ်လာသည်။ ထို့ကြောင့် သူသည်မီးနှင့်ချွတ်ပြီးသောရွှေ၊ ဟုဆိုနိုင်သည်။

သခင်ယေရှုမရှိဘဲကျေနပ်နေ

လောဒိကိအသင်းတော်သည် မီးနှင့်ချွတ်ပြီးသောရွှေ တည်းဟူသော ယေရှုကို မပိုင်သောကြောင့် ဆင်းရဲသည်။ အဘယ်ကြောင့်မပိုင်သနည်း။ အသင်းတော်ထဲ၌ သခင်ယေရှုသည်မရှိ။ သူက၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်။ (ဗျာဒိတ် ၃း၂၀) ဟုတံခါးခေါက်နေသည် ။ လောဒိကိအသင်းတော်၌ သခင်ယေရှု မရှိသော်လည်း ကျေနပ်နေကြသည်။ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆိုကြောင်း သခင်ယေရှုကပြောသည်။ သင်သည်လောဒိကိအသင်းတော်ကဲ့သို့ အသက်တာ၌ သခင်ယေရှုမပါသော်လည်း ကျေနပ်နေသောသူ ဖြစ်ပါသလား။ လောဒိကိအသင်းတော်သည် သခင်ယေရှု၏ တံခါးခေါက်သံကို ကြားပါသလား။ ကြားလျှင်ဖွင့်ပေး၍ သခင်ယေရှုသည် သူတို့အထဲ၌ရှိမည်။ အဘယ်ကြောင့် တံခါးမဖွင့်ပေးကြသနည်း။ မကြားသောကြောင့် ဖြစ်သည်။ သင်လည်းသခင်ယေရှုက သင်၏စိတ်နှလုံးတံခါး ခေါက်နေသည်ကို ကြားပါသလား။ ဝိညာဉ်နားလေးသောသူသည် ကြားနိုင်မည်မဟုတ်ချေ။ လောကအရာ တပ်မက်နေသောသူသည် တံခါးခေါက်သံမကြားနိုင်ချေ။ 

ဧည့်သည်ဖြင့်မဟုတ်အိမ်ရှင်ဖြင့်

အဘယ်ကြောင့် သခင်ယေရှုက တံခါးဖွင့်ပေးသောသူနှင့် စားသောက်ခြင်းအကြောင်းကို ပြောပါသနည်း။ သူသည်ဝင်လာသောအခါ ဧည့်သည်အနေဖြင့်မဝင်ချင်ပါ။ အိမ်ရှင်အနေဖြင့်သာဝင်ချင်သည်။ စားသောက်ခြင်းအမှုသည် ဧည့်သည်ကမပြင်ဆင်ပါ၊ အိမ်ရှင်ကသာလျှင်စီစဉ်တတ်သည်။ များစွာသော နာမည်ခံခရစ်ယာန်များသည် သခင်ယေရှုကို မရသော်လည်း အားရကျေနပ်နေကြသည်။ လောကပစ္စည်းများနှင့် တင်းတိမ်နေကြသည်။ အိမ်၊ ကား၊ ငွေ၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်လျှင်ရောင့်ရဲနေကြသည်။ အသင်းတော်၌ သခင်ယေရှုမပါသော်လည်း ဘုရားကျောင်းကောင်းကောင်းရှိလျှင်၊ လူဦးရေများလျှင်၊ တက်ကြွနေကြလျှင်၊ အားရကျေနပ်နေကြသည်။ 

များစွာသော ဒုတိယမွေးဘွားပြီးသော ခရစ်ယာန်များလည်း သခင်ယေရှုကို လက်ခံသော်လည်း ဧည့်ခန်း၌ထိုင်ခိုင်းနေကြသည်။ သူ့ကိုအိမ်ရှင်၊ အရှင်သခင်အဖြစ် လက်မခံဘဲ ဧည့်သည်အဖြစ်သာလျှင် ဧည့်ခန်း၌နှစ်ပေါင်းများစွာ ထိုင်ခိုင်းနေကြသည်။ သခင်ယေရှုက အသက်တာကို မအုပ်ချုပ်ဘဲ မိမိဆန္ဒအတိုင်း အသက်တာကို အုပ်ချုပ်နေကြသည်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ရောက်ပြီးသော်လည်း၊ အသက်တာ၌သခင်ယေရှု၏ အုပ်စိုးခြင်းလက္ခဏာ မရှိချေ။ သခင်ယေရှုမရရှိသော သူများ၏ အသက်တာအတိုင်း အသက်ရှင်နေကြသည်။ ပေါလုရေးထားသော၊ သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော် ရှိရာကို ပိုင်းခြား၍၊ သိသောသူ ဖြစ်ကြလော့။ (ဧဖက် ၅း၁ရ) ဟူသော ကျမ်းပိုဒ်ကိုဖတ်သော်လည်း၊ မိမိအလိုဆန္ဒအတိုင်းသာ အသက် ရှင်နေကြသည်။

ပေတရုလောကအရာလိုချင်ခဲ့ 

ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော် နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကိုရကြပါ မည်နည်း၊ ဟုလျှောက်လေသော်၊  ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသော အရာတို့ကို အသစ်ပြုပြင်သော ကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်ကြသော သင်တို့သည် တစ်ဆယ့်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလလူ တစ်ဆယ့်နှစ်မျိုးကို၊ စစ်ကြောစီရင်ရကြလတံ့။ ၂၉ အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏၊ ထိုသူသည် အဆတစ်ရာသော အကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။ (မဿဲ ၁၉း၂ရ-၂၉)ဟုဖြေခဲ့သည်။ ပေတရုသည် သခင်ယေရှုနောက်လိုက် သောအခါ မီးနှင့်ဖျက်ဆီးနိုင်သောအရာများကို လိုချင်တောင့်တသောကြောင့် အထက်ပါကဲ့သို့ မေးခြင်းဖြစ်သည်။ 

ပေတရု၌မီးနှင့်ချွတ်ပြီးသောရွှေရှိ

သို့သော်သခင်ယေရှု အသေခံပြီး ပင်တေကုတ္တေနေ့နောက်ပိုင်းတွင်၊ ပေတရုသည် မီးနှင့်ချွတ်ပြီးသော သခင်ယေရှုကို ရရှိလာသည်။ ပေတရုနှင့်ယောဟန်တို့သည်၊ ဗိမာန်တော်သို့ ဝင်လာကြသည်ကို၊ ခြေမစွမ်းသောသူက မြင်လျှင်စွန့်ကြဲပါ၊ ဟုတောင်းလေ၏။၄ ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍၊ ငါတို့အား မျှော်ကြည့်လော့၊ ဟုဆိုလျှင်၊ ၅ ထိုသူသည် တစုံတခုကိုရမည်၊ ဟုစိတ်ထင်နှင့်၊ တမန်တော်တို့ကို မျှော်ကြည့်လျက်နေ၏။ ၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်၊ ထ၍လှမ်းသွားလော့၊ ဟုဆိုလျက်၊ ၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊ ၈ ရုတ်တရက်ထ၍၊ မတ်တပ်ရပ်ပြီးလျှင်၊ လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။(တမန် ၃း၃-၈) 

ပေတရု၌ လောကရွှေငွေမရှိပါ။ သူ၌မီးနှင့်ချွတ်ပြီးသောရွှေ တည်းဟူသောသခင်ယေရှု သာလျှင်ရှိသည်။ ထိုအရာအားဖြင့် ခြေမစွမ်းသောသူကို အနာမှထမြောက်စေသည်။ ပေတရုက လောကရွှေကို ပေးခဲ့လျှင် ထိုလူနာသည် ကျန်းမာမည်မဟုတ်။ သို့သော် သခင်ယေရှုကိုပေးသောအခါ ထိုသူသည်တောင်းစားစရာမလိုတော့ဘဲ ကျန်းမာပကတိဖြစ်သွားသည်။ ထိုလူနာ၏ လိုအပ်သောအရာသည် ရွှေငွေမဟုတ်၊ သခင်ယေရှုဖြစ်သည်။ သင်၏လိုအပ်ချက်လည်း၊ လောကပစ္စည်းမဟုတ်၊ သခင်ယေရှုဖြစ်သည်။ 

သခင်ယေရှုကိုအသုံးပြုပါ

သူဌေးက သူ၏အလုပ်သမားကို အလုပ်အပ်ရာတွင်၊ လိုအပ်သောနေရာ၌ သုံးဘို့ credit card ကိုပေးလိုက်သည်။ ထို credit card သည်၊ ကားငှါးဘို့၊ ဓါတ်ဆီထည့်ဘို့၊ ထမင်းဝယ်ဘို့၊ တည်းခိုခန်းငှါးဘို့ မှစ၍ အစစအရာရာ၌ အသုံးပြုဘို့ဖြစ်သည်။ သို့သော် ထို credit card ကိုအသုံးမပြုလျှင် အဘယ်အရာကိုမျှ မလုပ်နိုင်ချေ။ ထို့နည်းတူ ခရစ်တော်က သူ့ကိုယ်သူ ကျွန်ုပ်တို့ လိုအပ်ချက်တိုင်းအတွက် ပေးထားသော်လည်း၊ မသိသောကြောင့် မသုံးကြချေ။ အလွန်သနားစရာကောင်းသည်။ တမန်တော် များသည် သခင်ယေရှုနောက်လိုက်သောအခါ အဘယ်အရာ၌မျှ ပူပန်သောကမရောက်ခဲ့ကြချေ။ သခင်ယေရှုက သူတို့စားစရာ ကို ဝလင်စွာပေးနိုင်သည်။ ကျန်းမာစေသည်။ ကျမ်းတတ်များ၏ တိုက်ခိုက်ခြင်းကိုလည်း မဟာတန်တိုင်းကဲ့သို့ ကာစည်းပေး သည်။ လေပြင်းမုန်တိုင်းကိုလည်း ငြိမ်စေသည်။ နတ်ဆိုးတို့ကိုလည်း မကြောက်ရချေ။ သခင်ယေရှုသည်သူတို့အတွက် အရာခပ်သိမ်းဖြစ်သည်။ သခင်ယေရှုသည် သင့်အတွက် လုံလောက်ပါသလော။ သခင်ယေရှုကို သင်အသုံးပြုပါသလော။ အသုံးမပြုသေးလျှင် ယခုမှစ၍ အသုံးပြုပါ။ 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG